❝ ခံစစ် ❞
▢ အိုအေစစ် ( မအူပင် )
တိုးမောင် မိန်းမခိုးသွားပြီတဲ့။ မိုးလင်းကတည်းက ရပ်ကွက်ထဲမှာ ဒီသတင်းကို လှကလေး ကြားနေရတာ။ နားတွေလည်း ပူလို့။ အားမနာ ပါးမနာ မေးလိုက်ကြ၊ စပ်စုလိုက်ကြနဲ့ ကြာတော့ လှကလေး အပြင်တောင် ထွက်ဖို့ အတော့်ကို လန့်လာတယ်။ သတင်းကလည်း ပူပူနွေးနွေး သတင်းဦး သတင်းဖျား ဖြစ်နေတယ်။
လူတွေများလည်း ခက်လှတယ်။ ဟုတ်တော့လည်း ဘာထူးသလဲ။ တိုးမောင် မိန်းမခိုးတယ် ဆိုတဲ့ ကိစ္စဟာ ကမ္ဘာကြီးပျက်တဲ့ ကိစ္စလောက်များ အရေးပါသတဲ့လား။
တိုးမောင် မိန်းမခိုးလာတာ သူ့အသက်တောင် မီတော့မယ် မဟုတ်လား။ ပြီးတော့ ဒီကိစ္စဟာ လှကလေးတို့ အတွက် ဘယ်တုန်းကများ ထူးဆန်းခဲ့ဖူးလို့လဲ။
“ကျုပ်တို့က ညည်းချစ်လို့ မေးရတာပါအေ။ ညည်းမလည်း မလွယ်ပါလား လှကလေးရယ်။ ဘယ်လို သန္ဓေဗီဇနဲ့ ယောက်ျားများ ရထားပါလိမ့်။ ညည်း ဝဋ်ကြွေးကိုက ကြီးတာပါ”
“မမစိန် ယူမှာဖြင့်လည်း ယူပါတော်။ ကျွန်မ ရှေ့ဆက် လည်ရောင်းရဦးမယ့် အိမ်တွေ ကျန်သေးလို့ မယူရင်လည်း သွားပါရစေ”
“ဟဲ့ ဟဲ့ အမယ်လေး တကတဲမှပဲအေ။ ဒါလေး မေးတာများ ဖြစ်နေလိုက်တာ။ ညည်းဘက်က ပြောတာပါအေ့။ ယူမယ် ယူမယ်၊ အဲဒီ မုန်လာနှစ်တွဲ ထားခဲ့”
မတတ်သာလွန်းလို့သာ ကိုယ့်ဘဝနဲ့ကိုယ် လှကလေး ဈေးတောင်း ခေါင်းရွက်ထွက်ရတာ။ ရပ်ကွက်ထဲ လုံးဝ မထွက်ချင်ဘူး။ လူတွေ တော်တော့်ကို စပ်စပ်စုစု နိုင်လွန်းတယ်။ အားနာရကောင်းမှန်းလည်း မသိတတ်လိုက်ကြတာ လွန်ပါရဲ့။ ဈေးတောင်း ခေါင်းရွက်ပြီး လှကလေး သုတ်ခနဲ ထွက်လာခဲ့တယ်။
ဘယ်နှအိမ်မြောက်မှာ ဘယ်နှယောက် ထပ်စပ်စုဦးမလဲ တွေးရင်း ဈေးရောင်းချင်စိတ်ပါ ကုန်သွားတယ်။ အရင်းတောင် မရသေးတဲ့ ဟင်းသီးဟင်းရွက်တောင်းကို ရှေ့ဆက် မရောင်းတော့ဘဲ ခေါင်းပေါ်ရွက် အိမ်တန်းပြန်ခဲ့မိတယ်။ အေးရော။ ဘာမေးမေး မဖြေချင်ဘူး။ လူတွေ စပ်စုသမျှ အစပ်စု မခံချင်တော့ဘူး။
မထူးဘူး ဆိုပေမဲ့လည်း လှကလေးရဲ့ အတွင်းစိတ်မှာတော့ လူမသိ သူမသိ ထူးရပြန်ရှာတဲ့ ကိစ္စပါပဲ။ ထူးဆို သင်းက လှကလေးရဲ့ ယောက်ျားပဲ မဟုတ်ဘူးလား။ မတွေးချင်လည်း တွေးရမှာပါပဲ။ မရောင်းရလို့ ဟင်းသီးဟင်းရွက်တောင်းကြီးသာ ပုပ်ချင် ပုပ်သွားလိမ့်မယ် လှကလေးအတွက် သင်းက လွယ်လွယ်ကူကူ ပုပ်အဲ့သွားမယ့် သက်မဲ့ ဟင်းသီးဟင်းရွက်မျိုးမှ မဟုတ်တာ။
••••• ••••• •••••
လှကလေး မွေးကတည်း ဒီလို မြို့ကြီးပြကြီးဆိုတာ မြင်တောင် မြင်ဖူးတဲ့သူ မဟုတ်ဘူး။ တောမှာမွေး တောမှာကြီး ထုံထုံအအ၊ နုံနုံအအ။ ဒီလိုနဲ့ပဲ သင်းကိုမှ ကြမ္မာက တည့်တည့်တိုး ပေးလိုက်တာ။ လှကလေးတို့ ရွာမှာ ဆည်မြောင်း တူးဖော်ရေးစီမံကိန်း ဆိုလား လုပ်ငန်းဆိုလား ကျလာတယ်။ မမြင်ဖူး မတွေ့ဖူးတဲ့ မြေတူး မြေကော်စက်ကြီးတွေ၊ ဂေါ်ကြီးတွေ မီးခိုး တလူလူ ဆူညံလို့ပေါ့။
စက်ဆရာတစ်ယောက်ရဲ့အကူ ခေါ်မယ် ထင်ရဲ့၊ သင်းကလည်း ပါလာတယ်။ စက်ကလေး ကူမောင်းလိုက်၊ ရှိုးကလေး ထုတ်လိုက်။ ဘာရယ် မဟုတ်ဘူး မြင်ပါများတော့ ငြိလာတယ်။ စီမံကိန်း ဆိုတာကလည်း ကြာသကိုး။
လှကလေးတို့ရွာ သင်း ရောက်ပြီး ဘာမှ မကြာဘူး၊ သင်း ရုပ်ရည်ကလေးနဲ့ သင်း အပြောမှာ လှကလေး ပင့်ကူအိမ်မှာ မိတဲ့ ပိုးဖလံ ဖြစ်တော့တာပဲ။ ချစ်ကလည်း ချစ်လွန်းမိပြန်တော့ မခွဲနိုင် မခွာရက် အသည်းစိုင် ကမ္ဘာပါ ပျက်ရမတတ်ပေါ့။ လူမှန်း သိတတ်စ ကတည်းက လှကလေး မိရယ်ဖရယ် ရှိရှာတာ မဟုတ်ဘူး။ သင်းလည်း ပြန်တော့မယ် ဆိုရော တစ်သက်လုံး ကျွေးမွေးပြုစု စောင့်ရှောက်လာတဲ့ အဒေါ်အရင်းခေါက် ခေါက်ကြီးရဲ့ ရင်ကို ခြေစုံကန် သင်းနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တော့တာပဲ။
ဘဝဆိုတာ ဆန်းကြယ်တယ်။ လှကလေး တစ်သက် တောသူတောင်သားဘဝ ရွှံ့ထဲဗွက်ထဲ၊ လယ်ထဲယာထဲ ကောက်စိုက်ပျိုးနုတ် ဒီအလုပ်တွေပဲ တတ်ရှာခဲ့တာ။ သင်း နောက်လိုက် သင်းနဲ့အတူ မြို့ ဆိုတဲ့ နေရာလည်း ရောက်ရော ဘဝက တစ်မျိုးတစ်ဖုံ ပုံစံ ပြောင်းရတော့တာပဲ။ သင်းက တစ်ကောင်ကြွက်သမား။ ဘာမှ မှီစရာ တွယ်စရာရယ် ရှိခဲ့တာ မဟုတ်ဘူး။
အစကတော့ လှကလေးမှာ အပင်ပန်းခံနိုင်တဲ့ အရည်အချင်းမျိုးပဲ ရှိတာကလား။ မြို့စရိုက်၊ မြို့အလုပ် ဘာတစ်ခုမှ မတတ်ဘူး အရှင်း။ သင်းက သင်တော့ သင်ပေးရှာခဲ့သား။ ကလေးနှစ်ယောက် အဖတ်တင်ပြီး တောအပြောလေးနဲ့ ပြောရမယ်ဆို မြို့သူကြီးလုံးလုံးကို ဖြစ်ရောဆိုတဲ့ အချိန်မှာ လှကလေး ဈေးတောင်း ခေါင်းရွက် ရောင်းတတ်ပြီ။ တောအလုပ်ထက် အများကြီး သက်သာတယ် ဆိုမလား၊ သူများ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ရတဲ့ အလုပ် ဆိုလား သင်းပြောတာပဲ။
••••• ••••• •••••
ဒီအထိတော့ ပြဿနာ မဟုတ်ဘူး။ လှကလေး လုပ်နိုင်ကိုင်နိုင်၊ ကျေနပ်နေနိုင်တာပဲ။ သင်းက ဘယ်အလုပ်မျိုးကိုမှ အကြာကြီး မလုပ်တဲ့ လူသား။ ဆိုက်ကား တက်နင်းတယ် ခဏပဲ၊ ပန်းရန် ဝင်လုပ်တယ် ခဏပဲ။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့သာ အချိန်တွေ ကုန်သွားတာ။ ဘယ်အလုပ်မှ သင်းမူ ပိုင်အလုပ် ရှိမလာဘူး။ ပြောရစတမ်းဆို လှကလေးက တိုက်စစ်မှူး၊ လှကလေးသာ ခံစစ်။
တစ်အိမ်ထောင့်တာဝန် လှကလေး မညည်းမညူ လုပ်နိုင်ကိုင်နိုင် ထိန်းသိမ်းနိုင်ပါတယ်။ သင်းဆိုတာ အဖြစ်သက်သက်ပဲ။ သို့ပေမဲ့ လှကလေး မငြူစူပါဘူး။ မကျေမနပ်ရယ်လည်း မဖြစ်မိခဲ့ပါဘူး။ ကလေး နှစ်ယောက်လည်း ရုန်းကန်လှုပ်ရှား ကျင် လည်နေရင်း အဖတ်တင်ခဲ့ပြီ။ ကိုယ့်ယောက်ျားဟာ ကိုယ့်ယောက်ျား၊ လှကလေး အတွက် ဒီထက် မပိုဘူး။
အစတော့ မကြုံစဖူး ကြုံရခဲ့လို့ လှကလေး ခံစားလိုက်ရတာ ပြောမပြတတ်တော့ပါဘူး။ သင်း ပွဲရုံ တစ်ခုမှာ ကုန်ကားမောင်းတဲ့ အလုပ်ကလေး တစ်ခု ရတယ်ဆိုတော့ ဝမ်းသာမိတာပေါ့။ ပထမတော့ သင်းပေးတဲ့ လုပ်အားခကလေးတွေ စုတန် စု၊ သုံးသင့်တန် သုံး လှကလေး ကိုယ်တိုင် ဈေးတောင်း ခေါင်းပေါ်က ချတာလည်း မဟုတ်တော့ အဆင်ပြေလှပေသားလား။ ဘာကြာလိမ့်မတုံး။ အလွန်ကြာလှ ငါးလတောင် ပြည့်လိမ့်မယ် မထင်ပါဘူး။ သင်း အိမ်ပြန်မလာတော့ဘူး။ မိန်းမ ခိုးပြေးသွားသတဲ့။ ကြားရတဲ့ သတင်း ကိုယ့်နား ကိုယ်တောင် မယုံခဲ့ပါဘူး။ အလုပ်ရှင်ရဲ့သမီးကို ခိုးပြေးသွားသတဲ့။ သင်းမှာ ရုပ်ကလေး တစ်ခု ပြစရာရှိတာ ဘယ်လို မိန်းကလေးမျိုးက ဒီလောက် မိုက်လိုက် လှသလဲ လှကလေး မတွေးတတ်အောင် ဖြစ်ခဲ့ရတယ်။
