Thursday, August 26, 2021

အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်း


 ❝  အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်း ❞


" အပျိုကြီး မမရယ် xxx မမတို့ရယ် xx

တစ်ကိုယ်တည်း ဂွကျတယ် xxx ဂွကျလှတယ် ”


အချဉ်ပေါင်းသည်က ကျွန်တော်တို့ အိမ်ရှေ့မှာ ရပ်ရင်း ကတ်ဆက်ကို အကျယ်ကြီး ဖွင့်ထားတယ် ။ အိမ်ရှေ့လမ်းမပေါ်မှာ သွားလာနေကြတဲ့ လူတွေထဲမှာ အပျိုကြီးတွေ အတော်များများ ပါလေတော့ အပျိုကြီးတချို့က အချဉ်ပေါင်းသည်ကို မျက်စောင်းထိုး ကြည့်ကြတာ ၊ အပျိုကြီးတချို့က ရှက်ရှက်နဲ့ အိမ်ထဲကို ခပ်သုတ်သုတ် ဝင်ပြေးကြတာ ကျွန်တော် သတိထားမိလိုက်တယ် ။


“ အင်း ... ရပ်ကွက်ထဲမှာ အပျိုကြီးတွေ တစ်စတစ်စ များများ လာပါလား ၊ ဘာလို့များပါလိမ့် ၊ ရုပ်ဆိုးလို့ ၊ နှုတ်စွာလို့ ၊ အကျည်းတန်လို့ ၊ ဥစ္စာမွဲလို့ အပျိုကြီးဖြစ်ကြတာတော့ ထားပါတော့ ရုပ်လည်း သဘောလည်းကောင်း ၊ ပညာလည်းတတ် ၊ ဥစ္စာလည်းပေါရဲ့နဲ့ အပျိုကြီးဖြစ်ကြရတဲ့ သူတွေကတော့ ဘာကြောင့်များပါလိမ့် ၊ပြီးတော့ အပျိုကြီးတွေက သူတို့ကို အပျိုကြီးလို့ စရင် စိတ်ဆိုးကြ ၊ ရှက်ကြတာ ဘာကြောင့်ပါလိမ့် ၊ ဒါဟာ စိတ်ဝင်စားစရာပဲ ၊ ကိုယ်နဲ့ ခင်တဲ့မင်တဲ့ အပျိုကြီး တစ်ယောက်ယောက်နဲ့ တွေ့မှ အင်တာဗျူးကြည့်ဦးမယ် ”


အဲဒီလို အတွေးတွေနဲ့ လမ်းမဘက်ကို ကြည့်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် အရပ်ထဲက အပျိုကြီး မချိုရီ တစ်ယောက် အိမ်ကို ပေါက်ချလာပါတယ် ။


“ ဟော ... မချိုရီ ၊ လာဗျာ ၊ ထိုင် ၊ ကိစ္စရှိလို့လား ၊ အလည် သက်သက်ပဲလား ”


“ အလည် သက်သက်ပါကွယ် ၊ မင်း မမရော ”


“ ရေချိုးနေတယ် ထင်တယ် ၊ မချိုရီ ရောက်နေတာ ကျွန်တော် သွားပြောလိုက် မယ်လေ  ”


“ နေပါစေကွယ် ၊အေးအေးဆေးဆေး ချိုးပါစေ ၊ အရေးကြီးကိစ္စ မရှိဘဲ ”


“ ဒါဖြင့်လည်း ထိုင်ဦး ၊ ကျွန်တော် မချိုရီ သောက်ဖို့ တစ်ခုခု စီစဉ်လိုက်ဦးမယ် ”


“ နေနေ ၊ ဘာမှ မလုပ်နဲ့ ၊ ဧည့်သည်မှ မဟုတ်ဘဲကွယ် ”


“ ကဲ ... ဒါဖြင့်လည်း မဂ္ဂဇင်းတွေ ဖတ်ဦး ၊ ရော့ ... ”


“ ဪ ... အေး ၊ ဒါနဲ့ ဦးတို့ ဒေါ်ဒေါ်တို့လည်း မမြင်ပါလား ”


“ ဒက်ဒီတို့ မင်္ဂလာဧည့်ခံပွဲ သွားကြတယ်လေ ၊ ဝါကျွတ်ပြီဆိုကတည်းကဗျာ ရောက်လာလိုက်တဲ့ မင်္ဂလာဆောင်ဖိတ်စာတွေ ၊ ပလူပျံလို့ ၊ ဒက်ဒီတို့လည်း တစ်နေ့မှ မနားရဘူး ၊ ဒါနဲ့ မချိုရီ ဘယ်တော့ ကျွန်တော့်တို့ မုန့်စားရမှာလဲ ”


“ အိုကွယ် ... မောင်ဝေကလည်း မမအသက်ကဖြင့် လေးဆယ် ကျော်နေပြီ "


ပြောရင်းကနေ မချိုရီဟာ ခေါင်းငုံ့သွားပြီး စားပွဲကို လက်သည်းနဲ့ ခြစ်နေပါတယ် ။


“ ဟင် ... ဟုတ်လား ... လေးဆယ်ကျော်ပြီလား ။ ကျွန်တော်က သုံးဆယ်ကျော်လောက်ပဲ မှတ်နေတာ "


ဒီလိုလည်း ပြောလိုက်ရာ မချိုရီရဲ့ မျက်နှာဟာ မီးလာတဲ့အချိန်မှာ ခလုပ်ဖွင့်ထားတဲ့ မီးချောင်းလို ဝင်းထိန်သွားပြီး ...


“ ဟင်း ... ဟင်း …. မောင်ဝေက မြှောက်တတ်သားပဲ မုန့်ဝယ်ကျွေးရမယ် ”


“ မြှောက်တာ မဟုတ်ပါဘူး မချိုရီ ၊ တကယ်ပြောတာပါ ”


“ ဪကွယ် ... မောင်ဝေကလည်း "


ဒီလိုနဲ့ မချိုရီ တစ်ယောက် ရောက်တာနဲ့ မတူ သိသိသာသာ ရွှင်လန်းလာပြီး စကားပြောတွေ ပိုပြီး ချိုသာသွက်လက်လာပါတယ် ။ ကျွန်တော်လည်း အကွက်ဆိုက်လာတာနဲ့ “ အပျိုကြီး အင်တာဗျူး ” ကို စတင်လိုက်ပါတယ် ။


“ မချိုရီ အသက်က လေးဆယ်ကျော်ဆိုတော့ လေးဆယ် နဲ့ ဘယ်နှစ်နှစ်ပါလိမ့် ”


“ လေးဆယ်ထက် နည်းနည်းပဲ စွန်းတယ်လို့ပဲ မှတ်ထားလိုက်ပါကွယ် ”


“ ဘာကြောင့် အပျိုကြီး ဖြစ်ရတာပါလိမ့် ”


“ ယောက်ျား မရလို့ပေါ့ကွယ် ”


“ ယောက်ျားက ဘာလို့ မရတာလဲ ၊ ရည်းစားက ပစ်သွားလို့လား ”


“ ရည်းစားကို မရလိုက်တာပါကွယ် ”


“ ကျွန်တော့်တော့ အံ့ဩလို့ မဆုံးဘူး ၊ မချိုရီက ရုပ်လည်း ချောရဲ့သားနဲ့ ”


“ရုပ်ချောတာနဲ့ ယောက်ျားရတာ မဆိုင်ဘူးကွဲ့ "


“ ဒါဖြင့် ဘာနဲ့ဆိုင်သလဲ ၊ ရုပ်ချော ၊ သဘောကောင်း ၊ ဥစ္စာပေါတဲ့ အစ်မကြီးတွေ ဘာလို့ အပျိုကြီး ဖြစ်ရသလဲ ၊ နောက်ပြီး အပျိုကြီးမို့လို့ အပျိုကြီးလို့ခေါ်ရင် ဘာလို့ ရှက်သလို ၊ စိတ်ဆိုးသလို ဖြစ်ကြတာလဲ ၊ အဲဒါလေး ကျွန်တော် သဘောပေါက်အောင် နည်းနည်းလောက် ရှင်းပြပါလား ”


ကျွန်တော်က အဲဒီလို ရှည်ရှည်ဝေးဝေး မေးလိုက်တော့ မချိုရီ ကလည်း ရှည်ရှည်ဝေးဝေး ပြန်ပြောပြပါတယ် ။ သူမရဲ့ ဇာတ်လမ်းမဟုတ်တဲ့ အဖြစ်အပျက်ကလေး တစ်ခုပါ ။


“ အင်း ... လွန်ခဲ့တဲ့ လေးငါးနှစ်‌ေလာက်က ဖြစ်မယ် ထင်တယ် ၊ မမရယ် ၊ မမရဲ့ ညီမတစ်ယောက်ရယ် ၊ ကိစ္စတစ်ခုနဲ့ ရန်ကုန်ကို သွားကြတယ်ကွယ့် ၊ ရန်ကုန်ကို မနက်ပိုင်းမှာ ရောက်အောင် ဒီကနေ ညရထား စီးသွားကြတာပေါ့ ၊ အိပ်စင်ပါတဲ့ တွဲက လက် မှတ်မရတော့ အိမ်က လူတွေက အထက်တန်းတွဲ လက် မှတ် လုပ်ပေးလိုက်ကြတယ် ၊ ဒါနဲ့ Upper က စီးသွားကြတာပေါ့ ၊ အရင်က Upper က တစ်ခါမှ မစီးဖူးဘူး ၊ အဲဒီ အခေါက်က ပထမဦးဆုံး အကြိမ်ပဲ ”


“ ထိုင်ခုံလေးက ထိုင်လို့ကောင်း ၊ ရထားက တငြိမ့်ငြိမ့် ညီအစ်မနှစ်ယောက် စကားတပြောပြောနဲ့ စီးလိုက်သွားကြတာ ဟန်ကို ကျလို့ ၊ အဲ ... ဒါပေမဲ့ ဆယ်နာရီ ကျော်လို့ ညဉ့်နည်းနည်း နက်လာရော ပြဿနာ စတော့တာပါပဲ ”


“ ပြဿနာဆိုလို့ ဘာတွေများလဲဆိုပြီး တလွဲတွေး မနေနဲ့ဦးနော် ၊ ပြဿနာက ထိုင်ခုံပြဿနာကွယ့် ၊ တွဲထဲမှာ ပါလာတဲ့ အခြား လူတွေကတော့ စီးနေကျမို့ ထင်ပါရဲ့ ၊ သူတို့ထိုင်ခုံကို ဘယ်လို လုပ်လိုက်တယ် မသိပါဘူး ၊ ထိုင်ခုံက နောက်လန်ပြီး ပက်လက်ဖြစ်သွားတယ် ၊ အိပ်စင်လို ဖြစ်သွားတာပေါ့ ။ သူတို့က အဲဒီပေါ်မှာ ဇိမ်နဲ့ ကျကျနန အိပ်ကြတယ် ။ အဲ .. မမတို့နှစ်ယောက်ကတော့ စီးနေကျ မဟုတ်တော့ ဒီခုံကို ပက်လက်ဖြစ်အောင် မလုပ်တတ်ဘူး ၊ သူများတွေ လုပ်တုန်းကလည်း ကိုယ့်ဖာသာ ဖာသိဖာသာနေပြီး သတိထား မကြည့်မိလိုက်တော့ နည်း မသိလိုက်ဘူး ၊ ဒီတော့ မမတို့ နှစ်ယောက်က နဂိုအတိုင်း မတ်မတ်ကြီးပေါ့ ”


“ တစ်တွဲလုံးက လူတွေ အကုန် လဲနေချိန်မှာ မမတို့နှစ်ယောက်ထဲ ထောင်ထောင်ကြီး ဖြစ်နေတော့ ရှက်စရာကြီးပေါ့ကွယ် ။ ဒါကြောင့် အနားက လူတစ်ယောက်ကို အကျိုးအကြောင်းပြောပြီး ထိုင်ခုံကို လုပ်ခိုင်းရ ကောင်းမလားလို့ စဉ်းစားပါသေးတယ် ၊ ဒါပေမဲ့ ဒီလို ခိုင်းရမှာလည်း ရှက်တော့ ဒီအတိုင်းပဲ ကြိတ်နေလိုက်ကြတယ် ၊ မအိပ်ချင်သေးလို့ ထိုင်နေကြတဲ့ ပုံစံပေါ့ ”


“ တစ်တွဲလုံး လှဲအိပ်နေကြချိန်မှာ ကိုယ်က မတ်မတ်ကြီး ထိုင်နေရတာ စိတ်ပျက်စရာပဲ ၊ ဒါပေမဲ့ “ နည်း ” မသိတော့ ဘာတတ်နိုင်မှာလဲ ၊ ထိုင်ခုံကို ဟိုလုပ်ဒီလုပ် လျှောက်လုပ် ကြည့်ချင်ပေမယ့် ကိုယ့်ကြောင့် ထိုင်ခုံပျက်သွားမှာလည်း စိုးရိမ်တယ်လေ ။ အဲ ... ညီမလေးကတော့ ရဲတယ် ၊ နည်းနည်းလည်း စပ်စုတတ်တော့ ဟိုလုပ်ဒီလုပ် လုပ်ကြည့်ရင်း လက်တင်တဲ့ တန်းအောက်က ခလုပ်ကို ဆွဲမိတယ်ထင်ပါရဲ့ ၊ ' ဂျိုင်း ' ဆို ထိုင်ခုံကြီး ပက်လက် ဖြစ်သွားတယ် ၊ အသံက နည်းနည်းကျယ်တော့ အနားက လူတွေတောင် နိုးလာပြီး မမတို့ကို စူးစမ်းသလိုကြည့်ကြတယ် ။ မမ ကတော့ခပ်တည်တည် လုပ်နေလိုက်တယ် ၊ တစ်တွဲလုံးမှာ မမ တစ်ယောက်တည်း မတ်မတ်ကြီးပေါ့ ”


