Thursday, January 6, 2022

ဓမ္မာသောက အင်းဝရာဇာ


 

❝ ဓမ္မာသောက အင်းဝရာဇာ ❞

[ ၁ ]

တင်ထွန်း ရောက်လာပုံကြောင့် ကျွန်တော်စိတ် ထင့်သွားသည် ။ သူ့ မျက်နှာ မရွှင်မပျ ။ ဧည့်ခန်းထဲတွင် ထိုင်နေကြသော အမေ နှင့် အဖေ တို့ မမြင်အောင် မေးတစ်ချက် ဆတ်ပြသည် ။ အပြင် သွားရအောင် ဟူသော အဓိပ္ပာယ် ။ အမေ့ ဆီမှ လက်ဖက်ရည်ဖိုး ငွေ ငါးကျပ် တောင်းပြီး အိမ်ထဲမှ အထွက် တွင် ...

“ ခင်စောမွန် မှာလိုက်လို့ ”

သူ့ ကို ကျွန်တော် ...

“ ဘာတဲ့လဲ ”

“ မင်း က သူ့ ကို မွေးသက္ကရာဇ် ပေးလိုက်တယ် မဟုတ်လား ”

ကျွန်တော် ခေါင်းညိတ်သည် ။

“ သူ့ အစ်မတွေရော ၊ အမေတွေရော အဲဒါကို ကြည့်ကြတယ်တဲ့ ”

“ အင်း ”

“ မင်း က ဗုဒ္ဓဟူး ၊ သူ က အင်္ဂါ ၊ နေ့ချင်း မတည့်ဘူး တဲ့ ၊ ပြီးတော့ မင်း က လူနက္ခတ် ၊ သူ က ဘီလူးနက္ခတ် ဆိုလားပဲ ၊ အိမ်ထောင်ဖက် အနေနဲ့ အုန်းတောင် မညှိုးခင် ကွဲမယ် တဲ့ ၊ တစ်ယောက် ယောက် ပျက်စီးနိုင်တယ် ဆိုလားလဲ ဗေဒင်ဆရာက ဟောသတဲ့ ၊ အဲဒါ ... ”

တင်ထွန်း စကား မဆက် ။ ဆေးပေါ့လိပ် ကို မီးညှိသည် ။ ဆေးလိပ် ကိုသာ သောက်နေ၏ ။ လမ်း သာ လျှောက်နေ၏ ။ စကားစ ကို မဆက် ။ ကျွန်တော့် ပူပန်စိတ် က တရိပ်ရိပ် တက်လာ၏ ။

“ သဘောက ဘာတဲ့လဲ ”

ကျွန်တော့် အမေး ကို ချက်ချင်း မဖြေ ။ ဆီမလူးသော ဆံပင်တွေ ကို လက်ချောင်းဖြင့် ဖြီးသပ် သပ်သည် ။

“ နေ့ နံ မတည့်လို့ လူကြီးချင်း စကားပြောဖို့ ဆိုတာ မဖြစ်နိုင် တော့ဘူး တဲ့ ”

နှလုံးသွေးကြော ထဲသို့ မိုးကြိုးသွားတွေ ပစ်ဆင်းကာ ဝင်လာသကဲ့သို့ ခံစားရသည် ။ တုန်လှုပ်စေသောသတင်း ။

“ ခင်စောမွန် ကိုယ်တိုင် ပြောတာလား တင်ထွန်း ”

“ အင်း ”

တင်ထွန်း ၏ မျက်နှာ သည် နီနေ၏ ။

“ သူ ငါ့ ကို တွေ့ဖို့ ကောင်းတယ် ”

“ တွေ့မှာပါ ၊ ရှင်းပြမှာပါ ဝင်းလတ် ”

“ သူ ဒါတွေ ယုံသလားကွာ ၊ သူ က သိပ္ပံ ၊  ငါက ဝိဇ္ဇာ ၊ ယုံ ချင် ယုံ ငါ က ယုံရမှာ ”

တင်ထွန်း မဲ့ပြုံး ပြုံး၏ ။ လွယ်လွယ် နဲ့ မြန်မြန် အောင်နိုင်တဲ့ ဘာသာတွဲ ကို ကိုယ့် ဘာသာ ကိုယ် ယူတာ ၊ ယုံ တာ မယုံ တာ နဲ့ ဘာ ဆိုင်လဲ ၊ ဒီလိုဆို အနုစာပေ ငါ ယူတာ ငါ ယုံလို့လား ၊ ကျက်လို့  ၊ မှတ်လို့  ၊ တွက်လို့ လွယ်တဲ့ ဘာသာတွဲ ယူကြတာဟု ပြောသည် ။

“ ငါ အခု သူ့ ဆီ သွားချင်တယ် တင်ထွန်း ”

ကျွန်တော့် ကို လက်ကာပြီး တားသည် ။ ခေါင်းခါကာ...

