Thursday, February 6, 2025

နွံ နှင့် ကြာ


 

❝ နွံ နှင့် ကြာ ❞
      ( ဝိုင် )
     
လူ တစ်ဦးတစ်ယောက် ၏ တွေးခေါ် ဆင်ခြင်ဉာဏ် သည် ပြီးပြည့်စုံသည် မရှိချေ ။ အရွယ် ၊ အချိန် ကာလ ၊ နေရာဒေသ အဖြစ်အပျက်တို့ ကွာခြားသည် နှင့်အမျှ တစ်ခါက တွေးမျှော် လက်ခံထားမိသော ဆင်ခြင်တုံတရား တို့သည် ပြိုလဲရ၏ ။ ယင်းသည် အဆန်းတကြယ် မဟုတ်သော ဘဝ၏ ဖြစ်မြဲ ဓမ္မတာ ဖြစ်လေ့ဖြစ်ထ ရှိသော သဘာဝတရားသာ ဖြစ်၏ ။ သို့သော် ယင်းသည် ကိုယ့် အလိုဆန္ဒ နှင့် မကိုက်ညီသည့် အခါမှာတော့ ဖြစ်ရိုးဖြစ်စဉ် သဘောသည် ပင် စိတ် နောက်ကျိဖွယ်ရာ ခံစားချက်တို့ ဖြစ်ရလေသည် ။

“ မေမေ ... သားသား ၊ ဘာလုပ်ရမှာလဲ ”

ကစားစရာများ ပတ်လည်ဝိုင်း နေသည့် ကြမ်းပြင် ပေါ် မှာ ဘူးတွေ ပုံးတွေ ထဲက ကစားစရာ အရုပ်များ ကို ထုတ်ယူ ဆွဲဖွ ကြည့်ရင်း သား က မေးပါသည် ။  ဒီနေ့ သူ ဘာ ကစားရမှာလဲ ဆိုတာ သူ့ ဘာသာ မစဉ်းစား တတ်လျှင် အမေ့ ကို ကူပြီး စဉ်းစားခိုင်းလေ့ ရှိတတ် သော သား သည် သူ့ မေမေ ကို သူ့ ကစားဖော် ဟု သတ်မှတ်ထားသူ ဖြစ်ပါသည် ။ သူ့ အဖော် သူ့ မမ က မူလတန်း ကျောင်းသူကြီး ဖြစ်နေသောကြောင့် သူ့ အနားမှာ သူ အလိုရှိတိုင်း အတူ မကစားနိုင်တော့ပါ ။

ကျွန်မ က ပြုံးလျက် သား နှစ်သက်လှသော မီးရထားခေါင်းတွဲကလေး ကို ချောက်ချက် ချောက်ချက် မြည်အောင် ဖိဆွဲ တွန်းပြရင်း ..

“ ရထားလေး ရထားလေး ဂျုံးဂျုံး ဂျက်ဂျက် အသံပေး ”

ကဗျာတစ်စ ဆိုပြ လိုက်လျှင် သား က မျက်နှာမရွှင် ခေါင်းငဲ့၍ ခါယမ်း၏ ။ ယခင် အခါများက သည်လို စ လိုက်လျှင် ကဗျာကို သူ ပျော်ပျော်ကြီး ဆက် ဆိုတတ်သည် ။

ကောက်ကောက်ကွေးကွေး
လမ်းပေါ်မှာ ဥဩမြည်သံသာ
အသံသာတဲ့ ရွှေဥဩ လေမှာလွင့်ပျံမျော
သဘောကောင်းတဲ့ရထားငယ်
လူရောကုန်ပါသယ်
ဟိုနယ် သည်နယ် ကျော်ကာဖြတ်
ဘူတာတိုင်းမှာရပ်
တောင်ကိုဖြတ်လို့ မြစ်ကိုကျော်
ရထားတူတူအော်
တူတူအော်တဲ့ ရထားလေး
လိုဏ်ခေါင်းထဲကိုပြေး
ဂျုံးဂျုံးဂျက်ဂျက် ဂျုံးဂျုံးဂျက်ဂျက်
“ပေါ်ပူးပူးပေါ် ”

ရထားဥသြသံ ကို ကဗျာအဆုံး မှာ သူ ကိုယ်တိုင် ထည့်သွင်း သီဆိုရင်း လိုဏ်ခေါင်းပမာ ကျွန် မက ကူညီ ဆောက်ပေးထားရသော စာအုပ်ထပ်များ သစ် သားတုံးများ အောက် မှ သူ က ရထားလေး ကို တွန်းတွန်းတိုက်တိုက် ဆွဲယူ မောင်းကာ ဒူးနှစ်ဖက် လက် တစ်ဖက် ကို ကြမ်းပြင်မှာ သုံးဖက် ထောက်လျက်သား ပတ်ချာလှည့် သွားရင်း ကဗျာတေးကို တကြော်ကြော် ဟစ်တတ်၏ ။

ခုတော့ သားက ရထားလေး ကို ဟင့် အင်း .. တဲ့ ။

သည်တော့ ကျွန်မ က ကားကလေးတွေ ကို ဆွဲယူပြ၏ ။  သားက ကားကလေးတွေကို ချစ်တတ် ၏ ။  အချိုရည်တင်ကား ၊ ကရိန်းကား ၊ မြေသယ်ယာဉ် ၊ လူစီးကား အကြီးအသေး ၊ ပြိုင်ကား ၊ စစ်ဂျစ်ကား ၊ တင့်ကား ၊ ရေပူဖောင်းတွေ အကြား ငုတ်ကလေးတွေ မှာ ရောင်စုံကွင်းကလေးတွေ ပစ်သွင်းစွပ်ကစားရန် ပြုလုပ်ထားသည့် ကားသဏ္ဌာန်လေးပါ မကျန် မုန့် ထုပ်ထဲ အပို ထည့်ပေးတတ်သည့် လက်သန်းထိပ်ဖျား လောက် ပြိုင်ကား သေးသေးလေးကို ပါ သူ ချစ်၏ ။  ရှိသမျှ ကားတွေ ကို ဘေးချင်းကပ် စီတန်း ယှဉ်လျက် ထားပြီး အငှားကားဂိတ်စခန်း အဖြစ် ကစားတတ်၏ ။ တစ်ဖန် ရှေ့နောက် ထိပ်ချင်းတေ့ဆက်လျက် စာအုပ် ပုံ ၊ စားပွဲခြေထောက်များ ကြား ကွေ့ ဝိုက်စီတန်းရင်း တရွေ့ရွေ့ တွန်းကာ ဓာတ်ဆီထုတ်တမ်း ကစားတတ်၏ ။

သည်တစ်ခါတော့ ကားတွေ ကို သား က တစ်ချက်သာ ခပ်ပေပေ ကြည့်ပြီး မနှိုက်ရသေးသော သူ့ အထုပ်အပိုးတွေ ဆီ အာရုံကျနေ၏ ။

အရုပ်တွေ ကူဖွ ပေးရင်း ရောင်စုံဘိုးလိန်းလေးတွေ လှိမ့်ဖို့ ကျွန်မ က ပြ ကြည့်တော့လည်း သူ က ခေါင်းတွင်တွင်ယမ်း၏ ။ စစ်သားရုပ်တွေ ၊ တင့်ကား လေးတွေ သံစည်းရိုးတွေ ၊ အလံတိုင်တွေ ၊ တောင်ကုန်းတွေ စုထည့်ထားသော စစ်တိုက်ကစားစရာ အထုပ်လေး ဆွဲမ,ပြပြန်တော့ အမေ နှင့် စစ်တိုက်တမ်း ကစားဖို့ရာ လိုလိုလားလား ရှိပုံမရ ။  အပြင်မှာ နေပူပြီ ဖြစ်၍ ဘောလုံး ကန်ဖို့ ဘတ်စကတ်ဘော ကစားဖို့ မဖြစ်နိုင်သည်မို့ ကြိုးတွေ နှင့် ရက်သီထားသော ဘောလုံးအိတ် ကို ဘေးသို့ တွန်း ဖယ်ထားလိုက်၏ ။
သဘာဝနှင့် တူစွာ ပုံသွင်းဆေးခြယ်ထားသော တိရစ္ဆာန်အရုပ်လေးတွေ ကို ကျွန်မ က ထုတ်၍ စီပေး ကြည့်၏ ။ ရေမြင်းသားအမိကို သူ မြင်အောင်ပြထား ပေ၏ ။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ် ကို အလည်ရောက် ခဲ့စဉ်က အဖြစ်တွေကို ပြန် သတိရရင်း သူ က အစာ ကျွေးတမ်းကစားတတ်သည် ။ သား ကို ငယ်စဉ်က ထမင်းခွံ့သည့် အခါ တော်တော်နှင့် ပါးစပ်ဟ မပေး လျှင် ကျွန်မက ရေမြင်း လုပ်တမ်း ကစားရ၏ ။ ထိုအခါ ‘ ဟား ’ ဟု အော်အော် ပြပြီး ပါးစပ်ဟ ပေးလျှင် ထမင်း ခွံ့လိုက်ရလေသည် ။ သစ်ကုလားအုတ်ကလေး လဲကျ နေသည်ကိုလည်း ပြန် ထောင်ရန် စိတ်မကူး ။  လည်ပင်းရှည်ရတာကိုလည်း ဘာကြောင့် ဟု နှိုက်နှိုက် ချွတ်ချွတ် မမေး ၊ မေးလွန်း ဖြေရလွန်း၍ စိတ်မဝင်စား တော့ပြီ ထင်၏ ။

ဒိုင်နိုဆောရုပ်ကလေးများကို စီထောင်၍ပြလျှင် စနစ်တကျ သူက ရွေးချယ်၍ အမျိုးအစား ခွဲခြား နေရာ ချထားတတ်မြဲ ဖြစ်ခဲ့၏ ။ TVမှာ ၊ ရုပ်ရှင် ထဲမှာ ၊ ကလေးအလွယ် ဖတ်ရန် အရုပ်ပုံများနှင့် ဒိုင်နို ဆော ကမ္ဘာ အကြောင်း စာအုပ်များ မှာ သူ မြင်ခဲ့ဖူးသော ဒိုင်နိုဆောများ ကို အင်မတန် စိတ်ဝင်စား၏ ။  သူတို့ အကြောင်းကို ဖတ်ပြ၍ အသံထွက် ပြပေးခဲ့သော နာမည် အခေါ်အဝေါ် ၊ သူတို့ သဘာဝ အလေ့အထ များကို ကျွန်မ က မေ့သွား သော်လည်း သူက မမေ့ ။  သွားအဖြဲသား နှင့် ကြောက်စရာ ဒိုင်နိုဆော ကို ဆွဲ ထုတ်ပြီး “ သူက ထရိုင်ရိုနိုဆောရပ် ” ဟု ပြောတတ်သည် ။ “ သူက အသားစားတယ် ” ကျွန်မ ပြောခဲ့ဖူးတာ သူ မှတ်မိနေ၏ ။ “ ဒါက အရွက်စားတာ ၊ ဘရက်ဒီယို ” ။  သူ့ကို T.Y ronnosaurus နား မှ ခွာပစ်တတ် ၏ ။ “ ဒါက ကာတွန်းကား ထဲက အက်ပက်တို ” ဟု လည်ပင်းရှည်ရှည် ကောင်လေး ကို ပြောတတ်၏ ။ ကျွန်မ က ရုပ်ကို မြင်လျှင်တော့ ရုပ်ရှင်ထဲက ကောင်ကို သိပါ၏ ။ သို့ပေမဲ့ ကိုယ်ဖတ် ပြခဲ့ဖူးသည့် သူ့ အမျိုး အစား Apatosaurus ကိုတော့ မေ့ပြီ ။  သားသည် ဒိုင်နိုဆောများ ကို စွဲစွဲလမ်းလမ်း မှတ်မှတ်သားသား ရှိပြီး စိတ်ဝင်စားလှတာကို ကျွန်မ အံ့ဩပါသည် ။  အခုတော့ အထုပ်ထဲက ခေါင်းပြူထွက် နေသော Brachiosaurus တစ်ကော င်ကို ဆွဲထုတ်မည် ပြုလျှင် သား က ကျွန်မ လက်ကို တွန်းဖယ်ပါသည် ။

ရုပ်ပုံပန်းချီကား ကွက်လပ်များ ကို အမှန် ဖြည့်စွက် ပုံဖော်ရသော Puzzel ကားချပ်ဆက် ကစား သည့် အချပ်များ ကိုလည်း ဘေးသို့ ဖယ်ထုတ်ပစ်သည် ။  ပလတ်စတစ်ပုံး ထဲမှာ သိမ်းပေး ထားရသော လက် ၊ ခြေ ၊ ခါး ၊ ခေါင်းပိုင်း တို့ လှုပ်ကစား နိုင်သော ပါဝါရိန်းဂျား ရုပ်ကလေးများ ၊ သူတို့ လက်နက်နှင့် ဝတ်စုံများ ကို လည်းကောင်း ၊ ဖွင့်၍ ပိတ်၍ ရသော တံခါးပေါက်များ ပါသော ကိုယ်တိုင် ဆောက်လုပ် ဆက်စပ် ပေးရသော အိမ်ကလေး အစရှိသော တီထွင် ကစားရသော ဉာဏ်ရည်ဖွံ့ဖြိုးစေသော ကစားစရာ များကို လည်းကောင်း သား သည် စိတ်ဝင်စားပုံ မပြ ။ 

တီထွင်ဉာဏ် မြင့်မားစေရန် ရည်ရွယ်၍ စုဆောင်းဝယ်ယူပေးခဲ့သော အခြားအခြားသော များလှ စွာသော ကစားစရာ ပစ္စည်းအပုံ ၏ ရှေ့မှာ ရှိသော သား ကို ကျွန်မ ငေးမိပါသည် ။ သား ဘာကို ကစားမှာပါ လိမ့် ။

သား ကတော့ အမေ့ မျက်နှာ ကိုပဲ မော့မော့ လေးကြည့်ကာ ချွဲချွဲနွဲ့နွဲ့ အသံကလေးနှင့် မေးပြန်ပါ၏ ။

“ မေမေ သားသား ဘာလုပ်ရမှာလဲ ” တဲ့ ။ 

လေးနှစ်သားကလေး ၏ မေးခွန်း ကို နားထောင် နေရင်း ကျွန်မ ကိုယ့် ကိုယ် ကိုယ် အပြစ် ဖို့မိပါ သည် ။  ပြီးတော့ ကလေး ငြီးငွေ့ နေရလောက်အောင် ဖြစ်နေသော ကျွန်မတို့ ၏ နေထိုင်မှု ဘဝပုံစံတွေ ကို အရေးတကြီး ပြန်လည် သုံးသပ်ရန် အကြောင်းဖန်လာ လေတော့သည် ။

ကျွန်မ ငယ်ငယ် သည် အရွယ်တုန်းက သည်လို မေးခွန်းမျိုး ၊ မမေးခဲ့ဖူးချေ ။ မေးလေသမျှ ထိုင် ဖြေရှင်းပေးမည့် အမေ နှင့် လည်း အတူ ကစားခွင့်မရ ခဲ့ပေ ။ အတူ ကစားဖို့ နေနေသာသာ မိုးလင်း က မိုးချုပ် အမေ ဟာ ကျွန်မ အနား သီပင် မသီနိုင် ။ မကပ်နိုင်ခဲ့ ရှာချေ ။  သားငယ် ၊ သမီးငယ်များ ၏ ဥပဓိရုပ်ဖွံ့ဖြိုးစ အစောပိုင်းကလေးဘဝများ တွင် တယုတယ ထွေးပွေ့ အတူတကွ ဆော့ကစား ၊ ကဗျာတွေ အတူသီဆို ၊ ပုံပြင်တွေ ထပ်ကာ ထပ်ကာ ပြော ၊ ရုပ်ပုံပါသော ရောင်စုံ ကလေးဖတ် စာအုပ်လှလှလေးများကို ဖတ်ပြ ရင်း အတူ ရယ်မောပျော်ရွှင်ကြရခြင်းသည် အမေနှင့် ကလေးတို့ အတွက် တန်ဖိုး မဖြတ်နိုင်သော ရတနာ တစ်ပါး ဖြစ်ပါသည် ။

ငယ်ဘဝ က လိုချင် မက်မောခဲ့သော အရာများ ၊ လိုလားတပ်မက် သော်လည်း မရနိုင်ခဲ့သည်များ ကို ကျွန်မ မိခင် ဖြစ်လာသော ဘဝ၌ သမီး နှင့် သားကို ပုံပေး လိုက်၏ ။  သားတို့ မောင်နှမသည် ငယ်စဉ်က ကျွန်မ မရခဲ့ဖူးသော နေထိုင်မှု ဘဝမျိုးမှာ သက်သောင့်သက် သာ ဖြတ်သန်းနေသူများ ဟု ဆိုနိုင်ပါသည် ။  သူတို့ မှာ မိုးလုံလေလုံ နေစရာ အိမ်ရှိ၏ ။ ကျွန်မ ငယ်ဘဝ မှာတော့ ဟိုနေရာ သည်နေရာ မိုးယို နေသော အိမ် ထဲမှာ စိုစိုစွတ်စွတ်နှင့် တိုးတိုးခွေ့ခွေ့ စုပြုံ အိပ်ရရင်း မိုးသည်း ညများ ကို မဆုံးနိုင်အောင် သည်းခံ နေခဲ့ရဖူးသည် ။ သားတို့ တွင် စားစရာ ထမင်း ၊ ဟင်း အတွက် ပူဖို့ရာ မဆိုထားနှင့် မုန့်ကို အမျိုးမျိုး အဖုံဖုံ ၊ အိမ်မှာ ပြည့်စုံ နိုင်သမျှ ထားရှိပေးခဲ့မြဲ ဖြစ်ပါသည် ။ ကျွန်မ ၏ ကလေး ဘဝ မှာတော့ ထမင်း နပ်မှန်အောင် စားရခြင်း သည်ပင် ကံကောင်းခြင်း ဖြစ်၏ ။ သားတို့ ကို မုန့်ဖိုး ပေးလေ့ မရှိသော်လည်း အာဟာရ နှင့် ပြည့်စုံပြီး အဆာပြေ တစ်မျိုး ၊ အဝစား တစ်မျိုး စားနိုင်သော အန္တရာယ် ကင်း မုန့်ပဲသရေစာများကို သူတို့ တောင်းတိုင်း ပေးဖို့ အသင့် ထားရှိမြဲ ဖြစ်ပါသည် ။  ကျွန်မ ကတော့ နေ့စဉ် ချက်စရာ ဆန်ရှိဖို့ အထူး လိုအပ်နေသော သိနားလည် နေသော ကလေး တစ်ယောက် ဖြစ်ခဲ့ရပြီး ရံဖန်ရံခါ မှ စားရတတ်သော ပေါက်ပေါက်ဆုပ်ကလေး ၊ ပဲကြီးလှော် တစ်ဆုပ်စာလေး မျှနှင့် ကျေနပ်ကာ အထူး အဆန်း မုန့်များကို တောင်းဆို ပူဆာလိုစိတ်ပင် မရှိနိုင် ခဲ့သူ ဖြစ်ပါသည် ။

သားတို့မှာ လူလတ်တန်းစား မိဘ မှ ပေါက် ဖွားလာရ သော်လည်း လူချမ်းသာ တချို့၏ သားသမီး များမှာပင် ဝယ်ပေးခြင်း မခံရသော ကစားစရာ ပစ္စည်း များကို တီထွင်ဉာဏ် ရှိအောင်လို့ ၊ ဖန်တီးနိုင်စွမ်းမြင့် အောင်လို့ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးအောင်လို့  ၊ အနု ပညာကို ခံစားတတ်အောင်လို့ ၊ ဂီတ ကို မြတ်နိုးတတ် အောင်လို့ ၊ စိတ် တည်ငြိမ်အောင်လို့နှင့် ခေါင်းစဉ်မျိုးစုံ တပ်၍ ဝယ်ပေးလေ့ ရှိတတ်သော ကျွန်မ လို မိခင် ရှိလေ၏ ။

ကျွန်မ ငယ်ဘဝ မှာတော့ ကိုယ်ပိုင် ကစား စရာ ဟူသည် ရှားပါးပါဘိ ။ အငယ်ဆုံး ဖြစ်ပြန်သည့် အတွက် အစ်ကိုအစ်မတွေ ၏ အကျ ကျိုးပဲ့နေသော ၊ ပျက်စီးနေသော အရုပ် အပိုင်းအစများသာ ပွေ့ဖက်ခဲ့ရ၏ ။

သားတို့ ကို ကျွန်မထက် ပြည့်စုံကြွယ်ဝအောင် ကျွန်မ ငယ်စဉ် ဘဝလို မချိုငဲ့ အောင် လူတန်းစေ့ စားစရာ ၊ ကစားစရာ ၊ အဝတ်အထည် ၊ နေထိုင်မှုဘဝ ၊ စာသင်ကျောင်း ကောင်းကောင်း က စ၍ ရွေးချယ်ဖြည့်ဆည်း ပေးအပ်ခဲ့ပါသည် ။ ကလေးတို့ နှစ်ယောက် ဆော့ကစားစရာ ရုပ်ဝတ္ထု အပုံအပင် ၊ ယုယ ကြင်နာ တတ်သော အမေ့ မေတ္တာ ကလည်း အပုံအပင် ရနေပါ လျက် သား သည်ကား ငြီးငွေ့ လျက်ရှိ၏ ။

ကျွန်မ တစ်စုံတစ်ရာ မှားခဲ့ပြီ ဆိုတာ သေချာလေပြီ ။

တီထွင်ဖန်တီးနိုင်စွမ်း အမြင့်ဆုံး အရွယ် လေးနှစ်သားကလေး တစ်ယောက် ထံမှ သည်လို ငြီးငွေ့ နေသော အဖြစ်ကို တွေ့လိုက်ရခြင်းသည် သား သမီး ပြုစုပျိုးထောင် ထိန်းသိမ်းခြင်း တွင် ဂုဏ်ယူဖို့ ပြင်နေသူ ကျွန်မ အား အရှိုက် ကို အလဲထိုးပစ်ခြင်း သာ ဖြစ်တော့၏ ။

ပြည့်စုံခြင်းသည် ပင် ငြီးငွေ့ခြင်း ၏ အစ ဖြစ်နေတာလား ။

ကျွန်မ သူငယ်တန်း အရွယ် က ပထမဆုံး ကိုယ်ပိုင် ပစ္စည်း အဖြစ် ကိုယ့် ကြိုးစား အားထုတ်မှု လုပ်အားကြောင့် ဆုအဖြစ် ရခဲ့သော ရောင်စုံခဲတံ ဘူးလေး ကို ခုထက်ထိ မြင်ယောင် မှတ်မိဆဲ ဖြစ်၏ ။ ပန်းချီ ခြယ်သည့် ဆီဆေးဘူးကလေး ကို ဝယ်ယူ ပိုင်ဆိုင်နိုင်ရန် အတွက် အလယ်တန်းကျောင်းသူ ဘဝ၏ နွေရာသီ ကျောင်းပိတ်ရက်တချို့မှာ အိမ်နှင့် အတော် ဝေးကွာသည့် အမျိုးတွေ နေထိုင်ရာ ရွာကလေး ကို အဖော် မပါ သွားရောက် အလုပ် လုပ်ရင်း မုန့်ဖိုးရ အောင် စုခဲ့ရ၏ ။ သဲသောင်ပူပူ ၌ ခြောက်သွေ့ပူပြင်း သည့် နွေနေ့လယ်ခင်းများ မှာ ချွေးဒီးဒီး ကျအောင် ကြက်သွန်ခင်း ထဲမှာ အလုပ် လုပ်နေသော်လည်း ကျွန်မ ပျော်ရွှင်နေခဲ့၏ ။ မျှော်မှန်းထားသလို အိမ် ပြန်ရောက် တော့ ဆီဆေးဘူးကလေး ကို ကျွန်မ ဝယ်ယူနိုင်ခဲ့၏ ။  ကိုယ့် လုပ်အားခ ချွေးနှဲစာ မုန့်ဖိုး တို့ဖြင့် ဝယ်ယူခဲ့ရ ခြင်း ဆိုတော့လည်း ဒီ ဆေးဘူးကလေး ကို တစ်သက် မေ့နိုင်မည် မဟုတ်ပါလေ ။

နွေနေ့လယ်ခင်း တစ်ခုမှာ သင်ဖြူးဖျာ ပေါ် ထိုင်ရင်း ပုံဆွဲ ၊ ဆေးရောင်ခြယ်ဖို့ ပန်းချီနည်းစနစ် ဘာ တစ်ခုမှ မသိဘဲ ဆီဆေး ကို စမ်းတဝါးဝါး တို့ကာ ကုန်သွား မှာလည်း နှမြောမြောနှင့် တွန့်ဆုတ် တွန့် ဆုတ် ပန်းချီပုံ ခြယ်ခဲ့သည့် ကျွန်မ ကိုယ် ကျွန်မ ခုထက် ထိ သတိရ နေဆဲဖြစ်သည် ။ ရင်တခုန်ခုန် နှင့် စိတ် လှုပ်ရှား ပျော်ရွှင် နေခဲ့သည်မှာ အမှန် ဖြစ်လေသည် ။

ကစားစရာတွေ အပုံအပင် မရှိသော ငယ်ဘဝ မှာ အိမ်ခြံ က အုန်းလက်ကြွေ ကို ကောက်ယူ၍ ကြိုးတစ်စရစ် ပတ်ကာ ဇက်ကြိုးကိုင်သလို ဆွဲထားရင်း ဆရာ မင်းသုဝဏ် ၏ “ ဝါဆိုဝါခေါင် ရေတွေကြီးလို့ ” အစချီသော ကဗျာ ကို တကြော်ကြော် သီဆိုလျက် အုန်းလက်နွား ကို ပျော်ပျော်ကြီး စီးခဲ့ပါသည် ။ ကစားစရာမျိုးစုံ မရှိနိုင်သော ဘဝမှာ သစ်ရွက်ကလေးများ သည်ပင် ကျွန်မ ၏ ကစားစရာ များ ဖြစ်လာခဲ့သည် ။ သစ်ရွက်သရဖူများ ၊ သစ်ရွက် စလွယ်များ ၊ သစ်ရွက် လက်ကောက်များလုပ်၍ ကစား၏ ။  ကြာရိုးကြာစွယ် ခူး၍ ကြာဆစ်ကြိုး လုပ်ကာ လည်မှာ ဆွဲ၏ ။ တမာရွက် ၊ စွယ်တော်ရွက် အခြောက်လေးများ ကို ဖယောင်းခဲ နှင့် တိုက်၍ ဘူးထဲ မှာ ထည့် စုဆောင်း၏ ။ အိမ်ရှေ့ မြောင်းရေစီးမှာ စက္ကူ လှေ လွှတ်၏ ။ သစ်ရွက်ကြွေ မျှော၏ ။ ကွန်ပါဘူး တစ်ခြမ်းပြတ်အဟောင်းကို မော်တော်ကား လုပ်၍ အရုပ်တွေ တင် မောင်းနှင်၏ ။ စက္ကူနှင့် ကော်နှင့် ဖြစ် စေ အဝတ်ဖြူ ပိတ်စတွင် အပ်ချည် အနီအနက်များ နှင့် အရုပ်မျက်နှာ ဆံပင်များ ပြုလုပ်၍ ဖြစ်စေ ကစားရန် လူရုပ်များ လုပ်၏ ။ အရုပ်ကလေးများ အတွက် ဗလာ စာအုပ်ကတ်ထူဖုံးများနှင့် အိမ်ဆောက်၏ ။ ခုံတင် ၊ စားပွဲ ၊ ကု,လားထိုင်များ ဖြစ်အောင် စက္ကူများဖြင့် ထွင် ၏ ။ ထမင်းမေ့ ဟင်းမေ့ ပျော်ခဲ့ရပေသည် ။ မေမေ ကတော့ မီးဖိုချောင် နှင့် အိမ်မှုကိစ္စများ ကြားမှာ မြှုပ် နေတတ်ခဲ့ပြီး ကျွန်မ ကစားရာ အနီးသို့ လာရောက် မကူ ညီနိုင်ခဲ့ပေ ။

ကျွန်မ မိခင် ဖြစ်လာသည့် ဘဝမှာ ကျွန်မ မက် မောခဲ့သည်များ ကို သားထံ ၊ သမီးထံ သို့ အလိုအလျောက် ပေးအပ်မိလျက်သား ဖြစ်လာခဲ့သည် ။ လေးနှစ် ခြားသော သမီးလေး ကျောင်းသွားရသည့် အခါ အဖော်မဲ့ရှာသော သား အတွက် သား အနီးမှာ အတူ တကွ နေ့နေ့ညည ကျွန်မ ရှိတတ်လွန်း ပြန်တော့ သား ဖေဖေ ကပင် စိတ်ကောက်တတ် လာတော့သည် ။ ထို့ထက် သား ထံက “ မေမေရာခဲ့ ” “ မေမေမှ ” “ မေမေနဲ့ မှ ” ဆိုသော စကား ကို တခြားသူ တစ်စုံတစ်ရာ လုပ်ပေးလေတိုင်း သား က ငြင်းပယ်ကာ ကျွန်မ ကိုသာ တောင်းဆို လာတတ်၏ ။ သား က အမေ ကို ခင်တွယ်လွန်း ချစ်လွန်းလှသည့် အဖြစ်ကို သဘာဝ ထက် ပို အောင်များ ကျွန်မ ပြုမိလေပြီလား ဟု အခုတော့ တွေးရပေပြီ ။

ကလေးစိတ်ပညာ ၊ ပညာရေးစိတ်ပညာ စသော စာအုပ်တွေ ပြန်ကာ ၊ လှန်ကာ ပြန်ရှာဖတ်ဖို့ လိုပြီ ထင်၏ ။  ရုပ်ဝတ္ထုပစ္စည်း အစုံအလင် ၊ ချစ်မေတ္တာ တစ်ပုံတစ်ပင် ၊ အိမ်ဦးနတ် ၏ အငြိုငြင်ခံကာ ဖဲ့ထုတ် ပေးထားသော သား အတွက် ကျွန်မ ၏ တစ်နေ့တာ အချိန်နာရီ များစွာ ၏ မျက်မှောက်မှာ ခုတော့ သား က မေးလေပြီ ။

သည်မေးခွန်း ကို ထပ်ကာထပ်ကာ ကြားဝံ့သည့် သတ္တိ ကျွန်မ မှာ မရှိပြီ ။ လိုအပ်သမျှ အရန်သင့် ရနေသော သားဘဝ ကို ပြည့်စုံသော ဘဝ ဟု ဆိုနိုင်ပါမည်လား ။ သား သည် ကျွန်မ မဟုတ် ၊ သား ဖြတ်သန်း ရသော ခေတ် သည်လည်း ကျွန်မ ၏ ငယ်စဉ်ဘဝ ဖြတ်သန်းရာ ခေတ် နှင့် တူမည် မဟုတ် ။  သို့သော် ခေတ်တွေ ဘယ်လောက် ပဲ ကွာဟ ကွာဟ ကလေးတို့ ၏ အခြေခံ လိုအပ်ချက် များ မှာမူ အတူတူ သာလျှင် ဖြစ်နိုင်ပါသည် ။ 

သားဘဝ မှာ စွန့်စားမှုတွေ ၊ ရုန်းကန်အား ထုတ်မှုတွေ ရှိဖို့ လိုအပ်နေပြီ ။  ဘဝ ကို ခါးသီးစွာ ရုန်းကန် ရင်ဆိုင်ရင်း နေ့စဉ် နေ့စဉ် စွန့်စားခန်း အသစ် တွေ ဖွင့်ခဲ့ရသော ကျွန်မ ၏ အတွေ့အကြုံမျိုး သား မှာ မရှိ ။ မရှိ သဖြင့် သား ကို ဆင်းရဲတွင်း ထဲ ပစ်ချရန် လည်း မလိုအပ်ချေ ။  ငယ်သည့် အရာ က စ၍ ကြီးမားသော အခက်အခဲများ ထိတိုင် သူ့ ဘဝ မှာ တွေ့ကြုံလာမည့် အခက်အခဲ မှန်သမျှ ကို သား ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်း နိုင်ဖို့ ကျွန်မ က အခွင့်ပေးရပေလိမ့်မည် ။ လေးနှစ်သား အရွယ် မှာ ဘာရယ် မဟုတ် အမေ ကို နွဲ့ချင်၍ မေးလိုက် သော မေးခွန်းမျိုး သား အသက် ၁၈ နှစ် အရွယ် မှာ မမေးလာစေဖို့ ကျွန်မ ကြိုးစားရတော့မည် ။ ထို အရွယ် မှာ သားသည် သူ့ ဘဝသူ “ ဘာဖြစ်ချင်တယ် ” “ ဘာ လုပ်ရမယ် ” ဆိုတာတွေ ပြဋ္ဌာန်းပြီးသား ဖြစ်စေဖို့ စေ့ဆော်မှုတွေ လမ်းစတွေ ချခင်း ထားရာသို့ စမ်းသပ်ရှာဖွေ သွားတတ်စေဖို့ ကျွန်မ ပျိုးထောင် ပေးရပေလိမ့်မည် ။ တကယ်တော့ အခက်အခဲ ကို ရုန်းကန် ရင်ဆိုင်၍ ကျော်ဖြတ်ရခြင်းသည် ပင် ဘဝ ဖြစ်၏ ။ မျှော်လင့်ချက် ဆိုတာ အလို မပြည့်မှု က မွေးဖွားလာခြင်း ဖြစ်သည် ။ လူ့ဘဝ ၏ တင့်တယ်ခြ င်းအသရေ နှင့် ပြည့်စုံသော မျှော်လင့်ချက် ကြာငုံပွင့် ကို ဖူးပွင့်စေနိုင် သူ မှာ နွံနှင့် တူသော အလို မပြည့်မှု ဒုက္ခများသာ ဖြစ် လေသည် ။

⎕  ဝိုင်
📖 မဟေသီမဂ္ဂဇင်း
      နိုဝင်ဘာလ ၂ဝ၁၂

Wednesday, February 5, 2025

ရွှေပြည်စိုး သူ့ထက်ကဲ


 

❝ ရွှေပြည်စိုး သူ့ထက်ကဲ ❞
        ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ သည် သူ ငယ်ငယ် လူမမည် အရွယ် က အမေ့ ရင်ခွင် ထဲမှာ ထိုင်ပြီး ခိုးခိုးခစ်ခစ် ရယ်မောရင်း ပျော်ရွှင် နေခဲ့ဖူးသည့် ပုံရိပ်တွေကို မှတ်မိနေသည် ။ အမေသည် ကိုအဏ္ဏဝါ ၏ လက်ချောင်းလေးတွေ ကို ထောင်ခိုင်းပြီး လက်မလေး ကို ဒေါက်တိုဟု အမည် ပေးသည် ။ လက်ညှိုးလေး ကို ရန်လိုဟု မှတ်သားခိုင်း သည် ။ လက်ခလယ်လေး ကို သူ့ ထက်ကဲ ၊ လက်သူကြွယ် ကို ရွှေပြည်စိုး ၊ လက်သန်းလေး ကိုတော့ ညီပုလေး ဟု လိုက်ဆို ခိုင်းသည် ။

နို့စို့အရွယ် လူမမည်လေး ကိုအဏ္ဏဝါ၏ ဝဝကစ်ကစ် ချစ်စရာ လက် ချောင်းလေးတွေ ကို ကြည့်ပြီး ပီတိဖြစ်နေသည့် အမေသည် သားလေး၏ လက်မ လေးကို ကောက်ကိုင်ပြီး ဒေါက်တို လို့ တိုင်ပေးသည် ။ ကိုအဏ္ဏဝါက မပီကလာ ပီကလာဖြင့် လိုက်ဆိုသည် ။ လက်ညှို.လေး ကို ကိုင်ပြီး ရန်လိုလို့ တိုင်ပေးပြန်သည် ။ ကိုအဏ္ဏဝါ က လိုက်ဆိုသည် ။ ဒီလိုဖြင့် သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေးတို့ ကို ကိုအဏ္ဏဝါ မှတ်မိနေသည် ။ အတိုအရှည် ၊ အရွယ်အစား ၊ တာဝန်နှင့် ရပိုင်ခွင့် တို့ကို မူတည်ပြီး လက်ချောင်းငါးချောင်းကို အမည်ပေးထားတာ မှတ်ရလွယ် သည် ။ အမေသင်ပေးလို့ လိုက်ဆိုတာကြောင့် မကြာခင်မှာပင် အလွတ် ရသွား သည် ။ အမေက လက် ငါးချောင်းကို ထောင်လိုက်တာနဲ့ ကိုအဏ္ဏဝါက ဒေါက်တို ၊ ရန်လို ၊ သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေး ဟု ဆိုနိုင်သည် ။

အမေ သင်ပေးလို့ လက်ချောင်းလေးတွေရဲ့ နာမည် ကို သိနေသည့် ကိုအဏ္ဏဝါ သည် နှစ်ပေါင်း သုံးဆယ်မျှ ကြာပြီးသောအခါ ဖခင် ဖြစ်လာသည် ။ သမီးလေးကို ရင်ခွင် ထဲမှာ ထားပြီး သမီးလေး ရဲ့ ချစ်စရာ လက်ချောင်းလေးတွေကို ကိုင်ပြီး တိုင်ပေးသည် ။ သမီးလေးရဲ့ လက်မလေး ကို ကိုင်ပြီး ဒေါက်တို ဟုလည်းကောင်း ၊ လက်ညှိုးလေး ကို ကိုင်ပြီး ရန်လို ဟုလည်းကောင်း ၊ သူ ငယ်ငယ်က ဆိုခဲ့ရသည့် အတိုင်း သူ့ ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေးတို့ ကို သမီးလေး မှတ်မိအောင် တိုင် ပေးသည် ။ သမီးလေး ကလည်း လိုက်ဆိုသည် ။ မကြာမီ သမီးလေး မှတ်မိပြီး အလွတ် ရသွားသည် ။ ပိုပြီး မှတ်မိအောင် လက်ငါးချောင်း ၏ ရုပ်လက္ခဏာ ၊ တာဝန်နှင့် ရပိုင်ခွင့်တွေကိုပါ ပြောပြသည် ။

လက်ချောင်းငါးချောင်း အနက် လက်မသည် အရပ် ပုလွန်းသည့် အတွက် ဒေါက်တို ဟု ခေါ်သည် ။ လက်ညှိုး သည် ရန်ဖြစ်လျှင် နင် ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ဆိုတာ သိရဲ့လားဟု သူတစ်ပါး ကိုရော မိမိကိုပါ လက်ညှိုးထထိုး ရာတွင် အသုံးပြုသည့်အတွက် ရန်လိုဟုခေါ်သည် ။ လက်ခလယ် သည် လက် ငါးချောင်း အနက် အရှည်ဆုံး ဖြစ်လို့ သူ့ထက်ကဲ လို့ ခေါ်သည် ။ လက်သူကြွယ် သည် နာမည် ကိုက သူကြွယ် ဖြစ်၍ ရွှေ ငွေ လက်စွပ် ဝတ်ဆင်ရသူ ဖြစ်လို့ ရွှေပြည်စိုး လို့ခေါ်သည် ။ လက်သန်းလေးကတော့ အငယ်ဆုံး ၊ အပုဆုံး ညီငယ် လေးဖြစ်နေလို့ ညီပုလေးလို့ ခေါ်သည့် အကြောင်း သူ့ငယ်ငယ်က သူ့အမေ သူ့ကို ပြောပြခဲ့သည့် အတိုင်း သူ့ သမီးလေးကို ပြန်ပြောသည် ။

ကိုအဏ္ဏဝါသည် သူ၏ အိမ်ထောင်သက် အနှစ် သုံးဆယ် အတွင်းမှာ ဖြစ် ထွန်း မွေးဖွားခဲ့သည့် သားသမီးလေးတွေကို လူမမည် အရွယ်မှာ လက်ချောင်း လေးတွေ ထောင်ခိုင်းပြီး ဒေါက်တို ၊ ရန်လို ၊ သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေး သင်ပေးခဲ့တာချည်း ဖြစ်သည် ။ ကိုအဏ္ဏဝါ၏ သားသမီးတွေအားလုံးပင် လက် ချောင်းလေးတွေ၏ အမည် ၊ တာဝန်နှင့် ရပိုင်ခွင့်တွေကို သိနေကြသည် ။

လက်ချောင်း ငါးချောင်း အနက် လက်မသည် မိမိ ကိုယ်တိုင် ကိုသော်လည်း ကောင်း ၊ သူတစ်ပါး ကိုသော်လည်းကောင်း ညောင်းညာ ကိုက်ခဲလျှင် နှိပ်ပေးရာ တွင် အသုံးဝင်သည် ။ စာမတတ်သူ အနေဖြင့် အမှတ်အသားတစ်ခု ပြုလုပ်ရာတွင် လက်ဗွေ နှိပ်ရာတွင် သူ သာလျှင် မပါဝင်မဖြစ် တာဝန်ယူရသည် ။ သို့သော် အရပ်ပုသည့် အတွက် ဒေါက်တိုဟု ချိုးနှိမ် အခေါ်ခံရသည် ။

လက်ညှိုး သည် နေရာ တော်တော်များများမှာ ပါဝင်၍ တာဝန်ယူရသည် ။
မင်းဘာလဲ ၊ ငါဘာလဲ ၊ နင်ပဲငဆ ပြောရဆိုရမည့် ကိစ္စမှာ မျက်နှာကို လက်ညှိုး ထိုးရာ တွင်လည်း အသုံးပြုရသည် ။ လမ်းပျောက်ပြီး ဒုက္ခ ရောက်နေသူကို လမ်းပြ ရာမှာလည်း လက်ညှိုးထိုးပြီး ပြရသည် ။ သိဒ္ဓတ္ထ မင်းသားလေးသည် ဘုရားစင်စစ် ဧကန် ဖြစ်ပါမည်ဟု တစ်ခွန်း တည်းသော ဟောကိန်း ထုတ်ခဲ့သော သုဒတ္တပုဏ္ဏား ထောင်ခဲ့သည့် လက်ချောင်း သည်လည်း လက်ညှိုးသာဖြစ်သည် ။ လူ့ပြည်မှာ ဘုရားပွင့်နေပြီ ၊ သွားဖူးပါဟု သာတာဂိရနတ်သားနှင့် ဟေမဝန်နတ်သားတို့ က ကာဋီသတို့သမီး ကို လမ်းညွှန် ခဲ့တာလည်း လက်ညှိုး ဖြင့်ပင် ဖြစ်သည် ။ သို့သော် လက်ညှိုးသည် နာမည်ကောင်း မရဘဲ ရန်လိုဟုပင် အမည် ရခဲ့သည် ။

လက်ခလယ် သည် ဘာ တာဝန်ကိုမှ တိတိကျကျ မယူရသော်လည်း ဟိုစပ်စပ် ၊ ဒီစပ်စပ်ဖြင့် နေရာတကာ သူပါသည် ။ သူ မပါပြန်လျှင်လည်း ကိုင်တွယ် ဖျစ်ညှစ်သည့် အခါ အားမရှိတာတော့ အမှန်ဖြစ်သည် ။ သူ့ တစ်ချောင်း တည်းတော့ ဘာမျှ သုံးမရသော လက်ချောင်းဖြစ်သည် ။ အများနှင့် စုပေါင်းတွဲဖက် ပြီး သုံးမှသာ အသုံးဝင်သူ ဖြစ်သည် ။ ဒါနဲ့တောင် သူ့ကို နာမည် ပေးရာမှာ ဘာကြောင့် သူ့ထက်ကဲ လို့ အမည်ပေးခဲ့ကြသည်မသိ ။ ခြေဖျား ထောက်ထားလို့ သူများ ထက် ခေါင်းတစ်လုံး သာနေ၍ ဖြစ်မည် ။

လက်သူကြွယ် သည်လည်း လက်ခလယ်ကဲ့သို့ပင် ဘာတာဝန် မှ တိတိ ကျကျ မရှိသော်လည်း ရပိုင်ခွင့်ကတော့ ထူးရှယ် ဖြစ်သည် ။ ရွှေလက်စွပ် ၊ စိန် လက်စွပ် မှန်သမျှ သူချည်း ဝတ်ရသည် ။ ဒါကြောင့်လည်း သူ့ကို သူကြွယ်ဘွဲ့ ပေးထားခြင်း ဖြစ်မည် ။ ရွှေပြည်ကို စိုးမိုးရသူ ဖြစ်၍ ချမ်းသာသည် ။

လက်သန်းလေးသည် အငယ်ဆုံး ၊ အသေးဆုံးလေး ဖြစ်၍ တာဝန် မရှိ သလို ရပိုင်ခွင့်လည်း သိပ်မရှိ ဖြစ်နေသည် ။ သူ့ နေရာနှင့် သူတော့ အသုံးဝင် သည့်နေရာလည်း ရှိပါသည် ။ လက်ချောင်း ငါးချောင်းတွင် အသေးဆုံးလက်ချောင်း ဖြစ်၍ နှာခေါင်းချေး နှိုက်ထုတ်ရာတွင် အသုံးဝင်သည် ။

ကိုအဏ္ဏဝါသည် သားသမီး ဘဝကို ပေါ့ပေါ့ဆဆ ဖြတ်သန်းခဲ့သော်လည်း မိမိကိုယ်တိုင် မိဘ ဖြစ်လာသောအခါ မိဘနှင့် သားသမီးတို့ ကြားမှာ ရိုးရာ ယဉ်ကျေးမှု အရ တည်ရှိနေသည့် တာဝန်နှင့် ရပိုင်ခွင့်တွေကို သတိထားမိလာ သည် ။ ကိုအဏ္ဏဝါ၏ မိဘတွေ သည် ရိုးသားသည့် တောသူတောင်သား ဆင်းရဲ သားတွေဖြစ်လို့ တချို့ ကိစ္စတွေမှာ မိဘတာဝန် မကျေပွန်သလို ဖြစ်ခဲ့ရသည်ဟု ထင်သည် ။ မိဘဝတ္တရားငါးပါး ရှိသည့် အနက် မကောင်းတာ မလုပ်ရန် တားမြစ် ခဲ့ကြပါသည် ။ ကောင်းတာလုပ်ရန်ကိုလည်း တိုက်တွန်း ခဲ့ကြပါသည် ။ အတတ် ပညာသင်စေသည့် အပိုင်းမှာတော့ သူတို့ ကိုယ်တိုင်ကလည်း ပညာမတတ်သူတွေ ဖြစ်လို့ သားလေးကို အဏ္ဏဝါကို ဘာအမွေမှ မပေးနိုင် ဖြစ်ခဲ့ရသည် ။ ထိမ်းမြား ပေးခြင်းကိစ္စမှာလည်း ယောက္ခမ အဘွားကြီး ကျေးဇူးကြောင့် ကိုအဏ္ဏဝါ မိန်းမ ရခဲ့ခြင်း ဖြစ်သည် ။

ကိုအဏ္ဏဝါသည် သူ့သားသမီးတွေ အပေါ်မှာ မိဘဝတ္တရား ကျေပွန်အောင် အထူး ဂရုစိုက်သည် ။ မကောင်းမြစ်တား ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်း ပြုလုပ်ရန် အမြဲတမ်း အသင့် ပြင်ထားသည် ။ မိမိ ဗဟုသုတ ရှိသလောက် တားမြစ်ခဲ့သည် ။ ညွှန်ပြခဲ့သည် ။ အားလုံးကို ဘွဲ့ ရအောင် ပညာ သင်ပေးခဲ့သည် ။ သူတို့ဘဝ အနာဂတ် ရပ်တည်ရေးအတွက် အလုပ်အကိုင် ရှာဖွေရာမှာလည်းကောင်း ၊ သူတို့ လုပ်ချင်သည့် စီးပွားရေးလုပ်ငန်း တွေအတွက် လိုအပ်သည့် အရင်းအနှီးကို စိုက်ထုတ်ပေးခဲ့သည် ။ ကိုအဏ္ဏဝါ၏ သားသမီးတွေ တစ်ယောက်မှ အိမ်ထောင်မပြု ၊ လင်ယူသားမွေး မလုပ်ကြသေး သည့်အတွက် ထိမ်းမြား မပေးရသေး ဖြစ်နေသည် ။

ဒီနေရာမှာ စကား လမ်းကြုံလို့ ပြောပြချင်တာ တစ်ခုရှိသည် ။ ယခုခေတ် လူငယ်တွေ မယားယူ ၊ လင်ယူကြတာဟာ ရှေးခေတ်နှင့် လုံးဝ မတူတာကို ပြော ချင်သည် ။ ကိုအဏ္ဏဝါရဲ့ အဖေနှင့် အမေတို့ခေတ်က မယားယူ ၊ လင်ယူနည်း နှစ်နည်းသာရှိသည် ။ ကြိုက်လို့ အောင်သွယ် က တစ်ဆင့် ပြောနည်းနှင့် လူကြီး ချင်းသဘောတူလို့ ညားကြခြင်းတို့ဖြစ်သည် ။ ကိုအဏ္ဏဝါ၏ အဖေနှင့် အမေသည် လူကြီးချင်း သဘောတူလို့ လက်ထပ်ခဲ့ကြတာလို့ သိရသည် ။ ကိုအဏ္ဏဝါ၏ အဒေါ်နှင့် ဦးလေးတို့ ကိုလည်း လူကြီးချင်း သဘောတူလို့ ပေးစားခဲ့ကြတာ ဖြစ် သည် ။ အပျို လူပျိုဘဝမှာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်စကား ပြောဖို့ဆိုတာ အသာထားလို့ သေသေချာချာတောင် မမြင်ဖူးကြဟု သိရသည် ။ ဒါပေမဲ့ လင် မယား ဖြစ်လာကြတော့ ချစ်လိုက်ကြတာမှ သည်းသည်းကိုလှုပ်လို့ ။ မိဘပေးစား လို့ ယူ လိုက်ရတဲ့ မယား သို့မဟုတ် လင်ကို ချစ်နိုင်ပါသည်ဆိုတဲ့ သာဓကကို ပြလိုခြင်း ဖြစ်ပါသည် ။ ကိုအဏ္ဏဝါ၏ အဖေနှင့် အမေတို့ သည်လည်း တစ်ဦးကို တစ်ဦး အလွန် ချစ်ကြသည် ။

ယခုခေတ် လူငယ်တွေ မှာတော့ မယားယူ ၊ လင်ယူနိုင်သည့် နည်းတွေ အများကြီး ရှိသည့်အနက် အောင်သွယ် ကတစ်ဆင့် ပြောခိုင်းသည့် နည်းသည် အဆင့်အနိမ့်ဆုံး ၊ ခေတ်မမီဆုံး နည်းဖြစ်သည် ။ မိဘချင်း သဘောတူ လို့ ယူကြ တာမျိုးကတော့ ရှေးဟောင်းပစ္စည်း အဖြစ် ပြတိုက်ထဲမှာလိုက်ရှာရမည် ဖြစ်သည် ။ ဘတ်စ်ကား မှတ်တိုင်မှာ သို့မဟုတ် လမ်းပေါ်မှာတွေ့ ပြီး စကားလိုက်ပြောလို့ ကြိုက်သွားကြ ၊ မကြာမီ လက်ထပ်လိုက်ကြသည် ။ ဟိုတယ်နှင့် စားသောက်ဆိုင် သီဆိုပွဲ မှာတွေ့ ပြီး ညတွင်းချင်း ညားသွားသည့် လင်မယားတွေ တောင် ရှိသည် ။

ယခု ခေတ်လို မယားယူ ၊ လင်ယူသည့် နည်းပညာ တိုးတက်နေသည့် ခေတ်မှာ ကိုအဏ္ဏဝါ၏ သားသမီးတွေ တစ်ယောက်မျှ အိမ်ထောင် မကျကြတာ အံ့သြစရာ အတော် ကောင်းသည် ။ သူတို့ ဘာသာ သူတို့လည်း မရှာ ၊ မိဘရှာပေး တာကို ယူဖို့ဆိုတာကတော့ စိတ်တောင် ကူးကြဟန် မတူ ။ လူပျိုကြီး ၊ အပျိုကြီးတွေ ဘဝဖြင့် မိဘရဲ့အရိပ်အာဝါသမှာနေရတာ အရသာတွေ့ နေကြသည် ။ သိနေကြ တယ်လေ ။ မယားယူ ၊ လင်ယူလိုက်လျှင် မိဘရဲ့အရိပ်အောက်က ထွက်ရမယ် ၊ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်ရတော့မယ် ၊ မိဘအိမ်မှာ နေရတာ လောက် မချောင်နိုင်ဘူး ဆိုတာကို သိနေကြတော့ မယားမယူ ၊ လင်မယူကြဘဲ အောင့်ထား ကြသည် ။

ကိုအဏ္ဏဝါ၏ သမီးအကြီးမသည် တက္ကသိုလ်မှာ ဆရာမ အလုပ် ရသွား သည် ။ အသက်ကလည်း သုံးဆယ်ကျော်နေပြီဖြစ်လို့ လင်ရဖို့ မျှော်လင့်ချက် အတော် နည်းသွားပြီ ဖြစ်သည် ။ ဘွဲ့ရ ၊ ပညာတတ် အမျိုးသမီးတွေ အသက်ကြီး လာလျှင် လင်မရဘဲ အပျိုကြီး ဖြစ်တတ်သည် ။ သူတို့ရဲ့ ပညာဂုဏ် ၊ ရာထူးဂုဏ် တွေကြောင့် သူတို့ကို ကြိုက်သူတွေ ကလည်း သူတို့ကို မမှန်းရဲတော့ဘဲ ကိုယ်နဲ့ တန်ရာ သင့်ရာတော်ရာကို ရွေးယူ သွားကြတော့သည် ။ ဒီလိုပုံစံဖြင့် ဥစ္စာပေါ ၊ ရုပ်ချော သူဌေးသမီးတွေ နှင့် ပညာတတ် ၊ ရာထူးကြီး အမျိုးသမီးတွေ အပျိုကြီး ဖြစ်ကြရသည် ။

ကိုအဏ္ဏဝါ၏ အတွေ့အကြုံအရ ပြောရမည် ဆိုလျှင် ရုပ်ရည်အသင့် အတင့်ရှိပြီး ပညာမတတ်၍ အလုပ်မရှိ အကိုင်မရှိ ယောင်လည်လည် ဖြစ်နေသည့် အမျိုးသမီးတွေ လင်ရလွယ်တတ်ကြသည် ။ ကိုအဏ္ဏဝါသည် ဇနီး မဖြူတုတ် ကို ဒီလို အခြေအနေမျိုးမှာ ရအောင် ယူနိုင်ခဲ့တာ ဖြစ်သည် ။ မဖြူတုတ် သည် ဆယ်တန်း ကို နှစ်ခါကျပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာ လင်ရခဲ့ခြင်း ဖြစ်သည် ။ အကယ်၍သာ မဖြူတုတ် ဆယ်တန်းကို နှစ်ချင်းပေါက် အောင်လို့ တက္ကသိုလ် ကျောင်းသူ ဖြစ်နေလျှင် ကိုအဏ္ဏဝါ ကလည်း မဖြူတုတ် ကို အထင်ကြီးပြီး မှန်းရဲမည် မဟုတ် ။ မဖြူတုတ် ကလည်း ကိုအဏ္ဏဝါ လို ဘုန်းကြီးကျောင်းထွက် ၊ ခေတ်ပညာ မတတ်သည့် ပုဂ္ဂိုလ်မျိုးကို စဉ်းစားမည် မဟုတ်၍ လင်မယားဖြစ်လာ ဖို့ အကြောင်း မရှိဟု ဆိုနိုင်သည် ။

ကိုအဏ္ဏဝါသည် အသက် ကြီးလာသည့် အပြင် ဝင်ငွေလည်း မရှိ၍ အစစခြိုးခြံချွေတာသည် ။ ကိုယ်ပိုင်ကားကိုတောင် ဓာတ်ဆီ ကုန်မှာစိုးလို့ မစီးဘဲ ကုန်းကြောင်း လျှောက်သည် ။ ဘတ်စ်ကားတိုးစီးသည် ။ ကိုအဏ္ဏဝါကသာ ကားနာမှာ စိုးလို့ ၊ ဓာတ်ဆီ ကုန်မှာစိုးလို့ ကားကို မသုံးသော်လည်း ကိုအဏ္ဏဝါ ၏ သမီးကြီး က သူ့ အလုပ်သွား အလုပ်ပြန် အတွက် တစ်ပတ်မှာ ငါးရက် ကားသုံးသည် ။ စနေနှင့် တနင်္ဂနွေနေ့တွေမှာလည်း အကြောင်းအမျိုးမျိုးဖြင့် ကား သုံးပြန်သည် ။ ဒီတော့ အဆုံးအရှုံး ၊ အလေအလွင့် ၊ အပွန်းအပဲ့တွေ ဖြစ်လာသည် ။ အဲဒီဝန်ဆောင် စရိတ်တွေ ကို ကိုအဏ္ဏဝါ ကျခံရသည် ။ သူများတွေ မှာ ကိုယ်ပိုင်ကား တစ်စီး ရှိလျှင် ထမင်း စားလောက်သည် ဟု ကြားဖူးသည် ။ ကိုအဏ္ဏဝါ မှာတော့ ကားဝန် ပိနေသည် ။

ကိုအဏ္ဏဝါ ဝင်ငွေ ရှိစဉ်က ဝယ်ယူစုဆောင်းထားခဲ့သည့် ရွှေငွေ လက်ဝတ် လက်စားတွေ ကို သားသမီးတွေ က အလှူအတန်း ၊ ပွဲလမ်းသဘင် သွားစရာ ရှိလျှင် ယူပြီး ဝတ်ဆင်ကြသည် ။ အလှူအတန်း က ပြန်ရောက်တော့လည်း ပြန်မအပ် ကြဘဲ မသိမသာ အပိုင်ယူ ထားကြသည် ။ သားသမီး နှင့် မိဘ ဖြစ်နေလို့ ပြန် တောင်း ယူရမှာလည်း ခက်နေသည် ။ မယုံဘူးလားလို့ ပြန် မေးမှာကိုလည်း ကြောက်ရသေးသည် ။ ဒီလိုဖြင့် မဖြူတုတ်၏ လက်ဝတ်ရတနာတွေသည် သမီး တွေဆီမှာ ရောက်နေကြတော့သည် ။

ကိုအဏ္ဏဝါ သင်္ဘောသား ဘဝဖြင့် နှစ်ပေါင်း နှစ်ဆယ်အတွင်း ဝယ်ယူ တင်သွင်း လာခဲ့သည့် အသုံးအဆောင်တွေနှင့် အဝတ်အစားတွေသည် ဗီရိုကြီးတွေ ၊ ရှိုးကေ့စ်တွေ ထဲမှာ အပြည့်ရှိခဲ့သည် ။ နှစ်တွေ ကြာလာတော့ တဖြည်းဖြည်း လျော့နည်း ပျောက်ဆုံးကုန်တော့သည် ။ ဘယ်ရောက် ကုန်သလဲ အောက်မေ့ပါ တယ် ၊ သားသမီးတွေရဲ့ အခန်းတွေထဲကို ရောက်နေတာ တွေ့ ရသည် ။ အဖေနှင့် အမေတို့ မသေမီ လက်ဦးအောင် ရယူထားမှ စိတ်ချရသည် ဆိုသည့်မူဖြင့် ယူထား ကြခြင်း ဖြစ်ဟန် တူပါသည် ။ မဖြူတုတ် ကတော့ မိဘပိုင်ပစ္စည်းပဲ ၊ သားသမီးတွေ
ယူတာ ယူပါစေဟု ပြောပြီး ခွင့်လွှတ်သည်းခံနေသည် ။ ကိုအဏ္ဏဝါကတော့

သူ့ သားသမီးတွေကို ( ရွှေပြည်စိုး ) တွေလို့ နာမည် ပေးလိုက်သည် ။ သားသမီးတွေ လင်ယူသားမွေး မလုပ်ကြဘဲ မိဘနှင့် ဥမကွဲ သိုက်မပျက် နေတာ ပျော်စရာကောင်းတယ်ဆိုပြီး မဖြူတုတ်က ဘဝကို ကျေနပ်နေသည် ။ လူဆိုတာ အချိန်တန် အရွယ် ရောက်လာလို့ရှိရင် မိဘအုပ်ထိန်းမှု အောက်က ရုန်းထွက်ရဲရမည် ။ ကိုယ့်ဝန် ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက်ရဲရမည် ဟု နားလည်ထားသည့် ကိုအဏ္ဏဝါနှင့် မဖြူတုတ်တို့ သဘောချင်း မတိုက်ဆိုင် ဖြစ်နေသည် ။ လူမပြောနဲ့ ၊ သစ်ပင်ပန်းမန်တွေ တောင် သီးချိန်တန်လျှင် သီးကြ သည် ၊ ပွင့်ချိန်တန်လျှင် ပွင့်ကြသည် ။ တိရစ္ဆာန်တွေဟာ ကိုယ့်ဝမ်းစာ ကိုယ်ရှာ မစားနိုင်သေးသည့် ကာလအထိသာ မိဘကို အားကိုးပြီးနေသည် ။ အချိန်တန် အရွယ်ရောက် လာသောအခါ ကိုယ့်ဝန် ကိုယ် ထမ်းရန် အတွက် ကိုယ့်လမ်းကိုယ် လျှောက် သွားကြတော့သည် ။

ကိုအဏ္ဏဝါ ကတော့ အချိန်လွန် အရွယ်လွန် နေကြသည့်တိုင်အောင် လင်ယူ သားမွေး မလုပ်ကြသေးဘဲ မိဘရဲ့အရိပ်မှာခိုပြီး ပျော်နေကြသည့် သူ့သားသမီးတွေ သည် တိရစ္ဆာန်တွေထက် ပိုပြီး မိဘကို ခင်တွယ်သူတွေ ဖြစ်လို့ ( သူ့ထက်ကဲ ) တွေ ဟု စိတ်ထဲက ခေါ်နေမိပါသည် ။

▣ အဏ္ဏဝါစိုးမိုး

📖 ကလျာမဂ္ဂဇင်း
      မတ်လ ၊ ၂ဝဝ၄ ခုနှစ်

မြို့သစ်လေး ရဲ့ အွန်လိုင်း

❝ မြို့သစ်လေး ရဲ့ အွန်လိုင်း ❞
        ( မောင်မိုးဦး )

မေတ္တာရနံ့ တွေ က တဖြည်းဖြည်း အရောင် မှိန်လာပြီး ‘ ဂလိုဘယ်လိုင်းဇေးရှင်း ’ ဆိုသည့် စကားလုံးများ နှင့် ဂုဏ်ယူ နေသော ကမ္ဘာကြီး သည် တကယ်တော့ ‘ ပလာဇာ ’ တစ်ခု အသွင် အယောင် ဆောင် ထားသလို ( သို့ ) ရှော့ပင်းစင်တာ တစ်ခု နှင့် သွေးသောက် ညီအစ်ကို တော်စပ်နေသည် ဟု ကျွန်တော် ထင်သည် ။ ထိုအချက် ကို အသေအချာ တွေးကြည့်တော့လည်း အဖြေ က ရှင်းသည် ။ ထို ပလာဇာများ နှင့် ရှော့ပင်းစင်တာများ မှာ ရှိသည့် အရာဝတ္ထု အားလုံး မှာ ကမ္ဘာကြီး၏ ရင်ခွင် ထဲ၌ ရှိနေသော ပစ္စည်းများ ပင် ဖြစ်လေသည် ။

ကမ္ဘာ ထဲ တွင် ပန်းခြံများ ၊ ပန်းချီပြပွဲများ ၊ ခိုးကူးခွေများ ၊ လက်ဖက်ရည်ဆိုင်များ ၊ ဘောလုံးပွဲများ ၊ နံနက်ပိုင်း နှင့် ညနေပိုင်း သင်္ချာများ ၊ ပန်းကုံး နှင့် ဘီယာဆိုင်များ ၊ ဆယ်လူလာဖုန်းများ ၊ သိပ်သည်းဆ, များသော ပစ္ဆေရိယစိတ်များ ၊ သံချပ်တိုင်သံ နှင့် တူသော ဗီစီဒီကာရာအိုကေသီချင်း ၊ မဲနယ် မကြာခဏ ဆိုးရသော ကိုယ်ကျင့်တရားများ ၊ “ ဘာတစ်လုံးကောင်းလဲ ” ... ဆိုသည့် ကွက်ရှင်များ ၊ အီးမေးလ် မှ ပို့သော သတင်းများ ၊ ဆေးမြီးတို နှင့် ဂါထာ ရေးသားသူများ ( တချို့က ဘုရားသမိုင်း ပါ ပူးတွဲ ရေးသည် ) ရောင်စုံထီး အောက် က ဈေးသည်များ ၊ ဂျာနယ်များ ၊ စာနယ်ဇင်းပွဲ မှန်သမျှ အကုန်တက်ပြီး လက်ဆောင်ယူသူများ ၊ မျဉ်းကျားမှမကူးသူများ ၊ ၁၆ပဲရည် မပြည့်သူများ ၊ ပြန်ဆိုတေးများ ... စသဖြင့် ကမ္ဘာ ထဲ မှာ ရှိနေကြ၏ ။

ထိုအချက်များကပင် ကမ္ဘာကြီး ၏ အသီးအပွင့်များ ဖြစ်နေကြပြီး ထို အချက်များ ကပင် ကမ္ဘာကြီး ကို ဗြူတီပါလာ ပို့ပေးလိုက် သလို တစ်ချိန်တည်း မှာပင် ကမ္ဘာကြီး ကို အနက်ရောင် ဆိုးပစ် ပြန်သေးသည် ။

ထို့အတူ ကမ္ဘာ ထဲမှာ ရှိနေသည့် အရာအားလုံး ကို ဖန်တီးခဲ့သူများ မှာလည်း လူသားပင် ဖြစ်နေပြန်သည် ။ လှည်းခေတ် ၊ လှေခေတ် မှ လကမ္ဘာ ကို လူ ရောက်ခဲ့ပြီး အင်တာနက် နှင့် အွန်လိုင်း အထိ တည်ထွင် ဖန်တီးခဲ့ သူများ မှာလည်း လူသားများပင် ဖြစ်သည် ။ ထို လူသားများ အတွက် မရှိမဖြစ် အလိုအပ်ဆုံးသော အရာမှာ အသက်ရှူ စရာ လေ , ခန္ဓာကိုယ် အတွက် အစားအစာ နှင့် စိတ် အတွက် အာဟာရ တို့ ပင်ဖြစ် သည် ။

ကျွန်တော် အပါအဝင် လူသား အားလုံး ဒီဇယ် နဲ့ စီအင်ဂျီနံ့ နှင့် သွေးသား မလွတ်သော လေတွေ ကို ရှူရှိုက်ရင်း အသက်ရှင် နေကြသလို ဘဲကင် စားရင်း ၊ ကန်စွန်းရွက်ကြော် စားရင်း ခန္ဓာကိုယ် တည်မြဲရေး အတွက် ခရီးဆက် နေကြရသည် ။ အားလပ်သည့် အချိန်များ တွင် ကုန်ခမ်းသွားသည့် အင်အားများ ကို ဘက်ထရီ အား သွင်း သလို လူတွေ နည်းအမျိုးမျိုး နှင့် ပြန်လည် ရယူ နေကြသည် ။

ထို့ကြောင့်တချို့က ‘ အထူးကု ’ နှင့် ကိုယ်ခန္ဓာ ကို ချက်ကပ် လုပ်သည် ။ တချို့က ‘ အော်ရာမင်ဂျီ ’ သောက်သည် ။ တချို့က ဘီယာဆိုင် မှာ ၊ တချို့က လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဂီတ နှင့် အားသွင်းသည် ။ တချို့က ကိန်းဂဏန်းများ ကို ရေတွက်ရင်း အင်အားသစ် ကို မွေးမြူသည် ။ တချို့က စာဖတ်ရင်း စိတ် ကို ပလပ် ထိုးသည် ။ ကိုယ့် ယုံကြည်ချက်နှင့် ကိုယ် ဖြစ်သည် ။

တခြား လူတွေတော့ မသိပေ ။ ကျွန်တော့် ၏ စိတ်အာဟာရ က ဖန်သားပြင် ပေါ်မှာ ရှိသည့် အရိပ်တွေ အရောင်တွေ မဟုတ်သလို အောက်ခံ အစိမ်း ပေါ်က ဘိလိယက် ဘောလုံးလေးများ ၏ ယိမ်းထိုး ဂီတ လည်း မဟုတ်ပေ ။ ကျွန်တော့် အတွက် သောက်ရေ တစ်ခွက် လို မရှိ မဖြစ် လိုအပ်သော အရာမှာ စာမျက်နှာ ပေါ်က ကွန်ပျူတာ ဝါကျများ ပင် ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော့် ဘဝ တွင် ညစာ မစားဘဲ ခြေထောက် မဆေးဘဲ အိပ်ရာ ဝင်ခဲ့သော ရက်များ ရှိခဲ့သော်လည်း စာ မဖတ်ဘဲ အိပ်လိုက်ရသော ရက် လုံးဝ မရှိခဲ့ပေ ။

ထိုအခါ ကျွန်တော့် ၏ အရင်းနှီးဆုံး အဖေါ် မှာ စာအုပ်များ ဖြစ်နေခြင်း နှင့် စိတ် ၏ အလိုအပ်ဆုံး အရာမှာ စာအုပ်များ ဖြစ်နေခြင်းသည် သဘာဝ ကျပါသည် ။ စာအုပ် တစ်အုပ် နှင့် ပေါင်းသင်းရသည် မှာ ကြည်နူး အေးချမ်းရသလို သဘောကွဲလွဲ မှုလည်း မရှိနိုင်ပေ ။ စာအုပ် တစ်အုပ် ကို ဖတ်ချင် ဖတ်မည် ။ ဆက် မဖတ် လိုလျှင်လည်း ရပ်ထား နိုင်သည် ။ မည်သည့် ပြဿနာ မှ မရှိပေ ။

ထို့ကြောင့် အဆင်ပြေ လျှင် ဝယ်သင့်သည့် စာအုပ် တချို့ ကို ဝယ်ထား ဖြစ် သော်လည်း လစဉ် ထွက်သည့် မဂ္ဂဇင်း တချို့ကို ဖတ်ဖို့ အတွက်တော့ အငှားဆိုင် ကို အားကိုးရသည် ။ တကယ်တော့ ရပ်ကွက် အသီးသီးရှိ စာအုပ်ဆိုင်လေးများသည် လူသားတွေ အဖို့ ဘဝ တိုးတက်မှု ၊ ကိုယ်ကျင့်တရား ယဉ်ကျေးမှု စသည် တို့ အတွက် တည့်မတ်ပေး နေသော အလင်းအိမ်လေးများ ပင် ဖြစ်သည် ။

••••• ••••• •••••

နေရိပ် ထဲမှာ ထိုင် နေသော လူ တစ်ယောက် သည် အရိပ် မှာ ထိုင်နေစဉ် က ထို အရိပ် ၏ အေးမြခြင်းများ ကို သတိ မထားမိ သော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ထို အရိပ်ကို စွန့် လွှတ်လိုက်ရပြီး နေပူထဲ ရောက်သွားတော့မှ သာ ထို အရိပ် ၏ တန်ဖိုး ကို ပိုမို နားလည်ခဲ့ရသည် မှာ သဘာဝ ပင် ဖြစ်သည် ။

ထို့အတူ စာအုပ်ဆိုင်လေးများ ပေါများပြီး စာအုပ်စုံသော အရပ် မှာ နေခဲ့ ရသော ကျွန်တော့် အတွက် ယခုလို မြို့သစ်လေး တစ်ခု ၏ အစွန်ဆုံး ရပ်ကွက်သို့ ပြောင်းရွှေ့ လာခဲ့သည့် အချိန် မှ စတင်ကာ စာအုပ် ရှားပါးသည့် ဝေဒနာ ကို စတင် ခံစား ခဲ့ရလေသည် ။ ထို အချက်သည် ပင် ကျွန်တော် ၏ စိတ်အစာ နှင့် ဘဝ ၏ တိုးတက်မှု ကို စည်းသုံးတန် အတား ခံလိုက်ရသော အနေအထား ပင် ဖြစ်သည် ။

ယခင် က ကျွန်တော် နှစ်ပေါင်း များစွာ နေထိုင်ခဲ့သော ရပ်ကွက်လေး မှာ လူလတ်တန်းစားများ ပညာတတ်များ ၊ စီးပွားရေး ပြေလည်သူများ နှင့် ဖွဲ့စည်းထား သဖြင့် ရွံ့ဗွက် နှင့် ကတ်ဆက် ပေါသော မြို့သစ်လေးများ မှ တချို့ ရပ်ကွက်လေးများ လို အပေါင်ခံသည့် အိမ် မရှိ ၊ ဗီဒီယိုကားများ ပြသည့် လက်ဖက်ရည်ဆိုင် မရှိ ။ ဘိလိယက်ခုံ မရှိ ။ ထို့ကြောင့် ကျွန်တော် တို့ ရပ်ကွက်လေး မှာ စာအုပ်ဆိုင် သုံးဆိုင် လောက် နှင့် အဆင်ပြေ နေလေသည် ။ ဖတ်ချင်သည့် စာအုပ် သည် တစ်ဆိုင် မှာ မရှိ လျှင် အခြား တစ်ဆိုင် မှာ ရှိသည် ။ လစဉ် ဖတ်ချင်သည့် စာအုပ် ဖတ်နိုင်သည် ။ ကျွန်တော့် အတွက် သင့်တော်သော ရပ်ကွက်လေး ပင်ဖြစ်သည် ။

သို့သော် အရာရာသည် ပြောင်းလဲလျှက် ရှိသည် ဆိုသော သဘာဝ အတိုင်း ကာလ တစ်ခု တွင် ကျွန်တော် နှင့် ဟာမိုနီ ဖြစ်ခဲ့သော ရပ်ကွက်လေး ကို ဥပေက္ခာ ပြုကာ ကျွန်တော် မည်သည့် အချိန် ကမှ အိပ်မက် မမက်ခဲ့သော မြို့သစ်လေး တစ်ခုရှိ အစွန်အဖျား ရပ်ကွက်လေးတစ်ခုသို့ ကျွန်တော် တို့ သန်းကောင်စာရင်းလေး ပါ ပြောင်း ရွှေ့ခဲ့ရလေသည် ။

သည်လိုနှင့် ယခင်က တစ်ခါမှ မရောက်ခဲ့ဖူးသော ကျွန်တော့် အတွက် မြို့သစ်လေး ကပဲ ကျွန်တော့် ကို မျက်မှန်အမည်း တပ်၍ ကြည့်နေသလား ( သို့ ) ကျွန်တော် ကပဲ မြို့သစ်လေး နှင့် ကျွန်တော် က တော်တော်နှင့် ညီမျှခြင်း ဆွဲလို့ မရခဲ့ပေ ။

ထို ရပ်ကွက်လေး တွင် အပေါများဆုံး အရာမှာ အရက်ဆိုင် ၊ ဘိလိယက်ခုံ ၊ ဗီဒီယို ပြသည့် လက်ဖက်ရည်ဆိုင် နှင့် နံနက်ပိုင်း ညနေပိုင်း သင်္ချာ အတွက် အကျိုး ဆောင်များပင် ဖြစ်သည် ။ ထို့အတူ အရှားပါးဆုံး ပစ္စည်း မှာ စာအုပ်အငှားဆိုင် ပင် ဖြစ်သည် ။ ထို့ကြောင့် ထိုရပ်ကွက်လေး မှာ ကျွန်တော့် လို လူမျိုး အတွက် ရေခဲသေတ္တာ နှင့် ဗိုင်းရပ်ပိုး လို လုံးဝ အံဝင်ခွင်ကျ မဖြစ်ခဲ့ပေ ။

သို့သော် ထို ရပ်ကွက်လေး မှာ ရှားရှားပါးပါး စာအုပ်ဆိုင်လေး တစ်ဆိုင် ရှိနေခြင်း ကလည်း မိုးနတ်မင်းကြီး ၏ ကျေးဇူးပင် ဖြစ်ပေလိမ့်မည် ။ တစ်ရက် , လမ်းထိပ် လက်ဖက်ရည်ဆိုင် တွင် ရပ်ကွက် ထဲမှ မျက်မှန်းတန်း မိနေသည့် လူ တစ်ယောက် နှင့် စကား စပ်မိရာ မှ စာအုပ် အငှားဆိုင်လေး သို့ ကျွန်တော် ရောက်သွား ခဲ့သည် ။

ဆိုင်ရှင် မှာ အသက် ၄ဝ ဝန်းကျင် အမျိုးသမီး တစ်ယောက် ဖြစ်သည် ။ ထို့နောက် ကျွန်တော် က မဂ္ဂဇင်း အထပ် ထဲ မှ ကျွန်တော် ဖတ်ချင်သော မဂ္ဂဇင်း ကို ရှာရင်း မေးလိုက်၏ ။

“ အမေ ... စပယ်ဖြူ မဂ္ဂဇင်း ရှိလား ”

“ မရှိဘူး ”

“ ဒါဆိုရင် ... ပိတောက်ပွင့်သစ် ရော ရှိလား ”

“ မရှိဘူး ... မင်း မေးတဲ့ စာအုပ်တွေ အမေ့ ဆိုင်မှာ တစ်ခါမှ မတင်ဖူးဘူး ”

“ ဟုတ်လား .. ဒါပေမယ့် အဲဒီ စာအုပ်တွေ က ဖတ်စရာချည်းပဲ အမေရဲ့ ”

ထို့နောက် ဆိုင်ရှင် အမျိုးသမီး က ကျွန်တော့် ကို အသေအချာ ကြည့်ပြီး မေးလိုက်၏ ။

“ မင်း က ဒီရပ်ကွက် ကို ပြောင်းလာတာ မကြာသေးဘူးနဲ့ တူတယ် ”

“ ဟုတ်ပါတယ် ”

“ ဒီလိုကွယ့် ... ကိုယ့်အရပ် နဲ့ ကိုယ့်ဇာတ် ဆိုသလိုပေါ့ ဒီ ရပ်ကွက်လေး က ပညာတတ် နည်းတယ် ။ မိုးလင်းတာ နဲ့ အိမ်ရှိ လူကုန် အလုပ် ထွက် လုပ်ကြရတယ် ၊ ညနေ အလုပ် က ပြန်တော့ ဆန်လေး နည်းနည်း ဟင်းချက်စရာလေး နည်းနည်း ဝယ်ပြီး ချက်ပြုတ်စားသောက်ကြ ၊ နောက်တော့ တစ်နေ့လုံး ပင်ပန်းသမျှ တွေကို လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် တစ်ခွက် နဲ့ ဗီဒီယို ကြည့်ပြီး အပန်းဖြေ ကြရော ... သူတို့ တွက်နည်း ကလည်း ရှင်းတယ် စာအုပ် ဖတ်ရင် ပိုက်ဆံ ၁ဝဝ ကုန်မယ် ၊ မီး မလာ ရင် ဖယောင်းတိုင်ဖိုး ပါ ကုန်မယ် ဒီတော့ ပိုက်ဆံ ၁ဝဝ လောက် အကုန် ခံပြီး လက်ဖက်ရည်ဆိုင် သွားရင် လက်ဖက်ရည် လည်း သောက်ရတော့ လူတွေ စာအုပ်ဆိုင် မလာတာ ... မဆန်းပါဘူး ”

“ ဒီလိုဆိုရင် ကျွန်တော်  စောစောက ပြောတဲ့ မဂ္ဂဇင်းမျိုး လာ မေးတဲ့ လူ မရှိဘူးလား ”

“ အေး ... တစ်ယောက် နှစ်ယောက် လောက်တော့ လာမေးဖူးတယ် ဒါပေမယ့် မင်း စဉ်းစားကြည့်လေ ၊ အစ်မတို့ က စီးပွားရေး အနေ နဲ့ စာအုပ်ဆိုင် ဖွင့်တာ ဒီတော့ ... လူ အဖတ် များတဲ့ စာအုပ်ပဲ ဆိုင် မှာ တင်တာပေါ့ ၊ မင်း စောစောက မေးတဲ့ စာအုပ်မျိုး တင်ရင် ဖတ်တဲ့ လူ က နှစ်ယောက် သုံးယောက် လောက် ဆိုတော့ စာအုပ်အရင်း တောင် မရဘူးလေ ဒီလောက်ဆို မင်း သဘောပေါက် လောက်ရောပေါ့ ”

ထို့နောက် ကျွန်တော်  ဘာ စာအုပ် မှ မငှားတော့ဘဲ အိမ် ကို ပြန်လာရင်း ဆိုင်ရှင် အစ်မကြီး ပြောလိုက်သည့် စကားမှာ ငြင်းစရာ ရှာလို့ မရခဲ့ပေ ။ သို့သော် ကျွန်တော့် ဘဝ တွင် အစားအသောက် အဝတ်အထည် အနေအထိုင် စသည့် အဆင်မပြေခြင်းများ ကို မေ့ထားနိုင်သော်လည်း ဖတ်ချင်သည့် စာအုပ် ဖတ်ခွင့် မရခြင်း ကတော့ အကြီးမားဆုံး ဆုံးရှုံးသူပင် ဖြစ်သည် ။

သေချာသည်မှာ ... မနက်ဖြန် အလုပ် က အပြန်တွင် အိပ်မက်များကို အပြင် သို့ ဆွဲထုတ်ရန် မင်္ဂလာမောင်နှံ နှစ်စောင် တော့ ထိုးခဲ့ရပေဦးမည် ။

⎕ မောင်မိုးဦး

📖 အလင်္ကာရပ်ဝန်း ( ၇ )

.

 

Tuesday, February 4, 2025

မြတ်တဲ့အခါ လိုက်ဝေပေးမှာလား



 

❝ မြတ်တဲ့အခါ လိုက်ဝေပေးမှာလား ❞

“ ဟောဒီက မောင်ချမ်းသာ တို့ ခင်မိငယ် တို့ ယူကြပါဦးဟဲ့ ပဲကြီးလှော် ”

“ ယူလိုက်ပါကွာ တစ်ပိဿာ လောက် ”

“ တစ်ပိဿာ တော့ မလုပ်ပါနဲ့ ဟယ် ၊ ငါးပိဿာ လောက်တော့ ယူ ပါ ၊ ညည်းတို့ အားကိုးနဲ့ လာတာပါ အေ ”

“ ကဲကွာ သုံးပိဿာ တော့ ယူလိုက် အားနာပါးနာ ”

ဖြစ်ပုံက သည်လိုဗျာ ။ ကျွန်တော့် ယောက်ဖ ဝမ်းကွဲ တစ်ယောက် က အောင်လံ မှာ နေတယ် ။ ပဲကြီး လှောင်တယ် ။ အဲသည် နှစ် က ပဲကြီးသမားတွေ ဝက်ဝက်ကွဲ အောင် ရှုံးတယ်ဗျာ ။ ရှုံးတော့ အရှုံး ကို ကာမိအောင် ဆိုပြီး ယောက်ဖ က ပဲကြီးတွေ ကို လှော်ပြီး တောရွာ မှာ နေတဲ့ ဆွေမျိုးတွေ ကို လက်ဆောင် တင်တယ် ။ လက်ဆောင် တင်တယ် ဆိုတာ အလကား ပေးတာ မဟုတ်ဘူးဗျာ့ ။ ဇွတ် ရောင်းတယ် ။ ယူချင် မယူချင် ယူ ၊ ပြီးတော့ ပေး ပိုက်ဆံ ။ ဒါကို လက်ဆောင် တင်တယ် လို့ ခေါ်တာပဲ ။ တောရွာတွေ မှာ ။

ကျွန်တော်တို့ က အဲသည်တုန်း က ရေပြည့်ရွာ မှာ နေတာ ဆိုတော့ လက်ဆောင် အတင် ခံရတဲ့ ဆွေမျိုး အုပ်စု ထဲ ညပ်ပါ သွားတာပေါ့ ။

အိမ်ပေါ် ဇွတ်ကြီး တက် လာပြီး ဇွတ်ကြီး ထိုးပေး နေမှတော့ ဘယ် နေသာတော့မလဲဗျာ ။ ဆွေဝတ္တရား မျိုးဝတ္တရား ဆိုတာက ရှိသေးတာကိုးဗျာ ။

သည်လိုပဲဗျာ ဆွေရိပ်မကင်း မျိုးရိပ်မကင်း သူများ က ငါးပိ လာ လက်ဆောင် တင် လိုက် ၊ ငါးခြောက် လာ လက်ဆောင် တင်လိုက် ၊ တော က အမျိုးတွေ မှာ ပိုက်ဆံ ပေးရတဲ့ လက်ဆောင်တွေ အမြဲ ပိနေ တတ်ကြတယ်ဗျာ ။

ကျွန်တော် လည်း မြေပဲဆားလှော် စပြီး လှော်ခါစ မအူမလည် ဘဝ က မြေပဲဆန်များ ဆီ လည် သွား၍ အရည်အသွေး ကျသွားလေရာ ဆီပဲဆန် အဖြစ် ထိုး ရောင်းရသဖြင့် အကြီးအကျယ် ရှုံးခဲ့ဖူးတယ်ဗျာ ။

“ တို့ မြေပဲဆားလှော်တွေ တော သွား လက်ဆောင် တင် လိုက်ရကောင်းမလား ”

“ ဟာ မလုပ်ပါနဲ့ မောင် ရယ် သူ တို့ နွားနဲ့ ဖက် ရုန်းပြီး ရှာထားရတဲ့ ပိုက်ဆံကလေး ”

“ ကိုယ်ဖြစ် ကိုယ်ခံပေါ့ မောင် ”

“ အေး ဟုတ် ”

ဤသို့ဖြင့် ဘယ်သူ့ ကို မှ ဒုက္ခ မပေးတော့ဘဲ ခင်မိငယ် လည်ပင်း မှာ ဆွဲထားတဲ့ ရွှေကြိုးကလေး ရောင်းထည့်လိုက်ရလေ၏ ။

ထိုအကြောင်းကျွန်တော့် မိတ်ဆွေကြီး ပွဲစား ဦးစံဖေ ကို ပြောပြလေရာ

“ အဟုတ်ပေါ့ ကိုချမ်းသာ ရယ် ၊ လူတော်တော်များများဟာ အရှုံး ကို ကာမိအောင် ဆိုပြီး ကိုယ့် အပူ ကို သူများ အပေါ် လွှဲချတတ်ကြတယ်ဗျာ ၊ နှမ်း ရှုံးတော့ ဆီစက်သမား က ကာမိအောင် ဆိုပြီး စားအုန်းဆီ ကို နှမ်းဆီ လုပ် ရောင်းတယ်ဗျာ ၊ ငါးပိကောင်သမား က ငါးပိကောင် ရဲ့ ဝမ်းဗိုက် ထဲ ဆားသိပ်ပြီး ရောင်းတယ်ဗျာ ၊ ငါးခြောက်သမား က ငါးခြောက် ကို ရေဆွတ် ရောင်းတယ် ဗျာ ၊ ဝက်သားသမား က တွက်ခြေ ကိုက်အောင် ရေထိုးတယ်ဗျာ ၊ ငါးပိ ကို ဖွဲနု ထည့် ၊ ရွှေ မှာ ကြေး ရော ၊ အမျိုးမျိုးပဲ ကိုချမ်းသာ ရေ ၊ မသိ မ မြင်ရင်လဲ အကောင်းသားဗျာ့ ၊ သိနေ မြင်နေရတော့ သိသိကြီးနဲ့ ၊ ငါ ဖြင့် ဝယ်ရခြမ်းရ မှာ တောင် ခပ်လန့်လန့် ဟဲ့ ”

အပွဲစားကြီး ဦးစံဖေ ရဲ့ ဇနီး မမကြည် က ဝင် ပြောပြန်လေ၏ ။ အင်း သူ က နေ့စဉ် ခြင်းတောင်း ဆွဲပြီး အမြဲ ဈေးသွား နေရသူ  ။

“ မောင်ချမ်းသာရယ် မင်း စဉ်း စားကြည့်စမ်းပါ ”

“ ဟုတ်ကဲ့ မမကြည် ”

“ သူတို့ ရှုံးတာကျတော့ အရှုံး ကို ဝယ်သူ ကို ၊ တစ်ပါးသူ ကို မျှဝေ ခံစား ခိုင်းတယ် ၊ အကယ်၍ သူတို့ မြတ်ပြီ ဆိုပါတော့ အမြတ် ကို တစ်အိမ်တက်ဆင်း လိုက် ဝေပေးမှာလား ”

“ ကြံကြံဖန်ဖန်ဗျာ ”

“ အေး အဲဒါပေါ့ လူ့သဘော ”

မှန်ပါ၏ ။ မှန်ပါ၏ ။

အရှုံး ကို သူတစ်ပါး အပေါ် ထိုးချတတ်ကြပါသော်လည်း အမြတ် ကိုတော့ လိုက်ဝေပေးသည် ဟူ၍ တစ်ကြိမ် တစ်ခါမျှ မကြားဖူးသေးပါဗျာ ။

အလုပ် လုပ်ပါတယ် ဆိုမှ အမြတ်ချည်း စဉ်းစားလို့ ဘယ်ရမလဲဗျာ ။

မြတ်တဲ့ အခါ ရှိ သလို ရှုံးတဲ့ အခါလည်း ရှိမှာပေါ့ဗျာ ။

မြတ် လည်း ကိုယ် ယူ ၊ ရှုံး လည်း ကိုယ် ခံကြပေါ့ဗျာ ။ ကောင်းဘူးလား ။

▭ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
     ၁၄ အောက်တိုဘာ ၊ ၂၀၀၅

ကျောက်ကောင်း တစ်စေ့


 

❝ ကျောက်ကောင်း တစ်စေ့ ❞
  ( ထိပ်ထား - သာယာဝတီ )
     
ဟေ့ မိညိုညို ... နေကောင်းရဲ့လား ။ ကိုယ်တော့ တောင်ကြီးမြို့ ရဲ့ မှိုင်းမှိုင်းဝေ နေတဲ့ တောင်ပြာတန်းတွေ နဲ့ ပန်းအလှတွေ ကို ကြည့်ကြည့်ပြီး မင်းတို့ တစ်တွေကို သိပ် သတိရ လွမ်းမိ တယ် ဆိုရင် ယုံမလား ။ တကယ်ပါကွာ ။ အထူးသဖြင့် မိညို ရယ် မိခိုင် ရယ်ကို အလွမ်း ပို သပေါ့ ။

မင်း ဝတ္ထုတွေ မဂ္ဂဇင်း မှာ ပါ လာတိုင်း ကိုယ်တို့ အကြောင်းများလား နဲ့ ဖတ်လိုက်ရတာ အမော ။ ကိုယ့် အ ကြောင်း ရေးစမ်းပါ ဆိုတာ မင်း က သိပ် ဈေး ကိုင်တာပဲ ။ ဪ ... ဒါနဲ့ ကိုယ့် ကို မင်းတို့ အဖွဲ့ က ရာသက်ပန် ထုတ် ပစ် လိုက်ပြီပေါ့နော် ။ ကိုယ် အဖွဲ့ ထဲက  ထွက်ရပေမယ့် ခင်မင်မှုကတော့ ထာဝရ ကျန်ခဲ့ပါတယ်ကွာ ။

မင်းတို့ နဲ့ မရယ်ရတာ လည်း ကြာ သွားပြီ ။ နွေ ရောက် ရင် မိခိုင် နဲ့ ချိုလှနွယ်ဖူး တို့ ညီအစ်မ ရယ် ၊ မေသင်း နဲ့ လှလှ တို့ ပါ အပါ ခေါ်ပြီး ကိုယ့် ဆီ ဆက်ဆက် လာဖြစ် အောင် ကြိုးစားကြစမ်းပါ ။ အိမ် လည်း ကျယ်ကျယ်ရပါ တယ် ။ မောင် ကလည်း မင်းတို့ ကို ဆက်ဆက် လာလည် ကြ ဖို့ ဖိတ်ပါ သတဲ့ ။

ကိုယ်တို့ ပြန် ဆုံကြမှ အားရပါးရ စကား ပြောရအောင် ။
      သူငယ်ချင်းရဲ့
      မျိုးမျိုး ၊ တောင်ကြီးမြို့ ။

ကျွန်မ သည် သူငယ်ချင်း ၏ စာ ကို ဖတ်ပြီး ဝမ်းသာ ကြည်နူး စွာ ပြုံးနေ မိ ပါသည် ။

မျိုးမျိုး ၊ မြင့်မြင့်ခိုင် နှင့် ၊ ကျွန်မ တို့ သူငယ်ချင်း တစ်စု တွင် မျိုးမျိုးသ ည် ဗိုလ်ကြီးကျော်စွာစိုး နှင့် လက်ထပ်၍ ပထမဆုံး ခွဲထွက် သွား သူ ဖြစ်၏ ။ ထို့ကြောင့် ကျွန်မ လည်း သူ့ လိုပင် လွမ်းမိသည် ။ ကျွန်မတို့ သူငယ်ချင်းများ ဆုံမိကြ တိုင်း သူ့ ကို သတိ ရကြ၏ ။ သူ့ အကြောင်းဆိုလျှင် ပြော၍ လည်း မကုန်နိုင် ။

သူ့ အကြောင်း ဝတ္ထု ရေးစမ်းပါ ဟု ဆို စဉ်က မင်း အကြောင်း ဘာ ရှိလို့တုံး ဟု ကျွန်မ မေးသောအခါ ...

“ ကိုယ်က သူများ လို ရည်းစား ထားတဲ့အကြောင်း တို့ ၊ ဘာတို့တော့ မရှိဘူး ။ ဈေး ထဲ က အထည်ဆိုင်တွေ ဖောက်တဲ့ သူခိုး ကို ဖော်ပေးတာ တို့ ၊ ကိုယ့် ဆိုင်နား က ဆိုင် မှာ ပိုက်ဆံ နှိုက်တဲ့ ကောင်လေး ကို မိအောင် ဖမ်းပြီး မှတ် လောက်အောင် တီး ပစ်တာတို့ ၊ ပြီးတော့ ကိုယ် ဘယ် လောက် အပြော ကောင်းလို့ တရား နိုင်လာတဲ့ အကြောင်းတို့ ရေးစရာတွေ ပုံနေတာပဲ ။ ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလဲ ။ ကိုယ် သာ မင်း လို ရေး တတ်ရင် ဒီလို တောင် အောက်ကျ ခံပြီး ပြော မနေပါဘူး ။ ဟင်း .. ”

“ မင်း အကြောင်း ကလည်း ရွှေဘ ဇာတ်ကား ကြည့်ရသလို ဇာတ်ကြမ်းချည်း ပါလား ။ ဇာတ်လိုက် က မိန်းကလေး ပဲ ။ အနုအယဉ်လေးများ လည်း ပါဦးမှပေါ့ ။ မင်း လို လှတဲ့ မိန်းကလေး ဆိုရင် အချစ်ဇာတ်လမ်းလေး နဲ့ အဆုံးသတ် မှ ရေးလို့ ဖတ်လို့ ကောင်းမှာ ”

ကျွန်မ က သူ့ ကို နောက်သလို နှင့် တမင် ပြောလိုက်တော့ ...

“ တော်စမ်းပါကွာ ၊ မင်း ဇာတ်လမ်း ရေးဖို့ ကိုယ် ပဲ လင် ယူရတော့ မလို ”

“ ဒါပေါ့ ”

သည်လိုနှင့် ပြီးခဲ့ရသည် ။ ယခုတော့ သူ လက်ထပ် လိုက် ပေပြီ ။ ကျွန်မ ဇာတ်လမ်း ရေးဖို့ သူ လက်ထပ်ခြင်း မဟုတ်သော်လည်း သူ လက်ထပ်၍ ကျွန်မ သူ့ အကြောင်း ရေးဖြစ်သည် ကတော့ အမှန် ဖြစ်နေသည် ။

သူ ပြောသည့် ရွှေဘဇာတ်ကြမ်းကြီး ကိုတော့ ကျွန်မ မရေးလိုပါ ။ သူ့ အချစ် ဇာတ်လမ်း ကို လည်း ကျွန်မ မသိပါ ။ သို့သော် သူ လက်ထပ်သွားခြင်း သည် ပတ်ဝန်းကျင် တစ်ခု လုံး ကို ဂယက် ထ သွားစေခဲ့သည် သာ မက ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ ကို ဂုဏ်ပြု ရင်း ပညာ ပေး သွားပါသည် ။

သည်တော့ ကျွန်မ သူ့ အကြောင်း မရေးဘဲ မည်သို့ နေနိုင်ပါမည်နည်း ။

   •••••   •••••   •••••   •••••

သူ့ နာမည် က မျိုးမျိုး ။

ငယ်စဉ် က ပင် မိဘ ဆုံးပါးခဲ့သူ မို့ အစ်ကိုရင်း နှင့် နေ လာခဲ့ ရ သူပီပီ သူ့ အစ်ကို လိုပင် “ ခင်ဗျား -ကျွန်တော် ” နှင့် ပြောလေ့ ရှိသည် ။ ကျောင်းပညာ ကို ဆုံးခန်းတိုင် မသင်ကြား ရသည့် အတွက် ငယ်စဉ်ကပင် ကိုယ့်အား ကိုယ် ကိုး ကာ ကုန်မျိုးစုံ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုရင်း ယခု အသက် နှစ်ဆယ့်ငါးနှစ် သို့ ရောက် လာ ခဲ့သည် ။ သူ သည် သူ့ အလုပ်တွင် ကျွမ်းကျင် နိုင်နင်းလှ၏ ။ သူ့ ဆိုင်တွင် ကုန်မျိုးစုံလင်လှသည် မို့ ပြည်မြို့ တွင် အထူး ကျော်ကြား လေသည် ။

ကျွန်မ က ဘဏ်ဝန်ထမ်း ၊ မြင့်မြင့်ခိုင် က စက်မှုပညာသင် ကျောင်းအုပ် ၊ ချိုလှနွယ်ဖူး က မြေကျေးရှင်းရုံး စာရေးကြီး ၊ မျိုးမျိုး က ကုန်သည် ။ သည် လူတန်းစား လေးယောက် တွင် မျိုးမျိုး က ကျွန်မတို့ သုံးယောက် ပေါင်း ထက် သာ သော ဝင်ငွေ ကို ရအောင် ရောင်းဝယ်ဖောက်ကားမှု ကောင်း သည် ။ ထို့ကြောင့် ကျွန်မတို့ သူငယ်ချင်းများ အနက် သူ က သူဌေးမလေး ဖြစ် နေသည် ။

ထို သူဌေးမလေး ၏ ပုံစံ ကို ဖော်ရလျှင် အရပ် က ခပ် ပျပ်ပျပ် ၊ လုံးကြီးပေါက်လှ ကိုယ်ဟန် ရှိပြီး အသားရောင် က ဖြူဝင်း စိုပြည် နေသည် ။ သူ့ နှုတ်ခမ်း နှင့် ဖြူဖွေးသွယ်တန်း နေ သော သွားကလေးများ က သူ့ မျက်နှာ ၏ အလှ ကို ဖော် ဆောင် နေပေသည် ။

“ မင်း သွားလေးတွေ သိပ် လှတာပဲ ” ဟု ပြောလျှင် “ ဒါကြောင့် ကိုယ် တစ်နေ့ အခါ တစ်ရာ လောက် ရယ်တာ ပေါ့ ” ဟု ပြောပြီး သဘော ကျ တတ်ပါသည် ။

သို့သော် သူ့ ဝတ်စားဆင်ယင်ပုံ ကို ကြည့်ပါ လျှင် ကော်လံတပ် ရင်စေ့အင်္ကျီ လက်တို ထူထူကြီး မှ လွဲ၍ ဘယ် အင်္ကျီမှ သူ မဝတ် ၊ သူ ငယ်စဉ် ကတည်းက သည် ပုံစံ ပဲ ဝတ်ခဲ့သည် ဆို၏ ။ ထဘီ ကို လည်း ဘယ်တော့မှ ချပ်ချပ် ရပ်ရပ် သေသေသပ်သပ် မဝတ်တတ် ၊ ပုဆိုး လိုလို ၊ ထဘီ လိုလို ပုံစံ နှင့် လုံးထွေးကျစ်လိမ် ဝတ်ထား တတ်သည် ။ ဈေး ကြီး ပေး ရသော ပါတိတ် တို့ ၊ ပါထိုင်း တို့ ဆိုလျှင် ဘယ်သော အခါမှ ကိုင်တွယ် မကြည့် ၊ သူ့ ခါး တွင် မြန်မာဖြစ် မာစရိုက် လုံချည်အစင်း နှင့် ပြောင် ၊ သို့မဟုတ် တစ်ခါတစ်ရံ မုဒုံ အချိတ်ထဘီများ သာ တွေ့ ရ၏ ။

သူ့ ဆံပင် ကို ဇာတ်မင်းသား လို သေးသေးလေး မြှင့် ထုံး ထားတတ်သည် ။ ဒါ့အပြင် သူ ဘာမှ မလုပ်တတ်ပေ ။

လမ်း လျှောက်ပုံ ကလည်း ကဗျာ ဆန်လှ ချေသည် ။ ကိုယ် ကို ဘယ်ညာ ယိမ်းထိုးကာ လက်သီးဆုပ် သွား တတ် သည် ။ သူ လမ်းလျှောက် လာလျှင် “ ဟေ့ ဟိုမှာ လမ်း လျှောက်လာတဲ့ ပုံစံ ကို ကြည့်စမ်း ” ဟု အချင်းချင်း လက်တို့ ရယ်ကြ၏ ။ လက် မတို့ဘဲ ပြောင် ပြော၍ လည်း မဖြစ်ပါ ။ သူ့ ပါးစပ် ကို လူတိုင်း လန့်ကြသည် ။ သူ က မဟုတ်မခံ ဆတ်ဆတ်ကြဲမလေး ။ သူ့ အစ်ကို မှ လွဲ၍ မည်သူ့ ကို မှ သူ မကြောက်ပေ ။

သည်တော့ သူ့ တစ်ကိုယ်လုံး ကို ခြုံ ကြည့်လျှင် ယောက်ျားလျာမလေး တစ်ယောက် ဟု မဆိုသာ သော် လည်း မိန်းကလေး တစ်ယောက် တွင် ရှိသင့် ရှိထိုက် သည့် နူးညံ့သိမ်မွေ့သော ပုံစံ သူ့ တွင် ရှာဖွေ၍ မရပါ ။
မျိုးမျိုး နှင့် မြင့်မြင့်ခိုင် တို့ နေကြသော လမ်း ထဲ သို့ ကျွန်မ ပြောင်းရွှေ့ လာ မှ ကျွန်မတို့ သူငယ်ချင်း တစ်စု အဖွဲ့ ကျ ကာ ခင်မင် ရင်းနှီး လာကြသည် ။ မျိုးမျိုး ၊ မြင့်မြင့်ခိုင် နှင့် ကျွန်မ တို့ သုံးယောက် က ပို အတွဲ များပြီး သွား အတူ လာ အတူ နှင့် မကြာခဏ ဆုံစည်း မိကြသည် ။ ခင်မင်ရင်းနှီး စ မို့ စားကြသောက်ကြ ရယ်ကြမောကြ နှင့် အိမ်မေ့ ၊ ရာမေ့ အလွန် ပျော်ကြပါသည် ။

အထူးသဖြင့် မျိုးမျိုး က ပို၍ ပျော်ပျော် နေတတ်၏ ။ သူ သည် စကား ပြောနိုင်သလောက် ရယ်လည်း ရယ်နိုင် သည် ။ ဘယ်တော့မှ စိတ် ညစ်သည် ဟု မရှိ ။

စိတ် မညစ်တတ်သူ သည် တစ်နေ့တွင် ကျွန်မ အိမ် သို့ မျက်နှာ ညှိုးညှိုး နှင့် ပေါက် လာပြီး မပြောစဖူး လေသံ တိုးတိုး ဖြင့်...

“ ကိုယ် တော့ ငွေ နှစ်ထောင် ထိသွားပြီ ဆရာ ”

“ ဟယ် ... ဘယ်လို ငွေ နှစ်ထောင် ထိ သွားတာလဲ ”

“ ဒီလိုကွ ကိုယ့် ဆီ လာ လာ နေတဲ့ ဟို ရွှေတောင် က အမျိုးသမီး လေ ”

“ ဪ .. ကြည်ကြည်မင်း ဆိုတာ လား ”

“ ဟုတ်တယ် ၊ အဲဒါ သူ က ဆံပင်အလှပြုပြင်ဆိုင် ဖွင့် ချင်တယ် ဆိုပြီး ကိုယ့် ကို အရင်းအနှီး မရှိလို့ ငွေ ချေးပါ ဆို တာနဲ့ တစ်နေ့ က ကိုယ် ငွေ နှစ်ထောင် ထုတ်ချေးလိုက် မိ တယ် ။ အဲဒါ မနေ့က သူ့ အမေ ကိုယ်တိုင် လာ ပြောတာ ။ သူ လင်နောက် လိုက်ပြေးပြီ တဲ့ ”

“ ဟင် ”

ကျွန်မ အံ့အား သင့်ပြီး ဘာမှ မပြောနိုင်မီ သူ က ဆက်၍ ...

“ ယူတဲ့ ယောက်ျား ကလည်း ရှစ်တန်းကျောင်းသား တဲ့ ။ ပြေးလိုက်ကြတာ က လည်း နီးနီး ပဲ ၊ ငပလီ ကို လေ ”

“ နေစမ်းပါဦး ၊ မင်း က သူ့ အကြောင်း ဘာမှ အခိုင်အလုံ မသိဘဲ ဒီလောက် ငွေကြီး ကို များ ထုတ်ချေး ရသ
လားကွာ ”

ကျွန်မ မေးခွန်း ကို သူ က စဉ်းစဉ်းစားစား ဖြေသည် ။

“ သူ့ အတွင်းရေး ကိုတော့ ကိုယ် ဘယ်သိမလဲ ။ ဒါပေမဲ့ သူ နဲ့ ကိုယ် ဟာ အတော် ခင်မင်ခဲ့ကြတာ မဟုတ်လား ။ ပြီးတော့ သူ က နွမ်းပါးသူ ဆိုတော့ ကိုယ် သနား လည်း သနား တယ် ။ သူ က လည်း ကိုယ့် အပေါ် မှာ အတော် ကောင်းရှာ တာ ကွ ။ ကိုယ့် အနွံအတာ ကို သိပ် ခံရှာတာပဲ ။ ကိုယ့် ကို ဘယ်လောက် ခင်သလဲ ဆိုရင် ကိုယ့် ဆီ လာတိုင်း ကိုယ့် အတွက် တစ်ခုခု ပါ လာတာပဲ ။ ဟိုတစ်လော က တက်ထရွန် အင်္ကျီတွေ ငါးထည် တောင် ချုပ် ယူ လာသေးတယ် ။ အခု ကိုယ် ဝတ်ထားတဲ့ အင်္ကျီ ဟာ သူ ပေးတာပေါ့ ”

သူ့ ခါး က အင်္ကျီ ကို ကျွန်မ ကြည့်လိုက်ရာ ကော်လံ အင်္ကျီ လက်တို ရေညှိစိမ်းရောင် ကို တွေ့ ရ၏ ။

“ မဟုတ်သေးပါဘူး ။ သူ က နွမ်းပါးတယ်လည်း ဆို သေးရဲ့ ။ မတတ်နိုင်ဘဲ မင်း ကို ဒီလောက် ပစ္စည်း ဘာ ကြောင့် ပေးကမ်း နေရတာလဲ ၊ မင်း က ရော ဘာ့ကြောင့် ယူရသလဲ ”

သူ့ စကား ကို နားမရှင်း ၍ ကျွန်မ ထပ်မေးရသည် ။

“ ကိုယ် ကလည်း အလကား မယူပါဘူး ။ သူ က တစ်မျိုး ပေးရင် ကိုယ် က နှစ်မျိုး လောက် ပြန် ပေးတာပါ ။ ကိုယ် ကတော့ သူ့ ကို သနား လည်း သနား ၊ ခင် လည်း ခင် တာနဲ့ စေတနာ ထားပြီး ဆပ်နိုင်တဲ့ အခါမှ တဖြည်းဖြည်း ပြန်ဆပ် ဆိုပြီး ရိုးရိုးသားသား ကူညီခဲ့တာ ၊ အခုတော့ သူ က သာ အကြံ နဲ့ ဉာဏ် နဲ့ ၊ အစကတော့ သူ့ကို ဒီလောက် လည်လိမ့် မယ် မထင်မိဘူး ။ ကလေးဆန်ဆန်လေး မို့ ကိုယ် သူ့ ကို ခင်တွယ်မိတာပါ ကွာ ။ အခွင့်အရေး ဆိုလည်း ကိုယ် အမြဲ ပေးထားတာ ။ ဒီလို အခွင့်အရေးတွေ ပေးပြီး တတွဲတွဲ လုပ် လွန်းလို့ ပြည် တစ်ဈေးလုံး က ကိုယ် နဲ့ သူ့ ကို ခဏခဏ စကြ နောက်ကြ တယ် ။ သူ က လည်း ကိုယ့် ဆိုင် လာ လာပြီး သူ များ စ ချင်အောင် အမြဲ ရွှတ်နောက်နောက် လုပ်ပြ တတ်တယ် ”

မျိုးမျိုး ၏ နောက်ဆုံး စကား ကို ကြားရသော အခါ ကျွန်မ ရင်လေး သွား မိသည် ။ ယခုမှ သဲလွန်စ ကို ကျွန်မ သိလိုက် ရ၏ ။ ငွေချေးသူ မိန်းကလေး သည် မျိုးမျိုး ကို အကြိုက်ဆောင်၍ ဖြားယောင်း သွေးဆောင် ကာ မူ မမှန်သော စိတ် ဝင်လာအောင် လှုံ့ဆော်ပြီး တစ်ပတ်ရိုက် သွားခဲ့ခြင်း ဖြစ် ပေသည် ။

သည်တော့မှ သူ့ အတွက် ပို၍ စိတ်မကောင်း ဖြစ်မိသည် ။

သူများ ဆိုင်တွေ အလစ်သုတ် ခံရလျှင် သူ အမိဖမ်း ပေး တတ်၏ ။ သူများ ဆိုင်တွေ ဖောက်ထွင်း ခံရလျှင် တရားခံ ပေါ်အောင် သူ လုပ်နိုင်၏ ။ ယခု သူ ကိုယ်တိုင် ကျ တော့ ဘာ့ကြောင့် ကျောကပ်ဓား နှင့် အလှီး ခံရလေသ နည်း ။ ကျွန်မ နားထဲတွင် သူ့ စကားသံ က ပဲ့တင် ထပ် လာသည် ။

“ တစ်ဈေးလုံး က ကိုယ် နဲ့ သူ့ ကို ခဏခဏ စကြ နောက်ကြတယ် ။ သူ ကလည်း ကိုယ့် ဆိုင် လာ လာပြီး သူ များ စချင်အောင် အမြဲ ရွှတ်နောက်နောက် လုပ်ပြ တတ်တယ် ”

သည် အတိုင်း သာ ဆိုလျှင် သူငယ်ချင်း ၏ ဘဝရှေ့ရေး မှာ မည်သို့ ရှိပါမည်နည်း ။ ငွေဆုံး ၊ ပစ္စည်းဆုံး ရသည်က အရေး မကြီး ။ သူ့ ပုံစံ ၊ သူ့ အမူအရာ နှင့် သူ့ ပတ်ဝန်းကျင် ကြောင့် မူ မမှန်သော စိတ်များ ဝင် လာပြီး မပီပြင်သော ဟန် ပန် နှင့် သူ့ ဘဝ တစ်ခုလုံး ဆုံးရှုံး သွားမှာပဲ ကျွန်မ စိုးရိမ်မိပါသည် ။

သည်အကြောင်း မြင့်မြင့်ခိုင် ကို ကျွန်မ ပြောပြသော အခါ သူ လည်း အတော် စိတ်မကောင်း ဖြစ်သွားသည် ။

“ ပတ်ဝန်းကျင် ကို လည်း အပြစ် ပြောလို့ မရဘူး ညိုညို ရဲ့ ။ သူ နေပုံထိုင်ပုံ ဝတ်ပုံစားပုံ ကို လည်း ကြည့်ဦးမှ ။ သူ သာ မိန်းကလေး ပီပီသသ ဆိုရင် ဘာ ပြဿနာ ပေါ်မှာလဲ ။ ပတ်ဝန်းကျင် ဆိုတာက မြေနိမ့်ရာ လှံစိုက် ။ သာ ရင် ပေါင်း ။ အမြှောက် ကြိုက်တဲ့ သူ ဆိုရင် ဝိုင်း မြှောက်လိုက်ကြ ။ ဒီ စကား ပြောလို့ သူ့ ဘဝ ဘယ် အခြေ စိုက်မယ် ၊ ဘယ်အထိ ခရီး ရောက်မယ် ဆိုတာ တွေးကြတာ မဟုတ်ဘူး ။ ဒါ သဘာဝ တရားပဲ ။ ဒါကို အခွင့်အရေး ယူပြီး မသမာတဲ့ သူ တွေ ပေါ် လာတာ ။ ဒီတော့ ဘယ်သူ မပြု မိမိမှု ပဲ မိညို ။ မျိုးမျိုး ကိုယ်တိုင် က သူ့ ကိုယ် သူ ပြုပြင် မှ ဖြစ်မယ်လို့ ကိုယ် ထင် တာပဲ ။ ပြုပြင်ဖို့ အရေးကြီးတာ က သူ့ ပုံစံ ၊ သူ့ အမူအရာ ၊ သူ့ အပြောအဆို ”

မြင့်မြင့်ခိုင် က အလေးအနက် စဉ်းစားပြီး သူ့ အမြင် ကို တင်ပြသည် ။

“ ခိုင် ပြောတာလည်း ဟုတ်ပါတယ် ။ သူ့ ကို သေချာ လေ့လာကြည့်စမ်း ။ သူ ဟာ ပတ်ဝန်းကျင် က ပင့်ပေး သလို သတိလက်လွတ် တော့ မဟုတ်သေးဘူး ။ သူ့ ဘဝ သူ နားလည်တယ် ခိုင်ရဲ့ ။ ဒါပေမဲ့ သူ က စီးပွားရေးရှုထောင့် က ပဲ ကြည့်တတ်တယ် ။ ဘယ်သူက ဘယ်လို စစ ပျော်စေပျက်စေ ဆိုတဲ့ အနေရော ၊ အရောင်းအဝယ် မိတ်ပျက်မှာ စိုးတာ ရော ၊ ပျော်ပျော် နေတတ်တာ နဲ့ ဆိုတော့ ခပ်ပေါ့ပေါ့ သဘော ထားပြီး လိုက်လျောနေတာ လို့ ကိုယ် မြင်တယ် ။ သူ့ ကိုယ် သူ ပြုပြင်ဖို့ က ထင်သလောက် မလွယ်ဘူး ခိုင် ။ သူ ဒီလိုဖြစ် လာတာ ကို က သူ့ အလိုအလျောက် ဖြစ်လာတာ မဟုတ် ဘူး ။ သူ နေလာရတဲ့ ပတ်ဝန်းကျင် ဟာ အဓိက ပဲ ။ ငယ်ငယ် ကတည်း က အစ်ကို နဲ့ နေလာရတော့ သူ့ အစ်ကို ရဲ့ အပြောအဆို အမူအရာတွေ အတိုင်း ဖြစ် လာတယ် ။ သူ က ခေါင်းမာရတဲ့ အထဲ ပြုပြင်ပေးမယ့် သူ က မရှိတော့ သူ့ အကျင့် က အရိုးစွဲ နေပလားပဲ ။ နောက် တစ်ခု က သူ လုပ်ရ တဲ့ အလုပ် ကို ကြည့်ကွာ ။ အား နဲ့ အင် နဲ့ သွက်သွက်လက်
လက် ပယ်ပယ်နယ်နယ် လုပ်ရတဲ့ အလုပ်မျိုး ဆိုတော့ ဒီ ပုံ ဖြစ်လာဖို့ သူ့ အလုပ် က တစ်ဖက် တစ်လမ်း ဖန်တီး ပေးထား သလို ဖြစ်နေတယ် ။ ဒီတော့ သူ့ ကို ကိုယ်တို့ ဖြစ်စေချင်တဲ့ ပုံစံ ဖြစ်လာအောင် လုပ် ဖို့ က သူ နဲ့ အပေါင်းအသင်း ဖြစ်နေ တဲ့ သူ့ ပတ်ဝန်းကျင် ကို ရောက် နေတဲ့ ကိုယ် တို့ မှာ လည်း တာဝန် ရှိလာတယ် ခိုင်ရှေ့ ။ လောလောဆယ် မှာတော့ လေ့လာရင်း စောင့်ကြည့်ကြသေးတာပေါ့ကွယ် ”

     •••••   •••••   •••••   •••••

ကျွန်မတို့ သူငယ်ချင်း တစ်စု တစ်နေ့ ဆုံမိကြ ပြန် သည် ။ ကျွန်မတို့ က ရောက်တတ်ရာရာ ပြောကြရယ်ကြ ၏ ။ မျိုးမျိုး က သူ ဖျား နေတာ သုံးရက် လောက် ရှိတာ ကို ဘယ်သူမှ လာ မမေးကောင်းလား နှင့် ဒေါဖောင်း နေတော့ သည် ။ ကျွန်မတို့ က မသိလို့ပါ ဟု တောင်းပန် သော် လည်း မရ ။ တကယ်တော့ သူ နှင့် ပတ်သက်၍ တစ်ယောက် ယောက် နေထိုင်မကောင်း ဖြစ်လျှင်လည်း သူ မနေတတ်ပါ ။ ချက်ချင်း ရောက်သွား တတ်ပြီး လိုအပ်သလို အကူအညီ ပေးရှာ ပါသည် ။

အကူအညီ ပေးရမည့် ဘက်တွင် သူ သည် အင်မတန် လက်မြန် ခြေမြန် ရှိ ပေသည် ။ အပင်ပန်း လည်း ခံ၏ ။ အနစ် နာ လည်း ခံနိုင်သည် ။ ထို့ကြောင့် သူ မပါလျှင် ဘယ်နေရာမှ ပွဲ မစည် ။ အလှူအတန်းများ ဆိုလျှင် အကျွေးအမွေး ဘက် ၌ ပထမတန်း တာဝန် ယူ နိုင်သလို ဧည့်ခံရေး ဘက် တွင် လည်း လစ်ဟာခြင်း မရှိရအောင် ဧည့်ခံ ကောင်းလှသည် ။ ထို့ကြောင့် “ မရွှေမိ ” သည် သူ့ ဘက်ကျ အလိုက် မသိလျှင် ဒေါသ ကြီး တော့၏ ။ သို့သော် သူ ကျိတ်ပြီး စိတ် မကောက် တတ်ပေ ။ ဝမ်းနည်းပမ်းနည်း မျက်နှာပေး နှင့် ဗြောင် ဖွင့် ပြော ၏ ။ ယခုလည်း သူ့ ကို လာ မမေးကြ၍ ဝမ်းနည်းပြီး ငိုခဲ့ သေးသည် ဟု ဆို၏ ။

ဪ .. သူ့ စိတ် ထဲ တွင် ဘာမျှ လျှို့ဝှက်ထားခြင်း မရှိ ။ ဘွင်းဘွင်းမလေး ပေတကား ။

သူ သည် သူ့ အစ်ကို ကို တစ်ခါ လိမ်ခဲ့ဖူးသည် ဆို၏ ။ ပေါင်းတည် စွယ်တော်ပွဲ သို့ သွားမည် ဟု သူ့ အစ်ကို ကို ပြော ခဲ့ပြီး ကျွန်မတို့ လမ်း ထဲ က ဘုန်းကြီးကျောင်း မှာ ပင် တစ်ပတ် ကြာအောင် တရား အားထုတ် ခဲ့သည် ။ နောက်တော့ အလိမ် ပေါ်၍ သူ့ အစ်ကို က ဆူပူကြိမ်းမောင်းပြီး ထ ရိုက်မည် ပြု သဖြင့် စိတ်ဆိုး ကာ ထမင်း သုံးနပ် မစားဘဲ သူ နေသည် ။ နောက်ဆုံး အစ်ကို လုပ် သူ က စိတ်ပြေ အောင် နိုင်ငံခြား ချော့ကလက်ကလေး တစ်ခု သူ့ ကို လာပေးသည် ဆို ၏ ။ ထိုအခါ သူ ဝမ်းသာ ကျေနပ်ပြီး ထမင်းတွေ အဝစား ကာ ကျွန်မ နှင့် မြင့်မြင့်ခိုင် ဆီ ပြေးလာ ပါသည် ။

ချော့ကလက်ကလေး ကို သူ မစားဘဲ ယူလ ာကာ ဝမ်းသာတဲ့ အထိမ်းအမှတ် နဲ့ တစ်ယောက် တစ်ဝက် ဝေစား ဆိုပြီး ကျွန်မတို့ နှစ်ယောက် ကို ထုတ်ကျွေး လိုက်ပါသေး ၏ ။ ထိုနေ့ က သူ တကယ်ပင် ပျော်ရွှင် နေပါသည် ။ သည် လို ဆိုတော့ သူ့ ဒေါသ က ထမင်းသုံးနပ် အငတ်ခံ နေပြီးမှ ချော့ကလက်ကလေး ပေး ချော့ရုံ နှင့်လည်း ပြေတတ်ပါ က လား ။ အမှန်မှာ သူ သည် ကလေးဆိုးကြီး လို နွဲ့ဆိုး ဆိုး နေ ခြင်းသာ ဖြစ်ပေသည် ။

ကျွန်မတို့ ကို တော့ သူ တကယ် ခင်မင်လွန်း လှ၏ ။ သူ့ အိမ် တွင် ချက်သော ကြက်သားဟင်း နှင့် အုန်းထမင်း ကို မစားဘဲ ကျွန်မ အိမ် မှ ထမင်းကြမ်း ကို နှမ်း ၊ ကြက်သွန် ကြော် ဆီဆမ်း နှင့် အဝ လာ စား တတ်၏ ။ သူ ကြိုက်သော မုန့်ဟင်းခါးဟင်း နှင့် ငါးရံ့ပဒူရွက်သုပ် ကို မကြာခဏ မြင့် မြင့်ခိုင် တို့ အိမ် သွားကာ အတင်း လုပ်ခိုင်း စား တတ်လေသည် ။ အစားအသောက် နှင့် ပတ်သက်၍ ကျွန်မ တို့သည် သူ့ အလို သို့ လိုက်သော်လည်း အခြား ကိစ္စတိုင်း ကို မလိုက် လျောပါ ။ သူ နစ်နာမည့် အခွင့်အရေး ဟူသမျှ ကိုလည်း ကျွန်မတို့ ဘယ်တော့ မှ လက် မခံခဲ့ ။ ထို့ကြောင့် သူ ကျွန်မ တို့ နှစ်ယောက် ကို အခင်အမင် မပျက်သည့် အပြင် ပို၍ ပင် လေးစား လာ၏ ။

ယင်းသို့ ကျွန်မ တို့ ကို လေးစား လာသော ကလေးငယ် လို ဆွဲဆောင်ရာ သို့ အပြောင်းအလဲ မြန်သော ငိုလွယ် ရယ်လွယ် သော စိတ် သဘောထား ကောင်းမွန်လှသော ဘွင်းဘွင်းမလေး မျိုးမျိုး ၏ စိတ် ကို ရိပ်စားမိ လာသော အခါ ကျွန်မ သည် သူ့ အတွက် ဘဝ လင်းရောင်ခြည်လေး ကို လင်းခနဲ မြင် လိုက် မိ သဖြင့် ဝမ်းသာ သွား၏ ။

ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ ခေါင်းချင်း ဆိုင်ကြရပြန်သည် ။

“ မင်္ဂလာဆောင် သွားတာ ဒီ ကော်လံအင်္ကျီ ဗျစ်ထူကြီး နဲ့ ကြည့် မကောင်းလိုက်တာ မျိုးမျိုး ရယ် ။ သူ့ နေရာ နဲ့ သူ လည်း ကြည့် လုပ်စမ်းပါဦး ။ ရင်ဖုံးအင်္ကျီ လက်ရှည်လေး တစ်ထည်လောက် များ ချုပ် ဝတ်ပါလားကွာ ”

သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင် သို့ ကျွန်မ တို့ သူငယ်ချင်း တစ်စု သွားကြခါနီး တွင် အများ ထဲ မှ ပုံ ပျက် နေသော မျိုးမျိုး ကို မနှစ်မြို့ဟန် နှင့် ကျွန်မ က စိတ်ပျက် လက်ပျက် ပြော လိုက်သည် ။

“ မဝတ်ချင်ပါဘူး မိညို ရာ ၊ ကိုယ် ဒါမျိုးပဲ ဝတ်နေကျ ဟာ ”

သူ က ကျွန်မ လေသံ အတိုင်း ခပ်အေးအေး ပြန်ပြော သည် ။ အခြား တစ်ဦး တစ်ယောက် က သာ သူ့ ကို သည်လို ပြောလျှင် “ ငါ့ ဘာသာ ဝတ်ချင်တာ ဝတ်မယ် ၊ ဆရာ လာ မလုပ်နဲ့ ” ဟု ပက်ခနဲ ရန်တွေ့မည့် ပါးစပ် ဖြစ်သည် ။

“ ဘာ မဝတ်ချင်ဘူးလဲ ၊ ရင်ဖုံးအင်္ကျီ လက်ရှည် တစ်ထည်တော့ ချုပ် ကို ချုပ်ရမယ် ။ ဝတ်နေ မကျပေမဲ့ နောက် တော့ အသားကျ သွားမှာပဲ ။ ဒီ ကပြားအင်္ကျီတွေ ကို ပဲ မစွန့်ရက် မခွာရက် ။ မင်း ပဲ ဝတ်နေ သိလား ။ ဘာမှန်း လည်း မသိ ဘူး ။ သွားရင် လာရင် သိပ် ရုပ်ပျက် တာ ပဲ ။ နောက် ဆို ရင် ရင်ဖုံးအင်္ကျီတွေ ပဲ ကိုယ်တိုင် ချုပ် ပေးမယ် ။ ဒါပဲ ”

ကျွန်မ က လေ ပျော့ သလောက် မြင့်မြင့်ခိုင် က အစ်မကြီး လေသံမျိုး နှင့် ခပ်တည်တည် ကျိန်း လိုက်၏ ။ မြင့်မြင့်ခိုင် သာ လူစိမ်း ဆို လျှင် မျိုးမျိုး ထ ချမည် ဧကန် ။ ယခုတော့ “ ဒီလောက်လည်း မကျိန်းပါနဲ့ကွယ် ဟား ဟား ဟား ” ဟု ဆိုကာ မြင့်မြင့်ခိုင် ကိုယ် သေးသေးလေး ကို အားရပါးရ ဆွဲ မွှေး ပစ် နေသည် ။ သည်နေရာ တွင် မြင့်မြင့်ခိုင် က လိုက် မရယ်ပေ ။

မျိုးမျိုး က ဝတ်ပါမည် ဟု ဝန် မခံသေး ။

သို့သော် ကျွန်မတို့ ကို မဆန့်ကျင်ခြင်း သည် ဝန်ခံခြင်း ဟု ကျွန်မတို့ မှတ်ယူ လိုက်ကြသည် ။

နောက်တစ်နေ့ မှာ ပင် ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ တိုင်ပင်ကာ ခရစ်လှိုင်းကြီးပန်းနုရောင် ကို ဝယ်ပြီး ကျွန်မတို့ နှင့် ဆင်တူ သူ့ ကို ရင်ဖုံးအင်္ကျီလက်ရှည် တစ်ထည် ချုပ်ပေး လိုက်ပါသည် ။

ချုပ်ပြီးစ အင်္ကျီ ကို တော် မတော် ဝတ်ကြည့် ခိုင်းစဉ် မျိုးမျိုး သည် မျက်နှာ မထားတတ် အောင် ရှက်ကိုးရှက် ကန်း ဖြစ်ကာ ဇောချွေးတွေ ပြန် လာပါသည် ။ သူ့ တစ်သက် တွင် သည် ပုံစံ တစ်ခါမှ မဝတ်ခဲ့ ဖူး၍ မျက်စိ ရိုင်းပြီး သူ့ ကိုယ် သူ ကြည့် မကောင်း ဟု ဇွတ် ပြောနေသည် ။

“ ကြည့် ကောင်းလိုက်တာ မှ မမမျိုး ရယ် ၊ တကယ်ပါပဲ ။ ပန်းနုရောင်လေး နဲ့ မမမျိုး အသားရောင် ဟာ ဝင်း နေ တာပဲ ။ ကြည့်ပါဦး ၊ အရပ် လည်း ပို ရှည်လာတယ် ။ ခါး ကလေး လည်း ပို သေး သွားတယ် ”

ချိုလှနွယ်ဖူး က သူ့ ကို ကြယ်သီး တပ် ပေးရင်း အားရပါးရ ပြောသည် ။

“ ဟုတ်တယ် မျိုးမျိုး ၊ ကြည့် ရတာ ဘယ်လောက် ယဉ်ကျေးလာ သလဲ ၊ မြန်မာဆန်ဆန် ကျက်သရေ ကို ရှိလို့ ”

ကျွန်မ က လည်း အားပေး လိုက်ပါသည် ။

“ လှပါတယ် မေရယ် × x x ကြည့်လို့ မဝတဲ့ ကိုယ့် မျက်လုံးထဲမယ် × × ×  ”

သူ့ မိတ်ဆွေ ဒေါ်ကြည်ကြည် က လည်း မှန်ကြီး ကို ထောင် ပြရင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ သီချင်း ဆို ၍ သြဘာ ပေးပြန်၏ ။

“ ဒီလောက် လည်း အဖြစ်သဲ မနေကြနဲ့ ၊ မိန်းမ က မိန်းမ အင်္ကျီ ဝတ်တာ ကြည့်လို့ ကောင်းကောင်း မကောင်း ကောင်း ဘာမှ မဆန်းဘူး ၊ ဝတ်ကြတဲ့ သူ ချည်းပဲ ”

မြင့်မြင့်ခိုင် က တော့ သူ့ နည်း သူ့ ဟန် ဖြင့် အဆန်း ဖြစ် ပြီး တုန်လှုပ် နေသော မျိုးမျိုး ၏ စိတ် ကို ထိန်းချုပ် လိုက် သည် ။ သည်တော့မှ မျိုးမျိုး မျက်နှာ ပေါ် က ဇောချွေးများ က လည်း တဖြည်းဖြည်း တိတ်သွား လေသည် ။ သို့တိုင်အောင် ခရစ်စ ကို ဈေးကြီးကြီး ပေး ဝယ်ရမလား နှင့် တဆူဆူ လုပ်ကာ ဒီ အင်္ကျီမျိုး ကို ကြယ်သီး မတပ်တတ်ဘူး ၊ မီးပူ မတိုက်တတ်ဘူး ဘာဘူး နှင့် ဆင်ခြေတွေ အများကြီး ပေး နေ သေး၏ ။

ကျွန်မ တို့ သည် သူ့ကို သိပ် မချော့ ၊ သိပ် မမြှောက် တော့ချေ ။ သူ သည် မကျွေးချင်တာ ကို မှ လု စားတတ်၏ ။ တမင် ဖိတ် ကျွေးလျှင် လာချင် မှ လာ တတ်သည် ။ ဟော ယခု ကြည့် ဝါဆိုလပြည့်နေ့ ဥပုသ်စောင့် သွားရာ၌ ထို ရင်ဖုံး အင်္ကျီလေး ကို သူ စ ဝတ်လာတော့သည် ။

ကျွန်မတို့ မှာ ဝမ်းသာလိုက်ကြသည့် ဖြစ်ခြင်း ။ သို့သော် သူ့ ရှေ့တွင် သူ အနေ မခက်ရအောင် ဝမ်းသာခြင်း ကို ကျွန်မတို့ မျိုသိပ် ထားရသည်မှာ ဒုက္ခဆင်းရဲ ခြင်း ကြီးလှပေစွ ။

နောက်တစ်နေ့ ညနေ တွင် ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ မျိုးမျိုး အိမ် သွား ကြသည် ။ သူ သည် ကျွန်မ တို့ ကို မမြင် ဘဲ အိမ် အောက်ထပ် တွင် သူ့ ကုန်တွေ နှင့် အလုပ် များနေသည် ။ ကျွန်မတို့ သူ့ အနား ရောက်တော့ မှ ဝမ်းသာအားရ ဖြုန်းခနဲ ထ ရပ်လိုက်သည် ။

“ အမလေး ဒါက ဘယ် အဖြစ် ဖြစ်ရတာတုံး မျိုးမျိုး ရာ ၊ မြန်မြန် ပြင် ဝတ်စမ်းပါ ၊ မင်း ထဘီကြီး ကို ”

မျိုးမျိုး ထ ရပ်လိုက်တော့မှ ပုဆိုး မဟုတ် ၊ ထဘီ မကျ ပေါင် တစ်ခြမ်း ပေါ် ထိုးလိပ် ဝတ်ထားသည့် သူ့ ထဘီ ပုံစံ ကြီး ကို မြင်လိုက်ရ သဖြင့် ကျွန်မ က ထ အော် လိုက်မိသည် ။ ကျွန်မ အော်လိုက်၍လား မသိ မျိုးမျိုး သည် လန့်ဖျပ် ပြီး သူ့ ထဘီ ကို ဆွဲဖြည် လိုက်ကာ ချပ်ချပ်ရပ်ရပ် ပြင် ဝတ် လိုက်၏ ။ ပြီးမှ သတိရ သွားဟန် တူပါသည် ။ သူ့ လက် ဆယ်ချောင်း ကို ခေါင်းထဲ ထိုးသွင်း ကုတ် လိုက်ပြီး ...

“ သူတို့ နဲ့ ငါ တွေ့လိုက် ရင် ဘယ်တော့မှ မလွတ်လပ် ပါလား နော် ၊ အလုပ် လုပ်ရင်း ဆိုတော့ ခိုင်အောင် ဝတ်ရတာကွ ”

“ အခုလို ချပ်ချပ်ရပ်ရပ် ခိုင်အောင် ဝတ်လည်း ရ တာ ပါပဲ ၊ မင်း လုပ်ပုံ က လူ မြင်လို့မှ မတော် ”

ပြောမည့် သာ ပြော နေသည် ။ ကျွန်မ တို့ စေတနာ ကို သူ နားလည်ပါ၏ ။ ထို့ကြောင့် သူ ဘာမှ မချေပတော့ ဘဲ ပြုံးဖြဲဖြဲ သာ လုပ်နေသည် ။

သည်လို ဖြင့် စ၍ ကျွန်မ တို့ သူငယ်ချင်း နှစ်ယောက် ပေါင်းပြီး နည်းမျိုးစုံ ဖြင့် သူ့ ကို ပုံသွင်း လာခဲ့ရာ နောက် ခြောက်လ လောက်တွင် သူ့ ကို ကျွန်မတို့ နှင့် ခွဲခြား မရ အောင် တစ်သားတည်း ဝတ်စားဆင်ယင် လာသည် ကို တွေ့မြင်ရ ပါ တော့သည် ။

ဪ ... ပွဲဦးထွက် ကျွန်မတို့ ၏ ခြေလှမ်းသည် လှပ သွက်လက်နေပါ ပကော ။

“ မင်းတို့ နဲ့ လမ်းလျှောက် ရတာ သိပ် ကြာတာပဲ ၊ မြန်မြန် လျှောက်ကြပါကွ ”

မျိုးမျိုး နှင့် ကျွန်မ တို့ အတူ လမ်းလျှောက်ကြသည့် တစ်နေ့ သူ က စိတ်မရှည်ဟန် နှင့် ပြောလေသည် ။

“ မြန်မြန် လျှောက်ရအောင် ဘာတွေ က အရေးကြီး နေလို့လဲ ”

အကွက် ဝင်လာပြီ မို့ မြင့်မြင့်ခိုင် က ခပ်တည်တည် နှင့် ဟောက် လိုက်သည် ။

“ ချို့ ခြေထောက် က သံ စူးထားတာ နာ နေသေးတယ် မမမျိုး ရဲ့ ၊ ဖြည်းဖြည်းပဲ လျှောက်ပါ ”

ချိုလှနွယ်ဖူး က ငဲ့ညှာ တတ် သော မျိုးမျိုး အကြောင်း ကို သိ၍ တမင် ဟန် လုပ်ကာ ချွဲ ပြသည် ။ ကျွန်မ က တော့ တဲ့တိုး သမား ။

“ မင်း လည်း အကျင့် ရအောင် ဖြည်းဖြည်း လျှောက် ကြည့် စမ်းပါ ။ မြန်မြန်ကြီး သွားတာ ကြည့်လို့ မကောင်းဘူး ကွ ၊ ဖြည်းဖြည်း နဲ့ မှန်မှန် လျှောက် တော့ ဣန္ဒြေ လည်း ရှိ တာပေါ့ ။ ရောမ ရောက်ရင် ရောမသား လို ကျင့်တတ် ရမယ် ၊ ကိုယ်တို့ အသိုင်းအဝိုင်း နဲ့ အတူ သွားရင် ကိုယ်တို့ လို ဝတ်တတ် စားတတ် သွားတတ် ရမယ် ”

သည်တော့ မျိုးမျိုး မကြံ သာ ။ သူ တစ်ယောက် တည်း ခွဲထွက် သွား၍ လည်း မဖြစ် ။ အများ နှင့် တစ်ယောက် ဖြစ်နေ၍ လည်း အနိုင် မပြော ။ “ ငါ ငိုချင်လာပြီ ” ဆိုသော သူ့ လက်စွဲ စကား ကို ဆိုပြီး သူ့ ခြေထောက် ကို တရွတ်ဆွဲ လိုက်လာ လေသည် ။

ကလေး ဆယ်ယောက် ကို ပုံသွင်း ရသည် က လွယ် ပေ ဦးမည် ။ သူ သည် ကျွန်မတို့ ကို ခင်မင်လွန်း ၍ ပြောမနာ ဆိုမနာ သည်းခံ တတ်၍ ပြီးတော့ သူငယ်ချင်းကောင်း ၏ စေတနာ ကို လေးစား၍ နားလည်၍ သာ တော် တော့သည် ။ သူ လုပ်ချင်ရာ ကို ဇွတ် လုပ် တတ်၏ ။ ဘယ်သူ မြင်မြင် မရှက် ။ လမ်းလျှောက် ရာ ၌ ဖြည်းဖြည်း မသွားတတ် ဆို သည့် သဘော နှင့် တမင် ခြေထောက် ကို တရွတ်ဆွဲ ၍ လျှောက်ပြ နေသည် က သုံးလလောက် ကြာခဲ့သေး၏ ။

သို့သော် ကြာရှည် ခံနိုင်ရိုးလား ။ ကျွန်မတို့ ကလည်း ဘယ်တော့မှ အလျှော့ မပေးခဲ့ ။ သည်တော့မှ ကျွန်မ တို့ နှင့် အတူ သွားရဖန် များ လာတော့ သူ့ ခြေ နှေး လာသည် ။ ခြေ နှေး လာတော့ ကိုယ် ကို ဘယ်ညာ မရမ်းသာ တော့ ။ သူ့ လက်ထဲ သို့ ပုသိမ်ထီး ဖြစ်ဖြစ် ၊ လက်ကိုင်အိတ် ဖြစ်ဖြစ် ၊ အခြား ပစ္စည်း တစ်ခု ဖြစ်ဖြစ် မအား အောင် ကိုင်ခိုင်း ထား လိုက်သည် ။ သည်တော့ သူ့ လက်သီးကြီး သည် အလိုလို ပျောက်ရလေ တော့သည် ။

ကျွန်မ တို့ ၏ ဒုတိယ ခြေလှမ်း မှာ အောင်မြင်ခဲ့ပြန်ပြီ တကား ။

သီတင်းကျွတ်ပွဲတော် မို့ ထိုနှစ် က ကျွန်မတို့ ပြည်မြို့ တွင် ကြည့်ချင်ပွဲ တွေ စုံလင် လှသည် ။ ကျွန်မတို့ သူငယ် ချင်း တစ်စု က နာမည်ကြီး အငြိမ့် တစ်ခုကို ကြည့် ကြသည် ။ ခေါင်းဆောင်မင်းသမီး သည် အသားကပ်ဘောင်းဘီ ဖင်ကျပ် ဝတ်ပြီး ဒီ ကောင်မလေး သီချင်း နှင့် က ရာ၌ လှုပ်ကာ ရမ်းကာ ၊ သီကာပွတ်ကာ ၊ တွန့်ကာလိမ်ကာ ၊ ညုကာ ဆွယ်ကာ ကြာ များ လွန်းလှသည် ။

ထိုအခါ ပွဲကြည့်ပရိသတ် ကာလသား ကြီးကြီးငယ်ငယ် တို့ က ဟေးခနဲ ၊ ဝါးခနဲ ၊ ဟားခနဲ နှင့် သည်းလှိုက်အူ လှိုက် ဟစ်အော် ကြ၏ ။ ကျွန်မ တို့ ဘေး နား မှ ကောင်လေး တစ်စု မှာ အဆိုး ဆုံး ။ သည်တော့ မျိုးမျိုး စခန်း ထ လာ တော့၏ ။ သူ သည် ဘာမပြော ညာမပြော နှင့် အော်ဟစ်နေ ကြသည့် ကောင်လေးတွေ ကို ခေါင်းထ ခေါက်ချေတော့၏ ။

သူ့ အကြောင်း သူ့ သတ္တိ ကို သိကြသော ကောင်လေး တွေ မို့ ပထမ တော့ ငြိမ်ကျ သွားပါသည် ။ နောက်တော့ ပြန် ဆူလာ ကြပြန်၏ ။

ယခုမှ ပို ခက်ပါပြီ ။ သူ သည် ပွဲကို မကြည့်နိုင်ဘဲ ခုနစ် သံချီ ပြီး ဒေါသတွေ အကြီးအကျယ် ဖြစ် နေ၏ ။

“ အို .. မျိုးမျိုး ၊ နေရာတကာ မှာ စပ်စုလွန်းတယ်ကွာ ၊ ကိုယ် နဲ့ မဆိုင်တာ အသာ နေစမ်းပါကွ ။ ဒီလို နေရာမျိုးမှာ ပွဲ တာဝန်ကျတွေ တောင် လက်လျှော့ ကြည့် နေရသေးတာ ။ မင်း ထိန်းလို့ ရမလား ။ မင်းသမီး ကို က မအော် အော်အောင် လုပ်ပြ နေတာ ကို မင်း က ပြဿနာကြီး လုပ် မနေစမ်းပါနဲ့  ။ ဒါ အဆန်း မဟုတ်ဘူး ။ မင်း လုပ်တာနဲ့ မင်း ကို လူတွေ ဝိုင်း ကြည့် နေတာ မရှက်ဘူးလား ။ မင်း ကို မင်း ဘာများ အောက်မေ့ နေသလဲ ။ မိန်းကလေး ဟာ မိန်းကလေး လို နေ စမ်းပါ မျိုးမျိုး ရာ ။ ကိုယ် စိတ် တယ် ညစ်ရပါလား ”

မြင့်မြင့်ခိုင် က သူ့ လက် ကို ဆွဲ ထားရင်း ပွဲခင်း အလယ် တွင် တိုးတိုးကျိတ်ကျိတ် တရားချ နေပါသည် ။ မျိုးမျိုး အဖြစ် ကို ကြည့်ကာ တရား ကျ မိသူ ကတော့ ကျွန်မ ။

ကျွန်မ သည် သူမ ကို နှုတ် ဖြင့် ပြောချင်စိတ် ကုန်သွား တော့သည် ။ ပွဲ ကို ကြည့်နေရသော်လည်း ကျွန်မ သည် မင်း သမီး ကို မမြင် ။ သူ့ ကို ပြုပြင် ပေး၍ ရနိုင် မည့် အစီအစဉ်တွေ ကို သာ တစ်ခု ပြီး တစ်ခု ဆင် ကြည့် နေ မိပါ၏ ။ နောက် နှစ်ရက် ခန့် ကြာသော် ကျွန်မ ၊ မြင့်မြင့်ခိုင် နှင့် မျိုးမျိုး ခေါင်းဆောင် သော အဖွဲ့ဝင် ဆယ်ဦး တို့သည် အောက်ပါ စည်းကမ်းချက်များ ပါရှိသော “ စိတ်တူကိုယ်တူ ချစ်တဲ့ သူငယ်ချင်း ” အမည် ဖြင့် အဖွဲ့လေး တစ်ခု ဖွဲ့စည်း လက်မှတ်ရေးထိုးရန် စီစဉ် လိုက်ကြပါသည် ။

( ၁ ) အဖွဲ့ဝင်တိုင်း သည် အရေးကြီးသောအခမ်းအနားများ ၊ အလှူပွဲထိုင်များ ၊ ဈေး နှင့် ခရီးသွားလာခြင်း များ တွင် မြန်မာဆန်ဆန် ရိုးရာ မပျက် ဝတ်စား ဆင်ယင်ရန် ။

( ၂ ) နေရာတကာ သတ္တိ ပြခြင်း ၊ စပ်စုခြင်း ၊ ဒေါသကြီးခြင်း တို့ ကို အတတ်နိုင်ဆုံး ချုပ်တည်း၍ လိုအပ်ပါက လက်ရုံးရည် အစား နှလုံးရည် ဖြင့် ပြသရန် ။

( ၃ ) နေရပ် မှ ညအိပ် ညနေ ခရီး ထွက်ခွာသွားခြင်း ကို အဖွဲ့ အား ကြိုတင် အကြောင်းကြားရန် ။

( ၄ ) မိမိ ကို မူ မမှန်သော ၊ ဖောက်ပြန်သော စိတ်ဓာတ် ဖြစ်လာအောင် မြှောက်ပင့်သွေးဆောင် ပြောဆို ခြင်း ကို သတိ နှင့် ရှောင်ကြဉ်၍ မလိုက်လျောရန် ။

( ၅ ) အဖွဲ့ဝင် ထား သူ တစ်ဦး သည် အိမ်ထောင် ပြု သွား ပါက အဖွဲ့ဝင် အဖြစ်မှ ရာသက်ပန် နှုတ်ထွက်ရန် ။

( ၆ ) အဖွဲ့ဝင် တစ်ဦး နှင့် တစ်ဦး ဟန်ဆောင်မှု မရှိ ဘဲ ချစ်ခင်ရင်းနှီး လွတ်လပ်စွာ အပြုသဘော ဖြင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံရန် ။

( ၇ ) လစဉ် ရံပုံငွေ အနည်းဆုံး ကျပ် တစ်ဆယ် စီ အညီအမျှ ထည့်ဝင်၍ ဘဏ် ငွေစုစာရင်း ဖွင့်ရန် ။

ယင်း အဖွဲ့လေး တွင် ဒေါ်မြင့်မြင့်ခိုင် က အတွင်းရေးမှူး ၊ ကျွန်မ က ဘဏ္ဍာရေးမှူး ၊ ဒေါ်ချိုလှနွယ်ဖူး က စည်းရုံးရေးမှူး လုပ်၍ ဒေါ်မျိုးမျိုး ကို တမင် ဥက္ကဋ္ဌ တင်မြှောက် လိုက် ကြသည် ။

ဥက္ကဋ္ဌကြီး သည် ကျွန်မ တို့ ရေးဆွဲ သော စည်းကမ်းချက် များ ကို တစ်ချက် ပြီး တစ်ချက် ဆင်ခြေ တက် နေသေး ၏ ။ ကတ်ကတ်သတ်သတ် အဆိုတွေ တင်ပြ နေသေး၏ ။ ရှိပြီးသား သူ့ ကပြားအင်္ကျီတွေ ကို ဘယ်လို လုပ်ရမလဲ ဆို၏ ။

“ သိပ် ချေးထူ မနေနဲ့မျိုးမျိုး ၊ ဒါ အပျော် လုပ်နေတာ မဟုတ်ဘူးနော် ။ တိုင်းပြည် အတွက် ၊ လူမျိုး အတွက် အကျိုးရှိမယ့် တကယ့် အရေးကြီးတဲ့ အဖွဲ့ စစ်စစ်ကလေး ၊ တကယ် လိုက်နာနိုင် မှ လက်မှတ် ထိုး ”

ကျွန်မ က အမြဲ လေပျော့ပျော့ နှင့် ပြော နေကျ ။ သည် လို လေသံ ပြတ်ပြတ် နှင့် ပြောလိုက်တော့ သူ စိတ်ခုသွား သည် ထင်၏ ။ ချက်ချင်း မျက်နှာ နီ သွားကာ ..

“ အောင်မာ .... ကိုယ် က စည်းကမ်းချက် ကို ကျယ်ကျယ်ပြန့်ပြန့် နားလည် အောင် မေးနေတာ ။ မလိုက်နာနိုင် လို့ ချေး များတာ မဟုတ်ဘူး ။ မင်း တို့ ထက် လိုက်နာနိုင် သေးတယ် မှတ် ။ ဟောဒီမှာ ကြည့် ”

ဆိုကာ ဒေါကြီးမောကြီး လက်မှတ် ထိုး ချ လိုက်လေတော့၏ ။

မခံချင်စိတ် ရှိသော မျိုးမျိုး သည် ကတိ တည်စွာ ဖြင့် အဖွဲ့လေး ဖွဲ့ပြီး ကတည်း က သိသိသာသာ ဝတ်စားဆင် ယင် ပုံ ရော ၊ အမူအကျင့် တွေ ပါ ပြောင်းလဲ လာသည် ကို တွေ့ ရပါသည် ။

ထို့ကြောင့် တစ်ဈေးလုံး က သူ့ အပြောင်းအလဲ ကို အံ့သြ နေကြ၏ ။ လူတိုင်း က သည်လို မြင်ရတာ ဝမ်းသာ လိုက်တာ ။ လှတယ် လှတယ် နှင့် ပြောကြသည် ။ အကြိုက် ကို လိုက်၍ မြှောက်ပင့်ကြပြန်သည် မဟုတ်လား ။
မည်သို့ပင် ဖြစ်စေ ၊ သည် အထိ ခရီး ရောက် လာသော သူငယ်ချင်း ကို ချီးမွမ်း မိသည် ။ ကျွန်မ တို့ကိုယ် ကျွန်မ တို့ လည်း ဂုဏ်ယူ ကျေနပ် မဆုံး ရှိနေမိပါ၏ ။

    •••••   •••••   •••••   •••••

ရုံးပိတ်ရက် ရသည့် အတွက် ကျွန်မတို့ အဖွဲ့ဝင် သုံးဦး သား မော်လမြိုင်ကောလိပ် အဖွင့် မို့ မြင့်မြင့်ခိုင် တူမ မိကြွယ်လေး ကို ကျောင်း အပ်ရန် ခရီး ထွက် ဖြစ် ခဲ့ကြသည် ။ ပြည် မှ အထွက် အမြန်မီးရထား ပေါ် တွင် မျိုးမျိုး သည် ထူးခြားသော စကား တစ်ခု ကို ဆို လာသည် ။

“ ဒီမှာ ကိုယ် တစ်ခု ပြောမယ် ၊ ကိုယ် ဟာ မင်းတို့ နဲ့ ဆင်တူ ဝတ်ထားပေမဲ့ လူတွေ ဟာ မင်းတို့ ကို ပဲ ကြည့် ကြတယ် ။ အဲဒါ ဘာကြောင့်လဲ ”

“ အလဲ့ မင်း က တယ် အကြည့် ခံချင်တယ် ပေါ့ ”

ကျွန်မ အမေးကို သူ ချက်ချင်း ကောက် ဖြေသည် ။

“ အကြည့် ခံချင်လို့တော့ ဘယ် ဟုတ်မလဲ ။ မင်းတို့ နဲ့ ကိုယ် နဲ့ ဘာ ခြားနားနေတယ် ဆိုတာ သိချင်လို့ ဟဲဟဲ ။ တကယ်ဆို ကိုယ် က မင်းတို့ ထက် ပို ချောသေးတာ မဟုတ်လား ။ ကြည့်လေ .. မင်း လို လည်း အသား မမည်းဘူး ကွာ ၊ မိခိုင် လို လည်း ပိန်တူးလေး မဟုတ်ဘူး ကွာ ၊ ချိုလှနွယ်ဖူး လို လည်း ငယ်ငယ်လေး နဲ့ လူရှေ့သူရှေ့ မှာ အချင်းချင်း မမ အခေါ် မခံရဘူးကွာ ၊ ပြီးတော့ .. ”

“ ဟေ့ တော်ပြီကွာ ၊ ဒါ ဈေးမဟုတ်ဘူး ၊ ရထား ပေါ် ကွ ”

သည်လို သတိပေး လိုက်တော့မှ သူ သည် စကား ဖြတ် လိုက်ပြီး တဟီးဟီး နှင့် သူ့ ဘာသာ သူ သဘောကျ နေ
လေသည် ။

တန်တော့ မျိုးမျိုး သည် ကျွန်မတို့ ပုံသွင်း ပေးလိုက် သော အခြေအနေ ထက် ဒီဂရီ တက် နေပြီလား ။
မော်လမြိုင် မှ အပြန် မီးရထား ၏ အရှိန် သည် ရန်ကုန် ဘက် သို့ ဦးတည်ကာ တစ်စ တစ်စ မြန်ဆန် လာသည် ။ ကျွန်မ သည် မျက်စိမှိတ် ထိုင် လိုက် လာရင်း မော်လမြိုင် မှောင်ခိုဈေးတန်း မှ ပုဆိုးစုတ် ခင်း ရောင်းနေသော အဖိုးတန် နာရီများ ၊ ခေါက်ထီးလက်ကျန် တစ်လက် ကို လု ဝယ်နေ ကြသော အမျိုးသားများ ၊ မုတ္တမဘူတာ တွင် မှောင်ခို မိ၍ ထိုင် ငိုနေသည့် ကော့ပျံ နေအောင် ဝတ်ဆင် ထားသော မိန်းမပျို တစ်ဦး အကြောင်းတွေ ကို ပြန် တွေး နေမိသည် ။

မြင့်မြင့်ခိုင် ကတော့ ထမင်းတွေ အဝ စားပြီး ကျွန်မ ဘေး တွင် ငုတ်တုတ်ကြီး အိပ်မောကျ နေ၏ ။

ကျွန်မတို့ ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် မျိုးမျိုး နှင့် အသက် နှစ်ဆယ် ကျော် လောက် ဟု ခန့်မှန်းရသော တရုတ်ကပြားမလေး တစ်ယောက်က နေရာယူ ထိုင် လာ ကြပြီး ကျွန်မတို့ ဘေးဘက်မှ ထိုင်ခုံ တွင် သပ်သပ်ရပ်ရပ် ဝတ်ဆင် ထား သည့် လူရည်သန့် အမျိုးသား လေးယောက် တို့ က လိုက်ပါ လာ ကြသည် ။

စကား ကြွယ် သော မျိုးမျိုး သည် ထို အမျိုးသားများ နှင့် မကြာမီ အသိမိတ်ဆွေ ဖြစ်ကာ စကားဝိုင်း ကျ နေတော့ သည် ။ ကျွန်မ က စကား နည်းသူ မို့ ကိုယ့် အတွေး နှင့် ကိုယ် မှိန်းနေ လိုက်သည် ။ သူတို့ ပြောသံ ဆိုသံတွေ ကိုတော့ မကြား တစ်ချက် ကြား တစ်ချက် ။ မြို့ရွာ အကြောင်း ၊ တန်ခိုးကြီး ဘုရားတွေ အကြောင်းတွေ လည်း ပါ၏ ။ အစားအသောက် အကြောင်းတွေ လည်း ကြား မိ၏ ။ မှောင်ခို အ ကြောင်းတွေ လည်း အစုံ ။ ပြောလည်း ပြောနိုင်ပါပေ့ ၊ မှတ် လည်း မှတ်နိုင်ပါပေ ။ မလေအိုး ၏ ပါးစပ်သည် သည်လိုမှ စကား ပြော မနေရလျှင် ဘူတာစဉ် ရပ်တိုင်း ကျွန်မတို့ ၏ ရန်ပုံငွေ အိတ် ထဲ မှထုတ်ကာ အစားမျိုးစုံ ဝယ်စား လာ၏ ။ ကျွန်မ သည် ည က အိပ်ပျက် ထား သူ မို့ မှေးခနဲ ဖြစ် သွား၏ ။ ထိုစဉ် ဝုန်းခနဲ ခုန်သံတွေ နှင့် အတူ ...

“ ဟ ဟ လုပ်ကြပါဦး ၊ အမလေး ကံကောင်းလို့ ” ဟူသော အော်ဟစ်သံများ ရုတ်တရက် ကြားလိုက် သဖြင့်

ကျွန်မ ရော ၊ မြင့်မြင့်ခိုင် ပါ လန့် နိုး ကြပြီး ကြည့် လိုက်ရာ မီးရထား ပြတင်းပေါက် ပေါ် မှ ခုန်ချမည့် ဆဲဆဲ ဖြစ်နေသော ကျွန်မတို့ ရှေ့ မှ တရုတ်ကပြားမလေး ကို မျိုးမျိုး က တစ်ဖက် ၊ သူ နှင့် စကားလက်ဆုံ ကျ နေခဲ့သော အသားဖြူဖြူ အမျိုးသား က တစ်ဖက် ဖမ်းဆွဲ ထားလိုက်ကြသည် ကို အံ့သြစွာ တွေ့ရ ပါသည် ။

တရုတ်ကပြားမလေး က ကြောက်လန့်ပြီး ရုန်းကန် နေ သေး၏ ။ မျိုးမျိုး က သူ့ ကို နေရာ တွင် ပြန် ထိုင်စေပြီး လျှင် ပခုံး မှ ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင် ထားသည် ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ကြသည် ကို ကျွန်မ လုံးဝ မသိလိုက်ပေ ။

မီးရထား ပေါ် မှ ခရီးသည် အချို့ မှာ လည်း လှုပ်လှုပ်ရွရွ နှင့် ဣန္ဒြေ ပျက် နေကြသည် ။ မျိုးမျိုး တို့ စကားဝိုင်း မှ အမျိုးသား သုံးယောက်သည် ခရီးသည်များ ၏ ပစ္စည်းများ ကို တစ်ခုချင်း ချကာ စစ်ဆေး နေကြ၏ ။ သည်တော့မှ သူတို့ သည် မှောင်ခိုပစ္စည်း ရှာဖွေရေး အဖွဲ့ဝင်များ ဖြစ် ကြောင်း ကျွန်မ သိ တော့သည် ။

တစ်ချိန်တည်း မှာ ပင် တရုတ်ကပြားမလေး ၏ လက် ထဲ မှ သားရေအိတ်ကြီး ကို မျိုးမျိုး နှင့် အတူ ဖမ်းဆွဲ ခဲ့ သူ က တောင်းယူ ဖွင့် ရှာ လိုက်သည် ။ သူ့ အိတ် ထဲ မှ ဘာတွေ တွေ့ မည် ကို ရထား တစ်တွဲလုံး က အာရုံ စိုက် နေကြသည် ။ ကလေးမ သည် နတ်ကျ သလို တုန်ယင် နေလေသည် ။

မကြာပါ ။ ရွှေချောင်း ဆယ်ချောင်း သည် အစီအရီ ထို အိတ်ကြီး ထဲ မှ ထွက်လာလေတော့သည် ။

တရုတ်ကပြားမလေး သည် ပထမ  ော့ ကြောင် ကြည့် နေသည် ။ ပြီးမှ ယူကျုံးမရ ချုံးပွဲချ ငိုယိုနေပါသည် ။ ထို့နောက်တော့ ရွှေချောင်း ရှာဖွေရရှိသည့် အမျိုးသား က ကျေနပ်သော ၊ ကျေးဇူးတင်သော ၊ စိတ်ဝင်စားသော အကြည့်များ ၊ အပြုံးများ ဖြင့် မျိုးမျိုး ကို နှုတ်ဆက်ရန် လက် ကမ်း လာသည် ။

သည်အခါ ရထားတွဲ ပေါ်မှ ခရီးသည်များ သည် မျိုးမျိုး တို့ ကို ငေးကြည့်ကြ၏ ။ တရုတ်ကပြားမလေး က သာ မျက်နှာ အုပ်၍ ရှိုက်ငို နေသည် ။

မျိုးမျိုး ၏ မျက်နှာသည် ကျွန်မ တစ်ခါ မှ မမြင်ဖူးသေး သော ဣန္ဒြေသိက္ခာ ကို ဆောင် နေ၏ ။ သူ က လေးစားစွာ ဖြင့် ပြန်လည် လက်ကမ်း ပေးရင်း တည်ငြိမ်သော လေသံ ဖြင့်...

“ ကျွန်မတို့ မှာ တရားဥပဒေ ကို ကာကွယ်ဖို့ ရော ၊ လူ့ အသက် တစ်ချောင်း ကို ကူညီကယ်တင်ဖို့ ပါ တိုင်းပြည် ရဲ့ အကျိုး အတွက် ၊ လူမှုရေး အတွက် တာဝန် အပြည့် ရှိပါ တယ် ရှင် ”

အလို ... “ ခင်ဗျား – ကျွန်တော် ” ပြောနေကျ မျိုးမျိုး က ယခု “ ရှင် – ကျွန်မ ” နှင့် ဖြစ်နေပါပကော ။

“ ဟုတ်ပါတယ် ခင်ဗျာ ။ ညီမ သာ လက်မြန်ခြေမြန် နဲ့ အခုလို လှမ်း ဆွဲပြီး ဖမ်း မထားလိုက် နိုင်ရင် ဒီ ကလေးမ ရဲ့ ဘဝ ဟာ နည်းနည်း မှ တွေးဝံ့စရာ မရှိတော့ဘူး ခင်ဗျ ။ သူ နဲ့ ကျွန်တော် က နည်းနည်း အလှမ်း ဝေး နေတော့ ထ ဆွဲတာ နောက်ကျ သွားတယ် ။ သိပ် မိုက်မဲတဲ့ ကလေးမ ပဲ ။ ကျွန် တော် လည်း တာဝန်ကျ မဟုတ်ပေမဲ့ ရန်ကုန် ပြန်ရင်း ကျွန်တော့် အဖွဲ့ နဲ့ လာ ဆုံလို့ ရှောင်တခင် ဝင် စစ်ပြီး ကူညီ ရတာပါပဲ ။ ညီမ ရဲ့ စိတ်ထား ကို ကျွန်တော် ဂုဏ်ယူ လေးစားပါတယ် ။ အခုလို ညီမ အနေနဲ့ သစ္စာရှိရှိ ၊ တာဝန်သိသိ ကျွန်တော်တို့ ကို သတင်း ပေး တာရော ၊ ဒီ ကလေးမလေး အသက် ကယ်တင် ကူညီလိုက်တာ ကို ပါ ကျေးဇူးတင်လို့ မဆုံးပါဘူး ခင်ဗျာ ”

ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ သည်လည်း ယခုမှ မျိုးမျိုး ကို တအံ့တသြ ငေးကြည့် မိကြသည် ။ “ အကြည့် ခံချင်လို့ တော့ ဘယ် ဟုတ်မလဲ ၊ မင်း တို့ နဲ့ ကိုယ် နဲ့ ဘာတွေ ခြားနား နေတယ် ဆိုတာ သိချင်လို့ ” ဆိုသော သူ့ စကား ကို ယခု သူ ကိုယ်တိုင် အဖြေ ထုတ်ပြ လိုက်သည် ထင့် ။ ရွှေချောင်း ချ လာသည့် ကိစ္စကို သူ က သတင်း ပေးပြီး မှောင်ခို ဖမ်းမည် ကို ကြောက်လန့်ပြီး မီးရထား ပေါ် မှ ခုန်ချမည့် တရုတ်မလေး အသက် ကို လည်း သူ က ပင် ဖမ်းဆွဲ ကယ်တင်လိုက်သည် ဆိုပါ ကလား ။

သူ ဘယ်လို စုံထောက် ၍ သိလာ သနည်း ။ အဘယ် ပုံ သတင်း ပေး လိုက်လေ သနည်း ။ ပြီးတော့ အဘယ် ကြောင့် ကျွန်မ ကို မကြားဖူးသော စကားတွေ ကို သုံး၍ ကျွန်မ တို့ မမြင်ဖူးသော ဣန္ဒြေသိက္ခာတွေ နှင့် ပြည့်ဝ နေပါ သနည်း ။

မည်သို့ပင် ဖြစ်စေ မျိုးမျိုး ဆိုသော မခွစာကြီး က ကျွန်မတို့ ထက် သာ၍ ကျွန်မ တို့ ထက် ခေတ်မီ သွားပါပကော ။

မြင့်မြင့်ခိုင် က ဘယ့်နှယ်လဲ ဆိုသော အကြည့် ဖြင့် ကျွန်မ ကို ကြည့် လိုက်သည် ။ မျိုးမျိုး က ပြတင်းပေါက် ပိတ် ထား ရန် မျက်ရိပ် ပြပြီး မြင့်မြင့်ခိုင် ကို ခိုင်း သည် ။ ကျွန်မ သည် မျိုးမျိုး အတွက် ဂုဏ် ယူရင်း ရထား ပေါ် မှာ ပေါ့ပေါ့ ဆဆ တာဝန် မဲ့ နေလာခဲ့သော မိမိ ကိုယ် မိမိ တွေးရှက် လာ ပါသည် ။ နောင်တွင် မျိုးမျိုး ကို ဆရာ လုပ်ပြီး ပုံသွင်း ဖို့ ပင် လိပ်ပြာ မလုံ ပင် ဖြစ်မိသည် ။

ယခုတော့ မျိုးမျိုး သည် ယဉ်ကျေး လှပနေသော သူ့ ဟန် နှင့် သူ သူ ၏ ပါး သော စိတ် ၊ လျင် သော မျက်လုံး ၊ မြန် သော လက် နှင့် ကြွယ် သော စကား တို့ ကို အရာရောက် အောင် အကွက်ကျကျ တန်ဖိုး ရှိရှိ အသုံးချ သွားတတ် လေပြီ ။

သည် တစ်ခါ တွင် ခြေမြန်လက်မြန် ရှိသော သူ့ သတ္တိ ကို ချိုးနှိမ်ရန် နေရာတကာ မစပ်စုရန် ၊ ဘယ်သို့ဘယ်ပုံ ဣန္ဒြေ လုပ်ရန် ဆရာ လုပ် လာသော ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ အား သူ က ပညာ ပြန် ပေးလိုက်ပေသည် တကား ။

စစ်ဆေးရေး အဖွဲ့ဝင်များ အခြား တွဲ များ သို့ ကူးသွား ကြသော်လည်း ရွှေချောင်း သိမ်းပေး ခဲ့သော အမျိုးသား က မူ သူ့ နေရာ တွင် ပြန် ထိုင်ကာ လိုက်ပါ လာသည် ။ ရန်ကုန် ဘူတာကြီး သို့ မီးရထား ဆိုက်ချိန် နီး လာ၏ ။ သူ နှင့် မျိုးမျိုး တို့သည် ပိုမို ရင်းနှီးစွာ စကား ဖောင်ဖွဲ့ ကြသည် ။ တောက်ပြောင်ရွှန်းလက်သော မျက်လုံးများ ဖြင့်လည်း အချင်းချင်း တိတ်တခိုး ကြည့်ကြ၏ ။ ပြီးတော့ လိပ်စာကတ်ပြားလေး တစ်ခု ကို မျိုးမျိုး ရရှိ လိုက်သည် ။

ထို လိပ်စာ ကတ်ပြားလေး ကို မြင့်မြင့်ခိုင် က လှမ်း ကြည့် လိုက်ရာ  “ ဗိုလ်ကြီးကျော်စွာစိုး ” ဟူသော စာလုံးမည်း ကလေး ကို ရိပ်ခနဲ မြင်လိုက်ရသည် ဆို၏ ။ ဩော် မရွှေခိုင် ၏ အိပ်မှုန်စုံမွှား မျက်လုံး က လည်း တယ် စူးရောက် ပါ ကလား ။

မျိုးမျိုး ၏ ဘဝဇာတ်လမ်း သည် ဤ မော်လမြိုင် ခရီး က စခဲ့ရပေသည် ။

နောက်ပိုင်း၌ သူ သည် ရန်ကုန် သူ့ ညီမဝမ်းကွဲများ ရှိရာတွင် သာ အနေ များလာသည် ။ ညအိပ်ညနေ ခရီးအ တွက် ကျွန်မတို့ အဖွဲ့သို့ တစ်ကြိမ် ခွင့်တောင်း လျှင် အနည်း ဆုံး နှစ်လ ၊ သုံးလ အကြာ ပြ တတ်၏ ။ ရန်ကုန် သူ တစ်ပိုင်း ဖြစ်နေသည် မို့ ဆင်ယင်ထုံးဖွဲ့မှု က ကျွန်မတို့ ထက် ပုံကျ လာ ပြန်သည် ။ သူ့ ဆံပင် နည်းနည်းကလေး မှာ ယခင် က လို ဇာတ်မင်းသား ဆံထုံးမျိုးလေး မဟုတ်တော့ ။ စံပယ်ပွင့်လေး ပန် ၍ မြန်မာဆန်ဆန် ယဉ်ယဉ်ပျံ့ပျံ့ကလေး ထုံးဖွဲ့ ထား တတ် လာသည် ။

သို့သော် ကျွန်မတို့ သည် သူ နှင့် အနေ ဝေး၍ သွေး အေးအေး နေခဲ့ကြသည် ။ သူ နှင့် ပတ်သက်၍ ယခင် က လို စိတ် အလုပ် မများရတော့ သလို သူ့ ကို လည်း အနီးကပ် လေ့လာခွင့် မရတော့ပါ ။

မနှစ် က မှ ကျွန်မ တို့ မှာ မယုံ လျှင် ပုံပြင် သာ မှတ်ရ မလောက် သူ့ သတင်း ကို ကြားခဲ့ရသည် ။ ဗိုလ်ကြီးကျော်စွာစိုး နှင့် လက်ထပ်တော့မည် ဆိုသည့် သတင်း ပေတည်း ။

သို့သော် သူ့ သတင်း က ပုံပြင် မဟုတ် ။ ရန်ကုန် တွင် ခမ်းခမ်းနားနား လက်ထပ်ကြပြီး ယခု အလုပ် ပြောင်းရွှေ့ရာ တောင်ကြီးမြို့ သို့ ပင် လိုက်ပါသွား ချေပြီ ။ ကျွန်မတို့ ၏ “ စိတ်တူကိုယ်တူ ချစ်တဲ့ သူငယ်ချင်း ” အဖွဲ့လေး မှ လည်း ရာသက်ပန် ပထမဆုံး နုတ်ထွက်သွားသူ အဖြစ် ခံယူ လိုက်ရလေပြီ ။

သူ လက်ထပ်သွားပြီ ဆိုတော့ ပတ်ဝန်းကျင် တစ်ခုလုံး ဂယက်ထ ကျန်ရစ်သည် ။ မယုံကြည်သူတွေ ကလည်း အချို့ ။ အံ့သြသူတွေ က လည်း အပြည့် ။ ဝမ်းမြောက်သူတွေ က လည်း အများ ။

သူ့ လက်ထပ်ပွဲ သို့ အလှမ်း ဝေး၍ ကိုယ်တိုင် မသွားရောက်နိုင်ခြင်း အတွက် ဝမ်းနည်းမိသည် က လွဲ၍ ကျွန်မ နှင့် မြင့်မြင့်ခိုင် အဖို့ တော့ အတိုင်းမသိ ဝမ်းမြောက်မိပါ၏ ။ ရွှံ့နွံ ထဲ မှ အရည်အသွေး တောက်ပြောင်သော ကျောက်ကောင်း တစ်စေ့ သည် ကျောက်သွေးသမား လက် မှ တစ်ဆင့် ထိုက်တန်သူ ၏ လက်သို့ အချိန်မီ ရောက်ရှိသွားခြင်း မဟုတ်ပါလား ။

    •••••   •••••   •••••   •••••

မျိုးမျိုး ၏ စာ ကို ကျွန်မ နောက် တစ်ကြိမ် ပြန် ဖတ်မိသည် ။

ယခင် က လို ကလေးဆိုးကြီး ဟန်ပန် နှင့် ခွကျကျ ပုံစံ ကြီး ပျောက်၍ ရင့်ကျက်တည်ငြိမ်စွာ ဖြင့် ယဉ်ကျေး လှပနေ သော အိမ်ထောင်ရှင်မလေး ကျွန်မ သူငယ်ချင်း ကို ပြေး မြင်ယောင် မိကာ ရင်ထဲ စိတ်ထဲ ပီတိတွေ လျှံဖိတ် လာပါသည် ။

ကျွန်မ သည် သူ့ စာ ကို ရင်ဝယ် ပိုက်၍ ချစ်သော မြင့်မြင့်ခိုင် ဆီ ပြေးရပေ ဦးမည် ။

◾ထိပ်ထား - သာယာဝတီ

📖  မြဝတီမဂ္ဂဇင်း
       ၁၉၇၂ ၊ ဖေဖော်ဝါရီ

Monday, February 3, 2025

ကုထုံးသစ် ကို ရှာဖွေ တွေ့ရှိခြင်း


 

❝ ကုထုံးသစ် ကို ရှာဖွေ တွေ့ရှိခြင်း ❞
           ( ကိုချစ် )
        
ဒဿနိကဗေဒဌာန ကထိက ဦးကြင်ဆောင် တစ်ယောက် သူ့ ရဲ့ တရုတ်ဆိုင်ကယ်လေး ကို တွန်းရင်း မိန်းလမ်း တစ်လျှောက် ဆင်း လာခဲ့တယ် ။ ရှေ့ဘီး က ပြားချပ် နေပြီမို့ စီးလို့ မဖြစ်တော့ဘူး ။

စက်တပ် ထားလို့သာ ဆိုင်ကယ် လို့ ပြောနေရတာပါ ။

ဆိုင်ကယ်ရုပ် ကို မရှိတော့ဘူး ။

သံချေး အထပ်ထပ် ကြောင့် နီကယ်ရောင် မရှိတာ့ဘဲ လိမ္မော်ရောင်ရင့်ရင့် ခွေ တစ်စုံ ၊ ချိန်းဖုံး မပါတော့လို့ သတ္တုရောင် ပျောက်ပြီး ရွှံ့အလူးလူး နဲ့ ချိန်းကြိုး က မြင် နေရတယ် ။ ထိပ်ဝ မှာ မည်း နေပြီး နောက်ပိုင်း တစ်ခုလုံး သံချေးဖုံး နေတဲ့ အိတ်ဇောပိုက် ၊ ပန်းပြောင်ပြီး ပါးလျ နေ တဲ့ တာယာ တစ်စုံ ။ လှတောသား စကား နဲ့ ပြောရင် ဆံပင် ညှပ်ဆိုင် ရှေ့တောင် ဖြတ် မစီးရဲတဲ့ တာယာမျိုး ၊ ပြီးတော့ ဆိုင်ကယ်အမျိုးအစား ကို ဘယ်နေရာ မှာ ရှာ ဖတ်လို့ မရနိုင်တော့ တဲ့ ဆိုင်ကယ် ၊ ခု ခေတ်စကား နဲ့ ပြောရင် ဝစ်သောက် ၊ လိုင်စင်မဲ့ ဆိုင်ကယ် ။ ဘုရားစူးရစေရဲ့ လို့ ကျိန်တွယ် ပြောရမယ့် ဆိုင်ကယ် ပါ ။

ဘာပဲဖြစ်ဖြစ်လေ ။ ယိုးဒယားဘီး နား မကပ်နိုင်တဲ့ ကထိက ဦးကြင်ဆောင် အတွက် တော့ ဈေးပေါပေါ နဲ့ ဆိုင်ကယ် တစ်စီး စီးခွင့် ရတာမို့ တရုတ် ကို စိတ် ထဲ က ကျိတ်ပြီး ကျေးဇူး တင်နေမိရဲ့ ။

နှုတ် က ဖွင့် တော့ မပြောရဲပါဘူး ။ တရားအားထုတ် တဲ့ လူ လို့ အစွပ်စွဲ ခံရမှာ စိုးလို့ ။

မကြာခဏ ဆိုသလို ဦးကြင်ဆောင် တွေးတွေး ကြည့် ပါတယ် ။ သင်းတို့ ကြောင့် ပန်းသီး စားရတယ် ။ သင်းတို့ ကြောင့် အပေါ်စက် အောက်စက် ပေါပေါပဲပဲ နဲ့ ကြည့်ရတယ် ။ သင်းတို့ ကြောင့် မိုဘိုင်းဟန်းဆက် ဈေး ပေါပေါ ကိုင်ရတယ် ။

လူမျိုးရေး ၊ စီးပွားရေး ၊ နိုင်ငံရေး တွေ မပါဘဲ ရိုးရိုးလေး ပဲ တွေးတာပါ ။ ဦးကြင်ဆောင့် စိတ် ထဲ မှာ တာ့ ဂျပန် ပစ္စည်းတွေ အလျှံပယ် ပေါ နေရင် ဂျပန် ကို ကျေးဇူး တင် လိုက်မယ် ။ ကိုရီးယား ပစ္စည်းတွေ သုံးစွဲ ဖို့ လွယ်ကူ ရင် ကိုရီးယား ကို ကျေးဇူးတင်လိုက်မယ် ။ ဒီလောက်ပါပဲ ။ တောင်ကြီးတက္ကသိုလ် ရဲ့ မိန်းအပေါက် က ထွက်ပြီး လမ်းမကြီး ပေါ် တက်လိုက်တာ နဲ့ ကျောင်း ထဲ ကို ကွေ့ဝင် လာတဲ့ ကားလေး တစ်စီး က ဦးကြင်ဆောင် နဲ့ နှစ်ပေ လောက် အကွာမှာ ‘ ကျွိ ’ ခနဲ ဘရိတ် အုပ်လိုက်တယ် ။

အဖြူရောင် မတ်တူးကားလေး ၊ မောင်းလာတာ က လည်း ကျောင်းသူ ဖြစ်မယ် ။ သူ့ ဘေး မှာ ယောက်ျားလေး တစ်ယောက် ၊ နောက်မှာ က မိန်းကလေး သုံးယောက် ၊ ဖြီးလိမ်းဝတ်စား ထားပုံ ကြည့်ရတာ ကျောင်း ထဲ မှာ ဓာတ်ပုံ လာ ရိုက်ကြတာ နဲ့ တူပါတယ် ။

ကားမောင်း လာတဲ့ မိန်းကလေး က မကြည်တဲ့ ပုံစံ နဲ့ လှမ်း ကြည့် လိုက် ပြီးမှ ဆရာ မှန်း သိသွားပုံ ရပါရဲ့ ၊ ဘာမှ မပြောတော့ ဘဲ အရှိန်ပြင်းပြင်း နဲ့ ဆောင့် ထွက်ပြီး ကျောင်း ထဲ မောင်း ဝင်သွားတယ် ။

တော်ပါသေးရဲ့ ၊ တပည့် မတော်ဖူးပေမဲ့ ဒီ ကျောင်း က ဆရာမှန်း သိနေလို့ ။
ကားလမ်း ကို ဖြတ်ကူးပြီး ဂေါက်ကွင်းဘေး က ကန်တင်း ဘက် ဆီ ဆက် တွန်းလာခဲ့တယ် ။ “ မိုးသောက် ” လက်ဖက်ရည်ဆိုင် ရှေ့ မှာ ဆိုင်ကယ် ကို ဒေါက် ထောက် ပြီး ဆိုင်ထဲ ဝင်မယ် အလုပ်မှာ မြင်ဖူးနေကျ တပည့် တစ်ယောက် က ထ လာပြီး -

“ ဆရာ ဆိုင်ကယ် ဘီး ပေါက် နေလို့လား ဆရာ ။ ကျွန်တော် သွား ဖာပေးမယ် ဆရာ ။ ဆိုင်ကယ် သော့ပေး ”

လူ နာမည် မသိပေမဲ့ ရင်းနှီးပြီးသား မျက်နှာ ပါ ။ ဒီလို တပည့်မျိုးတွေ နဲ့ တွေ့ ရတော့ လည်း မဖော်ပြ နိုင်တဲ့ ပီတိ လှိုင်း က ရင် ကို လှုပ်ခတ် သွားခဲ့တယ် ။ ဆိုင်ကယ် သော့ ပေးလိုက်ရင်း -

“ သိုင်းကျူးနော် သားငယ် ”

“ ရပါတယ် ဆရာ ”

ကျောင်းသားကလေး က ဆိုင်ကယ် ကို သေချာ လေ့လာ လိုက်သေးတယ် ။ ပြီးမှ -

“ ဆရာ့ တာယာတွေ က ပန်းမှ မရှိတော့တာ ၊ အသစ် လဲလိုက်မှ စိတ်ချရမှာ ပါ ဆရာရယ် ”

ဦးကြင်ဆောင် ပြုံးပြီး ကြည့်နေရင်း က သက်ပြင်း တစ်ချက် ချလိုက်တယ် ။ ဟုတ်တယ် ။ ရှေ့ဘီး ရော နောက်ဘီး ပါ အစုံလိုက် ကို လဲပစ် သင့်ပြီ ။ မသိလို့ မှ မဟုတ်ဘဲ ၊ သိတာပေါ့ ။ ဒါပေမဲ့ ... အင်း ... ။

“ အပေါက်သာ ဖာခဲ့ပါ သားငယ် ရာ ”

နောက်ဆုံး အဆင့် ဖာလို့ မရတော့ဘူး ဆိုရင်တောင် မှ လိုင်းကား နဲ့ ပဲ ကျောင်း တက်ရုံပေါ့ ။ လက်ရှိ ကထိက တစ်ယောက် ရဲ့ အရည်အချင်း နဲ့ ကတော့ ဆိုင်ကယ် တာယာ တွေ ကျွတ် တွေ အစုံလိုက် လဲဖို့ ထားဦး ၊ ဖိနပ် တောင် မှ အနိုင်နိုင် ။

အကြီဆုံး သမီး က ဆယ်တန်း ကျောင်းသူ ၊ သူ့ အောက် အလတ်မ က ရှစ်တန်း ၊ အငယ်ဆုံးကောင် ယောက်ျားလေး က လေးတန်း ။ ခုလို ကျောင်း ဖွင့်ခါစ ရက်မျိုး မှာ ဖိနပ်ဖိုး တင် ပဲ တွက် ကြည့်တော့ နှစ်သောင်း နီးပါး ရှိတယ် ။ ဆရာ ဦးကြင်ဆောင် ရဲ့ အမေ ရှိစဉ် တုန်း ကတော့ ဆရာကတော် လည်း မူလတန်းပြ လုပ်နေ ခဲ့သေးတယ် ။ အမေ ဆုံးပြီး အိမ် မှာ ကိုယ်ခွဲ လက်ခွဲ မရှိတော့ မူလတန်းပြ က နေ ထွက် ခဲ့ရတယ် ။ ကလေး တွေ ရဲ့ ဝေယျာဝစ္စ နဲ့ အိမ်မှုကိစ္စ တွေ မှာ ပဲ လုံးထွေးရစ်ပတ် နေခဲ့ရတယ် ။

စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ကစ အားလုံး ခြုံလိုက်ရင် တစ်လ ကို တစ်သိန်းခွဲ အထက် မှာ ရှိတယ် ။ ကျော် ရင် သာ ကျော်မယ် ၊ လျော့ တော့ မလျော့နိုင်ဘူး ။ ဒါကလည်း ဦးကြင်ဆောင် မသောက် မစား နေတတ်တာမို့ ၊ ကလေးတွေ က လည်း ရှိတာနဲ့ ပဲ ချွေချွေတာတာ စားတတ်တယ် ၊ လက်ပတ်နာရီ မပူဆာ ဘူး ၊ ဂျင်းစကတ် မပူဆာတတ်ဘူး ။ အဲ အတန်းပိုင်ဆရာမ ရဲ့ ကျူရှင် တက်ချင်တာ ကို ထား မပေးနိုင်တာ တော့ စိတ် ထဲ မှာ မကောင်းဘူး ။

ကိုယ့် ဘာသာရပ် က လည်း ဒဿနိက ဆိုတော့ ကလေးတွေ ကို အင်္ဂလိပ်စာ က လွဲပြီး ဘာမှ ပြ မပေးနိုင် ဘူး ။ ဆယ်တန်း ရောက်နေပြီ ဖြစ်တဲ့ အကြီးမ အတွက် တော့ တောင်ကြီးတက္ကသိုလ် က ဆရာတွေ သင်တဲ့ ဝိုင်း မှာ အပ်ထား လိုက်တော့ တစ်ပြား မှ မကုန်ဘဲ အဆင် ပြေ သွားတယ် ။

ဒီ မိသားစု ရဲ့ ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ကို မနိုင်ရင်ကန် ထမ်း နေရရှာတဲ့ ဦးကြင်ဆောင် အတွက် ကံတရား လို့ပဲ ပြောရမလား မသိဘူး ။ အဝေးသင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ က ဦးကြင်ဆောင် ရဲ့ အခက်အခဲ ကို တစ်နှစ် နှစ်ကြိမ် ဝင် ဖြေရှင်း ပေးကြရှာပါတယ် ။ ဒီလိုနဲ့ ဣန္ဒြေ မပျက် နေလို့ ကတော့ ဖြစ်လာခဲ့ပါတယ် ။

ပြီးတော့ မိဘ ရဲ့ လက်ငုတ်ဝိုင်းကွက်လေး တစ်ကွက် နဲ့ အိမ်လေး တစ်လုံး က အနောက် မြို့ပတ်လမ်း က ပင်စင်ရွာ ထဲ မှာ ။ မြင့်ရာ က နိမ့်ရာ ကို စီးတတ်တဲ့ စုန်ရေ ရဲ့ သဘာဝ ကို ဦးကြင်ဆောင် အထပ်ထပ် ကျေးဇူး တင်နေ မိတယ် ။

ဆိုင်ကယ်ဘီး သွား ဖာ တာကို စောင့်ရင်း က လက်ဖက်ရည် တစ်ခွက် လည်း ကုန်ပြီ ။ ဆေးပေါ့လိပ် ကို ဆက် ဖွာ ရင်း စောစောလေး က မှ ပြီးလာခဲ့တဲ့ ‘ ဆယ်မီနာ ’ မှာ
ဆွေးနွေးကြ တဲ့ အချက်အလက် တ ချို့ကို ကြုံ သလို ပြန် စဉ်းစားရင်း က ပြုံးမိ ပြန်တယ် ။

“ ဘီစီ လေးရာ ဝန်းကျင် လောက် ကတည်းက ဆိုးဖစ် တွေ ဟာ ရီတိုးရစ် ၊ အော်ရေထရီ စတဲ့ ပညာရပ် တွေ ကို အခကြေးငွေ ယူပြီး သင်ကြားပို့ချတဲ့ အလုပ်မျိုးတွေ လုပ်ကိုင် ခဲ့ကြတယ် ။

“ အဲဒီ ဆိုးဖစ် တွေ ထဲ မှာ လူ သည် အရာရာ ကို တိုင်းတာသူ ဖြစ်သည် ဆိုတဲ့ ပရိုတိုဂိုးရပ် ရဲ့ အယူအဆ ဟာ ထင်ရှားကျော်ကြား လာခဲ့တယ် ။

“ ဘီစီ သုံးရာ လောက် မှာ တော့ ပလေတို ဟာ အကယ်ဒမီကျူရှင်ကျောင်းကြီး ကို ထူထောင်ခဲ့တယ် ။ ပလေတို ရဲ့ တပည့် အရစ္စတိုတယ် က လည်း လိုင်စီယမ် ဆိုတဲ့ ကျူရှင်ကျောင်းကြီး ကို ထူထောင်ခဲ့တယ် ။

“ အရစ္စတိုတယ် ဟာ မက်ဆီဒိုးနီးယားဘုရင် ဖိလစ် ရဲ့ သားတော် အလက်ဇန္ဒြား ကို နန်းတော် ထဲ ထိ သွားပြီး ပညာ သင်ပေးရတဲ့ ကမ္ဘာကျော် ကျူရှင်ဆရာကြီး တစ်ဆူ ဖြစ်ခဲ့တယ် ။

“ အေဒီ ထောင့်လေးရာ လောက်မှာ ဒီ အလေ့အထ မျိုး ကို ဆွီဒင်ဘုရင်မ ခရစ္စတင်း လည်း ကျင့်သုံးခဲ့ဖူး တယ် ။ ဒေးကား ဆိုတဲ့ ဆရာကြီး က ခရစ္စတင်း ကို နန်းတော်ထဲ ထိ သွားရောက် ပညာသင် ပေးခဲ့ရတယ် ”

အတွေးတွေ ကြား ထဲ မှာ ဆေးပေါ့လိပ် ကို အားပါး တရ ဖွာလိုက်ရင်း ဦးကြင်ဆောင် ပြုံး နေမိတယ် ။ ကျူရှင် ဆိုတာ နန်းတော် က စခဲ့တာကိုး ။ အာဏာ ရှိတဲ့ အသိုက် အဝန်း က သူတို့ သားသမီး တွေ ကို သူများ ထက် ပိုပြီး တတ်စေ တော်စေ ချင်တာရယ် ၊ လုံခြုံရေး အရရယ် လူတန်းစား မရောနှော အောင် ရယ် စတဲ့ ရည်ရွယ်ချက် တွေနဲ့ လုပ်ခဲ့ကြတာပဲကိုး ။

မြန်မာနိုင်ငံ မှာ လည်း ဒီ အလေ့အထ ရှိခဲ့ပါတယ် ။ အမြင်သာဆုံး အချက် ကို ဆွဲထုတ်ပြရမယ် ဆိုရင် ကုန်းဘောင်ခေတ် မှာ မင်းတုန်းမင်း ရဲ့ သားတော် မင်းညီမင်း သား တချို့က ဒိုင်အိုဘုရားကျောင်း က ခရစ်ယာန်ဘုန်းကြီး ဒေါက်တာမတ် ဆီ မှာ ပညာ သင်ကြားစေခဲ့တယ် ။

“ မြန်မာနိုင်ငံ ရဲ့ ကျုရှင် အစ ကုန်းဘောင်ခေတ် က လို့ ပြောရင် မမှားပါဘူး ။ နောက်ပြီး နိုင်ငံခြား ကို ပညာတော်သင် လွှတ်ခဲ့တာ လည်း မင်းညီမင်းသား တွေ ချည်းပဲ ။ အရပ်သား သာမန်လူတန်းစား မပါခဲ့ဘူး ။ ထားပါလေ ... ပဒေသရာဇ် ကိုး ။

မှတ်မှတ်ရရ ပါပဲ ။ ကျူရှင်ဥပဒေ ဆိုတာကြီး ကို လွှတ်တော် အဆင့် မှာ သတ်မှတ်ပြဋ္ဌာန်း ခဲ့ဖူးတယ် ။ ၁၉၈၀ ဝန်းကျင် လောက်မှာပေါ့ ။ တက္ကသိုလ်ဆရာ တွေ ရော ၊ အထက်တန်းဆရာ တွေ ရော ဘယ်သူမှ အုံနဲ့ကျင်းနဲ့ မသင်ရဲကြတော့ဘူး ။ ဒီတော့ အာဏာ ရှိ သူ လူတန်းစား က သူ့ သားသမီး ကို သူများ ထက် ပို တော်စေချင် တယ် ။ ဆရာဝန် တွေ ၊ အင်ဂျင်နီယာပညာရှင် တွေ ဖြစ်စေ ချင်တယ် ။ ဒီတော့ သူတို့ က လက် တစ်လုံးခြား လုပ်တတ် တယ်လေ ။ ဆရာ တွေ ကို အိမ် မှာ ပင့်ပြီး မောင်နှမ နှစ် ယောက် ၊ သုံးယောက် လောက် ကို စားပွဲတစ်လုံး နဲ့ သင် စေတယ် ။ ကျိတ်ဝိုင်း သဘောမျိုးလေးပေါ့လေ ။

လုပ်ငန်းစစ်ဆေးရေးဥက္ကဋ္ဌ ရဲ့ သား နဲ့ သမီး ကို အင်္ဂလိပ်စာ သွား သင်ပေးခဲ့ရ ဖူးတယ် ။ အစတော့ စံပြ အဖြစ် နဲ့ အရေးယူ ခံရမှာ ဦးကြင်ဆောင် ကြောက်တာပေါ့ ။

စာ သင်ကြားခ အဖြစ် ငွေကြေး ပေးရင် ကျူရှင် ဖြစ် သွားမှာ စိုးလို့ အာစရိယဂုဏော အဖြစ် -

“ ဆရာ ဒီ လ တော့ ဒါလေးကို ကန်တော့ပါတယ် ” ဆိုပြီး စာအိတ်ကလေး နဲ့ ကန်တော့တယ် ။ အိမ် ရောက် လို့ ဖွင့် ကြည့် လိုက်တော့ ဘိလပ်မြေ ဆယ်လုံး ဝယ်ယူခွင့် ဆိုတဲ့ ပါမစ်စာရွက်ကလေး ။ နောက်လ ကျတော့ သစ် ပါမစ် ၊ နောက်လ ကျတော့ သွပ်ပြားပါမစ် ၊ နောက် မီတာ ဘောက် ... စသဖြင့် ပေါ့လေ ။ သူတို့ အိတ် ထဲ က တစ်ပြား မှ မစိုက်ရ ရှာပါဘူး ။ ဦးကြင်ဆောင် အတွက် နည်းနည်း တော့ အလုပ်ရှုပ်တာပေါ့လေ ။ အဲဒီ ပါမစ် တွေ ဝယ်မယ့် သူ ကို ရှာပြီး ရောင်းရတာ က အလုပ် တစ်ခု ။

အာဏာ ရှိတဲ့ အသိုက်အဝန်း က ဒီလို လုပ်ကြတော့ ငွေရှင်ကြေးရှင် ၊ လုပ်ငန်းရှင်တွေ က လည်း မြင်တာပေါ့ ။ သူတို့ က လည်း အိမ် မှာ သုံးယောက် ၊ ငါးယောက် စသဖြင့် ကျောင်းသား ကို စုစည်း ပြီး ဆရာ တွေ ကို အိမ် ခေါ် သင် ကြတော့တာပဲ ။ သူတို့ က တော့ ထိုက်တန်တဲ့ ငွေကြေး နဲ့ ကန်တော့ကြ တာပေါ့ ။

ဒီလိုနဲ့ ကျိတ်ဝိုင်းကလေး တွေ နေရာအနှံ့ ပေါ်လာ ပြီး မ.ဆ.လ ခေတ် မှာ ဝိုင်း ကျူရှင်စနစ် ကြီးထွား ကျယ်ပြန့် လာခဲ့တယ် ။

ဒါကလည်း ဆရာ တွေ ချမ်းသာ ဖို့ မဟုတ်ပါဘူး ။ စားဝတ်နေရေး အတွက် ရုန်းကန်ဖို့ အခွင့်အလမ်း ပေါ် လာခဲ့တာပါ ။ ဘယ် ဆရာ မှ မချမ်းသာ ခဲ့ပါဘူး ။

အဲဒီလို ခိုးကြောင်ခိုးဝှက် ဆရာ ဘဝ ကို လည်း ဦးကြင်ဆောင် ကျင်လည်ခဲ့ရ ဖူးတယ် ။

“ ဆရာ ... ဆိုင်ကယ် ရပြီ ”

အတွေးအိပ်မက် က နေ ရုတ်တရက် လန့် နိုးသွားတယ် ။ ကျောင်းသားကလေး က ဆိုင်ကယ်သော့ ပြန်ပေး ရင်း -

“ ခုတော့ စီး လို့ ဖြစ်အောင် ဖာ ပေးလိုက်တယ် ဆရာ ၊ နောက်တစ်ခါ ဆိုရင်တော့ ရမှာ မဟုတ်တော့ဘူး ။ အစုံ လိုက် ကို အသစ် လဲ ပစ်လိုက်မှ စိတ်ချရမှာ ”

“ အေး အေး သိုင်းကျူး ပဲ နော် ၊ ဒါနဲ့ သားငယ် က ...”

“ မနှစ် က ဆရာ့ မေဂျာ ဒုတိယနှစ် က တပည့် ပါ ဆရာ ၊ ခုတော့ အေဂျီဒီ မှာ အငယ်တန်းလက်ထောက် ဝင် လုပ် လိုက်လို့ အဝေးသင် ပြောင်း တက်နေတာပါ ဆရာ ဘဏ် နဲ့ ပတ်သက်လို့ လိုတာ ရှိရင် လာခဲ့ပါ ဆရာ ”

“ ဪ ကောင်းတာပေါ့ ၊ အဆင်ပြေတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ လစာရင်း က တော့ တစ်သိန်း သုံးသောင်း ပါပဲ ။ အဲ ထမင်းစရိတ် က တစ်နေ့ နှစ်ထောင် နဲ့ ခရီးစရိတ် က တစ်လ တစ်သောင်း ပေးပါတယ် ဆရာ ”

ဆရာ ဦးကြင်ဆောင် ရဲ့ အိမ် အပြန်လမ်း မှာ ဆိုင်ကယ်အင်ဂျင်သံ က အတွေး တွေ နဲ့ ရောပြွမ်း ပြီး ဆူညံ နေတယ် ။

အစိုးရဝန်ထမ်းသက် သုံးဆယ့်လေးနှစ် ရှိပြီ ၊ လာမယ့် နှစ် မှာ ခြောက်ဆယ် ပြည့်လို့ သက်ပြည့်ပင်စင် ယူ ရတော့မယ် ။ လစာ တစ်သိန်းသုံးသောင်း နဲ့ ဝန်ထမ်း ဘဝ ကို နိဂုံးချုပ် တော့မယ်  ၊ အင်း ... ။

•••••   •••••   •••••

ဦးကြင်ဆော င်ရဲ့ အဖေ က အထက်တန်းပြ ဆရာကြီး ပါပဲ ။

အမေ ကလည်း မူလတန်းပြ ဆရာမ ။ ကလေး သုံးယောက် ရပြီး မှ အလုပ် က ထွက်လိုက်တာ ။ ဦးကြင်ဆောင် တို့ မှာ မောင်နှမ သုံးယောက် ပဲရှိတယ် ။

ဦးကြင်ဆောင် က အကြီးဆုံး ၊ ဒုတိယ က ဒေါက်တာထင်အောင် တဲ့ ၊ အထွေထွေရောဂါကုဆရာဝန်ကြီး မန္တလေး မှာ နေတယ် ။ အငယ်ဆုံးမ ရီရီအောင် က တော့ အခု ဆိုရင် ဗိုလ်မှူးကတော် ပေါ့ ။ ဧရာဝတီတိုင်း မှာ တာဝန်ကျ နေတယ် ။ နှစ်ယောက်စလုံး သူ့ ဟာ နဲ့ သူ အဆင်ပြေကြ ရှာပါတယ် ။

အဲ .. မပြေတာ အကြီးဆုံး ဖြစ်တဲ့ ဦးကြင်ဆောင် ပဲ ။

အမေ မဆုံးခင် ကတော့ သူတို့ ငယ်ငယ် က အကြောင်းတွေ ကို စပ်မိတိုင်း ပြောပြော ပြနေလို့ အလွတ် ကို ရနေပြီ ။ ဦးကြင်ဆောင် ရဲ့ နား ထဲ မှာ သံမှို ရိုက်ထား သလို ကို စွဲနေပြီ ။

“ အထက်တန်းပြ ဆိုပေမယ့် မင်း အဖေ လစာ က ရွှေတစ်ကျပ်ခွဲသား ဝယ်လို့ ရတယ် ”

နား ထဲ က ဘယ်တော့မှ မထွက်တဲ့ အမေ့ စကားသံ ။

“ ကလေး သုံးယောက် နဲ့မို့ အိမ်မှုကိစ္စ တွေ မနိုင် တော့ လို့ အမေ အလုပ် က ထွက်တော့ ကို တစ်လ တစ်လ ပို တာလေးတွေ စုဆောင်း နိုင်သေးတယ် ။ အတော်လေး စုမိဆောင်း မိရင် အမေ က တော့ ရွှေ ပဲ ဝယ်ထားလိုက် တာပဲ ”

“ အို ... ပန်းထိမ်ဆရာ နဲ့ ကို မိတ်ဆွေတွေ ဖြစ်လို့ ...”

ဦးကြင်ဆောင် တစ်သက် နဲ့ တစ်ကိုယ် ရွှေပန်းထိမ်ဆိုင် မရောက်ဖူးဘူး ။ ဦးကြင်ဆောင် အတွေး ဝင်ခဲ့ဖူး တယ် ။ လောက မှာ ရွှေ ရှူ မှ ပျောက်မယ့် ရောဂါမျိုး ဖြစ် ခဲ့ရင် ဘုရားစင် ပေါ် က ကိုယ်တော်ကြီး ချ နမ်း ရမှာပဲ ။

“ အမေတို့ အိမ်ထောင် ကျ စ က အိမ်ငှားလေး နဲ့ ပဲ နေခဲ့ ကြတာ ။ အလတ်ကောင် ထင်အောင် ရှစ်နှစ်သား လောက် မှ ဒီ ပင်စင်ရွာ ထဲ က ဝိုင်းကွက်လေး ဝယ် ပြီး အိမ်ဆောက် ဖြစ်တာ မင်း မှတ်မိမှာပါ ။ ဝိုင်းကွက်ငယ် တုန်း က အိမ်ဟောင်းကလေး တစ်လုံး ပါတယ်လေ ။ အဲဒီ အိမ်ကလေး ဖျက် ပြီးမှ ဒီ နှစ်ထပ် ပျဉ်ထောင်အိမ်လေး ပြန် ဆောက် ခဲ့တာ ”

ဦးကြင်ဆောင် တစ်သက် မစဉ်းစားဝံ့တဲ့ စကား ။ မြေ ဝယ်ဖို့ ၊ အိမ် ဆောက်ဖို့ ဆိုတာ ဝန်ထမ်း တစ်ယောက် ရဲ့ လစာ နဲ့ ကတော့ ဘုန်းကြီး နဲ့ ဘီး ပဲ ။

“ အခါကြီးရက်ကြီး များ လာ ကန်တော့ လိုက်ကြတာ ။ တချို့က ကိတ်မုန့် ၊ တချို့က ထိုးမုန့် ၊ တချို့က ဖယောင်းတိုင် ၊ မီးခြစ်ထုပ် ၊ တချို့ တတ်နိုင်တဲ့ တပည့် ကျတော့ ပုဆိုးလေး ၊ တဘက်လေး ပါ တာပေါ့ ။ လုံးဝ မတတ်နိုင် ရှာတဲ့ တပည့် ကျ ပြန်တော့ ဒီအတိုင်း လက်အုပ်လေး ချီ ပြီး ကန်တော့ကြ ရှာတာပေါ့ ။ မင်း အဖေ မှာ ပီတိတွေ ဖြစ်လို့ ...”

အခုခေတ် မျက်စိ နဲ့ က တော့ ရယ်စရာ ဖြစ်ကောင်း ဖြစ်မှာ ပေါ့လေ ။ ဦးကြင်ဆောင် ရဲ့ ရင် ထဲ မှာ တော့ အဖေ့ လို ပီတိမျိုး တော့ ရချင်သေး ။ အဖေ့ လို ပီတိတွေ စားပြီး အား ဖြစ်ချင်ပါရဲ့ အဖေ ရယ် ။ ဒါပေမဲ့ သား ကထိကကြီး အဖြစ် ကို အဖေ သိ မသွားရှာဘူး ။

တစ်ခါတလေ ဦးကြင်ဆောင် တွေး ကြည့်မိတတ် တယ် ။ ကိုယ် က သာ တပည့် မို့ ‘ ဟဲ့ကောင် ’  ၊ ‘ ဟိုကောင် ’ ၊ ‘ မင်း ငါ ’ နဲ့ ပြောနေရတာ ။ တချို့ကျောင်းသား က အပြင် မှာ လုပ်ငန်းရှင်ကြီး ၊ ဒါရိုက်တာကြီး ၊ သိန်း ရာထောင် ချီပြီး အလုပ် လုပ် နေကြတဲ့သူ တွေ ၊ ကုန်သည်ပွဲစားကြီး တွေ ၊ ကိုယ့် အနေအထား နဲ့ ဘယ်လိုမှ ယှဉ် မရနိုင်ဘူး ။

အချိန် တစ်ချိန် ပြီးလို့ အခန်း ပြောင်းပြီ ဆိုရင် သူတို့ ကား အမျိုးမျိုး နဲ့ အဖိုးတန် ဆိုင်ကယ် အမျိုးမျိုး နဲ့ ထွက် လာ လိုက်ကြတာ ။ ကိုယ့် မှာ ဘေးကပ် ပေးထားရတယ် ။ စာသင်ခန်း စတိတ် ပေါ် ကနေ လက်ချာစတင်း ပေါ် လက်ထောက်ပြီး ပြောဟော နေပေမဲ့ အောက် က တပည့် တွေရဲ့ အကြည့် က လေးစားလို့ ကြည့်တာလား ၊ စိတ်ဝင် စားလို့ ကြည့်တာလား ၊ သနားလို့ ကြည့်တာလား ဆိုတာ ဦးကြင်ဆောင် စိတ် ထဲ မှာ ဒွိဟ ဖြစ်နေတာ ကြာပြီ ။

ကိုယ့်စိတ် ၊ ကိုယ့် ကိုယ် ကိုယ် လုံခြုံမှု မရှိသလို ခံစားနေ ရတယ် ။

အင်္ကျီကုပ်ပိုး စုတ် နေတာများ မြင်သွား မလား ၊ ပုဆိုး မီးလောင်ပေါက် က နောက် တည့်တည့်များ ရောက် နေ မလား ၊ အတွင်း က စွပ်ကျယ်အင်္ကျီ ကျောပြဲ များ မြင်နေ ရမလား စတဲ့ အတွေးမျိုး ဝင်လာရင် အတန်း ကို ကျော ပေးပြီး ဝှိုက်ဘုတ် မှာ စာ ရေးရ မှာ ကို မဝံ့မရဲ ဖြစ်လာတယ် ။

ခေါင်း ထဲ က ပြောဖို့ ရည်ရွယ် ထားတဲ့ သင်ခန်းစာ ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပါ မေ့လျော့ သွား ပြီး အတန်း ကို အချိန် မစေ့ဘဲ ဆင်းလိုက်ရတာ မျိုးတွေ ဖြစ်တတ်လာတယ် ။

အားငယ် ညှိုးနွမ်းတဲ့ စိတ် ၊ မွန်းကျပ်နုံးချည့်နေတဲ့ အာရုံ ၊ မလန်းဆန်း မရွှင်ပျနိုင်တဲ့ ခံစားမှုတွေ နဲ့ လုံးထွေး ရစ်ပတ်ပြီး ကိုယ့် ဘဝ ကိုယ် အားမလို အားမရတွေ ဖြစ်ခဲ့ ရတာ ကြာခဲ့ပြီ ။

ကိုယ့် စိတ် ကို သံသယ ဝင်လာတယ် ။

စိတ်ကျရောဂါ ဆိုတာ များလား ။

ဒဿနိကဗေဒပညာရှင် တစ်ယောက် အနေနဲ့ စိတ် ကုဆရာဝန် ဆီ သွား ပြရရင် လည်း လူကြား လို့ မှ မတော် ဘူး ။ ခန္ဓာကိုယ် ကို ကုစရာ မလိုဘူး ။

စိတ် မှာ ဖြစ်တဲ့ ရောဂါ ဆိုတော့ စိတ် ကို ပဲ ကု ရမယ် ။

ဒီတော့ ကုထုံး ရှာဖို့ လိုတယ် ။ အားငယ် နေတဲ့ စိတ် ကို အား ဖြစ် လာအောင် စိတ် အစာ ကျွေးရမယ် ၊ စိတ် ဗီတာမင် ကို ဦးကြင်ဆောင် ရှာ တွေ့ ခဲ့တယ် ။ မိမိ စိတ်မှာ အားငယ်စိတ် ၊ စိုးရိမ်စိတ် တွေ နဲ့ မွန်းကျပ်နုံးချည့် လာရင် အခန်းတံခါး ကို ပိတ်ပြီး အိပ်ရာ ပေါ်မှာ သက်သောင့် သက်သာ လှဲ လိုက်တယ် ။ ပြီးရင် အဖေ မသေခင် က ပြော ခဲ့တဲ့ စကားတွေ ကို အာရုံနား နဲ့ ကြား နိုင်အောင် စိတ် ကို စုစည်း လိုက်တယ် ။ စူးစိုက်မှု အားကောင်း လာတာ နဲ့ အမေ ကိုယ်တိုင် သူ့ ဘေး မှာ လာ ထိုင်ပြီး ပြောပြ နေတာကို တကယ့် နား နဲ့ ကြားရသလို ခံစား လာရတယ် ။

အဖေ အထက်တန်းပြ လစာ နဲ့ ရွှေ ဝယ်တဲ့ အကြောင်း ၊ မြေ ဝယ် အိမ် ဆောက် တဲ့အကြောင်း ၊ သားသမီး တွေ ပညာ တတ်အောင် သင်ကြား စေခဲ့တဲ့ အကြောင်း ... စသဖြင့် ။

ဒီတော့မှ ဦးကြင်ဆောင် ရဲ့ စိတ် ဟာ ပုံမှန် အနေ အထား ကို ရောက် သွားပြီး သက်သာရာ ရလာခဲ့တယ် ။ ဒီနည်း နဲ့ သူ့ စိတ် ကို သူ ကု လာ ခဲ့တာ ကြာပြီ ။

•••••   •••••   •••••

ပြဿနာ က ရောဂါ ဆိုတာ ကြာ လာတော့ ဆေး ကို ယဉ်ပါး လာတာပဲ ။ ဦးကြင်ဆောင် ရဲ့ စိတ် ဟာ ဦးကြင်ဆောင် ရဲ့ ကုထုံး ကို ကြာတော့လည်း ယဉ်ပါး လာခဲ့တယ် ။ ဒါကို တဖြည်းဖြည်း နဲ့ သဘောပေါက် လာတဲ့ အတွက် ကုထုံးသစ် တစ်ခု ထပ်မံ ရှာဖွေဖို့ လိုပြီ ဆိုတာ နားလည် လိုက်တယ် ။

အဲဒီ ကုထုံးသစ် ကိုတော့ ပြီးခဲ့တဲ့ တစ်ပတ် က ပဲ ရှာဖွေ တွေ့ရှိ ခဲ့တယ် ။

သူ့ စိတ် သူ သင်္ကာမကင်း ဖြစ်ပြီ ဆိုရင် အခန်း ထဲ ဝင် တံခါးပိတ် လိုက်ပြီး ခေါင်းရင်းစားပွဲ ပေါ်က စာအုပ် တစ်အုပ် ကို လှမ်း ယူ လိုက်တယ် ။ စာကြည့်တိုက် က ငှား လာခဲ့တဲ့ စာအုပ် ။ ၁၉၉၈ ခု သြဂုတ်လ ၁ ရက် နေ့စွဲ နဲ့ ရာပြည့်စာအုပ်တိုက် တတိယနှစ်လည် အထိမ်းအမှတ် ထုတ်ဝေ တဲ့ ဆရာသိန်းဖေမြင့် ရဲ့ ဝတ္ထုတို ပေါင်းချုပ် ။

အဲဒီ ဝတ္ထုတို ပေါင်းချုပ် ထဲ က စာမျက်နှာ ၄၄၃ မှာ ရှိတဲ့ ဆရာအို ပြဿနာ ဝတ္ထု ကို လှန်လိုက်တယ် ။ တတိယ စာပိုဒ် အလယ်လောက် မှာ မင်နီ တား ထားတဲ့ စာပိုဒ် ကို ပထမ စိတ် ထဲ က ဖတ်တယ် ။ နောက်တော့ အသံ ပါ ထွက် ဖတ်လိုက်တယ် ။

“ လူငယ်ဆရာ တွေ က မော့စ်ဗစ် ၊ ဘဲလောက်စ် ဗစ်တာ စသော ကားကလေးများ ဝယ် နိုင်အောင် လခ ထဲ မှ သော် လည်းကောင်း ၊ စာမေးပွဲ အဖြေလွှာ ဖျက်ခ ထဲ မှ သော် လည်းကောင်း အပတ်တကုတ် ကြိုးစား၍ ငွေစု နေကြချိန် တွင် ကျွန်ုပ် မှာ ပင်စင် ယူလျှင် ကိုယ့် ဝင်း ကိုယ့် ခြံ ၊ ကိုယ့် အိမ်ကလေး နှင့် နေ နိုင်အောင် စုဆောင်း နေရပေသည် ”

ဝတ္ထုတို ရဲ့ အဆုံး မှာ တော့ မြဝတီမဂ္ဂဇင်း အတွဲ ၇ ၊ အမှတ် ၈ ၊ ဇွန် ၊ ၁၉၅၉ တဲ့ ။

◾ကိုချစ်

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဒီဇင်ဘာ ၂၀၁၄
.

Sunday, February 2, 2025

သံစဉ်မဲ့သော သီချင်း တစ်ပုဒ်

 

❝ သံစဉ်မဲ့သော သီချင်း တစ်ပုဒ် ❞ 
          ( ခင်ညို )

အရပ်ရှစ်မျက်နှာလုံး မြူခိုး က အုံ့ဆိုင်း နေသည် ။ လေရူး က မသုန့်တသုန် တိုက်ခတ် နေသည် ။ ရော်ရွက်ဝါ တို့လည်း ကြွေကျမြေခ နေပြီ ။ ဥဩငှက်လေးသည် သာယာဖွယ် လွမ်းတေးလေး ကို သီဆို နေသည် ။ ဪ ... နွေဦးရာသီ ၏ အလှသည် ရသေ့သူတော်စင်များ ပင် လျှင် ဈာန်လျှော လောက် သည်မှာ မှန်ပါပေသည် ။ ထို့ပြင် နွေဦးရာသီ သည် အဖော်မဲ့သူတို့ အတွက် အကဲပိုသည် ဟု စာ ထဲ တွင် ဖတ်ဖူးသည် ။ ထို စကား သည် ကောင်းထက်ဇော် အတွက် မှန်ပေသည် ။ ကောင်းထက်ဇော် သည် အတိတ် က ဇာတ်ကြောင်း များကို ပြန်လည်ကာ တွေးတော နေမိပေသည် ။ သူ ၏ အဖော်မဲ့ ဇာတ်လမ်းလေးကား ...

ကောင်းထက်ဇော် အခြေခံပညာအထက်တန်းကျောင်းသား ဘ ဝက ဖြစ်သည် ။ ကောင်းထက်ဇော် တစ်ယောက် စာတော်၍ အဆင့်မြင့်အထက်တန်းကျောင်းကြီး တစ်ကျောင်း ၌ ပညာသင် ဆု ရ၍ တက္ကသိုလ်ဝင်တန်း တက် ခွင့်ရသည် ။ ကောင်းထက်ဇော် သည် စာ တော်ရုံမျှ မက သူငယ်ချင်း အပေါင်းအသင်း လည်း များသည် ။ သို့သော် ကောင်းထက်ဇော် တွင် အားနည်းချက် တစ်ချက် ရှိသည် ။ ထို အားနည်းချက် သည် သူ သာ အတန်း ထဲ တွင် အတော်ဆုံး ဖြစ်သည် ။ သူ့ ထက် တော်သောသူ မရှိစေရ ။ ရှိလာပါ က လည်း ထိုသူ ကို နည်းအမျိုးမျိုး နှင့် နှိပ်ကွပ်ကာ အတော်ဆုံး နေရာ ကို ရအောင် ယူခြင်းပင် ဖြစ်သည် ။

မေလှမေ ... သူ သည် လည်း ကျောင်းကြီး သို့ ပညာသင်ဆု နှင့် ရောက် ရှိလာခြင်း ဖြစ်သည် ။ စာတော်သည် ထူးချွန်သည် ၊ သွက်လက်သည် ၊ ဖော်ရွေ သည် ၊ ဂုဏ်ပကာသန မမက်မော ၊ ရုပ်ရည်လည်း ချောမောသူ တစ်ယောက် ဖြစ်သည် ၊ ချစ်ခင်သူ ပေါများသည် ။

ကောင်းထက်ဇော် ကျောင်း စ ရောက်လာ ကတည်းက ကြားနေရသော အသံ သည် မေလှမေ ဆိုသော အမျိုးသမီး နာမည် ဖြစ်သည် ။ ကျောင်းသား တိုင်း မေလှမေ ကို ချီးမွမ်းသည် ကို သူ နားမခံသာ ၊ ကောင်းထက်ဇော် တစ် ယောက် မေလှမေ ကို ကြည့် မရတော့ ။ ကျောင်း ဖွင့်ပြီး ပထမလပတ် စာမေးပွဲ စစ်သည် ။ မေလှမေ ပထမ ရသည် ။ ဒုတိယအကြိမ် စစ်သည် ။ မေလှမေ ပထမ ရသည် ။ တတိယအကြိမ် စာမေးပွဲ စစ်တော့လည်း ပထမ ရသူ က မေလှမေ ဖြစ်သည် ။ ကောင်းထက်ဇော် က ဒုတိယ ၊ မေလှမေ နှင့် အမှတ်အနည်းငယ် သာ ကွာသည် ။ ကောင်းထက်ဇော် နောက် တစ်ကြိမ် စာမေးပွဲ တွင် ပထမ ရအောင် အပြင်းအထန် ကြိုးပမ်းသည် ။ သို့သော်လည်း မေလှမေ အရှုံးကြီး ရှုံးပြီး မှ သူ ပထမ ရချင်သည် ။ ကောင်းထက်ဇော် ကြံသည် ၊ ကြံသည် ရပြီ ၊ ကောင်းထက်ဇော် မေလှမေ ကို နှိပ်ကွပ်ရန် နည်းကို ရှာတွေ့သွားပြီ ၊ ထိုနည်းလမ်း ကို ကောင်းထက်ဇော် စတင် အကောင်အထည်ဖော်တော့သည် ။

ကောင်းထက်ဇော် နှင့် မေလှမေ တို့ သည် တစ်ကျောင်းတည်း ဖြစ်သော် လည်း နာမည် သာ ကြားဖူးကြသည် ။ မတွေ့ဖြစ်ပါ ။ ကောင်းထက်ဇော် မေလှမေ နှင့် ရင်းနှီးအောင် လုပ်တော့သည် ။ မေလှမေ သည် နဂို ကတည်းက အပေါင်းအသင်း များသူ တစ်ယောက် ဖြစ်သည် ။ လူတိုင်း က ချစ်ကြသည် ။ မုန်းနေသူ က ကောင်းထက်ဇော် ။ မေလှမေ သဘောကောင်းသည် ၊ လူချစ် လူခင် ပေါသည် ကို အခွင့်ကောင်း ယူကာ ကောင်းထက်ဇော် တစ်ယောက် သူ ၏ ထောင်ချောက် ထဲသို့ စတင် တွန်းပို့တော့မည် ။

တစ်နေ့ ကျောင်းစားသောက်ဆိုင် တွင် ကောင်းထက်ဇော် နှင့် မေလှမေ တို့ မထင်မှတ်ဘဲ တွေ့ လိုက်သည် ။ ကောင်းထက်ဇော် သူ တွေ့ သော မိန်း ကလေး သည် မေလှမေ ဖြစ်ကြောင်း ကျောင်းသားကတ် က သက်သေခံနေသည် ။ မေလှမေ လည်း တစ်ယောက်တည်း ၊ ကောင်းထက်ဇော် လည်း တစ်ယောက်တည်း ။ ကောင်းထက်ဇော် မေလှမေ ကို မြင်တော့ ရင်ထဲ တွင် စိတ် လှုပ်ရှား သွားသည် ။ ကြောင်တောင်တောင် ဖြစ်သွားသည် ။ ကောင်းထက်ဇော် က မေလှမေ ကို စတင် မိတ်ဆက်လိုက်သည် ။

“ မမေလှမေလား ”

“ ဟုတ်ပါတယ်ရှင် ”

“ တွေ့ရတာ ဝမ်းသာပါတယ် ၊ မမေလှမေ က စာတော်တယ်လို့ သတင်း မွှေးနေတာ ။ နာမည် တော့ ခဏခဏ ကြားဖူးတယ် ။ အခုမှပဲ လူချင်း ဆုံတော့ တယ် ။ ကဲ တွေ့တုန်းလေး တစ်ခုခု စားသွားပါလား ”

“ ရပါတယ် ၊ မစားတော့ပါဘူး ”

“ အားနာမနေပါနဲ့ အချင်းချင်းတွေပဲ ”

“ ဟုတ်ပြီ ကော်ဖီ သောက်ကြတာပေါ့ ”

အချိန်ကား ကျောင်းဖွင့်ပြီး ပထမနှစ်ဝက် ဖြေခါနီး ၊ မိုးရာသီကာလ မိုးပေါက် တို့ က ကောင်းက င်မှ ပျော်ရွှင်စွာ ဆင်း လာကြသည် ။ သွပ်မိုး ပေါ် မိုးပေါက်ကျသော အသံသည် ဆူညံ နေသည် ။ ကောင်းထက်ဇော် စိတ် ထဲ တွင် ဘာဖြစ်မှန်း မသိ  ၊ ရင်တွေ ခုန်နေသည် ။ ဘာဖြစ်မှန်း မသိ ၊ စိတ် ထဲ က တော့ စီမံကိန်း ရေးဆွဲနေသည် ။

“ မမေလှမေ ဘယ်က လာတက်တာလဲ ”

“ မော်လမြိုင် က ပါ ။ မွေးဇာတိလေ အဖေ ရော ၊ အမေ ရော ၊ ကျွန်မ ရော
အဲဒီ မြို့ မှာမွေးတာ ”

“ ဪ ... တစ်ယောက်တည်းလား ၊ အခု ဘယ်မှာနေလဲ ”

“ မဟုတ်ဘူးရှင့် .. ညီမလေး တစ်ယောက် ရှိတယ် ၊ အခု ရန်ကုန် မှာ အဘိုး နဲ့ နေတယ် ”

“ မေလှမေ က စာ တော်တော့ ဘယ် ဘာသာမှန်းလဲ ” 

“ ခြောက်ဘာသာစလုံး တော့ မှန်းပါတယ် ၊ ရအောင်တော့ လုပ်တာ ပေါ့ ။ ရတာ မရတာကတော့ ကံပေါ့လေ ။ အစ်ကို့ အကြောင်းလည်း မိတ်ဆက် ပေးပါဦး ”

“ ကျွန်တော် က ရန်ကုန်ဇာတိ က ၊ အမေ က တော့ ပဲခူး ဘက် က ၊ အဖေ ကတော့ ရန်ကုန် က ပါ ။ ကျွန်တော် က တစ်ဦးတည်း သော သား ဗျ ။ နည်း နည်းတော့ ဆိုးတယ် ။ ဒီ ကျောင်း ကိုတော့ ဒီနှစ် မှ ပြောင်းလာတာလေ ၊ ခြောက်ဘာသာ တော့ မှန်းတာပဲ ။ ဒါပေမဲ့ မလွယ်ဘူး လို့ ထင်တယ် ။ အနှောင့်အယှက်တွေ က ပေါတော့ ”

“ ကဲ ကိုကောင်းထက် ရေ့ ... ကျွန်မ သွားတော့မယ် ။ ဟိုမှာ သူငယ်ချင်းတွေ လာ ခေါ်နေပြီ ။ နောက်မှ တွေ့ တာပေါ့ ”

“ ကောင်းပါပြီဗျာ ”

မေလှမေ ထွက်သွား သော်လည်း ကောင်းထက်ဇော် မပြန်သေး ၊ အကြံတွေ ထုတ် နေသည် ။ မေလှမေ နှင့် ဘယ်လို ရင်းနှီးအောင် လုပ်မည့် နည်းလမ်းများ ဖြစ်သည် ။ ပထမနှစ်ဝက် ပြီးခါနီး ကျောင်း မှ လေ့လာရေးခရီး ထွက်ရသည် ။ ရန်ကုန် မှ ပဲခူး သို့ ဖြစ်သည် ။ ထို ခရီးစဉ်တွင် ကောင်းထက်ဇော် မေလှမေ အတွက် လက်ဆောင်များစွာ ဝယ် ပေးလိုက်သည် ။ ကောင်းထက်ဇော် သူ့ အကြံအစည် အတိုင်း ပဲခူး တွင် မလှမေ နှင့် ဓာတ်ပုံ တွဲရိုက်သည် ။ မေလှမေ က တော့ ရိုးရိုးသားသားပင် ။ ကောင်းထက်ဇော် တွင် ဖြတ်၍ မရ သော ရောဂါ ပဲခူး က ပြန်လာတည်း က စွဲကပ်သွားသည် ။ ထို ရောဂါသည် ကောင်းထက်ဇော် မေလှမေ ကို မတွေ့လျှင် မနေနိုင်တော့သည့်ရောဂါ ပင် ဖြစ်သည် ။

အချိန်တွေ က လည်း တစ်နေ့ ပြီး တစ်နေ့ ကုန်ဆုံးလာသည် မှာ ပထမ အစမ်းစာမေးပွဲ ပြီး သွားပြီး ကျောင်းပိတ်ကာ ဒုတိယနှစ်ဝက် ပညာသင်နှစ် စတင်သည် ။ ကောင်းထက်ဇော် မအိပ်နိုင် မစားနိုင် အချိန်တိုင်း မေလှမေ အကြောင်း တွေးနေသည် ။ ငေးနေသည် ။ တွေးနေသည် မှာ မေလှမေ ၏ ကောင်းကွက်များ ရော ၊ မကောင်းကွက်များ ပါ စုံလို့ ကောင်းထက်ဇော် စိတ် ထဲတွင် ဒွိဟ ဖြစ်လို့ နေလေပြီ ။ ဒီနောက်ပိုင်း ကောင်းထက်ဇော် နှင့် မေလှမေ တို့သည် အတန်း ထဲ တွင် ခဏခဏ ဆုံမိကြသည် ။ ကောင်းထက်ဇော် ၏ မျက်လုံး ထဲ တွင် မေလှမေ ၏ ပုံရိပ်များ ဖျောက်ဖျက်၍ မရတော့ ။

မရတော့ပါ ။ ကောင်းထက်ဇော် သတိရလိုက်ပြီ ၊ သူ ၏ ရည်မှန်းချက် ပထမအဆင့် ရယူရန် အချိန် မမီတော့ ဟူ၍ပင် ။ နှစ်စ ကတည်း က စာသေချာ ကျက်ခဲ့ လျှင် တော်သေး ၊ အခုတော့ သွားပြီ ဟု ကောင်းထက်ဇော် သေချာပေါက် တွက်ထားသည် ။ စာ ထဲတွင် လုံးဝ စိတ် မဝင်စားတော့ ။ သူ့ ကို ကယ်မည့်သူ မရှိ ။ သူ့ ကို ကယ်တင်နိုင်မည့်သူ သည် မေလှမေ တစ်ယောက် တည်းသာ ရှိတော့သည် ။ တစ်နေ့တခြား မေလှမေ သည် စာတွေ ပို၍ ကြိုးစားလာသည် ဟု ကောင်းထက်ဇော် ထင်သည် ။ ဆရာ မေးသမျှ စာတွေ ကို မေလှ မေ မရသည် မရှိ ။ ကောင်းထက်ဇော် က ပါးစပ် အဟောင်းသား နှင့် ။ အတန်း ထဲတွင် အချိန်ပြည့် ကျက်သူ က မေလှမေ ဖြစ်သည် ။ မေလှမေ စာကျက် နေသည် ကို မြင်လျှင် ကောင်းထက်ဇော် မနာလို ဖြစ်သည် ။ မေလှမေ မရှိ လျှင် စိတ် ထဲ တွင် ဖော်မပြတတ်သော ခံစားမှု ကို ခံစားလေရသည် ။

ကောင်းထက်ဇော် မရတော့ ။ သူ ၏ စိတ် ထဲတွင် မူလ က နှစ်စ က ကြံစည်ထားသော အကြံစည် ထက် ယခု ဖြစ်နေသော ရင်တွင်း ခံစားချက် ကို မေလှမေ အား ပြောပြရတော့မည် ဟု သူ သိလိုက်ပြီ ။ ထို့ကြောင့် ကောင်းထက်ဇော် မေလှမေ နှင့် တွေ့ဖို့ ကျောင်းစားသောက်ဆိုင် တွင် ချိန်းလိုက်သည် ။

“ မမေလှမေ စာ ရပြီလား ... ကျွန်တော် က တော့ စာ ကျက်လို့ လုံးဝ မရဘူး ။ စိတ်တွေ လေ နေတယ် ”

“ စာ ကတော့ ကျက်တုန်းပါ ။ ကိုကောင်းထက် က လည်း စာ ကို သေချာ အာရုံစိုက် ကျက်ရင် ရမှာပေါ့ ။ စာ ကိုပဲ အာရုံစိုက်လေ ၊ တခြား ဟာတွေ ဘာမှ စိတ်ထဲ မထည့်နဲ့ပေါ့ ”

“ မရဘူး မလှမေ ရေ ၊ ကျွန်တော့် ရောဂါက တခြား ရောဂါမဟုတ်ဘူး ၊ ဘယ်သူ မှ လည်း ကုပေးနိုင်မယ် မထင်ပါဘူး ”

“ ဘာရောဂါမို့ လဲ ကိုကောင်းထက် ရဲ့ ”

“ မေလှမေ ကို တစ်ခု လောက် ပြောချင်တယ် ။ အကူအညီ တောင်းတယ် ဆိုရင်လည်း မမှားဘူးပေါ့ ။ ကျွန်တော် လေ မေလှမေ ကို တွေ့တွေ့ ချင်း ကတည်း က မေတ္တာသက်ဝင် နေသူပါ ။ ကျွန်တော် နှစ်စ က ရည်ရွယ်ချက် က မေလှမေ ကို ကျော်ပြီး ပထမ နေရာ ရအောင် လုပ်မလို့ ၊ ဒါပေမဲ့ မေလှမေ ကို မြင်တော့ ကျွန်တော့် အာရုံတွေ ထိန်းလို့ မရတော့ဘူး ။ ပြီးတော့ ကျွန်တော် မေလှမေ ကို မတွေ့ ရရင် မနေနိုင်တော့ဘူး ။ နှစ်စ ကတည်းက ပြော မလို့ပါ ၊ ပြော မထွက်လို့ပေါ့ ။ နှစ်စ က ပြောတာတော့ အကြံ နဲ့ ပေါ့ ။ အကြံ က ... ”

“ ကိုကောင်းထက် ရယ် ၊ ကျွန်မတို့ က အခြေခံပညာကျောင်းသားတွေပဲ ရှိသေးတာ ။ အသက် က လည်း ငယ်သေးတယ် ။ တည်ငြိမ်ရင့်ကျက်မှု လည်း မရှိသေးဘူးလေ  ၊ မိဘရဲ့ အရိပ် ကို ခိုလှုံနေရတဲ့သူ ဆိုတော့ မိဘတွေ သိသွား လည်း မကောင်းဘူး ။ ကျောင်း ပြီးမှ စဉ်းစားကြတာပေါ့  ။ ကျွန်မ သွားတော့မယ်နော် ။ ကျွန်မ ကို မေ့လိုက်ပြီး စာ ကျက်ပါ ကိုကောင်းထက် ၊ ရည်မှန်းချက် လည်း အောင်မြင်မှာပါ ”

ဆောင်းရာသီ ၏ အေးမြလတ်ဆတ်သော လေနုလေး နှင့် အတူ မလှမေ ၏ စကားလုံးများ က ကောင်းထက်ဇော် ၏ ရင် ကို တိုးဝှေ့သွားသည် ။ ကောင်းထက်ဇော် မျှော်လင့်ထားသည် က တခြား ဖြစ်သွားပြီ ။ ကောင်းထက်ဇော် မေလှမေ ဆီ က လက်ခံတယ် ဆိုသော စကားလေး ကို ကြားလိုက်ရပါက သူ့ အတွက် ဖြေသာ သေးသည် ။ ယခုတော့ ကောင်းထက်ဇော် ဘဝ သွားပြီ ၊ ကောင်းထက်ဇော် ၏ စိတ်ထား နှင့် မေလှမေ ၏ စိတ်ထားသည် မိုး နှင့် မြေ လို ကွာခြားနေသည် ။ မေလှမေ သည် တည်ငြိမ်သည် ၊ အေးချမ်းသည် ။ မြန်မာ မိန်းကလေး ပီသသည် ။ ကောင်းထက်ဇော် ၏ စိတ်ထားကား ယုတ်ညံ့လွန်းကြောင်း သူ ကိုယ်တိုင် သိခဲ့လေပြီ ။

ကောင်းထက်ဇော် တန်ဖိုးရှိသော မိန်းကလေး ကို စိတ် နှင့် ပြစ်မှားမိ၍ ခံရသည် ကို သူ လက်ခံလာပြီ ။ ကောင်းထက်ဇော် ကံကံ၏ အကျိုး ကို အခုမှ နားလည်လာတော့သည် ။ ကောင်းထက်ဇော် ကြံစည်သည် မှာ မေလှမေ နှင့် ချစ်သူဘဝ ရောက်အောင် လုပ်မည် ။ ကောင်းထက်ဇော် ၏ မေတ္တာမြား ကို မေလှမေ အား ခိုက်စေမည် ။ ပြီးမှ ကောင်းထက်ဇော် မေလှမေ နှင့် အဆက် အသွယ် ဖြတ်မည် ။ ထိုအခါ မေလှမေ က ကောင်းထက် မှ ကောင်းထက် အသည်းစွဲ ဖြစ်နေမည် ။ ထိုအခါ မေလှမေ စာ မကျက်နိုင်တော့ ။ ထိုအခါ အမှတ် နည်းမည် ။ အဆိုးဆုံး ဖြစ်က စာမေးပွဲ ပါ ကျနိုင်သည် ကို ကောင်းထက် ဇော် ကြိုတင် တွက်ဆထားသည် ။ ဤအချိန်တွင် ကောင်းထက်ဇော် စာကို အသည်းအသန် ကျက်ကာ ပထမနေရာ ကို ရအောင် ယူမည် ဟု တွေးကာ ကြံစည် ထားသည် ။ နှစ်စ ကတည်း က ဤ အကြံ ကို ရသည် ။ အခြေအနေမပေး ၍ အကောင်အထည် ဖော်၍ မရနိုင်ခဲ့ပေ ။ အခြေအနေ အရပ်ရပ်က ကောင်းထက်ဇော် ကို မျက်နှာသာ မပေးခဲ့ ။ ကောင်းထက်ဇော် အကောင်အထည် မဖော်နိုင်ခဲ့ပေ ။

ကောင်းထက်ဇော် ငယ်စဉ် က နယူတန် ၏ တန်ပြန်နိယာမ ကို သင်ဖူးသည် ။ အသွား ရှိလျှင် အပြန် ရှိသည် ။ မေတ္တာ သည်လည်း သည်အတိုင်း ပင် ဖြစ်သည် ။ ကောင်းထက်ဇော် မေလှမေ ကို ဖြစ်စေလိုသော ခံစားချက် သူ ပြန် ခံစားရလေပြီ ။ ကောင်းထက်ဇော် မှာ မအိပ်နိုင် မစားနိုင် ၊ ကောင်းထက် ဇော် သည် နေ့ လည်း မေလှမေ ၊ ည လည်း မေလှမေ ဖြစ်နေသည် ။ မတွေ့ ရလျှင် မနေနိုင်တော့ပါ ။ ကောင်းထက်ဇော် ဤ အခြေအနေ အထိ ဖြစ်နေ သည် ကို သူငယ်ချင်းများ က လည်း မြှောက်ထိုးပင့်ကော် လုပ်ပေးကြသည် ။ အပေါင်းအသင်းများ က လည်း သူငယ်ချင်း အားတက်အောင် မလုပ်ပေးကြ ၊ သူ့ ရှေ့ မှာပင် သူတို့ ကောင်မလေးများ ချစ်စရာ ကောင်းပုံ ၊ အလိုက်သိပုံ စသည် တို့ ကို ပြောသည် ။ ကောင်းထက်ဇော် ကို ဒါလေးတောင် မလုပ်နိုင်ဘူး လား ဟု ပင် ပြောသည့် လူများပင် ရှိသေးသည် ။ သူတို့ ပြောသည့် စကားများ ကြောင့် မီးလောင်ရာ လေပင့် သကဲ့သို့ ကောင်းထက်ဇော် ၏ ဝေဒနာ မှာ တိုး၍ လာတော့သည် ။

ကောင်းထက်ဇော် ... သောကပင်လယ် ဝေလေပြီ ။ မေလှမေ ကို တသသ နှင့် တယ်လီဖုန်း လည်း ဆက်သွယ် ၍ မရ ။ မနက် ခြောက်ခြောက် ည ခြောက်ခြောက် နှင့် စိတ်တွေ မတည်ငြိမ်တော့ ။ မြန်မာစာ နွေဦးကာလ မြူထသောအခါ ကို လည်း မသိတော့ ။ အင်္ဂလိပ်စာ လည်း မရတော့ ။ ဇီဝဗေဒ ဆွဲ တော့လည်း မေလှမေ ကောက်ကြောင်းတွေ သာ ထွက်လာသည် ။ စာမေးပွဲ လည်း နီးလာပြီ ။ သောကဗျာပါဒတွေ ဝေ လေပြီ ။ ကောင်းထက်ဇော် စိတ် ပင်ပန်းနွမ်းလျနေပြီ ၊ မေလှမေ တစ်ယောက် တော့ အေးအေးဆေးဆေး ပင် “ စာတွေ ပိုင်နေပြီ ” ။ ကောင်းထက်ဇော် နှင့် တွေ့လျှင် ပြုံးပြရုံ မှ တစ်ပါး အခြား မရှိ ၊ ကောင်းထက်ဇော် တော့ စာမေးပွဲ အောင်ရန် မနည်းလုပ်နေရသည် ။

ဤသို့နှင့် ကောင်းထက်ဇော် တို့ စာမေးပွဲ ဖြေရမည့်ရက် သို့ ရောက်လာ တော့သည် ။ ကောင်းထက်ဇော် နှစ်စ က ကျက်ထားသော အရှိန်ကြောင့် အသင့်အတင့်တော့ ဖြေနိုင်ခဲ့သည် ၊ အောင်စာရင်း ထွက်တော့ ကောင်းထက်ဇော် နာမည် ပါတော့ ပါသည် ။ သို့သော် ဂုဏ်ထူး မပါ ။ မေလှမေ က တော့ ဘာသာစုံဂုဏ်ထူး ကို ပျော်ပျော်ကြီး လက်ဝယ် ပိုက်ခဲ့သည် ။ အခုဆို ကောင်း ထက်ဇော် မျှော်မှန်းထားသော မြကျွန်းညိုညိုတက္ကသိုလ်ကြီး နှင့် ဝေးခဲ့လေ
ပြီ ၊ မေလှမေ က တော့ သူ့ သူငယ်ချင်း အသစ်များ နှင့် တက္ကသိုလ် သို့ ပျော် ရွှင်စွာ ခိုလှုံနိုင်ခဲ့လေပြီ ။

ကောင်းထက်ဇော် သိလိုက်ပါပြီ ။ သူ သီဆို ခဲ့သော သီချင်းတွင် သံစဉ် မပါပေ ။ သံစဉ် မပါသော သီချင်း ကို မည်သူ က ကြိုက်နှစ်သက်ပါ မည်နည်း ။ သံစဉ် အနိမ့်အမြင့် ကို သတိ မထားမိသော ကောင်းထက်ဇော် အကယ်၍ သာ ကောင်းထက်ဇော် သီဆိုသော သီချင်း တွင် သံစဉ် ပါခဲ့လျှင် ...

⎕ ခင်ညို

📖 ရန်ကုန်တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၅