Tuesday, August 17, 2021

ကျွန်တော်နှင့် ပထမဦးဆုံး ရင်ခုံသံ


   ❝  ကျွန်တော်နှင့် ပထမဦးဆုံး ရင်ခုံသံ ❞


လူတစ်ယောက်ရဲ့ ဘဝမှာ ငယ်ချစ်ဦးဆိုတာရှိခဲ့ပြီး အဲဒီငယ်ချစ်ဦးကို ဖွဲ့နွဲ့ခွင့်ရတယ်ဆိုရင် ကျွန်တော်လည်း ပြောပါရစေ ။


ငယ်ချစ်ဦးဆိုတာ လူတိုင်းမှာရှိတတ်တဲ့ အရာပါ ။ ယောက်ျားလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် ငယ်ချစ်ဦးဆိုတာ ရှိတတ်ကြပါတယ် ။ ဒီကိစ္စဟာ ရိုးသားဖို့လိုတဲ့အတွက် ကိုယ့်စိတ်ထဲမှာ ချန်မထားမှ ဖြစ်မယ့် အရာမျိုးပါ ။ ငယ်ချစ်ဦးအကြောင်းကို ပြောရတာဟာ ကိုယ့်မှာ ကားခ ပိုက်ဆံ မကျန်တော့လို့ ကားစပယ်ယာကို အနားကပ်ပြီး “ ကျွန်တော် ကားခ မပါလို့ပါခင်ဗျာ ” လို့ ပြောတာလောက် ရှက်ဖို့ မကောင်းပါဘူး ။ မိန်းကလေးတွေဆိုရင်လည်း အပေါင်းအသင်းတွေရှေ့မှာ ဒါမှမဟုတ် ရုံးက လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ဘဲဥကြော်တစ်မျိုးပဲပါတဲ့ ထမင်းချိုင့်ကို ဖွင့်ဖို့ ရှက်နေတာလောက် တုန်လှုပ်စရာ မရှိပါဘူး ။


ဒါပေမယ့် လူတွေဟာ “ ငယ်ချစ်ဦး ” ဆိုတာနဲ့ ပတ်သက်ရင် ရှက်တတ်ကြတယ် ။ ညာကြတယ် ။ လိမ်ကြတယ် ။ လျှို့ဝှက်ကြတယ် ။ အမေ့ခံ ထားတတ်ကြတယ် ။ ကြုံရင် မပြောချင်ကြဘူး ။ တစ်နည်းအားဖြင့်တော့ ပြောချင်စရာ မကောင်းတာလည်း ဖြစ်ပါလိမ့်မယ် ။ ထားပါတော့ဗျာ ။


ဆရာမက ကိုယ် မရတဲ့စာတစ်ပိုဒ်ကို မေးတဲ့ ရင်ခုန်သံနဲ့ ကိုယ့် ငယ်ချစ်ဦးက ကိုယ့်ကိုလှည့်ကြည့်တဲ့ ရင်ခုန်သံ တူနိုင်ပါသလား ။ ကိုယ် ခိုစီးလာတဲ့ကားပေါ်က ပြုတ်ကျသွားတဲ့ရင်ခုန်သံနဲ့ ငယ်ချစ်ဦးရဲ့ “ နင် ဘာဖြစ်နေတာလဲ ” ဆိုတဲ့ ရင်ခုန်သံနဲ့ တူသလား ။ သိန်းထီပေါက်တာ ၊ ကိုယ့်အိမ် မီးလောင်တာ ၊ မင်္ဂလာဆောင်တာ ၊ သစ္စာဖောက်ခံရတာ ၊ ကိုယ် အမြတ်နိုးဆုံးပစ္စည်း ပျောက်သွားတာ ၊ လှေကားပေါ်က ပြုတ်ကျတာ စသည့်စသည့် ရင်ခုန်သံတွေဟာ ဘယ်က စပါသလဲ ... ။


ကျွန်တော် ရိုးရိုးကလေး မေးတာပါ ... ။


“ ဒိတ် ” ခနဲ ရင်ခုန်တဲ့ ရင်ခုန်သံကို ဘယ်သူက စပေးသလဲ ။ ခင်ဗျားတို့အားလုံး ညာနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဝန်ခံတာကိုလည်း အပြစ် မဆိုကြပါနဲ့ ။ ကျွန်တော် ဆယ့်လေးနှစ်သားအရွယ် တစ်ထောင့်ကိုးရာရှစ်ဆယ်ခုနှစ်မှာ အဲဒီ ခင်ဗျားတို့ကြားပြီးသား “ ဒိတ် ” ခနဲ ရင်ခုန်သံကို ကျွန်တော်ကြားခဲ့ပါတယ် ။ အဲဒီသံလောက်ကြီးကျယ်တဲ့ ခမ်းနားတဲ့ မ က် လောက်စရာရှိတဲ့အသံမျိုး ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး ။ ကျွန်တော့်အတွက် သက်ရှိသက် မဲ့ ဩကာသကြီးတစ်ခုလုံးကို ချစ်တတ်အောင် ၊ ခင်တတ်အောင် ၊ စိတ်ဝင်စားအောင် အဲဒီ “ ဒိတ် ” ခနဲ ရင်ခုန်သံ တစ်သံကပဲ အစစဦးဆောင် အစပြုပြီး သင်ပေးသွားတာပါ ။


ကျွန်တော်ဟာ အခုဆိုရင် နေဝင်ချိန် တိမ်သားအဖြူနောက်ခံမှာ ငှက်ကလေးတွေပျံသွားရင် လွမ်းတတ်တယ် ။ ကိုယ်သိပ်ကြိုက်တဲ့သီချင်းကို ဆောင်းမနက်ခင်းတွေမှာ အဝေးကကြားရရင် လွမ်းတတ်တယ် ။ နှင်းဆီပန်းတွေကို အထွေးလိုက် မြင်ရရင် လွမ်းတတ်တယ် ။ ခရီးသွားတုန်း ရထားပေါ်ကနေ စိမ်းနေတဲ့လယ်ကွင်း ၊ အဝေးက တဲအိမ်ကလေးတွေကို မြင်ရင် လွမ်းတတ်တယ် ။


သစ်ပင်ကြီးတွေကြားက မဟုတ်ဘဲ လပြည့်ညကို လွတ်လွတ် ကျွတ်ကျွတ် ကြည့်ခွင့်ရရင် ရင်ခုန်တယ် ။ ကိုယ်သိပ်ဖတ်ချင်တဲ့ စာအုပ်ကို ရလာရင် ရင်ခုန်တယ် ။ ဂျင်းဘောင်းဘီဝတ်ပြီး ကိုယ့်အိမ်ရှေ့က ကော့တော့ ကော့တော့နဲ့ လျှောက်သွားတဲ့ ကောင်မလေးမျိုးကိုတွေ့ရင် ရင်ထဲမှာ ရနံ့ ညိုညိုကြီးရပြီး နှလုံးသားကို ဆို့နေအောင် လွမ်းတတ်တယ် ။


အဲဒါတွေအားလုံးက ရည်းစားဦးဆီက လာတာပါ ။


“ ရည်းစားဦး ”ဆိုတာကလည်း နှစ်မျိုးကွဲနေတယ်ခင်ဗျ ။


ပထမတစ်မျိုးက ရည်းစားဦးဆိုတာ သူတို့နဲ့ ရည်းစား စဖြစ်တဲ့သူလို့ ပြောကြတယ် ။ အထူးသဖြင့် ဒီစကားမျိုးကို မိန်းကလေးတွေ အပြောများပါတယ် ။ နောက်တစ်မျိုးကတော့ ရည်းစားဦးဆိုတာ သူတို့ ရင်စခုန်တဲ့သူလို့ ပြောကြတယ် ။


အမှန်တော့ ရည်းစားဦးဆိုတာ ရင်ခုန်သံကို စ သိစေတဲ့ ဆန့်ကျင်ဘက် လိင်ပါပဲ ။ အဲဒီလို ရင်ခုန်သံ စပေးတဲ့သူနဲ့ ရည်းစားဖြစ်တာ မဖြစ်တာ အပထား ဆန့်ကျင်ဘက်တစ်ယောက်ကို စ သာယာတတ်တဲ့ ရင်ခုန်သံကို သူကပေးတာမို့ သူ့ကိုပဲ ရည်းစားဦးလို့ သတ်မှတ်သင့်တယ် ။ ကိုယ့်ကို စ ရင်ခုန်သံပေးသူနဲ့ ကိုယ် ရည်းစားပါ ဖြစ်ရရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ ။ တောဝက်သားကို ပုန်းရည်ကြီး နဲ့ ချက်ပြီး B.E စစ်စစ်နဲ့ မြည်းရသလိုပဲလို့ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ပြောခဲ့ဖူးတယ် ။


ကျွန်တော်ကတော့ အဲဒီလောက် ကံမထူးခဲ့ဖူးပါဘူး ... ။


ကျွန်တော့်ဘဝမှာတော့ သူ့ဆီကရတဲ့ “ ဒိတ် ” ခနဲ ရင်ခုန်သံဟာ တော်တော့်ကို အရေးကြီးခဲ့ပါတယ် ။ ကလေးတစ်ယောက်ဘဝနဲ့ လူကြီးတစ်ယောက်ဘဝကို ပြောင်းပေးနိုင်တဲ့အထိကို အရေးကြီးခဲ့တယ် ။ ကျွန်တော့်စိတ်ထင်တော့ လူကြီးစိတ်ဝင်တယ် ၊ ကြီးကောင် ဝင်တယ်ဆိုတာ “ ဒိတ် ” ခနဲ ရင်ခုန်သံရပြီးမှ ဖြစ်တယ်လို့ ထင်တာပဲ ။ ဟုတ် မဟုတ်တော့ ကိုယ့်ဆရာ ဘဝကိုပဲ ပြန်စဉ်းစားကြည့်ပေါ့ ။


ကျွန်တော် ဆယ့်လေးနှစ်သားကျော်တော့ အမေက “ ဟဲ့ကောင် နင် လူကြီးဖြစ်ပြီနော် ၊ ဘာမှတ်နေသလဲ ” လို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် ကျွန်တော်ကတော့ ဂွေလှိမ့်တုန်း ၊ စစ်တိုက်တန်းကစားတုန်း ၊ ဘောင်ဘောင်နဲ့ စစ်တိုက်တုန်း ၊ သားရေကွင်းပစ်တုန်း ၊ တာတေကြီးနဲ့ မစိန်ရင်ကစားကုန်း ၊ မိန်းကလေးတွေနဲ့ ကုလားမစည်းနင်းတုန်းပါပဲ ။ အမေပြောတာကို ကျွန်တော် သဘောမပေါက်ခဲ့ဘူး ။ ဒါတွေ လုပ်တာကိုလည်း ရှက်စရာလို့ကို မထင်မိပါဘူး ။


ဒီလိုနဲ့ မိုးတွေအုံပြီး အားနဲ့ မရွာဘဲ ဖြည်းဖြည်းကလေးရွာတဲ့ မနက် ၇ နာရီလောက် မှာ ကျွန်တော် ကြက်ဆင်ထီးကလေး ဆောင်းပြီး ချိုင့်ကလေးဆွဲ မုန့်ဟင်းခါးထွက်ဝယ်တုန်း ကျွန်တော်တို့ရဲ့ ဘေးတစ်အိမ်ကျော်က တိုက်ကလေးကို လူတွေ ပြောင်းလာကြတယ် ။


လော်ရီကားကြီးဖင်ထိုးပြီး မိုးအုံ့အုံ့သည်းသည်းကြားထဲမှာ ပစ္စည်းတွေ ချကြတာပါ ။ ကျွန်တော်တို့အဖို့တော့ ထူးဆန်းတဲ့မြင်ကွင်းပေါ့ ။ ကျွန်တော်တို့ ဆယ်လေးနှစ်သားအရွယ် ၁၉၈၀ ခုနှစ်လောက်တုန်းက အိမ်ငှားတာတို့ အိမ်ပြောင်းတာတို့ဆိုတာ တော်တော် တွေ့ရ မြင်ရခဲတဲ့ မြင်ကွင်းမျိုးပါ ။ ကားပေါ်ကနေ အရေးတကြီးသယ်,မချနေကြတဲ့ ပစ္စည်းတွေကလည်း ကျွန်တော့်အတွက်ကတော့ အထူးအဆန်းတွေပါ ။ ဗီရိုကြီးတွေ ၊ ဆိုဖာကုလားထိုင်တွေ ၊ ပွတ်လုံးခုတင်ကြီးတွေ ။ ကျွန်တော်က ဘာကြောင့် အသေးစိတ်မြင်ရသလဲဆိုတော့ သူတို့ပြောင်းလာတဲ့ အိမ်ဘေး ( ကျွန်တော်တို့ဆော့နေကျ ) လမ်းကြားကလေးကနေပြီးမှ မုန့်ဟင်းခါး သွားဝယ်တာကိုး ။


မုန့်ဟင်းခါးဝယ်ပြန်လာတော့ ကျွန်တော်က ထမင်းကြမ်းခဲနဲ့ မုန့်ဟင်းခါးကို ရောစားရင်း ...


“ တိုက်ပုလေးကို လူတွေ မိုးရေကြီးထဲ ပြောင်းလာတယ် အမေ ”


“ အဲဒါ နင်နဲ့ ဘာဆိုင်သလဲ ရဲဝင်း ... ကြည့်စမ်း မဝင်းတင်ကလည်း သုံးပွဲဝယ်တာ ကြက်သွန်ဥက တစ်လုံးတည်း ၊ ကလေးလွှတ်ရင် လွှတ်သလိုပဲ မပြောလိုက်ချင်ဘူး ၊ ... ရဲဝင်း ဟိုအကြွေ ငါးမူးရော ”


ကျွန်တော့်ဖလံထည်နဲ့ချုပ်ထားတဲ့ အနွေးအကျီအိတ်ထဲမှာ ဝပ်နေတဲ့ ဆယ်ပြားစေ့လေးစေ့နဲ့ ငါးပြားစေ့နှစ်စေ့ကို ထုတ်ပေးလိုက်ရတယ် ။ အမေကတော့ ကြက်သွန်ဥတွေနဲ့ ရန်ဖြစ်နေတုန်းပါပဲ ။ ကျွန်တော့်ကို မဆူပေမယ့် ကျွန်တော့်အပြစ်ဆိုတာ ကျွန်တော်သိပါတယ် ။ ကျွန်တော်က “ ကြက်သွန်ဥ ထည့်နော် ” လို့ သတိမပေးဘဲ အိမ်ပြောင်းတာကို ကြည့်နေတာကိုး ။ အဲဒီကပြီးတော့ နောက်နေ့တွေမှာ ကျွန်တော် ဒီကိစ္စကို မေ့နေတာ သေချာပါတယ် ။


မေ့ဆို ကျောင်းတက်ချိန်မှာ ကျောင်းတက်ရ ၊ စာကျက်ချိန်မှာ ကျက်ရ ။ ကစားချိန်လေးမှာ လူကစားရနဲ့ကိုး ။ ဒီအိမ်ကို လူတွေပြောင်း လာပြီ ဆိုကတည်းက ကျွန်တော်တို့ ကစားနေကျလမ်းကြားကလေးကိုလည်း မရောက်ဖြစ်တော့ဘူး ။ သူငယ်ချင်းတွေ တိုင်ပင်ထားတာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် လူရောက်လာပြီဆိုကတည်းက အဲဒီနားမှာ အရင်တုန်းကလို အော်ဟစ်ဆူညံပြီး သွားကစားလို့ မရတော့ဘူးဆိုတာ အားလုံးက အလိုလိုသိနေကြတာပါပဲ ။ အဲဒီအနီးတစ်ဝိုက်ကို ရောက်ပေမယ့် အဲဒီနားကိုတော့ ယောင်လို့တောင် ဘယ်သူမှ မသွားကြတော့ဘူး ။


သူတို့ပြောင်းပြီး တစ်ပတ် ဆယ်ရက်လောက်အကြာမှ ကြားရတဲ့ သတင်းကလည်း မကောင်းဘူး ။ ရပ်ကွက်ထဲက ကျွန်တော်တို့ကြောက်ရတဲ့ ကိုအေးငွေကြီး တို့ ကိုဝင်းစိုးတို့ အဲဒီအိမ်နားမှာ ဂစ်တာသွားခေါက်တာကို ရပ်ကွက်ကောင်စီကို တိုင်တယ်ဆိုပဲ ။ အဲဒီအိမ်မှာ သိပ်လှတဲ့ ကောင်မလေး တစ်ယောက်ရှိပြီး သိပ်ဆိုးတဲ့ အမေနဲ့အဖေ ရှိဆိုပဲ ။


ဒီသတင်းကတော့ မနက် မိုးလင်း ကန်စွန်းရွက်နဲ့ ချဉ်ပေါင်ရွက်ရောင်းတဲ့မိန်းမကြီးတွေ ၊ နေ့ခင်းဘက် သန်းတုပ်တဲ့ အပျိုကြီးတွေနဲ့ မုန့်ကျွဲသည်း ၊ မုန့်ဦးနှောက် ၊ မုန့်ဗိုင်းတောင့်ရောင်းတဲ့ မိန်းမကြီးတွေဆီက ရတဲ့ သတင်းပါ ။ ကျွန်တော်တို့က ကြောက်ရတဲ့ အစ်ကိုကာလသားကြီးတွေတောင်မှ ကြောက်ရတဲ့နေရာဆိုတော့ အဖေနဲ့အမေက ပြောစရာမလိုဘဲ ကျွန်တော်တို့လည်း အဲဒီအိမ်ကို အလိုလိုကြောက်သွားခဲ့တာ အမှန်ပါပဲ ။


ဒီလိုကြောက်လေလေ အဲဒီအိမ်ရှေ့ရောက်ရင် ခိုးကြည့်လေလေ လောက်တော့ ရှိတာပေါ့ဗျာ ။ ဒါပေမယ့် အဲဒီအိမ်ရှေ့ဖြတ်တုန်း ခဏပါ ။ ပြီးတော့ မေ့သွားတာပါပဲ ။ တစ်နေ့တော့ ကျွန်တော် အဲဒီ တိုက်ပုအိမ်ကလေးနံဘေးကလမ်းကို ဖြတ်လျှောက်ရင်း အမှတ်တမဲ့လှမ်းကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် ဆိုဖာပေါ်မှာထိုင်ပြီး ဆီးထုပ်စားနေတာ တွေ့ တယ်ခင်ဗျ ။ အသက်ကတော့ ကျွန်တော့်ထက် လေးငါးနှစ်ကြီးမှာပါ ။ ကျွန်တော် တစ်ချက်တန့်ပြီး ရပ်ကြည့်နေတာကို သတိထားမိပုံရပြီး ကျွန်တော့်ကို မော့ကြည့်တယ် ။ ပြီးတော့ ဘာမှလည်း မပြောပါဘူး ။ ခေါင်းပြန်ငုံ့ စာအုပ်ကို ဆက်ဖတ်ပြီး ဆီးထုပ်ဆက်စားတာပါပဲ ။ ကျွန်တော်လည်း လန့်ဖျပ်ပြီး ထွက်လာခဲ့တယ် ။


ကျွန်တော်လန့်တာက ဒီလိုပါပဲ ။ အဲဒီအစ်မက စကတ်အတိုလေး ဝတ်ထားတာကိုး ။ ခြေသလုံးသားလေးကို ဝင်းပြီး ဖွေးနေတာပဲ ။ ပေါင်ပေါ်မှာတင်ထားတဲ့စာအုပ်ကို ငုံ့ဖတ်ရင်း သူက ဆီးထုပ်စားနေတာပါ ။


ပြောရဦးမယ် ကိုယ့်ဆရာရေ ။


ကျွန်တော်တို့လူငယ်အချိန် ၁၉၇ဝ ဝန်းကျင်တုန်းက မိန်းကလေး စကတ်ဝတ်တယ်ဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တော်တော်ရှားပါတယ် ။ ဝတ်မယ်ဆိုရင်လည်း ကိုးနှစ် ဆယ်နှစ်လောက် အထိပဲ ။ ဒီတော့ စကတ်ဆိုတာဟာ ကလေးတွေဝတ်တဲ့ပစ္စည်းလို့ပဲ ကျွန်တော်တို့ နားလည်ထားတာ ။ အခု အသက်ဆယ့်ကိုးနှစ်အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်က စကတ်အတိုလေးဝတ်ထားတာမြင်တော့ ကျွန်တော် အရမ်းအံ့ဩ သွားတာပါ ။ ပြီးတော့ အဲဒီ အစ်မရဲ့ ခြေသလုံးသား ဖွေးဖွေးကလေးတွေကို ကျွန်တော်က သွားကြည့်မိသေးတာကိုး ။ သူက ကျွန်တော့်ကို တစ်ချက်ပဲမော့ကြည့်ပြီး ဘာမှမဖြစ်သလို စာအုပ်ပြန်ဖတ်နေပေမယ့် ကျွန်တော် တုန်လှုပ်ပြီး လစ်ခဲ့တာပါ ။


အဲဒီမြင်ကွင်းဟာ အခုထိ စွဲနေတယ်ဆိုရင်တော့ ကိုယ့်ဆရာ ယုံပါ့မလား မသိဘူး ။


အဲဒီကတည်းက ကျွန်တော်တို့ အရင်အမြဲကစားနေတဲ့ တိုက်ပုကလေးနံဘေးက လမ်းကြားဟာ ကျွန်တော်အကြောက်ဆုံးနေရာတစ်ခု ဖြစ်သွားပြီး ကျွန်တော်အသွားချင်ဆုံးနေရာတစ်ခုလည်း ဖြစ်သွားခဲ့တယ် ။


ကျွန်တော် အဲဒီအကြောင်းကို တစ်ယောက်ယောက်ကို ပြောပြချင်တယ် ။ ပြောပြဖို့လည်း ကြောက်နေတယ် ။ ရှက်နေတယ် ။ ဘာကိုကြောက်ပြီး ဘာကို ရှက်နေတာလည်းဆိုတာလည်း ကျွန်တော် မသိဘူး ။ ဘယ်သူ့ကို ပြောပြရမှန်းမသိတော့ ဒီအကြောင်းကိုပဲ ကျွန်တော် အကြိမ်ကြိမ်တွေးနေမိ တာပါပဲ ။ နောက်ပြီးတော့ အဲဒီတိုက်ပုကလေးနံဘေးက လမ်းကြားကို အကြောင်းအရာမရှိဘဲ ကျွန်တော့်စိတ်ကူးနဲ့ ကျွန်တော် မသွားဝံ့ဘူး ။ အမေက မုန့်ဟင်းခါးဝယ်ခိုင်းတာ ဒေါ်စိန်ရင်ဆိုင်ကို ခိုင်းတာမျိုးကြုံရင် ကျွန်တော့်မှာ အမောတကောနဲ့ မေးရတယ် ။


“ အမေ ... ကျွန်တော် အိမ်ရှေ့က သွားရမလား ၊ နောက်ဖေးလမ်းကြားက သွားရမလား ”


အမေက ကျွန်တော့်ကို နားမလည်သလို တစ်ချက်ကြည့်တယ် ။ မလိုအပ်တဲ့ မေးခွန်းမှန်းလည်း ကျွန်တော်သိပါတယ် ။ ဒါပေမယ့် ... မေးမိတာလည်း အမှန်ပဲ ။


“ နင်ဘာဖြစ်နေတာလဲ ရဲဝင်း ... သွား ... သွားချင်တဲ့ဘက်က သွား ”


ကျွန်တော့်ဘဝမှာ အဲဒီလမ်းကြားကလေးထဲကို သွားရတာလောက် တုန်လှုပ်ဖို့ကောင်းတာ မရှိတော့ပါဘူး ။ အဲဒီလမ်းကြားကလေးကို လျှောက်ရရင် ကျွန်တော့်ကိုယ်ဟာ ပေါ့ရှပ်ပြီး တစ်ခုခုက ဖိတွန်းထားသလို ခံစားရ တယ် ။ ခြေထောက်တွေကလည်း မြေကြီးနဲ့ မထိသလိုပဲ ။ လမ်းကြားကလေးက သိပ်မရှည်ပါဘူး ။ အိမ်တစ်အိမ်ရဲ့ အလျား ပေခြောက်ဆယ်နီးပါးပါ ။


တစ်နေ့တော့ ကျွန်တော် အဲဒီလမ်းကြားလေးထဲကို ကြောက်ကြောက်နဲ့ ဖြတ်သွားတုန်း “ ဟေ့ ” ဆိုတဲ့ ခေါ်သံတစ်ခွန်းကို ကြားလိုက်ရတော့ ကျွန်တော့် နားထင်ကို တင်းပုတ်နဲ့ နှက်လိုက်သလိုပါပဲ ။ တစ်ကိုယ်လုံး အေးစက်ပြီး ကျွန်တော် ကြောင်ကြည့်နေမိတယ် ။


“ မင်း ဈေးဆိုင်သွားမလို့ မဟုတ်လား ”


ကျွန်တော် ခေါင်းညိတ်လိုက် မိသလား ၊ ခေါင်းခါလိုက် မိသလားဆိုတာ အခု ပြန်စဉ်းစားတဲ့အချိန်အထိကို မမှတ်မိပါဘူး ။


“ အဲဒါဆိုရင် တို့အတွက် ဒေးဗစ်ချန်းနှစ်ထုပ်ဝယ်ခဲ့ ၊ မရမ်းပြားနော် ”


ကျွန်တော့်လက်ထဲကို အကြွေငါးမူးစေ့ရောက်ကတည်းက ကျွန်တော် လစ်တော့တာပဲ ။ ဒေါ်စိန်ရင်ဆိုင်ရောက်တော့ မောနေတယ် ။ ဒေးဗစ်ချန်းနှစ်ထုပ်ဖြုတ်ပြီး အဲဒီကို ပြန်ပြေးလာခဲ့တယ် ။ အမေဝယ်ခိုင်းတဲ့ ဘဲဥပါ တစ်ပါတည်းဝယ်ရင် ရရဲ့သားနဲ့ကျွန်တော် ဘာကြောင့်မှန်း မသိဘူး ။ ဒေးဗစ်ချန်းပဲ ဝယ်မိတယ် ။


ပြန်ပေးတော့ ကျွန်တော့်ဆီက မရမ်းပြားထုပ်တွေကို လှမ်းယူရင်း မမက ပြုံးပြပါတယ် ။


 “ ငါ လက်သည်းနီဆိုးနေတာကွ ... " 


 လို့လည်း သူကပြောတယ် ။ ပြီးတော့ ကျွန်တော့်ကို ပြုံးပြခေါင်းညိတ်ပြီး ထွက်သွားပါတယ် ။ ကျွန်တော် တော်တော်ကြာကြာရပ်နေမိတယ် ။


အိမ်လည်းပြန်ရောက်ရော အမေက ဆီးခေါက်တော့တာပဲ ... ။


 “ ဟင် ... ထမင်းအိုးမကျခင် ဘဲဥပါထည့်ပြုတ်ဖို့ ဝယ်ခိုင်းလိုက်တာ အခု ထမင်းအိုးကျတဲ့အထိ ရောက် မလာဘူး ။ ဘယ်သွားကမြင်း‌ေကြာ ဆွဲနေသလဲတဲ့ ...”


ကိုယ့်ဆရာရေ ... ကျွန်တော့်အမေက ခေါင်းကိုခေါက်တဲ့နေရာမှာတော့ Expart ခင်ဗျ ။ အမေခေါက်လိုက်ရင် ကျွန်တော့်နားထဲမှာ ဘုရားက ခေါင်းလောင်းထိုးလိုက်သလို မြည်သွားလေ့ရှိတယ် ။ ဒါပေမယ့် အဲဒီနေ့ကတော့ ဘာသံမှလည်း မကြားဘူး နာလည်း မနာဘူးခင်ဗျ ။ ကျွန်တော့် စိတ်ထဲမှာ ကျေနပ်နေတာပဲ ရှိတယ် ။


အဲဒီလို ဖြစ်ပြီးတဲ့အချိန်မှာ အဲဒီ မမရဲ့ သတင်းကလည်း တော်တော်လေး ကြီးနေပြီခင်ဗျ ။ ကျွန်တော်တို့ထက် အသက်ကြီးတဲ့ အစ်ကိုကာလသားတွေ ထိုင်နေကျဖြစ်တဲ့ ကင်းတဲ ၊ လက်ဖက်ရည်ဆိုင် ၊ ဆံပင်ညှပ်ဆိုင်နဲ့ အုတ်ခုံတွေပေါ်မှာလည်း သူ့အကြောင်းကိုပဲ ပြောကြတယ် ။ လှတယ် ... ချောတယ် ... ရက်စက်တယ် ... သူ့နေပုံထိုင်ပုံက ဒီကယောက်ျားလေး ဘယ်သူ့ကိုမှ ဂရုမစိုက်သလို ဖြစ်နေတယ် ။ သူက ဒီနှစ် ၁၀ တန်းဖြစ်ပြီး မြို့ထဲက ကျောင်းမှာ ကျောင်းတက်တယ် ။ သူနဲ့ တစ်ခါတစ်ခါ ကြက်တောင် ထွက်ရိုက်တဲ့လူက သူ့အစ်ကိုဝမ်းကွဲတော်တယ် ။ ( သူက ကြက်တောင်ရိုက်တဲ့အခါမှာ ဘောင်းဘီအတို ၊ ဒါမှမဟုတ် စကတ်အတိုလေးနဲ့ ရိုက်လေ့ရှိပါတယ် ) မောင်နှမဝမ်းကွဲတော်ပေမယ့် နေတာထိုင်တာ ဖက်လှဲတကင်းရှိလွန်းလို့ မျက်စေ့နောက်တယ် ... စတဲ့ စကားတွေပါ ။ ကျွန်တော်ကလည်း သူတို့နားမှာ ယောင်ချာချာနဲ့ ရပ်ရင်းပဲဖြစ်ဖြစ် ... တစ်ယောက်တည်း ဂေါ်လီရိုက်ကျင့်ရင်း ဂေါ်လီကို သူတို့ဘက်ကိုရောက်အောင်ပစ်ပြီး သွားကောက်ရင်းနဲ့ပဲဖြစ်ဖြစ် နားထောင်လေ့ရှိပါတယ် ။


