Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, April 15, 2024

အတာလက်ဆောင်


 ❝ အတာလက်ဆောင် ❞ 


လတန်ခူးပေမို့

မြဖူးနော် ခိုင်ရွှေဝါတို့ 

ကြိုင်လေညာ သင်းထုံပျံ့ပါလို့ 

ဝင်းဖန့်ဖန့်ဝါလေပြီ ။


အတာပြောင်း ... 

ညှာညောင်း တစ်ခါကြွေပေါ့ 

ရွက်သစ်ဝေ ရွှေပိတောက်ကယ်တို့

မြညှောက်ကယ် ပဏ္ဏာခံ၍ 

ခါသင်္ကြန်ရာသီလင့်ရှာကြတယ်

ဖူးပွင့်ငုံစီ ။


တစ်နှစ်ဆန်း 

ပွင့်လန်းစဉ်အလာမို့

ကြိုင်ဝေဖြာ အတာရက်တွင်မှ

ခိုင်ရွှေဝါ ညှာတစ်ခက်ကိုဖြင့် 

မောင့်လက်နှင့် ပန်ဆင်မည် 

ဪ ... ကေသီနွဲ့ဆံထုံး ။


သို့ပေမယ့်လေ ... 

သက်ထားလုံတစ်မေနဲ့ 

ကြုံပလေ တစ်နယ်ဝေးတာမို့ 

လှရာရာ ကိုယ်တိုင်ရွေးခါပ

ဆင်ပေးမယ် မျှော်ယောင်တမ်းသော်လည်း 

လုပ်ငန်းခွင် တာဝန်ကျေနှင့်

ပြည်သူတွေ အားသစ်မွေးချိန်မို့

အဆွေးကို တော်ရာလွှင့်ရတယ်

( ကွယ် ) ခွင့်လွှတ်ပေအုံး ။


◾ တင့်လွန်း


📖 မြဝတီ မဂ္ဂဇင်း

      ၁၉၇၈ ခုနှစ် ၊ ဧပြီလ 


#ကိုအောင်နိုင်ဦး


.

Saturday, April 13, 2024

ပန်ခဲ့ပြီ


 ❝ ပန်ခဲ့ပြီ ❞ 


‌ရွှေပိ‌တောက်လည်း

မြိုင်‌အောက်စုံ‌ခြေ ၊ ဆာဆာ‌ဝေခဲ့ ။


သင်္ကြန်မိုးလည်း

သွန်းဖြိုး‌ထွေ‌ထွေ ၊ ခါခါ‌စွေခဲ့ ။


ပိ‌တောက်သင်းပျ ၊ သီတာမြနှင့်

‌မွေးဖမာတာ ၊ ‌ဆွေသဟာတို့

ဘယာ‌ဝေး‌စေ ၊ သာမျိုး‌တွေဟု

ရည်‌ချွေညွတ်နူး ၊ နှုတ်လွတ်ကျူးသည်

နှစ်ကူးရက်ဝယ် ၊ ပန်ခဲ့ပြီ ။


◾ငွေတာရီ


📖 ကဗျာပေါင်းချုပ်


#ကိုအောင်နိုင်ဦး


.

Friday, April 12, 2024

မန္တလေး တူးပို့ နှင့် ကျွန်တော်တို့ အကြောင်း


 

❝ မန္တလေး တူးပို့ နှင့် ကျွန်တော်တို့ အကြောင်း ❞

ပိတောက်ကိုမြင် ၊ ရင်ခုန်ချင်သတဲ့
ခုန်ချင်ခုန်ပါ့ ၊ ခုန်ခွင့်ရလည်း
ခုန်ရတဲ့အရွယ် ၊ အသည်းငယ်တဲ့
လူငယ်လူနု ၊ မဟုတ်ပြီ ။

ဥဩကူလျှင် ၊ လွမ်းလိုက်ချင်သတဲ့
လွမ်းချင်လွမ်းပါ့ ၊ လွမ်းခွင့်ရလည်း
လွမ်းရတဲ့အရွယ် ၊ အသည်းငယ်တဲ့
လူငယ်လူနု ၊ မဟုတ်ပြီ ။

ကြွေရွက်ကိုမြင် ၊ ငိုလိုက်ချင်သတဲ့
ငိုချင်ငိုပါ့ ၊ ငိုခွင့်ရလည်း
ငိုရတဲ့အရွယ် ၊ အသည်းငယ်တဲ့
လူမမယ်လဲ မဟုတ်ပြီ ။

လွမ်းတာတမ်းတာ ၊ ရင်ခုန်တာတို့
ငိုတာကြွေးတာ ၊ ကြေကွဲတာတို့
ငါလေးဆယ်ကျော် ၊ ဆံဖြူပေါ်ပြီ
အော် ... အော်မသင့် ၊ အရွယ်ချင့်လျက်
အလွမ်းငှက်၏ ၊ လွမ်းလျက်နှင့်လည်း
အလွမ်းပြီးသလို ၊ မငိုစတမ်း
မလွမ်းဘဲနှင့် နေနိုင်သည် ။

တနှစ်သောခါ ၊ သင်္ကြန်မှာ
တကျော့တခါ ၊ မန်းအညာကို
ငါတို့တတွေ ၊ သွားကြတယ်
သူငယ်ချင်းတွေ ဆုံကြတယ်
ကမ္ဘာပေါ်မှာ ဗမာတမျိုးလုံး
အပြုံးဆုံးလို့ ၊ ပြုံးတတ်သူတိုင်း ဆိုကြတယ် ။

ဗမာပြည်မှာ ၊ မန်းအညာ
မန်းအညာမှာ ၊ သင်္ကြန်ခါ
သင်္ကြန်ခါမှာ ၊ လမ်းတကာ
တကမ္ဘာလုံး ၊ အပြုံးဟူသမျှ
ခြွေခဲ့ကြပြီး ၊ ကြဲချ ဒီမှာ
ပြုံးမိုးရွာ ၊ သူငါအားလုံး
ကြည်ရွှင်ပြုံး ၊ အပြုံးမြို့ကြီး တည်ကြတယ် ။

ကမ္ဘာပေါ်မှာ ၊ ဗမာတမျိုးလုံး
အကဆုံးတဲ့ ၊ သင်္ကြန်စဆုံး
နေ့လုံးညလုံး ၊ ရပ်ကွက်အားလုံး
လမ်းအားလုံး ၊ တမြို့လုံးလုံး
ခြိမ့်ခြိမ့်အုန်းပြီး ၊ မဆုံးတူးပို့
တူးပို့ တူးပို့ ၊ မန်းမြို့ဗုံသံ
မန်းသင်္ကြန်ကို ၊ အာခံနိုင်သူရှိရိုးလား ။

အိမ်တွေလည်းက ၊ တိုက်တွေကလျက်
လှည်းတွေလည်းက ၊ ကားတွေကလျက်
တမာလည်းက ၊ ထနောင်းကလျက်
ပိတောက်လည်းက ၊ ငုတွေကလျက်
မြူးကြွလှုပ်ရွ ၊ ယိမ်းကြနွဲ့ကြ
ပြုံးကြရွှင်ကြ ၊ ဂီတတူးပို့
မန်းမြို့ဗုံသံ ၊ မန်းသင်္ကြန် ။

ပိတောက်ကိုမြင် ၊ ရင်ခုန်သည်ထား
ဥဩတေးချို ၊ လွမ်းလိုသည်ထား
ရွက်ကြွေကိုမြင် ၊ ငိုချင်သည်ထား
လွမ်းတရားတို့ ၊ အတားအထိန်းရှိပါခဲ့
အစွယ်နဲ့နဲ့ ၊ အရွယ်နဲ့ ငဲ့စရာတွေ များပါရဲ့ ။

ဒါပေမဲ့ တူးပို့ တူးပို့
အညာမန်းမြို့ ၊ တူးပို့ တူးပို့
တူးပို့သံကြား ၊ နေရိုးလား
အားလုံး ငါတို့ ကစို့လား ။  ။

◾မောင်စွမ်းရည်

📖 စန္ဒာရုပ်စုံ မဂ္ဂဇင်း

📖 ပိတောက်ဖူးတဲ့ လတန်ခူး
      နှစ်ဦးသင်္ကြန်ခါ

#ကိုအောင်နိုင်ဦး

.

Thursday, April 11, 2024

ပိတောက်ရနံ့


 ❝ ပိတောက်ရနံ့ ❞ 


သင်္ကြန်ရောက်၍

ပိတောက်ပွင့်ရဲ ၊ တိမ်ယံဝဲသော်

လှိုက်လှဲရွှင်ချို ၊ ပျော်သလိုနှင့် ။


ပိတောက်အပွင့် ၊ ရွှေနှင့်နှိုင်းစက်

မောင့်လက်နှင့်ခူး ၊ တာအကူးမှာ

ရွှင်မြူးကြည်သာ ၊ ပန်ပါစေချင် 

ရွေးကာပြင်လျက်

အလျင်စောစွာ ၊ ပို့ရောက်လာ၏ ။


မယ့်တွက်ရည်စူး ၊ မြဖူးရွှေပွင့်

ပန်နှင့်ရော့မည် ၊ တွေးထင်ရည်လိမ့် 

ကေသီခွေလျ ၊ တင့်လှနိုးရာ

ဆင်ပါမည်မှန်း ၊ ဆွတ်ယူနမ်းသော်

ရွှင်လန်းလှစွာ ၊ ရင်မှာသတိ 

ဖြစ်လာဘိ၍ ၊ ရှင်၏ခြေစုံ 

မြငုံရွှေခက် ၊ တင်လှူလျက်ဖြင့် 

စုံမက်အလှ ၊ ခဏစွန့်ခွာ 

အေးငြိမ်ရာသို့ 

အာရုံစိတ်စောမိသည်တည့် ။  ။


◾ နုယဉ်


📖 ပိတောက်ဖူးတဲ့ လတန်ခူး 

      နှစ်ဦးသင်္ကြန်ခါ


#ကိုအောင်နိုင်ဦး


.

Tuesday, April 9, 2024

သင်္ကြန်ကြို


 ❝ သင်္ကြန်ကြို ❞ 


ပျိုလေးတို့ ရွာဦး

ရွှေဖူးလို့လေး ။ 


ခူးလိုက်ကြဟေ ...

ပင်ခြေမှာ တောင်လိုမောက်

ပန်းပိတောက်မွှေး ။  ။ 


ပိတောက်ဝါ ဆင်သလို့ 

ယဉ်စစ ရွာကြီးသူ 

မူပါနဲ့ဟေး ။ 


ဘယ်ခြောက်ခါ ညာခြေနဲ့

ညာခြောက်ခါ ဘယ်ခြေနဲ့

ကိုယ့်မွေးမေ ဆိုတဲ့ ဆဲအောင်

ရွှဲစေ့မယ်လေး ။  ။ 


အိုးစည်နဲ့ ဒိုးပတ်သံ 

ကြက်ဝိုင်းမှာ ညာသံပစ် 

ဟစ်လိုက်ကြညံ ။ 


ဘုရားပြန် ချန်ပါဘူဟေး 

ဥပုသ်သည် ဆိုချင်ဆိုစေ့ 

ကလေးမေ ငိုချင်ငိုစေ့

ချောင်းညိုညို ရေကြည်ခန်းတဲ့အောင် 

ကြမ်းလိုက်ပလေး ။  ။


◾ဗန်းမော်ညိုနွဲ့


📖 သွေးသောက် မဂ္ဂဇင်း

      ဧပြီ ၊ ၁၉၅၆


#ကိုအောင်နိုင်ဦး


.

Monday, April 8, 2024

ပိတောက်တေး


 

❝ ပိတောက်တေး ❞

ရွှေအိုးစည် စလွယ်သိုင်းနဲ့
ဘယ်ကိုင်းလို့ ညာကိုယိုင်
ဗောင်းစ, က မြိုင် ။

သိကြားကို ပြိုင်
မော်နိုင်မယ့် မောင်ထွေး ။

လက်သီးကို တင်ရုံနဲ့
ကိုရင့်ဗုံ အိုးစည်ကြီးရယ်
ဟီးလှတယ်လေး ။

ဟီးမှာပေါ့ - ပျိုလေးဆွေ
ပိတောက်ဝါ ပျို့နဖူးမှာ
ထူးတဲ့လို့ဝေ ။

ချိုပလေ ၊ အို - မေရဲ့ မျက်နှာပေး ၊
မြစိမ်း ဆင်ထဘီနဲ့
သီကရီ - ရွာဝင်ဝမှာ
မင်း - လှလို့လေး ။  ။

◾ဇော်ဂျီ

📖 ပိတောက်ဖူးတဲ့ လတန်ခူး
      နှစ်ဦးသင်္ကြန်ခါ

#ကိုအောင်နိုင်ဦး

.

ရေပက်ကြမ်းက အမှုပိုမည်


 ❝ ရေပက်ကြမ်းက အမှုပိုမည် ❞


ဖက်ဆွတ်ကံ့ကော် ရင်ခတ်ပန်းနှင့်

ရွှင်လတ်မခန်း ဆောင်လေပြီ ။


စဉ်မပြတ်စတမ်း တောင်ဗွေမဟီမှာ

အောင်ပေသည် ရေသဘင်ပွဲ ။


စန်းယှဉ် စိတြ ကျမ်းတင် ဟိတ်ပြ

မှန်းရွှင် စိတ်က တန်ခူးရာသီမှာ

အထူးဖြာလည် ပျော်မြူးရှာကြမြဲ ။


အထက်လာနည်းအရ သက်ဝါကြီးသမျှ

ဆက်ကာမှီးကြ ပုဂ္ဂိုလ်မွန် ကို

ထုတ်ဆိုညွှန် တူပျော်နွှဲ ။


သရုပ်ပို မလွန် ပူဖော်ကဲလို့

အယူနော်မလွဲ ငါးပါးအနန္တာ

ခြားနား ဝန္ဒနာ ။


သွေဖည် မညှိုးတဲ့ မွေသရီဖြိုးသနဲ့

စေတီပုထိုးငဲ့ လိုဏ်ဂူသာမှာ

ပြိုင်တူမကွာ သဒ္ဓါရှေးနှင့်

မကွာသေး ဦးညွတ်ပန်ထွာ

ထူးလွန့်နောင်ခါ ။


မှန်မသွေတွေးဆ ပုဂံပြည်ရှေးက

ကံခေရေးမလှ ခွေးချေးဘုရင် မှာ

ဆွေးနွေးမဆင်ခြင် စောလုံအလှတော့

မနောဟုန်ကြွ ကျီစယ်လို

ရေပက်မှုက ပို ။


ဒေါသူပုန်ထ စောလုံ အလှ အန်တုပိုပြီ

စံပြုဆို ယဉ်ကျေးစေဖို့လေး ။  ။


( အို .. ) ရေပက်ကြမ်း က

သွေမကွက်တမ်းပ အမှုက ပိုမည်

အကုသိုလ် ကို ရှောင်ကြစေဖို့လေး ။


( အလို ... ) စဉ်ရှေးလာသမ ထင်တွေးကာဆ

ယဉ်ကျေးပါလှ ရေပွဲသဘင် ကို

သွေမလွဲပင် ပြုစမ်းပါကြလေး ။  ။


◾ဟံသာဝတီ ဦးဘရင်


📖 ပိတောက်ဖူးတဲ့ လတန်ခူး

      နှစ်ဦးသင်္ကြန်ခါ


#ကိုအောင်နိုင်ဦး


.

Friday, February 3, 2023

အိပ်မက် ထဲ က အိမ်


 ❝ အိပ်မက် ထဲ က အိမ် ❞


အမှိုက် - မဟုတ်ရပါဘူးကွယ်

ဒါ - အသိုက်တစ်ခုပဲ ဆိုပြန်တော့

သား ဟာ မျက်ဆံလေး ပေကလပ် - ပေကလပ်နဲ့  ။


လက်တွေ့ မှာ

ရှာဖွေကျွေးနိုင်တာက

ညိုညစ်အေးစက်

ဘဝ - ပျားသလက် တစ်ခု ။


ဖ , တဆိုးလေးမို့

ကံကြမ္မာကိုသာ ယိုး

မိုက်မဲညံ့ဖျင်းမှုတစ်မျိုးလို

မေမေ့ကို ရဲရဲဝံ့ဝံ့ ဆိုလိုက်စမ်းပါ ။


လေးညှို့ သံ

တော်လဲသံ

လှိုင်းပုတ်သံ

လေပြင်းမုန်တိုင်း ထန် ။


သည်အဖြစ်ဆိုးတွေနဲ့ပဲ

တစ်မျိုး မဟုတ် တစ်မျိုး

တိုးပြီးရင်း တစ်ခါထပ် ။


ယုယလက်မဲ့

သားပုခက် ခမျာ

လဟာပြင်ထဲ

တွဲတိတွဲလောင်း ။


အကာအကွယ်မဲ့

မတင့်တယ်ခြင်း အစအနတွေစုစည်း

မီးလျှံ

မီးလျှံ --- ။


မီးလျှံ

အသည်းအသန် လောင်မြိုက်

တကောက်ကောက် လိုက်လွန်းပ ။


သားအရွယ်ဆိုတာ

စားမယ်

အိပ်မယ်နဲ့

ငိုဖို့ ရယ်ဖို့ အသိသာ ။


ဖြစ်ချင်ရာဖြစ်

တခစ်ခစ် ရယ်သံကြား

သွားများကိုရေတွက်ကြည့်

စံပယ် ငါးပွင့်တိတိလေ ။


သားရယ်သံက

တောင်ပံတစ်စ

အလင်းတစ်ခု

အထီးကျန်မှုပစ်ပယ်

မျက်ရည်တော့လည်စရာပေါ့ ။


ငိုခြင်းကိုကာကွယ်

ကြိုးစား ရယ်ကြည့်

မိုးထိ ပျံသန်း

နွမ်းယော်အတိတ်ဆွေးများ

မေ့ထားလိုက်

မေ့ပစ်လိုက်

အသိုက်ဟောင်းကိုပါ

တစ်ခါတည်း မေ့လိုက် ။


သွေးဖြူမြစ်နှစ်လွှာကြား

ပုန်းထားဝှက်သိမ်း

ငြိမ်းချမ်းရှာပါ့မလားလို့

တောင်ပံတွေ တအား ဖြန့်ကာထားမိ ။


နှုတ်သီးနုနုကနေ

ကျမ်း တစ်ခု

မပြုစုနိုင်ပါဘူးလို့

ဘယ်သူပြောဝံ့သလဲ ။


အတောင်အလက်စုံချိန်

မိုးတိမ်ထွင်းဖောက်

လူလားမြောက်တဲ့အခါ ။


ခုများမှာတော့

ကစားမက်နေသေးတဲ့

လူကလေးရေ

သွေးဖြူမြစ်ကမ်းသဲသောင်ရိပ်

တရေးတမောအပန်းဖြေသိမ့်

အိပ်ချင်အိပ် နားချင်နား

ပုံပြင်မဆန်လွန်းတဲ့ ပုံပြင်များ

နားထောင်မယ် မဟုတ်လားကွယ် ။


သည်က စပြီး

ရှာဖွေသိမ်းဆည်းစုဆောင်းစို့ရဲ့

ရွှေချည်မျှင်ကောက်ရိုးနဲ့

မဟော်ဂနီရောင် ရွက်ကျင်တွေ ။


အိပ်မက်လို့ပဲ ပြောပြော

သည်တောနဲ့ မနီးမဝေး

အဓိကဟာ သားလေးအတွက်

ရက်ရက်စက်စက်နေပျော်ဖွယ်

အသိုက်ဟာ ငယ်ချင်လည်း ငယ်ပလေ့စေပေါ့ ။


နားနေချင်စရာ

လေလွတ် မိုးလွတ်

ဆီးနှင်းပြွတ်ခဲသိပ်သည်းတဲ့နေ့တစ်နေ့

တိုးတိုးတိတ်တိတ်ရွှေ့ပြောင်း

သည်တစ်ဆောင်းခိုအောင်းဖို့

မိုးကောင်းကင်ကြီးရဲ့

ဘယ်ဘက်ရင်အုံ အပေါ်တည့်တည့်မှာ ။


( သား ဒိုဒို ရဲ့ ၈ နှစ် ပြည့်ခြင်း အထိမ်းအမှတ် )


◾မအိ


📖 ရယ်စရာ မဂ္ဂဇင်း

      နှစ်သစ်ကူး အထူးထုတ်

      ၁၉၉၆ ခုနှစ်


#ကိုအောင်နိုင်ဦး


.