Saturday, December 5, 2020

အချစ်ကို ဘယ်လို ‌ေြပာရမယ်

 
   ❝  အချစ်ကို ဘယ်လိုပြောရမယ် ❞ 


တေးရေး   သောင်းတင်ဌေး


      မြစ်ယမုံခြား သေလာရိုးမ ဆီးရံခစေ မုန်တိုင်းရယ်ထန် အဆန်ခရီး တက် မစုံ ရွက် မပါ မင်းရှိရာ အလာဝယ် နေပူကြဲတာကြုံတယ် မိုးက သည်းလာ တစ်ဖုံကွယ် နှင်းဖွဲတွေကျ ဒီကာလကို မေ့ပြီလားကွယ် မောင်ရှာပေးလာဖူးတဲ့ ပန်းသဇင်တွေ နှင်းတွေ အပြေးကြားမယ် အတွေးမှားကာ ချစ်နေသူရယ် ‌ဪ မေ့လွယ် မုန်းလွယ် ခက်လိုက်တာ မေ့အပြုံးရယ်က မောင်ဘယ်လို မုန်းနိုင်ပါ့မယ်ကွယ်

      ခုတော့ ခုတော့ မြကြိုးခက် လှမျိုးယှက်ကာ စိမ်းနေသူရယ် မြရွက် မြရိုးသဖွယ် မင်းဘာကြောင့်စိမ်း ယိမ်းညွှတ်စေချင်သော်လည်း စိမ်းကားသူက မြပဝါကိုခြုံ မိုးအဆုံးမြေအဆုံး ရှောင်ခွါပုန်းတော့ကွယ် ရှာလေ ဝေးပြီအချစ်ရယ် ဖွေရှာသူ မောပြီမို့ ကိုယ့်ချစ်သူ ဘယ်မှာရှိတယ် တိုင်တည်ပါရစေ နော်ကွယ် ဖိုးရွှေလမင်းရယ် ဆန်ဖွတ်ရင်း သတင်းပေးပါလားကွယ်

      မိုးမြေရေလှိုင်း ပန်းတိုင်း သက်သေထားပါ့မယ် ကြယ်လစုံသော ညဉ့်လွှာရုံဝယ် ချစ်သူလာမယ့် လမ်းက ပန်းတွေကြဲ အမြဲမျှော်နေမယ် တစ်လောကလုံး မုန်းချင် မုန်းပါစေကွယ် ချစ်တဲ့သူ ပြုံးနေသမျှ မောင့်ဘ၀ ကျေနပ်နေပါ့မယ် ဒါတွေ ညည်းညှာ မယုံရင် ကြယ်စုံရံခ ဖိုးရွှေလကို မေးပါ အချစ်ဦးရယ်

      ( ကြယ်တွေလတွေ ခွန်းဆက်ရတာ နှမြောမိတယ် ရေစက်ရယ်ကြုံ ဘဝရယ် ဖီလာသွား အများနဲ့ ကိုယ့်မှာမတူတယ် လွမ်းမျိုးမေတ္တာ ကုဋေ ကုဋာကြွယ် ကြယ်ရောင်မဖြာ ဪ သော်တာ မလှပြန်တော့ တိမ်မဲညို ကိုလူဆိုး စိုးမိုးတဲ့ ညအမှောင်မှာကွယ် သည်လို ညခင်းမျိုးမယ် လမင်းကြီး ခရီးလွန်နေပြီကွယ် အချစ်ကို ဘယ်လိုပြောရမယ် အချစ်ကို ဘယ်လိုပြောရမယ် )


°°°°°   °°°°°°   °°°°°°  °°°°°°


۝ တီးလုံး သီးသန့်


ဟင်္သာတထွန်းရင် သီဆိုထားတဲ့ 

အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/qqv5xXuVkKBWCQ


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/tkc9nsrTLDxjWw


°°°°°°  °°°°°°°  °°°°°°°  °°°°°


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်

( ရေဒီယို မှာ လွှင့်တဲ့ သီချင်း )


https://yadi.sk/d/awIPBjnDrAqQXw


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/BxRWhE1fncnwsQ


သောင်းတင်ဌေး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/ckEqzG6dMTsd7g


ကိုတင်လှိုင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/rdmThe-GMW0f4w


ဟင်္သာတ ထွန်းရင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/B1OySchkbNMfTA


လွှမ်းမိုး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/u9W55L8pJcBKkA


ခင်ညွန့်ရီ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/n8KkrJUYmEbFNQ


အောင်သူ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/H8j5PTZtuTB5KA


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/GovCCJV1sKJ9uw


Friday, December 4, 2020

ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ


❝ ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ ❞


ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးဖြစ်ဖို့အတွက် ရိုး , ရမယ် ၊ အ , ရမယ်လို့

ဆိုလိုတာ မဟုတ်ဘူးနော် ။ ထုံထုံထိုင်းထိုင်း အူတူတူအတတ ဖြစ်ဖို့ မလိုပါဘူး ။


ယောက်ျားလေးတွေဟာ ခေတ်မီတဲ့ မိန်းကလေးတွေကို အထင်သေးတာမဟုတ်ဘူးနော် ။ သရုပ်ပျက်တဲ့မိန်းကလေးကိုသာအထင်သေး တာပါ ။ ခေတ်မီတာနဲ့ သရုပ်ပျက်တာဟာ ကွဲပြားပါတယ် ။ အသိဉာဏ်ရှိတဲ့ မိန်းကလေးဟာ ခေတ်မီပေမယ့် သရုပ်မပျက်ပါဘူး ။ အပြောအဆို ၊ အနေအထိုင် အဝတ်အစား သူ့နေရာနှင့်သူ အံဝင်အောင် ပြောဆိုနေထိုင် ဝတ်စားတတ်တယ် ။


ရှင်းအောင်လို့ ဥပမာပြောပြရရင်တော့ မိန်းကလေးတစ်ယောက် အားကစားကွင်းထဲမှာ ဘောင်းဘီတို ဝတ်တာဟာ အထင်သေးစရာ မဟုတ်ပေမယ့် ဧည့်ခန်းထဲမှာဘောင်းဘီတိုနဲ့နေရင် ၊ ဈေးကို ဘောင်းဘီတိုနဲ့ လာရင်အထင်သေးစရာဖြစ်သွားပြီ ။ ခေတ်မီတာလို့ မမြင်တော့ဘူး ။ သရုပ်ပျက်သွားပြီပေါ့ ။ စဉ်းစားချင့်ချိန်ပြီး သူ့နေရာနဲ့သူ အံဝင်အောင် မဝတ်လို့ပေါ့ ။ ဘောင်းဘီတိုက အဓိကမဟုတ်ဘူး ။ သူ့နေရာနဲ့သူ ဝတ်သင့် မဝတ်သင့်ခွဲခြားတတ်တာက အဓိက ။


ဝတ်စားဆင်ယင်ပြောဆိုနေထိုင်တဲ့ဆီမှာ


အခြေအနေ


အချိန်အခါ


နေရာဒေသ


နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ရင် ခေတ်မီတဲ့ မိန်းကလေး ၊ တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်မယ် ။


နောက်ပြီး ငယ်တဲ့မိန်းကလေးများ


ကလက်တာနဲ့ သွက်တာဟာလည်း ရောထွေးနေကြတယ် ။ မကွဲပြားဘူး ။ သွက်တာဟာ လူအထင်သေးစရာ မဖြစ်ပေမယ့် ၊ ကလက်တာဟာ လူအထင်သေးစရာဖြစ်တယ်ကွဲ့ ။ ကိုယ့်ဝတ်စား

ဆင်ယင်မှု ၊ ကိုယ့်အခြေအနေ ၊ ကိုယ့်အလုပ်အကိုင်နဲ့ အံဝင်ဖို့လိုတယ် ။ စင်ပေါ်က တေးသံရှင်က စကတ်ဝတ်ပြီး နားကွင်းတစ်ဘက်တည်း ဆွဲတာနဲ့ ကိုယ်က အကြော်ရောင်းရင်း ၊ မုန့်ဟင်းခါးရောင်းရင်း  အဲသလို လိုက်လုပ်ရင် သွက်တာမဟုတ်တော့ဘူး ။ ကလက်တာ ဖြစ်သွားရော ။


တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်ဖို့အတွက် ကိုယ့်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ အသိဉာဏ်ရှိရမယ် ။

ယောက်ျားလေးတွေဟာ ဘဝတစ်သက်တာ အိမ်ထောင်ဖက်အဖြစ် ရွေးတော့မယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးကို ရွေးတာပါပဲ ။


 ◾  ကံချွန် 


  📖 အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း ( ၁ )

Wednesday, December 2, 2020

အမှား နှစ်မျိုး ရှောင်ရေး


 ❝  အမှားနှစ်မျိုးကို ရှောင်ရေး  ❞


အလုပ်တာဝန်တစ်ခုကို ဆောင်ရွက်ရာမှာဖြစ်စေ ၊ ပြဿနာတစ်ရပ်ကို ဖြေရှင်းရာမှာဖြစ်စေ ၊ ရည်မှန်းချက်ပန်းတိုင် ရှိရသည် ။ တစ်နည်းဆိုသော် ရရှိရန်သတ်မှတ်ထားသော အကျိုးတရားရှိရသည် ။ ထိုအကျိုးတရားကို ရရှိအောင်လုပ်ဆောင်ရာတွင် အချိန်ကာလနှင့်ပတ်သက်၍ အချိန်ကိုက် လှုပ်ရှားနိုင်ရန် လိုအပ်သလို နေရာဒေသအလိုက် အခြေ အနေအလိုက် ကိုက်ညီရန်လည်း အရေးကြီး၏ ။


နေရာဒေသ အလိုက်ဖြစ်ရပ်၏ အခြင်းအရာအခြေအနေ အလိုက် လုပ်ထိုက်သည်ထက် ပိုမို လွန်ကဲစွာ ပြုလျှင် အမှားပင် ဖြစ်၏ ။ ဝီရိယရှိတိုင်း ၊ ကြိုးစားတိုင်း ၊ အားစိုက်ခွန်စိုက် လုပ်တိုင်း ကောင်းကျိုးရသည်မဟုတ် ၊ အပ်နှင့် ထွင်ရမည့်အရာကို အပ်နှင့်ထွင်မှသာ အကျိုးရှိ၏ ။ စေတနာပို၍ ပုဆိန်ဖြင့်ပေါက်လျှင် အကျိုးပျက်၏ ။ ထို့ကြောင့် ရှေးလူကြီးသူမများက လက်တွေ့ဘဝမှ ရရှိသော အသိဉာဏ်ကို အခြေပြုပြီး ပိုလွန်းသော အမှားနှင့်ပတ်သက်၍ “ အပ်နှင့်ထွင်ရမည့်အရာကို ပုဆိန်ဖြင့်ပေါက်သည် ” ဟု ရှုတ်ချခဲ့ကြသည် ။


လူ့လောကတွင် နေ့စဉ်နှင့်အမျှ ဤအမှားမျိုး များကို သတိမထားလျှင် ကျူးလွန်မိကြ၏ ။ စေတနာဖြင့် လုပ်သည်ပင် ဖြစ်သော်လည်း မှားလျှင် အကျိုးယုတ်၏ ။ စာရေးသူ ကျောင်းဆရာ လုပ်ခဲ့စဉ်က အတွေ့အကြုံ တစ်ခု ရှိခဲ့၏ ။ကျောင်းသားတစ်ဦး နှင့် ကျောင်းသူတစ်ဦးသည် သမီးရီးစားပင် တိတိကျကျဖြစ်သေးသည်မဟုတ် ၊ လူငယ်တို့စိတ်ကူး

ရုံမျှသာရှိဦးမည် ၊ အခြားအဖော်များလည်း အတူပါသွားကြပါ၏ ။ အချိန်ကျလျှင် ပြန်လာကြမည်သာ ဖြစ်ပါသည် ။ သို့သော် တာဝန်ရှိသူ ဆရာများက စိုးရိမ်လွန်၍ စက်ဘီးများဖြင့် လိုက်သွားကြသည် ။ ကျောင်းသားကြီး များကိုလည်း ခေါ်သွားသည် ။


ဆရာများနှင့် ကျောင်းသားကြီးများလိုက်လာကြသည်ကို မြင်သော် အတူပါသွားသော အ​ေဖာ်များကအထိတ်တလန့် ဖြစ်ကြသည် ။ ကာယကံရှင် ကျောင်း သား နှင့် ကျောင်းသူတို့မှာလည်း ကြောက်လွန်းလှ၍ တောင်ပေါ်သို့ တက်ပြေးပုန်းအောင်းကြသည် ။ ဆရာများနှင့်ကျောင်းသားများက လိုက်လံရှာဖွေကြသည် ။ ခဏအကြာတွင် သတင်းပြန့်၍ မိန်းကလေး၏ အစ်ကိုများပါ တုတ်ဆွဲ ၊ ဓားဆွဲ ရောက်လာကြသည် ။ပုန်းအောင်းနေရာမှ လှမ်းမြင် နေရသော ယောက်ျားလေး နှင့် မိန်းကလေးမှာ ပိုပြီးကြောက်ရွံ့  တုန်လှုပ်မိကြသည် ။ ပုန်းအောင်းနေရာမှလည်း ထွက် မလာရဲတော့ပါ ။


ရှာသူများမှာ ကြာသည်နှင့်အမျှ ပို၍ စိတ်ဆိုးလာကြသည် ။ အစ်ကိုများကလည်း တွေ့လျှင်ရိုက် မည် ၊ ခုတ်မည်ဟု ကြိမ်းမောင်းနေကြသည် ။ ဤသို့ဖြင့် မိုးချုပ်ပြီး မှောင်သွားသည် ။ ရှာဖွေသူများ လက်လျော့၍ ပြန်ကြသည် ။ ကျောင်းသူနှင့်ကျောင်းသား မှာ ပြန်မလာဝံ့တော့၍ တကယ်ပင်ထွက်ပြေးကြရသည် ။ အရေးယူမှု လွန်ကဲသော အမှားကြောင့် ငယ်ရမည့် အမှုသည် ကြီးကြယ်သွားရခြင်းဖြစ်၏ ။


တစ်ဆိတ်ကို တစ်အိတ် လုပ်ခြင်း ၊ လွယ် သော ကိစ္စကို ခက်အောင်ပြုခြင်း ၊ လိုအပ်သည်ထက်ပိုမိုလွန်ကဲစွာ အကျယ်ချဲ့ပြီးလုပ်ဆောင်ခြင်းတို့သည် လွဲမှားခြင်းများပင် ဖြစ်၏ ။ ဝန်နှင့်အား ၊ မြားနှင့်လေး ဆိုသကဲ့သို့ မှန်ကန်စွာတွေးခေါ် မြော်မြင်နိုင်ခြင်း မရှိသည့် ညံ့ဖျင်းမှုသာ ဖြစ်၏ ။ ထိုလုပ်ရပ်မျိုးကို ရှေးလူကြီးသူမတို့ စက်ဆုပ်ခဲ့ကြသည် ။ထို့ကြောင့် “ ကလိန်စေ့ငြမ်းဆင်သည် ” “ ​ေလျှာမွေးသောမသာကို ဗာရာဏသီချဲ့ငိုသည် ” ဟု သရော်ရှုတ်ချကြသည် ။ တိုက်တာဘုရား ၊ ပုထိုး ကြီးကျယ်သောအဆောက်အအုံများကို တက်ရောက်ပြုပြင်ရန်အတွက် ငြမ်းဆင်၍ တက်ရသည် ။ ကလိန်စေ့ ဆိုသည်မှာ သေးသေးငယ်ငယ်မျှသာရှိ၏ ။ ထိုကလိန်စေ ပေါ်သို့ တက်ရောက်ရန် ငြမ်းဆင်နေသူမှာ ပြက်ရယ်ပြု စရာသာဖြစ်၏ ။ ထိုနည်းတူပင် နေ့လမစေ့ခင် သားလျော ( သားပျက် ) ကျသည်ကို စွန့်ပစ်လိုက်ရန်သာ သင့်ပါလျက် ကြီးကျယ်စွာ  ဈာပန အခမ်းအနားကျင်းပပြီး ငိုချင်းသည်ငှား၍ ငိုစေသည် ။ ငိုချင်းသည် ကလည်း “ ဗာရာဏသီရယ်မှလေး -” အစချီပြီး ငိုကြွေးပူဆွေးကြသည် ။ အမြင်မတော်သော အကျယ်ချဲ့မှုပင်ဖြစ်၏ ။


လုပ်ဆောင်မှု ဟူသမျှသည် သူ့ နေရာနှင့် သူ ၊ သူ့အကြောင်းနှင့်သူ ကိုက်ညီရုံမျှသာ ကောင်း၏ ။ပုရွက်ဆိတ်ကို အုတ်နီခဲဖြင့် ထုသတ်နေခြင်းသည်သတ္တဝါနှင့်လက်နက် မမျှ၍ အမြင်မတော်ပါ ။ လုပ်ဆောင်သူအတွက်လည်း မလိုအပ်ပါဘဲ ခွန်အားများကို ပိုပြီး အသုံး ချနေရ၍ မှားယွင်း၏ ။ ထိုနည်းတူပင် ကြက်ဥပြုတ်ကို တင်းပုတ်ဖြင့် ထုခွဲလျှင်လည်း

စားရတော့မည်မဟုတ်ပါ ။ ထိုသို့လွန်ကဲသော အမှားများနှင့်ပတ်သက်၍ ရှေးလူကြီးများက “ ခရုခါးတောင်းကျိုက်ဖမ်းသည် ” “ နှံပြည်စုတ် အမြှောက်နှင့်ပစ်သည် ” ဟု ဆိုရိုးစကားများထားခဲ့၏ ။ နောင်လာနောက်သားတို့ မှတ်သားရှောင်ရှားနိုင်ရန် သရော်ပြီး ဖော်ပြသည့်စကားပုံများ ဖြစ်ပါ၏ ။


အကြောင်းကိစ္စဟူသမျှမှာပင် လွန်ကဲလျှင် မကောင်းပါ ။ စည်းကမ်းရှိခြင်း ၊စည်းကမ်းကို လိုက်နာခြင်းမှာကောင်းပါ၏ ။ သို့သော် လိုက်နာသင့် လိုက်နာနိုင်သည်ထက် တင်းကြပ်လွန်းသော စည်းကမ်းများသည်ကား အကျိုး ပျက်၏ ။ မခံမရပ်နိုင်သည့် အဆုံးတွင် ဖောက်ဖျက်ကျူးလွန်မှုများပေါ် ပေါက်လာတတ်သည် ။ ထို့ ကြောင့် “ တင်းလွန်းလျှင်ပြတ်သည် ” ဟု စကားပုံ ဆိုထုံးပြုခဲ့ကြ၏ ။  


အချို့ မိဘများသည်သားသမီးကို လွန်လွန်ကဲကဲ တင်းကြပ်စွာ ချုပ်ချယ်ကြသည် ။ ချီးမွမ်းစရာရှိလျှင် အသိအမှတ်မပြုသော်လည်း အပြစ်ရှိလျှင်တော့ ကြီးကြီးငယ်ငယ် ခွင့်မလွှတ် ။ ဆုံးမအပြစ်ပေးရာတွင်လည်း ငေါက်ရုံနှင့်ပြီးရမည်ကို ရိုက်နှက်၏ ။ ရိုက်ရာတွင်လည်း တစ်ချက်နှင့် ပြီးသင့်သော အပြစ်ကို ဒေါသအလျှောက်အတိုင်းထက်အလွန် ရိုက် မိတတ်၏ ။ တင်းကြပ်လွန်းစွာ ချုပ်ချယ်ခံရသူ သားသမီး တို့မှာ လိမ္မာသည် ရှား၍ မလိမ္မာသည်သာများ၏ ။ တင်းလွန်းသောကြောင့် ပြတ်ခြင်းဖြစ်၏ ။


လိုအပ် သည်ထက် ပိုလွန်သမျှမှာ အမှားသာ ဖြစ်၏ ။ “ လှစေလိုလို့ သွားချောင်တိုက် ၊ရေစီးကမ်းပြို လိုက် ” ဟူသော ဆိုရိုးစကားသည် လှချင်လွန်း၍ မလှမပ ဖြစ်ရသည်ကိုပြညွှန်ထား၏ ။ “ ပြင်ဖန်များသော် ဘုရားရွှေကူမျောက်နှင့်တူ ” ဟူ

သော စကားပုံသည်လည်း စေတနာပို၍ လိုအပ်သည်ထက်ပိုပြီး ပြုပြင်လွန်းသောကြောင့် ပျက်ယွင်း သွားရသည်ကို ဖော်ပြထားခြင်းဖြစ်၏ ။ “ လူမှာအဝတ် တောင်းမှာအကွပ် ” ဆိုသကဲ့သို့ အဝတ်အဆင်သည် လှပတင့်တယ် စေပါ၏ ။

သို့သော် အဆန်းထွင်၍ ပြင်လွန်းလျှင် အဆင်တန်ဆာကြောင့်ပင် အလှပျက်၏ ။ စိန်ရွှေတန်ဆာဆင်လျှင် လှမည်ထင်၍ တစ်ကိုယ်လုံး ခြေအစ ခေါင်းအဆုံး စိန်ရွှေ အဆင်တန်ဆာများဖြင့် ဖုံးလွှမ်းအောင် ဝတ်ဆင်ထားလျှင် လှတော့မည်မဟုတ်ပါ ။


မျက်ခုံးဆွဲခြင်း ၊ မျက်ရစ်ဆွဲခြင်း ၊ မျက်ခွံ ချယ်ခြင်း ၊ နှုတ်ခမ်းဆိုးခြင်း ၊ ပါးနီလိမ်းခြင်း စသည်တို့ကို လိုအပ်ရုံပြုလျှင် လှသော်လည်းလွန်မင်းစွာပြုလျှင်ကား မလှရုံမက ကြောက်စရာပင်ဖြစ်နေ၏ ။ အငင်မတတ်လျှင် ပန်းလျက်နှင့် မရသကဲ့သို့ အဆင်မတတ်လျှင်ဆန်းလျက်နှင့်မလှပါ ။


လွန်ကဲသောအလှများ နှင့်ပတ်သက်၍ စကားပုံများတွင် ထောင့်စုံအောင် လမ်းညွှန်ပြခဲ့သည် ။


“ ဓားထက်လွန်းပဲ့ ၊ လှံချွန်လွန်းလျှင်ကျိုး ”


“ ဆင်ချည်ကြိုးနှင့် ကြက်ကိုချည်သော်မမြဲ ” စသည်တို့မှာ လုပ်သင့်သည်ထက် ပိုလွန်းသော အမှားနှင့် ထိုအမှားကြောင့် အကျိုးယုတ်ခြင်းကိုပြ၏ ။ အချို့က လွန်သောအမှားကို “ စေတနာနှင့် မှားတာပဲဗျာ ” ဟု ဆင်ခြေဖြင့် ဖြေသိမ့်ကြ၏ ။ သို့သော် အမှားသည် အမှားသာဖြစ်၏ ။ သားဖြစ်သူသည် ဖခင်အပေါ် စေတနာစိတ်ဖြင့် ဖခင်၏ နဖူးတွင် ကိုက်နေ

သော မှက်ခြင်ကို တင်းပုတ်ဖြင့်ထု၏ ။ စေတနာနှင့်ပါဟု ဆိုသော်လည်း သေသောဖခင်မှာ ပြန်မရှင်နိုင်တော့ပါ ။


ထို့ ကြောင့် မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ ၊ မလွန်အောင် မမှားအောင်သတိထားသင့်သည် ။ နေရာဌာနအလိုက် ကိုက်ညီအောင် လုပ်ဆောင်ရမည် ။ ပိုလွန်းလျှင်မှားသကဲ့သို့ ​ေလျာ့လွန်းလျှင်လည်းမှားသည် ။ 


သားသမီးကို လွန်ကဲစွာ တင်းကြပ်လွန်းလျှင် မှားသကဲ့သို့ အလိုလိုက်လွန်းလျှင်လည်း မှား၏ ။ လိုက်နာ သင့်သည့် စည်းကမ်းကို လိုက်နာစေရမည် ။ ဆုံးမသင့်သည်ကို ဆုံးမရ မည် ။ အပြစ်ပေးသင့်သည်ကို အပြစ်ပေးရမည် ။ နေရာတကာမှာ ခွင့်လွတ်လွန်းလျှင် စည်းပျက်ကမ်းပျက် ဖြစ်သွားတတ်၏ ။

အချို့သောမိဘများသည် သားသမီးကို ချစ်သည့် စိတ်ဖြင့်ပြောသမျှယုံ၏ ။ တောင်းဆိုသမျှကိုလိုက်လျော၏ ။ အပြစ်ရှိသော်လည်း ရိုက်ရန်ဝေး၍ ဆိုရုံမျှ မဆိုရက် ၊ ပြောရုံမျှ မပြောရက် ။ ထို့ ကြောင့် တစ်ဆင့်ထက်တစ်ဆင့်တက်၍ ဆိုးလာတတ်ပြီး နောက်ဆုံးတွင် အဖတ်ဆည်မရအောင် ဖြစ်တတ်သည် ။ လျော့လွန်းခြင်း အမှားကြောင့်အကျိုးယုတ်ရခြင်းဖြစ်၏ ။ ထို့ကြောင့် ရှေးလူကြီးများက “ လျော့လွန်းလျှင်ပတ် ” ဟု ဆိုရိုးစကား ထားခဲ့ခြင်းဖြစ်၏ ။


နေရာဒေသအလိုက် ၊ လုပ်ငန်း၏ အခြေအနေ အလိုက် ကိုက်ညီမှုမရှိဘဲ လျော့နည်းနေလျှင်လည်းမှား၏ ။ အပ်နှင့် ထွင်ရမည့်အရာကို ပုဆိန်ဖြင့် ပေါက်သော် အရေးပျက်သကဲ့သို့ ပုဆိန်နှင့်ပေါက်ရမည်ကို အပ်ဖြင့်ထွင်လျှင်လည်း အကျိုးမပြီးနိုင်ပါ ။ ဓားကို ထက်သည်ထက်ပို၍ လွန်ကဲစွာ သွေးလျှင် ပဲ့ သကဲ့သို့ သွေးသင့်သွေးအပ်သလောက် မသွေးလျှင်လည်း အသုံးပြု၍ ရမည်မဟုတ်ပေ ။


အဝတ်အဆင်ကို လိုအပ်သည်ထက်ပို၍ ပြင်လွန်းလျှင်လည်း မလှသကဲ့သို့ လိုအပ်သလောက်သပ်ရပ်တင့်တယ်အောင် ပြင်ဆင်ခြင်းမရှိ ၊ ပစ်စလက်ခတ်နေလွန်းလျှင်လည်း တင့်တယ်ခြင်းကင်း၍ မြင်သူတကာစိတ်ပျက်စရာ ဖြစ်တတ်သည် ။


ထို့ ကြောင့် လုပ်ငန်းတိုင်း နေရာတိုင်းမှာ တင်းလွန်းခြင်း ၊ ပိုမိုလွန်ကဲခြင်း စသည်တို့သည် မှားသကဲ့သို့ လျော့လွန်းခြင်းသည်လည်း မှားယွင်း၏ ။ လွန်သောအမှားကို ရှောင်အပ်သကဲ့သို့ နည်းသောအမှားကိုလည်း ရှောင်ရှားရမည်ဖြစ်သည် ။


နေ့စဉ်နှင့်အမျှ ဖြစ်သည့်ကိစ္စများမှစ၍ လွန်သောအမှားနှင့် လျော့နည်းသော အမှားများကို သတိထားသင့်သည် ။ သူငယ်ချင်း မိတ်ဆွေများနှင့်ဆက်ဆံရာမှာအကန့်အသတ်မရှိ ၊ စည်းလွတ် ဘောင်လွတ်သည်အထိ ရင်းနှီးမှု လွန်ကဲပါက မကြာမီ ပြဿနာနှင့်ကြုံရတတ်သည် ။ သို့သော်ထိုက်သင့်သည့် ရင်းနှီးချစ်ခင်မှု ၊ ပွင့်လင်းမှု ၊ ယုံကြည်စိတ်ချမှု မရှိဘဲ ခပ်စိမ်းစိမ်းနေလျှင်လည်း လူမှုဆက်ဆံရေးတွင် အဆင် ပြေမည် မဟုတ်ပေ ။


အစာအာဟာရ စားသုံးခြင်းသည် လူ၏ အသက်ရှင်သန်ရေးအတွက် အရေးကြီးသော်လည်း စားသင့်စားထိုက်သည်ထက် ပိုမိုလွန်ကဲစွာစားလျှင် “ အစားမတော် တစ်လုတ် ” ဆိုသကဲ့သို့ ဒုက္ခဖြစ်တတ်၏ ။ စားသင့်သည်ထက် လျော့နည်းပြီး စားပါကလည်း အာဟာရယုတ်လျော့၍ အသက်ရှည်မည်မဟုတ်ပေ ။


မည်သည့်ကိစ္စ ၊ မည်သည့်အလုပ်တာဝန်မှာဖြစ်စေ  လုပ်ဆောင်ရာတွင် လွန်ကဲသော အမှားများနှင့်လျော့နည်းသော အမှားများရှိ၏ ။ အချိန်ကာလအလိုက် နေရာဒေသအလိုက် ၊အကြောင်းအရာ အခြေအနေအလိုက်ကိုက်ညီမှန်ကန်အောင် ဆောင်ရွက်ရန် လိုသည် ။ လွန်ကဲသော အမှားနှင့် လျော့နည်းသော အမှားများကို ရှောင်ရှားနိုင်ရန် သတိထားပြီး ကောင်းကျိုးရအောင် ကြိုးစားကြရမည် ဖြစ်ပေသည် ။


     လယ်တွင်းသားစောချစ် 


     စကားပုံမှပေးသော အတွေးအမြင်


Tuesday, November 17, 2020

ကြီးရင်မှီ ငယ်ရင်ချီ


 ❝  ကြီးရင်မှီ ငယ်ရင်ချီ  ❞


လေးလေးတို့ မြန်မာမှာ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ပြည့်စုံတဲ့ အစဉ်အလာ အလေ့အထ အဆိုအမိန့်တွေရှိပြီးသားကွဲ့ ။ ကိုယ့်လူမျိုး ကိုယ့်စရိုက်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အမှားအယွင်းကင်းဖို့ ပြောဆိုထားခဲ့တဲ့ အဆိုအမိန့်တွေကို ငါ့တူမများ သိထားသင့်တယ် ။


အလွန်ကျယ်ဝန်းတဲ့အကြောင်းအရာကို တို့များ တစ်ဆင့်ချင်း လေ့လာကြည့်ကြတာပေါ့ ။ ကဲ " အရွယ်ကိစ္စ ” ကိုစပြီး ဆွေးနွေးကြရအောင် ။ မိန်းကလေးများအတွက်ပြောထားခဲ့တဲ့ရှေးစကားရှိတယ် ။

ဒါကတော့


ကြီးရင်မှီ

ငယ်ရင်ချီ


ဆိုတဲ့စကားပဲ ။ ကိုယ့်ထက်အသက်ကြီးတဲ့သူ ယူတော့ မှီခို အားထားရသတဲ့ ။ ကိုယ့်ထက် အသက်ငယ်လူကိုယူရင် ကိုယ်က ချီနေရမယ်တဲ့ ။ သူက ကိုယ့်ကိုမှီခိုအားထားနေမယ်ဆိုတဲ့ သဘောပေါ့ ။ ဒါက မိန်းကလေး​ေတွ အတွက် ပြောထားတာ ။ ဒီတော့ ဆက်စဉ်းစားရမှာက ကြီးတဲ့ယောက်ျားယူရမယ်ဆိုတာတော့ ဟုတ်ပါပြီ ။ ကိုယ့်ထက် အသက်ဘယ်လောက်ကြီးတဲ့ယောက်ျားကိုယူရမလဲလို့ မေးစရာဖြစ်လာတယ် ။ အဲဒီအသက်အရွယ် ပိုင်းခြားမှုအတွက်ကိုတော့ မိန်းကလေးများ သိထားဖို့ ဆိုမိန့်ထားတာ မရှိဘူး ။ မရှိရတဲ့အကြောင်းရင်းက အိမ်ထောင်ရေးကိစ္စမှာ ယောက်ျားလေးက စတင်မှာဖြစ်ပြီး မိန်းကလေးက ကိုယ်နှစ်သက်လာရင် လက်ခံဖို့ စောင့်စားရွေးချယ်ရမှာကိုး ။ ဒီတော့ မိန်းကလေးက စတင်တဲ့ အလေ့မရှိတဲ့အတွက် အသက်အရွယ်ကို ရွေးဖို့ စာဆိုကို ယောက်ျားလေးအတွက် ရှေးလူကြီးများက ထားခဲ့ကြတယ် ။ အဲဒီ စာချိုးကတော့


" ဟဲ့ မိန်းမယူမယ်ဆိုရင် ဒွေးချိုးလေးတိုးနည်းနဲ့ယူ ” တဲ့ ။


လေးလေးတို့ ငယ်ငယ်က လူကြီးများပြောဖူးတဲ့စကား ။


ဒွေးချိုးလေးတိုးနည်း ဆိုတာကတော့ ယောက်ျားလေးက အသက် သုံးဆယ်ဆိုရင် သူရွေးချယ်ရမယ့် မိန်းကလေးရဲ့ အသက်က ဒွေးချိုး ဆိုတဲ့အတွက် ယောက်ျားလေး အသက်သုံးဆယ်ကို နှစ်ပိုင်းပိုင်း ဆယ့်ငါး ။ အဲဒီဆယ့်ငါးကို လေးတိုး ၊ ဆယ့်ကိုးနှစ်ပေါ့ ။ အဲဒါ အသက်သုံးဆယ်ရွယ် ယောက်ျားလေးယူသင့်တဲ့ မိန်းကလေးရဲ့ အသက်ပဲ ။


ယောက်ျားလေးက အသက် နှစ်ဆယ့်ရှစ်နှစ်ဆိုရင် အဲဒါကို ထက်ဝက်ပိုင်းတော့ ဆယ့်လေး ၊ ဆယ့်လေးကို လေးတိုးတော့ ၁၈ နှစ် ၊ အဲဒီဆယ့်ရှစ်နှစ်ဟာ အသက်နှစ်ဆယ်ရှစ်နှစ်အရွယ် ယောက်ျားလေး ယူသင့်တဲ့အသက်အရွယ်ပဲ ။


အသက်ငါးဆယ်ရွယ်လူကြီးတစ်ယောက်ကအိမ်ထောင်ပြုတော့မယ်ဆိုရင် ငါးဆယ်ရဲ့ တစ်ဝက်နှစ်ဆယ့်ငါးကို လေးပေါင်း ။ ၂၉နှစ်ပေါ့ ။ အဲဒီထက်အသက်ငယ်တဲ့ မိန်းကလေးကို အိမ်ထောင်ပြုမယ်ဆိုရင်တော့ " နွားအိုမြက်နုကြိုက် ” လို့ ပြောတော့တာပဲ ။ ယောက်ျားလေးနဲ့ မိန်းကလေးရဲ့ အသက်ကွာခြားမှုကို ဆုံးဖြတ်ပေးထားတဲ့ ယူသင့်တဲ့အရွယ် အပိုင်းအခြား ဒွေးချိုးလေးတိုး နည်းကို သေသေချာချာ လေ့လာကြည့်ရင် ဘဝတစ်လျှောက်လုံးအတွက် အဆင်ပြေအောင် သတ်မှတ်ပေးထားတယ်ဆိုတာ တွေ့ရမှာပဲ ။


လေးလေးတို့ မြန်မာမှာ မိန်းကလေး တစ်ယောက်ရဲ့အိမ်ထောင်ပြုသင့်တဲ့အရွယ်ကို ၁၈နှစ်ပြည့်မှအိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်တယ်လို့ သတ်မှတ်ထားတယ်နော် ။ အဲဒီ အိမ်ထောင်ပြုသင့်တဲ့အရွယ်ဆိုတာက အပျိုဖြစ်တဲ့ အရွယ်နဲ့ မဆိုင်ဘူးကွဲ့ ။


အပျိုဖြစ်တာကတော့ သူ့သွေးသားကျန်းမာရေး အရ ၁၄ နှစ်နဲ့ အပျိုဖြစ်ချင် ဖြစ်မယ် ။ ၁၆နှစ်မှာ အပျိုဖြစ်ချင်လည်း ဖြစ်မယ် ။ အဲ ၁၂ နှစ်မှာ အပျိုဖြစ်ချင်လည်း ဖြစ်နိုင်တာပဲ ။ အဲဒါက တစ်ကဏ္ဍ ။


အသက် ၁၈ နှစ်မှာမှ အိမ်ထောင်ပြုဖို့အရွယ်ရောက်တယ်လို့ သတ်မှတ်ရတာက ဘဝအတွေ့အကြုံအရ စဉ်းစားဆင်ခြင်နိုင်စပြုတဲ့ အရွယ်ဖြစ်မှ အိမ်ထောင်ပြုသင့်တယ်လို့ သတ်မှတ်ပေးထားတာပဲ ။ ၁၈ နှစ်ထက် ငယ်သေးတဲ့အရွယ်မှာ စဉ်းစားဆင်ခြင်မှုမပါဘဲ ရူးရူးမိုက် မိုက်ဆုံးဖြတ်တာ ၊ ယောက်ျားလေးပြောသမျှအဟုတ်မှတ်လက်ခံတာတို့ ဖြစ်နိုင်တာကိုး ။ ၁၈ နှစ်ဆိုတော့အထိုက်အလျောက် စဉ်းစားနိုင်ပြီ ။


အဲသလို ၁၈ နှစ်ပြည့်ပြီးတဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုတော့မယ်ဆိုရင် ယောက်ျားလေးက အသက်၂၈နှစ် ရှိသင့်တယ်ဆိုတဲ့ စကားကို ဆက်စဉ်းစားကြည့် ။ အသက် ၂၈ နှစ်ဆိုတာ ပညာစုံလို့ စီးပွားရေးလောကထဲ ဝင်နေပြီဖြစ်တဲ့ အရွယ်ပဲ ။ အဲဒီအရွယ်ရောက်လို့မှ စီးပွားရေးအနည်မထိုင်သေးဘဲ မရေမရာနဲ့ ယောင်ချာချာဖြစ်နေမယ်ဆိုရင် လက်ထပ်ဖို့ သင့် မသင့် ဆုံးဖြတ်ဖို့ လွယ်သွားပြီလေ ။ ပထမအရွယ်မှာ ပညာရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာဆိုတဲ့စကားအရ အိမ်ထောင်ပြုရမယ့် အရွယ်ကို ဒုတိယအရွယ် သတ်မှတ်ပေးထားတာပေါ့ ။


မိန်းကလေးကလည်း စဉ်းစားဆင်ခြင်နိုင်တဲ့အရွယ် ၊ ယောက်ျားလေးကလည်း စီးပွားရှာနိုင်တဲ့အရွယ်ကို အိမ်ထောင်ပြုသင့်တဲ့ အရွယ်လို့ သတ်မှတ်ပေးထားတာ ဘေးဖယ်ပြီး ၁၆ နှစ် ၊ ၁၇ နှစ်နဲ့ ခိုးရာလိုက် ၊ ရုံးတက်လက် မှတ်ထိုးတော့ ကျွန်မ အသက် ၁၈ နှစ် ပြည့်ပါပြီဆိုပြီးလိမ် ။ အဲသလိုသက်တူရွယ်တူ ငယ်ငယ်လေးတွေနဲ့ ယူကြတော့ ဘာဖြစ်သလဲဆိုတော့ နှစ်ဘက် မိဘများရဲ့ အိမ် တစ်လှည့်စီကပ်စားရတာပေါ့ ။


အဲသလို ကပ်စားဖို့ရာမလွယ်တဲ့သူများမှာတော့ ယောက်ျားအယူကောင်းလို့ ဈေးဗန်းခေါင်းပေါ်ရွက်ရတဲ့ကိန်းဆိုက်ရော ။ အမယ် ဒါကိုပဲ ကျေနပ်နေကြသေးတာ ။ မောင်တစ်ထမ်းမယ်တစ်ရွက်တဲ့လေ  ။ အဲဒါက ရခါစကိုး ။ 


အိမ်ထောင်သက် ကြာလာတော့ မောင်က မထမ်းတော့ဘူး ၊ မယ်ပဲရွက်ရတော့တယ် ။ တစ်သက်လုံး ဈေးရောင်းကျွေးပေရော့ ။


တစ်ချို့ ယောက်ျားလေးများကတော့ အစကတည်းက ဈေးရောင်းတတ်တာ ရှာယူကြတယ် ။ သူဌေးသမီးကို မရရင် ယောက်ျား လေးတွေရဲ့ ဒုတိယပစ်မှတ်က ဈေးသည်ပဲ ။ ထားပါတော့လေ ။


လေးလေးအဓိကပြောချင်တာက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အိမ်ထောင်ဖက် ရွေးချယ်ရာမှာ


ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားရှိထားလေတော့ အဲဒီစကားရဲ့ အဓိပ္ပါယ် ၊ရည်ရွယ်ချက်တွေကို ပြောပြတာပါ ။ ငါ့တူမများအတွက် အထောက်အကူပြုရတာပေါ့ ။


   ◾  ကံချွန် 


   📖  အပျိုစင်တို့သိဖို့ယောကျာ်းတို့အကြောင်း ( ၁ ) 

Friday, November 13, 2020

ဦးသန်းရွှေ နှင့် အီးတီ


 

❝  ဦးသန်းရွှေနှင့် အီးတီ  ❞

မြန်မာ့သမိုင်းတွင် ဘိုးတော်ဘုရားမင်းလက်ထက်သည် တန်ခိုးဩဇာ အလွန်ထက် မြက်ခဲ့သော ကာလဟု ဆိုနိုင်သည် ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ် သို့မဟုတ်မင်းဆက်တစ်ဆက်တွင် ထိုမင်းတစ်ပါးသည်အဘယ်ကြောင့် အောင်မြင်ခဲ့ရသနည်း ၊ အဘယ်ကြောင့် တန်ခိုးဩဇာ လွှမ်းမိုးနိုင်ခဲ့သနည်း ဆိုသည်ကိုလည်း ပြန်ပြောင်းလေ့လာ သုံးသပ်လေ့ရှိကြသည် ။ မြန်မာမင်းတို့သည် လုပ်ဆောင်နိုင်စွမ်း ၊ အခြေအနေများက ထောက်ပံ့နိုင်စွမ်းများကြောင့် အောင်မြင်ခဲ့သည်ဆိုခြင်းထက် ဗေဒင် ၊ နတ် ၊ ယတြာ ၊ ရှေ့ဖြစ်ဟောစသည်တို့ကြောင့် အောင်မြင်ခဲ့ကြောင်း အယူသီးခဲ့ကြခြင်းမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်သို့ တိုင်ခဲ့ကြောင်း လေ့လာသုံးသပ်မိပါသည် ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြန်မာနိုင်ငံသည်ဗြိတိသျှတို့ လက်ထဲမှလွတ်လပ်ရေးကို ရယူခဲ့သည် ။ ၁၉၄၈ ခုနှစ် ပထမဆုံး နှစ်သစ်ဖြစ်သည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးရန်ဗြိတိသျှတို့က ဆုံးဖြတ်ခဲ့ခြင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းလှသည် ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာ ၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့ ၊ ၄ နာရီ မိနစ် ၂၀ အချိန် ဖြစ်သည် ။ အမှန်မှာ ဗြိတိသျှတို့၏  လန်ဒန်က သတ်မှတ်ပေးလိုက်သည့် အချိန်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ၊ ည ၉ နာရီ မိနစ် ၅၀ အချိန်ဖြစ်သည် ။ သို့သော်မြန်မာနိုင်ငံသားတို့က ထိုအချိန်ကို ဗေဒင်ကိန်းခမ်းအရ တွက်ချက်ကြည့်လိုက်သည့်အခါ အချိန်မှာအပုပ်ချိန်ဖြစ်နေပြီး ၊ အခါမကောင်းဟု သတ်မှတ်ကာ နောက်တစ်နေ့သို့ ပြောင်းခဲ့ခြင်း ဖြစ်သည် ။

ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ကြရသည့် နိုင်ငံအများစုသည်လွတ်လပ်ရေး ရမည်ဟု ဆိုလိုက်လျှင် အမြန်ဆုံး ရယူလိုကြသည် ။ မြန်မာနိုင်ငံကား တစ်ရက်ဆိုင်းရသည့်အကြောင်းရင်း များစွာရှိသည် ။ မြန်မာတို့ အမှန်တကယ် လွတ်လပ်ရေး အရယူလိုသည့် နေ့မှာ ဇန်နဝါရီလ ၁ ရက်နေ့ ဖြစ်သော်လည်း ၊ ဗြိတိသျှတို့က ၃ ရက်နေ့တွင် ပေးပြီး ၊ မြန်မာတို့က ၄ ရက်နေ့ ရွှေ့ရသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ရသည်မှာ ဗေဒင်ကိန်းခန်းများအရပင် ဖြစ်သည် ။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ်အိုင်စတိုင်းဘတ်ကမြန်မာနိုင်ငံတွင် ဗေဒင်ကိန်းခန်းနှင့် ကိန်းဂဏန်းများအရ လုပ်ဆောင်တတ်ခြင်းမှာ အခြားနိုင်ငံများအဖို့ နားလည်ချင်မှ နားလည်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံသားတို့အတွက် မူ ဤအဖြစ်များသည် မထူးဆန်းသောကိစ္စများ ဖြစ်သည်ဟုရေးသားထားသည် ။

ဘိုးတော်ဘုရားလက်ထက်တွင်လည်း မည်သည​့်အခမ်းအနားလုပ်သည်ဖြစ်စေ ဗေဒင်ဆရာများ၏ အကြံပေးချက်အတိုင်း လိုက်လံလုပ်ဆောင်လေ့ရှိကြောင်း မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ရေးသားခဲ့သည် ။ သို့သော် ဗေဒင်ယတြာလုပ်တိုင်း အောင်မြင်ခဲ့သည်တော့ မဟုတ်ပေ ။မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း စိန်ခေါ်မှုပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည် ။ အထူးသဖြင့် စီးပွားရေး အောင်မြင်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးများကို အထူးအလေးပေး ဆောင်ရွက်ရင်းက လှော်ရင်းနစ်ပြီး ၁၉၆၂ ခုနှစ်တိုင်သွားပြီး စစ်တပ်က အာဏာသိမ်းသည့် ဘဝသို့ ရောက်သွားခဲ့ရသည် ။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့်နေ့မှာ ၁၉၆၂ ခုနှစ် ၊ မတ်လ ၂ ရက်နေ့ ၊ နံနက် ၈ နာရီ မိနစ် ၅၀ အချိန် ဖြစ်သည် ။ ထိုအချိန်သည်ကား အခါတော်ပေးများကြောင့် လုပ်ဟန်မတူပေ ။ အာဏာသိမ်း စစ်ခေါင်းဆောင်များသည် ထိုစဉ်က ကွန်မြူနစ်ယောင်ယောင် ၊ ဆိုရှယ်လစ်ယောင်ယောင်များ ဖြစ်နေကြသောကြောင့် အယူသီး အစွဲအလမ်းများ သိပ်မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မှအာဏာတည်မြဲရေးအတွက် နတ်ကိုး ဗေဒင်ကိုးများ ဖြစ်သွားခဲ့ကြရခြင်း ဖြစ်သည် ။ ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံကို ရာစုလေးပုံတစ်ပုံခန့် စိုးမိုးအုပ်ချုပ်သွားခဲ့သူ ဖြစ်သည် ။ မြန်မာနိုင်ငံကို သူတို့ချမှတ်သည့် လမ်းစဉ်သည် ဆိုရှယ်လစ်လမ်းစဉ် ဖြစ်သော်လည်း မြန်မာ့နည်း မြန်မာ့ဟန် ဗုဒ္ဓနည်းကျသဘောတရားများကိုလည်း သွတ်သွင်းပြီးသူကိုယ်တိုင် ဗေဒင်ကိုး ၊ နတ်ကိုးဘဝသို့ ရောက်သွားခဲ့ရသည် ။ သို့သော် ၁၉၈၇ ခုနှစ် ၊ စက်တင်ဘာ ၅ ရက်နေ့တွင် နောက်ဆုံးအာဏာကိုစွန့်လွှတ်သွားခဲ့ရသည်သာ ဖြစ်သည် ။

မြန်မာနိုင်ငံသည် ဒုတိယအကြိမ် စစ်တပ်ကအာဏာသိမ်းမှုအပြီး တပ်မတော် စစ်ခေါင်းဆောင်များကြားတွင်လည်းအဆင့်ဆင့် အာဏာသိမ်းပိုက် မှုများ ဖြစ်ပွားခဲ့သည် ။ ဗိုလ်ချုပ်ကြီးစောမောင်နောက်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာပြီး အန္တရာယ်ရှိနေသော ဗိုလ်ချုပ်ခင်ညွန့်ပါ ဖယ်ရှားခြင်း ခံလိုက်ရသည် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်လာချိန်တွင် အခါတော်ပေးများက ဇနီးဖြစ်သူအား ဗိုလ်ချုပ်မှူးကြီးသည် တစ်ချိန်က မင်းတစ်ပါးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို အုပ်စိုးရမည့် မင်းဆက်သစ်ဖြစ်ကြောင်း ဟောပြောခဲ့ကြသည် ။ ဗိုလ်ချုပ်မှူးကြီး၏ အခါတော်ပေးများထဲတွင် ထင်ရှားသူတစ်ဦးမှာ အီးတီ ဖြစ်သည် ။ အီးတီသည်စကားမပြောနိုင်သော်လည်း ယခင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ သက်ဆင်ပင်လျှင် မြန်မာနိုင်ငံသို့ရောက်လာပြီး အီးတီထံမှ အကြံဉာဏ် ယူရသည်ဟုဆိုသည် ။ အီးတီ၏ ဟောကြားချက်အရ သက်ဆင်သည် သေကိန်းမြင်သည်ဆိုသောကြောင့် နိုင်ငံမှ ခေတ္တရှောင်ခဲ့​သေးသည် ။ အီးတီသည် စကားမပြောနိုင် ၊ လေသံသဲ့သဲ့သာ ပြောဆိုသည်ဆိုသော်လည်း သူ၏ အစ်မဖြစ်သူက ကြားမှ ဘာသာပြန်ကာ ပြောဆိုပေးခြင်းဖြင့် ဟောကြားခြင်းဖြစ်သည် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု အလွန်အလေးထား ယုံကြည်ကိုးကွယ်ခြင်းခံရသည့် အီးတီဆိုသည်မှာ အသက် ၄ဝ ဝန်းကျင်ခန့် ရှိပြီဖြစ်သည် ။ ဒါရိုက်တာစတီဗင်စပီးဘတ် ရိုက်ကူးသည့် ET ဇာတ်ကားထဲကအတိုင်း သူ့စကားလည်း လူမသိ ၊ လူ့စကားလည်း သူမသိဆိုသည့် ET ကို ရည်ညွှန်းပြီး မြန်မာတို့က အီးတီဟု ခေါ်ဆိုကြခြင်းဖြစ်သည် ။

ယင်း အမျိုးသမီးကဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အခါတော်ပေး ၊ အကြံပေး ဖြစ်နေခြင်းမှာလည်း အတော်ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည် ။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည်ပင် အီးတီ ထံ လာတွေ့ပြီးမှ မန်စီးတီးဘောလုံးကလပ်ကို ဝယ်ယူခဲ့သည် ဆိုခြင်းကြောင့် မြန်မာ့အီးတီ၏ အစွမ်းကား သေးငယ်လှသည်ဟု ယူဆရန်အကြောင်းမရှိပေ ။ အထူးသဖြင့် မြန်မာ့ခေါင်းဆောင်ပိုင်းကကိုးကွယ်ခြင်းခံရသူဆိုလျှင် မင်းပေါက်စိုးပေါက်ပြီး ထိပ်တန်းရောက်သွားရသလို ၊ ထိုထိပ်ပိုင်း ခေါင်းဆောင်များ အရာကျသွားလျှင် ချောင်ထိုးခံရခြင်း ၊ ဖမ်းဆီးအရေးယူခံရသည့်အစဉ်အလာများလည်း ရှိခဲ့ကြောင်း တွေ့ရသည် ။ ဥပမာ ဗိုလ်ချုပ်ခင်ညွန့် အလွန်ယုံကြည်ခြင်းခံရသည့် ဘိုးတော်သန်းလှ အရာကျကာ ထောင်ထဲထည့်ခြင်း ခံရပုံမျိုးဖြစ်သည် ။ Daily Telegraph သတင်းစာတိုက်မှ သတင်းထောက်တစ်ဦးသည် အီးတီနှင့် တွေ့ဆုံခွင့်ရရန်ကံအားလျော်စွာအခွင့်အရေး ရရှိခဲ့သည် ။ သူနှင့်တွေ့ဆုံခွင့်ရရန်အတွက် နှစ်ရက်ခန့် ကြိုတင်ရက်ချိန်းယူခဲ့ရသည် ။ သူတို့ လက်ခံတွေ့ဆုံမည့်သူများသည် နေ့စဉ်ဆိုသလို စာအုပ်ထဲတွင် ပြည့်နေတတ်သည် ။ အစိုးရဝန်ကြီးကိုယ်စား လာရောက်တွေ့ဆုံမေးမြန်းသည့် အင်ဒိုနီးရှားသံအမတ်ကြီးပင် ထိုစာရင်းတွင် ပါဝင်သည် ။ အီးတီ၏ အစ်မဖြစ်သူ ပြောပြချက်အရ အာရှမှသံတမန်ကြီးများ ၊ အတွင်းရေးမှူးများသည် သူတို့အတွက် ဖောက်သည်များ ဖြစ်ကြကြောင်းသိရ သည် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ထူးခြားသော ဖြစ်စဉ်များမှာအတိတ်တဘောင်ဖြင့် မင်းနေပြည်တော်ကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည် ။ မင်းရူး ရူးနေသောသူ ဖြစ်သောကြောင့် မင်းဆိုသည်မှာ တိုင်းသစ်ပြည်သစ် တည်သည်ကို အကြောင်းပြုပြီး ရန်ကုန်မှနေပြည်တော်သို့ အုပ်ချုပ်ရေးမြို့ကြီးကို ပြောင်းရွှေ့ခဲ့သည် ။ နေပြည်တော်သို့ ပြောင်းရွှေ့ပြီး မကြာမီ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် နာဂစ်မုန်တိုင်းဒဏ်အကြီးအကျယ်ခံရပြီး ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည် ။ ထိုအဖြစ်က သူ့ကို ပိုပြီးဗေဒင်ယတြာများကို ယုံကြည်သွားစေခဲ့သည် ။ မြန်မာနိုင်ငံတွင် ထင်ရှားသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည့်အရေးတော်ပုံကြီးသည် ၁၉၈၈ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်  ဖြစ်ပေါ်ခဲ့ခြင်းကို အစွဲပြုပြီး ခေါ်ဆိုခြင်းဖြစ်သည် ။ ထိုအရေးတော်ပုံမှ ၈၈ မျိုးဆက် များ ပေါ်ထွက်လာခဲ့သည် ။ ၈၈ ခုနှစ် အင်းဝမင်းဆက်တွင် ထူးခြားသော ဖြစ်ရပ်များ ဖြစ်ခဲ့သောကြောင့် စစ်အစိုးရသည် ရှစ်ပူးခြင်းကို အလွန်ထိတ်လန့် တုန်လှုပ်ကာ ယင်းမျိုးဆက် များကို နှိမ်နင်းခဲ့ကြောင်းလည်းတွေ့ရသည် ။ မြန်မာနိုင်ငံ စစ်အစိုးရခေတ်ကို ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၂ ခုနှစ်က စတင်လိုက်သည်မှာ ၂၀၁၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိဂုံးချုပ်ခဲ့သောကြောင့် အဆုံးသတ်ခဲ့ရသည်ဟု ဆိုနိုင်သည် ။ သို့သော် ဗိုလ်ချုပ်မှူးကြီး၏ ဩဇာအာဏာသည် လက်ရှိအစိုးရအပေါ်တွင် မည်မျှသော အတိုင်းအတာအထိ လွှမ်းမိုးထားဆဲဖြစ်သည်ကိုကား နားလည်ရခက်လှသည် ။ သူထူထောင်ခဲ့သောပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၊ သူမွေးထား ကျွေးထားခဲ့သော ခရိုနီများ ၊ သူထူထောင်ခဲ့သောနေပြည်တော်သစ်ကြီးကြောင့် သူ့ဩဇာအာဏာသည် ဘုန်းမီးနေလ တောက်နေလိမ့်ဦးမည်ဟု ယူဆစရာရှိသည် ။ သူ့ကို အနားယူလိုက်ပြီဟု ပြောသော်လည်း အဆောင်အယောင် ၊ အခမ်းအနား ၊ ခံစားခွင့်များ အပြည့်အဝသာမက လျှံနေအောင် ပေးထားပြီး သက်တော်စောင့်အဖြစ် ဗိုလ်မှူးချုပ်စိုးရှင် နှင့် ဗိုလ်ချုပ်နေဝင်း ( ယခင်ဗိုလ်ချုပ်ကြီးနေဝင်းမဟုတ် ) တို့ကို ဆက်လက်ထားပေးထားခဲ့သည် ။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးလက်သပ်မွေးခဲ့သော တပည့်
ရင်းကြီးများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးအောင်သောင်းတို့၏ လက်ရင်းတပည့် ဗိုလ်ချုပ်ကျော်ဝင်းကပါ ဗိုလ်ချုပ်မှူးကြီးကို ဆက်လက်စောင့်ရှောက်ပေးနေခဲ့သည် ။

ပြည်သူတို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လက်ရှိသမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရနောက်ကွယ်တွင် ကြိုးကိုင်ထားဆဲဖြစ်သည်ဟု ယုံကြည်နေကြသည် ။ ဗိုလ်ချုပ်ခင်ညွန့်၏ အင်တာဗျူးတစ်ခုတွင် ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က ယခင်ဗိုလ်ချုပ်ကြီးနေဝင်းကို သွားရောက်တွေ့ဆုံပြီး အကြံဉာဏ်တောင်းခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့လိုက်ရသည် ။ တစ်နည်းအားဖြင့်အာဏာသိမ်း စစ်ခေါင်းဆောင်ထဲတွင် အတွေ့အကြုံများစွာရှိသည့် စီနီယာတစ်ဦးထံသို့ တပည့်ရင်းဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်က သွားရောက်အကြံတောင်းရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းက မိမိတို့ စီနီယာများကို တိုင်ပင်ပါ ။ သူတို့ထံမှ အကြံဉာဏ်ယူပါ ။ သူတို့ကို နေရာပေးပြီး လုပ်ပါဟုသာ ညွှန်ကြားခဲ့ကြောင်း တွေ့ရသည် ။ ဗိုလ်ချုပ်ခင်ညွန့် သည်ပင် ဦးနေဝင်းအရှိန်အဝါဖြင့် နဝတအစိုးရအဖွဲ့ တွင် နေရာကောင်းကောင်း ရခဲ့ခြင်းဖြစ်သည် ။ မြန်မာ့တပ်မတော်မှ ဘောင်းဘီချွတ်များသည် နိုင်ငံရေးထဲသို့ ပါတီထောင်ကာရောက်လာကြပြီး နိုင်ငံတော်သမ္မတအထိ တာဝန်ယူထားကြသောကြောင့် မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးသည် ရှေ့မတိုးနောက် မဆုတ် ဖြစ်ခဲ့ရသည့်အပြင် နောက်ကြောင်း ပြန်လှည့်သွားမည်ကိုပင် စိုးရိမ်နေရသည့်အနေအထားတွင် ရှိသည် ။ ယင်းတို့ထဲတွင် နှစ်ကာလပေါင်းများစွာ နေရာယူထားပြီး ကြွယ်ဝချမ်းသာနေကြသော တပ်မတော်ခေါင်းဆောင်များနှင့် အငြိမ်းစားများ၏ အရေးသည် သူတို့အပေါ်တွင် အကာအကွယ် ပေးမထားနိုင်သည့် ဒီမိုကရေစီ အစိုးရမျိုးသာ တက်လာလျှင်ဆိုသည့်အနေအထားကို တွေးပူမိကြမည်မှာ သေချာသည် ။ သို့ဖြစ်ရာစစ်တပ်၏ အခန်းကဏ္ဍကို လုံးဝနေရာမပေးသော အစိုးရမျိုးများ တက် မလာရေးအတွက်လည်း ဗိုလ်ချုပ်များနှင့် သူတို့ အသိုင်းအဝိုင်းများအားလုံး နိုင်ငံရေးအရလည်းကောင်း ၊ စစ်ရေးအရလည်းကောင်း အဆုံးစွန် အောက်လမ်း ၊ အထက်လမ်း နတ်ကတော် ဗေဒင်ဆရာများ အစွမ်းအားလုံးသုံးပြီး တိုင်းပြည်ကို ပိတ်ဖုံးကာကွယ်နေမည်ကလည်း သေချာလှတော့သည် ။

◾  တင်ညွန့်

📖  ဦးသန်းရွှေ၏ ယတြာများ

Friday, November 6, 2020

ာ်ျားတွေ


 

❝  မယားကြောက်တဲ့ ယောက်ျားတွေ ❞

ကိုယ့်မိန်းမကို ကြောက်တဲ့ ယောက်ျားတွေကို လေးလေးတို့ ယောက်ျားချင်း  “ မ-ယ-က ” လို့ ခေါ်တယ်ကွဲ့ ။ မယားကြောက်ပေါ့ကွယ် ။ ငါ့တူမများအနေနဲ့ မိန်းမကြောက်တဲ့ ယောက်ျား​ေတွ အကြောင်းလည်း သိထားသင့်တယ် ။ 

ကိုယ်ချစ်တဲ့သူကို ရပြီးတာနဲ့ လုံးဝ ဂရုမစိုက်တော့သူ ရှိသလို ချစ်သည် ဖြစ်စေ ၊ မချစ်သည် ဖြစ်စေ ၊ ရပြီးခါမှ " ဒီမယ်ကိုအဝှာ ” ဆိုလိုက်တာနဲ့ ခင်ဗျာဆို ရှေ့ရောက်လာတဲ့ လူလည်း ရှိတာပါပဲ။ အဲသလိုယောက်ျားမျိုးတွေ အကြောင်းလည်း ငါ့တူမများ သိထားဖို့ လိုဘယ်။

မိန်းမကြောက်တဲ့ ယောက်ျားများကို  “ ခင်ဗျားမိန်းမကို ဒီလောက် ကြောက်ရသလား” ဆို မေးကြည့် ။ ဘယ်တော့
ကြောက်တယ်လို့ ဝန်မခံပါဘူး ။ “ ဟီးဟီးကြောက်လို့ မဟုတ်ပါဘူးကွ ချစ်လို့ ” လို့ ပြောကြတာပါပဲ ။ ယောက်ျားတွေ မိန်းမကြောက်တာနဲ့ ပတ်သက်လို့ ပုံပြင်တစ်ခု ပြောပြချင်တယ် ။

ဟိုးရှေးရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အလုပ်မှာ ဝင်ဝင်ပြီးစွက်ဖက်နေသတဲ့ ။စီးပွားရေးကိစ္စမှာပဲ ဖြစ်ဖြစ် ၊ လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ် မိန်းမတွေ ဆုံးဖြတ်မှ ပြီးကြရသတဲ့ ။

ယောက်ျားတွေဟာ တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့  “ ငါ ငါ့ မိန်းမတိုင်ပင်လိုက်ဦးမယ်  ငါ့မိန်းမဆီ ခွင့်တောင်းလိုက်ဦးမယ် ”

ဆိုတဲ့ စကားတွေဟာ ပြောရိုးပြောစဉ်လို ဖြစ်နေသတဲ့ ။ အဲဒီလို ဖြစ်နေတာတွေကို ရှင်ဘုရင်ကြီးက သိပ်မကျေနပ်ချင်ဘူး ။ ဒါကြောင့် တစ်ရက် မှာတော့ ညီလာခံမှာ မေးတယ် တဲ့ ။

“ ဝန်ကြီးများ ”

“ ဘုရား ”

“ ငါ့တိုင်းပြည်မှာ မိန်းမ မကြောက်တဲ့သူများ ရှိသေးရဲ့လား ”

အဲသလိုမေးတော့ ဝန်ကြီးတွေ ဆိတ်ဆိတ်နေကြသတဲ့ ။

ဘယ်သူမျှ မဖြေဘူး ။ အတော်ကြာမှ ဝန်ကြီးတစ်ပါးက

“ အရှင်ဘုရား တိတိကျကျ သိလိုတော်မူပါက ကျွန်တော်မျိုးကြီး စီစဉ်ပေးပါ့မယ် ဘုရား ”

“ ဘယ်လိုများ စီစဉ်မှာတုံး ၊ ဝန်မင်းရဲ့ အစီအမံကို လျှောက်တင်စမ်းပါဦး ”

“ မှန်လှပါ ၊ ကျွန်တော်မျိုးကြီး မဏ္ဍပ်အဖြူ တစ်ခုနဲ့ မဏ္ဍပ်အနီတစ်ခု ဆောက်ပါ့မယ်ဘုရား ၊ ဆောက်ပြီးတာနဲ့ မောင်းကြေးနင်းခတ်လို့ မိန်းမ မကြောက်သူများ မဏ္ဍပ်အဖြူထဲ ဝင်ရမယ် ။ မိန်းမကြောက်တဲ့ သူများကတော့ မဏ္ဍပ်အနီထဲဝင်ရမယ်လို့ အမိန့်တော်ပြန်ပါ့မယ် ။ အဲဒီအခါမှာ မဏ္ဍပ်ဖြူ ထဲဝင်လာတဲ့ မိန်းမ မကြောက်သူများကို အရှင်မင်းကြီး မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ် ဘုရား ”

လို့ လျှောက်ထားလိုက်သတဲ့ ။ ဘုရင်မင်းမြတ်လဲ ဝန်ကြီးရဲ့ အစီအမံကို သဘောကျတာနဲ့ ကောင်းပြီဝန်မင်း ၊ ခုချက်ချင်း စီစဉ်လော့လို့ ခွင့်ပြုလိုက်တာပေါ့ ။ ဒါနဲ့ဝန်ကြီးဟာ နန်းဆောင်က
လှမ်းကြည့်ရင် မြင်သာတဲ့နေရာမှာ မဏ္ဍပ်အဖြူတစ်ဆောင်နဲ့ အနီတစ်ဆောင်ကို ထိုးလို့ မိန်းမ မကြောက်သူများ မဏ္ဍပ်အဖြူမှာ လာစုရမယ် ၊ မိန်းမ ကြောက်သူများကတော့ မဏ္ဍပ်အနီထဲမှာ လာခိုရမယ်လို့ ကြေညာမောင်းခတ်လိုက်သတဲ့ ။

အဲသလို ကြေညာမောင်းခတ်သံကြားရင်ပဲ ယောက်ျားတွေက တစ်ဖွဲဖွဲနဲ့ ရောက်လာကြတယ် ။ ဘုရင်ကြီးကလည်း စောင့်ကြည့်နေတာပေါ့ ။ မဏ္ဍပ်ဖြူထဲမှာ ဘယ်သူတွေ ဝင်လေမလဲလို့ ၊ လာသမျှ ယောကျာ်းတွေဟာ မဏ္ဍပ်အနီထဲချည်း ဝင်ဝင်သွားကြသတဲ့ ။ အတော့်ကို ကြာမှ ရှားရှားပါးပါး ယောက်ျားတစ်ယောက်ဟာ မဏ္ဍပ်ဖြူထဲမှာဝင်ပြီးကုပ်ချောင်းချောင်းနဲ့ ရပ်နေသတဲ့ ။ အဲသလို ဝင်ရပ်တာလဲမြင်ရော ဘုရင်ကြီးက မိန်းမ မကြောက်တဲ့ ယောက်ျားတစ်ယောက်တော့ တွေ့ပြီဟဆိုပြီး ဝမ်းသာအားရနဲ့

“ အို ဝန်မင်း ၊ ဟိုမယ် မိန်းမ မကြောက်တဲ့ ယောက်ျားတစ်ယောက်တော့ တွေ့ပါပေါ့လား ၊ ရှေ့တော်သွင်းစမ်း ၊ ဆုတော်လာဘ်တော်များ ပေးရအောင် ”

ဆိုပြီး မင်းမြတ်ကရှေ့တော်သွင်းဖို့ မိန့်လိုက်သတဲ့ ။ ဒီအခါ ဝန်ကြီးများကလည်း မဏ္ဍပ်အဖြူထဲကလူကို ဘုရင်မင်းမြတ်ရဲ့ ရှေ့တော်ခေါ်သွင်းလာရတာပေါ့ ။ ရှေ့တော်မှောက် ရောက်တဲ့အခါ

“ မောင်မင်း ”

“ ဘုရား”

“ မောင်မင်းကတော့ မိန်းမ မကြောက်ဘူးပေါ့၊ ဟုတ်စ ”

“ ကြောက်ပါတယ် ဘုရား ”

“ ဟဲ့ ကြောက်တယ်ဆို ဘာလို့ မဏ္ဍပ်အနီထဲ မသွားဘဲ မဏ္ဍပ်အဖြူထဲဝင်ရပ်နေရတာလဲ ။ငါကိုယ်တော်မြတ် အမိန့်တော် ထုတ်ထားတာ မသိဘူးလား ”

“ မှန်လှပါဘုရား ၊ ကျွန်တော်မျိုး သိပါတယ် ၊ အပြစ်ပေးလျှင်လဲ  ခံရပါမည် ၊ ကျွန်တော်မျိုး မှန်ရာကို သံတော်ဦးတင်ပါမည် ၊ အရှင်မင်းကြီးက မိန်းမကြောက်သူများ မဏ္ဍပ်အနီအတွင်း ဝင်ရမည်ဟု အမိန့်တော်မှတ်ထားသော်လည်း ကျွန်တော်မျိုးမိန်းမက လူရှုပ်သည့်နေရာ မနေရဘူးဟု မှာလိုက်သောကြောင့် လူရှင်းသည့် မဏ္ဍပ်ဖြူတွင်း ဝင်ရကြောင်းပါ ဘုရား ”

လို့လျှောက်လိုက်သတဲ့ ။

ပုံပြင်ကတော့ အဲဒါပါပဲ ။ ယောက်ျားများ မိန်းမကြောက်ပြီဆိုတော့လည်း ဘုရင့်အမိန့်တော်တောင်ဖီဆန်ပြီး ကြောက်ကြတာ ။

မယားကြောက်သူများနဲ့ ပတ်သက်တဲ့ စာချိုးတွေတောင် ရှိသေးတယ် ။

“ မိန်းမရှိခိုး သွားမကျိုး ၊

မိန်းမရိုသေ အသက်ရှည် ”

သတဲ့ ။ ယောက်ျားတွေ မိန်းမကြောက်တာက ချစ်ကြောက်ကွဲ့ ။ ဒါကြောင့် ချစ်လို့ဆိုပြီး ဆင်ခြေပေးကြတာပေါ့ ။ ကြောက်တာက နှစ်မျိုးရှိတယ်လေ ။ ချစ်ကြောက်ရယ် ၊ ရွံကြောက်ရယ် ။ မြွေတို့ ၊ ကြွက်တို့ ၊ ဖားတို့ ၊ ဖွတ်တို့ကို ကိုင်ရမှာ ကြောက်တာက ရွံကြောက် ။

ရွံကြောက်က လုံးဝကို မထိမတို့ချင်တဲ့ အကြောက် ။ ချစ်ကြောက်နဲ့ဆန့်ကျင်ဘက်ပဲ ။ ချစ်ကြောက်က ကြောက်ပေမယ့် အမြဲထိတွေ့နေချင်တဲ့ အကြောက် ။ ချစ်ကြောက်သမားများက ကြောက်ရတာကို ပီတိ ဖြစ်နေတာ ။

မယားကြောက်သူ အတော်များများရဲ့ ထူးခြားမှုကတော့ မျက်ရည် လွယ်တာပဲ ။ ချစ်သူဘဝမှာ ချိန်းတွေ့လို့ အဆင်မပြေမှု တစ်ခုခုတွေ့တိုင်း သူကချည်း ဦးအောင် ငိုနေပြီဆိုရင် သေချာပြီ ၊ အဲဒီကောင် ကိုယ်နဲ့ရလို့ကတော့ “ မယက ” ဖြစ်မှာပဲ ။

ငါ့တူမများသတိထားဖို့က ကိုယ့်ကိုကြောက်တဲ့ ယောကျာ်းယူမယ်ဆိုရင် အိမ်ထောင်ရေး ၊ စီးပွားရေး ၊ လူမှုရေး မှာ ကိုယ်က ဦးဆောင်နိုင်တဲ့အရည်အချင်းရှိမှ ဖြစ်မယ် ။ မိန်းမက စီမံခန့်ခွဲနိုင်စွမ်းရှိမှ ဖြစ်မယ် ။ ဘာလို့လဲဆိုတော့ သူက ကိုယ်ခိုင်းတာလောက်ပဲ လုပ်မှာကိုး ။ ကိုယ်ကလည်း ဦးမဆောင်နိုင် ၊ သူကလည်းဦးမဆောင်တတ်ဖြစ်နေရင် အဲဒီအိမ်ထောင်ဟာ ဘယ်လိုမှ သာယာစိုပြည်မှုရှိမှာ မဟုတ်ဘူး ။ တိုးတက် မှာ မဟုတ်ဘူး ။ အဲသလို စုံတွဲက ပေါက်ဖွားမယ့် သားသမီးတွေဟာလည်း ကိုယ်ရည်ကိုယ်သွေးညံ့တဲ့ အူတူတူ အတတ သားသမီး အစွမ်းအစမရှိတဲ့ သားသမီးလေးတွေ များလာတာပဲ အဖတ်တင်တယ် ။ ဒီတော့ ငါ့တူများ စဉ်းစား ။

မယားကြောက်တဲ့ ယောက်ျားမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးမယ်ဆိုရင် ကိုယ်ထူထောင်မယ့် အိမ်ထောင်မှာ ကိုယ်က ဦးဆောင်နိုင်တဲ့ အင်အားရှိရဲ့လားလို့ ။

ယောက်ျားကို နိုင်ရတယ်ဆိုတာ ဂုဏ်ယူစရာလို့ ထင်နေရင် အဲဒီ ဂုဏ်ကိုရဖို့ အိမ်ထောင်ရေးတာဝန်အားလုံး ကိုယ်ကယူရလိမ့်မယ်နော ။ လေးလေးရဲ့ အယူအဆကို ပြောရရင်တော့ ဘယ်သူ့ကို ဘယ်သူကမျှ နိုင်ဖို့မလိုပါဘူး ။ ဆိုးတူကောင်းဘက်ဘဝကို ထူထောင်ဖို့ စိတ်တူကိုယ်တူ တိုင်ပင်ရုန်းကန်ဖို့ပဲ လိုတယ်လို့မြင်တယ် ။

အိမ်ထောင်ပြုတာပဲဟာ ၊ အားကစားလုပ်တာလည်း မဟုတ် ၊ လောင်းကစား လုပ်တာလည်း မဟုတ် ။ ပြီးတော့ ချစ်လို့ယူခဲ့ကြတာ ။

ရန်သူတွေလည်း မဟုတ် ။ တစ်ယောက်ကို တစ်ယောက်ကြောက်ဖို့လည်း မလိုဘူး ။ နိုင်ဖို့လည်း မလိုဘူး ။ ချစ်ဖို့ပဲ လိုတယ်လေ နော့ ။

   ◾  ကံချွန်

   📖  အပျိုစင်တို့သိဖို့ ယောကျာ်းတို့အကြောင်း ( ၁ )

Tuesday, November 3, 2020

ကျွန်ုပ်ခံရ ချစ်ဒုက္ခ


 

  ❝  ကျွန်ုပ်ခံရ ချစ်ခုက္ခ  ❞

ကျွန်ုပ်သည် “ အိမ်ထောင်ရေးကျမ်း ” ကို အဘယ်ကြောင့် ရေးလိုသည် ၊ ရေးရသည်၏ အကြောင်းရင်းများကို အထက်တွင် ဖော်ပြပြီးခဲ့ပေပြီ ။ ထိုဖော်ပြပြီးခဲ့သည့် အကြောင်းရင်းများထက် ပို၍ အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ရှိပေသေး၏ ။

ကျွန်ုပ်ကား အသက် ၅၀ ရှိပေပြီ ။ အိမ်ထောင်သက် ၂၅ နှစ်ရှိပြီ ဖြစ်၏ ။ အိမ်ထောင်လည်း ၃ - ၄ ဆက် ပြောင်းခဲ့ရပြီ ။ ကျွန်ုပ်၏ အိမ်ထောင်ရေး အဆက်ဆက် တစ်သက်တာဘဝတွင် ချမ်းမြကြည်သာ အဆင်ပြေပါသည်ဟု ပြောပလောက်အောင် တစ်ကြိမ်တစ်ခါမျှ မတွေ့ရ ။ သို့မတွေ့ရသည်များမှာ ' ကံ ' ကိုချည်း ချရန်မဟုတ် ။ အတိတ်ကံလည်း ရှိချင်ရှိပေမည် ။ ပစ္စုပ္ပန်ကံဟု ခေါ်ထိုက်သောပစ္စက္ခ လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျ၍လည်းဖြစ်နိုင်သည် ။ ကျွန်ုပ်၏ ပတ်ဝန်းကျင် အခြေအ​ေန အကျိုးအကြောင်းတို့ကြောင့်လည်း ဖြစ်နိုင်သည် ။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏တစ်ဘဝလုံးတွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဒုက္ခသောကအမျိုးမျိုးတို့ကို ကုန်း၍ ရုန်း၍ ခံခဲ့ရသည်များကို ဖော်ပြခြင်းသည် ကျွန်ုပ်၏ချို့တဲ့ချက် ၊ချွတ်ယွင်းချက် များကိုလည်း မခြွင်းမချန် ရေးပြလိုသည် ။

သို့မှသာ နောင်လာနောက်သား နှောင်းလူများကို ကျွန်ုပ်တွေ့ကြုံ  ခံစားခဲ့ရသည့် အဖြစ်ဆိုးမျိုးမှ လွတ်ကင်းအောင် တတ်နိုင်သမျှ ရှောင်ကြည်နိုင်ပေမည် ။ သို့ရှောင်ကြည်နိုင်သဖြင့်အိမ်ထောင်ရေးသုခ ရသင့်သလောက် ရကြပါဘိမူကား ကျွန်ုပ်၏ ငယ်ကျိုးငယ်နာတို့ကို ဖော်ထုတ်ရေးသားရကျိုးနပ်ပေပြီဟု ထင်မှတ်ယုံကြည်မိပေသည် ။

၄င်းပြင် ကျွန်ုပ်၏ အိမ်ထောင်ရေး သင်ခန်းစာများကို ဝတ္ထုရေးလျှင်
လည်း ဖြစ်ပါ၏ ။ ဆောင်းပါးလည်း ရေးနိုင်ပါ၏ ။

သို့သော် ဝတ္ထုဟူသည် ဇာတ်လိုက် များကိုအသားပေး၍ရေးမြဲဖြစ်သည် ။ ဇာတ်လိုက်ပြောသမျှသည် အဟုတ် ၊ ဇာတ်လိုက်လုပ်သမျှသည် အမှန် ၊ ဇာတ်လိုက်ကြံသမျှသည် အကောင်းချည်း ရေးရမြဲဖြစ်ရာ ဤသို့ရေးလျှင် စာဖတ်သူများ တကယ့်ဖြစ်စဉ်, တကယ့်ဘဝကို မသိဘဲနေမည် ။ သို့အမှန်ကို မသိရလျှင် အဘယ်မှာလျှင် သင်ခန်းစာရပါတော့အံ့နည်း ။

ဤနေရာတွင် စကားအလျဉ်းသင့်သဖြင့် ဝတ္ထု သဘောကို အနည်းငယ် ဖော်ပြလိုပေသည် ။ ဝတ္ထုဟူသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ဇာတ်လိုက်ကို အသားပေးကာ ရေးသားမြဲဖြစ်သဖြင့် ဇာတ်လိုက်နှင့် ပဋိပက္ခပြုသူမှန်သမျှမှာ လူကြမ်း ( ဗီလိန် ) လုပ်၍ ရေးရသည် ။

ဥပမာ ဇာတ်လိုက် ကျားနှင့်မတို့ မညားအောင်ဖျက်ဆီးသည့် မိဘများမှာ လူကြမ်း ( ဗီလိန် ) တွေ ဖြစ်ကြရသည် ။

တကယ့်ဖြစ်စဉ်များမှာမူ မိဘသည် ဗီလိန်မဟုတ်ပါပေ ။ မိဘဟူသည် သားသမီးကို ဘုရားသခင်၏မေတ္တာတော်မျိုးဖြင့် ချစ်၏ ။ ၄င်းပြင် မိဘများသည် ပျိုခဲ့ အိုခဲ့ဖူးပြီဖြစ်ရာ အိမ်ထောင်ရေးအတွက် လူငယ်တွေထက် ပို၍သိ၏ ။ ဗဟုသုတရှိ၏ ။ သို့ပါလျက် ဇာတ်လိုက်ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့် မိဘမှာ ဗီလိန် ဖြစ်ရရှာသည် ။

အမှန်မှာကား အကယ်၍ အိမ်ထောင်ဘက်ပြုမည့်သူကို မိဘက သဘောမတူဖြစ်ငြားအံ့ ၊ သဘောမတူနိုင်လောက်သည့် အကြောင်းရင်း လုံလောက်အောင် ရှိပေမည် ။

ဤနေရာတွင် ရှေးစကားပုံမှာ ဘယ်တော့မှ ရိုးမည်မဟုတ်သော စကားပုံပင်ဖြစ်၏ ။

“ ဆင်စီး၍ မြင်းရံသည်ကိုသာ မြင်လိုသည် ”

“ ဆင်နင်း၍ မြင်းကန်သည်ကို မမြင်လို ”

ဤစကားပုံအတိုင်း မိဘသည် သားသမီးကို မိမိကိုယ်တိုင်ထက်ပို၍ ချစ်တတ် ကြင်နာတတ်မြဲဖြစ်ရာ ဝတ္ထုထဲက ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့်ကျေးဇူးရှင် မိဘနှစ်ပါးမှာ လူကြမ်းတွေဖြစ်ကြရသည် ။ မိဘကို တော်လှန်ပုန်ကန်သော လူငယ်များမှာ ဇာတ်လိုက်ဟီးရိုးတွေ ဖြစ်ကုန်ကြသည် ။

ထိုကဲ့သို့သော ဝတ္ထုပြီသသည့်ဝတ္ထုများကို လူငယ်များဖတ်ရှုအားကျကာ မိဘကို တော်လှန်ပုန်ကန်ကြ၏ ။ မိဘ၏စကား ပျားပမာချိုပါလျက် တမာလိုခါးကြ၏ ။

ဝတ္ထုထဲတွင်ကား “ မိဘကိုတော်လှန်သော လူငယ်များ ပျော်ပါးရွှင်ပျစွာ နေကြရလေသတည်း ” ဟုရေးမည်ဖြစ်သော်လည်း တကယ့်ဖြစ်စဉ်မှာကား ထိုသားသမီးတို့သည် ဆင်းရဲခြင်းကြီးစွာနှင့် တွေ့ရလေသတည်းသာ ဖြစ်ပေလိမ့်မည် ။

ထို့ကြောင့် ကျွန်ုပ်၏ အိမ်ထောင်ရေးဖြစ်စဉ် ဝတ္ထုအသွင်မရေးဘဲ “ ကျမ်း ” အဖြစ် ရေးသားခြင်းဖြစ်၏ ။ သို့ရေးမှလည်း အပြစ်အနာချွတ်ယွင်း လွဲချော်ရာများကို တိတိကျကျ ဖော်ပြနိုင်မည် ဖြစ်သတည်း ။

   ◾ ရန်အောင်

   📖  အိမ်ထောင်ရေး အဘိဓမ္မာ

Thursday, October 29, 2020

ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၂ )


 “ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၂ ) ”


    မဆလ စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်ကြီးနေဝင်း  လက်ထက်က “ ဒို့လူတွေ  ရှိသေးလား ”  ဆိုပြီး မကြာခဏမေး လေ့ရှိပါတယ် ။  “ ဒို့လူတွေ ” ဆိုတာက  သူတပ်ရင်းမှူး လုပ်ခဲ့တဲ့  အမှတ် ( ၄ ) ဗမာ့သေနပ်ကိုင်တပ်ရင်းမှာ သူနဲ့ အတူတာဝန်ထမ်း ခဲ့ကြတဲ့  သူ့တပည့်ရင်း အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ကြီး နေဝင်း ကာကွယ်ရေး ဦးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၄၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလကစပြီး သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့  ဗမာ့တပ်မတော်ရဲ့  ထိပ်ပိုင်း တပ်မှူးကြီးတွေ  ( ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင်) ကို  တဦးချင်းဖြစ်စေ ၊ အစုလိုက်အပြုံလိုက်ဖြစ်စေ တဖြေးဖြေး ဖယ်ရှားပစ် ခဲ့ပြီး “ ဒို့လူတွေ  ” နဲ့   အစားထိုးခဲ့ပါတယ် ။


    အခု နအဖစစ်အာဏာရှင်  ဗိုလ်ချုပ်မှူးကြီးသန်​းရွှေ လက်ထက် မှာလည်း  သူ  ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၉၂ ခုနှစ် ၊  ဧပြီလက စပြီး မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ “ သူ့လူတွေ ” နဲ့  အစားထိုးနိုင်ဖို့  စတင်ကြိုးပမ်းလာခဲ့ တာ  တွေ့ရှိရပါတယ် ။  အခုလက်ရှိ သူ့ဘေးမှာ ဝန်းရံထားသူအများစုဟာ  သူ တပ်ရင်းမှူး ၊  ဗျူဟာမှူး ၊ တပ်မမှူး ၊  တိုင်းမှူးနဲ့

ဒုတိယကာကွယ်ရေးဦးစီးချုပ်  စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့စဉ်က သူ့တပည့်ရင်း ဖြစ်ခဲ့ဘူးသူတွေ ၊ သူကိုယ်တိုင်  ယုံကြည် စိတ်ချ အားကိုးရသူတွေ ဖြစ်နေတာကိုတွေ့နိုင်ပါတယ် ။


     OTS အပတ်စဉ် ( ၉ ) သင်တန်းဆင်း အရာရှိတဦးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  ဟာ ခလရ ( ၁ ) ၊  ခမရ ( ၁ဝ၁ ) ၊ တပ်မ

(၈၈) ၊  အနောက်တောင်တိုင်း စစ်ဌာနချုပ် ( နတခ ) စတဲ့  တိုက်ခိုက်ရေးတပ်တွေမှာ  တာဝန်အဆင့်ဆင့်ကို  ထမ်းဆောင်ခဲ့ဘူးပေမဲ့ တိုက်ခိုက်ရေးဘက် မှာ ထူးချွန်အောင်မြင်တဲ့ တပ်မှူးတဦးတော့ မဖြစ်ခဲ့ပါဘူး ။ ၁၉၈ဝ ခုနှစ်လောက်က တပ်မ ( ၈၈ ) တပ်မမှူးဘဝနဲ့ ကျိုင်းတုံဒေသမှာ စစ်ဆင်ရေးတာဝန်တွေကို  ထမ်းဆောင်နေစဉ်  တပ်မ ( ၈၈ )ကို ဗကပ ( ၈၁၅ ) စစ်ဒေသ ( ယခု ဦးစိုင်းလင်း ၏ မိုင်းလား  အပစ်ရပ်အထူးဒေသ ) လက်အောက်ခံ တပ်တွေကပြင်းပြင်းထန်ထန် ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်  တပ်မ ( ၈၈ ) လက်အောက်ခံ  အမှတ် ( ၃ ) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်ပါကျဆုံးခဲ့ရပြီး စစ်သည်တွေနဲ့ မိသားစုအများအပြားသေဆုံးခဲ့ရဘူးပါတယ်  ။


     ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေဟာ အဲဒီအချိန်က ဦးနေဝင်းရဲ့ အထူးယုံကြည်စိတ်ချရတဲ့  စစ်ခေါင်းဆောင်တဦး ဖြစ်နေတဲ့ အတွက် အရေးယူမခံရတဲ့အပြင် အဲဒီနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့  မဆလပါတီရဲ့ စတုတ္ထအကြိမ်ပါတီညီလာခံမှာ ဗဟိုကော်

မတီဝင်အဖြစ်တောင်  ချီးမြှင့်မြှောက်စားတာကို  ခံခဲ့ရပါတယ် ။ ၁၉၈၃  ခုနှစ်မှာ   နတခ တိုင်းမှူးနဲ့  ဧရာဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီဥက္ကဌ  ရာထူးတွေကိုပါ ချီးမြှင့်ခံခဲ့ရပြီး  ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ် ။ အဲဒီအချိန်က အသက် ( ၅၂ ) နှစ် အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ရာထူး   အဆင့် ( ၂ ) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ်   ဖြစ်လာတဲ့အပေါ် မဆလတပ်မတော်  ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ   မကျေနပ်မှုတွေ အများအပြား ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်း ရှေ့မှာတော့  အားလုံး ရေငုံနှုတ်ပိတ် နေခဲ့ကြရတယ်လို့ ဆိုပါတယ် ။


ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ စစ်မတိုက်တတ်ပေမဲ့ “ လက်ဘက်တော့ ကောင်းကောင်း ထုပ်တတ်တယ် ” ဆိုတဲ့  လူစားထဲမှာ ပါပုံရပါတယ် ။  သူက  အရာရှိပေါက်စဘဝနဲ့  ကက /  ပြည် ၊ မပခ နဲ့ တပ်မဟာ ( ၁ ) တို့မှာ နယ်လှည့်  စိတ်ဓါတ်စစ်ဆင်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာလည်း    နည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေေကြောင့် လူတွေရဲ့  စိတ်ဓာတ်သဘောသဘာဝနဲ့ နိုင်ငံရေး အလားအလာတချို့ကို ကြိုတင်တွက်ချက်  ခန့်မှန်းနိုင်ပြီး  လူကြီးတွေ နှစ်သက်သဘောကျအောင် နေထိုင်ပြတတ်တဲ့ အရည်အချင်းရှိကြောင်း သိရှိရပါတယ် ။


     ဒါပေမဲ့ ၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံး အရေးအခင်းကာလမှာတော့  စစ်အာဏာရှင်ကြီး  ဦးနေဝင်းနဲ့ သမီးကြီး  ဗိုလ်မှူး စန္ဒာဝင်းတို့က  ဗိုလ်ချုပ်သန်းရွှေ ကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် ကို  ရှေ့တန်းတင် ပွဲ ထုတ်လာတဲ့အတွက် ဗိုလ်ချုပ်သန်းရွှေ ရဲ့ စိတ်ထဲမှာ ဦးနေဝင်းမိသားစုနဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့အပေါ်   အငြိုးအတေးတွေ စတင် ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ် ။  ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာလအတွင်း  စစ်အာဏာရှင်ကြီး ဦးနေဝင်းက  ဗိုလ်ချုပ်ကြီး  စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့်တို့ကို    သူ့ရဲ့အိမ်တော်မှာ  ခေါ်ယူတွေ့ဆုံပြီး  စစ်တပ်နဲ့အာဏာသိမ်းဖို့ ၊  စစ်အာဏာသိမ်းကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင်က   ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးချုပ်တင်ဦး  တို့ကိုအတွင်းရေးမှူး ( ၁ ) နဲ့ ( ၂ ) လုပ်ခိုင်းဖို့ ညွှန်ကြားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို အာဏာသိမ်းစစ်ကောင်စီမှာ သာမန်အဖွဲ့ဝင် တဦးအဖြစ်နဲ့သာ  ထည့်သွင်းခဲ့ပြီး အရေးပါတဲ့  စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို  ကိုင်တွယ်ခိုင်းခြင်းမရှိပဲ လမ်းဖေါက် ၊ တံတားဆောက် စတဲ့လုပ်ငန်းတချို့ကိုသာ  ကြီးကြပ်စေခဲ့တာကြောင့်  ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဦးနေဝင်းတို့ အပေါ် အငြိုးအတေးထားခဲ့ကြောင်း သိရှိရပါတယ် ။


     ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ မကျေနပ်မှုတွေကို  ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့်က   နဝတအတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး  ဗိုလ်ချုပ်ကြီးသန်းရွှေ ကို နဝတစစ်ကောင်စီရဲ့  ဒုတိယဥက္ကဌအဖြစ်  ခန့်အပ်တာဝန်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုအကြိမ်ကြိမ် နားချစည်းရုံးခဲ့တာကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ ပြည့်နှစ်  အစောပိုင်းရောက် မှ ဗိုလ်ချုပ်ကြီး သန်း

ရွှေကို နဝတ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ် ။ ဒါပေမယ့် အ ငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ခြေလှမ်းအမှားကို  စောင့်ဆိုင်းရင်း ဆင်ကြံကြံ  နေခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ နေရာတကာ သူ့လက် သူ့ခြေ ဖြစ်နေတဲ့  ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း သိပ်ကြည့်မရပေမဲ့   စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ရှစ်လေးလုံး အရေးအခင်းကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်ပြီး စစ်အာသိမ်းဖို့  အခြေအနေတွေပေါ်ပေါက်လာအောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သူ  ဖြစ်နေတာကြောင့် တချိန်ချိန်မှာ သူ့အတွက်လည်း အသုံးဝင်လာနိုင်တယ် ဆိုတဲ့ အတွေးနဲ့ အချိုသတ် ဆက်ဆံထားဖို့  ဆုံးဖြတ်ခဲ့ပုံရပါတယ် ။


     ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ  ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ  တစညပါတီ    အနိုင်ရမယ်ထင်ပြီး ရွေးကောက်ပွဲပြီးရင် တပ်မတော်က စစ်တပ်လျားကို ပြန်မယ်လို့  အာချောင်မိခဲ့ပါတယ် ။  ဒါပေမဲ့ စီစဉ်ထားသလိုဖြစ်မလာဘဲ  NLD ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ   ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့   သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်ပေးဖို့ ကိစ္စနဲ့ NLD ပါတီကို  အာဏာလွှဲပေးဖို့ ကိစ္စတွေအပေါ်အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ် ။ NLD ပါတီက သူတို့ အာဏာရခဲ့ရင် မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ၊  ဗိုလ်မှူးကြီးနဲ့အထက်တပ်မတော် အရာရှိကြီးတွေကို  ဖယ်ရှားသန့်စင်ပစ်ဖို့  စီစဉ်နေကြောင်း တစိတ်ကိုတအိပ်လုပ်ပြီး တပ်မတော်အတွင်းမှာ သွေးထိုးလှုံ့ဆော်မှုတွေ ကိုလည်းပြုလုပ်ခဲ့ကြပါတယ် ။


     ဘေးကျတ်နံကျတ် အခြေအနေတွေနဲ့  ရင်ဆိုင်လာရတဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နေ့ရောညပါ  သောက်လာခဲ့ရာက နောက်ဆုံးမှာ  စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းချွေရာမှာ အမှားအယွင်းတွေ  ဖြစ်ပေါ်လာခဲ့ပါတယ် ။ အကွက်ကောင်းကိုချောင်းနေတဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ မိန့်ခွန်းတွေကို  တလုံးမှ  ပြင်ဆင်တည်းဖြတ်ခြင်းမပြုဘဲ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေ  ထုတ်လွှင့်ခိုင်းခဲ့ပြီး   ဗိုလ်ချုပ်မှူးကြီးစောမောင်ကို  ပြည်သူလူထုနဲ့ တပ်မတော်သားတွေအကြားမှာ ပညာသားပါပါနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါ တယ် ။ နောက်ဆုံးမှာ တပ်မတော်ဆေးညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ်ကျော်ဝင်း  (နောင်  အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်

ကြီး ) ဦးဆောင်တဲ့  သမားတော်ကြီးတွေကို စစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကျန်းမာရေးအခြေအနေ မကောင်းတော့ကြောင်း ဆေးထောက်ခံစာ   ရေးခိုင်းခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းသန်းရွှေဟာ နဝတ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့  စစ်အစိုးရအဖွဲ့ဝင် တွေကို ဒီဆေးစာပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို   အနားပေးဖို့ စည်းရုံးခဲ့တဲ့အပြင်  စစ်တိုင်းမှူးတဦးချင်းစီရဲ့  သဘောထားကိုလည်း ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။


    အစစအရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့တဲ့   ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  သူကိုယ်တိုင် လက် မှတ်ရေးထိုးထားတဲ့ နဝတ ကြေ ငြာချက်အမှတ်  ၈ / ၉၂ ကို  ၁၉၉၂ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက်နေ့ ရက်စွဲနဲ့  ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင် ကို တာဝန်အရပ်ရပ်က အနားပေးကြောင်း  ကြေ ငြာခဲ့ပါတယ် ။  “ နိုင်ငံတော်၏  မြားမြောင်ကြီးလေးလှသော  အလုပ်တာဝန်များ၏

ဒဏ်ကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်၏  ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချို့ယွင်းလာ သဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေးအခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြု ထောက်ခံ တင်ပြလာပါသည် ။ အထက်ပါ ဆရာဝန်ကြီးများ၏ အကြံပြုထောက်ခံချက်ကို

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး  ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေ ငြာအပ်ပါသည် ။ ” ဆို ပြီး  ဗိုလ်ချုပ်ကြီးသန်း‌ရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်  ကို   ပညာသားပါပါ ဖယ်ရှားပစ်ပြီး အာဏာသိမ်းခဲ့ပါတယ် ။  နဝတ အတွင်းရေးမှူး ( ၁ )  ဗိုလ်ချုပ်ခင်ညွန့် ကလည်း  အဲဒီနေ့ ရက်စွဲနဲ့   နဝတ ကြေ ငြာချက် အမှတ် ၉ / ၉၂ ကို  ထုတ်ပြန်ခဲ့ပြီး နဝတဥက္ကဌနေရာကို ယခုအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆက်လက် တာဝန်ယူ သွားမှာဖြစ်ကြောင်း ကြေ ငြာခဲ့ပါတယ် ။ ( တကယ်တော့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ  ဧပြီလ ( ၂၂ ) ရက်နေ့ ကတည်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ် ။ )


       ဒီဖြုတ်ထုတ်အာဏာသိမ်းပွဲကို ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ် ။ သူ့ အထက်ကဗိုလ်ချုပ်တွေကို ရှင်းထုတ်ပစ်ပြီး တဖြေးဖြေးနေရာယူဖို့ ကြံစည်နေတဲ့ မျှော်မှန်းချက်ကြီးမားသူ စစ်ထောက်လှမ်း ရေးအကြီးအကဲ  ဗိုလ်ချုပ်ခင်ညွန့် နဲ့   ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဟာ   ကိုယ့်အကြံအစီနဲ့ကိုယ် ပူးပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကိုဓားနဲ့ထိုးခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့  ဗိုလ်ချုပ်ခင်ညွန့် တို့ကို  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဇနီး   ဒေါ်အေးအေးရီ က ခံပြင်းဒေါသထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်ဆဲ ခဲ့တာကိုလည်း အဲဒီအချိန်က ရန်ကုန်စစ်ရုံးချုပ်မှာ တာဝန်ကျနေသူတိုင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။


     ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ကာကွယ်ဦးရေးဦးစီးချုပ်ဖြစ်လာတာနဲ့  တပြိုင်နက် သူ့ရဲ့ အနေအထားကို ခိုင်မာအောင် စတင်တည်ဆောက်ခဲ့ပါတယ် ။ သူ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ်ကတော့ စစ်ရုံးချုပ်နဲ့   ဗိုလ်ချုပ်ခင်ညွန့် ရဲ့  စစ်ထောက်လှမ်းရေးဌာန တွေမှာ  “ သူ့လူတွေ ”  ကို နေရာချထားလာခြင်း  ဖြစ်ပါတယ် ။ သူ တပ်မ ( ၈၈ ) တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့စဉ်က စစ်ဦးစီးမှူး ( ဒုတိယတန်း ) အဖြစ်နဲ့ သူ့လက်အောက် မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့  ဒုဗိုလ်မှူးကြီး ကျော်ဝင်း  ( မန္တလေး  အမှတ် ( ၁ ) စစ်ထောက်လှမ်းရေးတပ်မှူး ) ကို   မေလအတွင်းမှာ ရန်ကုန်စစ်ရုံးချုပ်ကိုခေါ်ယူခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ  ဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့ ခန့်အပ်ကာ  ဗိုလ်ချုပ်ခင်ညွန့် ကို  ထိမ်းချုပ်နိုင်ဖို့  စတင်ကြိုးပမ်းခဲ့ပါတယ် ။


ဒါ့အပြင်  မိန်းမကိစ္စရှုတ်ထွေးမှုတွေကြောင့်  ဗိုလ်ချုပ်မှူးကြီး စောမောင်က  အပြစ်ပေးတဲ့အနေနဲ့  စစ်ရုံးချုပ်ကနေ  ယာယီ  နှင်ထုတ်ထားတဲ့ သူ့တပည့်ရင်း ဗိုလ်ချုပ်တင်ဦး ( အတွင်းရေးမှူး ၂ ) နဲ့  ဗိုလ်မှူးကြီး ခင်မောင်သန်း ( စစ်ဦးစီးမှူး  ပထမတန်း ) တို့ကိုလည်း စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်ခဲ့ပါတယ် ။  ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ ( ၁၁ ) တပ်မမှူးအနေ နဲ့    ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပေမဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က  သူ့ အနီးမှာ ခေါ်ယူထားပြီး  စစ်ရုံးချုပ်ကနေ တပ်မ ( ၁၁ )ကို ကွပ်ကဲစေခဲ့ပါတယ် ။ သူ့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ရအောင် တပ်မ ( ၁၁ ) မှူးကို အနားမှာ ခေါ်ယူထားခဲ့ခြင်း ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့    လူတွေအားလုံးကို စစ်ရုံးချုပ်ကဖယ်ရှားပစ်ခဲ့ပြီး သူ့လူတွေနဲ့ အစားထိုးခဲ့ပါတယ် ။


     ယုတ်စွအဆုံး ဗိုလ်ချုပ်သန်းရွှေ  နတခ တိုင်းမှူးဘဝနဲ့ ပုသိမ်မြို့ မှာ  တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်းမှူးကတော် ဒေါ်မကြိုင် ရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြတဲ့ ဗိုလ်မှူးနေဝင်းက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း ဖြစ်လာပြီး ။  ဗိုလ်မှူးဆန်းဆင့်  က စစ်ရာထူးခန့်ချုပ်   ဗိုလ်ချုပ်ဆန်းဆင့် ။ တိုင်းမှူးရဲ့ အိမ်တော်စောင့် လုံခြုံရေးအရာရှိ ဗိုလ်ကြီး လှအောင်သိန်း  က ခြေလျင်လည်းမဆင်း ။ စစ်လည်းမတိုက်ရဘဲ  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရပြီး စစ်ရုံးချုပ်စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်း ဖြစ်လာကြကြောင်း တင်ပြလိုက်ရပါတယ် ။



ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု                                           

သုတေသန နှင့် မှတ်တမ်းတင်ဌာန

Wednesday, October 28, 2020

ချစ်တိုင်းမညား ညားတိုင်းချစ်


 ချစ်တိုင်းမညား ညားတိုင်းချစ်

ချစ်သူနဲ့ ကွေကွင်းရတဲ့ဒုက္ခထက် မချစ်တဲ့သူနဲ့ အတူနေရတဲ့ ဒုက္ခက ပိုကြီးတယ်လို့ လေးလေးတော့ ထင်တာပဲ ။ ဒါကြောင့် ချစ်တိုင်းမညားထက် ညားတိုင်းမချစ်က ပိုဆိုးတယ်ကွဲ့။ 


တစ်ခါတလေမှာ မညားခင်က ချစ်ပြီး ညားပြီးတော့မှ မချစ်ပေမယ့် ကွဲကြသလား

ဆိုတော့လည်း မကွဲဘူး ၊ မချစ်ကြတော့တဲ့ အချိန်မှာ သံယောဇဉ် ဖြစ်စရာကလေးတွေက ရနေပြီကိုး ။ ငါ့တူမများ ကြားဖူးမှာပေါ့ ။

မိန်းမကြီးတွေ တစ်ခါ တစ်ခါ ပြောတတ်တဲ့စကားလေ ။


“ တော့်ယူမိတာ ခုမှ မှားမှန်းသိတယ် ”

ဆိုတာလေ ။ အဲသလို မှားမှန်းသိတယ်ဆိုတဲ့ အချိန်မှာ ကလေးက ရှစ်ယောက်လောက် ရနေပြီ ။ ကဲ.. ဒီတော့ အဲသလို ပြောလေ့ရှိတဲ့ စကားကို ခြေရာကောက်ပြီး ယောက်ျားလေးတစ်ယောက်ကို လက်ထပ်ဖို့ မိန်းကလေးတစ်ယောက် ဆုံးဖြတ်လိုက်တဲ့အချိန်ကို ပြန်ပြီး မှန်းဆကြည့်ရအောင် ။ 


တော့် ယူမိတာ ခုမှ မှားမှန်းသိတယ်ဆိုတဲ့

အတွက် လက်ထပ်ဖို့ ဆုံးဖြတ်မိစဉ်က မှားသလား မှန်သလားဆိုတာ မသိသေးဘူးလို့ အဓိပ္ပါယ်ရတာပေါ့ ။ မိန်းကလေးများဟာ အမှားကို အမှန်ထင် ၊ အမှန်ကို အမှားထင်ဖြစ်တဲ့ အချိန်မှာ အိမ်ထောင်ကျတတ်တာပါလားဆိုတာ သတိထားကြပေရေ ာ့။ လက်ထပ်ဖို့ မဆုံးဖြတ်ခင်မှာ အလေးအနက်စဉ်းစား ။


ရပြီးခါမှ တစ်ယောက်ကိုတစ်ယောက် အချစ်ပေါ့ သွားပြီဆိုရင် " မကွဲမပျော်” ဖြစ်တတ်တယ်ကွဲ့ ။ အိမ်ထောင်ကွဲတာလည်း မဟုတ်ဘူး ။ ပေါင်းနေရတာလည်း မပျော်ဘူးဆိုတဲ့ အဖြစ်မျိုးပေါ့ ။


အဲသလိုအခါမျိုးမှာ ယောက်ျားလုပ်သူဟာ အိမ်မကပ်တော့ဘူ း။ အတတ်နိုင်ဆုံး အပြင်ဘဲ ထွက်နေတော့တယ် ။ အဲသလို ဖြစ်တတ်တာနဲ့ ပတ်သက်ပြီး ပုံပြင်လေးတစ်ခု ပြောချင်တယ် ။


တစ်ခါက အသက်ကိုးဆယ်ကျော် အဘိုးကြီးတစ်ယောက်ဟာ ကျန်းကျန်းမာမာ ပျော်ရွှင်ရွှင်နေတာ တွေ့ရတာနဲ့ ဆရာဝန်တစ်ယောက်က စိတ်ဝင်စားသွားတယ် ။ ဒါလောက်ကျန်းမာရေးကောင်းနေရတာဟာ ဘာဆေးများစားလို့လဲပေါ့ ။ ပျော်ရွှင်နေတဲ့ အဘိုးကြီ းတစ်ယောက်ကို ကြည့်ရတာကိုက စိတ်ချမ်းသာစရာ ကောင်းနေတာကို း။ ဒါနဲ့ ဆရာဝန်က အဘိုးကြီးကို ခေါ်ပြီးမေးသတဲ့ ။


ဘ , အသက်ဘယ်လောက်ရှိပြီလဲ ”


“ ကိုးဆယ် ”


“ ဟား ကိုးဆယ်သာဆိုတယ် ခြောက်ဆယ်လောက်ပဲ ထင်ရတယ် ၊ ဘ ကြည့်ရတာ သိပ်နုပျိုတာပဲ ။ ဘာဆေးတွေစားသလဲဟင် ”


ဘာဆေးမှ မစားပါဘူးကွာ ”


“ စားရင် စားတယ်ပြောပါ ဘရယ် ။ ကျွန်တော်က ဆရာဝန်ပါ ။ အဲဒီဆေးကို တခြားလူတွေပေးရအောင်လို့ ”


ဘာဆေးမှ မစားပါဘူးကွာ တကယ်ပြောတာပါ ”


ဒါဖြင့် ဘာလို့ ခုလိုနုပျို ၊ ကျန်းမာနေရတယ် ဆိုတာ နည်းလေးများရှိရင် ပေးစပ်ပါ ဘရယ် ၊ ကျွန်တော်လဲ ကျင့်သုံးချင်လို့

သူများကိုလဲ ကုသိုလ်ဖြစ် ပေးချင်လို့ ”


“ ဘာလို့ နုပျိုနေရတယ်ဆိုတာသေသေချာချာတော့ မသိပါဘူးကွ ာ၊ မင်းက ဇွတ်မေးနေရတော့ ဘရဲ့ အဖြစ်ကိုတော့

ပြောပြမယ် ။ ဘရဲ့ အသက် နှစ်ဆယ့်ငါးနှစ်မှာ ဘအိမ်ထောင်ပြုခဲ့တယ် ၊ အဲဒီအိမ်ထောင်ပြုတဲ့ နေ့ကစပြီး ဘရဲ့မိန်းမနဲ့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ် ။ နှစ်ယောက်စလုံး စိတ်မဆင်းရဲရအောင်ဆိုပါစို့ ”


ဘယ်လိုများ ဆုံးဖြတ်ခဲ့တာလဲ ”


“ ဘ စိတ်ဆိုးရင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူက ဘာမှ မပြောဘူး ၊ ငြိမ်နေရမယ် ၊ အဲ သူက စိတ်တိုင်းမကျလို့

ဆူဆူပူပူလုပ်ရင်လဲ ဘက ဘာမှပြန်မပြောရဘူ း၊ မရိုက်ရဘူး ၊ အိမ်ပြင်ထွက်နေရမယ် ၊ ရှောင်နေရမယ် ၊ အဲသလို ဆုံးဖြတ်ခဲ့ကြတယ် ။ သဘောတူခဲ့ကြတယ် ။ ရကတည်းက ဒီနေ့အထိ အဲဒီသဘော

တူညီမှုကို လိုက်နာကြတယ် ”


" ဘယ်သူက ဘယ်နှစ်ခါလောက် စိတ်ဆိုးပြီးပြီလဲ ”


“ ဟား ရကတည်းက သူကချည်း စိတ်ဆိုးနေလို့ ဘမှာ အပြင်ချည်း ထွက်နေရတာ ခြောက်ဆယ့်ငါးနှစ်လုံးလုံးပါပဲကွ ာ၊

စားခါနီးမှ တစ်ခါတစ်လေ အိမ်ပြန်လိုက်တာပဲ ၊ ဟီး ဟီး ”


လို့ရှင်းပြလိုက်သတဲ့ ။


ယောက်ျားများ ကိုယ်လိုချင်တဲ့ မိန်းမရပြီးတာနဲ့ မိန်းမနားကပ်ချင်တဲ့လူက တယ်နည်းသကို း။ မိန်းမနဲ့ဝေးလေ ပျော်လေပဲ ။

ခုလိုတွေရေးပြနေတော့ ယောက်ျားတွေဟာ အိမ်ထောင်ကျပြီးတာနဲ့ မိန်းမတွေကို ပစ်ထားကြတာပဲ ။ တာဝန်မဲ့ နေချင်တဲ့ လူတွေပဲလို့ ယောက်ျားအားလုံးကိုတော့ တစ်သမတ်တည်း မထင်လိုက်နဲ့ ။ ယုယ

ကြင်နာတတ်တဲ့ တာဝန်ကျေတဲ့ ယောက်ျားတွေလည်း ရှိပါတယ် ။


ခုဟာက ချစ်တိုင်းမညား ညားတိုင်းမချစ်နိုင်ဘူးဆိုတာ သိအောင်လို့ ရေးပြတာပါ ။ ကဲ မယားကြောက်တဲ့ ယောက်ျားတွေ

အကြောင်းကို တစ်လှည့်ရေးပြဦးမယ် ။


◾ ကံချွန်


📖 အပျိုစင်တို့သိဖို့ယောကျာ်းတို့အ​ ကြောင်း ( ၁ )

Tuesday, October 20, 2020

ဘယ်သူတွေ ရူးသလဲ


  ❝  ဘယ်သူတွေ ရူးသလဲ  ❞


တေးရေး   ဂီတစာဆိုစိန်မောင်မြင့်


       တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ငှက်ကလေးပေလား

       ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မ က် ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘဝထဲ ဝဲချာချာလည်

      (  လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်  ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )


•••••   •••••••   •••••••   ••••••


တီးလုံးသီးသန့် 


https://yadi.sk/d/m8_bqQl8dIV24w


မာမာအေး သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ


https://yadi.sk/d/dYllWtIITgLdZA


စိန်မောင်မြင့် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/Dccn-CAZr8iflQ


လွှမ်းမိုး သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/WhSWUMHR8ml48w


ကိုင်ဇာ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/h7QkipaLEbVCjA


နီနီဝင်းရွှေ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/_j3TQoWWN6menA


အောင်သူ သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/uZncKJ7VGuDfSw


ရာဇာဝင်းတင့်သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/llfpVGMW-GcRMw


စိုးစန္ဒာထွန်း သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 

 https://yadi.sk/d/FmpCDtfIUTOaew

           

အိအိချွန် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/mzB4t-eeYO7ATw


Sunday, October 18, 2020

စျေးကွက် မေတ္တာရေး


 

❝  စျေးကွက် မေတ္တာရေး  ❞

အချစ်နဲ့ပတ်သက်ပြီး ခံစားမှုကို ရှေ့တန်းတင်တတ်တဲ့ မိန်းကလေးတွေဟာ အမှားနဲ့တွေ့တတ်တယ်ကွဲ့။ အချစ်ကပေးမယ့် ဆိုးကျိုးတွေကို ကင်းဝေးချင်ရင်တော့  ခံစားမှုကို ဦးစားမပေးလေနဲ့။ အသိဉာဏ်နဲ့ စဉ်းစားဆုံးဖြတ် ။ မှတ်ထား ။ ဘဝအတွက် ရည်ရွယ်ချက်ကြီးကြီးမားမား ရှိတဲ့သူဟာ အသိဉာဏ်ကို ဦးစားပေးလေ့ရှိပြီး ဘဝအတွက်ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့သူများကတော့ ခံစားမှုကို ဦးစားပေးလေ့
ရှိကြတယ်ကွဲ့ ။ ခံစားမှုကို ဦးစားပေးသူနဲ့ အသိဉာဏ်ကို ဦးစားပေးသူ ခွဲခြားတတ်ရမယ် ။ ဘဝရှေ့ရေးအတွက် ကြိုတင် တိုင်ပင်ပြင်ဆင်ခြင်း မရှိဘဲ လက်ထပ်ဖို့သာ တွင်တွင် ပူဆာနေပြီဆိုရင်တော့ အဲဒီငတိဟာ ခံစားမှုကို ဦးစားပေးတဲ့သူပဲ ။ သူ့မှာ ဘာရည်ရွယ်ချက် မှ မရှိဘူး ဆိုတာ သိထားပေရော့ ။

အချစ်ဟာ ဘဝအတွက် မရှိမဖြစ်လိုအပ်သလို ဘဝတစ်ခု ထူထောင်မယ့်လူ အတွက်လည်း ရည်ရွယ်ချက်ဟာ မရှိမဖြစ် လိုအပ်တယ် ။

ရည်ရွယ်ချက်ဆိုတာယောက်ျားလေးမှ မဟုတ်ဘူး ။ မိန်းကလေးမှာလည်း ရှိရမယ် ။ ဘာရည်ရွယ်ချက် မျှ မထားဘဲ ဖြစ်ချင်ရာဖြစ် ခပ်ပေါ့ပေါ့နေ ၊ ကြုံသလိုဖြေရှင်းမယ်ဆိုရင် အဲဒီမိန်းကလေးရဲ့သက်တမ်းဟာ တစ်လျှောက်လုံးမှာ ဒုက္ခတွေနဲ့တွေ့ဖို့ ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာသွားပြီ ။

အိမ်ထောင်တစ်ခု သာယာရေးမှာ အချစ်ဟာ လိုအပ်သလို အဲဒီ အချစ်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ စီးပွားရေး ပြေလည်ဖို့ဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်တယ် ။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ နေရ ဆိုတာ သမီးရည်းစားကာလ မညားခင်မှာ ခံစားမှုက ရှေ့တန်းရောက်နေလို့ " ထင် ” နေကြတာပါ ။

ဒီနေ့ခေတ်ကာလဝန်းကျင်ဟာ ပြောင်းလဲနေသလို ၊ ဒီနေ့ခေတ်ကာလထဲမှာ ကြီးပြင်းရတဲ့ ယောက်ျားလေးတွေရဲ့ ပြောင်းလဲမှုကိုလည်း ငါ့တူမများ သိထားသင့်တယ် ။ ယောက်ျားလေးတွေဟာ စီးပွားရေး ၊ကြီးပွားရေး ရှေ့တန်းတင်ဦးစားပေး စဉ်းစားနေကြပြီ ။ တူနှစ်ကိုယ် တဲအိုပျက် မှာနေရနေရဆိုတဲ့ ခံယူချက် မျိုး ယောက်ျားလေးတွေဆီမှာ မရှိသလောက် ရှားနေပြီ ။ ယောက်ျားလေးတွေဟာ အိမ်ထောင်ရေးမှာကိုပဲ စီးပွားရေးနဲ့ ယှဉ် စဉ်းစားနေကြပြီ ။ ဒီနေ့သူဌေးဖြစ်နည်းထဲမှာ ချမ်းသာတဲ့ သူဌေးသမီးကို ရအောင်ယူခြင်းဟာလည်း နည်းတစ်နည်းလို့ဆိုထားတာကိုး ။ လိုတိုရှင်း ပြောရရင်တော့ ဒီနေ့ယောက်ျားလေးတွေ ကျင့်သုံးနေတာက “ ဈေးကွက် မေတ္တာရေး ” ကွဲ့ ။

     ◾  ကံချွန်

     📖  အပျိုစင်တို့သိဖို့ယောကျာ်းတို့အကြောင်း ( ၁  )

.

Wednesday, October 14, 2020

တပေါင်းတန်ခူးအကြောင်းထူး


 

  ❝  တပေါင်းတန်ခူးအကြောင်းထူး  ❞


     မတ်လနှင့်ဧပြီလ နှစ်လလုံးလုံးတော်တော် ပူသလို တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည် ။ ကျွန်တော်တို့ အထူးဝင်းတစ်ဝင်းလုံး ဝင်လိုက် ထွက်လိုက်နှင့် ဂနာမငြိမ်လှ ။ တစ်ယောက်ရောက်လာလိုက် ချက်ချင်း ပြန်ထွက်သွားလိုက် ဖြစ်နေသဖြင့် ဘယ်သူဘယ်ဝါမှန်းတောင် မမေးလိုက်ရပါချေ ။


     စစ်ကြောရေးစခန်းမှာလည်း နေရောညပါ စည်ကားနေပါရော ။ ရန်ကုန်မြို့သာ လျှပ်စစ်မီး မလာချင်နေပါ့မယ် ၊ အင်းစိန်ထောင် အထူးဝင်းထဲက စစ်ကြောရေး စခန်းမှာတော့ ထိန်ထိန်ကိုသာလို့ ။မှတ်မှတ်ရရ မတ်လနောက်ဆုံး အပတ် ၂၅ ရက်နေ့ ညနေဘက် မှာ ကျွန်တော်တို့

အခန်းရှေ့က သစ်သားတံခါးတွေ တဂျိမ်းဂျိမ်းနဲ့ လာပိတ်ပါလေရော ။ ကိုင်း တစ်ယောက်ဖြင့် တိုးပါပေါ့ ။ ဘယ်သူများပါလိမ့် ။ ကျွန်တော်တို့ တိုက်တန်းလျားမှာ လွတ်နေသောအခန်း နှစ်ခန်းရှိလေသည် ။ ဦးတင်စိုး နှင့် မိုးဝင်း လွတ်သွားပြီး နောက်အခန်းတွေ အပြောင်းအရွှေ့ လုပ်လိုက်သေးသည် ။ ဗိုလ်ကြီးအောင်ဝင်းက အခန်း ( ၁ ) ၊ အခန်း ( ၂ ) က လွတ်နေသည် ။ အခန်း ( သုံး ) မှာက ဘိုမြ ၊

အခန်း ( လေး ) မှာက ကိုဌေး ၊ ကျွန်တော်က အခန်းငါး ။ ဦးစိုးက အခန်းခြောက် ၊ အခန်း ( ၇ ) မှာ ဦးတင်ညွန့် ၊ အခန်းရှစ်နှင့် အခန်းကိုးမှာက ကိုချိန် နှင့် ကိုတင်အောင် ။ သည်တော့ အခန်းနံပါတ် တစ်ဆယ်နှင့် အခန်းနံပါတ်နှစ် အားနေသည် ။ အခန်းတစ်ဆယ်မှာ လူသစ်ထည့်လျှင် ကျွန်တော်တို့ သစ်သားတံခါးကို လာပိတ်နေဖို့ လိုမည်မထင် ။ ဒါဆို အခန်းနံပါတ်နှစ်မှာ လူသစ်ထည့်မှာ သေချာလေပြီ ။ သို့ဖြင့် စကားပြောသံ ခြေသံ သော့တွဲသံများ စပြီး ကြားလိုက်ရတော့ရာ လာပြီ လာပြီ လာချေပြီဟု ရေရွတ်မိတော့သည် ။


     ထောင်ထဲသို့ လူရောက်လာတာ ဝမ်းသာစရာ မဟုတ်သော်လည်းကျွန်တော်တို့ အဖို့ သတင်းထူးလေးတွေ ပါလာမည့်အတွက်တော့ ဝမ်းမြောက်စရာပေ ။


     ထုံးစံအတိုင်း သစ်သားတံခါးတွေ လာဖွင့်တော့မှ နံရံခေါက်အချက်ပေးစနစ်ဖြင့်

ဆက်သွယ်လိုက်တော့မှလား …. ပေါ်ဦးထွန်း ( ခေါ် ) မင်းကိုနိုင် ပါကလား ။ သူ့ကို

အင်းလျားကန်အနီး အနောက်ရန်ကင်းထိပ်မှာ ဖမ်းလာခဲ့သည်ဟု သိရသည် ။ သို့ဆိုလျှင် လူဖမ်းပွဲကတော့ စလေပြီ ။ အထူးဝင်းတစ်ဝင်းလုံး ပျားပန်းခတ်နေသည်မှာလည်း တစ်ယောက်ပြီး တစ်ယောက် ဖမ်းလာခြင်းပင် ။ မင်းကိုနိုင် အပြောအရ ကျောင်းသားများရော ၊ တက်ကြွလှုပ်ရှားသူ အရပ်သားများရော အဖမ်းခံရတာ တစ်ရာကျော်ပြီဟု သိရလေသည် ။ ဥက္ကဋ္ဌကြီးရော ကိုဌေး ပါ စိတ်တော်တော်ပျက်သွားသည် ။ ဒီလိုပုံ ဒီလိုအချိုးနှင့် မိုးကြီး ချုပ်တော့မလားရယ်ပေါ့ ။


xxx    xxxx    xxxx


     တကယ်တော့ မိုးမချုပ်ပါ ၊ ရောင်နီပျိုးလာခဲ့လေသည် ။ သင်္ကြန်မတိုင်ခင် နှစ်ရက်အလို ဧပြီလ ၁၁ ရက်နေ့မှာ ကျွန်တော်နှင့် ကိုဌေးကို ထောက်လှမ်းရေး ၆ မှ ဗိုလ်မှူးစန်းပွင့်က လာတွေ့လေသည် ။ သူအဆိုအရတော့ အထက်လူကြီး

များက တာဝန်ပေးလိုက်ကြောင်း ၊ ကျွန်တော်တို့နှစ်ယောက်၏ ကျန်းမာရေး ( အမှန်ကတော့ စိတ်ပိုင်းဆိုင်ရာအခြေ အနေ ) ကိုလာရောက် စုံစမ်းခြင်းဖြစ်သည်ဟု ဆိုသည် ။ ထိုသည်၏နောက် ထောင်ဆေးရုံကို ခေါ်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များဖြင့် ဆေးစစ်ပါ​ေလ တော့သည် ။တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဆေးစစ်မခံရဖူးဘဲ ခုမှ တော်တော် ဂရုစိုက်ခံနေရသဖြင့် ဘဝင်တောင် မြင့်ချင်ချင် ။ ဆေးစစ်ပြီးသွားသည့်အခါ ကျွန်တော်တို့ ခေတ္တတည်းခိုရာ အထူးဝင်းသို့ ပြန်မပို့ဘဲ တီနှစ်ထောင်ကားကြီးပေါ် တင်ခေါ်သွားလေရာ ကျွန်တော်တို့နှစ်ယောက်လုံး ရင်တွေကို တဒိတ် ဒိတ်ခုန်လို့ ။ လွတ်ပြီလား ၊ လွှတ်ပြီလားရယ်ပေါ့ ။ တကယ်တော့ မဟုတ်ပါချေ ။ ထောင်ဘူးဝကနေ ကားစထွက်သည်နှင့် ထောင်အုတ်ရိုး နံဘေးအတိုင်း ကားကိုကွေ့ပြီး မောင်းသွားရာ ​ေဩာ် ထောင်ပြောင်းတာပေါ့လို့ မှတ်ချက် ပြုလိုက်ရပါတော့သည် ။ အင်းစိန်ထောင်မကြီးနှင့် ကပ်လျက် ပေ ၅၀ ခန့်ခြားပြီး သီးသန့်ထောင် ( ခေါ် ) တွဲဘက်ထောင် တစ်ခုရှိ နေသေး၏ ။ ကျွန်တော် ဆယ်တန်းကျောင်းသားကတည်းက တော်တော် ရင်းနှီးခဲ့သော နေရာဖြစ်သည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး နိုင်ငံရေးကိစ္စဖြင့် ပုဒ်မ ၅ ည တပ်ခံရပြီး ထောင် ၃ နှစ် ချခံခဲ့ရသောကြောင့် သူ့ကို ထောင်

ဝင်စာ လာတွေ့ရင်း မကြာမကြာ ရောက်ခဲ့ရခြင်းဖြစ်သည် ။ သူတို့တုန်းက တော်တော် လွတ်လပ်သည် ။ ထောင်ထဲသို့ ဂစ်တာရော ၊ ကတ်ဆက်ပါ သွင်းလို့ရသည် ။ သူနှင့်အတူ ရုပ်ရှင်မင်းသား ဇော်ဝမ်း တေးရေးဆရာ ကိုဇေယျ ( ခေါ် ) တိုနီတင် ၊ ပန်းချီဆရာ ကိုကျော်မင်းမောင်တို့ ပါရှိကြသည် ။ ကျွန်တော်က ချာတိတ်ဆိုတော့ သူတို့ခိုင်းသမျှ စာအုပ် ၊ ခဲတံ ၊ မင် ၊ ကက်ဆက် ၊ ကက်ဆက်အခွေ ၊ ဂစ်တာကြိုး တို့ကို ခဏခဏ ဝယ်ပြီးပို့ခဲ့ရဖူး၏ ။ သည်တော့လည်း တွဲဖက်ထောင်နှင့်ကျွန်တော် ရင်းနှီးတာ ဘာမှမဆန်း ။ ကိုင်း ခုတော့ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာရသလို တွဲဖက်ထောင်ကြီးထဲသို့ ရောက်ရပြန်ပြီပေါ့ ။


     သို့သော်လည်း ဒီတစ်ခါထပ်လို့သာ လွဲပြန်ပါတော့သည် ။ ကျွန်တော်နှင့် ကိုဇင်ဝိုင်းကိုထောက်လှမ်းရေး အရာရှိ နှစ်ယောက်က အမှုဖြစ်စဉ် အစအဆုံး ပြန်လှန်မေးမြန်းပြီး ထမင်းခေါ်ကျွေးခြင်းသာ ဖြစ်လေသည် ။ ထောင်ထမင်း ထောင်ဟင်းသာ ကောင်းကောင်းကန်းကန်း စားခဲ့ရသော ကျွန်တော်တို့နှစ်ယောက် မှာ ဗိုက်အောင့်မတတ် စားခဲ့ကြရတော့၏ ။ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ယောက်ကို အင်းစိန်ထောင်မကြီးဆီသို့

ပြန်ပို့လိုက်ပြန်ပါတော့သည် ။


     ရောက်ပြီဆိုသည်နှင့် သတင်းစာရှင်းလင်းပွဲက လုပ်ရ၏ ။ အခန်းနီးနားချင်းတွေရော ထောင်ဝန်ထမ်းတွေကပါ သိချင်ကြသည် ။ အကျဉ်းသားအချင်းချင်း သိချင်တာ ဘာမှ မဆန်းသော်လည်း ထောင်ဝန်ထမ်းတွေ သိချင်တာကတော့ ထူးသည် ။ သူတို့တစ်သက် ဒီလိုအဖြစ်အပျက် မျိုး တစ်ခါမှ မကြုံဖူးဘူးဟုဆိုသည် ။ အားလုံး၏ တူညီ

သော သုံးသပ်ချက်ကတော့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မတိုင်မီ လွတ်တော့

မည်ဟု .….။ 


xxxxx   xxxxx   xxxxx


     ထောင်မှာ ကြောင် သုံးကြောင်ရှိသည် ။ ပုန်းကြောင် ၊ ဒိုင်ကြောင် ၊ လွတ်ကြောင် ဟူသော ကြောင် သုံးကြောင် ပင် ။ ပုန်းကြောင်ဆိုသည်က စားစရာ မရှိလို့ အခက်အခဲတွေ ဖြစ်ပြီးကြောင်တောင်တောင် ဖြစ်ရခြင်းကို ဆိုလိုသည်။ လွတ်ကြောင်ကတော့ နက်ဖြန်သန်ဖက်ခါ လွတ်တော့မည်ဆိုပြီး ကြောင်တောင်တောင် ဖြစ်နေခြင်းပင် ။ ဒိုင်ကြောင်ကတော့ ဆရာကြီးလိုလို ၊ ဖီလိုဆိုဖာလိုလို ၊ အဓိပတိ တော်လှန်ရေး သမားကြီးလိုလို ၊ သူ့လောက် ဘယ်သူမှမတတ်ဟုထင်ပြီး စကားလုံးတွေနှင့် လိုက်လိုက် ပေါက်တတ်သည့် သူမျိုးကို ဆိုလိုပါသည် ။ သေချာတာကတော့ ကျွန်တော်ရော ကိုဌေးပါ လွတ်ကြောင် ကြောင်နေကြလေပြီ ။ သင်္ကြန်မှာ ပျော်ရမည် ။ ချစ်သူနှင့် လည်ပတ်ရတော့မည် ။ သူငယ်ချင်းတွေနှင့် သောက်ရတော့မည် ။ ထောင်ဆိုသော ရွံ့ရှာစရာ အရပ်ကြီးနှင့် ဝေးရတော့မည် ။ သို့တစေ စွတ်မပျော်ရဲ ။ လွတ်မအော်ရဲ ။ ဘဝတူချင်း မစာနာရာကျပေမည် ။ သို့သော်လည်း သူတို့တွေကတော့ မှာချင်တာတွေ တစာစာ ပြောသည် ။ အဆိုးဆုံးက ဦးတင်ညွန့် ။ သူက မိန်းမ အများကြီးရှိသည် ။

ထို့ကြောင့် သူ့မိန်းမတွေဆီကို တစ်ယောက် တစ်မျိုး မှာလေသည် ။ မင်းကိုနိုင်ကလည်း သူ့ သူငယ်ချင်းတွေဆီသို့ မှာသည် ။ အထူးသဖြင့် သူနှင့် ကျွန်တော်က မိဖချင်း ရင်းနှီးသလို လူချင်းလည်း ခင်မင်ရင်းစွဲရှိရကား သူ့သူငယ်ချင်းများသည် ကျွန်တော့် သူငယ်ချင်းတွေပင်

ဖြစ်လေသည် ။ ကိုကိုကြီး ၊ အောင်ဒင် ၊ ဇော်ဇော်အောင် တို့ထံသို့ သူမှာချင်သည်များကို စာစီစာကုံးတစ်ပုဒ်လို သေသေချာချာ မှာသည်။ ဗိုလ်မြကလည်း သူ့မိန်းမကို နောက် ယောက်ျားယူရန် မှာ၏ ။ ဦးစိုးနှင့် ဗိုလ်ကြီးအောင်ဝင်းကတော့ ထွေထွေထူးထူး မမှာ ။ သူတို့ မိသားစုတွေကို သွားတွေ့ပြီး အားပေးဖို့ သူတို့ဒီနေရာမှာ ကျန်းမာစွာရှိနေကြောင်း မစိုးရိမ်ဖို့ မှာကြားသည် ။ ကျွန်တော်ရော ကိုဌေးပါ တစ်ခုမှ မကျန်ရအောင် မှတ်ရသည် ။ ဦးနှောက်ထဲ အလွတ်ကျက် မှတ်ထားရသော ယခုမှတ်တမ်း ၊ ကဗျာ ၊ သီချင်းများကိုလည်း ပြန်လှန် လေ့ကျင့်ခန်းလုပ်ရသည် ။ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်တော့ချေ ။

ေဩာ် .… လွတ်ကြောင်ဘဝ မသက်သာလှပါကလား ။


xxx   xxxx   xxxx


     သို့ဖြင့် ပိတောက်တွေ ခိုင်လုံးကြိုင် လှိုင်လှိုင်ပွင့် သင်္ကြန်သီချင်းတွေ အပြိုင်

ဖွင့်ကြလေပြီ ။ ကျွန်တော်တို့ကား အချုပ်ခန်းတွင်းမှ တစ်လက် မမှ မရွေ့။ ကိုဌေးကား အသံမှပင် မထွက်တော့ ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ တင်းသာ ထားရသည် ။ မခိုင်လှ ။ ဥက္ကဋ္ဌကြီးက သင်္ကြန်သီချင်းလေး လုပ်ပါဦးဆိုပေမယ့် အသံက မရွှင် ။ မင်းကိုနိုင်က ကိုပီကြီး မမကိုယ်တိုင်က ဆိုပါဗျ ဆိုတော့လည်း မမက မကနိုင် ၊ မောင်မောင်လည်း မဆိုနိုင်တော့ ။ ( မင်းကိုနိုင်က ကျွန်တော့်ကို ကိုပီလို့ ခေါ်တာ နောက်ခံဇာတ်လမ်းရှိသည် ။ ပီဆိုတာ ပီတာ ( ပါတီ ) အတိုကောက်ပင် ။ ကျွန်တော့် ပြက်လုံးပီတာ ၊ ကီစောင်ကို အခြေပြုပြီး ကျွန်တော့်အား ကိုပီတာ ( ဝါ ) ကိုပီဟု ခေါ်ဆိုခြင်းဖြစ်၏ ) ခုတော့ဖြင့် ကိုလည်း မပီနိုင်တော့ချေ ။ ထောင်အပြင်မှာ ရေပက်နေကြပါပြီကော ။ ထောင်အပြင်မှာ သင်္ကြန်သီချင်းတွေ မြိုင်နေသော်လည်း ကျွန်တော်တို့အားလုံး ငိုင်လေပြီ ။ အင်းစိန်ထောင်၏ အထူးဝင်း တစ်ဝင်းလုံး ငြိမ်ဆိတ်ခြင်းသာ လွှမ်းမိုးထားတော့၏ ။ အကြိမ်ကြိမ် ပြန်လှန်စဉ်းစား ကြည့်မိပြန်တော့ ကိုယ့်ရောဂါ ကိုယ်ရှာနေခြင်းပင် ။ လွတ်မည်ဆိုခြင်းက ကိုယ့်သဘောနှင့်ကိုယ် ။ ကိုယ့်ကိုယ်ကိုယ် လွှတ်နေခြင်းသာဖြစ်ပြီး တိကျရေရာသော ဘာအခြေခံ အကြောင်းအရာမှ မရှိချေ ။ ထမင်းလေးခေါ်ကျွေး ၊ ဆေးလေး စစ်ပေးတာနှင့်

လွတ်ပြီလို့ မည်သို့မျှ တစ်ထစ်ချ မပြောနိုင်ကြပါချေ ။


     ထို့အတွက်ကြောင့် ကျွန်တော် ဒုံးခနဲဆုံးဖြတ်ချက် ချလိုက်သည် ။ လွှတ်ချင်တဲ့အချိန် လွှတ် ၊ ထောင်အပြင် ရောက်တဲ့နေ့ အိမ်ပြန်ရောက်တဲ့နေ့မှ လွတ်တယ်လို့ပြောမယ် ။ ခု ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာ သက်သက်ပဲဖြစ် တယ်လို့ အားလုံးကို ပြောပြလိုက်တော့ အခန်းနီးနားချင်းတွေက စိတ်မသက် မသာဖြင့် ကောင်းပါတယ်လေဟု ဆိုကြသည် ။ ကိုဌေးကတော့ တဖွဖွပြော၏။ နှင် ပါလာလို့ပေါ့လေ ။ ငါတစ်ယောက်တည်းသာဆို ခုချိန် သတ်သေပြီးလောက်ပြီတဲ့ ။


     သို့ဖြင့် သင်္ကြန်အကြတ်နေ့ညနေမှ စတင်ပြီး ကျွန်တော်တို့၏ အထူးဝင်း

အတွင်းမှာ သင်္ကြန်သီချင်းသံများ မြိုင်လာတော့၏ ။ သံချပ်များလည်း ကြားရသည် ။ ရေဇလုံကို ဗုံလုပ်တီးသံလည်း ကြားရ၏ ။ မင်းကိုနိုင်ကလည်း ဆိတ်ပါးစပ် နတ်မျက်စိအဖွဲ့မှဖြစ်လေရာ သူ့သံချပ်ကလည်း ပျော်စရာကောင်းလေသည် ။ တူးပေပေါင် တူးပေါင် တူပေါင် တူးပေပေါင် တူးပေါင် တူပေါင် သမဝါယမဥက္ကဋ္ဌကတော် နေ့စေ့လစေ့ ကိုယ်ဝန်ရှိသနော် ဆေးရုံပေါ်မှာတက်ကာမွေး ဆပ်ပြာတောင့်လေး မွေး ဟေ့ သူများအကြောင်းမပြောကောင်း သူများအကြောင်း မပြောကောင်း။


   ◾ ဇာဂနာ


   📖 ပထမ

Friday, October 9, 2020

ချစ်တောင်ပြုံး


 ❝  ချစ်တောင်ပြုံး  ❞ 

တေးရေး...  ဂီတစာဆို ကိုခင်မောင်ဝင်း

       ရက်ကန်းသမလေးရဲ့ ချစ်သူ သစ်ဖောင်သမားလေးရဲ့ ချစ်သူ ( အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ )  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ


🌿  🌿  🌿  🌿  🌿  


ဟင်္သာတ ထွန်းရင် ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/WaJrvrZBJGMB1Q


မေရွက်ဝါ ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/qyztPpUlEjB6qg


အောင်သူ ရဲ့ ချစ်တောင်ပြုံး 


https://yadi.sk/d/-NSXF-uJxMfSIQ


ဟင်္သာတထွန်းရင် သီဆိုထားတဲ့  ချစ်တောင်ပြုံး သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/rkm2M2UaX7mTKQ