Friday, December 3, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 06


 ❝ မာန်စွယ်  ကျိုးပါပေါ့❞


“ ကိလေသာ တမန်နှင့် ၊ လက်ရစ်သံစမ်းလိုက်လို့ ၊ သွေးဖြန်းဖြန်းထစေ့မယ် ...”  


             ◾  ဦးပုည


“ ဟဲ့  ... ငမောင်ကြီး  ၊ ငါကိုယ်တော်မြတ် ရွှေနန်းတော်အတွင်း လှည့်လည် စံမြန်းနေရတာ ငြီးငွေ့တော်မူသလို  ရှိတော်မူတာကြောင့် တပြောင်းတလွဲလေး ဖြစ်စေရအောင် အကြံတော်သစ် ဆက်စမ်းပါ့ ” 


“ မှန်လှပါ ဘဝရှင်မင်းတရားကြီးဘုရား ၊ ရုပ်သွင်တော် ပြောင်းလွှဲခါ နန်းမြို့တော် အပြင်ရပ်ကွက်များအတွင်း  ကျင်းပပြုလုပ်နေသော ကထိန်ပွဲခင်းများတွင် ပွဲတော်ကြည့်လိုလျှင် ပေါများလှကြောင်းပါ  ဘုရား ” 


“ မိုက်လိုက်ပါဘိ ငမောင်ကြီး ရယ်  ။ ငါ့ ရွှေနန်းတော်ကြီး မှာ ဆယ့်နှစ်လ ဆယ့်နှစ်ရာသီပွဲတော် အမျိုးမျိုး ကျင်းပပြုလုပ်နေမှန်း နင် အသိသားနဲ့  ။ ဒီနေ့က လွန်မြောက် နောက်နှစ်ရက် ရောက်ရင် နက္ခတ်သဘင်ပွဲ မှာ ငါ ကိုယ်တော်မြတ် အကန်တော့ခံရမှန်း မသိဘဲ နေလေရော့သလား” 


ငယ်ကျွန်တော်  အိမ်တော်ပါ လက်စွဲတော်ကြီးပီပီ ဘောင်းတော်ညိမ့်ရုံမျှဖြင့် စိတ်တော်သိပြီးဖြစ်သူ ဦးရွှေမောင်ကြီး မှာ မင်းတရားကြီးဘုရား ဘာကို အလိုတော်ရှိနေမှန်း သိလျက်နှင့် မင်းတရားကြီးဘုရား ရွှေနှုတ်တော် မှ အလိုတော် ဆန္ဒ ကို ထုတ်ဖော်မိန့်တော်မူ လာစေသော သဘောစိတ်ထား ရှိပါသည် ။ သို့မို့ကြောင့် မသိကျိုးကျွန်ပြုခါ ခြေတော်ဦးခိုက်ရင်း .....


“ မင်းတရားကြီးဘုရား  အလိုတော် ကို  ဘုရားကျွန်တော်မျိုးကြီး မရိပ်စားမိသည် ကို တင်လျှောက်ရခြင်းအတွက် အပြစ်မှ ခွင့်လွှတ်တော်မူပါဘုရား ။ သီတင်းကျွတ်လ မီးထွန်းပွဲတော် ကို ဘုရား ကျွန်တော်မျိုးကြီး နှင့် အတူ ဘဝရှင်မင်းတရားကြီးဘုရား မြို့တော် ရတနာပုံ အတွင်း ရုပ်ဖျက်ရင်း လည်ပတ်ရသည်မှာ  စိတ်တော် အထူးကြည်နူးရသည် ဟု မိန့်တော်မူဘူးသည်ကြောင့် တင်လျှောက်ရခြင်းပါဘုရား” 


“ သည်လို ရုပ်ဖျက် စနည်းနာနည်းမျိုးကိုတော့ ငါကိုယ်တော်မြတ် မပြုလုပ်လိုတော့ဘူးငမောင်ကြီးရဲ့  ။  ခွေး ပေါများလှတဲ့ ရတနာပုံမြို့တော် အတွင်း လှည့်လည်သွားလာနေကြတဲ့ ကင်း တွေကို လွတ်အောင် ရှောင်ကွင်းရတာ မလွယ်ကူမှန်း ငါ ကိုယ်တော်မြတ် သိတော်မူကပြီပဲ” 


“ မှန်လှပါ ...  မင်းတရားကြီးဘုရား ၊  အဲသည်တုန်းက ခွေးလေ ၊ ခွေးလွင့်ဘေးမှ  လွတ်ကင်းအောင် အပြေးတော်မြန်လှသည်ကို ကျွန်တော်မျိုးကြီး အံ့ချီး  မဆုံးအောင် ရှိသပါသည် ဘုရား ” 


“ ငမောင်ကြီး တို့များ အရေးရယ် အကြောင်းရယ် ဆိုရင် အားကိုးရပေမလား  အောင့်မေ့တော် မူမိတာ ငါ ကိုယ်တော်မြတ်ကြီး အမှားပ  ။ အပြေးသာ  မကောင်းခဲ့လျှင် မင်းတရားကြီးဘုရား ခွေးစားလို့ နတ်ရွာလား ရှာပြီလို့  နင်သို့တတွေ ပြောရစ်ကြမည်ပ ”  ဟု မင်းတရားကြီးဘုရား လည်း  ပြောရင်း ဟက်တမော ရယ်လေသည်သောကြောင့် ဦးရွှေမောင်ကြီး လည်း ရောရောင်ရယ်မောရင်း လျှောက်တင်ပြန်သည် ။


“ ကျွန်တော်မျိုး လည်း တမဟုတ်ချင်း ခွေးလေခွေးလွင့်တွေ စုပြုံလိုက်တော်မူသည်ကြောင့် မင်းတရားကြီးဘုရား နှင့် အတူယှဉ် ပြေးရင်း မန်းကျည်းကိုင်း ခပ်နိမ့်နိမ့် ကို မြင်သည့် အတွက် သွေးလန့်ပြီး လှမ်းဆွဲမိပါသည် ဘုရား ။  ကိုင်းဆွဲရင်း သစ်ပင်ပေါ် ရောက်ရှိ၍ ခွေးများ ရန်က လွတ်ကင်းတော့မှ မင်းတရားကြီးဘုရား ကို သတိရတော်မူလို့ ပြန်ဆင်းခါ ခွေးအုပ်နောက် လိုက်ပြီး ခဲ နှင့် ထု၍ နှိမ်နင်းရန် အမှောင်ထဲ ခဲ ကုန်း အကောက်လိုက် မစင်ပုံ  နှိုက်မိပါသဘုရား ” 


“ သဟာဖြင့်  ငါ ကိုယ်တော်မြတ်ကြီး  ကံကောင်းသည် ဆိုရမည်ပ ။ ပြေးရင်းလွားရင်း ရေတွင်းတန်းကြီး ခုန်ဖမ်းပြီး တိုင် ကို ခြေ နဲ့လှမ်းအချိတ်လိုက် မှာ ငါ့ နောက်တော် ကို အပြေးကောင်း နဲ့ လိုက်လာတဲ့  ခွေးနှစ်ကောင် သုံးကောင် ရေတွင်းထဲ အားလွန် ကျကုန်တာကြောင့် ကျန်ရှိရစ်သည့်  ခွေးတွေ လှည့်ပြေးကုန်ကြလို့ပေါ့  ငမောင်ကြီး ရ ” 


“ ကျွန်တော်မျိုးကြီး မှာလည်း လက်နှစ်ဖက်စလုံးတွင်  ပေကျံနေသော  မစင်နံ့များ မှာ ကျွန်တော်မျိုးကြီး အား မခံမရပ်နိုင်အောင် နံစော်ပျို့အန့်တော်မူလာသည့် အတွက် လက်ကို ရေဆေးရန် ရေ အရှာမှာ ကင်းသမားများ နှင့် တွေ့၍  အချုပ်အနှောင် ခံရပါသည်ဘုရား” 


“ ငမောင်ကြီး လဲ အချုပ်ခံရ ၊  ငါ ကိုယ်တော်မြတ်ကြီး လဲ  ချမ်းမြသာဧ အရပ် က ဆင်ဖြူကန်သင်္ချိုင်းဇရပ် မှာ အနားယူရင်း စက်တော် ခေါ်မိတာကြောင့် သုဘရာဇာ တွေက သူသေ ထင်မှတ်ပြီး အဝတ်တွေ လာချွတ်လို့ သူတို့တတွေ နဲ့ လုံးထွေး သတ်ပုတ် လိုက်ရတာ မပြောပါနဲ့တော့ ငမောင်ကြီး ရာ ” 


“ မှန်လှပါ ... ကျွန်တော်မျိုးကြီး လဲ မင်းတရားဘုရား ရှိမည် ထင်ရာ မှန်းဆလိုက်ပါ ရှာဖွေသော်လည်း မတွေ့ရတော့ပဲ ၊ စကြာနွယ်စင် အရပ် မှ ရပ်ကွက်လူကြီး ငစံမြင့် ထိတ်တုန်း တွင် တညလုံး အိပ်ခဲ့ရပါသည် မင်းတရားကြီးဘုရား ” 


သို့လျှောက်တင်ရင်း ထိုစဉ်က အရိုက်ခံခဲ့ရသည် ကို အမှတ်ရမိ၍ ရောင်ယမ်းပြီး ကျောမှဒဏ်ရာဟောင်းများ ကိုပင် စမ်းသပ်မိပါလေသည် ။ မင်းတရားကြီးဘုရား လည်း ရယ်ပြီးရင်း ရယ်ရင်း ကြည်နူးစိတ်ဖြင့် ဆက်လက် မိန့်တော်မူလေသည် ။


“ သည်အခါ တိတ်တခိုး ထွက်တော်မူဖို့ ကိုတော့ ငမောင်ကြီး စီစဉ်ရမည် မှာ  ခွေးသံ လဲ မကြား လူသူ နဲ့ လဲ မဝေးကွာစေပဲ ညီညီ တည်ထောင်ဖွင့်လှစ်ထား တဲ့ ပြည်ကြီးပျော်ဘွယ်ရပ် က မိန်းမတန်း သွားပြီး ငါ ကိုယ်တော်မြတ် အကဲခပ်လိုတော် မူလှသဗျာ ” 


