Wednesday, October 7, 2026

စကားတစ်ခွန်း အကြွားတစ်သန်း


❝ စကားတစ်ခွန်း အကြွားတစ်သန်း ❞ 
( စံလှမောင် - တောင်ကုတ် )

ကားမောင်းရင်း ဖုန်းပြောသူတွေကို တွေ့တိုင်း လွန်ခဲ့သော ၁၅ နှစ်ခန့်က အဖြစ်တစ်ခုကို သတိရနေပါသည်။

ယင်းအချိန်တုန်းက ကျွန်တော်သည် ရုံးကိစ္စ တစ်ခုဖြင့် ရန်ကုန်သို့ ရောက်နေခဲ့သည်။ မဟာရန်ကုန်၏ လမ်းသွယ် တစ်ခုထဲတွင် ကိုထွန်းဝေကို ရုတ်တရက် တွေ့လိုက်ရတော့ ကျွန်တော် လှိုက်ခနဲ ဝမ်းသာသွားခဲ့သည်။

ကိုထွန်းဝေသည် ကျွန်တော့်အစ်ကိုလတ်၏ သူငယ်ချင်း၊ ရွာတောင်ပိုင်းသား တစ်ယောက်ဖြစ်သည်။ ကိုထွန်းဝေ ဆယ်တန်း အောင်ပြီးနောက် တပ်ထဲသို့ ဝင်သွားခဲ့သည်။ တပ်ထဲတွင် အရာရှိ အဖြစ် ဆယ်စုနှစ် တစ်စုကျော် တာဝန်ထမ်းဆောင်ပြီးနောက် လက်ထောက် ညွန်ကြားရေးမှူး တစ်ယောက် ဖြစ်နေကြောင်း သိရသည်။ ကျွန်တော့်ကို တွေ့လျှင် ကိုထွန်းဝေ တစ်ယောက် အံ့ဩဝမ်းသာသွားလိမ့်မည် ထင်သည်။

“ကိုထွန်းဝေ”

ကျွန်တော့် ခေါ်သံကြောင့် ကိုထွန်းဝေမှာ ဖုန်းပြောနေရင်းက လက်ယပ်၍ ခေါ်လိုက်သည်။ ကျွန်တော် အပြေးတစ်ပိုင်းနှင့် ရောက်သွားခဲ့သည်။ ညာလက်က ဖုန်းကိုင်ထားသဖြင့် အားနေသော ဘယ်လက်ဖြင့် ကျွန်တော့်ပခုံးကို လှမ်းဆုပ်ကိုင်လိုက်သည်။ ကျွန်တော့်မှာ ကိုထွန်းဝေ၏ လက်ချောင်းများ အောက်တွင် ငြိမ်ကုပ်စွာ ရပ်နေရပါသည်။ ကိုထွန်းဝေ ပြောနေသော သိန်းသုံးလေးဆယ်တန် ဖုန်းမျိုးကို ကျွန်တော့်တို့လို မြို့နယ် ဒု-ဦးစီး တစ်ယောက် အနေဖြင့် စိတ်ကူးပင် မယဉ်ရဲပါ။

ပခုံးဆုပ်ဖက် ဖုန်းပြောလျက်က တရွေ့ရွေ့ လျှောက်နေသူ ကိုထွန်းဝေ နောက်သို့ ကျွန်တော့်မှာ မျက်စိသူငယ်၊ နားသူငယ်နှင့် မျောပါလျက်။

တန်ဖိုးကြီးပုံရသော ကားဖြူကလေးတစ်စီး အနားသို့ ရောက်မှ သူ့ ခြေလှမ်းတွေ ရပ်တန့်သွားသည်။

ဖုန်းပြောခြင်းကား မရပ်နားသေး။ ကျွန်တော် စိတ်ရှည်ရမှာပေါ့။ အစ်ကိုလတ်၏ ချစ်သူငယ်ချင်းကိုး။ မြို့အကြောင်း၊ ရွာအကြောင်း၊ အစ်ကိုလတ်အကြောင်းတွေကို မမောတမ်း မေးရန် ကျွန်တော့်အား စားသောက်ဆိုင် တစ်ခုသို့ ဦးဆောင် ခေါ်ယူသွားလိမ့်မည်ဟု မျှော်လင့်နေမိသည်။ တော်တော်လေး ကြာမှ ဖုန်းပြောခြင်း ကိစ္စပြီးလေသည်။ ကိုထွန်းဝေသည် ကျွန်တော့်ကို ခပ်စိမ်းစိမ်း ကြည့်လျက် ပထမဆုံး စကားတစ်ခွန်းကို စတင်သည်။

“ကဲ...ငါ့ညီ၊ အရေးကြီးကိစ္စ တစ်ခု ပေါ်လာလို့ သွားလိုက်ဦးမယ်နော်”

ကားဖြူကလေး တရွေ့ရွေ့ ထွက်သွားသည်ကို မျက်စိတစ်ဆုံး ငေးကြည့်ရင်း...

ကျွန်တော့်မှာ မတ်တတ်ရပ်လို့ လမ်းမှာငိုင်...။ ဒါက လွန်ခဲ့သော ၁၅ နှစ်ခန့်က အတွေ့အကြုံ တစ်ခုပါ။

ခုတော့ ကျွန်တော့်မှာ ပြည်သူနှင့်အတူ ဖုန်းတစ်လုံးတော့ ပိုင်ဆိုင်ခွင့် ရနေပါပြီ။ ကိုထွန်းဝေ တစ်ယောက်လည်း ညွန်ကြားရေးမှူး ဖြစ်နေပြီဟု သိရပါသည်။

▢  မဟေသီ ရုပ်စုံ မဂ္ဂဇင်း
📖 စံလှမောင် (တောင်ကုတ်)
      နိုဝင်ဘာ ၊ ၂၀၁၇

လဲကောက်သူ

❝ လဲကောက်သူ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

“တယ်လည်း လက်ဝင်တဲ့ အလုပ်ပါကလား”

ရီးဆေးရိုးသည် ပါးစောင်မှ စီးဝင်လာသော ချွေးစီးကြောင်းကို ပခုံးဖြင့် ပွတ်သပ်ရင်း ညည်းညည်းတွားတွား ရေရွတ်သည်။ ပါးစောင်မှ ဝင်လာသော ချွေးရည်ကို လက်ဖြင့်မသုတ်နိုင်ခြင်းမှာ လက်မအားသောကြောင့် ဖြစ်ပေ၏။ လက်တစ်ဖက်တွင် မှို့ထည့်သော အိတ်၊ ကျန်လက်တစ်ဖက်တွင် လဲသီး အကွဲများကို စုကိုင်ထားရသည့်အတွက် လက်မအား။ တမံကျိုးသည့်နှယ် ပေါက်လွှတ် ဗလပွေ စီးဝင်လာသော ချွေးရည် ငန်ငြိငြိများကလည်း တအား။ လက်တစ်ဖက် အားလပ်ချိန်ကို မစောင့်နိုင်။ ပခုံးဖြင့် ပွတ်ပစ်ရပြီ။

ကြည့်လေရာရာတွင် အရိုးပြိုင်းပြိုင်းနှင့် သစ်ပင်များသာ ရှိသည်။ ရွက်ခြောက်များသည် ခုန်ပေါက် ပျံဝဲလိုက်၊ ရှပ်တိုက် ပြေးလွှားလိုက်၊ လေပွေတွင် ရောလှောက်ကာ ဝိုင်းဖွဲ့ ကခုန်လိုက်ဖြင့် မြူးထူးနေကြသည်။ သံသာတွဲ့ချွဲ ကိုငှက်မည်းသည် အရွက်မရှိသော လက်ပံပင်ထက်မှ သာယာသော နွေတေးကို မြည်ကြွေးနေသည်။

ရီးဆေးရိုးသည် လက်ပံသီးအစိတ်များကို မည်းတူးနေသော အဝတ်အိတ်ထဲသို့ ထည့်လိုက်ရင်းက မော့ကြည့်သည်။ အရိုးပြိုင်းပြိုင်း ခွေးပိန်မတွင် တွယ်ကပ် နို့စို့နေသော ခွေးသူငယ်များအလား တွဲရရွဲခိုစီးနေသော လက်ပံသီး ညိုညိုများကို မြင်ရ၏။

ရွက်ဟောင်းများကို ခါလှည်းကျင်းပြီးခဲ့ပြီဖြစ်သော လက်ပံပင်ကြီးသည် မြနုညွန့်ကလေးများပင် ထိုးစပြုနေပြီ။ ဟိုးထိပ်ဖျားတွင် လင်းတသိုက် ထင်ပါ့။ မသေမသပ်နှင့်။ မနီးမဝေး ကိုင်းဆုံတွင်လည်း တုတ်ချောင်းများဖြင့် ဖွဲ့စည်းထားသော အသိုက်တစ်ခု။ သူက ကျီးကန်းသိုက် ဖြစ်တန်ရာ၏။

ရီးဆေးရိုးသည် မြရွက်စိုစိုများ ကြားမှ အသီး ညိုညိုများ ဘက်သို့ အာရုံ ပြောင်းလိုက်ပြန်၏။ အချို့ အသီးများသည် ခြောက်သယောင်းရုံမက အက်ကွဲစ ပြုပြီ။ ငွေဝါရောင်လဲပွင့်နုနုဥဥကလေးတွေ ပြူထွက်နေသည်။ တညင်းညင်း တိုက်နေသော လေဟုန်တွင် တဖွားဖွား ဝှေ့ယမ်းနေရာက အပွင့်အချို့၊ အမှုန်တချို့သည် လေစီးနောက်သို့ မျောပါသွားကြ၏။ သည်အခါ ပြာလွင်သော ကောင်းကင်မှောင်ကြီးထဲတွင် ခရီးသည်လဲပွင့်တို့ ခြေချင်း လိမ်နေကြပြီပေါ့။

အသီးဟက်တက်ကွဲများကမူ ဝမ်းနည်းစွာ ငြိမ့်လှုပ်နေကြသည်။ လက်ပံသီးတွင် အစိတ် လေးစိတ် ရှိရာ သည်လေးစိတ်လုံး ကွဲအာနေသော်ငြား ညှာခိုင်မှ ပြုတ်ခွင့်မရသေး။ ကြွေခွင့် မရသေး။ သို့သော် အထဲတွင်ကား ဗလာသက်သက်။ ဝမ်းဟောင်ဟောင်။ အချို့မူ တစ်ခြမ်းပဲ့။ အချို့လည်း ငှက်ကိုက်၊ ရှဉ့်ကိုက်၍ ပဲ့ရသည်။ အချို့ကား နေပူ၍ ကွဲဟရာက တစ်ခြမ်းပဲ့ရသည်။ သည်နှယ် တစ်ခြမ်းပဲ့တွေ ကြွေကျမှ ရီးဆေးရိုးတို့ လဲကောက်သမားများ သက်သာသည်။ လက်ပံပင်အောက် မြေပြင် တစ်ခုလုံး ဖွေးလွနေ၏။ လဲစေ့ကလေးကို ဗဟိုပြုထားသော မွေးဥဖွားဖွားကလေးများသည် ပျံသန်းလို၍ တရွရွ လှုပ်ရှားနေကြ သည်။ သည့်အတွက် ဖွေးသော မြေပြင်သည် အသက် ဝင်ကာ ဖွေးဖွေးလှုပ် နေတော့၏။

“ဪ… ဒါလောက် ဖြစ်နေတာတောင် ဘာပြုလို့ မပုတ်သေးပါလိမ့်”

လက်ပံသည် ခြောက်သည်နှင့် တစ်ပြိုင်နက် ပုတ်ရသည်။ လက်ရှိ အခြေအနေ ရောက်အောင် ထားလျှင် မကောင်းတော့။ အလေအလွင့် များသည်။

“သူ့ခမျာများ ပုတ်မယ့်လူနဲ့ အဖိုးစားနား မတည့်လို့ပဲလား။ ကိုယ်တိုင် ပုတ်မယ် စိတ်ကူးနဲ့ မငှားဘဲ ထားတုန်းမှာ ဖျားနာရော့သလား”

ရီးဆေးရိုး စာနာစိတ်ဖြင့် တွေးသည်။ လေယူရာသို့ သုတ်ခြေတင် လွင့်ပျံသွားသော လဲပွင့်များ၊ တငြိမ့်ငြိမ့် စီးမျောသွားသော လက်ပံပွင့်များကို ငေးမောရင်း နှမြောစိတ် ပေါ်လာသည်။ သို့ဖြစ်ငြား သူ့ကိုချည်း စာနာနေ၍ မပြီးသေး။ ကိုယ့်အတွက်လည်း ကောက်ဦးမှ။ စုဆောင်းဦးမှ။ ရီးဆေးရိုးသည် ခါးကိုင်းလိုက်ပြီး ကောက်စရာကို ရှာသည်။ တစ်ပြင်လုံး ဖွေးနေငြား သူ မကောက်ပါ။ အစေ့ကလေး တစ်စေ့ကို အမွေးအမျှင်များရံကာ ခူမွေးသဖွယ် တလန်းလန်း တလူလူ ဖြစ်နေသော လဲပွင့်များကို မကောက်ပါ။ သည်အရာတွေကို ကောက်ယူသိမ်းဆည်းရလျှင် အလုပ်မဖြစ်သည့် အပြင် ခါးညောင်း၍ သေရချည့်။ သို့ကြောင့် အထွေးလိုက် တွေ့မှ ကောက်သည်။ အထွေးလိုက် ဆိုသော်လည်း အမြင်သာ ကြီး၍ လက်တွေ့မှာ၌ကား တကယ့် မဖြစ်စလောက်ကလေးသာ။ ရီးဆေးရိုးသည် တငုံ့ငုံ့ တကုန်းကုန်းဖြင့် ရွှေ့လာသည်။ နဘူးချုံစပ်တွင် လက်ပံသီး အကွဲအစိတ်များ ပုံနေသည်။ သည် အစိတ်များအနက် လဲပွင့် ကပ်နေသော အစိတ်များကို ကောက်ယူကာ ခွာထည့်သည်။

သည်အခိုက်တွင် ဆေးလိပ်သောက်ချင်စိတ်က ပေါ်လာပြန်သည်။ “အရေးထဲမှာ တစ်မှောင့်ပါကလား” ဟု ကိုယ့်ကိုယ်ကိုယ် မြည်တွန်ကာ ပုဆိုးခါး ပိုက်ထောင်ကို စမ်းကြည့်၏။ သောက်လက်စ ဆေးလိပ်တိုက “ကျုပ် ရှိပါတယ်” ဟူသော ချိုးချိုးချွတ်ချွတ် အသံပေးသည်။ ပြောင်းဖူးဖက်ဆေးလိပ်တိုမှာ တစ်ဝက်ကျနေပြီ။ ယမ်းမီးခြစ်ဘူးကို ထုတ်သည်။ မီးခြစ်ဆံကို ရွေးသည်။ယမ်းမပါသော အဆန်သုံးဆန်ကို လွှင့်ပစ်ပြီးမှ ယမ်းဖုပါသော အဆန်တစ်ဆန် ရသည်။ ရှားရှားပါးပါး တစ်ဆန်။

တစ်ဆန်ဆို ဆိုသလောက် မီးတောက်မှ ဖြစ်မည်။ သည်နေရာက ‘လေသာ’ သည်။ မဖြစ်သေး။ လက်ပံပင် အကွယ်သို့ ဝင်ကပ်သည်။ စိတ်မချရသေး။ ထို့ကြောင့် မြောင်းထဲသို့ ဆင်းသည်။ သည်လယ်ကြား မြောင်းသည် လင်းဇင်းမြောင်းဖြစ်သည်။ စောစောစီးစီးပင် ‘မြောင်းတာ’ တူးထားကြ၏။ မြောင်းနံရံများတွင် ငန်းပြားရာများ စီနေ ညီနေကြသည်။

ရီးဆေးရိုးသည် မြောင်းနံရံကို ကပ်ကာ မီးခြစ်ပြီး ဆေးလိပ်ညှိသည်။ ဆေးလိပ်ကို ငြိအောင် ကြိုးစားညှိပြီး မြေသင်းနံ့ကြိုင်သော မြောင်းနံရံကို မှီလိုက်သည်။ အင်္ကျီ မပါသော မွဲမွဲခြောက်ခြောက် ခန္ဓာကိုယ်ကြီးသည် မြေသားနှင့် ထိရကာမျှဖြင့် တစ်ကိုယ်လုံးရှိ တောင့်တင်းနာကျင်မှုများ ပြေလျော့သွားလေ၏။

ယခုမှ အမောအပန်း ပြေသွားဟန်ဖြင့် ရီးဆေးရိုးသည် မျက်လုံးကလေး မှေးကာ ဆေးလိပ်ကို ရွရွဖွာသည်။ လေးဖွာ ဖွာအပြီးတွင် ဆေးလိပ်ထိပ်မှ တဖျစ်ဖျစ် မြည်သံ ပေါ်လာသည်။ တစ်ပြိုင်နက်ပင် ရင်ဘတ်ထဲ ပူခနဲ ဖြစ်သွား၏။

ရီးဆေးရိုး ယောင်ယမ်းပြီး ပွတ်သည်။ ချက်ချင်းပင် အရေခွံလန်ကာ နီရဲသော အကွက်ကြီး ထင်ကျန်ခဲ့သည်။ ရီးဆေးရိုးသည် ပူစပ်ပူလောင်ဖြစ်သွားသော ရင်ဘတ်ကို ငုံ့ကြည့်လျက် ‘တက်’ တစ်ချက် ခေါက်ပစ်မိ၏။

ဆေးတောင်းကို ကလေးတွေ ဝင်ဆော့ပြီဟု တွေးသည်။ ဆေးတောင်းတွင်းရှိ ဆေးရွက် ဆေးရိုးထဲသို့ ကစားစရာ တစ်ခုခု ကျကျန်ခဲ့၍သာ သည်သို့ ဖြစ်ရသည် တွေးပြီး စိတ်ဆိုးခြင်း ဖြစ်ပေသည်။ သို့သော် စိတ်ဆိုးမှုသည် ချက်ချင်း ပြေသွား၏။ အဘယ်ကြောင့် ဆိုသော် ‘ဆေးရိုးသား’ ကလည်း သစ်သားတို့၏ သဘောအရ ‘ဖျပ်’ တတ်သည်ကို တွေးမိသောကြောင့်ပေတည်း။ အချို့ သစ်သားများသည် မီးဆိုက်ထားဆဲတွင် ဖျစ်ခနဲဖျစ်ခနဲ အသံထွက်လျက် မီးပွားများ လွင့်စဉ်တတ်သည်ကို ‘ဖျပ်သည်’ ခေါ်၏။

ရီးဆေးရိုးသည် ‘ဖျပ်’ တတ်သော သဘောကို ကြံဆဖြေဖျောက်မိသောအခါ ဒေါသပြေသော်ငြား ရင်ဘတ်က ပိုစပ်လာသည်။ မြောင်းထဲရှိ နွံမှုန့် ကောက်သိပ်မည် ကြံသေး၏။ ထိုအခါ သူ့မြေး မောင်ကိုကြီး ပြောဖူးသည်ကို သတိရ၏။

“ဘတို့က ဒဏ်ရာကို တွေ့ကရာနဲ့ မသိပ်နဲ့ဗျ။ မေးခိုင်ရောဂါပိုးဝင်တတ်တယ် သိလား”

သို့တစေ သည်အနာကို တစ်ခုခုနှင့် ဖုံးအုပ်ထားချင်စိတ်မှာကား ပပျောက် မသွားပေ။ နဘူးချုံတွင် အရွက် ရှားပါးလှသည်။ တစ်ရွက်တလေ ရှိပါသော်လည်း ရွက်ကျန်အိုဟောင်း။

ရွက်နုကလေး တစ်ရွက်တလေ တွေ့လိုတွေ့ငြား ဟိုဟိုသည်သည် ငုံ့ကြည့်သည်။ စောင်းကြည့်သည်။ မရှိ။ ရွက်အိုကိုပင် မီးကင်ပြီး ကပ်လိုက်ရသည်။ သို့စဉ်တွင် လှုပ်ရှားနေသော လက်မှာ ရပ်တန့်သွား၏။ နဘူးကိုင်းများ အကြား လက်တစ်လှမ်းကွာတွင် အသိုက်ကလေး တစ်ခုကို မြင်လိုက်ရသောကြောင့်ဖြစ်၏။ ငုံးဥ လောက် မကြီးသော်ငြား ငုံးဥအရောင်နုနု၊ ငုံးဥမှာလို ပင် အပြောက်ကလေးများ ရှိသော ဥကလေးနှစ်လုံးနှင့် ပုခက်ကလေး။

“ဗွတ်ချွဲငှက်သိုက်ပါကလား”

သည်အသိနှင့်အတူ ရီးဆေးရိုးသည် လက်ပံပင် ထိပ်ဖျားဆီသို့ မျက်လုံးဝေ့မိဝဲမိ၏။ ဖြစ်ကတတ်ဆန်း ဆောက်ထားသော လင်းတသိုက်နှင့် ကျီးကန်းသိုက်များ။ စာကလေးသည် အငယ်ဆုံး ဖြစ်သလောက် အသိုက်လုပ်ရာတွင် တော်လှ၊ သပ်ရပ်လှသည်။ သူ့ စာဘူးတောင်းကို မည်သည့် ငှက်မျှ မတုပနိုင်။

စာကလေးထက် နှစ်ဆခန့် ကြီးသော ‘ဗွတ်’ မျိုး အဝင် ဗွတ်ချွဲသည် အကောင်ကြီးငြား အလကား။ ပုခက်မျှသာ လုပ်တတ်၏။ သို့သော် သူ့ထက် အဆများစွာ ကြီးထွားသော ကျီးကန်း၊ လင်းယုန်၊ လင်းတ၊ စွန်တို့နှင့် စာသော် တော်သေးစွ။ ငှက်တို့သည် အကောင်ကြီးလေလေ၊ နုံ့နဲ့လေလေပါတကား။ သို့ဖြစ်လျှင် လူမှာကော..။

ရီးဆေးရိုးသည် တသီကြီး တွေးရာက မည်းချိပ်သော သွားဖုံးကြီးတွေ ပေါ်လာအောင် အားပါးတရ ပြုံးလေ၏။

••••• ••••• •••••

၂

သိပ်မကြာသေး။ မနေ့တစ်နေ့ကမှ ဖြစ်သည်။

ကောက်ရိုးတွေက အကြွပ်လွန်၊ အရွလွန်နေသည်။ ရေဖျန်းထားသည်ကိုပင် ကျိုးချင်၊ ကြေချင်သေးသည်။ ဓားကလည်း သွေးထားသည်မှာ မကြာသေး။ တစ်ချက် ခုတ်လိုက်တိုင်း နန်းတိုင်ဦးမှာ နွားစာစဉ်းဖတ်များ ရင်ဘတ်ကို လာလာ စဉ်သည်။ ချွေးရွှဲနေသော ရင်ဘတ်မှာ ဝါရွှေသော ကောက်ရိုးစဉ်းဖတ်များ ပြည့်နေတော့သည်။

ကုပ်ညောင်းသောကြောင့် လမ်းဘက်သို့ ခေါင်းငဲ့လိုက်သည်။ ပူလှ လောင်လှချေတကား။ ကောက်ရိုးထုံးထဲမှ ကောက်ရိုးကို လှမ်းဆွဲလိုက်၏။ နန်းတိုင်ကို ငုံ့ကြည့်ပြီး နန်းတိုင်ကြားမှ ထွက်လာသော ကောက်ရိုးစွန်း ကောက်ရိုးမြိတ်ကို ဓားဖြင့် ခုတ်ဖြတ်နေသည်က အကောင်းသား၊ အပြင်သို့ လှမ်းကြည့်ကာမှ ပူအိုက်လာသည်။

ဆွမ်းခံ ပြန်သည်မှာပင် မကြာသေး။ မြေတစ်ပြင်လုံး တံလျှပ် တရှိန်ရှိန်ဖြင့် ဖုံးအုပ်နေလေပြီ။ နန်းတိုင် ပေါ်သို့ ကောက်ရိုးစဉ်းဖတ်တွေ ပို့လာလိုက်၊ ဓားနှင့် တွန်းပစ်လိုက်ဖြင့် နွားစာစဉ်းလိုက်ရာ ကောက်ရိုးကုန်တော့မှ စဉ်းပြီးသား အပုံကို ကြည့်မိသည်။ အပုံကြီးမှာ ဟည်းထနေ၏။ အနည်းဆုံး ဆယ်ရက်တော့ ဖူလုံပြီ။ စဉ်းစဉ်ကတော့ စဉ်းကောင်းကောင်းနှင့် ထိုင် စဉ်းခဲ့ငြား၊ ဆွမ်းလောင်းရုံသာ ခဏတစ်ဖြုတ် ထခဲ့မိငြား ယခု တကယ် ထသောအခါ ခါးက ကိုက်နေပြီ။ ရင်က အောင့်နေပြီ။

ရီးဆေးရိုးသည် ခါးဆစ်ကို လက်ဖြင့် ဖိပြီး ဆေးလိပ်တိုနှင့် မီးခြစ်ကို ကောက်ယူကာ ကုန်းကုန်းကွကွ လျှောက်လာစဉ် အသံ တစ်သံကို ကြားရ၏။ တချွင်ချွင်နှင့် ချိုလွင်သော အသံ။

ကြွေပန်းကန်ထဲသို့ ကြွေစေ့များ လွတ်ကျသော သည်အသံကို ကြားလျှင် ရီးဆေးရိုးမျက်နှာမှာ ဝင်းပသွားသည်။ ရီးသာဒွန်းအိမ်မှ ပဆစ်ဝိုင်းဖြစ်သည်။ နေပူပူနှင့် ပဆစ် ပစ်ရသည်မှာ ငြင်းရခုံရ စိတ်ဝင်စားရ လွန်းသဖြင့် အပူကို မေ့သည်။ သွားရကောင်းမည်လား စဉ်းစားသည်။ သူ့ပိုကို ကိုယ်သ,တ်၊ ကိုယ့်ပိုကို သူသ,တ်နှင့် ပျော်စရာ ကောင်းပါဘိခြင်း။ သို့တစေ မီးဖိုကျင်း တူးစရာ ရှိသေးသည်။ နွေရာသီတွင် အိမ်ပေါ်၌ ထမင်းချက်ရသည်မှာ စိတ်မချရ။ ထမင်းအိုး ပွက်နေဆဲတွင် လေကျလာသော် ထမင်းအိုးပျက်မည်ကား အမှန်။ ကိုယ့်မီးဖိုက စတင်ပြီး လောင်မည် မလောင်မည် အပထား။ လောင်များ လောင်လိုက်လျှင်တော့ တစ်သက် နာလန်ထူမည် မဟုတ်။

သည်တော့ မီးဖိုကျင်း တူးမှပါ။ ရီးဆေးရိုးသည် မီးမညှိဖြစ်သေးသော ဆေးလိပ်တိုနှင့် မီးခြစ်ကို မီးဖိုကျင်းဟောင်း ပေါင်ပေါ်တွင် တင်ထားလိုက်ကာ၊ အိမ်အောက်မှ ပေါက်ပြားနှင့် ငန်းပြားကို ဆွဲထုတ်လိုက်၏။ တချွင်ချွင် အသံများကလည်း ပြတ်တောင်းပြတ်တောင်း ပေါ်နေ၏။

“သာဒွန်း တစ်ယောက်တည်း ‘ဘက်’ မရှိလို့ ဆော့နေတာလား။ တစ်ယောက်ယောက် ရောက်လာလို့ စပစ်နေတာလား။ မပစ်သေးဘဲ ကြွေစမ်းနေတာလား။ ဟိုနေ့တုန်းက ငါ့ကျားကို ဒီကောင် ကျကန်း (ကျားကန်း) နှိုက်သွားတာ ငါမကျေဘူး”

အတွေးစသည် ရီးဆေးရိုးအား ရစ်ပတ်ဆွဲယူနေသည်။ ငန်းပြားနှင့် ပေါက်ပြားကို ချထားမိကာ ဆေးလိပ်တိုနှင့် မီးခြစ်ကို ကောက်ယူမိလျက်သား ဖြစ်သွား၏။

