Friday, December 3, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 07


 မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ပြုလုပ်သည့်အတိုင်း ဖြည်းညင်းစွာ ခုန်ချလိုက်ပါသည် ။ လက်ဖြုတ် ခုန်မချမှီ အချိန်လေးတွင်ပင် ဦးရွှေမောင်ကြီး က “ မင်းတရားကြီးဘုရား အုတ်ခုံ ကို ခြေတော်နှင့် ကန်စေ၍ ကိုယ်တော်ကွာစေမှ  ခုန်ချ ....” ဟု စကား မဆုံးမှီ လက် ဖြုတ် အချလိုက်တွင် မြေကြီး နှင့် အုတ်ခုံ ကင်းစနေရာသည် အုတ်များ ကို ဆင်ချေလျော သဘောမျိုး အဆုတ်အတက်များ ပြုလုပ်ထားပါသည် ။ ညီညွတ်မှု မရှိသော အုတ်ခုံ အဆုတ်အတက်ပေါ်တွင် နင်းမိတော် မူ၍ မင်းတရားကြီးဘုရား မှာ ကိုယ်ရှိန် မသတ်နိုင်ပဲ ဖင်ထိုင်ရက် လဲကျပါသည် ။


ခြေထောက်နှစ်ချောင်း မှာ မိုးသို့  ထောင်သွားသည် ။ မင်းတရားကြီးဘုရား ဝတ်ဆင်ထားသော ပုဆိုး မှာ မျက်နှာတော် ပေါ်သို့ တိုင်အောင် ဖုံးလွမ်းသွားသဖြင့် အောက်ပိုင်းမှာ ဗလာကျင်းလျက် ငယ်တော်ပါ မှာ အတိုင်းသား ပေါ်ထွက်နေပါသည် ။ ပုံပမ်းကို မြင်ရသူတိုင်း မရယ်ပဲ မနေနိုင်အောင် ဖြစ်ရမည်မှန်သော်လည်း မင်းတရားကြီးဘုရား ရှက်တော်မူမည် စိုး၍ ဦးရွှေမောင်ကြီး မှာ မရယ်ဝံ့ပါ ။


စပ်ဖြဲဖြဲ ဖြစ်နေသော မျက်နှာ ကို အပိုးသပ်လျက် မင်းတရားကြီးဘုရား အား ထူမပေးရန် အနားတိုးသွားသည်တွင် လဲကျရာမှ ထရပ်ရင်း ပုဆိုး ကို ပြင်ဝတ်ပါလေသည် ။ သည်တော့မှ ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား တွင် ပေကျံနေသော ဖုတ်များ ကို ခါပေးတော် မူလိုက်သည် ။


“ ကိုယ်တော် ဘယ်နေရာများ အထိနာသွားပါသေးသည်လဲ မင်းတရားကြီးဘုရား ” 


“ မနာကျင်ပေမဲ့ အရှိန်သတ် မရတာကြောင့် နောက်လန်လဲရသည် ။  နင့် တုပပေမဲ့ မရပါကလား

ငမောင်ကြီး ရ ” 


“ မှန်လှပါ ။  မင်းတရားကြီးဘုရား ကို ကျွန်တော်မျိုးကြီး အုတ်ခုံ ကို ကန်၍ ကိုယ်တော် ကွာစေမှ ခုန်ချတော်မူရန်  သတိတော်ဆက်ဆဲ  အရှင်ဘုရား ခုန်ချတော်မူသည့် အတွက် မညီညွတ်သော ဆင်ခြေလျှောပေါ်  ကျသွားသည့်အတွက် အရှိန်မထိန်းနိုင်ပဲ လဲကျသွားရခြင်း ဖြစ်ကြောင်းပါ မင်းတရားကြီးဘုရား ” 


“ အေး  ... ဟုတ်ပေသားဘဲ  ငမောင်ကြီး ရဲ့  ။  ငါ့ ချို့ယွင်းချက်ပေကပဲ ” 


“ ကျွန်တော်မျိုးကြီးများသည် က  မြန်မြန်ခွာကြမှ သင့်တော်မည် ထင်ကြောင်းပါ ။ ဗီဇနာ အနည်းငယ်အတွင်း မြို့တံခါးကြီးများ ပိတ်တော့မည် ဖြစ်ကြောင်းပါဘုရား ” 


“ သွားကြသည်ပ  ....  ငါ့ ရှေ့က နင် ဘဲ လမ်းပြပေတော့ ငမောင်ကြီး ရ ” 


မြင်းပေါ် သို့ ကိုယ်စီ တက်ကြပြီးနောက် ဆင်ဖြူနန်းတော်ရှေ့မှ ထွက်လျက် အရှေ့ဘက်သို့ ကွေ့ပြီး မြေစိုက်နန်းတော် ( ရွှေလွှတ်တော်ကြီး ) ရှေ့မှ ဖြတ်လျက် မြောက်ဘက် သို့  စီးနင်းသွားကြပါသည် ။ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး နောက်မှ စိုက်စိုက်မကွာ လိုက်ပါစီးနင်းရင်း စိတ်တော်တွင်းဝယ် စဉ်းစားကြည့်မိပါသည် ။ ယခု သွားရမည့် အရပ် သည် ရွှေနန်းတော်ကြီး ၏ အနောက်တောင်ထောင့် ( စနေထောင့် ) အရပ်တွင် ရှိနေပါသည် ။ မည်သို့သော အကြောင်းဖြင့် မြောက်အရပ် သို့ စိုင်းနေကြသည်ကို တွေးတောနေမိပါသည် ။  သည်လိုနှင့် မြောက်ဘက်  နန်းမြို့ အထွက် ရေတော်တံခါး သို့ ရောက်ရှိလာပါသည် ။ မြို့ပြင် သို့  ဆက်လက် စီးနင်း ထွက်ခွာလာကြရင်း မင်းတရားကြီးဘုရား လည်း စဉ်းစားရင်း ဆိတ်ဆိတ် လိုက်ပါလာခဲ့ပါလေသည် ။


ရွှေနန်းမြို့တော် မြောက်ဘက်ပါး ရှိ အမရဋ္ဌာဏီ အရပ်မှ ဖြတ်သန်း၍ မြောက်စူးစူး သို့ ဆက်လက် စီးနင်းနေပြန်တော့သဖြင့် မင်းတရားကြီးဘုရား လည်း မနေနိုင်တော့သဖြင့် ဦးရွှေမောင်ကြီး ၏ မြင်း ကို အမှီလိုက်ရင်း ... “ ဟဲ့  ... ငမောင်ကြီး နင် ဘယ်ကို သွားမည်ကြောင့် မြောက်စူးစူး သို့ မြင်း နှင်နေရသနည်း ” ဟု အမေးတော် ရှိလိုက်သည် ။


“ မှန်လှပါ ။ ပြည်ကြီးပျော်ဖွယ် အရပ် ကို မင်းတရားကြီးဘုရား  သွားလိုသည် ဟု မိန့်တော်မူချက်ကြောင့် ပြည်ကြီးပျော်ဘွယ် အရပ်ဆီ ကို သွားရန် လာခဲ့ခြင်းဖြစ်ကြောင်းပါဘုရား ” 


“ ဟဲ့  ငမောင်ကြီး နင် ရူးနေသည်လား ။ ပြည်ကြီးပျော်ဘွယ် အရပ် သည် ရွှေနန်းတော်ကြီး ၏  အနောက်တောင်ဒေါင့် အရပ်တည့်တည့် တွင် ရှိသည်ကို နင် မသိသလော ။ အဘယ်အကြောင်း နှင့်  ဆန့်ကျင်ရာဒေသ သို့ ရှေ့ရှုလေဘိသနည်း ” 


“ သိပါသည် ဘုရား ။ ကျွန်တော်မျိုးကြီးသည်လည်း  ပြည်ကြီးပျော်ဘွယ် အရပ်သို့ မကြာမကြာ ရောက်ဘူးပါသည်ဘုရား ...ယခု သွားနေကြသည်မှာလည်း ပြည်ကြီးပျော်ဘွယ်အရပ် သို့ ဦးတည်လျက် သွားနေကြခြင်းပါ ဘုရား ” 


“ မြတ်စွာဘုရား ။ အနောက်တောင်အရပ် သို့ ခရီးထွက်ကြခြင်း ကို မြောက်အရပ် မှ လှည့်ခဲ့သည်အတွက် ငါ အသို့  နားလည်ရတော့အံ့နည်း ငမောင်ကြီးရဲ့ ” 


“ မင်းတရားကြီးဘုရား အမိန့်တော်မြတ် မှတ်တော်မူသည့်အတိုင်း ခွေးသံလည်း မကြားရ  ။

လူသံ လည်း  မကင်းကွာရသော လမ်းမှ သွားကြရန် စီစဉ်ရသည်မို့ မင်းတရားကြီးဘုရား စိတ်ဝမ်းတော် ချချ

ကျွန်တော်မျိုးကြီး နောက်တော် မှ လိုက်တော်မူပါ ဘုရား ။ မင်းတရားကြီး အမိန့်တော်အတိုင်း

ကျွန်တော်မျိုးကြီးများတို့ ပြည်ကြီးပျော်ဘွယ်အရပ် သို့ အရောက်နှင်းကြမည်ကို ထပ်မံ လျှောက်ထားရပါသည်ဘုရား ” 


မင်းတရားကြီးဘုရား လည်း တိတ်ဆိတ်စွာဖြင့် မြင်း ကို နှင်ရင်း ဦးရွှေမောင်ကြီး နောက်မှ တကောက်ကောက် နှင့် လိုက်ပါလေတော့သည် ။ သည်လိုနှင့် ဦးရွှေမောင်ကြီး တို့ ကျွန် ၊ အရှင် နှစ်ပါး တို့သည် မန္တလေးတောင်  အနောက်ဘက် ဘေးမှ ကပ်၍ မြောက်စူးစူး သို့ စီးနင်းနေကြပါသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော် တွင် သိချင် မေးစမ်းချင်စိတ်များ တလိပ်လိပ် တက်လာခဲ့သော်လည်း ဦးရွှေမောင်ကြီး ၏ အစီအစဉ် ကို အစအဆုံး သိလိုတော် မူ၍  ခပ်မဆိတ် လိုက်ပါတော်မူခဲ့ပါသည် ။ သည်တကြိမ် ငမောင်ကြီး သည် မင်းတရားကြီးဘုရား အလိုတော် နှင့် ဆန့်ကျင်ခဲ့ပါလျှင် ခေါင်းဖြတ်သတ်ရန် အာဏာပါးကွက်သား တို့ လက်သို့ အပ်ရအံ့ဟု စိတ်တွင်းမှ   ကြုံးဝါးတော်မူပါလေသည် ။


ငမောင်ကြီး အနေဖြင့် မင်းတရားကြီးဘုရား အပေါ် ချစ်ခင်ရိုသေလေးစားခဲ့သူ ဖြစ်ပါသည် ။

မင်းတရားကြီးဘုရား အလိုတော် ကို လည်း ဆောင်ရွက်ပေးခဲ့သည်သာ ဖြစ်ခဲ့ပါလေသည် ။


သွားရောက်လိုရာ အရပ်သို့  ပို့ဆောင်ပေးမည် ကို သံသယ မရှိသော်လည်း ယခု သွားနေကြသည်မှာ ဆန့်ကျင်ဘက် အရပ် သို့  ဖြစ်နေပါ၍ မင်းတရားကြီးဘုရား အနေဖြင့် အတော် အစဉ်းစားရ ကြပ်နေပါလေသည် ။

မကြာပါချေ ....  ဦးရွှေမောင်ကြီး နှင့် မင်းတရားကြီးဘုရား တို့လည်း အိုးဘိုလှေဆိပ် သို့

ရောက်ရှိလာပါသည် ။ သည်တော့မှ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ၏ အစီအစဉ်

တစိတ်တဒေသ ကို ရိပ်စားမိတော် မူ၍ ပီတိ စိတ်ဖြင့်  .....


“ ငမောင်ကြီး  ... နင့် အစီအစဉ် သည် သူ မတူအောင် ကောင်းမွန်လှပါကလား  ဟရို့ ” ဟု အမိန့်တော် ရှိလိုက်သည် ။


“ မင်းတရားကြီးဘုရား အလိုတော်ကျ ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည် ။ ဘုန်းတော်ကြီးသော မင်းတရားကြီးဘုရား စိတ်တော်ရွှင်မြူး ကြည်နူးစေမှုကို ပြုစုနိုင်ရန် သမာဒေဝ နတ်ကောင်း နတ်မြတ်များ အကြံတော် ဆက်သသည်ကြောင့် ယခုကဲ့သို့ စိတ်ကူးပေါက်လာရကြောင်းပါ  ဘုရား” 


“ ငမောင်ကြီး ငါ ကိုယ်တော်မြတ်ကြီးကို အမြှောက်အပင့်ကလေးနဲ့ တင်လျှောက်ပုံကို ထောက်ရလျှင် ဘာကိုများ အလိုတော်ရှိနေသည်လဲ  မသိပေကဘဲ ” 


“ မင်းတရားကြီးဘုရား ကျေးဇူးတော်ကြောင့် ကျွန်တော်မျိုးကြီးတွင် ပြည့်စုံ ကုံလုံနေပါသည် ။ ကျွန်တော်မျိုးကြီး မာချာရန်သာ ဆုတောင်းနေရပါသည် ။ ကျန်းမာမှသာ မင်းတရားကြီးဘုရား စေခိုင်းတော်မူသော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း လျှောက်ထားဝံ့ပါသည် ဘုရား ” 


ဦးရွှေမောင်ကြီး တင်လျှောက်ချက် ဆုံးလေလျှင် ရေဆိပ်ဘေးမှ တဲငယ်တခုသို့ ဆိုက်ရောက်သွားကြပါလေသည် ။ တဲ အတွင်းမှ လူ တယောက် ထွက်လာသည့်အတွက် စကားစ ပြတ်သွား၍ ဦးရွှေမောင်ကြီး မြင်းဇက် ကို လာဆွဲသည့်အတွက် ဦးရွှေမောင်ကြီး က ...


“ ငါ့ မိတ်ဆွေကြီး မြင်းကိုသာ ယူလိုက်ပါ ” ဟု ပြောသည်ကြောင့် လူရွယ် လည်း

မင်းတရားကြီးဘုရား ၏ မြင်း ကို သွားယူပါလေသည် ။


ဦးရွှေမောင်ကြီး လည်း လူရွယ် အား ....


“ တို့များ အတွက် အဆင်သင့်  ဖြစ်ပြီလားကွယ်ရို့ ။ မှောင်စလဲ ပျိုးနေပြီမို့  မပြည့်စုံသေးလျှင်လဲ ပြည့်စုံအောင် အမြန်ပြုပါ့ ကိုရင်မောင် ရေ့ ” 


“ ပုဇွန်ဆိပ်ခုန်ကလေး တခုတင်ဘဲ  လိုပါတော့သည် မြို့စားမင်းကြီး ခင်ဗျား ... အစားအစာ နှင့်  မီးတိုင် ၊

မီးအုပ်ဆောင်းများလည်း လှေပေါ်တွင် အဆင်သင့်  ရောက်ရှိပြီးပါ့ ” 


ထို လူ့ စကား  ကြားသိရ၍  မင်းတရားကြီးဘုရား လည်း  ပွဲတော်ညစာ စားဖို့ သတိရလာပါသည် ။ ညစာ ပွဲတော်စာ ကို  ဦးရွှေမောင်ကြီး အသင့် စီစဉ်ထားသည့်အတွက် စိတ်ထဲမှ ကြိတ်၍ ကျေနပ်နေပါသည် ။ မင်းတရားကြီးဘုရား သွားလိုရာ ခရီး ကို အမိန့်တော်မြတ်အတိုင်း ရေလမ်းမှ  လှေဖြင့် ရွှေတချောင်း မှ စုန်ဆင်းသွားပါက ပြည်ကြီးပျော်ဘွယ်  အရပ် ကို အလွယ်တကူ နှင့် ရောက်ရှိနိုင်လေသည် ။ ယခု မိမိတို့ ရောက်ရှိနေသော နေရာသည် ကန်ပိုင်ရွာ လည်း မဟုတ်သဖြင့် မည်သည့် ရေဆိပ် ဖြစ်နေမည်ကို မင်းတရားကြီးဘုရား သိလိုတော် မူသဖြင့် ဦးရွှေမောင်ကြီး နားသို့ တိုးတိုး ကပ်မေးရာမှ “ အိုးဘို ” ဆိပ်ကမ်း မှန်း သိရပါသည် ။ အိုးဘို မှ ရွှေတချောင်း အတိုင်း စုန်ဆင်းသွားပါလျှင် ပြည်ကြီးပျော်ဘွယ် အရပ်သို့  တဗဟိုရ်ခွဲ သာသာ ( စက် တနာရီ ခန့် ) လောက်ဖြင့်  ရောက်ရှိပေမည် ။


( ယခု မန္တလေးမြို့ အလယ်မှ ဖြတ်သန်းစီးနင်းနေသည့် ရေသိုး ၊  ရေပုပ် ထုတ်သည့် ရွှေတချောင်း သည် မြန်မာမင်းများ လက်ထက်တော် အခါက ကူးသန်းရောင်းဝယ်ရေး အတွက် အသုံးဝင်သော ချောင်း တချောင်း ဖြစ်ခဲ့ပါသည် ။ အထက်အညာ နှင့် မတ္တရာမြို့ အခြေအရပ် နှင့် အောက်ပြည်ဒေသ တို့မှ လှေကြီးလှေငယ် တို့ဖြင့် တင်ဆောင်လာသော ကုန်စည်များကို မြို့တွင်းအထိ ဝင်ရောက် ဖောက်ကား ရောင်းဝယ်ကြပါသည် ။ ယခု ပဲခူးမြို့လယ် မှ ဖြတ်သန်းစီးဆင်းနေသော ပဲခူးချောင်း ကဲ့သို့ အသုံးဝင်လှပေသည် ။ ထို ရွှေတချောင်း ကို   အင်္ဂလိပ်များ  မြန်မာနိုင်ငံကို  သိမ်းပိုက်ပြီး  ၁၅ နှစ်ကျော်ကြာ ရေကြည်တံခါး မှ သင်္ဂဇာချောင်း အထိ ဖို့ပစ်ပြီး ရေသိုးမြောင်း အဖြစ် ပြောင်းလွဲလိုက်ပါသည် ။ )  ဗီဇနာ အနည်းငယ် အတွင်း သုတ်သုတ်ပြာပြာ နှင့် လူတစ်ယောက် မြူအိုး တအိုး နှင့် ရေတကောင်း တခု ကို ဆွဲလျက် ရောက်ရှိလာသည်၌ မောင်အောင် ဆိုသူ က လှေပေါ် သို့  အတင်ခိုင်းလိုက်ပါသည် ။


ကိုရင်အောင် က ..... “ မြို့စားကြီးခင်ဗျား  ... အားလုံး အဆင်သင့်  ရှိနေပြီမို့ သွားလိုက သွားနိုင်ကြပါပြီ ခင်ဗျား ”  ဟု ရိုသေစွာ  ကိုယ် ကို ကိုင်းညွတ်၍  ပြောသည်တွင် ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ဘက် လှည့်လျက်  ... “  ကဲ ...  အဆင်သင့် ရှိပေပြီမို့  ကိုရင်ကောင်းမြတ် ရေ ကျုပ်တို့ ခရီးဆက်ကြမည်ပ ” ဟု ပြောလိုက်သည် ။


“ အိမ်း ...ကောင်းပြီ ... ဦးရွှေမောင်ကြီး သွားကြသည်ပ ”  ဟု ပြန်ပြောလိုက်သည် ။


လှေပေါ်တက်ရောက်ကြ၍  လှေဝမ်း အတွင်း မျက်နှာချင်းဆိုင် ထိုင်ကြပါသည် ။ ကိုရင်အောင် ဆိုသူမှာ ပဲ့ပိုင်း မှာ ထိုင်လျက် လှော်တက်ကို ကိုင်ခါ လှော်ခတ်ပါသည် ။ လှေထွက်လျှင် စားတော်အုပ် ကို မင်းတရားကြီးဘုရား ရှေ့တော် ချလျက် နှီးခွက်တွင်း သို့  ရေတကောင်း အတွင်းမှ  ထန်းရေများ ငှဲ့ခါ မင်းတရားကြီးဘုရား အား  ကမ်းလိုက်ပါသည် ။ မင်းတရားကြီးဘုရား လည်း လှမ်း၍ ယူလိုက်ပါသည် ။


“ သည်ဟာ  ဘယ်တော က ယူလာသည့် ထန်းရည် လဲ ဦးရွှေမောင်ကြီး ရဲ့” 


“ ကနောင်ကိုယ်တော်ကြီး တော ကပါ ... ယဉ်ပျံရွာ တွင် ယခုအချိန်လောက် ဆိုလျှင် ကနောင်အိမ်ရှေ့စံ နှင့် အဘော်တသင်းတို့  ပျော်ပွဲခင်းနေချိန်ပ ကိုရင်ကောင်းမြတ် ရဲ့ ” 


ပွဲတော်အုပ် အတွင်းမှ စားစရာများမှာ စုံလင်လှပါသည် ။ မင်းတရားကြီးဘုရား ကြိုက်တတ်သော ပဒပ်သားကင် လည်း ပါဝင်ပေသည် ။  သောက်ရင်း ၊ စားရင်း နှင့် ယစ်ရွှေရည် တံခိုးဖြင့် မင်းတရားကြီးဘုရား နှင့် ဦးရွှေမောင်ကြီး တို့လည်း ဆက်ရက်မင်းစည်းစိမ် ခံစားနေရပေပြီ ။ ရေကြည်တော် ပန်ဆက်တံခါးလှေဆိပ် တွင် အချိန်ဖြုန်းရင်း  ရပ်နား၍ ထမင်းစားသောက်ပြီး မှ ဆက်လက် စုန်ဆင်းကြပါသည် ။  မင်းတရားကြီးဘုရား လည်း  အသံဝါကြီးဖြင့် သီချင်း သီဆိုပါလေသည် ။


သူတို့ သီဆိုအော်ဟစ်သံကြောင့် တချို့ လှေများမှ ပေါင်းမိုး အပြင်သို့ ခေါင်းများ ပြူထွက်၍ ကြည့်သူ  ။ ကမ်းပေါ်မှ လက်ခုတ်တီး ၊ လက်ခေါက်မှုတ်၍ ဩဘာသံများဖြင့် မြိုင်ဆိုင်လှပေသည် ။ လှေသမား နှင့် မင်းတရားကြီးဘုရား တို့က သံပြိုင် သီဆိုကြ၍  ဦးရွှေမောင်ကြီး က ကွေးနေအောင် ကခုန်ရင်း လှေ ကို စုန်ဆင်းကြပါသည် ။ သီဆိုသည့် သီချင်းမှာလည်း  ရတနာပုံခေတ် ဆီ က အင်မတန် ရေပန်းစားသည့် ဇိုးခေါ် ကြူးကျော်  မန်းတောင် ရိုးပေါ် ပုဆိုးပေါင် ထမီပေါင် ကတ်ရိုက်ရအောင် ( ကျန်တာ ကို ထန်းရည်သောက် ဘိန်းရှုရအောင် ) ဆိုသည့် သီချင်းပင် ဖြစ်ပါသည် ။


သည်လိုနှင့် ဆောင်နန်းရိပ်သာလှေဆိပ် အရောက် ဦးရွှေမောင်ကြီး က လှေကို ရပ်တန့်စေပြီး  ...


“ သည်နေရာက ဆင်းကြစို့ ၊ ကိုရင်ကောင်းမြတ် ရေ ... ကျုပ်တို့  မိတ်ဆွေ အိမ် က သည် အနားတွင်

ရှိသည်ပ ” 


“ ကောင်းဗျာ .. ဦးရွှေမောင်ကြီး  သဘောအတိုင်းသာပ ။ ကျုပ်ကလဲ သည် အရပ်အနေတွေ မကျွမ်းကျင်ပေဘူး မှုတ်လား ” ဟု ပြောရင်း မင်းတရားကြီးဘုရား လည်း လှေပေါ် မှ ဆင်းပါလေတော့သည် ။ ဦးရွှေမောင်ကြီး လည်း မီးအုပ်ဆောင်း ကို ထွန်းညှိပြီး လှေပေါ် မှ ဆင်းလာပါသည် ။ ဆိပ်ကမ်းပေါ် တက်ရောက်ပြီးမှ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး နားသို့ ရပ်၍ တီးတိုးလေသံဖြင့် “ ငမောင်ကြီး ရဲ့ သည်ကနေပြီး ဘာပြုမဲ့ ဆင်းရသည်လဲ သီရိပျော်ဘွယ် ဆိပ်ကမ်း အနောက် ဘောက်မဲ့ မစုံရသည်လည်း ” 


“ မှန်လှပါ ... လှေသမား မှာ  လှေသင်းဝန်မင်း ၏ သွေးသောက်ကြီး ဖြစ်ပါသည် ။ ကျွန်တော်မျိုးကြီး တို့ သွားလမ်း ၊ လာလမ်း ကို မသိစေချင်၍  ယခုကဲ့သို့  အောင်နန်းရိပ်သာ လှေဆိပ်မှ ဆင်းရခြင်းပါ  ။ ပြည်ကြီးပျော်ဘွယ် ဆိပ်ကမ်း မှာ လည်း တခေါ်လောက်သာ ဝေးပါတော့သည် မင်းတရားကြီးဘုရား ” 


“ ရှိပါစေတော့ ။ ဒို့များ အခု ဘယ်သို့  ဦးတည်ပြီး သွားမည်ဟု  ငမောင်ကြီး စိတ်ကူးရှိသည်လဲ ” 


“ မင်းတရားကြီးဘုရား တွေ့လိုတော် မူသည် ဆိုသည့် ကနောင်အိမ်ရှေ့စံ လက်သပ်မွေး ဂေါင်းမ မိစပ် ထံ

အရင် သွားကြမည် ဟု အကြံတော် ဆက်ပါသည်ဘုရား ” 


“ အေး ဟဲ့ .. နင်တို့တတွေ ပြောကြသည်ကြောင့်  မိစပ် ကို ငါ ကိုယ်တော် မြင်တွေ့လိုတော် မူသည် ငမောင်ကြီး ရဲ့ သူ ၏  အရည်အသွေး က အသို့  ရှိဘိသနည်း ...” 


“ မှန်လှပါ ... ရုပ်ရေရူပကာနိကာယ် ကတော့ဖြင့် ရွက်ကြမ်းရေကြို လူသားတိုင်း ရှိသင့် ရှိအပ်သော

ရုပ်အဆင်းမျှသာ ဖြစ်ပါသည်ဘုရား ။ မြန်မာ နှင့် မဂိုကုလားသွေး  စပ်နေသည်ကြောင့် အရွယ်တော်မှာ ကျားကိုးစီး စား မကုန်နိုင်အောင် တောင့်တင်းစိုပြေပါသည် ဘုရား ။  အတွေ့မှာ ပဉ္စပါပီ ရှုံး ၍ ကိုယ်တော် ညှိုးချုံး အောင် ဆွဲနိုင်သော သတ္တိထူး ရှိကြောင်း ဘုရားကျွန်တော်မျိုး  အကြိမ်ကြိမ် တွေ့ဘူး၍ သိကြောင်းပါဘုရား ” 


“ တယ် ... အပြောကတော့ ကြွယ်လှပါလား ကရို့  ... ငါ ကိုယ်တော်မြတ် နဲ့ တွေ့ချင်စမ်းပါဘိ  ။

ညီညီ ရဲ့ နောင်တော်မှန်း မိစပ် တော့ မသိစေရအောင် သတိတော့ ရှိရပေမဗျ ” 


“ ကနောင်အိမ်ရှေ့စံ လက်စွဲတော် မှန်ပါသော်လည်း ကနောင်ကိုယ်တော်ဘုရား ကိုတော့ မိစပ် က လက်မြှောက် အရှုံးပေးရသည် မို့ ကနောင်မင်းသားကြီး ရဲ့ ခိုင်းသည့် ကျွန် ထွန်သည့် နွား နှယ်  မိစပ် ကိုယ်တိုင်က စွဲလမ်းတမ်းတ နေရသည်ကိုတော့ မိစပ် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်းပါ ဘုရား ” 


“ သည်လောက်တောင်မှပဲ ငါ့ ညီညီ က ယောက်ျားကောင်း  ပီသလေသလား ငမောင်ကြီး ရဲ့ ... ငါ ကိုယ်တော်မြတ် အနေဖြင့် မိစပ် နှင့် ယခုပင် တွေ့ချင်စမ်းပါဘိ ” 


သည်လိုနှင့် လျှောက်လာရင်း မိချောင်းတံတား ဆုံးလျှင် ပြည်ကြီးပျော်ဘွယ် အရပ် ဟု ခေါ်သော

ရတနာပုံခေတ် ပြည့်တံဆာရပ်ကွက် သို့  ဆိုက်ရောက်လာကြပါသည် ။ ဦးရွှေမောင်ကြီး လည်း  မီးအုပ်ဆောင်း

ကိုင်လျက် ဦးဆောင်ကာ မိစပ် တို့ အိမ်သို့ ရှေးရှု သွားပါလေသည် ။ မလှမ်းမကမ်း အရောက် မင်းတရားကြီးဘုရား က  လက်ညှိးထိုးတော်မူရင်း  ... “ ဟဲ့  .. ငမောင်ကြီး ရဲ့ ...ဟို လှုပ်လှုပ်  လှုပ်လှုပ် နဲ့ သူငယ်လေးတွေ ဟာ  လူပျိုတော်သားတွေ နဲ့  တူလေသလား ” သည်တော့မှ ဦးရွှေမောင်ကြီး လည်း ယစ်ရွှေရည် အရှိန်ကြောင့်  မှေးနေသော  မျက်စေ့နှစ်လုံး ကို  သေသေချာချာ ဖွင့်ကြည့်ပြီး “ မှန်လှပါ .... လူပျိုတော်သားများ ဖြစ်နိုင်ကြောင်းပါ ဘုရား ။ သူတို့ ဝတ်စားဆင်ယင်ပုံများမှာလည်း နန်းတွင်း လူပျိုတော် အဝတ်အစားသာ  ဖြစ်ကြောင်း ပါဘုရား ” ဟု တီးတိုး  တင်လျှောက်ရင်း  ဆက်လက်၍ .... “ ကျွန်တော်မျိုးကြီး သွားရောက် စုံစမ်းကြည့်ပါမည်ဘုရား .. မီးအုပ်ဆောင်း ကို  ယူတော်မူ၍ ဟောဟို သစ်ပင်ရိပ် မှ  စောင့်စားတော်မူပါဘုရား ” ဟု မီးအုပ် ကို  ပေးအပ်တော်မူပြီး ဦးရွှေမောင်ကြီး လည်း လူပျိုတော်သားများ ရှိရာသို့ ဦးတည်သွားပါလေသည် ။ လူပျိုတော်သားများ ထဲမှ  ဦးရွှေမောင်ကြီး ကို  သိကျွမ်းသူ ပါရှိနေသဖြင့် ထို လူပျိုတော်သားလေး ကပင် ... “ အလို  .. ပင်းတလဲစားကြီး ပါလား ။ အဘယ်သို့သော အကြောင်းကြောင့် သည်ကို  လာသည်လဲ ” 


“ ငါ့ တူကြီးများ လိုပ ။ ကျုပ် မိတ်ဆွေ တယောက် အညာ က  ရောက်ရှိလာသမို့  သူ့ အား   လိုက်လံ

ပို့ပေးရခြင်းပေပ ။ အတွင်းဆောင်တွင် အသူများ ရှိဘိသနည်း” 


“ မှန်လှပါ ... မက္ခရာမင်းသားကြီး ရှိတော် မူကြောင်းပါ  ။ ခုနကပင်  ပင်လယ်မင်းသား ( သန္နီမင်းသား  ) တို့ တတွေလည်း လာတော်မူသေးသည် ” 


“ အိမ်း .... ကောင်းသဗျာ  ... ကောင်းသဗျာ  ... ငါ့ တူကြီးများ ဘယ်အချိန်ထိ နေတော်မူမည်လို့များ

မင်းသားကြီး အမှာအကြား ရှိသည်လဲ ” 


“ သန်းခေါင်ယံ အချိန် ပြန်နိုင်ရန် ပြောကြားသံတော့ ကြားမိပါသည် ။ ညီတော် မလွန်မင်းသား

စံအိမ်တော်တွင် စက်တော်မူမည် ထင်ရကြောင်းပါ ပင်းတလဲစားကြီး ဗျား ” 


ထိုအခါ ဦးရွှေမောင်ကြီး လည်း ... “ တခြား အိမ်တွေ ရှောက်သွားပေဦးမယ်ဗျ ။ ငါ့ တူကြီးများ က တို့ များ သည်ကို လာကြောင်း မင်းသား ကို  မတင်လိုက်ကြပါ နှင့်  မင်းသားကြီး မှ တဆင့် သူတို့  ဘခမည်းတော် မင်းတရားကြီးဘုရား ကြားသိတော် မူလျှင် ကြိမ်းမောင်း ဆူပူ ၊ ရွှေစိတ်တော် ညူစူနေရင် အခစား

ခက်မဗျ ” ဟု ပြောလိုက်ရာ လူပျိုတော်သားများလည်း ကျေနပ်နှစ်သိမ့်ခြင်းဖြင့် လက်ခုတ်လက်ဝါးများပင် တီးခတ်ရယ်မောရင်း ကျန်ရစ်ခဲ့ကြပါသည် ။


မင်းတရားကြီးဘုရား စောင့်နေသော သစ်ပင်ရိပ်အောက် သို့ သွားရောက်ပြီး နှစ်ယောက်သား တီးတိုး ပြောဆိုကြပါသည် ။ သားတော်နှစ်ပါး နှင့် အခြွေအရံသင်းပင်းများ မမြင်မတွေ့ရလေအောင် ခေတ္တ ရှောင်ရှားနေပြီးမှ သူတို့ ပြန်ချိန်လောက်မှ  တခေါက်လာကြရန်  မင်းတရားကြီးဘုရား အလိုတော်ကျ ဆုံးဖြတ်တော်မူပြီး၍ လှေထားရှိခဲ့ရာသို့ ပြန်ကြပါလေသည် ။


“ ကျွန်တော်မျိုးကြီးများ လှေဆိုက်ကပ်ထားရာ အရပ် အရှေ့စူးစူး တခေါ်အကွာလောက်တွင် သမားတော် ငခဲ အိမ် ရှိပါသည်ဘုရား ။ ငခဲ အိမ်  စတည်းချပြီး  သန်းခေါင်ကျော် မှ သည်ကို ပြန်လာလျှင် မင်းတရားကြီးဘုရား အတွက်  ပင်ပမ်းတော်မူမည် မဟုတ်ကြောင်းပါ ဘုရား ” 


“ ရှိပစေ ... ငမောင်ကြီး ရဲ့ ... တို့များ လှေပေါ်တွင် စက်တော်ခေါ်ရင်း သန်းခေါင်ကျော် မှ ထသွားကြသည်ပ ။ ငခဲ အိမ် သွားနေပြန်ရင်လဲ ငါ ကိုယ်တော်ကြီး ယခုကဲ့သို့  ထွက်လာသည့် သတင်း အပြင်တွင် ပေါက်ကြားရပေမည်  မဟုတ်ပါလား ... ငမောင်ကြီး ရ ” 


“ မင်းတရားကြီးဘုရား အလိုတော်အတိုင်း ဖြစ်စေရပါမည် ဘုရား ။ လှေတော်ပေါ်တွင် နားနေလိုပါသည်ဆိုလျှင် လှေတော် ရှိရာ သွားကြရမည်ပါ ဘုရား ” 


ဦးရွှေမောင်ကြီး တို့ လှေပေါ် ပြန်ရောက်ချိန်တွင် လှေတော်သား  ကိုရင်အောင် မှာ တခေါခေါဖြင့်  ဟောက်၍ အိပ်ပျော်နေပေပြီ ။  ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား ခေတ္တနားနေနိုင်ရန် လှေဦးပိုင်းတွင်

ရှင်းလင်းပေးပါသည် ။  မီးအုပ် ကို မင်းတရားကြီးကိုယ်တော် တိုင် မှုတ်လိုက်ပြီး   ...


“ ခုနှစ်စင်ကြယ် အမြီးထောင်ချိန်ရောက်လာရင်တော့ သန်းခေါင် အချိန်ပဲလို့ ပြောကြသည်ကို ကိုယ်တိုင်ကိုယ်ကျ ရှုစားရသည်ပ ငမောင်ကြီး ရ ” 


“ မှန်လှပါ  ... ဘေးလှေပေါ်မှ  လူများ ကြားကုန်ကြမည် စိုးလှပါသည် ။ တိုးတိုး မိန့်တော်မူပါရန် သတိတော် ဆက်ပါသည်  ဘုရား” 


မင်းတရားကြီးဘုရား လည်း  ခေါင်းညိမ့်ပြတော်မူရင်း တိတ်ဆိတ်စွာ နေတော်မူပါသည် ။ လှေပေါ်တွင် ပက်လက်လျောင်းတော်မူရင်း  သာယာကြည်လင်သည့် ကောင်းကင်ကို  ရှုစားရင်း နက္ခတ်တာယာများ ကို

ရှုစားပါသည် ။ တဆောင်မုန်းလပြည့် ၏ ကြည်လင်သော ကောင်းကင်ပြင်တွင် စုံလင်သော နက္ခတ်များကို တခုစီ တခုစီ စိတ်ဝင်စားစွာ စစ်ဆေးကြည့်ရှုနေမိပါသည် ။ ကောင်းကင်ဂြိုလ်နေ နက္ခတ်များကို မြင်၍

စန်းယှဉ်နက္ခတ်အရ လူတို့၏ စိတ်နေသဘောထားကို  ခန့်မှန်းနိုင်သော အတတ်ပညာများ အကြောင်းကိုလည်း စဉ်းစားမိလာပါသည် ။ ထိုမှတပါး ရက် ၊ လ ၊ ပတ် ၊ ဂဋီ ၊ ဝိဂဋီ စသည်တို့နှင့်တကွ နက္ခတ္တဗေဒဆိုင်ရာ ဂြိုလ်တာယာ တို့၏  အသွားအလာ တို့ အပေါ် အမှီပြု၍   ပြက္ခဒိန် တွက်ချက်ရသည်ကိုလည်း ဆင်ခြင်မိပါသည် ။


ပြက္ခဒိန် ပြုလုပ်ခြင်း သည် သက္ကရာဇ်  စတင်ပေါ်ပေါက်လာပုံ ၏ မြစ်ဖျားခံရာ အရပ်ဖြစ်ကြောင်း အကြောင်းတို့ကိုလည်း  တွေးခေါ်မိပါလေသည် ။ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒမင်း လက်ထက် ဒေါဒေါရသ ကိန်းဖြိုတော်နှစ် သည် အိန္ဒိယပြည် “ သကမင်း ” နန်းတက်သော နှစ် ဖြစ်၍  ထို “ သကမင်း ” ကို အစွဲပြု၍  သကရန်ရေးထုံးပြုခဲ့ကြောင်း “ သံဒိဌဋီကာ ”  ကျမ်းတွင် တွေ့ရှိခဲ့သည်ကိုလည်း သတိရလာပေသည် ။  ကဝါလမိုင်း ခေါ်ကြသော ဟိန္ဒူ မဟာပိန်းနဲ အကြောင်းတွင် လူ့ပြည်ကနေ  လ ကို အကြောင်းပြု၍  ရက် ၊ လ များ   တွက်ဆသည် ။ နေ့ နှင့်  ည ကို ဖြစ်ချိန် သိကြားမင်း က  လူ့ပြည် သို့ ဆင်းသက်လာ၍ ခု ၊ နှစ် ၊ ရက်  များကို စီမံပေးခဲ့သည်ဟု ရှေးလူဟောင်းတို့ ယုံကြည်ခဲ့ပုံများကို အမှတ်ရစေပြန်ပါသည် ။


ငယ်စဉ်က သင်ကြားခဲ့ဖူးသော တာရာ ကိုးလုံး သဖြန်လေး ကို သတိရလာသဖြင့် တီးတိုး ဆိုငြီးမိပါတော့သည် ။


“ အာကာမှာ ရောင်ဝါငြီးလို့ ၊  ရွှေကျီးတဲ့  ဟင်္သာ ၊ ပုဇွန်ချိန် ဆံကျင် နှင့် ၊ တံငါဆင် သိန္ဓဝ ၊ ဗျိုင်းလှ

တာရာ ၊ သျှတ္တရာ ၊ ကျမ်းလာစကား ၊ ကဝိခံလိုက ။  တိမ်ညိုမှာ တာရာကိုး ကို ကျိုးလို့ မှတ်သား  ...” 


ထိုမှ တဆက်တည်း နက္ခတ် ( ၂ရ  ) လုံး ၏ ပုံသဏ္ဍန်များ ကိုပါ သင်ကြားခဲ့ရပြန်သည်ကို သတိရမိပါလေသည် ။


“ အာသာဝတီ ခြောက်လုံးညီတူပြီး မြင်းခေါင်းလို  ဘရဏီမှာ သုံးလုံးသာ ပမာရုံလောက်လို

( ခနောက်လို  ) ကျတ္တိကာ ကြယ်ခုနှစ်သွယ် ကြက်ငယ်စုသလို ဆယ်လုံးတညီ ရောဟဏီတူပြီး

ငါးကြင်းလို မိဂသီမှာ  သုံးလုံးသာ ဝေါဟာလိပ်ခေါင်း လို ၊ လိပ်လက်ခေါ်ကြ အန္ဒဧက တလုံးဆို

ပုဏ္ဏဖုသျှူး ငါးလုံးပြူး  နှိုင်းတုသင်္ဘောလို ၊  ငှက်ချေခံသွင်း ၊ ဆယ်လုံးမြင်း ခေါ်သွင်းဖုသျှဆို ၊  အဉ္ဋလိသ လေးလုံးရ  တုမျှခက်ရင်းလို  ” 


မင်းတရားကြီးဘုရား လည်း ကောင်းကင် ၊ နက္ခတ်တာရာများ ကို  တခုစီ တခုစီ  စာဆို နှင့် ညီ မညီ တိုက် မတိုက်  စစ်ဆေးရင်း အကာသနက္ခတ်သဘင် တွင် အတွေးနစ်မြုပ်နေဆဲ ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား အား  မလှမ်းမကမ်း မှ ထိုင်၍  ပြောင်းဖူးဖက်  ဆေးလိပ်ကြီး  တဖွားဖွားသောက်ရင်း စောင့်ရှောက်နေပါသည် ။ ဆေးလိပ် အရသာ ခံ၍ သောက်နေစဉ်  စကားဆူညံစွာ ပြောဆိုလာကြသော လူငယ်တသိုက် ကို မြင်မိ၍ လှမ်းကြည့်မိပါသည် ။ မက္ခရာမင်းသား နှင့် အပေါင်းပါ လူပျိုတော်သား တသိုက် ဖြစ်ကြဟန်တူပါသည် ။  သန်းခေါင်အချိန် တိုင်အောင် နေမည်ဟု ပြောခဲ့ကြသော သူတို့မှာ အဘယ့်ကြောင့် အစောကြီး  ပြန်လာဘိသနည်း ။ ယခုအတိုင်း ဆိုပါလျှင်  သန်းခေါင်အချိန်တိုင်ရန် တဗဟိုရ်တော့ လိုပေဦးမည် ။ သို့ဖြစ်၍  သူတို့ မည်သည့် နေရာ သွားသည် ကို သိရှိရန် အကဲခတ်မှ သင့်တော်ပေမည်ဟု အောက်မေ့ကာ မလှမ်းမကမ်းမှ လိုက်လံ ကြည့်ရှုရန် ထိုင်ရာမှ ထပါလေသည် ။


ဦးရွှေမောင်ကြီး တို့ ရပ်နားထားသော လှေတော်မြောက်ဘက် ဝါးသုံးလေးရိုက် အကွာရှိ တံတားလေးပေါ် ဖြတ်လျှောက်၍ အရှေ့ဘက်ကမ်း ကူးသွားကြသည် ကို မြင်ရသဖြင့် မလွန်မင်းသား  စံအိမ်တော်ဆီသို့ ဦးလှည့် မည်မှာ သေချာသလောက် ဖြစ်နေ၍  အသာအယာ ပြန်လှည့်ခါ မင်းတရားကြီးဘုရား အပါးသို့ တိုးကပ်သွားရင်း လေသံဖြင့် “ မင်းတရားကြီး ဘုရား သားတော်ကြီး မက္ခရာမင်းသားနှင့် အပေါင်းအပါ များ  မိစပ် ထံမှ ပြန်လာကြပြီ ဖြစ်၍ ကျွန်တော်မျိုးကြီးများ သွားရန် အခါတော်ရပါပြီဘုရား ” 


“ သေချာရဲ့လား ငမောင်ကြီး ရဲ့ စိတ်ဝမ်းတော်ချချ သွားနိုင်ခါမှ  သွားကြရင် မကောင်းပေဘူးလား ” 


“ မှန်လှပါ မင်းတရားကြီး ဘုရား  ကောင်းကင်မော့ ၍ နက္ခတ်တာယာများ ကို  စိတ်ဝင်စားစွာ ကြည့်ရှုတော်မူနေဆဲ မက္ခရမင်းသားကြီး တို့  အသိုက်မှာ သည်ကမ်း နံဘေး မှ ဖြတ်သန်းသွားသည် ကို မြင်မိပါသည် ဘုရား” 


“ သည်လို ဆိုရင်လဲ သွားကြသည်ပ  ငမောင်ကြီး ရ ” 


မင်းတရားကြီးဘုရား လည်း ပြန်လည်ဖြေကြားရင်း လှေတော်ပေါ် မှ ဆင်းခါ  ဦးရွှေမောင်ကြီး  အနားသို့ ရှောက်လာပါသည် ။  ဦးရွှေမောင်ကြီး လည်း  မီးအုပ် ကို ထွန်းညှိပြီး နောက် မင်းတရားကြီးဘုရား ရှေ့တော်မှ လမ်းပြရင်း  မိစပ် အိမ် သို့ လမ်းပြ ခေါ်ဆောင်သွားပါသည် ။


မိစပ် အိမ်ရှေ့ ရောက်သည်တွင် မီးညှိမ်း တံခါးပိတ် ထားသည်ကို တွေ့ရ၍  ဦးရွှေမောင်ကြီး သည် တံခါး ကို လက်ဖြင့် ပုတ်၍ နိုးပါသည် ။  တံခါးပုတ် နိုးသံကြောင့် အတွင်းမှ အရက်သံ ပါသည့် ယောကျာ်းတယောက် ၏ အာလေးရှာလေးသံ ဖြင့်  “ ဘယ်သူတွေတုန်းဗျာ - ကျုပ်တို့ သည်နေ့အဘို့ အနားယူ အိပ်စက်ကြပါပီ ” 


“ ပင်းတလဲစား ရွှေမောင်ကြီး လေ ၊  တံခါးဖွင့်စမ်းပါ့ ကိုရင် ကျုပ်မိတ်ဆွေ ဧည့်ကောင်း ပါသည် ကြောင့်လာခြင်းပ ”   


ထို ပြန်ကြားချက်ကြောင့်  မီးခွက် ထွန်း၍ တံခါးဖွင့်သံ ကြားရပြီး ရိုသေစွာဖြင့် -


“ အထဲကို ကြွကြပါဦးဗျာတို့ရာ ရှင်မိစပ်ကြီး တော့ ယနေ့အဘို့ ပင်ပမ်းနေသမို့ တခြား တပါးတို့ဖြင့်

ရှိပါလေရဲ့ ” 


“ သဟာပေမင့် မိစပ် နဲ့ တော့ ကျုပ်တို့  တွေ့ချင်သေးသပ ၊ ခေါ်ပေးစမ်းပါဘိ ကိုရင် ” 


ထိုသူလည်း အတွင်းသို့ ဝင်သွားပြီး ခဏအကြာ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ

မိန်းမတယောက် ထွက်လာပီး -


“ ဒီနေ့တော့ ကျွန်တော်မျိုးမ ကိုယ်တိုင် ဧည့်ဝတ် မပြုနိုင်သည့် အတွက် သီးခံပါ မြို့စားကြီး ရှင့် ၊

စိတ်တိုင်းကျ ဖြစ်စေရအောင် ကျွန်တော်မ ၏ တပည့်မလေးများဖြင့် ဧည့်ခံပါမည်” 


ဦးရွှေမောင်ကြီး လည်း ခါးကြား မှ ကတီ္တပါ ငွေအိပ်ကလေး ကို ထုတ်ယူပြီး  မိစပ် ရှေ့သို့  ပစ်ပေးလိုက်ခါ -


“ ကျုပ်နှမကြီး ပမ်းလှပေမယ် ဆိုတာ ကျုပ် သိပါသဗျ သာပေမင့် ကျုပ် မိတ်ဆွေ သူကြွယ်ကြီး ကတော့ မယ်မင်း ရဲ့ မွှေးရနံ ကြွယ်နေတဲ့ ဂုဏ်သတင်းကြောင့်  ကြီးစွာသော ချင်ချင်း ဖြစ်ပေါ်ရသည်မို့ ကျုပ် ကိုယ်တိုင် မယ်မင်း ထံ အရောက် လိုက်လံ ပို့ဆောင်ပေးရသည့် အတွက် သီးခံ ပြုစုစေချင်သကွယ် ” 


ဦးရွှေမောင်ကြီး စကား အဆုံးတွင် ရှင်မိစပ် လည်း ကတ္တီပါ အိပ်ရှုံ့လေး ကို လှမ်းယူပြီးဖွင့်ခါ လက်ဝါးပေါ်

သွန်ကြည့်လိုက်ရာ ရွှေစ - ငွေစ အတော်များများ တွေ့ရသည့်အတွက် ကြေနပ်နှစ်သက်သွားပုံ ရပါသည် ။


“ ကဲ - မောင်ကြီးများတို့ က ကျွန်တော်မျိုးမ ကို သည်လောက် အလိုတော်ရှိနေသည်ပ ဆိုရင်လဲ ဧည့်ဝတ်ပြုရ မည်ပ ၊ ကြွတော်မူပါ ” 


ဟု မင်းတရားကြီးဘုရား ထံ သို့ ချမ်းကပ်တွဲဘက်လျက် အတွင်းဆောင် သို့ ခေါ်ဆောင်  သွားပါတော့သည် ။


ဦးရွှေမောင်ကြီး ကို ဧည့်ဝတ်ပြုရန် အမျိုးသမီ သုံးလေးယောက် လာရောက် ခေါ်ငင်သော်လည်း ဆရာကောင်းတပည့် ပီပီ သူ့ တာဝန် မလစ်ဟင်းစေရန် ခေါင်းတွင်တွင် ခါ ညင်း ၍ လာသမျှ ကို နှင်လွှတ်ရှာပါသည် ။ ထိုသည့်ကြောင့် လဘက်ရေကြမ်းကရား နှင့် ထန်းလျက်ခဲ  - ပဲကြီးလှော် အမဲချောက်ဖုတ် တို့ဖြင့်  ကျွေးမွေးပါသည် ။ အငွေ့ တထောင်းထောင်း ထနေသော မြေကရားတွင်း မှ စဉ့်ပုကန်တွင်း သို့  ရေနွေးများ လောင်းငဲ့၍ ပေးကာ ဧည့်ဝတ်ပြုနေသော ကလေးမလေး ကို ဦးရွှေမောင်ကြီး သည် ကြည့်ရင်း မေးခွန်းများ တခုပြီး တခု  မေးမြန်း စပ်စုနေပါသည် ၊ အသက်အရွယ် အမည်နာမ မွေးဖွားရာဒေသ မည်ကဲ့သို့  ယခု အလုပ်အကိုင်မျိုး လုပ်ရကြောင်း ရောက်တတ်ရာရာ များကို မေးမြန်းနေပါသည် ၊ အနည်းငယ် အေးစပြုလာသော ညဉ့်နက်ချိန်တွင်  ရေနွေးသောက်၍ အမြီး စားရသည့်အရသာမှာ ထူးခြားလှပေသည်ဟု  ဦးရွှေမောင်ကြီး ယခု သတိပြုမိနေပါသည် ၊ စကားတပြောပြော နှင့် ရေနွေးသောက်နေသော ဦးရွှေမောင်ကြီး မှာ မည်မျှ ကြာသွားသည် ကိုပင် သတိမထား သောက်၍ ကောင်းဆဲ မင်းကြီးဘုရား နှင့် မိစပ် တို့  အခန်းတွင်း မှ  ထွက်လာကြသောအခါ ဦးရွှေမောင်ကြီး ထိုင်နေသော  ဝါးကွပ်ပြစ်ကလေး ပေါ် လာထိုင်ကြပါသည် ၊ ထို့မို့ကြောင့် ဦးရွှေမောင်ကြီး လည်းနေရာ ဖယ်ပေးပါသည် ၊ ရေနွေးကရားမှ  ရေနွေးပူပူလေး ကို ငဲ့၍ မင်းတရားကြီးဘုရား အား ပေးဆက်ရင်း -


“ ဘယ်နှယ့် ကိုရင်ကောင်းမြတ် ကြေနပ်နှစ်သိမ့်ခြင်း ရှိအောင် ကျုပ်နှမကြီး က ပြုစုရဲ့လား ” 


“ ဟုတ်သည်ပ ဦးရွှေမောင်ကြီး ရ  နာမည်ကြီး  သလောက် အတတ်ပညာ စုံလင်လှပါပေ  သဗျား - လူကောင် ကြီးသလောက်လည်း ပေါ့ပါးလှပေတယ် ”  


“ မြို့စားကြီး ရဲ့ အဆွေတော် က  ကနောင်မောင်မောင် အကြောင်း  တတွတ်တွတ် နဲ့  တမေးထဲ မေးမြန်းလှ

ချည့်လား မြို့စားကြီး ရဲ့” 


မင်းတရားကြီးဘုရား လည်း  ရှင်မိစပ် စကားကြောင့် ရှက်သလို  အရိပ်အရောင်များ မျက်နှာတော်ပေါ်တွင် ပေါ်ပေါက်လာပြီးနောက် -


“ ကျုပ်တို့ ကနောင်အိမ့်ရှေ့စံကိုယ်တော်ကြီး အကြောင်း နှမကြီး ထံမှ တဆင့်ကြား သိထားရတဲ့ မြို့စားကြီး က ပြောဘူးသည့်ကြောင့်  ကြုံကြိုက်သခိုက် သုတ စုဆောင်းသည့် ကျုပ် ဝါသနာကြောင့် မေးမြန်းရခြင်းပ နှမကြီး ရ ” 


“ နောက်ကို ရတနာပုံ  နေပြည်တော်  ရောက်သည့်အခါ  မြိုစားကြီး မပါလည်း  မိစပ် ထံကို မောင်ကြီး အချိန်မရွေး အလယ် လာနိုင်ပါတယ် ၊ မိစပ် လဲ မောင်ကြီး ကို  အနည်းငယ်တော့ ကျေနပ်သည်ပ ။ ကနောင် မောင်တော် နှင့် တော့ ယှဉ်တုလို့ မရနိုင်သည်မို့ ကနောင်မောင်တော်ဘုရား လိုတော့ မနှစ်သက်ပေဘူး မောင်ကြီး ရဲ့ ” 


မိစပ် ပြောသော စကားအဆုံးတွင်  မင်းတရားကြီးဘုရား  မျက်နှာတော်  ပျက်သွားသည်ကို

ဦးရွှေမောင်ကြီး ကွက်ကနဲ မြင်လိုက်ရပါသည် ။  မိစပ်လည်း သူ့ စကားကို သူ သဘောကျဟန်နှင့်

ရယ်မောသည်ကြောင့် မင်းတရားကြီး ဘုရား ရော ၊ ဦးရွှေမောင်ကြီး တို့ပါ အတူဝင်ရောက်

ရယ်မောကြပါသည် ။ ရယ်မောရင်း မှ မင်းတရားကြီးဘုရား သည် မျက်မှောင်ချီလျက်-


“ သည် နှမကြီး က မောင်ကြီး ကို  ကနောင်ကိုယ်တော် နဲ့ တုပ လို့ မရနိုင်သည်မို့ ကနောင် မောင်တော်ဘုရား လိုတော့  မနှစ်သက်ပေဘူး မောင်ကြီး ရဲ့ လို့ ပြောသည့် စကားကိုတော့ မောင်ကြီး နားမရှင်းလှပေဘူး နှမကြီး ရဲ့ ” 


“ သဘောက သည့်နှယ်ပ မောင်ကြီး ရယ် ၊ “ ခါကျင်ကောင် မာန်ဖီး တောင်ကြီး ဖြိုမဲ့ကြံ ခါးက မသန် ”  ဆိုသည့် စကားပုံ လိုပ ၊ မောင်ကြီး နှင့်  ပျော်ပါးရပေမဲ့  ခါကျင်ကောင် နှင့် တူသည့် မောင်ကြီး အတွက်  မိစပ် မှာ မပြေချော  ပေဘူး ” 


ခါကျင်ကောင် နှင့် အနှိုင်းခံရသော  မင်းတရားကြီးဘုရား စိတ်တွင်းဝယ် ခံပြင်းဟန် ရှိပေမင့် ပြန်လည် ပြောကြားသံ  မကြားရတော့ပါ ။  မိစပ် ကျွေးမွေးဧည့်ခံသည့်  အစားအသောက်များ ကို မင်းတရားကြီး ဘုရား လည်း  စိတ်မပါ့တပါ နှင့်  စားသောက်တော် မူရင်း  စကားပြောဆိုနေကြပါသည် ။


တဗဟိုလောက် ကြာသောအခါ နားနေတော်မူပြီးမှ နှုတ်ဆက်၍ လှေရပ်နားရာသို့  ပြန်ခဲ့ကြပါသည် ။

လှေဆီ အသွားတွင် မင်းတရားကြီးဘုရား ကပင် စတင်လျက် ...


“ ငမောင်ကြီး မနက်ဖန် နံနက်လင်းလျင်လင်းချင်း သမားတော်  ငခဲ ကို နင် ကိုယ်တိုင် ငါ့ ထံ  အခစား ဝင်ဘို့ တပါတည်း ဆင့်ခေါ်ခဲ့ရမည် ” 


“ အမိန့်တော်အတိုင်း ကျွန်တော်မျိုးကြီး ဆောင်ရွက်ပါမည် ။ အသို့သော အကြောင်းဖြင့် ချက်ချင်း

ဆင့်ခေါ်တော်မူရပါသနည်း  မင်းတရားကြီးဘုရား ” 


“ ငခဲ လာလျှင် သိရမည်ပ  ငမောင်ကြီး ရဲ့ ၊ နင် လဲ  မိစပ် နှင့် ပြောကြားသည့် စကားများ  ကြားသိနေသားနှင့် မေ့နေသည် ထင်ပ ” 


“ မှန်လှပါ ကျွန်တော်မျိုးကြီး မည်သို့သော အကြောင်းအရာဟု မခန့်မှန်းနိုင်ရအောင် ဖြစ်ရကြောင်းပါဘုရား ၊ မင်းတရားကြီး ဘုရား  မမိန့်တော်မူပဲနှင့် မသိနိုင်သည့်  အတွက် ကျွန်တော်မျိုးကြီး  စိတ်ဆင်းရဲလှပါသည်  မင်းတရားကြီးဘုရား ” 


“ တကယ် နားမပေါက်ရိုး မှန်ရင်တော့ ပြောရမည်ပ ၊ မိစပ် ပြောသည့်စကားကို နင် တကယ် မသိရှိဘူး ဆိုရမည်ကလဲ  နင့် ရှေ့တွင် ငါ ကိုယ်တော်မြတ်ကြီး အား  ခါကျင်ကောင် နှင့် တုနှိုင်းသည့် စကားကြောင့် နင် တို့ပင်  ရယ်မော ခဲ့ကြသေးသည်  မဟုတ်ပေလား ” 


“ သိတော်မူပါပြီဘုရား ... မင်းတရားကြီးဘုရားကို  ခါကျင်နှင့်ပမာပြု၍  သူ့ကိုယ်သူ တောင်ကြီးလို့တင်စားခဲ့ပါသည်ဘုရား“ 


“ ဟုတ်သည်ပ ငမောင်ကြီး ရာ ညီညီ ဟာ ငါ့ ထက် ဘယ်သို့သော အကြောင်းနှင့် အစွမ်းကောင်း  ရမည်လဲ ငါ ဟာ မင်းဧကရာဇ်  စစ်စစ်ဖြစ်သည့် အတွက် စွမ်းစွမ်းချင်းစွမ်းလျှင် ငါ သာ ညီညီကနောင် ထက် စွမ်းသင့်သည် မဟုတ်ပေဘူးလား  ငမောင်ကြီး ရဲ့ ” 


မင်းတရားကြီးဘုရား စကား  ကြားရသော ဦးရွှေမောင်ကြီး မှာ အခိုက်အတန့်  မည်သို့ လျှောက်တင်

ရမည်ကိုပင်မသိနိုင်အောင် မှင်သက်သွားသလို ဖြစ်လျက် အတန်ကြာ ဆိတ်ငြိမ်နေမိပါသည် ။

အလောင်းမင်းတရားကြီး ၏ အနွယ်တော် ပီပီ စိတ်ဓါတ်ပြင်းထန်ပုံ ရပါသည် ။ ဗိုလ်မထား ဟူသော

ပြင်းပြသည့် ဇာတိသွေး ဇာတိမာန် တို့သည် ဤလို နေရာမျိုးအထိပင် လိုက်လံ တိုင်းတာ ကြည့်ရှုနေပေသည် ။


မည်သို့ပင် ဖြစ်စေ ၊ သည်ကိစ္စ  သည်အကြောင်းတွေ အားလုံးသည် သူ နှင့် မည်မျှ မသက်ဆိုင် ၊ သူ နှင့် သက်ဆိုင်သည့် အရာကား  ဆရာကောင်းတပည့် ပီပီ အမှုတော် ထမ်းရာတွင် တုန်း ဆို တိုက် ကျား ဆိုလျှင် ကိုက် ရပေအံ့ ။


အတွေးကိုယ်စီ နှင့် ဆိတ်ငြိမ်စွာ လျှောက်လာကြသော ဆရာတပည့် နှစ်ဦး တို့မှာ လှေဆိပ်သို့ ရောက်ရှိလာသည် ကို ကိုရင်အောင် အား နှိုးစေလျက် လာလမ်း အတိုင်း ပြန်လည် ထွက်ခွာလာခဲ့ကြပါသည် ။


အာရုံတက်ချိန်ပင် ရောက်ရှိတော့မည်ဖြစ်သဖြစ်ပါသည် ။ သူ့တို့  “ အိုးဘို ” ဆိပ်ကမ်း ရောက်ရှိချိန် နှင့် အလင်းရောင် ထွက်ပေါ်ချိန် ကိုက်ညီ မှန်ကန်ခဲ့ပါလျှင် နန်းမြို့တော်အတွင်း သို့ ဝင်ကြရန်သာ ဖြစ်ပါတော့သည် ။


သို့ဖြစ်၍ ခရီး မဖင့်စေရန် ရေဆန် ဖြစ်၍ ဦးရွှေမောင်ကြီး လည်း   လှော်တက်တချောင်း နှင့် ရေဆန် ကို လှော်ခပ်ပေးပါသည် ။ ထိုအချိန် မင်းတရားကြီးဘုရား လည်း  ကိုယ်တော်လည်း ပန်း စိတ်တော်လည်း နွမ်း ဟန် ဖြင့် လှေပေါ်တွင် စက်တော်ခေါ်ရင်း လိုက်ပါတော်မူခဲ့ပါသည် ။ စက်တော်ခေါ်ရာမှ စွဲလန်းသော ဥပဒါန်ကြောင့်  ယောင်ရမ်းရင်း ရွှေနှုတ်တော်မှ   ဟစ်အော်လိုက်သော မင်းတရားကြီး ၏ စကားမှာ “ တောက် ”  “ ခါကျင်ကောင်တဲ့ ဟေ့ ” 


◾ချစ်စိန်လွင်


📖 ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း


အပိုင်း ( ၄ ) ❝ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ် ဘုရားရေ ❞  ကို ဆက်လက် တင်ပေးပါမည် ။


koaungnaingoo.blogspot.com


.

No comments:

Post a Comment