❝ မေ့တတ်သူ ❞
မခင်အေးသည် အဘယ်အခါမျှ ဤမျှလောက် စွန့်စားခဲ့ဘူးသူ မဟုတ်ချေ ။ ဦးလေး၏ အိမ်မှ သားရေအိတ် ကလေးကို ဆွဲကိုင်လျက် ထွက်၍လာသောအခါ ကမ်း မမြင်သော ပင်လယ်ထဲ၌ မိုးမှောင်ကြီးကျခိုက် မှာ သစ်တုံးနှင့် လွှင့်ရသူကဲ့သို့ စိတ်၌ မှတ်ထင်လိုက်လေ၏ ။ သို့သော်လည်း မီးရထားထွက်၍လာသောအခါ ပထမစွန့်စားသူ တို့၏ စိတ်၌ ထူးခြားစွာ တွေ့ကြုံခံစားရသော လှုပ်ရှား ခြင်းသည် ဝိုင်အရက်ကို တစ်ခွက်သောက်ရာ၌ ခံစား ရသော လွတ်ကျွတ်ခြင်း၏ အရသာမျိုးနှင့် တွေ့လေ၏ ။ သွားပြီ ၊ ဝေးပြီ ။ ငါးနှစ်တိုင်တိုင် ခံခဲ့ရသော ကျွန်အဖြစ်မှ လွတ်ပြီဟူသော စိတ်သည် နှလုံးကို လေပင့်ကာ လွတ်လပ်သော လေဟာပြင်၌ ဆောင်ယူခြင်းခံရသလို ဖြစ်လေသတည်း ။
ခင်အေးမှာ မိဘမရှိ ။ ဦးလေးအရင်းနှင့် နေခဲ့ရသော်လည်း အဒေါ် တော်သူမှာ နာမည်သာ တော်၍ သူစိမ်းဖြစ်လျက် ဒေါ်စိန်းဟူသော နာမည်နှင့် လျော်ညီစွာ စိမ်းကားရက်စက်သူဖြစ်လေရကား မိထွေးဆိုးနှင့် နေခဲ့ရသလို ဖြစ်ခဲ့လေ၏ ။ ခင်အေးမှာ မိခင်သေဆုံးပြီးနောက် မကျန်းမာ ခဲ့သည့်ပြင် ။ အရီးကို ကြောက်ရသဖြင့် မေ့တတ်လျော့ တတ်သောကြောင့် သာ၍ပင် အနှိပ်စက်ခံရလေ၏ ။ နဂို ချောမောလှပသော်လည်း ဆင်းရဲစုတ်နုတ် ၊ ကုတ်ကုတ်ကလေး ခိုင်းသမျှကို လုပ်ခဲ့ရသည့်ပြင် ။ အမြဲကြောက်ရွံ့၍ နေခဲ့ရလေရာ ကြောက်ရွံအောက်ကျသော စိတ်သည် မျက်နှာ၌ ပေါ်လျက် အလှကို လွှမ်းကွယ်ခဲ့လေ၏ ။ ဤလွတ်လပ်သော စာပို့ရထားကြီးပေါ်သို့ ရောက်သောအခါ ကျမှ စွန့်စားခြင်းနှင့် လွတ်မြောက်ခြင်းကိုမျှော်ကာ လှုပ်ရှားသော စိတ်၏ အရှိန်သည် မျက်နှာ၌ ဝင်းထိန်တောက်ပ၍ လာသောကြောင့် နဂိုမူလအဆင်းသည် ထင်းထင်းကြီး ပေါ်စပြုသဖြင့် ရထားစီးသော အခြားမိန်းမ ၊ ယောက်ျားတို့သည် ၄င်းကို ဂရုစိုက်၍ ကြည့်ကြလေရာ ၊ ခင်အေးမှာ ရှက်ကိုးရှက်ကန်းပင် ဖြစ်ရရှာလေသည် ။
ကတီပါ စောင် စိမ်းလဲ့လဲ့ တစ်ပတ်နွမ်းကလေး ကို ခြုံလျက် ကပိုကရိုပတ်ထားသော ဆံထုံးနှင့် နံဘေးရှိ သားရေသေတ္တာကို မှီကာ မိမိရှေ့ရှိ ပြတင်းပေါက် မှ ဒုန်းစိုင်းပြေးလွှားသောကွင်းပြင်တောတောင်တို့ကို ကြည့်လျက် ၊ မည်သူကိုမျှ သတိမထားဘဲ မိမိကြားရဘူးသော ရန်ကုန်မြို့ကြီး၏ အကြောင်းကို စိတ်၌ တွေးတောထင်မြင် ၍လာလေသတည်း ။
၄င်း၏ အိတ်ထဲ၌ ငွေစက္ကူ ၅ဝိ/- ဖိုးပါသော သားရေအိတ်ကလေး ပါရှိလေ၏ ။ ထို ၅ဝိ/- မှာ ငါးနှစ် ပတ်လုံး စုဆောင်းသော ငွေဖြစ်လေသည် ။ ရန်ကုန်မြို့ အကြောင်းကို ခင်အေးသည် နားမလည်ချေ ။ သို့သော် လည်း ငွေ ၅ဝိ/- ရှိလျှင် ဘာမဆို လုပ်စားနိုင်မှာပါ ။ လူ ရှိတဲ့ မြို့ကြီးဟာ တိရစ္ဆာန် သားရိုင်းများနေတဲ့ ကန္တာရထက် တော့ စိတ်ချရမှာပဲ ။ လူဆိုးများဆီကို ရောက်ရင် အနှိပ်စက် ခံရမှာပဲ ။ လူကောင်းဆီကိုရောက်ရင် ငါချမ်းသာမှာပဲ ။ တောက မိန်းကလေးများ ဆွေမရှိ ၊ မျိုးမရှိ ။ အသိမိတ်ဆွေ မရှိဘဲ ရန်ကုန်မြို့ကိုသွားရင် ပျက်စီးတတ်သည်ဟု ပြောကြသောစကားများကို ခင်အေးသည် ယုံကြည်ခြင်း မရှိ ။ ဤအတိုင်းသာမှန်ချေက လူသတ္တဝါတွေဟာ တိရိစ္ဆာန်ထက် ဆိုးကြမှာပဲ ။ ဒီသတင်းတွေဟာ မဟုတ်ပါဘူး ။ ငွေ ၅ဝိ/- ပါတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်သူကို ကြောက်ရမှာလဲ ။ သူတို့ ရန်ကုန်မြို့ဟာ မင်းမဲ့တိုင်း ပြည်မဟုတ်ဘူး ။ ရန်ကုန်မြို့မှာ အကြီးဆုံး အရာရှိတစ် ယောက်တော့ ရှိမှာပဲ ။ ဦးကောသလ္လ ဆရာတော်ဆိုတာလည်း ငါကြားဘူးတယ် ၊ ဦးချစ်လှိုင် ဆိုတာလည်း ရှိသတဲ့ ။ တခြား လူကြီးလူကောင်း ၊ မင်းတိုင်ပင်အမတ်တွေလည်း ရှိကြမှာပဲ ။ ငါ သူတို့ဆီသွားပြီး ကျွန်မမှာ ငွေ ၅ဝိ/- ပါ ပါတယ် ။ ဒီ ငွေ ၅ဝိ/- နဲ့ ကျွန်မအတွက် ယုံကြည် အားထားစရာ နေရာမသိလို့ ၊ ကျွန်မ လူကြီးမင်းထံလာပါတယ် ။ ကျွန်မကောင်းကောင်း လုပ်ကိုင်ရှာဖွေ အသက် မွေးချင်လို့ ရန်ကုန်ကို လာတာပါ ။ ကျွန်မကို စောင့်ရှောက်ပြီး နေရာချထားပေးပါ ဆိုလျှင် ငါ့ကို ဘယ်လူကြီးလူကောင်းတစ်ယောက် မျှ မကူညီဘူးဆိုပြီး နှင်ချမလဲ ။ ငါ့အရီးထက်တော့ ဘယ်မှာမဆို ကောင်းမှာပဲ စသည်ဖြင့် တွေးတောကာ ငွေ ၅ဝိ/- အရင်းပြု၍ ကြီးပွားချမ်းသာနိုင်သော နည်းအမျိုးမျိုးတို့ ကို ကြံစည်၍ ပေးနေ၏ ။ ခင်အေးသည် ဆင်းရဲစုတ်နုတ်စွာ နေခဲ့ရသူဖြစ်သော် လည်း ဒီးဒုတ်ဂျာနယ်နှင့် အခြားသတင်းစာများကို အမြဲဖတ်သောကြောင့် ရန်ကုန်မြို့ ကို ကိုယ်တိုင်မရောက်ဘူးသော်လည်း စိတ်ဉာဏ်ဖြင့် အမြဲရောက်၍နေသူဖြစ်ရကား စိတ်ကူးဉာဏ်အကြံအစည်မှာလည်း အတော်ပင်ရင့်လျက် တစ်နေ့သ၌ လွတ်လပ်စွာ အသက် မွေးဖို့ကို အမြဲကြံစည်ခဲ့ရှာလေ၏ ။ သို့တွေးတော၍ လာလေရာ ဘူတာရုံများ၌ မီးရထားဆိုက်ခြင်း ထွက်ခြင်းများကို လည်းကောင်း ၊ လူတက်လူဆင်းများကို လည်းကောင်း သတိမထားမိလေပဲ နေလေ၏ ။
ထိုကဲ့သို့ တွေးတောဆင်ခြင်၍ နေရာမှ မော်၍ ကြည့်လိုက်ရာ ရထားတွဲပေါ်တွင် ပထမတွေ့မြင်ရသူများ မရှိဘဲ တစ်ခုသောထောင့်၌ မိမိကို စိုက်ကာကြည့်လျက် ထိုင်၍နေသော မိမိထက် အတော်ကလေး ကြီးဟန်ရှိသော ယောက်ျား ခန့်ခန့်ညားညား သားသားနားနား တစ်ယောက်ကိုမြင်ရလေ၏ ။
ထိုအခါ ခင်အေး၏ စိတ်ထဲ၌ ယောက်ျားချောကလေး၏ မျက်နှာသည် တံဆိပ်ခတ်နှိပ်သလို ဖြစ်၍သွားသောကြောင့် မျက်လွှာကို လျှင်မြန်စွာချပြီး လက်ထဲရှိ လက်ကိုင်ပုဝါကလေးကို လိမ်ကျစ်၍ နေလေ၏ ။
သို့သော်လည်း မော်၍မကြည့်ဘဲ မနေနိုင်သော ကြောင့် ရှေ့၌ရှိသော ပြတင်းပေါက်ကို ကြည့်ဖို့ရန်အမော်တွင် ၄င်း၏ ဘက်သို့ မျက်လုံးရှိန်ရောက်၍ သွားလေရာ ။ တစ်ဖန် ဆက်လက်၍ မိမိအား ကြည့်နေသည်ကို မြင်ရလေ၏ ။ ထိုအခါ ခင်အေးသည် မိမိနဖူးဆံစကို လက်နှင့်သပ်ပြီး ဣေန္ဒြနှင့် ရှေ့တည့်တည့်ကိုသာ ကြည့်နေလေ၏ ။ ၄င်းတွဲထဲ၌ ၄င်းတို့နှစ်ယောက်တည်းသာ ရှိလေရာ ၊ အဖိုပျို နှင့် အမပျိုတို့ ဓမ္မတာ မကြာမကြာ မျက်လုံးချင်း ဆိုင်မိကြလေ၏ ။
ခင်အေးသည် မသိသောသူကို ခရီးသွားဖက်ပင် ဖြစ်စေကာမူ စ၍ နှုတ်ဆက်ခြင်းမပြုဝံ့ဘဲနေလေ၏ ။