“ အမိန့်တော်မြတ် အတိုင်း အစီအစဉ် ပြုလုပ်တော်မူပါမည် ။ ဘယ်နေ့ ၊ ဘယ်ရက် ထွက်တော်မူပါမည်လဲမင်းတရားကြီးဘုရား” 


“ အိမ်း ....သည်ကနေ့ဆိုလျှင် သင့်မြတ်လှမည်ပေပ ။ ယခင် တကြိမ်ကလို  မီးစည်း ၊ မီးတိုင်တွေလဲမေ့ မနေပစေ နဲ့ ၊ ညီအစ်ကို မသိတသိ အချိန် ထွက်တော်မူမဗျား” 


“ အလိုတော်အတိုင်း ပြည့်ဝစေဖို့ နှင့် မမေ့မလျော့စေဖို့ရန် ကျွန်တော်မျိုးကြီး အစီအစဉ် ပြုလုပ်ပါမည် မင်းတရားကြီးဘုရား” 


ပင်းတလဲစား  ဦးရွှေမောင်ကြီး လည်း အလိုတော်အတိုင်း ဆောင်ရွက်ရန် မင်းတရားကြီးဘုရားအား ဦးခိုက်ပြီးနောက် ပန်းခုံတော် အုတ်တိုက်မှ ထွက်ခွာသွားပါသည် ။


( ပန်းခုံတော်တိုက် သည် ဘဝရှင်မင်းတရားကြီးဘုရား အနားယူရာတွင် အသုံးပြုသည့်အတွက် သီးသန့်ဆောင်တော် လို ဖြစ်နေပါသည် ။ အလိုတော် မရှိပဲ မင်းမိဖုရားများ အခစား မရှိစေရ ဟု ရွှေတိုက်တော် မှတ်တမ်းအရ  သိရှိရပါသည် ။ စာရေးသူ  )


ပီးခဲ့သော သီတင်းကျွတ် လဆန်း ( ၁၄ ) ရက်နေ့ ညပိုင်းတွင်  မင်းတရားကြီးဘုရား ငယ်ကျွန်ရင်း လက်ဆွဲတော်ကြီး ဦးရွှေမောင်ကြီး တို့ ဆင်းရဲသားအသွင် ပြောင်းလဲ ဝတ်ဆင်ကြပြီး ရွှေမြို့တော်အတွင်း လှည့်လည်ကြည့်ရှု စနည်းနာ ထွက်ကြပါလေသည် ။


ရတနာပုံနေပြည်တော် တွင် မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူအများ ပျော်ရွှင်ချမ်းမြေ့  ရှိပါ၏ လော ၊ မြို့အရေး  ရပ်အရေး သာယာဝပြော ဆန်ရေစပါး ပေါများပါ၏ လော ဟု ညီလာခံသဘင် တွင် မင်းတရားကြီးဘုရား သည်  မေးမြန်းစုံစမ်းလေ့ ရှိပါသည် ။  မေးတော်မူလေတိုင်း  ဝန်ကြီး ၊ ဝန်လေး ၊ အတွင်းဝန်များ တို့ ၏ အဖြေ မှာ အစဉ်အမြဲ အစဉ်အမြဲ လို တညီတညွတ်တည်း  ရပ်ရွာ သာယာအေးချမ်းလှပါသည် ဘုရား ။ စပါးဆန်ရေ ပေါများလှပါသည် ဘုရား ။  ရောင်းပန်း ၊ ဝယ်ပန်း ပွင့်လန်းကြသဖြင့် ရတနာပုံ နေပြည်တော် နှင့် တကွ မင်းတရားကြီးဘုရား စိုးမိုးအုပ်ချုပ် မင်းလုပ်တော် မူသော မြို့နယ်ခရိုင်များ အားလုံး တိုးတက်စီပင်ဝပြော သာယာပါလေသည် ။  စီးပွားရေး ကောင်းမွန်သည်ကြောင့်  သာသနာတော်လည်း  ထွန်းကားတိုးတက်လျက်ရှိကြောင်း သံတော်ဦး တင်ကြသည့်အတွက်  မင်းတရားကြီးဘုရား အနေဖြင့်  ယုံကြည်တော် မမူသလို  ရှိလာပါသည် ။


သူ ၏ နန်းစံသက်  ဆယ်နှစ် ကျော် ရှိလာသည့်တိုင် ရှေးထုံးစဉ်လာ ရှိသည့်အတိုင်း မင်းကောင်း ၊မင်းမြတ် တို့  ပြုမူဆောင်ရွက်ကြ သကဲ့သို့ ရုပ်ဖျက်၍  စနည်းနာ  တကြိမ်တခါမျှ မထွက်တော်မူသေးသည် ကို သတိရတော် မူပါလေသည် ။ ထိုသို့ သတိရတော် မူသည့်အတွက်  ကိုယ်တော်တိုင် ရုပ်အသွင် ပြောင်းလွှဲ၍ရတနာပုံ နေပြည်တော် ထဲတွင်  စနည်းအနာ ထွက်ရန် ဆုံးဖြတ်တော် မူပါလေသည် ။ ငယ်ကျွန်တော် လက်စွဲတော် ဦးရွှေမောင်ကြီး နှင့် တိုင်ပင်၍ ဆုံးဖြတ်တော် မူသည့်အတိုင်း မင်းတရားကြီးဘုရား သည်ရတနာပုံ နေပြည်တော် အတွင်း  လှည့်လည်ခဲ့ပါလေသည် ။


ဘဝရှင် မင်းတရားကြီးဘုရား သည် အမြင့်သို့  ရောက်ရှိတော်မူပြီးသည့် နောက် ဆယ့်နှစ်နှစ် ကျော် ၊ ဆယ့်သုံးနှစ် နီးပါး ခန့်မျှ နန်းဓလေ့ ထုံးတမ်း အရ မင်းဧကရာဇ် တို့  ပြုမူနေထိုင် ကျင့်ကြံသလို နေထိုင်ကျင့်ကြံခဲ့ရသည့် ဟန်ဆောင်မှု လောက အချုပ်အချယ်များ လှသောဘဝ မှ ငယ်ကျွန်လက်စွဲတော်ကြီး ကို အဖော်ပြု၍   အခိုက်အတန့်အားဖြင့် အလွတ်ရုန်းထွက်တော် မူပါသည် ။


တိုင်းသူပြည်သားများအကြား  လွတ်လပ်စွာဖြင့်  ရုပ်ဖျက်သွားလာရသည်၌ စိတ်နှလုံးတော် အကြည်ဆိုက်ခဲ့ရပေသည် ။ ရတနာပုံနေပြည်တော် အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူ ၊  ပြည်သား ၊ရဟန်းရှင်လူ အများ သည်  တာဝတိန်သာပွဲတော် ကျင်းပပြုလုပ်နေသည်နှင့်  ကြုံကြိုက်ရသော မင်းတရားကြီးဘုရား သည် သူတို့ ၏ တောက်ပပြောင်လက်သော ဆင်ယင်ထုံးဖွဲ့မှုများ ကိုမြင်တွေ့ရတော် မူ၍ ကျေနပ်ခြင်းလည်း ဖြစ်ရပါသည် ။  ဝတ်ကောင်းစားလှများ ကို  ဝတ်ဆင်ကာ သား တွဲလောင်း ၊  သမီး တွဲလောင်းဖြင့် သက်ကြီး ၊ ဝါကြီးများ ကို ပူဇော်ကန်တော့ရန် သွားကြသည်ကိုမင်းတရားကြီးဘုရား တွေ့ကြုံတော်မူရ၍လည်း စိတ်နှလုံးတော် ချမ်းမြေ့ခြင်းလဲ ဖြစ်ရပေသည် ။


ဆီမီးရောင်ရှိန် ထိန်ထိန်လင်းအောင် ထွန်းညှိ၍ တာဝတိန်သာနတ်ပြည် မှ  မယ်တော် နတ်သားအား တရားရေအေး တိုက်ကျွေးပြီးသည်နှင့် လူ့ပြည်သို့ ပြန်လည် ကြွရောက်လာသော ဗုဒ္ဓရှင်တော် အား ပူဇော်သည့်    တာဝတိန်သာပွဲတော် မှာ ကြက်ပျံမကျ စည်ကားလှပါပေသည် ။  ဗုဒ္ဓဘာသာဝင် တို့ အလေ့အထ အတိုင်း ကျင်းပပြုလုပ်မြဲ ဖြစ်သော မီးထွန်းပွဲတော် ကို ရပ်ကွက် အလိုက် အပြိုင်အဆိုင် ထွန်းညှိထားသည့် ပွဲတော် ကို ဆရာတပည့် နှစ်ဦး တို့ ရွှင်မြူးသော စိတ်ဖြင့်  လှည့်လည်ကြည့်ရှုကြပါသည် ။ ကျော်မိုးတံခါး မှ တိတ်တဆိတ်  ရုပ်ဖျက် ထွက်ခဲ့ရင်း လူအုပ်အကြား သို့  သွားလာ  လှုပ်ရှားရသည် မို့ မင်းတရားကြီးဘုရား ရွှေစိတ်တော်   ကြည်နူးမိပေသည် ။


စိတ္တရမဟီ အရပ် မှ တဖြည်းဖြည်း  လှည့်လည်ကြည့်ရှုရင်း မြို့အစွန်အဖျား လူနေရပ်ကွက်ဖြစ်သည့် မဟာနွယ်စဉ်အရပ် သို့ တိုင်  ( ယခု မန္တလေး  တက္ကသိုလ်ကျောင်းနေရာ  ) မင်းတရားကြီးဘုရား နှင့် ဦးရွှေမောင်ကြီး တို့ ရောက်ရှိသွားကြပါသည် ။ ထိုအချိန်တွင် မီးထွန်းပွဲ ပြီးစီး၍ လူနေအိမ်ခြေများ ပိတ်ခါ တိတ်ဆိတ်သွားပါတော့သည် ။  သည်တော့မှပင်  သူတို့တွင်  မီးအိမ် ၊  မီးအုပ်ဆောင်း မပါရှိခဲ့သည့် အဖြစ်ကို   သတိရပါလေတော့သည် ။ နေပြည်တော် ၏ လမ်းများတွင် မီးတိုင်များ မရှိသည် ဖြစ်၍ မလွှဲမကင်းသာသော  ကိစ္စဖြင့် ညအခါ သွားလာကြရသူများ မှာ  မီးအိမ် ၊ မီးအုပ် များ ပါရှိရပါသည် ။ ထိုသို့မပါရှိ၍ ကင်းသမားများ သင်္ကာရနံ့  မကင်းပါလျှင် ဖမ်းဆီးချုပ်နှောင်နိုင်ခွင့် အမိန့်များထုတ်ပြန်ထားပါသည် ။


