စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Monday, October 5, 2026
မီးမလောင်စေနှင့်
ကျောင်းဖွင့်ချိန်
❝ ကျောင်းဖွင့်ချိန် ❞
▢ ကိုလေးမြတ်
ဝမ်းလည်း သာပါရဲ့။ စိတ်လည်း ညစ်ပါရဲ့။
ဝမ်းသာတာက ကျုပ်တို့ ရွာလေးမှာ မူလတန်းကျောင်း ဖွင့်လှစ်ခွင့် ရရှိလို့ပါပဲ။ စိတ်ညစ်တာက မူလတန်းကျောင်း ဆောက်ဖို့ အတွက် ကျုပ်တို့ မိသားစုက အလှူငွေ ငါးရာကျပ် ထည့်ဝင်ရမယ်တဲ့။ စေတနာတော့ ရှိရဲ့။ လက္ခဏာ မရှိတာ ခက်တယ်။
ဆရာတော် ဦးအာသဖ ကတော့ ကျောင်းဖြစ်မြောက်ဖို့ အတွက် အားတက်နေလိုက်တာ။ သူ့ကျောင်းမှာ ရှိတဲ့ စာသင်ခုံတွေ၊ ဘောကြီးတွေလည်း လွှဲပြောင်းပေးမယ်တဲ့။ ကျောင်းသူကျောင်းသားတွေလည်း လွှဲပြောင်းပေးမယ်တဲ့။ ဘုန်းကြီးကျောင်း မြောက်ဘက်က ကုန်းမြင့်လွင်ပြင်မှာ စာသင်ကျောင်း ဆောက်ဖို့ မြေနေရာပဲတဲ့။
ကျောင်းအုပ်က ဆရာမ ဖြစ်ရင်တော့ ရွာက တစ်အိမ် တစ်လှည့် ထမင်းကျွေးကြရမယ်တဲ့။ ဆရာ ဖြစ်ရင်တော့ ငါ့ကျောင်းမှာ တာဝန်ယူထားမယ်တဲ့။
ကျောင်းက သွပ်မိုး၊ အုတ်ပတ်ကား၊ ဒါမှမဟုတ် ပျဉ်ကာ၊ သမံတလင်းခင်း၊ ဆင်ဝင်ခေါင်းနှစ်လုံးနဲ့ ခုနစ်ပင်တည် ခြောက်ခန်း၊ လေးပင်တည် သုံးခန်း ဆောက်လုပ်မယ်တဲ့။
ရွာက လူကြီးတွေနဲ့ စာရေးတို့ကို အိမ်ထောင်စု စာရင်းနဲ့ အိမ်ထောင်ခွဲ စာရင်းတွေ မေး။ ကျောင်းအတွက် ခန့်မှန်းခြေ တွက်ချက်ကြ။ အိမ်ထောင်ကြီး ငါးရာကျပ်၊ အိမ်ထောင်ခွဲ သုံးရာကျပ်။ တစ်ပြိုင်တည်း ထည့်ဝင်နိုင်ရင် ထည့်ကြ။ မထည့်နိုင်ရင် ခွဲပြီး ထည့်ကြ။ နှစ်လအတွင်း အပြတ်ထည့်ဖို့တော့ လိုတယ်တဲ့။ တကယ်ပဲ အစည်းအဝေး တစ်ကြိမ်တည်းခေါ် တစ်ကြိမ်တည်း ဆုံးဖြတ်။ ငှက်ပျောသီး အခွံ နွာရတာမှ ခက်ဦးမယ်။
အိမ်ကဟာမ မိငွေ ကတော့ မူလတန်းပညာလေးနဲ့ ဘာလုပ်စားလို့ ရမှာလဲတဲ့။ စာတတ်တော့လည်း ဘာဖြစ်မှာလဲ။ စာမတတ်တော့လည်းဘာလုပ်မှာလဲ။ အရွယ် ရောက်လာရင် ကျောက်ထု ရမှာ ထုရမှာပါပဲတဲ့။
သူ ပြောတာလည်း ဟုတ်သလိုလိုတော့ ရှိသား။ ကျုပ်တို့ ရွာမှာ အလယ်တန်းပညာ တတ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဘုန်းကြီးကျောင်းထွက်၊ တောင်ရွာ မူလတန်းကျောင်းထွက် ဒါပဲ ရှိတာ။ တောင်ရွာ မူလတန်းကျောင်းထွက်တောင် လက်ချိုးရေလို့ ရတယ်။ အဲ... မိငွေ ပြောသလို အရွယ်ရောက်လာရင် ကျောက်ထုရတာပဲ မဟုတ်လား။
အေးလေ ဘာတတ်နိုင်ပါ့မလဲ။ ဆရာတော်နဲ့ ရွာကလူကြီးတွေ ကောင်းတယ်ထင်လို့ စီမံကြတာပဲ။ နာခံရမှာပေါ့။ မိငွေ ကိုတော့ ပြောရသေးတယ်။ ကျောက်ငရုတ်ဆုံ ဈေးကောင်းပါစေ လို့သာ ဆုတောင်းဟာလို့။
စာရူး၊ ကဗျာရူး ရွာ စာရေးကလည်း တမှောင့်။ ကျောင်းဖွင့်ပွဲကျရင် မြို့က ဇာတ်အဖွဲ့ မငှားဘဲ အရပ်ဇာတ် ကမယ်လို့တဲ့။ လူငယ်ထု အားလုံးကလည်း ညီလို့ ညွတ်လို့။ ကျောက်ထုရာမှာလည်း သီချင်း တကြော်ကြော်။ ထန်းတက်ရာမှာလည်း သီချင်း တကြော်ကြော်။ စိတ်ကူးပြီး ပျော်နေကြတာလေ။ ဇာတ်ကလည်း ကောင်းမှာ သေချာပါတယ်။ ငွေအများဆုံး ထည့်ဝင်တဲ့ သူက ပြဇာတ်မင်းသား တဲ့။ မှတ်ကရော။
••••• ••••• •••••
ဟောဗျာ.. သွပ် ကလည်း ကုန်သည် ဆီက ဝယ်ရတာလား။ သစ် ကလည်း ကုန်သည် ဆီကပဲ ဝယ်ရမှာတဲ့။ ဈေးတွေကလည်း မြင့်တက်နေလိုက်တာ ခေါင်ခိုက်ရုံတင် မကဘူး။ ခေါင်ကိုတောင် ဖောက်ထွက် တက်သွားနေပေါ့တဲ့။ ကျုပ်တော့ အ,တယ်လို့ ပြောပြော န,တယ်လို့ ထင်ထင် ခုမှပဲ ကိုယ်ထူ ကိုယ်ထ ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်တော့တယ်ဗျာ။
သမံတလင်း ခင်းဖို့ မှန်ကျောက်တို့၊ အုန်းကျောက် တို့ကိုလည်း ဝယ်မနေတော့ဘူးတဲ့။ မကုန်သင့်တာ မကုန်အောင် ချွေတာရာလည်း ဖြစ်တယ်တဲ့။
တစ်အိမ်ထောင်ကို မှန်ကျောက် ငါးချပ်နဲ့ အုန်းကျောက်ဆယ်လုံးစီ ထည့်ကြရမယ်တဲ့။ ပြီးတော့ ကျောင်းအတွက် ငွေလိုရင်လည်း ထပ်ပြီး ထည့်ဝင်ရဦးမယ်တဲ့။
ဒီတော့ စားတာကို ဖြစ်သလို စားကြ၊ ဝတ်တာကို ဖြစ်သလို ဝတ်ကြ။ ကျောင်းကိုတော့ မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဆရာတော်က အားမာန် အပြည့်နဲ့ မိန့်မြွက်လိုက်တယ်။ မျက်ခုံးတွေ လှုပ်လိုက်ပါဘိတော့။
ကဲ... မရွှေငွေရ ပြောင်းထမင်းကို ဆီဆမ်းပြီး ရေနဲ့ မျှောချလိုက်ကြစို့ရဲ့။ ငါလည်း ပုဆိုးပဲကို ခါးတောင်းကျိုက် နေလိုက်တော့မယ်။ ညည်းလည်း အင်္ကျီ မဝတ်ဘဲ ထဘီရင်လျားနဲ့သာ နေပေရော့။ ကျောင်းကြီး ဖြစ်မြောက်ပြီးမှ ဆန်ထမင်းနဲ့ ဝက်သား အတိုးချ စားကြတာပေါ့။ အိမ်မှာနေလည်း ဘုရားပွဲ သွားကြသလို အဝတ်အစားသစ်တွေ ဝတ်နေကြတာပေါ့။
ရွာက လူကြီးတွေလည်း အပင်ပန်းခံ ရှာကြသား။ ဥပုသ်နေ့တိုင်း ရွာထဲ လှည့်ပြီး ငွေကောက်ခံကြတယ်။ ကျုပ်က တစ်ပတ်ကို ခြောက်ဆယ့်ငါးကျပ် ထည့်ဝင်ရမယ်တဲ့။ ရှစ်ပတ်ထိ ထည့်ရမယ်။ နောက်ဆုံး အပတ်ကျ လေးဆယ့်ငါးကျပ် ထည့်ရမယ်။ ဒါဆိုရင် ကျုပ် ထည့်ဝင်ရမယ့် ငွေ ငါးရာကျပ် ပြည့်ရောပေါ့။
တစ်ပတ်ကို ခြောက်ဆယ့်ငါးကျပ်ဆိုတာ နည်းတဲ့ ငွေလား။ မတတ်နိုင်ဘူး။ မရှိရင် ကျော်သောင်း ဆီက ယူပြီး ထည့်လိုက်ရုံပေါ့။
ကျော်သောင်း ဆိုတာက ကျောက်ငရုတ်ဆုံ၊ ကျောက်ကြိတ်ဘီး ဝယ်ရောင်းလုပ်ကိုင်တဲ့ သူလေ။ ကျုပ်က ကြိတ်ဘီးရလည်း ကြိတ်ဘီးပေါ့။ ကျောက်ငရုတ်ဆုံ ရရင်လည်း ရသလောက် ကျော်သောင်းဆီ သွင်းရတယ်။ သူ့ဆီက ဆန်၊ ဆီ၊ ဆားကအစ အပ်အထိ လိုအပ်တာ ယူစား ယူသုံးပေါ့။ တစ်ပတ်နေမှ ကျုပ် သွင်းတဲ့ ကျောက်ဖိုးတွေနဲ့ သူ့ဆီက ယူစားတဲ့ ဆားဖိုး၊ ဆီဖိုး တွက်ချက်ပြီး စာရင်း ရှင်းတယ်။ လိုရင် စာရင်း မှတ်ထား။ ပိုရင်တော့ ငွေရတာပေါ့။ လိုတာနဲ့ ပိုတာ ပိုတာက တစ်ခါ၊ လိုတာက ဆယ်ခါ ထင်ပါရဲ့။ စာရင်းရှင်းတာက ကျုပ်အလုပ် မဟုတ်ဘူးလေ။ မိငွေရဲ့ အလုပ်။ အိမ်က ဟာမက စာသာ မတတ်တာ၊ စာရင်းရှင်းတဲ့ နေရာမှာတော့ အတော် ကျွမ်းကျင်တယ်။
••••• ••••• •••••
ဟော... မောင်းထုသံ ကြားတယ်။ ကျောက်ဆစ်တာ ရပ်ပြီး သွားမှ။ ဆရာတော်က အရေးအကြောင်း ရှိရင်၊ လူစုရင် ဆွမ်းတော်ကြီး လှည့်ရာမှာ အသုံးပြုတဲ့ မောင်းကြီးကို ထုတော့တာပဲ။ လေအလှည့် မသင်လို့ မောင်းသံ မကြားလည်း တစ်ယောက်စကား တစ်ယောက်နားနဲ့ ရွာကလေး ဇနပုဒ် ပျံ့သွားတာပေါ့။ ဆရာတော်က အရွယ်မရွေး ကြိမ်နဲ့ ဆော်တတ်တယ်။
ကားကြီး တစ်စီးနဲ့ သစ်သားတွေ ရောက်နေတာကိုး။
ဟူး... ပင်ပန်းလိုက်တာ။ သစ်ချရတာ ကျောက်ထုရတာထက် ပင်ပန်းသေး။ အလှူမဏ္ဍပ် ဆောက်တာမှ မဟုတ်ဘဲ။ ရွာဘုံကိစ္စ လုပ်ကိုင်ရတာ ဆိုတော့ ရေနွေး မသောက်ရ၊ ဆေးလိပ် မသောက်ရ။ တော်ပါသေးရဲ့ ရေအဝ သောက်ကြရလို့။
သွပ်တင်လာတဲ့ ကား ရောက်လာတော့လည်း ဝိုင်းဝန်းချရတာပဲ။ ဒါတွေက ကိစ္စ မရှိပါဘူး။ အလုပ် ခဏသာပျက်တာ။
ဒုတိယအခေါက် သစ်သား လာချတဲ့ ကားက လမ်းမှာ ပျက်လို့တဲ့ နွားလှည်း ရှိတဲ့ သူတွေက နွားလှည်း အင်အား၊ လူသာ ရှိတဲ့သူက လူအင်အား။ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ် လိုက်ပြီး ပြောင်းသယ်ကြရတာ။ ကားက ကျုပ်တို့ နွားလှည်း ပြောသလို ပြောရရင်တော့ လှည်းဝင်ရိုး ကျိုးတာပါဗျာ။
ရွာအဆက်ကလည်း မနီး။ ရေရှိတဲ့ နေရာနဲ့လည်း အလှမ်းဝေး။ နေကလည်း ပူ။ ကားပေါ်ကနေ လှည်းတွေပေါ် တင်။ လှည်းပေါ်က ပြန်ချ။ အဲဒီနေ့က ပင်ပန်းသလား မပြောနဲ့။ လူသေနံ့တောင် သင်းလာသလား အောက်မေ့ရတယ်။ ပြီးတော့ အလုပ်လည်း တစ်နေကုန် ပျက်ကရော။
••••• ••••• •••••
ဒီလိုနဲ့ပဲ ကျောင်းတိုင်ထူ ဝိုင်းဝန်းရတာတို့၊ လက်သမားဆရာတွေ ရေနွေးပွဲ ပို့ရတာတို့ ဆိုတာတွေတော့ မပြောတော့ပါဘူး။ ကျောင်းကြီးအားလုံး ဆောက်လုပ်ပြီးစီးသွားတယ် ဆိုပါတော့။
နေရောင်အောက်မှာ သွပ်ရောင်တွေက ဝင်းလက်နေတာပဲ။ မျက်စိကို ကျိန်းစပ်လို့။ သစ်သားနံရံတွေမှာ ရေနံတွေကလည်း ရွှေအိနေတယ်။ အောက်အနားသတ် သမံတလင်းကလည်း သပ်ရပ်ပြီး ကျောင်းနဲ့ ပနံသင့်လိုက်တာ။ ကျောင်းရှေ့က အလံ တော်တင်ဖို့ အုတ်ခုံကလည်း ဝံ့ဝံ့ကြွားကြွား။
ကျုပ်တို့ရွာ အင်အားနဲ့ ခုလို အဆောက်အအုံ ပေါ်ထွန်းလာတာ ဆရာတော်နဲ့ ရွာလူကြီးတွေရဲ့ ကျေးဇူးတရားတွေပေါ့။ ကျုပ်တို့ ရွာသူရွာသားတွေအဖို့ ဂုဏ်ယူစရာ ပြယုဂ် တစ်ခုပေပဲပေါ့။
ကျောင်းအုပ်လည်း ရောက်ရှိလာပြီ။ ကျောင်းဆရာ ဖြစ်လို့ ဆရာတော်က သူ့ရဲ့ စကားအတိုင်း ကျောင်းမှာ နေစေတယ်။ ကျောင်းက ကျွေးတယ်။
ကျောင်းဖွင့်ပွဲရက် နီးလာတာနဲ့ အမျှ ရွာကလေးဟာ လှုပ်စိလှုပ်စိ။ ကျောင်းဖွင့်ပွဲကို မြို့က လူကြီးတွေ ကိုယ်တိုင် လာပြီး ဖွင့်လှစ်ပေးမှာတဲ့။ ဒီတော့ ရွာလူကြီးတွေကလည်း လိုလေသေး မရှိအောင် စီစဉ်ကြ၊ ပြင်ဆင်ကြ။ ပျားပန်းခတ်။
လူငယ်တွေကလည်း ညတိုင်း သီချင်းတိုက်၊ ဇာတ်တိုက် နေကြတော့တယ်။
ကျုပ်တို့လည်း ကျောင်းဖွင့်ပွဲမှာ ကပြမယ့် အရပ်ဇာတ်ကို လာပြီး အားပေးကြတဲ့ ရွာနီးချုပ်စပ်က မိတ်ဆွေတွေကို ဧည့်ခံဖို့ ယမကာတွေ စုဆောင်း၊ မုန့်ပဲသရေစာ လုပ်ကြ။ ပျော်စရာတော့ တစ်မျိုးပေပ။
ကြည့်စမ်း.. ဖဲကြိုးလေးကို ကတ်ကြေးနဲ့ ဖြတ်လိုက်တယ်။ မိုးပျံပူဖောင်းလေးတွေ မိုးပေါ် လှုပ်လှုပ် တက်သွားတယ်။လက်ခုပ်သံတွေလည်း ဆူညံပွတ်ထသွားတာပဲ။ တပင်တပန်း ကျော်ဖြတ် လာခဲ့ကြရတဲ့ ကျောင်းဖွင့်ပွဲကတော့ ချောမောစွာ အောင်မြင် ထမြောက်သွားခဲ့ပြီလေ။
ဆရာတော်က သူ့ကျောင်းက ကျောင်းသားတွေကို သူကိုယ်တိုင် တန်းခွဲပြီး ကျောင်းသစ်ဆီ လွှဲပြောင်းပေးတယ်။ ဘုန်းကြီးကျောင်းကို အပ်တုန်းကတော့ ငှက်ပျော တစ်ပွဲ၊ လက်ဖက် တစ်ပွဲနဲ့ပေါ့။ ခု ကျောင်းသစ်မှာတော့ ငှက်ပျော တစ်ပွဲ၊ လက်ဖက် တစ်ပွဲ မလိုတော့ဘူး။ ကျောင်းဝင်ကြေးတဲ့။ ဆရာ- မိဘ အသင်းကြေးတဲ့။ ဘာကြေး ညာကြေး။ ကျောင်းသား တစ်ယောက်ကို တစ်ရာကျပ် ဝန်းကျင် ကုန်ကျတယ်။
လာခဲ့ဦး။ စာအုပ်ဖိုး၊ ခဲတံဖိုး၊ ပြီးတော့ တနင်္လာနေ့နဲ့ သောကြာနေ့မှာ အင်္ကျီအဖြူ၊ ကျောင်းလုံချည်စိမ်း တူညီဝတ်စုံ ဝတ်ရမှာ ဆိုတော့ ကျောင်းဝတ်စုံလည်း ချုပ်ရဦးမယ်။
မိငွေ ကတော့ ကျောင်းဝင်ကြေး၊စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုး ပြည့်စုံမှ သူ့သားကို ကျောင်းအပ်၊ ကျောင်းထားတော့မယ်တဲ့။ လောလောဆယ်တော့ သူနဲ့ ငရုတ်ကျည်ပွေ့ခေါက် ခေါ်သွားနေလေရဲ့။
ဓာတ်တုတ် ကလည်း ကျုပ်သား ဆိုးပေနဲ့ ရွယ်တူ သူ့သား နီတွတ်ကို မြူအိုးကောက် ခေါ်သွားနေတယ်။ ဓာတ်တင် ကလည်း သူ့သမီး အေးကြည်မကို ဆိတ်ကျောင်းပဲ ခိုင်းနေတော့တယ်။
အောင်မယ်၊ သူတို့ကလည်း မိငွေနဲ့ တိုင်ပင်ထားကြသလား မပြောတတ်ဘူး။ ကျောင်းဝင်ကြေး၊ စာအုပ်ဖိုး ပြည့်စုံမှ ကျောင်းအပ်၊ ကျောင်းထားကြမယ်တဲ့။
ဘယ်သော ကာလမှ ပြည့်စုံကြမလဲ ဆိုတာတော့ မပြောတတ်ဘူး။
လောလောဆယ် အချိန်မှာတော့ ကျောင်းအနီးက ဖြတ်သွားမယ် ဆိုရင် ကျောင်းအုပ်ဆရာကြီး တစ်ယောက်တည်း စာထိုင်ဖတ်နေတာကို တွေ့ကြရရဲ့။ တစ်ခါတလေ စားပွဲပေါ် လက်ခု၊ ခေါင်းချပြီး မှေးနေတာလည်း မြင်ကြရရဲ့။ တစ်ခါတလေ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် မဟုတ်ဘဲ ကျောင်းအုပ်ဆရာကြီး မြို့ကို ကျောင်းကိစ္စ အတွက် ပြန်သွားလို့တဲ့ ကျောင်းကြီးကို ပိတ်လျက်သားလည်း တွေ့ကြရရဲ့။
ဘယ်သော ကာလမှ စာသင်တာ၊ စာအံသံ မြင်ကြရ၊ ကြားကြရမလဲ ဆိုတာ မပြောတတ်ဘူး။
▢ ကိုလေးမြတ်
📖 ကလျာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
Sunday, October 4, 2026
ငြိမ်သက်သွားသည့် ရသ
❝ ငြိမ်သက်သွားသည့် ရသ ❞
( ဆန်းဦး - ဆင်ဖြူကျွန်း )
စာကြည့်တိုက်နံရံမှာ ချိတ်ဆွဲထားသော “စိတ်ကူးချိုချို” စာအုပ်တိုက် ဗီနိုင်းပိုစတာသည် လေအလှုပ်မှာ ဖျတ်ခနဲ ဖျတ်ခနဲ လွင့်နေသည်။ စာကြည့်တိုက်တွင်းမှာတော့ စိတ်ကူးချိုချို စာအုပ်တိုက်ထုတ် စာအုပ်များကို ခင်းကျင်းပြသထား၏။ စာအုပ်ဈေးခင်းလေးထဲမှာ စာအုပ်အသစ်များဆီမှ ရလေ့ရှိသော စာအုပ်နံ့လေးက သင်းသင်းလေးပျံ့နေသည်။ စာရနံ့သည် စာချစ်သူတို့ကို ယုယုယယ ဆွဲဆောင်နေလေသည်။
ဆရာမောင်တွေးခေါ် သည် သူ့စာမူ ပါသော မဂ္ဂဇင်းစာအုပ်ကို လူမြင်သာအောင် ကိုင်ကာ... စာကြည့်တိုက်ဆီသို့ လျှောက်လာသည်။ စာကြည့်တိုက်မှူးရှေ့မှာ ရပ်၍ မဂ္ဂဇင်းစာအုပ်ကို ထင်ရှားပေါ် လွင်အောင် ပြသ၍ မဂ္ဂဇင်းစာမူတစ်ပုဒ် ပါလာဖို့ မလွယ်ကြောင်း၊ စာကောင်းမှသာ ထည့်သွင်းဖော်ပြကြောင်း၊ ယခု သူ့စာမူ မဂ္ဂဇင်း ပါလာပြီဖြစ်ကြောင်း စကားလုံးဆက်တိုက် ပစ်ဖောက် ပြောပြနေရာ၊ မောင်တွေးခေါ်၏ အထာစရိုက်ကို သိနေသည့် စာကြည့်တိုက်မှူးက လက်ကာပြီး တားလိုက်သည်။
“ဆရာ့ စာမူ ဖတ်ပြီးပါပြီ၊ ကောင်းပါတယ်။ ကောင်းလို့ပဲ မဂ္ဂဇင်းမှာ ဖော်ပြခံရတာပေါ့။ ခုလောလောဆယ်တော့ စာအုပ်ဈေးခင်းလေးကို အားပေးလိုက်ပါဦး”
မောင်တွေးခေါ်သည် သူ့စာမူပါသည့် မဂ္ဂဇင်းစာအုပ်ကလေးကို မြှောက်ကာ မြှောက်ကာ ကိုင်ရင်း လျှောက်လာခဲ့သည်။ ခင်းကျင်းထားသော စာအုပ်တွေကို ဖြန့်ကြည့်လိုက်သည်။ များစွာသော စာအုပ်များဆီမှ အရောင်နှင့် ဒီဇိုင်းရုပ်တို့သည် ကြွတက်လာနေသလို ထင်ရ၏။ စာအုပ်များဆီမှ ကြီးစွာသော ဂုဏ်အရှိန်သည် မောင်တွေးခေါ်၏ အကြည့်ထဲသို့ စီးဆင်း၍ ဝင်လာတော့သည်။
နတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်း၊ ကရာမာဇော့ ညီအစ်ကိုများ၊ မြသန်းတင့်၏ လူများသက္ကရာဇ်များ၊ ဒေါက်တာသန်းထွန်း၏ နယ်လှည့်ရာဇဝင်၊ ကျော်စွာ ၁၀၀၊ ဇော်ဂျီ၏ စာရှုခင်း၊ မလိခ မြန်မာဝတ္ထုအညွန်း၊ အောင်ချိမ့်၏ မင်းကအောင်ချိမ့်လား အစရှိသည့် စာအုပ်ကြီးများ၏ ထူထဲထည်ဝါသော ဖိအားသည် မောင်တွေးခေါ်၏ ရင်ထဲသို့ တိုးဝင်ပိသိပ်လာခဲ့သည်။ မောင်တွေးခေါ်သည် ရှက်သလို၊ ကြောက်သလိုဖြစ်ကာ၊ သူ့မဂ္ဂဇင်းစာအုပ်ကလေးကို လွယ်အိတ်ထဲသို့ လျှို၍ ထည့်လိုက်သည်။ စောစောက စိတ်သွက်လူသွက် သွားလာလှုပ်ရှား ပြောဆိုခဲ့သော မောင်တွေးခေါ်၏ ကိုယ်နှုတ်အမူအရာသည် လေမလှုပ်သည့် သစ်ရွက်တို့ကဲ့သို့ ငြိမ်ဆင်းသွားသည်။ အမှန်တကယ်လည်း စာကြည့်တိုက် အပြင်မှာ လေငြိမ်သွားပြီ ထင်၏။ လှုပ်ခတ်သည်တို့ကို မမြင်ရတော့။
▢ ဆန်းဦး (ဆင်ဖြူကျွန်း)
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၇
ကြောက်ဖွယ် လက်စားချေမှုကြီး
ပြောင်းလဲခြင်း
Saturday, October 3, 2026
ငြိမ်
❝ ငြိမ် ❞
( ကြယ်စင်မင်း - မုံရွာ )
ယခုရက်ပိုင်းကျမှ ဘာဖြစ်တယ် မသိ။ ကျွန်တော် အိမ်ပြန် နောက်ကျပြီ ဆိုလျှင် မိန်းမဖြစ်သူက သံသယ မျက်ဝန်းအစုံဖြင့် မေးလား၊ မြန်းလား လုပ်လုပ်နေသည်။ ဖြစ်ချင်တော့ ကျွန်တော်တို့ ရုံးကလည်း ယခု ရက်ပိုင်းကျမှ အချိန်ပိုတွေ နေ့စဉ်လိုလို ဆင်းနေရသည်။ ထိုအရာကို မိန်းမဖြစ်သူက နားမလည်။
ယခုလည်း ကြည့် ..
“ငါးနာရီတောင် ခွဲနေပြီ... ဘာဖြစ်လို့ အခုမှ ပြန်လာရတာလဲ။ ဒီမှာတော့ ကလေးနဲ့ တစ်ယောက်တည်း ဂျင်ခြေတွေလည်လို့”
အိမ်ထဲတောင် မဝင်ရသေး။ မိန်းမဖြစ်သူ၏ စကားလုံးတွေက ကျွန်တော့် နားထဲကို မြင်းရိုင်းတစ်ကောင်အလား ကဆုန်ပေါက် ဝင်ရောက်လာသည်။ ရုံးမှာ ပင်ပန်းလာရသည့် အထဲ နားဝင် မချိုသော စကားလုံးများကို နားဆင်လိုက်ရသဖြင့် ကျွန်တော် အတော်ပင် ဒေါသဖြစ်သွားသည်။
“အခုမှ ရုံးဆင်းလာတာကွ။ မယုံရင် ရုံးက လူတွေကို ဖုန်းဆက်မေးကြည့်လိုက်”
“ဒီက မသိလို့ မေးတာကို ဘာဖြစ်လို့ လူကို ပြန်အော်ရတာလဲ”
“ဟ အော်တာ မခံချင်ရင် ငါ့ကို မယုံသလိုလာ မမေးနဲ့လေ။ ပြီးတော့ မင်း အဲသလို မေးရအောင် ငါက အငယ်အနှောင်း ထားတဲ့ လူလည်း မဟုတ်ဘူး”
ကျွန်တော် အဲသလို ပြောပြီး မိန်းမဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မျက်လုံးလေး ပေကလတ် ပေကလတ်နှင့် မျက်နှာငယ်သွားတာကို တွေ့ရသည်။ ထို့ကြောင့် ကျွန်တော်လည်း အားတက်သွားပြီး နောက်ထပ် မမေးမြန်းရဲအောင် စကားတစ်ခွန်းဆက်ပြောလိုက် သည်။
“အေး မင်း ဒါမျိုးတွေ ကြပ်ကြပ်လုပ် ... ငါ သည်းမခံနိုင်တဲ့ တစ်နေ့ အငယ်အနှောင်း တကယ် ထားတော့မှ မင်းတို့ သားအမိနှစ်ယောက် ဒုက္ခရောက်သွားမယ်။ ဘာမှတ်နေလဲ”
သည်တွင် မိန်းမဖြစ်သူ ပြန်ပြောလိုက်သော စကားကြောင့် ကျွန်တော့်မှာ အသာလေး ငြိမ်နေလိုက်ရပါတော့သည်။
“ထောင်ခုနစ်နှစ်ကျတာ ခံနိုင်မယ် ဆိုရင်တော့ ထားပေါ့”
▢ ကြယ်စင်မင်း (မုံရွာ)
📖 မဟေသီ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၅
နေရင်းထိုင်ရင်း ကုသိုလ် ရလိုက်ခြင်း
❝ နေရင်းထိုင်ရင်း ကုသိုလ် ရလိုက်ခြင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
မြလှိုင်းတွန့်များ ပြေးလွှားသံမှအပ လယ်ပြင်ကြီး တစ်ခုလုံး တိတ်ဆိတ်အေးချမ်းလျက်ရှိရာ ဒေါသတကြီး ထိုးဆင်းလာသော ငှက်ခါးတစ်ကောင်၏ အော်သံကြောင့် ပွက်လောရိုက်သွားတော့သည်။ ရီးဆေးရိုးမှာ တုန်ခါသွား၏။ လက်ထဲမှ ဆေးပေါ့လိပ် လွတ်ကျလု လွတ်ကျခင် ဖြစ်သွားရ၏။
“အဲဒါကြောင့် နင်တို့ကို ငှက်သရော နှဲကောမိလို့ ပြောတာ”
မော်ကြည့်ပြီး မကျေမချမ်း ပြောမိ၏။ လယ်ပွဲ အသီးသီးတွင် လယ်ကန်သင်းများတစ်လျှောက် ပဲပင်များစိုက်ထားကြသည်။ အပွင့်ဝါကလေးတွေ အပွင့်ပြာ အပွင့်ဖြူကလေးတွေ ပြုစပြုပြီ။ သားဦးကို လွယ်စ မိန်းမချော၏အလှနှယ် သန္ဓေတည်စ စပါးနှံငိုက်ငိုက်များတွင် နှင်းစက် နှင်းပေါက် ကလေးတွေ ခိုသီးနေသည်။ သည်အရာများတွင် တကြည်နူးနူး တမြူးရွှင်ရွှင် အာရုံဝင်စားလာခိုက်ကို ရုတ်တရက် ထိုးဆင်းလာသော ငှက်ခါးအော်သံက နှောင့်ယှက်လိုက်သောအခါ ရီးဆေးရိုးမှာ လန့်ဖျပ်သွားရတော့၏။ ငှက်ကား ရီးဆေးရိုး စိတ်ဆိုးသည် မဆိုးသည်ကို မသိပါ။ ထန်းပင်ပေါ် ပြန်ရောက်သွားကာ ကြမ်းတမ်းသောအသံဖြင့် တစ်ချက်ချင်း မြည်နေလေ၏။ ပုစွန်လုံးတစ်ကောင်သည် တွင်းဝမှ ထွက်ကာ ပါးစပ်မှ အမြှုပ်တစီစီ ထုတ်ရင်း နေစာလှုံနေ၏။ ရီးဆေးရိုးကို မြင်လျှင် အမြှုပ်အထုတ်ရပ်ကာ လက်မများကို ထောင်ထား၏။
ရီးဆေးရိုးသည် ပုစွန်လုံး အခွံတစ်ခုကို တက်နင်းခဲ့သည်။ ခွေးစားအပြီး၊ ကျီးစားအပြီးတွင် ကျန်ခဲ့သော အခွံဖြစ်ပေမည်။ ခွေးသည် ပုစွန်လုံးကို မတတ်သာမှ စားသော်ငြား၊ ကျီးကား တမင် စောင့်ပြီး ဖမ်းယူစားသောက်သည်။ ကန်သင်းတစ်လျှောက် တင်နေသော ပုစွန်လုံးအခွံများမှာ များသောအားဖြင့် ကျီးစားထားသော အကျန်အကြွင်းများ ဖြစ်၏။
ကျီးသည် တွင်းဝတွင် လာစောင့်နေပြီး ထွက်လာမှ ဖမ်းစားခြင်းထက် အတင်းထိုးသုတ် ဖမ်းဆီးသည်က များ၏။ စားသည့်အခါ ပက်လက်လှန်ပြီး ဗိုက်သားအပျော့ကို ထိုးဖောက်စားရာ ကျန်ခဲ့သော အခွံများသည် ပက်လက် ဟောင်းလောင်း အနေအထား ချည်းတည်း။
ရီးဆေးရိုးမှာ ပုစွန်လုံးအခွံကို နင်းမိမှ ငုံ့ကြည့်ရန် သတိရ၏။ ခြေဖဝါးသည် ဆင်သားရေတမျှ ထူထဲ မာကြောနေငြား ပုစွန်လုံးခွံကို ကြောက်သည်။ ထို့ကြောင့် ရှောင်ပြီး နင်းလာခဲ့ရသည်။
လယ်ပွဲထိပ်မှ ညောင်ပင်ကြီးသည် ရွက်လှရွက်သစ်များ တဖျပ်ဖျပ်ခတ်လျက် ရီးဆေးရိုးကို ကြိုလင့်သည်။ ရီးဆေးရိုးသည် ညောင်ပင်ရိပ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ပြီးနောက် လယ်နက်ဘက်သို့ လျှောက်လာခဲ့သည်။ ကန်သင်း စုံအောင်၊ ကတွတ်ပေါက် စုံအောင်ကြည့်ရင်း ရိတ်စရာ မြက်ကို ရှာသည်။ မြက်များကား တိုသေးချေသည်။ လက်လေးချောင်းဖြင့် ဖမ်းယူဆုပ်ကိုင်၍ အပေါ်သို့အစမထွက်လျှင် ရိတ်၍ မကောင်း။ ထို့ကြောင့် ကန်သင်း တစ်ခုပြီး တစ်ခု ဖြတ်သန်းခဲ့သည်။
အမှန်မှာမူ ရှိသော မြက်ကို တစ်ကန့်စီ တစ်ကန့်စီ ရိတ်ယူပြီး ကောက်ရိုးကောက်လှိုင်းတို့ဖြင့် နွားကျွေးလေ့ ရှိသည်။ သို့သော် မိမိက ချွေတာပြီး မွေးထားသမျှ မြက်မှာ မြက်သူခိုးအတွက် ဖြစ်နေတတ်သဖြင့် မွေးမထားတော့ပေ။ ရှည်လာလျှင် အကုန်ရိတ်၊ အကုန်ကျွေးပစ်ရသည်။ သည်နည်းဖြင့် ယခု ကန်သင်းများတွင် ရိတ်နိုင်လောက်သော မြက် နည်းပါးနေရချေပြီ။ ကန်သင်းနှံ့အောင် လျှောက်ရသောကြောင့် ရီးဆေးရိုး၏ ဒူးအောက်ပိုင်း တစ်ခုလုံး ရွှဲရွှဲစိုနေသည်။ စပါးနှံတွင် သီးနေသော နှင်းစက်များ၊ ပဲရွက်တွင် တွယ်နေသော နှင်းပွင့်များကြောင့် ဖြစ်သည်။
“ကဲ.. လျှောက်နေလို့ မပြီးသေးဘူးဟ၊ ရိတ်ဦး”
နောက်ဆုံးတွင် တစ်ကိုယ်တည်း ရေရွတ်ပြီး ငချိပ်ကောက်ညှင်းခင်းဘေးတွင် ထိုင်ချလိုက်၏။ သို့တစေ သည်မှာလည်း မရိတ်သာ။ ကောက်ညှင်းခင်းမှ ငချိပ်စပါးစေ့ကလေးများသည် အခွံမြှေးပါးကို ခွဲထွက်လာခဲ့ပြီ။ ညိုမှောင်သော ဇာတိသွေးကို ပြနေကြပြီ။ သည်ကောက်ညှင်းခင်းသည် အစောဆုံး စိုက်ရာ အစောဆုံးရိတ်ရလိမ့်မည်။ သို့ဖြစ်ပါက ရိတ်နိုင်ပြီလား။
ရိတ်နိုင်လျှင် ရိတ်ယူသွားပြီး ပုတ်ခါကာ စဉ်း ကျွေးရသော် နွားများ ခေါင်းမဖော်အောင် စားကြလတ္တံ့။ သည်အတွေးဖြင့် စပါးတစ်စေ့ကို အခွံခွာ ကြည့်သည်။ မရသေး၊ နို့ရည်ခဲသာသာမျှသာ ရှိသေး၏။
အိမ်တွင် ကောက်လှိုင်းရိုး ရှိသေးသည်။ ကောက်ရိုးပုံမှာလည်း အရာသော်မျှ မယွင်းသေးရှိသော်ငြား လုပ်ဖော်ကိုင်ဖက်ကြီးတွေကို မြက်ရနေသော သည်နှယ်ရာသီ၌ ကောက်ရိုးချည်းကျွေးရန်မှာ မတရားပေ။ မြက်စိမ်းစိမ်းစိုစိုကလေးပါမှ ဖြစ်မည်။
ရီးဆေးရိုး မျက်စိကစားသည်။ မြောင်းပေါင်ပေါ်၌ မြက်ရှိသည်။ နွားကြိုက်သော မြက်ဟူ၍ နီရဲစွင့် လန်းသော နရားမြက် တစ်ပင်တလေသာ ရှိသည်။ အများစုမှာ မြက်ခါး ထို့နောက် လှီကင်းသော ပန်း တော်ဖြူများသာ။ နွား ကြိုက်သော ပန်းတော်နီ မရှိ။ သို့ဖြင့် သည်မြက်များကိုပင် ရီးဆေးရိုး ရိတ်ရတော့သည်။ ကောက်ရိုးချည်း ကျွေးရသည်နှင့်စာသော် တော်သေးစွ။
••••• ••••• •••••
၂
မြက်ထုံးကို ရွက်လျက် ရမ်းဘိုကုန်းရွာ တံခါးဝတွင် ရီးဆေးရိုး ခြေချမိသည်နှင့်တစ်ပြိုင်နက် လေးထပ်ကျောင်းမှ ဆွမ်းစားခေါင်းလောင်းထိုးသံသည် လွင့်ဝဲလာလေ၏။ အေး လေးနေသော ခြေထောက်များ သွက်လက်လာသည်။
နေမပူသည့်အတွက် စောသေးသည် ရီးဆေးရိုး ထင်နေခဲ့သောကြောင့် အေးဆေး နှေးကွေးနေခဲ့ခြင်း ဖြစ်ပေသည်။ ယခုသော်ကား ဖုတ်ပူမီးတိုက် ဖြစ်ပြီ။ အိမ်သို့ လှမ်းမျှော်ကြည့်သည်။ အမယ်ကြီးအို မရှိ။ အိမ်တံခါးကို သံကောက်ချိတ်ကာ ပိတ်ထားသည်။
ခိုင်းနွားကြီးနှစ်ကောင်နှင့် နွားမ သားအမိသုံးကောင်မှာ မန်ကျည်းပင်ရိပ်တွင် ရှိနေဆဲ။ ဝါးချိုင့်တွင်းမှ ကောက်ရိုးကို အာသာပြေ ဝါးနေရငြား နွားတင်းကုပ်ဘက် တမျှော်မျှော်ဖြင့်။
“ဒီအမယ်ကြီး ဘယ်သွားနေပါလိမ့်။ အခုထက်ထိ နွားမကျွေးရသေးပါကလား”
ရီးဆေးရိုး ဗျစ်တောက်ဗျစ်တောက် မြည်ရင်း အိမ်ဝိုင်းထဲဝင်လာသည်။ မြက်ထုံးကို နန်းတိုင်ဘေးတွင် ချလိုက်ပြီး တင်းကုပ်ထဲ ဝင်လာသည်။ လူ မရောက်မီ မျက်လုံးအစုံက နွားစာခေါင်းသို့ ရောက်သွားသည်။ ပုပ်ဟောင်နေသော နွားစာဟောင်းနှင့် ရေသိုးများ မရှိ။ ယမန်နေ့က ကျန်သောမြက်ကို စဉ်းကာ ကောက်ရိုးစဉ်းနှင့်ရောပြီး အသင့်ထည့်ထား၏။
“အင်း…. တော်ပါသေးရဲ့”
ယင်းသို့ မဟုတ်ပါက နွားတွေမှာ ဆာလှပြီ။ သည်မှာက စဉ်း၍ မပြီးသေးနှင့် အလွန်စိတ်ပင်ပန်း ရသည်။ ယခု အသင့်ရှိနေသောအခါ ရီးဆေးရိုး မျက်နှာကြည်လင်သည်။ ရေထည့် မွှေနှောက်ပြီးလျှင် နွားများကို ရွှေ့ချည်ပေးလိုက်ကာ နွားစာစဉ်းသော နန်းတိုင်ဘေးတွင် ကားကားကြီး ထိုင်ချလိုက်၏။ နွားစာ စဉ်းပြီးသားမှာ ခြင်းကြားတောင်းဖြင့် တစ်လုံး အပြည့်သာ ရှိထားသဖြင့် နားနေ၍ မဖြစ်သေး။ စဉ်းရ ခုတ်ရဦးမည်။
သို့သော် အရေးထဲတွင် ဆေးလိပ်သောက်ချင် ရသေး၏။ ခါးပိုက်ထောင်ထဲမှ မီးခတ်နှင့် ဆေးလိပ်ကို ထုတ်ယူနေဆဲတွင် “ဟော... အတော်ပဲ တော်ရေ့၊ တော်ပြန်ရောက်တာနဲ့ အတော်ပဲ” ဆိုသော ရီးကျီးဒန် အသံကို ကျောဘက်မှ ကြားရ၏။ ရီးကျီးဒန် ဆက်ပြောမည့်အသံကို နားစွင့်ရင်း ရီးဆေးရိုး မီးခတ်ခတ်သည်။ ဆေးလိပ်ညှိသည်။ ဥနှဲရိုးဆေးစပ်ကို ပြောင်းဖူးဖက်ချောဖြင့် လိပ်ထားသော ဆေးလိပ်မှာ ချိုမွှေးလှသည်။
“ကဲ... နွားစာစဉ်းဖို့ကို ချထားလိုက်ဦး”
သူ့ဘေးနားသို့ ရီးကျီးဒန် ရောက်လာသည်။
ရီးဆေးရိုးသည် မြက်ထုံးဘွဲ့ (စည်းသောကြိုး) ကို ဓားဖြင့် ခုတ်ဖြတ်ပြီး မြက်တစ်ဆုပ်ဆွဲယူရာက ချထားလိုက်သည်။
“ကောက်လှိုင်းရိုး ဝယ်မယ့်လူ လာနေလို့တော်ရဲ့”
“ဟေ”
ရီးဆေးရိုး ဝမ်းသာအားရ အော်၏။ လယ်ထဲမှ လှည်းဖြင့် တိုက်ယူလာခဲ့သော ကောက်လှိုင်းများကို နွားဖြင့် နယ်၍ စပါးစေ့များ စင်ကြယ်သွားသောအရာသည် ကောက်ရိုးဖြစ်၏။ ကောက်လှိုင်း တစ်လှိုင်းကို သုံးလေးဆုပ် ခွဲပြီး အလှိုင်းတစ်ရာကို ငါးကျပ်နှုန်းဖြင့် ငှားရမ်း ပုတ်ခါကာ ပြန်လည်စည်းနှောင်ထားသော အရာကိုကား ကောက်လှိုင်းရိုး ခေါ်၏။
သည်ကောက်လှိုင်းရိုးသည် ကောက်လှိုင်းလောက် မကြီးပေ။ တစ်ခါ ပုတ်နိုင်ရုံ ယူငင်ပြီး စည်းနှောင်ထားသောကြောင့် ကောက်လှိုင်း၏ လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံမျှသာ ရှိသည်။ သည်ကောက်လှိုင်းရိုး၏ ပေါက်ဈေးမှာ တလင်းတွင်း၌ ၁ဝ ကျပ်၊ ၂ဝ ရှိ၍ တော်သလင်း၊ သီတင်းကျွတ်တွင် ၃၅ ကျပ်၊ ၄ဝ ဈေး ဖြစ်လေ့ရှိသည်။
ယခု တန်ဆောင်မုန်းပင် ကုန်ခဲ့ပါပြီရော။ ကောက်ရိုးရှိသူပင် အတော် ရှားနေပြီ။ သို့ဆိုလျှင် ငါးဆယ် ဈေးသည် ပြေးမလွတ်ပါတကား။ သည်အတွေး ကြောင့် ရီးဆေးရိုး ‘ဟေ’ ခနဲ အော်ကာ ထသည်။ သူ့တင်ပါးတွင် ကပ်ပါလာသော ကောက်ရိုးစဉ်းဖတ်၊ မြက်စဉ်းဖတ်များသည် သူ့ခြေလှမ်း လှမ်းတိုင်း တဖွဲဖွဲ ပြုတ်ကြွေ ကျကျန်ခဲ့ကြလေ၏။
“ဘယ်မှာလဲဟ၊ နင့် ဝယ်မယ့်လူက”
“လာမှာပေါ့တော်ရဲ့၊ ဒါလောက် အငမ်းမရ မလုပ်စမ်းပါနဲ့၊ ရောင်းချင်မှန်း လူသိသွားပါ့မယ်”
“ရောင်းချင်တာကိုးဟ၊ ပိုက်ဆံရမယ့်ဟာပဲ
“နေဦး၊ ရောင်းစရာကော ရှိသေးလို့လား”
“ရှိမှာပေါ့ဟာ၊ သုံးရာကျော် သုံးရာမဲ့မဲ့” ဟု ဖြေ အပြီးတွင် အိမ်ကပြင် (ကြမ်းပြင်) ခါးပန်းကို လက်ထောက်ကာ ခုန်၍ တစ်ဝက်အရောက်တွင် ခါးလိမ်ပြီး လှည့်ထိုင်လိုက်သည်။
“ကြပ်ကြပ်လုပ်၊ တောင်မရောက် မြောက်မရောက်ဖြစ်ပြီး လိမ့်ကျတော့မှ ကျော်မကောင်း ကြားမကောင်း”
“ဒါထားစမ်းပါဟာ၊ ရေနွေးလေး ဘာလေး”
••••• ••••• •••••
၃
ပြောနေဆဲမှာပင် လူနှစ်ယောက် အိမ်ဝိုင်းထဲသို့ ဝင်လာကြ၏။ ရီးဆေးရိုး နည်းတူပင် အပေါ်ပိုင်း ဗလာကျင်း ထားကြသည်။ ရီးဆေးရိုးတို့ အသားမည်းလှပြီ ထင်ထားခဲ့ရာ ထိုသူနှစ်ယောက် ရောက်လာတော့မှ ရီးဆေးရိုးမှာ ဗျိုင်း ဖြစ်သွားလေ၏။ နှစ်ယောက်လုံး၏ ပုဆိုးများမှာ အကွက် မပေါ်ပေ။ ထို့ပြင် ဒူးခေါင်းဖုံးရုံမျှသာ ဝတ်ထားလေရာ သစ်စေးမျှင် မီးသွေးချောင်းကို အဝတ်ပတ်ထားသည်နှင့်ပင် တူတူသေးတော့။
“သူတို့ပဲ ကောက်လှိုင်းရိုး ဝယ်မှာ”
ရီးကျီးဒန်က သံမှန်ဖြင့် ပြောလိုက်ရာက အသံမြှင့်လိုက်ပြီး “လာကြပါ၊ အိမ်ပေါ်တက်ကြပါဦး” ပြောသည်။
“ရွာကို မမှောင်ခင် ရောက်ချင်လို့ အစ်မရဲ့၊ အစ်မ ကောက်လှိုင်းရိုး ရှိ၊ မရှိ မသိရသေးလို့”
ခေါင်းကို တဘက်ပေါင်းထားသူက နောက်ဖေးသို့ လည်ဆန့်ကြည့်ကာ ဖြေလိုက်သည်တွင် သူ၏ အဖော်ကလည်း “ရှိရင် လှည်းသွားယူမလို့ပါ ” ဟု ဝင်ပြောသည်။
“ယူချင်လည်း ယူချေလေ၊ ကောက်လှိုင်းရိုးကတော့ ရှိပါတယ်။ ဒါပေမဲ့ ဈေးလည်း ပြောဦးလေ”
ထိုသူနှစ်ယောက်မှာ မျက်နှာချင်း ဆိုင်မိသွားကြသည်။ တအောင့်လောက် ကြာမှ တဘက်ပေါင်းနှင့် လူက စတင်ပြောသည်။
“အစ်မတို့ပဲ ပြောပါဗျာ”
“ဒီအချိန်ကတော့ ငါးဆယ်ဈေးပဲ”
ထိုသူနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြန်သည်။ ထိုအချိန်တွင် ရီးဆေးရိုး သည် ခါးပန်းမှ လျှောဆင်းလာ၏။
“ဒီအချိန်ကြီးမှာ ကောက်လှိုင်းရိုး လိုက်ဝယ်ရအောင် ခင်ဗျားတို့ဆီမှာ ဒါလောက်တောင် မိုးခေါင်သလား”
“ပြောရင် ယုံမှာ မဟုတ်ဘူး အစ်ကိုရဲ့၊ တစ်မိုးလုံး မရွာတဲ့မိုးဟာ သီတင်းကျွတ်လဆန်းက တစ်ခါ ရွာပါကော။ အဲဒီနောက်မှာ မရွာဘဲ နေလိုက်တာ အခု ထက်ထိပဲ။ မိုးမရွာတော့ ယာထဲက အပင်ကလေးတွေလည်း မျိုးဆုံးပေါ့ဗျာ။ နွားစားစရာ မြက်လည်း နောက်မိုး မလာတော့ သေကုန်တာပေါ့”
“ရှိသမျှ အပင်စိမ်းစိမ်းစိုစိုတွေလည်း ငုံးငုံးတို ကုန်ပါပြီဗျာ။ နှမ်းရိုးအခြောက်တောင် နွားကျွေးပစ်ရလို့ အခု ဆောင်းတွင်းမှာ နှမ်းရိုး မီးမလှုံရပါဘူးဗျာ။ အခုဥစ္စာက လူစာထက် နွားစာ ခက်နေတော့”
တဘက်ပေါင်းနှင့်လူသည် စကားတစ်ပိုင်းတစ်လစ်ဖြင့် ရပ်ကာ ခါးပိုက်ထောင်ထဲမှ ငွေစက္ကူအညစ် တစ်ထပ်ကို ထုတ်ယူသည်။ သူ့အဖော်ကလည်း ခါးပိုက်ထောင်ထဲမှ ထုတ်ကာ လှမ်းပေးသည်။
“ကျုပ်တို့မှာ အဲဒါလောက် ဖြစ်နေကြပါတယ်ဗျာ၊ အဲဒါကြောင့် ကူညီတဲ့အနေနဲ့ ငါးဆယ်ဈေးတော့ မထားပါနဲ့ဗျာ”
ရီးဆေးရိုး သက်ပြင်းချမိသည်။ လုံးဝ အရသာ မရှိ၊ လုံးဝ အာဟာရဓာတ်မပါသော နှမ်းရိုးပင်လျှင် မရှိတော့အောင် မိုးခေါင်ပါသည် ဆိုသောအခါ နွား ကိစ္စမှာ အမှန်ပင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီ။ ထို့ကြောင့် စကားခင်းပေးသည်။
“ကျုပ်လည်း နွားရှိတဲ့ လူပဲလေ၊ ကိုယ်ချင်းစာပါတယ်၊ ပြောသာ ပြောပါ။ အားမနာပါနဲ့”
တဘက်ပေါင်းနှင့် လူသည် မပြောသေးပေ။ သူ့ အဖော်ကို တစ်ချက်ကြည့်ပြီးမှ “စိတ်မဆိုးပါနဲ့ နောင်ကြီးရယ်” ပြောပြန်၏။
“မဆိုးပါဘူး၊ ပြောပါဗျ”
“ကျုပ်တို့ မှန်းလာတာက အစိတ်ဈေးနဲ့ ရလောက်ရဲ့ ထင်လို့ လာတာပါ။ ဒါလောက်ရရင် ကောက်လှိုင်းရိုး သုံးရာရမယ်။ ဟိုဟာ ဒီဟာလေးနဲ့ ရောရင် တစ်ယောက်ကို နှစ်လ၊ သုံးလတော့ နွားစာ ကျွေးစရာရမယ် ထင်နေတာကိုး။ ပါတာက ၇၅ ကျပ် ဆိုတော့”
ထိုအခါတွင် ရီးဆေးရိုးလည်း ရီးကျီးဒန်ကို ကြည့်ရလေသည်။ ရီးကျီးဒန် မရှိတော့ပါ ။ နန်းတိုင်ဘေးသို့ ရောက်နေကာ နွားစာစဉ်းရန် ပြင်ဆင်လျက်ရှိ၏။
“ဒီအချိန်မှာဆို ပေါက်ဈေးက ငါးဆယ်ဗျ”
“ဗျာ” ဆိုကာ မြောက်ဘက်သားနှစ်ယောက်မှာ ပါးစပ်ကြီးတွေ ဟထားမိကြလေ၏။ ရီးဆေးရိုးက ပြုံးလိုက်သည်။
“လန့်မသွားပါနဲ့ဗျာ၊ ခင်ဗျားတို့ ပိုက်ဆံနဲ့ဆိုရင် ၁၅ဝ ပဲ ရမယ်။ ဒါပေမဲ့ ခင်ဗျားတို့ မျှော်မှန်းသလောက်တော့ မရနိုင်ဘူးထင်တယ်”
ကောက်လှိုင်းရိုးဝယ်သူများမှာ အတော်ကလေး အားတက်သွားဟန်ရှိကာ ပိုက်ဆံကို ထိုးပေးသည်။ ကျေးဇူးတင်ပါသည် မပြောတတ်ငြား မျက်လုံးလေးလုံးတွင်မူ ကျေးဇူးတင်ပါသည်ဆိုသော ဝေါဟာရထက် လေးနက်ကြီးမားသော စကားလုံးများ အထင်းသား ပေါ်လွင်နေသည်။ ရီးဆေးရိုးသည် ပိုက်ဆံကို ရီးကျီးဒန်ပစ်ပေးခဲ့ပြီး နွားတင်းကုပ်အစပ်တွင် ပုံထားသော ကောက်လှိုင်းရိုးများကို သယ်ထုတ်ပေးသည်။ စုစုပေါင်း အလှိုင်းပေါင်း သုံးရာ့အစိတ်ရှိသဖြင့် သုံးရာ အစိတ်တင်းပေးလိုက်လေသည်။ ထိုသူနှစ်ယောက်၏ လှည်းအိမ်ဝိုင်းထဲမှ ထွက်သွားလျှင် ရီးဆေးရိုးသည် နွားစာစဉ်းသည့်နေရာသို့ လျှောက်လာ၏။
“နည်းမှန်း သိပေမဲ့ မတတ်နိုင်ဘူး ကျီးဒန်ရှေ့၊ ကဲ.. ကဲ ထားခဲ့၊ ထမင်းစားဖို့ လုပ်ဦးဟ”
ရီးကျီးဒန်သည် နွားစာစဉ်းသော ဓားကို မှန်မှန် ခုတ်နေရာက “ကျက်ပြီးသားပါတော်” ဟု အေးဆေးစွာ ဖြေသည်။
“ကျက်ပြီးသား ဆိုရင် နွေးစရာရှိတာ နွှေးဟ၊ မွန်းတိမ်းပြီ”
ထိုအခါကျမှ နွားစာစဉ်းသံ ရပ်သွား၏။
••••• ••••• •••••
၄
“အမေရေ၊ အဖေ ရောက်ပြီလား၊ အိုး... အမေ”
လေးကန်တုံ့နှေးစွာဖြင့် ရီးကျီးဒန် ကုန်းထနေစဉ်တွင် သမီးကြီးချောစိန်သည် ပျာယီးပျာယာ ခေါ်သံဖြင့် အိမ်ဝိုင်းဝသို့ရောက်လာ၏။
“ဘာလဲ”
ကောက်လှိုင်းရိုး ရောင်းလိုက်ရသည် ကြားသောကြောင့် ပိုက်ဆံချေးရန် လာသည် အထင်ဖြင့် ရီးကျီးဒန် ထူးသံ။
“အဖေကော အမေ”
ထပ်၍ မေးရင်း ဝင်လာရာက မချောစိန်သည် သူ့အဖေ၏ သပိတ်ရောင် မျက်နှာကြီးကို မြင်သွား၏။
“အဖေ၊ ကောက်ရိုးဝယ်ချင်လို့တဲ့။ ကျုပ်လည်း အဖေတို့မှာ ရောင်းစရာရှိတယ် ဆိုပြီး ခေါ်ခဲ့တာ၊ ဟိုမှာ”
မချောစိန်သည် အိမ်ဝိုင်းပြင်ဘက်သို့ နောက်ပြန် လက်ညှိုးထိုးပြ၏။ ကမ္မဋ္ဌာန်းရုပ် နွားနှစ်ကောင်နှင့် များစွာမခြားနားသော လူတစ်ယောက်သည် လှည်းပေါ်မှ ဆင်းလာ၏။
“သူတို့ပဲ အဖေ”
မချောစိန်သည် ဧည့်သည်ကို လက်ညှိုးထိုးပြခဲ့ပြီး အိမ်ဝိုင်းဘက်သို့ ခြေဦးလှည့်ရင်း “အမေ ဘာချက်” ဟု မေးသွား၏။
“အေးအေ အဘိုးကြီး အဘွားကြီး သွားမှ မရှိတာ၊ နှမ်းဖတ်ချဉ်နဲ့ ဝက်ဆီနဲ့ ချက်သာ့။ ဟဲ့ ထိုင်ပါဦးလား”
တုံ့ပြန်သံက ချိုချိုကလေး။
ရီးဆေးရိုးသည် သားအမိချင်းပင် အသံနှစ်မျိုး ထားသော သူ့အမယ်ကြီးအား သရော်ပြုံးကြည့်ပြီး ဝိုင်းဝသို့ လှမ်းထွက်လာသည်။
“ကောက်ရိုးဝယ်ချင်လို့လား၊ လာလေ ကောက်ရိုးပုံကို ဦးဆုံး လိုက်ကြည့်ပြီးမှ ပြောကြတာပေါ့ဗျာ”
သူရော ဧည့်သည်ပါ ရွာလယ်တံခါးမှ ထွက်လာခဲ့ကြကာ လှည်းကိုမူ တောင်တံခါးမှကွေ့လာခဲ့ရန် မှာခဲ့သည်။ကောက်ရိုးပုံမှာ ဓာတ်ပေါင်းစုဘုရား တောင်ဘက်ရှိ ဘုရားပြိုဘုရားပျက်များ ကြားတွင် ခြံခတ်လျက် တည်ရှိ၏။ ပုံထားကတည်းက လူအသုံးမပြုသဖြင့် ချုံနွယ်များ တက်နေ၏။ နုတ်ရာဆွဲရာ တစ်စတလေမှအပ တစ်ပုံလုံးမှာ မွဲသွေ့နေချေသည်။
“အဲဒါပဲဗျာ၊ နှစ်စီးတိုက်သာသာ ရှိမယ်။ ပုံတိုက် ငါးရာ”
“မများဘူးလားဗျာ”
ဧည့်သည်၏ အသံမှာ ပျော့လှသည်။
“အစောပိုင်းမှာတော့ တစ်စီးတိုက်ကို တစ်ရာ့အစိတ်၊ တစ်ရာ့သုံးဆယ်ပေါ့ဗျာ။ အခုလို အချိန်မှာ တစ်စီးတိုက်ကို နှစ်ရာ့အစိတ် နှစ်ရာ့ငါးဆယ်ဟာ ထုံးစံလို ဖြစ်နေပါပြီဗျာ”
“ကျုပ်တို့ တစ်ပုံလုံးလည်း မယူနိုင်ပါဘူး။ အခု လာတာလည်း ဖျစ်ညှစ်စုဆောင်းပြီး လူတော့ ဖြစ်ချင်ရာဖြစ်၊ နွားတော့ အသေမခံဘူးဆိုပြီး လာတာပါဗျာ။ ကျုပ်တို့ဘက်မှာ မိုးခေါင်လွန်းလို့ပါ”
ရီးဆေးရိုးသည် ထိုအခါကျမှ ဧည့်သည်ကို သတိထားကြည့်မိ၏။ ခုနက ကောက်လှိုင်းရိုး ဝယ်သူများ၏ ရွာနီးချုပ်စပ်မှပင် ဖြစ်ဖွယ်ရှိ၏။ သည်ရာသီကြီးတွင် နွားစာမျှ မရှိအောင် မိုးခေါင်သော အရပ်မှာ ထိုအရပ်ပင်ဖြစ်ရမည်။
“ခင်ဗျားတို့အရပ်မှာ ခေါင်တော့ကောဗျာ၊ မြေနုဘက်၊ ကိုးရေလျဉ်ဘက်က စိမ့်စမ်းကောင်းတာပဲဗျ။ နွားတွေ အဲဒီဘက် သွားကျောင်းပေါ့”
“အဲဒီနေရာတွေလည်း ကျုပ်တို့ နှိပ်စက်လို့ မြက် မရှိတော့ဘူးဗျ။ တချို့တော့လည်း မရှိတဲ့ ကြားမှာ ပေပြီး ကျောင်းနေကြတာပေါ့ဗျာ”
“အရှေ့ဘက် ကျွန်းထဲ၊ ကိုင်းထဲကော”
“ဘာရှိမှာလဲဗျာ၊ ရှိရှိသမျှ မြေတွေမှာ စိုက်ခင်း ပျိုးခင်းချည်းပဲ။ နွားစာကလေး နည်းနည်းပေးပါ သွားတောင်းရင် ပြောင်းပင်တွေ ပေးကြပါတယ်။ မငြင်းပါဘူး။ သို့သော် သူတို့မှာလည်း ဖက်လှီးဖို့ စိုက်ထားကြတာကလား။ သုံးခါထက် ပိုတောင်းလို့ ကောင်းပါ့မလား”
ရီးဆေးရိုး ဟင်းချလိုက်ရသည်။ သည်အရပ်သို့ ပြောင်းခဲ့ပါလားဟူ၍လည်း အကြံမပေးရဲပါ။ ပြောင်းလာကြသော် နွားစာကား ရပါမည်။ လုပ်စားစရာမြေ အဘယ်မှာနည်း။
“တစ်ပုံလုံး မယူနိုင်ရင် တစ်စီးတင် တင်နိုင်သလောက် တင်သွားပေရော့ဗျာ”
“အဲ... ပိုက်… ပိုက်ဆံက”
ဧည့်သည်မှာ အားနာဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောရင်း ခါးပိုက်ထောင်ထဲမှ ငွေစက္ကူများကို ထုတ်ယူ နေရာက “ပါတာက နှစ်ရာ့အစိတ်တောင် မပြည့်တော့လို့ပါဗျာ” ဟု တုံ့နှေးတုံ့နှေးပြောသည်။
“ပေးချင်သလောက်သာ ပေးသွားပါဗျာ၊ နွားဒုက္ခကိုးဗျ၊ ဘယ်တတ်နိုင်မလဲ”
ရီးဆေးရိုးသည် ဆင်းရဲသား လောဘသားမို့ ကောက်ရိုးတစ်စီးတိုက်ကို နှစ်ရာ့ငါးဆယ်လိုချင်ငြား မလိုချင်တော့ပါ။ စောစောပိုင်းဈေး ၁၃ဝ ရလျှင်ပင် တော်ပါပြီ သဘောထားလိုက်တော့၏။ တောင်ဘက်တံခါးမှ လှည့်လာသော လှည်းလည်း ရောက်လာ၏။ ရီးဆေးရိုးသည် ကောက်ရိုးပုံ ခြံတံခါးကို ဖွင့်ပေးပြီး “တတ်နိုင်သလောက်သာ တင်သွားကြပေ တော့ဗျို့။ ပြီးရင်သာ တံခါးကို သေသေချာချာကလေး ပိတ်သွားကြဗျာ” ဆိုကာ ထွက်လာသည်တွင် ဧည့်သည်က ပြေးလိုက်လာ၏။
“နောင်ကြီး ပိုက်ဆံယူသွားပါဦး”
“ဘယ်လောက်လဲ”
“၂၂၀ တော့ ရှိမယ်ထင်တာပဲ”
ရီးဆေးရိုးသည် ဆယ်တန်အနွမ်းများကို ရေတွက်ကြည့်သည်။ စုစုပေါင်း ၂၂ ရွက်။
“တော်ပါပြီဗျာ ၁၅၀ ပဲ ပေးပါတော့”
ပြောပြောဆိုဆို ငွေစက္ကူ ခုနစ်ရွက် ပြန်ပေးကာ ထွက်လာခဲ့၏။ ဧည့်သည်မှာ ယောင်ပေပေ ကျန်နေခဲ့ပြီးမှ ပြေးလိုက်လာပြန်၏။
“ငါးဆယ်ထပ်ယူပါ နောင်ကြီးရာ”
“တော်ပါပြီဗျာ၊ ရေနစ်သူကို ဝါးကူမထိုးချင်ပါဘူး”
“ကျေးဇူးတင်လွန်းလို့ပါ နောင်ကြီးရာ”
ခါးပိုက်ထောင်ရှေ့ခါးကြားသို့ ငွေစက္ကူငါးရွက် အတင်းညှပ်ထိုးပေးသည်။ ပေးနေမှတော့ ရီးဆေးရိုး မငြင်းတော့ပါ။ သို့သော် သူ့စေတနာသည် သန့်ရှင်း၏။ ကောက်ရိုးသည် လွှာလွှာကလေး ပါးပါးကလေးသာ။ စိမ်ပြေနပြေ တင်တတ်လျှင် သာမန်တစ်စီးခွဲ တိုက်ကို တစ်ခေါက်တည်းဖြင့် ပါနိုင်သည်။ သို့ဖြစ်စေကာမူ သူပြန်မလာပါ။ ပြန်မကြည့်ပါ။ တင်နိုင်သမျှ တင်သွားကြပေစေတော့။ စိတ်အေးလက်အေးဖြင့် ထမင်းစားသည်။ ထမင်းစားပြီးခါ ရှိသေးသည် ကိုသန်းအုန်း၏ အသံကို ကြားရသည်။
“ဗျို့ ကိုဆေးရိုး၊ မြောက်ခွင်ဘက်က မြေအင်းတို့၊ သီးပင်စုတို့၊ ငလူးအိုင်တို့မှာ မိုးခေါင်တာ အခုလို ဆောင်းတွင်းကြီးမှာတောင် နွားစာ မရှိဘူးတဲ့ဗျာ။ အဲဒါ ကောက်လှိုင်းကလေး ငါးဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက် လှူပါဗျာ”
ကိုသန်းအုန်းသည် ရယ်ရယ်မောမောဖြင့် အိမ်ပေါ်တက်လာ၏။
“အခုလေးတင်ပဲ ရောင်းလိုက်ပြီကွ”
“သူတို့လည်း လယ်သမား ယာသမားတွေပါဗျာ။ ကျွန်တော်တို့ သွားပြီးကူညီချင်လို့ အခုလို လိုက်ပြီး အကူအညီတောင်းတာပါ”
“ခက်တော့တာပဲကွာ၊ ကောက်ရိုးရှိတယ်၊ အဲဒီထဲက လှူမယ် ကဲ”
ရီးဆေးရိုးသည် ရေနွေးပန်းကန်ကို ကိုသန်းအုန်း ရှေ့ချပေး၏။ သူသည် ရေနွေးပန်းကန်ကို ကောက်ယူရင်း “ဟာဗျာ၊ ကောက်လှိုင်းရိုးကမှ သယ်ရယူရတာ လွယ်တာဗျ” ဟု စဉ်းစဉ်းစားစား ပြော၏။
“ကောက်လှိုင်းရိုး ပုတ်ခ စည်းခကလည်း တစ်ရာကို ၅ ကျပ် တော်ရဲ့”
ရီးကျီးဒန်ကမူ ပန်းကန်ဆေးရာမှ လှမ်းပြောသည်။
“ခမျာများ ဒုက္ခရောက်နေတာပါအေ”
“ခမျာများ ဆိုပြီး ကောက်လှိုင်းရိုး ဝယ်တဲ့လူကိုလည်း လျှော့ပေးလိုက်ရပြီးပြီ။ ကောက်ရိုးဝယ်တဲ့ လူကျတော့ကော လျှော့ခဲ့ရပါသေးလား”
“ဒါနပေါ့အေ”
ထိုအချိန်တွင် ကိုသန်းအုန်းသည် ကောက်လှိုင်းရိုးများ ထမ်းထုတ်ကာ နှုတ်ဆက်သွား၏။
“အင်း... သန်းအုန်းလည်း လူတစ်ကိုယ်တည်း သုံးကိုယ်လောက်ခွဲပြီး လုပ်နေရတာပါကလား။ သူတောင် အပင်ပန်းခံပြီး တစ်အိမ်တက်ဆင်း လိုက် အလှူခံနိုင်သေးတာ၊ တို့က ထိုင်ပြီး အသာကလေး လှူရတာများ ဘာပင်ပန်းတာမှတ်လို့”
ရီးကျီးဒန်သည် ခပ်မဆိတ်ပင် ဆေးလိပ်ကောက် ညှိသည်။ ထိုစဉ်တွင် ရီးဆေးရိုးက ထပ်၍ ပြောလိုက် ပြန်သည်မှာ “စိတ်ထားတတ်ရင် မြတ်သတဲ့ဟ၊ ဒါန ပြုတယ်လို့ သဘောထား” ဟူ၍ ဖြစ်ပေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
ဘယ်တော့များမှ ပြီးပါလိမ့်
❝ ဘယ်တော့များမှ ပြီးပါလိမ့် ❞
( ပဥ္စမံဒီရိုင်း )
(၁)
ဖိုးသကြား တော်တော် မကျေမနပ် ဖြစ်နေမိသည်။ သူ မကျေမနပ် ဖြစ်နေပုံက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ် စိတ်အလိုမကျဘဲ မျက်နှာ သုန်သုန်မှုန်မှုန်နှင့် သတင်းသမားများကို အင်တာဗျူး ဖြေကြားနေသည့် မျက်နှာ အမူအရာမျိုးနှင့် အတူတူလိုပင်ဖြစ်သည်။ ဖြစ်ပုံက အချိန်ကိုက် ဗုံးတစ်လုံးလို မျိုသိပ်ထားခဲ့ရတာ သည်နေ့တော့ ပေါက်ကွဲမိခဲ့သည်။ ညစဉ် Up to Date သတင်းတွေ ထုတ်လွှင့်တာကို ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်ကနေ ကြည့်ပြီး ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေသလဲ သိရှိရမလား ဆိုပြီး အားခဲလေသမျှ ဇနီးဖြစ်သူ မအေးမြနှင့် ခုနစ်နှစ်အရွယ် သားတော်မောင် ဖိုးသုည တို့ကြောင့် နီနီခင်ဇော် သီချင်းထဲကလို အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ရသည်။
“ကမ္ဘာကြီးက ကိုယ့်ရဲ့ အိမ်ဦးခန်း ရောက်လာပြီး သတင်းတွေကို စားသုံးဖို့ လစဉ်ကြေးပေးပြီး နှစ်ပေစလောင်း တပ်ထားတာကွ၊ မင်းတို့ ဇာတ်လမ်းတွဲတွေ ကြည့်ဖို့ချည်း မဟုတ်ဘူး၊ မအေးမြရဲ့”
“ဒီမှာ၊ ကိုဖိုးသကြား ဒီအိမ်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တခါတည်း ဒီနေ့ ဆုံးဖြတ်ချက်ချမယ်၊ ရှင့်ရဲ့ကမ္ဘာကြီးသတင်းတွေ စားသုံးချင်သပ ဆိုရင် တီဗွီဖလက် တစ်လုံး အသစ် ဝယ်ချင် ဝယ်၊ မဝယ်ချင်ရင် ဖုန်းဘေ အပြည့်ထည့်ပြီး ဖုန်းထဲမှာ ပွတ်ပြီး တဝ ကြီးကြည့်၊ ဒါမှမဟုတ် နေ့စဉ်ထုတ် သတင်းစာတွေ ဝယ်ဖတ်၊ အို ရှင့်ကို ပြောနေရတာနဲ့ မုဆိုးမလေးမဂင်္ဂါဇာတ်လမ်း လွတ်တော့မယ်၊ သွား သွား လက်ဖက်ရည်ဆိုင်ကို သွား၊ အဲ့ဒီမှာ ကြည့်လို့ရတာပဲ၊ အာသောက ကလည်း ဇာတ်ရှိန်မြင့်နေပြီ”
“ဟုတ်တယ် အဖေကြီး၊ သားလည်း Running Man ကို ကြည့်ရဦးမှာ၊ လက်ဖက်ရည်ဆိုင်သာ သွားပါနော်”
ဇနီးဖြစ်သူ အိမ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မအေးမြစကားကို သားဖြစ်သူ ဖိုးသုည ကပါ လူထုဆန္ဒပြပွဲတွေမှာ နေ့စားခ ပေး၍ အငှားလိုက်သည့် လူတွေလို အတင်းကို ဝင်ရောက်ထောက်ခံလိုက်ပါသည်။
“အေး၊ မင်းတို့ အဲ့ဒါတွေပဲ ကြည့်နေ၊ အဲ့ဒီ ကိုရီးယား Running Man က တစ်ခါပြရင် နှစ်နာရီလောက် ကြာတာ၊ ဘယ်အချိန် စာကျက်မလဲ၊ မအေးမြ မင်းတော့ကွာ”
ဖိုးသကြားခမျာ နောက်ဆုံးမှာတော့ သူ တောင်းဆိုသမျှ လွှတ်တော်မှာ ပယ်ချခံရသလို အပယ်ချခံရသဖြင့် ထိုင်နေကျ လမ်းမကြီးထိပ်က ‘မဟာရန်ကုန်’ လက်ဖက်ရည်ဆိုင် ရှိရာသို့ ထွက်လာခဲ့ရပါတော့သည်။
••••• ••••• •••••
( ၂ )
မဟာရန်ကုန် လက်ဖက်ရည်ဆိုင် ရောက်သည့်အခါ ဖိုးသကြား တစ်ယောက် ကိုယ့်မိတ်ဆွေတွေထဲက မည်သူမည်ဝါများ ရှိလေမလဲလို့ ကြည့်မိသည်။ လက်ဖက်ရည်ဆိုင်ထဲတွင် ပြသနေသော တီဗွီဖန်သားပြင်ကို ကျောပေး ထိုင်ပြီး မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းအင်္ကျီ ဝတ်ဆင်ထားသော ဦးဘိုကြီးက ဒေါသထွက်သော အမူအရာနှင့် စားပွဲထိုး လာချပေးသော ကြက်ဥကို အခွံနွှာ နေပါသည်။ ဦးဘိုကြီး၏ ဒေါသတွေက ကြက်ဥအကျက်ပေါ် ရောက်လေသလားတော့ မသိ။ ကြက်ဥခမျာ မြင်မကောင်းအောင် အလုံးလိုက်ပုံစံ မဟုတ်တော့ဘဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရင်းက ပန်းကန်ပြားထဲမှာ အတော်ကို ကြည့်ရ ဆိုးသွားပါတော့သည်။
“ငါမကျေနပ်ဘူး ဖိုးသကြားရာ၊ မင်း ဘာသောက်မလဲ၊ မှာပြီးရင် မင်းကို စဉ်းစားခိုင်းရမယ်”
သည်လောက်ဆို ဖိုးသကြား သဘောပေါက်ပါသည်။ ဦးဘိုကြီးသည် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း ‘ခရေဇီ’ ဖြစ်သည်။ မန်ချက်စတာဘောလုံးပွဲ ဆိုလျှင် သူ့လိုပဲ အိမ်မှာ နှစ်ပေစလောင်း ရှိပေမယ့် မကြည့်။ လက်ဖက်ရည်ဆိုင်မှာ သူ့လို ဝါသနာ တူသူတွေနှင့် ပေါက်ကွဲ အော်ဟစ်တော့သည်။ မန်ချက်စတာဘောလုံးအသင်းအကြောင်း ဝေဖန်လို့ကတော့ ဦးဘိုကြီး၏ အသက် ခုနစ်ဆယ့်နှစ်နှစ်အရွယ်နှင့် မလိုက်ဖက်သော စကားလုံးကြမ်းကြမ်းများကို လက်ဖက်ရည်ဆိုင် ထဲမှာ ကြားရတော့မည် ဖြစ်သည်။ တစ်ဆိုင်လုံးကလည်း သူ့အကြောင်းကို သိနေသဖြင့် မခံချင်အောင် ဝိုင်းစကာ ပိုပြီးတော့ ဒေါသပေါက် ကွဲအောင် မီးထိုးပေးတတ်ပါသည်။ သူ့ခမျာ ‘မန်ချက်စတာ ဦးဘိုကြီး’ ဆိုသော ဂုဏ်ပုဒ်ကိုလည်း ထပ်ဆင့်ရခဲ့ပါသည်။
ယခုလည်း ညက စတုတ်စီးတီး အိမ်ကွင်းမှာ မန်ချက်စတာအသင်း နိုင်သင့်လျက်သားနှင့် သရေကျခဲ့သဖြင့် တစ်ယောက်ယောက်က မခံချင်အောင် ပြောလိုက်တာကို လက်ဖက်ရည်ဆိုင်ထဲမှာ ကြက်ဥအကျက် မှာပြီး လာပေါက်ကွဲတာ ဖြစ်နိုင်သည်ဟု ဖိုးသကြားက တွေးမိခဲ့သည်။ သူ ပေါက်ကွဲဖို့ အတွက် ဖိုးသကြားကတော့ သူ တိုက်မည့် လက်ဖက်ရည် တစ်ခွက်နှင့်အတူ သားကောင် ဖြစ်ရပေတော့မည်။
“ဖိုးသကြားရာ၊ မင်း စဉ်းစားကြည့်၊ ငါက ညက မန်ယူက စတုတ်ကို ဘာကြောင့် သရေကျရသလဲလို့ ပြန်လည် သုံးသပ်ဖို့အတွက် စလောင်းက Delay ပြန်လွှင့်တာ ကြည့်မယ်ပေါ့၊ အိမ်က မိန်းမကရော မြေးမတွေကပါ ဘာလဲကွာ ဟို အာသောက ကယောက်ကယက် ဖြစ်တာကိုပဲ ကြည့်မယ်၊ မန်ချက်က ဘာအရေးကြီးလို့လဲ၊ ဟိုမှာက ထီးနန်းအတွက် အာသောက ပြဿနာက ရှုပ်နေပြီ၊ သူ့ရည်းစားဟောင်းနဲ့က ဘယ်လို စခန်းသွားမလဲ သိပ်သိချင်နေတယ် ဆိုပြီး ဆန္ဒတွေ ထုတ်ဖော်ကြတာ၊ ငါ့ကို လက်ဖက်ရည်ဆိုင် သွားဖို့ နှင်လွှတ်တယ်လေ၊ ဖိုးသကြားရာ ငါလေ အဲ့ဒီ အာသောကကြောင့် ငါ့ရဲ့ လွတ်လပ်အနားယူခွင့်တွေ အာဏာသိမ်းခံလိုက်ရပြီကွာ၊ ငါ ဘာဆက်လုပ်မလဲ”
သောက်နေသော လက်ဖက်ရည်ကို ဆက်မသောက်နိုင်တော့ဘဲ ဖိုးသကြားက လက်ဖက်ရည်ခွက်ကို စားပွဲခုံပေါ် အမြန် ချလိုက်ရသည်။ အိမ်တွင်းရေး ရုပ်မြင်သံကြား မိမိ နှစ်သက်ရာ ကြည့်ရှုခြင်း အခွင့်အရေးတိုက်ပွဲမှာ ဘဝတူ ရှုံးနိမ့်သူနှစ်ဦး လက်ဖက်ရည်ဆိုင်မှာ ထိပ်တိုက် တွေ့ဆုံရပါလားလို့။
“ဟုတ်တော့ ဟုတ်ပြီ ဦးဘိုကြီးရေ၊ ကျွန်တော်လည်း မုဆိုးမလေးဂင်္ဂါကြောင့် ဒီလက်ဖက်ရည်ဆိုင်ကို ရှောင်တိမ်းလာရတယ်၊ ဦးဘိုကြီး ကျတော့လည်း မိမိအခွင့်အရေး ရပိုင်ခွင့်တွေကို မတရားသိမ်းယူခံရပြီး အတင်း နှင်လွှတ်ခံရတယ်၊ ကျွန်တော်ရော ဦးဘိုကြီးရော ညတွေ အကြိမ်ကြိမ် ဒီအိန္ဒိယဇာတ်လမ်းတွဲတွေ မပြီးမချင်း ရထားတဲ့ လွတ်လပ်ရေးတွေ ဆုံးရှုံးရတော့မယ်ဗျာ”
ဖိုးသကြား၏ စကားကို ဦးဘိုကြီးက ဝေဖန်ချက် မပေးပါ။ ပန်းကန်ပြားထဲမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော ကြက်ဥပြုတ်ကိုသာ ဇွန်းနှင့် ကုန်အောင် ခပ်စားနေပါသည်။ လက်ဖက်ရည်ဆိုင် တီဗွီဖန်သားပြင်ကြီးထဲမှာတော့ ဟောင်ကောင်အက်ရှင် မင်းသား ဂျက်ကီချန်းက လူဆိုးတွေကို ရယ်ပြပြီး ကွန်ဖူးကစ်တွေ အသေအကျေ ဖိုက်ပြနေတာ လက်ဖက်ရည်သောက်ရင်း ကြည့်နေသူတွေက အတော်ကြီး သဘောကျနေပါသည်။ ဖိုးသကြား မဆီမဆိုင် စဉ်းစားမိပါသည်။ ဂျက်ကီချန်းကိုများ အာသောကနှင့် ပေးတွေ့လိုက်လျှင် ဘာတွေ ဖြစ်လာမလဲလို့။ ပန်းသေးခေါက်ဆွဲများ ဖြစ်သွားလေမလား မသိပါ။
••••• ••••• •••••
(၃)
သည်နေ့ညတော့ အိမ်မှာ ငြိမ်းချမ်းတိတ်ဆိတ်နေသည်။ ဇနီးဖြစ်သူ မအေးမြနှင့် သားဖြစ်သူ ဖိုးသုညတို့က မြို့နယ် ပန်းခြံထဲမှာ ဖွင့်လှစ်ထားသော ဈေးဝယ်စင်တာမှာ ဈေးသွား ဝယ်သဖြင့် အိမ်ရှေ့ဧည့်ခန်းကို အပိုင်သိမ်းပိုက်နိုင်ပြီဟု ဖိုးသကြား စိတ်ထဲကနေ ကြွေးကြော်မိသည်။ နှစ်ပေစလောင်းကနေ နိုင်ငံတကာသတင်းတွေကို တဝကြီး ချန်နယ် တစ်ခုပြီး တစ်ခု ပြောင်းပြီး ကြည့်မည်ဟု ဆုံးဖြတ်ခဲ့သည်။
“ဖိုးသကြား၊ အိမ်မှာ တစ်ယောက်တည်းပါလား၊ ငါ ထင်တော့ထင်သား၊ အိမ်မှာ မင်းရှိမယ်လို့၊ ကောင်းတာပေါ့ကွာ နိုင်ငံတကာ အကြောင်းတွေ ဆွေးနွေးရတာပေါ့”
ဖိုးသကြားတော့ ပြဿဒါးနေ့က မလွတ်ဘဲ ရှိနေတုန်းပါလားလို့ နိုင်ငံတကာထွန်းရွှေ ရောက်လာသဖြင့် တွေးမိရင်း စိတ်ညစ်သွားမိခဲ့သည်။ ကြားသမျှ၊ ဖေ့စ်ဘွတ်ခ်ထဲက ဖတ်ရသမျှ ဟာတွေကို အာပေါင်အာရင်း သန်သန်နှင့် ပြောဆိုရင်း တလွဲတွေချည်း ဖြစ်တတ်သဖြင့် အရပ်ထဲ နိုင်ငံတကာထွန်းရွှေဘွဲ့ ဂုဏ်ထူးရခဲ့သော သူနှင့် သည်ညတော့ အိမ်ဧည့်ခန်းကို သိမ်းပိုက်ထားတာ ဆုံးရှုံးရပြန်ပြီလို့။
“ဖိုးသကြားရေ၊ ကိစ္စကတော့ ကြီးသွားပြီ၊ အနောက်ဘက် တံခါးကိစ္စက အခု ကုလသမဂ္ဂထဲ ရောက်ပြီး ကမ္ဘာ့ ခေါင်းဆောင်တွေ တံခါးပိတ် ဆွေးနွေးရတော့မယ်ကွာ၊ ဒီ အနောက်တံခါးကိစ္စက မလွယ်ဘူး”
ဖိုးသကြား တစ်ယောက် နိုင်ငံတကာကိုထွန်းရွှေစကားကြောင့် တော်တော် ခေါင်းစားသွားပါသည်။ ဘယ့်နှယ်၊ သူ့အိမ်က ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်ပြီး လာပြောနေရသလဲလို့ ဖြစ်သည်။
“ထွန်းရွှေရာ၊ မင်းရဲ့ အိမ်အနောက်ဘက်တံခါးကိစ္စများကွာ၊ ငါ့လာ ပြောနေရတယ်လို့၊ အိမ်ရဲ့အနောက်ဘက်တံခါး မကောင်းတာများ၊ ကုလသမဂ္ဂမှာ ရှိတဲ့ ခေါင်းဆောင်တွေကပဲ တံခါးပိတ် ဆွေးနွေးရမယ်လို့၊ မင်းက များသွားပြီ၊ အကြီးကြီး များသွားပြီ၊ မင်းအိမ်ရဲ့ အနောက်ဘက်တံခါးကိစ္စကို ရပ်ကွက်ထဲမှာ လက်သမားတွေ ဒီလောက် များတာ၊ ဒီတံခါး ပြင်မယ့် ကိစ္စ ငွေငါးထောင်လောက် ပေးရင် ကြိုက်တဲ့လူ ခေါ်ခိုင်းလို့ရတာပဲဟာ”
ဖိုးသကြား၏ စကားကြောင့် နိုင်ငံတကာထွန်းရွှေ၏ မျက်နှာက မိတ်ကပ် အနီရောင်ရဲရဲတွေ ဆေးခြယ်သထားသလိုမျိုး နီမြန်းသွားပါသည်။
“ဖိုးသကြားရာ၊ မင်းက နိုင်ငံ့အရေးကို ပြက်ရယ်ပြု လိုက်တာပဲ၊ မင်း နေ့စဉ်ထုတ် သတင်းတာတွေ၊ စာစောင်၊ ဂျာနယ်တွေ မဖတ်ဘူးလား၊ ဖေ့စ်ဘွတ်ခ် မကြည့်ဘူးလား၊ ဒီလောက် ဒီကိစ္စက အရေးကြီးနေတာကို ငါနေတဲ့ အိမ်ရဲ့ အနောက်တံခါးနဲ့ မှားပြောရတယ်လို့ကွာ”
“ဪ… အဲ့ဒါဆိုလည်း မင်းက သေသေချာချာ ပြောလေကွာ၊ သတင်းအကြောင်း ဆွေးနွေးရင် တိကျစွာ ပြောဆို ဆွေးနွေးရတယ်ကွ”
“ဆောရီးကွာ၊ ငါ ပြောချင်တာ လောသွားလို့၊ ဟို မြောက်ကိုရီးယားက ဝက်ပုတ်လေးကွာ၊ ကလေးမျက်နှာနဲ့ လူကြီးလုပ်နေတာ၊ အားအားနေတိုင်း ကလေးလက်ထဲ ကစားစရာအရုပ် ပေးထားသလို၊ ဗြောက်အိုး ပေးထားသလိုမျိုး နျူကလီးယားဗုံးတွေ စမ်းသပ်ဖောက်ခွဲကစားနေတာ၊ အဲ့ဒါထက် ဆိုးတာက ငါက ဒင်းကို အမှုန့်ကြိတ်ချင်တာရှိသေးတယ်”
ချက်ချင်း ဆိုသလို နိုင်ငံတကာထွန်းရွှေက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်ကို ဖိုးသကြား သတိထားမိလိုက်သည်။ ဘယ်လိုဖြစ်လို့ မြောက်ကိုရီးယားဘက် အကြောင်းအရာက ရောက်သွားပြန်သလဲလို့ ဖိုးသကြား အကြောင်းစုံကို မေးရပါတော့မည်။
“ထွန်းရွှေရာ၊ မင်းပုံကို ကြည့်ရတာ မြောက်ကိုရီးယားက ဝက်ပုတ်လေးက မင်းနဲ့ ဘယ်လိုပတ်သက်လို့လဲ၊ မင်းနဲ့ ရည်းစားလုဘက်လည်း မဟုတ်ပါဘူး၊ အသက်ချင်းက ကွာတာပဲဟာ၊ ဘာလို့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရတာလဲ၊ သူ့ လုပ်ရပ်ကို မင်းက စိုးရိမ်လို့ သေကျေရမယ့် လူတွေအစား ဒေါသတွေ ပေါက်ကွဲတာလား”
“အဲ့ဒီ ဝက်ပုတ်လေးကို ရည်းစားလုဘက်ဆို ငါက ခံသာပါသေးတယ်၊ အခုတော့ကွာ၊ မင်း စဉ်းစားကြည့်စမ်း၊ ငါ မန်ချက်အသင်းကို ဘယ်လောက် ချစ်မြတ်နိုးသလဲဆိုတာ၊ မိဘအမွေ ရတာ အကုန်လုံး မန်ချက်ဘက်ကနေ ပုံအောခဲ့တာ၊ မနှစ်က အိုးလ်ထရက်ဖို့ဒ်ကွင်းက သရေကွင်းလို့ နာမည်ရအောင် သရေပွဲတွေချည်း ဖြစ်လို့ မိမွေဖမွေ အကုန် ပြောင်တာ ငါက မနာကျည်း မနှမြောဘူး၊ အခု အဲ့ဒီ ဝက်ပုတ်လေးက ငါ့မန်ချက်အသင်းကို အားပေးသူ၊ မန်ယူ ခရေဇီတဲ့ဗျာ၊ ဒီလို အာဏာရှင်လည်းဖြစ်၊ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်သူက မန်ချက်ကို အားပေးတာ ငါ ရင်နာလွန်းလို့ပါကွာ”
နိုင်ငံတကာထွန်းရွှေက ဆုပ်ထားသော လက်သီးကို မဖြေသေးဘဲ ဆက်ဆုပ်ထားပါသည်။ မန်ယူကိုချ စ်မြတ်နိုးသူ တစ်ဦးအဖို့ သည်လောက်တော့ ပေါက်ကွဲခွင့်ရှိပါသည်။
“မှန်တာပေါ့ကွာ၊ ယှဉ်ပြိုင်ခြင်းကို အဓိက ထားပြီး ပြိုင်ပွဲဝင်တဲ့ အသင်းတစ်သင်းကို အာဏာလက်ဆုပ်လက်ကိုင် ထားပြီး အမှန်တရားကို ဖက်တွယ်ထားတဲ့ လူတွေ၊ ပရိသတ်တွေရဲ့ အသင်းကို လာပြီး ရောနှောတာမျိုးတော့ ငါ လက်မခံဘူး၊ မန်ယူ အသင်းဟာ အာဏာရှင်တွေ အပန်းဖြေဖို့အတွက် ဖြေဖျော်ပေးနေတဲ့ ဘောလုံးအသင်းမဟုတ်ဘူး၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ဘောလုံးအသင်းကွ”
“မှန်တယ် ဖိုးသကြား၊ မင်းစကားက ငါ့အတွက် တန်ဖိုးပဲ၊ လေးစားတယ် သူငယ်ချင်း၊ မင်းကို ငါက ဒီညတော့ ဘီယာ စတေရှင်မှာ တစ်ဂျား ဒကာခံမယ်ဟေ့”
ဖိုးသကြား စကားကို နားထောင်ခဲ့သော နိုင်ငံတကာ ထွန်းရွှေအဖို့ ထောက်ခံမဲတွေနှင့် အနိုင်ရသော လွှတ်တော် အမတ်လိုမျိုး သူ့မျက်နှာက ဝင်းလက် တောက်ပသွားတာက အမှန်ပင်ဖြစ်သည်။
“ကိုဖိုးသကြားတို့၊ ရှင်နဲ့ ကိုထွန်းရွှေတို့ နိုင်ငံတကာရော၊ အနောက်တံခါးရော၊ ဝက်ပုတ်လေးရော၊ မန်ချက်ရော ဆွေးနွေးချင်တဲ့ နေရာမှာ သွားဆွေးနွေး၊ တော်ကြာ အာသောက လာတော့မယ်၊ ဧည့်ခန်းထဲက အမြန်ထွက်ပေတော့”
ဈေးဝယ်စင်တာကနေ သားဖြစ်သူနှင့် အတူ ပြန်ရောက်လာသော မအေးမြက အိမ်ပေါက်ဝကနေ ဘယ်အချိန်က ချောင်းနားထောင်နေသလဲမသိ။ သူနှင့် နိုင်ငံတကာထွန်းရွှေတို့ ရှိနေသော ဧည့်ခန်းထဲသို့ ဝင်လာပြီး တစ်ချက်လွှတ်အမိန့် ထုတ်လိုက်ပါသည်။
ဖိုးသကြား တော်တော် ပေါက်ကွဲသွားပါသည်။ သူငယ်ချင်းဖြစ်သူ ရှေ့မှာ လေသံမာမာဖြင့် အမိန့်ပေးသော မအေးမြကို ဆုံးဖြတ်ချက် ချပြီး စကားတစ်ခွန်း ပြောချလိုက်ပါသည်။
“အေး၊ မင်းက အမိန့်ထုတ်မှတော့ ငါကလည်း အပြတ်ပဲ ပြောမယ်၊ အခု အပြင်သွားမယ်၊ ဒီကိစ္စကို ဒီညပဲ ရှင်းမယ်၊ ဒါပဲ”
ဖိုးသကြားက နိုင်ငံတကာထွန်းရွှေကို အတင်းလက်ဆွဲပြီး အိမ်ထဲမှ ထွက်လာခဲ့သည်။ နိုင်ငံတကာထွန်းရွှေက ဘုမသိဘမသိနှင့် ဈေးလမ်းဆုံထိပ်သို့ လိုက်သာ လိုက်ခဲ့ရသည်။ တစ်လမ်းလုံး ဖိုးသကြားက ဘာမှ မပြောသဖြင့် ပဟေဠိ ဖြစ်ခဲ့ရသည်။
••••• ••••• •••••
(၄)
ဈေးလမ်းဆုံထိပ်မှာ ဖိုးသကြား အိမ်ကနေ ဆုံးဖြတ်ချက် ချလာခဲ့သမျှ ကိစ္စကို အပြတ် ဖြတ်ပြီးသောအခါ စောစောက နိုင်ငံတကာထွန်းရွှေက ဘီယာစတေရှင်မှာ စပွန်ဆာပေးမည့် ကိစ္စကို ငြင်းပယ်ပြီး သူက ပြန်လည် ဒကာခံပေးသည်။ သူလည်း ပေါက်စီ နှစ်ခွက်လောက် ဝမ်းဗိုက်ထဲ ထည့်ပြီး အိမ်ပြန်ရောက်လျှင်တော့ မအေးမြနှင့် အပြတ် ရှင်းမည်ဟု။
နိုင်ငံတကာထွန်းရွှေနှင့် သူ ဘီယာစတေရှင်က အပြန် လမ်းထိပ်မှာ လမ်းခွဲတော့ ညဆယ့်တစ်နာရီထိုးပြီ ဖြစ်သည်။ ဖိုးသကြား အိမ်ကို ပြန်ရောက်သည့်အခါ တီဗွီကို ပိတ်ထားပြီး မအေးမြနှင့် ဖိုးသုညက မအိပ်သေးဘဲ ရှိလို့နေသည်။
“ရော့၊ ငါ့အိမ်မှာ တစ်နေ့တစ်နေ့ မုဆိုးမလေးမဂင်္ဂါ ကိစ္စက တမှောင့်၊ ဒီကြားထဲ ဟာနုမာန်မျောက်နှစ်ကောင်ကလည်း တမှောင့်၊ သီတာဒေဝီ၊ ရာမနဲ့ ဒသဂီရိကလည်း ပြဿနာက ရှုပ်ရှက်ခပ်နေတာ အားမရဘဲ အာသောက ပြဿနာထဲ စနေဂြိုဟ်မင်းက တမှောင့်၊ ဒီကြားထဲ ယိုးဒယားမိန်းမလျာနဲ့ မာရီယိုနဲ့ သူ့မမကလည်း ပတ်လည်ရိုက်သလို ရိုက်နဲ့ ဒီကြားထဲ ဝံပုလွေလူသားက လာလာ အူနေသေးတာ၊ ဟောဒီ အထုပ်ထဲမှာ မူရင်း ဇာတ်လမ်းတွဲတွေ အစအဆုံး အကုန်ပါတဲ့ စီဒီ၊ ဒီဗွီဒီ အခွေတွေ အကုန်ပါတယ်။ ဈေးထိပ် အခွေလှည်းကနေ ဝယ်လာတာ၊ နက်ဖြန်က စပြီး တီဗွီမှာလွှင့်တာ မကြည့်နဲ့၊ ဒါတွေကို နေ့လယ်ပိုင်း ကြည့်၊ ညပိုင်းမှာ ငါ နိုင်ငံတကာ သတင်းတွေ ကြည့်မယ်၊ ဒါပဲ”
သားဖြစ်သူ ဖိုးသုညက သူ ပစ်ချပေးသော ကြွပ်ကြွပ် အိပ်ထဲက စီဒီ၊ ဒီဗွီဒီ အခွေချပ်တွေကို ထုတ်ပြီး ကြည့်နေသည်။ မအေးမြကတော့ ဂရုပင် မစိုက်ဘဲ ဖိုးသကြားကို မျက်နှာထား ခပ်မာမာနှင့် ကြည့်လိုက်သည်။
“ဒီဇာတ်လမ်းတွဲ အခွေတွေ ရှိမှန်း သိတာပေါ့၊ မြန်မာ စာတန်းမှ မထိုးတာ၊ ကု,လားလို ပြောတယ်၊ ယိုးဒယားလို ပြောတယ်၊ နားမှ မလည်တာ၊ ရှင်ကဒါမျိုး မဖြစ်ချင် ကု,လားစကား ယိုးဒယားစကား သွားသင်ပြီးမှ ကျွန်မ ဘေးနားကနေ ထိုင်ပြီး ဘာသာပြန် ရှင်းပြပေတော့၊ ရှင့် အခွေတွေက စာတန်းမှ မထိုးတာ ဘာလုပ်ရမှာလဲ၊ နားငြီးတယ်၊ တကယ်ပါပဲ”
သည်တစ်ကြိမ်လည်း ဖိုးသကြား တစ်ယောက် မအေးမြ၏ စကားလုံးတွေ အောက်မှာ ထပ်မံ၍ အရှုံးပေးရပြန်ပြီ ဖြစ်ပါသည်။ ဖိုးသကြား အဖို့ ဘာများ တတ်နိုင်မှာ မို့လို့လဲ။
သူ့အဖို့ ချက်ချင်းဆိုသလို ဘဝနှင့် ရင်းနှီးရတော့မည့် သူ့ အခွင့်အရေးတွေနှင့် လက်လွှတ်ခံပြီး စကားအချို့ကို မအေးမြ အား သူ့လျှာဖျားပေါ်ကနေ တစ်လုံးချင်း ပြောချလိုက်မိပါတော့သည်။
“အေးပေါ့ မအေးမြရာ၊ မင်းရော သားဖြစ်သူကပါ အိမ်ဧည့်ခန်းက ကု,လားဇာတ်လမ်းတွဲ၊ အိန္ဒိယဇာတ်လမ်းတွဲတွေကြောင့် ငါ သတင်းကြည့်ဖို့ကို မဖယ်ပေးနိုင်မှတော့ ငါက အဲ့ဒါတွေနဲ့ လွတ်ကင်းရာကို နက်ဖြန်က စပြီး တရားရိပ်သာမှာ ရိပ်သာ ဝင်တော့မယ်၊ အဲ့ဒီ ဇာတ်လမ်းတွဲတွေ ပြီးမှ ငါ့ကို ရိပ်သာကနေ ပြန်ခေါ်ပေတော့၊ ဒါ ဖိုးသကြား ဆိုတဲ့ အိမ်ဦးခန်းကို ရှုံးနိမ့်သူ တစ်ဦးရဲ့ အမိန့်ပဲ”
ဖိုးသကြားက သားဖြစ်သူ ဖိုးသုညနှင့် ဇနီးဖြစ်သူ မအေးမြတို့ကို ဘာစကားမှ ဆက်မပြောတော့ဘဲ ဧည့်ခန်းထဲကနေ ထွက်သွားပါတော့သည်။ ဇနီးနှင့် သားဖြစ်သူကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်နေကြပါသည်။
••••• ••••• •••••
(၅)
တရားရိပ်သာစခန်းမှာ ဖိုးသကြား တစ်ယောက် တရား စခန်းဝင်နေသလို သူ၏ ဧည့်ခန်းထဲမှာလည်း မအေးမြနှင့် ဖိုးသုညတို့ နှစ်ယောက်ကလည်း ညစဉ်ညတိုင်း မုဆိုးမလေးမဂင်္ဂါ၊ စနေဂြိုဟ်မင်း၊ ဟာနုမာန်မျောက်နှစ်ကောင်၊ ရာမ၊ သီတာဒေဝီ၊ ဒသဂီရိ၊ အာသောက၊ ဝံပုလွေလူသား၊ Running Man တို့နှင့် အတူ အလုပ်ရှုပ်နေတာ နားချိန်ပင် မရှိပါ။
ဩော်၊ ဖိုးသကြား တစ်ယောက် ဘယ်သောအခါမှ တရားစခန်းက ထွက်ရပါလိမ့်။
▢ ပဉ္စမံဒီရိုင်း
📖 ရသခေတ် မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၁ )
၂၀၁၈ ခုနှစ်