Wednesday, February 23, 2022

လွမ်းဆွတ်ခြင်း နှင့် အတူ


 

❝ လွမ်းဆွတ်ခြင်း နှင့် အတူ ❞

ကတ္တရာစေးလမ်းမကြီး သည် အရောင် တလျှပ်လျှပ် ထ လျက် ။ အပူရှိန်တို့ တငွေ့ငွေ့ ပျံတက် လျက် ။ နဖူး ပေါ်မှ စီးကျလာသော ချွေးစက်များ ကို အလိုအလျောက် သုတ်ပစ်မိရင်း ကတ္တရာစေး လမ်းမကြီး ကို ခပ်သုတ်သုတ် ဖြတ် ကူးလိုက်၏ ။

စိတ် ကလည်း ကြည်နူးနေသည် ။

လူ ကလည်း သွက်လက်နေသည် ။

“ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ ရွှေရတုသဘင် ”

ဆိုသည့် နဖူးစည်းကြီး က ငြိမ်းသာ ကို ခန့်ညားစွာ ကြိုဆိုနေသည် ။ လာလှည့်ပါ ။ နားလှည့်ပါ ၊ အေးရိပ်မှာ ချွေးသိပ်လှည့်ပါ ဟု လှိုက်လှဲကြင်နာစွာ ဖိတ်ခေါ်နေ သယောင်ယောင် ။

ဘတ်စ်ကား နှစ်တန် စီး၍ နေပူကြီး ထဲ လျှောက် လာခဲ့ရသည် ကို မေ့သွား၏ ။ စိတ်တွင်းဝယ် ချက်ချင်း အေးမြချမ်းသာ သွား သည် ။ အပြင် လောက ၏ ပူလောင်ပြင်းပြမှု အားလုံး ကို လျစ်လျူ ထားလိုက်နိုင်သည် ။

မိန်းကလေး နှစ်ဦး ငြိမ်းသာ ကို ကျော်ဖြတ် သွားကြသည် ။ “ ဟေ့ တူးတူး” ဟု လှမ်း ခေါ်မည် ပြုပြီးမှ ပြန် ထိန်းလိုက်ရ၏ ။ တူးတူး မှ မဟုတ်ဘဲ ။ သို့ပေမယ့် တစ်ယောက်က တူးတူး နှင့် အတော် ဆင်သည် ။ ဆံထုံးပုံ့ပုံ့ ကလေး ထုံးထားပုံ ရော ၊ အင်္ကျီ လက်ရှည် ကလေး ဝတ်ထားပုံ ရော ၊ ပြီး ဘေးတိုက် မြင်လိုက် ရသည့် မျက်နှာကျပုံ ရော ၊ လက်မောင်းကွေး ပေါ်တွင် ဇာပဝါ ရှည်ကလေးတွေ တွဲလဲ ခိုလို ။ သည် တက္ကသိုလ် က ဆရာမလေးတွေ ပဲ ဖြစ်မည် ထင်သည် ။ သေချာ ကြည့်မိမှ ကောင်မလေးတွေ အတော် အသက် ငယ်သေးကြောင်း သတိထားမိ၏ ။ ရှိလှမှ အစိတ် ကျော်ကျော် ပေါ့ ။ ကျက်သရေ ရှိ လိုက်တာ ။ ကျေနပ်စွာ တွေးမိ လာသည် ။

ဝတ်ကောင်းစားလှ နှင့် လူ အတော်များများသည် ဓမ္မာရုံကြီး ဆီသို့သာ လျှောက်လှမ်းလျက် ရှိကြသည် ။ ဝင်ပေါက် ၏ ညာဘက် ကွင်းပြင်ကြီးထဲ တွင် ဇာတ်ခုံကြီး တစ်ခု ရှိသည် ။ စားသောက် ဖွယ်ရာ အမျိုးစုံ ကို နိဗ္ဗာန်ဈေး တည်ခင်း ရောင်းချသော ဆိုင်ခန်း များလည်း ရှိသည် ။ ကျောင်းသားကျောင်းသူ အတော်များများ အုံခဲ ကျပ်ညပ်လျက် ။ လူငယ်တို့ ဘာဝ လွတ်လပ်မှု အရှိဆုံး ကာလ ကို သန့်ရှင်းပျော်ရွှင် အသုံးချ နေကြသည် ။ နောက်ကာ ပြောင်ကာ ပြုံးကာ ရယ်ကာ ရောင်း သူ က ရောင်း ၊ ဝယ် သူ က ဝယ် ၊ ပကတိ သောက ကင်းသော ဘဝများ ။

