Thursday, March 31, 2022

စက်ဝိုင်း


 

❝ စက်ဝိုင်း ❞

“ ပဲပြုတ် တစ်ဆယ်သား လည်း တစ်ကျပ်ခွဲ ဖြစ် နေပြီနော် ” 

“ ကြာပါပြီ အစ်မ ရယ် ”

“ ဟိုး အရင်တုန်းက ငါးမူး ရယ် ”

“ အရင်က ဈေး လာမပြောနဲ့ အစ်မရေ ၊ ကျွန်မတို့ ဝယ်ရတာကလည်း အရင်ဈေး မဟုတ်ဘူး ။ တစ်ပြည် ကို နှစ်ဆယ့်နှစ်ကျပ် ပေး ရတယ် ၊ ပြုတ် လိုက်ရင် နှစ်ပိဿာခွဲ ပဲ ရတာ ”

       •••   •••   •••   ••• 

“  အကောင်လိုက် လေးကျပ် ၊ အခြမ်း လေးကျပ်ခွဲ ”

“ ကြက်ဈေး ကလည်း ကြီး လိုက်တာ ဟယ် ၊ တစ်ပိဿာလေးဆယ် ၊ လေးဆယ့်ငါးကျပ် တဲ့ ၊ ငါ့ ယောက်ျား မဟာစာရေးဆရာကြီး ရဲ့ တစ်လလုံး ရတဲ့ လစာ က ကြက် ငါးပိဿာဖိုးလောက် ပဲ ရှိပါလား ဟဲ့ ”

“ ဒီလောက်မှ မရောင်းရင်လည်း မကိုက်ဘူး အစ်မ ရဲ့ ၊ ကျွန်မတို့ ယူ ရတာက သုံးဆယ့် ရှစ်ကျပ် ဈေး ”

       •••   •••   •••   •••

“ တစ်ဆယ်သား တစ်ကျပ်ခွဲ ညီမလေး ရေ ၊ အစိတ်သား ယူရင်တော့ သုံးကျပ်ခွဲ နဲ့ ယူ ၊ အင်းခရမ်းတွေ ကွဲ့ ၊ အသား များတယ် ၊ သိပ် ချိုတယ် ”

“ ခရမ်းချဉ်သီး ကလည်း ခုထိ မပေါဘူးနော် ။ ခါတိုင်း ဒီအချိန်ဆို ပေါ လှပြီ ”

“ ဪ .. အစ်မတို့ ယူရတာလည်း ခါတိုင်းလို မဟုတ်ဘူး ညီမ ရဲ့ ၊ အခု ဈေးက တစ် သေတ္တာ ကို တစ်ရာ့သုံးဆယ် ၊ ဒါတောင် မနည်း လုယက်ပြီး ယူရတာ ”

       •••   •••   •••   •••

“ အဒေါ်ရေ ဟောဒီမှာ ငရုတ်သီးစိမ်း တစ်ပုံ ယူလိုက်ပြီနော် ၊ ပိုက်ဆံ ကို ပစ်ပေးလိုက် မယ် ၊ ကန်တော့ ၊ ကန်တော့ ”

“ ငရုတ်သီးစိမ်း တစ်ပုံ ကို ငါးမူး ၊ တစ်မတ် မဟုတ်ဘူး ”

“ ဟောတော် ၊ ဒါလေး တစ်ပုံ ကို ငါးမူး ဟုတ်လား ”

“ ဟုတ်တယ် ၊ ငါးမူး ပဲ ၊ တစ်မတ်ဖိုး ရောင်းလို့ မကိုက်တော့ဘူး ။ ကုန်အဝင်ကကို နည်းနေလို့ ”

“ ဪ ... ”

       •••   •••   •••   •••

“ ဟင် ... ကြက်သွန် က အသစ် လည်း ဖြစ် ၊ သေး လည်း သေး ၊ ဒါတောင် ဆယ့်လေးကျပ် ဈေး ဟုတ်လား ”

“ ဟုတ်တယ် ။ ဟိုဘက်က နည်းနည်း ကြီးတာ ကတော့ ဆယ့်ခြောက်ကျပ် ”

“ စိတ်ညစ်လိုက်တာ ”

“ စိတ်မညစ်နဲ့ ဟယ် ။ ငါတို့ကလည်း ရောင်းရတာ စိတ်ညစ်တာပဲ ၊ ငါတို့ ဝယ်ရတာကို က ဈေး ကြီးနေတော့ ”

“ အင်း ”

       •••   •••   •••   •••

“ ဟယ် ... နင်ကလည်း လုပ်တော့မယ် ၊ တစ်ရာ ကို နှစ်ကျပ် လို့ ၊ ဟိုတစ်ခါ ငါ ဝယ်တုန်းက ငါးမူး ရယ် ”

“ ငါးမူး မရောင်းနိုင်တာ ကြာပါပြီ အန်တီ ရယ် ”

“ ငါ က ခြံထဲ ကျော်ဝင်တဲ့ ခွေး ကို ပစ်ချင်လို့သာ ဝယ်ရတာ ၊ နင့် လောက်စာလုံး ကလည်း ဈေး က တက်ပြီးရင်း တက်ရင်း ”

“ ဒါကတော့ သူများ နည်းတူပေါ့ ခင်ဗျာ ”

“ အံမာ ၊ ဘာ သူများ နည်းတူလဲ ၊ နင် က ရွှံ့ တစ်ပြည် ကို ဘယ်နှစ်ကျပ် နဲ့ ဝယ်နေရလို့ လဲ ၊ ကုန်တင်ကားတွေ အရောက်နည်းနေလို့ ပစ္စည်း မရှိလို့လား ၊ ကြက်သွန် လို ရွှံ့သစ် မပေါ်သေး လို့ ၊ ရွှံ့ဟောင်း က ဈေး ကြီးနေတာလား ၊ နင့် ရွှံ့ခင်း ကရော မိုး ဖျက်လို့ ပျက်သွားသလား ၊ နှင်းခါးရိုက် လို့ သေသွားသလား ”

“ မဟုတ်ပါဘူးဗျာ ”

“ ကဲ .. ဒါဖြင့် နင့် ရွှံ့က ဘာကိစ္စ ဈေး တက်နေရတာလဲ ၊ ပြောစမ်းပါဦး ”

“ ရွှံ့ကတော့ ဈေး မတက်ပါဘူးဗျာ ၊ ဒါပေမဲ့ ကျွန်တော် ဆာရင် ရွှံ့ ကို ကိုက်စားလို့မှ မရတာ အန်တီရယ် ”

“  အဲ ... ”

◾ မစန္ဒာ ( ၁၉၈၇ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

www.facebook.com/aung.naingoo.3726613

.

Wednesday, March 30, 2022

နပ်ပျက်မှု


 

❝ နပ်ပျက်မှု ❞

တစ်နေ့သော အခါ ငှက်ပျောတောကျေးရွာ တရားရုံး သို့ ၎င်း ရွာသား မောင်ဘိုးရွှန်းဆိုသူသည် အမှု တစ်မှု လာရောက်တိုင်တန်းပါသည် ။ ၎င်း တိုင်တန်းသော အမှု မှာ ၎င်း ၏ သရက်ပင် ယာတောရှိ ထန်းများ ကို ထန်းသမား ကိုပျင်း အား ကိုယ်ဝန် နှင့် အလှီး ခိုင်းထားရာ လွန်ခဲ့သော တပေါင်းလဆန်း ၁၂ ရက် နေ့ က ၎င်း ၏ အမေ နှင့် စကား များပြီး ထန်း မလှီးဘဲ နေရာ ထန်း နှစ်နပ် ပျက်သည် ။ ၎င်း ၏ ထန်းများ မှ တစ်နေ့ တစ်နေ့ လျှင် ထန်းလျက်အချိန် ၁၅ ပိဿာ ခန့် ရရှိသည် ။ ယခု မလှီးဘဲ နပ် ပျက်သည့် အတွက် အကျိုး ဆုံးရှုံးခြင်း ဖြစ်ရ၍ တန်ရာ တန်ကြေး လျော်ငွေ ရ ရန် ဖြစ်ပါသည် ။

အုပ်ချုပ်ရေးမှူး ကိုမြအောင် သည် မောင်ဘိုးရွှန်း ၏ တိုင်တန်းချက် ကို စာ နှင့် ရေးမှတ်ပြီး လက်မှတ်ထိုးခိုင်းကာ တစ်ရက် နှစ်ရက် အတွင်း ဆင့်ခေါ် စစ်ဆေးမည် ဟု ပြောဆို၍ မောင်ဘိုးရွှန်း အား ပြန်၍ လွှတ်လိုက်ပါသည် ။

ငှက်ပျောတောရွာ ၏ ပတ်ဝန်းကျင်တွင် ထန်းပင် များစွာ ရှိပါသည် ။ ထန်း တက်တတ် သူတိုင်း ထန်း မရှိပါ  ။ များသောအားဖြင့် မြေရှင်ကြေးရှင်များ မှာသာ ထန်း ပိုင် ရှိ၍ ထန်းသမားများ မှာ အခစား ဖြင့်သာ လုပ်ကိုင်ကြရပါ သည် ။ ထန်းရှင် နှင့် ထန်းသမား တို့ ထန်း နှင့် ပတ်သက်၍ အလုပ် လုပ်ကြရာတွင် သုံးမျိုး သုံးစား ရှိပါသည် ။

၎င်းတို့မှာ (  ၁ ) ရည်လှဲ့ ၊ ( ၂ ) ပင်ခ ၊ ( ၃ ) ကိုယ်ဝန် ဟူ၍ ဖြစ်ပါသည် ။

( ၁ ) ရည်လှဲ့ ဆိုသည်မှာ ထန်းသမားများ ၏ ကိရိယာ ဖြစ်သော ရင်းထောင် ရင်းဆွဲ ဟု ထန်းသမား ဝေါဟာရ နှင့်ခေါ်သော လှေကား လုပ်ရန် ဝါး ၊ ထန်းရေချို ခံယူရန် မြူအိုးများ ၊ ထန်းလျက် ချက်ရန် ဖျဉ် ခေါ် မြေအိုးများ နှင့်  သံဒယ် ၊ သို့မဟုတ် သတ္တုဒယ် နှစ်လုံး ၊ ၎င်းအပြင် ထန်း ပြင် ဆင် ပြုလုပ်ရန် ဓားချွန် ၊ ထန်းလှီးရန် ဓားနှီး ခေါ် ဓားထီးမားပွင့် ၎င်း အားလုံးတို့ကို ထန်းသမား ကိုယ်ပိုင် ဝယ် ယူ၍ တည်ထောင် ထားရပြီး လေးနေ့ တွင် တစ်နေ့ ကျိုချက်၍ ရ သော ထန်းလျက် ကို ထန်းရှင် သို့ ပေးရပါသည် ။

တစ်ဖန် ၎င်း ရည်လှဲ့ နည်း တွင် ထန်းရှင် က ထန်းသမား သို့ အရင်း တည်ထောင်ရန် ပေးရသော ( က ) အ ပျောက်ငွေ ၊ ( ခ ) မ,ငွေ ဟူ၍ နှစ်မျိုး ရှိပါသေးသည် ။

( က ) အပျောက်ငွေ ဆိုသည်မှာ ငွေ အနည်းငယ်သာ ထန်းသမား သို့ ပေးရ၍ နောင်အခါ ထန်းရှင် သို့ ပြန် မပေးရ တော့ချေ ။

( ခ ) မ,ငွေ မှာ ငွေများများ ပေးရ၍ ထန်း အချိန် ကုန် သောအခါ ထန်းရှင် သို့ ပေးရင်းငွေ အတိုင်း အတိုးမရှိဘဲ ပြန် ၍ ဆပ်ရပါသည် ။ အပျောက်ငွေ နှင့် မငွေ အနည်းအများ မှာ ထန်းသမား အရည်အချင်း နှင့် ထန်း အကောင်းအဆိုး ကို ကြည့်၍ ထန်းရှင် နှင့်ထန်းသမား တို့ အပေးအယူ တည့် အောင် ပြောဆို၍ ပေးယူကြရပါသည် ။

( ၂ ) ပင်ခ ဆိုသည်မှာ ထန်းအဆိုးအကောင်း ကို လိုက်၍ ထန်းတစ်ပင် လျှင် ထန်းလျက် တစ်ပိဿာ မှ နှစ် ပိဿာ အထိ ထန်းရှင် ကို အပြတ် ပေးရပါသည် ။ ဥပမာ ထန်း ၁ဝဝ ရှိသော ထန်းတော ကို ထန်းသမားတစ်ဦးသို့ ထန်းရှင် က ချထားလျှင် ထန်းတစ်ပင် တစ်ပိဿာခွဲ နှင့် အပေးအယူ တည့် ပါက ထန်းလျက် ၁၅ဝ ပိဿာ နှင့်တည့် ပါက ထန်းလျက် ပိဿာ ၂၀၀ ပေး ရပါသည် ။ သို့ သော် ထန်းသမား က အပင် ၁၀၀ လုံး မလှီးနိုင်ပါ ။ ထန်း သုံးသီး သုံးတန် မျှပြီး အပင် ၆ဝ - ၇ဝ လောက်သာ လှီး နိုင်ပါ သည် ။

ကျန် အပင်များ ကို ထန်းသမား က ထန်းရွက် ၊ ထန်း သီးများ နှင့် ထန်းလျှော်များ ကို သုံးရပါသည် ။ ထန်းရွက် ကို ထန်းရွက် ရှားပါးပြီး ထင်း ပေါသောအရပ်များ က ထင်း နှင့် အိမ်မိုးရန် ထန်းရွက် ကို လဲလှယ်ကြရာ ၎င်း ထင်း နှင့် မိမိတို့ ကြိုတင်ပြီး စုဆောင်းထားသော ထင်းများ ကို ထန်း လျက် ကျိုချက်ရာ တွင် အသုံးပြုရပါသည် ။ ထန်းသီး ကို ထန်းသမား တွင် နွား ရှိပါက နွားစာ အဖြစ် သုံး၍ နွား မရှိ လျှင် ရောင်းချပါသည် ။ သို့မဟုတ် ထင်း နှင့် လဲ ပါသည် ။

၎င်း ပင်ခ နှင့် ထန်း လှီးရန် ချထားသော နည်းမှာ ထန်းရှင် က ထန်းသမား သို့ အပျောက်ငွေ ပေးရခြင်း ၊ မ,ငွေ ပေးရခြင်း မရှိတော့ပါ ။ ထန်းသမား က ပင်ခ ထန်းလျက် ပေးရာ၌ ထန်း ရာသီ လများ အတွင်း သုံးခါ နှင့် ပြေလည် အောင်ပေးကြရပါသည် ။

( ၃ ) ကိုယ်ဝန် ဆိုသည်မှာ ထန်းရှင် ကိုယ်တိုင် က ထန်းကိရိယာ အားလုံး နှင့် ထန်း နှင့် ပတ်သက်သော လုပ် ကိုင်ဖွယ်ကိစ္စများ ကို အားလုံး လုပ်ပေးရ၍ ထန်းသမား က လူ ကိုယ်တည်း သက်သက်ဖြင့် ထန်း ပြင်ခြင်း နှင့် ထန်း လှီးခြင်း ၊ ရင်းထောင် ရင်းဆွဲ ပြင်ခြင်း ကိုသာ လုပ်ကိုင် ပေးရပြီး ထန်းရှင် က ထန်းသမား အား ၃ နေ့ လျှင် တစ်နေ့ကျိုချက် ၍ ရသော ထန်းလျက် တို့ကို ပေးရ၍ ထမင်း နှစ်ထပ် နှင့် ကွမ်း ၊ ဆေး ၊ သရေစာ တို့ ကိုလည်း လူ့ တာဝန်ဝတ္တရား ကျေ ပွန်အောင် ပြုစုရပါသည် ။ လုပ်ကိုင်ပြင်ဆင်ပြီးသော ထန်းပင်များ ကို နံနက် တစ်ခါ ၊ ညနေ တစ်ခါ ထန်းသမား က တက်၍ ထန်းစများကို ဓား နှင့် လှီးပြီး မြူအိုးအသစ် နှင့် လဲလှယ်ခဲ့၍ ထန်းရေချိုများ ကို ထန်းပင် အောက် သို့ ချပေး ရပါသည် ။ ထန်း တစ်ခါ လှီးသည် ကို ထန်းသမား ဝေါဟာရ ဖြင့် “ တစ်နပ် ” ဟု ခေါ်ပါသည် ။ ဤသို့ဖြင့် ထန်းများကို နေ့စဉ် နှစ် နပ် လှီး ရပါသည် ။

တစ်စုံတစ်ရာကြောင့် ထန်း တစ်နပ် မလှီးရလျှင် နပ် ပျက် သည် ဟု ခေါ်ပါသည် ။ ၎င်း နပ်ပျက်သော ထန်းရေချို များ သည် ချဉ်ပေါက်ကုန်၍ ထန်းလျက် ကျို ၍ မကောင်းတော့ပါ ။ ကျိုချက်သော်လည်း ထင်း ပို ကုန်ပြီး ထန်းလျက် မခြောက်ဘဲ ဖြစ်နေတတ်ပါသည် ။ သို့ဖြစ်၍ ထန်းများ ကို နပ်မှန်မှန် လှီးဖို့ အလွန် အရေးကြီးသော အလုပ် ဖြစ်ပါသည် ။

ထန်း တော ချင်း တစ်တော နှင့် တစ်တော မတူသလို ထန်းသမား ချင်း လည်း မတူကြပါ ။ ထန်းရေချို အယိုသန်သော ထန်းတော ၊ အယိုနည်းသော ထန်းတော ရှိသလို ထန်းသမားများ တွင်လည်း အရည်အချင်း ( ထန်းပညာ ) ချင်း လည်း မတူကြပါ ။ ထို့ပြင် ရာသီဥတု ကိုလည်း ထန်း များက လိုက်ပါသေးသည် ။ မိုး ကောင်းလျှင် ဘယ်လို  ၊ မိုး နည်းလျှင် ဘယ်လို ၊ နေ ပူလျှင် ၊ နေအေးလျှင် လေ များ များ တိုက်လျှင် ၊ လေ နည်းနည်း တိုက်လျှင် ဘယ်ကဲ့သို့ စသည်ဖြင့် ထန်း ၏ ပရိယာယ် နှင့် ထန်း ၏ စည်းကမ်း ၊ နည်းလမ်းဥပဒေ တို့ မှာ အများကြီး ရှိပါသေးသည် ။ သို့သော် ဤအမှု တွင် ထန်း နှင့် ပတ်သက်သော အကြောင်း ခြင်းရာ တို့ ကို ဤမျှလောက် နှင့် ပေါ်လွင် ထင်ရှားလောက်ပြီ ဖြစ်၍ အမှု ကို ဆက်လက် ရေးသားရပါတော့မည် ။

တပေါင်းလဆုတ် ၃ ရက် နေ့ တွင် အမှု ကို ရက်ချိန်း ပေးထား၍ တရားရုံး တွင် လူကြီးများ နှင့် တရားလို ၊ တရားခံ ၊ သက်သေတို့ စုံလင်သော နေ့ ၁၂ နာရီအချိန်တွင် အမှု ကို စတင် ခေါ်၍ တရားလို မောင်ဘိုးရွှန်း ကို စ၍ စစ် ဆေးပါသည် ။ ငှက်ပျောတောရွာ ၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုမြအောင် သည် မောင်ဘိုးရွှန်း တိုင်တန်းထားသော လျှောက်လွှာကို ဖတ်ပြီး ...

အောင် ။  ။ “ တရားလို မောင်ဘိုးရွှန်း က အခု ဖတ်ပြတဲ့ တိုင်တန်းချက် ကို လျှောက်လွှာ အတိုင်းပဲလား ၊ ဘာများ ဖြည့်စွက် အစစ် ခံလိုပါသေးသလဲ ”

ရွှန်း ။  ။ “ ကျွန်တော် အနည်းငယ် ပြောလိုပါသေးတယ် ။ ပထမနေ့ မနက် က ထန်းသမား ကိုပျင်း ထန်း မလှီးဘဲ တဲထဲ အိပ်နေလို့ ထန်းလှီးဖို့ ကျွန်တော် ပြောတော့ ' ငါ မလှီးနိုင်ဘူး ၊ ဗိုက် နာနေလို့ ' လို့ ပြောပါတယ် ၊ ဒါနဲ့ ကျွန်တော် လည်း မနက် တစ်နပ်တော့ ကိစ္စ မရှိဘူး ဆိုပြီး ဒီအတိုင်း နေလိုက်ပါ တယ် ၊ အဲဒီနေ့ နေ့လယ် ၁၂ နာရီ လောက် ကျတော့ ကိုပျင်း သူ့ အိမ် ပြန်သွားပါတယ် ၊ ကျွန်တော် လိုက်သွားပြီး ထန်း လှီးဖို့ ပြောတော့ “ မင်း တို့ ထန်း ငါ မလှီးနိုင်တော့ဘူး ၊ မင်း အမေ က မာန ကြီးတယ် ၊ ငါ နဲ့ ကြာရှည် ဖြစ်မှာမဟုတ်ဘူး ” လို့ ပြောပြီး ခေါ် မရခဲ့ပါဘူး ၊ အဲဒီ ညနေ တစ်နပ် လည်း လုံးလုံး မလှီးရပါဘူး ”

“ ထန်းသမား ဆိုတာလည်း လူကြီးများ သိတဲ့အ တိုင်း လွယ်လွယ်ကူကူ နဲ့ ငှားလို့ မရနိုင်ပါဘူး ၊ အဲဒါကြောင့် နောက်တစ်နေ့ မနက်တစ်နပ်လည်း ထန်း မလှီးရဘူး ၊ ညနေ အနပ် ကျမှ ထန်း နည်းနည်း လှီး တဲ့ ကိုကျော် ကို မရအရ ခေါ်ပြီး အလှီးခိုင်းရပါတယ် ၊ ကျွန်တော့် ထန်းဟာ ၃ နပ် မလှီးရဘဲ ပျက် ပါတယ် ၊ ၃ နပ် ဆိုတော့ ၂ ရက်လုံး ထန်း ရေချိုမရလို့ ထန်းလျက် မကျိုရပါဘူး ၊ နောက်လည်း ဆက် လက်ပြီး မလှီးတော့ဘူးလို့ သိရပါတယ် ၊ ဒါကြောင့် ထန်းလျက် ၂ ရက် ကျို ဆုံးရှုံးရုံတွင် သာမက ထန်းသမားတို့ ၏ ထုံးတမ်းအတိုင်း ထန်းတုံးသည့်တိုင် ( ထန်း ရာသီ ကုန်ဆုံး သည့်တိုင် ) ဆက်လက် မလှီးတဲ့အတွက် ကျွန်တော့် မှာ အင် မတန် နစ်နာဆုံးရှုံးပါတယ် ၊ လူကြီးမင်းများ ကသာ စစ် ဆေးဝေဖန်ပြီး သင့်လျော်သလို စီရင်ဆုံးဖြတ် ပေးပါရန် အစီ ရင်ခံလိုပါတယ် ”

အောင်  ။  ။ “ တစ်နေ့တွက် ထန်းလျက် ဟာ အခု ဘယ် လောက်ရသလဲ ”

ရွှန်း ။  ။ “ ၁၅ ပိဿာ လောက် ရပါတယ် ”

အောင် ။  ။ “ မောင်ပျင်း နဲ့ စ ပထမ ထန်း လှီးဖို့ စကား ပြောစဉ် က ဘယ်လို ဝန်ခံကတိ ပြုခဲ့ကြသလဲ ”

ရွှန်း ။  ။ “ ထန်း ကို ကိုယ်ဝန် နဲ့ လှီးဖို့ ၊ အကယ်၍ အကြောင်း ပေါင်း မသင့်လို့ ဆက် မလှီးနိုင်တော့ရင် ၄ - ၅ ရက် က ကြို တင် ပြောဖို့ ကတိ ရှိကြပါတယ် ”

အောင် ။  ။“ စာချုပ်စာတမ်းများ ချုပ်ဆိုကြသေးသလား ”

ရွှန်း ။  ။“ မရှိပါဘူး ၊ ဘယ် ထန်းရှင် နဲ့ ထန်းသမား မှ စာချုပ်စာတမ်းနဲ့ ချုပ် မနေကြပါဘူး ၊ ထုံးစံအတိုင်း ပါးစပ် နဲ့ ပဲ ပြောဆိုကြတာပါပဲ ” 

အောင် ။  ။ “ မောင်ပျင်း စလှီးတဲ့ အနပ် က တကယ် ဗိုက်နာ တာ ဟုတ်တယ်လို့ ထင်သလား ”

ရွှန်း ။  ။ “ ဗိုက်နာတာ မဟုတ်ပါဘူး ၊ ကျွန်တော့် အမေ နဲ့ တစ်ယောက်တစ်ခွန်း စကား များလို့ ပရိယာယ် နဲ့ ပြောတာလို့ ထင်ပါတယ် ”

အောင် ။  ။ “ ကိုဘကျော် ကို အခု မင့် ထန်း လှီးဖို့ ဘယ်လို ငှား ထားရသလဲ ”

ရွှန်း ။  ။ “ ကိုပျင်း လှီး သလို ကိုယ်ဝန် နဲ့ လှီးဖို့ ပြောထားပါ တယ် ၊ သူ က ထန်း ၁ဝ ပင် လောက်သာ ပြင်ဆင်ရသေးလို့ မလှီးဘဲ ပစ်လိုက်ရင် ဖြစ်ပါတယ် ၊ ပြီးတော့ သူ့ ထန်းက ကိုယ်ပိုင် ထန်း မို့လို့ ကန့်ကွက်မဲ့ လူလည်း မရှိပါဘူး ”

အောင် ။  ။ “ ထန်းလျက် က မကျိုရတဲ့ နှစ်ရက် ထဲမယ် မောင်ပျင်း ပေးရမယ့် နေ့များ ပါသေးသလား ”

ရွှန်း ။   ။ “ မပါ ပါဘူး ၊ နှစ်ရက်စလုံး ကျွန်တော့် နေ့တွေ ချည်းပါ ”

၎င်းနောက် တရားခံမောင်ပျင်း ကို စစ်ဆေးပါသည် ။

အောင် ။  ။ “ ထန်းရှင်မောင်ထွန်း အစစ် ခံတဲ့အတိုင်း ထန်း မလှီးဘူးဆိုတာ ဟုတ်သလား ”

ပျင်း ။  ။ “ ဟုတ်ပါတယ် ၊ ဘာလို့ မလှီးတယ် ဆိုတာကို လူကြီးများ နားလည်အောင် အစီရင် ခံပါရစေ ၊ ထန်းသမား ဆိုတာ လူကြီးများ သိတဲ့အတိုင်း အလွန် လမ်းကျဉ်းပါ တယ် ( ဘေးရန် နှင့် နီးပါသည် ဟု ဆိုလိုသည် ) တစ်ရပ် တစ်ကျေးက ဧည့်သည် ဖြစ်စေ ၊ ကိုယ့် ရွာသူ ရွာသား ဖြစ်စေ မေတ္တာ မပျက်အောင် ပေါင်းသင်းရပါတယ် ။ သောက်တတ် စားတတ်သူများ ထန်းတဲ ကို လာပြီး ထန်းရေ မရှိဘူး လား ဆိုရင် ကိုယ် မသောက်ရချင်နေပေစေ ဧည့်ဝတ်ကျေအောင် ပြုစုရပါတယ် ၊ သူတို့ မကျေနပ်လို့ ရင်းထောင်တို့ ၊ ရင်းဆွဲတို့ ကျုပ်တို့ မသိအောင် ဖျက်ဆီး ထားရင် ထန်း ရှောပြီး( ထန်း ပင်ပေါ် ကလိမ့်ကျပြီး ) သေ နိုင်ပါတယ် ။

“ ဒီလို ဧည့်ဝတ်ကျေအောင် ထန်းရေတစ်လုံး ပို လောင်းတာ ကို ကိုဘိုးရွှန်း အမေ က မလောင်းရဘူး ၊ ထန်း ရေချို ကုန်တယ် လို့ ပြောလို့ မလောင်းရပါဘူး ၊ ဒီလို မလောင်းရရင်ဖြင့် ကျုပ် လည်း အသေခံပြီး ခင်ဗျား ထန်း ကို မလှီး တော့ဘူးလို့ ဆိုပြီး မလှီးဘဲ နေတာပါ ”

အောင် ။  ။ “ ဗိုက်နာတယ် ဆိုတာကော ဟုတ်သလား ”

ပျင်း ။  ။ “ ဗိုက်နာတာလည်း ဟုတ်ပါတယ် ၊ ဒါပေမဲ့ ဗိုက် နာတာက ခဏ နာတာပါ ”

အောင် ။  ။ “ ဒါ ဖြင့် ထန်းရေ အပို တစ်လုံး မလောင်းရလို့ ထန်း မလှီးတာ မှန်သလား ”

ပျင်း ။  ။ “ ထန်းသမား ရယ် ၊ ကိုယ်ဝန်ဆောင်မိန်းမ ရယ် ၊ ဆင် ဦးစီး ရယ် ၊ မင်းခစားယောက်ျား ရယ် တစ်နေ့ တစ်နေ့ ကို သင်္ချိုင်း ကို မျက်စောင်း သုံးခါ ထိုးတယ်လို့ ကြားဖူးပါတယ် ၊ အဲသလိုမို့လို့ ထန်းရေ အပို မလောင်းရရင် ဧည့်ဝတ် မကျေဘူး ၊ မကျေရင် ကျုပ်တို့ မယ် ဘေးရန် များပါတယ် ၊ အဲဒါ ကြောင့် ထန်း မလှီးဘဲ နေတာ ”

အောင် ။  ။ “ ဧည့်သည် က အမြဲ လာနေတာမှ မဟုတ်ပဲ ၊ တစ်ခါတစ်ရံ လာလို့ ရှိရင် မင့် ထန်းရေအိုး ထဲ က မျှတ တိုက် လိုက်ရင် မဖြစ်ဘူးလား ”

ပျင်း ။  ။ “ မဖြစ်ပါဘူး ၊ ကျုပ်တို့ က အလုပ်ကြမ်းသမား ဆိုတော့ သောက်နေကျ ရေချိန်အတိုင်း မကိုက်ရင် နေလို့ ထိုင်လို့ မကောင်းပါဘူး ၊ အလုပ် လည်း ခရီး မတွင်ပါဘူး ၊ ဒါကြောင့် ပို လောင်းထားမှ ဖြစ်ပါတယ် ”

အောင် ။  ။ “ ဧည့်သည် ကို ထန်းရေ မတိုက်တိုင်း မင့် ကို ရန် ရှာလိမ့်မယ်လို့ အတပ် ပြောနိုင်သလား ”

ပျင်း ။  ။ “ လူကြီးများ စဉ်းစားကြည့်ပါ ၊ ထန်းရေ သောက် တတ်မှတော့ လိမ်မာရင် ဘယ် သောက်မလဲ ၊ မလိမ်မာသူ တွေ မို့လို့ သောက်တာပါ ၊ မလိမ်မာတဲ့ လူတွေ ဟာ ထန်းရေ ကလေး တစ်ခွက် နှစ်ခွက် မပေးတာနဲ့ မပေးတဲ့ ထန်းသမား ကို ရန် ရှာမှာ နဲ့ ရန် မရှာမှာ ဘယ်ဟာကို လုပ်မယ် ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ် ”

တရားလို က တင်ပြသော သက်သေနှစ်ယောက် မှာ တရားလို ၏ မိခင် မဖွားတင် နှင့် ထန်းသမား ကိုဘကျော် တို့ ဖြစ်သည် ။ ၎င်းတို့ နှစ်ယောက်အနက် မဖွားတင် ကို လိုအပ် သည်ဟု တရားရုံး မှ မထင်သဖြင့် ထန်းသမား ကိုဘကျော် ကို သာ စစ်ဆေးပါသည် ။

အောင် ။  ။ “ မောင်ဘိုးရွှန်းထန်း ကို မင်း လှီးတာ ဘယ်လို လှီး ရသလဲ ”

ကျော် ။  ။ “ ကိုပျင်း လှီး သလို ကိုယ်ဝန် နဲ့ လှီးရပါတယ် ”

အောင် ။  ။ “ တစ်ယောက် ရဲ့ လက်ကျ ကို တစ်ယောက် ဝင် လှီးရတော့ ထန်း အခြေအနေ ဟာ ဘယ်လို နေသလဲ ”

ကျော် ။  ။ “ ကိုယ့် ဘာသာ ကိုယ် အစ ကတည်းက လုပ် ကိုင် ပြုပြင်ပြီး မလှီးရတော့ တညက် ( ထန်းလျက် ) ရသင့်သလောက် မရ နိုင်ပါဘူး ၊ ပြီးတော့လည်း သုံးနပ်တောင် မလှီးရပဲ နပ်ပျက်ထားတော့ သာ ဆိုး ပါသေးတယ် ၊ ထန်း ဆိုတာ အခုလို ထန်းဖိုဦးမယ် သုံးနပ် မပြောနဲ့ တစ်နပ် ပျက် တာတောင် အတော်လိုက်ယူရပါတယ် ”( ဓားလိုက်ရ သည်ဆိုသည်မှာ နပ်ပျက်ထားသော ထန်းစများသည် အဖျားများခြောက်သွေ့နေ၍ အခါတိုင်း တစ်နပ် တစ်နပ် လှီးနေကျထက် ပို လှီးပစ်ရသောကြောင့် ထန်းစ တိုလွယ် သည် ။ သို့အတွက် ရက် အနည်းငယ် နှင့် ထန်းစ ကုန်သွား ၍ ထန်းရေချို အရနည်းသည် ။ အရ နည်းခြင်းကြောင့် ထန်းလျက် လည်း အရ နည်းသည် ဟု ထို သက်သေ က ဆိုလို သည် ။ )

အောင် ။  ။ “ အခု မင်း လှီး မှ ထန်းလျက် ဘယ်လောက် ရ သလဲ ”

ကျော် ။  ။ “ ၁၀ - ၉ ပိဿာလောက် ရပါတော့တယ် ”

အောင် ။  ။ “ နောက်ကော တိုးရလိမ့်မယ်လို့ မင်း ထင်သေး သလား ”

ကျော် ။  ။ “ နည်းနည်းတော့ တိုး ရလိမ့်မယ်လို့ ထင်ပါ တယ် ၊ ဒါပေမဲ့ ပို လှီး မှ တိုး မှာပါ ၊ ဓား ပို လှီး ရင်လည်း ထန်း မြန်မြန် ဆင်းရပါလိမ့်မယ် ”( ထန်းစ မြန်မြန် ကုန်သွား လိမ့်မည် ဟု ဆိုလိုသည် ။ )

တရားခံမောင်ပျင်း အား တရားလို နှင့် သက်သေ ကို စစ်ပြီးတိုင်း မေးလိုရာ မေးနိုင်တယ် ဟု မေးခွင့် ပြုရာ ဘာမျှ မမေးလိုကြောင်း ပြောဆိုပါသည် ။

၎င်းနောက် တရားလို မောင်ဘိုးရွှန်း က လူကြီးများ အား အနည်းငယ် ပြောဆိုခွင့် ပေးရန် ခွင့် တောင်းသဖြင့် လူကြီးများ က ခွင့်ပြုရာ -

ရွှန်း ။  ။ “ အခု ကျွန်တော် ထန်း ကို ကိုပျင်း ဆက်လက် မလှီး တော့ကြောင်း အစစ်ခံသွားလို့ ထင်ရှားနေပါတယ် ၊  ဘာ ကြောင့် မလှီးနိုင်တယ် ဆိုတာကို သူ အကြောင်းပြတာ လည်း မလုံလောက်ပါဘူး ၊ ဧည့်သည် ဆိုတာ ၁၀ ရက် တစ်ရက် အလာခဲကြီးပါ ၊ ဧည့်သည် မလာဘဲ ထန်းရေကို ပို လောင်းထားတော့ ထန်းရေပေါတိုင်း ထန်း မလှီးခင်ကတည်းက သောက်သောက်နေပါတယ် ၊ သောက်တော့ ထန်း ကို အချိန်မှန်မှန် မလှီးနိုင်ပါဘူး ၊ ထန်း ဆိုတာ အချိန် မှန်မှန် မလှီးနိုင်ရင် ထန်းရေချို လျော့ပါတယ် ၊ ဒါကြောင့် ပို မလောင်းဖို့ ကျွန်တော့် အမေ က ပြောခြင်းပါ ၊ ထန်းရေချို ကို နှမြောလို့မဟုတ်ပါဘူး ၊ ဘယ် ထန်းရှင်မှ ထန်းပေါ်ချိန်မှာ ထန်းရေချို ကို မနှမြောကြပါဘူး ၊ သူ က ဆက်လည်း မလှီး တဲ့အတွက် ကျွန်တော် အများကြီး နစ်နာပါတယ် ၊ နပ်ပျက် တဲ့ နှစ်ရက် တင် မက အခုဆို နေ့တိုင်း ငါးပိဿာလောက် လျော့ နေပါတယ် ၊ ကိုဘကျော် ဆက်လှီး လို့ ၁၅ ပိဿာ ထိ တိုးလာဖို့ရာ မလွယ်ပါဘူး ၊ ဒီလို တိုးမလာရင် ထန်းဖို တုံး သည့်တိုင်အောင် ကျွန်တော့် မှာ နေ့တိုင်း နစ်နာနေမှာပါ ၊ ဒါကြောင့် လူကြီးများ စဉ်းစားဝေဖန်ပြီး အမိန့် ချမှတ်ပါရန် အစီရင်ခံပါတယ် ”

ထို့နောက် တရားခံမောင်ပျင်း အား ဘာများ ပြောလို သေးသလဲဟုမေးရာ ...

ပျင်း ။  ။ “ ကိုဘိုးရွှန်း ပြောတဲ့အတိုင်း သူ့ ထန်း ကို နဂို ကတိ ရှိတဲ့ အတိုင်း ဆက်လက် မလှီးဘူး ဆိုတာ မှန်ပါတယ် ၊ မလှီးတာကလည်း ထန်းရေ တစ်လုံး ပို မလောင်းရ လို့ မဟုတ်ပါဘူး ၊ ကိုဘိုးရွှန်း အမေ ဟာ ချုပ်ချယ်တာတွေ အများကြီး ရှိပါတယ် ၊ ဆေးလိပ် ကို တစ်နေ့ ဘယ်နှစ်လိပ် သောက်တယ် ၊ နေ့ခင်းနေ့လယ် မော လို့ တစ်ရေးတစ်မော အိပ် ရင်လည်း အိပ်ပြန်ပြီ ၊ အစားအသောက်လည်း ဘယ်လောက် စားနိုင်တယ်ဆိုတာတွေ တတွတ်တွတ် ပြောနေ တာပါပဲ ”

“ ထန်းသမား အလုပ် ဆိုတာ အလွန် ပင်ပန်းပါတယ် ။ အား ရှိအောင် မစားရင် ၊ မအိပ်ရင် တစ်နေ့ မဟုတ်တော့ ဘယ်သူမှ မလုပ်နိုင်ကြပါဘူး ၊ ဒါကြောင့် ကြာကြာနေရင် ဒီထက် ဆိုး မှာ မြင်လို့ ကျွန်တော် သူ့ ထန်း ကို ဆက် မလှီးတာပါ ၊ ဒီပြင်လည်း ကျွန်တော်ဟာ ပစ္စည်းမရှိတဲ့ ဆင်းရဲ သားတစ်ယောက်ပါ ၊ အခု သူ့ ထန်း မလှီးတော့ သူများ ခိုင်း ရာ အလုပ်ကို အစားနဲ့ လုပ်ကိုင် စားနေရပါတယ် ၊ ကိုဘိုးရွှန်း နဲ့ နဂို ကတိ အတိုင်း ထန်း ကို ဆက်လက် မလှီးလို့ အပြစ် ရှိတယ် ဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ကျွန်တော် ဟာ ဆင်းရဲသူ တစ်ယောက် ဖြစ်လို့ သက်သက်သာသာ အပြစ် ပေးပါ ရန် အစီရင်ခံပါတယ် ”

မောင်းပျင်း ၏ လျှောက်လဲချက် ပြီးဆုံးသောအခါ  အမှုသွား အမှုလာ ကို လူကြီးများ အထပ်ထပ် ဝေဖန်စဉ်းစားကြပြီး တရားခံမောင်ပျင်း အား ပြစ်မှု ထင်ရှားသဖြင့် ဒဏ်ငွေ ၃ဝိ တပ် ရိုက်၍ ၎င်း ဒဏ်ငွေ ကို တရားလို မောင်ဘိုရွှန်း သို့ ပေးစေ ဟု အမိန့် ချမှတ်လိုက်ပါသတည်း ။

◾တောင်သာ - မာဒင်

📖 ရှုမဝ မဂ္ဂဇင်း
       ၁၉၆၅ ခု  ၊ ဒီဇင်ဘာလ

www.facebook.com/aung.naingoo.3726613

.

Monday, March 28, 2022

သူခိုး သူခိုး


 

❝ သူခိုး သူခိုး ❞

ဘကြင် သည် ဓားမြှောင် ကို ကိုင်ကာ စက္ကန့် အနည်းငယ် မျှ အိမ်ရှေ့ခန်း ၌ ရပ်ကာ အတွင်းသို့ နား စွင့်၍ နေလေ၏ ။

အင်း ဒီလို ဉာဏ် နဲ့ အသက် မွေးသူများ မှာ ဒီလို ချောင်ချိ သက်သာ လွယ်ကူလို့ ၊ ဒီအလုပ် ကို လုပ် ကြတာပဲကိုး ဟု အောက်မေ့လေ၏ ။ ရင်ထဲ ၌ တထိတ်ထိတ် ဖြစ်သည် ကို တင်းကာ စိတ်ဖြင့် နှလုံးသွေး ကို ငြိမ်စေလေ၏ ။

ဘာသံကိုမျှ အတွင်းမှ မကြားရချေ ။ ထိုအခါသည် မွန်းလွဲအခါ ဖြစ်လေ၏ ။ ဘကြင် သည် ထို အိမ်၌ လူ ဘယ်နှစ်ယောက် နေသည် ၊ မည်သူ မည်ဝါ မည်သည့် အချိန် မည်သည့် နေရာ ကို သွား၍ မည်သို့သော အချိန်မှာ ပြန် သည် ။ သန်းခင် ဝတ်သော ရွှေခြေကျင်း လက်ကောက်များ ကို အဘယ်မျှလောက် တန်ဖိုး ရှိမည်စသည့် အကြောင်းများ ကို သိပြီး ဖြစ်လေ၏  ။ အရပ် မှာ လူကောင်းသူကောင်းများ သာ နေသဖြင့် လွန်စွာ စိတ်ချ သောကြောင့် တစ်ကြောင်း ၊ နေ့လယ်ကြောင်တောင် ကြံဝံ့သူ ရှိမည် မဟုတ် ဟူ၍ ထင်သောကြောင့် တစ်ကြောင်း အိမ်သားများ အမှတ်တမဲ့ နေကြဟန် တူလေ၏ ။ ထို အိမ်သားများ မှာ များစွာ မရှိ ၊ အိမ်ရှင် လင်မယား နှစ်ယောက် နှင့် အိမ်ရှင်ယောက်ျား ၏ ခယ်မ အပျို တစ်ဆယ့်ရှစ်နှစ် အရွယ် မသန်းခင် တစ်ယောက် သာ ရှိလေရာ လင်မယား နှစ်ယောက် မှာ ထို နေ့ ၌ နံနက်စာ စားပြီး ဘုရား သွားကြကြောင်း ကို ဘကြင် ကောင်းစွာ သိပြီး ဖြစ်လေ၏ ။ ဓားမြှောင် ကို ကိုင်ကာ ရပ်လျက်နေစဉ် ကိုယ်လုံးပေါ် မှန်ကြီး၌ ပေါ်၍  နေသော မိမိ ၏ ရုပ်ပုံ ကို မြင်ရသောအခါ ရုပ်ရှင် ၌ အခါခါ မြင်ရ ဖူးသော သူရဲကောင်း မင်းသား ဟီးရိုးတစ်ယောက် ၏ ပုံ လို ဖြစ်၍ နေသဖြင့် သားနားသော မိမိ ၏ ရုပ်ပုံကို ကြည့်ကာ ငါ့ ရုပ်နဲ့ ငါ့ အလုပ် ဟာ မတော်တဆများ မိရင် ရှက်စရာကြီးပါကလားနော် ဟု တွေးပြီး နှလုံးသွေး ခုန်၍လာရာ မနည်းကြီး ရင် ကို ဖိ၍ ထားရလေ၏ ။ မကြာမီ ခြေသံ မကြားရဘဲ ခန်းဆီး အတွင်း သို့ ရောက်၍ သွားလေရာ မြင်ရသော သဏ္ဌာန်သည် မိန်းမောတွေဝေ ခြင်း ကို ဖြစ်စေလေ၏ ။ နံဘေး တရုတ်ကပ် အကြားမှ ဝင်သော အလင်းရောင် တွင် အထင်းသား မြင်ရသော ခပ်စောင်းစောင်း ကလေး အိပ်၍ နေသော ပုံ မှာ အံ့ဖွယ်ရာ ကောင်းအောင် လှပ ယဉ်ကျေးလေ၏ ။ ပျော့သောထဘီ ၏ အောက်နား သည် ပူအိုက်သော နေ့ ဖြစ်သောကြောင့်လား မသိရ ။ ဒူး အထက် နား သို့ တက်ကာ ရိပ်ငြိမ်သော အခန်းအား အလင်းရောင် ကို ထိုး၍ ပေးသည်ဟု မှတ်ထင်ရလေ၏ ။ အကယ်၍ ပန်းချီကျော် တစ်ယောက်ယောက် ထိုပုံ ကို တွေ့ရချေက ပြပွဲ ကို တင်လောက်သော ကား တစ်ခုကို ရဖို့ရှိ၏ ။ ၄င်း ၏ ရင်ဘတ် အနီး လက်ကိုင်ပဝါ နှင့် ထုပ်၍ထားသော အထုပ် တစ်ခု ရှိလေ၏ ။ ထို လက်ကိုင်ပဝါ အထုပ်ကလေး သည်ကား အတွင်း ရှိ ရွှေခြေကျင်း လက်ကောက်များ ကို လုံအောင် မထားနိုင် ၊ ပြတင်းပေါက် တရုတ်ကတ် မှ သက်ဆင်း သော အရောင်တွင် လင်း ၍ နေကြလေ၏ ။ ဘကြင် သည် ထို အထုပ် ကို မြင်လျှင် အပါးသို့ ရောက်၍ သွားပြီး ရပ်ကာ ကြည့်လေ၏ ။ သို့ ကြည့်လေရာ သန်းခင် ၏ ပြည့်ဖြိုးသော ရင်ဘတ် ကို သာလွန် သေချာစွာ မြင် ရလေရာ ကြောက်ရွံ့ခြင်း ကြောင့် လှုပ်ရှားသော သွေး သည် တဖြစ်လဲကာ သဘာဝ ပြောင်း၍ သွားလေသတည်း ။

ဘကြင် သည် ရှေးအခါက လူကုံထံ သား ဖြစ်ခဲ့၏ ။ မိန်းမ အမျိုးမျိုးနှင့် တွေ့ခဲ့လေရာ ယခု သန်းခင် ကို အနီးကပ် မြင် ရသလောက် တစ်ကြိမ်မျှ မဖြစ်ခဲ့ရချေ ။ ငါ့ မိဘလည်း မရှိ ။ စည်းစိမ်ဥစ္စာလည်း ကုန်လေပြီ ။ သားမယား ယူဖို့ မလို ။ ငါ ထင်သလို နေတော့မည်ဟု အကြံ ပြုခဲ့သော စိတ် သည် ရူပါရုံတည်း ဟူသော နေခြည်ရောင် တွင် ဆီးနှင်း ပမာ ပျော်၍ ကျပြီးလျှင် ပျောက်ကွယ်၍ သွားလေ၏ ။ ဤမျှလောက် ယဉ်ကျေးပျော့ပျောင်းလှသော နတ်ကညာကလေးများ ၏ အဆင်း ဟာ ယောက်ျားများ ကို ကြီးပွားအောင် ကြိုးစားနိုင်ဖို့ရာ အားပေးတဲ့ အရာတွေပါ ကလား ။ ဒီလို ရူပါရုံ အဆင်းမျိုး အတွက် အဘယ် ယောက်ျား မဆို ကြီးပွားအောင် ကြိုးစားမယ် ဆိုလျှင် တစ်ကယ်ပင် ကြိုးစားလောက်ပေသည် ။ ငါ လူကောင်း တစ်ယောက် ဖြစ်လျှင် ဤ မိုးနတ်ကညာလေး တစ်ယောက် အဘယ် အတွက် မရနိုင်သင့်ပါ သလဲ စသည်ဖြင့် စက္ကန့်အနည်းငယ်အတွင်း စိတ် ၏ လျင်မြန်ခြင်း သည် အတွေ့ အကြုံ တည်း ဟူသော ခရီး၌ ထိုမျှလောက် လျင်မြန်စွာ ပေါက်ရောက်၍ သွားလေသတည်း ။ သို့ တွေးပြီး ပစ္စည်းများ ရှိသော အထုပ် ကို စိုက်ကာ ကြည့်လျက် လက်များ ယား၍ နေလေ၏ ။ မကြာမီ ဓားမြှောင် ကို ခုတင်ပေါ် ၌ ချကာ အိတ် ထဲမှ ဒိုင်ယာရီ စာအုပ် ကို ယူပြီး စာကလေး တစ်စောင် ကို လျင်မြန်စွာ ရေးပြီး ထို စာကလေး ကို လက်ကောက်ဝတ် အောက် နားသို့ ထိုးပြီး ဓား ကို ယူကာ နောက်သို့ ပြန်၍ လှည့်မည် အပြုတွင် သန်းခင် မျက်လုံး ကို ဖွင့်၍ ကြည့်မိလေ၏ ။ နှစ်ယောက်သား  တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့်ကာ ကြက်သေ သေ၍ နေကြလေ၏ ။

ဘကြင် သည် လက် ၌ ရှိသော ဓားမြှောင် ကို ဓား အိမ် သို့ ထည့်ရန် လက် ကို ကိုင် မြှောက် လိုက်သောအခါ သန်းခင် သည် လွန်စွာ ကြောက်ရွံ့လျက် “ ကျွန်မ ကို ဘာမှ မလုပ်ပါနဲ့ ၊ ဟောဒီမှာ ယူပါ ” ဟု အထုပ် ကို ကိုင် ပြလေ၏ ။

ဘကြင်သည် ဝမ်းနည်းပြုံး ပြုံးလျက် ဦးခေါင်း ကို ညင်သာစွာ ခါ လေ၏ ။ သန်းခင် သည် အံ့အားသင့်လျက် ကြည့်၍ နေလေ၏ ။

ကြင် ။  ။ အင်မတန် ဝမ်းနည်းပါတယ် ။ သည်တစ်ခါ နောက်ဆုံး ကြံ မိတာပါပဲ ဟု ပြောလေ၏ ။ ထိုအခိုက် သန်းခင် သည် စက္ကူ ကို ကိုင် မိသဖြင့် လျင်မြန်စွာ ဖတ်ပြီး ဘကြင် ကို ကြည့် ၍ နေလေ၏ ။

“ ရှင် လို ယောက်ျားတစ်ယောက် ဟာ အခုလို ဖြစ်တာ အင်မတန် နှမြောစရာ ကောင်းတာပဲ ။ လို ချင်ရင် တောင်းပါလား ”

“ ယောက်ျား ဆိုတာ တောင်းဖို့ အခက်သားပဲ ” ဟု ရှက်ရှက် နှင့် မျက်နှာ နီ၍ ပြုံးလေ၏ ။

“ ရှင် ဒါမျိုး လုပ်စားတာပဲလား ”

“ အလုပ် လုပ်ချင်လျက်နဲ့ မလုပ်ရတော့ ။ ဒါပဲ လုပ်ရတာ ပေါ့ ။ ဆယ်တန်း အောင်တယ် ။ လခ ငါးဆယ်စား အလုပ် ကို ရှာ မရဘူး ” ဟု ပြောလေရာ သန်းခင် စဉ်းစား၍ နေလေ၏ ။

ထိုအခိုက်တွင် ခြေသံ ကို လှေကား ၌ ကြား ရလေ၏ ။ နှစ်ယောက်လုံး ထိတ်လန့်ကြလေ၏ ။ သန်းခင် သည် နောက်ဖေး ကို ပြေးရင်း လိုက်ခဲ့ ဟု ပြောလေ၏ ။ မကြာမီ ဘကြင် သည် နောက်ဖေး လှေကားကလေး မှ လသာခန်း ကို တက်သော မှောင် သော မျက်နှာကြက် သို့ ရောက်၍ သွားလေ၏ ။ သန်းခင် အပြင် သို့ ရောက်သောအခါ ခဲအို ပြန်၍ လာသည်ကို တွေ့ရသဖြင့် မမ ဘယ်မှာ နေရစ်သလဲဟု မေးလေ၏ ။

“ မင်းမမ ဈေး မှာ ကျန်ရစ်တယ် ။ ငါ အရေးကြီးတဲ့ အလုပ် တစ်ခု သတိရလို့ ဟု ပြောပြီး စားပွဲသို့ သွား၍ စက္ကူတွေ စာအုပ်တွေ ကို လှန်လှောကာ သန်းခင် ရေ လက်ဖက်ရည် တစ်ခွက် ပေးပါကွယ် ” ဟု ပြောပြီး ၊ အခန်းထဲကို ဝင်၍သွားလေ၏ ။

“ ဟုတ်ကဲ့ ကိုကို ၊ ကျွန်မ ရေနွေး တည်လိုက်ဦးမယ် ” ဟု ပြောပြီး သန်းခင်သည် မီးဖို ကို ဝင်လေ၏ ။ အတန်ကလေး ကြာသောအခါ သန်းခင် သည် ရေနွေး ကို တည်၍ ထားပြီး မျက်နှာ ကြက် ပေါ်သို့ ရောက် သွားလေ၏ ။ သန်းခင် သည် ဘကြင် ၏ သားနားစရာ ရုပ်ရေ ကို နှမြော၏ ။ နှမြော ရာမှ သနား - သနား ရာမှ ချစ် ။ တကယ် လူကောင်း ဖြစ်ရင် အဖိုးတန်မှာပဲ ဟု ယုံကြည် လေ၏ ။

“ ရှင် တကယ် နောင်တ ရသလား ”

“ နောင်တ မရရင် ဟို အထုပ် ကို ယူပြီး ဆင်းသွားရင် ဘယ်သူ သိမှာလဲ ”

“ ရှင့်ကို ကျွန်မ သိပ် နှမြောတာပါ ။ ဒီလို လုပ်တာ ဘယ်လောက် ကြာပြီလဲ ”

“ မကြာသေးပါဘူး ။ အခုတော့ လက်ထဲမှာ ငါးကျပ် ရှိ ရှိ တစ်ဆယ် ရှိ ရှိ ၊ ရိုးရိုး ကြံပြီး ကြီးပွားအောင် လုပ်တော့မှာပဲ ။ လူကောင်း ဖြစ်ပါပြီ ”

“ ရှင် တကယ် နောင်တရသလား ”

“ နောင်တ ရပါတယ် ”

“ အခု ကျွန်မ အော်လိုက်ရင် ကျွန်မ ခဲအို ရှင့် ကို ခြောက်လုံးပြူး နဲ့ ပစ်သတ်လိမ့်မယ် ၊ ပြော လိုက်ရမလား ”

“ ဒီလောက် အဖိုးတန်တဲ့ ရူပါရုံ အဆင်းကြောင့် လူကောင်း တစ်ယောက် လုပ်ပါတော့မယ်လို့ အကြံ ပြုကာမှ နှိပ်စက်ရင် ခံရမှာပါပဲ ”

“ နေဦး ၊ ကျွန်မ သွားဦးမယ် ။ လက်ဖက်ရည် ပြင် စရာ ရှိသေးတယ် ” ဟု ပြော၍သွားပြီး မကြာမီ ပြန်၍ လာလေ၏ ။

“ ဟောဒါ ညောင်ရေအိုး ၊ အထဲမှာ ရေ ရှိတယ် ။ ယနေ့ လဲထားတဲ့ ရေ အသန့် ပါ ။ နှင်းဆီပန်း ပဲ ထိုး တယ် ။ အခု ရှင် ငါးပါးသီလ ခံရမယ် ။ ဒီ မကောင်းတဲ့ အလုပ် ကို နောင် မလုပ်တော့ပါဘူး ဆိုတာ သစ္စာ ဆိုပြီး ဒီ ညောင်ရေအိုးရေ ကို သောက် ဝံ့ရင် ရှင့် ကို ချမ်းသာပေးမယ် ။ မသောက် ဝံ့ရင် အော် လိုက်မယ် ။ ဟောဒီမှာ ကျွန်မ ရဲ့ ခြောက်လုံးပြူး ” ခြောက်လုံးပြူးဆေးတန် ကို မှောင်ရိပ်တွင် ကိုင်မြှောက်ခါ ပြလေ၏ ။  ။

