❝ ဉာဏ်ကြီးရှင် ❞
( ပုံပြင် )
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ပုဏ္ဏားခုနစ်ယောက်တို့သည် မြို့စဉ် တလျှောက် လှည့်လည်၍ တောင်းရမ်း ရှာဖွေစားသောက်နေကြကုန်၏ ။ တစ်နေ့သော် ဗာရာဏသီပြည်၌ ဗာရာဏသီမင်းကြီး၏ ဥယျာဉ်မှူး အိမ်၌ တည်းခို၍ မြို့စဉ်တလျှောက် လှည့်လည် တောင်းရမ်း ရှာဖွေကြရာ ငွေပေါင်းခြောက်ရာတိတိ ရရှိကြလေသည် ။ ၎င်းငွေ ခြောက်ရာကို ဥယျာဉ်စောင့်လင်မယားထံ၌ အပ်နှံခဲ့ကြလေ၏ ။ ၎င်းငွေ ခြောက်ရာကို ၎င်းတို့ ခုနစ်ယောက် စုံစုံညီညီ အတူတကွ လာရောက် တောင်းယူပါမှ ပြန်၍ပေးစေ ဆိုပြီး ခုနစ်ယောက် မစုံဘဲ တောင်းပါက မပေးရန် မှာကြား၍ ထွက်ခွာခဲ့ကြလေ၏ ။
အတန်ငယ် သွားလတ်သော် ပုဏ္ဏားငယ် တစ်ဦးသည် ခရုသင်း မေ့ကျန်ခဲ့သဖြင့် ပြန် ယူလိုကြောင်း ၊ ကျန်ပုဏ္ဏားများထံ ခွင့်ပန်ကြားကာ ပုဏ္ဏား ခြောက်ယောက်ကို လမ်း၌ ခေတ္တ ရပ်လင့်စေ၍ ဥယျာဉ်မှူး အိမ်သို့ ပြန်လှည့်ခဲ့လေ၏ ။ ပုဏ္ဏားငယ်သည် ဥယျာဉ်မှူး လင်မယားထံသို့ ရောက်သော် မိမိတို့သည် တစ်ပါးသော အရပ်မှ ဤအရပ်သို့ ပြန်လည်၍ ရောက်မည် ၊ မရောက်မည်ကို အသေအချာ ပြောနိုင်စွမ်း မရှိသဖြင့် အပ်ထားသော ငွေခြောက်ရာကို တစ်ပါတည်း ယူဆောင် သွားလို၍ ပြန်ပေးလိုက်ရန် မိတ်ဆွေပုဏ္ဏားများက မှာကြားလိုက်ကြောင်း ပြောကြားလေ၏ ။ ထိုအခါ ဥယျာဉ်စောင့် လင်မယားသည်အဝေး၌ ရပ်၍ စောင့်နေသော ပုဏ္ဏား ခြောက်ယောက်တို့ ထံသို့ လှမ်းမျှော်ကြည့်လေ၏ ။ ပုဏ္ဏားခြောက်ယောက်တို့သည်လည်း ခရုသင်း ပြန်လှည့်ယူသော ပုဏ္ဏားငယ်အား အလျင်အမြန် လိုက်ခဲ့ရန် လက်ယပ် ခေါ်ငင်သည်ကို တွေ့ရသော် ပေးလိုက်ရန် အချက်ပြသည် အထင်ဖြင့် ပုဏ္ဏားငယ်အား ငွေခြောက်ရာကို ပေးလိုက်လေ၏ ။
ပုဏ္ဏားငယ်သည် ငွေခြောက်ရာကို ပိုက်၍ မိတ်ဆွေ ပုဏ္ဏားခြောက်ယောက်တို့၏ နောက်မှ ဖြည်းညင်းစွာ လိုက်ပါခဲ့လေ၏ ။ တစ်ခုသော လမ်းဆုံလမ်းခွသို့ ရောက်သော ပုဏ္ဏားငယ်သည် မိတ်ဆွေ ပုဏ္ဏားများ သွားရာလမ်းသို့ မလိုက်မူ၍ တစ်ပါးသော လမ်းသို့ ခွဲထွက်သွား လေတော့၏ ။ ရှေ့မှ သွားနှင့်ကြသော ပုဏ္ဏား ခြောက်ယောက်တို့သည် နောက်သို့ ပြန်လည် လှည့်ကြည့်သည် ရှိသော် ပုဏ္ဏားငယ်ကို မတွေ့ကြရလျှင် စိုးရိမ်ဟန်ဖြင့် ဥယျာဉ်မှူးအိမ်သို့ တဖန် ပြန်လာခဲ့ကြကာ စုံစမ်းမေးမြန်းကြလေ၏ ။ ဥယျာဉ်မှူး လင်မယားတို့သည်လည်း အဖြစ်အပျက် အစုံအလင်ကို ပြောကြားရာ ပုဏ္ဏား ခြောက်ယောက်တို့သည် ၎င်းတို့ မယူခိုင်းဘဲ ခုနစ်ယောက်လည်း မစုံဘဲ ငွေပေးလိုက်ရကောင်းလားဟု ပြစ်တင် ပြောကြားကာ ဥယျာဉ်မှူးထံ လျော်ကြေးတောင်းကြလေတော့၏ ။ ဥယျာဉ်သည်လင်မယားလည်း လျော်ကြေး မပေးနိုင် သဖြင့် တရားဆိုင်ရန် အတွက် ဗာရာဏသီမင်းကြီး ထံသို့ အခစား သွားကြလေကုန်၏ ။
ဗာရာဏသီမင်းကြီးလည်း ဥယျာဉ်သည် လင်မယားနှင့် ပုဏ္ဏား ခြောက်ယောက်တို့ ၏ လျှောက်ထားချက်ကိုကြားနာ စစ်ဆေးပြီးနောက် ပုဏ္ဏားတို့သည် စုံညီ လာရောက် တောင်းမှ ပေးရန် ဆိုခဲ့ပါလျက် ပုဏ္ဏားငယ် တစ်ယောက်တည်း လာတောင်းစဉ် ကျန်ပုဏ္ဏားတို့ ရပ်လင့် စောင့်နေသော နေရပ်သို့ သွားရောက် စုံစမ်းပြီးမှ ပေးသင့်သည်ကို ယခုသော် ပုဏ္ဏား တစ်ယောက်တည်း လာရောက် တောင်းခံသည်ကို စုံစမ်းမေးမြန်းခြင်း မပြုဘဲ ပေးလိုက်သဖြင့် ဥယျာဉ်သည်လင်မယားအား လျော်ကြေးပေးရန် ဆုံးဖြတ်ချက်ချလိုက်လေ၏ ။ ဥယျာဉ်သည် လင်မယားသည်လည်းလျော်ကြေး မပေးနိုင်သဖြင့် ပုဏ္ဏားခြောက်ယောက်တို့ထံတွင် တစ်အိမ်စီ၌ အလှည့်ကျ ကျွန်ခံကြရရှာလေ၏ ။
နေ့ရှည်ရက်များ ရှိလတ်သော် ဥယျာဉ်သည်မသည် သမီးမိန်းကလေး တစ်ဦးကို ဖွား မြင်လေ၏ ။ ၎င်း သမီးကလေး တစ်ဆယ့်ခြောက်နှစ်အရွယ် ရောက်လေလျှင် တစ်ပါးသူတို့ ကျွန် ဖြစ်သည်မှာ အရှင် တစ်ယောက်သာ ဖြစ်သော်လည်း ၎င်း၏ မိဘများမှာမူ ပုဏ္ဏား ခြောက်ယောက်၏ အလှည့်ကျ ကျွန် ဖြစ်ရသည်မှာ ထူးဆန်းစွတကားဟု မိဘများထံ မေးမြန်းစုံစမ်း လေတော့၏ ။ အမိအဘတို့သည် ၎င်းတို့၏ ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြန်ပြောင်း ပြောပြကြလေ၏ ။ ထိုအခါ သမီးလေးသည် ပညာဉာဏ်ဖြင့် ကြံဆ၍ ယနေ့မှစ၍ အမိအဘတို့ ပုဏ္ဏား ခြောက်ယောက်တို့ ထံတွင် ကျွန်အဖြစ် အလုပ်အကြံ မခံကြလင့်တော့ဟု တားမြစ်ရာ မိဘများကလည်း သမီး တောင်းဆိုတိုင်း ပုဏ္ဏား ခြောက်ယောက်တို့ထံသို့ ကျွန်အဖြစ် မသွားဘဲ နေကြလေကုန်၏ ။ ထိုအခါ ပုဏ္ဏား ခြောက်ယောက်တို့လည်း ဥယျာဉ်သည် လင်မယားအား ခေါ်ငင်၍ ဗာရာဏသီမင်းကြီး ထံသို့ သွားကြပြန်လေ၏ ။ ဥယျာဉ်မှူး၏ သမီးတော်လည်း လိုက်ပါလာလေ၏ ။
မင်းကြီးထံ ရောက်သော် ပုဏ္ဏားခြောက်ယောက်တို့က ဥယျာဉ်သည် လင်မယား သည် မင်းကြီး အဆုံးအဖြတ် ပေးတော်မူသည့်အတိုင်း ကျွန် မလုပ်၍ လာရောက် တိုင်တန်းရကြောင်းကို လျှောက်တင်ကြလေ၏ ။ မင်းကြီးလည်း ဥယျာဉ်သည်လင်မယားအား ကျွန်အဖြစ် အဘယ်ကြောင့် ဆက်လက် မလုပ်ကြသနည်းဟု မေးမြန်းရာ ဥယျာဉ်မှူး၏ သမီးငယ်က “ အရှင် မင်းကြီး ၊ ပုဏ္ဏားတို့ ဥစ္စာအပ်နှံသော အခါက ငါတို့ ခုနစ်ယောက် စုံစေ့မှ ဥစ္စာကိုပေးဟု ဆိုသောကြောင့် ယခု ပုဏ္ဏားတို့ မစုံစေ့ဘဲ ဥစ္စာကို မပေးတော့အံ့ ” ဟု လျှောက်တင်လေ၏ ။ ဗာရာဏသီ မင်းကြီးလည်း ထိုစကားကို ကြားလေသော် “ ဥယျာဉ်မှူး သမီးငယ် ဆိုသော စကားသည် ဟုတ်ပေ၏ ။ ပုဏ္ဏားတို့ ဥစ္စာ အပ်နှံသောအခါ ငါတို့ ခုနစ်ယောက် စုံစေ့မှ ပေးဟု ဆိုလေသောကြောင့် သင်တို့ ဥစ္စာလိုလျှင် ခုနစ်ယောက် စုံစေ့အောင် ပုဏ္ဏားငယ်ကို ရှာပေလော့ ” ဟု မိန့်တော်မူလေ၏ ။
ပုဏ္ဏားခြောက်ယောက်တို့လည်း ပုဏ္ဏားငယ်ကို ရှာဖွေ မရကြသဖြင့် ခုနစ်ယောက် မစုံစေ့၍ ဥစ္စာမရ ဖြစ်ကာ တရားရှုံးလေတော့သတည်း ။
〇 ကိုကိုလွင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၈ ၊ ဒီဇင်ဘာ