ငြိမ်းသာ လည်း ငြိမ်းသာ တို့ တက္ကသိုလ် တက်ခဲ့ စဉ် က ကျောင်းသားပွဲတော် ကို ပြန်လည် လွမ်းဆွတ်မိ၏ ။ အို ဘယ်လောက် ပျော်စရာ ကောင်းခဲ့ပါသလဲ ။ လွတ်လပ်ခဲ့ကြပါသလဲ လွတ်လပ်ပျော်ရွှင်ခဲ့ကြလွန်း၍ပင် ငြိမ်းသာ တို့ အုပ်စု တစ်အုပ်စုလုံး စာမေးပွဲ တဗုန်းဗုန်း ကျခဲ့ကြသည် မဟုတ်ပါ လော ။ ကျသည် မှ တစ်ယောက် နှစ်ယောက် ကွက်၍ ကျသည် မဟုတ် ။ငါးယောက် တစ်အုပ်စုလုံး ၊ အမှန်တော့ ငါးယောက်လုံး တက္ကသိုလ်ဝင်တန်း ကို တစ်ချီတည်း နှင့်အောင်မြင်ခဲ့ကြသူများ ပင် ။ ရှစ်တန်း အောင်ပြီး ကိုးတန်း နှင့် တက္ကသိုလ်ဝင်တန်း အဆင့်များ ကို တစ်နှစ် တည်း ရော ဖြေပြီး တက္ကသိုလ် ရောက်ခဲ့ကြသူများ ပင် ။ ထို့ကြောင့် စာ ဖျင်းသောကြောင့် ကျကြသည် ဟု လုံးဝ မဆိုနိုင် ။ အပျော် လွန်၍ လွတ်လပ်မှု ကို အသုံး လွန်၍ ဟု မှတ်ချက် ချလျှင် ရာခိုင်နှုန်းပြည့် မှန် နိုင်ပေသည် ။ ဪ လွမ်းဆွတ် ဖွယ်ရာ အတိတ်ကာလများ ။

   •••   •••   •••   •••

“ ဟိတ် ၊ ဟိုကောင် ၊ တို ဒီမှာကွ ”

အသံ လာရာ မော့် ကြည့်လိုက်တော့ ထင်သည့်အတိုင်း မရွှေ တူးတူး ။ သားသားနားနား ၊ လှလှပပ ။

“ ငြိမ်း လေ ခုနက ဆရာမလေး တစ်ယောက် ကို တူးတူး မှတ်လို့ လှမ်း ခေါ်မလို ၊ သေချာကြည့်မှ ဆရာမလေး က ငယ်ငယ် ကလေး ရှိသေးတာ ”

“ တို့ ဒီလောက်ပဲ နု နေသလား ”

ခေါင်းညိတ်ပြရင်း

“ အပျိုကြီးမို့ ထင်ပါရဲ့ ၊ ပိုတောင် လှ နေသေးတယ် ”

“ အံမာ ငြိမ်း လဲ လှ တုန်းပါပဲနော် ”

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ရယ်မောလိုက်မိ ကြသည် ။ 

“ ရော့ တို့ ခြံ ထဲက ခူး လာတာ ၊ တို့ ဖြင့် မျှော်သာ မျှော်နေ ရတယ် ၊ ခရီး က ဝေးလို့ မိငြိမ်း လာမှ လာနိုင်ပါ့မလား လို့ ”

“ ကြိုးစား လာရတာပေါ့ ဟယ် ၊ ကြုံတောင့် ကြုံခဲ ဆရာ ကန်တော့ပွဲကြီး မဟုတ်လား ၊ ဒါနဲ့ ဟိုကောင်တွေကော ”

ပလတ်စတစ် အိတ်ကြီး ထဲ မှ စံပယ်ပန်းတစ်ကုံး ကို အသာ အယာ ထုတ်ယူ ပန်ဆင်လိုက်၏ ။ ကျန် သုံးကုံး ကိုတော့ အိတ် ထဲ ပြန် ထည့်ထားလိုက်သည် ။ သူတို့ ပတ်ဝန်းကျင်ဝယ် ထုံသင်းမွှေးပျံ့ သွားသည် ။

“ သူတို့လဲ လာမှာပါ ၊ နှင်းအေး နဲ့ မေခင် ကို တို့ အိမ်တိုင် ရာရောက် သွား ဖိတ်တာပဲ ၊ သန်းသန်း ဆီ ကိုတော့ စာတိုက် က စာ ထည့်ထားတာ ဆက်ဆက်လာကြဖို့ မှာထားတာပဲ ” 

ဓမ္မာရုံကြီး ထဲ သို့ ပရိသတ်များ တဖွဲ့ဖွဲ့ ဝင်ရောက်လာသည် ။ ကျောင်းတုန်းက မိတ်ဆွေ နှစ်ယောက် သုံးယောက် ကိုလည်း တေွ့ရသည် ။ ရင်းနှီးစွာ စကား ဆိုဖြစ်ကြသည် ။

“ လာဟယ် ဘုရား ကန်တော့ရအောင် ”

ခန်းမကြီး ထဲတွင် အခမ်းအနားပြင်ဆင်ရေး တာဝန်ခံ ဆရာ  ၊ ဆရာမများ အလုပ် ရှုပ်နေကြသည် ။ အလှူခံစားပွဲ မှ ဆရာမ နှစ်ယေက်လည်း လက် မလည်အောင် ရေးရ မှတ်ရ ။

ငြိမ်းသာ လည်း တတ်နိုင်သလောက် ကို စေတနာအပြည့် နှင့် ပါဝင် လှူဒါန်းခဲ့ပြီး အပေါက်ဝ ပြန် ထွက်လာတော့ နေကာ မျက်မှန် တပ်ထားသည့် အမျိုးသား ဝဝ တစ်ဦး သူတို့ ရှေ့မှာ ကာဆီး ရပ် လာ၏ ။

“ ငါပါဟ ”

အသံသြကြီး နှင့် ပြောပြီး နေကာမျက်မှန် ချွတ်လိုက်တော့ မှ မှတ်မိ၏ ။

“ ဟယ် ... ခင်မောင်သိန်းထွန်းဝင်း ”

နှစ်ယောက်သား ပြိုင်တူ ပြောပြီးမှ အားနာ သွား သလိုလို ။ သည် နာမည် က သူ့ နာမည်ရင်း မှ မဟုတ်ဘဲ ။ နာမည် ပြောင် ဖြစ်နေသည် ကိုး ။ သို့ပေမယ့် တစ်ဘက်လူ က အပြုံး မပျက် ။

“ နင်တို့ နှစ်ယောက်တည်းလား ၊ သန်းသန်း တို့ကော ”

“ လာပြီ ၊ လာပြီ ၊ ရောဂါ က ခုထိ အမြစ် မပြတ်သေးဘူး ”

“ သဘောရိုး နဲ့ မေးတာပါကွ ”

“ အံမာ ၊ သဘော မရိုးလို့ကော ရလား ၊ နင် က ကလေး သုံး ယောက် အဖေ ဖြစ်နေပြီပဲ ”

“ နင်တို့ အပျိုကြီးတွေ ကတော့ ဒီလိုပဲ ၊ အချစ် အကြောင်း နားမလည် ပါးမလည် နဲ့ ”
 
“ ကောင်စုတ် ” ဟု တူးတူး က ခပ်တိုးတိုး ကြိမ်းပြီး ရယ်နေ သည် ။ တူးတူး သည် ငြိမ်းသာ တို့ အုပ်စုထဲတွင် အချောဆုံး ဖြစ်သော်လည်း ယခုထက်တိုင် မစွဲ သေး သူမို့ ခဏခဏ ခလုတ် တိုက် ခံနေရသည် ။ သုံးယောက်သား ဟန်ဆောင်မှု ကင်းမဲ့စွာ ရယ်မောနေမိကြသည် ။ 

“ ဟေ့ ဟေ့ ဘယ်လိုလဲ ၊ ဂိတ်ဝ က စောင့်ကြိုနေမယ် ဆို မရွှေတူး ၊ ခုတော့ ငါ လာတာတောင် မမြင်ဘူး အံ့ ရော ”

မည်သူမှန်း စဉ်းစားနေစရာ မလို ၊ ခြောက်နှစ်တိတိ တပူး တွဲတွဲ နား စွဲ အကျွမ်းဝင်ခဲ့သည့် အသံ ၊ နာမည် အေးသလောက် လူ က ဆူတတ်သည့် မနှင်းအေး ။ သူ့ ဘေးနားတွင် သန်းသန်း ။ သူ့ ပင်ကို ဟန်အတိုင်း တည်တည်ငြိမ်ငြိမ်ကလေး ။

“ ဝမ်းသာလိုက်တာ သန်းသန်းရယ် ၊ နင် မှ လာမလားလို့ ”

သန်းသန်း က အေးချမ်းသော အပြုံးကလေး နှင့် မော့ ကြည့်လိုက်၏ ။

“ အဟဲ ၊ အားလုံး နေကောင်းကြတယ်နော် ”

သန်းသန်း မော့ အကြည့် နှုတ်ဆက်လိုက်သူ က ခင်မောင်သိန်းထွန်းဝင်း ၊ သည်တော့မှ မှတ်မိသွားကြဟန် တူသည် ။ မနှင်းအေး က လှမ်း ရိုက်လိုက်ပြီး -

“ ကြည့်စမ်း ၊ ဝ လာလိုက်တာ တအားပဲ ၊ နင် လဲ နယ်မှာပဲ ဆို ”

အပြန်အလှန် မေးကြ ၊ လိပ်စာ လဲလှယ်ကြနှင့် အလုပ် ရှုပ်နေကြဆဲ ။ ငြိမ်းသာ က သန်းသန်း ကို စံပယ်ကုံးလေး နှစ်လုံး ထုတ်ပေးလိုက်၏ ။

“ တူတူး တို့ ခြံထဲ က တဲ့ ”

“ မွှေးလိုက်တာဟယ် ၊ လှလဲ သိပ်လှတာပဲ ”

ပန်း ကြိုက်သူ သန်းသန်း က အသာအယာ မွှေးကြူရင်း ပြောသည် ။ တစ်ကုံး ကို မနှင်းအေး ကို ပန် ပေးလိုက်ပြီး ကျန် တစ်ကုံး ကို သူ့ ဆံထုံးအက်အက်ကြီး တွင် ရစ်ခွေ ပန်ဆင်လိုက်၏ ။

“ နင်တို့ ဒီလို ပေါတောတော အလုပ်တွေ နဲ့ ရှုပ်တတ်ကြတာလဲ အရင်က အတိုင်းပဲ ”

“ အံမာ ခင်မောင်သိန်းထွန်းဝင်း နော် ၊ ဘာလဲ မေ့သွားပြီလား ၊ ကောင်မလေး တစ်ယောက် ပေးချင်တာ နဲ့ မနက် လေးနာရီ လောက်ကြီး ကံ့ကော်ပင် ပေါ် တက် ခူးတာ ပဆုပ်ပနီတွေ တွယ်လွှတ်လို့ ဖျားယူရတာ ဘယ်သူလဲ ”

“ ဟုတ်ပါတော် ၊ ဒါကျတော့ မေ့ထားလိုက်ပြီ ထင်တယ် ”

ခင်မောင်သိန်းထွန်းဝင်း တစ်ယောက် မနှင်းအေး နှင့် တူးတူး တို့ စကား အောက်ဝယ် ပြားပြား ဝပ် သွား၏ ။ ငြိမ်းသာ က မျက် နှာကလေးနီ ကာ တစ်ဘက် သို့ လှည့်နေသည့် သန်းသန်း ကို အားနာသဖြင့် မျက်စောင်းထိုး ဟန့် လိုက်သော်လည်း မမီ လိုက်တော့ ။ သည် မိန်းမတွေ ကတော့ ကာယကံရှင်တွေ ရှေ့ထားပြီး စကြ နောက်ကြပါပြီ တော် ။ ကလေးတွေ ကျနေတာပဲ ။ သိပ်ဆိုးတဲ့ မိန်းမတွေ ။ တော်ပါသေးသည် ။ ခင်မောင်သိန်းထွန်းဝင်း က “ အဟဲ ” ဟု အရှက်ပြေ ရယ်နေ၍ - ။

“ နင်တို့ နောက်ကျ လိုက်တာ မနှင်းအေး ရယ် ၊ ငြိမ်း ရောက် နေတာ နာရီဝက်လောက် ရှိနေပြီ ”

အားနာသဖြင့် စကားဝင် ဖာလိုက်၏ ။

“ ငါ့ ရုံး က မလွယ်ဘူးဟ ၊ ခုတောင် သန်းသန်း ရောက်လာမှ ခွင့် နေ့တစ်ဝက် တင်ပြီး ထွက် ခဲ့ရတာ ၊ အကန်တော့ ခံမယ့် ဆရာကြီးတွေကော ရောက်ပလား ”

“ မရောက်သေးဘူးလေ ၊ ကားတွေ နဲ့ အကြို သွားကြတုန်း ၊ တို့ က အမိတို့ ကြိုချင်တာနဲ့ နေခဲ့တာ ”

“ ကဲ ဒါဖြင့် ခု ရောက်လာပြီလေ ၊ ကန်တော့ကြပေတော့ ”

ထုံးစံအတိုင်း ရွှတ်နောက်နေသော မနှင်းအေး ကို မြင်ရသည် မှာ ရွှင်မြူးစရာ ကောင်းလှသည် ။ ဘာမျှ ပြောင်းလဲမသွား ပါလား ။

“ ကိုယ်ပိုင်ကားနဲ့လာမယ့် လူတစ်ယောက်ပဲ လိုတော့တယ် ဟေ့ ”

“ ဘယ်သူလဲ ”

“ မေခင့် ကို ပြောတာလား ”

ခင်မောင်သိန်းထွန်းဝင်း နှင့် ငြိမ်းသာ တို့ ရှေ့ဆင့်နောက်ဆင့် မေးလိုက်မိကြ၏ ။

“ အဲ ဟုတ်သား ၊ ဒီကောင်တွေမသိသေးဘူး မနှင်းအေး ရ ၊ သူတို့က  နယ် ရောက်နေတော့ တို့ကောင် ကောင်းစားနေတာ သူတို့ မသိသေးဘူး ” 

“ ဘာလဲ တူးတူး ၊ မေခင် ယောက်ျား ရသွားပြီလား .. ”

မိန်းကလေး ဝိုင်းထဲတွင် ယောက်ျားလေး တစ်ယောက် တည်း ပါနေ၍ ကြောင်တောင်တောင် ဖြစ်နေလိမ့်မည် မထင် နှင့် ။ သူ ကလည်း မိန်းကလေးတွေ လိုပင် စပ်စုတတ်သည် ။ ဒါကလည်း  ဟိုစဉ်ကတည်း က သူ့ အကျင့် ။ ဒါကြောင့်လည်း ငြိမ်းသာ တို့ အုပ်စုကြီးထဲတွင် သူ တစ်ခါတစ်ခါ ဝင် ရောနိုင်ခြင်းပင် ဖြစ် သည် ။

“ ဒီလိုဟ ” ဟု အစ ချီကာ မေခင့် သတင်း ဖောက်သည် ချသည် ။ သူတို့ အားလုံး မေခင် အသက် သုံးဆယ် ကျော်သည် ထိ အဖော် မရှာခဲ့သည် ကို သိပြီးသား ၊ “ အငယ်လေးတွေ ကို ပြန်ကြည့်ရမယ့် တာဝန် က မသေးဘူး ဟ ၊ ငါ အိမ်ထောင်ရေး ကို မစဉ်းစားပါဘူး ၊ ဒါကြောင့် ရည်းစား မထားတာ ” ဟု ပွင့်လင်းစွာပြေတတ်ခဲ့သော မေခင် ။ ဝိဇ္ဇာ နောက်ဆုံးနှစ်တွင် အုပ်စု လိုက် ထပ် ကျပြန်တော့ စီးပွားရေး အဆင်မပြေသော မေခင် တစ်ယောက် အပြင် ဖြေ ဖြစ်သည် ။ ရုံး တစ်ရုံးတွင် အောက်တန်းစာရေး အဖြစ် အလုပ် ဝင် လုပ်လိုက်တော့ ငြိမ်းသာ တို့ အုပ်စုကြီး နှင့် အနေ ဝေးသွားသည် ။ သို့တိုင် တစ်ခါတစ်ရံ စနေ နေ့တစ်ဝက် ရုံးဆင်းချိန်များတွင် အဆောင်သို့ ရောက်ရောက်လာ ကာ ငြိမ်းသာ တို့  လက်ဖက်ဝိုင်း ထဲ ထမင်းကြမ်း ခဲ ရင်း ရယ်ပွဲ ဝင် ဖွဲ့လေ့ ရှိသေးသည် ။ မေခင် က စိတ်ညစ်ခံတတ်သူ မဟုတ် ။

ထို့နောက်တွင်မူ ဘွဲ့ကိုယ်စီ နှင့် ကိုယ့်လမ်း ကိုယ်လျှောက် ကာ ဘဝ ကို  ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရသည် ။ တစ်ယောက် နှင့် တစ်ယောက် သတိရ လွမ်းဆွတ်ကြသည် မှန်သော်လည်း တစ်ခါ တစ်ရံ အကြောင်းထူး ရှိမှ စာ ရေးဖြစ်ကြသည် ။ သိပ် မဆုံဖြစ် ခဲ့ကြ ။

“ သူ့ ယောက္ခမ က ဘော့စ် သိလား ၊ သားသမီး နှစ်ယောက် တည်း ရှိတာ ၊ သူ့ ယောက်ျားက အကြီး ၊ အငယ် က တို့ကျောင်း မှာ ၊ စက္ကင်းရီးယား ”

“ နေပါဦး ၊ သူ့ ယောက်ျား က ဘာတုံး ၊ အဓိက ကို အရင် ပြောပါ  ”

“ အရင်ကတော့ သင်္ဘောသား တဲ့ ၊ ခုတော့ ကားပွဲစား ဆိုလား ”

“ အို့ ဟိုး ၊ ဒါကြောင့်ကိုး ”

“ တွေ့ရင် သိပ် အံ့ဩသွားမယ် ၊ တို့ ကောင် အပြတ်သားနား နေတာ ၊ မေခင် စီးတဲ့ ကားကလေ လင်ဆာ သိလား ”

“ အမယ်လေး ဟယ် ၊ နာမည် ကလဲ ”

ငြိမ်းသာ က ပခုံးတွန့်ကာ ရယ်တော့  သူငယ်ချင်းတွေ ကပါ တခွိခွိ ၊ ငယ်သူငယ်ချင်း တွေ ဆုံမိကြတိုင်း မိမိတို့ ရောက်ရှိသည့် နေရာ ၊ ရရှိထားသည့် ရာထူး ၊ ကြီးပြင်းခဲ့သည့် အသက်အရွယ် အားလုံး လွင့်ပျောက်ကာ ငယ်ဘဝကို ပြန်လည်ရောက်ရှိသွား တတ်ကြသည် ။

“ အံမာ ၊ အဲဒီ ကားက ခုလို ပွဲကြီးလမ်းကြီးမှာ စီးတာ ၊ ဈေး ဝယ် ထွက် ရင် စီးတာက ပေါ်တာကက်ပ်ကလေး သိရဲ့လား ၊ တလောက သိမ်ကြီးဈေး မှာ တွေ့ လိုက်တယ် ၊ ငါ လှမ်းအော်တာ သူ က မကြားဘူး ”

မနှင်းအေး က အားရပါးရ ဆက်ပြောလိုက်၏ ။

သတင်းကောင်းမို့ သူတို့ အားလုံး ကျေနပ် ဝမ်းသာသွားကြ လေသည် ။

ထိုစဉ် မှန်ကားကြီး နှစ်စင်း ပြိုင်တူ လိုလို ဆိုက်ရောက်လာ ကြ၏ ။ ကြိုဆိုဧည့်ခံသည့် ဆရာမများ လှုပ်ရှားသွားကြ၏ ။ ကား တံခါး ကို ဖွင့်ပေး ၊ ခါးကလေးများ ညွှတ်ကာ ပြုံးရွှင်စွာ ကြိုဆို ကြနှင့် ။ ဘယ်ဆရာကြီးတွေများပါလိမ့် ။

“ ဟယ် ဆရာကြီး ဦးလှရွှေ ”

“ ဟာ ၊ မစ္စအီးကံကြီးတော့  ၊ ဆရာမကြီးက လှတုန်းပဲ ဟယ် ”

ဟုတ်သည် ။ ဆရာကြီးဦးလှရွှေ က လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် တုန်း ကလို ပြုံးချိုသော မျက်နှာပေး နှင့် ကျက်သရေ ရှိဆဲ ဖြစ်သလို ၊ဆရာမကြီး မစ္စအီးကံကြီး ကလည်း ပန်းနုရောင် ဝတ်စုံ ၊ ဇာပဝါပန်းနုသွေးကလေး ခြုံလွှမ်းလျက် အလွန် လှပတင့်တယ် နေဆဲပင် ။

ဆရာကြီး နှင့် ဆရာမကြီး တို့ နောက်ပါးတွင် ငြိမ်းသာ တို့ပါ ကပ်ပါသွားသည် ။

“ ငါ က သူများထက် ပိုပြီး အကြွေး ဆပ်စရာရှိလို့ ၊ ခဏနော် ”

ခင်မောင်သိန်းထွန်းဝင်း စကား ကို ရုတ်တရက် နားမလည် မိကြ ။ သူ က ဆရာကြီး နှင့် ဆရာမကြီး တို့ ထိုင်နေရာ သို့ သွားကာ ဆရာမြတ် တို့ ၏ ခြေအစုံ ကို ထိကပ် ဦးခိုက် ရှိခိုး လိုက်လေသည် ။ ပါးစပ် မှ လည်း တတွတ်တွတ် ။ ဆရာကြီးတို့ က ခေါင်းတညိတ်ညိတ် နှင့် ပြုံးလို့ ။

“ နေပါဦး ၊ ဒါက ဘာ ထွင်တာလဲ ”

အနား ပြန်ရောက်လာလာချင်း ငြိမ်းသာ မေးမိ၏ ။

“ ထွင်တာ မဟုတ်ဘူး သူငယ်ချင်း ရဲ့ ၊ ကျောင်းတုန်းက ဆရာ ကြီးတို့ အတန်းကို ငါ အမြဲ လစ်ခဲ့တာ မဟုတ်လား ၊ အဲဒါ ဆရာတို့ ရဲ့ စေတနာ ကို စော်ကားသလို ဖြစ်ခဲ့လို့ ၊ အခုမှ တောင်းပန်ပြီး ကန်တော့ရတာ ၊ တကယ်ပြောတာ ၊ ငါ မိုက် လို့ ငါ နစ်နာတာ အလုပ်အတွက် စာမေးပွဲ ဖြေ မှ သိရတော့တာ ”

အမြဲတမ်း ရွှတ်နောက်နောက် ပြောဆိုတတ်သူ တစ်ဦး က တည်ငြိမ်လေးနက်စွာ ပြောနေသဖြင့် သူတို့ အားလုံး နားစိုက်ထောင်နေမိကြသည် ။

“ အလုပ် အတွက် စာမေးပွဲ ဖြေတော့ ငါ နှစ်ခါတောင် ပြန် ဖြေရတယ် ၊ ဘာဖြစ်လို့လဲ သိလား ၊ မြန်မာစာ နဲ့ အင်္ဂလိပ်စာ ကျလို့ ”

“ ကောင်းတယ် ၊ ကောင်းတယ် ၊ ငန်းတော်ကျား လုပ်ပြီး သူများ အတန်း လိုက် တက်နေတာကိုး ”

ပြောလိုက်သူ တူးတူး ကို သန်းသန်း က ဆိတ် ဆွဲ လိုက်သည် ။ သူတို့ အားလုံး ကလေးတွေ လို ရုံးစုရုံးစုဖြင့် ခန်းမ အပြင် ပြန်ရောက်ခဲ့ကြပြန်သည် ၊ ရောင်းရင်းတစ်ယောက် ကို မျှော်ကြရ ဦးမည်လေ ။ ဝင်းထဲ သို့ ကား အဝင်အထွက် ပိုရှုပ်လာသည် ။ ဧည့်ပရိသတ် တွေ ပို၍စ ည်ကားလာသည် ။ ဪ -  နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးမှ ကြုံကြိုက် ကြရသည့် ကြုံတောင့်ကြုံခဲ ပွဲတော်ကြီး မဟုတ်ပါလား ။ အားခဲ၍ လာကြမည်ပင် ။ ကြည်နူးစွာ ဆင်နွှဲ ကြမည်ပင် ။

“ ဟေ့ ဟေ့ ဟိုမှာ ”

တူးတူး က ဖြတ်ဆို ညွှန်ပြလိုက်၏ ။

   •••   •••   •••   •••

သည်မှာတင် အနှစ် နှစ်ဆယ်နီးပါး ကွဲကွာခဲ့ရသော မေခင့် ကို ငြိမ်းသာ ပြန်လည် တွေ့ရှိရခြင်း ဖြစ်ပါသည် ။

အလွန် ပုံစံလှ သာ အစိမ်းနုရောင် ကားကလေး ပေါ်မှ ဆင်းလာသည့် မိန်းကလေး ။ ဟုတ်ပါသည် ။ မေခင် ဖြစ်သည် ဟု တူးတူး ကသာ မပြောပါက မိန်းမငယ်လေး ဟု ငြိမ်းသာ ထင်မိမည်မှာ အမှန် ။ ကြည့်ပါ ။ ရေညှိစိမ်းရောင် ပျော့အိသောအစ ကို အင်္ကျီလက်ပြတ် နှင့် ထဘီ ဆင်တူ ဝတ်ဆင်ထားပုံ ၊ ကားတံခါး ကို သော့ ပိတ်ပြီး ငွေရောင်လက်ပွေ့အိတ် ထဲသို့ ပြန် ထည့်လိုက်ပုံ ၊ မေခင့် ပုံစံသည် အသက် လေးဆယ် ကျော် မိန်းမကြီး တစ်ဦး ၏ ပုံသွင် မဟုတ် ။

“ ဟုတ်တယ်ဟေ့  ၊ တို့ ကောင် သိပ်သားနား နေတာပဲ ၊ သူ တို့ ကို တွေ့ရဲ့လား ”

“ မပြောတတ်ဘူး ၊ သူ့ မျက်လုံး ကိုမှ မမြင် ရဘဲ ”

မနှင်းအေး ဖြေပုံကြောင့် သူ တို့ အသံ ထွက် ရယ်မိကြပြန် သည် ။ မှန်ပါသည် ။ ညိုမှောင်နေသော နေကာမျက်မှန် ဝိုင်းဝိုင်း ကြီး ကို မေခင် က တပ်ဆင်ထားသည် ကိုး ။

မျက်နှာထား တည်တည် နှင့် သွယ်နွဲ့လှပစွာ လျှောက်လာ သော မေခင့် ကို လှမ်း ကြည့်ရင်း ကျောင်းတုန်း က မေခင့် ကို ပြန် မြင်ယောင်လာ၏ ။ ထိုစဉ်က မြို့ထဲ ထွက် ရုပ်ရှင် ကြည့်ကြလျှင် ကားခ မပြည့်၍ “ အဟဲ ၊ ငါးမူးဖိုး ခြောက်ယောက် ထားနော် ” ဟု စပယ်ယာ ကို အမြဲ မျက်နှာချိုသွေး ပြောတတ်ခဲ့သည့် မေခင် ။ အတန်း တက်ကြလျှင် ထွက်ပေါက် နှင့် နီးသော ခုံတန်းကို အပြေးအလွှား အလုအယက် ယူပေးတတ်သည့် မေခင် ။

“ မေခင် ရေ ၊ တို့ ဒီမှာ ”

အိမ်ရှင် တူးတူး က လှမ်း အသံပြုရင်း လှေကားထစ် ထိပ် မှ ရပ် ကြိုလိုက်၏ ။ မေခင် သူတို့ ကို မော်ကြည့် လိုက်၏ ။ မေခင် သူတို့ ကို ပြုံးပြလိုက်လေသလား ။ ငြိမ်းသာ ကောင်းကောင်း သတိ မထားလိုက်မိပါ ။

“ နောက်ကျလိုက်တာ မေခင်ရယ် ”

“ ကွယ် ကန်တော့ပွဲ က နှစ်နာရီ မှ မဟုတ်လား ”

မေခင့် ဖြေပုံကြောင့် စံပယ်ကုံးလေး ထုတ် ယူ နေ မိ သော ငြိမ်းသာ ဟန့်သွား၏ ။ အမှတ်မထင် မေခင့် ခေါင်းပေါ်သို့ စောင်းငဲ့ ကြည့်လိုက်မိ၏ ။ ဆံပင် ကို ဖွ၍ လှပစွာ ပုံသွင်းထား သည့် အလိပ်အခွေကလေးများ ကြားမှ အဖိုးတန် ဗင်ဒါသစ်ခွကြီးများ က ငြိမ်းသာ ကိုလှောင်နေ သလိုလို ။ သူတို့အားလုံး နှုတ်ဆိတ်စွာ နှင့် ခန်းမကြီးထဲ ပြန် ဝင်ခဲ့ကြသည် ။

“ ဟော ဒေါ်မေခင်ကျော် ၊ အလှူ့ ရှင် ကို မျှော်နေကြတာ နော် “

အလှူခံ စားပွဲမှ ဆရာမ တစ်ယောက် လှမ်း နှုတ်ဆက်လိုက်ရာ မေခင် ထို စားပွဲသို့ လျှောက်သွားသည် ။

“ ဘယ်လိုလဲ ဟ ၊ ဘယ်တုန်းက မေခင်ကျော် ဖြစ်သွားရပြန်တာလဲ ”

“ သူ့ ယောက်ျား နာမည်က စိုးမြင့်ကျော် ဆိုလား ၊ အဲဒါနဲ့ ကျော် တစ်လုံး တိုးသွားတာ နေမှာပေါ့ ”

“ နို့ သိ မှ သိ ပဲ ”

အစိတ်တန်များ ရေတွက်နေသည့် မေခင့် ကိုလှမ်း ကြည့်ရင်း ခင်မောင်သိန်းထွန်းဝင်း က ရေရွတ်နေ၏ ။ မေခင် အတော်များများ လှူနိုင်ဟန် တူသည် ။ မေခင် ရက်ရောစွာ လှူနိုင်ပုံကို သတိ ပြုမိသည် ။ ကျောင်းသူ ဘဝ က ကျောင်းလခ ပေးချိန် ရောက် တိုင်း စိတ်ညစ်ရရှာသည့် မေခင့် အဖြစ်ကို ပြန် သတိရမိပြန်သည် ။

“ တော်ပြီကွာ ၊ လက်ပတ်နာရီ မရှိလဲ ကျောင်း တက်လို့ ရတာပဲ ၊ ရောင်းပစ်မယ် ” ဟု ခပ်ပြတ်ပြတ် လုပ်တတ်ပုံတွေ ။ တစ်ခါတစ်ရံ နား က ပတ္တမြားနားကပ်လေး ကိုပင် ဖြုတ် ပေါင်လိုက်  ၊ စတိုင်ပင် ထောက်ပံ့ကြေး ရတော့ ပြန် ရွေးလိုက်နှင့် ဒုက္ခ ရောက်ခဲ့ရရှာသည့် သူငယ်ချင်း ။ သူ့တွင် ငွေတစ်ဆယ် ရှိပါက သူများ ကို ငါးကျပ် ခွဲပေးရန် ဝန်မလေးသည့် သူငယ်ချင်း ။ ယခုတော့ ထို ဒုက္ခ အပေါင်းမှ လွတ်မြောက်ခဲ့ပြီ ။ သည်လိုလည်း ရှိဦးမှပေါ့ ၊ ဘဝ ဆိုတာ နိမ့်တစ်လှည့် မြင့်တစ်ချီ ။

မေခင် သူတို့ဆီ ပြန် ရောက် မလာမီမှာပင် ဆရာကန်တော့ပွဲ အခမ်းအနား စလေသည်  ။

ပြုံးရွှင် ကြည်နူး နေကြသည့် ဆရာမြတ် တို့၏ ပုံသွင်မှာ အေးချမ်းလှသည် ။ တပည့်များ က လက်ဆယ်ဖြာစုံမိုး၍ ရိုကျိုး ဝပ်ဝပ် ဦးနှိမ်ညွှတ်၍ ရှိခိုးကန်တော့ကြသည် ။

မေတ္တာအရိပ် ။

ပီတိအရောင် ။

ခန်းမကြီး တစ်ခုလုံး မင်္ဂလာကျက်သရေ ထုံမွှမ်းလျက် ။

ကန်တော့ပွဲ အခမ်းအနား ပြီးဆုံးသွားသည့် တိုင်အောင် ရုတ်တရက် လူစု မကွဲကြသေး ။ တပည့်များက ဆရာကြီးများ ကို တစ်ဦးစီ လိုက် နှုတ်ဆက်ကြ ။ ထပ် ကန်တော့ကြ ။ မျက်ရည် ရစ်ဝဲ ၊ ရင်ထဲဖိုလှိုက် ၊ ကြည်နူးစရာ မြင်ကွင်းပင် ။

မေခင် သူတို့ အနား သို့ ပြန် ရောက်လာသည် ။ ဝင် ထိုင်လိမ့်မည် ထင်သော်လည်း မထိုင် ။

“ ဟင် ၊ မေခင် ပြန်တော့ မလို့လား ”

လက်ပွေ့အိတ် အတွင်းမှ ကားသော့ ထုတ် လိုက် သ ဖြင့် ငြိမ်းသာ မေးလိုက်မိခြင်းပင် ။ သူက မတ်တတ်မှပင် ဖြေ၏ ။

“ အင်းလေ ၊ မင်းတို့ လဲ ပြန်မှာပဲ မဟုတ်လား ၊ ဘာ ရှိသေး လို့လဲ ”

“ ဘာမှတော့ မရှိဘူးလေ ။ ဒါပေမယ့် တို့တတွေ မတွေ့ ရတာ ကြာပြီ မဟုတ်လား ၊ အေးအေး ဆေးဆေးပေါ့ ဟယ် ”

“ ကိုယ်တော့ ပြန်ဦးမယ် ၊ ခေါင်းနည်းနည်း နောက် လာလို့ သွား မယ်နော် ၊ အားလုံးပဲ နောက် တွေ့ကြသေးတာပေါ့ "

နေကာမျက်မှန်ကြီး ကို ပြန် တပ်ပြီး ထွက်ခွာသွားသူ ကို အားလုံး တအံ့တဩ ငေးမောလျက် ။

မပေးဖြစ်လိုက်သည့် စံပယ်ကုံး ကလေး က မျက်နှာငယ် ကလေးဖြင့် ။

   •••   •••   •••   •••

“ ဘယ်လိုကြီးမှန်းလဲ မသိဘူး ၊ တစ်မျိုးကြီးပဲ ”

“ ငါက ငါတို့ကို အပြန်ကျ သူ လိုက်ပို့မယ် မှတ်နေတာ ”

“ ပို့တာ မပို့တာက အကြောင်း မဟုတ်ပါဘူး ၊ ပုံစံ ကို က ကြီးကျယ် သွားလိုက်တာ ၊ မုန့်ဟင်းခါး တစ်ပွဲ ကို နှစ်ယောက် စပ်တူ ဝယ် စားခဲ့ကြရတာတွေ ကို  သူ မေ့သွားပြီ ထင်တယ် ”

သူငယ်ချင်းတို့ ၏ မကျေနပ်သံများ လျှံ တက်လာသည် ။

“ မေခင် က ငယ်ငယ်တုန်းက မေခင် မဟုတ်တော့ဘူး ”

နှုတ် နည်းလွန်းသူ သန်းသန်း က ရုတ်တရက် မှတ်ချက် ချ လိုက်၏ ။ သန်းသန်း စကား ကြားမှ ငြိမ်းသာ လည်း ကိုယ့် ရင်ထဲ က ပြောချင်သည့် စကားလုံးကို ရှာဖွေ တွေ့ရှိလိုက်ပါ၏ ။

“ ဟုတ်တယ် ၊ မေခင် က ကျောင်းတုန်းက မေခင် မဟုတ် တော့ဘူး ၊  ငါ သိပ် နှမြောတာပဲ ”

“ ဘာကိုလဲ ”

တူးတူး က မျက်မှောင်ကြီး ကုပ်ကာ မေးလိုက်၏ ။

“ စံပယ်ပန်း ကိုလား ”

ခင်မောင်သိန်းထွန်းဝင်း အယူအဆ လွဲသွားသည် ။မေးလိုက် ပုံက ရယ်စရာ ။

“ ကြံကြံဖန်ဖန် ဟယ် ၊ ငါ နှမြောတာက ဟိုတုန်းက မေခင် ကလေး ကို နှမြောတာ ၊ အဲဒီ မေခင် က ရိုးသား ပွင့်လင်းတယ် ။ ရဲဘော်ရဲဘက် စိတ် ရှိတယ် ၊ ညီအစ်မ အရင်း လို ရင်းနှီးတယ် ၊ အဲဒီ မေခင့် ကို ငါ နှမြောတာ ၊ ငါလေ မေခင့် ကို ဒေါသ ထွက် တာလဲ မဟုတ်ဘူး ၊ မကျေနပ်တာလဲ မဟုတ်ဘူး ၊ နှမြောတာ သိလား ၊ နှမြောတာ ”

“ အံမာ ၊ ကြီးကျယ်လိုက်တာ ”

“ ဟုတ်တော် ၊ ခံရတာချင်း အတူတူ ၊ သူ က အတွေးအခေါ် တစ်မျိုး နဲ့ ပြောတတ်ပါပေ ရဲ့ ”

“ ဟဲ့  အဲဒါကြောင့် သူ စာရေးဆရာ ဖြစ်သွားတာ နေမှာ သိလား ”

အားလုံးက ဝိုင်းဝန်းကာ ချီးမွမ်းခြေကျောက် ပြောကြ ရင်း ရယ်သံများ နှင့် အတူ စကားဝိုင်းကလေး ပြန်လည် စိုပြည် လာပါတော့သည် ။

◾   ကြူကြူသင်း

📖   ရှုမဝမဂ္ဂဇင်း
        ၁၉၈၄ ခုနှစ် ၊  အောက်တို ဘာလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment