Showing posts with label မောင်ယဉ်မွန် ( မော၀်နေခြည် ). Show all posts
Showing posts with label မောင်ယဉ်မွန် ( မော၀်နေခြည် ). Show all posts

Tuesday, November 10, 2026

အဘိုးပုံပြင် မယုံချင်စရာ ( ၁၂ )


❝ အဘိုးပုံပြင် မယုံချင်စရာ ( ၁၂ ) ❞
 ▢ မောင်ယဉ်မွန် ( မော၀်နေခြည် )

ရွာမွန်ရွာမှာ နွေအခါတွင် သေချင်လောက်အောင် ပူပြင်းသည်။ မိုးဆိုပါလျှင် ရွာလယ်ချောင်းမှ ရေတသွင်သွင်စီးဆင်းသလို ယခုလို ဆောင်းရောက်ပြန်တော့လည်း မဲဇာတောင်သို့ ရောက်နေပြီလား ထင်မှားရအောင် ချမ်းအေးလှပေသည်။ 

အောင်မြင့်က မောင်ကျားနှင့် မထားတို့ တူးလာသော ထန်းပင်မြစ်များကို တစ်ခုပြီး တစ်ခု မီးဖိုအတွင်း ပြာပူမှာ ထိုးသွင်းလျက် စားလိုက်ဝါးလိုက်နှင့် ဇိမ်တွေ့ နေသည်။ အဘိုးကတော့ ကျောက်တွင်းရေကို ကျိုချက်ထားသော ရေနွေးကြမ်း သောက်လိုက်၊ ဆီးယိုလေး စားလိုက်နှင့်မို့ မြေးအဘိုး စကားပင် မဆိုဖြစ်ကြပေ။

“အဘိုး သလ္လာဝတီမြစ်ကြီး အနောက်ဘက်မှာ ကနီပန်းချီ ဆိုပြီး ထင်ရှားခဲ့တယ်ဆို၊ ကနီမြို့ကတော့ ခုထိရှိပြီး ပန်းချီ ဆိုတာ မရှိတော့ဘူးလား” ဟု အောင်မြင့်က ဆောင်းညချမ်း၏ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်တော့၏။

“ပန်းချီ မဟုတ်ပါဘူးကွာ။ ဗန့်ကျီပါ။ ခုတော့ ပုလဲမြို့နယ်တွင်းမှာ ထင်ပါရဲ့။ အဘိုးလည်း တစ်ခေါက်မှတော့ မရောက်ဖူးဘူး” ဟု အဘိုးက ဆိုလိုက်သည်။

“အဲဒီ ဗန့်ကျီနယ်ကလည်း ပညာရှိတွေ ထွက်တယ်လို့ ကြားဖူးတယ်” ဟု အောင်မြင့်က ဆိုလိုက်ပြန်သည်။

“မင့်ကို ဘယ်သူပြောလဲ” ဟု အဘိုးက ပြန်၍မေးသည်။

“မုံရွာမြို့ ဇောတိကဆရာတော်ကြီး ဦးကဝိန္ဒ မိန့်တော်မူတာပါ။ ဆရာတော်ရဲ့ ဇာတိရွာက ပုလဲမြို့နယ် မင်းတိုင်ပင်ရွာလို့ ဆိုတယ်”

“အေး။ အဲဒီမင်းတိုင်ပင်ရွာကို ရှေးက မုန်တိုင်ပင်ရွာလို့ ခေါ်ခဲ့ကြတယ်။ မုန်တိုင်ပင်ရွာဆိုတာ ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ ဇာတိရွာပေါ့။ မုန်တိုင်ပင်ကနေ အရှေ့ဘက်ကို ၁၆ မိုင်လောက်သွားရင် ဗဒူရွာဆိုတာ ရှိတယ်။ အဲဒီ ဗဒူရွာ ဆိုတာက ကင်းဝန်မင်းကြီးရဲ့ ငယ်ဆရာဦးရန်ဝေးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေပေါ့” ဟု အဘိုးက ဆိုလာတော့၏။

“ဦးရန်ဝေးက ဆရာဖြစ်ပြီး ကင်းဝန်မင်းကြီးလောက် နာမည်မကြီးခဲ့ဘူးနော် အဘိုး” ဟု အောင်မြင့်က ဆိုလိုက်လေရာ.. 

“နာမည်ကြီးတယ်၊ နာမည်ကျော်တယ် ဆိုတာ နှစ်မျိုးရှိတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း နာမည်ကျော်သလို ဂဠုန်ဦးစောလည်း နာမည်ကြီးတယ်။ ဒါပေမဲ့ တစ် ယောက်နဲ့ တစ်ယောက် မတူကြဘူးကွ။ ဗိုလ်ချုပ်အောင်ဆန်း နာမည်ကျော်တာက ကောင်းသတင်းနဲ့ ကျော်ခဲ့လို့ လူတိုင်းရဲ့ရင်ထဲ၊ အသည်းထဲမှာ စွဲမြဲမှတ်ထင်ပြီး ဒီနေ့အထိ လွမ်းနေခဲ့ရတယ်။ ဦးစော ကတော့ နာမည်ကြီးတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေက အများပြည်သူတွေ စက်ဆုပ်စရာ ဖြစ်ခဲ့တယ်”

“ဒါဆို ဦးကောင်းက ဘယ်လိုလူမျိုးလဲ အဘိုး” ဟု အောင်မြင့်က မေးတော့

“အမှန်တော့ ဦးကောင်းက ဉာဏ်ပညာ ကြီးတယ်။ ဗဟုသုတလည်း ရှိတယ်။ ပြည်ပ အတွေ့အကြုံလည်း ရှိတယ်။ ဒါပေမဲ့ မြင်းကောင်းခွာလိပ် ဖြစ်ခဲ့ရရှာတယ်။ ဒါကြောင့် ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်လို့ တောင် ဆိုစမှတ် ပြုခံခဲ့ရတာပေါ့” ဟု အဘိုးက ညည်းညည်းညူညူ ဆိုလာသည်။

