Wednesday, October 25, 2023

စာရေးတဲ့ ဆရာ တောင် အိမ် မလာရအောင်


 ❝ စာရေးတဲ့ ဆရာ တောင် အိမ် မလာရအောင် ❞


အချိန် က မိုးနံ့ မိုးငွေ့ ရ နေတဲ့ အချိန် ။ တိတ်ဆိတ် နေတဲ့ တိမ် တစ်အုပ် က ကျွန်တော် နဲ့ ကောင်မလေး ခေါင်း ပေါ် မှာ ၊ မိုးသား ကြား ထဲ က ဖြာထွက် နေတဲ့ နေ မို့လား မသိဘူး ။ ပူ လိုက်တာ ။


နေ ကို မျက်နှာ မူ လိုက်တော့ ကျွန်တော် တို့ နှစ်ယောက် စလုံး အရိပ် က အနောက် ဘက် ရောက် သွားတယ် ။ မဆီမဆိုင် လက်ပံသား ဓား နဲ့ ချိုင် ဆိုတဲ့ စကား လို ပဲ ။ ‘ ရန်သူ့ အရိပ် က အေးမြတယ် ’ လို့ ကျွန်တော် က တွေး လိုက်မိ ၊ တကယ်တော့ အဲဒီလို ဟုတ်ရဲ့လား ။


လမ်း ပေါ် မှာ ကျွန်တော့် ထက် အသက် ၂ဝ ငယ် တဲ့ ကောင်မလေး က “ လူ ဘယ်လို ဖြစ်လာတာလဲဟင် ” လို့ အင်တာဗျူး လုပ်တော့ ကျွန်တော့် မှာ ဖတ်မှတ် လေ့လာ ထားသမျှ စိတ်ရှည်ရှည် နဲ့ ပြောပြရတော့ တာပေါ့ ။


ဘဝ အာမခံချက် မရှိလို့ ၊ အရွယ်လွန် ရွေ့လျား စာရေးဆရာ မို့ သူကလေး အိမ် ကို ကျွန်တော့် မှာ သွားခွင့် မရှိ ။ “ စာရေးတဲ့ ဆရာတောင် အိမ် မလာရအောင် ” သူ့ အမေ က တားမြစ် ထားလေရဲ့ ။ ဟုတ်တယ်ဗျာ ။ လေဘာတီ မမြရင် သီချင်း လိုပဲ ။


“ စာ ရေးတဲ့ ဆရာ တောင် အိမ် မလာရအောင် ” အခုတော့ ကျွန်တော် တို့ နှစ်ယောက် စလုံး လမ်း ပေါ် မှာ ။ စာရေးဆရာ ဘဝ ဆိုတာ အပို ဒုလ္လဘတရား ဖြစ်တယ် ဆိုရင် လူ ဖြစ် ရတာ လည်း တကယ့် နဂို ဒုလ္လဘတရား စစ်စစ် ဖြစ်ကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိချင်တဲ့ ကောင်မလေး ကို စိတ်ရှည် လက်ရှည် ပြောပြရတော့မယ် ။


“ ပဋိသန္ဓေ စိတ်ကလေး နဲ့ မိဘ နှစ်ပါး သွေးသား ပေါင်းစပ် မိတဲ့ အခါ အမိဝမ်း ထဲ က ရှေးဦး ကလလ ရေကြည်ကလေး ( အလွန်မတန် အန္တရာယ် များ ပါတယ် ။ လူ ဖြစ်ဖို့ တယ် ခက်ပါလား ) အဲဒီ ရေကြည်လေး ကို ပိုးတွေ စား သွားရင် သေမယ် ။ မစဉ်းစားရဲ စရာပဲ ။ ဒီ ရေကြည်ကလေး တဖြည်းဖြည်း ခုနစ်ရက် စေ့တော့ ရေကြည်ကလေး က နေ အမြှုပ်ကလေး အဖြစ် ပြောင်း သွားတယ် ။ ဒီ အမြှုပ်ကလေး ဟာ ငါ ကိုယ်တိုင် ပါ ပဲ ။ ခုန ပြောတဲ့ ပဋိသန္ဓေ စိတ်ကလေး ပေါ့ ။ အဲဒီ ‘ ငါ ’ ကို ပိုး စားသွားရင် ဒါမှ မဟုတ် ‘ ငါ ’ ဆိုတဲ့ စိတ်ကလေး အမေ က အပူစာ ၊ အအေးစာတွေ စား ၊ တားဆေးတွေ သောက် လိုက်ရင် အဲဒီ ‘ ငါ ’ ကလေး ပျောက် သွားမယ် ။ အသက် အန္တရာယ် များ လိုက်တာ ။ လူ့ ဘဝ မရောက်ခင် သေသွားတဲ့ “ ငါ ” ကလေးတွေ မရေ မတွက်နိုင်ဘူး ”


ကောင်မလေး က တရားပွဲ မှာ ဓမ္မကထိ က ကို တရားထောက် က စကား ထောက် ပေး သလို တစ်ခါ တစ်ခါ လိုက် ပြောနေလေရဲ့ ။


“ တချို့ က သွေးရိုး သားရိုး သေပြီး ၊ တချို့ကျ ဖျက်ချ ခံရလို့ သေ တာ နော် ”


“ အေး ... ဟုတ်တယ် ။ အဲဒီ အမြှုပ်ကလေး ခုနစ်ရက် ပြည့် တော့ တဖြည်းဖြည်း အသားတုံးကလေး ဖြစ် သွား ၊ တဖြည်းဖြည်း ကြီးထွားလာ ၊ ခုနစ်ပတ် ၂၈ ရက်သား ရ ပြီးနောက် အသားတုံးလေး ။ ခုနစ်ရက် ပြည့် တော့ လက် နှစ်ဖက် ၊ ခြေ နှစ်ဖက် ၊ ဦးခေါင်းလေး ၊ ခက်မ ငါးဖြာ ပေါ်လာ ။ တဖြည်းဖြည်း ရက် အနေ နဲ့ တွက် ကြည့်တော့ ၂၉၄ ရက် မှာ ဆံပင် ၊ မွေးညင်း ၊ ခြေသည်း လက်သည်းလေးတွေ ပေါက် လာပြီ ။ လူ နဲ့ တူ လာပြီ ။ လူ ပုံသဏ္ဌာန် နဲ့ တူဖို့ အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ရ ။ အမေ့ ဗိုက် ထဲ မှာ သေဖို့ အကြောင်းတွေ က လည်း များ လိုက်တာ ။ အမိ ဝမ်းခေါင်း ထဲ မှာ နေ ရတော့ ‘ ငါ ’ ကလေး ရဲ့ ခေါင်း ပေါ် မှာ ခွေးအန်ဖတ် နဲ့ တူ တဲ့ အစာသစ်အိမ်ကြီး ၊ ‘ ငါ ’ ရဲ့ အောက် က လည်း မစင်ဘင်ပုပ် အစာဟောင်းကြီး နံ လိုက်တာ ။ ချက်ချင်း ထ ပြေး ချင် လည်း ပြေး လို့ မရ ။ အမိ ဝမ်းခေါင်း က လည်း ကျဉ်းကျဉ်းလေး ။ အလင်းရောင် မရှိ ။ မည်းမည်းမှောင် ၊ မစင် ထဲ ရောက် ၊ လောက် လိုပဲ ။ ဘာ လေသန့် မျှ မရ ။ ညောင်း လို့ လမ်း လျှောက် မဖြစ် ။ ကိုယ်လက် မဆန့် နိုင် ။ ဇာတိ ဒုက္ခတွေ ဆက် လာ ပြန်ပြီ ”


“ ဗွီဒီယို ရိုက် ထားရင် သိပ်ကြည့် ကောင်း မှာပဲ နော် ”


“ အေး ... သေချာ နားထောင် ”


“ အမေ့ ကျောကုန်း ဘက် မျက်နှာ မူ ၊ မေးဖျားလေး ကို လက်ကလေး ထဲ ဆုပ် ၊ ဒူးနှစ်ခု ကြားထဲ ခေါင်းလေး ထား ။ ဘာနဲ့ တူသလဲ ဆိုတော့ သစ်ပင်ငုတ်တို ပေါ်  မျောက်အိုကလေး ကုပ် ထိုင် နေသလို ။ မလွတ်လပ် လိုက်တဲ့ ဘဝ ။ ဘယ်မှာ စိတ်ချမ်းသာ နိုင်ပါ့မလဲ ။ အမိ ဝမ်း ထဲ မှာ လွတ်လွတ်လပ်လပ် မနေရ ။ သိပ်ပြီး စိတ်ဆင်းရဲ ရတဲ့ အထဲ ကိုယ်ဝန် ကို မစောင့်ရှောက် တတ်တဲ့ ၊ ဗဟုသုတ မရှိတဲ့ အမေ မျိုး နဲ့ တိုး မိရင် အင်မတန် ပူ တဲ့ ဆေး ၊ အစားအသောက် စား ရင် သေလောက်အောင် ခံစား ရတယ် ။ အမေ က ရေခဲမုန့် စား လိုက်ရင် ဆတ်ဆတ်တုန် အေး တော့တာပဲ ။ ဒီလို အပူမိ ၊ အအေးမိ သေခဲ့တဲ့ သူတွေ မနည်းတော့ဘူး ။ အမေ့ ဝမ်း ထဲ ကိုးလ ကျော် ဆယ်လ အောင်း ခဲ့ရတာ ၊ ထောင် ကျတာ ထက် ဆိုး ၊ ဒုက္ခ ရောက်ပုံ ပြောမကုန် ။ ပြော မယုံ ကြုံ မှ သိ ဆိုပေမဲ့ ကြုံတုန်း သိခဲ့ကြ ၊ နောက် မေ့ သွားလို့ မမှတ်မိတော့ဘူး ”


“ ဖွား ခါနီး ဘယ်လို ဖြစ် လဲ ဆိုတော့ ကမ္မဇလေ လှုပ်တဲ့ အခါ ငုတ်တုတ် ထိုင် နေရာ က ဗြုန်း ဆို ကျွမ်း ထိုး ပြီး ခေါင်း က အောက်စိုက် ကျသွား ။ လန့် လိုက်ပုံ ၊ ဒုက္ခ ရောက်ပုံ ။ အဲဒီ ဒုက္ခ ကြောင့် ဘဝ ဟောင်း က အကြောင်း တွေ မေ့ကုန် ။ ဘာဆို ဘာမျှ မမှတ်မိတော့ဘူး လို့ ရှေး လူကြီးတွေ က ပြောကြ တာ ပဲ ”


🚩 “ သံတိုင် ကြား ထဲက ဆင်ပြောင်ကြီး တိုးထွက် လာသလို နာလိုက်ပုံများ မပြောပါနဲ့ တော့ ။ ငရဲ ကျ သလို ခံစားရ ၊ ဒုက္ခ ကြီး လှပါလား ။ ဒီလိုနဲ့ အပြင် ရောက် လာ ၊ အသား က နုနုလေး ၊ နီနီတွေးတွေးလေး ဆိုတော့ လေ က တိုက် ၊ လူကြီးတွေ က အဝတ်ကြမ်းကြီးတွေ နဲ့ ကိုင် ၊ အပ် နဲ့ ဝိုင်းဆွ နေ သလား အောက်မေ့ ရ ။ နာလိုက်တဲ့ ဖြစ်ခြင်း ။ မနေနိုင်တော့ အူဝဲ ... အူဝဲ နဲ့ အသံကုန် ဟစ်ငို ။ မိဘဆွေမျိုးတွေ က ကလေး က တေး ဆိုတယ် မှတ် ။ သူတို့ ဝမ်းသာ လေ ဒုက္ခ ရောက် ရ လေ ။ ပါးစပ် က မပြောတတ် ခင် အလို မကျတိုင်း ငိုပြ ၊ မှက် ၊ ခြင် ၊ ကြမ်းပိုး ကိုက် ငို ၊ နို့ ဆာ ငို ၊ မစင်ကျင်ကြီး ပေ ငို ၊ လက်ခြေတွေ က နု တော့ ဘာမျှ မလုပ်နိုင် ။ နာ လို့ နာတယ် ၊ ကိုက် လို့ ကိုက်တယ် ၊ ညောင်း လို့ ညောင်းတယ် မပြောတတ် ။ ဒါကြောင့် ဇာတိပိ ဒုက္ခာ လို့ လူတွေ ပါဠိစကား နဲ့ အလွယ် ပြော နေတာ ။ တကယ် က မလွယ်တဲ့ အဖြစ်ကြီး ။ လူ ဖြစ်ဖို့ လွယ်တယ် မထင် နဲ့ ”


တကယ်တော့ ကျွန်တော့် အသက် အပိုင်းအခြား အရ ရွှေဘိုဘုန်းဝေ ဆို တဲ့ စာရေးဆရာ ရဲ့ ဘဝ နိဒါန်း သွယ်တန်း ကြည့်သောအခါ သံဝေဂ ဆောင်းပါး ဖတ်ပြီး ကောင်မလေး မေး တာ ကို ဒီလို တစ်ဆင့် ခံ ပြန် ပြောပြ နိုင် တာပေါ့ ။ ကျွန်တော် သိလွန်း တတ်လွန်း လှ လို့ တော့ မဟုတ်ပါဘူး ။


လမ်းချိုးကွေ့ တစ်ခု ရောက် တော့ ကောင်မလေး လည်း သူ့ အိမ် သူ ပြန်တော့ မယ် ။ ကျွန်တော် လည်း စာအုပ်ဆိုင် ဘက် သွားဖို့ လမ်း အခွဲ ၊ ဈေးတောင်း ခေါင်းရွက် မိန်းမကြီးတွေ တောပိုင်း ကို ပြန် ဖို့ စကားတွေ ဖောင်ဖွဲ့ လို့ လမ်းလျှောက် သွား နေ ကြလေ ရဲ့ ။ သူတို့ ကို မြင်တော့ “ ရှင်မ ရွာအပြန် ” ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာရနံ့ သင်းတဲ့ စကားပြေ တစ်ခု စမ်းသပ်ပြုစု ဖို့ စဉ်းစားရင်း လူ ဖြစ်ရတာ ဟာ ဒုလ္လဘတရား တစ်ခု ဆိုရင် စာရေးဆရာ ဖြစ်ရတာ အပို ဒုလ္လဘတစ်ခု ပါလား ဆိုတာ ခြွင်းချက် မရှိ လက်ခံ ပြီး စာအုပ်ဆိုင် ဘက် ကို ကျွန်တော် ပျော်ပျော်ကြီး ချီတက် သွားမိတယ် ။


ကောင်မလေး အမေ က စာရေးဆရာ မို့ သဘော မတူဘူး ဆိုလည်း ရှိပါစေတော့ ။ ကျွန်တော် မမှုတော့ဘူး ။ လူ ဖြစ်ရတဲ့ ဘဝ နဲ့ စာရေးဆရာ ဖြစ် ရတဲ့ ဘဝ နှစ်ခု ကြား မှာ ‘ ဟန်ချက်ညီ ယိမ်းနွဲ့ မယ်  ’ ။


ကျွန်တော့် ရဲ့ မြင်ဆရာ စာရေးဆရာကြီး ဦးသိန်းဖေမြင့် က ‘ When I become a man , I will be a novelist if I can ’ လို့ ရေးခဲ့ သလို ။


ကောင်မလေး အမေ က “ စာ ရေးတဲ့ ဆရာတောင် အိမ် မလာရအောင် ” လို့ အထပ်ထပ် အခါခါ တားမြစ်ပါစေ ။ နောင် ဘဝ မှာ လူ ဖြစ်ခွင့် ရ ရင်လည်း ကျွန်တော် ဟာ စာရေးဆရာ ပဲ ဖြစ်ချင် ပါတယ် ။


◾ကိုဆွေ 


📖 Icon မဂ္ဂဇင်း

      ဒီဇင်ဘာ ၊ ၂၀၁၀


🚩 သံကောက်ပေါက် = သော့ပေါက် ( မူရင်း အဘိဓမ္မာ စကား )


#ကိုအောင်နိုင်ဦး


.

Tuesday, October 24, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၆ )


 ဒေါ်အေးသုန် ပရိသတ် ကြား ထဲ မှ မသိမသာ အကဲခတ် လိုက်သည် ။ ကက်ဆက် ထဲ မှ နတ်ဒိုး သံများ က လည်း လူတွေ ၏ စိတ် ကို တက်ကြွစေရန် တွန်းအား ပေးသလို ဖြစ်နေသည် ။ နတ်ကတော် မကျင် ကား ကုလားထိုင် ပေါ် တွင် ထိုင် ရင်း ဒူး တဆတ်ဆတ် ၊ ခေါင်း တခါခါ လက်ညှိုး နှစ်ချောင်း ကို ဟိုဘက် ဒီဘက် ထောက်ရင်း ဟောချက် ထုတ်နေသည် ။


ဒူး ထောက်ပြီး လက်အုပ် ချီသည့် အမျိုးသမီးကြီး ၏ လက်တွင် လက်ကောက်များ က တဝင်းဝင်း ။ လည်ပင်း မှာ လည်း ဆွဲကြိုး က ကြီး လိုက်တာ ဘယ်လောက်သား မှန်း တောင် မသိဘူး ။ မကျင် တို့ တော့ ခွင် ပဲ ဟု ဒေါ်အေးသုန် ပရိသတ် ထဲ မှ တိုးဝှေ့ ရင်း တွေးမိ လိုက်သည် ။ 


အမွှေးနံ့သာနံ့များ က လည်း လှိုင် လို့ ။ နတ်ကတော် ချင်း တော့ ခြေ မြင်သည် ။ ဒါတွေနဲ့ မကျင် ဖမ်းစား ထားတာကိုး။ ဒေါ်အေးသုန် စိတ် ထဲ မှ တွေးမိလိုက်သည် ။


“ ဟဲ့ ... ငါ က တရားဘာဝနာ နဲ့ နေ ချင်တာ ၊ ကိုကြီးကျော် က သူ့ ဘေးနား မှာ ငါ့ ကို ခေါ်ထား တယ်လေ ၊ သူ က အရက်သောက် ကြက်တိုက် ဆိုတော့ သူ နဲ့ သိပ် မကိုက်ဘူးဟ ”


“ အရှင်ကြီး ဘသာ ဝင် နေပြီနဲ့ တူတယ် ”


ဒေါ်အေးသုန် ဘေး မှ မိန်းမ တစ်ယောက် က ထင်မြင်ချက် ပေးသည် ။ ဒေါ်အေးသုန် မကျင် ကို စိုက်ကြည့်နေသည် ။


“ ဒါပေမဲ့ သိတယ် မဟုတ်လား ... သူ လည်း သာသနာ ပြုနေတာ ၊ ငါ က လည်း သာသနာ ပြု ချင်နေတယ် ဆိုတော့ ၊ ကိုကြီးကျော် ကို တော့ ငါ့ ရဲ့ အစ်ကိုရင်း လို ပါပဲ ၊ ကဲ ကဲ ... ငါ့ အစ်ကို ကို ငါ ပင့် လိုက်ဦးမယ် ၊ ဟဲ့ ကောင်မတွေ လောင်းကြေး ထပ် ထားကြစမ်း ” 


မကျင် လက် ထဲ တွင် ၇၅ ကျပ်တန် များ ပလူပျံ နေသည် ။ ၇၅ ကျပ်တန် တစ်ရွက် ကို ရွာထဲ က မိပုန်း ကို လှမ်း ပစ် ပေး လိုက်သည် ။ ဘာကြောင့် မကျင် မိပုန်း ကိုမှ  ရွေး ပေးရသလဲ ဟု ဒေါ်အေးသုန် စဉ်းစား နေသည် ။ ဟုတ်ပြီ ။


မိပုန်း က အရက် ရောင်းတာ ၊ လူပေါင်းစုံ နဲ့ ဆက်ဆံမှု အများ ဆုံး ဆိုတော့။ ဒါ လူရင်းရွေး တာပဲ ။ မိပုန်း ပါးစပ် က မှန် တယ် မှန်တယ် ဟု မပြောဘဲ တော့ မနေ နိုင် ... ပြောမည် ။ မကျင် နာမည်ကြီး ခြင်း တစ်မျိုးပဲ ဟု တွေးရင်း တစ်ချက် ပြုံး လိုက်သည် ။ လေးစားပါတယ် မကျင် ရယ် ဟု ပါးစပ် က ပြောပြီး လူအုပ် ကြား ထဲ မှ ဒေါ်အေးသုန် ထွက်လာသည် ။


တစ်ရွာလုံး လိုလို နတ်ကတော် မကျင် နား မှာ ဝိုင်း နေကြသည် ။ ဝိုင်း နေ မှာ ပေါ့ .. မကျင် က လည်း လက်ပစ်ကြေး တွေ စွန့်ကြဲ နေမှ တော့ မဝိုင်း ခံနိုင်ပါ့ မလား ။


“ နည်းစနစ်တွေ ကောင်းလှချည်လား နောက် မှ ပေါက်တဲ့ ရွှေကြာကျင် ရယ် ” 


ဒေါ်အေးသုန် မကျင် ကို ကျိတ် ချီးကျူး လိုက်သည် ။


 •••••   •••••   •••••


ကောင်းကင် တစ်ပြင်လုံး နီရဲ နေသည် ။ ကျေးလက်နေ ပြည်သူများ အဖို့ မိုးသက်မုန်တိုင်း ကျရောက်တော့မည် ကို ကြိုတင် သိနေကြသည် ။ ကြို သိသည့် အတိုင်း ပြင်ဆင်စရာ ရှိတာများ ပြင်ဆင် နေကြသည် ။


“ ကိုအေးငွေ ရေ ... လေ ပါ ပါမယ် ထင်တယ် ”


“ ကျွန်တော် လည်း ထင်တယ် ၊ သိမ်း စရာ ရှိတာ သိမ်းထားကြရအောင် မကျင် ”


ကိုအေးငွေ သွက်သွက်လက်လက် ဖြင့် မိုး မစိုရန် သိမ်းဆည်း နေသည် ။ မိုး ချည်း ပဲ သွန်ချလိုက် သလို ရွာချ လိုက် သည် ။ မကျင် လည်း ဝိုင်း ကူသိမ်း သော်လည်း ရေ စိုတာသာ အဖတ် တင် သည် ။ ခရီး မတွင် ၊ ကိုအေးငွေ က ယောက်ျား အား သန်သန်မာမာ မို့

အလေးအပင်များ ကို ပင် မိုးထဲ ရေထဲ ကြားထဲ က အတင်း မ ပြီး သိမ်းသည် ။ လေ က လေးဖက် လေးတန် ညှပ် တိုက် လာသည် ။ လေ ကြမ်းလာသည် မို့ မကျင် ကြောက်စိတ် ဝင်လာသည် ။ ဒီ နေရာ မှာ ကိုအေးငွေ သာ မရှိရင် သူ မလွယ် ဟု အပြေးအလွှား တွေးလိုက် သေးသည် ။ တကယ့် အရေးအကြောင်း ဆို အိမ် မှာ ယောက်ျားသား တစ်ယောက် ရှိ ကို ရှိရမည်။


“ မကျင်ရေ ... မိုး လွတ်မယ့် နေရာမှာ သွား ထိုင်နေ ၊ ဘာမှ မလုပ်နဲ့  ၊ တစ်ကိုယ်လုံး ရွှဲလို့ ၊ သွား ... အေးအေးလူလူ ထိုင်နေ ”


ကိုအေးငွေ ၏ ကြင်နာမှု အသံ မကျင် ပထမ ဦးဆုံး ကြား လိုက်ရသည့် မိုးထဲ ရေထဲ လေပြင်း တွေ ကြား ထဲ မှာ ကြည်နူးမှု ဖြစ် သွားသည် ။ ငြိမ်သက် နေသော နှလုံးသားလေး

လှုပ်လှုပ်ရွရွ တော့ ဖြစ် သွားသည် ။ ထဘီ က ရေစို နေသည် မို့ ကိုယ်လုံးကိုယ်ပေါက် အကြွင်းအကျန် အလှများ က ဖွင့်ထွက် နေသည် ။ ကိုအေးငွေ မကြာခဏ ခိုး ကြည့်နေသည် ။ ဒါကို မကျင် သိသည် ။ ကိုအေးငွေ ဘာကြောင့်မှန်း မသိ ရင်တွေ တုန်နေသည် ။ မကျင် အနား သို့

အသာအယာ ကပ် သွားသည် ။ မကျင် က မျက်လွှာလေး လှန် ကြည့်လိုက်သည် ။


“ မကျင် ”


“ ရှင် ”


“ ထဘီ လဲ လိုက်ပါလား ၊ အအေးပတ် နေဦးမယ် ”


“ ဟုတ် ဟုတ်ကဲ့ ”


မကျင် အခန်း ထဲ သို့ ဝင် သွားသည် ။ ကိုအေးငွေ အတန်ကြာ လေပြင်း အခြေအနေ ကို အကဲခတ် လိုက်သည် ။ လေပြင်းကား အဆက်မပြတ် မိုးသီးမိုးပေါက်များ ပင် ကျ နေပြီ ထင်ရသည် ။ ကိုအေးငွေ သက်ပြင်း အချီကြီး ချပြီး မကျင် ထဘီ လဲ ရာ အခန်း ထဲ သို့ ဝင် သွားသည် ။ 


“ ဝုန်း ဝုန်း ”


လေပြင်း က တစ်ချက် ဆောင့် တိုက် လိုက်သည် ။ အိမ်ဝိုင်း ထဲ မှာ လည်း ရေ တွေ က ပြည့် လို့ ။ မကျင် ထဘီ လဲ နေစဉ် ကိုအေးငွေ ကို အခန်းဝ တွင် တွေ့ လိုက်ရသည် မို့ အရမ်း အံ့အားသင့် သွား သည် ။ သူ ဘာများ ပြောမှာ ပါလဲ ပေါ့ ။ အနား ကို တစ်လှမ်း ချင်း တိုးလာသည် ။ ထဘီ လဲ မည့် တန်းလန်းကြီး မို့ ထဘီ ကို ကမန်းကတန်း လဲ လိုက်သည် ။ လဲ လိုက်ပြီး ကိုအေးငွေ ကို မျက်နှာ မူ လိုက် သည် ။


“ ကိုအေးငွေ ဘာ ပြောမလို့ လဲဟင် ” 


“ မေးစရာ လိုသေးလို့ လား ကျင်ကျင် ရယ် ”


