Showing posts with label ဝင်းယုမောင်. Show all posts
Showing posts with label ဝင်းယုမောင်. Show all posts

Friday, October 9, 2026

စကားလုံးများနှင့် ကခုန်ခြင်း


❝ စကားလုံးများနှင့် ကခုန်ခြင်း ❞ 
         ( ဝင်းယုမောင် )

သူက ဒေါက်တာလှဦးနဲ့ ငယ်သူငယ်ချင်းမို့ ဒေါက်တာလှဦး အကြောင်း အင်တာနက်မှာ ရှာစရာမလို။ ဒါပေမဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတဲ့ ကမ္ဘာ့ရွာကြီးထဲမှာ သူ ဒေါက်တာလှဦးနဲ့ ပေါင်းသင်းနေရတာ ခက်ခဲမှု မရှိဘူး ဆိုပေမယ့် တစ်ခါတစ်ခါတော့ ဒေါက်တာလှဦးရဲ့ လုပ်ရပ်ကို ဘဝင်မကျတာတော့ အမှန်။

တစ်နေ့ သူ ဒေါက်တာလှဦးတို့ မိသားစုနဲ့အတူ ပင်းတယ လိုဏ်ဂူကို ဘုရားဖူးလိုက်ပါသွားတယ်။ လကမ္ဘာမျက်နှာပြင်လို လမ်းပေါ်မှာ ကဆုန်ပေါက်ပြေးလွှားနေတဲ့ ဝီလီဂျစ်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းနိုင်တဲ့ သူငယ်ချင်းကို သူ ကျိတ်ပြီး ချီးမွမ်းနေတာ။ ဒါပေမဲ့ သူ့ ချီးမွမ်းမှုက ကာလမရှည်၊ ကားက လမ်းဘေး ထိုးရပ်သွား ပြီ။ နောက်ဆုံးတော့ သူ ကားကြုံနဲ့ ဝပ်ရှော့ဆရာ သွားခေါ်ရတော့တယ်။

ရှမ်းပြည်ရဲ့ ရာသီဥတုက အအေးပိုကဲသည်။ နေဝင်တာနဲ့ အမှောင်က လွှမ်းမိုးသွားတာ။ ဝပ်ရှော့ဆရာ ရောက်တော့ ဒေါက်တာ လှဦးက

“ဟေ့လူ အချိန်မတော်ကြီး လိုက်လာရလို့ ဝန်ဆောင်ခတွေ သိပ်မြောက်နေဦးမယ်”

သူစိတ်နဲ့ ဟာမိုနီ မဖြစ်ပေမယ့် သူ့ရဲ့ တုံ့ပြန်မှု ခလုတ်ကိုပိတ်ထားလိုက်တယ်။

ကားပြင်တာ မကြာလိုက်။ သူနဲ့ ဒေါက်တာလှဦးတို့ ဝပ်ရှော့ ဆရာရှေ့ ရောက်သွားတယ်။

“ဆရာ ပြင်ဆင်စရိတ် ဘယ်လောက် ကျပါသလဲ”

ဒေါက်တာလှဦးရဲ့ အမေးကို ဝပ်ရှော့ဆရာက ပြုံးပြုံးကြီး နားထောင်ပြီး

“ဘယ်လောက်မှ ပေးစရာ မလိုပါဘူးဆရာ။ ဘတ္ထရီဖောက်သွားလို့ လဲလိုက်တာပါ”

သူတို့နှစ်ယောက် ကြိုတင်ညှိုနှိုင်းထားခြင်း မရှိဘဲ အံ့ဩတဲ့ အမူအရာနဲ့ ပါးစပ် အဟောင်းသား ဖြစ်သွားကြတယ်။ ဝပ်ရှော့ ဆရာက ဆက်ပြီး

“ဆရာတို့ မေးခွန်းမျိုး ကျွန်တော့်ခြေထောက် သစ်တုံးပိလို့ ဖြတ်ရတုန်းက လှည်းသမားကို မေးဖူးပါတယ်။ ဒီတော့ လှည်းသမားက လူတစ်ယောက် အသက်ကို ကယ်တင်ရတာ ငွေထက် တန်ဖိုး ရှိပါတယ်ဗျာ။ ခင်ဗျားသာ နောင်ကြုံကြိုက်ရင် ကျွန်တော်လိုပဲ ကူညီပေးစေလိုပါတယ်” တဲ့။

▢  ဝင်းယုမောင်
📖 မဟေသီ မဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၅