Wednesday, November 18, 2026

မီးပုံးပျံ ... ပျံမပျံ


❝ မီးပုံးပျံ ... ပျံမပျံ ❞ 
  ▢ ပိုင်ဒွေး ( သင်္ချာ )

၁။

ကျုပ် လုပ်ငန်းခွင်ထဲ ရောက်တာ နှစ်နှစ်ဆယ်ကျော်ပြီ။ ဒီအလုပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူး။ အခြား ဘာကော်မတီ၊ ညာကော်မတီက လုပ်ငန်းနဲ့ ဆက်စပ်သေးတယ်။ ခုဟာက အစိမ်း သက်သက်ကြီး။ ပြင်ပ တာဝန်ပေါ့ဗျာ။ ပေးလာတော့လည်း လုပ်ရတော့မှာပေါ့။ ငြင်းလို့ မရတာထက် ကိုယ့်သိက္ခာတရားက ရှိသေးတယ်။ လူလတ်ပိုင်းမို့ သွက်လက်တာကိုပဲ ကြည့်ကြသလား၊ အပင်ပန်းခံနိုင်မှုကိုပဲ တွက်ဆထားသလားတော့ ကျုပ်လည်း စဉ်းစား မရဘူး။ ဥက္ကဋ္ဌ တာဝန်က ခေါင်းပေါ် ရောက်လာတော့တာပဲ။ အဲဒါအပြင် ဒိုင်ချုပ် ဆိုတာကိုလည်း ပူးတွဲ အပ်နှင်းလိုက်ပါရော။ ကဲ...မခက်ပေဘူးလား။

“ကိုယ့်ညီ ဘာမှ မပူနဲ့၊ ကိုယ်တို့ ရှိနေတာပဲ”

ကျုပ် စိုးရိမ်နေတာ ဒါမှမဟုတ် မျက်နှာငယ်လေး ဖြစ်နေတာကို သိသွားသလား မဆိုနိုင်ဘူး။ ညှိနှိုင်း အစည်းအဝေးမှာ အာပေါင်အာရင်း သန်သန်နဲ့ ပြောသွားတဲ့ လူက အားပေးရှာတယ်။ကျုပ်လို ဥက္ကဋ္ဌကို ပြောတဲ့သူ ဆိုတော့ လူကြီး ဒီဦးစီးကော်မတီက တစ်ယောက်ပဲ ဖြစ်မှာပေါ့။ နောက်မှ သိလိုက်ရတာက သူ့နာမည် ဦးကိုကျော်ဌေး၊ ဘုရားလူကြီး။ အစဉ်အဆက် ပွဲလုပ်လာတဲ့သူ။ သူနဲ့ ရင်းနှီးသွားတဲ့ နောက်ပိုင်းမှာ သူ့ကို ကိုကို လို့ပဲ ခေါ်တော့တယ်။

ဘုရားပွဲက အဝေးကြီး လိုသေးတာ။ လုပ်လိုက်ရတဲ့ အစည်းအဝေးတွေ။ ကြိုတင်ပြင်ဆင်ခြင်းကလည်း ပြင်နေတုန်းပဲ။ ကြော်ငြာကိစ္စ။ သီချင်းကိစ္စ၊ ပွဲလေလံကိစ္စတွေ၊ နေရာချထားခြင်းတွေနဲ့ ရှုပ်နေတာပဲ၊ ဓာတ်ပုံပြိုင်ပွဲဝင်ဖို့၊ ပြိုင်နေတုန်း တိုက်ရိုက် အသံလွှင့်ဖို့၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွေနဲ့ အစီအစဉ်ဆွဲနေကြတာ မိခင်လုပ်ငန်းတောင် လစ်ဟင်းချင်တယ်။ ဒီနေ့လည်း အစည်းအဝေးက ရှိနေပြန်ပြီ။ အထကကျောင်းမှာ။ ပွဲစဉ်ဇယား ရေးဆွဲနိုင်ဖို့နဲ့ ပြိုင်ပွဲဝင် အသင်းတွေ မဲနှိုက်မယ့်ကိစ္စပေါ့။

ကျုပ်ကသာ စိတ်တွေ ညစ်နေတာ။ ကိုကို ဆိုတဲ့ လူကြီးက အားတက်သရောပဲ။ တခြား ကော်မတီတွေလည်း ရှိပါရဲ့။ ကျုပ်လောက် မများမရှုပ် သလိုပဲလေ။

••••• ••••• •••••

၂။

မဆိုးပါဘူး။ ပြောကြည့်လေ ရင်ထဲပေါ့သွားတာပေါ့လို့ ခေတ်သုံးစကားအရ ကျုပ် ပြောကြည့်ချင်တယ်။ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဒိုင်ချုပ် ဆိုတဲ့ ဂုဏ်ပုဒ်က မနည်းဘူး။ တချို့ ပြိုင်ပွဲဝင်မယ့် အသိတွေက “ဒိုင်ချုပ်ကြီး ကျွန်တော်တို့ကို အမှတ်ပို့ပေးနော်” တဲ့။ ကော်မတီဝင်တွေအားလုံး အနွေးထည်အင်္ကျီ ရတယ်။ ခေါင်းစွပ် ရတယ်။ အဲဒါထက် ပိုရတာက ကုသိုလ်ပေါ့ဗျာ။ ပွဲကိစ္စနဲ့ ပတ်သက်ပြီး ကိုကိုနဲ့ အတူ ပြင်ဆင်တဲ့ နေရာ ရောက်သလို ဘုရားဆီကိုလည်း မကြာမကြာ ရောက်ဖြစ်တယ်။ ဒေသခံတွေက “ပြည်ချစ်” ဘုရားလို့ ခေါ်ကြသလို “မဟာအံ့ထူး ကံသာ ဘုရား” လေ။ ကျုပ်တို့ ပြင်ဦးလွင်ရဲ့ လားရှိုးလမ်း အထွက်ဘက်မှာ ရှိတယ်။

နှစ်စဉ် တန်ဆောင်တိုင်မှာ ကျင်းပတဲ့ပွဲ။ လူသိများ လာပြီး တစ်နှစ်ထက် တစ်နှစ် ပို စည်ကားလာတယ်တဲ့။ နိုဝင်ဘာလ ချမ်းချမ်းစီးစီးထဲမှာပေါ့။ ကျုပ်ကို ဝိုင်းကူညီမယ့် သူတွေကလည်း အတွေ့အကြုံ ရှိပြီးသားမို့ အစောပိုင်းကလို ကျုပ် စိတ်မပူတော့ဘူး။ ကျုပ်လည်း အတော်အတန် လိပ်ပတ်လည်နေပြီ။ ကျုပ်နဲ့အတူ တွဲဖက်ဒိုင်ချုပ် ရှိတယ်။ အပေါ်ဒိုင်၊ အောက်ဒိုင်တွေ ရှိတယ်။ အမှတ်ပေးစည်းမျဉ်းတွေလည်း ရှိပြီးသား။ ပြိုင်ပွဲဝင်ပွဲစဉ်ဇယားလည်း ထွက်ပြီလေ။ ကျုပ်က ကြီးကြပ်ရုံပဲရှိတော့တာ။ ထူးခြားတာကတော့ ပြိုင်ပွဲဝင် အသင်းတွေရဲ့ စည်းကမ်းရှိမှု၊ ဖျော်ဖြေမှုအတွက် အမှတ်ပေးတာ ရှိသလို ဒိုင်ချုပ်ရဲ့ သီးသန့် အမှတ်ပေးမှုလည်း ရှိတယ်။ ခုမှ သတိရတယ်။ ကျုပ်ကို ဥက္ကဋ္ဌပေးတာ သမာသမတ်ကျတဲ့ ဥပဓိရုပ် ရှိတယ်လို့ ထင်ပါရဲ့။

တာဝန်ရှိနေတော့ ကျုပ် ပွဲခင်းဘက် စောစောထွက်လာလိုက်တယ်။ လမ်းမှာဗျာ လူတွေ သွားနေလိုက်ကြတာ ကိုယ့်ထက် စောနေရဲ့။ ကားတန်းကလည်း ရန်ကုန်မှာ လိုပဲ။ ဆိုင်ကယ်တွေလည်း ပေါပါ့ ။ တော်သေးတာပေါ့။ ကိုယ်က ဥက္ကဋ္ဌဆိုတော့ သီးသန့်နေရာလေးက ဝင်ခဲ့ရ တာ။ ကားပေါ်က ယာဉ်ဝင်ခွင့်လက်မှတ်ကြောင့်လည်း ပါမှာ ထင်တယ်။ ဟင်...လူတွေတောင် တော်တော် စုံနေပြီပဲ။ ‘ပြင်ဦးလွင်မီးပုံးပျံပွဲတော်’  စာသားပါ သီချင်းကလည်း မြိုင်လို့။ ကွင်းထဲမှာ အသင်းတွေ နေရာယူနေကြပြီ။ လေကာကုန်းဘက်က ကြော်ငြာတွေ၊ နာရီစင်၊ မြင်းလှည်းပါတဲ့ လိုဂိုတွေ၊ အယ်လ်အီးဒီဘုတ်နဲ့ မီးဆိုင်းတွေက လှနေတာပဲ။ ကျုပ်ဖြင့် တစ်ခါမှ မကြုံဖူးဘူး။ အရှေ့ဘက်ကုန်းမှာ ထင်းရှူးတောနဲ့ ခါတော်မီပင်တွေကလည်း မြင်ကွင်းကို ပြည့်စုံစေတယ်။ လလည်း ထွက်လာပြီလေ။

ကျုပ် သတိထားမိတာက ကြေညာပေးနေတဲ့ လူ။ ပြောလိုက်တာမှ မိုက်ကို မချဘူး။ တီးလုံး နားလိုက်၊ သူက ပြောလိုက်နဲ့ နားတောင် ငြီးရဲ့။ ပုံတိုပတ်စ၊ သမိုင်းကြောင်း၊ အမွှမ်းတင်စကားတွေနဲ့ ထိန်းနေတာ။ စကားများတဲ့ ကိုကို တောင် အနားမကပ်ရဘူး။ အစီအစဉ် စ, တော့မှပဲ သူ့မိုက်ကို ချပြီး ရေသောက်တော့တယ်။

“ခုချိန်က စပြီး မီးပုံးပျံပွဲတော်အား ကျွန်ုပ် ဖွင့်လှစ်လိုက်သည်” လို့ လူကြီး တစ်ယောက်ရဲ့ ကြေညာလိုက်သံနဲ့အတူ အရှေ့ဘက်က မီးရှူးမီးပန်းတွေ တစ်လုံးပြီး တစ်လုံး ထွက်လာတယ်။ ကွင်းထဲကလည်း မီးပုံးငယ်လေးတို့ လွင့်တက်လာတယ်။ ပရိသတ်ကလည်း တဝေးဝေးနဲ့။ အိုးစည်သံတွေလည်း ထွက်လာတယ်။

“ပရိသတ်ကြီး ခုဆိုရင် တိမ်ပန်းချီ မ,လာတဲ့ အရှေ့ ကောင်းကင်မှာ လမင်းနဲ့ အလှချင်းပြိုင်နေတဲ့ ရောင်စုံမီးပန်းတွေဟာ သူလှတယ်၊ ငါလှတယ်နဲ့ အပြိုင်ကြဲနေကြပါပြီ။ မီးပုံးလေးတွေ လူးလွန့်နေပုံကလည်း လေလှိုင်းစီးနေသလိုပါပဲ။ ကျွန်တော်တို့ရဲ့ မီးပုံးပျံပွဲဟာ မင်္ဂလာအောင်စည်တော် ယွန်းပြီး လှည်းယဉ် စီးလာတဲ့ တန်ဆောင်တိုင် မင်းသမီးနဲ့အတူ ပါဝင်ဆင်နွှဲတော့မှာမို့... ပရိသတ်ကြီး”

“ဝေး...”

“လက်ခုပ်လေးနဲ့ ချီးမြှင့်ကြရအောင်လား”

အပေါ်နဲ့အောက် အပေးအယူ မျှသား။ တိုင်ပင် ကိုက်ထားသလိုပဲ။ အဲဒီလူ ဘယ်တော့ကတည်းက မိုက်ကို ကောက်ကိုင်လိုက်လဲ မသိဘူး။ ကျုပ် ဒိုင်ချုပ်တောင် မသိလိုက်တာ။ ဒါပေမဲ့ သူက အားရပါးရ ပြောနေ၊ ပရိသတ်နဲ့ အတိုင်အဖောက် ညီနေတော့ သည်းခံရမှာပေါ့။ သူ့လို နောက်တစ်ယောက်က ဝင်ပြောတော့လည်း သူ့လောက် မကောင်းပြန်ဘူး။

••••• ••••• •••••

၃။

ပြိုင်ပွဲက ငါးရက်။ ပထမညမှာ ညမီးကျည် မီးပုံးပျံအမျိုးအစား၊ ယမ်းဆိုင်းဟာ ပွဲကြည့်စင်နား ပြတ်ကျလို့ ထ,ပြေးရသေးတယ်။ တချို့ဆို ပွန်းပဲ့ဒူးခေါင်း ကွဲလို့။ လူက များတော့ ဝရုန်းသုန်းကား ဖြစ်တယ်။

“ပရိသတ်ကြီး မကြောက်ကြပါနဲ့ခင်ဗျာ၊ မီးပုံးပျံက သံယောဇဉ်နဲ့ နှုတ်ဆက်တာပါ။ အန္တရာယ် မရှိပါဘူး။ ကျီစားရုံလောက်ပါ။ လူတွေတောင် ခြေမခိုင်တာ ယမ်းဆိုင်းကလည်း ဖြစ်တတ်တဲ့သဘောကို သက်သေပြသွားတာ ကြည့်ပါဦး၊ မြေပြင်မှာ လျှပ်ပန်းတွေ စီးဆင်းနေသလိုပဲ။ ဟုတ်တယ် မဟုတ်လား ပရိသတ်ကြီး”

“ဝေး...”

“ဟုတ်တယ်ဆိုရင် လက်ခုပ်သံလေး”

စံပါပဲဗျာ။ သူ့အသံကို ရင်းနှီးနေကြတာ။ ရှာရှာဖွေ ဖွေ ပြောနိုင်တဲ့သူ။ ရယ်တဲ့သူက ရယ်၊ ရွဲ့တဲ့သူက ရွဲ့နဲ့။ အဲဒီ ညမှာ သန်းခေါင်ကျော်မှ အိမ်ပြန်ရတယ်။ မအိပ်ဖြစ်ပါ ဘူး။ နားထဲမှာ အသံတွေနဲ့ဗျာ။ အိပ်ရာထက်ထိ လာနှိပ် စက်တယ်။

ဒုတိယညမှာတော့ သာသာယာယာပါပဲ။ လ,ကလည်း အရောင် ပိုတောက်လာတယ်။ ကျုပ်တို့ဆီမှာက မီးပုံးပျံ အရေအတွက်က တောင်ကြီးထက် စာရင် နည်းနေတော့ အချိန်ယူပြီး လွှတ်ရတာပေါ့။ စိန်နားပန် နှစ်လုံး လွှတ်လိုက်၊ ညမီးကျည် တစ်လုံး လွှတ်လိုက်နဲ့ ပွဲကို ထိန်းထားရတာလေ။

“ပရိသတ်ကြီးရေ ကြည့်စမ်းပါဦးဗျာ၊ မိန်းကလေးတွေရဲ့နားမှာ စိန်နားကပ်တွေ ပန်ဆင်ထားသလိုနဲ့ ကျွန်တော်တို့ရဲ့ စိန်နားပန် မီးပုံးဟာလည်း ကြော့မော့ လှပနေပါပြီ။ တလက်လက် တောက်ပနေတဲ့ မီးပုံးငယ်လေးတွေဟာလည်း တကယ့် စိန်အစစ်ပင်လား အောက်မေ့ရပါတယ်။ တစ်မူပိုတဲ့ မိန်းမပျိုလို မကြာမီမှာ ကောင်းကင်ထဲ တေးဆိုပါတော့မယ်။ ပရိသတ်ကြီး ဟုတ်ပါလား”

“ဝေး...”

အအေးတောထဲ ကနေ ဖြတ်လာရပြီး အိမ်ရောက်တဲ့ အထိ မနွေးနိုင်တဲ့ ကိုယ်ဟာ အသံတွေကြောင့် ပိုပြီးတော့ တောင် တုန်ခါနေရဲ့။ သည်လို ညမျိုးတွေ အခါတစ်ရာ မက တွေ့ရရင်တော့ ဒုက္ခ။ ကျုပ်မှာလည်း နေ့၊ ည မှားချင်ပေမဲ့ နေ့တာဝန်က ရှိသေးတယ်။ တတိယနေ့ခင်းမှာ ကျုပ် ပွဲခင်းဘက် သွားရတယ်။ နေ့အလှပြိုင်ပွဲ ရှိတယ်လေ။ ရုပ်ပုံမျိုးစုံနဲ့ လွှတ်ရတာ။ ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ နှစ်ကောင်အစု၊ သုံးကောင်အစု မီးပုံးငယ်တွေ ပုံသဏ္ဌာန်ဖော်ပြီး လွှတ်တယ်။ လှပတဲ့ အကောင်မှန် သမျှကို ဖန်တီးပြီး အကောင်းဆုံးဖြစ်အောင် အပြိုင်အဆိုင် လွှတ်ကြတာပေါ့။ ကြက်တူရွေးအမြီး မီးလောင်တာ ရှိသလို မြေပြင်မှာတင် နွားခေါင်း မီးစွဲတဲ့ အဖြစ် ရှိတယ်။ အဲဒီအဖြစ်ထက် ဆိုးတာက ကျုပ်ပါ။

ကျုပ် ကားလေး နောက်ဆုတ် ရပ်ဖို့ လုပ်တာ ကုန်းစောင်းပေါ်ကနေ ဘရိတ်လျှောပြီး ပွဲကြည့်စင် နောက်ကျော နံရံကို ဝင်ဆောင့်ပါလေရော။ စက်မှုဇုန်ဂျစ်ကားက မာသလားတော့ မမေးနဲ့။ ဆေးနည်းနည်း ပွန်းသွားတယ်။ ဒါပေမဲ့ အုတ်နံရံဟာ အက်ကွဲယိုင်နဲ့ပြီး အတွင်းဘက်ကို ပြိုကျပါလေရော။ အထဲမှာ ကြည့်နေတဲ့သူ ရှိရင် မတွေးဝံ့ဘူး။ ဆယ်ပေခန်း နှစ်ခန်း ပျက်စီးသွားတဲ့အား၊ ပလတ်စတစ်ထိုင်ခုံ လေးဆယ့်နှစ်လုံး ကျိုးသွားတဲ့အားက ဘယ်နည်းပါ့မလဲ။ ကျုပ်ဖြင့် ရင်တွေပန်းတွေ တုန်လို့။ လူတွေ မထိခိုက်တာရယ်၊ ဟို လူ မရှိတာရယ်ကြောင့် ခံသာသွားတယ်။ နောက်ဆို...။

“ဟုတ်ကဲ့ခင်ဗျာ၊ ခုဆိုရင် ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဒိုင်ချုပ် ဦးမျိုးအောင်ရဲ့ တစ်တော့ပ်စက်မှုဇုန်ထုတ် ဂျစ်ပုလေးဟာ အသွားမတော် တစ်လိမ့်၊ အတိုက်မတော် နံရံ ဆိုတဲ့အတိုင်း မိတ်ဆက် အပြီးမှာ ထုံးနဲ့ ဖြုန်း ရောစပ် တည်ဆောက်ထားတဲ့ အထူးတန်းပွဲကြည့်စင်ကို ကားနောက်ဖင်နဲ့ အသာတို့လိုက်တာ ဝုန်းခနဲ ပြိုကျ၊ အုန်းခနဲ ကွဲပါလေရောဗျာ။ ရုန်းခနဲ ဖြစ်မသွားပါနဲ့ ပရိသတ်ကြီး”

အဲဒီလို ထ,ပြောရင် ဒုက္ခပဲ။

ဒိုင်လုပ်တဲ့ ကျုပ် ဘဝမှာ ဒီတစ်ခါ အလျော်အစား ကြီး သွားတယ်။ စဉ်းစားကြည့်ပါဦး။ အုတ်နံရံတဲ့ဗျာ။ လေကာ ရုံ အဖြစ်လေးပဲလား မသိဘူး။ ကျုပ် လက်ကလေးနဲ့ အကွဲ အစတွေကို ခြေကြည့်တယ်။ အမှုန့် ဖြစ်သွားလေရဲ့။

••••• ••••• •••••

၄။

လပြည့်ည အစည်ဆုံးပဲဗျာ။ ကြိတ်ကြိတ်တိုးထက် ပိုတယ်။ အားလုံး မျှော်လင့်ကြည့်ချင်တာက စုစုစည်းစည်း ရှိပြီး အဆန်းတကြယ် ဖန်တီးလေ့ရှိတယ်၊ နာမည်ကြီးတယ် ဆိုတဲ့ “မြန်မာပြည်သား” မီးပုံးပျံပဲ။ ကွင်းထဲကို အရင် ဝင်လာတာက မြင်းရယ်၊ စစ်သူကြီးဝတ်စုံရယ်၊ လှံရယ်နဲ့ လူ။ မြင်းကို ပတ်ပြီး ပြေးခိုင်းနေတုန်း ပွဲကြည့်စင်ပေါ်က “မြန်မာပြည်သား” သီချင်းကို လွှင့်ထားပေးတယ်။ ကျုပ်ဖြင့် ကြည့်ရတာ ဇာတိမာန်တောင် ကြွသွားသလိုပဲ။

“ပရိသတ်ကြီး အစဉ်အလာရ လပြည့်ညမှာ မြန်မာပြည်သားအသင်းဟာ မြင်းခင်းသဘင်နဲ့အတူ ကွင်းအတွင်း လှမ်းလာခဲ့ပါပြီ။ ယမ်းပိဿာချိန် အများဆုံးနဲ့ မှိုင်းခံစက္ကူသုံးပြီး လွှတ်တင်မယ့် မီးပုံးပျံကြီးဟာ မကြာမီ နတ်ဘုံဌာနီဆီ ပျံသန်းပါတော့မယ်။ မြန်မာပြည်သားအတွက် ပရိသတ်ကြီး...”

“ဝေး ...”

သူ မပြောနဲ့ ကျုပ်တောင် ရင်ခုန်လာပြီ။ လေက နည်းနည်း တိုးလာသလို မီးဆလိုက်ကြောင့် နှင်းမှုန်တွေပါ မြင်ရတယ်။ တက်ညီလက်ညီနဲ့ မှိုင်းတိုက်နေကြပြီ။ သီချင်းသံ၊ တီးလုံးသံများကို အဘက်ဘက်က ကြားနေရတယ်။ မီးပုံးကြီး ပတ်လည်မှာ အသင်းသားတွေက လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံ ကာထားကြတယ်။ မှိုင်းရည်ဝ,လာပြီး မြန်မာပြည်သားဟာ ရုန်းထ,လာတယ်။ ဘူးသီးပုံသဏ္ဌာန် အချိုးညီ၊ ရောင်စုံတွေ ခြယ်သ,ထားလိုက်တာ လက်ရာ တကယ်မြောက်တယ်။

“ပရိသတ်ကြီး မြန်မာပြည်သားဟာ ယမ်းဆိုင်းချိတ် ဆွဲပြီး ပရိသတ်ကို တဝကြီး ကြည့်ရအောင် သုံးရာငါးဆယ် ဒီဂရီလှည့် ပြနေပါတယ်။ ဆလိုက်မီးလေးထိုးပေးထားပါ”

ရော... ဒီလူနဲ့တော့ ခက်ပြီ။ ကမ္ဘာတစ်ပတ်ပြည့်ဖို့ ဆယ်ဒရီကို သူ ဘယ်မှာ ချန်ထားလဲ မသိဘူး။ သတိထားမိတဲ့သူတွေက ရယ်ကြပြီး သူ့ကို သတိပေးလိုက်တယ်။ ကိုကို ကလည်း သူ့ကို ကိုယ်တောင် မနိုင်ဘူးတဲ့။ ဪ... ဘုရားလူကြီးကို နိုင်တဲ့သူ ရှိသေးတာပဲ။

“ဟုတ်ကဲ့၊ ကျွန်တော် ပြောတာ သုံးရာ့ခြောက်ဆယ် မပြည့်လိုက်ပါဘူး။ မြန်မာပြည်သားက ပရိသတ်ကို ချစ်တဲ့ အနေနဲ့ ဆယ်ဒီဂရီ ပိုပြီး လှည့်ပြနေပါပြီ”

ဒါလည်း ကောင်းတာပဲ။ သူ့လောက်မှ ကျုပ်တို့ ညစဉ်ရက်ဆက် မပြောနိုင်တာ။ ဒီလူဗျာ၊ တန်ဆောင်မုန်း ရာသီကို နတ်တော်လ ကတည်းက ကြိုပြီး ကျင့်ထားသလား မသိဘူး။ ညမီးကျည်အမျိုးအစား၊ လွှတ်ခဲ့သမျှ အကြီးဆုံး မြန်မာပြည်သား မီးပုံးဟာ စ,တက်ပါပြီ။ တစ်ကွင်းလုံး အသံများ ဖုံးလွှမ်းကုန်တယ်။ တီးလုံး မြိုင်ဆိုင်စွာ ထွက်လာတယ်။ အပေါ်က အားပေး၊ အောက်က အားပေးနဲ့ ရသ,က အမျိုးမျိုး ပေးတယ်။

“ပရိသတ်ကြီးရေ ခုဆိုရင် မြန်မာပြည်သား မီးပုံးပျံဟာ အံ့မခန်းတဲ့ အသွင်နဲ့ မဟာ အံ့ထူးကံသာဘုရားကြီးကို ဦးခိုက်ဖို့ တက်သွားပါပြီ။ မီးပန်းတွေ လွှတ်ချနေပါပြီ။ ကြည့်ပါဦး၊ တိမ်သလ္လာကင်းစင်တဲ့ ကောင်းကင်မှာ တက်သွားပုံက ပြန်မလာတော့မယ့် ခရီးသည်တစ်ယောက် ယဉ်ကျေးစွာ နှုတ်ဆက်နေသလိုပဲ။ ပြောရင်းဆိုရင်း မီးရေတံခွန်တွေ၊ မီးပုလဲပေါက်တွေ၊ ခိုပျံတွေ လွှင့်ထုတ်နေပုံများက မိုးနတ်မင်းကြီးက ရွှေမိုး ငွေမိုး ကျောက်သံပတ္တမြားမိုးတွေ ရွာချပေးနေသလိုပဲ၊ ပရိသတ်ကြီး မြန်မာပြည်သား အတွက်”

“ဝေး...ဝေး”

တကယ်လည်း လှတယ်ဗျာ။ သူ့ အပြောကြောင့်လည်း ပိုလှသွားသလိုပဲ။ လူတွေအားလုံးက ကောင်းကင်ကို မော့ကြည့်ရင်း လက်ခုပ်တီး ဝမ်းသာအားရနဲ့။ ကျုပ် ကြည့်ခဲ့သမျှထဲမှာ အကောင်းဆုံး လုပ်ပြသွားခြင်းပါပဲ။ စိတ်ကူးထဲမှာ ဒိုင်ချုပ် အမှတ်လေး ပိုပေးမလား ဆိုပြီး တွေးနေတုန်း မီးပုံးပျံဟာ အမြင့်ကို ဆက်မတက်ဘဲ ဇာတ်ပွဲခင်းဘက် တဖြည်းဖြည်း ကျလာသလိုပဲ။ ခဏ အတွင်းမှာပဲ မြန်မြန်ဆန်ဆန် ပျက်ကျပါလေရော။

“ခုဆိုရင် မြန်မာပြည်သား မီးပုံးပျံဟာ ဇာတ်ပွဲထဲက ပရိသတ်ကို သွားနှုတ်ဆက်နေပါတယ်။ သူ ခင်တွယ်ရာ လူတွေ ကျန်သေးတာကြောင့် တဝကြီး နှုတ်ဆက်နေပါပြီ”

ဟိုမှာက ဝုန်းဒိုင်းကြဲပြီး ယမ်းတွေ ထ,ပေါက်ကုန်ပြီ။ အဲဒီ ပွဲရုံဘေးမှာ ဆိုင်ကယ်စတန်းက ရှိသေးတယ်။ ကျုပ် ကောင်းကောင်း နားလည်လိုက်ပြီ။ ဟိုလူက မိုက် မချသေးဘူး။

“ပရိသတ်ကြီး”

“ဝေး” လို့ ပြန်မအော်ကြတော့ဘူး။ ဘယ် အော်နိုင်တော့မလဲ။ ပြေးသူက ပြေးနေပြီ။

“ဟေ့လူ ခင်ဗျား စွတ်အော်မနေနဲ့၊ မီးသတ်ကားကို လှမ်းပြော၊ ဒီလောက် မီးလောင်နေတာ တွေ့လျက်နဲ့ နှုတ်ဆက်နေသေးတယ် လုပ်နေသေးတယ်”

ကျုပ် စိတ်အချဉ်ပေါက်ပြီး ငေါက်ပစ်လိုက်တယ်။ သူ့ မျက်မှန်ထူထူထဲကနေ မျက်လုံးငယ်သွားတာပေါ့ ။ ကျုပ်က ဥက္ကဋ္ဌ၊ ဒိုင်ချုပ်လေ။ ဒီမှာ ဆွဲဆုတ်ပစ်လိုက်လို့ ရတာပေါ့ ။

“ပရိသတ်ကြီး အဲ ယောင်လို့ မီးသတ်ကားများ အမြန်ထွက်ပေးပါ၊ လမ်းရှင်းထားပေးပါ ခင်ဗျာ။ မြန်မာပြည်သား ရင်ခွင် အေးမြဖို့ အတွက် ရေခွက်နဲ့ လောင်းပေးကြပါဦး၊ တတ်နိုင်သမျှ ကူညီကြပါဦး”

“ဝင်းအောင် ... ဝင်းအောင်” ဆိုပြီး မီးသတ်ကား ထွက်သွားတယ်။

အဖြေက ဆိုင်ကယ်လေးစီး မီးလောင်သွားတယ်။ ဝယ်တာ မကြာသေးဘူးဆိုပဲ။ အားခဲသမျှ သွားရှာသော မြန်မာပြည်သား အသင်း။ ကြံကြံဖန်ဖန်ဗျာ၊ ကိုယ့်ယမ်းက ကိုယ့်မီးပုံးကို ပြန်ဖောက်ပြီး ပျက်ကျရတယ်လို့။ ကျုပ် ဒိုင်ချုပ် လုပ်တဲ့ နှစ်မှပဲ ဖြစ်ရသလား။ ကိုယ်ကပဲ ကံမကောင်းတာလား၊ တိုက်ဆိုင်တာလား၊ အမှားအယွင်းရှိနေတာလား မသိဘူး။ နောက်နေ့မှာ ကလေးတွေကို ရောင်းတဲ့ မိုးပျံပူဖောင်း ရောင်းသူရဲ့ ဂက်စ်အိုး ကလည်း ထ,ကွဲလို့။

ပြီးမှပဲ ကိုးမြို့ရှင်နတ်နန်းမှာ ပွဲသွားထိုးဦးမှလို့ တွေးရင်း မတ်ပဲကြော်နဲ့ ဗယာကြော်ကို စားပြီး ရေနွေးကရားကို ငှဲ့လိုက်တယ်။ မိုက်ကိုင်သူက မေးတယ်။

“ဆရာက သောက်လို့လား”

ကျုပ် နားမလည်ဘူး။ ရေနွေးပဲ သောက်မှာပေါ့။

“အဲဒီထဲမှာ အရက်ထည့်ထားလို့”

“ဟင်...”

▢  ပိုင်ဒွေး ၊ သင်္ချာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၈

Tuesday, November 17, 2026

အမေကြီးက စံရွှေဒွန်း

❝ အမေကြီးက စံရွှေဒွန်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

တောင်အရပ်မှ တိုက်ခတ်လာသော လေသည် တမန်းပုပ် ရနံ့ကို သယ်ဆောင်လာ၏။ တမန်းနံ့ရသောအခါ အမေကြီး ကျီးဒန် ရွှင်လန်းတက်ကြွနေသည်။ ပုစု ခရုမြစ်များသည် ဘေးအေကြီးအား အထူးအဆန်း အဖြစ် ငေးကြည့်နေကြသည်။ ဘဆေးရိုးကား အမေကြီးကျီးဒန်အား ဘေးစောင်းထိုင်နေရာက မကြည့်သယောင် ကြည့်သယောင်ဖြင့် ကြည့်သည်။ ရွှင်လန်းသွက်လက်စွာဖြင့် တစ်စုံတစ်ရာကို ဆေးကြောနေသည်။ ဘဆေးရိုး မျက်ခွံကို ရှုံ့ကြည့်သောအခါ ထမင်းပခြုပ်။

ကျပ်ခိုးစင်တွင် နှစ်ပေါင်းသုံးဆယ်ကျော် ကြာမြင့် အောင် တွဲလွဲခိုနေခဲ့သည့် သည်ပခြုပ်ကို သမီးနှင့် မြေးများ မျက်စိမကျသောကြောင့် ဤအိမ်တွင် သည် မျှ စွဲမြဲနေခဲ့ခြင်းဖြစ်သည်။

ထမင်းကို ဖက်ဖြင့် ထုပ်ပြီး ကြွပ်ကြွပ်အိတ်ဖြင့် ထည့်နေချိန်တွင် အမေကြီးကျီးဒန်က ထမင်းပခြုပ်ကို ဆေးကြောနေသည်။ ဘဆေးရိုး ပြောချင်သော်လည်း နှုတ်ပိတ်ကာ မျက်နှာလွှဲနေလိုက်သည်။

“လုပ်ပေ့စေ၊ လုပ်ချင်တာ လုပ်ပေ့စေ”

ထပြီး ရိုက်နှက်ရမည့် အရွယ်မဟုတ်။ ထိုနည်းတူ ငေါက်ငမ်းဆဲဆိုရမည့် အရွယ်လည်း မဟုတ်တော့ပြီ။

သို့ကြောင့် ပါးစပ်ဖြင့် ပြောခဲ့သည်။ တစ်ရက် မဟုတ်။ သုံးရက် ပြောသော်လည်း အမေကြီးကျီးဒန် ခေါင်းမ ညိတ်။ အကြောင်းရင်းမှာ ကောက်စိုက်ပြိုင်ပွဲ ဝင်မည့် ကိစ္စ။ မြတ်သာစံတို့လယ်တွင် တိုက်နယ် ထွန်တုံးပိတ် ပွဲ ကျင်းပမည်။ ကောက်စိုက်ပြိုင်ပွဲပါသည်။ ဤပြိုင်ပွဲ တွင် အမေကြီးကျီးဒန် ဝင်ရောက်ပြိုင်မည်။

“ကိုယ့်အရိုးတောင် မနည်း သယ်နေရတဲ့လူက ကောက်အစိုက်ပြိုင်မယ်လို့ ကျီးဒန်ရယ်၊ နင့်ဟာက မဟုတ် သေးပါဘူး”

သည်စကားဖြင့် ဘဆေးရိုး၏ တားမြစ်စကား စတင်ခဲ့သည်။ 

“ဘာဖြစ်သတုံးတော်၊ မယ်အေးနဲ့ မြသီတို့တောင် ပါသေးတာပဲ”

ဒေါ်မယ်အေးနှင့် ဒေါ်မြသီတို့မှာ အမေကြီးကျီးဒန်နှင့် သက်တူရွယ်တူတွေ ဖြစ်သည်။ ကွာလှ တစ်နှစ် နှစ်နှစ်သာ။

“သည်ကောင်မတွေ ဘာအရူးထကြပါလိမ့်”

ထိရောက်သော စကားမဟုတ်ပေ။ ဘဆေးရိုးမှာ မောင်ကိုကြီး၏ဇနီး မြေးချွေးမ မြင့်မြင့်သွေးကို လှမ်းလင့် အကူအညီ တောင်းရသည်။ 

“ဟဲ့ မိမြင့်၊ အမယ်ကြီးကို ညည်းတို့ ကြည့်ပြောကြဦး။ ကောက်စိုက်ပြိုင်ပွဲ ဝင်မလို့တဲ့ဟေ့။ ကောက်စိုက်တာများ လွယ်မှတ်လို့”

အဖီထဲမှ မြင့်မြင့်သွေးက ထွက်လာသည်။ အဘွား ယောက္ခမအား တထူးတဆန်း တအံ့တသြဖြင့် ကြည့် နေဆဲတွင် အမေကြီးကျီးဒန်က ဘဆေးရိုးအား ပက်၏။

“လွယ်လို့ပဲ တစ်သက်လုံး စိုက်လာတာများ”

“ဟဲ့ နင်ကောက်စိုက်တာက အသက် သုံးလေးဆယ်တုန်းက မဟုတ်လား။ အခု နင့်အသက်ကို ပြန်ကြည့်ဦး။ ကောက်မစိုက်တာကော ဘယ်လောက် ကြာပြီလဲ”

“ဘယ်လောက်ကြာတော့ ဘာဖြစ်တုံး။ ထမ်းထား ရတာလည်း မဟုတ်၊ ရွက်ထားရတာလည်း မဟုတ်တာများ”

ဘဆေးရိုးသည် စိတ်မရှည်တော့ပြီဖြစ်ငြား သည်းခံပါသည်။

“အေးလေ မစိုက်တာကြာတော့လည်း ကောက်စိုက်မရဲ့ ပင်ပန်းမှုကို မေ့လောက်ရောပေါ့။ ဟေ့ အမေကြီး၊ ဒီနေ့ကောက်စိုက်နည်းက ညည်းတို့ ကောက်စိုက်တုန်းကလို ဖိုခနောက်ဆိုင် မဟုတ်ဘူး။ လေးကွက်ကြား၊ စိန်နားပန်လည်း မဟုတ်ဘူး”

“ဒါများ တော်ပြောမှလား”

“ဟုတ်တယ် အဘွား၊ တစ်ဧကကို ကောက်ကွက် တစ်သိန်းခွဲတောင် စိုက်ရတာနော်၊ သိပ်ပင်ပန်းတာ” 

မြင့်မြင့်သွေးက ဝင်ပြောသော်ငြား အမေကြီး ကျီးဒန်၏ တုံ့ပြန်စကားမှာ ပေါ့ပေါ့လွယ်လွယ်ကလေးသာ။

“အိုအေ … အများနဲ့ပဲ”

“အများနဲ့ပေမယ့် ကောက်ပင်ကို တည့်အောင် စိုက်ရတာနော် အဘွား”

“ညည်း မပြောခင်ကတည်းက သိတယ်ဟေ့”

ဘဆေးရိုး အကူအညီတောင်းသောကြောင့်သာ ဝင်ပြောနေရငြား မြင့်မြင့်သွေးမှာ အဘွားယောက္ခမကို ကြောက်သည်။ လေသံပြင်းပြင်းဖြင့် ယခုကဲ့သို့ မာ ဆတ်ဆတ် အပြောခံရသောအခါ မြင့်မြင့်သွေးသည် အဖီထဲသို့ ကုပ်ကုပ်ကလေး ဝင်သွားလေ၏။

“အင်း အမယ်ကြီးတော့ ခက်ကပြီ”

“ဘာမျှမခက်ပါဘူး၊ လွယ်လွယ်ကလေးပါ” 

တစ်ယောက်တည်း မြည်တမ်းသည်ကိုပင် ခွန်းတုံ့မခံပြန်ပြောနေသောကြောင့် ဘဆေးရိုးသည် ပါးစပ်ပိတ်ပြီး မြောက်ပိုင်းသို့ မျှော်ကြည့်မိ၏။ ထိုသို့ မျှော်ကြည့်တော့မှ သားငယ်ကိုဘညိန်း မရှိတော့သည်ကို သတိရသည်။ စင်စစ်သော်ကား သား ရှိနေလျှင်လည်း သည်အချိန်၌ ယားရာကို ထုံးတို့ပြီးမှ မှတ်ထားရမည့် အချိန်ပါတကား။ အဖေ၊ အမေတို့ ထံသို့ တကူးတက ကိစ္စမရှိဘဲနှင့် ရောက်လာနိုင်ရန် မလွယ်။ သို့ပါလျက်နှင့် သမီးကြီးကို မျှော်မိပြန်သည်။

သမီးကြီး မချောစိန်လည်း မိဘထံသို့ မျက်နှာ လာမပြနိုင်သည်မှာ ကြာပြီ။ ကြာဆို ပျိုးခင်းထောင်က တည်းက ဖြစ်သည်။ သို့စဉ်တွင် အိမ်ဝိုင်းထဲသို့ ဖတ်သီဖတ်သီဖြင့် မိန်းကလေးတစ်ယောက် ဝင်လာ၏။ သမီးကြီး၏ တတိယသမီး ငတက်ပြားမ ဖြစ်သော်ငြား ငယ်ရုပ်ကို ဘဆေးရိုး ဖမ်းမရ။ မျက်ခွံရှုံ့ ကြည့်လည်းမပေါ်။

“ဟဲ့ နင်ဘယ်သူတုံး”

“အငယ်လေ ဘရဲ့၊ မိမိထွေးပေါ့”

အငယ်သည် ဘ ရှေ့၌ ရပ်မနေ။ မြင့်မြင့်သွေးတို့ အဖီထဲသို့ ပြေးဝင်သွားသည်။ ပြန်ထွက်လာရာတွင်လည်း ကသောကမျောမို့ ဘဆေးရိုး လှမ်းခေါ်ရသည်။

“နင့်အမေ ဘာလုပ်နေသတုံး”

“အမေနဲ့ မတွေ့တာ တစ်လကျော်ပြီ ဘ။ သူလည်း သူ့အလုပ်နဲ့ ဂျင်ခြေလည်၊ သမီးလည်း ကိုယ့် အလုပ်နဲ့ ကိုယ်ဆိုတော့”

“ဪ ဟုတ်သားကပဲ။ ကလေးတွေလည်း အိမ်ထောင်ခွဲနေကြတာကလား။ အတူနေကြတာ မဟုတ် တော့ တမင်သွားမှပဲ ဆုံကြတွေ့ကြရမှာပါကလား” 

ဘဆေးရိုး ခေါင်းတညိတ်ညိတ် လုပ်နေငြား ငတက် ပြားမမှာ ပြေးချင်လှပြီ။ ဟင်းအိုးတည်း တည်ပစ်ခဲ့ သလော၊ ကလေးတည်း သိပ်ထားခဲ့သလော။

“အမေ့ကို တွေ့ရင် ဘာပြောလိုက်ရမတုံး ဘ”  

“အမေကြီး ကောက်စိုက်ပြိုင်ပွဲ ဝင်မယ်လုပ်လို့ လာပြောလှည့်ပါဦးလို့”

ငတက်ပြားမမှာ ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။

“ဟောတော့်” အော်ရင်း အမေကြီးကျီးဒန်အား မျက်လုံးဖြင့် ရှာဖွေသည်။သို့ကြောင့် အိမ်ပေါ်တက်ရန် ခြေလှမ်းပြင်သေး၏။ သို့သော် မအေးသော နောက်ကြောင်းကို သတိရသွားဟန်တူ၏။

“ဟုတ်ကဲ့ဘ” ဟု ပြောအပြီး၌ လာလမ်းအတိုင်း သုတ်ခြေတင်တော့၏။

စင်စစ်သော်ကား အမေကြီးကျီးဒန်အား နားချမည့်သူ ပေါ်မလာပါ။ သမီးကြီးချောစိန် မဆိုထားဘိ၊ ထရံတစ်ချပ်သာခြားသော မြေးကြီး မောင်ကိုကြီးပင် မိုးမလင်းမီ ထသွား၊ မှောင်ကြီးမှောင်မှ ပြန်ရောက်သောကြောင့် ဖျောင်းဖျချိန် မရပါ။ ဤသို့ဖြင့် ကောက်စိုက်ပြိုင်ပွဲကျင်းပမည့် နံနက်သို့ ဆိုက်ရောက်လာတော့သည်။

အမေကြီးကျီးဒန်အား ကောက်စိုက်ပြိုင်ပွဲ ဝင်မနွှဲရန်တားမြစ်သူ မပေါ်လာငြား၊ အမေကြီး၏ သတင်းမှာ ရမ်းဘိုကုန်းတစ်ရွာလုံး ပြန့်ပြီးနေပြီ။ သို့ကြောင့် မိုးမလင်းမီကတည်းက အမေကြီးကျီးဒန်၏ အိမ်ရှေ့တွင် သက်တူရွယ်တူ ဒေါ်မယ်အေးနှင့် ဒေါ်မြသီတို့ အပြင် ရွာသူရွာသားနှစ်ဆယ်ခန့်နှင့် အမေကြီး၏ မြစ်တွေပါ ရောက်လာကြသည်။

“အမေကြီးရေ၊ ဘွားအေးတို့ ရောက်နေကြပြီ” 

ခင်ခင်ကြီး၏သား အောင်ကျော်စံဦး၏ အသံဖြစ်သည်။ 

“ကျီးဒန်ရေ သွားကြစို့ဟေ့”

“ဟဲ့ ကျီးဒန်၊ ခုနစ်နာရီအရောက်တဲ့ သွားကြစို့” 

ဒေါ်မယ်အေးနှင့် ဒေါ်မြသီတို့၏ မြူးကြွသံများက အရွယ်နှင့် မလိုက်။ စင်စစ်အားဖြင့် အမေကြီး ကျီးဒန်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။

“အဘိုးကြီးရေ.. ရေနွေးအိုး လက်ဖက်ခြောက် ခတ်ပြီးပြီ။ ကျုပ် သွားမယ်နော်”

“ကြွ... ကြွ... ပြန်မလာရင် ပိုကောင်းတယ်” 

ဘဆေးရိုးသည် စိတ်ပေါက်ပေါက်ဖြင့် အငေါ်တူးမိငြား၊ ပဲပြုတ်တစ်ပန်းကန်နှင့် အကြမ်းတစ်အိုး ကုန်သွားချိန်ဝယ် ထိုင်မနေနိုင်။

“အမယ်ကြီး ဘယ်လိုများနေပါလိမ့်၊ သွားပြီး အားပေးဦးမှပါ” ဖြစ်လာ၏။

အိမ်တံခါးကို သံကောက်ချိတ်ကာ ပိတ်ထားခဲ့သည်။ ရွာ့တောင်တံခါးမှ ထွက်လျှင်ပင် အသံတွေ ကြားနေရသည်။ မျှော်ကြည့်သောအခါ အလံတွေ တလူလူ မြင်ရသည်။ တာလမ်းဘေးသို့ ရောက်လာသည်တွင် မဏ္ဍပ်စိမ်းစိမ်းနှင့် လှုပ်လှုပ်ရွရွ လူတွေကိုပါ လှမ်းမြင်ရချေပြီ။ သတင်းပလင်း စနည်းနာ၍ ရလျှင် ဘဆေးရိုးသည် သည်နေရာမှ လှည့်ပြန်လိုသည်။

သည်နေ့ကျခါမှ လူသွားလူလာ ပြတ်သည်။ ဘဆေးရိုး သိလိုသည်မှာ ‘အိမ်က အမယ်ကြီး ဘယ်လိုနေသတုံး’။ သို့သော် ချော်ချော်ချွတ်ချွတ် ကန်သင်းပေါ် လျှောက်လာရပြီ။

‘လေကလေး ဖြူးလိုက်ရင် ဘယ်လောက် ကောင်းမတုံး’

မိုးပေါ်သို့ မော့ကြည့်ရင်း ဘဆေးရိုး တောင့်တမိသည်။လေကလေး တဖြူးဖြူး ဆော်သွေးနေပါက ကောက်စိုက်သမများအတွက် တအားဖြစ်သည်။ မိုးပေါ်တွင် တိမ်ဖြူဆုပ်တွေ ပြေးလွှားနေသဖြင့် နေသည် အုံ့လိုက် သာလိုက် ဖြစ်နေသည်။ ဆွမ်းခံဝင်ချိန်မျှသာ ရှိသေးသည်။ ကောက်စိုက်ပြိုင်ပွဲမှာ အကြိတ်အနယ် ဖြစ်နေပြီ။ ဘဆေးရိုး၏ နားထဲသို့ ပြေးဝင်လာသော အရာမှာ အုတ်အုတ်ကျက်ကျက် အသံများ ဖြစ်သည်။ ဘဆေးရိုး၏ ခြေလှမ်းတွေ သွက်လာသည်။

“စံရွှေဒွန်းကွ… စံရွှေဒွန်းတဲ့ဟေ့” 

စူးစူးဝါးဝါး ကလေးသံမှာ အမေကြီးကျီးဒန်၏ မြစ်တစ်စု ဖြစ်၏။ ဧကန္တ အမေကြီးကျီးဒန် ပါဝင်သော အဖွဲ့မှာ စံရွှေဒွန်းအဖွဲ့ ဖြစ်ရမည်။ 

“ဗြတ်ဆန်ရွှေကွ၊ ဗြတ်ဆန်ရွှေ”

“ဟေ့... အိဗြတ်ကွ”

ဘဆေးရိုးမှာ သွားဖုံးကြီးတွေ ပေါ်လာသည် အထိ ပြုံးမိသည်။ ယနေ့ ကွယ်ပသွားပြီဖြစ်သော တစ်ချိန်တစ်ခါက ဘဆေးရိုးတို့ လက်စွဲပြုခဲ့သည့် စပါးအမည်များကို သုံးစွဲထားသောကြောင့် ဖြစ်သည်။ ကောက်စိုက်အဖွဲ့သုံးဖွဲ့ ယှဉ်ပြိုင်နေကြသည်။ ဘဆေးရိုးသည် လူသူ ဝေးရာ ဟင်းခုတ်ပင်အောက်မှ ထိုင်ကြည့်နေသည်။ ညောင်ပင်အောက်နှင့် မဏ္ဍပ်အစပ်မှ လူများသည် ဘဆေးရိုးအား သတိထားမိဟန် မတူကြ။ သန်ရာသန်ရာ အဖွဲ့များဘက်မှ အော်ဟစ်အားပေးနေကြသည်။ ကောက်စိုက်သမများသည် အသက်မှ ရှူကြပါလေစ။ ရေထဲသို့ ကောက်ပင်ထိုးသံ၊ ခြေထောက်ရွှေ့သံများမှအပ အခြားအသံများ မရှိ။ အားပေးသူများ ခဏတစ်ဖြုတ် မောသွားကြငြား ကောက်စိုက်သမများ အတွက် မောချိန် မဟုတ်သေး။

‘ဘယ်ဥစ္စာဟာ ငါ့အမယ်ကြီးပါလိမ့်’ 

ဘဆေးရိုး မျက်ခွံရှုံ့ပြီး ကြည့်၏။ ခေါင်းပေါင်းနှင့် ပါးကွက်ဖွေးဖွေးနှင့်ချည်း ဖြစ်သဖြင့် ရွေးမရ။ သို့သော် ကောက်စိုက်သမများသည် ဘဆေးရိုးဘက်သို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ အားပေးသူများလည်း ကန်သင်းအလိုက် လိုက်လာကြသည်။

“အောင်တော့မယ်ဟေ့”

“ဗြတ်ဆန်ရွှေကွ” 

“စံရွှေဒွန်းကွ”

“အိဗြတ်တဲ့ဟေ့”

“အမေကြီးတဲ့ကွ၊ ငါတို့ အမေကြီး”

လူလွန်မ သားသမီးတစ်သိုက်သည် ရွှံ့ထဲသို့ဆင်းပြီး အမယ်ကြီး တစ်ယောက်အား ယပ်ခတ်ပေးကြသည်။ 

“တန်တော့ ဒါဟာ ငါ့မြစ်တွေနဲ့ ငါ့အမယ်ကြီး ဖြစ်ရမယ်”

ဘဆေးရိုး သေချာစွာ စူးစိုက်ကြည့်နေစဉ် စူးစူးဝါးဝါး အော်လိုက်သံကြောင့် ဘဆေးရိုးမှာ အနေရ အထိုင်ရ ခက်သွားလေ၏။

“အမေကြီးကျီးဒန်ရေ ဘဆေးရိုး လာပြီး အားပေးနေသဗျို့”

အားပေးစကားသည် အမှန်ပင် ထိရောက်၏။ 

အမေကြီးကျီးဒန် တစ်ချက် ခေါင်းထောင်သည်။ လက်တွေလည်း အမှန်ပင် သွက်လက်လာသည်။ ကောက်စိုက်သမတွေသည် တစ်ယောက်ပြီး တစ်ယောက် ကန်သင်းပေါ်သို့ တက်သွားကြ၏။

သို့သော် အမေကြီးကျီးဒန် မတက်နိုင်သေး။ သူ့ ငန်းမှာ ကျန်ရှိနေသေးသည်။ ထို့ပြင် အခြားအဖွဲ့ နှစ်ဖွဲ့တွင်လည်း တစ်ယောက်စီ ကျန်နေခဲ့သေးသည်။ အမေကြီးကျီးဒန်အတွက် အဖော်အဖြစ် ထားခဲ့သော ဖွားမယ်အေးနှင့် ဖွားမြသီ။

“နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ရှိတယ်ဟေ့”

တစ်ယောက်က ကုန်းအော်လိုက်ရာ ရယ်သံကြီး လွှမ်းသွားသည်။ 

အားပေးသူများသည် ပြန့်ကျဲနေရာက စုလာကြသည်။ 

“အမေကြီးကျီးဒန်ရေ၊ ကိုးချက်စာပဲ ကျန်တော့သဗျို့”

“ဘွားမယ်အေးရေ၊ ဆယ်ချက်စာပဲ ရှိတော့သတော့်” 

သက်တူရွယ်တူတွေမို့ အားမလျှော့တမ်း အားတက်သရော ပြိုင်ကြငြား ကန်သင်းသို့ အရောက်တွင် မည်သူမျှ လယ်ကွက်ထဲမှ မတက်နိုင်ကြတော့ပေ။

သို့စဉ်တွင် ဆုပေးစင်မြင့်တွင် ဆုပေးပွဲ စတင် ကျင်းပနေပြီ။ မကြာမီ ဆုရသော အသင်းများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထုတ်ဖော်ကြေညာကာ ဆုပေးနေပြီ။

“အခုနောက်ဆုံး ချီးမြှင့်မှာက ဇွဲဆု ဖြစ်ပါတယ်။ အမေကြီး ဒေါ်ကျီးဒန်၊ အမေကြီး ဒေါ်မယ်အေးနဲ့ အမေကြီး ဒေါ်မြသီတို့ ဖြစ်ပါတယ်”

ဇွဲဆုရှင် သုံးဦးကား ကန်သင်းပေါ်မှသာ လက်ထောင်ပြနိုင်ကြသဖြင့် လယ်ရှင် မြတ်သာစံက ယူပြီး စင်ပေါ်မှ ဆင်းပြေးလာရလေ၏။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ဧဝရက်တောင်ထိပ် နေချင်ရင် အခုသွား ဘတ်စ်ကားတွေ ကျပ်လွန်းတယ်


❝ ဧဝရက်တောင်ထိပ် နေချင်ရင် အခုသွား ဘတ်စ်ကားတွေ ကျပ်လွန်းတယ် ❞
       ▢  ငွေကြယ်စင်

ဤကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်းနှိုက်နေသော လူခပ်သိမ်းသော၏ အစီးအပွား ချမ်းသာကို ရှာပေလျက် သက်တော်ရှည်စွာ နေ၍ ဤကောင်းမှုကို ထောက်ပင့်စေသတည်း။ မိဘုရား စသော မောင်းမတော် ခပ်သိမ်းလည်း ရစေ၏။ အချင်းချင်း အမျက်အဤ တစေ့မရှိ ချစ်သော မျက်စေ့ဖြင့် ရှုကြရစေ၏။
      သိင်္ဃသူ့သမီး
      မြန်မာတိုင်းရင်း ကျောက်စာများ

••••• ••••• •••••

ဖတ်လက်စ,စာအုပ်ကလေးကို ပိတ်ပြီး အပြင်သွားဖို့ ပြင်ဆင်လိုက်သည်။ အမှန်ဆို စာထဲက အကြောင်းအရာကို ဆက်ပြီး တွေးချင်သေးသည်။ တကယ်တော့ သိင်္ဃသူ့သမီး ကျောက်စာကို ကျွန်မ ဒသမတန်း ကတည်းက ကျောင်းသင်ရိုးမှာ သင်ခဲ့ရဖူးသည်။ အဲ့ဒီတုန်းက မေးခွန်းတွေ ဖြေနိုင်ဖို့သာ ဦးစားပေးခဲ့ရတာကြောင့် အလွတ်ရနေရုံက လွဲလို့ ဘာမှ မခံစားဖြစ်ခဲ့ပါ။ ခုဆို ကျွန်မ ဆယ်တန်းအောင်တာပဲ နှစ်ဆယ့်ခြောက်နှစ် ရှိနေပြီး နောက်တစ်ကြိမ် ထပ်ဖတ်ဖြစ်ခဲ့သော ကျောက်စာက ကျွန်မကို ခံစားမှုများစွာ ပေးနေသည်။ “ချစ်သော မျက်စေ့” ဆိုတာကို ကျွန်မ စိတ်ဝင်စားသည်။ တစ်ဦးနှင့် တစ်ဦး ချစ်သော မျက်စိနှင့် ကြည့်စေလိုသော ဆန္ဒ သိင်္ဃသူ့သမီးမှာ ပြင်းပြလွန်းပုံရသည်။

ခုလောလောဆယ်တော့ ဒီအကြောင်းကို ခဏထားလို့ လေဆိပ်ကို သွားရတော့မည်။ ကျွန်မ၏ သူငယ်ချင်း ခင်လေး နိုင်ငံခြားက ပြန်လာမှာမို့ သွားကြိုရမည်။ ကျောင်းပြီးကတည်းက တိုင်းပြည်ကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာကို ထွက်သွားခဲ့သူ။ သူ သွားခဲ့သည့် အရပ်မှာ ရေတွေကြည်နေသလားရော၊ မြက်တွေရော နုနေရဲ့လားပါ ကျွန်မ မေးချင်သည်။ သူ ကျွန်မကို အဲ့ဒီလို မေးခွန်းမျိုး ပြန်မေးလျှင် ကျွန်မ ဘယ်လိုဖြေရင်ကောင်းမလဲ၊ ကျွန်မ ဖြေနိုင်ပါလိမ့်မည်။ ကျွန်မတို့ဆီမှာတော့ ရေက ကြည်သည့် နေရာမှာ ကြည်ပြီး နောက်သည့် နေရာမှာ နောက်တာပေါ့ဟု ဖြေလိုက်ရုံသာ။ မြက်ပင်တွေကရော နုသည့် နေရာမှာ နုပြီး မြက်ရိုင်းပင်တွေ ထူထပ်နေသည့် နေရာလည်း ရှိတာပေါ့ဟု ဖြေလိုက်ရုံသာ။ ဒီထက် ပိုပြည့်စုံအောင်ဆိုလျှင်တော့ တချို့နေရာတွေမှာ ရေလုံးဝ မရှိတာမျိုး၊ မြက်ပင် မပြောနှင့် ဘာအပင်မှ မရှိသော လွင်တီးခေါင်တွေလည်း ရှိသည့် အကြောင်း ထည့်ပြောမှဖြစ်မည် ထင်သည်။

“မိုး”

“ခင်လေး”

“အောင်ပါစေ”

လူတွေအများကြီးရှိ သည့် လေဆိပ်ထဲမှာ ကျွန်မတို့ နှစ်ယောက်တည်း ရှိသလိုဖြစ်သွားတာမို့ ကိုယ်ရှိန်သတ်လိုက်ရသည်။ ငယ်ငယ်တုန်းက စကားကိုပြိုင်တူ ပြောမိတိုင်း ဘာမှန်းမသိဘဲ “အောင်ပါစေ” ဟု ပြောတတ်ကြသည့် ငယ်ကျင့်က ခုလို လေးဆယ်ကျော်အရွယ်ထိ မမေ့နိုင်သေးဘဲ ပြောနေမိတာ ဘယ်လောက်များ အံ့သြဖို့ကောင်းလဲ...။ လူတွေက ကျွန်မတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးစိစိဖြစ်ကုန်ကြတာကြောင့် နှစ်ယောက်သား လက်တွဲပြီး လေဆိပ်ထဲက ကမန်းကတန်း ထွက်လာခဲ့ကြသည်။ အပြင်ရောက်တော့ ခင်လေးဆီက အလန့်တကြား အော်သံ ထွက်လာပုံက-

“ဟောတော့ ငါ့ပစ္စည်းတွေ”

ကျွန်မတို့နှစ်ယောက် ဝမ်းသာအားရရော ရှက်သွားတာရောနှင့်မို့ ခင်လေး၏ ပစ္စည်းတွေ ရွေးယူဖို့ တစ်ယောက်မှ သတိမရတော့တာ ခုအကြိမ်သည် ပထမဆုံး မဟုတ်ပါ။ မှတ်မိပါသေးရဲ့ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်ကို။ ကျွန်မနှင့်ခင်လေး တက္ကသိုလ်တက်တုန်းက ကျောင်းသွားလျှင် ခု အဝေးပြေးကားတွေလိုမျိုး မှန်လုံကားကြီးတွေနှင့် သွားရသည်။ ပုသိမ်ကောလိပ်၏ ၂၀၁ စာသင်ဆောင်နားထိ ကားက ရပ်ပေးတာဆိုတော့ တော်တော်ကို အဆင်ပြေပါသည်။ ကျွန်မနှင့် ခင်လေးက စာသင်ချိန်ပြီးတာနှင့် ဘယ်မှ မသွားဘဲ အိမ်ကို တန်းပြန်ချင်နေတာဆိုတော့ သူငယ်ချင်းတွေက အိမ် ထွက်မပြေးဘူးလို့ ပြောရတာပဲ အကြိမ်ကြိမ်။

တစ်နေ့မှာ မနက်ပိုင်း အတန်းပြီးသွားချိန် ကားကလည်း အခန်းဝမှာ အဆင်သင့်မို့ ကျွန်မတို့နှစ်ယောက် ကားပေါ် အပြေးလေးတက်လိုက်ကြသည်။ ကားစ,ထွက်ပြီး ကျောင်းဝင်းအပြင်ဘက် ရောက်တော့မှ မနက်က ကျောင်းကို စက်ဘီးနှင့်လာခဲ့တာ သတိရသည်။ တစ်ခါတလေ စိတ်ပါရင် စက်ဘီးနှင့် ကျောင်းတက်သည့်နေ့တွေမှာ အဲ့ဒီလို မေ့တာမျိုးလည်း ကျွန်မက ဖြစ်တတ်သည်လေ။ အဲ့ဒီတုန်းက ကား ရပ်ခိုင်းပြီး စက်ဘီးရုံမှာ စက်ဘီး ပြန်ယူရသလိုမျိုး ခုလည်း ခင်လေး၏ ပစ္စည်းတွေ ပြန်ယူရတာ တစ်ထပ်တည်းဖြစ်နေတာ ကျွန်မတို့ နှစ်ယောက်၏ ကိုယ်ပိုင် အမှတ်အသားလို့တောင် ပြောရမည်ထင်သည်။ ပစ္စည်းတွေအားလုံး စုံတော့ ကျွန်မတို့ အိမ်ကိုပဲ ပြန်ကြသည်။ ခင်လေးတို့အိမ်က ပုသိမ်မှာ ဆိုတော့ လောလောဆယ် ကျွန်မအိမ်မှာပဲ နှစ်ရက်၊ သုံးရက်လောက်နေပြီးမှ ပုသိမ်ပြန်ဖို့ စီစဉ်ထားသည်။

“မိုး... နင်တို့အိမ်မှာ ငါ ကြာကြာနေလို့ ရရဲ့လား”

“သိပ်ရတာပေါ့ ခင်လေး။ အပေါ်ထပ်မှာ ငါ့ တစ်ယောက်တည်းပဲ ရှိတာ။ အောက်ထပ်မှာက မကြီးတို့ မိသားစုလေးယောက်၊ ငါ့တူမတွေ တွေ့ရင် နင်မှတ်မိမှာမဟုတ်တော့ဘူး။ နင် မသွားခင်က မြင်ဖူးပေမဲ့ ခုက လူကြီးတွေ ဖြစ်ကုန်ပြီလေ”

“မကြီးတို့မှာ ကလေးက နှစ်ယောက်လား၊ ငါ သွားပြီးမှ ထပ်မွေးတာဖြစ်မယ်။ အကြီးမလေးတော့ သိတယ်။ နှုတ်ခမ်းထော်ထော်လေးနဲ့ ချစ်စရာလေး၊ နေပါဦး... သူ့နာမည် ပုတု ပုတု”

“နင်မှတ်မိသားပဲ။ အဲ့ဒီ ပုတုက အိမ်ရောက်ရင် တွေ့ ပါလိမ့်မယ် ဆရာမတောင် ဖြစ်နေပြီ”

“အေးလေ၊ ငါတို့တောင် လေးဆယ်ကျော်ပြီပဲကို”

စကားစ,ပြတ်သွားတော့ ခင်လေးက နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသည့် တိုင်းပြည်၏ ပြောင်းလဲမှု မြင်ကွင်းကို ငေးရင်း လိုက်ပါလာသည်။ ကျွန်မလည်း အလိုက်သိစွာ စကားမဆိုတော့ပြီ။

••••• ••••• •••••

“ကိုယ့်တိုင်းပြည်ကို ပြန်ရောက်ပြီဆိုတဲ့ အဖြစ်က အရ သာရှိလှချည်လားကွယ်”

အခန်းထဲ ရောက်ရောက်ချင်း ခုတင်ပေါ် ခြေပစ်လက်ပစ်လှဲချရင်း ခင်လေးက အော်သည်။ အိမ်ကို လွမ်းရသည့် ခံစားချက်က အိမ်လွမ်းဖူးသူတွေမှ နားလည်တာမျိုး။ ကျွန်မတို့ တိုင်းပြည်ကနေ အဝေးရောက် နေကြသည့် အိမ်လွမ်းသူတွေ ဘယ်လောက်များနေပြီလဲ။ ခင်လေး အေးအေးဆေးဆေး နားရအောင် ကျွန်မ ထားခဲ့လိုက်သည်။ မီးဖိုထဲဝင်ပြီး သူ ကြိုက်တာတွေ ပြင်ဆင်ပေးလိုက်မည်။

“နှစ်ယောက်တည်းဆိုရင် မောင်ရယ် ××× ဧဝရက်တောင်ထိပ် နေချင်ရင် ခုသွား ×××  ရေရှားတဲ့ သဲကန္တာရဆာဟာရ မရှောင်တယ် ××× နေမမြင် ရေပြင်ခဲ မြောက်ဝင်ရိုးစွန်းကိုပဲ ခေါ်ခေါ် ××× ပျော်ပါမယ်”

အဆိုတော် မာမာအေးကိုတော့ ခင်လေးရော၊ ကျွန်မရော အင်မတန်နှစ်သက်သည်။ သီချင်းလေးကို တိုးတိုးဖွင့်ပြီး စကားတွေ ဖောင်ဖွဲ့ကြသည်။ ခင်လေး က သူ၏ နိုင်ငံရပ်ခြား အတွေ့အကြုံကို ပြောပြတော့ ကျွန်မမှာ အံ့ဩစရာရှိတော့ အံ့သြ၊ သဘောကျစရာပါလာတော့လည်း သဘောကျ၊ ရယ်စရာရှိတော့လည်း ရယ်လိုက်နှင့် ညမိုးချုပ်တာတောင် မသိလိုက်သည့်အဖြစ်။ ဗိုက်ဆာလာတော့ အောက်ထပ်ဆင်း ထမင်းစားဖို့ တံခါးဖွင့် လိုက်သည့်အခါမှာ။

“လျှောက်သွားမယ် လာမပြောနဲ့ ××× ဘတ်စ်ကား တွေ ကျပ်လွန်းတယ် ××× နေပူထဲသွားတော့ အသားလေးမည်းပါမယ် ××× တကယ်ချစ်တာ ဘာလုပ်မလဲ ××× ခံစားမနေချင်ဘူးကွယ်”

သီချင်းသံက အပေါ်ထပ်ကို ပျံ့လွင့်လာသည်။

“ဟဲ့... ဟဲ့ မိုးမိုး အဲ့ဒါ ဘာသံလဲ”

ခင်လေးက အလန့်တကြား ထ,အော်သည်။

“အဲဒါ သီချင်းလေ... သီချင်း”

“နင့်သီချင်းက ဘယ်လိုကြီးလဲ”

ကျွန်မသိသည် ခင်လေး အံ့သြသွားခြင်းကို။ သီချင်းစာသားကို ခင်လေး လိုက်မမီဘူးဆိုတာကို။ နေပူထဲလည်း နေရဲပါတယ်၊ ခယောင်းလမ်းကိုလည်း လျှောက်ရဲပါတယ် ဆိုသည့်သီချင်းမျိုးကို နှစ်ခြိုက် ခံစားတတ်သူအဖို့ ဒီ သီချင်းစာသားအပေါ် နည်းနည်းလေးမှ ကျေနပ်စရာ မရှိတာ သေချာသည်။ နောက်ထ ပ်ဆက်ဆိုမည့် အပိုဒ်တွေကို ကြားရလျှင် ကျွန်မသူငယ်ချင်း ခင်လေး ဒါ့ထက် ပိုဒေါသထွက်လာလိမ့်မည်ဟု ကျွန်မ သိသည်။ ပွင့်လင်းလွန်းသည့်ခေတ်လို့ ပြောရမလား၊ ချစ်ခြင်းမေတ္တာက နောက်တန်းကို ရောက်သွားပြီလို့ပဲ ပြောရလေမလား လောလောဆယ်တော့ ထမင်းစား လိုက်ကြတာ အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။

“အမယ် ဒါ ပုတုလား လှလိုက်တာသမီးရယ်၊ အရုပ်ကလေးကျနေတာပဲ”

သူ့ကို လှတယ်ဟု ပြောလို့ကတော့ စိတ်မဆိုးတတ် သော ကျွန်မတူမလေးက ခင်လေးစကားကို သဘာကျ နေသည်။

“အန်တီလည်း လှပါတယ်။ သမီးတို့တောင် အန်တီ့ အရွယ်ရောက်ရင် အန်တီလောက် လှမှာ မဟုတ်ဘူး”

“အေးပါ... အေးပါ...ကျေးဇူးပါရှင့်”

“သမီး သွားတော့မယ်နော် အပြင်မှာ စောင့်နေလို့”

“အေး သမီး”

ထွက်သွားတော့မှ ကျွန်မကို လှမ်းမေးသည်။

“သူ ဘယ်သွားတာလဲ”

“သူ့ကောင်လေးနဲ့ တွေ့ဖို့ ဖြစ်မှာပေါ့”

“ဟင်... ဒီချိန်ကြီးကျမှလား”

“နင်မရှိတော့တဲ့ ကာလတွေမှာ ဖြစ်သွားတဲ့ ခေတ်ရေစီးကြောင်း တစ်ခုပေါ့ဟာ။ ငါတို့တိုင်းပြည် အပြောင်းအလဲ တစ်ခုပေါ့။ အပေါ်ရောက်မှ ဖြည်းဖြည်းရှင်းပြမယ်နော်”

ကျွန်မ စကားဖြတ်ရသည်။ မဟုတ်လျှင် ပေရှည် တော့မည်။ သီချင်းသံ ကြားပြီးကတည်းက အစာမကြေ ဖြစ်သည့်သူမို့ နောက်ထပ် သူ သိရမည့် အစာမကြေစရာ များစွာရှိသေးသည်။ နောက်မှ ပြောရမည်။ ကျွန်မတို့ ဖြတ်သန်းခဲ့သော ဆယ်ကျော်သက် ဘဝတွေနှင့် အခု ကလေးတွေ ဖြတ်သန်းနေသော ဆယ်ကျော်သက်ဘဝတွေသည် များစွာ ခြားနားခဲ့လေပြီ။

“နင်မှတ်မိသေးလား မိုး”

“ဘာကိုလဲ ခင်လေး”

“တို့နှစ်ယောက် အိမ်ပြန်တာ ညနေ ၆ နာရီကျော်သွားလို့ ငါ့အစ်ကို ရိုက်တာလေ။ အဲဒီနေ့က ငါတို့နှစ်ယောက်လုံး အရိုက်ခံရတာ”

“မှတ်မိတာပေါ့၊ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ပြန်ချိန်ဟာ ဒါလားဆိုပြီး မေးမေးပြီး ရိုက်တာ”

“ဟင်း ဟုတ်တယ်။ ငါ့ အစ်ကိုက ညီမတင် မဟုတ်ဘဲ ညီမရဲ့ သူငယ်ချင်းကိုပါ ဆုံးမလို့ ရတယ်နော်။ အဲ့ဒီ ခေတ်က အဲ့ဒီလိုတွေ ရှိခဲ့တာ”

ခင်လေးက အတိတ်ကို ပြန်တွေးပြီး ပြောနေသည်။ ကျွန်မတို့၏ ငယ်ဘဝတွေမှာ အင်မတန်ကို ပညတ်ချက်တွေ များခဲ့သည်။ ထိန်းသိမ်းမှုတွေများခဲ့သည်။ မိန်း ကလေးတစ်ယောက်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်း မေတ္တာသက်သက်မျှသာ ဖြစ်သည်။ ခင်လေးကို သေချာ ရှင်းပြမှ ဖြစ်တော့မည်။ သူ နိုင်ငံခြားရောက်နေသည့် နှစ်များစွာအတွင်း အပြောင်းအလဲတွေ အင်မတန်များသည်။

“ငါပြောမယ် ခင်လေး၊ သေချာနားထောင်နော်။ ငါ့တူမ အပါအဝင် ခုခေတ် ကလေးတွေရဲ့ လူနေမှုစရိုက် က ငါတို့နဲ့ တော်တော် ကွာခြားသွားပြီ ခင်လေး။ ဘာပဲ ပြောပြော ငါတို့လည်း ခေတ်နောက်ကျန်ခဲ့သူတွေ မဟုတ်ပေမဲ့ ဒီလောက်ထိ ဖြစ်သွားတာတော့ ငါလည်း သဘော မကျဘူး။ သူတို့တွေ အုပ်စုလိုက် သွားကြလာကြ၊ ဘယ်သူနဲ့ ဘယ်သူ သမီးရည်းစားဆိုတာ ခွဲလို့မရဘူး။ လမ်းကြုံတယ် မင်း ခေါ်သွား ဆိုပြီး ကိုယ့်ချစ်သူကို သူငယ်ချင်းနဲ့ အလွယ်တကူ ထည့်လိုက်တာပဲ။ သူတို့စိတ်ထဲ ဘာမှ မရှိဘူး။ ဒီတစ်ယောက်နဲ့ ကြိုက်နေဆဲလည်း နောက်တစ်ယောက်နဲ့ အီစီကလီလုပ်နေတာပဲ”

“ဘယ်သူက ဘယ်လောက်ချမ်းသာသလဲ။ သူ့ မိဘက ဘာလဲဆိုတဲ့ ပေတံနဲ့ ချစ်သူ ရွေးနေကြရတယ်။ ငါတို့ခေတ်တုန်းကဆို လူအုပ်စုလိုက် ရှိနေတဲ့ ကြားထဲမှာ ဘယ်သူနဲ့ ဘယ်သူဟာ ချစ်သူတွေလို့ မှန်းလို့ရတယ်။ ကိုယ့်ချစ်သူအတွက်ပဲ သီးသန့်အပြုံး၊ သီးသန့်အကြည့်၊ သီးသန့်စကားလုံးတွေ ရှိတယ်”

“ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကလည်း အရမ်းကြီးတယ် သူငယ်ချင်း။ မိန်းကလေးတွေ ဘီယာသောက်တာ မဆန်းသလို မိန်းကလေးက စပြီး ချစ်ရေး ဆိုတာလည်း မဆန်းတော့ဘူး။ ဝမ်းနည်းစရာ သိပ်ကောင်းတာပဲ သိလား။ တို့ ကလေးတွေမှာ အလွမ်းဆိုတာ မခံစားဖူးကြဘူး။ တွေ့ချင်ရင် အချိန်မရွေး တွေ့လို့ရတယ်။ အသံကြားချင်ရင် အချိန်မရွေး ကြားလို့ရတယ်”

“နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ စိတ်ခံစားမှု ရသတချို့ ပျောက်ကွယ်သွားရတယ်။ လက် မထပ်ရသေးခင် အိမ်ထောင်သည်ဘဝလို နေလို့ရတယ်”

ကျွန်မ အဲ့ဒီလို ပြောတော့ ခင်လေးက မျက်လုံးပြူးပြီး မော့ကြည့်သည်။ ကျွန်မကို ဒါတော့ များသွားပြီဟု အဓိပ္ပာယ်သက်ရောက်စေသော အကြည့်မှန်း နားလည်လိုက်သည်။

“ငါပြောချင်တာကို နားထောင်ပြီးမှ ပြူးပြ သိလား။ ငါပြောတာ Sex မဟုတ်ပါဘူးဟယ်။ ကောင်မလေး မိဘ ဖြစ်ဖြစ်၊ အဘိုး အဘွားပဲ ဖြစ်ဖြစ် နေမကောင်းလို့ ဆေးခန်းပြချင်ရင် ကောင်လေးက ကား မောင်းပို့ပေးတယ်။ ကောင်လေးအိမ်မှာ အလှူရှိနေရင် ကောင်မလေးက အလှူရှင်လိုပဲ တရားနာတယ်။ ဒါမျိုးကို ပြောတာပါ။ ဒီလို အခွင့်အရေးကိုတော့ ငါတို့တုန်းကဆို လက်ထပ်ပြီးမှ ရတဲ့ အခွင့်အရေးမျိုးလေဟာ။ အဲ့ဒီတော့ လက်ထပ်ခြင်း၊ မလက်ထပ်ခြင်းဟာ သူတို့အတွက် အရေးမကြီးတော့ဘူးပေါ့”

ကျွန်မ ရှင်းပြောတာကို နားထောင်ပြီး ခင်လေးက သက်ပြင်းချသည်။ ကျွန်မကလည်း ပြောချင်တာကြာပြီ။ ကိုယ်ပြောသမျှ နားလည်မည့် သူမျိုးကို စောင့်နေရသေးသည်။ ကျွန်မနှင့် ခင်လေးက တစ်ခေတ်တည်း ကြီးပြင်းသူမို့ ဘာသာစကား တူပါသည်။ ကျွန်မတို့ ခေတ်တုန်းက ချစ်သူနှင့် တွေ့ဖို့ကို မုသာဝါဒါနှင့် အဒိန္နာဒါနာကို အချိုးကျကျ ဖောက်ဖျက်တတ်ရသည်။ ပတ်ဝန်းကျင်အကူအညီကိုလည်း လိုအပ်သလိုယူရသည်။ ဂျာနယ်ကျော်မမလေးတို့၊ ခင်နှင်းယုတို့၊ မိုးမိုး (အင်းလျား) တို့နှင့် ကြီးပြင်းခဲ့ရသော ကျွန်မတို့က မိန်း ကလေးတစ်ယောက် ထိန်းသိမ်းရမည့် ကျင့်ဝတ်နှင့် ဣန္ဒြေသိက္ခာကို အင်မတန် ဂရုစိုက်သူများ ဖြစ်သည်။

“နောက်နေ့ကျရင် နင့် တူမလေးနဲ့ ငါ စကားပြောကြည့်မယ်”

“ပြောကြည့်ပေါ့ ... ခု တော့ သီချင်းနားထောင်ပြီး အိပ်ကြစို့”

“နေပူထဲလည်း နေရဲပါတယ်××× ခယောင်းလမ်းကိုလည်း လျှောက်ရဲပါတယ် ××× အနာခံရင်လည်း အတူတူ ××× အသာစံရင်လည်း အတူတူ××× အေးအတူ ပူအမျှ ××× ဒီဘဝ နေပြပါမယ်”

“ကိုယ့်ထမင်း ကိုယ်စားတာ ဘယ်သူ့မှ ဂရုမစိုက်ဘူး”

“အဲဒီစကားကို ဘယ်သူ ပြောတာလဲ သိလား”

“နင် ငါ့တူမနဲ့ တွေ့ပြီးပြီ မဟုတ်လား”

သူ့မေးခွန်းကို မေးခွန်းနှင့်ပဲ ကျွန်မ ပြန်ဖြေလိုက်သည်။ ခင်လေးမျက်နှာမှာ အင်မတန် စိတ်ရှုပ်ထွေးသော အမူအရာကို မြင်ရသည်။ သူ့သဘောကို ကျွန်မ နားလည်သည်။ သူ့ခံစားချက်ကို ကျွန်မ သေချာသိသည်။ သူ တစ်လုံးချင်း၊ တစ်ခွန်းချင်း ပြောနေသည်။ ရင်ထဲက လာသည့် အသံနှင့် သူ ပြောနေသည်။

“ငါ ကြောက်တယ် မိုး...ငါ အရမ်းကြောက်တယ်။ ဟုတ်တယ်။ ဒီကလေးတွေ လက်ထဲကို ငါတို့ တိုင်းပြည် ဘယ်လို အပ်မလဲ။ သေချာတာက ဘယ်သူ သဘောတူ သည် ဖြစ်စေ၊ မတူသည် ဖြစ်စေ ငါတို့ တိုင်းပြည်ကို လူ ငယ်တွေပဲ ဆက်ပြီး သယ်သွားရမှာ။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ တာဝန်မဲ့တဲ့ စကားကို လွယ်လွယ် ပြောထွက်ရဲ့လား။ လူ့အဖွဲ့အစည်း ဆိုတာလေ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရတာ မဟုတ်ဘူးလား။ ငါတို့ရဲ့ ငယ်ဘဝတွေမှာ ရပ်ကွက်ထဲက ကလေးတွေ အားလုံးကို သူ့သားသမီး၊ ကိုယ့်သားသမီး မခွဲခြားဘဲ ကြီးသူက ငယ်သူကို ဆုံးမခဲ့ကြ၊ စောင့်ရှောက်ခဲ့ကြတာလေ။ ဘယ် ဥပဒေစာအုပ်ထဲမှာမှ မပါတဲ့ မျက်စိဥပဒေနဲ့ ကြီးပြင်းခဲ့ကြတာ။ လူတွေ ငါ့ကို ဘယ်လို မြင်ကြမလဲ ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကို ကောင်းအောင် စောင့်ထိန်းခဲ့ကြတာ။ တစ်ဦးချင်းက စ,လို့ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် စောင့်ကြည့်နေတဲ့သူတွေ ရှိတာလေ။ မဟုတ်တာ လုပ်ရင် ဝေဖန်ထောက်ပြကြမှာလေ။ ဒါမှ ပြုပြင်လို့ ရမှာပေါ့။ နောက်ဆုံးဟာ အစိုးရတောင် ပြည်သူအားလုံးရဲ့ မျက်စိဥပဒေကို လျစ်လျူရှုလို့ မရဘူး။ ပြည်သူတစ်ဦးချင်းကို အလေးထားရမှာလေ။ ခုတော့ဟာ ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတာလောက် တာဝန်မဲ့တာ ရှိဦးမလား။ ဒီကလေးတွေ ဘာဖြစ်ကုန်တာလဲ၊ ဒီမျိုးဆက်တွေ ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ ဟင်း...”

“အင်း.... ပြောရရင်တော့ တိုင်းပြည် ဆင်းရဲတာလည်းပါမှာပေါ့။ ငါတို့တိုင်းပြည် ဆင်းရဲတာ ငွေကြေး တစ်ခုတည်း မဟုတ်ဘူး... အသိဉာဏ်ပါ ဆင်းရဲတာလေ။ အချစ်ဆိုတာ အသိဉာဏ်မပါဘဲ မရနိုင်ပါဘူး။ ချစ်ခြင်းတရားဟာ သင်ကြားတတ်မြောက်နိုင်တဲ့ ဘာသာရပ်ပဲ။ ငါတို့ရဲ့ ကလေးတွေ သနားဖို့ သိပ်ကောင်းတယ်။ ချစ်ခြင်းတရားကို သင်ကြားဖို့ အချိန်ရော အခြေအနေရော မရတော့ဘူး။ အပြန်အလှန်ပဲပေါ့ဟာ။ အဲ့ဒီခေတ်က ဘာဖြစ်နေလဲ သိချင်ရင် အဲ့ဒီ ခေတ်က ရေးတဲ့ စာအုပ်တွေ ဖတ်ကြည့်ရင် သိတာပေါ့။ ဆရာ အောင်လင်းရဲ့ အရိုင်းစံပယ်လို ဝတ္ထုမျိုး ခုခေတ်မှာ ဘယ်သူမှ မရေးတော့ဘူးလေ။ သူဌေးသမီးတစ်ယောက်က ဆင်းရဲတဲ့ စန္ဒရားဆရာလေးကို ကြိုက်ဖို့ဆိုတာ ခုခေတ် ကလေးတွေ အတွက်တော့ ဟာသ မဟုတ်ရင် အံ့ဩစရာပဲ ဖြစ်မှာပေါ့” 

“နင်မေးလို့ ငါပြောတာပါဟာ။ ချစ်ခြင်းတရားတွေ မရှိတဲ့ နောက်ဆက်တွဲ ပြဿနာဟာ ငါတို့ တိုင်းပြည်မှာ အကြီးကြီးပဲ။ ခုခေတ်မှာ မိုးဦးကျပေါက်တဲ့ မှိုတွေလို နေရာအနှံ့အပြားမှာ ပေါ်လာတာ အသင်းအဖွဲ့တွေပဲ။ ပြီးတော့ သေးသေးလေးက စပြီး ကြီးကြီးမားမားထိ ရေရှည်မခံဘဲ ကွဲကြပြဲကြတာပဲ။ ဒါက အဆန်းတော့ မဟုတ်ပါဘူး။ ငါတို့ ဆယ်တန်းတုန်းက သင်ရတဲ့ သိင်္ဃသူ့သမီး ကျောက်စာထဲက စာသားလေးတစ်ခု ရှိတယ်လေ။ “အချင်းချင်း အမျက်အဤ တစေ့မရှိ ချစ်သောမျက်စေ့ဖြင့် ရှုကြပါရစေ” ဆိုတာလေ။ သူ ရေးထားတဲ့ “ချစ်သော မျက်စေ့” ဆိုတာလေး ဘယ်လောက် လှသလဲနော်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သောမျက်စိနဲ့ ကြည့်ရင် အပြစ်ရှိရင်တောင် မမြင်တော့ဘူး မဟုတ်လား။ သည်းခံနိုင်ကြတာပေါ့။ ခုတော့ တစ်ယောက်နဲ့ တစ်ယောက် သည်းခံတယ်ဆိုတာ ရှိကို မရှိတော့ဘူး။ ဘာလုပ်လုပ် အကောင်း မမြင်နိုင်ကြတော့ဘူး”

“ပြီးတော့လေ အချစ်ဆိုတာကို Sex လို့ ထင်နေကြသေးတယ်။ လူတစ်ယောက်ကို ချစ်တယ်လို့ ပြောဖို့ ဝန်လေးသလောက် မုန်းတယ်လို့ ပြောဖို့ကျ သိပ်လွယ်လွန်းတယ်။ ငါကတော့လေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာပဲ မြင်ချင်တယ်ဟာ”

“ကမ္ဘာကြီးဟာ ခုပုံအတိုင်း ဆက်သွားရင် ဘယ်နှခုနှစ်မှာ ဘယ်လို ပျက်စီးတော့မယ်ဆိုတာ တစ်ကမ္ဘာလုံးက ပညာရှင်တွေ တွက်ချက်တတ်ကြတယ်။ ကမ္ဘာကြီးကို ကာကွယ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တိုက်တွန်းနေကြတယ်။ အဆင့်ကျော်နေတာ မဟုတ်လား ခင်လေးရေ။ လူဆိုတာ ကိုယ်တန်ဖိုးထားချစ်ရတဲ့ အရာတွေကို အသက်နဲ့ ရင်းပြီး စောင့်ရှောက်ကြတာ ဘယ်ကမှ သင်ကြားစရာမလိုတဲ့ ဗီဇ စိတ်ပါ။ ကမ္ဘာကြီး ပျက်စီးတော့မယ် ထိန်းသိမ်းကြပါ ဆိုတဲ့အစား ကမ္ဘာကြီးကို ချစ်တတ်အောင် သင်ပေးရမှာပါ”

“ကိတ်မုန့်တစ်ပန်းကန် ရှေ့မှာ ချပြီး မင်းလည်း စား ငါလည်း စားမယ် ဆိုတာက ရတာပေါ့။ မြန်မာပြည်မြေပုံ ကြီး ရှေ့မှာချပြီး မင်းလည်း ချစ်ပါ၊ ငါလည်း ချစ်မယ်ဆိုတာက ပါးစပ်နဲ့ ပြောရုံနဲ့ ဖြစ်တာ မဟုတ်ဘူး။ ချစ်တတ်တဲ့ နှလုံးသား ရှိဦးမှ...”

“တယ်လီဖုန်းတောင် ဘယ်လို ဆက်ရမှန်း မသိတဲ့ သူကို ကွန်ပျူတာ ထိုးပေးပြီး ဖွင့်ကြည့်လို့ ခိုင်းရင် ဘယ်လို လုပ်မလဲ။ ကိုယ့်ဘေးနားက လူကိုတောင် သေချာ မချစ်တတ်သေးဘဲ ကမ္ဘာကြီးကို ချစ်ဖို့တို့၊ ဝန်းကျင်ကို စောင့်ရှောက်ဖို့တဲ့ ဘယ်နားလ ည်မလဲ။ ပြည်တွင်း ငြိမ်းချမ်းရေးတဲ့ သိပ်ကို စိတ်ကူးယဉ်နေတာ မဟုတ်ဘူးလား ခင်လေးရယ် ...”

အခန်းတံခါး ခေါက်သံကြောင့် ကျွန်မနှင့် ခင်လေး စကားပြတ်သွားသည်။ ထမင်းစားဖို့ လာခေါ်ခြင်း ကြောင့် ကျွန်မတို့ အောက်ထပ်ကို ဆင်းဖို့ ပြင်လိုက်ကြ သည်။ ဖွင့်လက်စ,သီချင်းကို ပိတ်မည်လုပ်တော့ ခင်လေးက တားသည်။ အခန်းတံခါး ဖွင့်လိုက်ချိန်မှာ အောက်ထပ်က သီချင်းသံက ပျံ့လွင့်လာသည်။ ကျွန်မတို့ ဆင်းလာချိန်မှာ မာမာအေး ဆိုနေသော “ဧဝရက်တောင်ထိပ် နေချင်ရင် ခုသွား××× ရေရှားတဲ့ သဲကန္တာရ ဆာဟာရ မရှောင်တယ်××× နေမမြင် ရေပြင်ခဲ မြောက်ဝင်ရိုးစွန်းကိုပဲ ခေါ် ခေါ်××× ပျော်ပါမယ်” ဆို သည့် သီချင်းသံက တိုးတိုး သွားသလောက် “လျှောက် သွားမယ် လာမပြောနဲ့ ××× ဘတ်စ်ကားတွေကျပ်လွန်း တယ်××× နေပူထဲသွားတော့ အသားလေးမည်းပါမယ်××× ” ဆိုသည့် ဝိုင်းစုခိုင်သိန်း၏ အသံကိုတော့ ပီပီသသပဲ ကြားလိုက်ရတော့သည်။

▢ ငွေကြယ်စင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     မတ် ၊ ၂ဝ၂ဝ

Monday, November 16, 2026

ရွှေလသာ ဝါဝါဝင်း

❝ ရွှေလသာ ဝါဝါဝင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“အဘိုးကြီး၊ ဘာတဲ့တုံး”

ပုစဉ်းရင်ကွဲအော်သံများကြောင့် ဘဆေးရိုး စိတ်ညစ်နေသည်။ အိုက်ကလည်း အိုက်၊ ပူကလည်း ပူ၊ မိတ်ကလည်း ယားသဖြင့် မနေတတ်မထိုင်တတ် ဖြစ်နေသည်။

ပုစဉ်းရင်ကွဲများက အော်ပဲ အော်နိုင်လွန်းသည်။ သူတို့အနားသို့ သက်ရှိသတ္တဝါ တစ်ကောင်ကောင် ရောက်သွားမှ အအော်ရပ်သည်။ တစ်ကောင်က စတင်ပြီး အော်လျှင် မရပ်တော့ပြီ။ အော်သံတွေများ သည်ထက် များလာသောအခါ ဘဆေးရိုးမှာ လွတ်ရာ ကင်းရာ အရပ်သို့ ထပြေးချင်သည်။

‘ဘာလုပ်ရပါ့၊ တယ်ခက်ပါကလား’

လေးထပ်ကျောင်းဝိုင်းဘက်၊ ဓာတ်ပေါင်းစုဘုရား ဘက်သို့ ပြေးချင်သည်။ ခြေခင်းလက်ခင်းလည်း မစိုးရိမ်ရ။ သို့ရာတွင် ပုစဉ်းရင်ကွဲတို့ကား ရှောင်၍ မလွတ်။ သစ်ပင်တွင်၊ ချုံတွင် သူတို့ ရှိသည်။

သို့ဖြစ်လျှင် ချောင်းတိမ်ယာထဲသို့ ပြေးမည်လော။ ပုစဉ်းရင်ကွဲ တစ်ကောင်တလေသာ ရှိသည်။ သို့သော် မြွေပါးကင်းပါး စိုးရိမ်ရသည်။

“တယ်ခက်ပါကလား၊ ဘာလုပ်ရပါ့”

ဘဆေးရိုး ကြံရာမရဖြစ်နေစဉ် ဘွားကျီးဒန် ရောက်လာသည်။ အရင်းမရှိ အဖျားမရှိ မေးသည်။ မှောင်ထဲမှာပင် ဘဆေးရိုး မော့ကြည့်သည်။

“ဘာပြောတာတုံး၊ သည်အမယ်ကြီးက တစ်မှောင့်”

ဘွားကျီးဒန် စိတ်တိုသွားသည်။

“ရွာဆော် လှမောင် အော်သွားသံ ကြားတော့ ကြားတယ်၊ မသဲကွဲလို့ လာမေးတာ တော်ရေ့”

ဘွားကျီးဒန် ဆက်မပြောနိုင်။ ‘မီးဖိုကျင်း’ ဘက်သို့ ပြန်သွားသည်။ ရန်ဖြစ်ဖို့ထက် ဟင်းအိုးက အရေးကြီးသည်။ ‘ရေလည် ဆီလည်’ ချက်ထားခြင်း ဖြစ်သည်။ ရေအကျန်များလျှင်လည်း မကောင်း။ ရေခန်း သွားလျှင်လည်း အရည်ဆမ်းစရာ နည်းသဖြင့် တာမသွား။ ထို့ကြောင့် မီးခွက်ကို မြှောက်ကြည့်သည်။ မီးစာတွင် အသီးကြီး သီးနေသဖြင့် အလင်းအား မရှိ။ ဘွားကျီးဒန်သည် ‘မီးကျီးသီး’ ကို ခြွေပစ်ငြား အားရပါးရ လင်းမလာပါ။ မီးစာ တိုနေသောကြောင့် ဖြစ်သည်။ မီးစာရှည်လျှင် အလင်းရောင် ပိုရသည်။ သို့ကြောင့် မီးစာကို မြှင့်ရန် ဟိုစမ်းသည်စမ်း စမ်းသည်။

အင်္ကျီဝတ်မထားသောကြောင့် ဘော်လီချိတ် အကြီးအသေး ရှာမတွေ့။ ထိုအခါ ဘွားကျီးဒန်သည် မီးခွက်အဖုံးကို ဖွင့်သည်။ အဝတ်စုတ်မီးစာကို လိမ်ကျစ်ပြီးအပေါ်သို့ ထိုးတင်သည်။ ချက်ပြုတ်နေသော လက်တွင် ရေနံဆီနံ့ တထောင်းထောင်း နံစော်ခြင်းသာ အဖတ်တင်သည်။ မီးရောင်အားကား တက်မလာ။

ဘွားကျီးဒန်သည် ဟင်းအိုးကို စောင်း၏။ လှုပ်၏။ ဟင်းရည်တွေ လှုပ်ရှားငြား ဘွားကျီးဒန် မမြင်။ မြင်သမျှကိုလည်း အားမရ။ မီးဖိုထဲမှ မီးစတစ်စကို ဆွဲယူသည်။ မီးစ၌ တောက်လောင်နေသော မီးတောက်က မီးခွက်ထက် အလင်းအားကောင်းသည်။ သို့သော် ဟင်းအိုးပေါ်သို့ မီးစမရောက်မီ မီးတောက် ငြိမ်းသွားသည်။

မိတ်ယားလာသော်ငြား ကုတ်ဖဲ့ချင်စိတ်ကို ချုပ်တည်းပြီး ဘွားကျီးဒန် သည်းခံပါသည်။ စိတ်ရှည်ပါသည်။ စိတ်ရှည်စွာဖြင့် မီးတောက်ပါသော ထင်းစ တစ်စကို ထပ်မံ ဆွဲယူသည်။ မီးဖိုကျင်း တစ်ခုလုံး ထိန်လင်းနေအောင် မီးတောက်အား ကောင်းပါသည်။

ဟင်းအိုးကို ဘွားကျီးဒန် သေချာစွာကြည့်သည်။ သေချာစေရန် ယောက်မဖြင့် မွှေကြည့်နေဆဲတွင် မီးကျီးကြွေကာ မီးတောက်ကြီးသည် ဟင်းအိုးထဲသို့ တန်းကျသွားလေ၏။ ဘွားကျီးဒန်၏ လက်သည် မီးတောက် နောက်သို့ ထက်ကြပ်မကွာ လိုက်ပါသွားငြား ဟင်းဖတ်ကိုသာ စမ်းမိသည်။ ရေနံဆီနံ့ သင်းနေသော လက်ကို ဟင်းအိုးထဲမှ အသော့အလျင် ရုပ်၏။ ဟင်းအိုး တစ်အိုးလုံး ရေနံဆီနံ့ နံကုန်ပါက ခက်ရချည့်။ ဘွားကျီးဒန်သည် ကြံရာမရ ဖြစ်ကာ ဘဆေးရိုး ရှိနေ လောက်သည့် ကပြင်ကို လှမ်းကြည့်သည်။ တုတ်မီး ရောင် ဝင်းခနဲ မြင်ရ၏။

“ဘယ်သူတုံးဟဲ့”

“အမေကြီး ကျုပ်လေ၊ ဘာခိုင်းမလို့တုံး”

မောင်ကိုကြီး၏အသံ ဖြစ်သည်။

“ဟင်းအိုးထဲကို မီးစကြီး ကြွေကျသွားလို့ဟယ် လာစမ်းပါဦး၊ အင်း အိုမင်းမစွမ်းဘဝဟာ မကောင်းပါဘူးဟယ်”

မောင်ကိုကြီးမှာ ဟက်ခနဲ တစ်ချက်သာ ရယ်နိုင်၏။ သူ့အမေကြီး၏ နောက်ဆက်တွဲ ညည်းတွားသံက သူ့ပါးစပ်ကို ကြမ်းတမ်းစွာ ပိတ်ပစ်သည်။ ထို့ကြောင့် ဟင်းအိုးထဲသို့ တုတ်မီးဖြင့် ထိုးပြသည်။ ဟင်းရည်တွေကို စုပ်မျိုနေသော မီးသွေးခဲကြီးမှာ လေးသစ်ခန့် ရှိသည်။

“အမေကြီးလက်က ရေနံဆီစော်နံနေတယ် လူလေး”

မောင်ကိုကြီးလည်း မဆယ်ချင်။ သူ့လက်မှာ သာမက တစ်ကိုယ်လုံးမှာ နွားစာ ‘စဉ်းဖတ်’ တွေ ပေလူးနေ၏။ သို့ရာတွင် သူ့လက်က အမေကြီး၏လက် ထက် အခြေအနေ ကောင်းသည် မဟုတ်ပါလား။ မီးသွေးခဲကို ဆတ်ခနဲ နှိုက်ယူပြီး ဖိုခုံလောက် (ဖိုခနောက်) ပေါ်သို့ တင်ပေးထားခဲ့လေ၏။

“အဲဒါပဲ ဘရေ၊ တစ်အိမ်တစ်ယောက် ကိုလှမောင် အော်သွားတာက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးဖို့တဲ့ဗျ”

ခုန ‘ဘာတဲ့တုံး’ ဟု ဘွားကျီးဒန် မေးခြင်းမှာ ဤကိစ္စ ဖြစ်သည်။ ဘဆေးရိုးမှာ မိတ်ယားသည့် ဝေဒနာ၊ နားညည်းသည့် ဒုက္ခတို့တွင် အာရုံ ရောက်နေသဖြင့် မကြားလိုက်ပေ။

“ဘ သွားမှ ကောင်းမှာဗျ”

“သလိုဆိုလည်း သွားတာပေါ့ကွာ၊ နို့ မင်းကကော”

“ကျုပ်လာလို့ မဖြစ်ပါဘူး ဘ ရာ။ ကျုပ်က ရွာလယ်လမ်းကို အင်္ဂတေခင်းဖို့ ပြောမိမှာဗျ။ ရွာထဲမှာ လှည်းတွေ ဖြတ်သွားတိုင်း ဖုန်တထောင်းထောင်း ထနေတော့ အိမ်တိုင်းမှာလည်း ဖုန်ချည်းပဲ။ လူတိုင်းလည်း ချောင်းတဟွပ်ဟွပ်နဲ့”

ဘဆေးရိုး၏ သွားကျိုးပါးကျိုး ရယ်မောသံကြီးကို ကြားရသည်။

“ကိုယ့်မြေးကို တန်ဖိုးထားတဲ့ ဘ ကတောင် ရယ်နေမှတော့ သည့်ပြင် လူတွေဆို ပိုဆိုးမှာပေါ့ ဘရ”

“ကတ္တရာလမ်းဆို ပိုမကောင်းဘူးလား လူလေး”

ဘဆေးရိုးသည် အရယ်အမော ရပ်ပြီးမှ မီးဖိုကျင်း ဘက်သို့ လှမ်းပြော၏။

“ကျီးဒန်ရေ အစည်းအဝေး ရှိသဟ”

ထိုသို့ သတိပေးပြီးမှ မြေးကို ဆက်ပြောသည်။

“အေး ကတ္တရာလမ်းတို့၊ အင်္ဂတေလမ်းတို့ မတတ်နိုင်သေးခင် လှည်းဘီးရာတွေထဲမှာ ‘ချောင်းကျောက်’ တွေ ထည့်ရင် မကောင်းဘူးလား။ သည်လိုဆိုလည်း ဖုန်မထတော့ဘူးလကွာ”

“ဒါလည်း ရပါတယ် ဘ”

“ခေတ်ဗဟုသုတရှိတဲ့ မင်းလိုကောင် မလာလို့ ဖြစ်မလားကွ။ ကဲ ကဲ ထမင်းသွားစားချေ၊ ဘာချက်သတုံး”

“ငရုတ်သီးချက်ရင်ချက်၊ မဟုတ်ရင် ချဉ်ပေါင်ရွက်ပေါ့ ဘရာ”

မောင်ကိုကြီးသည် ဖြေလည်း ဖြေ၏။ ဖုတ်ဖက်ခါ ထရင်း အပြေးအလွှားလည်း သွား၏။ အပြေးအလွှား သွားခြင်းမှာ “ဘနဲ့ အတူစားကွာ” ဟု ခေါ်မည်စိုးသောကြောင့် ဖြစ်သည်။ အစားသေးသော အိုမင်းမစွမ်း နှစ်ယောက်၏ တစ်နပ်ထမင်းသည် မောင်ကိုကြီး တစ်ယောက်စာပင် မရှိပေ။

မောင်ကိုကြီး အပြေးထွက်သွားလျှင် ထမင်းပွဲရှိရာသို့ ဘဆေးရိုး ထလာသည်။ မီးစာကို လိမ်ကျစ်ပြီး ထိုးသွင်းထားသဖြင့် မီးစာတွင် ဆီအလိုက် မကောင်းတော့ပြီ။ ဆီအလိုက် မကောင်းသော မီးစာမှာ အလင်းအား ညံ့နေသည်။ သည် မမြင်မကန်း အလင်းရောင် အောက်တွင် ဘဆေးရိုး ထိုင်သည်။ ကိုယ့်ပါးစပ်ကို ကိုယ်သိသောကြောင့် ပန်းကန်ထဲသို့ တစ်လုတ်စာသာ ထည့်သည်။

မန်ကျည်းရွက်ဟင်းချိုမှာ ချဉ်သည်ဆိုရုံမျှ ပြေပြေ ကလေးဖြစ်သည်။ နှမ်းဖတ်ချဉ်သုပ်နှင့် ငရုတ်သီးချက် မှာလည်း အဆင်ပြေငြား တစ်လုတ်စာ ထမင်းမျှကို ဘဆေးရိုး မကုန်ချင်။ သို့ရာတွင် ရှေးအဘိုးကြီးသည် ဆန်ကို တန်ဖိုးထားသောကြောင့် ထမင်းကို လွှင့်မပစ်ရက်။

ဆည်မြောင်းတွေ မရှိမီကာလက လယ်ကွက်ထဲသို့ ရေတစ်စက် ရောက်ရှိရေးသည် အလွန်ခက်ခဲလွန်း ပင်ပန်းလွန်း၏။ ထိုအခါ စပါးတစ်ပင် ဖြစ်လာရေး၊ စပါးစေ့တစ်စေ့ အောင်မြင်လာရေးသည် အဖိုးတန် အခွင့်အရေး ဖြစ်သည်။

သို့ကြောင့် မျို၍ မရ၊ ခံတွင်းမတွေ့တော့သော ထမင်းကို ဟင်းချိုဖြင့် မျှောချလိုက်ပြီးနောက် ရွာလယ် ဝတ်ကျောင်းသို့ သုတ်ခြေတင်ခဲ့လေတော့၏။

ဝတ်ကျောင်းတွင် ‘ပုန်နဆီ’ မှန်အိမ်တစ်လုံးသာ ထွန်းထားသည်။ ဖျော့တော့သော အလင်းရောင် အောက်တွင် ထိုင်နေသူများကို ဘဆေးရိုး မမြင်။ ကျောပြောင်ကြီးကို တဖျပ်ဖျပ် ခတ်နေသော ပုဆိုးများကို ထောက်ချင့်မိသဖြင့်သာ ‘ဪ လူတွေပါတကား’ ဟု ဘဆေးရိုး သိသည်။

“ဘသောင်းတို့၊ သာဒွန်းတို့ မရောက်ကြသေးဘူးဟ”

တိုင်တစ်တိုင်ကို ဝင်မှီရင်း ဘဆေးရိုးက မေးသည်။ ရမ်းဘိုကုန်းတစ်ရွာလုံးတွင် သူနှင့် သက်တူရွယ်တူမှာ သည်နှစ်ယောက်သာ ကျန်တော့သည်။ သည်နှစ် ယောက်သာလျှင် သူ ပြောသော စကားကို နားလည်တော့သဖြင့် သည်အမည်များကို ရေရွတ်မိခြင်း ဖြစ်ပေ၏။

“ရောက်ပါပြီကွာ၊ မင့်ထက် ဝီရိယကောင်းသကွ”

ဦးဘသောင်းက ဖြောင့်ဖြောင့်တန်းတန်း တုံ့ပြန်သော်ငြား ဦးသာဒွန်းကမူ အဆဲခံချင်သောကြောင့် ဆဲစရာ အစကို ဆွဲထုတ်သည်။

“ဘာတုံး၊ လူတွေ အများကြီးထဲမှာ ငါတို့နှစ်ယောက်တည်းကို ကွက်ပြီး မေးတာက ဘာသဘောတုံး၊ ရှိခိုးချင်လို့လား၊ ကန်တော့ချင်လို့လား”

“မင့်အမေ နေကောင်းလား မေးမလို့ဟေ့”

လူမရှိဟု ထင်ရသော ဝတ်ကျောင်းမှာ ဝါးခနဲ ရယ်မောသံများကြောင့် လူရှိကြောင်း ယခုမှ ပေါ်လွင်တော့သည်။

“မင့်အသက် မငယ်တော့ဘူး ဆေးရိုး”

“အေး မင်းလည်း သေခါနီးပြီ၊ သတိထား”

“ငါက အကောင်း ပြောတာပါ မောင်ရာ”

“ငါကလည်း စေတနာနဲ့ သတိပေးတာပါကွာ”

သက်ကြီးရွယ်အိုတို့၏ ဗရွတ်ရွှတ်တစကား၊ ထေ့သံငေါ့သံများသည် လူငယ်လူလတ်တွေ တခိုးခိုးတခွိခွိ ရယ်မော ရွှင်ပျစရာ ဖြစ်နေ၏။

လူများလည်း သုံးယောက် တစ်တွဲ၊ လေးယောက် တစ်တွဲ အရောက် စိပ်လာငြား ဝတ်ကျောင်းပေါ်သို့ တက်သူ နည်းပါး၏။ တံစက်မြိတ်အောက် လရောင်ထဲတွင်သာ အထိုင်များ၏။ ခုံဖိနပ်ကို ဖင်ခုသူ ခု၊ သစ် တုံးပေါ် ထိုင်သူ ထိုင်၊ အစည်းအဝေး စပြီ။

“ကျွန်တော်တို့ရဲ့ ကျေးရွာဖွံ့ဖြိုးရေးအတွက်”

ကိုလှမောင်က သည်မျှသာ စရုံရှိသေးငြား အသံတစ်သံက အစွန်ထောင့်မှ ထွက်ပေါ်လာသည်။

“လွယ်ပါတယ်ကွာ၊ အင်ဂျင်မီး ထွန်းမယ်ကွာ၊ နိုင်လွန်ကတ္တရာ ခင်းမယ်ကွာ”

တီးတိုးသံများ အနှံ့အပြား ပေါ်လာကာ အသံကျယ်ကျယ် တစ်သံလည်း ထွက်ပေါ်လာသည်။

“အဲသာက ပိုက်ဆံ အများကြီး ကုန်မှာဟ ငခွေးရ”

“စိန်မောင်လို့ ခေါ်ပါဗျ”

“နှုတ်ကျိုးနေပြီဟ ငခွေးရ၊ အဲ ပိုက်ဆံနည်းနည်းနဲ့ လုပ်လို့ ဖြစ်တာကတော့ ရွာခရိုးကို ခြံခတ်တာပဲကွ။ ရွာခရိုးကို ဆူးခက်တွေ ကာထားတာ ခေတ်မမီဘူး၊ မလှဘူး။ ချုံတွေ ပေါက်တော့ မြွေအောင်းတယ်”

“ပုတတ် ခိုသာလည်း ထည့်ပြောပါဦး”

“ဟုတ်သယ်၊ ဟုတ်သယ်”

ရယ်မောသံများ သောသောညံသွားသည်။ ရွာဆော်က လက်နှစ်ဖက် ကားပြီး အငြိမ်ခိုင်းသည်။

“အေးဖေက ဝါးဖောင် တစ်ဖောင် အချောင် ရလိုက်လို့ တစ်ရွာလုံးကို ခြံခတ်မယ် ပြောနေတာကွ”

“ကဲ ကဲ နားထောင်ကြပါဦး။ ကျွန်တော် ပြောချင်တာက ကျန်းမာရေးမျက်စိနဲ့ ကြည့်ပြီး အဦးဆုံး လုပ်သင့်တဲ့ ယင်လုံအိမ်သာ ဆောက်ကြဖို့ ဆွေးနွေးမလို့ပါဗျာ”

“ယင်ကတော့ကွာ အတောင်ရှိတဲ့ တိရစ္ဆာန်ဆိုတော့”

“ပိုးကောင်ပါဗျာ၊ တိရစ္ဆာန် မဟုတ်ပါဘူး”

အလယ်ပိုင်းတွင် ထိုင်သူနှစ်ဦးက ထငြင်းနေသဖြင့် ရွာဆော်မှာ ဖျန်ဖြေရပြန်သည်။

“ဝမ်းရောဂါ၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်”

“ဦးလှမောင်ရေ တော့်မိန်းမနဲ့ တော့်နှမ သ,တ်နေကြလို့” 

စူးစူးဝါးဝါး မိန်းမသံကြောင့် ရွာဆော် ဆင်းပြေးသည်။

“ကျုပ်တို့ ဝိုင်းဖျဉ်တဲ့ ကြားထဲက”

ရွာသားများသည် ဖတ်သီဖတ်သီ ပြေးသွားသော ရွာဆော်ကို လှမ်းကြည့်ကြသည်။

“သည်ကောင် ဘယ်သူ့မှ မနိုင်ဘူး။ မယားကို ကြောက်ရသယ်၊ နှမက ကျောင်းဆရာမဆိုတော့ ရိုသေရတယ်”

အုန်းခနဲ ရယ်မောသံ အစတွင် ဟိုနေရာ တစ်ဝိုင်း သည်နေရာ တစ်ဝိုင်းဖြင့် စကားဝိုင်းများ ဖြစ်လာသည်။ ရွာ့တောင်ဖျားမှ အော်ဟစ်သံများကိုပင် ရွာလယ်ဝတ်ကျောင်းမှ ကြားရသည်။

"လူလေးကတော့ ယင်လုံအိမ်သာအကြောင်း ပြောဖူးသကွ ဘသောင်းရ”

“အေး ငါလည်း ကြားဖူးပါသယ်။ ယင်ဟာ ရောဂါပိုးကို သယ်ဆောင်တဲ့အတွက် ယင်မရှိအောင် ယင်လုံအိမ်သာ ဆောက်သင့်သတဲ့ကွ”

ရွာသားများသည် တစ်ယောက် ဆင်းသွား၊ နှစ်ယောက် ထသွား၊ သုံးယောက် ထသွားဖြင့် ရွာလယ် ဝတ်ကျောင်းမှာ မူလအခြေအနေအတိုင်း ပြန်လည် တိတ်ဆိတ်သွားလေရာ၊ ဦးဘသောင်းနှင့် ဘဆေးရိုး သာ ကျန်ခဲ့သည်။ ရွာဆော် ဦးလှမောင်ကား ဇနီးနှင့် နှမကို ဖျန်ဖြေရာက အမေနှင့် ဒွေးလေး၊ ခယ်မ၊ မရီး တို့ကိုပါ ဆက်လက် ဖျန်ဖြေနေရသည်။

  ▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

နိဂုံးတစ်ခု၏ နိဒါန်း


❝ နိဂုံးတစ်ခု၏ နိဒါန်း ❞ 
▢  မေ ( လားရှိုး )

သမီးငယ်သည် ရွှေရောင်လွှမ်းသော ဝတ်စုံလေးနှင့် မြူးကြွနေသည့် လိပ်ပြာငယ်လေး တစ်ကောင်နှယ်။ တခစ်ခစ် ရယ်မောသံနှင့် ဟိုလူဒီလူ ကူးခပ်ကာ နှုတ်ဆက်နေ၏။ အမေသည် သမီးငယ်အား မျက်တောင်မခတ် လိုက်ကြည့်နေရင်း အခန်း၏ ထောင့်ကျကျ တစ်နေရာတွင် ငြိမ်သက်နေသည်။ အမေ့ရင်ထဲတွင် ခွဲခွာခြင်း၏ နိဒါန်းဖြစ်သော အငွေ့အသက်များကို ရှူရှိုက်မိစဉ် ဆောက်တည်ရာမရ။ အမေ၏ ဘဝထဲသို့ နှစ်ပေါင်း နှစ်ဆယ်ကျော်သာ အလည်လာခဲ့သော သမီးငယ်ကို အမေ ငေးကြည့်နေမိသည်။ အမေနှင့် အတူ နေခဲ့သော အချိန်တွေ၌ သမီးငယ်သည် ထိုမျှ ပျော်ရွှင်မြူးကြွနေသည်ကို မမြင်ခဲ့ဖူး။ သမီးငယ်၏ ပါးပြင်တွင် ရွှေရောင်လွှမ်းသော မိတ်ကပ်ကို လိမ်းထား၏။ ရွှေရောင်လွှမ်းနေသော ပါးပြင်အောက်မှ ရှက်သွေး အချို့ ဖြာနေသော အနီနုရောင် ခပ်ပါးပါးကို မြင်နေရသည်။ ပါးပြင်မှ သွေးကြောစိမ်းလေးများသည် ပျော်ရွှင်နေသည့် အထိမ်းအမှတ်နှင့် တဖျပ်ဖျပ်လက်၍ အတူလိုက်ပါ မြူးထူးက , ခုန် နေသယောင်။

ခပ်စေ့စေ့ ကြည့်မိသော် သမီးငယ်သည် တစ်ခါဖူးမျှ မမြင်ခဲ့ဖူးသည့် သူစိမ်းတစ်ယောက် ဖြစ်သွားပြန်သည်။ အမေသည် အသက်ကို ခပ်မျှဉ်းမျှဉ်း ပင့်ကာရှိုက်ကာ ရှူသည်။ ငိုချင်စိတ်တို့ တလှိုက်လှိုက် တက်လာသော်လည်း ငို၍ မဖြစ်။ လူအများစုမှ သတ်မှတ်ထားသော မင်္ဂလာအချိန်သည် အမေ့အတွက်တော့ မင်္ဂလာမမည်။ သူတကာ ပျော်ရွှင်နေသော်လည်း အမေ မပျော်နိုင်။ သဘာဝတရားကို မလွန်ဆန်နိုင်မှန်း သိသော် ဝမ်းနည်းစိတ်ကို ကျိတ်၍ မျိုချသည်။ မျိုချသော်လည်း မကျနိုင်ဘဲ ရင်ဝတွင်သာ နင်၍ နေ၏။ ဖြစ်နိုင်လျှင် သမီးငယ် တွဲခိုထားသော လက်မောင်းကို ဖြုတ်ချပစ်ချပစ်ချင်သည်။

“ညည်းအေ.... မွေးကတည်းက ငါ့လက်ကို ဆွဲလာတာပါဟဲ့”

စိတ်ထဲမှ အကြိမ်ကြိမ် မြည်တမ်းပြောနေမိသည်။ သမီးငယ်သည်ကား သူ့ချစ်သူ၏ မျက်နှာကို မော့ကာ မော့ကာ ကြည့်၍ ရွှန်းလဲ့ တောက်ပနေလေသည် ။ တလက်လက် ဖြာနေသော မျက်ဝန်းအစုံမှာ တိုက်ပွဲဝင် ရန် အနာဂတ်ကို စိန်ခေါ်နေသယောင်။ သမီးငယ်၏ အနာဂတ်တွင် အမေသည် ကျန်ရစ်ခဲ့ရတော့မည်။ သမီး ငယ်သည် လောကသစ် တစ်ခုဆီသို့ သွားရန် တောင်ပံ တဖျပ်ဖျပ်ခတ်၊ ခွာသံတရှပ်ရှပ်ပေးနေလေပြီ။ သမီးငယ် ပျော်ရွှင်နေလျှင် အမေသည်လည်း လိုက်ပါပျော်ရွှင်သင့် သည်ဟု ကျိတ်၍ ဘာသာ ဆုံးမသည်။ ယေဘုယျအားဖြင့်တော့ သမီးငယ်ပျော်နေလျှင် ကျေနပ်ပြီး သမီးငယ် ငိုလျှင် ဖေးမ နှစ်သိမ့်ရမည် ဖြစ်သင့်သည်။ အမေ၏ အတွေးထဲတွင်မူ သမီးငယ်သည် အဝေးဆုံးသို့ ခရီးနှင်ရန် ခွာသံ တရှပ်ရှပ်ပေးနေသည့် မြင်းပျိုမလေးတစ်ကောင်နှင့်သာ တူလေသည်။

အမေသည် လောကသစ်သို့ ဝင်ရောက်ရန် အားယူနေသော သမီးငယ်၏ အတောင်ပံတို့ကို လည်းကောင်း၊ ခွာအစုံကိုလည်းကောင်း စေ့စေ့စပ်စပ် အကဲခတ်ပြန်သော် တောင်ပံတို့တွင် ပျံသန်းရန် အားနည်းနေသေးသော အမွေးနုတို့နှင့် ခွာရိုက်ရန် မရင့်သေးသော ခြေဖဝါးနုနုတို့ကိုသာ မြင်လေသည်။ အမေ၏ အတွေး တွင် မာယာများနှင့် ပြည့်နှက်နေသည့် လောကအတွင်း သို့ ဝင်ရောက်ရန် မသင့်သေးဟုသာ အဖြေထွက်လေ၏။ ဖြစ်သင့်ခဲ့သည်မှာ သမီးငယ်၏ သူရဲကောင်းဆန်နေသော စိတ်တို့ကို နူးညံ့စွာ သိမ်းသွင်းသင့်သည်။ ရင်ဆိုင်ရမည့် အခက်အခဲ၊ ဒုက္ခ၊ သောက အမျိုးမျိုးတို့ကို ပမာပြု၍ ဖြားယောင်းခဲ့သင့်သည်။ ပျော်ရွှင်မှု အစစ်အမှန် မရှိသော လောက၏ ရပ်တည်မှု အချို့ကို သမီးငယ် နားလည် လက်ခံလာအောင် ချော့မြှူ သိမ်းသွင်းခဲ့သင့် သည်။ ယခုသော် အမေသည် လောက မာယာများအား အနည်းငယ်မျှ မသိခဲ့ဘဲ ပျံသန်းရန် အားယူနေသော သမီးငယ်ကို ငေး၍သာ ကြည့်နေမိလေတော့သည်။ လောကသည် အပြော ကျယ်လှ၏။ စာတစ်တန် ပေတစ်ဖွဲ့ ဖွဲ့၍ မဆုံးသည်ကို သမီးငယ်အား သိစေလိုလှ သည်။ ဘဝဖြတ်သန်းမှု အဖုံဖုံသည် မိမိ၏ ရှင်သန်မှုများ၊ အတွေ့အကြုံများ၊ ခံစားမှုများနှင့်သာ ဖွဲ့တည်ထားသည်ကို သမီးငယ်အား ပြောမပြဘဲ အလိုလို သိစေချင်မိသည်။ ရင်၌ ဖြစ်သော သွေးတစ်စ၏ ပူပန်မှုမှာ အဆုံး မရှိသည်ကို သိစေချင်သည်။ အတ္တများ ငယ်ထိပ်သို့ တက်လာသော် ပူပန်ရမည့် မည်သည့် သွေးတစ်စကိုမျှ မပြန့်ပွားစေလို။ ထိုသို့ သိရသော အရင်းအနှီးများ၊ ပေးဆပ်မှုများကို သမီးငယ်အား မကြုံစေလို။ ယခု ပျော်ရွှင်နေသော သမီးငယ်၏ ခံစားမှုများသည် ရေပွက်ပမာ ခဏသာ တင်ကျန်နိုင်သည်ကို အမေ၏ ဘဝနှင့် ရင်း၍ သိခဲ့ရကြောင်းတွေကို ရှင်းပြချင်လှသော်လည်း သမီးငယ်သည် မာန်ကိုချီကာ တောင်ပံတို့ကို တဖျပ်ဖျပ် ခတ်လေပြီ။

နိဂုံးတစ်ခုအား နှုတ်ဆက်၍ နိဒါန်းတစ်ခုအား စတင်ရန် ကြိုးစားနေသည့် သမီးငယ်သည် အဆုံးထိအောင် ပျော်ရွှင်သွားနိုင်ပါမည်လား။ အမေကတော့ ဘယ်လောက်အထိ ဖေးမကူ ပျံသန်းနိုင်ပါမည်လဲ။ တကယ်တော့ အမေလည်း သေချာမသိပါ။

••••• ••••• •••••

“ညည်းအေ တွေ့ရာ ယောက်ျားတစ်ယောက်ကို ကောက် ယူ ရတယ်လို့။ ညည်း အသက် ခုမှ ၁၈ နှစ် ကျော်ရုံ ရှိသေးတာလေ။ လင် မရမှာ ပူနေသလား၊ ဟမ်၊ ဘဝဆိုတာ လင်ယူလိုက်တာနဲ့ သာယာသွားတယ်များ ထင်နေလား၊ လင်ယူလိုက်မှ ဒုက္ခတွေ များရတော့မှာ ကောင်မရဲ့”

သူမ၏ ကျောပြင်ကို တအုန်းအုန်း ထု၍ အမေပြောခဲ့သော စကားများသည် သူမအတွက် ကရုဏာဒေါသ စကားများ၊ ရင်ထုမနာ ပွင့်အန်လာသော စကားများ ဆို သည်ကို နားမလည်ခဲ့။ အမေ့မျက်နှာသည် သပြေသီးမှည့်ရောင်မက အလျှံတညီးညီး တောက်လောင်နေသော မီးတစ်စပမာ။ သတို့သမီး ပြန်အပ်သော အခမ်းအနား၌ အမေသည် သူမအား အရှက်ခွဲသည်ဟုသာ ယူဆ ထင်မြင်ခဲ့မိသော သူမ ဘဝ၏ အစိတ်အပိုင်းများကို တရေးရေး မြင် ယောင်လာသည်။ ထိုအချိန်တွေတုန်းက အမေ့ကို မုန်းခဲ့သည်။ အမေသည် ဘီလူးမကြီးနှင့် တူသယောင် ခံစားရသည်။ စေတနာ၊ မေတ္တာတို့ကို နားမလည်စွာ မိုက်ရိုင်းခဲ့ဖူးသည်။

“ဒီနေ့ သောကြာနေ့ အေ့။ ဗိုက်နာတာ ကောင်းတယ်။ သားဦး သောကြာ ပဒေသာတဲ့။ ဒီနေ့ မွေးပါစေ ဆုတောင်းရမှာ။ မနက်ဖြန်ဆို စနေနေ့ ဖြစ်သွားပြီ”

သူမ၏ သားဦးဗိုက်ကလေးကို ပွတ်၍ တတွတ်တွတ် ဆုတောင်းရေရွတ်နေသော အမေသည် တစ်ချိန်တုန်းက အမေ့အား စိတ်ရောကိုယ်ပါ ဒုက္ခပေးခဲ့သည့် သမီး ဟု သတိရပုံ မပေါ်။ အမေ့လက်ကို အားကိုးတကြီး ခပ်တင်းတင်း ဆုပ်ကိုင်ကာ အတူတူ ဆုတောင်းခဲ့ဖူးသည်။ သူမနှင့် တူသော သမီးမျိုးတော့ မပိုင်ဆိုင်ရပါစေနှင့်ဟူ၍။

“ညည်းသမီးများအေ ညည်းနဲ့ တစ်ပုံစံတည်းပါအေ။ ဆတ်ဆလူးကို ခါနေတာပဲ။ ညည်းလို ၁၈ နှစ် ခံရင် ကံကောင်း” 

သမီးငယ်၏ ဝေယျာဝစ္စများကို လုပ်ကိုင်ပေးရင်း ကြည်နူးပီတိသံနှင့် ဖြစ်စေကာမူ ခပ်တိုးတိုး ရေရွတ်နေသည့် အမေ့စကားသံများကို သူမ မကျေနပ်။ အတ္တ ခပ်များများ ပျော်ဝင်နေသော သူမဆန္ဒများတွင် သမီးငယ်အား သူမနှင့် မတူစေလိုပါ။ သူမနှင့် မတူဘဲ သူမနှင့်သာ သက်ဆုံးတိုင် အတူနေမည့် သမီးလေး ဖြစ်ပါစေဟု ခပ်တိုးတိုး ဆုတောင်းရင်း အမေ့မျက်နှာကို လိပ်ပြာမလုံစွာ ခိုးကြည့်ခဲ့ဖူးသည်။

“ညည်းနဲ့ တစ်ပုံစံ တည်းပဲ” ဟူသော စကားသံများကို သမီးငယ် မသိစေချင်သည့် အခိုက်အတန့်များစွာ အမေ့ကို ရှောင်ဖယ်ခဲ့မိသည်။ သမီးငယ် နေမကောင်းဖြစ် တတ်သော အချိန်တွေ၌မူ -

“ကလေးက ငါ့ကို လွမ်းနေရှာတာ နေမှာ၊ ဒါကြောင့် ဖျားတာ။ ကောင်မကလေးကို ငါ့ဆီ ခေါ်မလာဘူး”

ဒေါသပြင်းပြင်း၊ မျက်ရည်ဝေ့ဝေ့နှင့် ရေရွတ်ကာ အမေသည် လက်ထဲမှ ပုတီးကို ခပ်မြန်မြန် ဘုရားစင်တွင် ချိတ်၍ သမီးငယ်ကို ဆွဲယူသွားခဲ့ဖူးသည်။

“ညည်း တစ်နေ့ ဝဋ်လည်မှာပါ။ ငါ ကျိန်တာ မဟုတ်ဘူး။ မအေတစ်ယောက်ရဲ့ ခံစားချက်တွေကို ညည်း နားလည်လာမှာပါ။ ဒါက လောကကပေးတဲ့ သင်ခန်းစာတွေပဲ”

ရှိုက်ရှိုက်ငင်ငင် တစ်လုံးချင်း ပြောတတ်သည့် စကားလုံးများ။ အမေ့စကားလုံးများသည် သူမရင်ကို အပ်နှင့် ဆွသလိုပင်။ နားခါးနာကျင်လှသည်။ အမေ မမြင်အောင် မျက်စောင်းဝှေ့ထိုးရင်း ချိုကြည် ရယ်မောနေသည့် သမီးငယ်ကို ငေးကြည့်ခဲ့ဖူးသည်။ “သမီးငယ်ကတော့ အမေနဲ့ မတူပါဘူး၊ နော့လေ” စိတ်ထဲမှ တီးတိုးရေရွှတ် စစ်ကူတောင်းကာ သူမ၏ စိတ်နှလုံးတို့ကို နှစ်သိမ့်ခဲ့ဖူးသည်။ သူမ ရှင်သန်ခဲ့သော သက်တမ်းတစ်လျှောက်တွင် အမေ့နေရာမှ စာနာနားလည် ခံစားပေးခဲ့သည် မရှိ။ အမေ့ ခံစားမှုများ အားလုံးကို သူမ မသိကျိုး ကျွန်ပြုခဲ့မိသည်သာ။

••••• ••••• •••••

အမေ ခန့်မှန်းခဲ့သလိုပင် သူမသည် သမီးငယ်ကို ဖတဆိုး ဘဝနှင့် ရှင်သန်စေခဲ့ရသည်။ ရေမှာ အရုပ်ရေး၍ရသည်ဟူသော ထင်မြင်ခံစားချက်တို့သည် လက်တွေ့ဘဝအား ကောင်းစွာ ထိုးနှက်ကြတော့သည်။ အခြေမခိုင်ခဲ့သော အိမ်ထောင်ရေးတွင် အမေ့ စကားလုံးတို့သည် သွေးထွက်အောင် မှန်ခဲ့သည်။ သမီးငယ်၏ လိုအပ်ချက် မှန်သမျှတို့အား မိမစုံ၊ ဖမစုံ လူဖြစ်စေခဲ့သည့် သူမ၏ အပြစ်ဟု တွင်တွင်ခံယူရင်း သမီးငယ်၏ မသိသား ဆိုးဝါးမှုတို့ကို ခွင့်လွှတ်ခဲ့သည်။ သူမသည်လည်း ဖခင်နှင့် နှစ်အနည်းငယ်သာ အတူနေခဲ့ ဖူး၍ သူမ၏ စာနာစိတ်များသည် သမီးငယ်အတွက် အဆိပ်များ ဖြစ်ခဲ့သည်လားဟု ဝေခွဲမရ။ လွတ်လပ်ခွင့်ကို ကောင်းစွာ အလွဲသုံးစား လုပ်သွားခဲ့သော သမီးငယ်သည် အချစ်အား ဘဝဟု ထင်မှတ်သွားပုံရသည်။ အချစ် တစ်ခုတည်းနှင့် ဘဝ တည်ဆောက်၍ မရနိုင်သည်ကို သမီးငယ်အား ပြောပြချင်လှသည်။ နှုတ်ဖျားမှ ထွက်မလာနိုင်သော စကားလုံးတို့သည် ရင်ကို အကြိမ်ကြိမ် ထုရိုက်နေ၏။ အမေ့မျက်နှာကိုသာ မြင်ယောင်ရင်း ပြောချင်သည့် စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့နေသည်။ သူမသည် အမေကဲ့သို့ လူပုံ အလယ်တွင် ကရုဏာဒေါသများကို ဖွင့်ချရန် မဝံ့မရဲခဲ့။ လိပ်ပြာ မလုံခဲ့။ စာနာစိတ်တို့နှင့် အမေ့အား ပြင်းပြင်းပြပြ သတိရနေခဲ့သည်။ “အမေ့လောက် သတ္တိမရှိဘူး အမေရယ်” ဟု တိုင်တည် ငိုပွဲဆင်လိုလှပါသည်။

အခါတော် ××× ပေးတာက နတ်ရေးငယ်ရွှေစာ ××× ။

တူနှစ်ကိုယ် တဲအိုပျက် မှာ ××× နေရ ×× ချစ်တာ ×××  ချစ်တာပဓာနမို့×××။

လွင့်ပျံ့နေသည့် မင်္ဂလာသီချင်းသံများသည် သူမကို လှောင်ပြောင်ရယ်မောနေကြသည်။ သူမသည်လည်း တစ်ချိန်က ထိုသီချင်းသံတို့ ကြားတွင် နှစ်လိုစွာ ရဲဝံ့ခဲ့ဖူးသည်အား မြင်ယောင်နေမိသည်။

••••• ••••• •••••

သူမ၏ အိမ်သည် တိတ်ဆိတ်ခြောက်သွေ့နေ၏။ သူမ နှလုံးခုန်သံသည် တိုင်ကပ်နာရီမှ တချပ်ချပ်မြည်သံထက် ကျယ်လောင် နေသယောင်။ အိမ်မြှောင်အချို့ ရှပ်တိုက်ပြေးလွှားနေသည်မှ အပ သက်ဝင်လှုပ်ရှားနေသည့် အရာ မရှိ။ ဒီနေ့ မနက်ခင်းအချိန်တွေတုန်းကတော့ သူမအိမ်၌ လူအတော်များများ ရှိနေခဲ့သေးသည်။ သိပ်မကြာသော နာရီပေါင်းများစွာ လွန်ခဲ့သော် သူမ အိမ်သည် လိုတာထက် ပို၍ ခြောက်ကပ် အက်ကွဲနေသည်။ သူမ၏ ပြန်အလာကို သမီးငယ်သည် ခုန်ပေါက်၍ မကြိုဆိုတော့။ သမီးငယ်၏ အသံ စာစာသည် ပျောက်ဆုံးနေ၏။ သွားဖြဲလေးနှင့် တီတီတာတာ ချွဲနွဲ့၍ ပြောတတ်သော သမီးငယ်သည် သူမအား စွန့် ခွာသွားလေပြီ။ ကြည့်မိလေရာ အရပ်တိုင်းတွင် သမီး ငယ်၏ ပုံရိပ်များသည် ဝေးသွားလိုက်၊ နီးလာလိုက်နှင့်။

သမီးငယ်၏ မင်္ဂလာဦးညသည် သူမ အတွက်တော့ အမင်္ဂလာညလိုပင် ခံစားနေရသည်။ သမီးငယ် စွန့်ခွာသွား သော သူ၏ အိပ်ခန်းသည် သူမအား ခြောက်လှန့်နေ၏။ ခေါက်သိမ်းမထားသော စောင်သည် ခြေရင်း၌ ပုံ၍ တွန့်ကြေနေသည်။ အိပ်ရာပေါ်မှ အရုပ်လေးများသည် သခင်မဲ့သွားသလို ဟိုတစ်ရုပ် ဒီတစ်ရုပ် ပျံ့ကျဲနေသည်။ မနက်ခင်းအထိ အိပ်စက်သွားသော သမီးငယ်၏ ခေါင်းအုံးလေးသည် နွေးထွေးမွှေးပျံ့နေဆဲ။ စားပွဲပေါ်တွင် ရေးလက်စ ဒိုင်ယာရီလေးသည် ပွင့်လျက်။ သူမ မျှော်လင့်ချက်အချို့နှင့် ဖတ်မိစဉ် သူမ နှလုံးသားတို့ နင့်နေအောင် နာကျင်လေသည်။ အနည်းဆုံးတော့ “မေမေ အစစအရာရာ ဂရုစိုက်ပါနော်” ဟူသော စာကြောင်းလေးပင်ဖြစ်စေ ရေးခဲ့သင့်သည်။ ရင်ကွဲနာကျသွားသလို တရှိုက်ငင်ငင် ငိုကြွေးမိသည်။ သမီးငယ် မရှိတော့သော ပထမဆုံး ညအဖြစ် သူမ ငိုသင့်သည်။

“ဒေါက်... ဒေါက်...ဒေါက်...”

တံခါးဆီမှ အဆက်မပြတ် ခေါက်သံသည် သူမအား ကျင်စက်နှင့် တို့လိုက်သယောင် လန့်ဖျပ်သွားစေခဲ့သည်။ နာရီကို ကြည့်မိစဉ် ညဉ့် ၁၂ နာရီ ထိုးလုနီးပါး။ သမီးငယ် ပထမဆုံး စွန့်ခွာသွားသည့် အိပ်ရာနံဘေးတွင် မမှိတ်မသုန် ထိုင်ကြည့်နေမိသည်မှာ အဘယ်မျှ ကြာသွားသည်မသိ။ မျက်ရည်စက်တို့သည် လည်တိုင်မှ တစ်ဆင့် စီးဆင်းနေမှန်း သူမ မသိ။ အာရုံ၌ တံခါးခေါက်သံသည် မည်သူ ဖြစ်နိုင်မည်လဲ အပြေးအလွှား စဉ်းစားသည်။ သူမထံသို့ အချိန်မတော် တံခါးခေါက်သူ တစ်ဦးတလေမျှ မရှိခဲ့ဖူး။

“သမီးငယ်များလား”

သူ့အိပ်ရာကို မစွန့်ခွာနိုင်၍ အိမ်သို့ ပြန်လာသည်လား။ သူ့ချစ်သူနှင့် အဆင်မပြေဖြစ်၍ ပြန်လာသည်လား။ တံခါးဝ၌ သမီးငယ်ကိုသာ မြင်ရလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် အပြေးသွား၍ တံခါးအား ဆွဲဖွင့်လိုက်စဉ်..၊ တံခါးဝတွင် မားမားရပ်နေသူမှာ အမေ။

“ညည်း ကနေ့ညတော့ဖြင့် အိပ်ပျော်မှာ မဟုတ်ဘူး ဆိုတာ သိလို့ လာခဲ့တာ”

အမေသည် ထီမထင်သော ခပ်ပါးပါး အပြုံးနှင့် တံခါးဝတွင် မားမား ရပ်လျက်။ မိုင်ပေါင်းများစွာ ဝေးကွာသောခရီးကို အမေသည် မသန်သော ခြေထောက်တစ်စုံနှင့် ရောက်အောင် လာခဲ့ပြီ။ အမေ၏ ထီမထင်သော အပြုံးနောက်မှ စာနာခြင်းများကို ရှာတွေ့လိုက်သည်။ သူမနှုတ်မှ ခပ်တိုးတိုး ရေရွတ်မိသည်က-

“အမေ ...”

“အေး.. ညည်း ဘယ်လို ခံစားနေရမယ်ဆိုတာ လောကမှာ ကိုယ်ချင်းစာနိုင်တာ ငါ တစ်ယောက်ပဲ ရှိတာလေ။ ဒါကြောင့် ဒီည အမီ လာခဲ့တာ”

အမေသည် ချိုင်းထောက် နှစ်ဖက်ကို အားပြု၍ တစ်လှမ်းချင်း ဝင်လာ၏။

“အမေ ...”

အမေ့အား ပြေး၍ ဖက်လိုက်မိသည်။ သူမ၏ နှလုံး သားနှင့် အမေ၏ နှလုံးသားတို့ တစ်သားတည်း၊ တစ်ထပ်တည်း ဖြစ်သွား၏။ သည်ညတော့ဖြင့် အမေ့ရင်ခွင်ထဲတွင် မေတ္တာများနှင့် နွေးထွေးချမ်းမြေ့စွာ အိပ်စက်လိုက်ပါတော့မည်။

အချို့ ... အချို့သော နိဂုံးများသည်လည်း နိဒါန်း တစ်ဖန် ပြန်ဖြစ်နိုင်သေးသည်ကိုတော့ သမီးငယ် သိအောင် ပြောမပြချင်တော့ပါ။

▢  မေ ( လားရှိုး )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မတ် ၊ ၂ဝ၂ဝ

Sunday, November 15, 2026

ဇီဝိန်ခြွေသော စာတစ်စောင်


❝ ဇီဝိန်ခြွေသော စာတစ်စောင် ❞ 
        ( ချိုပါရာထက် )

ဦးသောင်းစိန် အိမ်ရှေ့ဝရန်တာ၌ dream-bed နှင့် ထိုင်ပြီး ဂျာနယ်ဖတ်နေစဉ် စာပို့သမား ရောက်လာပြီး စာတစ်စောင်ပေးသည်။ စာအိတ်ပေါ်က အင်္ဂလိပ်လို ရေးထားသော လက်ရေးက သူ့မိန်းမ လက်ရေး ဖြစ်ပြီး စာအိတ်ပေါ်က လိပ်စာက စင်ကာပူတွင် အလုပ်သွားလုပ်နေသော သူ့သမီး တည်းခိုနေထိုင်ရာ လိပ်စာဖြစ်သည်။ ဦးသောင်းစိန် စိတ်ဝင်စားသွားသည်။ သူ့မိန်းမက သူ့သမီးဆီ စာရေးပြီး ဘာပစ္စည်းတွေများ မှာထားပါလိမ့်ဟု တွေးမိသည်။ အဝတ်အစား၊ အသုံး အဆောင်ပစ္စည်း မက်မောသော သူ့မိန်းမ အကြောင်းကို သူ သိပြီးသားဖြစ်သည်။

သူ့သမီး မြန်မာပြည် ပြန်ရောက်နေသည်မှာ ၂ ရက်ရှိပြီ။ စင်ကာပူတွင် စာလက်ခံမည့်သူ မရှိ၍ စာပို့သူထံ စာပြန်ရောက်လာခြင်းဖြစ်သည်။

အခုလည်း သားအမိနှစ်ယောက် မြို့ထဲ ဈေးဝယ်ထွက်ကြသည်။ အိမ်မှာ သူတစ်ယောက်တည်း အိမ်စောင့်ကျန်ရစ်သည်။ ဦးသောင်းစိန် စိတ်ဝင်စားစွာဖြင့် စာအိတ်ကို ဖောက်လိုက်သည်။

      “သမီးရေ
       အလုပ်က ခွင့်ယူပြီး အိမ်ပြန်လာခဲ့ပါ။ ဟိုတစ်လောက သမီးအဖေ ဗိုက်အောင့်လို့ ဆေးခန်းသွားပြတယ်။ အထူးကုဆရာဝန်ကြီးက သွေးစစ်၊ ဆီးစစ်ခိုင်းတယ်။ ဓာတ်မှန်ရိုက်၊ Ulter Sound ရိုက်၊ အစာအိမ်ကို မှန်ပြောင်းနဲ့ ကြည့်ခိုင်းတယ်။

        စမ်းသပ်မှု အားလုံးရဲ့ အဖြေလည်း ထွက်လာရော ဆရာဝန်ကြီးက အစာအိမ်ကင်ဆာလို့ ရောဂါအမည်တပ်တယ်။ အဲဒါ သမီးအဖေကို အသိမပေးရဲဘူး။ တော်ကြာ စိတ်ညစ်ပြီး၊ စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ တစ်ခုခု လုပ်လိုက်မှာစိုးလို့။

        ဆရာဝန်ကြီးက ပြောတယ်။ ခွဲစိတ်ရင်လည်း သိပ်ခံမှာ မဟုတ်ဘူးတဲ့။ ကင်ဆာဆဲလ်တွေက အခြား အင်္ဂါတွေဆီ ပျံ့နှံ့နေပြီး အမြစ် တွယ်နေပြီဖြစ်လို့ ခွဲစိတ်ပြီး ဖယ်ရှားပစ်ဖို့ လုံးဝမလွယ်ဘူးလို့ ပြောတယ်။ အဲဒါ အမေလည်း ခေါင်းမီးတောက်နေပြီ။ ဘာလုပ်ရမှန်း မသိလို့ သမီးဆီ စာရေးလိုက်တာ။ အလုပ်က ခွင့်ယူလို့ မရရင် တစ်ခါတည်း ထွက်လာခဲ့တော့။ နောက်မှ အခြား အလုပ်ပြန်ရှာပေါ့။ အမေက တယ်လီဖုန်း မဆက်ချင်လို့ စာရေးလိုက်တာ။ ဒါပဲနော်။ စာရရင် အမြန်ဆုံးပြန်လာခဲ့ပါ။”

စာဖတ်အပြီး ဦးသောင်းစိန် ချက်ချင်း မျက်နှာပျက်သွားသည်။

“ငါ့မှာ အစာအိမ်ကင်ဆာ ဖြစ်နေပြီပဲ” ဟု ခပ်တိုးတိုး ညည်းတွားမိသည်။

••••• ••••• •••••

နောက်တစ်လခန့်အကြာတွင် ဦးသောင်းစိန်၏ နာရေးကြော်ငြာ သတင်းစာတွင် ပါလာလေသည်။

(မှတ်ချက်။ ထိုစဉ်က မြန်မာပြည်တွင် လက်ကိုင်ဖုန်းများ ယခုလို ဈေးမပေါသေးပါ။ လူတိုင်း လက်ကိုင်ဖုန်း မကိုင်နိုင်ကြသေးပါ။)

▢  ချိုပါရာထက်
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
      မေ ၊ ၂၀၁၈

အရပ်ကောင်း၍ အကြောင်းလှပါသည်

❝ အရပ်ကောင်း၍ အကြောင်းလှပါသည် ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

ဤအကြောင်းအရာသည် ဦးဆေးရိုး၏သမီးကြီး မချောစိန် အတွက်ရော၊ သားငယ် မောင်ဘညိန်း အတွက်ပါ ရမ်းဘိုကုန်းရွာတွင် မျက်နှာပြ မလှသော ကိစ္စဖြစ်သည်။ သို့သော် သူတို့မောင်နှမ မျက်နှာမလှအောင် ဖအေကြီးနှင့် မအေကြီးတို့က ကြံစည်စိတ်ကူးပြီး စီမံ ခြင်း မဟုတ်ချေ။ သူသေ ငါပို့ ရပ်သူရွာသားတို့ စီစဉ်သော အလုပ်သာ ဖြစ်ချေ၏။

ဦးဆေးရိုးနှင့် ဒေါ်ကျီးဒန်တို့သည် လှမေနှင့် အကြောင်းပါသွားသော သားငယ်ကို နွားတစ်ရှဉ်းပေးကာ အိမ်ခွဲခွင့်ပြုခဲ့သည်။ သမီးကြီး ချောစိန်ကိုလည်း ထွန်းရနှင့် သင့်မြတ်ပြီး တစ်နှစ်အကြာတွင် နွားမကြီး တစ်ကောင်နှင့် မခိုင်းနိုင်သေးသော နွားကလေးနှစ်ကောင်ပေးလိုက်၏။

သည်အတွက် မောင်ဘညိန်းလည်း သာခြင်း မရှိ၊ မချောစိန်တို့လည်း နာခြင်း မရှိဟု ဒေါ်ကျီးဒန်က ယူ ဆသည်။ သို့ဖြစ်ငြား သားသမီးတွေ၊ မြေးတွေ တစ်အုံ တစ်သိုက်ကြီးဖြင့် ငိုဟယ်ရယ်ဟယ်၊ ရိုက်ဟယ်နှက်ဟယ်နှင့် စိတ်ညစ်ချိန်တွင် နားညည်းစရာကောင်း သလောက် စိတ်ကြည်ချိန်၌ သာယာခဲ့၏။ ဗယာ ကြော်ကလေးတစ်ခု မစားလိုက်နှင့်၊ ‘ဘ’ ဟုဆိုကာ လှမ်းလိုက်သည့် လက်တွေ။ ဒေါ်ကျီးဒန်ကတော့ မြေးတွေကို ဆဲလည်း ဆဲ၏။ ရိုက်လည်း ရိုက်၏။ သည် သို့သော အဘွားကို မြေးတွေက ကြောက်ကြသော်ငြား၊ ဦးဆေးရိုးကိုမူ အမဲတည်း။ ထမင်းစားပြန်လျှင်လည်း ဟင်းဖတ် လာတောင်းသူနှင့် ဟင်းချို သောက်ချင်သူနှင့် ရှုပ်ယှက်ခတ်နေ၏။ ဒေါ်ကျီးဒန်၏ ဆေးတောင်းကို ဖွသည်။ ဦးဆေးရိုး၏ ကြိုးကျစ်ဆဲ လွန်းတောင့်ကို ဖြေပစ်သည်။ ထိုကဲ့သို့ စည်ပင် သာမောသော မြေးများ ကိုယ့်ထန်းရွက်တဲသို့ ကိုယ် ရွှေ့သွားကြသောအခါ ဦးဆေးရိုး လွမ်းကျန်ခဲ့၏။ ထိုင်ရလည်း ဟာတာတာ၊ ထသွားလည်း ပျင်းခြောက်ခြောက်။ ထိုင်နေလျှင် ပခုံးကို တက်ခွသော မြေးများ၊ ဆေးလိပ်ညှိပေးရန် ပြေးလာသော အကောင်နှင့်၊ ရှေး စကားပြောစမ်းပါ ခိုင်းသူနှင့်။ မြေးတွေ မရှိသော လောကကြီးသည် နှင်းကျနေသော်လည်း နွေပါတကား။ ဦးဆေးရိုးမို့ အိမ်ပေါ်က မဆင်းလိုက်နှင့် ပုဆိုးဆွဲသူနှင့်၊ ခြေထောက် ဖက်သူနှင့်။

“လွှတ်ကြစမ်းပါဦးဟယ်၊ လမ်းလျှောက်လို့ မရတော့ဘူးဟဲ့”

အော်သာအော်ရ ပြုံးပြုံးကြီး။

“ဘ ဘယ်သွားမလို့လဲ၊ ကျုပ် လိုက်မယ်”

“သူ့ကို မခေါ်နဲ့၊ မြေးကြီးကိုခေါ်” 

မြေးတွေ ဆင်းသွားသောအခါတွင်ကား ထရတာက တစ်မျိုးကြီး ဖြစ်နေသည်။ ဪ မိုးသက်မုန်တိုင်း ကျနေပါလျက်က နွေသာတကား။ ခံစားမှုအနေဖြင့် လွမ်းသည်၊ ဆွေးသည် မထင်။ အောက်မေ့သည် သဘောမထား၊ နေရထိုင်ရသည်မှာ မြူးမြူးကြွကြွ မရှိ၊ မရွှင်သွက်သည်ကား အမှန်။ မောင်ဆေးရိုး၊ မကျီးဒန်တို့နှစ်ယောက်နှင့် စတင်ခဲ့ရသော သည်အိမ်မှာ နောက်ဆုံး၌ ဦးဆေးရိုး၊ ဒေါ်ကျီးဒန် နှစ်ယောက်တည်းဖြင့် နိဂုံးချုပ်ပြန်လေပြီ။ ပျိုရွယ်စဉ်က တရား မသိ၊ ချစ်ခြင်း၊ တပ်မက်ခြင်းတို့ တုပ်နှောင်ခံရကာ နှစ်ယောက်တည်းရှိသော အိမ်ကလေးကို သာယာဘုံ ထင်ခဲ့သည်။ အရွယ်ရင့်လာသော နှစ်ယောက်ကျန်သည့် ဘဝတွင်ကား တပ်မက်ခြင်းတို့ ပယ်ချေပြီ။ ချစ်ခြင်းတရားလည်း ကြည်လင်ချေပြီ။ ပျော်ရွှင် တွေ့ဆုံရခြင်း၊ ငိုကြွေး ခွဲခွာရခြင်းတို့ကို မြင်လေပြီ။ မြင်လာပေသည့် မတုန်လှုပ်။ သူ အလျင်လား၊ ငါ အရင်လား၊ တစ်ယောက်ယောက်ကတော့ စတင် ခွဲခွာရမည်သာ။

“ဩော်၊ ဖအေကြီးလည်း မြေးတွေ မရှိလို့ လွမ်းနေတယ်နဲ့ တူတယ်”

ဒေါ်ကျီးဒန်သည် ငြိမ်စွာငေးမောနေသော ခင်ပွန်းသည်အား ကြင်နာစကား ဆို၏။

“ဒါပေါ့တော်၊ သားသမီးဆိုတာ ခဏ လာတဲ့ ဧည့်သည်ဆိုသမှုတ်လားတော်။ အခု သူတို့ကိုယ် သူတို့ အားကိုးနိုင်လို့၊ အတောင်အလက် စုံလို့ ပျံကြတာပဲ၊ ဓမ္မတာပေါ့တော်”

“လွမ်းတယ်လည်း မဟုတ်ဘူး၊ သူတို့ မရှိတော့လည်း တစ်မျိုးပေါ့ဟာ”

ဦးဆေးရိုးက လေးလေးကြီး ဖြေလျက် ဒေါ်ကျီးဒန်အား မော့ကြည့်၏။ ဒေါ်ကျီးဒန်၏ မျက်လုံးထဲ၌ ကရုဏာရိပ် ထင်နေလေသည်။

“အဲဒါ လွမ်းတာပေါ့ တော်ရဲ့”

“သိပါဘူးအေ၊ ဖင်တက်ခေါင်းတက် ငိုတဲ့ကောင်က ငို၊ ရယ်တဲ့ကောင်က ရယ်နဲ့၊ အင်း နားအေးပါးအေးနေရတာကိုပဲ အေးချမ်းတယ် မထင်တာဟာ ဝဋ်ပဲ ထင်ပါရဲ့”

ပြောအပြီး၌ သွားကင်းခဲ့ပြီ ဖြစ်သော သွားဖုံးညို ညိုကြီးများ ပေါ်အောင် ရယ်မော၍ ပြော၏။

“အညောင်းပြေ အညာပြေ၊ ဟိုဘက်ပိုင်းကို လျှောက်လိုက်ပါလားတော်၊ တော့်မြေးတွေကို တွေ့မှာပေါ့”

“ဟော ဟော”

ပြောရင်းဆိုရင်း မောင်ဘညိန်း၏ သမီးကြီးသည် ရေမှုတ်တန်းလန်းစိုက်လျက် ရေအိုးတစ်လုံးကို ရွက်ကာ ဝိုင်းထဲသို့ ဝင်လာသည်။ ခြေလှမ်းလိုက်တိုင်း ရေတွေ ဖိတ်သဖြင့် နဖူးဆံစပ်နှင့် ရင်ဘတ်တွင် ရေတွေ ရွှဲနေ၏။

“ဘတို့ဖို့ သောက်ရေ လာပို့တာ ဘရဲ့၊ အမေကြီး ခပ်နေရမှာ စိုးလို့”

“အေးဟယ်၊ အေး အေး။ လိမ္မာလိုက်တဲ့ မြေးကြီး” 

ဦးဆေးရိုးက ပြုံးပြုံးကြီးထကာ ရေအိုးကို လှမ်းယူသည်။ သောက်ရေအိုးထဲ လောင်းထည့်၏။ ရေစက် ရေပေါက်များ ခြေဖမိုးပေါ် ဖိတ်ကျရာ အေးမြသော အတွေ့ကို ခံစားရ၏။

“ကျန်းမာပါစေတော်၊ ချမ်းသာပါစေတော်၊ ကျုပ် မြေးကြီး ဘုန်းကြီးလို့ သက်ရှည်ပါစေ”

ရေ၏ အေးမြသော အတွေ့ကို ဦးဆေးရိုး တစ်ယောက်သာ ခံစားလိုက်ရငြား၊ နှလုံးအေးမြသော ခံစားမှုကိုကား နှစ်ယောက်လုံး ရရှိသွားကြလေသည်။ သူတို့သည် ဒေါင်းထိမောင်းထိ ထွက်ခွာသွားသော မြေးမကို ပြုံးကြည့်လျက် ကျန်ခဲ့ကြ၏။ မြေး ကွယ်သွားသည်အထိ ပြုံးနေကြသည်မှာ အကြာကြီး။

••••• ••••• •••••

၂

ထွန်တုံးပိတ်ပြီဆိုလျှင် ဦးဆေးရိုးသည် ထွန် ထယ် ငန်းပြား ပေါက်ပြား ထွန်စိပ်တုံးနှင့် ကြမ်းပေါင်များကို ရေဆေးပြီး နေလှန်းသည်။ နေလှန်း၍ အားရလျှင် ရေနံဝဝ သုတ်၏။ သည်နောက်တော့ လယ်သမား တစ်ယောက်၏ အလုပ်သည် ကန်သင်းလုံ မလုံ ကြည့်ခြင်း၊ နွားစာကျွေးခြင်းသာ ရှိတော့ရာ ဖဲကလေး၊ ထန်းရည်ကလေး ဖက်လာတော့သည်။ ငွေကြေးပြတ်ချိန်မို့ လောင်းစရာ မရှိပေမင့် ထုံးခွေတမ်းကလေးဖြစ်ဖြစ် ကစားရမှ စိတ်ပါ၏။ ဤသို့ဖြင့် စိတ်လိုက်မာန်ပါ လှည်းနွားကို ထိခိုက်၍ ရာဇဝတ်မှုသေး၊ မှုကြီး ပေါ်ပေါက်ရလေသည်။ သို့သော် ဦးဆေးရိုးတို့ ပျိုနုစဉ်က ထကြွခဲ့သော စက္ကူဖဲဝိုင်းများကား ပျောက်ခဲ့ပြီ။ ကက် နှင့် သုံးပုံ ပိုက်ကျူး ပင်လျှင် ပြောင်ပြောင်တင်းတင်း မကစားရဲကြပြီ။

ကျနေပြီဖြစ်သော ဦးဆေးရိုး အတွက် ကစားဝိုင်း မရှိ၍ ပျင်းစရာ မထင်။ အိမ်က ဥပန်းကြီးကို ခွပ်လှည့် ပြရန်လည်း ‘ဘက်’ မရှာလိုတော့။ အိုးလုပ်ရန် မြေကို နွားလှည်းဖြင့် တနဲ့နဲ့ သယ်ယူပြီး ဒေါ်ကျီးဒန်၏ အိုး လုပ်ရေးကိစ္စကိုသာ ကူညီခဲ့ရာ စပါးတွေ နို့ရည်ခဲသည့် လအတွင်းက မိုးဦးလက်ကျန် အိုးကလေးနှင့် ပေါင်းပြီး မြို့ပေါ်က ဖောက်သည်ထံသို့ အိုးတစ်လှည်း သွားရောက် ပို့အပ်ခဲ့သည်။ ဤတွင် ဇရာတရားသည် မမျှော်လင့်ဘဲ ဆိုက်ရောက်လာခဲ့၏။ အိုးပွဲစားသည် ချွေးတွေသံတွေနှင့် ဝင်လာသော ဦးဆေးရိုးအား စိမ်းစိမ်းကြီး ကြည့်နေသည်။ ဦးဆေးရိုး ကတော့ ဝင်ထွက် ပြုမူမြဲအတိုင်း ခုံတန်းလျားရှည်တစ်လုံးပေါ် ဒူးတစ် လှန် ပေါင်တစ်လှန် ဝင်ထိုင်ကာ သောက်ရေအိုးက ရေကို ခပ်သောက်၏။ ခေါင်းပေါင်းပုဆိုးစုတ်ကို ဖြေ ကာ မျက်နှာသုတ်သည်။ တစ်ဆက်တည်း ကြေးကွမ်း အစ်ကြီးကို ဆွဲ၍ ပေါင်ပေါ်အတင်

“ခင်ဗျား ဦးဆေးရိုး မဟုတ်လား”

ဦးဆေးရိုး ‘အမ်း’ သွားသည်။ ကွမ်းအစ်ကို ဘေးသို့ ချလိုက်ကာ ရယ်မောဖြေကြား၏။

“ပွဲစားကြီးကလည်း ဘယ်လိုဖြစ်နေသလဲဗျာ၊ ထွန်တုံးတက်ချိန်ကတောင် အိုးတစ်လှည်း လာပို့သွား သေးတဲ့ ဟာကို မမှတ်မိအောင်ဘဲ မျက်စိမှုန်နေပြီလား ဟား ဟား”

သူက သွားဖုံးတွေဖော်ပြီး ရယ်သောအခါ ပွဲစားက သွားအဖွေးသားဖြင့် ပြုံး၏။

“ကျုပ် မမှုန်ပါဘူးဗျ၊ အရင်ကမှ စာကြည့်မျက်မှန်တပ်ရသေးတယ်၊ အခုဆိုရင် အဝေးရော အနီးရော မျက်မှန်မလိုတော့ဘူး”

“ဒါဖြင့် ကျွန်တော့်ကို ကြည့်နေလိုက်တာဗျာ” 

“နေပါဦး၊ ခင်ဗျား အသက် ၆ဝ ပြည့်ပြီလား”

“ငါးနှစ်တောင် လိုပါသေးတယ်ဗျာ၊ နို့ပွဲစားကြီး ကော ၅ဝ ပြည့်ပြီလား”

“တောက်တီးတောက်တဲ့ဗျာ၊ အခုလိုဆိုရင် ကျုပ်ကတောင် ခင်ဗျားထက် ငါးနှစ် ကြီးသေးတယ်ဗျ”

“သိပေါင်ဗျာ၊ ကျွန်တော်ကဖြင့် ပွဲစားကြီးကို ၅ဝ မပြည့်သေးဘူး၊ လွန်ရောကျွံရော ၅ဝ ပဲ မှန်းထားတာ” 

ဦးဆေးရိုးသည် ထပ်မံရယ်မောပြန်၏။ အိုးပွဲစားက ခေါင်းတဆတ်ဆတ်ညိတ်ကာ လေးလေးအေးအေး ပြော၏။

“သုံးလကလေး ကွဲသွားတာ အတော်ကြီး အိုသွားတယ်ဗျာ၊ ဒါကြောင့် ဇဝေဇဝါ ကြည့်နေတာ”

ရင့်မှည့်ခြင်းသည် ကြွေရက် နီးခြင်းပင်တည်း။ ဦးဆေးရိုးသည် ရုတ်တရက် ထိတ်လန့်ချင်၏။ တုန်လှုပ်လိုက်ချင်၏။ သို့သော် မွေးဖွားခြင်းသည် သေဆုံးရန် မဟုတ်ပါလား။ နုပျိုခြင်းသည် အိုမင်းခြင်း၏ သားကောင် မဟုတ်ပါလား။ ယင်းသို့ ဖျတ်ခနဲ တရားဝင်လာသဖြင့် စိတ်သက်သာရာ ရသွား၏။

“ဟုတ်ကဲ့၊ သားတွေ သမီးတွေ အိမ်ခွဲဆင်းသွားတော့ ဘာမဆို အဘိုးကြီး၊ အဘွားကြီး ကိုယ်တိုင် လုပ်ကြရတော့သကိုးဗျ။ လယ်ထဲလည်း လူငှား မချဝံ့ဘူးဗျ၊ ခေါင်းလောင်းထိုး မွန်းတည့်ကို သုံးကျပ်ဗျ။ ပြီးတော့ ကောင်းရင် တော်ပါရဲ့၊ ဒါကြောင့် ပင်ပန်းတာလည်း တစ်ကြောင်းပေါ့ ဗျာ”

“ခင်ဗျားတို့ လယ်အလုပ်က တယ်ပြီး ပင်ပန်းသကိုးဗျ အင်း”

“နောက်တစ်ကြောင်းက ပွဲစားကြီးတို့မှာတော့ အေးအေးလူလူ နေနိုင်တယ်၊ အစားကောင်း အသောက် ကောင်း စားနေရတာကိုး။ ကျုပ်တို့မှာတော့ သည်လို မဟုတ်ပေါင်ဗျာ”

ပွဲစားကြီးသည် ဦးဆေးရိုး မြင်သည့်အတိုင်း မြင်ဟန်တူ၏။ ခေါင်းကိုသာ ညိတ်ပြသည်။

“ကျွန်တော်တို့ လယ်သမားတွေ လယ်ထဲဆင်းချိန်မှာ တစ်စလယ်ချက် တစ်ခွက်ချက် ထမင်းစားတာကို လူက စားတာ မဟုတ်ဘူး၊ ထွန်တုံးက စားတာလို့ ပြောစမှတ်ပြုကြတယ်ဗျ။ အဲသလောက် ပင်ပန်းတာ။ နို့ပေသည့် ဆန်တစ်ခုသာ လက်ဖြစ်မို့ အကြောင်းမဟုတ်ပေတယ်လို့၊ ကျန်တာတွေက အကုန်လုံး တိုရေ ရှားရေချည်းပဲ ပွဲစားကြီးရဲ့”

“ဟုတ်တယ်၊ ကုန်ပစ္စည်းထုတ်လုပ်ရေးကလည်း အေးလေ ဒီထဲမှာ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ဖြူးရေး မှာလည်း ယိုဖိတ်တာတို့၊ မကျွမ်းကျင်တာတွေနဲ့ဆို တော့ မလုံလောက်ဘူး။ မလုံလောက်တော့ အပြင်ဈေး ကြီးတာပေါ့။ ကျုပ်တို့မှာက တခြားပစ္စည်း ဈေးတက် တက်ချင်း၊ ခင်ဗျားတို့ လယ်သမားတွေမှာသာ”

ဦးဆေးရိုးသည် ထိုစကားမှစ၍ ပွဲစားကြီး ပြောသမျှကို ခေါင်းညိတ် နားထောင်ခဲ့ရ၏။ နိုင်ငံရေးလည်း ပါ၏။ စီးပွားရေးလည်း ပါ၏။ကောလာဟလလည်း ပါ၏။ ဦးဆေးရိုးမှာ ယုံသည် မယုံသည် အပထား လေးစားစွာဖြင့်ကား မှတ်ချက်ချမိသည်။

“အေးလေ သူတို့က မြို့ပေါ်နေပြီး သတင်းစာတွေ ဘာတွေ ဖတ်ရတော့ နားကြီးမျက်စိကြီး ဖြစ်မှာပေါ့လေ”

••••• ••••• •••••

၃

သူ့ဘာသာသူ နေလျှင် အကောင်းသား။ မြို့ပေါ်သွားပြီး အိုးပို့ကာမှ မိမိ၏ အိုမင်းရင့်ရော်ခြင်းကို ဦးဆေးရိုး ကောင်းစွာ ရိပ်မိရလေ၏။ အိုမင်းပြီဟု ရိပ်မိပြီ ဆိုလျှင် ပြုံးမိသည်ကိုပဲ ကလက်လေမလား၊ မျက်နှာရွှင်ခြင်း ကိုပဲ ‘ကလေး’ လေမလားဟု ထင်ရပြီ။ စင်စစ် စိတ်က ချုပ်ချယ်လာပြီ။ စိတ်အိုမင်းလာသည်နှင့်အမျှ တကုန်း ကုန်း တကုပ်ကုပ်နှင့် မအားမနား လှုပ်ရှားလုပ်ကိုင် နေသော ဒေါ်ကျီးဒန်ကို ကြည့်ကာ ကြင်နာသနားရ၏။

" ဪ သူလည်း အိုရှာပါပြီကော”

အဆိုးထဲမှ အကောင်းရ၏။ ယခုမှပင် အချစ်စစ် အချစ်မှန်၊ မေတ္တာစစ် မေတ္တာမှန်သည် ဆန်ခါတင် ကျန်ရစ်သည်။ ဘဝ၌ တကယ် လက်တွဲစရာ အဖော်သည် သည်အဖော်သာပါကလားဟု နှလုံးပိုက်လေလေ၊ ထစ်ခနဲရှိ ငြိုငြင်ချင်သောစိတ် ယဉ်ကျေးလေလေ၊ ဒေါသခေါင်းပါးလေလေတည်း။ သို့တစေ အိုပြီ ဆိုလျက်နှင့် ထိုင်နေ၍ မရ၊ မသေမီ စားရန်၊ သုံးရန်၊ လှူဒါန်းရန်အတွက် လုပ်ကိုင်ရဦးမည်။ လယ်ပြင်သို့ ရေကြည့် မိုးကြည့် သွားတာပင် ဘာဝနာသတိ ဝင်လေ၏။ မိအိုနှင့် ဖအိုတို့ကို သားနှင့်သမီးတို့ ပြန်မကြည့်နိုင်ကြပါ။ မြေးတွေ တစ်ခါတစ်ရံ ရောက်လာသည်မှ အပ သူတို့ဝန်နှင့် သူတို့ ဖေးဖေးတုပ်နေကြသည်။ မချောစိန်မှာမူ တစ်လတစ်ခေါက် ရောက်တတ်ပါ၏။ သို့သော် အားလပ်၍ အမေ့ကို ကူရန် မဟုတ်။ အဖေ့ကို နှိပ်ပေးရန် မဟုတ်။ နှိုက်ရန် ဖြစ်ပါသည်။

“အမေ နေကောင်းလား” မေးကာ မီးဖိုထဲ တန်းဝင်ပြီး နနွင်းမှုန့် တစ်ခါခတ်၊ ဆားတစ်လက်ဇွန်း၊ ငါးပိတစ်ခါဖုတ် စသည် ကော်ခတ်သွားလေ၏။ အဘိုးကြီး၊ အဘွားကြီး ဘယ်လိုပဲနေနေ။

“အင်း လိုချင်ရင် ရောက်လာပြီတော့်”

ဒေါ်ကျီးဒန်ကတော့ မိန်းမညည်းဖြင့် ငေါ့ချင် မေးထိုးချင်၏။ ဦးဆေးရိုးက အေးအေးပင်။

“ညည်းဆီ လာမနှိုက်စေချင်တာက ညည်းကို သူတို့က လာပေးစေချင်လို့လား”

“စားရကောင်းစေ အောက်မေ့ပေါင်တော်”

“ရေစုန်သာ ရှိတယ်၊ ရေဆန် မရှိဘူးဆိုတာ ညည်း မသိဘူးလား၊ သူတို့မှာ မရှိတုန်း ညည်းမှာ ပေးစရာ ရှိတာကိုပဲ ဝမ်းသာစမ်းပါအေ”

“ဝမ်းသာပါတယ်တော်၊ မိဘမေတ္တာက ခပ်လို့ မကုန်တဲ့ နတ်ရေကန်ထဲက ရေစင်အေးပါ”

“သည်လို လုပ်စမ်းပါဟာ” 

“ဒါပေသည့် ငါ့အဖေ၊ ငါ့အမေ ဆိုပြီး ဟင်းတစ်ခွက် ပို့ရမှန်းသိရင် သိတတ်ပါကလားဆိုပြီး ဝမ်းသာရတာပေါ့”

“ညည်းမလဲအေ ပေးလောက်အောင် ချက်နိုင်ဦးမှ ကိုးဟ။ ဘညိန်း ဆိုရင် ဖြူသလား၊ မည်းသလား တောင် မသိဘူး။ ချောစိန်ကမှ လာပြီး နှိုက်ဖော်ရသေး”

“တော့်သား ရှိပါ့တော်၊ တလောက ရွာခရိုးက မှိုတွေ တစ်ထမ်းကြီးရလို့ ဈေးသွားရောင်းတာ ငွေ တစ်ဆယ် ရသတဲ့။ အမေ ရော့ တစ်ပွင့် ပေးဖော် မရဘူး”

သားသမီး မသိတတ်မှုကို ပြောရလျှင် ပြော၍ ကုန်မည် မဟုတ်ပေ။ မချောစိန်နှင့် မောင်ဘညိန်းတို့ မသိတတ်ခြင်းထက် ကိုယ့်အလုပ်နှင့်ကိုယ် ခေါင်း မဖော်နိုင်သည့်အတွက် မိအို ဖအိုတို့ထံ စိတ်မရောက်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အများတကာတွေ ကောက်ရိတ်စည်းငှားရမ်းချိန်၊ တလင်းပြင်ချိန်၌ “အမေတို့ကော ဘယ်လိုလဲ” ဟု ဘာညာ လာမမေးကြခြင်းဖြစ်၏။

“ညည့်သမီးက သူတို့ တလင်းမှာ လာပြီး ကောက်လှိုင်းလာပုံပါလား ပြောရင် သဘောမတူလိုက်နဲ့နော်” 

မောင်နှမချင်း သဝန်ကြောင်တတ်သည့် သဘောကို ဦးဆေးရိုးက ကောင်းကောင်းကြီးသိ၏။

“ချောစိန်က တစ်လုံးတစ်စေ့ မနှိုက်ဘူးထား၊ ဘညိန်းက ဘယ်လို ထင်မလဲ။ အစ်မကတော့ ဆယ်တင်းလားဟဲ့၊ ဆယ့်ငါးတင်းလားဟဲ့နဲ့ ထင်မှာ။ အေး ဘညိန်း မထင်နဲ့ဦး၊ လှမေကတော့ ထင်မှာပဲ။ အဲဗျား သမီးယောက်မချင်း စောင်းကြ ချိတ်ကြ ရန်ဖြစ်ကြနဲ့”

ယင်းသို့ဖြင့် ဦးဆေးရိုးသည် ကိုယ့်ဘာသာကိုယ် သီးခြား တလင်း လုပ်ရန် ပြင်ဆင်ရတော့သည်။ ပထမ မြက်ရှင်း၏။ နောက် ဂျုတ်ဆွဲရမည်။ ပြီးတော့ ရေ လောင်းကာ လှည်းဘီးဖြင့် ကြိတ်၍ တလင်းခေါက်ရမည်။ ယင်းသို့ တလင်း လုပ်ရေးအတွက် ဦးဆေးရိုး၊ ဒေါ်ကျီးဒန်တို့ တကုန်းကုန်း လုပ်ကိုင်နေသည်ကို အုန်းမောင်တို့လူစု ကြည့်မရပေ။ ထို့ကြောင့်ပင် တစ်ညချမ်း၌ လူစုပြီး ဦးဆေးရိုး၏ နွားကို လာဆွဲကြသည်။

“ဟေ့ကောင်တွေ ငါ့နွားကို အမဲပေါ်မလို့လား၊ ရှေ့နှစ် ဘာနဲ့ လယ်လုပ်ရမလဲ”

“မသိရင် အသာနေပါ ရီးဆေးရိုးရယ်”

အုန်းမောင် ခေါင်းဆောင်၍ တလင်းခေါက်သည်။ နွားပြန်ပို့တော့ သန်းခေါင်ကျော်လေပြီ။ သည်အခါကျမှ အုန်းမောင်တို့ လုပ်ခဲ့သည့် အလုပ်ကို သိကြရလေ၏။

“ဟဲ့ စောစောက ပြောပါတော့လား၊ အခုတော့ ဘာမှ မကျွေးရ၊ မတိုက်ရနဲ့”

ဒေါ်ကျီးဒန်က သူ့ဝါသနာအတိုင်း ဆဲ၏။ ကျေနပ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ ကြည်နူးခြင်း၏ အဆဲ။

“ခင်ဗျားကတော့ လူတွေ့ရင် ဆဲဖို့ စိတ်ကူးနေတာပဲ၊ အသက်ကဖြင့် ကြီးလှပြီ”

“ငါ့ဘာသာ ငါကြီးတာ ဘာဆိုင်လဲ၊ ဟဲ့ မသာ မသွားနဲ့ဦး၊ လာ ထန်းလျက် စားလှည့်”

အုန်းမောင်သည် အိမ်ခါးပန်းကို နောက်ပြန် ခုန်တက်ကာ ထန်းလျက် တစ်ခဲကို ငုံထား၏။

“အေးကွာ ငါ့သားရင်း သမီးရင်းကတောင် လှည့်မကြည့်နိုင်တဲ့ ဥစ္စာ၊ မင်းတို့ လာလုပ်ပေးတာ ကျေးဇူးတင်လို့ မဆုံးပါဘူးကွာ၊ ငါတတ်နိုင်တာကတော့ ကောက်လှိုင်း တိုက်တဲ့အခါ အစားလိုက် တိုက်ပေးဖို့ပဲ”

“သည်လောက်တော့ ရပါတယ်၊ လှည်းမောင်းမယ့်လူ မရှိမှ ရီးဆေးရိုး လိုက်ပေါ့။ လှည်းမောင်းမယ့်လူ ရှိရင် နွားလှည်းပဲ ပေးလိုက်ပါ”

“အေး အေး၊ ဟုတ်ပြီ။ မင်းတို့ကောင်လေးတွေကို ငါ အတော် မြင်ပြင်းကတ်တာ မောင်ရ။ မြို့သွား ဘိုင်စကုပ်တွေ ကြည့်၊ စာအုပ်တွေ ငှားလာပြီး ဖတ်နဲ့ အလကား ထောင့်မကျိုးတဲ့ကောင်တွေလို့ ထင်နေတာဗျာ။ အခုမှ မင်းတို့ တစ်တွေမှာ ပရဟိတစိတ်တွေ ရှိပါလား ဆိုတာ သိသဗျား”

ရီးဆေးရိုးက အပွင့်လင်းဆုံး ပြောချလိုက်သောအခါ အုန်းမောင်က ထန်းလျက်ခဲကြီးငုံလျက် ရယ်မော၏။

“အကောင်းပြောနေမှ မင်းက ဘာရယ်တာလဲ” 

“ဪ … ရီးဆေးရိုး အထင်မှားနေတာကို ရယ်တာပါဗျ။ ဘိုင်စကုပ်ကြည့်တော့ မျက်စိဗဟုသုတ ရသဗျ။ စာအုပ်တွေ စုငှား၊ စုဖတ်တော့ ဦးနှောက် ပွင့်လင်းသဗျ။ ထောင့်မကျိုးတာက စကောစက ဖြစ်နေမှာပါဗျာ”

“အေးအေး ကျေးဇူးတင်တယ်ကွာ၊ မင်းတို့ကို စုပြီး တစ်နေ့မှာ ကြက်သား ချက်ကျွေးဦးမယ်”

“အခု မလုပ်ပါနဲ့ဦး၊ ကောက်လှိုင်းစည်း သယ်တဲ့ နေ့၊ ကောက်လှိုင်း တိုက်တဲ့နေ့ကျမှ ကျွေးပါ။ ကောက်လှိုင်း စည်းဖို့ လူငှားဖို့ မရဘူးနော်၊ လိုက်ငှား မနေနဲ့ ကျုပ်တို့ စည်းပေးမယ်”

အုန်းမောင်သည် အော်ပြောဆိုရင်း မှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။ အရပ်ကောင်း၍ အကြောင်း လှရပါပြီ။ သို့သော် ဤအကြောင်းအရာသည် ရီးဆေးရိုး၏သမီး မချောစိန်အတွက် လည်း ကောင်း၊ သားငယ် မောင်ဘညိန်းအတွက် လည်းကောင်း ရမ်းဘိုကုန်းရွာတွင် မျက်နှာမလှသော ကိစ္စ ဖြစ်၏။ သို့ဖြစ်ငြား သူတို့မောင်နှမ မျက်နှာမလှရအောင် ဦးဆေးရိုး၊ ဒေါ်ကျီးဒန်တို့က စီမံဖန်တီးခြင်း မဟုတ်ချေ။ သူသေ ငါပို့ ရပ်ဓလေ့ ရွာထုံးစံမှ ပေါက်ဖွားလာသော လူငယ်တို့၏ ပရဟိတ စံပြလုပ်ငန်း တစ်ရပ်သာ ဖြစ်ပေ၏။

 ▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်

ဘတ်ငွေ


❝ ဘတ်ငွေ ❞
▢ နွေမိုးဝေ

၁။

“အချိန်မဟုတ် အခါမဟုတ် မိုးတွေ လေတွေများ သည်းတော့မလား မသိ”

စနေထောင့်က မိုးရိပ်များ ညို့တက်လာသဖြင့် ခင်သီ ညည်းညူလိုက်မိသည်။ မညည်း၍လည်း မဖြစ်။ ယောချောင်းထဲမှာ ကြက်သွန်တွေ စိုက်ထားမိသည်။ မိုးကြီးလေကြီးသာ ကျလာခဲ့လျှင် တောင်ကျရေတွေဆင်းလာနိုင်၏။ ထိုသို့ဆိုလျှင် ချောင်းသောင်ခုံပေါ်က ပင်ငုတ်တိုလေးတွေ ခမျာ ရေစီးနှင့်အတူ မျောကုန်တော့မည်။ တစ်ပြားဖိုးမှတောင် ကျန်မည် မဟုတ်။

“ဘုရား... ဘုရား”

ဆက်ပြီးလည်း မတွေးရဲတော့ပေ။ ခွေထားသည့် ထင်းခြောက်များကို လျှော်ကြိုးဖြင့် စုချည်ပြီးနောက် ခေါင်းပေါ်သို့ ပင့်တင်လိုက်၏။ မိုးမရွာခင် အိမ်ပြန်မှ ဖြစ်မည်။ ရွာတောင်ဖျားသို့ အရောက်တွင် ညီမငယ်နှစ်ယောက်ကို မြင်လိုက်ရသည်။ လက်ထဲမှာ ကိုင်လာသည့် သြဇာသီးတွေကို ကပျာကယာ ဝှက်နေကြ၏။ ကျောင်းဆင်းသည်နှင့် တန်းပြန်လာရန် မှာထားပါလျက် တောထဲဝင်ပြီး ကောက်လာကြပုံပင်။

“ပေး... ပေး မမသီ၊ ညီမလေး တစ်လှည့် ရွက်ခဲ့မယ်”

“နေပေ့စေပါအေ၊ ကျောင်းစိမ်းတွေ ပေကုန်ပါ့မယ်။ ညည်းတို့နှစ်ယောက်သာ အိမ်ကို သုတ်သုတ်ပြန်နှင့်ပါ။ မိုးမိရင် စာအုပ်တွေ စိုကုန်လိမ့်မယ်”

၈ တန်း တက်နေပြီဖြစ်သည့် အလတ်မ မြနှစ်က ၅ တန်းကျောင်းသူ အငယ်မ လက်ကို ဆွဲပြီး ရွာလမ်းအတိုင်း ပြေးသွားကြသည်။ သူတို့ကို ငေးကာ ခင်သီ ပြုံးမိရသေးသည်။ အကယ်၍သာ ခင်သီလည်း ကျောင်းတက်ဖြစ်လျှင် သည်နှစ် ဆယ်တန်းဖြစ်နေပြီ။

“ညီအစ်မ သုံးယောက်လုံးသာ ဆိုရင် ပျော်စရာကြီးနေမှာ”

ထိုသို့ တွေးမိပြန်တော့ အဖေ့ကို မြင်ယောင်လာသည်။ အဖေသာ ရှိနေသေးလျှင် ခင်သီ ကျောင်းထွက်ရမည် မဟုတ်။

အဖေက သူ့သမီး ၃ ယောက်ကို လူ့အောက်လူ့နောက်ကျမှာ စိုးရိမ်ရှာသည်။ ထို့ကြောင့်ပင် မိုးလင်းကနေ မိုးချုပ် ရရာအလုပ် အကုန်လုပ်၏။ ယခုလို ထန်းရာသီချိန် ရောက်လာပြီဆို အဖေ့ ခမျာ အိမ်ကိုပင် မကပ်နိုင်တော့ပေ။

မွေးကတည်းက ထန်းပင်တွေ ကြားမှာ ကြီးပြင်းလာခဲ့သည့် အဖေတစ်ယောက် ခင်သီ ၈ တန်း နှစ်မှာပင် ထန်းလျှော၍ ဆုံးခဲ့ရှာသည်။ အဖေ မရှိတော့ကတည်းက ခင်သီတို့မှာ ကျပ်တည်းလာသည်။ ယခုဆိုလျှင် လှည်းလည်း မရှိ၊ နွားလည်း မရှိတော့သလို လက်ငုတ်လက်ရင်း ယာခင်းလေး နှစ်ကွက်ကိုပင် သူများဆီမှာ ပေါင်ထားရသည့်အခြေသို့ ရောက်နေလေပြီ။ အိမ်နားသို့ နီးလာပြီဖြစ်၍ မျက်ရည်စတို့ကို ကပျာကယာ သုတ်လိုက်၏။ အငယ်တွေ မြင်သွားလျှင် စိတ်ကောင်းမည် မဟုတ်။ အမေကတော့ ထုံးစံအတိုင်းပင် အိမ်ရှေ့မှာ ငေါင်းစင်းစင်းကြီး ထိုင်၍ ပြောင်းဖူးဖက်လိပ်ကို ဖွာနေသည်။ မီးခိုးတွေ တထောင်းထောင်း ထ,နေသည့် ကြားက ကောင်းကင်ကို မော့မော့ကြည့်ပြီး တဖျစ်တောက် တောက်တွေ ပြောနေပြန်၏။

“ဗျိုး အမေ ဆေးလိပ်ကြီးနဲ့များ ရန်ဖြစ်နေတာလားလို့”

အမေ့ကို ကြည့်ပြီး ရယ်ချင်လာသဖြင့် ခင်သီ လှမ်း စ,လိုက်မိသည်။

“ညည်းက ရယ်နိုင်နေ၊ အမေတော့ ငိုချင်စိတ်ကို ပေါက်နေပြီအေ။ မိုးက တကယ်ချမယ့် ပုံကြီးဟဲ့”

ရယ်နိုင်၍တော့ မဟုတ်ပေ။ အမေ့ကို ကြည့်ပြီး သနား လာသဖြင့် စိတ်ပေါ့ပါးအောင် စမိခြင်းပင်။ အမေ့စကား တောင် ဆုံးလိုက်မည် မထင် မိုးဖွဲလေးများ ကျလာခဲ့၏။ ထို့နောက် တဖြည်းဖြည်းနှင့် ပိုသည်းလာသည်။ မိုးတစ်ခုတည်းတင် မဟုတ်၊ လေပါ တရကြမ်း ပြင်းထန်လာ၏။ ခင်သီ အိပ်၍ မပျော်တော့ပေ။ သည်မိုး၊ သည်လေနှင့် ဆိုလျှင် ...။

••••• ••••• •••••

၂။

“ရှိစုမဲ့စုလေးတွေ ရင်းထားသမျှတော့ ကုန်ပါပြီ အေရယ်”

နံနက်လင်းလာသည့်တိုင် မိုးက မတိတ်သေး။ ခမောက်တစ်ချပ်ကို ဆောင်းကာ ကမ်းပါးစွန်းပေါ် တက်ခဲ့လိုက်၏။ ဝါးလုံးထိုး စီးဆင်းနေသည့် ယောချောင်းရေပြင်ကို ငေးကြည့်နေရုံမှ အပ ဘာမျှမ တတ်နိုင်ကြတော့ပြီ။ စိုက်ထားမိကြသူတွေ အားလုံး ဆုံးရှုံးခဲ့ရသည် ဆိုသော်လည်း ခင်သီတို့ကတော့ ပို၍ အခြေယိုင်ပါသည်။ အိမ်မှာက မိန်းမသားတွေချည်းပဲ လေးယောက်ရှိရာ အငယ်မ နှစ်ယောက်က လူမမည်အရွယ်၊ အမေကလည်း အသက်ကြီးပြီ။ ရွာမှာက သူတစ်ပါးအလုပ် လိုက်လုပ်သည် ဆိုဦးတော့ ပုံမှန် ရှိသည် မဟုတ်။ ပုံမှန် ရှိလျှင် တောင် ရသည့် ပိုက်ဆံနှင့် အတန်းကြီးလာမည့် ညီမ လေးတွေ၏ ကျောင်းစရိတ်၊ အိမ်စရိတ်တို့ကို မည်သို့မျှ လောက်င,ရန် မဖြစ်နိုင်ပေ။

ယောက်ယက်ခတ်လာသည့် အတွေးတွေနှင့်အတူ ရွာထဲသို့ ပြန်ဝင်ခဲ့သည်။ ယခုတော့ မိုးက တိတ်သွားပြန်၏။ ရွာလယ်လမ်းပေါ်မှာတော့ ဗွက်အိုင်ကြီးများ ကျန်ခဲ့သည်။

••••• ••••• •••••

၃။

“ဟေး... ခင်သီရေ.. ဘယ်တုံး”

အသံပြဲကြီးဖြင့် လှမ်းအော်နေကတည်းက အရီးအေးပုအသံမှန်း သိလိုက်သည်။

“အိမ်ပြန်မလို့ အရီးရေ”

“ရေနွေးသောက် ဝင်ခဲ့ချေဦးလေ..”

ငြင်းလိုက်မည် ကြံပြီးကာမှ တစ်ယောက်ယောက်နှင့် စကားပြောလိုက်ရလျှင် တဒင်္ဂတော့ စိတ်ဖြေသာမည် ထင်၍ အိမ်ဝိုင်းထဲသို့ လှမ်းဝင်လိုက်သည်။ အိမ်ထဲ ရောက်မှ ဧည့်သည်တွေရှိနေမှန်း သိလိုက်ရ၍ အနေကျုံ့ သလို ဖြစ်သွားမိသည်။

“ညည်းကို ပြောစရာရှိလို့ ခေါ်လိုက်တာ ခင်သီရဲ့။ ဒါက မလှကြည်တဲ့၊ မြဝတီမြို့မှာ နေတယ်။ ငါတို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းလှဘူး။ အခု သူ ရွာကို လာတာက အလုပ် လုပ်ဖို့ လူ လာရှာတာတဲ့”

အရီးအေးပု စကားကို ခင်သီ စိတ်ဝင်စားသည်။

“လခက ဘယ်လောက် ရမှာလဲ၊ ဘယ်မှာ လုပ်ရမှာလဲဟင် ကြီးကြီး”

မရဲတရဲ မေးမိ၏။

“ထိုင်းမှာ လုပ်ရမှာ၊ လခကတော့ အလုပ်အပေါ် မူတည်တာပေါ့အေ။ ညည်း သွားချင်တယ် ဆိုရင်တော့ ကြီးကြီးက အလုပ်ရတဲ့အထိ အပြီးအစီး လုပ်ပေးမယ်။ ဟိုမှာလည်း ညည်းတို့ ရွာကသူတွေ ရှိနေသားပဲ။ အကုန်လုံး ကြီးကြီးပဲ ပို့ပေးထားတာ”

ဟုတ်တော့ ဟုတ်သည်။ ရွာနီးနား တစ်ဝိုက်က လူတွေတော့ အတော်များများ သွားကြသည်ပင်။

“လောလောဆယ် ပွဲစားခ ၄ သိန်း ကိုတော့ ငါက စိုက်ထားပေးမယ်အေ၊ ၅ ကျပ်တိုးပဲ ယူမယ်။ အတိုးရယ်လို့လည်း မသတ်မှတ်နဲ့၊ ကိုယ့် အရီးကို ပေးစားတယ်လို့ သဘောထားပြီး နည်းနည်းချင်း ဆပ်အေ”

အရီးအေးပု ပြောလာသည့် စကားကြောင့် ခင်သီ စဉ်းစားရ ခက်နေ၏။

••••• ••••• •••••

မည်သို့ပင်ဖြစ်စေ လက်ရှိ အခြေအနေမှာတော့ အနည်း ငယ် အသက်ရှူချောင်သွားနိုင်သည်။ အမေ့ကို တိုင်ပင် ကြည့်မိသည်။ သိပ်တော့ လွှတ်ချင်ပုံ မရ။ သို့ပေမဲ့ “မသွားပါနဲ့ သမီးရယ်” ဆိုသည့် စကားမျိုး ယတိပြတ် ပြောနိုင်လောက်အောင်လည်း အမေ့တွင် အင်အား မရှိပါ။ ခင်သီနှင့် အတူ မြောက်ပိုင်းက မိကျော့လည်း လိုက်သည်။

ပခုက္ကူကနေ မြဝတီသို့ သွားရမည် ပြောပေမဲ့ ခင်သီ တို့ကတော့ ဘာမျှ မသိပေ။ ယခု အသက် ၁၆ နှစ်ထဲ ဝင်လာသည့်တိုင် မန္တလေးပင် ရောက်ဖူးသည် မဟုတ်။

“ကိုယ့်ကိုယ်ကို ဂရုစိုက်နော် သမီး။ ရွာထဲက ဖုန်းနံပါတ်တွေ သေချာမှတ်ခဲ့ရဲ့လား၊ လွှတ်သာ လွှတ်ရတယ် အမေ့မယ် စိတ်မကောင်းဘူး။ အီး...ဟီး... ဟီး...” 

ကားဂိတ်သို့ ရောက်သည်နှင့် အမေက ငိုပါတော့သည်။ ခင်သီလည်း မထိန်းနိုင်တော့ပေ။ ညီမလေးနှစ်ယောက်ကို ဖက်ပြီး ငို၏။

“မြနှစ် စာကြိုးစားနော်၊ ညီမလေးတို့ကို ကျောင်းပြီးတဲ့အထိ မမက ထားပေးချင်တာသိလား။ မှုံမှုံလေးကိုလည်း ဂရုစိုက်။ ရေကို ပုံးအကြီးကြီးနဲ့ မထမ်းနဲ့နော် ကြားလား”

“မှုံမှုံလေး မမမြနှစ် စကားကို နားထောင်နော်။ လူကြုံရှိတဲ့အခါကျရင် မမသီက ဂါဝန်လှလှလေးတွေ ဝယ်ပြီး ထည့်ပေးမယ်နော်”

အမေကလည်း မှာ၍ မဆုံး၊ ခင်သီကလည်း ပြော၍ မဝ,သေးခင် ကားကြီးက ထွက်ရန် ပြင်၏။ ဆုပ်ကိုင်ထားသည့် လက်ကလေးတွေကို မလွှတ်ချင် လွှတ်ချင် လွှတ်ကာ ကားပေါ်သို့ တက်ခဲ့လိုက်သည်။

“မမသီ ညီမလေးတို့ဆီကို မြန်မြန် ပြန်လာခဲ့ပါနော်”

“ပွမ်...ပွမ်...ပွမ်”

မှုံမှုံလေးဆီမှ တစ်ခွန်းတည်းသော စကားသံက ကားဟွန်းသံ အောက်မှာ ပျောက်ကွယ်သွား၏။

သက်ရင့် တမာပင်အိုကြီး၏ အောက်တွင် ဝေ့ကာ ယမ်းကာ ပြနေရှာသည့် လက်ကလေး သုံးခု။ သူတို့ကိုငေးကြည့်ရင်းပင် ခင်သီ ဆုတောင်းနေမိသည်။

“တစ်နေ့နေ့ တစ်ချိန်ချိန် ခင်သီ ပြန်လာနိုင်တဲ့အခါ ဒီ လက်ကလေးတွေ စုံပါရစေလို့ပေါ့”

••••• ••••• •••••

၄။

“အပေါ့အပါး သွားချင် သွားထားကြနော်၊ လမ်းမှာ ဆင်းလို့ မရတော့ဘူး”

“ဂိတ်တွေမှာ ကားရပ်ရင် အသံမထွက်စေနဲ့နော်၊ အခု ကားသမား ပို့ပေးတဲ့ နေရာရောက်ရင် နင်တို့ကို စောင့်နေမယ့်သူ ရှိတယ် မကြောက်နဲ့”

ခင်သီ တစ်ယောက်တည်းတော့ မဟုတ်။ မိကျော့ နှင့်အတူ နောက်ထပ် မိန်း ကလေး သုံးယောက် ပါသေးသည်။ ကားသမားက ဗမာလို ပြောပေမဲ့ စကားသံက ဝဲလွန်း၍ မနည်း နားထောင်ယူရသည်။ ဟိုင်းလပ်ကားဟု ခေါ်မည်လားတော့ မသိ။ထိုကား၏ နောက်ခန်း ကြမ်းပြင်ပေါ်တွင် ခင်သီတို့ ၅ ယောက် လှဲ၍ အိပ်လိုက်ရသည်။ အပေါ်တွင် သစ်သားပြားများဖြင့် တန်းထိုး၍ ပိတ်လိုက်၏။ အနည်းငယ် လွန့်လူးရုံမှအပ ထိုင်၍ မရတော့ပေ။ သစ်သားပြားများပေါ်တွင် နောက်ထပ် ကုန်ပစ္စည်းများ အပြည့်တင်ကာ မိုးကာဖြင့် အုပ်လိုက်ကြသည်။

မွန်းကျပ်လိုက်သည်မှာ ပြောစရာပင်မရှိ။ ည ၉ နာရီ ဝန်းကျင်လောက်တွင် ကားထွက်၏။ စစ်ဆေးရေးဂိတ်များတွင် ရပ်တန့်လိုက်တိုင်း အသက်ပင် ရဲရဲမရှူဝံ့ကြ။ ခင်သီတို့ နားမလည်သည့် စကားသံတွေ နီးလာတိုင်း၊ ဓာတ်မီးရောင်တွေ တဝင်းဝင်း ဖြာကျလာတိုင်း ရင်ထဲမှာ တဒိန်းဒိန်းမြည်အောင် ထိတ်လန့်မိသည်။ ကားပြန်ထွက်ခွင့်ရမှသာ ဟင်းခနဲ သက်မ ချနိုင်ကြသည်။ မိုးစင်စင် လင်းချိန်တွင် ခြံဝင်းတစ်ခု အတွင်း၌ ကားရပ်လိုက်၏။ ပစ္စည်းတွေချကာ သစ်သားပြားများကို ဖယ်ပေးကြသည်။ ခင်သီတို့ ၅ ယောက်လုံး ချက်ချင်း လမ်းမလျှောက် နိုင်ကြပေ။ ခြေထောက်တွေမှာ ထုံကျဉ်နေသည်။

“ကဲ... လောလောဆယ် တစ်ရက်နှစ်ရက်လောက် နားလိုက်ကြဦး။ အလုပ်ကတော့ အဆင်သင့် ရှိတယ်။ ၅ ယောက်လုံးတော့ စက်ရုံ တစ်ခုထဲမှာ အတူတူ မရဘူး”

မည်သို့ပင် ဖြစ် ဖြစ် အလုပ်ရဖို့က အဓိကပင်။

••••• ••••• •••••

၅။

“ကလောက်..ဂျိန်း..ကလောက် ..ဂျိန်း”

လျှပ်စစ်မီးဖြင့် အပူပေးထားသော သတ္တုချောင်းလေးများကို လေဖိအား အရှိန်ပြင်းပြင်းဖြင့် ရိုက်ချကာ ပုံဖော်သည့် စက်ကြီးတွင် ခင်သီ လုပ်ရ၏။ ခက်ခဲသည် တော့ မဟုတ်။ လေဖိအားဖြင့် ပြုတ်ကျလာသည့် သံပုံစံခွက်ကြီး၏ အောက်သို့ သတ္တုချောင်းများကို ထည့်ပေး၊ ထုတ်ပေးရခြင်းပင်။

“လက်ကို အချိန်အဆမှန်မှန် အနုတ်အသွင်း လုပ်နော်၊ လက်ကို ဖိမိလိုက်ရင် တစ်ချက်တည်းနဲ့ ပြားသွားမယ်”

အလုပ်သမားခေါင်းဆောင် တော်တော်များများက မြန်မာတွေချည်းသာ ဖြစ်ကြသည်။ တချို့လည်း စိတ်ရှည်လက်ရှည်ဖြင့် စကားကို ချိုချိုသာသာ ပြောကြပေမဲ့ တချို့ကတော့ ဆဲကာဆိုကာ ပြောတတ်ကြ၏။ ပြန်လှန်၍လည်း မပြောဝံ့ပါ။ သူတို့က ထိုင်းစကား တတ်၏။ သူတို့နှင့် အလိုက်အထိုက် မဆက်ဆံဘဲ ဆတ်ဆတ်ကြဲ ခွန်းတုံ့ပြန်သူများကို မန်နေဂျာနှင့် ပြန်တိုင်ကာ အလုပ်ထုတ်လေ့ ရှိသည်ဟု လူဟောင်းတချို့က ပြောပြကြသည်။ ခင်သီတို့မှာ ပတ်စပို့စ် မရှိ၍ အလုပ် တစ်ခု ရရန် ခက်ပါသည်။ လစာလည်း တစ်နေ့ကို ၁၅ ဘတ် အဖြတ်ခံရ၏။ ရဲကြေး ပေးရသည်ဟု ဆိုပါသည်။

လုပ်သက်လေး ၂ လလောက် ရလာတော့ ခင်သီ အတွက် ဖုန်းလေးတစ်လုံး ဝယ်ကာ အိမ်ကိုလည်း လူကြုံဖြင့် တစ်လုံး ထည့်ပေးလိုက်၏။

အမေနှင့် ညီမလေးတို့ကို သတိရတိုင်း ဖုန်းလေးဖြင့်သာ အလွမ်းဖြေရသည်။ တစ်လတစ်ကြိမ် ပိုက်ဆံပို့ပေးသည့်အခါ ၊ အရီးအေးပုဆီက ပိုက်ဆံကို ဖဲ့ဆပ်ခိုင်းသဖြင့် အကြွေးကတော့ ကျေစ,ပြုပါပြီ။

သို့ပေမဲ့ အိမ်မှာတော့ ထူးပြီး ချောင်လည် မလာပါ။ တရိပ်ရိပ် တက်နေသည့် ကုန်ဈေးနှုန်းနှင့်အတူ ရပ်ရေးရွာ ရေး၊ ညီမငယ်တွေ ကျောင်းစရိတ်၊ အမေကလည်း သည် ဘက်နောက်ပိုင်းတွင် အနည်းငယ် ချူချာချင်သည်။ အရာရာသည် ခင်သီ့ ဝင်ငွေတစ်ခုတည်းပေါ် မှီခိုနေရသဖြင့် နားပေါက်ကလေးတောင် ခုချိန်ထိ ဟောင်းလောင်းဘဝက မတက်နိုင်သေးချေ။ သည်လိုနှင့်ပင် ရပ်တန့်ထား၍ မရသော နေ့ရက်တို့သည် တရွေ့ရွေ့တိုက်စားသွားခဲ့ကြပြန်သည်။

••••• ••••• •••••

၆။

“ဘန်ချလုံမှာ တအားဖမ်းနေတယ်တဲ့”

“ဟိုဘက် အခန်းက အစ်မတွေ ဈေးသွားရင်း အဖမ်းခံရလို့တဲ့ ခင်သီရေ”

နေရာစုံမှ အဖမ်းအဆီး သတင်းများကို ခပ်စိပ်စိပ် ကြားနေရသည်။ အဖမ်းခံရသည့် အခါ နယ်စပ်သို့ ပြန်ပို့ပေးသည် ဆိုသော်လည်း ခင်သီ ကတော့ ကြောက်မိသည်ပင်။

“အရမ်းကြီးတော့ မကြောက်ပါနဲ့၊ ပတ်စပို့စ် ပြန်လုပ်လိုက်ပါ။ ပြီးရင် ပြန်တက်ခဲ့။ အလုပ်ပြန်ရအောင် အစ်ကို ပြောပေးမယ်”

အလုပ်သမားခေါင်းဆောင် အစ်ကိုကြီးက ခင်သီတို့အပေါ် ကောင်းသည်။

“ခင်သီက အသက်မပြည့်သေးတော့ ပတ်စပို့စ် လုပ်လို့ မရသေးဘူး အစ်ကိုရဲ့”

သူလည်း ကူညီနိုင်သည့် ကိစ္စ မဟုတ်၍ သက်ပြင်းမောတစ်ချက်ကို ချကာ ဘာမျှ ဆက်မပြောတော့ပေ။

နေ့လယ်ထမင်းစား နားချိန်မှာတော့ ညီမလေးက ဖုန်းဆက်လာ၏။

“ဟဲလို မမသီလား၊ ဒီမှာ အမေ နေမကောင်းလို့။ ဗိုက်တွေ အောင့်တယ်အောင့်တယ်နဲ့ပဲ ခဏခဏ ပြောနေတာ”

“ဟယ် ... ဆေးခန်း မပြဘူးလား မြနှစ်ရဲ့”

“ရွာက ဆရာမကတော့ မြို့မှာ တက်ပြီး ပြခိုင်းနေတာ၊ အဲ့ဒါ...”

သည်လောက်ဆို ခင်သီ နားလည်ပါပြီ။ အိမ်မှာ ပိုက်ဆံ သိပ်ကျန်ပုံ မရပါ။

“လကုန်ဖို့ သိပ်မလိုတော့ဘူး၊ ပိုက်ဆံထုတ်ပြီးတာနဲ့ မမသီ လွှဲပေးမယ်နော် ညီမလေး”

မတတ်နိုင်ပေ။ သည်ဘက်က အခြေအနေတွေ ရှင်းပြနေလည်း ညီမလေးက နားလည်နိုင်မည် မဟုတ်။ စိတ်ညစ်ရတာပဲ အဖတ်တင်မည်။

စက်ရုံက လူတွေကတော့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်နေကြသည်။ နေရာတိုင်းမှာ တကယ် ဖမ်းနေလေပြီ။ “အဖမ်းအဆီး ရပ်လိုက်ပြီ” ဆိုသည့် သတင်းများလည်း ထွက်လာ၏။ သို့သော် တချို့နေရာများတွင်လည်း ဖမ်းနေဆဲပင်။

“ငါ ပြန်တော့မှာ ခင်သီ ရဲ့၊ နင်က တကယ်ကြီးပဲ မလိုက်တော့ဘူးလားအေ”

အတူတူ လာခဲ့ကြသည့် မိကျော့က မျက်ရည်တွေ ဝဲပြီး မေးလာသော်လည်း ခင်သီ့မှာ တခြား ဖြေစရာ မရှိခဲ့ပါ။ ကျီးလန့်စာစား ဘဝဖြင့် တထိတ်ထိတ် မနေလိုပေမဲ့ ကိုယ့်ဝမ်းနာကို ကိုယ်သာ သိသည်ပင်။ ခင်သီသာ ပိုက်ဆံ မပို့နိုင်လျှင် အမေနှင့် ညီမလေးတွေ ဒုက္ခရောက်တော့မှာ သေချာသည်။ လုပ်၍ကိုင်၍ ရနိုင်သလောက်တော့ ခင်သီ လုပ်ရပါဦးမည်။

••••• ••••• •••••

၇။

သည်နေ့ လခထုတ်ရက် ဖြစ်၍လားတော့ မသိ စိတ်ထဲမှာ မြူးနေမိသည်။ ရွာကိုလည်း အရမ်း သတိရ၏။ အမေ့ကိုလည်း ကျန်းမာစေချင်သလို ညီမလေးတွေကိုလည်း ရယ်နေ၊ ပြုံးနေသည်ကိုသာ အမြဲတမ်း မြင်ချင်မိသည်။ အိမ်မှာ လိုသမျှ ဖြည့်ဆည်းနိုင်လျှင် ကိုယ်တိုင်လည်း စိတ်ချမ်းသာရပါ သည်။ ထို့ကြောင့် ခင်သီ ပိုက်ဆံရှာနိုင်မှ ဖြစ်မည်။

“ကင်တီ”

“ဟော... လခထုတ်ဖို့ နာမည် ခေါ်နေပြီ။ အဲ့ဒီ မန်နေဂျာကြီးဟာလေ ခုထက်ထိ ခင်သီ့ နာမည်ကို မပီသေးဘူး”

စိတ်ထဲက ပြောရင်းနှင့် နာရီကို လှမ်းကြည့်မိသည်။ ညနေ ၆နာရီ။ အပြင်မှာတော့ မှောင်ရီပျိုးစပြုနေပြီ။ မြူးရွှင်ဖျတ်လတ်စွာပင် လက်မှတ်ထိုး၍ လစာကို ထုတ်ယူလိုက်၏။

“အလုပ်က ပြန်ရင် တစ်ခါတည်း ငွေဝင်လွှဲဦးမှပါ။ Overtime က ၈နာရီထိ ဆိုတော့ မီမှ မီပါ့မလား မသိ”

ကိုယ့်အတွေးနှင့်ကိုယ် ဆက်လက် လုပ်ဆောင်ရမည်တို့ကို တွေးကာ စိတ်ထဲမှာ ပျော်နေမိ၏။ အလုပ်နေရာသို့ ပြန်ရောက်ပြီး သိပ်မကြာလိုက်-

“ကင်တီ ကင်တီ ပိုင်း ပိုင်း ပုလိ ပုလိ”

ရုတ်တရက် နားမလည်မိ၊ ကြောင်၍သာ ရပ်နေမိသည်။

“ဟို ကောင်မလေး ပြေး ပြေး၊ အလုပ်ထဲကို ရဲတွေ ဝင်ဖမ်းနေပြီ”

အနားကပ်၍ အော်လိုက်သည့် အသံကြောင့် ဆတ်ခနဲပင် တုန်မိ၏။ လှည့်ကြည့်လိုက်တော့ ခေါင်းဆောင်အစ်ကိုကြီး ဖြစ်နေသည်။ သူက ငူငူကြီး ရပ်နေသည့် ခင်သီ့လက်ကို ပုတ်ကာ ခြံစည်းရိုးဘက်သို့ ပြေးရန် ပြ၏။ အုတ်တံတိုင်းက တော်တော်ကြီး မြင့်နေ၍ ခင်သီ့ အရပ်နှင့် ကျော်ပြီး မတက်နိုင်ပြန်။ ဘာဆက်လုပ်ရမည်မှန်းလည်း မသိ။ ဘေးပတ်ဝန်းကျင်က ပြေးလွှားနေသည့် လူများကိုသာ ငေးနေမိသည်။ တချို့ကလည်း အုတ်တံတိုင်း၏ တစ်ဖက်သို့ ရောက်သွားကြ၏။

“ဒီကောင်မလေး သေတော့မှာပဲ”

အနားသို့ ရောက်လာသည့် အစ်ကိုကြီးက ခင်သီ့ကို သူ့ပခုံးပေါ် ဆတ်ခနဲ ပွေ့တင်ပြီး အောက်ကနေ တွန်းတင်ပေးသည်။ တံတိုင်း အပေါ်သို့ ရောက်သည်နှင့်-

“အဲဒီလမ်းအတိုင်း တည့်တည့်ပြေးတော့ ညီမလေး၊ ကားလမ်းဘက်ကို လုံးဝ မထွက်နဲ့။ သူတို့ အကုန် ပိတ်ထားတယ်။ ဒီဝင်းထဲမှာပဲ လုံအောင်ပုန်း၊ အန္တရာယ် ကင်းပြီ ဆိုရင် အစ်ကိုတို့ မိုက်နဲ့ အော်ခေါ်မယ်”

မြင်ကွင်းတစ်ဆုံး ရော်ဘာပင်ကြီးများက အုပ်ဆိုင်းနေသည်။ အမှောင်ထုအတွင်းသို့ ပြေးပြေးလွှားလွှား တိုးဝင်နေကြသည့် ဘဝတူ လူတချို့ကို မြင်နေရသဖြင့် အနည်းငယ်တော့ အားတက်မိ၏။

“အကုန်စုပြီး မပြေးကြနဲ့၊ လူခွဲ၊ လူခွဲ”

တစ်စုံတစ်ယောက်က အော်ဟစ် သတိပေးသဖြင့် လူစု ခွဲလိုက်ကြရသည်။

ခင်သီ ဆက်ပြေးချင်စိတ် မရှိတော့ပေ။ နီးစပ်ရာ ချုံကြီး တစ်ခု အတွင်းသို့ ဝင်ကာ ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်သည်။ မပုန်း၍လည်း မဖြစ်။ ဓာတ်မီးရောင်တွေ တဝင်းဝင်းနှင့် ထိုင်းစကားသံများကို မလှမ်းမကမ်းမှာ ကြားနေရသည်။ အုတ်တံတိုင်းကို ကျော်ပြီး ပြေးကြမှန်း တပ်အပ်သိ၍ လိုက်ဖမ်းကြခြင်း ဖြစ်နိုင်သည်။

ငတ်လိုက်သည့် ရေ၊ ဆာလိုက်သည့် ထမင်း၊ တဖြုတ်ဖြုတ် ကိုက်နေသည့် ခြင်များကို အသံမြည်အောင်လည်း ရိုက်၍ မဖြစ်။

သူတို့တွေ ပို၍ပင် နီးလာကြပြီ။ မသင်္ကာသည့် ချုံပုတ်များကို တုတ်ဖြင့် “တဘုန်းဘုန်း” ရိုက်နေသည့် အသံများကြောင့် ခင်သီ့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် မျက်စိကို တင်းနေအောင် မှိတ်ထားလိုက်၏။

“အဖေ.. အဖေသာ ရှိနေရင်လေ သမီးကို ဒီနေရာကနေ ပွေ့ချီပြီး ခေါ်သွားမှာပဲနော်”

“သမီး အရမ်းကြောက်တယ် အဖေရဲ့”

မျက်ဝန်းထဲမှာ အဖေ့ကို မြင်ယောင်မိသည်။ ထို့အတူပင် အမေနှင့် ညီမလေးနှစ်ယောက်။

“ဟာ... အမေ ... အမေ နေမကောင်းဘူး၊ အမေ့ကို.. အမေ့ကို ဆေးခန်းပြရဦးမယ်”

“ပိုက်ဆံ၊ ပိုက်ဆံ အခုညနေကမှ လခထုတ်ထားတဲ့ ပိုက်ဆံ”

ဖျတ်ခနဲ သတိရလိုက်၍ အိတ်ကပ်တွေထဲ လျှောက်စမ်းကြည့်သည်။

ဟူး... တော်ပါသေးရဲ့။ အင်္ကျီအိတ်ကပ်ထဲမှာ ထွက်ကျခါနီး တဲတဲလေး။

ညာဘက် လက်ထဲတွင် ကျစ်နေအောင် ဆုပ်ထားလိုက်သည်။ အသက်ကို ပြင်းပြင်းရှူ၍ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ အသံတွေတင်မက,တော့ပေ လူရိပ်လူယောင်များကိုပင် သဲသဲကွဲကွဲ မြင်လိုက်ရသည်။ ခင်သီ့ ရှေ့တည့်တည့်က ချုံပုတ်ကြီးကို အားရပါးရ လွှဲရိုက်နေ၏။

“ဘုရား... ဘုရား”

ခင်သီ ရှိနေသည့် ချုံပုတ်ကြီးကိုကော ထိုသို့ ရိုက်ဦးမည်လား မသိ။ အကယ်၍များသာ ရိုက်ခဲ့လျှင်... ရိုက်ခဲ့ပါလျှင်...။

တွေဝေနေခွင့် မရှိ။ တစ်ခုခုကို ဆုံးဖြတ်မှ ဖြစ်မည်။

အသက်ကို ဝ,အောင် ရှူသွင်းပြီးနောက် အလျင်မြန်ဆုံးနှုန်းဖြင့် ဆန့်ကျင်ဘက် အရပ်ဆီ အားကုန်ပြေးထွက်လိုက်မိသည်။

ဝင်းခနဲ ဖြာကျလာသည့် ဓာတ်မီးရောင်များနှင့် အတူ ငြာသံပေး အော်ဟစ်လိုက်ကြသည့် အသံတို့က တစ်ပြိုင်တည်း ပေါ်ထွက်လာ၏။

ထို့နောက် ခင်သီ ကြားလိုက် ရသည်ကတော့-

“ဒိုင်း”

ကျယ်လောင်လွန်းသည့် အသံနှင့်အတူ ခင်သီ့ တစ်ကိုယ်လုံး မြောက်တက်သွားသလို ခံစားလိုက်ရသည်။

ခင်သီ လဲကျသွားခဲ့လေသည်လား။ ဝမ်းဗိုက်တစ်လျှောက် တစစ်စစ် ကိုက်ခဲနာကျင်မှုကြောင့် လက်ဖြင့် စမ်းကြည့်လိုက်မိသည်။

“သွေး... သွေးတွေ”

“အဖေ ...”

ခင်သီ အသံကုန် ခေါ်မိ၏။ သို့ပေမဲ့ ကိုယ့်အသံကို ကိုယ်တိုင်ပင် မကြားရ။

မလှမ်းမကမ်းမှ ခြေသံများကြောင့် ဆက်၍ ပြေးရန် ကုန်းထ,လိုက်၏။ သို့သော် မရ။ မျက်လုံးတို့က ဝေဝါးလာသည်။ ခြေသံတို့က ဝေးသွားလိုက်၊ နီးလာလိုက်။ မီးရောင်တို့သည် လင်းလာလိုက်၊ မှိန်သွားလိုက်၏။ ထို့နောက် ပင်လယ်ပြင်ကြီးထဲသို့ ခုန်ချလိုက်သည့်နှယ် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာပြန်သည်။ မျက်ဝန်းတို့ကို ဖွင့်ထားသော်လည်း အမြင် အာရုံတွင် ပိန်းပိတ်လာ၏။ မှောင်အတိ မကျမီမှာပင် ခင်သီ့ ညာဘက်လက်ကို ကျစ်သည်ထက် ကျစ်အောင် ဆုပ်လိုက်မိသည်။

“အိမ် ... အိမ်ကို ငွေပို့ရဦးမယ်”

သက်ရင့် တမာပင်အိုကြီး၏ အောက်မှာတော့ လက်ကလေး သုံးခုက ဝေ့ကာ ယမ်းကာ ပြနေသလိုပင်။

“ခင်သီ့ ဆုတောင်းပြည့်ပြီ ထင်ပါရဲ့”

“အခုလေ အခု ခင်... သီ... ရွာ... ကို... ပြန်...လာ... နေ... ပြီ... အမေရဲ့”

  ▢ နွေမိုးဝေ
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၈