❝ ရက်ကျန်များ ❞
( ကောင်းမြတ် )
သူသည် ခုတင်ပေါ်တွင် လဲလျောင်းနေရသည်ပင် ဖြစ်သော်လည်း နေရသည်မှာ တစ်စက်မျှ မသက်သာလှ ။ သူ သူ့ခြေလက်တွေကိုပင် မသယ်နိုင်လောက်အောင်ပင် နွမ်းချည့်အားနည်းနေသည် ။ ပက်လက် လှဲနေရသည်မှာ ကြာလှပြီဖြစ်ရာ သူ့ကျောတွင် ပူလောင်စပ်ဖျဉ်းနေသည် ။ သို့သော် ဟိုဘက်ဒီဘက်ကို ကိုယ်တိုင် စောင်းဖို့သော်မှ လုံလောက်သော အားအင် သူ့မှာ မရှိ ။ နောက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ အရိုးတွေသည်လည်း အိမ်တိုင်တစ်လုံးကို သစ်ပိုးများ ဝင်ထိုးနေသလို တစစ်စစ် နာကျင်ကိုက်ခဲလို့ နေ၏ ။ အဆိုးဆုံးကတော့ သူ့ရဲ့ နောက်ကျောရိုးမကြီး ။ အရင်ဆုံး စတင်ကိုက်ခဲခဲ့သော နေရာမှာ ထိုကျောရိုးမကြီး ပင် ဖြစ်ပြီး သူ့ဝေဒနာသည်လည်း ..
ထိုကိုက်ခဲခြင်းမှပင် စတင်ခဲ့ ၊ သိရှိခဲ့ခြင်းဖြစ်သည် ။ သို့သော် ထိုသိရှိခဲ့ခြင်းသည် သူ့အတွက် အတော်ပင် နောက်ကျနေခဲ့ပြီ ။ အစကတည်းက သူဘာမှ မတတ်နိုင်ခဲ့သလို ခုလည်း သူ ဘာမှ မတတ်နိုင်ပါ ။ ဝေဒနာသည် တစ်နေ့တခြား ပိုပို၍သာ ပြင်းထန်ဆိုးဝါးလာသည် ။ သို့သော် ခံစားနေရသော နေ့ရက်တို့သည်လည်း သူ့အတွက် များများစားစား ကျန်တော့သည် မဟုတ်ချေ ။
••••• ••••• •••••
သူ့ဝေဒနာ သူ့ရောဂါကို သူသိပါသည် ။ သူများတွေ သိသည် ဆိုသည်ထက်ကို သူက ပို၍ သိပါသည် ။ သူက သူ့နည်းတူ ရောဂါသည်တွေကို ကုသပေးနေသော ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက်ပဲ ။ သူ သိပါသည် ။ ဒီရောဂါ သည် ယောက်ျားသားတွေမှာပဲ ဖြစ်တတ်ပြီး သူ့လို အသက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တာ သူသိပါသည် ။ သူ့လို ဆေးလိပ်သောက်တတ်သူတွေမှာ ပိုဖြစ်တတ်တာလည်း သူသိသလို ၊ ရောဂါလက္ခဏာတွေကိုလည်း သူသိပါသည် ။ ရောဂါလက္ခဏာတချို့ ပြစဉ်က ပညာရှိ သတိဖြစ်ခဲ ၊ သူ ပေါ့ပေါ့ဆဆ နေခဲ့မိ၏ ။ နောက်ကျောရိုးဆစ်များ မခံမရပ်နိုင်အောင် နာကျင်လာသောကြောင့် ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ကာမှ သူ့မှာ ကင်ဆာရောဂါ ရှိနေကြောင်း ၊ နောက်ကျောခါးရိုးဆစ်များအထိ ကင်ဆာ ပျံ့နေပြီဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည် ။ ပျံ့နှံ့မှုများ ရှိနေပြီဖြစ်သော ထိုကင်ဆာမျိုး အတွက် ကုသထုံးများကို သူသိပြီးဖြစ်သလို ထိုရောဂါအဆင့်၏ အလားအလာကိုလည်း သူ သိပြီးဖြစ်၏ ။ ရောဂါ သက်သာအောင် ကုသစရာ ရှိသည်များကို သူ ဆက်လုပ်ရန်မှလွဲ၍ ရောဂါကြီး ပျောက်ကွယ်သွားဖို့ရာ သူ ဘာမှ မတတ်နိုင်ခဲ့ ။
သူ့အတွက် ရောဂါ သိရှိပြီး အစပိုင်း နေ့ရက်များသည် ခက်ခဲလွန်းလှ၏ ။ သေခြင်းတရားသည် သူ့လက်တစ်ကမ်းသို့ အလျင်မြန်ဆုံး ရောက်ရှိလာခဲ့ပြီး နေ့ရက်တစ်ခု မရောက်မချင်း သူ့ အနီးအနားမှာပင် ငုတ်တုတ်ထိုင်ကာ စောင့်ဆိုင်းနေသည့် အဖြစ်သည် ဘယ်လောက်တောင် ချောက်ချားစရာ ကောင်းလိုက်ပါသလဲ ။ တကယ်တော့ သူသည် သေခြင်းတရားကို အများတကာတွေထက် ပို ရင်းနှီးထားပြီးသူ မဟုတ်လား ၊ သူ့အနှစ်ငါးဆယ်ကျော် သက်တမ်းတွင် သူ့မိဘဘိုးဘွားဆွေမျိုးများ၏ သေခြင်းတရားများ ၊ သို့မဟုတ် သူ့မိတ်ဆွေသူငယ်ချင်းတို့၏ နာရေးကိစ္စများ ၊ သူ့လူနာဆောင်ထဲမှ ကယ်တင်ခွင့် မရနိုင်ခဲ့တော့ဘဲ သေမင်းခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရသော သူ့လူနာများ ၊ တကယ်ဆို သေခြင်းတရားသည် သူ့အတွက် သူစိမ်းတစ်ရံဆံ တစ်ယောက် မဟုတ်ခဲ့ ။ မိတ်ဆွေသူငယ်ချင်း မဖြစ်ခဲ့လျှင်တောင် အမြဲစစ်ထိုး တိုက်ခိုက်ခဲ့ရသော ရန်သူရင်း တစ်ယောက်ပင် ဖြစ်ခဲ့ပါလိမ့်မည် ။ သို့သော် ထိုရန်သူက သူ့ကို တည့်တည့်တိုက်ခိုက်လာသော တစ်နေ့သည် သူ့ အတွက် အိပ်မက်ဆိုးများကိုပင် ညဆက် မက်စေခဲ့၏ ။
