Tuesday, March 8, 2022

ပန်း ရဲ့ ရိုက်ချက်


 

❝ ပန်း ရဲ့ ရိုက်ချက် ❞

မိုး က သဲသဲမဲမဲ ရွာနေတယ် ။ တစ်ဖက်ရပ် တဲကလေးပေမယ့် မဆိုးပါဘူး ။ ဖွင့်ထား တဲ့ ဘက်ပဲ မိုးရေ နည်းနည်း စဉ်တယ် ။ လေ မတိုက်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ် ။

ကျွန်တော် က တဲ အပြင်ဘက် က မိုးပြင် ကို ကြည့်နေတယ် ။ နောက်ခံ လမ်းမီးတိုင် နဲ့ ဆိုတော့ မိုးဖွားတွေ က အရောင်စုံ ထွက် နေတယ် ။ အဲဒီ မြင်ကွင်း ထဲ ကို လူ တစ်ယောက် ဝင် လာပါတယ် ။

အေးအေးဆေးဆေးပါပဲ ။ မိုး ရွာနေတာကို ဂရုစိုက်ပုံ မရဘူး ။ သိတောင် သိရဲ့ လား မပြောတတ်ဘူး ။ သူ က ဆိုင်ဘက် ကို လာနေတာ ။ ဟုတ်ပါ့ ။ ကျွန်တော် ထိုင်နေတာ အရက်ဖြူ ဆိုင် ပါပဲ ။ စွဲစွဲလမ်းလမ်းကြီး မဟုတ်ပေမယ့် မကြာမကြာ ထိုင် ဖြစ်ခဲ့ပါတယ် ။

စောစောက ပြောတဲ့ လူဟာ အရက်ဆိုင် အ၀ ရောက်တော့ ရေတွေ ကို ခါ ချပါတယ် ။ တစ်ကိုယ်လုံး ရွှဲနစ်ပြီး ရေပေါက်တွေ က  တောက်တောက် ကျနေတာကိုး ။ ထီး မပါ ဘာ မပါနဲ့  ။

သူ က ဆိုင်ထဲ ကို လှမ်းပြီး အကဲ ခတ်တယ် ။ ဆိုင် မှာ က ဘက်ထရီမီးရောင် နဲ့ ဆိုတော့ မှုန်ပျပျပေါ့ ။ ခဏ နေတော့ သူ ဟာ ကျွန်တော် ထိုင်နေတဲ့ စားပွဲဆီ ကို တန်းတန်းမတ်မတ် ကြီး လျှောက် လာလေရဲ့ ။ အနား ရောက်တော့ ကျွန်တော့် ကို ခပ်ပြုံးပြုံးစေ့စေ့ ကြည့်တယ် ။ ကြည့်ရတာ အရောတဝင် လုပ်မယ့် သဘောပဲ ။ လူ ပုံ ကတော့ သာမန်ပါ ။ အဝတ်အစား လည်း သပ်သပ်ရပ်ရပ် ရှိပါတယ် ။ အသက် က ၆၀ လောက် ရှိပါလိမ့်မယ် ။

“ ကျွန်တော် ထိုင် လို့ ရမလား ”

ပြဿနာ က စပါပြီ ။ ကျွန်တော် က တစ်ယောက်တည်း သောက်တတ်တာ ။ ဒါပေမဲ့ ကျွန်တော့် နေရာက ထောင့်ကွေး မှာ ဆိုတော့ နှစ်ယောက် ထိုင်လို့ ရတယ် ။ ဒီကိစ္စ အတွက် တွက်ကပ်စရာ မလိုပေမဲ့ သူ့ ပုံစံ က စောစော က ပြောသလို အရော ဝင်မယ့် သဘော ရှိနေတော့ စိတ်ထဲ သိပ် မသန့်လှဘူး ။ ဒါပေမဲ့ ကိုယ့် ဆိုင် မှ မဟုတ်ဘဲ ။ ခေါင်းညိတ် ပြလိုက်ရတော့ တာပေါ့ ။ သူ က ကျေးဇူးပဲ လို့ ပြောပြီး ကိုယ်ပေါ် က ရေတွေ ကို လက် နဲ့ သပ်စစ်ချရင်း မျက်နှာချင်းဆိုင် ဝင်ထိုင် လိုက်ပါတယ် ။

တစ်ခုခု ပြောချင်နေပုံ ပေမယ့် အပြော ခက်နေသလိုပဲ ။ အရက် လည်း လှမ်း မမှာဘူး ။ ဒီတော့ ကပ်တီးမူးလဲများ လားလို့ ထင်မိသေးတယ် ။ ဒါပေမဲ့ သူ့ ပုံစံက ကပ်သောက် မယ့် ပုံစံတော့ မဟုတ်ပါဘူး ။ မပြောနိုင်ဘူးလေ ။ အဝတ်အစား သပ်ရပ်ပေမဲ့ အရက် ဆာ လာ ရင် လူတွေဟာ သိက္ခာ မှ မရှိတော့တာကိုး ။ ကိုယ့် ဆီက ကပ် မသောက်ဘူးပဲ ထားဦး ။ ကျွန်တော့် မှာ တော့ စိတ် ကျဉ်းကျပ်သွားရပါပြီ ။

ခဏနေတော့ သူ က ချောင်းတစ်ချက် ဟန့်ပြီး “  စာရေးဆရာ ကိုမာယာ ဟုတ်ပါတယ်နော် ”

စိတ် ထဲ နည်းနည်း တော့ ပျော် သွားသလိုပဲ ။ ကျွန်တော် က ၀တ္ထုတိုရေးသမားပါ ။ လုံးချင်းတွေ ဘာတွေနဲ့ နာမည်ကြီး မဟုတ်ပါဘူး ။ သုံးလေးငါးလ လောက် နေမှ ၀တ္ထုတိုကလေး တစ်ပုဒ် စာမျက်နှာပေါ် ရောက်တတ်တာ မဟုတ်လား ၊ ခုလို သူ က ကျွန်တော့် ကလောင်နာမည် ကို သိနေတော့ ကျေနပ်မိတာ အမှန်ပါပဲ ။ နော့ပေမယ့် တချို့လူတွေဟာ အရက် ကပ် သောက်ဖို့ ဒီလိုပဲ ချဉ်းကပ်တတ်ကြတာကိုး ။ ပြီးတော့ ကျွန်တော့် ကို စာရေးဆရာ မှန်း သိတာက ဆိုင်ရှင် “ မွန်ကြီး ” ပဲ ရှိတယ် ။ ဒီတော့ သူ ဟာ ကျွန်တော့် အကြောင်း မွန်ကြီး ဆီက ကြားထားတာလား မသိဘူး ။ စိတ် ထဲ တထင့်ထင့် ဖြစ်နေတုန်း ။

“ မွန်ကြီး ရေ တစ်ပိုင်း ပေးကွာ ” ဆိုပြီး လှမ်းမှာ လိုက်တော့ မှ စိတ်ထဲ နည်းနည်းတော့ ဘဝင် ကျသွားတယ် ။ နော့ပေမယ့်လည်း အရက် ကပ် မသောက်တဲ့ တိုင် အပိုဆာဒါး စကားတွေ ပြောတော့မယ် ဆိုတာတော့ သိနေပါတယ် ။ စာရေးဆရာ မဟုတ်လား လို့ မေးလိုက်ကတည်းက စာဖတ်သူ တစ်ယောက် အဖြစ် နဲ့ စာအကြောင်း ပေအကြောင်း တွေ ရှည်နေရင် ခက်ပါတယ် ။ ကျွန်တော် က အရက် သောက်ရင်း လက်ဖက်ရည်ဆိုင် ထိုင်ရင်း စိတ် အပန်းဖြေချင်တာပဲ ရှိတယ် ။ မလေးနက် ချင်ဘူး ။ သူ က ရောက်လာတဲ့ အရက်ဖြူ ကို တစ်ကျိုက် နှစ်ကျိုက် သောက် လိုက်ပါတယ် ။ ပြီးမှ မထင်မှတ်တဲ့ စကား ကို ပြောပါတယ် ။

“ ဆရာလေး ဟာ မိန်းမ တစ်ယောက် က ပါး ရိုက်တာ ကို ခံရဖူးသလား ” တဲ့  ။

ကျွန်တော့် မှာ ဘယ်လိုကြီးမှန်းမသိ ဖြစ်သွားရတယ် ။ ဒီလ “  ဝတ်မှုန်ကြွေ  ” မဂ္ဂဇင်း မှာ ကျွန်တော့် ရဲ့ အချစ်ဝတ္ထု တစ်ပုဒ် ပါတယ် ။ မမ နဲ့ မောင်လေး ဇာတ်ပါ ။ အဲဒီမှာ ဇာတ်သိမ်း တော့ မမ က မောင်လေး ကို ဖျန်းခနဲ နေအောင် ပါးရိုက်ပြီး အဖြေ ပေးလိုက်တာ ကို ရေးထား ပါတယ် ။ သူ့ မေးခွန်း က ငါ့ ကို ရည်ရွယ်တာ ဖြစ်မယ် ။ သူ့ အသံ က ပါးရိုက် ခံဖူး ၊ မခံဖူး ဆိုတာ ကို စစ်ကြောချင်ဟန် ပေါ်နေတယ် ။

ပါးရိုက် မခံဖူးဘဲနဲ့ ရေး သလားလို့ များ မေးချင်တာလည်း ဖြစ်နိုင်ပါတယ် ။ သူ စ ရောက်လာကတည်း က စကား တစ်လုံးမှ မပြောခဲ့တဲ့ ကျွန်တော် ဟာ ဒီ မေးခွန်း အတွက်တော့ အဖြေ ပေးရပါတော့မယ် ။

“ ကျွန်တော့် မှာ ချစ်သူ တောင် မရှိပါဘူး ”

သူ က “ ဟက်  ” ခနဲ ရယ်တယ် ။ လှောင် တာ တော့ မဟုတ်ပါဘူး ။ ဖြစ်မှ ဖြစ်ရလေ ဆို တဲ့ အသံမျိုးပါ ။ ဒီနောက်တော့ တော်တော် ကြာအောင် ကိုယ့် အရက် ကိုယ် သောက် နေကြပါတယ် ။ သူ့ အရက်တစ်ပိုင်း ကုန်သွားတော့ ထပ် မှာပြန်တယ် ။

အဲဒီ က စပြီး သူ ကချည်း စကားတွေ ပြော တော့တာပါပဲ ။ အသက်ချင်း ကွာပေမယ့် သူ က “  ဆရာလေး ” “ ကျွန်တော် ” ဆိုတဲ့ နာမ်စားတွေ ကိုပဲ သုံးပါတယ် ။

“ ချစ်သူတောင် မရှိဖူးဘူးဆိုတဲ့ ဆရာလေး ကို ပြောရတာ တော့ အတော် ခက်တာပဲ ။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့် စကားတွေကို နားထောင်ပေးပါ ”

“ သိပ်အရှည်ကြီးတော့ မပြောနဲ့ ကွာ ” ဆိုတဲ့ အမူအရာ လုပ်ပြရပါတယ် ။

“ ကျွန်တော်တို့ လင်မယား က ငယ်လင် ငယ်မယား ပါ ။ သမီးရည်းစား အဖြစ်လည်း တစ်ယောက် ဆို တစ်ယောက်ပါ ပဲ ။ ဘာ ပြဿနာ မှ မရှိခဲ့ပါဘူး ။ ကျွန်တော့် အသက် ငါးဆယ် လောက် အထိ ပေါ့ ဗျာ ။ ခု ကျွန်တော့်အသက် ၆၀ စွန်း ပြီ ဆိုပါတော့  ”

သည် လိုဆိုတော့ ပြီးခဲ့တဲ့ ဆယ်နှစ် ကျော်ကျော်လောက် အတွင်း အိမ်ထောင်ရေး ပြဿနာတွေ ရှိခဲ့တယ် လို့ ဆိုသလိုပါပဲ ။

“ အဲဒီ နောက်ပိုင်းတော့ သူ ဟာ အေးစက်စက် နိုင်လာပါတယ် ။ သားသမီးတွေ က လည်း အရွယ် ကလေးတွေ ရ လာပြီကိုး ။ ပြောရရင် သူဟာ လူကြီး ဆန်လာတာ နည်းနည်း လွန် သလိုပဲ ၊ ချက်ရေးပြုတ်ရေး သားသမီးတွေကိစ္စ နဲ့ အချိန် ကုန်တာများ လာတယ်  ”

ဒီလိုပဲ ဖြစ်တတ်တာပဲလို့ ကျွန်တော် စကား ဝင် မထောက်ဖြစ်ပါဘူး ။

“ ကျွန်တော် က သဘော ကို သိပါတယ် ။ ဒါကြောင့် အဲဒီ အရွယ်မှာ ဒါလောက်တော့ မရင့်ကျက်သင့်ဘူးဗျာ ၊ ကျွန်တော် ကတော့ လေးဆယ်ကျော် ငါးဆယ်တွင်း ဆိုတာ မကြီးသေးပါဘူး  ”

သူ က သူ့စကား သူ သဘောကျပြီး ရယ် ပါတယ် ။

“ ပြောရရင်ဗျာ ။ အဲဒီ အရွယ်တွေမှာ အငယ်အနှောင်း ထားတတ်ကြတယ် မဟုတ်လား ။ ဒါပေမဲ့ ကျွန်တော် ကတော့ သူ့ ကို သစ္စာ မဖောက်တဲ့ အပြင် ပိုပြီးတောင် ရောရောဝင် ဝင်နေခဲ့ပါတယ် ။ ပြောရရင် ချစ်သူ လိုရော ၊ လင်မယား လိုရော ၊ သူငယ်ချင်း လိုရော ပါပဲ ”

စိတ်ထဲ ထင့်ခနဲ ဖြစ်ရတယ် ။ အဲဒီ မိန်းမ က ဖောက်ပြန်သွားလို့ လားပေါ့လေ ။

“ ဒါပေမဲ့ဗျာ ၊ ပိုပို ဆိုးလာပါတယ် ။ ကျွန်တော့် ကို ဟက်ဟက်ပက်ပက် မဆက်ဆံတော့ဘူး ။ အလုပ်ဝင် စ သမီးကြီး နဲ့  တတွဲတွဲ လုပ်နေပါရော ”

ကျွန်တော်လည်း သူ့ ဇာတ်လမ်းရိုးကြီး မဆုံးသေးတာ စိတ် မရှည်လို့ အရက်ဖြူ တစ် စိတ် ထပ်မှာ ရတယ် ။

“ အင်း ဆရာလေး လည်း ရိုးအီနေတဲ့ ဓာတ်ပြားဟောင်းကြီး နားထောင်နေရတာ ပျင်းရောပေါ့လေ ၊ ကျွန်တော် လိုရင်းပဲ ပြောပါတော့မယ်  ”

ဒီလိုတော့လည်း အလိုက် သိတတ်သားပါလား ။ ဒါပေမဲ့ သူ့ စကားကြောင့် နည်းနည်း စိတ်ဝင်စားသွားမိတာတော့ အမှန်ပါပဲ ။ ရှေ့ဆက်ပြီး ပြဿနာ ကြီးကြီးမားမား တစ်ခုတော့ ပေါ်မှာ သေချာပါပြီ ။ ကြီးကြီးမားမား မဟုတ်တောင် အလှည့်အပြောင်းလေးတော့ ရှိတန်ကောင်းပါရဲ့  ။

“ သူ ဟာ နောက်ပိုင်းမှာ ပိုပြီး အေးစက်သထက် အေးစက်လာပါတယ် ။ ကျွန်တော့် ကို အရန်လူ လို သဘော ထားပြီး သားတွေသမီးတွေ နဲ့ ပဲ တရုန်းရုန်း နေတယ် ။ စဉ်းစား ကြည့်ဗျာ ၊ ပင်ကိုက အေးစက်စက် ဆိုရင် ကလေးတွေနဲ့ လည်း အလိုက်အထိုက် ပဲ နေသင့် တာပေါ့ ။ ခုတော့ဗျာ ကျွန်တော့် မှာ အထီး ကျန်သလို ခံစားနေတယ်  ”

ဇာတ် ရှိန် ကလည်း ခုထိ မတက်သေးပါဘူး လို့ စိတ် ညစ်မိပြန်ပါတယ် ။ သူ ကတော့ အရှိန် ရလာလို့ နောက် တစ်စိတ် ထပ် မှာ ပြန်ရော ။

“ ခု နောက်ပိုင်း သားသမီးတွေ ဘွဲ့ရ အလုပ် ကိုယ်စီ ဖြစ်လာကြတော့ ပို ဆိုးတာပေါ့ဗျာ ။ ကျွန်တော် ကလည်း ပင်စင် ယူလိုက်ရပြီကိုး  ”

အဲဒီ အတွက်တော့ စာနာမိတာ အမှန်ပါပဲ ။ ပင်စင်နာ ဆိုတာ ဖြစ်နေပုံ ရပါရဲ့  ။ ဒါပေမဲ့ အဲဒါလောက်နဲ့ တော့ သူ့ ဇာတ် ကို သိမ်းလို့ မရပါဘူး ။

“  ကြားဖြတ် ပြောရဦးမယ်ဗျ ၊ ကျွန်တော့် မှာ အပြစ် ဆိုလို့ သောက်တတ်တာလေးပဲ ရှိတာပါ ။ ရမ်းရမ်းကားကားလည်း မဟုတ်ပါဘူး ။ အဲဒီ အတွက်တော့ ခဏခဏ စကားများ ရတာ အမှန်ပါပဲ ။ နော့ပေမယ့်ပေါ့ဗျာ ။ ဒီ အရက် ကိစ္စလေးနဲ့ တော့ သူဟာ ခုလောက် အေး စက်စက်ကြီး မဖြစ်သင့်ပါဘူး ၊ ခုတော့ဗျာ ”

သူ က ရောက်လာတဲ့ အရက်တစ်စိတ်ကို တစ်ခွက်တည်း မော့လိုက်ပြန်ပါတယ် ။ ပြီးတော့မှ

“ သူဟာ သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် ဆိုတာမှ ဟုတ်ရဲ့ လားလို့ တောင် ထင်ရတယ် ”

ဪ လက်စသတ်တော့ အိမ်ထောင်ရေး သုခ ကို ပြောချင် နေတာပါလား ။ ဒီအရွယ် ကြီးကျမှ လို့တော့ မထင်ရက်ပါဘူး ။ ယောက်ျား ဆိုတာက ဖွဲ တစ်ဆုပ် နိုင်ရင် သုခ ခံစားချင် တာပဲ မဟုတ်လား ။ တစ်ခု ရှိတာက သူ့ မိန်းမ ဟာ ဘယ် အရွယ်လဲ ဆိုတာ ကျွန်တော် မသိ ဘူး ။ သက်တူရွယ်တူ ဆိုရင်တော့ ဒါမျိုး စိတ် အေးသွားလောက်ပါပြီ ။ ကျွန်တော် ဖတ်ဖူး မှတ်ဖူးတာကို ပြောတာပါ ။

“ ကိုင်း ကိုင်း ဆရာလေး လည်း ပျင်း နေရော့မယ် ။ ဇာတ် သိမ်းကြပါစို့ ။ မနက်က တော့ သူ နဲ့ ကျွန်တော် အကြီးအကျယ် ရန် ဖြစ်ကြတယ် ။ အကြောင်းကတော့ မောနင်း ပက် လုပ်မိရာက စတာပါပဲ ။ ကျွန်တော် မနေ့ညက သူငယ်ချင်း အိမ် မှာ အတော်များ သွားလို့ မနက်က ဖြေတာပါဗျာ ။ အဲဒါကို ပြဿနာ လုပ်ပြီး ကျွန်တော့် ကို ပေယျာလကန် ထားခဲ့သမျှ ကို အတိုးချပြီး ရန်စွယ်ငေါငေါ လုပ်တော့တာပဲ  ”

သူ က တော်တော် သောက်နိုင်ပုံ ရပါတယ် ။ မွန်ကြီး ဆီ လှမ်းပြီး နှစ်ပက် ထပ်တောင်းပါတယ် ။

“ ခက်တာက ကျွန်တော် ပြန်လည် ခုခံပေမယ့် သားသမီးတွေ ကပါ သူ့ ဘက်က ဝိုင်းပြီး ကျွန်တော့် ကို ထိုးနှက်ကြတာပါပဲ ။ သားကြီး ဆိုရင် ကျွန်တော့် ကို မသုံးစဖူး ခင်ဗျားကြီး ဆိုပြီး သုံးတယ်ဗျာ ။ ကျွန်တော် တော်တော် စိတ် ထိခိုက်သွားတယ် ။ ဒေါသ လည်း ဖြစ် သွားတယ် ”

သူ က ဝမ်းနည်းသံ ပါသွားတာ သတိ ထားမိပုံ ရတယ် ။ စကား မဆက်သေးဘဲ ငြိမ်ပြီး တံတွေး မျိုချနေလေရဲ့  ။

“ လင်မယား ရန်ဖြစ်ပြီ ဆိုတော့ အသေးအဖွဲက အစ ငယ်ကျိုးငယ်နာတွေ ဖော်ကြ တော့တာပေါ့ဗျာ ၊ ဒီမှာ တင် ကျွန်တော် က သူ့ ကို သူ့ ရဲ့ ငယ်သူငယ်ချင်း ယောက်ျားလေး သူငယ်ချင်း ပေါ့ဗျာ ၊ အဲဒါကို သူ နဲ့ ပြန် ပေးစားမိတယ် ။ တကယ်က သူ့ ကို ဟို က ကြိုက်ခဲ့တာ ၊ သူ က ပြန် ကြိုက်ခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမဲ့ဗျာ စကားလေး တစ်ခွန်း က  ”

ဆိုပြီး နောက် ရောက်လာတဲ့ အရက်ကို တစ်ခွက်တည်း မော့ ချလိုက်ပါတယ် ။ ပြီးတော့ ဆတ်ခနဲ မတ်တတ် ထရပ်တာ ယိမ်းထိုးသွားတယ် ။ ဘာမပြော ညာမပြောနဲ့ ပြန်ဖို့ ဟန် ပြင်လိုက်ပါတယ် ။

“ အဲဒါပါပဲဗျာ ၊ ဆရာလေး မိန်းမ တစ်ယောက် ပါးရိုက်တာ ခံရဖူးသလား လို့  ”

ငိုသံပါကြီး နဲ့ ပြောပြောဆိုဆို သူ ထွက်သွားပါတယ် ။ ဝင် လာစဉ်ကအတိုင်း မိုး ရွာနေ တာကို မသိသလို လမ်းမပေါ် လျှောက်သွားပါရော ။ လူ ကတော့ ဝင်လာခါစ ကလို ပုံမှန် မဟုတ်ဘူး ပေါ့လေ ။ ယိုင်ထိုး ယိုင်ထိုးနဲ့  ။ ဒီတော့မှ ကျွန်တော့် မှာ ဆန့် တငံ့ငံ့ ဖြစ်ရပါတော့ တယ် ။ သူ ဘာ ပြေချင်တာပါလိမ့် ။ အင်း ကိုယ် ကလည်း အိမ်ထောင် မကျဖူးတော့ တွေးရ ခက်ကြီးပေါ့ ။

◾သုမောင်

📖 ကိုစံလွင် မစော

www.facebook.com/aung.naingoo.3726613

.

Monday, March 7, 2022

ပိုး


 ❝ ပိုး ❞


“ ထီ ... ထီ ”


“ ထီး ... ဗိန်  ... ထီ ”


ရွာလေးရဲ့ အနောက်ပိုင်း ဆီက ပတ်မ စမ်းသံဟာ ဖိုးတင် ရဲ့ စိတ်တွေကို ရိုးတိုးရွတ ဖြစ်အောင်ပင် အသံက လေနဲ့ အတူ လွင့်လာတယ် ။


“ ဟဲ့ မယ်ကျော့ ၊ ငါ ထမင်း မစားတော့ဘူး ။ သွားတော့မယ် ” 


“ အောင်မယ်လေး ကိုဖိုးတင် ရယ် ၊ ဆိုင်း က အဝင် ဗြောတောင် မခေါက်သေးဘူး ။ ရှင့် နှယ်လည်း လောပ ။ ကြားရတဲ့ အသံ က ဖြင့် ပတ်စာ ထိုးပြီး အသံ စမ်းနေတာပါ တော် ”


မကျော့ က မျက်စောင်း တစ်ချက် ချီကာ ခေါင်း ကို ဆတ်ခနဲ ပြန် လှည့်သွားတယ် ။ 


“ ဗြောဝင်ဝင် မဝင်ဝင် ၊ ခေါက်ခေါက် မခေါက်ခေါက် ဟာ ငါ ကိုချစ်ပန်း တို့ ကို ဆိုင်းသေတ္တာတွေ  ကူ သယ်ပေးမယ် ပြောထားတာ ။ အခုတော့ ပတ်မတောင် စမ်းနေပြီ ။ အားနာစရာ ကွာ ။ သွားပြီ ဟေ့ .. ”


အဲလို ကိုဖိုးတင် က ပြော ဖြေလေး ပြောပြီး ဖုတ်ဖက်ခါ ထွက်သွားလိုက်တာ မယ်ကျော့ ကိုတောင် တစ်ချက် လှည့်မကြည့်ဘူး ။ 


“ အဲဒီ ကိုဖိုးတင် က ဆိုင်းသံ ကြားရင် ထမင်းမေ့ ဟင်းမေ့ အစားထဲက ။ ဟင်း မပြောချင်ဘူး ”


ဆိုပြီး တဖျစ်တောက်တောက် နဲ့ ပြော လည်း ပြော ၊ မရွေးအိုး ကိုလည်း လက်တစ်ဖက်က လှော် လို့ ကျန်ခဲ့တော့တယ် ။


ooooo    ooooo   ooooo


အလှူဆိုင်း ၊ အသုဘဆိုင်း ၊ ဘုန်းကြီးပျံဆိုင်း ၊ ဘတော်ပျံဆိုင်း ၊ မယ်တော်ပျံ ဆိုင်း ၊ ဆိုင်း ဟူသမျှ ကြား တာနဲ့ နီးနီးဝေးဝေး ဖိုးတင် ရောက်ပြီးသား ။ ငယ်ငယ် က သူ့ အဖေ ပုဆိုးနှစ်ကွင်း ကို ချုပ်ရိုးကနေ ဖြဲပြီး နှစ်ထည် တစ်ထည်ပေါင်း ကန့်လန့်ကာ လုပ် ဇာတ်က , ကောင်းလို့ လိုက် ရိုက်တာ နှီးအကြောနဲ့ မိတ်ဆက်ခံရတော့ လက်သန်းလေး နည်းနည်း ကောက် နေတာဟာ ဖိုးတင် ရဲ့ အမှတ်တရ ဆို မမှားဘူးလို့ ဆိုရ မယ် ။ မျှစ်ချဉ် ထည့်ထားတဲ့ စဉ့်အိုးနှစ်လုံး ကို ထီးစ ပိတ်ပြီး ကြိုးချည် ၊ ဗုံ လုပ် တီးလို့ သူ့ အမေ ဝါးခြမ်းပြားစာ ကျွေး ရတာလည်း အကြိမ်ကြိမ် အခါခါ ။ မြို့ပေါ်က ဘုရား သုံးဆူ ဘုရားပွဲ ဆိုတာ တစ်နှစ် မှ တစ်ကြိမ် ၊ တစ်ကြိမ် ဆို ခုနစ်ရက် ၊ စည်စည်ကားကား ကျင်းပတော့လည်း ခုနစ် ရက် ၊ ခုနစ်လီ လူပျိုပေါက် မောင်ဖိုးတင် တို့က ဆင်နွှဲ မပျက် ။ ပွဲ ကြည့်တော့ ရှေ့ဆုံး က ၊ သူ့ ရှေ့မှာ ဆိုတာ ဆိုင်းဝိုင်းကြီးပဲ ရှိတော့တာ ။ ပွဲ ကြည့်တော့လည်း အများသူ ငါလို ဣန္ဒြေ ရရ ကြည့်တာ မဟုတ် ။ ဇာတ်စင် နောက် မင်းသား ၊ မင်းသမီးတွေ ၊ ဇာတ်သမတွေ နေတဲ့ အထဲ သွားလိုက် ၊ ခဏနေ ဇာတ်စင် ရှေ့ ပြန်ရောက်လာလိုက် နဲ့ ရက်ကန်း လွန်း ချည်သလို နေတော့တာ ။ ဘယ်ဇာတ်က လူ ရွှင်တော် နဲ့ ရင်းနှီးတယ် ။ ဘယ်ဇာတ် က မင်းသမီး နဲ့ ခင်တယ် ။ ဘယ်ဇာတ် က ဇာတ်ဆရာ က ဘယ်သူ ။ ဘယ်ဇာတ်က ပြဇာတ် ဒါရိုက်တာ က ဘယ်ဝါ ။ အဲ သလို ... အဲသလို ... ဖိုးတင် ဝါသနာ က ။ တစ်ခါက မြို့တော် သဘင် ဆိုတဲ့ ဇာတ် သူတို့ ရွာ ဘုန်းကြီးပျံပွဲ လာက တာ သုံးည ၊ သုံးချီ ။ နောက်ဆုံး ည ကပြီး ဇာတ်ပစ္စည်းတွေ ကားပေါ် တင် ၊ ဇာတ် ကားတွေ ရွာလယ်လမ်း က ပြန်ချိန် အထိ ဖိုးတင် အိမ်ပြန်ပေါ်မလာဘူး ။ ဖိုးတင် အမေ ဇာတ်ရုံ လိုက်ကြည့်တော့ မစင်ပုံ တထောင်းထောင်းနဲ့ နေရာ ဦးကြတဲ့ အုတ်နီခဲ အတုန်းအရုံးတွေ ၊ ဝါးငုတ်တွေ ဟို နေရာ တစ်တိုင် ၊ ဒီနေရာ တစ်တိုင် နဲ့ ရွာဆိုးရွာပျက်ကြီး ပုံစံပဲ တွေ့လိုက်ရတယ် ။ ဇာတ်စင် နဲ့ ဝါး သုံး , လေးပြန် လောက်မှာ ကွမ်းရောင်းတဲ့ လင်မယား ကုလားသေ ၊ ကုလားမော အိပ်နေကြတာ တွေ့တော့တယ် ။


“ ဟဲ့  ... မိညှက်  ...  ထပါဦးဟဲ့ ၊ ဖိုးတင် ကို ညက မတွေ့လိုက်ဘူးလား ။ ဇာတ် ကားတောင် ပြန်သွားပြီ ၊ ခုထိ အိမ် မပြန်သေးလို့တဲ့ ”


“ ဗျာ ... ဗျာ ... ကြီးတော် မကျောက်စိန်  ...  ဖိုးတင် ၊ ဘာ ... ဘာ ... ဖြစ်တယ် ”


မျက်လုံးနှစ်ဖက် ကို လက်ဖမိုးနဲ့ ယောင်ယမ်းပွတ် ပြီး ထ , လာတဲ့ လင်မယား က လည်း အိပ်မှုန်စုံမွှား ။ စကား တွေက အငေါ့ငေါ့ အထစ် ထစ် ။


“ ဖိုးတင်လား ... ကျွန် တော့်ကို ပြောသွားတယ် ။ သူ ဇာတ်အဖွဲ့ နဲ့ လိုက်သွားပြီတဲ့ ”


“ ဘာ ” 


ဒေါ်ကျောက်စိန် ရဲ့ “ ဘာ ” ဆိုတဲ့ အာမေဋိတ်သံ က အတော် ကျယ်သွားပုံရတယ် ။ အိပ်ရေးပျက် လင်မယား နှစ်ယောက် နောက်ကို စွေ့ခနဲ ခန္ဓာကိုယ်တွေက ယိုင်သွား တယ် ။


“ အမယ်လေး ... ဖိုး တင် ရယ် အတော် ကြီးပွား ချမ်းသာဦးမယ့် ကောင် ၊ နင် တော့လား ... ”


 ဆိုပြီး အပြေးတစ်ပိုင်းနဲ့ တဘက် ခေါင်းပေါ် တင် ၊ လိုက်သွားလိုက်တာ မိညှက် တို့ လင်မယားလည်း အိပ် ချင်စိတ်တွေ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း ကို မသိ တော့တာ ။ ဇာတ်ကား မောင်း သွားတဲ့ လမ်းတစ်လျှောက် မှာတော့ ဖုန်လုံးကြီးတွေ တလိမ့်လိမ့် ။ ဒေါ်ကျောက်စိန် ရင်ထဲမှာတော့ တငြိမ့်ငြိမ့် ဘယ် နေပါ့ မလဲလေ ။ ဗိန်း ဗောင်း သံတွေဟာ ဒေါ်ကျောက်စိန် ရင်ထဲ မြင်းရိုင်း သုံးဆယ် လောက် ဖြတ်ပြေးပုံ ကို နောက်ခံတေးဂီတ အသော့ နှင် တီးခတ်ပေးနေသလိုနေ မှာပါ ။


ooooo   ooooo   ooooo


မျက်နှာပေါ်က ချွေး တွေကို တဘက်နဲ့ ခပ်မြန် သုတ်ချလိုက်ပြီး ဒေါ်ကျောက်စိန် ရင်ဘတ်ကို လက်နဲ့ ခပ် ဖွဖွ ဖိလိုက်တယ် ။ အသက် ရှူသံ ခပ်ပြင်းပြင်းဟာ နိမ့် ဆင်းကျလာတော့မှ  ...  ။


“ ဖိုးတင်ရယ် နင် အဲဒီ ဇာတ်ထဲ လိုက်ပြီး မင်းသား လုပ်မလို့လား ၊ ကားဆွဲလုပ် မလို့လား ။ ဟင် ပြောစမ်း ။ နင် တော်တော် အရူးထနေပါ လား ။ ငါ တော့ သေတာ သေချင်တော့တယ် ။ ငါလိုက် ခေါ်ရတဲ့ အကြောင်း က ဆောင်းမြေပဲ သွားနုတ်နေတဲ့ နင့်အဖေ သိလို့ ကတော့ ထမ်းပိုးကျည်း နဲ့ ဆော်ခံရ မှာ ။ အမယ်လေး ဇာတ်ကား နောက် လိုက်ရတာ ဖတ်ဖတ်ကို မော သွားတာပဲ ။ ကား က လမ်း မကောင်းလို့ ဖြည်းဖြည်း မောင်း လို့သာ မီတာ ။ သွား စမ်း ၊ သောက်ရေ တစ်ခွက် ခပ်ခဲ့ ”


တရစပ် ပြောနေတဲ့ အမေ ဒေါ်ကျောက်စိန် ကို ကြည့်ပြီး ဖိုးတင် ပင် အတော် မောသွားပြီ ။ ဖိုးတင် ကတော့ ရွာ နဲ့ ခပ်လှမ်းလှမ်း ကို ရောက် သွားပြီ ဖြစ်တဲ့ ဇာတ်ကား နှစ်စီးကို လှမ်း ကြည့်နေဆဲ ။ သင်း တော့ စိတ်ငြိမ်ဆေး ကျွေးမှ ဖြစ်တော့မယ်ဆိုပြီး ဒေါ်ကျောက်စိန် စိတ် ထဲ တွေးတယ် ။ ဘယ်ဆေးရယ် ၊ ဘယ်ဝါးရယ် လို့ ဝေးဝေး ရှာ စရာ မလိုပါဘူး ။ မရွေးဖို ကို လာလာပြီး ကူညီ လှော်ခတ်ပေးနေတဲ့ မယ်ကျော့ နဲ့ ပေး စားမှလို့ ဘဝင် ခွေ့ မတတ် စိတ်ထဲက တွေးပြီး ပြုံးနေ တော့တယ် ။ ဒီကလေးမ လေးက ရိုးရိုးအေးအေး ဆိုပေမယ့် ဖိုးတင် ကိုတော့ ထိန်းကျောင်းနိုင်ပုံ ပေါ်ပါတယ် ။ သူ မနိုင်ဘူးဘဲ ထားဦး ။ တို့ လင်မယား လည်း သေ သွားသေးတာမှ မဟုတ် ဆိုပြီး သူ့ ကိုယ်သူ အား ပေးနေသေးရဲ့ ။ အဲဒီလောက် ဆိုး တဲ့ ပိုး ကို ဆေးခါးကြီး တိုက်ပစ်လိုက်မယ် ဆိုပြီး စိတ် ထဲက ကျိတ်ကြုံးဝါးနေတော့ တယ် ။ ဖိုးတင် ကတော့ နွား တွေ နဲ့ ခြံပြင် ရောက်နေတာတောင် သူ့ ပုလွေ ကျန်ခဲ့လို့  ဆိုပြီး နောက်တစ်ခေါက် အိမ်ပြန် တက်ယူပါရော ။ ဒေါ်ကျောက်စိန် ကတော့ မနက်ဖြန် အဲဒီ ပုလွေ ကို မီး ဆိုက်ပစ်မယ် လို့ ကြုံးဝါးပြီး မျက်စောင်းထိုး ကျန်ရစ်ခဲ့ တော့တယ် ။


ooooo   ooooo   ooooo


“ ရွဲ ကုန်သည် လာပြီ ဗျ xxx  ခင်နှမတို့ ဆင်သဖွယ်ရာ xxx  အသွင်လှတဲ့ ရွဲတွေပါ ဗျာ  xxx  ကြိုက်တာကို ယူကြ xxx  ခေါ်ရင် လာမယ်  xxx လာ ... မယ် ... ရွဲသည် ... ရွဲသည် ”  


ထန်းရည် မူးလာတဲ့ ဖိုးတင် ဟာ သီချင်း ကို ကပေါက်တိ ကပေါက်ချာ ဆိုပြီး အိမ် ထဲ ဒယီးဒယိုင် ဝင်လာတယ် ။ လှေကားခြေရင်းမှာ တုတ်တစ်ချောင်း နဲ့ စောင့် နေတဲ့ ဒေါ်ကျောက်စိန် ကို မယ်ကျော့ က အတင်း ဆွဲ နေရတယ် ။  


“ ဘယ့်နှယ်တော် ခြေ ငြိမ် မလားလို့ မိန်းမပေးစား လိုက်ပါတယ် ၊ သင်း က အသောက်ကလေးပါ ပါလာ တယ် ။ သင်း ငါ့ အကြောင်းကောင်းကောင်း သိရမှာပေါ့ ” 


ဆိုပြီး ရိုက်မယ်ပြုမယ်လုပ်တော့ မယား မယ်ကျော့ လည်း မနေသာ ဝင် ဆွဲရတော့တာပဲ ။ ဖိုးတင် က အဲလို ဝါသနာကြီးတာ ။ ဘယ်လိုမှ မတတ်နိုင် တဲ့ အဆုံး ဒေါ်ကျောက်စိန် သူ့ ယောက်ျား နဲ့ တိုင်ပင်ပြီး ဆိုင်းတစ်ခြမ်း ထောင်ပေး လိုက်တော့တယ် ။ အဲဒီခေတ် က တစ်ရွာ တစ်ဆိုင်း ဆိုသလို ရှိကြတာကိုး ။ ဒေါ်ကျောက်စိန် တို့ ရွာ မှာသာ ဆိုင်းဝိုင်းကြီး မပြောနဲ့ ၊ တစ်ခြမ်းပဲ့ ဆိုင်းတောင် မရှိတာလေ ။ ဖိုးတင် ကို စိတ်ငြိမ်ဆေး အဖြစ် မယ်ကျော့  နဲ့ ပေးစားလိုက်တော့ လည်း မထူးရေးချ မထူး ။ ဆိုတော့ကာ ရွာမှာ လည်း သာရေး ၊ နာရေး ဆို တခြား ရွာ က ဆိုင်း ပဲ အားကိုးနေရတာ ဆိုတော့ ရှိတဲ့ ရွှေတို ရွှေစလေးတွေ ရောင်းချပြီး  ဆိုင်းတစ်ခြမ်း ထောင်ပေးလိုက်တယ် ။ ပတ်မ ၊ စခွန့် ၊ ခြောက်လုံးပတ်ရယ် ၊ ကြေး ဝိုင်း တစ်ဝိုင်းရယ် ၊ စည်တို သုံးလုံးရယ် ၊ နှဲရယ် ၊ စည်းဝါး ရယ် ဆိုတော့ ဆိုင်းတစ်ခြမ်း စာ ဖြစ်သွားရော ။ ၆ ယောက် စာဆို အလုပ် ဖြစ်သွားရော ။ ဆိုင်းတစ်ခြမ်း ရင်းနှီးပေး လိုက်တဲ့နေ့က စလို့ ပွဲငှား မရသေးဘူး ၊ မိဘရဲ့ လယ်ယာ ကိုင်းချောင်းကို လှည့် မကြည့်တာကဘဲ တစ်လ တိတိ ကြာသွားတယ် ။ ဆိုင်း တိုက်တာ က တစ်မျိုး ၊ ဆိုင်း ကျင့်တာက တစ်ဖုံ နဲ့ ဆိုတော့ ရွာကလေးကတော့ စည်စည် ကို ဝေလို့ ။ ဟော ... ပွဲငှား ဆိုင်း ငှားရမယ် ဆိုတော့ ဖိုးတင် တို့ ရွာနဲ့ ခုနစ်မိုင်လောက် ဝေးတဲ့ ပေကုန်းရွာ မှာ ။ တီးရ မယ့် ပွဲ က နတ်ကနား ပွဲ ။ ပွဲနေ့ ထက် တစ်ရက် ဦးအောင် လှည်းတွေ နဲ့ ဆိုင်းတွေ လာ သယ်ကြတော့ ဖိုးတင့် မျက်နှာ တပြုံးပြုံး နဲ့ မှို ရတဲ့ မျက်နှာ ဆိုတာ ဖိုးတင် မျက်ခွက် သာ ကြည့်တော့လို့ အမေကျောက် စိန် ပြော ယူရတဲ့အထိ ဆိုပါ တော့ ။


ooooo   ooooo   ooooo


ကနားပွဲ ၃ ရက် ။ ၄ ရက် မြောက် နေ့မှာတော့ ရွာ ကို ဆိုင်းပစ္စည်းတွေနဲ့ သူ့အဖွဲ့ ကိုလှမောင် တို့ပဲ ရောက်လာ ကြတယ် ။ ဒေါ်ကျောက်စိန် က လှည်းတွေနောက် မျှော် ကြည့်လိုက်ပေမဲ့ ဖိုးတင် ကို မမြင်ရတော့ စိတ်ထဲ စိုးရိမ် လာတယ် ။


“ ဟဲ့  ...  လှ မောင်  ၊ ဖိုးတင်ရော ”


ပတ်မတီး လှမောင် လည်း မျက်နှာ က မရိုးမရွံ့ အောက်ချ လို့


“ ဒွေးလေး ကျောက်စိန် ရေ ... ပြော မပြောချင်တော့ ပါဘူး ။ နတ်ကနားပွဲ ဆိုတော့ ညဘက် နားတယ်လေ ။ အဲဒါ နဲ့ မြို့ပေါ်မှာ က , နေတဲ့ ဇာတ် အဖွဲ့မှာ ငါ့ အသိတွေ ရှိတယ် ။ သွား နှုတ်ဆက်ဦးမယ် ဆိုပြီး သွားလိုက်တာ ကနားပွဲ သာ ပြီးသွားတယ် သူက ပြန်ကို ပေါ်မလာတော့တာ ။ အဲဒီကို မသွားခင် ကျွန်တော့် ကို စကား တစ်ခွန်းတော့ ပြော သွားသေးတယ် ။ ငါ က ဆိုင်း တီးချင်တာ မဟုတ်ဘူး ၊ မင်းသား လုပ်ချင်တာတဲ့ ”


ပတ်မတီး ကိုလှမောင် ရဲ့ စကားလည်း ဆုံးရော ဒေါ်ကျောက်စိန် ရဲ့ ငိုကြီးချက်မ အသံဟာ ဧယင်ကျူး မင်းသမီး မာမာခင် ကတောင် အရှုံးပေး ရမလောက်ပဲလို့ အနီးအနား က လူတွေ က တီးတိုး ရေရွတ်နေကြတော့တယ် ။


“ အမယ်လေး ...  မယ်ကျော့ ရဲ့ ... နင့် ယောက်ျား ဖိုးတင် က နင့် ကို ဗိုက်တစ်လုံး နဲ့ ထားခဲ့ပြီပေါ့ ။ သင်းက လက်စသတ်တော့ မင်းသား ရူး ရူးနေတာကိုး ။ သင်း တစ် နေ့တော့ ဒုက္ခ ရောက်မယ် ။ အမယ် လေး ...  ဟီး ...  ဟီး ... ရွှတ် ”


ဒေါ်ကျောက်စိန် ရဲ့ ကျောပြင် ကို ပွတ်ပြီး အား ပေး နှစ်သိမ့်သူ က ဖိုးတင့် အဖေ လူရိုးကြီး ။


“ သူ့လမ်း သူ သွားတာပဲ ကွာ ”


ဆိုပြီး အံကြိတ်နေရှာ တယ် ။ မယ်ကျော့ ကတော့ တဘက်ကလေး နဲ့ မျက်ရည် စတွေ သိမ်းသိမ်းနေလေရဲ့ ။


“ နင်ဟာ ငါ့ သား နဲ့ ရတော့ ငါ့ သမီးပဲ ၊ ဒီမှာပဲ နေ ။ ငါ့မြေး ကို ငါ ကိုယ်တိုင်ပဲ ပြုစု မယ် ၊ ကြားလား မယ်ကျော့ ”


ငိုလက်စ ခဏ ရပ်လို့ အသံ ခပ်ပြတ်ပြတ် နဲ့ မယ်ကျော့ ကို သတိပေးတယ် ။ မယ်ကျော့ ကတော့ အဖေတို့ အမေတို့ စီမံတဲ့ အတိုင်းပဲ ဆို ပြီး ရှိုက်ရှိုက် ငိုနေလေရဲ့ ။



အိမ်နီးချင်းတွေကတော့ စိတ် မကောင်း ဖြစ်တာက လွဲလို့ ဘာကူညီနိုင်တာ ရှိမလဲလေ ။ သူ့အိမ် ကိုယ့်အိမ် အလျှိုလျှို ပြန်သွားကြတော့ တယ် ။ လူရိုးကြီး ဖိုးတင့် အဖေ က တော့ ဆိုင်းသေတ္တာ လေး ငါးလုံး အထပ်လိုက်ကြီး ကို ဓာတ်ဆီ လောင်းပြီး ပြာပုံ ဘဝ ရောက်အောင် လုပ်လိမ့်မယ် လို့ ရွာကလူတွေ ထင်မထား ကြဘူး ။ ဒါပေမဲ့ ဖိုးတင် တို့ နေတဲ့ ရွာ မှာ နှစ်လလောက် ဆိုင်း တစ်ခြမ်း ထောင်ပြီး


နောက် သုံးလမြောက် မှာ ဆိုင်းတစ်ခြမ်း ပြာပုံ ဘဝ ရောက် သွားတယ် ဆိုတာ အစဉ် အဆက် ပြောစမှတ် တွင်ခဲ့ ပါတော့တယ် ။


ooooo   ooooo   ooooo


ဒေါ်ကျောက်စိန် က တော့ မိုင်ပေါင်းများစွာ ဝေးတဲ့ ဖိုးတင် ရှိတဲ့ နေရာကို မလိုက်နိုင် သလို ဖိုးတင် ကလည်း ရွာ ကို ခြေဦးတောင် မလှည့်တာ ၅ နှစ်လောက်ပင် ကြာခဲ့ရပြီ ။ ရိုးမခြေရင်း က လှည်းလမ်း ဆုံး ၊ လှေလမ်းဆုံး ရွာ ဆိုတော့ သူတို့ရဲ့ မြို့ငယ်လေး ကိုပင် မရောက်တာ ကြာပြီ ။ ဖိုးတင် နေတဲ့ မြို့ကြီး ဆိုတာ သူတို့ အဖို့တော့ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာသလိုပ ။ ဖိုးတင် တစ်ယောက် မင်းသား ဖြစ်ပြီး ဆိုင်းသမားသမီး နဲ့ ညားတယ်လို့လည်း နားစွန် နားဖျား ကြားမိ ပါရဲ့ ။ သူ့ သွေးသားကို တောင် ယောက်ျားလား ၊ မိန်းမလား ၊ ဖြူသလား ၊ မည်းသလား သိချင်တဲ့စိတ် မရှိသူဟာ အနု ပညာ ကို ချစ်တဲ့ အနုပညာသမား တဲ့လား ။ အံ့သြမိပါရဲ့ လို့ ဒေါ်ကျောက်စိန် ကတော့ မြေးငယ် ကို မြူတိုင်း ၊ ချော့တိုင်း တွေးမိနေတော့တယ် ။ မြေးငယ်လေး ၅ နှစ် တင်းတင်း ပြည့်တဲ့ နေ့မှာ ရွာ ကို မြို့ပေါ်က စာတစ်စောင် ရောက်လာပါတယ် ။ အနုပညာသမားကြီး ၊ ဇာတ်မင်း သားကြီး သားတော်မောင် ဖိုးတင် ဆုံးရှာပြီ တဲ့ ။ ဘယ် လောက်ပဲ မုန်းမုန်း ၊ ဘယ် လောက်ပဲ ဒေါသတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ ဖိုးတင် ဟာ ဒေါ်ကျောက်စိန် ရဲ့ ရင်နှစ်သည်းချာပဲ မဟုတ်လား ။ စာ ကို ကောက် ဖတ်ပြီး ပုံ့ခနဲ လဲကျသွားတဲ့ ဒေါ်ကျောက်စိန် ကို သတိ ပြန်လည်လာအောင် မနည်း လုပ်ယူလိုက်ကြရတယ် ။ ဖိုးတင့် အဖေ ကတော့ အံကြီး ကြိတ်လို့ ။ မယ်ကျော့ မှာ အချိန်ရဲ့ တိုက်စားမှုကြောင့် လားတော့ မသိ ၊ မျက်ရည်ကျ စရာပင် မရှိတော့ ။


ooooo   ooooo   ooooo


အချိန်တွေ ကုစားသွားတော့ ဖိုးတင် ဟာ မယ်ကျော့ အတွေးထဲမှာ မရှိတော့ ။ သူ ထားရစ်ခဲ့တဲ့ ရင်သွေးလေး ကိုသာ ငယ် ကတည်းက ပြုပြင် သွန်သင်ရမယ် ဆိုတာ ကိုပဲ မယ်ကျော့ ခေါင်းထဲမှာ ထည့်ထားလိုက်တော့တယ် ။


 ဟော .. သားတော်မောင် တောင် ကျောင်း ဆင်းလာပြီ ပဲ ။ ခြံဝင်းထဲ ဝင်လာတဲ့ သားတော်မောင် က ပါးစပ် က အဆက်မပြတ် ရွတ်လာတဲ့ အသံ ၊ လက်နှစ်ဖက် ကို ပေါင်တံလေး နှစ်ဖက်အ အပေါ် ယားလို့ ကုတ်သလိုမျိုး အပေါ် ယူလိုက် ၊ အောက် ကို ချလိုက် ခေါင်းတညိတ်ညိတ် လုပ်လာ တဲ့ ဟန်ပန်ကတော့ ကို မျက်ဖြူကြီးလန်ပြီး ထိုင်ရာကနေ ခေါက်ခနဲ လဲကျသွားအောင် ဖန်တီးလိုက်ပါတော့တယ် ။


“ ရို့ xxx ရို့ xxx ဒန်တွေ ဝယ်တယ် xxx ကြေးတွေ ဝယ်တယ်xxx ရို့ xxx ရို့ xxx ဒန်တွေ ဝယ်တယ် xxx ကြေးတွေ ဝယ်တယ် xxx ရို့ xxx ရို့ ”


“ ရို့ xxx ရို့ ”


“ ရို့ xxx ရို့ ”


◾   မင်းတုန်း မောင်စိမ်းလွင်


📖  ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

      ၂၀၁၆   ၊ စက်တင်ဘာလ


www.facebook.com/aung.naingoo.3726613


.

Sunday, March 6, 2022

လူချမ်းသာ


 

       ❝ လူချမ်းသာ ❞
      
       ဖိုးတေ နှင့် အမာ တို့ လင်မယား မှာ နာမည်အလိုက် တေ လည်း တေ ၊ မာ လည်း မာ လေသည် ။ သူတို့ကို ပစ်တိုင်းထောင် လင်မယား ဟု ခေါ်ကြသည် ။ ဖိုးတေ မှာ ခပ်ငယ်ငယ် က တေပေနေခဲ့သဖြင့် အမာ နှင့် တွေ့သည့် အချိန်တွင် တစ်လ ၆ဝ ရသော ၊ ကြွေးလည်ပင်း ထိသည့် ရုံးစာရေး တစ်ဦး ဖြစ်သည် ။ အမာ မှာလည်း ကိုယ့်ထူးကိုယ့်ချွန် ရသော ရုံးစာရေးမ ဖြစ်သည် ။ သူတို့ နှစ်ဦးမှာ အလုပ် ချင်း တူ ၊ လူရည်ချင်း နတ်ဖတ် နှုတ်ခမ်းပဲ့ ချင်း မီး မှုတ်ခဲ့ကြလေသည် ။
      
       သူတို့နှစ်ဦးစလုံး ပင် မိတ်ဆွေ အသိ ပေါလှသည် ။ ချစ်ခင်သူ များလှသည် ။ ထို့ကြောင့် ဖိုးတေ နှင့် အမာ တို့သည် တိတ်တိတ်ဆိတ်ဆိတ် လက်မှတ်ထိုး လက်ထပ်ရုံလောက် နှင့် ကိစ္စပြီးမည် ကို နှစ်ဖက် မိတ်ဆွေ များက
      
         " ဘယ် ... ဒီလိုနဲ့ ပြီးမလဲ  " 
      
       ဟု ဝိုင်းဝန်းစီမံကြသည် ။ အိမ်ထောင်မှု ခမ်းနား ငွေကောက်ခံ၍ ဝယ်သူ ဝယ် ၊ ထိုင်ဆို အငြိမ့် ထည့်သူ ထည့် စသည်ဖြင့် တစ်ယောက် တစ်လက် စီမံလိုက်ကြရာ သားသားနားနား မင်္ဂလာ ဆောင်တစ်ခု ဖြစ်သွားရုံမက အခြား မိတ်ဆွေသင်္ဂဟများက လက်ဖွဲ့ကြသော အိမ်ထောင်ပစ္စည်း အဝတ်အထည်များ အမြတ် ရလိုက်သေးသည် ။ မင်္ဂလာဆောင် မှာ ပျော်ပွဲစား သကဲ့သို့ နောက်ကြ ပြောင်ကြ ပျော်စရာကြီး ဖြစ်သည် ။ သူငယ်ချင်း တွေ က အမာအား မင်္ဂလာ စကား ပြောရာတွင် ခနိုး ခနဲ့ကြသည် ။ အမာ က သတို့သမီး ပီပီ မျက်နှာ မရဲ ၍လော မသိ ၊ ထ၍ နှုတ်ခမ်းပါးကလေးနှင့် ရန် တွေ့လေသည် ။ ဖိုးတေ နှင့် အမာ တို့မှာ မင်္ဂလာဆောင် တွင် လူ က လွဲ၍ ဘာ မှ မစိုက်ရဘဲ အမြတ် ရလေသည် ။ ဖိုးတေ ကား ရုံး က ထုတ်ပေးသည့် အသပြာငွေ ၁၈ဝ ကို ကြွေးတွေ မြီတွေ ဆပ်ဖို့ စိတ် မကူးဘဲ အခွင့်ယူ၍ ထိုငွေ နှင့် မင်္ဂလာဦး ခရီးထွက် လည်ပတ် လိုက်သေး သည် ။
      
       ဖိုးတေ နှင့် အမာ တို့သည် တစ်လ လျှင် ၂ဝ ပေးရသော အခန်းကလေးတွင် အိုးအိမ်တည်ကြလေ သည် ။ ဖိုးတေ ၏ လခမှာ တစ်လ တစ်လ ကဗူလီ ကုလားကြွေး အတိုး ပေးရသည်နှင့် ကုန်လေ သည် ။ အမာ လက်ဖွာ လက်လွယ် လှသဖြင့် သူ့ ကို မှီခို တောင်းရမ်းသူ ဆွေမျိုးများ ကို သူ့ လခ နှင့် ပို့ နေရသည် ။ တစ်လ တစ်လ ကြွေး နှင့် ထွေးလုံး ရစ်ပတ်နေကြရသော်လည်း စိတ်ညစ်ခြင်း မရှိ ။ သူတို့ မောင်နှံမှာ ပျော်ကြသည် ။ ပဲရာဇာ ဟင်းချို ၊ ငါးခြောက်ဖုတ် ၊ ငရုတ်သီးထောင်း ဟင်းများကို မြိန်မြိန်ရှက်ရှက် စားသောက်ကာ ကန်တော်ကြီး လမ်းလျှောက်ကြသည် ။
      
       ရုံးအားသည့် စနေ တနင်္ဂနွေ နေ့များ တွင် အင်္ဂလိပ် ရုပ်ရှင်ရုံများ ကို လည်ပတ် ကြည့်ကြသည် ။ တစ်ခါတစ်ရံ အလွန် ဘိုင်ကျသည့် အခါများတွင် ညဉ့် ၉ နာရီ မှ ၁၂ နာရီ ပြီးသော နောက်ဆုံးပွဲ ကို အိမ် မှ လသာသာ ခြေကျင် လျှောက်လာကြသည် ။ ရုပ်ရှင်ရုံနား တွင် ပြသည့်အချိန်တွင် ရစ်သီရစ်သီ လုပ်နေကြ၍ လူ သိပ်မကျပ် သည်ရှိသော် ရှက်ကြောက်ရမည့် အသိ မတွေ့သည်ရှိသော် တစ်မတ်တန်း က လက်မှတ် ခံ၍ ဝင်ကြည့်ကြ လေသည် ။ ပွဲပြီးလျှင် ဘတ်စ်ကားခ ကုန်မည့် ပိုက်ဆံတစ်ပဲ ကို ကြံရည် နှစ်ပြားဖိုး စီ ဝယ်သောက်ကာ အေးမြသော စိတ်ဓာတ် ချမ်းမြေ့သော နှလုံး နှင့် အိမ် သို့ ပြန်ကြကုန်၏ ။
      
       သူတို့ နှစ်ဦးစလုံး ၏ မိဘဆွေမျိုးများမှာ ခေကြသူ မဟုတ်ကြပေ ။ သူတို့ကို က တေကြ ပေကြလွန်း၍ ဖြစ်သည် ။ ချမ်းသာ ၍ မိမိထံ ကျမည့် ဆွေမျိုး နှင့် ဆင်းရဲသဖြင့် မိမိ ကျရမည့် ဆွေမျိုး နှစ်မျိုးနှစ်စား တွင် သူတို့သည် ဒုတိယ အမျိုးအစားကိုသာ အသိ လုပ်ကြသည် ။ ဘယ်သူ့ကို မှ မျက်နှာငယ်ခံ အကူအညီ တောင်းခြင်း မရှိကြချေ ။ သူတို့ ညားကြပြီး ၆ လလောက် ရှိလျှင် ဖိုးတေ ၏ မိခင်ကြီး လာ ၍ သား နှင့် ချွေးမ ဘယ်လို နေကြသည်ကို ကြည့်လေသည် ။ သင်းတို့ နှစ်ဦး နေပုံထိုင်ပုံတွေ ကို အလွန် စိတ်ပျက်စွာနှင့် သူ့ မြို့သို့ ပြန်သွား ပြီးနောက် ဖိုးတေ ၏ ကြွေးများ ဆပ်ရန် ငွေ ပို့လိုက်သည် ။ နောက်ထပ် ကြွေး မတင်စေနှင့် ၊ လိမ်လိမ် မာမာ နေကြရန် စာရေးလိုက်သည် ။
      
       မကြာမီ အမာ တွင် သားဦး ယောက်ျားလေး မွေးဖွားလေသည် ။ သားကလေး မဖွားမီ တစ်လ တွင် ဖိုးတေ သည် လခ ၁၅ဝ ရသော အလုပ်တစ်ခု ကို ပြောင်းရသည် ။ သူတို့ လင်မယား အဖို့၌ အလျောက် အလျောက် ဖြစ်လာ ရမည် ဟူသော စကား မှန်လေသည် ။ ဖိုးတေ နှင့် အမာ တို့သည် အင်္ဂလိပ် ရုပ်ရှင် ကြိုက်သော ဝါသနာ အပြင် စာဖတ် ဝါသနာပါသည် ။ အားလပ်သည့် နေ့များတွင် စာအုပ် အဟောင်းဆိုင်များမှ မဂ္ဂဇင်း ဂျာနယ် စာအုပ်များ ရှာဖွေ ဝယ်ယူကြသည် ။
      
       ညဉ့်နက်သန်းခေါင် အထိ စားပွဲတင် မှန်အိမ်မီးရောင် အောက် ပက်လက်ကုလားထိုင် ပေါ်တွင် ဖိုးတေ က သူ့ သဘောတွေ့သော စာများ ကို အသံ ထွက်အောင် ဖတ်သည် ။ အမာ ကား ကြမ်းပေါ် ထိုင်ကာ ခွေးမကလေး ပမာ သူ့ ချစ်လင် ၏ ဒူးပေါ်တွင် မေးတင်လျက် နားထောင်နေသည် ။ သားသမီး ရတော့မည် ဟု သိသော အခါ ကလေး နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ ကို ဖတ်ကြလေတော့သည် ။ သားကလေး နှင့် ပတ်သက် သည့် မွေးသည့် နေ့မှာပင် မွေးသဖခင် ဖိုးတေ သည် အားရပါးရ နမ်းရှုတ်၍ ဘယ်အဖေ များ ကလေး ကို မွေးမွေးချင်း နမ်းသလဲ ဟု သူ့ သူငယ်ချင်းတွေ ကို ချဲလင့် လုပ်လိုက်သေးသည် ။
      
       သားကလေး အပါ ကို စာအုပ်များတွင် ပါသည့်အတိုင်း စနစ်တကျ မွေးရာ ရှေးလူကြီးများ ၏ ဆိုမြည် ကြိမ်းမောင်းသည့် ကြားထဲကပင် သန်မာထွားကျိုင်း လာလေသည် ။ အစားအသောက် မှာ သူဌေး သား အရာရှိကြီး သားပမာ အကောင်းအမွန်များ ကျွေးမွေးသဖြင့် ပိုက်ဆုံ ကုန်လှသော်လည်း နာမကျန်း၍ ခေါ်ရသော ဆရာဝန် နှင့် ဆေးစရိတ် ကုန်သည် နှင့် ကာမိသည် ဟု ဖိုးတေ လင်မယား က စာရင်း ချ၍ ပြသည် ။ သူတို့ တရား နှင့် သူတို့ မှန်နေကြသည် ။ နံနက်တိုင်း ဖိုးတေ သည် တရုတ် ဆိုင် က ဝယ်သော ၂ ကျပ် ၈ ပဲ တန် ကြိမ်လက်တွန်းလှည်း တွင် သူ့ သား ကို ထည့်တွန်းကာ ကန်တော်ကြီးစောင်း သွား၍ လေညင်းခံ သည် ။ ထိုအခိုက် အမာ သည် ဖိုးတေ ရုံး မသွားမီ စားရန် ထမင်း ဟင်း ပြင်ဆင်သည် ။ ဖိုးတေ ပြန်လာ စားသောက်ပြီး ရုံးသွားလျှင် အမာ နှင့် ကလေး သာ အိမ်၌ ကျန်ခဲ့သည် ။ သူတို့မှာ မရှိမရှား ဘဝတွင် ရောင့်ရဲကာ စိတ်ပျော်ရွှင်နေကြသော်လည်း အချို့ လူကြီးများ က
      
        " ရှေ့ရေး နောက်ရေး မတွေးတတ်တဲ့ ကောင်မလေး နဲ့ ကောင်ကလေး ပဲ " 
      
       ဟု ညည်းညူကြသည် ။ အချို့ ဂုဏ်ပကာသန ကိုသာ ချစ်ခင်သော မိတ်ဆွေ ၊ ဆွေမျိုးများ က အထင် သေးကြသည် ။ ဖိုးတေ နှင့် အမာ တို့ကား သူတို့၏ သာယာသော အိမ်တွင်း လောကလောက် ကိုသာ ဂရုစိုက်ကြလေသည် ။ သူတို့၏ ရွှင်လန်း ကြည်လင် သော စိတ်နှလုံးကြောင့် လူချစ်လူခင် မိတ်ဆွေ ပေါသည် ။ စိတ်သဘော တူညီသော ဆွေမျိုး များက ချစ်သည် ။ ထို့ကြောင့် မိတ်ဆွေ အတုအယောင် နှင့် ရွှေ ရှိမှ မျိုးတော်ချင် သော ဆွေမျိုးများ ကို သူတို့ ၏ မိတ်ဆွေစာရင်း တွင် ထည့် စဉ်းစားစရာ မလိုတော့ပေ ။
      
       အပါ တစ်နှစ်သား တွင် အရှေ့အာရှ ကမ္ဘာစစ်ကြီး ဖြစ်လာ၏ ။ ဖိုးတေ အမာ တို့ မိသားတစ်စု မှာ ကြောက်အား လန့်အား နှင့် ပြေးကြရာ အပြေး မတတ်ကြသဖြင့် အင်္ဂလိပ် အပြေး ၊ ဂျပန် အဝင် စစ် မြေပြင် အလယ်ခေါင် ၌ ပိတ်မိ နေကြသည် ။ အမြောက်ချက်ပေါင်း ၂၈ ချက် အပစ် ခံရသော နေ့မှာ အမာ အသက်၂၈ နှစ် ပြည့်သော နေ့ ပင် ဖြစ်သည် ။ ဘုရင်ဧကရာဇ် မွေးနေ့ မှာ သာ အမြောက်ပစ်၍ ကျင်းပနိုင်သည် မဟုတ်ပါ ။ ဒါမျိုးတော့ အမာ လည်း ကြွားနိုင်ပါသေးသည် ။
      
       မိမိ အလိုသာဖြင့် မိုက်မိုက်ကန်းကန်း သေ ချင် သေ ၊ ဘယ်မှ မပြေးဘူး ။ ဖိုးတေ စိုးရိမ်ကြီးပြီး ပြေးလို့ သာ ပစ္စည်းကုန် ၊ လူမသေရုံ ကျန်သည် ဟု ဖိုးတေ အား အမာ သည် အပြစ် တင်၍ မပြီးနိုင် ရှိလေ သည် ။ ဒါမျိုးတော့ မဆန်းလှပါ ။ ကမ္ဘာဦး အစက အာဒံ နှင့် ဧဝ တို့ ရှိခဲ့ရာ မာရန်နတ် ၏ ဖြားယောင်မှု ကြောင့် မဧဝ က သစ်သီး စားမိသော အခါ
      
        " ကိုအာဒံ ရှင့်ကြောင့် ဒီလို ဖြစ်တာ ။ ဒီနေ့မှ ရှင် က ကျွန်မ နဲ့အတူ တောလည် မလိုက်ဘဲ ဘာလို့ ချန်နေရစ် ခဲ့တာလဲ ။ ကျွန်မ တစ်ဦးတည်း ထွက်သွားလို့ ဒီလို ဖြစ်ရတာ ။ ပြီးတော့ တကယ်ဆိုရင် ရှင် ဟာ ကျွန်မ ရဲ့ လင်သခင် မဟုတ်ဘူးလား ။ ငါ မပါဘဲ ဘယ် မှ မသွားနဲ့လို့ တား ထားလိုက်ပါတော့ လား "
      
       ဟု မြည်တွန် ခဲ့သည် မဟုတ်ပါလား ။
      
       ဤသို့ မြည်တွန် တောက်တီးရင်းပင် သူတို့ မိသားစုတစ်စု ရန်ကုန် ပြန်ဆင်းလာကြသည် ။ ရှေးက သူတို့ သိသော ရန်ကုန် မဟုတ် ။ မျက်စိသူငယ် ဖြစ်နေကြသည် ။ မိတ်ဆွေ သူငယ်ချင်းများ ဆီ လည်း မကပ်ဝံ့ ။ အလိုလို ရှက်ကြောက် အားငယ်နေကြသည် ။ သူတို့ကို တွေ့သူ တစ်ဦးတလေက အမြင် မတော်၍ ကလေး မုန့်ဖိုးပဲဖိုး ပေးကြသည် ။ အလုပ်အကိုင်လည်း မရ ဖြစ်ကာ ၊ အကြံတုံး ဉာဏ်တုံး ဖြစ်နေစဉ် ဖိုးတေ ၏ ဖိနပ်ထောင်သူ သူငယ်ချင်းတစ်ဦး က ဖိနပ်များ ထုတ်ပေး၍
      
        " မင်းတို့ လောက်အောင် ယူစား ၊ ပိုတာပေး "
      
       စီမံကန်း လုပ်ပေးမှ ဖိုးတေ တို့ အသက် ဆက်မိရုံ ဖြစ်သွားသည် ။ ဖျင်တို တစ်ထွာ အသပြာတစ်ဆင့် မျှ ပေးမည့် သူ မရှိသည့် အခါတွင် ထို မိတ်ဆွေကောင်း ၏ စေတနာကို အဘယ်သူ ကျေးဇူး မတင်ဘဲ ရှိနိုင် ပါမည်နည်း ။
      
       လမ်းဘေး ပလက်ဖောင်း ပေါ်တွင် ဝါးခုနှစ်ချောင်း သက်ငယ် ခုနှစ်ပျစ်နှင့် တဲဆိုင်ကလေး ဆောက် ၊ ဖိနပ် ရောင်းချပါ သော်လည်း ကော်ပိုရေးရှင်း အမိန့်ကြောင့် တစ်ဖျက်တည်း ဖျက်နေရသဖြင့် နောက်ဆုံး၌ ပလက်ဖောင်း ပေါ်တွင် ရွက်ဖျင်းခင်း၍ ရောင်းရသည့် အဖြစ်သို့ ရောက်လေတော့ သည် ။ မိတ်ဆွေအချို့မှာ မကြည့် ရက်နိုင်ကြ ၊ ရှက်ရှာလိမ့်မည်ဟု ထင် ၍ ရှောင်သွားကြသည် ။ ထိုလူ များအချင်းချင်း ဖိုးတေ တို့အား ဘယ်လို ကူညီရမည်ကို တိုင်ပင်ကြသည် ။
      
       ဖိုးတေ နှင့် အမာ ကား ရှက်မည် ဝေးစွ ။ ဖွတ်နှစ်ကောင် ပြာရထားတွင် မွဲ မျက်နှာပြောင် သား နှင့် ကြွားကြွားဝင့်လျက်ပင် ရှိကြသည် ။
      
       သူတို့၏ ကံမှာ တစ်နေ့သော် အလှည့်ကြုံရပြန်လေသည် ။ အမာ ကို ယခင်က လုပ်ဖူးသည့် နေရာ တစ်ခုတွင် အလုပ် ပေးလာသည် ။ စင်စစ် ရခြင်းရလျှင် ဖိုးတေ အလုပ်ရခြင်းကို အမာ ပိုမို လိုလား သည် ။ ထိုအလုပ်ကို အမာ ငြင်းလိုက်သည် ။ ဈေးကလေး ရောင်း၍ မနက် ခြောက်ချက် ည ခြောက်ချက် နေရတာက ကောင်းသေး သည်ဟု အောက်မေ့လိုက်သည် ။ သို့သော်
      
        " မိအမာ ရဲ့ နင့် ကို အလုပ် နားလည်လို့ ခေါ်တာပါဟဲ့ ၊ နင် မလုပ်ရင် တို့မှာ အခက် တွေ့နေပါလိမ့် မယ် ။ တို့ကို မကူညီ တော့ဘူးလား "
      
       ဟု ပြောကြရာ ဖိုးတေ က
      
        " အားနာပါတယ် အမာ ရာ ... လုပ်လိုက်ပါကွာ ၊ ခဏ ဖြစ်ဖြစ်ပေါ့ "
      
       ဟု ကူညီ ပြောလေသည် ။ ထိုအခါ မိတ်ဆွေများ က အားတက်၍ -
      
        " ကဲပါဟာ ... နင့် အားကိုးလို့ ပြောနေတာပဲ ငြင်းမနေပါနဲ့ "
      
       ဟု ထပ်ပြောကြပြန်သည်ကို အမာ မှာ ခေါင်းညိတ်လိုက်ရပြန်သည် ။
      
        " ရှင် အားနာတတ်တာနဲ့တော့ ဒုက္ခပါပဲ ၊ ရှင့် မှာဖြင့် နေရာတကာ အားနာနေတာပဲ "
      
       ဟု ရှေ့နေ လိုက်မိသော ဖိုးတေ ကို မကျေနပ်နိုင် ဖြစ်မိပြန်သည် ။
      
       အမာ သည် ဖိုးတေ ကို အိမ်တွင် ကလေး နှင့် ထား၍ အလုပ် လုပ်ရသည်ကို မပျော်ပိုက်ချေ ။ သူ၏ မိတ်ဆွေများ အပေါ်တွင် စောင့်သိအပ်သည့် ဝတ္တရားကြောင့် အောင့်အည်းနေရလေသည် ။ ဂျပန် ဖက်ဆစ်ခေတ် တွင် အလွမ်း သင့်လျှင် သင့်သလို အလုပ်အကိုင် ပေါသည့်ခေတ်၌ အမာ သည် မတုန်မလှုပ် ကျောက်ရုပ် လုပ်နေ ခဲ့သည် ။
      
        " ညည်းနှယ်အေ ... နေနိုင်ရန် ၊ ကိုယ့်လင် အလုပ် မရှိတာများ ကြံဖန် လုပ်ပေးလိုက်ရောပေါ့ "
      
       ဟု မဲ့ရွဲ့ အပြစ်တင်နေကြလေသည် ။ ဟိုလူ သည်လူ ကပ်ရပ် တောင်းပန်သည့် အလုပ် ကို အမာ သည် လမ်းပေါ် ဈေးတောင်းချ ရောင်းရသည်ထက် ရှက်သည် ။
      
        " ဒီလို စကားမျိုး ဘယ်သူ့ကိုမှ သွားပြောလိမ့်မယ် မထင်နဲ့ ၊ မေ့ မှားလို့ ပြောမိရင် လျှာ ကို လှီးပစ် လိုက်မယ် "
      
       ဟု အမာ က ပြောသည် ။ ထိုအခါ ဖိုးတေ က
      
        " ဒီလို စကားမျိုးတော့ ဘယ်သူ့ကိုမှ မေ့မှား လို့တောင် မပြောမိပါစေနဲ့ ၊ အိမ်ကြီးရှင်မ ၊ ဒေါ်အမာရယ် "
      
       ဟု ထပ်ခါ တလဲလဲ သတိပေးရလေသည် ။ ဖိုးတေ သည် မကြာမီ ဘယ်သူ့မှ မကပ်ရဘဲ နှင့်ပင် အလုပ် တစ်ခု ရရာ အမာ လည်း အလုပ် က ထွက်လိုက်လေသည် ။
      
       ဂျပန်ခေတ် တစ်ခေတ်လုံး လခစား အလုပ် က လွဲ၍ မလုပ် မကိုင်တတ်သော ဖိုးတေ နှင့် အမာ တို့မှာ ဆီ ၊ ကြက်သွန် မပါသော ဟင်း ထမင်းကို လည်ချောင်း မြေလှန် စုံကန်မျှောခဲ့ကြသည် ။ အဝတ် အစားမှာ အစုတ်စုတ် ဖြစ်၍ ကူလီ လောက်မှ မပြောင်တော့ချေ ။ သားကလေး အပါ မှာ စောင် ၊ စားပွဲခင်းများကို ချုပ်ထားသော အင်္ကျီနှင့် နေပူ မိုးရွာမရှောင် ဖိနပ် မပါဘဲ သွားတော့သည် ။ ငယ်ငယ် က ကရင်းကရိုက်ကားစ် ၊ ဂိုလ်ဒင်ပတ်ဖ် တွေ ကျွေးလာခဲ့သော်လည်း ယခုအခါ ဖွဲနုမုန့် မရွေး ဘိန်းမုန့် တို့ကို အဆာ ပြေရုံ စားရသည် ။ နံနက်စောစော တွင် ဘိန်းမုန့်ပူပူ ကို ဟိုလက် သည်လက် ပြောင်း ရင်း
      
        " ဘိန်းမုန့် ... ဘီးမုန့် ... ဘီးညန်း ...  "
      
       ဟု ကလေး ဘာဝ သီချင်းလုပ် ဆိုနေသော အပါကလေး ကို မြင်ရလျှင် အဘယ် မိဘ ၏ စိတ်နှလုံး မထိခိုက်ဘဲ ရှိပါမည်နည်း ။ ဂျပန် ပြေးမည့် နှစ် ဆောင်းတွင်း မှာ အလွန် ချမ်းလှသည် ။ အိမ် မလုံမခြုံ တွင် လေတွေက တဟူးဟူး ၊ နှင်းတွေက တပေါက်ပေါက် နှင့် ၊ တစ်ညတွင် အပါကလေး မှာ ပြာမဲ တုန်ချိနေသည် ။ ဘာလုပ်ရမှန်း မသိ ယောင်နန ဖြစ်နေကြပြီးမှ သတိရ၍ အမာ က ထင်းမီးများ ထည့်ကာ နွေးစေမှ ကလေး အပူအငွေ့ ဝင်လာတော့ သည် ။ ကဲ ... နှိပ်စက်လိုက်စမ်းဟဲ့ ... လောကဓံ ၊ နင် ပဲ နှိပ်စက်နိုင်မလား ၊ တို့ပဲ ခံနိုင်မလား ... ဟု အမာက အန်တု ကြုံးဝါးခဲ့သည် ။
      
       ကိုရွှေဂျပန်များ ကြွကြပြီ ။ ဖိုးတေ နှင့် အမာ တို့ ကံမှာ ပြောင်လာလေသည် ။ အင်္ဂလိပ် ပြန်ဝင် မှ သူတို့၏ ပညာ အစွမ်းအစ ကလေး နှင့် ကြံစည်သော ကိစ္စများမှာ အထမြောက်စပြုလာသည် ။ အပါ ကလေးကို ကျောင်းထား ရပြီ ။
      
        " အမာရေ ... တို့များ ဒီသားလေး တစ်ယောက် တည်း ရှိတာလည်း တစ်မျိုး ကံကောင်းတာပဲ ။ ကလေးတွေ များနေရင် သာဆိုးမယ် ။ လူမစွမ်း နတ်မတာ လိုပေါ့ " 
      
       ဟု ဖိုးတေ က ပြောရာ အမာ က
      
        " အစစ်ပေါ့ ကိုဖိုးတေ ... စစ်အတွင်း သူများတွေ ဟော တစ်ယောက် ၊ ဟော တစ်ယောက် မွေးနေကြ တာ ၊ အမာ ဒီ တစ်ယောက်နဲ့ ရပ်တန်းက ရပ်နေတာ အမာ ဖြင့် ဝမ်းသာလို့ မဆုံးဘူး ၊ အမာ တို့ သိပ် ကံကောင်း တာပဲနော် "
      
       ဟု သူတို့ လင်မယားမှာ ဝမ်းသာစရာ မရှိ ကြံဖန် ဝမ်းသာနေကြလေသည် ။ ဂျပန်ခေတ် တွင် အဆိုး တကာ့ အဆိုးဆုံး များ တွေ့ရပြီသော ဖိုးတေ နှင့် အမာ မှာ ဘယ် အဖြစ်မျိုး ရောက်ရောက် ကိစ္စ မရှိ ဟု အောက်မေ့ နေကြသည် ။
      
       ဖိုးတေ နှင့် အမာ တို့သည် စစ် မဖြစ်မီ အချိုးအတိုင်း ရုပ်ရှင်ကလေး ကြည့်လိုက် ၊ စာအုပ်အဟောင်း ဆိုင်သွား စာအုပ် တွေ ဝယ်လာ ၊ အိမ်ကျ တစ်ယောက်တလဲ ဖတ်လိုက် ၊ သားကလေး အပါ တွတ်တီးတွတ်တာ ပြောသည် ကို သဘောတွေ့ ပျော်နေလိုက် ။ သူတို့ဘဝ နှင့် သူတို့ ကျေနပ်နေကြ ပြန်လေသည် ။
      
       လင်မယားနှစ်ယောက် အချိန်တန် အလုပ်သွား အိမ်ပြန် ။ အားသည့်နေ့ အိမ်တွင် စာဖတ်ချင်း ဖတ် ၊ ဂိုင်ဖော သည့်နေ့ ဆိုလျှင် ရုပ်ရှင် ကြည့်၍ သူတို့ ရ တတ်သမျှနှင့် နေကြသည် ။ အလုပ်ရာထူး တိုးတက်ဖို့ စိတ် မပူပန်ရုံမက တစ်ခါတစ်ရံ လူလျှော့ အလုပ်ဖြုတ်ပစ်မည် ကိုပင် ဂရုမစိုက်ဘဲ တစ်ဦး အလုပ်မရှိ တော့လည်း တစ်ဦး အလုပ် ရှိသေးတာပဲ ။  ရတတ်သမျှနှင့် လောက်အောင် နေပေါ့ ဟု ခပ်အေးအေး နေကြသည် ။ သူတို့ကား အပြင် လောကကို ဂရုမပြုဘဲ နေခဲ့ရာ ၊ တစ်နေ့သော် သူတို့ မမျှော်လင့်သော အဖြစ်အပျက် တစ်ခု တွေ့ရသည် ။
      
       သတင်းစာများတွင် ဦးဖိုးတေ ဆိုသူ မင်းကြီး ရာထူး ရကြောင်း ပါလေသည် ။ ထိုအခါ
      
        " အမာ့ ယောက်ျား ကိုဖိုးတေ ဖြစ်မှာပေါ့ကွ ။ ဝန်ကြီး ဦးဟိုသင်း ရဲ့ ယောက်ဖ ရဲ့ မယားပါ သားနဲ့ ကြိုက်ဖူးတဲ့ ကောင်မလေး အိမ်က ခွေး က ကိုဖိုးတေ ကို ကိုက်ဖူးသေးတာပဲ "
      
       စသဖြင့် ထင်ကြေးပေးကြလေသည် ။ လာရောက် မေးမြန်းသူများကို ဖြေရလွန်းသဖြင့်
      
        " ကိုဖိုးတေ ရေ ... သတင်းစာကနေပြီး ဖြေရှင်းရပုံ ပေါ်နေပြီ "
      
       ဟု အမာ က ညည်းလေသည် ။ ခင်မင်သော မိတ်ဆွေများ က ဝမ်းသာကြသည် ။ အစက အထင် အမြင် သေးနေကြသူများက မနာလိုစိတ် မကင်းစွာနှင့်ပင် အရေးတယူ ခေါ်ပြောလုပ်ကြသည် ။ အမျိုးတော်သည့် အဒေါ်ကြီးတစ်ဦး သည် ရှေး က ဖုတ်လေသည့် ငါးပိ ရှိလေသည် ဟု မအောက်မေ့ ခဲ့သော်လည်း ယခုအခါ အရေးတယူ လုပ်ကာ ဘယ် အကူအညီ ပေးရမည် စသဖြင့် မေးမြန်းဖော် ရလေသည် ။
      
        " မင်းကြီး ဖြစ်လို့ တို့ အိမ်တောင် လာ မလည်ဘူး "
      
       ဟု ပြောမှ ဖိုးတေ နှင့် အမာ မှာ မဟုတ်ကြောင်း ရှင်းရ ပြန်သည် ။
      
        " မသိပေါင်တော် ... တို့က ဝန်ကြီးဦးဟိုဒင်း ရဲ့ ယောက်ဖ ရဲ့ မယားပါ သား နဲ့ ကြိုက်ဖူးတဲ့ ကောင်မလေးအိမ်က ခွေးက  ဖိုးတေ ကို ကိုက်ဖူး သေးတာမို့ ဟုတ်မှာပဲ ထင်လိုက်တယ် ။ မင်းတို့ကလည်း ဒီလို လူကြီးတွေဆီ သွားပြုတွေ့ ပါလား ။ ဒီလိုနေလို့ ဘယ်ဖြစ် မလဲ "
      
       ဟု အကြံပေး ဆုံးမ စကားပြောသွားလေသည် ။ အမာ မှာ လက်နှစ်ဖက်နှင့် ရင်ဘတ်ကို ဇာတ်ဟန် နှင့် ခတ်တီး ကာ
      
        " ခက်မှ ခက်ရလေနော် ၊ ကိုယ့်ဘာသာ ကိုယ့်ဘဝ နှင့် ပျော်ပျော် နေလည်း မနေရသေးဘူး ။ မင်းကြီး ဖြစ်မှ ခေါ်ချင် တဲ့ မိတ်ဆွေ ဆွေမျိုးတွေကို ငဲ့ညှာပြီး ဟိုလူ ဒီလူတွေဆီ သွားပြီး ကယ်မပါ ၊ ကြည့်ရှု ပါနှင့် မွဲသွေ့သွေ့မျက်နှာ နဲ့ အောက်ကျခံ ပြောရဦးမယ်လို့ ဖြစ်နေပြီ ကိုဖိုးတေ "
      
       ဟု ပြောရာ ဖိုးတေက
      
        " သူတို့ မခေါ်ချင်လည်း နေပေါ့ကွ ၊ ဘာဆိုင်လဲ ... ဘာလို့ အောက်ကျခံပြီး ပြောရမလဲ " ဟု ဆိုလိုက်လေသည် ။
      
        " မဖြစ်ဘူး ... မင်းကြီး မဟုတ်တာနဲ့ ကိုဖိုးတေကို အမျိုးရယ်လို့ စကားထဲ ထည့်ပြောရမှာ ရှက်ရှာ တဲ့ သူတွေ သနားလွန်း လို့ပါ ။ ဖြစ်မှဖြစ်ရလေ ။ သူတို့မှာ အမာ တို့ လင်မယား အတွက် အတော် မျက်နှာငယ် ၊ ဂုဏ်ငယ် နေရှာတော့မှာပဲ ၊ သနားလိုက်ပါဘိတော့တယ် ။ ကျွတ် ... ကျွတ် ... ကျွတ် "
      
       ဟု သောလုံးထုတ် နေပြန်သည် ။
      
       အမာ သည် လောကကြီးတစ်ခုလုံး ကို လက်ပိုက် ရပ်ကြည့်ကာ သရော်ရယ်မောလေတော့သည် ။ ဖိုးတေ ကား ဆေးလိပ် ကို ခဲလျက် သူ့ ဇနီး နှင့် လောကကြီး စစ်ပြိုင်နေပုံကို ရွှင်ပြုံးစွာ စောင့်ကြည့် နေလေသည် ။
      
       သူတို့၏ အသက်များမှာ မငယ်ကြတော့ပြီ ။ သုံးဆယ် က စွန်းထွက်လာလေပြီ ။ ထို့ကြောင့် ဖိုးတေ နှင့် အမာ နှစ်ဦးစလုံးပင် သူတို့၏ ကိုယ်ခန္ဓာမှ နှုတ်ဆက် ထွက်ခွာစပြုနေသော အရွယ် နုနယ် ပျိုမျစ်ခြင်းကို တတ်နိုင်သ၍ ဆိုင်းငံ့အောင် ကြိုးစားကြသည် ။ သူတို့သည် ရှေးကထက် ပို၍ အဝတ် အစား ကို ပို ဂရုစိုက် တတ်သည် ။ အမာ သည် သူ့ အရွယ်နှင့် လိုက်အောင် ဆံပင် မမောက်တမောက် ကလေး စသည်တို့ဖြင့် ပြုပြင်လာသည် ။  " စိတ်ပျိုကိုယ်နု "  ဝါဒ ကို လက်သပ်မွေးကာ သူ တို့ ကိုယ် သူတို့ ပျော် လည်း ပျော် ၊ နု လည်း နုအောင် လုပ်နေကြသည် ။ အသက် ၄ဝ အရွယ် နီးလာပြီ ဖြစ်၍ မက်ဆေး ခြယ်နေကြဟန် တူသည် ။
      
       ဖိုးတေ နှင့် အမာ တို့မှာ ဤသို့ ပျော်ပျော် နေတတ်သလို နေကြသည့်အတွက် မမျှော်လင့်သော စကားများ ကြားရသည် ။
      
        " ဖိုးတေ နဲ့ အမာ တော့ နှစ်ယောက်စလုံး အလုပ် လုပ် ၊ ကလေးကလည်း တစ်ယောက်တည်း သိပ် ပိုက်ဆံတွေ စု မိမှာပဲ ။ သူတို့ နေတာ ကြည့်ပါလား "
      
       ဟူ၍ တစ်မျိုး ။
      
        " သူတို့ လင်မယား ရာထူးတွေ ဘာတွေ ရအောင် ဘယ်ကြံမလဲ ၊ အခု သူတို့နှစ်ယောက်စလုံး လုပ်စာနဲ့ သုံးမှ မကုန်ဘဲ "
      
        ဟူ၍ တစ်ဖုံ ။
      
        " ခင်ဗျားတို့တော့ သိပ် ဟန်ကျနေတာပဲ "
      
       စသဖြင့် သူတို့အား တိုက်ရိုက်လည်း ပြောကြသေးသည် ။
      
       ဤကဲ့သို့  အချောင် အထင်ကြီး ခံနေရသည်ကို ဖိုးတေ က ရယ်သည် ။ အမာ ကား စိတ်တိုမိသည် ။
      
        " ရှင် ကတော့ ရယ်နေ ၊ အဲဒါက အချောင် ဓားပြရိုက် ခံရမယ့် အပေါက် ။ လူတွေ့တိုင်း ဒါမျိုးချည်း အမေး ခံ နေရာတာ ရှင် သွားလေရာ သတိ နဲ့ သာ သွားပေတော့ "
      
       ဟု ဒေါ နှင့် မော နှင့် အမာ က ရယ်ဖွယ်နှောသည့် အခါ နှောလေသည် ။
      
       ဖိုးတေ တို့ လင်မယား မှာ စေတနာ့ဝန်ထမ်း အလုပ်တွေနှင့် အားရသည် မရှိ ။ တဖားဖား နေရသည် ကို အပျော်ကြီး ပျော်နေရသဖြင့် မကောင်းသော စိတ်များအတွက် သူတို့မှာ အချိန် မရှိ ။ ဤသို့ နေရ ခြင်း သည်ပင် သူတို့အတွက် ကောင်းမှုကုသိုလ် တစ်ရပ် မဟုတ်ပါလော ။
      
       တစ်နေ့လုံး ခြေကုန်လက်ပန်း ကျ၍ လာရာမှ ဖိုးတေ နှင့် အမာ တို့သည် ရေမိုးချိုး အဝတ်အစားသန့် များ လဲခြင်းဖြင့် စိတ်ရာလူပါ လန်းဆန်းစေပြီးလျှင် သားကလေး အပါ နှင့်အတူ တံခါးဝတွင် ထိုင် ကာ  လမင်းကြီး ကို ကြည့်ရင်း စကား ပြောနေကြသည် ။ အပါလေး မှာ စကားများရင်း ဖိုးတေ ၏ ပေါင် ကို ခေါင်းအုံးကာ အိပ်ပျော်သွားပြီ ။ တစ်နေ့လုံး ဘယ်ရောက် ၊ ဘာလုပ် ၊ ဘယ်သူနှင့် တွေ့ စသည့် အာလာပသလ္လာပများ မှာ စကား အမျှင် မပြတ်နိုင်ဘဲ ရှိစဉ် ကောင်းကင်ယံမှ ကြယ်ကလေး တစ်ခု ကြွေကျသည်ကို မြင်သော ဖိုးတေ က
      
        " အမာရေ ... ဟောဟိုမှာ မြင်ရဲ့လား ၊ လိုတဲ့ဆုကို တောင်းလိုက် မြန်မြန်တောင်းလိုက် " 
      
       ဟု ပြောလျှင် အမာ သည် စဉ်းစား မနေဘဲ
      
        " ကျွန်မ ယနေ့ ယခု စိတ်ချမ်းသာခြင်း ကို တစ်သက်လုံး စိတ်ချမ်းသာရာ ရပါစေသတည်း "
      
       ဟု သူတို့ လက်ရှိ  " လူချမ်းသာ "  ဘဝ ၏ တည်မြဲမှု ကိုသာ ပတ္ထနာ ပြုလိုက်လေသတည်း ။
      
◾ဒေါ်ခင်မျိုးချစ်
      
📖 တိုင်းရင်းသူမဂ္ဂဇင်း ၊ အတွဲ -၂ ၊ အမှတ် - ၆
      
       www.facebook.com/aung.naingoo.3726613
      
       .

Saturday, March 5, 2022

မြေ မလျှိုးပေမဲ့ မိုးပျံတဲ့ ငတေ


 ❝ မြေ မလျှိုးပေမဲ့ မိုးပျံတဲ့ ငတေ ❞


ကျွန်ုပ်တို့ ရွာသူရွာသားများ သည် ကန်ရေ ကိုသာ သောက်သုံးကြသည် ။ ထို့ကြောင့် မိုးခေါင်သော နှစ် ၊ သင်္ကြန်လက်ဆေးမိုးလည်း မရွာ ။ တန်ခူး ၊ ကဆုန်လများမှာလည်း မိုး မရွာသော နှစ် ဆိုလျှင် ရွာသူရွာသားများ မှာ ရေ အခက်အခဲနှင့် ကြုံကြရသည် ။


ထိုအခါ  " မောင် "   ဟုခေါ်သော တောင်အောက် စမ်းပေါက်တစ်ခု ကို တူးဖော်၍ ရေတွင်း ပြုလုပ်ကြကာ သုံးရေ ၊ သောက်ရေများ ကို ထို ရေတွင်း မှ ပင် ခပ်သုံးကြရသည် ။ ထို ရေတွင်း မှာ ရွာနှင့် ခြေကျင် ဆယ့်ငါးမိနစ် ခန့် ဝေး၏ ။


တောတန်းလေး တစ်ခု ကိုလည်း ရေခပ် သွား သူတိုင်း ဖြတ်သွားကြရသည် ။ သို့သော် အိမ်ခြေ တစ်ရာနီးပါး ရှိသော ရွာသူရွာသားများ အတွက် ထို ရေတွင်း တစ်တွင်း မှ ရေ သည် လောက်လောက်ငင မရှိကြ ။ ထိုအခါ ရေ ကို အလှည့်ကျ တန်းစီ စောင့်၍ ခပ်ကြရသည် ။ ဦးဆုံး ရေတွင်းနား ရောက်လာသူ သည် ရေတွင်း နှုတ်ခမ်းနား တွင် စမ်းပေါက်ရေတွင်း ထဲမှ ရေတစ်အိုးစာ ကို ခပ်ယူရန် ရေအိုး ကို ချ ထားရသည် ။ ထို ရေအိုး နောက်တွင် နောက် မှ ရောက်လာသူများ က တန်းစီ၍ ရေ ကို အလှည့်ကျ စောင့် ခပ်ကြရလေသည် ။


သည်လိုနှင့် ရေ ရှားသော နှစ် တစ်နှစ် တွင် ဖြစ်သည် ။ ရွာ နှင့် အနီးအနား တွင် တခြား စမ်းပေါက် ရေတွင်း ဆို၍လည်း တစ်တွင်းမှ မရှိရာ ထို တစ်တွင်းတည်းသော စမ်းပေါက်ရေတွင်း ၌ပင် ရွာသူရွာသား အားလုံး တို့မှာ ရေ ကို စောင့် ခပ်နေကြရသည် ။ ထို စမ်းပေါက်ရေတွင်း ရှိရာ နေရာမှာ တောင်ခြေရင်းအောက် ဖြစ်သဖြင့် ကျား ၊ စသည့် သားရဲ တိရစ္ဆာန်များလည်း ပေါ သည် ။


လူ တွေ ရေရှားသလို စမ်းဖျား စမ်းချောင်းတို့ ၌လည်း ရေခန်းသွားရာ တစ်ခါတစ်ခါ ရွာသူရွာသားများမှာ ရေခပ်သွားရင်း ရေသောက်လာသော ကျား ၊ ဝံ တို့ နှင့်လည်း တွေ့တတ်ကြသည် ။


ထို့ကြောင့် မိန်းမများ ဆိုလျှင် နေစောင်းညချမ်း ၌ စမ်းရေတွင်းထဲ တစ်ဦးကောင်း ၊ တစ်ယောက်ကောင်း မသွားရဲကြဘဲ သုံးယောက် တစ်စု ၊ လေးယောက် တစ်စု သာ သွားရဲကြသည် ။ ည ၌ မူ ရေခပ်သူ နည်းသဖြင့် ရေခပ်လှည့် မြန်မြန် ကျတတ်သဖြင့် ယောက်ျားသားများ ကတော့ ည ရှစ်နာရီ ၊ ကိုးနာရီ ထိလည်း သွားခပ်လေ့ ရှိကြသည် ။


သည်လိုနှင့် ကဆုန်လ ၏ လမိုက်ည တစ်ညတွင် ဦးကြာပန်း အပါအဝင် ကျွန်ုပ်တို့ ရွာသား လေးငါးယောက် သည် တောင်ခြေ စမ်းပေါက်ရေတွင်း ၌ ရေ စောင့်ခပ်ရန် ညရှစ်နာရီလောက် တွင် ထွေရာလေးပါး စကား ပြော၍ ထိုင် စောင့်နေကြသည် ။


ထိုအချိန်မှာပင် သူတော်ငတေ သည် စမ်းပေါက်ရေတွင်းများ သို့ ရောက်လာ၏ ။ ထိုအခါ ရေခပ်ရန် စောင့်နေကြသူများထဲတွင် အသက်အရွယ် အကြီးဆုံး ဖြစ်သူ ဦးကြာပန်း က  " ဦးသူတော် ဘယ်လို လာလဲ "   ဟု အလောသုံးဆယ် အံ့ဩသလို မေးလိုက်သည် ။


အမှန်က ဦးကြာပန်း မှာ သူတော်ငတေ နှင့် ငယ်ငယ် ကပင် ရန်ဖြစ်ဖက် ၊ တစ်ယောက်နှင့် တစ်ယောက်လည်း တစောင်းစေး နှင့် မျက်ချေးပမာ ဖြစ်ကြလေရာ  " ဦးသူတော် ဘယ်ကလာလဲ ၊ ဘယ်ကိုလာလဲ ၊ ဘာကိစ္စလာလဲ "  ဟုမေးရမည့်အစား အချိန်မတော် အခါမတော် သွားချင်တာ သွား ၊ လာချင်တာ လာ ၊ နေချင်သလို နေ နေသော သူတော်ငတေ ကို ယခုလည်း အမြင်ကတ်ကတ် နှင့်  " ဦးသူတော် ဘယ်လို လာလဲ "  ဟု စကားမှားပြီး မေးမိလိုက်၏ ။


ဤသည်ကိုပင် သူတော်ငတေ က လည်း အထအန ကောက်ကာ  "  ဘယ်လို လာမလဲဗျ ၊ မိုးပေါ် က ပျံလာတာပေါ့ "  


ဟု ခွပြောလိုက်သည် ။


သူတော်ငတေ နှင့် မတည့်သူ ဦးကြာပန်း ကလည်း သူ့ စကား အမေးမှား လောသွားသည်ကို သတိမရဘဲ သူ့ ကို သက်သက် ခွပြောသည်ဟု ထင်ကာ ..  "  ဪ မိုးပေါ်ကတောင် ပျံလာနိုင်ပြီ ဆိုတော့ ခင်ဗျား ဈာန်ရနေပြီပေါ့ ။ ရဟန္တာ ဖြစ်နေပြီပေါ့  "   ဟု ပြောလိုက်သည် ။ 


 "  ကျုပ် က ခင်ဗျားကို ရဟန္တာ ဖြစ်နေပြီလို့ ပြောသေးလို့လား "  


 "  ဦးသူတော် ပဲ မိုးပေါ်က ပျံလာတာဆို "  


 "  ဟ မိုးပေါ်ပျံနိုင်တိုင်း ရဟန္တာ ဖြစ်ပြီလို့ ခင်ဗျား ကို ဘယ်သူက ပြောလဲ "  


 "  ကျုပ်တို့ ကြားဖူးတာကတော့ ရဟန္တာတွေ မှ ဈာန်ပျံနိုင်တယ်လေ "  


 "  ဒါဆို မိုးပေါ် ပျံနေတဲ့ ငှက်တွေ ရဟန္တာတွေလား "  


 "  အဲဒါက ငှက်ပဲဗျ ။ လူ က မိုးပေါ်ပျံနိုင်တယ် ဆိုရင် ဈာန်ရလို့ပေါ့ "  


 "  ဈာန် ရတာနဲ့ ရဟန္တာ ဖြစ်တာနဲ့ တခြားစီပဲ ။ ခင်ဗျား မသေမချင်း ပျဉ်းကြမ်းညပ်အောင် မှတ်သား ။ မိုးပေါ်ပျံရုံနဲ့ ရဟန္တာ မဖြစ်ဘူး ။ ရဟန္တာအရှင်မြတ်များကလည်း ခင်ဗျားတို့ကို မိုးပေါ် ပျံမပြဘူး ။ ရဟန္တာ အရှင် "  


 "  သူတော် ကသာ ပျံပြနိုင်တယ် ဆိုတဲ့ သဘော လား  "  


သူတော်ငတေ ၏ စကားအဆုံး ကို ပင် မစောင့်ဘဲ ဦးကြာပန်း ကလည်း တမင် အရွဲ့တိုက် မေးလိုက်၏ ။


 "  ဟုတ်တယ် ၊ ကျုပ် မိုးပေါ် ပျံ ပြနိုင်တယ် ။ မိုးပေါ် ပျံ ပြတာ ဘာ ခက်တာမှတ်လို့ "  


သူတော်ငတေ ကလည်း ခပ်တည်တည်ပင် သူ မိုးပေါ် ပျံ ပြနိုင်သည်ဟု ပြောလိုက်၏ ။


ထိုအခါမှာတော့ စမ်းပေါက်တွင် ရေလာ စောင့် ခပ်နေကြသူ အားလုံးက လမိုက်ညထဲမှာ သူတော်ငတေ ကို ဝိုင်း ကြည့်လိုက်ကြ၏ ။


သူတို့ ဝိုင်း ကြည့်ကြမည် ဆိုက လည်း ကြည့်စရာပင် ။ သူတော်ငတေ မှာ သူတို့ ရွာတွင် သာမက ရွာ နီး ချုပ်စပ် တစ်ဝိုက်၌ပင် ဆေးဝါး ၊ မန္တရား ၊ အင်း ၊ အိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့ အစွမ်းထက်သူ အဖြစ် အသိအမှတ် ပြု ထားကြရာ ယခုလည်း သူ ပြောသလို တကယ်များ မိုးပေါ်က ပျံ လာပြီး စမ်းပေါက် ကို ရောက်လာလေသလား ဟု ထင်သွားကြလေသည် ။


ထိုအခါ ဦးကြာပန်း က ...


 "  ဦးသူတော် ၊ ခင်ဗျား တကယ် ပျံပြနိုင်သလား "  


ဟု ထပ်မေးလိုက်၏ ။


 "  ပျံနိုင်ပါတယ် ဆို ခင်ဗျား ကို ကျုပ် ဘယ်နှခါ ပြောရမလဲ "  


 "  ဒါဆို ခု ဒီက အများရှေ့မှာ ပြလေ "  


 "  ဟဲဟဲ ဒီလို ပျံပြပါ ဆိုတိုင်း အလကားတော့ ကျုပ် က ဘယ် ပျံပြလိမ့်မတုံး "  


 "  ဒါဆို ခင်ဗျား ဘယ်လိုမှ ပျံပြမလဲ "  


 "  ကျုပ် ရေချိုးပြီးမှ ပျံပြနိုင်မယ် "  


 "  ဦးသူတော် ကျုပ် တို့ အချိန်ကုန်ခံပြီး စောင့်ခပ်ထားတဲ့ ရေ ကို ချိုးချင်တာနဲ့ ခင်ဗျား ပေါက်ကရတော့ မလုပ်နဲ့နော် ။ ကျုပ်တို့ မှာ လူတိုင်း ထမ်းပိုး တစ်ယောက် တစ်ချောင်းစီ ပါတယ် ဆိုတာ သိတယ် မဟုတ်လား "  


ဦးကြာပန်း က ဤ သူတော် မှာ တစ်ခါတစ်ခါ၌ သူ လိုချင်တာ ထင်ရာမြင်ရာ လုပ်ပြီး ခပ်တည်တည်နှင့် ထွက်သွားတတ်သည် ကိုလည်း ကြုံဖူး ၊ ကြားဖူး ထားရာ ယခု သူ ရေချိုးချင်တာ နှင့် ကလီကမာ ပြောပြီး ရေချိုး သွားလျှင်တော့ ရေထမ်းထမ်းပိုး နှင့် ဝိုင်း ရိုက်ကြရလိမ့်မည် ဆိုသည် ကို သွယ်၍ ပြောလိုက်၏ ။


 "  အောင်မယ်လေး ... လေး.. လေး ရေချိုးပြီးလို့ မှ ကျုပ် မိုးပေါ် ပျံမပြနိုင်ရင် ခင်ဗျားတို့ က ကျုပ် ကို ထမ်းပိုး နဲ့ ဝိုင်း ရိုက်ကြမယ်ဆိုတဲ့ သဘောလား ကြာပန်း  "  


 "  ဒါပေါ့ဗျ ၊ ခင်ဗျား ရေချိုးပြီး ကျုပ်တို့ကို ရူးသလို ပေါသလို လုပ်သွားလို့ ကတော့ ရိုက်ကို ရိုက်မယ်နော် ။ တကယ် ပြောတာ "  


 "  မလုပ်ပါနဲ့ကွာ ၊ မင်း မိုက်တယ် ဆိုတာ ငါ သိပါတယ် ကြာပန်း ရာ ။ ငါ ရေချိုး ပြီးရင် မင်းတို့ကို ပျံ ကို ပျံ ပြပါ့မယ် "  


 "  ဦးသူတော် ခင်ဗျား တကယ် ပြောတာနော် "  


 "  အို တကယ်ပါဆို ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ကွယ့် "  


 "  ဘာတစ်ခုလဲ "  


ဦးကြာပန်း က သူတော်ငတေ မျက်နှာ ကို စေ့စေ့ကြည့်၍ ခပ်ထန်ထန် မေးလိုက်၏ ။


 "  ကျုပ် မိုးပေါ် ပျံပြဖို့ အတွက် ကြိုးရှည်ရှည်က တစ်ပင် ၊ ဒီလိုမှ မဟုတ်ရင်လည်း အပ်ချည်လုံး ဖြစ်ဖြစ် တစ်ခုခုတော့ လိုတယ်ဗျ "  


 "  ရပါတယ် ဒီနား က ဘယ် နွားတင်းကုပ် သွားယူယူ နွားလံကြိုးတော့ နွားရုံတိုင်း ရှိကြတာ ချည်းပဲ "  


 "  မင်း အဘ ၊ မိုးပေါ် ပျံ ပြပါ့မယ်ဆိုတာ နွားလံကြိုး နဲ့ တော့ ဖြစ်မလားကွ ကြာပန်း ရ "  


 "  ဘာဖြစ်လို့လဲ "  


 "  ငါ က မင်းတို့ ကို မိုးပေါ် ထိ စွန် လို တက်ပြမှာ နွားလံကြိုး က တိုနေလို့ပေါ့ကွ "  


 "  ရှည်ရှည်မှ ဖြစ်မယ် ဆိုပါတော့ "  


 "  ငါ စောစောက ပြောသားပဲ ၊ အပ်ချည်လုံး ဒါမှမဟုတ် ချည်ခင် ဆို လည်း ရတယ်ကွာ "  


 "  ကောင်းပြီ မောင်လှသန်း ၊ ငချမ်းမြ တို့ တဲ ပြေးလိုက်ကွာ ။ မငွေ ကို ငါ က အပ်ချည်လုံး ရှိရင် တစ်လုံး ခဏငှားလိုက်ပါလို့ ပြော ။ ဒါမှမဟုတ် သူတော် ပြောသလို ချည်ခင် ပဲ ရရ ပေါ့ကွာ ။ သွား သွား အမြန်သွား ။ သူ ပြောသလို မိုးပေါ် ပျံမပြနိုင်လို့ကတော့ ဒီည ဒီ သူတော် နဲ့ ငါ နဲ့ တွေ့မယ် "  


ဦးကြာပန်း က သူ နှင့် အတူ ရေခပ်လာကြသော ရွာသား လေးယောက်ထဲ သူ့ တူ တော်သူ - မောင်လှသန်း အား စမ်းရေတွင်း နှင့် အနီးဆုံးဖြစ်သော ဦးချမ်းမြ ၊ ဒေါ်ငွေကြည် တို့ အိမ် ကို အပ်ချည်လုံး သို့မဟုတ် ချည်ခင် တစ်ခင် ငှားရန် လွှတ်လိုက်သည် ။


မောင်လှသန်း ကလည်း ထူးထူးဆန်းဆန်း သူတော်ငတေ မိုးပေါ်ပျံပြမည် ဆိုသဖြင့် ချက်ချင်းပင် ဦးချမ်းမြ ၊ ဒေါ်ငွေကြည် တို့အိမ်ဘက် ထ ပြေးလိုက်သည် ။


 "  ဟေ့ ဟိုကောင် ၊ ခဏနေဦး  "  


မောင်လှသန်း ကို သူတော်ငတေ က လှမ်း ခေါ် တားသည် ။


 "  ဦးသူတော် ၊ ခင်ဗျား ဘာပြောဦးမလို့လဲ "  


ဦးကြာပန်း က မယုံသင်္ကာ လေသံနှင့် မေးလိုက်၏ ။


 "  ဟို ... အဲ ချမ်းမြ တို့ အိမ်သားတွေကို ကျုပ် မိုးပေါ် ပျံပြမလို့ ချည်ခင်အပ်ချည်လုံး လာ ငှားတယ် ဆိုတာတော့ မပြောလိုက်နဲ့နော် ။ အဲဒါ မှာမလို့ပါကွ "  


 "  ဟုတ်ကဲ့ စိတ်ချပါ ဦးသူတော် ၊ ကျွန်တော် တစ်ခုခု အကြောင်းပြပြီး ပြီး ငှားလာခဲ့ပါ့မယ် "  


သူတော်ငတေ မိုးပေါ် ပျံပြမည်ဆိုသည်ကို အလွန် ကြည့်ချင်စိတ်စောနေသော မောင်လှသန်းလေး က ဤတစ်ခါ သူတော်ငတေအား သူ့ ဦးလေး ဝင် မပြောမီပင် သူ က ခြေလှမ်းတုံ့၍ လှမ်း ပြောလိုက်၏ ။


 "  အေး ... အေး ရအောင်သာ ရှာလာခဲ့ကွာ ၊ ချမ်းမြ တို့ အိမ်မှာ မရှိရင် တင်အောင် တို့ အိမ် မှာတော့ ရှိမှာပဲ ။ ဒီကောင်တွေက လယ်တဲယာတဲ မှာ အိမ်နေပင်စောက် နေ နေကြတာပဲ "  


ဦးကြာပန်း က လည်း သူ့ တူ ကို မရ အရ ရှာလာရန် လှမ်းပြောလိုက်သည် ။


 "  ကဲ ကြာပန်း "  


သူတော်ငတေ က ဦးကြာပန်း ကို မထီတရီ လေသံ နှင့် ခေါ်လိုက်၏ ။


 "  ပြောပါ ဦးသူတော် "  


 "  ဟိုအကောင် အပ်ချည်လုံး ၊ ချည်ခင် ရလာရင် မင်း ကြိုးဆွဲချ သေမလို့လား "  


 "  တော် ၊ ခင်ဗျား ယီးတီးယားတား တော့ မလုပ်နဲ့နော် ။ လှသန်း ကြိုးရလာလို့မှ ခင်ဗျား ယီးတီးယားတား လုပ်လို့ကတော့ ဒီနေ့ ကျုပ်တို့နဲ့ တွေ့  ... "  


 "  မင်း အဘ ၊ ငါ ရေချိုးမယ် ဆိုတဲ့ ကိစ္စ ကကော "  


 "  ခု ချိုးရမလေ "  


 "  မင်း တို့ ခပ် ထားတဲ့ ရေအိုး က ဘယ်နှလုံး ရပြီလဲ "  


 "  ခင်ဗျား က ဘယ်နှလုံးတောင် ချိုးချင်လို့လဲ "  


 "  ငါ ပူအိုက်လွန်းလို့ ထွက်လာတာကွ ။ အနည်းဆုံး လေးငါးလုံး တော့ ချိုး မယ်ကွာ  "  


 "  ရပါတယ် ဦးသူတော် ၊ ကျွန်တော် တို့ သုံးဆိုင်း ခြောက်လုံး တောင် ရေ ရ ထားပါပြီ "  


ဤစကား ကိုတော့ ဦးကြာပန်း တို့နှင့် ရေအတူ လာခပ်သူ မောင်ဦး က ဝင် ပြောလိုက်၏ ။


 "  ကဲ ကြာပန်း ၊ ဒါဆို ငါ ရေချိုးမယ်ကွာ ။ ဟိုကောင် ပြန် လာရင်လည်း မင်းတို့ ကို မိုးပေါ်ပျံပြရဦးမယ် ဆို "  


 "  ဟုတ်တယ်လေ ၊ ဦးသူတော် ထားတဲ့ ကတိအတိုင်း ပျံ ပြရမှာပေါ့ "  


 "  ကဲ ဒါဆို ရေလဲပိုင်း ပေးကွာ "  


 "  ကျုပ်တော့ မပါလာမိဘူးဗျ ။ မင်းတို့ ဘယ်သူ ပါကြလဲကွ "  


 "  ကျွန်တော့် မှာ ပါပါတယ် ဦးလေး "  


ကာလသားတစ်ယောက် က ချက်ချင်း ထလာပြီး ဦးသူတော် ကို ရေလဲပိုင်း ပေး လိုက်၏ ။


 "  ဒီမှာ ကြာပန်း ၊ မိုးပေါ် ထိ ပျံပြမယ့် အလုပ် ဆိုတာ လွယ်လွယ်လေးတော့ မထင်လိုက်ပါနဲ့ကွ ။ အဲဒါ နတ် နဲ့ ၊ စုန်း နဲ့ လုပ်ရတဲ့ အလုပ် ဆိုတော့ စည်း နဲ့ ကမ်းနဲ့ လုပ်ရတယ် ။ ရေအိုးတွေ ကို ငါ့ အနား လာ ချတဲ့အခါ လက် များလို့ မရဘူး ။


ဒီတော့ မင်း တစ်ယောက်တည်း လက် နဲ့ပဲ ဟို ဆိုင်းထမ်းတွေ ထဲက ရေပြည့်အိုး တွေ ကို ငါ့ အနား လာ ချပေး  "  


သူတော်ငတေ က သူ့ ကို ပညာရှိ နှိပ်စက်နည်းဖြင့် တမင် ခိုင်းလေသလား ဟု မကျေမနပ် ဖြစ်မိလိုက်သော်လည်း သူတော်ငတေ မိုးပေါ် ပျံပြတာကို ကြည့်ချင်နေသော ဦးကြာပန်း မှာ သူတော်ငတေ ခိုင်းသလို ဆိုင်းထမ်း ထဲ က ရေအိုးခြောက်လုံး ကို သူတော်ငတေ ရှိရာသို့ ပို့ ပေးလိုက်ရသည် ။


စမ်းရေတွင်း အောက်ဘက်ရှိ ကျောက်တုံး ပေါ် တွင် သူတော်ငတေ သည် စိမ်ပြေနပြေပင် ကြေးတွန်း လိုက် ရေချိုး လိုက် လုပ်နေ၏ ။


သူတော်ငတေ ရေချိုးနေစဉ်ပင် ချည်ခင် ၊ အပ်ချည်လုံး အရှာသွား သော မောင်လှသန်းလေး ပြန် ရောက်လာသည် ။


 "  ဘယ့်နှယ်လဲကွ ၊ ရခဲ့တယ် မဟုတ်လား  "  


 "  ချည်ခင် ပဲ ရခဲ့တယ် ဦးလေး ၊ အပ်ချည်လုံး တော့ ရွာ က အိမ် မှာပဲ ရှိ တယ်လို့ ပြောတယ် "  


ဦးကြာပန်း အမေး ကို မောင်လှသန်း က ပြန်ပြောလိုက်၏ ။


 "  ဦးသူတော် ၊ ဖြစ်တယ် မဟုတ်လား  "  


 "  ဘာဖြစ်တာလဲ "  


သူတော်ငတေ မှာ သူ့ အာရုံနှင့် သူ ရေချိုးနေသဖြင့် မောင်လှသန်း နှင့် ဦးကြာပန်း တို့ ပြောနေကြသည် ကို မကြားလိုက်၍လား ၊ တမင်ပဲလား တော့ မသိ  "  ဘာဖြစ်တာလဲ "   ဟု ပြန်မေးနေ၏ ။


 "  ဘာဖြစ်ရမလဲ ၊ ခု ချည်ခင် ရလာပြီ ဆိုတာ ပြောတာဗျ  "  


 "  သူငယ်ချင်း ၊ မင်း အသံ ကလည်း ထန် လှချည်လားကွ "  


 "  ထန် တာ မပြောနဲ့လေ ၊ ချည်ခင် ရ လာပြီးမှ ခင်ဗျား အူကြောင်ကြောင် လုပ်မှာ စိုးလို့ ပြောတာ "  


 "  မင်းတို့ ထမ်းပိုး လေးငါးလက် ကို ငါ ကြောက်ပါတယ် ကြာပန်းရာ  ၊ မလုပ်ရဲပါဘူး ။ ခု ချည်ခင် လည်း ရလာပြီ ဆိုတော့ မင်းတို့ ကို ငါ တကယ် မိုးပေါ် ပျံပြမှာပါ "  


ဦးကြာပန်း စိတ်ထဲ မှာ သူတော်ငတေ အသံပြောင်းသွားသလား ထင် လိုက်ရသဖြင့် သူတော်ငတေ အား ဘာမှ ပြန် မပြောတော့ဘဲ သူတော်ငတေ ရေချိုးနေသည် ကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည် ။ အမှန် ကတော့ ဦးကြာပန်း တစ်ယောက်တည်း သာ မဟုတ် ၊ ဦးကြာပန်း နှင့် ရေအတူ လာခပ်ကြသူ လေးယောက် စလုံး က လမိုက်ညထဲ ရေချိုးနေသော သူတော်ငတေ ကို သာ ဝိုင်းကြည့်နေကြသည် ။


လမိုက်ည ဟု ဆိုသော်လည်း စမ်းရေတွင်း အနောက်ဘက် နှင့် တောင်ဘက် မြောက်ဘက် တို့ မှာ လယ်ကွင်းချည်း ဖြစ်သည့်အပြင် မိုးပေါ်က ကြယ်ရောင်များလည်း ရှိရာ သူတို့နှင့် သုံးလံခန့် အကွာရှိ ကျောက်တုံး ပေါ်တွင် ရေချိုး နေသော သူတော်ငတေ ကို ကောင်းစွာ မြင်နေကြရသည် ။ ရေချိုးပြီး၍ သူ ၏ အဝတ်ဖြူ သူတော်ဝတ်ရုံ ကို ခြုံ လိုက်သောအခါ အမှောင် ထဲ မှာ သူတော်ငတေ ကို ပို၍ပင် ဖြူဖြူကြီး မြင်နေကြရလေသည် ။


 "  ကဲ သူငယ်ချင်း ကိုကြာပန်း ရေ ၊ ပူအိုက်နေတဲ့ ကျုပ် ရဲ့ သုံးဆယ့် နှစ်‌ကောဌာသ အေးမြစင်ကြယ်သွားသလို ကိုယ့်သူငယ်ချင်း လည်း ရေလှူရသော အကျိုးကြောင့် ရေလို အေးလို့ အပြန်မှာ လမ်းဘေး ခလုတ် တိုက်ပါစေဗျာ "  


 "  ဦးသူတော် ၊ ခင်ဗျား ရေချိုးပြီးသွားတာ နဲ့ ရူးသလို ပေါသလို လုပ်လာပြန်ပြီလား ၊ ရေချိုး ပြီးရင် ခင်ဗျား ပြော ... "  


 "  ကျုပ် အလုပ် ကျုပ် သိပါတယ်ဗျ ။ ရေချိုးပြီးရင် ခင်ဗျားတို့ ကို မိုးပေါ်ပျံရမယ် မဟုတ်လား ။ ဘယ်မှာလဲ ချည်ခင် ၊ ပေး "  


သူတို့ အနား ကို လျှောက်လာပြီး ချည်ခင် ပေး ဆိုသဖြင့် ဦးကြာပန်း က သူ့ လက်ထဲ ကိုင်ထားသော ချည်ခင် ကို သူတော်ငတေ ဆီ လှမ်းပေးလိုက်သည် ။


 "  ခင်ဗျားတို့ ချည်ခင် ကလည်း အပင် ကြီးလှချည်လား "  


 "  ဗိုင်းငင်ထားတဲ့ လက်ချည်ခင်ပဲဗျ ။ စက်ချည်မှ မဟုတ်တာ ။ ဒီလောက်တော့ ချည်လုံး ကြီးမှာပေါ့ "  


ဦးကြာပန်း က သူတော်ငတေ ကို ဗိုင်းချည်ခင် ဖြစ်ကြောင်း ပြောလိုက်၏ ။


 "  ရပါတယ် ၊ ရပါတယ် "  


 "  ရရင် လုပ်တော့ "  


 "  ခင်ဗျားတို့ ငါးယောက် စလုံး ကျုပ် တား ထားတဲ့ စည်း ရှေ့ကိုတော့ ဘယ်သူမှ ကျော် မလာရဘူးနော် "  


 "  စိတ်ချပါ ဦးသူတော် "  


ဤစကားကိုတော့ ဦးကြာပန်း အဖော်များ က ပြောလိုက်ကြသည် ။


 "  ကဲ ကောင်းပြီး ၊ ဒီအချိန်က စပြီး ခင်ဗျားတို့ ပါးစပ်တွေ ကို ပိတ်ထားကြတော့ ။ သူတော် မိုးပေါ် ပျံသွားပြီဗျ ဘာဘာ ညာညာ ဘယ်သူမှ မပြောရ ။ မအော်ရဘူးနော် ။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်နေကြ "  


 "  ဟုတ်ကဲ့ပါ ခင်ဗျ "  


ဦးကြာပန်း ကမူ ယခုအခါ ဘာစကား မှ မပြောတော့ဘဲ သူတော်ငတေ လျှောက်လုပ်နေသည် ကိုသာ စူးစိုက် ကြည့်နေ၏ ။


သူတော်ငတေ သည် သူတို့ မတ်တတ် ရပ်နေကြသော ရှေ့ကို လာပြီး ချည်ခင် မှချည်ကို ဖြေ ကာ စည်းတားသည် ။ ပြီးတော့ တစ်ဖက် ချည်စ ကို ဦးကြာပန်း အား ကိုင်ထား ဟု ပြောပြီး တစ်ယောက် ပြီး တစ်ယောက် ချည်စ ကို ကိုင် ခိုင်းထားသည် ။ ထို့နောက် သူ စောစော က ရေသွားချိုးသည့် ဦးကြာပန်း တို့ နှင့် လေးငါးလံ ဝေးသော နေရာသို့ ချည်မျှင်စ ကို ဆွဲယူသွားသည် ။ ပြီးတော့မှ ချည်ခင် ကို ကျောက်တုံးပေါ် ချပြီး ချည်မျှင် တစ်စ ကို ကိုင်ကာ -  "  ကြည့်နေကြ ၊ ဘယ်သူ မှ စကား မပြောရဘူးနော် ။ စည်း ပေါက်ရင် ခင်ဗျားတို့ အားလုံး ဒုက္ခ ရောက်သွားမယ် "   ဟု ပြောကာ ချည်စ ကို ကိုင်ဆွဲ ယူသွားသည် ။  "  ကဲ သူတော်ငတေ မိုးပေါ်ပျံပြီ ။ ကြည့်ကြ ကြည့်ကြ "   ဟု ပြောကာ ချည်စ ကို ကိုင်ဆွဲပြီး ဦးကြာပန်း တို့ နှင့် ဝေးရာ လယ်ကွင်းဘက် ဆွဲ ယူသွားသည် ။


လမိုက်ညပင် ဖြစ်သော်လည်း ကွင်းပြင်ကြီး ဖြစ်နေသည့် အပြင် ကြယ်ရောင်ကလည်း ရှိနေရာ သူတော်ငတေ ၏ ဝတ်ရုံဖြူကြီး ကို အတိုင်းသား မြင်နေရသည် ။ လေညာက ကြိုးတပ် လွှတ်လိုက်သော စွန် တစ်ကောင် လို သူတော်ငတေ သည် တဖြည်းဖြည်း နှင့် တကယ်ပင် မိုးပေါ် မြောက် တက်သွားသည် ။ ထိုအခါ သူတော်ငတေ က ပါးစပ်ပိတ်ထားကြ ၊ စကား မပြောရဘူး ဟု စောစောက ပြော ထားသော်လည်း လူတွေ မှာ  "  ဟင် ... ဟာ "   ဟုပင် အသံ ထွက်သွားကြ၏ ။


လမိုက်ည ဖြစ်သဖြင့် မျက်နှာ ကိုသာ မည်သူမည်ဝါ ဟု မခန့်မှန်းနိုင်ကြသော်လည်း သူတော်ငတေ ၏ ဝတ်ရုံဖြူကြီး နှင့်အတူ သူတော်ငတေ သည် ဦးကြာပန်း တို့ နှင့် ဝေးသွားလေမိုးပေါ် အမြင့် ကို လွင့်တက်သွားလေ ဖြစ်နေသည် ကို ဦးကြာပန်း တို့ ငါးယောက် စလုံး အထင်းသား မြင်နေကြရလေသည် ။


ဦးကြာပန်း တို့မှာ တအံ့တဩ နှင့် မတ်တတ်ရပ် မော် ကြည့်နေကြရင်း သူတော်ငတေ က တဖြည်းဖြည်း ဝေးပြီး မြင့်တက်သွားနေရာ ဆယ်မိနစ် ပင်မ ကြာ အမြင့်သို့ ရောက်ပြီး တဖြည်းဖြည်း သေးသေးသွားကာ မိုးပေါ်၌ပင် သူတော်ငတေ ပျောက်သွားလေသည် ။


သို့သော် သူတော်ငတေ သည် မိုးပေါ် က ဘယ်လိုများ ပြန် ဆင်းလာမည်နည်း ၊ ဘယ်နေရာကများ ပြန်ပေါ်လာမည်နည်း ဟု ဦးကြာပန်း တို့ မှာ အံ့ဩတကြီးနှင့် မိုးပေါ် ကိုပင် အသက်ရှူ ရပ်မတတ် ကြည့်ကာ မှင်တက်မိပြီး မော့ကြည့် နေကြသည် ။


ထိုအချိန်မှာပင် ညဦးက နွားသိုးကြီး တစ်ကောင် လွတ်သွား၍ တစ်ချိန်လုံး လိုက်ဖမ်းနေကြရသော ဦးထွန်းညို တို့ သားအဖ မှာ အိမ် ကို ည ရှစ်နာရီ ကျော်မှ ပြန်ရောက် လာကြရာ ယခုအခါ ဆိုင်းထမ်း ကိုယ်စီ နှင့် ရေခပ်ရန် ဦးကြာပန်း တို့ ရှိရာ စမ်းတွင်း နား ရောက်လာကြသည် ။


လမိုက်ည ဖြစ်သဖြင့် မျက်နှာတွေကို သဲသဲကွဲကွဲ မမြင်ရသော်လည်း စမ်းတွင်းနား အမှောင် ထဲတွင် လူ ငါးယောက် မတ်တတ် ရပ်နေကြသည် ကို လှမ်းမြင်နေရသောအခါ ..


 "  ဘယ်သူ တွေလဲ ၊ စမ်းတွင်း ထဲ ရေ ရှိရဲ့လား "  


ဟု ဦးထွန်းညို က လှမ်းမေးလိုက်သည် ။ ဦးထွန်းညို ၊ အသံ ကို မှတ်မိလိုက်သော ဦးကြာပန်း ကလည်း


 "  ဦးထွန်းညို လားဗျ "  


ဟု ပြန်မေးလိုက်၏ ။


 "  အေးကွ ကြာပန်း ၊ မင်းတို့ ရေ မရကြဘူးလား ။ ငါ့ မှာကွာ ဒီ ညနေ ကမှ နွားသိုးကြီး လွတ်သွားလို့ လိုက်ဖမ်းနေရတာနဲ့ ခုမှ ရေလာ ချိုးရတော့တယ် "  


ဟု ပြောပြီး ဦးကြာပန်း တို့ အနား ကို သားအဖ နှစ်ယောက် ဆိုင်းထမ်း ကိုယ်စီ နှင့် ရောက်လာကြသည် ။


ဦးကြာပန်း မှာ ဦးထွန်းညို ကို သာ စကား ပြောနေရသော်လည်း ယခု အချိန်ထိ မိုးပေါ် ဝေးဝေးကိုမူ လှမ်းကြည့် မပျက် ဖြစ်နေသေး၏ ။ အမှန်က ဦးကြာပန်း တစ်ယောက်တည်း သာ မဟုတ် ၊ ဦးကြာပန်းနှင့် ရေလာခပ်နေကြသူ အားလုံးက သူတော်ငတေ မိုးပေါ် ပျံတက်ပြီး ပျောက်သွားရာ ဘက်ကိုသာ ငေးမော မျှော်လှမ်းကြည့်နေကြတုန်း ။ ဤသည်ကို သူတို့ အနား ရောက်လာသော ဦးထွန်းညို က ...


 "  ဟ ကြာပန်းရ ၊ မင်း တို့ မိုးပေါ်ဘက် မော့ပြီး ဘာ ကြည့်နေကြလဲ "  


ဟု မေးလိုက်၏ ။


 "  ကျုပ်တို့ကျောင်းက ဦးသူတော် မိုးပေါ် ပျံတက်သွားလို့ဗျ "  


ခါတိုင်းဆိုလျှင် သူ့ ကွယ်ရာ၌ "  သူတော်ငတေ "   ဟု သာ ပြောနေကျ ဦးကြာပန်း သည် ဤတစ်ခါတော့ အံ့ဖွယ်သရဲ မိုးပေါ် ပျံတက်သွားသော သူတော်ငတေ ကို ယခုထိ ကြောက်ရွံ့နေ၍လား မသိ ၊ သူ့ တစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်း ထကာ မခေါ်စဖူး ၊ မပြောစဖူး  "  ဦးသူတော် "   ဟု လေးလေးစားစား ပြောလိုက်၏ ။


 "  ပေါက်တတ်ကရ "  


ဦးကြာပန်း ၏ စကား ကို ယခုမှ စမ်းရေတွင်းနား ရောက်လာသူ ဦးထွန်းညို က ဆိုသည် ။


 "  ပေါက်တတ်ကရ မဟုတ်ဘူး ဘကြီး ၊ ဦးသူတော် ကျွန်တော် တို့ မျက်စိ ရှေ့တင် စွန်တစ်ကောင် လိုပဲ မိုးပေါ် ပျံတက်သွားတာဗျ  "  


စောစောက ချည်ခင် သွားယူပေးရသူ မောင်လှသန်း ကလည်း ဦးကြာပန်း စကား ကို ထောက်ခံ၍ ပြော၏ ။


 "  တော်စမ်းပါကွာ ၊ အလကား တောမှာ တောင်မှာ ညကြီးမင်းကြီး ပေါက်ကရ "  


လူငယ်တစ်ယောက် ဖြစ်သူ မောင်လှသန်း ကို ဦးထွန်းညို က အော်လိုက် ပြန်သည် ။ ဦးကြာပန်း ကမူ ရင်ထဲ ကတုန်ကယင် ဖြစ်ကာ ယခုထိ အံ့သြမဆုံး ဖြစ်ပြီး ငိုင်တိ ငိုင်တိုင် ဖြစ်နေသည် ။ ထို့ကြောင့် လူငယ်တစ်ယောက် ဖြစ်သူ မောင်တင်မြင့် က ...


 "  အဘိုးညို ။ ကျွန်တော်တို့ တကယ် ပြောနေကြတာနော် ။ အဘိုး မယုံရင် ဒီမှာ တွေ့လား ၊ ဦးသူတော် စွန်တစ်ကောင် လို မိုးပေါ်ပျံတက်သွား တဲ့ စွန်ကြိုး "  


 "  ခက်လိုက်တဲ့ ကောင်လေးတွေ ၊ ခုလေးတင်ပဲ သူတော်ငတေ ကို ငါ လမ်းမှာ တွေ့ ခဲ့ပါလား "  


 "  ဟင် တကယ်လား ဦးထွန်းညို  "  


ငေးငိုင်ငိုင် အံ့ဩတကြီး ဖြစ်ကာ နှုတ်ဆိတ် နေသော ဦးကြာပန်း ဆီမှ ယခုတော့ ပို၍ အံ့သြသွားသလို စကားသံ ထွက်လာသည် ။


 "  အို မင်း ကလည်း ၊ လမ်း မှာ ခုလေးတင်ပဲ တွေ့လို့ ဦးသူတော် ဘယ်က ပြန်လာလဲမေးတော့ ပူအိုက်လွန်းလို့ စမ်းပေါက်ထဲ ရေသွားချိုးတာ ကျောင်းဒကာရယ် လို့တောင် ငါတို့ ကို ပြောသွားသေးတယ် "  


 "  ဟင် ဒါဆို ဘယ်လိုပါလိမ့် "  


ဟု ရေရွတ်လိုက်ကြကာ ဦးကြာပန်း တို့ အဖွဲ့ နှင့် ဦးထွန်းညို တို့ သားအဖ တို့မှာ အကြောင်း ခြင်းရာ ကို သူတို့ ကိုယ်တွေ့ အပြန်အလှန် ပြောပြ ကြသည် ။


သို့သော် တစ်ယောက်စကား ကို တစ်ယောက် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ကာ ရေခပ်ပြီး အပြန်တွင် သူတော်ငတေ စွန်တစ်ကောင် လို ကြိုးစ ကို ကိုင်ပြီး မိုးပေါ် တက်သွားသော ထို ကြိုးစ ကို လိုက်ကိုင်ပြီး ရွာ ဘက် ပြန်လာကြရာ လယ်ကွင်း အဆုံးသာသာ မှာ ဗိုင်းချည်ခင် နှင့် ကြိုးစ တို့ အဆုံးကို အထွေးလိုက် တွေ့ကြရလေသည် ။


ထို့ထက် အံ့ဩမဆုံးသည် မှာ သူတို့ ရေခပ်လမ်း အပြန် ရွာအဝင် လမ်း မှာ ဘုန်းတော်ကြီး ကျောင်း နား တပ်စည်း ဘေးက သွားကြရရာ သူတို့ ကျောင်းတပ် စည်း နား အရောက်မှာ သူတော်ငတေ သည် ကျောင်းဝင်းထဲ စင်္ကြံလျှောက်နေရာမှ


"  ဦးကြာပန်း တို့လားဗျ ။ ရေခပ်ပြန်လာကြတာ ထင်တယ် "  


ဟု လှမ်း နှုတ်ဆက် လိုက်သောကြောင့် ဖြစ်လေသည် ။


🚩 စာကြွင်း


သူတော်ငတေ မိုးပေါ် ပျံပြသွားသော နည်းလမ်း မှာ မြန်မာ့မျက်လှည့်ပညာ စစ်စစ် ဖြစ်ပါသည် ။ ဤနည်းကို လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ ကျော် ခန့် က  "  မြန်မာညီနောင် "   မျက်လှည့် အဖွဲ့ကြီးနှင့်  "  နေတစ်လုံး "   မျက်လှည့်အဖွဲ့ တို့ က မျက်လှည့်ပညာခန်းတွေ အကုန်ပြအပြီးတွင် ပွဲသိမ်း အဖြစ်


 "  ကျုပ်တို့ မျက်လှည့်အဖွဲ့ နဲ့ အသူရာ တွေ နဲ့ မိုးပေါ်မှာ စစ်တိုက်ကြဖို့ ရှိသေးတယ် "  


ဟု ဥပါယ်တံမျဉ် လုပ် ပြောကာ အပ်ချည်ကြိုးစ ကို ကိုင်ပြီး မျက်လှည့်အဖွဲ့သားများ အားလုံး အထုပ်အပိုးတွေ ကိုယ်စီ နှင့် မိုးပေါ် တက်ပြသွားကြသော မြန်မာ့ မျက်လှည့်ပညာရပ် ဖြစ်သည် ။


လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော် ခန့် က ( ၂၄ ) နိုင်ငံ မျက်လှည့်ပြိုင်ပွဲကြီး ၌ ရွှေတံဆိပ် သုံးလေးခု ရလာသော မျက်လှည့်ဆရာကြီး ပဏ္ဏဝ သည် ဤနည်းကို ရရှိရန် အပတ်တကုတ် ကြိုးစားခဲ့သေးသည် ။ သို့သော် ဆရာကြီး သည် ကွယ်လွန်သွားသည် အထိ ဤ မြန်မာ့မျက်လှည့် ပညာ စစ်စစ် ဖြစ်သော မိုးပေါ် ပျံပြသည့် ပြကွက် ကို မပြသနိုင်ခဲ့ပေ ။ ထို မြန်မာ့ မျက်လှည့်ပညာ စစ်စစ်များ ပျောက်ကွယ် တိမ်ကောသွားသည်မှာ ဝမ်းနည်းနှမြောစရာပင် ဖြစ်တော့သည် ။


◾ ဝေယံလင်းခေါင်


📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

Friday, March 4, 2022

မဝါနု တို့ အမေ


 မဝါနု တို့ အမေ 

 

 ဒေါ်အေးချုံ သည် ဈေးဗန်း ထဲ မှ ငါးအညှိအချွဲများ ဖြင့် ညစ်ပေနေသည့် ရေများ ကို သူ့ နေရာ ၏ နောက်ဘက်ရှိ ရေမြောင်း ထဲသို့ လှည့် သွန်လိုက်သည် ။ ဒေါ်အေးချုံ ၏ ဈေးဗန်းမှာ အနားဘောင် တပ်ထားသည့် အလျားရှည်သော လေးထောင့် သွပ်ပြား စသာလျှင် ဖြစ်လေသည် ။  ရေသွန်စဉ် မြောင်း ၌ ဂါဝန်ညစ်ညစ်ကို ခါးလယ်ထိမကာ မစင် စွန့်နေသော လေးနှစ်ရွယ် နှပ်ချေး တွဲလောင်းနှင့် ကလေးမလေး သည် စအိုဝ တွင် သံကောင် တန်းလန်း ထွက်လျက်က  မြောင်းကို ခြေကားရားခွကာ ကုန်းကုန်းကွကွနှင့် နေရာရွှေ့သွားသည် ။ ဒေါ်အေးချုံ သည်  တံတွေး ကို ဗျစ်ခနဲ မြည်အောင် ထွေးပစ်လိုက်သည် ။ 

 

 ထို့နောက် ယနေ့အဖို့ ဈေးသိမ်းလေတော့သည် ။ ချိန်ခွင် ၊ အလေး ၊ အိမ်ဖို့ ဟင်းစား ချန်ထားသည့် ငါး ၊ ငါး နှင့် ရောချက်ဖို့ ဝယ်ထားသည့် ချဉ်ပေါင်ရွက် စုပြုံ ထည့်ထားသော တောင်း ကို ရွက်ပြီး သွပ်ပြားဗန်း ကို လက်တစ်ဖက် က ဆွဲကာ အိမ် ပြန်ခဲ့သည် ။ အိမ် နှင့် ဈေး ကား ဝေးလှသည် မဟုတ် ။ မဝေးဆို ဈေး က ရပ်ကွက် ထဲ မှာပင် ။ 

 

 နံနက် ၆ နာရီ ခန့် မှ ၉ နာရီခန့် အထိသာ ကြာ တတ်သည့် ရပ်ကွက်ဈေးကလေး မှာ သားငါး ၊ ဟင်းသီးဟင်းရွက် ၊ မုန့်ပဲသရေစာ မှအစ ချဉ်ဖတ်စုံနှင့် ခေါင်းလျှော်ရည် အထိ အမျိုးအမည် အစုံအလင် ရနိုင်သည် ။ ထို ဈေးကလေး မရှိခင်ကတော့ ရပ်ကွက် ထဲက လူများ သည် အနီးအနားရှိ အလုံဈေး ၊ မော်တင်ဈေး စသည့် ဈေးများမှာ သွားဝယ်ရသည် ။ ဒေါ်အေးချုံ တို့  ရပ်ကွက်ကလေး ကား သင်္ဘောကျင်း အလုပ်သမား ၊ ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမား ၊ သစ်စက် အလုပ်သမား ၊ ဆိုက်ကားသမား ၊ ပျံကျဈေးသည် ၊ မှောင်ခို အစ စသည် စသည် လူဦးရေ  သိပ်သည်းလှသည့်အလျောက် ရပ်ကွက် ထဲမှာ ဈေးကွက်ကလေး ဖြစ်လာသည် ။ 

 

 ဒေါ်အေးချုံ သည် ပင် အစက ငါးသည် မဟုတ် ။ အိမ်အနီးမှာ မူလတန်းကျောင်းကလေး ရှိနေ၍ ရာသီစာ မုန့်ပဲသရေစာ ရောင်းသည် ။ အိမ် မှာ ကလေးက များ၍ မုန့်ရောင်းသည့် အလုပ်နှင့် မကိုက် ။ ခုတော့မူ တငုတ်တုတ်တုတ် ထိုင် ရောင်းနေရသည့် မုန့်သည် အလုပ်ထက် နံနက်စောစော ကမ်းနား ဆင်းရ၍ အိပ်ရေးပျက်သည့် အလုပ် ၊ ငါးစိမ်းသည် ဟူသော အမည်ဆိုးနှင့် အကုသိုလ် အလုပ် ကိုပင် အမြတ် မြန်မြန် ပေါ်သည့်အတွက် ဒေါ်အေးချုံ အသားကျ နှစ်ခြိုက်နေလေပြီ ။ 

 

 သည်ကနေ့တော့ ဒေါ်အေးချုံ ဈေးသိမ်း နောက်ကျသည် ။ ခါတိုင်းဆို အိမ်နား က မူလတန်းကျောင်း မုန့်စား မလွှတ်ခင် အိမ် ပြန်ရောက်သည် ။ ကလေးတို့ မုန့်စားလွှတ်ချိန်မှာ ၉  နာရီ ဖြစ်သည် ။ ယနေ့ ဒေါ်အေးချုံ အိမ် ပြန်ရောက်တော့ ၉ နာရီ ခွဲ၍ မုန့်စားကျောင်းပင်  ပြန် တက်သွားလေပြီ ။ 

 

 ဒေါ်အေးချုံ အိမ်ပြန် ရောက်တော့ သမီးကြီး မဝါနု သည် ဒေါ်အေးချုံ ၏ မြေး ၊ ပုခက်ထဲရှိ သူမ ၏ သား ပိန်တာရိုးကလေး ကို တေးသီချော့လျက် ရှိသည် ။ မဝါနု သည် ပုခက် အနီးတွင် ပက်လက် လဲလျောင်းလျက်က ပုခက်ကြိုး ကို ခြေမဖြင့် ညှပ်၍လွှဲကာ မျက်လုံး မှိတ်လျက်က တစ်ပုဒ် မှ အစအဆုံး ရသည် မဟုတ်ဘဲ ပါးစပ်မှတွေ့ကရာ သီချင်းတွေ ကို တစ်ခု နှင့် တစ်ခု မဟုတ်က ဟုတ်က ဆက် ဆိုနေခြင်း ဖြစ်လေသည် ။ 

 

 “ မိဝါနု ထမင်း ချက်ပြီးပြီလား ” ဟူသော အမေး ကို မဝါနု က “ ဟင့်အင်း မချက်ရသေးဘူး ”ဟု  မျက်လုံး မှိတ်လျက်က မပွင့်တပွင့် ဖြေလိုက်၍ ဒေါ်အေးချုံ သည် လျှာဖျားတွင် တရွရွ တက် လာသော အဆဲ မျိုးစုံဖြင့် ပယ်ပယ်နယ်နယ် ဆဲ ပစ်လိုက်သည် ။ 

 

 ဈေးဗန်း ကို မဝါနုအား ဆေးခိုင်းမည် စိတ်ကူး လာသော်လည်း ၊ လှဲနေရာမှ လွန့်ပင် မလွန့်သော မဝါနု ကို မြင်ရသည်နှင့် မျက်စောင်း တစ်ချက် ပစ်ခဲရင်း ဈေးဗန်း ကို ကိုယ်တိုင်ပင် သယ်မကာ အိမ်ထဲ ဝင်လာသည် ။ မီးဖိုခန်း ထဲ ရောက်လျှင် ဈေးဗန်း ကို ခပ်ဆောင့်ဆောင့် ပစ်ချလိုက်ပြီး စဉ့်အိုး ထဲ မှ ရေတစ်ခွက် ခပ်ကာ ဆေးကြောမည် ဟန်ပြင်စဉ်မှာပင် အိမ်ခန်းထဲမှ ‘ ဂွမ် ဂလွမ် ’ ဟူသော သံပန်းကန်ပြား လွတ်ကျသံ ၊ ကလေးနှစ်ယောက် အော်သံ ဆူသံ ၊ ကြမ်းပြင် တဒုန်းဒုန်း မြည်သံ ၊ ဝုန်းဒိုင်းကြဲသံကို ကြားရလေသည် ။ 

 

 “ ကျောင်းပြန်တက်သွားတာ ကြာလှပြီ ၊ အမေ့သား ခုထိ ထမင်းစားလို့ မပြီးသေးဘူး ၊ အပြင်ထွက် စားဆိုတာ ပြောလို့လည်း မရဘူး ” 

 

 အိမ်ရှေ့ မှ မဝါနု က လှမ်းတိုင်သည် ။ 

 

 သည်နှစ်မှ ကျောင်းထားစ ၅ နှစ်သား ရဲမြင့် သည် ခဏခဏ အိမ် ပြန်ပြေးလာလေ့ ရှိသည် ။ အရိုက်ခံရလည်း မမှတ် ။ 

 

 ရဲမြင့် ၏ “ ခွေးမသား ၊ ခွေးမသား ” ဟူသော ဆဲသံသည် ဒေါ်အေးချုံ ၏ “ ဟဲ့ - တိရစ္ဆာန်လေး ပါးစပ်ပိတ်စမ်း ၊ ဘာလို့ ခုထိ ကျောင်း မသွားသေးလဲ ၊ ခွေး ဖြစ်မယ့် အကောင် ” ဟူသော အသံ အောက်တွင် နစ်မြုပ်သွား၏ ။ “ အမေ့ သားလေးက ကျွန်တော့် ဆီက လာလုတယ် ၊ ကျွန်တော်က အငယ်မို့ ညှာတာ ခွေးသားလေး ” ဟူသော အသံ ထပ် ပေါ်လာသည်နှင့် ဒေါ်အေးချုံ သည် ထင်းစတစ်စ ဆွဲကာ အိပ်ခန်းထဲ ဝင်လာသည် ။ 

 

 အိုးမည်း လူးနေသောသံပန်းကန်ပြားသည် အိပ်ရာထဲတွင် မှောက်လျက်သား ဖြစ်နေကာ ၊ ထမင်းစေ့တွေ ပြန့်ကြဲနေ၏ ။ ဘာအရောင်မှန်း ပြောမဖြစ်သည့် ကြေးအထပ်ထပ် ညစ်ပတ်နေသည့်  မခေါက်ရသေးသော စောင်တွေ ၊ သွားရည်ကျ၍ အကွက်ထသော အစွပ်မရှိသည့် ခေါင်းအုံးတွေမှာ ဆေးတို့ပတ်နံ့ ၊ သေးနံ့တွေ ထုံမွှန်နေသည့် အခန်းထဲ၌ ပိုးလိုးပက်လက် လန်နေသည် ။ မကြာသေးမီကမှ အဟောင်းထည် ရောင်းသော ကပ္ပလာဝါလား ကုလားအဖိုးကြီးထံမှ ဝယ်ယူခဲ့ပြီး ၊ ရက်ပိုင်းအတွင်း မီးခိုးမှိုင်းများ ဖြင့် မည်း ညစ်နေပြီ ဖြစ်သည့် ပိတ်ခြင်ထောင် ၏ ကြိုးစ နှစ်စမှာ လျော့ရဲရဲ ချည်လျက်သား ၊ ကျန် ကြိုးနှစ်စမှာ ဖြုတ်ထားပြီးသား ဖိုးရိုးဖားရား တွဲလောင်းကျလျက် ။ 

 

 မှောက်လျက်သား ပန်းကန်အနားတွင် ရဲမြင့် နှင့် အငယ်ဆုံးကောင် ရဲထွတ် တို့သည် ဝုန်းဒိုင်းကြဲအောင် နပန်း လုံးနေကြသည် ။ ဒေါ်အေးချုံ သည် ပါးစပ်မှ တဗျစ်ဗျစ် မြည်တွန်တောက်တည်းကာ အကြီးကောင် ကို ထင်းစဖြင့် ခပ်စပ်စပ် တွယ် လိုက်သည် ။ အရိုက် မခံရ၍ စပ်ဖြဲဖြဲ လုပ်ကာ အကြီးကောင် အား လျှာထုတ် ပြောင်ပြနေသော  အငယ်ကောင် ကိုလည်း ထိပ် ကို နှစ်ချက် ဆင့် ခေါက်ပစ်လိုက်သည် ။ ပြီးတော့ ပြန့်ကျဲနေသော ထမင်းစေ့တွေ ကို သုတ်သင်ကာ မခေါက်သိမ်းရသေးသည့် စောင်တွေ ခြင်ထောင်တွေ ကို  ရှင်းရပြန်သည် ။ 

 

 အိပ်ခန်းထဲမှ ကိစ္စပြီးသည်နှင့် မီးဖိုထဲ ပြန်ဝင်ကာ ချဉ်ပေါင်ရွက် ၊ ဆူးပုပ်ရွက် ၊  ခရမ်းကျွတ်သီး တွေ ကို နှုတ်ခမ်း ပြုတ် ထွက်နေသည့် ဆန်ခါထဲ ထည့်လိုက်ကာ ငါးတွေ ကိုတော့  အိုးမဲထုတက်နေသည့် ဒန်အိုးတစ်လုံးထဲ ပစ် ထည့်လိုက်သည် ။ ချိုးများ ကပ်နေသော ထမင်းအိုး ထဲ ရေထည့်ကာ ထမင်းချိုးများကို ခွာဖြစ်နေစဉ် ၊ မီးဖိုခန်း နောက်ဘက် ကပြင်ရှိ ရေအိုးထဲ ဝုန်းခနဲ  ရေဖြည့်သံနှင့်အတူ “ ထမင်းချက် မလို့ အမေရေ … ရေဘုံဘိုင် က လူ ကျပ်လိုက်တာ အရမ်းပဲ ၊ အကြာကြီး စောင့်နေရတာနဲ့ ”ဟူသော သမီးငယ် တရုတ်မ ၏ အသံကို ကြားရလေသည် ။ 

 

 “ ဇီးကွက် မကလည်း အလုပ်မသွားခင် ထမင်းကလေး တစ်အိုးမှ ချက် မသွားဘူး ၊ သူ ထမင်း မထည့်သွားဘူးလား ” 

 

 ဇီးကွက် မသည် အမှုန့်ကြိတ်စက် မှာ အလုပ်လုပ်သော မဝါနု အောက် အငယ် ဖြစ်သည် ။ 

 

 “ ထမင်းကြမ်းပဲ ထည့်သွားမှာပေါ့ ၊ အမေ့သမီးက အပျင်းပဲဟာ ” ဟု ၁၂ နှစ်အရွယ် တရုတ်မ က ကြီးကြီးကျယ်ကျယ် ဆိုပြီးနောက် “ ပြည်သူ့ဆိုင် သွားမယ် အမေ ၊ ဒီနေ့  ဆန်ထုတ်ရမယ်လေ ၊ သကြားလည်း ပေးမယ် တဲ့ … ၊ တစ်ယောက် ( ၁၀ ) သား တဲ့ ၊ တစ်ခါတည်း ရောင်းခဲ့မယ်နော် အမေ ” ဟု တစ်ဆက်တည်း ပြောသည် ။ ပြည်သူ့ဆိုင် နှင့် ပတ်သက်လျှင် ဒီ အိမ်မှာ တရုတ်မက တာဝန်ခံပင် ။ 

 

 ကိုယ်တိုင် ထမင်းအိုးပြင်၍ တည်လိုက်ကာ မီးဖိုထဲ မလှုပ်တလှုပ်နှင့် ဝင်လာသော မဝါနု ကို ချဉ်ပေါင်ရွက် ခြွေခိုင်းပြီး ဒေါ်အေးချုံ ငါးခုတ်သည် ။ တစ်မနက်လုံး ဘာသရေစာ မှ မစားရသေး ။ မောမောနှင့် သုတ်သုတ် လုပ်ပစ်လိုက်သည် ။ သန့်ရှင်းဖို့ သပ်ရပ်ဖို့ ဂရုမစိုက် ။ မြန်မြန်ပြီး အေးရော ။ 

 

 “ ပေး … ပေး … မဝါနု ၊ အမေ ချဉ်ပေါင်ရွက် ခြွေလိုက်မယ် ၊ ဆီ နှစ်ကျပ်ခွဲသား ငရုတ်သီး အရောင်တင်မှုန့်ရယ် ၊ အချိုမှုန့်ရယ် ဝယ်ချေစမ်း ၊ ကြက်သွန်ရော ရှိသေးလား ၊ ကြည့်လိုက်ဦး ၊ မရှိရင် တစ်ခါတည်း ဝယ်ခဲ့ ၊ တစ်မတ်ဖိုးလောက် ” 

 

 “ အမေကလည်း အလုပ်တစ်ခု လုပ်လို့ မပြီးသေးဘူး ၊ နောက်တစ်ခု ခိုင်းပြန်ပြီ ” လို့ မဝါနု က မျက်လုံးကြီး လှန်ကာ ဆိုလျှင် ဒေါ်အေးချုံ က ထဘီစွန်တောင်ဆွဲပြီး “ ဟဲ့ … ဒီလောက်ကလေး လုပ်ရတာ ပင်ပန်းသလား ၊ နင့် ကို ဘုရားစင်ပေါ် တင် ကိုးကွယ်ထားရမလား ၊ နင် သူများတွေ လို ပိုက်ဆံ ထွက် ရှာရသလား ၊ ပြောစမ်းပါဦး … ” လို့ စိတ်တိုတို နှင့် ရမောင်းတင်ပစ်လိုက်သည် ။ မဝါနု ကတော့ နှုတ်ခမ်းစူကာ မအေ လှမ်းပေးသော ပိုက်ဆံကို ဇက်ခနဲ လှမ်းယူပြီး ဆောင့်ကြီးအောင့်ကြီး လှည့်ထွက်သွားလျှင် “ ဟဲ့ …ဟဲ့ … ဆီပုလင်း ယူသွားဦးလေ ” လို့  လှမ်းအော်ရပြန်သည် ။ 

 

 “ တော်တော်လာတဲ့ အရူးမ ” 


 ဒေါ်အေးချုံ သည်လိုပဲ ရေရွတ်မိသည် ။ မဝါနု ကတော့ ပါးစပ်က ပွစိ ပွစိ ပြောကာ  ထွက်သွားလေသည် ။ 


□ 

 

 အရပ်ထဲက လူတွေက မဝါနု ကို အရူးအပေါ တစ်ယောက် လို့ အသိအမှတ် ပြုထားကြသည် ။ 

 

 တကယ်တော့ မဝါနု သည် မိဘ ကို ဒုက္ခပေးဖို့သက်သက် လူ ဖြစ်လာသည် လို့ ဒေါ်အေးချုံ ထင်သည် ။ မဝါနု လူ ဖြစ်နေသည့် ၁၈ နှစ် မျှသော ကာလအတွင်း ဒေါ်အေးချုံ သည် သင်း ၏ ဒဏ် ကို ခါးစည်း အံကြိတ် ခံခဲ့ရ၏ ။ သူသေသေ ကိုယ်သေသေ တစ်ယောက်ယောက် သေလျှင် ဒုက္ခငြိမ်းမည် ။ ဒါပေမဲ့ တစ်ယောက် မျှ မသေ ။ 

 

 သားသမီး ၇ ယောက် အနက် ဝိသေသအထူးဆုံး သမီးကြီး မဝါနု သည် အသားဝင်းဖန့်ဖန့် ၊ မျက်ခုံး မျက်လုံး နှာတံ အလှဆုံး ။ ဗုဒ္ဓဟူးသမီးမို့ ကင်ပွန်းတပ် မင်္ဂလာ ကျင်းပစဉ် က ဘိသိတ်ဆရာ က ‘ မဝါနု ’ တဲ့ ။ လူ ကတော့ သုံးမရ ။ ငယ်ငယ်ကတည်းက စားဖို့ဆို ပါးဖြဲနားဖြဲ ။ တစ်နေ့ ထမင်းလေးထပ် စားနေကျ ။ သူ့ ဗိုက်ပြည့် ပြီးရော ။ အိမ် မှာ ရှိသည့် စားစရာလည်း ခိုး ၊ ပိုက်ဆံလည်း ခိုး ၊ တွေ့ကရာ လူ ထံ လက်ဖြန့် ပိုက်ဆံတောင်းကာ အကုန် မုန့် ဝယ်စားပစ်သည် ။  ဒေါ်အေးချုံ က ‘ ဗိုလ်ဆောင် ’ ဟု နောက်ကွယ်တွင် ချစ်စနိုး ခေါ်လေ့ရှိသည့် သူ့ အဖေ ဦးခင်ဆောင် က မဝါနု အား တိုင်မှာ ကြိုးချည်ကာ “ ခိုးဦးမလား ၊ လူတကာ ဆီမှာ  ပိုက်ဆံ တောင်းဦးမလား ” ဟု မေးမေးပြီး ခါးပတ်မာမာကြီး ဖြင့် လှိမ့်၍ ရိုက်သည်မှာ ဒေါ်အေးချုံ မကြည့်ရဲ ။ တွေ့ရာနှင့် ကောက်ပေါက်၍ ခေါင်းပေါက် ၊ သွေးထွက်သံယိုဖြစ် ၊ မျက်စိများပင် ဖူးယောင် ။ ဒေါ်အေးချုံ ကိုယ်တိုင်က “ မရိုက်ပါဘူးလေ ” ဟု လျှော့ထားရက်က အသည်းယားပြီး ရိုက် မိ ခေါက် မိသည်ချည်း ။ 

 

 မဝါနု ကို ကျောင်း ထား၍လည်း မရ ။ သွားချင်သည့် အချိန် သွား ၊ ပြန်ချင်သည့် အချိန် ပြန်လာ ၊ ဘာတစ်လုံးမျှလည်း မတတ် ။နောက်ဆုံးတော့ သူ့ အဖေ ဗိုလ်ဆောင် လည်း  လက်လျှော့ လိုက်ရပါ၏ ။ 

 

 အပျိုပေါက် ဖြစ်လာသော မဝါနု သည် ပို လှလာပေမယ့် ၊ ခိုးစားမြဲ စားလိုက် ၊ အိပ်လိုက်နှင့် ။ သူ့မှာ အပူအပင် မရှိ ၊ အတော် ဟန်ကျသည် ။ အိမ်အလုပ် ကူ လုပ်ဖို့ နေနေသာသာ  အင်္ကျီကြယ်သီးပင် မှန်အောင် မတပ်တတ် ။ တွယ်ချိတ် ကို နေရာမှန်အောင် မချိတ်တတ် ။ မမြင်အပ်သည့် နေရာရယ်လို့ ရှက်ရကောင်းမှန်း မသိ ။ ဘာဆို ဘာမျှ မသိ ။ ငါးပြားစေ့ ဆယ်ပြားစေ့ မတ်စေ့ပင် ခွဲခြား မသိ ။ တစ်ကျပ် ပြည့်အောင် မရေတတ် ။ ပြားသုံးဆယ် ကနေ ဆယ်ပြား ပြန်ရောက် ၊ ငါးမူး ကနေ တစ်မတ် ပြန်ရောက် ။ 


တစ်ဖက်အိမ်မှ ကိုးတန်းကျောင်းသူလေး အပြုံး ကတော့ ဒေါ်အေးချုံ အား  “ တစ်ကျပ်ပြည့်အောင် မရေတတ်တာ စိတ်မနှံ့တဲ့ လက္ခဏာဆိုပဲ အဒေါ်ရဲ့ ၊ ကျွန်မ စာထဲမှာ ဖတ်ဖူးတယ် ၊ ဆေးရုံ သွား ပြကြည့်ပါလား ” ဟု ပြောဖူးသည် ။ 

 

 အပြုံး ပြောတာကို သူ့ ခင်ပွန်းသည် ဦးခင်ဆောင် အား ပြန်ပြောတော့ မျက်ထောင့်နီကြီးနှင့်  “ အလကား မဟုတ်မဟတ် ”ဆိုကာ သူ့ကိုပင် ဟောက်လိုက်သေးသည် ။ ပြီးတော့ “ မင်း သမီး အရူး ဆိုရင် တခြား အရူးတော့ ဟုတ်မှာ မဟုတ်ဘူး ၊ လင်တရူး ပဲ ဖြစ်လိမ့်မယ် ”တဲ့ ။ 

 

 အင်း … ဗိုလ်ဆောင် ပြောတာလည်း သိပ်မလွန် ။ ‘ အရူးမ ’ ဟု အများတကာ နှုတ်ကျိုးနေသော မဝါနုသည် စားဖို့ အိပ်ဖို့အပြင် သိလာတာတွေ ရှိသေး၏ ။ ပိုက်ဆုံခိုးပြီး နှုတ်ခမ်းနီ ၊ ပေါင်ဒါ ဝယ်ရသည်မှာ အမော ။ ယောက်ျားလေးတွေ နှင့် စကား ပြောလျှင် “ အစ်ကို ”  “ အစ်ကို ” နှင့် နှုတ်ခမ်းနီ ဖြင့် ရဲနေသော နှုတ်ခမ်း နှစ်လွှာ ကို မစေ့တော့ပေ ။ ရုပ်ရည်သန့်ပြန့်သော  ယောက်ျားကလေးများ ဆို ပြောင်တစ်မျိုး ၊ ကွယ်ရာမှာ တစ်မျိုး ချောင်း ကြည့်တတ်လွန်း၍  ထိပ်ခေါက်ခံရပေါင်း များပေမဲ့ ခေါင်းရေကျိန်းပုံမရ ။ သူများ အတို့အဆိတ် ခံရသည်ကို စော်ကားခံရသည် မထင် ။ တစ်ခါတလေ သူ့ထဲမှာ ဘယ်က ရမှန်းမသိ ပိုက်ဆံ လေး ငါးကျပ် အထိ တွေ့ရ၏ ။ သူ့ အပြောတော့ “ ဟို အစ်ကို က ပေးသည် ၊ သည် အစ်ကို က ပေးသည် ”နှင့် ။ မတော်တရော် ဖြစ်မည်ကို အမျိုးမျိုး တွေးပူရပေမင့် ၊ ဒေါ်အေးချုံ သည် တစ်ခါတလေ ဈေးသုံးပြတ်လျှင် မဝါနုထံ မှပင် တောင်း သုံးခဲ့ရဖူးသေး၏ ။ 

 

 ဟိုတစ်နှစ် သင်္ကြန်တုန်း က သင်္ကြန် အကျနေ့ မှာပေါ့ ။ မဝါနု ပျောက်လို့ ရှာလိုက်ရတာ  ဒေါင်းတောက်မတတ် ။ ရဲဌာန ပြေးတိုင်ရကောင်းနိုးနိုး ၊ မယ်မင်းကြီးမက ည ၉ နာရီမှ  ပြန်ရောက်လာသည် ။ သူ့ လက်ထဲမှာ ငွေ ၁၅ ကျပ် ။ ကောင်လေးတွေ က ခေါ်သွားလို့ ပဲခူး  လိုက်သွားသည်တဲ့ ။ သူ့ အပြောကတော့ ရပ်ကွက်ထဲက ဒန်ပေါက် တို့ ၊ ကံလှ တို့ ကလေကချေ  ကလေးတစ်သိုက်ပင် ။ “ နင့်ကို ဘာမှ မလုပ်ဘူးလား ” ဟု ချော့ကော ချောက်ကာ အစ်အောက် မေးသည် ။ မဝါနု ကတော့ ဘူး ခံသည် ။ ဒေါ်အေးချုံ မှာ ရင် တထိတ်ထိတ် ။ 

 

 သည်လိုနှင့် မဝါနု ကို ရွာမှ ဒေါ်အေးချုံ နှင့် ဆွေရိပ်မျိုးရိပ် မကင်းသော ဒေါ်စိန်ရုံ စပ်ဟပ်ပေးသည့် မိဘမဲ့ တစ်ကောင်ကြွက် သူရင်းငှားလေး မောင်ကျော်လဲ့ နှင့် ပေးစားဖြစ်ခဲ့သည် ။ ကောင်လေး ရဲ့ အမည်ရင်းမှာ ‘ ကျော်လဲ့ ’ ဖြစ်ပေမယ့် မဝါနု က ‘ အစ်ကိုကျော်နက် ’ လို့ ခေါ်သမို့ ၊  ဘယ်သူကမှ ပီသမှန်ကန်အောင် ကြိုးစားပမ်းစား ခေါ်မနေကြ ၊ အာလုံးက ‘ ကျော်နက် ’ ပဲ ။ 

 

 မဝါနု မင်္ဂလာဆောင်မှာ သူ့ အဖေ ဗိုလ်ဆောင် က သူ့ မှာ ရှိသည့် အကောင်းဆုံး ဝတ်စုံ ဖြစ်သော သုံးပတ်နွမ်း ရွှေဖလားရောင် ဘန်ကောက်လုံချည် ၊ ဝါညစ်ညစ် ရှပ်လက်ရှည် ၊ နဂိုရောင်လော ၊ ချေးတင်နေသော ခန့်မှန်းရန် မလွယ်သည့် ပင်နီတိုက်ပုံကို စတိုင်ကျကျ ၊  ဝတ်စားကား အိမ်ဦးခန်း၌ အမြိုင့်သား ။ 

 

 “ သည်ကလေးမက ဘုန်းနဲ့ ကံနဲ့ဗျ ၊ ငယ်ငယ်ကလည်း သူတစ်ယောက်တည်း ဘိသိတ်သွန်းပြီး ကင်ပွန်း တပ်ရတာ ၊ မုန့်ဟင်းခါး နဲ့ ဧည့်ခံတယ်လေ ၊ ကျန်တဲ့ ကောင်တွေ သူ့လို ကင်ပွန်း တပ်ရတာ မဟုတ်ဘူး ၊ ခု ကြည့်လေ လူ တွေကသာ အရူး အရူး နဲ့ ခေါ်နေပေမယ့် ဘုန်း ကတော့ မရူးဘူးဗျို့” သည်လို အာဘောင်အာရင်းသန်လျက် ရှိလျှင် အနားရှိ လုပ်ဖော်ကိုင်ဖက် အလုပ်သမားကြီး ဦးအောင်ဇံ ၊ အနှိပ်သည် အဘိုးကြီး ဦးကျော်ရိုး မှာ  ခေါင်းတညိတ်ညိတ် ။ 

 

 ဒေါ်အေးချုံ ကမူ ဗိုလ်ဆောင် အား မျက်စောင်း ချီကာ ချီကာ “ သူက ဘုန်းရှင် ကံရှင်လုပ်နေ ၊ သည်အရူးမ ကို အစွံ ထုတ်ဖို့အရေး မိအေးချုံ ဘယ်လောက် ဘေးကျပ် နံကျပ်  ဖြစ်ရတယ်ဆိုတာဖြင့် မသိဘဲနဲ့ ” 

 

 သမက် ကလေး မောင်ကျော်နက် မှာ ဆွေမဲ့မျိုးမဲ့ တစ်ကောင်ကြွက် မို့ တောမှ သူရင်းငှား အလုပ်ကို စွန့်လွှတ်ပြီး ယောက္ခမအိမ်မှာ အတူနေကာ ၊ ဆိပ်ကမ်း ကုန်တင် ကုန်ချ  အလုပ်သမားအဖြစ် အားကြိုးမာန်တက် လုပ်ကိုင်ရှာသည် ။ 

 

 မဝါနု ကသာ အရူးအနှမ်းမို့ မသိတတ်တာ ၊ သမက် ကလေးကတော့ အတော်ရှာသား ။ ခမျာ ကမ်းနားမှာ တပင်တပန်း ထမ်းပိုးပြီး ရသည့်ငွေအနက် တစ်နေ့ ငွေ ၁၀ ကျပ်ကို မဝါနု စားစရိတ်အတွက် ပေးသည် ။ သူ ကတော့ ကမ်းနားမှာပဲ ဖြစ်သလို စားသည် ။ တစ်နေ့လျှင် ၅ ကျပ် ၁၀ စသည်ဖြင့် သတ်သတ် စုဘူးထဲ ထည့်စေသည် ။ ငယ်ကတည်းက စားနေကျ ကြောင်ဖားပေမို့ မဝါနု ကတော့ ကိုယ့်စုဘူးကိုယ် အလွတ်မပေး ။ ခိုး ဖောက်လိုက်သေး၏ ။ သည်ကြားထဲမှပင် တက်ထရွန်နှင့် ၊ ဖော့နှင့် ၊ ဆွဲကြိုးလက်ကောက်နှင့် ဖြစ်လာသည် ။ ရွှေနှင့် ငွေနှင့် ဆိုတော့ ဒေါ်အေးချုံ တို့ အိမ်မှာ မင်္ဂလာကျက်သရေ တိုးသည်ပင် ။ 

 

 သို့ပေမယ့် မဝါနု ၏ ရွှေရောင်လွှမ်းသော ရက် များကား သက်တမ်း မရှည်ခဲ့ရှာ ။ အိမ်ထောင်ကျပြီး ၇ လ အကြာ၌ ဖွားမြင်လာသော မောင်ကျော်နက် နှင့် မဝါနု တို့၏ သားအမြွှာညီနောင်အား အားပါးတရ အသံဝါကြီးဖြင့် တေးသီချော့မြူလေ့ရှိသော ကျော်နက် ၏ သားချော့တေးသံ မှာလည်း လ အနည်းငယ်လောက်သာပဲ ညံနိုင်ခဲ့ရှာ၏ ။ အဝတ်  လတ်လတ်ကလေးများကို အကြော့သား ဆင်ကာ ၊ လင်ရှိရာ ကမ်းနားသို့ အလုပ်မရှိ အလုပ်ရှာ  လိုက်သွားလေ့ရှိသော မဝါနု သည် တစ်ညနေတွင် လုံးဝ အိမ်ပြန် မလာတော့ ။ မဝါနု ပျောက်သည့် သတင်းများ တစ်ရပ်ကွက်လုံး ဟိုးလေးတစ်ကျော် ။ နှစ်ရက် အကြာမှာ မဝါနု သည် ကမ်းနားငါးဒိုင် မှ  လူပေါ်ကြော့ တစ်ယောက်နှင့် လိုက်ပြေးကြောင်း ခိုင်လုံသော သတင်း ရသည် ။ တစ်ပတ် ကြာတော့ မဝါနု အိမ်ပြန် ရောက်လာသည် ။ သူ ဝတ်ဆင်သွားသည့် နားကပ် ၊ ဆွဲကြိုး ၊  လက်ကောက်တွေအစား ကြီးမားသော အခေါင်းပွ ရွှေအတုများ ပါလာသည် ။ မဝါနု ကတော့ ပန်းပန်လျက်ပင် ။ သူ နှင့် လိုက်သွားသော လူ ၏ အမည် ကား ‘ ချစ်ကိုကို ’ ဆိုလား ။ ဘယ်ရောက်၍ ဘာဖြစ်မှန်းတော့ တစ်ခုမှ မေးလို့မရ ။ 

 

 ကျော်နက် ကတော့ အိမ်မှ ဆင်း သွားပေပြီ ။ တော ကိုလည်း ပြန်ရောက်သည်မကြား ။ ဘယ်ရပ်ဌာနေ စံလေသည် မသိ ။ ဘာသတင်း အစအနမှလည်း မရ ။ ကျော်နက် ဆင်းသွားပြီး မကြာမီ အမြွှာညီနောင် အနက် မှ တစ်ကောင်သည် အပြင်း ဖျားပြီး ကိစ္စ ချောလေရာ ၊ ဒေါ်အေးချုံ မှာ ဖွ မပြောကောင်းပြောကောင်း ဝမ်းပင်သာမိရှာလေ၏ ။ 


သားတစ်ကောင် နှင့် တို့လိုတွဲလဲ မဝါနု ကတော့ ဘာတစ်ခုမျှ ပုံစံ မပြောင်း ။ ခေါင်းကျိန်းရသူက ဒေါ်အေးချုံ ပင် ။ မဝါနု တို့ သားအမိ ဝန်တာ ၊ အိမ်မှာ ကလေး က ၆ ယောက် ။ 

 

 မဝါနု အောက် ဇီးကွက်မ ကလည်း မဝါနုနဲ့ ပိန်မသာလိမ်သာ ။ ဘာထူးမလဲ ။ သည်ပုတ်ထဲက သည်ပဲ ။ အတန်း ၁ တန်းမှာ ၂ နှစ်လောက်နေပြီး ၄ တန်းမှာ တဖုန်းဖုန်း ကျနေ၍ ကျောင်းနုတ်ကာ သူ့အဖေ ဗိုလ်ဆောင် လုပ်ပေးသော ဖင်ထိုင်ခုံကလေးများကို ကီလီဈေးမှာ သွားရောင်းစေ၏ ။ ပျာပျာရှပ်ရှပ်မို့ ပစ္စည်းပျောက် ငွေကွာ ပြဿနာပေါ်မြဲ ။ ခုတော့ အမှုန့်ကြိတ်စက် မှာ တစ်နေ့ ၆ ကျပ်နှင့် အလုပ် သွင်းထားလိုက်သည် ။ 

 

 ဇီးကွက်မ ရဲ့ ခုံရောင်းတာဝန်ကို ယူသူကတော့ မွေးနီ ပင် ။ သူ့ ကျတော့ အလှည့်အပတ် အကြံအဖန် များလွန်းသည် ။ မလွှဲသာ၍ ဈေးရောင်းခိုင်းရပေမဲ့ ငွေရေးကြေးရေးမှာ ယုံစား၍ မရ ။ 

 

 မွေးနီ အောက် မှာ တရုတ်မ ၊ သန်းထိုက် ၊ ရဲမြင့် ၊ ရဲထွတ် ၊ကြီးစဉ်ငယ်လိုက် အစီအရီ ။  မအေ နှင့် ငါးဒိုင် လိုက်နေကျ တရုတ်မ ကိုတော့ ကျောင်း မထားတော့ ။ ဖြစ်ထွန်းမှာလည်း မဟုတ် ။ တစ်တန်းရောက်ပြီ ဖြစ်သော သန်းထိုက်ကိုလည်း ရှေ့ တစ်နှစ်လောက်ဆို ကျောင်းနုတ်ပြီး အရက်ဆိုင်မှာ စီးကရက် ရောင်းခိုင်းဖို့ စိတ်ကူးထားသည် ။ 

 

 တစ်နေ့တစ်နေ့ သည် ကလေးတွေနှင့် အသက်လု ရှူနေရဆဲ ။ အသက် ၄၂ ရှိပြီ ဖြစ်သည့်တိုင် ကိုယ်ဝန် ဆောင်ရဆဲ ။ ဗိုက် နှင့် လူ ပြတ်လပ်သည် မရှိ ။ ခုလက်ရှိ ကိုယ်ဝန် ကပင် ( ၅ ) လ ။ အင်း … ဒီတစ်ယောက် မွေးပြီးရင်တော့ ဗိုလ်ဆောင် တို့ အလုပ်သမား ဆေးခန်း က ဆရာဝန်ဆီမှာ ထောက်ခံစာ တောင်းပြီး ကိစ္စပြတ်အောင် လုပ်တော့မှ ။ 


□ 

 

 ဒေါ်အေးချုံ ထမင်းပြင်ပြီးသည်နှင့် ဗိုလ်ဆောင် တို့ အလုံသင်္ဘောကျင်း အလုပ်ဝင်းမှ ၁၁ နာရီ ဥဩ ဆွဲလေသည် ။ ပြည်သူ့ဆိုင်က ပြန်လာသော တရုတ်မ ၊ ဈေးရောင်းကာ ပြန်လာသည့် မွေးနီ ၊ အလုပ်က ပြန်လာသော ဗိုလ်ဆောင် ၊ အငယ်ဆုံးကောင် ရဲထွတ်တို့ ထမင်းပွဲဝင်သည် ။  မရှေးမနှောင်းမှာပင် ကျောင်းက ပြန်လာသည့် သန်းထိုက် ၊ ရဲမြင့် တို့လည်းဝရုန်းသုန်းကား ဝင်စားကြသည် ။ 

 

 ထိုစဉ်မှာပင် ဧည့်သည် ရောက်လာသည် ။ မဝါနု ကိစ္စမှာ အကျိုးတော်ဆောင်ကြီးမို့  ဒေါ်အေးချုံ ၏ ကျေးဇူးရှင်တစ်ပါး ဖြစ်သည့် ဒေါ်စိန်ရုံ ။ အငယ်ဆုံးကောင် ရဲထွတ် သည်  မိုးပြာရောင်လုံချည် ၊ ပန်းနုရောင်ဇာအင်္ကျီနှင့် နှင်းဆီနီနီ တစ်ပွင့်ပန်ကာ မြို့သူနှင့် မခြား  သားနားလျက်ရှိသော ဒေါ်စိန်ရုံ ၏သမီး မလှဆင့်ကို ရှေ့တည့်တည့်မှ စိမ်းစိမ်း ကြည့်နေ၏ ။ 

 

 “ မစိန်ရုံ တစ်ခါတည်း ထမင်းဝင်စားလေ ခူးလိုက် မယ် ”  


ဒေါ်အေးချုံ က လောကွတ်ပျူငှာ ဆိုရသော်လည်း ရန်ကုန် ရောက်တိုင်း ဒေါ်အေးချုံ ထံ အလည်အပတ် ရောက်လာလေ့ ရှိပေမယ့် သူတို့ ဒီ အိမ် မှာ ဘယ်တုန်းကမှ ထမင်း စားလေ့ မရှိ ။ မလှဆင့် က ဆို ရေပင် မသောက် ။ အေးလေ … ကိုယ့် အိမ်ကလည်း စားချင် သောက်ချင်စရာ မရှိပါဘူး ။ 

 

 ကြည့်ပါလား ထမင်းဝိုင်း ကို ။ ကလေးငါးယောက် လူကြီးနှစ်ယောက် ဝိုင်းမဆံ့၍ ရဲမြင့် နှင့် ရဲထွတ် ကို ဟင်းပုံပေးပြီး အပြင် ထွက်စားစေသည် ။ မဝါနု ကတော့ ဟင်းကျက်ကတည်းက ဦးဦးဖျားဖျား ပွဲတော် တည်ပြီးပြီ ။ ဟင်း ပုံပေးထားသော ကလေးတွေကလည်း ဟင်းကို အရင် ကျုံးစားပစ်ပြီး တစ်ယောက်တစ်လှည့် ဟင်း ထပ်တောင်းကြပြန်သည် ။ ထမင်းပွဲမှာ  ဘယ်လက်ရော ညာလက်ရော ရှုပ်နေသည် ။ ဘယ်လက် သုံး သူမှာ တရုတ်မ တစ်ယောက်တည်း ။ ဇွန်း ကို ဘယ်လက်နှင့် ကိုင်ရမည် ဟူသော အသိကြောင့် မဟုတ် ။ တရုတ်မ သည် ဘယ်သန်  ဖြစ်သောကြောင့်ပင် ။ ဒေါ်အေးချုံ တို့အိမ်မှာ ဘယ်သူမှ ဇွန်း ကို ဘယ်လက်နှင့် မကိုင်ကြ ။  လက်တွေမှာ ထမင်းလုံးဖွေးဖွေး ။ ငါးပိခွက်ကို ဇွန်း တပ်ထားသော်လည်း အားမရ၍ တို့စရာကို ငါးပိခွက်ထဲ မြှုပ်ကာ ကလော်ယူလိုက်သည် ။ ထမင်းစားပွဲပေါ်တွင် ခရမ်းသီးအညှာ ၊ ဆူးပုပ်ရိုးတံ ၊ ငါးရိုး ၊ ထမင်းလုံးနှင့် ဖွေးဖွေးလှုပ်နေသည် ။ ရဲမြင့် နှင့် ရဲထွတ် တို့ ထမင်းစားရာ နေရာနှင့် ထမင်းစားပွဲ မှာ ထမင်းလုံးလမ်းကြောင်းကြီး တန်းနေသည် ။ မဝါနု ၏ သားငယ် မှာ ကြမ်းပြင်မှ ထမင်းလုံးများ ကို လိုက် ကောက်စားနေ၏ ။ 

 

 မလှဆင့် သည် သိုက် မြိုက်လှသော ထမင်းပွဲ ကို ကြည့်ကာ သူ့ အမေ ကို လက်ကုတ်၍  “ ပြောစရာရှိတာ ပြောလေ အမေရယ် … ပြန်ရအောင် ” ဟု မျက်နှာ ရှုံ့မဲ့မဲ့နှင့် ပြောလေသည် ။ 

 

 ဒေါ်စိန်ရုံ သည် ပါးစပ်၌ ကွမ်းသီးငုံလျက် ခေါက်ချိုး ချိုးထားသော ကွမ်းရွက်ပေါ်  ထုံးတို့ရင်းက “ တို့ သရက် လာရောင်းတာ မအေးချုံ ရဲ့ ၊ ဟိုတစ်ခါက ငါ ပြောဖူးသားပဲ ၊  တော လိုက်ခဲ့ပါလား ၊ တို့က မနက်ဖြန် ပြန်မှာ ဘယ့်နှယ်လဲ ”ဟု မေးသည် ။ 

 

 သရက်ချိန်တွင် ခြံသမား တို့ သည် ခူးပြီး သရက် များ သမ္ဗာန်ထဲ ရောက်သည်အထိ လူငှား လိုသည် ။ ထို့ကြောင့် သရက်ချိန် တွင် ဒေါ်အေးချုံ အား တော လိုက်ခဲ့ရန် ဒေါ်စိန်ရုံ က တစ်ခါက ခေါ်ဖူးသည် ။ 

 

 “ လိုက်ချင်တာပေါ့ မစိန်ရုံ ရယ် ၊ အရင်းမစိုက် လှေထိုးလိုက် ဆိုသလို အရင်း မကုန်ဘဲ ပိုက်ဆံ ရမယ့်ဥစ္စာ ၊ ဒါပေမဲ့ ဒီမှာ ကြည့်လေ ၊ ကျွန်မ မရှိလို့ ဘယ်လိုလုပ် ဖြစ်မလဲ ၊ မနက် ကမ်းနားပြေး ၊ ဈေးရောင်းပြီး ပြန်လာတဲ့ အထိ ထမင်း တစ်အိုးတောင် ချက်ထားကြတာမှ မဟုတ်တာ ” 

 

 “ မဝါနု ကို ခိုင်းပေါ့အေ ၊ သူ့မှာ ဘာ အလုပ်ရှိတာ မှတ်လို့ ” 


 “ အမယ်လေး … သူ့ ယုံစားလို့ ဖြစ်မလား … မစိန်ရုံ ရယ် ” 


 ဒေါ်စိန်ရုံ က မဝါနု ဘက် လှည့်ကာ “ မဝါနု က အရင်လိုပဲလားကွဲ့ ၊ လိမ်လိမ်မာမာ နေမှပေါ့ တူမရဲ့ ” ဟု ဆုံးမနေသည် ။


ဗိုလ်ဆောင် က “ ကိုယ့်သွေးကိုယ့်သားမို့ လူကြား မကောင်းမှာစိုးလို့သာ ကြည့်နေရတာ ၊ သူ့လို ဟာမျိုး အသေ ရိုက်သတ်ဖို့ ကောင်းတာ ” ဟု ဝင်ပြောသည် ။ မဝါနု ကတော့ နိုင်တူး အမည်ရှိ သူ့ သားငယ် နှင့် ပလူးပလဲ ကျီစယ်လျက်က သွားချေး ဗရစ်ပျစ်နှင့် သွားဖုံးပေါ်အောင် ပြုံးကျဲကျဲ လုပ်နေ၏ ။ 


□ 

 

 မနက်စာ စားပြီးတိုင်း ဒေါ်အေးချုံ တစ်ရေးတမော အိပ်လေ့ ရှိသည်ပင် ။ မနက် ၃ နာရီ  ကမ်းနား ဆင်းရတော့ ၊ ထမင်းစားပြီးသည်နှင့် မျက်လုံးတွေ က ဖွင့် မရချင်တော့ ။ တစ်ရေး အိပ်ရာထလျှင်မူ သူငယ်ချင်းကောင်း ယောက် မ တစ်သိုက်နှင့် ရေနွေးဝိုင်းဖွဲ့ကြစမြဲ ။ 

 

 “ သူ့ လင်ငယ် ကုလားက ပံ့ပိုးထားလို့ နည်းနည်း ပြောင်လာတာ အေရဲ့ ၊ အစက သူ့ လင် တရုတ်ကြီး ဝက်ခေါင်းသုပ် ရောင်းတဲ့ လုပ်စာကလေးနဲ့ ကလေး တစ်ပြွတ်ကြီးနဲ့ အသက်တောင်  အနိုင်နိုင် ရှူနေရတာ ၊ ခုတော့ တယ် ရယ်စရာ ကောင်းလိုက်တာ ၊ အငယ်ဆုံးလေးကလေး မြင်တယ် မဟုတ်လား ၊ မည်းလိုက်တာ တူးလို့ ၊ တစ်ကိုယ်လုံးလည်း အမွေးချည်းပဲ ၊ အကြီးတွေနဲ့ ဘာဆိုင်လို့တုံး ၊ ဒါနဲ့များ ကောင်မ က ပြောလိုက်သေး ၊ သူ့ ကလေးတွေဟာ ငယ်ငယ်က ဒီလိုပဲ မည်းကြသတဲ့ ၊ ကြီးလာမှ ဖြူလာတာတဲ့ ” 

 

 “ ညည်း စိန်လှ သတင်းရော ကြားပြီးပြီလား ၊ သီတင်းကျွတ် ရင် မိကြည် နဲ့ ယူတော့မလို့တဲ့ ၊  မောင်းခတ်နေတယ်လေ ၊ သူ့ ဟာမလေးအကြောင်း မသိတာ မှတ်လို့ ၊ အဲဒီ ကောင်မလေး က ဒါမျိုးနဲ့  စားလာတာ အံခွနေပြီ ၊ သူ့ အရင် ဟို ရွှေဘော် ဆိုတဲ့ ကောင်လေး တုန်းကများ ထဘီ လျှော်ပေးမတတ် ၊ အဲဒါတောင် ကန်ထုတ်ပစ်လိုက်တာ ” 

 

 အေးစု နှင့် ရွှေခင် ၏ ပလုပ်ပလောင်း မြိန်ရေရှက်ရေ သတင်းစကားတို့မှာ ခါတိုင်းလို ဒေါ်အေးချုံ အား စိတ်ဝင်တစား မဖြစ်စေခဲ့ ။ တစ်ရေးနိုး အိပ်ရာထ ကတည်းက ဒေါ်အေးချုံ ခေါင်းထဲ သိပ်မရှင်း ။ ကိုယ်ထဲကလည်း ပူရှိန်းရှိန်းနှင့် ။  

 

 သည်မနက် ခါတိုင်းထက် ကသီသွားသည် ။ ဒေါ်အေးချုံ ဝယ်နေကျ ဈေးခွေးကလေး နီတွတ်က “ အဒေါ် ခဏစောင့်ဦး ၊ ကျွန်တော် အမေ့ဆီ သွားလိုက်ဦးမယ် ”ဆို၍ စောင့်နေရာ ၊  အချိန် အတော် လင့်သွားသည် ။ ဒေါ်အေးချုံ မှာ ဟိုက သည်က ငွေဆွဲ ဈေး ရင်းရသူမို့ ဒိုင် မှ များများစားစား ဝယ် မရောင်းနိုင် ။ သည်လို ဈေးသူခိုးလေးတွေ ဆီက အချောင်စောင့်ရမြဲ ။  ကမ်းနားမှာကတည်းက အဆင်မပြေတော့ ဈေးသိမ်း နောက်ကျ ၊ အလုပ်သမား ထမင်းစားမီရန် အလောတကြီး ချက်ပြုတ် ၊ ချွေးမတိတ်ခင် ရေချိုးလိုက်မိသည် ။ ချွေးငုပ်သွားတာနဲ့ တူပါရဲ့ ။ 

 

 အေးစု ယူလာသည့် လက်ဖက်သုပ်ပန်းကန်မှ ရှားရှားပါးပါး ကြက်သွန်ကြော် တစ်ဖတ်ကို ယူမြုံ့ရင်း နာမည်သာ ရွှေခင် ၊ ရွှေကိုမူ မဆင်နိုင်ဘဲ ရွေးလိုက် ပေါင်လိုက်နှင့်မို့ ဟောင်းလောင်းဖြစ်နေရှာသည့် ရွှေခင် နားပေါက် ကို ငေးကြည့်နေမိသည် ။ 


“ ရွှေခင် ရေ … ညည်းကလေး ပုခက်ထဲက လိမ့်ကျလို့ ” ဟူသော ရွှေခင် တို့ အိမ်ခေါင်းရင်းမှ ဒေါ်သီ ၏ အော်ခေါ်သံကြောင့် ရွှေခင် စကားဖြတ်ကာ ကမန်းကတန်း ပြန်ပြေးသွားသည် ။ 

 

 အေးစု သည် ထရံတွင် ခေါင်းမှီရင်း မျက်စိမှိတ်ကာ မှိန်းနေသော ဒေါ်အေးချုံ အား အသေအချာ ကြည့်လျက် “ အဒေါ် အိပ်ရေး မဝဘူးလား ” ဟု မေးလိုက်သည် ။ 

 

 “ ခေါင်းကိုက်နေတယ်ကွယ် ၊ ဖျားချင်လား မသိဘူး ” 


 “ ဘတ်စပလို သောက်ပြီး ချွေးထုတ်လိုက်ပေါ့ အဒေါ်ရဲ့ ၊ ကလေးတစ်ယောက်ယောက်  ဝယ်ခိုင်းလိုက်ပါလား … ” 


 ခိုင်းမည်ကြံကာမှ ကလေးတွေ တစ်ယောက် မှ အနားမှာမရှိ ။ ခိုင်းမဖြစ်သည့် အငယ်ဆုံးကောင် ရဲထွတ် ကသာ အမေ့ ဗိုက် ကို တအား ကျုံးကျုံးဖက်ပြီး “ ညီလေး … ညီလေး ” ဟု ခေါ်နေသည် ။ လူကြီးတွေ မြိန်ရေရှက်ရေ အတင်းပြောနေတုန်း ကလေးတွေ က  ကျီးကန်းတောင်းမှောက် မျက်လုံးတွေနှင့် လက်ဖက်ခွက် ကို တစ်ယောက် တစ်လက် နှိုက်ကြ၏ ။  လက်ဖက်ခွက် လည်း ပြောင်ရော ကလေးတွေ လည်း အိမ် မကပ်ကြတော့ ။ 

 

 မွေးနီ ကား တခေါခေါနှင့် အိပ်မောကျနေ၏ ။ လုံချည်ကား ပေါင်ရင်းအထိ လှန်လျက် ။ ပါးစပ်မှ သွားရည်ကြောင်းနှင့် ။ မွေးနီ၏ မဖြီးမသင် ဂျပ်ခဲ ဖြစ်နေသော ခေါင်း ကို ကြည့်ပြီး ဒေါ်အေးချုံ ခေါင်း ထဲ ပိုနောက်လာ၏ ။ 

 

 “ မဝါနု … အမေ့ ကို ဘတ်စပလို ဝယ် ပေးစမ်း” 

 

 မဝါနု သည် သည်တစ်ခါတော့ ရှောရှောရှူရှူပင် ပိုက်ဆံ ကို လှမ်းယူကာ ကလေးအား နို့တစ်ဖက်တည်း သန်သလို တိုက်တတ်၍ တစ်လုံးက ပြားကပ်ကာ ချက်နားအထိ ရှည်ကျနေသော  မနောနွယ်နို့တစ်လုံး ကို အင်္ကျီထဲ ပြန် မသွင်းဘဲ ဗိုးလိုးဗတ်လတ် နှင့်ပင် သွက်သွက် ထွက် သွားသည် ။ 

 

 ဆော့ရာမှ ပြန်ရောက်လာသည့် နို့ညှာ ရဲမြင့် က မအေ့ အား ပွတ်သီးပွတ်သပ် လုပ်ကာ  ပိုက်ဆံ ကပ်တောင်းသည် ။ အိတ်ထဲမှာ အကြွေ ၁၅ ပြား နှိုက် ပေးလိုက်လျှင်မူ ၊ အိမ် ထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားသည် ။ 

 

 ထမင်း ချက်တော့မည် ဆိုကာ အေးစု ပြန်သွားလျှင် ဒေါ်အေးချုံ ညစာအတွက် ဟင်းစပ်ကို ခေါင်းပူအောင် စဉ်းစားရသည် ။ ပဲဟင်းကျဲကျဲတစ်ခွက် ၊ အာပြဲခြောက်ကလေး ဆီပူထိုး ၊ တစ်ယောက် တစ်ဖတ် နှစ်ဖတ် မျှစားရမှာပဲ ။ အင်း … ဆီတောင် ဝယ်ရဦးမှာပါလား ။ 

 

 မဝါနု ဝယ်လာသော ဆေး ကို ရေနွေးနှင့် မျိုကာ အိပ်ရာမှ နိုးလာသည့် မွေးနီ နှင့် ဘယ်က  ပြန်ရောက်လာမှန်းမသိသည့် တရုတ်မ အား ညစာချက်ဖို့ တာဝန်ပေးလိုက်သည် ။ ပြီးတော့ အိပ်ခန်းထဲ ဝင်ကာ စောင်ခြုံကွေးနေလိုက်သည် ။ 


ခြုံထားသော စောင် ရဲ့အငွေ့အသက်က ဒေါ်အေးချုံ ၏ ခေါင်းကို ပိုကိုက်လာစေသည် ။ အခန်းထဲရှိ အောက်သိုးသိုးနှင့် ချဉ်စုပ်စုပ်အနံ့ နှစ်မျိုးပေါင်းကို ရှူရှိုက်နေရသည် ။ မဝါနု က ကလေး ချေးပါလျှင် တွေ့ရာ အဝတ် နှင့် သုတ်ပြီး ချောင် ထိုးထားတတ်သည် ။ အနံ့ မခံနိုင်ပေမယ့်  ထပ် မရှာနိုင်တော့ ။ ခေါင်း မထူချင် ။ 

 

 ခဏကြာလျှင် အပြင်ခန်းမှ တဒုန်းဒုန်း ပြေးလာသံတွေ ကြားရ၏ ။ ငရဲသားလေးတွေ ကစားမြူးတူးရာက ပြန်လာကြပြီ ။ မဝါနု သား က တက်မတတ် စူးစူးရှရှ အော်လိုက်သည် ။  တက် အနင်းခံရပြီလား မသိ ။ မကြာခဏ အထိအခိုက် အနင်းအနယ် ခံရဖန်များ၍  သည်ကလေးလည်း ဘယ်နေ့ ချေးထွက်မည် မသိ ။ နှစ်ခါလည်ခါနီးပြီ ဖြစ်ပေမယ့် လမ်း မလျှောက်နိုင်သေးသော ကလေးငယ် မှာ ကြုံလှီချည့်နဲ့သော ကိုယ်နှင့် ၊ သေးကွေးလှသည့် အရိုးငေါက်ငေါက် ခြေချောင်း လက်ချောင်းကလေးများနှင့်မို့ လူ နှင့်ပင် မတူ ။ 

 

 မီးဖိုထဲမှ အိုးသံ ခွက်သံနှင့်အတူ တစ်ယောက်နှင့်တစ်ယောက် တွက်ကပ်သံတွေကို ကြားနေရသည် ။ ဒါပေမဲ့ ည စာ ကိုတော့ ဗိုလ်ဆောင် အပြန် မမီမှာ မပူရ ။ အလုပ်ဆင်းချိန်မှာ  ‘ အောင်သပြေ ’ ကိုသွားဖို့က ဗိုလ်ဆောင် ရဲ့ ပဓာန  ဝတ္တရား ။ တစ်ယောက်ယောက် ဆီက မရမက ချေးပြီး သောက် ချင် သောက် ၊ အိမ်ပြန်လာပြီး ဒေါ်အေးချုံ ဆီက ၊ ဒါမှမဟုတ် ခုံရောင်းပြီး ပိုက်ဆံ  ကစ် ထားတတ်သည့် မွေးနီ ဆီက ကုတ်ကတ်တောင်းကာ သူ အိမ်က ပြန်ထွက်စမြဲ ။ 

 

 သင်္ဘောကျင်း မှာ သူ့ လုပ်သက် အနှစ် ၂၀ ကျော်ပြီ ။ ပထမအဆင့် အလုပ်သမား  တစ်ယောက် အနေဖြင့် သူ့ လခ ၂၅၀ ကျော် ။ လ ကုန်လျှင် ချေးငွေအသီးသီး ဖြတ်ငွေ ၊ သူ့ အရက်ဖိုး အကြွေးဆပ် ငွေ ၊ အလီလီ နုတ်လျှင် အိမ်ပါလာသည်က ၁၀၀ အနိုင်နိုင် ။ ပါလာသည့်ငွေမှာ စားကြွေး သောက်ကြွေး ၊ ဟိုက သည်က ချေးထား လှည့်ထားတဲ့ ကြွေးတွေအတွက် ပေးရတဲ့ အတိုး စေ့ငှအောင်ပင် မဆပ်နိုင် ။ ကနေ့ လခထုတ် ၊ နောက်နေ့ရင်းဖို့ ညတွင်းချင်း ငွေ ချေးရသည် ။ ပုတ်ပြတ်ကလေး ထုတ်သည့် အခါတွေမှာ အရင်း တချို့တစ်ဝက် ကို လှည့် ဆပ်ဖြစ်၏ ။ ဒါပေမဲ့ သိပ်မကြာ ၊ ထပ်ယူရပြန်သည် ။ အကြွေးတွေ … အကြွေးတွေ ။ 

 

 ဒီအကြွေးတွေ ဘယ်လိုက ဘယ်လို တက်လာပါလိမ့် ။ အချိန်ကာလ ကို မှန်းဆ မရ ။ တရိပ်ရိပ် တက်ပြီး လုံးလည်လိုက်ခဲ့တဲ့ အဖြစ် ။ ကိုယ်ကများ ဟော့ဟော့ရမ်းရမ်း သုံးခဲ့မိသလား ။  ဘယ်တုန်းကမှလည်း အကောင်း မစားခဲ့ရ ။ ထဘီနွမ်း အင်္ကျီနွမ်းကလေး နှစ်ထည် သုံးထည် နှင့် လူ လုပ်ခဲ့ရသည့် အဖြစ် ။ အဝတ်သစ် ကို မမြင်ဖူးသည်မှာ ကြာပြီ ။ အိမ်က  ပရိသတ်တွေအတွက်လည်း ဖောက်သည် ကပ္ပလာဝါလားဆီကပဲ ။ 

 

 အတွေးတွေ ထွေးလုံးရစ်ပတ်ဖြစ်နေရမှ သတိရလာချိန်မှာ ပူညံပူညံ အသံတွေ ကို ကြားရ၏ ။ မည်းတူးအောင် ဖြစ်နေသော အာပြဲခြောက်ကြော်ကို ခွင်ပေါ်မှ မချနိုင်အားဘဲ ၊ တရုတ်မနှင့် မွေးနီသည် တစ်ယောက်နှင့် တစ်ယောက် မီရာကို လှမ်းကုတ်ဆွဲနေစဉ် ၊ ဗိုလ်ဆောင် ပြန်ရောက်လာ၏ ။ ဒယီးဒယိုင် အနံ့ တသင်းသင်း ။ 


ငါးခြောက်ကြော် မည်းမည်းကို အကြောင်းပြု၍ ဆူစဆဲစ ပြုလျှင် မဝါနု က သူ့ ကလေး သူ ချီကာ အပြုံး တို့ အိမ်သို့ သုတ်သုတ် ထွက်သွား၏ ။ တရုတ်မ ကား အချောမကိုင်ရသေးသည့် သစ်သားစ တစ်စဖြင့် မြှောက်ကာ တွယ်နေသည့် ဗိုလ်ဆောင် အား မျက်လုံးကြီး  ကလယ်ကလယ် ပြုကာ ကြည့်လျက် နောက်သို့ ဖင်ရွှေ့ ဖင်ရွှေ့ဖြင့် “ ကြောက်ပါပြီ အဖေရဲ့” ဟု အသံပြဲနှင့် အော်နေ၏ ။ 

 

 ဗိုလ်ဆောင့် အချစ်တော် သန်းထိုက် က အဖေ့ ဘက် က စစ်ကူကာ “ မှတ်ပြီလား ဟေ့ ” ဟု ဖြဲ ချောက်နေ၏ ။ အငယ်ကောင် တွေ ကလည်း မိုးဦးကျဖားတွေ လို အတိုင်အဖောက်လုပ်ကာ  သံပြိုင် အော်ကြသည်မှာ ပွက်လောရိုက်နေ၏ ။ 

 

 ထမင်းဝိုင်းမှာ သန်းထိုက် က ကျွမ်းခြစ်နေသည့် အာပြဲခြောက် မည်းမည်း ကို အဖေ့ ပန်းကန်ထဲ ထည့်ကာ “ ရော့ … အဖေ့ဖို့ ကြက်သား … ” ဟု ကျီစားချွတ်စားပြုလျှင် ဗိုလ်ဆောင် က “ မင်း တို့ အမေ က အဖေ့ ကို မေတ္တာ မရှိလို့ မကောင်းတာ ချက် ကျွေးတာကွ ” ဟု  အာလေးလျှာလေးဖြင့် ရိစပြု၏ ။ ဒေါ်အေးချုံ သည် အဆီပြောင်လက်နေသော ပွယောင်းယောင်း ဗိုလ်ဆောင် မျက်နှာ ကို အော်ဂလီဆန်သလို ရှိဆဲမှာပင် ဒေါ်တုတ် အိမ် က ကြက်သားဟင်း နှစ်ကျပ်ဖိုး ပြေးဝယ်ကာ ကျွေးချင်သော စေတနာ ဖြစ်ပေါ်နေသည် ။ 

 

 ပြားကပ်နေသော ဘော်လီအိတ် ကို အသာ နှိုက်စမ်းကြည့်ရာ ၅ ကျပ်တန် နှစ်ရွက် ၊ ကျပ်တန် လေးရွက် နှင့် ငွေအကြွေ အနည်းငယ် ထွက်လာသည် ။ ဒေါ်အေးချုံ သည်  သက်ပြင်းတစ်ချက် ကို ပြင်းပြင်းထန်ထန် ရှိုက်လိုက်သည် ။ 

 

 လွန်ခဲ့သော သုံးရက် လောက်ကမှ ငွေ ၃၀ ကျပ် ကို နေ့ပြန်တိုးနှင့် ဆွဲ၍ ဈေးရင်းခဲ့သည် ။ တတိ တတိ နှင့် ပဲ့ပါသွား၍ မနက် ကတော့ ရင်းစရာ ၂၀ ကျပ် သာ ရှိတော့ရာ ၊ အမြတ် အဖြစ် ဟင်းစား နှင့် ငွေကလေး တစ်ကျပ် သာ ကျန်သည် ။ မွေးနီ ခုံရောင်းရသည့် အမြတ်က ၈ ကျပ် ၊ သကြား ရောင်းရသည့် အမြတ် က ၆ ကျပ် ၊ နေ့ပြန်ဆပ်ငွေ ၊ ဆန်ထုတ်ငွေ ၊ ညစာ ဟင်းဖိုး ၊ ဆီဖိုး ၊ ကလေး မုန့်ဖိုးနှင့်ဆိုတော့ ဈေးရင်းဖို့ ချေးထားတဲ့ ငွေ ထဲက ထပ် ပဲ့သွားရပြန်ပြီ ။ 

 

 “ အေးချုံ … နင့် သမီး ဇီးကွက် မ ပြန် မရောက်သေးပါလားဟ ” အမူးသမားက အမှတ်ရစွာ မေးခိုက် ၊ ၅ နှစ်သား ရဲမြင့် က ‘ ကမ်းနားကြက်မ ’ ဟူသော ဝေါဟာရကို သံနေသံထားဖြင့်  သီချင်းလုပ် ဆိုနေ၏ ။ တင်းကျပ်လျက် ရှိသော ဒေါ်အေးချုံ ၏ ရင်မှာ ပူလောင်လာလေသည် ။  အမှုန့်ကြိတ်စက် မှာ အလုပ်ဆင်း သွားသော ဇီးကွက်မ ပြန်ရောက်ဖို့ ကောင်းပြီ ။ 

 

 မိုးသံဖြောက်ဖြောက်နှင့်အတူ လေတိုးလိုက်၍ မှန်အိမ်၏ ဝါကျင့်ကျင့် မီးညွန့်သည် ယိမ်းထိုးသွားကာ ပြောင်းထိပ်မှာ မှိုင်းများ ပိုမိုထူထပ်လာသည် ။ 

 

 “ ငါ သေရင် အေးမှာပဲ ” ခါတိုင်းလို ဆုတောင်းမိပြန်၏ ။ အကျင့်ပါနေသော ရေရွတ်မြဲ အသံမှာ လေးနက်သော အဓိပ္ပါယ်ကိုတော့ မဆောင်ချေ ။ 


အရပ်ထဲမှ ဗေဒဝိဇ္ဇာ ဆရာထွန်း က ဒေါ်အေးချုံ အား ကောင်းစားဦးမည် လို့  ဟောချက် ထုတ်ဖူးသည် ။ ကောင်းစားဖို့များ မျှော်လင့်ချက် ရှိပါသေးသလား ။ အို ... ကံသေကံမ  ဘယ် ပြောနိုင်ပါ့မလဲ ။ လူမသေ ငွေမရှား ။ လှံထမ်းတာသာ မြင်ရမည် ။ ကံထမ်းလာတာ မြင်ရမှတ်လို့ ။ 

 

 တကယ့် အကျဉ်းအကျပ် ကျတော့လည်း အသက်ရှူပေါက် ကို ကြံကြံဖန်ဖန် တွေ့ရတတ်သည်ပင် ။ သမက် ကလေး ကျော်နက် အိမ်မှ ဆင်းသွားပြီးနောက် နိုင်ဝမ်း အမည်ရှိ  အမြွှာအကြီးလေးဟာ တပိန်ပိန် တလိမ်လိမ်ကနေ အပြင်းအဖျားဝင်လာသည် ။ အဲဒီရက် မှာမှ  ဒေါ်အေးချုံ ကလည်း အသည်းအသန် မမာမကျန်း ဖြစ်၍ ဈေးပင် မရောင်းနိုင် ။ မဝါနု ခမျာ သူ့လင် ဆင်ခဲ့သမျှ ရှိမဲ့စုမဲ့ တက်ထရွန် ဖော့အထည်ကလေးများကို ပေါင်းနှံရောင်းချ ဆေးကုပေမယ့်  နိုင်ဝမ်းကလေး အား ကု၍ မရတော့ ။ ကလေးမသာကို ၇ ရက် ၇ လီ ဖဲဝိုင်းခံ၍ ရသည့်  အကောက်ငွေများ ၊ အများသူငါရဲ့ ကူငွေကလေးများ ကို စာရင်းချုပ်လိုက်တော့ ၊ လက်ထဲမှာ ငွေ  ၂၀၀ လောက် အဖတ် တင်လိုက်သေး ။ ဒါလေးနှင့်ပင် ဒေါ်အေးချုံ နာလန် ထခဲ့ရလေသည် ။ 

 

 စားစရာ မရှိကာမှ နေရော ၊ သေတွင်းက လွတ်မြောက်လာသည်ကို ဝမ်းမြောက်ဝမ်းသာ မဖြစ်ဘဲ မနေနိုင် ။ တကယ်တော့ ဒေါ်အေးချုံ မသေချင်သေး ။ သည်လင် သည်သားသမီးတွေ၏  အော်သံဆူသံတွေမှာ ဒေါ်အေးချုံ၏ ဘဝပင် ။ 

 

 ဒေါ်အေးချုံ သည် ဘဝ အဓိပ္ပါယ် ကို ဆန်းစစ်ရှာဖို့ လူ ဖြစ်လာခြင်း မဟုတ် ။ မွေးဖွားခဲ့ပြီးသော ဘဝကို ရှင်သန်အောင် အားထုတ်ရုန်းကန်ဖို့ လူ ဖြစ်နေခြင်းသာ ဖြစ်လေ၏ ။ 


◾ ခင်လေးမူ 


📖 ရှုမဝမဂ္ဂဇင်း 

      ၁၉၇၉ ၊ နိုဝင်ဘာလ 


www.facebook.com/aung.naingoo.3726613


.