“ဦးကောင်းရဲ့ ဆရာ ဦးရန်ဝေးကကော အဘိုး” ဟု အောင်မြင့်က ဆက်၍ မေးသည်။

“ဦးရန်ဝေးကို သမိုင်းပညာရှင်တွေ မှတ်တမ်းပြုတဲ့အခါ ဘုရင်ကို အနိုင်ကျင့်သူလို့ မှတ်တမ်းတင်ခဲ့ကြတယ်ကွဲ့” ဟု အဘိုးက ဆိုလိုက်ပြန်သည်။

“ဘုန်းသမ္ဘာရှင် ဘုရင်တစ်ပါးကို ဗဒူရွာသား ဦးရန်ဝေးက ဘယ်လိုလုပ် အနိုင်ကျင့်လို့ရမှာလဲ အဘိုးရယ်” ဟု အောင်မြင့်က ဆိုလိုက်လေ၏။

“အေး အဲဒီလို သူတို့ကိုယ် သူတို့ ဘုန်းသမ္ဘာရှင်ထင်နေတာက ဦးရန်ဝေးလို ပညာရှိကြီးရဲ့ အနိုင်ကျင့်ခံစရာ ဖြစ်လာရတာကွ” ဟု အဘိုးက ဆိုလိုက်ပြန်သည်။

“ဦးရန်ဝေး အနိုင်ကျင့်ခဲ့တာ ဘယ်ဘုရင်လဲ အဘိုး” ဟု အောင်မြင့်က စပ်စုသည်။

“မင်းတုန်းမင်းတရားကြီးပေါ့ကွာ” ဟု ဆိုကာ အဘိုးက ရေနွေးခွက် ကောက်မော့လိုက်သည်။

“ဟာ အဘိုးကလဲ။ မင်းတုန်းမင်းဆိုတာ ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းမြတ်ကြီးမို့လား” ဟု အောင်မြင့်က ဆိုလိုက်ပြန်သည်။

“ငါ့မြေး မင်း မသေမချင်း မှတ်ထား။ အမှီ မရှိရင် ဘုရားတောင် မပွင့်နိုင်ဘူးလို့ လောကဆိုရိုးစကား ရှိတယ်” ဟု အဘိုးက ဆိုလိုက်ပြန်သည်။

“ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏဗုဒ္ဓဟေ ဖွားဖက်တော် မြတ်ခုနစ်ရပ် မှတ်ကြမျိုးလေးထွေဆိုတာလား အဘိုး” ဟု အောင်မြင့်က တတ်သမျှ မှတ်သမျှ ရွတ်ဆိုပြလိုက်သည်။

"ဟုတ်တယ် ငါ့မြေးရဲ့။ ဘုရားရှင်အတွက် ဖွားဖက်တော် ခုနစ်ပါးဟာ မရှိမဖြစ် လိုအပ်သလို မင်းတုန်းမင်းအတွက်လည်း မရှိမဖြစ် လိုအပ်သူတွေ ရှိခဲ့တယ်” ဟု အဘိုးက ဆိုလိုက်ပြန်သည်။

“မင်းတုန်းဘုရင်အတွက် မရှိမဖြစ် လိုအပ်တဲ့ သူတွေက ဘယ်သူတွေလဲ အဘိုး” ဟု အောင်မြင့်က ဆက်၍မေးကြည့်သည်။ 

“ဘယ်သူတွေ ရှိရမှာလဲကွာ။ (၁) စကြာဒေဝီမိဖုရား (၂) ညီတော်ကနောင်မင်းသား (၃) ဦးဘိုးလှိုင် (၄) ဦးရန်ဝေး (၅) ဦးကောင်းတို့ပေါ့ကွာ” ဟု အဘိုးက ဆိုလိုက်သည်။

“ဘယ်အတွက်ကြောင့် အဲဒီငါးယောက်က မင်းတုန်းမင်းအတွက် မဖြစ်မနေ လိုအပ်ရတာလဲ အဘိုး” ဟု အောင်မြင့်ကလည်း ဆက်၍ မေးသည်။

“နောင်တော်ပုဂံမင်းက မင်းတုန်းနဲ့ ကနောင်ကို အမြဲသ,တ်ဖို့ ကြံစည်နေတာကွ”

“ဘာဖြစ်လို့ အဲဒီလို ကြံစည်ရတာလဲ” ဟု အောင်မြင့်က မေးလိုက်တော့

“အသုံးမကျတဲ့ ဘုရင်ဆိုတာ အဲဒီလိုပဲ ရာဇပလ္လင်အတွက် ရင်တထိတ်ထိတ် နေရတာပေါ့ကွာ။ အမှန်တော့ ပုဂံမင်း ဆိုတာ မင်းကောင်းမင်းမြတ်တစ်ပါး မဟုတ်ဘူးကွ။ နေ့ရှိသရွေ့ ကြက်တိုက်၊ ခါတည်နဲ့ အပျော်အပါး လိုက်စားရင်း အချိန်တွေသာ ကုန်ဆုံးခဲ့ရတာ။ ဒီတော့ မလိုလားသူတွေက ဘုရင်ကို ထီးသက်နန်းသက် ရှည်ရှည်နေချင်ရင် ညီတော်နှစ်ပါး ဖြစ်ကြတဲ့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသား လူ့ပြည်မှာ မရှိမှ စိတ်ချရမယ်လို့ လျှောက်တင်ကြတော့ အဲဒီ စကား ယုံမှားပြီး ညီအရင်းတွေကို သ,တ်ဖို့ ကြံစည်တော့တာပေါ့ကွာ” ဟု ရှည်လျားစွာ ဆိုလိုက်တော့၏။

“ဒီတော့ ပုန်ကန်မှုကြီး ဖြစ်တယ်ဆိုပါ တော့” ဟု အောင်မြင့်က မေးလိုက်ရာ...

