Saturday, February 19, 2022

ပြဇာတ်မယ်


 

❝ ပြဇာတ်မယ် ❞

ရန်ကုန်မြို့ ၊ လူကြိတ်ကြိတ်တိုး စည်ကားလှသော ပြဇာတ်ကြီး သည် ဇာတ်သိမ်းခန်း ပြီးသည်နှင့် တစ်ပြိုင်နက် ကတ္တီပါကားကြီး ချလိုက်၏ ။ ဇာတ်လိုက်မင်းသမီး ကြည်ကြည်ဝင်း နှင့် ဇာတ်ရံမင်းသမီး မတင်နု တို့သည် တစ်ယောက် လက် တစ်ယောက် ဆွဲ ကြကာ ဇာတ်ခုံနောက်ဖေး အဝတ် လဲသော အခန်း သို့ ပြေးခဲ့ကြ၏ ။ တီးဝိုင်း မှ ဒါတို့ပြည် ၊ ဒါတို့မြေ အလိုက် ၊ အမျိုးသားသီချင်း အလိုက် တီးမှုတ် သံကား ၎င်းတို့ နှစ်ဦး၏ နားထဲသို့ တိုး ဝင်နေလေသည် ။

“ အလွမ်း သိပ်မိတာပဲ ကြည်ကြည် ရာ ၊ ပွဲကြည့်ပရိသတ် မဆိုထားနဲ့ ၊ ကိုယ်တောင် မျက်ရည် ကျမိတယ် ။ ရုံပိုင်ကတော့ လခကောင်းကောင်း ပေးပြီး ကန်ထရိုက် စာချုပ်မှာပဲ“

“ စာချုပ်ရင်တော့ ဇာတ်ထုပ် တစ်ထုပ်ချင်း ချုပ် မှာပဲ မတင်နု ၊ လခစား နဲ့ တော့ မချုပ်ဘူး”

ကြည်ကြည်ဝင်း သည် ခါး က ပိုးလုံချည် တပတ်နွမ်း ဘန်ကောက်လုံချည် နှင့် လဲဝတ်ရင်း ပြန်ပြောလိုက်၏ ။ တဖန် နောက်ဆုံး အမူအရာ လုပ်ခဲ့ရသော မျက်ရည်ကြောင်းများ ကို မှန်ဝိုင်းကြီး ရှေ့တွင် ကြည့် ကောင်းအောင် ပြုပြင်နေလေသည် ။

“ ကြည်ကြည် ပထမ ဇာတ်ထုပ် မှာ ဒီလောက် ကောင်းရင် နာမည်ကြီးသည်ထက် ကြီးမှာပဲ ”

“ ကျွန်မ ပြဇာတ် ထဲ ဝင်တာ ၅ နှစ် ကျော်ပါပြီ ၊ ဒီစတြိတ်မြို့ ဆိုတော့ ရန်ကုန် လောက် မထင်ပေါ်ဘူးပေါ့ ”

“  ဪ ဒီလိုလား ”

“  ပြီးတော့ ဒီ အလွမ်းကလည်း ကျွန်မ ကိုယ်တွေ့ အဖြစ်အပျက် နဲ့ တူတော့ သာပြီး အမူအရာ ကောင်း ၊ မျက်ရည် ကျလို့ ကောင်းတာပေါ့ ရှင် ”

ကြည်ကြည်ဝင်း သည် မိတ်ကပ် ဖျက်ပြီးလျှင် ဟေဇလင်စနိုး နှင့် သူ ၏ မျက်နှာ ၊ လည်ပင်း တို့ ကို ပွတ် လိမ်းနေလေသည် ။

“ ဪ မှတ်မိပြီး ကြည်ကြည် ရဲ့ အရင် ယောက်ျား နဲ့ ဖြစ်ပျက်ပုံလား ”

“ ဟုတ်တာပေါ့ ။ သူ့ မိဘ က သဘော မတူတော့ မိဘကျေနပ်ရုံ ကွာပါရစေ ဆိုပြီး ပြန် မပေါင်းဘူး ၊ ကြည်ကြည် က ဆင်းရဲတဲ့ ပြဇာတ်မင်းသမီး ၊ အခု ကနေတဲ့ ဇာတ်လမ်း ကလည်း ဆင်းရဲသူ ရုပ်ရှင်မင်းသမီး နဲ့ သူဌေးသား ပဲ ကိုး ၊ ဒါပေမဲ့ ခုတော့ ကျွန်မ မပူတော့ဘူး ၊ မလွမ်းတော့ဘူး ၊ ချစ်သူ လည်း တွေ့ပြီ သူ့ ကို ယူရမှာပဲ ”

“ ဘယ်သူလဲ ၊ ကျွန်မ ရိပ်မိပြီ ဟို အရပ် ထောင်ထောင်မောင်းမောင်း အသား လတ်လတ် ရုပ်ခပ်ချောချော ၊ ကနေ့ တောင် ၅ - ကျပ် တန်း ဒုတိယ ကုလားထိုင်တန်း မှာ မြင်မိတယ် ”

“ ဪ မတင်နု လည်း မျက်စိ အလျင်သား ၊ သူ ပေါ့ ရှင့် ကိုသောင်းတန် တဲ့ ၊ သူ့ မိဘ က သူဌေးပဲ ”