သောက်ပါ့မယ် ၊ သောက်ပါ့ မယ် ဟု ပြောလေ၏ ။ မကြာမီ သန်းခင် က ၄င်း ၏ နား နား ကပ်ကာ ငါးပါးသီလ ကို ပေးလေ၏ ။ ထို့နောက် သစ္စာ ဆို၍ ညောင်ရေအိုး ရေ ကို တိုက် လေ၏ ။ ထို့နောက် ရှင် ဒီ အလုပ်ကို တကယ်စွန့်ပါ ။ အခု တလော ငွေကြေး ပြတ်ရင် ကျွန်မ မှာတော့ များများ မရှိဘူး ။ ဒါပဲ ရှိတယ် ဟု ပြောပြီး သားရေအိတ်ကလေး တစ်ခု ကို ထုတ်၍ ပေးလေ၏ ။

နောက်မကြာမီ သန်းခင် ၏ ခဲအို ဆင်း၍ သွားလေရာ သန်းခင် သည် ဘကြင် အား အပြင်သို့ ခြောက်လုံးပြူး နှင့် မ၍ ထုတ် ပြီး လွှတ် လိုက်လေ၏ ။

ဘကြင် သည် သားရေအိတ် ထဲ ၌ ငွေစက္ကူ တစ်ဆယ်တန် နှစ်ချပ် နှင့် ရွှေ လက်ဖွဲ့ ကလေး တစ်ခု ပါသော ရေမွှေး ပုလင်းငယ်လေး တစ်ခုကို တွေ့လေ၏ ။  ။

သန်းခင် သည် ဘကြင် ရေးသော စာကလေးကို ဖတ်ကာ ပြုံး လေ၏ ။ ထိုစာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။

“ ပစ္စည်း ကို ယူရန် လာသော လူဆိုး သည် လှပသော ရူပါရုံကြောင့် သံဝေဂ ရ၍ လူကောင်း တစ်ယောက် ဖြစ်ပါပြီ ။ ဝမ်းသာ၍ သာဓုခေါ်ပါမည့် အကြောင်း ”

ထို စာ ကို ဖတ်သောအခါ ငါ ဒီလောက် လှလို့လား ။ ကုသိုလ်ရေစက် ဆုံစည်းလို့ ထင်ပါရဲ့ဟု တွေးပြီး မိမိ ၏ လက်ဖွဲ့ကို သတိရ၍ နှမြော လေ၏ ။ သို့သော်လည်း လူဆိုး တစ်ယောက် ငါ့ ကြောင့် လူကောင်း ဖြစ်ရင် တော်ပါပြီလေ ဟု အောက်မေ့ကာ စိတ် ကို ဖြေ လေ၏ ။

နောက် ရက်အနည်းငယ် ကြာသောအခါ သန်းခင် သည် တစ်ကိုယ်တည်း ဘကြင် ၏ စာကို ဖတ်ကာ သူ ငါ့ ကို ကြိုက်လို့ ပဲ ။ သည့်အတွက် မဟုတ်ရင် ပစ္စည်းများ ကို ယူပြီး ဆင်းသွားဖို့ လွယ်လွယ် ကလေးပဲ ။ ဒီ စာ ကိုတောင် ရေး နေနိုင်သေးတာကလား ။ တကယ် နောင်တ ရတာနဲ့တူတာပဲ ဟု တွေး၍ နေလေ၏ ။ ကာလ မှာ လူကောင်း က အင်မတန် ရှားတယ် ။ ဒီ လူ ဟာ ဆယ်တန်း တဲ့ ။ ရုပ် လည်း ချော တာပဲ ။ ဘာကြောင့် အခုလို ဆိုးရပါလိမ့်မလဲ ။ တကယ် သူ လူကောင်း ဖြစ်ရင် ဒီလို လူမျိုးဟာ ပိုပြီး ကောင်းတတ်တာပဲ စသည်ဖြင့် တွေးကာ မိမိ ၏ အဆင်း ကြောင့် လူဆိုး တစ်ယောက် ကောင်း ရသည်ကိုတွေးကာ ပီတိ ဖြစ်၍ နေရုံသာမက ထို လူ ၏ မျက်နှာကို ဖျောက်ဖျက်၍ မရဘဲ နေလေ၏ ။

ထိုနေ့၌လည်း အိမ် မှာ သန်းခင် တစ်ယောက်တည်း ရှိလေရာ ထိုနေ့မှာ ကဲ့သို့ ခုတင်ပေါ်၌ လှဲ၍ နေလေ၏ ။ ထိုအခိုက် တွင် ရှေ့သို့ ဘကြင် ရောက်၍လာပြန်လေရာ သန်းခင် က အား သင့်လျက်

“ ရှင် ဘာလုပ်လာပြန်သလဲ ” ဟု မေးလေ၏ ။

“ ဟောဒါကလေး ပြန်ပေးမလို့ပါ ” ဟု ယူပြီးပေးလေရာ လက်ဖွဲ့ ပုလင်းကလေး ဖြစ်၍ နေလေ၏ ။  ။

“  ဟုတ်တယ် ။ ကျွန်မ မေ့လို့ ၊ သားရေ အိတ်ကော ”

“ ဪ မေ့ကျန်ရစ်ခဲ့ပြီ ။ ငွေ နှစ်ဆယ် မဟုတ်လား ။ ဟောဒီမှာ ရှိ ပါသေးတယ် ။ တစ်နေ့ ပြန် ဆပ်ပါ့မယ် ”

“ ရှင် တကယ် ကောင်းပြီနော် ”

“ ကြည့်ပါ ။ လူဆိုး မဟုတ်ပါဘူး ” ဟု လက်နက် မပါ ကြောင်း ပြလေ၏ ။ ထို့နောက် ရိပ်ငြိမ်ဆိတ်ငြိမ်သော အခန်း နှင့် သန်းခင် ကို စွဲမက်သော အမူအရာ နှင့် ကြည့်၍ သက်မကြီး ချပြီး စိတ်ချပါ ၊ လူကောင်း ဖြစ်ပါပြီ ဟုပြော၍ တစ်စုံတစ်ရာ ကို ကြံစည်ကာ စိတ်ကို တင်းသည့် အမူအရာကို နှုတ်ခမ်း ပါးစပ် ၌ ပြပြီး လှည့်၍ ထွက် သွားလေ၏ ။ သန်းခင် သည် လှေကားထိပ် သို့ လိုက်ကာ ရပ်ပြီး အောက်သို့ ကြည့် လိုက်လေ၏ ။ ရင် ထဲမှာ တဒိန်းဒိန်း ဖြစ်၍ ကျန်ရစ်လေသတည်း ။

ထို့နောက် နှစ်ပေါင်း အတော် ကြာ၍ သွားလေ၏ ။

     •••   •••   •••   •••

မသန်းခင် ဘာကို တွေးပြီး နေသလဲ ဟု မောင်သိန်း က လက် ကို ကိုင်ကာ မေး လေ၏ ။

သန်းခင် သည်ကား စကား ပြန်၍ မပြော ။ ပြတင်း ပေါက် မှ ကန်တော်ကြီး တောအုပ် ကို မျှော်ကာ ကြည့်၍ နေ လေ၏ ။ ထိုအခါသည်ကား ရန်ကုန် အရှေ့ပိုင်း မှာ နေ စဉ် က လူဆိုး တစ်ယောက် လာ၍ လူကောင်း ဖြစ်အောင် လုပ် လိုက် ရသော အချိန်အခါ ဖြစ်လေရာ သန်းခင် မှာ ထင်မြင်လျက် ဒီ လူ ကောင်းလေ မလား ၊ ရှိလေသေးရဲ့လား ၊ သေများ သေပြီလား ။ တစ်ကျွန်း မှာလား ၊ ကြိုး မှာလား စသည်ဖြင့် စဉ်းစား၍နေလေ၏ ။

မောင်သိန်း သည် နူးညံ့သော လက်ကလေးများကို  တင်းစွာ ဖျစ်လေ၏ ။

“ ဘာများ ငေး နေသလဲ ။ မသန်းခင် ချစ်သူ တစ်ယောက် ယောက် ရှိတယ် ထင်ပါရဲ့ ။ ဒီ အရွယ် ဆိုရင် ကင်း မှာတော့ မဟုတ်ပါဘူး ”

သန်းခင်သည် မောင်သိန်း ၏ ခံ့ညားသော မျက်နှာကို မော်၍ ကြည့်ပြီး

“ ကျွန်မ မှာ ချစ်သူ ရှိတယ် ။ ဒီ ရာသီ ဒီ အချိန်မှာ တွေ့ဖူး တာပဲ ။ သူ ကလည်း ချစ်တယ် ”

“ ချစ်ရုံပဲလား ”

“ အခုဘယ်မှာလဲ ”

“ အခု ဘယ်မှာလဲ မသိဘူး ။ အခု လူကောင်း မဖြစ်ရင် လူဆိုး ပဲ ဖြစ်နေမှာပဲ ”

“ ဪ လူဆိုးလား ၊ လူဆိုး ဖြစ်ရင် မေ့ ပစ်လိုက်ပါလား မသန်းခင် ရဲ့ ”

“ မမေ့နိုင်လောက်အောင် ချစ်တာလည်း မဟုတ်ပါဘူး ။ တစ်ယောက် ကို တစ်ယောက် မြင်ဖူးပြီး ၊ သူ ကလည်း ချစ်တယ် ၊ ကိုယ် ကလည်း ချစ်တယ် ဆိုတာ သိဖူးတာပါပဲ ။ အခုအနေ ရှိရင် ကိုသိန်း တို့ အရွယ်လောက် ရှိမှာပဲ ”

မောင်သိန်း သည် ကား ယိုးဒယားပြည် မှာ သစ် အလုပ် ကို လုပ်၍ ကြီးပွား ပြီးနောက် မြန်မာပြည် သို့ ပြန်၍ လာ သည် ဆိုသော သူဌေး တစ်ယောက် ဖြစ်လေ၏ ။ ရုပ်ရည်လည်း သားနား၏ ။

သန်းခင် နှင့် တွေ့ရသည်မှာ တစ်လ မျှ မရှိသေးချေ ။ လောက မှာ လူကြွား လူညာတွေ ဟန် ကောင်းကောင်း နဲ့ လာပြီး အကြော ကြံတတ်သူတွေ များသောကြောင့် သန်းခင် သည် မောင်သိန်း ကို အကဲ ခတ်ကာ စဉ်းစား၍ နေလေ၏ ။ ယခုအနေ ဟို လူဆိုး ကြီးပွားပြီး ပြန်လာရင် ကိုသိန်း ထက် ပို စိတ်ချရမှာပဲ ။ သူ တကယ် ဆိုးသော်လည်း တကယ် သံဝေဂ ရတာကို ငါ သိ ရသည် ။ အခုအခါ ဘယ်လိုများ နေပါလိမ့်မလဲ ဟု တွေးလေ၏ ။ ၄င်းကို မေ့၍ နေသည်မှာ အတော် ကြာခဲ့ပြီးနောက် မောင်သိန်း နှင့် တွေ့သောအခါမှ ပြန်၍ သတိရလေရာ မောင်သိန်း ကို မယူရအောင် ဖူးစာနတ်များ သတိပေးသလား ။ သူ ပေါ်၍ လာမည့် နိမိတ်များ ဖြစ်လေသလား ဟု အခါခါ စဉ်းစားမိလေ၏ ။ သို့ စဉ်းစားမိခြင်းကြောင့် လည်း ကိုသိန်း ကို ယူပါမည် ဟု အာမ မခံသေးဘဲ မျှော်လင့်သော စိတ်နှင့် ဆိုင်း၍ နေခြင်း ဖြစ်လေ၏ ။  ။

ငါ့ အတွက်ကြောင့် လူကောင်း ဖြစ်ပြီး ၊ ချမ်းချမ်းသာသာ နဲ့ ပေါ်လာပြီး ငါ က တခြား လူနဲ့ ညား နေတာကိုများ တွေ့ ရရင် စိတ် မကောင်း ဖြစ်မှာပဲ ဟု တွေးမိလေ၏ ။

“ မသန်းခင် ချစ်တဲ့ လူ ဟာ ကွဲ သွားတာ ဘယ်လောက် ကြာပြီလဲ ”

“ တော်တော် ကြာပါပြီ ။ ကျွန်မ တစ်ဆယ့်ရှစ်နှစ် အရွယ် လောက်ကပါ ။ အခု ကျွန်မ သုံးဆယ် တောင် နီးနေပြီ ”

“ မသန်းခင် ကို သုံးဆယ် အရွယ် လို့ ဘယ်သူမှ ပြောမှာ မဟုတ်ဘူး ”

“ လောက မှာ ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် တဲ့ ။ ဒီလို ချစ်ဖူးတာတွေ ပြန် တွေးလို့တော့ အချိန် ကုန်ရုံ ရှိမှာပေါ့ ။ သူတို့ က ပြန် တွေးချင် မှ တွေး မှာ ကျုပ် မှာလည်း ချစ်သူတော့ ရှိဖူးတာပေါ့ ၊ သူ က ချစ်တာ မဟုတ်ပါဘူး ။ ကျုပ် က ချစ်တာပါ ။ သည့်အတွက် သူ လည်း အခုအနေ ယောက်ျား ရနေပါလျှင် ကျုပ် လို လူ ကို သတိ ရမှာ မဟုတ်ပါဘူး ။ ထိုအခါက သူ က ကျုပ် ထက် အင်မတန် အထက်တန်း ကျ တာပဲ ။ အခု ကျုပ် ချမ်းသာ တာလည်း သူ့ ကျေးဇူးပါ ”

“ နို့ ပြန် မတွေ့ဘူးလား ”

“ ရှာတာပဲ ၊ မတွေ့ဘူး ။ ယောက်ျား ရနေပါပြီ ”

“ နာမည် ဘယ့်နှယ့် ခေါ်သလဲ ”

“ နာမည်လဲ မသိဘူး ”

“ ဟင် ရှင့် ဟာက ဘာချစ်တာလဲ ”

“ နို့ မသန်းခင် ချစ်တဲ့ လူကော နာမည် သိရဲ့လား ”

“ ကျွန်မ လည်း မသိဘူး ”

“ ဟင် နို့ ဘာထူးသေးလဲ ။ မိုးပေါ် က တိမ်ရုပ် ကို ဖမ်း ကြိုက်သလို အိပ်မက်လိုပေါ့ ”

“ ဒီလိုကျနေတာပေါ့ ”

“ ဒီလိုပေမယ့် လွယ်လွယ် နဲ့ မမေ့ဘူးရှင့် ”

"ဟုတ်တယ် - မသန်းခင် တယ်ကြီး မမေ့ချင်ဘူး ။ အခုတော့ စိတ် လျှော့ပြီး လာ ခိုက်မှာ ဟောဒီက နဲ့ တွေ့တာနဲ့ ဆွေးမိ တာကလေးများ အေးပြီး ၊ အခုတော့ ၊ မသန်းခင် ကျုပ် လူလိမ် မဟုတ်ပါဘူး ။ ဗန်ကောက် မှာ အသိမိတ်ဆွေ ရှိရင် ဘယ်သူ မဆို စာ ရေးမေးကြည့်ပါ ” ဟုပြောကာ ပျော့ပျောင်းသော ကိုယ် ကို ပွေ့ယူဖျစ်ညှစ် အချစ် ၏သတ္တိဗျတ္တိ ကို ကပ်ငြိလောက်အောင် ပြလိုက်လေရာ သန်းခင် သည် ရယ်မောလျက် မိမိ မျက်နှာပေါ် သို့ ကပ်၍ လာသော မောင်သိန်း ၏ မျက်နှာကို ပန်းပွင့် နှင့် တူသော လက်ဝါးကလေးများ ဖြင့် ကွယ်ကာ၍ သူ ၏ ရင်ခွင် ၌ တွန့်ကာ ရုန်းကာ လွတ်အောင်လည်း မကြိုးစားဘဲ တစ်မျိုး အားနည်း၍ နေလေ၏ ။

“ စဉ်းစားနိုင်မှ တော်ရုံ ကျမယ် ကိုသိန်း ရဲ့ ။ ကာလမှာ အခက်သားမို့ စဉ်းစား ရတာပါ ။ မချစ် လို့တော့ မဟုတ်ပါဘူး ”

“ ချစ်ရင် တော်ပြီ ။ ချစ်တာသာ မူလ ၊ တစ်သက်လုံး အခုလိုပဲ ချစ်နေရရင် ကောင်းတာပဲ ။ သို့သော်လည်း မပိုင်ဝက်မွေး ဖြစ်မှာစိုးလို့ ။ စိတ်ချ ချင်တာပါပဲ ”

“ အခုအနေ ကိုသိန်း ချစ်ဖူးတဲ့ မိန်းမ ပေါ်လာရင် ၊ သန်းခင် ကို ပစ်လိုက်မှာပဲနော် ”

“ အို ဘယ်က ပေါ်လာမှာလဲ ။ တွေ့ကရာ ပေါက်ပေါက် ရှာရှာ မမေးပါနဲ့ ။ မသန်းခင် ကော ဟို လူ နဲ့ တွေ့ရင် ဟောဒီ ရင်ခွင် က ရုန်း ထွက်မှာလား ၊ ရုန်း မထွက်ရအောင် ဟော အခုလို ” ဟု ပြောကာ တင်းတင်း ပွေ့၍ ယူလေ၏ ။

“ အမယ်လေးရဲ့ မောလိုက်တာ တကတ် ၊ နာတယ် တော့ ” ဟု စိတ်ဆိုးဟန် နှင့် ဆံပင်ကို ပြန်၍ ပတ်လေ၏ ။

“ ပြောလေ - ပေါ် လာရင် လော်မာပြီး ၊ ပျော်ရာ ကို ခေါ်လာတိုင်း လိုက်မှာလား ”

“ တော်ပါရှင့် ၊ မပေါ် လာပါဘူး ။ ဟော ဟိုမှာ ဂေါ်ရာ ကြီး ” ဟု သန်းခင်က ပြောင်လှောင် ရယ်မောကာ ပြ၍ မောင်သိန်း ၏ ရင် ကို မှီရင်း တုတ်ခိုင်သော ဂေါ်ရာ ကို စိုက်ကာ ကြည့်၍ နေလေရာ ၊ မောင်သိန်း မှာ သူ ၏ မျက်နှာ ကို စဉ်းစားရင်း ကြည့် ၍ နေလေ၏ ။ ထို့နောက် သန်းခင် သည် သက်မ ကို ချပြီး ၊ တစ်ဖန် မောင်သိန်း ၏ မျက်နှာကို ပြုံးစစ နဲ့ ပြန်၍ ကြည့်လေ၏ ။

မောင်သိန်း က လက်ညှိုး ထောင်ကာ သတိ ထားနော် ။ သည်က လွဲရင် ဘယ်ကိုမှ မျက်လုံး မလှည့်ရဘူး သိလား ဟု အံကြိတ်ပြီး အတန်ကြာကြာ ဒေါသကြီး ၍ နေလေ၏ ။

သန်းခင် သည် အတန်ကြာ ငြိမ်၍နေပြီး “ ကိုသိန်း ချစ်တယ် ဆိုတဲ့ မိန်းမ ဟာ ဘယ်လို တွေ့ကြတာလဲ ”

“ အို ဘာ လုပ် မလို့လဲ ”

“ ပြောစမ်းပါ ၊ ကျွန်မ သိချင်လို့ပါ ”

“ သိချင်ရင် ပြော ရမှာပေါ့ ။ အရင်က ကျုပ် တော်တော် ဆိုးတယ် ။ အင်္ဂလိပ်ကျောင်း မှာ ဆယ်တန်း အောင်ပြီး မိဘနှစ်ပါး အနိစ္စ ရောက်တာနဲ့ ပညာ ဆက် မသင်နိုင် ၊ အလုပ် လည်း ဘယ်မှာမှ ရှာ မရ ။ မိဘ လက်ထက် က သုံးစားလာသူမှာ ဆင်းရဲတော့ အပေါင်းအသင်း နဲ့ တွေ့ပြီး ဖြစ်ချင်တာ ဖြစ်တာပေါ့ မသန်း ရဲ့  ။ တစ်နေ့တော့ ရန်ကုန်အရှေ့ပိုင်း အိမ် တစ်အိမ်ကို အတက် မှာ အင်မတန် ချောတဲ့ မိန်းမကလေး တစ်ယောက် နဲ့ တွေ့ပြီး သူ က သစ္စာရေ တိုက် လွှတ်တာ နဲ့ လူကောင်း ဖြစ်သွားတာပဲ ။ သူ က ငွေ နှစ်ဆယ် လည်း ပေး လိုက်တယ် ။ အဲဒီ ငွေ နှစ်ဆယ် နဲ့ ရန်ကုန် က ပစ္စည်းကလေးများ ကို တော တင်ရောင်း ၊ တော က ကုန် ကလေးများ ရန်ကုန် ပို့ ၊ လက် ထဲမှာ ငွေ သုံးလေးရာ လောက် ရမိတော့ မိတ်ဆွေ တစ်ယောက် က အကြံ ပေးတာနဲ့ ယိုးဒယား လိုက်သွားပြီး သစ်တောဘက် မှာ လခစား ဝင် လုပ် ရာက သစ်ကုန်သည် ဖြစ်ပြီး ပြန် လာတာပဲ ။ အခုအနေများ ဒီ ကျေးဇူးရှင်မကလေး ကို တွေ့ရရင် ကျေးဇူး ဆပ်ပါရဲ့ ။ ဘယ်လောက် ဆပ်ရမယ် ဆိုတာသာ မပြောတတ်တယ် ” ဟု ပြော၍ စဉ်းစားကာ ငေးပြီး ၊ စကား ခပ်မြန်မြန် အပြီး သတ်သော အနေဖြင့် ၊ အခက်သားပဲ မသန်းခင် နာမည်ကို မှ မသိ ။ တစ်ကြိမ် နှစ်ကြိမ် မြင် ရတာကလား ၊ သူ လည်း ဆင်းဆင်းရဲရဲ မဟုတ် ပါဘူးလေ ဟု ပြောကာ စိတ် လျှော့လိုက်လေ၏ ။

သန်းခင် သည် များစွာ အံ့သြ၍ နေလေ၏ ။ နှလုံး မှာ အတောင် ပေါက်၍ ပျံချင်သလို ဖြစ်၍ နေလေ၏ ။ သို့သော် လည်း ကြီးစွာသော ဝမ်းမြောက်ခြင်း ကို အပြင် ၌ မပေါ်ရအောင် ချုပ်တည်း၍ ထားရလေ၏ ။

သန်းခင် သည်လည်း မိမိ ၏ ချစ်သူ အကြောင်း ကို ပြော၍ ပြမည် ပြုသော်လည်း ၊ မပြော လျှင် သာပြီး ကောင်းမည် အယူ ရှိသဖြင့် မပြောဘဲ နေလေ၏ ။

သို့ နေလေရာ တစ်လလောက် ကြာလျှင် ဂျူဗလီဟော မှ အိမ်သို့ ပြန်လာကြလေ၏ ။ ထိုနေ့သည် သန်းခင် နှင့် မောင်သိန်း ၏ မင်္ဂလာဆောင်ပွဲနေ့ကြီး ဖြစ်လေ၏ ။

သန်းခင် သည် မိမိ ၏ ယောက်ျား အား မိမိ သိသော အကြောင်း ကို ပြော၍ ပြချင်သော်လည်း သိလျှင် မိမိ ၏ ရှေ့၌ စိတ်နေ စိတ်ထား ကျုံ့ယုံ့ နိမ့်ကျ၍ သွားမှာ စိုး သောကြောင့် မ ပြောဘဲ ချုပ်၍ ထားလေ၏ ။ ထိုသို့ သေတ္တာ ၌ ရှိသော ပစ္စည်း ကို သန်းခင် ပြင်ဆင်၍ ထည့်နေစဉ် မောင်သိန်း သည် တိတ်တဆိတ် ကပ် ၍ လာပြီး ၊ နောက်၌ ရပ်ကာ ကြည့်၍ နေလေ၏ ။ သန်းခင် ၏ နံဘေး၌ စက္ကူ အလိပ်ကလေး တစ်ခုကို မြင်ရသဖြင့် အမှတ်တမဲ့ ကောက်ယူပြီး ဖြေ၍ ကြည့်လိုက်ရာ စက္ကူ မှာ မိမ ိရေးသော ဒိုင်ယာရီ စာရွက်ကလေး ဖြစ်၍ အတွင်း ၌ တွေ့ရသော အရာမှာ ရွှေလက်ဖွဲ့ နှင့် ရေမွှေးပုလင်းကလေး ဖြစ်၍ နေလေ၏ ။ ထိုအခါ မောင်သိန်း မှာ ဝမ်းမြောက်ဝမ်းသာ အံ့ဩခြင်း ရောစပ်ကာ ၊ အောင်မလေးဗျာ ဟု အလန့်တကြား အော်ပြီး ၊ သန်းခင် ကို ပွေ့ယူကာ ခုတင်သို့ ပြေးပြီး လှိမ့် တင်လေ၏ ။ သေသေချာချာ ပခုံး ကို လက် နှစ်ဘက် နှင့် ကိုင် လှုပ်ကာ “ ပြော ၊ ဒီ မျက်နှာ ဘယ်သူ့ မျက်နှာလဲ ပြော ၊ ဘာပြုလို့ မပြောသလဲ ၊ တစ်ကိုယ်ကောင်း ကြိတ်ပြီး ကြည် နေတာပေါ့ လေ ။ တယ် တော်တယ် ” ဟု မေးလေ၏ ။

“ ဘာလဲ ကိုမောင်သိန်း ရဲ့ ၊ ဘယ့်နှယ်လဲ ပြော စမ်းပါဦး ”

“ ဘာလဲ ညာလဲ နဲ့ ၊ အောင်မယ် လူ ကို များ တစ်ပတ် ရိုက် အပါးနှင် နေတာပေါ့ လေ ။ တစ်ကိုယ်ကောင်း ကြိတ်ကြိတ် ပြီး မြုံ့နေတယ် ။ သူများ တော့ မသိရဘူးပေါ့ လေ ၊ ဒါ ဘာလဲ ၊ ကိုင်း ပြောလေ ။ ဘာပြုလို့ မပြောသလဲ ” စသည်ဖြင့် ပြောကာ စက္ကူ နှင့် ပုလင်းကလေး ကို ပြ လေရာ သန်းခင် သည် ရယ်မောလျက် သူခိုး သူခိုး ဟု အော်ကာ ပုလင်း နှင့် စက္ကူ ကို လု လေ၏ ။ သို့ အတန်ကြာ ခုတင်ပေါ် မှာ လု ကြရာ အတန် ကြာ မှ စက္ကူ ကလေး ကို ဖြန့် ကြပြီး အသက် မရှူဘဲ ဖတ်ကာ ဖတ်ကာ နေကြလေတော့၏ ။

◾  ပီမိုးနင်း

📖  ဗန္ဓုလ ဂျာနယ်
       ၁၉၃၂ ခုနှစ်  ၊ မေလ

www.facebook.com/aung.naingoo.3726613

.

