Thursday, May 7, 2026

အကြွေပန်းက မှောင်ရိပ်ထဲ


❝ အကြွေပန်းက မှောင်ရိပ်ထဲ ❞
         ( မြစ်ကျိုးအင်း )

၁ ။

ဈေးရုံထဲ ဝင်လာနေတဲ့ အောင်တင်တို့ကို မြင်လိုက်ရရင်ပဲ ကျုပ်စိတ်တွေ ညစ်ညူးသွားရပြန်တယ် ။ ခက်တယ်ဗျာ ။ အဲဒီ သူကောင်းသားကို မြင်တိုင်း ကျုပ် စိတ်ညစ်ညူး ရပေါင်းများပြီ ။ ခုလည်း ကြည့်ဦးလေ ။ ယောဂီတဘက် အညိုရောင်ကို စလွယ်ပတ်ပြီး ဈေးတန်းထဲ အလှူခံ ထွက်နေတာ ။ ကျုပ်တို့ ဈေးသူဈေးသားတွေ တာဝန်ယူထားတဲ့ တနင်္လာပတ် အရုဏ်ဆွမ်း အတွက် အလှူခံ ထွက်နေကြတာ ။ ခုဖြစ်တာက အလှူခံ ထည့်ရလို့ ဖြစ်တာလည်း မဟုတ်ဘူး ။ အဲဒီ အောင်တင် ဆိုတဲ့ ငနဲကို မြင်ရရင်ကို ကျုပ် ဒေါသ ထွက်,ထွက်နေရတာ ။ အထူးသဖြင့် အခုလို ယောဂီ တဘက်ကို စလွယ်ပတ်ပြီး သူတော်ကောင်းလိုလို ပုံစံကို မြင်ရရင် စိတ်ထဲမှာ ကလိကလိနဲ့ ဒေါသတွေ ထွက်, ထွက်လာရတာ ။

အဲဒီလိုဆိုတော့ ကျုပ်နဲ့ အောင်တင် ပြဿနာတက် ထားတယ် ထင်ကြမှာပဲ ။ မဟုတ်ဘူးဗျ ။ ကျုပ်နဲ့ သူက စကားတောင် ပြောဖူးတာ မဟုတ်ဘူး ၊ ပြဿနာတက် ထားဖို့ဆိုတာ ဝေလာဝေးပဲ ။ ဒါပေမဲ့ ကျုပ် အဲဒီကောင်ကို မြင်ရင် စိတ်ထဲ မကျေမနပ် တွေ ဖြစ်ရတာတော့ အမှန်ပဲ ။ ခက်တာက ကျုပ် ဒီလိုတွေ ဖြစ်နေတာကိုလည်း အောင်တင်က မသိရှာဘူး ။ ကျုပ်က သူ့ မြင်နေရင်ကို သူ လုပ်ခဲ့တဲ့ ဒေါသတွေထွက် ၊ အကုသိုလ် မတရားမှုကို ပြန်ပြန်မြင်ပြီး တွေတက်နေရတာ ။ ကျုပ် အဖြစ်က တတ်နိုင်သမျှ ဘယ် အရှုပ်ထဲမှ မပါအောင် နေခဲ့ပေမဲ့ မဆီမဆိုင် သပွတ်အူနဲ့ တိုးခဲ့ရတဲ့ အဖြစ်မျိုး ။

အခုလည်း အောင်တင်နဲ့ အဖွဲ့ ဈေးတန်းထဲမှာ အလှူခံ ထွက်လာတာ မြင်တော့ ကျုပ် လည်း ထုံးစံအတိုင်း ဆိုင်အကူ ကောင်လေးကို အလှူငွေ ထည့်ဖို့ ပေးခဲ့ပြီး လက်ဖက်ရည်ဆိုင်ဘက် ရှောင်ထွက် လာခဲ့တော့တယ် ။ ဒါက အလှူခံလာတဲ့ အပတ်စဉ်တိုင်း ကျုပ် လုပ်နေကျ ကိစ္စပါပဲ ။ တကယ်ဆို ဘာမှ မသိရင် ဒီလိုတွေ လုပ်နေစရာကို မလိုဘူး ။ တစ်ခုခု သိပြီ ဆိုရင် ပြန်မေ့ရ ခက်တော့တာပဲလေ ။ အခု အဖြစ်အပျက်ကလည်း အဲဒီလိုပဲ ။ ကျုပ်ဆီ တည့်တည့် ဆိုက်လာတဲ့ အရှုပ်ထုပ်ကြောင့် ကျုပ် ဘယ်အချိန်ထိ ခုလို ဖြစ်နေရဦးမလဲ မသိတာတော့ အမှန်ပဲ ။

ဈေးအပြင်ဘက်တန်းက လက်ဖက်ရည်ဆိုင်ကို လာတဲ့ လမ်းမှာလည်း ကျုပ် ဒီအကြောင်းပဲ စဉ်းစားမိတယ် ။ ကိုယ့်ပြဿနာလည်း မဟုတ် ၊ ကိုယ့်ကိစ္စလည်း မဟုတ်ဘဲနဲ့ ဒီလို စိတ်ညစ်ညူးရတာ မဖြစ်ချင်တော့ဘူး ။ တစ်ခုခု ဖြေရှင်းရအောင် ကလည်း ကျုပ်နဲ့ ပြဿနာ ဖြစ်ထားတာ မဟုတ်သလို ဖြစ်ထားတဲ့ ကာယကံရှင် ကိုယ်တိုင်ကိုက နှုတ်လုံပေးပါလို့ ကတိ တောင်းထားတော့ လုပ်ရကိုင်ရ ခက်နေတယ် ။ ပြီးတော့ ဖြစ်ခဲ့တဲ့ ပြဿနာကလည်း အနည်ထိုင် အေးဆေး သွားချိန် ရောက်နေပြီ ဆိုတော့ ဘာမှ ဆက်လုပ်လို့ မရတော့တာလည်း အမှန်ပဲ ။ ဒီတော့ အဖြေ ရှာမရဘဲ ဒီအဖြစ်အပျက် ထဲမှာ မဆီမဆိုင် ကျုပ်က ပိတ်မိနေတော့တာလို့ တွေးမိတယ် ။ ပိတ်မိနေတယ် ဆိုတဲ့ အတွေး တွေးမိတော့ ကျုပ် ဉာဏ်တစ်ချက် ပွင့်သွားတယ် ။ ဟုတ်တာပေါ့ ။ ကျုပ်က ပိတ်မိနေတာပဲ ။ ထွက်ပေါက် လိုတယ် ။ ထွက်ပေါက် တစ်ခုခုက ဘာဖြစ်မလဲ စဉ်းစားရမယ် ဆိုပြီး တွေးရင်း လျှောက်လာတာ လက်ဖက်ရည်ဆိုင်ကို ရောက်တဲ့ အထိပဲ ။ ထုံးစံအတိုင်း လက်ဖက်ရည် တစ်ခွက် မှာပြီး ထွက်ပေါက် တစ်ခုခုကို ဘယ်လို ဖန်တီးရမလဲ စဉ်းစားနေချိန်မှာပဲ ဆိုင်ထဲကို ကိုခင်တိုး ဝင်လာတယ် ။ ကျုပ်ဆိုင်နဲ့ မျက်စောင်းထိုးမှာ ကိုခင်တိုး ရဲ့ ကုန်ခြောက်ဆိုင် ရှိတယ် ။ ကိုခင်တိုးနဲ့ ကျုပ်က ဆိုင်ချင်းလည်း နီးသလို လူချင်းလည်း ရင်းနှီးကြတယ် ။ ဒါနဲ့ပဲ ဟေ့လူ ဒီကိုလာလာ ဆိုပြီး ကျုပ် ထိုင်နေတဲ့ ဝိုင်းဆီကို ခေါ် လိုက်တော့တယ် ။

“ လက်ဖက်ရည်ဆိုင် သွားတာ လှမ်းအော် မသွားဘူး ။ ကျုပ်လည်း လိုက်မှာပေါ့ ”

ကိုခင်တိုးက ခုံပုလေး ဆွဲထိုင်ရင်း အပြစ်တင်တယ် ။

“ ကျုပ်လည်း ကမန်းကတန်း ထွက်လာတော့ ပြောဖို့ သတိမေ့ သွားလို့ပါဗျာ ”

“ ဘာတွေ အရေးကြီး နေလို့တုံး။ မိန်းမနဲ့ ရန်ဖြစ်ခဲ့လို့လား ”

ကိုခင်တိုးက အဲဒီလို မေးတော့ ကျုပ် ရှာနေတဲ့ ထွက်ပေါက်ကို ဖျတ်ခနဲ တွေ့သွားတယ်။ ကျုပ် ဖြစ်နေတာတွေ ဒီလူကို ရင်ဖွင့်မှဖြစ်မယ်လို့ တွေးမိသွားတယ် ။ ကာယကံရှင်စကား လိုက်နာပြီး ဘယ်သူ့မှ ထုတ်မပြောဘဲ ထားထားခဲ့သမျှ ကျုပ်ပဲ ပိတ်မိနေခဲ့တာ မဟုတ်လား ။ ဒီတော့ တစ်ယောက်ယောက်ကို ပြောပြမှဖြစ်တော့မယ် ။ အနည်းဆုံးတော့ ဟိုကောင် အောင်တင် ကို ကျုပ်လိုပဲ မုန်းတဲ့သူ ၊ သောက်မြင်ကတ်တဲ့သူ တစ်ယောက် တိုးလာရင် အခုထက်တော့ ကျုပ်စိတ် သက်သာသွားမယ် ထင်တာပဲ ။ မကျေနပ်တာတွေကို ရင်ဖွင့်ဖော် ရလာနိုင်တယ် မဟုတ်လား ။ ဒါနဲ့ပဲ ကိုခင်တိုး ကို ဇာတ်ကြောင်းကုန်စင် ပြောပြဖို့ ဆုံးဖြတ်လိုက်တော့တယ် ။

“ ဒီလိုဗျ၊ ကျုပ် ခင်ဗျားကို ပြောပြစရာတွေ ရှိတယ် ။ ကျုပ် ပြောတဲ့ အကြောင်းအရာတွေ သိပြီးသွားရင် ခင်ဗျား ရင်ထဲမှာပဲ ထားပေးနိုင်မလား ။ ကာယကံရှင် ကိုယ်တိုင်က နှုတ်လုံပေးပါလို့ ကျုပ်ကို မှာသွားတာ ။ ကျုပ်က မနေနိုင်တော့လွန်းလို့ ခင်ဗျားကို ဖွင့်ပြောမလားလို့ တွေးမိလို့ ”

“ ဘာအကြောင်းအရာမှန်း မသိပေမဲ့ ဘယ်သူ့မှ ပြန်မပြောပါနဲ့လို့ မှာထားမှတော့ ကျွန်တော် နှုတ်လုံပေးပါ့မယ်ဗျာ ။ ပြောသင့် ၊ မပြောသင့်တော့ ခင်ဗျားဘာသာ အရင် စဉ်းစားလေ ”

“ ပြောတာတော့ ပြောမှ ဖြစ်မှာ ။ ကျုပ် တစ်ယောက်တည်း သိထားတော့ ရင်ဖွင့်လို့ မရဘူး ဖြစ်နေတာ ။ ကျုပ် ပြောပြမယ် ။ ဒီလိုဗျာ ။ ကျုပ်တို့ ဈေးရဲ့ တနင်္လာဆွမ်းလောင်းအသင်းအတွက် ခုနက အလှူခံလာတာ တွေ့တယ် မဟုတ်လား ။ အဲဒီမှာ ရှေ့ဆုံးက အသံစာစာနဲ့ အလှူခံနေတဲ့ နှုတ်ခမ်းမွေးစစနဲ့ ကောင်လေ ။ သူ့နာမည်က အောင်တင် တဲ့ဗျ ”

“ သိတယ်လေ ၊ စီရုံတန်းမှာ ဆန်နဲ့ဆီ ရောင်းတဲ့ကောင် မဟုတ်လား ။ နာမည်တော့ သေချာ မသိဘူး ။ သူက ဘာဖြစ်လို့လဲ ။ ခင်ဗျားနဲ့ ပြဿနာ တက်လို့လား ”

“ ပြဿနာတော့ ပြဿနာဖြစ်တာပဲဗျ ။ ကျုပ်နဲ့ တော့ မဟုတ်ဘူး ။ ကျုပ်နဲ့ ပြဿနာ တက်ရင်တောင် ဒီလောက် ခက်မှာ မဟုတ်ဘူး ။ ဇာတ်ရည်လည်အောင် သေချာ ရှင်းပြမယ်ဗျာ ။ ကျုပ်တို့ အေရုံတန်းထဲက မျိုးသန္တာကို သိတယ် မဟုတ်လား ။ မိန်းကလေး အလှပြင် ပစ္စည်းတွေ ၊ မိတ်ကပ်လေးတွေ ၊ ဆံညှပ်လေးတွေ ၊ ကလစ်လေးတွေ ရောင်းတဲ့ တစ်ယောက်လေ ”

“ သိတယ်လေ ၊ ကွမ်းယာပစ္စည်းဆိုင်နဲ့ ဆိုင်ခန်း တစ်ခြမ်းစီ ငှားဖွင့်တဲ့ ကောင်မလေး မဟုတ်လား ။ အခုတော့ ဆိုင်ပိတ်သွားပြီလေ ”

“ မှန်တယ်ဗျာ ၊ ရေလည် အောင် ပြောရရင် ဆိုင်ပိတ်တာ ရိုးရိုးပိတ်တာ မဟုတ်ဘူး ။ ပိတ်ပြီး ပြေးရတာ ”

“ ဟင် .. ဘယ်လိုဖြစ် လို့တုံး ။ ကျွန်တော်လည်း ဘာမှ မကြားမိပါလား ”

“ ကျုပ်လည်း မျိုးသန္တာ ကိုယ်တိုင် ထုတ်ပြောလို့ သိရတာ ။ လွန်ခဲ့တဲ့ တစ်လကျော်က သူနဲ့ လမ်းမှာ ဆုံတယ်ဗျ ။ အဲဒီမှာ ဖြစ်စဉ် အစအဆုံးကို အခုလို ရှင်းပြသွားတာပဲ ”

ကျုပ်လည်း ဖြစ်ခဲ့သမျှ အဖြစ်အပျက်ရယ် ၊ အဲဒီအဖြစ်အပျက်ကို ကြားပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ကျုပ်ရဲ့ ခံစားချက်ရယ်ကို ကိုခင်တိုး နားလည်အောင် ပြောပြဖြစ်တော့တယ် ။

••••• ••••• •••••

၂ ။

အဲဒီနေ့က ကျုပ်ဆိုင် အတွက် သိမ်ကြီးဈေးမှာ ပစ္စည်း သွားဝယ်ရင်းနဲ့ အပြန်လမ်းမှာ မျိုးသန္တာ ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတယ် ။ မျိုးသန္တာက ဈေးရုံထဲမှာ အလှအပ ပစ္စည်းလေးတွေ ၊ မိတ်ကပ်လေး ၊ ဆံညှပ် ၊ ကလစ်လေးတွေကို ကွမ်းစားဆေး ရောင်းတဲ့ ဆိုင်ခန်းလေးနဲ့ တစ်ဝက်စီ ငှားပြီး ရောင်းတာပါ ။

ကျုပ်ဆိုင်တန်းနဲ့ မနီးမဝေး ဆိုတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိကြတယ် ဆိုပါစို့ ။ အခုနောက်ပိုင်း သူ့ဆိုင်လေး ပိတ်ထားတာ မြင်မိပေမဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေချိန် အခုလို ပစ္စည်းဝယ်ရင်း ပြန်ဆုံကြတယ် ။ ကျုပ်က အရင် တွေ့လို့ နှုတ်ဆက်တော့ သူကလည်း ရင်းရင်းနှီးနှီး ပြန်နှုတ်ဆက်ရှာတယ် ။

“ မတွေ့တာ ကြာပြီနော် ၊ ဆိုင်ပိတ်လိုက်တာလား ”

“ ဟုတ်တယ် ဦးရေ ၊ ဆိုင်က ပိတ်လိုက်တာ ”

“ အဆင်မပြေလို့လား ၊ အခု ဘယ်မှာ ပြန်ဖွင့်ထားလဲ ”

“ ဘယ်မှာမှ မဖွင့်ဖြစ်ပါဘူး ဦးရယ် ၊ ဖွင့်ချင်စိတ်လည်း မရှိတော့ပါဘူး ”

“ ဘယ်လို ဖြစ်ရတာတုံး ”

“ ဒီလိုပါပဲ ဦးရယ် ၊ အခုတောင် မန္တလေးက အဒေါ်ဆီ သွားနေမလို့ ကားလက်မှတ် လာဝယ်တာ ။ စိတ်ပြေလက် ပျောက်ဆိုပါတော့ ”

“ စိတ်ပြေလက်ပျောက် ဆိုတော့ ငါ့တူမကြီးက စိတ်ညစ်စရာ ကြုံနေတာနဲ့ တူတယ် ။ လူဖြစ်လာတော့လည်း ပြဿနာဆိုတာ ရှိလာတာပဲ မဟုတ်လား ။ ဘာပဲဖြစ်ဖြစ် စိတ်ကို ကြံ့ကြံ့ခံလေ ”

ကျုပ်စကား ကြားတော့ သူက ကျုပ်မျက်နှာကို လှမ်းကြည့်တယ် ။ ကျုပ် ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာလည်း မျက်ရည်ဝဲနေသလိုလို ဖြစ်နေတာနဲ့ ကျုပ်လည်း မျက်နှာ ချက်ချင်း လွှဲလိုက်ရ တယ် ။ သူ့ပုံစံက ချီတုံချတုံ ဖြစ်နေသလိုလိုပဲ ။ ဒါနဲ့ ကျုပ်လည်း မနက်စာ မစားရသေးတာရယ် ၊ သူလည်း အာရုံ ပြောင်းအောင် ဆိုပြီး မုန့် တစ်ခုခု လိုက်စားဖို့ ပြောမိ လိုက်ပါလေရော ။ ဒါနဲ့ပဲ အနီးက လက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်ဖြစ်ကြတယ် ။

ဆိုင်ထဲ ရောက်တော့ သူ့ ပုံစံက တစ်ခုခု ပြောချင်သလိုလို ဆုံးဖြတ်ရ ခက်နေဟန် ဖြစ်တာ တွေ့တာနဲ့ပဲ ကျုပ်ကလည်း ကဲ ငါ့တူမကြီး ပြောချင်တာ ရှိရင် ပြောလေ ဆိုပြီး လမ်းဖွင့် ပေးလိုက်တော့ သူလည်း ဆုံးဖြတ်ပြီးသွားပုံပဲ ။ ကျုပ်ကို မေးခွန်းတစ်ခု စ, မေးတယ် ။ အောင်တင် ကို သိသလားတဲ့ ။ ကျုပ်က မသိဘူး ဆိုတော့ ကုန်စိမ်းတန်း ထဲက အောင်တင် တဲ့ ။ ဒါနဲ့ ကျုပ်လည်း -

“ သေသေချာချာတော့ မသိဘူး ငါ့တူမကြီးရဲ့ ။ သူက ဘာဖြစ်လို့လဲ ”

“ သမီးနဲ့ အောင်တင် ကိစ္စလည်း ဦးလေး မကြားမိဘူးပေါ့ ”

“ ဟင့်အင်း မကြားမိပါဘူး ။ ဘာဖြစ်လို့လဲ ”

“ ကျွန်မ ရှက်လွန်းလို့ ဒီအကြောင်းတွေ ဘယ်သူမှလည်း မပြောပြခဲ့ပါဘူး ။ ဒါပေမဲ့ နေ့တိုင်း ဒါတွေပဲ ပြန်ပြန် မြင်ယောင်နေတယ်လို့ တစ်ယောက်ယောက်ကိုမှ ရင်မဖွင့်လိုက်ရရင် ကျွန်မ နေပျော်မှာ မဟုတ်ဘူး ။ ပြီး တော့ ဦးလေးကိုလည်း ယုံ ကြည်လို့ရမယ် ထင်လို့ ကျွန်မ ရင်ဖွင့်တာပါ ”

ကျုပ်လည်း ခေါင်းညိတ်ပြပြီး ဆေးပေါ့လိပ်ကို မီးညှိလိုက်တယ် ။ ကဲ ... ပြောချင်တာ ပြောပေတော့ ဆိုတဲ့ သဘောမျိုးနဲ့ ဆေးလိပ်လေးဖွာရင်း နားစွင့်နေလိုက်တော့တယ် ။

“ ပြောရမှာတော့ ရှက်ဖို့ ကောင်းတာ အမှန်ပါပဲ ဦး ရယ် ။ ကျွန်မလေ သိပ်ကို နုံ လွန်းညံ့လွန်းပါတယ်ရှင် ။ အခါခါ ပြန်တွေးတိုင်း ကိုယ့် ကိုယ်ကိုပဲ ထုရိုက်မိတယ် ။ တကယ်တော့ စနစ်တကျ ထောင်ထားတဲ့ လှည့်ကွက် ထဲကို ကျခဲ့တာပါ ။ ကျွန်မ နုံ လွန်းတာ ၊ အယုံလွယ်လွန်း တာလည်း ပါ,ပါတယ် ”

“ ကျွန်မနဲ့ ကိုအောင်တင် တို့ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ။ ဘုရားပေးပေး ၊ ကျမ်းပေးပေးပါ ဦးရယ် ။ ကိုအောင်တင် ဆီမှာ အိမ်ထောင်ရှိမှန်း မသိခဲ့လို့ ကျွန်မ လက်ခံခဲ့မိတာပါ ”

မျိုးသန္တာရဲ့ စကားတွေက အစီအစဉ်တကျ မဖြစ်ပေမဲ့သူ ပြောချင်တာကို ကျုပ်နား လည်တာနဲ့ အရှိန်ပျက်မှာ စိုးလို့ စကား ဝင်မထောက်ဘဲ လွှတ်ပေးထားလိုက်တယ် ။ မိန်းမ ရှိတဲ့ အောင်တင် ဆိုတဲ့ သူကို လူပျို ထင်ပြီး ပြန် ကြိုက်မိတဲ့ ပြဿနာမှန်း သဘောပေါက်လိုက်တယ် ။

“ သူနဲ့က ဒီလိုပဲ ဈေးရုံထဲမှာ တွေ့ခဲ့ကြတာပါ ။ သူ ကျွန်မကို ကြိုးစားတော့ အိမ်ထောင်ရှိမယ်လို့ ဘယ်ထင်မလဲ ဦးရယ် ။ သူကလည်း မပြောတော့ ကျွန်မကလည်း လူလွတ်လို့ပဲ ထင်တာပေါ့ ။ သူက ဂရုတစိုက်နဲ့ နည်းမျိုးစုံ ကြိုးစားတော့ ကျွန်မလည်း အဖြေ ပြန်ပေးလိုက်မိပါတယ် ။ အဲဒီအချိန်တွေတုန်းကတော့ ပျော်စရာပေါ့ ဦးရယ် ။ မနက် လင်းတာနဲ့ ကောင်လေး တစ်ယောက်ယောက်နဲ့ လူလွှတ်ပြီး မနက်စာလေး လာပို့ပေးလိုက် ၊ နေ့ခင်းနေ့လယ် လက်ဖက်ရည်လေး ၊ ပလာတာလေး လာပို့ပေးလိုက်နဲ့ ဂရုစိုက်ကြောင်း ပြတာတွေကို ကျွန်မ တော်တော် သာယာခဲ့မိပါတယ် ။ ဒါပေမဲ့ ကျွန်မ စည်းထား,ထားတယ် ။ လိုတာထက် မပိုသွားအောင် စည်းစောင့်ခဲ့ပါတယ် ။ သူက အဲဒါကို သိပ်မကျေနပ်ဘူး ။ ကြုံတိုင်း စကားနာထိုးလေ့ ရှိတယ် ”

စက္ကန့် သုံးဆယ်လောက် မနားတမ်း ပြောပြီး မျိုးသန္တာ စကားပြောတာ ရပ်သွားတယ် ။ ခေါင်းငုံ့ပြီး အဖြစ်အပျက်တွေကို ပြန်တွေးနေတာလား ၊ စကားလုံး ရွေးနေတာလား မသိဘူး ။ ကျုပ် ကတော့ ဘာမှ ဝင်မပြောတော့ဘူး ။ ဒါတွေက သိပ်ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာဘဲလို့သာ တွေးနေမိတယ် ။

“ တစ်နေ့တော့ သူက ပြောလာတယ် ။ လက်ထပ်ကြမယ်တဲ့ ။ ဗေဒင်ဆရာတစ် ယောက်ယောက် ဆီမှာ ရှေ့ရေး သွားမေးကြစို့ ဆိုပြီး ပြောလာတော့ ကျွန်မလည်း ဝမ်းသာလိုက်တာ ။ သူ ငါ့ကို အတည်တကျ လက်ထပ်ဖို့ တွေးထားတာပဲ ဆိုပြီး ကြည် နူးမိတာ ။ တိုတို ပြောရရင် ဦး ရယ် ၊ သူ ခေါ်သွားတဲ့ ဗေဒင် ဆရာကလည်း ကျွန် မ အကြောင်း ဟောတာများ တော်တော်ကို မှန်တော့ ကျွန်မလည်း ယုံသွားပါလေရော ။ ဗေဒင်ဆရာက ကျွန်မတို့ နှစ်ယောက် ဇာတာ တော်တော် ကောင်းတယ်တဲ့ ။ ဒီနှစ်ထဲ လက်ထပ်တဲ့ ။ နောက်နှစ်ဆို ရင်တောင် ဒီ လောက် မကောင်းဘူးတဲ့ ”

ဇာတ်လမ်းက နည်းနည်းတော့ အကွေ့အဝိုက်တွေ ပါစ , ပြုလာပြီလို့ ကျုပ် တွေးမိလာတယ် ။ ဟိုကောင်က မိန်းမရှိတယ် ။ ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်ကိုလည်း လိုချင်နေတယ် ။ ဗေဒင်ဆရာဆီ ခေါ်သွားတာလည်း ဒီကောင်ပဲ ။ ဗေဒင်ဆရာ ကလည်း ဒီနှစ်ထဲ လက်ထပ်ထား ဆိုတော့ စပ်ဆက် ကြည့်ရင် သိပ်တော့ မရိုးသားဘူးလို့ ကျုပ် သုံးသပ်မိတယ် ။ ဒါနဲ့ ကျုပ်လည်း မနေနိုင်ဘဲ ဖြတ်မေးမိတယ် ။

“ ဒါထက် မေးချင်သေးတယ် ။ အဲဒီ ဗေဒင်ဆရာကို ညည်းအရင်က သိလား ၊ အခု ရော ဟောနေတုန်းပဲလား ”

“ ဦး ဘယ်လို တွေးမိတာလဲ ။ ဟုတ်တယ် ၊ အဲ့ဒါ ဗေဒင်ဆရာ အစစ် မဟုတ်ဘူး ။ သူ့သူငယ်ချင်းတဲ့ ။ ဒါကလည်း အားလုံး ပြီးသွားတော့မှ သိရတာ ။ သိပ်ယုတ်မာတဲ့လူ ”

ကျုပ်ကတော့ ခေါင်းပဲ တညိတ်ညိတ် လုပ်နေလိုက်တော့တယ် ။ နောက်ပိုင်းဖြစ် လာမှာတွေလည်း ခန့်မှန်းလို့ ရနေပြီလေ ။

“ နောက်တော့ရော ... ”

“ ဗေဒင်မေးပြီး ပြန်လာ ကတည်းက ကျွန်မက သူ့ကို ပိုယုံသွားတယ် ။ သူ တကယ် လက်ထပ်ဖို့ တွေးထားတာပဲ ဆိုပြီး စိတ်လည်း တုံးတုံးချမိတယ် ။ တစ်နေ့တော့ သူ့ သူငယ်ချင်း တစ်ယောက်အိမ် သွားလည်ကြမယ်တဲ့ ။ ဘယ်သူရှိလဲ ဆိုတော့ ဘယ်သူမှ မရှိဘူးတဲ့ ။ ဒီတော့ ကျွန်မက ငြင်းတာပေါ့ ။ သုံးလေးရက်လောက် တပူဆာဆာနဲ့ ချော့လိုက် ၊ ခြောက်လိုက်ပြောတော့တာပဲ ဦးရယ် ။ သူ့ကို မယုံတာလားဆိုတာတွေရော ၊ လက်ဖျားနဲ့ မတို့ဘူး ဆိုတာတွေရော စုံနေတာပဲ ။ ကတိ အထပ်ထပ် ပေးတာနဲ့ နောက်ဆုံးတော့ ကျွန်မလည်း လိုက်သွားမိခဲ့တယ် ။ အဲဒီနေ့က စပြီး ကျွန်မလည်း သူ့လက်ခုပ်ထဲက ရေလို ဖြစ်ခဲ့ရတာပါပဲ ။ အင့် ... ဟင့် .. ဟင့် ”

ပြောရင်းနဲ့ တရှုပ်ရှုပ် ငိုတော့ ကျုပ်လည်း စိတ်မကောင်းဖြစ်ရသလို ဒေါသလည်း ထွက်မိတယ် ။ မိန်းကလေး တစ်ယောက်ရဲ့ ငြင်းပယ်နိုင်အားကို ကျုပ်လည်း သဘောပေါက်တာပဲ ။ ဒီ လောက် နည်းမျိုးစုံ အကွက် ဆင်မှာတော့ ရှောင်နိုင်ဖို့ဆို တာ မလွယ်ဘူးလေ ။ မိန်းမ ကြီးငုတ်တုတ်နဲ့ မရမက အကွက်ဆင် လိမ်ညာတာ တော့ သိပ်ယုတ်မာလွန်း တယ်လို့ ကျုပ်ထင်မိတယ် ။

“ ဒီလောက်ဆို ဦး သဘောပေါက်တယ် ။ ကဲ ... အဲဒါ ထားလိုက်တော့ ။ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်သွားတာလဲပဲ ဆက်ပြော ”