 အစ်ကို ကာလသားကြီးတွေက ကျွန်တော် အနားရောက်လာတဲ့အတွက် ဘာမှ စိတ်အနှောင့်အယှက်ဖြစ်ဟန် မတူပါဘူး ။ ကျွန်တော့်ကို လုံးဝ ကလေးလိုသဘောထားတဲ့အတွက် အေးဆေးပါပဲ ။ သူတို့ပြောတာ နားထောင်ရင်း အဲဒီမမနဲ့ ကျွန်တော့်လို ရပ်စကားပြောဖူးတဲ့လူ ရှိသလားလို့ မသိမသာနားစွင့်ရတာလည်း အမောပါပဲ ။ ဘယ်သူ့ဆီကမှ မကြားဖူးတဲ့အတွက် ကျွန်တော်ဟာ ကိုယ့်ဘာသာကိုယ် ကျိတ်ဝမ်းသာနေမိတယ် ။ ကျွန်တော် ဟာ သူတို့ထက်သာတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ရင်ကော့နေမိတယ် ။ ကျွန်တော်တို့ ဒီလို စကားပြောခဲ့ဖူးတာကိုတော့ အစ်ကို ကာလသားကြီးတွေကို မပြောပါဘူး ။ မယုံမှာစိုးတာရယ် ... အကူအညီတောင်းမှာ စိုးတာရယ်ကြောင့်ပါ ။ သူတို့အားလုံး အဲဒီမမကို ကြိုက်နေတယ်လို့ ကျွန်တော့်စိတ်ထဲမှာလည်း ထင်နေခဲ့တယ် ။


နောက်ထပ် အဲဒီမမအကြောင်းကို ကြားရတာကတော့ မိန်းမကြီးတွေ မိန်းမလတ်တွေဆုံကြလေ့ရှိတဲ့ မုန့်ဟင်းခါးဆိုင် ၊ ပစ္စည်းလေးဘာလေးအပေါင်ခံတတ်တဲ့ ကျွန်တော့်အဒေါ်အိမ်နဲ့ သူတို့ နေ့ခင်းသန်းတုပ်ကြတဲ့ ညောင်ပင်ကုန်းအောက် မှာပါပဲ ။


သူတို့ဆီကကြားရတာတော့ အဲဒီမမတို့ဟာ အရင်တုန်းက ချမ်းသာတယ် ။ နောက် မှ အထည်ကြီးပျက်ဖြစ်ပြီး ဒီကိုပြောင်းလာနေတာ ဆိုတာရယ် ( တချို့ကလည်း မြို့ထဲကတိုက်အိမ်ကိုရောင်း အမွေခွဲပြီး ရောက်လာတာလို့ ဆိုတယ် ) သူ့မိဘတွေက ကက်ဆက်ရောင်းတဲ့အလုပ်ကို လုပ်ပြီး သမီးဖြစ်သူကို အရမ်းကို ချစ်ကြတယ် ။ အရင်နေခဲ့တဲ့ ရပ်ကွက် မှာရှိတဲ့ ကောင်လေးတွေက အတင်းလိုက် အတင်းကြိုက်ဖြစ်ကြလို့ ဒီဘက်ကို ပြောင်းလာတယ် စသည်ဖြင့်ပါပဲ ။ အဲဒီမိန်းမကြီးတွေဆီက တန်ဖိုးအရှိဆုံး သတင်းကတော့ အဲဒီမမရဲ့ နာမည်ကို သိရတာပါပဲ ။ “ ဖြူဇင်ဇင်သက် ” တဲ့ ။ လှလှအေး ၊ မဝင်းကြည် ၊ မခင်ရီ ၊ မစန်းဝင်း စတဲ့ ကျွန်တော်သိရသမျှ မိန်းကလေး နာမည်တွေထဲမှာတော့ အဆန်းဆုံးနဲ့ အလှဆုံးနာမည်ပါပဲ ။


သူ့အိမ်က သူ့ကို မိဇင် လို့ ခေါ်ကြောင်းလည်း သိခဲ့ရတယ် ။


ကျွန်တော့်စိတ်ထဲမှာ “ မမဇင် " လို့ အဲဒီကတည်းက သူ့ကို ကြိတ် ခေါ်ခဲ့ပါတယ် ။


ကျောင်းအားတဲ့တစ်နေ့ ကျွန်တော် မမဇင်တို့အိမ်အနားမှာ ကစားကြပါတယ် ။ ယောက်ျားလေးရော မိန်းကလေးတွေရော အစုံပါပဲ ။ ကစားနည်းက တာတေကြီး နဲ့ မစိန်ရင်လို့ ကျွန်တော်တို့ခေါ်ကြတဲ့ နည်းခင်ဗျ ။ အုပ်စု နှစ်ဖွဲ့ခွဲ ။ နာမည်ဝှက်တွေပေးပြီး အလှည့်ကျသူကို မျက်စေ့မှိတ်ပြီး ခေါင်းဆောင်က ခေါ်တဲ့ နာမည်ဝှက်နဲ့လူက ထလာပြီး မျက်စေ့မှိတ်ထား သူကို ခေါင်းတို့ပြီးရင် ကိုယ့်နေရာကိုယ် ပြန်ထိုင် မျက်စေ့အမှိတ်ခံရသူက သူ့ကို ခေါင်းတို့သူကို ရအောင်ဖော်ရတဲ့နည်းပါ ။


ကစားကြတော့ ထုံးစံအတိုင်း ငြင်းကြခုံကြနဲ့ပေါ့ခင်ဗျာ ။ ငြင်းခုံဆူညံနေကြတုန်း ခေါ်သံ တစ်သံ နှစ်သံကြားပြီး သူငယ်ချင်းတွေ အကုန်ငြင်းတာ ရပ်သွားလို့ လှည့်ကြည့်တော့ မမဇင်ရယ် ။ ကျွန်တော့်ကိုရွေးပြီး လက်ယပ်ခေါ်နေတာခင်ဗျ ။ ပထမတော့ ကျွန်တော် ကြောင်နေပါသေးတယ် ။ မမဇင်က ပြုံးပြီး ထပ်လက်ယပ်ခေါ်တာရယ် ၊ ဘေးက “ ဟဲ့ နင့်ကို ခေါ်နေတာ နင့်ကို ” ဆိုတော့မှ သတိဝင်ပြီး ကျွန်တော်သွားမိတယ် ။ အနားရောက်တော့ မောလို့ဗျာ ။ စိတ်ထဲမှာလည်း “ ဒေးဗစ်ချန်း ” ပဲ သတိရတယ် ။ ငါ့ကို ဝယ်ခိုင်းပြန်ပြီပေါ့လေ ။ ခြံစည်းရိုးနားရောက်တော့ မမဇင်က ပိတ်ထားတဲ့ သူ့ခြံတံခါးလေးကို အသာဟ သူ့ကိုယ်လေးတစ်ပိုင်းလောက် အပြင်ကိုထွက်ပြီးတော့ ...


“ မင်းတို့ ကစားနေကြတာလား ဟုတ်လား ”


“ ဟုတ်ကဲ့ "


“ အေး ကစားရင် တိုးတိုးကစားကြကွာ ၊ မမက စာကျက်နေတာကွ သိလား ”


“ ဟုတ်ကဲ့ မမဇင် "


“ ဟင် ... မင်းက မမနာမည်ကို သိတယ် ဟုတ်လား ”


ကိုယ့်ဆရာရေ ကျွန်တော် တုန်လှုပ်ကြောက်လန့်သွားပုံကတော့ မပြောပါနဲ့တော့ဗျာ ။ ဘာပြန်ပြောရမှန်းလည်း မသိတော့ဘူး ။ မမမျက်နှာကိုလည်း မကြည့်ရဲတော့ဘူး ။ ကျွန်တော်ဟာ အပြစ်ရှိသူတစ်ယောက်လို ခေါင်းကို ငုံ့ချထားမိတယ် ။ 


“ အင်း ... အင်း သိထားရင်လည်း ပြီးရော သိပ်မဆူကြနဲ့နော် သိလား ”


စကားဆုံးတာနဲ့ ကျွန်တော့်ခေါင်းကို တစ်ချက်သပ်တာခံရလို့ မော့ကြည့်တော့ မမဇင်က သူ့လက်ကိုပြန်ရုတ်ပြီးနေပြီ ။ ပြီးတော့ ကျွန်တော့်ကို ပြုံးကြည့်ပြီး ကိုယ်တစ်ပိုင်းပြန်ဝင် တံခါးပိတ်ပြီး ထွက်သွားတယ် ။


ကျွန်တော်ပြန်ရောက်လာတော့ သူငယ်ချင်းတွေအားလုံးက ကျွန်တော့်ကို တအံ့တဩနဲ့ ဝိုင်းနေကြတယ် ။ ကျွန်တော်လည်း အရမ်းပျော်ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းဂုဏ်ယူနေမိတာ အမှန်ပဲ ။


“ ဟဲ့ ... နင်နဲ့သူနဲ့ သိတယ်ဟုတ်လား ရဲဝင်း ”


“ အေး သိတယ် ”


“ ဘာပြောတာလဲဟင် ”


“ တိုးတိုးကစားတဲ့ သူ စာကျက်နေတာတဲ့ ”