ကိုအေးငွေ ပြော လည်း ပြော ၊ ပခုံး လည်း လက် နှစ်ဖက် ဖြင့် လှမ်း ဖက် လိုက်သည် ။ ရင်ချင်း အပ် လိုက်သည် ။ မကျင် ဘက် မှ အသက်ရှူသံ ပြင်းပြင်း ကို ကြား လိုက်ရသည် ။ ကိုအေးငွေ နှင့် ထပ်တူ ရင်ခုန်သံ ။ 


“ ကျင်ကျင် ” 


“ ဟင် ပြော ” 


“ ချစ်တယ် ”


“ သိပါတယ် ... တစ်ချိန် ဒီ စကားမျိုး ပြောမယ် ဆိုတာ ”


“ မတ်တတ်ကြီး ကျင်ကျင် ရယ် ”


မကျင် ညွှတ်ကျ သွားသည် ။ ကိုအေးငွေ ကား အလိုက်သင့် ။


“ ဝုန်း ဝုန်း ”


ကောင်းကင် က မိုးသက်မုန်တိုင်း တို့ သည် ချစ်ခြင်း ထောက်ပံ့မှု ကိရိယာ တစ်ခု ဖြစ်မှန်း မသိ ဖြစ်သွား လေ တော့သည် ။


 •••••   •••••   •••••


တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ် နေကြသည် ။ ရွာထိပ် ညောင်ပင်ကြီး ဆီ ကို အလုအယက် ပြေးလွှား နေကြသည် ။ တချို့ဆို ကလေး ကို ခါးထစ် ခွင်ပြီး ထဘီ စွန်တောင်ဆွဲ ၍ ခပ်သုတ်သုတ် သွား နေကြသည် ။  


“ ကိုဘသာကြီး မသေဘူး တဲ့ တော် ”


အသွား လူတွေ ကို အပြန် လူတွေ က လှမ်း အော် ပြောနေကြသည် ။


“ မဖြစ်နိုင်ဘူး ဟယ် ”


အချို့ က မယုံ ။ ရွာထိပ် ညောင်ပင် တွင် အဖြူအမည်း ဓာတ်ပုံ တစ်ပုံ ။ ကိုဘသာ စားပွဲထိုးလုပ် နေသည့်ပုံ ဖြစ်သည် ။ ခိုး ရိုက် ထားတာမို့ ဓာတ်ပုံ က သိပ် မပီပြင် ။ ကိုဘသာ ပုံ တော့ ဟုတ်သည် ။ ဓာတ်ပုံ ဘေး တွင် မားမားမတ်မတ် ရပ်ပြီး အောင်ပွဲရ ပုဂ္ဂိုလ်ကြီး ဂိုက်ဖမ်း နေသူမှာ လူကြီးကိုအုန်း ဆောင် နှင့် မှေးမှိ န် သွား ရှာသော နတ်ကတော် အေးသုန် ။ သူ့ ဘေး တွင် စပါးပွဲစား မောင်ကြိုင် ။ တစ်ယောက် တစ်ပေါက် ထင်ကြေး ပေး နေကြသည် ။


“ ပုံ က ကိုဘသာ ပုံ မဖြစ်နိုင်ပါဘူး ” 


“ ဟဲ့ နတ် ဆိုတာ ကိုယ်ယောင် ပြလို့ ရ သလို ကိုယ်ယောင် ဖျောက်လို့ လည်း ရတယ် ”


“ ကိုဘသာ မှ ကိုဘသာ ပုံ ပါ ။ သူ ဘယ်လို ဖြစ်လို့ မသေတာ ပါ လိမ့် ”


“ တကယ် မသေဘူး ဆိုရင် သူ့ မိန်းမ ဆီ သူ ပြန်လာမှာ ပေါ့ ”


“ ဒါဆိုရင် အရှင်ကြီး ဘသာ ဆိုတာ ” 


“ အသေကြီးဘသာ ပေါ့ ဟယ် ”


အမျိုးမျိုး ထင်ကြေး ပေး နေကြသည် ။ တချို့က ဓာတ်ပုံ ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ နေကြသည် ။ တချို့က ခေါင်း တညိတ်ညိတ်။


အရက်ပုန်း ရောင်းသည့် မိပုန်း ကတော့ လက်အုပ်လေး ချီပြီး ဓာတ်ပုံ ကို ကန်တော့ လိုက် ၊ ပါးစပ် က လည်း တတွတ်တွတ် ရွတ်ဆို နေသည် ။


“ ဟဲ့ မိပုန်း ... ဓာတ်ပုံ ကို ကန်တော့ လို့ အရက် ပို မရောင်းရဘူး ” 


ရွာလူကြီး ကိုအုန်းဆောင် စကား ကို မိပုန်း မကြိုက် ။ မျက်စောင်း တစ်ချက် လှည့် ထိုးလိုက်ပြီး  ...


“ ဒီ လူကြီး ပြုတ် ကို မပြုတ်သေးဘူး ၊ အရှင်ကြီး ကို ကောင်းကောင်း စော်ကား ၊ ရှင့် ကို လာဘ်စားမှု နဲ့ အရှင်ကြီး က ထောင် ထဲ ထည့် လိမ့်မယ် ” 


မိပုန်း မကြားတကြား ပြောပြော ထွက်ထွက် ထွက် သွားသည် ။


မကျင် ခေါင်း ကို မြွေပေါက် ခံ လိုက်ရ သည် ။ မြွေ က နှစ်ကောင် ။ တစ်ကောင် က လူကြီးအုန်းဆောင် ၊ နောက် တစ်ယောက် က နတ်ကတော် အေးသုန် ။


မကျင် အိမ်ပေါက်ဝ တွင် ငိုင် နေသည် ။ ပန်းရန်အေးငွေ အပြင် က ပြန် လာပြီး မကျင် အနား ကို မသိမသာ ကပ် သွားသည် ။ ပြောမည့် ဟန် ပြင် လိုက်သည် ။ 


“ ကျွန်မ အားလုံး သိပြီးပြီ ကိုအေးငွေ ” 


မကျင် စကား ကြောင့် ကိုအေးငွေ တိုင်လေး ကို မှီလိုက်သည် ။


“ လူ တစ်ယောက် နာမည်ကြီး လာပြီ ဆိုရင် အနှောင့်အယှက် က ဖြစ်လာမှာ ပဲ ၊ သစ်ပင် မြင့် လေ လေတိုက် ခံရမှာ ပဲ ၊ ဒီ လေ က ဘယ်က တိုက် တဲ့ လေ ဆိုတာ ကျွန်မ သိတယ် ၊ မစားရတဲ့ အမဲ သဲ နဲ့ ဝိုင်း ပက် ကြတာ ၊ ဒီ သတင်းဟာ ကျွန်မ သွားမယ့် လမ်း မှာ မဟာ

အနှောင့်အယှက်ကြီး ပဲ ကိုအေးငွေ ၊ ကာယကံရှင် နဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ လိုက်တာ က ပို ကောင်းမယ်ထင်တယ် ၊ တကယ် သက်ရှိ ထင်ရှား ရှိနေသေးတယ် ဆိုရင် ကျွန်မ တို့ နတ်နန်းတွေ ဟာ မီးရှို့ ပစ်ရုံပဲ ရှိ တော့တယ် ”


မကျင် ကို ပန်းရန်အေးငွေ စိုက် ကြည့် နေရင်း မှ သနား သွားသည် ။ ဟုတ် သည် ။ သူတို့ နှစ်ယောက် လျှောက် လှမ်းမည့် အနာဂတ် သည် လှပ နေသည် မှာ အမှန် ။ ခုတော့ အနာဂတ် ကား မှုန်ဝါးဝါး ။


“ မောင်ကြိုင် ကို ကျွန်တော် အနီးကပ် မေး ကြည့်တော့ သူ လည်း စပါး ကိစ္စ နဲ့ သွားရင်း ကိုဘသာ ရှိတဲ့ မြို့ ကို ရောက် သွားတာ တဲ့  ၊ လက်ဖက်ရည် ဝင် သောက်ရင်း နဲ့ ကိုဘသာ စားပွဲထိုး နေ တာ ကို တွေ့လိုက်တာ တဲ့  ၊ သူ့ ကို တောင် မသိချင်ယောင် ဆောင်နေတာတဲ့ ၊

မောင်ကြိုင် က ကိုဘသာ လက် ကို ကိုင် ကြည့် လိုက်သေးတယ် တဲ့  ၊ အင်ကြင်းမြိုင်မြို့ မှာ တဲ့ ၊ လရောင်တင် လက်ဖက်ရည်ဆိုင် မှာ သူ ရှိတယ်တဲ့ .. ၊  သူ လည်း ဘာ စိတ်ကူး ပေါက်သွားတယ် မသိဘူး တဲ့ အဲဒီ မြို့ က ဓာတ်ပုံဆရာ ကို ခေါ်ပြီး ကိုဘသာ ပုံ ခိုး ရိုက်ခဲ့တာ တဲ့  ၊ သူ ပြောတဲ့ သဘော က တော့ ကိုဘသာ မသေဘူး ဆိုတာကို ရွာ က လူတွေ သိစေချင်တဲ့ ဆန္ဒ တဲ့  ၊ ကိုအုန်းဆောင် ကို အဲဒီ ဓာတ်ပုံ ပြ လိုက်တာ တဲ့ ”


“ ဒါတွေဟာ အုန်းဆောင် နဲ့ အေးသုန် စနက်တွေ ပါ ကိုအေးငွေ ရယ် ၊ ကျွန်မ တို့ ကိုဘသာ နဲ့ အမြန်ဆုံး တွေ့ပြီး လက်ဦးမှု ရအောင် ယူကြမယ် ” 


“ ကောင်းပါတယ် အကျင် ” 


အေးငွေ မကျင် အနား ကို ကပ်ပြီး ပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ် လိုက်သည် ။ နောက်ပြီး  ... 


“ ရွှတ် ရွှတ် ”


အလစ်အငိုက် ပါးလေး ကို နှစ်ချက် ဆင့် နမ်း လိုက်သည် ။


 •••••   •••••   •••••


မကျင် ကိုဘသာ ကို ဘဝဇာတ်လမ်း စုံ ခင်းပြ လိုက်သည် ။ ရက်မလည် ဖြစ်သည် မှ အစ နောက်ဆုံး အရှင်ကြီး ဘသာ နတ်နန်း အထိ ။ ကိုဘသာ ငြိမ် သက်စွာ နားထောင် နေသည် ။ ပြီးမှ ..


“ မိုက်လိုက်တာ မကျင် ရယ် ”


ထို စကား သာ ပြောနိုင်ပြီး ပြန်လည် ငြိမ်သက် သွားသည် ။ ကိုဘသာ ၏ အခြေအနေ ကို ကြည့်ပြီး မကျင် ဆက် ပြောသည် ။


“ ကျွန်မ က လူတွေ ယုံကြည်အောင် နည်းမျိုးစုံ သုံးပြီး တည်ဆောက် ထား တာပါ ကိုဘသာ ရယ် ၊ ကိုဘသာ သက်ရှိ ထင်ရှား ရှိတယ် ဆိုတာ တစ်နေ့ မဟုတ် တစ်နေ့ ရွာနီးချုပ်စပ် သိသွား ရင် ကျွန်မ ရဲ့ လက်ရှိ အလုပ်အကိုင်တွေ အားလုံး ပျက်စီးသွားမယ် ကိုဘသာ ”


“ မကျင် ” 


“ ရှင် ”


“ မင်း အခု ငါ နဲ့ ပထမဦးဆုံး စ တွေ့ တာပါ ။ ကိုဘသာ မသေရင် ကျွန်မ ဆီ ဘာဖြစ် လို့ ပြန်မလာတာလဲ နေနိုင် လိုက်တာ ကိုဘသာ ရယ် .. ဒီ စကား တွေ ပဲ မင်း ပြောရမှာ  ၊ ခုဟာ က စ တွေ့ ကတည်း က ပြောလိုက်တာ မင်း တစ်ကိုယ်ကောင်း တွေ ပဲ ”


“ ဪ ... အဲဒီ စကား ကို နောက်မှ ပြောမလို့ စီစဉ် ပြီးသားပါ ၊ ဘဝ ရပ်တည်ရေး ရှေ့တန်း ရောက် သွားလို့ ပါ ကိုဘသာ ရယ် ၊ ဒါကို စိတ်ဆိုး သွားတာလား ... စိတ် မဆိုးနဲ့ဦး ၊ ခုနက စကား ကို ပြန် ဆက်ရအောင် ၊ ကိုဘသာ ဒီ မြို့က ထပ်ပြီး စွန့်ခွာစေချင်တယ် ၊ အဲ ဒါ ကျွန်မ ရဲ့ နောက်ဆုံး တောင်းဆိုမှုပဲ ” 


ကိုဘသာ မကျင် ကို ကရုဏာ သက်စွာ ကြည့် လိုက်သည် ။ ထို့နောက် စကား ကို ဖြည်းညင်းစွာ တစ်လုံးချင်း ထွက် လာသည် ။


“ လူတွေ ရဲ့ ယုံကြည်မှု ကို အလွဲသုံးစား မလုပ်ပါ နဲ့ မကျင် ရယ် ၊ သံသရာ လည်း မကောင်း ပါ ဘူး ၊ ကိုးကွယ်မှုတွေ လမ်းမှား ရောက်သွား နိုင်ပါတယ် ။ လူတိုင်း မှာ အယူ ဆိုတာ ရှိပါတယ် ၊ အဲဒီ လူတွေ ရဲ့ အယူ ကို မှန်ကန်တဲ့ တရားဓမ္မ နဲ့ အေးအောင် လုပ်ပေးပါ ၊ မသန့်ရှင်း တဲ့ ထမင်း ကို မစားပါ နဲ့  ၊ သန့်သန့်ရှင်းရှင်း ရ တဲ့ ငွေကြေးနဲ့ ပဲ ဘဝ တစ်ခု ကို ရပ်တည်ပါ ၊ ငါ ဒါပဲ ပြောနိုင်ပါတယ် မကျင် ရယ် ”


“ အခု အချိန်မှာ တရား မချပါနဲ့ ကိုဘသာ ၊ ကျွန်မ အတွက် နောက်ဆုံး ငဲ့ကွက် တဲ့ အနေနဲ့ ကိုဘသာ တခြား ဝေးတဲ့ မြို့ တစ်မြို့ မှာ ဘဝ တစ်ခု ထူထောင် ပေးပါ ။ စကား မစပ် ကိုဘသာ နောက် အိမ်ထောင် ပြုလိုက်ပြီလား ”


မကျင် ၏ မေးခွန်း ကို မဖြေတော့ ။ ဖြေရန် မလိုတော့ ဟု ကိုဘသာ စိတ် ထဲ တွေး လိုက်သည် ။ သိကြားမင်း ဆင်း ပြီး နားချ တောင် ရမည့် လူ မဟုတ်တော့ မှန်း ကိုဘသာ ရိပ်မိသွားသည် ။ 


သူ့ ထိုက် နဲ့ သူ့ ကံ နေပါစေတော့ ဟု ကိုဘသာ စိတ် ထဲ တွေး လိုက်သည် ။ 


“ အခု အချိန်မှာ တော့ ဒါတွေ မမေးပါနဲ့ မကျင် ၊ ငါ ဘဝသစ် စတာ ကြာ ပါ ပြီ ၊ အရာ အားလုံး ကို ငါ ပြည်ဖုံးကား ချလိုက်ပါပြီ ”


မကျင် အသံ ကို ချိန်း လိုက်သည် ။ ဆို့နစ်ကြေကွဲသော လုပ်သံကြီး ဖြင့် ...


“ ကျွန်မ က တော့ ကိုဘသာ မရှိတော့ တဲ့ အချိန် က စပြီး ရင် ထဲ မှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထား တာ ၊ တစ်ပင်ဆို  တစ်ပင် ပါပဲ ကိုဘသာ ရယ် ”


မကျင် မျက်ရည် ကို မနည်း ညှစ်ထုတ်လိုက်သည် ။


“ ကျွန်မ သွားတော့မယ် ကိုဘသာ ၊ လောက မှာ အသက် ရှင်လျက် နဲ့ သေသွား တဲ့ စိတ်ခံစားမှု မျိုး ခံစား ကြရတာ ဒီ ကမ္ဘာ မှာ ကျွန်မ တို့ နှစ်ယောက် လောက် ပဲ ရှိမယ် ထင်တယ်နော် ကိုဘသာ ရယ် ၊ ကျွန်မ သွားတော့မယ် ”


မကျင် ၏ သစ်လွင်တောက်ပသော ဝတ်စားဆင်ယင်မှုကို နောက်ကျော ဘက် မှ ကိုဘသာ ကြည့် လိုက်သည် ။ ခေါင်း ကို အဓိပ္ပာယ် ပါပါ တဆတ်ဆတ် ညိတ် လိုက်ပြီး လက်ဖက်ရည်ဆိုင် ဘက် သို့ ခြေလှမ်း ပြင် လိုက်သည် ။ 


မသီဝင်း က ကိုဘသာ ဆိုင် ထဲ ပြန်ဝင် လာတာ ကို စိတ်ပူစွာ ဖြင့် လှမ်း ကြည့် လိုက်သည် ။ ကိုဘသာ ဘာ ဖြစ်လာတာ လဲ ဆိုသည့် စိတ် ပူမှုမျိုး ။


 •••••   •••••   •••••


ဆိုင် သိမ်းပြီးချိန် ၊ 


နေရာ မသီဝင်း အခန်းထဲ ။ 


“ ကိုဘသာ ဘက် က အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ပြီပေါ့ နော် ”


“ ကျွန်တော် ဒီ ဆိုင် ကို စ ရောက် ကတည်း က ရှင်းပြီးပါပြီ အဝင်း ရယ် ”


“ ဒီနေ့ ကျွန်မ အရမ်း ပျော်တာပဲ ကိုဘသာ ရယ် ”


“ ဘာဖြစ်လို့ လဲ ဟင် အဝင်း ”


“ ဟင် ... လူမေ့ကြီး ၊ ဒီနေ့ပဲ ကိုဘသာ နဲ့ ကျွန်မ ရပ်ကွက် တရားရုံး မှာ လက်ထပ် လိုက်ကြတယ်လေ ” 


“ တရားမဝင်သေးပါဘူး ” 


“ ဘာဖြစ်လို့  ” 


“ အရာ မမြောက်သေး လို့  ”


“ သွား ... လူပုံ က အေးပုံအေးပန်း နဲ့ ဒါမျိုး ကျတော့ တတ်သား ”


“ အဝင်း က လည်း ကွာ ”


“ နေဦး ... ဆိုင်တံခါး မပိတ်ရသေးဘူး ”


“ ရပါတယ် ... အဖျော်ဆရာတွေ ပိတ် လိမ့်မယ် ”


“ နပေါဦး ဆို ”


“ လက်ထပ် ပြီးပြီပဲ ဥစ္စာ ”


“ ကဲ ကဲ ... ပြော မရတော့လဲ ”


အသံများ တိတ်ဆိတ် သွားကြသည် ။ အဖျော်ဆရာ နှင့် စားပွဲထိုးများ က အပေါ်ထပ် က အသံ ကို နားစွင့် နေကြသည် ။


“ အဝင်း ”


“ ပြော ”


“ တစ်ခုလောက် တောင်းဆိုချင် လို့  ” 


“ ဟင် ... လောဘ က လည်း ကြီး လိုက်တာ ”


“ အဲဒါ ပြောတာ မဟုတ်ဘူး ”


“ ဘယ်ဟာလဲ ”


“ ဒီ အနီး တစ်ဝိုက် မှာ အလှူအတန်း ပဲ ဖြစ်ဖြစ် နာရေး ကိစ္စ ပဲ ဖြစ်ဖြစ် ကိုဘသာ ရေ လှူချင် တယ် ”


“ ဘယ်လို လှူချင်တာလဲ ”


“ ကိုယ့် ခွန်အား နဲ့ ရေ လှူချင်တာ ” 


“ ကောင်းတဲ့ အလုပ်ပဲ ... အဝင်း က ကန့်ကွက်စရာ ဘာ ရှိလို့ လဲ ”


“ ဒါမှ ငါ့ မိန်းမ ကွ ”


“ ဟီး ဟီး ”


“ ဟား ဟား ”


“ ကောင်လေးတွေ ရှိတယ် ၊ သူတို့ မအိပ်သေးဘူး ” 


“ တော်ပြီလေကွာ ”


“ ဟီး ဟား ... မလုပ် နဲ့ ယားတယ် ”

      

             ပြီး၏ ။


ဗေလုဝ

၁၆ - ၇ - ၁၂


၂၇ - ၇ - ၁၂ တွင် သား လရောင်သက္ကရာဇ် လေးနှစ် မပြည့်မီ ( ၁၁ ) ရက် အလို၌ ပြီး၏ ။


◾ဗေလုဝ 


📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ 


#ကိုအောင်နိုင်ဦး


.

အဟောင်း နှင့် အသစ်


 

❝ အဟောင်း နှင့် အသစ် ❞

ဖိုးစိန်လမ်း ထဲ ကန်တော်ကြီး ဘက် မှ ဝင် သွားပါက တစ် ဖာလုံ လောက် သွား မိလျှင် လက်ဝဲဘက် တွင် ခြံကြီး တစ်ခြံ ကို တွေ့ ရပေလိမ့်မည် ။ အပြင်ဘက် မှ ကြည့်လျှင် သစ်ပင်ဝါးပင်များ အုပ်ဆိုင်း နေသဖြင့် အတွင်း မှ အ ဆောက်အအုံ ကို လှမ်း မမြင်ရပေ ။ ခြံဝင်းထဲ ဝင် သွားမှသာ လျှင် အလွန် အိုမင်း နေပြီ ဖြစ်သည့် အိမ်ကြီးတစ်ဆောင် ကို တွေ့ရပေသည် ။

လွန်ခဲ့သည့် ဆယ်နှစ် ဆယ့်ငါးနှစ် ခန့် က ထို တိုက် အိမ်ကြီး ၏ ရှေ့ဘက် မျက်နှာစာ ၌ တဲကြီး တစ်တဲ ထိုး ထား သည် ။ ထို တဲကြီး အတွင်း ၌ အဖျော် ယမကာများ ကို ရောင်း ချလေသည် ။

တိုက်အိမ်ကြီး ၏ အောက်ထပ် တွင် လည်း စားပွဲ ၊ ကု,လားထိုင်များ ချ ထားသည် ။ တချို့က တဲကြီး တွင် စားကြ သောက်ကြပြီး တချို့က အိမ်အောက် ထပ် ၌ အေးအေးလူလူ နေရာ ယူကြသည် ။ 

ထို တဲကြီး နှင့် တိုက်အိမ်ကြီး အောက်ထပ် ကို ပေါင်း ၍ “ လင်းယုန်ဟိုတယ် ” ဟူ၍ ခေါ်လေသည် ။ ယမကာ သမားများ သည် လင်းယုန်ဟိုတယ် ဆိုလျှင် မသိသူမရှိပေ ။

သို့သော်လည်း နှစ်ပေါင်း ဆယ်နှစ် ဆယ့်ငါးနှစ် လောက် ကြာသွားသောအခါ လင်းယုန်ဟိုတယ် တဲကြီး ပြိုကျ ပျက်စီး သွားလေသည် ။ တဲကြီး ၏ နေရာတွင် အ ဆောက်အအုံသစ် တစ်ခု အစားထိုး ပေါ်လာလေသည် ။

လူ့ မျိုးဆက် သည် တစ်ဦး နှင့် တစ်ဦး မတူပေ ။ မိဘ ဘိုးဘွား နှင့် သားသမီး မြေးမြ စ် ဟူ ၍ အပိုင်း နှစ်ပိုင်း ရှိ သည့် အ နက် တချို့မှာ မိဘဘိုးဘွား လက်ထက် ၌ ကြွယ်ဝ ချမ်းသာ သော် လည်း သားသမီးမြေးမြစ် လက်ထက် ရောက်လာ သောအခါ ဥစ္စာဓန တိုးပွားများပြား မလာသည့် အပြင် မိဘ ဘိုးဘွား ထံ မှ ရသည့် အမွေအနှစ် သည် ပင်လျှင် တဖြည်းဖြည်း လုံးပါး ပါး သွားပြီး နောက်ဆုံး ၌ လူလုံး မလှသည့် အခြေအနေ သို့ ရောက် သွားရလေသည် ။ တချို့ကမူ ဆန့် ကျင်ဘက် ဖြစ်သည် ။

မိဘဘိုးဘွား လက်ထက်၌ တော်ရုံတန်ရုံ ပင် ဖြစ်ခဲ့ သော်လည်း သားသမီး မြေးမြစ် လက်ထက် ရောက်လာ သောအခါ စီးပွားဥစ္စာ ဖြစ်ထွန်း တိုးတက် လာလေသည် ။

“ လင်းယုန်ဟိုတယ် ” နှင့် “ ဟိုးလီးဒေးဟိုတယ် ” ၏ အခြေအနေ မှာ ဒုတိယ အမျိုးအစား မျိုးဆက် နှင့် အလား သဏ္ဍာန် တူ လေသည် ။

မျိုးဆက် မှာ ထို မိဘ ဘိုးဘွားမျိုးနွယ်စဉ်ဆက် သာ လျှင် ဖြစ်သည် ။ သို့သော်လည်း သားသမီး မြေးမြစ် လက်ထက် ရောက်လာသော အခါ မိဘ ဘိုးဘွားလက်ထက် က နှင့် မတူတော့ဘဲ လုံးဝ ပြောင်းလဲ တိုးတက် နေလေသည် ။

နေရာမှာ သစ်ပင်ဝါးပင်များ ညိုညိုမှိုင်းမှိုင်း အုပ်ဆိုင်း နေသော ခြံဝင်းကြီး အတွင်း က ထို နေရာပင် ဖြစ် လေသည် ။

သို့သော်လည်း လင်းယုန်ဟိုတယ် ဘဝ က ဓနိမိုး တဲကြီး ဖြစ် သော်လည်း ဟိုးလီးဒေး ဘဝ ရောက်လာသော အခါ အုတ်ကြွပ်မိုး အဆောက် အအုံ သစ် ဖြစ်လာလေသည် ။

လင်းယုန်ဘဝ က စားပွဲ ၊ ကု,လားထိုင်များ မှာ ဟောင်းနွမ်းကျိုးပဲ့ ခနော်ခနဲ့ ဖြစ်နေသော်လည်း ဟိုးလီးဒေး ဘဝ ရောက်လာသောအခါ အိမ်ထောင် ပရိဘောဂဆိုင် မှ ဝယ် လာပြီးစ ပြောင်လက် နေသော စားပွဲ ကု,လားထိုင် များ ဖြစ်နေလေသည် ။

လင်းယုန် ဘဝ က မြန်မာ ဖြစ် ဖန်ခွက် အဟောင်း နှုတ်ခမ်းပဲ့ နှင့် သံပန်းကန်ပြား လောက်သာ ရှိပြီ ဟိုးလီးဒေး ဘဝ ရောက်သောအခါ ဟိုးလီးဒေး ဟူသော စာလုံး ရိုက်နှိပ်ထား သည့် ကြွေပန်းကန်များ ၊ နိုင်ငံခြားဖြစ် ဖန်ခွက်များ ဖြင့် ထည်ထည်ဝါဝါ ဖြစ်နေသည် ။ 

ထို အဆောက်အအုံသစ် သည် ယမကာသမားများ ၏ အကြား တွင် ဟိုးလီးဒေး အမည် ဖြင့် ခေတ်စား သော ဟိုတယ် ဖြစ် လာလေသည် ။

လင်းယုန် ဘဝ က ရောင်ဆီ ၏ အရောင် လုံးဝပျောက် သွားပြီး အရောင်အဆင်း ဟူ၍ ကြေး ( ဂျီး ) အရောင် သာ ထွက် နေသည့် စားပွဲအိုကြီးများ ပေါ် ၌ ရေ လိုသည့် အခါ သုံး နိုင်ရန် အရက်ပုလင်းဟောင်းများ ထဲတွင် ရေ ထည့် တင် ထား သော်လည်း ဟိုးလီးဒေး တစ်ဖြစ်လဲနှင့်မူ စားပွဲခင်း ခင်း ထားသည့် အသစ်ကျပ်ချွတ် စားပွဲကြီးများ ပေါ် ၌ လှပ သော ပလတ်စတစ် ရေအိုး များ ရောက်နေလေသည် ။

လင်းယုန် ဘဝ က စားပွဲထိုး ဟူ၍ မည်မည်ရရ မရှိ သော်လည်း ဟိုးလီးဒေး ၌မူ ဝတ်စုံဝတ်ထားသော စားပွဲထိုးများ လက်ယှက်ထိုး ဖြစ်နေသည် ။

လင်းယုန် ဘဝ တုန်းက အမြည်း အတွက် ခရမ်းချဉ် သီးသုပ် ၊ မြင်းခွာရွက်သုပ် တို့ လောက်သာ ရ သော်လည်း ဟိုးလီးဒေး ၌ မီနူး ထဲ မှာ ဖော်ပြထားသည့် အစားအ သောက် မျိုးစုံ ထဲမှ မည်သည့် အစားအသောက် ကို မဆို ကြိုက်တာ မှာ စားနိုင်သည် ။

လင်းယုန် ဘဝ တုန်းက သီချင်းဂီတသံ ဟူ၍ ရေချိန် ကိုက် လာသော ယမကာသမားများ တစ်ချက် တစ်ချက် ထ ဟစ်လိုက်သော သီချင်းသံ မှ တစ်ပါး တခြား ဘာမှ မ ကြားရသော်လည်း ဟိုးလီးဒေး ဘဝ ရောက်သော အခါ တစ်ချိန်လုံး ကက်ဆက်သံ လွှမ်းနေသည် ။

လင်းယုန် ဘဝ တုန်းက စားသုံးသူ များ မှာ အမြင့်ဆုံး အဆင့် အနေဖြင့် အငှားကား လောက် သာ စီး လာနိုင် ကြ သော်လည်း လီးဒေး သို့ ကို ယ် ပိုင်ကားများ ဥဒဟို ဝင်ထွက်သွားလာနေကြသည် ။

သို့သော် ထိုခြံဝင်းအတွင်း ၌ လင်းယုန် ၏ အစဉ် အလာ ကို ဆက်လက် ထိန်း ထားသည့် နေရာ တစ်နေရာ လည်း ရှိ သေးသည် ။ ထို နေရာကား တိုက် အိုကြီး ၏ အောက် ထပ် ၌လည်း ယခင် လင်းယုန် ခေတ် က ကဲ့ သို့ ပင် အဖျော်ယမကာ ရောင်းချသည့် အစဉ်အလာ သည် ဆက်လက် ရှင်သန် လျက်ပင် ရှိနေသည် ။

အလုပ်သမား တစ်စု စုပေါင်းပြီး ဖွင့်လှစ်ထားကြ ဟန် တူသည် ။ တစ်ခြံတည်း တွင် အနီးကပ် ရှိနေ ကြသော်လည်း တိုက်အိုကြီး ၏ အောက်ထပ် နှင့် ဟိုးလီးဒေး သည် အဆက်အစပ် လုံးဝ မရှိပေ ။ မိမိတို့ သားသမီးများ က စီးပွား ခွဲ ပြီး စတိုးဆိုင်ကြီး ဖွင့်လျက် ကြီးပွားချမ်းသာ နေကြသော်လည်း မိဘ လုပ်သူများ မှာ သားသမီးများ ထံမှ အထောက် အပံ့ မရရှိ၍ အိမ်စရိတ် ကာ မိစေရန် အိမ်ဆိုင်ကလေး မ တောက်တခေါက် ဖွင့် ထား သကဲ့သို့ ဖြစ်နေလေသည် ။

သို့သော် ကိုယ့် ပရိသတ် နှင့် ကိုယ် သီးခြား ဖြစ်သည် ။ ကိုယ့် ဖောက်သည် နှင့် ကိုယ် ဖြစ်သည် ။ ဟိုးလီးဒေး တွင် ပရိသတ် စည်ကား နေသကဲ့သို့ပင် အိမ်ကြီး အောက်တွင် လည်း လူ တဖြောက်ဖြောက် ရောက် နေသည် ။

လာပုံ လာနည်း သာ လျှင် ကွဲချင် ကွဲပေလိမ့်မည် ။ ဟိုးလီးဒေး သို့ လာကြသူများ မှာ ကိုယ်ပိုင်ကားများ ဖြင့်သာ လာကြသူ များပြီး အိမ်ကြီး အောက်ထပ် ရောက်လာသူများ မှာ မူ ခြေလျင် လျှောက် လာသူများ သာ များ လေသည် ။

   •••••   •••••   •••••   •••••

ညနေ နေဝင်ဖြိုးဖျ ခြောက်နာရီ သာသာလောက် ဖြစ်သည် ။ ကန်တော်ကြီး ထိပ်ဘက် မှ ဖိုးစိန်လမ်း ထဲသို့ လူသုံးယောက် လျှောက် လာသည် ။ သစ်ပင် ၊ ဝါးပင်များ အုပ် ဆိုင်း ညှို့မှိုင်းနေသော ခြံဝ သို့ ရောက်သောအခါ လူ သုံးယောက် သည် ရှေ့ဆက် မသွားတော့ဘဲ ခြံထဲ သို့ ဝင်လာ ကြလေသည် ။

အိမ်အိုကြီး အဝ ရောက် လာ သော အ ခါ ရှေ့ဘက် က ဟိုးလီးဒေးဟိုတယ် သို့ မသွားဘဲ အိမ်အိုကြီး ထဲ ဝင် လာ ကြသည် ။ အိမ်အိုကြီး ၏ အောက်ထပ် တွင် အခန်း သုံးလေးခန်း လောက် ရှိသည် ။

ထို အခန်းများ ထဲ တွင် ချထားသော မည်သည့် စားပွဲ မှာမှ လူ ရှိ မနေသေးပေ ။ ကြိုက်ရာ စားပွဲတွင် ဝင်ထိုင်၍ ရ သည် ။

လူ သုံးယောက် သည် အိမ်ကြီး ထဲ ဝင် ဝင်ချင်း လက်ယာဘက် က ဆင်ဝင် အခန်း ကို ရွေးလိုက် ကြလေသည် ။ အခန်းကျယ်ကြီး ထဲ တွင် လင်းယုန်ခေတ် က ဆင်းသက် လာသည့် စားပွဲ ဟူ၍ ထင် ရသော အရောင် အဆင်းမဲ့ ပြီး ဟောင်းနွမ်း နေပြီ ဖြစ်သော်လည်း ခိုင်ခံ့လျက်ပင် ရှိနေသေး သည့် လေးထောင့်စားပွဲကြီး တစ်လုံး နှင့် စားပွဲကြီး အခန်း၏ လေသာပြတင်း တွင် ကပ် ထားသော မှ န်ချပ် များ ထဲ က တချို့ အကန့် တွင် ရှိသော မှန်ချပ်များ မရှိတော့ပေ ။ တရုတ် ကပ် တချို့မှာလည်း ပြုတ်ကျ ၍ နေသည် ။

တချို့မှာ မူ သံချက် ပြုတ် နေပြီ ဖြစ်၍ ရွေ့စောင်းနေ သည် ။ စားပွဲကြီး ကို ရံပြီး စားပွဲကြီး နှင့် လိုက်ဖက်သည့် ကု,လားထိုင်အို လေးငါးလုံး ချ ထားလေသည် ။

လူ သုံးယောက် သည် စားပွဲကြီး ကို ဝိုင်းပြီး ထိုင် လိုက်သည် ။ ထိုနေရာသို့ လာနေကျ ဖြစ်သည် ။

ဤခြံကြီး ထဲ သို့ သူ ရောက် လာလျှင် ဟိုးလီးဒေး သို့ ဘယ်တော့မှ ခြေဦးမလှည့်  ၊ အိမ်ကြီး အောက်ထပ် သည် သာလျှင် သူ စတည်းချ နေရာ ဖြစ်သည် ။

ကဗျာဆရာ “ သက်လုံဦး ” နှင့် ဒဿနိကဗေဒ လက်ထောက်ကတိက ဦးကျော်စိန်ဝင်း တို့ မှာ မူ လူသစ် ဖြစ်သည် ။

ယနေ့ သူတို့ နှစ်ယောက် ကို ဇမ္ဗူလုံးကျော် က ဦးဆောင် ခေါ်လာခဲ့ခြင်း ဖြစ်လေသည် ။ မကြာမီ လူရွယ် တစ်ယောက် စားပွဲ နား ကပ်လာသည် ။ 

လူရွယ် သည် စားပွဲထိုး အလုပ် ကို လုပ် သော်လည်း စားပွဲထိုး စစ်စစ် ဟုတ်ဟန် မတူပေ ။ ဝိုင်းလုပ်ဝိုင်းစား သဘော ဖြင့် အရင်းအနှီး စုပေါင်းမတည်ထားသူများ ထဲက ကိုယ်တိုင် လုပ်အား ပေးနေသူတစ်ဦး ဟု ထင်ရပေသည် ။

ထို သူ မှာ လာနေကျ ဖောက်သည် ဝတ္ထုဆရာ ဇမ္ဗူလုံးကျော် နှင့် ကျွမ်းဝင် ရင်းနှီးပြီးသား ဖြစ်သည် ။

“ ဆရာတို့ ဘာ သုံးဆောင်ကြမလဲ ”

လူရွယ် ၏ အမေး ကို ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် က ပင် ဦးဆောင် အဖြေ ပေး လိုက်လေသည် ။

“ ရမ်တစ်ပိုင်း အရင် ယူခဲ့ ”

“ ဆော်ဒါ ယူဦးမလား ဆရာ ”

“ ဆော်ဒါ မယူဘူး ။ ဈေး ကြီးတယ် ၊ ရေ နဲ့ ပဲ သောက် မယ် ” 

မကြာမီ ရမ်ပုလင်းနှင့် ရေပုလင်း ရောက် လာ သည်  ။ ရေ ကို အရက် ပုလင်းလွတ် နှင့် ထည့် ထားသည် ။ လင်းယုန် ခေတ် က အစဉ်အလာ ဆက်လက် ရှင်သန်နေဆဲပင် ဖြစ် သည်  ။ တစ်ပါတည်း မှာပင် အမှုထမ်းသက် ကြာပြီ ဖြစ်၍ အိုမင်းမစွမ်း ဖြစ်နေ ဟန် ရှိသော ဖန်ခွက် သုံးလုံး နှင့် ရေခဲ ထည့် ထားသော ပလတ်စတစ် တစ်ခွက် လည်း ပါ လာ သည် ။

“ အမြည်း ဘာယူဦးမလဲ ဆရာ ”

“ ခရမ်းချဉ်သီးသုပ် နှစ်ပွဲ ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် သည် လူရွယ် ၏ အမေး ကို အဖြေ ပေးရင်း သူ့ အဖော် နှစ်ယောက် ဘက် လှည့်၍

“ သူတို့ ဆီ က ခရမ်းချဉ်သီးသုပ် နာမည် ကြီးတယ် ” ဟူ၍ ရှင်းပြနေသည် ။

လင်းယုန်ခေတ်က ခရမ်းချဉ်သီးသုပ် အစဉ်အလာ သည်လည်း ပျက်သုဉ်း ချုပ်ငြိမ်းသွားပုံ မရသေးပေ ။

မကြာမီမှာပင် ခရမ်းချဉ်သီးသုပ် နှစ်ပွဲ လည်း ရောက် လာသည် ။ ဝိုင်း စ ကြသည် ။ ဝိုင်း စ ပြီး ဆယ်မိနစ် ၊ ဆယ့်ငါး မိနစ်လောက်မျှ ကြာသွားသော အခါ အဘိုးကြီး တစ်ယောက် ဝိုင်းနား ရောက်လာသည် ။ သူ့ လက်ထဲ တွင် တယာပြားကလေး တစ်လက် ကိုင် ထားသည် ။

ဝတ္ထုရေးဆရာဇမ္ဗူလုံးကျော် အတွက် အရိုးခံ ဖြစ်နေ သော်လည်း ကဗျာဆရာ နှင့် တက္ကသိုလ်ဆရာ တို့ မှာ မူ အသစ်အဆန်း ဖြစ်နေသဖြင့် အဘိုးကြီး ကို မျက်လုံးပြူး ကြည့် နေကြသည် ။

“ လာ ... လာ အဘကံ ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် က လှမ်း ခေါ် လိုက်လေ သည် ။

ကု,လားထိုင် အလွတ် တစ်လုံး တွင် အဘိုးကြီး ဝင် ထိုင်သည် ။ အဘိုးကြီး ၏ တစ်ခေါင်းလုံး ဖြူ နေသောဆံပင် နှင့် တစ်အုံလုံး ဖြူနေသော မျက်ခုံး တို့သည် အဖြူချင်း ပြိုင် နေကြသည် ။

အဘိုးကြီး ဝတ်ထားသော အကွက်မပေါ်တော့ပြီ ဖြစ် သည့် ဖျင်ကြမ်းလုံချည် နှင့် တွန့်ကြေနေသော အင်္ကျီ တို့ က လည်း အညစ်ချင်း ပြိုင် နေကြသည် ။

အဘိုးကြီး ၏ တစ်ကိုယ်လုံး တွင် အထူးခြားဆုံး မှာ လက်ထဲတွင် ကိုင် ထားသော တယောပြားကလေး ဖြစ်သည် ။ တယောပြားကလေး က လည်း အဘိုးကြီး ၏ လုံချည်အင်္ကျီ နှင့် အညစ်ချင်း ဝင် ပြိုင်နေဟန် ရှိသည် ။ 

သုတ်ထားသော ရောင်ဆီရောင် ကွယ်ပျောက်သွား သည်မှာ ခေတ်ကာလ အတန် ကြာသွားပြီ ဟု ထင်ရသည် ။ သို့သော်လည်း တချို့နေရာ၌ မူ ရောင်ဆီအရောင် သည် အ တင်း တွယ်ကပ်နေသည့်ပမာ ခပ်မှိန်မှိန် ထင်ကျန်နေတုန်း ပင် ရှိသေးသည် ။

ထို့ကြောင့် ရောင်ဆီအရောင် အကျန်အကြွင်းနှင့် ရောင်ဆီရောင် ကင်းမဲ့ နေသည့် နေရာတွင် တင်နေသော ကြေးတို့သည် တယောပြားကလေးကို ကွက်တိကွက်ကျား ဖြစ်အောင် ပြုမူ ဖန်တီး နေကြပေသည် ။

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် က အရက် တစ်ကျိုက် မော့ချ လိုက်ပြီး ပြောလာသည် ။

“ ဆရာတို့ နဲ့ မိတ်ဆက် ပေးရဦးမယ် ။ အဘ က ရှေးခေတ် လက်ဟောင်း တယောဆရာကြီး ၊ ဦးအလီ တို့ နဲ့ ခေတ်ပြိုင် ပေါ့ ။ ဦးအလီ တို့ ၊ ဒေါ်အောင်ကြည် တို့ နဲ့ တွဲပြီး တယော အကြာကြီး ထိုးခဲ့ဖူးတယ် ။ နာမည် က တော့ ဦးကံကြီး လို့ ခေါ်တယ် ။ ကျွန်တော် နဲ့ အဖွဲ့ ကျနေတာတော့ ကြာ ပြီ ။ ဒီ ရောက်တိုင်း အဘကံ ရဲ့ တယောလက်သံ ကို မနာခံ ဘဲ အိမ်ပြန်လို့ မရဘူး ။ တစ်လောက အဘ တယော ထိုး နေ တုန်း ကျွန်တော် လည်း စိတ် ပါလာပြီး အဘ တယော ထိုး တဲ့ သီချင်း အလိုက် ကျွန်တော် ပါ လိုက် ဟဲ နေတယ် ။ အဲဒီ အချိန်မှာ ဟိုးလီးဒေး လာတဲ့ ကား တစ်စီး ဆင်ဝင်အောက် မှာ လာ ဆိုက်တယ် ။ ကားပေါ် က ဆင်းသွားတဲ့ ဧည့်သည် တွေ အတွဲ အဖြစ် ခေါ် လာတဲ့ အမျိုးသမီး က ကျွန်တော် နဲ့ အသိ ဖြစ် နေတယ် ။ အဲဒီ အမျိုးသမီး က ကျွန်တော့် သီချင်းသံ နဲ့ အဘ တယောသံ ကြားရတဲ့ အတွက် အိမ်ပေါက် ဝ လာ ပြီး ကျွန်တော် တို့ ကို လှမ်း ကြည့်တယ် ။ ကျွန်တော့် ကို တွေ့ သွားတော့ ဘယ် ဆိုးလို့လဲ လို့ တောင် ကလိ သွားသေး တယ် ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် စကား အမျှင် မပြတ် ပြော နေစဉ်မှာ ပင် တယောဆရာကြီး ဦးကံကြီး သည် သူ့ တယောကလေး ကို ကြိုး ညှိ နေသည် ။

ထို့နောက် အဘကံ ၏ တယောသံကလေး သည် သာယာ ငြိမ့်ညောင်းစွာ ပေါ်ထွက် လာလေသည် ။ သီချင်း ကို လည်း ကိုယ်တိုင် ပင် သီဆိုသည် ။ သီချင်း ဆို မှပင် သတိ ပြုမိကြသည် ။

တယောဆရာကြီး သည် သွား တစ်ဝက် လောက် မရှိ တော့ပေ ။ ခေါင်းဖြူ စွယ်ကျိုး အသက် ၈၁ နှစ် အရွယ် အဘိုး အို ဖြစ် နေသော်လည်း အသံ ရတုန်းပင် ရှိသေးသည် ။ တယောဆရာကြီး ပထမဆုံး သီဆိုသော သီချင်း မှာ ပြည်လှဖေ ဆိုသော နတ်ရှင်နောင် သီချင်း ဖြစ်သည် ။

တယောဆရာကြီး ၏ ဝဲဘက် လက်ချောင်းများ သည် တယောကြိုး ပေါ် ၌ ရက်ကန်း ရှယ်သည့်နှယ် ဟိုရွှေ့ ဒီရွှေ့ ဖြစ် နေပြီး တယော လက်တံ ကိုင် ထားသော ယာဘက် လက် မှာ မူ ဝေ့ကာဝိုက်ကာ နှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေ သည် ။

အဘကံ ၏ သီချင်းသံ သည် သူ ၏ တယောသံ တွင် ဟီးလေးခို စီးနေသည် ။ သူ့ အနီး တွင် ထိုင် နေသော သောတရှင် သုံးဦး မှာ အရက်ခွက် ကို ပင် မေ့ နေကြသည် ။ ထိုအခိုက် ဟိုးလီးဒေး မှ ပေါ်ထွက် လာသော ကက်ဆက် စတီရီယို သီချင်းဂီတသံ သည် အဘကံ ၏ တယောသံ ကို တစ်ချက် တစ်ချက် လာ ဆောင့် နေလေသည် ။ 

ဟိုးလီးဒေးဟိုတယ် တွင် ဖွင့် ထားသော ကက်ဆက် ထံက “ ကက်ဆီယိုတုန်း ” နှင့် “ အော်ဂင် ” တို့သည် အဘကံ ၏ တယောပြားကလေး ကို လာ လာ ရန် ပြုနေကြသည် ။

ဟိုးလီးဒေး ဟိုတယ် တွင် နီယွန်မီးချောင်း လက်နေပြီး အိမ်အိုကြီး ၏ အောက်ထပ် ဆင်ဝင်ခန်း ထဲ တွင် ဆီမီးခွက် တောက် နေသည် ။

အဘကံ သည် နောက်ထပ် သီချင်း နှစ်ပုဒ် ၊ သုံးပုဒ် ဆို သေးသည် ။ အဘကံ ဆိုသော သီချင်းများ မှာ အားလုံး ပင် အနှစ် နှစ်ဆယ် ရှေးဟောင်း သီချင်း များ သာ ဖြစ်သည် ။ ခေတ်ပေါ် သီချင်း တစ်ပုဒ် မှ မပါ ။ သီချင်း သုံးလေးပုဒ် ဆို ပြီးသောအခါ အဘကံ ထိုင်ရာ မှ ထသည် ။

“ ကဲ ကျုပ် ကို ခွင့်ပြုကြဦး ”

အဘကံ သွားမည် ဟန် ပြင်သောအခါ သောတရှင် သုံးဦး သည် ငါးကျပ် စီ ထုတ် ပေးလိုက်ကြလေသည် ။ အဘ ကံ သည် ငွေဆယ့်ငါးကျပ် ကို အိတ်ထောင် ထဲ ထည့်ပြီး တခြား အခန်း ထဲ က ဝိုင်း တစ်ပိုင်း ရှိရာ သို့ ထွက်သွား လေသည် ။

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့လည်း နောက်ထပ် အရက် တစ်ပိုင်း နှင့် ခရမ်းချဉ်သီး နှစ်ပွဲ မှာပြီး သောက်နေ ကြပြန်လေသည် ။

   •••••   •••••   •••••   •••••

ညဉ့် သည် သူငယ် အရွယ် မှ လုလင် အရွယ် ရောက် လာပြီး အမှောင်ထု လည်း တစ်စ ထက် တစ်စ သိပ်သည်း ထူ ထပ်လာသည်  ။ သိပ်သည်းထူ ထပ်လာသော အမှောင် တွင် အုပ်ဆိုင်း ညိုမှိုင်း နေသော သစ်ရိပ်ဝါးရိပ်များ က အား ဖြည့် ပေးနေသဖြင့် အမှောင်ထု သည် ပို အားကောင်း နေ သည် ။ ဟောလီးဒေးဟိုတယ် တွင်း မှ မီးရောင် သည် အခက် အ လက် ရှင်သန် ကြီးထွား နေသည့် သစ်ပင် ဝါးပင်များ အုပ်ဆိုင်း ထားသဖြင့် တိမ်တိုက် အတွင်း ရောက် နေသော လ နှင့် သဏ္ဌာန် တူနေသည် ။

ဟိုးလီးဒေးဟိုတယ် သို့ လာကြသော ကိုယ်ပိုင်ကား များလည်း တစ်စီး ပြီး တစ်စီး ပြန် ထွက်သွားကြပြီး ဖိုးစိန် လမ်းပေါ်၌ လူသွားလူလာ အတော်ပင် ရှဲ သွားလေပြီ ။

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့ လူသိုက် လည်း ခြံ ဝင်းကြီး ထဲမှ ပြန် ထွက်လာကြသည် ။ ကားလမ်းပေါ် ရောက်ပြီး မြောက်ဘက် အတန်ငယ် လျှောက်မိသွားကြ သောအခါ ကားလမ်း ပေါ် ၌ လူ တစ်စု ရုတ်ရုတ်သဲသဲ ဖြစ် နေသည်ကို ခပ်လှမ်းလှမ်း မှ မြင်ရ၍ ထိုနေရာသို့ အပြေး ကလေး သွား ကြည့်သည် ။

ထိုနေရာသို့ ရောက်သွားသော အခါ ကားလမ်း ပေါ် ၌ လူကြီး တစ်ယောက် လဲ နေသည်ကို တွေ့ရလေသည် ။ လဲ နေသော ထိုလူကြီး ကို အနီးကပ် ကြည့်ကြသည် ။

“ ဟာ ... အဘကံ ပါလား ၊ ဘယ်လိုဖြစ်တာလဲ မသိ ဘူး ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့ လူသိုက် ထဲ မှ ပေါ် လာသည့် အသံ ဖြစ်သည် ။

“ ကား တိုက်သွားတာ ၊ ဟိုးလီးဒေး က ထွက် လာတဲ့ ကားတစ်စီး က တိုက် သွားတာ ”

“ ဖြစ်မှ ဖြစ်ရလေ အဘကံ ရယ် ” 

အဘကံ သတိ မေ့ နေသည် ။ သူ နှင့် တစ်လံကွာ လောက် ၌ ကား သူ့ တယောကလေး သည် ကျိုးပဲ့ ကြေမွနေ သည် ။ လွန်ခဲ့သည့် နာရီပိုင်း က သူ့ သီချင်းသံ ဖြင့် ဖြေဖျော် နေရှာသော အဘကံ သည် ယခု သတိ မေ့ နေပြီ ။ လွန်ခဲ့သော နာရီပိုင်း က ငြိမ့်ညောင်း သာယာသော အသံကလေး ပေါ်ထွက် နေသော တယောကလေး သည် ကြေမွ ပျက် စီးနေပြီး တဖြည်းဖြည်း လူ တွေ ထပ် ရောက်လာကြသည် ။

ဆယ်ယောက် ဆယ့်ငါးယောက် ဖြစ် လာသည် ။ ပါးစပ် ပေါက် များ လာသောအခါ စကားလုံး အရေအတွက် လည်း ပို များလာသည် ။

တစ်ယောက် တစ်ပေါက် ပြော ကြသည် ကို ဆက်စပ် ကြည့် လိုက်သောအခါ အတော်ကလေး ပြည့်စုံသော သတင်း တစ်ပုဒ် ဖြစ် လာသည် ။ 

အဘကံ သည် အိုးစု တွင် နေသည် ။ ညနေချိန်များ ၌ သူ နေသည့် အိုးစုအိမ်ကလေး မှ လမ်းလျှောက် လာပြီးလျှင် ဤ ခြံကြီး အတွင်း၌ ယမကာသမားများ အား သူ့ တယော ပြားကလေး နှင့် ဖြေဖျော် လေ့ ရှိသည် ။

သို့သော် အဘကံ သည် ဟိုးလီးဒေးဟိုတယ် တွင်း သို့ မူ မချဉ်းကပ် နိုင်ပေ ။ သူ ကျက်စားရာ နေရာ မှာ အိမ်အို ကြီး ၏ အောက်ထပ် က သိုင်းသမားများ ၏ ဘူမိနက်သန် ဖြစ်သည် ။

သိုင်းသမား ယမကာဆရာများ ကို ပေးသည့် ငွေ တစ်ကျပ် စ နှစ်ကျပ် စ ကို စုပေါင်း ယူပြီးလျှင် ဝိုင်းသိမ်း သည့် အခါ ၌ သူ့ အိမ် ရှိရာ အိုးစုသို့ လမ်းလျှောက် ပြန်လေ့ ရှိသည် ။

ယနေ့လည်း ဝိုင်း သိမ်းကြပြီ ဖြစ်၍ အဘကံ သည် ရသမျှကလေးများ ကို ပိုက်ပြီး သူ့ အိမ် ရှိရာ အိုးစု သို့ လမ်း လျှောက် ပြန် လေသည် ။

ထိုအခိုက် ဟိုးလီးဒေး ဟိုတယ် မှ ထွက်လာသော တိုယိုတာကား တစ်စီး က အဘကံ ကို တိုက်သွားခြင်း ဖြစ်လေသည် ။ ကားမောင်း လာ သူမှာ ချစ်သမျှ ကို တီးဝိုင်း ခေါင်းဆောင် ကျော်သက်နောင် ဖြစ်ပြီး သူ့ ဘေး တွင် ပါလာ သူမှာ စတီရီယိုအဆိုကျော် မာလာကေခိုင် ဖြစ်လေသည် ။

“ တိုက်သွားတဲ့ ကား က အဘိုးကြီး ကို ဆေးရုံ မပို့ဘူးလား ”

“ ဟင့်အင်း မပို့ဘူး ၊ မောင်း ထွက် သွားတယ် ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့ ကြည့် မနေနိုင်တော့ ပေ ။

“ ကဲ ဒီလို ကြည့်နေလို့ မဖြစ်ဘူး ။ အဘိုးကြီး ကို ဆေးရုံ ပို့ မှ ဖြစ်မယ် ”

ဟု ပြောနေစဉ်မှာ ပင် လေးဘီးအငှား တစ်စီး ဖြတ် မောင်းလာသည် ကို တွေ့ရ၍ ဖမ်း တားပြီးလျှင် အဘကံ ကို ဆေးရုံ ပို့လိုက်ကြ လေသည် ။

အဘကံ သည် သေမည်လား ၊ ရှင် မည် လား မသိ ရ ပေ ။ သို့ သော်လည်း သူ အလွန်တရာ
မြတ်နိုးသော တယောပြား နှင့် မူ အိုးစား ကွဲသွားရ ရှာလေပြီ ။

လူအုပ်လည်း ကွဲသွားသည် ။ ညဉ့် တဖြည်းဖြည်း နက် လာသည် ။ ဖိုးစိန်လမ်း ပေါ် ၌ ဖြတ်သွားဖြတ်လာ လူ တစ်ယောက် မှ မတွေ့ရတော့ ။ သို့သော် ကျိုးပဲ့ကြေမွနေသော တယောပြားကလေး မှာ မူ ဖိုးစိန်လမ်း ပေါ် ၌ ထို အတိုင်းပင် ရှိ နေလေသည် ။

◾ပါရဂူ

📖 ရနံ့သစ် မဂ္ဂဇင်း
      ၁၉၉၀ ၊ မတ်

#ကိုအောင်နိုင်ဦး

.

Monday, October 23, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၅ )


 “ ဘယ်လိုနည်း နဲ့ ပဲ တွက်တွက် ကျွန်တော့် ကို သေလူ ဘဝ နဲ့ ပဲ တစ်ရွာလုံး က တွက်ထား ပြီး သားပါ ၊ ရှေ့ မှာ ဘာတွေ ဖြစ်ကြတယ် ဆိုတာ လည်း ကျွန်တော် ထွက် လာပြီး ကတည်း က ဘာဆို ဘာမှ မသိတော့ပါဘူး ၊ ကျွန်တော့် ဘဝ ကို သေလူ ဘဝ နဲ့ ပဲ ဘဝသစ် တစ်ခု ကို ဆက် သွား ချင်တာပါပဲ ၊ အဲဒါကြောင့် ရွာ နဲ့ အဝေးဆုံး ဖြစ်မယ် ထင်တဲ့ ဒီ အင်ကြင်းမြိုင်မြို့ ကို ကျွန်တော် ရွေးချယ်ခဲ့တာပါ ပဲ ၊ ကျွန်တော် ဒီ ဆိုင် မှာ ဘာပဲ လုပ်ရ လုပ်ရ အိပ်ဖို့ စားဖို့ အဆင် ပြေ ရင် ကျွန်တော့် ဘဝ လုံလောက်ပါပြီ ”


ဘသာ ၏ စကားလုံး များ က လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဒေါ်သီဝင်း ၏ နှလုံးသား ကို တိုက်ရိုက် ထိမှန် ခဲ့သည် ။ မျက်ဝန်းအိမ် သည် လည်း ဒေါ်သီဝင်း ၏ မူလ မျက်ဝန်း မဟုတ်တော့ ။ အနီ ဘက် သို့ ယိမ်း သွားသည် ။


“ ကိုဘသာ ကို မြင် ကတည်း က လူကောင်း တစ်ယောက် ဆိုတာ ကျွန်မ ရိပ်မိပါတယ် ”


“ ဆိုင် မှာ က ကလေး အလုပ်သမား များ တယ် ၊ ကိုဘသာ က ပဲ လူကြီး တစ်ယောက် အနေနဲ့ ကြီးကြပ် ပေးပါ ၊ အိပ်ဖို့ နေရာ အတွက် က တော့ ပြီးမှ ကျွန်မ စီစဉ် ပေးမယ် ၊ ဒါနဲ့ စကားမစပ် ... ကိုဘသာ ရဲ့ မိန်းမ နဲ့ ကလေးတွေ က ကော ” 


“ ကလေး မရှိပါဘူး ၊ ကျွန်တော် သတိ ပြန် လည် လာတော့ ကျွန်တော် ပြန် စဉ်းစား ကြည့်တယ် ၊ ကျွန်တော် ဝမ်းရောဂါ သဘောမျိုး ဖြစ်ပြီး သေသလို ဖြစ်သွားတာ ” 


“ မြော သွားတာ ဖြစ်မှာ ပေါ့ ”


ဒေါ်သီဝင်း ဝင် ထောက် ပေးလိုက်သည် ။


“ ဟုတ်ကဲ့ ... အဲဒီ သဘောမျိုး ပေါ့ ဗျာ ၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြုစု ပေးလိုက်လို့ သာ ကျွန်တော် ဒီ အခြေအနေ ပြန် ဖြစ်လာတာ ၊ ကျွန်တော် မသေဘူး ဆိုတာ ကျွန်တော့် သူငယ်ချင်း ငချိတ် တစ်ယောက် ပဲ သိ တယ် ၊ ရွာ နဲ့ အနီး ပတ်ဝန်းကျင် က လူ တွေ ကတော့ ကျွန်တော် သေသွားပြီ ပဲ ထင် သွားကြတာ ”


“ ရှင့် အဖြစ်မျိုး က လူ တစ်သောင်း မှာ တစ်ယောက် မဖြစ်ဘူး ၊ ရှိတော့ ရှိတယ် ... ရှားတယ် ပေါ့ ”


ဒေါ်သီဝင်း ကိုဘသာ မျက်နှာ ကို တစ်ချက် တစ်ချက် စိုက်ကြည့်မိသည် ။ အင်း ... ဟု ဖြည်းညင်းစွာ သက်ပြင်း တစ်ချက် ချ လိုက်သည် ။


  •••••   •••••   •••••


မကျင် အိမ်ရှေ့ ကွပ်ပျစ် ပေါ် တွင် တစ်ယောက် တည်း စဉ်းစား နေသည် ။ 


“ နေနိုင်လိုက်တာ ကိုဘသာ ရယ် ... ဒီလောက် ရက်တွေ ကြာ လာ တာတောင် အိပ်မက်ကလေး တစ်ချက် တောင် ပေးဘူး ၊ ရှင် မရှိ ကတည်း က ရွာ က လူ တွေ ကျွန်မ ကို ဝိုင်းပြီး အနိုင်ကျင့် သလို ခံစား ရတယ် ၊ အဆိုးဆုံး ကတော့ လူကြီး လုပ်တဲ့ လူ ရယ် ၊ ဒေါ်အေးသုန် ရယ် ၊ နတ်ဟောခ ကို နည်းတယ် ၊ ကျေးဇူး မသိတတ်ဘူး ဆိုပြီး တစ်ရွာလုံး လိုက် ပြောနေတယ် ”


မကျင် တစ်ယောက် တည်း စကား ပြော နေသည် ။ ဒီလို ပြောလိုက်မှ စိတ် ထဲ ပေါ့သွား သလို ခံစား ရသည် ။ မကျင် ဆက် တွေးသည် ။


“ ဒီ မိန်းမကြီး ... ငါ့ ယောက်ျား အရှိန် နဲ့ ဘယ်လို နာမည်ကြီး လာ သလဲ မသိဘူး ၊ ကိုဘသာခေါင်းစွဲ တဲ့ ... ရယ်တောင် ရယ်လိုက် ချင်သေးတယ် ၊ သူ က ဘယ်လို က ဘယ်လို ခေါင်းစွဲ ဖြစ်ရမှာ လဲ ၊ ခေါင်းစွဲ ဖြစ်ချင်း ဖြစ် ရင် ငါ က ဖြစ်ရ မှာ ပေါ့ ၊ ငါ နဲ့ အတူတူ အိပ် ပြီး မှ သေ တာ ၊ ဒီထက်ပဲ ခေါင်းစွဲရ ဦးမလား ၊ တစ်ကိုယ်လုံး တောင် စွဲထားသေးတယ် ” 


မကျင် သူ့ အတွေး ကို သူ သဘောကျ လျက် ရယ် လိုက်သည် ။ ဆက် တွေး ပြန်သည် ။


“ ငါ လည်း ဟုတ်တိ ပတ်တိ ဘာမှ မလုပ်တတ် ၊ ရေရှည် စားဝတ်နေရေး က ရှိ သေးသည် ။ ကိုဘသာ မိဘ ဘက် မှ ရ ထားသော ဒီ ခြံဝိုင်းလေး ကို တစ်ခုခု အသုံးချ ရမည် ။ အရင်က မစည်ကား ခဲ့ သော ရွာ က အခု စည်ကား နေပြီ ။ လူ ပေါင်းစုံ က ကိုဘသာ သေဆုံးပုံ ကို အမျိုးမျိုး အဖုံဖုံ လာ မေးနေကြ တာ ။ တစ်နေ့ တစ်နေ့ ဖြေ နေရသည် မှာ မောသည် ။ မိမိ လက် ထဲ မှာ လည်း ရက် မလည် ဖြစ်တဲ့ ဝက်တွေ ရောင်း ထားတဲ့ ငွေကြေး ရော ၊ ကူငွေ ရော ဆို လျှင် မြိုးမြိုးမြက်မြက်လေး ရှိသည် ။ ဒါတွေ မပျောက် ပျက်အောင် ၊ တိုးပွား အောင် ငါ ဘာ လုပ်ရမလဲ ”


မကျင် အထပ်ထပ်အ ခါခါ စဉ်းစား ပြီး “ ဟုတ်ပြီ ” ဟု ဆုံးဖြတ်ချက် တစ်ခု ကို ချ လိုက် သည် ။


 •••••   •••••   •••••


ပန်းရန်အေးငွေ နှင့် မကျင် တပူးပူး တတွဲတွဲ ဖြစ် နေသည် ကို တစ်ရွာလုံး နီးပါး စိတ်ဝင်စား နေ ကြသည် ။ နှစ်ယောက်သား တကျိတ်ကျိတ် နှင့် ဘာတွေ တိုင်ပင် နေကြသည် ကို အသိချင် ဆုံး နှစ်ယောက် ကား လူကြီး အုန်းဆောင် နှင့် ခေါင်းစွဲ ဒေါ်အေးသုန် ပင် ။ သူလျှို ၊ ဒလန်များ လွှတ်၍ စုံစမ်း ခိုင်း နေကြသည် ။ သူတို့ လိုချင်သည့် အဖြေ ကား တိတိပပ ထွက် မလာ ။


မကျင် ကား မြို့ နှင့် ရွာ ကို လူးလာ ခေါက်ကာ သွား နေသည် ။ မကျင် ၏ အမူအရာ ကား အပြောင်းလဲကြီး ပြောင်းလဲ သွားသည် ။ စကား ကို မေး မှ သာ ပြောတော့သည် ။ မြေ နေရာများ ကို သူ ကိုယ်တိုင် အကွက် ချ သည် ။ ဘိလပ်မြေ ၊ အုတ် ၊ သဲများ ကို စု၍ ဝယ် ထား လိုက်သေးသည် ။ ခြံ ကို လည်း စနစ်တကျ ခတ် လိုက်သည် ။ မကျင် နတ်နန်း ကား တစ်ရွာလုံး မှာ အခမ်းနားဆုံး နှင့် အကြီးဆုံး ဖြစ်ခဲ့သည် ။ ကြိုတင် မှာယူ ထားသော နတ်ရုပ် ကား ရေထမ်း နေသော နတ်ရုပ်တု ။ ဆိုင်းဘုတ် ကို မြို့ မှ ပန်းချီဆရာ နှင့် အထူး မှာ ယူ ထားသည် ။ ဆိုင်းဘုတ် ကို ယူ လာ သည့် နေ့ က အဝတ် နှင့် အထပ်ထပ် ရစ်ပတ် ထားသည် ။ ဒီလောက် လျှို့ဝှက် ရ အောင် ဘာ ဆိုင်းဘုတ် ၊ ဘာ နာမည်တွေ ရေးထား တာလဲ ဟု တစ်ရွာလုံး က သိချင် နေကြသည် ။


မကျင် သဘောသဘာဝ က သ,တ်ချင် သ,တ် ၊ မပြောဘူး ဆိုသည့် သဘော ။ မကျင် ကျစ်လျစ် သိပ်သည်းစွာ လှုပ်ရှား နေသည် ။ တစ်စတစ်စ နှင့် မကျင် ၏ မြေဝိုင်း ပေါ် တွင် သူ့ နေရာနှင့် သူ ရုပ်လုံး ပေါ် လာသည် ။


၁ ။ အရှင်ကြီးဘသာ ရေချိုးခဲ့သည့် နေရာ ၊

၂ ။ အိပ်စက်ခဲ့သည့် နေရာ ၊

၃ ။ နောက်ဆုံး ထွက်တော်မူသည့် နေရာ ၊


ပန်းရန်အေးငွေ က လည်း လက်ရာ မြောက် လှသည် ။ မနက်ဖြန် ဆိုလျှင် ဆိုင်းဘုတ် တင်ပွဲ ကျင်းပမည် ။ စည်းရုံး လို့ ရမည် ထင်သည့် ရွာ မှ လူများ ကို သာ ရွေး ဖိတ်ထားသည် ။ တစ်ရွာလုံး က ကိုယ့် အလုပ် ထက် မကျင် ဆိုင်းဘုတ် တင်ပွဲ ကို အထူး စိတ်ဝင်စား နေကြသည် ။ ဟိုနေရာမှာ ကျိတ်ကျိတ် ၊ ဒီနေရာ ကျိတ်ကျိတ် နှင့် မကျင် ဆိုင်းဘုတ် တင်မည့် ကိစ္စ သာ အထူး သတင်း တစ်ပုဒ် ပမာ ထိပ်တန်း သတင်း ဖြစ်ခဲ့သည် ။


မနက်ဖြန် မနက် မကျင် ... ဘာတွေ အထူးအဆန်း လုပ်ပြဦး မလဲ။


 •••••   •••••   •••••


ကျေးလက် တွေ မှာ က ည ခုနစ်နာရီ လောက် ဆိုရင် မီးခွက် မှုတ်ပြီး အိပ် ကြ သည် ။ မနက် စောစောထ ၊ လယ်ယာ သွား သူ သွား ၊ ကိုင်း သို့ သွား သူ သွား ၊ လယ်ယာလုပ်ငန်းခွင် သို့ ဝင်ကြသည် ။ ည ၁၁ နာရီ ကျော်ကျော် လောက် ကျ တော့ တစ်ရွာလုံး အိပ်မောကျ နေကြ သည် ။ တကလှဲ့ တစ်ရွာလုံး ကို လှုပ်နှိုး လိုက်သည် ကား မြင်းခွာသံများ ။


ထ မကြည့်ရဲ ကြ။ အိပ်ရာ ထဲ ၌ သာ အသံ ကို စွင့်ပြီး နားထောင် ရင်း ထင်ကြေး အမျိုးမျိုးပေးနေ ကြသည် ။


မဟုတ်မှ လွဲရော ... ဒါ အရှင်ကြီး ကြွလာတာပဲ ဖြစ်မယ်။


တစ်ပါးတည်း တော့ မကဘူး ။ ရံရွေတော် တွေ ပါ ပါလာတယ် ထင်တယ် ။ မြင်းခွာသံတွေ က နည်းနည်း များ တယ် ။ မကျင် အိမ်နား ရောက် လျှင် မြင်းခွာသံတွေ ငြိမ် သွားသည် ။


မကျင် နာမည် ကြီး ချင်၍ အကြောင်း က ဖန်လာ သလား မသိ ။ မြင်း သုံးကောင် ။ မကျင် အိမ် မှာ မြင်းတွေ ကို ရေ ဝင် တိုက်သည် ။ သူတို့ သွားရမည် က တောင်ခြေရွာ ဝက်ကလေးကျေးရွာ က ရှင်ပြု ။ မနက် မှ သွားလျှင် မမီ မှာ စိုး၍ ညတွင်းချင်း မောင်း လာခြင်း ဖြစ်သည် ။ မကျင် က အကွက် ဝင် သွား သည် ။ ထို မြင်းများ နားပြီး ရေ သောက်တဲ့ ကိစ္စ ကို ကောင်းကောင်း အသုံးချ ရမည် ။ မြင်း များ ပြန် ထွက် သွားသော အခါ ...


“ မနက်ဖြန် နော် မနက်ဖြန် ... ဝင် ဖြစ်အောင် ဝင်ပါ ”


မကျင် အသံကား စူးစူးရှရှ ၊ တစ်ရွာ လုံး က ငြိမ်သက် နေချိန်မို့ မကျင် အသံ ကား ဟိန်းထွက် သွားသည် ။ မနက်ဖြန် ဆိုရင် ဆိုင်းဘုတ် တင်ပွဲ ရှိသည် ။ ကံ ကောင်း ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် မြင်း က ဒီ ည ကျ မှ ဒီ ရွာ က ဖြတ် သွားသည် ။ တစ်ရွာလုံး က တော့ မကျင် ဆိုင်းဘုတ် တင်ပွဲ အမီ အရှင်ကြီး ဘသာ တိတ်တိတ်ဆိတ်ဆိတ် နှင့် လူ မမြင်အောင် လာ သွားသည် ဟု တထစ်ချ ယုံကြည် လိုက်ကြသည် ။ မကျင် က တော့ ချော် လဲ ရော ထိုင်လိုက်သည် ။


“ ဒါ ပြောလို့ မဖြစ်ဘူး ”


ဆိုသည့် စကား တစ်လုံး ကို သာ အပိုင် ကိုင် ထား လိုက်သည် ။


  •••••   •••••   •••••


ဆိုင်းဘုတ် ကို အချိန်ကိုက် လုပ်၍ မောင်း ထု လိုက်သည် ။ မောင်းသံ နှင့် အတူ မကျင် ၏ အသံ ကား မူလ အသံ မဟုတ်တော့ ။ တစ်ယောက် ယောက် ဝင် ပူးနေသည့် အသံကြီး ဖြင့် ...


“ ခွာ နဲ့ ပြင်းပြင်း ပေါက် လိုက်စမ်းပါ ၊ ညဉ့်လယ် က ပေါက်တဲ့ မြင်းခွာ ထက် အသံ မလျော့စေနဲ့ ဟေ့ ” 


“ ဟဲ့ ... ဖွင့်တော့ ”


ပန်းရန်အေးငွေ ဆိုင်းဘုတ် ပေါ် က ပိတ်နီစ ကို တဖြည်းဖြည်း ဖွင့် လိုက် သည် ။ ဆိုင်းဘုတ် ပေါ် လာသည် ။ 


“ မူလ ပထမ အရှင်ကြီး ဘသာ နတ် နန်းတော် ”


များ ပြားလှသော ရွာသူရွာသားများ က ဆိုင်းဘုတ် ကို ကြည့်ပြီး ငိုင် နေစဉ် မကျင် အသံ ကား စူးစူးရှရှ ပေါ်ထွက် လာ သည် ။


“ စီးပွား လာဘ်လာဘ တိုး ချင်ရင် လက်ခုပ် တီးကြဟေ့ ”


ဆိုင်းဘုတ်တင်ပွဲ ကို များပြားလှသည့် ပရိသတ်ကြီး က ကလေး လူကြီး မကျန် ဘုမသိ ဘမသိ နှင့် ရောယောင် ၍ လက်ခုပ် တီး လိုက်ကြသည် ။ 


“ ဖြောင်း ဖြောင်း ဖြောင်း ”


“ ဖြောင်း ဖြောင်း ဖြောင်း ”


ညဉ့်လယ် က ရွာလမ်းမ ပေါ် မြင်းခွာ သံ တဖြောင်းဖြောင်း ကြား ခဲ့သော ရွာသူရွာသားများ က မြင်းခွာသံ နှင့် မကျင် ဆိုင်းဘုတ်ပွဲ ဟာ တို့ ရွာ မှာ အထူးခြားဆုံး ပဲ ဟု မှတ်တမ်း တင်ခြင်း နှင့် အတူ မကျင် ကို သူ့ ယောက်ျား အရှင်ကြီး ဘသာ ကူညီ ပေးနေသည် ဟူသော အမြင် ကား တစ်ရွာလုံး ယုံကြည် လိုက် ကြလေသည် ။


ထို ယုံကြည်မှု နှင့် အတူ မကျင် နတ်နန်း သည် လည်း ကြီးကျယ် မြင့်မြတ် သွားကာ အမွှေးနံ့သာ များ  ၊ အမွှေးတိုင် အနံ့များ က နတ်နန်း တစ်ပြင်လုံး ထုံမွမ်း သွားလေတော့သည် ။


အရှင်ကြီး ဘသာ ရေချိုးတော်မူသည့် နေရာ ၊ အိပ်စက်ခဲ့သည့်နေရာ ဟူသော ဆိုင်းဘုတ်နား က ရေအိုင်ကလေး နှင့် နောက်ဆုံး အရှင်ကြီး ထွက်တော်မူ သည့် နေရာများ ကို နတ်မေး လာသူ ပရိသတ် အပေါင်း က အမွှေးတိုင်များ ဖြင့် သောက ဒုက္ခများ ငြိမ်းအေး စေရန် ရည်ရွယ်၍ တိုင်တည်ကြသူများ လည်း တစ်နေ့တခြား များ ပြား လာခဲ့ကြသည် ။


 •••••   •••••   •••••


လူ တစ်ယောက် ဟာ ဘယ်လောက် ပင် ရိုးသား စေကာမူ ဆန့်ကျင်ဘက် လိင် ၏ မျက်လုံး နှင့် အမူအရာ ကို တော့ ရိပ်မိကြသည် က များ သည် ။ အရှင်လတ်လတ် ဘသာ ကား ဒေါ်သီဝင်း အပြင် ကို ကိစ္စ နှင့် ထွက်သွားသည့် အခါ တိုင်း ကောင်တာ ပေါ် တွင် ထိုင် နေ သည့် အဆင့် ရောက်သည် ။ ဘဝဟောင်း ကို ပြည်ဖုံးကား ချပြီးသည့် နောက်ပိုင်း ဘဝသစ် တွင် ကိုဘသာ ပျော်ပိုက် နေသည်  ကတော့ အမှန် ။ ဖျော်ဆရာ မောင်စိုး တောင် ကိုဘသာ ကို မသိမသာ နောက်ပြောင် လာသည် အထိ ဖြစ် လာသည် ။


“ ကိုဘသာ ... ဆိုင်ရှင်မမ က ခင်ဗျား ကို ကြည့်တဲ့ အကြည့် က မရိုးဘူး နော် ”


“ သူ့ ပိုက်ဆံ ခိုးမယ် ထင်လို့ ကြည့်တာမျိုး ဖြစ်ပါလိမ့်မယ် ”


“ အဲဒီလို ကြည့်တဲ့ အကြည့်မျိုး မဟုတ်ဘူး ဗျ ”


“ ကျုပ် လို ကောင်မျိုး စဉ်းစား မလားဗျ ”


“ သူ က မုဆိုးမ ဗျ ... လင် သေတာပဲ သုံးနှစ် ကျော်ပြီ ၊ ကွက်လပ်ကလေးတော့ ဖြည့်ချင်မှာ ပေါ့ .. ဟဲ ဟဲ ” 


“ တော်ပါ မောင်စိုး ရာ ... လက်ရှိ အလုပ်လေး တောင် ပြုတ်သွားပါဦးမယ် ”


“ ချိုပေါ့ တစ်ခွက် ”


“ မောင်စိုး ... အဲဒါတွေ နောက် မှ ပြော ၊ သောက်မယ့် သူ ရောက် နေပြီ ၊ သွား သွား... ချိုပေါ့ လိုက်ဦး ” 


“ ကောင်းပါပြီ ဆိုင်ပိုင်ရှင်ကြီး ရယ် ”


“ တယ် ... ဒီ ကောင် ”


ဘသာ မောင်စိုး ကို လှမ်းကာ ဟောက် လိုက်ပေမဲ့ မောင်စိုး ပြောသွား သည့် စကား ကို ရင် ထဲ မှာ သဘောတော့ ကျသည် ။ 


ဘာတဲ့  ... 


“ ဆိုင်ပိုင်ရှင်ကြီး ”


 •••••   •••••   •••••


ပန်းရန်အေးငွေ က ပန်းရန် အလုပ် လာ အပ်လျှင် မအား ဟု ပြော လွှတ်သည့် အခြေအနေ ဖြစ် သွားသည် ။ နတ်ကတော်ကြီး မကျင် နား က မခွာ တော့ ။ မကျင် ခိုင်းသမျှကို မညည်းမညူ လုပ်ပေးသည် ။ ကိုယ့် အိမ် တောင် ကိုယ် မပြန်တော့ ။ ကြာတော့ ပန်းရန်အေးငွေ က လက်ပစ်ကြေး နှင့် ပင် ပန်းရန် လုပ်စရာ မလိုတော့ ။ နတ် အလုပ် က မပင်ပန်းဘဲ နှင့် ဝင်ငွေ ဖြောင့်သည် ။ နတ်အထောက် တော် ပန်းရန်အေးငွေ အဖြစ် ပြောင်းလဲ သွားသည် ။


မကျင် ၏ ခြံ ထဲ တွင် နတ် မေးသူများ ၊ နတ် လေ့လာသူများ နှင့် ပြည့်နှက် နေသည် ။ မကျင် ၏ ဝင်ငွေ ကား တစ်နေ့ ထက် တစ်နေ့ ပင် ဝင်ငွေ ကောင်း နေသည် ။ ဒေါ်အေးသုန် ၏ ဝင် ငွေကား တစ်နေ့ ထက် တစ်နေ့ လျော့ကျလာသည် ။


နတ်ကတော် ဒေါ်အေးသုန် တော်တော် အစဉ်းစားရ ကျပ် သွားသည် ။ သူ ၏ ပျော့ကွက် ဟာကွက် ကို လည်း နောင်တ ရ နေသည် ။ မကျင် ဆိုသည့် ကောင်မ ဘယ်လို က ဘယ်လို စိတ်ကူး ပေါက် ပြီး မူလ ပထမနတ်နန်းတွေ ထ လုပ်တာပါလိမ့် ဟု တွေး မဆုံး ၊ ငေး မဆုံး ဖြစ်ခဲ့ ရသည် ။ သူ့ အိုင်ဒီယာ က ကိုယ့် ကို အကွက်ပေါင်း များစွာ ကျော်သွားသည် ။


ဟောချက် က ထားဦး ၊ သူ့ ခြံဝိုင်း ထဲ ဝင် သွားလျှင်ပင် နတ်မေးသူ အကြိုက် နတ်မေးသူ ငိုင် သွားအောင် ဖမ်းစား ထား နိုင်သည့် အပြင်အဆင် အခမ်းအနား က ဘာပဲ ဖြစ်ဖြစ် မကျင် ကို လေးစားရမည်။ မကျင် ဝိုင်း ရှေ့ တစ်ဝိုက် တွင် တောက်တိုမည်ရ ဈေး ဆိုင်တန်းများ က အစီအရီ။


အဆက်မပြတ် လူစည်ကား နေသည့် သဘော ။ မကျင် အိုင်ဒီယာ က ဒေါ်အေးသုန် သိ လျှင် ပို၍ ပင် လေးစား သွားမည်။


ထို ဈေးဆိုင်တန်းများ ကို မကျင် က ရောင်းရရ မရရ လူ စည်ကားဖို့ အတွက် အရင်းအနှီး ထုတ်ပေး ထားခြင်းပင် ။ ပတ်ဝန်းကျင် တင် မက ၊ မြို့ပေါ် အထိ သတင်း ပေါက်ရောက် သွားပြီး ကြေးရတတ်များ ပင် တကလှဲ့ရွာ သို့ ရောက် အောင် လာ ရသည် အထိ ဂုဏ် သတင်းကား သင်းပျံ့ ခဲ့သည် ။


မကျင် အကြောင်း များ ကို ခရေစေ့တွင်းကျ တွေးရင်း အိမ်ပေါက်ဝ တွင် ဒေါ်အေးသုန် ငေးငိုင် နေသည် ။ နောက်မှ ပေါက်တဲ့ ရွှေကြာ က ပွင့် လိုက်တာ ရဲရဲတောက် လို့ ဟု ဒေါ်အေးသန် တွေးရင်း နှင့် ခေါင်းလေး တညိတ်ညိတ် လုပ် နေသည် ။ သူ ၏ နတ်ဖောက်သည် များ လည်း မကျင် ဆီမှာ စုပြုံ တိုး နေ ကြသည် ။


“ နတ်ကတော် မကျင် ဖြင့် ဟောချက် များ က သွေးထွက်အောင် မှန်တယ် ၊ သူ့ ယောက်ျားအရှင် ကြီးဘသာ က ဘေး က နေ ဟော နေသလား မှတ်တယ် ” 


ဟု နတ် လာ မေးကြသည့် ပြည်သူ အပေါင်း ၏ ထောက်ခံချက် ကား ကြောက်ခမန်း လိလိ ။ ဒေါ်အေးသုန် နည်းမျိုးစုံ ရှာ ကြည့်သည် ၊ မတွေ့ ။ နောက်ဆုံး မကျင် ကို လက်မြှောက် အရှုံးပေး ရမလို ဖြစ်နေပြီ ဟု ဒေါ်အေးသုန် တွေးရင်း ဝမ်းနည်း လာသည် ။ အသက်အရွယ် ကြီး လို့ ဘာမှ မလုပ်နိုင် မကိုင်နိုင် တဲ့ အချိန် မှာ ဒီ အလုပ်ကလေး က အိုစာ မင်းစာလေး ဟု တွေးတော မိခဲ့သည် မှာ မှားလေစွ ဟု လည်း ဆက်တိုက် တွေး လိုက်သည် ။ ဒီ အတိုင်း ထိုင် နေရင် ထိုင် နေတာပဲ အဖတ် တင်မယ် ။ စားဝတ်နေရေး က ရှိ သေးသည် ။ နောက်ဆုံး အခြေအနေ အရပ်ရပ် သိနိုင်ရန် မကျင် အိမ်ဘက် သို့ ဒေါ်အေးသုန် ခြေလှမ်း ပြင် လိုက်သည် ။ တစ်ချက် ရပ်ပြီး စဉ်းစား လိုက် သေးသည် ။ နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည် ။


“ အို ... လူ့အောက် ကျို့ လို့ မသေပါ ဘူး အေ ”


◾ဗေလုဝ 


📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ 


#ကိုအောင်နိုင်ဦး


.

ဂန္ဓာရုံ ၌ အမဲလိုက်ခြင်း


 ❝ ဂန္ဓာရုံ ၌ အမဲလိုက်ခြင်း ❞


( ၁ ) 


ကံ့ကော်တော ၏ နံနက်ခင်း တို့ မည်သည် လှပ သည် ချည်း ဖြစ်လေ၏ ။


တစ်နေ့ တာ ၏ အစ လည်း ဖြစ်လေသည် ။ တစ်လ တာ ၏ အစ လည်း ဖြစ်ပြန်သည် ။ ထို့ပြင် နံ့သာ ထုံပျံ့ ခြင်း ၏ အစ ၊ ပန်းရနံ့ ၏ အစ ပြုရာ လည်း ဖြစ်လေသည် ။ စာသင်ခန်း တွင်း ၌ အရောင်အသွေး ထွေပြားသော ၊ နှာညွန့် ကို ချူ တတ်သော မိန်းမလှကျွန်း ဆီ မှ ဥယျာဉ် တစ်ခု ရောက် နေလေ သလား ထင်မှား စရာ တည့် ။ စာသင်ဆောင် ဝရန်တာ တစ်လျှောက် ၊ အဆောင်ကူး စင်္ကြံ တစ်လျှောက် တွင် လည်း ထို ဥယျာဉ်မျိုးတွေ ရှိနေရော့သလား ထင် ရ၏ ။ ထိုမျှသာ မက မဟာလမ်းမကြီး ပေါ် တွင် ၊ လမ်းငယ်များ ပေါ် တွင် ၊ လမ်းသွယ်များ ပေါ် တွင် ပန်း တွေ က ရနံ့ များစွာ နှင့် တကွ ဝေ ၍ နေသည် ဟု ပင် ဆိုလောက်စွာ၏ ။


နေမြင့် လာသော အခါ ကံ့ကော်တော ၏ ရနံ့ သည် ရင့်လာသည် နှင့် အမျှ စွဲမက်ဖွယ် ကင်း ၍ လာ လေ၏ ။ ထို အချိန်မျိုး တွင် ယုဒသန် စင်္ကြံ တစ်လျှောက် သွားမိ သည် ရှိစေ ၊ အရှောင်အတိမ်းတွေ နှင့် ဖြစ်လာ စမြဲ ။ နောက်ကျော တစ်ခွင် မည်မျှပင် ကြည့်ချင်စရာ ကောင်းစေကာ မူ ကွေ့ဝိုက် ၍ ကျော်တက် သွားခဲ့သည် ချည်း ။ ရှေ့ တူရူ မှ မည်မျှပင် မျက်လုံး မခွာချင်နိုင် စေကာ မူ ခြေလှမ်း မြန်မြန် ဖြင့် ဖြတ်သွား ရသည် ပင် ။ အသက် အောင့် ထား ရသည် က များ လာတော့ နံနက်ခင်း တုန်း က တအား ရှူမိခဲ့သော အလှနံ့တွေ ပျောက် ကုန်ခဲ့ပြီ ဟု နှမြောရလေ၏ ။


မွန်းတည့် ပြီး ချိန် တွင် မိန်းမလှ တို့ ၏ နံ့သာ ရနံ့ ၊ ပန်း ရနံ့ အလုံးစုံ တို့ သည် ပျက်စီး လေ၏ ။ ချွေးနံ့ က ထို ရနံ့များ ကို ဝါးစား လိုက်ချေ၏ ။ ပဝါ တစ်ကမ်း လက် တစ်ကမ်း ပင် မနီး ချင် တော့ ။ တစ်နေကုန် ညဦး ကို ကူးချိန် အထိ ကိုယ်နံ့ သင်းသင်းပျံ့ပျံ့ ရှိ တတ်သော မိန်းကလေး မျိုးကား ရှားတောင့်ရှားပါး ။ သိရ သလောက် တော့ ညိုမာ တစ်ယောက် တည်း ဟု ကျွန်တော် ပြောချင်သည် ။


( ၂ ) 


“ ညိုမာ့ ပါး က သိပ် မွှေး တာပဲ ကွယ် ” 


ရှက်ပြုံး ကို တွေ့ ရ ပြီး နောက် တစ်ခွန်း ပြန်ပြော သည် ။


“ နှုတ်ခမ်း က ကော ... ”


“ မွှေးတာပါပဲ ” 


“ ဒါတင်ပဲလား ချစ် ရဲ့ ”


“ နဖူး က လည်း မွှေးတာပဲ ” 


“ ပြီးတော့ ကော .. ”


“ ဆံစလေးတွေ က လည်း မွှေးတာ ပေါ့ ” 


“ ကုန်ပြီလား ”


“ ဟင့်အင်း ... ပခုံးလေး က လည်း မွှေး လို့ ၊ လက်မောင်းလေး က လည်း မွှေး လို့ ...”


သူ ပြုံး လေ၏ ။ နံ့သာ အပြုံး ။ ပန်း အပြုံး ။ ကျွန်တော် က နောက်ကြောင်း တစ်ခု ကို ပြောပြ လိုက်သည် ။


“ ပြောရဦးမယ် ၊ မောင်တို့ မချစ်ကြခင် တုန်း က အကြောင်းပါ ”


“ ညိုမာ့ အရင် က ချစ် နဲ့ ကြိုက်ခဲ့ကြတဲ့ ရည်းစား သန်းခေါင် စာရင်း လား ”


နှုတ်ခမ်း ကို စေ့ ထားသည် ။ မျက်စောင်းဖွဖွ တစ် ချက် ရောက် လာလေ၏ ။


“ ဟုတ်ပါဘူး …. မောင် က အကောင်း ပြောပြ မလို့ပါ ၊ ဒီလိုဆို မပြောတော့ဘူး ”


ကျွန်တော် စိတ် ကောက် မည် ကို စိုးရိမ် သွားဟန် ရှိသည် ။ ခါး ကို နွဲ့၍ ကိုယ် ကို စောင်းပြီး မော့ ကြည့် သည် ။ မျက်လွှာ ချ ထားသော ကျွန်တော့် မျက်လုံး နှင့် ဆုံဖြစ် အောင် လိုက်၍ ကြည့် သည် ။ အကြည့်ချင်း ဆုံသော အခါ နှုတ်ခမ်း ကို စူပြီး ပြုံး ပြသည် ။ ကျွန်တော့် ဒူး ပေါ် သို့ လက်ဖဝါး နှစ်ဖက် တင်ကာ ဖြည်းဖြည်း လှုပ်သည် ။ လက်သည်း ရှည်လေးတွေ က ပန်းနုရောင် ။ ငွေမှုန်စတွေ တလဲ့လဲ့ ။ 


“ ချစ် ကို ကျီစား တာပါ ၊ ပြောပါ နားထောင်မယ် လေ ”


မျက်တောင် ကော့ကော့လေး တွေ ကို ငေး ၍ ကြည့် နေမိသည် ။ အပြာနုရောင် ငွေ့ ငွေ့ သန်း ထားသော မျက်ခွံ ကို ငေး၍ ကြည့် နေ မိသည် ။


“ ပြော လို့ ဆို ဈေးကိုင် ပြန်ပြီ ၊ အဲလိုဆို ညိုမာ စိတ် ဆိုးပစ် လိုက်မှာပဲ နော် ”


လက် နှစ်ဖက် ကို ရုပ် လိုက်သည် ။ ကိုယ် ကို မတ် လိုက်သည် ။ လက်ပိုက် ထားရင်း ပြောသည် ။


“ ဪ ... အဲဒီတုန်း က ညိုမာ သွားလေရာ ကို အရိပ် လို မောင် လိုက် ခဲ့တယ် လေ ”


အပြုံး က ပို၍ ပွင့် လာ သည် ။ သူ စိတ်ဆိုးမည် ဟု ကြေညာလိုက်သော ကြောင့် ကျွန်တော် ကမန်းကတန်း ပြောရပုံ ကို သဘောကျ ၍ လား မသိ ။ သို့မဟုတ် သူ့ နောက် သို့ သူ့ လိပ်ပြာ လို တဝဲဝဲ လိုက်ပါခဲ့ပုံတွေ ကို ပြန်လည် မြင်၍ လား မဆိုနိုင် ။


“ အရိပ် လို တော့ ဟုတ်ပါဘူး ၊ အရိပ် လို ဆိုရင် ညိုမာ နဲ့ နီးနီးလေး နေရမှာ ပေါ့ ။ ချစ် လိုက် တာတွေ က အဝေးကြီး ပါ ”


“ သိပ် နီး လို့တော့ ဘယ် ဖြစ်ပါ့မလဲ ။ ဘာမှလည်း ဖွင့် မပြောရသေးဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် သိလည်း မသိ စကားတောင် မှ ပြောဖူးတာ လည်း မဟုတ် ဘဲ နဲ့ ”


ညိုမာ ခေါင်း ညိတ်သည် ။


“ ဒါပေမဲ့ ချစ် ကို ညိုမာ မျက်မှန်း တန်း မိနေပြီ လေ ” 


“ မောင် သိသားပဲ ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ တုန်း က လိမ္မော်ရည်ပုလင်း နဲ့ စမူဆာ နှစ်ခါ လာပေးတာ စ တာ မဟုတ်လား ”


“ အင်းပေါ့ …. သိပ်သိတာပဲ ၊ ညိုမာ တစ်ယောက် တည်း ကို ကွက်ပြီး ဖား တာကိုး ”


“ နောက်ပြီးတော့ ဆယ့်ခြောက်ကား ပေါ် မှာ နေရာ ဖယ် ပေးတာကော မှတ်မိလား ”


“ ကား ပျက်လို့ အိမ် က လာမကြိုတာ နဲ့ ဆယ့်ခြောက် စီးရတဲ့ နေ့ပေါ့ ၊ လူတွေ ကျပ် လိုက်တာ တအား ပဲ ။ ချစ် နား ရောက်တော့ မော့ ကြည့် ပြီး နေရာ ဖယ် ပေး တယ် လေ ။ ညိုမာ သိသားပဲ ။ ဒါကြောင့် ချစ် ကို ပြုံးပြ ခဲ့တာ ပေါ့ ”


“ ဒါဖြင့် မောင် နဲ့ စပြီး စကား ပြော ဖြစ်တဲ့ နေ့ ကို ကော မှတ်မိလား ”


မျက်ခုံး ပင့် ပစ် လိုက်သည် ။


“ ပြည်ထောင်စုအလံ ကျောင်း မှာ တစ်ည အိပ် လို့ ပွဲတော် လုပ်တဲ့ ည ညိုမာ့ သူငယ်ချင်း မေဇော် က မောင်မောင်ကျော် ဆိုတဲ့ ကောင်လေး နဲ့ မိတ်ဆက် ပေးမယ် ဆိုပြီး ခေါ် လာလို့ လိုက် လာတာလေ ”


“ မောင် မှန်း ကော ညိုမာ သိလို့လား ”


“ သိတာပေါ့ ၊ မောင့် သူငယ်ချင်းတွေ က ခေါ်တဲ့ နာမည် ကြားဖူးတာပဲ ဟာ ”


“ နာမည်တူ ဖြစ် နိုင်တာပဲ ”


“ မဖြစ်နိုင်ပါဘူး လေ ၊ မေဇော် က သူ့ သူငယ်ချင်း က သမိုင်း အဓိက တဲ့ ။ သဘော ကောင်းတယ် တဲ့ ။ ရုပ် က တော့ အချောကြီး ဟုတ်ဘူး တဲ့ ။ မင်း လို သွယ်သွယ်လျလျ တဲ့ ။ ပုံစံ က တော့ ‘ တိုက်ဂေါ ’ မှ တကယ့် တောဂိုက် အစစ် တဲ့ ။ ဒီထဲ က သိ လိုက် တာပဲ ။ ဟုတ်ဘူးလား ”


ကျွန်တော် က ရယ် ပစ် လိုက်မိချေ၏ ။ မှန် ကြည့် ရ သလိုပင် ။


“ မောင် က တော့ ညိုမာ့ ကို ဘာမှတ် ထားသလဲ ၊ သိလား ”


“ ဟင့်အင်း ”


“ မျက်စိ မှိတ် ထား တောင် ညိုမာ့ ကို ရွေးပြ နိုင်တယ် ။ နေသိပ် ပူ တဲ့ အချိန်မျိုး နာရီပြန် တစ်ချက် နှစ်ချက် လောက် မှာ ရေမွှေးနံ့တွေ မပျက်တဲ့ ကိုယ် ၊ ချွေးနံ့ နည်းနည်းလေး မှ မစို့တဲ့ ကိုယ် ၊ အဲဒါ ဆို ရင် ညိုမာ ပဲ ”


“ ဟင် ... ချစ် က လည်း မဟုတ်နိုင်တာ ”


“ သိပ် ဟုတ်တာပေါ့ ၊ တချို့ မိန်းကလေးတွေ ဆို အဲဒီလို ကိုယ်ငွေ့ ပျံတဲ့ အချိန် မှာ နှာခေါင်း မခံနိုင်ဘူး ။ ချွေးစော် ဟောင် လို့ ၊ ဂိုယာ တို့ ၊ ရယ်ဗလွန် တို့ က ချွေးနံ့ အောက် မှာ ပြား လို့ ။ ပေါင်ဒါနံ့ ရေမွှေးနံ့ က သတ်သတ် ၊ ညိုမာ က အဲသလို မဟုတ်ဘူး ။ ညိုမာ့ အနား က မောင် ဖြတ်သွား ဖြတ်လာ လုပ်တဲ့ အချိန် မှာ တိတ်တိတ်လေး ရှူချ လိုက် တာပဲ ”


ညိုမာ ရယ် လေသည် ။ ပြီးတော့ ...


“ ချစ် က အနံ့သူခိုးလေး ပေါ့ ”


“ ဟိုတုန်း က တော့ ဟုတ် တာပေါ့ ”


“ ဟင်း .. စကား က လည်း ... ”


“ ဟုတ်တယ်လေ ၊ လေ ထဲ က မွှေးရနံ့ ကို မွှေး ရတာ အား မရပါဘူး ။ ခုမှ ဟုတ်ဘူးလား ”


( ၃ )


လက်ထပ် ပြီး တော့ ညိုမာ့ ကို ပို၍ ချစ်ရ ပြန်သည် ။ သနားမိသည် မှာ လည်း အမှန်တကယ် ။ ကျွန်တော့် လက် ထဲတွင် ညိုမာ ဆင်းရဲမည် စိုးသည် ။ စိတ် ငယ်မည် လည်း စိုးသည် ။ ကျွန်တော့် ဖေဖေ နှင့် မေမေ တို့ က ညိုမာ့ ကို သိပ်ချစ်သည့် အတွက် ဝမ်းသာအားရ ဖြစ်သည် ။ ညိုမာ ကိုယ်တိုင် ကျွန်တော့် နည်းတူ ရှိမည် ထင်၏ ။ သူ မျက်နှာ မငယ်ရ အောင် တခမ်းတနား မင်္ဂလာ ဆောင် ခဲ့ သည် ။ သူ့ စိတ်တိုင်းကျ ချည်း ဖြစ်စေရန် ကျွန်တော် စီစဉ် ပေးခဲ့သည် ။ သွားစရာ ၊ လာစရာ ကား တစ်စီး မျှ မရှိသည် က လွဲ လျှင် အရာရာ တွင် သူ့ မိဘ အိမ် တွင်နေစဉ် က လို ဖြစ်ဖို့ ကျွန်တော် ကြိုးစား ခဲ့သည် ။ ကျောင်း မှ ဘွဲ့  ရ ပြီးပြီး ချင်း နှစ်ဖက် မိဘ ကောင်းမှု ကြောင့် လခ သုံးရာ ကျော် အလုပ် တစ်ခု စီ ရခဲ့ ကြသည် ။


“ တစ်ရုံးစီ ဆိုတော့ လွမ်းတယ် အချစ်ရယ် ” 


ညိုမာ ဝမ်းနည်း စကား ဆိုသည် ။ 


“ မောင် လည်း ဒီလိုပါပဲ ကွာ ”


နှစ်သိမ့်စကား ဆို ရသည် ။ ရုံး ဆင်း လျှင် သူ့ ကို သွား ကြိုရသည် ။ ညိုမာ့ ကိုယ် မှ ရေမွှေးနံ့တွေ က ဦးစွာ လှမ်းယူ ပွေ့ဖက် ကြိုဆို စမြဲ ။ ချစ်သူ ဘဝ တုန်း က လို လမ်းလျှောက် ကြသည် ။ အအေးဆိုင် ထိုင် ကြသည် ။ ကော်ဖီဆိုင် ထိုင် ကြသည် ။ စနေနေ့ ဆို လျှင် ဗိုလ်ချုပ် ဈေး ၊ လေဟာပြင်ဈေး ၊ ရုပ်ရှင် ၊ အထည်ဆန်း ဝယ်ဖို့ ဈေး ထွက်ရသည် ကို ကျွန်တော် ပျော်သည် ။


“ ချစ်ရေ ... ဒီ အသား ကို ကြည့်စမ်းပါဦး ၊ အရောင် ကော ညိုမာ နဲ့ လိုက်ရဲ့လား ဟင် ”


ဖြေ ရသော စကား အတွက် ကျေနပ် မိသည် ။ ပခုံး ကို မထိတထိ နမ်း ရင်း ၊ ဆံစတွေ ကို မသိမသာ နမ်း ရင်း ၊ လမ်းလျှောက် ဖို့ ဖြင့် ယူဇနာ အရာအထောင် ဝေးပါစေ တော့ ။ ကျွန်တော့် အချစ် သည် ဘယ်အခါမှာ မှ မဟောင်း ။ မအို ။ မဆွေးမြည့် ။


နံ့သာ လိမ်းခြင်း ၊ ပန်း ပန်ခြင်း သည် နှလုံးသား ၏ နိုးထခြင်း အစ ၊ ဆုံးခန်း မတိုင်သော အစ ပေ တကား ။


( ၄ )


သားကြီး နာမည် က မောင်ခင်မောင်ကျော် ။  သမီးကြီး နာမည် က ညိုမီကျော် ။ သားလေး နာမည် က သော်သော် ။  သမီးလေး နာမည် က အိအိ ။


မောင်ခင်မောင်ကျော် က ခုနစ်နှစ် ။ အိအိ က ခြောက်လ ။ သော်သော် အဆိုးဆုံး ။ မှန်တင်ခုံ ပေါ် က မအေ့ ပစ္စည်းတွေ ကို ကျွမ်းထိုး မှောက်ခုံ တော့ အနည်းဆုံး လုပ်လေ့ ရှိသည် ။ သုံးနှစ်သား ပင် မပြည့် တတ် သေး သော် လည်း အတု ခိုးပြီး လိုက် လုပ်ရာ ၌ ကား ခြောက်နှစ် သမီး ညိုမီကျော် ပင် လိုက် မီနိုင်မည် မထင် ။ ရေမွှေးပုလင်း ကို တစ်ကိုယ်လုံး ဆွတ်ချင် ဆွတ် ပစ်သည် ။ မျက်ခွံဆိုးဆေး ကို လက်မောင်း တစ်လျှောက် သုတ်ချင် သုတ်ထား တတ်သည် ။ နှုတ်ခမ်းဆိုးဆေး ကို ပါး ပေါ်  မှာ လိမ်းချင် လိမ်းပစ် တတ်သည် ။ မိတ်ကပ်တွေ ကို တုတ် နှင့် ထိုး၍ ခြစ်ထားခြင်း ကား ရိုး နေပြီ ။ သောက်ရေခွက် ထဲ တွင် ပေါင်ဒါမှုန့်တွေ ထည့် ပြီး မျက်ခုံးဆွဲခဲတံ နှင့် ဖျော်ချင် ဖျော်သည် ။ အဆိုးဆုံး ကား မျက်တောင်ကော့ဆေး တွေ ကို ယူ ပြီး အရုပ် ဆွဲခြင်း ပင် ဖြစ်လေသည် ။


အစတုန်း က တော့ ညိုမာ စိတ်ဆိုး သေးသည် ။ သား ကို လက်ဝါး ဖြင့် ရိုက်တတ် သေးသည် ။ နောင်တော့ ရယ်မော ရင်း ပါးစပ် က အော်ဟစ် တားမြစ်ပြီး သော်သော့် ရန် ကို ကာကွယ် လေသည် ။


“ ချစ် ရယ် .... ညိုမာ့ ကို ချစ် မှ ချစ်သေးရဲ့လား ၊ ကလေး လေးယောက် မအေ အဘွားကြီး ဖြစ် နေလို့ ၊ အလှ တွေ လျော့ နေလို့ အချစ် ပြယ် သွားပလား ကွယ် ”


ကျွန်တော် ဖြေ လိုက် ပါသည် ။


“ တွေးမှ တွေးတတ်ပလေ ညိုမာ ရယ် ”


ရင်ခွင် ထဲ သို့ သူ ဝင် လာသည် ။ နားသယ်စ ကို မွှေး လိုက်သည် ။ ချန်နယ် ရေမွှေးနံ့ သည် နှာဝ တွင် ဝေ့ဝေ့ဝိုက်ဝိုက် ။ ပါးချင်း ကပ် လာသည် ။ အေဗွန်စနိုးနံ့ သည် သည်းပွတ် ကို ချစ်စရာ အတိတ် ဆီ သို့ ပြန်လည် ခေါ် ဆောင် သွား လိုဟန် ရှိသည် ။ သူ့ ရင်ခွင် ထဲ သို့ တိုးဝင် လိုက်သည် ။ ဂိုယာနှင်းဆီနက် ပေါင်ဒါရနံ့ က နှစ်ပေါင်း များစွာ ပြန်လည် ငယ်ရွယ် သွားစေသည် ထင်၏ ။


သွေးဆောင်နိုင်စွမ်း လှသည် တည့် ။


( ၅ )


“ စစ်ပါတယ် ချစ် ရဲ့ ၊ ချန်နယ် က တစ်ရာ့ငါးဆယ် တည်း နဲ့ မောင် ရခဲ့တာ ။ ဈေး ချိုတာပေါ့ ”


“ အေဗွန် က တော့ တစ်ရာ့လေးဆယ် ဆိုတာ နည်းနည်းလေး များတယ် ၊ တစ်ဆယ် လောက် ပါ ”


“ အောက်ခံ လိမ်းတာ ကို တော့ ပန်ကရို က လွဲရင် တခြား ဘာမှ ညိုမာ မသုံးဖူးဘူး ။ လေးဆယ့်ငါးကျပ် ဆိုတာ သင့်သားပဲ ။ ဒီ ပေါင်ဒါ က လည်း ပန်ကရို ပဲနော် ။ ဒီ တစ်ခါ တော့ သော်သော့် ရန် ဝေး အောင် ဗီရို ထဲ ထည့် ထား မှ ... ”


“ ဒီ တစ်ခါ ဝယ်ရင် လိမ္မော်ရောင် ဝယ်ကွယ် ၊ နှုတ်ခမ်းဆိုးဆေး ချင်း တူ ရင် ရယ်ဗလွန် က မအက်ဘူး ၊ မကွာ ဘူးလေ ။ လေးဆယ့်လေး နဲ့ မောင် ရအောင် ဆစ် လာ တာ ကိုး ”


“ လက်သည်းဆိုးဆေး ကို ဒီ တစ်ခါ ရယ်ဗလွန် မဝယ် နဲ့ တော့ ၊ ပါးလ် ဝယ် သုံး ရအောင် ။ အစိတ်လောက် ပဲ ပေးရမယ် ထင်တယ် ချစ် ရဲ့ ”


“ မွှေး ကြည့်စမ်း ၊ ချစ် ကြိုက်တယ် နော် ”


ညိုမာ့ အသံတွေ လွင် နေ တော့ ပြုံး ၍ သာ ကြည့်မိ သည် ။ ညိုမာ သည် ကျွန်တော် ဝယ်သော အလှကုန် ပစ္စည်းတွေ ကို စက္ကူဘူး ထဲ သို့ ပြန် ထည့်ပြီး ကော်ဖီပန်းကန် ကို လှမ်း ယူသည် ။ ကျွန်တော့် ပခုံး ကို သူ့ပခုံး နှင့် ထိ ထားပြီး ...


“ အမောပြေ သောက် ထားဦး ၊ တော်ကြာ မှ ထမင်းပွဲ ပြင် မယ်နော် ”


ကော်ဖီနံ့ တသင်းသင်း ။ သူ့ ကိုယ်နံ့ တသင်းသင်း ။ 


“ သကြား နည်းနည်း လျှော့ ထားလို့ သိပ် အချိုပေါ့ နေလား ဟင် ၊ ဒါထက် ချစ် သကြား က မနေ့က ထက် နှစ်ကျပ် တောင် တက်လာ သေးတယ် ”


ကော်ဖီ သည် ကျွန်တော့် လျှာ ပေါ် တွင် ချိုလွန်း နေ သည် ဟု ထင်၏ ။


( ၆ )


ညိုမာ့ ကိုယ် မှ စွဲမက်ဖွယ် ရနံ့တို့ သည် မည်မျှ တန်ဖိုး ရှိကြောင်း ၊ ထို ရနံ့ တို့ ကို မည်သူက ဖန်တီး ပေး ကြောင်း ၊ ဖန်တီး ရာ တွင် မည်သို့ ကြီးလေး ပင်ပန်းလှ ကြောင်း ယခု မှ ပင် ကျွန်တော် သိ လေ၏ ။


◾ငြိမ်းကျော်


📖 ရှုမဝ မဂ္ဂဇင်း 

      ၁၉၇၅ ၊ ဧပြီလ


#ကိုအောင်နိုင်ဦး


.

Sunday, October 22, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၄ )


 ဒေါက်တာဦးကြည် 

M.B.B.S ( Rgn; )


ဘသာ သူ့ ကို ချစ်သော ဆရာဝန်ဦးကြည် ၏ ဆိုင်းဘုတ် ကို ခပ်လှမ်းလှမ်း မှ မယောင်မလည် လှမ်း ကြည့် လိုက်သည် ။ ဘသာ ထို ဆိုင်းဘုတ် ကို ကြည့်ပြီး အတွေး နယ် ချဲ့ ကြည့် လိုက်သည် ။ ဆရာ ဦးကြည် အား အကူအညီ တောင်း ရ မည်။ ဆရာ သည် သူ့ ကို အကူအညီ ပေး နေကျ ဖြစ်သည် ။ အကျိုး အကြောင်း အလုံးစုံ ဆရာ့ ကို ရှင်းပြ မည် ။ ပြဿနာ ပေါင်းစုံ ကို ဆရာ ဖြေရှင်း ပေးနိုင်မည် ဟု ဘသာ ယုံကြည်သည် ။ လူနာများ မပြတ်သည် မို့ ဘသာ အလိုက်သိစွာဖြင့် လူ ရှင်းသည် ကို စောင့်ဆိုင်း နေ လိုက်သည် ။


ထမင်း စားချိန်မို့ လူနာများ ကျဲ သွား သည် ။ ဘသာ လည်း ဆေးခန်း ထဲ ဝင် ပြီး ခုံတန်းလျား ၌ အသာ ယို့ယို့လေး ထိုင် နေ လိုက်သည် ။ စာရေးမလေး က ယဉ်ယဉ်ကျေးကျေးလေး လှမ်း မေး လိုက် သည် ။ 


“ ဆရာ နဲ့ ပြ မလို့ လား ”


“ ဟုတ် ဟုတ်ကဲ့ ”


“ အထဲ မှာ လူနာ တစ်ယောက် ရှိနေလို့ ခဏ စောင့်နော် ၊ စာအုပ် လုပ် ဖူးလား ၊ နာမည် နဲ့ အသက် ”


ဘသာ ကြောင်အမ်းအမ်း ဖြင့် ...


“ ဟို ဟို ... ဆရာ့ တပည့် ပါ ၊ ဆရာ နဲ့ တွေ့ချင်လို့ ပါ ”


“ ဪ ဪ ”


ဟု စာရေးမလေး လည်း သူ့ အလုပ် သူ ဆက် လုပ် နေသည် ။ အထဲ မှ လူနာ တစ်ယောက် တအင်း အင်း ညည်းသံ ထွက် လာသည် ။ ဘသာ လည်း အခန်း ထဲ သို့ လိုက်ကာ ကို အသာအယာ ဖွင့် လိုက်သည် ။ 


“ ဆရာ ”


ဘသာ အသံ တိုးတိုး ဖြင့် ခေါ် လိုက် သည် ။ ဆရာဦးကြည် စာ ငုံ့ ရေး နေရင်း မှ ...


“ ဘာဖြစ်လဲ ခုတင် ပေါ် တက် ” 


ဘသာ လည်း ခုတင် ပေါ် ကို တက် ထိုင် နေလိုက်သည် ။


“ ကဲ ... ဘာဖြစ်တာ ၊ ဟာ ... ဘသာ ဘသာ ”


ဆရာဝန်ဦးကြည် လိုက်ကာ ကို အတင်း ဆွဲဖွင့်လျက် ထွက်ပြေး သွားသည် ။


“ ဆရာ ဆရာ ”


ဘသာ လည်း အပြေး လိုက်သည် စာရေးမလေး လည်း ဘုမသိ ဘမသိ ဖြင့် ...


“ ဆရာ ဘာဖြစ်လို့လဲ ဟင် ” 


“ သရဲ ဟေ့ သရဲ ”


ဘသာ အခန်း ထဲ မှ အထွက် စာရေးမ လည်း ဘသာ ကို ကြည့်ပြီး လန့်အော် ထွက်ပြေး သွား သည် ။


တိုက်ခန်း နှင့် ဆေးခန်း တွဲ နေ တာမို့ ဆရာဝန်ဦးကြည် လည်း သူ့ တိုက်ပေါ် သို့ အတင်း ပြေး တက်သည် ။ စာရေးမ လည်း သူ့ ဆရာ နောက် သို့ အတင်း ပြေး တက်သည် ။ ဆရာဝန် ဦးကြည် နောက် လှည့် ကြည့်လျက် ...


“ ဟဲ့ ကောင်မလေး ... ငါ့ အခန်း ထဲ မလိုက်လာနဲ့ လေ ”


“ အောင်မယ်လေး ဆရာ ရယ် ... ဆရာ က သရဲ ထက် တော့ ပို ကြောက်ဖို့ မကောင်းပါဘူး ”


ဘသာ အခြေအနေ မှန် ကို သိသွား သည် ။ ဆက် လိုက်၍ ရှင်း မပြ လိုတော့။ ဝမ်းနည်းကြေကွဲ စွာဖြင့် ...


“ ဆရာရယ် .. ဆရာ တောင် ကျွန်တော့် ကို နား မလည်တော့ဘူး ဆိုတော့ ကမ်းကုန် သွားပါပြီ ဆရာ ”


ဘသာ လမ်းမဘက် ထွက်၍ မျက်နှာ မူ လိုက်သည် ။


ဦးတည်ရာ ...


 •••••   •••••   •••••


“ ဟဲ့ မကျင် ... ရက် မလည် မချင်း ဒီ ငွေတွေ ကို ငါ ထိန်းထားရမှာ ပဲ ” 


“ ထိန်းတော့ ထိန်းပေါ့ ရှင် ၊ ငွေ ဘယ်လောက် ရှိတယ် ဆိုတာတော့ ကျွန်မ က မယား ပဲ ... သိထား သင့် တာပေါ့ ”


လူကြီး ကိုအုန်းဆောင် ကျွဲမြီး တို သွားသည် ။


“ နင် ငါ့ ကို စာရင်း စစ် နေတာလား ၊ နင့် ပိုက်ဆံ နှစ်ပဲတစ်ပြား မပြောနဲ့ တစ်ရွာလုံး ရဲ့ ပိုက်ဆံ ငါ့ လက် ထဲ မှာ တစ်ပြားတစ်ချပ် မှ မလျော့စေရဘူး ”


“ ရှေ့က လူကြီး လည်း အဲဒီလို ပြောပြီး ပြုတ် တာပဲ ”


“ ဟဲ့ မကျင် ... နင့် စကားတွေ က လွန် လာပြီ နော် ၊ ရက် မလည်သေး လို့ ငါ ပြောနေတာ ”


“ မသာ မှ မရှိတော့ တာ ၊ ရက် ဘယ် နေရာ သွား လည်မလဲ ” 


မကျင် လှည့် ထွက်လာ ခဲ့သည် ။ မကြား လောက် သည့် နေရာ ကျ မှ ... 


“ အဲဒီ ပိုက်ဆံတွေ နဲ့ ရှင့် ရက်လည် ကျ မှ လုပ် ၊ သေနာကောင်ကြီး ၊ လူကြီး လုပ် ချင်တာ ငွေတွေ လိမ် ချင်လို့  ၊ အန်ထွက် ပါစေတော် ၊ ကိုဘသာ အစ်မ ရန် က အေးပြီး လူကြီး ရန် က လာ ပြန်ပြီ ၊ နေပေစေဦး သေနာကြီး ... ဒီည ကိုဘသာ အရှင်ကြီး ကို တိုင်တည်ပြီး စီးတော် မြင်း နဲ့ တိုက်သ,တ်ခိုင်းမယ် ”


မကျင် အိမ် ကို မပြန်သေးဘဲ ဒေါ်အေးသုန် အိမ်ဘက် သို့ မျက်နှာ မူ လိုက်သည် ။ ကိုအုန်းဆောင် လည်း လူယုံတော် တစ်ယောက် ကို လွှတ်၍ မကျင် နောက် သို့ လိုက်ခိုင်း လိုက် လေသည် ။


“ မကျင် .. မလာစဖူး အလာ ထူး လှချည်လား ”


“ ပြောစရာ ရှိလို့ ဒေါ်အေးသုန် ရေ ”


ဆိုပြီး ဇာတ်လမ်းစုံ ရှင်းပြ လိုက်လေ တော့သည် ။


“ ဒီ ပိုက်ဆံ က သူ နဲ့ ဘာ ဆိုင်လို့ လဲ ၊ ဒါ သက်သက်မဲ့ လူလည် လုပ်တာ ၊ လူကြီး ဆိုတဲ့ အမျိုး အစား က မူးရ မူးစား မတ်ရ မတ်စား ပဲ ၊ ဒီ ကိစ္စ နင် မပူနဲ့  ၊ အရှင်ကြီး ဘသာ ဆီ ငါ တိုင်တည်မယ် ... လာလာ ”


ဆိုပြီး အိမ်ရှေ့ သို့ မကျင် ကို ခေါ်သွား သည် ။ အိမ်ရှေ့ ရောက်တော့ ဘယ် အချိန် က ဆောက် ထားမှန်း မသိသော ဝါးနတ်ကွန်းလေး ၊ “ အရှင်ကြီးဘသာ ” ဟု လည်း ရေးထားပေးသည် ။ ဒေါ်အေးသုန် အသံကျယ်ကြီး ဖြင့် ...


“ ကြည့်နေတော် မမူပါနဲ့ အရှင်ကြီး ကြောင့် အရှင်ကြီး အတွက် ပူဇော်ပသသော လက်ပစ် ကြေး များစွာ ကို အဂတိ လိုက်စား သော် လည်းကောင်း ၊ ခြစားခြင်း သော် လည်းကောင်း ၊ လာဘ်ပေး လာဘ်ယူ သော် လည်းကောင်း သိရှိပါ က တစ်ပတ် အတွင်း သွေးပွက်ပွက် အန်၍ ငွေတော်များစွာ ကို အရှင်ကြီး လူ့ ဘဝ က တော်စပ်ခဲ့ ဖူးသော ဇနီးမယား မကျင် ဆီ ကို ရင်းနှီး စားရအောင် အမြန် ဆုံး ရောက်အောင် ပို့ဆောင် ပေးတော်မူပါ အရှင်ကြီး ဘသာ ရှင့် ၊ တပည့်တော်မ ရိုသေစွာ လျှောက်ထား ပါသည်  ၊ တပည့်တော်မ ကို လည်း ဒီထက် နာမည် ကြီး အောင် ကူညီ စောင့်ရှောက်တော် မူပါ ၊ အရှင် ဘသာနတ်မင်းကြီး ရှင့် ”


“ ကဲ ... တစ်ပတ် အတွင်း ညည်း ဆီ ကို ဥစ္စာရင်း မှန် ပြန်လာ လိမ့်မယ် ၊ ဟဲ့ မ ကျင် ... ညည်း အောင်မြင် ရင် တော့ ဒီ နတ်နန်း ကို အုတ်နတ်နန်း လုပ်ပေးရ မယ် ... ကြားလား ”


“ စိတ်ချစမ်းပါ ဒေါ်အေးသုန်ကြီး ရယ် ၊ တစ်ပတ် အတွင်း သာ ရ ပါစေ ၊ နတ်နန်း ကို စိန်စီပစ် လိုက်မယ် ”


မကျင် ကတိ ပေးပြီး ပြန်လာခဲ့သည် ။ လမ်း တစ်လျှောက် မှာ မကျင် စဉ်းစား ကြည့်သည် ။ သူ့ ယောက်ျား က နတ် နန်း လုပ်ရတဲ့ အဆင့် တောင် ဖြစ်သွားပြီ လား ၊ တကယ်ကော နတ် ဖြစ် သွားတာလား။


မကျင် ခေါင်း တစ်ချက် ကုတ် လိုက် ပြီး သူ့ အိမ် ဘက် သို့ ခပ်သွက်သွက် ဆက် လျှောက် လာခဲ့ သည် ။


 •••••   •••••   •••••


“ ကျွန်တော် မကျင် နောက် ကို ခပ်လှမ်းလှမ်း က နေ မယောင်မလည် လိုက် သွားပြီး ၊ သူ တစ်ချက် တစ်ချက် လှည့် ကြည့်ရင် ကျွန်တော် ကိုဖိုးဆိတ် ခြံ နား ကို ပြေး ကပ်တာ တစ်ကြိမ် ၊ ရွာလယ် လမ်းကွေ့ ရောက် တော့ မကျင် မယောင်မလည် နဲ့ နောက် ကို တစ်ချက် လှည့် ကြည့်တယ် ၊ ဒေါ်သန်းခင် ခြံ နား ကို တစ်ကြိမ် ကျွန်တော် ပြေး ကပ်ပြီး .. ”


“ ဟေ့ကောင် ... လိုရင်း လုပ်ကွာ ၊ မင်း ပုန်းတာတွေ ကပ်တာတွေ ငါ မလိုချင်ဘူး ၊ လိုရင်း ပြော ”


“ ဟုတ်ကဲ့ ... လိုရင်း ပြောပါ့မယ် ၊ မကျင် ဒေါ်အေးသုန် အိမ် ရောက် ၊ အိမ် ရှေ့ ထွက် ၊ နတ်ကွန်း ၌ တိုင်တည် ၊ ခြ စား ၊ အဂတိ ၊ လာဘ်ပေးလာဘ်ယူ ရှိက တစ်ပတ်အတွင်း သွေးပွက်အန်သေ ” 


“ ဘာ နတ်ကွန်း လဲ ”


လူကြီး ကိုအုန်းဆောင် အနည်းငယ် တုန်လှုပ် သွားသည် ။ 


“ အရှင်ကြီးဘသာ နတ်ကွန်း ”


“ ဟေ ... အေး အေး ၊ မင်း သွားတော့ ၊ မကျင် ရဲ့ လှုပ်ရှားမှု ကို မျက်ခြည် မပြတ် ကြည့်ထား ... ကြားလား ” 


“ ဟုတ်ကဲ့ ” 


အထောက်တော် ပြေးဆင်း သွားသည် ။ တိုက်ဆိုင်မှုလား ၊ သို့တည်းမဟုတ် နတ် ကိုင် လိုက်သည် လား မပြောတတ် ။ ကိုအုန်းဆောင် ၏ သား အကြီးကောင် ကိုယ်တွေ ချစ်ချစ်တောက် ပူနေသည် ဟု ဇနီး ဖြစ်သူ က စောစောကလေး တင် လာ ပြောထားသည် ။


ကိုအုန်းဆောင် စဉ်းစားရ ကျပ်နေသည် ။ ငွေတွေ က လည်း ကိုယ်ရေး ကိုယ်တာ သုံး ထားလို့ လက်လွန် နေသည် ဘသာနတ် က ကိုင် လိုက်ပြီလား မပြောတတ် ။ ကိုအုန်း ဆောင် ချွေးပြန် လာ သည် ။ အိမ်ခြေ ၁၀၀ ကျော် ရှိသည့် တကလှဲ့ရွာ တွင် အိမ်တိုင်း လိုလို အိမ်ရှေ့ တွင် အရှင်ကြီး ဘသာ နတ်နန်းများ က အပြိုင်အဆိုင် ။ ငွေကြေး တတ်နိုင်သူများ က အုတ် နှင့် နတ်နန်း လုပ်ထား ကြသည် ။ ပန်းရန်ဆရာ အေးငွေ လည်း နားရသည် မရှိ ။ ပတ်ဝန်းကျင် ရွာများ က ပင် နတ်ကတော် ဒေါ်အေးသုန်ကြီး ဆီ အုပ် လိုက် အုပ်လိုက် လာ မေးကြသည် ။ 


ဒေါ်အေးသုန် အိမ် ဘေး က ကိုသန်းကြီး က မုန့်ဆို င်နှင့် အသုပ်ဆိုင် ခါတော်မီ ပြေး ထောင် ထား သည် ။ သူ လည်း တော်တော် ရောင်း နေရသည် ။ အချို့ နတ်နန်းတွင် ရေထမ်းထမ်းပိုး နှင့် ရေပုံးနှစ်ပုံး ပုံတူလေး လုပ် ထားကြ သည် ။ ရွာ ထဲ မှာ လည်း လူစိမ်းတွေ က ခြေချင်း လိမ် နေသည် ။ သိုက်ဆရာ ၊ အောက်လမ်းဆရာ ၊ ဘိုးတော် လိုလို ပုံစံ တွေ က လည်း ဒု နှင့် ဒေး ။ အချို့ ဘိုးတော် တွေ ဆိုလျှင် ... ဘသာ အလောင်း ထားခဲ့ သည့် မြေနေရာ မှ မြေကြီး ကို ပင် တူးဆွ ယူ နေ ကြသည် ။ ဘသာ သတင်း က နည်းမျိုးစုံ ကြား နေ ရသည် ။


“ တော့် သား က အပူ မကျဘူး ၊ မြို့ ဆေးရုံ တင် မှ ဖြစ်မယ်ထင်တယ် ” 


“ အေးပါ .. ငါ ကြည့် စီစဉ်လိုက်ပါ့မယ် ”


လူကြီး ကိုအုန်းဆောင် ဆက် စဉ်းစားသည် ။ ငြိမ်းခင်ကြီး စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို ဖြစ်တုန်း ကလည်း ဒေါ်အေးသုန်ကြီး အရှင်ကြီး ဘသာနတ် ဝင် စီးပြီး ထုတ်ပစ် လိုက်တာ ချက်ချင်း ထွက် သွားသည် ။ ဒေါ်အေးသုန်ကြီး ငြိမ်းခင်ကြီး ကို နား နား ကပ် ပြီး ဘာ ပြောလိုက်တယ် မသိ။ ထို ကိစ္စ ပြီး ကတည်း က ဒေါ်အေးသုန်ကြီး တစ်ဟုန်ထိုး နာမည် ကြီး သွားသည် ။ အခု ဆိုရင် အချိန် နှင့် တောင် နတ် ဟော နေရသည် မကျင်ကြီး ငါ့ ကို နတ် နှင့် တိုက် နေပြီလား ။ သူ့ ငွေကြေး နှင့် ပတ်သက်ပြီး မကျေနပ်မှန်း သိ သည် ။ ငါ က ကံ မြင့် နေလို့ ဘာမှ မဖြစ် တာ ၊ ကံ နိမ့် သည့် ငါ့ သား ထိ သွားပြီ လား ။ လူကြီး ကိုအုန်းဆောင် အိမ်ရှေ့ ဘက် သို့ ငေးကြည့် နေရင်းမှ ... 


တိုင်မှာ ချိတ် ထားသော လွယ်အိတ် ကို လှမ်း ယူ လိုက်သည် ။


 •••••   •••••   •••••


“ ကိုအုန်းဆောင် ... ရှင့် စာရင်းတွေ က လည်း မဟုတ်မဟတ်တွေ များ နေ တယ် ၊ ကူငွေစာရင်း က လည်း လာ ကူ ထားတဲ့ ရွာတွေက ငွေတွေ လည်း မပါဘူး ”


“ ဟဲ့ မကျင် ... အဲဒါ စာရင်း အကုန်ပဲ ၊ မကျေနပ် လည်း ငါ မတတ်နိုင်ဘူး ၊ နင့် ကို ငါ ပြော ထားမယ် နော် ... ငါ့ ကို နတ်တိုက် သလိုလို စုန်းတိုက် သလိုလို တော့ မလုပ်နဲ့  ၊ ငါ က တရားဥပဒေ နဲ့ အညီ လုပ်မှာ ပဲ ”


“ ကိုဘသာ ရေ ကြည့် မနေပါနဲ့  ... ဟီးဟီး ”


ကိုအုန်းဆောင် ခြေလှမ်း တုံ့ သွားသည် ။


မကျင် မှန်းထားသည့် ငွေကြေး ကား မှန်းချက် မကိုက် ။ သို့သော် ကိစ္စ အဝဝ ကို ဒေါ်အေးသုန် ဆီ အစီရင် ခံ ရမည်။ ငွေကြေး အဆမတန် ကွာဟ နေသည် ကို မကျင် တော်တော် မကျေမနပ် ဖြစ်နေ သည် ။ အာမခံ ထားသော နတ်ကွန်းအုတ် အတွက် လည်း ငွေ ပေး စရာ ရှိ၍ ဒေါ်အေးသုန် အိမ် ဘက်သို့ ထွက် ခဲ့သည် ။


ဒေါ်အေးသုန် အိမ် ရှေ့ မှာ လူ စည်ကား နေသည် ။ လှူ တဲ့ လူ များ လာ၍ လား မသိ ပိတ်အနီများ က တလူလူ နှင့် အဝေး က ပင် လှမ်း မြင်နေရသည် ။ ဒေါ်အေးသုန် နတ်ကွန်း နားရောက်တော့ မကျင် မျက်စိမျက်နှာ ပျက် သွားသည် ။ သေမယ့် လူကြီး ကို ဒေါ်အေးသုန်ကြီး နတ်ဟော နေသည် ။ ဘယ်အချိန် က ရောက် နေပါလိမ့် ဟု မကျင် တွေးလိုက် သည် ။ မကျင် ဒေါ်အေးသုန် မြင်သာ အောင် အယောင် ပြ လိုက်သည် ။ ငွေ ကို လည်း လက် က မသိမသာ ပြ ထားသည် ။ ဒေါ်အေးသုန် သဘောပေါက်သည့် အထာ ဖြင့် ခေါင်းညိတ် ပြ လိုက်သည် ။


“ ဟဲ့ ... နင် အမှားတွေ ကျူးလွန် ထား ပါလား ၊ အရှင်ကြီး တော်တော် စိတ်ဆိုး နေတယ် ၊ တစ်အိမ်သားလုံး ကျန်းမာရေး ဂရုစိုက် ဟဲ့ ၊ ငါ မြင်နေတယ် ”


“ နည်းနည်းပါးပါး တောင်းပန်လို့ မရဘူးလား ”


ကိုအုန်းဆောင် နည်းနည်း ဈေးဆစ် ကြည့်သည် ။


“ နတ် က တောင်းပန်တိုင်း ကျေနပ်ရအောင် လူ မဟုတ်ဘူး ဟဲ့ ”


ကိုအုန်းဆောင် ချွေးပြန် သွားသည် ။ ထို ချွေးများ သည် ငွေ အလွဲသုံးစား လုပ် ထားသော ချွေး များ ဟု နတ်ကတော် ရိပ်မိ လိုက်သည် ။


“ ငါ မြင်နေတယ် ငါ မြင်နေတယ် ဟေ့ ” ဟု ပြောပြီး “ ဖြောင်း ဖြောင်း ” ဆိုပြီး လက်ချောင်း ရိုက်သံများ ဖြင့် ပြီးဆုံး သွားပြီး ဒေါ်အေးသုန် ခွေကျ သွားသည် ။ ဝိုင်းဝန်း ယပ်ခတ် ပေးကြသည် ။


နတ်ကတော် ဒေါ်အေးသုန် အနားယူ ချိန် ဟောချက် ထုတ်သည့် အချိန်တွင် ..


“ တစ်ပတ် တောင် မနေပါဘူး ၊ ဟောချက်တွေ က ကောင်းလိုက်တာ ၊ နာရီ ပိုင်း ပဲ ခြားတယ် ၊ ငွေတော့ လာ ပို့ပါရဲ့ ၊ ဖြတ်တောက် လှီးဖြတ် ထား လိုက်တာ အရိုး အရင်း ပဲ ရ လိုက်တယ် ၊ ကျွန်မက တော့ ကတိ အတိုင်းပဲ နတ်နဲ့ နဂါး မ လှည့်စားနဲ့ တဲ့  ၊ ငွေ သုံးသောင်း ကန်တော့ ပါတယ် ... နတ်နန်း အတွက် နတ်နန်း အတွက် ”


ပြောပြီး ဒေါ်အေးသုန် လက် ထဲ သို့ ထည့် လိုက်သည် ။ ဒေါ်အေးသုန် က လက် အမူအရာ ဖြင့် နတ်နန်း ပေါ် တင် ခိုင်း လိုက်သည် ။ ပတ်ဝန်းကျင် လူများ လည်း ငြိမ် သွားကြသည် ။


 •••••   •••••   •••••


ငချိတ် အတော်ပင် မူး နေပြီ။ ငချိတ် စိုက်ကြည့် နေသော အသစ်စက်စက် နတ်စင်လေး ကို အသေအချာ စိုက် ကြည့် နေသည် ။ အရင့် အရင် က လည်း ငါ ဒီဆိုင် မှာ ပဲ သောက်တာ ။ ဒီနတ်စင် ကို မမြင်ဖူးပါဘူး ။ ငချိတ် ဒယီးဒယိုင် ဖြင့် ထ ပြီး နတ်စင်နား ချဉ်းကပ် သွား သည် ။ အရက်ဆိုင် ပိုင်ရှင် မိပုန်း က ငချိတ် ၏ အမူအရာ ကို အကဲခတ် နေရင်း မှ မသိမသာ အနား ကပ်သွားသည် ။ ငချိတ် မိပုန်း ကို လှည့် ကြည့်ပြီး ... 


“ မိပုန်း ... ဒါ ဘာလဲ ”


“ အရှင်ကြီးဘသာ နတ်နန်း လေ ”


“ ဘာ ... အရှင်ကြီးဘသာ နတ်နန်း ၊ နင်တို့ တော်တော် ရူးတာပဲ ၊ ဘာ အရှင်ကြီး မှ မဟုတ်ဘူး  ၊ ငါ မပြောဘဲ နေ မလို့ ပဲ ၊ နင်တို့ တစ်ရွာလုံး ရူး ကုန် ပြီ ၊ ဘသာ က မသေဘူး ဟ ”


မိပုန်း မျက်လုံး ပြူး သွားပြီး ... 


“ ငချိတ် ...နင် ပြန်တော့ ပြန်တော့ ၊ ပေါက်ပန်းလေးဆယ်တွေ မပြောပါနဲ့ ၊ ငါ ဒုက္ခ ရောက် အောင် မလုပ်ပါနဲ့ ၊ အရှင်ကြီး စောင့်ရှောက် ထားလို့ ငါ အဖမ်းအဆီး လွတ် နေတာပါ ... ပြန် ပြန် ငချိတ် ”


ငချိတ် လာလမ်း ပေါ် ရောက် သွားသည် ။ မိပုန်း အိမ် ဘက် ယိုင်ထိုးထိုး ဖြင့် တစ်ချက် လှည့် ကြည့်ပြီး ...


“ တစ်ရွာလုံး ရူးကုန်ကြပြီ ၊ မရှိတဲ့ နတ် ကို တွေ့ရာ နာမည် တွေ ပေးပြီး လျှောက် ကိုးကွယ်နေကြ တာ ၊ ဘသာ ရေ ... မင်း အဖြစ် က တော့ ရယ်ရတယ် ၊ မင်း က နေရင်း ထိုင်ရင်း ... 

အရှင်ကြီးဘသာနတ် တဲ့ ကွ ၊ ဟား ဟား ဟား ”


 •••••   •••••   •••••


“ ဒါ အင်္ဂလိပ် အခက် ဗမာ့ အချက် ပဲ ” 


“ မင်း ဟာ က လွတ်လပ်ရေး မရသေး တဲ့ ခေတ် ပြန်သွားဦး မလို့ လား ” 


ကိုသောင်းထွန်း စကား ကို ဖိုးစံပ က မသိမသာ ကန့်ကွက် လိုက်သည် ။


“ မဟုတ်ဘူး လေဗျာ ... ခုဆိုရင် အုန်းဆောင် နဲ့ မကျင် ပြဿနာ ၊ တာရိုး လုပ်တုန်း က ရွာ ထဲ က ကောက်ခံ ထား တဲ့ ငွေတွေ စာရင်း ဖျောက် ပစ်လိုက် တာ ၊ အဲဒီ အုန်းဆောင် ရဲ့ အခက် ဖြစ်နေချိန် မှာ ဒါတွေကို ရွာ က လူတွေ ဝိုင်း လက်မှတ် ထိုး တိုင် လိုက်ရင် အုန်းဆောင် ပြုတ်ပြီပေါ့ဗျ ” 


“ ဒီကောင် လည်း လူလည် နော် ၊ လျှော့ တော့ မတွက်နဲ့  ၊ လူကြီးတွေ ကို အသေ ပေါင်းထားတာ ၊ တော်တော့် ကို ဖြုတ်ယူရမှာ ” 


“ ဒီ အချက် က တော့ ဒီ ကောင် ပြုတ်ဖို့ လုံလောက် နေပါပြီ ဦးလေးစံပ ရယ် ”


တစ်ချိန်လုံး ငြိမ် နေသည့် ကိုအေးကြီး က ...


“ သောင်းထွန်း ထင်မြင်ချက် လည်း မဆိုးဘူး ဦးလေးစံပ ရဲ့  ၊ ခု ဆိုရင် သူ့ သားကြီး က လည်း ဆေးရုံ တင်ရ မလို ဖြစ်နေ ၊ နွား တစ်ကောင် လည်း ဘာ ရောဂါမှန်း မသိဘူး ... နေ့လား ညလား ပဲ ၊ ဒီကောင် ခု ရက်ပိုင်း အတွင်း တော်တော် အကျပ် ရိုက် နေတယ် ၊ မကျင် က လည်း

ငွေရေးကြေးရေး ကိစ္စ နဲ့ တစ်ရွာလုံး လိုက် ပြောတာ နှံ့ နေတာပဲ ”


“ ဟေ့ကောင်တွေ ...တိုက် ရင် လည်း ပြုတ် အောင် တိုက် ၊ မစို့မပို့ တော့ သွား မလုပ်နဲ့  ၊ ဒီကောင် က ကလိမ်ကကျစ် ပညာ တော်တော် တတ်တယ် ၊ အဓိက က သောင်းထွန်း ၊ မင်း ရွာက လူတွေ ကို လက်မှတ် ထိုး ခိုင်း ၊ အဓိက တိုင်ရမယ့် အလုပ် က ဒါပဲ ၊ လက်ရှိ မှာ မကျင် က တော့ သူ ပထမဆုံး ထိုး မှာ ကျိန်းသေတယ် မောင် ”


ဟု ပြောပြီး ဖိုးစံပ သောင်းထွန်း အိမ် ပေါ် က ဆင်း သွားလေသည် ။


◾ဗေလုဝ 


📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ 


#ကိုအောင်နိုင်ဦး


.

မေတ္တာ တစ်စက်


 ❝ မေတ္တာ တစ်စက် ❞


၁ ။


အခန်းထဲကို ဝင်လာတဲ့ မိန်းကလေး မျက်နှာ က အတော် ကို ပျက်ယွင်း နေပြီ ။ ကျွန်မ အိပ်ရာပေါ် လှဲနေရာ က ထ,လိုက်တယ် ။


မိန်းကလေး က ခုတင် ထောင့်စွန်းလေးမှာ ဝင်ထိုင်ရင်း သူမ လက်ထဲမှာ သူများ မမြင်အောင် ကွယ်ဝှက် ကိုင်လာတဲ့ အရာလေးကို ကျွန်မ ရှေ့ တိုးတိုးတိတ်တိတ် ကွယ်ပြ လိုက်တယ် ။


“ ဘုရား .. ဘုရား ”


ရင်ဘတ် ကို လက်နဲ့ ဖိရင်း ဘုရား တ လိုက်မိတယ် ။


စမ်းသပ် ကိရိယာလေးမှာ အနီကြောင်းလေး နှစ်ကြောင်း က အထင်းသား ။ စိတ်ထဲမှာ သေချာ နေ သလောက် ရှိပေမဲ့ မသေချာစေချင် ။


မိန်းကလေး က အသက် ၁၉ နှစ် ပဲ ရှိသေးတယ် ။ ကဲ ခုတော့ ဘယ်လို လုပ်ကြမလဲ ။ ပညာ က တစ်ပိုင်းတစ်စ သင်ယူမှု က တစ်ပိုင်းတစ်စ ၊ ဘဝ က အညွန့် တလူလူ ခုမှ စ,မလို့ ရှိသေးတယ် ။


ပညာရေး မှာ ကံခေလို့ ၊ ဆယ်တန်း မအောင်တော့လို့ မိန်းကလေး နဲ့ သင့်တော်တဲ့ ၊ ဝင်ငွေလည်း မဆိုး ၊ အောင်မြင်ရင်တော့ တစ်သက်တာ လုပ်စားလို့ ရတဲ့ ဆံပင် ၊ မိတ်ကပ်ဆိုင် မှာ သင်ယူဖို့ ရောက်လာပြီး ဒီ မိန်းကလေး ကို စနစ်တကျ သင်ပေးထားတာ ။ သူ ကိုယ်တိုင်ကလည်း စိတ်ပါလို့ တော်တော်လေး လုပ်တတ် ကိုင်တတ်နေပြီ ။


နောက်ထပ် မိတ်ကပ် အတွက် နောက် တစ်ပတ်ဆို စ သင်ပေးတော့မှာ ။ အဆောင်သူ ငယ်ငယ်ရွယ်ရွယ် အေးအေးဆေးဆေးနေတတ်ပြီး ဒီ မိန်းကလေးမှာ ချစ်သူရှိတယ် ။ ဆိုင်ကို လာလို့လည်း ကျွန်မ နဲ့ မိတ်ဆက် ပေးခဲ့တယ် ။ ရည်ရည်မွန်မွန် မဆိုးပေမဲ့ သိပ်ကို ငယ်ကြသေးတယ် လို့ ယူဆမိတယ် ။ ကောင်လေး ကလည်း နယ်ဘက်ကတဲ့ ။ ဒီမှာ English Speaking သင်တန်း လာ တက်နေတာ ။ တွဲရုံ တွဲ ၊ ချစ်ရုံ ချစ်ကြတယ်လို့ ကျွန်မ ရဲ့ ဒိတ်အောက် အတွေးအခေါ်ကြားမှာ သူတို့လေးတွေ ရဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ။ ဆိုင်မှာ ကောင်မလေး လေးယောက် ရှိတာမှာ အားလုံး နှစ်ဆယ် ဝန်းကျင်တွေ ။ စကား ပြောရာမှာလည်း စည်းမရှိ ၊ ဘောင်မရှိ အတော့်ကို ပွင့်လင်းတဲ့ Open ပုံစံတွေ ၊ တစ်ခါတစ်ခါ အိမ်ထောင်သည် ကျွန်မပင် လက်ဖျားခါ ရလောက်တဲ့ စကားများ ပါလာတဲ့အခါဆို ဆုံးမရတယ် ။ ဒါကလည်း ကျွန်မရှေ့ ရပ်သွား ပေမဲ့ သူတို့ အချင်းချင်း တော့ တွတ်ထိုး ပြောနေကြတာပါ ။


ဖုန်း ထဲ မှာ အားရင် ခေါင်းချင်း ဆိုင် ၊ ဖုန်းကို စည်းနဲ့ ကမ်းနဲ့ အချိန်နဲ့ ပေးသုံး ထားပေမဲ့ လစ်ရင် လစ်သလို သုံးစွဲ နေကြတာ ပါပဲ ။ နယ်က လူတွေ မို့ အ,တယ် မထင်လိုက်ပါနဲ့ ။ ဝန်ထမ်း လာ လျှောက်တဲ့ ထဲမှာ ဖုန်းသုံးစွဲခွင့် ပြုမှ လာ လုပ်နိုင်မယ် ဆိုတာ ပါသေးတယ် ။ အဓိက ရည်ရွယ်ချက်က သူတို့ မှာ ပျောက်နေတယ် ။ ကျန်တဲ့ သုံးယောက် လည်း ရည်းစား ကိုယ်စီ တွေနဲ့ပါ ။


ဒီ ကောင်မလေး က အငယ်ဆုံးလေး ။ ခုတော့ အစွာဆုံး ဖြစ်ပြီး မျက်ရည် တသွင်သွင် ရှိုက်ကြီးတငင် ငိုလို့ ။ ဒီတော့လည်း ဘာမှ မတတ်နိုင် ၊ ဖြေရှင်းရ တော့မှာပေါ့ ။ သူမ နာမည် က စံမဒီ တဲ့ ။ နာမည် က အပျံစား ။ အရွယ်လေး က အပျို ဖြစ်စ လှပလို့ ကောင်းနေတဲ့ တက်တဲ့ အရွယ် ။ ကိုယ့် ရှေ့မှာ ထမင်းမစားချင် ခဏခဏ အန် ကတည်းက သတိထား မိနေတာ ။ ဒီနေ့တော့ မနေနိုင်စွာ နေ ကောင်းရဲ့လားလို့ မေးမိရာ က မျက်ရည်စက်လက် နဲ့ ရင်ဖွင့် တော့တယ် ။


ရာသီ ပန်း မပွင့် တာ အစ က တော့ သူ့ ကောင်လေးက ဆေး တိုက်တယ် ။ သူလည်း သောက်ဖြစ်တယ် ။ နောက် အခါမှာ ရန်ဖြစ်ပြီး ချော့ရင်း ဆေးက ရယ်ဒီ မပါလာတော့ မသောက်ဖြစ် လိုက်တာ ။ မေ့ရာကနေ ခုတော့ ကိုယ်ကျိုး နည်းပါပြီပေါ့  ။


“ ကဲ ... စံစံ မငိုနဲ့တော့ အေ ၊ ငို နေလို့လည်း မထူးတော့ဘူး ၊ ညည်း ကောင်လေး ဘယ်သူ ... ”


“ ကိုရဲနောင် ”


“ အေး သူ့ ဆီ ကို ဖုန်းဆက် ။ ဒီကိစ္စ ကို သေချာ ပြောပြ ”


“ ဟုတ် ”


“ စိတ်အေးအေး ထား ပြော ၊ သူ တာဝန် ယူရတော့မယ် ”


“ ဟုတ် ”


“ ဆိုင်က မာလာ တို့ မေးရင် မျက်နှာမပျက်စေနဲ့ ။ အဲဒီ ညည်းဘဲ နဲ့ ရန်ဖြစ် ထားလို့ ငို ထားတာလို့သာပြော ။ စပ်စု မတွေ ၊ တော်‌နေ တစ်ယောက် တစ်ပေါက် နဲ့ မကောင်းဘူး ”


“ ဟုတ် ”


“ ဒီ ပစ္စည်းကို သေသေ ချာချာ သတင်းစာ နဲ့ ပတ်ပြီး ဟိုး အမှိုက်ပုံး အောက်ဆုံး ကို သေချာပစ် ၊ ကြားလား စံစံ ”


“ ဟုတ် အန်တီ ၊ ကိုရဲ ဆီ ဖုန်း ဆက်လိုက်မယ် ”


“ အေးအေး ဆက်လိုက် ပြီးရင် အန်တီ ပြန်ပြော ”


နောက်ဖေး တံခါး က နေ ထွက်သွားတဲ့ စံစံ ကို ကြည့်ရင်း သက်ပြင်း ချမိတယ် ။ ကိုယ်တိုင် လည်း သမီး နှစ်ယောက် မွေးထားတာ မို့ စိတ်ပူမိတယ် ။ ခုခေတ် က တကယ့်ကို မကောင်းတဲ့ ခေတ် ။ အရာရာ လွယ်ကူတဲ့ ခေတ်ထဲ ကျရောက်နေတော့ စက်ဘီး ဒေါက်ထောက် ရတာတောင် ခက်နေဦးမယ် ။ သမီး နှစ်ယောက် က တစ်ယောက် က ရှစ်တန်း တစ်ယောက် က ငါးတန်း မကြာခင် ဒီ အရွယ်တွေ ကို ဖြတ်သန်း လာရဦးမယ် ။ မိခင် သောက ဆိုတာ ဒါပဲ ။ စံစံ တို့ရဲ့ မိဘတွေ က ဘာမှ ဘာမှ သိနားမလည်တဲ့ မိဘတွေ ။ သမီးလေး တစ်ယောက် ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် နိုင်အောင် ပို့ထားကြတာ ။ မိဘတွေကို မသနားကြဘူး ။


ဟို အုပ်စုက နည်းနည်း ကြီးတော့ စံစံ ထက်စာရင် လည်တယ် ။ သူတို့ ထဲ က သိပ် အပွန်းအပဲ့ ခံကြတာ မဟုတ်ဘူး ။ ကြီးပြင်းတဲ့ ပတ်ဝန်းကျင် လည်း ကွာ တာပေါ့လေ ။


စံစံ က ဖုန်းလေး ကိုင်ရင်း အခန်း ထဲ ဝင်လာတယ် ။


“ စံစံ ဘာတဲ့လဲ ၊ ကောင်လေး က ”


“ ဟုတ် သူလည်း အံ့ဩ သွားတယ် ။ သူ့ အမေ တို့ ဆီ ပြန်ပြီး ဒီကိစ္စ ပြောထား လိုက်မယ် ၊ လက်ထပ် ကြမယ်လို့ ပြောတယ် အန်တီ ”


“ အေး ... တော်သေးတာပေါ့  ။ သူ့ မိဘတွေ က ဘယ်မှာလဲ ၊ ဘာ စီးပွားရေး လုပ် ကြတာလဲ ”


“ မုံရွာ နယ်ဘက် က အန်တီ ၊ အထည် လုပ်ကြတာ ”


“ ဪ ... ဒါဆို မဆိုးပါဘူး ။ စံစံ ကံကောင်းမှာပါ ။ သူ က ဘယ်တော့ပြန်မှာလဲ ”


“ ဒီရက် အတွင်း ပြန် လိုက်မယ်တဲ့ ၊ အကျိုးအကြောင်း ဖုန်း ဆက်မယ်တဲ့ ”


“ အေး ... အဆင်ပြေမှာပါ ဒါဆို ၊ အန်တီ ကတော့ မင်္ဂလာဆောင် ရင် လာနိုင်မှာ မဟုတ်ဘူး ၊ လက်ဖွဲ့ တော့ ပေးရမှာပေါ့ ”


“ ရပါတယ် အန်တီ ”


“ ညည်း သင်တန်း ဆက် တက်စေချင်တယ် ”


“ ဆက်တက်မှာပါ အန်တီ ၊ ဒီ လုပ်ငန်း က စံစံ့ ဘဝ တိုးတက်ဖို့ပဲလေ ”


“ အေး ... အေး ယောက္ခမ က သူဌေး ဆိုတော့ နောက် ဆိုင်တွေ ဘာတွေ ဖွင့်ပေးတော့လည်း ကောင်းတာပေါ့ အေ ”


“ မမျှော်လင့်ပါဘူး အန်တီရယ် ၊ တစ်ခါမှလည်း မမြင်ဘူးတော့ တွေ့ရမှာ ကြောက်လိုက်တာ ”


“ ခု ချိန်ကျမှတော့ ကြောက်နေလို့ မရတော့ဘူး ၊ အနှေး နဲ့ အမြန် ပြေး တွေ့ရတော့မှာ ”


“ဟုတ် အန်တီရယ် ၊ အန်တီ စံစံ ကို ပစ်မထားပါနဲ့နော် ”


“ အေးပါ စံစံ ရယ်  ၊ ကဲ … မျက်နှာကြီး ကို ပေါင်ဒါလေး ဘာလေး ရိုက်လိုက်ဦး ၊ အန်တီ ပြန်တော့မယ် ။ သော့တွေ သေချာပိတ် ”


“ ဟုတ်ကဲ့ ”


အပြင်မှာ ဆံပင် ညှပ်နေတဲ့ မာလာ တို့ အုပ်စု ကို လည်း မှာပြီး အိမ်ပြန်လာခဲ့တယ် ။


°°°°°   °°°°°   °°°°°


အိမ် ရောက်တော့ သမီး နှစ်ယောက် ကို ထမင်း ကျွေး ၊ အိမ်က ခင်ပွန်း မောင်တော် ရောက်တော့ ထမင်း အတူ စား ၊ ဖုန်းကြည့် ၊ TV ခဏကြည့် ၊ စာအုပ် ခဏ ဖတ်ရင်း အိပ်ငိုက် လာတယ် ။ အိပ်သာ ငိုက်နေတာ တကယ်တမ်း အိပ်တော့ အိပ်လို့ မပျော် ။ စံစံ့ အကြောင်း ခေါင်းထဲ ပေါ်လာတယ် ။ စိတ် ထဲ မှာ အဆင်မှ ပြေပါ့မလား ဆိုတာကြီး တွေးမိနေတယ် ။ တကယ်လို့ အဆင် မပြေခဲ့ရင်ရော ဆိုတာကြီးက ဆက်တိုက် တွေးမိလာပြန်တယ် ။ စိတ် ထဲ မှာ တစ်ခုခု ဆိုတာကြီး ကို ခံစား မိနေတယ် ။


မောင့် ကို စံစံ့ အကြောင်း ပြောပြမိတယ် ။ မောင် က တော့ မထူးဆန်းတဲ့ ကြားနေကျ ဇာတ်လမ်း တစ်ပုဒ်ကို နားထောင်ရသလို ၊ ဘာခံစားမှု မှ မရှိသလို အင်း ၊ အင်း နဲ့ ခေါင်းညိတ်တယ် ။


“ မောင် စံစံ့ အကြောင်း က စိတ်ဝင်စားစရာ မကောင်းဘူးလား ”


“ ဟာ မောင် နားထောင် နေတယ်လေ ”


“ တအင်းအင်း နဲ့ ”


“ ဪ သဲရယ် ၊ ခုလို ဇာတ်လမ်းတွေက ပေါများ နေလွန်းလို့ မထူးဆန်း တော့တာတော့ အမှန်ပဲ ။ မောင် တို့ ၊ သဲ တို့ ခေတ်တုန်း က လို မဟုတ်ဘူး ။ သဲ ဆို ရည်းစား ဖြစ် တာတောင် မောင့် စက်ဘီး နောက် က ရိုးရိုးတောင် မလိုက်ရဲခဲ့ဘူး ။ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ သာ ဝေးသေး ။ ခုခေတ် လူငယ်တွေ က ဘီယာဆိုင် အတူ ထိုင်ကြ သလို ၊ ဆိုင်ကယ် နောက် က လူမြင် မကောင်းအောင် ဖက်ကြ ။ ဘယ်ဟာက လင်မယား ၊ ဘယ်ဟာက ချစ်သူ ရည်းစား စုံတွဲ မှန်း မသိ ၊ မခွဲခြား နိုင်တော့တဲ့ ခေတ်လေ ။ ခု သဲ ပြောတဲ့ စံစံ့ အကြောင်း က ဒိတ်တောင် အောက်နေပြီ ”


“ခု ကိုယ်တို့ ဇာတ်လမ်း ကိုသာ ခုခေတ် လူတွေ ကြားရင် အဆန်းတကာ့ အဆန်း ဖြစ်နေမှာ ။ သူ့ ပါး နမ်းရဖို့ မပြော နဲ့ လက် ကိုင်ဖို့ အခွင့်အရေး တောင် ဘယ်လောက် ကြာအောင် စောင့်ခဲ့ရလဲ ။ ဒီက မောင် မို့လို့နော် ။ ဒီကြားထဲ ယောက္ခမ က လည်း ဆိုး လိုက်တာ ”


“ ကြည့်စမ်း ၊ သူများ အမေ ကို ”


“ ဟုတ်တယ်လေ ၊ စံစံ တို့လို ဖြစ်ဖို့ နေနေသာသာ ၊ သူ့ သမီး ကို စေ့စပ် လက်ထပ် ပြီးတာတောင် အိမ်ပြန် လွှတ်တယ် ။ အဲဒါ မဆိုးဘူးလား ”


“ အမေ နဲ့က တစ်သက်လုံး အိပ် လာတော့ အမေ က အဲဒီနေ့ က မခွဲနိုင်လို့ပါ ”


မောင်ပြောမှ သတိရမိတယ် ။ မောင် နဲ့ လက်ထပ်ပြီး တာတောင် အမေ က တစ်ရက် နောက်ဆုံး သူ နဲ့ လာ အိပ်ခိုင်းတာ ။


“ ဟွန်း …. သူ့ မျက်နှာ မြင်ရဖို့ အိမ်ရှေ့က အခေါက် သုံးဆယ် လောက် တာယာ အပါးခံပြီး ကလင်သံ ပေးလည်း ထွက်မလာ ။ စံစံ တို့ ကတော့ လက်ချိတ် ပြီးတော့ ကို ဆိုင် ထဲ ဝင် လာတာ ဟုတ်လား "


“ ဟုတ်ပ မောင်ရေ ၊ ကျန်တဲ့ ကောင်မလေးတွေ ထဲ က နိုးနိုး ဆိုတဲ့ တစ်ယောက် က ဆို သူ့ ဘဲ ကို ခေါ်တာ ယောက်ျား တဲ့ ၊ ဟိုက လည်း ချစ်မိန်းမ တဲ့ ”


“ ဟိုက်ရှားပါး ”


“ ရင် လေးပါတယ် မောင်ရယ် ၊ သူတို့တွေ အားလုံးက ပွင့်လင်း လွန်းတယ် ။ ဘယ်သူ့မှ ယောက်ျား မယူရသေးဘဲ လူ ရှေ့လည်း ယောက်ျား လို့ ခေါ်ဖို့ မရှက်ဘူး ၊ ဝန်မလေးဘူး ”


“ သဲ နဲ့ တော့ အတော် ကွာတာပဲ ။ မောင် လို့ခေါ်ဖို့ တစ်နှစ် လောက် သင်ရတယ် ။ မောင် တို့လည်း သမီး မိန်းကလေးတွေ မွေး ထားတော့ စိတ်ပူတယ် ။ အနေအထိုင် ၊ အသွားအလာတွေ ဂရုစိုက်ပါ ။ ခေတ်ကြီး ရော ၊ လူတွေ ရော မကောင်းကြဘူး ။ မောင် တို့ တုန်း က ဆံမြိတ်လည်း မပြေဘူး ၊ ပန်းလည်း မကြွေဘူး ။ သီတင်းကျွတ် လို့ လက်ထပ်မယ် ဆိုရင် တကယ် လက်ထပ်ခဲ့ကြတာ ”


“ ဟုတ်တယ် မောင် ၊ တန်ဖိုးပေါ့ ။ နောက် စာအုပ် ၊ စာပေ နဲ့ ကြီးပြင်း ခဲ့ရတာလည်း ပါတယ် မောင် ရဲ့ ။ မေမေ က စာအုပ် ထဲ ကနေ ကို အမြဲ သင်ယူ ခိုင်းခဲ့တာ ။ ပတ်ဝန်းကျင် ကောင်း ဖြစ်ဖို့ လည်း လိုသေးတယ် ။ ဒါကြောင့် ကိုယ့် သမီးတွေ ကို စာပေ ရဲ့တန်ဖိုး သိဖို့ ငယ်စဉ် ကတည်း က လေ့ကျင့် ပေးနေတာ ”


ထို ည က မအိပ်ခင် မောင် နဲ့ စကားပြော ကောင်းတဲ့ ည ဖြစ်ခဲ့ပါတယ် ။


°°°°°   °°°°°   °°°°°


၂  ။


စံစံ ရဲ့ မင်္ဂလာဆောင် ဖိတ်စာလေး ကို မြင်ရတော့ စိတ်ထဲ ဝမ်းသာမိတယ် ။ တော်သေးတယ် ၊ ဘာ အထစ်အငေါ့ မှမရှိ အဆင်ပြေ သွားလို့ ။ မာလာ တို့ အုပ်စုက ကောက်ကာငင်ကာ မင်္ဂလာဆောင် သွားတဲ့ စံစံ ကို အံ့သြ နေကြတယ် ။ မုံရွာ ဘက်မှာ ဆိုတော့ ဘယ်သူမှ လိုက် မသွားဖြစ်ကြ ။ စံစံ လာရင် လက်ဖွဲ့ ပေးဖို့ အဆင်သင့် ထုပ်ပိုး နေကြတယ် ။ စံစံ ပြီးသွားတော့ သူတို့ ကို လည်း ဆိုဆုံးမရသေးတယ် ။ သူတို့ကတော့ မယူ သေးပါဘူး ။ ပညာ သင်ဦးမယ် ။ လူတမ်းစေ့ နေနိုင်အောင်လို့ ပြောကြတာပဲ ။


နိုးနိုး အဖြေ ကတော့ ခပ်ရှင်းရှင်းကြီး မို့ ဝိုင်းရယ်ကြပြီး မျက်လုံး တောင် ပြူး သွားတယ် ။


“ အန်တီ ရယ် ၊ ခုလည်း ယောက်ျား ယူတာ နဲ့ ဘာ ထူးလို့လဲ ။ မယူသေး ပေါင် ။ ယူပြီးရင်မှ သူတို့ အလုပ်ပို အဝတ်လျှော် ၊ မီးပူတိုက် ၊ ဟင်းချက်ကျွေးတွေ လုပ်နေရဦးမယ် ။ ခုဆို အချိန်တန် ခေါက်ဆွဲကြော် ဆို ခေါက်ဆွဲ ၊ ကြက်ဆီထမင်း ဆိုလည်း လာပို့ ၊ အကုန် လုပ်ပေးတာ ။ ယူလိုက်ရင် ခုလို ဇိမ်ကျမှာ မဟုတ်ဘူး ။ တွေ့ တော့ လည်း တစ်လ တစ်ခါပဲ ။ ဒီထက် ပိုပြီး တောင်းဆို လာရင် ဂျောင်း ၊ ဗိုက်ကြီးလို့ ယူရတဲ့ အဖြစ်မျိုး မဖြစ်အောင် ကာကွယ်ထားတယ် ။ အင်တာနက် က စာတွေ ဖတ်တယ် ။ ဟီး ... စိတ် မပူပါ နဲ့ အန်တီ ”


“ အေးပါ ... ကိုယ့် ဆိုင် က ကလေးတွေ ဆို တော့ ပြောရတာပေါ့အေ ၊ ညည်းတို့လေးတွေ လည်မှန်း သိပါတယ် ”


“ ဒီ ခေတ်ကြီး မှာ မလည်ရင် ကိုယ် ခံသွားရမယ် အန်တီ ရဲ့ ။ နိုးနိုး တို့က စည်းကမ်း ရှိပါတယ် ။ ကိုယ့် ဘဲ နဲ့ပဲ ၊ စပွန်ဆာ မတွဲဘူး ၊ စိတ် မဝင်စားဘူး ”


“ ဟုတ်တယ် အန်တီရဲ့ ၊ ဆွေ့ သူငယ်ချင်း တစ်ယောက် ဘဲ ရှိလျက်နဲ့ စပွန်ဆာ အဘိုးကြီး ဆွဲလိုက်တာ ပါးရှစ်စိတ် ကွဲပါရောလား ”


“ ဟမ် ... ပါး ရှစ်စိတ် ... ”


“ လူကြား ထဲ ဆိုင် ထဲ တင် ပါးကို မိန်းမ က ရိုက်သလို ဟော့သလို ရိုက်တာ ၊ ဘယ်ပြန် ညာပြန် ချတာ ပုံလျက်သား ကို လဲကျ သွားတာ ။ အဘိုးကြီး က ထွက်ပြေးရော ။ ပုဆိုးတောင် ကျွတ်မတတ် ဟားဟား ”


“ ကြောက်စရာပါလား ”


“ အမှန်တော့ သူ့ ကောင်လေး က ပထဝီ သိပ် မကောင်းဘူး လေ ။ ဒါကြောင့် ပထဝီ ကောင်းတဲ့ ဘိုးတော် ကို ကြွေပြတာ ”


“ အမ် ... ဘာလဲ ပထဝီ ဆိုတာ ”


“ အန်တီ ကလည်း ရေ လေ ကောင်းတာ ၊ ငဝိုင်း ကောင်းတာကို ပြောတာ ”


နိုးနိုး က လက်လေး အဝိုင်းလေး လုပ်ပြ မှ ပိုက်ဆံ ရှိတာကို ပြောမှန်း သိရတယ် ။ ဖေ့စ်ဘွတ်ခ် ထဲ မှာ ပါ ပါနေလို့ ခေး ၊ မွီး တို့လောက် သိပေမဲ့ ပထဝီ ဆိုတာတော့ ခုမှကို စ, ကြားဖူးတာ ။ တကယ့် ဟာတွေပဲ ။


“ အဲ့ မိန်းမ က ပထဝီ မက်တယ်လေ ၊ သိတယ် မဟုတ်လား "


ဒါဆို ငွေ မက်တယ်ပြောတာ ။


ကျွန်မ ပြုံးစိစိတောင် ဖြစ်ချင်သွားတယ် ။ မြန်မာစကားတွေ မပျက်စီးမှ နေရော ၊ ဘာတွေမှန်း ကို မသိတော့ဘူး ။ ကိုယ့် နာမည်ထဲ ကျော် မပါဘဲနဲ့ လည်း တကျော်ကျော် လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက် လည်း အသက်ကြီး မှ အမြင် ကတ်စရာ ။


" အန်တီ စံစံ လက်ထပ်တာ ဒီလောက် မြန်တာ ရိုးရော ရိုးရဲ့လား မသိဘူးနော် ”


“ မသိပါဘူးအေ ၊ သူ့ ကောင်လေး က လိုချင်ပြီ နေမှာပေါ့ ”


“ ရဲနောင် ကတော့ မဆိုးပါဘူး ။ သူ့ မိဘတွေက မဆိုးဘူး ပိုက်ဆံ ရှိတယ် ”


“ နားမလည်လို့ မေဦး မယ် ၊ ရဲနောင် နာမည်ရင်း က အဂ္ဂနောင် လား ”


“ အေး ... ငါလည်း အဲဒါ ပြောမလို့ ၊ နာမည် က မိုက်တယ် လို့ ။ စံစံ ကလည်း ရဲနောင် ၊ ကိုရဲ လို့ပဲ ခေါ်တော့ မသိဘူး ”


“ အန်တီတောင် နာမည်ကို သေချာ မကြည့်မိဘူး ”


“ သူတို့ လက်ထပ် တာ မြန်လိုက်တာနော် ”


“ ကဲကဲ ... ဧည့်သည် ဝင်လာပြီ လူခွဲကြတော့ ”


“ ဟုတ်ကဲ့ ”


ဧည့်သည် ဆံပင်ညှပ်သူ ၊ ခေါင်းလျှော်သူတွေ စုပြုံ ကျလာတော့မှ အသီးသီး အသံ တိတ်ပြီး လုပ်ငန်းထဲ စိတ် ပြန် ရောက်သွားတယ် ။


°°°°°   °°°°°   °°°°°


၃ ။


ဒီနေ့ ဆိုင်ကို စံစံ ပြန်ရောက် လာတယ် ။ မှန်တံခါး အဖွင့် စံစံ ကို တွေ့တော့ အားလုံး ဝိုင်း အော်ဟစ် ဆူညံ သွားတယ် ။ လက်ဖွဲ့တွေ ကိုယ်စီ ပေးရင်း နိုးနိုး တို့ကတောင် စံစံ ကို အားကျကြောင်း ချီးမွမ်းပေးကြတယ် ။ လောလောဆယ် စံစံ တို့ နှစ်ယောက်လုံး မန်းတက္ကသိုလ် မဟာမြိုင် ကြားထဲက အိမ်ခန်း တစ်ခုကို သူ့ မိဘတွေ က နှစ်နှစ်စာ ငှားပေးလိုက်တယ် ။ စံစံ ဖို့ ဆိုင်ကယ်တစ်စီး အသစ် လက်ဖွဲ့ လို က်သေးတယ် ။ ဆံပင် ၊ မိတ်ကပ် သင်တန်း ကိုလည်း ပြီးဆုံးအောင် သင်ဖို့ တာဝန်ယူတယ်တဲ့ ။ မဆိုးဘူး စံစံ က ကျွန်မ ပေးတဲ့ မွေ့ရာခင်း ၊ ခေါင်းအုံးစွပ်တွေ ကို ဖြန့်ကြည့်ရင်း အားလုံး လက်ဆောင် အတွက် ကျေးဇူးတင်ကြောင်း ပြောတယ် ။ နေ့လယ် ကျွန်မ နားနေတဲ့ အခန်းထဲ စံစံကို တိတ်တိတ်လေး ခေါ်တွေ့ခဲ့တယ် ။


“ စံစံ အဆင်ပြေတော့ ဝမ်းသာတယ် ။ အန်တီ စိတ်ပူနေတာ ။ သူတို့ ဘက် က ဗိုက် ကိစ္စ ဘာ ပြောသေးလဲ ”


“ ဘာမှ မပြောပါဘူး ၊ သူ့ သား ကလည်း ပြောထား ပြီးပြီဆိုတော့ တစ်ခုပဲ ပြောတယ် ”


“ ဟင် ဘာပြောလဲ ”


“ သူ့ အမေ က စံစံ့ ကို အညှာ လွယ်တာကိုး တဲ့ ”


“ အိုအေ ... ဒါက စံစံ တစ်ယောက်တည်း အပြစ်မှ မဟုတ်တာ ။ သူ့ သား အပြစ်လည်း ပါတာပဲ ”


“ စံစံ အပြစ်ပါ အန်တီရယ် ဟင့် ... ဟင့်.. ဟီး .. ဟီး ”


“ အို ... စံစံ ဘာလို့ ငိုတာလဲ ၊ ဝမ်းမနည်းပါနဲ့ ။ သားရှင် ဆိုတော့ နိုင်သလို ပြောတာ မငိုနဲ့နော် ၊ ကလေး နဲ့ ဆိုတော့ ။ အဓိက ခုအဆင်ပြေတယ် မဟုတ်လား ၊ စံစံ နဲ့ ရဲနောင် ပြေလည်ရင် ပြီးတာပဲ ။ သူတို့ နဲ့ အတူ နေမှာမှ မဟုတ်တာ ”


“ မပြေဘူး အန်တီ ရဲ့”


“ ဟင် စံစံ ဘာတွေ မပြေတာလဲ ဟင် ”


“ ဟီး ... ဟီး ”


တဟီးဟီး နဲ့ ရှိုက်ကြီးတငင် ငိုနေတာမို့ အခန်းတံခါး ကို ဂျက် ( ချက် ) ချရင်း -


“ ကဲ စံစံ သမီး ဘာ ဖြစ်လာတာလဲ ။ အန်တီ ကို အကုန် ဖွင့်ပြောပြပါ ၊ ဒါမှ ကူညီလို့ ရမယ်လေ ”


“ စံစံ ကလည်း အန်တီ တစ်ယောက် တည်း ပဲ ပြောစရာ ရှိတာပါ ။ ဟို ရောက်တော့ သူ့ အမေ က ပြောတယ် ။ သူ့ သား က ငယ်သေးတယ် ။ စင်ကာပူ မှာ အလုပ် လုပ်ဖို့ မန္တလေး မှာ အင်္ဂလိပ်စာ စကားပြော တက်ခိုင်းထားတာ ။ ဒီနှစ်ကုန် ထွက်ဖို့လည်း အားလုံး လုပ်ထား ပြီးပြီ ။ နောက်ပြီး မုံရွာ မှာ လူကြီးချင်း သဘောတူပြီး မန္တလေး မသွားခင် ကတည်း က သမီးရည်းစား ဖြစ်နေတဲ့ သူ ရှိကြောင်း ပြောတယ် ။ အဲဒါတွေ အကုန်လုံးက အမှန်တွေပါ ။ ရင်တွေ နာ လို က်တာ အန်တီရယ်  ။ ဒါပေမဲ့ စံစံ ကို သူ လက်ထပ်မယ်လို့ ပြောတယ် ။ သူ့ မိဘ လက်မခံဘူး ”


“ ဟင် ဟုတ်လား ၊ သားသမီးချင်း ကိုယ်ချင်း မစာ "


ကျွန်မ ရဲ့ သိလိုစိတ်တွေက ပြင်းပြလာလေ ၊ စံစံ မျက်ရည်ပေါက်တွေက တလိမ့်လိမ့် ကျလေပါ ။


“ ဘယ်လိုမှ ပြော မရဘူး အန်တီ ။ စံစံ အရှက် မကွဲအောင် မင်္ဂလာဆောင် ပေးမယ် ။ ဒါပေမဲ့ သူတို့ သား နဲ့တော့ မဟုတ်ဘူး ”


“ အို ... ”


“ ဟုတ်တယ် ၊ အစစ အရာရာ စီစဉ်ပေးပါတယ် ။ သတို့သား က သူတို့ သား မဟုတ်တာက လွဲလို့ပေါ့ ”


“ ဒါဆို ရဲနောင် က ... ”


“ ရဲနောင် က အမေ ပြီးမှ ပြီး ရတဲ့ သား ပါ ။ သတ္တိ မရှိဘူး ၊ ကိုယ့် ဗိုက် ကို သူများ လက်ထဲ ထိုးပေးခဲ့တယ် ”


“ ဘယ်လို ... လူတွေမှ ဟုတ်ရဲ့လား ”


“ ဖိတ်စာထဲက အဂ္ဂနောင် ဆိုတာ သူတို့ အိမ် မှာ နေရတဲ့ ခိုင်းဖတ် ၊ သူ့ အဖေ မိတ်ဆွေ ရဲ့ သား ။ ဆွေမျိုး လည်း နည်းနည်း တော်တယ် ပြောတယ် ။ မိဘတွေ မရှိလို့ ခေါ် စောင့်ရှောက် ထားတာ ။ ဉာဏ်ရည် သိပ် မမီတဲ့ သူ တစ်ယောက်ပါ ။ စံစံ့ ဗိုက် အတွက် အရှက်ကာဖို့ အဂ္ဂနောင် နဲ့ မင်္ဂလာ ဆောင် ခဲ့ရတယ် ”


“ ဘုရား … ဘု ရား ၊ ဟင် ... အဲဒီ ရဲနောင် က ဘာလုပ်နေလဲ ။ ဒီအတိုင်း လက်ခံတယ်လား ”


“ အန်တီ အဲဒီ ရောက်တဲ့ အချိန်မှာ စံစံ လူတွေ အကြောင်းကို ပို သိခဲ့ရတယ် ။ ရဲနောင် က မန္တလေး ဘယ်တော့ မှ လာရတော့မှာ မဟုတ်ဘူး ။ သူ့ မိဘ က ဗိုက် ထဲ က ကလေးကိစ္စ ဘာမှ မပတ်သက်ဘူး ။ ဒီလို ကလေးမျိုး ရဲနောင် ထပ် မွေးနိုင်တယ် ။ ဒါကြောင့် ကလေး ဗန်းမပြနဲ့ တဲ့ ။ ငွေသိန်း ၂၀ ပေးတယ် ။ စံစံ ယူတယ် ။ မင်္ဂလာဆောင် တော့လည်း ရဲနောင် မရှိပါဘူး ။ တစ်နေရာ ကို ပို့လိုက်တယ် ထင်တယ် ။ ဘာစကား တစ်ခွန်း မှ တောင် ပြော မသွားပါဘူး ။ ဒီနှစ် ကုန်လည်း ထွက်မှာဆိုတော့ ပြန် မတွေ့နိုင်ပါဘူး ”


“ ရက်စက်လိုက်တာ ။ ဒါလေး လုပ်ပေးတာနဲ့ ပြီးရောလား ။ စံစံ အဂ္ဂနောင် ကို လက်ထပ်ခြင်း အပေါ် ဘယ်လို ခံစားချက်နဲ့လဲ အန်တီ သိချင်တယ် ”


“ စံစံ မှာ ရွေးစရာ လမ်းမှ မရှိတာ အန်တီ ။ မိဘတွေ အရှက် မကွဲဖို့ ဟန်လုပ်ပြီး သူတို့ သွေးသား ၊ ဗိုက် ထဲ က ကလေး အတွက် လက်ထပ်တာပါ ။ အဂ္ဂ အပေါ်မှာ အချုပ်အနှောင် သဘောမျိုး မကျရောက်စေချင်ဘူး ။ သူက ဉာဏ်ရည် အနည်းငယ် မမီပေမဲ့ လူသားဆန်တဲ့ စိတ် ရှိတယ် ။ စံစံ့အပေါ်မှာ အခုချိန်ထိ ရိုးရိုးသားသား စောင့်ရှောက် နေတယ် ။ ကိုယ်ဝန် အကြောင်း ဖွင့်ပြောတော့ အားလုံးကို လက်ခံတယ် ။ အဂ္ဂ ကိုလည်း သူတို့တွေ ပြောပြီးသား ဖြစ်မှာပါ ။ အဂ္ဂ က စံစံ့ ကို အရမ်း သနားတာပဲလို့ ပြောတယ် အန်တီ ”


“ အေးပါကွယ် ၊ ဘာပဲ ဖြစ်ဖြစ် စံစံ ပြောပြတာ နားထောင်တာနဲ့ ကို သူ ဟာ စိတ်ကောင်း ရှိသူ ဆိုတာ သိသာပါတယ် ။ စံစံ စေတနာ အကျိုးပေးမှာပါ ။ အချစ် ဆိုတာ တစ်ခါတလေတော့ လည်း ခပ်ကြမ်းကြမ်း ကျီစား တတ်တယ် ။ ခါးသီးတာ ကို နာတာနဲ့ ဖြေပါ ။ စံစံ ကလေးအတွက် အန်တီ တို့ ရှိတယ် ။ ဘာမှ စိတ်မပူနဲ့ "


“ ဟုတ်ကဲ့ စံစံ အားရှိပါတယ် ။ မွေးလာမယ့် ကလေးကို အဂ္ဂ နဲ့ အတူ စောင့်ရှောက်မှာပါ ။ အဂ္ဂ ကလေးပဲ ဖြစ်စေရမယ် ။ ရဲနောင့် သွေးသားတွေ မပါစေရဘူး အန်တီ "


" အေးပါ စံစံ ၊ ဘဝ အတွေ့အကြုံ တွေက သင်ခန်းစာ ပေးပါတယ် ။ သမီး ကောင်းချင်လို့ ဖြစ်လာတယ်ပဲ မှတ်ယူပါ ”


“ ညနေ သူ လာကြိုရင် အားလုံးနဲ့ မိတ်ဆက်ပေးမယ် ။ ကွယ်ဝှက်ထားစရာလည်း မလိုပါဘူး ။ စံစံ့ အကြောင်း ကို အားလုံး သိစေချင် တယ် ။ သူတို့လည်း သင်ခန်းစာ ရတာပေါ့ အန်တီ ”


“ အင်း ... ဟုတ်တာပေါ့ ”


ဘဝ အတွေ့အကြုံ တွေက စံစံ ရဲ့ အတွေးအခေါ် နဲ့ စိတ်တွေ ကို ပါ ပြောင်းလဲ လာစေတယ် ။ အမှန်တရား ဆိုတာ တစ်ခါတလေတော့ ခါးသီးလွန်းလှတယ် ။


°°°°°   °°°°°   °°°°°


၄ ။


ညနေ မှာ ဆိုင်ကယ် အသစ်လေးနဲ့ လာကြိုတဲ့ အဂ္ဂနောင် ဆိုသူနဲ့ စံစံ က မိတ်ဆက် ပေးတယ် ။ အသား ညိုညို ၊ အရည် ရှည်ရှည် ၊ အပြုံးလေး တစ်ခုကို ပိုင်ဆိုင်ထားပြီး စကား ပြောရင် ခေါင်းလေးစောင်းစောင်း ပြောတတ်တယ် ။ ယဉ်ကျေးတဲ့ လူငယ် ပုံစံ ဖြစ်ပြီး စံစံ ကို ရဲနောင် ထက်တောင် ဂရုစိုက်မှန်း သိသာလှတယ် ။


အားလုံးလည်း သိထားပြီးသားမို့ အဂ္ဂ အပေါ် ဖော်ရွေကြတယ် ။ အဂ္ဂ က စံစံ ကို ဂရုစိုက် စောင့်ရှောက်ပေးဖို့ မှာတယ် ။ ဉာဏ်ရည် မမီခြင်း ထက် ဆင်ခြင်တုံတရား ၊ စာနာမှု ၊ နားလည်မှု တွေနဲ့ ပြည့်နှက်နေတဲ့ အဂ္ဂ ကို အားလုံးက လေးစား နေမိတယ် ။


နှစ်ယောက်သား ဆိုင်ကယ် နဲ့ ထွက်သွားချိန် မှာ ကျွန်မ ရင်ထဲ ကျေနပ်ခြင်း မေတ္တာ တစ်စက် စီးဝင်သွားတယ် ။ အဂ္ဂ လွှမ်းခြုံပေးမယ့် မေတ္တာ တစ်စက် စံစံ ရရှိ ခံစားနိုင်ပါစေ ။


စံစံ ရဲ့ မထူးဆန်းပါဘူး ဆိုတဲ့ ဒီ ဇာတ်ကြောင်းလေး ကို ည ရောက်ရင် မောင့် ကို ပြောပြရဦးမယ် ။ မောင် ဘာတွေများ သုံးသပ်ပြီး ဘယ်လိုများ ပြန်ပြောမယ် ဆိုတာ နားထောင် ချင်စမ်းပါဘိ ။


အဂ္ဂ နဲ့ စံစံ ရာသက်ပန် ချောမွေ့စွာ ထာဝရ ပေါင်းဖက်နိုင်ကြပါစေလို့ စိတ်ထဲမှာ လေးလေးနက်နက် ဆုတောင်း ပေးလိုက်မိတယ် ။


◾ ချောအိမာန်  ၊ မန္တလေး  ၊


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      ဖေဖော်ဝါရီ လ ၊ ၂၀၁၃ ခုနှစ်


#ကိုအောင်နိုင်ဦး


.