သူ့လူနာတွေကို သူတို့ ရောဂါအကြောင်း သူတို့မှာ နေ့ရက်တွေ သိပ်များများမကျန်တော့ကြောင်းကို ပြောပြခဲ့စဉ်က သူတို့ ဘယ်လိုများ ခံစားခဲ့ကြရပါလိမ့် ။ ထို စကားလုံးကို သူတို့ ဘယ်အကြားအာရုံမျိုးနဲ့များ နားထောင်ခဲ့ကြတာပါလိမ့် ။ သူသည် သူ့ကိုယ်သူ ဆရာဝန် ပီသသော ၊ ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်သိက္ခာများကို အတိအကျ လိုက်နာသော ၊ လူနာတစ်ယောက်၏ အခွင့်အရေး ၊ လူ့အခွင့်အရေးကို အမြဲတစေ လေးစားသော ဆရာဝန်တစ်ယောက် အဖြစ် သူ့ကိုယ်သူ ဂုဏ်ယူတတ်ခဲ့သူ ဖြစ်သည် ။ လူနာသည် လူနာတစ်ယောက်၏ အခွင့်အရေး အပြည့်အဝ ရရှိရမည် ။ လူနာတစ်ယောက် အနေဖြင့် သူ့မှာ ဖြစ်နေသော ရောဂါသည် မည်သည့်ရောဂါ ဖြစ်သည် ။ ထိုရောဂါနှင့် ပတ်သက်၍ မည်သည့်ကုထုံးများ ရှိသည် ။ ထိုရောဂါသည် ကုသ၍ မရ ၊ ကုသ၍ ရလျှင် ပျောက်ကင်းနိုင်ခြေ မည်မျှရှိသည်တို့ကို သိရှိသည်တို့ကို သိရှိနိုင်သော အခွင့်အရေး ရှိရမည် ။ ဒါ လူနာ၏ အခွင့်အရေးပင် ဖြစ်သည် ။ ဆရာဝန်က ရှင်းပြပြီးသည့်အခါ မည်သည့် ကုထုံးကို ရွေးချယ်မည် ၊ မည်သည့်အထိ ကုသမည်ကိုလည်း ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိသည် ။ ကုသမှုကို ငြင်းပယ်ပြီး သေလမ်းကိုပင် ဂုဏ်သိက္ခာရှိစွာ ရွေးချယ်ပိုင်ခွင့်ရှိသည် ။ ၎င်းတို့သည် လူနာတစ်ဦး၏ အခွင့်အရေးများအဖြစ် သူ အရေးတယူ တလေးတစားပြု ပေးခဲ့သည် ။
သူ့ဆရာဝန်သက်တမ်း တစ်လျှောက်တွင် ထိုကဲ့သို့ ရောဂါ အကြောင်း ရှင်းပြရခြင်းမျိုးသည် သူ ဟိုးအလုပ်သင် ဆရာဝန်လေးဘဝ ကတည်းက အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ရပြီး ဖြစ်သည် ။ တချို့ လူနာရှင်များက လူနာကို မည်သည့်အကြောင်းအရာ အကောင်းအဆိုးကိုမျှ ပေးမသိလိုကြ ။ တချို့လူနာများမှာ သေသွားသည့်တိုင် သူတို့ ဘာရောဂါဖြစ်တယ်ဆိုတာ သိခွင့် ရမသွားရှာကြ ။ လူနာကိုယ်တိုင်က သိချင်စိတ် ရှိနေခဲ့လျှင် သူ လူနာတိုင်းကို လိုလိုလားလားပင် ပြောပြဖြစ်ခဲ့သော်လည်း လူနာရှင် တို့က လူနာကို ရောဂါအကြောင်း ပြောမပြရန် ကွယ်ရာမှာ လာတောင်းဆိုသောကြောင့် ပြောခွင့် မသာခဲ့သော အခါမျိုးတွင်မူ ထိုလူနာ အတွက် သူ ဝမ်းနည်းခဲ့ရ၏ ။ တကယ်ဆိုလျှင် လူနာသည် သူ့ရောဂါနှင့် ပတ်သက်၍ အကုန်အစင် သိခွင့်ရှိပြီး ၊ လူနာက ခွင့်မပြုလျှင် လူနာ အကြောင်း ၊ ရောဂါအကြောင်း လူနာရှင် သို့မဟုတ် လူနာ၏ မိသားစုကို ပြောပြခွင့်တောင် မရှိသည့်အကြောင်း ပြောပြလျှင်လည်း ထိုသူများက လက်ခံနိုင်ပါမည်မို့လို့ လား ။ အချို့သောနိုင်ငံများ အထူးသဖြင့် အာရှနိုင်ငံများတွင် လူနာ ၊ ရောဂါနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချသူ ( decision making unit ) သည် လူနာ တစ်ဦးတည်းသာ မဟုတ်ဘဲ လူနာ၏ မိသားတစ်စုလုံး ဖြစ်နေတတ်သည်ကို သူ လျစ်လျူရှုမထားခဲ့ပါ ။ သို့သော် ဆုံးဖြတ်ချက် ချကြရာတွင် လူနာကို ပါဝင်ခွင့် မပေးကြခြင်းကိုတော့ သူ ဘယ်တုန်းကမှ အခဲမကျေနိုင်ခဲ့ ။ ပြဿနာအချို့ တက်ခဲ့ပြီးသည့်နောက်မှာတော့ လူနာ၏ အခွင့်အရေး ဆိုတာထက် မလိုအပ်ဘဲ ပြဿနာတွေ ရှုပ်မလာအောင်သာ သူ ဦးစားပေးခဲ့ရ၏ ။ သို့သော် အခြေအနေပေးသော လူနာတိုင်းကိုမူ ရောဂါ အခြေအနေမှစ၍ လူ့ဘဝတွင် နေရရန် ကျန်နေသေးသော ခန့်မှန်းရက်ကိုပါ သူ ပြောပြ ဆွေးနွေးပေးခဲ့သည်ချည်းသာ ဖြစ်သည် ။
လူနာ၏ ရောဂါသည် ကင်ဆာရောဂါဖြစ်ကြောင်း ၊ သို့မဟုတ် ကုသ၍ ပျောက်ကင်းနိုင်မည် မဟုတ်တော့ကြောင်းကို လူနာကို ဘာကြောင့် သိခွင့်မပေးချင်ကြရသလဲ ။ လူနာ စိတ်ထိခိုက်သွားမှာ စိုးလို့ ၊ လူနာစိတ်ဓာတ် ကျသွားမှာ စိုးလို့ပါ ဆရာရယ် ၊ ဒီလိုလေးပဲ ထားလိုက်ပါ ။ သက်သာသွားမှာ ပျောက်သွားမှာပါလို့သာ ပြောပေးပါ ဆရာရယ် ဆိုတာမျိုးကို သူ လက်ခံချင်ခဲ့သူ မဟုတ် ။ လူနာကို အထင်သေးခြင်း ၊ လူနာကို တစ်ဆင့်နှိမ့်ချပစ်လိုက်ခြင်းဟုသာ သူ ယူဆခဲ့သည် ။ ရိုင်းရိုင်း ဆိုရလျှင် လူနာကို သေတော့မည်မှန်း သိ၍ လူရာမသွင်းတော့ခြင်း ဖြစ်သည် ဟုသာ သူ သတ်မှတ်သည် ။ စိတ်မထိခိုက်ရ မဟုတ် ၊ ထိခိုက်ရပါလိမ့်မည် ။ လူသားတစ်ဦး အတွက် မိမိ မကြာမီ သေဆုံးရတော့မည် ဟူသော သတင်းထက် ပို၍ ဝမ်းနည်း ထိခိုက်ဖွယ်ကောင်းသော သတင်း ဘယ်မှာ ရှိဦးမည်မို့လဲ ။
ထိုသတင်းသည် သူ့အတွက်လည်း ချောက်ချားစရာ အကောင်းဆုံး သတင်းတစ်ခု ဖြစ်ခဲ့သည် မဟုတ်လား ။ ထိုစဉ်က ဓာတ်မှန်အဖြေစာရွက်ကို ကိုင်ကာ အခန်းထဲတွင် ကျောက်ရုပ်ကြီး တစ်ရုပ်လို မလှုပ်မယှက် အကြာကြီး ငိုင်နေခဲ့ရသည် ။ သူ မကြာမီ သူ့မိသားစုကို ခွဲခွာသွားရတော့မည် ။ သူချစ်သော ဇနီးသည်နှင့် သားလေးနှစ်ယောက်ကို ချန်ထားခဲ့ရတော့မည် ။ သူ့မိဘနှစ်ပါး လျှောက်ခဲ့ရာလမ်းကို သူလိုက်ရတော့မည် ၊ သူချစ်သော သူ့လူနာတွေ အတွက် ပြုစုကုသပေးခွင့်ကို သူ စွန့်လွှတ်လိုက်ရတော့မည် ။ သူ့အားလပ်ချိန်များတွင် သားနှစ်ယောက်နှင့် အတူ ပြုစုခဲ့သော ဥယျာဉ်ကလေးတွင် ထိုင်ငေးအပန်းဖြေခွင့်ကို သူ ရတော့မည်မဟုတ် ။ ဟိုးငယ်စဉ်ကတည်းက စုဆောင်းယုယခဲ့သော သူ့ စာအုပ်ဗီရိုသုံးလုံးကို သူ့သား နှစ်ယောက် လက်ထဲတွင် သူထားခဲ့ရတော့မည် ။ သားနှစ်ယောက်ကရော သူ့စာအုပ်တွေကို သူ့လို ရိုသေပါ့မလား ။ သားကြီးကတော့ မဆိုးရှာ ၊ စာအုပ်တွေ ယူဖတ်ပြီးလျှင် စနစ်တကျ ပြန်ထားလေ့ရှိသည် ။ သားငယ်က နည်းနည်း ဆိုးချင်သည် ။ သားနှစ်ယောက်စလုံးကလည်း ပညာစုံသေးသည် မဟုတ် ။ သားငယ်က နောက်နှစ်ဆို ဆယ်တန်း တက်ရတော့မည် ။ သူ့ဇနီးသည် တစ်ယောက်တည်းနဲ့ သားနှစ်ယောက် စလုံးအတွက် အဆင်မှ ပြေပါ့မလား ။ သူ စုဆောင်းထားခဲ့သော ငွေကြေးဥစ္စာတွေကလည်း ဘယ်လောက်ကြာကြာ ခံမှာမို့လို့လဲ ။ သူ့ဇနီးသည်သည် သား နှစ်ယောက်ကို ပြုစုနိုင်ရန် သူ ရပ်တန့်ခိုင်းခဲ့သော စီးပွားရေးလုပ်ငန်းကို သားနှစ်ယောက် အတွက်ပဲ ပြန်လုပ်နေရဦး မှာလား ၊ တကယ်ဆို သူ အသက်ငယ်ငယ်ကတည်းက အိမ်ထောင်ပြုခဲ့ဖို့ ကောင်းသည် ။ ကလေးတွေကို ဒါထက် စောစော မွေးခွင့်ရခဲ့လျှင် သူ့ဇနီးလည်း အိုကြီးအိုမ ကျမှ သားတို့ ကျောင်းစရိတ်အတွက် စီးပွားထွက် ရှာစရာ လိုမည် မဟုတ်တော့ ။ ဒီအရွယ်ကြီးကျမှ သူ့အတွက် တစ်ပင်ထူဖို့ ဆိုတာရော သင့်တော်ပါဦးမလား ။ ဇနီးသည် အတွက် အားဖြစ်မည် ဆိုလျှင်တော့ ထူချင်လည်း ထူပါစေ ၊ သူ ခွင့်ပြုနိုင်ပါသည် ။ တကယ်တော့ ခွင့်ပြုခြင်း မပြုခြင်း ဆိုတာတောင် သူနဲ့ သက်ဆိုင်တော့မှာမှ မဟုတ်ဘဲ ။ သက်ရှိထင်ရှား ရှိစဉ်မှာ လင့်ဝတ္တရား ၊ မိဘဝတ္တရား ကျေပွန်အောင် ကြိုးစားနိုင်ခဲ့သည်ကိုပင် သူ တွေး၍ ကျေနပ်ရ ပြန်ပါသည် ။ သူ့ဇနီးကိုလည်း မေးကြည့်ရပါဦးမည် ။ သူ့ဘက်က ဝတ္တရား မကျေပွန်ခဲ့သည်များရှိလျှင် သူ တောင်းပန်ရဦးမည် ။ သားနှစ်ယောက် ကိုရော ၊ သားတို့ ကရော သူ့သတင်းကို လက်ခံနိုင်ကြပါ့မလား ။ သူ့သတင်းကို ကြားလျှင် သူတို့နှလုံးသားနုနုကလေးများ နွမ်းဖျော့သွားကြလိမ့်မည် ။ သို့သော် သားတို့ကို သူ ပြောပြရလိမ့် မည် ။ သားတို့ကို သားအဖြစ် အသိအမှတ်ပြုသော ၊ လေးစားသော စိတ်ကြောင့်ပင် သူ ပြောပြရလိမ့်မည် ။ အဖေကို အလွန်ချစ်ကြသောသူတို့ ဝမ်းနည်းကြေကွဲကြလိမ့်မည် ။ ငိုကြလိမ့်မည် ။ သို့သော် မည်သူနှင့် မဆို တွေ့ဆုံကြပြီးလျှင် တစ်ချိန်ချိန်မှာ ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲရလိမ့်မည်ဆိုတာ ၊ လူတိုင်း၏ ဘဝအဆုံးသတ်တွင် သေခြင်းတရားနှင့် တွေ့ဆုံရခြင်းသည် သဘာဝပင် ဖြစ်သည်ဆိုတာ သားတွေကို သူချော့မော့ ရှင်းပြရလိမ့်ဦးမည် ။
••••• ••••• •••••
သူ့ရောဂါကို သိရှိရပြီးသော နောက်တွင် သူ့နေ့ရက်များသည် တစ်ရက်ထက်တစ်ရက် ပို၍ ပို၍ အဓိပ္ပာယ် မဲ့လာခဲ့သည် ။ သူသည် သေသူပင်ဖြစ်သည် ။ သေမင်း၏ သေစာရင်းတွင် ဘွတ်ကင်ချိတ်ထားပြီးသူ ဖြစ်သည် ။ သူ့ ဆေးခန်းတွင် တိုကင်နံပါတ် အလှည့်ကျသူလို နာမည်ကို ခေါ်လိုက်လျှင် သေမင်းခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားရတော့မည့်သူ ဖြစ်သည် ။ ထိုအချိန်ကိုသာ သူ ဝမ်းနည်းဆိတ်ငြိမ်စွာ စောင့်ဆိုင်းနေမိသည် ။
သူ့အကြောင်း ကြားသော မိတ်ဆွေများသည် သူ ကင်ဆာဆေးသွင်းသော ရက်များတွင် လည်းကောင်း ၊ သို့မဟုတ် သူ အလုပ်လုပ်ရာ လူနာဆောင်သို့ လည်းကောင်း ၊ သို့မဟုတ်လျှင်လည်း သူ့အိမ်ဆီသို့ လည်းကောင်း သတင်းမေး အလည်အပတ် လာကြသည် ။ ယခင်က ဘာသိဘာသာနေကြသူများ ၊ အကြောင်းရှိ၍ ဖိတ်ကြားလျှင်တောင် မအားလပ်၍ မလာနိုင်ကြသူများ ၊ ထူးခြားလှသည်မှာ သူ့ကို ယခင်က ရန်သူတစ်ယောက်လို သတ်မှတ်ဆက်ဆံခဲ့သူများသည် အဘယ်ကြောင့် ခုမှ တခုတ်တရ လာရောက် တွေ့ဆုံနေကြရသလဲ ။ မကြာခင် သူတို့ကို နှုတ်ဆက်၍ ဟိုးအဝေးကြီးသို့ အပြီးအပိုင် ထွက်ခွာသွားတော့မည့် သူကို လာရောက်နှုတ်ဆက်ကြခြင်းမျိုးလား ။ သို့မဟုတ် နောက်တစ်ခါ လုံးဝ မတွေ့ရတော့မည်ဖြစ်၍ တွေ့ဖူးလိုက်ရအောင် လာရောက် နှုတ်ဆက်ကြခြင်းမျိုးလား ။ သို့မဟုတ် နောက်တစ်ခါ လုံးဝ မတွေ့ရတော့မည်ဖြစ်၍ တွေ့ဖူးလိုက်ရအောင် လာရောက် ကြည့်ရှုခြင်းမျိုးလား ။ သို့တည်းမဟုတ် ငါတို့သည် သင့် အပေါ်တွင် မေတ္တာစေတနာ အပြည့်ရှိပါသည်ဟု သက်သေပြချင်သောကြောင့် လာရောက် ပြောဆိုပြသခြင်းမျိုးလား ။ လာရောက် တွေ့ဆုံကြသူ အချို့၏ မေတ္တာကို သူ ခံစားသိရှိရပါသည် ။ သို့သော် ဟိုးအရင် အချိန်တွေ တုန်းကရော ထိုမေတ္တာမျိုး ဂရုစိုက်မှုမျိုးကို ဘာလို့မပြသခဲ့ကြတာလဲ ။ ယခင်ကလည်း ထိုအပြုအမူမျိုးကို သူ လိုလားတောင့်တခဲ့ပါသည် ။ ဘာဖြစ်လို့များ ယခုမှ တစ်စုတစ်ပြုံကြီး လာရောက် မေးမြန်းနှစ်သိမ့်နေကြတာလဲ ။ မည်သည့် အကြောင်းကြောင့် လာသည်ဖြစ်စေ လာရောက်ကြသူတိုင်းတွင် ပါလာတတ်သော ၊ သူ့ကို သနားကရုဏာ သက်နေသော မျက်လုံးများ ၊ “ ကျွတ် .... ကျွတ် .... ကျွတ် သူတောင် သွားရှာရတော့မှာပါလား ” ဟု အသံထွက်နေသော အကြည့်များကိုမူ သူ အလွန် မုန်းတီးမိသည် ။ လူတစ်ဦး ရောက်လာပြီး ပြန်သွားတိုင်း ထိုသူတို့ထက် သူ့မှာ တစ်ဆင့်နိမ့်ကျသွားသလို ခံစား လိုက်ရသည် ။ သူသည် သူ့အခန်းတံခါးကို ပိတ်၍သာ ထားလိုက်ချင်သော်လည်း သူ့ဇနီးသည် အဖြေခက်မည် စိုးသောကြောင့် သူ အောင့်အည်းသည်းခံပေးခဲ့သည် ။ ဖြစ်နိုင်လျှင်တော့ “ ငါက မကြာခင် သေတော့မယ့်လူ ၊ မင်းတို့ကတော့ လူကောင်းပေါ့ ။ အေး ဒါပေမဲ့ ငါလည်း မင်းတို့လို လူပဲ ။ ငါ့ကို ဘယ်သူကမှ လာ သနားစရာ မလိုဘူး ။ ငါ့ဘဝမှာ ရက်များများစားစား မကျန်တော့တာနဲ့တင် ငါ့ဘဝက မင်းတို့အောက် နိမ့်ကျသွားတာ မဟုတ်ဘူးကွ ” လို့ လာတဲ့ လူတိုင်းကို အော်ဟစ်ပစ်ချင် မိသည် ။
သူရော အခြားလူတစ်ဦး နေထိုင်မကောင်း ဖြစ်စဉ်က ထိုကဲ့သို့ သွားရောက်ခဲ့ဖူးသလား ။ သွားဖူးသလား မသွားဖူးဘူးလား ။ သူ မမှတ်မိ ။ သူ့မှာလည်း တစ်ချိန်က ထို မျက်လုံးများ ပိုင်ဆိုင်ခဲ့ဖူးခြင်း ရှိမရှိ ဆိုတာ သူ မမှတ်မိချင်ပါ ။ လူနာများကို ရောဂါအကြောင်း ရှင်းပြဆွေးနွေးချိန် ၊ နှစ်သိမ့်အားပေးခဲ့ချိန်တွေတုန်းကတော့ သူ့မျက်လုံးတွေမှာ မေတ္တာရည်တို့ဖြင့် စိုလက်တောက်ပနေခဲ့တာ သူ သတိတရ မှတ်သားထားမိခဲ့သည် ။ သူ့လူနာတွေရော ထိုစဉ်က သူ ခုခံစားနေရသလိုပဲ ခံစားခဲ့ကြရသလား ။ ရုတ်တရက် ကြီးမားခံ့ညားသွားသော မေတ္တာထုကြီး အလည်မှာ သေးနုပ်သိမ်ငယ် သွားခဲ့ကြသလား ။ နှုတ်ဆက် ထွက်ခွာခါနီးမှာ မေတ္တာတွေ တစ်ပွေ့တစ်ပိုက်ကြီး သယ်ဆောင်သွားနိုင်သည့်အတွက် ကျေနပ်ပျော်ရွှင်ခဲ့ကြသလား ။ လူ့ဘဝ၏ နောက်ဆုံးအချိန်တွင် ချစ်ခြင်းမေတ္တာ ကရုဏာတွေ ၊ ဂရုစိုက်မှုတွေကို အများဆုံး ရရှိတတ်ခြင်းသည်လည်း သဘာဝလား ။ မည်သို့ဖြစ်စေ “ ငါ့ကို လူတွေ ပိုဂရုစိုက်လာကြတာ ငါ့ဘဝက နောက်ဆုံးအချိန် ရောက်နေပြီမို့လို့များလား ၊ ငါသေရတော့မှာလား ” ဟူသော သံသယနှင့် မရေရာခြင်း ၊ မသေချာခြင်းတို့နှင့် အမြဲတစေ ထိတ်လန့်အားငယ်ကြောက်ရွံ့နေခဲ့ရခြင်း မဟုတ်တာတော့ သူ အပြည့်အဝ အတိအကျ ယုံသည် ။ သူသည် ဘဝတွင် ရင်ဆိုင်ရမည့် ပြဿနာကြီးငယ်တို့ကို ရဲရဲရင့်ရင့် ထိပ်တိုက်ရင်ဆိုင်ချင်ခဲ့သလို သူ့ လူနာများကိုလည်း ထိုသို့ပင် ရင်ဆိုင်စေချင်ခဲ့သောကြောင့် ဖြစ်သည် ။ “ ရှေ့မှာ ရှောင်လွှဲ မရသော အန္တရာယ်ရှိသည် ။ လုပ်စရာ ရှိတာ လုပ်ပါ ။ ရဲရဲရင်ဆိုင်ပါ ” ဟုသာ သူ ပြောချင်ခဲ့သည် ။ ဟန်ဆောင်ဖုံးကွယ်ရခြင်းကို သူ မုန်းပါသည် ။
••••• ••••• •••••
သူ ခု ရင်ဆိုင်နေရပါပြီ ။ သို့သော် သူ့မှာ ရင်ဆိုင်စရာ ခွန်အား မရှိခဲ့ ။ ရန်သူက အင်အားကြီးလွန်းသည် ။ ထို့ပြင် ဒီတိုက်ပွဲမှာ သူပဲ ရှုံးနိမ့်မည်ကိုလည်း ကြိုသိနှင့် နေပြီးဖြစ်သည် ။ မည်သူမှတော့ အရှုံးကို မလိုချင်ကြကြပါ ။ သို့သော် ရင်ဆိုင်ရလိမ့်မည် ။ ရှုံးမည်ကို ကြိုသိနေခြင်းထက် ရှုံးမည်နိုင်မည်ကို ကြိုမသိခြင်းက ပိုမကောင်းဘူးလား ။ သေချာနေသော အရှုံးတစ်ခုကို စောင့်မျှော်နေရခြင်းကတော့ ပင်ပန်းလှပါသည် ။
နောက်ပြီး အရှုံး၏ အခြားတစ်ဖက် အလွန်မှာ ရှိမှာလဲ ။ အောင်မြင်သူကို လက်ခုပ်သြဘာများနှင့် ချီးမြှောက်ကြလျှင် ရှုံးနိမ့်သွားသူ အတွက်ကရော ဘယ်လိုပုံမျိုးနဲ့ ကြိုဆိုကြမလဲ ။ ဘယ်သူတွေကရော အရှုံးသမားကို ကြိုဆိုကြမှာတဲ့လဲ ။ ရှုံးနိမ့်သွားခြင်း၏ ဟိုတစ်ဖက်ကို သူ သိချင်လှပြီ ။
သူ သေဆုံးသွားပြီးတဲ့ နောက်ကို သူ ဘာဖြစ်မှာလဲ ။ သူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့သူ ဖြစ်၍ သူ သိရှိနားလည်ယုံကြည်ထားခဲ့သလိုပင် တွေးသည် ။ သူ သေဆုံးသွားခဲ့လျှင် နတ်ပြည်ကို ရောက်မှာလား ။ သူ ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုခဲ့သည်ပဲ ။ ဘာဝနာတရား မလိုက်စားနိုင်ခဲ့သော်လည်း ဒါန နှင့် သီလပါရမီ ကိုတော့ သူ အတတ်နိုင်ဆုံး ဖြည့်ဆည်းခဲ့သည်လေ ။ သူ လုပ်ခဲ့သော အလုပ်သည်ပင် လူ့အသက်ကို ကယ်တင်ရသည့် ကုသိုလ်တွေ အများကြီးရသော အလုပ်တစ်ခု မဟုတ်လား ။ ထိုကုသိုလ်တို့၏ အကျိုးကိုတော့ သူ ပြန်ခံစားရမည်ဟု ယုံပါသည် ။ ကောင်းရာဘုံဘဝ တစ်ခုခုသို့ သူ ရောက်ချင်ပါသည် ။ သို့မဟုတ် လူပဲ ပြန်ဖြစ်မှာလား ။ လူပြန်ဖြစ်တဲ့ နောက်မှာရော လူဖြူလား ၊ လူမည်းလား ၊ ဘယ်နိုင်ငံမှာလဲ ၊ ဘယ်မြို့မှာလဲ ၊ သူ့ရဲ့ မိဘတွေကရော ချမ်းသာပါ့မလား ။ ဘာအလုပ်များ လုပ်ကိုင်စားကြမှာလဲ ။ ခုဘဝ ကုသိုလ်နှင့် ရှေးရှေးဘဝတုန်းက ကုသိုလ်များ ပေါင်းစပ်လိုက်လျှင် ပြည့်စုံကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ရမည် ထင်ပါသည် ။ သို့သော် ထိုသို့ မဟုတ်ဘဲ ရှေးရှေးဘဝတုန်းက အကုသိုလ်တရားများ ပေါင်းစပ်လိုက် လျှင်ရော ။ သူ ထိတ်လန့်သွားမိသည် ။ ငရဲကြီးရှစ်ထပ်၏ တစ်ထပ်ထပ်တွင် အကုသိုလ်တရားများ ပေါင်းစပ်လိုက် လျှင်ရော ... သူ ထိတ်လန့်သွားမိသည် ။ ငရဲကြီးရှစ်ထပ်၏ တစ်ထပ်ထပ်တွင် ဆင်းရဲခြင်းမျိုးစုံ၏ အလယ်မှာ ဒုက္ခ ခံစားနေရမှာလား ။ ဆေးသုတေသန ဓာတ်ခွဲခန်းတစ်ခု၏ စားပွဲပေါ်မှ မေ့ဆေးပေးပြီး အခွဲစိတ်ခံ ၊ အစမ်းသပ်ခံနေရသော ကြွက်ကလေးတစ်ကောင်များ ဖြစ်စေမလား ။ ငယ်ငယ်တုန်းက အဘွား ပြောပြဖူးသော ပါးစပ်ပေါက် ကျဉ်းကျဉ်းကလေးနှင့် ကိုယ်လုံးကြီးကြီး ပြိတ္တာကောင်ကြီး အဖြစ် ဆာလောင်နေရမှာလား ။ သူ ကြောက်လန့်နေမိသည် ။ ယခုဘဝမှာတော့ ဆေးလိပ် နှင့် ဘီယာကလေး နည်းနည်းပါးပါး သောက်သည်မှ တစ်ပါး ကျန်သည့် ကံလေးပါးစလုံးကို သူ အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ပါသည် ။ သို့သော် လူနာတွေကို ပြောခဲ့ရသော “ မုသားအဖြူ ” ဆိုသည့် မုသားတွေ အတွက်ရော အပြစ်ဒဏ်ခံကြရမှာလား ။ ဖြူဖြူမည်းမည်း မုသားသည် မုသားပဲ မဟုတ်လား ။
သူ့အတွက် သေချာခြင်းသည် သေဆုံးခြင်းတစ်ခုသာ ရှိ၍ ထိုမှတ်တိုင်မှ လွန်လျှင် မသေချာခြင်းများက ပြန်လည် စတင်၏ ။ ထိုမသေချာခြင်းများကို ကြိုတွေး၍ ပူပန်နေရခြင်းသည်လည်း ဆင်းရဲလှ၏ ။ ကုသိုလ်တို့၌ မွေ့ လျော်ဖို့ ကြိုးစားခဲ့သောသူပင် ထိုသို့ ဆင်းရဲလှလျှင် သားသ,တ်သမားတစ်ယောက် သို့မဟုတ် တံငါသည် တစ်ယောက် ဆိုလျှင် အဘယ်မျှလောက်အထိ စိတ်ပူပန် နေရလိမ့်မလဲ ။ တချို့သော လူနာများအား သေခြင်းတရားနှင့် မဝေးကွာတော့သော သူတို့ ရောဂါများ အကြောင်း အမှန်အတိုင်း ဖွင့်ပြောခဲ့မိခြင်းကို သူ နောင်တ ရချင်လာသည် ။
သူ့ စိတ်ဒုက္ခအပေါင်းတို့သည် သူ ရောဂါကို သိရှိခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည် ။ အစကတည်းကသာ မသိရှိခဲ့လျှင် သူ့ဘဝသည် ယခင်နေ့ရက်များကလိုပင် ဖြစ်နေလိမ့်မည် ။ သူသည် ယခင်ကလိုပင် ပြုမူနေထိုင်မည် ဖြစ်ပြီး အများကလည်း သူ့ကို ယခင်ကလိုပင် ပြောဆိုဆက်ဆံမည်ဖြစ်သည် ။ ဘာကိုမှ ဝမ်းနည်းစရာ မလို ၊ ဘာကိုမှ တွေးပူစရာမလို ။ အချိန်တန်လို့ သေဆုံးသွားရမည် ဆိုလျှင်လည်း ခဏတာပဲ ခံစားရပါလိမ့်မည် ။ အဲဒီ အတိုင်းဆို မကောင်းဘူးလား ။ နောက်ပိုင်းမှာ ဘာပဲ ကြုံလာလာ ၊ ကောင်းတာ ဖြစ်စေ ၊ ဆိုးတာ ဖြစ်စေ ၊ မိသားစုဝင်တွေ ၊ မိတ်ဆွေတွေလည်း ထိုအချိန်ကျမှ ပေါင်းစုံ ခံစားကြ ။ ဝမ်းနည်းကြပါစေပေါ့ ။ ဖျတ်ခနဲ ထွက်သွားတော့မည့် သူ့အဖို့ ကျန်တာတွေကို ဂရုစိုက်နေစရာမှ မလိုတော့ ။ ကျန်ချင်သလို ကျန်ခဲ့ပါစေတော့ ။ ထွက်သွားပြီးတဲ့ နောက်မှာ သူ ဘာမှ သိနိုင်တော့မှာမှ မဟုတ်ဘဲ ။ ခုတော့ အဆုံးကို ကြိုတင်သိနေခဲ့ရသော သူ့မှာ နေ့ရက်များကိုသာ လက်ချိုးရေတွက်နေရ၏ ။
••••• ••••• •••••
သူ မမျှော်လင့်ချင်ခဲ့သော နေ့ရက်များသည် တဖြည်းဖြည်း ပိုနီးကပ်လာပြီ ။ ဝေဒနာသည်လည်း ပို၍ ပြင်းထန်လာသည် ။ သူ့တစ်ကိုယ်လုံးမှာလည်း ခွန်အားတို့သည် မရှိတော့သလောက်ကို နည်းပါးနေခဲ့ပြီ ။ အရိုးပေါ်အရေ တင်ဖြစ်နေသော သူ့ ခြေလက်များကို ကြည့်၍ သူ့မျက်နှာသည် မှန်ထဲတွင် မည်သို့ ရှိမည်ကို မှန်းဆကြည့်နေမိသည် ။ ခုအချိန်တွင် မှန်တစ်ချပ်များ ပေးခဲ့မည်ဆိုလျှင် ပြောင်းလဲသွားသော သူ့မျက်နှာကို သူ ကြည့်ရှုချင်ပါသည် ။ သူ တာဝန်ထမ်းဆောင်ခဲ့သော လူနာဆောင်က လူနာတွေလို သူ့မျက်နှာသည်လည်း ပိန်ကပ်နေမလား ။ ပါးရိုးကြီးများ ငေါထွက်ကာ မျက်လုံးတို့ ဟိုးအနက်ထဲအထိ ချိုင့်ဝင်နေမလား ။ နောက်ဆုံး မှန်းကြည့်ခဲ့သည့် အချိန်တုန်း ကတော့ သိပ်မဆိုးလှသေး ။ သို့သော် ထိုအချိန်သည် လွန်ခဲ့သော သုံးလခန့်က ဖြစ်သည် ။
ရရှိခဲ့သည့် တစ်နှစ် မပြည့်သော အချိန်ကာလလေး အတွင်းမှာ မိတ်ဆွေကင်ဆာအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကာ သူ လိုအပ်သော ဆေးကုသမှုများကို ခံယူသည် ။ စမ်းသပ်စစ်ဆေးမှုများ ပုံမှန်လုပ်သည် ။ ပုံမှန်ဆေးသွင်း ၊ ဆေးသောက်လုပ်သည် ။ အာဟာရ ပြည့်ဝအောင် စားသည် ။ ကျန်းမာအောင် နေသည် ၊ ပျော်ရွှင်အောင် နေသည် ။ တစ်ခါတစ်ရံ ခံစားရသော နာကျင်မှုတို့မှ လွဲ၍ လွန်ခဲ့သော လေးငါးလလောက်အထိ သူ လူကောင်း တစ်ယောက်လိုပင် ကျန်းမာခဲ့သည် ။ အိပ်ရာထဲ မလဲခင် အထိ သူ့လူနာဆောင်သို့ သွားမြဲ သွားခဲ့သည် ။ လူနာများကို စမ်းသပ်စစ်ဆေးပေးခဲ့သည် ။ ပြုစုကုသပေးခဲ့သည် ။ ခါတိုင်းလိုပင် ခွဲစိတ်ခန်းသို့ ဝင်ပြီး ခွဲစိတ်မှုကြီးငယ်များကို ပြုလုပ်ခဲ့သေးသည် ။ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက သူ့အကျိုးငှာ တားမြစ်လိုကြသော်လည်း သူ လက်မခံခဲ့ ။ ဒီအလုပ်ကို နှစ်နှစ်ကာကာ မြတ်နိုးမိသောကြောင့် ဘဝကို ရင်းကာ ကြိုးစားဖက်တွယ်လာခဲ့တာ ဖြစ်သည် ။ မိမိ ပိုင်ဆိုင်ထားသေးသော အချိန်ကလေး ၊ မိမိ လုပ်ကိုင်နိုင်သေးသော အတိုင်းအတာလေး အထိတော့ သူ ဆက်လုပ်သွားရပါလိမ့်မည် ။ နောက်ဘဝမှာ ဒီအလုပ်ကို ထပ်လုပ်ခွင့် ရဖို့မှာ သူ့အတွက် မသေချာလှ ။
ဆေးရုံတွင် မဟုတ်သော အချိန်တွင် သူ သူ့မိသားစု နှင့် ရှိနေခဲ့ပါသည် ။ သူစုဆောင်းထားသော ငွေကြေးများကို ရင်းနှီးကာ ဇနီးသည်၏ လုပ်ငန်းဟောင်းကို ကိုယ်တိုင်ဦးဆောင်ကာ ပြန်တည်ထောင်သည် ။ မိတ်ဟောင်းများနှင့် ပြန်လက်တွဲခဲ့သလို မိတ်သစ်များစွာလည်း ရရှိခဲ့သောကြောင့် လုပ်ငန်းသည် အချိန်တို အတွင်းမှာပင် ပြန်လည်အောင်မြင်လာခဲ့သည် ။ သားတို့ ရှေ့ရေး ၊ ဇနီးသည်၏ နောင်ရေးအတွက် သူ စိတ်ချနိုင်ပြီ ။ နေ့တိုင်း မိသားစု လေးယောက် ထမင်းလက်ဆုံ စားကြသည် ။ ယခင်က အလုပ်များသည်ဟု တွေးနေမိခဲ့သောကြောင့် မိသားစု ထမင်းစားချိန် သူ အိမ်မှာ ရှိမနေနိုင်ခဲ့ခြင်းများသည် တကယ်တော့ ရယ်စရာပင် ကောင်းလှသည် ။ ညနေခင်းများတွင် မိသားစုလေးယောက် စကားပြောရင်း ရယ်မောနေ ဖြစ်ခဲ့ကြသည် ။ ခြံထဲ ဆင်းကာ သစ်ပင်ကလေးတွေ စိုက်ခဲ့ကြသည် ။ သို့မဟုတ် အိမ်ရှေ့က ခုံတန်းကလေး ပေါ်မှာ ထိုင်ပြီး ရုပ်ရှင်ရုံတွင် ဇာတ်ကားသစ်တင်တိုင်းလည်း လေးယောက်သား ၊ တစ်ခါတစ်ရံ သားကြီး၏ ချစ်သူ မိန်းကလေးပါ ပါလျှင် ငါးယောက်သား သွားကြည့်ဖြစ်ခဲ့ကြသည် ။ ချစ်ဇနီး၏ အပြုံးသည် သူ့ အတွက် အားဆေး ဖြစ်သလို သားတို့၏ ပျော်ရွှင်မှုသည်လည်း သူ့အနာဂတ် ဖြစ်ခဲ့ပါသည် ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခဲ့ဖို့ ကောင်းသော ဘဝတစ်ခုကို များများစားစား မကျန်တော့သော အချိန်ကလေးကျမှ ရရှိ ပိုင်ဆိုင်နိုင်ခဲ့ခြင်း အတွက်မူ သူ တစ်စက်မျှ ဝမ်းမနည်းခဲ့ ။
ထိုများများစားစား မကျန်တော့သော အချိန်အတွင်းမှာပင် သူ့ဘဝကို အလှပဆုံးဖြစ်အောင် အကောင်အထည် ဖော်သည် ။ သူ့စာအုပ်ဗီရို ထဲမှာ နောက်တစ်ခါ ပြန်ဖတ်လိုသော စာအုပ်များကို မွှေနှောက်ရှာဖွေကာ ပြန်ဖတ် သည် ။ သူ့ဆီမှာ မရှိနေခဲ့သော်လည်း တစ်နေ့နေ့ကျရင်တော့ သူဖတ်ဖြစ်အောင် ဖတ်ဦးမည်ဟု သူတွေးထားခဲ့သော စာအုပ်များကို မရ ရအောင်ရှာပြီး ဖတ်သည် ။ သားငယ်သည် သူ၏ စာအုပ်ရှာဖွေရေး ကိုယ်စားလှယ် ဖြစ်သည် ။ စနေ ၊ တနင်္ဂနွေ ညနေပိုင်းများတွင် အကူအညီတောင်းထားသော ဆရာမ အိမ်ကိုလာသည် ။ အဘိဓမ္မာတရားများကို သူ့အား သင်ကြားပေးသည် ။ သူ အဘိဓမ္မာ သင်ချင်ခဲ့သည်မှာ လက်ထောက်ဆရာဝန် ဘဝ အစကတည်းက ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ သူ မသင်ဖြစ်ခဲ့ ။ မြတ်စွာဘုရား ဟောကြားခဲ့သော ခက်ခဲနက်နဲလှသည့် တရားတော်ကို နာကြားခွင့် ရှိသော ဘဝတွင် နာကြားသင်ယူလိုသော သူ့ဆန္ဒသည် ပြည့်ဝခဲ့သည် ။ အကုန် မပြီးခဲ့လျှင်လည်း ရှိပါစေ ။ သင် ယူပြီးသလောက်ကိုတော့ သူအပြည့်အဝ နားလည်အောင် ကြိုးစားခဲ့သည် ။ သူ အလွန်ပျော်ရွှင်ကြည်နူးမိ၏ ။
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက ရပ်နားထားခဲ့မိသော အလုပ်တစ်ခုကိုလည်း သူ ပြန်စတင် ဖြစ်ခဲ့သည် ။ အချိန်လေးလအတွင်းမှာ ဝတ္ထုတို ဆယ့်ခြောက်ပုဒ် ၊ လုံးချင်းဝတ္ထုတစ်အုပ် ၊ ဆောင်းပါးသုံးပုဒ် သူ ရေးသားဖြစ်ခဲ့သည် ။ ကဗျာတွေကတော့ မရေမတွက် နိုင်အောင် ရှိခဲ့သည် ။ ဝတ္ထုတို အားလုံးကို မဂ္ဂဇင်းတိုက်များသို့ ပို့ဖြစ်ပြီး လုံးချင်းဝတ္ထုကိုလည်း စာအုပ်ထွက်ဖို့ လုပ်နေပြီ ဖြစ်သည် ။ သူ့ဝတ္ထုတွေအားလုံး စာမျက်နှာ ထက် ရောက်သည်ကို သူ မီချင်မှ မီမည် ၊ မမီသည့်တိုင်အောင် သူ အလွန်ကျေနပ်မိသည် ။ သူ့အိပ်မက်များ အကောင်အထည် ပေါ်ခဲ့ပြီ ။
သူ့ရက်ကျန်များ တိုတောင်းခဲ့မှန်း သူ သိခဲ့သည် ။ ထို့ကြောင့်ပင် သူ့ရက်များကို သူ ခွဲခြမ်းစိတ်ဖြာသည် ။ အစီအစဉ်များ ရေးဆွဲသည် ။ ပန်းတိုင်များ ချမှတ်သည် ။ မလိုအပ်သည်များကို အပြီးတိုင် ဖယ်ထုတ်သည် ။ အရေးကြီးသည်များကို တိတိကျကျ ပြောရလျှင် သူမသေခင် မဖြစ်မနေ လုပ်လိုသော ၊ ဖြစ်လိုသော ဆန္ဒများကို သူ့ ခေါင်းထဲမှာ စီစီရီရီ ထည့်သည် ။ အချိန်လုံလောက်မည် မလုံလောက်မည်မှာ သိပ်မသေချာလှသော်လည်း ရသလောက် အတိုင်းအတာအထိ သူ ကြိုးစားသွားမည် ။ လက်တွေ့တွင်လည်း သူ၏ နောက်ဆုံးနေ့ရက်များသည် သူ့ဘဝ၏ ပျော်စရာအကောင်းဆုံး အချိန် အစိတ်အပိုင်းများပင် ဖြစ်ခဲ့ပါသည် ။ ရောဂါအကြောင်း စတင်သိရှိစက တွေဝေခြင်း ၊ စိတ်ညစ်ညူးခြင်းများနှင့် ဖြုန်းတီးခဲ့မိသော အချိန် တော်တော်များများကိုပင် နှမြောနေမိသေးသည် ။ ၎င်းသည်လည်း ဖြစ်စဉ်တစ်ခု၏ အဆင့်တစ်ခု ဖြစ်နိုင်ပါသည် ။ သူ နောင်တ မရပါ ။
သူ့ကင်ဆာရောဂါမှ တစ်ဆင့် သူ့နောက်ဆုံးနေ့သည် မကြာခင် ရောက်ရှိမည်ကို သူ ကြိုသိခဲ့ပါသည် ။ လူများသည် မသိခြင်းငါးပါးနှင့် ရှင်သန်နေကြသည်ဟု ဆိုကြသည် ။ ဘယ်အသက်အရွယ် ၊ ဘယ်အချိန်မှာ ဘယ်အနာရောဂါနှင့် သေပြီး မည်သည့်သင်္ချိုင်းတွင် မြှုပ်နှံရမည်ကို မသိနိုင် ။ သေပြီးနောက် ဘယ်ဘဝသို့ သွားရမည်ကိုလည်း မသိနိုင်ကြ ။ ဘယ်အသက်အရွယ်မှာ ဘာရောဂါ နှင့် သေမည်ကို အနီးစပ်ဆုံး ကြိုသိနိုင်ခဲ့သော သူ့အတွက်တော့ သူများတွေထက် တစ်ပန်းသာခဲ့သည် မဟုတ်လား ။ သူ ကျေနပ်ပါသည် ။
ယခုအချိန်တွင် “ လက်လျှော့လိုက်ရတော့မည့် လူနာကို ရောဂါအလားအလာအကြောင်း ပြောပြဆွေးနွေး မည်လား ” ဟုမေးခဲ့လျှင် “ သေသေချာချာ ပြောပြပါမည် ” ဟု သူ နောင်တ ကင်းကင်းနှင့်ပင် ဖြေမိလိမ့်မည် ။ ယခင်က သူ ပြောပြခဲ့ဖူးသော လူနာများသည် စိတ်ထိခိုက်ခဲ့ရပါလိမ့်မည် ။ ဝမ်းနည်းကြေကွဲကာ ပူဆွေးခဲ့ရပါလိမ့်မည် ။ ရောက်ရှိလာတော့မည့် နောက်ဆုံးအချိန် အတွက်လည်း စိုးရိမ်ထိတ်လန့်ခဲ့ကြရပါလိမ့်မည် ။ သို့သော် ထိုအဆင့်ကလေး ကျော်လွန်သွားလျှင် သူ့လိုပင် ကျေနပ်ပျော်ရွှင်နိုင်ခဲ့ကြလိမ့်မည်ဟု သူ အသေအချာကို ယုံပါသည် ။ သူ့ ပေါင်ရိုးတို့သည် တစစ်စစ်ကိုက်ခဲလာသည် ။ အသက်ရှူရသည်မှာလည်း အနည်းငယ် ခက်ခဲနေသည် ။ ထထိုင်နေရလျှင် သူ အနည်းငယ် သက်သာသွားမည် ထင်သည် ။ သို့သော် သူ့ကို “ ယောနသံစင်ရော် ” စာအုပ် ဖတ်ပြပြီး ခုနလေးတင်မှ အခန်းထဲက ထွက်သွားသော သားငယ်ကို ပြန်လှမ်းခေါ်ရမှာ သူ အားနာမိသည် ။ မကြာခင် အဘိဓမ္မာ သင်ပေးမည့် ဆရာမလေး လာတော့မည် ။ ရောက်လာမှပဲ ဇနီးသည်ကို ခေါ်ပြီး ထူခိုင်းတော့မည် ။ နာကျင်မှုကတော့ အာနာပါနကမ္မဋ္ဌာန်း မှတ်ရုံနဲ့တင် သက်သာမည် ထင်ပါသည် ။
“ ဝင်လေ ... သိ ၊ ထွက်လေ ... သိ ၊ ဝင်လေ ... သိ ၊ ထွက်လေ ..... ”
▢ ကောင်းမြတ်
📖မဟေသီ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၆