“တရားစွဲမယ်၊ အမှုဖွင့်မယ်၊ ထောင်ချမယ်။ ဖြားယောင်းသွေးဆောင်မှု၊ လိမ်လည်လှည့်ဖြားမှု၊ ခိုးယူပေါင်းသင်းမှု အို... ညည်းလင်ဆိုတဲ့ အဲ့ဒီကောင် တစ်သက်တစ်ကျွန်း မကျတော့ ကြိုက်သလို ပြော။ ညည်း ဒီကိစ္စမှာ ကြံရာပါ မဖြစ်ချင်ရင် ညည်းလင်ကို ချက်ချင်းရအောင် ပြန်ခေါ်ပေး။ အေး မရရင်တော့ ညည်းပါ ထောင်နန်းစံရပြီမှတ်”
ကောင်မလေးရဲ့ မိဘဆိုသူတွေ ရပ်ကွက်ထဲ အထိ လိုက်လာပြီး လှကလေးတို့ သားအမိ သုံးယောက်ကို ရစရာမရှိအောင် ပြောဆို ကြိမ်းမောင်းသွားလိုက်တာ တကယ့် တိရစ္ဆာန်လေးတွေ အတိုင်း။ လှကလေး ဘာတတ်လဲ။ ပါးစပ်ကလေး အဟောင်းသား၊ မျက်လုံးကလေး အဝိုင်းသား၊ ကြောက်ကလည်း ကြောက်နေမိတာကိုး။ သင်း ဘယ်လို ပုံစံမျိုးနဲ့ ဒီလိုကိစ္စကြီးကို လုပ်သွားခဲ့တယ် ဆိုတာကိုသာ စဉ်းစား မရတာပါ။ မပြောတတ် ပြောတတ် ပြောရရင် အသည်းကလေးများဖြင့် နာချင်သား။
••••• ••••• •••••
အမှု ဆိုတာကြီးလည်း အတော် ငြိမ်ချက်သာ ကောင်းရော အကြာကြီး ပျောက်နေခဲ့တဲ့ သင်းက ဘွားခနဲ ပြန် ပေါ်လာတယ်။ ကောင်မလေး သူ့အိမ်သူ ပြန်သွားတာ ကြာပြီ ဆိုတာတွေ၊ အမှုအတွက်လည်း ဘာမှ ပူမနေတော့နဲ့ ဆိုတာတွေကိုသာ သင်းက ဘာမှ မဖြစ်တဲ့ ပုံစံမျိုးနဲ့ အသိပေးခဲ့တာပါ။ ထွက်ချင်တဲ့ အချိန်ထွက်၊ ပြန်ဝင်လာချင်တဲ့ အချိန်ပြန်ဝင် သင်းအတွက် ဘာမှ မထူးခြား မပြောင်းလဲ သလိုပါပဲ။ အဲဒီတုန်းကများ လှကလေး ကိုယ် သိချင်တာတွေ ကိုယ် မမေးနိုင်ဘဲ လည်လိမ်ခံထားရတဲ့ ဘဲကြီးလို အုအု အအတောင် တစ်လုံး မထွက်မိခဲ့ဘူး။ မေးချင် မြန်းချင်၊ ပြောချင် ဆိုချင်လိုက်တာ များကတော့ဖြင့် ပါးစပ်ကြီးကို ရွလို့။
လူသိရှင်ကြား မိန်းမ တစ်ယောက်လုံး ရှိပါလျက်၊ ကလေး နှစ်ယောက်တောင် ရှိပါလျက် သင်း ဒီလိုအလုပ်မျိုး လုပ်တဲ့ ကိစ္စဟာ ဒီလောက်အထိ လွယ်ကူပါရဲ့လား။ လှကလေး ရိုးပါတယ် အ,ပါတယ် သို့ပေမဲ့ ဒီကိစ္စမျိုး လုပ်သင့် မလုပ်သင့်၊ ဖြစ်သင့် မဖြစ်သင့် ဆိုတာလောက်ကတော့ တွေးခေါ်နိုင် စွမ်းရည် ရှိပါတယ်။ ခက်တာက လှကလေး မမေးတတ်ဘူး။ ပြောလို့ရယ်လည်း မထွက်ပါဘူး။
ပထမဆိုတော့ တစ်ကြိမ် နောက်တော့ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်။ လှကလေး ကိုယ်တိုင်ဟာ ထုသားပေသား ကျသွားခဲ့ပြီ။ ရိုးတဲ့သူတွေ အတွက်လည်း ရိုးသွားပြီ။ မရိုးသေးတာက သင်းကိုယ်တိုင်။
ဘယ်အချိန် ထွက်သွားရင် ဘယ်အချိန် ပြန်လာပါ့ မလဲဆိုတာ လှကလေး မသိဘူး။ သိချင်လည်း မသိချင်သလို နေတတ်သွားတယ်။ မခံစားရတော့ဘူးလားဆို မဟုတ်ဘူး၊ ခံစားရတယ်။ ဒါပေမဲ့ မခံစားရဘူး။ လှကလေး သိတဲ့ သင်း ပေးတဲ့ ခံစားမှု ဆိုတာက ဒါပါပဲ။
“ငါ နင့်ကို အားနာပါတယ်။ ဒါပေမဲ့ဟာ ဘဝဆို တာ ကိုယ် ထင်မှတ်ထားသလို ဖြစ်မလာတတ်တာတွေ များတယ်ဟ။ နင်လည်း သိပ်မခံစားနဲ့။ ငါ့ကြော င့်ဆိုပြီး ပူမနေစေချင်ဘူး။ နင့်ကို ငါ စိတ်ချတယ်။ ကလေးတွေ အတွက်လည်း နင့်ကို ကျေးဇူးတင်တယ်”
ဘာစကားတွေလဲ၊ ဘာ အဓိပ္ပာယ်တွေလဲ လှကလေး နားမလည်လိုက်ဘူး။ စိတ်ထဲမှာတော့ သူ့ပါးစပ်ကနေ ဒီလို မကြားစဖူး ကြားရဖူးတဲ့ စကားမျိုးမို့ ကြည်နူးသလိုလိုလား ဘာလား ခံစားရတယ်။ ဒီစကားကို သင်း ပြောတုန်းက ထုံးစံအတိုင်း တစ်ယောက်နဲ့ လမ်းခွဲပြီး အိမ်ပေါ် ပြန်တက်လာတဲ့ အချိန်။ အိမ်ဆိုတာလည်း သင်း ပိုင်ဆိုင်ခဲ့တဲ့ အိမ်၊ သင်းအိမ်။ သင်းဆန္ဒ သူ့သဘော၊ လှကလေး မပြောသာပါဘူး။ အမှန်အတိုင်း ပြောရရင် သင်းနဲ့ ပတ်သက်သမျှ ဘယ်မိန်းကလေးကိုမှ၊ ဘယ်မိန်းမကိုမှ လှကလေး မမြင်ဖူး၊ မတွေ့ဖူးခဲ့တာ ဝန်ခံရလိမ့်မယ်။
••••• ••••• •••••
“ကြည်ပြာဆိုတဲ့ မိန်းမက လောင်းကစားချိုး။ ချိုး လိုက်တာမှ ဟိုဘက်တောင် လွန်နေသေးတယ်။ ဒီမိန်းမနဲ့ ဒီအကောင် တွေ့မှ တွေ့တတ်ပါရဲ့အေ။ ကောင်မက အကြွေးတွေနဲ့ ပတ်ပြေးနေတာ မဟုတ်လား။ လင်ကလည်း ဘယ်နှယောက်တောင် ရှိပြီလဲ။ အင်း ဒီတစ်ခါတော့ ဟိုကောင်လူလည် ဒုက္ခလှလှ ရောက်တော့မှာ မြင်ယောင်ပါသေးတယ်အေ”
“ကျွန်မတော့ လှကလေး သနားတာပဲ။ ကောင်မလေး မအူမလည်။ ခက်ပါတယ်။ ကလေးက နှစ်ယောက်၊ လုပ်လိုက်ရတာလည်း ခေါင်းပေါ်က ဈေးတောင်း တစ်ခါမှ မချရဘူး။ ဝဋ်ကြွေးတွေနော်၊ သနားပါတယ်”
အမှတ်မထင် ကြားလာခဲ့ရပြီး ကတည်းက လှကလေး အတွေးတွေ မျိုးစုံနေတယ်။ ဒီသတင်းသာ သေချာရင် သင်း တကယ် ဒုက္ခ ရောက်တော့မှာပဲလား တွေးမိတယ်။ ဒီတစ်ကြိမ်ကျခါမှ တစ် ယောက်တည်း လူမသိ သူမသိ ပူလောင်နေမိတဲ့ ကိုယ့်ကိုယ်ကို လှကလေး သတိထားမိတယ်။ သင်း မိန်းမခိုးသွားတာ တစ်ပတ်တောင် မပြည့်သေး ရပ်ကွက်ထဲ ဒီသတင်းက ပလုံစီနေပြီ။ သင်း ဒုက္ခရောက်မယ့် အဖြစ်မျိုး ဆိုရင်တော့ လှကလေး ပူမိ တာ မဆန်းဘူး ထင်ပါရဲ့။
ကလေးနှစ်ယောက် မျက်နှာ ရှိနေသေးတယ်။ လှကလေး ဆိုတာ သင်းအတွက် အကြောင်းမှ မဟုတ်တာ။ သင်းအတွက် ဂရုစိုက်စရာမှ မဟုတ်တာ။ သင်း ဘယ်တွေ ရောက်နေလိမ့်မလဲ လှကလေး သိနိုင်တာ မဟုတ်။ သို့သော်လည်း ဒီတစ်ကြိမ်တော့ သိချင်လှတယ်။ သင်း မရှိလည်း နေသားကျနေခဲ့တာ မှန်ပါရဲ့။ ဒီတစ်ကြိမ်တော့ မမှန်တော့။ သင်း ကို လှကလေး တွေ့ချင်နေတယ်။ ဒုက္ခရောက်မယ် ဆိုလည်း ဒုက္ခမရောက်မီ သင်းကို သတိပေးချင်တယ်။ တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူး၊ မရှိဖူးတဲ့ ထိုစိတ်ကို လှကလေး အကြာကြီး သယ်ပိုး ခံစားပြီး မနေနိုင်။
“ကြည်ပြာ ဆိုတာ ဘယ်သူတုံး”
မသိတော့ မသိသလို တုံးတိပဲ လှကလေး မေးတယ်။ ပြန်မဖြေဘဲ ရယ်နေလိုက်ကြတာ လူတွေများ ကိုယ်ချင်းစာစိတ် တကယ် မရှိကြတာ။ လှကလေး ဂရုမစိုက်ပါဘူး။ သင်း ဒုက္ခရောက်မယ်ဆိုတဲ့ ကိစ္စကြောင့်သာ မဖြစ်မနေ မေးကြည့် စုံစမ်းကြည့်တာ။ လူတွေက တော်တော်ကို ခက်တယ်။
“လှကလေး ညည်း ကျပ်ရော ပြည့်ရဲ့လားအေ။ အေးလေ ဒါကြောင့်လည်း ညည်းလင်က သူ လုပ်ချင်တာ သူလုပ်၊ ညည်းကို ဖုတ်လေတဲ့ ငါးပိ သဘောထားနေတာကိုး”
“ဖုတ်လေတဲ့ ငါးပိ မကလို့ ငါးခြောက်ပဲဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရတာ၊ မပြောချင်နေ၊ သွားမယ်၊ ဒါပဲ”
လှကလေးကလည်း ရှင်းရှင်းပဲ။ ပြောချင်ရာ တွေ့ကရာ ဘုနဲ့ဘောက် ပြောချ ထားခဲ့လိုက်တာပဲ။ အနောက်မှာ ဝါးလုံးကွဲ ဟားတိုက်ရယ် မောကျန်ခဲ့ကြတာ ကြားမကောင်းဘူး။ ရယ်ကြပါစေ၊ လူတွေက ခက်တယ်ဆိုတာ ဒါပဲ။
••••• ••••• •••••
သတင်းတစ်ခုက ချက်ချင်း ပျံ့နှံ့လာတယ်။ ကြည်ပြာဆိုတဲ့ မိန်းမကို အကြွေးရှင်တွေ ဝိုင်းဖမ်းရင်း ရိုက်ကြထုကြ ပြဿနာ တက်သတဲ့။ ရဲတွေ၊ ဂါတ်တွေပါ ပါပြီး ဆေးရုံပေါ် ရောက်တဲ့သူတွေ ရောက်ကုန်ရှာသတဲ့။ လှကလေး သတင်း ကြားကြားချင်း ခြေတွေလက်တွေ လေးကျသွားတယ်။ ဘုရား ဘုရား၊ သင်း ဘာမှ မဖြစ်ပါစေနဲ့၊ ဆုတောင်းလိုက်မိသေးတယ်။
ဆုတောင်းကလည်း မပြည့်ရှာပါဘူး။ သတင်းလာ ပေးတဲ့သူ ပြောစကားမှာ သင်းလည်း ဆေးရုံပေါ် ရောက်နေရှာသတဲ့။ စိတ်ပူသလား မေးရင် လှကလေး ဘယ်လို ဖြေရမယ်မှန်း တကယ် မသိဘူး။ လိုက်သွားရမှာလား၊ လိုက်မသွားရဘူးလား မဝေခွဲ မဆုံးဖြတ်တတ်ဘူး။ ဒွိဟမျိုးစုံ မေးခွန်းမျိုးစုံနဲ့ လှကလေး ဘာကိုမှ မစွမ်း ဆောင်ပေးနိုင်ရှာတော့ဘူး။
နှစ်ပတ်လောက် ကြာသွားခဲ့တယ်။ လှကလေး ဈေးတောင်းခေါင်းရွက် ရပ်ကွက်တကာ လှည့်ပြီး ပြန်လာတဲ့ တစ်နေ့။ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ လှကလေး ရင်ကို ဆို့တက်သွားခဲ့တယ်။
“ဟေ့ကောင် တိုးမောင် မင်း တစ်လှမ်းမှ မတိုးနဲ့။ မင်းလို ကောင်မျိုးရှိတာ ရပ်ကွက် နာတယ်ကွ။ မင်း အိမ်ပေါ် ပြန်မတက်နဲ့။ ရပ်ကွက်ထဲ ပြန်ဝင်မလာနဲ့ကွာ သွားကွာ သွား သွား”
“ဟေ့ ဟေ့နေကြဦး၊ နေကြဦး။ ဟိုမှာ လှလေး ပြန်လာပြီ”
ခေါင်းပေါ်က ဈေးတောင်း ဘုတ်ခနဲ ပစ်ချတာလား၊ ပြုတ်ကျသွားတာလား လှကလေး မသိတော့ဘူး။ လူအုပ်ကြီး ကြားထဲမှာ ပတ်တီးအဖွေးသားနဲ့ သင်းကိုလည်း လှမ်းမြင်လိုက်ရတယ်။
“တောက်၊ တော်တော် ခက်ပါတယ်ကွာ။ ကလေးတွေ မျက်နှာ၊ လှလေး မျက်နှာကြောင့် ဒီကောင့်ကို စောင့်ကြည့်ရပေါင်း များပြီ။ စိတ်ရှိလက်ရှိ လုပ်ရရင် ဒီကောင် သေတော့မှာပဲ”
“ကဲပါဗျာ စိတ်လျှော့ကြစမ်းပါ။ ကာယကံရှင်တွေ ဖြေရှင်းကြပါစေ။ ကဲ အားလုံး လှလေးရဲ့ သဘောကို မေးကြ၊ သူ ဆုံးဖြတ်ပါစေ။ ဒီတစ်ကြိမ်ဟာ နောက်ဆုံးပေါ့ဗျာ။ လာလာ လှလေး ကိုယ့်လင်ကိုယ် ဆုံးဖြတ်”
ထုံးစံအတိုင်း သင်း အိမ်ပြန်လာပြီပေါ့။ သင်း အိမ်ပေါ်ပြန်တက်ချိန် ရောက်လာပြန်ပေါ့။ လူတွေ ကြားထဲ ကနေ လှကလေး ရဲရဲပဲ ရှေ့ကို တိုးထွက်တယ်။ ဘာမှ မပြောနိုင်သေးဘဲ၊ မဆုံးဖြတ်နိုင်သေးဘဲ ထုမယ်ရိုက်မယ် တကဲကဲ လူအုပ်ကြီးကြား တွေတွေကြီး ရပ်နေမိတယ်။
“ဟဲ့ပြောလိုက်လေ၊ ဆုံးဖြတ်လေ လှလေး”
တစ်စုံတစ်ယောက်က တိုက်တွန်း လှုံ့ဆော်လိုက်လို့သာ လှကလေး နှုတ်ခမ်းတွေ တလှုပ်လှုပ် ဖြစ်လာတာ စကားလုံးတွေက တော်တော်နဲ့ ထွက်မလာပြန်ဘူး။
ထွက်မယ့် ထွက်ကျလာတော့ ဘယ်သူ့မျက်နှာကိုမှလည်း မကြည့်၊ တုံးတိတိကြီး။
“ဟုတ်တယ်၊ နင် ဒီတစ်ခါ နောက်ဆုံးပဲ” တဲ့။
လူတွေအားလုံး လှကလေးကို ကြောင်ငေးကြည့် နေကြရှာတယ်။ တစ်သက်လုံး လင်ဆိုး အနွံတာခံ လင်ဆိုး ပေးသမျှ ကောင်းပြစ် ဆိုးပြစ် ရင်ဆီးခံလာခဲ့တဲ့၊ အပြစ် မယူခဲ့တဲ့၊ ရေငုံနှုတ်ပိတ် နေလာခဲ့တဲ့၊ ဘယ်လို ကြုံကြုံ မဖြုံတတ်ခဲ့တဲ့ မိန်းမတစ်ယောက်ဆီက လူတွေ မျှော်လင့်ထားတာ ဒီစကားမျိုး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သို့ပေမဲ့ လူတွေရဲ့ သိတတ်နားလည်မှုပဲ ဆိုရလိမ့်မလား၊ အားလုံး အလျှိုအလျှို ပြန်ထွက်သွားလိုက်ကြတာ နောက်ဆုံး နေရာမှာ လှကလေးနဲ့ သင်း နှစ်ယောက်တည်း ကျန်ရစ်တယ်။ ပတ်တီးအဖွေးသား၊ မြေပေါ် ထိုင်နေလျက်သားကြီးကနေ သင်း ရှိုက်ကြီးတငင် ငိုယိုပြီး လှကလေးရဲ့ ခြေနှစ်ချောင်းကို ပြေးဖက်လာတော့မှ လှကလေး ပတ်ဝန်းကျင်ကို မလုံမလဲ သတိထားကြည့်မိတော့တာ။
▢ အိုအေစစ် ( မအူပင် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၂၀