Tuesday, February 25, 2025

လက်ဝဲသုန္ဒရ ၊ မဲဇာရွှေလီ နှင့် အော်ခက်စတြာ


 

❝ လက်ဝဲသုန္ဒရ ၊ မဲဇာရွှေလီ နှင့် အော်ခက်စတြာ ❞
    ( ကိုရွှန်းမြိုင် - မြို့မ )

လက်ဝဲသုန္ဒရ နဲ့ မဲဇာရွှေလီ ဟာ သီချင်းရေးသူ မြို့မငြိမ်း ရဲ့ ကိုယ်တိုင်ရေး မူရင်း လက်ရေး မှာ ကို က နှစ်ခုလုံး ရဲ့ စာသားတွေ ရောထွေး တွေ့ရပါတယ် ။ ဒီ မူရင်းစာသား ကို လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ် မှာ မြို့မငြိမ်း ၏ မင်းလက်ဝဲသုန္ဒရ လက်ရေးမူ ဆိုပြီး တွေ့ရပါတယ် ။ စာရေးသူ လူထုဒေါ်အမာ ရဲ့ အယူအဆ တစ်စွန်းတစ်စ ကို လည်း ဖော်ပြ ထားပါတယ် ။ ကျွန်တော့် အစ်ကို သန်းအောင်ခိုင် ရဲ့ မြို့မငြိမ်း နှင့် သူ့ အနုပညာ စာအုပ် မှာ တော့ လက်ဝဲသုန္ဒရ သီချင်း ကို စာမျက်နှာ ၂၉၉ မှာ ဖော်ပြ ပါရှိပါတယ် ။ ဒီ သီချင်း ရဲ့ အောက်မှာ လက်ဝဲသုန္ဒရ သီချင်း အတွက် မူကွဲ မရှိ ဆိုပြီး မှတ်ချက် ပြုထားပါတယ် ။ ဒီ စာအုပ်များ ရဲ့ စာမျက်နှာတွေ ဟာ လက်ရှိ အခိုင်အမာ ရှိပြီးသား မို့ နှစ်ခုလုံး ကို လက်ခံ ထားကြရမယ် ။ အယူအဆ ကွဲလွဲ နေတာတော့ အမှန်ပဲ ။ ပြဿနာ တော့ ပြဿနာပဲ ။ ကျွန်တော် ဂီတ လိုက်စားမှု ၊ လေ့လာမှု နုစဉ် က ဒီလို ကိစ္စတွေ ကို အလေးအနက် သိပ် မထားတတ်ဘူး ။

အထက်ပါ ခေါင်းစီး အောက် မှာပဲ သီးသန့် ပိုင်းခြားပြီး စာရေးသူ အတွေ့အကြုံ အယူအဆ ကို တင်ပြပါ့မယ် ။ ဒါက အမှန်ပဲ ဆိုတာမျိုး မဟုတ်ပါဘူး ။ စာဖတ်သူများ ရဲ့ ကိုယ်ပိုင် အယူအဆ နဲ့ ဖြစ်နိုင်ခြေများ ကို စဉ်းစားရင်း လွတ်လွတ်လပ်လပ် တွေးခေါ် နားလည်ကြဖို့ပါပဲ ။

တကယ်တော့ လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာသည်များ ထဲ က မြို့မငြိမ်း ရဲ့ မင်းလက်ဝဲသုန္ဒရ လက်ရေးမူ ဆိုတာဟာ မြို့မငြိမ်း ရဲ့ လက်ရေးမူ အစစ် ဖြစ်ပါတယ် ။ ဒီ စာသား သက်သေများ ဟာ လက်ဝဲသုန္ဒရ ကို ပြဿနာ လို့ ထင်ရ လောက်အောင် ရှုပ်ထွေးစေသလို သက်သေခံ အဖြစ်လည်း ရှင်းလင်း အဖြေ ပေးပြီးပြီ လို့ လည်း စာရေးသူ ထင်ပါတယ် ။ မြို့မငြိမ်း ရဲ့ သီချင်း ရေးသားမှု ၊ ရေးပေးမှု အလေ့အထ ကို နားလည်ရင် ပိုပြီး တောင် ရှင်းသွားပါမယ် ။

မြို့မငြိမ်း ဟာ စစ်ကြိုခေတ် မတိုင်မီ ကတည်း က ဓာတ်ပြားလောက စာရင်း ဝင် ဂီတစာဆို တစ်ယောက် ဖြစ်ခဲ့တယ် ။ ဒီထက် အခြေခံ ကျတာက မြို့မတူရိယာ အသင်းကြီး ရဲ့ ပင်တိုင် သီချင်းရေးသူ တစ်ဦး လည်း ဖြစ်တယ် ။ စီးပွားရေး ဓာတ်ပြား လုပ်ငန်းရှင်များ နဲ့ အကြောင်း သင့်ရင် ရေးပေးခဲ့တဲ့ ဓာတ်ပြား သီချင်းများ ရှိသလို သူ့ မြို့မအသင်း အတွက် လည်း ပွဲနေပွဲထိုင် ၊ ကြည့်ချင်ပွဲများ အတွက် စဉ်းစား ရေးသား ပေးရတာမျိုး လည်း ရှိတယ် ။

လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာသည် စာအုပ် ထဲ က မြို့မငြိမ်း ရဲ့ လက်ရေးမူရင်း ဆိုတာ အထက်ပါ အယူအဆ ကို အပြည့်အဝ ထောက်ခံ နေသလိုပါပဲ ။ အငြင်းပွားဖွယ် ဖြစ်တဲ့ စန္ဒရား ကိုလှထွတ် နဲ့ မာမာအေး တို့ ရဲ့ လက်ဝဲသုန္ဒရ အသံသွင်း ခွေ ထွက်လာတဲ့ အခါ မြို့မ က ဆိုနေကျ ၊ ကြားနေကျ လက်ဝဲသုန္ဒရ နဲ့ စာသား ကွဲလွဲမှု တေးသွား ကွဲလွဲမှုတွေ ရှိလာတော့ ပရိသတ် ဇဝေဇဝါ နားမလည်ဘဲ ဖြစ်ခဲ့ကြတယ် ။ ကျွန်တော့် အတွေ့အကြုံလေးတွေ တင်ပြပါရစေ ။ ဒီ ဇဝေဇဝါ နားမလည် ဖြစ်ကြရတဲ့ အထဲ မှာ မြို့မငြိမ်း ရဲ့ လက်ရင်း တပည့်ကြီးများ ဖြစ်တဲ့ မြို့မ စင်ပေါ်မှာ ဒီ သီချင်း ဆိုနေဆဲ ဖြစ်တဲ့ ဦးသိန်းတန် ၊ ဦးဖူးအံ့ တို့ တောင် ပါ နေပါတယ် ။ မြို့မငြိမ်း သား ဖြစ်တဲ့ ကျွန်တော့် ကို “ အဲဒါ .. ဘယ်လိုလဲ မောင်ရွှန်း ” လို့ အမေး ခံခဲ့ရဖူးတယ် ။ အဲဒီ အချိန်က ကျွန်တော် ဂီတသက် နုသေးတော့ ကျွန်တော့် အဖြေ ကျေနပ်ဖွယ် မရှိ ၊ မရေလည်ခဲ့ဘူး ။ ပြီးတော့ တစ်ခါ က မြို့မစီးရီး ရန်ကုန် ကို သွား သွင်းရင်း တေးဥယျဉ် အသံသွင်း စတူဒီယို မှာ ဂီတစာဆို ကိုလေးလွင် နဲ့ တွေ့ တော့လည်း အမေး ခံရဖူးတယ် ။ “ ကိုရွှန်း ... ကိုလှထွတ် လက်ဝဲသုန္ဒရကြီး က ဘယ်လိုလဲ ” တဲ့ ။ ကျွန်တော် မှတ်မိ သလောက် အဲဒီတုန်း က ကျွန်တော့် တုံ့ပြန်မှု က “ ကိုလှထွတ် လည်း ပစ်စလက်ခတ် လုပ်တတ်တဲ့ သူ မဟုတ်ပါဘူး ။ စည်းကမ်းစနစ် ကြီးသူပါ ၊ တစ်ခုခု အခိုင်အမာရှိပါ လိမ့်မယ် ” လို့ အဖြေ ပေးခဲ့ဖူးတယ် ။

ဒီတော့ ပရိသတ် နား မလည်နိုင်အောင် ဖြစ်နေတဲ့ ကိစ္စ ကို သီချင်းရှင် မြို့မငြိမ်း မျိုးဆက် ကျွန်တော် အတွေ့အကြုံ အယူအဆလေးတွေ နဲ့ တင်ပြ ဆွေးနွေးပါမယ် ။ အဆုံးအဖြတ် ပေးတာ ပေးမှာ မဟုတ်ပါဘူး ။ မြို့မ ရဲ့ လက်ဝဲသုန္ဒရ က တော့ မြို့မ ကပဲ အရင်းခံ ဖြစ်ပါလိမ့်မယ် ။ ၁၉၆ဝ ခုနှစ် ပတ်ဝန်းကျင် လောက် က ကျွန်တော်တို့ မိသားစု နေထိုင်ရာ မန္တလေးမြို့ ၂၈ လမ်း ၊ ၈၀ နဲ့ ၈၁ လမ်းကြား တရုတ်တန်းအိမ်  ၊ ကျွန်တော် နေတဲ့ နောက်ဖေးအိမ်လေး မှာ စန္ဒရား တစ်လုံး ရှိပါတယ် ။ ဓားတန်း ဦးသန့် ရဲ့ စန္ဒရား ပါ ။ မြို့မငြိမ်း ကတော် ကျွန်တော်တို့ အမေ ဒေါ်သန်း ရဲ့ အကူအညီ တောင်းခံမှုနဲ့ မြို့မငြိမ်း သီချင်းများ ရှာဖွေ တီးခတ် စုဆောင်း ၊ အသံသွင်းယူဖို့ ၊ စန္ဒရား သိမ်းမောင် လည်း တီးဖို့ ပို့ခဲ့ဖူး ပါတယ် ။ စန္ဒရားလေး ရှိတော့ မြို့မအသင်း အစောဆုံး စန္ဒရား ဆရာကြီး ဦးဘဒင် ( မြို့မ ဥက္ကဋ္ဌ လည်း လုပ်ခဲ့ဖူးပါတယ် ) နဲ့ သမီး မအေးမိ တို့ လည်း ရောက်ကြတယ် ။ မအေးမိ က အဆို ၊ ဦးဘဒင် အတီး နဲ့ မှတ်မိသလောက် မန္ဒာလီ သီချင်း ရဲ့ အဆိုအတီး ကို စတင် ကြားဖူးပါတယ် ။ ဒီ မတိုင်ခင် ကတော့ ဒီ သီချင်း ကို ဦးသိန်းတန် ရဲ့ မူးတူးတူး ရီဝေဝေ မိန်းမဆိုပေါက် နဲ့ လက်ဖျောက်ကလေး စည်း လိုက်ရင်း အဆို သက်သက် ကြားဖူးတယ် ။

ဒီ ခေါင်းစီး ရဲ့အောက် မှာ သက်ဆိုင်တဲ့ အချက် ကို ပြောချင်တာ တစ်ခု အတွ အဲဒီ အချိန်ဆီ ကျွန်တော် အတွေး ရောက် သွားပါတယ် ။ ကျွန်တော့် အိမ်ခန်းလေး ထဲက စန္ဒရား မှာ ဦးလေးဒင် ၊ လေးသိမ်း ( စန္ဒရား ကိုသိမ်းမောင် ) အပြင် ကိုအေးမောင် ၊ ကျွန်တော်တို့ အခေါ် ရွဲ့အေးမောင် ( မျက်စိတစ်ဖက် သာမန် မဟုတ်ဘဲ ချို့ငဲ့ နေလို့ ) ကို လည်း ပြန်လည် မြင်ယောင် မိပါတယ် ။ သူ့ ကို အဓိက ထား ပြောမှာပါ ။ ကိုအေးမောင် ဟာ မြို့မငြိမ်း စန္ဒရား လက်ထပ် သင်ပေးခဲ့တဲ့ တပည့်ရင်း ၊ ဆရာရင်း ပါ ။ ဉာဏ်ကောင်း ထက်မြက်တယ် ။ အနုပညာ ဗီဇ အား ကောင်းတယ် ။ မြို့မငြိမ်း ရဲ့ စန္ဒရား လက်စွဲ လည်း ဖြစ်ပါတယ် ။ မြန်မာသီချင်းကြီး ၊ သီချင်းခံ အခြေခံ ကောင်းကောင်းနဲ့ နိုင်ငံခြား စန္ဒရားကျုတာ စာအုပ်များ ကို ပြီးပြီးပြတ်ပြတ် တီးခဲ့သူပါ ။ သူတို့ ခေတ် က ခေတ်ဟန် ၊ ဗိုလ်ဟန် တေးသွားများ ကို Left Hand Accompaniment ဘယ်လက် တွဲအဖက် မှန်မှန် Bass , Rhythm , Chord တွေ ပေးပြီး တီးခတ်လေ့ ရှိပါတယ် ။ အဲဒီ ခေတ် က အနောက်တိုင်းဂီတ ၁၉၃ဝ - ၁၉၃၅ ခုနှစ် ပတ်ဝန်းကျင် ရဲ့ ကူးစက်လွှမ်းမိုးမှု အငွေ့အသက်ပါ Fox Trot နဲ့ Jazz စတိုင် တီးခတ်မှု တွေပါ ။ ကျွန်တော်တို့ နိုင်ငံ ခေတ်ဟောင်း ဓာတ်ပြား လောက မှာ ဆရာ အေဝမ်းခင်မောင် အများဆုံး တီးခတ် ခဲ့ပါတယ် ။

ကိုအေးမောင် ကို သတိရတာ က သူ နဲ့ ပတ်သက်တဲ့ သီချင်း တစ်ပုဒ် ကြောင့်ပါ ။ ကျွန်တော့် အခန်း က စန္ဒရား မှာ စုပေါင်း ဆိုတီး ဖြစ်ခဲ့ကြတဲ့ သီချင်းတွေ ကို Tape ( တိပ်ခွေ ) နဲ့ အသံ သွင်းခဲ့ကြတယ် ။ မေရှင် မူရင်း ဆိုတဲ့ “ မင်္ဂလာမောင်မယ် ” ကို အုပ်ကြီး ( ဒါရိုက်တာ ဝင်းဖေ ) ရဲ့ သြဇာမြောက်တဲ့ အသံဝါဝါကြီး နဲ့ ဆိုတဲ့ အခံ့အညား မင်္ဂလာမောင်မယ် သီချင်း လည်း ပါတယ် ။ မြို့မငြိမ်း သမီးလတ် ကျွန်တော့် အစ်မ အစ်မအေး က ပျို့မှတ်တမ်း ဆိုတယ် ။ ချစ်လွန်းတင် ဆိုတယ် ။ ဆေးကိုသန်းမောင် က မေတ္တာမိုးရေ နဲ့ နွယ်စိမ်း ဆိုတယ် ။ အတော် ကောင်းတယ် ။ မြို့မ က ဆိုက်ဆိုဖုန်း တူရိယာ မှုတ်သူ ဖြစ်ပြီး ဂီတ ကို အခြေခံတကျ နားလည်တော့ အသံ လည်း သိ ၊ မြို့မ က မို့ မြို့မဟန် လည်း သိသူပါ ။ ဒိုးတီး ကိုထွန်းရင် တို့ ၊ ဖွေးလက် ကိုဗစိန် တို့ ၊ ကိုညွန့်ဝေ တို့ ၊ ဆေး ကိုသန်းမောင် တို့ လည်း မြို့မငြိမ်း နဲ့ မြို့မ လက်ထွက်များ ဖြစ်ကြလို့ ဒီ သီချင်းများ ဆိုရာမှာ သူ့ အသံ ၊ သူ့ ဆိုဟန် နဲ့ ကောင်းကြတာချည်းပါပဲ ။ မဆီမဆိုင် အဆစ် အနေနဲ့ မိတ္ထီလာ က မန္တလေး ကို ရောက် နေတဲ့ မြို့မငြိမ်း တူမ ကျွန်တော့် ဇနီး မြမြ ( မြမြမိုး ) လည်း ကိုဘိုခင် ရဲ့ ၅၂၈ သီချင်း ပါ အသံ သွင်းဖြစ်ခဲ့ကြတယ် ။ ဒါတွေ ကို စန္ဒရား ကိုသိမ်းမောင် စန္ဒရား တီး ပေးပါတယ် ။ ပြောချင်တာ က ကျောက်မဲ ၊ သီပေါ မှာ အနေ များတဲ့ ရွဲ့အေးမောင် လည်း ဒီ ဆုံစည်းမှု မှာ ပါပြီး ကိုယ်တိုင် ဆိုတီး ဖြစ်တဲ့ မြို့မငြိမ်း ရဲ့ နန်းမြို့တော် နဲ့ လက်ဝဲသုန္ဒရ သီချင်း များ ဖြစ်ပါတယ် ။

ကိုအေးမောင် ဟာ တစ်ချိန် က မြို့မ အသင်းသား ပင်တိုင် စန္ဒရား ဆရာ တစ် ယောက် ဖြစ်ပြီး အကြောင်း တစ်ခုကြောင့် အသင်းပိုင် Clarinet ကို ရိုက်ချိုးခဲ့မိရာ က အသင်း နဲ့ အနေ ဝေးပြီး ကျောက်မဲ ၊ သီပေါ ဘက် ကို ရောက်ရှိသွားပါတယ် ။ ဒေသ ရဲ့ သဘာဝ အရ ဘိန်းသုံးစွဲမှု ရှိလာပြီး ဘဝ ပြဿနာ ခံစားချက် အဖုံဖုံ ကို ဘိန်းသုံးစွဲရင်း အဖြေ ရှာခဲ့တဲ့ အချိန်တွေ နဲ့ ကုန်လွန်ခဲ့ပါတယ် ။ မြို့မငြိမ်း ကွယ်လွန်ပြီး မန္တလေး ရှိ သူ့ ဆရာကတော် နဲ့ ကျွန်တော်တို့ မိသားစု ရှိရာ ပြန် လာပြီး ဘိန်းဖြတ်တယ် ။ မာစတာ ( ဆရာ ) အတွက် အကျိုးပြုနိုင်မယ့် ကျေးဇူးဆပ် လုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ ရည်ရွယ် ချက် နဲ့ပါ ။ သူ တီးခတ် သီဆိုတဲ့ သီချင်း နှစ်ပုဒ် အနက် လက်ဝဲသုန္ဒရ ဟာ ဒီ ခေါင်းစီး နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ် ။ လက်ဝဲသုန္ဒရ ကို ကျွန်တော် တို့ နဲ့ နီးနီးကပ်ကပ် ရှိတဲ့ မြို့မအဆိုတော် ဦးသိန်းတန် ထံ မှ တစ်စွန်းတစ်စ ကြားဖူးခဲ့တယ် ။ ဦးသိန်းတန် က အသံ အတက်အကျ Pitch ကို လိုအပ်သလို ဆိုတတ်လို့ သံကျ Melody မှန်သော် လည်း သံရောက် Pitch လွဲ နေတာတွေကြောင့် လက်ဝဲသုန္ဒရ ဟာ သူ့ ရဲ့ အာလျှာ မှာ အနုပညာ မမြောက်ပါဘူး ။ သူ က လျှာသွက် အာသွက် စာပေါင်ပဲ့ပဲ့ အားနဲ့ မာန်နဲ့ ဟာသဆန် တဲ့ သီချင်းများ နဲ့ ပို လိုက်ပါတယ် ။ ဥပမာ - တကြိုက်ထဲကြိုက် ၊ ဘင်ဂျို ၊ လှကြစမ်းဗျာတို့ ၊ မေဓာဝီ ၊ ရှုမဝ လူပျိုသိုး ၊ အိုလံပစ် တို့လို သီချင်းမျိုးတွေပေါ့ ။

ကိုအေးမောင် ကတော့ ပင်ကို ပုံသဏ္ဌာန် ကိုက ခပ်အေးအေး ၊ အလွမ်း ဖက်လေ့ ရှိတယ် ။ စကားပြော နှေး တွေးဆ နေတတ်သူဖြစ်တယ် ။ သူတို့ ဆရာ ( မာစတာ ) ရဲ့ နေထိုင်ပြောဆိုမှု ဟန်ပန် ကို လည်း နှစ်သက်ကူးစက် ရယူလိုဟန် ရှိတယ် ။ သူ တင် မဟုတ်ပါဘူး ဆရာငြိမ်း တပည့်တွေ ကိုမြမောင် ၊ ကိုပေါ ၊ ကိုဘိုခင် ၊ ကလာရီနက် ကိုကိုလေး တစ်ယောက် တစ်မျိုး ဒီ သဘော သဘာဝ တွေ ကို တွေ့ရတတ်ပါတယ် ။ ကိုအေးမောင် ရဲ့ အနေအထိုင် မူဟန် နဲ့ မြို့မငြိမ်း ရဲ့ လက်ဝဲသုန္ဒရ သီချင်း ကိုယ်တိုင် တီးခတ် သီဆိုမှု ဟာ အလွန် လိုက်ဖက် ပါတယ် ။ စန္ဒရားကျူတာ တီးတဲ့ လက် ဖြစ်လို့ စန္ဒရား ခလုတ် ပေါ်က သူ့ လက်တွေ ဟာ လှုပ်ရှား တီးခတ်တယ် လို့ မထင်ရ လောက် အောင် စနစ်ကျ ညင်သာလှတယ် ။ လက်ဝဲသုန္ဒရ တီးခတ် သီဆို နေစဉ် မှာလည်း စန္ဒရားခလုတ်များ ပေါ် သီချင်းတေးသွား တီးကွက် ပုံဖော်ရင်း စာသား သဘော လက်ဝဲသုန္ဒရ ရဲ့ ဘဝထဲ အာရုံ စူးနစ် ဝင်ရောက် နေဟန် စန္ဒရား Finger Board ကို မကြည့်ဘဲ ခေါင်းမော့ ထား ကာ မျက်စိ မှေးပြီး ခံစား သီဆိုတယ် ။ အသံသွင်းယူ ခဲ့တဲ့ တိပ်ခွေ က မန္တလေးမြို့ ၁၉၈ဝ ခုနှစ် မီးဘေး မှာ ရုတ်တရက် ရွှေ့ပြောင်းရင်း ၊ အိမ်ရှေ့ ရေမြောင်း ထဲ ကျပြီး ပျက်စီး ခဲ့ရတယ် ။ မြို့မငြိမ်း လိုချင်တဲ့ မြို့မတီးဝိုင်း အတွက် ရည်ရွယ်ကန့်သတ် ထုတ်ရေး ပေးခဲ့တဲ့ လက်ဝဲသုန္ဒရ သီချင်း ဟာ သူ့ တပည့် ရင်း ကိုအေးမောင် က အနေနီး ကနဦး လက်ထပ်လို ဖြစ်တာကြောင့် Original ကို သူ လို့ပဲ ယူဆရင် သင့်မြတ်ပါမယ် ။ ဒါ ကျွန်တော့် ဂီတ အယူအဆပါ ။

စန္ဒရား ကိုလှထွတ် နဲ့ မာမာအေး တို့ရဲ့ လက်ဝဲသုန္ဒရ သီချင်း ကို ပြောရ အောင် ။ ဒီ သီချင်း ကို ပထမဆုံး ကျွန်တော် နားထောင်ရတာ က George ကိုကိုကြီး ( မြို့မချစ်သူ ) ရဲ့ မန္တလေး လျှပ်စစ်ပစ္စည်းကုန်တိုက် ( ယခု အင်းဝဘဏ်တိုက် နာရီစင်ထောင့် ) သူ့ မန်နေဂျာ အခန်း အပေါ်ထပ် မှာ သူ ဖွင့်ပြလို့ စတင် နားထောင်ခဲ့ ဖူးပါတယ် ။ အဲဒီ အချိန် မှာ အဲဒီကို ရောက်နေတဲ့ မြို့မ ဝန်းကျင် မှ မြို့မအသင်းသားများ ဖြစ်တဲ့ ဖွေးလက် ကိုဗစိန် ၊ ဆေး ကိုသန်းမောင် ၊ ကိုညွန့်ဝေ ၊ ကိုကောင်းညွန့် တို့ ရဲ့ မှတ်ချက်များ ကလည်း အသွားတွေ ၊ စာသားတွေ လွဲ နေတယ်ပေါ့ ။ နောက်ပိုင်း ကျွန်တော် ဂီတ လိုက်စားမှု ဝါလေး ရင့် လာတဲ့ အခါ မြင့်မြင့် ပျံတဲ့ ငှက် လို ဝေးဝေး ကို ဆန့်ထုတ် မြင်တတ်တဲ့ အလေ့အကျင့်ကောင်း ရလာခဲ့တယ် ။ ဒီ ဆောင်းပါး တစ်နေရာ မှာ ဂီတစာဆို ကိုလေးလွင် ရဲ့ အမေး ကို ကျွန်တော် တုံ့ပြန် ဖြေကြားခဲ့တဲ့ စန္ဒရားကိုလှထွတ် တီးခတ်တဲ့ လက်ဝဲသုန္ဒရ နဲ့ ပတ်သက်တာ ကို ပြောခဲ့ပါတယ် ။

ကိုလှထွတ် ဟာ တစ်ချိန်က မြန်မာ့အသံ ဝန်ထမ်း ဖြစ်ဖူးလို့ မာမာအေး ကလည်း ထို့နည်းတူ ဖြစ်လို့ မြန်မာ့အသံ ဓာတ်ပြားတိုက် မှာ မလွဲမသွေ ရှိနေမယ့် လက်ဝဲသုန္ဒရ အမည် မဟုတ်တဲ့ မူရင်း ဓာတ်ပြား အမည် မဲဇာရွှေလီ ဟာ သူတို့ အဖို့ အတွေ့အသိ ဦး ဟန် တူပါတယ် ။ လက်ဝဲသုန္ဒရ အနေ နဲ့ အမှတ်မှား အမည်တွင် တဲ့ သူတို့ နှစ် ဦးရဲ့ အနုပညာ ကြိုးပမ်းမှု ဟာ လေဘာတီ မမြရင် ဆိုတဲ့ မဲဇာရွှေလီ ဓာတ်ပြား ပါပဲ ။ လေဘာတီ မမြရင် က တေးသွားသံ ပီပီ စာသား ပီပီ ဟာဝေယံ ဂစ်တာ Rhythm များများ နဲ့ အတွဲအဖက် ပေး သီဆို ထားပါတယ် ။ လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာ စာအုပ် မှာ ပါတဲ့ မြို့မငြိမ်း ရဲ့ Orginal လက်ရေး မူ မှ အောက်ဆုံးအပိုဒ် မှ စာသားတွေ တွေ့ရမှာပါ ။ ဒါပေမဲ့ သီချင်းရေးသူ မြို့မငြိမ်း က ဓာတ်ပြားသီချင်း အတွက် သီချင်း ကန့်သတ်ဖဲ့ထုတ် စီစဉ် ပေးလိုက်ပုံပါပဲ ။ ကျွန်တော့် အယူအဆပါ ။

မြို့မမူ လက်ဝဲသုန္ဒရ ကတော့ မူရင်း ရတုပုံစံ “ မဲဇာတောင်မြေ - ပွဲခါညောင်ရေ - သဲသာသောင်မြေ ” ဆိုတဲ့ သဘော နဲ့ ရတုအင်္ဂါ ညီ သလို သီချင်း ကို လည်း အပိုဒ်ခွဲ အချိုးညီ စီစဉ်ဟန် တူပါတယ် ။

ဒါက မြို့မမူ မြို့မ တီးခတ်တဲ့ လက်ဝဲသုန္ဒရ နဲ့ လေဘာတီမူရင်း ကို စန္ဒရား လှထွတ် နဲ့ မာမာအေး တို့ တီးခတ် သီဆို ထုတ်လုပ်တဲ့ မဲဇာရွှေလီ တို့ ကို ပြန်လည် တူးဆွ ရှင်းလင်း ယူဆချက်ပါ ။ မာမာအေး က “ လက်ဝဲသုန္ဒရ ” ခေါင်းစဉ် နဲ့ လည်း မြို့မ ကိုပေါ စီစဉ်တဲ့ စီးရီး တစ် ခုမှာ သီဆို ဖူးတယ် ။ ဒီတော့ နှစ်မူ စလုံး ကို သီဆိုဖူးတဲ့ သူ လည်း ဖြစ်တယ် ။ ဒါနဲ့ ပတ်သက်လို့ ၈ . ၆ . ၂ဝ၁၃ ခုနှစ် ၊ မန္တလေး မြို့တော်ခန်းမ ( ၁ ) မှာ ကျင်းပတဲ့ “ မာမာအေး တစ်ကိုယ်တော် ” ဖျော်ဖြေရေး အစီအစဉ် အတွက် မြို့မအသင်း မှာ တီးလုံးတိုက်စဉ် ကျွန်တော့် အစ်မ လို ဖြစ်တဲ့ သူ့ ကို “ ငါ့ အစ်မ ဒါလေးတော့ အကြောင်းသင့်တုန်း ရှင်းကြဦးစို့ ” လို့ ပူဆာခဲ့ပါတယ် ။

မြို့မလက်ဝဲသုန္ဒရ မူ မှာ စန္ဒရား ကိုအေးမောင် ရဲ့ တွေးတွေးငေးငေး ခံစားချက် နဲ့ သီဆိုတဲ့ နောက်ဆုံးပိုဒ် ပွဲညောင်ရေ စာပိုဒ် မှာ -

“ သည်ဆီရွှေနန်း ဖြောင့်တန်းမယ် သည်အနေ စိတ်မှာထင်မြင် ဦးတင်ပါ သဖျ ..”  ဆိုတဲ့ စာပိုဒ် ၊ ဆိုသံ ၊ ဆိုဟန် ၊ ကိုယ်တိုင် တီးခတ် ၊ စန္ဒရား တွဲဖက်လိုက်ဟန် တို့ဟာ အကစား မက် အပျော် မက် တဲ့ ကျွန်တော် လို လူပျိုပေါက် အရွယ် တစ်ယောက်ရဲ့ ရင် ထဲ တောင် “ လွမ်းရသ ” ခံစားချက် ဟာ စူးနင့်ပင့်ဆို့ လောက်အောင်ပါပဲ ။

စန္ဒရား ကိုလှထွတ် နဲ့ မာမာအေး တို့ရဲ့ မဲဇာရွှေလီ သီချင်း မှာတော့ ကိုလှထွတ် ရဲ့ မြို့မငြိမ်း ရေးတဲ့ မူရင်း တေးသွား အပေါ် တေးသွား ရသ မပျက် သူ့ ရဲ့ စန္ဒရား လက်ကွက် ဖန်တီးမှု ဟာ အဲဒီ ခေတ် က နားဆင်သူ ကို ဖျတ်ခနဲ ညွတ်နူးရ လောက်အောင် ဖမ်းစား နိုင်ပါတယ် ။ စတင် နားထောင်ခဲ့ရ စဉ် ကပင် ကျွန်တော် အလွန် သဘောကျတယ် ။ သူ က လည်း သာမန် မဟုတ်တဲ့ နှစ်ဖက်ရ ဂီတသမား ။ မြန်မာမှ ကမ္ဘာ့ဂီတ ကို လှမ်း မျှော် လိုက်စားတတ် သူမို့ စန္ဒရား လက်ကွက်တွေ မှာ နှစ်လိုလက်ကြွယ် ခေတ်ဆန်တဲ့ မြန်မာ့ စန္ဒရားသံလေးများ ကို စီကာ ရီကာ ဂီတ ပုတီးကုံးလေးများ သဖွယ် ချစ်စရာ တီးကွက်များ ဖန်တီးတတ် သူပါ ။ စန္ဒရားကိုလှထွတ် လက်သံ ကို အာရုံစိုက်တော့ အဆိုတော် မာမာအေး အသံ မေ့ပြီး ၊ တစ်ဖန် မာမာအေး ရဲ့ အဆိုသံ ကို အာရုံစိုက် တော့ စန္ဒရား အကူအပံ့ ကို မေ့ရ ပြန်ပါတယ် ။

မာမာအေး က လည်း မာမာအေး ပါပဲ ။ လေဘာတီ မမြရင် ရဲ့ အဆိုသံ ၊ အဆိုဟန် ကို အထက်က နေရာမှာ ဖော်ပြထားပြီးပါပြီ ။ မာမာအေး ရဲ့ မဲဇာရွှေလီ ဆိုသံကတော့ အဲဒီ အချိန်က အရွယ်ကောင်း မို့ နုပျိုလတ်ဆတ် နားဝင်ပီယံ ဖြစ်လွန်းလှပါတယ် ။ ဒါပေမဲ့ ပိုထိမိ အားကောင်း နေတာက သူမ ရဲ့ အဲဒီ အချိန်က အရွယ် နဲ့ မလိုက်တဲ့ အနုပညာ ဖန်တီးမှုပါ ။ နုပျို ငယ်ရွယ်စဉ် အဆိုရှင် ဖြစ်ပေမဲ့ မဲဇာရွှေလီ မှာ အဝေးရောက် အပြစ်ဒဏ် ကျနေတဲ့ မင်းလက်ဝဲသုန္ဒရ ရဲ့ ခံစားချက် ကိုတော့ သူမ လည်း ဆို့ဆို့နင့်နင့် ဆိုနိုင်ပါတယ် ။ အသံသွင်း တိပ်ခွေ ၊ CD များ ရှိပြီးမို့ ကိုယ်တိုင် ခံစား နားဆင် လေ့လာ နိုင်ပါလိမ့်မယ် ။

လက်ဝဲသုန္ဒရ နဲ့ မဲဇာရွှေလီ ကို ကျွန်တော့် ရဲ့ မြို့မငြိမ်း မြန်မာသီချင်းများ MYOMA NYEIN MYANMAR CLASSICS သီချင်းစာအုပ် မှာ မူ နှစ်ခုလုံး ထည့် သွင်းမယ် လို့ ရည်ရွယ်ပါတယ် ။ ကျွန်တော့် ဂီတကျမ်း က Piano Pieces စန္ဒရားကွက် များ ဖြစ်လို့ ဒီ သီချင်း နှစ်ပုဒ် အတွက် Piano Pieces စန္ဒရားတီးကွက် လိုပဲ အဓိက ထားပါတယ် ။ တစ်ခု က လက်ဝဲသုန္ဒရ သီချင်း အနေနဲ့ မြို့မမူ ။ Chorus ပိုဒ်မှာတော့ Fox Trot Rhythm နဲ့ စွက်ဖက် တီးခတ်ပါတယ် ။ မဲဇာရွှေလီ သီချင်း မှာ တော့ ကိုလှထွတ် ရဲ့ စန္ဒရား လက်သံ ၊ စန္ဒရား လက်ကွက်များ ပါရှိပြီး မို့ ကွယ်လွန်သူ နောင်တော် ကြီး ကိုလှထွတ် အတွက် အသက်ရှင်ဆဲ ဂီတသမား ညီတော်မောင် တစ်ယောက် ရဲ့ ဂီတဂါရဝ မှတ်တမ်း တစ်ခု အဖြစ် ကြိုးပမ်းခြင်းပါ ။ ကျွန်တော့် Project မှာ နောင်တော်ကြီး ရဲ့ ကြည်နူး နှစ်လိုဖွယ် မဲဇာရွှေလီ သီချင်း ရဲ့ စန္ဒရားတီးကွက် ကို အခြေခံ ထား ပါတယ် ။ တချို့လည်း ကျွန်တော် တတ်စွမ်းသလို Computer Pianist ကျွန်တော့် အနေနဲ့ တီးခတ် ဖြည့်စွက်ပါတယ် ။

မြို့မငြိမ်း မြန်မာသီချင်း မှာ MYOMA NYEIN MYANMAR CLASSICS PROJECT ရဲ့ အဓိက ကို က မြို့မငြိမ်း ရဲ့ မြန်မာသီချင်းများ ကို နိုင်ငံတကာသုံး သင်္ကေတ ( Staff Notation ) နဲ့ ပြုစုကာ အသုံးချ ဂီတကျမ်းစာအုပ် နဲ့ ဂီတပညာရေး Music Education အတွက် ရည်ရွယ်တဲ့ CD ခွေ တစ်ခု ။

ယင်း ကျမ်းတွင် ပါသော တေးသီချင်းများ ကို Piano Piec eသဘောနဲ့ သော် လည်း ကောင်း ၊ မြို့မတူရိယာအသင်း ၏ မူဟန် နှင့် သော် လည်းကောင်း မြို့မငြိမ်း အာသီသ ဖြစ်တဲ့ Symphony တီးဝိုင်းပုံစံ နဲ့ တီးခတ်မယ့် “ ဂီတဖျော်ဖြေမှု ” Music Entertainment အတွက် CD ခွေ တစ်ခု ၊ ပေါင်း နှစ်ခွေ ပါပါ့မယ် ။

ဒီတော့ ကျွန်တော့် Project ဖြစ်တဲ့ မြို့မငြိမ်း မြန်မာသီချင်းဂီတကျမ်း မှာ Piano Piece ဟာ အဓိက ဖြစ်ပြီး တီးခတ်သုံးစွဲသူ Users စန္ဒရားဝါသနာရှင်များ အနေနဲ့ ဂီတကျမ်း ပါ ကမ္ဘာသုံး ဂီတသင်္ကေတ နဲ့ ရေးထားတဲ့ သီချင်းများ ကို ဖတ်ရှု တီးခတ် လေ့ကျင့်ပြီး တစ်ဦးချင်း လည်း Solo တီးနိုင်ပါမယ် ။ ကျွန်တော် Computer Pianist စန္ဒရား အစား လိုပဲ CD မှာ ပါတဲ့ Symphony တီးဝိုင်း ပုံစံတွေ နဲ့ တီးထားတဲ့ တီးဝိုင်းတွေမှာ ဝင်ရောက် တီးခတ် နိုင်ပါတယ် ။ မြို့မငြိမ်း ရဲ့ စာဆိုခံလလုံး ၊ မဲဇာရွှေလီ ၊ မေဓာဝီ ၊ မေတ္တာမိုးရေ စတဲ့ သီချင်းတွေ မှာ ပုံစံ အမျိုးမျိုး တွေ့နိုင်ပါတယ် ။

ဒီ ခေါင်းစီး အောက်မှာ မရှိဘဲ ကြားဖြတ် ပြောလိုတာ က စာဆိုခံလလုံး သီချင်းပါ ။ “ စာဆိုခံလလုံး ” အနေနဲ့ က ရှိသမျှ ၊ နားထောင်ခဲ့ ဖူးသမျှ အသံသွင်းခွေများ နဲ့ ပြင်ပ ကျွန်တော် ကြားဖူးသမျှ အတွေ့အကြုံများ အနက် အသင့်တော်ဆုံး အကြိုက်ဆုံး လို့ ဆိုရမယ့် မြန်မာတို့ ဧရာဝတီ စီးရီး က ရီရီသန့် အဆို နဲ့ ကိုရီနွယ် စန္ဒရား အတီး ကို ရွေးချယ်ထားပါတယ် ။ ကျွန်တော့် ရည်ရွယ်ချက် က စန္ဒရားအတီးပညာရှင် နောင်တော်ကြီး ကိုရီနွယ် ကို အမှတ်တရ သူ့ရဲ့ Piano Solo Pieces စန္ဒရား လက်စွမ်းပြ တီးကွက် များ ကို မှတ်တမ်းတင် ဂုဏ်ပြု လိုခြင်းပါ ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ ဂီတရူးသွပ်မှု ဟာ မြို့မငြိမ်း ၊ ရွှေပြည်အေး တို့ က ကူးစက်လာတာ ဖြစ်တော့ နောင်တော်ကြီး ကိုရီနွယ် ကို စန္ဒရား အချီး နိဒါန်း Introduction မပြုစဉ် က ပင် Symphony ဟန် နဲ့ ဝိုင်းထဲ အရောက် ပို့ပေးပြီး မှ သီချင်းစ လက်စွမ်းပြ တီးခတ်စေပါတယ် ။ အနောက်နိုင်ငံ ဂီတပုံစံ ကတော့ စန္ဒရား ချည်း Piano Sonata လက်စွမ်းပြ ပုံစံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ ယဉ်ကျေးမှု ၊ ကျွန်တော်တို့ ဂီတပုံစံ ကတော့ အတီး မှာ အဆို ပါပြီး အဆို မှာ အတီး ပံ့ပိုးမှ စာသား တေးသွား ရသမြောက်ကြတယ် ။ ဒါမျှမက Symphony တီးဝိုင်းသုံး တူရိယာပစ္စည်း ၊ တူရိယာပညာရှင် မရှိ မရ နိုင်တဲ့ ကျွန်တော်တို့ အဖို့ Computer က တူရိယာပစ္စည်း ၊ တူရိယာပညာရှင်တွေ ကြိုက်သလို တစ်ပြား မှ မပေးရဘဲ ခေါ်ယူပြီး ကျွန်တော်တို့ ရဲ့ ဝိုင်းဖွဲ့မှု Arungement ကို အသုံးချ တီးခတ်ကြတယ် ။ ကြီးကြီးကျယ်ကျယ် - မြန်မာ Piano Concerto လို့ ပြောရမလားပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် စေတနာ စေ့ဆော်မှု နဲ့ ဂီတရူး တစ်ယောက် ရဲ့ ဂီတကြိုးပမ်းမှု လို့ မှတ်တမ်းတင်ပြု ပေးစေချင်တာလေး တစ်ခု ပါပဲ ။

မဲဇာရွှေလီ မှာတော့ စန္ဒရား ကိုလှထွတ် ရဲ့ အမှတ်ရဖွယ် လှလှပပ ချစ်စရာ စန္ဒရား တီးကွက်လေးတွေ ကို အခြေခံပြီး သူ့ကို လည်း အဆိုတော် မာမာအေး နဲ့ သီချင်းနိဒါန်း စန္ဒရားအဖြူး မစမီ ကတည်း က Symphony ဝိုင်းသံပေး စတင် ခဲ့ပါတယ် ။ စန္ဒရား လှထွတ် အသက် ပြန်ရှင်လာခဲ့မယ် ဆိုရင် သို့မဟုတ် ကျွန်တော် ရေးတဲ့ ကျွန်တော့် ဂီတကျမ်းပါ ဂီတသင်္ကေတ သူ့ စန္ဒရား တီးကွက် ကို တီးခတ်သူ User Pianist မည်သူမဆို ဖြစ်စေ တီးကြမယ် ဆိုရင် သီချင်း မစခင် သူတို့ လည်း မဲဇာရွှေလီ တောဆီ ကျွန်တော့် ရဲ့ စိတ်ကူးဖွဲ့ တီးလုံး များ နဲ့ အာရုံ ယူကြစေချင်တာပါ ။ မြို့မငြိမ်း လည်း ဒီလို စဉ်းစားမိကောင်းရဲ့ ပေါ့ ။ ကျွန်တော် ကြည်နူး ခံယူလိုတဲ့ ကိုယ့် ကိုယ် ကို အားပေးမှု မှာ ဓားတန်းဦးသန့် ၊ မြို့မငြိမ်း ၊ ရွှေပြည်အေး တို့ အသက်ရှင်စဉ် က ဖြစ်စေ ၊ တယော ကိုတင်ရီ တို့ ၊ ကျွန်တော် တို့ ... ဆိုတဲ့ ဂီတသမား အမျိုးအစားများ ဟာ Symphony ရူး အတော် ရူးခဲ့တယ် ။ ဒါကလည်း ရှားရှားပါးပါး ပါ ။ ဘာကြောင့်လဲ ဆိုတော့ ဒီ ရူးသွပ်လိုက်စားတဲ့ ဂီတ ပညာရွှေအိုး ဟာ ထမင်း မဖြစ်ခဲ့ဘူး ။ ဘဝ ရပ်တည်မှု ထမင်း စားဖို့တောင် အာမခံ မရှိဘူး ။ မြန်မာ့ဂီတ လောက မြန်မာဂီတသမား စစ်စစ်တွေ ဟာ ဒီ အာမခံချက်မဲ့ လမ်းခရီး ကို ခရီးရှည် လျှောက် ခဲ့ကြတယ် ။ သေတဲ့ အထိပေါ့ ။

ကျွန်တော်တို့ နိုင်ငံ နဲ့ ပတ်သက်လို့ Symphony Orchestra ဗဟုသုတလေး တွေ သတိရ မိတယ် ။ National Orchestra နိုင်ငံတော်သံစုံတီးဝိုင်း ကိစ္စပါ ပဲ ။ National Orchestra ကို စတင် ဖွဲ့စည်းပါ ၊ ဖွဲ့စည်းမယ် လို့ နိုင်ငံတော် အကြီးအကဲများ က နိုင်ငံအတွက် အလေးထား တန်ဖိုးထား ညွှန်ကြားခဲ့တယ် ။
နိုင်ငံ အတွက် ယဉ်ကျေးမှုရေးရာ ၊ ဂီတရေးရာ ကျေနပ် ဝမ်းသာစရာ စီမံချက် ပါ ။ ကျွန်တော့် ကို လည်း အစည်းအဝေး ဖိတ်လို့ တက်ရောက် ဖြစ်ပါတယ် ။ Symphony Orchestra မှာ ပါတဲ့ Wood Wind Instrument , Brass Instrument , String Instrument နဲ့ Percussive Instrument တူရိယာ ပစ္စည်း အမျိုးမျိုး ဟာ နိုင်ငံတော် သံစုံတီးဝိုင်း ဖြစ်လို့ နိုင်ငံတော် အဆင့် အနေနဲ့ မှာယူ ဝယ်ယူ နိုင်မှာမို့ နိုင်ငံ အတွက် အားရဝမ်းသာစရာကြီးပါပဲ ။ ဒီ အစည်းအဝေး ဖိတ်ကြား ခံရလို့ တက်ရောက်ရတဲ့ ကျွန်တော့် အနေနဲ့ ဝမ်းသာလိုက်တာလို့ အားရပါးရ ခံစားမိတယ် ။ ကျွန်တော့် အစ်ကို ( ကျွန်တော့် အထက် မြို့မငြိမ်း သားကြီး ) ကိုအောင်ခိုင် ( သန်းအောင်ခိုင် ) ရေးတဲ့ မြို့မငြိမ်း နှင့် သူ ၏ အနုပညာ စာအုပ် မှာ အလင်္ကာကျော်စွာ ဆရာ ရွှေပြည်အေး ရေးတဲ့ ဪ ... ကိုညိမ်း ... ကိုညိမ်း ... တကယ့်မြို့မငြိမ်း ဆောင်းပါး ကောက်နုတ်ချက် ပါရှိ ပါတယ် ။ ဒီ ဆောင်းပါး မှာ ဆရာရွှေပြည်အေး ရဲ့ Symphony ပီတိ နဲ့ ပတ်သက်ပြီး ဤသို့ ဖော်ပြဖူးပါတယ် ။

“ ဤအခါမှစ၍ ကိုညိမ်း နှင့် ကျွန်တော် တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်ပြီး အလွန်အမင်း ခင်မင်ရင်းနှီး အလုပ်ဌာနချင်း ခြားနား သော်လည်း နှစ်ယောက် အခါအခွင့် သင့်တိုင်း ပန်းဆိုးတန်း ရှိ ဝင်းဝင်းရုံ ( ယခင် စတားရုံ ) နှင့် မျက်နှာချင်းဆိုင် မှာ ထိုအခါ ( ဂေတီ ) ပျော်ပွဲစားရုံ၌ တွေ့ဆုံ စားသောက် ဂီတ အကြောင်း ဆွေးနွေးလေ့ ရှိကြပါသည် ။ သို့ကလို ဆွေးနွေးကြရင်း ကိုညိမ်း ၏ အူအသည်းနှလုံး နှင့် တူသော ဝမ်းတွင်း မှ မျိုသိပ်ထားသည့် စကားများ ကို ကြားရသည့် အခါ ကျွန်တော်မှာ အံ့အား သင့်လျက် နားထောင်ရင်း မှ ဟင်းခနဲ သက်ပြင်း ချလျက် ‘ ကိုညိမ်း ရာ ကျွန်တော့် အကြံနဲ့ တူလေခြင်းဗျာ ’ ဟု ထ၍ ဖက်မိပါတော့သည် ။ ထိုအကြံ ကား အခြား မဟုတ် ကမ္ဘာတစ်ခွင် ဗမာ ( Symphony ) တီးဝိုင်းကြီး ထည်ဝါစွာ ပေါ်ပေါက်လာရေး ဖြစ်ပါသည် ” ဟူ၍ဖြစ်၏ ။

ထပ်ဆင့်၍ ( ၁၉၂၅ - ၂ဝဝဝ ) ခုနှစ် မြို့မစိန်ရတု အထိမ်းအမှတ် ကျွန်တော် ပြုစုသော “ ကမ္ဘာသုံး သင်္ကေတ နှင့် မြန်မာ့မဟာဂီတ ၊ မြန်မာသီချင်း ” ဂီတကျမ်း တွ င်လည်း “ အဘ မြို့မငြိမ်းနှင့် ဆရာရွှေပြည်အေး တို့၏ အာသီသ ၊ ဆန္ဒခန့်ထည် ကြီးမားလိုက်ပုံက ရင်ချင်းဆက် တမျှ ထ၍ ဖက်ကာ တစ်ခုတည်းသော နှလုံးသားဖြင့် ၊ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည့် ...

“ မြန်မာ့ဂီတ အဆင့်မြင့် ခေတ်မီရေး နှင့် မြန်မာဂီတ သံစုံတီးဝိုင်းကြီး ပေါ်ပေါက် ရေးတည်း ဟူသော ကမ္ဘာ နှင့် ရင်ပေါင်တန်း လိုသော ၊ လူမျိုး၏ဂုဏ်သိက္ခာ ၊ လူမျိုး၏ ဂီတရေးရာ တိုးတက်မှုများ အတွက် အစီအမံကောင်းများ ၊ အစီအစဉ်ကောင်းများ ကို မျိုးဆက်အလိုက် ကြိုးစားနိုးကြားစေလိုသော ထပ်တူညီမျှ စေတနာ အဝဝ နှင့် အဆင့်ဆင့် ပန္နက်ချလိုခဲ့ခြင်းပင် ဖြစ်ပါသည် ” ဟူ၍ ဖော်ပြရေးသားခဲ့ဖူးပါသည် ။

ဒါက မြန်မာ့ဂီတလောက ရှေ့တန်း Pioneer လမ်းညွှန် ဂီတသမားကြီးများ ဖြစ်ကြတဲ့ ( စာရေးသူ က “ ရင်ချင်းဆက် ဂီတအမြွှာ ” လို့ အမည် ပေးချင်တဲ့ ) သူတို့ ကို “ Symphony အတွေးအစ မြို့မငြိမ်း နဲ့ ရွှေပြည်အေး တို့ က ” လို့ ဖော်ပြလိုခြင်းပါ ။

ကျွန်တော့် ကို ဖိတ်ကြား ခံရလို့ တက်ရောက်ခဲ့ရတဲ့ National Orchestra ပဏာမ အစည်းအဝေးကြီး ကတော့ ပြန်ကြားရေးဌာန မြန်မာ့အသံခန်းမ တစ်ခုမှာ ကျင်းပခဲ့ပါတယ် ။ ဦးစီးနာယက အနေ နဲ့ အဲဒီအချိန် က ပြန်ကြားရေးဝန်ကြီး ပဲပေါ့ ။ Symphony Orchestra ရဲ့ အင်္ဂါရပ်နဲ့ အညီ ရှိသင့် ရှိအပ် ရှိရမယ့် တူရိယာပညာရှင် Players အင်အားတွေ ချင့်တွက် ကြတယ် ။ Orchestra ဖွဲ့စည်းပုံ အတိုင်း ဘယ် တူရိယာပစ္စည်း အတွက် ဘယ်နှယောက် ၊ စုစုပေါင်း အင်အား ဘယ်လောက် ပေါ့ ။ Symphony ကြီး ရဲ့ အရည်အချင်း ကို မပြောနဲ့ဦး ။ အရေအတွက် အင်အား မှန်းရတာ ကို က ကျွန်တော်တို့ ကြည်နူး အားတက်ကြတယ် ။ ကျွန်တော်တို့ ဆိုတာက လူကြီးပိုင်း ဂီတသမားကြီးတွေ ဗိုလ်ကလေးတင့်အောင် တို့ ၊ ဂီတလုလင်မောင်ကိုကို တို့ ၊ လူလတ်ပိုင်း တယော ကိုတင်ရီ ၊ ရုရှားပြန် ကိုမောင်မောင် တို့ .. စသည် အများကြီး အပါအဝင်ပါပဲ ။ အဲဒီ အချိန် က ကျွန်တော်တို့ မန္တလေး မြို့မ တူရိယာအသင်းကြီး ရဲ့ ( ၁၉၂၅ - ၂၀၀၀ ) ခုနှစ်ပြည့် စိန်ရတုသဘင် အခမ်းအနား ကို ရန်ကုန် အမျိုးသားဇာတ်ရုံကြီး မှာ တင်ဆက် ပြီးစီးခဲ့တဲ့ အချိန် ဖြစ်ပါတယ် ။ ဗိုလ်ကလေးတင့်အောင် နဲ့ ဂီတလုလင်မောင်ကိုကို တို့ ကို လည်း ဖိတ်ကြားခဲ့လို့ တက်ရောက် အားပေးကြတယ် ။ ဗိုလ်ကလေးတင့်အောင် က မြို့မစိန် ရတုသဘင် ရဲ့ ဖျော်ဖြေမှု မှာ မြို့မ က တင်ဆက်တဲ့ ကမ္ဘာ့ဂီတခန်း နဲ့ ကမ္ဘာ့ဂီတဟန် တင်ဆက်မှု ကို National Orchestra နိုင်ငံတော် သံစုံတီးဝိုင်းဖွဲ့စည်းရေး ပဏာမ အစည်းအဝေး မှာပဲ လူကြီး တစ်ယောက် ရဲ့ ဂီတအမြော်အမြင် နဲ့ ဂုဏ်ပြု ပြောကြား ပါတယ် ။ မြို့မစိန်ရတုသဘင်ပွဲ ရဲ့ တင်ဆက်မှု မှာ တင် ၊ ငြိမ်း ၊ သိန်း ( နန်းတော်ရှေ့ ဆရာတင် ၊ မြို့မငြိမ်း ၊ ဦးဘသိန်း ) တို့ ရဲ့ မြို့မ ဂီတမဏ္ဍိုင် အခြေချ လျှောက်လှမ်းခဲ့ပုံ ကို တင်ပြတဲ့ တစ်ခန်းရပ် ပြဇာတ်လေး တစ်ပုဒ် ပါဝင် ခဲ့ပါတယ် ။

နိဒါန်းသဝဏ်လွှာ
( သို့မဟုတ် )
စိတ်ကူးယဉ် အိပ်မက် ထဲ က တကယ့် မြို့မ ... ဆိုတဲ့ ဂီတပြဇာတ်လေး ဖြစ်ပါ တယ် ။ ကျွန်တော် က ကျောရိုး ရေးပေးပြီး မြို့တော်မောင်ယဉ်အောင် က ပြဇာတ်ဟန် နဲ့ ဇာတ်အိမ်ဖွဲ့ ဝိုင်းဝန်းပံ့ပိုး ပေးပြီး ဖန်တီး တင်ဆက်ခဲ့ကြပါတယ် ။

မန္တလေးမြို့မ တူရိယာအသင်းကြီး ရဲ့ ၁၉၂၅ ခုနှစ် သန္ဓေတည် ပြီး သုံးနှစ် အကြာ ၁၉၂၈ ခုနှစ် မှာ ထုတ်ပြန်ခဲ့တဲ့ မြို့မတူရိယာအသင်း စည်းမျဉ်းဥပဒေ စာအုပ် မှာ ပါတဲ့ ရည်ရွယ်ချက် ( ၆ ) ခု ဖြစ်တဲ့ ...

( က ) မြန်မာသီချင်းကြီး သီချင်းခံများ ဆည်းပူးပြန့်ပွားရေး ၊
( ခ ) ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြားတတ်မြောက်ရေး ၊
( ဂ ) Music Note အမှတ်အသားပညာဖြင့် ရေးထားသော တူရိယာပညာကို ဆည်းပူးလေ့လာရန် ၊
( ဃ ) ကမ္ဘာ့ခေတ်မီ တူရိယာတီးဝိုင်းကြီး ဖြစ်မြောက်ရေး ၊
( င ) ရှေးမြန်မာ သီချင်းများ ကို ကျွမ်းကျင်သူများ နှင့် ညှိနှိုင်း၍ ကမ္ဘာသုံး ဖြစ်သော Music Note ပညာဖြင့် ကူးပြောင်း ရေးသားလေ့လာရန် ၊
( စ ) မြန်မာနိုင်ငံတော် အတွင်း တူရိယာ အသင်းများ က ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေး ကူညီရန်

...ဆိုတဲ့ အချက်များ ကို ကျောရိုး သဘောထားပြီး မြို့မဦးဘသိန်း ရဲ့ ( မြို့မသဝဏ် လွှာ ) နိဒါန်းသဝဏ်လွှာ ကို အခြေပြု တင်ဆက်တဲ့ နန်းတော်ရှေ့ ဆရာတင် ၊ မြို့မငြိမ်း ၊ ဦးဘသိန်း တို့ရဲ့ ဂီတရေးရာ အဆက်အနွယ် ၊ အဆက်အသွယ်များ ကို စိတ်ကူး ဖွဲ့ပြီး ဂီတပြဇာတ်တိုလေး အဖြစ် တင်ဆက်ခဲ့ကြပါတယ် ။

အဓိက ဇာတ်ကောင် အဖြစ် မြို့မငြိမ်း နေရာမှာ သူ့ မြေး ဖြစ်တဲ့ လူငယ် စန္ဒရားသမား ပါရမီရွှန်း ကို ထားပြီး တွဲဖက် ဇာတ်ကောင်များ အနေနဲ့ မြို့မငြိမ်း ရဲ့ တပည့် ကိုအေးမောင် ( ရွဲအေးမောင် ) အဖြစ် ... မောင်ငြိမ်းချမ်း ( စန္ဒရား - ပန်းချီဆရာကြီး ရာဟုလာ ရဲ့ သား ) ၊ ဦးရင်လေး အဖြစ် .. ရဲထွဋ်အောင် ( တယော ) ၊ ရွာစားကြီး စိန်တင်ဟန် အဖြစ် ... ဇော်မိုးအောင် ( စိန်တင်ဟန် ရဲ့ သား / ဒါးတောင် သံချောင်း ) ၊ ဦးဘသိန်း အဖြစ် မြို့မ တယောသမား မောင်ကိုကြီး တို့ က သရုပ်ဆောင် ပေးကြတယ် ။ ဂီတပြဇာတ် ဖြစ်လို့ ဇာတ်ဝင် ဇာတ်ကောင်တွေ ဟာ ဇာတ်လမ်း အရ တကယ် တီးတတ် ၊ တီးကြရတယ် ။

ပြဇာတ် စလျှင် စချင်းပဲ ကားလိပ် မဖွင့်မီ မြို့မငြိမ်း အဖြစ် သရုပ်ဆောင်သူ ပါရမီရွှန်း ရဲ့ စန္ဒရားလက်သံ နဲ့ ထွက်ပါတယ် ။ စန္ဒရားလက်သံ တီးလုံး ဟာ ကမ္ဘာ့ဂီတ ကို အခြေခံ မှာ မို့ ပါရမီရွှန်း တီးခတ်တဲ့ Franz Schubert ရဲ့ Impromtu Op.90-No.2 နဲ့ နိဒါန်း ပျိုးပါတယ် ။ ဒီ Schubert ရဲ့ Piano Piece စန္ဒရားတီးလုံး ဟာ သံစဉ် တစ်ခု ပြီး တစ်ခု ဆက်ဆက်ပြီး သီထားတဲ့ ဂီတပန်းကုံးကြီး လိုပါပဲ ။ တစ်နေရာရာ မှာ ထစ်ထစ်ငေါ့ငေါ့ ၊ တုံ့တုံ့ဆိုင်းဆိုင်း ဖြစ် လိုက်လို့ ကတော့ ပျက်ကရော့ ငါးပါးမှောက် တော့ မှာပါပဲ ။ ဒါပေမဲ့ ဒီ Schubert ရဲ့ စန္ဒရားတီးလုံး ကို အဲဒီ လူငယ်လေး ဟာ တီးလုံး တိုက်စဉ် အကြိမ်ပေါင်း များစွာ မှာ ရော ၊ ပွဲလယ် မှာ ရော ပညာရဲရင့် ပွဲလယ်တင့်ခဲ့ပါ
တယ် ။ ဒါကို ဗိုလ်ကလေးတင့်အောင် ကလည်း မြို့မစိန်ရတုသဘင် တင်ဆက်မှု မှာ ကြည့်ရှုအားပေးခဲ့ ရုံ မျှသာ မက National Orchestra နိုင်ငံတော် သံစုံတီးဝိုင်း ပဏာမ အစည်းအဝေး မှာ ကို ပဲ ချီးကျူးစကား ပြောရှာတယ် ။ လူငယ် ဂီတမျိုးဆက်တွေ ရဲ့ အနာဂတ် ဂီတလမ်း အတွက် မျှော်မှန်း အားပေးခဲ့ဟန် တူတယ် ။ အစည်းအဝေး တက်ရောက်ဖြစ်သူ ကျွန်တော့် အနေနဲ့ လည်း National Orchestra အတွက် တူရိယာပညာရှင် Players တွေ ရဲ့ အရေအတွက် ပြည့်စုံရုံ မျှ မက အရည်အသွေး ၊ အရည်အချင်းကောင်းများ လည်း ပြည့်မီဖို့ လိုအပ်ကြောင်း တင်ပြ ဆွေးနွေးဖြစ်တယ် ။

ကျွန်တော့် ဂီတပြဇာတ် အတွက် ဂီတသမား ဇာတ်ကောင် လူငယ် စန္ဒရားသမားလေး ဟာ Franz Schubcrt ရဲ့ Iriprontu ကို တီးခတ်နိုင်ဖို့ အချိန် နဲ့ လုပ်အား လေ့ကျင့်မှု ၊ ရင်းနှီး ကြိုးပမ်းခဲ့ ရတာဟာ ၁၂ နှစ် ကြာပါတယ် ။ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်တော့ ကျောင်းဆရာ ဂီတသမား ကျွန်တော် လည်း အလုပ် မရှိ ၊ ကျောင်းနေ အရွယ် ကျွန်တော့် သား ပါရမီရွှန်း လည်း အလုပ်မရှိတော့ ကျွန်တော် တွေးမိခဲ့တယ် ။ Double Negative is equal to one Affirmative ဆိုတဲ့ သီအိုရီလေး ပါ ။ အလုပ် မဖြစ်တဲ့ “ အနုတ်နှစ်ခု ” ပေါင်းတော့ အကောင်း ဖြစ်လာမယ့် “ အပေါင်း ” သဘောလေး ပါ ။ အလုပ် မရှိတဲ့ ကျွန်တော် က သူ့ ကို စန္ဒရား သင်ပေးမယ် ။ အလုပ် မရှိတဲ့ သူ က စန္ဒရားတီးခတ် လေ့ကျင့် ပေါ့ ။ ဒီလိုနဲ့ မြို့မ စိန်ရတုသဘင် ၂၁ဝဝ ခုနှစ် မှာ တင်ဆက် တဲ့ ဂီတဇာတ်လမ်း ရဲ့ ဇာတ်ဝင်ဇာတ်ကောင် စန္ဒရားသမားလေး တစ်ယောက် ဖြစ်လာရဖို့ ၁၂ နှစ် ကြာ ရင်းနှီး ပြုစုခဲ့ရတယ်လို့ အဲဒီ အစည်းအဝေးကြီး မှာ ကျွန်တော် တင်ပြ ဖြစ်ခဲ့တယ် ။ ဒါ့အပြင် လက်ရှိ အခြေအနေ မှာ ယဉ်ကျေးမှု တက္ကသိုလ်များ လည်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်လို့ Orchestra အတွက် Players အင်အား အရေအတွက် ရရှိဖို့ အရေးဟာ စီမံကိန်း နဲ့ ချမှတ်ဆောင်ရွက် ရင် ယဉ်ကျေးမှုတက္ကသိုလ်များ ဟာ ဂီတပျိုးခင်းများ ဖြစ်နိုင်ကြောင်း ကို လည်း တင်ပြဖြစ်ခဲ့ပါတယ် ။

ဒီ နိုင်ငံတော်ရဲ့ ယဉ်ကျေးမှုရေးရာ ကဏ္ဍသစ် ၊ ဂုဏ်သိက္ခာသစ် တစ်ရပ် အတွက် စတင် တည်ထောင်မယ့် နိုင်ငံတော် သံစုံတီးဝိုင်းကြီး ဖြစ်မြောက်ရေး အစည်းအဝေးကြီး မှာ နိုင်ငံတော်အကြီးအကဲများ က အရေးထား ၊ အလေးထား လမ်းညွှန်လို့ ဦးစီးနာယက ပြန်ကြားရေးဝန်ကြီး ရဲ့ သြဝါဒ အကြံပြု မိန့်ခွန်း ကတော့ ကျွန်တော်တို့ တစ်သက်တာ မမေ့နိုင် လောက်အောင်ပါပဲ ။

“ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဆင်ဖင်နီ မဖြစ်တောင် ဆိတ်ဖင်နီ လောက် ဖြစ်အောင်တော့ ကြိုးစားကြမယ် ” ဆိုတဲ့ မိန့်ခွန်း ပါပဲ ။ ပြက်ချော်ချော် နိုင်တယ် ထင်ရပေမဲ့ အမြော်အမြင် ရှိသူ လူကြီး တစ်ယောက် ရဲ့ မြန်မာမှု သြဝါဒ ပါပဲ ။ “ သေးရာ က ကြီး ၊ နီးရာ က ဝေး ” ဆိုသလို ကြိုးပမ်း လျှောက်လှမ်း ကြမယ်ပေါ့ ။ Symphony ကြီး ဖြစ်ဖို့ အတွက် တိုက်ပွဲဝင်စိတ်ဓာတ် ကို ရဲရဲတောက် မြှင့်တင် ပေးလိုက်တာပါ ။ ဒီနေ့ Myanmar National Orchestra ကြီးဟာ Symphony အင်္ဂါရပ်နဲ့ အညီ အရေအတွက် သာ မက အရည်အချင်း ပါ တဖြည်းဖြည်း တိုးတက်လာပါပြီ ။

မတ်လ ၂ ရက်နေ့ ၊ ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်မြင်သံကြား မှာ တင်ဆက်ခဲ့တဲ့ Myanmar National Orchestra ရဲ့ ကြိုးပမ်းမှု ဟာ သက်သေပါပဲ ။ နိုင်ငံခြားဂီတ ပညာရှင် Music Director and Conductor ဖြစ်တဲ့ Yoshi Kazu Suku Mura ဦးဆောင်မှု နဲ့ တီးခတ်တဲ့ နိုင်ငံတော် သံစုံတီးဝိုင်းကြီး ရဲ့ ခြေလှမ်းဟာ အတွေ့အကြုံအသစ်တွေ ၊ အတွေ့အကြုံကောင်းတွေ အတွက် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လှမ်းကြွ ချီတက်စေခဲ့ပါပြီ ။ ဒီထက် ပိုမို အားရဖွယ် အနေ နဲ့ Fondamentus လို့ခေါ်တဲ့ ဂီတဆိုင်ရာ ပရောဂျက် တစ်ခု အနေနဲ့ ပြင်သစ်နိုင်ငံ မှ Mrs.Odile Perceau ဦးဆောင်တဲ့ သံစုံတီးဝိုင်း နဲ့ မြန်မာနိုင်ငံ မှ နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့ နှစ်ခု ရဲ့ ပထမအကြိမ် အဖြစ် ပူးပေါင်းတင်ဆက် မှု ကို နားဆင် လိုက်ရခြင်း ဖြစ်ပါတယ် ။ Handel , Bach နဲ့ Odile Perceau တို့ ရဲ့ String Orchestra တီးခတ်တင်ဆက်မှု ကို ၂၀၁၃ ခုနှစ် ၊ နိုဝင်ဘာ ၂၁ ရက် နေ့ မှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ နဲ့ မန္တလေး မှာတော့ နိုဝင်ဘာ ၂၃ ရက်နေ့ မှာ ခမ်းနား သိုက်မြိုက်စွာ ကျင်းပ ခဲ့ကြတယ် ။ ဒီ ဂီတအဖွဲ့ရဲ့ ဂီတပွဲ ဟာ ဆက်လက်၍ Angkor UNESCO/APSARA လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီ ရဲ့ နှစ် ၂ဝ ပြည့် အနေနဲ့လည်း ကမ္ဘောဒီယားနိုင်ငံ မှ Royal Ballet အဖွဲ့ရဲ့ ပူးပေါင်းမှု ဖြင့် ကမ္ဘောဒီးယားနိုင်ငံ Angkor Wat ကျောင်းတော်ကြီး မှာ လည်း ဒီဇင်ဘာ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့ များမှာ ကျင်းပ သွားမယ်လို့ သိရပါတယ် ။ နိုင်ငံ အတွက် ယဉ်ကျေးမှု ရေးရာ နဲ့ ဂီတ အတွက် ဂုဏ်ယူစရာ တစ်ခု အဖြစ် ကြည်နူး ဝမ်းသာမိတယ် ။

မန္တလေးအမျိုးသားဇာတ် ရုံမှာ ကျင်းပတဲ့ပွဲမှာ Violin တီးခတ်သူ Anges Pykx Anne Celine Paloyan , Viola တီးခတ်သူ Helene Desaint နဲ့ Cello တီးခတ်သူ Edourd Sapey Triomphe တို့နဲ့ Le Quatudor Equilibres String Quartet တင်ဆက်မှု ဟာ နားထောင်ရခဲမျှ ဂီတ ခံစားမှု ရသ ဖြစ်စေခဲ့ပါတယ် ။ Composer , Conductor Mrs. Odile Perceu ရဲ့ မန္တလေး ဂီတပ ရိသတ်ကို နိုင်ငံကြီးသား ပီပီ နားထောင်တတ်စေဖို့ စေတနာ နဲ့ Hand Sign လက်အမူရာ ပြပြီး တောင်းပန် လမ်းညွှန်ပေးမှုတွေ ဟာလည်း နောက်နောင် ဒီလို ပွဲတွေမှာ နမူနာကောင်းများ ဖြစ်စေခဲ့ပါတယ် ။ ကျွန်တော် အပါအဝင် မန္တလေးဂီတ ပရိသတ်တို့ ဟာ ယဉ်ကျေးပြီး အဆင့်အတန်း မြင့်တဲ့ မန္တလေးသား နိုင်ငံကြီးသား ပရိသတ်များ ဖြစ်ကြဖို့ ဂရုပြုကြရပါမယ် ။

ပွဲ အပြီးမှာ ကျွန်တော့် ရဲ့ တူမတော် စောစန္ဒာဦး ( 1st Violin ) ရဲ့ မိတ်ဆက်ပေး မှုကြောင့် Mrs. Odile Perceau နဲ့ အချိန်ရစခိုက် ဂီတ စကားများ ပြောဖြစ်ခဲ့ တယ် ။ အဓိက အနေနဲ့ က မြို့မငြိမ်း ရဲ့ မြနန္ဒာ ( မန်းတောင်ရိပ်ခို ) သီချင်း ကို သူတို့ ရဲ့ တင်ဆက်မှု မှာ မြန်မာပရိသတ် အတွက် မြန်မာနိုင်ငံ ၊ မန္တလေး ကို ရောက်စခိုက် အမှတ်တရ ပျော်ပျော်ရွှင်ရွှင် Orchestra တစ်ခုလုံး တီးခတ်ဖျော်ဖြေ ခဲ့ကြပါတယ် ။ နားဆင်သူ ပရိသတ် ကို လည်း ပါဝင်သီဆို စည်းချက် လိုက်ကြဖို့ ဖိတ်ခေါ်တယ် ။ ကျွန်တော်နဲ့ Mrs. Odile Perceau ဂီတစကား ပြော ဖြစ်တာလည်း ဒီ အကြောင်းပါပဲ ။ အကြောင်းသင့် လို့ ကျွန်တော် က ကျွန်တော့် Laptop computer မှာ အဆင်သင့် ပါလာ တဲ့ မြနန္ဒာ ( မန်းတောင်ရိပ်ခို ) သီချင်း ကို ဖွင့်ပြ ဖြစ်ခဲ့တယ် ။ သီချင်း ဆုံးခါနီး Chorus မြနန္ဒာ ရေညိုညို အထိ နားထောင် အပြီး တပ်ဆင်ထားတဲ့ Ear phone ကို ချွတ်ကာ “  ငါ ဒီ သီချင်း ကို အမေရိကန် တစ်ယောက် ဆီ က ရတာ Your arrangement is much better ” လို့ ချီးမွမ်းခံရတယ် ဆိုတာ ထက် နိုင်ငံခြားသား ဂီတပညာရှင် တစ်ဦး ရဲ့ ကဲ့ရဲ့မှု မရှိလောက်တဲ့ မျက်နှာပေးလေး အတွက် ဂီတပီတိ ဖြစ်မိပါတယ် ။ ကျွန်တော့် ရဲ့ တုံ့ပြန်စကား အနေနဲ့ “ ဒါက ဖြစ်ကောင်း ဖြစ်ရပါမယ် ၊ ဘာကြောင့်လဲ ဆိုတော့ မြနန္ဒာ ဟာ မြန်မာသီချင်း ဖြစ်တော့ သူတို့ ထက် ကျွန်တော်တို့ က National Character ကိုယ့် အမျိုးသားစရို က်ကို ပို သိပါတယ်လို့ ။ မန္တလေးမြို့ရောက်စခိုက် ၊ မန္တလေးသား တစ်ယောက် အနေနဲ့ သူ မရဲ့တောင်းဆိုမှု အရ ကျွန်တော် Arrange လုပ်ထားတဲ့ မြနန္ဒာ Music Score ကို လည်း ကျွန်တော် ပြုစုထားတဲ့ မြန်မာ့မဟာ ကျမ်းစာအုပ် နှစ်အုပ် နဲ့ အတူ အမှတ်တရ လက်ဆောင် ပေးဖြစ်ခဲ့ပါတယ် ။ ဒီ မြနန္ဒာ Music Score ကို လည်း မြို့မငြိမ်း မြန်မာသီချင်းများ MYOMANYEINMYANMAR CLASSICS စာအုပ် မှာ ထည့်သွင်း ပါရှိပါတယ် ။

ရှေ့အဖို့ လည်း နိုင်ငံတော်အဆင့် ဖြစ်လို့ ဒီထက် ဒီထက် ပို ကျစ်လျစ် ၊ ပို ခိုင်မာ ၊ တိုးတက်ပြီး မျိုးဆက်မျိုးဆက်တွေ နှစ်ချီ ရင်းနှီးလိုက်ရင် လမ်းမှန်ပေါ် လျှောက်ရပြီ မို့ မြို့မငြိမ်း တို့ ရွှေပြည်အေး တို့ ဆိုတဲ့ ဂီတပညာရှင်ကြီးတွေ ရဲ့ ဆန္ဒ ၊ အာသီသ symphony တီးဝိုင်းကြီး ထည်ဝါစွာ ပေါ်ပေါက်လာရေး မျှော်လင့်ချက် ဟာ အသက်ဝင် လာပါပြီ ။ တူရိယာပညာရှင်  Players တွေ လည်း အရေအတွက် မျှ မက အရည်အချင်း ပြည့်မီဖို့ပါ ကြိုးပမ်း နေကြပါပြီ ။ ဆရာကောင်း ၊ သမားကောင်းတွေ နဲ့ စနစ် မှန်မှန် ၊ အချိန်မှန်မှန် ကြိုးပမ်းလေ့ကျင့်ကြမယ် ဆိုရင် ကောင်းသထက် ကောင်း ၊ တိုးတက် သထက် တိုးတက် ပြည့်စုံလာမှာပါ ။

ဒါပေမဲ့ အချုပ် ပြောလိုတာက သူတို့လို Symphony ကြီးတွေ ဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ် ။ နိုင်ငံ ၊ လူမျိုးစရိုက် ယဉ်ကျေးမှု သဘာဝ ၊ ဂီတ အနုပညာ ၊ ဂီတ ပညာရှင် စတဲ့ အချက်အလက်တွေ အများကြီး ကိုက်ညီ ပြည့်စုံဖို့ လိုပါတယ် ။ အရှေ့တိုင်းနိုင်ငံကြီးများ ဖြစ်တဲ့ တရုတ် ၊ ဂျပန် ၊ ကိုရီးယား စတဲ့ နိုင်ငံတွေ လို National Character အမျိုးသားရေးလက္ခဏာ ပါတဲ့ ဂီတ ဖန်တီးနိုင်တဲ့ Orchestra ကြီးတွေ ကို နမူနာ ယူသင့်ပြီး ကျွန်တော် တို့ လည်း Myanmar Character မြန်မာ့ အမျိုးသားရေးဟန် ပါ တဲ့ ပုံစံ နဲ့ ၊ ဂီတစနစ် အမှန် ၊ ဂီတလေ့ကျင့် ကြိုးပမ်းမှု အမှန် ၊ ဂီတ အဆင့် အမှန် နဲ့ အဆင့်မီတဲ့ Myanmar National Orchestra မြန်မာ့နိုင်ငံတော် သံစုံတီးဝိုင်း ကြီး ဖြစ်လာစေရန် ဆန္ဒပြုကြရမှာပါ ။

▢ ကိုရွှန်းမြိုင် ၊ မြို့မ ၊

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ဇူလိုင် ၂၀၁၄

ကျူးကျော်ရပ်ကွက် အမှတ် ( ... )


 

❝ ကျူးကျော်ရပ်ကွက် အမှတ် ( ... ) ❞ 
        ( မြတ်လွန်း )

( ၁ )

သူ သည် နွားတဲကြီး အနောက်ရှိ ကျဉ်းမြောင်းသော လူသွားလမ်းကလေး အတိုင်း ခပ်ပျာပျာ လျှောက်လာနေမိ၏ ။ နွားတင်းကုပ်ကြီး မှ မပြတ် ယိုစီးကျလာနေသော နွားချေးတို့သည် အိုင်ကြီး ထဲတွင် ပုပ်ဟောင် နံစော်လျက်ရှိ၏ ။ အိုင်မှာ နွားချေးတို့ ပြည့်မောက်နေသည့် အပြင် လမ်းဘေး အနိမ့်ပိုင်း ဘက်သို့ လျှံ၍ ကျနေပြန်သည် ။ လူသွားလမ်းကလေး မှာ နွားချေးများ အိုင်ထွန်းကာ သွားလာ၍ မရနိုင် အောင်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့၏ ။ ဘထွန်း သည် လမ်း ပျက်စီးနေသည် ကိုပင် မကြည့်အား ၊ အရေး မလုပ်အား ၊ နွားချေးကြောင်းများ ကို ဘာမှ မဖြစ်သလို ကျော်ကာလွှားကာ မပြေးရုံ တစ်မည် လျှောက်လာနေမိ ၏ ။ ဆိုးဝါးလှသည့် နောက်ချေးနံ့များ နှာခေါင်း ထဲသို့ လုံးဝင် လာနေသည်ကိုင် ဂရုမပြုနိုင် ၊ ညပ်ပိတ် နေသော တဲအိမ်များ ၊ ဆောက်ချင်ရာ တွင် ဆောက်ထားကြသော အိမ်သာများ ၊ မျက်နှာစာများ ၊ လမ်းဘေးများ နှင့် နေရာတကာ ရှိချင်ရာတွင် ရှိနေတတ်သည့် နွားချေးအိုင်များ စသည် တို့ကား သည် ဆင်းရဲသားရပ်ကွက်ကလေး ၏ သရုပ်သကန် အမှတ်အသားပင် ဖြစ်တော့သည် ။

“ ဆေးရုံ မီမှ မီပါ့မလား ၊ မနေ့က ဆေးရုံမသွားဖြစ် တာ သူ့ခမျာ အားငယ် နေရှာမှာပဲ ၊ ဧည့်ချိန်ကျရင် မျှော်နေမှာပဲ ”

အတွေးသည် သူ့ ရင်ကို ထိုးဆွ လျက်ရှိ၏ ။ ဆေးရုံ ခုတင် ထက်တွင် မျက်လုံးကလေး ကလယ်ကလယ် နှင့် ကြောင်စီစီ ၊ ငေးတေးတေး ဖြစ်နေသော ဇနီးသည်၏ ဖြူလျော်လျော် မျက်ခွက်ကလေး ကို မြင်ယောင်ကာ အမည် မဖော်ပြတတ်သော ဝေဒနာ တစ်ခုကို တမြည့်မြည့် ခံစားလာ ရ၏ ။ လောက၏ ခါးသီးသော အတွေ့အကြုံများ ၊ ဘဝ ၏ ထုထောင်း ရိုက်ပုတ်မှုများ နှင့် လူမှုဒုက္ခ မှန်သမျှ ကို ခါးစည်း ခံလာခဲ့သော သူမ သည် ဗိုက်ခွဲ ထားရသည့် လူနာ အနေ နှင့် ဆေးရုံခုတင် ထက် တွင်ကား စိတ်အား ငယ်လျက် ရှိနေပြန် သည် ။ မီးရဲရဲတွင် အထည့် အရှို့ ခံနေရသည့် သံချောင်း သည် ပေတွင်တင်၍ အထုအနှက် ခံရသောအခါ သံမဏိ လို မာကျော နေရမည် မဟုတ်ပါလား ။ သို့သော် သူတို့ ဘဝ ကား ဤသို့ မဟုတ်လေပြီ ။

“ ဗိုက်ခွဲမယ့် နေ့ က လည်း ဘာမှ မကျွေးဘူး ၊ ရေ တောင် မသောက်ရဘူး ၊ ဗိုက်ခွဲပြီးတော့လည်း ဆန်ပြုတ် တောင် မသောက်ရဘူး ၊ အင်းလေ ... ဆန်ပြုတ်ကလေး လောက်တော့ အိမ်က လာပို့မယ် အောက်မေ့ မှာပေါ့ ”

ဇနီးသည် က မျက်စိမျက်နှာ ငေးရီညှိုးလျစွာနှင့် ပြော ပြနေခဲ့၏ ။ သည်တုန်းက သူ ဝယ်သွားသော တစ်လုံးငါး ပြားတန် သံပရာသီးသေးသေးနုနုကလေးများသည် အခြား သူများ ဝယ်ထားသည့် အလုံးမှည့်မှည့် ၊ အရည်ရွှမ်း ရွှမ်း သံပရာသီးဝါဝါကြီးများ ရှေ့တွင် မျက်နှာငယ် နေကြ ဟန်ရှိ၏ ။ ခုတင် နှစ်လုံး ကြားရှိ လူနာပစ္စည်းများ တင်ရန် ထားသော စင်ကလေး ပေါ်တွင် တစ်ဖက် လူနာ ၏ ပစ္စည်း များဖြင့် ပြည့် နေတော့၏ ။ နို့ဆီ ၊ သကြားဘူး ၊ ဓာတ်ဘူး ၊ ရွှေရောင် ထနေသော လိမ္မော်သီးပွပွလှလှကြီးများ ၊ ရှားပါး၍
ဈေးနှုန်းကြီးသော ဂိုးဒင်းဘတ်သံဘူးကြီး ၊ ကွေကာအုတ် နှင့် ပုလင်းတွေ ၊ ဖန်ခွက်တွေ ၊ ဇွန်း ၊ ခက်ရင်းတွေသည် ဆင့် ကလေးများပေါ်၌ အခန့်သား ဝင့်ကြွားစွာ နေရာယူ ထားကြလေပြီ ။ လူနာ နှစ်ဦး အတွက် အသုံးပြုရန် ထားသော စင်ကလေးသည် လူနာ တစ်ယောက်တည်း ပိုင်ဆိုင် နေသကဲ့သို့ ရှိနေ၏ ။ ဘထွန်း ဇနီး အကြည်လေး ခမျာ မျက်နှာကလေး အညှိုးသားနှင့် ယောက်ျား ကို အားကိုးစွာ ငေးမော ကြည့် နေရှာ၏ ။ သူမ ၏ နှုတ်ခမ်းအစုံမှာ တုန်ရီလာတော့ မလိုလို ၊ တစ်စုံတစ်ရာ ပွင့်အန် လာတော့ မလိုလို ထင်ရသော် လည်း အာစေးမိထားသူ ကဲ့သို့ ဘာမှ ပြောမထွက်ခဲ့ချေ ။ ဗိုက်ခွဲပြီး ကတည်း က တအောင့်တည်း အောင့် နေသော လေ သည် ငြိမ်နေရာ မှ ထလာပြန်၏ ။ အကြည်လေး သည် လူး ကာလှိမ့်ကာ အမေ ကို တရင်း အံကို တင်းတင်းကြိတ် ထား လျက်ရှိ၏ ။ သူ့ မျက်လုံးအိမ် တွင် မျက်ရည်စများ ရစ်ဝဲလာ နေသည် ။ ဝေဒနာ ခံစား နေရရှာပါတကား ။

“ ညကလည်း တစ်ညလုံး လေအောင့် နေရှာတာ ။ ဆန်ပြုတ် သောက်မလား မေးပြီး ဆန်ပြုတ်ပေး တော့လည်း မသောက်ဘူး ။ သူ ဆာဆာနဲ့ သံပရာရည်တွေ ဖိသောက် တော့ လေနာတော့တာပေါ့ ။ ညီမလေး ကို ဂရုစိုက်ပါရှင် ”

“ ဂရုမစိုက်ချင်ဘဲ ရှိပါ့မလားဗျာ ၊ ဒါပေမဲ့ ”

သူ့ စကားလုံးများက လည်ချောင်းဝ တွင် တစ်နေ၍ ထွက်မလာ ။

အကြည်လေး အခန်းမှ လူနာမိန်းမ တစ်ယောက်က ဘထွန်း ကို ပြောပြခြင်း ဖြစ်ရာ သူ အဘယ်မျှ စိတ်ထိခိုက် ရသည်ကို ရင်ကို ခွဲကြည့်ကြမှသာ သိကြပေတော့မည် ။

“ ကျွန်တော့် မိန်းမ ကို စောင့်ရှောက် ပေးကြပါဗျာ ”

ကျေးဇူးတင် မဆုံးသော အမူအရာနှင့် အလောတကြီး ပြောပြ တောင်းပန်နေမိ၏ ။ အခြားလူနာရှင်များ ကဲ့သို့ လိုအပ်သော အစာအာဟာရများ ၊ ဖွယ်ဖွယ်ရာရာ ဝယ်ခြမ်း ပေးချင်သော စိတ် တို့မှာ တဖွားဖွား ပေါ်လာ နေသော်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့သည့် အတွက် ကိုယ့် ကိုယ် ကို ဒေါသ ဖြစ်၍နေ၏ ။ အောက်တန်းကျရခြင်း ၊ လူချင်းမတူ နိုင်ခြင်း ၊ အခြေအနေ ကွာခြင်း စသော ဖြစ်ရပ်တို့ကြောင့် တစ်ကိုယ်လုံး တုန်ရီသလို ရှိလာကာ နောက်ဆုံး ဝမ်းနည်း အားပျက်ခြင်း ဖြင့်သာ အဆုံးသတ် သွားရတော့သည် ။ သို့သော် ဇနီးသည် ရိပ်မိမည် စိုး၍ ဘာမှ မဖြစ်သလို ဟန်ဆောင် နေဖို့ သတိရ နေ၏ ။ ရင်ထဲ မှာ ကား မကောင်း ။

နွားတစ်ကောင် ကြိုးလွတ် လာ သဖြင့် အော်သံများ ကြားလိုက်ရသဖြင့် အတွေးစ ပြတ်သွား၏ ။ ဆိတ်သိုး နှင့် ဘဲလူး တို့သည် နွားကို အတင်း လိုက်ဖမ်းနေကြ၏ ။ မိသွား သောအခါ အတင်း ဆွဲခေါ် သွားပြီး သံငုတ်တစ်ငုတ် မှာ ချည်လိုက်၏ ။

“ ဒီကလေးတွေ တော့ ဘယ်နေ့ မှာ နွားနင်းလို့ အူ ထွက်နေမလဲ မသိဘူး ။ နွားမွေးတဲ့ ကောင်တွေကလည်း တော် ရပ်ကွက် ထဲမှာ ကလေးတွေ နဲ့ ၊ ဗိုက်ကြီးသည်တွေ နဲ့ နည်းနည်းပါးပါးများ ဂရုစိုက်မယ် မရှိဘူး ။ ဒီတစ်ခါ လွတ် လာကြည့် ရဲစခန်း ကို သွားတိုင်မယ် ”

အရပ်ထဲတွင် ကလေးတွေ တပြွတ်ပြွတ် မွေး သလောက် အာကြမ်းလျှာကြမ်း နိုင်သော ဒေါ်ပုမ က ကလေးငယ် တစ်ယောက် ကို ခါးထစ်ခွင် ချီရင်း အော် ပြောနေ၏ ။ နွားပိုင်ရှင် က မကြားချင်ယောင် ပြုကာ တဲတန်းလျားကြီး ထဲ ဝင် သွားတော့သည် ။ ဘထွန်း က သက်ပြင်း တစ်ချက် ရှိုက် လိုက်မိ၏ ။ ကျွဲတွေ ၊ နွားတွေ ကလည်း သောင်းကျန်း ၊ အစဉ်အဆက် က ကျွဲနွား မွေးလာသူ တို့ ကလည်း ခေါင်းမာ ၊ အိမ်က မျောက်တွေ နဲ့တော့ ဒုက္ခလှလှကြီး တွေ့တောမှာပဲ ဟု စိတ်ပူပန်လိုက်မိသေးသည် ။ အမေ က ဆေးရုံတက် ၊ ဖအေ က အလုပ်သွား ၊ ဆေးရုံသွား ၊ သူတို့ချည်း ပစ်ထား ခဲ့ရ ။ ကလေးတွေ က လမ်းထွက် ဆော့ ၊ အဖေအမေ မျှော် ၊ တစ်ခါတစ်ရံ ခွေးရူး - ခွေးရူး နှင့် တစ်ရပ်ကွက်လုံး အထိတ် တလန့် ။ အော်သံ ၊ ဟစ်သံ ၊ ပြေးသံ ၊ လိုက်သံတို့ လည်း ကြားရ ။ ပူပင်မည် ဆိုလျှင် အဖက်ဖက် က မဆုံး ။ သောက မီးလျှံတို့ ကို ငြိမ်း၍ ရနိုင်ဖွယ် မမြင် ။ သူ သည် လမ်းကြား ၊ လမ်းသွယ် နှင့် ကု,လားခြံတို့ ကို ဖြတ်သန်း လာပြီးသောအ ခါ မြေနီလမ်းမကြီး ပေါ်သို့ ရောက်ရှိ လာတော့၏ ။ မြေနီလမ်းမကြီး သည် ရပ်ကွက်အစွန် လယ်ကွင်းများ အနီးရှိ စက်ရုံကြီး တစ်ရုံသို့ နေ့စဉ် ဝင်ထွက် သွားလာနေသော အာတီဘီ ကားကြီးများ ကြောင့် ကျင်းများ ၊ ချိုင့်များ ဖြစ်ကာ လမ်း ပျက်စ ပြုနေပြီ ။ လမ်းမကြီး တစ်ဖက်တစ်ချက် တွင် ပြည်သူ့ဆိုင် ၊ ရလကရုံးခန်း ၊ ဆံသဆိုင် ၊ ကု,လားကုန်စုံဆိုင် ၊ ကွမ်းယာဆိုင်များ နှင့် အသံချဲ့စက် ငှားရာဌာနတို့ ရှိနေ၏ ။ မနီးမဝေးတွင် ကျယ်ဝန်းသော ကု,လားသူဌေးခြံကြီး နှင့် မျက်စောင်းထိုး ကွက်လပ် တွင် ယိုင်နေသော မသင် မနေရ မူလတန်းကျောင်း တို့ကို တွေ့နိုင်သည် ။

“ ဆေးရုံ လား ကိုဘထွန်း ”

ပျာယီးပျာယာ လျှောက် လာနေသည့် ကိုဘထွန်း ကို နှုတ်ဆက်မေးမြန်းလိုက်ခြင်းဖြစ်၏ ။ သူ က အပြေးအလွှား ပြုံးပြ လိုက်မိ၏ ။ ခြေလှမ်းတို့ လည်း တုံ့ခနဲ ဖြစ်သွား၏ ။ သူ့ မိတ်ဆွေ စာပြင်ဆရာ ကိုတင်ထွဋ် ဖြစ်နေသည် ။

“ နက်ဖြန် ညနေကျရင် ကျွန်တော် သတင်းလိုက် မေး ဦးမယ်ဗျာ ၊ ကဲ အချိန်မီ ပြေးပေဦး ”

မိတ်ဆွေ ကိုတင်ထွဋ် က နားလည်သော အပြုံးဖြင့် ပြုံးကြည့်ရင်း ကျန်ခဲ့သည် ။ ဘထွန်း သည် ဘတ်စ်ကား မှတ်တိုင် သို့ ပြေးရန် ခြေလှမ်း ကို ပြန်စပြုလိုက်၏ ။ သူ့ မျက်လုံးတို့ သည် မကြာသေးမီက အခိုင်အခန့် လာတင်ထား သော ရပ်ကွက် ထိပ်ရှိ ဆိုင်းဘုတ် ဆီ သို့ ဖျတ်ခနဲ ရောက် သွားလေသည် ။

“ ကျူးကျော်ရပ်ကွက် ၊ အမှတ် ( ... ) ”

သူ သည် ဘာမှ မထူးသလို သူ့ ခရီးကို သူ အမြန် ရောက်ရန် ဦးတည်လိုက်၏ ။ ကျူးကျော်ရပ်ကွက် ဆိုင်းဘုတ် သည် သူ့ နောက်တွင် ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့လေပြီ ။

( ၂ )

ကိုယ်ပိုင် ဇိမ်ခံကားကလေးများ သည် မြို့လယ်လမ်းမကြီး ပေါ်၌ ငြိမ့်ငြိမ့်ညင်ညင် ပြေးလွှားနေကြ၏ ။ ခရီးသည် တင် ဟီးနိုးကားကြီး ကမူ ပြည့်ကျပ်နေသော လူများ ကို သယ်ပိုးထားရင်က ဘေးပေါက် ၌ ခိုသူ ၊ တွယ်သူများလွန်း သဖြင့် မြင်မကောင်းအောင်ပင် တစ်ဘက်သို့ အိစောင်း နေ လေသည် ။ ရုံးဆင်းချိန် ဖြစ်သဖြင့် ဆေးရုံ သို့ စိတ်စောနေ သည့် ဘထွန်း မှာ အတင်းတွယ်ကပ် လိုက်ပါလာရ၏ ။ ကား ချိုးကွေ့ လိုက်တိုင်း တိမ်းမှောက် သွားတော့မည့် အလား ကားဘီးများ ကြွတက်မည် ကဲ့သို့ရှိရာ ခရီးသည်များ ရင်တအေးအေး ၊ အသည်းတယားယား ဖြစ်ကြရတော့၏ ။ ဆေးရုံမှတ်တိုင် ရောက်သည် နှင့် အလျင်အမြန် ပြေးကူး ဝင်ရောက်လာရသည် ။ ဆေးရုံဝင်း ထဲ ရောက်မှ ဆေးရုံဝ ရှိ မုန့်ဆိုင်များ ဆီသို့ ပြန်သွားကာ ကြက်ဥပြုတ် သုံးလုံး ဝယ်ခဲ့ရသေးသည် ။ သူ့ စိတ် သည် ဧည့်ချိန် အလာ မျှော်နေမည့် ဇနီးသည် ဆီသို့ ရောက်နေ၏ ။ အချိန် အနည်းငယ် နောက်ကျပြီး ရောက်လာရ သဖြင့် စိတ်မကောင်း ဖြစ်ရပြန်သည် ။ သူ ထင်သည့် အတိုင်းပင် မျက်နှာငယ်လေး နှင့် အခန်းဝ တွင် ထွက် မျှော်နေသည့် အကြည်လေး ကို တွေ့ လိုက်ရသောအခါ ရင်ထဲ၌ ဆို့လာမိ၏ ။ အကြည် က တွေ တွေငေးငေးလေး လှမ်းကြည့်နေရှာသည် ။

“ အကြည် ... နေကောင်းတယ်နော် ၊ လေအောင့်သေးလားဟင် ”

သူ က အမောတကော မေးမိသည် ။ ဇနီးသည် ရှေ့ တွင် ပြုံးနိုင်အောင် ကြိုးစားသော်လည်း အထမမြောက် ချေ ။ အကြည် ၏ မျက်ဝန်းများ တွင် မျက်ရည်စများ ရစ်သန်းပြည့်လျှံလာတော့၏ ။ ချုပ်ထိန်းထားရသော စိတ်များ ပွင့်ကွဲသွားပြီ ထင်ရသည် ။

“ အို .. ဘာဖြစ်လို့များ ငိုနေရပြန်တာလဲကွယ် ၊ ကျန်းမာအောင် ဂရုစိုက်မှပေါ့ ”

အကြည်လေး က ခေါင်းကို ငိုက်ချလိုက်ပြီး ကျိတ်၍ ရှိုက်လိုက်၏ ။ ဇနီးသည် ၏ ရှိုက်သံသည် သူ့ နှလုံးသား ထဲသို့ စူးနစ် ဝင်ရောက်လာသည် ။ ထဘီနီဆရာမ တစ်ဦးက သူတို့ နှစ်ယောက် ကို တစ်ချက်မျှ စောင်းငဲ့သည် ဆိုရုံ ကြည့် သွား၏ ။ အခြား ဧည့်သည်များ ကတော့ သိသိသာသာ ကြည့်သွားကြသည် ။ သူတို့ နှစ်ယောက် ကတော့ ဘာကိုမှ ဂရုမပြုနိုင် ။ အကြည်လေး ၏ သေးသွယ်သော လက်ကလေး ကို ခပ်ဖွဖွ ဆုပ်ထားနေမိ၏ ။

“ အိမ်မှာ ကွယ် ကလေး လေးယောက် တာဝန် ၊ အလုပ် ဆင်းရတာ တစ်ဖက် ၊ ကိုယ်ခွဲ က မရှိ ”

သူ့ အသံက ရင်ဝတွင် ဆို့ကျပ်ပြီး ရပ်တန့်သွား၏ ။ ကလေးငယ် တစ်ဦး နေထိုင် မကောင်းခြင်း ၊ အိမ်မှာ ဆန် လုံးဝ မရှိ၍ မရမက ဆန် ရှာပြီး ဆန်ပြုတ်သောက် နေရခြင်း ၊ ဆေးရုံ သို့ သွားရန် လမ်းစရိတ် မရှိခြင်း စသော ပြဿနာများ ကိုမူ မပြောမိအောင် သတိထား နေရ၏ ။ အို ..... စိတ်မ ကောင်းစရာတွေ သူ ဘာမှ မသိစေရ ။

“ ဟဲ့ ဒီကလေးမ လမ်းမလျှောက်နိုင်ဘဲနဲ့များ တော် ကြာ ချော်လဲကျပြီး ချုပ်ရိုး ကွဲထွက် သွားဦးမယ် ”

ထဘီပြာဆရာမ က ပြုံးပြုံးရယ်ရယ် ဖြင့် လှမ်းပြော သွားသဖြင့် မျက်ရည်စ ကို လက်ဖမိုး နှင့် သုတ်လိုက်ရ၏ ။ သူမ နှင့် တစ်ချိန်တည်း ဗိုက်ခွဲရန် ဆေးရုံတက်လာ သော် လည်း ယခုအထိ မခွဲစိတ်ရသေးသော မိန်းမတစ်ယောက် က အကြည်လေး ပခုံး ကို လာဖက်လိုက်၏ ။

“ အံမာ အကြည်လေး ရယ် ၊ ကိုယ့် ကိုယ် ကိုများ ဝါဝါဝင်းရွှေ အောက်မေ့ နေသလား ၊ ဘာမှမဟုတ်ဘူး အစ်ကို ရဲ့ ၊ အစ်ကို့ ကို တွေ့လို့ ချွဲနေတာ ။ အချော့ ခံချင်လို့ တာနေတာ သိရဲ့လားရှင့် ”

အကြည်လေး မရယ်ဘဲ မနေနိုင်တော့ပေ ။ ခါးကလေး ခပ်ကုန်းကုန်း ဖြစ်နေရာ က ရှက်ရယ် ရယ်နေမိတော့ ၏ ။ ဘထွန်း ကလည်း အပြုံးသားကြီး ဖြစ်သွားရတော့ ၏ ။ အကြည်လေး က ချက်ချင်း ပြန်ပက်လိုက်၏ ။

“ အင်းပါ အပျိုကြီးတွေ လင်ရတော့မှ အခုလို မချွဲပါနဲ့ ”

အပျိုကြီး ဆိုသူ က ကိုယ်ကလေး ခပ်လှုပ်လှုပ် ဖြစ်အောင် ရယ်ရင်း ပြန်လှည့် ထွက်သွားတော့၏ ။ အပျိုကြီး ဆိုသူ မှာ သားအိမ်တွင် သွေးလုံးလေလုံး တည်နေ သဖြင့် ခွဲစိပ်ရန် ရောက်ရှိလာသူ ဖြစ်ကြောင်း အကြည်လေး ပြော ပြဖူးလေသည် ။ အသားညိုညို ၊ ကိုယ်လုံးပြည့်ပြည့် ၊ ဖော်ရွေသော အပြုံးနှင့် မိန်းကလေး ။

“ မျှော်နေမယ် ဆိုတာ သိပါတယ်ကွယ် ၊ ကိုယ် ဘယ်လိုမှ မလာနိုင်လို့ ”

အကြည်လေး က မျက်စောင်းလေး ခဲ၍ ချစ်ဖွယ် ပြုံးယောင်ပြု၏ ။

“ တော်ပါ သူများကတော့ လည်ပင်း ကို ရှည်နေတာ ပဲ ။ ဝမ်းနည်းတာနဲ့ အပျိုကြီးတို့ အခန်း သွားပြီး ငိုပလိုက် ရတယ် သိလား ”

“ ဟောဗျ ”

ဘထွန်း က သူမ ၏ ပခုံးလေး ကို တွဲ၍ ခုတင် ဆီ သို့ မှေးခေါ်လာ၏ ။

“ အကြည်လေး လမ်းတွေ သိပ် လျှောက်နေတယ် ၊ တော်ကြာကွယ် ”

“ လေအောင့်တုန်း က ဗိုက်ကို နှိပ်ပြီး ဆရာမ ဆီ ဆေး သွားတောင်းတာ တစ်ခါ လဲကျသေးတယ် ။ သေသွားရင် လည်း ကောင်းမှာပဲလေ ”

မျက်နှာနွမ်းယဲ့ယဲ့ကလေး တစ်ဖန် ဖြစ်သွားပြန်ကာ လေသံယဲ့ယဲ့ ပြောလိုက်ခြင်း ဖြစ်၏ ။ ခံစား နေရသော အခြေအနေ မှန် ကို သတိရ သွားပြန်သည် ထင်ပါ၏ ။

“ ဆရာမတွေ သွားလာ နေတာပဲ ၊ လှမ်း မှာလို့ မရဘူးလား ။ မတော်တဆ တစ်ခုခု ဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲ ”

အကြည်က မျက်နှာကလေး တင်းခနဲ ဖြစ်သွားကာ ဆတ်ခနဲ မော့ကြည့်လိုက်၏ ။ သူမ ၏ နှုတ်ဖျားမှ ဒေါသသံ ကလေးများ ပွင့်ထွက် လာ၏ ။

“ ရှင် ကိုယ်တိုင် ကျွန်မ နေရာမှာ နေမှ သိမယ် ကိုဘထွန်း ။ လူချင်း လဲပြီး ဆေးရုံ တက်ကြည့် ခိုင်းလိုက်ချင် တယ် ။ အခန်းထဲ မှာရှိတဲ့ လူနာအားလုံး လိုလိုဟာ ဘာမှ လိုလေသေး မရှိတဲ့သူတွေ ၊ ဘာမဆို ပြည့်စုံနေတဲ့ သူတွေ ၊ နေ့နှစ်ဆယ် ၊ ညအစိတ် တစ်နေ့လေးဆယ့်ငါးကျပ် နဲ့ ဆရာမ ငှားထားနိုင်တဲ့ သူတွေချည်းပဲ ။ ကိုယ်ဖိရင်ဖိ အနား က အရိပ် ကြည့်ပြီး ပြုစုမယ့် ဆရာမတွေ နဲ့ ချည်းပဲ ။ ကျွန်မ လေအောင့် လို့ လူးလှိမ့် နေဦး ၊ ကဲ ဘယ်သူ ဆေးလာ တိုက် မလဲ ။ ဘယ်သူ့ဆီ ဆေးတောင်းရမှာလဲ ။ အလှည့်ကျ ဆရာမတွေ က သူ့ အချိန်နဲ့ သူ လာတာ ။ ရောဂါ က ဖြစ်ချင် တဲ့ အချိန် ဖြစ်နေတာ ”

အမှန်မှာ အကြည်လေး သည် ဒေါသ ဖြစ်နေသည် ထက် ဝမ်းနည်း အားငယ်ရိပ် က ပိုနေပေသည် ။ သူ့ အဖြစ် ကို သူ မချိတင်ကဲ ရင်ဖွင့်ပြနေသည် နှင့် တူသည် ။ အခြား ခုတင် မှ လူအချို့ စောင်းငဲ့ ကြည့်ကြသည် ။ နောက်တော့ သူတို့ နှစ်ယောက် ကို ဖုတ်လေသည့် ငါးပိ ရှိသည်ပင် သဘော မထားကြတော့ ။ ပြောကာ ဆိုကာ ရယ်မောကာ ရှိနေကြပြန်သည် ။ ဘထွန်း သည် ဇနီး ကို ဘယ်လို အားပေး ရမှန်းပင် မသိ ။ ဘာမှ လည်း ပြောမထွက် ။ ခုတင် နှစ်လုံး ကြားရှိ စင်ကလေး ပေါ်၌ အပြည့် ရှိနေသည့် ပစ္စည်းများ ကို အဓိပ္ပာယ် မရှိ တွေကြည့် နေမိတော့၏ ။ ဟောလစ်ဘူးကြီး သည် သူ့ ကို ပြောင်ပြနေ၏ ။ ဖြူရာမင်းဘီစီပုလင်းကြီး သူ့ ကို သရော်ပြနေ၏ ။ တက်ထရက်ဆိုက်ကလင်း ၊ ဘားပလက် ၊ စီဗစ် နှင့် အခြား ဆေးပုလင်း တို့သည် လည်း သူ့ကို ပြုံးစေ့စေ့ ကြည့် နေကြသည် ထင်လာ၏ ။ အရည်ရွှန်း မည့် အလုံးလှလှထွားထွား ရှောက်ချိုသီးများ နှင့် ကြက်ဥ တို့သည်ပင် ခပ်တည်တည် လှောင်သလိုလို ဖြစ်နေကြ၏ ။

“ သောက်လို့ ကောင်းရဲ့လား နွယ် ၊ အားရှိအောင် အရှင်ကို မောင် ကိုယ်တိုင် ကိုင်လာတာ ”

တိုက်ပုံ နှင့် လူက ခုတင် ပေါ်တွင် တင်ပါးလွှဲ ထိုင်ရင်း ကြက်သား မြူစွမ်ပြုတ်ကို ဇွန်း နှင့် ခပ်ပေးနေ၏ ။ အခြား ဧည့်သည်များ က ရယ်ကြသည် ။ လူနာ မိန်းမ သည် အသားဖြူ ဥဥ ၊ မျက်နှာပြည့်ပြည့်လှလှ ။ ကိုယ်လုံး အချိုးအဆက် ကောင်းကောင်း ၊ ရယ်လိုက်ပြုံးလိုက်လျှင် နှုတ်ခမ်းပါးပါး ကလေး တစ်ဖက်မှ သွားတက်ကလေး ပေါ်၍ ပေါ်၍ တက် လာ၏ ။ လင်သား နှင့် ဆွေမျိုးအသိုင်းအဝိုင်းများ ဝိုင်းဝန်း ပြုစုကြသဖြင့် ပီတိရိပ် သည် မျက်နှာ တွင် ရွှန်းမြဖိတ်လက် နေ၏ ။ ဘထွန်း က အမှတ်မထင် လှမ်းကြည့်ရင်း ငိုင်သွား မိရာ က မျက်နှာ ကို လွှဲပစ်လိုက်မိ၏ ။ ရင်ထဲ တွင် ဆို့နစ် လာ၏ ။ ဪ ... သူတို့ လို ပြုစုချင် လိုက်စမ်းပါဘိ ။

ခုတင် ခေါင်းရင်းဘက် တွင် စက္ကူအိတ်ကလေး နှင့် ထည့်ထားသော ကြက်ဥပြုတ်သုံးလုံး ကို အဘယ်သို့ ထုတ်ယူ ကျွေးမွေးရပါမည်နည်း ။ တောက်ပြောင်သော အဝတ်အစားများ ၊ ကြည်လင်ချိုမြသည့် မျက်နှာများ ၊ ရယ်သံပြောသံ ၊ ဆူညံနေခြင်းများ ကို မကြားချင် ၊ မမြင်ချင် ။ လူတွေ သည် ဆေးရုံ ပေါ်တွင် လာရောက် ပျော်ရွှင်အောင်ပွဲ တွေ ဆင် နေကြပါတကား ။ သူတို့ နှစ်ဦး သည် ညှိုးငယ်နွမ်း လျသော မျက်နှာကလေးများ နှင့် တစ်ယောက် ကို တစ်ယောက် ကြည့် နေမိရာက အသက်မဲ့သော အရုပ်များလို ငိုင်တွေ ငြိမ်သက် နေမိကြပြန်သည် ။

( ၃ )

အကြည်လေး ဆေးရုံ က ဆင်းလာသည် ။ ဆေးရုံ ခြောက်ပတ်မြောက် တွင် လာပြရမည် ဟု ဆိုပါသည် ။ ဆေးဝယ်ရန် ဆေးလက်မှတ် သုံးစောင် ကို လည်း ပေးလိုက် သေးသည် ။ သို့သော် ချုပ်ရိုး တွင် သုတ်လိမ်း ပေးရန် အရေးတကြီး လိုအပ်နေသော အရက်ပြန် ကို လည်းကောင်း ၊ ဖျူရာမင်းဘီစီ ကို လည်းကောင်း ဝယ်ယူ၍ မရပေ ။ ရန်ကုန်မြို့ နှင့် ဆင်ခြေဖုံးရပ်ကွက်များရှိ မည်သည့် ဆေးဆိုင်များ တွင်မှ ဝယ်ယူ၍ မရ ။ တစ်ဆိုင် မေးလိုက် ခေါင်းခါ ပြလိုက် ၊ တစ်ဆိုင် ပြေးလိုက် မရှိလိုက် နှင့် အချိန်ကုန် လူပန်း ဖြစ်ရ တော့၏ ။ သည်နေရာ တွင် ကိုတင်ထွဋ် ကို ကျေးဇူး တင်ရပေမည် ။ ကိုတင်ထွဋ် သည် သူ့ အသိ ဆေးရုံ က ဆရာမ ထံ မှ ဖြူရာမင်း အနည်းငယ် တောင်းပေး၍ လည်းကောင်း ၊ အပေါင်းအသင်း တစ်ယောက် ရှိရာ အိမ်ထောင်ပရိဘောဂ ဆိုင် သို့ သွား၍ ပေါလစ် ( စ် ) နှင့် စပ်သုံးသော အရက်ပြန် ကို ပုလင်းလေး နှင့် တောင်းယူ ပေးသောကြောင့် လည်းကောင်း အကြည်လေး အတွက် အထောက်အကူ ရတော့သည် ။

ရပ်ကွက် ထဲ မှ ငရုတ်သီးညှော်နံ့ သည် ပျံ့၍ စူး၍ ထွက်ပေါ် လာပေသည် ။ ချက်ချိန်ပြုတ်ချိန် သာ မက အချိန် ရှိသမျှ အချိန် မရွေးပင် စည်းမရှိ ကမ်းမရှိ အညှော် လုပ်တတ်ကြ ။ အညှော် လုပ်လျှင် ဘယ်တော့မှ မအော် ။ သည်တော့ အညှော် မိပြီးမှ အပြေးအလွှား ရှောင်ရှား ရသည် ။ မည်းညစ် သော ခြင်ထောင်ကြီး ထဲသို့ ဒရောသောပါး ပြေးဝင် ရသည် ။ သူမ ၏ ချုပ်ရိုး သည် မကျက်သေးသည့် အပြင် အညှော်မိ လွန်း သဖြင့် ယောင်၍ပင် လာတော့၏ ။ ချုပ်ရိုးတွင် ပြည် တည်သည်လား မသိ ။ ဗိုက်ခွဲသော အနာ က တဖြည်းဖြည်း အောင့် လာသည် ။

“ အညှော် လုပ်ရင်လည်း အော်အက်ပြီး လုပ်ကြပါ ဟေ့ ၊ ရပ်ကွက် ထဲမှာ နေမကောင်းတဲ့ လူနဲ့ ၊ ကလေးတွေ နဲ့ အမြဲတမ်း စည်းမရှိ ကမ်းမရှိ အညှော်တိုက် တိုက်နေတာ ငါ့ ပါးစပ်နဲ့တွေ့သွားမယ် ။ မပြောချင်လို့ သည်းခံ နေတာဟဲ့ ”

အကြည်လေး သည် ခြင်ထောင်အမည်း ထဲမှ အနာ ကို လက်နှင့် အသာ အုပ်ကာ ခါးကလေး ကုန်းကာ ကျုံး အော်ဟစ် နေသည် ။ ဘထွန်း ကတော့ မနက်မိုးလင်း အသိ အိမ် မှ ရေပုံးငှား ၊ ရေခပ် ၊ ထမင်းဟင်းချက် ၊ မနက်စာ အပြေးအလွှား စား ၊ အလုပ်သွား ။ အိမ်တွင် ကလေးများ နှင့် အကြည်လေး သာ ကျန်ရစ်ခဲ့ရ၏ ။ အကြည်လေး သည် နေ့စဉ်လို အညှော်နံ့ ရနေသောအခါ စိတ်ပျက် လာသည် ။ အနာ ရင်းလာသည် ။ ကိုက်ခဲ လာ ၊ အောင့်လာ ဖြစ်လာရ သည် ။ အိမ်ရှေ့မျက်နှာစာ နွားချေးအိုင် မှ နွားချေးနံ့ က လည်း ဆိုးဝါးလှသည် ။ ညနေ လင်သား ပြန်လာ လျှင် အိမ် ရောင်း၍ အခြား ရပ်ကွက် ပြောင်းရန် ပြောပြဦးမည် ဟု တွေး ထားလေသည် ။ သည် ရပ်ကွက် ထဲ ၌ နေရသည် မှာ မပျော် ။ ရပ်ကွက် ထဲ ၌ လူပေါင်းစုံ ရှိသည် ။ သူခိုး ၊ ခါးပိုက်နှိုက် ၊ ဖဲသမား ၊ အရက်သမားများနှင့် မကောင်းသောမိန်းမများပါ ရှိနေတတ်သည် ။ ရပ်ကွက် မသန့် သဖြင့် အကြည်လေး မနေချင် ။ သို့သော် အခြေအနေ အရ နေထိုင်ရ၏ ။ အထူးသဖြင့် သူမ မကျေမနပ် ဖြစ်နေသည်မှာ လူငယ် အချို့ဖြစ်၏ ။ ကိုယ်ကျိုးရှာသမား အချို့ကို တွေးမိတိုင်း ဒေါသ ဖြစ်ရလေသည် ။

ဘထွန်း အလုပ် က ပြန် ရောက်လာပြီ ။ အလုပ် အပြန် ဝယ်ခြမ်းလာသော ငါးပေါက်ကလေးများ ကို ကိုင်သည် ။ ဆူးကား ရှိသော ပါးဟက်ကလေး မှ လက်နှင့် ဆွဲဖဲ့ကာ ဝမ်းဗိုက်အူများ ကို ထုတ်ပစ် နေသည် ။ ခေါင်းတစ်ရာငါး ကိုစား ဖို့ လူကြီးသူမများ ဆုံးမစကား ကို သတိရမိသေးတော့ ။ အကြည်လေး က ချဉ်ရည် ချက်ရန် ဝယ်လာသော မုန်ညင်းရွက်များ ကို ဓားနှင့်လှီးရင်း ခပ်ငေးငေး ဖြစ်သွား၏ ။ သူမ သည် တစ်စုံတစ်ရာ ကို သတိရ သွားကာ မျက်နှာကလေး တင်းနေသည် ။

“ ဒီနေ့ အနာ ဘယ့်နှယ် နေသေးလဲ အကြည် ၊ ဆေး ရော သောက်ရဲ့လား ”

အကြည် သည် ယောက်ျား ဖြစ်သူကို ခပ်တွေတွေ ကြည့် နေရင်းက စိတ်ပျက်သံကြီး နှင့် ပြောချလိုက်၏ ။

“ အိမ် ရောင်းပြီး တစ်နေရာရာ ပြောင်းရအောင်လား ကိုဘထွန်း ”

“ ဟေ ဘာပြောတယ် ” ဟု အာမေဍိတ် အသံထွက် သွားပြီး သူ့ မိန်းမ ကို နားမလည်သလို မျက်လုံးကြီး ပြူး၍ ကြည့်နေ၏ ။ ကလေးများ သည် ဆော့ကစားနေရာမှ အိမ် ပေါ်သို့ ပြေးတက် လာကြ၏ ။ ကလေးများ ၏ ရုပ်မှာ ဖုန် များ ၊ ချွေးများ ဖြင့် ပေရေမည်းညစ် နေ၏ ။ အငယ်ကောင် ၏ ပါးတစ်ဖက် တွင် နှပ်ဆွဲထားသောကြောင့် နှပ်ကြောင်း ထင်ကာ ပေကျံ နေ၏ ။ သမီးလတ် က မအေ ပခုံးကို ပြေး ဖက်၍ ပူဆာသည် ။

“ အမင်း ချာတယ် ၊ အမင်း ချားမယ် ”

သမီးလတ် သည် သုံးနှစ် ပြည့်တော့မည် ဖြစ်သော် လည်း နံရိုးအစင်း ထင်ကာ ဗိုက်ပူနံကား ဖြစ်နေ၏ ။ ညည ဗိုက်နာ တတ်ပြီး အိပ်ရေးပျက်ပျက် နေသဖြင့် မျက်တွင်း ဟောက်ပက်ကလေး ဖြစ်နေ၏ ။ သမီးကြီး ကတော့ အိမ်ရှေ့ တွင် ပွနေသော ကလေးအအင်္ကျီ ၊ အဝတ်စုတ် ၊ စက္ကူ ၊ လက်သုတ်ပဝါစသည်တို့ကို သိမ်းဆည်း၏ ။ တံမြက်စည်း လှည်း၏ ။ ဘာလိုလိုနှင့် သမီး သည် ဆယ်နှစ်ထဲ ရောက်လာကာ လူကောင် ထွားနေပြီ ဟု အကြည် က တွေး မိရင်း သူ့ စကားကို ဆက်ပြော၏ ။

“ မဖြစ်ဘူး ကိုဘထွန်းရယ် ။ ဒီ ရပ်ကွက် ထဲမှာ ဆက် နေလို့ မဖြစ်တော့ဘူး ။ ဒီတစ်နေ့လုံး လိုလို ကု,လားအိမ်တွေ ကရော ၊ ဗမာအိမ်တွေ ကရော ငရုတ်ညှော်တွေ လုပ်နေ တယ် ။ အညှော် ဆို နည်းနည်းလေး မှ ခံရတာ မဟုတ်ဘူး ။ အခုတောင် အညှော်နံ့ ၊ နွားချေးနံ့  ၊ အိမ်သာနံ့တွေ နဲ့ အနာ က ရင်းနေပြီ ။ အထဲ မှာ ပြည်တည် နေရင်တော့ ဒုက္ခပဲ ”

“ အမင်းချားမယ် မေမေ ”

“ တယ် ဒီကလေးမ နေ့ခင်း ကလည်း ထမင်းကြမ်း စားကြသေးတယ် ၊ ဆန် က ရှား ၊ ဆိုင် က ရတာက မလောက် မင ၊ အခု ညမနက် ချက်ထားတဲ့ ထမင်း ညနေစာ မလောက် တော့ဘူး ၊ ဆန်နှစ်လုံး လောက် ထပ် ချက်ရ မလားပဲ ”

ဘထွန်း ကတော့ လက်က ငါး ကို ဖဲ့နေလျက် မိန်းမ ကို တွေကြည့်နေ၏ ။ အမှောင်ရိပ် သန်းလာပြီ ဖြစ်၍ သမီးကြီး က မီးခွက်ထဲသို့ ရေနံဆီ ထည့်လိုက်၏ ။ မအေ က ခပ်ငေါက်ငေါက်ကလေး ပြောလိုက်သဖြင့် သမီးလတ် သည် မျက်လုံးလေး ကလယ်ကလယ် နှင့် ရပ် နေသည် ။

“ အင်း .. ဆက်ပြောပါဦးကွ ၊ ဆန်အိုး ထဲမှာ မနေ့က ပေးထားတဲ့ ဆန် ဘယ်နှစ်လုံး ကျန်သလဲ ကြည့်ပါဦး ”

“ တော်ပဲ သွားထုတ်တာ မဟုတ်လား ။ ဆန် ကိုတာ လူကြီး တစ်ယောက် တစ်ပြည် ၊ ရှင် နဲ့ ကျွန်မ နှစ်ယောက် ဆိုတော့ နှစ်ပြည် ။ ကလေးအတွက် လုံးဝ မပေးဘူး ။ ကလေးတွေ အတွက် မပေးတော့ ဘာသွား စားမလဲ ။ ကလေးတွေ လည်း ပါးစပ် ပါတာပဲ မဟုတ်လား ။ လူကြီး အတွက် နှစ်ပြည် ဆိုတာကကော တစ်ပတ် အတွက် လောက်မလား ။ ဒီရပ်ကွက် မှာက တစ်နေ့ လုပ်မှ တစ်နေ့စား ရတဲ့ လူတွေ ၊ ဝင်ငွေ နည်းတဲ့ လူတွေ ။ အပြင်မှာ ချည်း ဝယ် စား နေရတော့ ဝယ်နိုင်တဲ့ အခါ ကောင်းပါတယ် ။ မဝယ်နိုင် တဲ့ အခါ အငတ်ခံ နေရမှာလား ပြောစမ်းပါဦး ။ တွေးရင်း ဒေါသ ဖြစ်တယ် သိလား ”

သူမ သည် ပြောရင်း ပြောရင်း သူ့ ယောက်ျားကို ရန်တွေ့ သလိုဖြစ်လာ၏ ။ ဘထွန်းက ခေါင်း ကို ရမ်းလိုက်သည် ။

“ တိုးတိုး ပြောစမ်းပါကွာ ၊ တော်ကြာ ကြားသွားမှဖြင့် ”

“ အို .. ဘယ်သူ ကြားကြား မကြားကြား ၊ ဒီလောက် မှ မပြောရတော့ဘူးတဲ့လား ။ ဒီက မပြောချင်လို့ အ ချင်ယောင် ဆောင်နေတာ ။ ငါတို့ ကို ဘယ်သူမှ မပြောရဲကြဘူး ၊ ငါတို့ လုပ်သမျှ ခံကြရမယ် ၊ ငါတို့ လုပ်နေတာတွေ ဘယ်သူမှ မသိကြဘူးလို့ အောက်မေ့ နေကြတယ် ထင်တယ် ဟင်း ဟင်း ဟင်း ”

အကြည် က ဟင်းရွက်များ ကို ဆောင့်ကာအောင့် ကာ လှီးဖြတ်ရင်း သရော်သလို ရယ်လိုက်ခြင်းဖြစ်၏ ။ ဘထွန်း က စိတ်ပျက်သလို ခေါင်းကြီး ငုံ့သွား၏ ။ တစ်ခါ တစ်ရံ သူ့ မိန်းမ ခေါင်းမာကြောင်း ၊ ဒေါသကြီးကြောင်း သိ နေသဖြင့် အသာ ငြိမ်နေခြင်း ဖြစ်၏ ။ အကြည် က မရပ် ။

“ မနက်က ဆန်ခြောက်လုံး ချက်တယ် ။ အခု နှစ်လုံး ထပ် ချက်ရဦးမယ် ။ တစ်ပြည် မနက်က ချက် လိုက်တာ နဲ့ ဆိုရင် အခု ဘယ်လောက် ကျန်မလဲ ။ အလွန်ဆုံး ဆန်တစ်လုံး တစ်လုံးခွဲပေါ့ ။ နက်ဖြန် ဆန်ပြုတ် ပြုတ် သောက်ရ တော့မယ် ”

“ လူကြားပါတယ်ကွာ ၊ ဆန်ပြုတ် ပြုတ်သောက်ရ  ၊ လူတွေ သိရင် ရှက်စရာကွယ် ၊ တော်စမ်းပါတော့ ”

“ မရှက်နိုင်ဘူးရှင့် ၊ ဆန်ပြုတ် သောက်ရတာ ဆန်ပြုတ် သောက်ရတာပဲပေါ့ ။ ငါးပိ နဲ့ စားရတာ ငါးပိ နဲ့ ပဲပေါ့ ။ ငကျွဲဆန် နဲ့ ကြက်သား ၊ ဝက်သား နဲ့ စားနေရတယ်လို့ လိမ် မပြောပေါင် ၊ ဆီပုံးလိုက် ၊ ဆန်အိတ်လိုက် ရှိတယ်လို့ ညာ မပြောပေါင် ။ အေး ... သင်းတို့ မသေခင် ဝဝစားကြပါစေ ။ အပင်းဆို့ ကြပါစေ ၊ မတရား မျိုကြ ၊ ကူးတို့ခ ယူကြပါစေ ။ သင်းတို့ပဲ ချောင်လည်ကြီးပွားကြပါစေတော့ ”

“ ဟာကွာ မင်း ဟာ က ပြောရင်း .. ”

“ ရှင် ထဘီပဲ ဝတ်ထားတော့ ကိုဘထွန်း ။ ရှင်တို့ လို လူကြောက်တွေ နဲ့ ဘာမှ မပြောရဲ ၊ ဘာမှ မသိတဲ့ လူတွေ စုနေ လို့ ကြက်ဆူတော မင်းမူ နေကြတာ ။ ရပ်ကွက် ထဲမှာ အချောင် ကောင်းစား နေကြတာ ။ ဒီမှာ ရှင့် သူငယ်ချင်း ကိုအုန်း ကို သိတယ် မဟုတ်လား ”

ကိုအုန်း သည် လေဟာပြင် တွင် မှောင်ခို လုပ်စားနေ သူ ဖြစ်၏ ။ ခုတစ်လော ကိုအုန်း အိမ်ဘက်သို့ မရောက်လာ သည်မှာ အတန် ကြာပြီ ။ ဘထွန်း နှင့် ငါးမျှားဖော် ၊ ငါးမျှားဘက် ဖြစ်၏ ။ မိုးတွင်းတုန်း က အလုပ်ပိတ်ရက်များ တွင် တတွဲတွဲ ။

“ ကိုအုန်း နဲ့ ပေါင်းပြီး ဆပ်ပြာတွေ ၊ သကြားတွေ ၊ အထည်တွေ ၊ ဘယ်လို မှောင်ခို ခိုးထုတ်နေတယ် ဆိုတာ ရှင် သိရဲ့လား ”

ဘထွန်းသည် ငါးဆူးတောင် နှင့် အူများ ထည့်ထား သော သံပန်းကန် ကို အပြင် သို့ ပက်ထုတ်လိုက် ။ သူ့ မျက်ခွက်သည် ခပ်တည်တည်နှင့် စူတူတူ ဖြစ်နေ၏ ။ သူ့ အသံ ခပ်အုပ်အုပ် ဖြစ်သော်လည်း အနည်းငယ် မာသွား၏ ။

“ နေပါဦး ၊ မင်း ကိုယ်တိုင် မြင်လို့လား ၊ မင်း လက်ပူး လက်ကြပ် ဖမ်းနိုင်လို့လား ”

“ အို .. .ခိုးပါတယ် ဆိုမှ လူမိ ခံမတဲ့လား ။ ဒါပေမဲ့ တွေ့ တဲ့ လူတွေ တွေ့ တယ် ၊ သိတယ် မပြောရဲဘူး ”

“ တွေ့တဲ့ လူတောင် မပြောရဲတဲ့ ကိစ္စ နင် က ဘာဖြစ် လို့ သူများ စကားနဲ့ ဓားခုတ်ရာ လက်ဝင် လျှိုရတာလဲ ၊ ကဲ သူတို့ က မေးမယ် ။ အတိအကျ ပြောနိုင်လားလို့ မေးမယ် ။ နင် ဘယ်လို ဖမ်းပြမလဲ ”

အကြည်လေး ဘာမှ မပြောသာတော့ ။ နဖူးကြော သာ တင်းနေ၏ ။ မျက်ခွက် မှုန်တေတေ ဖြစ်နေ၏ ။ သမီးကြီး က သစ်သားမီးခြစ် နှင့် မီးခွက် ထွန်းလိုက်၏ ။ အမှောင်ပါး သည် တဖြည်းဖြည်း သိပ်သည်း လာနေပြီ ။ ဓာတ်တိုင် မရှိသော ရပ်ကွက်ကလေး သည် တစ်စစ မှောင်စပြုလာ သည် ။ ဆူညံသော အိမ်များ ၊ စကားသံများ ၊ ကလေးငိုသံ ၊ အရက်မူးသံ ၊ ရန်ဖြစ်သံ တို့သည် တဖြည်းဖြည်း တိတ်စပြု နေသည် ။ ခြေရင်းအိမ် က လူ သာ အရက်ကလေး တထွေထွေ ရစ်ကာ နောက်ထပ် အိမ်ပေါ် ရောက်လာသော မိန်းမ နှင့် အကြည် ဆိုက်လျက် တဟဲဟဲ တခစ်ခစ် ဖြစ်နေ၏ ။ ထို လူ သည် မယားနှစ်ယောက် ကို တစ်အိမ်တည်း ထား၍ ပေါင်း နေသော သူ ဖြစ်၏ ။ ပန်းတိမ် မှာ လုပ်၍ ငွေစ ရွှင်သူ လည်း ဖြစ်၏ ။

ဘထွန်း က ဟင်းအိုး ပြင်၍ ဖိုခနောက် တွင် မီးမွှေး ကာ ချက်သည် ။ သမီးကြီး က ကျောင်းစာအုပ် နှင့် ငြိမ်နေပြီး သားငယ် သည် သဗော့ဖျာစုတ်ကလေး ပေါ်၌ ငိုက်မှေးရာ ခွေခွေလေး အိပ်ပျော် သွားပေပြီ ။ အကြည် သည် သက်ပြင်း တစ်ချက် ချလိုက်ရင်း ခပ်လေးလေး ပြောနေပြန်၏ ။

“ မဟုတ်ပါဘူး ကိုဘထွန်း ရယ် ၊ တခြား ရပ်ကွက်တွေ ဟာ ဒီလောက် မဆိုးကြပါဘူး ။ မစားနဲ့ မဟုတ်ပါဘူး စားကြပါ ။ မျှမျှတတ တရား သဖြင့် စားရင် ကျေနပ်ပါတယ် ။ ဒီမှာ က ပြန်ပြောရဲတဲ့ လူ မရှိဘူး ဆိုပြီး တရား လွန်လွန်းကျ လို့ပါ ။ တစ်နေ့ က ကျွန်မ ချုပ်ရိုး မြန်မြန် ကျက်အောင် နည်း နည်း လမ်းလျှောက်ရင်း မကြူကြူ နဲ့ တွေ့တယ် ။ သူ က သားကြော ဖြတ်တာ မေးရင်းမြန်းရင်း အိမ်ခေါ် သွားတယ် လေ ။ အိမ် ရောက်တော့ ဖော့ကရစ်ပိတ်စ ထုတ်ပြပြီး ဗိုလ်ချုပ်ဈေး ပုံစံ နဲ့ ချုပ်မယ် ဘာမယ်ပေါ့ ။ သူ့ အဝတ်အစား သေတ္တာ ကို ဖွင့်ပြတော့ မှ အံ့အားသင့် သွားရတယ်လေ ။ လှိုင်းတွေ ၊ ဖော့ဇာတွေ ၊ ခရစ်ရောင်စုံတွေ ၊ တက်ထရွန်စ တွေ နဲ့ ကြိုးကြီး ၊ အင်းလေး ၊ ဖော့ကရစ် ၊ ပိုး အိုး ... ထဘီ တွေလည်း မနည်းမနော တစ်ပုံတစ်ထပ်ကြီး ပါပဲ ။ ဆန် က အိတ်လိုက် ၊ ဆီ ပုံးလိုက် ၊ မှန်ဗီရို ထဲမှာ ဖန်ခွက်အမျိုးမျိုး ၊ ကြွေထည်အမျိုးမျိုး ။ ရပ်ကွက် မှာ တစ်သက်တစ်ခါ လောက် ရေဒီယို မဲချတယ် ။ သူတို့ပဲ ပေါက်တယ် ။ ဓာတ်ဘူးတွေ ၊ ခြင်ထောင်တွေ အားလုံး သူတို့ အိမ်မှာ ချည်းပဲ ”

အကြည်လေး သည် ပြောရင်း ပြောရင်း အသံလေး တုန်ယင်ကာ တိမ်ဝင် သွားတော့၏ ။ ပြီးတော့ အပြင်ဘက် ကို ငေးကြည့် နေရှာသည် ။ အတန်ကြာမျှ တိတ်ဆိတ် သွား ကြသည် ။ မီးဖို မှ ထင်းမီး သည် အရှိန်ပြင်းစွာ တောက်လောင်လျက် ရှိ၏ ။ မီးစွယ်မီးညွန့်များ သည် အိုးအပြင် ဘက်သို့ ထိုးထွက်လျက် ရှိ၏ ။ မီးခိုးတို့ သည် အိုး အထက် ၌ အူရစ်လျက် ရှိ၏ ။ အရှိန် ကောင်းသော မီးညွန့်မီးတောက် များကို ကြည့်ကာ အဆက်အစပ် မရှိ “ မိုးကောင်းတုန်း ရွာ ကြဦးပေါ့ ” ဟု တွေးလိုက်မိ၏ ။

ဘထွန်း သည် ဆူပွက် စ ပြုနေသည့် ဟင်းအိုး ကို ဇွန်းရှည်ရှည် နှင့် အသာ မွှေပေးပြီးမှ ...

“ အေးပါကွာ သူတို့ ဘာလုပ် နေကြတယ် ဆိုတာ ငါ လည်း ရိပ်မိပါတယ် ။ လူတိုင်း လည်း သိကြမှာပါပဲ ။ ဒါပေမဲ့ နေထွက် က နေဝင် မနေမနား ပြေးလွှားရှာဖွေ နေရတဲ့လူတွေ အချို့ ခိုးကြဝှက်ကြတာတွေ ကို စောင့်ကြည့် မနေနိုင် ဘူးမဟုတ်လား ။ သူတို့ ကလည်း သိသာသိစေ မမြင်စေနဲ့ ထုံး နှလုံး မူနေကြပုံ ရတယ် ။ တလောက ဆိုင်ပိတ်ချိန် ဟို ငနဲ ဆန်အိတ်လိုက် ထမ်းသွားတာ ငါ မြင်လိုက်ပါတယ် ။ ငါ့ ကို မြင်တော့ မျက်စိမျက်နှာ ပျက်သွားတယ် ။ ငါ လည်း မမြင်ချင်ယောင် မသိချင်ယောင် ဆောင်လိုက်တာပါပဲ ။ တစ်ခါတစ်ခါတော့ ငါတို့ မှာ ဆန် မလောက်င ၊ ကလေးတွေ က အော် ၊ အပြင် မှာ ဝယ်ဖို့လည်း ငွေ မရှိ ၊ ငါ့ ရင်ထဲမှာ ဘယ်လို ရှိမလဲ အကြည် ။ ဒါပေမဲ့ လူတွေ အားလုံး ရေငုံနှုတ်ပိတ် နေကြတာပဲဟာ ။ ဘယ်သူက အမုန်း ခံကြလို့လဲ ။ ငါ အများ အတွက် အမုန်း မခံရဲပါဘူးကွယ် ။ ကိုယ် က ကင်းနိုင် တာမှ မဟုတ်ဘဲ ”

ဘထွန်း သည် ခပ်တွေတွေ ငိုင်ငိုင် နှင့် တစ်လုံးချင်း ရင်ဖွ င့်ပြလိုက်၏ ။ ပြည်သူ့ဆိုင် မှာ ပင် ခြောက်ဆယ့်ငါးပြားတန် ငစိန်ဆန် ကို ယခု တစ်ကျပ်သုံးဆယ့်ငါးပြား ဖြစ်နေ ၍ စိတ်များ ပျက်မိ၏ ။ အကြည် သည် သူ့ ယောက်ျား စိတ် ကောင်းရှိကာ သည်းခံတတ်တာ ၊ ရိုးအတာ ကို တစိမ့်စိမ့် တွေးပြီး သနား လာမိ၏ ။ “ ရှင် လူကြောက် ၊ ထဘီပဲ ဝတ် ထားသင့်တယ် ” ဟု ပြောဆိုမိ သဖြင့် စိတ်မကောင်း ဖြစ်နေမိ ပြန်၏ ။ အမှန်ဘက်က ရပ်တည်နိုင်ပါလျက် အမှား လုပ်နေ သူတွေ ကို ကြောက်ရွံ့ နေရပါတကား ဟု တွေးပြီး ရင်မှာ နာ ကျင်လာမိတော့၏ ။

“ ဟော နှစ်ယောက်သား ဘာတွေများ လုပ်နေကြသလဲဗျို့ ”

အိမ်ရှေ့ မှ အသံပြု သဖြင့် ပြိုင်တူလှ မ်းကြည့်လိုက် ကြ၏ ။ ကိုတင်ထွဋ် ကို အပြုံးသား နှင့် တွေ့ရသည် ။

“ ထိုင်ပါဗျာ ၊ ဒီမှာ ကိစ္စလေး တစ်ခု စဉ်းစား နေကြတာပါ ”

ဘထွန်း အိမ်ရှေ့ သို့ ထွက် လာသည် ။ ကိုတင်ထွဋ် ကို ဆေးလိပ် တည်သည် ။ အကြည် အနီး၌ လာ ထိုင်သည် ။

“ ဘယ့်နှယ်လဲ ၊ နေကောင်းတယ် မဟုတ်လား ”

အကြည် က မချိတရိ ပြုံးကာ ခေါင်းလေး ရမ်းပြ၏ ။

“ ငရုတ်ညှော်တွေ နေ့တိုင်း မိနေတယ် ရှင် ၊ အနာ က ရင်းသလိုလို နဲ့ အောင့် နေတယ် ။ အဲဒါ ဒီ အိမ်လေး ရောင်းပြီး တခြား ရပ်ကွက် တစ်ခုခု ပြောင်းမလို့ သူ နဲ့ တိုင်ပင် နေတာ ”

ကိုတင်ထွဋ် က မျက်မှောင်ကြုတ်၍ စဉ်းစားရင်း ..

“ ပြောင်းတာတော့ ကောင်းတယ်ဗျ ၊ ဒီမှာက ကျန်းမာရေး ထိခိုက်တယ် ။ အိမ်တွေ ညပ် ၊ လမ်းတွေ ပိတ် ၊ နွားချေး နဲ့ အိမ်သာနံ့ နဲ့ အညှော်တွေနဲ့ လေကောင်းလေသန့် ကလည်း မရ ။ ဘယ်လောက်နဲ့ ရောင်းမှာလဲ ၊ ကျွန် တော်တို့ လည်း ဝိုင်း စပ် ပေးမယ်လေ ။ ပွဲခတော့ များများ စားရမယ် ”

သူတို့ ပြုံးပြသည် ။

“ ရောင်းမယ် ဆိုရင် ငါးရာ အထက်တော့ ရမှာပဲဗျ ၊ ကိုချစ်တီး တို့ အိမ်ဟာ လေးရာ့ငါးဆယ် ရတယ် ။ ကျွန်တော် တို့ ခြံလေးက ပိုကျယ်တယ် ။ လမ်းမကြီး နဲ့ လည်း နည်းနည်းနီးတယ် ။ ခုနစ်ရာလောက် ဆိုမယ် ။ ဒီ ရပ်ကွက်ထက် ကောင်းတဲ့ နေရာလေး ဘာလေး ကြည့်ပေးပါဦးဗျာ ”

“ ဟုတ်တယ် ကိုတင်ထွဋ် ရယ် ၊ ရေ လည်း ရ ၊ မီး လည်း ရှိ ၊ ဆေးရုံ တို့ ၊ ကျောင်း တို့ ၊ ဈေးတို့ နဲ့ လည်း နီးဆိုရင် ပို ကောင်းမယ် ။ ဒီမှာက ရေတစ်ထမ်း သွား ထမ်းရင် ငါးပြား ပေး ဝယ်ရတာ ။ အစိုးရဘုံဘိုင် တစ်ခု မှ ရှိတာမဟုတ်ဘူး ။ သမီးတို့ ကျောင်း နဲ့ နီးတာ တစ်ခုပဲ ပြောစရာရှိတယ် ။ ဆိုင် က လူတချို့ ကိုလည်း သိပ် မကြိုက်ဘူးလေ ။ ဒါလည်း ပါတယ် ”

ကိုတင်ထွဋ် က ပြုံးယောင် ပြုနေ၏ ။

“ ထည့်ပြော မနေစမ်းနဲ့ဗျာ ၊ ဒီကောင်တွေ ကို ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ခေတ်အဆက်ဆက် လူကြီး လုပ် စားနေတဲ့ဟာတွေ ၊ တက်လာတဲ့ အစိုးရ က တို့ အစိုးရ ဆိုပြီး အရောင် အမျိုးမျိုး ပြောင်းနေတဲ့ အချောင်သမားတွေ ၊ ကျားတွေ ။ ဒီကောင်တွေ ကြောင့် ... အိုဗျာ ဆက် မပြောတာပဲ ကောင်းပါတယ် ”

“ ဟုတ်ပါတယ်ဗျာ ၊ အချို့ ကို ပြောတာ ဖြစ်ပေမယ့် သူတို့ ကြားသွားရင် ... ”

“ ကိုတင်ထွဋ် လည်း ကျွန်မ လိုပဲ ။ တစ်ခါတစ်ခါ အထက် က သိအောင် ဟစ်တိုင်တက် အော်ပြော ပစ်လိုက်ချင်တယ် ။ မနည်း စိတ်ကို ထိန်းရတာ ”

ခေတ္တ ငြိမ်သွား၏ ။ ဘထွန်း က ဟင်းအိုး သွားချ သည် ။ ထမင်းအိုး ဖွင့်ကြည့်ပြီး ...

“ ထပ် မချက်တော့ဘူး ၊ ငါ လျှော့စားမယ် ” ဟု တိုးတိုး ပြောလိုက်၏ ။

ကိုတင်ထွဋ် က ဆေးပေါ့လိပ် ကို ဖွာနေ၏ ။

“ ကဲ ထမင်း မစားရသေးရင် စားကြလေ ၊ မိုးတောင် ချုပ်နေပြီပဲ ”

“ ဒီမှာကတော့ မိုးချုပ်တာ မဆန်းတော့ပါဘူးရှင် ”

“ လုပ်စမ်းပါဦး အိမ် ရောင်းရရင် ကောင်းမလား ဆိုတာ ”

ဘထွန်း က ချီတုံချတုံဖြင့် အကြံဉာဏ် ထပ် တောင်း နေ၏ ။ အကြည် က မျက်စောင်းထိုး၏ ။ ကိုတင်ထွဋ် က ချောင်း တစ်ချက် ဟန့်ပြီး ...

“ ဒီလို မသန့်ရှင်းတဲ့ ရပ်ကွက် က မပြောင်းနိုင်လို့ပေါ့ ၊ ခင်ဗျားတို့ ကလေးတွေ တစ်ယောက် ပြီး တစ်ယောက် မကျန်းမမာ ဖြစ်နေရတာ ။ ကျွန်တော် အကြံ ပေးချင်တာ ကြာပြီ ။ ဒါပေမဲ့ ရပ်ကွက် တစ်ခု က တစ်ခု ပြောင်းဖို့ ဆိုတာ ကလည်း မလွယ်လှဘူး မဟုတ်လား ။ ဥပမာ ကျွန်တော် တို့ ကမ်းနားပိုင်း ရေ က တက်ပြီ ဆိုရင် အိမ်မြုပ်လုခမန်း ၊ ကလေးတွေ နဲ့ စိုးရိမ်စရာပဲ ။ တစ်ခါတစ်ရံ နှာတိုတွေ တက်လာ တတ်သေးတယ် ”

အကြည် သည် မြွေကို မြင်ယောင်ကာ ပခုံး တွန့်သွား၏ ။

“ ကျွန်တော်တို့ တိုက်က စာစီသမား တစ်ယောက် ရဲ့ အိမ်ပေါ့ ။ ဆင်ခြေဖုံး မှာပါပဲ ။ ငါးရာ ၊ တစ်ထောင် ဆို ဝယ် လို့ ရပါတယ် ။ ဒါပေမဲ့ ဒီ ရပ်ကွက်မျိုးပဲ ။ ရေ သိပ် ရှားတယ် ၊ ဆေးရုံ ဝေးတယ် ။ ညညဆို ရပ်ကွက် ရှုပ်တော့ ဧည့်မတိုင် လို့ ဖမ်းတာတွေ ၊ မကောင်းတဲ့ အိမ်ဝိုင်းတာ ၊ ရန်ဖြစ်တာ ၊ အရက်ပုန်းဆိုင် မှာ ဓားထိုးမှုဖြစ်တာ စုံ နေတာပဲ ”

“ ဒီလိုဆို ဒုက္ခပါပဲနော် ။ မြို့ထဲ ဘက် ကျကျ စုံစမ်း ပေးပါလား ”

ကိုတင်ထွဋ် က ရယ် နေသည် ။ ဘထွန်း က သူ့ မိန်းမ ကို မျက်စောင်း ထိုး ကြည့်၏ ။ အကြည် က သူ့ စကား ကို သူ ပြန်၍ သဘောကျ နေလေသည် ။

“ မြို့ထဲဘက် ကျကျ ကိုပဲ ခဏ ထား ၊ မြို့စွန်ကျကျ ကို ပဲ မေးပါဦး ၊ အိမ်ဈေး ဟာ တစ်သောင်း အထက် မှာ ရှိတယ် ။ ဝယ်နိုင်ပါ့ မလား ”

အကြည် သည် ရှက်ရယ် ရယ်ရင်း ခေါင်းငုံ့ သွား၏ ။ ဘထွန်း က သမီးကြီး ကို ပန်းကန် ဆေးရန် ခိုင်း လိုက်၏ ။ ကိုတင်ထွဋ် ငြိမ်နေပြီး မှ ...

“ ဒီမှာ မကြည် .. ခင်ဗျားတို့ ရပ်ကွက် ဟာ ကျူးကျော် ရပ်ကွက် ၊ အမှတ် ( ... ) မို့လား ၊ ဥပမာ အမှတ် ( ၁ ) ထား ၊ ကဲ ခင်ဗျားတို့ ပြောင်း ကြည့်ကြစမ်း ။ တစ်ရပ်ကွက် မကြိုက် တစ်ရပ်ကွက် ၊ နောက် တစ်ရပ်ကွက် မကောင်း ၊ နောက် တစ်ရပ်ကွက် ။ ကျူးကျော်ရပ်ကွက် အမှတ် ( ၁ ) က ကျူးကျော် ရပ်ကွက် အမှတ် တစ်သောင်း သာ ပြောင်းရင် ပြောင်းသွား မယ် ၊ ( ၁ ) နဲ့ ( ၁၀၀၀၀ ) နဲ့ ဟာ ဘာမှ ခြားမှာ မဟုတ်ဘူး ။ ဒီလို ဒီလိုပဲ နေမှာပဲ ။ ကျူးကျော်ရပ်ကွက် က ကျူးကျော်ရပ်ကွက် တွေ လျှောက် ပြောင်း နေသမျှတော့ အတူတူ လိုချည်းပဲ ရှိ နေမှာပဲ ”

“ ဟုတ်မှာပါပဲနော် ”

“ ဟ ဟုတ်ပါတယ် ဆိုနေတဲ့ ဟာ ”

“ တစ်ခုတော့ ရှိတာပေါ့ဗျာ ၊ တစ်ရပ်ကွက် နဲ့ တစ်ရပ်ကွက် နီးတာ ဝေးတာ ၊ ဆေးရုံဆေးခန်း နဲ့ နီးတာ ဝေးတာ ၊ ရပ်ကွက်သန့်ရှင်းရေး အနည်းအကျဉ်း ကောင်းလာတာ ၊ မကောင်းလာတာ ၊ ရပ်ကွက်လူကြီး အချို့ မျှတတာ ၊ မမျှတတာ ဒါတွေတော့ နေရာ လိုက်ပြီး အလျှော့အတင်း ရှိမှာ ပေါ့ ၊ ပို ကောင်းခြင်း မကောင်းခြင်း ရှိမှာပေါ့ ။ အဲဒီတော့ ဒီလို လုပ်ပါ ။ ခင်ဗျားတို့ အိမ်ကလေး ကို တော့ ကြိုက်ဈေး ခေါ်ပြီး ရောင်း ၊ ကျွန်တော် လည်း ကြိုးစား ရှာကြည့်မယ် ”

“ ဒီအိမ်ကလေး တစ်ထောင် ရပြီး တခြား မှာ ငါးရာ ၊ ခြောက်ရာ နဲ့ ဝယ်ခဲ့ရင် ကျန်ငွေ နဲ့ ကြွေးမြီ ကျေမယ် ၊ ရင်းနှီး စားနိုင်မယ် ။ ဟုတ်တယ် မဟုတ်လား ကိုဘထွန်း ”

“ အဲဒါ ကောင်းပါတယ် ။ အနှေး နဲ့ အမြန် ပြောင်းရမှာပဲ ”

“ မကြည် က မြို့ထဲ ဘက် ကျကျတော့ ရှာ မခိုင်းရဘူးနှော ”

အကြည် ရယ်နေသည် ။ ဘထွန်း ပြုံးနေသည် ။

“ ဒီရက် အတွင်း မကြည် အတွက် ဆေးရုံ လည်း ပြန် ပြဦး ”

“ ဟုတ်ကဲ့ ပြပါ့မယ် ”

“ ကဲ ကျွန်တော် ပြန် လိုက်ဦးမယ် ”

ကိုတင်ထွဋ် ထိုင်ရာ မှ ထ၏ ။

“ အို ... ထမင်း စားသွားဦးလေရှင် ”

ကိုတင်ထွဋ် ရယ်လိုက်၏ ။

“ တော်ပါပြီဗျာ .. ကိုဘထွန်း က ဧည့်သည် ရောက်တယ် ဆိုတာနဲ့ ထမင်းထပ် မချက်တော့ဘူး ၊ ငါ လျှော့စားမယ် ပြောထားတဲ့ ဟာ ၊ ဧည့်သည် က ဘယ်လိုလုပ် စားလို့ ရတော့မှာလဲ ”

သူတို့ သုံးယောက် ရယ်လိုက်ကြ၏ ။ မကြည် က အရယ် မရပ်သေးဘဲ ရယ်သံ တစ်ဝက်တစ်ပျက် ဖြင့် ဖိနပ် စီး နေသော ကိုတင်ထွဋ် ကို လှမ်း မှာလေသည် ။

“ ကျူးကျော်ရပ်ကွက် က အခြား ကျူးကျော်ရပ်ကွက် ပဲ ရောက်ရတာကတော့ ကိစ္စ မရှိပါဘူးရှင် ၊ ဒါပေမဲ့ ဒီ ကျူးကျော်ရပ်ကွက်တွေ ထဲ မှာ မြို့ထဲ နဲ့ အနီးဆုံး ကျူးကျော်ရပ်ကွက် ရောက်အောင်တော့ ဆောင်ရွက်ပေးပါ ကိုတင်ထွဋ် ရယ် နော် ”

ကိုတင်ထွဋ် သည် သူ့ နဖူး သူ လက်ဖဝါးနှင့် ဟန်ပါပါ ရိုက်လိုက်ပြီး မှ တဟားဟား ရယ်ကာ အိမ်ပေါ် မှ ဆင်းသွား လေတော့၏ ။ သူ့ အမူအရာ ကို သဘောကျစွာ ပြုံးရယ်နေ ကြသည့် အကြည် တို့ သည် သမီးကြီး ထမင်းစားခုံဝိုင်း လာ ချတော့မှ ပင် နေရာ ဖယ် ပေးရင်း အရယ် ရပ်ကြလေ တော့သည် ။ ဘထွန်း မှာ ခူးခပ်ပြင်ဆင် နေသော ထမင်းဝိုင်း ကို ဆာလောင် မွတ်သိပ်စွာကြည့်ရင်း ...

“ ငါ ထမင်း လျှော့ စားရမှာပါလား ” ဟု တွေးမိကာ မျက်နှာကလေး ဝင်းပနေရာ က တဖြည်းဖြည်း မသိမသာ ညှိုးကျ သွားတော့၏ ။

တစ်နေ့လုံး အလုပ် လုပ်ခဲ့ရ သဖြင့် ဗိုက် ထဲမှာ ဘာမှ မရှိ ။ အလွန်အမင်း ဆာလောင်မွတ်သိပ် နေသူ ဘထွန်း ခမျာ မှာ တော့ ဇနီး ၊ သားသမီးများ ကို ငဲ့ညှာကာ တစ်လုပ် တစ်ဆုပ် မျှ သာ စားသောက်ရပေတော့မည် တကား ။

▭  မြတ်လွန်း
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၇၃ ၊ ဧပြီ

Monday, February 24, 2025

မိတ်ဆွေ မမေ့နဲ့နော် ဒါဟာပြိုင်ပွဲ



 

❝ မိတ်ဆွေ မမေ့နဲ့နော် ဒါဟာပြိုင်ပွဲ ❞

“ မင်း ကြည့်ရတာ ပျာပျာ ပျာပျာ နဲ့ အသက်ရှူချိန် မှ ရသေးရဲ့ လားကွာ ”

“ ဆရာရယ် အဲဒီလောက် လှုပ်ရှားနိုင်မှ တော်ရုံကျတာပါ ဆရာ ၊ ခု ခေတ် က ပြေးနိုင်လေ ကောင်းလေပါ ဆရာ ”

“ ဟင် မင်း က ဘာဖြစ်လာ ရပြန်တာလဲကွာ အမောတကော ”

“ ဒီကောင် ကျွန်တော့် ကို တိုက်တော့မယ် ဆရာ ၊ အဲဒါ သူ့ တိုက်ကွက် ဆင်မလာမီ ကျွန်တော် က ရှေ့ က အသားကုန် အလင်း ရဲ့ မြန်နှုန်းနဲ့ ”

လာပြန်ပြီ တစ်ယောက် ။ ကျွန်တော် မောင်ချမ်းသာ ဆို သူ ကား မိုးလင်း မှ မိုးချုပ် ၊ တစ်ခါ တစ်ရံ ညကြီးမင်းကြီး ၊ တစ်ခါတစ်ရံ မိုး က သဲကြီးမဲကြီး အဲသလို အချိန်မျိုး မှာ တောင် မျက်ခြည် အပြတ် မခံဘဲ သည်နေ့ စီးပွားရေး လောကကြီး ကို အမြဲ အကဲခတ် နေရသူ ဖြစ်ပါ၏ ။

ယနေ့ လူငယ်များ ကို ကြည့်ပါ ။ စီးပွားရေး ရှေ့တန်း ရောက်နေသော လူငယ်များ သည် စီးပွားရေး ပြိုင်ဘက်များ နောက် က လိုက်မမီ နိုင်အောင် ပြေးနေကြပါ၏ ။

နောက် ရောက်နေသူများ က လည်း ရှေ့က လူ ကို မီအောင် လိုက် နေကြပါ၏ ။ ရှေ့ က ပြေး နောက်က လိုက် ။

ရှေ့ရောက်နေသူ က လုံးဝ အလစ် မပေးပါ ။ နောက် က လိုက်လာ မည့် သူ ၏ အရိပ်အကဲ ကို အမြဲ ကြည့်နေပါ၏ ။

လက်ဖက်ရည်ဆိုင် ၊ ဂိမ်းဆိုင် ၊ စားသောက်ဆိုင် ၊ ကုန်ထုတ်လုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်း ၊ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ။

ကောင်းသည် ထက် ကောင်းအောင် သာသည် ထက် သာအောင် ခေတ်မီသည် ထက် ခေတ်မီအောင် မြန်သည် ထက် မြန်အောင် လှော်ခတ် နေကြပါ၏ ။

မမောနိုင် မပန်းနိုင် နိုးနိုးကြား ကြား တက်တက်ကြွကြွ ရှိကြပါ၏ ။

ဘယ်လောက် နိုးကြား တက်ကြွလိုက်ပါသနည်း ။

“ ည ၂းဝဝ နာရီ လောက် ဆို သူတို့ လင်မယား ရောက်လာကြကုန်ပြီ ဆရာ ၊ ရောက်ရောက်လာတဲ့ ကားတွေ က ချသွားတဲ့ ကွမ်းခြင်း တွေ ကို လက်ခံ ၊ စာရင်း မှတ် ၊ ဖွင့် ကြည့် ၊ မကောင်း ရင် ပယ် ၊ ဆရာ ရယ် ကျွန်တော့် ဖြင့် အံ့ဩရော ”

“ အင်း ပြောပါဦး ” 

“ မနက် မိုးလင်း ကား ကုန်သလောက် ဖြစ်သွားတော့ မှ ဆိုင်တွေ ကို လိုက်လိုက် ပို့တာ ဆရာ ၊ ၉းဝဝ နာရီ ၁ဝးဝဝ နာရီ လောက် ဆို အလုပ် ပြီးသွား သလောက် ဆိုပါတော့ ဆရာ ” 

“ အဲဒါ တစ်နေ့ တော့ ကျွန်တော် လဲ စပ်စု ကြည့်မိတယ် ”

“ သူတို့ လင်မယား ဆိုက်ကားခ တစ်နေ့ ကို လေးသောင်း ( ကျပ် ၄၀,၀၀၀ ) ရပါသတဲ့ ဆရာ ”

“ ဟာ အဲဒီလောက် တောင် ရသလားကွာ ”

ကဲဗျာ တစ်နေ့ ဆိုက်ကားခ ၄၀,၀၀၀ ရ သတဲ့ ။ ပြေးဟယ် လွှားဟယ် ရှာလိုက်ဖွေလိုက် ကြတာ ။

စာဖတ်သူ မိတ်ဆွေ အံ့ဩ သွား ပြီလား ။ မယုံနိုင် အောင် ဖြစ်သွားပြီလား ။

မယုံ မရှိပါနဲ့ မိတ်ဆွေ ၊ ဒါဟာ တကယ့် ဇာတ်လမ်းပါ ။

ဘာကြောင့် ယုံခိုင်း နေရပါသနည်း ။ ကျွန်တော် က လက်တွေ့ မျက်တွေ့ သိထားလို့ပါ ။

ကျွန်တော့် အိုကေ မြေပဲဆားလှော်တွေ ကို ပို့ပေးရတဲ့ ဆိုက်ကား ဆရာ ဟာ တစ်နေ့ ကို ၈၀၀၀ - ၁၀၀၀၀ ( ရှစ်ထောင် - တစ်သောင်း ) ရပါတယ် ။ ဘယ်လို ရပါသလဲ ။ နေပြည်တော် ပျဉ်းမနား သို့ ၊ ရန်ကုန် သို့ ကုန်တင်ရတဲ့ နေ့တွေ မှာ နံနက် ၅း၀၀ နာရီ အလုပ် စတင် ရပါ၏ ။ ကုန်ချောတွေ ကို ကားဂိတ် များ သို့ ပို့ရပါ၏ ။ ကုန်ချော ပို့ပြီးသောအခါ ကုန်ကြမ်း ( မြေပဲဆန် ) များ ကို သယ်ရပြန်ပါ၏ ။ ထိုနေ့ မျိုး ၌ ၈၀၀၀ - ၁၀၀၀၀ ဆိုက်ကားခ ပေးရပါ၏ ။

ဒါနဲ့ တစ်နေ့တော့ စကား စပ်မိပြီး

“ ငါ့လူ တစ်နေ့ တစ်နေ့ ဆိုက်ကားခ ဘယ်လောက် ရသလဲကွ ”

“ အမှန်ကြီး တော့ မဟုတ်ဘူး ပေါ့ ဦးလေး ၊ တစ်ခါတလေ တစ်သောင်းခွဲ အထိ ရတယ် ”

“ ဟယ် တယ်ဟုတ်ပါလား ”

သို့နှင့် ဘေးလူများ ကို မေးမြန်း ကြည့်သောအခါ

“ တကယ် ရတာပါ ဆရာ ၊ အိမ် လဲ ဆောက် ပြီးပြီ ၊ မော်တော်ဆိုင်ကယ်လဲ ဝယ် ပြီးပြီ ၊ သူ့ သား ( ဆယ်တန်း ကျောင်းသား ) ကို လဲ ဆယ်သိန်း လောက် အကုန်အကျ ခံပြီး ဘော်ဒါ မှာထားတယ် ဆရာ ”

ကဲ မှတ်ကရော ဘယ်သူ ဘာ ပြောချင်သေးသလဲ ။

သူတို့ လည်း ရှေ့က ပြေးနေတဲ့ ဆိုက်ကားဆရာများ ပါပဲ ။

အရောင်းဆိုင်များ ကုန်ထုတ်လုပ်ငန်းသမားများ မှ သာ ပြိုင်ဆိုင် ကျော်ဖြတ် နေကြတာ မဟုတ်ပါ ဘူး ခင်ဗျာ ။ ဆိုက်ကားဆရာများ လည်း ပြိုင်ဆိုင် ကျော်ဖြတ် နေကြတာပါပဲ ခင်ဗျား ။

အပြိုင်အဆိုင် အလွန် ပြင်းထန်သော ခေတ်ကြီး ၌ သင် သည် နှေးကွေး ထုံထိုင်းနေမည် ဆိုပါက ...

မိတ်ဆွေ မမေ့နဲ့နော် ဒါ ပြိုင်ပွဲ ။

▢ မောင်ချမ်းသာ
📖 မော်ဒန် သတင်းဂျာနယ်
     ၂၁ ၊ မေလ ၂၀၁၀

ဝင်သက်ထွက်သက် တို့ ၏ မျှခြေ


 

❝ ဝင်သက်ထွက်သက် တို့ ၏ မျှခြေ ❞
     ( ညီကျော် - တန်ဆည် )

ညသည် နီယွန် မီးရောင်စုံ အောက်၌ ရွှေအိုရောင် ဝတ်စုံဆင်မြန်းထားသော တ်သမီး တစ်ပါးလို နွဲ့နှောင်း လှပနေပေသည် ။ တိမ်သလ္လာ ကင်းစင်သည့် ကောင်းကင်ယံ ၌ လမင်းကြီး သည် ပြည့်ဝန်းလျက် လရောင်တို့ က ဖိတ်လျှံကျ နေ၏ ။ သို့သော် ရန်ကုန်ညချမ်း အတွက် လရောင်သည် ကား မေ့လျော့ခံ ပစ္စည်း တစ်ခုသာ ။

နိုင်လွန်ကတ္တရာလမ်း ပေါ်၌ ကားရောင်စုံတို့ ဥဒဟို သွားလာ နေကြသည် ။ များလိုက်သည့် ကားတွေ ။ မီးနီသွားသည့် တစ်ခဏ လူကူးမျဉ်းကြား တစ်ခု၌ ဝေါခနဲ ပြိုဆင်းလာသည့် လူများ ။ တစ်ချို့ က အိမ်ကို ပြန်ကြသည် ။ တချို့က အလုပ်သို့ သွားကြ၏ ။ သဘာဝတရားကြီး ၏ အလှအပတို့ သည်ကား ခံစားသူ မဲ့လျက် ။ လမင်း ကြီး ကတော့ သူ၏ ရွှေအိုရောင် ဝတ်ရုံလွှာကို ပြန်ရုတ် မသွား ။ လောကတခွင် သို့ ဖြန့်ခင်းထားပေသည် ။ လမ်းမီးတိုင် တစ်ခု အောက်တွင် ဖြစ်သည် ။

လမ်းမီးတိုင် တစ်ခု အောက်တွင် ဖြစ်သည် ။

•••••   •••••   •••••

မှတ်တိုင် တစ်ခု မဟုတ်သော် ငြား ကားရောင်စုံ တို့သည် မီးတိုင် အောက်သို့ ထိုးရပ် လာလိုက် ၊ မောင်းထွက် သွားလိုက်နှင့် ။ ကား ပေါ်သို့ တက်လိုက်သွား သူ ရှိသလို ၊ တချို့ က လက်ခါ ပြကြသည် ။

“ ဟဲ့ မဉ္ဇူ ၊ မတည့်ဘူးလား ”

“ ဂွမ်းပါတယ် ဟယ် ၊ ငါ့များ မတန်မရာ လာ ဆစ်နေတယ် ”

ခိုးခိုးခစ်ခစ် ရယ်သံအချို့ ကဗျာ မဆန်စွာ ပျံ့လွင့် လာ၏ ။ လမ်းမီးတိုင် ၏ နီယွန်မီးချောင်း ကို ဝန်းရံ ပျံသန်းနေသည့် ပိုးမွှားကောင်များ ။ တချို့ က အတောင်ပံ ပြုတ်လျက် မြေသို့ သက်ဆင်းနေရ၏ ။ သူတို့ ခုံမင်သော အလင်းရောင် ဆီ တိုးဝင် ရင်း သူတို့ အသက်တွေကို စတေး နေကြသည် ။

“ ဒါနဲ့ ရိုစီ နင့် စပွန်ဆာ ဦးရော အခုတလော မလာပါလား ”

မဉ္ဇူ ဟု ခေါ်သော ဆေးဆိုးပန်းရိုက် မျက်နှာ နှင့် ပန်းတစ်ပွင့် ၏ အမေး ။ ရိုစီ ဟု အခေါ်ခံရသော ပန်းရိုင်းကလေး က မျက်နှာ ကို မဲ့ရွဲ့ကာ ...

“ အလကား အာပလာ ပါဟာ ၊ အဲ့ ဘဲကြီးက ဟန်သာ ရှိတာ အဆံ ရှိတာ မဟုတ်ဘူး ၊ တကယ့်တကယ် အမ်းရတော့မယ် လည်း ဆိုရော စားပြီး နားမလည် လုပ်နေတာ ၊ အဲဒါကြောင့် ငါ လည်း ဇယားရွှေ့နေတာ ”

ဂီး ဟူသော အော်သံနှင့် အတူ ညဉ့်ငှက် တစ်ကောင် သည် ဓာတ်ကြိုး ပေါ်သို့ ဝဲပျံသက်ဆင်း လာသည် ။ စူးရှသော မျက်လုံး တစ်စုံ ဖြင့် ပစ္စုပ္ပန် ၏ ဖြစ်တည်မှု ကို စောင့်ကြည့် နေ၏ ။

“ ဟဲ့ ကောင်မတွေ ကလပ်ရွေ့ မလို့ လိုက်ကြဦးမလား ”

အသံနှင့် အတူ ပန်းရိုင်းဧဒင် အချို့ မီးတိုင် အောက်သို့ လွင့်မျော လာကြသည် ။ ပေါင်လယ်သာသာ စကပ်ကိုယ်ကျပ် ၊ အပေါစား မျက်နှာချေနံ့ ခပ်စူးစူး တို့က ကြိုင်လှိုင် နေ၏ ။ ကော့ညွတ် နေအောင် ဆွဲထားသော EYE LINER အောက်ရှိ မျက်ဝန်းစူးစူးတို့က သိန်းစွန်ရဲ တစ်ကောင်လို သားကောင် ကို ရှာ နေကြသည် ။ ဆေးရောင်စုံ ခြယ်သ ထားသော နှုတ်ခမ်း တို့က လောကဓံ ကို ခါးစောင်းတင် ထားသလို ကွေးညွှတ် နေ၏ ။

“ တော်ပါပြီ ချယ်ရီ ရယ် ၊ ကလပ်က အလုပ်ဖြစ်မှာ က မသေချာဘူး ၊ ဝင်ကြေး ကိုက ငါးထောင် ၊ မလိုက်တော့ဘူး ဟာ ”

“ အေး အေး ဒါဆိုလည်း ငါတို့ လစ်ပြီနော် ၊ မနက်ကျမှ ဖုန်းဆက် လိုက်မယ် တာ့တာ ”

ညိမ့်ခနဲ ထိုးဆိုက်လာသော တက်စီ တစ်စီး ပေါ်သို့ ချယ်ရီ နှင့်အတူ ပန်းရိုင်း သုံးပွင့် လိုက်ပါ သွားကြသည် ။ ဓာတ်ကြိုး ပေါ် နား နေသော ညဉ့်ငှက်သည် အတောင်တို့ ကို ဖြန့်ကာ အမှောင် ထဲသို့ ဝဲပျံ သွား၏ ။ အလင်းကြောက်ငှက် တစ်ကောင် ၏ ဘဝ သည် အမှောင် ထဲ မှာသာ ။

မီးတိုင် အောက်၌ မဉ္ဇူ နှင့် ရိုစီ သာ ကျန်ခဲ့၏ ။ ပလက်ဖောင်း ပေါ်လျှောက် နေကြသော လူ အချို့က သူတို့ နှစ်ယောက်ကို ပါးစပ်အရသာ ခံကာ စ သွားကြသည် ။ ညဉ့်ဦးပိုင်း က ရှုပ်ယှက်ခတ် နေသော ကားများက တစ်စတစ်စ နည်းပါး သွားလေပြီ ။

“ ဒါနဲ့ မဉ္ဇူ ၊ နင့် အမေ အခြေအနေရော ဘယ်လိုလဲ ”

ရိုစီ က ဖုန်းကလိ နေသော မဉ္ဇူ ကို မေးလိုက်သည် ။ မဉ္ဇူ က ဖုန်း ကို စလင်းဘက်အိတ် ထဲ ထည့် လိုက်ပြီး ပင့်သက် တစ်ချက် ရှိုက်ကာ ...

“ တစ်နေ့ရွှေ တစ်နေ့ငွေ ပါပဲဟာ ၊ ကောင်းတယ်ရယ် လို့ လည်း မရှိပါဘူး ၊ ဟိုနေ့က တောင် ကင်ဆာဆေး သွင်းလိုက်ရလို့ ငါ တော်တော် မောသွားတယ် ၊ ဒီလိုနဲ့ပဲ လုံးပါး ပါးတော့မယ် နဲ့ တူပါတယ် ဟာ ”

ညှင်းလေ က သဲ့သဲ့ ခတ်၏ ။ ရွက်ကြွေ အချို့ သည် လေညင်း ခေါ်ရာသို့ ဒလိမ့်ကောက်ကွေး ပါသွားသည် ။

“ ငါတို့ ဦးဇော် ဆီ သွားကြမလား ၊ ဒီအတိုင်း ဆို အလုပ် ဖြစ်မယ် မထင်ဘူး ”

ရိုစီ က အဆိုပြုသည် ။

“ တော်ပါဟာ ၊ အဲ့ဘဲကြီး က တကယ့် အရိတ်စက်ကြီးဟ ၊ သူ့ ပေးရတာ နဲ့ ဘာမှ ကျန်မှာ မဟုတ်ဘူး ၊ အခုမှ ဆယ့်တစ်နာရီ ရှိပါသေးတယ် မပူပါနဲ့ ”

မဉ္ဇူ က လက်မှ မိန်းမပတ်နာရီလေး ကို ကြည့်ရင်းပြောလိုက်သည် ။ ညဉ့်ဦးပိုင်း က ရှုပ်ထွေးစည်ကား နေသော လမ်းမကြီး သည် အခုတော့ သူ မဟုတ် တော့သည့် အလား ငြိမ်ဆိတ်လျက် ။ တစ်စီးစ နှစ်စီးစ သာ ရှိတော့သည် ။ ထိုအခိုက် လမ်းမီးတိုင် အောက်သို့ ကားတစ်စီး ထိုးစိုက် လာ၏ ။ ကားတံခါး ဖွင့်ကာ ဆင်းလာသော လူရွယ် ကို ကြည့်ပြီး ရိုစီ တို့ နှစ်ယောက် မျက်နှာ ဝင်းပသွားသည် ။

“ နင်တို့ အတွက် အလုပ် ပါတယ်ဟ ”

“ နှစ်ယောက်လုံးလား ”

“ အေး နှစ်ယောက်လုံး ၊ ဒါပေမယ့် နှစ်နေရာ ခွဲသွားရမှာ ၊ ဝမ်းဝမ်းပဲ ၊ ငါ့ အတွက် ကတော့ ထုံးစံ အတိုင်းနော် ”

“ အေးပါ ရဲထွန်း ရာ ၊ ဈေးညှိ ပြီးပြီလား တစ်ပုံးခွဲ နော် ”

“ အိုကေ တက် ”

ရိုစီ နှင့် မဉ္ဇူ တို့ နှစ်ယောက် အသင့် ရပ်ထားသော ကားပေါ် တက်လိုက်ကြ သည် ။ ကား က ညိမ့်ခနဲ မောင်းထွက် လာသည် ။ လမင်းကြီး ကား တိတ်တဆိတ် ငေးရီလျက် ။ သူ့ မျက်နှာပြင် ပေါ်၌ တိမ်မျှင်တစ်စ ရှက်သန်း နေလေ၏ ။

•••••   •••••   •••••

မဉ္ဇူ ကို တစ်နေရာ၌ ချထားခဲ့ပြီး ရိုစီ လိုက်ပါလာသော ကားလေး သည် မြို့သစ် ဘက်သို့ ဦးတည် လာခဲ့သည် ။ လမ်းမကြီး ပေါ်၌ ကားများ က တစ်စီးစ နှစ်စီးစ သာ ရှိတော့သည် ။ တစ်ထပ်တိုက်ပုလေး ရှေ့ အရောက် ကားကို ထိုးရပ် လိုက်သည် ။ ဟွန်းနှစ်ချက် တီး လိုက်သောအခါ အိမ် ထဲ မှ လူ တစ်ယောက် ထွက်လာပြီး ခြံတံခါး ဖွင့် ပေးသည် ။ ကား ကို ခြံပြင် ၌ ရပ်ထားခဲ့ပြီး ရဲထွန်း နှင့် ရိုစီ လည်း အိမ် ထဲ ဝင်လိုက်သည် ။ ဧည့်ခန်း ထဲ ၌ ထိုင်နေသော လူရွယ်သည် ရဲထွန်း တို့ ကို လက်ကာ ပြကာ အလုပ် ရှုပ်နေသည် ။ လူရွယ် သည် မှန်ပြားပေါ် ဖြူးထားသော အဖြူရောင်အမှုန့် များ ကို ငါးထောင်တန် အလိပ်လေးဖြင့် ရှူလိုက်ပြီး ဆိုဖာ နောက်မှီ ပေါ် ခေါင်း လှန်ကာ ခေတ္တ မှိန်း နေလေသည် ။ မျက်လုံး မှိတ်ထားလျက် က ပင် ...

“ ငရဲ ဘယ်လိုလဲ အဆင်ပြေလား ”

“ အိုကေတယ် ဘရို ၊ အမှန်အကန်လေး ရှာလာတာ ၊ ငွေ တော့ ကြိုရှင်းရမှာနော် ”

ရဲထွန်း စကား မဆုံးခင် မှာပင် လူရွယ် က ဆိုဖာခုံ ဘေး ချထားသော အိတ် မည်း ထဲမှ ပိုက်ဆံ ထုတ် ကာ လှမ်းပစ် ပေးလိုက်သည် ။ ရဲထွန်း က လက်ထဲ ရောက်လာ သော ပိုက်ဆံအုပ် ထဲမှာ တချို့ တစ်ဝက် ကို ရေတွက် လိုက်ပြီး ဘောင်းဘီအိတ် ထဲ ထိုးထည့် လိုက်သည် ။ ကျန်သည့် ငွေ ကို ရိုစီ အား လှမ်းပေး လိုက်ပြီး

“ ကဲ ငါ လစ်ပြီနော် ၊ မိုးမလင်းခင် တက်စီ လွှတ်လိုက်မယ် ၊ ဟိုအခန်း ထဲ သွား နားချေ ၊ ရေချိုး ချင် လည်း ချိုးလို့ရတယ် ”

ရဲထွန်း က နှုတ်ဆက်ပြီး ထွက်သွားသည် ။ ရိုစီ လည်း ပိုက်ဆံထပ် ကို စလင်းဘက်အိတ် ထဲ ထည့်လိုက်ပြီး မျက်စကလေး ချီကာ နှုတ်ခမ်း ကို ကွေးညွတ် လျက် လူရွယ် ကို ဝေ့ ကြည့်လိုက်သည် ။ ထို့နောက် ရဲထွန်း ညွန်ပြရာ အခန်း ထဲသို့ ဝင်ခဲ့လိုက်သည် ။

ည သည် တဖြည်းဖြည်း ရင့်အို လာလေပြီ ။ တိမ်မည်းညို တစ်အုပ် က ကောင်းကင်ယံ ကို ကျူးကျော်လာ၏ ။ လမင်းကြီး သည် ကမ္ဘာမြေပေါ်  ဖြန့်ခင်းထား သော ရွှေအိုရောင် ဝတ်ရုံလွှာ ကို တိတ်တဆိတ် ခေါက်သိမ်း လိုက်ပြီး တိမ်ညိုတိမ်လိပ် ကြား ပုန်းလျှိုး သွားလေတော့သည် ။

•••••   •••••   •••••

“ ရပြီ ရပြီ အဲဒီနား ရပ်လိုက်တော့ ”

ရပ်ကွက် တစ်ခု ၏ လမ်းကြားလေး ထဲ တက်စီ တစ်စီး ထိုးရပ်လာသည် ။ ရိုစီ သည် ကားပေါ်မှ မဆင်းခင် မျက်နှာပေါ် က မိတ်ကပ်များ ကို စနိုးတာဝါ နှင့် ပွတ်သုတ် ပစ်လိုက်သည် ။ ထို့နောက် ကားဆရာ အား ကားခ ရှင်းကာ ကား ပေါ်မှ ဆင်းလိုက်သည် ။ ဝေလီဝေလင်း အချိန်မို့ လမ်းကြားလေး ၌ လူသူ ကင်းမဲ့ နေပေသည် ။ စိုးစိုးစိစိ ငှက်ကျေးသံများ မှ လွဲ၍ ရပ်ကွက်လေး သည် ပကတိ ငြိမ်ဆိတ် နေဆဲပင် ။

ရိုစီ သည် သုံးထစ်သာ ရှိသော လှေကား ကို ဖြတ်ပြီး အိမ်ပေါ် တက် လိုက်သည် ။ အမျိုးသမီးကြီး တစ်ဦး အိမ်ရှေ့ခန်း ဘုရားစင် ရှေ့၌ ဘုရားရှိခိုးနေ၏ ။ ရိုစီ က အမျိုးသမီး ဘေးနား ဝင် ထိုင်ကာ စလင်းဘက် အိတ် ထဲမှ ပိုက်ဆံတို့ ကို ထုတ် လိုက်သည် ။

“ အမေ ရော့ ဒါက ဒီနေ့ ဈေးဖိုး ၊ ဒါက အဖေ့ ဆေးဖိုး ၊ ဒါက ငယ်လေး နဲ့ မောင်မောင့် ရဲ့ ကျူရှင်စားရိတ် နဲ့ မုန့်ဖိုး ”

“ သမီးရယ် စက်ရုံ မှာ ညဆိုင်း ဆင်းရတာ ပင်ပန်း ပါတယ် ၊ နောက်ပြီး သမီး ကို အမေ စိတ်မချဘူး ၊ နေ့ဆိုင်း ဆင်းလို့ ရအောင် ပြောကြည့်ပါ့လား ”

“ ညဆိုင်း က ပိုက်ဆံ ပို ရတယ် အမေရဲ့ ၊ သမီး ကို စိတ်ချပါ အမေ ၊ အခုတော့ ခဏ နားလိုက်ဦးမယ် ”

ရိုစီ အခန်း ထဲသို့ လေးပင်စွာ ဝင် ခဲ့လိုက်သည် ။ အိပ်ရာ ထက်သို့ ခြေပစ်လက်ပစ် လှဲလိုက်သည် ။

“ မျှော်လင့်ချက်တို့ အသက်ရှင်ခဲ့ × × × လူတွေနှလုံးသားချင်းလက်ကမ်း × × × နေရောင် အောက်က လျှောက်မယ့် လမ်း × × × မျှော်လင့်သော .. ” 

စလင်းဘက်အိတ် ထဲမှ ဖုန်း Ring tone မြည်လာသောကြောင့် ဖုန်း ကိုင်လိုက်သည် ။

“ ဟယ်လို ”

“ ... ...  .... ”

“ အေး ချယ်ရီ ၊ အခုပဲ ပြန်ရောက်တာ ”

“ ... ...  .... ”

“ မပြေလို့ ဘယ် ဖြစ်မလဲဟာ ၊ အိမ် အခြေအနေ လည်း နင်တို့ သိတဲ့ အတိုင်းပဲလေ ၊ အဖေ့ ဆေးဖိုး က တစ်ရက်တစ်ရက် သောင်းချီ နေတာ ၊ အမေ ကလည်း ဘာမှ လုပ်တတ်တာ မဟုတ်ဘူး ၊ နင်တို့ ရော ည က အဆင်ပြေရဲ့လား ”

“ ... ...  .... ”

“ ဟယ် ကောင်မတွေ အဲသလောက်လည်း ကဲ မနေနဲ့လေ ”

“ ... ...  .... ”

“ အင်းပါ အဲဒါဆို ဒါပဲနော် ၊ ညမှ တွေ့ ကြမယ် ”

ရိုစီ ဖုန်း ချလိုက်ပြီး အိပ်ရာဘေး မှ ဆေးဗူး ကို လှမ်းယူကာ ဆေး တစ်လုံး ထုတ်လိုက်သည် ။ ထို့နောက် ခေါင်းရင်းတန်း ပေါ်မှ စားပွဲတင်နာရီလေး ကို ငေးမော ကြည့်နေသည် ။ စက္ကန့်တံ က တချပ်ချပ် နှင့် လည်ပတ်လျက် ရှိသည် ။ ကလင် ကလင် ဟူသော Alarm မြည်လာသည် နှင့် တပြိုင်နက် လက် ထဲ အသင့် ရှိနေသော ARV ဆေးလုံးလေး ကို မော့သောက်လိုက်လေ၏ ။

အရှေ့ဆီ မှာတော့ ရောင်နီ ပျို့ပြီ ။ ငှက်ကလေးတွေ လည်း အစာရှာ ထွက်နေ သောကြောင့် တေးမသီ အားလေသလား ။ နံနက်ခင်းလေး သည် ပကတိ ငြိမ်ဆိတ် လှ၏ ။

▣ ညီကျော် ( တန့်ဆည် )

📖 တစ်ယောက် တစ်ဘဝ ( ၂ )

Sunday, February 23, 2025

ခွာသွားသော အတ္တ


 

❝ ခွာသွားသော အတ္တ ❞
      ( အဏ္ဏဝါစိုးမိုး )

ကိန္နရီချောင်းရွာ ဗိုလ်တဲကြီးရှေ့ က ဘောလုံးကွင်း ထဲ မှာ တစ်ရွာလုံး စုဝေးရောက်ရှိ နေကြသည် ။ ဆယ်နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ကို ဆင်နွှဲနေကြခြင်း ဖြစ်သည် ။ ရိုးရာ အားကစားနည်း တွေ ဖြစ်သည့် အပြေးပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပွဲ ၊ ခေါင်းအုံးရိုက်ပွဲ ၊ ကျင်ကိုင်ပွဲ ( ရခိုင်ရိုးရာ နပန်းသတ်ပွဲ ) နှင့် ချောတိုင်တက်ပွဲ တွေကို တပျော်တပါး ဆင်နွှဲနေကြခြင်းဖြစ်သည် ။

ရိုးရာအားကစား အားလုံးလောက် နီးပါးမှာ အမျိုးသားများ သာ ပါဝင် ဆင်နွှဲနေကြသော်လည်း ထုပ်ဆီးတိုးပွဲမှာတော့ အမျိုးသမီး ပျိုပျိုအိုအိုတွေ ပါဝင်ဆင်နွှဲ နေကြသဖြင့် ဆူညံ နေသည် ။ ပြန်သူ - ပြန်သူ လို့ ငယ်သံပါအောင် အော်လိုက်သည့် အပျိုမတစ်ယောက် ၏ အသံ က ပြန်သူ ကို လွတ်သွားမှာ စိုးလို့ အော်တာ ထက် သူ့ ကို လူပျို ကာလသားတွေ ဝိုင်း ကြည့်စေချင်လို့ အသံ ပေးချင် တာ က ပို များ နေသည် ။ အပျိုတွေ ထဘီတိုတို ဝတ်ထားလို့ ပေါ်နေသည့် ခြေသလုံး တွေကို ကြည့် နေကြခြင်း ဖြစ်သည် ။ ကိုယ် နဲ့ ရင်းနှီးခင်မင်သည့် အပျိုမ၏ နာမည် ကို ခေါ်ပြီး သတိပေးသူ လည်း ရှိသည် ။

“ ဟဲ့ ... အေးကြည်မ ၊ နင့် နောက်မှာ ပြန်သူ ”

အမှန်တော့ သူ ကလည်း အေးကြည်မ ကို ခေါ်သလိုလို ဖြင့် သူ ကြိုက် နေသည့် အပျိုမကို ဖိုသံ ပေးလိုက်ခြင်း ဖြစ်သည် ။ ဟိုးလွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော် က တောရွာ သဘာဝ အတိုင်း ရိုးရိုးကြီး ပိုး နေခြင်းသာ ဖြစ်သည် ။ သူတို့ ခေတ် မတိုင်မီက ရှေးလူကြီးတွေ ဖြစ်သည့် သူတို့ ၏ အဖေတွေ ၊ ဦးလေးတွေ လည်း ဒီလို နည်း ဖြင့်ပင် ပိုးပန်း၍ အိမ်ထောင်ကျပြီး သူတို့ ကို ပေါက်ဖွားခဲ့သည် ဆိုတာ သိနေကြ၍ ဖိုသံ ပေးနေကြခြင်း ဖြစ်သည် ။ အဲဒီ ခေတ်ကတော့ ဒါလောက် ဆိုရင်ပဲ အတော် အရဲစွန့်ရာ ရောက်နေပြီ ဖြစ်လို့ အလုပ် ဖြစ်နိုင်ပါသည် ။

ခေါင်းအုံးရိုက်ပွဲ မှာ တဝါးဝါး တဟားဟား ရယ်မောရင်း အားပေး နေကြ တာကတော့ ကလေးတွေဖြစ်သည် ။ ပြိုင်ပွဲဝင်သူ နှစ်ယောက် သည် လူ တစ်ရပ်ကျော် မြင့်သည့် ဝါးပိုးဝါးတန်း ပေါ်မှာ ခွထိုင်ပြီး လွှစာသွတ်အိတ် ဖြင့် အချင်းချင်း လွှဲရိုက်ချသော ကစားနည်း ဖြစ်သည် ။ တစ်ယောက် က ရိုက်ချလိုက်လို့ တစ်ယောက် ပြုတ်ကျ သွားပြီး တွဲလောင်းကြီး ဖြစ်နေလျှင် ကလေးတွေ သဘောကျလို့ ခွက်ထိုးခွက်လန် ရယ်နေကြတာ ပျော်စရာ ကောင်းလှသည် ။ 

တွဲလောင်းကြီး ဖြစ်နေသူ က တန်းပေါ် ကို ပြန် တက်ခွ နိုင်အောင် ကြိုးစား တက် နေစဉ် ရိုက်သူ က ဖွဲအိတ် ဖြင့် တအားလွှဲ ရိုက်လိုက်တာ သူပါ ဟန်ချက် ပျက် ပြီး လွဲကျ သွားလို့ နှစ်ယောက်လုံး တွဲလောင်းကြီးတွေ ဖြစ်နေတော့သည် ။ ကလေးတွေ က သဘောကျ လွန်းလို့ အူတက်မတတ် ရယ်ကြသည် ။ တွဲလောင်းကြီး ဖြစ်နေသူ နှစ်ယောက်လုံး တန်းပေါ်ကို ပြန် တက်ရန် ကြိုးစားရင်း လက်ညောင်း လာ သဖြင့် သူတို့ ဘာသာ သူတို့ ဖြုတ်ချလိုက်ကြရတော့သည် ။ အနိုင်အရှုံး မရှိ ဖြစ်သွားသည် ။ နောက် နှစ်ယောက်တွဲ တက် ရိုက်တာ ကို ကလေးတွေ စောင့်နေကြသည် ။

ဆယ်နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် ပါဝင် ဆင်နွှဲနေသည့် ကစားခုန်စားတွေ အနက် လူတွေ စိတ်ဝင်စားသော ပွဲကတော့ တစ်ခုတည်းသာ ပါသည် ဟု ပြောရမလို ဖြစ်နေသည် ။ ချောတိုင်တက်ပွဲ ဖြစ်သည် ။ ပေတစ်ရာကျော် မြင့်သည့် ဝါးပိုးဝါးတိုင် ကို အမဲဆီသုတ်ပြီး မြေမှာစိုက်ထားသည် ။ ဝါးတိုင် ထိပ် မှာ ငွေတစ်ဆယ် ကို အလံ ထူထားသည် ။ ချောတိုင် ကို တက်နိုင်သူ က ငွေတစ်ဆယ် ရမည် ဖြစ်သည် ။ ဆန်တစ်ပြည် ကို ၂၅ ပြား သာ ပေးရသော ခေတ် ဖြစ်လို့ ဆုငွေ မနည်းဘူး ဟု ပြောလို့ရသည် ။

ကိန္နရီချောင်းရွာ က အားကောင်းမောင်းသန် ယောက်ျားတွေ ခါးတောင်း ကျိုက် တပြင်ပြင် ဖြင့် တက်နေကြသူတွေ ရှိသည် ။ တက်ဖို့ ကြိုးစားနေသူတွေ လည်း ရှိသည် ။ ကြိုးစားပြီး တက် ကြည့်တာ တက် မရလို့ လက်ပန်းကျပြီး ထိုင်ချ အနားယူ နေသူတွေ လည်း ရှိသည် ။ ချောတိုင်ထိပ် က ငွေတစ်ဆယ် ကို လိုချင်သည့် ဇောဖြင့် ချောတိုင် တက်ချင်သူတွေ နှင့် ဝိုင်းကြည့် နေကြသူတွေ ၏ မျက်နှာတွေ မှာ လောဘ အရောင်တွေ ထွက် နေသည် ။

ချောတိုင်ထိပ် မှာ အလံ ထူထားသည့် ငွေတစ်ဆယ် သည် ကောက်ကြီးဆန် နှစ်တင်းခွဲ ရနိုင်သည် ။ အရက်သမားတွေ ကတော့ ချက်အရက်မီးတောက် ဆယ် ပုလင်း တောင် ရနိုင်သည် ဆိုသည့် လောဘအတွေး ကိုယ်စီ ဖြင့် ချောတိုင် ထိပ်က ငွေတစ်ဆယ် ကို ဘယ်လို နည်းဖြင့် ရအောင် တက်ယူကြမလဲ အကြံ ထုတ်နေကြသည် ။ ချောတိုင် တက်မည့် သူတိုင်း သည် အင်္ကျီ ကိုယ်ကျွတ် ဖြင့် ပုဆိုး ကို ခါးတောင်း ကျိုက်လျက် လည်းကောင်း ၊ ဘောင်းဘီအတို သို့မဟုတ် အတွင်းခံဘောင်းဘီ ဖြင့် လည်းကောင်း မြောက်စွ မြောက်စွ ဖြစ်နေကြသည် ။

ကိန္နရီချောင်း တစ်ရွာလုံး မှာ အုန်းပင် နှင့် ကွမ်းသီးပင်တွေ ကို တက် ရာတွင် အထူး ကျွမ်းကျင်သူ ကိုသိန်းဖေ သည် ခြံ တစ်ခြံ ကို အုန်းသီး သို့မဟုတ် ကွမ်းသီး ဆွတ်ရန် အပင် တက်ရတော့မည် ဆိုလျှင် တစ်ပင် ကို အရင် တက် လိုက်သည် ။ ထို အပင်မှ နောက် တစ်ပင် ကို ယိမ်းထိုးပြီး မျောက်လွှဲကျော် တစ်ကောင် ခုန်ကူး သလို ကူးသွားနိုင်သူ ဖြစ်သည် ။ သည်လိုဖြင့် ကိုသိန်းဖေ အုန်းသီး ၊ ကွမ်းသီး တက် လျှင် အတက် တစ်ပင် ၊ အဆင်း တစ်ပင် တည်းဖြင့် တစ်ခြံလုံး ကို အသီးဆွတ် သည် ဟု ပြောကြသည် ။

ကိုသိန်းဖေ သည် အမြင့် တက်တော့မည် ဆိုလျှင် သစ်ပင်ကို လက်အုပ် ချီ လေ့ရှိသည့် အတိုင်း ချောတိုင်ဝါးပိုးဝါးကြီး ကို လက်အုပ်ချီ လိုက်သည် ။ အဲဒီခေတ် က ကိုသိန်းဖေ ကွမ်းသီး တစ်ရာလောက် တက် မှ တက်ခ ငါးကျပ် လောက်သာ ရသော ခေတ် ဖြစ်လို့ တစ်ပင်တည်းဖြင့် ငွေတစ်ဆယ် ရမည် ဆိုသည့် လောဘစိတ် ဖြင့် ချောတိုင် ကို ဖက်ပြီး ခုန်ဆွ ခုန်ဆွ တက်လိုက်သည် ။ ချောချော ကျနေသည့် ချောတိုင် ၏ အပေါ်ဆုံး က ဝါးဆစ် မှာ ထည့် ထားသည့် ဝက်ဆီ သို့မဟုတ် အမဲဆီ တွေ ကလည်း ဝါးလုံးကြီးလှုပ် လိုက်တိုင်း အောက်ကို စီးကျ လာနေသည် ။ ကွမ်းသီးပင် တစ်ပင် ကို တက်လျှင် စက္ကန့် သုံးဆယ် မျှဖြင့် သီးခိုင် ကို ရောက် အောင် တက်နိုင် သော ကိုသိန်းဖေ သည် ချောတိုင် ကို တက် ရာတွင် ဆယ်မိနစ် လောက် ကြာအောင် တက်တာ ဆယ်ပေ လောက် အမြင့် ကို သာ ရောက်နိုင်သည် ။ ခြေညောင်း လက်ညောင်း ပြီး ပြန် လျှောကျ လာတော့သည် ။

“ ဒီလို တက်လို့ ဘယ် ရမလဲကွ သိန်းဖေ ရ ၊ မင်း တစ်ကိုယ်လုံး ကို ပြာတွေ သဲတွေလူးပြီး တက် မှ ရမှာပေါ့ ။ ချောတိုင် ကို လည်း သဲပက်လိုက်ဦး ”

ပွဲကြည့်ပရိသတ် ထဲက လူကြီး တစ်ယောက် အကြံ ပေးသည် ။ လူကြီး အကြံပေးသည့် အတိုင်း ကိုသိန်းဖေ က သူ့ တစ်ကိုယ်လုံး ကို သဲတွေ လူးသည် ။ ချောတိုင် ကို လည်း သဲတွေ ဖြင့် ပက်ပြီး တက်ပြန်သည် ။ တက်လိုက် ချောကျလိုက် ဖြစ်နေသည် ။ ဆယ်ပေ အမြင့် လောက် အထိ တော့ ရောက် သွားသည် ။ ခြေရော လက်ပါ ညောင်းလာသည့် အပြင် ရင်ဘတ် မှာ လည်း သဲပွန်း ထားလို့ နီရဲ နေသည် ။ ဆက် မတက်နိုင်တော့လို့ ပြန် လျှောချ လိုက်ရတော့သည် ။

ကြိုးစားကြည့်ချင်သူတွေ တစ်ယောက် ပြီး တစ်ယောက် တက်ကြသည် ။ ကိုသိန်းဖေ ရောက်ခဲ့သည့် ဆယ်ပေလောက် အမြင့် ကို ဘယ်သူမှ မရောက်နိုင် ဖြစ်နေသည် ။

ဒီ အခြေအနေ မှာ ဦးလေး ဦးသာရင် ၏ အခန်းကဏ္ဍ ပါဝင်လာသည် ။ ဦးသာရင် သည် ဟိုနေရာ ဒီနေရာ ဝင်ပါတတ်သူ ဖြစ်သည် ။ သူ ကိုယ်တိုင် ကတော့ လက်ကြော တင်းအောင် ဘာ တစ်ခုမှ ဝင် မလုပ် သော်လည်း နေရာတကာ မှာ ဆရာ ဝင် လုပ်တတ်သူ ဖြစ်သည် ။ ရွာ မှာ ရှင်ပြုပွဲ ရှိလို့ ရှင်လောင်း လှည့် လျှင် ( ရွှေထီး က ရှင်လောင်း ကို မိုးရမှာနော် ) ဟု ဝင်ပြောသည် ။ အသုဘ ချသွားလျှင် ( ဘုန်းကြီး နောက်က အလောင်းလိုက်ရမယ်နော် ) ဟု အော်သူဖြစ်သည် ။ ယခု ချောတိုင် တက် မရကြသည့် ကိစ္စ မှာ လည်း ဦးသာရင် ဝင် ပါလာသည် ။

“ ဟေ့ကောင်တွေ ၊ မင်းတို့
ငါ့ စကား ကို နားထောင်ကြ ။ ချောတိုင် ဆိုတာ ဒီလို တက်လို့ ဘယ်တုံးက ရဖူးလို့လဲ ။ တစ်ယောက် ပခုံး ပေါ် တစ်ယောက် နင်း တက်ပြီး ယူမှ ရမှာပေါ့ ။ ဟိုကောင် ညီပုကြီး ၊ မင်း က အောက် က နေ ၊ ဟိုကောင် တွေ ... မင်းတို့ အားလုံး တစ်ယောက် ပခုံး ပေါ် တစ်ယောက် တက်ကြ ။ သိန်းဖေ က အပေါ်ဆုံး ကနေ ။ ဆုငွေအလံ ကို မမီသေးရင် သိန်းဖေ က နည်းနည်း တက်လိုက်ရင် ရပြီပေါ့ကွ ”

“ ဟာ ... ဟုတ်တယ်ကွာ ၊ ဦးလေးသာရင် ပြောတာ ဟုတ်တယ် ”

ဒီကိစ္စ မှာ တော့ ဦးသာရင် ပြောတာကို အားလုံးက သဘောတူ လက်ခံကြ သည် ။ ခံနိုင်ရည် ရှိမည်ဟု ထင်ရသူ ညိုညိုတုတ်တုတ် တောင့်တောင့် ကိုညီပုကြီး က လုံချည် ခါးတောင်းကျိုက် ကို မြဲခိုင်အောင် ပြန်ပြင် ကျိုက် လိုက်သည် ။ ချောတိုင် ခြေရင်း မှာ ထိုင်ချပြီး ချောတိုင် ကို ဖက်ကိုင်၍ ထိုင်ချ လိုက်ပြန်သည် ။ ဒီလိုဖြင့် ညီပုကြီး ၊ လှဖေ ၊ ရွှေမောင် ၊ အောင်ထွန်း ၊ မောင်မြ နှင့် ရှိသမျှ လူတွေ အကုန် တက်လိုက်ကြတာ လူ နှစ်ဆယ်တိတိ ဖြစ်သွားသည် ။ ဦးသာရင် ၏ အသံ ထွက်လာ သည် ။

“ ကဲ .. အားလုံး တစ်ပြိုင်တည်း ထကြမယ် ... တစ်နှစ်သုံး ... ထ ”

အပေါ်ဆုံး က ကိုသိန်းဖေ က စပြီး မတ်တတ်ရပ် လိုက်ကြသည် ။ အောက်ဆုံး က နေရသည့် ကိုညီပုကြီး ကတော့ မနည်း ဖျစ်ညှစ်ပြီး အင့်အင့်အဲအဲ ထလိုက် ရသည် ။ ချောတိုင် ဝါးပိုးဝါး ကို ဖက်ထား ကြပြီး ခါးဆန့် ရပ်နေကြသည့် လူတိုင်ကြီး သည် ငွေတစ်ဆယ် အလံတိုင် ကို ကိုင် မိရန် လက် တစ်ကမ်းသာ လိုပေတော့သည် ။

ဆုတော်ငွေ အလံတိုင်လေး ကို ဆွဲကိုင် ဖြုတ်ယူရန် မမီမကမ်း လက်တစ် ကမ်းလေး ဖြစ်နေသည့် ကိုသိန်းဖေ က ချိတ်တက် မလို့ လှုပ်လိုက်တိုင်း ချောတိုင် ထိပ်ဖျား က ရှေ့နောက်ဝဲယာ ယိမ်းထိုး လှုပ်ခါ သွားသည် ။ လူတိုင်ကြီး ကလည်း ချောတိုင်ကြီး နှင့်အတူ ယိမ်းထိုး လှုပ်ခါနေသည် ။ ချောတိုင်ကြီး ယိမ်းထိုး လှုပ်ခါ တိုင်း ချောတိုင်ထိပ်ဖျား က ဝါးဆစ် မှာ ထည့် ထားသည့် ထောပတ်ဆီတွေ က ဖိတ်လျှံ ကျပြီး စီးဆင်း လာသည် ။ ချောတိုင် ဝါးပိုးဝါးကြီး တစ်ခုလုံးမှာ ဝက်ဆီ ၊ အမဲဆီ ၊ ထောပတ်ဆီ တွေဖြင့် ရွှဲရွှဲစို နေသည် ။ ချောတိုင်ကြီး မှာ သာမက ချောတိုင် ကြီး ကို ဖက်ထားကြသည့် လူနှစ်ဆယ် ပါ တိုင်ကြီး မှာ လည်း လက်ရောခြေတွေပါ ဆီတွေ ရွဲစို နေ၍ လျှောပြို မကျအောင် သတိဖြင့် တအား ဖက် ထားကြရသည် ။

“ ဟေ့ ... မောင်သိန်းဖေ ၊ သိပ် မလှုပ်နဲ့လေကွယ် ၊ မင်း အောက် က မြအေး ရဲ့ ပခုံး ကို ဆောင့်နင်းပြီး ခုန် တက်လိုက်ရင် ရပြီ ”

ဦးလေးဦးသာရင် က အပေါ် ကို မော့ကြည့်ပြီး ညွှန်ကြား နေသည် ။ ချောတိုင် ထိပ် က ငွေတစ်ဆယ် ရရှိရေးမှာ တိုင် ကို ဖက်ထားသူတွေ နှင့် အတူ ဦးလေးဦးသာရင် ပါ ဆန္ဒပြင်းပြ နေတာ ကို သတိထား မိကြသည် ။ သတိထားမိကြသူတွေ ထဲ က လူ ( ၁၉ ) ယောက် ကို ပခုံး ဖြင့် ထမ်းထားရသူ ကိုညီပုကြီး က ဦးသာရင် ကို လှမ်းမေးသည် ။

“ ချောတိုင်ထိပ် က ငွေတစ်ဆယ် ကို ရရင် ဦးလေးသာရင် ကို လည်း အချိုးကျ ရှယ်ယာ ခွဲပေးရမှာလား ”

“ ဟ .. ပေးရမှာပေါ့ကွ ၊ ငါ အကြံဉာဏ် ပေးလို့ မင်းတို့ အခုလို ရဖို့ နီးစပ် နေတာမဟုတ်လား ။ ဟော ... ရတော့မယ် ၊ သိန်းဖေ ... နောက် တစ်ကြိမ် တက်လိုက် ”

ဦးလေးဦးသာရင် ချောတိုင်ထိပ် ကို မော့ကြည့် နေစဉ်မှာ ပင် အပေါ်ဆုံး က သိန်းဖေ အပါအဝင် အောက်ဆုံး က လှဖေ အထိ လူ ( ၁၉ ) ယောက် သည် လျှောခနဲ အောက်ကို ပြုတ်ကျလာကြပြီး တစ်ယောက် အပေါ် တစ်ယောက် ပိကျကာ မြေကြီး ပေါ်မှာ ဖင်ထိုင် လဲကျ ကုန်ကြတော့သည် ။ အောက်ဆုံး က နေပြီး ပခုံး ဖြင့် ထမ်းထားခဲ့သည့် ကိုညီပုကြီး တစ်ယောက် သာ ချောတိုင် မှ ဆယ်ပေ လောက် အကွာ မှာ ရပ်နေတာ တွေ့ ရသည် ။ ကိုညီပုကြီး သည် ဘယ်သူ့ကို မှ အသိမပေး အကြောင်း မကြားဘဲ ချောတိုင် ကို ဖက်ထားရာမှ နောက်ဆုတ် ခွာထွက် သွားခဲ့ခြင်း ဖြစ်သည် ။ အားလုံးက အံ့အား သင့်သွားပြီး ကိုညီပုကြီး ကို ဝိုင်း မေးကြသည် ။

“ ညီပုကြီး ၊ နင် ဘယ်လို လုပ်လိုက်တာလဲကွ ”

“ ငွေတစ်ဆယ် အလံတိုင် ကို ကိုင်မလို့ လုပ်နေတာကွာ ၊ ဘာလုပ်လိုက်တာလဲ ”

ဦးလေးသာရင် နှင့် ကိုသိန်းဖေ တို့ က ကိုညီပုကြီး ကို ဝိုင်း မေးကြသည် ။

ကိုညီပုကြီး က သူ့ အင်္ကျီ ကို ကောက်ယူရင်း မကျေမနပ် ပြန်ဖြေသည် ။

“ ဘာလုပ်ရမှာလဲကွ ၊ ငွေတစ်ဆယ် ကို လူနှစ်ဆယ် ခွဲဝေယူမယ် ဆိုရင် တောင် တစ်ယောက် ကို ငါးမူး ပဲရမယ် ၊ ဦးလေးသာရင် က သူ ပါ ရှယ်ယာ ပါတယ် ဆိုတော့ တစ်ယောက် ကို ၄၇ ပြားပဲ ရတော့မယ် ။ အရက် တစ်ပိုင်း တောင် မရဘူး ။ လူ ဆယ့်ကိုးယောက် ကို ထမ်းထားရတဲ့ ငါ က လည်း ၄၇ ပြား ၊ သူများ ပခုံး ပေါ် နင်းပြီး အပေါ်ဆုံး က နေရတဲ့ သိန်းဖေ က လည်း ၄၇ ပြား ၊ ဘာမှ မလုပ် ရတဲ့ အောက် က နေ လေများ နေတဲ့ ဦးသာရင် ကလည်း ၄၇ ပြား ဆိုတော့ ဒါ တရား သလား ၊ ငါ က အရူးကျ နေတာပဲ ၊ အဲဒါကြောင့် ငါ ချောတိုင် က ခွာထွက်လာခဲ့ တယ် ”

ကဲ ... ကောင်းကြသေးရဲ့လား ။ ဆုတော်ငွေ တစ်ဆယ်ကျပ် ရတော့မလို့ လက်တစ်ကမ်း အလိုကျမှ အစုလိုက် အပြုံလိုက် ပြိုကျပြီး တစ်ပြား မှ မရ ဖြစ်သွား ကြသည် ။ စုပေါင်း ဆောင်ရွက်ခြင်း သည် လည်း အတ္တ နှင့် ဆက်စပ် နေတတ်သဖြင့် မျှတမှု ရှိဖို့တော့ လိုအပ်သည် ဟု သတိရ လိုက်ပါသည် ။

▣ အဏ္ဏဝါစိုးမိုး

📖 သောကြာမဂ္ဂဇင်း     
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

အခွဲခံမကလေး


 

❝ အခွဲခံမကလေး ❞
   ( ရန်ကုန်ဘဆွေ )

ကုန်လုပ်ကိရိယာ စွမ်းအားစု ပြောင်းလဲ လာတိုင်း လူနေမှုစနစ် ပြောင်းလဲ လာကြရသည် မှာ မြေကြီး လက်ခတ် လွှဲရှောင် မရသော အစဉ်အလာ တစ်ရပ် ဖြစ်ဘိသို့ ...

ဒီ အရပ် ကို ရောက်၍ ဒီ အဖော်တွေ နှင့် တွေ့လိုက်ရတိုင်း ဒီ ဆိုင် ကို ဝင်ကြရသည် မှာလည်း လွှဲရှောင်မရသော အစဉ်အလာ တစ်ခု ဖြစ်နေရသည် ။

ဒီဆိုင် ကို ရောက်ပြန် တော့လည်း ဆိုင်အဝ တွင် ဒီ မျက်နှာကလေး ၊ ဒီ မျက်နှာကလေး ပြီး တော့ ဒီ မျက်နှာကြီး ၊ ဒီ မျက်နှာကြီး ပြီးတော့ ဒီ မျက်နှာကလေးကို ပြန်တွေ့ ရင်း ပို၍ ယစ်မူးရသည် မှာလည်း အစဉ်အလာ တစ်ခု ဖြစ်နေသည် ။

ဒီ မျက်နှာကလေး သည် ရှေးဦးစွာ ပါးစပ် သို့မဟုတ် နှုတ်ခမ်း အစုံဖြင့် ကြည့်သည် ။ ပို၍ ရှင်းအောင် ဆိုရသော် သန္တာခဲကဲ့သို့ တျာတျာရဲသော တွတ်တွတ်နီသည့် နှုတ်ခမ်း ထူစစ အစုံဖြင့် ကြည့်သည် ။

အမှန်သော် မျက်လုံး နှင့် ကြည့်သည် ဟုတ် သော်လည်း အကြည့် ခံရသူ တို့သည် မျက်လုံး ကို မမြင်ကြ ၊ ဒီ မျက်နှာကလေး တစ်ခုလုံး ၌ နှုတ်ခမ်းထူထူကလေး အစုံ ကိုသာ မြင်ကြသည် ။ နှုတ်ခမ်း ထူတင်းတင်းကလေး အစုံ ကိုသာ တရှိုက်မက်မက် နှင့် အသက် မရှူနိုင်ဘဲ ပြန်ကြည့်ကြသည် ။ နှုတ်ခမ်း ထူတင်းတင်းကလေး အစုံ ကိုသာ တဖိမ့်ဖိမ့် နှင့် တစိမ့်စိမ့်ကြည့်ရင်း သိမ့်သိမ့်ဖျဉ်းမျှ စိတ်ဝင်စား ကြသည် ။

ဒီ မျက်နှာကလေး မှ နှုတ်ခမ်းအစုံ သည် မသိမသာ လှုပ်လိုက်သည် ။ မြင်ရသူတို့ ၏ နှလုံး သည်းပွတ်သည် သွက်သွက်ခါ အောင် လှုပ်သွားရဘိသည် ။

ထို့နောက် ဆိုင်အဝင်ဝ တွင် ခလုတ်တိုက် လိုက်ပြီး နောက်မှ ဆိုင်တွင်း သို့ ရောက်ကြရသည် ။ ဝင်လာသူတိုင်း ဤသို့ ခလုတ်တိုက် မိကြသည်မှာ လည်း အစဉ်အလာ တစ်ခု ဖြစ်နေသည် ။ ဆိုင်ဝ ရှိ ဈေးသည် အသီးသီး တို့သည် ဤအဖြစ်မျိုး ကို မြင်နေကျ ဖြစ်၍ မည်သူမျှ ရယ်ရမှန်း မသိကြပေ ။

အကယ်၍ အဘယ်သူ တစ်စုံတစ်ယောက် သည် ဤဆိုင် အတွင်း သို့ ခလုတ် မတိုက်ဘဲ ဝင်နိုင်ခဲ့ပါမူ ထိုသူသည် လူ တစ်စုံတစ်ယောက် ၏ မျက်စိမျက်နှာ ကိုမျှ မြင်နိုင်စွမ်းခြင်းငှာ မတတ် နိုင်ပြီ ဖြစ်သော အမူး လွန်နေသူ သော် လည်းကောင်း ၊ သို့တည်းမဟုတ် နွားကြီး သော် လည်းကောင်း ၊ ဘုရားရဟန္တာ သော် လည်းကောင်း ၊ နိုင်ငံတော် ဝန်ကြီးချုပ် သော် လည်းကောင်း ဖြစ်ရ ချိမ့်မည် ဟု အဆို ရှိသည် ။

တစ်နေ့သော ထိုအဆို ကို အံ့အားသင့်စေသည့် အခြင်းအရာ တစ်ရပ် ပေါ်လာခဲ့ပါသည် ။ ပေါ်လာပုံကား ဤသို့တည်း ။

••••• ••••• •••••

လောကကြီး ကို သာယာ အောင် စွမ်းဆောင်ရာ တွင် အပါအဝင် တစ်ခု ဖြစ်သည့် ဤမည် သော ဆိုင်ကလေး ၏ လက်ယာဘက် ဓာတ်မီးတိုင် ခြောက်တိုင် ကွာရှိ ဘတ်စ်ကားဆိပ် ဆီမှ လေးယောက် သော သူကောင်းသား တို့သည် နေကလေး ညိုညိုတွင် ရွှေကိုယ်တော် အနေ ခက်အောင် လေတက်၍ လာသောကြောင့် ဆင်မယဉ်သာ ၏ လှမ်းခြင်းမျိုးဖြင့် ခြေကုန်သုတ် လာကြသည် ။

သူတို့ သည် အများသူတကာ တို့ ၏ ထုံးတမ်းစဉ်လာ အတိုင်း ဒီ ဆိုင်ဝ တွင် ဒီ မျက်နှာကလေး နှင့် တွေ့ကြရသည် ။

ထူသလိုလို နှင့် ပြည့်ဖြိုးဟန် ရှိသော အထပ်လိုက် တင်းနေသည့် နှုတ်ခမ်းအစုံသည် မသိ မသာကလေး လှုပ်ရွ သွားသည် ။ ရှေ့ဘက်သို့ ခပ်မို့မို့ ဖောင်းနေသဖြင့် အနည်းငယ် တွဲယောင် ယောင်ပြုသော အောက်နှုတ်ခမ်း နီတာရဲကလေးသည် တင်းခနဲ ကားပြန့် သွားသည် ။

မြင်နေမိကြသော လေးယောက်သား တို့၏ သွေးကြောများသည် ဖျဉ်းခနဲ ကိုယ်လုံးစိမ့်ကာ သိမ့်သိမ့်ခါ သွားကြရင်း အနိုင်နိုင် ဣန္ဒြေ ဆည်လျက် ဆိုင်တွင်းသို့ လှမ်းဝင် ကြသည် ။

ထို့နောက် အများသူတကာ တို့၏ ထုံးတမ်းစဉ်လာ အတိုင်း လေးယောက်လုံးစေ့ ခလုတ် တိုက်ပြီးမှ ဆိုင်တွင်း သို့ ရောက် လာကြရသည် ။

“ ထိုင်ကြပါ ထိုင်ကြပါ ၊ အကြီး တစ်လုံး လား ဆရာကီး ... ”

တွန့်လိမ်သည့် နှုတ်ခမ်း ဖြင့် ဖုံးထားသော ညစ်ပေသည့် ပါးစပ်ပေါက် အားလုံးကို ဖွင့်လျက် အတုံးအရုံး ပေါ်နေသော ရွှေသွားတို့ ဖြင့် တန်ဆာဆင် ထားသည့် မျက်နှာကြီး သည် ထုံးတမ်း စဉ်လာအတိုင်း အနီး သို့ ရောက်လာ ပြန်ပါသည် ။

ရင်အဖို မပျောက်ကြသေး သဖြင့် စကား မပြောနိုင်ကြသော လေးယောက် အစုသည် ပေါက်ဖော်ကြီး ၏ မျက်နှာ ကို မသက်မသာ ကြည့်ကာ ခေါင်းညိတ် ပြလိုက်ကြသည် ။

ထိုအချိန်၌ ဆိုင်ကလေး ၏ လက်ဝဲဘက် ဓာတ်မီးတိုင် လေးတိုင်ကွာ ရှိ ဆိုက်ကားဂိတ် မှ တဖြည်းဖြည်း လျှောက်လာသော သူလို ငါလို လူ တစ်ယောက် သည် လေးယောက်သော သူကောင့်သား တို့၏ ဖြစ်ရိုးဖြစ်စဉ် ဆိုင်တွင်း ဝင်သွားပုံ ကို ကြည့်ကာ သူ့ အဖို့ ပြုံးလိုက်မိသည် ။

သူ သည် ဆိုင်ရှေ့သို့ ရောက် လာသော အခါ ဆိုင်တွင်း သို့ လှမ်းကြည့် နေသည် ။

ဝင်လုလု ရွှေနီရောင် သည် ဆိုင်ရှေ့ ရှိ ကုက္ကိုပင် အကြား မှ ထိုးဖြတ်ကာ စိုပြည်သော သူ၏ မျက်နှာ ကို မှုန်းခြယ် ပေးသည် ။ သူ သည် လေးယောက် အစု သော ဆိုင်တွင်းရှိ သူကောင်းသားများ ရှိရာသို့ တည်ငြိမ်သော အပြုံး ဖြင့် ဝင်လာသည် ။

လေးယောက်သော အစု သည် ကု,လားထိုင် တစ်လုံးကို ဆွဲယူ ထိုးပေးရင်း သူ့ မျက်နှာ ကို အံ့သြစွာ ကြည့်ကြကုန်၏ ။ လှုပ်နေသော ဆိုင် အလုံးသည် ရုတ်တရက် ငြိမ်သက် သွားရသည် ။

ဆိုင်ရှေ့ တွင် ရှိသော ဈေးသည်အစု သည် ဆိုင်ဝသို့ မသိမသာ ရောက်လာကြကာ အတွင်း ဘက် သို့ ခေါင်းငဲ့ ကြည့်ကြကုန်၏ ။ ပြည့်ဖောင်းဖောင်း နှုတ်ခမ်းအစုံ ပိုင်ရှင်ကလေး သည် လည်း ထို အထဲ ၌ ပါလေသည် ။

နောက် ဝင်လာသူ သည် ဂူဝတွင် စံပယ်သော ကေသရာဇာ ခြင်္သေ့မင်း ၏ တင့်တယ်ခြင်း မျိုးဖြင့် အလွန်တည်ငြိမ်စွာ ထိုင်လိုက် ပြီးနောက် ဆိုင် အတွင်းခန်း အားလုံးကို ပြုံးသော မျက်နှာ ဖြင့် ဖြည်းဖြည်းသာသာ လှည့်ပတ် ကြည့်ရှုသည် ။

“ ပေါက်ဖော် ၊ ဖန်ခွက် ယူခဲ့ဟေ့ …”

လေးယောက်သော အစု တွင် တစ်ယောက်သော သူ က လှမ်း အော် လိုက်သည် ။ နောက် ဝင်လာ သူသည် အလွန် သိမ်မွေ့စွာ လှည့်ကြည့် နေရာမှ ကြည်လင်သော အပြုံး ကို ပြုလျက် ...

“ ကျွန်တော် မသောက်တတ်ပါဘူး ခင်ဗျာ ၊ ဆရာတို့ မြင်တာနဲ့ ဝင်လာတာပါပဲ ”

ချိုမြသော အသံသည် ကြားရသူတို့ကို အေးမြ သွားစေသည် ။ ဖောင်ဖောင်မြည်အောင် စကား ဆို နေကြသော အခြား ဝိုင်းမှ အမူးသမား တို့သည် တဖြည်းဖြည်း တိတ်ဆိတ် သွားကြကာ မိမိတို့ ရှေ့တွင် ချထားသော ယစ်ဖန်ရည် ကြည်လဲ့လဲ့ ကိုသာ တစ်ခွက်ပြီး တစ်ခွက် ငှဲ့ကာ ငှဲ့ကာ သောက် နေကြသည် ။

“ ဆရာတို့ သောက်ကြပါလေ  ၊ ကျွန်တော့် ကို အားနာ မနေပါနဲ့ ”

လေးယောက်သော အစုတို့ သည် နာမည်ကြီး ထဲတွင် ပါဝင်ကြသော စာရေးဆရာတွေ ချည်း ဖြစ်ကြသည် ။ သူတို့သည် အားနာပါးနာနှင့်ပင် ကြည်လဲ့သော ယစ်ဖန်ရည် ကို ခပ်တည်တည်နှင့် တစ်ခွက် ပြီး တစ်ခွက် ချလိုက်ကြသည် ။

ဆိုင်ရှေ့မှ နှုတ်ခမ်းထူမကလေး သည် မကြာမီ အတွင်း ဆိုင် ထဲသို့ ရောက်ရှိ လာပြီး နောက် ယစ်ရည်ဝ နေသော မျက်လုံးအစုံတို့ ၏ ရှေ့တွင် လေသွဲ့ တိုင်း နွဲ့နေသော သူယောင်မယ် ကဲ့သို့ ခေါင်းကလေး ငဲ့ငဲ့ ၊ ခြေလှမ်းကလေး ယဲ့ယဲ့ ၊ ကိုယ်ဟန်ကလေး တနဲ့နဲ့ ဖြင့် ဟိုအစု သည်အစု ဆီသို့ အလွန် ကြည့်မောဖွယ်ရာ ကူးလူး သွားလာနေသည် ။

ခုံရှေ့သို့ ရောက်သော် သူ ၏ ပြည့်ဖောင်းသော နှုတ်ခမ်း ကို လှုပ်လိုက်သည် ။ မောက်မောက် ကလေး တွဲဟန် ရှိသော အောက်နှုတ်ခမ်း သည် ဖောင်းဖောင်းကလေးနှင့် တင်းသွားသည် ။

ခုံတွင် ထိုင်နေကြသူတို့ ၏ မျက်လုံး သည် တင်းတင်းရင်းရင်း နှင့် ဖောင်းဖောင်းကလေး ဖြစ်နေသော နှုတ်ခမ်းအစုံ ၏ အစပ် ကို မျက်တောင် မခတ်နိုင်အောင် စူးစိုက်နေကြသည် ။

ဤ တင်းတင်းရင်းရင်း စေ့ထားသော နှုတ်ခမ်း ဖောင်းဖောင်းကလေး သည် ပြုံးသည် ဆိုရ မည်လည်း အောက်သို့ အနည်းငယ် ကွေးညွှတ် နေသည် ၊ မဲ့သည် ဆိုရမည်လည်း ပွင့်တော့မည့် နှင်းဆီငုံနှယ် ဖိတ်ခေါ်နေဘိသို့ ရှိသည် ၊ လှပသည် ဆိုရမည်လည်း အနည်းငယ် ထူတွဲသယောင် ယောင် ရှိသည် ၊ အရုပ်ဆိုးသည် ဆိုရမည်လည်း တပ်မက်စဖွယ် ရှိလွန်းနေသည် ။ အားလုံး ခြုံ၍ အဖြေ ရှာသော် ဤ စားပွဲ ပေါ်တွင် တည်ရှိနေသည့် နံစော်စော် အရက် ကို သောက်လိုက်ရဘိသို့ မြင်ရသူတို့အား တိမ်းမူးယစ်ထွေအောင် အားတိုက် စွမ်းဆောင်နိုင်လွန်းသော နှုတ်ခမ်းစုံ တစ်ပွင့် ပင် ဖြစ်သည် ။

တပ်မက်ဖွယ် နှုတ်ခမ်းကလေး သည် ကွေ့ဝိုက်စွာ ပွင့်ဟ လာလျက် ချိုနုန့်နုနဲ့ အသံခြောက် ကလေး ပေါ်လာသည် ။

“ ကိုကြီးတို့ကော ဘာဂျော်သုပ် ယူအိုးမယ် မို့လား ”

ဆရာ တစ်ဦး၏ မျက်နှာ သည် ငုံ့၍ မေးလာသော မျက်နှာနှင့် ထိတော့လု မတတ် နီးသွားသည် ။

“ အေး .. ယူမယ် နယ်ခွက်ယူဂဲ့ ”

ဆရာ သည် အနည်းငယ် မူးနေဟန် ရှိသည် ။ နှုတ်ခမ်းထူမကလေး သည် လူချင်း မထိရုံမျှ နောက်သို့ ယို့ကာ အပြုံးမပျက် ထွက်ခွာ သွားသည် ။ ကျန် အဖော်များသည် မူးနေသော ဆရာ ကို ကြည့်နေကြရာမှ နောက် ဝင်လာသူ အား အားတုံ့အားနာ ဖြင့် ကြည့် မိကြသည် ။

နောက် ဝင်လာသူသည် ထင်ရာ လုပ်နေသော ကလေးငယ်များ အား အလွန် သဘော ကောင်းစွာ ကြည့်နေသည့် လူကြီး တစ်ယောက် မျက်နှာမျိုး ဖြင့် ဣန္ဒြေ မပျက် ခပ်ပြုံးပြုံးပင် ရှိသည် ။

“ ကျွန်တော့် ကို ခွင့်ပြုပါဦး ခင်ဗျာ ၊ ကျွန်တော် ညနေဘက် လမ်းလျှောက် ရင်း နဲ့ ဆရာတို့ တွေ့လို့ ဝင်လာတာပါပဲ ”

အမူးဆရာ တို့ သည် စိတ်တွင်း မှ ဝမ်းသာစွာဖြင့် အသွင် မတူသော ထိုသူ့ အတွက် ဟန်ဆောင် ပြုံးကာ နေရာ မှ ထ လိုက်ကြသည် ။

“ ဟုတ်ကဲ့ ... ကောင်းပါပြီ ခင်ဗျာ ၊ ခါတိုင်း တည်းတဲ့ အိမ် မှာပဲ မဟုတ်လား ၊ ကျွန်တော် တို့လဲ လာ လည်ကြပါဦးမယ် ”

အမူးဆရာ တို့ လောကွတ်စကား ပြောကြားဟန် လုပ်နေကြစဉ် နှုတ်ခမ်းထူမကလေး သည် ဘယာကြော်သုပ် ပန်းကန်နှစ်ချပ်ကို ကိုင်လျက် အနီး သို့ ရောက်ရှိလာသည် ။

ပြန်တော့မည့်သူသည် ပန်းကန် နှစ်ချပ် ကို လှမ်းယူပြီး စားပွဲပေါ်သို့ တင်သည် ။ ထို့နောက် နှုတ်ခမ်းထူမကလေး ကို လှည့်၍ မေးလိုက်သည် ။

“ ဟေ့ ကလေးမ …. ၊ ဘယ်လောက် ကျလဲ ”

နှုတ်ခမ်းထူမကလေး သည် မေးသူ အား မော့၍ ကြည့်၏ ။ မေးသူ သည် နှုတ်ခမ်းထူမကလေး ကို ကလေးသဖွယ် သဘောထား လျက် ရဲရဲတင်းတင်းပင် ကြည့်နေသည် ။ နှုတ်ခမ်းထူမကလေး ၏ မျက်လုံးအစုံသည် တဖြည်းဖြည်း တစ်ဆင့်စီ တစ်ဆင့်စီ မျက်လွှာ ချလိုက်သည် ။ ထို့နောက် တပ်မက်ဖွယ် ကောင်းသော နှုတ်ခမ်းကလေး ကို ကြိုးကြိုးစားစား လှုပ်ရှားယူကာ မပွင့်တစ်ပွင့် ပြော လိုက်သည် ။

“ တပဂံ တစ်မတ် ... ”

မေးသူသည် နှုတ်ခမ်းထူမကလေး ၏ မရဲတရဲ လှုပ်ရှားနေသော နှုတ်ခမ်းဖောင်းအိအိ ကလေးကို အမှတ်မဲ့ ကြည့် နေရာမှ ငွေစက္ကူ ဆယ်တန် တစ်ရွက် ကို အိတ်တွင်း မှ ထုတ်ယူ လိုက် သည် ။

ထို့နောက် ဆရာများ အားနာဟန် ပြုနေသည့် ကြားထဲ မှပင် နှုတ်ခမ်းထူမကလေး ၏ ဘယာကြော်ဖိုး နှင့် တကွ အရက်ဖိုးများ ကိုပါ ရှင်းသွားသည် ။

ဆိုင်တွင်း ရှိ လူအားလုံး တို့သည် ဤ မွန်ရည်ဟန်ရှိသော ကြည်လင်ဝင်းပသည့် မျက်နှာရှင် ယောက်ျားကြီး အား မျက်စိ အောက်မှ ပျောက်ကွယ် သွားသည်အထိ ငြိမ်သက်စွာ ကြည့်နေ ကြသည် ။

အမှန် ဆိုရသော် သူ သည် နှုတ်ခမ်းထူမကလေး ကို လည်းကောင်း ၊ ဆိုင်တွင်း ရှိ အမူးသမား အားလုံးကိုသော် လည်းကောင်း ၊ အလွန်တည်ကြည် ငြိမ်သက်စွာဖြင့် လွှမ်းမိုး သွားသူ ဖြစ် သည် ။

ဆိုင်တွင်း ရှိ အမူးသမား တို့သည် သူ ရှိနေခြင်း ကြောင့် အလိုလို ကျဉ်းကျပ်နေသလို ဖြစ်ကာ သူ မြန်မြန် ပြန်ပါစေတော့ ဟု ဝမ်းတွင်း မှ ကျိတ်၍ ဆုတောင်းကြလျက် မလိုလားပါဘဲနှင့် ငြိမ်သက် နေကြရသည် ။

ဆိုင်ရှင် တရုတ်ကြီး က မူကား ထိုသို့ မဟုတ်ချေ ။ လေးယောက်အစု ဖြစ်သော ဆရာတို့ သည် နောက်ဆုံး၌ ကြွေးချ တတ်သည် ဖြစ်ကြရာ ဤသူ လာခြင်းကြောင့် သာလျှင် ကြွေး မပေးရသည် ဖြစ်သောကြောင့် ဤ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသူ ဝင်လာခြင်းသည် သူ့ ဆိုင် အဖို့ ဂုဏ်ယူဖွယ်ပင် ဖြစ်သဖြင့် နောက်ထပ် ခဏခဏ လာ၍ အခြားသူများကို အရက် ဝယ်တိုက် စမ်းပါစေ ဟု ဝမ်းတွင်းမှ ကျိတ်၍ ဆုတောင်းသည် ။ ဆိုင်ရှင်တရုတ်ကြီး တောင်းသော ဆုသည် မည်သည့် ပစ္စေကဗုဒ္ဒါ တစ်စုံတစ်ယောက်မျှ ‘ ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု ’  မလုပ်ရဘဲ နှင့် အလိုလို ပြည့်လာသည် ။

အကြောင်းမူ နောက် တစ်နေ့ လည်း ဤဆရာ လေးယောက် တို့သည် ဤ နေကလေးညိုညို တွင် ရွှေကိုယ်တော်တို့ လေထ တတ်သော ဤအချိန်၌ စိုက်စိုက်မတ်မတ် ရောက်လာကြ၏ ။ ထို့နောက် ခဏကြာသော် ဤ မွန်ရည်သော လူကြီးသည် ဤဆရာ လေးယောက်တို့ ရှိရာသို့ ပြုံးပြုံးရွှင်ရွှင် နှင့် ဝင်လာခဲ့သည် ။

ခဏကြာသော် မိမိ ကိုယ်တိုင် ဘာမျှ စားသောက်ခြင်း မရှိဘဲ စားသောက် သမျှကို ငွေချေကာ အလွန် တည်ကြည်စွာ ထွက်ခွာ သွားသည် ။ ဤသို့ဖြင့် ၁ ရက် ၊ ၂ ရက် ၊ ၃ ရက် ၊ ၁၅ ရက် ကြာ သော် ဆိုင်ကလေး တစ်ဆိုင်လုံးသည် ဤ မွန်ရည်သော လူကြီး ကို သိနေကြသည် ။

ဤလူကြီး သည် အမူးသမား စာရေးဆရာတွေ နှင့် အလွန်ရင်းနှီးသော ယခင်က စာရေးဆရာ ဖြစ်ခဲ့ဖူးသည့် နိုင်ငံရေးသမားကြီး တစ်ယောက် ဖြစ်သည် ။

သူ သည် နုနယ်စဉ် အခါက ရုပ်ဝါဒ စာအုပ်များ ကို တစ်အုပ်စ နှစ်အုပ်စ ဖတ်ခဲ့ဖူးပြီး နောက် ဘုန်းတော်ကြီးများကို အကြောင်းမဲ့ ကော်ဆဲခဲ့ဖူး သော်လည်း ယခု အချိန်တွင် ဘာသာ ၊ သာသနာ ကို အလွန် ကိုင်းရှိုင်း နေသူ ဖြစ်၏ ။

ထို့ပြင် သူ သည် သမာဓိ ရအောင် ကမ္မဋ္ဌာန်း လည်း ထိုင်နေ၏ ။ ငါးပါးသီလ ကိုလည်း အမြဲ စောင့်၏ ။ ညနေတိုင်း လည်း လမ်းလျှောက်၏ ။ ဤသို့ လမ်းလျှောက်ရင်း ဆရာများနှင့် တွေ့ သောကြောင့် ဤဆိုင် သို့ ဝင်လာခြင်း ဖြစ်လေသည် ။

ဆိုင် ဝင်သည် နှင့် ပတ်သက်၍ ဤဆိုင် အတွင်း ရှိ အမူးသမားများ အဖို့ အစဉ်အလာ တစ်ခု ရှိသည် ။ ရှေးဦးစွာ ဆိုင်ဝသို့ လှမ်းကြည့်လိုက် …

ထို့နောက် အနည်းငယ် တွဲယောင်ယောင် ပြုနေသော ဖောင်းမို့မို့ နှုတ်ခမ်းနီတာရဲကလေး ၏ တင်းခနဲ စေ့သွားသော အရေးအကြောင်းစပ် ကို ကြည့်လျက် ဖျဉ်းခနဲ တစ်ကိုယ်လုံး စိမ့်ကာ သိမ့်ခနဲ နေအောင် ဆိုင်ဝ တွင် ခလုတ်တိုက် ပြီးမှ ဆိုင် ထဲ သို့ ရောက်လာ ဟူသော အစဉ်အလာ ဖြစ်သည် ။

သို့သော် ဤ မွန်ရည်သော လူကြီး သည် ပထမနေ့ စတင် ဝင်ရောက် လာ ကတည်း က ဤ အစဉ်အလာ ကို ကျော်လွန်လာခဲ့သည် ။ ထို့ကြောင့် ဆိုင်တွင်း ရှိ အမူးသမား အားလုံးတို့က … 

ဤသူ သည် ဤဆိုင်ဝ တွင် ဤနှုတ်ခမ်းအစုံ ကို မြင်ရပါလျက် ခလုတ် မတိုက်ဘဲ ဝင်လာ နိုင်စွမ်း ရှိသူပါတကား ၊ ဤသူ သည် သမာဓိ ရအောင် ကမ္မဋ္ဌာန်း ထိုင်နေသူပါတကား ၊ ဤသူ သည် ငါးပါးသီလ အမြဲ စောင့်ထိန်း နေသူပါတကား ၊ ဤသူ သည် နိုင်ငံရေးသမားကြီး တစ်ယောက် ပါပေတကား ၊၊ ဤသူသည် သူနှင့် အကျင့်ချင်း မတူသူများ ကိုလည်း လေးလေးစားစား ဆက်ဆံ ပေါင်းသင်းတတ်သူပါတကား ဟု အသိအမှတ် ပြုထားကြသည် ။

ဤ အသိအမှတ် ပြုခြင်းနှင့် ထပ်တူ ကပ်လျက်ပါလာသော အကြောင်းအရာ တစ်ခုကား ဆိုင်တွင်း ရှိ အမူးသမားတို့သည် ဤလူကြီး ဝင်လာသည် နှင့် တစ်ပြိုင်နက် မိမိတို့ ကိုယ်ကို မိမိ တို့ အစွမ်းကုန် ဣန္ဒြေ ဆည် နေကြရခြင်းပင် ဖြစ်သည် ။

လေးယောက် အစု အပါအဝင် ဖြစ်သော ဆရာတစ်ဦး သည် ဤသို့ ဣန္ဒြေ ဆည်နေရခြင်း ကို ကြာကြာ သည်းမခံနိုင်တော့ချေ ။

“ ငါတို့ရဲ့ ဒကာတော ရေမြေ့ရှင် ဘဝရှင် မင်းတရားကြီး ကို တော့ ကျေးဇူးတင်ပါရဲ့ကွာ ၊ ဒါပေမယ့် ငါ တော့ မဖြစ်တော့ဘူး …”

ဆရာ သည် အတော် စိတ်မချမ်းမြေ့စွာ နှင့် ညည်းညည်းညူညူ ပြောဆိုသည် ။ သူ ၏ ဆင်ခြေများမှာ အရက် သည် ပျော်လို၍ သောက်ခြင်း ဖြစ်၏ ။

စားဝတ်နေရေး အတွက် ကြိုးပမ်းရလွန်း သဖြင့် တစ်နေ့လုံး ပင်ပန်းလာခဲ့ခြင်း ကို လည်း ကောင်း ၊ မဖူလုံလေသမျှကို ကံ ကို ချည်း လွှဲချလျက် ကျိတ်မှိတ် နေခဲ့ရခြင်းကို လည်းကောင်း ..

ထိုထိုသော အောင့်အည်း ထိန်းချုပ် ထားခဲ့ရသမျှတို့ အတွက် အခိုး ဖွင့်လွှတ် လို၍ သောက် ခြင်း ဖြစ်သည် ။ ပေါက်ကွဲမည့် ဆဲဆဲ ဘွိုင်လာအိုးကြီးဘကို အခိုး ဖွင့်ထုတ် သကဲ့သို့ဟု ဆို၏ ။ ယခုမူ ငွေကုန်ကြေးကျ ခံ၍ နေ့စဉ်နှင့်အမျှ အခိုး ဖွင့်ထုတ် နေပါလျက် ထို ဖွင့်ထုတ်ပေးထားသော ဂယ်ပေါက်ဝ တွင် တစ်စုံတစ်ခု လာရောက် ပိတ်ဆို့ နေလေသည် ။ ထိုလာရောက် ပိတ်ဆို့ နေသော အရာသည် ဤ လူရည်မွန်ကြီးပင် ဖြစ်၏ ။

ထို့ကြောင့် ဆရာ သည် အဖော်များ ကို လုံးဝ အသိ မပေးတော့ဘဲ ဤ ဒကာတော် ကျေးဇူးရှင်ကြီး ကို ရန်မူရန်  စိတ်တွင်း မှ မောင်းတင် ထားလေသတည်း ။

••••• ••••• •••••

“ ဒီမှာ နားထောင်ကြ ၊ ကိုယ် ပြောပြမယ် ၊ တစ်နေ့လုံး တပင်တပန်း နဲ့ စားဝတ် နေထိုင်ရေး အတွက် လုပ်ခဲ့ရလို့ ပင်ပန်းနွယ်နယ် လာကြရတဲ့ ရုပ်အသိရဲ့ ဆင်းရဲမှု ဟာ ဒုက္ခ သမုတိသစ္စာ အမှန် ...”

“ အဲဒီလို ဆင်းရဲ ပင်ပန်း လာခဲ့ကြတော့ ဟောဟို ခုံပေါ်မှာ ထောင် နေကြတဲ့ ဖန်ယစ်ရေ ကြည်ကြည်လဲ့ ဆိုတာက အရေကလာပ် ရုပ်ဝတ္ထု ၊ ဒီအရေကလာပ် ရုပ်ဝတ္ထု ကို ဖျော်ဖြေ ပြေပျောက် စရာအဖြစ်နဲ့ သူသူငါငါ သိလာကြတာ ကတော့ ဒုက္ခသစ္စာကောင်ကြီး ရဲ့ ရုပ်အသိ ၊ အဲဒီ ဒုက္ခ သစ္စာကောင် ရုပ်အသိ နဲ့ အရေကလာပ် ရုပ်ဝတ္ထု ကို ပေါင်းစပ် ရောယှက် လိုက်ခြင်း ကတော့ သမုဒယ သမုတိသစ္စာ အမှန် ...”

“ အဲဒီ ပင်ပန်းဆင်းရဲလာတဲ့ ဒုက္ခရုပ်အကောင်ကြီး နဲ့ ယစ်ဖန်ရေ ကြည်ကြည်လဲ့ ဆိုတဲ့ အရေကလာပ် ရုပ်ဝတ္ထု ကို ပေါင်းစပ် လိုက်ပြီးတဲ့ နောက် ရုပ်ကောင်ကြီး တစ်ခုလုံး ထူပူ ရှိန်းဖိန်းပြီး တစ်နေ့လုံး ညှိုးချုံး ညောင်းညာ ဖြစ်လာမှုတွေ ရုပ်အသိထဲမှာ ပျောက်ကွယ် သွားရတာက နိရောဓ သမုတိသစ္စာ အမှန် ...”

“ နိရောဓ အဆင့် ဖြစ်တဲ့ ရုပ်ဝတ္ထုကြီး ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီးတဲ့ နောက် တဖြည်းဖြည်း နဲ့ လောကကြီး ရဲ့ ဆင်းရဲမှု အလုံးကို မေ့ပျောက်ပြီး အေးချမ်းငြိမ်သက် သုခ ၊ ဒုက္ခ တို့ မရောက်လာနိုင်တဲ့ လမ်းခရီး အဝကလေး ကို တဒင်္ဂပဟာန် လောက် ရောက်သွားရခြင်း က ရုပ်အသိရဲ့ မဂ္ဂ သမုတိသစ္စာ အမှန် ...”

“ အဲဒီ သစ္စာလေးပါးမယ် ကိုယ်တို့ တစ်တွေ ဟာ မဂ္ဂသစ္စာတရား ကို မျက်မှောက် မပြုနိုင်ခဲ့ ကြတာ ဘယ့်လောက် ကြာပြီလဲ သောက်ဖော်တို့ … ”

ဆရာ သည် နှစ်ခွက်ခန့် သောက်ပြီးရုံ မျှဖြင့် အာဝဇ္ဇန်းတွေ ရွှင်လာအောင် သိမ်မွေ့နက်နဲ ခက်ခဲလှသော အရက် အဘိဓမ္မာ သစ္စာလေးပါး တရားတော်ကြီးကို နှုတ်ခွန်းချွေလိုက်သည် ။

“ အား … ဆရာ နှစ်ခွက် ထဲ ရှိပါသေးတယ် ၊ ဒီနေ့ ဘယ်လို ဖြစ်တာတုံး ...”

ဘေးမှ ဆရာ သုံးယောက် သည် အံ့အားသင့်စွာ နှင့် အရက် အဘိဓမ္မာ ကထိကကို မေးလိုက်ကြသည် ။ အခြား ဝိုင်းများတွင် ရှိသော အမူးသမား တစ်သိုက်သည် မျက်မှန်း တန်းမိကြပြီ ဖြစ်သော ဆရာ ရှိရာဘက် လှည့်ကာ သာဓု အနုမောဒနာ ပြုလျက် ကောင်းချီးပေးကြကုန်သည် ။

အခါတိုင်း တိတ်ဆိတ် နေကျ ဆိုင်ကလေး သည် အရက်ဆိုင် ပီသစွာ စိုစိုပြည်ပြည် ဖြစ်လာ ၏ ။ ဆရာ သည် ပိုမို အားတက် လာသောကြောင့် နောက်တစ်ခွက် မော့လိုက်ပြီး လျှင် မတ်မတ် ထ ရပ်ကာ ဝေ့ဝိုက်သော လက်ဟန် ခြေဟန်များ ကို ပြုလျက် ဆက်လက် ဟောကြားပြန်သည် ။

“ ဒီမှာ သောက်ဖော်တို့ ... ဟောဟိုမှာ ကြည့်စမ်း ၊ ကြည်စိမ်းတဲ့ ယစ်ဖန်ရေ ပုလင်းကလေးတွေ ဟာ ယိမ်းထိုး နေတာများ တွေ့ သလား ၊ ဘယ်တော့မှ ယိမ်းထိုး မနေဘူး ၊ သူ့ ဟာ သူ ငြိမ်နေတာပဲ ။ ဒါဟာ သက်မဲ့ ရုပ်ဝတ္ထု ရဲ့ ပကတိ အသွင်အပြင် လက္ခဏာ အစစ် ….”

“ ပြီးတော့ ကျွန်တော့် ကို ကြည့်စမ်း ၊ ကျွန်တော် ဟာ ကျွန်တော့် ဘာသာ နေတုန်း က သူလို ငါလိုပဲ ။ ပူစရာ ရှိရင် ပူတယ် ၊ ပျော်စရာ ရှိရင် ပျော်တယ် ။ ဒါပေမယ့် လူ့ယဉ်ကျေးမှု ရဲ့ လောင်းရိပ် အောက်မှာ ဟန်ဆောင်ပြီး ဘာမှ မတုန်လှုပ် သလို နေခဲ့တာပဲ ။ အဲဒါဟာ လူသားတို့ရဲ့ လိမ်လည် ဟန်ဆောင်ခြင်း ၊ ဖောက်ပြန်မှု သဘောတရား ၊ သက်ရှိ ရုပ်ဝတ္ထုရဲ့ မူလ အသွင်အပြင် လက္ခဏာ အစစ် ...”

“ ဒါပေမယ့် အဲဒီ ဖောက်ပြန် လိမ်လည် နေတဲ့ လူသား တစ်ယောက် ဟာ ဟောဟိုက ငြိမ်သက် နေတဲ့ ယစ်ဖန်ရေ ကြည်ကြည်လဲ့ နဲ့ ပူးပေါင်းလိုက်တဲ့ အခါမှာ ဘဇာကိုမှ ဟန်ဆောင် မနေဘဲ ပြကတေ့ ရုပ်ဝတ္ထု ရဲ့ ရည်ညွှန်းချက် ဆန္ဒရှိချက်တွေ အတိုင်း ထင်ထင်လင်းလင်း ပွင့်ပေါ်လာရ တာက ပရမတ္ထ သမူဟသစ္စာ အစစ် ...”

“ ဒီ ယစ်ဖန်ရေ ဟာ ဘယ်သူ သောက်သောက် သောက်ရင် မူးရမယ် ။ အကယ်လို့ မမူးဘဲ နေမယ် ဆိုရင် အဲဒီ လူဟာ ကိုယ့် ကိုယ် ကိုယ် အတင်း လိမ်နေရတာ ၊ သဘာဝ မကျတဲ့ အသွင်အပြင် နဲ့ ပရမတ္ထသမူဟ သစ္စာကို တော်လှန်နေတာ ..”

“ ကျွန်တော်တို့ ဟာ အဲဒီလို ပရမတ္ထ သမူဟသစ္စာကြီး ကို အတင်း ဖျက်ဆီး ...”

မွန်ရည်သော လူကြီး သည် ချစ်လိုဖွယ် ပြုံးရွှင်သော မျက်နှာဖြင့် အလွန် တည်ငြိမ်စွာ ဝင်လာသည် ။ တစ်ဆိုင်လုံး ရှိ အမူးသမားများ သည် မွန်ရည်သော လူကြီး ရှိရာသို့ ကြည့်လျက် ငြိမ်သက် သွားကြ၏ ။

အဘိဓမ္မာဆရာ သည် ရီဝေသော မျက်လုံး ဖြင့် ဝင်လာသော လူကြီး ကို စူးစိုက်ကြည့်နေရင်း နေရာ မှ ထလိုက်သည် ။

“ ကြွတော်မူပါ ၊ လူလိမ်ကြီး ခင်ဗျား … ”

အနီးရှိ ဆရာ သုံးယောက် နှင့် တကွ တစ်ဆိုင်လုံး ရှိ မူးဖော်တို့ သည် ရုတ်တရက် အံ့အား သင့် သွားကြကုန်၏ ။ ဆရာ တစ်ယောက် သည် အရက်ကထိက ၏ လက် ကို ဖမ်းဆွဲလိုက်သည် ။

“ မှုတ်ဖူး ... မဆွဲနဲ့ ၊ ခင်ဗျား မဆွဲနဲ့ ၊ သူ လူလိမ် ၊ သူ့ ကိုယ် သူ လဲ အမြဲ လိမ် ထားတယ် ၊ ကျွန်တော်တို့ ကိုလဲ အလိုလို လိမ်အောင် လုပ်တယ် ။ အခု ကျွန်တော်တို့ အရက် သောက်တယ် ၊ မူးရက်သား နဲ့ မမူးရဘူး ၊ ဒါ လိမ်နေရတာပဲ မှုတ်ဖူးလား သောက်ဖော် တို့ ...”

အခြား ဝိုင်းများမှ မူးဖော် တို့သည် စောစောပိုင်းက ကဲ့သို့ အားပေးမှု မပြုကြတော့ချေ ။

မွန်ရှည်သော လူကြီး သည် တောက်ပသော မျက်လုံး နှင့် တစ်ချက် လှမ်း ကြည့်လိုက်ပြီးနောက် ဝင်မြဲ ဝင်လာသည် ။

“ ထိုင်ပါ ဆရာ ... ထိုင်ပါ .. ”

ညင်သာ တိုးတိတ်သော လူကြီး ၏ ချိုအေးအေး အသံ သည် တစ်ဆိုင်လုံး ကို လွှမ်းမိုး သွားသည် ။ အရက် အဘိဓမ္မာဆရာ သည် လူကြီး ၏ အမိန့်သြဇာ ကို မလွန်ဆန်နိုင်ဘဲ ပထမ စားပွဲပေါ်သို့ လက်ထောက် လိုက်သည် ။ ထို့နောက် ယိမ်းယိုင်စွာဖြင့် မိမိ ကိုယ် မိမိ ထိန်းသိမ်း လျက် ကု,လားထိုင်ပေါ်သို့ ထိုင်ချ လိုက်သည် ။

“ ရောက်နေတာ တော်တော် ကြာကြပြီ ထင်တယ် ”

ဆရာ သုံးယောက်တို့ သည် အားတောင့်အားနာ ဖြင့် နှုတ် က ဘာမျှ မပြောနိုင်ဘဲ ခေါင်းညိတ် လိုက်ကြသည် ။ မွန်ရည်သော လူကြီး သည် အရက်အဘိဓမ္မာဆရာ အား မိမိ ကို ရမ်းကားသူ တစ်ယောက် အဖြစ်နှင့် မိမိ အနီးတွင် ရှိနေသေးသည် ဟူ၍မျှ သိပုံမရလေ ။

လူကြီး သည် ပို၍ ပြုံးသော မျက်နှာဖြင့် ဆရာ သုံးယောက် ကို လေးလေးစားစား ကြည့် လိုက်သည် ။

“ ဆရာတို့ သိပ် မမူးကြသေးဘူး ထင်တယ် ၊ ကောင်းတယ် ကောင်းတယ် ၊ သောက်တော့ သောက်ပေါ့ ၊ ကိုယ်တိုင် မူးဖို့ မပြောနဲ့ မူးတတ်တဲ့ လူတွေ နဲ့ တောင် သိပ် မတွဲ နဲ့ နာမည်ပျက်တတ် တယ် ၊ ကျွန်တော် က ဆရာတို့ အားလုံး ကို ကြည်ညိုပါတယ် ”

တိတ်ဆိတ် နေသော ဆိုင်အတွင်း ၌ အလွန် ကြင်နာစွာ ပြောလိုက်သော လူကြီး ၏ စကား သည် ညင်သာသလောက် လေးလေးနက်နက် ထွက်ပေါ်လာ၏ ။ လူကြီး ၏ ပြုံးလျက် ကြည့်သော မျက်လုံးသည် ဆိုင်တွင်းရှိ လူတိုင်း လူတိုင်း အဖို့ မိမိ အား ကြည့်နေသလော ဟု အောက်မေ့ရ၏ ။ သာယာ တိုးတိတ်စွာ ပြော လိုက်သော လူကြီး ၏ စကား သည် မိမိ အား ပြောလိုက်ခြင်း ဖြစ်လေ သလောဟု လူတိုင်း လူတိုင်း ၏ စိတ်၌ တွေးထင် လိုက်ရသည် ။

ထို့ကြောင့် မိမိ ဘေးရှိ သောက်ဖော်သောက်ဖက် ကိုပင် ဒီကောင် မူးနေသလား ဟု လှည့်၍ ကြည့်မိကြသည် ။ အရက် အဘိဓမ္မာဆရာ သည် ထိုအတိုင်းပင် မိမိဘေးရှိ အဖော်ဆရာများ အား လှည့် ကြည့်လိုက်သည် ။ ထို့နောက် မိမိ ကိုယ် ကို မမူးလေသေးသူ တစ်ယောက် ကဲ့သို့ ကိုယ် ကို အားပြု၍ မတ် လိုက်သည် ။

လေသိမ်းတိုင်း ယိမ်းသွဲ့ သလို နွဲ့ဟန် နှင့် လျှောက် လာသော နှုတ်ခမ်းထူထူ သူယောင်မကလေး သည် အရက်အဘိဓမ္မာ ဆရာကြီး ၏ ဟန်လုပ်နေပုံကို ကြည့်လျက် ချုပ်တည်း ထားရသော နှုတ်ခမ်းလှလှကလေးဖြင့် တဖြည်းဖြည်း ပြုံးလာသည် ။

ဖောင်းဖောင်းမို့သော နှုတ်ခမ်း အစုံသည် တင်းတင်းစေ့ လာလျက် လှသော အရေးအကြောင်း ကလေးဖြင့် လှုပ်ကစား လိုက်သည် ။

သုရာကထိကဆရာ သည် နီထွေးသော နှုတ်ခမ်းလွှာ နှစ်ထပ်မှ လှပသော အရေးအစပ် ၏ ညှို့ချက်တွင် မိလျက် မျက်လုံးကြီး စိုက်ကာ အသက် မရှူဘဲ ရင်ဖို နေသည် ။

ဆရာ ၏ နှလုံးသည်းပွတ် တို့သည် ရုတ်ခြည်း ခြောက်သွေ့ ကာ ပူလောင်၍ လာသည် ။ ဆရာ သည် ခေါင်းထဲတွင် ရီဝေလျက် ရေငတ် နေသည် ။ ဆရာ သည် နှုတ်ခမ်း ကို လျှာဖြင့်သပ်လိုက် ပြီးနောက် ရှေ့တွင် ရှိသော ယစ်ဖန်ရည် ကို တစ်ရှိန်တည်း မော့ချ လိုက်ပြန်သည် ။

“ ကိုကြီး … ဘာဂျော်သုပ် ယူအိုးမယ်မှို့လား ”

သုရာကထိက သည် နှုတ်ခမ်းထူမကလေး ၏ လက်မောင်းရင်း ကို အမှတ်မဲ့ ဖမ်းဆုပ် လိုက်သည် ။

“ ခါများ ဟောဒီ ကောင်မလေး ပါဇပ် ကို မြင်ရတော့ စိတ် ထဲ မှာ ဘယ်လိုမ မာဖြစ်ဖူးလား ”

နှုတ်ခမ်းထူမကလေး နှင့်တကွ တစ်ဆိုင်လုံး ရှိ အမူးသမားတို့ သည် ရုတ်တရက် ကြက်သေ သေလျက် ပို၍ တိတ်ဆိတ် သွားသည် ။ မွန်ရည်သော လူကြီး သည် နှုတ်ခမ်းထူမကလေး ၏ မျက်နှာနှင့်တကွ နှုတ်ခမ်းအစုံတို့ ကိုပါ ကလေးသူငယ်တစ်ယောက် ကို ကြည့်နေဘိသို့ ရွှန်းရွှန်း စားစား ရဲရဲတင်းတင်း ကြည့် လိုက်သည် ။

“ ကလေးကို လွှတ်လိုက်ပါ ဆရာ .. ၊ ကျွန်တော်တို့ ဒီအတိုင်း ပြောကြတာပေါ့ ၊ အေး ကလေး နှပဂံ ယူခဲ့ ဟုတ်လား ”

လူကြီး သည် အလွန် တည်ငြိမ်စွာ အေးအေးဆေးဆေး ပြောလိုက်၏ ။ သို့သော် လူကြီး ၏ အသံသည် ထက်မြက်သော အသွင် ကို ဆောင်နေ၏ ။ ဆရာ သည် လူကြီး ၏ စကား ကို မလွန်ဆန်နိုင်ဘဲ လွှတ်လိုက်လေသည် ။

ဆိုင်ရှင် တရုတ်ကြီးသည် ဆရာတို့ စားပွဲ အနီးသို့ ရောက်ရှိလာ၏ ။ ထို့နောက် စားပွဲ ပေါ်ရှိ ရေများ ကို အဝတ် နှင့် သုတ်ပေးရင်း ပြော လိုက်သည် ။

“ မီလုပ်ပါလဲ့ ဆရာကီး ၊ စူ ကျွန်တော့် မီးမပါ ”

“ ဘာ - မင်းမိန်းမ ၊ ဘာလူ့ မိန်းမ ဖြစ်ဖြစ် ကြိုက်စရာ ကောင်းရင် လူတိုင်း က ကြိုက်မှာပဲ ၊ ငါ လဲ ကြိုက်မှာပဲ ၊ မာကြိုက်ဘူး ဆိုရင် လိမ်တာပဲ ၊ ဟောဒီ အာ ရက် သောက်ရင် မူးတယ် ၊ ဘာလူ ဖြစ်ဖြစ် မူးတယ် ၊ မာ မူးဘူး ဆိုရင် လိမ်တာပဲ ”

“ မီလုပ်ပါတဲ့ ဆရာကီး .. ၊ အရက် ကို မူးချင်မူးပါ ၊ ကျုပ် မီးမကိုတော့ မကြိုက်ပါလဲ့လေ ”

“ ဟာ - ခွေ းတရုတ် နင့်မိန်းမ ကို ကြိုက်စရာကောင်းလို့ လူတိုင်း က ကြိုက်မယ်လို့ ပြောတာ ၊ လူဆိုတာ ကြိုက်စရာ တွေ့ ရင် ကြိုက်မှာပဲ ၊ မူးစရာ တွေ့ ရင် မူးမှာပဲ ၊ မုန်းစရာ တွေ့ ရင် မုန်း မှာပဲ ၊ အဲဒါဟာ သစ္စာ ”

“ မာမုန်းနဲ့ ပြောလို့ မာရဘူး ၊ မာမူးနဲ့ ပြောလို့မာရဘူး ၊ မာကြိုက် နဲ့ ပြောလို့ မာရဘူး ၊ အာခု နင့် မိန်းမကို နင့် မိန်းမမှန်း သိလာတော့ ဒိုးလို ကောင်တွေ က ဘယ်လို ကြိုက်ကြိုက် မာလုပ်ဘူး ၊ ဘာမှ မာလုပ်ဘူး သိလား ၊ ဒို့ထက် ဆိုးတဲ့ ကောင်တွေ ကတော့ လင်မယားချင်း အာတင်း ခွဲပြီး ”

“ အကြောင်း သိရအောင် ခွဲကြည့်စမ်းပါလား ၊ ရှင့်နှမတွေ သာ အဲဒီလို အခွဲခံမှာ ၊ ကျွန်မ က ဒီလို အခွဲခံမယ့် အစားမျိုး ... ”

“ ခက်လာပဲ ၊ တီမီးမ တော်လော်ခက်တဲ့ မီးမပဲ ၊ စွားစမ်း .. နင် စွားစမ်း ၊ ဈေးစယ်ဆိုလာ ဈေးဝယ်တဲ့ လူနဲ့ ရန်မီဖြစ်ရဘူး စွား ”

နှုတ်ခမ်းထူမကလေး သည် ဘယာကြော်ပန်းကန် နှစ်ချပ်ကို ကိုင်လျက် အသားဆတ်ဆတ် တုန်နေသည် ။ ဆိုင်ရှင်တရုတ်သည် နှုတ်ခမ်းထူမကလေး ၏ ပခုံး နှစ်ဖက် ကို လက်ဖြင့် ဆွဲယူလျက် တစ်ဖက် သို့ တွန်းပို့နေ၏ ။ ဆရာ နှစ်ယောက်သည် လည်း သုရာကထိက ဆရာ ကို အတင်းဆွဲထား ကြ၏ ။ မွန်ရည်သော လူကြီး သည် ကျားပျိုမ နှင့် တူသော နှုတ်ခမ်းထူမကလေး အား ပြုံး၍ ကြည့်လိုက်သည် ။

“ ကလေးကလဲ စိတ်မဆိုးနဲ့ နော် ၊ ဆရာ ပြောတာတွေလဲ ကျွန်တော် ထောက်ခံပါတယ် ၊ အခုလဲ မူးတတ်တဲ့ အရေသောက်လို့ မူးကြရတာပဲ မဟုတ်လား … ၊ ဒါလဲ သစ္စာတရားပေါ့ ။ ကဲ - ပေါက်ဖော် အားလုံး ဘယ်လောက်ကျလဲ ”

ရယ်ရွှန်းဖတ်ရွှန်း နှင့် ပြောလိုက်သော စကားသံ ကြောင့် ဆိုင်တွင်းရှိ လူများသည် မသိမသာ ပြုံးလိုက်ကြ၏ ။ ဆရာ နှစ်ယောက် သည် သူတို့ ၏ ကထိက ကို တွဲလျက် ဆိုင်ပြင် သို့ ထွက်လာ ခဲ့ကြလေသည် ။

••••• ••••• •••••

ထိုသည်တို့ ကား ဆရာ လေးယောက် တို့ ဆိုင်ကလေး နှင့် လမ်းပြတ်လာခဲ့ရသော အကြောင်း ပင် ဖြစ်သည် ။ အတော် ကြာမြင့်ခဲ့ကြချေပြီ ။

အမှန် ဆိုရသော် ဆရာတို့ သည် ပြီးပြီးပျောက်ပျောက်သမားများ ဖြစ်ကြ၏ ။ သို့သော် ဆိုင်ရှင် နှင့် နှုတ်ခမ်းထူမကလေး အား မျက်နှာပူ နေကြလေသည် ။

သူတို့ သည် သပြေမသီး ရေမကြီးပါဘဲ နှင့် ဆိုင်ကလေး ကို လွမ်း နေကြ၏ ။ ဤသို့ လွမ်း တိုင်း လည်း သုရာကထိက အဘိဓမ္မာဆရာ အား ဝိုင်းဝန်း၍ ကြိမ်းကြ၏ ။

အဘိဓမ္မာ အဖွင့် ကောင်းခဲ့သော ဆရာကြီး သည် ဤသို့ ကြိမ်းလေ တိုင်း ခေါင်းငုံ့ခံ နေရုံမျှ တစ်ပါး အခြား နည်းလမ်း မရှိချေ ။

ယခုလည်း အရက်အဘိဓမ္မာ ဆရာ သည် ဒီ အရပ်ကို ရောက်၍ ဒီ အဖော်လေးယောက်တို့ ဆုံကြရဦးမည် ဖြစ်ပြန်သည် ။

ဆရာ သည် ဤ အပေါင်းအဖော် တို့၏ အပြစ်တင် ခံရခြင်း မှ ကင်းလွတ်အောင် ပြုလုပ် ကြံဆောင်သွားမည် ဟု စိတ်တွင်းမှ ဆုံးဖြတ်ထား၏ ။ ဆုံးဖြတ်ထားသည့် အတိုင်းလည်း ပြုလုပ် ခဲ့၏ ။

ဆရာ အဖော်များ ဆီသို့ ရောက်ရှိသွားသော အချိန်၌ အဖော်များသည် နိုင်ငံရေး အတင်း အဖျင်းများ ကို ပြောနေကြသော အချိန် ဖြစ်သည် ။

“ ကိုယ်ဖြင့် ဟေ့ .. ကာတွန်းဆရာဘထွေး ရေးတဲ့ ကာတွန်း တစ်ခု ကို မျက်စိထဲက မထွက်ဘူး ၊ ဒီဟာစား ဒီဟာယူ ၊ ဒီမှာနေ ဆိုတဲ့ ကာတွန်း ဟာ ”

ကျန်ဆရာ တို့သည် စူးစူးစိုက်စိုက် နားထောင် နေကြရာမှ မျက်လုံး ထဲ သို့ မြင်လာသည့် ပမာ ပြုံးလိုက်ကြ ကုန်သည် ။

“ ဟုတ်တာပေါ့ကွ ၊ အဲဒီတုန်း က ပြည့်တန်ဆာ ပပျောက်ရေး လုပ် နေကြတဲ့ ခေါင်းဆောင်ကြီးတွေ ဟာ နယ်အမတ်တွေ အတွက် ကြိုက်ကောင် ရှာပြီး ခေါ်ပေးတယ်လို့ သတင်း ဖြစ်လာ တာပဲ ”

“ အင်း … ကြည်ညိုဖွယ် ကောင်းတဲ့ ခေါင်းဆောင်တွေ ပေါ့ကွာ ”

ဆရာ တစ်ယောက် သည် စိတ်မချမ်းမြေ့စွာ နှင့် ပြောပြောဆိုဆို ထွီခနဲ တံတွေး ထွေးလိုက်သည် ။ 

“ အင်း ... အမတ်တွေ ကလဲ တော်တော် ကြည်ညိုဖွယ် ကောင်းရှာသားပဲကွ ”

ဆရာ တစ်ဦး က ထပ်ဆင့်၍ ဖြည့်စွက် ထောက်ခံ လိုက်သည် ။

“ ဒါတွေ စဉ်းစားရင် စိတ်ပျက်ပါတယ်ကွာ ၊ တို့ ဟာ တို့ လူညံ့တွေ ပီပီ အရက် သွား သောက်ရအောင် ”

လှည့်လာပြီ ဖြစ်ပါသည် ။ အရက်စကား တစ်ဦး က ပြောလိုက်သည် နှင့် တစ်ပြိုင်နက် သုံးယောက် သော စာရေးဆရာ တို့သည် အရက်အဘိဓမ္မာ ဖွင့်ခဲ့သော စာရေးဆရာ အား ဝိုင်းဝန်း၍ မျက်စောင်း ထိုး လိုက်ကြသည် ။

အခါတိုင်းမူ အရက်အဘိဓမ္မာဆရာ သည် ဤလိုအချိန်မျိုး၌ မှိန်မှိန်ကုပ်ကုပ်ကလေး နေမည် ဖြစ်သော်လည်း ယခုမူ မဟာဗန္ဓုလ နှင့် ဆွေမျိုးအရင်းချည်း တော်စပ် ခဲ့ သလို ခေါင်းထောင် လိုက်သည် ။

“ ဘာပြုလဲ … သောက်ချင် လည်း သွားပေါ့ ၊ လာ ... ခါတိုင်း သောက်နေကျ ဆိုင် ကို သွားမယ် ”

“ ကိုယ့်လူ ၊ ခင်ဗျား သွားရဲပေမယ့် ကျုပ်တို့ မသွားရဲဘူး ၊ မျက်နှာ ပူတယ် ၊ ကိုယ့်လူ လုပ်ထား တာကိုက ”

“ ကိစ္စ မရှိပါဘူးဗျ .. ၊ မနက် ကပဲ ကျွန်တော် ဝင်ပြီး တောင်းပန် လာခဲ့တာ ”

“ ကိုယ့်လူ တကယ်လား ... ဟုတ်မှ လုပ်ပါ ၊ ဟုတ်ရင် သွားမယ် … ”

“ ဟုတ်ပါတယ်ဗျ ၊ ကျွန်တော် ခင်ဗျားတို့ ကို မဟုတ်ဘဲနဲ့ ပြောမလား … လာပါ ”

“ ခင်ဗျား သေသေချာချာ တောင်းပန်ခဲ့ရဲ့လား ၊ လင်မယား နှစ်ယောက်လုံး ကိုလား ၊ ကောင်မလေး က ပို အရေးကြီးတယ်နော ... ”

“ ကိစ္စ မရှိပါဘူးဗျ ၊ လာကြပါ ၊ ကောင်မလေး က ရှိလဲ မရှိဘူး ၊ တောင်းပန်ဖို့ လဲ မလိုဘူး ”

“ ဟေး … ဟေး .. ဒီလို ဆိုရင်တော့ မဖြစ်ဘူး ၊ ကောင်မလေး ကို မတောင်းပန်ရသေးရင် ကျုပ်တို့ မလိုက်ဘူး ”

“ ဪ … တယ် ခက်တဲ့ ဆရာတွေ ပဲ ၊ ကောင်မလေး မရှိတော့ဘူးဗျ ၊ ခုန ခင်ဗျားတို့ ပြောနေကျတဲ့ အမတ်တွေ ဇိမ်နေကျတဲ့ အခိုက်အတန့်ကလေး မှာ ကျွန်တော်တို့ တကာတော် ရေမြေ့ရှင် ကလဲ ဇိမ်ရိုး ဇိမ်စဉ် နဲ့ မဇိမ်ဘဲ အဲဒီ ကောင်မလေး နဲ့ မှ ဇိမ်ချင်တယ် ဆိုလို့ ကောင်မလေး လှည့်ထုတ် သွားကြပြီ ၊ အခု ပြန် မလာတော့ဘူးတဲ့ ၊ သူ့ ယောက်ျား တရုတ်ကြီး က ပြောလိုက် တယ် … ၊ အခု အခွဲခံမကလေး ဖြစ်သွားပြီတဲ့ ”

ဆရာ သုံးယောက်တို့ သည် သုရာကထိက ၏ မျက်နှာ ကို ပါးစပ် အဟောင်းသား နှင့် ကြည့်နေကြလေ သတတ် ။

( စံနက်ကျော် အမည် ဖြင့် )

▣ ရန်ကုန်ဘဆွေ

📖 မြဝတီ မဂ္ဂဇင်း
      ၆/၁၁
      စက်တင်ဘာ ၊ ၁၉၅၈