Monday, August 30, 2021

မုသာဝါဒ


 

   ❝  မုသာဝါဒ  ❞

လိမ်လည်ခြင်း အမျိုးမျိုးတို့တွင် မိမိကိုယ် မိမိ လိမ်ခြင်းသည် အဆိုးဆုံး ဖြစ်သည်ဟု ဆိုကြသည် ။ သို့ဖြစ်လျှင် မိမိနှင့် အနီးကပ်ဆုံး ရှိနေသော သူကို လိမ်ခြင်းသည်လည်း အဆိုးဆုံး မဟုတ်တောင် တော်တော်လေးတော့ ဆိုးသည်ဟု ဆိုနိုင်ပေမည် ။ ကျွန်တော် လိမ်ခဲ့သော သူကား ကျွန်တော့် မိန်းမပင် ဖြစ်ပါသည် ။

မိန်းမကို လိမ်သင့် / မလိမ်သင့် ၊ အိမ်ထောင်သက် တော်တော် ရင့်နေသော ကျွန်တော့် ဆရာများကို မေးမြန်းကြည့်ရာ ...

တစ်ယောက်က ...

“ ကိုယ့်မိန်းမပဲကွာ ၊ ဘာလိမ်နေစရာ လိုသလဲ ၊ မိန်းမ ကြောက်တတ်တဲ့ သူမှ လိမ်တာကွ ၊ မှတ်ထား ။ မိန်းမများ အကုန်လုံးပြောင်သာ ဖွင့်ပြောထား ။ ကိုယ်က လိမ်ထားခဲ့လို့ တစ်နေ့ အလိမ်ပေါ် သွားရင် မိန်းမက တစ်သက်လုံး ကိုယ့်အပေါ်မှာ အယုံအကြည် ရှိတော့မှာ မဟုတ်ဘူး ... " ဟု ဩဝါဒပေးသည် ။

အခြားတစ်ယောက်ကမူ ...

“ မိန်းမဆိုတာ နည်းနည်းတော့ လိမ်ပေးကွ ။ လိမ်တဲ့အခါကျရင်လဲ တချို့ကိစ္စတွေမှာ လိမ်မှန်း သိအောင် လုပ်ပေးရတယ် ။ ဒါမှ သူတို့ကို ကြောက်လို့ အသိမပေးရဲတာနဲ့ လိမ်ရတာလို့ ထင်မှာ ။ အဲဒီအခါ တော်ရုံကိစ္စဆိုရင် လိမ်မှန်းသိလျက်နဲ့ မသိချင်ယောင်တောင် ဆောင် နေတတ်ကြသေးတယ် ။ ကိုယ်လုပ်ခဲ့သမျှဟာ အကုန် အသိပေးရရင် ဘယ်မှာ လွတ်လပ်မှု ရှိတော့မှာလဲ ... "

ဤသို့လျှင် ဝိဝါဒ ကွဲနေကြလေသည် ။

°°°°°   °°°°°   °°°°°

မိန်းမကို လိမ်သည်ဆိုရာတွင်လည်း အမျိုးမျိုးရှိလေသည် ။

အိမ်ပြန်နောက်ကျ၍ လိမ်ခြင်း ၊ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်စကားပြောမိသဖြင့် နောက်ကျသွားရသည်ကို ရုံးဆင်းခါနီးမှ အရေးတကြီးခိုင်းလို့ဆိုပြီး ... လွှဲချလို့ရသည် ။

ငွေရေးကြေးရေးအရ လိမ်ခြင်း ၊ ဒါကလည်း သိပ်အရေးမကြီးချေ ။ အကြောင်းပြ ကောင်းဖို့သာ လိုသည် ။ ရသမျှ အကုန်အပ်ပြီးမှ စာရင်းအမျိုးမျိုးပြပြီး ပြန်တောင်းတာမျိုး ၊ ငွေအကုန်မအပ်ဘဲ လျှိုထားတာမျိုး လုပ်လို့ရသည် ။ တကယ်တတ်ကျွမ်းကျင်သူဆိုလျှင် ကလေးအတွက် စုထားသော စုဗူးထဲက ပိုက်ဆံကို မရရအောင် ခြေရာလက်ရာ မပျက် ထုတ်ယူသုံးလို့ ရသေးသည် ။ မိသွားတော့လည်း “ ဟီး .. ဟီး ... ဟဲ ... ဟဲ ...  " ဆိုပြီး ရူးသလို ၊ ပေါသလို လုပ်လို့ ရသေးသည် ။

လိမ်ဖို့ အခက်ဆုံးနှင့် အန္တရာယ်အကြီးမားဆုံးကတော့ အရင် ရည်းစားနှင့် ပတ်သက်၍ လိမ်ခြင်းဖြစ်သည် ။ ဒီလိုကိစ္စမျိုးဆိုတာကလည်း အိမ်ကမိန်းမတွေ အသိချင်ဆုံး အကြောင်းအရာ ဖြစ်လေသည် ။ ကိုယ့်ယောက်ျားမှာ အရင်က ရည်းစားရှိခဲ့ဖူးသလား ။ ရှိလျှင် ဘယ်နှစ်ယောက်ရှိလဲ သိချင်ကြသည်မှာ ဓမ္မတာ ဖြစ်သည် ။ အသိ ပေးသင့် / မပေးသင့် ဆိုသည်ကိုကား ကျွန်တော် မဆုံးဖြတ်တတ် ။ ရှေ့က အိမ်ထောင်ကျခဲ့သော သူငယ်ချင်းများ၏ နမူနာကို ကြည့်သောအခါ ...

သောင်းမော် ဆိုသော ကောင်က သူ့မိန်းမအား အရင်ရည်းစား အကြောင်းကို လုံးဝ အသိမပေးဘဲ ထားသည် ။ သူ့အနေဖြင့် ခြေရာလက်ရာတွေ အားလုံး ဖျောက်ဖျက်ပြီးဖြစ်သည့် ကိစ္စမို့ သူ့မိန်းမ လုံးဝ မသိနိုင်ဟု တွက်ထားသည် ။

သို့ရာတွင် တစ်နေ့သ၌ သူငယ်ချင်းတစ်ယောက်၏ စကားမှားမှုကြောင့် ထိုကိစ္စပေါ်သွားပြီး လင်မယား စကားများကြသည် ။ သောင်းမော် က အရင်ရည်းစားကို တကယ်ချစ်ခဲ့တာ မဟုတ် ။ ငယ်ငယ်က ရူးရူးမိုက် မိုက် မို့ အနေနီးလို့ပါ စသည်ဖြင့် မနည်းချော့မော့ ယူခဲ့ရသည် ။ ဒါတောင်မှ နောင်သောအခါတွင် သောင်းမော် အပေါ် အယုံအကြည် မရှိတော့ဘဲ အမြဲလိုလို မျတ်စိ ဒေါက်ထောက် ကြည့်နေသဖြင့် ဒီကောင် အနေကြုံ့ခဲ့ရသည် ။

ချစ်အေး ကတော့ ကိုယ်ပိုင်ပါတယ်ဆိုပြီး သူ့မိန်းမကို မကြောက်လေဟန်ဖြင့် အလုံးစုံ ပြောပြထားသည် ။ အရင် ရည်းစား၏ နာမည်ကိုတောင် အသိပေးထားသည် ။ ထိုအခါကျပြန်တော့လည်း သူ့မိန်းမသည် ဆူဆူပူပူ မလုပ်သည့်တိုင် ထိုကိစ္စနှင့်ပတ်သက်၍ အခါအခွင့်သင့်တိုင်း ‌ေထ့တတ်ေငါ့တတ်ပြန်လေသည် ။

ချစ်အေး တစ်စုံတစ်ခု စဉ်းစားနေတာတွေ့လျှင် ...

“ ဘာလဲ ... သတိရပြီး ဆွေးနေပြီပေါ့ ... ဟုတ်လား .. ” ဟူ၍ လည်းကောင်း ။

တစ်ခါတရံ သူ့ဘာသာ အတင်းစကား မစပ်လုပ်၍ ....

“ ပြောစမ်းပါ ... ကိုနဲ့ အဲဒီအမျိုးသမီးနဲ့ ဘာကြောင့်လွဲခဲ့ကြရတာလဲ ... ၊ ကိုက စဖြတ်တာ မဖြစ်နိုင်ဘူး ... ၊ ဟိုဘက်က ပစ်သွားတာသာ ဖြစ်ရမယ် ... ဒါကြောင့် .. ခုထိ ... စိတ်မကုန်သေးတာပေါ့ ” ဟူ၍လည်းကောင်း...

တစ်ခါတလေကျတော့ ...

“ အရင်ဟာ နဲ့ မိုး နဲ့ ဘယ်သူ့ကို ပိုချစ်သလဲ ...” ဟူ၍လည်းကောင်း ၊ နောက်ပြောင်သလိုလိုနှင့် အစပြန်ဖော်တတ်သည် ။ ချစ်‌ေအး ခမျာ အနုနည်းဖြင့် အတိုက်ခံနေရရှာခြင်းပင် ဖြစ်သည် ။

ဘယ်ဘက်ကမှ မသက်သာပါကလား ...

°°°°°   °°°°°   °°°°°

ကျွန်တော်သည် လေးမေ နှင့် သုံးနှစ်သုံးမိုး ချစ်ကြိုက်ပြီးနောက် လက်ထပ်ကြဖို့ စီစဉ်သည် ။ လက်ထပ်မင်္ဂလာပွဲအကြောင်းတော့ အကျယ်ချဲ့မပြောလိုတော့ပါ ။ မင်္ဂလာမဆောင်ခင် နှစ်ရက်လောက် အလိုမှာ ကျွန်တော်လုပ်ခဲ့သော ကိစ္စတစ်ခုကြောင့်သာ ပြောပါမည် ။

အရင်ရည်းစားထံမှ စာများ ၊ ပို့စကတ်များ ၊ ဓာတ်ပုံများကို ဖျောက်ဖျက်ပစ်ခြင်းပင် ဖြစ်ပါသည် ။ နှစ်တွေကြာခဲ့ပြီဖြစ်သည့်ပြင် စိတ်ထဲမှာလည်း စွဲစွဲလမ်းလမ်း မရှိဘဲ ခပ်ပေါ့ပေါ့ ပစ်ထားခဲ့သဖြင့် ဟိုတစ်ရွက် ၊ ဒီတစ်ရွက် လိုက်ရှာပြီး စုယူရသည် ။ စာအုပ်စင် ၊ စာရေးစားပွဲ ၊ ဗီရို ၊ အံဆွဲတွေထဲမှာ လျှောက် မွှေပြီး ရှာရသဖြင့် သိပ်တော့ မလွယ်လှချေ ။ ကံအားလျော်စွာ အားလုံးပြန်တွေ့သဖြင့် စိတ်အေးသွားရသည် ။

စာတွေ ၊ ပို့စကတ်တွေကို အလွယ်တကူပင် အိမ်သာတွင်းထဲ ပစ်ချလိုက်၏ ။ ဓာတ်ပုံနှစ်ပုံကိုတော့ အားနာသောအားဖြင့် ရေတွင် ဖျောက်ဖျက်လိုက်ရလေ၏ ။

°°°°°   °°°°°   °°°°°

လေးမေနှင့် လက်ထပ်ပြီးသောအခါ ကျွန်တော့်အိမ်မှာပင် နေကြသည် ။ ဟို စာတွေ ၊ ဓာတ်ပုံတွေ မရှိတော့သဖြင့် ကျွန်တော်လည်း ခပ်အေးအေးပင် နေနိုင်ခဲ့၏ ။

လေးမေ အပေါ်တွင် ငွေရေးကြေးရေးအရ လိမ်တာမျိုးတော့ ရှိခဲ့ပါသည် ။ ဤသည်မှာလည်း လိမ်ချင်လွန်းလှလို့ မဟုတ်ပါ ။ ကိုယ့် အတတ်နှင့် ကိုယ် စူးခဲ့ခြင်းသာ ဖြစ်ပါ၏ ။ ရည်းစားဘဝတုန်းက ဝတ္ထုတိုတစ်ပုဒ်ရေးတာ တစ်ရာ့ငါးဆယ် ရတယ်ဟု ကြွားခဲ့ဖူးသည် ။ တကယ်တော့ မဂ္ဂဇင်းတိုင်းက တစ်ရာ့ငါးဆယ် ပေးသည် မဟုတ် ။ အချို့ မဂ္ဂဇင်းတွေက တစ်ရာ ပေးသည် ။ တချို့ဆို ခုနစ်ဆယ့်ငါးကျပ် သာ ။ အခုချိန်ကျတော့ အရင်က ဝတ္ထုတိုတစ်ပုဒ် တစ်ရာ့ငါးဆယ် ရတယ်ဆိုတာ အလကား ပြောတာ ။ နင့်ကို ကြွားတာ ဆိုပြီး အမှန် အတိုင်း ပြောလို့ မကောင်းတော့ချေ ။ ပြောလျှင်လည်း သိက္ခာ ကျရတော့မည် ။ ထို့ကြောင့် ခုနစ်ဆယ့်ငါးကျပ် ၊ တစ်ရာသာပေးသော မဂ္ဂဇင်းတွေမှာ ကျွန်တော့်ဝတ္ထုပါသော လမျိုးဆိုလျှင် ကျွန်တော့် အသုံးစရိတ်ထဲက စိုက်စိုက်ပြီး ဖြည့်ပေးနေရသည် ။

ကျွန်တော့်မိန်းမကို ငွေရေးကြေးရေးအရ လိမ်သည်ဆိုသည်က အထက်က အဆိုပါအတိုင်းသာ ဖြစ်ပါသတည်း ။

°°°°°   °°°°°   °°°°°

“ အရင်က အဆက်တွေ ဘာတွေ ရှိခဲ့ဖူးမှာပေါ့ ... ” ဟု လေးမေ သည်လည်း တစ်ခြားမိန်းကလေးများ ကဲ့သို့ပင် မေးလေ့ရှိ၏ ။ ထိုအခါ ကျွန်တော်က ...

“ ရှိတာပေါ့ ။ ဆယ်ယောက်လောက်တောင် ရှိတယ် ” ဟု ဟာသ လုပ်ပစ်ပြီး စကားလွှဲတတ်၏ ။ လေးမေ သည် ကျွန်တော့်လို ကောင်မျိုး သူ့အပြင် ကြိုက် မည့်သူ မရှိဟု ထင်ထားသလား မသိ ။ သိပ်ပြီး သင်္ကာမကင်း မဖြစ်ခဲ့ချေ ။

တစ်နေ့ သူနှင့်ကျွန်တော် ရုပ်ရှင်ကြည့်ပြီး ပြန်အလာ ၊ ခပ်လှမ်းလှမ်းမှာ အမျိုးသမီးတစ်ယောက် လှမ်းတွေ့သဖြင့် ကျွန်တော် လွှတ်ကနဲ ပြောမိသည် ။

“ ဟေ့ .. ဟေ့ ... ဟိုမှာ ..."

“ ဘာလဲ ... ဘယ်သူလဲ ..."

“ ဟိုမှာလေဟာ ... အင်္ကျီအစိမ်းနဲ့ ခင်ခင်ဦးလေ .."

ကျွန်တော်ပြသော အမျိုးသမီးကို သူ မြင်ပါလျက် ကြောင် တောင်တောင်ဖြင့် ...

“ ဘယ်က ခင်ခင်ဦးလဲ ၊ တို့မှ မသိတာ ...”

ထိုအခါကျမှ ကျွန်တော် ခေါင်းနပန်းကြီးသွားသည် ။

ခင်ခင်ဦး ကို လေးမေ မသိတာ အမှန်ပင်ဖြစ်၏ ။ ခင်ခင်ဦးသည် ကျွန်တော့်အရင် ရည်းစား၏ သူငယ်ချင်းသာ ဖြစ်၏ ။ ဒါကို ကျွန်တော်က လေးမေ ၏ သူငယ်ချင်းအဖြစ် အမှတ်မှားပြီး ယောင်၍ ပြောမိခြင်း ဖြစ်သည် ။

လေးမေက ကျွန်တော့်ကို အကဲခတ်သလို ကြည့်လိုက်၏ ။

ကျွန်တော်လည်း ...

“ ဟာ ... ဟုတ်သားပဲ ၊ ဆောရီး ... ဆောရီး နင်က ငါ့သူငယ်ချင်း ဝင်းမြင့်ဇော် ကိုမှ မမြင်ဖူးသေးတာ ။ အဲဒါ ဝင်းမြင့်ဇော် ရဲ့ အမျိုးသမီးလေ ၊ ငါက နင်နဲ့ မိတ်ဆက်ပေးဘူးတယ် မှတ်လို့ ” ဟု လျှောက်လှည့်ပစ်လိုက် ရသည် ။ သို့သော် လေးမေသည် ဇဝေဇဝါ ဖြစ်နေသေးဟန် တူသည် ။ နောက်ပိုင်းတွင် သူသည် ကျွန်တော့်အား “ ထောက်ကွက် ” ဆန်သော စကားမျိုးတွေ ပြောလေ့ရှိကြောင်း သတိပြုမိ၏ ။

မည်သို့ပင်ဖြစ်စေ ...

အရင်ရည်းစားနှင့် ပတ်သက်၍ သူ့အား အမှန်အတိုင်း ဖွင့်ပြောသင့် / မပြောသင့် မဆုံးဖြတ်နိုင်သေးချေ ။ ဤသို့အားဖြင့် အိမ်ထောင်သက် တစ်နှစ်ကျော်လာခဲ့သည် ။ အမှန်တော့လည်း ဆုံးဖြတ်ချက် မချနိုင်သေးသဖြင့် ဘာမျှမပြောဘဲ နေသည်ကပင် သူ့ကို လိမ်ရာ ရောက်နေသည် ။ သို့ဖြင့် ကျွန်တော်သည် “ မိန်းမလိမ်အသင်း " ထဲတွင် အလိုအလျောက် ပါဝင်နေမိလေတော့သည် ။

°°°°°   °°°°°   °°°°°

ဝတ္ထုတိုလေးတစ်ပုဒ် ရေးဖို့ ကြိုးစားနေသည် ။ ချယ်ရီ မဂ္ဂဇင်းတိုက်က ယခုလမှစ၍ ဝတ္ထုတို စာမူခကို တစ်ရာ့ငါးဆယ်မှ နှစ်ရာ သို့ တိုးမြှင့်ပေးမည်ဟု ဆိုထားသည် ။ ထို့ပြင် ကျွန်တော့်မှာ အကြံအစည်တစ်ခုလည်း ရှိသည် ။ စာမူခရလျှင် လေးမေကို ထုံးစံအတိုင်း တစ်ရာ့ငါးဆယ် ပဲ စာရင်းပြမည် ။ ငါးဆယ်ကို ကျွန်တော် ဖြောင်မည် ။ အရင်က စိုက်ခဲ့ရတာ များလှပြီ ။ ဒီတစ်ခါတော့ ကိုယ့်အတွက် ကျန်အောင် လုပ်မှ ။ ထို့ကြောင့် ပို၍ ကြိုးစားနေခြင်း ဖြစ်လေ၏ ။

သို့ရာတွင် အခက်အခဲတစ်ခုတွေ့နေရသည် ဇာတ်လမ်း၏ အဓိကအခန်းမှာ ကောင်မလေးက ကောင်လေးကို ဖြတ်စာပေးသည့်အကြောင်း ဖြစ်သည် ။ ထိုဖြတ်စာကို စကားလုံး ထိထိမိမိကလေး ရေးလိုက် မှ ဝတ္ထုက အသက်ပါသွားမည် ဖြစ်သည် ။ ဘယ်လို ရေးရမလဲဟု စဉ်းစားလို့ကို မရ ။ ထိုနေရာကျမှ ရှေ့မဆက်နိုင်ဘဲ ရပ်နေသည် ။ ကျွန်တော် အရင်ရည်းစားကတော့ ဆယ်မျက်နှာလောက် ရှိသော ဖြတ်စာရှည်ကြီး တစ်စောင် ရေးခဲ့သည် ။ ခုတော့ ထိုစာကို ဖျက်စီးပစ်လိုက်သဖြင့် မရှိတော့ ။ နှစ်တွေ ကြာခဲ့ဖြစ်၍ စာသားတွေကိုလည်း မမှတ်မိတော့ချေ ။

စာတွေ ဖျောက်ဖျက်ခဲ့မိတာ မှားသည် လုံခြုံသော တစ်နေရာမှာ သိမ်းဆည်းထားခဲ့လျှင် ခုလို အသုံးလိုသော အခါမှ ပြန်ဖတ်ကြည့်လို့ရသည် ။ ခုတော့ ...

ဝတ္ထုဆက်ရေးလို့ မရသဖြင့် ဖောင်တိန်ကိုချ ၊ ဆေးပေါ့လိပ်ကြီး ခဲပြီး ငိုင်နေမိသည်မှာ အတော်ကြာသည် ။ ညဆယ့်တစ်နာရီပင် ထိုးလုပြီ ...

“ ဘာငိုင်နေတာလဲ ... စာရေးလို့ မပြီးသေးဘူးလား ။ အိပ်ချင်လဲ အိပ်ပါတော့လား ..."

လေးမေ သည် တရေးနိုးလာပြီး ဘယ်အချိန်က ကျွန်တော့်နောက် မှ လာရပ်နေသည်မသိ ။ ကျွန်တော်က ..

“ အေးကွာ …. ဆက်ရေးဖို့ စဉ်းစားနေတာ မရလို့ ... " ဟု ပြောလိုက်ရာ ခါတိုင်းလည်း ခုလို အခက်အခဲတွေ့လျှင် အကြံဉာဏ် ပေးနေကျဖြစ်သော လေးမေ က ရေးလက်စစာမူကို ယူဖတ်ကြည့်သည် ။

“ ဪ ... ဒါလေးများ ... ” ဟုပြောပြီး ၊ သူ့မှန်တင်ခုံ အံဆွဲကို ဖွင့်၍ တစ်စုံတစ်ခု ရှာဖွေနေသည် ။ ခဏအကြာတွင် ပြန်ရောက်လာပြီး ....

“ ရော့ ... ဒီစာကို ကူးထည့်လိုက် ... ”

ကျွန်တော့်ရှေ့မှာ စာရွက်တစ်ရွက်ကို ချပေးလိုက်သည် ။ စာကို မြင်လိုက်သည်နှင့် ကျွန်တော် လန့်ဖျပ်သွားရ၏ ။ ကျွန်တော့်အရင် ရည်းစား က ကျွန်တော်ဆီ ရေးခဲ့သော ဖြတ်စာမှ နောက်ဆုံးစာရွက် ၊ ကျွန်တော်၏ ပြစ်ချက် များကို စာလုံးပြောင်ပြောင်ဖြင့် ရေးထားခြင်း ဖြစ်သည် ။ ဒီစာရွက်တစ်ရွက်က စာရွက်တွေ ဖျက်ဆီးရာတွင် ပါမသွားဘဲ ဘယ်လို ကပ်ကျန်ခဲ့ပြီး လေးမေ က ဘယ်လို ရှာဖွေတွေ့ရှိသွားမှန်း မသိ ။ ဘယ်လိုပဲ တွေ့တွေ့ပြဿနာကတော့ စီးရီးလိုက်ကို တက်ပြီ ။ ပြေလည်အောင် ဘယ်လိုရှင်းရမလဲ ...

“ ဟို ... ဒါက ဒီလိုရှိပါတယ် ။ အဲဒီစာဟာ တကယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ... "

“ တော်တော့ ... ရှင်းမနေနဲ့ ။ ခုချိန်ကျမှ ရှင်းနေလဲ အပိုပဲ ။ ရှင်းချင်ရင်လဲ မနက်ကျမှရှင်း ။ ဒါမှ ဘယ်လိုလိမ်ပြီး အကြောင်းပြရမယ်ဆိုတာ အကြံဉာဏ်ထုတ်ဖို့ အချိန်ရမှာ ... "

ကျွန်တော် ဘာမှ ထပ်မပြောနိုင်ခင် ၊ သူ့အိပ်ရာထဲ ပြန်ဝင်သွားသည် ။ ကျွန်တော်လည်း ဘာလုပ်လို့ ဘာပြောရမှန်း မသိသဖြင့် ယောင်တောင်တောင် ထိုင်ရင်း ကျန်ခဲ့သည် ။ အတန်ကြာမှ ဒီကိစ္စကို ခပ်ပေါ့ပေါ့ဖြစ်အောင် လုပ်ပစ်ရမည်ဟု စဉ်းစားပြီး ခုတင်ဆီသို့ သွားကာ တင်ပလွှဲ ဝင်ထိုင်လိုက်သည် ။

“ ဟေ့ .. လေးမေ ၊ ဟဲ ... ဟဲ ... "

လေးမေ က ပြန်မထူး ၊ တစ်ဘက်သို့စောင်း၍ သူ့ပါးပေါ်တွင် ခြင်တစ်ကောင် နားနေသည် ။ ရိုက် မည်ဟု လက်နှင့်ရွယ်ပြီးမှ ပါးရိုက်သလို ဖြစ်သွားမည်စိုး၍ လက်နှင့်ယပ်ပြီး မောင်းထုတ်လိုက်ရသည် ။ ကိုယ်ဝန်သက် နုတုန်းမှာ အထိတ်တလန့်ဖြစ်အောင် မလုပ်ကောင်းဘူး မဟုတ်လား ...

ကျွန်တော် အကြံတစ်ခု ရလိုက်သည် ။ သူ့ဗိုက် မို့ကလေးပေါ် လက်တင်၍ ...

“ လေးမေရာ ... ဒီကိစ္စတွေက ခုချိန်မှာ ရယ်စရာဖြစ်နေပါပြီ ။ ကိုယ့်စိတ်ထဲမှာ သတိတောင် မရတော့ပါဘူး ။ ခုရေးနေတဲ့ ဝတ္ထုကလဲ စာမူခရရင် လေးမေအတွက် ဗိုက်ဖုံးအကျီလေးတွေ ချုပ်ပေးချင်လို့ ကြိုးစားပြီး ရေးနေတာပါ ။ လရင့်လာရင် ခုရှိတဲ့အင်္ကျီတွေနဲ့ မတော်တော့ဘူး မဟုတ်လား ။ ဟေ့ ... လေးမေ ... ကိုယ်ပြောတာ ကြားတယ်နော် ... "

သူသည် ဟိုဘက်လှည့်ပြီး အိပ်နေလျက်ကပင် ...

“ မကြားဘူး .. " ဟု ပြန်ပြောသည် ။

အခြေအနေ သိပ်မဆိုးတော့ကြောင်း သိလိုက်ရသည် ။

ဗိုက်ဖုံးအင်္ကျီ သုံးထည်လောက်တော့ ချုပ်ပေးရမည် ။ အပြင်သွားလျှင်လည်း ဝတ်လို့ရအောင် အသင့်အတင့်ကောင်းကောင်းလေးတော့ ချုပ်ပေးမှ ... ။

ဒါဆို .. စာမူခရလျှင် ငွေငါးဆယ် ဖြောင်ဖို့ကိစ္စ အောင်မြင် ထမြောက် မည် မဟုတ်တော့ ။

◾ မင်းလူ

📖  ချယ်ရီ မဂ္ဂဇင်း
       မတ်လ ၊ ၁၉၈၆

koaungnaingoo.blogspot.com

.

No comments:

Post a Comment