“မဖြစ်သေးဘူးကွ။ အရင်ဆုံး လူကောင်းလူတော်တွေ လိုက်ရှာရသေးတယ်”

“တွေ့ရဲ့လား အဘိုး” ဟု အောင်မြင့်က စိတ်ဝင်တစား မေးလာသည်။

“တွေ့တယ်ကွ။ စောစောက ပြောခဲ့တဲ့ မရှိမဖြစ် ငါးဦး ဆိုပါတော့ကွာ။ အဲဒီ ငါးဦးမှာ နောင်တော်ပုဂံမင်းရဲ့ နှမရင်း စကြာဒေဝီက အကြံဉာဏ်တွေ ပေးခဲ့တယ်။ စကြာဒေဝီဟာ အမှန်တော့ မင်းတုန်းမင်းသားရဲ့ ချစ်သူလည်း ဖြစ်တယ်။ စကြာဒေဝီက မင်းတုန်းမင်း သားထက် အသက် နှစ်နှစ်ကြီးတယ်။ ဒါကြောင့် မင်းတုန်းမင်းက မမကြီးလို့ ခေါ်သတဲ့” ဟု အဘိုးက ပြောလိုက်တော့

"ဒါဆို သူတို့က မောင်နှမတွေ မဟုတ်လား” ဟု အောင်မြင့်က တအံ့တဩ မေးလိုက်ပြန်သည်။

“ဟုတ်တော့ ဟုတ်တယ်။ အဖေတူ အမေကွဲပေါ့။ ရှေးခေတ်က မြန်မာမင်းတွေဟာ သူတို့ကိုယ် သူတို့ သာကီဝင်မင်းမျိုး ဆိုပြီး နန်းတွင်းရေးမှာ ဘေးတစ်စိမ်းတွေ ဝင်ရောက်မလာအောင် အဖေတူအမေကွဲ ဆိုရင် ယူလို့ရသတဲ့ကွ” ဟု အဘိုးက မထူးဆန်းသလို ဆိုလိုက်ပြန်၏။

“အရပ်သားတွေ အဲဒီလိုများ ယူကြရင် ဘယ်လိုနေမလဲ အဘိုး” ဟု အောင်မြင့်က စပ်စုလိုက်ပြန်သည်။

“ခွေးမျိုးတွေလို့တောင် အရပ်က ပြောကြမှာပေါ့ကွာ။ အခုတော့ မင်းမျိုးမင်းနွယ်တွေမို့ အရပ်သားတွေက ဝေဖန်ပိုင်ခွင့် မရှိဘူးလေ။ ဒါကြောင့် အနောက်တိုင်းသား ပညာရှင်တွေရဲ့ ပြောဆိုဝေဖန်ခြင်းတော့ ခံခဲ့ရတာပေါ့” ဟုလည်း အဘိုးက ဆိုလိုက်ပြန်သည်။

“ဘယ်လို ဝေဖန်ခံရတာလဲ အဘိုး” ဟု အောင်မြင့်က မေးလိုက်ရာ

“သွေးသား နီးစပ်လွန်းတော့ စိတ္တဇဝေဒနာ စွဲကပ်လာတယ်လို့ ဝေဖန်တယ်ကွ”

“ဒါဆို မြန်မာဘုရင်ထဲမှာ ရူးသွားတဲ့ ဘုရင် ရှိဖူးလို့လား အဘိုး” ဟု အောင်မြင့်က သိလိုဇောဖြင့် မေးလိုက်လေ၏။

“ရှိတယ်ကွ။ အခြားသူ ဟုတ်ပါရောလားကွာ။ မင်းတုန်းမင်းသားတို့ရဲ့ ဖခင်ဘုရင်ကြီး ကိုယ်တိုင် စိတ္တဇ ဖြစ်ပြီး နတ်ရွာစံခဲ့ရရှာတယ်”

“အဘိုးကိုယ်တိုင် အနောက်တိုင်းသားတွေ တွေးသလို သွေးသားနီးစပ်လို့ဆိုတာ လက်ခံလား” ဟု အောင်မြင့်က ဆက်၍မေးကြည့်တော့ အဘိုးက တော်တော်နှင့်မဖြေ။ သူ၏ ရှည်လျားသော နှုတ်ခမ်းမွေးကြီးကို လက်နှင့်သပ်ရင်း အတန်ကြာမှ

“သာယာဝတီမင်း ထီးနန်းတက်တော့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်ကွ” ဟု အဘိုးက ဆိုလိုက်လေသည်။

“ကိုယ့်အာဏာ တည်မြဲရေးအတွက် သူများတွေရဲ့ အသက်ကို ရက်ရက်စက်စက် သ,တ်ခဲ့တာလား အဘိုး” ဟု အောင်မြင့်က စပ်စုလိုက်ပြန်သည်။

“မှန်တယ်ကွ။ သာယာဝတီမင်းကြောင့် အသက်ပေးလိုက်ရတဲ့သူတွေကတော့ (၁) စကြာမင်းသားလေးနဲ့အဖွဲ့ (၂) မြစိမ်းရောင်မင်းသမီး (၃) မြတောင်မင်းသမီး (၄) ဗိုလ်ဆံရှည် (၅) အထိန်းတော်ကြီး (၆) နန်းမ တော်မယ်နုနဲ့အဖွဲ့ (၇) ယင်းတောဝန်ကြီး (၈) သားတော်ပြည်မင်းသားတို့ သားအဖငါးယောက် (၉) အနောက်နန်းမတော်မမြလေး နှင့် သူ့မိခင် (၁ဝ) ပခန်းမင်းသား။ အဲဒီ လူတွေက သာယာဝတီမင်း လက်ချက်နဲ့ အသက်သေကြရသူတွေပေါ့ကွာ။ မြဝတီမြို့ စားမင်းကြီးဦးစ ကတော့ သီချင်းရေး ကောင်းလို့ ကြံကြံဖန်ဖန် လွတ်လာတယ်”

“ဦးစဆိုတာ သားတို့ရွာရဲ့ မြောက်ဘက် မောက်တက်ရွာက အနွယ်ဆိုတာလား အဘိုး” ဟု အောင်မြင့်က စိတ်ဝင်တစားပင် ဝင်၍ မေးလိုက်သည်။

“ဟုတ်ပ။ အမှန်တော့ ဦးစနဲ့ အတူ စစ်ကိုင်းမင်းထံ သစ္စာတော်ခံဝန်ကြီး ၁၂ ဦး အဖမ်းခံထားရတာကွ။ ကျန်တဲ့ဝန်ကြီး ၁၁ ဦးကတော့ ကံဆိုးစွာနဲ့ အသက်ပေးလိုက်ရတယ်”

“ဦးစ ရေးခဲ့တဲ့ သီချင်း အဘိုးရရင် ဆိုပြပါလား” ဟု အောင်မြင့်က တောင်းဆိုလိုက်လေရာ အဘိုးက နှစ်ခါပြောရန်မလို ရေနွေးခွက် ကောက်မော့ပြီး ထရံမှာချိတ်ဆွဲထားသော မယ်ဒလင်လေး ယူကာ သီဆိုပြတော့၏။

“ကုန်းဘောင်နေမင်း ဘုန်းရောင်ဖြာဝင်း..သောင်းဒီပါ ထိန်ထိန်လင်း..သိင်္ဂါလျှံလန်း...ဣန္ဒာစံခန်း ဝေယံလေတူနှုန်းနန်း.. များထုဝေနေ ချမ်းသာစေ..ဖန်တော်ဆောင်း သည့်..ကုန်းဘောင်ဘုရား..သောင်းထိုက်ကယ် ညာတစ်ပြည်လုံး..ဘုန်းနေခြည် ဆောင်ရောင်ပွင့်တယ်လေ..ရာမင်းမင့်ဖျား.. အို..ကွယ်..မှန်းရည်လို့စေ..ပြည်လုံးသွန်း လောင်း ညောင်ရေ”

“ကောင်းလိုက်တဲ့ သီချင်းပါလား အဘိုးရယ်။ အဲဒီသီချင်းကို မင်းကြီးဦးစ ကိုယ်တိုင် ရွှေနားတော် ဆက်သွင်းခဲ့ရတာလား အဘိုး” ဟု မေးလိုက်လေရာ အဘိုးက သူ၏ လက်တွင်းမှ မယ်ဒလင်အိုးနှင့် အောင်မြင့် ခေါင်းပေါ်သို့ တောက်ခနဲမြည်အောင် ခေါက်ချလိုက်ပြီး

“အကျဉ်းသားက ဘုရင့်အပါး ဘယ်လိုလုပ် သွားလို့ရမှာလဲ” ဟု ဆိုလိုက်တော့၏။

“ဒါဆိုလည်း ဇာတ်ကြောင်းလေး ပြောပြပါလား အဘိုးရယ်” ဟု အောင်မြင့်က သူ့ ခေါင်းကြီးပွတ်လျက် တောင်းဆိုလိုက်သည်။

“သူ့ခေတ်နဲ့တော့ သူတွင်ကျယ် ဆိုတဲ့ စကား ကြားဖူးမှာပေါ့။ ဘယ်လောက်ပင် တော်နေပါစေ၊ ခေတ်ကုန်သွားရင် လုပ်လို့ မရတော့ဘူးကွ။ ဘိုးတော်ခေတ်၊ စစ်ကိုင်းမင်း ခေတ်တွေမှာ စစ်သူကြီးမဟာဗန္ဓုလနဲ့ မြဝတီမင်းကြီး ဦးစ မပါရင်ကို မပြီးဘူး။ ငါတို့ ရွာရဲ့ တောင်ဘက် ငပယင်းရွာသား စစ်သူကြီးမဟာဗန္ဓုလခေါ် ဦးရစ်ကတော့ ဓနုဖြူခံတပ်မှာ ရန်သူ ပစ်လိုက်တဲ့ ဗုံးဒဏ် သင့်လို့ ဘဝချုပ်ငြိမ်းခဲ့ရတယ်။ တို့ရွာရဲ့ မြောက်ဘက်က မောက်တက်နွယ်ဖွား မြဝတီမင်းကြီးဦးစ မှာတော့ သူ့အရှင်သခင် စစ်ကိုင်းမင်း နန်းကျတာနဲ့ ထောင်နန်းစံရရှာတယ်။ အမှန်တော့ နိုင်ငံတော်အတွက် စစ်ရေးအပြင် ယိုးဒယားတေးသီချင်းပေါင်း မြောက်မြားစွာကို မြန်မာမှု ပြုပေးခဲ့တဲ့ မဟာ ဂီတပညာရှင်ကြီး ဦးစ ပေါ့ကွာ။ ဒီနေ့ခေတ် အထိ အလှူပွဲတွေမှာ ယိုးဒယားကရောင်း ရိုက်နေကြရတဲ့ ဂီတသံစဉ်တွေဟာ ဦးစ တီထွင်ပေးခဲ့တာကွ။ အဲဒီလို အဖိုးဖြတ်လို့ မရတဲ့ ပညာရှင်ကြီးကို နောက်တက်လာတဲ့ သာယာဝတီဘုရင်က မဆင်မခြင် ထောင်တွင်း ဆွဲသွင်းလိုက်ပေမယ့် မိဖုရားကြီးနဲ့ သမီးတော် စကြာဒေဝီတို့က ဘယ်မှာ စိတ်ကောင်းနိုင်မှာလဲ...။

မြန်မာသက္ကရာဇ် ၁၂ဝ၁ ခု သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်နေ့မှာ သဲအင်း ဆရာတော်ကြီး ပျံလွန်တော်မူတယ်။ အဲဒီ ဘုန်းကြီပျံပွဲမှာ မင်းနဲ့ မိဖုရား ကြွလာမှာဆို တော့ ထောင်တွင်းက အကျဉ်းသားတွေခေါ်ယူပြီး လမ်းပြင်ခိုင်းတော့တာပေါ့။ သံခြေကျင်းကြီး တချွင်ချွင်နဲ့ ဦးစ ကိုယ်တိုင် ပေါက်ပြားကိုင်လို့ လမ်းပြင်နေရှာတယ်...။ အဲဒီလို လမ်းပြင်နေတာမြင်တော့ စကြာဒေဝီ မမြင်ရက်ရှာဘူး။ စီးလာတဲ့ ဝေါယာဉ်ကို ရပ်ခိုင်းပြီး ဖြစ်မှဖြစ်ရလေခြင်း စစရယ်။ ဒီလို နေလို့တော့ ဘယ်ဖြစ်မှာလဲ။ လာမယ့် တန်ဆောင်တိုင် မှာ ရုပ်သေးပွဲနဲ့ မင်းတရားကြီး ပွဲခံလိမ့်မယ်။ စစ သီချင်းတစ်ပုဒ် ရေးပြီး ရုပ်သေးဆရာကို ဆိုခိုင်းပါလို့ မှာခဲ့တယ်။ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ ရုပ်သေးပွဲ နှစ်ပါးခွင် အပြီးမှာ မင်းသားကိုင် ရုပ်သေးဆရာ ဦးရွှေသာက ဦးစ ရေးပေးတဲ့ သီချင်း ထတဲ့ပြီး ဟဲပြတော့ တာပေါ့ကွာ” ဟု ဆိုကာ အဘိုးက ရေနွေးခွက် ကောက်သောက်လိုက်ပြန်သည်။

“ဒါနဲ့ ဦးစ အကျဉ်းထောင်က လွတ်တယ်ဆိုပါတော့” ဟု အောင်မြင့်က ဝင်ပြောလိုက်ရာ အဘိုးက တောင်ဝှေးကောက်ကာ မြှောက်ပြရင်း

“လူကြီးနဲ့ စကားပြောရင် ဝင်ဝင်ပြီး လျှာမရှည်ရဘူးလို့ ပြောထားရဲ့နဲ့...ဟင်း” ဟု ဆိုကာ စကားဆက်ပြန်သည်။

“အမှန်တော့ ဘုရင်က သီချင်းသံ ကြားလိုက်ကတည်းက ဒါ ဘယ်သူ့လက်ရာဆိုတာ သိတယ်။ ဒါပေမဲ့ ဦးစကို ခုချက်ချင်း လွတ်စေ လုပ်လို့ မရဘူးကွ။ ဒီတော့ မေးရတာပေါ့။ ဒီသီချင်းက ကောင်းလိုက်တာ၊ ဘယ်သူကများ ဆက်သွင်းပါလိမ့် ဆိုတော့ အသင့်စောင့် နေတဲ့ သမီးတော် စကြာဒေဝီက ဝန်ကြီးဟောင်း စစ ဆက်သွင်းကြောင်းပါဘုရား။ စစမှာ ခုဆိုရင် အသက်အရွယ် ကြီးမှ ထောင်တွင်းမှာ အကျဉ်းသမားဘဝနဲ့ နှစ် နှစ်ကြီးများတောင် ခံစားရပြီးပါပြီ။ ပညာရှင်ကြီး ဒီလိုခံစားနေရတာဖြင့် သမီးတော် မမြင်ရက်ပါဘူး။ အဲဒီလို ဘာညာဘာညာ လျှောက်တင်မှ ဘုရင်က ဟဲ့ ဝန်ကြီးဟောင်းငစကို ချက်ချင်းလွတ်စေလို့ မိန့်တော်မူတာကွ”

“သူနဲ့အတူ အဖမ်းခံရတဲ့ဝန်ကြီး ၁၁ ယောက်ကော လွတ်ခဲ့တာလား အဘိုး” ဟု အောင်မြင့်က မေးလိုက်ရာ

“ဟို ၁၁ ယောက်ကတော့ ဦးစ လွတ်မြောက်ပြီးလို့ ခြောက်လ အကြာမှာ ကွပ်မျက်ခံလိုက်ရရှာတယ်ကွ။ ကံတရားပေါ့ကွာ။ သက်ဦးဆံပိုင်ဘုရင်ဆိုတာ ဒီလိုပါပဲ။ ဥပဒေနဲ့ အုပ်ချုပ်တာမှ မဟုတ်တာ။ သူတို့ လုပ်ချင်တာ လုပ်မှာပေါ့” ဟုဆိုကာ အဘိုးက ရေနွေးခွက် ကောက်မော့လိုက်တော့သည်။

“အဘိုး ဘုရင်ကို အနိုင်ကျင့်ခဲ့တဲ့ ပခန်းမင်းကြီးဦးရန်ဝေး အကြောင်း ပြောမယ်ဆို…စတော့လေ” ဟု အောင်မြင့်က ပြောလိုက်မှ

“အေး ဟုတ်ပေသားပဲ။ ဦးစ အကြောင်း ပြောရလို့ ဦးရန်ဝေး ကိုတောင် မေ့နေလိုက်တာ။ ဦးရန်ဝေးက မင်းတုန်းမင်းလက်ထက်မှာကွ။ အမှန်တော့ ဦးရန်ဝေးက ဗဒူရွာကနေ ဘုန်းကြီးဘဝနဲ့ နေပြည်တော် ကြွလာခဲ့ တာ။ ဘွဲ့တော်က ဦးဝိသုန္ဒတဲ့။ ဗားကရာ ကျောင်းတိုက် ငွေရေးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးအဖြစ် နေလာခဲ့တယ်”

“ကြာလာတော့ မင်းတုန်းမင်းသားနဲ့ ဆရာဒကာတွေ ဖြစ်လာကြတော့တယ်။ မင်းသားအဆောင် သွားသွားပြီး သီလပေး တရားဟောတဲ့အထိ ရင်းနှီးလာတယ် ဆိုပါ တော့။ အဲဒီလို ရင်းနှီးနေခိုက် အမရပူရမြို့ မိရွဲညီမ မိကဲတို့အိမ် ဓားပြတိုက်မှုမှာ ကနောင်မင်းသားရဲ့ လူတွေပါလို့ စွပ်စွဲလာတယ်။ ဒီအရေးဟာဖြင့် အပြစ်ရှာလာမှန်း သိတော့ မင်းညီနောင်နှစ်ပါး ရွှေမြို့တော်က ထွက်ခွာမှဖြစ်မယ် ဆိုပြီး တိုင်ပင်ကြရာမှာ မထူးပါဘူးဆိုပြီး ဘုန်းကြီးဦးဝိသုန္ဒကို လူဝတ်လဲပြီး ခေါ်သွားတာ။ ဒါနဲ့ ဦးဝိသုန္ဒက ဦးရန်ဝေး ဖြစ်လာတယ်။ ဦးအာသဘက ဦးကောင်း အဖြစ်နဲ့ မင်းတုန်းမင်းသားအိမ်တော်မှာ အမှုတော်ထမ်းဆောင်လာခဲ့တာ ၂ နှစ်လောက် ကြာပြီ” ဟု ဆိုကာ အဘိုးက ရေနွေးခွက် ကောက်သောက်လိုက်ပြန်သည်။

“အရေးတော်ပြီးတော့ သူတို့ နှစ်ဦးစလုံး ရာထူးရတယ်ပေါ့နော် အဘိုး” ဟု အောင်မြင့်က မေးလိုက်ရာ

“ရာထူးတင် ဘယ်ကမှာလဲ။ ကြင်ယာပါ ရှာပေးတယ်ကွ။ မင်းတုန်းဘုရင်က သူ့ခမည်းတော်ရဲ့ ကိုယ်လုပ်တော် သန်လျင် မြို့စားမင်းသမီးနဲ့ ဦးရန်ဝေးကို လက်ထပ်ပေးတယ်။ ရာထူးကတော့ ပခန်းမင်းကြီး ပေါ့ကွာ။ ရိက္ခာလစာတော်ကတော့ နှစ်ထောင်ပေးတယ်။ နေ့စဉ် ပွဲတော်အုပ်လည်း မှန်မှန်ပို့ပေးသတဲ့”

“ဦးကောင်းကိုကော မိန်းမမပေးစားဘူးလား” ဟု အောင်မြင့်က မေးလိုက်ပြန်သည်။ 

“ဦးကောင်း ကိုတော့ ကွယ်လွန်သူ တရားသူကြီးဟောင်း ဦးဘိုးရဲ့ဇနီး ဆင်ကြန်မယ်ဆိုတဲ့ အဘွားကြီးနဲ့ ပေးစားလိုက်တယ်။ ဆင်ကြန်မယ်က ဦးကောင်း ထက် အသက် ၂၉ နှစ်လောက် ကြီးတယ်လို့ ဆိုကြတယ်” ဟု အဘိုးက ဆိုလိုက်ရာ အောင်မြင့်က

“ဒါတော့ ဘုရင်က ဦးကောင်းကို သက်သက် အနိုင်ကျင့်တာနေမှာ အဘိုး” ဟု ဆိုလိုက်၏။

“အေး ဟုတ်ပေမယ်ပေါ့ကွာ။ ဘုရင်က တပည့်ကို အနိုင်ကျင့်တော့ ဘုရင်ကို ဆရာက ပြန်ပြီး အနိုင်ကျင့်တဲ့အကြောင်း ဆက်ကြစို့။ မင်းနေပြည်တော်မှာ ဦးရန်ဝေး ကောင်းစားနေကြောင်း သတင်းကြားတော့ နှမဖြစ်သူ မုဆိုးမ မယ်နီ ဆိုတာ ရောက်လာတယ်။ အမှန်တော့ ဦးရန်ဝေးမှာ လစာ နှစ်ထောင်ရတယ် ဆိုပေမယ့် ဝန်ကတော်ကို တစ်ထောင် ပေးရတယ်။ ငယ်သားတွေကို ငါးရာ ပေးရတယ်။ သူ သုံးဖို့ဆိုတာ ငါးရာပဲ ကျန်တယ်။ နှမလေး ရွာအပြန်မှာ ငွေကြေးလေး ပေးလိုက်ချင်ပေမယ့် သူ့မှာ ပေးစရာ မရှိဘူး။ ဒါနဲ့ မင်းတရားကြီးရဲ့ ပန်းထိမ်တော်ကို ရောက်သွားတယ်။

ပန်းထိမ်တော်မှာ ရွှေပုခက် လုပ်လို့ ပိုနေတဲ့ ရွှေလေးဆယ့်ငါးကျပ်သား တွေ့တာနဲ့ မင်းတို့ဘုရင် မေးရင် ငါယူသွားတယ်လို့ ပြောလိုက်ဆိုပြီး ယူသွားသတဲ့။ ပန်းထိမ်တော်သားများက ဦးဘိုးလှိုင်ကို ပြောပြတော့ ဦးဘိုးလှိုင်က ဦးရန်ဝေးကို မေးရတော့တာပေါ့ကွာ။ ဒီတော့ ဦးရန်ဝေးက မောင်လှိုင်... ငါ မင်းတရားကြီးရဲ့ ရွှေတုံးကို ယူလာတာ မှန်တယ်။ ငါ့မှာ ဆင်းရဲနွမ်းပါးတဲ့ နှမလေးကို ထောက်ပံ့ရန် တာဝန်ရှိလို့ ယူလာရတာပါ ကွာ။ ငါ့မှာက တံစိုးလည်း မစားဆိုတော့ ရတဲ့ရိက္ခာ မလောက်မငနဲ့ ဒီဆင်းရဲရှာတဲ့ နှမလေးကို မထောက်ပံ့နိုင်ဘူးလေ။ ဒီတော့ ခိုးချင်းခိုးရင် ငါ့အရှင်သခင်ရဲ့ ပစ္စည်းကိုပဲ ခိုးမယ်။ နောင်သံသရာမှာ အတုံ့အလှည့် ခံရရင်လည်း ငါ့အရှင်သခင်အိမ်မှာ ခွေးဖြစ်ဖြစ် ခံရတာက မြတ်မယ်လို့ ငါ အောက်မေ့ပြီး ယူခဲ့တာပါပဲ...လို့ ဆိုသတဲ့ကွ” ဟု အဘိုးက ဆိုသည်။

“ဘုရင်သိတော့ အရေးမယူဘူးတဲ့လား အဘိုး” ဟု အောင်မြင့်က မေးလိုက်ပြန်သည်။

“အရေးမယူတဲ့အပြင် သဘောကျလွန်းလို့ ရွှေတုံးကို မင်းတရားကြီး ကိုယ်တော်တိုင် ငွေတစ်ထောင် ပေးပြီး ရွေးယူလိုက်သတဲ့ကွ။ အနောက်ဆောင်က မိဖုရားတွေကလည်း မယ်နီကို ဖိတ်ခေါ်ပြီး ကျွေးမွေးပြုစုကြသ တဲ့ကွ။ မယ်နီ ပြန်တော့ လက်ဆောင်တွေတောင် ပေးလိုက်ကြဆိုပဲ”

“ဒါကတော့ မိဖုရားတွေက မင်းလိုလိုက် မင်းကြိုက်လုပ်ကြတာပါ အဘိုးရယ်။ အကယ်၍များ ရွှေတော်ခိုးတဲ့ အမတ်ယုတ် သုဿန်ထုတ် ဓားခုတ်လို့ သ,တ်စေဆိုတဲ့ အမိန့်တော်များ ထုတ်လိုက်မယ်ဆိုရင် ဘယ်မိဖုရားက မယ်နီကို အကပ်ခံမှာလဲ” ဟုအောင်မြင့်က ဆိုလိုက်လေရာ အဘိုးက သဘောကျလွန်းလို့ အောင်မြင့်၏ ခေါင်းကိုပင် လက်ဖြင့် ပွတ်သပ်လိုက်သေး၏။

“အမှန်တော့ ဦးရန်ဝေး ဆိုတာ လူမှန်ကြီးကွ။ လူမှန်တွေဆိုရင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ သူတွေက အလိုလိုနေရင်း ကြောက်ကြရတယ်။ တစ်နေ့ ကရင်နီစော်ဘွားက မိမိပိုင် နယ်မြေများကို မင်းတုန်းမင်း တရားကြီး သိမ်းပိုက်တော်မူပါရန် တောင်းပန်တော့ မင်းတရားကိုယ်တိုင် သိမ်းပိုက်တော်မူရန် အမိန့်တော်ထုတ်သတဲ့လေ။ အမှန်တော့ ကရင်နီနယ် ဆိုတာ ယိုးဒယားနဲ့ နီးစပ်တယ်။ နယ်ချဲ့လက်အောက် ကျရောက်နေတဲ့ အောက်ပြည်နဲ့လည်း ဆက်စပ်နေတော့ မသိမ်းပိုက်သင့်တဲ့နယ် ဆိုတာ ဦးရန်ဝေးက တွက်ကြည့်ပြီး မင်းတို့ဘုရင် တောင်နားမလည် မြောက်နားမလည်နဲ့ ဒီလိုအမိန့်မျိုး ထုတ်ရသလား ဆိုပြီး လွှတ်တော်တင်လာတဲ့ ဘုရင့်စာချွန်တော်ကို ဦးရန်ဝေးက ဆွဲဆုတ်ပစ်လိုက်တယ်တဲ့”

“ဘုရင်မင်းမြတ်ကြီး စိတ်မဆိုးဘူးလား” ဟု အောင်မြင့်က မေးလိုက်တော့

“ဒီသတင်း မင်းတရား ကြားသိတော့ စိတ်ဆိုးတာပေါ့။ ဒါနဲ့ နန်းတွင်း ချက်ချင်းဝင်စေလို့ မိန့်တော်မူလိုက်တယ်”

“ချက်ချင်း လိုက်သွားရမှာပေါ့နော် အဘိုး” ဟု အောင်မြင့်က ပြောလိုက်ပြန်သည်။

“မင်းတို့ဘုရင်က အားတိုင်း ခေါ်နေတာ၊ ငါမလာနိုင်ဘူးလို့ ပြောလိုက် ဆိုပြီး လုံးဝမသွားဘူးတဲ့ကွ။ ငါးရက်ကြာမှ နန်းတော်ဝင်တယ်။ ဒီတော့ ဘုရင်က ဘယ်အတွက် အမိန့်တော်ကို ဖျက်ရတာလဲလို့ မေးတယ်။ ဒီတော့မှ ဒါဟာ ရှင်ဘုရင် လုပ်ရမယ့် အရာ မဟုတ်ဘူး။ လွှတ်တော်ဝန်ကြီးများကို ခေါ်ပြီး ကရင်နီနယ်ကို သိမ်းပိုက်သင့်ရဲ့လားလို့ ဘုရင်က မေးရမှာ။ ကရင်နီနယ်ကို သိမ်းပိုက်လိုက်ရင် ယိုးဒယားနယ်စပ် ဖြစ်သွားမယ်။ ကု,လားဖြူများကလည်း ထကြွလာမယ်။ ဘုရင်က လွှတ်တော်ကို မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် အမိန့်ထုတ်နေရင် လွှတ်တော် ဆိုတာ ထားမနေနဲ့၊ ဖျက်သိမ်းပစ်လိုက်တာပေါ့ ဆိုပြီး ဦးရန်ဝေး ညီလာခံက ထပြန်သွားသတဲ့။ အမှန်က ညီလာခံ ဆိုတာ ဘုရင်က သိမ်းမှ မှူးကြီးမတ်ကြီးတွေက ထွက်ခွာခွင့် ရှိတာ။ ဘုရင်လည်း သူ့အမှားမှန်း သိတော့ ဘာမှကို မပြောသာဘူးတဲ့ကွ” ဟု အဘိုးက ဦးရန်ဝေးကို တော်တော် သဘောကျနေပုံရသည်။

အမှန်တော့ အဘိုးမှ မဟုတ်ပါ၊ အောင်မြင့်လည်း အမတ်ကြီးဦးရန်ဝေးကို သဘောကျမိသည်။ ဒီခေတ်မှာ ဒီလို ဝန်ကြီးမျိုး လွှတ်တော်မှာ ဘယ်နှဦး ရှိနိုင်မည်နည်းဟုလည်း စဉ်းစားကြည့်မိ၏။ ရှိမည် မထင်ပါ။ ရှိသည့်တိုင် အလွန် ရှားနေမည်မှာ သေချာပါ၏။

“အဘိုး အမတ်ကြီးဦးရန်ဝေးအကြောင်း ဆက်ပြောပါဦး” ဟု အောင်မြင့်က တောင်းဆိုပြန်သည်။

“၁၂၂၈ ခုနှစ်မှာ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်းဖြစ်တယ်ကွ။ ဒီတော့ သူပုန်အမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးပြီး ပို့ရမယ်လို့ အဝေးမြို့ဝန်တွေ၊ မြို့သူကြီးတွေဆီကို မင်းတုန်းဘုရင်က အမိန့်ထုတ်တယ်။ အဝေးမြို့ ဝန်တွေ၊ မြို့သူကြီးတွေကလည်း သူတို့နဲ့ မတည့်သူတွေကို ဖမ်းဆီးပြီး သူပုန်တွေ ဆိုပြီး ပို့လိုက်ကြတာ ထောင်တောင် မဆန့်တော့ဘူးတဲ့။ ဒါနဲ့ ဦးရန်ဝေးက နောက်ထပ် သူပုန်ဟူ၍ လုံးဝဖမ်းဆီးခြင်း မပြုရလို့ ပြန် ပြီး အမိန့်ထုတ်လိုက်တယ်။ မင်းတုန်းဘုရင် သိလို့ ဦးရန်ဝေးကို မေးတော့ ဒီကိစ္စဟာ ဘုရင်ကိုယ်တိုင် တာဝန်မကင်းဘူးလို့ ဆိုတယ်။ ဘာကြောင့်လဲလို့ ဘုရင်က ပြန်မေးတော့ မြင်ကွန်း မြင်းခုံတိုင် ဆိုတာ ဘုရင့် သားတော်တွေသာ ဖြစ်တယ်။ သားသမီး မကောင်း မိဘခေါင်း ဆိုတဲ့ စကားအရ မိဘအုပ်ထိန်းမှု ညံ့လို့ ဒီလိုဖြစ်ရတာဆိုပြီး ဦးရန်ဝေးက နန်းတော်ပေါ်က ဆင်းသွား သတဲ့”

“တစ်နေ့မှာတော့ ဘုရင်က အမတ်ကြီး ဦးရန်ဝေးကို ခေါ်ပြီး လွှတ်တော်အမတ်တွေ မယားတစ်ယောက်သာ ယူကြရန် အမိန့်ထုတ်လိုကြောင်း တိုင်ပင်တယ်ကွ။ ဒီတော့ ဦးရန်ဝေးကလည်း သိပ်ကောင်းတဲ့အကြံ ဖြစ်ကြောင်း ထောက်ခံတယ်။ ဒါပေမဲ့ စံပြ အနေနဲ့ ဘုရင်ကိုယ်တိုင် မိဖုရား တစ်ယောက်သာ ယူပြသင့်ကြောင်း ပြောလိုက်တော့ မင်းတုန်းဘုရင်မှာ ဘာမှကို ပြန်မပြောနိုင်တော့ဘူးတဲ့ကွ” ဟု အဘိုးက ဆိုလိုက်သည်။

“အမှန်တော့ ဦးရန်ဝေး ပြောတာ မလွန်ပါဘူး။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူဆိုတာ အမြဲတမ်း စံပြ ဖြစ်နေရမယ်။ ခုတော့ မင်းတုန်းဘုရင်ရဲ့ စကားက သူကိုယ်တိုင်က မယားတွေ ၄ဝ ကျော် ၅ဝ ယူပြီး သားသမီးတွေ တစ်ရာကျော် မွေးထားပါလျက် အခြားသူတွေကို တစ်လင်တစ်မယားစနစ် ဥပဒေပြုမယ် ဆိုတာ ဘယ်မှာတရားမျှတလို့လဲ။ တောင်သူလယ်သမားတွေ နောင်သံသရာမှာ အကြွေးမပါအောင် ထမင်းတစ်နပ်တော့ လျှော့စားပါလို့ ခိုင်းတဲ့ ဝန်ကြီးရဲ့ ပြောစကားလို ဖြစ်နေတော့တာပေါ့” ဟု အဘိုးက ဆိုလိုက်ပြန်သည်။

“တစ်နေ့ လောကမာရဇိန် ကျောက်တော်ကြီးဘုရားသွားတဲ့ လမ်းမှာ အတွင်းဝန်ကတော် တစ်ယောက်က ခြောက်စထောင် လှည်းယာဉ်ပေါ်မှာ ရွှေထီးဆောင်းလို့ အဆောင်ကိုင်များ ဝန်းရံလျက် ကြော့ကြော့မော့မော့ ထွက်လာသတဲ့။ ဒါကို ဦးရန်ဝေး မြင်တော့ သူ့ရဲ့လှည်းမောင်းသမားကို ဆင်းပြီး ဝန်ကတော်ကို အရိုက်ခိုင်းတော့တာပေါ့ကွာ။ ဘာပြောကောင်းမှာလဲ၊ ဝန်ကတော်နဲ့ အဆောင်ကိုင်တွေ ထွက်ပြေးကြရတော့တာ ပေါ့။ ဒီသတင်း မင်းတရားကြီး ကြားတော့ ဘယ်အတွက် ထိုသို့ လုပ်ရပါလိမ့်လို့ မေးတယ်။ ဒီဝန်ကတော်ကို အများပြည်သူ မြင်ပါက သူ့လင် ရရှိတဲ့ လခရိက္ခာထက် ပိုပြီး သုံးနိုင်တာဖြင့် သူ့လင် တံစိုးစားကြောင်း ဖော်ပြသလို ဖြစ်မှာစိုးလို့ ဆုံးမလိုက်တာပါလို့ ဆိုလိုက်သတဲ့ကွ၊ ဦးရန်ဝေး ဆိုတာ အဲဒီလို လူစားမျိုး” ဟု အဘိုးက ဆိုပြီး ရေနွေးတစ်ခွက် ကောက်သောက်နေတော့၏။

အောင်မြင့် စိတ်ထဲမှာတော့ “ဪ... ဒီခေတ်ဝန်ကြီးတွေ၊ ဝန်ကတော်တွေ ကား ထည်လဲ စီးနေတာများ ဦးရန်ဝေး မြင်တွေ့သွားပါက မည်သို့ နေရှာမည်နည်း” ဟူ၍သာ တွေးနေမိတော့၏။

 ▢  မောင်ယဉ်မွန် ( မောဝ်နေခြည် )
📖 Eternal Light မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၁၅