Friday, August 27, 2021

တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်


 

  ❝  တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်  ❞

“  ကဲ … ပြော မပြောချင်တော့ဘူး ၊ ဒါသာ ဖတ်ကြည့်ကြပေတော့  ”

ဒေါ်လှက စာရွက်ခေါက်ကလေးကို သူ့သမီးကြီး၏ ရင်ခွင်ထဲ ပစ်ချလိုက်၏ ။ ဒေါ်ခင်ခင်က မိခင်၏ လေသံ တိုတောင်းပြတ်သားပုံကြောင့် မိခင်မျက်နှာကို မော့ကြည့်လိုက်၏ ။ ချက်ချင်းပင် စာကို ကောက်ဖွင့်လိုက်၏ ။ ဒေါ်ခင်ခင်၏ ညီမဖြစ်သူ ကျောင်းဆရာမ ဒေါ်အေးအေးငြိမ်း ကပါ အနားသို့ ရောက်လာပြီး ညီအစ်မနှစ်ယောက် ခေါင်းချင်းဆိုင် ဖတ်လိုက်ကြ၏ ။

“  အမယ်… ဒါ ရည်းစားစာပဲ  ”

အပျိုကြီး ဒေါ်အေးအေးငြိမ်း၏ အံ့ဩသံ ။

“  စာတွေ ဘာတွေ ပေးတဲ့အဆင့်ထိတောင် ရောက်နေကြပြီကိုး ”

ဒေါ်ခင်ခင် ၏ မှတ်ချက် ။

“  နေပါဦး ၊ ဘယ်သူက ပေးတာလဲ မေမေရဲ့ … ”

“  ဘယ်သူက မလဲအေ ၊ ဟိုကောင် ငွေအိုးပေါ့ ၊ တလောကတည်းက ကြည့်ရတာ အကဲသိပ်မရလို့ ဂရုစိုက်နေတာ ၊ ဒီစာ အသွားအလာ ကြည့်ရတာ မိရွှေသိန်းက ခေါင်းညိတ်ဟန် မတူသေးပါဘူး ၊ ဟိုက တစ်ဖက်သတ် ”

“ အိုး .. ခေါင်းညိတ်ရအောင် မိသိန်းသိန်းက ဘယ်အရွယ် ရောက်နေလို့တုံး မေမေရဲ့ ၊ လူလားမြောက်တာတောင် လေး ငါးလ ရှိသေးတဲ့ဟာကို ၊ နေနှင့်ဦး မိသိန်းသိန်း ဘယ်မလဲ ၊ ပေါင်တွင်းကြောကို နာနာ လိမ်ပစ်လိုက်ဦးမယ် ”

ဒေါ်အေးအေးငြိမ်းက ကျောင်းဆရာမ လေသံ ၊ အပျိုကြီးမာန်တို့ ပေါင်းစပ်ကာ အံတကြိတ်ကြိတ်ဖြင့် ကြိမ်းဝါးနေသည် ။ သူ့မျက်စိထဲတွင် ဆယ့်ခြောက်နှစ်ပြည့်စ ၊ အပျိုဖော်ဝင်စ သိန်းသိန်း ကို ကလေးဟုသာ မြင်နေသည် ။ သူကိုယ်တိုင်ကလည်း အသက် ၃ဝ ကျော်သည့်တိုင် အိမ်ထောင်မပြုဘဲ ဣန္ဒြေတွေ သိက္ခာတွေ ထိန်း၍ နေလာခဲ့သူမို့ သိန်းသိန်း ဆီက ရည်းစားစာ တွေ့သည်ဆိုရုံနှင့် အကြီးအကျယ် မကျေမနပ် ဖြစ်သွားမိ၏ ။

“ ဒါကြောင့် အစကတည်းက မေမေ့ကို ခင်ခင် ပြောသားပဲ ၊ ရေစည်အငှား ငှားရင် လူပျိုလူရွယ်လေးတွေကို မငှားပါနဲ့ ၊ အသက်ကြီးကြီး အိမ်ထောင်ရှိတဲ့လူကို ငှားပါလို့ ”

ဒေါ်ခင်ခင်က မအေကြီးကို အပြစ်တင်လိုက်၏ ။

“ အောင်မယ် မခင်ခင် ၊ ဘယ်သူ့ငှားငှား ဖြစ်ချင်တဲ့လူ ဖြစ်တာပဲအေ့ ၊ ညည်းတုန်းကတော့ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော နီးနီးစပ်စပ် ဖြစ်မှာစိုးလို့ ကျောင်းထားတာတောင် မိန်းကလေးတွေချည်း ရှိတဲ့ကျောင်းမှာ ထားခဲ့တာ မဟုတ်လား ၊ ဒါတောင် ဆယ်တန်း မအောင်ခင် လင်နောက် လိုက်ပြေးသွားခဲ့တာ မဟုတ်လား ”

“ ဟာ … မေမေကလဲ ”

သူ့ဘက် မြားဦးလှည့်လာတော့ ဒေါ်ခင်ခင် ရှေ့မဆက်သာတော့ချေ ။ “ ဟာ … မေမေကလဲ ”ဟု တစ်ခွန်းသာ ဟန့်တားသယောင်ယောင် ပြောပြီး လက်ထဲက စာတိုလေးကို ထပ်ဖတ်နေလိုက်ရသည် ။ ဒေါ်ခင်ခင်သည် အသက် ၄ဝ နာ နား နီးနေသည့် သားနှစ်ယောက် မိခင် ဖြစ်သော်လည်း သူ့ဘက်က ချို့ယွင်းချက်ကို အလျဉ်းသင့်တိုင်း ထုတ်ဖော်ပြောတတ်သည့် မိခင်ကြီးကိုမူ လုံးလုံးကြီး မလွန်ဆန်ဝံ့ပါချေ ။ ကိုယ်ကလည်း အပြစ် ရှိခဲ့ပေသည်ကိုး ။

စာတိုလေးကတော့ ဒေါ်ခင်ခင့် အတွက် မထူးခြားလှပါ ။ ယောက်ျားလေးများ၏ ရှေးရိုးထုံးစံအတိုင်း ချစ်ကြောင်း ၊ ကြိုက်ကြောင်း မျက်နှာကလေးကို အစဉ်တွေ့နေချင်ကြောင်း ၊ပြီးတော့ သူ့ကို ပြန်ချစ်ဖို့အကြောင်း ။ လက်ရေးက ကြောင်ခြစ်သလို စာလုံးပေါင်းကလည်း အမှားမှား အယွင်းယွင်း ။ စကားလုံး သုံးနှုန်းပုံနှင့် စာအရေးအသားကလည်း ကဘောက်တိ ကဘောက်ချာ ။

“ ဟင်း … လေးတန်းတောင် အောင်ရဲ့လား မပြောတတ်ဘူး ၊ ဒီကောင် ဒီလောက်ရဲတာ အိမ်က ဟာမကိုက အနေမတတ်လို့ ၊ အရောဝင်လို့ ဖြစ်လိမ့်မယ် ၊ မိသိန်းသိန်းတော့လား ”

ကျောင်းဆရာမပီပီ လက်ရေးကိုကြည့်၍ အတန်းကို ဖြတ်လိုက်သည် ။ ပြီး စိတ်လိုက်မာန်ပါ မီးဖိုဘက် ထွက်သွား၏ ။ တစ်ခဏအတွင်းမှာပင် သူ့လက်ထဲတွင် ပါလာသူက သိန်းသိန်း ။

ဆီးရွက်ခန့် မျက်နှာငယ်လေးနှင့် ။

“ ကဲ… ဆိုစမ်း မိရွှေသိန်း ၊ ညာမယ်တော့ မကြံနဲ့ ”

သိန်းသိန်းသည် မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ဒေါ်လှကို ကြည့်သည် ။ ပြီးတော့ ဒေါ်ခင်ခင် ၊ အပျိုကြီး ဒေါ်အေးအေးငြိမ်းကိုမူ ငယ်ကြောက်ပီပီ တစေ့တစောင်းကလေးတောင်မှ မကြည့်ဝံ့ ။

“ ဒီစာ ဘယ်တုန်းက ရတာလဲ ” ဒေါ်လှက စစစ်သည် ။

“ မ … မနေ့ကပါ မေမေကြီး ”

တုန်တုန်ရီရီ ဖြေပြီး ဒေါ်ခင်ခင့် မျက်နှာကို အားကိုးတကြီး ကြည့်ပြန်သည် ။

“ မနက်ကလား ၊ မနေ့ကလား… ”

ခပ်ဆတ်ဆတ် ထပ်မေးလိုက်သော ဒေါ်အေးအေးငြိမ်း၏အသံ ။

“ မ… မနေ့ကပါ ၊ မနက်က မဟုတ်ပါဘူး မမအေးငြိမ်း ”

“ ဟင် … မနေ့ကတည်းက ပေးတာ ၊ ငါတို့ကို ဘာဖြစ်လို့ မတိုင်သလဲ မိသိန်းသိန်းရဲ့ ”

ပြောရင်း သိန်းသိန်းခေါင်းကို ဒေါက်ခနဲ ခေါက်ပစ်လိုက်၏ ။ နဂိုကတည်းက မျက်ရည်ဝိုင်းနေသူကလေး မျက်ရည်တွေ ဝေကျလာသည် ။

“ ဘာလဲ ညည်းကပါ ကြိုက်နေလို့လား ၊ ဟင် … ”

‘ ဟင် ’ ဟူသောလေသံက ဟိန်းထွက်လာသည်မို့ ၊ သိန်းသိန်း ပိုကြောက်ရွံ့သွားသည် ။ ဘာဖြေရမှန်းမသိဘဲ တုန်သွားသည် ။

“ ဟဲ့ … ဖြေလေ ၊ ညည်းက ငွေအိုးကို ကြိုက်နေလို့လား ”

“ မ.. မဟုတ်ပါဘူး မမအေးငြိမ်းရယ် ၊ သူ … သူက မမတို့ကို မတိုင်ပါနဲ့တဲ့ ၊ တိုင်ရင် သူ ရေစည်တိုက်ရတော့မှာ မဟုတ်ဘူးဆိုလို့ပါ ”

“ အောင်မယ်… ဟုတ်.. ဟုတ်သေးတော့ ၊ သူ့စကား ဒီလောက် နားထောင်နေရအောင် ညည်းက သူ့ … ဟာ ငါတယ်လေ ”

လိမ်ပြန်ပြီ ပေါင်တွင်းကြော တစ်ချက် ။ သိန်းသိန်း တွန့်တွန့်လူးသွားပြန်၏ ။ ဆရာမမို့ အလိမ်အခေါက် ကျင့်သားရနေ၍လား မသိ ။ ပိုင်ပိုင်နိုင်နိုင် ရှိလွန်းလှ၏ ။ ဒါကြောင့်လည်း သည်အိမ်မှာ ဒေါ်ခင်ခင့် သားနှစ်ယောက်ကို ရိုက်စရာရှိလျှင် ဒေါ်အေးအေးငြိမ်း ကိုသာ တာဝန်ပေးလေ့ရှိ၏ ။ အဘွား ဒေါ်လှရော ၊ မအေ ဖအေရော မရိုက်ရက်ကြသမျှ ဒေါ်အေးအေးငြိမ်းကိုသာ ခွဲတမ်းချပေးလေ့ ရှိကြစမြဲ ။

ဒေါ်ခင်ခင်ကမူ ညီမ၏ အလိမ်အခေါက် များကို ကြည့်ရင်း သူ သိန်းသိန်း အရွယ် ၊ ကိုလှမောင်နှင့် ရည်းစားထားစဉ်တုန်းက ၊ မိခင်ကြီးနှင့် အဒေါ်များ လိမ်ခဲ့ ခေါက်ခဲ့သည်ကို ပြန်လည်ခံစားနေမိသည် ။ နာသည်မှ တော်တော့်ကို နာခဲ့ပါသည် ။ သို့ပေမဲ့ ထိုအလိမ်အခေါက် ၊ အရိုက်အနှက် ၊ အဆိုအဆဲတွေ များလွန်းသောကြောင့်ပင် ကိုလှမောင်နှင့် မြန်မြန်ယူခဲ့သည်ဟု သူထင်သည် ။ ထို့ကြောင့် -

“ ကဲပါ အေးငြိမ်းရယ် ၊ သိန်းသိန်း ကလည်း ပြန်ကြိုက်တာမှ မဟုတ်သေးဘဲကွယ် ၊ မနက် စောစောစီးစီး ဆိုပြောမနေပါနဲ့တော့ ၊ သိန်းသိန်း သွား သွား ချက်ချည်တော့ ၊ အေးငြိမ်းကလည်း ပြင်တော့ ၊ ကျောင်းစောစော သွားရမှာဆို ”

“ သိန်းသိန်း သွားတော့ ” ဟု ဒေါ်ခင်ခင် ပြောလိုက်သည်နှင့် တစ်မိနစ် မဆိုင်းဘဲ နောက်ဖေးခန်းထဲ ဝင်သွားသည့် သိန်းသိန်းကို ကြည့်ကာ ဒေါ်အေးအေးငြိမ်းက တတွတ်တွတ်မြည်တွန်ဆဲ… ။

“ မိန်းမကိုက … ”

“ ဪကွယ် ၊ ဒါမျိုးဆိုတာ ဖြည်းဖြည်းဆေးဆေး ချော့မော့ပြောမှ နားဝင်တတ်တာ အေးငြိမ်းရဲ့ ၊ ညည်းလည်း ဒီအရွယ်လေးတွေ ထိန်းကျောင်း စာသင်နေရတာပဲဟာ ၊ စိတ်ကစားတတ်တဲ့ အရွယ်ဆိုတာ ဒီလိုပဲပေါ့ ”

ဒေါ်ခင်ခင်က ပြေရာပြေကြောင်း နှစ်သိမ့်သည် ။

“ အို … စိတ်ကစားတာ မဟုတ်ဘူး မမခင်ရဲ့ ၊ မီးနဲ့ ကစားချင်နေတာ သိလား ၊ ဟင်း .. ဒီလို မီးမျိုးက လောင်မိရင် ငြိမ်းလွယ်တာ မဟုတ်ဘူး ၊ ကျောင်းမှာများ ဒီလို စာတွေ မိရင် ကောင်းကောင်း တီးပစ်လိုက်တာ ၊ တကတဲ အရွယ်မရောက်သေးဘူး ၊ ကဲလိုက်တာ လွန်ရော ”

မကျေမချမ်းပြောရင်း ငွေအိုး စာကို ကောက်ယူကာ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်၏ ။

“ လူပုံလေးက ရိုးပုံရိုးလက်နဲ့ ၊ သူများတကာ သမီးလို ညီမလို မွေးထားတဲ့ မိန်းကလေးကိုမှ… ”

ဟုတ်ပါသည် ။ သိန်းသိန်းသည် ရောက်လာစဉ်က ၅ နှစ်သမီးသာ ရှိပါသေးသည် ။

သိန်းသိန်း မိခင်ကိုယ်တိုင်က ဖခင်မဲ့ သားသမီး ၆ ယောက်ကို သူ ရှာဖွေမကျွေးနိုင်တော့၍ ၊ စိတ်ချရမည့် လူများထံတွင် သားသမီးသုံးယောက်ကို အပိုင်မွေးရန် ပေးပစ်မည့် သတင်း ကြားကတည်းက ဒေါ်လှက မှာထားခဲ့သည် ။ သိန်းသိန်းသည် တောသူ မဟုတ် ။ မဟာရန်ကုန်မြို့၏ မြို့စွန်မြို့ဖျား ထောက်ကြံ့ဘက် မှ ဖြစ်သည် ။

ရေစက်ဆုံချင်တော့ သိန်းသိန်းကို မြင်မြင်ချင်း သူတို့ သဘောကျကြသည် ။ သဘောကျသည်ဆိုရာ၌ ကိုယ့်အမြင်နှင့် ကိုယ်ပင် ။ ဒေါ်လှ အမြင်က သွက်လက်ချက်ချာပြီး ခိုင်းလျှင် ဖင်ပေါ့သူလေးမို့ ။ သားနှစ်ယောက် မိခင် ရုံးအုပ်စာရေးမ ဒေါ်ခင်ခင် ကတော့ သူ့သားငယ်လေးနှင့်သင့်မြတ်အောင် နေတတ်သည့် သား၏ ကစားဖော်အဖြစ် ၊ အားလုံးထက် ပို၍ ထူးခြားသော သံယောဇဉ်ဖြင့် ချစ်ခင်မိသူကတော့ အပျိုကြီး ဒေါ်အေးအေးငြိမ်း ။ သူကတော့ သိန်းသိန်း ကို ခိုင်း၍ ကောင်းသူအဖြစ် မမြင်နိုင်ဘဲ သွေးရင်းသားရင်း သံယောဇဉ်မျိုးဖြင့် ချစ်ခဲ့ရသူ ။ ပြုစုပျိုးထောင်ခဲ့သူပင် ။ သည်မိန်းကလေးကို ညဘက် စာသင်ပေးသူကလည်း သူ ။ နောက် အတော်ကလေး ရေးတတ် ဖတ်တတ်လာတော့ မိခင်ကြီးနှင့် အတိုက်အခံပြောပြီး ကျောင်းထားပေးသည်ကလည်း သူ ။ လွန်ခဲ့သော နှစ်နှစ် မိခင်ကြီး အရိုးအဆစ်နာသည့် ရောဂါကြောင့် အိပ်ရာထဲက မထနိုင်သည့် နှစ်ကမှ ၊ သိန်းသိန်းကို ကျောင်းထုတ်ခဲ့ရသည် ။ ထိုစဉ်က သိန်းသိန်း ခြောက်တန်း ။ ဒါကိုပင် ဒေါ်အေးအေးငြိမ်း ရင်ထဲက ဘဝင်မကျ ။ လိပ်ပြာလည်း မသန့် ။

“ ကိုယ့်ညီမ အရင်းကလေးသာဆို ၊ ဒီလို လွယ်လွယ်နဲ့ ကျောင်းထုတ်ပစ်ရက်ပါ့မလား ၊ ကျောင်းထုတ်ပစ်နိုင်ပါ့မလား ” ဟု အခါခါ တွေးကြည့်နေမိသည် ။ တစ်ခါ တစ်ခါ အိမ်ရှေ့က ဖြတ်သွားသည့် ကျောင်းသား ကျောင်းသူကလေးများကို သိန်းသိန်း ငေးမောကြည့်ရှုနေသည်ကို တွေ့လျှင် လုံးဝ စိတ်မကောင်း ။

ယခုတော့ သူ သံယောဇဉ်ကြီးခဲ့ရသည့် မိန်းကလေးသည် အတောင်ပင် မစုံသေးမီ ပျံသန်းချင်နေပါပကော ။

“ မဖြစ်ဘူး မဖြစ်ဘူး ၊ မီးဆိုတာ မလောင်ခင် တားမှ ၊ မေမေနဲ့ မမခင်ကိုလည်း မျက်ခြည်မပြတ် ကြည့်နေဖို့ ပြောထားဦးမှ ”

°°°°°   °°°°°   °°°°°

ထိုနေ့က စ၍ ဒေါ်လှတို့သားအမိ သုံးယောက်သည် အချိန်ရှိတိုင်း ၊ အခွင့်သင့်တိုင်း သိန်းသိန်း၏ ‘ ချစ်ရေးတိုက်ပွဲ ’ ကို အပြင်းအထန် ဆင်နွှဲကြတော့သည် ။ ပရိယာယ်အမျိုးမျိုး ၊ စစ်ဆင်ရေး အထွေထွေဖြင့် တိုက်စစ်ဆင်ကြသည် ။ သိန်းသိန်း၏ အသည်းနှလုံးကို ခံတပ်တွေ အထပ်ထပ် ဆို့ကြပ်ပိတ်ကာ ထားကြတော့သည် ။

“ သမီးကို မေမေကြီးတို့က သမီးရင်းလို မွေးခဲ့တာ မဟုတ်လား ၊ စဉ်းစားကြည့်ပါလား ၊ တကယ့် သမီးရင်းလို ချစ်လို့ နားကပ်ရော ၊ ဆွဲကြိုးရော ၊ လက်စွပ်ရော ဆင်ပေးထားတာ မဟုတ်လား ၊ ဟောဒီ နားကပ် လုပ်တုန်းက တစ်ရာကျော် ၊ ဆွဲကြိုးတုန်းက ခြောက်ရာ ၊ လက်စွပ်က သုံးရာကျော် ၊ ကဲ … နည်းသလား ၊ မချစ်ရင် ဒါတွေ လုပ်ပေးပါ့မလား ၊ သမီး စဉ်းစားကြည့် ၊ သမီး ဟိုဟိုဒီဒီ စိတ်တွေ မထားနဲ့ ၊ အချိန်တန် အရွယ်ရောက်ရင် သင့်တော်တဲ့လူ တွေ့ရင် မေမေကြီးက ပေးစားမှာပေါ့ ၊ ဒီ ငွေအိုး ဆိုတဲ့ ကောင်က ဆင်းရဲလိုက်တာ ၊ သမီး မြင်တဲ့အတိုင်း ၊ သူ့အဖေ ကလည်း နောက် မိန်းမငယ်နဲ့ ၊ မအေ ကလည်း အကျင့် သိပ်ကောင်းတာ မဟုတ်ဘူး ။ လက်ဆော့သတဲ့ ၊ ဒီလို မျိုးရိုးမကောင်းတာကို စိတ်ကူးထဲတောင် မထည့်နဲ့ ကြားလား ”

ဒေါ်လှကလည်း သူ့နည်းနှင့်သူ ။ သိန်းသိန်းက ခေါင်းကလေး အောက်ချ၍ ခပ်ငိုင်ငိုင် နားထောင်နေတတ်စမြဲ ။ သူ့စိတ်ထဲတွင် ယောက်ျားလေးတစ်ဦး ပေးသည့် စာလေးတစ်စောင်ကို လက်ခံမိရုံမျှနှင့် သည်မျှ တတွတ်တွတ် ဆိုပြောနေသည်ကို နားမလည်နိုင်ပေ ။ ဒေါ်ခင်ခင် ကတော့ တစ်မျိုး ။ လေပျော့ကလေးဖြင့်  -

“ သိန်းသိန်းရေ …. လိမ်လိမ်မာမာနေနော် ၊ ယောက်ျားဆိုတာလေ ဘယ်အချိန်ယူယူ ရတယ် သိလား ၊ သိန်းသိန်းက ခုမှ ၁၆ နှစ် ရှိသေးတာ ၊ စောစောယူ စောစောဒုက္ခရောက်တာပဲ ၊ မမတုန်းက နှစ်ဖက်စလုံး အိမ်တွေက ပစ်ထားလို့ ဒုက္ခရောက်လိုက်တာ မပြောနဲ့တော့ကွယ် ၊ ကြိုက်တာတော့ ကြိုက်ရပါတယ်ကွယ် ၊ ဒါပေမဲ့ မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်တဲ့ ၊ မကြိုက်ခင် စဉ်းစားမှ တော်ရုံကျတာ ၊ မိန်းကလေးဆိုတာ ရှေ့ရေးကို တွေးတတ်မှ သိလား ၊ ငွေအိုး နဲ့ သဘောမတူလို့ ပြောတာ မဟုတ်ဘူးနော် ၊ မမ ညီမ ဆင်းရဲမှာစိုးလို့ ပြောတာ ၊ ဒီ အိမ်မှာ နေရတာ သိန်းသိန်း ဘာများ ပူစရာရှိသလဲ ၊ ရွှေဆို ရွှေ ၊ အဝတ်ဆို အဝတ် ၊ ပြည့်ပြည့်စုံစုံ နေရတာ မဟုတ်လား ၊ ဆင်းရဲတဲ့လူ ယူရင် ညီမပဲ ဆင်းရဲမှာ ၊ မမိုက်နဲ့ ကြားလား ”

ဒေါ်ခင်ခင်က ဤသို့ ချော့မော့ပြောပြန်တော့လည်း မျက်လုံးကလေး ပေကလပ် ပေကလပ် လုပ်ကာ ၊ လက်သည်းလေး တဖွဖွ ကိုက်ကာ နားထောင်ခဲ့ရသည်သာ ။ မမခင် စကားကိုတော့ နားဝင်မိသလိုလို ။ ချိုသာသော အပြောနှင့် စူးရဲသော ငွေအိုး၏ အကြည့်တို့ကိုပင် မေ့သွားသလိုလို ။

ဒေါ်အေးအေးငြိမ်း ကျတော့ တစ်မျိုး ။ သူက သိန်းသိန်းကို တတွတ်တွတ်နှင့် နားပူအောင် မဆူ ။ ပရိယာယ်သစ်ဖြင့် စစ်ဆင်ရေး လုပ်သည် ။ သူက ငွေအိုး ရေထည့်လာတတ်သည့် ညနေပိုင်း  ၅ နာရီခန့်တွင် မီးဖိုထဲက လေး ငါး ဆယ်ရယ် ဆက်တိုက် စောင့်သည် ။ ငွေအိုးကလည်း သိန်းသိန်း မီးဖိုထဲရှိတတ်သည့် အချိန်ကိုမှ ရွေး၍ ရေထည့်လာတတ်သည်ကိုး ။

“ ဪ… ငွေအိုးတောင် ရေထည့်လာပြီကိုး ”

“ ဟုတ်ကဲ့… မမအေး ”

“ မင်း ရေစည်တိုက်တာ တစ်နေ့ ဘယ်လောက် ရလဲကွဲ့ ”

“ အမှန်မရှိပါဘူး မမအေးရယ် ၊ တစ်ခါတလေလည်း ခြောက်ကျပ် ၊ ခုနှစ်ကျပ် ၊ တစ်ခါတလေလည်း ရှစ်ကျပ် ၊ တစ်ဆယ်ပေါ့ ၊ မိုးတွင်းကျရင်တော့ သုံးလေးကျပ်ပဲ ကိုက်ပါတယ် ခင်ဗျ ”

သဘောရိုးနှင့် မေးသည် ထင်မှတ်သဖြင့် ငွေအိုးက အမှန်အတိုင်း ဖြေရှာသည် ။

“ ဟဲ့ ... နည်းလှချည်လား ၊ ငါက မင်း တစ်နေ့ တစ်နေ့ ဆယ့်လေးငါးကျပ်ရတယ် မှတ်နေတာ ”

“ ကိုယ်ပိုင်စည် ဆိုရင်တော့ ရနိုင်ပါတယ် ခင်ဗျ ၊ ခုတော့ ဒီစည်ကို တစ်ညနေ တစ်ဆယ်နဲ့ ငှားတိုက်ရတာမို့ပါ ”

“ ဪ … ဪ … မင်းက ရေစည်လေး တစ်လုံးတောင်မှ အပိုင် မရှိသေးဘဲကိုး ”

မမအေးက ငါ့ကို ရင်းရင်းနှီးနှီး မေးရှာတယ်ဟု ကျိတ် ဝမ်းသာနေခဲ့မိသည့် ငွေအိုးတစ်ယောက် အောင့်သွားတော့၏ ။ မျက်လွှာလေးချကာ အိုးတိုက်နေသည့် သိန်းသိန်းကို တစ်ချက် ခိုးကြည့်ကာ အမြန်ဆုံး လစ်သွားတော့၏ ။

နောက်တစ်ကြိမ် ကြုံကြိုက်ပြန်တော့လည်း …

“ ဟဲ့… ငွေအိုး ၊ မင်းအဖေက မင်းတို့ကိုရော ပိုက်ဆံလေးဘာလေး ပေးရဲ့လား ”

“ ဟုတ်ကဲ့ ပေးတဲ့အခါလည်း ပေးပါတယ်ခင်ဗျ ၊ ဒါပေမဲ့ မမအေးရယ် ၊ သူ့ နောက် မိန်းမကလည်း ကလေး သုံးယောက် ရနေပြီလေ ။ ဒီတော့ ကျွန်တော်တို့အိမ် ဘယ်သိပ်ပေးနိုင်မလဲ မမအေးရာ ”

“ အင်း … မင်းတို့ကလည်း မောင်နှမ ငါးယောက်နော် ”

“ ဟုတ်… ခင်ဗျ ”

“ မင်း တစ်ယောက်တည်း ရှာတာနဲ့ ကသီမှာပဲနော် ”

“ ကသီတာပေါ့ မမအေးရယ် ၊ ကျွန်တော့်အောက် ထွေးထွေးကလည်း မနက်ဈေးမှာ မုန့်လက်ဆောင်း ရောင်းရသေးတယ် ၊ သူက တစ်နေ့ သုံးလေးကျပ်တော့ မြတ်ပါရဲ့ ၊ ဒါပေမဲ့ မိန်းကလေးဆိုတော့ အဝတ်အစားဖိုးနဲ့ ကုန်တာပါပဲ ”

“ ဪ … ဪ … အင်း … နှမအပျိုလေးလည်း ဂရုစိုက်ဦးကွဲ့ ကြားလား ၊ မင်းတို့မှာ မွဲရတဲ့အထဲ ဆင်းရဲတဲ့လူနဲ့ ရသွားရင် ဒုက္ခတွင်း နက်သထက် နက်သွားဦးမယ် ၊ အနည်းဆုံး စာရေးစာချီလောက်နဲ့မှ ယူပါစေ ကြားလား ”

ငွေအိုး စိတ်အိုက်သွားသည် ။ အတန်းပညာ မတတ်သော်လည်း အသက် ၂ဝ ပြည့်လုပြီမို့ ဒေါ်အေးအေးငြိမ်း၏ စကားအဓိပ္ပါယ်ကို သူ ကောင်းကောင်းကြီး နားလည်မိပါသည် ။

သည်တစ်ချီတော့ သိန်းသိန်း ရှိရာဘက်သို့ ခေါင်းပင် မလှည့်ရဲတော့ဘဲ ခပ်သုတ်သုတ် ပြန်ခဲ့ရသည် ။

ဒေါ်အေးအေးငြိမ်းကတော့ အောင်နိုင်သူကြီးပမာ ၊ သိန်းသိန်း မျက်နှာကို လှမ်းအကဲခတ်လိုက်၏ ။

နောက်ဆုံးအကြိမ်ဟု သတ်မှတ်နိုင်သည့် အကြိမ်က မီးဖိုဘေးက ရေစည်နားမှာ ။

သိန်းသိန်းက ခြင်ထောင်တွေ လျှော်နေသည် ။ ဒေါ်အေးအေးငြိမ်း က ဆပ်ပြာကူတိုက်ပေးနေသည် ။

ဒါကလည်း သူ့အကျင့် ။ သည်မိန်းကလေးကို ကရုဏာစိတ်ဖြင့် အမြဲကူညီလုပ်ကိုင်ပေးလေ့ရှိသည် ။

အချိန်က မနက် ၈ နာရီ ။

“ ငွေအိုး ရေထည့်လာသလား ၊ မနေ့ညက ဘာလို့ မလာသလဲကွဲ့ ”

“ ကျွန်တော့်ညီ အငယ်ဆုံးလေး ဖျားပြီး တက်လို့ပါ မမအေး ၊ တစ်ညနေလုံး အဖျားမကျလို့ ကျွန်တော် စောင့်နေရလို့ပါ ၊ တစ်ညလုံးလည်း မအိပ်ရဘူး မမအေးရယ် ၊ ခုမနက် မှ အဖျားကျသွားတယ် ၊ အမေနဲ့ ထွေးထွေး ကလည်း အောက်ဘက် ကုန်ကူးခေါ်လို့ လိုက်သွားကြတာ ၊ ကျွန်တော်ဖြင့် ဘာလုပ်ရမှန်းကို မသိတော့ဘူး ”

အိပ်ရေးပျက်ထား၍ နွမ်းနေသော ၊ ပူပန်သောကကြောင့် ညှိုးငယ်နေသော ငွေအိုးကို ကြည့်ကာ ‘ သိန်းသိန်းကို စာပေးသူ ’ ဟူသော အမြင် ခဏ ပျောက်သွား၏ ။ ကျောင်းဆရာမတစ်ဦး၏ ကြင်နာတတ်သည့် မိခင်စိတ်က ဝင်ရောက်လာ၏ ။

“ ဆရာဝန်ဆီ သွားမှပေါ့ ငွေအိုးရဲ့ ၊ ဒေါက်တာခင်ဖြူစင် တော်သားပဲ ”

“ ဟုတ် … မမအေး ၊ ကျွန်တော်လည်း သွားဖို့ပါပဲ ၊ အဲ ... အဲဒါအတွက် ပိုက်ဆံက … တစ်ဆယ်လောက် ကျွန်တော် ချေးချင်လို့ပါ ၊ အမေတို့ ပြန်လာရင် ကျွန်တော် ပြန်ဆပ်ပါ့မယ် ”

“ ရပါတယ်ကွယ်.. ယူသွားပေါ့ ၊ ညီမရေ … မမအေးငြိမ်း အိတ်ထဲက ငွေတစ်ဆယ် သွားယူချည်စမ်း ”

သိန်းသိန်းက ဒေါ်အေးအေးငြိမ်း ထင်မှတ်သည်ထက် ပိုမိုလျင်မြန်စွာ ပြန်ရောက်လာ၏ ။

“ ကဲ ... ရော့ ရော့ ၊ ကလေးကို ဂရုစိုက်ကွဲ့ ၊ နေပါဦး မင်းလက် မောင်းက ဘာဖုတွေလဲ ”

ပိုက်ဆံ လှမ်းယူလိုက်သည့် ငွေအိုး လက် မောင်းကို သေသေချာချာစိုက်ကြည့်ရင်း ဖျတ်ခနဲ မေးလိုက်၏ ။ ငွေအိုး ရုတ်တရက် ကြောင်သွားပြီးမှ -

“ ဒါ … ဒါ … ဟို ခြင်ကိုက်ဖုတွေပါ မမအေး ”

“ ခြင်တွေလည်း ဒီလောက်ထိ ကိုက်ရသတဲ့လားကွယ် ၊ မင်းတို့ခြင်ထောင်ကို လုံလုံ မထောင်ဘူး ထင်တယ် ၊ ခြင်ထောင်ကို လုံလုံထောင်မှပေါ့ကွဲ့ ၊ ပေါက်ပြဲနေတာ ရှိရင်လည်း ထွေးထွေးကို အဖာခိုင်းပေါ့ ၊ ခြင်ကိုက်တာ ဒီလောက်ခံရရင် ငှက်ဖျားဝင်တတ်တယ်ကွဲ့ ”

ငွေအိုး ငြိမ်၍ နားထောင်နေသည် ။ ဒေါ်အေးအေးငြိမ်း စကားဆုံးသည့်တိုင် သူ ငြိမ်ရပ်နေဆဲ ။ ခဏကြာမှ လေသံတိုးတိုးဖြင့် ခပ်လေးလေးဖြေသည် ။

“ ကျွန်တော်တို့မှာ ခြင်ထောင်ဆိုလို့ ပေါက်ပြဲနေတဲ့ ခြင်ထောင်တောင် မရှိပါဘူး မမအေးရယ် ၊ ရှိတဲ့ ခြင်ထောင်လေး တစ်လုံးကလည်း အမေတို့ ယူသွားကြလို့ ၊ ညီလေးကိုတောင် ကျွန်တော့် ပုဆိုးစုတ်နဲ့ ထွေးသိပ်ရပါတယ် ”

အားငယ်သံကို သိသိသာသာ ကြားလိုက်ရပြီးသည့်နောက် ၊ ရေစည်လှည်းကြီးကို တဂျိုင်းဂျိုင်း တွန်းကာ ပြန်ထွက်သွားသည်ကို တွေ့လိုက်ရ၏ ။

ဒေါ်အေးအေးငြိမ်းက ငွေအိုးကို ကြည့်နေရာက သိန်းသိန်းဘက်သို့ လှည့်ကြည့်လိုက်၏ ။ သိန်းသိန်းက သူ့ဇာခြင်ထောင်လေးကို မဲနယ်နှစ်နေသည် ။

“ အင်း … ငွေအိုး ဘယ်လောက် ဆင်းရဲတယ်ဆိုတာ သူ သိသွားပြီပဲ ၊ မိုက်မယ်တော့ မဟုတ်ပါဘူး … ”

သည်လို တွေးရင်း ၊ သူ့တိုက်စစ် ပရိယာယ်သစ်၏ အောင်မြင်မှုကို သူ့ဘာသာ ကျိတ်၍ ကျေနပ်နေတော့သည် ။

°°°°°   °°°°°   °°°°°

နောက်တစ်နေ့ နံနက် ၆ နာရီခန့် ။

ဒေါ်အေးအေးငြိမ်း အိပ်ရာက နိုးတော့ သိန်းသိန်းက သူ့ခုတင်ပေါ်ဝယ် မရှိတော့ပြီ ။

ပြန့်ပြူးစွာ ခင်းကျင်းထားသော အိပ်ရာကလေးက သပ်သပ်ရပ်ရပ် ။ သိန်းသိန်းက သန္ဓေကောင်းသည် ။ ငယ်ငယ်ကတည်းက ငါးနာရီခွဲထက် နောက် မကျဘဲ မီးဖိုခန်းဝင်လေ့ရှိသည် ။

သူ ထသွားလျှင် သူ့အိပ်ရာကလေးကို သည်လိုပင် သပ်သပ်ရပ်ရပ် ပြုပြင်ထားပစ်ခဲ့စမြဲ ။

ထို့ကြောင့်လည်း သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်တတ်သည့် သူနှင့် အခန်းထဲ နေနိုင်ခြင်း ဖြစ်ပေသည် ။

သိန်းသိန်း ခုတင်လေးကို လှမ်းကြည့်ရင်း သူ့စိတ်ထဲ တစ်မျိုးဖြစ်သွား၏ ။ သိန်းသိန်း ခုတင်လေးသည် ခါတိုင်းထက် ပိုသပ်ရပ်နေသလိုလို ၊ ရှင်းလင်းနေသလိုလို ။ ရှိသင့်တာတစ်ခုခု ပျောက်နေသလိုလို ။ ဇဝေဇဝါစိတ်ဖြင့် သုံးလေးလှမ်းမျှသာ ခြားသော သိန်းသိန်း ခုတင်လေးဆီသို့ သူ ရောက်သွား၏ ။

“ အလို … ”

အနားရောက် မှ စောစောက မမြင်ခဲ့သည့် သိန်းသိန်းခေါင်းအုံးပေါ်က နားကပ် ၊ လက်စွပ်နှင့် ဆွဲကြိုးကို တွေ့လိုက် မိ၏ ။ ပြီးတော့ စာရွက်ခေါက်တစ်ခု ။

“ အင် … ”

နားလည်လိုက်ပါပြီ ။ အကောင်ကြီး မြင်မှတော့ အရိပ်ပြစရာ မလိုတော့ပါပြီ ။

ဒေါ်အေးအေးငြိမ်း အံတကြိတ်ကြိတ်ဖြင့် စာတိုလေးကို ဖတ်ကြည့်လိုက် မိ၏ ။ စာက လေးငါးကြောင်းမျှသာ ။ နောက်ဆုံး စာကြောင်းကလေးက ဒေါ်အေးအေးငြိမ်းကို သရော်လှောင်ပြောင်နေလေသည် ။

“ မမတို့ ပေးထားတဲ့အထဲက ခြင်ထောင်တစ်ခုပဲ ကျွန်မ ယူသွားပါတယ် မမရှင့် ” တဲ့ ။

သည်တော့မှ သူစောစောက သိန်းသိန်း ခုတင်ပေါ်ဝယ် တစ်ခုခုလိုနေသည်ဟု ထင်ခဲ့မိသည့် အကြောင်းရင်းကို သိရှိလိုက်ရ၏ ။ ထိုအကြောင်းရင်းကို သိလိုက်မှပင် ကိုယ့်ရှူး ကိုယ်ပတ် ၊ ကိုယ့်အတတ် ကိုယ်စူးခဲ့ရပုံကို ဆက်လက်တွေးတောလိုက်မိ၍ မကျေနိုင် မချမ်းနိုင် ဖြစ်သွားရပါတော့သည် ။

“ တောက် … ငါ့နှယ်နော် … ”

◾ ကြူကြူသင်း

📖  ရှုမဝမဂ္ဂဇင်း
       ၁၉၇၉ ၊ မတ်လ ။

koaungnaingoo.blogspot.com

.

No comments:

Post a Comment