“ အနားကလူတွေ ပြန်အိပ်သွားတော့ ညီမလေးက မမကိုလည်း သူလုပ်သလို လိုက်လုပ်ဖို့ ပြောတယ် ၊ ဒါပေမဲ့ မမက မလုပ်ရဲဘူး ၊ ဒီတော့ ညီမလေးက စိတ်မရှည်တော့ဘဲ မမ ထိုင်ခုံကို စောစောက လုပ်သလိုမျိုးလုပ်လိုက်တယ် ၊ မမထိုင်ခုံလည်း “ ဂျိုင်း ” ဆို ပက်လက်ဖြစ်သွားရော ၊ အနားကလူတွေလည်း ခေါင်းထောင်ကြည့်ကြပြန်ရော ၊ ဒီတစ်ခါတော့ သူများနည်းတူ ကိုယ်လည်း ပက်လက်ဖြစ်ပြီဆိုတော့ သိပ်မရှက်တော့ပါဘူး ”


“ ဒီလိုနဲ့ ညီအစ်မနှစ်ယောက် အိပ်လိုက်လာကြတာ တစ်ညလုံး အဆင်ပြေပေမယ့် မနက် မိုးလင်းတော့ ပြဿနာ တက်ပြန်ပါရော ၊ ပက်လက်ဖြစ်နေတဲ့ ထိုင်ခုံကို ပြန် မမတ်တတ်ပြန်တော့ တွဲထဲက လူတွေ အကုန်လုံး ထောင်ထောင် ထောင်ထောင် ဖြစ်ကုန်တဲ့အချိန်မှာ မမတို့နှစ်ယောက်ထဲ လဲနေတော့တာပေါ့ ၊ မမဖြင့် ရှက်လိုက်တာလေ ၊ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ၊ ကိုယ်မှ မစွမ်းတော့ ဒီအတိုင်းပဲ အိပ်ရာက မနိုးသေးတဲ့ဟန်ဆောင်နေရတာပေါ့ ။ ဒီလိုနဲ့ တဖြည်းဖြည်း နေမြင့်လာတော့ ...”


“ ဟဲ့ .. မိချိုရီ ၊ ရောက်နေတာ ကြာပြီလား ”


မချိုရီ စကားပြောကောင်းနေတုန်း ဘယ်အချိန်က ဧည့်ခန်းထဲ ဝင်လာမှန်း မသိလိုက်တဲ့ မမက လှမ်းနှုတ်ဆက်လိုက်တယ် ။


“ အေး ... ကောင်မ ၊ ငါရောက်နေတာ ကြာပြီအေ့ ၊ ဘယ်လိုလဲ ၊ ညည်းက အလှတွေ ဘာတွေ တယ်ပြင်လှပါလား ၊ ဧကန္တမျှော်လင့်ချက် မကုန်သေးဘူးနဲ့ တူတယ် ”


“ အောင်မာ ... မိချိုရီ ၊ ငါ့ကိုများ ညည်းလို အောက် မေ့ မနေ န့ဲ ၊ ကဲ ... လာ ၊ အခန်းထဲသွားရအောင် ”


မမ က ခေါ်တော့ မချိုရီ အခန်းထဲကို ထလိုက်သွားဖို့ ပြင်လိုက်တယ် ။


“ ဟိုး ... ဟိုး မချိုရီ ၊ ဇာတ်လမ်းကို အပြီးသတ်သွားဦးလေဗျာ ၊ ပြီးတော့ အပျိုကြီးဖြစ်ရခြင်း အကြောင်းရင်းရယ် အပျိုကြီးလို့ ခေါ်ရင် ဘာလို့ ရှက်တယ်ဆိုတာရယ်ကိုလည်း ပြောသွားဦး ”


ကျွန်တော်က ဒီလိုပြောလိုက်တော့ မချိုရီက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး


“ ဇာတ်လမ်းက ပြီးပြီလေကွယ် ၊ ကျန်တာကတော့ မင်းလည်း သိပြီးသားပဲ ၊ မမညီမက ယောက်ျား ရသွားတယ် ၊ မမ ကတော့ အပျိုကြီးဖြစ် ကျန်ခဲ့တယ် ၊ ဒါပဲ ”


ပြောပြောဆိုဆို မချိုရီဟာ ချာကနဲလှည့်ပြီး မမနောက်ကို ခပ်သွက်သွက် လိုက်သွားတယ် ။ ဧည့်ခန်းထဲမှာတော့ ကျွန်တော် တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါတော့တယ် ။


◾ ထက်ငြိမ်းဝေ


📖  ရယ်စရာ ဟာသဝတ္ထုတိုများ

        အမှတ် ၇


koaungnaingoo.blogspot.com


.

No comments:

Post a Comment