“အမှန်တော့ ငါ ကျားကန်း အနှိုက်ခံရတာ ငါ ညံ့လို့ပါလေ။ ငါက ကြွေကို သိပ်ပြီး ‘ပု’  ပစ်တာကို၊ ဘယ်နိုးမလဲ။ ဒီကြွေနဲ့ ဒီပန်းကန်က မြှောက်ပစ်မှ ‘နိုး’ တာကလား။ ကနေ့တော့ တစ်စိတ် နှစ်စိတ် တစ်ဗာယာနဲ့ ကိုယ့်အဝင်ရှေ့မှာ တစ်ကောင်လာပြီး ထိုင်ထား။ အစိတ် တစ်ဗာယာနဲ့ သူ့ဝင်ပေါက်မှာ ထိုင်နေ။ နှစ်ဆယ် ကျလိုက်၊ တစ်ခြောက် ခြားလိုက်၊ နှစ်ဆယ် ကျလိုက် တစ်ခြောက် ခြားလိုက်နဲ့ တစ်လက်တည်း ပစ်ရုံနဲ့ အကုန်လုံး နိုးအောင် လုပ်ပစ်လိုက်မယ်”

တချွင်ချွင် ကြွေသံ၏ ညို့ဖြားမှုကြောင့် ရီးဆေးရိုးမှာ နေပူသည်ကို မသိ။ မြေငွေ့ ဟပ်သည်ကို သတိ မမူနိုင်။ ပဆစ်အိမ်ကြီးကို တရေးရေး မြင်လျက် အိမ်ဝိုင်းအပြင်သို့ထွက်လာရာ ရီးကျီးဒန်၏ အသံကို ကြားမှ သတိရလေ၏။

“နေပူလှပါပကော။ ဘယ်သွားဦးမလို့လဲ”

အိပ်မက်မက်ကာ လမ်းလျှောက်နေဆဲဝယ် အိပ်မက်တန်းလန်းပြတ်သူအလား ရီးဆေးရိုးမှာ ယောင်ခြောက်ခြောက် ဖြစ်သွား၏။

“ကြည့်စမ်း၊ ဘာမှလည်း မဆောင်းဘူး။ ငယ်ငယ်တုန်းကသာ ဒူပေနာပေ နေလို့ရတာ တော်ရဲ့။ အခု အသက်ကြီးပြီ”

ရီးဆေးရိုးသည် သူ့အား စိုးရိမ်မကင်းစွာ ပြောနေသူအား စူးစိုက်ကြည့်မိ၏။ ချွေးရည်များသည် မျက်နှာပြင် အတွန့်များ တစ်လျှောက် တသွင်သွင် စီးနေဆဲ။ လဲပွင့်ကလေးတွေလည်း ချွေးရည်များနှင့် ပြိုင်လျက် ဟိုနားတစ်ပွင့် သည်နားတစ်ပွင့် တွယ်နေဆဲ။ နဖူးပေါ် မှ ဖြူဖြူအပွင့်များမှာ ‘လဲ’  မဟုတ်။ ချွေးရည်များ ခြောက်ပြီး ဆားပေါက်နေသော အပြင်ကြီးဖြစ်၏။

“ကဲ... လာလာ ။ ရင်ဘတ်က ကောက်ရိုးဖတ်တွေတောင် မကွာသေးဘူး။ လမ်းသလားဦးမလို့”

ရီးကျီးဒန် ရှေ့ဆောင်ကာ အိမ်ဘက် လျှောက်လာသည်။ ရီးဆေးရိုးလည်း လိုက်ပါလာသည်။ ရီးကျီးဒန်သည် လဲပွင့်များ လူးကျံနေသော အဝတ်အိတ်ကို ကပြင်တွင် ပစ်ချကာ သံကောက်ချိတ်ထားသော တံခါးကို ဖွင့်ရင်း ညည်းသည်။

“ခေါင်းအုံး နှစ်လုံးစာ ဝေးလို့ ခေါင်းအုံး တစ်လုံး စာတောင် မနည်း ကောက်ရမှာ တော်ရေ့”

ရီးဆေးရိုးသည် လဲအိတ်ကို ကောက်ယူကာ ကပြင်ပေါ် ခြေချလျက် ခါးပန်းတွင် ထိုင်သည်။ လဲအိတ်ထဲ လက်နှိုက် ကြည့်လိုက်ရာ လဲကလေး မဖြစ်စလောက်ကိုသာ ဆုပ်မိသည်။

သူတို့တွင် ခေါင်းအုံး နှစ်လုံးရှိ၏။ အိမ်ထောင်ဦးက ခေါင်းအုံးများဖြစ်၏။ ခေါင်းက ဆီချေး၊ ပါးစပ်က အာပုပ်ရည်တို့ဖြင့် လိမ်းလူးကျံကာ ပြောင်ချောနေခဲ့၏။ ခေါင်းအုံးပိတ်သား ပေါက်လာသောအခါ အစွပ်စွပ်သည်။ အစွပ်ပေကျံပေါက်ပြဲသောအခါ ပုဆိုးစုတ်ဖြင့် ပတ်သည်။ လွန်ခဲ့သော လေးငါးဆယ်ရက်ကမူ ခေါင်းအုံးနှစ်လုံးလုံး အုံး၍ မရတော့သည်ကို သူတို့ သတိထားမိလာကြ၏။ နှစ်ပေါင်း ၅ဝ ခန့် အဖိအကြိတ် ခံခဲ့ရသော လဲမှို့များသည် သစ်သားတုံး အလား မာကျစ်နေပြီ။ သို့အတွက် ခေါင်းအုံးအသစ် ချုပ်ရန် ရီးကျီးဒန် မှို့ထွက် ကောက်ခဲ့ခြင်းဖြစ်သည်။

ရီးဆေးရိုးသည် လဲတစ်ဆုပ်စာကို ဆုပ်ထားရင်း ငေးနေမိသည်။ ငေးနေသော်ငြား အကြောင်းမဲ့ မဟုတ်။ သူ၏ ပေါ့ဆမှုကို စိစစ်နေမိခြင်းဖြစ်၏။

“လဲဝယ်ပါဆိုလည်း မဝယ်ဘဲ၊ ကောက်ရင်ရတဲ့ လဲကို ဘာလုပ်ဖို့ ဝယ်မလဲဆိုပြီး ပင်ပန်းတကြီး ထွက်ကောက်နေတယ်။ သူက အဲသည်လို လုပ်နေတုန်းမှာ ငါက ပဆစ်ပစ်မယ် စိတ်ကူးနဲ့”

သို့စဉ်တွင် အစီအစဉ် မကျသော အတွေးတစ်ခု ဝင်လာပြန်၏။ သည်အရာမှာ လေးထပ်ကျောင်း ဆရာတော်၏ တရား။

“ဒါယကာကြီး အိုမင်းမစွမ်း ဆိုတဲ့ စကားဟာ အတော် ပြည့်စုံတဲ့ စကားပဲ။ ‘အိုပြီ၊ မင်း မစွမ်းတော့ဘူး’ လို့ သတိပေးနေတာ မဟုတ်လား။ ဒါ့ကြောင့် နှလုံးသွင်း”

ရီးဆေးရိုးသည် တရားကို လက်ကိုင်ထားခဲ့၏။ လက္ခဏာရေး သုံးပါးကိုလည်း ရှု၏။ သို့သော် မစွမ်းပေမဲ့ ‘ဆောင်’ နိုင်သေးကြောင်းကိုကား ကြိုးစားပြသခဲ့၏။ လယ်အလုပ် အတွက် သားထံလည်း အကူ မတောင်း။ သမက်ကိုလည်း လေသံ မဟခဲ့။

သို့ပါလျက်နှင့် အိမ်ထောင်ဘက်၏ အားအန် တခဲ ကြိုးပမ်းမှုကြမှ အဘယ်ကြောင့် မသိကျိုးကျွံ ပြုနေရမည်နည်း။

“ရီးကျီးဒန်ရေ”

“တော်”

“ငါလည်း မှို့ထွက်ကောက်မယ်ဟေ့”

လိုဏ်သံ တပါပါနှင့် မီးပြောင်းသုံးကာ မီးမှုတ်နေသော အသံ ရပ်စဲသွား၏။

“ဘာရယ် တော့်”

မေးသံနှင့်အတူ တစ်ခေါင်းလုံး ပြာမှုန် ဖွေးနေသော ရီးကျီးဒန်က အနား ရောက်လာ၏။

“ညည်းတစ်ယောက်တည်း ကောက်လို့ကတော့ တစ်လုံးစာတောင် သည်နှစ် ပြည့်မှာ မဟုတ်လို့ ပြောတာဟေ့”

“ပင်က ပင်ပန်းနဲ့တော်”

ရီးဆေးရိုး ဟားတိုက် ရယ်မိသည်။

••••• ••••• •••••

၃

ယခုလည်း ရီးဆေးရိုးသည် ပြုံးရာမှ ရယ်မောမိပြန်သည်။ မိမိသည် လင်းတနှယ် မဟုတ်။ စွန်ရဲနှယ် မဟုတ်။ စွမ်းသော်ငြား မဆောင်နိုင်သူများသို့ မဟုတ်ပါတကား။ မစွမ်းနိုင်သော်လည်း ဆောင်နိုင်ဆဲရှိသေးသူပါတကား။

ဆေးလိပ်တိုသည် လေကွယ်အရပ်တွင် ဖြစ်ပါလျက် အတို မြန်လှသည်ဟု ရီးဆေးရိုး ထင်မိသည်။ သည်အတို ကုန်လျှင် နောက်ထပ် သောက်စရာလည်း မရှိပြီ။ သို့ကြောင့် လေးကန်စွာ ကုန်းထပြီး မြောင်းပေါင်ပေါ် တက်ရန်ပြင်သည်။ ဟန်ပြင်ရင်းက မြောင်းထဲ တစ်လျှောက် မျက်စိ ကစားလိုက်ရာ လဲပွင့်များ၊ လက်ပံသီး အကွဲများ။

ရီးဆေးရိုးသည် မြောင်းထဲအတိုင်း စုန်လာသည်။ အဝေးက ကြည့်သော် ဖွေးလွနေသော မြေအပြင်ဝယ် တကယ် ကောက်မည် လာကြည့်သောအခါ ကောက်စရာ မရှိချေ။ လဲစေ့ကလေးကို ဗဟိုပြုထားသော ပွင့်ချင်းတွေသာ။

‘လဲကောက်တာများ လယ်ထွန်တာလောက် ပင်ပန်းတာမှတ်လို့’ သို့နှယ် ထင်ခဲ့သမျှ ယခု သိရပြီ။

ကောက်စရာ မရှိလျှင် အပွင့်ကလေးတွေချည်း ကောက်မည်။ ရီးဆေးရိုးသည် တစ်ပွင့်စီ ကောက်ကြည့်သည်။ သည်အခါလည်း မလွယ်လှ။ တုတ်ချောင်းတွေ ကပ်ပါလာသည်။ ရွက်ခြောက်တွေ ငြိပါလာသည်။ လေးငါးပွင့် ကောက်မိလျှင် မြေစာခဲများထဲမှ လဲပေါက် တစ်ထွေးရသည်။ နောက်ထပ် ဆယ်ပွင့်ခန့် ကောက်မိပြန်လျှင် ကြွေကျနေသော လက်ပံသီး နှစ်လုံးရသည်။ ကွဲစသာ ရှိသေးသောကြောင့် လဲတွေ အပြည့်ရှိသည်။

လက်ပံသီးကို အိတ်ထဲသို့ ထည့်စဉ် ခရာပင်များ ကြားတွင် ထက်ခြမ်းကွဲ အသီးများကို မြင်ရပြန်သည်။ ရီးဆေးရိုး ဝမ်းသာမိသည်။ သည်နည်းဖြင့် အစုလိုက် အပြုံလိုက်ရမှ အိတ်တစ်လုံး မြန်မြန်ပြည့်မည်။ ခရာချုံဘေးသို့ ရောက်ရန် မြောင်းပေါင်၏ ဘေးစောင်းပေါ် တက်လိုက်ရာ ပြောက်ကျားကျား အရာတစ်ခုကို မြင်မိ၍ နောက်သို့ ဆုတ်လိုက်ရ၏။ မြွေတစ်ကောင်၏အမြီး ဖြစ်ဟန်တူသည်။ ကြည့်ရင်းကြည့်ရင်းနှင့် မြေစာခဲများ ကြားသို့ တိုးဝင်ကာ ပျောက်ကွယ်သွား၏။

ထိုအခါ မြေစာခဲများကို ရီးဆေးရိုး အရမ်းမနင်း ဝံ့တော့ပါ။ ငုံပြီး ကောက်လိုက်။ ခါးဆန့်ကာ အညောင်းဖြေလိုက်နှင့် ကောက်လာရာ လက်ပံပင် ခြေရင်းသို့ ရောက်လာသည်။ လက်ပံသီး အကွဲများ၊ အလုံးမပျက်များကို ပင်ခြေပါးပျဉ်းကြားတွင် မြင်ရသည်။ ရီးဆေးရိုး အားတက်သရော ချဉ်းကပ်သွားစဉ် လေပြင်းတိုက်သံလိုလို၊ မြေပြိုသံလိုလို ကြားရ၏။ အဝေးသို့ မျှော်ကြည့်သည်။ လေပြင်းလာသည့် လက္ခဏာ မတွေ့ရ။

“ဟာ” ခနဲ အော်လိုက်ကာ လက်ပံပင် ပင်စည် ဘေးသို့ ရီးဆေးရိုး ပြေးကပ်သည်။ ပြေးကပ်မိကာမှ မြေစာခဲများ ပြိုကျသဖြင့် လူပါ မြောင်းထဲသို့ လျှောကျသွားသေး၏။ သို့သော် ချက်ချင်း ကုတ်ကတ်တက်ကာ ပင်စည်ကို ကျောပေး ရပ်နေရသည်။

ဝေါခနဲ နွားတစ်အုပ် ရောက်လာ၏။ ‘နွားမြိုင်လိုက်’ ခြင်းပေတကား။

နွားများသည် ရှေ့မှ ပြေးသော နွားမနောက်သို့ စုပြုံ ပြေးလိုက်ရင်း ဝှေ့သည်။ တွေ့ကရာ နင်းဖိသွားသည်။ နွားတစ်ကောင် မြောင်းကို ခုန်စဉ် မြေစာခဲတွေ နှင့်အတူ လျှောကျသည်။ အခြား နွားတွေက တက်နင်း သွားကြသည်။

“သွားပြီ... သွားပြီ။ လျှော်တွဲရတော့မယ်ဟေ့”

ထိုနွား၏ နံဘေးသား ပြဲသွားသည်။ ထိပ်ပဲ့သွားသည်။ ထို့ကြောင့် သေပြီ အထင်နှင့် ရီးဆေးရိုး အော်မိငြား ထိုနွားသည် သွေးရူးသွေးတန်းဖြင့် ပြေးလိုက်သွားလေ၏။

“အင်း… တော်ပါသေးရဲ့”

ရေရွတ်မိပြီးမှ မိမိ လက်မတင်ကလေး နွားနင်းခံရမည့် ဘေးမှ လွတ်ကင်းရပုံကို စဉ်းစားမိသည့် ခဏ၌ ရီးဆေးရိုး ကြက်သီးထရလေသည်။

“အင်း.. ကောက်ဦးမှ ကောက်ဦးမှ”

ညည်းညည်းတွားတွားဖြင့် သစ်ပင်ရင်းမှ ခွာသည်။ စုပုံနေသော အပွင့်ထွေးများ၊ အသီးများနှင့် အစိတ်များ အတော်များများ ရလိုက်စေကာမူ အိတ်မှာ မပြည့်သေး။

နေသည် ပူသည်ထက် ပူလာပြီ။

ရီးဆေးရိုးသည် လဲပွင့်ကလေးတွေကို တကုန်းကုန်း ကြိုးစား ကောက်သည်။ သီးလုံးသီးပဲ့များကို တကူးတက ရှာဖွေနေမည့်အစား ရရာကို ကောက်ရတော့သည်။ ခါးဆန့်လိုက်၊ကောက်လိုက်ဖြင့် တဖြည်းဖြည်း နေပြင်းလာသည်။ ရီးဆေးရိုးလည်း ယိုင်လာပြီ။

ကျောက ပူ၊ မြေပူက ဟပ်နှင့် တစ်ကိုယ်လုံး ချွေးဖြင့် နစ်အိုင်လာချိန်တွင် မမှန်သော ခြေလှမ်းများကို အနိုင်နိုင် အားယူလှမ်းလျက် လက်ပံပင် အာဝါသမှ ခွာလာခဲ့သည်။ သို့သော် အိတ်ကား မပြည့်သေး။

တငုံ့ငိုက်ငိုက် လဲကောက်စဉ်ကမူ ဆာလောင်ရမှန်း မသိပေ။ ယခု အိမ်အပြန်တွင်မူ မြောင်းကို ကျော်ရ၊ ကန်သင်းကို တက်ရနှင့် ကြိမ်ဖန်များစွာ ပြုလုပ်ပြီး၍ ထွန်စက်စခန်းနှင့် ပုတီးပင်ဘုရား ကြားရှိ ရှစ်မျက်နှာတောသို့ ဝင်မိသောအခါ ရင်ထဲက ပူလောင်လာတော့သည်။ ဝမ်းတွင်းကလည်း မချိမဆံ့ ဆာလောင်လာသည်။ လေးထပ်ကျောင်း ထန်းတောသည် ယခင်က မကျယ်ဝန်းသော်ငြား ယခုကျယ်ဝန်းလှသည်။ အိမ်ကို လှမ်းမြင်ရပြန်သောအခါတွင်လည်း ဝေးလှသည် ထင်၏။ ဝေးပေမယ့် ကြိုးစား လှမ်းရသည်။ တက်နေကျ လှေကားကို လေးဖက်ထောက်ပြီး တက်ရတော့မှ မိမိတွင် အားအင် ကုန်ခန်းနေပါပေါ့လားဟု ရီးဆေးရိုး သိသည်။

“တော်တော် မောလာပြီ ထင်တယ်။ ရော့.. ရော့၊ ရေအေးအေးလေး”

ရီးကျီးဒန်သည် နွားစာ ကျွေးနေရာက အပြေး တက်လာပြီး သဲကြမ်းအိုးထဲမှ ရေတစ်မှုတ် ခပ်ပေးသည်။ ပူလောင်နေသော အူတစ်လျှောက်တွင် အိုးမှုတ်အသစ်နံ့ သင်းမြနေသော ရေအေးသည် တရွေ့ရွေ့ စီးဆင်းသွားလေသည်။

“အား အခုမှပဲ အေးသွားတော့တယ်။ ပေးပါဦးဟ”

“သိပ်မသောက်နဲ့ ထမင်း မစားနိုင်ဘဲ နေလိမ့်မယ်”

ရီးဆေးရိုးသည် အကျောက်အကန် ပြောမနေတော့ဘဲ ကြမ်းပေါ်သို့ လှဲချလိုက်လေသည်။ ရီးကျီးဒန်လည်း မီးဖိုထဲသို့ အပြေးဝင်သွားကာ ထမင်းခူး ပြင်ဆင်သည်။ သို့ဖြစ်ငြား သူ ပြန်ထွက်လာချိန်တွင် ရီးဆေးရိုးမှာ တခေါခေါဖြင့် အိပ်ပျော်နေလေပြီတည်း။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

တစ်ဆစ်ချိုး ညနေ


❝ တစ်ဆစ်ချိုး ညနေ ❞
          ▢ ရေအေး

၁။

ညနေစောင်းလာလျှင် ညို့စိတ် ဂနာမငြိမ်ခြင်းသည် ပိုဆိုးလာ၏။ ပန်းဆီရောင် သွေးအင်္ကျီနှင့် ဂါဝန်ကိုဝတ် ပြီးခါမှ “အမယ်လေး၊ အပန်းနဲ့ အဖေ့ဒေါသနဲ့” ဟု ရေရွတ်မိရင်း လူသည် အလန့်တကြား ဖွလက်စ အဝတ်ပုံကြီးထဲ ရောက်ပြန်သည်။ ထို့နောက် “အပြာ၊ အညို၊ အရောင် မရိုင်းတာလေး တစ်ခုခု ဝတ်မှ အဆင်ပြေမှာပဲ။ အနီတော့ အဆင်မပြေဘူး ထင်တယ်” ဟု စိတ်ထဲ တစ်ကိုယ်တည်းပြောရင်းပင် နာရီကို ကြည့်ပြီး အလုပ်မှ အပြန်နောက်ကျနေသည့် မောင့်ကို တဖျစ်တောက်တောက် ဖြစ်ရပြန်သည်။

“မောင် အဖေတို့ဆီ သွားဖို့ကိစ္စ မေ့များသွားသလား” ဟု စိတ်ထဲ တွေးမိလျှင် “ဟွန့် ... ဒီလောက် အထပ်ထပ်မှာလိုက်ရဲ့သားနဲ့ မေ့လို့ကတော့” ဟု မေ့,မမေ့ မသေချာသည့် အဖြစ်ကို ကြိုတင်ပြီး စိတ်က ကောက်ချင်ချင်ရှိလာ၏။ “သုံးရက် လောက်ကို စကားမပြောဘဲ နေလိုက်မယ်” ဟု ကြုံးဝါးလိုက်ရင်း မောင်က မချော့ခင် စိတ်ပြန်ပြေသွားမည့် ကိုယ့်ကိုယ်ကိုတွေးရင်း “ဟိ” ခနဲ ရယ်မိပြန်သည်။ ပြီးလျှင် စိတ်သည် ချက်ချင်းပင် “အမေများ မျှော်နေပြီလား” ဟု လှစ်ခနဲ သတိရလျက်က “နှုတ်ခမ်းနီ ဘာအရောင် ဆိုးသွားရင် ကောင်းမလဲ၊ မဆိုးဘဲ သွားရမလား” ဟူသည့် အကြောင်းဆီသို့ ရောက်ပြန်၏။ ညိုသည် တောက်တောက်ကြွားကြွား လှလှပပ ဝတ်စားသွားပြန်လျှင် “အိမ်က သဘောမတူတဲ့ လင်နောက်လိုက်ပြေးထားတာတောင် ကောင်မက မော်တုန်း” ဟု အဖေများမျက်စိစပါးမွေး စူးလေမလားဟု စိုးရိမ်၊ မပြင်မဆင်သွားပြန်လျှင်လည်း “လင်ရတာမှ တစ်လစွန်းစွန်း ရှိသေး၊ အိမ်က သဘောမတူတဲ့ သူကို ယူတော့ အပူသည်ရုပ် ဖြစ်နေပြီလေ” ဟု တချို့က ထောမနာ ပြုကြလေမလားဟု သောက၊ ထိုအတွေး နှစ်ခွနှင့်ပင် စိတ်သည် မပြတ်မသား။

“သန်ဘက်ခါ ညနေ သမီးတို့လင်မယား အိမ်ဘက် လာပြီး ထမင်းစားလှည့်။ အဖေတို့ကို လာကန်တော့တာလို့ ပြော။ ညည်းအဖေ ကြိုက်တတ်တာလေး တစ်ခုခု ဝယ်ခဲ့”

လွန်ခဲ့သည့် နှစ်ရက် အမေ ဖုန်းဆက်ကတည်းကပင် ညိုသည် စိုးတထိတ်ထိတ်။ “အဖေက နင်တို့ ဘာလာလုပ်တာလဲ ဆိုပြီး ရပ်ကျော်ရွာကျော် အော်ဟစ် မောင်းထုတ်နေရင်ကော” ဟု ရွံ့တွန့်တွန့် ပြန်မေးမိ၏။ ထိုအခါ အမေသည် “အမယ်လေး မရွှေညို၊ မယူခင် ဒီလောက် တားနေတုန်းကတော့ မဆင်မခြင်၊ မတွေးမတော။ အခု ဝက်ဖြစ်ပြီးမှတော့ မစင်ကို ကြောက်မနေနဲ့တော့ တော်ရေ” ဟု သူ့ထုံးစံအတိုင်း ဥပမာ အလင်္ကာလေးနှင့် ဆို၏။ ပြီးမှ “မောင်းထုတ်တော့လည်း ထပြန်လိုက်ပေါ့ အေ” ဟု ခပ်ရွဲ့ရွဲ့ စကားဆက်သည်။ အမေ ဖုန်းချသွားလျှင် ညိုသည် မောင့်အနား ကပ်ပြီး အမေက သည်သို့ သည်ပုံ ပြောလေရဲ့ဟု စိတ် တလှုပ်ရှားရှား။ အိမ်ပေါ်သို့ တက်လာသည့် ညို့ကို မြင်လျှင် အဖေသည် “သေနာမ” ဟု အော်ဟစ်ပြီး ပါးကိုဆီး၍ ရိုက်လိုက်လေမလား၊ သို့တည်းမဟုတ် “ခွေးကောင်” ဟု မောင့်ကိုပဲ ဓားနှင့်ဆီး၍ ခုတ်လေမလား။ စိတ်ကူးထဲတွင် ဇာတ်လမ်းအမျိုးမျိုး ဆင်ပြီး ရင်တဖိဖိ။ ချက်ချင်းပင် “အဖေက အဲဒီလောက်ကြီး စိတ်မဆိုးနေ လောက်ပါဘူးနော်” ဟု လေသံပျော့ပျော့နှင့် ညည်းသလို ဆိုမိရင်း “နင် အဲဒီကောင်ကို ယူလို့ကတော့ အိမ်ပေါ်ကို တက်မလာနဲ့” ဟူသော စကားကို ပြန်ကြားမိပြီး ညိုသည် အမောမပြေ။ “တောင်းစုတ်၊ ပလုံးစုတ်သာ ပစ်ရိုးထုံးစံရှိ တာပါကွာ၊ သားဆိုး၊ သမီးဆိုးကို စွန့်ပစ်ရိုး မရှိပါဘူး” ဟူသော မောင်၏ နှစ်သိမ့်စကားကို နားထောင်နေရသော်ငြား ညိုသည် ပွင့်ပွင့် မပြုံးနိုင်။

ညို မှတ်မိသေးသည်။ မောင်နှင့် ညိုအကြောင်း သိသိချင်း အဖေသည် တရှူးရှူး တရှဲရှဲဖြစ်၏။ ပြီးလျှင် “နင်ကြိုက်တဲ့လူ ယူ၊ ငါ မတားဘူး။ အေး ဒါပေမဲ့ လူမျိုးနဲ့ ဘာသာတော့ တူပါစေ” ဟု ခပ်ပြတ်ပြတ် ပြောသည်။ ထိုတုန်းက တော်လှန်လိုစိတ်၊ တော်လှန်အတွေး ရှိသူ၊ ပြီးလျှင် ချစ်စိတ်လည်း မွှန်နေသေးသူ ညိုသည် “လူ လူချင်း ချစ်လို့၊ မေတ္တာမျှလို့ ပေါင်းဖက်ကြမယ့် အရေး၊ မတူတာတွေ အလေးပေးပြီး စဉ်းစားနေလို့ကတော့” ဟု စိတ်ထဲ ခေါင်းကြောမာမာနှင့် မျက်နှာသည် မရွှင်မပျ၊ မှုန်တေတေ ရှိ၏။ အမေကမူ သမီးနှင့် လင်ကြား ဗျာများ ဟန်သည် အထင်းသား။ တစ်သွေးတစ်သံ ပြောပြီး ဝုန်းဝုန်းဒိုင်းဒိုင်း ထ သွားသူ အဖေ ကွယ်လေမှ “ဘာသာခြားကြီးတော့ မကောင်းပါဘူး သမီးရယ်” ဟု လေသံပျော့ပျော့နှင့် ချော့သည်။ ပြီးမှ ထုံးစံအတိုင်း “ဘဲဥကို ဝပ်ပေးတဲ့ ကြက်မပုံပြင် သမီး ကြားဖူးတယ် မဟုတ်လား” ဟု ဝေ့ကာဝိုက်ကာ ညို့ကို ဆုံးမစကားဆိုရန် ပြင်၏။

“ကြက်မကြီးရဲ့ ဝပ်ကျင်းထဲကို ဘဲဥလေးတစ်လုံး ထည့်ထားတာ မတော်တဆ အကောင်ပေါက်လာသတဲ့။ သူ့ရင်ငွေ့နဲ့ ပေါက်တာ ဆိုတော့လည်း ကြက်မကြီးက ချစ်တာပေါ့။ အစာလေး ယက်ကျွေးလိုက်၊ ရန်သူလို့ ထင်တဲ့သူ လာရင် တောင်ပံလေးနဲ့ ဖုံးပြီး ကာထားလိုက်ပေါ့။ ဘဲလေးသွားရာ တကောက်ကောက်လိုက်။ ဘဲလေး ပျောက်သွားရင် ကတော်ကတော်နဲ့ အော်ပေါ့။ တစ်နေ့ကျတော့ ရေစပ်ကို ရောက်ရော။ အဲဒီတော့ ဘဲက ဘဲသဘာဝအတိုင်း ရေဆင်း ကူးတာပေါ့။ အဲဒီတော့ ကြက်အမေကြီးခမျာ ဘဲလိုလည်း ရေဆင်း မကူးနိုင်၊ စိတ်ကလည်း မချနဲ့။ ရေစပ်မှာ ဟိုပြေးလိုက်၊ ဒီပြေးလိုက် ကတော်ကတော်နဲ့ အော်နေ ရသတဲ့”

ညိုသည် အမေ ဘာကို ပြောချင်ပါလိမ့်ဟု ထိုတုန်းက စဉ်းစား မရ။ ကြက်ကနေ ဘဲ မွေးတာနဲ့  ညို မောင့်ကိုယူတာ ဘာဆိုင်တာလိုက်လို့။ စိတ်ရှုပ်စွာ တွေးရင်း မျက်နှာကိုသာ မှိုင်းထားမိသည်။ အမေသည် ညို့စိတ်ကို သိဟန်နှင့် မပွင့်တပွင့် ပြုံးပြီး “သမီး လည်း အိမ်ထောင်ကျပြီး ကလေးတွေ မွေးလာဦးမှာပဲလေ” ဟု စကားကို ဆက်၏။

“ကဲ... သမီး ကလေးတွေ မွေးလာပါပြီတဲ့။ သူတို့က သူတို့ဘုရားကျောင်း တက်မယ်။ သမီးက ဘုန်းကြီးကျောင်း သွားမယ်။ သမီးက ဗုဒ္ဓကို ယုံမယ်။ သမီး ကလေးတွေက သူတို့ဘုရားကို ယုံမယ်ဆိုပါတော့။ သမီးက သူတို့ ယုံတာကိုလည်း လိုက် မယုံနိုင်၊ သားသမီးတွေကိုလည်း စိတ်မချနဲ့ ဘဲလေး နောက်ကို ရေဆင်းကူးပြီး မလိုက်နိုင်တဲ့ ကြက်မကြီးလို ပူလောင်နေရမှာပေါ့”

မိမိ၏ ရင်သွေးများနှင့် ယုံကြည်ချက် မတူဘဲ အသက်ရှင်နေရမည့် မိခင် တစ်ယောက် အဖြစ်ကို အမေက စိတ်ညစ်ညူးစရာပုံဖော်ပြီး တဖွဲ့တနွဲ့ ပြောလျှင် ညို့မှာ ဘာပြန်ပြောရမည် မသိ။ မောင့်ကို ဖြတ်တော့မယ်ရယ်ဟု စိတ်ထဲ တထစ်ချ တွေးမိသည်။ သို့သော် ထိုအတွေး များသည် မောင်နှင့် တေ့တေ့ဆိုင်ဆိုင် တွေ့လျှင်ကား နေလာချိန် နှင်းပျောက်သလိုပင် ဖြစ်၏။

“မြို့လယ်ကောင်ကြီးမှာ အဲဒီလို ဘုရားနဲ့ ဘုရားကျောင်း ဘာသာနှစ်ခု နားလည်မှုနဲ့ ယှဉ်တွဲရှိနေတာကြောင့်လည်း မြို့က ပိုပြီးရင့်ကျက်တဲ့ပုံ ပေါ်နေတာပဲ”

မောင်နှင့် ညို တွေ့ဖြစ်ကြသည်မှာ ညနေ နေဝင်ခါ နီးအချိန်များဖြစ်၏။ မျက်စိ ရှေ့တွင်ပင် အနီရောင်နေလုံးသည် တောင်တန်း၏ အနောက်ဘက်သို့ ဝုန်းခနဲ ပြုတ်ကျသွားတတ်သည်။ ကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်လာ၏။ ပိုးစုန်းကြူးကောင်များနှင့် တူသည့် မီးသီးလုံးများသည် မြို့၏ နေရာအနှံ့အပြားတွင် လိုးလိုး လက်လက် တောက်ပလာကြသည်။ လေးထောင့်ကျကျ မြို့၏ အလယ်ကောင်နားဆီမှ ရွှေရောင်တောက်နေသည့် စေတီတော်နှင့် ဘုရား၏ နံဘေးမှ ဖြူဖြူဖွေးဖွေး ဘုရားကျောင်းအိုတို့သည် မြို့၏ အရှေ့ဘက် တောင်ကုန်းပေါ် ရောက်နေသည့် ညိုနှင့် မောင်၏ မျက်စိထဲသို့ အာရုံ စိုက်စရာ မလိုပါဘဲ တန်းခနဲ ဝင်လာမြဲ။ ထိုအခါတိုင်း မောင်သည် ထိုစကားတစ်ခွန်းကို မှတ်မှတ်ရရ ပြောတတ်သလို ညိုသည်လည်း မောင်၏ စကားတွင် ဟုတ်လိမ့်နိုးနိုး ယစ်မူးမြဲ။

အမှန်တော့ ညိုသည် လေယူရာ တိမ်းရသည့် ပန်းပြားပင်လိုပင်။ “ကိုယ့်အမျိုးကို၊ ကိုယ့်ဘာသာကို ကိုယ် ကိုယ်တိုင်မှ မစောင့်ရှောက်ရင် ဘယ်သူက လာပြီး စောင့်ရှောက်မှာလဲ သမီးရယ်” ဟု အမေက ဆိုလျှင်လည်း ညိုသည် ဟုတ်တာပေါ့ရယ် ဟု အံကြိတ် ခေါင်းညိတ်၏။ “ဘယ်ဘာသာက ဘုရားပဲ ဖြစ်ဖြစ် မေတ္တာကို အခြေခံကြတာပဲ မဟုတ်လား ညို” ဟု မောင်က ဆိုပြန်လျှင်လည်း ညိုသည် ခေါင်းကို မခါယမ်း နိုင်ပြန်။ လမ်းဆုံလမ်းခွတွင် ဗျာများနေသူ ညို့ကို အဖေကား အကဲမရဟန်နှင့် အော်မြဲ၊ ဟစ်မြဲ၊ ဆူမြဲ၊ ပူမြဲ။ ဤသို့ဖြင့်ပင် တစ်ရက်တွင် ညိုသည် ဘယ်လိုဖြစ်မှန်းမသိဘဲ မောင်နှင့်အတူ ဘဝခရီးကို ဆက်လျှောက်ရန် သဘော တူမိပြီး ဖြစ်နေတော့၏။

အဖေသည် ညို မောင်နှင့် လိုက်ပြေးသည့်အကြောင်း သိသိချင်းတွင် အော်ဟစ်ကာ ဓားကြိမ်းကြိမ်းသည် ဆို၏။ ထို့နောက်တွင်တော့ ညို့ အကြောင်းကို ဘာဆိုဘာမျှ စကားစ မခံတော့ဘဲ တစ်ယောက်တည်း သုန်သုန်မှုန်မှုန် ရှိပြန်သတဲ့။ အကြောင်းအလမ်း လာလျှင်လည်း လက်မခံဟု ပြောသည် ဆိုလား။ အမေကတော့ ရှိုက်ကြီးတငင် ငိုသည် ဆိုလား။ ညိုသည် အိမ်၏ သတင်းတစ်ခု ကြားတိုင်း မျက်နှာမကောင်း။ နောင်တရသလို ဖြစ်ပြီး မောင်က စိတ်ပေါ့ပါးပါစေဟု ရယ် စရာတွေ ပြောသော်ငြား ညိုကား မရယ်နိုင်။ မောင်ကလည်း သူ့မိဘအိမ်သို့ ညို့ကို ခေါ်မသွားရဲသေးသဖြင့် နှစ်ယောက်သား ချောင်ကျကျ အခန်းကျဉ်းတွင် တိတ်တဆိတ် ပုန်းနေရ၏။ တစ်ပတ်ကျော် နှစ်ပတ်မျှ ရှိလေမှ အမေသည် ညို ရှိရာသို့ပုန်းလျှိုးကွယ်လျှိုးဟန်နှင့် ရောက်လာပြီး “အမယ်လေး မိညို မွေးရကျိုးနပ်လိုက်တဲ့ သမီး” ဟု ခနဲ့တဲ့တဲ့ ငို၏။ ထို့နောက် တစ်လနီးပါး ကြာလေကာမှ အမေသည် ညိုနှင့် မောင့်ကို အိမ်လာဖို့ သံချောင်း ခေါက်လိုက်ခြင်းပင်။ သတိရသမျှကို တစ်ခုပြီး တစ်ခု ပြင်ဆင်နေရင်းပင် ညို့စိတ်သည် အဖေနှင့် အမေ၊ ထို့နောက် မောင်နှင့် မောင့်အမျိုးအဆွေများ၊ တစ်ယောက်ပြီး တစ်ယောက်ထံသို့ တွယ်ရာမဲ့ ပြေးလွှားနေလျက်က ဂနာမငြိမ်နိုင်။ ခုချိန်ထိ ပြန်မလာနိုင်သေးသည့် မောင့်ကိုလည်း စိတ်အလိုမကျ။ ညိုသည် ဘာလုပ်ရမှန်း မသိဘဲ စိတ်ပျက်လက်ပျက်နှင့် လူသည် မောတောဟိုက်တိုက်ကြီးရှိ၏။

••••• ••••• •••••

၂။

တစ်သက်လုံး ရင်းနှီးခဲ့သည့် နေရာတစ်ခုသည် တစ်လကျော်မျှ ဝေးကွာသွားရုံနှင့် ညိုသည် သူစိမ်းပြင်ပြင် ဖြစ်သွားသတဲ့။ အဖေ၏ အိမ်ရှေ့သို့ ညို ရောက်ချိန်သည် မိုးစုပ်စုပ်ချုပ်ခါစ ဖြစ်သည်။ သို့သော် အခါတိုင်းကဲ့သို့ “အဖေ၊ အမေ” ဟု အသံကျယ်ကျယ် အော်ဟစ်ပြီး အိမ်ပေါ် သို့ ပြေးတက်သွားလိုက်ဖို့ကို ညို့မှာ မရဲဝံ့။ အိမ်အတွင်းမှ လျှံထွက်လာသော ဝါကြန့်ကြန့် လျှပ်စစ်မီးအလင်းသည် အိမ်ဝင်းအဝင် အဝနားအထိ ထိုးဆင်းနေသည်။ မောင်သည် လက်ဆောင် သစ်သီးခြင်းကို ဆွဲလျက် ညိုသည် ခြံတံခါးကို တင်းတင်းဆုပ်လျက် နှစ်ယောက်သား အတန်ကြာအောင်ပင် ရွံ့တွန့် တွန့် ရပ်နေမိသေးသည်။ ထို့နောက် ညိုသည် ချွေးပြန်နေသည့် လက်နှင့်ပင် ခြံတံခါးကို မရဲတရဲ တွန်းဖွင့်လိုက်၏။

သုံးထစ်သာ ရှိသော လှေကား တက်ရသည်ကပင် ညို့ရင်သည် တလှပ်လှပ် တုန်လှ ခုန်လှပြီ။ ကျွီခနဲ အသံပေးပြီး ပွင့်သွားသည့် အိမ်အဝင် သံဆန်ခါကွက်တံခါး မ၊ ပြီးလျှင် ဖိနပ်များ စီရရီ ချွတ်ထားသည့် အိမ်ရှေ့ဖိနပ် ချွတ်၊ ထို့နောက် ရေနံချေး နိုင်နိုင်သုတ်လူးထားသည့် သစ်သားတံခါးမကြီး၊ နောက်ဆုံးတွင်မူ တဝီဝီ လည်နေသည့် ပန်ကာအို ၏ အောက်တွင် အဖေနှင့် အမေ့ကို ငုတ်တုတ် ထိုင်လျက်သား တွေ့ရ၏။

“ဟော... သမီးတို့ လာပြီ”

အမေ့အသံသည် ရုပ်ရှင်ဇာတ်ဝင်ခန်းထဲမှ သရုပ်ဆောင်တစ်ယောက်၏ အသံမျိုးနှင့်တူ၏။ ဒေါသထွက်နေသည့် လင်သည်နှင့် အမှားလုပ်ထားသူ သမီးတို့ကြား စေ့စပ်ညှိနှိုင်းလိုက်တော့မည့် မိန်းမတစ်ယောက်၏ ဟန်ပန်မျိုးဖြစ်သည်။ အဖေ့မျက်နှာကား မရယ်မပြုံး၊ တည်တင်းတင်း။ “ထိုင်၊ သမီးနဲ့သား ဒီခုံမှာထိုင်” ဟု အမေသည် ရွှန်းရွှန်းဝေအောင် ဖော်ရွှေနေသည့်တိုင် အဖေသည် ညိုတို့ နှစ်ဦးကို စောင်း၍ပင် မကြည့်။ လက် ထဲမှ သတင်းစာဖြန့်လျက် သားကို စူးစူးစိုက်စိုက် ရှိနေ ၏။ ညိုနှင့် မောင်သည် နှစ် ဦးသား ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အ,နေလျက် လက်ထဲမှ သစ်သီးခြင်းကိုသာ စားပွဲပေါ် အသာတင်၏။

“ဟော့တော့ သစ်သီးခြင်းကြီး၊ အလကား ပိုက်ဆံ ကုန်လို့။ စားနိုင်တာလည်း မဟုတ်။ ဒုက္ခခံပြီး ဝယ်လာရသေးလား သားနဲ့ သမီး ရယ်။ အမယ် အဖေကြီး အကြိုက် သခွားမွှေးတွေပါ လား။ အတော်ပဲ ခဏနေ ထမင်းစားပြီးတော့ အချို တည်းကြတာပေါ့”

အမေသည် ညိုတို့ ဝယ်လာသည့် သခွားမွှေးသီးကို သဘောတကျဟန်နှင့် တမြှောက်မြှောက်။ ထို့နောက် တွင်မှ ညို့ကို မသိမသာမေး ဆတ်ပြီး “ကဲ…. သားအဖ စကားပြောကြဦး၊ လာ သမီး အနောက်မှာ အမေနဲ့ ထမင်းပွဲ သွားပြင်ရအောင်” ဟု ဆို၏။

ညိုသည် မောင့်ကို စိတ်မချနိုင်ဘဲလျက် အမေ့နောက်မှ တွန့်ဆုတ်တွန့်ဆုတ် လိုက်ခဲ့ရသည်။

“ညည်းအဖေကို မနည်း ဖျောင်းဖျထားရတယ်။ ကိုယ့်သမီး ဘာသာခြားနဲ့ ယူ လို့ ပြတ်ပြီ၊ စဲပြီ ဆိုပြီး တင်း တင်းမာမာ လုပ်တော့ ကိုယ့်သမီးပဲ ဟိုဘက်ကို ပိုရောက် မှာပေါ့လို့။ ဒါမျိုးဆိုတာက ခွင့်လွှတ်သင့်တာ ခွင့်လွှတ်၊ နားလည်မှု ပေးသင့်တာပေး၊ မေတ္တာ ထားသင့်တာထားပေးပြီး ကိုယ် ဖြစ်စေချင်တာကို တည်ဆောက်ရမှာ မဟုတ်ဘူးလား ဆိုမှ။ ဒါတောင် သူ့မယ် အင်တင်တင်နဲ့”

အမေသည် ဟင်းပွဲတွေ အစီအရီချရင်း ညို့ကို တတွတ်တွတ် ပြောနေ၏။ ထို့နောက် တိတ်ဆိတ်နေပြန်လျက် အတန်ကြာမှ “ဒီရက်ပိုင်း သူက ရွှေးကောက်ပွဲ နိုင်တာကို ဝမ်းသာအားရဖြစ်ပြီး စိတ်ပျော်နေတဲ့အချိန်မို့ အမေက အချိန်ကိုက် စီစဉ်လိုက်တာ” ဟု ခပ်ပြုံးပြုံး စကားဆက်ပြန်သည်။ အမေသည် မောင် တစ်ယောက်ကော နိုင်ငံရေးစိတ်ဝင်စားရဲ့လား၊ အလုပ်က ဘယ်အချိန်တွေ သွားပြီး ဘယ်အချိန်တွေ ပြန်တတ်တုံး စသဖြင့် သူ သိလိုသမျှ မောင့်အကြောင်းကိုလည်း ပြတ်တောင်းပြတ်တောင်း မေး၏။ ညိုကား အမေ့ မေးခွန်းများကို စိတ်နှင့် ကိုယ် မကပ်စွာ ဖြေရင်းပင် အဖေနှင့် မောင် ဘာတွေပြောနေကြမှာပါလိမ့်၊ အဆင်ချောပါ့မလား ဟူသော အတွေးနှင့် လူသည် ပူပူပင်ပင်။ အဖေနှင့် မောင် နှစ်ယောက်လုံး ထမင်းစားပွဲတွင် အကောင်း ပကတိ တိတိပပ ထိုင်မိလေမှ “အမယ်လေး တော်ပါသေးရဲ့” ဟု ရင်ဝမှ အလုံးသည် တစ်ဆင့် ပြုတ်ကျ၏။

အမေသည် ရွှန်းရွှန်းဝေအောင် စကားများ အဆက် မပြတ် ပြောနေသော်ငြား ထမင်းဝိုင်းသည် မစိုပြည် လှ။ အမေ့အသံ တိတ်သွား သည်နှင့် တစ်အိမ်လုံးသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ဇွန်းနှင့် ပန်းကန် ထိခတ်သံ တစ်ချက် တစ်ချက်မျှသာ ရှိတော့၏။ အမေသည် ဟင်းများကို အဖေ့ပန်းကန်ထဲ ကော်ထည့်လိုက်၊ မောင့် ပန်းကန်ထဲ ကော်ထည့်လိုက်၊ ပြီးလျှင် ညို့ ပန်းကန်ထဲ ကော်ထည့်လိုက်နှင့် လက်မလည်နိုင်ရှာ။ အဖေနှင့် မောင်သည် အမေထည့်ပေးသမျှ ဟင်းများကို မငြင်းဆန်ဝံ့ဘဲ အပြစ် သားတစ်ယောက် အပြစ်ပေးခံရသူကဲ့သို့ မြန်မြန်ကုန်အောင် အတင်းကြိတ်မှိတ်ပြီး စားနေကြသည်နှင့် တူ၏။ ညိုကော ဘာထူးသေးသနည်း။ လည်ချောင်းဝတွင် တစ်နေသမျှကို ရေနာနာ သောက်ပြီး မျှောချရသည်ပင်။ ထိုသို့ဖြင့် ဇာတ်မျောကြီးကဲ့သို့ ဖြစ်နေသော ထမင်းဝိုင်းသည် နောက်ဆုံး အဖေက သည်းခံစိတ် ကုန်ဆုံးဟန်နှင့် “ဝပြီ၊ တော်ပြီ” ဟု အသံပြတ်နှင့်ဆိုပြီး ထိုင်ခုံမှ ထ,မှ ကိစ္စပြတ်၏။

••••• ••••• •••••

၃။

ပြန်တော့မည်ဟု ဆိုလျှင် အမေသည် “ကလေးတွေ ပြန်တော့မတဲ့ အဖေရေ” ဟု ထမင်းစားပြီး ကတည်းက အခန်းအတွင်းသို့ ဝင်သွားသူ အဖေ့ကို လှမ်းအော်ပြီးခေါ် သည်။ သို့သော် အဖေ့လက်စွဲ ရေဒီယိုလေးမှ လွှင့်နေသော သတင်းကြေညာသံ သဲ့သဲ့မှ တစ်ပါး အခန်းထဲမှ မည်သည့် တုံ့ပြန်သံမျှ မကြားရ။ သုံးယောက်သား အဖေ ထွက်လာနိုးနိုး အတန်ကြာ ထိုင်နေ ပြီးခါမှ အမေသည် “ကဲ ပြန်ပြန် နောက်ကျနေလိမ့်မယ်။ အခု စိတ်ဆိုးနေပေမဲ့လည်း နောက်တော့ စိတ်ပြေလာပါ လိမ့်မယ်” ဟု သက်ပြင်းချရင်း ခပ်တိုးတိုးဆိုသည်။ ထိုအခါမှ ညိုသည် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း မောင့်ကို အသာ လက်ကုတ်ပြီး နှစ်ယောက်သား အောက်ဆင်း ထိုင်ကာ အမေ့ကို ကန်တော့၏။

“အင်း... ကန်တော့တယ်ဆိုတော့လည်း ဆုတွေ ပေးရဦးမှာပေါ့။ ဆုက ပေးနေကျဆိုတော့ အဟင်း...”

အမေသည် ရှက်သလိုဆိုရင်း ခပ်တောင့်တောင့် ပြင်ထိုင်သည်။ ပြီးမှ “မယူခင်တုန်းကတော့ အမေတို့က သဘော မတူဘူး၊ မယူရဘူးလို့ တွင်တွင်ကြီး ပြောခဲ့ကြတယ်ပေါ့လေ။ ဒီလို အတင်းတားတဲ့ ကြားကပဲ မပြတ်နိုင်လို့ ယူကြ၊ ဝတ္တုတွေ၊ ရုပ်ရှင်တွေထဲမှာတော့ မင်းသားနဲ့ မင်းသမီး ညားသွားရင် ဇာတ်သိမ်းပါပြီပေါ့။ အမေ ပြောချင်တာက အပြင်လောကမှာတော့ အဲဒီလို မဟုတ်ဘူး ဆိုတာပဲ။ ဒါက အပြောင်းအလဲ တစ်ခု၊ အချိုးအကွေ့ပဲလို့ ပြောရမယ်။ ရှေ့ဆက်ရမယ့် ဘဝလမ်းက အရှည်ကြီး ရှိသေးတယ်” ဟု ဆို၏။ ထို့နောက် “အင်း” ဟု အသံရှည် ဆွဲလျက်က ဟက်ခနဲ ရယ် လိုက်ပြီးနောက် “နီးနီးစပ်စပ် ဥပမာ ပေးရရင်ကတော့ သမီးအဖေ စိတ်ပြေအောင် ချော့ရဦးမှာမျိုး ဆိုပါတော့။ အဲဒီအတွက် အမေက လင်မယား နှစ်ယောက် အပြန်အလှန် နားလည်မှုတွေ၊ ကြင်နာမှတွေ၊ ဖေးမမှုတွေ အများကြီး ထားနိုင်ပြီး ရှေ့ခရီးလမ်း သာယာပါစေ။ အထူးသဖြင့် ယုံကြည်ချက်ချင်း ခြားနားတဲ့ သမီးတို့နှစ်ယောက် အချင်းချင်း ချစ်နိုင်၊ ခင်နိုင်၊ အပြန်အလှန် ယုံကြည်မှုတွေ ထားနိုင်ပြီး ဘဝကို သာယာအောင် တည် ဆောက်နိုင်ကြပါစေလို့ ပြောချင်တာပါပဲ” ဟု စာသံပေသံနှင့် ဆုပေး၏။ ညိုနှင့် မောင်သည် အမေ့ကို ဦးချရင်း “ပေးတဲ့ဆုနဲ့ ပြည့်ပါစေ” ဟု ဆုခံရသည်။

နောက်ဆုံးတွင် ညိုနှင့် မောင်သည် အမေ့အား နှုတ်ဆက်ပြီးနောက် တိတ်တဆိတ်ပင် အိမ်ပြန်ခဲ့ကြ၏။ မိုးချုပ် စ, ည၏ ကောင်းကင်သည် ကြယ်စုံအလှနှင့် ပြည့်ပြည့်ဝဝ မဖြစ်သေး။ သို့သော် ကြယ် ဖြိုးဖြိုးဖြောက်ဖြောက်မျှနှင့် အနည်းငယ်တော့ လှစ ပြုလေပြီ။ လမ်းတစ်လျှောက်တွင် လျှပ်စစ်မီး အလင်းသည် ဝါကြန့်ကြန့် မှိန်ဖျော့ဖျော့။ အဝေးတစ်နေရာဆီမှ အောင်ပွဲခံ အထိမ်းအမှတ် ဝင်းဝင်းလက်လက် မီးပန်းပွင့်များသည် ကောင်းကင်ယံသို့ တစ်ချက်တစ်ချက် လင်းခနဲ ထိုးတက်လာသည်။ တစ်ယောက်၏ လက်ကို တစ်ယောက် ခပ်တင်းတင်း ဆုပ်ပြီး လျှောက်လာသည့် ညိုနှင့် မောင်သည် ဖြာဆင်းလာသော မီးပန်းပွင့်အား အတူစုံရပ်ကာ ငေးကြည့်မိကြ၏။

▢ ရေအေး
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၁၇

Tuesday, October 6, 2026

မျက်ကပ်မှန်


❝ မျက်ကပ်မှန် ❞
▢ ဖေလင်းသစ်

“အိမ်က ကောင်တွေကို စိတ်ပျက်တယ်ကွာ”

အီကြာကွေးကို လက်ဖက်ရည် ချိုရဲရဲထဲ တို့စားရင်း မဲတူက ညည်းညူတယ်။

“ဘယ့်နှယ် ဖြစ်လာရတာတုံး” လို့ ကိုကောက်က အကျိုးသင့် အကြောင်းသင့် မေးတော့ မဲတူက “ဉာဏ်တုံးလွန်းလို့” တဲ့။ “အဖေတူလို့ နေမှာပေါ့” ဆိုပြီး ဘဲဥမက ပြောလိုက်တော့ မဲတူရဲ့ မျက်နှာ မည်းသွားတယ်။

လန်ဘားက ပုံပြင်ပြောနေကျ ရွှီးရဲ့ မျက်နှာကို လှမ်းကြည့်ပြီး-

“ဒီနေ့ ငါ ပုံပြင်ပြောစရာ ရှိတယ်” တဲ့။

“လုပ်ပါ၊ အပျင်းပြေတာပေါ့”

ဆိုပြီး ကိုအောင်က အားပေးတယ်။

“တစ်ခါက စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဟာ ကား မတော်တဆမှုဖြစ်ပြီး နားရွက်နှစ်ဖက် ပြတ်ထွက်သွားသတဲ့”

“မသက်မသာပါလား”

“နားရွက်နှစ်ဖက် မရှိတဲ့ ကိစ္စအတွက် စီးပွားရေးလုပ်ငန်းရှင်က စိတ်မှာ မလုံမလဲ အမြဲ ဖြစ်နေတာပေါ့၊ ဒါပေမဲ့ အဲဒီလို ထိခိုက်ဒဏ်ရာရတဲ့ အတွက် အာမခံကုမ္ပဏီက လျော်ကြေးတွေတော့ အများကြီး ရသတဲ့”

“ကောင်းတာလား၊ ဆိုးတာလား”

“လျော်ကြေးငွေတွေ ရတော့ သူက လုပ်ငန်းထပ်ပြီး ချဲ့ထွင်တယ်။ ကွန်ပျူတာလုပ်ငန်းတစ်ခု တိုးချဲ့မယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းကို သူက နားမလည်ဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့သူကို မန်နေဂျာခန့်ပြီး လုပ်ငန်းကို လည်ပတ်ဖို့ စိတ်ကူးတယ်”

“ကောင်းသားပဲ”

“အလုပ်လျှောက်ထားတဲ့ သူတွေထဲက သူ စိတ်တိုင်းကျတဲ့ လူသုံးယောက်ကို ခေါင်းခေါက် ရွေးယူလိုက်ပြီး တစ်ဦးချင်းကို အင်တာဗျူး လုပ်သတဲ့”

“စိတ်ဝင်စားစရာပဲ”

“ပထမဆုံး အင်တာဗျူး ဝင်လာတဲ့သူက မဆိုးပါဘူး။ မေးတဲ့ မေးခွန်းတွေ အားလုံးကိုလည်း ပြေပြေလည်လည် ဖြေနိုင်တယ်။ စီးပွားရေး လုပ်ငန်းရှင် နောက်ဆုံးမေးတဲ့ မေးခွန်းက ငါ့မှာ သူများနဲ့ မတူတဲ့ တစ်မူထူးခြားနေတာ ဘာမြင်သလဲတဲ့”

“တစ်မူထူးခြားတာ ဟုတ်လား”

“အင်တာဗျူး ဖြေတဲ့လူက ဆရာ့မှာ သူများနဲ့ မတူဘဲ တစ်မူထူးခြားနေတာ နားရွက်တွေ မပါတာပဲလို့ ပြောလိုက်တယ်”

“ဒီလူတော့ အရွေးခံရမှာ မဟုတ်ဘူး”