“ သူ မှာလိုက်တယ် ၊ အိမ်ကိုတော့ လာမတွေ့ ပါနဲ့တဲ့ ၊ သူ့ အိမ်က သူ့ ကို ပြောထားလို့တဲ့ ၊ ဒီကိစ္စကို သူ့ အဘိုးရော ၊ အဘွားရော ၊ အဒေါ်ရော ၊ ဦးလေးရော ၊ အစ်မတွေရော ၊ အစ်ကိုတွေရော သိကြလို့တဲ့ ၊ အားလုံးက မဖြစ်နိုင်ဘူးလို့ သူ့ ကို ပြောကြတယ် တဲ့ ၊ ဗေဒင်ဆရာတွေ တစ်ဒါဇင် လောက်စီ သွားမေးကြည့် ကြပြီးပြီတဲ့ ၊ ဟိန္ဒူဗေဒင် ၊ တရုတ်ဗေဒင် ၊ မြန်မာဗေဒင် ၊ ရှမ်းဗေဒင် ၊ ပထန်ဗေဒင် ၊ ပန်းသေးဗေဒင် ၊ ကြွေဗေဒင် ၊ ရွေးဗေဒင် ၊ ဖဲဗေဒင် စုံပြီတဲ့ ၊ ဒီနှစ်ယောက်ယူရင် ဒုက္ခ ဖြစ်မယ်လို့ ဟောထားပြီးတာ သူ့အိမ် ၊ သူ့ဆွေမျိုး သိကြပြီးပြီ တဲ့ ”

အဲဒါမှ ဒုက္ခအစစ် ဟု ကျွန်တော် ညည်းမိ၏ ။

“ သူ သိပ် ယုံနေလား တင်ထွန်း ”

“ မင်း ကို ကျီစားတဲ့ စကား သူ ပြောနေတာမှ မဟုတ်တာ ”

“ ငါ မှားတယ် ၊ မွေးသက္ကရာဇ် ပေးမိတာ အကြီးအကျယ် ပြဿနာပဲ ၊ ဒီလိုမှန်း သိရင် တစ်ရက်တိုး ၊ တစ်ရက်ဆုတ် ပေးလိုက်ရင် ပြီးပြီ ၊ မထင်ဘူးလေကွာ ၊ ရိုးရိုး တောင်းတယ်ပဲ ထင်တာ ”

“ သူ့ အမေ က တောင်းတာဆို ”

ကျွန်တော် ခေါင်းညိတ်သည် ။ နောင်တကြောင့် ကိုယ့်ကိုယ်ကို ဒေါသ ဖြစ်နေ၏ ။

“ ငါ အရိပ်အကဲ သိဖို့ ကောင်းတယ် ”

တင်ထွန်း က ဆေးလိပ် သာ ဖွာ နေ၏ ။

“ မှန်ရာပြောတဲ့ ဒဏ် ငါ ခံရပြီ တင်ထွန်း ”

တင်ထွန်း သက်ပြင်းချ၏ ။

“ ငါတို့ ကွဲပြီ ထင်တယ်နော် တင်ထွန်း ”

တင်ထွန်း မဖြေ ။ မဖြေလျက် နေ နေသည်မှာပင် အဖြေ ဖြစ်နေလေ၏ ။

“ ငါ ဗုဒ္ဓဟူး သား မဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ၊ ဘာ နေ့သား ဖြစ်ရဖြစ်ရ ဗုဒ္ဓဟူးသား သာမဟုတ်ရင် ဒီ ပြဿနာ ပေါ်မှာ မဟုတ်ဘူး ၊ သူ့ အမေ ကသာ သူ့ ကို တနင်္လာနေ့မွေး ၊ ဗုဒ္ဓဟူးနေ့မွေး ၊ အင်္ဂါ မဟုတ်ရင် ပြီးနေပြီ ၊ ပြဿနာပဲ ၊ အိမ် ကို ငါ ဘယ်လို ပြောရမှန်းတောင် မသိဘူး ၊ ပြည် က ဦးလေးတို့ ကို သူ နဲ့ ငါ စေ့စပ်စကား ပြောတဲ့ နေ့ ဆင်းလာဖို့ ပြောတောင် ပြောထားပြီးပြီ ”

ကျွန်တော် သည် ကျွန်တော် ပျောက်လုလု ဖြစ်နေ၏ ။ နေ့နံ ဇာတာ ခွင် သည် အသည်းနှလုံး ကို ဖောက်ခွဲရန် ချိန်ရွယ်လျက်ရှိလေ၏ ။

°°°°°   °°°°°   °°°°°

[ ၂ ]

ခင်စောမွန် ၏ မျက်လုံး အစုံမှာ မျက်ရည်တွေ ဝေ့နေ၏ ။

ကျွန်တော် သူ့ ကို မကြည့်ရက် ။ စာသင်ခန်းပြတင်း ၏ အပြင်သို့ ငေး၍သာ နေမိ၏ ။ နည်းပြတန်း အချိန် ကုန်သွား၍ စာသင်ခန်းနှင့် စင်္ကြံ တစ်လျှောက်တွင် အသွားအလာ မရှိ ။ ကျောင်း သည် တိတ်ဆိတ်နေ၏ ။ မိုးရာသီ ကုန်ကာ နီးသော်လည်း ရွာအား မလျော့ ။ မိုးဖွဲတွေ ကို ကျွန်တော် မြင်နေသည် ။ မိုးစက် ထိသဖြင့် လှုပ်သွားသောသစ်ရွက်တွေကို ကျွန်တော် ကြည့်နေမိ၏ ။ ရင်ထဲမှာ အေးမြခြင်း မရှိ ၊ ခင်စောမွန် ကို ကျွန်တော် ခွဲရတော့မည် ။ ချစ်သူ ကို ဆုံးရှုံးရတော့မည့် ပူပန်မီး သည် ကိုယ်တွင်း၌ တညီးညီး လောင်ကျွမ်းလျက် ရှိ၏ ။

“ ခင်စောမွန့် မေတ္တာ ကိုတော့ မောင် သိပါတယ်နော် ”

ကျွန်တော် ခေါင်းညိတ်လိုက်သည် ။

“ မွေးနေ့ ရက်စွဲနဲ့ ဇာတာခွင်ကို မှားပြီး ပေးတာလို့ လူကြီးတွေကို ပြောရင်ကော ဟင် ”

သူ ခေါင်းခါသည် ။

“ ခင်စောမွန် သိနေတာကို မောင် ပြင်လို့မှ မရနိုင်တော့တာ ”

“ သိပ် ယုံလား ”

“ ခင်စောမွန် ဒုက္ခ ရောက်မှာထက် မောင် ဒုက္ခ ရောက်မှာကို ပို စိုးရိမ်လို့ပါ ”

“ ဒါဖြင့် ဝေးပြီပေါ့ ”

ကျွန်တော့် ကို သူ ဝမ်းနည်းစွာ ကြည့်လေသည် ။

“ ကံကြမ္မာက ဝေးဖို့ ဖန်တီးတာကိုး မောင်ရယ် ”

ကျွန်တော် သူ တွေးသလို မတွေး ။ သူအနှောင်အဖွဲ့ မိသလို မမိ ။ သူ့ လို မယုံသော်လည်း သူ မယုံလျက် နေမည်မဟုတ် .. ။

“ တကယ့်ကို လမ်းဆုံး ကိုရောက်ကြပြီလား အချစ်ရယ် ”

ကျွန်တော့် အမေး ကို သူ ခေါင်းညိတ်ပြီး တစ်ချက် ရှိုက်သည် ။ ရှိုက်သံ သည် ဘဝချင်း ခြားနားစေခဲ့ပြီ ။ တစ်ယောက် ကို တစ်ယောက် ချစ်မြတ်နိုးစွာဖြင့် ခွဲခဲ့ကြရသည် ။ ချစ်မြတ်နိုးခြင်း သည် ချစ်မြတ်နိုးခြင်းသာ ဖြစ်သည် ။ ခွဲခဲ့ရခြင်းသည် ခွဲခဲ့ရခြင်းသာ ဖြစ်ချေ၏ ။

°°°°°   °°°°°   °°°°°

[ ၃  ]

တင်ထွန်း က ကျွန်တော့် ကို ကြည့်ကာ မျက်ခုံး ပင့်သည် ။ ဗေဒင်စာအုပ်တွေ မနည်းပါလားဟ ဟု အံ့သြစွာ ပြောပြီး ပြုံး၏ ။ ငါ ဇာတာ တောင် ဖွဲ့ တတ်နေပြီ ဟု ကျွန်တော် ပြောလိုက်၏ ။ ဒါဆို ခင်စောမွန် ဒုတိယ သမီးကလေး ရဲ့ မွေးစာရင်း ငါ သွားယူထားမယ် ၊ တြိစက္ကဇာတာ မင်း ဖွဲ့ပေးပေါ့ ဟု ရယ်စရာ ပြောသည် ။ ပြောသောအခါ ခင်စောမွန် ကို ကျွန်တော် ပို၍ သတိရသည် ။ တစ်ယောက် နှင့် တစ်ယောက် လမ်းခွဲခဲ့ကြသည်မှာ ရှစ်နှစ် ကာလ တိုင်ခဲ့ပေပြီ ။ လူချင်း မဆုံဖြစ်တော့ ။ ခင်စောမွန် သည် ကော့သောင် သို့ ခင်ပွန်းသည် နှင့် အတူ လိုက်သွားသည် ။ ကျွန်တော် က စက်မှုဌာန တစ်ခုတွင် အလုပ်ဝင်သည် ။ တင်ထွန်း က စာရင်းကိုင်ရုံး တွင် အလုပ်ဝင်သည် ။ တင်ထွန်း နှင့်ကျွန်တော် အဆက်အသွယ် မပြတ် ။ နှစ်ဦးစလုံး က အိမ်ထောင် မကျကြသေး၍ လက်ဖက်ရည်ဆိုင် ၊ ထမင်းဆိုင် အတူ ထိုင် ၊ ရုပ်ရှင်အတူ ကြည့် ဖြစ်ကြသည် ။

“ မင်း ခင်စောမွန် ကို အပြစ် တင်သေးလား ”

“ သူ့ အယူ နဲ့ သူ ပဲကွာ ၊ အပြစ် မဆိုချင်တော့ပါဘူး ”

တင်ထွန်း ပြုံး ၏ ။ ကျွန်တော် က

“ ပြဿနာ စ စချင်းတုန်းက ကဝါလမိုင်းဆရာကြီး ကိုပဲ အပြစ် တင်ရမလား ၊ မြန်မာပြည် ရှိသမျှ ဗေဒင်ဆရာ ရောင်စုံကိုပဲ အပြစ်လိုက် တင်ရမလားပေါ့ ၊ ခုတော့ စိတ်ငြိမ်အောင် ထားလို့ ရပါပြီ ၊ ဒီ ပညာ က စိတ်ဝင်စားစရာတော့ အကောင်းသား ၊ မင်း ကို ခင်စောမွန် အမေ က ပြောတဲ့ စကားတွေ ငါ ပြန်စဉ်းစားပါတယ် ၊ ခင်စောမွန် နဲ့ ပေးစားတဲ့ သူ က ရာဇဖွား ဆိုတာက အစ ၊ ဘယ်မှာ ဥစ် ဘယ်လောက် ၊ တွင်းပြင်ကသစ် ဘယ်လောက် ဆိုတာပါ ငါ မှတ်မိပါတယ် ၊ သူတို့ သမီး ကောင်းစားရေး ကိုး ”

°°°°°   °°°°°   °°°°°

[  ၄  ]

တစ်ယောက် ကို တစ်ယောက် ရဲရဲဝံ့ဝံ့ စကားမဆို ရဲကြ ။ တင်ထွန်း က ကျွန်တော် နှင့် ခင်စောမွန် အကြားတွင် စကားဖန်တွေ ဆိုသည် ။ အတော်ကြာမှ စကားတွေ ပြောကာ ဆိုကာ ရှိလာကြသည် ။ မတွေ့ကြသည်မှာ ဆယ်နှစ် သာသာ ရှိပေပြီ ။ ခင်စောမွန် တို့ မိသားစု က ရန်ကုန် သို့ ပြောင်းလာကြသည် ။ သူ့ စကား အရ ခင်ပွန်း ဖြစ်သူက နောက် အိမ်ထောင် ပြုသည့်အကြောင်း ၊ ငွေကြေး ထောက်ပံ့ခြင်းတော့ ရှိကြောင်း သိရသည် ။ ကလေး လေးယောက် ရနေသည် ကိုလည်း သိရသည် ။ အိမ်ထောင်ရေး သောကဗျာပါဒ သံတွေကို ကြားရသည် ။ ကျွန်တော် မပြောသာ ။ တင်ထွန်း က ဘဝ ဆိုတာ ဒီလိုပေါ့လေ ဟူသော ရှေးဂါထာ ကိုသာ ရွတ်လေ၏ ။ အမေတို့ ၊ အဒေါ် တို့ လဲ စိတ် မကောင်းကြဘူး ၊ သူတို့ စီမံတဲ့ အိမ်ထောင်ရေး မဟုတ်လား ၊ သူ က ခင်စောမွန် နဲ့ လက်မထပ် ခင်က သိပ်အေး သိပ်ရိုး တာ ၊ ဆေးလိပ်လဲ မသောက် ၊ အေးလိုက်တာမှ ရေခဲ က အဘ ခေါ် ရမယ် ၊ အိမ်ထောင်သက် လေးနှစ် လောက်လဲ နေရော ၊ လိုင်း ပေါင်းစုံ ၊ ပြဿနာ မျိုးစုံ ၊ ကမ္ဘာ့လူလည်ကြီးများအဖွဲ့  ဖွဲ့ရင် မဟာဂရိတ် နာယက နေရာ ပေးထိုက်တယ် ၊ ခင်စောမွန် ကံ ပေါ့လေ ”

တင်ထွန်း က သူ ဘာနေ့သားလဲ ဟု မေး၏ ။ ခင်စောမွန် က ...

“ ဘာလုပ်မလို့လဲ ”

ကျွန်တော့် ကို တင်ထွန်း က ကြည့်သည် ။ ထိုနောက် ခင်စောမွန် ကို ...

“ သူ ဗေဒင် ကျကျနန တွက်တတ်တယ် ၊ ဟောတာ ရာနှုန်းပြည့် မှန်တယ် ၊ ကျွန်တော် ဌာန ပြောင်းတာရော ၊ ရာထူး တိုးတာရော ၊ အိမ်ထောင် ကျတာရော နေ့စွဲ နဲ့ ၊ အချိန် နဲ့ အတိအကျ ဟောတယ် ၊ ဒီတော့ ခင်စောမွန် ခင်ပွန်း ရဲ့ အနေအထား ဘယ်လို ရှိမယ်ဆိုတာ သိ ”

ခင်စောမွန် က ရယ်ပြီး လက်ကာ တားသည် ။ အမလေး... တော်ပါ ၊ မယုံရေးချ မယုံ ၊ အပိုတွေ တွက် မနေနဲ့ ၊ လက်ညောင်းမယ် ၊ သူ့ အကြောင်း သိပြီးသား ဟု ရယ်သံဖြင့် ပြောသည် ။

“ မခင်စောမွန် မယုံဖူးလား ”

“ ယုံတဲ့ သူတွေ ကို စိတ် အနှောင့်အယှက် ဖြစ်မှာ စိုးတယ် ၊ ကိုယ့် အယူအဆ နဲ့ ကိုယ် ပေါ့လေ ၊ မဟုတ်ဘူးလား ... ”

“ ထားလိုက်ပါ ၊ တခြား အကြောင်းတွေ ပြောကြရအောင် ”

ကျွန်တော် အံ့သြသည် ။ ဆယ်နှစ် ။ ထို ဆယ်နှစ် မတိုင်မီကသာ ထို စကား ကို သူ ပြောခဲ့သော် ကောင်းလေစွ .. ။

“ ကျွန်တော် တော့ ကိုယ် တွေ့ မို့ ယုံလိုက်တယ်ဗျ ”

တင်ထွန်း က ပြောသည် ။

“ ကျွန်မ ကတော့ ကိုယ် တွေ့ မို့ မယုံတော့ဘူး ရှင့် ... ”

“ ဒါဖြင့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာလောက်ကိုရော ”

ခင်စောမွန် ရယ်၏ ။ ရယ်သံ နှင့်

“ အမှန်က သီရိဓမ္မာသောကမင်းကြီး ဟာ တဲ့ အင်းဝ မှာ ရာဇာဘုရင် လာလုပ်ဖူးတယ်လို့ ပြောတာပါ ”

ပြော၍ အဆုံးတွင် ဟုတ်တယ် မဟုတ်လား ကိုဝင်းလတ် ဟု မေး၏ ။

ကျွန်တော် ရယ်၍သာ နေလိုက်၏ ။ မဖြေချင် ။ အား မရှိ ။

အချည်းနှီး နှစ်များစွာကို နှမြော နောင်တရရန် မသင့်လျော်တော့ ။

◾ ငြိမ်းကျော်

📖 ဒဂုန်မဂ္ဂဇင်း ၊
      ၁၉၈၅ ခုနှစ် ၊ မေလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment