Tuesday, January 19, 2021

ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ


 

❝  ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ ❞  အမှတ် ( ၃ )

     ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာ စစ်အာဏာသိမ်းပွဲဟာ မဆလ စစ်အာဏာရှင်ကြီး ဉီးနေဝင်းရဲ့ညွှန်ကြားချက်အရ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ စစ်အုပ်စုက မျက်လှည့်ပြပြီး အာဏာကို  လွှဲပြောင်းယူလိုက်ခြင်းသာ ဖြစ်ပါတယ် ။

     ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာ ( ၁၇ ) ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ််ကြီး စောမောင်နဲ့ တပ်မတော်စစ်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်   ဗိုလ်မှူးချုပ် ခင်ညွန့် တို့ဟာ ရန်ကုန်မြို့ AD လမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့နေအိမ်ကို သွားရောက်ခဲ့ပြီး တပြည်လုံးမှာ ဖြစ်ပေါ်နေတဲ့ လူထုအုံကြွမှုအခြေအနေတွေနဲ့  တပ်မတော်ရဲ့ လက်ရှိအနေအထားတွေကို ဦးနေဝင်းထံ ရှင်းလင်းတင်ပြခဲ့ရပါတယ် ။ နောက်တစ်နေ့ စက်တင်္ဘာ ( ၁၈ ) ရက်နေ့  ၊ မနက် ( ၉ ) နာရီမှာ ဦးနေဝင်းက မဆလပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးစန်းယု ၊  ဦးစိန်လွင် ၊  ဦးအေးကို ၊  ဒေါက်တာမောင်မောင် ၊ ဗိုလ်ချုပ််ကြီး သူရကျော်ထင်နဲ့  ဦးထွန်းတင် တို့ကို သူ့အိမ်မှာ ခေါ်ယူတွေ့ဆုံပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့ကိုလည်း တက်ရောက်ခိုင်းခဲ့ပြီး လက်ရှိအခြေအနေတွေကို အသေးစိတ် ထပ်မံရှင်းပြဖို့ ဗိုလ်မှူးချုပ်ခင်ညွန့်ကို  ဦးနေဝင်းက ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ် ။

     ဒေါက်တာမောင်မောင်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ အနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေကိုဆက်လက် ထိန်းသိမ်းသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အတွက် ဗိုလ်ချုပ််ကြီးစောမောင်  ဦးဆောင်ပြီး စစ်တပ်ကအာဏာသိမ်းဖို့ ၊အာဏာသိမ်းစစ်ကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင် ဥက္ကဌ ၊ စစ်ထောက်လှမ်းရေးအ်ကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးကြီး တင်ဦး ( စစ်ဦးစီးမှူးဗိုလ်မှူးကြီး ) တို့ကို အတွင်းရေးမှူးတွေအဖြစ်နဲ့ တာဝန်ပေးအပ်ဖို့ ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းရွှေ အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးက  ထိပ်ပိုင်းဗိုလ်ချုပ်တချို့နဲ့ စစ်တိုင်းမှူးတွေကို  အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်တွေအဖြစ်နဲ့ထည့်သွင်း တာဝန်ပေးအပ်ဖို့ ၊  ဒို့တာဝန်အရေးသုံးပါး အပါအဝင် ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပပြုလုပ်ပေးဖို့ ဆိုတဲ့ဦးတည်ချက် ( ၄ ) ရပ်ကိုပါ အဲဒီအစည်းအဝေးမှာ ဦးနေဝင်းက ချမှတ်ပေးခဲ့တယ်လို့  ဆိုပါတယ် ။ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံရေးဆွဲဖို့နဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကိုနောက်ကွယ်က ထိန်းကြောင်းပေးသွားဖို့ အတွက်လည်း  ဒေါက်တာမောင်မောင် ခေါင်းဆောင်တဲ့ ပဲ့ကိုင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ် ။

    တပ်မတော်က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို သိမ်းပိုက်လိုက်ကြောင်း ကြေညာချက်ကိုလည်း အဲဒီအစည်းအဝေးမှာပဲလက်ရေးမူနဲ့ ရေးသားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် ( နောင် ပြန်ကြားရေးဝန်ကြီး ) နဲ့ စစ်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး  ဒုဗိုလ်မှူးကြီးသန်းထွန်း ( နောင် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ) တို့က အဲဒီနေ့ ညနေ ( ၄ ) နာရီမှာ မြန်မာ့အသံကိုသွားရောက်ပြီး ဒီကြေညာချက်ကို ထုတ်လွင့်ခိုင်းခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။

     ဗိုလ်ချုပ်သန်းရွှေ ဟာ ကနဦးမှာ နဝတ စစ်ကောင်စီအတွင်း သာမန် အဖွဲ့ဝင်တစ်ဦးအနေနဲ့သာ  မထင်မရှား ပါဝင်ခွင့်ရရှိခဲ့ပြီး အရေးကြီးတဲ့ ပေါ်လစီပိုင်းဆိုင်ရာကိစ္စတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်ခွင့် မရရှိခဲ့ပါဘူး ။ ၁၉၈၉ခုနှစ် ၊ မေလ ( ၂၃ ) ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့  နယ်စပ်ဒေသနှင့်  တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက် မှုအကောင်အထည်ဖေါ်ရေးဗဟိုအဖွဲ့မှာသာ ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးတာကို ခံခဲ့ရပါတယ် ။ ဦးနေဝင်းဟာ ခပ်ထုံထုံ အမူအရာရှိတဲ့ ဗိုလ်ချုပ်သန်းရွှေ အပေါ် သူခိုင်းသမျှ လုပ်မဲ့သူအဖြစ်ရှုမြင်ပြီး  ဒုတိယကာကွယ်ရေးဦးစီးချုပ်အထိ တာဝန်ကြီးတွေကို ပေးအပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ  ဘာကြောင့် ဗိုလ်ချုပ်သန်းရွှေအပေါ်သဘောထားပြောင်းလဲသွားရသလဲ ဆိုတာကိုတော့  ဦးနေဝင်းကလွဲပြီး ဘယ်သူမှ အတိအကျ သိနိုင်မှာ  မဟုတ်ပါဘူး ။

     ဦးနေဝင်းက  ဗိုလ်ချုပ်သန်းရွှေ အပေါ် အမြင်မကြည် ဖြစ်လာတာဟာ  ဦးနေဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေ  တို့အကြားကပြဿနာကြောင့် မဖြစ်နိုင်ဘဲ ဦးနေဝင်းရဲ့ သမီးကြီး ဗိုလ်မှူးခင်စန္ဒာဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေ ရဲ့ ဇနီး ဒေါ်မကြိုင် ၊ သမီးတွေဖြစ်ကြတဲ့ ခင်ပြုံးရွှေ ၊ ကြည်ကြည်ရွှေ ၊  အေးအေးသစ်ရွှေ ၊ ဒေဝါရွှေ ၊ သန္တာရွှေ တို့ အကြားက ပြိုင်ဆိုင်မှုတွေနဲ့ မနာလို ဝန်တိုစိတ်တွေကြောင့် ဖြစ်နိုင်တယ်လို့ ဗိုလ်ချုပ်ကတော်တချို့က သုံးသပ်ပြောဆိုခဲ့ကြပါတယ် ။

၂ဝဝ၈ ခုနှစ် ၊ စက်တင်္ဘာ ( ၁၈ ) ရက်နေ့မှာ ဦးနေဝင်းရဲ့ မဆလ အစိုးရလက်က နိုင်ငံတော်အာဏာကို  တပ်မတော်က သိမ်းလိုက်ပြီ ဆိုပေမဲ့ AD လမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့ နေအိမ်ကို ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ နေ့စဉ်လိုလို   ဝင် ထွက်သွားလာနေတာတွေ့ရပြီး ဦးနေဝင်းထံ အစီရင်ခံတင်ပြတာတွေ ၊ ဦးနေဝင်းရဲ့ ဩဝါဒကို ခံယူတာတွေ ဆက်လက် ပြုလုပ်ခဲ့ကြပါတယ် ။ ဦးနေဝင်းရဲ့နေအိမ်ကိုလည်း ခါတိုင်းလို လုံခြုံရေးအစောင့်တပ်ဖွဲ့တွေ အပြည့်အဝ ချထားပေးခဲ့ပါတယ် ။ ၁၉၈၉ ခုနှစ် ၊ မတ်လ ( ၂၇ ) ရက် တပ်မတော်နေ့( ဖက်ဆစ်တော်လှန်ရေးနေ့ )  ညစာစားပွဲမှာလည်း ဗိုလ်ချုပ်ကြီးဝတ်စုံကို  ဝတ်ဆင်ပြီး အာဏာသိမ်း စစ်ကောင်စီဝင်တွေရဲ့ စားပွဲထိပ်မှာ ခန့်ခန့်ကြီး နေရာယူထားတဲ့  ဦးနေဝင်းကို နဝတ သတင်းမီဒီယာတွေက တခမ်းတနားဖေါ်ပြပေးခဲ့ကြတာကို တွေ့ရပါတယ် ။ ဒါ့အပြင် နဝတစစ်ကောင်စီဥက္ကဌရုံး အပါအဝင် အစိုးရရုံးတွေမှာလည်း  ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဓါတ်ပုံတွေကို  ဆက်လက်ချိတ်ဆွဲထားခဲ့ကြတာ တွေ့ရပါတယ် ။

     ၁၉၉ဝ ခုနှစ်အတွင်း ဒညင်းကုန်းတပ်မတော်ဂေါက်ကွင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ ၊  ဗိုလ်ချုပ်မောင်မောင်ခင် ၊ ဗိုလ်ချုပ်ဘုန်းမြင့် နဲ့ ဗိုလ်ချုပ်ချစ်ဆွေတို့  ဂေါက်ရိုက်ကစားနေစဉ် ဦးနေဝင်းရုတ်တရက် ရောက်ရှိလာတဲ့အတွက် ကစားတာကို ခေတ္တရပ်နားပြီး  ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ က ဦးနေဝင်းကို အလေးပြုကြိုဆို နှုတ်ဆက်ခဲ့တဲ့အပြင် သူတာဝန်ယူလုပ်ဆောင်နေတဲ့  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအခြေအနေတွေကို တင်ပြအစီရင်ခံခဲ့ကြောင်း သိရှိရပါတယ် ။

     ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်က စလို့  ဦးနေဝင်းအပေါ် ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ ဆက်ဆံရေးအခြေအနေတွေဟာ လုံးဝ  ပြောင်းလဲသွားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဦးနေဝင်းက AD လမ်းရှိ ကာကွယ်ရေးဦးစီးချုပ်နေအိမ်က ဆင်းခိုင်းခဲ့တဲ့အတွက် ဦးနေဝင်းဟာ သူ့သမီးကြီး ခင်စန္ဒာဝင်းရဲ့ နေအိမ်ကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ် ။  ဦးနေဝင်းရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့က အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သား အားလုံးကိုလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့  တွေကို ပြန်ပို့ခဲ့ပြီး ၊ AD လမ်းအဝ နဲ့ ဒေါ်ခင်စန္ဒာဝင်း အိမ်တဝိုက် မှာသာ အမှတ် ( ၄ ) ဗမာ့သေနတ်ကိုင်တပ်ရင်းက တပ်ခွဲ ( ၁ ) ခွဲကို ဆက်လက် ချထားပေးခဲ့ပါတယ် ။

     အဲဒီနောက်ပိုင်း အစိုးရရုံးတွေမှာချိတ်ဆွဲထားတဲ့ ဦးနေဝင်းရဲ့ ဓါတ်ပုံတွေကိုပြန်လည် ဖြုတ်သိမ်းပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဖိအားပေးခဲ့တဲ့အတွက် ၁၉၉၂   ခုနှစ် ၊ မေလ ( ၄ ) ရက်နေ့ထုတ် နဝတ စစ်အစိုးရ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ  ဦးနေဝင်းရဲ့ မညီမညာလက်ရေးနဲ့ ရေးသားထားတဲ့ မေတ္တာရပ်ခံစာတစ်စောင်ကို တွေ့ကြရပါတယ် ။ “ အငြိမ်းစားသမ္မတ နေဝင်း၏ သက်ဆိုင်သူများအား  မေတျွှာရပ်ခံချက် ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီ‌ကြေ ငြာ ချက်တိုလေးမှာ   “ အစိုးရ နယ်ဘက် ၊ စစ်ဘက် ရုံးများ ၊ ဌာနများတွင်  ကျွန်တော်၏ ဓါတ်ပုံများ ချိတ်ဆွဲထားခြင်းကို ပယ်ဖျက်ကြပါရန်နှင့်  နောင်တွင်လည်း မချိတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။ ” ဆိုပြီး ရေးသားဖေါ်ပြထားပါတယ် ။

     ဦးနေဝင်းဟာ အဲဒီအချိန်ကစပြီး သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းရဲ့ ခြံဝင်းအတွင်းမှာ သီးခြား အိမ်ငယ်တစ်လုံး ဆောက်လုပ်နေထိုင်ခဲ့ရပြီး ဘာသာရေးအလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဒေါ်ခင်စန္ဒာဝင်းရဲ့ နေအိမ်တဝိုက်က လုံခြုံရေးအစောင့်တွေကိုပါ ပြန်လည် ရုတ်သိမ်းခိုင်းခဲ့ကြောင်း သိရှိရပါတယ် ။

     ဗိုလ်ချုပ်သန်းရွှေ ဟာ ဒေါ်ခင်စန္ဒာဝင်းကို ပိုပြီး မျက် မုန်းကျိုးတဲ့အတွက်  ဗိုလ်ချုပ်မှူးကြီး စောမောင် နဝတဥက္ကဌ  ဖြစ်စဉ်က ဒေါ်ခင်စန္ဒာဝင်းတို့မိသားစုကို  ချပေးထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို  သူ့လက်ထက် မှာ ပြန်လည် ထိန်းချုပ်ခဲ့ပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် အမိန့်အရ  GSM မိုဘိုင်းတယ်လီဖုန်း  တင်သွင်းရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်အဖြစ် ဒေါ်ခင်စန္ဒာဝင်းတို့ မိသားစုကို ချပေးခဲ့တဲ့ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဝင်းတင် ကို  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ၂ဝဝ၁ ခုနှစ် ၊ မေလ ( ၁ဝ ) ရက်နေ့မှာ ဖြုတ်ထုတ်ဖယ်ရှားပစ်ခဲ့ပြီး GSM တယ်လီဖုန်းတွေ တင်သွင်းရောင်းချခွင့်ကိုတိုက်ရိုက် ကြီးကြပ်ဖို့  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို တာဝန်ပေးခဲ့ပါတယ် ။

     GSM တယ်လီဖုန်းတွေ တင်သွင်းဖို့ ကိစ္စမှာအရင်းအနှီး ဒေါ်လာသန်း ( ၂ဝဝ )လောက် လိုအပ်တဲ့အတွက် ဒေါ်ခင်စန္ဒာဝင်း က ဗိုလ်ချုပ်ခင်ညွန့် ရဲ့အကူအညီနဲ့ အပစ်ရပ် UWSA အဖွဲ့ကို ရှယ်ယာ ( ၈ဝ ) ရာခိုင်နှုန်း ရောင်းစားထားခဲ့တဲ့အပြင် တယ်လီဖုန်းတွေကိုလည်း ကြိုတင်ရောင်းချထားခဲ့တာကြောင့် ဒီကိစ္စတွေအတွက်သပွတ်အူလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် တို့အကြားမှာ တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ် ။ အဲဒီနောက်ကစပြီး ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဩဇာအာဏာ ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး  မောင်အေးတို့က တဖြေးဖြေး ချုပ်ကိုင်လာကြတာ ကြောင့်   ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ဒေါ်ခင်စန္ဒာဝင်းတို့ မိသားစုအပေါ် သံယောဇဉ် ရှိပေမဲ့  ကူညီဆောင်ရွက်ပေးနိုင်တာ မရှိသလောက် နည်းသွားခဲ့ရတယ်လို့ဆိုပါတယ် ။

     ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  ရဲ့ သမီး ( ၄ ) ဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ  အတွင်းဝန်ရာထူးတွေကို ရယူထားကြတဲ့ အတွက် ဦးနေဝင်း နိုင်ငံခြားကို ဆေးကုသထွက်တဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံအမတ်ကြီးတွေနဲ့ သံရုံးအရာရှိတွေက ဦးနေဝင်းကို နိုင်ငံတော်အကြီးအကဲလို သမီးဖြစ်သူ   ဒေါ်ခင်စန္ဒာဝင်း ကို ( First Lady ) လို  သဘောထားပြီး ပြာပြာ သလဲ သွားရောက် ကြိုဆို ဧည့်ခံနေကြတာကို  မနာလိုမရှုစိတ်ဖြစ်ပြီး ဖခင်ဖြစ်သူ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို တစိတ်တအိတ်လုပ်ကာ တိုင်ကြားခဲ့ကြပါတယ် ။ စစ်အာဏာရှင်ဟောင်းကြီး  ဦးနေဝင်းနဲ့ သူ့ရဲ့မိသားစုအပေါ်     အမြင်မကြည်လင်တော့တဲ့ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးသန်းရ က ဦးနေဝင်း နဲ့ သူ့ရဲ့သားသမီးတွေကို  လုံးဝ ကြိုဆိုနှုတ်ဆက်ခြင်း ၊ ဧည့်ခံခြင်း မပြုလုပ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ချင်း အမိန့်ထုတ်ခိုင်းခဲ့ကြောင်း  သိရှိရပါတယ် ။

     ( အမှန်ကတော့ ဒေါ်ခင်စန္ဒာဝင်းကို ( First Lady ) လို့ မြှောက်ပင့်ခေါ်ဝေါ်ပြီး ကြိုဆိုခဲ့တဲ့နိုင်ငံဆိုလို့ ကွန်မြူနစ်မြောက်ကိုရီးယား နိုင်ငံတစ်ခုတည်းသာ  ရှိခဲ့ပါတယ် ။ ၁၉၇ဝ ခုနှစ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံ  ပြုံယမ်းမြို့တော် ကို စစ်အာဏာရှင်ကြီး ဦးနေဝင်းနဲ့ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းတို့ ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်စဉ်က အဲဒီလို ခေါ်ဝေါ်သုံးစွဲပြီး ကြိုဆိုခဲ့တာဖြစ်ပါတယ် ။ )

     ဗိုလ်ချုပ်ခင်ညွန့်နဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြားက မကျေလည်မှုတွေထဲမှာ  ဗိုလ်ချုပ်မှူးကြီး စောမောင်ကို  ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ က အာစာသိမ်းလိုက်ပြီး နောက်ပိုင်း လစ်လပ်သွားခဲ့တဲ့ နဝတ ဒုဥက္ကဌ နေရာကို  ဗိုလ်ချုပ်ခင်ညွန့်ကို  မပေးပဲ ဗိုလ်ချုပ်မောင်အေး ကို ပေးလိုက်တဲ့ကိစ္စလည်း ထိပ်ဆုံးက ပါဝင်တယ်လို့ ဆိုပါတယ် ။  ဦးနေဝင်းနဲ့  မဆလ ထိပ်တန်းခေါင်းဆောင်ကြီးတွေက ၁၉၈၈ ခုနှစ်မှာ တပ်မတော်ကို အဏာသိမ်းဖို့ အမိန့် ပေးခဲ့စဉ်ကတည်းကအာဏာသိမ်းအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ပြီး ရင် ဗိုလ်ချုပ်ခင်ညွန့် ကို  ဒုတိယခေါင်းဆောင်အနေနဲ့ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ် ။

     ဗိုလ်ချုပကြီးသန်းရွှေ ဟာ လစ်လပ်သွားတဲ့  သူ့ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို ၁၉၉၃ ခု ၊ မတ်လ ( ၂၇ ) ရက်နေ့မှာ လွဲပြောင်းပေးအပ်ခဲ့ပါတယ် ။ တကယ်တော့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေတို့  အသက် ( ၆ဝ ) ပြည့်လို့ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူသွားရင် မြန်မာ့တပ်မတော်ကို ဆက်လက်ဦးဆောင်ဖို့ အတွက်ကာကွယ်ရေး ဦးစီးချုပ်လောင်းအဖြစ် လျာထားခံရသူတွေထဲမှာ မူလက  ဗိုလ်ချုပ်မောင်အေး မပါခဲ့ဘူးလို့  ဆိုပါတယ် ။ အဲဒီအချိန်က ရတခ တိုင်းမှူးဖြစ်ခဲ့တဲ့  ဗိုလ်ချုပ် ဉာဏ်လင်း ( DSA - 1 ) ( အသက် ၅၂ နှစ် ) ကို ကာကွယ်ရေး ဦးစီးချုပ်လောင်း အဖြစ် သတ်မှတ်လျာထားကြောင်း သိရှိရပါတယ် ။ ဒါပေမဲ့ ဗိုလ်ချုပ်ဉာဏ်လင်း က ကျမ္မာရေးမကောင်းတဲ့အတွက် ၁၉၉၁ ခုနှစ် ၊ မတ်လ ( ၁၈ ) ရက်နေ့မှာ ဆေးပင်စင်နဲ့  အငြိမ်းစား ယူသွားခဲ့ရတာကြောင့် သူနဲ့ စစ်တက္ကသိုလ် တပတ်စဉ်ထဲဖြစ်တဲ့ ဗိုလ်ချုပ်မောင်အေးကို မလွဲမရှောင်သာ  ရွေးချယ်လိုက်ရတာ ဖြစ်ကြောင်း  သိရှိရပါတယ် ။

     ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကလည်း သူ့စစ်မှုထမ်း သက်တမ်းတလျောက် တိုက်ခိုက်ရေးတာဝန်တွေထက် Staff Duty ခေါ် ဦးစီးအရာရှိ တာဝန်တွေကိုသာ  ပိုပြီး ထမ်းဆောင်ခဲ့ရတဲ့အတွက် စစ်ဘက်ရေးရာကိစ္စတွေ ထက် နိုင်ငံရေး ကိစ္စတွေမှာ ပိုပြီး စိတ်ဝင်စားကြောင်း သိရှိရပါတယ် ။  ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိဖို့ မျှော်လင့်မထားပေမဲ့ နဝတ ဒုဥက္ကဌရာထူး  ရရှိဖို့ကိုတော့    အများကြီး မျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်ခင်ညွန့် ကို ဒီလို ရာထူးမျိုးပေးဖို့  မူလကတည်းက စိတ်မကူးခဲ့ဘူးလို့  ဆိုပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် ကရည်ရွယ်ချက်ကြီးပြီး ပါးနပ်မှုလည်းရှိတဲ့အပြင်  ဦးနေဝင်းမိသားစုအပါအဝင် မဆလ စစ်ခေါင်းဆောင်ဟောင်းတွေကလည်း သူ့ကို  အားပေးထောက်ခံ နေကြတဲ့အတွက် ဒီရာထူးပေးလိုက်ရင် နဝတ ဥက္ကဌနေရာကိုပါ  ခြိမ်းခြောက်လာမှာ စိုးရိမ်တာကြောင့် ဒီရာထူးကို ဘယ်သူ့ကို မှ မပေးဘဲ ( ၂ )နှစ်နီးပါးလောက်ကြာအောင် အချိန်ဆွဲထားခဲ့ပါတယ် ။

     နဝတ စစ်အာဏာသိမ်း ကောင်စီနဲ့  ဝန်ကြီးအဖွဲ့အတွင်း ဒီရာထူးကို ဗိုလ်ချုပ်ခင်ညွန့် သာ ရထိုက်တယ် ။ ဗိုလ်ချုပ်ကြီး မောင်အေးသာ ရထိုက်တယ်နဲ့ အတွင်းကြိတ် အုပ်စုတိုက်ပွဲတွေပေါ်ပေါက်ခဲ့သည်အထိ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ နောက်ဆုံးမှာ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  တဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ နဝတ ဒုဥက္ကဌ ရာထူးကိုလည်း ၁၉၉၄ ခုနှစ် ၊  ဧပြီလ ( ၂၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး မောင်အေး ကိုသာ  ချီးမြှင့်ပေးအပ်ခဲ့ပါတယ် ။

     ဗိုလ်ချုပ်ခင်ညွန့်ဟာ စိတ်ဓာတ်ကျပြီး သူ့ကို  နှုတ်ထွက်ခွင့်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ  အကြိမ်ကြိမ် တောင်းဆို ခဲ့ပေမဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က  နှုတ်ထွက်ခွင့်လည်း မပေး ၊ လုပ်ပိုင်ခွင့်လည်း တိုးမပေးဘဲ ကြိုး ရှည်ရှည်နဲ့ လှန်ထားခဲ့ပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် ကို  အာဏာ ရှိသယောင် ၊  လုပ်ပိုင်ခွင့် ရှိသယောင် လူမြင်ကွင်း မီဒီယာတွေပေါ်မှာ ပြသပေးထားပေမဲ့ အရေးကြီးတဲ့ လုပ်ပိုင်ခွင့်မှန်သမျှကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့  ဗိုလ်ချုပ်ကြီး မောင်အေး တို့ ကသာ နောက်ကွယ်က ထိန်းချုပ်ထားခဲ့ ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ။

▪️  ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု     

သုတေသနနှင့်မှတ်တမ်းတင်ဌာန

No comments:

Post a Comment