ဒါနဲ့ ကျွန်တော်တို့လည်း နေရာနည်းနည်းရွှေ့ကစားကြပါတယ် ။ ကစားဝိုင်းက ခဏပဲတိတ်ပြီး ပြန်ဆူ တာပါပဲ ။ ဒါပေမယ့် ကျွန်တော် ဆက် မကစားချင်တော့ဘူး ။ ကစားရတာ ဘယ်လိုမှ စိတ်မပါတော့ဘူး ။ ကျွန်တော့်စိတ်ထဲမှာ ကစားရတာဟာ ဘာအဓိပ္ပာယ်မှ မရှိတော့သလိုပဲ ။ ဒါနဲ့ မအေးမြင့်ကို ကျွန်တော် နဲ့ မမဇင် သိတာ ဘယ်သူ့ကိုမှ မပြောဖို့မှာပြီး ကစားဝိုင်းက ထွက်လာခဲ့တယ် ။


အိမ်ကိုရောက်တော့လည်း ကျွန်တော် တစ်နေရာတည်းမှာ ငြိမ်ငြိမ်ထိုင်လို့ မရဘူး ။ ဘာလုပ်ရမှန်းလည်း မသိဘူး ။ အမေကတောင် အရင် နေကုန်အောင်ဆော့ပြီး မိုးချုပ်မှပြန်လာတဲ့ ကျွန်တော့်ကို ထူးဆန်းနေသလို ကြည့်တယ် ။ ကျွန်တော့်ရင်ထဲမှာ နေလို့ မကောင်းဘူး ။ ဘာတွေမှန်း မသိတာတွေ ပိုနေခဲ့ပါတယ် ။


နောက်နေ့တွေကျတော့ အဲဒီခံစားမှုတွေ ပျောက်သွားပါတယ် ။ ဒါပေမယ့် ကျွန်တော် တာတေကြီးနဲ့ မစိန်ရင် မကစားတော့ဘူး ။ ကုလားစည်း မနင်းတော့ဘူး ။ ဂွေမလှိမ့်တော့ဘူး ။ စစ်တိုက်တမ်းတို့ ပြေးပုန်းတို့ကိုလည်း မကစားတော့ပါဘူး ။ ဂေါ်လီတော့ ရိုက်နေတုန်းပဲ ။ ကျွန်တော်က ဂေါ်လီရိုက်ကောင်းတဲ့သူဆိုတော့ စိန်ခေါ်တဲ့သူကောင်းကောင်းရှိရင် ရိုက်ဖြစ်ပါတယ် ။ နောက်တစ်ချက်ကလည်း ကျွန်တော်တို့ ဂေါ်လီရိုက်ပွဲဟာ ပိုက်ဆံကြေးရိုက်ကြတာမို့ ကာလသားတွေပါ ပါတတ်လို့ ဂေါ်လီကစားတာဟာ ကလေးကစားနည်းမဟုတ်ဘူးလို့ ကျွန်တော် ထင်လို့ပါ ။


အဲဒီနေ့ကစပြီး ကျွန်တော်ဟာ တက်နိုင်သမျှ ကလေးကစားနည်းတွေကို ရှောင်လာခဲ့တာ သတိထားမိတယ် ။ အရင်တုန်းကလို ချွေးသံရွှဲရွှဲနဲ့ မျက်နှာအဆီပြန်နေရတာထက် အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ သနပ်ခါးကို ဖုံနေအောင်လိမ်းတတ်လာပါတယ် ။ ကျွန်တော့်စိတ်ထဲမှာ အကြီးမားဆုံး ပြောင်းလဲမှုကတော့ ကင်းတဲမှာ ၊ လက်ဖက်ရည်ဆိုင်ထဲမှာ ၊ ဆံပင်ညှပ်ဆိုင်ရှေ့မှာ ထိုင်တတ်လေ့ရှိကြတဲ့ ကျွန်တော့်ထက် ၅ နှစ်ကနေ ၁ဝ နှစ် အထိကြီးတဲ့ ကာလသားကြီးတွေကို ကျွန်တော့်ပြိုင်ဘက်အဖြစ် သတ်မှတ်တာပါပဲ ။ ပြိုင်ဘက်အဖြစ်သတ်မှတ်တဲ့အပြင် ကျွန်တော်ကတောင် သူတို့ထက် ပိုသာတယ်လို့ ထင်နေမိတယ် ။ မမဇင်က ကျွန်တော့်ကို စကားပြော ရင်းနှီးအောင်နေတာကိုး ။ သူတို့ကတော့ အနားတောင်ကပ်လို့ရတာ မဟုတ်ဘူး မဟုတ်လား ။


တစ်နေ့ ကျွန်တော် မမဇင်တို့အိမ်ဘေး လမ်းကြားကလေးထဲကနေ စာအုပ်ဆိုင်ကို ထွက်လာခဲ့တယ် ။ အခုတော့ ကျွန်တော် အဲဒီလမ်းကြားကလေးကို ရဲရဲ ဖြတ်ရဲနေပါပြီ ။ လမ်းကြားကလေးကို ရောက်တိုင်း ရင်ထဲမှာ ရှိန်းမြမြနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဟန်တစ်ခွဲသားနဲ့ လမ်းလျှောက်ရတာကို တော်တော် စွဲလမ်းနေတာကိုးခင်ဗျ ။


ကျွန်တော် မျှော်လင့်ချက်နဲ့ ခိုးကြည့်တော့ မမဇင်ကို ပြတင်းပေါက်နားမှာ ရပ်နေတာတွေ့ရတယ်ခင်ဗျ ။ ကျွန်တော် လန့်ဖျပ်ပြီး မျက်နှာပြန်လွှဲတော့ ခေါ်သံကို ကြားရတော့တာပဲ ။


“ ဟေ့ ... ဟေ့ ... လာဦး ”


ကျွန်တော် တော်တော် တုန်တုန်လှုပ်လှုပ်နဲ့ ပြတင်းပေါက်နားကို သွားရတာပါ ။ ကျွန်တော် တွေ့များတွေ့မလားလို့ နေ့စဉ်မျှော်လင့်ပြီး ဒီလမ်းကလေးက အကြိမ်ကြိမ်ဖြတ်ခဲ့ရဖူးတာကိုး .... ။


 “ မင်း စာအုပ်ဆိုင်သွားမလို့လား ဟုတ်လား ”


“ ဟုတ်တယ် ”


“ အံမယ် မင်းလက်ထဲက ဝတ္ထုတွေလား ၊ ဘာတွေလဲ ပြစမ်း ”


ကျွန်တော့်လက်ထဲက ဝတ္ထုတွေက ယုဝတီခင်စိန်လှိုင် နဲ့ ညိုဝင်း တို့ရဲ့ ဝတ္ထုတွေပါ ။ မမဇင်က အသေအချာကြည့်ပြီး ပြုံးရင်းနဲ့ စာအုပ်တွေကို ပြန်ပေးပါတယ် ။


“ မင်းက အလာသားပဲကွ ၊ စာကြီးပေကြီးတွေ ဒီအရွယ်နဲ့ ဖတ်လို့ပါလား ။ မင်းဖတ်တာလား မင်းအိမ်ကလူကြီးတွေ ဖတ်တာလား ”


“ ကျွန်တော်ဖတ်တာ ”


“ စာဂျပိုးလေးပေါ့ ဟုတ်လား ၊ မမအတွက် လမ်းကြုံရင် ကာတွန်းငှားခဲ့ပေးပါလား ။ ပြာလောင်ဖြစ်ဖြစ် သမိန်ပေါသွပ်ဖြစ်ဖြစ် ထွန်းမင်းလတ် ရရင်လည်း ငှားခဲ့ ... ”


“ ပန်းချီကိုကိုမောင်တို့ ဘာတို့ဖတ်ပါလား ၊ ပုဂံခေတ်နောက်ခံဇာတ်လမ်းတွေ ရေးတာ အရမ်းကောင်းတယ် ”


ကျွန်တော် တစ်ချက်လေးမှ နောက် မဆုတ်ပဲ ရဲရဲဝံ့ဝံ့ကို ပြောခဲ့တာပဲ ။ ကျွန်တော်ဟာ စာအုပ်တွေနဲ့ ပတ်သက်ရင် ငယ်ငယ်ကတည်းက ပြောရဲဆိုရဲသတ္တိ ရှိတတ်ပါတယ် ။ မမဇင်ကပြုံးပြီး ကျွန်တော့်ခေါင်းကို တစ်ချက်ပုတ်ပါတယ် ။ “ အေး ... ငှားခဲ့ကွာ ... အိမ်ရှေ့ကနေ မပေးနဲ့နော် သိလား ”


ခေါင်းညိတ်ပြပြီး ကျွန်တော် စာအုပ်ဆိုင်ကို တစ်ချိုးတည်း လစ်တော့တာပဲ ။ ပြန်လာတော့ မမဇင်အတွက် ကာတွန်းလေးအုပ်တောင် ပါလာပါတယ် ။ ကျွန်တော့်အတွက်လည်း တက္ကသိုလ်ဘုန်းနိုင်နဲ့ မင်းကျော် ဝတ္ထုနှစ်အုပ် ပါလာတယ် ။ မမဇင်က ကာတွန်းတွေလှမ်းယူရင်း ခဏနေဦး ဆိုပြီး ပျောက်သွားပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော် သတိထားမိတာက ကက်ဆက်သံပါ ။


ကက်ဆက်ကို ကျွန်တော် သိပ်ကြိုက်တာပဲ ။ ကျွန်တော်တို့ ဆယ့်လေးနှစ်သားအရွယ်လောက်တုန်းက ကက်ဆက်ဆိုတာ အိမ်တိုင်းမှာရှိတဲ့ ပစ္စည်း မဟုတ်ဘူး ။ ကက်ဆက်ရှိတဲ့အိမ်ဟာ ချမ်းသာကြွယ်ဝ ပြည့်စုံခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုပါ ပေးပါတယ် ။ ကက်ဆက် ဘယ်နားမှာရှိတယ်ဆိုတာ မမြင်ရပေမယ့် ကက်ဆက်သံ တိုးတိုးငြိမ်ငြိမ်လေးကို ကြားနေရတာတော့ အမှန်ပဲ ။ ကျွန်တော်က သီချင်းဆိုတာကို ရေဒီယိုကလာမှ နားထောင်ရတဲ့ကောင် ။ ရေဒီယိုတောင် အိမ်တိုင်းမှာရှိတာ မဟုတ်ဘူး ။ ကျွန်တော့်အိမ်မှာတော့ သစ်သားနဲ့လုပ်ထားတဲ့ ရေဒီယိုကလေးတစ်လုံး ရှိပါတယ် ။