“ မိန်းမများ ဟာ ပထမ အကြိမ် လက်ထပ်ရင် အချစ် အတွက် ၊ ဒုတိယ အကြိမ် လက်ထပ်ရင် ငွေ အတွက် ဆိုတာမျိုးလိုပေါ့ ”

“ မဟုတ်ဘူး ၊ ရှင် ထင်တာ မှားတယ် ၊ ဒုတိယအကြိမ် လက်ထပ်တယ် ဆိုတာ ချစ် ကိစ္စ ကို ပိုပြီး နားလည်လာလို့ပေါ့ ရှင့် ”

ထိုအတွင်း ဇာတ်အဖွဲ့ဝင်များ လိုက်ပို့သော ကားဟွန်းသံ ကြားကြသဖြင့် အဝတ်အထည် ထည့်သော လက်ဆွဲသားရေအိတ်ငယ် ကို ကိုယ်စီဆွဲကာ ဘတ်စ်ကား ရှိရာသို့ လာခဲ့ကြ၏ ။ ကားပေါ် ရောက်နှင့်နေသော ဇာတ်အဖွဲ့ဝင်များ လည်း ကြည်ကြည်ဝင်း အား ဝိုင်းဝန်း ချီးမွမ်း ပြောဆိုကြလေသည် ။ ဘတ်စ်ကား လည်း စက်နှိုးထားရာ လူစုံသည် နှင့် တစ်ပြိုင်နက် ဆောင့်ကြီးအောင့်ကြီး နှင့် ထွက်ခွာသွား၏ ။

ဘတ်စ်ကား ပေါ် ၌ သီချင်း ဆို သူ ဆို ၊ တစ်ယောက် တစ်ယောက် စကား ပြော သူ ပြော ဖြင့် ၊ ကျောက်မြောင်းရပ်ကွက် ၊ တစ်ခုသော လမ်းထဲ သို့ ချိုးဝင်ကာ တစ်ထပ်အိမ် တစ်အိမ် ၏ ရှေ့တွင် ရပ်လိုက်ရာ ကြည်ကြည်ဝင်း ဆင်း၍ နေရလေသည် ။

အိမ်ပေါ် ရောက်၍ အဝတ်မျှ မလဲရသေးခင် အစိမ်းပုပ်ရောင် ဆလွန်းကားတစ်စီး ထိုး၍ ရပ်သံကို ကြားရသဖြင့် အပေါ် မှ လှမ်းကြည့်၏ ။ ကား ပေါ် မှ ထောင်ထောင်မောင်းမောင်း လူထွား လူချော တစ်ယောက် ဆင်း၍ လာရာ ...

“ ဪ ကိုကိုသောင်း ချက်ချင်း လိုက်လာသကိုး ”

“ ရုံပေါက်စောင့်ပြီး ကား နဲ့ တင် ခေါ်ဦးမလို့ ၊ ကြည်ကြည့် ဂုဏ် ငဲ့ လို့ မခေါ်တာ ”

“ ကြည်ကြည့် ဂုဏ် မဟုတ်ပါဘူး ။ ကိုကို့ ဂုဏ် ပါ ”

“ သူများ က ကြည်ကြည့် ကို ပိုးမဲ့ အကောင် တစ်ကောင် က ကြည်ကြည့် ကို ခေါ်သွားတယ် ထင်ကြရင် ကြည်ကြည့် ဂုဏ် ထိခိုက်တာပေါ့ ”

ကြည်ကြည်ဝင်း သည် ဖြူဖွေးညီညာသော သွားကလေးများ ပေါ်အောင် ပြုံးလိုက်ပြီးလျှင် သောင်းတန် ၏ လက်မောင်း ကို ဆွဲကိုင်ခဲ့ကာ ပက်လက်ကုလားထိုင် တစ်လုံးတွင် အထိုင် ခိုင်းလေသည် ။

“ ကဲ မယ်လှ ထမင်း ပြင်ဟေ့ ၊ ဒေါ်ဒေါ်ကော ”

“ ရှိတယ် မမ ၊ မီးဖိုချောင် ထဲမှာ ”

“ ကိုကို ခဏနော် ” ဟု စားပွဲပေါ် ရှိ မဂ္ဂဇင်း တစ်အုပ် ကို ဆွဲယူ ပေးထားခဲ့ကာ အဝတ်များ လဲ ပြီးလျှင် မီးဖို ထဲ သို့ သွားရောက် ထမင်း စားသောက်နေ၏ ။ နာရီဝက် အတွင်း အဒေါ် ဆို သူ နှင့် အသက် ၁၅ - နှစ် ခန့် ကလေးမ မှာ အဝတ်အထည် လဲကာ ရုပ်ရှင် ၆ နာရီ ပွဲ သို့ ထွက်ခွာ သွားကြလေသည် ။

“ ကနေ့ ညတော့ ဒေါ်ဒေါ် တို့ ပြန်လာအောင် စောင့် ရမယ်နော် ၊ ကြည် တစ်ယောက်တည်း ဆိုရင် ဒီပြင် လူ တက် ဂေါ် သွားမှာ စိုးရတယ် ”

ကြည်ကြည်ဝင်း သည် အခြား ပက်လက်ကုလားထိုင် တစ်ခု ကို ဆွဲယူခဲ့ကာ သောင်းတန် နှင့် ယှဉ်၍ ထိုင်ရင်း ပြောလိုက်၏ ။

“ အို သူတို့ ကို ၆ - နာရီပွဲ တစ်ပွဲ ထဲလား ၊ ဒီပြင် ရုံ တစ်ရုံ မှာ ၉ - နာရီပွဲ ဆက်  ကြည့်ဖို့ မမှာလိုက်ဘူးလား ”

“ ဒါတော့ ကဲပြီ ” ဟု ရင်ဘတ် ကို လှမ်း၍ ပုတ်လိုက်လေသည် ။

“ ကိုကို တော့ နေ့ခင်း က ကြည် ရဲ့ အိုက်တင် ကြည့်ပြီး မျက်ရည် ကျမိတယ် ၊ သိပ် ကောင်းတာပဲ ။ အရင် လူ ဆိုတဲ့ အကောင် သတ်ပစ်ချင်စိတ် ပေါ်လာတာပဲ ”

“ အရင် လူ အကြောင်း စိတ်ကူး ရလို့ မဟုတ်ပါဘူး ၊ သူ့ အကြောင်း မေ့ပျောက်ပစ်လိုက်ပါပြီ ။ ကိုကိုသောင်း နဲ့ များ ဒီလို ကွဲရရင် ဆိုတဲ့ စိတ်ကူး ဝင်လာတော့ မျက်ရည် ထွက်ဖို့ လွယ်တာပေါ့ ”

သောင်းတန် သည် ချစ်သူ ၏ မျက်နှာ ကို ကြည့်၏ ။ ကြည်လင်သော မျက်လုံးအိမ် ထဲမှ မျက်ရည်စက်များ ထွက်ပေါ်လာသည် ကို မြင်ရရာ ...

“ ဟော လုပ်ပြန်ပြီ ကြည်ကလည်း ချစ်ခင်ကြတာ ၂ - လ ကျော်ပြီ ၊ ကိုကိုသောင်း ကို မယုံသေးဘူးလား ၊ လူကဲ ခပ် ဒီလောက် ညံ့ရသလား ”

“ ယုံတော့ ယုံပါတယ် ၊ ဒါပေမဲ့ ခဲမှန်ဖူး တဲ့ စာကလေး လို ဒီတစ်ခါ ဒီလို ဖြစ်ကြရင်တော့ လူ့ပြည် နေဖို့ မကောင်းတော့ဘူး ”

“ စိတ်ချပါ အချစ်ရယ်”

“ ခမည်းတော်ဘုရား တီးခေါက်ကြည့်တော့ ဘယ်လိုတဲ့ လဲ ”

“ ကိုကိုသောင်း ဟာ ကြည့် ကို ယူပြီး ဇာတ် မကရဘူး ၊ တင့်တောင့်တင့်တယ် ထားမယ်လို့ စိတ်ကူးတာ ၊ ကြည့် ကို ယူရင် အမွေပြတ် တဲ့ ”

“ ဒီစကား ကြားရတာ ဝမ်းသာလိုက်တာ ကိုကိုသောင်း ရယ် ၊ ကြည် ဟာ ငွေ မက်လို့ ယူတာ မဟုတ်ဘူး ဆိုတာ လက်တွေ့ ပြလိုက်မယ် ၊ အို နက်ဖြန် သတင်းစာတွေ ကြည့် ၊ ကြည့် ရဲ့ ဓာတ်ပုံတွေ နဲ့ ချီးကျူးကြမှာတွေ ၊ ပြဇာတ်ပိုင်ရှင်တွေ က ဖိုးလိုချင် ဖြစ် ၊ ကြည် ဝင်ငွေကောင်းတော့ လင်မယား နှစ်ယောက် စားရေး ၊ ဝတ်ရေး ဘာ ပူစရာ ရှိသလဲ ”

ကြည်ကြည်ဝင်း သည် အားပါးတရ ပြောလိုက်ရာ ၊ သောင်းတန် သည် ချစ်ကျေနပ်သော အမူအရာ နှင့် ချစ်သူအား ရွှန်းရွှန်းစားစား ကြည့်ရာက ကိုယ်တစ်ပိုင်း ကိုင်း လာကာ ကြည်ကြည်ဝင်း ၏ ပါးပြင် ကို တအား ဝင်၍ မွှေး နေလေသည် ။ တဖန် ပြန်ခွာကာ ....

“ ဒီလိုများ ဆိုတော့ အတိုင်းထက် အလွန်ပေါ့ ၊ ဒါပေမဲ့ မိန်းမထဘီနား ခိုကပ်စားတယ် ဆိုတာတော့ မခံချင်ဘူး ”

“ ဒီအတွက်လည်း ကြည် စဉ်းစားထားပါတယ် ၊ မန်နေဂျာ ကို ငွေရေးကြေးရေး နဲ့ ရုံပိုင် က တယ်ပြီး သဘောမကျဘူး ၊ ဒီတော့ အဲဒီနေရာမှာ ကိုကို ထိုင်ရအောင် လုပ်မှာပေါ့ ။ ၅၀၀ ကျပ် ဆိုလည်း နည်းတာမှ မဟုတ်ဘဲ ”

“ အစီအစဉ် က ဒီလို အချစ် ရဲ့ ၊ နက်ဖြန် ၁၁ - နာရီမှာ ကိုကို ကား နဲ့ လာ ခေါ်မယ် ၊ ၁၁ -နာရီ ခွဲ မှာ တရားသူကြီး ဦးလှကျော် ရုံး မှာ လက်ထပ် ၊ ပြပွဲ ကို တစ်ဆက်တည်း သွားပေါ့ ။ ပြပွဲ ပြီးရင် ကိုကို လာခေါ်မယ် ၊ ခမည်းတော် တို့ ကို ချွေးမ ပြ သွားမယ် ”

“ လုပ်လေ ၊ ပေါင်းသင်းတော့ ကိုကို နဲ့ ပေါင်းသင်းရမှာမို့ မိဘ အမွေ ဖြတ်တာတွေ ၊ မုန်းတာတွေ ၊ ချစ်တာတွေ နည်းနည်းကလေး မှ ထည့် မစဉ်းစားပါဘူး ၊ ဟောဒီ အချစ် က ပစ်ပစ်ခါခါ လုပ်သွားမှာ ကိုသာ ကြည် စိုးရိမ်တာပါပဲ ”

“ ကိုကို့ အတွက်တော့ စိတ်ချပါ အချစ် ရယ် ၊ ကြည် နဲ့ တစ်နာရီ တစ်မိနစ် မခွဲချင်ဘူး ”

နှစ်ယောက်သား ချစ်ကိစ္စ ၊ ချစ်အကြောင်း သောင်းပြောင်းထွေရာ ပြောဆိုကြရင်း အချိန် ကုန်မှန်းမသိ ကုန်ခဲ့၏ ။ အဒေါ်ကြီး နှင့် ကလေးမ ၉ နာရီ သာသာ တွင် ပြန် ရောက်လာကြရာ သောင်းတန် လည်း နှုတ်ဆက်ကာ ကားပေါ် တက်ရောက် စက်နှိုးထွက်ခွာသွားလေသည် ။

   •••   •••   •••   •••

နောက်တစ်နေ့ နံနက် ၁၁ - နာရီ ထိုးကာနီး တွင် အစိမ်းပုပ်ရောင် ဆလွန်းကားတစ်စီး သည် ကျောက်မြောင်းရပ်ကွက် တစ်ထပ်အိမ် တစ်လုံးရှေ့တွင် ထိုး ရပ်လိုက်၏ ။ ကားပေါ်မှ အသက် ၃၀ - နီးပါး လူရွယ်တစ်ယောက် ဆင်းလာ၏ ။ ရွှေဖလားရောင် ဗန်ကောက်လုံချည် ၊ အသစ်စက်စက် စတစ်ကော်လာရှပ် ၊ ကျစ်ပိုးအပေါ်ဝတ်အင်္ကျီဖြင့် ၊ နှာတံပေါ် နားရွက်ကား ကြည်လင်သော မျက်လုံးဖြင့် တက်ရောက်လာသည် ကို ကြည်ကြည်ဝင်း သည် ရွှန်းရွှန်းစားစား ကြည့်ကာ ...

“ သိပ်ကျက်သရေ ရှိတာပဲ ”

“ မြှောက်မနေပါနဲ့ ၊ အခုပဲ လက်ထပ်ကြတော့မှာ ”

ကြည်ကြည်ဝင်း မှာ လည်း အဝါရင့်တွင် ငွေခြည်ပန်းပြောက်ထိုး လုံချည် ၊ အဝါနုရောင် ကျစ်ပိုးရင်ဖုံးအကျီ ၊ စိန်ကြယ်သီးတပ် ရွှေလက်ပတ် ၊ စိန်လက်ကောက် ဝတ်ဆင်ထား၏ ။ မျက်ခုံးမွေး သေးသေးမျှင်မျှင် ၊ ကြည်လင်လှပသော မျက်လုံး ၊ နှာတံပေါ် ၊ စိန်နားပွင့်ကလေးဖြင့် ကြည့်မဝအောင် ဖြစ်၍နေလေသည် ။

“ ကဲ သွားကြစို့ အချစ်ရေ ၊ လူကြီးတွေ အရင် ကိုယ်တို့က ရောက်နှင့်မှ ကောင်းမယ် ”

“ ဟုတ်ကဲ့ ကိုကို ၊ ခဏကလေး ” ဟုဆိုကာ အိပ်ခန်းထဲ သို့ ဝင်သွား၏ ။ သောင်းတန် က ထက်ကြပ်လိုက်သွားကာ ကြည်ကြည်ဝင်း အား ဖက်၍ မွှေးပြန်ရာ ..

“ အို ကွာ ၊ သွားကာနီး ပေါင်ဒါတွေ ပျက်ကုန်ပြီ ” ဟု နှုတ်သီးကလေး စူ ကာ မှန်ရှေ့တွင် ပြုပြင်နေလေသည် ။

“ ကဲ ထွက်ကြစို့ ၊ သိပ် ကဲတာပဲ ” ဟု သူ့ လက် ကို လက်ကိုင်ပုဝါငယ်ကလေး နှင့် သောင်းတန် ၏ နှာခေါင်း ကို သုတ် ပေးလိုက်၏ ။ နှစ်ယောက်သား အိမ် အောက် သို့ ဆင်းလာကြကာ ကားပေါ်တွင် ယှဉ် ထိုင်လျက် စက်နှိုး ထွက်ခွာလာကြ၏ ။

ထိုကားနှင့်ပင် အရေးကြီးသော သက်သေလူကြီး နှစ်ယောက် ကို ဝင်ရောက် တင်ဆောင်ခဲ့ကြ၏ ။ အချို့ လူကြီးများလည်း ကိုယ့် ကား နှင့် ကိုယ် လာကြလေသည် ။

တရားသူကြီးရုံး ၌ လူ စုံလျှင် မိဘ ၊ အသက် ၊ သဘောတူချက် စသည်တို့ကို ထုံးစံအတိုင်း မေးမြန်းနေရာ ...

“ မကြည်ကြည်ဝင်း အသက် ၁၈ - နှစ် ပြည့်ပြီလား ”

“ ၂၅ - နှစ် ရှိပြီ ရှင့် ”

“ ဟင် ကျုပ် စိတ်ထဲ ၁၆ - နှစ် လောက်ပဲ ထင်တယ် ”

တရားသူကြီး ဦးလှကျော် သည် ရွှတ်နောက်နေခြင်း မဟုတ် ။ တကယ် မေးမြန်းနေခြင်း ဖြစ်ရာ သောင်းတန် မှာ မိမိ ဇနီး မျက်နှာ နုပျိုပုံ ကို အထူး ကျေနပ်သွားလေသည် ။

တရားရုံး လက်ထပ်ရေး ထုံးစံအတိုင်း ပြုလုပ်ပြီးသော် ၁၂ - နာရီခန့် တွင် ရုံးမှ လူစုခွဲမည်အပြု သောင်းတန် က တရားသူကြီး နှင့်တကွ လူကြီးများ အား ကျေးဇူးတင် စကား ပြောလေသည် ။

   •••   •••   •••   •••

အချိန်ကား ညနေ ၅ - နာရီခွဲ ခန့် အစိမ်းပုပ်ရောင် ကား သည် ရန်ကုန်မြို့ လမ်းရှည်ကြီးဘေး ရှိ တစ်ခုသော ဝင်းခြံ ထဲ သို့ ဝင်ပေါက် က ဝင်ရောက်သွားရာ နှစ်ထပ်တိုက်ကြီး တစ်လုံး ၏ ဆင်ဝင် အောက် သို့ ထိုး ရပ်လိုက်၏ ။

ရွှေဖလားရောင် ဗန်ကောက်လုံချည် နှင့် အရပ်ထောင်ထောင်မောင်းမောင်း လူရွယ် သည် ကားတံခါး ဖွင့် ဆင်း နှင့် ကာ သူ ၏ ဘေးမှ ထိုင် လိုက်ပါလာသော အသက် ၂၀ - အတွင်း ဟု ထင်ရသည့် မိန်းမချော အား လက်ကမ်းကာ ကား ပေါ် မှ ဆင်းစေသည် ။

“ လာ အချစ် ၊ အဘိုးကြီး က လူရွဲ့ကြီး ၊ သည်းခံ နားထောင်ပါနော် ၊ ကိုကို တို့ ဝတ္တရားတော့ ကျေပွန်ရမှာပေါ့ ”

နှစ်ယောက်သား တိုက် အောက်ထပ်သို့ ဝင်လာကြ၏ ။ အသက် ၅၀ - ကျော်ခန့် ဘူတားကြီး ဗိုလ်ကေ နှင့် အရပ် ထောင်ထောင်မောင်းမောင်း သောင်းတန် ၏ မျက်နှာ နှင့် တူသော အဘိုးကြီး တစ်ယောက် ဆင်း လာ၏ ။ မရှေးမနှောင်း ပင် ဖြူဖြူတုတ်တုတ် မွန်မွန်ရည်ရည် မိန်းမကြီး တစ်ယောက် လည်း အပေါ်ထပ် မှ ဆင်း ၍ လာလေသည် ။

“ ဖေဖေ ဒါဟာ ကျွန်တော် ပြောတဲ့ ဖေဖေ့ ချွေးမ ကြည်ကြည်ဝင်း ဆိုတာပဲ ၊ ကျွန်တော် တို့ ဝတ္တရားအတိုင်း မိဘ ကို လာ ကန်တော့တာပဲ ၊ ကဲ ကြည် ရေ ကန်တော့ကြစို့ ”

နှစ်ယောက်သား ဆိုဖာပေါ်မှ တူရကီကော်ဇော ပေါ် သို့ ဆင်းကာ ကန်တော့ကြလေသည် ။ ဆုပေးမလား ဟု လက်ယှက်စောင့်ဆိုင်း နေကြ၏ ။ အဘိုးကြီး သည် ကြည်ကြည်ဝင်း အား ခြေဆုံးခေါင်းဆုံး ကြည့် နေ၏ ။ ဘာ ဆုမျှ မပေး ။ အမယ်ကြီး လည်း ချွေးမ ကို ကြည့်နေလေသည် ။

ကြည်ကြည်ဝင်း မှာ မနေတတ်အောင် ဖြစ်ပြီးလျှင် ခေါင်း ငုံ့ နေရှာ၏ ။ သောင်းတန် က လက် ဆွဲကာ ဆိုဖာပေါ် အထိုင် ခိုင်းလေသည် ။ အလွန်သားနား ခန့်ညားသော တိုက်အိမ်ကြီး နှင့် စားပွဲ ၊ ကုလားထိုင် ၊ ဗီရို ၊ ရေဒီယို စသည်တို့ကို ကြည်ကြည်ဝင်း မသိမသာ အကဲခတ် ကြည့်ရာ က ချစ်သူ ၏ မျက်နှာကို ကြည့်ပြန်လေသည် ။

“ အဟင်း ... ” ဟု အဘိုးကြီး ချောင်း တစ်ချက် ဟန့် လိုက်ပြီးလျှင်

“ သောင်းတန် မင်း ဟာ ငါ့ ကို အသိ မပေးဘဲ ဒီ ကလေးမ နဲ့ ဆင်ကန်းတောတိုး လက်ထပ် လာကြတယ် မဟုတ်လား ” 

သောင်းတန် သည် မျက်လုံးပြူးကြီး နှင့် ပြန် ကြည့်ကာ

“ ဖေဖေ့ ကို ပြောဖူးသားပဲ ၊ ဖေဖေ ဘယ်နည်းနဲ့ မှ သဘော မတူဘူး ဆိုတော့ ဖြစ်တဲ့နည်းနဲ့ လက်ထပ်ရတာပဲ ”  

“ အေး လက်ထပ်တာတော့ ဟုတ်ပါပြီ ။ မင်းတို့ ဘယ်လိုနည်းနဲ့ စားသောက်နေထိုင်ကြမလဲ ”

“ ဒါတော့ မပူနဲ့ ဦးကြီး ၊ ကျွန်မ ပြဇာတ်နာမည်ကြီး တစ်ယောက် ပဲ ၊ ကိုကိုသောင်း အတွက် တောင် လခ ၅၀၀ ကျပ် နဲ့ အလုပ် ရဦးမယ် ။ ကျွန်မ ဟာ ဦးကြီး သား လူ ကို ချစ်တာ ၊ ပစ္စည်း တို့ ဂုဏ် တို့ မက်လို့ မဟုတ်ပါဘူး ”

ကြည်ကြည်ဝင်း သည် စကားလေလျှောက် သွက်လက်ဖျတ်လတ်စွာ ပြန်၍ ပြောလိုက်၏ ။ သောင်းတန် က ...

“ မဟုတ်ဘူး ကြည်ကြည် ၊ မင်း ပြဇာတ် မတက်ရဘူး ၊ လူကြီးလူကောင်း မယားပီပီ နေရမယ် ၊ ဖေဖေ ဒလ က စက်ကြီး ကျွန်တော့် ကို ပေးမယ် ဆို ”

အဘိုးကြီး သည် ပြုံးရယ်လိုက်ကာ ...

“ အေး တစ်ခါက ပေးမယ်လို့ အိပ်မက် မက်ခဲ့ဘူးတယ် ၊ ဒါပေမဲ့ မင့် ပြဇာတ်မယ် နဲ့ ဆိုတော့ အိပ်မက်ဟာ ပျက်သွားတယ် ၊ တကယ်လို့ သူ နဲ့ ကွာရှင်းပြီး ဖေဖေ့ ဆီ ပြန်လာခဲ့ ၊ အိပ်မက်အတိုင်း မင့် ကို ပေးဖို့ အသင့်ပဲ ”

“ ဖေဖေ ပြောတာ မတရားပါဘူး ၊ ကြည်ကြည့် ကို ကြည့်စမ်းပါ ။ ရုပ် ကို ပြောမလား ၊ အလိမ္မာ ကို ပြောမလား ၊ ကွန်ဗင့်ကျောင်း မှာ ၁၀ - တန်း အထိ သင်တဲ့ ပညာ ကို ပြောမလား ”

“ ဒါကတော့ မင်း ကျေနပ်နေတာကိုးကွ ၊ ဒီ တိုက်မှာ ဒီလောက် ကြာကြာ စကားပြောခွင့် ရတာဟာ သား ကြောင့် သားကြောင့် ”

ကြည်ကြည်ဝင်း မှာ စကားတစ်ခွန်းမျှ မပြောဘဲ မျက်ရည် ဝိုင်းကာ သားအဖ နှစ်ယောက် ကို ကြည့်ရှုနေရှာသည် ။

“ ဖေဖေ ရယ် မယား ဆို တာ လင် ရဲ့ ဂုဏ် ပေါ်မှာ တည်နေတာပါ ။ မဟာဝင် ကြည့် ဒုဌဂါရဏိမင်း ဟာ သူတောင်းစား ကို မိဖုရား မြှောက်တယ် မဟုတ်လား ၊ ရာဇဝင် ကြည့် ကျန်စစ်သားမင်း ဟာ မထီး တူမ သမ္ဗူလ ဆိုတဲ့ ကျောင်း ကပ်နေရတဲ့ ဟာကလေး ကို မိဖုရား မြှောက်ခဲ့တယ် ၊ လင်းယင်ဘောက်သောက် သူ သား သည် အမေ လည်း ရှင်ဘုရင် က မိဖုရား မြှောက်ခဲ့တယ် မဟုတ်လား ၊ ဖေဖေ လည်း စာ အတတ်သား နဲ့ ”

“ ဟားဟား ငါ့ သား က ဖေဖေ့ ကို ရေကင်းပြပြီး စာ ချနေတာကိုး ၊ ဖေဖေ ရှင်းရှင်း ပြောမယ် ၊ မင်း မှာ အားကိုးစရာ ပြဇာတ်မယ် တစ်ယောက်လုံး ရှိနေ မင့် ဟာ ၊ ဖေဖေ့ ဆီ ဘာလို့ အမွေ တောင်းချင်ရသလဲ ၊ မင်း က ဖေဖေ တို့ ကို ဂရု မစိုက်လို့ မင်း လိုချင်တဲ့ မယား ယူတယ် ၊ ဖေဖေတို့ ကလည်း နား မထောင်တဲ့ သား အလကား အမွေ ပေးနိုင်ပါ့မလား”

“ လာ ကိုကို ပြန်ကြမယ် ၊ ဘာလို့ အမွေ တောင်းနေရတာလဲ ၊ မတောင်းပါနဲ့ ၊ ကြည် ရှာကျွေးပါ့မယ် ”

ကြည်ကြည်ဝင်း သည် သောင်းတန် ၏ လက်မောင်း ကို ဆွဲကာ မတ်တတ် ရပ်၏ ။ သောင်းတန် လည်း နေရာမှ ရပ် ရင်း ..

“ ဖေဖေတို့ ဟာ မတရားဘူး ၊ အခု ဖေဖေ တို့ ချမ်းသာတာ ကျွန်တော့် ကုသိုလ် မပါဘူးလို့ ပြောနိုင်မလား ၊ ဖေဖေ ပေးမယ် လို့ ပြောပြီးပြီ ၊ ကျွန်တော် ပေါင်းမဲ့ မယား ကို ကျွန်တော် ရှာ ယူရမှာပေါ့ ”

“ အေးလေ  ၊ ဘယ်သူ က ကန့်ကွက်သလဲ“ 

“ စက်ကြီး ဦးစီးလုပ်ကိုင်ဖို့ ပေးမယ် ဆို ”

“ လာပါ ကိုကို ရယ် ၊ သွားကြပါစို့ ”

ကြည်ကြည်ဝင်း သည် သောင်းတန် ၏ လက်မောင်း ကို ဆွဲကာ တိုက်အောက် သို့ ထွက်ခွာလာလေသည် ။

“ ဟေး သောင်းတန် ၊ အဲဒီ မော်တော်ကား ကို မင်း သုံးပိုင်ခွင့် မရှိဘူးဆိုတာ နားလည်ရမယ် ”

“ အို သုံးပိုင်ခွင့် ရှိတယ် ၊ ကားခိုးမှု နဲ့ တရား စွဲ ချင် စွဲ ”

သောင်းတန် သည် ကားပေါ် အတင်း တက်မည်အလုပ် ကြည်ကြည်ဝင်း က အတင်း ဆွဲခေါ်ကာ ခြေလျင် အထွက် အဘိုးကြီး ၏ ဟားတိုက် ရယ်သံ ကို ကြား ကြလေသည် ။

နှစ်ယောက်သား မှာ ဘတ်စ်ကား ကို စောင့်၍ သိမ်ကြီးဈေး သို့ လိုက်ပါလာကြ၏ ။ သိမ်ကြီးဈေး မှ တဖန် တာမွေ ဘတ်စ်ကား ဖြင့် ကျောက်မြောင်း သို့ ပြန်ခဲ့ကြလေသည် ။

အချိန်မှာ ည ၇ - နာရီ ခန့် ဖြစ်ရာ သောင်းတန် မှာ ပက်လက်ကုလားထိုင် ပေါ်တွင် ခြေပစ်လက်ပစ် နှင့် ထိုင် ချလိုက်လေသည် ။

“ ကြည်ကြည် အခုမှ ပြန် ရောက်သလား ၊ သူဌေး ဦးလူမောင် တိုက် က ဆိုပြီး ဒီ သားရေအိတ်ကြီး လာ ပေးသွားတယ်”  ။

သောင်းတန် သည် ထိုအခါကျမှ လှမ်း၍ ကြည့်မိရာ မိမိ သားအိတ်ကြီး ဖြစ်သည်ကို တွေ့ရ၏ ။ ထ၍ ဖွင့်ကြည့်သောအခါ သူ ဝတ်နေကျ အဝတ်အဟောင်း အသစ်အချို့ အဝက် နှင့် စာ တစ်စောင် တွေ့ရလေသည် ။

သောင်းတန်

      ပိုက်ဆံ တစ်ပြား မျှ မကပ်သော ဘိုင်သမား သား ဖြစ်သူအား သနားသဖြင့် အဝတ်အထည်အချို့ ကို အပို့ ခိုင်းလိုက်ခြင်း ဖြစ်သည် ။ ငွေကြေး ကိုကား တစ်ပြားတစ်ချပ်မျှ မမျှော်လင့်နှင့် ၊ မင်း နှင့် မဆက်ဆံရန် သန်ဘက်ခါ ထုတ် သတင်းစာများတွင် တွေ့လိမ့်မည် ။

          လူမောင်

ကြည်ကြည်ဝင်း မှာ အဝတ်အထည် လဲလှယ်နေ၏ ။ ပြန် ထွက်လာသောအခါ သောင်းတန် အထက်ပါ စာ ဖတ်ရှုနေသည်ကို မြင်ရရာ ...

“ မပူပါနဲ့ ကိုကို ရာ ၊ ကြည် လုပ်ကိုင် ကျွေးမှာပေါ့ ”

“ စိတ် မကောင်းဘူးကွာ ၊ နည်းနည်းမှ စိတ် မကောင်းဘူး ၊ ဒီ အဘိုးကြီး မတရားဘူး ၊ ကြည့် ... တစ်နေ့ စက်ရုံကြီး  ၊ မီးတိုက်ပစ်လိုက်မယ် ”

“ ဒီလိုလည်း မကြံကောင်းပါဘူး”

“ မမ ထမင်း ပြင်ပြီးပြီ ”

ကလေးမကလေး လာ ပြောသဖြင့် စားပွဲဝိုင်း နှင့် ပြင်ထားသော ထမင်းပွဲ သို့ နှစ်ယောက်သား လာခဲ့ကြကာ စားသောက်နေကြလေသည် ။ ကြည်ကြည်ဝင်း မှာ ငါးဟင်း အရိုး ထွင် ပေးခြင်း ၊ ဝက်သားဟင်း ခပ်ထည့်ပေးခြင်းဖြင့် အလုပ် ရှုပ်နေရှာသည် ။

ကြည်ကြည်ဝင်း မှာ ပြဇာတ် တွင် ဆက်လက် ကပြနေရာ သောင်းတန် မှာလည်း ရုံမန်နေဂျာ အလုပ် ရရှိသဖြင့် လင်မယား နှစ်ယောက် မပူမပင်ရ ၊ အချိန် တစ်လ ခန့်ပင် ကြာရှိခဲ့၍ နောက်ထပ် ဇာတ်ထုပ် အတွက်ပင် စာ ချုပ်ရပြန်လေသည် ။

တစ်နေ့သ၌ လင်မယားနှစ်ယောက် ကျောက်မြောင်း အိမ်ကလေး သို့ ပြန် လာကြရာ အိမ်စောင့် အဒေါ်ကြီး က စာ တစ်အိတ် ထုတ်ပေးသဖြင့် ဖွင့်ဖောက်ဖတ်ရှု ရာ ...

သောင်းတန်

       သမီး ကြည်ကြည်ဝင်း ၊ တစ်နေ့တခြား နာမည်ကြီးလာသည့်အတွက် ဝမ်းမြောက်သည် ။ ဖေဖေ ကိုယ်တိုင်လည်း ပြဇာတ် ကို လာရောက် ကြည့်ရှုသည် ။ အကယ်၍ မင့် အား ကြည်ကြည်ဝင်း နှင့် သဘောတူသည် ဆိုကာ အမွေ ပေးလိုက်က ကြည်ကြည်ဝင်း အား စင်ပေါ် မတင်ဘဲ ထားမှာ ကို ဖေဖေ မြင်၍ တမင် အရွဲ့တိုက်ခြင်း ဖြစ်သည် ။ ဖေဖေ တို့ မြန်မာပြည် ၌ ပြဇာတ် နှင့် ရုပ်ရှင် ၊ သဘင်သည် တို့အား အထင်သေးလျက် ရှိကြသည် ။ အိန္ဒိယပြည် တွင် ဇာတ်လိုက်မင်းသမီးများ မှာ ဘီအေ - အမ်အေ ဒီဂရီ ရများ ၊ မဟာရာဇာ ၏ သမီးများပင် ပါဝင် က ပြ ကြသည် ။ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထွက်ပေါ်နေသည် ။ မြန်မာပြည် ကလည်း ဘာကြောင့် ဤသို့ မလုပ်နိုင်ရမလဲ ၊ ကြည်ကြည်ဝင်း ကလည်း ဇာတ်ရည်ဝသော မင်းသမီးကောင်း တစ်ယောက် ၊ သား လည်း ရုံတစ်ရုံ ကို ဦးစီးနိုင်သူ ဖြစ်၍ သား နှင့် သမီးတို့ ကိုယ်တိုင် ဦးစီးကာ ပြဇာတ်ရုပ်ရှင် တို့ ထောင်နိုင်ရန် ငွေ အရင်း ဖေဖေ ထုတ်ပေးမည် ။ နက်ဖြန် ၁၀ - နာရီ ကား လွှတ်လိုက်မည် ။

          လူမောင်

“ ဒီလိုတော့ ကိုယ့် ဖေဖေ လိမ္မာသားပဲ ”

နှစ်ယောက်သား သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးပြုံးရွှင်ရွှင် ဖြစ်၍ နေကြလေသတည်း ။

◾ မဟာဆွေ

📖  သွေးသောက်မဂ္ဂဇင်း
       ၁၉၄၇ - ခု ။

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment