Friday, December 3, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 07


 မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ပြုလုပ်သည့်အတိုင်း ဖြည်းညင်းစွာ ခုန်ချလိုက်ပါသည် ။ လက်ဖြုတ် ခုန်မချမှီ အချိန်လေးတွင်ပင် ဦးရွှေမောင်ကြီး က “ မင်းတရားကြီးဘုရား အုတ်ခုံ ကို ခြေတော်နှင့် ကန်စေ၍ ကိုယ်တော်ကွာစေမှ  ခုန်ချ ....” ဟု စကား မဆုံးမှီ လက် ဖြုတ် အချလိုက်တွင် မြေကြီး နှင့် အုတ်ခုံ ကင်းစနေရာသည် အုတ်များ ကို ဆင်ချေလျော သဘောမျိုး အဆုတ်အတက်များ ပြုလုပ်ထားပါသည် ။ ညီညွတ်မှု မရှိသော အုတ်ခုံ အဆုတ်အတက်ပေါ်တွင် နင်းမိတော် မူ၍ မင်းတရားကြီးဘုရား မှာ ကိုယ်ရှိန် မသတ်နိုင်ပဲ ဖင်ထိုင်ရက် လဲကျပါသည် ။


ခြေထောက်နှစ်ချောင်း မှာ မိုးသို့  ထောင်သွားသည် ။ မင်းတရားကြီးဘုရား ဝတ်ဆင်ထားသော ပုဆိုး မှာ မျက်နှာတော် ပေါ်သို့ တိုင်အောင် ဖုံးလွမ်းသွားသဖြင့် အောက်ပိုင်းမှာ ဗလာကျင်းလျက် ငယ်တော်ပါ မှာ အတိုင်းသား ပေါ်ထွက်နေပါသည် ။ ပုံပမ်းကို မြင်ရသူတိုင်း မရယ်ပဲ မနေနိုင်အောင် ဖြစ်ရမည်မှန်သော်လည်း မင်းတရားကြီးဘုရား ရှက်တော်မူမည် စိုး၍ ဦးရွှေမောင်ကြီး မှာ မရယ်ဝံ့ပါ ။


စပ်ဖြဲဖြဲ ဖြစ်နေသော မျက်နှာ ကို အပိုးသပ်လျက် မင်းတရားကြီးဘုရား အား ထူမပေးရန် အနားတိုးသွားသည်တွင် လဲကျရာမှ ထရပ်ရင်း ပုဆိုး ကို ပြင်ဝတ်ပါလေသည် ။ သည်တော့မှ ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား တွင် ပေကျံနေသော ဖုတ်များ ကို ခါပေးတော် မူလိုက်သည် ။


“ ကိုယ်တော် ဘယ်နေရာများ အထိနာသွားပါသေးသည်လဲ မင်းတရားကြီးဘုရား ” 


“ မနာကျင်ပေမဲ့ အရှိန်သတ် မရတာကြောင့် နောက်လန်လဲရသည် ။  နင့် တုပပေမဲ့ မရပါကလား

ငမောင်ကြီး ရ ” 


“ မှန်လှပါ ။  မင်းတရားကြီးဘုရား ကို ကျွန်တော်မျိုးကြီး အုတ်ခုံ ကို ကန်၍ ကိုယ်တော် ကွာစေမှ ခုန်ချတော်မူရန်  သတိတော်ဆက်ဆဲ  အရှင်ဘုရား ခုန်ချတော်မူသည့် အတွက် မညီညွတ်သော ဆင်ခြေလျှောပေါ်  ကျသွားသည့်အတွက် အရှိန်မထိန်းနိုင်ပဲ လဲကျသွားရခြင်း ဖြစ်ကြောင်းပါ မင်းတရားကြီးဘုရား ” 


“ အေး  ... ဟုတ်ပေသားဘဲ  ငမောင်ကြီး ရဲ့  ။  ငါ့ ချို့ယွင်းချက်ပေကပဲ ” 


“ ကျွန်တော်မျိုးကြီးများသည် က  မြန်မြန်ခွာကြမှ သင့်တော်မည် ထင်ကြောင်းပါ ။ ဗီဇနာ အနည်းငယ်အတွင်း မြို့တံခါးကြီးများ ပိတ်တော့မည် ဖြစ်ကြောင်းပါဘုရား ” 


“ သွားကြသည်ပ  ....  ငါ့ ရှေ့က နင် ဘဲ လမ်းပြပေတော့ ငမောင်ကြီး ရ ” 


မြင်းပေါ် သို့ ကိုယ်စီ တက်ကြပြီးနောက် ဆင်ဖြူနန်းတော်ရှေ့မှ ထွက်လျက် အရှေ့ဘက်သို့ ကွေ့ပြီး မြေစိုက်နန်းတော် ( ရွှေလွှတ်တော်ကြီး ) ရှေ့မှ ဖြတ်လျက် မြောက်ဘက် သို့  စီးနင်းသွားကြပါသည် ။ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး နောက်မှ စိုက်စိုက်မကွာ လိုက်ပါစီးနင်းရင်း စိတ်တော်တွင်းဝယ် စဉ်းစားကြည့်မိပါသည် ။ ယခု သွားရမည့် အရပ် သည် ရွှေနန်းတော်ကြီး ၏ အနောက်တောင်ထောင့် ( စနေထောင့် ) အရပ်တွင် ရှိနေပါသည် ။ မည်သို့သော အကြောင်းဖြင့် မြောက်အရပ် သို့ စိုင်းနေကြသည်ကို တွေးတောနေမိပါသည် ။  သည်လိုနှင့် မြောက်ဘက်  နန်းမြို့ အထွက် ရေတော်တံခါး သို့ ရောက်ရှိလာပါသည် ။ မြို့ပြင် သို့  ဆက်လက် စီးနင်း ထွက်ခွာလာကြရင်း မင်းတရားကြီးဘုရား လည်း စဉ်းစားရင်း ဆိတ်ဆိတ် လိုက်ပါလာခဲ့ပါလေသည် ။


ရွှေနန်းမြို့တော် မြောက်ဘက်ပါး ရှိ အမရဋ္ဌာဏီ အရပ်မှ ဖြတ်သန်း၍ မြောက်စူးစူး သို့ ဆက်လက် စီးနင်းနေပြန်တော့သဖြင့် မင်းတရားကြီးဘုရား လည်း မနေနိုင်တော့သဖြင့် ဦးရွှေမောင်ကြီး ၏ မြင်း ကို အမှီလိုက်ရင်း ... “ ဟဲ့  ... ငမောင်ကြီး နင် ဘယ်ကို သွားမည်ကြောင့် မြောက်စူးစူး သို့ မြင်း နှင်နေရသနည်း ” ဟု အမေးတော် ရှိလိုက်သည် ။


“ မှန်လှပါ ။ ပြည်ကြီးပျော်ဖွယ် အရပ် ကို မင်းတရားကြီးဘုရား  သွားလိုသည် ဟု မိန့်တော်မူချက်ကြောင့် ပြည်ကြီးပျော်ဘွယ် အရပ်ဆီ ကို သွားရန် လာခဲ့ခြင်းဖြစ်ကြောင်းပါဘုရား ” 


“ ဟဲ့  ငမောင်ကြီး နင် ရူးနေသည်လား ။ ပြည်ကြီးပျော်ဘွယ် အရပ် သည် ရွှေနန်းတော်ကြီး ၏  အနောက်တောင်ဒေါင့် အရပ်တည့်တည့် တွင် ရှိသည်ကို နင် မသိသလော ။ အဘယ်အကြောင်း နှင့်  ဆန့်ကျင်ရာဒေသ သို့ ရှေ့ရှုလေဘိသနည်း ” 


“ သိပါသည် ဘုရား ။ ကျွန်တော်မျိုးကြီးသည်လည်း  ပြည်ကြီးပျော်ဘွယ် အရပ်သို့ မကြာမကြာ ရောက်ဘူးပါသည်ဘုရား ...ယခု သွားနေကြသည်မှာလည်း ပြည်ကြီးပျော်ဘွယ်အရပ် သို့ ဦးတည်လျက် သွားနေကြခြင်းပါ ဘုရား ” 


“ မြတ်စွာဘုရား ။ အနောက်တောင်အရပ် သို့ ခရီးထွက်ကြခြင်း ကို မြောက်အရပ် မှ လှည့်ခဲ့သည်အတွက် ငါ အသို့  နားလည်ရတော့အံ့နည်း ငမောင်ကြီးရဲ့ ” 


“ မင်းတရားကြီးဘုရား အမိန့်တော်မြတ် မှတ်တော်မူသည့်အတိုင်း ခွေးသံလည်း မကြားရ  ။

လူသံ လည်း  မကင်းကွာရသော လမ်းမှ သွားကြရန် စီစဉ်ရသည်မို့ မင်းတရားကြီးဘုရား စိတ်ဝမ်းတော် ချချ

ကျွန်တော်မျိုးကြီး နောက်တော် မှ လိုက်တော်မူပါ ဘုရား ။ မင်းတရားကြီး အမိန့်တော်အတိုင်း

ကျွန်တော်မျိုးကြီးများတို့ ပြည်ကြီးပျော်ဘွယ်အရပ် သို့ အရောက်နှင်းကြမည်ကို ထပ်မံ လျှောက်ထားရပါသည်ဘုရား ” 


မင်းတရားကြီးဘုရား လည်း တိတ်ဆိတ်စွာဖြင့် မြင်း ကို နှင်ရင်း ဦးရွှေမောင်ကြီး နောက်မှ တကောက်ကောက် နှင့် လိုက်ပါလေတော့သည် ။ သည်လိုနှင့် ဦးရွှေမောင်ကြီး တို့ ကျွန် ၊ အရှင် နှစ်ပါး တို့သည် မန္တလေးတောင်  အနောက်ဘက် ဘေးမှ ကပ်၍ မြောက်စူးစူး သို့ စီးနင်းနေကြပါသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော် တွင် သိချင် မေးစမ်းချင်စိတ်များ တလိပ်လိပ် တက်လာခဲ့သော်လည်း ဦးရွှေမောင်ကြီး ၏ အစီအစဉ် ကို အစအဆုံး သိလိုတော် မူ၍  ခပ်မဆိတ် လိုက်ပါတော်မူခဲ့ပါသည် ။ သည်တကြိမ် ငမောင်ကြီး သည် မင်းတရားကြီးဘုရား အလိုတော် နှင့် ဆန့်ကျင်ခဲ့ပါလျှင် ခေါင်းဖြတ်သတ်ရန် အာဏာပါးကွက်သား တို့ လက်သို့ အပ်ရအံ့ဟု စိတ်တွင်းမှ   ကြုံးဝါးတော်မူပါလေသည် ။


ငမောင်ကြီး အနေဖြင့် မင်းတရားကြီးဘုရား အပေါ် ချစ်ခင်ရိုသေလေးစားခဲ့သူ ဖြစ်ပါသည် ။

မင်းတရားကြီးဘုရား အလိုတော် ကို လည်း ဆောင်ရွက်ပေးခဲ့သည်သာ ဖြစ်ခဲ့ပါလေသည် ။


သွားရောက်လိုရာ အရပ်သို့  ပို့ဆောင်ပေးမည် ကို သံသယ မရှိသော်လည်း ယခု သွားနေကြသည်မှာ ဆန့်ကျင်ဘက် အရပ် သို့  ဖြစ်နေပါ၍ မင်းတရားကြီးဘုရား အနေဖြင့် အတော် အစဉ်းစားရ ကြပ်နေပါလေသည် ။

မကြာပါချေ ....  ဦးရွှေမောင်ကြီး နှင့် မင်းတရားကြီးဘုရား တို့လည်း အိုးဘိုလှေဆိပ် သို့

ရောက်ရှိလာပါသည် ။ သည်တော့မှ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ၏ အစီအစဉ်

တစိတ်တဒေသ ကို ရိပ်စားမိတော် မူ၍ ပီတိ စိတ်ဖြင့်  .....


“ ငမောင်ကြီး  ... နင့် အစီအစဉ် သည် သူ မတူအောင် ကောင်းမွန်လှပါကလား  ဟရို့ ” ဟု အမိန့်တော် ရှိလိုက်သည် ။


“ မင်းတရားကြီးဘုရား အလိုတော်ကျ ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည် ။ ဘုန်းတော်ကြီးသော မင်းတရားကြီးဘုရား စိတ်တော်ရွှင်မြူး ကြည်နူးစေမှုကို ပြုစုနိုင်ရန် သမာဒေဝ နတ်ကောင်း နတ်မြတ်များ အကြံတော် ဆက်သသည်ကြောင့် ယခုကဲ့သို့ စိတ်ကူးပေါက်လာရကြောင်းပါ  ဘုရား” 


“ ငမောင်ကြီး ငါ ကိုယ်တော်မြတ်ကြီးကို အမြှောက်အပင့်ကလေးနဲ့ တင်လျှောက်ပုံကို ထောက်ရလျှင် ဘာကိုများ အလိုတော်ရှိနေသည်လဲ  မသိပေကဘဲ ” 


“ မင်းတရားကြီးဘုရား ကျေးဇူးတော်ကြောင့် ကျွန်တော်မျိုးကြီးတွင် ပြည့်စုံ ကုံလုံနေပါသည် ။ ကျွန်တော်မျိုးကြီး မာချာရန်သာ ဆုတောင်းနေရပါသည် ။ ကျန်းမာမှသာ မင်းတရားကြီးဘုရား စေခိုင်းတော်မူသော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း လျှောက်ထားဝံ့ပါသည် ဘုရား ” 


ဦးရွှေမောင်ကြီး တင်လျှောက်ချက် ဆုံးလေလျှင် ရေဆိပ်ဘေးမှ တဲငယ်တခုသို့ ဆိုက်ရောက်သွားကြပါလေသည် ။ တဲ အတွင်းမှ လူ တယောက် ထွက်လာသည့်အတွက် စကားစ ပြတ်သွား၍ ဦးရွှေမောင်ကြီး မြင်းဇက် ကို လာဆွဲသည့်အတွက် ဦးရွှေမောင်ကြီး က ...


“ ငါ့ မိတ်ဆွေကြီး မြင်းကိုသာ ယူလိုက်ပါ ” ဟု ပြောသည်ကြောင့် လူရွယ် လည်း

မင်းတရားကြီးဘုရား ၏ မြင်း ကို သွားယူပါလေသည် ။


ဦးရွှေမောင်ကြီး လည်း လူရွယ် အား ....


“ တို့များ အတွက် အဆင်သင့်  ဖြစ်ပြီလားကွယ်ရို့ ။ မှောင်စလဲ ပျိုးနေပြီမို့  မပြည့်စုံသေးလျှင်လဲ ပြည့်စုံအောင် အမြန်ပြုပါ့ ကိုရင်မောင် ရေ့ ” 


“ ပုဇွန်ဆိပ်ခုန်ကလေး တခုတင်ဘဲ  လိုပါတော့သည် မြို့စားမင်းကြီး ခင်ဗျား ... အစားအစာ နှင့်  မီးတိုင် ၊

မီးအုပ်ဆောင်းများလည်း လှေပေါ်တွင် အဆင်သင့်  ရောက်ရှိပြီးပါ့ ” 


ထို လူ့ စကား  ကြားသိရ၍  မင်းတရားကြီးဘုရား လည်း  ပွဲတော်ညစာ စားဖို့ သတိရလာပါသည် ။ ညစာ ပွဲတော်စာ ကို  ဦးရွှေမောင်ကြီး အသင့် စီစဉ်ထားသည့်အတွက် စိတ်ထဲမှ ကြိတ်၍ ကျေနပ်နေပါသည် ။ မင်းတရားကြီးဘုရား သွားလိုရာ ခရီး ကို အမိန့်တော်မြတ်အတိုင်း ရေလမ်းမှ  လှေဖြင့် ရွှေတချောင်း မှ စုန်ဆင်းသွားပါက ပြည်ကြီးပျော်ဘွယ်  အရပ် ကို အလွယ်တကူ နှင့် ရောက်ရှိနိုင်လေသည် ။ ယခု မိမိတို့ ရောက်ရှိနေသော နေရာသည် ကန်ပိုင်ရွာ လည်း မဟုတ်သဖြင့် မည်သည့် ရေဆိပ် ဖြစ်နေမည်ကို မင်းတရားကြီးဘုရား သိလိုတော် မူသဖြင့် ဦးရွှေမောင်ကြီး နားသို့ တိုးတိုး ကပ်မေးရာမှ “ အိုးဘို ” ဆိပ်ကမ်း မှန်း သိရပါသည် ။ အိုးဘို မှ ရွှေတချောင်း အတိုင်း စုန်ဆင်းသွားပါလျှင် ပြည်ကြီးပျော်ဘွယ် အရပ်သို့  တဗဟိုရ်ခွဲ သာသာ ( စက် တနာရီ ခန့် ) လောက်ဖြင့်  ရောက်ရှိပေမည် ။


( ယခု မန္တလေးမြို့ အလယ်မှ ဖြတ်သန်းစီးနင်းနေသည့် ရေသိုး ၊  ရေပုပ် ထုတ်သည့် ရွှေတချောင်း သည် မြန်မာမင်းများ လက်ထက်တော် အခါက ကူးသန်းရောင်းဝယ်ရေး အတွက် အသုံးဝင်သော ချောင်း တချောင်း ဖြစ်ခဲ့ပါသည် ။ အထက်အညာ နှင့် မတ္တရာမြို့ အခြေအရပ် နှင့် အောက်ပြည်ဒေသ တို့မှ လှေကြီးလှေငယ် တို့ဖြင့် တင်ဆောင်လာသော ကုန်စည်များကို မြို့တွင်းအထိ ဝင်ရောက် ဖောက်ကား ရောင်းဝယ်ကြပါသည် ။ ယခု ပဲခူးမြို့လယ် မှ ဖြတ်သန်းစီးဆင်းနေသော ပဲခူးချောင်း ကဲ့သို့ အသုံးဝင်လှပေသည် ။ ထို ရွှေတချောင်း ကို   အင်္ဂလိပ်များ  မြန်မာနိုင်ငံကို  သိမ်းပိုက်ပြီး  ၁၅ နှစ်ကျော်ကြာ ရေကြည်တံခါး မှ သင်္ဂဇာချောင်း အထိ ဖို့ပစ်ပြီး ရေသိုးမြောင်း အဖြစ် ပြောင်းလွဲလိုက်ပါသည် ။ )  ဗီဇနာ အနည်းငယ် အတွင်း သုတ်သုတ်ပြာပြာ နှင့် လူတစ်ယောက် မြူအိုး တအိုး နှင့် ရေတကောင်း တခု ကို ဆွဲလျက် ရောက်ရှိလာသည်၌ မောင်အောင် ဆိုသူ က လှေပေါ် သို့  အတင်ခိုင်းလိုက်ပါသည် ။


ကိုရင်အောင် က ..... “ မြို့စားကြီးခင်ဗျား  ... အားလုံး အဆင်သင့်  ရှိနေပြီမို့ သွားလိုက သွားနိုင်ကြပါပြီ ခင်ဗျား ”  ဟု ရိုသေစွာ  ကိုယ် ကို ကိုင်းညွတ်၍  ပြောသည်တွင် ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ဘက် လှည့်လျက်  ... “  ကဲ ...  အဆင်သင့် ရှိပေပြီမို့  ကိုရင်ကောင်းမြတ် ရေ ကျုပ်တို့ ခရီးဆက်ကြမည်ပ ” ဟု ပြောလိုက်သည် ။


“ အိမ်း ...ကောင်းပြီ ... ဦးရွှေမောင်ကြီး သွားကြသည်ပ ”  ဟု ပြန်ပြောလိုက်သည် ။


လှေပေါ်တက်ရောက်ကြ၍  လှေဝမ်း အတွင်း မျက်နှာချင်းဆိုင် ထိုင်ကြပါသည် ။ ကိုရင်အောင် ဆိုသူမှာ ပဲ့ပိုင်း မှာ ထိုင်လျက် လှော်တက်ကို ကိုင်ခါ လှော်ခတ်ပါသည် ။ လှေထွက်လျှင် စားတော်အုပ် ကို မင်းတရားကြီးဘုရား ရှေ့တော် ချလျက် နှီးခွက်တွင်း သို့  ရေတကောင်း အတွင်းမှ  ထန်းရေများ ငှဲ့ခါ မင်းတရားကြီးဘုရား အား  ကမ်းလိုက်ပါသည် ။ မင်းတရားကြီးဘုရား လည်း လှမ်း၍ ယူလိုက်ပါသည် ။


“ သည်ဟာ  ဘယ်တော က ယူလာသည့် ထန်းရည် လဲ ဦးရွှေမောင်ကြီး ရဲ့” 


“ ကနောင်ကိုယ်တော်ကြီး တော ကပါ ... ယဉ်ပျံရွာ တွင် ယခုအချိန်လောက် ဆိုလျှင် ကနောင်အိမ်ရှေ့စံ နှင့် အဘော်တသင်းတို့  ပျော်ပွဲခင်းနေချိန်ပ ကိုရင်ကောင်းမြတ် ရဲ့ ” 


ပွဲတော်အုပ် အတွင်းမှ စားစရာများမှာ စုံလင်လှပါသည် ။ မင်းတရားကြီးဘုရား ကြိုက်တတ်သော ပဒပ်သားကင် လည်း ပါဝင်ပေသည် ။  သောက်ရင်း ၊ စားရင်း နှင့် ယစ်ရွှေရည် တံခိုးဖြင့် မင်းတရားကြီးဘုရား နှင့် ဦးရွှေမောင်ကြီး တို့လည်း ဆက်ရက်မင်းစည်းစိမ် ခံစားနေရပေပြီ ။ ရေကြည်တော် ပန်ဆက်တံခါးလှေဆိပ် တွင် အချိန်ဖြုန်းရင်း  ရပ်နား၍ ထမင်းစားသောက်ပြီး မှ ဆက်လက် စုန်ဆင်းကြပါသည် ။  မင်းတရားကြီးဘုရား လည်း  အသံဝါကြီးဖြင့် သီချင်း သီဆိုပါလေသည် ။


သူတို့ သီဆိုအော်ဟစ်သံကြောင့် တချို့ လှေများမှ ပေါင်းမိုး အပြင်သို့ ခေါင်းများ ပြူထွက်၍ ကြည့်သူ  ။ ကမ်းပေါ်မှ လက်ခုတ်တီး ၊ လက်ခေါက်မှုတ်၍ ဩဘာသံများဖြင့် မြိုင်ဆိုင်လှပေသည် ။ လှေသမား နှင့် မင်းတရားကြီးဘုရား တို့က သံပြိုင် သီဆိုကြ၍  ဦးရွှေမောင်ကြီး က ကွေးနေအောင် ကခုန်ရင်း လှေ ကို စုန်ဆင်းကြပါသည် ။ သီဆိုသည့် သီချင်းမှာလည်း  ရတနာပုံခေတ် ဆီ က အင်မတန် ရေပန်းစားသည့် ဇိုးခေါ် ကြူးကျော်  မန်းတောင် ရိုးပေါ် ပုဆိုးပေါင် ထမီပေါင် ကတ်ရိုက်ရအောင် ( ကျန်တာ ကို ထန်းရည်သောက် ဘိန်းရှုရအောင် ) ဆိုသည့် သီချင်းပင် ဖြစ်ပါသည် ။


သည်လိုနှင့် ဆောင်နန်းရိပ်သာလှေဆိပ် အရောက် ဦးရွှေမောင်ကြီး က လှေကို ရပ်တန့်စေပြီး  ...


“ သည်နေရာက ဆင်းကြစို့ ၊ ကိုရင်ကောင်းမြတ် ရေ ... ကျုပ်တို့  မိတ်ဆွေ အိမ် က သည် အနားတွင်

ရှိသည်ပ ” 


“ ကောင်းဗျာ .. ဦးရွှေမောင်ကြီး  သဘောအတိုင်းသာပ ။ ကျုပ်ကလဲ သည် အရပ်အနေတွေ မကျွမ်းကျင်ပေဘူး မှုတ်လား ” ဟု ပြောရင်း မင်းတရားကြီးဘုရား လည်း လှေပေါ် မှ ဆင်းပါလေတော့သည် ။ ဦးရွှေမောင်ကြီး လည်း မီးအုပ်ဆောင်း ကို ထွန်းညှိပြီး လှေပေါ် မှ ဆင်းလာပါသည် ။ ဆိပ်ကမ်းပေါ် တက်ရောက်ပြီးမှ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး နားသို့ ရပ်၍ တီးတိုးလေသံဖြင့် “ ငမောင်ကြီး ရဲ့ သည်ကနေပြီး ဘာပြုမဲ့ ဆင်းရသည်လဲ သီရိပျော်ဘွယ် ဆိပ်ကမ်း အနောက် ဘောက်မဲ့ မစုံရသည်လည်း ” 


“ မှန်လှပါ ... လှေသမား မှာ  လှေသင်းဝန်မင်း ၏ သွေးသောက်ကြီး ဖြစ်ပါသည် ။ ကျွန်တော်မျိုးကြီး တို့ သွားလမ်း ၊ လာလမ်း ကို မသိစေချင်၍  ယခုကဲ့သို့  အောင်နန်းရိပ်သာ လှေဆိပ်မှ ဆင်းရခြင်းပါ  ။ ပြည်ကြီးပျော်ဘွယ် ဆိပ်ကမ်း မှာ လည်း တခေါ်လောက်သာ ဝေးပါတော့သည် မင်းတရားကြီးဘုရား ” 


“ ရှိပါစေတော့ ။ ဒို့များ အခု ဘယ်သို့  ဦးတည်ပြီး သွားမည်ဟု  ငမောင်ကြီး စိတ်ကူးရှိသည်လဲ ” 


“ မင်းတရားကြီးဘုရား တွေ့လိုတော် မူသည် ဆိုသည့် ကနောင်အိမ်ရှေ့စံ လက်သပ်မွေး ဂေါင်းမ မိစပ် ထံ

အရင် သွားကြမည် ဟု အကြံတော် ဆက်ပါသည်ဘုရား ” 


“ အေး ဟဲ့ .. နင်တို့တတွေ ပြောကြသည်ကြောင့်  မိစပ် ကို ငါ ကိုယ်တော် မြင်တွေ့လိုတော် မူသည် ငမောင်ကြီး ရဲ့ သူ ၏  အရည်အသွေး က အသို့  ရှိဘိသနည်း ...” 


“ မှန်လှပါ ... ရုပ်ရေရူပကာနိကာယ် ကတော့ဖြင့် ရွက်ကြမ်းရေကြို လူသားတိုင်း ရှိသင့် ရှိအပ်သော

ရုပ်အဆင်းမျှသာ ဖြစ်ပါသည်ဘုရား ။ မြန်မာ နှင့် မဂိုကုလားသွေး  စပ်နေသည်ကြောင့် အရွယ်တော်မှာ ကျားကိုးစီး စား မကုန်နိုင်အောင် တောင့်တင်းစိုပြေပါသည် ဘုရား ။  အတွေ့မှာ ပဉ္စပါပီ ရှုံး ၍ ကိုယ်တော် ညှိုးချုံး အောင် ဆွဲနိုင်သော သတ္တိထူး ရှိကြောင်း ဘုရားကျွန်တော်မျိုး  အကြိမ်ကြိမ် တွေ့ဘူး၍ သိကြောင်းပါဘုရား ” 


“ တယ် ... အပြောကတော့ ကြွယ်လှပါလား ကရို့  ... ငါ ကိုယ်တော်မြတ် နဲ့ တွေ့ချင်စမ်းပါဘိ  ။

ညီညီ ရဲ့ နောင်တော်မှန်း မိစပ် တော့ မသိစေရအောင် သတိတော့ ရှိရပေမဗျ ” 


“ ကနောင်အိမ်ရှေ့စံ လက်စွဲတော် မှန်ပါသော်လည်း ကနောင်ကိုယ်တော်ဘုရား ကိုတော့ မိစပ် က လက်မြှောက် အရှုံးပေးရသည် မို့ ကနောင်မင်းသားကြီး ရဲ့ ခိုင်းသည့် ကျွန် ထွန်သည့် နွား နှယ်  မိစပ် ကိုယ်တိုင်က စွဲလမ်းတမ်းတ နေရသည်ကိုတော့ မိစပ် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်းပါ ဘုရား ” 


“ သည်လောက်တောင်မှပဲ ငါ့ ညီညီ က ယောက်ျားကောင်း  ပီသလေသလား ငမောင်ကြီး ရဲ့ ... ငါ ကိုယ်တော်မြတ် အနေဖြင့် မိစပ် နှင့် ယခုပင် တွေ့ချင်စမ်းပါဘိ ” 


သည်လိုနှင့် လျှောက်လာရင်း မိချောင်းတံတား ဆုံးလျှင် ပြည်ကြီးပျော်ဘွယ် အရပ် ဟု ခေါ်သော

ရတနာပုံခေတ် ပြည့်တံဆာရပ်ကွက် သို့  ဆိုက်ရောက်လာကြပါသည် ။ ဦးရွှေမောင်ကြီး လည်း  မီးအုပ်ဆောင်း

ကိုင်လျက် ဦးဆောင်ကာ မိစပ် တို့ အိမ်သို့ ရှေးရှု သွားပါလေသည် ။ မလှမ်းမကမ်း အရောက် မင်းတရားကြီးဘုရား က  လက်ညှိးထိုးတော်မူရင်း  ... “ ဟဲ့  .. ငမောင်ကြီး ရဲ့ ...ဟို လှုပ်လှုပ်  လှုပ်လှုပ် နဲ့ သူငယ်လေးတွေ ဟာ  လူပျိုတော်သားတွေ နဲ့  တူလေသလား ” သည်တော့မှ ဦးရွှေမောင်ကြီး လည်း ယစ်ရွှေရည် အရှိန်ကြောင့်  မှေးနေသော  မျက်စေ့နှစ်လုံး ကို  သေသေချာချာ ဖွင့်ကြည့်ပြီး “ မှန်လှပါ .... လူပျိုတော်သားများ ဖြစ်နိုင်ကြောင်းပါ ဘုရား ။ သူတို့ ဝတ်စားဆင်ယင်ပုံများမှာလည်း နန်းတွင်း လူပျိုတော် အဝတ်အစားသာ  ဖြစ်ကြောင်း ပါဘုရား ” ဟု တီးတိုး  တင်လျှောက်ရင်း  ဆက်လက်၍ .... “ ကျွန်တော်မျိုးကြီး သွားရောက် စုံစမ်းကြည့်ပါမည်ဘုရား .. မီးအုပ်ဆောင်း ကို  ယူတော်မူ၍ ဟောဟို သစ်ပင်ရိပ် မှ  စောင့်စားတော်မူပါဘုရား ” ဟု မီးအုပ် ကို  ပေးအပ်တော်မူပြီး ဦးရွှေမောင်ကြီး လည်း လူပျိုတော်သားများ ရှိရာသို့ ဦးတည်သွားပါလေသည် ။ လူပျိုတော်သားများ ထဲမှ  ဦးရွှေမောင်ကြီး ကို  သိကျွမ်းသူ ပါရှိနေသဖြင့် ထို လူပျိုတော်သားလေး ကပင် ... “ အလို  .. ပင်းတလဲစားကြီး ပါလား ။ အဘယ်သို့သော အကြောင်းကြောင့် သည်ကို  လာသည်လဲ ” 


“ ငါ့ တူကြီးများ လိုပ ။ ကျုပ် မိတ်ဆွေ တယောက် အညာ က  ရောက်ရှိလာသမို့  သူ့ အား   လိုက်လံ

ပို့ပေးရခြင်းပေပ ။ အတွင်းဆောင်တွင် အသူများ ရှိဘိသနည်း” 


“ မှန်လှပါ ... မက္ခရာမင်းသားကြီး ရှိတော် မူကြောင်းပါ  ။ ခုနကပင်  ပင်လယ်မင်းသား ( သန္နီမင်းသား  ) တို့ တတွေလည်း လာတော်မူသေးသည် ” 


“ အိမ်း .... ကောင်းသဗျာ  ... ကောင်းသဗျာ  ... ငါ့ တူကြီးများ ဘယ်အချိန်ထိ နေတော်မူမည်လို့များ

မင်းသားကြီး အမှာအကြား ရှိသည်လဲ ” 


“ သန်းခေါင်ယံ အချိန် ပြန်နိုင်ရန် ပြောကြားသံတော့ ကြားမိပါသည် ။ ညီတော် မလွန်မင်းသား

စံအိမ်တော်တွင် စက်တော်မူမည် ထင်ရကြောင်းပါ ပင်းတလဲစားကြီး ဗျား ” 


ထိုအခါ ဦးရွှေမောင်ကြီး လည်း ... “ တခြား အိမ်တွေ ရှောက်သွားပေဦးမယ်ဗျ ။ ငါ့ တူကြီးများ က တို့ များ သည်ကို လာကြောင်း မင်းသား ကို  မတင်လိုက်ကြပါ နှင့်  မင်းသားကြီး မှ တဆင့် သူတို့  ဘခမည်းတော် မင်းတရားကြီးဘုရား ကြားသိတော် မူလျှင် ကြိမ်းမောင်း ဆူပူ ၊ ရွှေစိတ်တော် ညူစူနေရင် အခစား

ခက်မဗျ ” ဟု ပြောလိုက်ရာ လူပျိုတော်သားများလည်း ကျေနပ်နှစ်သိမ့်ခြင်းဖြင့် လက်ခုတ်လက်ဝါးများပင် တီးခတ်ရယ်မောရင်း ကျန်ရစ်ခဲ့ကြပါသည် ။


မင်းတရားကြီးဘုရား စောင့်နေသော သစ်ပင်ရိပ်အောက် သို့ သွားရောက်ပြီး နှစ်ယောက်သား တီးတိုး ပြောဆိုကြပါသည် ။ သားတော်နှစ်ပါး နှင့် အခြွေအရံသင်းပင်းများ မမြင်မတွေ့ရလေအောင် ခေတ္တ ရှောင်ရှားနေပြီးမှ သူတို့ ပြန်ချိန်လောက်မှ  တခေါက်လာကြရန်  မင်းတရားကြီးဘုရား အလိုတော်ကျ ဆုံးဖြတ်တော်မူပြီး၍ လှေထားရှိခဲ့ရာသို့ ပြန်ကြပါလေသည် ။


“ ကျွန်တော်မျိုးကြီးများ လှေဆိုက်ကပ်ထားရာ အရပ် အရှေ့စူးစူး တခေါ်အကွာလောက်တွင် သမားတော် ငခဲ အိမ် ရှိပါသည်ဘုရား ။ ငခဲ အိမ်  စတည်းချပြီး  သန်းခေါင်ကျော် မှ သည်ကို ပြန်လာလျှင် မင်းတရားကြီးဘုရား အတွက်  ပင်ပမ်းတော်မူမည် မဟုတ်ကြောင်းပါ ဘုရား ” 


“ ရှိပစေ ... ငမောင်ကြီး ရဲ့ ... တို့များ လှေပေါ်တွင် စက်တော်ခေါ်ရင်း သန်းခေါင်ကျော် မှ ထသွားကြသည်ပ ။ ငခဲ အိမ် သွားနေပြန်ရင်လဲ ငါ ကိုယ်တော်ကြီး ယခုကဲ့သို့  ထွက်လာသည့် သတင်း အပြင်တွင် ပေါက်ကြားရပေမည်  မဟုတ်ပါလား ... ငမောင်ကြီး ရ ” 


“ မင်းတရားကြီးဘုရား အလိုတော်အတိုင်း ဖြစ်စေရပါမည် ဘုရား ။ လှေတော်ပေါ်တွင် နားနေလိုပါသည်ဆိုလျှင် လှေတော် ရှိရာ သွားကြရမည်ပါ ဘုရား ” 


ဦးရွှေမောင်ကြီး တို့ လှေပေါ် ပြန်ရောက်ချိန်တွင် လှေတော်သား  ကိုရင်အောင် မှာ တခေါခေါဖြင့်  ဟောက်၍ အိပ်ပျော်နေပေပြီ ။  ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား ခေတ္တနားနေနိုင်ရန် လှေဦးပိုင်းတွင်

ရှင်းလင်းပေးပါသည် ။  မီးအုပ် ကို မင်းတရားကြီးကိုယ်တော် တိုင် မှုတ်လိုက်ပြီး   ...


“ ခုနှစ်စင်ကြယ် အမြီးထောင်ချိန်ရောက်လာရင်တော့ သန်းခေါင် အချိန်ပဲလို့ ပြောကြသည်ကို ကိုယ်တိုင်ကိုယ်ကျ ရှုစားရသည်ပ ငမောင်ကြီး ရ ” 


“ မှန်လှပါ  ... ဘေးလှေပေါ်မှ  လူများ ကြားကုန်ကြမည် စိုးလှပါသည် ။ တိုးတိုး မိန့်တော်မူပါရန် သတိတော် ဆက်ပါသည်  ဘုရား” 


မင်းတရားကြီးဘုရား လည်း  ခေါင်းညိမ့်ပြတော်မူရင်း တိတ်ဆိတ်စွာ နေတော်မူပါသည် ။ လှေပေါ်တွင် ပက်လက်လျောင်းတော်မူရင်း  သာယာကြည်လင်သည့် ကောင်းကင်ကို  ရှုစားရင်း နက္ခတ်တာယာများ ကို

ရှုစားပါသည် ။ တဆောင်မုန်းလပြည့် ၏ ကြည်လင်သော ကောင်းကင်ပြင်တွင် စုံလင်သော နက္ခတ်များကို တခုစီ တခုစီ စိတ်ဝင်စားစွာ စစ်ဆေးကြည့်ရှုနေမိပါသည် ။ ကောင်းကင်ဂြိုလ်နေ နက္ခတ်များကို မြင်၍

စန်းယှဉ်နက္ခတ်အရ လူတို့၏ စိတ်နေသဘောထားကို  ခန့်မှန်းနိုင်သော အတတ်ပညာများ အကြောင်းကိုလည်း စဉ်းစားမိလာပါသည် ။ ထိုမှတပါး ရက် ၊ လ ၊ ပတ် ၊ ဂဋီ ၊ ဝိဂဋီ စသည်တို့နှင့်တကွ နက္ခတ္တဗေဒဆိုင်ရာ ဂြိုလ်တာယာ တို့၏  အသွားအလာ တို့ အပေါ် အမှီပြု၍   ပြက္ခဒိန် တွက်ချက်ရသည်ကိုလည်း ဆင်ခြင်မိပါသည် ။


ပြက္ခဒိန် ပြုလုပ်ခြင်း သည် သက္ကရာဇ်  စတင်ပေါ်ပေါက်လာပုံ ၏ မြစ်ဖျားခံရာ အရပ်ဖြစ်ကြောင်း အကြောင်းတို့ကိုလည်း  တွေးခေါ်မိပါလေသည် ။ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒမင်း လက်ထက် ဒေါဒေါရသ ကိန်းဖြိုတော်နှစ် သည် အိန္ဒိယပြည် “ သကမင်း ” နန်းတက်သော နှစ် ဖြစ်၍  ထို “ သကမင်း ” ကို အစွဲပြု၍  သကရန်ရေးထုံးပြုခဲ့ကြောင်း “ သံဒိဌဋီကာ ”  ကျမ်းတွင် တွေ့ရှိခဲ့သည်ကိုလည်း သတိရလာပေသည် ။  ကဝါလမိုင်း ခေါ်ကြသော ဟိန္ဒူ မဟာပိန်းနဲ အကြောင်းတွင် လူ့ပြည်ကနေ  လ ကို အကြောင်းပြု၍  ရက် ၊ လ များ   တွက်ဆသည် ။ နေ့ နှင့်  ည ကို ဖြစ်ချိန် သိကြားမင်း က  လူ့ပြည် သို့ ဆင်းသက်လာ၍ ခု ၊ နှစ် ၊ ရက်  များကို စီမံပေးခဲ့သည်ဟု ရှေးလူဟောင်းတို့ ယုံကြည်ခဲ့ပုံများကို အမှတ်ရစေပြန်ပါသည် ။


ငယ်စဉ်က သင်ကြားခဲ့ဖူးသော တာရာ ကိုးလုံး သဖြန်လေး ကို သတိရလာသဖြင့် တီးတိုး ဆိုငြီးမိပါတော့သည် ။


“ အာကာမှာ ရောင်ဝါငြီးလို့ ၊  ရွှေကျီးတဲ့  ဟင်္သာ ၊ ပုဇွန်ချိန် ဆံကျင် နှင့် ၊ တံငါဆင် သိန္ဓဝ ၊ ဗျိုင်းလှ

တာရာ ၊ သျှတ္တရာ ၊ ကျမ်းလာစကား ၊ ကဝိခံလိုက ။  တိမ်ညိုမှာ တာရာကိုး ကို ကျိုးလို့ မှတ်သား  ...” 


ထိုမှ တဆက်တည်း နက္ခတ် ( ၂ရ  ) လုံး ၏ ပုံသဏ္ဍန်များ ကိုပါ သင်ကြားခဲ့ရပြန်သည်ကို သတိရမိပါလေသည် ။


“ အာသာဝတီ ခြောက်လုံးညီတူပြီး မြင်းခေါင်းလို  ဘရဏီမှာ သုံးလုံးသာ ပမာရုံလောက်လို

( ခနောက်လို  ) ကျတ္တိကာ ကြယ်ခုနှစ်သွယ် ကြက်ငယ်စုသလို ဆယ်လုံးတညီ ရောဟဏီတူပြီး

ငါးကြင်းလို မိဂသီမှာ  သုံးလုံးသာ ဝေါဟာလိပ်ခေါင်း လို ၊ လိပ်လက်ခေါ်ကြ အန္ဒဧက တလုံးဆို

ပုဏ္ဏဖုသျှူး ငါးလုံးပြူး  နှိုင်းတုသင်္ဘောလို ၊  ငှက်ချေခံသွင်း ၊ ဆယ်လုံးမြင်း ခေါ်သွင်းဖုသျှဆို ၊  အဉ္ဋလိသ လေးလုံးရ  တုမျှခက်ရင်းလို  ” 


မင်းတရားကြီးဘုရား လည်း ကောင်းကင် ၊ နက္ခတ်တာရာများ ကို  တခုစီ တခုစီ  စာဆို နှင့် ညီ မညီ တိုက် မတိုက်  စစ်ဆေးရင်း အကာသနက္ခတ်သဘင် တွင် အတွေးနစ်မြုပ်နေဆဲ ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား အား  မလှမ်းမကမ်း မှ ထိုင်၍  ပြောင်းဖူးဖက်  ဆေးလိပ်ကြီး  တဖွားဖွားသောက်ရင်း စောင့်ရှောက်နေပါသည် ။ ဆေးလိပ် အရသာ ခံ၍ သောက်နေစဉ်  စကားဆူညံစွာ ပြောဆိုလာကြသော လူငယ်တသိုက် ကို မြင်မိ၍ လှမ်းကြည့်မိပါသည် ။ မက္ခရာမင်းသား နှင့် အပေါင်းပါ လူပျိုတော်သား တသိုက် ဖြစ်ကြဟန်တူပါသည် ။  သန်းခေါင်အချိန် တိုင်အောင် နေမည်ဟု ပြောခဲ့ကြသော သူတို့မှာ အဘယ့်ကြောင့် အစောကြီး  ပြန်လာဘိသနည်း ။ ယခုအတိုင်း ဆိုပါလျှင်  သန်းခေါင်အချိန်တိုင်ရန် တဗဟိုရ်တော့ လိုပေဦးမည် ။ သို့ဖြစ်၍  သူတို့ မည်သည့် နေရာ သွားသည် ကို သိရှိရန် အကဲခတ်မှ သင့်တော်ပေမည်ဟု အောက်မေ့ကာ မလှမ်းမကမ်းမှ လိုက်လံ ကြည့်ရှုရန် ထိုင်ရာမှ ထပါလေသည် ။


ဦးရွှေမောင်ကြီး တို့ ရပ်နားထားသော လှေတော်မြောက်ဘက် ဝါးသုံးလေးရိုက် အကွာရှိ တံတားလေးပေါ် ဖြတ်လျှောက်၍ အရှေ့ဘက်ကမ်း ကူးသွားကြသည် ကို မြင်ရသဖြင့် မလွန်မင်းသား  စံအိမ်တော်ဆီသို့ ဦးလှည့် မည်မှာ သေချာသလောက် ဖြစ်နေ၍  အသာအယာ ပြန်လှည့်ခါ မင်းတရားကြီးဘုရား အပါးသို့ တိုးကပ်သွားရင်း လေသံဖြင့် “ မင်းတရားကြီး ဘုရား သားတော်ကြီး မက္ခရာမင်းသားနှင့် အပေါင်းအပါ များ  မိစပ် ထံမှ ပြန်လာကြပြီ ဖြစ်၍ ကျွန်တော်မျိုးကြီးများ သွားရန် အခါတော်ရပါပြီဘုရား ” 


“ သေချာရဲ့လား ငမောင်ကြီး ရဲ့ စိတ်ဝမ်းတော်ချချ သွားနိုင်ခါမှ  သွားကြရင် မကောင်းပေဘူးလား ” 


“ မှန်လှပါ မင်းတရားကြီး ဘုရား  ကောင်းကင်မော့ ၍ နက္ခတ်တာယာများ ကို  စိတ်ဝင်စားစွာ ကြည့်ရှုတော်မူနေဆဲ မက္ခရမင်းသားကြီး တို့  အသိုက်မှာ သည်ကမ်း နံဘေး မှ ဖြတ်သန်းသွားသည် ကို မြင်မိပါသည် ဘုရား” 


“ သည်လို ဆိုရင်လဲ သွားကြသည်ပ  ငမောင်ကြီး ရ ” 


မင်းတရားကြီးဘုရား လည်း ပြန်လည်ဖြေကြားရင်း လှေတော်ပေါ် မှ ဆင်းခါ  ဦးရွှေမောင်ကြီး  အနားသို့ ရှောက်လာပါသည် ။  ဦးရွှေမောင်ကြီး လည်း  မီးအုပ် ကို ထွန်းညှိပြီး နောက် မင်းတရားကြီးဘုရား ရှေ့တော်မှ လမ်းပြရင်း  မိစပ် အိမ် သို့ လမ်းပြ ခေါ်ဆောင်သွားပါသည် ။


မိစပ် အိမ်ရှေ့ ရောက်သည်တွင် မီးညှိမ်း တံခါးပိတ် ထားသည်ကို တွေ့ရ၍  ဦးရွှေမောင်ကြီး သည် တံခါး ကို လက်ဖြင့် ပုတ်၍ နိုးပါသည် ။  တံခါးပုတ် နိုးသံကြောင့် အတွင်းမှ အရက်သံ ပါသည့် ယောကျာ်းတယောက် ၏ အာလေးရှာလေးသံ ဖြင့်  “ ဘယ်သူတွေတုန်းဗျာ - ကျုပ်တို့ သည်နေ့အဘို့ အနားယူ အိပ်စက်ကြပါပီ ” 


“ ပင်းတလဲစား ရွှေမောင်ကြီး လေ ၊  တံခါးဖွင့်စမ်းပါ့ ကိုရင် ကျုပ်မိတ်ဆွေ ဧည့်ကောင်း ပါသည် ကြောင့်လာခြင်းပ ”   


ထို ပြန်ကြားချက်ကြောင့်  မီးခွက် ထွန်း၍ တံခါးဖွင့်သံ ကြားရပြီး ရိုသေစွာဖြင့် -


“ အထဲကို ကြွကြပါဦးဗျာတို့ရာ ရှင်မိစပ်ကြီး တော့ ယနေ့အဘို့ ပင်ပမ်းနေသမို့ တခြား တပါးတို့ဖြင့်

ရှိပါလေရဲ့ ” 


“ သဟာပေမင့် မိစပ် နဲ့ တော့ ကျုပ်တို့  တွေ့ချင်သေးသပ ၊ ခေါ်ပေးစမ်းပါဘိ ကိုရင် ” 


ထိုသူလည်း အတွင်းသို့ ဝင်သွားပြီး ခဏအကြာ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ

မိန်းမတယောက် ထွက်လာပီး -


“ ဒီနေ့တော့ ကျွန်တော်မျိုးမ ကိုယ်တိုင် ဧည့်ဝတ် မပြုနိုင်သည့် အတွက် သီးခံပါ မြို့စားကြီး ရှင့် ၊

စိတ်တိုင်းကျ ဖြစ်စေရအောင် ကျွန်တော်မ ၏ တပည့်မလေးများဖြင့် ဧည့်ခံပါမည်” 


ဦးရွှေမောင်ကြီး လည်း ခါးကြား မှ ကတီ္တပါ ငွေအိပ်ကလေး ကို ထုတ်ယူပြီး  မိစပ် ရှေ့သို့  ပစ်ပေးလိုက်ခါ -


“ ကျုပ်နှမကြီး ပမ်းလှပေမယ် ဆိုတာ ကျုပ် သိပါသဗျ သာပေမင့် ကျုပ် မိတ်ဆွေ သူကြွယ်ကြီး ကတော့ မယ်မင်း ရဲ့ မွှေးရနံ ကြွယ်နေတဲ့ ဂုဏ်သတင်းကြောင့်  ကြီးစွာသော ချင်ချင်း ဖြစ်ပေါ်ရသည်မို့ ကျုပ် ကိုယ်တိုင် မယ်မင်း ထံ အရောက် လိုက်လံ ပို့ဆောင်ပေးရသည့် အတွက် သီးခံ ပြုစုစေချင်သကွယ် ” 


ဦးရွှေမောင်ကြီး စကား အဆုံးတွင် ရှင်မိစပ် လည်း ကတ္တီပါ အိပ်ရှုံ့လေး ကို လှမ်းယူပြီးဖွင့်ခါ လက်ဝါးပေါ်

သွန်ကြည့်လိုက်ရာ ရွှေစ - ငွေစ အတော်များများ တွေ့ရသည့်အတွက် ကြေနပ်နှစ်သက်သွားပုံ ရပါသည် ။


“ ကဲ - မောင်ကြီးများတို့ က ကျွန်တော်မျိုးမ ကို သည်လောက် အလိုတော်ရှိနေသည်ပ ဆိုရင်လဲ ဧည့်ဝတ်ပြုရ မည်ပ ၊ ကြွတော်မူပါ ” 


ဟု မင်းတရားကြီးဘုရား ထံ သို့ ချမ်းကပ်တွဲဘက်လျက် အတွင်းဆောင် သို့ ခေါ်ဆောင်  သွားပါတော့သည် ။


ဦးရွှေမောင်ကြီး ကို ဧည့်ဝတ်ပြုရန် အမျိုးသမီ သုံးလေးယောက် လာရောက် ခေါ်ငင်သော်လည်း ဆရာကောင်းတပည့် ပီပီ သူ့ တာဝန် မလစ်ဟင်းစေရန် ခေါင်းတွင်တွင် ခါ ညင်း ၍ လာသမျှ ကို နှင်လွှတ်ရှာပါသည် ။ ထိုသည့်ကြောင့် လဘက်ရေကြမ်းကရား နှင့် ထန်းလျက်ခဲ  - ပဲကြီးလှော် အမဲချောက်ဖုတ် တို့ဖြင့်  ကျွေးမွေးပါသည် ။ အငွေ့ တထောင်းထောင်း ထနေသော မြေကရားတွင်း မှ စဉ့်ပုကန်တွင်း သို့  ရေနွေးများ လောင်းငဲ့၍ ပေးကာ ဧည့်ဝတ်ပြုနေသော ကလေးမလေး ကို ဦးရွှေမောင်ကြီး သည် ကြည့်ရင်း မေးခွန်းများ တခုပြီး တခု  မေးမြန်း စပ်စုနေပါသည် ၊ အသက်အရွယ် အမည်နာမ မွေးဖွားရာဒေသ မည်ကဲ့သို့  ယခု အလုပ်အကိုင်မျိုး လုပ်ရကြောင်း ရောက်တတ်ရာရာ များကို မေးမြန်းနေပါသည် ၊ အနည်းငယ် အေးစပြုလာသော ညဉ့်နက်ချိန်တွင်  ရေနွေးသောက်၍ အမြီး စားရသည့်အရသာမှာ ထူးခြားလှပေသည်ဟု  ဦးရွှေမောင်ကြီး ယခု သတိပြုမိနေပါသည် ၊ စကားတပြောပြော နှင့် ရေနွေးသောက်နေသော ဦးရွှေမောင်ကြီး မှာ မည်မျှ ကြာသွားသည် ကိုပင် သတိမထား သောက်၍ ကောင်းဆဲ မင်းကြီးဘုရား နှင့် မိစပ် တို့  အခန်းတွင်း မှ  ထွက်လာကြသောအခါ ဦးရွှေမောင်ကြီး ထိုင်နေသော  ဝါးကွပ်ပြစ်ကလေး ပေါ် လာထိုင်ကြပါသည် ၊ ထို့မို့ကြောင့် ဦးရွှေမောင်ကြီး လည်းနေရာ ဖယ်ပေးပါသည် ၊ ရေနွေးကရားမှ  ရေနွေးပူပူလေး ကို ငဲ့၍ မင်းတရားကြီးဘုရား အား ပေးဆက်ရင်း -


“ ဘယ်နှယ့် ကိုရင်ကောင်းမြတ် ကြေနပ်နှစ်သိမ့်ခြင်း ရှိအောင် ကျုပ်နှမကြီး က ပြုစုရဲ့လား ” 


“ ဟုတ်သည်ပ ဦးရွှေမောင်ကြီး ရ  နာမည်ကြီး  သလောက် အတတ်ပညာ စုံလင်လှပါပေ  သဗျား - လူကောင် ကြီးသလောက်လည်း ပေါ့ပါးလှပေတယ် ”  


“ မြို့စားကြီး ရဲ့ အဆွေတော် က  ကနောင်မောင်မောင် အကြောင်း  တတွတ်တွတ် နဲ့  တမေးထဲ မေးမြန်းလှ

ချည့်လား မြို့စားကြီး ရဲ့” 


မင်းတရားကြီးဘုရား လည်း  ရှင်မိစပ် စကားကြောင့် ရှက်သလို  အရိပ်အရောင်များ မျက်နှာတော်ပေါ်တွင် ပေါ်ပေါက်လာပြီးနောက် -


“ ကျုပ်တို့ ကနောင်အိမ့်ရှေ့စံကိုယ်တော်ကြီး အကြောင်း နှမကြီး ထံမှ တဆင့်ကြား သိထားရတဲ့ မြို့စားကြီး က ပြောဘူးသည့်ကြောင့်  ကြုံကြိုက်သခိုက် သုတ စုဆောင်းသည့် ကျုပ် ဝါသနာကြောင့် မေးမြန်းရခြင်းပ နှမကြီး ရ ” 


“ နောက်ကို ရတနာပုံ  နေပြည်တော်  ရောက်သည့်အခါ  မြိုစားကြီး မပါလည်း  မိစပ် ထံကို မောင်ကြီး အချိန်မရွေး အလယ် လာနိုင်ပါတယ် ၊ မိစပ် လဲ မောင်ကြီး ကို  အနည်းငယ်တော့ ကျေနပ်သည်ပ ။ ကနောင် မောင်တော် နှင့် တော့ ယှဉ်တုလို့ မရနိုင်သည်မို့ ကနောင်မောင်တော်ဘုရား လိုတော့ မနှစ်သက်ပေဘူး မောင်ကြီး ရဲ့ ” 


မိစပ် ပြောသော စကားအဆုံးတွင်  မင်းတရားကြီးဘုရား  မျက်နှာတော်  ပျက်သွားသည်ကို

ဦးရွှေမောင်ကြီး ကွက်ကနဲ မြင်လိုက်ရပါသည် ။  မိစပ်လည်း သူ့ စကားကို သူ သဘောကျဟန်နှင့်

ရယ်မောသည်ကြောင့် မင်းတရားကြီး ဘုရား ရော ၊ ဦးရွှေမောင်ကြီး တို့ပါ အတူဝင်ရောက်

ရယ်မောကြပါသည် ။ ရယ်မောရင်း မှ မင်းတရားကြီးဘုရား သည် မျက်မှောင်ချီလျက်-


“ သည် နှမကြီး က မောင်ကြီး ကို  ကနောင်ကိုယ်တော် နဲ့ တုပ လို့ မရနိုင်သည်မို့ ကနောင် မောင်တော်ဘုရား လိုတော့  မနှစ်သက်ပေဘူး မောင်ကြီး ရဲ့ လို့ ပြောသည့် စကားကိုတော့ မောင်ကြီး နားမရှင်းလှပေဘူး နှမကြီး ရဲ့ ” 


“ သဘောက သည့်နှယ်ပ မောင်ကြီး ရယ် ၊ “ ခါကျင်ကောင် မာန်ဖီး တောင်ကြီး ဖြိုမဲ့ကြံ ခါးက မသန် ”  ဆိုသည့် စကားပုံ လိုပ ၊ မောင်ကြီး နှင့်  ပျော်ပါးရပေမဲ့  ခါကျင်ကောင် နှင့် တူသည့် မောင်ကြီး အတွက်  မိစပ် မှာ မပြေချော  ပေဘူး ” 


ခါကျင်ကောင် နှင့် အနှိုင်းခံရသော  မင်းတရားကြီးဘုရား စိတ်တွင်းဝယ် ခံပြင်းဟန် ရှိပေမင့် ပြန်လည် ပြောကြားသံ  မကြားရတော့ပါ ။  မိစပ် ကျွေးမွေးဧည့်ခံသည့်  အစားအသောက်များ ကို မင်းတရားကြီး ဘုရား လည်း  စိတ်မပါ့တပါ နှင့်  စားသောက်တော် မူရင်း  စကားပြောဆိုနေကြပါသည် ။


တဗဟိုလောက် ကြာသောအခါ နားနေတော်မူပြီးမှ နှုတ်ဆက်၍ လှေရပ်နားရာသို့  ပြန်ခဲ့ကြပါသည် ။

လှေဆီ အသွားတွင် မင်းတရားကြီးဘုရား ကပင် စတင်လျက် ...


“ ငမောင်ကြီး မနက်ဖန် နံနက်လင်းလျင်လင်းချင်း သမားတော်  ငခဲ ကို နင် ကိုယ်တိုင် ငါ့ ထံ  အခစား ဝင်ဘို့ တပါတည်း ဆင့်ခေါ်ခဲ့ရမည် ” 


“ အမိန့်တော်အတိုင်း ကျွန်တော်မျိုးကြီး ဆောင်ရွက်ပါမည် ။ အသို့သော အကြောင်းဖြင့် ချက်ချင်း

ဆင့်ခေါ်တော်မူရပါသနည်း  မင်းတရားကြီးဘုရား ” 


“ ငခဲ လာလျှင် သိရမည်ပ  ငမောင်ကြီး ရဲ့ ၊ နင် လဲ  မိစပ် နှင့် ပြောကြားသည့် စကားများ  ကြားသိနေသားနှင့် မေ့နေသည် ထင်ပ ” 


“ မှန်လှပါ ကျွန်တော်မျိုးကြီး မည်သို့သော အကြောင်းအရာဟု မခန့်မှန်းနိုင်ရအောင် ဖြစ်ရကြောင်းပါဘုရား ၊ မင်းတရားကြီး ဘုရား  မမိန့်တော်မူပဲနှင့် မသိနိုင်သည့်  အတွက် ကျွန်တော်မျိုးကြီး  စိတ်ဆင်းရဲလှပါသည်  မင်းတရားကြီးဘုရား ” 


“ တကယ် နားမပေါက်ရိုး မှန်ရင်တော့ ပြောရမည်ပ ၊ မိစပ် ပြောသည့်စကားကို နင် တကယ် မသိရှိဘူး ဆိုရမည်ကလဲ  နင့် ရှေ့တွင် ငါ ကိုယ်တော်မြတ်ကြီး အား  ခါကျင်ကောင် နှင့် တုနှိုင်းသည့် စကားကြောင့် နင် တို့ပင်  ရယ်မော ခဲ့ကြသေးသည်  မဟုတ်ပေလား ” 


“ သိတော်မူပါပြီဘုရား ... မင်းတရားကြီးဘုရားကို  ခါကျင်နှင့်ပမာပြု၍  သူ့ကိုယ်သူ တောင်ကြီးလို့တင်စားခဲ့ပါသည်ဘုရား“ 


“ ဟုတ်သည်ပ ငမောင်ကြီး ရာ ညီညီ ဟာ ငါ့ ထက် ဘယ်သို့သော အကြောင်းနှင့် အစွမ်းကောင်း  ရမည်လဲ ငါ ဟာ မင်းဧကရာဇ်  စစ်စစ်ဖြစ်သည့် အတွက် စွမ်းစွမ်းချင်းစွမ်းလျှင် ငါ သာ ညီညီကနောင် ထက် စွမ်းသင့်သည် မဟုတ်ပေဘူးလား  ငမောင်ကြီး ရဲ့ ” 


မင်းတရားကြီးဘုရား စကား  ကြားရသော ဦးရွှေမောင်ကြီး မှာ အခိုက်အတန့်  မည်သို့ လျှောက်တင်

ရမည်ကိုပင်မသိနိုင်အောင် မှင်သက်သွားသလို ဖြစ်လျက် အတန်ကြာ ဆိတ်ငြိမ်နေမိပါသည် ။

အလောင်းမင်းတရားကြီး ၏ အနွယ်တော် ပီပီ စိတ်ဓါတ်ပြင်းထန်ပုံ ရပါသည် ။ ဗိုလ်မထား ဟူသော

ပြင်းပြသည့် ဇာတိသွေး ဇာတိမာန် တို့သည် ဤလို နေရာမျိုးအထိပင် လိုက်လံ တိုင်းတာ ကြည့်ရှုနေပေသည် ။


မည်သို့ပင် ဖြစ်စေ ၊ သည်ကိစ္စ  သည်အကြောင်းတွေ အားလုံးသည် သူ နှင့် မည်မျှ မသက်ဆိုင် ၊ သူ နှင့် သက်ဆိုင်သည့် အရာကား  ဆရာကောင်းတပည့် ပီပီ အမှုတော် ထမ်းရာတွင် တုန်း ဆို တိုက် ကျား ဆိုလျှင် ကိုက် ရပေအံ့ ။


အတွေးကိုယ်စီ နှင့် ဆိတ်ငြိမ်စွာ လျှောက်လာကြသော ဆရာတပည့် နှစ်ဦး တို့မှာ လှေဆိပ်သို့ ရောက်ရှိလာသည် ကို ကိုရင်အောင် အား နှိုးစေလျက် လာလမ်း အတိုင်း ပြန်လည် ထွက်ခွာလာခဲ့ကြပါသည် ။


အာရုံတက်ချိန်ပင် ရောက်ရှိတော့မည်ဖြစ်သဖြစ်ပါသည် ။ သူ့တို့  “ အိုးဘို ” ဆိပ်ကမ်း ရောက်ရှိချိန် နှင့် အလင်းရောင် ထွက်ပေါ်ချိန် ကိုက်ညီ မှန်ကန်ခဲ့ပါလျှင် နန်းမြို့တော်အတွင်း သို့ ဝင်ကြရန်သာ ဖြစ်ပါတော့သည် ။


သို့ဖြစ်၍ ခရီး မဖင့်စေရန် ရေဆန် ဖြစ်၍ ဦးရွှေမောင်ကြီး လည်း   လှော်တက်တချောင်း နှင့် ရေဆန် ကို လှော်ခပ်ပေးပါသည် ။ ထိုအချိန် မင်းတရားကြီးဘုရား လည်း  ကိုယ်တော်လည်း ပန်း စိတ်တော်လည်း နွမ်း ဟန် ဖြင့် လှေပေါ်တွင် စက်တော်ခေါ်ရင်း လိုက်ပါတော်မူခဲ့ပါသည် ။ စက်တော်ခေါ်ရာမှ စွဲလန်းသော ဥပဒါန်ကြောင့်  ယောင်ရမ်းရင်း ရွှေနှုတ်တော်မှ   ဟစ်အော်လိုက်သော မင်းတရားကြီး ၏ စကားမှာ “ တောက် ”  “ ခါကျင်ကောင်တဲ့ ဟေ့ ” 


◾ချစ်စိန်လွင်


📖 ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း


အပိုင်း ( ၄ ) ❝ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ် ဘုရားရေ ❞  ကို ဆက်လက် တင်ပေးပါမည် ။


koaungnaingoo.blogspot.com


.

ကျွန်တော် နှင့် အဆိုတော် လွှမ်းမိုး


 ❝ ကျွန်တော် နှင့် အဆိုတော် လွှမ်းမိုး ❞


( နာဂစ်မုန်တိုင်း ကြောင့် မီးကလည်း ပျက်တဲ့ ည ၊ လေက လည်း မတိုက် ၊ မီးစက်တွေ ရဲ့ အပူငွေ့တွေကြောင့် ထင်ပါရဲ့ ) ဆရာဝင်းဖေဝင်း ဘာသာပြန်ထားတဲ့ “ သတ္တမလျှို့ဝှက်ချက် " ဆိုတဲ့ စာအုပ်ကို အင်ဗာတာ ဖွင့်ပြီး ဖတ်နေရာက မျက်လုံးအနားပေးရအောင် MP3 , MP4 , CD Player , DVD Player , Computer စတဲ့ လက်စွဲတော် ခေတ်မီ ဇိမ်ခံပစ္စည်း မှန်သမျှ မီးမလာတာ ကြာလို့ တစ်ခုမှ အလုပ်မလုပ် ကြတော့ ငယ်ငယ်တုန်းက သူငယ်ချင်းဖြစ်တဲ့ နားကျပ်ကက်ဆက် လေးကပဲ အားကိုးစရာ ရှိပါတော့တယ် ။


ဒါနဲ့ ကက်ဆက်ခွေ စင်ပေါ်က လက်လှမ်းမီတဲ့ မဖွင့်တာကြာ ပြီဖြစ်တဲ့ ( အရင်က စီဒီတွေပဲ အားကိုးရှိနေတော့ မေ့နေပြီဖြစ်တဲ့ ) ကက်ဆက်ခွေဟောင်းလေး တစ်ခွေကို ဖွင့်ပြီး နားထောင်နေမိပါတယ် ။ အဲဒီမှာ ကိုလွှမ်းမိုး ရဲ့ အသံကို စပြီး ကြားရတော့တာပါပဲ ။


သီချင်းခွေလေးက “ ဟင်္သာတို့ ရဲ့နန်းတော်ရှေ့" ၊ နားထောင်ဖြစ်တဲ့ သီချင်းလေးကလည်း “ ဟင်္သာတို့ရဲ့နန်းတော်ရှေ့ " ပါပဲ ။ အဲဒီသီချင်းလေးကို ဆိုနေတဲ့ ကိုလွှမ်းမိုး ရဲ့ အသံ ကြားတော့မှပဲ ကိုလွှမ်းမိုး အတွက် အမှတ်တရ စာစုလေး ရေးချင်စိတ်က ဘယ်လိုမှ မတားဆီးနိုင်အောင် ပေါ်လာပါတယ် ။


တီးခတ်ပေးထားတဲ့ တေးဂီတအဖွဲ့ ( The Rays ) ရဲ့ လက်သံကလည်း ခေတ်မီလွန်းလို့ ဂစ်တာ ( ကို ) အော်စတင် တီးထားတဲ့ ဂစ်တာသံ ဟာ အခု လက်ရှိတီးနေတဲ့ ဂစ်တာသံတွေထက်တောင် ပိုကောင်းနေ ၊ ပိုလတ်ဆတ်နေတယ်လို့ ထင်မိပါတယ် ။


ဒီလိုအတွေးတွေကြောင့် ( ကို ) လွှမ်းမိုး နဲ့ ပတ်သက်ပြီး စာတစ်ပုဒ်အဖြစ် ချရေးလိုက် မယ်ဆိုမှ ကျွန်တော်ဟာ တစ်ကယ်တော့ ကိုလွှမ်းမိုး နဲ့ စကားတောင် မှတ်မှတ်ရရ တစ်ခါမှ မပြောဘူးတဲ့ သူတစ်ယောက်ပါ ။


သူ့ကို ကျွန် တော်ဂစ်တာတီးတဲ့ သက်တမ်းတလျှောက် ( သူ မကွယ်လွန်ခ င်အထိ ) စင်ပေါ်မှာလည်း မှတ်မှတ်ရရ တီးဖူးခဲ့တာ တစ်ကြိမ်လောက်တောင် ရှိပါ့မလားလို့ ပြန်စဉ်းစားကြည့်တော့လည်း မသေချာပါဘူး ။ ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိပါတယ် ။


အဲဒါက ( ကို ) လွှမ်းမိုး သီချင်းတွေကို ကြိုက်တာ သေချာတယ် ။ ( ကို ) လွှမ်းမိုး ရဲ့ ဂစ်တာသမားဘ၀ ဂစ်တာတီးပြီး သီချင်းဆိုတဲ့ပုံစံ ၊ ကိုယ်ပိုင်တီးဝိုင်းမှာ ဂီတမှူး နာမည်တပ်ပြီး ၊ ရဲရဲရင့်ရင့် သီဆို တီးခတ်ခဲ့တာကို သဘောကျမိတာတော့ သေချာပါတယ် ။ ( ကိုလွှမ်းမိုး ရဲ့ ဝိုင်း Sweet Heart  တို့ The King တို့ လက်သံကိုလည်း ကြိုက်ခဲ့တာ သေချာပါတယ် ) ဒါကြောင့် ကိုယ်ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ( ကို ) လွှမ်းမိုး သီချင်းလေးတွေအကြောင်းကို ရေးပြရင်းနဲ့ ( ကို ) လွှမ်းမိုး အမှတ်တရ စာစုလေးကို ရေးရပါတော့တယ် ။


ကျွန်တော် နေခဲ့တဲ့ ( အ.ထ.က ( ၄ ) ပုဇွန်တောင် ) ကျောင်း အာစရိယပူဇော်ပွဲလုပ်တဲ့နေ့မှာ စတိတ်ရှိုးတီးဝိုင်းတစ်ခုကိုငှားပြီးကျောင်းသားတွေ ၊ ဝါသနာပါတဲ့သူ မှန်သမျှ သီချင်းဆိုဖို့ စာရင်းသွင်းကြပါ ဆိုပြီး၊ အတန်းတိုင်းကို လိုက်ပြောပါတယ် ။ အဲဒီနှစ်က ကျွန်တော် ( ၇ ) တန်း ကျောင်းသားဘဝပါ။ တီးဝိုင်းကလည်း ရေကျော် က တီးဝိုင်း ( MG 10 ) ပါ ။ ကျွန်တော်ကသီချင်းဆိုဖို့ မဝံ့မရဲ ဖြစ်နေချိန်မှာ ကျွန်တော် သီချင်းဆိုလေ့ရှိတာ၊ ဝါသနာပါတာ သိနေတဲ့ သူငယ်ချင်းတွေက စင်ပေါ်မှာ တက်ဆိုဖို့ တိုက်တွန်းကြတာနဲ့ စာရင်းပေးလိုက်ပါတယ် ။ ( အဲဒီအချိန်တုန်းက ကျွန်တော် ဂစ်တာ မတီးတတ်ပါ ) သီဆိုမယ့်သီချင်းလေးက အဆိုတော် ( ကို ) လွှမ်းမိုးရဲ့ “ ချစ်သတိပြု ” ဖြစ်ပါတယ်။ အဲဒီသီချင်းလေးဟာ ကျွန်တော်ရဲ့ ဘဝမှာ ပထမဆုံး စင်မြင့်ပေါ်မှာ စဆိုဖြစ်ခဲ့တဲ့ သီချင်းလေးပါပဲ ။


အဲဒီ သီချင်းလေးပါတဲ့ သျှီ ( သို့ ) သစ်ခုတ်သမားရဲ့ လွမ်းချင်း တေးစီးရီးထဲက ရွှေညာသူထွေးမြ ဆိုတဲ့ သီချင်းလေးကလည်း ကျွန်တော် ပထမဆုံး ဂစ်တာစကိုင်ပြီး တီးကြည့်မိချိန် ။ သူငယ်ချင်းက ကော့ဒ် နှစ်ခု A နှင့် E စပြီးသင်ပေးရင်း စတီးဖြစ်ခဲ့တဲ့ ဂစ်တာတီးတတ်ခဲ့တဲ့ သီချင်းလေး ဖြစ်နေတာပါပဲ ။


ဒီလိုနဲ့ တဖြည်းဖြည်းချင်း ( ကို ) လွှမ်းမိုး သီချင်းလေးတွေ အားလုံးလိုလိုဟာလည်း ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်ရဲ့ ညပိုင်းအုပ်စုဖွဲ့ တီးကြတဲ့ ဂစ်တာဝိုင်းမှာ အများဆုံး ကြားနေရပါတယ် ။ အဲဒီ သီချင်းလေးတွေ ( မိုးစက်တင်လေ ) တေးစီးရီး နာမည်ကြီးနေချိန်မှာ ကျွန်တော်တို့ ရပ်ကွက်တီးဝိုင်း တီးဖြစ်တဲ့ စတိတ်ရှိုးတိုင်းမှာ Rhythm ဂစ်တာတီးတဲ့ ( ကျွန်တော့်ကို ဂစ်တာသင်ပေးတဲ့ သူငယ်ချင်း ) ရဲကျော်သူ ( ယခု ကနေဒါနိုင်ငံ ) က အမြဲတမ်း လွှမ်းမိုး သီချင်း သီဆိုသူပါပဲ ။


( ကို ) လွှမ်းမိုး ကို အရမ်းကြိုက်လို့ ( ကို ) လွှမ်းမိုး တီဗီထဲမှာ သီချင်းဆိုရင် ဝတ်လေ့ရှိသလို ၊ ကော်လံကတုံးအင်္ကျီ အဖြူ နဲ့ ရခိုင်ပုဆိုး ဝတ်လေ့ရှိပါတယ် ။ 


ငယ်ငယ် က မြန်မာ့ရုပ်မြင်သံကြားမှာ စနေနေ့ညပိုင်း စတူရီယိုသီချင်း လွှင့်တဲ့အချိန် ( ၇ ) နာရီခွဲ က ည ( ၈ ) နာရီ သတင်းမလာခင်ကြား လွှင့်လေ့ရှိတဲ့ “ မိုးစက်တင်လေ ” သီချင်းမှာ ကိုလွှမ်းမိုး ရဲ့ လယ်ကွင်းတွေ ၊ စပါးခင်းတွေ ကြားက တိုက်ပုံအင်္ကျီလေး ကို လက်က ချိတ်ပြီးလျှောက်လာတဲ့ပုံစံကို အရမ်းကြိုက်လို့ အဲဒီ Style လိုက်ဖမ်းတယ်လို့ ထင်ပါတယ် ။


( ကို ) လွှမ်းမိုး ရုပ်ရှင်ရိုက်တော့လည်း ပထမဆုံးရိုက်တဲ့ “ ပန်းသီတဲ့ကြိုး " ဇာတ်ကားနဲ့ အကယ်ဒမီရလိမ့်မယ် လို့ မဂ္ဂဇင်းတွေ မှာ ဖတ်ရတော့လည်း ကျွန်တော် က ဘာမဆိုင် ညာမဆိုင် ဝမ်းသာနေမိပါသေးတယ် ။ အနုပညာသမား ဆိုတော့ သူ့ကို လူချင်း မသိရပေမယ့် ကျွန်တော့်ဘက်ကတော့ သူ နဲ့ ရင်းနှီးနေသလို ခံစားနေရပါတယ် ။


တကယ်တမ်းတော့ အကယ်ဒမီ နဲ့ ( ကို ) လွှမ်းမိုး လွဲခဲ့ပါတယ် ။


ပြီးတော့လည်း ( ကို ) လွှမ်းမိုး ရဲ့ အိမ်ထောင်ရေး ကိစ္စတွေပြီးမှ ထွက်လာတဲ့ သီချင်း “ သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ” ဆိုရင်လည်း တော်တော့်ကို ကြိုက် မိပြီး ကိုယ့်မှာ ရည်းစားတောင် မရှိဘဲ ညညဂစ်တာဝိုင်းမှာ “ သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ” ဆိုပြီး အသားကုန် ကြေကွဲမိနေပါသေးတယ် ။ ( အခုတော့ တကယ့် သားလေး ကို ကိုယ်ကြိုက်တဲ့ နာမည် ပေးခွင့်ရတဲ့ဘဝ ပိုင်ဆိုင်ရလို့ တော်ပါသေးရဲ့ ) ခုတော့ အဲဒီသီချင်းလည်း ဆိုစရာမလိုတော့ပါဘူး ။ ဆိုရင် ကျွန်တော့်မိန်းမ က ဘာ ကြောင်တာလဲ လို့ မေးမှာပါ ။


ငယ်ငယ်တုန်းက ကျွန်တော်တို့ ရေကျော် ၊ အိုးဘိုရပ်ကွက်ထဲမှာ ( ကို ) လွှမ်းမိုး သီချင်း လာဆိုတဲ့ ပွဲတစ်ခုတော့ မှတ်မှတ်ရရ ကြည့်ဖူးပါတယ် ။ အဲဒီပွဲမှာ ( ကို ) လွှမ်းမိုး က သူရဲ့ နာမည်ကြီးသီချင်းတွေ တော်တော်များများ ၁၄ - ပုဒ် ၊ ၁၅ - ပုဒ်လောက်ကို ဆိုပြပါတယ်။ သီချင်းတစ်ပုဒ် ဆိုပြီး ခဏနားတဲ့အချိန်လေးမှာ သူ ခေါ်လာတဲ့ ကီးဘုတ်သမား သူငယ်ချင်း ကို ပရိသတ်နဲ့ မိတ်ဆက်ပေးရာမှာ ( ကို ) လွှမ်းမိုး က “ ကျွန်တော့် သူငယ်ချင်းကို အော်ဂင်တီးပေးဖို့ မြောက်ကိုရီးယား က ခေါ်လာတာပါ ” ဆိုပြီး မိတ်ဆက်ပေးတော့ ပရိသတ်တွေ အားလုံး ဝါးကနဲ ပွဲကျသွားပါတယ် ။


အဲဒီအချိန်တုန်းက အာဇာနည်ကုန်းမှာ ဗုံးခွဲတဲ့ကိစ္စနဲ့ ဇင်မို တို့ ၊ ကင်မင်ချူး တို့ကို ဖမ်းမိချိန်ဆိုတော့ လူတိုင်း ပါးစပ်ဖျားမှာ “ မြောက်ကိုရီးယား ” နာမည်ကြီးနေချိန်နဲ့ တိုက်ပြီး ပရိသတ်ကို ပွဲကျအောင် ပြောတတ်တဲ့ပညာကိုလည်း မှတ်မှတ်ရရ ကြားခဲ့ ကြည့်ခဲ့ရပါတယ် ။


ဒီလိုနဲ့ ကျွန်တော် ဂစ်တာသမားတစ်ယောက်အဖြစ် စတီရီယိုလောကထဲ စ,ဝင်နေချိန် ၊ နှစ်တစ်နှစ်ရဲ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် ရန်ကုန်မြို့တော်ခန်းမရဲ့ ရှေ့က စင်မြင့်ပေါ်မှာ စတိတ်ရှိုး နဲ့ ပရိသတ်ကို ဖျော်ဖြေတဲ့ပွဲတစ်ခုကို ကျွန်တော်တိုးဝှေ့ပြီး လူအုပ်ထဲက ကြည့်ဖြစ်ပါတယ် ။


တီးဝိုင်းနာမည်ကတော့ အခုထိ မှတ်မိပေမယ့် အကြောင်း ကြောင်းကြောင့် မဖေါ်ပြတော့ပါဘူး ။ အဲဒီတီးဝိုင်းက အလှည့်ကျ စတီရီယိုတေးသံရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပွဲထုတ်ပြီး ( ကို ) လွှမ်းမိုး ရဲ့ အလှည့် ရောက်လာပါတယ် ။ ပရိသတ်ကလည်း ( ကို ) လွှမ်းမိုး ကို တအား အားပေးကြပါတယ် ။ ( ကို ) လွှမ်းမိုး က သူ့ ရဲ့ သီချင်းတစ်ပုဒ် နဲ့ စတင် ဖျော်ဖြေပါတယ် ။ သူ စ,ဆိုတဲ့ သီချင်းက လူတိုင်း သိတဲ့သီချင်းဖြစ်ပေမယ့် အဲဒီဝိုင်း ( နာမည်ကြီးတီးဝိုင်း မဟုတ်ပါ ) က သီချင်းရဲ့ " တမ်ပို ” လို့ ခေါ်တဲ့ အမြန်နှုန်းလည်း မမှန် ၊ သီချင်း Intro ကလည်း တီးတာ လွဲနေတော့ ( ကို ) လွှမ်းမိုး မှာ ဘယ်လိုမှ ဝင်ဆိုလို့ မရပါဘူး ။ သူ့ လို ဂစ်တာလည်း တီးတတ် ၊ သီချင်းလည်း ရေးတတ် ၊ ဆိုတတ်တဲ့ အဆိုတော်ကျွမ်း ဖြစ်နေတော့ တော်ရုံ ဝါသနာရှင် ဆိုရင် ဘယ်လိုနေမလဲ ၊ စဉ်းစားကြည့်နိုင်ပါတယ် ။ ကျွန်တော် က ပရိသတ်ထဲ ၊ လူအုပ်စုထဲက ကြည့်နေရတော့ ( ကို ) လွှမ်းမိုး ရဲ့ အခက်အခဲလည်း သိ တီးဝိုင်းအဖွဲ့ ရဲ့ ပရမ်းပတာဖြစ်နေတာကိုလည်း သနား ( ကိုယ့် ဂီတသမား အချင်းကိုယ်ချင်း စာမိတာပါ ) ရှေ့ဆက်ဘယ်လို ဖြစ်ကြမှာလဲဆိုတာ စိတ်ဝင်စားနေပါတယ် ။ ( ကို ) လွှမ်းမိုး ဘယ်လို ဒီပြဿနာကို ကိုင်တွယ်မလဲဆိုပြီး သူ့နေရာက ဝင်ခံစားမိနေပါတယ် ။ အဲဒီမှာ ( ကို ) လွှမ်းမိုး က အဲဒီ တီးဝိုင်း ရဲ့ သီချင်း အနှေးအမြန် အတိုင်းလည်း လိုက် မဆို ၊ သီချင်းရဲ့ Intro ကို လွဲမှား တီးနေတဲ့ အတီးသမားတွေ အပေါ်မှာလည်း လုံးဝ မျက်နှာ မပျက်ပဲ ( သူ ဘာမှ မဖြစ်သလို ) တီးဝိုင်း ဘက် ကို လှည့်မကြည့်ဘဲ ( တချို့ စုန်းပြူး အဆိုတော်တွေ လို ဆရာကြီး လုပ်ပြီး တီးဝိုင်းကို ရပ်ခိုင်း ၊ ဘာမှ မသိဘဲ လှည့်ကြည့် ၊ အချက်ပြတာတို့ ၊ ဘာမှ မလုပ်ဘဲ ) ပရိသတ်ကြီးကိုသာ သူ တီးသလို လက်ခုပ်သံ လိုက်တီးခိုင်းပါတယ် ။ သူတီးတဲ့ ' တိုင်မင် ' က လက်ရှိ တီးနေတဲ့ တီးဝိုင်းရဲ့ ' တိုင်မင် ' နဲ့ ဘာမှ မဆိုင်ပါ။


အဲဒီလို ပရိသတ် နဲ့ ၊ သူ နဲ့ လက်ခုပ်သံ တူတူညီညီ တီးကြတော့ တီးဝိုင်းလည်း သူတို့ မှားနေပြီ ဆိုတာ သိသွားတာ နဲ့ ဘာမှ မတီးတော့ဘဲ ရပ်လိုက်ကြပါတယ် ။ အဲဒီတော့မှ ပရိသတ်တွေ ရဲ့ လက်ခုပ်သံတွေ ( သူပေးတဲ့ တိုင်မင် အတိုင်း ) တီးကြတဲ့ အသံတွေနဲ့ " လေညှင်းလေးက တိုးတိုးလေး ပြောသွားတယ် ။ မင်း ချစ်သူ မင်း ကို မေ့ပြီ တဲ့ ” ဆိုတဲ့ စာသားလေးကို စဆိုပြီး အိန္ဒြေရှိရှိ နဲ့ တီးဝိုင်း ရဲ့ အမှား ကို ဖုံးဖိပြီး၊ ပရိသတ်ကြီး လုံးဝ မသိရအောင် တစ်ပုဒ်လုံး ဆိုပြီး ပွဲထိန်းခဲ့တဲ့ ပညာရပ် ကို ကျွန်တော် မျက်ဝါးထင်ထင် မြင်လိုက်ရမှ ၊ ဒါကြောင့် “ လွှမ်းမိုး " လို့ ခေါ်တာကိုး လို့ မှတ်ချက်ချ လိုက် မိပါတော့တယ်။


◾ နိုင်ဇော် ( Lazy Club )


📖 နံနက်ခင်း သတင်းဂျာနယ်

      အမှတ်စဉ် Vol.3 No.245

      ၄ ရက်၊ ဇွန်လ၊ ၂၀၀၈ ခုနှစ် 


koaungnaingoo.blogspot.com


 .

ဆောင်ကြာမြိုင်မှတ်တမ်း 06


 ❝ မာန်စွယ်  ကျိုးပါပေါ့❞


“ ကိလေသာ တမန်နှင့် ၊ လက်ရစ်သံစမ်းလိုက်လို့ ၊ သွေးဖြန်းဖြန်းထစေ့မယ် ...”  


             ◾  ဦးပုည


“ ဟဲ့  ... ငမောင်ကြီး  ၊ ငါကိုယ်တော်မြတ် ရွှေနန်းတော်အတွင်း လှည့်လည် စံမြန်းနေရတာ ငြီးငွေ့တော်မူသလို  ရှိတော်မူတာကြောင့် တပြောင်းတလွဲလေး ဖြစ်စေရအောင် အကြံတော်သစ် ဆက်စမ်းပါ့ ” 


“ မှန်လှပါ ဘဝရှင်မင်းတရားကြီးဘုရား ၊ ရုပ်သွင်တော် ပြောင်းလွှဲခါ နန်းမြို့တော် အပြင်ရပ်ကွက်များအတွင်း  ကျင်းပပြုလုပ်နေသော ကထိန်ပွဲခင်းများတွင် ပွဲတော်ကြည့်လိုလျှင် ပေါများလှကြောင်းပါ  ဘုရား ” 


“ မိုက်လိုက်ပါဘိ ငမောင်ကြီး ရယ်  ။ ငါ့ ရွှေနန်းတော်ကြီး မှာ ဆယ့်နှစ်လ ဆယ့်နှစ်ရာသီပွဲတော် အမျိုးမျိုး ကျင်းပပြုလုပ်နေမှန်း နင် အသိသားနဲ့  ။ ဒီနေ့က လွန်မြောက် နောက်နှစ်ရက် ရောက်ရင် နက္ခတ်သဘင်ပွဲ မှာ ငါ ကိုယ်တော်မြတ် အကန်တော့ခံရမှန်း မသိဘဲ နေလေရော့သလား” 


ငယ်ကျွန်တော်  အိမ်တော်ပါ လက်စွဲတော်ကြီးပီပီ ဘောင်းတော်ညိမ့်ရုံမျှဖြင့် စိတ်တော်သိပြီးဖြစ်သူ ဦးရွှေမောင်ကြီး မှာ မင်းတရားကြီးဘုရား ဘာကို အလိုတော်ရှိနေမှန်း သိလျက်နှင့် မင်းတရားကြီးဘုရား ရွှေနှုတ်တော် မှ အလိုတော် ဆန္ဒ ကို ထုတ်ဖော်မိန့်တော်မူ လာစေသော သဘောစိတ်ထား ရှိပါသည် ။ သို့မို့ကြောင့် မသိကျိုးကျွန်ပြုခါ ခြေတော်ဦးခိုက်ရင်း .....


“ မင်းတရားကြီးဘုရား  အလိုတော် ကို  ဘုရားကျွန်တော်မျိုးကြီး မရိပ်စားမိသည် ကို တင်လျှောက်ရခြင်းအတွက် အပြစ်မှ ခွင့်လွှတ်တော်မူပါဘုရား ။ သီတင်းကျွတ်လ မီးထွန်းပွဲတော် ကို ဘုရား ကျွန်တော်မျိုးကြီး နှင့် အတူ ဘဝရှင်မင်းတရားကြီးဘုရား မြို့တော် ရတနာပုံ အတွင်း ရုပ်ဖျက်ရင်း လည်ပတ်ရသည်မှာ  စိတ်တော် အထူးကြည်နူးရသည် ဟု မိန့်တော်မူဘူးသည်ကြောင့် တင်လျှောက်ရခြင်းပါဘုရား” 


“ သည်လို ရုပ်ဖျက် စနည်းနာနည်းမျိုးကိုတော့ ငါကိုယ်တော်မြတ် မပြုလုပ်လိုတော့ဘူးငမောင်ကြီးရဲ့  ။  ခွေး ပေါများလှတဲ့ ရတနာပုံမြို့တော် အတွင်း လှည့်လည်သွားလာနေကြတဲ့ ကင်း တွေကို လွတ်အောင် ရှောင်ကွင်းရတာ မလွယ်ကူမှန်း ငါ ကိုယ်တော်မြတ် သိတော်မူကပြီပဲ” 


“ မှန်လှပါ ...  မင်းတရားကြီးဘုရား ၊  အဲသည်တုန်းက ခွေးလေ ၊ ခွေးလွင့်ဘေးမှ  လွတ်ကင်းအောင် အပြေးတော်မြန်လှသည်ကို ကျွန်တော်မျိုးကြီး အံ့ချီး  မဆုံးအောင် ရှိသပါသည် ဘုရား ” 


“ ငမောင်ကြီး တို့များ အရေးရယ် အကြောင်းရယ် ဆိုရင် အားကိုးရပေမလား  အောင့်မေ့တော် မူမိတာ ငါ ကိုယ်တော်မြတ်ကြီး အမှားပ  ။ အပြေးသာ  မကောင်းခဲ့လျှင် မင်းတရားကြီးဘုရား ခွေးစားလို့ နတ်ရွာလား ရှာပြီလို့  နင်သို့တတွေ ပြောရစ်ကြမည်ပ ”  ဟု မင်းတရားကြီးဘုရား လည်း  ပြောရင်း ဟက်တမော ရယ်လေသည်သောကြောင့် ဦးရွှေမောင်ကြီး လည်း ရောရောင်ရယ်မောရင်း လျှောက်တင်ပြန်သည် ။


“ ကျွန်တော်မျိုး လည်း တမဟုတ်ချင်း ခွေးလေခွေးလွင့်တွေ စုပြုံလိုက်တော်မူသည်ကြောင့် မင်းတရားကြီးဘုရား နှင့် အတူယှဉ် ပြေးရင်း မန်းကျည်းကိုင်း ခပ်နိမ့်နိမ့် ကို မြင်သည့် အတွက် သွေးလန့်ပြီး လှမ်းဆွဲမိပါသည် ဘုရား ။  ကိုင်းဆွဲရင်း သစ်ပင်ပေါ် ရောက်ရှိ၍ ခွေးများ ရန်က လွတ်ကင်းတော့မှ မင်းတရားကြီးဘုရား ကို သတိရတော်မူလို့ ပြန်ဆင်းခါ ခွေးအုပ်နောက် လိုက်ပြီး ခဲ နှင့် ထု၍ နှိမ်နင်းရန် အမှောင်ထဲ ခဲ ကုန်း အကောက်လိုက် မစင်ပုံ  နှိုက်မိပါသဘုရား ” 


“ သဟာဖြင့်  ငါ ကိုယ်တော်မြတ်ကြီး  ကံကောင်းသည် ဆိုရမည်ပ ။ ပြေးရင်းလွားရင်း ရေတွင်းတန်းကြီး ခုန်ဖမ်းပြီး တိုင် ကို ခြေ နဲ့လှမ်းအချိတ်လိုက် မှာ ငါ့ နောက်တော် ကို အပြေးကောင်း နဲ့ လိုက်လာတဲ့  ခွေးနှစ်ကောင် သုံးကောင် ရေတွင်းထဲ အားလွန် ကျကုန်တာကြောင့် ကျန်ရှိရစ်သည့်  ခွေးတွေ လှည့်ပြေးကုန်ကြလို့ပေါ့  ငမောင်ကြီး ရ ” 


“ ကျွန်တော်မျိုးကြီး မှာလည်း လက်နှစ်ဖက်စလုံးတွင်  ပေကျံနေသော  မစင်နံ့များ မှာ ကျွန်တော်မျိုးကြီး အား မခံမရပ်နိုင်အောင် နံစော်ပျို့အန့်တော်မူလာသည့် အတွက် လက်ကို ရေဆေးရန် ရေ အရှာမှာ ကင်းသမားများ နှင့် တွေ့၍  အချုပ်အနှောင် ခံရပါသည်ဘုရား” 


“ ငမောင်ကြီး လဲ အချုပ်ခံရ ၊  ငါ ကိုယ်တော်မြတ်ကြီး လဲ  ချမ်းမြသာဧ အရပ် က ဆင်ဖြူကန်သင်္ချိုင်းဇရပ် မှာ အနားယူရင်း စက်တော် ခေါ်မိတာကြောင့် သုဘရာဇာ တွေက သူသေ ထင်မှတ်ပြီး အဝတ်တွေ လာချွတ်လို့ သူတို့တတွေ နဲ့ လုံးထွေး သတ်ပုတ် လိုက်ရတာ မပြောပါနဲ့တော့ ငမောင်ကြီး ရာ ” 


“ မှန်လှပါ ... ကျွန်တော်မျိုးကြီး လဲ မင်းတရားဘုရား ရှိမည် ထင်ရာ မှန်းဆလိုက်ပါ ရှာဖွေသော်လည်း မတွေ့ရတော့ပဲ ၊ စကြာနွယ်စင် အရပ် မှ ရပ်ကွက်လူကြီး ငစံမြင့် ထိတ်တုန်း တွင် တညလုံး အိပ်ခဲ့ရပါသည် မင်းတရားကြီးဘုရား ” 


သို့လျှောက်တင်ရင်း ထိုစဉ်က အရိုက်ခံခဲ့ရသည် ကို အမှတ်ရမိ၍ ရောင်ယမ်းပြီး ကျောမှဒဏ်ရာဟောင်းများ ကိုပင် စမ်းသပ်မိပါလေသည် ။ မင်းတရားကြီးဘုရား လည်း ရယ်ပြီးရင်း ရယ်ရင်း ကြည်နူးစိတ်ဖြင့် ဆက်လက် မိန့်တော်မူလေသည် ။


“ သည်အခါ တိတ်တခိုး ထွက်တော်မူဖို့ ကိုတော့ ငမောင်ကြီး စီစဉ်ရမည် မှာ  ခွေးသံ လဲ မကြား လူသူ နဲ့ လဲ မဝေးကွာစေပဲ ညီညီ တည်ထောင်ဖွင့်လှစ်ထား တဲ့ ပြည်ကြီးပျော်ဘွယ်ရပ် က မိန်းမတန်း သွားပြီး ငါ ကိုယ်တော်မြတ် အကဲခပ်လိုတော် မူလှသဗျာ ” 


“ အမိန့်တော်မြတ် အတိုင်း အစီအစဉ် ပြုလုပ်တော်မူပါမည် ။ ဘယ်နေ့ ၊ ဘယ်ရက် ထွက်တော်မူပါမည်လဲမင်းတရားကြီးဘုရား” 


“ အိမ်း ....သည်ကနေ့ဆိုလျှင် သင့်မြတ်လှမည်ပေပ ။ ယခင် တကြိမ်ကလို  မီးစည်း ၊ မီးတိုင်တွေလဲမေ့ မနေပစေ နဲ့ ၊ ညီအစ်ကို မသိတသိ အချိန် ထွက်တော်မူမဗျား” 


“ အလိုတော်အတိုင်း ပြည့်ဝစေဖို့ နှင့် မမေ့မလျော့စေဖို့ရန် ကျွန်တော်မျိုးကြီး အစီအစဉ် ပြုလုပ်ပါမည် မင်းတရားကြီးဘုရား” 


ပင်းတလဲစား  ဦးရွှေမောင်ကြီး လည်း အလိုတော်အတိုင်း ဆောင်ရွက်ရန် မင်းတရားကြီးဘုရားအား ဦးခိုက်ပြီးနောက် ပန်းခုံတော် အုတ်တိုက်မှ ထွက်ခွာသွားပါသည် ။


( ပန်းခုံတော်တိုက် သည် ဘဝရှင်မင်းတရားကြီးဘုရား အနားယူရာတွင် အသုံးပြုသည့်အတွက် သီးသန့်ဆောင်တော် လို ဖြစ်နေပါသည် ။ အလိုတော် မရှိပဲ မင်းမိဖုရားများ အခစား မရှိစေရ ဟု ရွှေတိုက်တော် မှတ်တမ်းအရ  သိရှိရပါသည် ။ စာရေးသူ  )


ပီးခဲ့သော သီတင်းကျွတ် လဆန်း ( ၁၄ ) ရက်နေ့ ညပိုင်းတွင်  မင်းတရားကြီးဘုရား ငယ်ကျွန်ရင်း လက်ဆွဲတော်ကြီး ဦးရွှေမောင်ကြီး တို့ ဆင်းရဲသားအသွင် ပြောင်းလဲ ဝတ်ဆင်ကြပြီး ရွှေမြို့တော်အတွင်း လှည့်လည်ကြည့်ရှု စနည်းနာ ထွက်ကြပါလေသည် ။


ရတနာပုံနေပြည်တော် တွင် မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူအများ ပျော်ရွှင်ချမ်းမြေ့  ရှိပါ၏ လော ၊ မြို့အရေး  ရပ်အရေး သာယာဝပြော ဆန်ရေစပါး ပေါများပါ၏ လော ဟု ညီလာခံသဘင် တွင် မင်းတရားကြီးဘုရား သည်  မေးမြန်းစုံစမ်းလေ့ ရှိပါသည် ။  မေးတော်မူလေတိုင်း  ဝန်ကြီး ၊ ဝန်လေး ၊ အတွင်းဝန်များ တို့ ၏ အဖြေ မှာ အစဉ်အမြဲ အစဉ်အမြဲ လို တညီတညွတ်တည်း  ရပ်ရွာ သာယာအေးချမ်းလှပါသည် ဘုရား ။ စပါးဆန်ရေ ပေါများလှပါသည် ဘုရား ။  ရောင်းပန်း ၊ ဝယ်ပန်း ပွင့်လန်းကြသဖြင့် ရတနာပုံ နေပြည်တော် နှင့် တကွ မင်းတရားကြီးဘုရား စိုးမိုးအုပ်ချုပ် မင်းလုပ်တော် မူသော မြို့နယ်ခရိုင်များ အားလုံး တိုးတက်စီပင်ဝပြော သာယာပါလေသည် ။  စီးပွားရေး ကောင်းမွန်သည်ကြောင့်  သာသနာတော်လည်း  ထွန်းကားတိုးတက်လျက်ရှိကြောင်း သံတော်ဦး တင်ကြသည့်အတွက်  မင်းတရားကြီးဘုရား အနေဖြင့်  ယုံကြည်တော် မမူသလို  ရှိလာပါသည် ။


သူ ၏ နန်းစံသက်  ဆယ်နှစ် ကျော် ရှိလာသည့်တိုင် ရှေးထုံးစဉ်လာ ရှိသည့်အတိုင်း မင်းကောင်း ၊မင်းမြတ် တို့  ပြုမူဆောင်ရွက်ကြ သကဲ့သို့ ရုပ်ဖျက်၍  စနည်းနာ  တကြိမ်တခါမျှ မထွက်တော်မူသေးသည် ကို သတိရတော် မူပါလေသည် ။ ထိုသို့ သတိရတော် မူသည့်အတွက်  ကိုယ်တော်တိုင် ရုပ်အသွင် ပြောင်းလွှဲ၍ရတနာပုံ နေပြည်တော် ထဲတွင်  စနည်းအနာ ထွက်ရန် ဆုံးဖြတ်တော် မူပါလေသည် ။ ငယ်ကျွန်တော် လက်စွဲတော် ဦးရွှေမောင်ကြီး နှင့် တိုင်ပင်၍ ဆုံးဖြတ်တော် မူသည့်အတိုင်း မင်းတရားကြီးဘုရား သည်ရတနာပုံ နေပြည်တော် အတွင်း  လှည့်လည်ခဲ့ပါလေသည် ။


ဘဝရှင် မင်းတရားကြီးဘုရား သည် အမြင့်သို့  ရောက်ရှိတော်မူပြီးသည့် နောက် ဆယ့်နှစ်နှစ် ကျော် ၊ ဆယ့်သုံးနှစ် နီးပါး ခန့်မျှ နန်းဓလေ့ ထုံးတမ်း အရ မင်းဧကရာဇ် တို့  ပြုမူနေထိုင် ကျင့်ကြံသလို နေထိုင်ကျင့်ကြံခဲ့ရသည့် ဟန်ဆောင်မှု လောက အချုပ်အချယ်များ လှသောဘဝ မှ ငယ်ကျွန်လက်စွဲတော်ကြီး ကို အဖော်ပြု၍   အခိုက်အတန့်အားဖြင့် အလွတ်ရုန်းထွက်တော် မူပါသည် ။


တိုင်းသူပြည်သားများအကြား  လွတ်လပ်စွာဖြင့်  ရုပ်ဖျက်သွားလာရသည်၌ စိတ်နှလုံးတော် အကြည်ဆိုက်ခဲ့ရပေသည် ။ ရတနာပုံနေပြည်တော် အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူ ၊  ပြည်သား ၊ရဟန်းရှင်လူ အများ သည်  တာဝတိန်သာပွဲတော် ကျင်းပပြုလုပ်နေသည်နှင့်  ကြုံကြိုက်ရသော မင်းတရားကြီးဘုရား သည် သူတို့ ၏ တောက်ပပြောင်လက်သော ဆင်ယင်ထုံးဖွဲ့မှုများ ကိုမြင်တွေ့ရတော် မူ၍ ကျေနပ်ခြင်းလည်း ဖြစ်ရပါသည် ။  ဝတ်ကောင်းစားလှများ ကို  ဝတ်ဆင်ကာ သား တွဲလောင်း ၊  သမီး တွဲလောင်းဖြင့် သက်ကြီး ၊ ဝါကြီးများ ကို ပူဇော်ကန်တော့ရန် သွားကြသည်ကိုမင်းတရားကြီးဘုရား တွေ့ကြုံတော်မူရ၍လည်း စိတ်နှလုံးတော် ချမ်းမြေ့ခြင်းလဲ ဖြစ်ရပေသည် ။


ဆီမီးရောင်ရှိန် ထိန်ထိန်လင်းအောင် ထွန်းညှိ၍ တာဝတိန်သာနတ်ပြည် မှ  မယ်တော် နတ်သားအား တရားရေအေး တိုက်ကျွေးပြီးသည်နှင့် လူ့ပြည်သို့ ပြန်လည် ကြွရောက်လာသော ဗုဒ္ဓရှင်တော် အား ပူဇော်သည့်    တာဝတိန်သာပွဲတော် မှာ ကြက်ပျံမကျ စည်ကားလှပါပေသည် ။  ဗုဒ္ဓဘာသာဝင် တို့ အလေ့အထ အတိုင်း ကျင်းပပြုလုပ်မြဲ ဖြစ်သော မီးထွန်းပွဲတော် ကို ရပ်ကွက် အလိုက် အပြိုင်အဆိုင် ထွန်းညှိထားသည့် ပွဲတော် ကို ဆရာတပည့် နှစ်ဦး တို့ ရွှင်မြူးသော စိတ်ဖြင့်  လှည့်လည်ကြည့်ရှုကြပါသည် ။ ကျော်မိုးတံခါး မှ တိတ်တဆိတ်  ရုပ်ဖျက် ထွက်ခဲ့ရင်း လူအုပ်အကြား သို့  သွားလာ  လှုပ်ရှားရသည် မို့ မင်းတရားကြီးဘုရား ရွှေစိတ်တော်   ကြည်နူးမိပေသည် ။


စိတ္တရမဟီ အရပ် မှ တဖြည်းဖြည်း  လှည့်လည်ကြည့်ရှုရင်း မြို့အစွန်အဖျား လူနေရပ်ကွက်ဖြစ်သည့် မဟာနွယ်စဉ်အရပ် သို့ တိုင်  ( ယခု မန္တလေး  တက္ကသိုလ်ကျောင်းနေရာ  ) မင်းတရားကြီးဘုရား နှင့် ဦးရွှေမောင်ကြီး တို့ ရောက်ရှိသွားကြပါသည် ။ ထိုအချိန်တွင် မီးထွန်းပွဲ ပြီးစီး၍ လူနေအိမ်ခြေများ ပိတ်ခါ တိတ်ဆိတ်သွားပါတော့သည် ။  သည်တော့မှပင်  သူတို့တွင်  မီးအိမ် ၊  မီးအုပ်ဆောင်း မပါရှိခဲ့သည့် အဖြစ်ကို   သတိရပါလေတော့သည် ။ နေပြည်တော် ၏ လမ်းများတွင် မီးတိုင်များ မရှိသည် ဖြစ်၍ မလွှဲမကင်းသာသော  ကိစ္စဖြင့် ညအခါ သွားလာကြရသူများ မှာ  မီးအိမ် ၊ မီးအုပ် များ ပါရှိရပါသည် ။ ထိုသို့မပါရှိ၍ ကင်းသမားများ သင်္ကာရနံ့  မကင်းပါလျှင် ဖမ်းဆီးချုပ်နှောင်နိုင်ခွင့် အမိန့်များထုတ်ပြန်ထားပါသည် ။


မီးထွန်းပွဲ ပြီးစီးသည့် နောက်  ထိုည အဖို့  အချိန်ဖြုန်းနိုင်ရန် ဦးရွှေမောင်ကြီး နှင့်  မင်းတရားကြီးဘုရား တို့ တိုင်ပင်ညီညွတ်စွာ ဆုံးဖြတ်ကြပြီး မိုးအလင်း ကပြသော ပွဲများ ရှိသည့် မြို့အနောက်ပြင် သို့ သွားရန် ထွက်ခွာခဲ့ကြပါသည် ။ လမ်းတွင် တွေ့ရှိရသော နည်းပါးလှသည့် ခရီးသွားများတွင်  မီးအိမ် ၊ မီးတိုင် ကိုယ်စီ ပါသည်ချည်း တွေ့ရပေသည် ။ စကြာနွယ်စင် အရပ် မှ ဖြတ်သန်းပြီး အောင်နန်းရိပ်သာ အရပ် ရှိ လောကမာရဇိန်  သကျသီဟ ဘုရားပွဲတော် သို့ သွားရန် ခရီးဦးတည်နေပါသည် ။  ထို ဘုရားပွဲတော် သည် အရောင်းအဝယ် အချက်အချာ ကျသည့်  ရပ်ကွက်ရှိ တန်ခိုးကြီးဘုရား ဖြစ်သောကြောင့် စည်ကားမည်ကို သိသော  ဦးရွှေမောင်ကြီး မှာ  လူအုပ်ကြီးကြားထဲ တိုးလိုသည် ဆိုသော မင်းတရားကြီးဘုရား အလိုပြည့်ဝစေရန် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည် ။


ထိုအခိုက်ဝယ် စကြာနွယ်စင် အရပ် ဖက် အကူး နေပြည်တော် မြို့ဝန်မင်း ၏  ကင်းသမားများ အဝေးမှ လှမ်းမြင်ရပါသည် ။ မီး မပါသည့် အတွက် မေးလားမြန်းလား လုပ်နေပါလျှင် ရှည်လျားနေမည် စိုးရိမ်မိ၍ မင်းတရားကြီးဘုရား ကို လက်တို့လျက် လအရောင် ကင်းလွတ် သည့်  အမှောင်ရိပ်များ သိပ်သည်းထူထပ်သည့်  သစ်ပင်အုပ် တခု အောက် သို့  တိုးဝင်ကြပါလေသည် ။


ကင်းသမားများ မှာ ခွေးတစီစီ   ဟောင်နေသည့် ကြားမှ  အော်ကြယ်ဟစ်ကြယ် နှင့်  စကားတဖောင်ဖောင် ပြောဆိုသွားကြသည် ကို  မင်းတရားကြီး တို့  အတိုင်းသား ကြားနေရပါသည် ။ အမှောင်ရိပ်အတွင်း ငြိမ်သက်စွာ ပုန်းခိုနေကြဆဲ  မင်းတရားကြီးဘုရား တို့  နောက်ပါးမှ  မည်သည့်အချိန် က ရောက်လာမှန်း မသိရသော  ခွေး တအုပ်လုံး က  ဝိုင်းဝန်း၍  ဟောင်ပါလေတော့သည် ။


ဦးရွှေမောင်ကြီး လည်း  ခွေးများ အဟောင် ရပ်သွားစေရန်  အနီးရှိ  သစ်ကိုင်းကို ချိုး၍  ရိုက်မောင်း ၊  ပုတ်မောင်း လုပ်ပါသည် ။ ထိုသို့ ခွေးများ ကို  ရိုက်ပုတ်မိလေတော့မှ  ခွေးများ သည် ဆိတ်ညိမ်သွားကြရမည့် အစား  ပို၍ ဟောင်လာပါသည် ။ မလှမ်းမကမ်း  တဲ တလုံးဆီမှ  ခွေးမောင်းသံ ကြားရလျက် ရေနံဆီမီးခွက်အရောင် တခု ထွက်ပေါ်လာပါသည် ။  မီးရောင်ကြောင့်  နေရာတွင် ဆက်လက်ပုန်းအောင်းနေရန် မဖြစ်နိုင်တော့သည့် အတွက်  အမှောင်ရိပ်ထဲမှ  ခွေးများ ကို  ခြောက်လှန့်ရင်း  လမ်းမပေါ် သို့ တက်ခဲ့ကြပါသည် ။


ထူးခြားစွာ  ဆူညံနေသော ခွေးသံများ ကြောင့်  နောက်ကြောင်းပြန်လှည့်လာသော  ကင်းသမားများ နှင့် ဦးရွှေမောင်ကြီး တို့မှာ   လအရောင်ဖြင့်  တဦး နှင့် တဦး ကောင်းစွာ မြင်နေကြရပါသည် ။ ဦးရွှေမောင်ကြီး တို့ကား   ကင်းသမားများ က လှမ်း၍  အရပ်ခိုင်းနေသည် ကို  ကြားသဖြင့် “ မင်းတရားကြီးဘုရား  ကျွန်တော်မျိုးကြီး တို့ အသို့ ပြုရပါမည်နည်း ....  အမိန့်တော် မှတ်တော်မူပါ ” ဟု တီးတိုး လျှောက်တင်သည်၌  “  သယ် ....  ငမောင်ကြီး  သတိပေါ့လှချည်လား  ...  ။ ငါ့ အမည် ကိုရင်ကောင်းမြတ် ခေါ်ဖို့ နင် မေ့ချေပ  ....  ခုအရေးက  ပြေးမှ အေးမည်မို့  ပြေးသာ ပြေးဟ  ....  ” ဟုပြောရင်း  မင်းတရားကြီးဘုရား လည်း  အနောက်ဖက်သို့  အပြေး သုတ်သွားပါသည် ။ ဦးရွှေမောင်ကြီး လည်း နောက်မှ  တပါးတည်း အပြေးလိုက်ပါသည် ။ သူတို့ ပြေးလေမှ  ကင်းသမားများ လည်း   ညာသံပေး၍ အပြေး လိုက်ကြပါသည် ။ ခွေးတအုပ် လည်း  မင်းတရားကြီးဘုရား တို့ နောက် အူရင်း ၊ ဟောင်ရင်း လိုက်ကြသည့်အတွက်  သောသောညံနေပါလေသည် ။


ပြေးရင်း ၊ လွားရင်း နှင့် ဦးရွှေမောင်ကြီး လည်း အကိုင်းအခက်များ မြေကြီး နှင့် ထိလုခမန်း ကိုင်းညွတ်နေသည့် မန်ကျည်းပင် ကို တွေ့ရှိသည် နှင့် ကိုင်းပေါ လှမ်းဆွဲ တက်ရောက် ပုန်းခိုနေလိုက်ပါသည် ။ ခွေးသံ ၊ လူသံများ     အတော်ဝေးဝေး ရောက်သွားသည်ကို ကြားရတော့မှ အမောဖြေရင်း   မင်းတရားကြီးဘုရား ပြေးတော်မူသွားသည် ကို  အမှတ်ရမိပါတော့သည် ။ သို့ဖြစ်၍ သစ်ပင်ပေါ်မှ  ဆင်းကာ နားစွင့်မိပါသည် ။  မင်းတရားကြီးဘုရား နှင့် မျက်ခြေပြတ်သွားသည့် အတွက် မြေကြီး ကို နား ဖြင့် ကပ်၍  အသံလာရာ အရပ်ကို မှန်းဆကြည့်ပါသည် ။  အနောက်ထောင့်  ယွန်းယွန်းဆီ မှ ခွေးသံများ ကြားနေရပါသည် ။  ခွေးများ ကို ပြစ်ခတ်နှိမ်နင်းရန်   ခဲများ ရှာမိပါသည် ။ လအရောင်အောက်တွင် မမြင်မစမ်း နှင့်  ရှာဖွေရာ  ခပ်မဲမဲ အပုံ တစ်ခု ကို  တွေ့သဖြင့် ခဲ ထင်မှတ်ကာ  ကုန်းအကောက်လိုက်တွင် ပြော့ချွဲချွဲအရာများ ကို အားပါးတရ  ကိုင်ဆုတ်မိပါလေသည် ။


မည်သည့်အရာမှန်း မသိသဖြင့် ထို ပြော့ချွဲချွဲအရာများ ကို သိရှိရန်   နမ်းကြည့်မိပါမှ ပုတ်ဟောင်နေသော မစင်ပုတ်နံ့ ကို  ရပါလေတော့သည် ။ အစောပိုင်းက ပြေးခဲ့ရ၍  မောနေသော  အရှိန်ကြောင့်တကြောင်း မင်းတရားကြီးဘုရား  မည်သို့ ရှိနေရှာမည် ကို  မခန့်မှန်းနိုင်သေးသဖြင့် နှလုံးတုန် ၊ ရင်ခုန်နေရာ မစင်နံ့ကြောင့် ပျို့အန်ချင်လာပါသည် ။


မစင်နံ့ သည် မခံမရပ်နိုင်လောက်အောင် နံစော်သည် ဟု  ထင်မိသော  ဦးရွှေမောင်ကြီး ခမျာ  အနံ့မှ သက်သာစွာ ရစေရန် ပုဆိုးဖြင့် နှာဝသို့ ပိတ်ဖို့ စိတ်ကူးမိပါသည် ။  မစင် မလူးသေးသည့် လက်ဝဲလက် ဖြင့် နှာဝသို့ ပိတ်ရန် ပုဆိုးစ အဆွဲ ၊ ရော့ရဲရဲ ဖြစ်နေသော ပုဆိုး မှာ ကျွတ်ထွက်သွားပါသည် ။


ကျွတ်နေသော ပုဆိုး ကို လက်ဝဲ လက်ဖြင့် စု၍ ဆွဲရင်း နှာဝ ကို ပိတ်ကာ လက် ရေဆေးရန် ရေ ရှာဖို့ အာရုံစိုက်ပါတော့သည် ။ ရေ ရရေးသာ တွေးနေသော  ဦးရွှေမောင်ကြီး မှာ အခိုက်အတန့် အားဖြင့် မင်းတရားကြီးဘုရား ကိုပင် မေ့ပျောက်သွားပါသည် ။ ဦးရွှေမောင်ကြီး လည်း ရေ ရရှိနိုင်မည့်နေရာကို မှန်းဆရင်း လူနေအိမ်များ ရှိရာ သစ်ပင်အုပ် ၊ အရိပ်ကောင်းကောင်းများ တွင် လိုက်လံ၍ ရေအိုးစင် ကိုကြည့်ရှုရှာဖွေပါသည် ။


ရေအိုးစင် တွေ့ရှိပြီး ရေ ရရှိမှသာ မစင် ပေကျံနေသော လက် ကို  ဆေးကျောသုတ်သင်ပြီး မင်းတရားကြီးဘုရား ကို လိုက်လံ ရှာဖွေရပေမည် ။ အလိုရှိလာပါမှ ရေမှာ တော်တော်နှင့် မတွေ့ပါ ။ ရေ မတွေ့နိုင်လေ ဦးရွှေမောင်ကြီး အဖို့ စိတ်တိုလေ ၊ ရေ တွေ့အောင်  မရှာဖွေနိုင်လေ ဖြစ်နေပါသည် ။


ဒေါသစိတ် အထွတ်အထိပ် ရောက်ရှိနေချိန်  ကင်းလှည့်နေကြသော  ကင်းသမားတသိုက် နှင့် တွေ့ပါလေသည် ။ ဦးရွှေမောင်ကြီး ကို ကြည့်ရင်း ကင်းသမားများ က မေးမြန်းပါလေသည် ။ သူ့ ပြန်ကြားချက် ထက်  သူ့ အမူအရာ  ကိုယ်ဝတ်ပုဆိုး ကျွတ်၍  ဖွားဖက်တော် ပေါ် နေသော ဟန်ပန် ကို မြင်ကြရသော  ကင်းသမားများ မှာ ဝိုင်းအုံဟားတိုက်  ရယ်မောကြပါသည် ။  လှောင်ပြောင်ခြင်း ခံရသော ဦးရွှေမောင်ကြီး မှာ လတ်တလော  ရင်ဆိုင်နေရသည့် ဘဝ ကို  မေ့လျော့သွားပြီး ကင်းသမားများ ကို ဆဲဆိုရာမှ ကင်းသမားများ နှင့်  စကားများကြရပါသည် ။ အဆဲသန်သော  ဦးရွှေမောင်ကြီး အား စကြာနွယ်စင် အရပ် မှ ပသီကုလားလူမျိုး  သူကြီး ထံ ကင်းသမားများ က ခေါ်ဆောင်သွားရာ တွင် ကုလားသူကြီး  ဦးစံမြင့်အမိန့် ဖြင့် တညတာ ထိပ်တုံးခတ်၍ ဖမ်းဆီးခြင်း ခံရပါလေတော့သည် ။


မင်းတရားကြီးဘုရား လည်း  ခြေဦးတည့်ရာ ပြေးလွှားရင်း နောက်က လိုက်လာကြသော ကင်းသမားများ နှင့် ခွေးတအုပ် ကို မျက်ခြေပြတ်စေရန် လှည့်ပတ်၍ ပြေးပါလေသည် ။ ကင်းသမားများ ကို  မျက်ခြေပြတ်အောင် ပြုလုပ်နိုင်ခဲ့သော်လည်း နောက်မှ ထပ်ချပ် လိုက်ပါလာသော  ခွေးများ မျက်ခြေပြတ်အောင် မတတ်နိုင်ပါ ။


မင်းတရားကြီးဘုရား မှာ အတော်ပင် မောဟိုက်ပင်ပန်းလာပါတော့သည် ။ ရှေ့ကို ဆက်လက်၍ ဝေးဝေးပြေးနိုင်တော့မည် မဟုတ်တော့ကြောင်း ကို အလိုလို နားလည်လာပါတော့သည် ။ မင်းတရားကြီးဘုရား အနေဖြင့် သူ့ နောက်မှ လိုက်လာသော ခွေးတအုပ် ကို မည်ကဲ့သို့ မောင်းနှင်ရမည်ကို စဉ်းစားရင်း ပြေးတော် မူပါသည် ။ ပြေးရင်း နှုတ်သီးနိမ့်လှသော ရေတွင်း တတွင်းကို အဝေး မှ လှမ်းမြင်မိပါသည် ။ ၎င်း ရေတွင်း တမ်းပေါ်  ဆွဲတက် လိုက်လျှင် ခွေးများ အန္တရာယ်မှ လွတ်ကင်းမည် ကို စိတ်ကူးလိုက်မိပါသည် ။ သို့ဖြစ်၍  ရှိသမျှ အင်အားများ ကို ဖျစ်ညစ်၍   ရေတွင်း ဆီ အရောက် ခြေကုန် ပြေးပါတော့သည် ။


ရေတွင်းနား ရောက်လုနီးနီးကြခါမှ ခွေး တစ်ကောင် မှီလာ၍ လှမ်းဟပ်ကာ အဆွဲ တွင် မင်းတရားကြီးဘုရား တင်ပါး ကို  ခြစ်မိရုံမျှဖြင့်  လွတ်ထွက်သွားပါသည် ။ နောက်တချီ ထပ်၍ အဆွဲလိုက်တွင် မင်းတရားကြီးဘုရား လည်း  ရေငင် စက်သီး တပ်ဆင်သည့် တန်း ကို ခုန်ဖမ်းလိုက်ချိန် ဖြစ်သဖြင့် ခွေးကိုက်ခံရမည့် ဘေးမှ သီသီကလေး  လွတ်မြောက်သွားပါသည် ။  ထို ခွေးလည်း အရှိန် လွန်ကာ ရေတွင်း ထဲသို့ ဇောက်ထိုးမိုးမျှော် ကျသွားသည်ကို မင်းတရားကြီးဘုရား  လအရောင် ဖြင့် ကောင်းစွာ မြင်လိုက်ရပါသည် ။ နောက်မှ စားရဝါးရတော့အံ့ ဟု စုပြုံ လိုက်လာသော ခွေးများ လည်း တကောင်ပြီး တကောင် ဆိုသလို ရေတွင်းထဲ အရှိန်လွန် ကျကုန်ကြပါသည် ။


ရေတွင်း မှာ အတောင် နှစ်ဆယ် ၊  နှစ်ဆယ့်ငါးတောင် ထက် မနည်းသောကြောင့် ခွေးများ တဝုန်းဝုန်း ကျသွားသံမှာ ဆူညံနေပါသည် ။  ရေတွင်းထဲ ကျရောက်သွားသော  ခွေးများ လည်း တကောင်ထက် တကောင် အလုအယက် တိုးဝှေ့၍  အပေါ် သို့ တက်ရောက်ရန်  ကြိုးစားနေသံများ ကို မင်းတရားကြီးဘုရား အမောဖြေရင်း  ကြားနေရပါသည် ။  ရေတွင်းဘောင်ပေါ် ထိုင်၍  အမောဖြေရင်း ကြားနေရသော ခွေးသံများကြောင့် ဂရုဏာစိတ်များပင်  ယိုဖိတ်လာပါသည် ။ ဂရုဏာတရား  ကြီးမားလှသော မင်းတရားကြီးဘုရား မှာ  ရေတွင်းထဲမှ  ခွေးများ ကို မည်ကဲ့သို့  ဆယ်ယူရမည် ကိုပင် စဉ်းစား စိတ်ကူးလိုက်ပါသေးသည် ။


ကြိုးရှည်ရှည် တချောင်းနှင့် ခြင်းကြီး တလုံးသာ  မရှိပါက မည်သို့မျှ  ဆယ်ယူရေးအတွက် အကျိုးမသက်ရောက်နိုင်ကြောင်း ၊ ယခုလောလောဆယ် ခြေအနေအရ  ကြိုး နှင့် ခြင် ရရှိဖို့ကလည်း မလွယ်ကူပါကြောင်း မင်းတရားကြီးဘုရား  သဘောပေါက်တော်မူဘိသည် ။


ထို့ကြောင့် မင်းတရားကြီးဘုရား သည်  ကယ်ဆယ်ရေးလုပ်ငန်းကို  လက်လျှော့လိုက်ပြီး ၊ နံနက်လင်း၍ ရွှေနန်းတော်တွင်း ပြန်လည်ရောက်ရှိက  မင်းချင်းတို့ ကို  ဆယ်ယူရန်  စေလွှတ်မည် ဟု ဆုံးဖြတ်လိုက်ပါသည် ။ ယခုမှပင် မိမိကိုယ်ကို မိမိ   မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ရမည် ကို တွေးတောဖို့ သတိရလာတော် မူပါသည် ။


ငယ်ကျွန်ရင်း  လက်ဆွဲတော်  ငရွှေမောင်ကြီး တယောက် မည်သည့်နေရာတွင် ရောက်ရှိနေမည် ကိုလည်း မတွေးတတ်နိုင်အောင်  ဖြစ်ရပေမည် ။   မိမိ ကိုယ်တိုင်လည်း  ယခုလို ကင်းသမားများ ပေါများလှပြီး ခွေးလေခွေးလွင့် များပြားသည့်    ရတနာပုံ  နေပြည်တော် အတွင်း  သူတို့တတွေ ကို လွတ်ကင်းအောင် ကွေ့ပတ်ရှောင်လွှဲ သွားရန် မလွယ်ကူမှန်း သိလာပါသည် ။


ယခုအချိန်သည် သန်းခေါင်ယံ  အချိန်သာသာ သာ ရှိပါသေးသည် ။ နံနက်လင်းသည့် တိုင်အောင် ကျန်ရှိနေသေးသော  အချိန်များကို မည်ကဲ့သို့ ကုန်လွန်စေအောင် ပြုလုပ်ရမည်နည်း ။ စဉ်းစားရင်း မြို့အဝင် ၊   အထွက် များတွင် ရှိတတ်သော ဇရပ် တဆောင် ဆောင်ပေါ်  သွားရောက် အိပ်စက်ရင်း အချိန် ကုန်လွန်စေခြင်းသည် သာ ဘေးအကင်းဆုံး ဖြစ်မည်ကို တွက်ဆမိပါသည် ။ တွက်ဆချက် ကို  အပြီးတိုင် ဆုံးဖြတ်တော်မူပြီး   ရေတွင်းဘောင်ပေါ်မှ ထလျက်  တောင်ဘက်စူးစူး သို့ ထွက်ခွာသွားတော် မူပါလေသည် ။


စိတ်အေးလက်အေး လမ်းလျှောက်တော်မူလေမှ  ခရောင်းတော အတွင်း ဖြတ်နင်းသွားရသည့် ခြေဖဝါးတော် တို့မှာ နာရကျင်ရမှန်း  သိလာပါသည် ။ ဖိနပ်တော် မှာ  ပြေးရင်းလွှားရင်း မည်သည့် နေရာတွင် ကျွတ်ကျန်ရစ်မှန်း မသိနိုင်တော့ပါ ။


သည်လို လျှောက်ရင်း မကြာမှီ  မြို့တော်ပြင် ချမ်းမြသာစည် အရပ် ရှိ ဆင်ဖြူကန် သင်္ချိုင်း သို့ ရောက်ရှိလာပါသည် ။ လရောင်အောက်တွင်  မြင်တွေ့နေရသော အုတ်ဂူဖွေးဖွေး နှင့် မြေပုံများ က သင်္ချိုင်း ဖြစ်ကြောင်းကို သက်သေခံနေပါသည် ။


မင်းတရားကြီးဘုရား လည်း သည်တော့မှ  သက်ပြင်း ရဲရဲ ချဝန့်ပါတော့သည် ။ ဇရပ် အများအပြားရှိသည့် အနက်မှ ချောင်ကျသော  ဇရပ်ကြီး တခုပေါ် တက်၍ အိပ်ရန်နေရာ ရွေးချယ်ပါသည် ။လအရောင်ကင်းသော အမှောင်ရိပ် တနေရာမှ ဒေါင့် တခု ကို အိပ်စက်ရန် နေရာ သတ်မှတ်၍ ပုဆိုးစ တဖက်ဖြင့် ဖုံများ ကို  သုတ်သင်ရှင်းလင်းပြီး စက်တော်မူပါတော့သည် ။ ပင်ပန်းတော်မူလာသည့် အရှိန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်    စက်တော်ခေါ်၍ ပျော်တော်မူပါသည် ။


စက်တော်ခေါ် နေသည့်  မင်းတရားကြီးဘုရား ဝတ်ဆင်ထားသည့်  ကိုယ်တော်ပေါ်မှ ဖျင်သိုရင်းအင်္ကျီ ကို လာရောက် ချွတ်နေသည့် အတွက် မင်းတရားကြီးဘုရား မှာ  စက်တော်ခေါ်ရာ မှ နိုးတော် မူလာပါသည် ။ နိုးလျှင် နိုးခြင်း ကြက်သရေမင်္ဂလာ ကင်းမဲ့သော ဆွဲဆွဲငင်ငင် အူနေသော ခွေးအူသံ ရှည်ကြီး ကို ကြားရပါသည် ။ မင်းတရားကြီးဘုရား သည် အိပ်မှုံစုံမွားဖြင့် မဲမဲအရိပ်သဏ္ဍန် နှစ်ခုသည် သူ ဝတ်ဆင်ထားသော ဖျင်သိုရင်းအင်္ကျီ ကို ချွတ်ခွာနေကြောင်း သိမိ၍  “ ဟဲ့ ဘယ်သူတွေနည်း ၊ ဘာပြုမဲ့ ငါ့ အင်္ကျီကို  ချွတ်ရသည်လဲ  ” ဟု မေးလိုက်သည် ။


မဲမဲသဏ္ဍန် တခုက  “ နင့်အမေ ...  ဘယ်က အသေကောင် ဟုတ်သည်လဲ  ငကျွဲ ရ ၊ နင် မူးမူးရူးရူး နှင့် အိပ်ပျော်နေသသူ ကို  အသေ ထင်နေသည် ပ ...  ”  ဟု ပြောလိုက်ပါသည် ။


“  ငါ ကိုယ်တိုင် ပါးစပ်ဖြဲ ကြည့်သည် ပ ဖုတ်ကောင် ဝင်လာသည် ထင်တယ် ကိုရင် ...  ။ ဖုတ် ဝင် လို့သာ ခုမှစကားစလာသည်ကိုများ  ကိုရင် က  အကြောက် ဝင်နေပြန်ပလား  ...  ”  ဟု အခြား မဲမဲသဏ္ဍန် တခု ကလည်း  ပြန်ပြောလိုက်သည် ။


သူတို့ချင်း စကားပြောသံ ကြားလေတော့ မှ  မင်းတရားကြီးဘုရား လည်း  အဖြစ်မှန် ကို   ရိပ်စားမိပါတော့သည် ။သူ စက်တော်ခေါ်နေသည် ကို သုဘရာဇာများ က  သူသေ ထင်မှတ်၍ အဝတ်များ လာချွတ်ခြင်း ဖြစ်ပေမည် ။


( ထိုခေတ်  ထိုအခါက  ကူးစက်တတ်သော ရောဂါ  ကျောက်ရောဂါ ၊ ကာလသားရောဂါမျိုးများ နှင့် အချိန်မဲ့ သေသော သူများ ကို  ရပ်ရွာအတွင်း မထားပဲ သင်္ချိုင်း သို့  ပို့ထားကြသည် ။ နံနက် အချိန်ကျရောက်မှ သရဏဂုံတင် သင်္ချိုင်း တွင်ပင်  မြုပ်နှံ  သင်္ဂြိုဟ်ကြပါသည် ။  )  မင်းတရားကြီးဘုရား လည်းမနေသာတော့ပဲ  စက်တော်ခေါ်ရာ မှ  ထတော် မူရင်း   ....


“  ငမိုက်သားတွေ ဘယ်က အသေကောင် ဟုတ်ရသည်လဲ ၊  နင် တို့  အိပ်နေမှန်း မသိ သေနေမှန်း မသိပဲ ...”  ဟု ပြောလိုက်သည် ။


မင်းတရားကြီး စကား အဆုံး တွင် တခုသော  မဲမဲသဏ္ဍန် က    ....  “   ကိုရင်  ဖုတ်ဝင်သည် သာ  အမှန်ပ ... ။ မြန်မြန်ရိုက် မလှဲရင် ငါတို့ ဒုက္ခတွေ့မည် မလွှဲမို့ မြန်မြန်ရိုက်ပါ ”  ဟု  ဇွတ်ပင် တိုက်တွန်းနေပြန်သည် ။


သည်အတိုင်း ငြိမ်နေလျှင် မင်းတရားကြီးဘုရား အား ရန်မူလာဖို့သာ ရှိတော့မည် ကို သိတော်မူသဖြင့် ငမိုက်သားနှစ်ယောက် အား  ရန်မပြုမှီ အရင်ဦးစွာ  ဆုံးမမှ  သင့်တော့ပေမည်ဟု  ထိုင်ရာမှ လျှင်မြန်စွာ ထတော်မူပြီး သုဘရာဇာ နှစ်ယောက် ကို ဆုံးမတော် မူဖို့အတွက်  ခတောင်းကြိုက်ရန် ပုဆိုးစ ကို လိုက်ဆွဲလေမှ  ကိုယ်တော် ပေါ်တွင် ပုဆိုး မရှိ  မိမွေးတိုင်း ၊ ဖမွေးတိုင်း   ဖြစ်နေကြောင်း သိရပါတော့သည် ။ နှစ်ခြိုက်စွာ စက်တော် ခေါ်တော် မူခဲ့မိသည့်အတွက် ခါးဝတ်ပုဆိုးများ   အိပ်သည့် နေရာတွင် ကျွတ်နေလေသလား ဟု အိပ်စက်ရာနေရာ လှမ်းကြည့်မိသော်လည်း ဗလာနတ္တိ  လုံးဝ မရှိ ။ သည်တော့မှ မင်းတရားကြီးဘုရား လည်း တရားခံ အစစ်အမှန် ကို ရိပ်မိ သိရှိပါတော့သည် ။  သုဘရာဇာ နှစ်ယောက်ပင် ကိုယ်တော့် ပုဆိုး ချွတ်ယူသူများပင် ဖြစ်ပေမည် ။


“  ဟေ့  ... ငမိုက်သားကောင်တွေ  ...  ငါ့ ကိုယ်ဝတ်ပုဆိုးပြန်ပေးပါဘိ ...  ငါ ဟာ သေသူ မဟုတ် မူမှန် သိကပြီပဲ ....  ယနင်တို့ယူသည့်  ပုဆိုးပြန်ပေးပါ ... ” 


“ အေးဟဲ့  ... သေသူ မဟုတ်မှန်းတော့  သိကပြီ ..  ။ နင့် ကိုယ်ဝတ်  ပြန်လိုသပဆိုရင် ငါတို့ အိပ်ပျက်ပြီးဘာပစ္စည်း မှ မရလေသမို့  ငါ နဲ့ လက်ပန်းသတ်လို့  နင် နိုင်ရင်  နင့် ကိုယ်ဝတ်ပုဆိုး ပြန်ပေးရ မပေါ့ ...   နင် ရှုံးရင်တော့  ငါ နင့်ပုဆိုးကို  ယူပမယ် ...  နှစ်ခြိုက်ရဲ့လား ...” 


မင်းတရားကြီးဘုရား လည်း  သည်လမ်းမှ လွဲ၍ တခြားနည်းဖြင့်   ပြန်လည်ရယူရန် လမ်းစ မမြင်တော့သဖြင့် သူတို့ အလိုကို လက်ခံလိုက်ရသည် ။


“ အေး .... နင့် ဆိုစကား အတိုင်း မြဲပစေ ... နင့် စကား မတည်မကြည်ခဲ့ရင် မြို့ဝန် ကို တိုင်ကြားပြီးအပြစ်တော် ရစေရမည်ပ  ....” 


မင်းတရားကြီးဘုရား သည် အလောင်းမင်းတရားကြီး အနွယ်တော် ပီပီ ရဲရင့်သူ ဖြစ်ပေသည် ။  မင်းသား တို့ သင်ကြားတတ်မြောက်အပ်သော အဋ္ဌာရသ အတတ်  တဆယ့်ရှစ်ရပ် ကိုလည်း တတ်မြောက်သူ ဖြစ်ပါသည် ။ ထို့ပြင် ရှမ်း ၊ ယွန်း ၊ ဗန်ရှည်ဆရာ ၊ ဗန်တိုဆရာ များထံမှလည်း ဗန်တို ၊ ဗန်ရှည် များကို  စနစ်တကျ သင်ကြားထားသူ ဖြစ်၍  ကိုယ်ခံပညာ ကောင်းပါသည် ။  သို့ပင်ဖြစ်လင့်ကစား  ယခု လက်ပန်းသတ်ရမည် ဆိုပြန်တော့  ကိုယ် မကျွမ်းကျင်သော ပညာ ဖြစ်သဖြင့်  ဂရုပြု၍  သတ်ပုတ်ရမည်ဟု  ဆုံးဖြတ်တော်မူပါသည် ။


တဖက်မှ မဲမဲသဏ္ဍန်သူ သည် ဗလကောင်းဟန် တူပေသည် ။  မင်းတရားကြီးဘုရား လည်း ထိုသူ ၏ လှုပ်ရှားမှု ကို ကြည့်မိရာ ကတောင်းမြှောင်နေအောင် ကြိုက်၍  လက်ပန်းပေါက် တဖြောင်းဖြောင်း ခတ်လျက် လက်ပမ်း သတ်ရန်  ဟန်ရေးပြ နေပါသည် ။ မင်းတရားကြီးဘုရား လည်း သူလို ဟန်ရေးပြ၍ ပြန်လည် ခြိမ်းခြောက်ရန်  စိတ်ကူးပါသည် ။


ကတောင်းကြိုက်ရန် ပုဆိုး ကို ပြန်ပြင်ပါသည် ။ မေ့လျော့နေမိသော  စိတ်တော် အတွက် မင်းတရားကြီးဘုရား လည်း ပြုံးမိပါသည် ။ ကတောင်း ကြိုက်စရာ မလိုတော့သည် နှင့် လက်ပန်းပေါက် ခတ်ပါသည် ။


လက်ပန်းပေါက် ခတ်သံမှာလည်း  မဲမဲ လူလို  တဖြောင်းဖြောင်း ထွက်မလာပဲ တဖြောင်းဖြောင်း မည်ရမည့် အစား တဖျတ်ဖျတ် မည်သံသာ  မထွက်ချင် ၊ ထွက်ချင် နှင့် ထွက်ပေါ်လာပါသည် ။ လက်ပမ်းပေါက်  ခတ်သံ အထွက် တဖက် ရန်သူ မှာ  မင်းတရားကြီးဘုရား အပေါ် အထင်သေးသွားပါသည် ။


“  ကိုယ့်လူ လက်ပမ်းခတ်သံ ကြားရတာ မီးနေသည် ညည်းသံ နဲ့ တူသဗျ .... ။  ကျူပ်ကို နိုင်အောင် သတ်နိုင်သပ ဆိုရင်  ကိုရင့် ပုဆိုး ပြန်ပေးရုံ မကပဲ အလိုရှိရာ  အရပ် ရောက်အောင်ကုန်းပိုးပြီး ပြန်ရစေမဗျ ...” 


“  နင် လဲ  ငါ့ ကို အနိုင် သတ်နိုင်သပ ဆိုရင် နင့် အတွက် ငါ့ ကိုယ်ဝတ်ပုဆိုးအပြင်  ငွေတော် ငါးရာ လဲပေးမည်ပ ....” 


“ အလို  ... သည်လူ ကြွယ်ဝဟန် ရှိသဟ ငကျွဲ ရ ... ၊  သင်း ကို ငါ အနိုင် သတ်မဗျာ  .... ။   သာ မှ ငါ့ မှာ သက်တောင့်သက်သာ  နေနိုင်ပေမယ် ...  ဟီး  ..  ဟီး  ...  ”    ဟုပြောရင်း  သဘောကျကြေနပ်ဟန် နှင့် လှိုက်လှိုက်လှဲလှဲ   ဟီးထိုးနေပါသည် ။


“ ကိုရင် ပြောသည်ကတော့  အားကျစရာပေပဲ  ... ။  သင်း ကို နိုင်ပါပြီ တဲ့  ... ။  သင်း ဟာ ဘယ်အရပ် က လာလို့  ဘယ်အရပ် ကို  သွားမည့်သူမှန်း  ကိုရင် လဲ မသိ ၊  ငါ လဲ မသိရပဲ နှင့်  သင်း ငွေတော် ငါးရာ ပေးနိုင်သသူမှန်း ဘယ်လို ယုံရပ ...” 


သူတို့ချင်း  ပြောဆိုသံကြောင့်  မင်းတရားကြီး သည်  စဉ်းစားရင်း  ဤ အခြေအနေအတိုင်း  ဆိုပါလျှင် မည်သူမျှ  ယုံကြည်နိုင်ဖွယ် မရှိသည်ကို  နားလည်ရပါသည် ။  သို့ကြောင့်  “  နင် တို့ ငါ့ ကိုသာ အနိုင် သတ်စမ်းပါ  ... ။ နင်တို့  နိုင်သပဆိုရင် ငွေတော် ငါးရာ  နင်တို့ ဆီ အရောက် ငါ ကိုယ်တိုင် လာပို့မဗျ ...    ။ စိတ်ဝမ်းချချသာ  နေပါဘိ  .. ။ ငါ့ ကို မယုံမကြည်သော်  ဘုရား သစ္စာ ဆိုမည်ပ ...” 


ထိုသို့  မင်းတရားကြီးဘုရား နှင့်   သုဘရာဇာ တို့  အချေအတင် ပြောဆိုနေကြချိန် အရှေ့လောကဓါတ်ဆီမှ ကြယ်နီ ပင် ထွက်ပေါ်လာချေပြီ ။ လက်ပမ်းသတ်ပွဲကား စတင်လေပြီ တကား   ....


ဘဝရှင်မင်းတရားကြီးဘုရား နှင့် သုဘရာဇာ တို့ တယောက် အလစ် တယောက် ချောင်းမြောင်းရင်းသင်္ချိုင်းဇရပ်ပေါ်တွင် လက်ပမ်းစတင်သတ်နေကြပါသည် ။  တပိုင်းတစသော  လအရောင်မှာ  ဇရပ်တွင်း သို့ဝင်ရောက်နေပြီ   ဖြစ်သဖြင့် တယောက် အကဲ တယောက် ကောင်းစွာ  အကဲခတ်နိုင်ပါသည် ။မင်းတရားကြီးဘုရား နှင့် ယှဉ်ပြိုင်ရမည့် သုဘရာဇာ သည်  အတော်ပင် တောင့်တင်းသန်မာပုံ ရလေသည် ။လှုပ်ရှားမှုတို့ကို  ကြည့်မြင်ရသည်မှာ လည်း  ဖြတ်လတ်ပုံ ရပါလေသည် ။ မင်းတရားကြီးဘုရား လည်းအလစ်မပေးစတမ်း ရန်သူ လှုပ်ရှားတိုင်း မျက်နှာမူလျက် တိုက်ခိုက်ရန် စောင့်စားနေပါသည် ။


မင်းတရားကြီးဘုရား အလစ်မပေးစတမ်း စောင့်စားနေဆဲ သုဘရာဇာ သည် မင်းတရားကြီး ထံ လျှင်မြန်စွာ ဘေးတိုက် ဝင်ရောက် ပူးကပ်လိုက်ပါသည် ။ ခါး ကို လက်နှစ်ဖက် ဖြင့် ဆွဲလျက် ခြေထောက်ခြင်း ချိတ်လှဲလိုက်၍ မင်းတရားကြီးဘုရား လဲကျသွားပါသည် ။   သုဘရာဇာ သည် လဲကျသွားသော မင်းတရားကြီးဘုရား ကိုယ်ပေါ်   ခွစီးလျက်  ကျောပြင်နှင့်  ကြမ်းထိစေရန် ကျိုးစားပါတော့သည် ။


မင်းတရားကြီးဘုရား လည်း  ကိုယ်တော်ပေါ် မှ  ခွစီးထားသူ သုဘရာဇာ ၏  ညာဘက် လက် နှင့် ညာဘက် ပုခုံးစွန်း ကို တွန်း၍ ကိုယ်ကို လိမ်စောင်းသွားအောင်  ပြုလုပ်လိုက်ပါသည် ။  ကိုယ်လိမ်စောင်း သွားသည်ကြောင့်  သုဘရာဇာ ၏   ဖိအား ပျက်ပြယ်သွားသည် နှင့်  ဗန်တိုနည်း ဖြင့် သုဘရာဇာ လက် အား ဘယ်လက် ဖြင့်  ခိုင်မာစွာ ချုပ်နှောင်ပြီး ကြမ်းပြင်ပေါ်သို့  ကျစေအောင် ကျင်လည်စွာ ပြုလိုက်ပါတော့သည် ။


သုဘရာဇာ လည်း  မမျှော်လင့်မိသော  တုံ့ပြန်မှုနှင့် လျှင်မြန်ဖြတ်လတ်စွာ တိုက်ခိုက်လာမှုကြောင့် မခုခံနိုင်မီ ကြမ်းပြင်ပေါ်သို့ အပြီးတိုင်လှဲချခြင်း ခံလိုက်ရပါတော့သည် ။


မင်းတရားကြီးဘုရား ၏  ပညာသား ပါပါ သူ့ အား ထိန်းချုပ်၍  မလှုပ်မရှားနိုင်အောင် အနိုင်ယူသွားသည်ကို မမှုတော့ပဲ   ....


“ ကိုယ့် လူရ ကျုပ် ရှုံးရတာ ဝမ်းမနည်းပေဘူး .... ။  ကိုယ့် လူမှာ   လက်ပမ်းပညာ တဖက်ကမ်းခတ် တတ်မြောက်သသူ  ဖြစ်သမို့ ကျုပ်ကျေနပ်သည်ပ ...” 


“  အိမ်း  .... နင် ဟာ သုဘရာဇာ  ဖြစ်ပေမဲ့  ရဲရင့် ပြတ်သားလှပေသဗျ .... နင့် နာမည် အသူနည်း  ....” 


“  ကျုပ် နာမ က ငမှတ် ပ ... ။  သူ့ ကိုတော့  ငကျွဲ ခေါ်ဆိုသည် ကို လူတိုင်း သိကြသည်ပ  ... ။ ဆင်ဖြူကန် ငမှတ် ဆိုလျှင် လက်ပမ်းသားတိုင်း သိလေသဗျ  ... ။ ရတနာပုံ   နေပြည်တော် ထဲတွင် ငမှတ် အမည်ဟာ အကျော်ဒေယျ သိသူ မရှားပါ ....” 


မင်းတရားကြီးဘုရားလည်း ငမှတ် ပေးသည့် ပုဆိုး ကို ဝတ်ရင်း  ....


“  ကျုပ်ကို ကျုံး တောင်ဘက် နား   စိတ္တရမဟီ ရပ်  ရောက်အောင်  ပို့ပေးပေရော့ ကို့ လူရေ  ...  ခုပဲ    သွားကြမှတော်ရော့မယ် ....” 


မင်းတရားကြီးဘုရား လည်း  ငမှတ် ကျောထက် မှ  စီးရင်း စိတ္တရမဟီရပ် သို့ အရောက်လာခဲ့ပါသည် ။ငမှတ် နှင့် အဖော် ငကျွဲ တို့မှာလည်း လမ်းတွင်  ရောက်တက်ရာရာများ ကို ပြောဆိုလာကြပါသည် ။


မင်းတရားကြီးဘုရား ၏  အမည် ၊  အလုပ်အကိုင် တို့ကို  မေးမြန်းရာ ရွှေဘိုနယ် မှ သစ်ဝါးကုန်သည် ကိုရင်ကောင်းမြတ်  ဖြစ်ကြောင်း  ... ။  မနေ့က  မြင့်မိုရ်ပွဲ ကြည့်ရင်း အလည် လွန်သွားရာမှ  ကင်းသမားများ ကို ရှောင်ကွင်းရင်း သင်္ချိုင်းဇရပ်ပေါ်အထိ  ပြောပြပါသည် ။  စွန့်စားခန်းများ ကို   မင်းတရားကြီးဘုရား မှာ သတိရလာသောကြောင့်  ပီတိတွေ   ဖြာရပါသေးသည် ။


ရောင်နီပေါ်လာချိန် မင်းတရားကြီးဘုရား တို့မှာ စိတ္တရမဟီရပ်ကွက် တွင်းသို့  ရောက်ရှိလာကြပါသည် ။ သုဘရာဇာများ ကို  ပြန်စေပါသည် ။  သူ့ တပည့်တယောက် ကို  ညနေပိုင်းတွင်  ငမှတ် နှင့် ငကျွဲ အတွက် ငွေသား ငါးရာ ကျပ်  အလိုရှိရာ အသုံးပြုနိုင်ရန်  ပေးပို့ပေးလိုက်မည့် အကြောင်း အမိန့် ရှိလိုက်ပါသည် ။ သုဘရာဇာ နှစ်ယောက်လည်း ထိုစကားကြား သိရသဖြင့်  ဝမ်းမြောက်ကြည်နူးစိတ် တို့ဖြင့် မင်းတရားကြီးဘုရား အား  ဦးညွတ်  အရိုအသေပေးလျက်  လာလမ်းအတိုင်း ရွှင်မြူးစွာ ပြန်သွားကြပါလေသည် ။


ထို သုဘရာဇာများ ပျောက်ကွယ်သွားလေတော့မှ   မင်းတရားကြီးဘုရား လည်း မည်သူမျှ မရိပ်မိစေပဲ ရွှေနန်းတော် အတွင်းသို့ ဝင်ရောက်သွားပါလေတော့သည် ။ မင်းတရားကြီးဘုရား သည်  ငယ်ကျွန်လက်စွဲတော် ငမောင်ကြီး အား  သူ့ ကို ပြစ်ထားခဲ့၍ ကိုယ်လွတ် ရုန်းသွားသည်ဟု  ထင်မှတ်မှား၍ သုံးရက် တိတိစကား မဆိုပဲ နေပါသည် ။


++++++++++++++


နံနက်လင်းလျှင်  ဦးရွှေမောင်ကြီး လည်း သူကြီး  ဦးစံမြင့် အား မြို့ဝန် ဦးသာဘို ကို   အခေါ် ခိုင်းပါလေသည် ။ သူကြီး လည်း  ဆင်းရဲသား တဦး က မြို့ဝန်မင်း ကို  ခေါ်ခိုင်းသည့် အတွက် ပျက်ရယ်ပြုခါ ဘဝင်ကိုင် နေသော အရူးတယောက် ဟု အထင်ရောက်သွားပါသည် ။


“  ကိုယ့် လူ က  ရာရာသသ  မြို့ဝန်မင်းဦးသာဘို ကို တွေ့ချင်ရအောင်  မြို့ဝန်မင်း ကို  သင့် အမေ့လင် မှတ်နေဘိသည်လား  .... ။  သည်အချိန် တွင် မြို့ဝန်မင်းဘုရား သည်  သူ့ မယားလေးများ နှင့် ဖက်၍ စက်တော်ခေါ်လို့  ပျော်တော်မူဆဲ ရှိပေဦးမည်ပ ငါ့ လူ ရ ....” 


ဦးရွှေမောင်ကြီး လည်း မခံချင်စိတ်များ ဖြစ်ပေါ်လာပြီး  သူကြီးမျက်နှာ ကို  တံတွေးဖြင့် လှမ်းထွေးရင်း “ ခွေးသား ...  ငါ့  မျက်နှာကို စေ့စေ့ ကြည့်စမ်း .. ။ နင် ရွှေနန်းတော်ကြီး ထဲ မရောက်ဘူးလေသည်မို့  ငါ့ မသိမမြင်ဘူးလေသည်ပ ... ။  လက်ဆွဲတော် ရွှေမောင်ကြီး ဆိုတာ  ငါ ဘဲ ဟ  ...” ဟု ကြိမ်းမောင်းလိုက်သည် ။


ဦးရွှေမောင်ကြီး ကြိမ်းမောင်းသံ ကြားရတော့မှ  သူကြီး မှာ  ကြောက်ရမည့် အစား  သူ ထင်မှတ်နေသလို ဘဝင်မြင့်သော  အရူးတစ်ယောက် ဟု  အတည်ပြု၍  သူ့ တပည့်အား  “  ကြိမ်ကောင်း တလုံး ပေးစမ်းပါ  .. ။ ငမြိုင် သည် အရူး ကို ကြိမ်ဆေး တိုက်ကျွေးပေးရပေလိမ့်မဗျား .... ”   ဟုပြောလိုက်သည် ။


သူကြီး ၏ တပည့်လည်း  ဆရာ အမိန့် အတိုင်း ကြိမ်လုံး ကို  ယူလျက် သူကြီး လက်ဝယ် သို့ ပေးအပ်လိုက်ပါသည် ။  ဦးရွှေမောင်ကြီး လည်း  သူကြီး အား  အော်ဟစ်ဆဲဆို  ကြိမ်းဝါးပါသည် ။  သူကြီး လည်း အဆဲ ခံရသဖြင့်  ဒေါသ ပိုထွက်ခါ  ဦးရွှေမောင်ကြီး ကို  ကြိမ် ဖြင့် တအား ဆွဲရိုက်ပါတော့သည် ။  ရိုက်လေ ၊ ဆဲလေ ...  ဆဲလေ ၊ ရိုက်လေ ဖြစ်နေသဖြင့် ဆူညံသံကြောင့် ရပ်ကွက်အတွင်းမှ   လူအများ လာရောက် ကြည့်ရှုကြပါသည် ။ ဦးရွှေမောင်ကြီး ကိုယ်ပေါ်တွင်လည်း  ကြိမ်လုံးရာ  အလျိုး အစင်းများဖြင့် ပြည့်နှက်နေပါလေသည် ။ လာကြည့်ကြသူများဖြင့်   ပြည့်နှက်နေပါလေသည် ။  လာကြည့်ကြသူများထဲတွင် အိပ်ဖန်တော်သား တယောက် ပါရှိလာသည်ကြောင့်  ထို အိပ်ဖန်တော်သား ကပင်  ...  “  သူကြီးမင်း လူမှားနေပါပေါ့  ... ။  ဒါ ပင်းတလဲစား လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး ပ  ...  သူကြီး ကျေချောအောင် ပြုပေမှ သက်သာရာ  ရတော့မယ်ဗျ  ... ”  ဟု ကံအားလျော်စွာ ရောက်ရှိလာသော  အိပ်ဖန်တော်သား ပြောကြားချက်ကြောင့် သူကြီး မှာ  မျက်လုံး ပြူးသွားရပါသည် ။ ဦးရွှေမောင်ကြီး အား  ထိပ်တုန်းမှ ဖြုတ်၍ အိမ်ပေါ်သို့  ပွေ့ချီမတင်ခါ ဒဏ်ရာများ ကို  နနွင်း နှင့် ဆေးများ  လိမ်းကျံ၍  အနူးအညွတ် တောင်းပန်ပါလေသည် ။


ဦးရွှေမောင်ကြီး လည်း  သူကြီးတစ်ယောက် အနေဖြင့်  ငယ်သားများ  ပြောသမျှ ယုံကြည်သူ ဖြစ်သည် ။  အမှု ကို အမှန်အကန် မစစ်ကျောပဲ  ထိပ်တုန်း အရင်ခတ်တတ်သည့်  အမူအကျင့် ကြောင့်  သူကြီးအဖြစ် နှင့် မတန်ရာ ၊ သို့အတွက်  ရာထူး မှ   ထုတ်ပယ်၍ ကျောတရာ ၊  ရင်တရာ   ပါးကွက်သားများ ကို  ရိုက်ပါစေ ဟုမြို့ဝန်မင်း အား မေတ္တာရပ်ခံ၍   ရွှေနန်းတော် အတွင်းသို့  ပြန်သွားပါလေတော့သည် ။


နေပြည်တော် အတွင်း အချိန်မဲ့  သွားလာရာတွင် မီးစီး ၊ မီးတိုင် ၊    မီးအုပ်ဆောင်း  မပါ ၊ မရှိပဲမသွားလာရ ဟူသော အမိန့်တော် ရှိပါလေသည် ။ မီးအုပ်ဆောင်း  မယူသွားမိသည်ကြောင့် တွေ့ကြုံရသောဒုက္ခ သုက္ခများ အတွက်  သူ့ ကိုယ် သူ ပေါ့လျော့ရလေမည်လား ဟု  အပြစ်တင်မိပါသည် ။သူ ၏ ပေါ့လျော့မှုကြောင့် လည်း  မင်းတရားကြီးဘုရား ပါ  ကြီးစွာသော   အန္တရာယ် နှင့် ရင်ဆိုင်ခဲ့ရသည် ကိုကြားသိရသည့်အတွက်လည်း စိတ်မကောင်းခြင်း ဖြစ်မိပေတော့သည် ။


မြို့တံခါးများ မပိတ်မှီ ထွက်ခွာကြရန် ချိန်းဆိုထားသည့်အတိုင်း ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ရှိနေမည် ဖြစ်သော  ပန်းခုံအုတ်တိုက် သို့  သွားပါသည် ။  အသင့် စောင့်မျှော်နေသော  မင်းတရားကြီးဘုရား နှင့်  တွေ့ဆုံပြီးလျှင် သူ ယူဆောင်လာခဲ့သော  အဝတ်အစားထုတ် ကို မင်းကြီးဘုရား အား ဆက်သတော်မူပါသည် ။ မင်းတရားကြီးဘုရား ကို  အဝတ်အစား လဲလှယ်စေပါသည် ။


“ ဟဲ့  ... ငမောင်ကြီး  သည် အဝတ်အစားတွေ က ကောင်းလှချည်လားကွယ်ရို့ ၊ ခါသာပိတ် သိုရင်း အင်္ကျီ ၊ပိုးချိန်းပုဆိုး ပါကလား ....  ဒါ သူကြွယ်တွေ သာ ဝတ်တဲ့ အဝတ်ပေပဲ  .... ” 


“  မှန်လှပါ ... ယနေ့  မင်းတရားကြီးဘုရား သွားရောက်လိုသော နေရာ သည် ငွေစပေများသသူ  ... ၊ဖြုန်းနိုင် သုံးစွဲနိုင်သော လူရည်တတ်များ လှည့်ပတ်ကျက်စားရာ အရပ် ဖြစ်ပါသဖြင့်  ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်းပါဘုရား .... ” 


ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား အား ရှင်းလင်းတင်လျှောက်ရင်း  ကတ္တီပါ ငွေစအိပ်ရှုံလေးကို ကိုင်မြှောက်ကာ   လှုပ်ရမ်းပြသပါသည် ။ ရွှေစ ၊ ငွေစသံများပင် လှုပ်ရမ်းသည့် အရှိန်ကြောင့် ထွက်ပေါ်လာပါသည် ။


“ သည်လိုဖြင့် ရှိပစေ  ... ငမောင်ကြီး  ... ။  လူကြား ၊  သူကြားထဲ ရောက်လျှင်တော့ ငါ့ ကို မင်းတရားကြီးဘုရား တွေ လုပ်နေရင် သည်တခါ နင့် ခေါင်းကို လင်းတစာ  ကျွေးမဗျား ...... ” 


“ သတိတော် မပြတ်မလတ် ရှိရပါစေ့မည်ဘုရား ... ။  ကျွန်တော်မျိုးကြီးလည်း မင်းတရားကြီးဘုရား အပါးတော်မှာ  တသက်လုံး ခစားလာသသူ ဖြစ်နေပါသဖြင့်  နှုတ်ကျိုး  နေမိခြင်းကို  ဆင်ခြင်၍ အမှားအယွင်းကို  ခွင့်လွှတ်တော်မူပါဘုရား .... ” 


“ အိမ်း  .... ဟုတ်ပေသဗျ  ... ။ ဟုတ်ပေသဗျ  ... ။ ဒို့များ ဘာနဲ့ သွားကြမည်လဲ  ... ။ သူကြွယ် ဟိတ် လုပ်ရမည်ဆိုလျှင် ဘီရိုလှည်းများ  စီးနေရမည်လား  ....” 


“ အမိန့်တော် မှတ်ထားတော်မူသည့် အတိုင်း ခွေးသံလည်း မကြား ၊  လူသူနှင့်လည်း မဝေးကွာရဟု မိန့်ဆိုတော်မူသည့် အတိုင်း စီစဉ်ထားကြောင်းပါ မင်းတရားကြီးဘုရား ....” 


မင်းတရားကြီးဘုရား လည်း အဝတ်အစားများ လဲလှယ်တော်မူပြီးသည့် နောက် မှန်ကြုတ်တော် ကို ရှုစားရင်း ပြုံးတော်မူပါလေသည် ။  မင်းတရားကြီး ကိုယ်တိုင်မှာ သန်မာဖျတ်လတ်လျက် ရှိ ဆဲ ဟူသော ယုံကြည်ချက်ကို ခိုင်မာစေရန်  နုပျိုလျက်  ရှိဆဲပင် ဖြစ်သည် ။


“ ကျွန်တော်မျိုးကြီးများ သည်  လမ်း က ထွက်ခွာတော်မူရပါမည် ဖြစ်ပါသည်ဘုရား ... ” ဟု တင်လျှောက်ရင်း  ပန်းခုံတော်အုတ်တိုင်  အရှေ့ဘက်ပြူတင်း မှ ဆင်ဖြူနန်းတော်  ( ဆင်တင်းကုတ်  ) ရှိရာသို့  လက်ညှိုးညွှန်ပြရင်း  တင်လျှောက်သည်ကို  မင်းတရားကြီးဘုရား လည်း  မျက်ခုံးနှစ်ဖက် ရှုံ့တော် မူရင်း  “  ဘယ်သို့  ဆိုဘိသနည်း ....  ငမောင်ကြီး  ....  ငါကိုယ်တော်  နားတော်မရှင်းလှပေဘူး ... ။ မောင်မင်း   နားတော်ပေါက်အောင် ထပ်မံ  လျှောက်တင်စမ်းပ   ...” 


“  ဘုရား ကျွန်တော်မျိုးကြီး  ဆင်ဖြူနန်းတော်  ( ဆင်တင်းကုတ်  ) ရှေ့တွင်  မြင်းနှစ်ကောင်  အဆင်သင့် ချည်နှောင်ထားခဲ့ကြောင်းပါဘုရား .... မင်းတရားကြီးဘုရား  ဆင်ဖြူတော် ရှုစားရင်း ပြတင်းပေါက်တော် ရှေ့ရှိ အုတ်လက်ရမ်း မှ  ကျော်လွှား၍   အောက်သို့ ဆင်းရပါမည်ဘုရား  ....” 


“ ဟဲ့  ... ငမောင်ကြီး .... အုတ်လက်ရမ်း မပါပဲ  မြေပြင် အရောက်  အမြင့်ခုနှစ်တောင် နှင့် တမိုက် ရှိသည်ကို  နင် မေ့နေလေရော့သလား ...   ။ သည်လောက်  အမြင့် က  ခုန်ချရလို့   ငါ ကိုယ်တော်မြတ် ကျိုးတော်မူပမည် ...” 


အုတ်လက်ရမ်း သည် ခုနှစ်တောင့်တထွာ အမြင့် ရှိကြောင်း  ကျွန်တော်မျိုးကြီး သိပါသည်ဘုရား ...။ အုတ်လက်ရမ်း ပေါ်မှ  ခုန်ချရန် မဟုတ်ပါဘုရား ...  ကျွန်တော်မျိုးကြီး ရှေ့က   အရင် ဆင်းပြပါမည်ဘုရား  .... ။ ကျွန်တော်မျိုးကြီး ဆင်းသည့်  အတိုင်း  ခုန်ဆင်းလျှင် လွယ်ကူချောမောစွာ နှင့်  အောက်သို့  ကြောင် ကျ ကျနိုင်ပါသည်ဘုရား ...” 


“  သည်လို ဆိုလျှင်လဲ  နင် အရင်ဆင်းသည် ကို  ငါ ကိုယ်တော်မြတ်  ရှုစားတော် မူပြီးမှ နင့်ကို တုပဆင်းရမည်ပ .... ” 


မင်းတရားကြီးဘုရား  မိန့်တော်မူသည် နှင့် ဦးရွှေမောင်ကြီး လည်း  အုတ်လက်ရမ်းပေါ် ကျော်တက်ရင်းလက်ရမ်းအခြေပေါ်  ကျော်ခွလျက်  ရပ်ပါသည် ။  အုတ်လက်ရမ်း  အရှေ့ဘက်မှရပ်ရင်း “ ကျွန်တော်မျိုးကြီးပြုအပ်သည်ကို  စေ့စေ့ ရှုစားတော် မူပါ  ...  အမှား  တကွက် ရှိပါက အကျ သက်သာမည် မဟုတ်ကြောင်းပါ မင်းတရားကြီးဘုရား ..... ”  ဟု လျှောက်တင်လိုက်သည် ။  ထိုသို့  လျှောက်တင်တော်မူပြီး သူ မျက်နှာမူနေရာမှ မင်းတရားကြီးဘုရားအား ကျောပေးလျက်  လက်နောက်ပြန်  အုတ်လက်ရမ်းကို ကိုင်ကာ ဖင်ထိုင်ပါသည် ။  သို့  ဖင်ထိုင်ပြီးမှ  ထိုင်နေရာဘေး ကို  လက်နှစ်ဖက် နှင့် ကိုယ်လိမ်စောင်းထောက်ခါ အောက်သို့ လျှောချလိုက်ပါသည် ။ လက်နှစ်ဖက် မှ  တွဲလောင်းဆွဲရင်း မင်းတရားကြီးဘုရားအား “ သည်နေရာမှ လက်ကို  ဖြေမချမှီ အုတ်ခုန်ကို  ခြေနှင့်ကန်၍ ကိုယ် ကို ကွာစေပြီး လက် ဖြုတ်ချလိုက်လျှင် ကြောင်ကျ   ကျနိုင်သည်ကို ရှုစားတော်မူပါဘုရား ... ”  ဟု ပြောဆိုလျှောက်ထားရင်း   အောက်သို့ ခုန်ချလိုက်ပါသည် ။


“  သည်လိုဆိုလျှင် အလွယ်သားပါလား  ငမောင်ကြီးရဲ့ ... ” 


          ( ဆက်ရန် )


koaungnaingoo.blogspot.com


.

Wednesday, December 1, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 05


 ဥဩပျို သံချိုနှောခဲ့ပြီ ဖြစ်သည့် အတွက် မန်ကျည်းရွက်နုထွက်ရန် ပုရစ်ဖူး ကိုယ်စီဖြင့် အရိုးပြိုင်းပြိုင်း ထနေသော အကိုင်းအခက် တို့ကို တန်ဆာ ဆင်လာပေပြီ ။ တောင်ဥယျာဉ်တော် အတွင်းမူ သပြေငုတ် တို့ သည် သပြေညိုတက် တလူလူ နှင့် အညွှန့်အတက် တို့ ထွက်လာသည်ကိုလည်း တွေ့ရပေပြီ ။ ဥဩသံ ကူနှောချက် ကို အကျွန် လည်း နာခံရင်း  မင်းတရားကြီးဘုရား ကို ဆေးတော် ဆက်ခဲ့သည်မှာ ငါးရက် ပင် ရှိလာကြောင်း အမှတ်ရမိပါတော့သည် ။ ဆေးတော်ဆက်ပြီး ငါးရက် အတွင်း မင်းတရားကြီးဘုရား ၏  ရောဂါတော်မှာ ရေ တွေ့သော ကြာ ကဲ့သို့  ပြန်လည် လန်းဆန်း စိုပြေစ ပြုလာပေပြီ ။




ဘဝရှင်မင်းတရားကြီးဘုရား နှစ်ခြိုက်စွာ စက်တော်ခေါ်နေရာမှ စီးချက်မှန်မှန် ထွက်ပေါ်လာသော ဟောက်သံ ကို နာခံရင်း အကျွန့် အတွေး တို့မှာ ပျံ့လွင့်နေပါလေသည် ။




သည်ကနေ့ ငခဲ ဆက်သမည့် ဆေးတော်အသစ် မှာ ကနောင် အိမ်ရှေ့စံကိုယ်တော် အား မပြတ် ဆက်သနေရသည့်  ဆေးတော် ဖြစ်ကြောင်း သိရှိရပေသည် ။ ယခုအကြိမ် ဆေးတော် အစုသွားရာတွင် ငခဲ တို့ တသိုက် သက်စွန့်ဆံဖျား  စွန့်စားမှု ကို အမှတ်မထင် တွေ့ကြုံရပုံကို ငခဲ ပြန်လည် ပြောပြသဖြင့် နားထောင်ရသော အကျွန် ပင်  ကြက်သီးထမိပါသည် ။




ငခဲ နှင့် တပည့်ပေါင်း ၁၅ ယောက် တို့ မှာ လမိုင်းတော အတွင်းမှ အလို ရှိသော ဘယဆေးများ ကို ရှာဖွေ စုဆောင်းကြပြီးသည့် နောက် ဆေးတော်တွင် ပါဝင်သည့် ကျောက်သွေး ရယူနိုင်ရန် လမိုင်းတော မှ အရှေ့စူးစူး သို့ ခရီးဆက်ကြပါသည် ။ တောင်ပေါ် အတက် ပြင်ဦးလွင် မရောက်မှီ သုံးတိုင် လောက် အလိုတွင် ကျောက်ချပ်  ကျောက်လွှာတို့ အကြားမှ ယိုစီးကြလာသော ကျောက်သွေး (ကျောက်ဆီ ၊ ကျောက်နှစ် ကို ခေါ်ပါသည် ။ ) များ တွေ့ ရှိ၍ ဝါးကျည်တောက်များ ပြုလုပ် ထည့်သိုနေဆဲ ငခဲ ၏ တပည့် ဖိုးမှင် အော်သံ ကြားကြရသည့်အတွက် အနီးဆုံး လူများ ဖြစ်ကြသော ငခဲ နှင့် ငပေါက် တို့ ဖိုးမှင် ရှိရာသို့ အရောက် ပြေးကြပါသည် ။




ငခဲ တို့ ရောက်ရှိချိန် တွင် ဖိုးမှင် နှင့် ဝက်ဝံကြီး တကောင် တို့ သူ တပြန် ၊ ငါ တပြန် သတ်ပုတ်နေသည် ကို တွေ့ကြရပါသည် ။ ငခဲ လည်း ငှက်ကြီးတောင် ဓါး ဖြင့်  ဝက်ဝံ ကို ခုတ်ပိုင်း ရန် ဓါးမိုး ၍ အသင့်ပြင်ထားသော်လည်း  ဖိုးမှင် မှာ ဗလကောင်းသူ ဖြစ်၍  ဝံ တပြန် ၊ ဖိုးမှင် တပြန် ဖြစ်နေသည့် အတွက် ဓါး ဖြင့် ခုတ်ပိုင်းရန် အခွင့် မသာနိုင်ခဲ့ပါ ။ အတန်ကြာ မှ ဖိုးမှင် အောက် အရောက် ငခဲ ၏ ဓါးချက်ဖြင့် လင်္ကျာနံတောင်း မှ လက်ဝဲနံတောင်း ကို ထိုးဖောက်နိုင်ခဲ့သည်ဟု ပြောပါသည် ။




ဝံ ကုတ် သည့် ဒဏ်ချက်ဖြင့် ဖိုးမှင် မျက်လုံး တဖက် ထွက်သွားပါသည် ။ ရှားပါး၍  ရခဲလှသော

ဝံ သည်းချေ နှင့် ဖိုးမှင် မျက်စိ တဖက် လဲလှယ် ယူရ သလို ဖြစ်နေသောကြောင့် မင်းတရားကြီးဘုရား

ကျန်းခန့်တော် မူလာပါလျှင် ဂရုဏာတော်သက်၍  ဆုတော် ၊ လာဘ်တော် ရရှိလေအောင် ဆောင်ရွက်ပေးဖို့

ငခဲ က အကျွန့် အား မှာထားခဲ့ပါသည် ။ အရှင် တို့ အကျိုး ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်သူများ ကို

မြှောက်စားလေ့ ရှိသော မင်းတရားကြီးဘုရား အကြောင်း ကို ကောင်းစွာ သိရှိသော အကျွန် မှာ ဖိုးမှင် အတွက် ဆောင်ရွက်ပေးရန် သဘောတူလိုက်ပါသည် ။




ငခဲ ဆက်သမည့် ဆေးတော် သည် ခက်ခက်ခဲခဲ စုဆောင်းရသလောက် တန်ခိုးအာနိသင် ထက်မျက်လှပါသည် ။ ၎င်း ဆေးတော် အကြောင်း ကို နောင်တွင် လှိုင်ထိပ်ခေါင်တင် အိမ်ရှေ့စံမိဖုရား သိရှိသွားပြီးနောက် သမားတော် ငခဲ ကို   ခေါ်ယူ ကြိမ်းမောင်းရင်း သမားတော်ကြီး ဆေးတော် အစွမ်းကြောင့် “ စိန်ခြူးကြာညောင် ” ဘောလယ် ဖြစ်လာရကြောင်း ညည်းတော် မူသဖြင့် သူ့ ဆေးတော်ကို “ စိန်ခြူးကြာညောင် ဆေးတော် ” ဟု အမည် မှည့်ထားကြောင်း တိတ်တခိုး ငခဲ က ပြောခဲ့သည့် အတွက် အကျွန် တို့ နှစ်ယောက် တသောသော ရယ်ရပါသေးသည် ။




မင်းတရားကြီးဘုရား ယခု ခံစားနေရသော ဝေဒနာ နှင့် ပတ်သတ်၍ အကျွန့် အား ငခဲ က အပြင်းအထန် ကြိမ်းမောင်းခြင်း ကို  ခံခဲ့ရပေသည် ။ သူ့ ကိုသာ တင်ကြို တင်ကူး အသိပေးခဲ့လျှင် ရွှေနန်းရှင်လည်း စိတ်ပျို ၊ ကိုယ်နုစေရမည့် အပြင် မင်းတရားကြီးဘုရား ၏ မိဖုရားများ အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ အလိုတော်ကျစေရမည် ဟု ပင် ဆိုခဲ့ပါသေးသည် ။ သစ်ဆိမ့်မိဖုရား အမှုကိစ္စမျိုး ပင် မပေါ်ပေါက်နိုင်ကြောင်း ငခဲ က ရဲရဲကြီးပင် အာမခံခဲ့ပါသည် ။ သူ ၏ ဆေးစွမ်း မည်မျှ ထက်မျက်သည် ကို အကျွန့် ကိုယ်တွေ့ မရှိရသေးသော်လည်း  ကနောင်အိမ်ရှေ့စံကိုယ်တော်ကြီး  သန်စွမ်းကြောင်းတော့ ပြည်ကြီး ပျော်ဘွယ် အရပ်မှ ဂေါင်းမ မိစပ် ပြောဘူး၍ သိခဲ့ရပေသည် ။ ကနောင်မင်းသားကြီး အား “ အာဂယောက်ျားပါလား ” ဟု မှတ်ထင်ခဲ့သော်လည်း ယခုမှပင် ငခဲ ဆေးစွမ်းကြောင့်ကိုး ဟု  နားလည်လာပါတော့သည် ။




တတို့တဆိတ် ကို တအိတ်လုပ် ပြောကြသည်မှာ လူတို့ ၏  သဘာဝပင် ဖြစ်ချိမ့်မည်ထင်ပါသည် ။

တိုင်းတားမင်းကြီး ဦးဖိုး သည် ယမန်နေ့ကပင် အကျွန့်အား မင်းတရားကြီးဘုရား သည် မြို့တော်မြောက်ပါး က ဖျဉ်းညီနောင် နတ်ကွန်း ကို ဖျက်ဆီးပစ်လိုက်သည့် အတွက် ဖျဉ်းညီနောင် စိတ်တော် ခု၍  ဖမ်းစားသောကြောင့် စိတ်တော် ကယောင်ချောက်ခြား ဖြစ်သွားရကြောင်း ၊ ယခု တောင်နန်းဒေဝီ  အမိန့်တော်ဖြင့် သူ ကိုယ်တိုင် ဦးစီး ကြီးကြပ်၍ ကန်ပိုင်ရွာ တွင် ကြီးမား ခန့်ညားသော နတ်ကွန်း အသစ် ဆောက်လုပ်ပေးလိုက် သဖြင့် ကိုယ်တော်ကြီး ရောဂါမှာ ပိန်းကြာဖက်ပေါ် ရေမတင် လျှောကျဘိ သကဲ့သို့  ရှိလာကြောင်း အကျွန့် အား အမြှပ် ထွက် မတတ် လာပြောပါလေသည် ။ အကျွန် လည်း မရယ်မိစေရန် မနည်း အောင့်အီး  သီးခံနားထောင်ရင်း အကျွန် ကပင် သဟာကြောင့် လွန်ခဲ့သော ရက် ၊ သီတင်းတပတ် လောက်က ကျားဟိန်းသံ ကြားနေရသည် ထင်မိကြောင်း ခပ်ဖျောဖျော ပြောလိုက်ရာ ... ၊  “ ဟုတ်ပဗျာ ၊ ဟုတ်ပေမဗျ ... ” ဟု ခေါင်း တညိမ့်ညိမ့် ၊ လည် တခါခါနှင့်  အကျွန့် အပါးမှ ထွက်သွားပါသည် ။  အကျွန် လည်း ရယ်ချင်သော  ထို စိတ်ကို မျိုသိပ်ရင်း ရွှေပြည်မင်းကြီး ဦးဖိုးလှိုင် ကို တိုးတိုးတွတ်တွတ် နှင့် ကောလဟာလ သတင်းတွေ ကို အရင်းအတိုင်း ဖြန့်ချီတော်မူနေသော တိုင်းတားမင်းကြီး ကို ကြည့်ရင်း နောင်ရေး ကို တွေးတောမိပါသည် ။




အကျွန် တို့ လုပ်ကြံခဲ့သော ထိုးဇတ် ကို နောင်သောအခါ ကာလတွင် လူ အများတို့ ၏  ပါးစပ်ဖျားဝယ် “ နတ်ကွန်း ကို နတ်သက် ကြွေပြီ ” ဟု အမိန့်တော် မှတ်၍ ဖျက်ဆီးခဲ့ခြင်းကြောင့် ရွှေဖျင်းညီနောင် က မင်းတရားကြီးဘုရား ကို စိတ်တော် ကွက်၍  ဖမ်းစားသည် ။ ရွှေဖျင်းညီနောင် ဖမ်းစားသည့် အတွက် မင်းတရားကြီးဘုရား စိတ်တော် ချောက်ခြားရသည် ။ စီးတော်ကျား ဖြင့်လည်း မြို့ပြင် အပမှ လာရောက် တောင်းဆိုသောကြောင့် နတ်ကွန်း အသစ် ဆောက်ပေးတော် မူလိုက် မှ စီးတော်ကျား အသံလည်း ပျောက် ၊ ကိုယ်တော်ကြီးဘုရား မှာလည်း ကျန်းမာ ပကတိ  ချမ်းသာစွာ ရှိသွားကြောင်း ... ရှေးဟောင်း ဒဏ္ဍာရီ  ပုံပြင် သဖွယ် ပြောဆိုကြမည် ကို အကျွန် တွေးမိ၍ ရယ်သွမ်းအကြိမ်ကြိမ် သွေးရပါသည် ။




နန်းတွင်း သို့ ငခဲ ရောက်ရှိလာချိန် မင်းတရားကြီးဘုရား နိုးတော်မူလာပါလေသည် ။ ဆေးတော် မဆက်မှီ က မင်းတရားကြီးဘုရား သည် နေထန်းတဖျား အချိန် ရောက်အောင် တကြိမ်တခါ မှ စက်တော်ခေါ်ဖူးသည် ဟု မရှိခဲ့ပါ ။ မျက်နှာသစ်တော် ရေချတော်မူပြီးသည့် နောက် မင်းတရားကြီးဘုရား အား ဆက်သရမည့် ဆေးတော်သစ် ကို ငခဲ က အကျွန့် လက်ဝယ်သို့ ပေးအပ်ပါလေသည် ။  ဆေးသုံးရန် အညွှန်းကိုလည်း ပြောပါသည် ။ ပထမ သုံးရက် အတွင်း ဆေး ကို ဇီးကင်းခန့် နံနက် နေ့ - ည တို့တွင် တကြိမ် ကျစီ ရေအေး နှင့် သောက်တော်မူစေရမည် ။ ဒုတိယ သုံးရက် တွင် နံနက်  -  ည တို့တွင် တကြိမ်ကျ အိပ်ရာဝင် အိပ်ရာထ ပေးဆက်တော် မူရမည် ။ဒုတိယ သုံးရက် လွန်မြောက်ပြီးနောက်  နောက်ပိုင်း ရက်များတွင် တနေ့လျှင် တကြိမ်ကျ နေ့ခင်းပိုင်း သို့မဟုတ် ညဦးပိုင်း တွင်  သောက်သုံးတော် မူနိုင်ကြောင်း ရှင်းလင်း ပြောပြနေပါသည် ။  နေ့စဉ်မှန်မှန် တကြိမ်ကျ မှီဝဲသုံးဆောင်နေသမျှ ကာလပတ်လုံး စိတ်ပျိုကိုယ်နု ၍ လောက စည်းစိမ် ကို ငြီးငွေ့သည့် တိုင်အောင် ခံစားနိုင်ကြောင်း အကျွန့် အား အကျယ်တဝင့် ရှင်းလင်းပြပါသည် ။




မင်းတရားကြီးဘုရား နံနက်စာ စားအပြီး အချိုပွဲ တည်တော်မူနေစဉ် မလှမ်းမကမ်းမှ ခစားနေသော အကျွန် တို့ နှစ်ယောက် ကို မြင်တွေ့၍ အနား တိုး ၍ ခစားရန် အချက်ပြလိုက်သည် ။ အကျွန် လည်း ရှေ့သို့ တိုးကပ်ခါ ငခဲ ပေးအပ်ထားသော အစ် ကို ပြသရင်း လျှောက်တင်ပါသည် ။




“ မှန်လှပါ ... သမားတော်ကြီး  ငခဲ က ယနေ့ ဆေးတော် အသစ် ဆက်သတော် မူကြောင်းပါ ဘဝရှင် မင်းတရားကြီးဘုရား ” 




“ ဟဲ့ ... ငခဲ ရဲ့ ။  နင် ဆက်သသည့် ဆေးတော် နဲ့ ငါ ကိုယ်တော်မြတ် ကျန်းခန့်တော် မူလာတာ ကို ဘသို့ကြောင့် ဆေးတော် အသစ်  ဆက်သရသည်လဲ ။ ငါ ကိုယ်တော်မြတ် စားလို့လဲ မြိန်တော်မူသဗျ ။ အိပ်စက်လို့လဲ ပျော်တော်မူသဗျ ” 




“ မှန်လှပါ ။ ယခု ဆက်သသော  ဆေးတော်အသစ် မှာ ကျန်းခန့်တော်မူသသူများ သာ သုံးဆောင် မှီဝဲရသည် ဖြစ်၍  ဘဝရှင် မင်းတရားကြီးဘုရား အတွက် ဆေးတော်သစ် အဖြစ် လဲလှယ် ပေးဆက်ရခြင်းပါ ဘုရား ” 




“ အသို့သော အာနိသင် ရှိပေသလဲ ...  သမားတော် ငခဲ ရဲ့ ” 




“ ဤ ဆေးတော် သည်  မြတ်စွာဘုရားသခင် လက်ထက်တော် အခါကတည်း က ရှိနေခဲ့ပြီး သမားတော်ကြီး ဇီဝက  က ဖော်စပ်တော်မူခဲ့ခြင်း ဖြစ်ပါသည် ဘုရား ။ မဇ္ဈိမဒေသ အာယုဒ ဆေးကျမ်း မှ ဆင်းသက်လာဟန် တူ၍ မဟာသာကီဝင်  မင်းမျိုးအနွယ် တို့ လက်စွဲကျော်  ဆေးတော် တလက်လည်း ဖြစ်ခဲ့ပါသည် ဘုရား ။ မဇ္ဈိမတိုင်း ကို အုပ်ချုပ်မင်းလုပ် ခဲ့သော သမတမင်း မှ အစဉ်အဆက် ဆင်းသက်လာခဲ့သော မင်းအပေါင်း တို့ လက်မလွတ်စေဘဲ  သုံးစွဲလာခဲ့ကြသည့် ရွှေနန်းဆက်ဆေးတော် ဖြစ်ပါသည်  မင်းတရားကြီးဘုရား ” 




“ အလို ... ငခဲ ရဲ့ဆေးတော်ဟာ သည်လောက် ကြီးကျယ်နေပါရက် နဲ့ ငါ ကိုယ်တော်မြတ်ကို အစ ကနဦး

ကတည်းက  ဘဇာကြောင့် မဆက်သရသနည်း ” 




မင်းတရားကြီးဘုရား က ရွှင်ပြုံးသော မျက်နှာတော် နှင့် ရယ်သွမ်းသွေးသလို မိန့်တော်မူသည်ကြောင့် အကျွန် ကပင် ငခဲ ကိုယ်စား တင်လျှောက်လိုက်ပါသည် ။




“ မှန်လှပါ ... မင်းတရားကြီးဘုရား နှင့် မိဖုရားခေါင်ကြီးများ ကပါ “ ခုံတော် ပျိုမှ ၊ သမား အိုမှ ” ဟု စွဲမှတ်ယုံကြည်နေတော် မူကြပါသဖြင့် သည်ဆေးတော်ကို မဆက်သဝံ့တော့ပါ ဘုရား ။ ညီတော် ကနောင်  အိမ်ရှေ့စံကိုယ်တော်ကြီး ကိုသာ ဆက်သခဲ့ရသည် ဟု ကျွန်တော်မျိုးကြီး အား သမားတော် ငခဲ ပြောခဲ့ဖူးကြောင်းပါ ဘုရား” 




“ ဟုတ်ပေသဗျ ။ ငါ ကိုယ်တော်တိုင် ကပင် သမားတော် ငခဲ အား  အထင်သေးမိသဗျ ။ နင့် ဆေးတော် ထက်မြက်ရိုး မှန်ရန်တော့ နင့် ကို ချီးမြှင့်မြှောက်စားတော် မူမဗျား ။ ညီညီ ကလဲ သည်ဆေးတော် ကောင်းကြောင်း  ငါ့ ကို ပြောသင့်ပေသဗျ ” 




“ ကျွန်တော်မျိုးကြီး အသက်ပေး၍ လျှောက်တင်ဝံ့ပါသည်  ဘုရား ။ ဤ ဆေးတော် သည်  စံနစ်တကျ အသုံးပြုခဲ့ပါလျှင် သုံး သူ မှာ အကျိုးထူး ခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲ နိုင်သလို မှန်ကန်လှကြောင်းပါ ဘုရား ။ ဆေးတော် ကို ပိုမို မသုံးစွဲမိစေရန် သတိတော် ဆက်ရပါမည် ဘုရား ” 




“ အိမ်း .... ပိုမို သုံးစွဲမိသော် အသို့သော အပြစ် ကို ဖြစ်တော်မူတတ်ပေသလဲ ငခဲ ရဲ့” 




“ တန်ဆေး ၊ လွန်ဘေး ” ဆိုသည့် အတိုင်း ဘေးတွေ့တတ်ပါသည် ဘုရား ။ မည်သည့် ဘေးရန်မျိုး တွေ့နိုင်ကြောင်း ကိုတော့ အတိအကျ တင်လျှောက်ရန် ခက်လှကြောင်းပါ မင်းတရားကြီးဘုရား” 




သမားတော်ကြီး ငခဲ ၏ ဆေးတော် ဆက်သကြပြီးသည့်နောက် ဘဝရှင် မင်းတရားကြီးဘုရား အား ခြေတော်

ဦးခိုက်ပြီး နောက် မှန်နန်းဆောင်တော် မှ အကျွန် တို့ နှစ်ယောက် ပြန်ထွက်လာခဲ့ကြပါလေသည် ။

အကျွန် ကပင် စတင်၍ “ ကိုရင် ငခဲ ။ သည် ဆေးတော် ကို အသုံးများရင် ဘယ်လို ဝေဒနာမျိုး

ခံစားရတတ်သည်လဲဗျ ” 




“ ကျုပ် ကိုယ်တိုင်လည်း  ဆေးမှီဝဲ သူ ဖြစ်နေပေမဲ့ ဘေးဖြစ်တတ်သယ် ဆိုသည်ကြောင့်  ကျုပ် တခါမှ

ပို မစားခဲ့ဖူးလို့  မသိဘူးပ ။ ကနောင် အိမ်ရှေ့စံ ကိုယ်တော်ကြီး ကတော့ ဆေး ပို စားမိတာကြောင့်

သူ လဲ အိပ် မရဘူး ... သူ့ မိဖုရားလေး လဲ ငိုယိုတော် မူရတဲ့ အပြင် သုံးရက်လောက် လမ်း မလျှောက်နိုင်အောင်

ဖြစ်ရသယ် လို့  ပြောတော် မူဖူးတာဘဲ ငမောင်ကြီး ရ ” 




“ သည်လောက် ကောင်းသည့် ဆေးစွမ်း လက်ကိုင်ပြုပြီး ကိုရင် ငခဲ က မိန်းမတွေ သောက်ရမ်း  ယူသာ ထင်ပ ။ ကျုပ်တို့ ကို သည် ဆေး မပေးပဲ ကျိတ်စားတဲ့ ငခဲ ကိုတော့ ကျုပ် ထောင်းချင်လှဗျ ” 




“ ကျုပ် ကို အထင်မလွဲပါနဲ့ ငမောင်ကြီး ရာ ။ စကားမစပ်  မိနိုင်ကြသဟာကြောင့်ပါ ။  ကိုယ့် လူ လိုချင်သပဆိုရင် အချိန်မရွေး ရနိုင်ပါသယ် ” ဟု ရယ်မောပြောဆိုရင်း  နှုတ်ဆက်၍ ရွှေနန်းတော်ကြီး မှ ထွက်ခွာသွားပါသည် ။ ငခဲ မြင်းခွာသံ စဲလေတော့မှ အကျွန် လည်း ရွှေနန်းတော်ကြီး အတွင်း ပြန်ဝင်ခဲ့ပါလေသည် ။




ပိတောက်တွေ ရွှေရည်လူး၍ အတာလည်း ကူးခဲ့ပေပြီ ။  ရွက်နုရွက်သစ်တို့ဖြင့် စိမ်းလန်း စိုပြေလာသော ဩကာသလောက ၏ ကြည်နူးဖွယ်သော အပြောင်းအလွဲလေး တို့သည် ရွှေနန်းတော်ကြီး ဆီ သို့ စိုးမိုးလာပါလေတော့သည် ။ မင်းတရားကြီးဘုရား လည်း ကျန်းမာတော် မူရုံမျှ မကတော့ပဲ ငခဲ ဆက်သော ဆေးတော် ကြောင့် စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ရောက်နေသဖြင့် မော် တပြုံးပြုံး ပျော် မဆုံးအောင်

ရှိနေပါလေသည် ။ အကျွန် ဟိုစဉ်က ထိန်းသိမ်းပေးရသည့် ဆောင်တော်ကူးမှတ်တမ်း တွင် တည လျှင် တစ်ဆောင် ကျ ကူးပြောင်းရမည့် အစား ၊ တည ကို နှစ်ဆောင် ကျ ကူးပြောင်းရန် အမိန့်တော် အသစ်ကြောင့် စာရင်းထပ်မံ အသစ် ပြုလုပ်ပေးရ ပါလေသည် ။ အကျွန် ပင်းတလဲ ပြန်စဉ် အခိုက်အတန့်အတွင်း အဆောင်တော်ကူးရန်  အလှည့်ကျ စောင့်ရသည်ကို  အလှမ်းဝေးလှချည့်ရဲ့ ဟု  ညည်းညူတော်မူကြသော မိဖုရား များ အဆောင်တော် ကို  အလှည့် ပို အနေဖြင့်  မင်းတရားကြီးဘုရား မှာ ရက်တပတ် တသီတင်းမျှ အဆောင်တော် များ ဆက်လက် ကူးရသောကြောင့် ကိုယ်တော် တွင် ကာမအင်အား ညှိုးနွမ်းပင်ပန်းတော်မူသည့် ရောဂါတော် စွဲကပ်လာပါသည် ။




သမားတော် ငခဲ ၏ ဆေးတော် သည် မှတ်ကျောက် အတင်ခံနိုင်လောက်အောင် ထက်မြတ်မှန်း မင်းတရားကြီးဘုရား ကိုယ်တော်တိုင် စမ်းသပ်တွေ့ရှိရ၍ ယုံကြည်စိတ်များ တိုးတက်လာပါသည် ။ သို့ဖြစ်၍   ဆောင်တော်ကူးမှတ်တမ်း ကို တည လျှင် တဆောင် မှ တည လျှင် နှစ်ဆောင် ကျ ကူးသန်းရန် ပြင်ဆင်ရေးဆွဲ ပေးဆက်ရခြင်း ဖြစ်ပါသည် ။




သမားတော် ငခဲအား လည်း  ဆေးဝါးထက်မြတ်သည့် အကျိုးအားကြောင့် ပညာသိဒ္ဓိဘွဲ့ ( ထိုဘွဲ့သည် ယခုခေတ်  သိုးဆောင်းဆေးပညာ M.R.C.P ဘွဲ့မျိုးဖြစ်ပါသည် ။ ) ကို  မကြာမှီကပင် ရွှေလွှတ်တော်ကြီး အတွင်း အခမ်းအနားဖြင့်  အပ်နှင်းခြင်း ခံခဲ့ရပေသည် ။ ငခဲ ကြောင့် အသက်အရွယ် ကြီးရင့်ကြသော သမားတော်ကြီးများ ဖြစ်သော ဦးဘဲ ၊ ဦးစံဝင်း ၊ ဦးရှင် ၊ ဦးစာ ၊ ဦးနက် ၊ ဦးမှိုင်း ၊ ဦးမိတ် ၊ ဦးတူ တို့ ရှစ်ဦး စလုံးတို့မှာ မျက်စိ ၊ မျက်နှာ  မလှကြပါပေ ။ ဦးပေါ တစ်ယောက်ပင် ငခဲ နှင့် မတိမ်းမယိမ်းအရွယ် လူငယ်ပိုင်း တွင် ရှိသူမို့ မကျေနပ်ဟန် မပြကြောင်း သိရပါသည် ။




သူတို့ အားလုံးပေါင်း ငခဲ ပါ ၁ဝ ဦး စလုံးမှာ မင်းတရားကြီးဘုရား ခန့်အပ်ထားသော ဘိသက္ကိရာဇဘွဲ့ ရ ဘုရင့်သမားတော်ကြီး များ ဖြစ်ကြပါသည် ။ ထိုသူများ အထဲမှ ငခဲ မှာ  ဆေးတော်ကောင်း ဆက်သနိုင်သူ ဖြစ်၍ ဘေသဇ္ဇပါရဂူ ထူးချွန်သူအဖြစ် ပညာသိဒ္ဒိဘွဲ့ ချီးမြှင့်ခြင်းခံရပေသည် ။ ထို ဘွဲ့ထူး အပြင် မင်းတရားကြီးဘုရား  အမိန့်တော်ဖြင့် အဆောင်နန်းတို့ အတွင်း တံခါး မရှိ ဓါး မရှိ ဝင်ထွက်ခွင့်လည်း ရရှိသွားပေသည် ။




အကျွန့် အနေဖြင့် ဘဝရှင်မင်းတရားကြီးဘုရား ကျန်းခန့်တော် မမူသည့် နေ့မှ စ၍ အိမ်သို့ပင် မပြန်တော့ဘဲ မင်းတရားကြီးဘုရား အနားမှနေ၍ နေ့ညမရွေး အမှုတော်ထမ်းပေးနေပါသည် ။ ယနေ့အဖို့ ကိုယ်တော်လည်း ရွှင်ရွှင်လန်းလန်း ရှိနေတော်မူသဖြင့် အိမ်သို့ပြန်ခွင့်တောင်းမိပါသည် ။ အိမ်ပြန်ခွင့်ပြုသည်၌ ငခဲ ဆက်သသော ဆေးအစ်တော် ကို  မင်းတရားကြီးဘုရား လက်ရောက် အပ်နှင်းပြီး ပြန်လာခဲ့ပါသည် ။ အကျွန့် အနေဖြင့် သား ၊ သမီးများ နှင့် ပျော်ရွှင်ချမ်းမြေ့စွာ ၁ဝ ရက် မျှလောက် နေထိုင်ရင်း အချိန်များကို ကုန်လွန်စေခဲ့ပါသည် ။




ထိုမျှ လွန်မြောက်သည့် နောက်ပိုင်းရက် ကျမှ  မင်းတရားကြီးဘုရား ထံတော် အပါးသို့ ပြန်လည် ခစားပါသည် ။ မင်းတရားကြီးဘုရား မှာ ခါတိုင်းနေ့များထက်ပင် ပိုမိုနုပျို  ရွှင်လန်းနေသည်ဟုပင် ထင်မှတ်မိပါသည် ။ အကျွန် ၏ စိတ်တွင်းမှ မနေနိုင် မထိုင်နိုင်လောက်အောင်ဖြစ်လာခါ မင်းတရားကြီးဘုရား ပြောင်းလွဲလာပုံကို ကြည့်နေတော်မူရင်းကပင် .... “ မင်းတရားကြီးဘုရား ကို  ဖူးတွေ့ရသည်မှာ ရွှေစိတ်တော် ကြည်နူး၍  ရွှင်မြူးပုံ ရလှသည် ဟု ဘုရားကျွန်တော်မျိုးကြီး ထင်မိကြောင်းပါဘုရား ” ဟု လျှောက်တင်လိုက်သည် ။




“ ဟုတ်ပေမဗျ ။ ငါ ကိုယ်တော်မြတ်လည်း သွတ်လတ်ပေါ့ပါး ရှိတော်မူလှတယ် ။  ငခဲ ဆက်သသည့် ဆေးတော်သည် ငါ ကိုယ်တော်မြတ် အတွက် မဟာဩသဓ နတ်ဆေးတော်ကြီးတမျှ ထူးခြားသော အကျိုးကို ပေးစွမ်းတယ် မှတ်တယ် ငမောင်ကြီး ရဲ့” 




“ ဝမ်းမြောက်လှကြောင်းပါဘုရား ။ တန်ခိုးအာနိသင် ထက်မြက်သော ဆေးတော်များကို စားသုံးသင့်သည် ထက်  ပိုမို စားသုံးမိပါလျှင် သမားတော် ငခဲ လျှောက်ထားသကဲ့သို့ တန်ဆေး ၊ လွန်ဘေး ဖြစ်မည် စိုးလှပါသည် ဘုရား” 




“ အိမ်း ... ငါ ကိုယ်တော် သတိတော် ဆက်လျက်ပါ  ။  တခါတရံ နင် ဆက်သသည်ထက် ပိုမို စားသုံးတော်မူကြည့်ရာ အကျိုးထူး ခံစားရတာကို  တွေ့သဗျ ” 




“ မှန်လှပါ ။ အတိုင်းအတာထက် မလွန်ကဲမိစေရန် သတိတော် ချပ်သင့်ပါသည် ဘုရား ” 




“ သတိတော်ထားရတော် မူပေမည်ပ ။ စားလို့ အရသာထူးသလို အာနိသင်ကလဲ အံ့မခန်း ထက်မြက်ပေတယ် ။ သဟာများကြောင့် ငခဲ ဟာ ငါ့ ကို မဆက်သပဲ နှစ်အတော်ကြာ သိုသိပ်ထားတာ ငါ တွေးကြည့်မိရင် ငခဲ အပေါ် စိတ်ကွက်တော်မူတယ် ငမောင်ကြီး ရဲ့ ” 




“ မှန်လှပါဘုရား ။ ငခဲ ကို အပြစ်တော် တင်လျှင် မလျော်ကန်ကြောင်းပါ ဘုရား  ။ သမားကောင်းတို့ မည်သည်မှာ  ရောဂါ တွေ့မှ ဆေး ပေး ရပါသည် ဘုရား ။ ရောဂါ မသိ အနာ မရှိသသူများအား ဆေးစားရန် လိုက်လံ ပေးနေပါက ကိုယ့်ကိုကိုယ် ဖော်  မသူတော်မျိုး ထဲ ပါသွားတတ်သည်မို့ ဆင်ခြင်နေခြင်း ဖြစ်ပါလိမ့်မည် ဘုရား” 




“ ငမောင်ကြီး တင်လျှောက်ချက် သည် လျှော်ကန်သင့်မြတ် လှပေတယ်ဗျ ။ ငခဲ ဟာလဲ ငါ ကိုယ်တော်မြတ် ကို စေတနာထားသူ မှန်ပေလိမ့်မယ် ” 




ဤသည်တို့ကြောင့် မင်းခစား ယောင်္ကျား ၊ ကမ်းနားသစ်ပင်  ဟု ဆိုခဲ့ခြင်း ဖြစ်ပေမည် ။  ဆေးတော်ကောင်း ဆက်သပြန်ပါသော်လည်း အဆက်သ နောက်ကျလေခြင်း ဟု အပြစ်တင်ရှိသလိုလို ဖြစ်နေသော ဘဝရှင် မင်းတရားကြီးဘုရား အား အကျွန် အလျှောက်ကောင်း၍သာ ငခဲ အထောင်း လွတ်ပေတော့သည် ။




အကျွန် ရွှေနန်းတော်ကြီး ထဲ  လာရောက် အိပ်စက်ရသည် ဆိုကတည်းက အရှေ့တော်ကြီး ရှိ မှန်နန်းစနုဆောင် ညီလာခံခန်းမ အနောက်ဘက်တွင် တင်းတိမ်ကာရံ၍ အခန်းဖွဲ့ပေးထားပါလေသည် ။




တခုသော ညချမ်းအချိန် အကျွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် စူးစူးဝါးဝါး ကြောက်လန့်တကြား

မိန်းမအော်သံ တသံ ကြားလိုက်ရသည်မှာ ....




“ ဘဝရှင် မင်းတရားကြီးဘုရား ဘာဖြစ်မှန်း မသိရသည်ကြောင့် ကယ်တော်မူကြပါ ” ဟူ၍ သဉ္ဇာလီညောင်စောင်း ထက်မှ ကြားလိုက်ရပါသည် ။ သည် အသံကြောင့် အကျွန် ၏ ဆောင်ဓါး ကို ဆွဲပြီး အသံထွက်ပေါ်လာရာ အနောက်တော်ကြီး သို့ အရောက် ပြေးသွားမိပါသည် ။ အကျွန် ရောက်ရှိချိန် အနောက်တော်ကြီး အနောက်ဘက်ဆုံး ဆောင်ကူးကြား လမ်းမပေါ်တွင် မင်းတရားကြီးဘုရား ပက်လက်လန် လဲ နေသည်ကို မြင်မိ၍ ထိတ်ကနဲ ဖြစ်သွားမိပါသည် ။ လက်နက်တော် တစ်ခုခု ထိပါး၍ သွေးအိုင်ထဲ လဲနေလေသလော ဟု  ထင်မိ၍ ဒရောသောပါး ပြေးသွားပါသည် ။ အသက်ပင် ရဲရဲ မရှူဝံ့လောက်အောင် တုန်လှုပ်ခြောက်ခြားလှပြီး ရင်တဖိုဖို ဖြင့်   အနားရောက်အောင် တိုးသွားပြီးမှ မရဲတရဲ ငုံ့ကြည့်မိပါတော့သည် ။ သွေးတစက်တလေ မမြင်ရတော့မှသာ ရဲရဲတင်းတင်း ကြည့်ရဲလာပါသည် ။  မင်းတရားကြီးဘုရား ဖြစ်ပုံ တွေ့ရတော့မှ စိတ်ချသွားကာ အမြှုပ် တစီစီဖြင့် တက်နေသည်ကြောင့် အနှိပ်တော်ဆက်ရန် ဒူးထောက်ထိုင်လိုက်သည် တွင် အနောက်နန်းမတော်ကြီး နှင့် အခြား ကောင်းစွာ မမှတ်မိသော မိဖုရားငယ် နှစ်ပါး ကို လည်း တွေ့ရှိရပါသည် ။




ထို မိဖုရားများ ကို မြင်တွေ့မိတော့မှ ပတ်ဝန်းကျင် ကို အကဲခတ်လိုက်ပါတော့သည် ။ တာဝန်ကျ အိပ်ဖန်တော်သား အတော်များများ လည်း မင်းတရားကြီးဘုရား လဲကျရာ ပတ်ဝန်းကျင် တဝိုက်တွင် စုပြုံဝိုင်းအုံ ဝန်းရံနေမှုကြောင့် လေထွက် ၊ လေဝင်လမ်းများ ပိတ်ဆို့ကာ လှောင်အိုက်လျက် အိုက်စပ်ပူလောင်နေသည် ကို သတိပြုမိပါသည် ။ သို့ဖြစ်သည်ကြောင့် အကျွန် လည်း အနှိပ်တော် မဆက်သေးပဲ အကြံထုတ်၍ မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း  တွေးယူနေသခိုက် အနောက်နန်းမတော်ကြီးကပင် “ ဟဲ့ ... အိပ်ဖန်တော်သားတွေ သမားတော်ကြီးတွေ ပင့်ချေပါ ။ မင်းတရားကြီးဘုရား  ရေတိမ်နစ်ရချေရဲ့ ။ နီးရာ သမားတော်ကြီး ကို အမြန် ပင့်ချေကြပါ ” 




ဟူသော အသံကို ကြားရသည်မှ သမားတော်ကြီးများ ပင့်၍  ကုသစေသည်မှာ အသင့်လျော်ဆုံး ဖြစ်မည်ကို အကျွန် လည်း သဘောပေါက်သွားပါသည် ။




“ သမားတော်ကြီး ဦးစံဝင်း နဲ့ သမားတော် ဦးနက် ရဲ့ အိမ်ဟာ ရွှေနန်းတော်ကြီး နဲ့ အနီးဆုံးမို့ သူတို့ နှစ်ဦး ထဲက တဦး ကိုတော့ အမြန်ပြေးပင့်ချေပါ ”  အကျွန် စေလွှတ်လိုက်ချိန် အဆုံးတွင် အကျွန့် နောက်နားမှ  မိဖုရားငယ် တဦး အသံ ပေါ်ထွက်လာပြီး ။




“ နန်းမတော်ကြီးဘုရား  မင်းတရားကြီးဘုရား ဝေဒနာတော် ဟာ ဘယ် သမားတော်  ဘယ် အနှိပ်တော် နှင့်မှ

ကုသ၍  ရနိုင်မည် မဟုတ်ကြောင်းပါဘုရား ။ ဘုရား ကျွန်မ ကိုသာ ကုသခွင့်ပြုတော်မူပါ ” 




“ ဟယ် ... မိကွန်း ။ နင် တကယ် ပြောသည်လား ” 




“ မှန်လှပါ ။ အချိန်တော် လွန်သွားရင် ခက်ပလိမ့်မယ် ဘုရား ။ ဘုရား ကျွန်မ ကိုသာ ကုသခွင့်

ပေးတော်မူပြီး ဘုရားကျွန်မ အလိုရှိတဲ့ ပစ္စည်း မြန်မြန် ရှာပေးတော်မူပါ ” 




မိဖုရားငယ် က မင်းတရားကြီးဘုရား ကိုယ်တော်ပေါ်မှ တနေရာ ကို လက်ညှိုးထိုးပြသရင်း နန်းမတော်ကြီး အား  တင်လျှောက်နေသည် ကို  ကြားမြင်ရသော အကျွန် မှာ နားမလည် သဘောမပေါက်သော်လည်း ရောဂါ ပျောက်ကင်းစေမှု အတွက် အာမခံရဲသော ထိုမိဖုရား တောင်းဆို အလိုရှိသော ပစ္စည်းများ ရှာဖွေပေး၍ မင်းတရားကြီးဘုရား ၏ ရောဂါတော် ကိုသာ အမြန် ကုစားတော် မူစေလိုပါသည် ။ သို့သော် မင်းတရားကြီးဘုရား ၏ အသက်စည်းစိမ် တို့ကို အကျွန် ထက် ပိုမို ချယ်လှယ်နိုင်ခွင့် ရှိသော မိဖုရား တို့ အလယ်မှာ အကျွန် သည် မျက်စိသူငယ် နှင့် ဖြစ်နေရသခိုက် တောင်နန်းမတော် မင်္ဂလာဒေဝီ အဂ္ဂမဟာဒေဝီ မိဖုရားခေါင်ကြီး က .....




“ ဟဲ့ ... ပြောစမ်းပါ မြန်မြန် ... နင် ဘာ အလိုရှိသလဲ .. ရွှေနန်းရှင် မောင်မောင်ဘုရား

ကျန်းဂန်တော် မူဖို့သာ အရေးကြီး သဟဲ့ ” 




“ မှန်လှပါ ... ရိုင် လိပ် တလိပ်သာ မြန်မြန် ပေးသနားတော်မူပါ  မမဖုရား ” ဟု မိဖုရားလေး ၏ လျှောက်တင်သံ အဆုံး အကျွန် ကပင်




“ ရပါစေမယ် အရှင်မိဖုရား ”  ဟု လျှောက်ထား လိုက်ရသည် ။ ထိုမှ တဆက်တည်း  “ ဟေ့ .. အိပ်ဖန်တော်မှူး  ရိုင်လိပ်တလိပ် ကို ခု အမြန် ယူဆက်စမ်း ... အချိန်နှောင်းလို့  မင်းတရားကြီးဘုရား အတွက် ကြောင့်ကျတော်မူကြရင် နင့် အသက် ကွပ်မျက် မဟဲ့ ” 




အကျွန် လည်း ဟိုလူလိုလို ဒီလူလိုလို စောင်းမျောင်းကြိမ်းမောင်းရင်း ရိုင်လိပ် အယူခိုင်းလိုက်ပါသည် ။

ရိုင်လိပ် သွားယူချိန်တွင် လူအုပ်မှာ အတော်ပင်  ကြီးမားနေချေပြီ ။ လူရှစ်ဆယ်ကျော် တရာ နီးပါမျှလောက်

ဝန်းရံထားသည်ကြောင့် အတော် လှောင်အိုက်နေပုံ ရပါသည် ။ တောင်နန်းဒေဝီ အဂ္ဂမဟေသီ

မိဖုရားကြီး အား လူအုပ် ဖယ်ရှင်းပေးပါမှ လေဝင်မည် ။ လေအေး ၊ လေကောင်း  ဝင်လာလျှင် မင်းတရားကြီးဘုရား အတွက် ကောင်းမည် ထင်ကြောင်း တင်လျှောက်မှ  မိဖုရားခေါင်ကြီး အမိန့်ဖြင့် လူအုပ် ကို ဆယ်လံ အကွာ မှ  ခစားနေစေပါသည် ။ ရိုင်လိပ် အယူသွားသသူ အိပ်ဖန်တော်သားလည်း ဆယ်ဗီဇနာ (ဆယ်ခုနှစ် မိနစ်သာသာ ) အတွင်း ရောက်ရှိလာပါလေသည် ။ ရိုင် ရလျှင် အကျွန် ကပင် .... “ ရိုင်လိပ် ရောက်ရှိလာကြောင်းပါဘုရား” ဟု တင်လျှောက်လိုက်သည်ကြောင့် ထို မိဖုရား ကပင်  အကျွန့် အား ....




“ မင်းတရားကြီး ဘုရား ကို ရိုင် ပတ်လိုက်စမ်းပါ ။ မြန်မြန် ပတ်လိုက်ပ ” ဟု အမိန့်ပေးပါလေသည် ။ အကျွန် လည်း မဆိုင်းမတွ ပင် ပတ်ပေးလိုက်ပါသည် ။ ( ရိုင် ဆိုသည်မှာ အမြင့် တတောင့်ထွာ ၊  အလျား အတောင် နှစ်ဆယ် ရှိပါသည် ။ ဝါး ကို နှီးစိပ်၍  ဖျာ ကဲ့သို့ ယက်လုပ်ထားပါသည် ။ လှည်းပေါ်တွင် ပစ္စည်းများ သယ်ယူရာတွင်  ပိုမို သယ်ယူနိုင်ရန် ရိုင် ကို  ကာရန်တင်ဆောင်ကြပေသည် ။ ရိုင် ကို ရှည်လျားသောကြောင့်  လိပ် ၍ သိမ်းဆည်းကြရိုး ထုံးစံ ရှိပေသည် ။ )




မည်သည့် ယောက်ျား မျှ အနားတွင် မရှိစေရ ဟု မင်းတရားကြီးဘုရား ၏ ဝေဒနာတော် ကုစားမည့်

မိဖုရား က ဆိုမိန့် သဖြင့် အကျွန် လည်း မင်းတရားကြီးဘုရား အနား မှ မခွာချင်ဘဲလျက် နှင့် ခွာထွက်ခဲ့ရပါသည် ။ နန်းမတော်ကြီးများ နှင့် မောင်းမမိသံ အခြွေအရံ ၊ သင်းပင်း မိန်းမများ အားလုံး ကိုလည်း ရိုင်လိပ် နှင့် လေးငါးလှမ်း အကွာဝေး မှ ကျောပေး ရပ်နေစေပါလေသည် ။




အကျွန် လည်း ထူးခြားလှသော  အမိန့်တော်သံ ကို နာခံရလေသည်ကြောင့် မင်းတရားကြီးဘုရား အတွက် စိုးရိမ်ကြောင့်ကျ ဗျာပါရ စိတ် ဝင်ရောက်လာကာ အရေးအခင်း တစုံတခု ပေါ်ပေါက်လာပါက အမြန် ဝင်ရောက် ကယ်တင်နိုင်ရန်  မလှမ်းမကမ်းမှ နေ၍ အသင့်ခစားမည် ဟု ပိုင်းဖြတ်လိုက်ပါသည် ။ အကျွန် လည်း အနီးဆုံး အကာအကွယ် ဖြစ်နေသော မြောက်ဆောင်တော် ကျည်းရှင်တံခါးပေါက် ကို မြင်မိ၍ ကျည်းရှင်တံခါး အကွယ် တွင် ဝင်ရောက် ပုန်းအောင်းနေလိုက်ပါသည် ။




ထို မိဖုရား ရိုင်ပတ် အတွင်း ဝင်သွားသည်ကို တံခါးကြား မှ မြင်နေရပါသည် ။ လအရောင် အား မကောင်း၍

ဝိုးတဝါး ဖြင့် ထို မိဖုရား သည် ကိုယ်တော့် အပေါ်တွင် ခွစီးလျက် လှုပ်ရှားနေဟန် မြင်နေရပါသည် ။

မန်းမှုတ်နေသလို နှင့် တူသည်ဟုလည်း ထင်မိသည် ။ အကျွန် နှင့် သုံးလေးလံ မျှသာ ဝေးကွာသော်လည်း ကြယ်ရောင်သာသာ ထွန်းလင်းနေသော လဆုတ်အားဖြင့် ရိုင် အကွယ်အကာ ကင်းလွတ်သည့်

ပုခုံး အထက်ပိုင်း ကိုသာ မထင်မရှား တွေ့ရပေသည် ။ ဆောင့် လျက် ဖိသတ်နေသယောင်လည်း

ထင်မှတ်ရပါသည် ။




ကြည့်ရင်းကြည့်ရင်း နှင့် ပင် မင်းတရားကြီးဘုရား လည်မျိုတော်ကို ညှစ်နေသည့် ပုံစံမျိုးဖြင့်

ကုန်းကွကုန်းကွ အမူအရာမျိုး ကို ကွဲကွဲပြားပြား မြင်ရ၍ ဆောင်ဓါး ဖြင့် တအား ဝင်ပိုင်းရ ကောင်းမလားဟု စိတ်ကူး ပေါက်လာပါသည် ။ ဒေါသ ထွက်၍ အကျွန့် တကိုယ်လုံးလည်း တဆတ်ဆတ် တုန်လာသည်ကို သတိပြုမိပါသည် ။  ဆောင်ဓါး ကိုပင် လက်ဖြင့် စမ်း၍ ယောင်ယမ်း ဆွဲမိပါသေးသည် ။ မိဖုရားကြီးများ အလယ်တွင် မင်းတရားကြီးဘုရား ကို လုပ်ကြံ သတ်ဖြတ်ဝံ့မည် မဟုတ်ကြောင်း နောက်မှ တွေးမိ၍ စိတ်အေးသလို ရှိသွားပါသည် ။




ထိုသည်ကြောင့် တံခါးကြား မှ ဂရုတစိုက် ချောင်းကြည့်ပြန်ပါသည် ။ ရိုင် ပေါ်တွင် လွှားတင်ထားသော အရာတခု သည်  လရောင် ၊ ကြယ်ရောင်  မလင်းတလင်း အောက်တွင်  တလက်လက် တောက်ပနေသည်ကို မြင်မိပါသည် ။ ထို အရာကား အဘယ်နည်း .... ။ မည်သို့သော ပစ္စည်း ဖြစ်နိုင်ပါသနည်း ဟု အပြေးအလွှား တွေးတောကြည့်လိုက်သောအခါ မိဖုရားများ ဝတ်ဆင်သည့် ဘော်စီ ရွှေချည်ထိုး ထမီ ဖြစ်နိုင်ကြောင်း စဉ်းစားမိပါသည် ။  မင်းတရားကြီးဘုရား တွင် အပမှီသည့် အတွက် ထမီ အုပ်ပြီး မန်းမှုတ် ကုစားနေရသလော ။ ကုစားမန်းမှုတ် နိုင်သော နာနာရုပ် လောကီပညာ ကို တတ်မြောက်သော မိဖုရား ရှိသည် ဟုလည်း တခါမျှ  မကြားမိ ၊ မသိရပါပေ ။ ထို မိဖုရား လက်ဝယ်တွင်လည်း ထမီ အပို မပါခဲ့သည် ကို အကျွန် ကောင်းစွာ မှတ်မိပါသည် ။ ရိုင်ပတ် ပေးရင်း  မည်သည့်  မိဖုရားနည်း ဟု စေ့စေ့စပ်စပ် မှတ်မိအောင်  ကြည့်ခဲ့ မိ၍ မိဖုရားလေး တွင် ထမီ အပို မပါကြောင်း ကို အသေအချာ သတိရလာပါသည် ။




အကျွန် တွေးမိပြန်ပါသည် ။  ဤ ထမီသည် မည်သူ့ ထမီဖြစ်ရအံ့ နည်း ။ အဘယ်သို့သော အကြောင်းကြောင့် ဤ မိဖုရား သည် မင်းတရားကြီးဘုရား ကိုယ်တော် အပေါ် ရာရာသသ တက်၍ လှိုင်းစီး သကဲ့သို့ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေရပေသနည်း ။ အကျွန် မသိသော ရောဂါ ၊ အကျွန် မခန့်မှန်းနိုင်သော မင်းတရားကြီး ဝေဒနာ ကို ကြိုးစား ၊ ပမ်းစား ကုစားပေးနေသော မိဖုရားလေး အပေါ် ဂရုဏာစိတ် တို့ပင် ယိုဖိတ်လာပါသဖြင့် စောစော က   ပြစ်မှား မိသော အကျွန့် ကိုယ် အကျွန် အပြစ် တင်ချင်သလို ဖြစ်လာပါသေးသည် ။




ကြည့်ရင်း ကြည့်ရင်းနှင့်ပင် လှုပ်ရှားမှုမှာ ပိုမို သွက်လက်လာပါသည် ။ မိဖုရား ကိုယ်တော်တိုင်လည်း မောပန်းလာဟန် ရှိလာပေသည် ။ “ ဟော .. ဟော ” ဟု သက်ပြင်းရှည် ဆွဲ၍ချလိုက်သံမှာ ဘဝရှင်မင်းတရားကြီးဘုရား အသံ ထင်ပ ။ အိုး .... မိဖုရားလေး က ထမီ ကို လှမ်းယူလိုက်ပေပြီ   ။ “ ဟင်း .... မိကွန်း ပေးတဲ့ အသက် ရှိတော့ပါကလား ”  ဟူသော မင်းတရားကြီးဘုရား ၏ အသံတော် ကို  ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပေပြီ ။ ဘဝရှင်မင်းတရားကြီးဘုရား  သတိ လည်လာတော် မူချေပကိုး ။ အလို မိဖုရားလေးဘုရား  ရိုင်ပေါ် က ကျော်လွား ထွက်ပြီး ခပ်သုတ်သုတ် ပြေးသွားပါပေါ့လား ။ တအံ့တဩ ကြည့်ရင်းနှင့်ပင် မင်းတရားကြီးဘုရား  ထလာတော်မူသည် ကို မြင်မိ၍  အကျွန် လည်း တံခါးကွယ်မှ ထွက်လိုက်ပြီး မင်းတရားကြီး ထံပါး သွားရောက် ခစားပါသည် ။  မင်းတရားကြီးဘုရား အနား အကျွန် ရောက်ရှိချိန်တွင် တောင်နန်းမဟေသီ အနောက်နန်းမိဖုရားကြီး မှ အစ တွဲကူနေသူ ၊ ခြေတော် ကိုင်ရမလို ၊ လက်တော် ကိုင်ရမလို ဖြစ်နေသသူ  မိဖုရားများ အားလုံး ပြာလောင်ခတ်နေသော်လည်း မင်းတရားကြီးဘုရား က တည်ငြိမ်အေးဆေးသော လေသံဖြင့်   ....




“ စိုးရိမ်တော် မမူကြပါနဲ့ အမိတို့ .... မောင်မောင်ဘုရား  ကျန်းခန့်တော်မူကပြီပဲ  ... စိတ်ချလက်ချ ကိုယ့် အဆောင် ၊ ကိုယ့် စံနန်း သာ မြန်းကြပေရော့ ” 




မိဖုရားကြီး ၊ ငယ် မောင်းမမိသံများ လည်း မင်းတရားကြီးဘုရား အား ခြေတော်ဦးခိုက်ကြပြီး ထွက်ခွာသွားကြပါသည် ။ မိဖုရားကြီး များ ထွက်ခွာပျောက်ကွယ် သွားလေကြကုန်တော့မှ အကျွန်တို့ ဘက်သို့ မင်းတရားကြီးဘုရား လှည့်တော်မူရင်း .... “ ငမောင်ကြီး သာ ငါ ကိုယ်တော်မြတ် နဲ့   ရှိပစေကွယ် ရို့ ။ အိပ်ဖန်တော်သားများ လည်း ကိုယ့် တာဝန် ကိုယ်သာ မလစ်ဟင်းစေအောင်  သွားရောက် ထမ်းရွက်ကြပေရော့ မောင်မင်းများ ဗျား ” 




အမိန့်တော်မြတ်အတိုင်း အိပ်ဖန်တော်သား အားလုံး မင်းတရားကြီးဘုရား အပါးမှ ထွက်ခွာသွားကြပါသည် ။ အကျွန် မှ တပါး တဦးတယောက်မျှ  မင်းတရားကြီး  အပါး မရှိတော့ချိန်ကြမှ .... “ မှန်လှပါ ... ဘဝရှင် မင်းတရားကြီးဘုရား  မည်သည့် ဝေဒနာတော်ကြောင့် သည်သို့ ဖြစ်တော်မူရပါသနည်း ဘုရား ” 




“ အိမ်း ... ဘယ်သို့သော ဝေဒနာတော် ဆိုသည်ကို သမားတော် ငခဲ လာမှ  မေးစမ်းရမည်ပ ၊ ငါ ကိုယ်တော်မြတ် ငခဲ ဆက်သသည့် ဆေးတော် ကို စွမ်းအင် အတိအကျ သိရှိရန် ယနေ့ အခါတိုင်း ထက် နှစ်ဆ ပို စားမိ သဟ” 




မင်းတရားကြီးဘုရား ပြန်ကြားချက်ကြောင့် အကျွန့် မှာ ရင်ဘက် ကို လက်နှစ်ဖက် ဖြင့် ကိုယ့် ကို ကိုယ် ဖိရင်းက “ မြတ်စွာဘုရားအပေါင်း တသောင်း ကယ်တော်မူကြပါ ဘုရား ၊ ကယ်ဆယ်တော်မူကြပါ ” အကျွန့် အမူအရာကို   မင်းတရားကြီးဘုရားကြည့်၍  ပြုံးတော်မူရင်းကပင် ဆက်လက်၍ “ သုံးဆယ်အဆောင် ကနေ ကြေးမျှင် ပ  ။ ကြေးမျှင်မိဖုရား အဆောင်က အထွက် နင် မြင်သည့်အတိုင်းပေ ပ ။ နင် သိကြားရပုံကိုလဲ နားတော် လျှောက်စမ်းဘိ ငမောင်ကြီး ” 




“ ဘုရား ၊ သိကြား နဲ့ သမာဒေဝနတ်ကောင်း နတ်မြတ်တွေသာ လျစ်လျူရှုနေကြတော့မယ်ဆိုရင် မင်းတရားကြီးဘုရား ဆေးတော် စမ်းတာနဲ့ ရှိသမျှ မိဖုရားတွေ အနိစ္စသဘော နဲ့ ကိစ္စချော ကုန်တော့မှာ သေချာသ ဘုရာ့  ။ ခြိုးခြံတော်မူမှ သင့်လျှော်မည်  ဖြစ်ကြောင်းပါ ဘုရား” 




“ သယ် ... ငမောင်ကြီး  သောက်စကားတွေ  များလှသကွယ် ။ နင် ကြားသိရပုံ ကို နားတော် လျှောက်စမ်းပါ့ဆို  ” 




“ ကျွန်တော်မျိုးကြီး အိပ်ပျော်နေရာမှ မည်သည့် မိဖုရား အသံမှန်း မသိသော မိန်းမအသံ တသံဖြင့် ကြောက်လန့် တကြား  “ ဘဝရှင် မင်းတရားကြီးဘုရား ဘာဖြစ်တော်မူမှန်း မသိသောကြောင့် ကယ်တော်မူကြပါ  ” အော်သံ အကြား ကျွန်တော်မျိုးကြီး လည်း ဆောင်ဓါး ဆွဲပြီး အပြေးအလွှား လာခဲ့ပါသသည် ဘုရား ... ကျွန်တော်မျိုးကြီး မင်းတရား ထံတော် အပါး ရောက်ရှိချိန် ကိုယ်တော်ဘုရား ပက်လက် အမြှုပ် ထွက်၍ တက် နေသည်ကို  မြင်မိကြောင်းပါဘုရား ” 




“ ဟုတ်ပေမဗျ ... ကြေးမျှင် မိဖုရား ဟာ ငါ ကိုယ်တော်မြတ် ကို ထုံးတမ်းစဉ်လာ အတိုင်း အဆောင်တော်ဝ အထိ လိုက်ပို့တော်မူသဟာကိုတော့ သတိတော်  ရှိပါလေရဲ့ ။ ကျိုင်းတုံ အဆောင်တော် လှမ်းဖို့ ကြွမြန်းရင်းပဲ တရိပ်ရိပ် နဲ့ တက်လာတဲ့  သွေးသားတော်တွေဟာ ဝမ်းတော်ကနေ ရင်တော် ၊ ရင်တော် ကနေ ဦးခေါင်းတော် အရောက် မူးသွားဟန် ရှိသဟဲ့ .. ငမောင်ကြီး ရဲ့ ” 




“ အဲသဟာကြောင့် သမားတော်ငခဲ က တန်လျှင် ဆေး ၊ လွန်လျှင် ဘေး လို့ တင်လျှောက်ထားခဲ့ခြင်း

ဖြစ်ရမည်ထင်ကြောင်းပါ ဘုရား ” 




“ ဟုတ်ပေမပေါ့ ...ကဲ ငမောင်ကြီး ၊ ဓါးထမ်းရင်း အဆောင်တော် အပြင်ကနေ စောင့်အုံး ။ ငါ ကျိုင်းတုံ မိဖုရား ထံ ဝင်လိုက်ဦး မဗျ ” 




မင်းတရားကြီးဘုရား အဆောင်တော် အတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့မှ  အကျွန် လည်း သက်ပြင်းချမိပါသည် ။ ယခု အချိန်တွင်မူ ငခဲ ဆေးတော်ကြောင့်  လှိုင်ထိပ်ထား က “ စိန်ခြူးကြာညောင် ” ချီ ဘောလယ် ရေးဖွဲ့တော် မူခဲ့ရသည် ဆိုသော စကားကို အကျွန် သံသယ မဖြစ်တော့ပါ ။




ယခုပင် အဆောင်နှစ်ဆောင် မိဖုရားသုံးပါး တို့ ထံမှ ကြည်နူးမှု ရယူခဲ့ပြီးလေမှ ကျိုင်းတုံ အဆောင်တော် သို့

ဝင်တော်မူချေပြန်သည် ။




တရွာလုံး နှင့် ရန်ပြုသော ယစ်သမား ငမူး အတွက် အဆုံးအဖြတ် ပေးရန် ခက်ခဲသကဲ့သို့ တရွာလုံး ကပင် ဆိုးရွား သလော ...  တယောက်တည်းသော ယစ်သမား ငမူး ကပင် ဆိုးလေသလော ဆိုသည့် ပုံပမာနှယ် မည်သူ့ကို အဆိုး ပြုရမည်မှန်း မသိတော့ပါ ။ သည်တခါ မင်းတရားကြီးဘုရား တခြား တပါးသော အဆောင်တော် သို့ ကူးဝင်တော် မူဦးမည် ဆိုခဲ့ပါလျှင် မိုးစင်စင် လင်းပေတော့မည် ။




တုံးကြီး ခေါက်သံပင် ကြားနေရချေပြီ ။ နောက် တဗဟိုရ် ရှိသော် အာရုဏ် တက်ပေတော့မည် ။ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် မှ  အာရုဏ်ဆွမ်းချက်ရန် နှင့် ကျောင်းတွင်း ၊ ဇရပ်တွင်း သန့်ရှင်းရေး ပြုလုပ်ရန် နှိုးဆော်သည့် တုံးကြီး ခေါက်သံ သည် အာရုဏ် မတက်မှီ တဗဟိုရ် အလိုတွင် နေ့စဉ်မှန်မှန် ခေါက်လေ့ ရှိပါသည် ။ အကျွန်လည်း လိုသည်ထက် ပိုမို၍ အသုံးပြုလျှင် ထက်မြက်သော စွမ်းအင်ဖြင့် တန်ခိုးပြတက်သော ငခဲ ဆေးတော် လက်ဝယ် ရောက်ရှိနေသည့် မင်းတရားကြီးဘုရား အတွက် တမြှော်တခေါ်ကြီး  စဉ်းစားမိပါသည် ။




လိုသည်ထက် ဆေးတော် ကို ပိုမို၍ အသုံးပြုလျှင် စပ်ကူးမတ်ကူးကြား ကာလအတွင်း ဖြစ်ပေမင့် အရှိန်အဟုန် ပြင်းစွာဖြင့် တန်ခိုးတော် ပြတတ်သော ဆေးတော် သည် မိဖုရား များလှသော မင်းတရားကြီးဘုရား နှင့်မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံရသည့် အတွက် နောင်သောကာလတွင် မမြှော်မှန်းနိုင်လောက်အောင် တိုးပွားလာဦးမည့် သွေးတော် ၊ သားတော်များ အတွက် မြို့သစ် တစ်ခုများ ထပ်မံ တည်ပေးရပေဦးမည်လား မဆိုတတ် ။ အကယ်၍ မြို့တော်အသစ် တည်ဆောက်ပေးဖို့  အကျွန့် အား တာဝန်ပေးခဲ့ပါလျှင်  .....




ဤကဲ့သို့ ဆိုသော် နန်းတွင်း  အရှုပ်အရှင်းများ ကင်းရှင်းသော စီမံကိန်းကို မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ရမည်ကို အကျွန် မကြံစည်တတ်၍  စိတ်မောနေသခိုက် ဆောင်ဓါး ထမ်းရင်း စဉ်းစားနေသော အကျွန့် ပုခုံး အား မင်းတရားကြီးဘုရား က  နောက် က ပုတ်လိုက်လေသည် ။




“ မှန်လှပါဘုရား ... လင်းကြက်တွန်ကြူးသံ ကြားနေရပါ သဖြင့် မင်းတရားကြီးဘုရား ကျေနပ်တော် မူလောက်ပြီ ထင်ကြောင်းပါ ဘုရား ” 




“ အိမ်း ... ငါ ကိုယ်တော် စဉ်းစားတော်မူနေ သဟ  ။ ခြိုးခြံတော် မူလိုက်ရရင်  မောင်မင်းတို့ တတွေ

ဒုက္ခ ပွေနေဦးမလား လို့ .... ငမောင်ကြီး ရဲ့ ” 




“ သည်းခံ၍  ခြိုးခြံတော်မူပါ  မင်းတရားကြီးဘုရား  ၊  ခြိုးခြံရတဲ့ အတွက် ဒီလို ဒုက္ခမျိုးတွေ

ထပ်တွေ့လာရမယ်ဆိုရင်  ငမောင်ကြီး ရင်စီးပြီး ခံပါ့မယ်  ဘုရား ” 




“ ငါ ကိုယ်တော်မြတ်ကြီး ရဲ့ ဒုက္ခကို ငမောင်ကြီး ကယ်နိုင်တာ မှတ်နေသလား မောင်မင်း ရဲ့ ” 




“ ဘုရား ကျွန်တော်မျိုးကြီး သိပါ့ ဘုရား ။ မင်းတရားကြီးဘုရား ခြိုးခြံတော် မူလိုက်မယ်ဆိုလျှင် အရှင့် အပါးမှာ  ကျွန်တော်မျိုးကြီး ရော ၊ ရိုင်လိပ် ရော ၊ မိဖုရား မယ်ကွန့် ရော နံနက် လင်းလျှင်  လင်းချင်း အဆင်သင့်  ခစားလျက် ရှိနေပါစေ့မယ် ဘုရား ” 




အကျွန် ၏ တင်လျှောက်ချက် အဆုံးတွင်  မင်းတရားကြီးဘုရား လည်း ရယ်မောရင်း  ...




“ ကောင်းသဗျ ။ ကောင်းသဗျ  ။ နင် ပြောသည့် တာဝန် လစ်ဟင်းလျှင် နင့် ခေါင်းကို ငါ ကိုယ်တော်တိုင် ဖြတ်ပြီး သတ်ရမယ်ဗျ ” ဟု ပြောကြားလျက်  မင်းတရားကြီးဘုရား လက်ယာ လက် ဖြင့် အကျွန့် ရောင် ကို ဆွဲကာ စက်တော် ခေါ်ရန် မှန်နန်းဆောင် ဆီ သို့ ကြွမြန်းတော် မူပါလေသည် ။




“ မင်းတရားကြီး ဘုရား ၏ ရွှေစိတ်တော် မြူးကြွ၍ အကျွန့် ကို ကြည်စယ်လိုသော သဘော နှင့် ရောင်ပေစူး ကို ဆွဲရာတွင် လှုပ်ခါ ရမ်းခါ နှင့် နာကျင်အောင် အကျွန် အား ပြုငြားသော်လည်း အကျွန် မှာ နာချိန် မရ ။ အော်ရန် ဂရုမထားမိ ။ အကျွန် စိုးရိမ်မိသည်ကား တစ်ခုသာ ရှိ၏ ။ မင်းတရားကြီးဘုရား စားတော်မူသော “ စိန်ခြူးကြာညောင် ” ဆေးတော် ကို မခြိုးခြံဘဲ ပိုမို၍ နေ့စဉ်စားသုံးနေမည် ဆိုပါလျှင် နေပြည်တော် ရတနာပုံ တွင် မိန်းမ ရှားပါးသွားမည် ကိုသာ စိုးရိမ်ကြီး စိုးရိမ်နေမိပါသည် ။




“ ခြိုးခြံတော်မူပါဘုရား ” 




     ဤတွင် ပြီးဆုံးပါပြီ   ။



အပိုင်း ( ၃ )  ❝  မာန်စွယ် ကျိုးပါပေါ့  ❞ ကို ဆက်လက် တင်ပေးပါမည် ။


koaungnaingoo.blogspot.com


.