“ဟုတ်တယ်၊ အဲဒီလူကို မရွေးဘူး။ ဒုတိယလူကို အင်တာဗျူး လုပ်တယ်။ ဒုတိယလူက ပထမလူထက် ပိုနိပ်တယ်။ နောက်ဆုံး မေးခွန်းကတော့ ငါ့မှာ သူများနဲ့ မတူဘဲ တစ်မူထူးခြားနေတာ ဘာမြင်သလဲပဲ”

“အဖြေက”

“အဖြေကတော့ မြင်ပါတယ် ဆရာ၊ ဆရာ့မှာ နားရွက်နှစ်ဖက် မရှိဘူးတဲ့” 

“ပြုတ်မှာပေါ့”

“ပြုတ်တာပေါ့၊ ဒီလိုနဲ့ တတိယလူ အလှည့် ရောက်လာတယ်။ သူက ပထမလူရော ဒုတိယလူထက်ပါ သာတယ်၊ ဖြေတာ အကောင်းဆုံးပဲ”

“နားရွက်နဲ့ ပြုတ်ဦးမှာပါပဲကွာ”

“စီးပွားရေးလုပ်ငန်းရှင်က ဒီလူကို တော်တော် သဘောကျနေပြီ၊ ငါ့မှာ သူများနဲ့ မတူတဲ့ တစ်မူထူးခြားနေတာ ဘာမြင်သလဲဆိုတဲ့ မေးခွန်းကို တောင် သိပ်မမေးချင်တော့ဘူး။ မေးလိုက်မိပြီး အဖြေကို မကြိုက်လို့ ဖြုတ်လိုက်ရမှာ နှမြောနေတယ်။ ဒါပေမဲ့ မျှတအောင် ဆိုပြီး အဲဒီမေးခွန်းလည်း သူ မေးပါတယ်”

“ဘယ်လို ဖြေသလဲ”

“တတိယလူရဲ့ အဖြေက ဆရာ မျက်ကပ်မှန် တပ်ထားပါတယ်တဲ့။ အဖြေကို ကြားတော့ စီးပွားရေးလုပ်ငန်းရှင်က သိပ်အံ့သြသွားတာပေါ့။ အိုး ... မင်းက သိပ်အကင်းပါးပါလား။ ဘယ့်နှယ်လုပ် သိသလဲ မေးတယ်”

“ဘယ်လို သိပါလိမ့်”

“အင်တာဗျူး ဖြေသူက ရယ်မောပြီး ဆရာ့မှာ နားရွက်မှ မရှိတာ၊ ဘယ့်နှယ်လုပ် မျက်မှန်တပ်မှာလဲ။ မျက်ကပ်မှန်ပဲ တပ်ရမှာပေါ့လို့ ပြောလိုက်တယ်”

“အကင်းပါးပါ့ကွာ”

▢ ဖေလင်းသစ်
📖မော်ဒန် သတင်းဂျာနယ်
     ၁၃ ဇန်နဝါရီလ ၂၀၁၂။

ငါစွဲ ဖြုတ်ပါ


❝ ငါစွဲ ဖြုတ်ပါ ❞  
( မျိုးထက်မောင် - ပခုက္ကူ )

တန်ခူးလ ရောက်ပြီ ဆိုတာနဲ့ မြန်မာလူမျိုးတို့ အလွန်ပျော်သည်။ လူကြီးများက ဘာသာရေးဘက်တွင် စိတ်ဝင်စားသလို လူငယ်များကတော့ အပျော်အပါးဘက်တွင် ခုံမင်ကြသည်။ အရွယ်မရွေး စိတ်ပျော်ရွှင်မှု အများဆုံး ပေးနိုင်သော ရာသီပွဲ ဖြစ်သောကြောင့် ထို တန်ခူးပွဲကို လက်ချိုး စောင့်ကြရသည်။

ဒီနှစ်တော့ ထူးထူးခြားခြား ကျွန်တော့်အိမ်က အဒေါ်ကြီး တရားစခန်း ဝင်မည်ဆိုပဲ။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရသည်။ ကျွန်တော့်အဒေါ်သည် ကျွန်တော့် အသက်နဲ့အမျှ ဘုရားတရားကို စိတ်ဝင်စားခဲ့သည် မဟုတ်။

စခန်းမသွားမီ ဝန်စည်စလယ်များကို ထုပ်ပိုးရသည်မှာ တစ် ပတ်လောက် အချိန်ယူရသည်။ ပစ္စည်းတွေ ဘယ်လောက် များသလဲဆို သုံးဘီးဆိုင်ကယ်နဲ့ အပြည့်။ အိမ်ရှိ လူတွေက သူ တရားအားထုတ် ဖြစ်ရ င်ပြီးရော ဆိုပြီး သူ့အကြိုက်တွေ လိုက်လုပ်ပေးကြရသည်။ ကျွန်တော့်အဒေါ် သွားမယ့် နိဗ္ဗာန်လမ်း ဝမ်းမြောက်ဝမ်းသာ ပံ့ပိုးကြရမှာပေါ့။

သင်္ကြန်တစ်တွင်းလုံး ကျွန်တော့်အဒေါ်ရဲ့ ကုသိုလ်ကို ရည် မျှော်ပြီး ဝမ်းသာပီတိဖြစ်ရသည်။

တရားစခန်းမှ အပြန်တွင် ကျွန်တော့်အဒေါ်သည် တရားစကားများကိုသာ တွင်တွင် ပြောသည်။ လောကကို တရားဖြင့်သာ ရှုမြင်သည်။ ဖြစ်ပြီးရင် ပျက်တာပဲ ဆိုသည့် စကားသည် သူ့ရဲ့ လက်သုံးစကား ဖြစ်လာသည်။ ဩော် အရာအားလုံးသည် ဖြစ်ပြီးရင် ပျက်တာပဲတဲ့လေ။

နောက်ထပ် တရားအသိက ငါစွဲ မထားဖို့။ ငါဆိုတာ မရှိဘူး။ ရုပ် နာမ်ပဲ ရှိတယ်ဆိုတဲ့ အဖိုးတန် အသိ။ ကျွန်တော့် အဒေါ်ရဲ့ ထိုအသိဉာဏ် အတွက် အလွန် ဝမ်းမြောက်ရပြန်သည်ပဲ။

“ငါ ဆိုတာ မရှိဘူးတဲ့။ ဘုန်းကြီးက ဟောထားတယ်” 

အဒေါ်က ကျွန်တော့်ကို တရားပြန်ဟောသည်။

“ငါ မရှိတဲ့အတွက် စကား ပြောရင်တောင် ငါ့ဥစ္စာ ငါ့ဟာဆိုတဲ့ ငါစွဲနဲ့ မပြောရဘူး”

“ဒါဆို ဘယ်လို ပြောရမှာလဲ”

ကျွန်တော့်အမေးကို အဒေါ်သည် အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ငါ မရှိတဲ့အတွက် ကျွန်တော့်ဟာ ကျွန်မဟာလို့ ပြောရမယ်” 

ကျွန်တော်သည် အဒေါ့်ကို အံ့သြမှင်တက်မိစွာ ငေးကြည့်နေမိတော့သည်။

 ▢  မျိုးထက်မောင် (ပခုက္ကူ)
📖 မဟေသီ မဂ္ဂဇင်း 
      ဩဂုတ်လ ၊ ၂၀၁၆

မီးမည်သည် ကူးစက်သော သဘောရှိ၏

❝ မီးမည်သည် ကူးစက်သော သဘောရှိ၏ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

ရိုးပြတ်လယ်တောသည် တောက်ပသစ်လွင်သော ရွှေရောင်မှ အညိုစွဲသော ကြေးရောင်သို့ ပြောင်းလာသည်နှင့်အမျှ ကြေးဝါညှိရောင်ကြားမှ မြသားနွယ်ရှင်များသည် တလန်းလန်းတလူလူ တက်လာနေပြီ။ ယခုဆိုလျှင် ရိုးပြတ်ကို မနည်း ရှာရသည်။ နှင်းရည် သောက်ချိုးထားသော ကုလားပဲရွက်ပွပွများကသာ လယ်ပြင်တစ်ကွင်းလုံးကို မြစိမ်းရောင် ‘ပိန်း’ ခြယ်ထားတော့သည်။

ရီးဆေးရိုးမှာ သူ့ကုလားပဲပင်များကို ကြည့်ကာ ကျေနပ်နေသည်။ ယမန်နှစ်က ကုလားပဲခင်းများကို နှိပ်စက်ခဲ့သော လက်မအရွယ်ရှိ ပိုးကောင်ကြီးများကို အရိပ်အယောင်ပင် မမြင်ရသေး။ အချို့နေရာတွင် အပွင့်ကလေးများပင် မြင်ရစပြုပြီမို့ ပို၍ကျေနပ်သည်။ ပိုးကောင်ကြီးများအကြောင်းတွေးမိသောအခါ ရီးဆေးရိုးသည် အပြုံးပျောက်လွင့်လုလု ဖြစ်သွားရ၏။ တမြန်နှစ်က ကုလားပဲခင်းတိုင်းတွင် ပိုးကျခဲ့၏။ ပိုးကောင်တစ်ကောင်၏ စားအားသည် တစ်ညလျှင် ကုလားပဲပင် တစ်ပင်နှုန်း မကချင်။ သို့မို့ကြောင့် ဆေးဖျန်းကြသည်။ မဖြုံ။ ဆေးအမျိုးမျိုးတို့ လက်လျှော့ချိန်၌ ကုလားပဲများ ခေါက်ချိုးပျက်ပြီးပြီ။ သို့ဖြစ်ငြား ရီးဆေးရိုးတို့ အားမလျှော့။ တစ်ပင်ချင်းကို လှန်လှောပြီး ပိုးကောင်တွေ ကောက်ယူရာ ထိုအခါကျမှ ကုလားပဲခင်းများ အပျက်ရပ်သွားတော့၏။ သို့သော် တစ်ခုသော လယ်ပွဲမှ ကလေးတစ်စုသည် လယ်ထဲမှ ဖမ်းပြီး သံပုံးဖြင့် ထည့်ထားသော ပဲဖျက်ပိုးကောင်ကြီးများကို လယ်ထဲတွင် ဖျက်ဆီးမပစ်ခဲ့။ အိမ်အထိ သယ်ဆောင်လာခဲ့ကြ၏။ အိမ်ရောက်ပြန်သော် သံပုံးထဲမှ ထိုပိုးကောင်များကို အိမ်ဝိုင်းထဲမှာပင် ဖျောက်ဖျက်ပစ်လိုက်လျှင်လည်း ပြဿနာမပေါ်သေး။

သို့သော် ကလေးများသည် ကွန့်ပြီး ချောင်းကမ်းပါးသို့ သွားရောက်သွန်ကြသည်။ ချောင်းကမ်းပါးနှင့် ခဲတစ်ပစ်အကွာရှိ လမ်းသင့်သော သဲပြင်ပေါ်တွင် စိမ်းမှောင်သော အာလူးခင်းတွေက တသီတတန်းကြီး။ ကွန့်သောကလေးတစ်စု သွန်ပစ်ခဲ့သည့် ပဲဖျက်ပိုးများသည် အနှံ့အပြားစီးသွားကြရာ အချို့သည် အာလူးခင်းသို့ ရောက်သွားလေ၏။

ထိုသို့ ပိုးကောင်အနည်းငယ် အာလူးခင်းတစ်ခင်းသို့ ရောက်သွားခြင်းသည် အာလူးခင်းအားလုံး ပျက်စီးခန်းတိုင်ခြင်း၏ အစတည်း။ ရီးဆေးရိုးတို့ နေအိမ်နောက်ဖေး ချောင်းကမ်းပါးမှ လှမ်းမျှော်လျှင် မျှော်၍ မဆုံးသော ကမ္ဗလာစိမ်းကြီးသည် ခုနစ်ရက်အတွင်း စလင်းချောင်းပြင်မှ ပျောက်ကွယ်သွားလေ၏။ အာလူးသမားတွေ ခွက်ခွက်လန် ရှုံးခဲ့ရသော ပိုး ပါတကား။

ထိုအကြောင်းကို သတိရလျှင်ရချင်း ရီးဆေးရိုးမှာ မျက်လုံးပြူးလာသည်။ မှေးဝေနေသော မျက်လုံးကို အစွမ်းကုန်ဖွင့်လျက် ကုလားပဲပင်များကို သေချာစွာ လျှောက်ကြည့်မိသည်။ ပိုးမူ မရှိ။ နှင်းစက် နှင်းရည်ကလေးများသာ စိန်သီးစိန်ခိုင်လေးများအလား ခိုတွဲနေကြသည်။ မြရွက် မြညွန့်ကလေးများသာ လေသွေးတိုင်း တလန်းလန်း တလူလူ လှုပ်နော့နေကြသည်။

“ခုထိတော့ အစအန မတွေ့ရသေးဘူး။ ဒါပေမဲ့ ဂရုစိုက်ကြည့်ထားမှ၊ ကျမိရင် ပြိုက်ခနဲ ကုန်မှာ”

ပိုးကောင်ကို သတိရသည့် ခဏဝယ် ရီးဆေးရိုး၏ ခြေလှမ်းသည် စောစောကလောက် မသွက်လက်တော့ချေ။ လယ်ကွက်ထဲဆင်းပြီး ငုံ့ကြည့်လိုက်၊ လှန်လှောကြည့်လိုက်၊ ကန်သင်းပေါ် ရောက်လာလိုက်နှင့် နှေးကွေးနေလေတော့၏။

ကုန်းလိုက်၊ ကွလိုက်နှင့် ခါးညောင်းသော်ငြား၊ အချိန်ဖင့်နွဲ့သော်ငြား ရီးဆေးရိုး အလွန်ပျော်သည်။ ပြည်စည်းစိမ်ကို ရဦးခါစ ယောက်ျားသို့။

ပျော်ရခြင်းအကြောင်းကား သူ့ ပဲပင်များ သန်စွမ်းသည်နှင့်အမျှ ပိုးမွှားရောဂါ ကင်းနေသောကြောင့်။ သည်အတိုင်းဆိုလျှင် တစ်ဧကထွက်နှုန်း နှစ်ဆယ် ပြေးမလွတ်ဟု အတွေးယဉ်နေသောကြောင့်။

နေအတန်ပူမှ လယ်ထိပ်ညောင်ပင်အောက်သို့ ရီးဆေးရိုး ရောက်၏။ မျက်နှာတွင် ချွေးရွှဲနေသည်။ ကျောပြင်တွင် ချွေးသီးတွေ စီနေသည်။ သူ့မျက်နှာတွင် မောပန်းနွမ်းနယ်မှုအစား တက်ကြွရွှင်လန်းခြင်းက လွှမ်းအုပ်ထားသည်။ ငှက်ခါးတစ်ကောင်သည် ဒေါသတကြီး ထိုးဆင်းလာပြီးနောက် အရှိန်ဖြင့် ပြန်တက်သွား၏။ ရုတ်တရက်မို့ ရီးဆေးရိုးမှာ စိတ်ကူးများပင် ပျက်သွားရ၏။

“ငှက်သရောနော်.. ငှက်သရော ‘ နှဲကော’ မိချင်ပြီ ထင်တယ်”

သို့သော် မြေးကြီး ကိုကိုကြီး၏ အသံကို ကြားယောင်သော ခဏဝယ် ဒေါသပြေရ၏။

“ဘ၊ ဒီကောင်တွေဟာ လယ်ထဲ ယာထဲက ပိုး ကောင်တွေကို စားပစ်တာမို့ လယ်သမားမိတ်ဆွေတဲ့ ဘရ။ သူတို့ကို မဖမ်းသင့်၊ မသတ်သင့်ဘူးတဲ့ဗျ”

ရီးဆေးရိုးသည် ငှက်ခါး နားနေသော သစ်ပင်ထိပ်ဖျားသို့ လှမ်းကြည့်၏။ ပြာလွင်သော မိုးသားနောက်ခံထဲမှ ငှက်ပြာလွသည် သံပြားတစ်ချပ်ကို တစ်ချက်ချင်း ပြင်းထန်စွာ ထုရိုက်သံဖြင့် မြည်ကြွေးနေ၏။ ဟိုအဝေးသို့ လည်ဆန့်ကြည့်မိပြန်၏။ ဇော်ဂျီရောင်၊ စကားဝါရင့်ရောင်နှင့် အနီရောင်ပတ်ခံထားသော တံတိုင်း အလှကို ပျပျကလေး မြင်ရသည်။

“အင်း ကသစ်၊ ပေါက်နဲ့ လက်ပံပွင့်ချိန်ပေကိုး”

ရီးဆေးရိုး တီးတိုးရေရွတ်ရင်း ပေါ့ပါးစွာ ထသည်။ သူသည် အထသာ မဟုတ်၊ လမ်းတစ်လျှောက်လုံးပါ ပေါ့ပါးရွှင်လန်းနေသည်။ သူ ဖြတ်သန်းလာခဲ့သော လယ်ကွက်များမှာလည်း သူ့လယ်နည်းတူပင် ကုလားပဲပင် ကောင်းနေကြပေသည်ကိုး။ အချိန်မီ သူက အပြေးအလွှား ထယ်ထိုးပြီး ကုလားပဲကြဲသည်။ အချိန် မရသူက ကောက်ပင်မတ်တတ်ဖြင့် ရေဖြတ်ခါနီးတွင် ပက်သည်။ အကြဲရော အပက်ပါ ကောင်းနေကြသည်။

“ရကြဦးမယ်၊ တို့လယ်သမားတွေ ရကြဦးမယ်”

သည်အတွေးဖြင့် ရွှင်၍ သွက်လက်လာခဲ့သော ရီးဆေးရိုး၏ ခြေလှမ်းများသည် အိမ်ရောက်ရန် သုံးအိမ်ကျော်လောက်တွင် တန့်သွားလေ၏။ အကြောင်းသော်ကား ရီးကျီးဒန်၏ အသံ။ အိမ်ရှင်မ ရီးကျီးဒန်၏ အရွယ်နှင့်မမျှ ဒေါသတကြီး အော်ဟစ်လိုက်သော အသံကြောင့် ဖြစ်ချေ၏။

••••• ••••• •••••

၂

“ဘယ်သူ့မှ သွားမေးမနေနဲ့။ ဘယ်သူ့ကိုမှ သက်သေ ထူမနေနဲ့ဟေ့။ ညည်း မမွေးခင်ကတည်းက ပါလာခဲ့တဲ့ အိမ်ထောင်ဦးက အင်တုံကြီး သက်သေရှိသတဲ့။ ညည်းကို သမီးဦးမို့ ဘယ်လို ပိုးမွေးသလို မွေးရသလဲ ဆိုတာ ဒီအင်တုံကြီး သိသဟဲ့။ ညည်း အရွယ်ရောက်လာလို့ ဟင်းရွက်သင်ရင်း၊ ထမင်းဟင်းချက်ရင်း ကောင်းရာကောင်းကြောင်းကို အမေ သွန်သင်ဆုံးမခဲ့တာတွေလည်း အင်တုံကြီး သိသဟဲ့”

“အင်း ဘယ်လောက်ကြီးကျယ်တဲ့ ကိစ္စက စတာပါလိမ့်”

သည်နှယ်အတွေးဖြင့် မန်ကျည်းပင်ရိပ်ရှိ မီးဖိုတွင် ရီးဆေးရိုး ဝင်ထိုင်သည်။ မီးဖိုဘေးတွင် ပေပွနေသော ထန်းပင်မြစ်အခွံများကို တုတ်ချောင်းကလေး တစ်ချောင်းဖြင့် ဆွဲခြစ်စုဆောင်းကာ မီးဖိုထဲ ထည့်လိုက်သည်။ အမှိုက်များ၏ အနံ့ ထွက်မလာ။ မီးခိုး အူမလာ။ မီးဖိုပြာအောက်တွင် မီးမရှိကြောင်း သက်သေ။ ထို့ကြောင့် သူသည် ရေနွေးအိုးကို လက်ဖမိုးဖြင့် စမ်းကြည့်၏။ အေးစက်နေသည်။ ရေနွေးကြမ်းမှာ မည်သည့် အခြေအနေတွင်ဖြစ်စေ ပူပူကလေးမှသာ သောက်၍ အရသာရှိသည် မဟုတ်လား။ ရေနွေးအိုးကို နွေးရဦးမည်။

“မိဘဆိုတာကတော့ အမေရယ် သားသမီးပေါ်မှာ ဒီလိုစိတ်မျိုး ထားကြတာချည်းပါပဲ”

မချောစိန်၏ အသံဖြစ်သည်။

လူကို ရီးဆေးရိုး မမြင်ရငြား သားအမိ စကားများကြောင်းကား သေချာပေပြီ။

“အေး... ဟုတ်တယ်။ ဒါပေမဲ့ ငါက သူများထက် ပိုတယ်ဟဲ့။ ငါ့ကို နှုတ်လှန် မထိုးနဲ့”

“ဟာ... ဒီအမယ်ကြီးအိုဟာ”

ရီးဆေးရိုး နှုတ်မှ လွှတ်ခနဲအသံထွက်လာ၏။ ထင်းတုံးမှ မီးကျီးခဲကို ဆတ်ခြွေနေသောလက်ပါ တန့်သွား၏။ ထင်းတုံးမှာ ရီးဆေးရိုး၏ ပေါင်လုံးထက် တုတ်သည်။ မူလက နှစ်လံသာသာရှည်လျားသည်။ ယခုကား တစ်တောင့်ထွာမျှသာ ရှိတော့သည်။ ရီးကျီးဒန်သည် တစ်နေ့တခြား တို၍တို၍ လာသော ထိုသစ်တုံးကြီးကို ကြည့်ကာ

“အင်း ဒီသစ်တုံးလိုပဲ ကျုပ်တို့ရဲ့ နုတာ ပျိုတာတွေ၊ ဖျတ်လတ် သန်မာတာတွေလည်း တတိတတိနဲ့ တိုကုန်ပါပကော။ ကျုပ်တို့ အသက်ကြီးပြီနော။ အမဲသားမစားနဲ့တော့”

ပြောခဲ့၊ သတိပေးခဲ့သော ရီးကျီးဒန်သည် ယခုသော် ဒေါသ၏ သားကောင်ဖြစ်လျက် ဖေနှင့်ကိုင်တုတ် နေပါပကော။ ရီးဆေးရိုး ချောင်းဟန့်သည်။ ရီးကျီးဒန် မကြားပါ။ သည်အချိန်တွင် ရီးဆေးရိုး၏ အသံကို ကြားရသော်လည်း ဒေါသမီးငြိမ်းမည် မဟုတ်ပါ။

ထင်းတုံးထိပ်တွင်ရှိနေသော မီးကျီးကို ဆတ်ခြွေချပေးလျှင် အမှိုက်မှ အတန်ကြာ မီးခိုးအူနေပြီးနောက် ဟုန်းခနဲ ထတောက်တော့သည်။ ‘ဒီမီးကို တောက်အောင် လုပ်သူဟာ ကိုယ်၊ ဒီမီးကို ငြိမ်းနိုင်တာလည်း ကိုယ်ပါပဲလား။ ဒီမီးထက်ဆိုးတဲ့ဒေါသမီးကို တောက်အောင် သေအောင်လုပ်နိုင်သူဟာလည်း ကိုယ့်အသိ တရားပါကလား’ တွေးရာက အကြမ်းအိုးကို မီးတောက်ဘေးတွင်ချထားလိုက်စဉ် မချောစိန်၏အသံက စာစာစာစာနှင့် ပေါ်လာပြန်၏။

“သားအမိပဲ အမေရဲ့၊ ဒါလောက်တော့ အယူအငင် ရှိမှာပဲ”

“......”

“ဟာ”

ဖေနှင့် ဆဲသူမှာ မီးတောက်နေသူ။ ‘ဟာ’ သူမှာ ရီးဆေးရိုး။ သည်အခါတွင်တော့ သူ သည်းမခံနိုင်ပြီ။

“ဟဲ့ ကျီးဒန်၊ နင် အရွယ်ဝုဒ္ဓိကိုတောင် မရှက်တော့ဘူးလားဟင်”

ရီးကျီးဒန် မကြားချေ။ လည်ချောင်းထဲမှအသံကို ညှစ်ထုတ်ကာ ဆက်တုတ်နေ၏။

“ဟင် ဒါလောက်တော့... ဘာ ဒါလောက်တော့လဲ။ ငါးပိဆိုလည်း ကိုယ်ပဲ မစားရဘူး။ နင်တို့ပဲ လာနှိုက်တာ မဟုတ်လား။ ငါးခြောက်ဆို ငါးခြောက်မို့ မခံနိုင်။ ဆား၊ ဆနွင်းမှုန့် (နနွင်းမှုန့်) ဆိုတာ မပြောနဲ့ ။ ဖန်တစ်ရာ တေနေပြီ။ တော်တော်ကြာ ခဏ တစ်ကျပ်လောက်၊ တော်ကြာ နက်ဖြန် ပြန်ပေးပါမယ် ငါးကျပ်လောက်နဲ့။ ဟင်း... ဆယ်ခါချေးရင် ငါးခါ ပြန်ဆပ်ရဲ့လား”

“အမေ ကျုပ်ကို မတရားမပြောနဲ့”

“ပြောတယ်.. ပြောတယ်”

ဝမ်းခေါင်းသံကြီးဖြင့် မီးဖိုခန်းထဲမှ ရန်တွေ့ရသည်ကို အားမရရော့ထင်၊ ရီးကျီးဒန်သည် အိမ်အောက်သို့ ဆင်းလာ၏။ တစ်ဖက် စောင်ရန်းတန်း ဘေးသို့ ကပ်သွားသည်။ တံကောက်ခွက်အထက် တစ်ထွာခန့်သို့ ရောက်အောင် ထဘီကို နောက်ပိုင်းမှ ပင့်မထားသည်။ ခုန်၍ အုပ်တော့မည်ဟန်ဖြင့် မေးထိုး၍ အော်သည်။

“ပြောတယ်ဟဲ့ ပြောတယ်။ မှန်တာကို ပြောတာ။ ကလေးခေါင်းပူလည်း ဒီအမေ၊ လင်မယားစကားပြော မတည့်လည်း ဒီအမေ ရှိတဲ့ မီးဖိုထဲ ဝင်လာတာပဲ။ အမျိုးမျိုး ဖျောင်းဖျခဲ့၊ ဆိုဆုံးမခဲ့တာတွေ အင်တုံကြီးသာ ပါးစပ်ပါရင် တစ်လ ပြန်ပြောတောင် ကုန်မှာ မဟုတ်ဘူး”

မီးဖိုချောင်တွင် အင်တုံကြီး တစ်လုံးရှိပါသည်။ ဆန်နှစ်ပြည်ခန့် ဆံ့မည်ထင်သည်။ သို့သော် ကောင်းကောင်း ကန်းကန်းကား မဟုတ်ပေ။ မီးအကျက်လွန်ကာ ရွဲ့ပြီး တစ်ခြမ်းမည်းနေသည်။ အကျက်လွန်သောကြောင့်ဖြစ်မည်။ ယခုထက်ထိ မကွဲကြေသေး။

အင်တုံကြီးတွင် ဆန်ဆေးရည် ထည့်သည်။ ထမင်းစားခါနီးတွင် သည်ဆန်ဆေးရည်ဖြင့် ပန်းကန်ဆေးသည်။ ထမင်းစားအပြီးတွင်လည်း ပေရေနေသော ပန်းကန်အိုးခွက်များကို သည်အင်တုံထဲမှ ဆန်ဆေးရည်ဖြင့်ပင် ဆေးပြန်သည်။ ကြက်သွန်ခွံများ၊ ဟင်းရွက်နှင့် အရိုးအရင်းများကိုလည်း သည်ထဲမှာပင် ထည့်သည်။ ကြာလာသောအခါ ဆန်ဆေးရည်အနှစ် အနည်များသည် အင်တုံ အတွင်းအပြင်တွင် ထုတက်လာ၏။ ဆီနှင့် ပေါင်းစပ်ပြန်သော် ချွဲကျိလာလေသည်။

သည်အင်တုံကြီးကို နေ့လယ်စာ စားပြီးချိန် ပန်းကန်အိုးခွက် ဆေးပြီးချိန်တွင် တစ်ကြိမ်၊ ညတွင် တစ်ကြိမ်သာ သွန်လေ့ရှိသည်။ ကိုင်တွယ်၍ မရနိုင်အောင် ချွဲကျိလွန်းလာမှ သပွတ်ခါးသီး၊ အုန်းဆံဖတ်တို့ဖြင့် ရီးကျီးဒန် တိုက်ချွတ်လေ့ရှိသည်။ သည်နှယ် တိုက်ချွတ်လိုက်သောအခါ အင်တုံကြီးသည် ဖိုထဲမှ ထုတ်ခါစပမာ သစ်လွင်နေလေ့ရှိသည်။ အင်တုံကြီးသည် မီးထဲတွင် မီးဖိုနှင့် တစ်တောင့်ထွာ၊ တစ်တောင်အကွာ၌ တည်ရှိသည်။ ရီးကျီးဒန်သည် အင်တုံထဲ လှမ်းနှိုက်လိုက်၊ မီးဖိုပေါ်ရှိ အိုးကို လှမ်းမွှေလိုက် လုပ်နိုင်ရန် မီးဖိုနှင့် အင်တုံကြားတွင် ထိုင်လေ့ရှိသည်။

ထိုအခါ မီးဖိုချောင်ထဲ ဝင်ကာ ချေးငှားရန်လာသူ ဖြစ်စေ၊ တောင်းရမ်းရန်လာသူ ဖြစ်စေ၊ သတင်းပေးရန်၊ အတင်းပြောရန် ဖြစ်စေ ရောက်လာသူသည် အင်တုံ အနီးတွင် ထိုင်ရသည်သာ ဖြစ်၏။ အင်တုံကြီးသည် အတင်းအဖျင်းများကို မကြားချင်လှအဆုံး ရှိပေမည်။

အင်တုံကြီးသာ အသက်ရှိလျှင် မည်သည့်နေ့က မလှမေ ငါးပိတစ်ခါခတ် ဆိုကာ ဂုံညင်းလုံးခန့် ယူသွားပုံ၊ မချောစိန် မည်သည့်နေ့က ဟင်းအိုးနှိုက်စား သွားပုံများကို မှတ်မိနေကောင်းနေလိမ့်မည်။

ယခုသော် ရီးကျီးဒန်က သည်အင်တုံကြီးကို သက်သေထူနေချေ၏။ သက်ရှိ တစ်စုံတစ်ဦးကို သက်သေမပြုဘဲ သက်မဲ့ကို သက်သေထူနေခြင်းမှာ လူသူလေးပါး မသိစေချင်သော ကိစ္စပေလော ရီးဆေးရိုး တွေးသည်။

“နင်တို့ နှမ်းတွေ တနင့်တပိုး ရတာတောင် ငါ့ဆီ လာပြီး ဆီချေး လွတ်သလားဟင်။ သက်သက် စီးမှ စီးပိုးရစေဆိုပြီး လုပ်တာ ငါမသိဘူး ထင်သလားဟင် သောက်...”

ဆဲရေးတိုင်းတာပြန်လေပြီ။

“ရော... ဒီအမယ်ကြီး တယ်ခက်နေပါ့ကော”

••••• ••••• •••••

၃

ရီးဆေးရိုး မထလျှင် မဖြစ်တော့ပေ။ ရေနွေးသောက်၍ ကောင်းနေဆဲမှာပင် ထလာခဲ့ရသည်။ ရီးကျီးဒန် ဘေးတွင် ရပ်ရသည်။ သို့တစေ သူ့ကို ရီးကျီးဒန် မြင်ပုံမရ။

“အခုတော့ ဖက်ကလေးတစ်အုပ်ကို ငါ မချေးမိဘူး ပြောမိတာနဲ့ ၊ ယူတုန်းက ယူပြီး ဒီလိုပဲ ဆိုပြီး ပြောသွားရအောင် ဘာတွေ သွေးကြီးနေတာလဲ၊ ဘာတွေ ဘဝင်မြင့်နေတာလဲဟင် သောက်...”

“ဟေ့... ဟေ့”

ဟေ့ချင် ဟေ့၊ မဟေ့ချင်နေ ရီးကျီးဒန် မရပ်တန့်။

“ထားပါတော့၊ ငါ ချေးတယ်ဆိုတာ တကယ်ပဲ ထားပါဦး၊ နင်တို့မှာ မွဲသွားသလား။ ငါ့ဆီက ပြောင် တစ်မျိုး ခိုးဝှက် မျို ဆို့နေတာနဲ့ စာရင် အပုံတစ်ရာ ပုံလို့ တစ်ပုံ ရှိသလားဟင်”

“ဟာ... ဒီအမယ်ကြီးအို ဟေ့”

“ဘာဟေ့ လဲ”

“ရော”

“ဖက်တစ်အုပ်ဟာ အမေ ချေးကို ချေးသွားတာ။ အဲဒီနေ့က ကျုပ် စပါးပုတ်ကို နောက်ချေး (နွားချေး) သုတ်နေတာ”

“ဟဲ့ မိန်းကလေး သွားစမ်း၊ မပြောနဲ့တော့”

“မဟုတ်ဘူး အဖေရ”

မယားကို ဟန့်၍ မရသောကြောင့် သမီးကို ဟန့်ကာမှ အတွန့်တက်လာသောအခါ “နင့်အမေ မဟုတ်ဘူးလား” ဆိုကာ ဝါးလုံးတစ်လုံးကို လှမ်းဆွဲသည်။

“သွား၊ အခုသွား။ နောက်ထပ် ဘာသံမှ မကြားရစေနဲ့”

မချောစိန်မှာ ခေါင်းခါခါ လည်ခါခါဖြင့် ပြောရသဖြင့် ဆံပင်ပြေကျနေသည်ကို သတိမထားအား။ ယခု ပွစိပွစိပြောကာ ပြန်သွားတော့မှ ဆံပင်ကို ထုံးရန် သတိရသည်။

“အကျိုးနည်းတော်၊ စပါးလေး ရတာနဲ့ပဲ ချေးနိုးနိုးနဲ့ မာနတွေတက်၊ ဘဝင်မြင့်နေလိုက်တာ”

“ကဲ... ဟိုက တော်သွားပြီ၊ ညည်းလည်း တော်တော့”

“မတော်နိုင်ဘူး၊ ပြောရဦးမယ်”

“ပြောနေရအောင် ညည့်ဖက်တစ်အုပ်က ဘယ်လောက်တန်လို့လဲ”

ရွာထဲတွင် ဆေးတောင်း ကွယ်ခဲ့သည်မှာ ကြာပါပြီ။ သို့သော် ရီးကျီးဒန်တို့ သားအမိတွင်ကား ဆေးတောင်း မကွယ်သေး။ သနပ်ဖက်၊ ပြောင်းဖူးဖက်များကို ဆေးရွက် ဆေးရိုးတို့ဖြင့် အိမ်တွင် လိပ်ပြီး သောက်မြဲ သောက်ဆဲပင်။

သားအမိ စကားများရသော အရာမှာ ပြောင်းဖူးဖက် ဖြစ်၏။ အခွံရှိသော ပြောင်းဖူးကို အရင်းတွင် ဓားဖြင့် ရစ်ပြီး အမွေးအမျှင်များရှိသော အမြီးဘက်မှ ဆွဲချွတ်ကာ စီသပ်ရသည်။ သတ်မှတ်သော အမြင့်ရလျှင် နှီးဖြင့် စည်းနှောင်ရသည်။ သည်အစည်းကြီး တစ်စည်းကိုမှ တစ်ထုပ် ခေါ်သည်။

ပြောင်းဖူးတစ်ဖူးစီမှ ဆွဲချွတ်၍ ရသော ဖက်ကို အချောကြားတွင် အကြမ်း ညှပ်ထည့်သည်။ အစည်းထဲတွင် အသားကျလာသောအခါ ထိုတစ်ဖူးစာဖက်သည် လက်ဝါးကလေးနှယ် ပြားပြားချပ်ချပ်ကလေး ဖြစ်လာ၏။ သည်အကြောင်းအရာကို တစ်အုပ်ခေါ်၏။ မည်မျှ များပြားပါသနည်း။ ရှိလှလျှင် ဖက်ချောရော ဖက်ကြမ်းပါ ပေါင်းမှ ဆယ်ရွက်ပါ။ ရီးဆေးရိုး မေးသည့် အတိုင်းပင် တန်ကြေးမရှိလှ။ တစ်မတ်၊ ငါးမူးထက် မပို။ ဤအရာအတွက် သားအမိ ခွန်းကြီး ခွန်းငယ် ပြောရသည်မှာ မလျော်။ သို့ကြောင့် ရီးဆေးရိုး တားခြင်းဖြစ်၏။

“ညည်းလည်း မောလှပြီ။ လာ... တော်တော့”

“ဘာပြုလို့ လာရမှာလဲ။ ပြောစရာရှိ ပြောမှာပဲ။ ဘယ့်နှယ်တော် တစ်လျှောက်လုံး လူဖြစ်အောင် ကျွေးမွေး ပြုစုလာတာကို ဖယ်လိုက်ဦး၊ အိမ်ထောင်ကျပြီးမှ လာလာပြီး နှိုက်တာကို တွက်တာတောင် တစ်နှစ်စာ မကဘူး။ အခုတော့တော် ဖက်ကလေး တစ်အုပ်နဲ့”

ရီးဆေးရိုးသည် လည်ချောင်းကြောကြီးများ ထောင်နေသော ရီးကျီးဒန်ကို စိုက်ကြည့်ရင်း ဒေါသ ဖြစ်လာ၏။

ကြည့်စမ်း...။

ဆူညံဆူညံ ကြားလျှင် မည်သူနည်း မေးကြမည်။ ဒေါ်ကျီးဒန်တို့ သားအမိပေါ့ဟု မေးငေါ့ကာ ပြောကြမည်။

“ဪ… ဖြစ်စရာ မရှိလို့ သားအမိချင်း ဖြစ်ရတာကိုး” ဟု ငေါ့သူက ငေါ့ကြမည်။

အရပ်ထဲတွင် ကိုယ့်ကို လိုလားသူ ရှိသည့်နည်းတူ၊ မလိုလားသူများလည်း ရှိသည်မှာ ဓမ္မတာ။ မလိုလားသူများသည် ငေါ့စကား ထေ့စကားများ ပြောရုံသာမက စိတ်ထဲကလည်း ဝမ်းသာနေကြလိမ့်မည်။ သည်နှယ် ကိုယ့် ညံ့ဖျင်းမှုပေါ် တက်နင်းပြီး သူတစ်ပါး ဝမ်းသာအားရဖြစ်မည်ကို မခံနိုင်ဆုံးလူများမှာ ရီးကျီးဒန်တို့နှယ် မိန်းမသားများသာ။ ယခုမူ သူတစ်ပါး ဝမ်းသာသည်ကို မေ့လျော့လျက် ခုန်ကာပျံကာ လုံချည်ပင့်ကာ တအား အော်နေတော့သည်။

“နင့်ဖက်တစ်အုပ်က ဘယ်လောက် သောက်ဖိုးတန်လို့ ငါ့ကို ဒီလို ပြောရတာလဲဟဲ့ မိချောစိန်ရဲ့”

“ကျီးဒန်၊ တစ်ယောက်တည်း ရန်ဖြစ်နေရတာကို နင်မရှက်ဘူးလား”

“မရှက်ဘူး၊ ထဘီကို အလံထူမယ်။ ကျီးဒန်တဲ့၊ တစ်ကျီးဒန်တည်း ရှိတယ်။ သေခါနီးအထိ ကိုယ့်ထမင်း ကိုယ်ရှာစားတာ။ အိုကြီးအိုမရဲ့ မီးဖိုချောင်ထဲကို အရှက်မရှိ လာလာ နှိုက်ကြပေမယ့် ဘယ်သူ့ အကြောင့်ကြမှ မခံဘူးဟေ့”

သမီးကို ပြောရာတွင် သမီးနှင့် မပြီး၊ ချွေးမကို လှည့်စောင်းလာပြန်ပြီ။ ချွေးမလည်း လူပင် မဟုတ်လား၊ စိတ်ကြည်နေခိုက်နှင့် တိုးသော် တော်၏။ ပြုံးရယ်မပျက် ရှိလိမ့်မည်။ စိတ်တိုနေချိန်နှင့် တိုးသော် သူ့တွင် ပါးစပ်ပါသည်။ လာပြီး ပက်ချေမည်။

“ကျီးဒန်၊ တော်တော့ ငါပြောနေတယ်”

“ဘာပြုလို့ တော်ရမှာလဲ "

“ကိုယ့်အသက်လည်း ကိုယ် ပြန်ကြည့်ဦး။ ဘာမဟုတ်တာလေးနဲ့ သားအမိချင်း စကားများရတာ ရှက်စရာကြီးဟာ။ ဒေါသကို တရားနဲ့ ထိန်းမှပေါ့။ ဒေါသဆိုတာ မီးနဲ့ တူတယ်ဆိုတာလည်း ညည်း သိလျက်သားနဲ့အေ။ အမှား အမှန် ဘာမှ မသိတော့ဘူး။ စိတ်လျှော့လိုက်... စိတ်လျှော့လိုက်”

“ဘာပြုလို့ လျှော့ရမှာလဲ၊ မလျှော့ဘူး”

တစ်ဖက်သို့ လှည့်နေရာမှ ရီးကျီးဒန်သည် ရီးဆေးရိုးဘက်လှည့်ကာ တအား ကုန်းအော်၏။ ရီးဆေးရိုး စိတ်ထဲတွင် မျက်ခနဲ ဖြစ်၏။

“နေပါဦး၊ ငါ့ကို ဘာဖြစ်လို့ အော်တာလဲ”

“အော်ချင်လို့ အော်တယ်၊ အော်တယ်... အော်တယ်”

ဒေါသကြီးနေသောကြောင့်သာ တအား ကုန်းကာ အော်ဟစ်နေငြား ရီးကျီးဒန်မှာ မောဟိုက်နေပြီ။ သို့ကလောက် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရအောင် ရီးကျီးဒန် မိုက်လုံးကြီးလှပုံကို ရီးဆေးရိုး အံ့သြနေ၏။

“ညည်းလည်း မောနေပြီ။ ဒေါသ ပြေတော့မှ ထမင်းမစားနိုင်ဘဲ အိပ်ရာထဲ လဲနေဦးမယ်”

“သေပေ့စေ သေပေ့စေ။ ကျုပ် သေတော့မှ တော် နောက်မယားတစ်ယောက် ယူပေါ့”

သမီးကို ပြောရာမှ ချွေးမကို စောင်းခဲ့၏။ ချွေးမကို စောင်းရာမှ မိမိဘက်သို့ အကြောင်းမဲ့ လှည့်လာပြန်၏။ လှည့်လာပုံမှာလည်း ရိုးရိုးမဟုတ်။ ရှက်စရာ ကောင်းသော မယားယူရေးကိစ္စ။

“ကဲ... ငါ့ဘက် လှည့်လာဦးဟာ”

သမီးကို ခြိမ်းခြောက်ခဲ့သော ဝါးလုံးသည် လက်ထဲတွင် အသင့်ရှိနေ၏။ နှာသီးဖျားဆီမှ မွှန်ခနဲ ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ပါးစပ်မှ ပြောကာ ဝါးလုံးကို လွှဲယမ်းလိုက်၏။ ရီးကျီးဒန်ကို ရိုက်ရန်ဖြစ်သည်။ ရိုက်ရန် လွှဲယမ်း ချိန်ရွယ်ပြီးမှ ‘မတော်ပါကလား’ ဟူသော အသိက ဖျတ်ခနဲဝင်လာ၏။ သို့သော် ဝါးလုံးက ရီးကျီးဒန်၏ ခြေသလုံးကို ရိုက်နေပေပြီ။

“အမယ်လေး သေပါပြီတော့် အရပ်ကတို့ရဲ့”

ရီးကျီးဒန် အော်သံနှင့်အတူ ခွေကျသွားစဉ် ရီး ဆေးရိုးလည်း ဝါးလုံးကို တအားလွှင့်ပစ်လိုက်မိလေ၏။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်

ဟင့်အင်း ... မောင်ရယ် ... ဟင့်အင်း


❝ ဟင့်အင်း ... မောင်ရယ် ... ဟင့်အင်း ❞
           ( မင်းဝေဟင် )

( ၁ )

လေးလွှာတိုက်ခန်းသို့ တက်ရမည့်အရေး နှစ်လွှာသို့ ရောက်စဉ်မှာပင် မှီခြေလှမ်းတို့ သိသိသာသာ ယိုင်နဲ့ပြီ၊ မောင့်လက်ကို ခိုတွဲယှဉ်ထူထားသော်ငြား မောင်နှင့်က လှေကားနှစ်ထစ်လောက်ပင် ကွာခဲ့ချင်ပြီ။ တဒုတ်ဒုတ် မြည်ချင်နေသော မီ့ နှလုံးသံနှင့် အေးစက်စက် ဖြစ်နေမည့် မီ့ လက်ဖဝါးတို့အား မောင်များ ရိပ်မိနေမည့်လားတော့ မသေချာ။ “မောနေပြီလား” ဟူသည့် အကြည့်နှင့်အတူ ပြုံးစစ မောင့်အပြုံး တစ်ခုသည်ပင်လျှင် မီ့ အတွက်ကတော့ ရင်ခုန်သံချောက်ချားလုလု။

“မောင် တစ်ယောက်တည်းနေတဲ့ မောင့်တိုက်ခန်းကို မီ လိုက်ခဲ့တာက ဒီတစ်ကြိမ်တည်းမှ မဟုတ်တာ”

မီ့ အတွေးစတို့က ကြောက်ကန် ကန်လေသည်လား၊ အားတင်းလေသည်လား၊ အခါတိုင်း အခေါက်များနှင့် ခံစားချက် မတူသကဲ့သို့ မီ့ ရည်ရွယ်ချက်တို့သည်ပင် တူညီနေသည်မှ မဟုတ်သည်ဘဲ။ မီ သွေးပျက်နေလေပြီလား။

မီ့ ကို ကျောပေးလျက် တိုက်ခန်းသော့အား ဖွင့်နေသည့် မောင့် ကျောပြင်သည်လည်း ငါးနှစ်ငါးမိုး မီ ချစ်ခဲ့ရလေသည့် မီ့ ချစ်သူ မောင်နှင့် မတူလေပြန်။ အောက်သို့ ငုံ့ကြည်မိစဉ် ခဏပြေလျော့နေသော တွန့်ခေါက်ခေါက် လှေကားလေးများအတိုင်း မီ ဆင်းပြေးရလျှင် ကောင်းမည်လား။ မောင့်ကို ကြည့်မိနေရင်းလည်း မီ အလိုလို မောချင်လာပြီ။ မီ့ အသက်ရှူသံအား မီ ပြန်ကြားနေလေသည်။

သံပန်းတံခါးကို သော့နှင့် ဖွင့်ပြီး သစ်သားတံခါးလော့ခ်အား မောင် တွန်းဖွင့်လိုက်သည့်အတွက် “ကျွီ” ခနဲမြည်သွားသော အသံပင်လျှင် မီ့ အာရုံကို စိုးရွံ့စေခဲ့ပြန်သည်။ အတွင်းမှ နေ၍ တိုက်ခန်းတံခါး ပြန်ပိတ်နေသော မောင့် ကျောပြင်ကို ပြေးထုကာ မောင့် လက်ထဲက သော့ကိုယူ။ တံခါး ပြန်ဖွင့်ပြီး မီ တစ်ယောက် ပြေးဆင်းသွားရလျှင် ကောင်းလေမည်လား။ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေသည့် မီ့ အနားသို့ တိုးကပ်လာသော မောင့်ခြေသံတို့သည် အခါတိုင်းထက် မြန်ဆန်သွက်လက်နေသယောင်။ နောက်ဖေး ရေခဲသေတ္တာထဲမှ ရေတစ်ခွက် ယူလာပြီး မီ့ကို တိုက်ကာ၊ ပြီးလျှင် မီ့ နဖူးပြင်အား ညင်သာဖွဖွ နမ်းရှိုက်လေသည့် မောင့် လုပ်ရိုးလုပ်စဉ် တစ်ခုပင်လျှင် ဒီနေ့အဖို့ မီ အတွက် အဆန်းတကြယ် ဖြစ်နေပြန်သည်။ မီးဖွင့်၊ အဲယားကွန်းဖွင့်နှင့် တိုက်ခန်းအတွင်းသို့ မောင် ကဖြင့် သွက်လက်လွန်းစွာ လှမ်းလျှောက်နေသည်။ မောင့် လှုပ်ရှားမှုများအား မီ အမှတ်မထင် လိုက်ကြည့်နေမိသည်။

မောင် ပေးလာသည့် ရေခွက်အား ဘေးချထားရကောင်းနိုးနိုး ဂလုခနဲ မြည်အောင် တစ်ကျိုက်တည်း သောက်ပစ်လိုက်ရကောင်းနိုးနိုး မီ တစ်ယောက် အလုပ်ရှုပ်နေပြန်သည်။

“ငါက ငါ့ချစ်သူရဲ့တိုက်ခန်းကို လိုက်သွားပြီး တစ်ပတ်တစ်ခါ တိုက်ခန်းမှာ နှစ်ယောက်တည်း အတူရှိနေကြတယ် ဆိုတိုင်း နင်တို့ အညှီအဟောက်တွေ ဆက်မတွေးနေကြနဲ့နော်။ ကောင်မတွေ။ ငါတို့က မောင်လိုနှမလိုဟဲ့”

နယ်မှ လာပြီး ရန်ကုန်မှာ တိုက်ခန်းငှားကာ အလုပ်လုပ်နေသည့် ဆောက်လုပ်ရေးအင်ဂျင်နီယာ မောင့်အခန်းကို မီ လိုက်ဖြစ်သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး မီ့ သူငယ်ချင်းတွေက လွဲမှားစွာ ကောက်ချက်ချကြလေတိုင်း မီ ပြောနေကျစကား ဖြစ်လေသည်။ အမှန်တကယ်လည်း မီတို့ ရိုးသားခဲ့ဖူးကြပါသည်။ ရန်ကုန်တက္ကသိုလ် အသက် ( ၂၈ ) အရွယ် တက္ကသိုလ်ဆရာမ မီ နှင့် သက်တူရွယ်တူ မောင်တို့၏ ချစ်ခရီးလမ်းကား ဖြောင့်ဖြူးညင်သာစွာဖြင့် မည်သည့် အစွန်းအထင်း အနှောင်အဖွဲ့မှ မရှိခဲ့ဖူးပါချေ။ မီနှင့် မောင် လျှောက်ခဲ့ကြသည့် လမ်းသည် ယခုအချိန်ထိ ကွေ့ကောက်ခြင်း အလျဉ်းမရှိခဲ့။ လျှောက်လမ်းသည် စင်းဖြောင့်နေဆဲ။

မောင်သည် တစ်ပတ်မှာ ခြောက်ရက်တိတိ သူ့လုပ်ငန်းတာဝန်တွေနှင့် မအားလပ်အောင် ရှုပ်နေသည့် အင်ဂျင်နီယာတစ်ယောက် ဖြစ်သကဲ့သို့ မီ သည်လည်း တက္ကသိုလ်ဆရာမ ဆိုသော်ငြား တစ်ဖက်က ပါရဂူဘွဲ့ရရှိဖို့အရေး စာအုပ်တွေ ကြားမှာ အချိန်ကုန်နေခဲ့ရသည့် ကျောင်းသူ အဖြစ်လည်း တက္ကသိုလ်ဆရာမ တစ်ယောက်သာ ဖြစ်လေသည်။ မဆန်းပြားလေသည့် မီတို့ နှစ်ယောက်၏ အချစ်ဇာတ်လမ်း အကြားသို့ ဆန်းပြားထူးခြားလေသည့် စကားများ သယ်ဆောင်လာကြသူများသည်လည်း မီ့ သူငယ်ချင်းများပင် ဖြစ်လေသည်။

“နင်တို့ ဇာတ်လမ်းက နင်ပြောသလို မောင်လိုနှမလို ဆိုတာကို နင်မပြောလည်း ငါတို့က အလိုလို သိနေလို့ ငါတို့က ဒီစကားကို ပြောချင်ရတာ ဟေ့၊ စကားအချုပ်ကတော့ ယောက်ျားဆိုတာ နွားလိုပဲ၊ လှန်ထားနိုင်ကာမှ ကြိုးရဲ့တန်ဖိုးကို နားလည်တာ။ စားကျက်မှာ တစ်နေကုန် လွှတ်ထားလို့ကတော့ အချိန်တန်ရင် ချည်တိုင်ကို အလိုလို မေ့ကုန်တော့တာဟဲ့ အပျိုကြီးမမရဲ့”

••••• ••••• •••••

( ၂ )

မောင်က ရေတစ်ခွက်ပေးအပြီး မီ့ ဘေး ဆိုဖာပေါ်တွင် ဝုန်းခနဲ ထိုင်လေသည်။ မောင့်ခန္ဓာကိုယ်က မီ့ခန္ဓာကိုယ်နှင့် ထိကပ်စဉ်တွင် မီက မသိမသာပင် ဘေးသို့ ရွှေ့မိလေသည်။ မောင်ကတော့ ဘာမှ ရိပ်မိမည် မထင်။ အနားသို့ ရောက်လာသော မောင့်ကို လှပ်ခနဲ တစ်ချက်ကြည့်မိစဉ် မောင့်မျက်နှာပေါ်၌ ရှိနေလေသည့် မောင့်နှုတ်ခမ်းမွေးစစ၊ မောင့်မျက်ဝန်း တောက်တောက်တွေသည်ပင် မီ့ ရင်ထဲ စိမ့်ခနဲ အေးချင်စရာ၊ မောင်သည် သည်နေ့ အဖို့ မီ့ အာရုံ၌ အခြားတစ်ယောက် ဖြစ်နေသည်ဟု ထင်နေသေး၏။

မီ ဘာဖြစ်နေသည်လဲ၊ အမှန်တကယ် ဆုံးဖြတ်ချက် တစ်ခု ချပြီး မောင့်တိုက်ခန်းကို လိုက်လာတာ မီ မဟုတ်ဘူးလား။ မောင်ကဖြင့် သူ တောင်းဆိုဖူးသည့် ကိစ္စတစ်ခုအား အစမပေါ်သည့် အခြေအနေထိပင် မေ့ပျောက်နေပြီလား မသိ။ မီကသာ။ ကိုယ့်ဘာသာ တိတ်တဆိတ် ဆုံးဖြတ်ချက် ချခဲ့ရင်း တိတ်တဆိတ် မောင့် နောက်သို့ လိုက်လာရင်း၊ အဲယားကွန်းအခန်း၏ အေးစက်စက် အထိအတွေ့ကြားမှာ ဇောချွေးပျံချင်နေခြင်း ဖြစ်သည်။ မီ ကိုက သတ္တိနည်းသူ တစ်ယောက်လေများလား။

“မီ ခဏ” ဟု ဆိုကာ မောင်က သူ့အိပ်ခန်းထဲသို့ သွက်လက်စွာ ဝင်သွားပြန်လေသည်။ မောင့်ပုံက အသက် ( ၂၈ ) နှစ်ရှိပြီဖြစ်သော ယောက်ျားတစ်ယောက်နှင့် မတူပြန်ဘဲ တစ်ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်အလား သွက်လက်နေပြန်သည်။ မောင်က ခဏကြာလျှင် စွပ်ကျယ်ချိုင်းပြတ်၊ ဘောင်းဘီတိုဝတ်ကာ အခန်းထဲမှ ပြန်ထွက်လာသည်။ မောင်သည် ဖြူဖွေး၊ နုရွပြီး ချောမွေ့လှပနေသည့် သူတစ်ယောက် မဟုတ်သော်ငြား အသားအရည် ညိုညက်ညက်နှင့် အရပ်က ခြောက်ပေနီးပါး မြင့်လေသည်။ မျက်ဝန်းတောက်တောက် မျက်ခုံးထူထူနှင့် လူညိုချော တစ်ယောက်ပင် ဖြစ်သည်။ မောင်၏ အစဉ်အမြဲ ဖြစ်တည်နေသည့် အထူးခြားဆုံး ဝိသေသတစ်ခုမှာ အပြစ်ကင်းသည့် ကလေးငယ် တစ်ယောက်ကဲ့သို့ ဖြစ်နေခြင်းပင်တည်း။

“အမလေး အခုခေတ် ကောင်မလေးတွေ ကဲချက်၊ လန်းချက်ကတော့ ပြောမနေနဲ့တော့။ ကိုရီးယားကားတွေကလည်း ပေါလာ၊ အတုယူမှုတွေက မြန်ဆန်သလား မပြောနဲ့။ သူတို့ ကြိုက်တဲ့ လူတစ်ယောက်ကိုများ တွေ့ရင် ရအောင် ကြိုက်ပစ်လိုက်ကြတော့တာပဲ။ အဲဒီ သူတို့ ကြိုက်တဲ့ သူတွေက ရည်းစားရှိတာလောက်တော့ ထည့်ပြောမနေနဲ့။ မိန်းမကြီးငုတ်တုတ် ရှိတဲ့ လူကြီးတွေကိုတောင် သူတို့က ကြိုက်မိရင် ကြိုက်မိသလို ရအောင်ကြိုက်တာ”

တစ်ခါသော နေ့၌ မီတို့ တက္ကသိုလ်ဆရာမများ နားနေရုံးခန်းတွင် နေ့လယ်စာ စားနေခိုက်၊ မီ့ သူငယ်ချင်း တက္ကသိုလ်ကျောင်းဆရာမ တစ်ယောက်က ပြောလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စကားကို ပြောလာသည့် မီ့ သူငယ်ချင်းကတော့ အိမ်ထောင်ရှိပြီးသူမို့ သူ့ယောက်ျား ဖြစ်သူကို မည်သို့မည်ပုံ ချုပ်ကိုင်ရကြောင်း၊ မည်သို့မည်ပုံ နားလည်ပေးရကြောင်း ဆက်၍ ပြောနေပြန်သည်။ သူငယ်ချင်း ပြောသည့် တချို့ ကိစ္စတွေအား မီ မသိ။ မီ လိုက်မမီ။ ထိုထိုကိစ္စတွေကျတော့ မီနှင့်က အစိမ်းသက်သက်။

“ဟဲ့ ငါတို့ ဒဂုံတက္ကသိုလ်မှာတုန်းက နင်တို့ မမှတ်မိကြဘူးလား၊ အိမ်ထောင်ရှိတဲ့ ဆရာတစ်ယောက်ကိုတောင် အတင်းကြီးလိုက်ကြိုက်ပြီး နောက်ဆုံး ပြဿနာတွေ တက်ကုန်တဲ့ ဇူးမေဂျာဘက်က ကျောင်းသူလေ။ အဲဒါက မသိလို့ ကြိုက်တာမဟုတ်ဘူး။ သိသိကြီးနဲ့ကို လိုက်တာ။ အခုခေတ် တက္ကသိုလ်ကျောင်းသူတွေရဲ့ တော်တော်များများသော ပုံရိပ်စစ်တွေကို ကြည့်ချင်ရင် ဒဂုံတက္ကသိုလ်ထဲကို ဝင်မကြည့်နဲ့၊ မြောက်ဒဂုံထဲက အင်မတိအင်မတန် များပြားတဲ့ တည်းခိုခန်းတွေမှာပဲ သွားကြည့်”

သည်တုန်းက သူငယ်ချင်းတစ်ယောက်၏ စကားကို သိပြီးဖြစ်ပါလျက် မီ့ နှုတ်မှ “ဟဲ့” ဟု တားမြစ်သည့် အဓိပ္ပါယ် သက်ရောက်သည့် အသံတစ်သံ ထွက်သွားဖြစ်ခဲ့သည်။ နေ့ချင်းညချင်း တိုးတက်ပြောင်းလဲနေသည့် ခေတ်အရွေ့တစ်ခုအား မီတို့ နေ့စဉ် မြင်နေရပါသည်။ သို့သော် မြန်ဆန်စွာ ပြောင်းလဲသင့်သည့် အပြောင်းအလဲတွေထက် မပြောင်းလဲ မဖွံ့ဖြိုးသင့်သည့် အပြောင်းအလဲတွေက ဦးစွာ တိုးတက်နေသလားဟုတော့ မီ သုံးသပ်မိသည်။ တိုးတက်မှုက နေရာအတော်များများ၌ အချိုးညီမျှမှု မရှိလေဘဲ ဦးနင်း၍ ပဲ့ထောင်နေသကဲ့သို့ဟု မီ ထင်၏။ မီ ကိုက ခေတ်ရဲ့စီးမျောမှုထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်းသည်လည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

••••• ••••• •••••

(  ၃ )

“ဘုရားရေ”

မီ့ ရင်ထဲမှ တ,လိုက်သော်ငြား မီ့နှုတ်မှ ထိုထိုအသံတော့ ထွက်ကျမလာနိုင်။ မီ့ နှုတ်ခမ်းတို့ မအားလပ်ကြတော့။ ရောက်တတ်ရာရာ ရောက်နေသည့် အတွေးများကို ပုံဖော်နေစဉ်ခဏ မောင်၏ ပူနွေးနေသည့် အနမ်းပွင့်တို့က မီ နှုတ်ခမ်းတွေအပေါ်မှာ မီ့ မျက်နှာပြင် နေရာအနှံ့အပြားမှာ။ မိ့ နှတ်ခမ်းက “ဟင့်အင်း” ဟု မပီမသ ထွက်သွားစဉ် မောင်က မီ့ကို ခဏတာ ဖယ်ခွာပြီး စိုက်ကြည့်နေသေးသော်ငြား မောင့်အနမ်းများက မကြာမီ မီ့ထံ ပြန်လည် ထိတွေ့လာပြန်သည်။

မောင့်အား အလိုက်သင့် ဖက်ထားမိသော်ငြား မီ့ မျက်ဝန်းတို့ ဝိုင်းစက်လာသည်။ မောင်ကတော့ မျက်ဝန်းတွေ မှေးစင်းထားဆဲ။ ရင်းနှီးခဲ့ဖူးလေသည့် ရနံ့တစ်ခုသည်ပင် မီ့ အတွက်ကတော့ဖြင့် ယခုအချိန်မှာ ချောက်ချားချင်စရာ။ မှေးစင်းနေသည့် မောင့်မျက်ဝန်းတွေကိုပင် အခါတိုင်းကဲ့သို့ မီ ခိုးမကြည့်အား။

“ဟင့်အင်း မီ ဘာဖြစ်ချင်နေပြန်တာလဲ”

မီ့ စိတ်က အပြေးအလွှား တွေးရင်း အချိန်တစ်ခုကို အမြန်ရောက်ဖို့အရေး မီ မည်သို့ ကျော်ရမလဲဟု တွေးမိလေသည့် မီ့ အတွေးတို့က ရှတအေးစက်နေပြန်သည်။ ဒီအချိန် ဒီနေရာ၊ ဒီအဖြစ်အပျက်တို့အား မီ ရွေးချယ်ခဲ့သည်မှာ မှန်သော်ငြား၊ ဒီထက်ပိုသည့် အတွေ့အကြုံတစ်ခုအား လက်ခံရန် အခြေအနေသည် မောင်နှင့် မီ ရည်းစားသက်တမ်းတစ်လျှောက် ထို့ထက်ပိုရလျှင် မီ့ ဘဝတစ်လျှောက်အတွက် ပထမဆုံးအကြိမ်ဖြစ်လို့ နေပြန်တာကိုက အသက် ( ၂၈ ) နှစ်အရွယ်ထိ ရောက်လာပြီး မည်သည့် အတွေ့အကြုံမျှ မရှိသည့် မီ့ အတွက် မှားယွင်းမှု တစ်ခုလေများလား။ မီ ကိုယ်တိုင်က သူငယ်ချင်းများ ပြောသကဲ့သို့ ခေတ်နှင့် အံမဝင်နိုင်သည့်

မိန်းမတစ်ယောက် ဖြစ်လို့ နေခြင်းများလား။

တိုး၍ တိုး၍ အဆင့်တက်လာသော မောင်၏ အပြန်ပြန်အလှန်လှန် အနမ်းတွေက တစ်စထက်တစ်စ ရှတကြမ်းတမ်းလာသည်။ မောင့် လှုပ်ရှားမှု မှန်သမျှ၏ အောက်၌ အေးစက်နစ်မျော မသွားသည်ကို သတိထားမိလိုက်သည့် မီက အကြောက်တရားတွေ များနေသလားဟု ကိုယ့်ကိုယ်ကို စစ်ကြောနေမိပြန်သည်။ မောင်၏ ပင့်သက်ငွေ့တို့က တိုးလျညင်သာနေရာမှ တဖြည်းဖြည်း လှိုက်ဖိုမိန်းမောလာသည်။ မောင့်မျက်နှာပြင်က သွေးရောင်တို့ဖြင့် တစ်စ တစ်စ လွှမ်းခြုံလာသည်။ မီ ကတော့ အကြောက်တရား တစ်ခု ရေပြွမ်းစီးမိုးလျက် မောင့်ကို တင်းကျပ်စွာ ဖက်ထားဖြစ်ဆဲ။

“မောင်တို့ ချစ်သူသက်တမ်းလည်း ကြာခဲ့ပြီကွာ အခုအချိန်ထိလည်း မီနဲ့ မောင် နှစ်ယောက်တည်း အေးအေးဆေးဆေး တွေ့ကြရတယ်လို့ မရှိဘူးနော်၊ မောင် တောင်းဆိုတိုင်းလည်း မီက ငြင်းခဲ့တာချည်းပဲ ဒီတစ်ပတ် တွေ့ကြရင်ရော”

ဟု မောင် မေးစဉ်က မီ တစ်ယောက် ဘာလို့များ ခေါင်းညိတ်မိခဲ့ပါလိမ့်။ ဟင့်အင်း မောင်၊ အဲဒါ မီ မဟုတ်ဘူး။ ခေတ်ပေါ်ကောင်မလေးတွေရဲ့ အပြုအစု အယုအယတွေ ကြားမှာ တိမ်းမူးညွှတ်နူးသွားမယ့် မောင့်ကို ဆုံးရှုံးမခံချင်တဲ့ စိတ်နဲ့ ယောင်နန ခေါင်းညိတ်မိလိုက်တဲ့ မိန်းကလေး တစ်ယောက်ပဲ ဖြစ်နေမှာပါ။ အဲဒါ မီ မဟုတ်ဘူး။ မောင့်ကို မြတ်နိုးတဲ့ မီနဲ့ မောင့်ကို ခေါင်းညိတ်ခဲ့တဲ့ မီ ဟာ တစ်ယောက်တည်း မဟုတ်ဘူး။

မီ့ အဇ္ဈတ္တတို့က သွေးရူးသွေးတန်း၊ အဲသည် ခေါင်းညိတ်မိခြင်း၏ အောက်၌ မီနှင့် မောင် နှစ်ယောက်တည်း ရှိနေသည့်အချိန်မှာ မောင့်ဆီကို တစ်ဘက်မှ ဖုန်းဆက်လာသည့် ကောင်မလေး တစ်ယောက်၏ အသံကြောင့် ဆိုသည့် အချက်က တစ်ချက် အပါအဝင် ဖြစ်နေလေသည်လား။ မီက ခေတ်တစ်ခေတ်ရဲ့ အကန့်တစ်ကန့်ထဲမှာ ကျကျန်နေခဲ့ပြီလား မောင်။ ဟင့်အင်း မောင်ရယ်။ ချစ်သူသက်တမ်း အတွင်းမှာ မိန်းမတစ်ယောက်ရဲ့ အပျိုစင်ဘဝကို အလွယ်တကူ စွန့်လွှတ်ကြတဲ့ ခေတ်ကာလ မိန်းမတွေ ထဲမှာရော မီက ပါနေခဲ့ပြီလား။ မဖြစ်မနေ ပါနေရတော့မှာလား။ ဟင့်အင်း မောင်ရယ်။

မီ့ နှုတ်ကတော့ဖြင့် “ဟင့်အင်း မောင်ရယ်” ဆိုသည့် အသံတွေပဲ ဆက်တိုက် ထွက်နေခဲ့သည် ထင်သည်။ အမှားတစ်ခုအား ကျူးလွန်နေမိပြီလား ဟူသည့် အမေး တစ်ခုကိုတော့ဖြင့် မီ့ ရင်တွင်း၌ ပဲ့တင်ထပ်စွာ အကြိမ်ကြိမ် မေးဖြစ်နေဆဲ။ မီ့ အာရုံသည် မီ့ ခန္ဓာကိုယ်နှင့် ထပ်တူကျစွာ ထိစပ် မနေခဲ့။

••••• ••••• •••••

“မီ”

“........”

“မီကွာ မောင်ကဖြင့် ပြောနေရတာ မောနေပြီ မီ ဘာမှ မကြားလိုက်ဘူးလား”

မောင် ပြောလိုက်သည် ဆိုသည့် စကားတို့အား အမှန်တကယ်ပင် မီ မကြားလိုက်ပါ။ မောင့် စိတ်ကို အဆုံးစွန်ထိ အလိုမလိုက်ဘဲ မီ ငြင်းဆန်ခဲ့သည့်အတွက် မောင် စိတ်အနှောင့်အယှက် ဖြစ်သွားလေမည်လားဟု တွေးမိသည်မှ လွဲ၍ ယခုအချိန်၌ မီ ဘာတစ်ခုမှ ဆက်မတွေးဖြစ်ခဲ့။ ကြည်လဲ့နေသော မောင့်အပြုံးမျက်ဝန်းများကိုပင် မီ ရင်မဆိုင်ဝံ့။ မီ့ ကို မောင် ဘယ်လိုများ ထင်သွားရက်လေမည်နည်း။ မီ ယခုအချိန်မှာ အလုပ်ချင်ဆုံး အလုပ်တစ်ခုသာ ရှိသည်။ မီ ငိုချင်သည်။ မောင့် ရင်ခွင်ထဲ၌ နစ်နေအောင် တိုးဝင်ရင်း မောင့်ကို တင်းကျပ်စွာ ဖက်ထားရင်း မီ ငိုချင်သည်။ ဖြစ်နိုင်လျှင် အသံအကျယ်ကြီးတစ်ခုပါ ရောစပ်ရင်း မီ အားပါးတရ ငိုလိုက်ချင်သည်လေ။

“ကဲပါကွာ ... မီ မပြောလည်း မောင်ပဲ ပြောတော့မယ်။ မောင် လိုချင်တာကို မီ မပေးဖြစ်ဘူး ဆိုပြီး မောင် စိတ်ဆိုးသွားမှာ မီ စိုးရိမ်နေတာမလား”

မောင့်အမေး တစ်ခွန်းကိုတော့ မီ ကြားမိလိုက်သကဲ့သို့ ခေါင်းလည်း ညိတ်မိလိုက်သည် ထင်သည်။ မောင် ကတော့ ရှုပ်ပွပွ မီ့ ဆံပင်တွေကြား မောင့်လက်များနှင့် တို့ထိကာ ဖွနေလေသည်။ မီကား ခေါင်းကိုသာ တွင်တွင် ငုံ့ထားဆဲ။

“မောင့်ချစ်သူကတော့ကွာ ကဲ မောင်ပြောမယ်။ မောင်နဲ့ မီ ချစ်သူတွေ ဖြစ်ကြတာပဲ ကြာခဲ့ပြီကွာ၊ မီ့ရဲ့ ဟိုးအတွင်းစိတ်ထဲထိ မောင် ထိုးဖောက်မမြင်ဘဲ နေမလား မီရယ်။ မီက မောင့်ကို အခုခေတ် ကောင်မလေးတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်မချတာ မဟုတ်လား။ မောင့်စိတ်ထဲမှာ အခုခေတ် ကောင်လေးတွေလိုပဲ ရှိမှာပဲလို့လည်း မီ တွေးတယ် မဟုတ်လား။ မောင်က မီ့ကို ငြီးငွေ့ပြီး အခုခေတ် ကောင်မလေးတွေရဲ့ နောက်ကို ပါသွားမှာ မီ စိုးရိမ်တယ်မလား။ ပြောစမ်းပါဦး။ မီရယ် မီ့ သူငယ်ချင်း တက္ကသိုလ်ဆရာမ အိမ်ထောင်သည်ကြီးတွေက ဘာတွေများ လက်ချာရိုက်လိုက်သလဲလို့”

မောင့်အပြော မောင့်အမေးများ အောက်၌ မီ ကတော့ တိတ်ဆိတ်စွာ မျက်လွှာချထားဆဲ။ မောင့်ကို တစ်ခွန်းတစ်လေမျှ ခွန်းတုံ့ မပြန်မိ။ မောင်၏ နားလည်ပေးနိုင်မှုများ အတွက် မီ လေးနက်စွာ အသိအမှတ်ပြုနေသည်မှ လွဲ၍ မောင့်ကိုပင် မီ မကြည့်ဝံ့သေး။ စောစောက ဖြစ်တည်ခဲ့သော မီ့ ကြောက်စိတ်များ နေရာတွင်တော့ ကြည်နူးသလိုလို စိတ်တစ်ခု မသိမသာ လွှမ်းမိုးဝင်ရောက်လာသည်။ ဖြစ်နိုင်ပါလျှင် မောင့်ရင်ခွင်ထဲမှ နေ၍ မောင့်မျက်နှာကို မြတ်နိုးစွာ မော့ကြည့်ချင်သည်။ မီသည် ရင်ခုန်ချင်စရာ မကောင်းလှသော မောင့်စကားတို့ကိုပင် ရည်းစားထားကာစ အပျိုမလေးတစ်ယောက်နှယ် ရင်ခုန်နေမိပြန်သည်။

“မောင် လိုချင်တဲ့ မိန်းကလေးက မီ့လို မိန်းကလေးပါ မီရယ်။ တန်ဖိုးရှိတဲ့ စကားလုံးကို မီ သိတယ်မလား။ လွယ်ကူစွာ ရရှိတဲ့ပစ္စည်း ဆိုတာက ဘယ်မှာ တန်ဖိုးရှိပါ့မလဲ မီ ....။ မီ စိတ်မဆိုးရင် မောင် တစ်ခု ပြောမယ်နော်။ မီ့ဆီက ယူချင်တယ်လို့ ပြောခဲ့တာဟာ မီ့ စိတ်ကို မောင် စမ်းခဲ့တာပါကွာ။ မီ စိုးရိမ်နေတာတွေ တစ်ခုမှ မဟုတ်သလို၊ မောင့် အတွက်လည်း အဲဒါတွေက အရေးမကြီးဘူး။ လိုလည်း မလိုအပ်ဘူး။ မီ ဖြစ်စေချင်သလိုပဲ မောင်တို့ ဖြူစင်စွာပဲ ချစ်ကြရအောင်နော်။ ဒီဘက်ခေတ်ထဲမှာ မီ့လို စိတ်ဓာတ်ရှိတဲ့ မိန်းကလေးတွေ အများကြီး ရှိနေစေချင်တာကတော့ မီ့ ဆန္ဒနဲ့ မောင့်ဆန္ဒ ထပ်တူ ဖြစ်နေမှာပါ”

မောင်က ပြောရင်း မီ့ ဦးခေါင်းကို မောင့်ရင်ထဲသို့ ဆွဲသွင်းလေသည်။ ဒီတစ်ကြိမ်မှာတော့ လတ်တလော မီ အလုပ်ချင်ဆုံး အလုပ်တစ်ခုဖြစ်သည့် မောင့် ရင်ခွင်မှာ နစ်နေအောင် တိုးဝင်ရင်း၊ မောင့်ကို တင်းကျပ်စွာ ဖက်ထားရင်း သည်းထန်စွာ ငိုမိသည့် အလုပ်အား မီ လှိုက်လှိုက်လှဲလှဲ လုပ်လိုက်မိလေသည်။

▢  မင်းဝေဟင်
📖 Treasure Land မဂ္ဂဇင်း
      နိုဝင်ဘာလ၊ ၂၀၁၃ 

Monday, October 5, 2026

ငါးသိန်းတန် လချုပ်စာရင်း


❝ ငါးသိန်းတန် လချုပ်စာရင်း ❞ 
          ( ကိုးငယ်မင်း )

“ကလင်...ကလင်”

“ဟဲလို..သဲလေး ပြော။ ဦးကို လွမ်းလို့ ဖုန်းဆက်တာလား”

“ဦးရယ် လွမ်းတာကတော့ အချိန်တိုင်းပဲ သိလား။ ဦး... သဲလေး ခုလောလောဆယ် ငွေအရမ်းအရေးကြီး လိုနေတယ်။ သဲလေးကို ငါးသိန်းလောက် မပေးချင်ဘူးလား”

ချူဆရာမကြီးသည် ချွဲနွဲ့ကာ သူမ၏ ချူဇာတ်ကို ခင်းတော့သည်။

စပွန်စာလူကြီးမင်း သူမ၏ စကားသံအဆုံး မျက်လုံး အနည်းငယ် ပြူးကျယ်သွားလေသည်။

သို့သော် သူ အကြံတစ်ခု ရလိုက်သည်မို့ ချက်ချင်းပင် မျက်လုံး အရောင်များ ဝင်းလက်သွားသည်။

“ရပါတယ် သဲလေးရယ်..၊ ခဏနေရင် ငွေလွှဲပေးလိုက်မယ်နော်”

“ဝေး.. ဒါမှ တို့ဦး..၊ အာ့ကြောင့် ချစ်တာ ခစ်”

“ဒါပေါ့ ဒါပေါ့ ဟင်း ဟင်း ..၊ သဲလေး လိုအပ်တာကို ဦး ဖြည့်ဆည်း ပေးပြီးသွားပြီနော်၊ ဦး အတွက်ကော ..”

ချူမမတို့ ချက်ချင်း အထာနပ်သည်။

မြွေ မြွေချင်းမို့ ခြေမြင်သည်မှာ အဆန်းတော့ မဟုတ်လှပေ။

“အင်းပါ.. ဒီည တည်းနေကျ ဟိုတယ်မှာ သဲလေးနှလုံးသားကို ဦး ယူလိုက်...”

••••• ••••• •••••

ဖုန်းချပြီး ဆယ်မိနစ်ခ န့်အကြာတွင် ဖုန်းထပ်မြည်သည်။ ဖုန်းခေါ်သူသည် စပွန်စာလူကြီးမင်း၏ မိန်းမပဲ ဖြစ်သည်။

“ဟဲလို မောင်... ဒီနေ့ လပြည့်နေ့ ဘုရားသွားမလို့၊ မီးခံသေတ္တာထဲက ငါးသောင်း ယူသွားလိုက်မယ်နော်။ လှူစရာရှိတာ လှူရအောင်လို့လေ”

မိန်းမဖြစ်သူ၏ စကား အဆုံးဝယ် ဒေါသမီးလုံး တစ်ခု ပွင့်ကျလာတော့သည်။

“ဘာ.... ငါးသောင်း ဟုတ်လား၊ ငွေရှာရတာ လွယ်တယ်များ မှတ်နေလား၊ သုံးသောင်းပဲ ယူသွား ...၊ ဪ နေဦး ဒီည အိမ်ပြန် မအိပ်ဘူး၊ ရုံးမှာပဲ အိပ်တော့မယ်။ လချုပ်စာရင်းတွေ အပြတ်ဖြတ်ချင်လို့ ကြားလား... ဒါပဲ”

ဟုတ်သည်။ သူ ဒီည လချုပ်စာရင်းတွေ အပြတ်ဖြတ်ဖို့ရှိသည်။

“ငါးသိန်းတန် လချုပ်စာရင်း” လေ။

▢  ကိုးငယ်မင်း
📖 မဟေသီ မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၂၀၁၆

မီးမလောင်စေနှင့်

❝ မီးမလောင်စေနှင့် ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

တတူတူနှင့် ဂဒိုးမှုတ်သံများကို ကြားရကတည်းက အနည်းဆုံး ငါးနာရီခန့်ရှိပြီဟု ရီးဆေးရိုး ခန့်မှန်းခဲ့သည်။

သည်လယ်ပွဲနှင့် အနီးအနား လယ်ပွဲများမှာ ကောက်ခြေပြတ်ခဲ့ကြပြီ။ အချို့သည် စည်းပြီး ပုံပြီး ကြပြီ။ အချို့ကား စည်းဆဲ ပုံဆဲ။ သို့သော် အထက် လယ်ပွဲများမှ လှည်းလမ်းအပေါက်ကို စောင့်နေကြရာတွင်ကား တူကြသည်။ ထပ်မံ၍ တူညီကြသေးသော အရာမှာ စည်းဆဲ ပုံဆဲနှင့်၊ စည်းပြီးပုံပြီးသည့် ကောက်လှိုင်းများကို ညဉ့်အိပ် စောင့်ရှောက်နေကြရခြင်းပင်။ 

“ရှင်မိုးမင်းရယ်... မရွာလိုက်ပါနဲ့တော်၊ ရှိကြီးခိုးပါရဲ့ မရွာပါနဲ့”

တန်ဆောင်မုန်းဘက်သို့ ချဉ်းကပ်လာချိန်မှစ၍ ရီးကျီးဒန်သည် စပါးပင်တွေကို ကြည့်ကြည့်ပြီး မိုးကိုချည်း ရှိခိုးနေခဲ့သည်။ ယမန်နှစ်က စပါးပွင့်ချိန်တွင် မိုးကြီး သည်းခဲ့ စွေခဲ့ရာ အတော်ခံလိုက်ကြရ၏။ ကောက်လှိုင်းများလည်း အလှိုင်းကြီး၍ အချိန်မစီးသော ဘူးတောင်းဘဝ ရောက်ခဲ့ကြသည်။

သည်အကြောင်းကြောင့် ရီးကျီးဒန်သည် ပုံးမကြည်နတ် အစား မိုးနတ်ကိုချည်း ဖိပြီးတောင်းပန်ခဲ့သည်။ တိုက်ဆိုင်၍ပဲ ဖြစ်တန်ရာ၏။ သည်နှစ် စပါး ပွင့်ချိန်မှ ဖုံးချိန် လုံးချိန်နှင့် ရိတ်သိမ်းချိန်အထိ မိုး ရှောင်နေခဲ့၏။ သည်အခါ စပါးပင်များ အနှံအောင်၍ အနှစ်ပြည့်သည်။ အနှံအောင်၍ အနှစ်ပြည့်သော သည်ကောက်လှိုင်းများကို သူခိုးသည် သွားရည်ယို လျက်ရှိ၏။

“ပုဆိုးကို ထိပ်က စု၊ အထဲမှာ ကောက်လှိုင်း အနှံပိုင်းကို ထည့်၊ ခြေနဲ့ တက်နင်းပြီး ခြွေလိုက်ရရင် တစ်တင်းဆို အသာကလေး”

နွားပျောက်ရှာသူ ယောင်ယောင်၊ ထင်းခွေ ဟင်းရွက်ခူးသူ လိုလိုနှင့် မယောင်မလည် ရောက်ရောက် လာလေ့ရှိသော သူခိုးများသည် လူအလစ်ကို အမြဲ ချောင်းလျက်ရှိရာ ရီးဆေးရိုးတို့ အလစ်မပေးရဲပါ။ သို့ဖြင့် တလင်းထဲသို့ ကောက်လှိုင်း မပါမချင်း လယ်ပွဲတိုင်းတွင် ညဉ့်အိပ်စောင့်ကြရတော့သည်။ လယ်ပွဲတိုင်းတွင် စောင့်အိပ်သူတွေ ရှိပါကလားဟူသော အသိကြောင့်လည်း ရီးဆေးရိုး တစ်ယောက်တည်း အိပ်ရဲခြင်းဖြစ်၏။ အိပ်သည် ဆိုရငြား ပျော်လှသည် မဟုတ်။ အေးရသည့်အထဲတွင် ဆောင်းလေက တိုက်သေးသည်။ သည်မျှ မကသေး၊ လူအိုပီပီ ဟိုနားက ကိုက်၊ သည်နားက နာနှင့်မို့ လှည့်ပတ် ရွှေ့ပြောင်းနေရသည်နှင့် အချိန်ကုန်တော့သည်။

ဂဒိုးမှုတ်သံသဲ့သဲ့ ကြားပြီ။

“အင်း.. တစ်ညတာ ဝဋ်တော့ ကျွတ်ပြန်ပါပေါ့လား”  

ရီးဆေးရိုးသည် ကောက်လှိုင်းများကြားမှ လူးလဲထ၏။ ချည်စောင်ကို ကိုယ်တွင်ပတ်လျက် မီးဖိုဟောင်းနားသို့ ဖင်တရွတ်ရွှေ့ခဲ့ကာ မီးမွှေးသည်။ မြေကြီးခဲ ဖိုခုံလောက် သုံးလုံးပေါ်တွင် ရေနွေးအိုး တည်သည်။

တိတ်ဆိတ်နေခဲ့သော လယ်ပြင်ကြီးသည် စည်စည်ကျာကျာ အသံများဖြင့် အသက်ဝင်စပြုလာသည်။

“ရီးဆေးရိုး ထပြီလားဗျ” 

တစ်ဖက်လယ်ပွဲမှ ထွန်းလှိုင့်အမေး။

“အေးကွ”

အနွေးဓာတ် လုံလုံလောက်လောက်ရသောကြောင့် ရီးဆေးရိုး အိပ်ငိုက်လာသည်။ ဒူးနှစ်လုံးပေါ် နဖူးတင်ပြီး မှေးရသည်မှာ အိပ်ပျော်သည်လောက်နီးပါး အရသာရှိ၏။ ခေါင်းပေါ်မှဖြတ်လျက် ကျီးကန်း တစ်အုပ် အနောက်အရပ်သို့ ပျံသန်းသွား၏။ တစ်ကောင်နှင့်တစ်ကောင် အော်ဟစ်အသံပေးသံများ တညံညံနှင့် ဝေးသွားကြ၏။

ဟော... မကြာပါချေ။ ချိုးကူသံကလေးတွေ ကြားရချေပြီ။ အဝေးဆီမှ သဲ့သဲ့သာ ကြားနေရသော ဂဒိုးမှုတ်သံများလည်း နီးသည်ထက် နီးကပ်လာကြလေပြီ။ ရီးဆေးရိုးလည်ဆန့်ကာ ဝန်းကျင်ကို မျက်လုံးကစားကြည့်သည်။ အလင်းရောင် အလင်းရိပ်သည် ပါးလျားလွန်း၏။ ‘ငါများ မျက်စိဝေနေလို့လား’ အတွေးဖြင့် မျက်လုံးကို ပွတ်သည်။ ကြည်၍ မလာ၊ လင်း၍ မလာ။

“နှင်းက အခုမှ တိုးပြီး ကျလာတာကိုး”

နှင်းတံတိုင်းသည် လယ်ပြင်ကြီး တစ်ခုလုံးကို အုပ်ခြုံထားသည်။ ရဲရဲရင့်ရင့် ညွန့်ညွန့်လူလူ မီးဖိုကလေးများသည် မှုန်ဝါးကုန်သည်။ သာမန် နှင်းအသွင်မှ မိုးနှင်းအသွင်သို့ ပြောင်းလာ၏။ ညောင်ရွက်များပေါ်သို့ နှင်းပေါက်ကျသံများ ညိုးညိုးညံညံက မီးတောက် တောက်သံကို ဖုံးအုပ်ထားချေ၏။

“ဗျို့ ... ရီးဆေးရိုး” 

မြောက်ဘက်လယ်ပွဲမှ ကိုဘအုန်းသား ချက်ဖောင်း၏အသံဖြစ်သည်။

“မိုးရွာတော့မယ် ထင်တယ်ဗျ”

ရီးဆေးရိုးရင်ထဲ ထိတ်ခနဲဖြစ်သွားကာ ထရပ်မိ လုနီးပါးဖြစ်သွားပြီးမှ “နင့်ဖေကလွှား မိုးရွာရမှာလား ဟ၊ မိုးနှင်းပါ” ဟု အော်လိုက်ရ၏။ ချက်ဖောင်းသည် အသံပေးရုံသာမဟုတ် လူပါ ရောက်လာသည်။ ပုဆိုး တစ်ထည်ကို ဦးခေါင်းအထိ ခြုံပြီး ကုန်းကုန်းကြီး ပြေးလာကာ မီးဖိုထဲ ဆင်းထိုင်တော့မတတ် နီးကပ် လွန်းသော နေရာတွင် ဝင်ထိုင်၏။

“ဟီး... ဟီး... ဟီး... ချမ်းတယ်”

ချက်ဖောင်းကို ရီးဆေးရိုးမှာ မျက်လုံးအပြဲသားဖြင့် တအံ့တသြကြည့်မိ၏။

“ဟေ... ဒါလောက် နှင်းကျပြီး လေတိုက်နေတာ မချမ်းလို့ အိုက်ရမလား”

“ချမ်းရုံမကဘူး သေတောင် သေနိုင်တယ်ဗျို့”

ပြောပြောဆိုဆို ပြေးဝင်လာပြီး ဝင်ထိုင်သူမှာ ထွန်းလှိုင်ဖြစ်၏။ သူတို့နှစ်ဦးသည် မြောင်းပေါင်ပေါ်တွင် ရိုးပြတ်အုံဖွဲ့လျက် နှစ်ဖက်လယ်ပွဲကို အတူစောင့်ခဲ့သူများဖြစ်၏။

ထွန်းလှိုင့် ပြောစကားကိုကြားရမှ ချက်ဖောင်းကို ရီးဆေးရိုး ကြည့်မိသည်။

“ဟုတ်ပါ့ရော၊ မင့်ဟာကလဲ နေပါဦး။ ဒီ မှောင်ကြီးမည်းကြီးထဲမှာ ဘယ်ကောင်မလေးက မင့်ကို လာကြည့်မှာမို့ မင်းသားဂိုက် ဖမ်းနေရတာလဲ”

ချက်ဖောင်းမှာ အရုပ်ကလေးများ ရေးခြယ်ထားသော အားကစားစွပ်ကျယ်ပုံ နံ့သာရောင်အင်္ကျီကို ဝတ်ဆင်ထား၏။ အခြားသော အနွေးထည်များ မပါရှိချေ။ ကောက်လှိုင်းထဲတွင်ကွေးနေစဉ်က အိပ်၍ ရသော်ငြား ထလိုက်သောအခါ မနေနိုင်တော့ပြီ။ မနေနိုင်သည်မှာ သာမန်မဟုတ်။ မီးထမွှေးရန်ပင် မတတ်စွမ်းတော့သော မနေနိုင်ခြင်းဖြစ်သည်။ သို့ကြောင့် သည်မီးဖိုသို့ အူယားဖားယားပြေးလာခြင်းဖြစ်၏။ ရီးဆေးရိုးသည် ပြောအပြီးတွင် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ရာက “ရော့.. ရော့... မြန်မြန်မျိုချ” ဟု ဆိုသည်။ ကိုထွန်းလှိုင်သည် လက်ဖျားများကို မီးကင် နေရာက ပြုံးလျက်ပြော၏။

“အရီးကသာ မှောင်ကြီးထဲ ဘယ်ကောင်မလေး လာကြည့်မလဲ မေးနေတာ။ ဒီကောင်တွေက ပြဇာတ်မင်းသားရူး ရူးနေကြတာဗျ”

ရီးဆေးရိုး ဆတ်ခနဲ ခေါင်းညိတ်၏။

“အေးကွ။ ပြဇာတ်မင်းသား ဖြစ်မဖြစ်က နောက်၊ လက်ငင်း မျက်စိနောက်တာ ခက်လှသကွာ။ လယ်ပြင်ကို ရေယူဖို့သွားတာ ဖော့အင်္ကျီနဲ့ စက်ဘီးနဲ့ဗျ။ ငန်းပြားကို စက်ဘီးမှာ ကပ်ချည်ထားသလေ”

သည်အဖြစ်မှာ ကိုထွန်းလှိုင်လည်း အမြင်၊ ချက်ဖောင်းလည်း ကိုယ်တွေ့မို့ သွားဖြဲနေကြရ၏။

“သည်တော့ ဘာဖြစ်လဲ။ စက်ဘီးတာယာဟာ ဆူးထဲ နင်းရ၊ ခယောင်းတောထဲ နင်းရနဲ့ ဖြစ်ပြီး ခဏလေးနဲ့ ကွဲတာပေါ့ကွ။ ချွေးတွေ ရွှံ့တွေ မပေတန်ဘဲနဲ့ အင်္ကျီကို ပေတော့ မလျှော်သင့်ဘဲ လျှော်ရရော။ ဆပ်ပြာကလည်း ပေါတယ်မဟုတ်လား”

“ပြောမနေပါနဲ့ ရီးဆေးရိုးရာ။ သူတို့မိဘတွေကလည်း ဒါလောက်တော့ ပြောကြမှာပါပဲ”

“အေးပါ၊ ဖြစ်နေတာကို ပြောတာပါ။ မင်းပြောတဲ့ ပြဇာတ်မင်းသားရောဂါက လောလောဆယ် အကျိုးပေးနေပုံကို သိစေချင်လို့ဟေ့”

သူ့အတွက် ပန်းကန်ရသဖြင့် ရေနွေးငှဲ့သောက်နေရာ စကားပြတ်သွား၏။ ထိုအခါ ကိုထွန်းလှိုင် အလှည့်ဖြစ်၏။

“ဟုတ်တယ် ဟုတ်တယ်။ ရုပ်ကလေးလည်း သင့်၊ အပြောအဆိုကလေးကလည်း မဆိုးလို့ ဟိုရွာဒီရွာက အရပ်ပြဇာတ်တွေ ထထကတဲ့ အထဲက တစ်ယောက်တလေကို ဆိုင်းဆရာက ခေါ်သွားတာ မြင်တာနဲ့ သူတို့လည်း အဲဒီလိုဖြစ်နိုး မျှော်ကိုးနေကြတာဗျို့”

“အမယ်လေးကွာ၊ သည်လိုဆိုလည်း စာလေးပေလေး ဖတ်ကြပါတော့လား။ လူကြီးတွေ ပြောဆို ဆွေးနွေးတဲ့အခါ ဗဟုသုတ ဖြစ်ရာဖြစ်ကြောင်း နားထောင်ပါတော့လား။ အခုတော့ ဟုတ်ပေါင်ဗျာ၊ လတ်လျား လတ်လျားနဲ့”

ချက်ဖောင်းသည် ရေနွေးနှစ်ပန်းကန် သောက်ပြီး သွားသဖြင့် နေသာထိုင်သာ ရှိသွားဟန်တူ၏။ ခေါင်းငိုက်စိုက်ချထား၏။ မီးဖိုနှင့် ခွာပြီး လက်ဖျားလောက်ကိုသာ မီးကင်နေတော့၏။

“ခင်ဗျား ညတုန်းက ထကြည့်သေးလား” 

ကိုထွန်းလှိုင်က စကားပြောင်းလိုက်သည်။ 

“သန်းခေါင်ကျော်လောက်တုန်းကတော့ တစ်ခါ လျှောက်ကြည့်တယ်ကွ”

“ကောင်းတယ်ဗျို့၊ အဲဒီလို ကြည့်မှဗျား။ သူခိုးကတော့ စပါးတစ်ခွဲရလည်း အမြတ်၊ တစ်ပြည်ရလည်း အမြတ်ဆိုပြီး ခိုးမှာပဲ”

ရီးဆေးရိုးသည် ရေနွေးသောက်လိုက်၊ ဆေးလိပ် ဖွာလိုက်နှင့် လေးဖက်လေးတန်ကို မကြာခဏ လှမ်းကြည့်နေ၏။ ထူထပ်သိပ်သည်းသော နှင်းမှိုင်းကန့်လန့်ကာကြီးကား မပြယ်တည့်နိုင်၊ မပါးတည့်နိုင်သေး။ လေအလှုပ်နှင့် ကြုံလျှင် ညောင်ပင်အောက်သို့ပင် ထုနှင့် ထည်နှင့် လွင့်ပါလာတတ်သေး၏။

“လင်းနေပြီကွ။ နှင်းကျနေလို့ နေမထွက်တာ” 

ချက်ဖောင်းသည် ရီးဆေးရိုးအား ပြုံးကြည့်လိုက်သည်။

“ဖြည်းဖြည်းပေါ့ဗျာ။ နေမထွက်သေးလည်း ထွက်မှ ပြန်ကြတာပေါ့ "

“မင်းကတော့ ဖြည်းဖြည်းလို့ ပြောမှာပေါ့ကွ။ သူ့မှာက အိမ်မှာ သူ့အမယ်ကြီးအို မျှော်လှရော့မယ်”

ကိုထွန်းလှိုင်သည် သစ်ကိုင်းခြောက်များ ဆွဲလာကာ ဝင်ထိုင်ရင်း ခပ်နောက်နောက် ပြော၏။ သည် စကားကို ရီးဆေးရိုး မတုံ့ပြန်ပါ။ ဆေးလိပ်ကိုသာ မဲ၍ ဖွာနေ၏။

သို့ကြောင့် ကိုထွန်းလှိုင်က ဆက်လက်၍ အသံပေးပြန်၏။

“ရီးဆေးရိုး၊ ခင်ဗျာ့ အမယ်ကြီးအိုဟာ ငယ်ငယ်တုန်းက ဘယ်လိုနေလဲဟင်။ လှလား”

“ဘယ်မိန်းမပဲဖြစ်ဖြစ် အပျိုဘဝမှာတော့ အထိုက်အလျောက် လှကြတာချည်းပဲပေါ့ကွ”

ကိုထွန်းလှိုင် ကျေနပ်စွာ ပြုံးလိုက်ကာ

“ရီးကျီးဒန်ကို မေးတာပါဗျာ။ ဝေ့လည်လည် မလုပ်ပါနဲ့” ထပ်တွန့်သည်။

“လှတာပေါ့ကွာ။ ဘီးဆံပတ်ကြီးနဲ့၊ တက်တင်း အင်္ကျီနဲ့၊ ပိုးရောချည်ပါ လုံချည်နဲ့ဆိုတော့ ဘိုင်စကုတ် မင်းသမီး မသာဘူးဟေ့”

သည်အခါတွင် ကိုထွန်းလှိုင်သာမက ချက်ဖောင်းပါ ပြုံးရယ်ရလေ၏။ ပြုံးရယ်ရငြား “ဘိုင်စကုတ်မင်းသမီး မသာဘူးဟေ့” ဆိုသည်ကိုသာ သူတို့နားလည်သည်။ ကျန်စကားများကို နားမလည်သောကြောင့် အိုးတိုးအမ်းတမ်းကြီး ဖြစ်နေကြသည်။ 

“ဘီးဆံပတ် ဟုတ်လား”

ချက်ဖောင်း၏ တအံ့တသြ ရေရွတ်သံ။

“တက်တင်းအင်္ကျီ ဆိုတာက”

ကိုထွန်းလှိုင်၏အမေး။

ရီးဆေးရိုးသည် အသံထွက်ပြီး အားရပါးရ ရယ်ရာက “တောသားတွေနဲ့ လာတိုးနေပါကော” ဆိုသည်။ “ဒီလိုကွ” ဟု ရှင်းပြမည် လိုလိုနှင့် ရေနွေးကို မော့သောက်နေသည်။

“ဘယ်လိုပါလိမ့် အရီး”

“မိန်းမတွေရဲ့ခေါင်းပေါ်မှာ ဆံပင်ကို အလယ်က အခေါင်းကြီးဖြစ်အောင် ခွေထားတာကို ဘီးဆံပတ် ခေါ်တယ်ဟ”

“ဟင်... ပြိုကျမှာပေါ့”

ချက်ဖောင်း သဘောမပေါက်ပေ။

“ဪ... ပြိုမကျအောင် အလယ်မှာ ဘီးတွေ ခွေထည့်ရတယ်ဟ။ ဘေးမှာတော့ ဆံညှပ်တွေနဲ့ ထိန်းရတာပေါ့ကွာ။ ‘ပိုးရော ချည်ပါ’  လုံချည်ဆိုတာကတော့ ချည်ချည်းလည်း မဝတ်ချင်၊ ပိုးသက်သက်နဲ့ မဝတ်နိုင်တဲ့ လူတွေအတွက် ပိုးနဲ့ ချည် ရောပြီး ရက်ထားတဲ့ လုံချည်လေ”

“အရီး ဟိုဒင်းကကော… ဘာတင်းဆိုလား” 

ရီးဆေးရိုး ရယ်မောရပြန်၏။

“တက်တင်းပါကွာ၊ အင်္ကျီလက်ဖျားမှာ ဇာနားလေးတွေ ပါတယ်ကွာ။ ခါးမှာ ဇာနားလေးတွေ တပ်ထားတယ်ကွာ။ အဲဒီ ဇာနားမှာမှ ရောင်စုံဖန်စေ့ကလေးတွေ သီထားတာကွ။ ဖန်စေ့ဆိုပေမဲ့ အစေ့လည်း မဟုတ်ဘူး၊ တကယ့် မျှင်မျှင် အချောင်းကလေးတွေ” 

“လှလား အရီး”

“ဟ... လှတာပေါ့ကွ။ ကျီးဒန်တို့များ ပိုးရော ချည်ပါ လုံချည်အနီကလေးကို အထက်ဆင့် ဖော်ပြီး ဝတ်ထားတာကိုးကွ။ အထက်ဆင့်ကို ဖုံးထားတာက ရောင်စုံတက်တင်းစေ့ကလေးတွေနဲ့ကိုး။ နှုတ်ခမ်းကလည်း ပန်းစက္ကူဝါးထားတော့ မင့်ဖေလွှားတယ် ဘာပြောကောင်းမလဲ လှလိုက်တဲ့အမျိုး”

ကိုထွန်းလှိုင်နှင့် ချက်ဖောင်းတို့မှာ ထိုအခါကျမှ အားရပါးရ ရယ်မောနိုင်ကြလေ၏။ မီးဖိုတွင် မီးလည်း ဖုတ်ဖုတ်ကျပြီ။ ရေနွေးတစ်ကရားလည်း ချောပြီ။ နေရောင်ကို မမြင်ရသေးငြား ရီးဆေးရိုးသည် ရေနွေး ထပ်မတည်တော့ပါ။ စောင်ကို ပြင်၍ ပတ်သည်။ တုတ်မီးနှင့် ဓားကို ကောက်လှိုင်းများ ကြားမှ ဆွဲထုတ်သည်။ 

“နှင်းတွေ သိပ်ကျနေသေးတယ်ဗျ”

“သွားရင်းနဲ့ လင်းလာမှာပေါ့ကွာ”

ကိုထွန်းလှိုင်တို့ ထသွားလျှင် ရေနွေးကရားနှင့် ပန်းကန်များကို ညောင်ခေါင်းတွင်း၌ ဝှက်သည်။ မီးဖိုကို ဖိုခုံလောက်များဖြင့် ဖုံးဖိသည်။

သစ်ပင်ဖျားမှ ငှက်ခါး၏ အသံကို ကြားရပြီ။ မြေပြင်တွင် မလင်းချင်သေးသရွေ့ ငှက်ခါးအတွက် အလုပ် မရှိသေး။ သို့သော် သူ၏ ဒေါသတကြီး အော်သံများကိုကား လယ်ပြင်အနှံ့ ကြားရပြီ။ မြင်ကွင်းသည် လုံးဝမှန်နေဆဲ ရှိသေး၏။ ကုလားပဲခင်းများ သည် မပီဝါးထွေးသော ရွှေရောင်နှင့် ရောယှက်နေသည်။ ချုံတန်းများ၊ သစ်ပင်များသည် နှင်းဝတ်ရုံကို ခြုံကာ ကွေးကုပ်နေကြဆဲ ရှိသေး၏။

ငှက်ခါးထက် ပို၍ ဆူညံသောအသံများကို သဲ့ခနဲ စီခနဲကြားရ၏။ နှင်းကန့်လန့်ကာဇာပါး၏ ဟိုနောက်ဘက်ဆီမှ အနီရောင် အထွေးအကွက်များကား လက်ပံပင်များ ဖြစ်ကြ၏။ စီခနဲ အဲ့ခနဲ အသံများကားသည် လက်ပံပင်များမှ ဆက်ရက်များ ဖြစ်ပေတော့သည်။

ရီးဆေးရိုးမှာ လယ်ပွဲနှစ်ပွဲပင် ကုန်အောင် မဖြတ်သန်းရသေး။ ပုဆိုးအောက်နားတွင် ရွှဲရွှဲစိုနေပြီ။ လယ်ကန်သင်းများတွင် ထိုးထားသော ပဲရုံ၊ ပဲပင်အုပ်များမှာ ရှောင်၍ မလွတ်ပေ။ ဆက်ရက်သံနှင့် ငှက်ခါးသံများကို ဖောက်လျက် စကားပြောသံများလည်း ကြားရတတ်၏။ ကောက်ရိတ်သူတွေလား၊ ကောက်လှိုင်းစည်းသူတွေလား၊ နှင်းတံတိုင်းကြောင့် မမြင်ရ။ တာလမ်းဆီတွင် နေရောင်ကို မြင်ရ၏။ ရီးဆေးရိုး ခြေလှမ်းသွက်လာသည်။ သူလည်း အိမ်သို့ပြန်သာ လာရ၊ အချမ်းသား။ ပုဆိုးစုတ် တစ်ထည်ကို မေးသိုင်းကာ စည်းထားသည့် အောက်တွင် ရှပ်အင်္ကျီတစ်ထည်သာ ဝတ်ထားပေသကိုး။ ကလေးအချို့သည် မီးမရှိသော မီးဖိုတွင် ဝိုင်းနေကြဆဲ ရှိသေး၏။ အချို့ကလေးများမူ အငွေ့တွေ တရှီးရှီး မှုတ်လျက် လမ်းပေါ်ရောက်နေ ကြ၏။

“သွားချင်ရာ သွားအေ၊ မပေးဘူးဆို မပေးဘူး” 

ဒေါသမံသော ရီးကျီးဒန့်အသံ။ အမယ်ကြီး စိတ်မချဖြစ်ရော့မည် အတွေးဖြင့် သွက်သွက်လှမ်းလာသော ရီးဆေးရိုး၏ ခြေလှမ်းများ တုံ့ဆိုင်းမတတ် ဖြစ်သွား၏။

“အင်း.. စောစောစီးစီး ဘာများဖြစ်နေရပါလိမ့်” 

အိမ်ရှေ့သို့ ရောက်လာသည်။ အိမ်ဝိုင်းဝတွင် ရပ်နေသော မိန်းမတစ်ယောက်။ ထိုမိန်းမ မျက်နှာ အလှည့်တွင် ရီးဆေးရိုးနှင့် ဆိုင်မိသည်။ ကောက်စိုက်

နှင့် ကောက်ရိတ်စည်းခေါင်း မယ်ရှင်။

“စောစောစီးစီး ဘာဖြစ်တာလဲဟ”

“ဟိုဒင်းပါတော်...”

“ဘာဖြစ်ရမလဲတော်ရဲ့။ အသံချဲ့စက်ဖိုးတဲ့... အသံချဲ့စက်ဖိုး”

မယ်ရှင် ရေရေရာရာ မဖြေနိုင်မီ ရီးကျီးဒန်က မန်ကျည်းပင်အောက် မီးဖိုမှ ခုနစ်သံတင်၍ အော်၏။

“ကောက်စိုက်တုန်းကလည်း အသံချဲ့စက်ယူခဲ့ပါ မပြောဘဲနဲ့ ယူလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောလို့ မရ။ အော်သံ မကြား၊ ခေါ်သံ မကြားနဲ့ နားအဝီစိ ရောက်ခဲ့ပြီ။ ကောက်ရိတ်တော့လည်း ဒီဟာကြီး မယူခဲ့ပါနဲ့ ဆိုတဲ့ ကြားက ယူလာတယ် မဟုတ်လားဟင်။ အဲဒါကို ငါက ဘာပြုလို့ စပါးပေးရမှာလဲ။ စောင့်နေ စပါးကြီး၊ အားကြီးရပါလိမ့်မယ်”

ရီးကျီးဒန်၏ဒေါသကို မယ်ရှင် မတုပြိုင်နိုင်ပေ။ ခပ်ကုပ်ကုပ် ထွက်ခွာသွားလေသည်။ မယ်ရှင် မရှိသော်ငြား ရီးကျီးဒန် ဒေါသ မငြိမ်းသေး။

“သူကပဲ တစ်ပြန်စီးလာသေး။ အများထုံးစံပဲတဲ့။ ဟင်း... အများပေးတော့ ကျုပ်က ပေးရမှာလား။ သူများ ကျွန်ကြီးငနွားလုပ်ထားတာကို တယ်ပြီး လိုချင်ကြ”

ရီးဆေးရိုးသည် ဓားနှင့် တုတ်မီးကို မန်ကျည်းပင် ဘေးတွင် ကပ်ထားကာ မီးဖိုဘေးတွင် ထိုင်သည်။ မီးဖိုဘေးတွင် ထန်းပင်မြစ်အခွံမည်းမည်းများ ပေပွနေ၏။ ပြာပူထဲတွင်မူ ခေါင်းထိုးထားဆဲ ထန်းပင်မြစ် သုံးချောင်း။

“လယ်ရှင် သဘောတူသလား၊ မတူသလား မမေးဘဲ အသံချဲ့စက်ပိုင်ရှင်နဲ့ စည်းခေါင်းနဲ့ ပေါင်းပြီး စားနေတာ မသိရင်ခက်မယ်.. ဟင်း။ တခြားမှာ အသံချဲ့စက်အငှားလိုက်လို့ တစ်နှစ်နဲ့ မရတဲ့ ပိုက်ဆပ် (ပိုက်ဆံ) ကို တစ်မိုးနဲ့ အပွကြံတာ ဘာရမလဲ”

ရီးဆေးရိုးသည် ရီးကျီးဒန်အား ကြည့်ရုံသာ ကြည့်နေ၏။ မပြော။ ထန်းပင်မြစ်တစ်ချောင်းကို ဇောက်ထိုးထောင်ပြီး တုတ်ချောင်းကလေးဖြင့် ပွတ်ချလိုက်ရာ အသားဝါဝါဥဥ ပေါ်လာသည်။ အမြီးကို ရှဲခနဲ ထက်ခြမ်းခွဲလိုက်သောအခါ ထန်းပင်မြစ်နံ့ သင်းသင်းသည် နှာဝသို့ ပြေးဝှေ့၏။ ထန်းပင်မြစ်ကို ရီးဆေးရိုး တအေးတဆေး ချိုးဖဲ့နေပြီ။ ရီးကျီးဒန်ကား အပြောမရပ်သေး။

“မပေးဘူး၊ တိုင်ချင်ရာ တိုင်ပစေ။ စပါးတစ်တောင်း အစိတ်တောင် တန်တာ မပေးဘူး”

ရီးဆေးရိုးမှာ လက်တစ်ဆစ်ရွယ် ထန်းပင်မြစ်ကလေးကို ပါးစပ်ထဲသို့ အမှတ်မဲ့သွင်းကာ ဝါးမိ၏။ သွားမရှိသော သွားဖုံးညိုညိုညစ်ညစ်သည် ထန်းပင်မြစ်ကို မခြေမွနိုင်။ ထိုအခါကျမှ မိမိတွင် သွားမရှိပါကလားဟု ရီးဆေးရိုး သတိရ၏။ ထို့ကြောင့် ထောင်းစရာဆုံကို လှမ်းဆွဲကာ ထန်းပင်မြစ်ကို ထည့်ထောင်း၏။

“အင်း... ထန်းပင်မြစ်တောင် ထောင်းစားနေရပါ ပြီကော ကျီးဒန်”

“ဘာဆိုင်လဲ”

“လယ်ပြင်မှာ ညည်းငယ်ငယ်တုန်းက တက်တင်း အင်္ကျီလေးနဲ့ ပိုးရောချည်ပါလုံချည်လေးနဲ့ အင်မတန် လှတဲ့အကြောင်း ထွန်းလှိုင်နဲ့ ချက်ဖောင်းကို ပြောခဲ့ရသေးတယ်”

“ဘာမဆိုင်တာတွေ လာပြောနေတာလဲ။ တော်ပါ အဖျားခတ်သွားမယ်နော်”

ရီးဆေးရိုး ရယ်မောမိသည်။ ရီးကျီးဒန်သည် ဒေါသမပျောက်သေးငြား ရှက်စနိုးမျက်နှာသို့ ပြောင်းသွားရုံမက အသံပါ ပျော့သွားသောကြောင့် ဖြစ်ပေ၏။

“ငါ့တော့ အဖျားမခတ်ပါနဲ့ဟာ၊ စကားစပ်မိပြီး ပြောမိလို့ ပြောမိတဲ့အတိုင်း ဖောက်သည်ချတာပါ။ အဲဒီလိုပြောပြီး ပြန်လာခဲ့တော့ ငါ့မျက်စိထဲမှာ နင်ငယ်ငယ်တုန်းက ရုပ်ကိုပဲ မြင်နေတာဟ။ ဟောဒီမှာ ထိုင်မိလို့ နင်ဒေါသထွက်နေတာလည်း မြင်ရရော ကြောက်တောင် သွားတယ်ဟေ့”

ရီးကျီးဒန်မှာ ဒေါသကို သိမ်း၊ မျက်လွှာချလျက် မဆုံးသေးသော စကားကို နားစွင့်နေ၏။

“ဒေါသဖြစ်နေတဲ့ လူတိုင်းဟာ ကြမ်းတမ်းတဲ့စိတ် ရှိနေတာကိုးဟ။ ဒီတော့ မျက်နှာကလည်း ကြမ်းတမ်းနေတာပေါ့။ အဲ ထန်းပင်မြစ်ကိုလည်း ထောင်းဖို့ မေ့ပြီး ဝါးမိရော၊ ငါ့အမယ်ကြီးဟာ အသက်အရွယ်ကိုမှ မထောက်ဘဲ စိတ်နောက်ကိုယ်ပါ ဒေါသကြီးနေပါကလားလို့ နှလုံးသွင်းမိတော့တာပဲဟေ့”

“အလည်လုပ်တာကိုး တော်ရဲ့”

“အိုမင်းရွတ်တွ ဖြစ်နေလို့ ကြည့်ချင်စရာ ရှုချင်စရာ မကောင်းရတဲ့အထဲမှာ ဒေါသဘီလူး ပူးကပ်နေတော့ ညည့်မျက်နှာကို မှန်ထဲမှာ ကြည့်စမ်း။ တကယ့် ဘီလူးပဲ”

“တော်က သူတို့ မတရား လာတောင်းတာ ပေးစေချင်တယ်ပေါ့”

ရီးဆေးရိုး သက်ပြင်းချမိသည်။

“ကိုယ့်စိတ် ကိုယ့်ဆန္ဒအရတော့ မပေးချင်ဘူးပေါ့ဟာ။ နွားနဲ့ ဖက်ရုန်းပြီး ကိုယ်လုပ်ထားရတာကလား။ ဒါပေမဲ့ တစ်ဖက်ကလည်း ပြန်ပြီးစဉ်းစားရသေးတာကိုး။ အောက်က ရေက ပူ၊ အပေါ်က နေက ပူတဲ့ အထဲမှာ ကောက်စိုက်မခမျာများ ကောက်စိုက်ရရှာတာပါကလား၊ ခမျာများ စိတ်ပျော်ရွှင်စရာ အမောပြေစရာ ဆိုလို့...”

“အပေါ်ပူ အောက်ပူနဲ့ ကျုပ်လည်း ကောက်စိုက်လာခဲ့ရတာပါပဲ တော်ရဲ့။ လော်စပီကာဝေးလို့ ဓာတ်စက်တောင် နားမထောင်ခဲ့ရပါဘူး”

ရီးကျီးဒန်သည် ချက်ခနဲ ချေပ၏။ ဤသည်ကို ရီးဆေးရိုးက ထန်းပင်မြစ်ထောင်း တမြုံ့မြုံ့ဝါးရင်း ခေါင်းယမ်းပြသည်။

“ညည်းတို့ စိုက်တဲ့အချိန်တုန်းက ကောက်ကွက်က အပြဲကြီးတွေ။ စပါးအထွက်က တစ်ဧကမှ သုံးလေးဆယ်”

“အခုလည်း လူတိုးချရတာကကော”

“ဒီပုံဆိုရင် ရှေ့နှစ်ခါ ညည့်လယ်ကို ကောက်စိုက်မ ငှားလို့ရမယ်၊ အားကြီးရမယ်။ စောင့်နေ”

ရီးကျီးဒန်အား သည်စကားဖြင့် အနိုင်ကိုင်နိုင်မည် ရီးဆေးရိုး ထင်မှတ်ငြား ဖြစ်မလာခဲ့ချေ။

“ကောက်စိုက်စည်း ငှားလို့ မရဘဲ နေကြည့်ပါ လား၊ ငမောင်တို့ စိုက်ကြပ်ကော်မတီကို သွားတိုင်လိုက်မှာပေါ့ ဟင်း”

ရီးဆေးရိုး မောသွားဟန်ဖြင့် အေးနေသော ရေနွေးကြမ်းကို ငှဲ့သောက်ပြီး ထရပ်သည်။ ခေါင်းပေါ်မှ ပြာမှုန်များကို ခါသည်။ နွားတင်းကုပ်ဘက်သို့ သွားရန် ခြေလှမ်းပြင်ပြီးမှ ပြန်ရပ်သည်။

“ညဉ့်နက်သန်းခေါင် အားမနာလျှာမကျိုး ဖွင့်ဖွင့် နေလို့ အသံချဲ့စက်ကို ငါလည်း စေတနာ မရှိပါဘူး။ ဒါပေမဲ့ စည်းခေါင်းနဲ့ တို့နဲ့ မျက်နှာပျက်ရမှာတော့ မကောင်းပါဘူးဟာ”

“တော်က မယ်ရှင်ကို စေတနာပိုမှာပေါ့။ ဟင်း... ဟင်း ကျုပ် မသိဘဲနေပါ့မလားတော်”

ရီးဆေးရိုးမှာ ခေါင်းမွေးတွေ ထောင်သွားသည် ထင်ရ၏။ မယ်ရှင်နှင့် ငယ်စဉ်က ဘာလိုလို ဖြစ်ခဲ့ခြင်းကို ပြန်လည်ဖော်ထုတ်ကာ သမုတ်ခြင်းသာဖြစ်သည်ဟု နားလည်လိုက်သည့်အတွက် မျက်နှာလည်း ထူပူသွား၏။

“တော်ဟေ့ မဟုတ်တာတွေလာမပြောနဲ့” ဟု တစ်ဆက်တည်း အော်မိသည်။ အော်မိပြီးကာမှ ‘ငါ ဒေါသထွက်သွားပါကလား’ ဟု သတိရသည်။

“သူ့ထိတော့ နာတတ်လိုက်တာပါကလား” 

သည်စကားကြောင့်လည်း ရီးဆေးရိုးမှာ မျက်လုံး မီးတောက်မတတ် ဖြစ်ရကာ ချာခနဲ လှည့်ကြည့်သည်။ သို့သော် ငေါက်ငမ်းဆဲရေးရန် ပါးစပ် ဟပြီးမှ အချိန်မီ သတိချုပ်၍ ချာခနဲ လှည့်ထွက်ခဲ့သည်။ 

“မတော်ဘူး မတော်ဘူး။ ဒေါသဖြစ်နေတဲ့ လူကို ဖျောင်းဖျမယ်ဆိုတဲ့ လူကပါ ဒေါသဖြစ်နေရင် လူ ရယ်စရာ ကောင်းနေပြီ”

ရီးဆေးရိုးသည် ရွာပြင်သို့ သွက်သွက်လှမ်းလာ၏။ ဓာတ်ပေါင်းစုစေတီကို ထုံးအဖွေးသားနှင့် ဖူးမြင်သာသော နေရာရောက်မှ ရပ်လိုက်သည်။ စေတီတော်မှ တစ်လုံးတည်းသော ဆည်းလည်းသည် တညင်ညင်တနွဲ့နွဲ့ လှုပ်ခါလျက် ရီးဆေးရိုးအား ဆုံးမနေဘိသို့ ရှိ၏။

“ကျီးဒန် ဒေါသဖြစ်နေတာကိုတော့ ကြောက်စရာကောင်းတယ် ပြောပြီး ငါ့ကျတော့ကော... ငါကျတော့ကော...”

ရီးဆေးရိုးသည် စေတီတော်ခြေရင်းသို့ ဒေါသ ပြေစင် မာန်လျှော့သည့် မျက်နှာဖြင့် ချဉ်းကပ်သွားလေ၏။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ကျောင်းဖွင့်ချိန်


❝ ကျောင်းဖွင့်ချိန် ❞
   ▢  ကိုလေးမြတ်

ဝမ်းလည်း သာပါရဲ့။ စိတ်လည်း ညစ်ပါရဲ့။

ဝမ်းသာတာက ကျုပ်တို့ ရွာလေးမှာ မူလတန်းကျောင်း ဖွင့်လှစ်ခွင့် ရရှိလို့ပါပဲ။ စိတ်ညစ်တာက မူလတန်းကျောင်း ဆောက်ဖို့ အတွက် ကျုပ်တို့ မိသားစုက အလှူငွေ ငါးရာကျပ် ထည့်ဝင်ရမယ်တဲ့။ စေတနာတော့ ရှိရဲ့။ လက္ခဏာ မရှိတာ ခက်တယ်။

ဆရာတော် ဦးအာသဖ ကတော့ ကျောင်းဖြစ်မြောက်ဖို့ အတွက် အားတက်နေလိုက်တာ။ သူ့ကျောင်းမှာ ရှိတဲ့ စာသင်ခုံတွေ၊ ဘောကြီးတွေလည်း လွှဲပြောင်းပေးမယ်တဲ့။ ကျောင်းသူကျောင်းသားတွေလည်း လွှဲပြောင်းပေးမယ်တဲ့။ ဘုန်းကြီးကျောင်း မြောက်ဘက်က ကုန်းမြင့်လွင်ပြင်မှာ စာသင်ကျောင်း ဆောက်ဖို့ မြေနေရာပဲတဲ့။

ကျောင်းအုပ်က ဆရာမ ဖြစ်ရင်တော့ ရွာက တစ်အိမ် တစ်လှည့် ထမင်းကျွေးကြရမယ်တဲ့။ ဆရာ ဖြစ်ရင်တော့ ငါ့ကျောင်းမှာ တာဝန်ယူထားမယ်တဲ့။

ကျောင်းက သွပ်မိုး၊ အုတ်ပတ်ကား၊ ဒါမှမဟုတ် ပျဉ်ကာ၊ သမံတလင်းခင်း၊ ဆင်ဝင်ခေါင်းနှစ်လုံးနဲ့ ခုနစ်ပင်တည် ခြောက်ခန်း၊ လေးပင်တည် သုံးခန်း ဆောက်လုပ်မယ်တဲ့။

ရွာက လူကြီးတွေနဲ့ စာရေးတို့ကို အိမ်ထောင်စု စာရင်းနဲ့ အိမ်ထောင်ခွဲ စာရင်းတွေ မေး။ ကျောင်းအတွက် ခန့်မှန်းခြေ တွက်ချက်ကြ။ အိမ်ထောင်ကြီး ငါးရာကျပ်၊ အိမ်ထောင်ခွဲ သုံးရာကျပ်။ တစ်ပြိုင်တည်း ထည့်ဝင်နိုင်ရင် ထည့်ကြ။ မထည့်နိုင်ရင် ခွဲပြီး ထည့်ကြ။ နှစ်လအတွင်း အပြတ်ထည့်ဖို့တော့ လိုတယ်တဲ့။ တကယ်ပဲ အစည်းအဝေး တစ်ကြိမ်တည်းခေါ် တစ်ကြိမ်တည်း ဆုံးဖြတ်။ ငှက်ပျောသီး အခွံ နွာရတာမှ ခက်ဦးမယ်။

အိမ်ကဟာမ မိငွေ ကတော့ မူလတန်းပညာလေးနဲ့ ဘာလုပ်စားလို့ ရမှာလဲတဲ့။ စာတတ်တော့လည်း ဘာဖြစ်မှာလဲ။ စာမတတ်တော့လည်းဘာလုပ်မှာလဲ။ အရွယ် ရောက်လာရင် ကျောက်ထု ရမှာ ထုရမှာပါပဲတဲ့။

သူ ပြောတာလည်း ဟုတ်သလိုလိုတော့ ရှိသား။ ကျုပ်တို့ ရွာမှာ အလယ်တန်းပညာ တတ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဘုန်းကြီးကျောင်းထွက်၊ တောင်ရွာ မူလတန်းကျောင်းထွက် ဒါပဲ ရှိတာ။ တောင်ရွာ မူလတန်းကျောင်းထွက်တောင် လက်ချိုးရေလို့ ရတယ်။ အဲ... မိငွေ ပြောသလို အရွယ်ရောက်လာရင် ကျောက်ထုရတာပဲ မဟုတ်လား။

အေးလေ ဘာတတ်နိုင်ပါ့မလဲ။ ဆရာတော်နဲ့ ရွာကလူကြီးတွေ ကောင်းတယ်ထင်လို့ စီမံကြတာပဲ။ နာခံရမှာပေါ့။ မိငွေ ကိုတော့ ပြောရသေးတယ်။ ကျောက်ငရုတ်ဆုံ ဈေးကောင်းပါစေ လို့သာ ဆုတောင်းဟာလို့။

စာရူး၊ ကဗျာရူး ရွာ စာရေးကလည်း တမှောင့်။ ကျောင်းဖွင့်ပွဲကျရင် မြို့က ဇာတ်အဖွဲ့ မငှားဘဲ အရပ်ဇာတ် ကမယ်လို့တဲ့။ လူငယ်ထု အားလုံးကလည်း ညီလို့ ညွတ်လို့။ ကျောက်ထုရာမှာလည်း သီချင်း တကြော်ကြော်။ ထန်းတက်ရာမှာလည်း သီချင်း တကြော်ကြော်။ စိတ်ကူးပြီး ပျော်နေကြတာလေ။ ဇာတ်ကလည်း ကောင်းမှာ သေချာပါတယ်။ ငွေအများဆုံး ထည့်ဝင်တဲ့ သူက ပြဇာတ်မင်းသား တဲ့။ မှတ်ကရော။

••••• ••••• •••••

ဟောဗျာ.. သွပ် ကလည်း ကုန်သည် ဆီက ဝယ်ရတာလား။ သစ် ကလည်း ကုန်သည် ဆီကပဲ ဝယ်ရမှာတဲ့။ ဈေးတွေကလည်း မြင့်တက်နေလိုက်တာ ခေါင်ခိုက်ရုံတင် မကဘူး။ ခေါင်ကိုတောင် ဖောက်ထွက် တက်သွားနေပေါ့တဲ့။ ကျုပ်တော့ အ,တယ်လို့ ပြောပြော န,တယ်လို့ ထင်ထင် ခုမှပဲ ကိုယ်ထူ ကိုယ်ထ ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်တော့တယ်ဗျာ။

သမံတလင်း ခင်းဖို့ မှန်ကျောက်တို့၊ အုန်းကျောက် တို့ကိုလည်း ဝယ်မနေတော့ဘူးတဲ့။ မကုန်သင့်တာ မကုန်အောင် ချွေတာရာလည်း ဖြစ်တယ်တဲ့။

တစ်အိမ်ထောင်ကို မှန်ကျောက် ငါးချပ်နဲ့ အုန်းကျောက်ဆယ်လုံးစီ ထည့်ကြရမယ်တဲ့။ ပြီးတော့ ကျောင်းအတွက် ငွေလိုရင်လည်း ထပ်ပြီး ထည့်ဝင်ရဦးမယ်တဲ့။

ဒီတော့ စားတာကို ဖြစ်သလို စားကြ၊ ဝတ်တာကို ဖြစ်သလို ဝတ်ကြ။ ကျောင်းကိုတော့ မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဆရာတော်က အားမာန် အပြည့်နဲ့ မိန့်မြွက်လိုက်တယ်။ မျက်ခုံးတွေ လှုပ်လိုက်ပါဘိတော့။

ကဲ... မရွှေငွေရ ပြောင်းထမင်းကို ဆီဆမ်းပြီး ရေနဲ့ မျှောချလိုက်ကြစို့ရဲ့။ ငါလည်း ပုဆိုးပဲကို ခါးတောင်းကျိုက် နေလိုက်တော့မယ်။ ညည်းလည်း အင်္ကျီ မဝတ်ဘဲ ထဘီရင်လျားနဲ့သာ နေပေရော့။ ကျောင်းကြီး ဖြစ်မြောက်ပြီးမှ ဆန်ထမင်းနဲ့ ဝက်သား အတိုးချ စားကြတာပေါ့။ အိမ်မှာနေလည်း ဘုရားပွဲ သွားကြသလို အဝတ်အစားသစ်တွေ ဝတ်နေကြတာပေါ့။

ရွာက လူကြီးတွေလည်း အပင်ပန်းခံ ရှာကြသား။ ဥပုသ်နေ့တိုင်း ရွာထဲ လှည့်ပြီး ငွေကောက်ခံကြတယ်။ ကျုပ်က တစ်ပတ်ကို ခြောက်ဆယ့်ငါးကျပ် ထည့်ဝင်ရမယ်တဲ့။ ရှစ်ပတ်ထိ ထည့်ရမယ်။ နောက်ဆုံး အပတ်ကျ လေးဆယ့်ငါးကျပ် ထည့်ရမယ်။ ဒါဆိုရင် ကျုပ် ထည့်ဝင်ရမယ့် ငွေ ငါးရာကျပ် ပြည့်ရောပေါ့။

တစ်ပတ်ကို ခြောက်ဆယ့်ငါးကျပ်ဆိုတာ နည်းတဲ့ ငွေလား။ မတတ်နိုင်ဘူး။ မရှိရင် ကျော်သောင်း ဆီက ယူပြီး ထည့်လိုက်ရုံပေါ့။

ကျော်သောင်း ဆိုတာက ကျောက်ငရုတ်ဆုံ၊ ကျောက်ကြိတ်ဘီး ဝယ်ရောင်းလုပ်ကိုင်တဲ့ သူလေ။ ကျုပ်က ကြိတ်ဘီးရလည်း ကြိတ်ဘီးပေါ့။ ကျောက်ငရုတ်ဆုံ ရရင်လည်း ရသလောက် ကျော်သောင်းဆီ သွင်းရတယ်။ သူ့ဆီက ဆန်၊ ဆီ၊ ဆားကအစ အပ်အထိ လိုအပ်တာ ယူစား ယူသုံးပေါ့။ တစ်ပတ်နေမှ ကျုပ် သွင်းတဲ့ ကျောက်ဖိုးတွေနဲ့ သူ့ဆီက ယူစားတဲ့ ဆားဖိုး၊ ဆီဖိုး တွက်ချက်ပြီး စာရင်း ရှင်းတယ်။ လိုရင် စာရင်း မှတ်ထား။ ပိုရင်တော့ ငွေရတာပေါ့။ လိုတာနဲ့ ပိုတာ ပိုတာက တစ်ခါ၊ လိုတာက ဆယ်ခါ ထင်ပါရဲ့။ စာရင်းရှင်းတာက ကျုပ်အလုပ် မဟုတ်ဘူးလေ။ မိငွေရဲ့ အလုပ်။ အိမ်က ဟာမက စာသာ မတတ်တာ၊ စာရင်းရှင်းတဲ့ နေရာမှာတော့ အတော် ကျွမ်းကျင်တယ်။

••••• ••••• •••••

ဟော... မောင်းထုသံ ကြားတယ်။ ကျောက်ဆစ်တာ ရပ်ပြီး သွားမှ။ ဆရာတော်က အရေးအကြောင်း ရှိရင်၊ လူစုရင် ဆွမ်းတော်ကြီး လှည့်ရာမှာ အသုံးပြုတဲ့ မောင်းကြီးကို ထုတော့တာပဲ။ လေအလှည့် မသင်လို့ မောင်းသံ မကြားလည်း တစ်ယောက်စကား တစ်ယောက်နားနဲ့ ရွာကလေး ဇနပုဒ် ပျံ့သွားတာပေါ့။ ဆရာတော်က အရွယ်မရွေး ကြိမ်နဲ့ ဆော်တတ်တယ်။

ကားကြီး တစ်စီးနဲ့ သစ်သားတွေ ရောက်နေတာကိုး။

ဟူး... ပင်ပန်းလိုက်တာ။ သစ်ချရတာ ကျောက်ထုရတာထက် ပင်ပန်းသေး။ အလှူမဏ္ဍပ် ဆောက်တာမှ မဟုတ်ဘဲ။ ရွာဘုံကိစ္စ လုပ်ကိုင်ရတာ ဆိုတော့ ရေနွေး မသောက်ရ၊ ဆေးလိပ် မသောက်ရ။ တော်ပါသေးရဲ့ ရေအဝ သောက်ကြရလို့။

သွပ်တင်လာတဲ့ ကား ရောက်လာတော့လည်း ဝိုင်းဝန်းချရတာပဲ။ ဒါတွေက ကိစ္စ မရှိပါဘူး။ အလုပ် ခဏသာပျက်တာ။

ဒုတိယအခေါက် သစ်သား လာချတဲ့ ကားက လမ်းမှာ ပျက်လို့တဲ့ နွားလှည်း ရှိတဲ့ သူတွေက နွားလှည်း အင်အား၊ လူသာ ရှိတဲ့သူက လူအင်အား။ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ် လိုက်ပြီး ပြောင်းသယ်ကြရတာ။ ကားက ကျုပ်တို့ နွားလှည်း ပြောသလို ပြောရရင်တော့ လှည်းဝင်ရိုး ကျိုးတာပါဗျာ။

ရွာအဆက်ကလည်း မနီး။ ရေရှိတဲ့ နေရာနဲ့လည်း အလှမ်းဝေး။ နေကလည်း ပူ။ ကားပေါ်ကနေ လှည်းတွေပေါ် တင်။ လှည်းပေါ်က ပြန်ချ။ အဲဒီနေ့က ပင်ပန်းသလား မပြောနဲ့။ လူသေနံ့တောင် သင်းလာသလား အောက်မေ့ရတယ်။ ပြီးတော့ အလုပ်လည်း တစ်နေကုန် ပျက်ကရော။

••••• ••••• •••••

ဒီလိုနဲ့ပဲ ကျောင်းတိုင်ထူ ဝိုင်းဝန်းရတာတို့၊ လက်သမားဆရာတွေ ရေနွေးပွဲ ပို့ရတာတို့ ဆိုတာတွေတော့ မပြောတော့ပါဘူး။ ကျောင်းကြီးအားလုံး ဆောက်လုပ်ပြီးစီးသွားတယ် ဆိုပါတော့။

နေရောင်အောက်မှာ သွပ်ရောင်တွေက ဝင်းလက်နေတာပဲ။ မျက်စိကို ကျိန်းစပ်လို့။ သစ်သားနံရံတွေမှာ ရေနံတွေကလည်း ရွှေအိနေတယ်။ အောက်အနားသတ် သမံတလင်းကလည်း သပ်ရပ်ပြီး ကျောင်းနဲ့ ပနံသင့်လိုက်တာ။ ကျောင်းရှေ့က အလံ တော်တင်ဖို့ အုတ်ခုံကလည်း ဝံ့ဝံ့ကြွားကြွား။

ကျုပ်တို့ရွာ အင်အားနဲ့ ခုလို အဆောက်အအုံ ပေါ်ထွန်းလာတာ ဆရာတော်နဲ့ ရွာလူကြီးတွေရဲ့ ကျေးဇူးတရားတွေပေါ့။ ကျုပ်တို့ ရွာသူရွာသားတွေအဖို့ ဂုဏ်ယူစရာ ပြယုဂ် တစ်ခုပေပဲပေါ့။

ကျောင်းအုပ်လည်း ရောက်ရှိလာပြီ။ ကျောင်းဆရာ ဖြစ်လို့ ဆရာတော်က သူ့ရဲ့ စကားအတိုင်း ကျောင်းမှာ နေစေတယ်။ ကျောင်းက ကျွေးတယ်။

ကျောင်းဖွင့်ပွဲရက် နီးလာတာနဲ့ အမျှ ရွာကလေးဟာ လှုပ်စိလှုပ်စိ။ ကျောင်းဖွင့်ပွဲကို မြို့က လူကြီးတွေ ကိုယ်တိုင် လာပြီး ဖွင့်လှစ်ပေးမှာတဲ့။ ဒီတော့ ရွာလူကြီးတွေကလည်း လိုလေသေး မရှိအောင် စီစဉ်ကြ၊ ပြင်ဆင်ကြ။ ပျားပန်းခတ်။

လူငယ်တွေကလည်း ညတိုင်း သီချင်းတိုက်၊ ဇာတ်တိုက် နေကြတော့တယ်။

ကျုပ်တို့လည်း ကျောင်းဖွင့်ပွဲမှာ ကပြမယ့် အရပ်ဇာတ်ကို လာပြီး အားပေးကြတဲ့ ရွာနီးချုပ်စပ်က မိတ်ဆွေတွေကို ဧည့်ခံဖို့ ယမကာတွေ စုဆောင်း၊ မုန့်ပဲသရေစာ လုပ်ကြ။ ပျော်စရာတော့ တစ်မျိုးပေပ။

ကြည့်စမ်း.. ဖဲကြိုးလေးကို ကတ်ကြေးနဲ့ ဖြတ်လိုက်တယ်။ မိုးပျံပူဖောင်းလေးတွေ မိုးပေါ် လှုပ်လှုပ် တက်သွားတယ်။လက်ခုပ်သံတွေလည်း ဆူညံပွတ်ထသွားတာပဲ။ တပင်တပန်း ကျော်ဖြတ် လာခဲ့ကြရတဲ့ ကျောင်းဖွင့်ပွဲကတော့ ချောမောစွာ အောင်မြင် ထမြောက်သွားခဲ့ပြီလေ။

ဆရာတော်က သူ့ကျောင်းက ကျောင်းသားတွေကို သူကိုယ်တိုင် တန်းခွဲပြီး ကျောင်းသစ်ဆီ လွှဲပြောင်းပေးတယ်။ ဘုန်းကြီးကျောင်းကို အပ်တုန်းကတော့ ငှက်ပျော တစ်ပွဲ၊ လက်ဖက် တစ်ပွဲနဲ့ပေါ့။ ခု ကျောင်းသစ်မှာတော့ ငှက်ပျော တစ်ပွဲ၊ လက်ဖက် တစ်ပွဲ မလိုတော့ဘူး။ ကျောင်းဝင်ကြေးတဲ့။ ဆရာ- မိဘ အသင်းကြေးတဲ့။ ဘာကြေး ညာကြေး။ ကျောင်းသား တစ်ယောက်ကို တစ်ရာကျပ် ဝန်းကျင် ကုန်ကျတယ်။

လာခဲ့ဦး။ စာအုပ်ဖိုး၊ ခဲတံဖိုး၊ ပြီးတော့ တနင်္လာနေ့နဲ့ သောကြာနေ့မှာ အင်္ကျီအဖြူ၊ ကျောင်းလုံချည်စိမ်း တူညီဝတ်စုံ ဝတ်ရမှာ ဆိုတော့ ကျောင်းဝတ်စုံလည်း ချုပ်ရဦးမယ်။

မိငွေ ကတော့ ကျောင်းဝင်ကြေး၊စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုး ပြည့်စုံမှ သူ့သားကို ကျောင်းအပ်၊ ကျောင်းထားတော့မယ်တဲ့။ လောလောဆယ်တော့ သူနဲ့ ငရုတ်ကျည်ပွေ့ခေါက် ခေါ်သွားနေလေရဲ့။

ဓာတ်တုတ် ကလည်း ကျုပ်သား ဆိုးပေနဲ့ ရွယ်တူ သူ့သား နီတွတ်ကို မြူအိုးကောက် ခေါ်သွားနေတယ်။ ဓာတ်တင် ကလည်း သူ့သမီး အေးကြည်မကို ဆိတ်ကျောင်းပဲ ခိုင်းနေတော့တယ်။

အောင်မယ်၊ သူတို့ကလည်း မိငွေနဲ့ တိုင်ပင်ထားကြသလား မပြောတတ်ဘူး။ ကျောင်းဝင်ကြေး၊ စာအုပ်ဖိုး ပြည့်စုံမှ ကျောင်းအပ်၊ ကျောင်းထားကြမယ်တဲ့။

ဘယ်သော ကာလမှ ပြည့်စုံကြမလဲ ဆိုတာတော့ မပြောတတ်ဘူး။

လောလောဆယ် အချိန်မှာတော့ ကျောင်းအနီးက ဖြတ်သွားမယ် ဆိုရင် ကျောင်းအုပ်ဆရာကြီး တစ်ယောက်တည်း စာထိုင်ဖတ်နေတာကို တွေ့ကြရရဲ့။ တစ်ခါတလေ စားပွဲပေါ် လက်ခု၊ ခေါင်းချပြီး မှေးနေတာလည်း မြင်ကြရရဲ့။ တစ်ခါတလေ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် မဟုတ်ဘဲ ကျောင်းအုပ်ဆရာကြီး မြို့ကို ကျောင်းကိစ္စ အတွက် ပြန်သွားလို့တဲ့ ကျောင်းကြီးကို ပိတ်လျက်သားလည်း တွေ့ကြရရဲ့။

ဘယ်သော ကာလမှ စာသင်တာ၊ စာအံသံ မြင်ကြရ၊ ကြားကြရမလဲ ဆိုတာ မပြောတတ်ဘူး။

▢  ကိုလေးမြတ်
📖 ကလျာ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၁၅