မျိုးသန္တာဆီက စကားသံ တော်တော်နဲ့ မထွက်လာဘူး ။ ကျုပ်လည်း သူ အရှိန်ရ အောင် စောင့်နေလိုက်တယ် ။ ခဏကြာမှ ဆက်ပြောတယ် ။

“ တစ်နေ့တော့ ကျွန်မဆီကို ဖုန်းတစ်ခု ဝင်လာတယ် ။ သူ့မိန်းမတဲ့ ဦးရယ် ။ ကျွန်မကို ပြောလိုက်တာများ ရစရာကို မရှိပါဘူး ။ ကျွန်မဖြင့် မိုက်ခနဲတောင် ဖြစ်ရတယ် ။ သူ့မှာ မိန်းမရှိတယ်လို့မှ မကြားဖူးတာလေ ။ သူ့ကို ထုတ်မေးတော့ ဟုတ်ပါတယ်တဲ့ ။ ဒါပေမဲ့ လမ်းခွဲထားတာ ကြာပါပြီ ဆိုပြီး ထပ် လိမ်ပြန်တယ် ။ ဒီက ငတုံးမ ကလည်း ဟုတ်နိုးနိုး ထင်မိ ပြန်ရောပေါ့ ဦးရယ် ”

“ တစ်ဈေးတည်းပဲ အတူရှိလျက်နဲ့ သူ့မှာ မိန်းမ ရှိမရှိ ညည်း မစုံစမ်းဘူးလား ”

“ သူ့မိန်းမက ကျောင်းဆရာမ တာဝန်နဲ့ မော်လမြိုင် မှာ ရောက်နေတာ ။ နောက်ပိုင်းမှ သိတာက ရုံးပိတ်ရက်တွေဆို ကိုအောင်တင် မော်လမြိုင် လိုက်သွားသလို သူ့မိန်းမကလည်း တစ်ခါတလေ ပြန်လာတယ်တဲ့ ။ သူ ဆိုင်ဖွင့်တာလည်း ခြောက်လ လောက်ပဲ ရှိသေးတာ ဆိုတော့ မိန်းမ ရှိ ၊ မရှိ သတင်းက မထွက်ဘူး ဦးရဲ့”

“ ဪ ”

“ နောက်တစ်ခါ အဲဒီ မိန်းမ ဖုန်းဆက်လာပြန်တာနဲ့ ကျွန်မကလည်း ရှင်တို့က ကွဲ ထားပြီးပြီပဲ ။ ဘာလို့ ဒါတွေ လာပြောနေရတာလဲ မေးမိတော့ သူက ဒါဆိုလည်း နင် စောင့်နေ ၊ ငါ အခု စာမေးပွဲ ရက်ပြီးတာနဲ့ အောင်တင်ကို နားရွက်ဆွဲပြီး နင့်ရှေ့ ခေါ်ခဲ့မယ်တဲ့လေ ။ အဲဒီလောက် အပိုင် ပြောမှတော့ တော်တော်ကို သေချာသလောက် ဖြစ်နေမှန်း ကျွန်မ သဘောပေါက်နေပြီ ။ ကိုအောင်တင် ကလည်း အဲဒီ ရက်ပိုင်း ဆိုင် ပိတ်ထားတယ် ။ သူ့ကိုလည်း ရှာမရဘူး ။ ဘယ်ရှာရပါ့မလဲ ၊ သူက အဲဒီအချိန် မော်လမြိုင် လိုက်သွားနေပြီး သူ့မယားကို ပတ်ချွဲနပ်ချွပ် သွားလုပ်နေမှာပေါ့ ”

“ ဖြစ်ရလေ ”

“ နောက်နှစ်ရက်လောက် နေတော့ ဖုန်းထပ်လာပြန်တယ် ။ သူ့မိန်းမ ဆက်တာပဲ ။ ကဲ ... ဒီမှာ ကိုအောင်တင် ကိုယ်တိုင် ပြောတာ နား ထောင်လိုက် ဆိုပြီး ကိုအောင်တင် နဲ့ ဖုန်းပြောခိုင်းတယ် ။ အဲဒီလူ ဘာပြောတယ် မှတ်လဲ ။ နင် ငါ့ကို ထပ်မနှောင့်ယှက်ပါနဲ့တဲ့ ။ နင် နစ်နာသမျှလည်း ငါ ထိုက်သင့်သလောက် ပေးထားတာပဲ ။ အခုက စပြီး ဇာတ်လမ်း ထပ် မဆက်နဲ့တော့တဲ့လေ ။ မိုက်ရိုင်းလိုက်တာရှင် ။ ကျွန်မလေ ကမ္ဘာကြီး ချာချာလည် သွားသလိုပဲ ၊ ပြောချင်တာ များလွန်းလို့ ဗလုံးဗထွေးကို ဖြစ်လို့ ။ သူ့မိန်းမက ဆက်ပြောတယ် ။ နင် ချူစားတာ တော်သင့်ပြီတဲ့ ။ ထပ်လွန်လာရင် ငါ ဆိုင်ရာကို တိုင်ရမယ် ။ နင့်ကိုလည်း အဲဒီ ဈေးထဲမှာ ရစရာ မရှိအောင် နင့်သတင်း တွေ ပြောပြလိုက်မယ်တဲ့ ။ ပြောပြီး ဖုန်းချသွားတယ် ။ ကျွန်မလေ အဲဒီနေရာမှာ အကြာကြီး ရပ်နေတာများ အသက်ထွက်သွားပြီတောင် ထင်ရတယ် ”

“ ဟာ ...”

“ ကန်တော့ပါရဲ့ ဦးရယ် ၊ ကျွန်မကို ပြည့်တန်ဆာသာသာ ဖြစ်အောင် ပြောသွားလိုက်တာ ။ ကိုအောင် တင် ဆီက ကျွန်မလေ သူ ဝယ်ကျွေးတဲ့ မုန့်က လွဲရင် ဘာငွေမှ မယူခဲ့ပါဘူး ။ အဲဒီ လူနဲ့ မဆုံခင် အထိ ကျွန်မ အပျိုစစ်စစ်ပါရှင် ။ အခုတော့ ကျွန်မကို ပြောသွားလိုက်တာ ရက်ရက်စက်စက်ပါပဲ ။ သူက သူ့မိန်းမရဲ့ အပြစ် လွတ်အောင်လို့ ကျွန်မကို ကြေးစားမလိုလို ၊ သူ့ကို အတင်း လိုက်ကပ်နေတဲ့သူလိုလို စွပ်စွဲပြီး သူ့မိန်းမကို ဝန်ခံလိုက်တာ နေမှာပေါ့လေ ။ ကျွန်မလေ သိပ်ကို နာကြည်းတယ် ။ သူ့ မိန်းမကိုတော့ အပြစ် မတင်ပါဘူး ။ ဇနီးမယားတစ်ယောက် အနေနဲ့ ဒီလိုပဲ လုပ်ရမှာကို ကျွန်မ နားလည်ပါတယ် ။ သူ့ကိုပဲ နာကြည်းတာ ”

“ ဟူး .. နင် တော်တော် ကံဆိုးတာပါလား ။ နောက်တော့ရော ဘာဆက်လုပ်လဲ ”

“ ကျွန်မ ဘာလုပ်လို့ ရတော့မလဲရှင် ။ အကုန် လွန်ကုန်ပြီ ။ အဲဒီနေ့က စပြီး ကျွန်မ စိတ်ဓာတ်တွေ တအားကျ သွားတော့တာပဲ ။ ငါ နုံလိုက်တာ ၊ အ,လိုက်တာ ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း ထုရိုက်တယ် ။ ကျွန်မမှာ ပက်ပက် စက်စက် အလိမ်ခံရတဲ့အပြင် မကောင်းတာ လုပ်စားတဲ့ မိန်းမသာသာအပြောခံရတယ် ။ ဆိုးလိုက်တဲ့ ဘဝပါ ဦးရယ် ”

ဇာတ်ရည်လည်တော့ ကျုပ်ဖြင့် ဒေါသ ထွက်လိုက်တာဗျာ ။ အဲဒီကောင် အနား ရှိရင် တစ်ခုခု လုပ်မိမလားပဲ ။ မျိုးသန္တာကို ကျုပ် သနားပြီး နှစ်သိမ့်မိတယ် ။ ဒီလောက် အကွက်ကျကျနဲ့ လိမ်မှတော့ ဘယ်မိန်းကလေး ကြာကြာခံနိုင်မလဲ ။ 

“ ညည်း အပြစ်မှ မဟုတ်တာ တူမရယ် ။ ဒီလောက် စနစ်တကျနဲ့မှတော့ ဘယ်သူ မဆို ယုံမိတော့မှာပေါ့ ။ ဘယ်သူမဆို ဘဝမှာ တစ်ခါ လောက်တော့ မှားကြမှာပဲလေ ။ သင်ခန်းစာ ယူပြီး ကိုယ့်ဘဝကိုယ် ဆက်ထိန်း ကျောင်းပေါ့ ။ ကိုယ့်ဆိုင်ကိုယ် ပြန်ထွက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလေ ”

“ ဆိုင် ဘယ်လို ထွက်မလဲ ဦးရယ် ။ အဲဒီလူက အခု ဆိုင်ပြန်ထွက်နေတဲ့ အပြင် သူ့ မိန်းမကလည်း ဆိုင်မှာ ထိုင်ပြနေတယ်လေ ။ ကျွန်မ သိပ် ရှက်တယ် ဦး ။ ကျွန်မတို့ အကြောင်းတွေ သိတဲ့လူတွေ ရှေ့မှာ ကျွန်မ ဘယ်မျက်နှာနဲ့ နေနိုင်ပါ့မလဲ ။ မယားကြီး ငုတ်တုတ်ရှိလျက်နဲ့ ကြောင်တောင်နှိုက်တဲ့ မိန်းမဆိုပြီး လူတကာ အတင်းဆိုသံ ကျွန်မ မကြားဝံ့ဘူး ”

“ သူ အဲဒီလို လိမ်တာတွေ ညည်း ဖော်ထုတ်လေ ။ လူတွေ အကုန်သိအောင် ပြောမှပေါ့ဟ ”

“ မလုပ်ရဲပါဘူး ဦးရယ် ၊ တစ်ရှက်ကနေ နှစ်ရှက် ကွဲရတာပဲ အဖတ်တင်မှာ ။ ခုတောင် ဒီလောက် ခေါင်း မဖော်နိုင်တာ ”

“ မဟုတ်သေးပါဘူး ဟာ ၊ ငါ တိုင်ပေးရမလား ”

“ မလုပ်ပါနဲ့ဦးရယ် ။ ကျွန်မကို ငဲ့ညှာပါ ။ ကျွန်မ မိဘနဲ့ မောင်တွေ ၊ ညီမတွေ လူတကာ တံတွေးခွက်မှာ မျောရပါလိမ့်မယ် ။ ဒီအကြောင်းတွေ ဦး ဘယ်သူ့ကိုမှ မပြောဖို့ ကတိပေးပါ ”

“ အေးပါဟာ ... ညည်းသဘောပါပဲ ”

ပြီ ကာယကံရှင် ကိုယ်တိုင်က အထပ်ထပ် ကတိ တောင်းပြီး နောက်ဆုတ်သွားမှတော့ ကျုပ်လည်း ဘာ ဆက်လုပ်လို့ ရပါ့မလဲလေ ။

အဲဒီနေ့က ပြန်လာတော့ ကျုပ် ပထမဆုံး လုပ်ဖြစ်တာက ကုန်စိမ်းတန်းဘက် သွားပြီး အောင်တင် ဆိုတဲ့ သူကို သွားကြည့်တယ် ။ လူက နှုတ်ခမ်းမွေးစစနဲ့ ကျုပ်ဖြင့် ဘယ်လို ကြည့်ကြည့် လူယုတ်မာ ပုံစံပဲ ထွက်တယ် ။ သူက ကျုပ်ကို ပြုံးပြပြီး ဘာဝယ်မလဲ ဦး တဲ့လေ ။ ဘေးမှာက သူ့မိန်းမလို့ ထင်တာပါပဲ ။ မိန်းမတစ်ယောက်လည်း ထိုင်နေတယ် ။ ကျုပ်လည်း ဘာမှ မပြောဘဲ ပြန်လာခဲ့တယ် ။ အဲဒီနေ့က စပြီး ကျုပ် ဒီအဖြစ်တွေကို ကြာကြာ မေ့ထားလို့ မရတော့တာပဲ ။ သတိရတိုင်းလည်း စိတ်ထဲ ခံပြင်းနေမိတယ် ။

ကောင်မလေးကို အညှာ လွယ်တယ်လို့လည်း ကျုပ် မစွပ်စွဲရက်ဘူး ။ ယောက်ျား တွေ ပလီစိချောက်ချက် ပြောရင် တင်းခံနိုင်တဲ့ မိန်းမ ရှားတယ် ။ ချစ်များ ချစ်နေရင် ပိုတောင် ဆိုးသေး မဟုတ်လား ။ အိမ်ထောင်သည်ယောက်ျားနဲ့ အပျိုမလေး ကြိုက်ကြတဲ့ ဇာတ်လမ်းတွေ ဖန်တရာတေအောင် ကျုပ် ကြားဖူးတာပဲ ။ လက်မခံဘူး ဆိုရင်တောင် ဒါမျိုး ဖြစ်တတ်တာကို နားလည်ပေးနိုင်တယ် ။ ကြည်ဖြူတယ်ဆို ခန္ဓာကိုယ်ပဲပေးပေး ၊ အသက်ပဲပေးပေး ဘာမှ ဝင်ပြောစရာ မရှိပါဘူး ။ အခုက အဲဒါတွေနဲ့ မတူဘူး ။ ငြင်းဆန်နေလျက်နဲ့ အကွက်ချ လိမ်လည်ပြီး ကာမကို ရယူသွားတာ ။ မိုက်ရိုင်းတဲ့ အဆင့် မဟုတ်တော့ဘူး ၊ ယုတ်မာတဲ့ အဆင့်ကို ရောက်သွားပြီ ။ ကျုပ်က အဲဒါကို တအုံနွေးနွေး ဖြစ်တာ ။

အခုတော့ အောင်တင့် မိန်းမကလည်း အလုပ်ထွက်ပြီး သူ့ယောက်ျားနဲ့အတူ ဆိုင် ထွက်တယ် ။ တစ်ခါတလေ လင်မယား နှစ်ယောက်စလုံး ကျုပ် ဆိုင်ရှေ့က ဖြတ်သွား တတ်တယ် ။ ပြုံးပြုံးရွှင်ရွှင်နဲ့ ရယ်လို့မောလို့ ။ မျိုးသန္တာဆိုတဲ့ ကလေးမကတော့ ဘယ်ဆီဘယ်ဝယ် လွင့်သွားပြီလဲ ကျုပ် မသိရဘူး ။ တစ်ခါတလေ လောက , က ရယ်ဖို့ သိပ်ကောင်းတယ် ။ အပြစ်ရှိတဲ့ သူက လူမြင်ကွင်းမှာ ရယ်မောပျော်ရွှင် တင့်တင့်တယ်တယ် နေသလောက် အပြစ်မဲ့ ခံရတဲ့ သူတွေက မှောင်ရိပ်ထဲမှာ တိတ်တိတ်လေး ငိုနေရတယ်လေ ။ ကျုပ် ခံပြင်းရဆုံး ကလည်း အဲဒါပါပဲ ။

••••• ••••• •••••

၃ ။

“ အဖြစ်အပျက် ကတော့ အဲ့ဒါပါပဲ ။ ကျုပ် နာကျင်တာကလည်း ခံရတဲ့ သူတွေက အမှောင်ထဲမှာ လူတောမတိုး တိတ်တိတ်လေး အံကြိတ်နေရချိန် အပြစ်သားက ထောင်ထောင် ထောင်ထောင်နဲ့ အပြုံးမပျက် သွားလာနေနိုင်တာကိုပဲ ။ လောက , က မတရားဘူးပဲ ပြောရမှာပဲ ”

ကျုပ်စကား ဆုံးတော့ ကိုခင်တိုးလည်း သက်ပြင်းချတယ် ။

“ အဲဒီနောက်ပိုင်းတော့ အဲဒီကောင် အလှူခံလာတာ မြင်ရင် ကျုပ်က ရင်ထဲ ကလိ ကလိ ဖြစ်လွန်းလို့ အခုလို လက်ဖက်ရည်ဆိုင်ကို မြန်မြန် ပြေးရတဲ့ ဘဝရောက်တော့တာပဲ ။ အခုတော့ သင်းက ယောဂီတဘက်လေး ပတ်ပြီး သူတော်ကောင်းယောင်ယောင်နဲ့ အလှူခံတောင် ထွက်နေသေးတယ်ဗျာ ။ ကဲ ... မခက်ဘူးလား ”

ကျုပ်ရဲ့ မကျေမချမ်းသံ ကြားတော့ ကိုခင်တိုးက ခပ်တိုးတိုး ရယ်တယ် ။

“ ဒီလိုရှိတယ်ဗျ ၊ ဒီဖြစ်စဉ်က ခံရသူရော ၊ ကြားရသူရော တော်တော် နာကျင်ဖို့ ကောင်းတာ အမှန်ပဲ ။ ဒါပေမဲ့ ဒါဟာ လောကမှာ အဆိုးဆုံး အဖြစ်အပျက်တွေတော့ မဟုတ်သေးဘူးပေါ့ ။ ခင်ဗျား ပြောတဲ့ အမှောင်ရိပ်ထဲမှာ ကျွန်တော်ရော ၊ ခင်ဗျားရော ၊ မရေမတွက်နိုင်တဲ့ လူတွေရော တိတ်တိတ်လေး နေခဲ့ရတာ ကြာပါပြီဗျာ ။ အပြစ်သားတွေ လမ်းသလား နေတာကို ငေး နေရတာမျိုးလေ ” 

“ ဘယ်လို … ခင်ဗျားပါ အဲဒီလို ကြုံခဲ့တာလား ”

“ ကျွန်တော် ပြောတာ ခင်ဗျား နားမရှင်းဘူး ဖြစ်ပုံရတယ် ။ ကျွန်တော်တင် မဟုတ်ဘူး ၊ ခင်ဗျားရော ၊ မရေမတွက်နိုင်တဲ့ လူတွေရော အမှောင်ထဲမှာ တိတ်တိတ် လေး နေ , နေရတာ ကြာပါပြီဗျာ ။ ဒီမှာကြည့် ၊ ကျွန်တော် ပြမယ် ။ ခဏစောင့် ”

ကိုခင်တိုးက သူ့ဖုန်းကို ဖွင့်ပြီး ဟိုပွတ်ဒီပွတ်နဲ့ တစ်စုံတစ်ရာကို သဲသဲမဲမဲ ငုံ့ရှာနေတယ် ။ ကျုပ်ကတော့ ဘာကို ဆိုလိုမှန်း နားမလည်နိုင်သေးဘူး ။ ကိုခင်တိုး ပြောပုံအရဆို ကျွန်တော်ရော ၊ ကိုခင်တိုးရော ဟိုကလေးမ မျိုးသန္တာ လို အမှောင်ရိပ်ထဲမှာ တိတ်တိတ်လေး နေ , နေခဲ့ ရတာ ကြာပါပြီတဲ့ ။

“ ကဲ ... တွေ့ပြီ ဒီမှာကြည့် ”

ကိုခင်တိုးက သူ့ဖုန်းကို ထိုးပေးတယ် ။ ခပ်ငယ်ငယ် ကောင်လေး တစ်ယောက်ရဲ့ ဗီဒီယိုဖိုင် ဖြစ်နေတယ် ။ သီချင်းဆိုရင်း ပေါ့ပေါ့ပါး ပါး ပျော်ပျော်ရွှင်ရွှင်နဲ့ သရုပ်ဆောင် နေလေရဲ့ ။ သူ့ကို ကျုပ် သိတယ် ။ ကိုခင်တိုးက ဖုန်းပြန်ယူပြီး ဟိုရှာဒီရှာ လုပ်ပြန်တယ် ။ ပြီးတော့ ထပ်ပြတယ် ။ ကျုပ် ယူကြည့်လိုက်တော့ ခပ်ဝဝ လူငယ်တစ်ယောက် စင်မြင့်ထက်မှာ ဖဲကြိုးဖြတ်နေတာ တွေ့ရတယ် ။ သူ့ကိုလည်း ကျုပ် သိတယ် ။

“ သူတို့ကိုတော့ ခင်ဗျား သိမှာပါနော် ။ ဟုတ်ပြီ ၊ ကျွန်တော် ပြောချင်တာက တစ်နိုင်ငံလုံးကို မုဒိမ်းကျင့်ခဲ့တဲ့ ၊ နိုင်ငံရဲ့ အဆီအနှစ်တွေကို ဝါးမျိုခဲ့တဲ့ ၊ ပြည်သူတွေကို ဆင်းရဲတွင်း နက်အောင် လုပ်ခဲ့တဲ့ သူတွေရဲ့ သားသမီးမြေးမြစ်တွေတောင် စင်ပေါ်တက်ပြီး ဖဲကြိုးဖြတ် နေကြတာကို ကျွန်တော်တို့ တိတ်တိတ်ကလေး ကြည့်နေခဲ့ရပြီပဲဗျာ ။ ဟိုကောင် အောင်တင် အလှူခံ ထွက်တာလောက်တော့ ခင်ဗျား ခံစားနေဖို့ မသင့်ပါဘူး ”

ကိုခင်တိုးရဲ့ ဥပမာက ထိလွန်းတော့ ကျုပ် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး ဖြစ်သွားတယ် ။ သူပြောတာ မှန်လား ၊ မှားလားဆိုတာလည်း မဝေခွဲနိုင်တော့ဘူး ။ ဖုန်းကို နောက်တစ်ကြိမ် ပြန်ကြည့်တော့ ခပ်ဝဝ လူငယ် ဖဲကြိုးဖြတ်ရင်း ပြုံးနေတဲ့ပုံ ရယ် ၊ အနောက်က လက်ခုပ် တီးပေးနေကြတဲ့ လူတွေပုံ ရယ်ကို တွေ့ရတယ် ။ ကိုခင်တိုးရဲ့ ဥပမာအရ ဆိုရင် အောင်တင် ဆိုတာ မေ့ပစ်လို့တောင် ရနေပြီပဲ မဟုတ်လား ။ ကျုပ်လည်း အာရုံတော့ နည်းနည်း နောက်သွားရတယ် ။ စိတ်သက်သာမလား ဆိုပြီး သူ့ကို ရင်ဖွင့်ခါမှ ကျုပ် ခေါင်းပေါ်ကို ကျောက်တုံး လာ ထပ်တင်ပေးလိုက်သလိုပဲ ။ ခေါင်းပါ နောက်သွားလေရဲ့ ။

ကျုပ်တို့ လက်ဖက်ရည်ဆိုင်က ပြန်လာတော့ ဈေးဝက ကုန်ခြောက်ဆိုင်ရှေ့မှာ လူစုစုတွေ့တယ် ။ အောင်တင် တို့လူစု အလှူခံနေတာလေ ။ ကျုပ်တို့လည်း ဘေးက အဖြတ်မှာ ယောဂီတဘက် စလွယ်သိုင်းထားတဲ့ အောင်တင်ဆီက အလှူခံသံ ထွက်လာတယ် ။

“ ကျွန်တော်များ တနင်္လာပတ် ဆွမ်းလောင်း အသင်းအတွက် အလှူခံပါတယ် ။ အပတ်စဉ် ကုသိုလ်များ ရယူဖို့ ကျွန်တော်များ နှိုးဆော်ရေး အဖွဲ့က အလှူလာခံခြင်း ဖြစ်ပါတယ် ” တဲ့လေ ။

ကိုခင်တိုးက ကျုပ်ကို ကြည့်ရင်း ခပ်တိုးတိုး ရယ်တယ် ။ ကျုပ်လည်း ဘာတတ်နိုင်ပါ့မလဲ ။ ခပ်မဲ့မဲ့ပဲ ပြန် ပြုံးပြလိုက်နိုင်တော့တယ်လေ ။

  ⎕ မြစ်ကျိုးအင်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၈ ၊ ဩဂုတ်

Wednesday, May 6, 2026

ကျောက်ဆင်းတု

❝ ကျောက်ဆင်းတု  ❞
        ( ပီမိုးနင်း )

မိတ်ဆွေတစ်ယောက် ထံမှ ရရှိသောစာ ...

ဆရာ ပီမိုးနင်းခင်ဗျား ... ကျွန်တော်သည် ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိရပါသည် ။ ကျွန်တော်သည် ရာဇဝတ်ပြစ်မှုနှင့် ထွက်ပြေးနေရသူ တစ်ယောက် ဖြစ်ပါသည် ။ ထိုသို့ ပြေးရင်း တောင်ပေါ်သို့ ရောက်၍ သွားပါကြောင်း ၊ ၎င်းတောင်မှာ အဘယ်အရပ် အဘယ်ပြည် ဟူ၍ ကျွန်တော် ပြောပြလျှင် အလွန်တရာ လက်တံ ခြေတံရှည်သော ရန်ကုန်မြို့ စီအိုင်ဒီ၏ လက်သည် ကျွန်တော့်ထံ လျင်မြန်စွာ ရောက်၍ လာမည်ကို ကျွန်တော် ကောင်းစွာ သိပါသည် ။

၎င်းတောင်မှာ မြန်မာပြည်နှင့် အနီးအပါး ပြည်တစ်ပြည်၏အကြားမှာ ရှိသော တောင်တစ်တောင် ဖြစ်ပါသည် ။ ၎င်းအရပ်၌ အရိုင်းအစိုင်းများသာ ရှိသဖြင့် များစွာ ဆင်းရဲဒုက္ခ ကြုံတွေ့ ရပြီး ၊ အတိုကို ရုန်းရမည် ဆိုလျှင် ကျွန်တော့်ကို ဆင်းရဲဒုက္ခမှ ကယ်ဆယ်သူ တစ်ယောက်နှင့် တွေ့ ပါသည် ။ ထိုလူ၏ အမည်မှာ မောင်စောလှိုင် မဟုတ်ပါ ။ သို့သော်လည်း ဆရာသည် ကျွန်တော် ပေးသည့် အတ္ထုပ္ပတ္တိကို ရေးသားမည် ဆိုလျှင် မောင်စောလှိုင် ဟူ၍သော် လည်းကောင်း ၊ အခြားအမည် တစ်ခုခုဖြင့်သော် လည်းကောင်း ရေးသားနိုင်ပါသည် ။ ကျွန်တော် သည်ကား .. ၎င်းကို မောင်စောလှိုင် ခေါ် ကျွန်တော်၏ အခြား မိတ်ဆွေ တစ်ယောက်နှင့် တူသဖြင့် ကိုစောလှိုင် ဟူ၍ ခေါ်ခြင်းဖြစ်ပါသည် ။

၎င်းသည် အရိုင်းအစိုင်းမကလေး တစ်ယောက်နှင့် ညား၍ နေသော ဝရမ်းပြေး တစ်ယောက် ဖြစ်လေရာ ၊ ၎င်း၏ တဲသို့ ကျွန်တော် ရောက်၍ သွားပါကြောင်း ၊ ၎င်း၏ တဲ၌ ကျွန်တော်သည် အလွန် လှပသော လက်တစ်ဖက် မပါသည့် ကျောက်ရုပ် တစ်ခုကို တွေ့ရပါသည် ။ ယခု ပေးပို့လိုက်သော အတ္ထုပ္ပတ္တိသည် မောင်စောလှိုင် ပြော၍ ပြသော ၎င်းကျောက်ရုပ်နှင့် ပတ်သက်သော အတ္ထုပ္ပတ္တိ ဖြစ်ပါသည် ။
                     ဝရမ်းပြေး

••••• ••••• ••••• 

အခန်း ( ၁ )

ကျွန်ုပ်သည် ၎င်းလူ ထံမှ ရရှိသော အကြောင်းအရာများကို တွေ့ရှိ စဉ်းစားလိုက်သောအခါ ဤလောကကြီးသည် အလွန်ပျော်စရာကောင်းသော လောကကြီး ဖြစ်သည်ဟု အောက်မေ့လျက် ဤလောက၌ သေခြင်းသည် စင်စစ်အားဖြင့် သေခြင်း မဟုတ် ၊ ခရီးသည်၏ စခန်း ဘူတာ အကူးအပြောင်းနှင့် လွန်စွာ တူသည်ဟု တွေးမိပါကြောင်း ၊ ထိုဝရမ်းပြေး၏ စာမှာ အရိုးခံအတိုင်း ရေး၍ ထားလေရာ ဖတ်၍ ကောင်းအောင် အနည်းငယ် ပြုပြင်ပြီး ဝတ္ထုသွားနှင့် ရေးလိုက်ပါသည် ။

နေမင်း၏ အရောင်သည် ပူပြင်းသည့် သတ္တုရေပမာ ကောင်းကင်မှ သက်ဆင်း၍ လာလေရာ ထူထပ် စိမ်းညို့ပိတ်ကာ၍ နေသော သစ်ကိုင်း သစ်ခက် သစ်ရွက်တို့၏ အကြားမှ အနည်းငယ် ကွက်ကျားကွက်ကျားမျှ ယိုဖိတ်လျက် ရှိနေလေ၏ ။

၎င်းယိုဖိတ်သော ကြေးဝါရောင်နေမင်း၏ အဆင်း၌ ဝင်းခနဲ လက်ခနဲ သက်တံရောယှက်ကာ ဖြာခနဲ ဖြာခနဲ နဝရတ်ရောင် ကျသကဲ့သို့ ပြိုးပြိုးပြက် ခြေလက် မပါဘဲလျက် ကျောက်ဆောင် အဆင့်ပေါ်မှ ကျွမ်းလှိမ့်ကာ တဟားဟား ရယ်မော၍ လာသော အရာသည်ကား တောင်ကျစမ်းရေတံခွန် တောင်ပံကြီး ဖြစ်လေသတည်း ။ ကျောက်ဆောင်ပေါ် လူသုံးယောက်သည် သေနတ်များ အပါး၌ချကာ မောပန်းသည့် လက္ခဏာနှင့် တစောင်းလှဲကာ သံချပ်ထိုးလျက် တပျော်တပါး ပွဲခံ၍ သွားသော ရေများကို ကြည့်လျက် စကားမပြောဘဲ နေကြလေသတည်း ။

၎င်းရေသံသည် လေထဲတွင် လှုပ်ရှားသော သစ်ရွက် သစ်ခက်သံတို့နှင့် တောင်ခါးပန်း တစ်လျှောက်တွင် နပန်းသတ်ကာ စစ်ခင်း၍ နေကြလေရာ ထိုအသံများသည် ငှက်သံ ၊ မျောက်သံများနှင့် တစ်ဖန် ရောစပ်လိုက် ပြန်သောအခါ လောကဓာတ် ဘင်ခရာ တူရိယာသံပမာ တစ်မျိုးပင် သာယာသဖြင့် မောပန်းသူ သုံးယောက်တို့မှာ နားငြိမ့်၍ နေကြလေ၏ ။

ထိုအခိုက်တွင် အထမ်းအပိုးနှင့် လာသော နောက်လိုက်နောက်ပါ သုံးလေးယောက်သည် ဆူညံစွာ ရောက်လာကြလေရာ .. သေနတ်သမား သုံးယောက်မှာ ကပျာကယာ ထကြလေ၏ ။

လိုက်ပါ၍ လာကြသူတို့အား ဖင့်နှေးကြောင်း ၊ လမ်းမှားနေကြသလားဟု တွေးပြီး စိတ်ပူနေကြကြောင်း နှင့် ပြောဆိုကြပြီး ၊ ပါလာသော စားစရာ သောက်စရာ တို့ကို ပြင်ဆင်၍ တောဖက် ၊ တောင်ဖက်များပေါ်၌ တင်ကာ မြိန်ရှက်စွာ စားသောက်ကြလေ၏ ။ စားသောက်၍ ပြီးကြသောအခါ စမ်းချောင်းထဲသို့ ဆင်း၍ ရေချိုးကြ လေသတည်း ။

ရေထဲသို့ ဆင်းကြလေရာ ၎င်းလူစုတွင် အမှူးဖြစ်သော စောလှိုင်သည် အခြား ကျောက်ဆောင် ကျောက်တုံးများနှင့် မဆက် ၊ လွတ်လပ်စွာ ရေထဲတွင် တလှုပ်လှုပ် နေသော သစ်တုံးကြီးနှင့် တူသည့် ကျောက်တုံးကြီး ပေါ်၌ ထိုင်ကာ ကိုယ်လက် တိုက်ချွတ်၍ နေလေ၏ ။

ထိုအခိုက်တွင် အရောင်လက်ပြောင်သော ကျောက်ခဲတစ်ခုကို ရေထဲမှ ရသဖြင့် စောလှိုင်သည် ထိုကျောက်ခဲကို သေချာစွာ ကြည့်ရာတွင် အက်ကြောင်းတစ်ခုကို တွေ့ရှိရသောကြောင့် ၎င်းအက်ကြောင်းကို ခွဲကြည့်ရလျှင် အတွင်း၌ အဘယ်သို့သော အရာကို တွေ့မည်နည်းဟု သိလိုပြန်သဖြင့် ၎င်းကျောက်ခဲကို မိမိ ထိုင်၍ နေသော ကျောက်တုံးပေါ်တွင် ထု၍ ခွဲလိုက်ရာ ကျောက်ခဲမှာ မကွဲဘဲ ကျောက်တုံး ပဲ့၍ သွားလေရာ လက်က ကျောက်ခဲကို လွှတ်ချပြီး ပဲ့သော ကျောက်တုံးကို ကြည့်ရာတွင် အလွန် လှပသော လက်နှင့် တူသော အရာ တစ်ခုကို တွေ့ ရလေ၏ ။

စောလှိုင်သည် ၎င်းအရာကို ကိုင်၍ ကြည့်နေပြီး နောက် သန်မာသော လက်ဖြင့် ထိုအရာကို ကိုင်လှုပ်၍ ကြည့်လိုက်လေလျှင် ၎င်းကျောက်အစသည် ကျိုး၍ လက်ထဲ၌ ပါလာသောကြောင့် သေချာစွာ ကြည့်လိုက် သောအခါ လွန်စွာ အံ့သြဖွယ်ကောင်းသော အရာကို တွေ့မြင်ရလေ၏ ။ အကြောင်းမူကား ထိုအရာသည် အကြော အခြင် အရေပြား အတွန့်ကလေးများပါ ကောင်းစွာ ထင်ရှားသော ကျောက်လက်ကလေးဖြစ်၍ နေလေသတည်း ။

စောလှိုင်သည် လွန်စွာ အံ့အားသင့်၍ နေပြီး ထို လက်ကို စိုက်ကာ ကြည့်လေရာ လက်ခလယ်တစ်ချောင်း မပါမရှိသည်ကို မြင်ရသဖြင့် ထိုလက်ခလယ်၏ အငုတ်မှာ လတ်ဆတ်သည့် အကျိုးရာကို မြင်ရသဖြင့် ဆက်၍ ကြည့်ရလျှင် အဘယ်မျှလောက် လှပသောလက် ဖြစ်မည်ကို သိလိုလှသဖြင့် ကျောက်တုံးကြီး အနီး၌ ရှာဖွေလေရာ ကံအားလျော်စွာ တွေ့ရသဖြင့် ၎င်းလက်ခလယ်၏ အပိုင်းကို မိမိ၏ လက်၌တင်ကာ သေချာစွာ ကြည့်သောအခါ သာ၍ အံ့သြရပြန်လေ၏ ။ အကြောင်းမူကား ထိုလက်၌ ကျောက်သားထဲတွင် မြုတ်လုခမန်း ဖြစ်သော ပတ္တမြားလက်စွပ်ကို တွေ့မြင်ရလေသတည်း ။

စောလှိုင်သည် ထိုလက်ချောင်းကို ကျိုးသော နေရာ၌ ဆက်၍ ကြည့်ရာ လွန်စွာလှပသော လက် ဖြစ်သည်ကို တွေ့ရှိရလေ၏ ။ သို့သော်လည်း မိမိ တွေ့ရသော အခြင်းအရာကို မည်သူ့အားမျှ မသိရစေဘဲ ၎င်း ကျောက်တုံးကြီး အနားမှ မခွာဘဲ ရေထဲတွင် စိမ်၍ နေလေ၏ ။

ထိုအခိုက်တွင် အဖော်များသည် ရေမိုးချိုး၍ ပြီးကြသဖြင့် ကုန်းပေါ်သို့ တက်ကြပြီးလျှင် တုံးလုံးပက်လက် လှဲကြလျက် အသက်မွေးမှု တစ်ခုပညာ တစ်ပြည် နှင့် တစ်ပြည် ကူးသန်းလာကြသော သူတို့ကို လုယက်တိုက်ခိုက်ခြင်း အလုပ်အတွက် ရပေါက်ရလမ်း စခန်းစဉ်ကို ကြံစည် တိုင်ပင်ရင်း အိပ်ပျော်၍ သွားကြလေသတည်း ။

စောလှိုင်သည် ၎င်းတို့ အိပ်ကြသည်ကို သိသောအခါ ကျောက်တုံးကြီးကို သေသေချာချာ စစ်ဆေး၍ ကြည့်လေရာ ထိုကျောက်တုံးကြီးမှာ အခြား ကျောက်များ နှင့် မတူ လူကိုယ်လုံးသဏ္ဌာန် လိုလို နေသည်ကို တွေ့ရှိရလေရာ ၎င်းတုံးကို အခြား မာသော ကျောက်ခဲတစ်လုံး နှင့်ထု၍ ခွဲလေရာ ကျောက်များသည် အဖတ်လိုက် ၊ အဖတ်လိုက် ကွာ၍ ကျလေလျှင် အတွင်း၌ သာ၍မာသော ကျောက်သားကို တွေ့ရလေ၏ ။

ကွာ၍ ကျသော ကျောက်သားမှာ အတွင်း ကျောက်သားလောက် မမာ ၊ အတွင်းကျောက်မှာ ကျောက်ဖြူ ပကတိ ဖြစ်၍ အပြင် ကျောက်မှာ ထိုအတွင်း ကျောက်ကို ထူထပ်စွာ စွဲကပ်သော ရွှံ့များ ၊ သဲများ ၊ မြေများ ကာလကြာသဖြင့် မာ၍ နေသော အကာကျောက်နှင့် တူလေ၏ ။

ထိုအကာကျောက်မှာ ကျောက်ခဲ နှင့် ထုတိုင်း လွယ်ကူစွာကွာ၍ ကျလေရာ အချို့ နေရာများမှာ ကျောက်ဆွေးတုံးပမာ လက်နှင့် ဖဲ့ရုံနှင့် ကွာ၍ လာသဖြင့် အတွင်းကျောက်နှင့် အပြင်ကျောက်မှာ အဆံနှင့် အခွံ ပမာ ခြားနား၍ နေသဖြင့် အကယ်၍ ထိုကျောက်တုံးကြီးကို အားခွန်ကောင်းကောင်းနှင့် ကိုင်းမြှောက်လှုပ်ခါ၍ ကြည့်နိုင်မည်ဆိုလျှင် အတွင်းရှိ အဆံကျောက်သားမှာ လှုပ်ရှား၍ နေမည်ဟု မှတ်ထင်ရလေ၏ ။

စောလှိုင်သည် ခွာတိုင်း ၊ ခွာတိုင်း အတွင်း၌ ချောပြောင်သော ကျောက်သားကို တွေ့ရှိရသဖြင့် ဆက်ကာ ဆက်ကာ ဘဲဥကိုထုခွဲ၍ ခွာသလို ဆက်လက်၍ ခွာလေရာ အတွင်းကျောက်၏ သဏ္ဌာန်သည် တစ်စတစ်စ ပေါ်၍ လာလေ၏ ။

ထိုသဏ္ဌာန်မှာ ကိုယ်ခန္ဓာ၏ အောက်ပိုင်း ဖြစ်လေရာ ခါး ၊ တင်ပါး ၊ ဖောင်းကားသော ဝမ်းစပ်နှင့် ပေါင်တစ်ခြမ်း ဖြစ်သဖြင့် ဆက်လက်၍ ခွာရာ ခါးမှ ခြေဖျားတိုင် အလွန်တရာမှ လှပကျော့ရှင်းသော ကိုယ်တုံးလုံး မိန်းမသဏ္ဌာန် ပေါ်၍ လာလေ၏ ။

စောလှိုင်သည် ထိုသဏ္ဌာန် ပြေပြစ် ၊ လှပခြင်းကို ကြည့်၍ရှု၍ မငြီးသကဲ့သို့ ဖြစ်ကာ အထက်သို့ ဆက်လက်၍ ခွာလေရာ လည်ပင်း အထိ ပေါ်လာပြန်လေလျှင် အလွန်တရာ အထုကောင်းသော ရှေးပန်းပုဆရာ တစ်ယောက်၏ လက်ဖြင့် ထုလုပ်သော ကျောက်ရုပ် ဖြစ်သည်ကို တွေ့ရှိရလေ၏ ။ ရင်ဘတ်မှာ အလွန်တရာ ပီသလေ၏ ။ နှစ်ပေါင်း ရာထောင်ကုန်၍ လာသော်လည်း အပေါ်၌ အကာလွှမ်းအုပ်သဖြင့် ပျက်စီးခြင်းမရှိဘဲ ပကတိ ထုလုပ်စ အခါက ကဲ့သို့ ရှိနေဟန် တူလေ၏ ။

စောလှိုင်သည် ထိုလှပကျော့ရှင်းသော ကျောက်ကိုယ်ကို ချစ်ကြိုက်၍ လာသကဲ့သို့ ဖြစ်လေရာ ဤမျှလောက် လှသော ကိုယ်ခန္ဓာပိုင်ရှင် မျက်နှာသည် အဘယ်မျှလောက် လှပမည်ကို စဉ်းစားပြီး မျက်နှာမှာ ပျက်စီးခြင်း မဖြစ်ရလေအောင် အထူးသတိပြုကာ ဦးခေါင်းကို ခွဲလေရာ နောက်ဆုံး၌ မျက်နှာနှင့် ဦးခေါင်းသည် ပေါ်၍ လာလေသတည်း ။

ဦးခေါင်းမှာ ကပ်လျက်ရှိသော ဆံပင်၏ ပုံပေါ်၌ ပန်းခွေကို တင်၍ ထားလေ၏ ။ ကျောက်ပန်းခွေမှာ လွန်စွာ လှပသဖြင့် လှပသော နဖူး၌ မျက်ခုံးအနီးသို့ တိုင်အောင် အုပ်နေလေရာ မျက်ခုံး ၊ မျက်လုံး ၊ နှာတံ ၊ နှုတ်ခမ်း ၊ လည်တိုင်တို့မှာ လူ့ပြည်တွင် တစ်ရံတစ်ခါမျှ မိမိ မတွေ့ဖူးသော အလှ၏ သဏ္ဌာန် ဖြစ်သည်ကို တွေ့ရှိရ၍ စောလှိုင်သည် ကြည့်ရင်းကြည့်ရင်း ထိုရုပ်ပုံကို တိုး၍ ချစ်ကြိုက်သလို ဖြစ်၍ လာလေသတည်း ။

၎င်း၏ နှုတ်ခမ်းကလေးများသည် စောလှိုင်ကို ပြုံးလျက် ကြည့်၍ နေသည်ဟု မှတ်ထင်ရလေ၏ ။ စောလှိုင်သည် မိမိ၏ အဖော်များကို လှမ်း၍ ကြည့်ပြီး ၎င်းကျောက်ရုပ်ကို ငုံ့၍ နမ်းလေ၏ ။ ရေထဲ၌ လှဲအိပ်ကာ ထိုကျောက်ရုပ်ကို ပွေ့၍ ထားလေ၏ ။ ထိုနောက် တအား ပွေ့ထူကာ ချုံများ မိုးကာ၍ ထားသော နေရာအောက်ရှိ သဲများပေါ်သို့ တင်ရန် အဆွဲမှာ အထက် ဖော်ပြခဲ့သော လက်စွပ်ဝတ်သည့် လက်မှာ ပြတ်ကျ၍ ကျရစ်လေ၏ ။ ၎င်းကျောက်ရုပ်ကို သေချာစွာ သဲပေါ်၌ ထားပြီး သစ်ကိုင်းများနှင့် အုပ်ပြီးနောက် လက်မောင်းကို ရှာဖွေ ရာ မတွေ့သဖြင့် ၎င်းလက်မောင်းမှာ အဖျားရှိ လက်ချောင်းများလည်း မရှိတော့သည် ဖြစ်သောကြောင့် ရှိပါစေတော့ဟု စိတ်၌ အောက်မေ့ပြီး မိမိ၏ ဆင်းတုကို အတန်ကြာ သွား၍ ကြည့်နေပြီးနောက် အိပ်ချင်သလိုလို ဖြစ်သဖြင့် ကုန်းပေါ်သို့ တက်ကာ အဝတ်များကို ဝတ်ပြီး တစ်ခုသော နေရာ၌ ပက်လက်လှန်ရင်း ရရှိသော လက်စွပ်ကို ကြည့်၍ နေလေသတည်း ။

ထိုသို့ ကြည့်နေရာမှ မိမိ ဆင်းတုထားခဲ့သော နေရာကို လှမ်း၍ ကြည့်လိုက်သော အခါ ချုံများ လှုပ်ရှား၍ လာသည်ကို မြင်ရလေသတည်း ။ ထိုအခါ စောလှိုင်သည် ထိတ်ခနဲ ဖြစ်ပြီး ချုံထဲ ဘာကောင်များ ထွက်၍ လာမလို့ပါလိမ့် ။ သစ်လား ၊ ကျားလား ၊ ဝံလား ၊ အမဲသားကောင်လား ဟု စဉ်းစား၍ နေခိုက်တွင် ထွက်ပေါ်၍ လာသော သဏ္ဌာန်ကို မြင်ရ သောအခါ လွန်စွာ အံ့အားသင့်၍နေလေ၏ ။ အကြောင်းမူကား ထိုသဏ္ဌာန်သည် ဦးခေါင်း၌ ပန်းတွေ ဝေလျက် ဆံပင်ကို ဖားလျားချကာ ဝတ်လစ်စားလစ်ပေါ်၍လာသော သဏ္ဌာန် ဖြစ်လေသတည်း ။ ထိုသဏ္ဌာန်သည် ပြုံးရွှင်သော မျက်နှာနှင့် မိမိကို စိုက်ကာ ကြည့်၍ နေလေ၏ ။ မကြာမီ ဖြည်းညင်းသော လေပြည်သည် ခပ်ပြင်း ပြင်းလေး ဝှေ့တိုက်လှုပ်ရှား၍ လာလေရာ မိန်းမပျို ကလေး၏ ဆံပင်မှာ လေထဲတွင် ဝဲပျံလျက် ဦးခေါင်း၌ ပန်၍ ထားသော ပန်းများမှာ လေထဲတွင် လွှင့်၍ ကျတော့ မလို ဖြစ်လေ၏ ။

ထိုမိန်းမပျိုကလေး၏ သဏ္ဌာန်မှာ မိမိ တွေ့ရှိရသော ကျောက်ရုပ်၏ သဏ္ဌာန်နှင့် တစ်ထပ်တည်း တူ၍ နေသဖြင့် စောလှိုင် အံ့သြ၍ နေလေ၏ ။

စောလှိုင်သည် ၎င်းကို ပြန်၍ ပြုံးလေရာ ၎င်းမိန်းမပျိုကလေးသည် အပါးသို့ ကပ်ရောက်လာပြီးလျှင် လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ ထိုလက်၌ ကလပ် နှင့် တူသော ငွေခွက်တစ်ခုကို မြင်ရလေ၏ ။ ထိုငွေခွက်ကို ၎င်းမိန်းမပျိုက စောလှိုင် အား ပေးပြီး သောက်သောက်ဟု ပြောသဖြင့် စောလှိုင်သည် ငွေခွက်ကို ကိုင်ယူ၍ နီဝင်း တောက်ပ ရွှေအဆင်းနှင့် တူလှသော မွှေးကြိုင်သော အရသာကို မော့၍ သောက်လိုက်ရာ အလွန်တရာ ချိုမြိန်လေးနက်သော အရသာကို တွေ့ရှိရလေ၏ ။ မိန်းမပျို ကလေးသည်ကား ပြုံးလျက် ခွက်ကို ပြန်ယူပြီး စောလှိုင် ၏ အပါး၌ ပုဆစ်တုပ်ကာ ထိုင်လေ၏ ။ စောလှိုင်မှာ သောက်ရသော အရသာဖြင့် အလွန်တရာ ပျော်ရွှင်လျက် နှလုံးသွေး ကြည်လင်၍ လာပြီး မင်း ဘယ်သူလဲ ၊ မင်း ဘယ်အမျိုးအနွယ်လဲ ၊ ဘယ်ကလဲ ဟု မေးရင်း လှဲ၍ နေရာမှထကာ ပျော့ပျောင်း ချောညက်သော ကိုယ်ကို ရင်ခွင်ထဲသို့ ပွေ့ယူလိုက်လေ၏ ။ မိန်းမပျိုကလေးသည် မငြင်းမဆန်ဘဲ ပြုံးရွှင်သော မျက်နှာနှင့် မောင်စောလှိုင်၏ မျက်နှာကို ကြည့်ကာ ..

“ ခု ကျွန်မ ပေးတဲ့ ဆေးရည်ဟာ ရှင့် မှတ်ဉာဏ် သတိကို နိုးအောင် နှိုးတဲ့ ဆေးပါ ၊ ရှင့်သတိဟာ ခုတင်က ကျောက်ဆင်းတုမှာ ကပ်နေတဲ့ အပြင် ၊ ကျောက်သားတွေလို တစ်ခုခု ပိတ်ကာထားတာကို ခံနေရပါတယ် ။ အခု ကျွန်မ ပေးတဲ့ ဆေးအစွမ်းကြောင့် အကာတွေ ကွာကျပြီး ဟော ... စိတ်ထဲမှာ လင်းပြီး မလာဘူးလား ”

“ ကိုမာလာ ... ကျွန်မလေ .. မဇေနီလေ ၊ သတိမရ သေးဘူးလား ၊ ဟော ... ဟော ... သတိရလာပြီ ၊ ရှင့်မျက်လုံးများ လင်းလာပြီ ၊ ကိုင်း ... မှတ်မိပြီလား ၊ ဖေဖေတို့ မေမေတို့က ကျွန်မကို အခန်းထဲမှာ လှောင်ထားကြတယ် ၊ ကျွန်မကို ကျွန်တစ်ယောက် ပြတင်းပေါက်က ချပေးလို့ ကိုမာလာ ဆီကို ကျွန်မ ပြေးလာခဲ့တယ် ”

မောင်မာလာသည် နှစ်ဦးနှစ်ဖက် မိဘများက ခွဲ၍ ထားသဖြင့် ကွဲ၍ နေသောကြောင့် စိတ်ပျက်ကာ လူဆိုး ၊ ဓားပြနှင့် ပေါင်းပြီး ဝိဇယမင်းသား၏ တပ်ထဲ၌ ပါဝင်လျက် ဆိုးချင်တိုင်း ဆိုး ၊ ပေချင်တိုင်း ပေ၍ နေရာတွင် မိမိ၏ ချစ်သွေး မဇေနီကလေး ကို ပြန်၍ တွေ့ရသော အခါ အတိုင်းမသိ ဝမ်းသာလျက် ပွေ့ယူနမ်းရှုပ်ကာ ...

“ ကိုင်း ... မ ... ယနေ့က စပြီး နှမနဲ့ မောင် ဘယ်တော့မှ မခွဲကြရတော့ဘူး ” ဟုပြောကာ မောင်မာလာ သည် မိမိ၏ လက်မှ ပတ္တမြားလက်စွပ်ကို ချွတ်ကာ မဇေနီ၏ လက်ခလယ်သို့ စွပ်သွင်း၍ ပေးလိုက်လေ၏ ။ မဇေနီမှာ ထိုကဲ့သို့ မောင်မာလာနှင့် စကားပြောဆို နေရင်း ရွှေငွေရတနာများနှင့် တစ်ကိုယ်လုံး

သေး၍ နေသော ဆာဒီလိုနှင့် ဖာရစီမကလေးလိုလို ဖြစ်၍ လာလေ၏ ။

မောင်မာလာလည်း အလွန်တရာ အဖိုးတန်သော ပိုးထည်ကိုယ်ရုံနှင့် ရောမလူမျိုး၏ ပုံသဏ္ဌာန်လိုလို ဖြစ်၍နေလေ၏ ။

ထိုအခါ၌ ဝိဇယမင်းသား၏ တပ်စခန်းသည် မြို့ငယ်ကလေး တစ်ခုနှင့် မနီးမဝေး နေရာ တစ်ခုတွင် စခန်း ချ၍ နေလေ၏ ။

နောက်တစ်နေ့၌ မောင်မာလာသည် မိမိ၏ ချစ်သူ ဇနီး မဇေနီပါ ဝိဇယမင်းသား ရှေ့တော်သို့ သွင်းပြီးလျှင် အကျိုးအကြောင်း ပြော၍ ပြလေရာ မင်းသားသည် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် နောက်တစ်နေ့တွင် တပ်ထဲ၌ ရဲမက်ဗိုလ်ပါအပေါင်းတို့ ခြံရံလျက် ကြီးစွာသော ထိမ်းမြားမင်္ဂလာပွဲကြီးကို ကျင်းပ၍ နေကြ လေသတည်း ။

ထိုအခိုက်တွင် ပြင်းထန်သော အသံများကို ကြားကြ ရလေရာ ထွက်၍ ကြည့်ကြလျှင် မင်းသား၏ ဖခင် သီဟဗာဟု ဘုရင်မင်းမြတ်၏ တပ်ကြီး ဆိုက်ရောက်၍ လာသည်ကို မြင်ကြရလေသတည်း ။

စစ်ခရာသံတို့သည် တစ်မိုးလုံး ညံလေ၏ ။ မကြာမီ ဝိဇယမင်းသား၏ တပ်ကို ဘုရင်မင်းမြတ်၏ တပ်တော်သည် ခိုက်ရန်တိုက်လေရာ ဝိဇယမင်း၏ တပ်သည်လည်း မမျှသော အင်အားနှင့် ခုခံလေ၏ ။ ညဉ့်နေဝင်ခါနီးအချိန်သို့ ကျရောက်၍ အနောက်ဘက်၌ နေစက်ဝန်းကြီးသည် တစ်ပိုင်း ပြုတ်၍ သွားလေ၏ ။

စစ်မြေပြင် တစ်ခုလုံးမှာ အတုံးအရုံး သေကြသော လူသေကောင်တို့ အလယ်၌ ဖြစ်ကာ ဝိဇယမင်းသားသည် မိမိ နောက်ပါ မသေ ကျန်ရှိသူများနှင့် လုံးပန်းပစ်ကာ လိုက်ပါ၍ သွားရာတွင် မောင်မာလာသည် မဇေနီ နှင့် အတူ ပါသွားလေသတည်း ။

••••• ••••• •••••

အခန်း ( ၂ )

မာလဘာကမ်းခြေ၌ လူထုအင်အား မြောက်မြားစွာတို့သည် စုရုံးဆူညံ၍ နေကြလေ၏ ။ ခွဲခွာကြရမည် ဖြစ်သော ဆွေမျိုးဉာတိတို့သည် တစ်ယောက်ကို တစ်ယောက် ဖက်ကာ ငိုကြွေးကြလေ၏ ။ မှိုင်းညိုပိတ်ဆို့သော ကောင်းကင်သည် တစ်ကျွန်းအပြစ်ဒဏ်နှင့် သွားကြရမည့် သူတို့အား တွေ့ကြုံလတ္တံ့သော ဘေးရန် အပေါင်းတို့၏ ကြီးကျယ်သော နိမိတ်ကို ပြသည်နှင့် တူလေ၏ ။

မကြာမီ လျှပ်စစ်မိုးပန်းတို့သည် တစ်ခဲနက် မြည်ချုန်းကာ ပြိုးပြိုးပြက်ပြက် လှုပ်ရှားကြလေ၏ ။ လျင်မြန်သော လေသည် ပင်လယ်ကို ကြွမြောက်၍ ပေးလေ၏ ။ ကမ်းခြေ တစ်လျှောက်ရှိ သစ်ပင်တို့သည် လှုပ်ယမ်းကာ သွားကြမည် ဖြစ်သော သူတို့ကို နှုတ်ဆက်ပြလေရာ ဘုရင်မြတ်၏ မယ်တော်မှာ နောက်တော်ပါ ရံရွေအပေါင်းတို့နှင့် တစ်ခုသော ကျောက်စွန်း၌ ရပ်တန့်ပြီး သားတော် ဝိဇယမင်းသားကို နှုတ်ဆက်ကြလေရာ မယ်တော်မှာ ပင်လယ်ကမ်းခြေ၌ လူးလှိမ့် ငိုကြွေးရှာလေ သတည်း ။

ထွက်ရမည့် အချိန်သည် နီးကပ်၍ လာလေ၏ ။ ဖောင်များကို အဆင်သင့် ပြင်ပြီးကြလေ၏ ။ ထွက်ရန် အချိန်ကို ခရာသံနှင့် အချက် ပေးလေရာ ထွင်းဖောက်သော ထိုအသံသည် ဝိဇယမင်းသား နောက်ပါ လူစုများနှင့်အတူ ရောက်ပါမည့်အကြောင်းကို လန်ကကျွန်း သို့ သွားရောက်ကာ သတင်းပို့သည်နှင့် တူလေသတည်း ။

ဝိဇယမင်းသားနှင့် နောက်ပါ တပ်သားတို့သည် ဖောင်များပေါ်သို့ တက်ကြလေရာ မာလာမှာ ဝိဇယမင်းသား၏ ဖောင်တော်ပေါ်သို့ရောက်၍ ဇေနီမှာ အခြား ဖောင်ပေါ်သို့ ရောက်လေသဖြင့် ၊ တစ်ယောက်ကို တစ်ယောက် လက်ပြရင်း ဖြင့်သာ လိုက်ပါ၍ သွားကြရလေ၏ ။

ဖောင်ပေါ်က လူများနှင့် ဆိပ်ကမ်းတွင် ကျန်ရစ်ကြကုန်သော လူအပေါင်းတို့ တကြော်ကြော် ၊ အော်ဟစ် နှုတ်ဆက် ၊ ငိုကြွေးမြည်တမ်းကြလေ၏ ။

ထိုအခါ လေကောင်းသဖြင့် ဖောင်များမှာ လျင်မြန်စွာ ကမ်းနှင့် ဝေး၍ သွားကြပြီးနောက် နေထွက်သည်နှင့် တစ်ပြိုင်တည်း မာလဘာကမ်းခြေလည်း ကွယ်ပျောက်၍ သွားလေသတည်း ။

ပင်လယ်ထဲ၌ သုံးရက်ကျော်ခန့် ကြာလတ်သော အခါ လေပြင်းမုန်တိုင်း ကျ၍ လာလေ၏ ။ မာလာ လိုက်ပါသော ဖောင်သည် ဇေနီ လိုက်ပါသော ဖောင်နှင့် များစွာ ဝေးကွာ၍ သွားလေ၏ ။ ပင်လယ်လှိုင်းများသည် တစ်ခုသော ဖောင်မှာ တောင်လို မောက်၍ လာကြလေရာ အခြား တစ်ခုသော ဖောင်ကို မမြင်နိုင်အောင် ပိတ်ကွယ်ခြင်းကို ခံကြရလေ၏ ။

လေသည် မရပ်မနားဘဲ တိုး၍သာ လာလေ၏ ။ နေ့လယ်အချိန်သည် မည်းလွင်သော ကောင်းကင် ကြောင့် ညပမာ ဖြစ်နေလေ၏ ။ ဖောင်များသည် နီးကပ်အောင် ကြိုးစားကြသော်လည်း ဝေးကွာ၍ သွားလေ၏ ။ မာလာသည် ဖောင်ပေါ်၌ ရပ်ကာ ကြည့်လေရာ တစ်ချက် တစ်ချက်တွင် မာလာ ကဲ့သို့ လည်ကို ဆန့်ကာ ရှုမျှော်၍ နေသော ဇေနီ၏ သဏ္ဌာန်ကို မြင်နိုင်လေသတည်း ။

ထိုကဲ့သို့ လေသည် သုံးနာရီခန့်ကြာ ပြင်းထန်စွာ တိုက်လေရာ ဇေနီ ပါသောဖောင်သည် ပျက်လုခမန်း လှုပ်ရှားနေသည်ကို မြင်ရလေလျှင် မာလာ၏ စိတ်၌ ... “ ထိုဖောင် ဧကန္တ ပျက်တော့မည် ၊ ဤမျှလောက် ကြမ်းကြုတ်သော ပင်လယ်၌ ထိုးဖောက်ထိုးကျင်ခြင်းတို့သည် ဖရိုဖရဲဖြစ်အောင် လုပ်တော့မည် ။ ငါသည် ၎င်းဖောင်ကို ရောက်အောင် ကြိုးစားမှ ငါ၏ ချစ်သူနှင့် သေလျှင် အတူ ၊ လည်ကို ဖက်၍ သေရဖို့ရှိ၏ ” ဟု အောက်မေ့ကာ ၊ မည်သူမျှ တားဆီးအော်ဟစ်ခြင်းကို နားမထောင် ။ ဝိဇယမင်းသား၏ အမိန့်အာဏာကိုပင် ငြင်းပယ်ကာ ဖောင်ပေါ်မှ ရေထဲသို့ ခုန်ဆင်းပြီးလျှင် အားရှိသလောက် စွန့်စားကာ လှိုင်းပေါ် တစ်လှည့် လှိုင်းအောက် တစ်ခါ မြုပ်ချည်ပေါ်ချည် ကူးရှာလေသည် ။ ဖောင်ပေါ်က လူများသည် ၎င်းကို ခေတ္တမျှသာ သတိရကြလေ၏ ။

အကြောင်းမူကား မိမိတို့၏ အသက်ဘေး အတွက်လည်း မာလာ၏ အသက်ဘေးနှင့် မခြားမနား ပူပင် ကြရသောကြောင့် ဖြစ်၏ ။

ထိုကဲ့သို့ ကူးခိုက်တွင် ဇေနီ၏ ဖောင်သည် ပျက်စီး၍ သွားလေ၏ ။ သို့ပျက်စီးသော်လည်း မာလာသည် ပင်လယ်လှိုင်းတို့၏ ပိတ်ကွယ်ခြင်းဖြင့် မမြင်ရချေ ။ ကူးမြဲတိုင်းသာ ဆက်လက်၍ ကူးလေ၏ ။

ထိုကဲ့သို့ အတန်ကြာ ကူး၍ နေရာတွင် လက်ပန်း ခြေပန်း ကျ၍ လာလေ၏ ။ မှောက်ခုံကူးရာမှ ပက်လက်လှန်၍ ကိုယ်ကို ဖော့ကူးလိုက်လေ၏ ။ ထိုကဲ့သို့ ဖော့၍ ကူးလိုက်သောအခါ၌ လှိုင်းများ ထကြွသည်ကို မသိရ ။

တစ်ခါတစ်ခါ၌ လင်းခနဲ ၊ တစ်ခါတစ်ခါ ရေလွှမ်းသဖြင့် မိုက်ခနဲ နေသည်ကိုသာ သိရလေသည် ။ ထင်းခနဲ နေသည့်အခါ လှိုင်းထိပ်ပေါ်သို့ ရောက်လေ၏ ။ မိုက်ခနဲ ဖြစ်သောအခါ၌ လှိုင်းအောက်သို့ ရောက်လေ၏ ။ ထိုကဲ့သို့ မြင့်ချည်ကျချည်နေသည်ကိုမူကား မိမိကိုယ်တိုင် မသိရချေ ။ မျက်နှာပေါ်၌ မိုး၍နေသော မိုးမှာ အမှတ်အသား တစ်စုံတစ်ရာ မရှိသဖြင့် လှိုင်းထဲ၌ မိမိကိုယ်ခန္ဓာ ကြွချည်ကျချည်သည် ဖြစ်နေသည်ကို သိဖို့ရန် ခက်လေ၏ ။ အကြောင်းမူကား လှိုင်းပေါ်၌ အငြိမ့်စီးသူတို့မှာ ပက်လက်နေလျှင် တက်ခြင်း ၊ ကျခြင်း တစ်စုံတစ်ရာကို မျက်စိဖြင့် ကြည့်ကာ နှိုင်းယှဉ်၍ မသိရသောကြောင့် ငြိမ့်သည်ကို မသိရချေ ။

အတန်ကြာ ပက်လက် နေသောအခါ ကိုယ်သည် လေးလံ၍ မြုပ်တော့မည် ဖြစ်သောကြောင့် တစောင်း လှည့်၍ ရှေ့သို့ ထိုးခတ်လိုက်သည်တွင် မာသောအရာ တစ်ခုကို လက်နှင့် ထိမိသဖြင့် မြဲစွာ ကိုင်၍ ထားရာ အတော်ကြီးမား ထူထဲသော ပျဉ်းပြားကြီး ဖြစ်သည်ကို သိရလေ၏ ။ ၎င်းပျဉ်ပြားကြီးသာ မကဘဲ ထိုပျဉ်ပြား၌ ကပ်ပါ၍ နေသူမှာ မဇေနီ ဖြစ်သည်ကို တွေ့ရှိရသော အခါ မာလာမှာ အားတက်၍ လာလေ၏ ။

လျော့သော အားတို့သည် အကုန် ပြန်ရောက်၍ လာလေ၏ ။ လက်တစ်ဖက်က ပျဉ်ကို ကိုင်လျက် တစ်ဖက်က ဇေနီ ကို မလေ၏ ။

ဤနေရာ၌ မောင်စောလှိုင်၏ စိတ်တော်မှာ မိုက်မှောင်ကြီးသို့ ဝင်နေသဖြင့် အဘယ်ပုံ ဖြစ်လေသည်ဟု မမှတ်မိဘဲ နေလေ၏ ။

အဘယ်နည်း ၊ အဘယ်ပုံ ဖြစ်သည်ဟု မသိရဘဲ ဇေနီနှင့် မာလာသည် တစ်ယောက်၏ လက်ကို တစ်ယောက် ဖက်ကာ တစ်ခုသော တောင်ခြေရင်းသို့ ရောက်၍ နေကြလေသတည်း ။

၎င်းတောင်ခြေရင်း၌ မွတ်သိပ်ဆာလောင်ခြင်း ဖြစ်ကြသဖြင့် စားစရာ လိုက်လံရှာဖွေကြလေလျှင် အုန်းတောသစ်တောသို့ ရောက်ကြလေရာ လူတစ်ရပ် လက်ခုပ် တစ်ဖောင်မျှမြင့်သေ သော အုန်းပင်မျိုးများမှ အုန်းသီးများကို ခူးဆွတ်ကာ ကျောက်ခဲများနှင့် အခွံကို ထုချေ၍ စားကြရလေ၏ ။

ထိုကဲ့သို့ စားသောက်၍ ပြီးသည့်နောက် စမ်းချောင်း တစ်ခုမှ ရေကို သောက်ပြီး နှစ်ယောက် လည်ချင်းယှက်ကာ အိပ်ကြလေ၏ ။ အိပ်နေရာမှ ဆူညံသော အသံများကြောင့် လန့်၍ နိုးကြလေ၍ ထိုအသံများသည် အဘယ်သို့သော အသံများ ဖြစ်ကြသည်ကို နားထောင်၍ နေကြစဉ် ၎င်းအသံများသည် နီးကပ်၍လာသဖြင့် လိုက်၍ ကြည့်ရှုရာ တောင်ပေါ်နှင့် တောင်အောက် အပြင်းအထန် တိုက်ခိုက်၍ နေကြသော ကြက်တောင်စိုက် လူရိုင်းတွေကို မြင်ရလေ၏ ။ ထိုလူရိုင်းများသည် တောင်စောင်း တစ်လျှောက်လုံးမှာ မည်း၍ နေကြလေ၏ ။ လှံတွေ ၊ ဓားတွေ အရောင်သည် နေရောင်တွင် လျှပ်စစ်ပြက်သလို တဝင်းဝင်း တပြောင်ပြောင် တောက်ပ၍ နေလေ၏ ။ အထက်မှ အောက်သို့ လှိမ့်၍ ချသော ကျောက်တုံးကြီးများသည် မိုးချုန်းသလို မြည်၍ သက်ဆင်းကျလာလေ၏ ။ အာကာသ ကောင်းကင်၌ မြားတို့သည် ဝင်းခနဲ လက်ခနဲ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သော အရောင်နှင့် ပျံသန်း ၍နေကြလေ၏ ။

ထိုအခါ မာလာနှင့် ဇေနီသည် ကြောက်မက်ဖွယ် ကောင်းသော လက်နက်ဘေးမှ လွတ်ရန် တစ်ခုသော ချောက်ထဲသို့ ဝင်ကြရလေ၏ ။ မိုးချုန်းသံနှင့် တူသော ကျောက်တုံးလှိမ့်သံတို့သည်ကား မရပ်မစဲ မြည်၍သာ နေလေ၏ ။ သားရဲတိရစ္ဆာန်တို့၏ အသံနှင့် တူသော လူရိုင်းတို့၏ အသံသည် အသည်းနှလုံးကို တုန်လှုပ် စေ၏ ။

အသံတို့သည် တိုးတက် နီးကပ်၍ လာကြလေ၏ ။ ထိုအခါ မာလာသည် ဇေနီကို ချောက်ထဲ၌ ထားခဲ့ပြီး ထွက်၍ ကြည့်လေရာ တောင်အောက်ရှိ လူရိုင်းများသည် စစ်ရေးနိမ့်လျက် ကစဥ့်ကရဲ ပြေးကြသည်ကို မြင်ရလေ၏ ။

၎င်းတို့ကို ကြည့်၍ နေခိုက်တွင် လူရိုင်းတစ်ယောက် သည် တောင်ပေါ်မှ လိမ့်ကျလာရာ မာလာ၏ အနီးသို့ ရောက်၍လာပြီး ဒဏ်ရာနှင့် သေလေ၏ ။ မာလာသည် ကပျာကယာ ၎င်းကိုယ်၌ ရှိသော လက်နက်များကို ဖြုတ်ယူကာ မိမိကိုယ်၌ တပ်ဆင်ပြီးလျှင် အထက်ထက်က ဝိဇယမင်းသား၏ တပ်၌ အမှုထမ်းခဲ့သဖြင့် များစွာ ကျင်လည်ပြီးသော လေးအတတ်ကို အသုံးပြုကာ ရှုံးသူတို့ ဘက်မှ နေ၍ ခုခံ တိုက်ခိုက်လေ၏ ။

မိမိ၏ မြားတစ်စင်း အရှိန်သည် အခြား လူရိုင်းတို့ ၏ မြားအစင်း တစ်ရာလောက် ပြင်းထန်သဖြင့် စစ်ရေး သာ၍ လာသော လူရိုင်းတပ်မှာ ရုတ်တရက် အံ့အား သင့်ပြီးလျှင် ရပ်တန့်၍သွားလေ၏ ။ အရေးနိမ့်၍ ပြေးကြသော လူရိုင်းများမှာလည်း ရုတ်တရက် ချက်ချင်း စစ်တပ်ကို ဘီလူးဝင်၍ ကူသလို ဖြစ်ကာ အားတက်လျက် ဆုတ်ခွာသော ဒီလှိုင်းသည် တစ်ဟုန်တည်း အရှိန် နှင့် ပြန်၍ ရိုက်သလို တောင်ခြေသို့ ပြန်၍ ကပ်ရုံမက ခေါင်းဆောင်သော မာလာ၏ နောက်မှ စုရုံး၍ ရောက်ကြ လေ၏ ။

မာလာသည် တောင်ပေါ်ရှိ လူရိုင်းတို့ကို ပစ်၍ ချလေရာ လူရိုင်းများလည်း မြားသင့်သည့် မျောက်တွေ အလား အတုံးအရုံး လိမ့်လျှောသက်ဆင်း၍ ကျလေ၏ ။

အတန်ကြာသောအခါ မာလာ၏ တပ်သည် တောင်ခုလတ်သို့ ရောက်လေလျှင် ပထမ အရေးသာသော တပ်သည် ကွဲပြိုပျက်စီးလွင့်ပါး၍ ကွယ်ပျောက်၍ သွားလေ၏ ။

လူရိုင်းများသည် မာလာကို ဝိုင်းရံ ရှိခိုးကြလေ၏ ။ လူရိုင်းဗိုလ်ကြီးသည် မာလာ၏ ခြေကို ငုံ့နမ်းလေ၏ ။ မာလာသည် ခါးထောက်ကာ ၎င်းလူရိုင်းဗိုလ်၏ ကျောပေါ်သို့ မိမိ၏ ခြေကို တင်လေ၏ ။ ထိုအခါ လူရိုင်း အပေါင်းတို့သည် သာ၍ ကြောက်ရွံ့ ရိုသေကြလျက် မြေကို နဖူးနှင့်တိုက်ကာ အရိုအသေ ပေးလေသတည်း ။ ထို့နောက် မာလာသည် ဇေနီကို သတိရသဖြင့် တောင်ပေါ်မှ နောက်ပါ လူရိုင်းများနှင့်အတူ ဆင်း၍ လာပြီး ဇေနီကို ချောက်ထဲ၌ ရှာလေ၏ ။

လူရိုင်းတို့သည် ဇေနီကို တွေ့ကြသောအခါ ဦးနှိမ် ချကာ အရိုအသေ ပေးကြပြီးလျှင် တောပန်းတို့ကို ခူး၍ ဝါးများကို ခုတ်ကြလျက် ပြာသာဒ်ပြုလုပ်ကာ ဇေနီနှင့် မာလာကို တင်ကြပြီးလျှင် တောင်သုံးလုံးကို ကျော်၍ ဆောင်ယူသွားကြလေရာ သစ်တပ်ဖြင့် ခိုင်လုံစွာ ဆောက်လုပ်၍ ထားသော မြို့သို့ ရောက်ကြလေ၏ ။ ထိုအခါမှ ဤမာလာနှင့် ဇေနီသည် ၎င်းမြို့တွင် မင်းလုပ် အုပ်ချုပ်၍ နေကြလေသတည်း ။

သို့ အုပ်ချုပ်၍နေရာ နှစ်ပေါင်း အတော်ကြာ၍ သွားလေ၏ ။

တစ်နေ့သ၌ မာလာနှင့် ဇေနီသည် နောက်ပါ အခြွေအရံများနှင့် တောကစားသွားရာတွင် မြွေပေါက်၍ ဇေနီ သေဆုံးလေရာ မာလာမှာ မိမိ၏ မယားအလောင်းကို မစွန့်ရက် မခွာချင် ဖြစ်သဖြင့် ထိုနေရာ၌ ဇေနီ၏ ရုပ်ပုံကို ကျောက်ဖြူဖြင့် ထုလုပ်၍ ၎င်းရုပ်ထု၏ လက်မှာ ဇေနီ၏ လက်မှ လက်စွပ်ကို တပ်၍ပေးပြီး ခိုင်လုံသော အဆောက်အအုံ၌ ထိုကျောက်ရုပ်ကို တင်ထားကြလေ သတည်း ။

မာလာသည် ထိုကျောက်ရုပ်ကို ဖက်ကာ ငိုကြွေး၍ နေခိုက်တွင် အရှင်မင်းကြီး ကျောက်ရုပ်ဆင်းတုကို တပ်မက်စွဲလမ်း၍ နေတော်မူသဖြင့် တိုင်းပြည်အုပ်ချုပ်ခြင်းအရေးကို မေ့လျော့ကာ နေဖို့ မသင့် ၊ ပြည်တော်ကို ပြန်တော်မူပါဦးဘုရားဟု ခြေကို ကိုင်ကာ အမတ်ကြီး တစ်ပါးက တောင်းပန်သဖြင့် ကြေကွဲသော စိတ်နှင့် အားယူကာ ထလိုက်လေလျှင် စောလှိုင်၏ အဖော် ဓားပြများသည် အထုပ်အပိုးများ ပြင်ကာ ခရီးဆက်လက်၍ သွားရန် အသင့်ရှိကြသည်ကို တွေ့မြင်ကြရလေသတည်း ။

ထိုအခါ စောလှိုင်သည် နေကို ကြည့်လိုက်သော အခါ မိမိ အိပ်မပျော်မီ အမှတ်အသားပြု၍ ထားသော နေရာမှ တစ်ထွာခန့်သာ အောက်သို့ တက်သဖြင့် နာရီဝက်မျှကြာစွာ မအိပ်ရသေးကြောင်း သိရလေသတည်း ။

စောလှိုင်သည် ထိုအခါမှ စ၍ ထိုကျောက်ရုပ်ကို တပ်မက်ကာ ထိုအရပ်မှ မသွားဘဲ မိမိ၏ လူများနှင့် အတည်တကျ နေထိုင်လေရာ တစ်နေ့သော နေ့၌ အရိုင်းအစိုင်းများ နေသော ရွာထဲသို့ ရောက်၍ သွားရာတွင် ၎င်းကျောက်ရုပ်နှင့် များစွာ အသွင်တူသော အရိုင်းမကလေး တစ်ယောက်ကို တွေ့ရသဖြင့် ထိုအရိုင်းမကလေးနှင့် အကြောင်းပါပြီးလျှင် ထိုကျောက်ရုပ်ကို အိမ်ဦးခန်း၌ ထားကာ ယဉ်ကျေးသော လူ့ရပ်ရွာသို့ မပြန်ဘဲ တောတောင် အရိုင်းအစိုင်း အလေ့အတိုင်း ပျော်ပိုက်၍ နေလေသတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

အကြွေကောက်ကြယ်


❝ အကြွေကောက်ကြယ် ❞ 
( တေဇလင်း - နည်းပညာတက္ကသိုလ် )    

ဆိုင်ကလေးထဲကို ကျွန်တော် ရောက်သွားချိန်မှာ ကျွန်တော်က လွဲပြီး အခြားဝိုင်း တစ်ဝိုင်းမျှ ရှိမနေသော အချိန်ဖြစ်သည် ။ ထုံးစံအတိုင်း မျက်မှန်းတန်းမိစ ပြုနေသည့် ဆိုင်ဝန်ထမ်းမလေးတွေဆီမှာ ကော်ဖီစေ့စစ်စစ် ကြိတ်ကာ လတ်လတ်ဆတ်ဆတ် ဖျော်ပေးသော Cappuccino တစ်ခွက် မှာလိုက်သည် ။

ထိုင်နေကျ ဝိုင်းမှာ ထိုင်ပြီး အပြင်ဘက်ကို ငေးမော စောင့်ဆိုင်းနေခဲ့လေသည် ။ အစဉ်သဖြင့် မဟုတ်သော်လည်း အခါအားလျော်စွာ ဒီဆိုင်လေးဘက် ရောက်တိုင်း ကျွန်တော် ဝင်ထိုင်နေကျဖြစ်သည် ။ မြို့လယ်ကောင်ကျပေမဲ့ ဆိုင်ကလေး၏ တည်နေရာ ၊ ဆိုင်ကလေး၏ ဖွဲ့စည်းတည်ဆောက်မှုမှာ ချစ်စရာကောင်းသည် ။ လုံးဝ မြန်မာ မဆန်သော်လည်း ယဉ်ကျေးမှု ကင်းလွတ်သော အဆင့်အထိ မရောက်သလို ဖော်ရွေပျူငှာသော ဆိုင်ဝန်ထမ်းလေးတွေ၏ ချစ်စရာ ဓလေ့ကို မြင်တွေ့နိုင်သည် ။

အထူးသဖြင့် ခရီးသွား ဧည့်သည်များသာ ထိုင်လေ့ ထိုင်ထများသော ဆိုင်ကလေးမှာ စားသုံးသူ မြန်မာလူမျိုးလည်း ခပ်ရှားရှားသာပင် ။ ကျွန်တော်က Cappuccino ကို ကော်ဖီလောက် မကြိုက် ။ သို့သော် ဤဆိုင်မှ ကော်ဖီ အရသာစစ်စစ်နှင့် ဖျော်သော Cappuccino တစ်ခွက်တော့ အမြဲကုန်အောင် သောက်နိုင် သည် ။

အကြောင်းအမျိုးမျိုး ကြောင့် မြို့ထဲ တစ်ယောက် တည်း ရောက်ဖြစ်သောအခါ များတွင် ကျွန်တော် ဒီဆိုင် ကလေးထဲ ဝင်ဖြစ်အောင် ဝင်နေကျဖြစ်သည် ။ ဒီနေ့လည်း ကျွန်တော်ဝင်ဖြစ်သည် ။ မှာထားသော Cappuccino တစ်ခွက် အသင့်လာချပေး အပြီး ကျွန်တော် အပြင်ဘက်ကိုငေး ၊ ကော်ဖီ Cappuccino အရသာလေး ခံနေတုန်း ဆိုင်ကလေး၏ မှန်တံခါးတွေ သက်ဝင် လှုပ်ရှားလာခဲ့တာ ဖြစ်သည် ။

ဇာတ်လမ်းတစ်ပုဒ် သို့ မဟုတ် သင်ခန်းစာတစ်ခုကို ထိုအချိန်မှာ ကံကြမ္မာက ကျွန်တော့်ဆီ သယ်ဆောင် ပေးလာခြင်းဟု ကျွန်တော် ကြိုမသိခဲ့ပေ ။ ရယ်စရာ နည်းနည်းကောင်းခဲ့သည်မှာ ကျွန်တော်၏ သိစိတ်တစ်ခု သိသိကြီးနှင့်ပင် ထိန်းချုပ် တားဆီးထားသည့် ကြားမှ စပ်စပ်စုစုနိုင်ခဲ့ခြင်း အဖြစ် သာပင် ။ အပြင်ဘက်မှာ ဇွန်လ၏ ကောင်းကင်တစ်ခု လုံး မိုးရိပ်မိုးယောင်တွေ အုံ့ဆိုင်းပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထားခဲ့လေသည် ။

••••• ••••• •••••

ထိုကောင်မလေး ဆိုင်၏ မှန်တံခါးချပ်တွေကို တွန်းဖွင့်ဝင်ရောက်လာချိန်မှာ ကျွန် တော် ရုတ်တရက် အမှတ် တမဲ့ စတင်၍ သတိထားမိခဲ့ ခြင်းဖြစ်သည် ။ သူမ ကောင် တာမှာ တစ်စုံတစ်ရာ မှာယူ နေချိန်ပြီးနောက် ကျွန်တော့် ဝိုင်းနှင့် မျက်စောင်းထိုးမကျ တကျဝိုင်းမှာ ဝင်ရောက်နေရာယူ ထိုင်နေချိန်များအထိ အမှတ်တမဲ့သာ ရှိခဲ့လေသည် ။

သူမသည် ကျွန်တော့်လိုပင် အမှတ်တမဲ့ ရှိခဲ့ပုံရပြီး ပတ်ဝန်းကျင်ကို စူးစူးစမ်း စမ်းမရှိ ။ Phone တစ်လုံးဖြင့် အလုပ်ရှုပ်နေခဲ့သည် ။ မကြာခဏ ဖုန်းခေါ်ဆိုမှုပြုဟန် ၊ စိတ်မရှည်သလို ဖုန်းချဟန် ၊ ပြန်ထပ်၍ ခေါ်ဆိုဟန်စသည်ကို ကြည့်ရုံဖြင့် တစ်စုံတစ်ယောက်ကို သူမ စောင့်ဆိုင်း နေခဲ့မှန်း ခန့်မှန်းသိရှိနိုင်ပါ သည် ။ နာရီဝက်မျှ ကြာပြီးသည့်အခါ နောက်ထပ် သက်ဝင်လှုပ်ရှားမှုတစ်ခု စတင် လာခဲ့ပါသည် ။

ကျွန်တော် မော့ကြည့်ဖြစ်လိုက်ချိန်မှာ ဆိုင်၏ မှန်တံခါးချပ်များ လှုပ်ရှား သက်ဝင်လာပါသည် ။ မရှေး မနှောင်းမှာ အပြင်ဘက်၌ ရန်ကုန်မိုးက ရုတ်တရက် ဝေါခနဲ သွန်ချလိုက်ချိန်ဖြစ် သည် ။ ကောင်မလေးနှင့် အသက်အရွယ်ချင်း မတိမ်း မယိမ်း ရှိနိုင်သော ကောင် လေးတစ်ယောက် ခပ်သွက် သွက် တိုးဝင်လာခြင်း ဖြစ်ပါ သည် ။

“ Sorry sorry ငါနည်းနည်းလေး နောက်ကျသွားပြီ ။ တကယ် Sorry ”

ဆိုသည့် ပေါ့ပေါ့ပါးပါး တောင်းပန်သမှု စကားတစ်ခု နှင့် ထိုကောင်လေးက ကောင်မလေးစားပွဲ၌ ဝင်ရောက် ထိုင်လိုက်ချိန်မှာ ကျွန်တော် ထိုအတွဲကို သိသိသာသာ သတိထားလာမိလိုက်ပြီဖြစ်သည် ။ ကောင်မလေး၏ နှုတ်ခမ်းတွေ အမှတ်တမဲ့ တွန့်လိပ်ရှုံ့မဲ့ပြလိုက်တာကိုပင် မြင်ဖြစ်အောင် မြင်လိုက်သေး ၏ ။ ကြားကနေ ဘုမသိဘ မသိ ခံစားမိသည့် ကြည်နူးမှု လေး တစ်ခုကိုလည်း သတိ ထားမိကာ အလိုလို ကျိတ် ပြုံးမိလျက်သား ဖြစ်သွား သည် ။

“ နာရီဝက်ကလေး နောက်ကျတာလေနော့် ၊ သိပ် မပြောပလောက်ပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ ။ နောက်ဆို ဒီလို စောင့်ခွင့်ရဖို့ မဖြစ်နိုင်တော့ မယ့် အတူတူ ငါနင့်ကို လုံးဝ ခွင့်လွှတ်လိုက်တယ် ။ အမှတ်တရပေါ့ ။ နောက်ကျတတ်တာ နင့်အကျင့်ပဲ ။ ကဲပါ ၊ လုပ်စရာရှိတာ လုပ် ၊ ပြောစရာရှိတာ ပြော ၊ ရှင်းစရာရှိတာ ရှင်းလင်းပြီး ငါပြန်မယ် ။ အချိန် သိပ်မရတော့ဘူးလေ ”

ဆိုသည့် ကောင်မလေး၏ စကားကို ခပ်ဆန်းဆန်း ကြားရချိန်မှာ ကျွန်တော် တဒင်္ဂ မှင်တက်သွားပေမဲ့ ထို ကောင်လေးမှာ အရယ်အပြုံး မပျက် ၊ ကောင်မလေးကို တီးတိုး အစအနောက် မပျက် ရှိနေခဲ့သေးသည် ။ စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းမျိုး မဟုတ်သော်လည်း ကျွန် တော့်စိတ်၏ စူးစမ်းမှုခေါ်ရာ ကို ကျွန်တော် ထပ်မံလိုက် ပါမိနေသည် ။ သို့သော် အခြေအနေမှာ ကျွန်တော် လုံးဝထင် မှတ်မထားသော အပြောင်းအလဲ ဆန်းဆန်းကို တဖြည်းဖြည်း ထပ်မံဆောင်ကြဉ်းလာ ခဲ့ပါသည် ။

••••• ••••• •••••

“ နင် နားလည်ပြီးသားမို့ ငါ အရှည်ကြီးလည်း ထပ် မရှင်းပြချင်ဘူး သွန်း ။ နင်နဲ့ ငါ ချစ်သူတွေ ဖြစ်ခဲ့ကြ တယ် ။ အချိန်တွေ အကြာကြီး နားလည်မှုတွေ ရှိခဲ့ကြတယ် ။ ဒါတွေအားလုံး ငါတို့နှစ်ယောက်စလုံး နားလည်နေကြတယ် ။ ဒါက တစ်ကဏ္ဍ ပေါ့ဟာ ”

“ ငါသိတယ်လေ ။ အဲ့ဒါတွေမပြောလည်း အခုကိစ္စမှာ ဘာရှော့ခ်မှ ရှိမှာ မဟုတ်ဘူး ။ နင် ချိန်းကတည်းက ဒါတွေ အချိန်ကုန်ခံ ပြောနေဖို့ မလိုဘူးဆိုတာ နင်လည်း သိနေတာပဲ ။ ငါ့အတွက်လည်း တကယ်ကို မလိုအပ်ဘူး ၊ ရတယ် အသက် ”

အပြင်က မိုးသံ လုံးဝ မကြားရအောင် မှန်တွေ လုံခြုံမှုရှိသော်လည်း လိုအပ်တာထက် အနည်းငယ်ပိုကာ သူတို့အတွဲ ပြောဆိုနေသည့် အသံနှုန်း ခပ်မြင့်မြင့်ကို ကျွန်တော် အားစိုက်နားထောင်ရန် မလိုပြန် ။ ကြိုတင် ချိန်းဆိုမှု တစ်ခုနောက်က နားလည်မှု     ရှိနှင့်ပြီး တွေ့ဆုံဆွေးနွေးမှု တစ်ခု ဆိုတာ သိသာထင်ရှား လာခဲ့သည် ။ ကောင်လေးသည် ကောင်မလေး ဘာပြောပြော အပြုံးကလေး တစ်ချက်မပျက် လိုက်ပါတုံ့ ပြန်မှုလေးတွေ ပြုဆဲပင် ။

“ ငါ မှာလိုက်တာတွေ ရော အကုန်ပါရဲ့လား သွန်း ”

“ ပါတာပေါ့ ။ တစ်ခုမှ ကျန်မနေစေရဘူး ။ ဘာဖြစ် လို့လဲဆိုတော့ နင့်ကို လိပ်ပြာ သန့်စေချင်လို့ ။ ငါ မဟုတ်တဲ့ အခြား တစ်ယောက်နဲ့ နင့်ဘဝရဲ့ အနာဂတ်ကို ငါ့ကြောင့်ဆိုတဲ့ ပယောဂမြူမှုန်တစ်စက်တောင် အနှောင့်အယှက် ပါမသွားစေချင်လို့ ”

“ ကျေးဇူးတင်တယ် ။ ငါတို့ အခု တကယ် လမ်းခွဲကြမှာနော် သွန်း ။ စိတ်ထဲမှာတော့ တစ်မျိုးကြီး ခံစားရပါတယ်ဟာ ။ ဒါပေမဲ့ ”

“ ဒါပေမဲ့ နင်လည်း ငါ့ကို မရွေးချယ်နိုင်ဘူး ။ ပြီးတော့ နင့်မိသားစုကလည်း ငါ့ကို လက်မခံနိုင်ဘူး ။ ငါတို့ ချင်းက သူငယ်ချင်း ငယ် သံယောဇဉ် ဘာညာ ဒါတွေ နင်ပြောချင်နေလား ။ No လုံးဝ လုံးဝကို မလိုအပ်ပါ ဘူး အသက်ရာ ”

ကျွန်တော် အံ့သြရပါသည် ။ ဒါ လမ်းခွဲဖို့ တွေ့ဆုံ ဆွေးနွေးနေကြသော ချစ်သူ တွေတဲ့လား ။ မေးခွန်းက ကျွန်တော့်ကို ပြန်ပြီး ခေါင်း ရှုပ်သွားစေသည် ။

ကြည့်လေ ။ ထိခိုက်ကြေကွဲမှု ပြယုဂ် တစ်စုံတစ်ရာမပါ ၊ တစ်ယောက်နှင့် တစ်ယောက် သူသာ ငါနာ ငြင်းခုံစကားလုံးတွေ လုံးဝ မပါ ။ တည်ငြိမ်လိုက်ကြသည်မှာ တော်တော် ယုံကြည်ရ ခက်လှသည်သာ ။ ကျွန်တော် စိတ်မကောင်း ဖြစ်မိပေမဲ့ စိတ်ဝင်စားဖွယ်ရာမို့ တိတ်တဆိတ် စောင့်သာ ကြည့်နေမိပါသည် ။

“ အေး ဟုတ်တယ် ။ သူက ငါ့မိသားစုက ရွေးချယ်တဲ့သူ ။ ဒါပေမဲ့ ငါ့ဘဝ အတွက်လည်း ငါ့ဘက်က သူ့ကို ကြည်ဖြူနိုင်အောင် ကြိုးစားပေးရလိမ့်မယ် ။ ဘာလို့လဲဆိုတော့ တစ်ချိန်မှာ ငါနဲ့ အနီးဆုံး အတူရှိနေရမယ့်သူ လေ ”

“ နင့် ရွေးချယ်မှုလေး ပါဝင်နေပြီပဲ ။ အချိန်အကြာကြီး နင် သိပ်ကြိုးစားလက်ခံရလိမ့်မယ်လို့ ငါမထင်ပါဘူး ။ နင့်စိတ် နင့်အကြောင်း ကို ငါကောင်းကောင်း သိပြီး သားလေ အသက်ရဲ့”

“ ဟဲ့ သွန်း ၊ ငါ့မင်္ဂလာ ဆောင်တော့ နင် မလာနဲ့နော် ။ ငါ နင့်မျက်နှာ ကြည့်ပြီး လူပုံအလယ် ဧည့်မခံရဲဘူး ။ နင့်ကို အားမနာပါဘူး ၊ ငါတို့ အကြောင်း သိနေတဲ့သူတွေ ရှေ့မှာ ငါ နင့် အပေါ် မတရား ရာကျတယ် အမြင်မခံနိုင်ဘူး ”

“ ဟား ဟား ဟား ၊ အေးပါ အသက်ရာ ။ ငါ မြင်ယောင်ပါသေးတယ် ။ နင့်လူက မောင့်ကျက်သရေခေါင်း ပေါင်းကြီးနဲ့ ၊ နင်က မရှိတဲ့ ဆံထုံးအတုကြီးနဲ့ ”

“ အိုး ဒါကတော့ သူတို့ မိသားစုက သိပ်ရှေးဆန်တာလေ ။ ငါ့သဘော အတိုင်းဆို ဒီလို ဆောင်မလား ။ ဘာပဲဖြစ်ဖြစ်ပေါ့ သွန်းရယ် ။ ရောမ ရောက်ရင် ရောမလို ကျင့်ကြံ နေထိုင်တတ်ရမှာပေါ့ ”

“ နင် … သူဌေးကတော် ဖြစ်သွားဖို့ အဓိက မဟုတ်ဘူး လား အသက် ။ ငါက စကား အဖြစ် စ , တာပါ ”

“ တော်ပြီဟာ တော်ပြီ ။ ထပ်မပြောနဲ့တော့ အဲ့ဒီ အကြောင်းတွေ ။ ကဲ ငါမှာ လိုက်တာတွေ ပေးတော့ ”

“ ကောင်းပါပြီ ၊ ကောင်းပါပြီ ”

ကောင်မလေးသည် ပြောဆိုနေကြရင်းမှ စိတ်ကူး ပြောင်းလဲသွားပုံ ရသည် ။ စိ တ် မရှည်တော့သလို စကားလမ်းကြောင်းလွှဲပြီး ကောင်လေးဆီမှ တစ်စုံ တစ်ရာကို ခပ်သွက်သွက် တောင်းယူ လေသည် ။ ကောင်လေးက ခပ်ပြုံးပြုံး ၊ အမူအရာမပျက် သူပါလာသော အိတ်ထဲမှ ပစ္စည်းအချို့ တစ်ဝက် ခပ်သွက်သွက် နှိုက်လေသည် ။

ဖိုင်ချပ်ကလေးများ ၊ လှလှပပ ထုပ်ပိုးထားသော ချစ် စရာလက်ဆောင်ပါ ဘူးငယ်လေးများ ဖြစ်ပုံရပြီး အခြားတိုလီမုတ်စ ပစ္စည်းပစ္စယကလေးတွေ အပါအဝင် ထုတ်ယူ၍ စုံလင် သွားချိန်မှ ကျွန်တော် တစ်စုံတစ်ရာ ခန့်မှန်း၍ ရလာသည် ။ ရင်ထဲမှာ မြင်ကွင်းကို ခပ်နင့်နင့်လေး ခံစားလာရသည် ။ Cappuccino ခွက်ကလေး ခပ်နွေးနွေးသာ ကျန်ရစ်ပါ တော့သည် ။

••••• ••••• •••••

“ ဒီဘူးလေးကို နင် မှတ်မိလား အသက် ။ ငါတို့ နှစ်ယောက် ကျိုက်ထီးရိုး တောင်တက်ကြတုန်းကလေ နင် လိုချင်မှန်းသိလို့ အပြန်မှာ နင် မသိအောင် ငါ ခိုးဝယ်လာပြီး နင့်ကို ပေးခဲ့တာ ။ ဒါနဲ့ နင်က ငါ့ကို ချစ်သူဖြစ်တာ လေးလ အမှတ်တရဆိုပြီး ဒီ ဘူးလေးထဲမှာ နင့်ရဲ့ကြယ် ရင်ထိုးလေး ပြန်ထည့်ပြီးပေးခဲ့တာ ။ အပြန်အလှန် ဆိုပြီး အဲ့ဒီလို နင်သိမ်း ငါသိမ်း အမှတ်တရပစ္စည်းလေးတွေ အများကြီးထဲမှာ ငါ ဒီဘူးလေးကို သိပ်အမှတ်ထား မြတ်နိုးတာ ။ ဒါပေမဲ့ နင် ပြန်ပေးထားတဲ့ အလှည့်ဆိုတော့ ဒီပစ္စည်းက အခု နင် ပြန်ပိုင် သွားပြီလေ ”

“ နေဦး သွန်း ။ နင် သင်တန်းတက်မယ် ဆိုတုန်းက ငါ လှည်းတန်းမှာ ဝယ်ပေးဖူး တဲ့ ရွှေရောင်ဘော့ပင်လေး မတွေ့ပါလား ။ မင် သုံးလို့ ကုန်ရင်တောင် အခွံပြန်ပေး ၊ မချန်ထားခဲ့နဲ့နော် ”

“ ပါပါတယ်ဟ ။ တစ်ခုမှ ချန်မထားဘူးနော် ။ အကုန် ပြန်ပေးမှာ စိတ်ချ ။ ဒါက နင် ပေးတဲ့ မွေးနေ့လက်ဆောင် ပို့စကတ်တွေ ။ ဒါက နင် နေမကောင်းလို့ ဆေးခန်းပြရတုန်းကလေ မှတ်မိလား ။ ဆရာဝန်ပေးတဲ့ ဆေးထဲမှာ အခါးဆုံး တစ်လုံး ထုတ်ပြီး အမှတ်တရ မသောက်ဘဲ ငါ့ကို ပေးခဲ့တာလေ ။ တွေ့ လား ၊ လုံးဝ မကျန်စေရဘူး ”

“ သြ ၊ စက္ကူငှက်လေ စက္ကူငှက်အကောင် ငါးရာ ငါခေါက်ထားတဲ့ဘူး ”

“ ဒီမှာ ပါပါ့ဗျာ ။ ဘူးက အိတ်ထဲ ကျန်နေတာ ။ ဟေ့ ဟေ့ အသက် ။ ငါက အကုန်စုံ တယ်နော် ။ နင်ကရော ”

“ လာမယ်လေ ၊ မလောနဲ့ ။ အသက်တို့က ရော့ ပတ္တမြား ၊ ရော့ နဂါး သိတယ်မလား ”

“ ဟား ဟား ဟား ၊ ပြပါဦး ပြပါဦး သူဌေးကတော်မကြီးရဲ့”

စားပွဲပေါ်မှာ ပစ္စည်းလေးတွေ ရှုပ်ပွလို့ လောကကြီးကို သူတို့ မေ့နေကြသလို သာပင် ။ သက်မမောကို ချဖို့ တောင် ကျွန်တော်လည်း မေ့လျော့ချင်ချင် ။ တကယ့် ကို ထူးဆန်းလှသည့် ဖြစ်အင် ဟု ကျွန်တော် တွေးနေမိသည် ။

တစ်ခါမှ မတွေ့ဖူးသည့် လမ်းခွဲခြင်း အသစ်ကလေးပေါ့ ။ သူတို့ ဘာကြောင့် မကြေကွဲကြသလဲ ၊ သူတို့ ဘာကြောင့် မတုန်လှုပ်ကြသလဲ ကျွန်တော် သိပ်သိချင်နေမိသည် ။

တစ်ယောက်ကို တစ် ယောက် မချစ်ခဲ့ကြလို့လား ။ ဘယ်နည်းနှင့်မျှ မဖြစ်နိုင် ပါပေ ။ သူတို့နှစ်ယောက် ရှေ့ စားပွဲပေါ်က ချစ်သူသက်တမ်း တစ်လျှောက် အမှတ်တရပစ္စည်းကလေးတွေကို ထောက်ရှုကြည့်လျှင်ပင် မြင်နိုင်စရာ အစုံအလင် ။

ချစ်ခဲ့ကြပါလိမ့်မည် ။ သံယောဇဉ်ကို ကျွန်တော် မြင်ရသည် ။ စိတ်မှာ သူတို့ နှင့်မတူ တစ်မူထူးပြီး လိုက် ပါ ခံစားနေရမှ အပူအပင် ကျွန်တော့်ကိုကျွန်တော် မြင် နေရသည် ။

“ ဒီမှာ နင် ဝယ်ပေးတဲ့ နာရီလေး ။ ငါ သိပ်ကြိုက်တယ် ။ နင် ဝယ်ပေးခဲ့ဖူးလို့လည်း မြတ်နိုးဖူးတယ် ။ ဒါ ပေမဲ့ နင် ပြန်ယူတော့ ။ ဒါက နင်နဲ့ ငါ မိုးတွေ အရမ်းမိတဲ့ နေ့က နင် ဝယ်ပေးတဲ့ ဦးထုပ် လေး ။ နွမ်းနေပြီဟ ။ ငါ အမှတ်တရသိမ်းထားတာ ပြန်ယူပါ ။ ဒါတွေက နင် ပစ္စည်း မြင်တာနဲ့ သိတယ် ။ အကုန်ပဲ ၊ ကုန်ပြီ ။ ငါ့မှာ လည်း နင်နဲ့ ပတ်သက်တာ ဘာမှ မရှိတော့ဘူး ။ ဒါဆို ငါလည်း စိတ်ရှင်းပြီ ”

“ အသက် နင် လက်ထပ်ရတော့မယ်ဆိုတော့ ရင်တွေ မခုန်ဘူးလားဟင် ”

“ နင့်အလှည့်ကျတော့ နင်သိမှာပေါ့ ။ ငါ့ကို မေးလည်း ဒီအချိန်မှာ ငါဘာမှ အမှန်မဖြေချင်ဘူး ”

“ ကပ်စေးနှဲမရယ် ။ ဒါလေးဖြေတာများ တွန့်တိုနေတယ် ။ မဖြေချင်နေ ၊ ကဲ ကဲပေး ငါ့ပစ္စည်းတွေ ။ စုံပြီလား ။ နင်လည်း ဘာမှမချန်နဲ့ ”

“ အဲဒီမှာ အကုန်ပဲလေ ။ စစ်ကြည့်ပေါ့ နင့်ဘာသာ ။ ကဲ နင်နဲ့ ငါ ပြီးပြီနော် ။ ပြန်မယ် ဆိုမှကွာ မိုးကလည်း ။ သွန်း နင် ဘာနဲ့ ပြန်မှာလဲ ”

“ အချောင် Taxi လိုက် စီးဖို့ မစဉ်းစားနဲ့ ။ ငါ ဘတ်စ်နဲ့ ပြန်မှာ ။ နင့်လူကြီး လာမကြိုဘူးလား ”

“ အမယ်လေး ၊ ခိုးထွက်လာတာ ဟေ့ အိမ်က မသိအောင် ။ ရှင်းပြီလား ။ လာ ကြိုဖို့ နေနေသာသာ ”

“ ငါ ဒိုးပြီ ။ Good Luck အသက် ၊ ငါ နင့်ကို လုံးဝမမေ့ဘူး ။ ချစ်ခဲ့တာတွေ မေ့လိုက်မယ် ၊ OK ”

ကောင်လေး သုတ်ခနဲ နှုတ်ဆက်ထ , ထွက်သွားချိန်မှာ ကောင်မလေးသည် ဘာမှ မဖြစ်သလို စောစောက သူမ အပြန် ကားကိစ္စအတွက် ပါးစပ်ပွစိပွစိလှုပ်စမြဲ ကျန်ရစ်ခဲ့သည် ။ ကောင်လေးကို နှုတ်ပင် မဆက် ။ ကောင်လေးလည်း တစ်ချက်ကလေးမျှ နောက်ပြန် လှည့်ကြည့်မသွားခဲ့ပါပေ ။

••••• ••••• •••••

ဆိုင်ကလေးထဲကနေ ကောင်မလေး ပေါ့ပေါ့ပါးပါး ပြန်လည် ထွက်ခွာသွားချိန်မှာ ပတ်ဝန်းကျင်လေး အတိပြန်လည် အေးစက်သွားခဲ့သည် ။ ဆိုင်ကလေးထဲမှာ ကျွန်တော် ကျန်ရစ်နေခဲ့ပါသေးသည် ။ ကျွန်တော် Cappuccino ခွက်ကလေးကို ငုံ့ကြည့်မိသည် ။

အေးစက်၍ ခါးသက်နေသော အရသာတစ်ဝက်စာ တိတိကို ကျွန်တော် မျိုချဖို့ တွေဝေနေခဲ့သည် ။ သို့သော် ကျွန်တော် ထိုအရသာကို မျို ချရပါမည် ။ ကျွန်တော့်ရင်ထဲမှာ နွေးနေသည် ။

“ နာကျင်စေတဲ့ × × × ဒဏ်ရာတွေနဲ့ မတူမတန်ဘဲ မင်းလေးကို ပေးတာ တရား ပါသလား × × × မြင်ယောင်မိလို့ ဝမ်းနည်းရ × × × နင်မရှိဘဲ ဘယ်လို နေရမလဲ ငါ ဒီနေ့ အထိ တွေးနေတုန်းပဲ × × × ကြောက်လန့်ကာ ဒီတစ်နေ့ တာ ကုန်ဆုံးခဲ့ပြီ အခုဆို အချိန်တွေ ကြာမြင့်သွားခဲ့ပြီ × × × ကိုယ်တို့နှစ်ဦး အရမ်းချစ်ခဲ့ကြ သံယောဇဉ်ဆိုတာ ဖြတ်ဖို့ ခက်တာ × × × မင်းလည်းသိတယ် ငါလည်းသိတယ် တကယ်ပါ × × × နာကျင်မှု တွေ × × × မင်းနဲ့ ငါ့ကြားမှာ မထားဘဲ ကြင်နာနေကြ မယ် × × × ဘဝမှာ ပျော်ရွှင် စရာများနဲ့ × × × နှစ်ယောက် အတူရှင်သန်နေထိုင်မယ် × × × မင်းနဲ့ ကိုယ်နဲ့ နှစ်ယောက်ကြားမှာ အဆင်မပြေတာတွေ မေ့ထားလိုက် × × × ကိုယ်တကယ် တောင်းပန်တယ် ခွင့်လွှတ်ပါ ကွယ် × × × အလွမ်းများနဲ့ မထားခဲ့နဲ့ × × × ”

မှန်တံခါးတွေ တွန်းဖွင့်ပြီး အပြင်ဘက်ကို လှမ်းမျှော်အကြည့် တိုးဝင်လိုက် မိသည့် သံစဉ်တစ်ခု ။ အဝေး ကနေ ပျံ့လွင့်လာပုံရသည် ။ ဆင်ခြင်မိလိုက်သည် မျက် ဝါးထင်ထင် သင်ခန်းစာသစ် ကလေးတစ်ခု ငြိမ်သက်စ ပြုချိန် အရောင်မှိန်ဖျော့လု သော အတိတ်သည် ရင်ဘတ်၏ တစ်နေရာဆီ ပြေးဝင်လာသည် ။

စောစောက ကောင်မလေးနှင့် ကောင်လေးကို မြင် သည် ။ ကျွန်တော့်ကိုယ် ကျွန်တော် မြင်သည် ။ အတိတ် အချို့တွင် ယခုကဲ့သို့ လမ်းခွဲခြင်းခေါင်းစဉ် အောက်မှ လူသားနှစ်ယောက်ကို နာနာကျင်ကျင် ဆန့်ကျင်ဘက် ဆန်စွာ မြင်သည် ။

ကျွန်တော့် ရင် စစ်ခနဲ နာချင်ချင် ဖြစ်သွားသည် ။ ပြီးဆုံးခဲ့ပြီးသော အတိတ် တစ်ခုသာပင် ။ ခြေလှမ်းတွေ ပြင်ပြီး ပစ္စုပ္ပန်ထဲ တိုးဝင် လိုက်တော့ အပြင်ဘက်မှာ မိုးအား လျော့ပါးလုနေပြီ ဖြစ်သည် ။

 ⎕ တေဇလင်း ( နည်းပညာတက္ကသိုလ် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 
     ဇန်နဝါရီ ၊ ၂၀၁၉

မူလတန်ဖိုးထဲက ထပ်ပေါင်းမိတဲ့ အနုတ်


❝ မူလတန်ဖိုးထဲက ထပ်ပေါင်းမိတဲ့ အနုတ် ❞
⎕ မှူးဆက်ပိုင် ( ရွှေတောင် )

‘ ပူး ’ လေးတွေက မြက်ပင်နုနုလေးတွေ စားသတဲ့ ။ ဘွားမေက ‘ ပူး ’ လေးတွေကို မြက်တောထဲ လွှတ်ပေးတယ် ။ မြက်နုနုလေးတွေကို ကိုက်စားနေတဲ့ ‘ ပူး ’ လေးတွေကို ကြည့်ပြီး သားအရမ်းချစ်တာပဲ ။ အဲ ... ‘ ပူး ’ လေးတွေကို သားအတွက် ယူလာပေးတဲ့ ဦးဖေ ကိုလည်း ချစ်တာပဲ ။

ဘွားမေ သင်ပေးထားတဲ့ အတိုင်း ဦးဖေကို ‘ ကျေးဇူးတင်ပါတယ် ဦးဖေ ’ လို့ ပြောတော့ ဦးဖေက သားကို မျက်နှာ တည်တည်ကြီးနဲ့ ပြန်စိုက်ကြည့်နေတယ် ။ သား ဦးဖေကို ကြောက်ပါတယ် ။ ဦးဖေရယ် မောနေတာကို သား တစ်ခါမှ မမြင်ဖူးဘူး ။ သားအမြဲ တွေ့နေရတဲ့ ဦးဖေ ကသားကို မျက်ထောင့်နီကြီးနဲ့ အမြဲ လိုက်ကြည့်နေပြီး သားကို အမြဲဆူပူနေတဲ့ ဦးဖေပါ ။

ဒါပေမဲ့ ဦးဖေက သားအတွက် ပါဝါရိန်းဂျားအခွေတွေ ၊ ကြောင်နဲ့ကြွက် အခွေတွေ ယူလာပေးတတ်တယ် ။ ခု ‘ ပူး ’ လေး နှစ်ကောင်ကိုလည်း ဦးဖေပဲ ယူလာပေးတာပေါ့ ။ သား မနက်ကျရင် ‘ ပူး ’ လေးတွေ နေဖို့ အိမ်ဆောက်ရဦးမယ် ။ ‘ ပူး ’ လေးတွေက ဘာစားလဲ ၊ ဘာကြိုက်လဲ ၊ ဘွားမေကို မေးပြီး သူတို့ အိမ်လေးထဲ ထည့်ပေးထားရမယ် ။

“ မြေးလေး ... ဘာ မှာဦးမလဲ ၊ ဘွားမေ ဈေးသွားတော့မယ် ၊ ဘာမုန့်ဝယ်ခဲ့ရမလဲ ”

သား ‘ ပူး ’ လေးတွေကို ချီလိုက် ၊ ချလိုက် လုပ်နေတုန်း ဘွားမေက မေးလာတယ် ။

“ သား .. အတွက် မဝယ်ခဲ့နဲ့ ဘွားမေ …. ‘ ပူး ’ လေးတွေက ကန်စွန်းရွက် ကြိုက်တယ်ဆို ၊ ဘွားမေ ကန်စွန်းရွက် ဝယ်ခဲ့ပေးပါနော် ”

“ အေးပါ မြေးရယ် အေးပါ အိမ်မှာပဲ နေနော် ၊ ဘယ်မှ လျှောက်သွားမနေနဲ့ ၊ ဘွားမေ မြန်မြန် ပြန်ခဲ့မယ်နော် ”

မနက်ပိုင်း ဘွားမေ ဈေးသွားပြီဆို သားက အမြဲ အိမ်စောင့်ပြီး ကျန်ခဲ့ရတာ ။ ဘွားမေက ပြောတယ် ။ ပလတ်စတစ် ကောက်တဲ့ ကောင်လေး အချို့က အဝတ်တွေ ၊ မုန့်တွေ အလစ် ဝင် ယူတတ်တယ်တဲ့ ။ ငါ့မြေးက အိမ်စောင့်ရင်း စောင့်ကြည့်နေပေးတဲ့ ။ ဘွားမေ ဈေးသွားပြီဆို သားက တုတ်တစ်ချောင်း ကောက်ပြီး အိမ်နံရံမှာ ထောင်ထားလိုက်တယ် ။ သားအဝတ်တွေ ၊ မုန့်တွေ လာယူခဲ့ရင် ရိုက်လွှတ်ဖို့ပေါ့ ။ ဘွားမေက ပြောတယ် ...

“ ငါ့မြေးက သတ္တိ ရှိလိုက်တာ ၊ ဘွားမေက အသက်ကြီးပြီ ၊ တုန်တုန်ချည့်ချည့်နဲ့ ငါ့မြေးကိုပဲ အားကိုးရမှာတဲ့ ”

ဟုတ်တယ် ။ မနေ့က ‘ ပူး ’ လေးတွေ လွတ်သွားလို့ ဘွားမေ လိုက်ဖမ်းတာ သိပ်မပြေးနိုင်တဲ့ ‘ ပူး ’ လေးတွေကို တောင် ဘွားမေ မီအောင် မလိုက်နိုင်ဘူး ။ ဘယ်ရမလဲ ၊ သားက ဘွားမေ ထက် ပိုမြန်တယ် ။ ‘ ပူး ’ လေးတွေကို မြန်မြန် ဖမ်းနိုင်တယ် ။

‘ ပူး ’ လေး တစ်ကောင်က သားခြေမလေးကို နှုတ်သီးနဲ့ လာထိုးတယ် ။ အိမ်ရှေ့ မြက်ခင်းပြင် ထဲမှာ သူတို့ ပျော်နေကြတယ် ။ ဦးဖေ ပြောတာကတော့ “ တစ်ကောင်က အထီး ၊ တစ်ကောင်က အမတဲ့ ၊ အမေက မကြာခင် သားပေါက်လိမ့်မယ် ” တဲ့ ၊ ဦးဖေ ကို မမေးရဲလို့ “ သား ပေါက်တယ်ဆိုတာ ဘာလဲလို့ ” ဘွားမေကို မေးရတယ် ။ ဘွားမေက သားပေါက်တယ်ဆိုတာ ‘ ပူး ’ သေးသေးလေး မွေးပေးမှာကို ပြောတာတဲ့ ။

‘ ပူး ’ လေးက ‘ ပူး ’ လေး ထပ်မွေးရင် သားမှာ ‘ ပူး ’ သုံးကောင်တောင် ပျော်စရာကြီး ။ ကျော်သူရိန်လွင် က မင်းမှာ ‘ ပူး ’ သုံးကောင် ဖြစ်သွားရင် ငါ့ကို တစ်ကောင် ပေးပါတဲ့ ။ ဘာလို့ ပေးရမှာလဲ ။ မင်းလိုချင်ရင် မင်း ဦးဖေကို ဝယ်ခိုင်းပေါ့လို့ ပြန်ပြောလိုက်တယ် ။

“ မင်း မပေးလည်း ရတယ် ဟေ့ကောင် ၊ ငါ့အဖေကို မှာလိုက်ရင် ညကျ ချက်ချင်း ဝယ်ပေးမှာ ”

ဝယ်ပေါ့ ။ ဝယ်လို့ရရင် ဝယ်ပေါ့ ။ ဘာလို့ လာတောင်း နေသေးလဲ ၊ သားကတော့ ‘ ပူး ’ လေးတွေကို ဘယ်သူ့မှ မပေးပါဘူး ။

“ မြေးလေး … ထထ ၊ ‘ ပူး ’ သေးသေးလေးတွေ မွေးနေပြီ ၊ ထ ... ထ ”

ဘွားမေ လာနှိုးတော့ သားအိပ်ရာထဲ လူးလဲထ လိုက်မိတယ် ။

“ ဘွားမေ တကယ် ပြောတာလားဟင် တကယ်လား ”

သားအိပ်မက် မက်နေတာ များလားလို့ ဘွားမေကို ထပ်ကာထပ်ကာ မေးမိသေးတယ် ။

“ တကယ် ငါ့မြေးရဲ့ တကယ် ... ထကြည့် ”

အိုး ... သား ပျော်လိုက်တာ ၊ ဘွားမေ ပြောတာ ဟုတ်တယ် ။ သား ထင်ထားသလို ‘ ပူး ’ လေးက တစ်ကောင် ထဲ မဟုတ်ဘူး ။ သုံးကောင်တောင် ။ နီတာရဲသေးသေး လေးတွေ ။ သားအကောင်သေးသေးလေးတွေကို ကိုင် မယ်လုပ်တော့ ဘွားမေက တားတယ် ။

“ သွားမကိုင်နဲ့ မြေးရဲ့ ၊ အကောင်လေးတွေက နုနု လေးတွေ ရှိသေးတယ် ၊ သေသွားလိမ့်မယ် ” တဲ့ ။ ဦးဖေ ပြန်လာတာကို သားအိမ်ရှေ့က ထွက်ကြိုပြီး ‘ ပူး ’ လေးတွေ မွေးထားပြီ ဦးဖေ သုံးကောင်တောင်ပဲ ” လို့ ဝမ်းသာအားရ ပြောတော့ ဦးဖေက ‘ ပူး ’ လေးတွေနား ခဏ လာပြီး ငုံ့ကြည့်တယ် ။

“ မင်းအတွက် ပုံပြင်စာအုပ် ဝယ်လာတယ် ”

“ ဟုတ်ကဲ့ ဦးဖေ ”

အရင်တုန်းက ဦးဖေ သားအတွက် ပုံပြင်စာအုပ် ပါလာတယ်ဆိုရင် ဦးဖေ အနား ပြေးသွားပြီး စာအုပ်တွေကို အငမ်းမရ ကိုင်ကြည့် ၊ လှန်လှောကြည့်မိတာ ။ ခု တော့ ဦးဖေက ‘ ပူး ’ လေးတွေ မွေးတာကို သားပျော် သလို မပျော်လို့ ဦးဖေကို မကျေနပ်တာနဲ့ စာအုပ်တွေ သွားမယူမိတော့ဘူး ။

“ အမေ့မြေးလည်း ဒီ ‘ ပူး ’ တွေ ရောက်မှ ကျန်တာကို ဘာမှ စိတ်မဝင်စားတော့ဘူး ၊ ကျောင်းတွေ ပြန်ဖွင့်တော့မယ် အမေ သူ့ကျောင်းဝတ်စုံတွေရော ကောင်းသေးရဲ့လား ”

“ နေပါစေ သားရယ် ၊ မြေးလေး ပျော်သလို နေပါစေ ၊ ကျောင်းဝတ်စုံက တစ်စုံတော့ ထပ်ချုပ်ပေးရမှာပေါ့ ” 

ဟုတ်ပြီ ။ ဦးဖေ နဲ့ ဘွားမေ ပြောကာမှ သား သတိရတယ် ။ ကျောင်းပြန်ဖွင့်ရင် ဆရာမကို သားရဲ့ ‘ ပူး ’ လေးတွေ အကြောင်း ပြောပြရမယ် ။ ဆရာမလည်း ‘ ပူး ’ လေးတွေကို ချစ်မှာပဲ ။ စုချစ် တို့ ၊ အောင်စိုးဟိန်း တို့ ၊ ဆုဒါလီမော် တို့လည်း ချစ်မှာပဲ ။ ဦးဖေ တစ်ယောက်ပဲ ‘ ပူး ’ လေးတွေကို ချစ်ရမှန်း မသိတာ ။ အဲဒီ ဦးဖေ ဘာမှန်းကို မသိပါဘူး ။

ဟိုနေ့က သား ‘ ပူး ’ လေးတွေ ယူဆော့နေတုန်း ဦးဖေရောက်လာပြီး သားနရင်းကို ရိုက်တယ် ။ ‘ ပူး ’ သေးသေးလေးတွေကို သူ့အမေကြီးနဲ့ ခွဲထားလို့တဲ့ ။ မင်း ဝဋ်လိုက်မှာ မကြောက်ဘူးလားတဲ့ ။ “ ဝဋ်လိုက်တာ ” ဘယ်လိုမှန်း သားလည်း မသိပါဘူး ။ ဦးဖေ ရိုက်လို့ ဝမ်းနည်းတာပဲ သိတယ် ။ ဦးဖေ ရှေ့မှာ သား မငိုရဲပါဘူး ။

••••• ••••• •••••

သား တစ်ယောက်တည်းရယ် ။ ဟုတ်တယ် ။ သား ဘေးမှာ ဦးဖေ လည်း မရှိဘူး ။ ဘွားမေလည်း မရှိဘူး ။ လမ်းမအကျယ်ကြီး ပေါ်မှာ သား တစ်ယောက်တည်း ။

“ ဘွားမေရေ …. ဘွားမေ ”

သား နှုတ်က ဘွားမေကို အော်ခေါ်နေပေမယ့် အသံထွက် မလာခဲ့ဘူး ။ သား အရမ်း ကြောက်နေမိတယ် ။ သား ဘယ် ရောက်နေတာလဲ ။ အဲဒီအချိန် သား နားထဲမှာ ငိုနေတဲ့ အသံတစ်ခု ၊ ဟုတ်တယ် ။ သားဘေး ပတ်ပတ်လည်ကို ရှာကြည့်မိတော့ အဘိုးကြီး တစ်ဦး သစ်ပင်တစ်ပင် အောက်မှာ ထိုင်ငိုနေတာ ။

“ အဘိုး ၊ အဘိုးက ဘာလို့ ငိုနေတာလဲ ”

အဘိုးက အသံကြားမှ သားကို မြင်သွားတယ် ။

“ အဘိုးမှာ ဝတ်စရာ အဝတ် မရှိလို့ပေါ့ ကလေးရယ် ”

အိုး ... ဟုတ်ပါရဲ့ ။ အဘိုးခန္ဓာကိုယ်မှာ အင်္ကျီ ရှိမနေတာ သားအခုမှ သတိထားမိတယ် ။ သားမှာ အပေါ် ထပ် အင်္ကျီပါတယ် ။ ပြီးတော့ သား ချမ်းမနေပါဘူး ။ ချွေးတောင် စို့နေသေးတယ် ။

“ အဘိုး ရော့ သားအင်္ကျီ ဝတ်ထားလိုက်ပါ ”

အဘိုးက ဝမ်းသာအားရနဲ့ သားပေးတဲ့အင်္ကျီကို ယူဝတ်တယ် ။

“ အဘိုး သားရဲ့ ဘွားမေကို မြင်မိသေးလားဟင် ”

“ မြင်မိတယ် ကလေး ၊ ဒီဘက်ကို ထွက်သွားတာ မြင်မိတယ် ”

ဘွားမေ သင်ထားသလို သား အဘိုးကို ကျေးဇူးတင်စကားတောင် မပြောမိခဲ့ပါဘူး ။ အဘိုး ညွှန်ပြတဲ့ ဘက်ကို ပြေးထွက်လာခဲ့မိတယ် ။

“ ဘွားမေရေ .. ဘွားမေ ”

သား ဘယ်လောက်ကြာကြာပြေးလာရတယ် သား မသိဘူး ။ သား တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေတယ် ။ သား ဘွားမေကို မတွေ့ သေးပါဘူး ။ သား ဝမ်းနည်းပြီး ငိုချင်လာမိတယ် ။

“ အီ ... အီး ... ဟီး ... ဟီး ”

ဟင့်အင်း ဒီအသံက သား ငိုတဲ့ အသံ မဟုတ်ဘူး ။ ဒါဆို ဘယ်သူ ငိုတာလဲ ။ ဟော ဟိုမှာ အဘွားကြီး တစ်ယောက် ။ ဘွားမေ များလား ။ သား ဝမ်းသာအားရ ပြေးသွားမိတယ် ။ ဘွားမေ လည်း မဟုတ်ဘူး ။ ဒါပေမဲ့ ဘွားမေလိုပဲ တုန်တုန်ချည့်ချည့်နဲ့ ။

“ အဘွားက ဘာလို့ ငိုနေတာလဲ ”

“ ချမ်းလို့ပါ ကလေးရယ် အဘွား ချမ်းနေလို့ပါ ”

အဘွားက တဆတ်ဆတ် တုန်နေအောင် ချမ်းနေတာ သားမြင်နေရတယ် ။ သားကတော့ မချမ်းပါဘူး ။ ချွေးတွေတောင် ရွှဲနစ်နေသေးတာ ။ သား ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်တွေ အကုန် ချွတ်ပြီး အဘွားကို ပေးလိုက်တယ် ။ သားမှာ ဘာအဝတ်မှ မရှိတော့ဘူး ။ ပြီးတော့ သား ဘွားမေကို ဆက်ရှာနေမိတယ် ။ ရှာရင်း ရှာရင်း သား ဆက်လျှောက်ရမယ့်လမ်းက ဆုံးသွားတယ် ။ သား ဘယ်သွားရမှန်း မသိတော့ဘူး ။ စိတ်က အလိုလို ဝမ်းနည်း လာမိတယ် ။ သားမျက်ရည်တွေ ကျနေမိတယ်ထင်ရဲ့ ။ တစ်ကိုယ်လုံးလည်း စိုရွှဲလို့ ။

အဲဒီအချိန် သားခန္ဓာကိုယ် တစ်ခုလုံး လေထဲကို မြောက်တက်သွားသလို ခံစားလိုက်ရတယ် ။ အလင်းရောင်တွေနဲ့အတူ သား ခန္ဓာကိုယ်မှာ အရမ်းလှတဲ့ အဝတ်တွေ ပေါ်လာတယ် ။

“ သား ”

ခေါ်သံနဲ့အတူ သားရှေ့မှာ လူတစ်ယောက် ရှိနေ တယ် ။ သား ခုနက ဘာလို့ မမြင်မိပါလိမ့် ။

“ မေမေ ”

“ ဟုတ်ပါတယ် သားရဲ့ ၊ မေမေက သားရဲ့မေမေပါ ”

သားရဲ့နှုတ်က တစ်ခါမှ မခေါ်ဖူးတဲ့ ‘ မေမေ ’ ဆိုတာကို ထပ်တလဲလဲ ခေါ်ကြည့်မိတယ် ။

“ မေမေက နတ်သမီးလား ”

“ ဟုတ်တယ်လေ ၊ မေမေက နတ်သမီးပေါ့ ၊ သားကို တွေ့ ချင်လို့လာခဲ့တာ ၊ လာပါဦး မေမေ့ဆီကို ”

သား ခန္ဓာကိုယ်က မေမေ့ ရင်ခွင်ထဲ ရောက်သွားတယ် ။ မေမေ့ ရင်ခွင်က နွေးနေတာပဲ ။ သားမှာ ဝမ်းနည်းတာတွေ ၊ မောပန်းတာတွေ ဘာတစ်ခုမှ မရှိတော့ဘူး ။ မေမေက သားရဲ့ပါးကို နမ်းတယ် ။ ခေါင်းကိုလည်း ခပ်ဖွဖွ ပွတ်ပေးတယ် ။

သား မှေးခနဲ အိပ်ပျော်သွားတယ် ထင်ပါရဲ့ ။ ဖျပ်ခနဲ အသိ ဝင်လာလို့ မော့ကြည့်မိတော့ မေမေ မရှိတော့ဘူး ။ မေမေ ဘယ်ရောက်သွားတာလဲ ။

“ မေမေရေ …… မေမေ ”

ဒီတစ်ခါ သား တကယ့်ကို ရှိုက်ကြီးတငင်ငိုမိတာပါ ။ သား ရင်ထဲမှာ ဟာနေပြီး ရှိုက်ရှိုက်ပြီးတော့ ငိုမိတာပါ ။

“ မေမေရေ သားဆီ ပြန်လာပါ ၊ သားမှာ ‘ ပူး ’ လေးတွေရှိတယ် ၊ မေမေ့ကို သားပြမယ်လေ ၊ သားဆီ ပြန်လာပါ ... အီး ... ဟီး ”

“ မြေးလေး မြေးလေး ဘာတွေ အော်နေတာလဲ ၊ ဘွားမေ ရှိတယ်လေ ၊ ဘွားမေ မြေးလေး အနားမှာ ရှိတယ်လေ ”

“ သား ... သား ”

သား မျက်လုံး ဖွင့်ကြည့်လိုက်တော့ မျက်နှာကြက်က ပန်ကာကို တွေ့ ရတယ် ၊ သား အာခေါင်တွေ ခြောက်လိုက်တာ ။

“ ဘွားမေ သားတို့ ဘယ်ရောက်နေတာလဲဟင် ” လို့ မေးတော့ ဘွားမေက သားနေမကောင်းလို့ ဆေးရုံ ရောက်နေတာတဲ့ ။ ပြီးတော့ ဘွားမေက ပြောသေးတယ် ။ သားမေမေလည်း ပြန်ရောက်နေပြီတဲ့ ။ သားတစ်ဖက်ကို စောင်းငဲ့ ကြည့်လိုက်တော့ အန်တီကြီး တစ်ယောက် ၊ သား မသိတဲ့ အန်တီကြီး တစ်ယောက် ။

“ သား မေမေလေ ၊ သားလေးရဲ့ မေမေပါ ၊ သား သွေးလွန်တုပ်ကွေး ဖြစ်တယ်ဆိုလို့ မေမေ ပြန်လာတာလေ ”

အန်တီကြီးက သူဟာ သားမေမေ ဖြစ်ကြောင်း တတွတ်တွတ် ပြောနေတယ် ။ အန်တီကြီးရဲ့ မျက်လုံးမှာ မျက်ရည်ကြည်ကြည်လေးတွေက လဲ့လဲ့ ၊ လဲ့လဲ့နဲ့  ။ ပြီးတော့ အန်တီကြီး ပခုံးကို ခပ်ဖွဖွ ဖက်ထားပြီး သားတို့ကို ကြည့်နေတဲ့ ဦးလေးကြီး တစ်ယောက်ကို တွေ့ ရသေးတယ် ။ သား ဦးဖေကို သတိရမိသွားတယ် ။

“ ဘွားမေ ဦးဖေရော ”

“ ဦးဖေ ရှိပါတယ် မြေးရဲ့ ၊ မြေးလေးအတွက် ဆေး သွားဝယ်နေတယ် ”

အန်တီကြီးက သားရဲ့ ဘေးကို ဝင်ထိုင်ပြီး သား ခေါင်းကို လာကိုင်တယ် ။

“ သား ခေါင်းကို မကိုင်ပါနဲ့ ”

“ အို ”

အန်တီကြီး နှုတ်က တအံ့တသြနဲ့  ‘ အို ’ ဆိုပြီး လက်တွန့်သွားတယ် ။ သားက သားခေါင်းကို ဘွားမေ တစ်ယောက်ပဲ ပေးကိုင်တာ ။ ဘယ်သူမှ သားခေါင်းကိုင် တာ မကြိုက်ဘူး ။

“ မေမေလေ မြေးရဲ့ ၊ မြေးလေးရဲ့ မေမေလေ မြေးလေးကို ဘွားမေ ဓာတ်ပုံ ပြထားတယ်လေ ၊ မမှတ်မိဘူးလား ”

“ မေမေက သားရဲ့ မေမေလေ ”

အိမ်နံရံမှာ ချိတ်ထားတဲ့ မေမေ့ရဲ့ ဓာတ်ပုံကို သား မြင်ယောင် ကြည့်မိတယ် ။ အန်တီကြီး ကိုလည်း ပြန်ကြည့်မိတယ် ။

“ မှတ်မိလား သား မေမေလေ ”

အန်တီကြီးက သား ကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတယ် ။

“ သား မှတ်မိပါတယ် ”

“ ဒါဆို … ဒါဆို ”

“ ဒါပေမဲ့ … အန်တီကြီးက သားမေမေ မဟုတ်ဘူး …. ”

သား ခေါင်းကိုပါ ဘယ်ညာ ခါယမ်းပြလိုက်တယ် ။ အန်တီကြီးနဲ့ ဘွားမေက သားကို တအံ့တသြနဲ့ ပြန်ကြည့်နေကြတယ် ။ အန်တီကြီး မရှိမှ သား ဘွားမေကို ပြောပြရမယ် ။ သားမေမေကို သား တွေ့ပြီးပြီလို့ ။ မေမေက နတ်သမီးလေး ဖြစ်နေတာ ။ ဒီ အန်တီကြီးနဲ့ သား တွေ့ ခဲ့တဲ့ သားမေမေနဲ့ တူမှ မတူတာ ။ ပြီးတော့ ဘွားမေက ပြောဖူးတယ် ။ သားမေမေက သားနှစ်နှစ်သား အရွယ်မှာ နိုင်ငံခြား ဆိုတဲ့ ဟိုး ... အဝေးကြီးကို အလုပ် လုပ်ရအောင် ထွက်သွားတာတဲ့ ။ ပြန်လာဖို့ကလည်း အဝေးကြီး ဆိုတော့ သား ကြီးလာမှ ဒီကို ပြန်ရောက်မှာတဲ့ ။ အဲဒီအခါ သားအတွက် ကစားစရာတွေ ၊ မုန့်တွေ အများကြီး ပါလာမှာတဲ့ ။ ဒီအန်တီကြီးက ခဏလေးနဲ့ ဒီကို ရောက်လာတာ ။ ဘယ်လိုလုပ် သားမေမေ ဖြစ်မှာလဲ ။ အန်တီကြီးက တရှုပ်ရှုပ်နဲ့ ငိုနေတယ် ။ ဘေးက ဦးလေးကြီးက အန်တီကြီးကို တွဲခေါ်သွားတယ် ။ သူတို့ မရှိမှ သား တွေ့ခဲ့တဲ့ နတ်သမီးမေမေ အကြောင်း ဘွားမေကို တိုးတိုးလေး ပြောပြရတယ် ။ ဘွားမေက သား ပြောနေတာတွေကို သိပ် မယုံသလိုပါပဲ ။

“ အေးပါ မြေးရယ် အေးပါ မြေးရယ် ” ဆိုပြီး မျက်စိကိုပဲ ပွတ်သုတ်နေတယ် ။

ဒါနဲ့ ‘ ပူး ’ လေးတွေရော ။ သားရဲ့ ‘ ပူး ’ လေးတွေရော ။ ‘ ပူး ’ လေးတွေက အိမ်မှာပေါ့လို့ ဘွားမေက ပြောတော့ သား အိမ်ပြန်မယ် ဘွားမေ ။ ‘ ပူး ’ လေးတွေကို ဘယ်သူ အစာကျွေးမှာလဲ ။ သား ‘ ပူး ’ လေးတွေကို အစာကျွေးရဦးမှာပေါ့ ။ ဒါပေမဲ့ သားက ပြန်လို့ မရသေးဘူးတဲ့ ။ နေမကောင်းသေးဘူးတဲ့ ။ ဦးဖေ က ‘ ပူး ’ လေးတွေကို အစာ ကျွေးပါတယ်တဲ့ ။ သား ‘ ပူး ’ လေးတွေကို သား လွမ်းလိုက်တာ ဘွားမေရယ် ။

••••• ••••• •••••

ညတိုင်းညတိုင်း နတ်သမီးမေမေနဲ့ သား တွေ့ရတယ် ။ မေမေက သားကို သူ့ ရင်ခွင်ထဲ ထည့်ထားပြီး ပန်းသီးတွေ ၊ လိမ္မော်သီးတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ကျွေးတယ် ။ နတ်သမီးပုံပြင်တွေလည်း ပြောပြတယ် ။ ဦးဖေ ဝယ်လာတဲ့ ပုံပြင်စာအုပ်တွေ ထဲက ပုံပြင်တွေ ထက် နတ်သမီးမေမေ ပြောပြတဲ့ ပုံပြင်တွေက ပိုကောင်းတယ် ။

နတ်သမီးမေမေ အကြောင်း ပြောဖို့ သား ဘွားမေ ဆီကို ထသွားမိတယ် ။ ဒါပေမဲ့ သားခြေလှမ်းတွေ တန့်သွားတယ် ။ ဘွားမေ ရှေ့မှာ အန်တီကြီးနဲ့ ဦးလေးကြီး ရှိနေတယ် ။ သား အသံ မပြုဘဲ ရပ်နေမိတယ် ။

“ သိပ်လည်း စိတ်မကောင်း မဖြစ်ပါနဲ့တော့အေ ၊ ညည်းလည်း ဟိုမှာ တစ်အိုးတစ်အိမ် ထူပြီးခဲ့ပြီပဲ ၊ ကလေး နဲ့ ရှေ့လျှောက် အတူနေနိုင်တာလည်း မဟုတ်ဘူး ။ ဒီ အခြေအနေလေးကိုပဲ ခပ်ကောင်းကောင်းလို့ ဆိုရမလို ”

“ ဒါပေမဲ့ အမေရယ် သားက အသိအမှတ် မပြုတဲ့ အမေ ဖြစ်ရတာ ”

အန်တီကြီးက ကျောကလေး လှုပ်လှုပ်ပြီး ငိုနေပြန်တယ် ။ သား အန်တီကြီးကို တွေ့လိုက်ရင် အမြဲတမ်း ငိုနေတာ တွေ့ရတယ် ။ အန်တီကြီးက သားကို ကျောင်းလည်း လာကြိုတယ် ။ ဒါပေမဲ့ သား အန်တီကြီး လာကြိုတာ မကြိုက်ပါဘူး ။ ဘွားမေ လာကြိုတာပဲ သားက သဘောကျတာ ။

“ ကဲပါအေ ဒါတွေ မပြောပါနဲ့တော့ ၊ မနက်ဖြန် ပြန်မယ်ဆိုတော့ ကားလက်မှတ်ရော ဖြတ်ပြီးပြီလား ၊ ဟိုမှာလည်း သွားတာ ၊ လာတာ ၊ နေတာ ၊ ထိုင်တာ ဆင်ဆင်ခြင်ခြင် နေကြပေါ့အေ ၊ ကိုယ့်နိုင်ငံ ၊ ကိုယ့်မြေ မဟုတ်တော့ သတိလေးနဲ့နေ သတိ မလွတ်စေနဲ့ပေါ့ ”

ဒီနေ့တော့ ဘွားမေကို နတ်သမီးမေမေ အကြောင်း သား ပြောပြရမှာ မဟုတ်တော့ပါဘူးလေ ။

••••• ••••• •••••

“ သား မေမေ ပြန်တော့မယ်နော် ၊ သားအတွက် အရုပ်တွေ ၊ မုန့်တွေ မေမေ ထပ်ပို့လိုက်ဦးမယ်နော် သား ”

အန်တီကြီးက သား လက်ကလေးကို ကိုင်ပြီး လာ နှုတ်ဆက်တယ် ။ သား အန်တီကြီးကို ဘာစကားမှ ပြန်မပြောမိပါဘူး ။ ဒီ အန်တီကြီးကလည်း သနားဖို့တော့ ကောင်းတယ် ။ သားမှာ နတ်သမီးမေမေ ရှိပါတယ်ဆို တာကို အတင်း သားရဲ့မေမေ ဖြစ်ချင်နေတာ ။

“ အမေ သမီးတို့ သွားတော့မယ်နော် ”

“ အစ်ကို ကျွန်တော်တို့ သွားတော့မယ် ”

ဘွားမေနဲ့ ဦးဖေက ခြံတံခါးပေါက်ထိ အန်တီကြီး တို့ကို လိုက်ပို့ကြတယ် ။ သားကတော့ ‘ ပူး ’ ပေါက်စလေး နှစ်ကောင်ကို လက်တစ်ဖက်စီ ကိုင်ပြီး ကစားနေမိတယ် ။

ညက နတ်သမီးမေမေကို သား စိတ်ကောက်ပစ်လိုက်တယ် ။ သားတို့ အိမ်မှာ ရောက်နေတဲ့ အန်တီကြီးက သားရဲ့ မေမေ ပါတဲ့ ။ နတ်သမီးမေမေက ပြောတာ ။ ဒါဆို နတ်သမီးမေမေ ကရော ဘာလဲဆိုတော့ သူ လည်း သားရဲ့ မေမေပါပဲတဲ့ ။ ဒါဆို သားက အမေ နှစ်ယောက်လား ဆိုတော့ ဟုတ်တယ်တဲ့ ။ သား နတ်သမီးမေမေကို  အရမ်း စိတ်ဆိုးတယ် ။ နတ်သမီးမေမေကို တွန်းလွှတ်ပြီး သားအကျယ်ကြီး အော်ပစ်လိုက်တယ် ။

“ မဟုတ်ဘူး ၊ မဟုတ်ဘူး သားမှာ အမေ တစ်ယောက်ပဲ ရှိတယ် ၊ အဲဒါ နတ်သမီးမေမေပဲ ”

ခု ပြန်တွေးမိရင် သား ခု ဝမ်းနည်းမိတယ် ။ နတ်သမီးမေမေက ဘာလို့ သားကို အဲဒီလို ပြောရတာလဲ ။ ဟင့်အင်း နတ်သမီးမေမေ အဲဒီလို ပြောတာ သား မကြိုက်ဘူး ။ သားမေးကြောတွေ တင်းလာတဲ့ အထိ အံကြိတ်ထားမိတယ် ။

“ ဟင် သား ”

အိမ်ပေါ်ကို လှမ်းတက်လာတဲ့ ဦးဖေက သားကို တအံ့တသြ ကြည့်ပြီး ကပျာကယာ ပြေးတက်လာတယ် ။ ဟင် ဦးဖေက ‘ သား ’ တဲ့ ။ ဦးဖေက သားကို တစ်ခါမှ ‘ သား ’ လို့ မခေါ်ဖူးပါဘူး ။ ခု ဦးဖေက ‘ သား ’ တဲ့ ။

“ သား မှန်းစမ်း မှန်းစမ်း ”

ဦးဖေက သားလက်ထဲမှာ ခပ်တင်းတင်း ဆုပ်ထားတဲ့ ‘ ပူး ’ လေးတွေကို အတင်း ဖြေခိုင်းပြီး ယူတယ် ။ ဘွားမေကလည်း လှေကားထစ် တံခါးဝကနေ သားနဲ့ ဦးဖေကို ရင်ဘတ်ဖိ ၊ မျက်လုံးကြီး ပြူးပြီး ကြည့်နေတယ် ။ ဦးဖေ လက်ထဲ ရောက်သွားတဲ့ ‘ ပူး ’ လေးတွေကို သား ပြန်ယူဖို့ လက်လှမ်းလိုက်တယ် ။

“ ဟင် ‘ ပူး ’ လေးတွေ သေနေပြီ ၊ ဦးဖေ သား ‘ ပူး ’ လေးတွေကို ဘာလို့ သ,တ်တာလဲ ၊ ‘ ပူး ’ လေးတွေကို ဘာလို့ သ,တ်တာလဲ ၊ အီး ... ဟီး ... ဟီး ... သား ‘ ပူး ’ လေးတွေ ပြန်ရှင်အောင် လုပ်ပေး ၊ ခု... လုပ်ပေး”

ငိုယို ပူဆာနေတဲ့ သားကို ဦးဖေက သူ့ ရင်ခွင်ထဲ ဆွဲသွင်းတယ် ။ ဦးဖေ အင်္ကျီမှာ သား မျက်ရည်တွေနဲ့ စိုရွှဲကုန်တယ် ။ ပြီးတော့ ဦးဖေ နှုတ်က အဆက်မပြတ် အသံထွက်နေတယ် ။

“ သားရယ် … သားရယ် ” တဲ့ ။

⎕ မှူးဆက်ပိုင် ( ရွှေတောင် )
📖စုံနံ့သာ မဂ္ဂဇင်း
     နိုဝင်ဘာလ ၊ ၂၀၁၄

Tuesday, May 5, 2026

ဒလဘက်သီး သုံးလုံး

❝ ဒလဘက်သီး သုံးလုံး ❞
          ( ပီမိုးနင်း )

ဘိုးထူးသည် မခင်ကို ရူးမတတ် ကြိုက်နေလေ၏ ။

မခင်သည် မအိုသေးတဲ့သူ အပျိုကလေးနဲ့တူ ဆိုအပ်သည့် တစ်ခုလပ်မိန်းမကလေး တစ်ယောက် ဖြစ်လေ၏ ။ ဘိုးထူး မှာကား အသက် သုံးဆယ်ကျော်သော လူပျိုကြီးဖြစ်ရာ စာရေးကြီးကိုထူး ဆိုလျှင် လူတိုင်း သိကြလေ၏ ။ မခင်မှာ အသက် အစိတ် အရွယ်မျှသာ ရှိသေး၍ ကွယ်လွန်သူ အသက် ငါးဆယ်ကျော် စပါးပွဲစားကြီး၏ ကျေးဇူးကြောင့် ကြွယ်ကြွယ်ဝဝ ၊ လှလှပပ ၊ အသားအရေ ၊ မဆုတ်မယုတ် ကျန်ရစ်သူ ဖြစ်လေရာ ကိုယ်ပိုင်အိမ် တစ်လုံးနှင့် တိမ်မဖုံး လသာလျက် သူ့ ထက် ငါ စာရေးတွေ ၊ စာချီတွေ ၊ ကောလိပ်ကျောင်းသားတွေ ၊ အိုင်အေ ၊ ဘီအေ စာရေးကြီးတွေ ဝိုင်းရံ မျက်စောင်း ထိုးခြင်းကို ခံ၍ နေရသူ ဖြစ်လေ၏ ။

ဘိုးထူးသည် လူပျိုကြီး အဖြစ်ကို အတော်ပင် ငြီးငွေ့နေရာမှ ထိုကဲ့သို့ ထူးမြတ်သော စားမြိန်စာထုပ်ကို တွေ့ရသောအခါ မခင် အတွက် ဆိုလျှင် ဘာကို မဆို ဆောင်ကြဉ်း၍ ပေးပို့ရန် အသင့် ရှိခဲ့လေ၏ ။

တစ်နေ့သ၌ မခင်၏ အိမ်၌ နှစ်ကိုယ်တည်း တွေ့ကြရာတွင် “ ခင် ဘာကိုများ လုပ်ပေးရမလဲ ၊ ဘာများ လိုချင်တာရှိလဲ ” ဟု မေးလေ၏ ။

“ ဘာမှ လိုချင်တာ မရှိပါဘူး ၊ ဘာများ လုပ်ပေးချင်လို့လဲ ကိုထူးရဲ့ ”

“ လုပ်ပေးချင်တာပေါ့လေ ၊ ချစ်တဲ့သူအတွက် ဆိုတော့ ဘာမဆို အို .. အကုန် လုပ်ချင်တာပဲ ” ဟု ဘိုးထူးက ခပ်ပြုံးပြုံး လုပ်၍ ဖြေလိုက်လေ၏ ။

မခင်သည် ဘိုးထူးအား ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် “ တယ် အစွမ်းကောင်းပါကလား ကိုထူးရဲ့ ၊ ကိုထူး ခေါင်းမှာလည်း ခေါင်းပေါင်း မပါပါကလား ” ဟု ကျေနပ်သော အမူအရာဖြင့် ပြောလိုက်လေ၏ ။

“ ဦးထုပ် ပါပါတယ် ၊ ဘယ်ကို သွားရမလဲ ၊ ပြောသာ ပြောပါ ”

“ ဒါလောက်တောင်ပဲ သွားချင်သလား ” ဟု မခင်က ရယ်၍ မေးလေ၏ ။

“ သွားချင်တာပေါ့ ၊ ခင့်အတွက် ဆိုရင် ဘယ်ကို မဆို သွားမှာပဲ ၊ ဟိမဝန္တာတောင်ထိပ်မှာ ပေါက်နေတဲ့ ကြာပန်းကလေးကိုပဲ လိုချင်တယ်ဆိုရင် ဖိနပ် မပါ ၊ ထီး မပါဘဲ ခြေလျင် တက်နိုင်ပါတယ် ။ ဒါမှမဟုတ်လို့ မိုးပေါ်က ကြယ်ကလေးတွေကိုမှ ပန်းကုံးသီပြီး ပန်ချင်တယ် ဆိုရင် တစ်လုံးပြီး တစ်လုံး ဖြုတ်ယူပြီး ပေးနိုင်ပါတယ် ၊ ပြောသာပြောပါ ဘာကို လိုချင်လို့လဲ ” ဟု ဘိုးထူး သည် စိတ်အား ထက်သန်စွာ ပြန်၍ ပြောလေ၏ ။

“ အဟုတ်လား ကိုထူးရဲ့ ”

“ ဟုတ်ပါသော်ကောဗျာ ၊ ဟုတ်ပါသော်ကော ”

ဘိုးထူးသည်ကား မြေလတ်မှ ရန်ကုန်မြို့သို့ လာ၍ နေကာ ရန်ကုန်မြို့တွင် လည်အား မွှတ်အားကြီးသည့် အတွက် မခင် နှင့် မတွေ့မချင်း လူပျိုကြီး ဖြစ်၍ နေရခြင်း ဖြစ်လေ၏ ။

“ ဒီလိုဖြင့်ရင် ကျွန်မအတွက် အမှန် ဆောင်ကြဉ်းပေးနိုင်မယ် ဆိုရင် ကျွန်မ ဒလဘက် သရက်သီးများ စားချင်လိုက်တာ ကိုထူးရယ် ၊ ရှင် ရှာပေးနိုင်ပါ့မလား ” 

ဘိုးထူးသည် စဉ်းစား၍ နေလေ၏ ။

“ အောင်မယ်မင်း ခင်ရယ် ၊ အခု ဝါခေါင် ၊ တော်သလင်းလကြီးပါကလား ၊ သရက်သီး ရှိတော့မယ် မထင်ပါဘူး ၊ ရှိရင်လည်းပဲ ခင်နဲ့ တည့်မယ် မဟုတ်ပါဘူး ၊ အခုအချိန် သွားဝယ်ရင် ရမှာလည်း မဟုတ်ဘူး ၊ ရတောင် ညကျမှ စားရမှာ ၊ အဲဒီတော့ကာ ဝမ်းဗိုက်တွေ ဘာတွေ နာနက်ကုန်ရင် ဘယ့်နှယ်လုပ်ပါ့မလဲ ၊ ခင့်နှယ် ၊ ခင်ရယ် .. ဒလဘက်သီးကိုမှ ချဉ်ခြင်းဖြစ်တတ်ပလေတယ် ပွဲစားကြီးကများ ... ”

“ အို .. ကိုထူး ကလည်းပဲ ကြံကြံစည်စည် ၊ ကျွန်မ အခုမှ ဒလဘက်သီးကို စားချင်တာ မဟုတ်ပါဘူး ၊ အရင် ကလည်း အမြဲမပြတ် အိမ်မှာ ထားတာပဲ ”

“ မဖြစ်နိုင်တာပဲ ခင်ရယ် ၊ အချိန်အခါလည်း မဟုတ်ဘူး ” ဟု ဆိုပြီးမှ မိမိ မရှာနိုင်ခြင်းကို သိလျှင် လူညံ့ဖြစ်မည် စိုး၍ “ နို့ ... မင်းကွတ်သီးကိုရော ” ဟု လွှဲ၍ မေးလိုက်လေ၏ ။

“ မစားချင်ပေါင် ” 

“ နို့ ... ဒူးရင်းသီးကိုရော ” 

“ မစားချင်ဘူး ” 

“ သစ်တော်သီးကိုရော ”

“ သာပြီး မစားချင်သေးတယ် ” 

“ နို့ ... ဘာစားချင်သလဲ ”

“ သရက်သီးကိုမှ စားချင်တယ် ” ဟု ပြောလိုက်သဖြင့် ဘိုးထူးမှာ စိတ်အပျက်ကြီး ပျက်ကာ “ အဲ ... ဒါမှ အခက် ” ဟု ဆိုပြီး စကား အဆုံးမသတ်ဘဲနေလျက် အတန်ကြာ တွေဝေ၍ နေပြီးမှ “ ကိုင်းဗျာ ဒီလိုဖြင့်ရင် ရှာပြီးပေးရတာပေါ့ ”  ညည်းတွားသော အသံဖြင့် ပြောလိုက်လေ၏ ။

ထိုညနေတွင် ဘိုးထူးသည် ရန်ကုန်မြို့ တစ်ဈေးလုံးရှိ သစ်သီးဆိုင်များမှာ သရက်သီးကို လိုက်လံရှာလေ၏ ။ အဘယ်မှာမျှ မတွေ့ ရပေ ။ နောက်ဆုံး၌ ရှေး အခါက မတွေ့ရသော ဆိုင်အသစ်တစ်ခုကို တွေ့ ရလေ၏ ။ ထိုဆိုင်မှာ နိုင်ငံခြား စားကုန်သောက်ကုန်များ ရောင်းချသော အင်္ဂလိပ်ဆိုင် ရဟူဒီဆိုင်များလို ပထမ စတင်၍ တည်သော မြန်မာဆိုင် ဖြစ်လေရာ ဘိုးသက် ဘရားသား ဟု ခေါ်လေသည် ။ ၎င်းဆိုင်မှာ အရက်အမျိုးမျိုး ၊ သစ်သီးအမျိုးမျိုး ၊ စားဖွယ်သောက်ဖွယ် အမျိုးမျိုးကို အကြီးအကျယ်ရောင်းသော ဆိုင် ဖြစ်လေ၏ ။

ဘိုးထူးသည် ထိုဆိုင်ကို ကြည့်ကာ အံ့သြလျက် မျိုးချစ်စိတ် မာန်တက်မိလေ၏ ။ “ ငါတို့ လူမျိုးများလည်း ဤလို ဆိုင်မျိုး ဖွင့်နိုင်ပေတာပဲ ၊ ဖွင့်နိုင်မှာပလေ ၊ ငါတို့ လူမျိုးသည် သည်လောက် မွဲသေးတာမှ မဟုတ်ဘဲကိုး ၊ သည်ဆိုင်ရှင်ဟာ လူလိမ္မာပဲ ၊ ဘိုင်စကုပ်ကုမ္ပဏီတွေ နဲ့တော့ ဒီလိုကုမ္ပဏီမျိုးက ပိုပြီး ဟန်ရတာပဲ ၊ ဣန္ဒြေ လည်းရှိတယ် ၊ ပိုပြီးတော့လည်း ဂုဏ်ရှိတယ် ၊ အမြတ်လည်း ပိုပြီး ကျိန်းသေတယ် ၊ ရုပ်ရှင်တွေက အသုံး မကျတဲ့ ကားတွေကို ထုတ်တယ် ၊ သည်ဆိုင်မျိုးက တကယ့် ဝီစကီအစစ်ကို ရောင်းတယ် ၊ အဲဒါမှ အဖိုးတန် ၊ ငါ ဝင်၍ ကြည့်ဦးမှ အရေးပုံတော်လှလိမ့်မကိုး ” ဟု အောက်မေ့ကာ ဘိုးသက်ဘရားသား ကုမ္ပဏီ၌ ရှိသော သစ်တော်သီးများကို ဝင်၍ ကြည့်လေ၏ ။

ဆံထုံးထောင်ထောင် ၊ ဆံမြိတ်ဖားဖား ကောလိပ်သူအလား အသွင်ရှိသော မိန်းမကလေးတစ်ယောက်သည် ခရီးဦးကြိုပြုကာ “ ဘာအလိုရှိသလဲ အစ်ကိုကြီး ” ဟု မေးလာလေ၏ ။

ဘိုးထူးသည် သစ်သီးများကို လက်ညှိုးထိုးလျက် “ ဟိုခြင်းထဲက ဘာသီးတွေလဲ ” ဟု မေးလိုက်လေ၏ ။ “ သြစတြေးလျက သစ်တော်သီးတွေပါ ၊ အင်မတန် လတ်ဆတ်ကောင်းမွန်ပါတယ် ” 

“ မှန်စမ်း ... ဟိုခြင်းကကော ”

“ ဟိုခြင်းက အမရပူရက စပျစ်သီးတွေပါ ၊ ဟောဒါက ကက်ရှမီပြည်က စပျစ်သီး ၊ ဟောဒီခြင်းက သရက်သီးရှင့် ၊ သုံးလုံးစီ ပါတယ် ၊ ဘူးလိုက် ယူမှ ရောင်းပါတယ် ” 

“ အောင်မယ် ဒလဘက်သီးတွေပါကလား ၊ ဒီရာသီမှာ ဘယ်က ရသလဲ ”

“ ကျွန်မတို့က ရာသီသီးများသာ မကဘူး ၊ ရာသီ မဟုတ်တဲ့ အသီးများကိုလည်း ဘယ်အရပ်မှာ မဆို မရမက ရအောင် ဝယ်ပြီးထားပါတယ် ။ တချို့လည်း ဓာတ်စာ အတွက် လာဝယ်ကြတာကိုး ၊ ကျွန်မတို့ ဒလဘက်သီး ၁၂ လုံးကို ပုသိမ်နယ်က ရခဲ့တယ် ။ ဒီစက္ကူ သေတ္တာမှာ သုံးလုံး ရှိပါတယ် ။ အဲဒီ သုံးလုံးကို သုံးလုံးစလုံးယူ မယ့် လူမှ ကျွန်မတို့ ရောင်းပါတယ် ” 

“ သုံးလုံး ဘယ်လောက်လဲ ”

“ ကျွန်မတို့ ကိုယ်ပိုင် မဟုတ်ပါဘူး ၊ သူ့သခင်ရှင်က သုံးလုံးကို ဆယ့်နှစ်ကျပ်နဲ့ ရောင်းပါလို့ မှာသွားတယ် ”

ဘိုးထူးသည် နံဘေးအိတ်ထဲသို့ နှိုက်ကာ သားရေအိတ်ကို ထုတ်လေ၏ ။ သားရေအိတ်ကို ဖြဲ၍ ကြည့်ပြီးမှ မျက်နှာမှာ ညှိုးငယ်၍သွားလေ၏ ။ အကြောင်းမူကား ထိုသားရေအိတ်၌ အစွန်းထွက် ငွေနှစ်ကျပ်သာ ပါရှိသည်ကို တွေ့ရှိရလေ၏ ။ ထိုမှတစ်ပါး အခြားမရှိ တော့သဖြင့် ဘိုးထူး ကြံရာ မရတော့ပေ ။ သို့သော် ဟန်လုပ်ကာ အိတ်ရှိသမျှ နှိုက်လေ၏ ။ ထိုနောက် “ တူမရေ ကိုကြီးတော့ ခက်ပြီ ၊ ပျာယီးပျာယာနှင့် ငွေစက္ကူကို ဘယ်မှာ ထည့်ခဲ့မှန်းမသိဘူး ” ဟု ပြောကာ ဆက်လက်၍ မိမိ ကိုယ်၌ ရှာဟန်ဆောင်လေ၏ ။ ငွေ မပါကြောင်းကိုကား သိပြီး ဖြစ်ခဲ့လေ၏ ။ ငွေနှစ်ကျပ် နှင့် သရက်သီးကို ရလိမ့်မယ်ဟု မျှော်လင့်၍ လာခဲ့ခြင်း ဖြစ်လေ၏ ။

“ နို့ ... ဦးလေး တော်တော်ကြာ လာပေးပါ့မယ် ။ ဒီသရက်သီးသုံးလုံးကိုသာ ပေးလိုက်ပါ ” ဟု ပြောလေ၏ ။

“ ကျွန်မတို့ ပစ္စည်း မဟုတ်လို့ပါ ၊ ဟုတ်ရင်ပေးပါတယ် ” ဟု မိန်းကလေးက ပြန်၍ ပြော၏ ။

“ အစ်ကိုကြီးဟာ ဂုဏ်သရေရှိ လူကြီးလူကောင်းပါ ။ တူမကို မလိမ်ပါဘူး ။ ဦးလေးဟာ ဘုံဘေဘားမားမှာ စာရေးကြီးပါ ။ တစ်လ နှစ်ရာ့ငါးဆယ်ရပါတယ် ။ နာမည် အပျက်မခံပါဘူး ။ အစ်ကိုကြီးမိန်းမက ပူဆာလွန်းလို့ပါ တူမရဲ့ ။ ဟောဒီမှာ အစ်ကိုကြီးရဲ့ ကတ်စက္ကူ ဟု ဆိုကာ မိမိနာမည် ၊ နေရပ် ရိုက်ထားသော ကတ်ပြား ကလေးကို ထုတ်၍ ပေးလိုက်လေသည် ။

သို့ပြောသော်လည်း ဆိုင်မှ ထွက်၍ လာသောအခါ ဒလဘက်သီး မပါခဲ့ပေ ။

ဘိုးထူးသည် မရနိုင်ခြင်းကို စိတ်အိုက် မနေနိုင်တော့ဘဲ အေးအေးဆေးဆေး တွေးလိုက်သောအခါ ဤကဲ့သို့ ဖြစ်ခြင်းသည်လည်း ငါ ကောင်းဖို့ပေပဲ ။ မိန်းမ ဆိုတာ ကနဦး ကတည်းက အလိုလိုက်လျှင် အရှည် သဖြင့် အမိုက်စော်ကားကြတာမျိုး ၊ မိန်းမဆိုတာ ဦးကျိုးမှ တော်ရုံရှိတာ ။ မယားနဲ့နွား ၊ မသနားကောင်းတဲ့ စသည်ဖြင့် တွေးတောကာ ရပ်၍ နေလေ၏ ။ သို့ရပ်ရင်း တောင်ကို ကြည့် ၊ မြောက်ကို မျှော် သရက်သီးတော့ ရတော့မှာ မဟုတ်ဘူးဟု အောက်မေ့နေလေ၏ ။

ထိုအခိုက် တစ်စုံတစ်ယောက် ကျောကို ပုတ်လျက် “ အိုင်ဆေး ကိုထူး ဘယ်သွားမလို့ စိတ်ကူးနေတာလဲ ” ဟု မေးသံကို ကြားလိုက်ရသဖြင့် ဘိုးထူးသည် နောက်သို့ ချာခနဲ လှည့်လိုက်လေ၏ ။

“ ဟ...ကိုထွန်းမောင်ပါကလား ” ဟု ပြောကာ သားသားနားနား ဝတ်ဆင်လာသော ထွန်းမောင် ဆိုသူ၏ လက်ကို ကိုင်ဆွဲကာ နှုတ်ဆက်နေလေ၏ ။

“ ခင်ဗျား ဘာလုပ်နေသလဲ ” ဟု ထွန်းမောင်က မေးလေ၏ ။

“ ဝယ်စရာ ချမ်းစရာကလေး ရှိလို့ လာတာပါပဲကွာ ”

“ ဒီလိုဖြင့် လာဗျာ ၊ အိမ်ကို လိုက်ခဲ့ပါ ၊ ကျုပ် တစ်ယောက်တည်း လက်ဖက်ရည်သောက်ရတာ ပျင်းလို့ပါ ” 

ဘိုးထူးသည် ထွန်းမောင် ခေါ်ရာသို့ စိတ်မပါ့တပါ လိုက်၍သွားလေ၏ ။ မကြာမီ ထွန်းမောင်၏ သားနား ကျယ်ဝန်းသော အခန်းကို ရောက်၍ သွားလေ၏ ။ ထွန်းမောင်သည် ဘိုးထူး၏ ကြွယ်ဝသော သူငယ်ချင်းများ အနက် တစ်ယောက်ဖြစ်လေ၏ ။ ဘိုးထူး၏ စိတ်၌ ထွန်းမောင်အခန်းကို ဝင်လျှင်ဝင်ချင်း “ ဒီအကောင်တော့ ဒလဘက်သီးကို ဝယ်နိုင်မှာပဲ ” ဟု တွေးမိလေ၏ ။

သို့ .. တွေးခိုက်တွင် အကြံတစ်ခု ပေါ်လာသဖြင့် “ ကြွယ်ဝတာများလည်း သနားစရာပဲ ” ဟု ဦးခေါင်းကို လှုပ်ခါရင်း ဝမ်းနည်းသော လေသံမျိုးဖြင့် ပြောလေ၏ ။

“ ငွေတွေ ပေါအားကြီးတော့ သည်ငွေတွေနဲ့ ဘာကို လုပ်ရမှန်း မသိဘဲ ငြီးငွေ့နေမှာပဲ ၊ ထွန်းမောင် ...မင်း လိုလိုချင်တာကို လွယ်လွယ်ကူကူ ရတဲ့ ဘဝဟာ စွန့်စွန့်စားစား ဘာမှ မလုပ်ခဲ့ရတဲ့အတွက် သွေ့သွေ့ခြောက်ခြောက် ဖြစ်နေမှာပဲ ... ”

“ ကျုပ်တော့ ပျော်တယ်ဗျ ၊ ယုံချင်ယုံ ၊ မယုံချင် နေ ၊ ငွေရှိမှ ထင်သလို နေနိုင်တာပဲ ”

“ စင်စစ်တော့ ... ငွေဟာ ချမ်းသာခြင်းကို မပေးပါ ဘူး ၊ မင်းလိုချင်တာကို ငွေပေးတိုင်း ရမှာလား ၊ ငွေ ရှိလို့ ထင်သလို နေနိုင်မှာလား ၊ ငွေရှိတိုင်း ကြိုက်ရာ မိန်းမကို ရမှာလား ၊ ငွေရှိရုံနှင့် စိတ်ကျေနပ်နိုင်ပါ့မလား ၊ ကိုင်း ... မင်း ပြောစမ်း ”

“ ကျေနပ်တာပေါ့ဗျာ ၊ ကျေနပ်နိုင်တာပေါ့ ” 

“ မှားတာပေါ့ မောင် ၊ ငါတော့ ငွေကို အင်မတန် ကြီး အဖိုးတန်တယ်လို့ မထင်ပါဘူး ။ မိန်းမကောင်း တစ်ယောက်ရဲ့ အချစ်ကို ငွေပေးလို့ရမှာလား .. ‘ ရွှေ ပေးလို့ မရ ’ ဆိုတဲ့ ဇာတ်ကို မင်း ကြည့်ဖူးရဲ့လား ၊ ငွေနဲ့ ကျန်းမာခြင်းကို ဝယ်လို့ ရမလား ၊ မင့်ငွေနဲ့ ဒလဘက်သီး ကိုတောင် ဝယ်လို့ ရမှာ မဟုတ်ဘူး ” ဟု အများကြီး ဆွယ်ခဲ့ပြီး လိုရင်းကို မေးလိုက်လေ၏ ။

“ ဘာပြောတယ် .. ဘာသီး ” 

“ ဒလဘက်သီး ... အခုရာသီမှာ ... အခုရာသီမှာ ” 

“ ရနိုင်တာပေါ့ဗျာ ၊ ပိုက်ဆံရှိတာ ဘာမဆို ရနိုင်တာပေါ့ ”

“ ဟေ့ ထွန်းမောင် .. မကြွားစမ်းပါနဲ့ကွာ ၊ ငါတော့ ရမယ် မထင်ဘူး ”

“ ခင်ဗျား မဟုတ်တာ ပြောနေတာပဲ ၊ အခု ဒလ ဘက်သီးနဲ့ လက်ဖက်ရည် ရအောင် ကျုပ် လုပ်ပေးမယ်လေ ”

“ မင်း မရစေဘူး .. လာ လောင်းမယ် ၊ ငွေတစ်ကျပ်ကြေး ”

“ တစ်ကျပ်ကြေးနော် ... စိန်လိုက် ”

ထွန်းမောင်သည် ခေါင်းလောင်းကို နှိပ်လိုက်လေ၏ ။ ၎င်း၏ အစေခံ ထွက်လာလေ၏ ။

“ ဟေ့ အောင်ဘ ... အခု လက်ဖက်ရည်နဲ့ သောက်ရအောင် ဒလဘက်သီး သွားပြီး ဝယ်လိုက်စမ်းကွာ ”

“ ကောင်းပါပြီ ဆရာ ”

ထွန်းမောင်သည် အောင်မြင်သော အမူအရာနှင့် ခါးကို ဆန့်ကာ ကုလားထိုင် နောက်မှီကို မှီ၍ ထိုင်လေ၏ ။

“ ကိုင်း .. ဘယ်နှယ်ရှိစ ၊ ကျုပ်လူ သွားပြီ ” 

“ ကောင်းပါပြီမောင် ၊ ကိုယ်တို့ကတော့ ဒလဘက်သီးကို မြင်မှ ယုံတော့မှာပဲ ”

ထို့နောက် မိနစ် အနည်းငယ်အတွင်း ဒလဘက်သီးများကို မြင်ရလေ၏ ။

“ ဟာ ...ဟုတ်တယ်ဟေ့ ၊ ငါ ရှုံးပြီ ၊ မင်းကို ငါ သည်လောက် တတ်နိုင်မယ်လို့ မထင်ဘူး ။ ရော့ .. ငွေ တစ်ကျပ် ” ဟု ဒင်္ဂါးကို ပစ်၍ ပေးလိုက်လေ၏ ။

“ ကျေးဇူးပါ ဆရာ ၊ သဒ္ဓါကြည်ဖြူရှိရဲ့လား ” 

“ ကြည်ဖြူပါတယ် မောင် ၊ ကျေကျေနပ်နပ်ပါ ” 

ဘိုးထူးသည် လက်ဖက်ရည်ပွဲ ရောက်၍ လာသည့် တိုင်အောင် အကြံထုတ်၍ နေလေ၏ ။ အကြံကား ... မပေါ် ၊ ကံသာလျှင် မျှော်ကိုးရာ ရှိတော့သည်ဟု အောက်မေ့စပြုမိတော့၏ ။ မျှော်ကိုးရာဖြစ်သော ကံသည် ထက်ကြပ်မကွာ လိုက်ပါ၍လာလေသည် ။

ထွန်းမောင်သည် သရက်သီးတစ်လုံးကို စိတ်လေ၏ ။ ကျန်နှစ်လုံးမှာ “ ဘိုးသက် - ဘရားသား ” ဟု စာတမ်း ထိုး၍ ထားသော စက္ကူသေတ္တာမှာပင် ရှိလေ၏ ။ သရက်သီးများကို စိတ်၍ ပြီးသည်နှင့် တစ်ပြိုင်တည်း ထွန်းမောင်၏ တယ်လီဖုန်းသည် ပြင်းထန်သော အသံနှင့် မြည်ခေါ်လေ၏ ။ ထွန်းမောင်သည် မြေပွဲစား ၊ အိမ်ပွဲစား အလုပ်ကို လုပ်သူ ဖြစ်လေ၏ ။ တယ်လီဖုန်း ရှိရာသို့ ဘိုးထူးကို နှုတ်ဆက်၍ ထသွားလေ၏ ။

ဘိုးထူးသည် စက္ကန့်အနည်းငယ်အတွင်း သရက်သီးနှစ်လုံး ရှိသော စက္ကူသေတ္တာကိုယူကာ အခန်းပြင်သို့ လျင်မြန်စွာ ထွက်လေ၏ ။ အခန်းဝ၌ ခဏရပ်နေပြီး နောက် “ ဟေ့ ... အောင်ဘ ၊ ငါ အရေးကြီးတဲ့ကိစ္စအတွက် ချိန်းထားတာကို အခုမှ သတိရတယ် ၊ ပြန်သွားကြောင်း ပြောလိုက်ပါ ၊ ပြီးတော့ သရက်သီးနှစ်လုံးလည်းပဲ ငါ ယူသွားတယ်လို့ ပြောလိုက်ပါ ၊ ငါ့အတွက် သူ ဝယ်ရှာတာပဲ ၊ ငါ ယူသွားလို့ စိတ်မဆိုးပါဘူး ” ဟု ပြောလေ၏ ။

“ မိန့်တော်တိုင်းပါ ခင်ဗျား ”

အောင်ဘသည် အပြောအဆို ယဉ်ကျေးသော မန္တလေးသား ဖြစ်လေ၏ ။

ပေါ့ပါးသော စိတ်နှလုံး ၊ ပေါ့ပါးသော ခြေလှမ်းနှင့် ဘိုးထူးသည် တိုက်ပေါ်မှ ဆင်းပြီး လေကလေးများ ချွန်လျက် သရက်သီးသေတ္တာကို ကိုင်ကာ လျှောက်၍ သွားလေ၏ ။ ထိုသို့သွားရင်း လူတစ်ယောက်၏ ခါးကို သရက်သီးသေတ္တာနှင့် ဝင်၍ တိုက်မိလေ၏ ။ ထိုသူက “ ဟာ ... ဘယ့်နှယ်လုပ်တာလဲ ခင်ဗျား ” ဟု ပြောပြော ဆိုဆိုနှင့် ကျသွားသော သရက်သီးတစ်လုံးကို ကြေမွအောင် မတော်တဆ နင်းမိလေ၏ ။

ထိုသူသည် သရက်သီးကို မြင်လျှင် သုတ်သီးသုတ်ပျာနှင့် အနီးရှိ တိုက်ထဲသို့ ဝင်၍ သွားလေ၏ ။ ကျန်တစ်လုံးမှာ နံဘေး တာမြောင်းထဲသို့ ကျမည့်ဆဲဆဲတွင် ဘိုထူး ကယ်သဖြင့် ကျောက်ပေါက်စကလေး အနည်းငယ်မျှသာ ရလျက် စက္ကူသေတ္တာထဲသို့ ပြန်၍ ရောက်လေ၏ ။ ထိုအခိုက် မိန်းမတစ်ယောက်သည် နံဘေးအခန်းထဲမှ ထွက်ပြူ၍ လာပြီး “ ရှင် ဒီသရက်သီးတွေကို ဘယ်က ရသလဲ ” ဟု ခက်တရော်သော အသံနှင့် မေးလေ၏ ။ ၎င်းမိန်းမသည် ဘိုးသက်ဘရာသား ဆိုင်ရှင် မိန်းမဖြစ်လေ၏ ။

“ ကျုပ်မိတ်ဆွေ တစ်ယောက် လက်ဆောင် ပေးတာပါ ” ဟု ဘိုးထူးက လျင်မြန်စွာ ပြောလေ၏ ။

“ ဪ ... ဟုတ်သလား ” ဟု ထိုမိန်းမက သရော် သလို ပြန်၍ပြောကာ “ အင်း ... ဒါဖြင့်ကာ မှန်နေပြီ ၊ ရှင် စောစောက ဒီဆိုင်ဝင်တယ် မဟုတ်ဘူးလား ၊ ခဏကလေး မျက်စိအလစ်မှာ ဒီသရက်သီးတွေ ပျောက်တာ  ၊ အခု ကြည့်စမ်း ” ဆိုလေ၏ ။

အထူးပြောရန် မလိုတော့ပေ ။ လောက၌ ဤလို ထွေထူးဆန်းကြယ်သော ခက်ခဲခြင်းများသည် ပြည့်နှက်၍ နေတော့၏ ။ ထိုအခက်ကလေးများသည် ဖြေရှင်းရန် ခက်ခဲပေ၏ ။ သို့သော်လည်း ဘိုးထူးသည် ဖြေရန် ကြိုးစားလေ၏ ။

ဆိုင်ရှင်မသည် မြင်လျှင် မြင်ချင်း ဘိုးထူး သူခိုး ဖြစ်ကြောင်း ယုံကြည်လိုက်လေ၏ ။

“ ရှင် ဘယ်ကိုမှ မသွားနဲ့ ၊ ရှင် ဂါတ်ကျမှ ဖြေ ၊ အခု မဖြေနဲ့ဦး ” ဟု ပြောလေ၏ ။

ထိုသို့ ပြောလိုက်သော စကားများသည် ချောမောသော မိန်းမတစ်ယောက်၏ စကား ဖြစ်သောကြောင့် ဘိုးထူးမှာ ဘယ်ကိုမျှ မသွားချင်သလိုလို ဖြစ်မိသော်လည်း မနေနိုင်တော့ပေ ။ ထိုအချိန်၌ ဘိုးထူးသည် မိမိ ဘာကို လုပ်မိသည်ဟု မစဉ်းစားနိုင်တော့ပေ ။ ထိုအတွင်းဝယ် အနီးအပါးသို့ တက္ကစီတစ်စီး ရပ်လာပြီး ဖြတ်၍ သွားရာ ဘိုးထူးသည် တက္ကစီပေါ်သို့ လျင်မြန်စွာ တက်၍ လိုက်ပါသွားသည်ကိုသာ တွေ့လိုက်ရပေတော့၏ ။

တက္ကစီထဲ၌ ဘိုးထူးမှာ နဖူးမှ ချွေးတဒီးဒီး ကျ၍ နေလေ၏ ။ စွပ်စွဲသော မိန်းမသည်ကား ဆိုင်တံခါးဝမှာ နေ၍ ဖိနပ်ကို မြှောက်ပြကာ နှုတ်ဆက်လျက် ကျန်ရစ်လေ၏ ။

“ ရှင် အမောပြေရင် ကျွန်မ တက္ကစီထဲက ထွက်မလား ” ဟူသော မကြည်ဖြူသော မိန်းမတစ်ယောက် အသံကို မိမိ၏ အနား၌ ကြားရသဖြင့် ဘိုးထူးမှာ ပျားတုပ်သလို ဖြစ်လျက် ငေါက်ခနဲ အလန့်တကြား ထိုင်လိုက်လေ၏ ။

ထိုမိန်းမသည် ထဘီနက်နက် ၊ အင်္ကျီနက်နက် ဝတ်၍ ထားသော တရုတ်ကပြားမ ဖြစ်လေ၏ ။

“ ကျွန်တော် မသိလို့ပါ ခင်ဗျာ ၊ သည်းခံပါခင်ဗျား ” ဟု ပြောလေ၏ ။

“ အခု သိပြီ မဟုတ်လား ” ဟု ထိုမိန်းမက ဘိုးထူးကို ပိုးလောက်တီကောင်ကဲ့သို့ ရွံရှာမုန်းထားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်ပြီးနောက် ကားကို ရပ်ရန် အမိန့်ပေးလိုက်လေ၏ ။

“ ကျွန်တော် သွားမှ တော်မယ်ထင်တယ် ” ဟု ဘိုးထူးက ပြောလေ၏ ။

ဤကဲ့သို့ သွားမည် ပြုသော အကြံကို တက္ကစီထဲက မိန်းမသည် တားမြစ်ကန့်ကွက်ခြင်း ပြုလိုဟန် မရှိပေ ။ ဘိုးထူးသည် တက္ကစီပေါ်မှ ဆင်းလေ၏ ။ တက္ကစီသည် လည်း ဆက်လက်၍ သွားလေ၏ ။ သို့ .... ကြည့်၍ နေခိုက်တွင် မိမိ၏ လက်၌ ထွန်းမောင်အိမ်က ဆင်းလာစဉ်က ကဲ့သို့ လေးလေးလံလံ မရှိကြောင်းကို သတိရလေ၏ ။ ဒလဘက်သီးများကို ရအောင် အလွန်အကြူး အထူး ကြိုးစားခဲ့ရပြီးမှ ဤကဲ့သို့ ဆုံးပါးခြင်းကို အေးအေးဆေးဆေး ကြည့်၍နေနိုင်ဖို့ မရှိပေ ။ ချက်ချင်းပင် အခြား တက္ကစီတစ်စီးကို လက်ရပ်၍ ခေါ်လိုက်လေ၏ ။ အပါးကို ရောက်သောအခါ အတွင်းကို သေသေချာချာ ကြည့် လေ၏ ။ တက္ကစီ၌လည်း မိန်းမ တစ်ယောက်ယောက် ပါလိမ့်ဦးမည်လား ... ဟု ကြောက်ရွံ့မိဟန် ရှိပေ၏ ။ ၎င်းနောက် ကားပေါ်သို့ တက်၍ “ ရှေ့က တက္ကစီကို မြန်မြန်လိုက် ” ဟု ဒရိုင်ဘာအား အော်၍ ပြောလေ၏ ။

တက္ကစီမောင်းသမားသည် ခေတ်ကာလပေါ် စုံထောက်ဝတ္ထုများကို များစွာ ဖတ်သူ ဖြစ်ဟန် ရှိပေ၏ ။ ၎င်း၏ စိတ်ထဲတွင် အဘယ်ကဲ့သို့သော အခြေအနေ ဖြစ်သည်ကို ချက်ချင်း ရိပ်မိလေ၏ ။ ဝတ္ထုထဲတွင် စုံထောက်များ တက္ကစီကို ငှားပြီး ဤကဲ့သို့ အမိန့်ပေး တတ်ကြောင်းကို အများကြီး ဖတ်ရဖူး၍ ယခုအခါ မိမိ တက္ကစီထဲသို့ စုံထောက်ရောက်ကာ ကိုယ်တွေ့ ဖြစ်လေ ပြီဟု အောက်မေ့သည့်အလား ၊ အားတက်သရော ကလပ်ချ်မှ ခြေကို ခွာလိုက်လေ၏ ။

လိုက်ရသောခရီးသည် တိုတောင်း၏ ။ ထိုခရီး၌ တစ်စုံတစ်ရာမှ မဖြစ်ခဲ့ပေ ။ ရှေ့တက္ကစီကို ချောမောစွာ မီလေ၏ ။ ထိုတက္ကစီသည် ရန်ကုန်မြို့ အနောက်ပိုင်း တိုက်ကြီးတစ်ခု၏ ရှေ့၌ ထိုး၍ ရပ်လေ၏ ။ ဘိုးထူး၏ တက္ကစီကလည်း ထိုတက္ကစီ ရပ်သော နေရာမှ ကိုက်ငါး ဆယ်ခန့် ခွာ၍ ရပ်လေ၏ ။

ဘိုးထူးသည် တက္ကစီသမား အခကို ပေး၏ ။ တက္ကစီသမားသည်ကား ... များစွာ ကျေနပ်ဟန်မရှိပေ ။ သို့အတွက် ထပ်၍ တောင်းမည်ကြံ၏ ။ ဘိုးထူးသည်ကား လက်ကို ဝင့်ကာ နှင်၍ ပစ်လိုက်လေ၏ ။

ထိုအခိုက် ရှေ့က တက္ကစီပေါ်က မိန်းမသည် ကားထဲမှ ဆင်း၍ တိုက်ပေါ်သို့ တက်သွာသည်ကို ဘိုးထူး ကြည့်၍ နေလေ၏ ။ အထုပ်များအနက် “ ဘိုးသက် ဘရားသား ” တိုက်မှ ဒလဘက်သီး ထည့်သော စက္ကူသေတ္တာကိုလည်း တွေ့မြင်ရလေ၏ ။

ဘိုးထူးသည် အဘယ်ပုံ ကြံရမည်ကို စဉ်းစားခန်း ထုတ်၍ နေလေ၏ ။ တည့်တည့်ကြီး လျှောက်၍ သွားပြီး အထုပ်ကို တောင်း၍လည်း ဖြစ်မည် မဟုတ်ဟု တွေးမိလေ၏ ။ ထိုမိန်းမ၏ မျက်နှာကို ထပ်၍ကြည့်ရမည်မှာ ခက်၍ နေလေ၏ ။ တက္ကစီပေါ်က မဆင်းမီ ၎င်းမိန်းမ မျက်နှာထားပုံကို ထောက်လိုက်သောအခါ အဆွေ ခင်ပွန်းကောင်း ဖြစ်ဖို့ရန် လက္ခဏာ အမူအရာ များစွာ ရှိသည်ဟု မဆိုနိုင်ကြောင်း သိခဲ့ရလေ၏ ။

ဘိုးထူးသည် မိမိ၏ နာရီကိုကြည့်၏ ။ အိမ်မှ ထွက်၍ လာခဲ့သည်မှာ နှစ်နာရီကျော်ကျော် ကြာကြောင်း ၊ နာရီဝက် အတွင်းမှာ ရအောင်ကြံဖို့ အချိန်ရှိသေးကြောင်း သိရလေ၏ ။ သို့ရာတွင် တောင်မြောက်လေးပါးကို ကြည့်ရာမှာလည်း ခိုင်းစေရန် မည်သူ့ကိုမျှ မတွေ့ရပေ ။ ထိုကြည့်နေခိုက်တွင် စိတ်ကူးဉာဏ် ပေါက်လာလေ၏ ။

ငါ ကိုယ်တိုင် သွားမှ တော်မယ် ၊ ဒီမိန်းမကို ငါ တွေ့ချင်မှ တွေ့မှာ ၊ မိန်းမများ ခရီးသွားက အိမ်ကို ပြန်လာရင် နောက်ဖေးနောက်ဖီ ဝင်တတ်တာမျိုး ၊ ငါ မြန်မြန်သွားမှ တော်မယ်ဟု အောက်မေ့ကာ အမြန် သွားလေ၏ ။ သို့ သွားရာ ...တိုက်ရှေ့သို့ ရောက်သောအခါ အခြား မိန်းမပျိုကလေးတစ်ယောက် တိုက်ပေါ် တက်သွားသည်ကို မြင်ရလေ၏ ။ ဘိုးထူးသည် ထိုမိန်းကလေးနောက်ကို ပြေး၍ လိုက်သွားလေ၏ ။

အနီးသို့ ရောက်သောအခါ ...

“ ကလေးမကလေး နေပါဦး ၊ အစ်ကိုကြီး ဘိုးသက် ဘရားသားတိုက်က လိုက်လာပါတယ် ၊ ခုတင်က ပြန်လာတဲ့ မိန်းမမှာ တစ်ခုခု မှားလာခဲ့တယ် ထင်ပါတယ် ၊ ဒလဘက်သီးများဟာ တခြားလူဥစ္စာပါ ” ဟု ပြောလေ၏ ။

“ ရှင် ကျွန်မ ကြီးကြီးကို သူခိုးလို့ စွပ်စွဲတာလား ” 

“ မဟုတ်ပါဘူး ၊ အမှတ်တမဲ့ အထုပ် မှားသွားတယ် ထင်ပါတယ် ၊ မှားပြီး ယူတာကို တိုက်ရှင်က မြင်လိုက်လို့ပါ ။ ပြီးတော့ တက္ကစီတစ်ခုနဲ့ ထွက်သွားတယ်လို့ ပြောပါတယ် ။ သည့်အတွက် လွှတ်လိုက်လို့ လိုက်လာတာပါ ”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ ကျွန်မ ကြီးကြီး သည်တိုက်ကို ရောက်ခဲ့ပါတယ် ၊ ကျွန်မ သွားပြီးတော့ မေးလိုက် ပါဦးမယ် ၊ ဘာသီးလဲ ... သရက်သီးလား ”

ဘိုးထူးသည် ခေါင်းညိတ်ပြလိုက်လေ၏ ။ ၎င်းမှာ စိတ်အေး၍ သွားလေ၏ ။

အကယ်၍ ထိုမိန်းမသည် ထိုဆိုင်ကို မရောက် ချေက အများကြီး အပြောရ ခက်မည်ကို သိရှိလေ၏ ။ သို့သော်လည်း ၎င်းဆိုင်မှာ ဆိုင်သစ် ဖြစ်၍ လွန်စွာလည်း ကျော်ကြားသဖြင့် ရောက်လေမလားဟု အောက်မေ့ကာ စွန့်စား၍ လာရခြင်းဖြစ်ရာ ၊ ယခုကား ထိုဆိုင်ကို ရောက်ကြောင်း သိရသောအခါ မိမိ၏ ကံကြမ္မာသည် အင်မတန်ကြီး ဆိုးဝါးလှသည် မဟုတ်ကြောင်းကို သိရသဖြင့် သက်မကြီး ချလိုက်လေ၏ ။

မကြာမီ မိန်းကလေးသည် ပြန်၍ လာပြီး “ ရှင် ပြောတာ မှန်တယ် ၊ ဟောဒီမှာ ဟောဒါပဲ ” ဟု ပြောကာ ပေးလေ၏ ။

ဘိုးထူးသည် အားရဝမ်းသာ ကျေးဇူးတင်လျက် ထွက်လာခဲ့လေ၏ ။

ထိုညနေခရီးမှာ အတော်ပင် ဒုက္ခများလျက် စိတ်အားဉာဏ်အား ကိုယ်အားကို အတော် အသုံးပြုခဲ့ရသဖြင့် အိမ်သို့ ပြန်၍ ရေမိုးချိုးပြီးမှ သရက်သီးကို မိမိ၏ ချစ်သူအား သွား၍ ပေးမည်ဟု ကြံစည်မိကာ သေတ္တာကိုပိုက်လျက် အိမ်သို့ ပြန်၍သွားလေ၏ ။ ၎င်းသည် အိမ်ကို ရောက်၍ ရေမိုးချိုးနေစဉ် ခြေသံပြင်းပြင်း နင်းတက်၍ လာသူ တစ်ယောက်ကို ကြားရလေ၏ ။

လူများမှာ အပြစ် တစ်စုံတစ်ရာ ရှိချေက ကြောက်စိတ်သည် အလိုလို ပေါ်နေတတ်၏ ။ ဘိုးထူးမှာလည်း ကြောက်စိတ် ဖြစ်ပေါ်၍ နေလေတော့၏ ။

အခန်းတံခါး ပွင့်၍ လာသည်နှင့် တစ်ပြိုင်တည်း သစ်သီး ထည့်သောသေတ္တာကို စားပွဲမှ လျင်မြန်စွာ ယူပြီး ၎င်း၏ ပက်လက်ကုလားထိုင်ခုံ အောက်သို့ သွင်း၍ထား လိုက်မိလေ၏ ။ အကြောင်းမူကား ...ခြေသံကို ကြားကတည်းက ဘိုးထူး၏ စိတ်၌ သရက်သီး .. သရက်သီး ... ဟု မြည်၍နေခြင်းကြောင့် ဖြစ်လေ၏ ။

“ ဟလိုး ကိုဘိုးထူး ... ကျုပ် ခင်ဗျားကို အိမ်မှာ တွေ့မှ တွေ့ရပါ့မလားလို့ အောက်မေ့မိတယ် ” 

“ ဟဲလို .. .ထွန်းမောင်ပါကလား ၊ ဝင်ပါ ... ဘာကိစ္စများတုန်း ”

“ ကိစ္စတော့ တခြား မဟုတ်ပါဘူး ၊ ဟိုဒလဘက်သီး များကြောင့်ပါပဲ ” ဟု ဆိုကာ ကုလားထိုင်ပေါ်သို့ တက်၍ ထိုင်လေ၏ ။

“ ဒလဘက်သီး ၊ ဒလဘက်သီး ” ဟု ဘိုးထူး၏ စိတ်၌ မြည်မိပြီးမှ “ ဪ .... ဒလဘက်သီးလား ၊ အေး... ငါ မှတ်မိပါရဲ့ ၊ ဒါ ဘာဖြစ်သလဲ ” ဟု မေးလိုက်လေ၏ ။

“ ကိုဘိုးထူး အဟုတ်ပဲ ၊ ဒလဘက်သီးများကို လိုချင်လို့လား ”

“ အို ... အင်မတန်ကြီး မလိုချင်ပါဘူး ၊ သို့သော်လည်း ငါ့အတွက် သည်လောက်တောင် ကြိုးစားပြီး ရအောင် ရှာခဲ့ရတော့ မယူဘဲနေရင် ရိုင်းရာကျမှာမို့ ယူလာရတာပါ ”

“ သည်လိုဖြစ်ရင် ကျုပ်ကို ပြန်ပေးနိုင်ရင် အတိုင်းထက် အလွန် ကျေးဇူးတင်မှာပဲ ၊ ကျုပ် တစ်လုံး ခွဲစားကြည့်တာ တယ်ပြီး ကောင်းတာပဲ ၊ ရင်ရင်တို့ သားအမိ လည်း ရောက်နေတယ် ၊ ရင်ရင်က သရက်သီးကို အင်မတန် ကြိုက်တတ်တယ် ၊ အခုလို အချိန်မဟုတ် ပေါ်တဲ့ ဒလဘက်သီး စားရရင် အင်မတန် သဘောကျမှာပဲ ၊ ရင်ရင် အတွက်ပါ ၊ သူတို့ ဒီနေ့ ငါနဲ့အတူ ထမင်းစားကြမလို့ ၊ တရုတ်ဟိုတယ်က စားစရာတွေတော့ မှာတော့ မှာထားပြီ ၊ ဒီသရက်သီး တစ်ခုပဲ လိုတော့တယ် ” 

ဘိုးထူးသည် ပြန်၍ ပြောရန် စကားကို အတန်ကြာ ဉာဏ်ထုတ်၍ စဉ်းစားရလေ၏ ။

“ မိန်းမတွေကို အလို မလိုက်ရဘူးကွ ၊ ပါးစပ်အလိုကို လိုက်တာဟာ အဆိုးဆုံးပဲ ၊ စကတည်းက အရာရာမှာ အသုံးအစား ချွေတာဖို့ကို သင်ပြရတာမျိုး ၊ အခုအချိန်မှာ ဒလဘက်သီးနဲ့ မိန်းမတစ်ယောက် ညစာ ကျွေးမယ် ဆိုတာ မင်း စဉ်းစားကြည့်စမ်း ၊ အင်မတန် လွန်တာပဲ ၊ ဒီလိုဟာမျိုးကို ငါတော့ တစ်ခါမှ မကြားဖူးဘူး ၊ ပိုက်ဆံ ကွယ့် ပိုက်ဆံ ၊ မင်း မဆင်းရဲသေးဖူးလို့ မသိတာ ၊ ရှေ့ကို လူလုပ်ဖို့ အများကြီး ရှိသေးတယ် ၊ မိန်းမဆိုတာ ချစ်တော့ ချစ်ရပါရဲ့ ၊ ငွေကြေးနဲ့ ပတ်သက်တဲ့နေရာမှာ သင်းတို့ကို လူကြားလို့ မကောင်းအောင် အလိုမလိုက်ရဘူး ”

“ ကျုပ်လည်း ဒလဘက်သီးကို ကြိုက်လို့ပါ ၊ ခုတင်ကပဲ ငွေကြေးအကြောင်းကို ခင်ဗျား တို့နှယ်သည့်နှယ် ပြောပြီး အခုတော့ ဒါထက် အိမ်မှာ တစ်လုံးမှ မရှိတော့ဘူး ၊ တစ်မြို့လုံး ဆိုင်ရှိသမျှမှာ ကျုပ် တယ်လီဖုန်းနဲ့ မေးခဲ့တယ် ၊ တစ်နိုင်ငံလုံးမှာ ဒီသုံးလုံးသာ ရှိတယ်လို့ ကျွန်တော် ထင်တာပဲ ”

“ ဒီပုံကတော့ မင့်လူ အောင်ဘ ၊ ဒီသရက်သီးကို ခိုးလာတာတော့ မဟုတ်ဘူး ထင်ပါရဲ့ ”

“ ဘယ်က ခိုးရမလဲ ၊ ဘာပြုလို့ ခိုးတယ်လို့ ထင်ရသလဲ ၊ သူသွားတုန်းကတော့ ဆိုင်ရှေ့မှာ လူ မရှိဘူးလို့ ပြောတာပဲ ၊ ကောင်တာပေါ်မှာ သရက်သီး အိတ်ကို တွေ့လို့ ယူလာခဲ့သတဲ့ ၊ သူ သွားတုန်းက ပိုက်ဆံ မပါဘူး ။ အခုမှ ပိုက်ဆံသွားပေးရတယ် ၊ ကျုပ်လူ ခိုးတတ်တယ်လို့ ခင်ဗျားပဲ ထူးထူးခြားခြား တွေးတတ်ပလေတယ် ။ ဒီစိတ်ကူးကို ဘယ်ကများရပါလိမ့်မလဲ ”

“ ဘယ်ကရတယ်တော့ ငါ မသိဘူး ၊ ငါ တွေးမိတာပဲ ”

“ ကိုင်းဗျာ ရှည်မနေပါနဲ့ ၊ ကျုပ်ကိုသာ သရက်သီးတွေကို ပြန်ပေးစမ်းပါ ”

“ ပြန်ပေးချင်တာပေါ့ကွာ ၊ အင်မတိ အင်မတန် ပြန်ပေးချင်တာပေါ့ ၊ အခုတော့ စားပစ်လိုက်မိလို့ မပေးနိုင်တော့ဘူး ”

“ အမယ်လေးဗျာ ၊ အဟုတ်ပဲ စားပစ်လိုက်ပြီလား ” 

“ အေး .. ငါ အခုပဲ လက်ဖက်ရည်သောက်ရင်း စားတယ် ၊ ကောင်းလိုက်တာ ထွန်းမောင်ရယ် ၊ ဘယ်လို ကောင်းမှန်း မသိဘူး ၊ ငါ တစ်ကိုက်ကိုက်တိုင်း မင့်ကို သတိရပါတယ် ”

“ ကိုင်း .. ဒီလိုဖြင့် ရှိစေတော့ ၊ ဒီကနေ့ည ရင်ရင် တော့ သရက်သီး စားရတော့မှာ မဟုတ်ပါဘူး ” 

ထိုအခါမှ ဘိုးထူးသည် စိတ်အေးချမ်းသာ၍ သွားကာ “ ဒါ အင်မတန် ကောင်းတာပဲ ၊ မိန်းမတွေရဲ့ စိတ် အလိုကို မင်း ဘယ်တော့မှ အလိုမလိုက်နဲ့ ” ဟု တင်းတင်းမာမာ ပြောလေ၏ ။

“ ကိုင်း .. ကျုပ်လည်း သွားတော့မယ် ” ဟုပြောကာ ထွန်းမောင်သည် ကုလားထိုင်မှ ထလေ၏ ။ ထိုသို့ ထလိုက်ပြီးနောက် ထွန်းမောင်က “ ဟင် ... ကျုပ်တစ်ခုခုကိုများ ထိုင်မိသလား ” ဟု နောက်သို့ လှည့်ကြည့်ကာ မေးလေ၏ ။

“ ဘာလဲ ”

“ ကျုပ် ထလိုက်တော့ ပျော့တော့တော့ ရွတ်တွတ်တွတ် တစ်ခုခုကို ထိုင်မိသလိုပဲ ၊ ခုံအောက်မှာ ဘာလဲ မသိဘူး ၊ ကျုပ် လှန်ပြီး ကြည့်ဦးမယ် ”

ဘိုးထူးမှာ မျက်နှာ မပျက်ရအောင် မနည်း ဣန္ဒြေဆယ်လိုက်ပြီးမှ

“ ကြည့်မနေပါနဲ့လေ ၊ သွားသာ သွားပါ တော့ ၊ ဘာမှ မရှိပါဘူး ။ သတင်းစာများ ဖြစ်ပါလိမ့်မယ် ၊ ဒါမှ မဟုတ်ရင်လည်း တစ်ခုခုပဲ ၊ ကိုင်း .. သွားပေတော့ ၊ နောက် အခန့်သင့်ရင် ဝင်လာပါဦး ၊ အိုး .. ဒါထက် ထွန်းမောင် ”

ထွန်းမောင်သည် တံခါးဝမှာ ရပ်ကာ “ ဘာလဲ ” ဟု ပြန်မေးလေ၏ ။

“ ငါ ဒလဘက်သီးတွေ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ”

“ နည်းနည်းပါးပါးများ ကျန်လျှင် ကောင်းလေသား ”

“ ဘယ်မှာ ကျန်နိုင်တော့မှာလဲ ၊ အင်မတန် အရသာရှိတာပဲ ”

ထွန်းမောင် ထွက်သွားသည်နှင့် တစ်ပြိုင်တည်း ကုလားထိုင်ရှိရာသို့ လှန်လှော၍ ကြည့်လေ၏ ။ ထွန်းမောင်၏ ကိုယ်လေးကြောင့် သစ်သီးထည့်သော စက္ကူသေတ္တာမှာ မရှုမလှ ဖြစ်လျက် ရှုံ့မဲ့ပိပြားလျက် နေသည်ကို တွေ့ရလေ၏ ။ သေတ္တာထဲရှိ အရည်ရွှမ်းလှသည့် အသီးများ အသားနီလန်လျက် မျက်ရည်ပေါက်ကြီးငယ် ကျကာ သရက်သီးနှင့် မတူအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို တွေ့ ရလေ၏ ။

“ အလို .. ကိုဖြိုးပါကလား ၊ ဘာကိစ္စလဲ ” ဟု ဘိုးထူး သည် ထိတ်လန့်တကြား မော်ကြည့်ကာ မေးလေ၏ ။

“ ဟိုမှာ သူငယ်မကလေး တစ်ယောက် ခင်ဗျားကို တွေ့ချင်လို့တဲ့ ”

“ မတွေ့ ပါရစေနဲ့ဗျာ ၊ ကျုပ် ဒီကနေ့ ဘယ်သူမှ မတွေ့ချင်ဘူး ”

“ သူက သရက်သီး ကိစ္စဆိုလား အရေးကြီးတယ် ဆိုလား ”

ဘိုးထူးသည် ဘိုးသက်ဘရားသားဆိုင်က မိန်းမကို သတိရလျက် များစွာ ထိတ်လန့်လေ၏ ။ ထိုနောက် “ မြန်မြန်တွေ့ရင် မြန်မြန် ကိစ္စပြီးမှာပဲ ” ဟု အောက်မေ့လျက် ထွက်၍ လာလေ၏ ။

သို့ရာတွင် ဘိုးထူး မှတ်ထင်သကဲ့သို့ မဟုတ် ၊ အနောက်ပိုင်း တရုတ်ကပြားမအိမ်က မိန်းကလေး ဖြစ်သည်ကို တွေ့ရှိရလေ၏ ။ ၎င်း၏ လက်ထဲ၌ ဘိုးသက် ဘရားသားဟု စာတန်းပါသော စက္ကူသေတ္တာတစ်ခုကိုလည်း တွေ့ရှိရလေ၏ ။ ဘိုးထူးမှာ “ ဘာများ ဖြစ်ဦးမလဲ ” ဟု စိုးရိမ်စွာ စိုက်၍ ကြည့်နေလေ၏ ။

“ ကျွန်မ ကြီးကြီးက လွှတ်လိုက်လို့ လာပါတယ် ၊ ဘိုးသက်ဘရားသားတိုက်က လူတစ်ယောက် ခုပဲ ကျွန်မတို့ အိမ်ကို လာတယ် ၊ ကျွန်မ ကြီးကြီးက အဲဒီ ဆိုင်မှာ သစ်တော်သီးများကို ဝယ်ပါတယ် ။ ပြီးတော့ သရက်သီးသေတ္တာကို မတော်တဆ ယူလာမိတယ်လို့ ပြောပါတယ် ။ ဒီတော့ကာ ဒီလူကို သေတ္တာတစ်ခု ပြန်ပေးလိုက်ရပါတယ် ။ အဲဒီသေတ္တာဟာ သစ်တော်သီး သေတ္တာ ဖြစ်နေပါတယ် ၊ ရှင့် သရက်သီးသေတ္တာကို မပေးလိုက်မိဘူး ”

မိန်းကလေးမှာ ဘိုးထူးကို မှတ်မိဟန် မရှိချေ ။

“ ဪ ... ဟုတ်လား ... ”

“ ဟုတ်ပါတယ် ၊ ဟောဒီမှာ ရှင့် သရက်သီး ၊ ကျွန်မ တို့ဆီ သေတ္တာ လာတောင်းတဲ့ လူက ယောက်ျားတစ်ယောက်လာပြီး မှာသွားတဲ့ သရက်သီးလို့ ပြောပါတယ် ။ ဒီသေတ္တာထဲမှာ ရှင့်နာမည် နေရပ်နဲ့ ကတ်စက္ကူတစ်ခု တွေ့ရပါတယ် ၊ သစ်တော်သီးသေတ္တာကို ကျွန်မကို ပြန်ပေးလိုက်ပါ ”

ဘိုးထူးသည် မိမိ ထိုမျှလောက် ကံဆိုးသူ မဟုတ်ကြောင်းကို တွေးမိလေ၏ ။ ဘိုးသက်ဆိုင်က မိန်းမပျိုလေးအား မိမိနာမည် ကတ်ပြား ပေးခဲ့မိသည်ကိုလည်း သတိရမိလေ၏ ။

“ ကျေးဇူးတင်လိုက်တာ ကလေးမရယ် ၊ သို့သော်လည်း သစ်တော်သီးများတော့ လမ်းမှာ ပျောက်ကျန် ရစ်ခဲ့တယ် ။ ဒါပေမဲ့ ဦးလေး ငွေကို ပေးရင် အပြန်မှာ ဝယ်မသွားနိုင်ဘူးလား ။ မပင်ပန်းပါဘူး ” ဟု ဘိုးထူးက ပြောလေ၏ ။

“ ကောင်းပါပြီ ”

“ ဘယ်လောက်ကျမလဲ ၊ နှစ်ကျပ်လောက် ပေးရင် မဖြစ်ဘူးလား ”

“ ဟုတ်ကဲ့ ဖြစ်ပါတယ် ၊ ကျွန်မ အိမ်အပြန် ဝင်ပြီး ဝယ်သွားပါမယ် ”

ဘိုးထူးသည် အတိုင်းမသိ ဝမ်းသာလျက် ကျေးဇူးတင်လျက် ဤလောကကြီးသည် ငါ မှတ်ထင်သလောက် မဆိုးဝါးပါကလားဟု စဉ်းစားကာ ကျန်ရစ်လေ၏ ။

ဘိုးထူးသည် သရက်သီးကို မခင် ထံသို့ အားရ ဝမ်းသာယူ၍ သွားလေ၏ ။

“ ဟောဒီမှာ ခင် ၊ သရက်သီးတွေ ရလာပြီ ” 

“ ဟုတ်လား ။ ကိုထူး တယ်တော်ပါလား ။ တစ်ခါတလေများလေ ၊ ဒါဆိုရင် ဒါကိုမှ စားချင်တာပဲ ၊ ဘယ်လို ဖြစ်မှန်း မသိဘူး ”

“ ဟုတ်တယ်လား ၊ နောက်တစ်ခါ ဘာများ ဒီရာသီထဲမှာ စားချင်ဦးမှာလဲ ”

ထိုအခိုက် မခင်သည် သေတ္တာကို ဖွင့်၍ နေလေ၏ ။ ဒလဘက်သီး ဝါဝါဝင်းကြီးကို မြင်ရသောအခါ အံ့အားသင့်၍လေ၏ ။

“ နေပါဦး ကိုထူးရဲ့ ၊ ဒီသရက်သီးကို ဘယ်က ရသတုံး ”

“ သစ်သီးဆိုင်ကပေါ့ ၊ ဘယ်က ရ ရမလဲ ” 

“ လတ်လတ်ဆတ်ဆတ်ကြီးပါကလား ” 

“ လတ်တာပေါ့ ၊ နို့ ... ခင်က ဒါမျိုးကို စားချင်တယ်လို့ ခိုင်းတယ် မဟုတ်လား ”

မခင်သည် ဘိုးထူး၏ ဦးခေါင်းကို လက်သီးနှင့် ထုလေ၏ ။ ထို့နောက်

“ တော်တော့ တော်ပါရဲ့ ၊ ရှင် နောက်ကို ဘယ်တော့မှ ဒီလို မဖြုန်းပါနဲ့ ၊ အဖိုး သိပ်ကျမှာပေါ့ ၊ ကျွန်မ သိပ်စိတ်ဆိုးတာပဲ ၊ ကျွန်မ အလုံးလိုက်ကို မှာတာ မဟုတ်ဘူး ၊ ထက်ခြမ်းခွဲပြီး စည်သွင်းထားတာကို မှာတာပါ ၊ ဂျော့ဘုရင် ဘိသိက်ပွဲတုန်းက စပြီး ဘုံဘိုင်က သရက်သီးတွေကို ဘိလပ်မှာ စည်သွင်းရောင်း ကြတယ်လို့ ကြားတယ် ၊ အဲဒီစည်တွေ မြန်မာပြည်ကို ရောက်ကုန်ပြီ ။ ရှင် ခုထက်ထိ မသိသေးဘူးလား ” ဟု မခင်က ပြောလေ၏ ။

ဘိုးထူးမှာ ကျေးဇူးတင် ချီးမွမ်းခြင်း မခံရသောကြောင့် ခဲလေသမျှ သဲရေကျ ဖြစ်ရပြီဟု အောက်မေ့ကာ စိတ်ပျက်ပျက်နှင့် ထ၍ ပြန်တော့မည် ပြုသည်တွင် မယ်ခင်က “ နေပါဦးလေ ၊ ရှင် ကျွန်မ လိုချင်တာကို ရအောင် ရှာပေးနိုင်တဲ့အတွက် ဆုမယူတော့ဘူးလား ” ဟု မေးလိုက်လေ၏ ။

ဘိုးထူးသည် ဤနေရာတွင် အကင်းပါးသူ ဖြစ်သည့် အလျောက် ပြုံးပြုံးကြီး လုပ်ကာ မခင်၏ အနားသို့ တိုး၍ သွားပြီးလျှင် ပါးချင်းအပ်လျက် မွှေးသောဆုကို အထပ်ထပ် ခံယူလိုက်လေ၏ ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )