Showing posts with label ကျိုက်စကော ခင်စိုး. Show all posts
Showing posts with label ကျိုက်စကော ခင်စိုး. Show all posts

Tuesday, April 21, 2026

အချစ်နှင့် ကျားကစားသူများ


 

❝ အချစ်နှင့် ကျားကစားသူများ ❞
( ကျိုက်စကောခင်စိုး )

လူဆိုတာ ကွက်ကျော် မြင်ရမယ် ၊ ကိုယ့်အတွက် တစ်ကွက် ချန်ရမယ် ၊ ဒါက သဘာဝ မင်းနွယ်ရဲ့ သီအိုရီ ။ ဒီဇာတ်လမ်းမှာ ဒေါ်တင်ထားရဲ့ ရက်စက်ပက်စက် ဆိုရက်ပြောထွက် စကားကို ခံစားရတာက ကျော်မင်းစိန် ။

“ ကျွန်တော် ခံစားရတယ် ဆရာ ”

ဆရာ မင်းနွယ်က မျက်နှာအပြုံး ၊ မျက်လုံးလျှို့ဝှက် အလေးအနက် ပြောလိုက်တယ် ။

“ ပန်းလိုချင် အပင်စိုက် ၊ အမြတ်လိုချင် အရင်းစိုက် ၊ စံစားချင်ရင်တော့ ခံစားရမယ် ၊ ဒီမှာ ငါ့တပည့် မင်း ခံစားရမယ်ကွ ”

မင်းနွယ်က ကိုယ်လုံးကို ဆတ်ခနဲစောင်း ၊ ပခုံးကိုမြှင့် ၊ ခေါင်းကိုပင့် ၊ မျက်လုံးဝင့်ပြီး ပြောလိုက်တယ် ။

“ မင်း မရှိုက်ဘဲနဲ့ ငိုရမယ် ”

“ ဆရာ .. ဘယ်လို ငို ... ”

“ မင်းမျက်ဝန်းကို ဟိုအဝေးကြီး မျှော် ကြည့်လိုက် ၊ အဲဒီ အဝေး တစ်နေရာမှာ မင်း စံစားရမယ့် နတ်ဘုံနတ်နန်းကို မြင်အောင်ကြည့် ၊ အဲဒီမှာ မင်း စံစားဖို့ ခုခါမှာ မင်းခံစားရမယ် ၊ နာကြည်းရမယ် ၊ ဒါပေမဲ့ မင်း ယောက်ျားမာန မီးတောက်တွေကို မျက်ရည်စီးပေါက်တွေအဖြစ် ထွက်ကျလာရမယ် ။ လုံးဝ လုံးဝ မရှိုက်ရဘူး ။ မျက်တောင် မခတ်ရဘူး ။ မျက်ရည်တွေပဲ သွင်သွင် ကျနေရမယ် ။ မင်းရဲ့ နှလုံးအသည်း ဂဟေစွဲ ထားဖို့ တစ်ခွန်းတည်း ပြောလိုက်မယ် ”

ဆရာ မင်းနွယ်က ကျော်မင်းစိန့် ရင်ဘတ်ကို လက်ညှိုး ဒေါက်ဒေါက် ခေါက်လိုက်ပြီး

“ ဒီမှာ ငါ့တပည့် ပင်မြင့်စံပန်းကို လိုချင်ရင်တော့ အပင်ပေါ် တက်ရမယ်ကွ ”

••••• ••••• •••••

သဘာဝမင်းနွယ် ဆိုတာ တစ်ချိန်က အထင်ကရ ဇာတ်ကြီးတစ်ခုရဲ့ ပြဇာတ်မင်းသား ၊ ခုခါမှာတော့ သင်္ဘောသား ။ ခြံစည်းရိုးတိုင်လည်း စိုက်မရ ၊ ထင်းခွဲလို့လည်း မရ ၊ လွှင့်ပစ်ထားတော့ ပုပ်စော်နံတဲ့ သင်္ဘောပင်က အသားလို မင်းနွယ် ဘဝ သုံးစားလို့ မရ ဖြစ်နေပြီ ။ ရတုန်းက မစုမဆောင်း ဖွတ်ကျားလောင်း လုပ်ခဲ့တာကိုး ။ ခုတော့ သဘင်တွေက ခေတ်မကောင်း ၊ ရုပ်သွင်က ဇရာထောင်း ဆိုတော့ ဒေါ်လာက ဂျောင်းခဲ့လေပြီပေါ့ ။ ဝမ်းဂိုး တူးကမ်းမ် သရီးရီဇာတ်စနစ် နဲ့ အချစ်ရဲ့ဇာတ်လမ်းတွေလည်း စုံ ၊ နှလုံးသားတွေလည်း ဟုန်နေပြီ ဖြစ်တဲ့ သူဟာ သပြေညိုစိမ်းစိမ်း နဲ့ ရတော့ ခြေကုန်လက်ပန်း ကျသွားပါပြီ ။

စိမ်းစိမ်း နဲ့ အသက် ကွာလွန်းတာ အပြစ်လား ၊ အင်္ဂလိပ် ကတော့ မိန်းမယူရင် အသက် half the age + seven တဲ့ ။ မင်းနွယ်က မြန်မာလို ဒွေးချိုး လေးတိုးခဲ့တယ် ။ ကိုယ့် အသက်ကို ဝက်ပြီး လေးနှစ်လေးပဲ တိုးတဲ့ စိမ်းစိမ်း ကို ယူလိုက်တာဟာ သင်္ဘောပျက်ကို အင်ဂျင် အသစ်တင် မောင်းသလိုပဲ ။ အင်ဂျင်အား ကို ကိုယ်ထည်က မလိုက်နိုင် ဘူး ။ ကွဲပြဲကုန်ပြီ ။ စိမ်းစိမ်း ဝတ်ချင် စားချင်သမျှ သူက မလိုက်လျောနိုင်ဘူးလေ ။ အလုံးကြီးပြီး အပေါက် အဆက်လည်း လှတဲ့ သပြေညိုစိမ်းစိမ်းက ဇာတ်ထဲ ဆက်လိုက်တယ် ။ က , တယ် ၊ ရှေ့ဆက်တယ် ။ ဆက်ဆက် သွားရင်း နောက်ကြောင်းကို ပြန်လှည့် မကြည့်တော့ဘူး ။ လစ်ဟာနေတဲ့ မင်းနွယ်ရဲ့ အလပ်ပေါင်း များစွာထဲ နောက်တစ်ခု ထပ် လပ်ရပြန်တယ် ။ ဒါပေမဲ့ မင်းနွယ်ဟာ တစ်ကောင်တည်း ဒါပေမဲ့ ယောက်ျား ၊ ရောက်တဲ့ အရပ်မှာ ကြားစေရမယ် ။ သင်းထက် သာတဲ့ မိန်းမ ရအောင် ယူပြလိုက်မယ် ။ အထီးကျန်ပေမဲ့ ပျက်စီး မခံနိုင်ဘူး ။ ငါ ဘာလုပ်ရမလဲ ၊ ဘာလုပ် တတ်လဲ ။ ဘောလုံးသမား ငြိမ်းတော့ နည်းပြဆရာ ၊ ပြဇာတ်မင်းသား ငြိမ်းတော့ ဒါရိုက်တာ ။

••••• ••••• •••••

သူ့ဒါရိုက်တာ ဘဝမှာ ကျော်မင်းစိန် လို တပည့်ကို သင်ပေးရတာ အလွန်ပျော်တယ် ။ ဒီကောင်လေးက ပရော်ဖက်ရှင်နယ် ဇာတ်သဘင် ထဲက မင်းသား မဟုတ် ။ အပျော်တမ်း က,တဲ့ ရွှေကျီးပင်ရွာရဲ့ ပြဇာတ်မင်းသား ။ ဇာတ်ဝင်ခန်းနဲ့ အပြင်လောက တစ်ထပ်တည်း ကျနေတဲ့ ဇာတ်လမ်း ။ မင်းနွယ် တမင် ရေးထားတဲ့ ဇာတ်လမ်း ။ ဇာတ်ခုံပေါ်က အတိုင်း အပြင်မှာ ကွက်တိ ဝင်သွားတာနဲ့ မင်းနွယ် လက်မ ထောင်နိုင်ပြီ ။ တစ်သက်လုံး ထောင်မယ့် လက်မ ၊ ရွှေလက်မ ။ သိ တယ်နော် ၊ မင်းနွယ်ရဲ့ သီအို ရီ ။ လူဆိုတာ ကွက်ကျော် မြင်ရမယ် ။ ကိုယ့်အတွက် တစ်ကွက် ချန်ရမယ် ။ မင်းနွယ်ကို ရွှေကျီးပင်နဲ့ မိတ်ဆက် ပေးတာက ကြွက်စုတ် ။ လူရွှင်တော်ငြိမ်း ကြွက်စုတ် လာခေါ် တော့ ဝမ်းသာအားရ ပုံစံ မဝင်အောင် အင်တင်တင် လုပ်ရသေးတယ် ။

“ တစ်နယ်လုံးကို ပြောပြီးပြီ ။ ဆရာ လိုက်မှကို ဖြစ်မယ် ။ ပြဇာတ်မင်းသားကြီး သဘာဝမင်းနွယ် ဆိုတာ လူကြီးပိုင်းတွေက ဆရာ့ပရိသတ်တွေ ဆိုတော့ အတင်း ခေါ်ခိုင်း လိုက်တာ ”

ကြွက်စုတ်ဟာ ဇာတ် လောကကနေ အနားယူပြီး ရွှေကျီးပင်ရွာမှာ အိမ်ထောင် ကျနေတာ ။

“ မင်း မဆိုးဘူး ကြွက်စုတ် ၊ ငါ့ကို သတိရဖော် ရသေး တယ် ။ တို့ ဇာတ်ခေါင်း ကွဲခဲ့တာလည်း ကြာပြီလေ ၊ မင်း ဆရာမှန်း သိတယ် ”

“ ဒါပေါ့ ဆရာရယ်  ၊ ဆရာ့ကိုမှ ဆရာမှန်း မသိရင် ဘယ်ဆရာကို ဆရာ ခေါ်ရမလဲ ဆရာရယ် ”

နှစ်ယောက်သား ရယ်မောဟား တိုက်ရင်း ရွှေကျီးပင်ကို လာခဲ့တယ် ။ ဘတ်စ်ကားပေါ် ကြွက်စုတ် တိုက်တဲ့ နာဂစ်ထဲ တစ်ချိန်က မင်း သားမင်းနွယ် နောက် သည်းသည်းလှုပ်ခါ လိုက်ပါ ဘဝတွေ နာခဲ့ရတဲ့ အရွာရွာနယ် အဝှမ်းက ကြွေလွင့်ပန်းလေး တွေအကြောင်း သောင်း ပြောင်း ။

“ တော်ပါ ကြွက်စုတ် ရာ ၊ ငါလည်း နောင်တတွေ ရနေပါပြီ ။ ဝဋ်လည်း လည်နေပါပြီ ”

“ ခွ ကောင်းတွေ့ ရင်တော့ ထိုင်လိုက်ပေါ့ ဆရာ ”

“ ထိုင်ချင်တာပေါ့ကွာ ၊ စိမ်းစိမ်း ထက် သာရင် တော်ပြီ”

အဲဒီမှာတင် ကြွက်စုတ်က ရွှေကျီးပင် ဒေါ်တင်ထား အကြောင်း နာဂစ်ဆက်တိုက်တယ် ။

“ တစ်နယ်လုံးမှာ အချမ်းသာဆုံး ပွဲရုံကြီး ပိုင်ရှင် ၊ ဥပဓိရုပ်နဲ့ အရပ်အမောင်း ကတော့ မော်ဒယ်မကြီး တင်မိုးလွင် အတိုင်း ... ”

မင်းနွယ် နှာခေါင်း နည်းနည်း ပွလာတယ် ။

“ နှစ်တိုင်း ဇာတ်က,ရင် အမေခန်း ၊ လူကြီးခန်းက ပါ တယ်ဆရာ ၊ ခုလည်း ပြဇာတ်ထဲ စာရင်း ပေးထားတယ် ။ သူ့ကို တစ်ရွာလုံးက အားထားနေရတာပေါ့ ။ အလှူငွေ အများဆုံး ထည့်တယ် ၊ ဒါ ထောတယ် ”

ကြွက်စုတ်က လက်မနဲ့ လက်ညှိုး ဝိုင်းပြတယ် ။

“ အသက် ကတော့ ဆရာတို့ အရွယ်ဝတ် မြောင်းတူးပေါ့ ”

“ ဘာလဲ မြောင်းတူး ”

“ ဆရာကလည်း အဲဒါပေါ့ လူရွှင်တော်ဆိုတာ ဝမ်းစာ ပြည့်ရတယ် ။ မိန်းမတို့ အရွယ် အသက် လေးဆယ်ကို မြောင်းတူး ခေါ်တယ် ။ သူက မုဆိုးမ ၊ သမီး တစ်ယောက် ရှိတယ် ။ တစ်သွယ်ပိုင်းခြား ၊ ဆယ့်ငါးမျက်မည်း ၊ ကြည်ကြည်ရွှန်းရွှန်း ၊ နှစ်ဆယ်စွန်းက ၊ မျက်ဝန်းမည်တွင်တဲ့ ၊ မျက်ဝန်းအရွယ် နှစ်ဆယ်ကျော်လေးပေါ့ ”

“ မြင့်လှချည်လား ကြွက်စုတ် ၊ မင်းနဲ့ တွေ့မှ စာသံပေသံ ကြားရတယ် ”

“ ဆရာကတော့ မြောင်း ပဲ တူးပေါ့ ”

မင်းနွယ်ရဲ့ ကွယ်ငုပ်နေတဲ့ ငယ်ရုပ်က ဖောက်ထုတ် တိုးထွက်လာတယ် ။

••••• ••••• •••••

“ ထွီ ”

သူဌေးမကြီး ဒေါ်ခင်ခင်မြရဲ့ ထွီခနဲ တံတွေးစက်က ကျော်မင်းစိန် မျက်ခွက် စဉ်ထွက်သွားလေရဲ့ ။

“ ဒီမှာဟေ့ ခင်ခင်မြ တစ်မြပဲ ရှိတယ် မှတ်ထား ၊ မျောက်လက်နဲ့ သန်လျက် ကိုင် ၊ ဖင်မနိုင်ဘဲ ပလ္လင်ပေါ် ထိုင် ၊ အိမ်ခေါင်ပေါ် ခွေး တက် ၊ ပြည်ပျက်အောင်လုပ် မလို့လား ။ ရာရာစစ တူ သလား တန်သလား ဟဲ့ ... ထွီ ”

ဇာတ်က,ဖို့ ရက်က လိုပါသေးတယ် ။ ခုဟာက ဇာတ်တိုက် နေတာပါ ။ ဒေါ်ခင်ခင်မြဇာတ်ရုပ် ဒေါ်တင်ထား ကိုတော့ နှစ်ခါလောက် ဇာတ်တိုက်ပြီး နောက်ထပ် မကျင့်ဘဲ ဇာတ်လမ်းဖျောက် ထားတယ် ။ အထွေအထူး သင်ပြစရာ မလိုအောင် ကွက်တိ သရုပ်ဆောင်နိုင်တယ် ။ ဇာတ်တိုက်တာ လာကြည့်တဲ့ ပရိသတ် အမြင် ရိုးမှာ စိုးလို့ ဒေါ်တင်ထား အနားပေး ၊ တခြား ဇာတ်ကွက်တွေ ကျော်တိုက်တယ် ။ ကြိုးချင်း မငြိသေးပေမဲ့ အိုးချင်း ထိတာ မြင်ရဖန် များတော့ ရွာက ဇာတ်ဆရာနဲ့ ဒေါ်တင်ထား နည်းနည်း အမြင် မှားချင်ချင် ။ အဲဒီလို အမြင်အလွဲမှာ ချော် လဲရောထိုင်ချင် နေတာကိုက သဘာဝမင်းနွယ် ရဲ့ သီအိုရီ လေ ။ လူဆိုတာ ကွက်ကျော် မြင်ရမယ် ၊ ကိုယ့်အတွက် တစ်ကွက်ချန်ရမယ် ။

••••• ••••• •••••

ဘုံကထိန်လူကြီးတွေ ၊ ခင်မင်ရောဝင် ရွာသားတွေက မင်းနွယ်ကို လက်တို့တယ် ။ ဖင်ကုတ်တယ် ၊ ပြဇာတ်မင်းသမီးကို မြို့က မငှားပါနဲ့ ဆရာ ။ ခင်နှင်းသက် ဆို ကွက်တိပဲတဲ့ ။ မင်းသား ကျော်မင်းစိန်က ကျေးရွာလူမှုရေးအသင်း အတွင်းရေးမှူး ၊ ရွှေကျီးပင်ရဲ့ ဂုဏ်ဆောင် ၊ ခင်နှင်းသက် ကလည်း ရွာတန်ဆောင် ၊ ဘွဲ့ရ သူဌေးမ ။ ရွာ အချစ်တော် နှစ်ယောက်ကို ဇာတ်ခုံပေါ်မှာ မြင်ချင်တယ် ။ ဇာတ်ခုံပေါ်မှာ တင်လား ၊ မဟုတ်ဘူး ။ အပြင် ဘဝမှာလည်း တွဲဖက်စေ့ချင်တယ် ။ ကိုရီးယားကားတွေလို မန်နေဂျာလား ၊ ကိုယ်စားလှယ်လား ဘဝမျိုးကနေ ကုမ္ပဏီ ပိုင်ရှင်ကြီး ဖြစ်စေ့ချင်တယ် ။ မင်းနွယ် ကလည်း ဒီအတိုင်းပဲ ။ ဒါပေမဲ့ သူ့စေတနာက ရွာသားတွေလို မရိုးစင်းဘူး ။ ကျားထိုး သလိုမျိုး ခင်နှင်းသက် ကို ထိုးကျွေး ၊ ကျန်တဲ့ ကျား စားပြီး ကင်းဝင်မယ့် အကွက် ။ သို့သော် ဘဝက ဒီလို ထပ်တူ မကျဘူး ။ ဒေါ်တင်ထား က သူ့သမီး မျက်ဝန်းနဲ့ ပတ်သက်ရင် -

“ ဆရာရယ် ချဉ်သီးနဲ့ ဆား အရသာ တခြား ဆိုပေမဲ့ ပေါင်းစားချင်ကြတယ် ။ ဘာပဲဖြစ်ဖြစ် ချဉ်သီးနဲ့ ဆား အတူ ထားလို့တော့ မဖြစ်ဘူး ၊ ဝေးဝေး ထားရမယ် ။ ဆရာ့ ဇာတ်မှာ ကျော်မင်းစိန်က မင်းသား ၊ မင်းသမီး နေရာ သမီး ထားပြီး မနီးစပ်စေချင်ဘူး ။ ဒါကို ဆရာ့ ဝမ်းထဲပဲ ထားပါ ။ နောက်ပြီး ကျော်မင်းစိန်က လယ်ထဲ ၊ ပွဲရုံထဲ ကျွန်မ ခိုင်းနေတဲ့ လူငှား ဆိုတော့ မကောင်းပါဘူး ဆရာ ရယ် ၊ မြို့က မင်းသမီးပဲ ငှားပါ ”

စပ်မိစပ်ပြော ထဲမှာ ဒေါ်တင်ထားက လယ်တွေ ၊ ပွဲရုံတွေ ၊ လုပ်ငန်းတွေကို ရုန်းနေရတာ မုဆိုးမ သားအမိ ပင်ပန်းလှကြောင်း ညည်းညူ ပြတော့ မင်းနွယ်ရဲ့ သည်းအူတွေက လှိုက်ဆူလာတယ် ။ သူ စိုက်ကြည့်နေတော့ ဒေါ်တင်ထား မျက်လွှာ ချသွားတယ် ။

••••• ••••• •••••

ဇာတ်က ထင်ထားတဲ့ အတိုင်းထက် ပိုအောင်မြင် တယ် ။ ရွာရဲ့ ဘိုးစဉ်ဘောင်ဆက် ထုံးတမ်းဓလေ့က တစ်နှစ်မှ တစ်ခါကြုံ ဘုံကထိန် ပွဲတော်မှာ ဘယ်ဇာတ်မှ မငှားဘူး ။ ပြဇာတ် ၊ ယိမ်း ၊ နောက်ပိုင်းက အစ သူ့ဆရာနဲ့ သူငှား ၊ ရွာသူရွာသားတွေကို သင် ၊ ဇာတ်စင်ပေါ် တက် ကကြ တယ် ။ ဆိုင်းနဲ့ ပြဇာတ်မင်း သမီးတစ်ဦးပဲ တခြားက ငှားတယ် ။ သည်ထုံးစံက သည် တစ်ရွာပဲ ရှိတော့ ထူးဆန်းဝိုင်း အုံကြည့်ကြတာ ပရိသတ်က ဘောလုံးကွင်း နီးပါး ဘုန်းကြီးကျောင်းဝင်းကြီးအပြည့် ။ ပြဇာတ်ဆရာက သဘာဝမင်းနွယ် ဆိုပဲ ။ ဒါကြောင့် ကောင်းတာ ဆိုတဲ့ အသံဗလံကလည်း ခုန်ပျံနေလေရဲ့ ။ ဆင်းရဲသား လူငှားလေးရဲ့ ရင်အစုံကို ဒေါ်ခင်ခင်မြ စုံကန်တဲ့ အသံကလည်း ရုံလျှံအောင် ကျယ်ပါတယ် ။

“ ထွီ ... ဒီမှာဟေ့ ... ခင်ခင်မြ တစ်မြပဲ ရှိတယ် မှတ်ထား ။ မျောက်လက်နဲ့ သန်လျက်ကိုင် ၊ ဖင်မနိုင်ဘဲ ပလ္လင်ပေါ်ထိုင် ၊ အိမ်ခေါင်ပေါ် ခွေးတက် ၊ ပြည်ပျက်အောင် လုပ်မလို့လား ။ ရာရာစစ တူသလား ၊ တန်သလားဟဲ့ ... ထွီ ”

ကျော်မင်းစိန်ဟာ သူ့ ဇာတ်ရုပ်ကို အဟုတ် ထွက်အောင် သရုပ်ဆောင်ခဲ့တယ် ။ မခံချင်စိတ်တွေနဲ့ အံခဲ ၊ ကြေကွဲစွာ ဒေါ်ခင်ခင်မြကို စိုက်ကြည့်ရင်း မငိုဘူး ၊ မရှိုက်ဘူး ၊ မျက်တောင် မခတ်ဘူး ၊ မျက်ရည်တွေ သွင်သွင် စီးကျနေတယ် ။ သမီး ဖြစ်သူက တောင်းပန်တယ် ။

“ မေမေရယ် ဒီလိုတော့ မပြောသင့်ပါဘူး ”

“ ဘာ ….”

ဘာ ဆိုတဲ့ ပေါက်ကွဲသံက ပွဲတစ်ခင်းလုံး လျှံသွားလေရဲ့ ။

“ ဒီမှာဟေ့ ခင်ခင်မြ တစ်မြပဲ ရှိတယ် မှတ်ထား ...”

ပရိသတ်တွေက မျက်ရည်စီးကြောင်းတွေနဲ့ ကျော်မင်းစိန်ကို ငြိမ်တိတ်စွာ သနားနေကြတယ် ။ ဇာတ်ဝင်ခန်းလို့ မမြင်တော့ဘူး ။ အပြင်လောကနဲ့ ယှဉ်ထိုးစဉ်းစား သနားပိုနေကြလေရဲ့ ။

••••• ••••• •••••

ဇာတ်ပွဲ ပြီးပေမဲ့ ပါးစပ်ပွဲ မပြီးဘူး ။ ဘယ်သူ ဘယ် နေရာမှာ ဘယ်လို ကောင်း တာ ၊ ယိမ်းသမတွေထဲ ဘယ်သူ အချောဆုံး ၊ လူရွှင်တော် ကြွက်စုတ်က ဘယ်လို ရယ်ရတာ ပြောလို့ မဆုံးနိုင်ဘူး ။ ဆရာမင်းနွယ်ကို နောင်နှစ် ထပ်ငှားပါဦး ၊ ဆရာက ဘယ်လို အပင်ပန်းခံတာ ၊ တို့ ရွာသား ဖြစ်ရင် ကောင်းမှာ ၊ ဘာညာဘာညာ ။

မင်းနွယ် အပြန် တစ်ရွာလုံး လိုက်ပို့ကြ ၊ လက်ဆောင်တွေပေးကြ ၊ ဆရာချင်း မိုးမွှန်အောင် နှုတ်ဆက်ကြတယ် ။ နှစ်လလောက် အနေနီး ၊ သံယောဇဉ်တွေ ကြီးကုန်ပြီ ။ ပြောဆိုထားတဲ့ ဇာတ်ဆရာကြေးထက် ပိုပေးလိုက်ကြတယ် ။ နောင်နှစ် အတွက်ပါ ကြိုပြောလိုက်ပြီ ။ မင်းနွယ် က တပည့်ကို နှစ်ယောက်တည်း ကျိတ်မှာခဲ့တယ် ။

“ ဒီမှာ ကျော်မင်းစိန် ပင်မြင့်စံပန်းကို လိုချင်ရင်တော့ တံချူ ရှိရမယ် ။ ရွှေတံချူ ၊ ငွေတံချူ ၊ ရာထူး အာဏာတံချူ တစ်ချောင်းတော့ ရှိရမယ် ။ မရှိရင်တော့ ... ”

ဆရာ မင်းနွယ်က ကျော်မင်းစိန့် ရင်ဘတ်ကို လက်ညှိုးနဲ့ ဒေါက်ဒေါက် ခေါက်လိုက်တယ် ။ နားကို ကပ်ပြီး ပြောလိုက်တယ် ။

“ ဒီမှာ ငါ့တပည့် အပင်ပေါ် တက်တတ်ရမယ် ”

••••• ••••• •••••

ရွှေကျီးပင်ရွာက ပြန်လာပြီး ဆယ်ရက် လောက်မှာ သဘာဝမင်းနွယ် ဆီ ဖုန်းဝင်လာတယ် ။ ကြွက်စုတ်ဖုန်း ။

“ ဆရာရေ ... ကျော်မင်းစိန် မင်္ဂလာဆောင်တော့မယ် ။ ကြောင်းလမ်းလိုက်ပြီ ”

မင်းနွယ် လက်မ ထောင်လိုက်တယ် ။

“ ဆရာ့တပည့်ကတော့ ဆရာ သင်ထားတဲ့ အတိုင်း ကွက်တိပဲ ။ ပင်မြင့်စံပန်းကို အပင်ပေါ် တက်ချိုင်လိုက်တာပဲ ဆရာ ”

မင်းနွယ် လက်မ ပိုထောင်လိုက်တယ် ။

“ ဒေါ်တင်ထား ကလည်း သူ့ဇာတ်ရုပ်အတိုင်း သမီးကို လူငှားနဲ့ မပေးစားဘူး ”

“ ဘာကွ ”

“ သူကိုယ်တိုင် သတို့သမီး လုပ်လိုက်တယ် ။ ကွက် ကျော်ရိုက်သွားတာပေါ့ ”

မင်းနွယ် လက်မ ကုပ်ကျသွားတယ် ။

⎕ ကျိုက်စကောခင်စိုး
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ဖေဖော်ဝါရီ ၊ ၂၀၁၈

Friday, July 28, 2023

ချစ်မိုးကြီး သည်းပါလေ


 ❝  ချစ်မိုးကြီး သည်းပါလေ ❞ 


ကျွန်တော် ကား မြန်မာစာ နှင့် ဘွဲ့ ရ ထား ပေမဲ့ လုံးကြီးပေါက်လှ ဆိုသော စကား ကို အပေါ်ယံ အတွေး နှင့် ရေးရေး သာ သိ၏ ။ တစ်နေ့ မှာ တော့ မိန်းကလေး တစ်ယောက် မိုး မိပြီး တစ်ကိုယ်လုံး ရွှဲနစ် နေတာ မြင် မှ အကုသိုလ် မနောကံ နှင့် သဘော အမှန် ပေါက် တော့သည် ။ ထဘီတိုတို ရေစိုစို ၊ ခြေသလုံးတွေ က ဝါးပိုး မျှစ်စို့တုံးကြီးတွေ လို ဖွေးဥ နုဖပ် ၊ အင်္ကျီ ရေစို က အသားကပ် အဲဒီတော့ မှ အလုံးကြီး တာ က ဒီလို ၊ အပေါက် အဆက် လှတာ က ဟိုလို ကိုး လို့ သိ တော့သည် ။ ရဲရဲ လည်း မကြည့်ဝံ့ ။ ထို မိန်းမ ကား အနေ က ရိုင်းရိုင်း ၊ အပြော က ရှူးဒိုင်းဒိုင်း ၊ တုတ်ထိုး အိုးကွဲ ဗျ ။ ထို မိန်းမကြမ်း ကို မှ ကျွန်တော် က အရမ်း အရမ်း ချစ် မိသည် ။


သူ ၏ ချစ်သွေးရောင်ရွှန်း မျက်ဝန်းများ ကြောင့် သူ ကျွန်တော့် ကို ချစ် မှာ ပဲ လို့ ထင်မိသည် ။ တစ်ရွာတည်း မှာ အတူ ကြီး လာ ၊ ပြောမနာ ဆဲမနာ တွေ ပါ ။


မြင်ပါများ တော့ လှ ၊ ခင်ပါများ တော့ စ ၊ နီးပါများ တော့ ရွ လာ သော ကျွန်တော် သည် တစ်နေ့ မှာ တော့ သိမ်မွေ့ နူးညံ့ခြင်း အလျှင်း ကင်းစွာ ရည်းစားစကား ပြောမိ လိုက်ပါလေရော ။ ကျွန်တော် ကား မိန်းမ တို့ ၏ အထာ ၊ အညှာ ၊ မာယာ ဆိုတာတွေ မသိ ။ ဗဟုသုတ မရှိ ။ အဝေးသင် ဆိုတော့ ပညာ က အဝင် သေး သည် ။ စာမေးပွဲ နီး မှ အနီးကပ် တစ်လ တက် ၊ ဒါ ကျက် ဆို ကျက် ပြီး ဖြေ ။ ဒီလိုနှင့် ရ ထားသည့် ဘွဲ့ရ ပညာ မတတ် ကောင် ။ လူမိုက် က ကျွန်တော် ၊ အဖော် က ဝစီကံ ။ အနား ဘယ်သူ ရှိ မရှိ ဘေးဘီ မကြည့် ၊ ကိုယ့် စကား ဘယ် ရောက်လို့ ဘယ် ပေါက်မှန်း မသိဘဲ စွတ် တင် လိုက်သည် ။ 


“ နင် နဲ့ ငါ အတူ နေချင် လိုက်တာ ဟယ် ” 


ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိသည့် ရည်းစား စကား လဲ နော် ။ မိန်းကလေး တစ်ယောက် ဒီလို အပြော ခံရတာ ဘယ်လို ခံစားရမလဲ ။ ကျွန်တော် အဝိဇ္ဇာ ငတုံး လုံးလုံး မသိ ။ သူ့ ခမျာ မျက်နှာ ကြီး ရဲ ကာ လက်ဝါး ကို မြှောက်ပြီး ပြန် ပြောသည် ။ 


“ နင် ဘာ စကား ပြော တာ လဲ ၊ ဒီမှာ တွေ့လား လက် ဝါး ၊ အမရာ ဒေဝီ လက်ဝါး မဟုတ်ဘူး ပါးကျွတ်ကျွတ် ကျိုး ၊ သွားတွေ ယိုးဒယား ရောက်သွားမယ် ” 


ကိုင်း ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိသည့် မေတ္တာ စကား လဲ နော် ။ ယောက်ျားလေး တစ်ယောက် ဒီလို အပြော ခံရတာ ဘယ်လို ခံစားရ မလဲ ။ ကျွန်တော် အဝိဇ္ဇာ ငတုံး လုံးလုံးကြီး အရှက် ကွဲ ၊ မျက်နှာကြီး ရဲ ၊ အသည်းထဲ သံချွန်ကြီး ရိုက် သွင်း သလို စူးနစ် ၊ ရင်ဘတ် ကို တင်းပုတ်ကြီး နှင့် ထု သလို မူးယစ် သွား ပါတော့သည် ။


အကြီးအကျယ် ကုက္ကုစ္စ နောင်တ ရ သွားသော ကျွန်တော် သည် ထိုနေ့ မှ စ၍ ယောက်ျား တို့ ၏ မာန ကို လုံးဝ လုံးဝ ခဝါ မချတော့ဘဲ ဘယ် မိန်းမ ကို မှ မချစ် ၊ ဣတ္ထိယ အားလုံး ကို ဘလက်လစ် ( စ ) လုပ် လိုက်၏ ။ 


ကျန်တာ ခွင့်လွှတ်ပြီး မိန်းမ ကိစ္စ လုံးဝ လက် မခံ သော ကရင် ၊ ဗမာ ရောနှော နေထိုင် ကြသော ကျွန်တော် တို့ နယ် မှာ မိန်းမတွေ ကို ဘလက်လစ် ( စ ) လုပ်ထားသော ကျွန်တော့် ကို အားလုံး  က လေးစား ဝှိုက်လစ် ( စ ) ပေးပြီး သူကြီး တင် ကြလေ၏ ။ ဒီမှာ ဥက္ကဋ္ဌ ၊ အုပ်ချုပ်ရေးမှူး တို့ မခေါ် ။ နံပါတ် ဝမ်း ဆို သူကြီး ပဲ ခေါ်ကြ တယ် ။ ကျွန်တော် လည်း သူကြီး ဖြစ် ရော တစ်နယ်လုံး ဒုက္ခ ရောက် တော့သည် ။


   •••••   •••••   •••••


ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း သြဘာ နိမိတ်ထွန်း တဲ့ ပြည်မြန်မာ မှာ ရေ ကြီးပြီး ဒုက္ခ ရောက် တာ မဆန်းပါဘူး ။ ရေ ငတ် ပြီး မတ်တတ် က လဲ မတတ် အားပြတ် ကုန်တာတော့

သတင်းစာ မှာ အကျယ်တဝင့် မပါ တော့ လူ သိ နည်းသည် ။ အဲဒါက ၂ဝ၁ဝ ပြည့်နှစ် မတ်လ နှင့် မေလ ကြား ၊ အဆိုးရွားဆုံး ကတော့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ၊ ထိပ်ဆုံး က တော့ သူကြီးလေး ကျွန်တော် အုပ်ချုပ် သည့် ရွာ ။ 


မြက်တွေ ဆို ခြောက် သွေ့ ၊ အမှုန့် ဖြစ် လေ ထဲ လွင့်ကုန်၏ ။ မြေကြီး ပပ်ကြားကွဲ ကို ငုံ့ ကြည့်လျှင် ငရဲသား ခေါင်း လှမ်း တွေ့ ရ မတတ် ဗျာ ။ ဒီမှာ က ရေတွင်း ၊ အဝီစိ တွင်း တူး ၍ ရေချို မရနိုင် ။ ရေကန် တွေ ခန်းခြောက် ကုန် ပြီ ။ တချို့ ရွာ တွေ ရေလက် ကျန်လေး ခိုး ခပ် မှာ စိုးလို့ ရေ ကန် ကို ကင်းချ ထား ရသည် ။ နာရေး တောင် ရေ ခွဲတမ်း နှစ်ပီပါ ပဲ ရ၏ ။ ရေ ဝ အောင် မသောက်ရ တော့ပါ ။ ရွာ ရေကန် ရေခန်း သွားပြီ ။ 


ရွာသားတွေ ရေ ရရှိရေး သူကြီးလေး ကျွန်တော့် တာဝန် ။ ခက်တာ က ထွန်စက် နှင့် ထွေလာ ။ ဒီနား လေးငါးရွာ မှာ ထွန်စက် ရှိတာ က တစ်စီး ၊ ပိုင်ရှင် က သီးနှံ ရုံ သူဌေးမ ။ မိုး မကျခင် ဝေါမြို့ မှ သူဌေးသား နှင့် ကြောင်းလမ်း တော့မည့် ထို ရွှေခင် ငွေခင်မ ကို ကျွန်တော် က အောက်ကျ မခံနိုင်။ ဒီတော့ လူကြီး ထဲ ပါသည့် ဖထီး စောနော်တန် ကို ခေါ်ပြီး သူကြီး အာဏာ သုံး ရသည် ။


“ ဖထီး ရော့ ငွေ သုံး သိန်း ၊ ဒါ ကျွန်တော့် ကိုယ်ပိုင် ငွေ ၊ ဒီ ငွေ ကို ဖထီးတူမ ကို စရန် ပေးပြီး ထွန်စက် ငှားခဲ့ ။ မိုး မကျ မချင်း ရေ သယ်မယ် ပြော ၊ ငွေ အတင်အကျ နောက် မှ ရှင်းမယ် ။ ထွန်စက် နဲ့ ထွေလာ နက်ဖြန်မနက် လေးနာရီ စက် မောင်းပါ ကျွန်တော့် အိမ် အရောက် ပို့ လို့ ပြော ” 


   •••••   •••••   •••••


ဝေါ ၊ ပဲခူး ၊ ဒိုက်ဦး သုံး မြို့နယ် ဆုံ ရာ မှာ ရှိသည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော ကို ပတ်ထားသည့် ပကိုင်တာ လမ်းကြီး အတိုင်း ကျွန်တော် တို့ ထွန်စက် ချီတက် ခဲ့သည် ။ ဦးတည်ရာ ကတော့ ဒိုက်ဦး ကော်မှုန့် စက်ရုံ ။ ဘာ မိတ်ဆက် စကား မျှ မပြောခင် ကျွန်တော် စက်ရုံမှူး ကို ပြားပြားဝပ် ကန်တော့ လိုက်၏ ။ ပြီးမှ အကျိုးအကြောင်း ပြော ပြ အကူအညီ တောင်းတော့ ဂါလန် တစ်ထောင်ဆံ့ အဖုံး ပါ ပိတ်လို့ ရတဲ့ သံရေ တိုင်ကီကြီး ငှား လိုက်သည် ။ သူ ကိုယ်တိုင် ဦးစီးပြီး ရေပိုက်ကြီး ဖွင့် ရေ ထည့် ပေး လိုက်သည့် အပြင် နေ့စဉ် ရေ လိုသလောက် လာ ယူခွင့် ပြု လိုက်၏ ။ 


ကျွန်တော်တို့ ရေထွန်စက်ကြီး ကို တစ်ရွာလုံး က ထွက် ကြို ကြ၏ ။ ဒါပေမဲ့ အဲဒီ အဲမှာ ကျွန်တော့် ပါး ကို လက် ရွယ် ထားသည့် ကောင်မ မပါ ။ ကလေးတွေ က ကလို့ ခုန်လို့ ။ လူတွေ အား လုံး တပြုံး ပြုံး ။ ကျွန်တော့် ရင် ထဲ မှာ ပီတိ ပြုံး ဆို့ပြီး မျက်ရည် စို့ မိသည် ။ ဘာ သွား တွေးမိလဲ ဆိုလျှင် ငါ လည်း အမေစု လို လူထု ရဲ့ ကြိုဆို တာ ခံ ရတယ် ဆိုပြီး ရင် ထဲ က ဘဝင် အပြင် ထွက် ကောင်းကင် ပေါ် တက် နေလေ ရဲ့ ။ ရွာသားတွေ ရေ ဝ အောင် သောက် ရပြီ ။ ထမင်း ဟင်း ချက်ဖို့ ရေရပြီ ။ ဘ ဝမှာ ဒီ တစ်ခါ လောက် ပျော်တာ မရှိပါ ။


   •••••   •••••   •••••


ကျွန်တော် ဦးစီးပြီး ဒိုက်ဦး ကော်မှုန့်စက်ရုံ က နေ့စဉ် ရေသယ် ဝေငှ နေ ကြောင်း ၊ စက်ရုံနား ရွာများ ထွန်စက်ပိုင်ရှင် တွေ ပါ ကုသိုလ်ပြု ရေလာ လှူကြ ကြောင်း ၊ မိမိ ရွာ သာ မက အခြား ရေ ရှားရွာ များ အားလုံး ကို ရေ မပြတ်အောင် စီမံ ပေး နေကြောင်း သတင်းကောင်း ဟိုးဟိုးကျော် တော့သည် ။ 


စစ်တောင်းမြစ်ကမ်းပါး က ရွာ တစ်ရွာ ကို ရေ သွား ပို့ တော့ အဘွားကြီး တစ်ယောက် က ကျွန်တော့် ကို အားရပါးရ ဖက်ပြီး ရှိုက်ကြီး တငင် ငို ရှာသည် ။ ရွာသူရွာသား ကလေးများ ပါ မြေကြီး ပေါ် ထိုင် ဝိုင်း ကန်တော့ တော့ ရင်တွေ လှိုက်ဖို ဘယ်လို မှ ဖြေ မဆည်နိုင် မျက်ရည် ဖြိုင်ဖြို င်ကျမိသည် ။ 


ဒီလိုနှင့် တစ်ပတ် လောက် ကြာတော့ ကျွန်တော့် ဂုဏ်သတင်း ဟာ လူ့ဘုံ က ကျော် ဖောက် တိရစ္ဆာန်ဘုံ ထိ ရောက် သွားလေ ရဲ့ ။ အဲဒီ နေ့ က ဒိုက်ဦး နှင့် ပဲခူး နယ်စပ် တာဆုံ ရွာ ကနေ အလျား ဆယ့်လေး မိုင်ခွဲ ရှိသည့် မိုးယွန်းကြီးအင်း ကို ပတ် ထားသည့် ပကိုင်တာကြီး အတိုင်း ပြန် အလာ ဘိုတဲစုရွာ ရောက် တော့ ထွန် စက် ဘယ်လို မှ မောင်း မရ အောင် ကျွဲ ၊ နွားတွေ က တားဆီး ပိတ်ဆို့ ထားတော့၏ ။ ကျွဲ ၊ နွား ဟာ ဘယ်ခါမျှ အတူ မတွဲ ပေမဲ့ ရေ ငတ် လာတော့ မခွဲ စတမ်း စည်းလုံး နေလေရဲ့ ။ တချို့ကောင် တွေ က ထွေလာ ပေါ် ရှေ့လက် ကို ခုန်တင် ၊ ညံ့ ညံ့ နှင့် အသံ ပေး ရေ တောင်း ကြ၏ ။ ကျွဲ တစ်ကောင် က ကျွန်တော့် ပုဆိုးစ ကို ကိုက်ဆွဲ ပြီး ထွန်စက် ပေါ် က ဆွဲချ တယ် ဗျာ ။ ကျွန်တော့် ရင် မှာ ဆို့နင့် နေသည် ။ ဒါနှင့် အနီးအနား တဲတွေ က ပုံးတွေ ၊ ခွက်တွေ ၊ ဒန်အိုးတွေ ပါ ငှားပြီး ချ တိုက် လိုက်တာ ရေဂါလန် တစ်ထောင် တက်တက် ပြောင် ရော ။ နောက်ကြောင်း ပြန် ရေ သယ် ရသည် ။


   •••••   •••••   •••••


မေလ ဆန်းပြီ ။ မိုးရိပ် မိုး ယောင် က မမြင် ။ အထက် နှင့် အောက် နှစ်ခွင် ပါ ပေါင်းရင် ရပ် ဆယ်ခွင် ဆယ်တိုင်း မှာ နေ နှစ်စင်း ပြိုင်တူ ထွက် နေသလိုပဲ ။ ဘယ် ကြည့်ကြည့် တံလျှပ် တွေ က တဖျပ်ဖျပ် ။ ပူ လိုက် တာ ကလည်း ဘွိုင်လာအိုး ထဲ ထိုင် နေရ သလို ။ သစ်ပင် မှန် သမျှ အရိုး ပြိုင်း ပြိုင်း ။ ဒီနှစ် ကျွန်တော်တို့ ရွာ ကို သိကြားမင်း မဆင်း ။ 


သင်္ကြန် ပြီး လျှင် ရေသယ် ထွန်စက် ငှား ထား သည့် ပွဲရုံ ပိုင်ရှင် နော်အဲလေး နှင့် ဝေါ က သူဌေးသား ကြောင်းလမ်း မည့် ကိစ္စ လည်း ရက် ရွှေ့ ထား ရသည် ။ တစ်နယ်လုံး ရေ ပြတ် နေတာ သင်းတို့ ကိစ္စ ဘယ်သူ မျှ စိတ် မဝင်စား ။ 


ပြောမကောင်း ဆိုမကောင်း ပေလူးပေကန် သားတော်မောင် အတွက် ဖခင် သူဌေး က ဟာလာစက် ၊ ဆီစက် ၊ တိုက်တစ်လုံး ၊ ရွှေ တစ်ကိုယ် ဆင် အပြင် ၊ စိန် နားကပ်ကြီး ပါ တင်တောင်း မည့် သတင်း ထွက် နေသည် ။ ရေ အကျိုး က ကျွန်တော့် သာ မပေး တာ ထွန်စက် ကို ကြေးငွေ နှင့် ငှား သည့် နော်အဲလေး ကို တော့ သူဌေးကတော် ဖြစ် အောင် အကျိုး ပေး လေပြီ ။ မနေ့ က တင် ထွေလာဂျီလေး တစ်စင်း အပြည့် ရေသန့်ဘူးတွေ ပို့ လိုက်သည် ။ နော်အဲလေး သူဌေးမလောင်း က ဘယ်လို စိတ် ကောင်း ဝင်သည် မသိ ။ အဲဒီ ရေသန့်ဘူးတွေ အားလုံး ကို လုံးဝ ကိုင် တောင် မကြည့်ဘဲ ဘုန်းကြီးကျောင်း တွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဝေ လှူ လိုက်တယ် ။


   •••••   •••••   •••••


၂ဝ၁ဝ ပြည့်နှစ် မေလ ၂၁ ရက် နေ့ ညနေခင်း ။ တစ်နယ်လုံး လူတွေ ၏ “ ဟေး ” ဆို သည့် အော်သံကြီး က ပြိုင်တူ ထွက် လာ တာများ မြေတောင် တုန်ခါ သွား မတတ် ။ အားလုံး မျှော်လင့် နေကြသည့် ချစ်မိုးကြီး ရုတ်တရက် ဝုန်းဒိုင်းကြဲ ရွာ ချ လိုက်သည် ။ အိမ် ရှိ သမျှ အိုးခွက် ပန်းကန် ၊ သောက်ရေခွက် ပါ မကျန် ရေ ခံ ကြသည် ။ ကလေးလူကြီး အကုန် အင်္ကျီ တောင် မချွတ်ဘဲ မိုးရေ ထဲ ပြေး ထွက် ၊ ခုန်ပေါက် ပျော် ပါး ပြေးလွှား ကြ၏ ။ 


ကျွန်တော် ဂုဏ် သရေရှိ သူကြီးမင်း လည်း စိတ် နှင့် ကိုယ် လွတ် ထွက် သွားပြီး မိုး ရေ ထဲ ပြေးထွက် လာခဲ့၏ ။ အပျော် လွန်ပြီး စိတ်ကူး တည့် ရာ ရွာလယ် လမ်း အတိုင်း ပြေး ထွက် လာရာ ကျွန်တော့် နောက်မှ ကလေးတွေ တစ်အုပ်ကြီး ဆူညံအော်ဟစ် လိုက်ပြေး လာ ကြသည် ။ ရှေ့ မှာ လည်း မိန်းမ တစ်ယောက် မျက်နှာချင်း ဆိုင် ပြေး လာ သည် ။ မနိုင်မနင်း ကိုယ်ထည်ကြီး နှင့် ။ နော်အဲလေး ပါ လား ။ နှစ်ယောက်သား မျက်နှာချင်း ဆိုင် မိတော့ မောနေ ကြပြီ ။ သူ ကျွန်တော့် ကို မောဟိုက်သံကြီး နှင့် ပြောသည် ။


“ ပျော် ပျော်လိုက်တာ ဟယ် ၊ ငါ အရမ်း ပျော်တာပဲ နောက်ပြီးတော့ ” 


“ နောက်ပြီးတော့ ဘာ ဖြစ်လဲ ”


“ ငါ နင့် ကို အရမ်း လေးစားတယ် ၊ နင် တာဝန် ကျေတယ် ”


“ ရပါတယ် ဟာ ၊ နင် ထွန်စက် ငှား လို့ လည်း အလုပ် ဖြစ်တာပါ ။ နင့် ထွန်စက်ဖိုး ဘယ်လောက် ထပ် ပေးရမလဲ တွက်ထား ”


“ မလိုပါဘူး ။ နင့် စရန် သုံးသိန်း ငါ ကိုင်တောင် မကြည့်ဘူး ။ ဖထီး ဆီ မှာ ပြန် ယူ ။ နင့် မာန ကို သိလို့ အဲဒီ ကတည်း က ငါ ပြန် မပေးတာ ”


ဒီလို တော့ လည်း သူဌေးကတော်လောင်း စိတ်ကောင်း အ ရှိသား လို့ တွေးမိ သည် ။ နှစ်ယောက်လုံး ရွှဲနစ် နေပြီ ။ မိုး က လည်း သဲကြီးမဲ ကြီး ။ မိုးသံ လေသံတွေ ကြား က သူ့ စကား -


“ ကားတွေ ၊ ထွန်စက် တွေ ရှိလျက် နဲ့ ဘယ်ရွာ ကို မှ ရေ တစ်ခေါက် လှူဖော် မရတဲ့ အတ္တသူဌေး ရဲ့ ချွေးမ ငါ မလုပ် ဘူး ။ ငါ့ ရွာသားတွေ အတွက် မပါ ၊ ငါ့ အတွက် ရေသန့်ဘူး တွေ ပေး လိုက်တဲ့ သူဌေးသား မယား ငါ အဖြစ် မခံ နိုင်ဘူး ။ စေ့စပ်ပွဲ ဖျက် လိုက်ပြီ ၊ အပါး က လည်း သဘော တူတယ် ”


ကျွန်တော့် ရင်ထဲ ဗုံး တစ်လုံး ကွဲ ဝုန်းခနဲ ဖြစ်သွား သည် ။ သူ့ ကို စကား ပြောချင် သည် ၊ အသံ က မထွက် ။ သူ ကျွန်တော့် ကို ကြည့် နေသည် ။ ဖိုဖိုလှိုက်လှိုက် ရှိုက်ရှိုက်စို့စို့ မျက်ဝန်းညို့ညို့ တွေ နှင့် သူ ကျွန်တော့် ကို ကြည့် နေသည် ။ သူ့ လက်ဝါး မြှောက်ပြီး ကျွန်တော့်ကို ရွယ်သည် ။ ဘာ သဘောလဲ ။ တစ်ချိန် က သူ့ စကား ။ အမရာဒေဝီ လက်ဝါး မဟုတ်ဘူး ၊ ပါးကျွတ်ကျွတ် ကျိုး ၊ သွားတွေ ယိုးဒယား ရောက်သွားမယ် ဆိုသည့် တစ်ချိန်က သူ့ စကား ။ ဒီ ဘလက်လစ် ( စ ) ချစ်သော လုံးကြီး ပေါက်လှ ကရင်မ ကား ကျွန်တော် ၏ ရင်ဘတ် ချစ်သူ ။ ရေ အကျိုး ဆယ်ပါး တဲ့ ။ သမ္မာဒေဝနတ် များ က ကျွန်တော့် အား စွမ်းအား တစ်ခု ပေး နေ သလား ။ ကျွန်တော် သူ့ လက် ကို ရုတ်တရက် ဖမ်း အဆုပ် ဝုန်းခနဲ မိုးခြိမ်းသံကြီး နှင့် အတူ လျှပ်စီး တစ်ချက် ဝင်းလက် သွားသည် ။ 


နှစ်ယောက်သား လက် တွဲလို့  မိုးရေ ထဲ မှာ ပြေး ကြ သည် ။ ဦးတည်ချက် မရှိ ။ ကမ္ဘာမြေ အဆုံး ပြေးမည် ။ မိုးကုပ်စက်ဝိုင်း အရောက် ပြေးမည် ။ မိုးစက်တွေ က တဖွဲဖွဲ ၊ လူတွေ လည်း စိုရွှဲ ၊ နှစ်ယောက်သား ပါးပြင် ထက် မှာ တော့ မျက်ရည်စက် လား ၊ မိုးစက် လား ခွဲခြားဖို့ ခက်ခဲ ။ အချစ် ဆိုတာ လည်း နားလည် ရန် နက်နဲ ၊ မာယာ တွေ ရစ်ဝဲ နေတတ်ပါလား နော် ။


◾ကျိုက်စကော ခင်စိုး


📖 အမြုတေ ရုပ်စုံမဂ္ဂဇင်း 

      ဇွန် ၂၀၁၄


#ကိုအောင်နိုင်ဦး


.