အဲဒီအချိန်မှာ မမဇင်ပြန်ရောက်လာပြီး “ ရော့ ” ဆို လှမ်းပေးတယ် ။ ကြည့်တော့ သိပ္ပံတံဆိပ် သံပရာပေါင်းတစ်ထုပ်ခင်ဗျ ။ ကျွန်တော်တို့နားက ဈေးဆိုင်တွေမှာ အဲဒီလိုမုန့်မျိုး မရှိပါဘူး ။ ကျွန်တော် ဝမ်းသာသွားပြီး ထူပူသွားတာပဲ ။ မုန့်ကို ရတာထက် ကျွန်တော့်ကို စေတနာရှိတာကို ဝမ်းသာတာပါ ။


“ မင်းနာမည်က ဘယ်သူလဲ ”


“ ရဲဝင်း ”


“ ဪ အေး မနက်ဖြန် စာအုပ်အပ်ရင်လည်း ဝင်ခဲ့ဦးနော် ”


နောက်နေ့တွေမှာ မမဇင်နဲ့ ကျွန်တော် တစ်နေ့တစ်ကြိမ်တော့ တွေ့ကြရပါတယ် ။ စာအုပ်ဆိုင်ကပြန်တိုင်း မမဇင်အတွက် ကာတွန်းတွေ ပါတတ်သလို ကျွန်တော့်အတွက်လည်း ထူပေ့ ကြီးပေ့ဆိုတဲ့ စာအုပ်တွေကို ရွေးရွေး ငှားလာမိတယ် ။ ကျွန်တော် ဒီလိုစာအုပ်တွေ ဖတ်တယ်ဆိုတာကို မမဇင်က အထင်ကြီးတယ်ဆိုတာကို ကျွန်တော် လက် မလွှတ်နိုင်ဘူး ။


တစ်ယောက်ယောက်က ဒါမှမဟုတ် ဆရာက ဒီလိုစာမျိုးတွေဖတ်ပါလို့ ညွှန်ကြားရင်တောင်မှ ကျွန်တော် အဲဒီလောက်ဖြစ်မှာ မဟုတ်တာ သေချာတယ် ကိုယ့်ဆရာရေ ။ အခုတော့ မမဇင်ရဲ့ “ တယ်ဟုတ်ပါလား ” ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျွန်တော်ဖတ်လိုက်တဲ့စာတွေကို နည်းတာမဟုတ်ဘူး ။


တစ်နေ့တော့ မမဇင်ကြောင့် ကျွန်တော် ဝမ်းနည်းရတဲ့အဖြစ်တစ်ခုနဲ့ ကြုံပါတယ် ။ အဲဒီနေ့က ကျွန်တော် ကာလသားတွေနဲ့ အတူ ကင်းတဲနားမှာ ထိုင်နေတဲ့အချိန်ပါ ။ ကျွန်တော်ဟာ အားရင် ကာလသားတွေနား သွားနေလေ့ရှိပါတယ် ။ သူတို့နဲ့နေရတာကို ကစားရတာထက် ကျွန်တော်ပိုပြီး အရသာတွေ့နေတာ အမှန်ပဲ ။ ပြီးတော့ သူတို့ မမဇင် အကြောင်းပြောကြရင် ကျွန်တော်ကငြိမ်ပြီး နားထောင်နေတတ်တယ် ။ သူတို့ပြောတဲ့အထဲမှာ အမှားတွေ မဟုတ်တာတွေပါရင်တော့ ကျွန်တော်က ပြုံးနေလိုက်တာပေါ့ ။ တစ်ခါနှစ်ခါ ဝင်ပြောဖူးတုန်းက ကိုမြင်အောင် က “ ဟေ့ကောင် ကလေးက ... ကလေးလိုနေစမ်းကွာ ” လို့ လှမ်းငေါက်တာနဲ့ ကျွန်တော် နောက် ဘယ်တော့မှ ဝင်မပြောတော့ဘူး ။


ထုံးစံအတိုင်းပဲ အဲဒီနေ့က သူတို့ မမဇင်အကြောင်းပဲ ပြောနေကြတာပါ ။ ပြောနေကြရင်းနဲ့ သူတို့အားလုံး တအံ့တဩနဲ့ လှမ်းကြလို့ ကျွန်တော်လှမ်းကြည့်တော့ မြင်ရတဲ့မြင်ကွင်းက မယုံနိုင်စရာပါ ။ မမဇင်ရယ်လေ ။ မမဇင်က အကျီခါးတိုကလေးနဲ့ ဖလဲဂျင်းဘောင်းဘီအကျပ်ကို ဝတ်လို့ ။ ကော့ကော့ကော့ကော့နဲ့ ကားလမ်းမပေါ်မှာ လျှောက်သွားနေတာ ။ ခဏမှင်သက်သွားပြီးတဲ့နောက် နံဘေးက အသံတွေက ဆူညံသွားတာပဲ ။ ကျွန်တော် နားပိတ်ထားစရာမလိုပါဘူး ။ ကျွန်တော့်အသိစိတ်က အူနေပြီး ဘာကိုမှ မကြားရတော့တာ တကယ်ပါပဲ ။


ကျွန်တော့်ဘဝမှာ ဂျင်းဘောင်းဘီနဲ့ အရွယ်ရောက်ပြီးကာစ မိန်းကလေးတစ်ယောက်ကို ပထမဦးဆုံးတွေ့ဖူးခဲ့တာ အမှန်ပါ ။ ခုထက်ထိ ဂျင်းဘောင်းဘီနဲ့ ကောင်မလေးတွေကို လှမ်းတွေ့ရရင် ရင်ထဲမှာ ညို့တို့တို့ မှိုင်းတိုင်းတိုင်းဖြစ်နေတုန်းပဲ ။


ကျွန်တော်ဘာမှမပြောဘဲ ကင်းတဲကနေ ပြန်လာပြီး စောင်ခေါင်းမြီးခြုံ အိပ်တော့တာပဲ ။ မျက်စိမှိတ်ထားတဲ့ ကျွန်တော့်ကမ္ဘာထဲမှာ ကျွန်တော်ဟာ ဂျင်းဘောင်းဘီဝတ်ထားတဲ့ မမဇင်ကို မြင်နေတယ် ။ ဒီလို ဝတ်ထားတာဟာ သူ့ရည်းစားနဲ့တွေ့ဖို့ သွားတာပဲလို့လည်း စိတ်ထဲမှာ စွဲနေတယ် ။ စောင်ခြုံထားရင်း ကျွန်တော်မောလာတယ် ။ နောက်ဆုံးတော့ အိပ်ပျော်သွားပါတယ် ။ နိုးလာတော့ ည ၇ နာရီ အပြင်မှာ မိုးတွေက သည်းသည်းမည်းမည်းရွာလို့ ။


အဲဒီအတွက် ကျွန်တော့်တုံ့ပြန်မှုက လေးရက်လောက် မမဇင်တို့ရဲ့ လမ်းကြားကိုရော အိမ်ရှေ့ကိုရော မသွားတာပါပဲ ။ ( ကျွန်တော့်ဘဝမှာတော့ လေးကမ္ဘာလောက်လို့ ထင်နေတယ် ) ငါးရက် မြောက်နေ့ကျတော့ မနေနိုင်တော့ဘူး ။ အခုဆိုရင် မမဇင် ကျွန်တော့်ကို မျှော်နေလောက်ပြီလို့ပဲ တွေးနေတာကိုး ။ စာအုပ်တွေအပ်ဖို့ ကိစ္စကရှိသေးတယ် မဟုတ်လား ။ 


ဒါနဲ့ ကျွန်တော် ကျကျနနဝတ်စားပြီး မမဇင်တို့ အိမ်ရှေ့က သစ်ပင်ရိပ်အောက် မှာ သွားထိုင်နေလိုက်တယ် ။ ကစားနေတဲ့ သူငယ်ချင်းတွေ ရှိပေမယ့် ကျွန်တော် ဝင်မကစားဘူး ။ ထိုင်နေတုန်း မမဇင်တို့အိမ်ဘက်က ကက်ဆက်သံကို ကြားပါတယ် ။ သီချင်းသံ မဟုတ်ပါဘူး ။ ကက်ဆက် ဇာတ်လမ်းခွေပါ ။ ကျွန်တော်လည်း လှည့်မကြည့်ဖို့ ဆုံးဖြတ်ထားတော့ နားအာရုံပဲ စိုက်ထားရတယ် ။ သိပ်မကြာဘူး ကျွန်တော့်နားထဲမှာ “ ဟေ့ ဟေ့ ကိုရဲ ” ဆိုတဲ့အသံကို ကြားရတော့တာပဲ ။


ပထမ ကျွန်တော်လှည့်မကြည့်ဘူး ။ သုံးလေးခွန်းထက်လည်း ပိုမခံနိုင်ပါဘူး ။ မမဇင်ရယ်လေ ဆံပင်လေးနှစ်ဖက်ကိုခွဲပြီး ဘေးတစ်ဖက်တစ်ချက် မှာ စည်းလို့ ၊ အိမ်နေရင်း အင်္ကျီလက်ပြတ်ကလေးနဲ့ရယ် ၊ လက် မောင်းသားလေးတွေကလည်း ဝင်းလို့ ခင်ဗျ ။


“ မင်း ဘာဖြစ်လို့ အိမ်ဘက် မလာတာလဲ ၊ မင်းကို ရှာနေတာ သုံးလေးရက်ရှိနေပြီ ”


ကျွန်တော်က ခေါင်းငုံ့ရင်းနဲ့ပဲ မေးလိုက်ပါတယ် ။


“ စာအုပ်တွေ အပ်ဖို့လား ”


“ အေးပေါ့ကွ မင်းမလာတာနဲ့ မနေ့က ကြီးဒေါ်ကိုပဲ အပ်ခိုင်းလိုက်ရတယ် ”


“ ဆိုင်သိလို့လား ”


“ သိတယ်လေ ကံ့ကော်ရိပ်သာလမ်းထဲက မဟုတ်လား ၊ နေပါဦး အခု မင်း ဘာလုပ်နေတာလဲ ”


“ ဇာတ်လမ်းနားထောင်နေတာ ”


“ ဪ ... အေး မင်းက ဇာတ်လမ်းကြိုက်တာပဲ ၊ ကဲ... လာ အိမ်ထဲမှာ ဝင်နားထောင် ... လာ .. လာလေ ”


မမဇင်က ကျွန်တော့်လက်ကို အတင်းဆွဲခေါ်သွားတယ် ကိုယ့်ဆရာရေ ကျွန်တော့်မှာ လေထဲပစ်ပြီး လွင့်လိုက်ရသလိုကို ဒရွတ်တိုက် ပါသွားတာခင်ဗျ ။ မမဇင်ရဲ့ လက်နဲ့ ကျွန်တော့်ရဲ့လက် ထိလိုက်ရတဲ့အချိန်မှာ ကျွန်တော် ဘာကိုမှ မသိတော့ဘူး ။


သတိစဝင်တာက မမဇင်တို့ရဲ့ အိမ်ရှေ့တံခါးဝကို ရောက်တော့မှပါ ။ ကျွန်တော် ကတုန်ကယင်နဲ့ အဝင်တံခါးဝမှာ ထိုင်ချတော့ ...


“ အို ... အဲဒီမှာ မထိုင်နဲ့လေကွာ ၊ အိမ်ထဲဝင်ထိုင်ပြီး နားထောင် ဝင်ပါကွ ... ”


ကျွန်တော် မရဲတရဲဝင်ပြီး ကက်ဆက်နဲ့ မနီးမဝေးမှာ ထိုင်ပါတယ် ။ ကက်ဆက်ဆိုတာကို နီးနီးကပ်ကပ်မြင်ဖူးတာလည်း ဒါ ပထမဦးဆုံးအကြိမ်ပါ ။ ဖွင့်ထားတဲ့ကက်ဆက်ဇာတ်လမ်းက “ မင်းအသက်ငါ့ပေး ဆရာကြီး မြခိုင် ” တဲ့ ... ။ မမဇင်ကတော့ ဆိုဖာလေးပေါ်မှာ ထိုင်လို့ ။


ကျွန်တော် စိတ်ဆိုးပြေသွားပါပြီ ။ ကျွန်တော် သုံးလေးရက် မလာတာကို သူချော့တာပဲလို့ စိတ်ထဲက ကျေနပ်ကတည်းက စိတ်ဆိုး‌ေပြနေပါပြီ ။


“ မမဇင် ဒေးဗစ်ချန်းစားမလား ”


ကျွန်တော် စကားဆုံးတော့ မမဇင်က ပြုံးတယ် ။


“ မစားပါဘူးကွာ နေ့ခင်းဆို သိပ်ပျင်းတာပဲ သိလား ၊ မင်းလည်း နေ့ခင်းပျင်းရင် လာနော် ... "


ကမ္ဘာလောကကြီးထဲမှာ နေရတာ ကျွန်တော့်ကိုယ်ကျွန်တော် အကျေနပ်ဆုံးအချိန်ဟာ အဲဒီက စတာပါပဲ ။ ကျွန်တော် ကက်ဆက်စကားသံတွေကို အာရုံစိုက်ပြီး နားထောင်နေလိုက်တယ် ။ အဲဒီအခါ ကျွန်တော်တို့ဟာ တနင်္ဂနွေနေ့ရောက် မှ ပုံပြင်နဲ့ ဇာတ်လမ်းပမာကို နားထောင်ရတဲ့ ကောင်တွေဆိုတော့ အဲဒီအခွင့်အရေးမျိုးဟာ ရတောင့်ရခဲပါပဲ ။ ဇာတ်လမ်းကလည်း ဂမ္ဘီရ နဲ့ စုံထောက် ရောမွှေထားလေတော့ ကျွန်တော့်အကြိုက်ပေါ့ ။


ဇာတ်လမ်းဆုံးလို့ မမဇင်ကိုနှုတ်ဆက်ပြီး ပြန်ထွက်လာတော့ ကျွန်တော့်ကို ကစားဖော်တွေက ငေး လို့ ခင်ဗျ ။ အံ့ဩတဲ့ အားကျတဲ့ အဲဒီမျက်လုံးတွေရှေ့မှာ ကျွန်တော် ရင်အုံကလေးကိုမောက်ပြီး လျှောက်ခဲ့မိတာ ဝန်ခံရမှာပဲ ။ ဒီကိစ္စကို ဘယ်သူ့မှ သွားမပြောနဲ့နော်လို့ ကျွန်တော်တစ်ယောက်ကိုမှ မတားခဲ့ပါဘူး ။ ပြောကြစမ်းပါ ... တစ်လောကလုံး ကြားအောင်ကို ပြောလိုက်ကြစမ်းပါ ။


အဲဒီနောက်ပိုင်းမှာ ကျွန်တော်က ကလေးကစားနည်းတွေ ဘာကိုမှ မကစားတော့ဘူး ။ နေ့တိုင်း မမဇင်ဆီမှာ ကက်ဆက်ဇာတ်လမ်းတွေ သွားနားထောင်တယ် ။တစ်ခါတလေ မမဇင်နဲ့ စာအုပ်ဆိုင်ကို အတူသွားတယ် ။ ကျွန်တော်လာနေကျမို့လားတော့ မသိဘူး ။ သူ့အိမ်က ကျွန်တော်နဲ့ ဆိုရင် အပြင်ကို လွှတ်လေ့ရှိတယ် ။


လူပျိုကာလသားတွေထိုင်နေကြတဲ့ ကင်းတဲရှေ့ ၊ ဆံပင်ညှပ်ဆိုင် ရှေ့ကနေ မမဇင်နဲ့အတူ ဖြတ်ရရင် ကျွန်တော် သိပ်ပျော်တာပဲ ။ ဟိုလူတွေ အရမ်းအော်တဲ့အခါမျိုးဆိုရင် မမဇင်က ကျွန်တော့်ပခုံးကို လှမ်းဖက်ပြီး လျှောက်တတ်တယ် ။


အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်က အသည်းနှလုံးကို ရွှေဓားလွယ်ဆုပေးလိုက်သလို ရင်တကော့ကော့နဲ့ပေါ့ ။ ကျွန်တော်က မမဇင်တို့ရဲ့အိမ်ရှေ့တံခါးကို ပိုင်ပိုင်နိုင်နိုင်တွန်းဖွင့်ပြီး ကက်ဆက်ဇာတ်လမ်း ဝင်နားထောင်ချိန်မှာ ခြံရှေ့ရစ်သီရစ်သီလုပ်နေတဲ့ သူငယ်ချင်းတွေရှေ့မှာလည်း ရင်ကို ကော့ထားတာပါပဲ ။ ကျွန်တော်ကြည့်ရတဲ့ ကောင်တွေဆိုရင်တော့ ခြံတံခါးကို ပေးဖွင့်ပြီး အိမ်ရှေ့တံခါးဝမှာ ထိုင်ခိုင်းတတ်တယ် ။ ကြည့်မရရင်တော့ နေပေတော့ အပြင်မှာပဲ ။ မမဇင်ကလည်း ကျွန်တော် ခေါ်သွင်းတဲ့လူတွေကို ဘာမှ မပြောပါဘူး ။


ပြီးတော့ ကျွန်တော့်ကို ကက်ဆက်ဖွင့်တာ ပိတ်တာ ( A ) side ( B ) side ပြောင်းတာ ၊ အသံတိုးတာ ကျယ်တာတွေကိုလည်း ပြထားသေးတယ် ။ ကျွန်တော် ကက်ဆက်ခလုတ်ကို လှမ်းကိုင်ရင် ဟိုကောင်တွေ မျက်လုံးပြူးပြီး မျက်ဆံကလေး ကလယ်ကလယ်နဲ့ပေါ့ဗျာ ။ ကျွန်တော့်အိမ်ကလည်း မမဇင်တို့အိမ်သွားမလို့ဆိုပြီးရောပဲ ။ ဘာကိုမှ မပြောတော့တာ ။


အဲဒီလိုနဲ့ သုံးလေးလလောက်အကြာမှာ ကျွန်တော်ဟာ ညဆိုရင် ဆယ့်နှစ်နာရီကျော်မှ အိပ်တတ်လာတယ် ။ အိမ်နေရင်း အင်္ကျီလက်ပြတ်ကလေးဝတ်တဲ့နေ့မျိုးမှာ ဖြူဝင်းမွတ်နေတဲ့ မမဇင်ရဲ့ လက် မောင်းကလေးတွေ ၊ လက်သည်းနီဆိုးပြီးကာစ လက်သည်းကလေးတွေကို လေနဲ့ မှုတ်ဟန် ကလေးတွေ ၊ ဒေးဗစ်ချန်းကို ငံပြာရည် - ငရုတ်သီးမှုန့်တွေနဲ့ နယ်ပြီး နှစ်ယောက် ခိုးစားရတာတွေ ။ သူ့ဆံပင်ကို စိတ်ရှည်လက်ရှည်ဖြီးပြီး ကျစ်ဆံမြီး ကျစ်နေတဲ့ ဟန်ကလေးတွေ ။ အဲဒါတွေကို စဉ်းစားရင်း အိပ်မရဖြစ်ခဲ့တယ် ။


ဂေါ်လီရိုက်ရင် ကျော်ထွေးကို ဘယ်လိုနိုင်အောင် ရိုက်ရမလဲ ။ မြင့်မောင် ရှာလို့မတွေ့အောင် ပြေးပုန်းကစားရင် ဘယ်နေရာပုန်းမလဲ ။ သားရေကွင်းပစ်ရင် မူတူးကို ဘယ်လိုနိုင်အောင် ပစ်မလဲ ။ ထုပ်ဆီးတိုးရင် မလှရီကို ဘယ်လိုမိအောင် ဖမ်းမလဲ ဆိုတဲ့ အိပ်မက် တွေထက် ကျွန်တော့် စိတ်ကူးမိုးကောင်းကင်ဟာ ကျယ်ပြန့်လာခဲ့တယ် ။ ကျွန်တော့်ရင်ခုန်သံဟာ ပျားရည်မြစ်ထဲ ကူးခဲ့တယ် ။ ကျွန်တော်ဟာ ကိုယ်သဘောကျတဲ့ ကဗျာ အတိုကလေးတွေကို ပုံစံနည်းနည်းပြောင်းပြီး ( ကိုယ်ရေးသလို ဘာလိုလို ) ကူးရေးတတ်လာခဲ့တယ် ။ ကျွန်တော်ဟာ ကလေးလိုနေတတ်သမျှ မနေတော့ဘဲ ကျွန်တော့်စိတ်ထင်ရာ လူကြီးလို နေလာခဲ့တယ် ။


ရင်ခုန်နေပြီလေ ... ။


ကျွန်တော်ရင်ခုန်နေတဲ့အရာနဲ့ လိုက်လျောညီထွေအောင် နေရတော့တာပေါ့ဗျာ ။


အဲဒီနေ့ကတော့ တော်တော်လေးရင်ခုန်ပါတယ် ။


ရင်ခုန်ဆို ဘဝမှာ ပထမဦးဆုံးခုန်တဲ့ရင်မို့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့နည်းမျိုးနဲ့ကို ခုန်တာပါ ။


နေ့ခင်းဘက် မမဇင်နဲ့ အမြဲရှိတတ်တဲ့ သူ့အဒေါ်က ဆယ်ရပ်ကွက်ဈေးကို ဈေးဝယ်သွားပါတယ် ။ ကျွန်တော်နဲ့ မမဇင် နှစ်ယောက်တည်းရယ် ။


ကက်ဆက်မှာဖွင့်ထားတဲ့သီချင်းက “ ပန်းဘုရင်မ ” သီချင်း ။


“ ကိုယ့်အသည်းပန်းလေးတစ်ပွင့်ကို ပန်းဘုရင်မလေးလက်သို့သာ ပေးအပ်ဖို့ မှန်းရွယ်လာ ခူးခြွေမှာစိုးမိတယ်ကွာ ”


ကျွန်တော် ရုတ်တရက် အသံတိုးပစ်လိုက်တော့ မမဇင်က လှမ်းကြည့်ပါတယ် ။ စည်းချက်လိုက်နေတဲ့ သူ့ခြေထောက်ကလေးတွေလည်း ရပ်သွားတယ် ။ ဘာဖြစ်လို့လဲဆိုတဲ့သဘောနဲ့ ကျွန်တော့်ကို လှမ်းကြည့်နေတဲ့ မမဇင်အနားကို ကျွန်တော် အတင်းစွတ်ဝင်သွားတယ် ။ ရင်တွေခုန်လွန်းလို့ ဘာသံကိုမှ မကြားရတော့တဲ့အထိပဲ ။ လက်နဲ့ ဒူးတွေ တုန်နေတာပဲ မှတ်မိတယ် ။ ကျွန်တော် အားကိုကြိတ်တင်းရတယ် ။


“ မမဇင် ကျွန်တော် ... ဟို ကျွန်တော့်ကို ချစ်လား ”


အားတင်းပြီးမေးရလို့ လေသံက မဆက် မိပါဘူး ။


မမဇင်က ပထမအံ့ဩ သလို ကြည့်နေတယ် ။ ငါးစက္ကန့်လောက် ကြာမှ ပြုံးတယ် ။ ပြီးတော့ ကျွန်တော့်လက် မောင်းက ဆွဲကိုင်ပြီး သူ့နံဘေးက ဆိုဖာပေါ်ဆွဲချရင်း ...


“ ဘာများလဲလို့ ... ချစ်တာပေါ့ကွ ” 


ကျွန်တော် သတိလစ်မလို ဖြစ်သွားတယ် ။ ( ထိုသို့ဖြစ်ပုံမျိုး ယခု အသက်သုံးဆယ့်ခြောက်နှစ်အထိ တစ်ခါမှ မဖြစ်ဖူးပါ )


“ ဘာလဲ ... စိတ်ကောက်ပြန်ပြီလား ဟုတ်လား ” 


မမဇင်က ကျွန်တော့်ခေါင်းကို တစ်ချက်နှစ်ချက်ဖွပြီး မေးတယ် ။


“ ကဲ ... ကဲ ခဏနေဦး ”


မမဇင်က ဆိုဖာပေါ်က လှစ်ခနဲ ထသွားတယ် ။ ကျွန်တော့်တစ်ကိုယ်လုံးမှာ ကျနေတဲ့ ကြီးမားလေးလံသောအရာတစ်ခု လွင့်ထွက်သွားသလိုပဲ ။


“ ကဲ ... ရော့ ဟုတ်ပြီလား "


မမဇင် ကျွန်တော့်ကို တစ်ခုခုလှမ်းပေးတယ် ။ မျက်လုံးတွေပြာနေလို့ ကျွန်တော် ဘာမှ မမြင်ရပါဘူး ။ ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားပါသေးတယ် ။ ဒါပေမယ့် ဘာတစ်ခွန်းမှ ပြောလို့ မထွက်ပါဘူး ။


နောက်ဆုံး ကျွန်တော် ပြေးထွက်လာခဲ့ပါတယ် ။


အိမ်ရောက်တော့ တဆတ်ဆတ်တုန်နေတဲ့ရင်နဲ့ လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့အရာကို ဖြေကြည့်တော့ သိပ္ပံတံဆိပ် သံပရာပေါင်းတစ်ထုပ်ပါ ။


ကျွန်တော်ဟာ အဲဒီနေ့ပြီးကတည်းက မမဇင်ဆီကို မရောက်တော့ပါဘူး ။


နှင်းတွေအရမ်းကျနေတဲ့ တစ်နေ့မှာတော့ မမဇင်တို့ အိမ်ထဲက ပစ္စည်းတွေကို လော်ရီကားကြီးပေါ် မ,တင်နေကြတာ တွေ့ရပါတယ် ။ ကျွန်တော် ဖလံထည် အနွေးအင်္ကျီလေးကိုဝတ်ရင်း အိမ်ရှေ့ခုံတန်းလျားကနေ ထိုင်ကြည့်နေမိတယ် ။ မမဇင်ကိုတော့ မတွေ့ရတော့ပါဘူး ။ နှင်းကွဲစမှာ ပစ္စည်းတွေစုံလို့ လော်ရီကားကြီးက အိပဲ့အိပဲ့နဲ့ မောင်းထွက်သွားတယ် ။ ကားအဆုံးအထိ ကျွန်တော်ကြည့်နေမိပါတယ် ။


မမဇင်ကိုတော့ မတွေ့ရတော့ဘူး ။


အဲဒီနေ့ပဲ ကျွန်တော် ကြားရတာက မမဇင်ဟာ ကျွန်တော်တို့ အရှေ့ရပ်ကွက်က လူတစ်ယောက်နဲ့ ကြိုက်ကြတာတဲ့ ။ အဲဒါကို သူ့မိဘတွေ သိသွားလို့ ပြောင်းသွားကြတာဆိုပဲ ။ ကျွန်တော် ဘာမှ မပြောပါဘူး ။ ဘယ်သူ့ကိုမှလည်း ဒီအကြောင်းတွေကို မပြောပြဖြစ်ဘူး ။


ဒါပေမယ့် ဂျင်းဘောင်းဘီဝတ်တဲ့ ကောင်မလေးတွေကို တွေ့ရင် ရင်ထဲမှာ ညို့ပြီး စိတ်က ဘယ်ရောက်သွားမှန်းမသိအောင် ဖြစ်နေမိတုန်းပဲ ။


ကျွန်တော်အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီ ။ နှစ်ဆယ့်နှစ်နှစ်တောင် ကြာရောပေါ့ ။ အခုနေ ကျွန်တော့်ကို တွေ့ရခင်ရတဲ့လူဟာ မြစ်တစ်မြစ်ကို အလျားလိုက်ဖြတ်ကြည့်သလို ဖြစ်နေမှာပဲ ။


အမှန်တော့ ဘယ်မြစ်မှ သူတို့မြစ်ဖျားခံရာနေရာကို ဖွက်လို့ ညာလို့ မရပါဘူး ။ လူတွေလည်း ကိုယ့်ရင်ခုန်သံကို ကိုယ်ညာလို့မရဘူး ။ ညာရင်လည်း ဘယ်သူမှသိမှာ မဟုတ်ပါဘူး ။ ကိုယ့်ကိုယ်ကိုယ်ပဲ သိမှာပါ ။ ကိုယ့်ကိုယ်ကိုယ်သိနေတာလောက် ခဏလေးပြန်ပေါ်နေတာလည်း ဘာမှ မရှိဘူးလေ ။


ကျွန်တော်ဟာ ဆရာအောင့်ချိမ့် ထက် ငယ်တဲ့အတွက် ဆရာအောင်ချိမ့် ထက် မိုက်ရူးရဲပိုဆန်တယ်လို့ ပြောလို့ရပါတယ် ။ သူ့လောက် မလှဘူးလို့လဲ ပြောလို့ရပါတယ် ။


ဟုတ်ပါတယ် ဇာတ်သိမ်းဟာ ထင်သလို မဖြစ်ခဲ့ပါဘူး ။


ထင်သလို မဖြစ်ပေမယ့် ဒါဟာ အမှန်ပဲလေ ... ။


◾ နီကိုရဲ


📖  ကျွန်တော် နှင့် မိန်းမ အလွဲများ


koaungnaingoo.blogspot.com


 .


No comments:

Post a Comment