Sunday, March 27, 2022

အမေ့စကား


 

❝ အမေ့စကား ❞

“ တစ်ခါက ရွာတစ်ရွာ မှာ ဒေါ်ငွေရှိ နဲ့ သား မောင်ရွှေအိုး ဆိုတာ ရှိတယ် ။ မောင်ရွှေအိုး က ဘာမှ မလုပ်ဘဲ အမေ့ လုပ်စာ ထိုင် စားနေတာ ။ ဒီ အထဲ ဟင်း မကောင်း ရင် စိတ် ဆိုးသေးတယ် ။ တစ်ရက် မှာ သူ မကြိုက်တဲ့ ဟင်းတွေဖြစ်နေတော့

“ တော်ပြီဗျာ ၊ ထမင်းမစားဘူး ”

“ ငါ့ သား ရယ် ၊ ဒါ နဲ့ စားထိုက်လို့ ဒါနဲ့ စားရတာလို့ သဘောထားမှပေါ့ ”

“ မစားဘူးဗျာ ”

“ မိဘစကား နားမထောင်ဘူးပေါ့လေ ”

“ မထောင်ဘူး ”

“ အေး - မင်း ကို ပါး ရိုက်ကျွေးတဲ့ လူ ပေါ်လာလိမ့်မယ် ”

“ ပေါ် ပေါ် ဗျာ ”

အဲသလို ပြောပြီး ရွာ ပြင် ဇရပ် မှာ ထွက် အိပ်နေသတဲ့ ။ အမေ ကတော့ သူ့ သား ဆာနေ ရင် စားရအောင် ဆိုပြီး ရှိတဲ့ ဟင်း နဲ့ပဲ ထမင်း ထုပ်လို့ သူ့ သား အိပ် နေတဲ့ ဘေး သွား ချထားသတဲ့ ။

အဲဒီ အချိန်မှာ ဓားပြနှစ်ဦး က အဲဒီ ဇရပ် ကို ရောက်လာတယ် ။

“ ငတုတ်ကြီး ၊ ဟိုမယ် လူတစ်ယောက် အိပ် နေပါလား ”

“ ဟုတ်ပါ့ ၊ သူ့ ဘေး မှာ ထမင်းထုပ် နဲ့ ”

“ အဆင်ပြေတာပေါ့ကွာ ။ တို့ ဆာလာတာ နဲ့ အံကျပဲ ။ ကောင်းသလား ၊ မကောင်းသလား မသိ ။ ဒီ လူ က ဒီ ထမင်းထုပ် ကို မစားဘဲ အိပ်နေတာသာ ကြည့်တော့ ”

“ ဒါဖြင့် သူ့ ကို နှိုးပြီး မေး ကြည့်ရအောင် ”

အဲသလို ဓားပြ နှစ်ယောက် ဟာ ရွှေအိုး ကို နှိုးပြီး

“ ဟေ့ကောင် ၊ ဒီ ထမင်းထုပ် မင်း ဟာလား ”

ရွှေအိုး က ကြည့်ပြီး သူ့ အမေ လာ ပို့သွားတာပဲ ဆိုတာ သိ လိုက်တယ် ။ ဒါကြောင့်

“ ဟုတ်ပါတယ် ”

“ ဟုတ်ရင် ဘာလို့ မစားရတာလဲ ”

“ မစားချင်လို့ ”

“ ဘာလို့ မစားချင်ရတာလဲ ”

“ မစားချင်လို့ မစားတာပေါ့ ”

“ မေးနေတာ ကောင်းကောင်း ဖြေပါ ။ ဒီ အထဲ မှာ အဆိပ် ခပ်ထားသလား ။ ကျီးတွေ ၊ ငှက်တွေ ပက် ကျွေးပြီး ဖမ်း မလို့လား ”

“ မဟုတ်ပါဘူး ”

“ မဟုတ်ရင် စားပြ ”

“ မစားဘူး ”

“ စားရမယ် ”

“ မစားချင်လို့ မစားတာဗျ ”

“ ဒီကောင် တယ် ခက်ပါလား ၊ ခု စားပြ ”

“ မစားဘူး ”

“ ကဲ မစားတော့လဲ ရိုက်ကျွေးရတာပေါ့ကွာ ”

ဖြန်း ဖြန်း ဖြန်း

လူဆိုး က မောင်ရွှေအိုး ရဲ့ ပါး ကို ဘယ်ပြန် ညာပြန် ရိုက်ပြီး အတင်း စားခိုင်းတယ် ။ ဒီတော့ မောင်ရွှေအိုး က --

“ အမေ ရေ - အမေ့ စကား မှန်တယ်ဗျ ။ သား ကို ပါး ရိုက်ပြီး ကျွေးနေကြပြီလို့ ” အော်ငိုလိုက်သတဲ့ ။

◾ ကံချွန်

📖  ကိုယ်ပိုင်ဟာသပုံပြင်များ

www.facebook.com/aung.naingoo.3726613

.

Saturday, March 26, 2022

ချစ်လျှင် အကျိုး


 

❝ ချစ်လျှင် အကျိုး ❞

[ ၁ ]

ယနေ့ မိတ်ဆွေ သည် နက်ဖြန် ရန်သူ ဖြစ်ရ၏ ။ ယနေ့ ရန်သူ သည် လည်း နက်ဖြန် မိတ်ဆွေ မဖြစ်နိုင်ဟု မည်သူမျှ မပြောနိုင်ပေ ။ ပြောင်းလဲခြင်းကား လောက ဓမ္မတာ ။

ထိုဓမ္မကာအရ ၊ မြန်မာပြည် ၏ အခြေအနေ မှာလည်း ပြောင်းလဲ၍ လာခဲ့ရလေ၏ ။ သို့သော် ထို ဓမ္မတာ ကို နား မလည်သော လူအချို့တို့ ဒုက္ခ ရောက်ရမည်မှာလည်း စစ် ၏ မငဲ့နိုင်သော ဓမ္မတာတစ်ရပ်ပင် ဟု ဆိုရမည်ဖြစ်ပေ၏ ။

ဗိုလ်မှူးကြီးဗထူး တို့ ဂျပန် ကို ပုန်ကန် ကာ စစ် ကြေညာလိုက်သောအချိန်တွင် မြန်မာ တပ်စိတ်ကလေးတစ်ခု သည် အထက် မြန်မာပြည် အစွန်ဆုံး ဒေသ ကုလားနှင့်မြန်မာပြည် နယ်စပ် အရပ် တစ်နေရာတွင် ရောက်၍ နေ၏ ။ ထို မြန်မာတပ်စိတ်ကလေး ကို ဆေးကျောင်းသားဟောင်း တစ်လိုင်း တစ်ပွင့် ရ တပ်စိတ်မှူး ဗိုလ်ကလေး ဗိုလ်မြဒင် အုပ်ချုပ်လျက် ရှိ၏ ။

သို့သော် ထို မြန်မာတပ်စိတ်ကလေးကား ဂျပန်တပ် ခွဲတစ်ခုနှင့် အတူ ချီတက်၍နေသော တပ်စိတ်ကလေးဖြစ် ၏ ။ ဂျပန်စစ်ဗိုလ် က အုပ်ချုပ်ရာ မြန်မာတပ်စိတ်မှူး ဗိုလ်ကလေး မြဒင် ကား ဂျပန်စစ်ဗိုလ် ၏ လက်အောက်ခံ ဖြစ်ပေ၏ ။

အထက်တွင် ဆိုခဲ့သည့်အတိုင်း မြန်မာပြည် ၏ စစ် မြေပြင် အခြေအနေအရ ဂျပန်တပ်မ တပ်ခွဲ အသီးသီး တို့ကို မဟာမိတ်တပ်များ အား ပိတ်လှောင်ချည်နှောင် ၍ ဖမ်းရန် စစ်ရေး ငင်သည့် စစ်ပရိယာယ် ကို သုံးကာ မြန်မာပြည် အထက်ပိုင်း နယ်ခြား အရပ်ရပ်တွင် ပြန့်ကြဲစွာ ချ၍ထားလေ၏ ။ ထို ဂျပန်တပ်ခွဲကလေး မှာလည်း ထို ပရိယာယ် စာရင်း ဝင် တပ်တစ်တပ် ဖြစ်ရာ ထို ဂျပန်တပ်ခွဲတွင် ဒိုင်တိုဝကျိုဧကင် ဆိုသော အာရှတိုက် စည်းလုံးရေး ဂျပန့်ကြွေးကြော်သံ အရ ဗိုလ်မြဒင် ကြီးမှူးသည့် မြန်မာတပ်စိတ်ကလေး က သာတူညီမျှ ပါခဲ့ရခြင်း ဖြစ်၏ ။

သို့သော် အခြေအနေအား ပြောင်းလဲခဲ့ချေပြီ ။

“ ယခင်ကမူ စိတ်တူညီမျှလို့ အောင်ပကုလား ၊ မကြာမီ သုတာဝေရီလို့ ခေမာပြည် ညိုညိုအုန်းရယ် ... မုန်းကြ စို့လား ... ”

ဒိုင်တိုဝကျိုဧကင် လည်း မကယ်နိုင်တော့ပြီ ။ ဘိရုမာ နိပွန် တူတူပဲ တို့မှာလည်း လောက ၏ ပြောင်းလဲခြင်းတရား ကို မလွန်ဆန်တော့ပြီ ။

ဗထူး မကောင်းဘူး ရှိတယ် က ။ ဘိရုမာစစ်သား မကောင်းဘူး က .. ဟူသော စကား သည် အလွန် ဝေးကွာလှသော မြန်မာပြည် အထက်ပိုင်း နယ်ခြားဒေသ လူမနီးသူ မနီးသည့် ဗိုလ်မြဒင် တို့ ရှိရာ ဌာနကလေး ဆီသို့ ဂယက် ရိုက် ၍ ရောက် လာခဲ့လေ၏ ။

နိပွန် - ဘိရုမာ တူတူပဲ တို့ မှာ ယခုအခါ မတူနိုင် တော့ပေ ။ ဗိုလ်မြဒင် တို့ လက်မှ လက်နက်များကို အကုန် သိမ်းဆည်းလိုက်လေ၏ ။ သိမ်းဆည်းရုံ မက ထို ဗိုလ်မြဒင် တို့ မြန်မာတပ်စိတ်ကလေး မှာ မကြာမီ လူမသိ သူမသိ ဘဲ စစ်သား ဘဝ မှ သုံ့ပန်း ဘ၀ သို့ ဆိုက်ရောက်ခဲ့ကြလေ၏ ။ ယခင်က တူတူစား ၊ တူတူနေ အစစ အရာရာ တူတူ လုပ်ကိုင် ချီတက်လာခဲ့သော ဂျပန် - မြန်မာ တပ်ခွဲကလေးမှာ ယနေ့မှ စ၍ အိုးစား ကွဲခဲ့လေ၏ ။

သို့သော် ဗိုလ်မြဒင် တို့ နှင့် အတူ ချီတက်လာခဲ့ရသော ထို ဂျပန်တပ်ခွဲကလေးမှ ဂျပန်စစ်သားများကား အခြား ဂျပန်များ နှင့် မတူဘဲ အနည်းငယ် စိတ်သဘောထား မြင့်မြတ် ကြင်နာဟန် ရှိ၏ ။ စစ် ထုံးစံအရ ဗိုလ်မြဒင် တို့ လူစုအား လက်နက်များ သိမ်းဆည်း အကျဉ်း ချထားလိုက်ရသော် လည်း ၎င်းတို့ စိတ်ထဲတွင် ရန်သူ ဟူ၍ မသတ်မှတ်နိုင်ကြ သကဲ့သို့ မြန်မာလူတစ်စ ုတို့ကို မြင်တိုင်း ၎င်းတို့၏ မျက်နှာ မှာ မချိတင်ကဲ ဖြစ်ဟန် ရှိကြ၏ ။ မတတ်သာ ခပ်ခွာခွာနေ ကြဦးစို့ ၊ မုန်းလို့ဟုတ်ဘူး ဆိုသလို အထက်အမိန့်ကြောင့် ဤကဲ့သို့ မိတ်ဆွေ ဘဝ မှ တစ်မုဟုတ်ချင်း ရန်သူကြီးများ ဘဂသို့ ကူးပြောင်း သွားရသော်လည်း အချို့ ဂျပန်စစ်သား များမှာ ယခင်က တစ်ဦး နှင့် တစ်ဦး ခင်ဖူးမင်ဖူးသည့် မိတ်ဆွေဘက် အရှိန်ကို မမေ့ပျောက်နိုင်သကဲ့သို့ မြဒင် တို့ လူတစ်စု ကို တွေ့တိုင်း ညှိုးငယ်သော မျက်နှာအမူအရာသို့ ပြောင်းလဲ သွားကြ၏ ။ အချို့မှာ ပါးစပ် မှ မပြောဘဲ ခေါင်း ကို ရမ်း က စုတ် တကျွက်ကျွက် သပ်ကြကုန်၏ ။

သို့သော် တစ်ယောက် နှင့် တစ်ယောက် အယုံကြည် တရား ကင်းမဲ့သော ဘဝ သို့ ရောက်သွားခဲ့ကြပြီး တစ်ဦး ကို တစ်ဦး မယုံတော့ ။ တစ်ယောက် ကို တစ်ယောက် အနား မကပ်တော့ ။ အဝေး မှ သာ လှမ်း၍ အလွမ်း ပိုရတော့လေပြီ ။ မည်သူသည် ပုဏ္ဏား ၊ မည်သူကား မျောက်မင်း ဖြစ်ကြသည်ကိုမူ မခွဲနိုင်သော ဘဝသို့ ရောက်ခဲ့ကြလေပြီ ။

ဤကား ဆိုးယုတ်သော စစ် ၏ စက်ဆုပ်ကြေကွဲဖွယ် အကျိုးဆက်များပင် ဖြစ်တော့၏  ။ မြဒင် တို့ လူစုမှာလည်း ဤ သဘောတရားမျိုးဖြင့် ကင်းနိုင်မည် မဟုတ်ပေ ။

သို့သော် ထိုကဲ့သို့ တစ်နေ့ဖြစ်ရမည့် အရေးကား မြန်မာစစ်သည်များ စိတ်တွင် ပြေး၍ တွေးပြီးသား ဖြစ်၏ ။ မည်သည့်နေ့ ကို သာ တပ်အပ် မသိသော်လည်း တစ်နေ့နေ့ တွင် မိမိတို့ အခြေအနေမှာ ဤဘဝ ၊ ဤအဖြစ်မျိုး သို့ နောက်ဆုံး ရောက်ရမည်ကို သိကြပြီးဖြစ်ရာ ဂျပန်များ နှင့် တပ် ထွက်လာပြီး ကတည်းက မိမိတို့ အသက်မှာ သေပြီး ၊ စွန့်ပြီး အခြေသို့ စဉ်းစား ဆုံးဖြတ်ပြီးသူများ ဖြစ်ကြ၏ ။

လူများစု ဂျပန်များ လက်တွင်းသို့ ရောက်နေပြီးသော မိမိတို့ လက်တစ်ဆုပ်စာ မြန်မာစစ်သား တစ်စုမှာ မည်သည့် နည်းနှင့်မျှ မလွတ်မြောက်နိုင်ကြောင်းကို သိပြီးဖြစ် သော်လည်း အဖ နိုင်ငံတော်ကြီးအတွက် အသက် ကို ဆက် ၍ ထွက်လာခဲ့ခြင်းဖြစ်၏ ။ မိမိတို့ အသက် ကို ဖက်ဆစ် ဓားပြများ လက်သို့ ဝ ကွက်ကာ အသေဓားစားခံ လိုက်ပါ လာခဲ့ခြင်းပင် ဖြစ်လေ၏ ။

မြန်မာရဲဘော်တစ်စု တို့ ၏မျက်နှာကား မိမိတို့ ၏ သေရမည့် ရက် ကို တွက်ကာ အမူအရာ မပျက်ကြပေ ။

“ ရဲဘော်တို့ ၊ သေရမှာ ကြောက်သလားဗျ ၊ မျက်နှာ တယ် ညှိုးပါလား ”

“ ဟား ဟား ဝေးပါသေးရဲ့ ရဲဘော် ရယ် ၊ မျက်နှာက နဂိုနေပါ ”

“ ဒါဖြင့် ရည်းစား လွမ်းလို့လားဗျ ”

“ လွမ်းစရာ ရည်းစားလည်း မရှိဘူးဗျာ ” ဟုပြောရင်း “ စစ်ပြီးရင်လ မောင်ပြန်ခဲ့မယ် စောင့်နေတော်မူဦးကွယ် ” သီချင်းကလေး ကို အေးအေးကလေး ညည်းနေ၏ ။

“ မကြောက်ပါနဲ့ ရဲဘော်ရယ် ၊ လူမှန်ရင် တစ်သက် တစ်ခါ သေစမြဲပဲ ။ ဘာ ကြောက်စရာရှိတာလိုက်လို့ ၊ ကိုယ့် တိုင်းပြည်ကြီး အတွက် အသေ ခံရတာ မြတ်တောင်မြတ် သေး သေရကျိုး နပ်ပါတယ်ဗျာ ”

တစ်ယောက် ကို တစ်ယောက် အားပေးစကား ပြော ကြ၏ ။ ထို့ကြောင့်ပင် လူ့ ဘဝတွင် စစ်သားဘဝ သည် တစ်ယောက် နှင့် တစ်ယောက် ချစ်ခင် အကြင်နာဆုံး ဘဝ ဟု ဆိုကြခြင်းပင် ဖြစ်၏ ။

“ မကြောက်ပါဘူး ရဲဘော်ရယ် ၊ တိုင်းပြည်ကြီး အတွက်ဆိုရင် တစ်သက် မက နှစ်သက် သေပါစေ မကြောက် ပါဘူး ။ လည်စင်း ခံဝံ့ပါတယ် ”

မြဒင် သည် မိမိ ရဲဘော်များ ၏ စကားတို့ကို မသိမသာ နားထောင်၍ နေ၏ ။ ထို စကားမျိုးကို ကြား ရသဖြင့် စိတ် ထဲမှာ အားရ ချီးကျူးမိသော်လည်း အခြေအနေအား ဖြင့်ကား ရင်ထုမနာ ဖြစ်မိလေ၏  ။

ယခု ရဲဘော်စု တို့ ရောက်နေသော အရပ်မှာ ငှက်တော ၊ ခွေးတော အရပ် ဖြစ်၏ ။ အေး လျှင် အစို ပူလောင် အခြောက် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရာသီ ဥတု ဖောက်ပြန်မှုကို ရဲဘော်များ သည် လူးလှိမ့်၍ ခံ ရသော အရပ် ဖြစ်၏ ။

ထို အထဲတွင်မှ စားသောက်စရာ ရိက္ခာ မပြည့်စုံကြပေ ။ ဂျပန်များ မှာ နေရာတိုင်းတွင် စစ်ရေးအခြေအနေ မလှ ဘဲ ရှိခဲ့ရာ နောက်ခံ မတောင့်တင်းခြင်းဖြင့် စားရေရိက္ခာတို့ မှာ အထူး ကျပ်တည်း ရှားပါးကြကုန်၏ ။ ရာသီဥတု ၏ ဖောက်ပြန်မှုတွင် အစားအသောက် ရိက္ခာက ညံ့ဖျင်းမှုတို့ကြောင့် ရဲဘော်တွေမှာ ကျန်းမာရေး၌ အထူးထိခိုက်ချွတ် ယွင်းပျက်စီးကြရကုန်၏ ။

မြဒင် သည် မိမိ ရဲဘော်များကို ညီရင်းသဖွယ် အစ်ကို ကြီး မိဘပမာ ယုယကြင်နာ၏ ။ ရဲဘော်တစ်ဦး နေမ ကောင်းလျှင် မြဒင်မှာ ပျားပန်းခတ် အလုပ် များ ၍ နေရှာ၏ ။ လူ မနီး ရပ်ဝေး တစ်နယ်တစ်ကျေးမို့ တစ်ဦး နှင့် တစ်ဦး ပို၍ ခင်မင်ယုယကြကာ တစ်ယောက် ကို တစ်ယောက် ပို၍ချစ် ခင်ကြင်နာကြရန် ကိုလည်း မိမိ ရဲဘော်များကို အမြဲ တရား လမ်းပြ ဆုံးမသွန်သင်ပေ၏ ။

“ နေကောင်းရဲ့လား ရဲဘော် ” ဟူသော စကားမှာ နေ့စဉ် မြဒင် ၏ အိပ်ရာထ ၊ မျက်နှာသစ်နေကျ ဝတ်မပျက် သော စကားတစ်လုံး ဖြစ်၏ ။

“ အေး အေး နေကောင်းအောင်သာ နေကြနော် ရဲ ဘော် ၊ ဘာမှ အား မငယ်ကြနဲ့ ။ စိတ်ထဲမှာ ရှိသမျှ ဆရာ့ ကို ထုတ်ပြော ” ဟူသော စကား မှာ ရဲဘော်တို့ နား၌ ပျားသ ကာတွင် အချို လောင်းသလို နားမညောင်းအောင် ဖြစ်ရလေ ၏ ။ ထိုစကား အတိုင်း မကျန်းမာသော မိမိ ရဲဘော်များ ကို မြဒင် သည် နေ့မအိပ်ညမအိပ် ကိုယ်ဖိရင်ဖိ ပြုစုရှာ၏ ။

စစ်မဖြစ်မီ က အင်္ဂလိပ်များ လက်ထက်တွင် ဆေးကျောင်းသားဟောင်း တစ်ဦးဖြစ်ခဲ့ရာ ထိုစဉ်က သင်ခဲ့ ရသော ပညာစု သည် ယခုကဲ့သို့ ငှက်တော ၊ ခွေးတော ကျန်းမာရေး အတွက် အရေးအကြီးဆုံးသော အခါမျိုးတွင် များစွာ အထောက်အပံ့ ရလေ၏ ။

ထို့ကြောင့် ရဲဘော်များ သည် မြဒင် အား စစ်ဗိုလ် တစ်ဦးကဲ့သို့ မခင် ၊ မိမိ တို့ ဆရာသမား အရင်းအချာတစ်ဦး ကဲ့သို့ ခင်ကြ၏ ။ မိမိတို့ ထက် အဆင့်အတန်း ရာထူးဌာနကြီးသော အထက်တန်းစား လူတစ်ဦး ကဲ့သို့ သဘော မထား ၊ အစ်ကိုကြီး မိဘ သဖွယ် အလား ချစ်ကြောက် ရိုသေ ကိုးစား ကြကုန်၏ ။

အချို့က မြဒင် ကို ဆရာ ဟု ခေါ်ကြ၏  ။ အချို့ ဒေါက်တာ ဟု ခေါ်၏ ။ အချို့ကမူ အမိ အဘ သဖွယ် သ ဘောထားကာ ( အဘ ) ဟု ပင် ခေါ်ကြလေသည် ။ ဗိုလ်ကလေး - ဗိုလ်ကြီး ဟူသော စကားတို့မှာ မြဒင် နှင့် ရဲဘော်စု တွင် မကြားဖူးသည့် စကား အဆန်း တစ်ခု ကဲ့သို့ ဖြစ်နေ လေ၏ ။

      •••   •••   •••   ••• 

(  ၂  )

မိုးကျစ ပြုလာ၏ ။ မိုဦးပင် ဖြစ်သော်လည်း တော ကြီးတောင်ကြီး အရပ်ဒေသများတွင် အခြားအရပ်များ ထက် မိုးဦး အကျ စောကာ ပြင်းပြင်းထန်ထန်ရွာတတ်၏ ။ သို့သော် တောတောင်ထူထပ်သော ငှက်တော ၊ ခွေးတော အရပ်များကား ရာသီဥတုမှာ စည်းကမ်းမရှိဘဲ ပြောချင်စိ ၊ ခြောက်ချင်ခြောက်၍ ဗြုန်းခနဲ ရွာချင် ရွာ ချတတ်လေ၏ ။

မိုးရေကြောင့် ဖက်စွတ်ရေများသည် တသောသော ကျလာ၏ ။ ထို ရေသည်ပင် တောတောင် ခရီးသွားများအား ဒုက္ခပေးသော မမြင်ရသည့် သေမင်းတမန် ဖြစ်ပေ၏ ။

ဂျပန်များ တွင် ရိက္ခာတပ် ဟူ၍ သီးခြား မရှိပေ ။ ထိုသို့ မရှိခြင်းကြောင့် ခရီးတွင် ဝန်ပေါ့သည် ဆိုသော်လည်း ယခုကဲ့သို့ တောကြီး မျက်မည်း အစားအသောက် ရှားပါး အသွားအလာ ခက်ခဲသော နေရာမျိုးတွင် ရိက္ခာတပ် မရှိခြင်း အတွက် အကြီးအကျယ် အခက်အခဲ ဒုက္ခတွေ့ကြုံရ လေ၏ ။

ထိုအချိန်တွင် အထက် အောက် မြန်မာပြည် တစ်ပြည်လုံးက ဂျပန် ကို တော်လှန်ကုန်ကြပြီ ဖြစ်သော အချိန်ဖြစ်ရာ ဂျပန်တပ်များ မှာ ဆန်စင်ရာ ကျည်ပွေ့ မလိုက်နိုင်သကဲ့သို့ အဆက်အသွယ်တွေ ပြတ်ကာ လိုက်တန်းပြေးတန်း ကစား သလို ဖရိုဖရဲ ဖြစ်၍ နေကြလေ၏ ။ တစ်တပ် နှင့် တစ်တပ် အကြောင်း ကို ပင် ဆက်သွယ်နိုင်ရန် ခဲယဉ်း၏ ။

မိမိ ၏ နေရင်းဌာန မဟုတ်ဘဲ သောင်ပြင်လွှတ်သော ခွေးကဲ့သို့ ကြုံရသောအခြေအနေမှာ ထိုအခါက ဂျပန်တို့ အတွက် အမှန်ဆုံး စကားပင် ဖြစ်၏ ။ တစ်နည်းအားဖြင့် လူ့ သဘောအရ သနားစရာပင် ။သို့သော် စစ်သဘောအရ ကား အတ္တသမံ ပေမံနတ္ထိ ။

မြန်မာများ ၏ တော်လှန်ခြင်း ကို အခွင့်အခါကောင်း ယူရာ မဟာမိတ်တပ်များလည်း နယ်ခြား အရပ်ရပ် မှ ဖိ ၍ တက် လာ၏ ။ ဖိ၍ တိုက်လာ၏ ။ စစ်ရေး ငင်၍ စစ်ပရိ ယာယ် ကို သုံးကာ ချောင်ပိတ် အမိ ဖမ်းရန် ထောင်ချောက် အထောင် ကောင်းလိုက်သော ဂျပန်တပ်များ မှာ ဖရိုဖရဲ တကွဲတပြား ဖြန့်ကြဲဗရပွ အုပ်မနိုင် ထိန်းမရ ဖြစ်၍ နေ၏ ။ မိမိတို့ တပ်များရှိသည့် နေရာကိုပင် တိတိကျကျ မသိနိုင်ဘဲ ခွေးလေးများ တောအနှံ့ဖြင့် စစ်မျက်နှာကြီး ကျယ်ပြန့်၍ အလှမ်း ကျယ်ကာ အလယ် လပ် ၍ နေတော့၏  ။ တစ်ခါ တစ်ရံ အချင်းချင်း တစ်တပ် နှင့် တစ်တပ် ကိုပင် အထင် မှား ကာ ပစ်ခတ် တိုက်ခိုက်မိကြလေ၏ ။

ကိုယ့် အတတ် နှင့် ကိုယ်စူး နှုတ်လို့ မရဘူး ဆိုသကဲ့သို့ မြန်မာ့ တော်လှန်မှု သည် ဂျပန်များ အတွက် မိမိတို့ အထောင် ကောင်းလိုက်သော ထောင်ချောက် အတွင်း မိမိ တို့ ပင် ပြန် ၍ ဆင်းကာ လည်ပင်း ကြိုးကွင်းတပ် နေခြင်း နှင့် တူနေတော့၏ ။

သို့သော် မကောင်းသူ ထိပ် ၊ ကောင်းသူ ထိပ် လူတစ် စုကား တောင်ပြိုရာ မြက်ပိကာ လူမသိ သူမသိ ဒုက္ခတွေ့ နေရလေ၏ ။ ထို လူစုကား မြဒင် တို့ ရဲဘော် တစ်စု ပင်ဖြစ်၏ ။

စားစရာ ဆန်မရှိ ၊ သောက်စရာ ရေမရှိ ၊ ဝတ်စရာ အင်္ကျီ မရှိ ။ အစစအရာရာ ဗလာနတ္ထိဖြစ်၍ နေကြလေ၏ ။ တစ်ခါတစ်ရံ မဟာမိတ်လေယာဉ်ပျံများ က သနားကရုဏာ ကြီးစွာဖြင့် ဆုလာဘ်ဗုံးမိုး လာ၍ ရွာသွန်း ဖြိုးပေးလိုက်၏ ။

တစ်ခါတစ်ရံ တောင်ကျရေ နှင့် မိုးရေ ဒလဟော ကျ ဆင်းနေခြင်းဒဏ်ကြောင့် ချက်စရာ နေရာ မရှိ ၊ ထင်း မရှိ ခြင်းကြောင့် ချက်ပြုတ် မစားနိုင်ကြပေ ။ သို့သော် ထိုဒုက္ခ တွေကား ဂျပန်တို့ အတွက် အထူးအဆန်း ပထမအကြိမ် မဟုတ်ပေ ။ မနှစ်က အိန္ဒိယပြည် သို့ ချီတက်သွားသော အင်ဖာ တစ်သောင်းတပ်ကြီး ဆုတ်ခွာလာခဲ့ရစဉ်က မြန်မာ ပြည်နယ်စပ်သို့ ရောက်သည့်အခါတွင် တပ်သား တစ်ထောင် ကျော်ကျော် မျှသာ ကျန် တော့၏ ။ ထိုအကြောင်း ကို အချို့ ဂျပန်များပင် မသိကြဘဲ ယနေ့တိုင် မိမိတို့ ကိုယ် ကို အထင် ကြီးနေကြခြင်းပင် ဖြစ်၏ ။

လူ့ စိတ် လူ့ သဘောကား အတော် ဆန်းကြယ်ဂ်၏  ။ ဒုက္ခအကြီးအကျယ် ဖြစ်သည့် အခါတွင် အချို့သူတို့မှာ ရက်စက်ကြမ်းကြုတ် တတ်၏  ။ အချို့တို့မှာကား တစ်ဦး ကို တစ်ဦး သနားကြင်နာတတ်ပေ၏ ။

ဒုတိယ သဘောကား မြဒင် တို့ လူတစ်စု ကြုံတွေ့နေရသော သဘောမျိုးဖြစ်၍နေရာ အားကြီးသာခေါင် အ မှောင်ပိတ်ဖုံး ဒုက္ခ မြှုံး ကြီး မိနေကြသော ဂျပန် - မြန်မာ တစ်စု တို့မှာ တစ်နေ့ ထက် တစ်နေ့ ကာလ ကြာသည့်အခါတွင် တစ်ဦး တစ်ဦး ရန်သူ စိတ်များ ပျောက်၍လာကာ ရန်သူ ဟူ ၍ သဘော မထားနိုင်တော့ပေ ။ မိမိတို့နှင့် ဝေးကွာနယ်ခြား ၍နေသော အရပ်တစ်ပါးတွင် ထိုးခုတ်သတ်ဖြတ် ဖြစ်ချင် ရာ ဖြစ်၍ နေကြသော်လည်း မိမိတို့ နှင့် ဘာမျှ မဆိုင်သကဲ့သို့ ဒုကူတွေ ဗလပွန်းတီး အတိုင်း မသိအောင် ကြုံတွေ့နေရ သော လူတစ်စု ၏ စိတ်ဝယ် ဖြစ်ပေါ်၍ လာလေ၏ ။

တစ်နေ့တွင် ရဲဘော်တစ်ဦး မြဒင် အနားသို့ ကပ်လာ ၏ ။ ထိုအချိန်တွင် မြဒင် မှာ မိမိ တို့ ၏ ရှေ့နောက်အကြောင်း တို့ကို တစ်ကိုယ်တည်း အတွေးနက်၍ နေ၏ ။

ရဲဘော် သည် မြဒင် အနားသို့ ရောက်လျှင် တစ်စုံတစ် ခုကို ပြောလိုဟန် မြဒင် ၏ အရိပ်အကဲ ကို ကြည့်၍ နေရာ -

“ ဘာလဲ ရဲဘော် ” ဟု မြဒင် က ဆီးကြို၍ မေးလိုက် သောအခါမှ ရဲဘော် သည် မြဒင် အနီးသို့ တိုးကပ်လာပြီး လျှင် “ အဘ ကို ကျွန်တော် စကား တစ်ခုပြောချင်လို့ ” ဟု စကား ကို စ‌လေ ၏ ။ ၎င်း ၏ မျက်နှာမှာ တစ်စုံတစ်ခု အတွေးနက်ဟန် အမူအရာ ရှိ၏ ။

“ ဘာ ပြောမလို့လဲ ရဲဘော် ၊ ဘာအကြောင်း ထူးလို့ လဲ ” ရဲဘော်သည် မြဒင် ၏ မျက်နှာကို တစ်ချက် စူးစိုက်၍ ကြည့်နေပြီး ဂျပန်များ စခန်းချရာ မနီးမဝေးဆီ သို့ လှမ်း ၍ ကြည့်လိုက်ပြီးနောက်

“ ဂျပန်တွေ အမူအရာ ထူးတယ် အဘ ။ မျက်နှာ မကောင်းဘူး ။ သူတို့ ကျွန်တော်တို့ အပေါ် မရိုးဘူးထင် တယ် ” ဟု ပြောလေ၏ ။

မြဒင် သည် ရဲဘော် ၏ စကားကို စိတ်ပါဝင်စားစွာ စူးစိုက်၍ နားထောင် နေပြီး “ ရဲဘော် ဘယ်လိုတွေ့လို့တုန်း ” ဟု အနည်းငယ် ပြုံး၍ မေးလိုက်လေ၏ ။

“ ဂျပန်တွေ တစ်ရက် နှစ်ရက် ရှိပြီ ။ သူတို့ အမူအရာ တွေ့ရတာ တယ် မျက်နှာ မကောင်းကြဘူး ၊ ကျွန်တော်တို့ ဘက် ကိုလည်း သူတို့ မကြာမကြာ တစေ့တစောင်း ကြည့် ကြတယ် ။ သူတို့ အချင်းချင်းလည်း ကွိကွိကွကွ နဲ့ ဘာ ပြောတယ် မသိဘူး ၊ တိုးတိုး တိုးတိုး ပြောပြီး မျက်နှာတွေ တယ် မသာကြဘူး ”

“ သူတို့ မျက်နှာမကောင်းတာနဲ့ ရဲဘော် က ဘာ ကြောင့် တို့ တတွေ အပေါ်မှာ မရိုးဘူးလို့ ထင်နိုင်ရသလဲ ” ဟု မြဒင်က အရေးမကြီး ဟန် ခပ်ပြုံးပြုံး မေးလိုက်ပြန်၏ ။

“ ဒီလိုလည်း မဟုတ်ဘူး အဘ ၊ ကျွန်တော် သူတို့ကို တယ် မယုံသလိုရှိလို့ မနေ့ကတည်းက အကဲခတ် ကြည့်နေ တယ် ။ အဘ ကိုသာ အရေးမကြီးဘူး မှတ်လို့ မတိုင် ခဲ့တာ ၊ တခြားရဲဘော်တွေ ကိုတော့ ဒီ အကြောင်းကို အသိပေးပြီး သတိ နဲ့နေဖို့ ပြောခဲ့တယ် ။ ဒီနေ့ တော့ ... ”

“ အင်း ဘာဖြစ်သတုန်း ” မြဒင် မှာ အနည်းငယ် စိတ် ဝင်စား၍ လာ၏ ။

“ ကျွန်တော် သူတို့ ဆီကို မယောင်မလည် ကပ် သွား ကြည့်တဲ့အခါ ဘိရုမာ မလာနဲ့ သွား ... သွား လို့ အတင်း မောင်းထုတ်တယ် ။ ကျွန်တော် က နားမလည်သလို အတင်း အနားကို ဇွတ်တိုးသွားတော့ ”

“ အင်း .. အင်း ..... ပြောပါဦး ရဲဘော် ”

“ ကျွန်တော်လည်း အနား ကို ရောက်ရော အထဲကို မလုံတဲ့ သဘောနဲ့ တစ်ချက် လှမ်းကြည့်ပြီး ကျွန်တော့်ဆီ ကို အတင်း လာပြီး ဘိရုမာ မကောင်းဘူးက သွားလေ ... လို့ အော်ငေါက် လွှတ်တယ် ။ ဂျပန် မျက်နှာ ကြည့်ရတာ တယ် ဣန္ဒြေ မရဘူး အဘ ။ သူတို့ ကျွန်တော်တို့ တတွေ မသိ အောင် တစ်ခုခု ကြံပုံရတယ် ”

“ အေး မင်း တွေးပုံ နည်းနည်း နီးစပ်တယ် ” ဟု ပြန် ပြောကာ မြဒင်သည် တစ်စုံတစ်ခုကို စဉ်းစား၍နေလေ၏ ။

“ ဒါကြောင့် ကျွန်တော်တို့ကို သူတို့ အနား အကပ် မခံတာပေါ့ ။ ကျွန်တော်တို့ မသိစေချင် ၊ မမြင်စေချင်တဲ့ အချက် တစ်ခုခုတော့ ရှိပြီ ၊ ကြံပြီ ထင်တာပဲ အဘရဲ့ ”

“ အင်း မင်း က ဘယ်လို ထင်လို့တုန်း ”

“ ကျွန်တော် ထင်မိတာကတော့ ... ”

ထို ရဲဘော် ပြော နေဆဲတွင် အခြား ရဲဘော် တစ်ယောက် အနားသို့ သုတ်သီး သုတ်ပျား ရောက်လာလေ၏ ။

“ ဟုတ်တယ် ရဲဘော် ။ ရဲဘော် ပြောတဲ့ အတိုင်း ကျုပ် စောင့်ကြည့်နေတာ အစစ်ပဲဟေ့ ၊ ဟုတ်တယ် ” ဟု ပြောပြောဆိုဆို အနားသို့ရောက်လာရင်း မြဒင်ကိုတွေ့ သ ဖြင့် ကိုယ်ရှိန် သပ်ကာ စကား ရပ်၍သွား၏ ။ မြဒင် ၏ မျက် နာကို တစ်ချက် လှမ်းကြည့်ကာ ရိုသေလေးစားဟန် ခပ်ရွံ့ရွံ့ ဖြစ်သွားလေ၏ ။

“ စောင့်ကြည့်တော့ ဘာဖြစ်သတုန်း ရဲဘော် ။ ပြောပါ ဦး ” ဟု မြဒင် က အနည်းငယ် ပြုံး၍ ဆီးကြို မေးလိုက်၏ ။ ထိုအခါမှ ရဲဘော် မှာ မျက်နာပိုး သတ်ရာက မြဒင် အနီးသို့
တိုးကပ်၍လာပြီးနောက် ..

“ ဒီရဲဘော်က ဂျပန်တွေ မရိုးဘူး ထင်တယ်လို့ ကျွန် တော့်ကို ပြောလို့ ကျွန်တော် စောင့်ကြည့်နေတာ ဒေါက်တာရဲ့  ၊ ဟုတ်တယ်ဒေါက်တာ ရဲဘော် ပြောတဲ့ အတိုင်းပဲ ”

“ အင်း ... အင်း ”

“ ဂျပန်တွေ မျက်နှာ မကောင်းကြဘူး ၊ သိသိသာသာ ကြီး အမူအရာတွေ ပျက်နေကြတယ် ။ ကျွန်တော်တို့ ဘက် ကိုလည်း မကြာမကြာ လှမ်းကြည့်တာကို တွေ့ရတယ် ဒေါက်တာ သူတို့ ပုံပန်းတွေကို ကြည့်ရတာတစ်မျိုးကြီးပဲ ဆရာ ။ တယ် မူမမှန်ကြဘူး ။ မျက်နှာတွေကလည်း မှုန် ကုတ်ကုတ်နဲ့ ”

မြဒင် သည် ထို ရဲဘော် ၏ စကား ကို တွေဝေ၍ နား ထောင်ကာ စဉ်းစားစိတ်ကူးနက်၍ နေ၏ ။ မျက်နှာ မှာ ဝေခွဲ ၍ မရဟန ်ရှိ၏ ။

“ ဘယ်နေရာက သွား ကြည့်နေသလဲ ” ဟု ရဲဘော် အား လှမ်း၍ မေးလိုက်၏ ။

“ ကျွန်တော် သူတို့နဲ့ မနီးမဝေးက အကဲခတ်ပြီး မယောင်မလည် သွားကြည့်တယ် ဒေါက်တာ ”

“ မင်းကို သူတို့ မမြင်ဘူးလား ”

“ မြင်တော့ မြင်တယ် ဒေါက်တာ မြင်တော့ သူတို့ မျက်နှာ မကောင်းဘူး ၊ သူတို့ အချင်းချင်း ကို ဘာပြောတယ် မသိဘူး လှမ်း ပြောလိုက်ကြတာကိုလည်း တွေ့ရတယ် ”

“ အင်း .... အင်း ” မြဒင် သည် ခေါင်းကို အသာ ညိတ်ကာ “ မင်းကိုတော့ သူတို့ ဘာမှ မပြောဘူးလား ၊ မောင်း မထုတ်ဘူးလား ”

“ မပြောဘူး ဆရာ ၊ မောင်းတော့ မထုတ်ဘူး ၊ သူတို့ မျက်နှာ အမူအရာတွေ ကသာ ... ”

     •••   •••   •••   •••

ထို အတွင်း မိမိတို့ အနားမှ ခြေသံတွေ ကို ကြားရ၏ ။

“ ဟေ့ နေစမ်း ဘာလဲ ” ဟု မြဒင်က ရဲဘော်များကို လက်ကာကာ ခြေသံကြားရာဆီသို့ လှမ်း၍ကြည့်နေကြ ၏ ။ မိမိတို့ထင်သည့်အတိုင်း ဂျပန်နှစ်ယောက်သည် မိမိတို့ ဆီသို့ အရေးတကြီး သုတ်သီးသုက်ဗျာ လာနေကြသည် ကို တွေ့ရ၏ ။

မြဒင် တို့သည် အရေးရှိက အသင့်ရှိကြစေရန် သတိ ကို လက်မလွတ်စေဘဲ ဂျပန်များ ကို အကဲခတ်၍ ကြည့်နေ ကြလေ၏ ။ အခြားရဲဘော်တစ်စု တို့မှာလည်း ပထမရဲဘော် များ က အရိပ်အငွေ့ ပြောကြားထားပြီးသည့် အတိုင်း အ သင့်အတင့် ရိပ်မိကြဟန် အနီးသို့ မသိမသာ စုဝေး၍ ရောက်လာကြလေ၏ ။

သို့သော် အရေးရှိက အသင့်ရှိကြစေရန် ဟု ဆိုသော်လည်း ရဲဘော်တွေ လက်ထဲတွင် ဘာမှ မရှိပေ ။ အသင့် ရှိရန် ဟူသော စကားမှာ မိမိတို့ အဖနိုင်ငံတော်ကြီးအတွက် အသေ ခံရန် အသင့် ရှိကြောင်း ဆိုလိုခြင်းပင် ဖြစ်ဟန် တူ၏ ။ သို့ရာတွင် တစ်နည်းအားဖြင့်ကား မိမိတို့ မိဘဆရာ ကဲ့သို့ တစ်ဦးတည်းသော ကိုးကွယ်အားထားရာ ဗိုလ်ကလေး မြဒင် အား အသက် ကို ရှေ့ကထား၍ ခုခံကာကွယ်ရန် လည်း ဖြစ်နိုင်၏  ။ မိမိတို့ အသက်များ အရင် သေဆုံးပြီးမှ ဆရာ ကျေးဖူးရှင်အား သေဆုံးစေမည် ဟူသော သဘောမျိုး လား မပြောတတ်ပေ ။

ဂျပန်များ အနားသို့ ရောက်လာ၏ ။ မြဒင် က ချိုပြီး သော မျက်နှာဖြင့်ပင် ခရီးဦးကြို နှုတ်ဆက် ခေါ်ငင်လိုက်၏ ။ ထို ဂျပန်များကား မိမိတို့နှင့်နေ့စဉ် တွေ့ဆုံနေရသည့် ဂျပန် အောက်တန်းစားများ မဟုတ်ဘဲ အနည်းငယ် အထက်တန်း ကျကျ ရာထူး ရှိသော ဂျပန်များ ဖြစ်ရာ တစ်စုံတစ်ခု ထူး သည့်အကြောင်း ကို မူ မြဒင် စိတ်ထဲတွင် တွေးမိလေ၏ ။

“ ဘာကိစ္စ အရေးကြီးသလဲ မာစတာ ” ဟု မြဒင် က မေးလိုက်ရာ ဂျပန်များ သည် ရုတ်တရက် ပြန်မပြော သေးဘဲ ရဲဘော်များ ရှိရာကို စူးစိုက်၍ ကြည့်နေကြပြီး နောက် တစ်ယောက် ကို တစ်ယောက် အချင်းချင်း လှမ်း၍ စကား တစ်ခွန်း နှစ်ခွန်း ပြောဆိုနေကြလေ၏ ထိုစကား များတွင် ( ကောင်းပမလား ) ( ကောင်းပါတယ် )  ( လွှတ် လိုက်ပေါ့ ) စသော မြန်မာရဲဘော်များ နားလည်သည့် စကားအရိပ်အမြွက် တစ်လုံးစ နှစ်လုံးကို ကြားရလေ၏ ။ ရဲဘော်များ လည်း မိမိတို့ ထင်သည့်အတိုင်း ဧကန် ဟုတ်နေ ပြီ အကြောင်း ကို ရိပ်မိ တွေးတောမိ သကဲ့သို့ မိမိတို့ ဆရာ မြဒင် ၏ မျက်နှာကို လှမ်း၍ကြည့်ကြ၏ ။ မြဒင် ၏ အမူအရာ ကား မထူးခြားဘဲ မိမိ ရဲဘော်များအား အသာ အရိပ်အခြေ ကြည့်၍ နေရန် ဟန့်တားသော အမူအရာကို ပြလိုက်လေ၏ ။

“ ဘိရုမာ မာစတာ အခု ခင်ဗျားလူတွေ အားလုံး သွားနိုင်ပြီ ၊ သွားချင်ရာ သွားပါတော့ ” အချင်းချင်း ကွိကွိ ကွကွ ပြောရာမှ ဂျပန်တစ်ယောက် က မြဒင် ကို ဂျပန်စကားဖြင့် လှမ်း၍ ပြောလိုက်လေ၏ ။ ၎င်း၏ မျက်နှာမှာကား ထို စကားကို ပြောရသည့်အတွက် လိုလားပုံ မရပေ ။ ထိုသို့ လိုလားပုံ မရသော်လည်း ဒေါသဆောင်၍ မျက်မှောင်ကြုတ် စိတ်ဆိုးသော အမူအရာမျိုးလည်း မပေါ် မတွေ့ရသဖြင့် မြဒင် နှင့် ရဲဘော်တစ်စု တို့မှာ ရုတ်တရက် မတွေးတတ်သ လို အားလုံး မော့ ၍ ကြည့်နေမိကြလေ၏ ။

“ ကျုပ်တို့ ဘယ်ကို သွားရမလဲ မာစတာ ၊ ဘာဖြစ်လို့ လဲ ” ဟု မြဒင် က နားမလည် သလို ပြန်၍ မေးလိုက်လေ၏ ။

ထိုအခါတွင် ဂျပန်များ မှာ တစ်ယောက် ကို တစ် ယောက် ကြည့်လိုက်ကြပြီး သာ၍ မျက်နှာ မသာမယာ ညှိုး ငယ်သွားသော အမူအရာမျိုး ပေါ်၍ လာရာမှ မြဒင် နှင့် ရဲ ဘော်များ အား တစ်ချက် စိမ်းစိမ်းဝါးဝါး ကြည့်နေကြပြီး နောက် မြဒင် ဘက်သို့လှည့်၍ -

“ ခင်ဗျားတို့ သွားချင်ရာ သွားနိုင်ပါပြီ ၊ ဒီနေ့က စပြီး ကျုပ်တို့ ခင်ဗျားတို့ကို ဘာမှ မလုပ်တော့ဘူး ” ဟု မျက်နှာ ရော ၊ အမူအရာပါ တကယ့် ချိုသာသော အသံမျိုးဖြင့် ပြော လေ၏ ။

ဤတွင်မှ ဂျပန်တို့ ၏ စေတနာမှာ တကယ့် စေတနာ ဖြင့် ပြောနေကြောင်း အကဲခတ်မိ၍ လာ၏  ။ သို့သော် မည် သည့်အတွက်ကြောင့် ဤကဲ့သို့ သဘောကောင်းစွာ လတ် တလော စေတနာတွေ ပေါက်၍ လာသည့်အကြောင်းကိုမူ မတွေးနိုင်အောင် ရှိလေ၏ ။

ယခု မိမိတို့ နှင့် တွေ့ရသော ဂျပန်များ မှာ အားလုံး လိုလို သဘော ကောင်းကြသူများဖြစ်သည်ကို တွေ့ရ၏ ။ သို့သော် ဂျပန်လူမျိုးများ သည် အလွန် ကောက်ကျစ်စဉ်းလဲ ပရိယာယ်ဉာဏ်များသည်ကိုလည်း သိပြီး ဖြစ်၏ ။

မိမိတို့ အား သွားချင်ရာ သွား ဆို၍ ဘေးမဲ့ လွှတ်လိုက် ပြီးမှ နောက်မှ ချောင်ကောင်းကောင်း နေရာတစ်ခုက အ လစ် ချောင်း၍ ပစ်သတ်ရန် ကြံလေသလားဟူ၍လည်း တွေးမိ၏ ။ ထို့ကြောင့် ဂျပန်များ၏ စကားကို မြဒင်မှာ မစဉ်းစားမဆုံးဖြတ်နိုင်လောက်အောင် ဖြစ်၍နေလေ၏ ။

“ မာစတာ ကျုပ် တို့ ဘယ်ကိုမှ မသွားချင်ဘူး ။ မာစတာတို့နဲ့ ကျုပ်တို့ အတူတူပဲ နေမယ် ။ ဘိရုမာ-နီပွန် နော် အတူတူပဲ ရှိတယ် ၊ ညီအစ်ကိုတွေပဲ ” ဟု မြဒင်က ပြန်၍ ပြောလေ၏ ။

ဂျပန်များ သည် တစ်ယောက်မျက်နှာ ကိုတစ်ယောက် ကြည့်၍နေ၏ ။ ၎င်းတို့ မျက်နှာမှာ ရွှင်လန်းပုံ မရ ၊ သက်ပြင်း ကို မသိမသာ တစ်ချက်ချလိုက်ကြကာ ခေါင်းကို ဖြည်း ညှင်းစွာ ရမ်း၍ ပြလေ၏ ။

“ သွားလေ ၊ သွားလေ ဘိရုမာစတာ သွားပါ ကောင်းတယ် ၊ ခင်ဗျားတို့အားလုံး ဒီနေ့ကစပြီး သွားချင် ရာသွားနိုင်ပြီး သွားပါ ” ဟု မြဒင် မှ တစ်ဆင့် ရဲဘော်တစ်စု တို့ ကို ကြည့်၍ ပြောလေ၏ ။ ထိုသို့ပြောပြီး ဂျပန်များ သည် မြဒင် အား နှုတ်ဆက်၍ ထွက်သွားကြလေ၏ ။

အရေးကြီးသော အကြောင်းတစ်စုံတစ်ရာကား ဧကန် ပေါ်ပေါက်လာသည်မှာ အမှန်ဖြစ်ကြောင်းကို မြဒင် တို့ ရဲဘော်တစ်စုမှာ တွေးတောမိကြ၏ ။ သို့သော် မည်သည့် အကြောင်းဆိုသည် ကို သာ တပ်အပ်သေချာ မသိနိုင်ဘဲ ရှိလေ၏ ။

မြဒင် သည် ဂျပန်များ ထွက်သွားရာ နောက်သို့ ကဗျာကယာ ထ၍ လိုက်သွားပြီးနောက် “ မာစတာ ကျုပ်တို့ မ သွားဘူးနော် ။ မာစတာတို့နဲ့ ကျုပ်တို့ ခွဲပြီး ဘယ်ကိုမှ မသွားချင်ဘူး ။ ဒီမှာပဲ မာစတာတို့နဲ့ အတူတူ နေမယ် ။ သေ လည်း မာစတာ တို့နဲ့ပဲ အတူတူသေမယ် ” ဟု ပရိယာယ် သုံးသော သဘောဖြင့် ၎င်းတို့ နောက်မှ တတွတ်တွတ် လိုက် ၍ ပြောလေ၏ ။ မြဒင် ၏ စကားများကို ကြားလျှင် ဂျပန်များ သည် နဂို စိတ်မချမ်းသာကြသည့် ပုံပန်းလက္ခဏာ တွင် အ ကြီးအကျယ် စိတ်ညစ်သွား သကဲ့သို့ မြဒင် ၏ စကားများ ကို နားထောင်ကာ မြဒင် ၏ မျက်နှာကို ရပ်၍ ကြည့်နေကြ လေ၏ ။

“ ဘီရုမာ မာစတာ သွားပါ ၊ ဒီမှာ မကောင်းဘူး ရှိတယ်က ၊ ခင်ဗျားတို့ အားလုံး သွားနိုင်ကြပါပြီ ”

“ မသွားဘူးလေ ၊ ကျုပ်တို့ ဘယ်မှ မသွားချင်ဘူး မာစတာတို့နဲ့ အတူတူ နေမယ် ”

မြဒင် သည် ဇွတ်တိုး၍ ပြန်ပြောရင်း ယခင် ရဲဘော်များ ပြောသည့် ဂျပန်များ စခန်းရှိရာသို့ မသိမသာ အကဲခတ်သ လို စောင်းမြောင်း ကြည့်လိုက်လေ၏ ။ ထိုသို့ ကြည့်သည့် အခိုက်တွင်ပင် ဂျပန်တစ်ယောက် သည် ယိမ်းယိမ်းယိုင်ယိုင် ဖြင့် အပေါက်ဝ မှ ပြေးထွက်လာပြီး အားပြတ်သောခြေ လှမ်းတို့ဖြင့် အပြင်သို့ သုံးလေးလှမ်းလောက်လှမ်းမီသည်နှင့် တစ်ပြိုင်နက် ဝေဒနာတစ်စုံတစ်ခုကို ခံစားလိုက်ရ သကဲ့သို့ ညည်းညူကာ ဗိုက် ကို နှိပ်၍ ဒုန်းခနဲ လဲ ၍ သွားသည် ကို တွေ့ရလေ၏ ။

ထို အခြင်းအရာကို တွေ့ရသော ဂျပန်များ သည် လည်း မျက်စိမျက်နှာ ပျက်ကာ အချင်းချင်း ဟစ်အော်၍ ယခင် လဲကျသွားသော ဂျပန် ဆီသို့ အတင်း ပြေးသွားကြလေ၏ ။

“ မာစတာ ဘာဖြစ်သလဲ မာစတာ ” ဟု မြဒင် က လည်း ၎င်းတို့ အကဲကို သိလိုခြင်းဖြင့် နောက်မှ ထက်ကြပ် မကွာ လိုက်၍ သွားလေ၏ ။ ယခင် လဲကျသွားသော ဂျပန် အနီးသို့ ရောက်လျှင် ဂျပန်များ မှာ တစ်ယောက် ကို တစ်ယောက်သာ အော်ကျယ်ဟစ်ကျယ် စကားများ ကို လှမ်း၍ ပြောဆိုနေကြသော်လည်း ယခင် ဂျပန်များ အနားသို့ ရောက်အောင် မသွားရပေ ။ ၎င်းတို့ မျက်နှာအမူအရာ တို့ မှာ အ လွန် တုန်လှုပ်ကြောက်ရွံ့ဟန် ရှိကြသည်ကို တွေ့ရလေ၏ ။

မြဒင် မှာ ၎င်းတို့ အကဲကို မခတ်နိုင်အောင် ရှိလေ၏ ။ ထိုအခိုက် ယခင် လဲကျသွားသော ဂျပန် မှာ မြေပေါ်၌ လူး လှိမ့်ကာ ပြင်းထန်သော ဝေဒနာကို ခံစားနေရသလို ညည်း ညူ ၍နေသည်ကို တွေ့ရလျှင် နဂိုကပင် ဆရာဝန် စိတ် ရှိ လျက် ကြင်နာတတ်သူ တစ်ယောက် ဖြစ်သည့်အတိုင်း ရပ်၍ ကြည့် မနေနိုင်ဘဲ..... ၊

“ ဟို မာစတာ ဘာဖြစ်သလဲ ၊ နေမကောင်းဘူးလား ” ဟု ပြောပြောဆိုဆို လူးလှိမ့်နေသော ဂျပန် ရှိရာသို့ ပြေး လွှားသွားမည့် ဟန် ယူလိုက်စဉ် ယခင် ဂျပန်များသည် မြဒင် ၏ လက်ကို ဆွဲ၍ တားလိုက်ကြပြီးနောက်

“ ဘိရုမာစတာ မသွားနဲ့ မသွားနဲ့ ၊ မကောင်းဘူးက ၊ မသွားနဲ့ ” ပြောဆို တားဆီးထားကြလေ၏ ။ ပထမသော် မြဒင် မှာ တွေး၍ မရနိုင်အောင် ရှိသော်လည်း မြေပေါ်တွင် လိမ့်ကာ အော့အန်ဗိုက်နှိပ်၍နေသော ဂျပန် ၏ မနီးမဝေးမှ အညစ်အကြေးတို့ကို မြင်လိုက်ရသည့်အခါမှ ယခင် ဇာတ် ရှုပ်ကြီးမှာ အစင်းသား ပေါ်၍လာလေ၏ ။

ဤတွင်မှ ဂျပန်များ ယောက်ယက်ခတ်ကာ အခြေ အနေ ဣန္ဒြေ ပျက်နေကြသည်ကို ရိပ်မိ သိရှိ၍လာ၏ ။ မိမိတို့ အား အားလုံး သွားနိုင်ခွင့်ပြုသည့်အကြောင်းကို လည်း ဤတွင်မှ တွေးတောသိမြင်၍ လာ၏ ၊ စိတ်ကောင်း ရှိသော ဂျပန်တစ်စု ပေ ဟူ၍လည်း စိတ်ထဲမှ ချီးကျူးမိကာ မိမိတို့ အတွေး မှားမိသည်တို့ကို နောင်တ ရမိလေ၏ ။

ဂျပန်များအား ၎င်းတို့ စခန်းအတွင်း၌ အနေအထိုင် အစားအသောက် ချို့ငဲ့ဆင်းရဲခြင်းဒဏ်ကြောင့် လူမသိ သူမသိ ဝမ်းရောဂါ အကြီးအကျယ် ဖြစ်၍နေခြင်းပင်ဖြစ်၏ ။

     •••   •••   •••   •••

( ၄ )

ဂျပန်များ သည် စစ်တိုက်ရာတွင် အသေခံအရဲဆုံး သောသူများဖြစ်၏ ။ သို့သော် ထို အသေခံအရဲဆုံးသော ဂျပန်များ သည် ရောဂါတစ်ခုခု ကျရောက်ဖြစ်ပွားမည်ကို အကြောက်ဆုံး သူများ ဖြစ်ကြ၏ ။ ၎င်းတို့ ကြောက်ကြ သည်မှာ တိုင်းပြည် အတွက် မတိုက်ခိုက်ရဘဲ ၊ မသေထိုက် ဘဲ မသေဆုံး လိုခြင်း ပင် ဖြတ်ဟန် တူပေ၏ ။

တောကြီး မျက်မည်းကြီး ထဲတွင် အနေအထိုင် အစားအသောက် ချို့ငဲ့ဆင်းရဲလှသည်တွင် စစ်ရေးက တစ် နေ့တစ်ခြား ရှုံးနိမ့်ကာ မဟာမိတ်လေယာဉ်ပျံများကလည်း တစ်နေ့ ထက် တစ်နေ့ နေ့စဉ်လို ဗုံးမိုးရွာ၍ချနေရာ ရိက္ခာ လမ်း အဆက်အသွယ်များ ပြတ်လျက် ရှိကုန်၏ ။

နောက်ကြောင်းမှ စစ်ကူ၍ ဘာမျှမရဘဲ တောကြီး အလယ်ကောင်တွင် ဖြစ်ချင်သလို ဖြစ်၍ နေကြလေရာ တစ်နေ့ထက် တစ်နေ့ ဥတုရာသီ အစားအသောက် ချို့တဲ့ညှဉ်း ပန်းခြင်းဒဏ်ဖြင့် နောက်ဆုံးတွင် ကပ်ရောဂါအမျိုးမျိုး ဆိုက်ရောက်၍ လာခဲ့ခြင်းမှာ မထူးဆန်းလှပေ ။ အစားအ စာပင် နပ်မှန်မှန်လုံလောက်ပြည့်စုံအောင် မစားနိုင်မရနိုင် သော ဂျပန်များသည် အဘယ်မှာ ဆေးဝါးများကို လုံ လောက်ပြည့်စုံအောင် ရနိုင်တော့မည်နည်း ။ သနားဖွယ် ကောင်းလှသော စစ်သားများပင်တည်း ။ ဂျပန်များ သည် ကမ္ဘာပေါ်တွင် အောက်တန်းအနိမ့်ဆုံးနှင့် အဆင်းရဲဆုံး စစ်သည်များ ဖြစ်ကြပေသည် ။ 

ထို့ကြောင့်ပင် အနည်းငယ် စိတ်ကောင်းသဘောက လေးမျိုး မွေးမိဟန် တူပေသော ဂျပန်တစ်စု သည် မိမိတို့ သေကြေပျက်စီးရမည့်အတူတူ မထူးတော့ဟူသော သဘောမျိုးဖြင့် မြဒင် တို့ လူစုအား ဘေးလွတ်ရာသို့ ဘေးမဲ့ပေး၍ မောင်းနှင်ထုတ်လွှတ်လိုက်ခြင်းဖြစ်ဟန် တူ၏ ။ မိုက်မဲကြမ်း ကြတ်သော ဂျပန်အများ တွင် ဤလို စိတ်ကောင်းကလေး မျိုးရှိသော ဂျပန် အချို့လည်း ရှိချေသေး၏တကား ။ ဤ လောက သည် မျှော်လင့်ဖွယ် ဆုံးအောင် လုံးဝ တရားမမဲ့ သေးပေ ။

သို့သော် မြဒင် တို့ လူစုသည် မိမိတို့ ကဲ့သို့ပင် ခေါင်း တစ်လုံး ၊ ပခုံး နှစ်ဖက် ၊ ခြေလက်ဆင်တူ ရှိသော ဒုက္ခ သည် တစ်စုကို စွန့်ပစ်သွားရက်နိုင်ပါမည်လော ။

မြဒင် သည် ဂျပန်များ ဆွဲထားသည့် အတွင်းမှပင် ရုန်း ထွက်ကာ ယခင် လူးလှိမ့်နေသော ဂျပန် ရှိရာသို့ အတင်း ဇွတ်တိုး၍ သွားလေ၏ ။ ထို့နောက် ဂျပန် အား ယုယစွာ ကိုင်တွယ်စမ်းသပ်ကြည့်ရာမှ အနီးအနားရှိ ဂျပန်များ ကို အော်ဟစ်ခေါ်ယူလျက် မိမိ ကိုယ်တိုင် မကြောက်မရွံ့ ခေါင်း ဆောင်၍ လူနာဂျပန် ကို ဘေးလွတ်ကင်းရာနေရာတစ်ခုသို့ ခေါ်သွားလေ၏ ။ ထို့နောက် ဂျပန် အား ကိုယ်ဖိရင်ဖိ ယုယ စွာ ပြုစုလေ၏ ။

ကိုယ်တိုင်က ယခင် ဆေးကျောင်းသားတစ်ဦး ဖြစ်ခဲ့ ရာ ဤကိစ္စမျိုးတွင် မကြောက်မရွံ့ ဦးမလေးဘဲ သာမည သူများထက်လည်း နားလည်ကျွမ်းကျင်သူဖြစ်သည့် အလျောက် မြဒင် အတွက်ပင် ယခုကိစ္စမှာ အရေးကြီး ကြောက် မက်ဖွယ် ကောင်းသည့် ကိစ္စတစ်ခု ဟူ၍ မထင်မိပေ ။

ဂျပန်များ သည် မြဒင် ၏ လုပ်ပုံကိုင်ပုံနှင့် တကွ စိတ် သဘောထား ကြီးမြတ်လှသော မြဒင် အား အံ့သြစွာကြည့် နေကြလေ၏ ။ ဤတွင်မှ ဆေးကျောင်းသားဟောင်း တစ် ဦးဖြစ်ခဲ့သော မြဒင် အကြောင်း ကို သိရလေ၏ ။

သို့သော် လူမသိ သူမသိဘဲ အတွင်းကျိတ်၍ ဖြစ်နေ သော ဝမ်းရောဂါမျိုးစေ့ကား ဂျပန်တပ်စခန်း အတွင်း၌ အ တော် ပျံ့ပွား၍နေချေပြီ ။ အဆောက်အအုံ အတော်ကြီးမား ၍ နေ၏ ။

ဆေးဝါးကလည်း ပြည့်စုံအောင် မရှိ ၊ အစားအသောက် ကလည်း အလွန် ဆင်းရဲချို့တဲ့ လှပေရာ မည်သို့ပင် မြဒင် အစွမ်း ကောင်းလှသည် ဆိုသည့်တိုင် သိကြားမင်း နကင်းကြီး ဖြင့် ဆင်း၍ ကုသသော်လည်း ကယ်စွမ်းနိုင် မည့် အခြေအနေမျိုး မဟုတ်တော့ပေ ။

မြေနိမ့်ရာ လှံစိုက် ဆိုသလို လေယာဉ်ပျံများ ကလည်း နေ့စဉ်လိုလို လာ၏ ။ လာတိုင်း ဗုံးမိုးလာဘ်သပ်ပကာ တို့ ကို ချ၍ သွား၏ ။ လေယာဉ်ပျံလာတိုင်း ဗုံးမိုးရွာတိုင်း အကြောက် ဇော အားကြီးသော ဂျပန်များ သည် ထိုရောဂါ ကို တစ်မျိုး အားပေးသလို ရှိရာ နေ့စဉ် ဂျပန်များ ၏ သနားစရာ ဝိညာဉ် တို့သည် တင်နော်ဟေကာ ၎င်းတို့ ဘုရင်မင်း မြတ်ထံ အခစားဝင်ရန် သွားကြရရှာ၏ ။

ဝမ်းသမား ဂျပန်တို့ အား ဗိုက်ကလေးနှိပ်ကာ မျက် ဖြူကလေး ဆိုက်ကာ မျက်လုံးကလေး ပေကလပ်ပေကလပ်ဖြင့် ဟိုနေရာတစ်ယောက် သည်နေရာတစ်ယောက် ဖြင့် အနှံ့အပြား ဝေဒနာကို ခံစား၍ နေကြလေ၏ ။ ဝိညာဉ် ကွယ် ပျောက် ပြီးသော ဂျပန်များ မှာလည်း တစ်နေ့တစ်
ယောက်နှစ်ယောက် ဖြင့် မှန်မှန်ကြီး စခန်း သွားလျက် ရှိလေ ၏ ။

မကြာမီ မြဒင် တို့ ၏ မြန်မာစခန်းသို့ပင် ကူးစက်၍ လာ၏ ။ မြန်မာစစ်သား ရဲဘော်ကလေး တစ်ယောက် နှစ်ယောက်ပင် ဖိတ်စင်၍ သွားရလေ၏ ။ မြဒင် ၏ အသည်း ခိုက်စရာ အကြောင်းပင်တည်း ။ အခြားလူများထက် မြဒင် မှာ ထိုကိစ္စမျိုးတွင် တတ်ကျွမ်းနားလည်သူတစ်ယောက် ဖြစ်သည့်အတိုင်း တစ်ယောက် တည်း ဗျာ များ၍ နေ၏ ။ မိမိတို့ ဆရာ လုပ်သူတွင် အလုပ်များ၍ နေရာ တပည့် ရဲဘော်များမှာလည်း မနေအားနိုင်ဘဲ ဆရာ့ နောက်သို့ လိုက်ပါကူညီလုပ်ကိုင်ပေးရခြင်းဖြင့် မကြာမီ အလုပ်ပင်ပန်း အစားပျက်ခြင်းဒဏ်ကြောင့် ရောဂါစွဲကပ်လာခဲ့ရခြင်း ဖြစ်၏ ။

နောက်ဆုံးတွင်ကား ဆရာမနိုင် နှစ်ဆောင်ပြိုင် ဆို သော စကားကဲ့သို့ ဂျပန် - မြန်မာ စခန်းနှစ်ခုစလုံးတွင် ဝမ်း ရောဂါ အကြီးအကျယ် ပျံ့နှံ့ဖြစ်ပွား၍လာရာ တစ်နေ့တွင် ဂျပန်စစ်ဗိုလ်အမိန့်ဖြင့် မြန်မာရဲဘော်တပ်သားများ ဤ စခန်းမှ ချက်ချင်း ထွက်ခွာသွားရန် အမိန့် ရောက်လေ၏ ။

ထို အမိန့် အတိုင်း ရဲဘော်များအား သွားလိုကြ၏ ။ အချို့ရဲဘော်များမှာ ရောဂါကို အလွန်အကြူးကြောက်၍ နေကြလေပြီ ။ ရဲဘော်တိုင်း တိုက်ပွဲ မှန်သမျှ သူရဲကောင်း အစစ်များ ဖြစ်ကြသော်လည်း မမြင်ရသော ရန်သူကို မည် သည့်လက်နက်မျိုးဖြင့် တိုက်ခိုက်ချေမှုန်းရမည်ကို မသိသော အခြေအနေမျိုးသို့ ဆိုက်ရောက်၍ နေသဖြင့် ယခုအ ကြိမ်တွင် ရဲဘော်တို့ အတွက် စိတ်ပျက်အားငယ်ဆုံး အချိန် ဖြစ်လေ၏ ။ မိမိတို့ ဘဝကိုလည်း အချည်းနှီး အဆုံးမခံလို ကြပေ ။

သို့သော် မိမိတို့ အစ်ကိုကြီး အဘအရာ ဆရာရင်း မြဒင် အတွက် အခက်ကြုံရလေ၏ ။ မြဒင် သဘောကား မည်သို့နည်း ။

“ ကဲ ရဲဘော်တွေ အားလုံး ဆရာ့အနားကိုလာကြ စမ်း ။ မင်းတို့ ဒီနေ့ ဒီစခန်းက အားလုံး သွားကြရမယ် ။ ယူစရာ ငင်စရာရှိတဲ့ အထုပ်အပိုးတွေကို အားလုံး အဆင် သင့် သွားပြင်ထားကြပေတော့ ”

မြဒင် သည် မိမိ ၏ သားတပည့်များ ဖြစ်သော ရဲဘော် များကို ခေါ်၍ အမိန့် ပေးလေ၏  ။ မြဒင် ၏ အမိန့်ဆုံးသည့် အခါ ရဲဘော်များသည် ရုတ်တရက် ထွက်၍ မသွားသေး ဘဲ တစ်ယောက် မျက်နှာ ကို တစ်ယောက် မသိမသာ ကြည့် ကာ မြဒင် ၏ ရှေ့တွင် ယောင်လည်လည် လုပ်၍ ရပ်မြဲ ရပ်နေ ကြလေ၏ ။

“ ကဲ .. သွားကြပေတော့ ၊ မင်းတို့ ယူချင်တဲ့ အထုပ် ပိုးကလေးတွေကို သွားပြင်ထားကြ ။ ကနေ့ နေမကုန်ခင် အားလုံး ထွက်ကြရမယ် ။ ဒီ စခန်းမှာတော့ ကြာကြာနေဖို့ မသင့်ဘူး ” ဟု ရဲဘော်တွေ မသွားသေးသဖြင့် မြဒင် က ဆက်၍ ပြောလေ၏ ။ သို့သော် ရဲဘော်တွေ ကား နေရာမှ မဆုတ်သေးပေ ။

“ ကဲ .. ရဲဘော်တွေ လုပ်ကြ ၊ သွားကြလေ ” ဟု နောက်တစ်ကြိမ် အမိန့် ပေးလိုက်သောအခါ မှ

“ ဆရာကော ၊ ဒေါက်တာကော ၊ အဘကော ” ဟု ရဲဘော်များ သည် မြဒင် ၏ အမိန့်ကို မလွန်ဆန်ရဲသကဲ့သို့ ခပ်ရွံ့ရွံ့နှင့်ပင် အသီးသီး မေးကြလေ၏ ။

မြဒင် သည် ရဲဘော်များ ၏ မျက်နှာကိုကြည့်၍ တွေ နေ၏ ။ ထိုသို့ တွေနေရာမှ ၍သွား၏ ။ ရုတ်တရက် မိမိ စကား ကို ပြောဖို့ခက် မထွက်သလို ရှိဟန်တူ၏ ။

“ အေး ငါကတော့ ဒီမှာပဲ နေခဲ့တော့မယ် ။ ငါ သွားလို့ မဖြစ်ဘူး ။ ငါ သွားလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူး ။ မထူးမယ့် အတူတူ ငါတော့ ဒီမှာပဲ နေခဲ့မယ် ။ မင်းတို့ တတွေ သွားကြ ”

မြဒင် သည် ရဲဘော်များ ၏ မျက်နှာကိုကြည့်ရင်း ပြော ရာမှ ပြောရင်း မျက်နှာ မထားတတ်သလို တစ်ဖက်သို့ လွှဲ ၍သွားလေ၏ ။ ၎င်းအသံမှာ မူ မမှန်ပေ ။

ထို မူမမှန်သော စကားများကို ကြားရသော ရဲဘော် များမှာလည်း ရင်ထဲ ဆို့မတတ် ဖြစ်သွားကြလေ၏ ။ စကား ၏ အဓိပ္ပာယ် မကောင်းလှပုံနှင့်တကွ မိမိတို့ ဆရာမှာ မည်သည့်အခါမှ ဤကဲ့သို့ “ မင်း - ငါ ” စသည်ဖြင့် တင်းတင်းမာမာ မပြောခဲ့ဖူးသည် တစ်ကြောင်း ကို တွေးရင်း ရင် ဆို့ သွားကြလေ၏ ။ တစ်ယောက် မျက်နှာကို တစ်ယောက် လှမ်း၍ ကြည့်နေကြ၏ ။

“ ဟာ ဆရာ မပါရင် ကျွန်တော်တို့ ချည်းပဲ ဘယ်သွား လို့ကောင်းမလဲ ဆရာ ၊ ဆရာ့ ကို ကျွန်တော်တို့ ထားခဲ့ပြီး သွားလို့လည်း ဘယ်သင့်တော်မလဲဆရာ ” ဟု အနည်းငယ် ရဲဟန် ရှိသော ရဲဘော်တပည့်တစ်ယောက် က စ၍ ပြော လိုက်လေ၏ ။

“ အဘ မပါဘဲ ကျွန်တော်တို့ ချည်းသွားလို့ ဘယ် ကောင်းနိုင်မလဲ အဘ ရယ် ။ အဘ ပါ လိုက်မှပေါ့ ။ အဘ တစ်ယောက်တည်းလည်း ကျွန်တော်တို့ မထားခဲ့နိုင်ပါဘူး ” ဟု အခြား ရဲဘော်တစ်ယောက်က ထပ်၍ ပြောလေ၏ ။

“ ဒေါက်တာ မပါရင် ကျွန်တော်တို့ချည်းဖြင့် မသွား ချင်ဘူး ဒေါက်တာရယ် ၊ ဒေါက်တာမပါဘဲ ကျွန်တော်တို့ ချည်း သွားရမယ့်အစား ဒီမှာပဲ အတူတူစုပြီး အားလုံးသေ ကြရတာက ကောင်းသေးတယ် ။ ကျွန်တော်တို့ချည်းတော့ ဒေါက်တာ့ကိုခွဲပြီး မသွားပါရစေနဲ့ ဒေါက်တာရယ် ” ဟု အ ခြားရဲဘော်များ လည်း အသီးသီး တစ်ယောက် တစ်ပေါက် ပြောကြလေ၏ ။ မြဒင် သည် ရဲဘော်များ ၏ စကားကို တွေ ၍နားထောင်နေ၏ ။ မျက်နှာကား သိသိသာသာ မကောင်း ပေ ။ ထို့နောက် ခေါင်းကို ရမ်းကာ “ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ရဲဘော်တို့ ဆရာ့ စကားကို နားထောင် ။ မင်းတို့ ဒီမှာ နေဖို့ မသင့်ဘူး ရဲဘော်တို့ ဒီမှာနေလို့လည်း ဘာမှ အကျိုး ရှိမှာမဟုတ်ဘူး ။ အဲဒီတော့ သွားမှဖြစ်မယ် ။ အကျိုးမရှိတဲ့ နေရာမှာနေလို့ ဘာအကျိုးထူးဦးမှာလဲ ။ အလဟဿ သေ လို့လည်း ဘာအကျိုးရှိမှာလဲ ။ ဒီမှာနေလို့မဖြစ်ဘူး ၊ သွား ကြ ငါ့တပည့်တို့ သွားကြ ” ပြောရင်း မြဒင် ၏ အသံ မှာ တုန်ရီ၍ သွားသလို ရှိလေ၏ ။

“ မသွားပါရစေနဲ့ ဒေါက်တာရယ် ၊ ကျွန်တော်တို့ ချည်း... ” ရဲဘော်များ ၏ စကားမဆုံးမီ မြဒင် ၏ မျက်နှာမှာ ရုတ်တရက်တင်းမာ၍လာသလို ရှိရာမှ -

“ အို မသွားလို့ ဘယ်ဖြစ်မလဲလေ ၊ အကျိုးမထူးတဲ့ နေရာမှာနေလို့ ဘာအကျိုးထူးမှာလဲ ၊ ရဲဘော်တို့ သွားမှ ဖြစ်မယ် ၊ သွားရမယ်လေ ”

“ မသွားပါရစေနဲ့ အဘရယ် ”

“ အို သွားရမယ်ဆိုတာ ဘာလို့ မသွားရမှာလဲ ။ အမိန့်ကွ ဒါ ငါ အမိန့် ပေးနေတာ ။ မင်းတို့ သွားရမယ် ။ ဒီမှာ နေလို့ ဘာမှ အကျိုးမရှိဘူး ။ ဒါကြောင့် သွားရမယ် ။ ငါ့ အမိန့် နဲ့ ”

ရဲဘော်များမှာ ဘာမှ ပြန် မပြောဝံ့ကြတော့ပဲ တစ် ယောက်မျက်နှာ ကို တစ်ယောက် လှမ်း၍ ကြည့်ကြရာမှ အ သီးသီး ခေါင်းငိုက်စိုက် ကျသွားကြလေ၏ ။

“ စစ်သားဆိုတာ အလဟဿ အကျိုးမရှိဘဲ ဘယ် နေရာမှာမှ မနေရဘူး ၊ မသေရဘူး ။ အကျိုးမရှိဘဲ ဘယ်နေ ရာမှာမှ အချိန် မဖြန်းရဘူး ၊ အခု မြန်မာပြည်ကြီး ဟာ အင်မတန် အရေးကြီးနေတဲ့ အချိန် ရောက်နေတယ်ဆိုတာ မင်းတို့ သိတဲ့ အတိုင်းပဲ ။ အဲဒီတော့ ဒီအချိန်မှာ ရဲဘော်တို့ဟာ အ များကြီး အသုံး ဝင်နိုင်တယ် ။ ဒီမှာနေလို့ ဘာမျှ အကျိုးမရှိ နိုင်ဘူး ။ ဒါကြောင့် ရဲဘော်တို့ သွားကြရမယ် ။ ဒီမှာ နေဖို့ မသင့်ဘူး ။ ရဲဘော်တို့ဟာ အဖနိုင်ငံကြီးရဲ့ တာဝန်ကို အများကြီး ထမ်းဆောင်ဖို့ အချိန်တွေ ရှိသေးတယ် ။ ရဲဘော်တို့ အကျိုး အတွက်နဲ့ မြန်မာပြည်ကြီးရဲ့ အကျိုးအတွက် ကိုပါ ကျုပ် ပြောနေတာ ၊ ကျုပ် စကားကို နားထောင်ကြပါ ”

ထိုသို့ မြဒင် ပြောစဉ် ရဲဘော်အချို့ထံမှ မသိမသာ ရှိုက်လိုက်သောအသံတစ်ချက်နှစ်ချက်ကို ကြားရလေ၏ ။ မြဒင် က ဆက်၍ -

“ ရဲဘော်တွေကို ကျုပ် ယုံကြည်တယ် ၊ ရဲဘော်တွေ စေတနာကို ကျုပ် ကြည်ညိုတယ် ၊ ကျုပ် အားကိုးတယ် ။ ဒါပေမဲ့ အခု ကျုပ် မလိုက်နိုင်တာက ဆေးဆရာသဘောမျိုး နဲ့ကြည့်ပြီး မျက်စိအောက်မှာ ဝေဒနာခံစားနေရတဲ့ ဒုက္ခ သည် လူနာတွေကိုပစ်ပြီး မသွားရက်နိုင်ဘူး ။ ဆရာ ဆိုတာ ဂျပန် မှ မြန်မာ မှ မဟုတ်ဘူး ။ ရန်သူ - မိတ်ဆွေ မရှိဘူး ။ မရွေးကောင်းဘူး ။ ဒါကြောင့် ကျုပ် ဒီမှာနေရစ်ခဲ့တာပါ ။ ကျပ် တစ်ယောက်အတွက် နဲ့ ရဲဘော်တွေ အကျိုး မပျက်စီးစေချင်ဘူး ။ ဆရာ တစ်ယောက်ကြောင့်လည်း ရဲဘော်တွေမှာ ဘာမှ မထူးပါဘူး ။ ဒါကြောင့် ဆရာ့ စကား နားထောင်ကြပါ ။ ဆရာ စိတ်ချလက်ချ မှာ လိုက်ပါရစေ ။ ခုအခါ မြန်မာ ပြည်ကြီး ဟာ အင်မတန် အရေးကြီးနေတဲ့ အချိန်ကောင်း ကြီးမှာ အလဟဿ အချိန် မကုန်ချင်ကြပါနဲ့ ။ အချိန်မီ ကိုယ့် တာဝန် ကိုယ် ထမ်းဖို့ သွားကြပါ  ။ ဒါပဲ ဆရာ ပြော ချင်တယ် ။ ဒီလောက်ပြောရင် ငါ့ တပည့်များ ရိပ်မိလောက်ရောပေါ့  ”

မြဒင် သည် ပြောရင်း အသံများ တိမ်၍ဝင်ကာ စကား ပြတ်၍သွား၏  ။ ခေါင်းငိုက်စိုက်ချကာ မြဒင် ပြောသ မျှကို နားထောင်နေကြသော ရဲဘော်များကား တုတ်တုတ် မျှ မလှုပ်မရှား ၊ အသံကလေး တစ်ချက်မျှ မကြားရဘဲ ထို ခဏမျှသော အချိန်ကလေးသည် တောကြီးသာခေါင် အလယ်ရှိ မြန်မာ့တပ်မတော်ကြီး မှ မြန်မာ့တပ်စိတ်ကလေး မှာ မကြုံစဖူး အထူးကြီးထူးစွာ ဆိတ်သုဉ်းငြိမ်သက်၍သွား လေ၏ ။

ရဲဘော်အချို့ ၏ တရှုံ့ရှုံ့ ရှိုက်သံကလေးများ ကို သာ တစ်ခါတစ်ရံ ကြားရ၏ ။

“ ကျွန်တော်တို့ အဘ စကား နားထောင်ပါ့မယ် ။ အဘ အမိန့်အတိုင်း သွားပါတော့မယ် ။ ဒါပေမဲ့ ကျွန်တော် တို့ ရဲဘော်တွေမှာ အဘ တစ်ယောက်တည်း တောကြီး မြက်မည်း အလယ်ကောင်မှာ ခွဲသွားရတဲ့အတွက် ရင်ကွဲတာ ပါပဲ ။ မသွားခင် ကျွန်တော်တို့ ရဲဘော်တစ်စု အဘ ကို ဦးတင် ကန်တော့ခဲ့ပါတယ် ” ဟု ခေါင်းဆောင်ရဲဘော်တစ်ဦး က စတင်ကာ မျက်ရည်တွေ ယိုရွဲသော မျက်လုံးမျက်နှာ တို့ ဖြင့် စိတ် ကို တင်း၍ ပြောလိုက်ရာ မှ “ ရဲဘော် သတိ ” ဟု ငိုသံပါပါဖြင့် အချက်ပေးလိုက်ရာ အားလုံးသောရဲဘော် များသည် မျက်ရည်လည်ရွဲ အူအသည်း ခိုက်မတတ် မချိ ဝမ်းနည်းသော မျက်နှာအမူအရာ တို့ဖြင့် ဦးခေါင်းကိုညိတ် ကာ မြဒင် အား တစ်ပြိုင်တည်း ကန်တော့ကြလေ၏ ။

“ အေး အေး ငါ့တပည့်များ ဘုန်းကြီးလို့ သက်ရှည် ကြပါစေ ၊ လိုရာခရီးကို ခလုတ်မထိ ဆူးမငြိဘဲ ကောင်း ကောင်းမွန်မွန် ချောချော မောမော ရောက်လို့ အဖနိုင်ငံတော် ကြီးရဲ့ အကျိုးကို သက်စွန့်ကြိုးပမ်းသယ်ပိုးရွက်ဆောင်နိုင် ကြပါစေဗျာ ၊ သာဓု ... သာဓု ... ”

သာဓု သုံးကြိမ် ကိုပင် ပြည့်အောင် ဆုမပေးနိုင်ဘဲ မြဒင်သည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေ၏ ။ ရဲဘော် များဘက်ဆီသို့ တစောင်းမျှ တိမ်းလှည့် ၍နေသော မြဒင် ၏ ခေါင်း တစ်ခုလုံးကား တုန်တုန်ရီရီလှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို တွေ့ရလေ၏ ။ တစ်ယောက် အပူ ကို တစ်
ယောက် ကြာရှည်စွာ မမြင်ရက် ၊ မကြည့်ရက်နိုင်သော ရဲဘော်များလည်း ထိုခဏ၌ပင် မြဒင် ၏ မျက်မှောက် ပျောက်ကွယ် ထွက်ခွာ၍ လာကြလေသတည်း ။

     •••   •••   •••   ••• 

(  ၅  )

ဤသို့ဖြင့် မြဒင် နှင့် ရဲဘော်တစ်စု တို့ ၏ ဒုက္ခတွေ ပင် လယ်ဝေခဲ့သည် ။ လူမနီးသူမနီးသည့် တောစခန်း ကြေကွဲ ဝမ်းနည်းဖွယ် ထိုအဖြစ်အပျက်ဇာတ်လမ်းကလေးကား ဤမျှနှင့် ပြီးဆုံးခဲ့လေ၏ ။ သို့သော် ယခု အတ္ထုပ္ပတ္တိ ကား မပြီးဆုံးသေးပေ ။

တစ်နေ့ပြီ း တစ်နေ့ ၊ တစ်ရက်ဘပြီး တစ်ရက် ၊ တစ်လ ပြီး တစ်လ စသော မြန်မာပြည်ကြီး ၏ အလူးအလဲခံခဲ့ရသော အချိန်တွေမှာ တဖြည်းဖြည်း ကုန်လွန်ခဲ့၏ ။ ထိုအချိန်များ အတွင်း သေသူ လည်း သေ ခဲ့ရ၏ ။ ကြေသူ လည်း ကြေ ခဲ့ရ ၏ ။ ဝမ်းနည်း သူ လည်း ဝမ်းနည်း ၊ ရင်ကွဲ သူ လည်း ရင်ကွဲ ခဲ့ကြရလေပြီ ။

ကျွန်ုပ်တို့ အထက်တွင် ဆိုခဲ့သည့်အတိုင်း အပြောင်း အလဲ ရှိရမြဲ ဖြစ်သော ဤလောကတွင် အဆိုး တွေ့ က အကောင်း တွေ့ ရစမြဲ ။ အပျက် တွေ့ က အဖြစ် တွေ့ရစမြဲ ဓမ္မတာအတိုင်း မကြာမီ အချိန်သည်လည်း ယခင်မြဒင် တို့ နှင့် မြန်မာ - ဂျပန် ဒုက္ခသည် ရဲဘော်တစ်စုတို့အား အ‌မေ့ကြီး လောက်သော အခါနာရီသို့ ရောက်၍ လာခဲ့ရလေ၏ ။

အနှစ်နှစ်အလလ တစ်ယောက်ကိုတစ်ယောက် ထိုး ခုတ် ၊ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကာ ( စစ် ကြီး ) ဟု ခေါ်သော သွေးချောင်းစီးခဲ့သည့် လူသတ်ပွဲကြီး သည်လည်း ပြီးဆုံးခဲ့လေပြီ ။ ဂျာမနီ - ဂျပန်များလည်း စစ် ရှုံး၍ လက်နက်ချပြီးခဲ့လေပြီ ။ အချိန်ကား တစ်နှစ်ပင် မြောက်ခဲ့ပြီတကား ။ မြဒင် နှင့် တကွ သေကြေပျောက်ဆုံး ခဲ့ကြသော ရဲဘော်တစုတို့အ ား အမေ့ကြီးကာ ပျော်၍ ရွှင်၍ ကောင်းသောအချိန်ပင်တည်း ။

“ အောင်တပ်တော်ကြီးလည်း ချီလာပါပြီ ၊ ဗမာအာဇာနည် ကမ္ဘာမှာတာရှည် ၊ ငါတို့ကြံဆောင်မည် အောင်ပြီ ” ဟူသော စစ်ချီသီချင်းများ ။

“ ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် ၊ မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်.. ၊ တိုင်း ပြည်ကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် ...  ” အစရှိသော ဗိုလ်အောင်ဆန်းသီချင်းများ ။

“ သဒ္ဓါမျှတဲ့ အာရှလူငယ် မောင်မယ်တွေကညီ ၊ တစ် ကိုယ့်ကောင်းစိတ် ပယ်ရှားကာပင် စေတနာကြည်လင် ၊ ခုနေအခါမှာ တို့လူငယ်တွေ စည်းလုံးညီညွတ်ပြီ ” စသော အာရှလူငယ်သီချင်းများ ၊ “ ရိုင်ဖယ်ကို ကိုင်ဆောင်က နိုင် အောင်သာ ကိုက် မောင်ရယ်... ချစ်သူ အတွက်ကို နောက်ဆံ မတင်းနဲ့ ထင်လင်းစွာပဲ စိတ်ချယုံကြည် ။
ဪ .. ဝမ်းသာလို့မဆုံးနိုင်တော့တယ် ။ စစ်ကိုက်က ပြန်ရင်ကွယ် ၊ အလိမ္မာကလေးကို ဆတက်ထမ်းပိုး ကိုးလို့ ချစ်ပါ့မယ် ” ဆိုသည့် စစ်သားနှင့် ချစ်မယား သီချင်းများ ။

“ စစ်ပြီးရင်လေ မောင်ပြန်ခဲ့မယ် စောင့်နေတော်မူဦး ကွယ် ... ”  စသော စစ်သားနှင့် အချစ်ရည်းစားသီချင်းကော့ လည်း စုံခဲ့ကြပြီ ၊ စုံသလောက် ဆို၍ ကောင်းသော အချိန် သို့လည်း ရောက်ခဲ့ပြီ ။

စစ်ကြီးပြီးစ ပျော်တပြုံးပြုံးနှင့် မော်မဆုံးဘဲ အကြည် လုံး ဆိုက်သူများလည်း ဆိုက်နေကြ၏ ။ ထိုအထဲတွင် ကျိုး သူကန်းသူမဲ့သူရဲ့ သူများလည်း ကျိုးခဲ့ကန်းခဲ့ပဲ့ခဲ့ရဲ့ ခဲ့ကြ၏ ။ သေကွဲရှင်ကွဲ အမျိုးမျိုး ကွဲ၍ အသက်သွေးခဲ မမြဲသူများ လည်း ပါမည် မုချ အနန္တ  ။

သို့သော် ကျိုးသူ ပဲ့သူများကား အသက်သေဆုံးရ သည့် သူများထက်ကား အခြေတော်ကာ ဖြေဖျော်နိုင်စရာ ရှိသေးရာ စစ်ကြီးပြီး သူတစ်ပါးတတွေ ချမ်းသာရ၍ ချစ် မနိုင်သော အချိန်မျိုးတွင် ထိုကဲ့သို့ သေကွဲ - ရှင်ကွဲ ကွဲရသော သက်ဆိုင်ရာသူများ အဖို့ကား အဘယ်သို့ ဖြေဖျော် ဖွယ် ရှိနိုင်မည်နည်း ။ ပုထုဇဉ်တွေပါတကား... ။

ထို့ကြောင့် အခြားသူများ မေ့သော်လည်း မမေ့နိုင် ၊ အခြားသူတွေ ပျော်ကြသော်လည်း မပျော်နိုင် ၊ တပ်စိတ်ဗိုလ် ကလေး မြဒင် ကို စောင့်မျှော် ၊ သူ့ အတွက် ကိုသာ သတင်း မေး  ၊ မြဒင် အတွက် သောက မအေးဘဲ အတွင်း ဆွေး ဆွေး ၍နေရှာသော မြဒင် ၏ ရည်းစားသည် ခမျာ မမြနှစ်ကလေး မှာကား စစ်ကြီး ပြီး၍ တစ်နှစ် စေ့မြောက်သော ယမနေ့ အချိန် သို့ရောက်သည့်တိုင် မမေ့နိုင် မပျောက်နိုင် မရွှင်နိုင်မလန်း နိုင် ပုထုဇဉ်ပါတကား ။

ဂျပန်များ စစ်ရှုံး ၍ လက်နက်ချအပ်စဉ်က အရပ်ရပ် မှ ဂျပန်သုံ့ပန်းများ ကို ခေါ်ဆောင်ယူလာသည့်အခါ မြန်မာပြည် အထက်ပိုင်း နယ်ခြားတောကြီး ထဲမှ ဂျပန်သုံ့ပန်း များတွင် ချိုင်းထောက်ကြီး တစ်ခု နှင့် ခြေ တစ်ဖက် မရှိသော မြန်မာတစ်ယောက် ကို တွေ့ရသည်ဟူသော သတင်းကို အစ ပထမ ကမူ ကြားရ၏ ။

သို့သော် ထိုသတင်း မှာ မကြာမီ အစပျောက်၍သွားကာ ဂျပန်သုံ့ပန်းများလည်း အရပ်ရပ်အနယ်နယ် ဆိုင်ရာ အလုပ်စခန်းများ ဝေခွဲ စေလွှတ်၍ ပို့လိုက်ကုန်၏ ။ ထို့နောက် ထို ဂျပန်သုံ့ပန်းစခန်းများ တွင် လိုက်လံရှာဖွေ မေး မြန်းသည့်အခါတွင်လည်း ထို ဗမာစစ်သား အကြောင်း ကို မသိရ ၊ မတွေ့ရပေ ။

ထိုအတွင်း ဂျပန် သုံ့ပန်း တစ်ယောက်နှင့်တွေ့ရာ “ ဘိရုမာစတာ တစ်ယောက် ကောင်းကောင်း ရှိတယ် ၊ မာစတာနော် အစ်ရှု ( ဆရာဝန် ) ဖြစ်တယ် ။ နိပွန်တွေနော် ( ဗိုက် ကို နှိပ်၍ပြကာ ) မကောင်းဘူးရှိတယ်နော် သေတယ် က ။ ဘိရုမာ အစ်ရှမာစတာနော် နိပွန် ကို ကောင်းကောင်းကြည့် တယ် .. အခုနော် ဘိရုမာ မာစတာ မရှိဘူး ။ ဘယ်ကို သွားကယ် မသိဘူး ။ ကောင်းကောင်း ရှိတယ် မာစတာ နော် က.. ” စသည်ဖြင့် မြန်မာစကား မလည်မပတ်ဖြင့် တစ်လုံးစ ၊ နှစ်လုံးစပြောရာမှ ဂျပန်လို နားလည်သော ရဲ ဘော်တစ်ဦး က လိပ်ပတ်လည်အောင် မေးသည့်အခါ -

ထိုသူမှာ မြဒင် ပင် ဖြစ်၍ ဂျပန်များ ဝမ်းရောဂါဖြစ် သည်တွင် ကိုယ်ဖိရင်ဖိပြုစုရာမှ တစ်နေ့တွင် မဟာမိတ် လေယာဉ်ပျံများ တောင်းဆောင်ကြီးများ အတွင်းသို့ ရန် သူများရှင်းလင်းသည့်အနေဖြင့် ဗုံးမိုးအကြီးအကျယ် ရွာချ လိုက်သည်တွင် ဂျပန်ပေါင်းများစွာ ထိခိုက်သေကြေ၍ မြဒင် ကိုလည်း ခြေထောက် ကို ဗုံးဆံ ထိသဖြင့် ခြေ တစ်ဖက် ပြတ်သွားကြောင်း ရှင်းလင်းစွာ သိရလေ၏ ။

ဂျပန်သို့ ပန်းများကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ရာ၌ ခြေတစ်ဖက် မရှိသော မြန်မာတစ်ယောက် ဆိုသည်မှာ မြဒင် ပင်ဖြစ်သည့်အကြောင်းကို ဤတွင်မှ ဧကန် သိမြင်၍ လာ လေ၏ ။

သို့သော် မြန်မာတစ်ယောက် ဖြစ်သဖြင့် မဟာမိတ် တပ်သားများမှာ အထူး ဂရုမစိုက်ဘဲ သွားလိုရာ သွားနိုင်ကြောင်း ခွင့်ပြုလိုက်ရာတွင် မည်သည့် အရပ်ကို ထွက်သွား သည်မသိ ၊ ပျောက်ကွယ်သွားတော့ကြောင်း ဤမျှဖြင့်သာ နောက်ဆုံး သိရလေ၏ ။ ဤတွင် မြဒင် ၏ ဒုတိယ ဇာက်  လမ်းမှာ အဆုံး သတ်ရပြန်၏ ။

ရည်းစားသည်ကလေး မမြနှစ် ကား ချစ်ဦးရည်းစား စိတ်ထားသဘောထား ပြည့်ဝသော မြဒင် အား ယနေ့တိုင် မမေ့နိုင်ပေ ။

“ မြ ရာ ၊ ဒီလောက်တောင်ပဲ ပူဆွေးဒုက္ခ ရောက်မနေပါနဲ့ ။ တစ်နေ့နေ့ တွေ့ရမှာပေါ့  ။ အကြောင်းဖြစ်ရင်လည်း တစ်ခုခု ကြားရမှာပါပဲ ။ ကျွန်တော်တို့ လည်း ဒေါက်တာ ရဲ့ အကြောင်း ကို အမြဲ ထောက်လှမ်း စုံစမ်းလျက်ပါပဲ ” ဟု မျိုးချစ်တပ်မတော် ဗိုလ်ကလေး ဗိုလ်လှဝင်း က မမြနှစ် အား အမြဲတမ်း ဖျောင်းဖျပြောဆိုလေ၏ ။

ဗိုလ်လှဝင်း ဆိုသည်ကား အခြား မဟုတ် ၊ ထိုစဉ်က မြဒင် ၏ တပည့် ရဲဘော်တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ တစ်ယောက် ဖြစ်၏ ။မြဒင် ကို ခွဲခွာခဲ့ကြပြီးနောက် တော်လှန် ရေး အရေးတော်ပုံတွင် စွန့်စွန့်စားစား ဝင်ရောက်ထမ်း ဆောင်ခဲ့ခြင်းဖြင့် ယခုအခါ ရာထူး တက်၍ မျိုးချစ်တပ်မတော် ဗိုလ်ကလေး ဘဝသို့ ရောက်လာခဲ့ခြင်း ဖြစ်လေ၏ ။

မိမိ တို့ ၏ မိဘဆရာသမား အရာ ထားခဲ့သော သူ ၏ ရည်းစားသည်တစ်ဦး ဖြစ်သည့်အတိုင်း မြနှစ် ဆီသို့ နေ့ တိုင်းလာ၍ အရာရာ စောင့်ရှောက်ခဲ့၏ ။ မြဒင် အကြောင်းနှင့် ပတ်သက်၍ အားပေး စကား ပြောခဲ့၏ ။ မြနှစ် မှာလည်း ဗိုလ်လှဝင်း လာရောက်အားပေး သည့်အခါများတွင် ချစ်ရည်းစားသည် မြဒင်အတွက် စိတ် သက်သာရာရသလို ရှိလေ၏ ။ ထို့ကြောင့် ဗိုလ်လှဝင်း အလာ ကိုသာ စောင့်၍ မျှော်မိ၏ ။ ဗိုလ်လှဝင်း လာလျှင် မြဒင် သတင်း ကို မေးမြန်းရခြင်းဖြင့် စိတ်အနည်းငယ်ပြေ ပျောက်သလိုလိုရှိရာ နောက်ဆုံးတွင် မြနှစ် မှာ ဗိုလ်လှဝင်း လာမှပင် စိတ်ပျော်ရွှင်သလို ရှိလာပေ၏ ။

အိုးချင်းထား - အိုးချင်း ထိ ဟူသော လောက စကား . ရှိ၏ ။ နှစ်ဦး နှစ်ယောက်စလုံး လွတ်လပ်သူ အပျို နှင့် လူပျို များလည်း ဖြစ်၍ နေရာ မကြာမီတွင် တစ်ဦး အပေါ် တစ်ဦး စိတ်ထားပြောင်းလဲ ဖောက်ပြန်လာမည် ဆိုက ဓမ္မတာ အရ မည်သူ ငြင်းနိုင်ပါမည်နည်း ။ သဒ္ဒါ မှ ဘယာ ဟူသော ကမ္ဘာ့ စကားသည် အပူပွားနေသော ထိုသူနှစ်ယောက် ကျမှ အ ဘယ်သို့ ပြောင်းလဲ၍ စီရင်နိုင်မည်နည်း ။

သို့သော် လောကတွင် အမှားမှား အယွင်းယွင်းများ အကြား၌ မီးပြတံတိုင်းကြီးတစ်ခုကား ကာဆီး ရပ်တည်၍ နေသေး၏ ။ ထို တံတိုင်းမီးပြကြီးကား လူ့လောက နှင့် တိရစ္ဆာန်လောက ကို ခွဲခြားထားသော ကိုယ်ကျင့်တရား ပင် ဖြစ်၏  ။ ဗိုလ်လှဝင်း နှင့် မမြနှစ် တို့မှာလည်း ထိုကိုယ် ကျင့်သိက္ခာတရားကလေး တစ်ခုက တားဆီး၍နေခြင်းဖြင့် ဤမျှ ရက် - နေ့ အချိန် နာရီတွေ အတွင်း သန့်ရှင်းစင်ကြယ်၍ နေနိုင်ခဲ့ကြခြင်း ဖြစ်လေ၏ ။

ရံဖန်ရံခါ တစ်ယောက် ကို တစ်ယောက် မရိုးသော မျက်လုံးတို့ဖြင့် ကြည့်မိကြ၏ ။ တစ်ဦး ကို တစ်ဦး ဆင်ကြံ ကြံ မိကြ၏ ။ ထိုသို့ အလော်မာ မြူး၍လာတိုင်း “ တော်ပါ ဘူး ” ဟူသော ကိုယ်ကျင့်တရား တံတိုင်း က ကာဆီး၍ ပေးလိုက်ကြပြန်၏ ။

တစ်နေ့ နံနက်တွင် ဗိုလ်လှဝင်း ၏ မော်တော်ကား ကလေး ရောက်လာ၏ ။

“ မြ စိတ်ပြေ လက်ပျောက် ဒီနေ့ အောင်ပွဲနှစ်ပတ် လည် အထိမ်းအမှတ် လှည့်ပွဲကို သွားရအောင် ကိုလှဝင်း လာ ခေါ်တယ် ။ ကဲ အဝတ်အစားလဲပါ ၊ ကိုလှဝင်း ကား ပေါ်က စောင့်နေမယ် ”

“ အို မြ မလိုက်ချင်ပါဘူး ကိုလှဝင်း ရယ် ။ သွားပါ တော့ ” ဟု မြနှစ် က ငြင်းနေ၏ ။

“ အို စိတ်ပြေလက်ပျောက်ပေါ့ မြ ရယ် ။ ဒီလိုချည်း တစ်ယောက်တည်း တွေးနေလို့ ဆွေးရုံ ရှိမပေါ့  ။ ထပါ ကိုလှဝင်း တမင် လာခေါ်တာပဲဟာ ”

မြနှစ် သည် လှဝင်း မျက်နှာ ကို တစ်ချက်ကြည့်ပြီး အ လိုလိုက်သည့်ဟန် ၊ မငြင်းမဆန် ထ၍ အခန်းတွင်းသို့ ဝင် ၍ အဝတ်အစားများ ကို လဲလှယ်လေ၏ ။ ဗိုလ်လှဝင်း သည် မြနှစ် ထ သွားရာသို့ ငေး၍ ကြည့်ရင်း ကျန်ရစ်ခဲ့၏ ။ ၎င်း၏ စိတ်ထဲ၌ အတွေးများမှာလည်း မရှင်းလင်းပေ ။

မကြာမီ မော်တော်ကားကလေး ပေါ်တွင် နှစ်ယောက် သား လိုက်ပါလာကြ၏ ။ တစ်နှစ်တစ်ခါ လွတ်လပ်ရေး ဆာလောင်နေသော မြန်မာတို့ ၏ အောင်ပွဲနေ့ကြီးဖြစ်ရာ အ သွားအလာ အလွန် စည်ကားလှပေ၏ ။ ဗိုလ်လှဝင်း တို့ လည်း အောင်ပွဲ ကျင်းပရာနေရာ အနီးသို့ရောက်လျှင် ကြီး မားသော လူထုကို မြင်ရသည်တွင် အားပါးတ ရရှိလှကာ ရောက်လိုစောဖြင့် ကား ကို သတိမရဘဲ အနည်းငယ် လစ်သလို ရှိသွားစဉ် မိမိတို့ အနီးမှ ဟစ်အော်ဆူညံသံများကို ကြား ရလေ၏ ။

မော်တော်ကား လည်း ရပ်၍ သွားရာ ဤတွင်မှ သတိ ရကာ မိမိတို့ ရှေ့ မနီးမဝေးတွင် ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားတို့ဖြင့် စိတ်မနှံ့ဟန် လူတစ်ယောက် လဲနေ သည်ကို တွေ့ရလေ၏ ။ ထိုသူအား မိမိ ကားဖြင့် အမှတ်မဲ့ ဝင်၍တိုးမိကြောင်း သိရကာ ထိုအတွင်းပင် သူနာပြုတပ်သားများ လည်း ဝိုင်းဝန်း ရောက်လာကြလေ၏ ။ မော်တော် ကား အတိုး ခံရသူမှာ ဒဏ်ချက် မပြင်းထန်လှသော်လည်း အသက် က ကြီး ၊ အားအင် က ပြတ်လပ် ကုန်ခန်းပုံကြောင့် သတိမရဘဲ မေ့မြောနေရာ သူနာပြုများ က အဆင်သင့် ရှိသော ၎င်းတို့ ကားဖြင့် ဆေးရုံ သို့ အလျင်အမြန် ဆောင် ယူသွားလေ၏ ။

ဗိုလ်လှဝင်း ကား အောင်ပွဲကိစ္စကြောင့် စိတ်များနေကာ သူနာပြု တပ်သားများအား တောင်းပန်စကား ပြောဆို ပြီးနောက် မကြာမီ ဆေးရုံကြီးသို့ မိမိလိုက်လာခဲ့ပါမည့် အကြောင်း မှာထားလိုက်လေ၏ ။

အောင်ပွဲကြီး လည်း စတင်၍ ကျင်းပလေ၏ ။ အဖ နိုင်ငံတော်ကြီး လွတ်လပ်မှု အတွက် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော်များ ကို အရိုအသေပြုသည့်အခါ တွင် မမြနှစ် ဆီမှ ရှိုက်သံ တစ်ချက်ထွက်၍လာ၏ ။

လှဝင်း မှာလည်း မျက်နှာ မကောင်းဘဲ အမှတ်မဲ့ ကြည့်လိုက်ရာ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားရင်း ခေါင်းကလေးမှာ တဆတ်ဆတ်တုန် လုပ်နေသည်ကို တွေ့ရ ၏  ။ လှဝင်း ကိုယ်တိုင် မိမိတို့ ဆရာမြဒင် ကို သွား၍သတိရ ကာ မျက်ရည်များ စို ၍လာ၏ ။

“ ပြန်ကြပါစို့ ကိုလှဝင်း ရယ် ၊ ဒီမှာ နေရတာ တယ် စိတ်မကောင်းပါဘူး ၊ ပြန်ချင်ပါပြီ ”

“ ကဲ မြ ပြန်ချင်လည်း ပြန်တာပေါ့လေ ။ မပြန်ခင် ခုနကိစ္စအတွက် ဆေးရုံကြီးကို ခဏကလေး ဝင်လိုက်ပါ စေဦးနော် ” ဟု ဗိုလ်လှဝင်းလည်း မြနှစ် အလို ကို လိုက်ကာ ဆေးရုံကြီး သို့ မောင်းနှင် ထွက်လာခဲ့လေ၏ ။

မိမိတို့ ဆေးရုံ အဝ သို့ရောက်လျှင်ပင် ပျာယီးပျာယာ ထွက်လာကြသော ရဲဘော်နှစ်ယောက် နှင့် တွေ့ရ၏ ။ ဗိုလ်လှဝင်း ကို မြင်လျှင် အရိုအသေ ပြုပြီးနောက် ...

“ အဆင်သင့်ပဲ ဗိုလ်ကြီးရယ် ခုနက ဗိုလ်ကြီး ကား နဲ့ တိုက်မိတဲ့ အဘိုးကြီး မရှိတော့လို့ ”

“ ဟင် ဘာဖြစ်သွားလို့လဲ ” ဟု ဗိုလ်လှဝင်း က အံ့ အားသင့်သွားရင် ပြန်မေးရာ ရဲဘော်များ က -

“ ဘယ် ထွက်သွားတယ်မသိဘူး ဗိုလ်ကြီးရဲ့  ။ ဆရာဝန်များလည်း အလုပ် များနေတုန်း သူ့ နေရာကို လာတော့ မတွေ့တော့ဘူး ။ ထူခြားတာ တစ်ခုက ဟောဒီမှာ ” ပြော ပြောဆိုဆို မမြနှစ် ရှိရာသို့ မသိမသာ တစ်ချက် လှမ်းကြည့်လိုက်ရင်း ညစ်ထေးဟောင်းနွမ်းနေသော မှတ်စု စာအုပ်ငယ် ကလေးတစ်ခု ကို ဗိုလ်လှဝင်း ၏ လက်သို့ ပေးလိုက်လေ၏ ။

“ ဒီလူကြီး သတိမေ့နေတုန်း သူ့ပစ္စည်းကလေးတွေ ကိုယူပြီး ခေါင်းအုံးအောက်မှာ ခဏ ထားတာ ၊ သူ ထွက် သွားတော့ သူ့ ပစ္စည်းကလေးတွေ ကျန်နေခဲ့ပါတယ် ”

ဗိုလ်လှဝင်း သည် မှတ်စုစာအုပ်ကလေးကို အမှတ်မဲ့ လှန်ကြည့်လိုက်ရာ ဗိုလ်မြဒင် ဟူသော စာလုံး နှင့် ဓာတ်ပုံ တစ်ခုကို တွေ့ရသည်နှင့် တစ်ပြိုင်နက် -

“ ဟင် ဆရာကိုမြဒင် ၊ အလို ဘုရား ဘုရား ” ဟု နှစ်ယောက်သား ပါးစပ်မှ သံပြိုင် ထွက်သွားလေ၏  ။ ဗိုလ် မြဒင် နှင့် မျက်နှာချင်းဆိုင် ပုံကလေး တစ်ပုံ သည် မြနှစ် ၏ ပုံ ဖြစ်၏ ။

“ ကိုမြဒင် ကိုမြဒင် ဆိုပါကလား ကိုလှဝင်း ရယ် ၊ အခု ဘယ်ရောက်သွားသလဲ ရှာကြည့်ပါဦး ” ဟု ဤတွင် မှ မြနှစ် မှာ ပျာပျာသလဲ ဖြစ်၍ နေတော့၏ ။

မော်တော်ကား လည်း ဘယ် လိုက်ရမှန်း မသိဘဲ ဦးတည့် ရာသို့ ဟူးခနဲ ထွက်၍ လာခဲ့ရလေ၏ ။ သို့သော် မကြာမီ ကံအားလျော်စွာ မိမိတို့ ရှေ့မနီးမဝေး၌ ချိုင်းထောက်ကြီး နှင့် ပျာယီးပျာယာ သွားနေသော သူတစ် ယောက်ကို တွေ့ရလေရာ ထိုသူ အနီးတွင် ကား ကို ထိုးရပ် လိုက်သည်နှင့် ထို ခြေကျိုးကြီး မှာ မြဒင် ဖြစ်နေကြောင်း သိရ လေ၏ ။

“ ကိုမြဒင် .. ကိုမြဒင် အမယ်လေး ကိုမြဒင်ရဲ့  ” ဟု မြနှစ် က အသံ ပေး၍ ကားပေါ်မှ တစ်ဟုန်ထိုး ဆင်း၍ ပြေး သွားရာ နောက်မှ ကိုလှဝင်း တို့ လူစု လိုက်ပါ၍ လာ၏ ။

မြဒင် သည် မြနှစ် အား ပြူးကြောင်သော မျက်လုံးတို့ ဖြင့် စူးစိုက်ကြည့်နေရာမှ မျက်ရည်များ လည်ဆင်း၍ လာ ၏  ။ ထို့နောက် လှဝင်း တို့ အား လှမ်း၍ ကြည့်၏ ။

“ မြ ... မြ ... ဘာလို့ လိုက်လာသလဲ မြရယ် ” ဟု တုန်ရီ သော အသံဖြင့် ပြောစဉ် “ အဘ ” ဟု ခေါ်ရင်း ဗိုလ်လှဝင်း က လှမ်း၍ အရိုအသေ ပြုလိုက်လေ၏ ။ ဤတွင်မှ သေချာစွာ ကြည့်ရင်း “ မင်း ရဲဘော်လှဝင်း မဟုတ်လား ” ဟု မေးရာ -

“ ဟုတ်တယ် အဘ ၊ အဘ ကို တွေ့ရတာ ကျွန်တော် ဝမ်းသာလိုက်တာ" ဟု လှဝင်း က ပြန်ပြောရင်း မျက်ရည် များ စို့၍ လာ၏ ။ 

မြဒင် သည် မြနှစ် ဘက်သို့ လှည့်သွားပြီးလျှင် “ မြ .. ကိုမြဒင် ကို မြင်တဲ့ အတိုင်း လူစဉ် မမီတော့ဘူး ။ ဒါကြောင့် ကိုမြဒင် ဝေးရာကို သွားတော့မလို့ ၊ ဒီ လောကကြီး ဟာ ကိုမြဒင် အတွက် မဟုတ်တော့ဘူး ” ဟု စကား မဆုံးမီ

“ ဒီလို မပြောပါနဲ့ ကိုမြဒင် ရယ် ၊ မြ အင်မတန် အား ငယ်နေပါတယ် ။ ကိုမြဒင် ကို မြ စောင့်နေတာ ကြာလှပါပြီ ။ ကိုမြဒင် ကျိုးလို့ ကန်းလို့ ဘယ် ဘဝရောက်နေနေ မြ ကိုမြဒင် ကို မေတ္တာ မပျက်ပါဘူး ” ဟု ပြောပြောဆိုဆို ညစ်ပေစုတ်ပြတ်လျက်ရှိသော မြဒင် ၏ ရင်ခွင်ကြားသို့ တိုးဝင်ကာ တုန်တုန် ခိုက်ခိုက် ငိုရှိုက်၍ နေလေ၏ ။

မြဒင် သည် မြနှစ် အား ယုယစွာ ပွေ့ဖက်ထားရင်း မျက်ရည်ယိုရွဲသော မျက်လုံးတို့ဖြင့် မော၍နေစဉ် -

“ ဟုတ်ပါတယ် အဘရယ် ၊ ကျွန်တော် အသိပါပဲ ၊ မြ အင်မတန် စိတ်ဆင်းရဲနေပါတယ် ။ ကဲ မော်တော်ကား ဆီ ကြွပါ အဘ ” ဟု ဗိုလ်လှဝင်း သည် မင်းလောင်း ပင့် သလို ပင့်ခေါ် ၍ သွား လေသတည်း ။

◾ သင်္ခါ

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၄
      ၁၉၄၇ ၊ ဩဂုတ်

www.facebook.com/aung.naingoo.3726613

.

Friday, March 25, 2022

အလှည့်


 

❝ အလှည့် ❞

ပြီးခဲ့သည့် နွေရာသီ ကျောင်းပိတ်ရက် က ဆွေမျိုး များ ရှိရာ မွန်ပြည်နယ် ရှိ ရွာကလေးတစ်ရွာ သို့ သူတို့ မိသားစု အလည် သွားခဲ့ကြသည် ။ တောရွာ ထုံးစံ အတိုင်း လာသည့် ဧည့်သည် ကို တစ်စက်မှ စိတ် မငြိုငြင်ရအောင် ဧည့်ဝတ် ကျေပွန်လွန်းလှသည် မှာ သူတို့ အားနာယူရသည် အထိ ။ ကျိုက္ခမီ ၊ စက်စဲ ၊ ကျိုက်မရော အစရှိသော နေရာများ ကို သွားလည်မည် ဆိုတော့လည်း ကား ငှားပြီး စားစရာများ ကို ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်ဖြင့် ထည့်ကာ လိုက်လံ ပို့ဆောင်ပေးကြပြန်သည် ။ သူတို့ ပြန် တော့လည်း ရန်ကုန် ပြန် လက်ဆောင် အဖြစ် ဒေသ ထွက်ကုန်များ ကို တစ်ပွေ့တစ်ပိုက် ထည့် ပေးလိုက်ကြ သေးသည် ။ ထို့ကြောင့် သူတို့ ကလည်း ရွာ မှ ဆွေမျိုး များကို ရန်ကုန် သို့ အလည် လာကြပါရန် ၊ ပြန်လည်ကာ ဖိတ်မန္တက ပြုခဲ့ကြပါသည် ။

သို့ သော် ရွာ မှ ဧည့်သည်များ ရန်ကုန် ရောက် လာကြသည့် ဒီဇင်ဘာ ကျောင်းပိတ် ရက် တွင် သူတို့ တစ်မိသားစုလုံး လုံးဝ မအားခဲ့ကြ ။ ဆယ်တန်း ဖြေမည့် သမီး နှင့် ရှစ်တန်း ဖြေမည့် သား တို့ ကျူရှင် အကြိုအပို့ နှင့် ပိတ်ရက် မရသည့် သူ့ အလုပ် တို့ကြောင့် ရန်ကုန် သို့ ဘုရားဖူး လာကြသူ ရွာ မှ ဆွေမျိုးများ ကို ပြန်လည်ကာ ဧည့်ဝတ် မကျေနိုင်ခဲ့ပါ ။ ပို အရေးကြီးသည် က မကြာခင် အလုပ်မှ လွှတ်မည့် အမေရိကား မှာ သူ သွား တက်ရ မည့် သင်တန်း တစ်ခု အတွက် ပြင်ဆင်နေရခြင်းပင် ။

ရန်ကုန်သား တို့ အလွန် အလုပ် ရှုပ်လှသည့် အကြောင်း ကို ကြားဖူးနားဝ ရှိပြီး ဖြစ်သော သူတို့ ရွာသားများ ကလည်း နားလည်မှု ရှိစွာ တစ်စက်ကလေးမှ စိတ် မကွက်ကြဘဲ သူတို့ အစီအစဉ်နှင့် သူတို့ ဘုရား ဖူးကြ ၊ တိရစ္ဆာန်ဥယျာဉ် သွားကြ ၊ လည်ကြပတ်ကြသည် ။ သူ့ အဖို့ သူတို့ ဘက် မှ ပျက်ကွက်မှုများ ကို အားနာလှသော် လည်း မည်သို့မှ မတတ်နိုင်ပါ ။ ထို့ကြောင့် ဒီလို အဖြစ်မျိုးတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါ ဟု သာ စိတ် ကို လျှော့ချပြီး ဥပေက္ခာ ပြုထားလိုက်ရပါတော့သည် ။

     •••   •••   •••   •••

အလွန်အမင်း စိတ်လှုပ်ရှားရသော သူ့ အတွက် ပထမဆုံး နိုင်ငံရပ်ခြားခရီး ဖြစ်ပါသည် ။ သို့သော် ကိစ္စ မရှိ ။ သူ သင်တန်း တက်ရမည့် နယူးယောက်မြို့ မှာ သူ့ သူငယ်ချင်း တွေ ရှိ သည် ။ သင်တန်းကာလ က လည်း တစ်လ မျှသာ ။ သူ့ ကို လာ ကြိုပေးသူများ ပြန်သွား သည် နှင့် တည်းခိုခန်း ရှိ ဖုန်း ကို ကိုင်ကာ သူ့ သူငယ်ချင်း တစ်ဦး ပေး ထားသည့် နံပါတ် သို့ လှည့်လိုက်သည် ။

တစ်ဖက် မှ သူငယ်ချင်း က သူ အလုပ် အရမ်း များ နေကြောင်း ၊ ဒီ တစ်လ လုံး သူ မအားကြောင်း ၊ သို့သော် သူ မပြန်မီ တစ်ခေါက်လောက်တော့ လာ တွေ့နိုင်အောင် ကြိုးစားမည် ဖြစ်ကြောင်း လောလော လောလော နှင့် ပြောပြီး ဖုန်း ချသွားသည် ။ နောက် တစ်ယောက် ကို ဆက်တော့လည်း ထိုနည်းလည်းကောင်းမို့ သူ တော်တော် စိတ်ဓာတ် ကျသွားသည် ။ ဒါပေမယ့် သူ နားလည်ပေးရမှာပေါ့ ။ သူတို့က နိုင်ငံရပ်ခြား မှာ လာပြီး အလုပ် လုပ် နေကြရတဲ့ သူ တွေ လေ ။ အချိန် ဆင်းရဲကြရှာပေမည် ။ အင်းလေ ... သူ လာတဲ့ အချိန် က သူတို့ အားတဲ့ ရက် နဲ့ မှ မတိုက်ဆိုင်တာ ၊ ဘယ် တတ်နိုင်ပါ့ မလဲ ။ မည်သို့ပင် ဖြေတွေး တွေးသော်လည်း ရင်ထဲမှာ တော့ မကောင်း ။

အချိန် ကွာခြားမှုကြောင့်လား ၊ ရေမြေ ပြောင်းလဲမှု နှင့် စိတ် လှုပ်ရှားမှုများကြောင့်လား ။ နောက်တစ်နေ့  သင်တန်း စ တက်ရတော့မည်ကို သိသော်လည်း သူ မည်သို့ မှ ကြိုးစား အိပ်၍ မရ ။ သူ့ သူငယ်ချင်းတွေ မြန်မာပြည် ခေတ္တ ပြန်လာကြစဉ် မှာ သူတို့ သွားလိုရာ မြန်မာပြည် တစ်နံတစ်လျား ကို သူ အလုပ်အကိုင်တွေ ဖျက် ကာ လိုက် ပို့ပေးခဲ့သည်များ ကို ပြန် မြင်ယောင်လာ မိသည် ။ စိတ် ထဲတွင် ခု သလိုလို ရှိလိုက်စဉ်မှာ ရွာ မှ ဆွေမျိုးများ ၏ မျက်နှာများ က သူ့ စိတ်အာရုံထဲ သို့ အလို အလျောက် ဝင် ရောက်လာကြလေသည် ။

အခုတော့ နယူးယောက်မြို့တော်မဟာ ရဲ့ ညလယ်ခေါင် မှာ သူ တစ်ယောက်တည်း အတွေး တွေ နဲ့ ယောင် ချာချာ ။

◾  ကျွန်း

📖  မဟေသီမဂ္ဂဇင်း     
       ဧပြီလ ၊ ၂ဝဝ၁

www.facebook.com/aung.naingoo.3726613

.

Thursday, March 24, 2022

မဟာနန္ဒာ pH10


 

❝ မဟာနန္ဒာ pH10 ❞

နန္ဒဝန်ဥယျာဉ် အလယ် မှာ တော့ နတ်သဘင် အစည်းအဝေး က စ နေပြီ ။ ရဲရဲနီတဲ့ ကသစ်ပင် ခြေ ရင်းက ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ ထဲ မှာ ခါးလယ်ထိ မြုပ်ဝင်အောင် အိအိပုံ့ပုံ့ကြီး ဇိမ် နဲ့ ထိုင် နေတဲ့ သူ ကတော့ သိကြားမင်း ဦးမာဃ ထင်ပါရဲ့ ။

ခပ်လှမ်းလှမ်း က သုဓမ္မာဇရပ် ထဲ မှာ လည်း ရုံးလုပ်ငန်းတွေ နဲ့ အလုပ် များနေတဲ့ နတ်သူ ၊ နတ်သားတွေက ဖွေးဖွေး လှုပ် ။

မကြာခင် ဇရပ် ထဲ က အသံ တစ်သံ ထွက် လာတယ် ။

“ နတ်သစ်တွေ တန်းစီကြပါ ”

ဖြစ်ရလေဗျာ ၊ တန်းစီ တဲ့ ထုံးစံ က စကြဝဠာတိုက်တစ်သောင်း အထိ ပျံ့နှံ့နေပါရော့လား ။

“ နတ်ပုံတင်ဖို့ အဲလေ ၊ မှတ်ပုံတင်ဖို့ နဲ့ တူ တယ်နော် ။ အဟိ ”

အသံ ကြား လို့ လှည့် ကြည့်လိုက်တော့ ...

ဘယ်လို ကုသိုလ်ကောင်းမှုများ ပြုခဲ့လို့ မျက်စိလည်ပြီး နတ်ပြည် ရောက်လာတာပါလိမ့် ။ လူ့ဘဝ က နာမည်ပျက်တွေ တစ်လှေကြီး နဲ့ တို့ တိုင်းပြည် က ရုပ်ရှင်မင်းသမီး တစ်ယောက် ကို နတ်ဝတ်တန်ဆာ ၊ ဒွါဒရာ တွေ နဲ့ တွေ့ လိုက်ရတယ် ။ ကျုပ် မျက်စိ ထဲမှာ ရေကူးဝတ်စုံ နဲ့ ပဲ အမြဲ စွဲ နေတဲ့ သူ့ ကို ခုလို မလ္လိကာ ဝမ်းဆက် နဲ့ တွေ့လိုက်ရတော့ ရုတ်တရက်တော့ ကြောင် သွားတယ် ။

ဒါပေမဲ့ ကြာမူပါပါ နဲ့ ဆတ်စလူး ခါနေတဲ့ ပုံ ကတော့ မပျောက်သေးပါဘူး ၊ အင်းလေ ဘဝ ကူးကာစတော့ ဒီလိုပဲ နေမှာပေါ့ ။

တန်းစီရင်း ကျုပ် ရေ သောက်ချင်လာတယ် ။ ' ရေ ... ရေ ' လို့ စိတ် က တမ်းတလိုက်တဲ့ အခိုက်မှာတဲ့ အေးစက်သွားတဲ့ အထိအတွေ့ တစ်ခုကြောင့် ကျုပ် လက် ကို ကျုပ် ငုံ့ ကြည့်လိုက်တော့ ရွှေခွက် တစ်ခွက် နဲ့ ရေ အပြည့် ။ သောက်မယ် လို့ လုပ်တုန်းမှာပဲ အရင် လူ့ ဘဝ ကို ဖျတ်ခနဲ ကျုပ် ပြန် သတိရလိုက်မိတယ် ။

      •••   •••   •••   •••

လေယာဉ် ပေါ် မှ ဆင်းလိုက်တာနှင့် နိုင်ငံကျော် ၊ မန္တလေး နေ ၊ မန္တလေး နွေ ၊ မန္တလေး လေ နှင့် စ တွေ့လိုက်ရသည် ။ တစ်ကိုယ်လုံး တရှိန်ရှိန် ပူတက်လာပြီး ၊ အာခေါင်တွေ ခြောက် လာသည် ။ တံတွေး တို့ပင် အငွေ့ ပျံကုန်ကြပြီ ထင်သည် ။

ဘယ်မှာလဲ “ မန္တလေးရေ ”  ။ အခုလို မန္တလေး နွေ မှာ မန္တလေး ရေ တစ်ခွက် လောက်တော့ သောက်ဖို့ လိုအပ်ပြီ ထင်သည် ။

မှတ်မှတ်ရရ ချမ်းမြသာစည် လေယာဉ်ကွင်း အထွက် က လက်ဖက်ရည်ဆိုင် တစ်ဆိုင် မှာ ပထမဆုံး မန္တလေး ရေ တစ်ခွက် ဝင် သောက်မိလိုက်သည် ။ နောက်တော့ ဟိုတယ် မှာ ၊ ဘုရား မှာ ၊ ဈေးချို မှာ ဥတု က ပူပူနှင့် ရေ အခွက်ပေါင်း များစွာ ။

မန္တလေး မှာ သုံးရက် ခန့် သာ ကြာခဲ့သည် ။

ရန်ကုန် အပြန် လေယာဉ် ပေါ် မှာ ကတည်းက အိမ်သာ နှင့် ထိုင်ခုံ ကူးချည် သန်းချည် ။ ကြာတော့ နောက်ဆုံး ခုံ မှာ ထိုင်နေသော လေယာဉ်မယ်ကလေး က မိမိ ထိုင်ခုံ မှ ထ လိုက်သည် နှင့် ပြုံးစိစိ ။ လူ က ရှက်ရှက် ၊ ဝမ်း က ပျက်ပျက် နှင့် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ကို ပြန် ရောက်တော့ တစ်ကိုယ်လုံး နွမ်းခွေနုံးချည့်နေပြီ ။

ဆေးဖိုး ငါးရာ ခန့် ကုန် သွားသည် ။

ရွှေဘုံသာလမ်း က ဆရာဝန် ရဲ့ အပြောကတော့ အမီးဘဒ်ဒစ်စန်ထရီ amoebic dysentery တဲ့ ။ ရေ မသန့်လို့ ရေ ထဲက အမီးဗား Amoeba ဝမ်းကိုက်ပိုး ကြောင့် ဝမ်း ပျက်ရ တာတဲ့ ။

သူ ပြောသော အမြီးဗား တွေ ၊ ခေါင်းဗား တွေ တော့ မသိ ။ ရေ တော့ မိမိ တော်တော် ကြောက် သွားသည် ။ အထူးသဖြင့် မိမိ လို ပုဂ္ဂိုလ်မျိုး မှာမှ ရေ မသန့်၍ ဝမ်း ပျက်ရသည် ဆိုသော အဖြစ်က အလွန်ပင် ရှက်ရွံ့ နာကြည်းစရာ ကောင်းလှသည် ။

တစ်ချက်ကလေး မှားသည်နှင့် တစ်သက်တာ ကွဲခဲ့ရသော အရှက် ဟု ထင်သည် ။

“ ဟုတ် မဟုတ်တော့ မသိပါဘူးဗျာ ၊ ဓာတ်ခွဲကြည့်တော့ မန္တလေး ရေ က pH - 3 လောက် တောင် မရှိတတ်ဘူးလို့ ကြားဖူးတယ် ခင်ဗျ ၊ ကျုံးရေ ဆိုတာကလည်း ကန်ရေ ရေသေ ပဲ ဆို တော့ ပိုးတွေလည်း များမှာ စုံမှာ ပေါ့ဗျာ ”

ပြောရင်းဆိုရင်းပင် ဆေးတစ်လုံး ကို ဖြုန်းခနဲ ထိုးထည့်လိုက်သည် ။ နာလိုက်သည့် ဆေး ။ ရင် နာရသည်ပါ ပေါင်းလိုက်လျှင် နှစ်ခါ နာ ရသည့် အဖြစ် ။

သို့သော် ကြာကြာ ရင်နာ မနေနိုင် ။ နားစွန်နားဖျား ကြားလိုက်ရသော pH ဆိုသည့် စကားလုံး ဆရာဝန် အား မေး ကြည့်ရသည် ။

အလွယ်ဆုံး ပြောမယ်ဗျာ ။ ရေ ရဲ့ အရည်အချင်း အဲ ... ရေ ရဲ့ အဆင့်အတန်း ကို pH ဆို တဲ့ သင်္ကေတ နဲ့ တိုင်းတယ်ဗျ ။ ရေ ထဲမှာပါတဲ့ ဟိုက်ဒြိုဂျင်အိုင်ယွန် ( hydrogentions ) တွေရဲ့ ပမာဏကို အဲဒီ pH သင်္ကေတ နဲ့ တိုင်းတယ် ဆိုပါတော့ဗျာ ”

သည်လောက်ဆို မိမိ သဘော ပေါက်ပြီ ။

“ ဒီလိုဆို ဒေါက်တာ ရယ် ၊ အဲဒီ pH ဘယ်လောက် ရှိရင် ရေ အသန့်ဆုံး အကောင်းဆုံးလဲဗျ"

“ pH - 7 ရှိရမယ်လို့ ဓာတုဗေဒပညာရှင်တွေ က သတ်မှတ် ထားတယ် ခင်ဗျ ။ ဒါကြောင့် တိုးတက်တဲ့ နိုင်ငံတိုင်းမှာ သောက်ရေ ကို pH - 7 အဆင့် ရောက်အောင် ပြုပြင် သန့်စင်ထားကြ တယ်လေ ”

သည်တော့မှ pH - 7 ဟု တံဆိပ် ကပ်ထားသော ပုလင်းလေးများ ကို ပြေး မြင်မိသည် ။

“ ဒေသစိမ်း တစ်ခုခု ကို ခရီး သွားတော့မယ် ဆိုရင် ကိုယ် သောက်နေကျ ရေ ၊ ဒါမှမဟုတ် အဲသလို သန့်စင်ထားတဲ့ ရေပုလင်းတွေ ယူသွားရင် အကောင်းဆုံးပေါ့ဗျာ ”

သည်ကတည်းက မိမိ ရေသောက် ဆင်ခြင်လာသည် ။ အိမ် မှာ နေနေ ၊ အလုပ် ကို သွား သွား ၊ ခရီးပဲ ထွက်ထွက် pH - 7 ရေပုလင်းလေးများ ကို ကိုယ် နှင့် မခွာ ။

ကြာတော့ ရေ ပါး ဝလာသည် ။ pH - 7 မှ တစ်ဆင့် တက်၍ ပိုးလစ်ရှ်ဝါးတား ( Polish water ) ခေါ် ပိုလန်ရေ ဆိုသည့် နိုင်ငံခြား မှ လာသော သောက်ရေ ကိုပင် တစ်ပုလင်းလျှင် ငွေ အစိတ် ၊ သုံးဆယ် ပေးပြီး သောက် တတ်လေပြီ ။

ထို ပိုလန်ရေ ၏ Ph အဆင့် ကို လည်း တတ်သိနားလည်သော ဓာတုဗေဒပညာရှင်များ ထံ မေး ကြည့်မိသည် ။ pH - 7 ပင် ရှိပါသည် ဟု ဖြေကြသည် ။ ဤကမ္ဘာတွင် အသန့်စင်ဆုံး ရေ မှန်သမျှ pH - 7 သာ ရှိသည် ဟု ရှင်းလင်း ပြောပြသည် ။

သို့သော် ပိုလန်ရေ တွင် ပါဝင်သည့် ဓာတ်ဆားများ ၊ ဓာတ်သတ္တုများ က ကမ္ဘာပေါ်ရှိ အခြား အခြားသော ရေများ ထက် အာနိသင် ထက်မြက်ပြီး လူ့ကျန်းမာရေး ကို ပို၍လည်း အထောက် အကူ ပြုသည် ဟု လည်း ထပ်မံ ပို့ချလိုက်ကြသေးသည် ။

ကျေးဇူးတင် ဝမ်းမြောက်စွာဖြင့် pH - 7 နှင့် ပိုလန်ရေ ကိုသာ ကွယ်လွန်သည်အထိ မိမိ သောက်ခဲ့သည် ။

အခု ဟောဒီ ရွှေခွက် ထဲ က ရေ ကရော pH က ဘယ်လောက်လဲ ။ ဓာတ်ဆား နှင့် ဓာတ်သတ္တု ကကော ဘယ်လောက် ပါသလဲ ။

အဲဒီ အကျိုးပြုတွေ အသာထား ၊ အမီးဗားတွေ ဘာတွေရော ပါနေသလား ၊ ဒီ ရေ ဘယ် ကလာသလဲ ။ အတွေးတွေ တသီကြီး နှင့်အတူ ဘေးဘီ ကို လှည့်ကြည့်လိုက်တော့ ငွေလွှာသင်ဖျူး ခင်းထားသလို မှန်သားရေပြင်နဲ့ စိမ်းလဲ့လဲ့ကန်တော်ကြီး တစ်ခု ။

နန္ဒဝန်ဥယျာဉ် ၊ သုဓမ္မဇရပ် ၊ ပြီးတော့ ဟုတ်ပြီ ၊ မဟာနန္ဒာကန် ၊ ဒီ ကန် ဟာ တာဝတိံသာ ရဲ့ ကျက်သရေဆောင် မဟာနန္ဒာကန်တော်ကြီး ပေါ့ ။

ဒီလိုဆိုရင် ကျုပ် လက် ထဲက ရေ ဟာ ဒီ ကန် က ပဲပေါ့ ။ နတ်ပြည် က ရေ ဆိုတော့ စကြဝဠာ မှာ အကောင်းဆုံး ရေ ပေါ့ ။

ဒါပေမဲ့ ကျုပ် ဟာ ဘယ်လောက် သေချာတဲ့ လူ အဲ ... နတ် ဆိုတာ သိတယ် မဟုတ်လား ၊ ဒီ မဟာနန္ဒာကန်ရေ ရဲ့ pH ကို ကျုပ် အတိအကျ သိချင်တယ် ။

လူ့ပြည် မှာ အဆင့်အမြင့်ဆုံး ရေဟာ pH - 7 ဆိုရင် နတ်ပြည်မှာ အဆင့်အမြင့်ဆုံး ရေ ဟာ pH - 10 တော့ အနည်းဆုံး ရှိရမှာပေါ့ ။ အဲ ... လူတွေ ရဲ့ ဓာတုဗေဒအရတော့ မှား ချင် မှား မှာပေါ့ ။ ဒါပေမဲ့ ဒါက နတ်ရေကန် ထဲ က နတ်ရေစင် ပဲ ဟာ ။

နတ်ဓာတုဗေဒပညာရှင် တစ်ယောက်တော့ တွေ့ မှ ဖြစ်မယ် ။ အနီးကပ်ဆုံး ကတော့ ဝိသကြုံ ကို မေး ကြည့်ရင် အဆင်ပြေမယ် ထင် ပါတယ် ။ သူ က ဗိသုကာ ၊ အင်ဂျင်နီယာ သိပ္ပံ နတ် ပဲဟာ ။

      •••   •••   •••   •••

ဘယ်လောက်ကြာကြာ ခေါင်းငုံ့ပြီး တွေး နေမိသည်မသိ ၊ ဆတ်ခနဲ ကျုပ် လက်ထဲ က ရွှေခွက် ကို ပုတ်ချ ခံလိုက်ရတော့မှ ဘေးဘီ ကို ကြည့် မိတော့သည် ။

အလို အစေအပါး နတ်ဘီလူးတွေ ကျုပ် ကို ဝိုင်းထားကြပါလား ။

တဟင့် ... ဟင့် နဲ့ ရှိုက်သံငိုသံကြားလို့ လှည့်ကြည့်လိုက်တော့ ဟို ရုပ်ရှင်မင်းသမီးနတ်မ ကိုလည်း နတ်ဘီလူးကြီး တစ်ကောင် က ဖမ်း ချုပ်ထားတာ တွေ့လိုက်ရတယ် ။

ကျုပ် ရဲ့ နတ်မျက်စိ ကို ကျုပ် ကိုယ်တိုင် မယုံနိုင်အောင် ဖြစ်နေရတယ် ။

ဘာလဲ ။ ဘာဖြစ်တာလဲ ။ ကျုပ်တို့ ဘာတွေ ဖြစ်ကုန်ပြီလဲ ။

ကျုပ် နားဝေတိမ်တောင် ဖြစ်နေတုန်း ရုံးတာဝန်ခံ နဲ့ တူတဲ့ နတ်ကြီး တစ်ပါး ရောက် လာတယ် ။

“ ဒီ နှစ်ယောက် က သေစာရင်း မှား ပြီး နတ်ပြည်ရောက်လာတာ ကွ ။ ဟောဒီ အကောင် က လူ့ပြည် တုန်း က ဒုစရိုက် တုံး ၊ ဒီဟာမ ကတော့ တကယ့် ကို ကိလေသာ တုံး ။ ကဲ .. ကဲ ယက္ခ မင်းချင်း တွေ သူတို့ ကို ရောရုဝ ပြန် ပို့လိုက်ကွ ”

    •••   •••   •••   •••

ကျုပ် အရင် ဒိုင်ဗင် ထိုး ဆင်းသွားတဲ့ ရုပ်ရှင်မင်းသမီး နောက် ကနေ ကျုပ် လည်း မျက်စိ စုံ မှိတ်ပြီး ခုန် ချလိုက်ပါတယ် ။ အာကာသ တွင်းနက်ကြီး တစ်ခုထဲ ကို အဖြတ် မှာ ကျုပ် တစ်ခု တော့ ပူ လိုက်မိတယ် ။

ရောရုဝ က ရေ ကရော pH ဘယ်လောက် ရှိပါလိမ့် ။

◾   မင်းသစ် , ၁၉၉၂

www.facebook.com/aung.naingoo.3726613

.