မီးထွန်းပွဲ ပြီးစီးသည့် နောက်  ထိုည အဖို့  အချိန်ဖြုန်းနိုင်ရန် ဦးရွှေမောင်ကြီး နှင့်  မင်းတရားကြီးဘုရား တို့ တိုင်ပင်ညီညွတ်စွာ ဆုံးဖြတ်ကြပြီး မိုးအလင်း ကပြသော ပွဲများ ရှိသည့် မြို့အနောက်ပြင် သို့ သွားရန် ထွက်ခွာခဲ့ကြပါသည် ။ လမ်းတွင် တွေ့ရှိရသော နည်းပါးလှသည့် ခရီးသွားများတွင်  မီးအိမ် ၊ မီးတိုင် ကိုယ်စီ ပါသည်ချည်း တွေ့ရပေသည် ။ စကြာနွယ်စင် အရပ် မှ ဖြတ်သန်းပြီး အောင်နန်းရိပ်သာ အရပ် ရှိ လောကမာရဇိန်  သကျသီဟ ဘုရားပွဲတော် သို့ သွားရန် ခရီးဦးတည်နေပါသည် ။  ထို ဘုရားပွဲတော် သည် အရောင်းအဝယ် အချက်အချာ ကျသည့်  ရပ်ကွက်ရှိ တန်ခိုးကြီးဘုရား ဖြစ်သောကြောင့် စည်ကားမည်ကို သိသော  ဦးရွှေမောင်ကြီး မှာ  လူအုပ်ကြီးကြားထဲ တိုးလိုသည် ဆိုသော မင်းတရားကြီးဘုရား အလိုပြည့်ဝစေရန် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည် ။


ထိုအခိုက်ဝယ် စကြာနွယ်စင် အရပ် ဖက် အကူး နေပြည်တော် မြို့ဝန်မင်း ၏  ကင်းသမားများ အဝေးမှ လှမ်းမြင်ရပါသည် ။ မီး မပါသည့် အတွက် မေးလားမြန်းလား လုပ်နေပါလျှင် ရှည်လျားနေမည် စိုးရိမ်မိ၍ မင်းတရားကြီးဘုရား ကို လက်တို့လျက် လအရောင် ကင်းလွတ် သည့်  အမှောင်ရိပ်များ သိပ်သည်းထူထပ်သည့်  သစ်ပင်အုပ် တခု အောက် သို့  တိုးဝင်ကြပါလေသည် ။


ကင်းသမားများ မှာ ခွေးတစီစီ   ဟောင်နေသည့် ကြားမှ  အော်ကြယ်ဟစ်ကြယ် နှင့်  စကားတဖောင်ဖောင် ပြောဆိုသွားကြသည် ကို  မင်းတရားကြီး တို့  အတိုင်းသား ကြားနေရပါသည် ။ အမှောင်ရိပ်အတွင်း ငြိမ်သက်စွာ ပုန်းခိုနေကြဆဲ  မင်းတရားကြီးဘုရား တို့  နောက်ပါးမှ  မည်သည့်အချိန် က ရောက်လာမှန်း မသိရသော  ခွေး တအုပ်လုံး က  ဝိုင်းဝန်း၍  ဟောင်ပါလေတော့သည် ။


ဦးရွှေမောင်ကြီး လည်း  ခွေးများ အဟောင် ရပ်သွားစေရန်  အနီးရှိ  သစ်ကိုင်းကို ချိုး၍  ရိုက်မောင်း ၊  ပုတ်မောင်း လုပ်ပါသည် ။ ထိုသို့ ခွေးများ ကို  ရိုက်ပုတ်မိလေတော့မှ  ခွေးများ သည် ဆိတ်ညိမ်သွားကြရမည့် အစား  ပို၍ ဟောင်လာပါသည် ။ မလှမ်းမကမ်း  တဲ တလုံးဆီမှ  ခွေးမောင်းသံ ကြားရလျက် ရေနံဆီမီးခွက်အရောင် တခု ထွက်ပေါ်လာပါသည် ။  မီးရောင်ကြောင့်  နေရာတွင် ဆက်လက်ပုန်းအောင်းနေရန် မဖြစ်နိုင်တော့သည့် အတွက်  အမှောင်ရိပ်ထဲမှ  ခွေးများ ကို  ခြောက်လှန့်ရင်း  လမ်းမပေါ် သို့ တက်ခဲ့ကြပါသည် ။


ထူးခြားစွာ  ဆူညံနေသော ခွေးသံများ ကြောင့်  နောက်ကြောင်းပြန်လှည့်လာသော  ကင်းသမားများ နှင့် ဦးရွှေမောင်ကြီး တို့မှာ   လအရောင်ဖြင့်  တဦး နှင့် တဦး ကောင်းစွာ မြင်နေကြရပါသည် ။ ဦးရွှေမောင်ကြီး တို့ကား   ကင်းသမားများ က လှမ်း၍  အရပ်ခိုင်းနေသည် ကို  ကြားသဖြင့် “ မင်းတရားကြီးဘုရား  ကျွန်တော်မျိုးကြီး တို့ အသို့ ပြုရပါမည်နည်း ....  အမိန့်တော် မှတ်တော်မူပါ ” ဟု တီးတိုး လျှောက်တင်သည်၌  “  သယ် ....  ငမောင်ကြီး  သတိပေါ့လှချည်လား  ...  ။ ငါ့ အမည် ကိုရင်ကောင်းမြတ် ခေါ်ဖို့ နင် မေ့ချေပ  ....  ခုအရေးက  ပြေးမှ အေးမည်မို့  ပြေးသာ ပြေးဟ  ....  ” ဟုပြောရင်း  မင်းတရားကြီးဘုရား လည်း  အနောက်ဖက်သို့  အပြေး သုတ်သွားပါသည် ။ ဦးရွှေမောင်ကြီး လည်း နောက်မှ  တပါးတည်း အပြေးလိုက်ပါသည် ။ သူတို့ ပြေးလေမှ  ကင်းသမားများ လည်း   ညာသံပေး၍ အပြေး လိုက်ကြပါသည် ။ ခွေးတအုပ် လည်း  မင်းတရားကြီးဘုရား တို့ နောက် အူရင်း ၊ ဟောင်ရင်း လိုက်ကြသည့်အတွက်  သောသောညံနေပါလေသည် ။


ပြေးရင်း ၊ လွားရင်း နှင့် ဦးရွှေမောင်ကြီး လည်း အကိုင်းအခက်များ မြေကြီး နှင့် ထိလုခမန်း ကိုင်းညွတ်နေသည့် မန်ကျည်းပင် ကို တွေ့ရှိသည် နှင့် ကိုင်းပေါ လှမ်းဆွဲ တက်ရောက် ပုန်းခိုနေလိုက်ပါသည် ။ ခွေးသံ ၊ လူသံများ     အတော်ဝေးဝေး ရောက်သွားသည်ကို ကြားရတော့မှ အမောဖြေရင်း   မင်းတရားကြီးဘုရား ပြေးတော်မူသွားသည် ကို  အမှတ်ရမိပါတော့သည် ။ သို့ဖြစ်၍ သစ်ပင်ပေါ်မှ  ဆင်းကာ နားစွင့်မိပါသည် ။  မင်းတရားကြီးဘုရား နှင့် မျက်ခြေပြတ်သွားသည့် အတွက် မြေကြီး ကို နား ဖြင့် ကပ်၍  အသံလာရာ အရပ်ကို မှန်းဆကြည့်ပါသည် ။  အနောက်ထောင့်  ယွန်းယွန်းဆီ မှ ခွေးသံများ ကြားနေရပါသည် ။  ခွေးများ ကို ပြစ်ခတ်နှိမ်နင်းရန်   ခဲများ ရှာမိပါသည် ။ လအရောင်အောက်တွင် မမြင်မစမ်း နှင့်  ရှာဖွေရာ  ခပ်မဲမဲ အပုံ တစ်ခု ကို  တွေ့သဖြင့် ခဲ ထင်မှတ်ကာ  ကုန်းအကောက်လိုက်တွင် ပြော့ချွဲချွဲအရာများ ကို အားပါးတရ  ကိုင်ဆုတ်မိပါလေသည် ။


မည်သည့်အရာမှန်း မသိသဖြင့် ထို ပြော့ချွဲချွဲအရာများ ကို သိရှိရန်   နမ်းကြည့်မိပါမှ ပုတ်ဟောင်နေသော မစင်ပုတ်နံ့ ကို  ရပါလေတော့သည် ။ အစောပိုင်းက ပြေးခဲ့ရ၍  မောနေသော  အရှိန်ကြောင့်တကြောင်း မင်းတရားကြီးဘုရား  မည်သို့ ရှိနေရှာမည် ကို  မခန့်မှန်းနိုင်သေးသဖြင့် နှလုံးတုန် ၊ ရင်ခုန်နေရာ မစင်နံ့ကြောင့် ပျို့အန်ချင်လာပါသည် ။


မစင်နံ့ သည် မခံမရပ်နိုင်လောက်အောင် နံစော်သည် ဟု  ထင်မိသော  ဦးရွှေမောင်ကြီး ခမျာ  အနံ့မှ သက်သာစွာ ရစေရန် ပုဆိုးဖြင့် နှာဝသို့ ပိတ်ဖို့ စိတ်ကူးမိပါသည် ။  မစင် မလူးသေးသည့် လက်ဝဲလက် ဖြင့် နှာဝသို့ ပိတ်ရန် ပုဆိုးစ အဆွဲ ၊ ရော့ရဲရဲ ဖြစ်နေသော ပုဆိုး မှာ ကျွတ်ထွက်သွားပါသည် ။


ကျွတ်နေသော ပုဆိုး ကို လက်ဝဲ လက်ဖြင့် စု၍ ဆွဲရင်း နှာဝ ကို ပိတ်ကာ လက် ရေဆေးရန် ရေ ရှာဖို့ အာရုံစိုက်ပါတော့သည် ။ ရေ ရရေးသာ တွေးနေသော  ဦးရွှေမောင်ကြီး မှာ အခိုက်အတန့် အားဖြင့် မင်းတရားကြီးဘုရား ကိုပင် မေ့ပျောက်သွားပါသည် ။ ဦးရွှေမောင်ကြီး လည်း ရေ ရရှိနိုင်မည့်နေရာကို မှန်းဆရင်း လူနေအိမ်များ ရှိရာ သစ်ပင်အုပ် ၊ အရိပ်ကောင်းကောင်းများ တွင် လိုက်လံ၍ ရေအိုးစင် ကိုကြည့်ရှုရှာဖွေပါသည် ။


ရေအိုးစင် တွေ့ရှိပြီး ရေ ရရှိမှသာ မစင် ပေကျံနေသော လက် ကို  ဆေးကျောသုတ်သင်ပြီး မင်းတရားကြီးဘုရား ကို လိုက်လံ ရှာဖွေရပေမည် ။ အလိုရှိလာပါမှ ရေမှာ တော်တော်နှင့် မတွေ့ပါ ။ ရေ မတွေ့နိုင်လေ ဦးရွှေမောင်ကြီး အဖို့ စိတ်တိုလေ ၊ ရေ တွေ့အောင်  မရှာဖွေနိုင်လေ ဖြစ်နေပါသည် ။


ဒေါသစိတ် အထွတ်အထိပ် ရောက်ရှိနေချိန်  ကင်းလှည့်နေကြသော  ကင်းသမားတသိုက် နှင့် တွေ့ပါလေသည် ။ ဦးရွှေမောင်ကြီး ကို ကြည့်ရင်း ကင်းသမားများ က မေးမြန်းပါလေသည် ။ သူ့ ပြန်ကြားချက် ထက်  သူ့ အမူအရာ  ကိုယ်ဝတ်ပုဆိုး ကျွတ်၍  ဖွားဖက်တော် ပေါ် နေသော ဟန်ပန် ကို မြင်ကြရသော  ကင်းသမားများ မှာ ဝိုင်းအုံဟားတိုက်  ရယ်မောကြပါသည် ။  လှောင်ပြောင်ခြင်း ခံရသော ဦးရွှေမောင်ကြီး မှာ လတ်တလော  ရင်ဆိုင်နေရသည့် ဘဝ ကို  မေ့လျော့သွားပြီး ကင်းသမားများ ကို ဆဲဆိုရာမှ ကင်းသမားများ နှင့်  စကားများကြရပါသည် ။ အဆဲသန်သော  ဦးရွှေမောင်ကြီး အား စကြာနွယ်စင် အရပ် မှ ပသီကုလားလူမျိုး  သူကြီး ထံ ကင်းသမားများ က ခေါ်ဆောင်သွားရာ တွင် ကုလားသူကြီး  ဦးစံမြင့်အမိန့် ဖြင့် တညတာ ထိပ်တုံးခတ်၍ ဖမ်းဆီးခြင်း ခံရပါလေတော့သည် ။


မင်းတရားကြီးဘုရား လည်း  ခြေဦးတည့်ရာ ပြေးလွှားရင်း နောက်က လိုက်လာကြသော ကင်းသမားများ နှင့် ခွေးတအုပ် ကို မျက်ခြေပြတ်စေရန် လှည့်ပတ်၍ ပြေးပါလေသည် ။ ကင်းသမားများ ကို  မျက်ခြေပြတ်အောင် ပြုလုပ်နိုင်ခဲ့သော်လည်း နောက်မှ ထပ်ချပ် လိုက်ပါလာသော  ခွေးများ မျက်ခြေပြတ်အောင် မတတ်နိုင်ပါ ။


မင်းတရားကြီးဘုရား မှာ အတော်ပင် မောဟိုက်ပင်ပန်းလာပါတော့သည် ။ ရှေ့ကို ဆက်လက်၍ ဝေးဝေးပြေးနိုင်တော့မည် မဟုတ်တော့ကြောင်း ကို အလိုလို နားလည်လာပါတော့သည် ။ မင်းတရားကြီးဘုရား အနေဖြင့် သူ့ နောက်မှ လိုက်လာသော ခွေးတအုပ် ကို မည်ကဲ့သို့ မောင်းနှင်ရမည်ကို စဉ်းစားရင်း ပြေးတော် မူပါသည် ။ ပြေးရင်း နှုတ်သီးနိမ့်လှသော ရေတွင်း တတွင်းကို အဝေး မှ လှမ်းမြင်မိပါသည် ။ ၎င်း ရေတွင်း တမ်းပေါ်  ဆွဲတက် လိုက်လျှင် ခွေးများ အန္တရာယ်မှ လွတ်ကင်းမည် ကို စိတ်ကူးလိုက်မိပါသည် ။ သို့ဖြစ်၍  ရှိသမျှ အင်အားများ ကို ဖျစ်ညစ်၍   ရေတွင်း ဆီ အရောက် ခြေကုန် ပြေးပါတော့သည် ။


ရေတွင်းနား ရောက်လုနီးနီးကြခါမှ ခွေး တစ်ကောင် မှီလာ၍ လှမ်းဟပ်ကာ အဆွဲ တွင် မင်းတရားကြီးဘုရား တင်ပါး ကို  ခြစ်မိရုံမျှဖြင့်  လွတ်ထွက်သွားပါသည် ။ နောက်တချီ ထပ်၍ အဆွဲလိုက်တွင် မင်းတရားကြီးဘုရား လည်း  ရေငင် စက်သီး တပ်ဆင်သည့် တန်း ကို ခုန်ဖမ်းလိုက်ချိန် ဖြစ်သဖြင့် ခွေးကိုက်ခံရမည့် ဘေးမှ သီသီကလေး  လွတ်မြောက်သွားပါသည် ။  ထို ခွေးလည်း အရှိန် လွန်ကာ ရေတွင်း ထဲသို့ ဇောက်ထိုးမိုးမျှော် ကျသွားသည်ကို မင်းတရားကြီးဘုရား  လအရောင် ဖြင့် ကောင်းစွာ မြင်လိုက်ရပါသည် ။ နောက်မှ စားရဝါးရတော့အံ့ ဟု စုပြုံ လိုက်လာသော ခွေးများ လည်း တကောင်ပြီး တကောင် ဆိုသလို ရေတွင်းထဲ အရှိန်လွန် ကျကုန်ကြပါသည် ။


ရေတွင်း မှာ အတောင် နှစ်ဆယ် ၊  နှစ်ဆယ့်ငါးတောင် ထက် မနည်းသောကြောင့် ခွေးများ တဝုန်းဝုန်း ကျသွားသံမှာ ဆူညံနေပါသည် ။  ရေတွင်းထဲ ကျရောက်သွားသော  ခွေးများ လည်း တကောင်ထက် တကောင် အလုအယက် တိုးဝှေ့၍  အပေါ် သို့ တက်ရောက်ရန်  ကြိုးစားနေသံများ ကို မင်းတရားကြီးဘုရား အမောဖြေရင်း  ကြားနေရပါသည် ။  ရေတွင်းဘောင်ပေါ် ထိုင်၍  အမောဖြေရင်း ကြားနေရသော ခွေးသံများကြောင့် ဂရုဏာစိတ်များပင်  ယိုဖိတ်လာပါသည် ။ ဂရုဏာတရား  ကြီးမားလှသော မင်းတရားကြီးဘုရား မှာ  ရေတွင်းထဲမှ  ခွေးများ ကို မည်ကဲ့သို့  ဆယ်ယူရမည် ကိုပင် စဉ်းစား စိတ်ကူးလိုက်ပါသေးသည် ။


ကြိုးရှည်ရှည် တချောင်းနှင့် ခြင်းကြီး တလုံးသာ  မရှိပါက မည်သို့မျှ  ဆယ်ယူရေးအတွက် အကျိုးမသက်ရောက်နိုင်ကြောင်း ၊ ယခုလောလောဆယ် ခြေအနေအရ  ကြိုး နှင့် ခြင် ရရှိဖို့ကလည်း မလွယ်ကူပါကြောင်း မင်းတရားကြီးဘုရား  သဘောပေါက်တော်မူဘိသည် ။


ထို့ကြောင့် မင်းတရားကြီးဘုရား သည်  ကယ်ဆယ်ရေးလုပ်ငန်းကို  လက်လျှော့လိုက်ပြီး ၊ နံနက်လင်း၍ ရွှေနန်းတော်တွင်း ပြန်လည်ရောက်ရှိက  မင်းချင်းတို့ ကို  ဆယ်ယူရန်  စေလွှတ်မည် ဟု ဆုံးဖြတ်လိုက်ပါသည် ။ ယခုမှပင် မိမိကိုယ်ကို မိမိ   မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ရမည် ကို တွေးတောဖို့ သတိရလာတော် မူပါသည် ။


ငယ်ကျွန်ရင်း  လက်ဆွဲတော်  ငရွှေမောင်ကြီး တယောက် မည်သည့်နေရာတွင် ရောက်ရှိနေမည် ကိုလည်း မတွေးတတ်နိုင်အောင်  ဖြစ်ရပေမည် ။   မိမိ ကိုယ်တိုင်လည်း  ယခုလို ကင်းသမားများ ပေါများလှပြီး ခွေးလေခွေးလွင့် များပြားသည့်    ရတနာပုံ  နေပြည်တော် အတွင်း  သူတို့တတွေ ကို လွတ်ကင်းအောင် ကွေ့ပတ်ရှောင်လွှဲ သွားရန် မလွယ်ကူမှန်း သိလာပါသည် ။


ယခုအချိန်သည် သန်းခေါင်ယံ  အချိန်သာသာ သာ ရှိပါသေးသည် ။ နံနက်လင်းသည့် တိုင်အောင် ကျန်ရှိနေသေးသော  အချိန်များကို မည်ကဲ့သို့ ကုန်လွန်စေအောင် ပြုလုပ်ရမည်နည်း ။ စဉ်းစားရင်း မြို့အဝင် ၊   အထွက် များတွင် ရှိတတ်သော ဇရပ် တဆောင် ဆောင်ပေါ်  သွားရောက် အိပ်စက်ရင်း အချိန် ကုန်လွန်စေခြင်းသည် သာ ဘေးအကင်းဆုံး ဖြစ်မည်ကို တွက်ဆမိပါသည် ။ တွက်ဆချက် ကို  အပြီးတိုင် ဆုံးဖြတ်တော်မူပြီး   ရေတွင်းဘောင်ပေါ်မှ ထလျက်  တောင်ဘက်စူးစူး သို့ ထွက်ခွာသွားတော် မူပါလေသည် ။


စိတ်အေးလက်အေး လမ်းလျှောက်တော်မူလေမှ  ခရောင်းတော အတွင်း ဖြတ်နင်းသွားရသည့် ခြေဖဝါးတော် တို့မှာ နာရကျင်ရမှန်း  သိလာပါသည် ။ ဖိနပ်တော် မှာ  ပြေးရင်းလွှားရင်း မည်သည့် နေရာတွင် ကျွတ်ကျန်ရစ်မှန်း မသိနိုင်တော့ပါ ။


သည်လို လျှောက်ရင်း မကြာမှီ  မြို့တော်ပြင် ချမ်းမြသာစည် အရပ် ရှိ ဆင်ဖြူကန် သင်္ချိုင်း သို့ ရောက်ရှိလာပါသည် ။ လရောင်အောက်တွင်  မြင်တွေ့နေရသော အုတ်ဂူဖွေးဖွေး နှင့် မြေပုံများ က သင်္ချိုင်း ဖြစ်ကြောင်းကို သက်သေခံနေပါသည် ။


မင်းတရားကြီးဘုရား လည်း သည်တော့မှ  သက်ပြင်း ရဲရဲ ချဝန့်ပါတော့သည် ။ ဇရပ် အများအပြားရှိသည့် အနက်မှ ချောင်ကျသော  ဇရပ်ကြီး တခုပေါ် တက်၍ အိပ်ရန်နေရာ ရွေးချယ်ပါသည် ။လအရောင်ကင်းသော အမှောင်ရိပ် တနေရာမှ ဒေါင့် တခု ကို အိပ်စက်ရန် နေရာ သတ်မှတ်၍ ပုဆိုးစ တဖက်ဖြင့် ဖုံများ ကို  သုတ်သင်ရှင်းလင်းပြီး စက်တော်မူပါတော့သည် ။ ပင်ပန်းတော်မူလာသည့် အရှိန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်    စက်တော်ခေါ်၍ ပျော်တော်မူပါသည် ။


စက်တော်ခေါ် နေသည့်  မင်းတရားကြီးဘုရား ဝတ်ဆင်ထားသည့်  ကိုယ်တော်ပေါ်မှ ဖျင်သိုရင်းအင်္ကျီ ကို လာရောက် ချွတ်နေသည့် အတွက် မင်းတရားကြီးဘုရား မှာ  စက်တော်ခေါ်ရာ မှ နိုးတော် မူလာပါသည် ။ နိုးလျှင် နိုးခြင်း ကြက်သရေမင်္ဂလာ ကင်းမဲ့သော ဆွဲဆွဲငင်ငင် အူနေသော ခွေးအူသံ ရှည်ကြီး ကို ကြားရပါသည် ။ မင်းတရားကြီးဘုရား သည် အိပ်မှုံစုံမွားဖြင့် မဲမဲအရိပ်သဏ္ဍန် နှစ်ခုသည် သူ ဝတ်ဆင်ထားသော ဖျင်သိုရင်းအင်္ကျီ ကို ချွတ်ခွာနေကြောင်း သိမိ၍  “ ဟဲ့ ဘယ်သူတွေနည်း ၊ ဘာပြုမဲ့ ငါ့ အင်္ကျီကို  ချွတ်ရသည်လဲ  ” ဟု မေးလိုက်သည် ။


မဲမဲသဏ္ဍန် တခုက  “ နင့်အမေ ...  ဘယ်က အသေကောင် ဟုတ်သည်လဲ  ငကျွဲ ရ ၊ နင် မူးမူးရူးရူး နှင့် အိပ်ပျော်နေသသူ ကို  အသေ ထင်နေသည် ပ ...  ”  ဟု ပြောလိုက်ပါသည် ။


“  ငါ ကိုယ်တိုင် ပါးစပ်ဖြဲ ကြည့်သည် ပ ဖုတ်ကောင် ဝင်လာသည် ထင်တယ် ကိုရင် ...  ။ ဖုတ် ဝင် လို့သာ ခုမှစကားစလာသည်ကိုများ  ကိုရင် က  အကြောက် ဝင်နေပြန်ပလား  ...  ”  ဟု အခြား မဲမဲသဏ္ဍန် တခု ကလည်း  ပြန်ပြောလိုက်သည် ။


သူတို့ချင်း စကားပြောသံ ကြားလေတော့ မှ  မင်းတရားကြီးဘုရား လည်း  အဖြစ်မှန် ကို   ရိပ်စားမိပါတော့သည် ။သူ စက်တော်ခေါ်နေသည် ကို သုဘရာဇာများ က  သူသေ ထင်မှတ်၍ အဝတ်များ လာချွတ်ခြင်း ဖြစ်ပေမည် ။


( ထိုခေတ်  ထိုအခါက  ကူးစက်တတ်သော ရောဂါ  ကျောက်ရောဂါ ၊ ကာလသားရောဂါမျိုးများ နှင့် အချိန်မဲ့ သေသော သူများ ကို  ရပ်ရွာအတွင်း မထားပဲ သင်္ချိုင်း သို့  ပို့ထားကြသည် ။ နံနက် အချိန်ကျရောက်မှ သရဏဂုံတင် သင်္ချိုင်း တွင်ပင်  မြုပ်နှံ  သင်္ဂြိုဟ်ကြပါသည် ။  )  မင်းတရားကြီးဘုရား လည်းမနေသာတော့ပဲ  စက်တော်ခေါ်ရာ မှ  ထတော် မူရင်း   ....


“  ငမိုက်သားတွေ ဘယ်က အသေကောင် ဟုတ်ရသည်လဲ ၊  နင် တို့  အိပ်နေမှန်း မသိ သေနေမှန်း မသိပဲ ...”  ဟု ပြောလိုက်သည် ။


မင်းတရားကြီး စကား အဆုံး တွင် တခုသော  မဲမဲသဏ္ဍန် က    ....  “   ကိုရင်  ဖုတ်ဝင်သည် သာ  အမှန်ပ ... ။ မြန်မြန်ရိုက် မလှဲရင် ငါတို့ ဒုက္ခတွေ့မည် မလွှဲမို့ မြန်မြန်ရိုက်ပါ ”  ဟု  ဇွတ်ပင် တိုက်တွန်းနေပြန်သည် ။


သည်အတိုင်း ငြိမ်နေလျှင် မင်းတရားကြီးဘုရား အား ရန်မူလာဖို့သာ ရှိတော့မည် ကို သိတော်မူသဖြင့် ငမိုက်သားနှစ်ယောက် အား  ရန်မပြုမှီ အရင်ဦးစွာ  ဆုံးမမှ  သင့်တော့ပေမည်ဟု  ထိုင်ရာမှ လျှင်မြန်စွာ ထတော်မူပြီး သုဘရာဇာ နှစ်ယောက် ကို ဆုံးမတော် မူဖို့အတွက်  ခတောင်းကြိုက်ရန် ပုဆိုးစ ကို လိုက်ဆွဲလေမှ  ကိုယ်တော် ပေါ်တွင် ပုဆိုး မရှိ  မိမွေးတိုင်း ၊ ဖမွေးတိုင်း   ဖြစ်နေကြောင်း သိရပါတော့သည် ။ နှစ်ခြိုက်စွာ စက်တော် ခေါ်တော် မူခဲ့မိသည့်အတွက် ခါးဝတ်ပုဆိုးများ   အိပ်သည့် နေရာတွင် ကျွတ်နေလေသလား ဟု အိပ်စက်ရာနေရာ လှမ်းကြည့်မိသော်လည်း ဗလာနတ္တိ  လုံးဝ မရှိ ။ သည်တော့မှ မင်းတရားကြီးဘုရား လည်း တရားခံ အစစ်အမှန် ကို ရိပ်မိ သိရှိပါတော့သည် ။  သုဘရာဇာ နှစ်ယောက်ပင် ကိုယ်တော့် ပုဆိုး ချွတ်ယူသူများပင် ဖြစ်ပေမည် ။


“  ဟေ့  ... ငမိုက်သားကောင်တွေ  ...  ငါ့ ကိုယ်ဝတ်ပုဆိုးပြန်ပေးပါဘိ ...  ငါ ဟာ သေသူ မဟုတ် မူမှန် သိကပြီပဲ ....  ယနင်တို့ယူသည့်  ပုဆိုးပြန်ပေးပါ ... ” 


“ အေးဟဲ့  ... သေသူ မဟုတ်မှန်းတော့  သိကပြီ ..  ။ နင့် ကိုယ်ဝတ်  ပြန်လိုသပဆိုရင် ငါတို့ အိပ်ပျက်ပြီးဘာပစ္စည်း မှ မရလေသမို့  ငါ နဲ့ လက်ပန်းသတ်လို့  နင် နိုင်ရင်  နင့် ကိုယ်ဝတ်ပုဆိုး ပြန်ပေးရ မပေါ့ ...   နင် ရှုံးရင်တော့  ငါ နင့်ပုဆိုးကို  ယူပမယ် ...  နှစ်ခြိုက်ရဲ့လား ...” 


မင်းတရားကြီးဘုရား လည်း  သည်လမ်းမှ လွဲ၍ တခြားနည်းဖြင့်   ပြန်လည်ရယူရန် လမ်းစ မမြင်တော့သဖြင့် သူတို့ အလိုကို လက်ခံလိုက်ရသည် ။


“ အေး .... နင့် ဆိုစကား အတိုင်း မြဲပစေ ... နင့် စကား မတည်မကြည်ခဲ့ရင် မြို့ဝန် ကို တိုင်ကြားပြီးအပြစ်တော် ရစေရမည်ပ  ....” 