ထိုယောက်ျားပျိုမှာလည်း မိမိကဲ့သို့ သားရေ သေတ္တာ တစ်ခုသာ ပါရှိလေ၏ ။ ၄င်းယောက်ျားပျို၏ မျက်လုံးများ၌ မိန်းမတို့ကို ဘာလောက် မျှ ဂရုမထား ၊ နိုင်နင်း အောင်မြင်မြဲဖြစ်သော စွမ်းပကားသတ္တိမှာ မိန်းမများသိမြင် လောက်အောင် ထင်ရှား၍ နေလေ၏ ။ ထိုသတ္တိသည် ရုပ်ချောခြင်း နှင့် ရဲရင့်ခြင်း ဖြစ်လေသတည်း ။ ၄င်း၏ မျက်နှာက မသင်္ကာသော အမူအရာကိုလည်း သိသာလေ၏ ။ သို့ မသင်္ကာကြောင်းကို ခင်အေး သိသောအခါ ငါ့ကို မတော်တဲ့ မိန်းမကလေး ၊ မိန်းမလေ ၊ မိန်းမလွင့်ကလေးလို့ ထင်မှာပဲဟု အောက် မေ့ကာ ထိုကျက်သရေရှိသော ယောက်ျားပျို၏ စိတ်၌ ထိုအထင်ကို ပျောက်အောင် ပြုလုပ်ချင်သောဆန္ဒသည် ခင်အေး၏ စိတ်ထဲ၌ ထက်သန်စွာ ပေါ်လာလေသတည်း ။ ထိုအခိုက်တွင် ယောက်ျားပျိုက မင်းတစ်ယောက်တည်းပဲလား ဘယ်ကို သွားမလို့လဲဟု မေးလေ၏ ။
ခင်အေးသည် ရှက်ကိုးရှက်ကန်းဖြစ်၍ သွားပြီး ၊ တစ်ဖန် ရဲလာပြီးလျှင် ကျွန်မတစ်ယောက်တည်းပဲ ၊ ရန်ကုန်ကို သွားမလို့ပါ ။ အစ်ကိုကြီးကကော ဘယ်ကိုလဲဟု ပြန်၍မေး၏ ။
“ ရန်ကုန်ကိုပါပဲ ၊ မင်းက ရန်ကုန်ကလား ”
“ မဟုတ်ပါဘူး ။ ကျွန်မ မှော်ဇာကပါ ။ ကျွန်မ အရီးနဲ့ စိတ်ဆိုးလို့ ရန်ကုန်မှာရှိတဲ့ အဒေါ်ဆီသွားမလို့ ” ဟု ရန်ကုန်၌ အဘယ်အခါကမျှ မကြားဘူးသော အဒေါ်ရှိ ကြောင်း ပြောလိုက်လေသည် ။
“ ဘယ်အရပ်မှာ နေသလဲ ”
“ ပုဇွန်တောင်မှာနေပါတယ် ”
“ ဪ ... အောက်ပုဇွန်တောင်ကလား ။ ဒီကလည်း ပုဇွန်တောင်ကပဲ ။ ဘယ်သူများဖြစ်ပါလိမ့် ၊ ဘာလုပ်သလဲ ”
“ ဆေးထောင်တယ် ။ ပုဇွန်တော်နားမှာပဲ ။ ဒေါ်ဗထီ လို့ ခေါ်ပါတယ် " ဟု နာမည်တူမရှိရအောင် ထူးခြားသောနာမည်ကို ပေးလိုက်လေ၏ ။
ယောက်ျားသည် စဉ်းစားလျက် “ ဒေါ်ဗထီ မကြားဖူးဘူး ။ ဆေးထောင် ဒေါ်ခက် ၊ မပန်း ၊ ဒေါ်ရင် ၊ မပုတို့တော့ ကြားဘူးတယ် ။ ယောက်ျားရှိသလား ”
“ ရှိပါတယ် "
“ နာမည်ဘယ့်နှယ့် ခေါ်ပါသလဲ ”
“ ကိုရာဘောက်လို့ ခေါ်ပါတယ် ”
“ ဟင့်အင်း မကြားဖူးဘူး ”
“ ဒီလိုဖြင့် နာမည် ပြောင်းထားလို့ ထင်ပါရဲ့ ။ တချို့ တောကလူများဟာ ရန်ကုန်ရောက်ရင် ကြွေးရှင် လိုက် မှာစိုးလို့ နာမည် ပြောင်းတတ်ကြတာပဲ ”
“ ကျွန်မ သိသလောက်တော့ ကျွန်မအဒေါ်များ ရန်ကုန်ကို သွားကြတုန်းက ကြွေးမြီရှိတယ်လို့ မကြားဖူးဘူး ”
ထိုကဲ့သို့ စကားပြောရင်း ယောက်ျားပျိုသည် ငွေစီးကရက်ဘူးကို ဖွင့်ကာ ခင်အေးအား စီးကရက်သောက်ပါလားဟု ပြောကာ ပေးလေ၏ ။
ကိစ္စမရှိပါဘူး ကျွန်မ ဆေးပေါ့လိပ်သောက်ပါတယ်ဟု ပြောလေ၏ ။
ဆေးပေါ့လိပ်နဲ့ စီးကရက်ဟာ အတူတူပါပဲ ။ သောက်သာသောက်ပါဟုပြောကာ ။ ယောက်ျားပျိုသည် အပါးသို့ ထလာပြီး ပေးလေရာ ခင်အေးသည် မငြင်းနိုင်ဘဲ ယူရလေ၏ ။ ယောက်ျားပျိုသည်ကား မိမိ၏ နေရာသို့ ပြန်၍ မထိုင်ဘဲ ။ ခင်အေး ၏ အနား၌ထိုင်ကာ ခင်အေးအား စီးကရက်ကို ညှိ၍ပေး၏ ။ ထို့နောက် မိမိ၏ စီးကရက်ကို ညှိ၍သောက်ပြီး ဘာပြုလို့ အရီးနဲ့ စိတ်ဆိုးလာတာလဲ ၊ မတော်တဆ မင်းအဒေါ်နဲ့ မတွေ့ရင် ဘယ့်နှယ့်လုပ်မလဲ ။ ရန်ကုန်မြို့ အကြောင်းကို မင်းသိသလားဟု အများကြီး ကြင်နာဂရုစိုက်သော အမူအရာမျိုးနှင့် မေးလေ၏ ။
ကျွန်မသိပါတယ် ။ တခြားမိတ်ဆွေများလည်းရှိပါတယ်ဟု ခင်အေးက ဘာကိုမျှ ကြောက်ရွံ့ပူပန်ခြင်း မရှိသော အမူအရာမျိုးနှင့် ပြန်၍ ပြောလေ၏ ။
ထိုကဲ့သို့ စကားပြောရင်းပင် တစ်ယောက်နှင့် တစ်ယောက် တိုးတက် အကျွမ်းဝင်သလိုဖြစ်ကာ ၊ ဘယ် အခါကမှ ရည်းစားမထားဘဲ အကြပ်အတည်းနေခဲ့ရသော ခင်အေးမှာ မိမိအတွက်အထူးဂရုစိုက်ဟန်ရှိသော ယောက်ျား ပျိုကလေးနှင့် သန်းခေါင်ရထား၌ နှစ်ယောက်တည်း မီး ရထားတစ်တွဲထဲမှာ တွေ့ကြုံရသည်မှာ တောနက်ကြီး ခေါင်ခေါင်၌ နတ်သားကလေးတစ်ယောက်နှင့် တွေ့ကြုံ သလိုဖြစ်ကာ စွဲမ က် ညွတ်ယိမ်းခြင်းဖြစ်၍ လာလေသတည်း ။ ထို့အပြင် ထိုယောက်ျားပျို၏ အမူအရာမှာ လွန်စွာ ရိုးသားကြင်နာဖြောင့်မတ်သော လက္ခဏာရှိသည်ကို သိရလေ၏ ။
ထိုအခါ သည် ဆောင်းတွင်းအခါဖြစ်လေ၏ ။ ခင်အေးသည် ကတ္တီပါစောင်ကလေးနှင့် အအေးမလုံဟု မှတ်ထင်ကာ သားရေသေတ္တာကိုဖွင့်လေ၏ ။ သို့ဖွင့်ရာတွင် မိမိ၏ အပေါ်အင်္ကျီမှာ ပဒုမ္မာရင်ဖုံးဖြစ်သဖြင့် သေတ္တာထဲမှ သက္ကလပ်အင်္ကျီရင်ဖုံးကို ထုတ်ယူကာ ဝတ်လေ၏ ။ သားရေသေတ္တာရှိ အဝတ်များကိုလည်း လှန်လှောကိုင်တွယ်ကာ နေရာချထားလိုက်လေ၏ ။ ထို့နောက် သေတ္တာကိုပြန်၍ ပိတ်ပြီး ဆက်လက် စကားပြောကြလေရာ ပြောရင်း ပြောရင်း ၊ တစ်ယောက်ကို တစ်ယောက် ချစ်ခင်၍ လာလေသဖြင့် ၊ ယောက်ျားကလေးများနှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ရသော ခင်အေးမှာ မိမိ၏ဆင်းရဲ ဒုက္ခထဲ၌ နတ်သားကလေး တစ်ယောက်ကူညီရန် ပေါ်ပေါက်၍ လာသလို ဖြစ်သောကြောင့် ငယ်ရွယ်သူတို့၏ ဓမ္မတာ ရဲတင်းသောယောက်ျား လေးများကို မငြင်းနိုင်ဘဲနေလေ၏ ။ အကြောင်းမူကား ယောက်ျားကလေး၏ လက်သည်မိမိ၏လက်နားသို့ တရွေ့ရွေ့ ကပ်၍လာပြီး လက်ချင်းထိမိ၏ ။ ခင်အေးက လက်ကို ဆုတ်ခွါ၏ ။ ယောက်ျားကလေး၏ လက်သည် တင်ပါးနားသို့ ရောက်၍လာ၏ ။ နောက်နားသို့ ခင်အေး သည် ရွှေ့၍ထိုင်၏ ။ ရဲတင်းသောလက်သည် ရွှေ့၍လိုက် ၏ ။ လိုက်ပါများသောအခါ နောက်၌ နံရံခံ၍ နေသဖြင့် တိုး၍မရွှေ့သာ ။ နဂိုစိတ်ကလည်း ခပ်ပါပါမို့ အသာတရ နေလေရာ သူ၏လက်သည် သူမ၏ ပေါင်ပေါ်သို့ ရောက်လေရာ ။ သူမသည် လက်ကိုဖယ်၍အချမှာ သူ၏လက်သည် သူမ၏လက်ကို အတင်းဆုပ်ကိုင်ပြီး မျက်နှာချင်းကပ်ကာ ချစ်တာ ၊ ကြိုက်တာ ၊ သနားတာ ၊ ကူညီစောင်မကြည့်ရှုချင်တာ ၊ တစ်သက်လုံး လုပ်၍ ကျွေးချင်တာ ၊ ခင်အေး အတွက် စိုးရိမ်တာတွေကိုအတင်းအဓမ္မ နင်းစ၍ပြောလေရာ နုနယ် သနား အချစ်အားထက်သန်သော အပျိုကလေးမှာ ဘယ်ပုံ ငြင်းနိုင်ပါမည်နည်း ။ သို့ မငြင်းနိုင် နဂိုက မတင်းလှသော စိတ်မှာ ယိုင်တိုင်တိုင်ဖြစ်၍လာသည်ကို သူငယ် ယောက်ျား ၊ သနားကမားကလေး မြင်ရ သိရသောအခါ အဘယ်လိုမပြုဘဲ နေနိုင်ပါမည်လဲ ။သို့ဖြစ်သောကြောင့် မကြာမီ ခင်အေးသည် ယောက်ျားပျိုကလေး၏ ရင်ထဲသို့ ရောက်ကာ တစ်ယောက်နှင့် တစ်ယောက် ထိကပ်လေရာ ။ ငြိမတတ်ဖြစ်သွားပြီးလျှင် ခင်အေး၏ မျက်နှာ၌ရှိသော သနပ်ခါးရေကြဲကလေးမှာ တစ်မိနစ်အတွင်း ပင်လယ် ရေမြှုပ်နှင့် တိုက်ချွတ်ဆေးကြောသလို စင်ကြယ်၍ သွားလေသတည်း ။
အကြောင်းမူကား ။ ခင်အေးသည် အချစ်တည်းဟူသော ပင်လယ်ရေထဲသို့ မြုပ်ဆင်း ဝင်ရောက်၍ သွားရရှာလေတော့၏ ။ ထိုအခါ အချစ်လှိုင်းမကြီးများပေါ်၌ ကြွချည် ၊ နိမ့်ချည် တငြိမ့်ငြိမ့်နေရခြင်းတည်းဟူသော နှစ်သိမ့်ခြင်းထဲမှ အဘယ်နည်းဖြင့် အတင်းငြင်းဆန်ကာ ရုန်း ၍ ထွက်ချင်ပါမည်နည်း ။ အချစ်၏ ပင်လယ်ကြီး၌ ယောက်ျားပျိုကလေးသည် ငမန်းဟိုင်းကြီးပမာ ခင်အေးကို စုပ်မျိုခြင်းပြုလေရာ စိုမြုပ်သွားခြင်းကိုဆိုးသွမ်းသည်ဟု ဆိုနိုင်ပါမည်လား ။ အကြောင်းမှုကား ။ အချစ်ထက် စိုပြည်သော အရာသည် ဘယ်မှာ ရှိမည်နည်း ။ အချစ်တည်းဟူသော ပင်လယ်ကွေ့ကြီးထဲသို့ ကျရောက်သော ခင်အေး ကို ယောက်ျားပျိုတည်းဟူသော အောက်တေပတ် - ငါး လက်တံရှည်ကြီးသည် ပတ်ရစ်ကာ ၊ ကပ်၍ ညှစ်လေရာ သတ်၍ မပစ်လျှင် ကျေးဇူးတင်ရပေမည် မဟုတ်ပါလား ။
နံနက် မိုးလင်းသောအခါ ရန်ကုန်သို့ရောက်လေ ၏ ။ ယောက်ျားပျိုကလေးမှာ ကြိုလျက်ရှိသော အပေါင်းအသင်းဖော်များနှင့် အသင့်တွေ့လေရာ ၊ ယောက်ျားပျိုကလေးက မိမိ၏ အမည် ၊ နေရပ်ကိုပြောပြီး မင်းအဒေါ် ဆေးလိပ်ရုံကို မေးပြီးလာခဲ့မယ် မကြာစေရပါဘူး ။ ကောင်းကောင်း နေနော် ။ ရန်ကုန်ဟာ အင်မတန်ကြောက်စရာ ကောင်းတယ်ဟု သတိပေးကာ ထွက်သွားလေ၏ ။ ခင်အေးလည်း အဘယ်ကို သွားရမှန်းမသိဘဲနှင့် ၊ ကျန်ရစ်ရှာလေ တော့သတည်း ။
မီးရထားရုံအပြင်သို့ ရောက်သောအခါ အဘယ် ကို သွားရမည်ဟု စဉ်းစား၍နေလေ၏ ။ သူကတော့ ငါ ပြောတဲ့ စကားကို ယုံပြီး ၊ ငါ ပုဇွန်တောင်မှာနေလိမ့်မယ် အထင်နဲ့ စိတ်ချပြီးသွားတာပဲ ။ သူ့ဆီကိုလိုက်သွားလို့လည်း တော်မယ် မဟုတ်ဘူး ။ ငါ အခု ဘယ်ကိုသွားရပါ့မလဲ ဟု ဆင်ခြင်ကာ သီလရှင်များနေတဲ့ ဘုန်းကြီးကျောင်းတစ်ခု ခုကိုသွားရရင် ကောင်းမှာပဲဟုစဉ်းစားပြီး လန်ချားတစ်စီး ကို ခေါ်မည်အပြုတွင် ကျောကို ဖြန်းခန် လာ၍ရိုက်ကာ “ ဟေ့ မခင်အေး ။ ဒီကို ဘယ့်နှယ့် ရောက်လာသလဲ ” ဟူ သော စကားကို ကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ မိမိ၏ အသိဖြစ်သော ဆေးလိပ် လိပ်သမား ၊ မယ်တင်ဖြစ်သည်ကို တွေ့ရသဖြင့် အားရ ဝမ်းသာကာ “ အလို မယ်တင် ပါလား ။ ငါ ကံကောင်းလို့ ညည်းနဲ့ တွေ့တာပဲ ” ဟုဆို ကာ ဆက်၍ ပြောကြလေရာ ။ မယ်တင် ပြည်မြို့၌ ဆေးလိပ် လိပ်နေရာမှ အဖော်ကောင်းများနှင့် ရန်ကုန်သို့ ရောက်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိကြောင်း သိရလေ ၏ ။ မယ်တင်က မိမိနှင့်လိုက်၍ အတူနေရန် ခေါ်လေရာ မယ်တင်မှာ မိမိကောင်းစွာ ယုံကြည်ရသော သူငယ်ချင်း ဖြစ်သဖြင့် လိုက် မယ်ဟု ကတိထားပြီး လန်ချားတစ်စင်း နှင့် လမ်းမတော်ဘက်သို့ သွားကြလေ၏ ။
မယ်တင်၏နေရပ်သို့ ရောက်သောအခါ မိမိ အင်္ကျီအိတ်ထဲက သားရေအိတ်ကို စမ်း၍ ကြည့်ရာ ။ သားရေအိတ် မရှိတော့သည်ကို တွေ့ရှိရလေလျှင် ၊ လွန်စွာ ထိတ်လန့်လျက် မျက်နှာ ပျက်၍ သွားလေ၏ ။ မယ်တင်က အကျိုးအကြောင်းကို မေး၍ကြည့် ရာ ၊ ခင်အေးက ငွေ ၅ဝိ/- ထည့်ထားသော သားရေအိတ် ၊ ခါးထဲမှ ပျောက်၍ သွားကြောင်း ၊ ခါးပိုက်နှိုက်ခံရပြီထင်ကြောင်း ပြော၍ပြလေ ၏ ။ မယ်တင်လည်း များစွာဝမ်းနည်းခြင်း ဖြစ်လေ၏ ။ ခင်အေး သည်ကား ပြန်၍တွေးလိုက်သောအခါ မီးရထားပေါ်၌ မိမိကို အတင်းပွေ့ယူ နမ်းရှုံ့သောသူပင် ခါးပိုက်နှိုက်ဖြစ် သည်ဟု စိတ်ချစွာသိရသဖြင့် ထိုအကြောင်းကို မယ်တင်အား ပြော၍ မပြဝံ့ဘဲ မြုံ၍ ထားရလေ၏ ။
မယ်တင်က အားပေးလျက် ၄င်းကိုခေါ်၍သွားလေသတည်း ။ ထိုနေ့မှစ၍ ဆေးလိပ်ရုံ၌ မယ်တင်နှင့် ခင်အေးသည် ညီအစ်မလို အတူတကွ နေကြလေ၏ ။ တစ် နေ့လျှင် ခင်အေးမှာ ခြောက် မူး - သုံးမတ်ရသဖြင့် ။ ဆုံးပါး သော ငွေ ၅ဝိ/- အတွက် ပူပင်သောက တစစ ကင်းပျောက် ၍သွားသွားလေ၏ ။ သို့သော်လည်း ဒီခါးပိုက်နှိုက်ကိုတော့ ငါတစ်နေ့နေ့၌ မတွေ့ဘဲမနေဘူး ။ တွေ့ရင် ပါးရိုက် မယ် ဟူ၍သာ ကြံစည်၍ နေလေသတည်း ။
တစ်နေ့သ၌ မယ်တင်နှင့်အတူ ဘုရားကိုသွားကြလေ၏ ။ ဘုရားဖူးပြီးနောက် အထမှာ အပါး၌ ဖြတ်၍သွားသော ယောက်ျားပျိုတစ်ယောက်ကို ခင်အေးမြင်ရသဖြင့် သေချင်းဆိုး ၊ ငါ့ကိုလည်း သင်း အားရပါးရဖက်နမ်းသေးရဲ့ ။ ငါ့ငွေအိတ်ကိုလည်း ယူသွားသေးရဲ့ ။ ငါ ဒီကနေ့ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ သင်းကို ချမ်းသာမပေးဘူး လူထဲမှာမှ အရှက်ခွဲ မယ်ဟု ပြောကာ မယ်တင် ကို ထားခဲ့ပြီး ကောက်ကောက် ပါအောင် လိုက်၍ သွားလေ၏ ။
မယ်တင်က ... " ဟိုကောင်မက ညည်းဘယ်လင်နောက် လိုက် မလို့လဲ ။ လင်နဲ့ တွေ့သလား ”
“ အေး ။ ... ညည်းဒီမှာအသာနေစမ်း ၊ ငါအခုပဲ လာမယ် ။ ဟိုခွေးသားကို ... " ဟုပြောကာ ထဘီကိုပြင်၍ဝတ်ပြီး လိုက်သွားလေ၏ ။
မယ်တင်က အလို လက်စသတ်တော့ သူ့မှာ လင်နဲ့ပါကလားဟု တွေးတောကာ အံ့ဩ ပြီး ငေးမောလျက် ကျန်ရစ်လေ၏ ။
ခင်အေးသည် ယောက်ျားပျိုနောက်သို့ သုတ်သီးသုတ်ပျာလိုက်၍ သွားသောအခါ အင်္ဂဝိဇ္ဇာဆရာကြီးတစ်ယောက်က “ ဟဲ့ကလေးမ ဘုရားပေါ်မှာ ဆူဆူပူပူမလုပ် ကောင်းဘူးလဟဲ့ ၊ ကိုယ့်လင် ကိုယ့်သား အိမ်ရောက် မှ ဖျားယောင်းပြောတာပေါ့ ” ဟု ပြောလေရာ ။ ထိုစကားကိုကြား လျှင် နောက်သို့ လှမ်းကြည့်ပြီး ခင်အေးကိုမြင်လျှင်မြင်ခြင်း ၊ အံ့အားသင့်ကာ ပြုံးပြီး အမယ်လေးကွယ် ၊ ငါ မင်းကို လိုက်ရှာတာ ဘယ်နေရာမှာမှ မတွေ့ဘူး ။ မင်းအဒေါ်ဆိုတာလဲ မေးလို့ မရဘူး ။
ရှင့်ကို ဘယ်သူကမှ ရှာဖို့ မခိုင်းဘူး ။ ရှင်ဘာကောင်းတဲ့ လူလဲ ။ ကျွန်မကို ..
အိုကွယ် ... ဒီလိုမပြောပါနဲ့ ။ မင်းကို အဟုတ် ချစ်လို့ပါကွာ ။ ကြောရအောင်ကြံပြီး တမင်ရှောင်တာ မဟုတ်ပါဘူး ။ ငါလိုက်ပြီးရှာတာ အမှန်ပါ ။ မယုံရင် ပုဇွန် တောင်တစ်ရပ်လုံးကို မေးကြည့်ပါ ။
ရှင် ရှည်မနေပါနဲ့ ။ ရှင့်ဉာဏ်တွေကို သိပါတယ် ။ ကျွန်မကို ထပ်ပြီး တစ်ပတ်ရိုက်လို့မရဘူး ။
ယောက်ျားပျို ။ ။ ဘာဖြစ်တာလဲကွယ် ။ ငါကတော့ မင်းကို တစ်နေ့မှ မမေ့ဘူး ။ မင်းကတော့ တွေ့ တွေ့ချင်းရန်တွေ့လိုက်တာ ။ ငါတမင်ရှောင်နေတယ် ထင်လို့လား ။
ခင်အေး ။ ။ ကျွန်မ ငွေ ၅ဝိ/- ပြန်ပေးပါ ။ ကျွန်မဘယ်လိုဖြစ်ပြီး ပြေးလာရတယ်ဆိုတာ ရှင်အသိသား နဲ့ ။ ကျွန်မငွေ ၅ဝိ/- ကို ချစ်ချင်ဟန် ၊ ကြိုက်ချင်ဟန်ဆောင် ပြီး အိတ်ထဲက နှိုက်ယူလိုက်တာ ဘာကောင်းသလဲ ။
အလို ... အို ၊ ဘယ်ကငွေ ၅ဝိ/ လဲ ။ ငါ ရန်ကုန်မြို့မှာ တိုက်အလုံးနှစ်ဆယ် ပိုင်တဲ့လူကွဲ့ ။ မင်းငွေ ၅ဝိ/- ကို ငါ ဘာလုပ်ရမှာလဲ ။
ရှင်တို့ ရန်ကုန်သားတွေဟာ ဒီလို ကြွားလုံးမျိုးတွေ နဲ့ ကြွားနေတာပဲ ။ ရှင် ကျွန်မငွေ ပြန်မပေဘူးလား ။ ကျွန်မ သူဆင်းရဲပါဟု ၊ လူမကြားအောင် ခပ်တိုးတိုးပြော လေ၏ ။ အကြောင်းမူကား ထိုယောက်ျားပျိုကို လူထဲမှာ အရှက်ခွဲမည်ဟု ကြံစည်သော်လည်း မျက်နှာကိုမြင်သော အခါ အရှက် မခွဲနိုင် အချစ်က ပိုင်၍လာလေ၏ ။
ဘယ့်နှယ့် ငွေ ၅ဝိ/- လဲကွယ့် ပြောစမ်းပါဦး ။ မင်း လိုချင်ရင် ငွေငါးဆယ် မဟုတ်ဘူး ၊ တစ်ထောင်ပေး နိုင်ပါတယ် ။ အခု ဘယ်မှာ နေသလဲ ။
ကျွန်မ ဘယ်မှာနေနေ ရှင်နဲ့ မဆိုင်ဘူး ။ ရှင့်ငွေတစ်ထောင်လဲ ကျွန်မ မလိုချင်ဘူး ။ ကျွန်မ ဆင်းရဲနေ တယ် ။ ကျွန်မငွေ ၅ဝိ/- ကိုသာပေးပါ ။
ထိုအခိုက်တွင် မယ်တင်ရောက်လာပြီး ဟဲ့ ကောင်မ ညည်းဘာလာပြီး ရန်တွေ့နေတာလဲ ။ မရှက်ဘူးလား ။ ဘယ်ကလဲ ၊ ညည်းနဲ့ ဘာတော်သလဲ ။ လာ သွားမယ်ဟု ဆိုကာ လက်ကိုဆွဲလေ၏ ။ ယောက်ျားပျိုလည်း ရှက်ကိုးရှက်ကန်းနှင့် ပြုံးရယ်ကာ ပြန်ကြည့် ပြန်ကြည့်နှင့် ထွက်သွားလေရာ ။ ၄င်းတို့နှစ်ယောက် ပြန်၍သွားကြလေ၏ ။ ခင်အေး သည်ကား မယ်တင် မေးသော်လည်း အကျိုးအကြောင်းကို ပြော၍မပြဘဲ တစ်နည်းနည်းအားဖြင့် လှည့်ပတ်၍ ပြောလိုက်လေ၏ ။
ထိုနေ့ည ခင်အေးမှာ အိပ်၍မပျော်ဘဲနေလေ၏ ။ သူ ခါးပိုက်နှိုက်ပါပဲ ။ လူကောင်းတော့ မဟုတ်ဘူး ၊ တိုက် အလုံး ၂၀ - ရှိသလေး ဘာလေးနဲ့ ငါ့ ကို ကြွားတာပါဟု ။ အတန်တန် တွေးသော်လည်း ရထားပေါ်၌ နွေးနွေးကလေး အပွေ့ခံခဲ့ရသော အရှိန်ကို မမေ့နိုင်သဖြင့် အချစ်နှင့်ဒေါသမှာ လွန်ဆွဲ၍ နေကြလေ၏ ။
နောက် တနင်္ဂနွေတစ်ပတ်ခန့်ကြာ၍ သွားလေ၏ ။ ယခု ဖွင့်စဖြစ်သော ရွှေတိဂုံဘုရား အနောက်စောင်းတန်း ဘက်သို့ ခင်အေး နှင့် မယ်တင် သွားကြလေရာ ။ တစ်ဖန် တစ်ခုသောနေရာ ချောင်အကွေ့တွင်ထိုင်ကာ မောဟန်နှင့် မျက်နှာကိုလက်ကိုင်ပဝါနှင့် ရပ်၍နေသော ယောက်ျားကို မြင်ပြန်သဖြင့် ခင်အေးက ဟိုခါးပိုက်နှိုက် ၊ မအေ... ကို တွေ့ပြန်ပြီဟု ပြောကာ ။ မယ်တင်အား ညည်း ဒီမှာ နေရစ်ဦး ။ ငါအခုပဲလာမယ် ။ အရင်တစ်ခါလို လိုက်လာရင် ညည်းနဲ့ငါ သိရရော့မယ်ဟု ပြောပြီး သွားလေ၏ ။ မကြာမီ ယောက်ျားပျို၏ရှေ့တွင် စုံရပ်ကာ မျက်နှာကို ကြည့်လေ၏ ။ ယောက်ျားပျိုသည် ထိုင်ရာမှ ပြုံးရယ်ကာထပြီး မင်းငွေ ၅ဝိ/- ရပလားဟု မေလေ၏ ။
ရှင် ကျွန်မကို ပြောင်စရာမဟုတ်ပါဘူး ။ သက်သေ မရှိလို့ ဘာမှမတတ်နိုင်ဘူးထင်ပြီး ပြန်လှောင်တာလား ဟု ပြောလေရာ ယောက်ျားပျိုသည် ဣေန္ဒြနှင့် မျက် မှောင် ကြုတ်ကာ ဆင်ခြင်၍ နေလေ၏ ။ ထိုအခါ ခင်အေး မှာ သနားသလိုဖြစ်ပြီး ၊စကားဆက်၍ မပြောဘဲ ၊ အတန်ကလေး ကြာကြာနေပြီးမှ ရှင့်ကို ကျွန်မ စိတ်ဆိုးတယ် ။ နို့ပေမယ့် မှားပါပြီ ၊ နောင်ဒီလိုမလုပ်ပါဘူးလို့ ဝန်ချရင် ကျွန်မ ခွင့် လွှတ်မယ် ။ ငွေ ၅ဝိ/- လောက်ဟာ ကျွန်မမှာ ဘာမှ အရေးမကြီးဘူး ။ အခု ကျွန်မ ဆေးလိပ် လိပ်လို့ တစ်နေ့ သုံးမတ် - တစ်ကျပ်ရတယ် ။ ကိုယ်တစ်ယောက်တည်း စား လောက်ရုံ မကပါဘူး ။ လူတစ်ယောက် အပိုတောင် လုပ်ကျွေးနိုင်ပါသေးတယ်ဟု မခံချင်အောင် ပြောလေ၏ ။
ဒီလိုဖြင့် မင်းဘယ်သူ့ကို လုပ်ကျွေးမလို့ ကြံတာ လဲ ။
ဘယ်သူ့ကို လုပ်ကျွေးကျွေး ရှင့်အရေးမဟုတ် ပါဘူး ။ နောင် ဒီလို ခိုးလားဝှက်လား ခါးပိုက်နှိုက်လား အလုပ်တွေကို မလုပ်ပါဘူးလို့ ကတိထားရင် ရှင့်ကို ကျွန်မ အခွင့်လွှတ်မယ် ။
ယောက်ျားပျိုက ဝမ်းနည်းသောအမူအရာဖြင့် ၊ ကောင်းပါပြီကွယ် ၊ ထားပါတယ် ၊ နောင်မလုပ်တော့ပါ ဘူး ။ နို့ .. မင်းငွေ ၅ဝိ/- က ဘယ်လို ပျောက်တာလဲ ။
ရှင်မသိဘူးလား ။
မသိလို့ပါ ။
ရှင် နောင်တရတာ မဟုတ်သေးပါဘူးဟု ဒေါသနှင့် ငွေပျောက်ပုံကိုပြောပြပြီး ကျွန်မက ကျွန်မကို တကယ်ချစ်တယ်ထင်လို့ ဟိုတုန်းက ခံလိုက်တာပါ ။ အခုမှ ကျွန်မအိတ်ထဲကငွေကို နှိုက်ချင်လို့ ဉာဏ်ဆင်မှန်းသိရပါတယ် ဟု မျက်ရည်လည်လည်နှင့် ပြောလေ၏ ။
ထိုအခါကျမှ ယောက်ျားပျိုက ... မင်း သားရေသေတ္တာကို သေသေချာချာ ကြည့်ရဲ့လား ။ မီးရထားပေါ်မှာ မင်း သက္ကလပ်အင်္ကျီ ထုတ်ဝတ်တော့ ပဒုမ္မာအကျီထဲက သားရေအိတ်တစ်ခုကို သားရေသေတ္တာထဲက အဝတ်တွေ အောက် မှာခင်းထားတဲ့ ကပ်ထူစက္ကူကြီးအောက် မှာထည့်လိုက်တာ ငါမြင်လိုက်ရတယ် ။ သေသေချာချာ ရှာကြည့်ပါဦး ။ ရှာလို့တွေ့ရင် ။ နက်ဖြန်ခါ ဒီအချိန်မှာ ဒီနေရာလာပြီး ငါ့ကိုပြောပါ ။ ငါ စိတ်မကောင်းဘူးဟု ပြောလေ၏ ။
နောက်နေ့ ထိုအချိန်၌ ခင်အေးသည် သားရေသေတ္တာ၌ ငွေအိပ်ကိုတွေ့ရသဖြင့် အားရဝမ်းသာ ၊ ထို အချိန်၌ တစ်ကိုယ်တည်းရောက်လာပြီး ယောက်ျားပျိုအား မျက်ရည်များနှင့် တောင်းပန်လေရာ ယောက်ျားပျိုက ခင်အေးကို ပွေ့ယူပြီး အခွင့်ပေးကြောင်းကို ပါးစပ်ဖြင့် နားသို့ မပြော ၊ နှုတ်ခမ်း ၊ နှာခေါင်းဖြင့် ပါးသို့ပြောပြီးနောက် ကားကြီးတစ်စီးပေါ်သို့ နှစ်ယောက်သား ရောက်သွားကြလေရာ ၊ ညဉ့်နာရီပြန် နှစ်ချက် ထိုးမှ ယောက်ျားပျို တစ်ယောက်တည်းနေသော တိုက်ခန်းကြီးထဲသို့ ရောက်သွားကြလေ၏ ။
နောက်တစ်နေ့ ခင်ေအးသည် မယ်တင်အား ဆေးပြင်းလိပ် လိပ်သောအလုပ်မှ အငြိမ်းစားပင်စင်ယူရန် လာ၍ ခေါ်ပြီး မိမိ၏ညီမအဖြစ်နှင့် အိမ်၌နေလေသတည်း ။
ကိုညွန့် ၊ ရှင် ကျွန်မကို ဘာမှန်း ညာမှန်းမသိဘဲ နဲ့ ဘာပြုလို့ ယူရသလဲဟု မောင်ညွန့်၏ ရင်ခွင်၌နေစဉ် ခင်အေးက မေးလေရာ မောင်ညွန့်က ငါဘယ်အလုပ်မှ လုပ်စားဖို့မလိုဘဲလျက် ဘီအေအောင်အောင် ပညာသင်ခဲ့တာ အဘယ်အတွက်လဲ ၊ မင်း ဦးခေါင်းနဲ့ မင်းမျက်နှာကို မြင်လျှင်မြင်ချင်း ရဲရင့်တင်းမာ ကောင်းမြတ်တဲ့ လက္ခဏာ တွေကို သိဖို့ရန် သင်ခဲ့တာပါ ။ ပတ္တမြားကျောက်အကြောင်း ကို သိတဲ့လူပါ ။ ပတ္တမြားအစစ်မှန်က သင်းကျစ်သရဖူမှာ မဟုတ်ဘဲ တောထဲမှာတွေ့ရစေကာမူ ချက်ချင်းသိနိုင်တဲ့ သတ္တိရှိပါတယ် ။ ပတ္တမြားခင်ရယ် ။ မသိလို့ ချစ်တာမဟုတ် သိလို့ချစ်ရတာပါဟု ပြောကာ ခင်အေး၏ ပတ္တမြားသွေး နှုတ်ခမ်းကလေးကို စုတ်နမ်းကာ ၊ ထွေးရစ်ပတ်ယူ သိမ်းပိုက် လိုက်လေသတည်း ။
◾ ပီမိုးနင်း
https://koaungnaingoo.blogspot.com
.
No comments:
Post a Comment