Tuesday, November 3, 2020

ကျွန်ုပ်ခံရ ချစ်ဒုက္ခ


 

  ❝  ကျွန်ုပ်ခံရ ချစ်ခုက္ခ  ❞

ကျွန်ုပ်သည် “ အိမ်ထောင်ရေးကျမ်း ” ကို အဘယ်ကြောင့် ရေးလိုသည် ၊ ရေးရသည်၏ အကြောင်းရင်းများကို အထက်တွင် ဖော်ပြပြီးခဲ့ပေပြီ ။ ထိုဖော်ပြပြီးခဲ့သည့် အကြောင်းရင်းများထက် ပို၍ အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ရှိပေသေး၏ ။

ကျွန်ုပ်ကား အသက် ၅၀ ရှိပေပြီ ။ အိမ်ထောင်သက် ၂၅ နှစ်ရှိပြီ ဖြစ်၏ ။ အိမ်ထောင်လည်း ၃ - ၄ ဆက် ပြောင်းခဲ့ရပြီ ။ ကျွန်ုပ်၏ အိမ်ထောင်ရေး အဆက်ဆက် တစ်သက်တာဘဝတွင် ချမ်းမြကြည်သာ အဆင်ပြေပါသည်ဟု ပြောပလောက်အောင် တစ်ကြိမ်တစ်ခါမျှ မတွေ့ရ ။ သို့မတွေ့ရသည်များမှာ ' ကံ ' ကိုချည်း ချရန်မဟုတ် ။ အတိတ်ကံလည်း ရှိချင်ရှိပေမည် ။ ပစ္စုပ္ပန်ကံဟု ခေါ်ထိုက်သောပစ္စက္ခ လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျ၍လည်းဖြစ်နိုင်သည် ။ ကျွန်ုပ်၏ ပတ်ဝန်းကျင် အခြေအ​ေန အကျိုးအကြောင်းတို့ကြောင့်လည်း ဖြစ်နိုင်သည် ။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏တစ်ဘဝလုံးတွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဒုက္ခသောကအမျိုးမျိုးတို့ကို ကုန်း၍ ရုန်း၍ ခံခဲ့ရသည်များကို ဖော်ပြခြင်းသည် ကျွန်ုပ်၏ချို့တဲ့ချက် ၊ချွတ်ယွင်းချက် များကိုလည်း မခြွင်းမချန် ရေးပြလိုသည် ။

သို့မှသာ နောင်လာနောက်သား နှောင်းလူများကို ကျွန်ုပ်တွေ့ကြုံ  ခံစားခဲ့ရသည့် အဖြစ်ဆိုးမျိုးမှ လွတ်ကင်းအောင် တတ်နိုင်သမျှ ရှောင်ကြည်နိုင်ပေမည် ။ သို့ရှောင်ကြည်နိုင်သဖြင့်အိမ်ထောင်ရေးသုခ ရသင့်သလောက် ရကြပါဘိမူကား ကျွန်ုပ်၏ ငယ်ကျိုးငယ်နာတို့ကို ဖော်ထုတ်ရေးသားရကျိုးနပ်ပေပြီဟု ထင်မှတ်ယုံကြည်မိပေသည် ။

၄င်းပြင် ကျွန်ုပ်၏ အိမ်ထောင်ရေး သင်ခန်းစာများကို ဝတ္ထုရေးလျှင်
လည်း ဖြစ်ပါ၏ ။ ဆောင်းပါးလည်း ရေးနိုင်ပါ၏ ။

သို့သော် ဝတ္ထုဟူသည် ဇာတ်လိုက် များကိုအသားပေး၍ရေးမြဲဖြစ်သည် ။ ဇာတ်လိုက်ပြောသမျှသည် အဟုတ် ၊ ဇာတ်လိုက်လုပ်သမျှသည် အမှန် ၊ ဇာတ်လိုက်ကြံသမျှသည် အကောင်းချည်း ရေးရမြဲဖြစ်ရာ ဤသို့ရေးလျှင် စာဖတ်သူများ တကယ့်ဖြစ်စဉ်, တကယ့်ဘဝကို မသိဘဲနေမည် ။ သို့အမှန်ကို မသိရလျှင် အဘယ်မှာလျှင် သင်ခန်းစာရပါတော့အံ့နည်း ။

ဤနေရာတွင် စကားအလျဉ်းသင့်သဖြင့် ဝတ္ထု သဘောကို အနည်းငယ် ဖော်ပြလိုပေသည် ။ ဝတ္ထုဟူသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ဇာတ်လိုက်ကို အသားပေးကာ ရေးသားမြဲဖြစ်သဖြင့် ဇာတ်လိုက်နှင့် ပဋိပက္ခပြုသူမှန်သမျှမှာ လူကြမ်း ( ဗီလိန် ) လုပ်၍ ရေးရသည် ။

ဥပမာ ဇာတ်လိုက် ကျားနှင့်မတို့ မညားအောင်ဖျက်ဆီးသည့် မိဘများမှာ လူကြမ်း ( ဗီလိန် ) တွေ ဖြစ်ကြရသည် ။

တကယ့်ဖြစ်စဉ်များမှာမူ မိဘသည် ဗီလိန်မဟုတ်ပါပေ ။ မိဘဟူသည် သားသမီးကို ဘုရားသခင်၏မေတ္တာတော်မျိုးဖြင့် ချစ်၏ ။ ၄င်းပြင် မိဘများသည် ပျိုခဲ့ အိုခဲ့ဖူးပြီဖြစ်ရာ အိမ်ထောင်ရေးအတွက် လူငယ်တွေထက် ပို၍သိ၏ ။ ဗဟုသုတရှိ၏ ။ သို့ပါလျက် ဇာတ်လိုက်ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့် မိဘမှာ ဗီလိန် ဖြစ်ရရှာသည် ။

အမှန်မှာကား အကယ်၍ အိမ်ထောင်ဘက်ပြုမည့်သူကို မိဘက သဘောမတူဖြစ်ငြားအံ့ ၊ သဘောမတူနိုင်လောက်သည့် အကြောင်းရင်း လုံလောက်အောင် ရှိပေမည် ။

ဤနေရာတွင် ရှေးစကားပုံမှာ ဘယ်တော့မှ ရိုးမည်မဟုတ်သော စကားပုံပင်ဖြစ်၏ ။

“ ဆင်စီး၍ မြင်းရံသည်ကိုသာ မြင်လိုသည် ”

“ ဆင်နင်း၍ မြင်းကန်သည်ကို မမြင်လို ”

ဤစကားပုံအတိုင်း မိဘသည် သားသမီးကို မိမိကိုယ်တိုင်ထက်ပို၍ ချစ်တတ် ကြင်နာတတ်မြဲဖြစ်ရာ ဝတ္ထုထဲက ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့်ကျေးဇူးရှင် မိဘနှစ်ပါးမှာ လူကြမ်းတွေဖြစ်ကြရသည် ။ မိဘကို တော်လှန်ပုန်ကန်သော လူငယ်များမှာ ဇာတ်လိုက်ဟီးရိုးတွေ ဖြစ်ကုန်ကြသည် ။

ထိုကဲ့သို့သော ဝတ္ထုပြီသသည့်ဝတ္ထုများကို လူငယ်များဖတ်ရှုအားကျကာ မိဘကို တော်လှန်ပုန်ကန်ကြ၏ ။ မိဘ၏စကား ပျားပမာချိုပါလျက် တမာလိုခါးကြ၏ ။

ဝတ္ထုထဲတွင်ကား “ မိဘကိုတော်လှန်သော လူငယ်များ ပျော်ပါးရွှင်ပျစွာ နေကြရလေသတည်း ” ဟုရေးမည်ဖြစ်သော်လည်း တကယ့်ဖြစ်စဉ်မှာကား ထိုသားသမီးတို့သည် ဆင်းရဲခြင်းကြီးစွာနှင့် တွေ့ရလေသတည်းသာ ဖြစ်ပေလိမ့်မည် ။

ထို့ကြောင့် ကျွန်ုပ်၏ အိမ်ထောင်ရေးဖြစ်စဉ် ဝတ္ထုအသွင်မရေးဘဲ “ ကျမ်း ” အဖြစ် ရေးသားခြင်းဖြစ်၏ ။ သို့ရေးမှလည်း အပြစ်အနာချွတ်ယွင်း လွဲချော်ရာများကို တိတိကျကျ ဖော်ပြနိုင်မည် ဖြစ်သတည်း ။

   ◾ ရန်အောင်

   📖  အိမ်ထောင်ရေး အဘိဓမ္မာ

No comments:

Post a Comment