မင်းတရားကြီးဘုရား သည် အလောင်းမင်းတရားကြီး အနွယ်တော် ပီပီ ရဲရင့်သူ ဖြစ်ပေသည် ။  မင်းသား တို့ သင်ကြားတတ်မြောက်အပ်သော အဋ္ဌာရသ အတတ်  တဆယ့်ရှစ်ရပ် ကိုလည်း တတ်မြောက်သူ ဖြစ်ပါသည် ။ ထို့ပြင် ရှမ်း ၊ ယွန်း ၊ ဗန်ရှည်ဆရာ ၊ ဗန်တိုဆရာ များထံမှလည်း ဗန်တို ၊ ဗန်ရှည် များကို  စနစ်တကျ သင်ကြားထားသူ ဖြစ်၍  ကိုယ်ခံပညာ ကောင်းပါသည် ။  သို့ပင်ဖြစ်လင့်ကစား  ယခု လက်ပန်းသတ်ရမည် ဆိုပြန်တော့  ကိုယ် မကျွမ်းကျင်သော ပညာ ဖြစ်သဖြင့်  ဂရုပြု၍  သတ်ပုတ်ရမည်ဟု  ဆုံးဖြတ်တော်မူပါသည် ။


တဖက်မှ မဲမဲသဏ္ဍန်သူ သည် ဗလကောင်းဟန် တူပေသည် ။  မင်းတရားကြီးဘုရား လည်း ထိုသူ ၏ လှုပ်ရှားမှု ကို ကြည့်မိရာ ကတောင်းမြှောင်နေအောင် ကြိုက်၍  လက်ပန်းပေါက် တဖြောင်းဖြောင်း ခတ်လျက် လက်ပမ်း သတ်ရန်  ဟန်ရေးပြ နေပါသည် ။ မင်းတရားကြီးဘုရား လည်း သူလို ဟန်ရေးပြ၍ ပြန်လည် ခြိမ်းခြောက်ရန်  စိတ်ကူးပါသည် ။


ကတောင်းကြိုက်ရန် ပုဆိုး ကို ပြန်ပြင်ပါသည် ။ မေ့လျော့နေမိသော  စိတ်တော် အတွက် မင်းတရားကြီးဘုရား လည်း ပြုံးမိပါသည် ။ ကတောင်း ကြိုက်စရာ မလိုတော့သည် နှင့် လက်ပန်းပေါက် ခတ်ပါသည် ။


လက်ပန်းပေါက် ခတ်သံမှာလည်း  မဲမဲ လူလို  တဖြောင်းဖြောင်း ထွက်မလာပဲ တဖြောင်းဖြောင်း မည်ရမည့် အစား တဖျတ်ဖျတ် မည်သံသာ  မထွက်ချင် ၊ ထွက်ချင် နှင့် ထွက်ပေါ်လာပါသည် ။ လက်ပမ်းပေါက်  ခတ်သံ အထွက် တဖက် ရန်သူ မှာ  မင်းတရားကြီးဘုရား အပေါ် အထင်သေးသွားပါသည် ။


“  ကိုယ့်လူ လက်ပမ်းခတ်သံ ကြားရတာ မီးနေသည် ညည်းသံ နဲ့ တူသဗျ .... ။  ကျူပ်ကို နိုင်အောင် သတ်နိုင်သပ ဆိုရင်  ကိုရင့် ပုဆိုး ပြန်ပေးရုံ မကပဲ အလိုရှိရာ  အရပ် ရောက်အောင်ကုန်းပိုးပြီး ပြန်ရစေမဗျ ...” 


“  နင် လဲ  ငါ့ ကို အနိုင် သတ်နိုင်သပ ဆိုရင် နင့် အတွက် ငါ့ ကိုယ်ဝတ်ပုဆိုးအပြင်  ငွေတော် ငါးရာ လဲပေးမည်ပ ....” 


“ အလို  ... သည်လူ ကြွယ်ဝဟန် ရှိသဟ ငကျွဲ ရ ... ၊  သင်း ကို ငါ အနိုင် သတ်မဗျာ  .... ။   သာ မှ ငါ့ မှာ သက်တောင့်သက်သာ  နေနိုင်ပေမယ် ...  ဟီး  ..  ဟီး  ...  ”    ဟုပြောရင်း  သဘောကျကြေနပ်ဟန် နှင့် လှိုက်လှိုက်လှဲလှဲ   ဟီးထိုးနေပါသည် ။


“ ကိုရင် ပြောသည်ကတော့  အားကျစရာပေပဲ  ... ။  သင်း ကို နိုင်ပါပြီ တဲ့  ... ။  သင်း ဟာ ဘယ်အရပ် က လာလို့  ဘယ်အရပ် ကို  သွားမည့်သူမှန်း  ကိုရင် လဲ မသိ ၊  ငါ လဲ မသိရပဲ နှင့်  သင်း ငွေတော် ငါးရာ ပေးနိုင်သသူမှန်း ဘယ်လို ယုံရပ ...” 


သူတို့ချင်း  ပြောဆိုသံကြောင့်  မင်းတရားကြီး သည်  စဉ်းစားရင်း  ဤ အခြေအနေအတိုင်း  ဆိုပါလျှင် မည်သူမျှ  ယုံကြည်နိုင်ဖွယ် မရှိသည်ကို  နားလည်ရပါသည် ။  သို့ကြောင့်  “  နင် တို့ ငါ့ ကိုသာ အနိုင် သတ်စမ်းပါ  ... ။ နင်တို့  နိုင်သပဆိုရင် ငွေတော် ငါးရာ  နင်တို့ ဆီ အရောက် ငါ ကိုယ်တိုင် လာပို့မဗျ ...    ။ စိတ်ဝမ်းချချသာ  နေပါဘိ  .. ။ ငါ့ ကို မယုံမကြည်သော်  ဘုရား သစ္စာ ဆိုမည်ပ ...” 


ထိုသို့  မင်းတရားကြီးဘုရား နှင့်   သုဘရာဇာ တို့  အချေအတင် ပြောဆိုနေကြချိန် အရှေ့လောကဓါတ်ဆီမှ ကြယ်နီ ပင် ထွက်ပေါ်လာချေပြီ ။ လက်ပမ်းသတ်ပွဲကား စတင်လေပြီ တကား   ....


ဘဝရှင်မင်းတရားကြီးဘုရား နှင့် သုဘရာဇာ တို့ တယောက် အလစ် တယောက် ချောင်းမြောင်းရင်းသင်္ချိုင်းဇရပ်ပေါ်တွင် လက်ပမ်းစတင်သတ်နေကြပါသည် ။  တပိုင်းတစသော  လအရောင်မှာ  ဇရပ်တွင်း သို့ဝင်ရောက်နေပြီ   ဖြစ်သဖြင့် တယောက် အကဲ တယောက် ကောင်းစွာ  အကဲခတ်နိုင်ပါသည် ။မင်းတရားကြီးဘုရား နှင့် ယှဉ်ပြိုင်ရမည့် သုဘရာဇာ သည်  အတော်ပင် တောင့်တင်းသန်မာပုံ ရလေသည် ။လှုပ်ရှားမှုတို့ကို  ကြည့်မြင်ရသည်မှာ လည်း  ဖြတ်လတ်ပုံ ရပါလေသည် ။ မင်းတရားကြီးဘုရား လည်းအလစ်မပေးစတမ်း ရန်သူ လှုပ်ရှားတိုင်း မျက်နှာမူလျက် တိုက်ခိုက်ရန် စောင့်စားနေပါသည် ။


မင်းတရားကြီးဘုရား အလစ်မပေးစတမ်း စောင့်စားနေဆဲ သုဘရာဇာ သည် မင်းတရားကြီး ထံ လျှင်မြန်စွာ ဘေးတိုက် ဝင်ရောက် ပူးကပ်လိုက်ပါသည် ။ ခါး ကို လက်နှစ်ဖက် ဖြင့် ဆွဲလျက် ခြေထောက်ခြင်း ချိတ်လှဲလိုက်၍ မင်းတရားကြီးဘုရား လဲကျသွားပါသည် ။   သုဘရာဇာ သည် လဲကျသွားသော မင်းတရားကြီးဘုရား ကိုယ်ပေါ်   ခွစီးလျက်  ကျောပြင်နှင့်  ကြမ်းထိစေရန် ကျိုးစားပါတော့သည် ။


မင်းတရားကြီးဘုရား လည်း  ကိုယ်တော်ပေါ် မှ  ခွစီးထားသူ သုဘရာဇာ ၏  ညာဘက် လက် နှင့် ညာဘက် ပုခုံးစွန်း ကို တွန်း၍ ကိုယ်ကို လိမ်စောင်းသွားအောင်  ပြုလုပ်လိုက်ပါသည် ။  ကိုယ်လိမ်စောင်း သွားသည်ကြောင့်  သုဘရာဇာ ၏   ဖိအား ပျက်ပြယ်သွားသည် နှင့်  ဗန်တိုနည်း ဖြင့် သုဘရာဇာ လက် အား ဘယ်လက် ဖြင့်  ခိုင်မာစွာ ချုပ်နှောင်ပြီး ကြမ်းပြင်ပေါ်သို့  ကျစေအောင် ကျင်လည်စွာ ပြုလိုက်ပါတော့သည် ။


သုဘရာဇာ လည်း  မမျှော်လင့်မိသော  တုံ့ပြန်မှုနှင့် လျှင်မြန်ဖြတ်လတ်စွာ တိုက်ခိုက်လာမှုကြောင့် မခုခံနိုင်မီ ကြမ်းပြင်ပေါ်သို့ အပြီးတိုင်လှဲချခြင်း ခံလိုက်ရပါတော့သည် ။


မင်းတရားကြီးဘုရား ၏  ပညာသား ပါပါ သူ့ အား ထိန်းချုပ်၍  မလှုပ်မရှားနိုင်အောင် အနိုင်ယူသွားသည်ကို မမှုတော့ပဲ   ....


“ ကိုယ့် လူရ ကျုပ် ရှုံးရတာ ဝမ်းမနည်းပေဘူး .... ။  ကိုယ့် လူမှာ   လက်ပမ်းပညာ တဖက်ကမ်းခတ် တတ်မြောက်သသူ  ဖြစ်သမို့ ကျုပ်ကျေနပ်သည်ပ ...” 


“  အိမ်း  .... နင် ဟာ သုဘရာဇာ  ဖြစ်ပေမဲ့  ရဲရင့် ပြတ်သားလှပေသဗျ .... နင့် နာမည် အသူနည်း  ....” 


“  ကျုပ် နာမ က ငမှတ် ပ ... ။  သူ့ ကိုတော့  ငကျွဲ ခေါ်ဆိုသည် ကို လူတိုင်း သိကြသည်ပ  ... ။ ဆင်ဖြူကန် ငမှတ် ဆိုလျှင် လက်ပမ်းသားတိုင်း သိလေသဗျ  ... ။ ရတနာပုံ   နေပြည်တော် ထဲတွင် ငမှတ် အမည်ဟာ အကျော်ဒေယျ သိသူ မရှားပါ ....” 


မင်းတရားကြီးဘုရားလည်း ငမှတ် ပေးသည့် ပုဆိုး ကို ဝတ်ရင်း  ....


“  ကျုပ်ကို ကျုံး တောင်ဘက် နား   စိတ္တရမဟီ ရပ်  ရောက်အောင်  ပို့ပေးပေရော့ ကို့ လူရေ  ...  ခုပဲ    သွားကြမှတော်ရော့မယ် ....” 


မင်းတရားကြီးဘုရား လည်း  ငမှတ် ကျောထက် မှ  စီးရင်း စိတ္တရမဟီရပ် သို့ အရောက်လာခဲ့ပါသည် ။ငမှတ် နှင့် အဖော် ငကျွဲ တို့မှာလည်း လမ်းတွင်  ရောက်တက်ရာရာများ ကို ပြောဆိုလာကြပါသည် ။


မင်းတရားကြီးဘုရား ၏  အမည် ၊  အလုပ်အကိုင် တို့ကို  မေးမြန်းရာ ရွှေဘိုနယ် မှ သစ်ဝါးကုန်သည် ကိုရင်ကောင်းမြတ်  ဖြစ်ကြောင်း  ... ။  မနေ့က  မြင့်မိုရ်ပွဲ ကြည့်ရင်း အလည် လွန်သွားရာမှ  ကင်းသမားများ ကို ရှောင်ကွင်းရင်း သင်္ချိုင်းဇရပ်ပေါ်အထိ  ပြောပြပါသည် ။  စွန့်စားခန်းများ ကို   မင်းတရားကြီးဘုရား မှာ သတိရလာသောကြောင့်  ပီတိတွေ   ဖြာရပါသေးသည် ။


ရောင်နီပေါ်လာချိန် မင်းတရားကြီးဘုရား တို့မှာ စိတ္တရမဟီရပ်ကွက် တွင်းသို့  ရောက်ရှိလာကြပါသည် ။ သုဘရာဇာများ ကို  ပြန်စေပါသည် ။  သူ့ တပည့်တယောက် ကို  ညနေပိုင်းတွင်  ငမှတ် နှင့် ငကျွဲ အတွက် ငွေသား ငါးရာ ကျပ်  အလိုရှိရာ အသုံးပြုနိုင်ရန်  ပေးပို့ပေးလိုက်မည့် အကြောင်း အမိန့် ရှိလိုက်ပါသည် ။ သုဘရာဇာ နှစ်ယောက်လည်း ထိုစကားကြား သိရသဖြင့်  ဝမ်းမြောက်ကြည်နူးစိတ် တို့ဖြင့် မင်းတရားကြီးဘုရား အား  ဦးညွတ်  အရိုအသေပေးလျက်  လာလမ်းအတိုင်း ရွှင်မြူးစွာ ပြန်သွားကြပါလေသည် ။


ထို သုဘရာဇာများ ပျောက်ကွယ်သွားလေတော့မှ   မင်းတရားကြီးဘုရား လည်း မည်သူမျှ မရိပ်မိစေပဲ ရွှေနန်းတော် အတွင်းသို့ ဝင်ရောက်သွားပါလေတော့သည် ။ မင်းတရားကြီးဘုရား သည်  ငယ်ကျွန်လက်စွဲတော် ငမောင်ကြီး အား  သူ့ ကို ပြစ်ထားခဲ့၍ ကိုယ်လွတ် ရုန်းသွားသည်ဟု  ထင်မှတ်မှား၍ သုံးရက် တိတိစကား မဆိုပဲ နေပါသည် ။


++++++++++++++


နံနက်လင်းလျှင်  ဦးရွှေမောင်ကြီး လည်း သူကြီး  ဦးစံမြင့် အား မြို့ဝန် ဦးသာဘို ကို   အခေါ် ခိုင်းပါလေသည် ။ သူကြီး လည်း  ဆင်းရဲသား တဦး က မြို့ဝန်မင်း ကို  ခေါ်ခိုင်းသည့် အတွက် ပျက်ရယ်ပြုခါ ဘဝင်ကိုင် နေသော အရူးတယောက် ဟု အထင်ရောက်သွားပါသည် ။


“  ကိုယ့် လူ က  ရာရာသသ  မြို့ဝန်မင်းဦးသာဘို ကို တွေ့ချင်ရအောင်  မြို့ဝန်မင်း ကို  သင့် အမေ့လင် မှတ်နေဘိသည်လား  .... ။  သည်အချိန် တွင် မြို့ဝန်မင်းဘုရား သည်  သူ့ မယားလေးများ နှင့် ဖက်၍ စက်တော်ခေါ်လို့  ပျော်တော်မူဆဲ ရှိပေဦးမည်ပ ငါ့ လူ ရ ....” 


ဦးရွှေမောင်ကြီး လည်း မခံချင်စိတ်များ ဖြစ်ပေါ်လာပြီး  သူကြီးမျက်နှာ ကို  တံတွေးဖြင့် လှမ်းထွေးရင်း “ ခွေးသား ...  ငါ့  မျက်နှာကို စေ့စေ့ ကြည့်စမ်း .. ။ နင် ရွှေနန်းတော်ကြီး ထဲ မရောက်ဘူးလေသည်မို့  ငါ့ မသိမမြင်ဘူးလေသည်ပ ... ။  လက်ဆွဲတော် ရွှေမောင်ကြီး ဆိုတာ  ငါ ဘဲ ဟ  ...” ဟု ကြိမ်းမောင်းလိုက်သည် ။


ဦးရွှေမောင်ကြီး ကြိမ်းမောင်းသံ ကြားရတော့မှ  သူကြီး မှာ  ကြောက်ရမည့် အစား  သူ ထင်မှတ်နေသလို ဘဝင်မြင့်သော  အရူးတစ်ယောက် ဟု  အတည်ပြု၍  သူ့ တပည့်အား  “  ကြိမ်ကောင်း တလုံး ပေးစမ်းပါ  .. ။ ငမြိုင် သည် အရူး ကို ကြိမ်ဆေး တိုက်ကျွေးပေးရပေလိမ့်မဗျား .... ”   ဟုပြောလိုက်သည် ။


သူကြီး ၏ တပည့်လည်း  ဆရာ အမိန့် အတိုင်း ကြိမ်လုံး ကို  ယူလျက် သူကြီး လက်ဝယ် သို့ ပေးအပ်လိုက်ပါသည် ။  ဦးရွှေမောင်ကြီး လည်း  သူကြီး အား  အော်ဟစ်ဆဲဆို  ကြိမ်းဝါးပါသည် ။  သူကြီး လည်း အဆဲ ခံရသဖြင့်  ဒေါသ ပိုထွက်ခါ  ဦးရွှေမောင်ကြီး ကို  ကြိမ် ဖြင့် တအား ဆွဲရိုက်ပါတော့သည် ။  ရိုက်လေ ၊ ဆဲလေ ...  ဆဲလေ ၊ ရိုက်လေ ဖြစ်နေသဖြင့် ဆူညံသံကြောင့် ရပ်ကွက်အတွင်းမှ   လူအများ လာရောက် ကြည့်ရှုကြပါသည် ။ ဦးရွှေမောင်ကြီး ကိုယ်ပေါ်တွင်လည်း  ကြိမ်လုံးရာ  အလျိုး အစင်းများဖြင့် ပြည့်နှက်နေပါလေသည် ။ လာကြည့်ကြသူများဖြင့်   ပြည့်နှက်နေပါလေသည် ။  လာကြည့်ကြသူများထဲတွင် အိပ်ဖန်တော်သား တယောက် ပါရှိလာသည်ကြောင့်  ထို အိပ်ဖန်တော်သား ကပင်  ...  “  သူကြီးမင်း လူမှားနေပါပေါ့  ... ။  ဒါ ပင်းတလဲစား လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး ပ  ...  သူကြီး ကျေချောအောင် ပြုပေမှ သက်သာရာ  ရတော့မယ်ဗျ  ... ”  ဟု ကံအားလျော်စွာ ရောက်ရှိလာသော  အိပ်ဖန်တော်သား ပြောကြားချက်ကြောင့် သူကြီး မှာ  မျက်လုံး ပြူးသွားရပါသည် ။ ဦးရွှေမောင်ကြီး အား  ထိပ်တုန်းမှ ဖြုတ်၍ အိမ်ပေါ်သို့  ပွေ့ချီမတင်ခါ ဒဏ်ရာများ ကို  နနွင်း နှင့် ဆေးများ  လိမ်းကျံ၍  အနူးအညွတ် တောင်းပန်ပါလေသည် ။


ဦးရွှေမောင်ကြီး လည်း  သူကြီးတစ်ယောက် အနေဖြင့်  ငယ်သားများ  ပြောသမျှ ယုံကြည်သူ ဖြစ်သည် ။  အမှု ကို အမှန်အကန် မစစ်ကျောပဲ  ထိပ်တုန်း အရင်ခတ်တတ်သည့်  အမူအကျင့် ကြောင့်  သူကြီးအဖြစ် နှင့် မတန်ရာ ၊ သို့အတွက်  ရာထူး မှ   ထုတ်ပယ်၍ ကျောတရာ ၊  ရင်တရာ   ပါးကွက်သားများ ကို  ရိုက်ပါစေ ဟုမြို့ဝန်မင်း အား မေတ္တာရပ်ခံ၍   ရွှေနန်းတော် အတွင်းသို့  ပြန်သွားပါလေတော့သည် ။


နေပြည်တော် အတွင်း အချိန်မဲ့  သွားလာရာတွင် မီးစီး ၊ မီးတိုင် ၊    မီးအုပ်ဆောင်း  မပါ ၊ မရှိပဲမသွားလာရ ဟူသော အမိန့်တော် ရှိပါလေသည် ။ မီးအုပ်ဆောင်း  မယူသွားမိသည်ကြောင့် တွေ့ကြုံရသောဒုက္ခ သုက္ခများ အတွက်  သူ့ ကိုယ် သူ ပေါ့လျော့ရလေမည်လား ဟု  အပြစ်တင်မိပါသည် ။သူ ၏ ပေါ့လျော့မှုကြောင့် လည်း  မင်းတရားကြီးဘုရား ပါ  ကြီးစွာသော   အန္တရာယ် နှင့် ရင်ဆိုင်ခဲ့ရသည် ကိုကြားသိရသည့်အတွက်လည်း စိတ်မကောင်းခြင်း ဖြစ်မိပေတော့သည် ။


မြို့တံခါးများ မပိတ်မှီ ထွက်ခွာကြရန် ချိန်းဆိုထားသည့်အတိုင်း ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ရှိနေမည် ဖြစ်သော  ပန်းခုံအုတ်တိုက် သို့  သွားပါသည် ။  အသင့် စောင့်မျှော်နေသော  မင်းတရားကြီးဘုရား နှင့်  တွေ့ဆုံပြီးလျှင် သူ ယူဆောင်လာခဲ့သော  အဝတ်အစားထုတ် ကို မင်းကြီးဘုရား အား ဆက်သတော်မူပါသည် ။ မင်းတရားကြီးဘုရား ကို  အဝတ်အစား လဲလှယ်စေပါသည် ။


“ ဟဲ့  ... ငမောင်ကြီး  သည် အဝတ်အစားတွေ က ကောင်းလှချည်လားကွယ်ရို့ ၊ ခါသာပိတ် သိုရင်း အင်္ကျီ ၊ပိုးချိန်းပုဆိုး ပါကလား ....  ဒါ သူကြွယ်တွေ သာ ဝတ်တဲ့ အဝတ်ပေပဲ  .... ” 


“  မှန်လှပါ ... ယနေ့  မင်းတရားကြီးဘုရား သွားရောက်လိုသော နေရာ သည် ငွေစပေများသသူ  ... ၊ဖြုန်းနိုင် သုံးစွဲနိုင်သော လူရည်တတ်များ လှည့်ပတ်ကျက်စားရာ အရပ် ဖြစ်ပါသဖြင့်  ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်းပါဘုရား .... ” 


ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား အား ရှင်းလင်းတင်လျှောက်ရင်း  ကတ္တီပါ ငွေစအိပ်ရှုံလေးကို ကိုင်မြှောက်ကာ   လှုပ်ရမ်းပြသပါသည် ။ ရွှေစ ၊ ငွေစသံများပင် လှုပ်ရမ်းသည့် အရှိန်ကြောင့် ထွက်ပေါ်လာပါသည် ။


“ သည်လိုဖြင့် ရှိပစေ  ... ငမောင်ကြီး  ... ။  လူကြား ၊  သူကြားထဲ ရောက်လျှင်တော့ ငါ့ ကို မင်းတရားကြီးဘုရား တွေ လုပ်နေရင် သည်တခါ နင့် ခေါင်းကို လင်းတစာ  ကျွေးမဗျား ...... ” 


“ သတိတော် မပြတ်မလတ် ရှိရပါစေ့မည်ဘုရား ... ။  ကျွန်တော်မျိုးကြီးလည်း မင်းတရားကြီးဘုရား အပါးတော်မှာ  တသက်လုံး ခစားလာသသူ ဖြစ်နေပါသဖြင့်  နှုတ်ကျိုး  နေမိခြင်းကို  ဆင်ခြင်၍ အမှားအယွင်းကို  ခွင့်လွှတ်တော်မူပါဘုရား .... ” 


“ အိမ်း  .... ဟုတ်ပေသဗျ  ... ။ ဟုတ်ပေသဗျ  ... ။ ဒို့များ ဘာနဲ့ သွားကြမည်လဲ  ... ။ သူကြွယ် ဟိတ် လုပ်ရမည်ဆိုလျှင် ဘီရိုလှည်းများ  စီးနေရမည်လား  ....” 


“ အမိန့်တော် မှတ်ထားတော်မူသည့် အတိုင်း ခွေးသံလည်း မကြား ၊  လူသူနှင့်လည်း မဝေးကွာရဟု မိန့်ဆိုတော်မူသည့် အတိုင်း စီစဉ်ထားကြောင်းပါ မင်းတရားကြီးဘုရား ....” 


မင်းတရားကြီးဘုရား လည်း အဝတ်အစားများ လဲလှယ်တော်မူပြီးသည့် နောက် မှန်ကြုတ်တော် ကို ရှုစားရင်း ပြုံးတော်မူပါလေသည် ။  မင်းတရားကြီး ကိုယ်တိုင်မှာ သန်မာဖျတ်လတ်လျက် ရှိ ဆဲ ဟူသော ယုံကြည်ချက်ကို ခိုင်မာစေရန်  နုပျိုလျက်  ရှိဆဲပင် ဖြစ်သည် ။


“ ကျွန်တော်မျိုးကြီးများ သည်  လမ်း က ထွက်ခွာတော်မူရပါမည် ဖြစ်ပါသည်ဘုရား ... ” ဟု တင်လျှောက်ရင်း  ပန်းခုံတော်အုတ်တိုင်  အရှေ့ဘက်ပြူတင်း မှ ဆင်ဖြူနန်းတော်  ( ဆင်တင်းကုတ်  ) ရှိရာသို့  လက်ညှိုးညွှန်ပြရင်း  တင်လျှောက်သည်ကို  မင်းတရားကြီးဘုရား လည်း  မျက်ခုံးနှစ်ဖက် ရှုံ့တော် မူရင်း  “  ဘယ်သို့  ဆိုဘိသနည်း ....  ငမောင်ကြီး  ....  ငါကိုယ်တော်  နားတော်မရှင်းလှပေဘူး ... ။ မောင်မင်း   နားတော်ပေါက်အောင် ထပ်မံ  လျှောက်တင်စမ်းပ   ...” 


“  ဘုရား ကျွန်တော်မျိုးကြီး  ဆင်ဖြူနန်းတော်  ( ဆင်တင်းကုတ်  ) ရှေ့တွင်  မြင်းနှစ်ကောင်  အဆင်သင့် ချည်နှောင်ထားခဲ့ကြောင်းပါဘုရား .... မင်းတရားကြီးဘုရား  ဆင်ဖြူတော် ရှုစားရင်း ပြတင်းပေါက်တော် ရှေ့ရှိ အုတ်လက်ရမ်း မှ  ကျော်လွှား၍   အောက်သို့ ဆင်းရပါမည်ဘုရား  ....” 


“ ဟဲ့  ... ငမောင်ကြီး .... အုတ်လက်ရမ်း မပါပဲ  မြေပြင် အရောက်  အမြင့်ခုနှစ်တောင် နှင့် တမိုက် ရှိသည်ကို  နင် မေ့နေလေရော့သလား ...   ။ သည်လောက်  အမြင့် က  ခုန်ချရလို့   ငါ ကိုယ်တော်မြတ် ကျိုးတော်မူပမည် ...” 


အုတ်လက်ရမ်း သည် ခုနှစ်တောင့်တထွာ အမြင့် ရှိကြောင်း  ကျွန်တော်မျိုးကြီး သိပါသည်ဘုရား ...။ အုတ်လက်ရမ်း ပေါ်မှ  ခုန်ချရန် မဟုတ်ပါဘုရား ...  ကျွန်တော်မျိုးကြီး ရှေ့က   အရင် ဆင်းပြပါမည်ဘုရား  .... ။ ကျွန်တော်မျိုးကြီး ဆင်းသည့်  အတိုင်း  ခုန်ဆင်းလျှင် လွယ်ကူချောမောစွာ နှင့်  အောက်သို့  ကြောင် ကျ ကျနိုင်ပါသည်ဘုရား ...” 


“  သည်လို ဆိုလျှင်လဲ  နင် အရင်ဆင်းသည် ကို  ငါ ကိုယ်တော်မြတ်  ရှုစားတော် မူပြီးမှ နင့်ကို တုပဆင်းရမည်ပ .... ” 


မင်းတရားကြီးဘုရား  မိန့်တော်မူသည် နှင့် ဦးရွှေမောင်ကြီး လည်း  အုတ်လက်ရမ်းပေါ် ကျော်တက်ရင်းလက်ရမ်းအခြေပေါ်  ကျော်ခွလျက်  ရပ်ပါသည် ။  အုတ်လက်ရမ်း  အရှေ့ဘက်မှရပ်ရင်း “ ကျွန်တော်မျိုးကြီးပြုအပ်သည်ကို  စေ့စေ့ ရှုစားတော် မူပါ  ...  အမှား  တကွက် ရှိပါက အကျ သက်သာမည် မဟုတ်ကြောင်းပါ မင်းတရားကြီးဘုရား ..... ”  ဟု လျှောက်တင်လိုက်သည် ။  ထိုသို့  လျှောက်တင်တော်မူပြီး သူ မျက်နှာမူနေရာမှ မင်းတရားကြီးဘုရားအား ကျောပေးလျက်  လက်နောက်ပြန်  အုတ်လက်ရမ်းကို ကိုင်ကာ ဖင်ထိုင်ပါသည် ။  သို့  ဖင်ထိုင်ပြီးမှ  ထိုင်နေရာဘေး ကို  လက်နှစ်ဖက် နှင့် ကိုယ်လိမ်စောင်းထောက်ခါ အောက်သို့ လျှောချလိုက်ပါသည် ။ လက်နှစ်ဖက် မှ  တွဲလောင်းဆွဲရင်း မင်းတရားကြီးဘုရားအား “ သည်နေရာမှ လက်ကို  ဖြေမချမှီ အုတ်ခုန်ကို  ခြေနှင့်ကန်၍ ကိုယ် ကို ကွာစေပြီး လက် ဖြုတ်ချလိုက်လျှင် ကြောင်ကျ   ကျနိုင်သည်ကို ရှုစားတော်မူပါဘုရား ... ”  ဟု ပြောဆိုလျှောက်ထားရင်း   အောက်သို့ ခုန်ချလိုက်ပါသည် ။


“  သည်လိုဆိုလျှင် အလွယ်သားပါလား  ငမောင်ကြီးရဲ့ ... ” 


          ( ဆက်ရန် )


koaungnaingoo.blogspot.com


.

No comments:

Post a Comment