Sunday, February 15, 2026

ကောလာဟလ


 

❝ ကောလာဟလ ❞ 
    ( ဖူးသစ်မော် )

ပြဿနာရဲ့အစက တစ်အိမ်လုံးမှာ နှစ်ယောက်တည်း ရှိတဲ့ ကျွန်တော့်ဦးလေးနဲ့ ကျွန်တော် အချေအတင် ဖြစ်ကြရာက စတာပဲ ။

ဦးလေး ဆိုတာက အမေ့ရဲ့ မောင် ၊ ခေတ်ပညာတတ် လူပျိုကြီးပါ ။ အစက ကုမ္ပဏီ တစ်ခုမှာ အလုပ် လုပ်တယ် ။ နောက်တော့ နား ၊ မျက်စိရှုပ်တယ် ဆိုပြီး ကုမ္ပဏီထွက် ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဖွင့်တယ် ။ ဒါကျ မျက်စိမရှုပ်ဘူးလား မသိ ။ အတော်တော့ ခွကျကျပဲဗျ ။ ဦးလေးမှာက တစ်ကိုယ်တည်း လူပျိုကြီးပီပီ ဘာအပူအပင်မှ မရှိဘူး ။ သူ့ဘဝ တစ်လျှောက်လုံး ချစ်တီးစု စုလာတဲ့ ဓနဥစ္စာရယ် ၊ မိဘတွေ ( ကျွန်တော့်အဘိုးအဘွားပေါ့ ) ထားရစ်ခဲ့တဲ့ ဆိုင်ခန်းကြီး တစ်ခန်းနဲ့ တိုက်ခံအိမ်ကြီး တစ်လုံးရယ် ၊ ကဲ ဘာပူစရာ ရှိလို့လဲ ။ လောကကြီးထဲမှာ သူနဲ့ ကျွန်တော့်အမေ ရယ်လို့ မောင်နှမ နှစ်ယောက်တည်း ရှိခဲ့ကြတာ ။ အမေက အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါခဲ့ ရတာကြောင့် တစ်နယ်တစ်ကျေးမှာ အခြေချခဲ့ရတာပါ ။

ကျွန်တော် ဆယ်တန်း အောင်တဲ့နှစ်မှာ ဦးလေး ကိုယ်တိုင် ကျွန်တော့်ကို လာခေါ်တာပါ ။ အဲဒီတုန်းကတောင် အမေက သူ့မောင်ကို စကားတစ်ခွန်းပဲ မှာလိုက်တာ ။ “ ငါ့သားလေး နင့်လို လူပျိုကြီး မဖြစ်ရင် ပြီးရော ၊ နင့်လိုသာဆို တို့မျိုးဆက် ပြတ်သွားလိမ့်မယ် ” တဲ့ ။

အခု ကျွန်တော် ကျောင်းပြီးလို့ ကွန်ပျူတာ သင်တန်း ဆက်တက်နေတယ် ။ ကျွန်တော့်မှာ ရည်မှန်းချက်တွေ အများကြီး ။ ကွန်ပျူတာ ပြီးရင် လက်တွေ့ လေ့လာ အားထုတ်စရာတွေ ရှိသေးတယ် ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဝင်လာလိုက် ၊ ပြန်ထွက်လိုက် တရုန်းရုန်း လုပ်နေတဲ့ ကျွန်တော့်ကို ဦးလေး မျက်စိ ရှုပ်နေခဲ့တာ ကြာပြီဗျ ။ ကျွန်တော့်မှာ မိန်းကလေး သူငယ်ချင်းတွေက ပိုများလိမ့်မယ် ထင်တယ် ။

ကျွန်တော် သိသလောက်တော့ ဦးလေးဟာ မိန်းမဆန့်ကျင်ရေးသမား မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းမနဲ့ ပတ်သက်ရင် ‘ ဖြူဖြူဝါဝါ ၊ ပြာပြာစိမ်းစိမ်း ၊ ရွှေနံ့သာ ရင်မှာ လိမ်းပြီး ပိန်းရိုက်လို့ လာလာ ၊ ပဒုမ္မာ ကြာဆစ်ကို လှစ်လို့ပဲ ပြပြ ’ ထုပ်ပေါ်ကကျ လှုပ်ဖော် မရသလို နောဇာနာမိ ငါမသိ ဆိုတဲ့ အထဲကပါ ။ ဒါပေမယ့် ဆိုင်သိမ်းပြီး အိမ်ပြန်ရောက်တဲ့အခါ ယမကာ ကြည်ထွေထွေကို ရီဝေဝေလေးတော့ မှီဝဲတတ်သဗျ ။ သူ့ဘဝ မှာ ကွက်လပ်ဖြစ်နေတဲ့ မဒီကလျာ တစ်ပါး နေရာမှာ ယမကာနဲ့ အစားထိုး နေခဲ့တာလား မပြောတတ်ဘူး ။ အဲဒီနေ့က ကျွန်တော် အပေါင်းအသင်းတွေ ဆုံမိပြီး Social Drinking လေး လုပ်လာမိတာ ။ အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီခွဲ ရှိပြီ ။ ဦးလေးက ဆိုင်ပိတ်ရက်မို့ အိမ်မှာ တစ်နေကုန် ရှိနေတယ် ။ ကျွန်တော် ခပ်တည်တည် စတိုင်လ် ဖမ်းထားပေမယ့် ဦးလေးက အတော် လှစ်တယ်ဗျို့  ။

“ အောင်ကျော် ၊ ဒီလာဦး ။ မင်းသောက်လာတယ်မို့လား ”

“ ဟုတ်ကဲ့ ဦးလေး ၊ ခပ်ပါးပါးလေးပါ ”

ကျွန်တော် တည့်တည့်ပဲ ဖြေလိုက်လို့ထင်ရဲ့ ။ ဦးလေး တွန့်ခနဲ ဖြစ်သွားတယ် ။

“ ဘာကွ .. ခပ်ပါးပါး ဟုတ်လား ။ ဒီဝေါဟာရတွေတောင် တတ်နေပြီပေါ့ ”

“ မှန်တဲ့အတိုင်း ဖြေတာပဲ ဦးလေးရာ ၊ လိမ်ညာ ဖြီးဖြန်းမှ ကျေနပ်မယ် ဆိုရင်လည်း ”

“ ကဲ ကဲ တော်ပါတော့ကွာ ၊ မင်း သင်တန်းချိန် ပြီးပြီမို့လား ။ အိမ်မှာ ဖင်မြဲမြဲလေး နေစမ်းပါဦးကွာ ”

“ ဟာ အစောကြီး ရှိသေးတာ ။ အပြင်တော့ ခဏထွက်ဦးမှပေါ့ ”

“ ဟင် မင်း အပြင် ထွက်နေတာ တစ်နေကုန်လေ ။ မနက်စာတောင် ပြန်မစားဘူး ။ အောင်ကျော် ၊ မင်းအကြောင်း မသိရင် ခက်မယ် ။ ဟိုကောင်မလေးဆီ သွားပြီး ချစ်အနမ်း ချော့အသိပ် လုပ်ရဦးမှာ မဟုတ်လား ၊ ဟင်း ဟင်း ... ”

“ ဟား ဟား ဦးလေးတို့ ခေတ်က ဦးစိုးပိုင်ကြီး ရဲ့သီချင်းကို သတိရလို့ ဆိုနေတာလား ။ ဦးလေးမှာလည်း ဇာတ်လမ်း ရှိခဲ့မှာပဲနော် ။ ပြောပြစမ်းပါ ဦးလေး ရာ ”

“ ဟေ့ကောင် ငမူးငရော လာလုပ်မနေနဲ့ ၊ မင်း ဟိုဘက်လမ်းထိပ်က အပျိုကြီးဒေါ်ခင်သီရဲ့ တူမလေးနဲ့ မင်းနဲ့ ဖြစ်နေတာ ကြာပြီတဲ့ ။ ညနေတိုင်း ပန်းခြံထောင့်က စိန်ပန်းပင် အောက်မှာ ၊ ဆေးရုံလမ်းက လမင်းစားသောက်ဆိုင်မှာ ၊ ကားကွင်းထဲမှာ ၊ မြို့ထဲမှာ စုံလို့ ၊ ဒီလောက် တွေ့နေကြမှတော့ ဘာဖြစ်ရဦးမှာလဲ ၊ မင်းက ယောက်ျားလေးမို့ ထားတော့ ။ မိန်းကလေးဘက်ကျ ဒီလောက် နာမည် ထွက်နေရင် မကောင်းတော့ဘူး ။ သူတစ်ပါး နစ်နာအောင် မလုပ်နဲ့ ။ ယူမှာဖြင့် တစ်ယောက်ယောက်ကို သတ်သတ်မှတ်မှတ် ယူပြီး ဣန္ဒြေရရ နေသင့်ပြီ ”

ကျွန်တော် ထခုန်မိမတတ်ဘဲ ။ ဦးလေး ကတော့ အပြတ်ချနေပြီ ။ ကျွန်တော်နဲ့ အိအိဖြိုး နဲ့ မကြာမကြာ တွေ့ကြတာ မှန်တယ် ။ သူ စတိုးဆိုင်က အပြန် လမ်းသင့်တဲ့ ပန်းခြံထောင့်က ကျွန်တော် စောင့်ရတာကိုး ။ ဖြူထွေး ဆီက စာဖြစ်ဖြစ် ၊ စကားဖြစ်ဖြစ် အိအိဖြိုးက သယ်ဆောင်ပေးနေကျလေ ။ ဖြူထွေး နဲ့ တွေ့ရဖို့က မလွယ်ဘူးဗျ ။ အလုပ်က ပြန်တိုင်း သူ့အိမ်က တစ်ယောက်ယောက်ကတော့ လာကြိုတာပဲ ။ အိအိဖြိုး ခမျာလည်း သူ့အဒေါ် အပျိုကြီးကို ကြောက်ရရှာတော့ ခိုးကြောင်ခိုးဝှက် ကူညီနေရတာ ။ သူတို့ စတိုးဆိုင် ပိတ်ရက်လောက်သာ အိအိဖြိုး သွားခေါ်ထုတ်ပေးလို့ ခဏတစ်ဖြုတ်ကလေး တွေ့ ရတာဗျာ ။ အခုတောင် ဖြူထွေး နဲ့ အဆက်အသွယ် မရတာ တစ်ပတ်လောက် ရှိပြီ ။ တောက အိအိဖြိုး အစ်မဝမ်းကွဲ တစ်ယောက် ဆေးရုံ လာ တက်တာလေ ။ အိအိဖြိုး အလုပ်မဆင်းနိုင်တော့ အဆက်အသွယ် ပြတ်တာပေါ့ ။ ခုတော့ လူနာလည်း ဆေးရုံက ဆင်းသွားပါပြီ ။ ဆေးရုံ တက်နေစဉ် တစ်လျှောက်လုံး လူနာ အတွက် လိုအပ်သမျှတွေကို အိအိဖြိုး နဲ့အတူ ကျွန်တော် လိုက်ကူညီရတယ် ။ ရွာအပြန် ကားဂိတ် အထိတောင် လိုက်ပို့ခဲ့ပါသေးတယ် ။ ခုမှ ဖြူထွေး ဆီက အဆက်အသွယ် စောင့်နေတုန်း ဘယ်က မဟုတ်သတင်းတွေ ထုတ်လွှင့်နေတယ် မသိဘူးဗျ ။

“ ဦးလေးကို ဘယ်သူက တိတိကျကျ ပြောလိုက်တာလဲ ”

“ လမ်းထိပ် ကွမ်းယာဆိုင်က ချစ်တီး ပြောတာ ”

သေပြီ ။ ကိုချစ်တီးကွမ်းယာဆိုင်က လမ်းဆုံ လမ်းခွမှာ ၊ လူသူလေးပါး စုံပါဘိသနဲ့ ။ ကျွန်တော် ဝုန်းခနဲ ထပြီး ဒရောသောပါး ပြေးဆင်းလာခဲ့တယ် ။ ဒီ သတင်းရဲ့ အရင်းအမြစ်ကို အမြန်ဆုံး ရှာဖွေဖော်ထုတ်နိုင်မှ ဖြစ်မယ် ။ အမှိုက်ကစ ပြာသာဒ်မီးလောင်နိုင်တယ် မဟုတ်လား ။ အခုတောင် ဘယ်လောက် လက်ဆင့်ကမ်း ပြန့်ကားနေပြီလဲ မသိ ။ လှေကားအောက်ဆုံးထစ် ရောက်တော့မှ လယ်ထွန်သွား နွားမေ့ ဖြစ်ပြီး အပေါ်ထပ်ကို ပြန်ပြေးတက်ရပြန်ပါရော ။

“ ဘာဖြစ်တာလဲကွ ”

“ ဆိုင်ကယ်သော့ မေ့နေလို့ ”

“ ဘယ်သွားဦးမှာလဲ ။ ဒေါ်ခင်သီရဲ့ တူမလေး ဆီလား ”

“ အာ မဟုတ်ဘူး ။ အဲဒီ ပြဿနာ သွားရှင်းမလို့ ”

ဆိုင်ရှေ့မှာ ဆိုင်ကယ်ကို ဝေါခနဲရပ်လိုက်တော့ ကိုချစ်တီးက ခေါင်းထောင်ကြည့်တယ် ။ လူသူ ကင်းရှင်းနေလို့ တော်ပါသေးရဲ့ ။

“ ကိုချစ်တီး ကျွန်တော့် ဦးလေးကို ဘာတွေ ရွှီးထည့်လိုက်တာလဲဗျ ”

“ ဟေ ဘာတုံးဟ ”

“ ခုမှ ယောင်ဝါးဝါး လုပ်မနေစမ်းပါနဲ့ ။ ကျွန်တော်နဲ့ အိအိဖြိုးက ဘာညာကွိကွ ၊ မဟုတ်မဟတ်တွေလေ ”

သူက ကွမ်းချိုးစွဲနေတဲ့ သွားမည်းမည်းကြီး တွေဖြဲပြီး တဟဲဟဲ ရယ်လိုက်သေးသဗျ ။

“ ငါလည်း ကြားတာကို ပြောတာပဲ ။ မဟုတ်ဘူးလား ”

“ ခင်ဗျား ဘယ်က ကြားတာလဲ ။ လိုရင်းတိုရှင်းပဲ ဖြေဗျာ ”

“ နီနီကျော် ဆီက ၊ မြေပဲဆားလှော်ထုပ်တွေ လာပို့ရင်း ပြောသွားတာ ”

မြေပဲဆားလှော် နီနီကျော် ။ ဆတ်ဆလူးမ ။

နှစ်လမ်းကျော်ဆီ အပြေးနှင်ခဲ့ရပြန်တယ် ။ အိမ်ရှေ့ ကွပ်ပျစ်ကြီး ပေါ်မှာ မြေပဲဆန်တွေနဲ့ အလုပ်ရှုပ်နေတဲ့ နီနီကျော် ကို တည့်တည့်ကြီး တွေ့လိုက်ရတယ် ။

“ ကိုရွှေအောင်ကျော် ပါလား ။ မိုးတွေ ရွာတော့မှာပဲ ”

“ မိုးရွာရုံတင် မကဘူး ။ မိုးကြိုးပါပစ်မှာ ။ နင့်ကို မေးစရာ ရှိလို့“

“ နင့် ကြည့်ရတာ ၊ စာတစ်ကောင်ကို မျိုမိထားတဲ့ ကြောင်မျက်နှာ အတိုင်းပဲ ၊ ခစ် ခစ် ၊ ကဲ ... ဒီမှာ မေး မှာလား ၊ တစ်နေရာရာမှာလား ”

“ ဟား ဘယ်နေရာများ ခေါ်ပြီး မေးနေရဦးမှာလဲ ။ အရေးထဲကွာ ၊ နင် အမြှုပ်ထွက်အောင် လျှောက် ဖြန့်နေတဲ့ အတင်းအဖျင်းကိစ္စ လာရှင်းတာ ။ အဲဒါ ဘာသဘောလဲ ။ ရှင်းပြစမ်းပါဦး ”

“ အဟင်း ဟင်း ၊ ဟုတ်လို့ကျော် ပုပ်လို့ပေါ်တဲ့ သဘောပေါ့ ။ တစ်ရပ်ကွက်လုံး သိနေတဲ့ ကိစ္စများ အဆန်းလုပ်လို့ ၊ တိတိကျကျကြီးပါနော် ”

ကျွန်တော့် ရင်ထဲ ဟုန်းခနဲ မီးတောက်သွားတယ် ။

“ ဘာတိကျတာလဲ ၊ နင်ကိုယ်တိုင် ဘာတွေ မြင်ရတွေ့ရလို့ တိကျနေတာလဲ ”

“ သေချာတဲ့ သတင်းရပ်ကွက်ကလေ ။ အောင်ကျော်ရယ် ငါကိုယ်တိုင် ဗင်းနစ်မြို့ကြီးကို မရောက်ဖူး မမြင်ဖူးဘူးပေမယ့် ဒီမြို့ကြီး အကြောင်းတော့ မီဒီယာတွေက တစ်ဆင့် သိနိုင်တာပဲ မဟုတ်လား ။ နင်က ဘာနာစရာ ရှိလို့လဲ ”

“ နာတယ်ကွ ၊ နာတယ် ၊ မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းမို့ နာတယ် ။ ဒါမျိုး ပါးစပ်အရသာခံပြီး မလွှင့်ပါနဲ့ ။ ဒါနောက်ဆုံး သတိပေးခြင်းပဲ ”

“ ဒါကတော့ လူသတင်း လူချင်းဆောင်လာ တတ်တာကိုး ။ ဘူးတစ်ရာ အပေါက် ပိတ်လို့ ရနိုင်ပေမယ့် လူ့ပါးစပ် တစ်ပေါက်ကို ပိတ်ဖို့ကျ မလွယ်ဘူးလေ ”

“ လေရှည်လိုက်တာ ။ ကဲ ဘယ်သူ့ ပါးစပ်ပေါက်လဲ ၊ ငါပိတ်ပြမယ် ”

“ သိပ်မအော်ပါနဲ့ ၊ ဒေါသကုမ္မာရကြီးရဲ့ ။ ငါ့ ပါးစပ်ပေါက်ကို ပိတ်ဆို ပိတ်ထားပါ့မယ် ။ ဒါပေမဲ့ အေမီတူးရဲ့ ပါးစပ်ပေါက်မျိုး နင် ပိတ်နိုင်ပါ့မလား ။ သူက ခြေတိုအောင်တောင် လျှောက်ပြောနေစရာ မလိုဘူး ။ ဖုန်းခွက်ကလေး ကောက်ကိုင်လိုက်ရုံ ”

နီနီကျော်စကား မဆုံးမီ ဝေါခနဲ လှည့်ထွက်လာခဲ့တယ် ။ အေမီတူး ၊ ဖုန်းစောင့် အေမီတူး ။ ဘယ်လို ဆက်စပ် ကျော်လွှားပြီး ဒီကောင်မ ပါးစပ်ထဲ ဒီအတင်းအဖျင်း ရောက်နေပါလိမ့် ။ အင်းလေ သူ့ဖုန်းကောင်တာကလည်း လူစုံရပ်ကွက် တစ်ခုပဲဟာ ။ သဘာဝ ကျပါတယ် ။ အေမီတူးလို မိန်းကလေး တစ်ယောက် ပါးစပ်ထဲ ရောက်မိတဲ့ အတင်းအဖျင်းမျိုးဟာ အခု ကမ္ဘာမှာ ခေတ်စားနေတဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးထက်တောင် ကူးစက်မြန်လောက်တယ် ။ ကျွန်တော် ရောက်သွားတော့ မမက ဖုန်းရုံ ပိတ်ပြီး ထွက်မယ့်ဆဲဆဲဗျ ။

“ နေစမ်းပါဦး ။ ပြောစရာ ရှိလို့ ”

“ အရေးကြီးရင် တခြားမှာ သွားပြောပါ ။ ကျွန်မ သွားစရာရှိသေးလို့ ”

“ တခြား သွားပြောလို့ ဖြစ်မလားကွ ။ သိပ်အရေးကြီးတယ် ။ နေဦး ”

“ ဟော့တော် ဖုန်းတွေတောင် ဖြုတ်သိမ်းပြီးပြီ ”

“ ငါလာတာ ဖုန်းနဲ့ပြောဖို့ မဟုတ်ဘူး ။ မင်းနဲ့ ပြောဖို့လာတာ ။ ဒီမယ် မြေပဲဆားလှော် နီနီကျော်ကို မင်း ဘာအတင်းတွေ ချလိုက်တာလဲ ။ မင်းက ဘာတွေ ဘယ်လောက် သိလို့ သတင်းဖြန့်ချိရေး လုပ်နေတာလဲ ။ အဲဒါ ရှင်းစမ်းကွာ ”

“ ကိုအောင်ကျော် ၊ ဘာတွေ လာပြောနေတာလဲ ”

“ အောင်မာ ခုတော့ အူတူတူနဲ့ ၊ ဒီမယ် ငါနဲ့ အိအိဖြိုးကို ကြိုးနဲ့ အပိုင်ချည်ပြီး လေဟာနယ်ထဲ အထိ လွှင့်တင်လိုက်တဲ့ ကိစ္စ ၊ ကိုင်း ရှင်းစမ်း ”

ကောင်မက မျက်လုံးထောင့်ကပ်ပြီး တခွီးခွီးတောင်မှ ရယ်လိုက်သေးဗျာ ။

“ ကျွန်မတို့ ဘယ်တော့ စားရမှာလဲ ဟင် ”

“ ဟား သောက်စားက လာသေး ။ ငတ်နေရင် လည်း အိမ်ပြန်စား ။ ဒီမယ် အေမီတူး လိုရင်းတိုရှင်း ပြောစမ်းပါ ။ ငါ့စိတ်ကို တော်တော် ထိန်းထားရတယ် နော် ။ မင်း ဒီသတင်းကို ဘာကိစ္စ အရပ်တကာ လိုက် ဖြန့်နေတာလဲ ။ ကာယကံရှင်တွေ ဘယ်လောက် ထိခိုက်နစ်နာသွားမလဲ ဆိုတာရော စဉ်းစားမိရဲ့လား ၊ အတင်းအဖျင်းလေးမှ မပြောရရင် စားမဝင် အိပ်မပျော် ဖြစ်တတ်တဲ့ ရောဂါများ ရှိနေလို့လား ”

“ ဟင် ကိုအောင်ကျော် ကလည်း ဘယ်လိုကြီး မှန်းကို မသိဘူး ။ ကျွန်မ အစက သိထားတာ ကိုအောင်ကျော်နဲ့ ဖြူထွေး လို့ပဲ ။ ခုမှ အိအိဖြိုး နဲ့မှန်း သိရတာလေ ။ ကိုအောင်ကျော် ကံကောင်းပါတယ် ။ ဖြူထွေးက စိတ်ကြီးတယ် ။ သူနဲ့ ကြာကြာပေါင်းဖို့ မလွယ်ဘူး ။ အတိမ်းအစောင်း ခံတတ်တာ မဟုတ်ဘူး ။ အိအိဖြိုးက ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတယ် ။ သိလား ၊ စိတ်ရင်းလည်း ဖြူတယ် ။ ဒါပေမဲ့ ဒေါ်လေးသီ ကျ မလွယ်ဘူးနော် ။ ကြည့်သာ ပေါင်းပေတော့ ။ သိပ်ကုတ်ကုတ်စီးစီး နိုင်တာ ။ ဘယ်သူ့မှလည်း ယုံကြည်တတ်တာ မဟုတ်ဘူး ။ ဟိုတစ်လောလေးကပဲ သူ့တူမအရင်းကြီး အိအိဖြိုး ကိုတောင် ... ”

“ ဟား တော်ပါတော့ မိကျောင်းမရယ် ။ ဒီမယ် ငါပြောတာ သေချာနားထောင် ၊ ငါနဲ့ အိအိဖြိုးက ဘာမှ မဖြစ်ဘူး ။ ငါ့ချစ်သူက ဖြူထွေး ၊ အိအိဖြိုး က ကြားခံအောင်သွယ် ၊ အဲဒါ သေချာမှတ်ထား ”

“ ဟင် တကယ် ”

“ ဘာကိစ္စ ငါက ညာနေရမှာလဲ ”

“ ဒါဆို ဟိုပန်းခြံထောင့်က စိန်ပန်းပင် ”

“ အဲဒါ ဖြူထွေး ဆီက အဆက်အသွယ်ကို စောင့်တဲ့ အပေးအယူ လုပ်တဲ့ စုရပ်နေရာ ၊ ဖြူထွေးနဲ့ တွေ့ဖို့မှ မလွယ်တာ ။ ဒါကြောင့် အိအိဖြိုးက ကူညီနေရတာ ”

“ ဟို ဆေးရုံလမ်းက စားသောက်ဆိုင်ရယ် ၊ ကားကွင်းရယ် ”

“ အိအိဖြိုး အစ်မတစ်ယောက် ဆေးရုံ လာတက်တုန်းကပါ ။ သူ့အစ်မ အတွက် အစားအသောက် ၊ အသုံးအဆောင်လေးတွေ ငါ ကူညီပြီး လိုက်ဝယ်ပေးရတာလေ ။ ဆေးရုံက ဆင်းတော့တောင် ကားကွင်း အထိ လိုက်ပို့ပေးခဲ့ရသေးတာပဲ ။ တစ်ခါတလေ သူတို့ ရွာက မှာတဲ့ ပစ္စည်းတွေ ကားဂိတ်သွားပို့တော့လည်း အိအိဖြိုး တစ်ယောက်တည်းမို့ ငါလိုက်ကူညီရတယ် ။ အပြန်အလှန် ကူညီကြတာပဲ ။ အဲဒါ ဘာပြောစရာများ ရှိနေလဲ ”

“ ဟိုနေရာ သည်နေရာ မြို့ထဲတွေပါ တွေ့နေကြတာ ဆိုတော့ ”

“ အကြောင်းအမျိုးမျိုးနဲ့ တွေ့နိုင်ကြတာပဲ ။ ဒေါ်ခင်သီကြီးကို ကြောက်နေရလို့သာ ၊ မဟုတ်ရင် သူ့အိမ်မှာ သွားတွေ့လိုက်ချင်တာပေါ့ ။ ဒီမယ် ယောက်ျားနဲ့ မိန်းမတွေ သွေးမတော် သားမစပ် ထိတွေ့ ဆက်ဆံနေကြတာ ကမ္ဘာမှာ သန်းပေါင်းများစွာ ရှိနေတာပဲကွ ၊ ဒါနဲ့ပဲ ဘာညာကွိကွ ဖြစ်ကြရရောလား ။ ကဲ အခုတောင် မင်းနဲ့ငါ နှစ်ယောက်တည်း တွေ့နေကြတာပဲ ။ ဒါရော ဘာဖြစ်စရာ ရှိသေးလဲ ။ မင်းကရော ဖြစ်ချင်နေသလား ”

အေမီတူး မျက်နှာ ရဲခနဲပဲဗျ ။

“ အယ် ကိုအောင်ကျော် ကတော့ ပြောတော့မယ် ”

ဆိုပြီး မျက်စောင်း တစ်ချက် ဝဲသွားတယ် ။

“ ကဲ အခု အမှန်အတိုင်း သိပြီမဟုတ်လား ။ မဟုတ်မဟတ်တွေကို လေကုန်ခံပြီး ပြောနေမယ့် အစား အခု အမှန်အကန်သတင်းကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန်လွှင့်ပေတော့ ။ မြို့ပေါ်တင် အားမရဘူး ဆိုရင် အင်တာနက်အထိ တင်လိုက်ပေတော့ ”

အေမီတူး အတော် လန့်သွားပုံပဲ ။ မတုန်မလှုပ် တွေတွေကြီး ရပ်ပြီးစဉ်းစားနေတယ် ။ ကျွန်တော် စိတ်မရှည်ချင်တော့ဘူး ။

“ ငါ ပြောတာတွေရော ကြားရဲ့လား ”

“ ကျွန်မတော့ ဘယ်လို နားလည်ရမှန်း မသိ တော့ဘူး ။ ကျွန်မကို ဒီသတင်း ပြောသွားတာ ဖြူထွေး ကိုယ်တိုင်ပဲ ။ ဖုန်းလာဆက်ရင်း ပြောသွားတာ ”

ဒီတစ်ခါ လန့်သွားရတာ ကျွန်တော်ပါ ။

“ ဘယ်လို ၊ ဖြူထွေး ကိုယ်တိုင်က ပြောတာ ဟုတ်လား ”

“ ဟုတ်တယ် ၊ သူကိုယ်တိုင် ပြောတာ ။ သူနဲ့ အတူ ကိုအောင်ကျော်တို့ ကွန်ပျူတာသင်တန်းက မသင်းသင်း တောင် ပါသေးတယ် ။ မယုံရင် မေးကြည့် ”

ကမ္ဘာကြီးနဲ့ အတူ ကျွန်တော့် ခေါင်းပါ ချာချာလည်သွားတယ်ဗျာ ။ ကျွန်တော်လည်း နားမလည်နိုင်တော့ဘူး ။ သတင်းရဲ့ အရင်းအမြစ်က ကျွန်တော့်ချစ်သူ ဖြူထွေး ဆီမှာလား ။ သူကိုယ်တိုင်က ဘာ အကြောင်းကြောင့် ယုံယုံကြည်ကြည် လျှောက်ပြောနေပါလိမ့် ။ ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဆိုင်ကယ်လီဗာကို တင်းတင်းဆွဲပြီး ထွက်ခဲ့ပေမယ့် ဖြူထွေးဆီ သွားရှင်းဖို့ မလွယ်ပြန်ဘူး ။ အိအိဖြိုး ကို ခေါ်ထုတ်ခိုင်းရအောင် ကလည်း ဒီအချိန် အိမ်ပြန်ရောက်နေလောက်ပြီ ။ အိမ်သွားခေါ်လို့တော့ မဖြစ်ဘူးဗျ ။ ဒေါ်ခင်သီကြီးက အိမ်ရိပ်တောင် အနင်းခံမှာ မဟုတ်ဘူး ။

ကြံရာမရတဲ့အဆုံး အိမ်ပဲ ပြန်ခဲ့ရတယ် ။ မနက်ဖြန်ကျမှ ဆက်ရှင်းလို့ ရတော့မှာ ။ ရင်ထဲမှာ မီးရှို့ထားတဲ့ သစ်တုံးကြီး ရောက်နေသလိုပဲဗျာ ။ အခံရခက် လိုက်ပုံများ ။ ဦးလေး ကတော့ တီဗီရှေ့မှာ ယမကာ ခွက်ကလေး ကိုင်လို့ ။ ကျွန်တော့်ကို ရီဝေဝေမျက်လုံးတွေနဲ့ လှမ်းကြည့်တယ် ။

“ ရှင်းခဲ့ပြီလားကွ ၊ မင်းပြဿနာ ”

“ ရှင်းလေ ရှုပ်လေပါပဲ ဦးလေးရာ ”

သူက ‘ အဟက် ဟက် ’ ဆိုပြီး လှောင်ရယ် ရယ်လိုက်သေးသဗျ ။

“ မင်းရှင်းရင် ပိုရှုပ်တော့မယ် ဆိုတာ ငါ သိပြီး သားပါ ။ လျှပ်ပျာပျာနဲ့ မစဉ်းစား မဆင်ခြင် လျှောက်လုပ်နေပြီးတော့ ”

အခန်းထဲ ဝင်ပြီး တံခါးပိတ်လိုက်ရတယ် ။ ဦးလေးက Limit ကျော်လာရင် မြဝတီက လာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲထက် ပေရှည်တော့မှာ ။ အိပ်ရာထဲ ဝင်ခွေမိပေမယ့် ဒီနေ့ည အိပ်ပျော်ဖို့တော့ မလွယ်ဘူး ။ ကြိုမသိနိုင်တဲ့ လောကသဘာဝကြီးကို လက်သီးနဲ့ ဆွဲထိုးပစ်လို့ ရရင် ဘယ်လောက် ကောင်းလိုက်မလဲဗျာ ။

••••• ••••• ••••• 

မနက်အစောကြီး ကျွန်တော် ထွက်လာခဲ့တယ် ။ ဦးလေးတောင် အိပ်ရာက မနိုးသေးဘူး ။ အိအိဖြိုး အလုပ်ဆင်းချိန် အထိကို မစောင့်နိုင်တော့ ဘူးဗျာ ။ သူ့အိမ်ကို သွားခေါ်မယ် ။ ဒေါ်ခင်သီကြီး မကလို့ ဂေါ်ဇီလာကြီးနဲ့ ရင်ဆိုင်ရတောင် ကျွန်တော် မမှုတော့ဘူး ။ ကံကောင်းချင်တော့ အိမ်ရှေ့ထွက်ပြီး တံမြက်စည်း လှည်းနေတဲ့ အိအိဖြိုးကို အဆင်သင့် တွေ့လိုက်ရတယ် ။

“ အိဖြိုး အရေးကြီးတယ် ။ ငါနဲ့ ခဏလေး လိုက်ခဲ့ဦး ”

“ မဖြစ်ဘူးထင်တယ် အစ်ကိုရယ် ။ ဒေါ်လေး ဆူလိမ့်မယ် ။ အလုပ်ဆင်းချိန်ကျ ထွက်လာမှာပဲဟာ ”

“ အဲဒီအချိန်အထိ မစောင့်နိုင်တော့ဘူး ။ ငါ တစ်ညလုံးလည်း အိပ်လို့ မရဘူး ။ ဖြူထွေးကို ခဏ လေးခေါ်ထုတ်ပေးရုံပါ ။ နင်လည်း ပါမှ ပြဿနာရှင်း လို့ရမှာ ”

အိအိဖြိုး မျက်နှာလေး အတော်ညှိုးကျသွားတယ် ။ သူတို့ တစ်ခုခု ဖြစ်နေကြတာတော့ သေချာတယ် ။ ကျွန်တော်သာ ဘာမှန်းမသိ ဖြစ်နေတာ ။ ဆိုင်ကယ်ပေါ်က ဆင်းပြီး အိအိဖြိုး လက်ကို ဆတ်ခနဲ ဆွဲလိုက်တယ် ။

“ ပြဿနာက တော်တော်ကြီးနေပြီ ။ နောက် ပြဿနာ နောက်ရှင်းပဲ ။ ကဲ တက် ”

ကျွန်တော့်ဒေါသကို သူ သိပ်ကြောက်တာဗျ ။ ဒါကြောင့် ယောင်နနနဲ့ ပါလာတယ် ။ မျက်နှာကလည်း ငိုမဲ့မဲ့ ဖြစ်နေပြီ ။ မတတ်နိုင်တော့ဘူး ။ ဆိုင်ကယ်ကို ဝေါခနဲ ဆောင့်အထွက်မှာ အိမ်ထဲက ဒေါ်ခင်သီကြီး ပြေးထွက်လာတာ ရိပ်ခနဲ မြင်လိုက်ရသဗျ ။ ပါးစပ်ကလည်း သံကုန်ဟစ်လို့ ။ အိအိဖြိုး ခမျာတော့ ဆိုင်ကယ် နောက်ကနေ ‘ အစ်ကို ဇွတ်လုပ်ပုံနဲ့တော့ ဒုက္ခ ပါပဲ ။ သေပြီ သေပြီ ’ နဲ့ ဆီမန်းမန်းရင်း ပါလာလေရဲ့ ။

ဈေးကြီးပတ်လမ်းကနေ ဖြူထွေးတို့ လမ်းဘက် အချိုးမှာပါပဲ ။ ဖြူထွေး နဲ့ ဘွားခနဲ ရင်ဆိုင်တွေ့တာ ။ သင်းသင်းနဲ့ နှစ်ယောက်သား ဈေးဝယ်ထွက်လာပုံပါ ။ ‘ ဖြူထွေး ’ လို့ ခေါ်လိုက်ပေမယ့် လှည့်တောင် မကြည့်ဘူးဗျာ ။ စကားပြော မပြတ် ဖြတ်လျှောက်သွားတာ ။ ကျွန်တော့် တစ်ကိုယ်လုံး မီးလို ပူနေပြီ ။ ဆိုင်ကယ်ပေါ်က အမြန်ဆင်းပြီး သူ့လက်ကို ပြေးဆွဲမိတယ် ။

“ ဘာလုပ်တာလဲ ၊ ပါးကျိုးသွားချင်လို့လား ”

“ အေး ၊ အခုတော့ ငါ ရင်ကျိုးနေပြီ ။ သိလား ။ ငါနဲ့ အိအိဖြိုးကို မဟုတ်မဟတ်သတင်းတွေ နင်ကိုယ်တိုင် လျှောက်လွှင့်နေတယ်ဆို ။ ငါမနေ့ည ကတည်းက လိုက်ရှင်းနေတာ ။ ဘာတွေ ဖြစ်နေကြတာလဲ ဖြူထွေးရာ ”

“ ဟုတ်တယ် ဖြူထွေးရယ် ၊ နင်က ဘာဖြစ်လို့ ”

ကြားဝင်လာတဲ့ အိအိဖြိုး စကားတောင် မဆုံးလိုက်ဘူး ။ မြန်လိုက်တဲ့ လက်ဗျာ ။ ဖြူထွေး စိတ် ဒီလောက် ခက်မာကြမ်းတမ်းလိမ့်မယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ ။ သူ့လက်ဝါးက အိအိဖြိုး ပါးပြင်ပေါ်ကို ကျည်တစ်တောင့်လို ပြေးဝင်သွားတယ် ။ ညည်းနဲ့ ငါ ဘာစကားမှ ပြောစရာ မရှိဘူး ။ အောင်ကျော် ၊ နင်နဲ့ ငါလည်း ဘာမှ ပတ်သက်စရာ မရှိတော့ဘူး ဆိုတာ နင်သေတဲ့အထိ မှတ်သွား ”

“ ဖြူထွေး ၊ နင် ဘယ်လို လုပ်လိုက်တာလဲ ၊ နင် မကျေနပ်တာရှိရင် ငါနဲ့ ရှင်းပါ ။ ငါ့ကို အသေသ,တ် ပါ ။ အိဖြိုးမှာ ဘာအပြစ်ရှိလို့လဲ ။ ပြောစမ်းပါကွာ ။ ဘာတွေ ဖြစ်နေတယ် ဆိုတာလောက်တော့ ငါ သိပါရစေ ”

“ ဪ ဘာမှကို မသိရှာဘူးပေါ့ ။ ဟုတ်လား ။ အိပ်ချင်ယောင် ဆောင်နေမှတော့ ဘယ်နှိုးလို့ ရတော့မှာလဲ ။ ဒီလောက် မျက်နှာပြောင် တိုက်နိုင်ကြတာမျိုး မတွေ့ဖူးဘူးပေါင် ။ နင်တို့ နှစ်ယောက် ကျိတ်ပုန်းခုတ်နေတာ တစ်မြို့လုံး သိတယ် ။ ဒေါ်လေးခင်သီ ကိုယ်တိုင် ပြောတာ ။ အရှက်မရှိရင် အဲဒီမှာ သွားရှင်း ”

လေပြင်းတွေနဲ့ အတူ ဝုန်းဒိုင်းကြဲထွက်သွားပါရော ။ ဒီဇာတ်ရှုပ်က ဒီနေ့ကော အထုပ်ဖြေလို့ ရပါဦးမလားဗျာ ။ ဆုံးပဲ မဆုံးနိုင်ဘူး ။ အိအိဖြိုး ခမျာတော့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ချုံးပွဲချလို့ ။

“ အိဖြိုးရယ် ငါ တောင်းပန်ပါတယ် ။ ပြဿနာက နင့်အဒေါ်ဆီ ရောက်သွားပြန်ပြီ ။ လာသွားရအောင် ”

“ အိဖြိုး မလိုက်ရဲဘူး ။ ဒေါ်လေးက အသေသ,တ်မှာ ”

“ အစ်ကို တာဝန်ယူတယ် ။ ဘာမှ မကြောက်နဲ့ ။ အခုပြဿနာကို အိဖြိုး အဒေါ်ပဲ ဖန်တီးတာ နေမှာ ။ ကဲ လာပါ လမ်းမကြီးပေါ်  ငိုနေတာ လူမြင်မကောင်းဘူး ”

သူ အတော် ကြောက်နေပုံရတယ် ။ အသားတွေတောင် တဆတ်ဆတ် တုန်လို့ ။ ‘ တစ်ပွင့်က တစ်ညှောက် ၊ တစ်ယောက်က တစ်ရာ ’ ဆိုသလို ရှင်းကာမှ ပိုရှုပ်နေတဲ့ကြား ၊ အိအိဖြိုး အဖြစ်က ‘ ပူစမသိမ်း ၊ ဖြေမငြိမ်းသည် သေကိန်းကြုံရပါတော့မည် ’ ဖြစ်နေ ရှာပြီလား မသိဘူး ။

ဆိုင်ကယ်သံ ကြားရင်ပဲ ပြေးထွက်လာတဲ့ ဒေါ်ခင်သီကြီးကို ကြည့်ပြီး ကျွန်တော်တောင် နည်းနည်း ဖျားသွားသဗျ ။ အိမ်ဝင်တံခါးပေါက်မှာ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ခါးကြီး ထောက်လို့ ။

“ မိရွှေဖြိုး ၊ ညည်း လုပ်ပေါက်က အဒေါ် တစ်ယောက်လုံးကိုတောင် လူမထင်ဘူးဆိုတဲ့ အချိုးလား ။ ဒီမယ် ညည်း ဒီလောက်တောင် မွှန်နေရင် ညည်းလင် နောက်သာ အပြီးလိုက်သွား ၊ ငါ့အိမ်ရိပ်ကို တစ်သက်လုံးလာ မနင်းလေနဲ့ ။ သွား အခု ထွက်သွား ”

အိအိဖြိုးက သူ့အဒေါ်ဆီ ပြေးသွားပြီး “ ဒေါ်လေး မိဖြိုး ပြောတာကို နားထောင်ပါဦး ” ဆိုတာ ရှိသေး ။ ‘ ဖြန်း ’ ခနဲ အုပ်ထည့်လိုက်တာဗျာ ။ အိအိဖြိုး ပုံ့ခနဲ ခွေကျသွားတယ် ။ ကျွန်တော့် မျက်လုံးတွေလည်း မီးပွင့်သွားသလိုပဲ ။ တစ်ဆိတ် မလွန်လွန်းဘူးလားဗျာ ။ ဒီပြဿနာနဲ့ ဒီလူတွေ ဒီလောက်တောင်မှ တရားလွန် နိုင်ကြသလား ။ ကျွန်တော် အိအိဖြိုး လဲကျနေတဲ့ နေရာကို ပြေးသွားမိတယ် ။ ကျွန်တော် လိုက်ရှင်းနေမိတဲ့ ပြဿနာတွေ ကြားမှာ သူ သိပ်နစ်နာလွန်းနေပြီ ။ ကျွန်တော့် ရင်တွေလည်း နာကျင်ကိုက်ခဲနေပြီဗျာ ။

“ ခင်ဗျား ရက်စက်လှချေလား ။ ပြဿနာ တစ်ခုကို လူကြီးပီပီ မဖြေရှင်းဘူး ။ ခင်ဗျားမှာ ကြီးမားတာ ဆိုလို့ အသက်အရွယ်ပဲ ရှိတယ် ။ တခြားဘာမှ မရှိတော့ဘူး ဆိုတာ နားလည်လား ”

ဒေါ်ခင်သီကြီး ဆွေ့ဆွေ့ခုန် သွားတယ် ။

“ အံမယ် မင်းကပဲ ပြောရတယ် ရှိသေး ။ ငါ့တူမကိုများ ဟင်းရွက်ကန်စွန်း မှတ်နေသလား ။ မင်းတို့ ဖြစ်ချင်တိုင်း ဖြစ်နေတာကို ငါက အောင်သပြေ ညောင်ရေလောင်း ဖျန်းပေးနေရဦးမှာလား ။ ငါ့တူမ ငါရိုက်တာ ဘာဖြစ်လဲ ။ မင်းက ပိုင်တောင် မပိုင်သေးပါဘူး ။ ဘာလဲ ခုကတည်းက မယားထိလို့ မချိအောင် နာနေတာလား ၊ အံ့သြပါ့ ”

“ ဟား .. ခင်ဗျားကြီး လွန်နေပြီ ။ ကဲ နာတယ်ဗျာ ။ အူနုကို ကျွဲခတ်တာထက် နာတယ် ။ ကဲ ဘာဖြစ် သေးလဲ ”

“ ဘာမှ မဖြစ်ဘူးဟေ့ ။ ငါ့မှာ ညီမက မွေးထားတဲ့ တူမလေးတစ်ယောက် အရင်က ရှိခဲ့ဖူးတယ် ။ အခု မရှိတော့ဘူး ။ ဒါပဲ နောင်လည်း လာမပတ်သက်ကြနဲ့ ။ ဘယ်မျက်နှာမှ မမြင်ချင်ဘူးဟေ့ ။ အခု ထွက်သွားကြ ”

ဝင်းတံခါးရော ၊ အိမ်မကြီးတံခါးပါ ဝုန်းဝုန်းဒိုင်းဒိုင်း ပိတ်ပြီး ဒေါ်ခင်သီကြီး ပျောက်သွားတယ် ။ ဒီမိန်းမကြီး တစ်နေရာ ကနေ ချောင်းကြည့် နေလိမ့်မယ် ဆိုတာ လောင်းရဲတယ်ဗျာ ။ ကိုင်း ကျွန်တော် ဘာဆက်လုပ်ရမလဲ ။ ဘာများရော တတ်နိုင်သေးလဲ ။

ပြဿနာက အဖြေ မပေါ်ဘဲ ဂိတ်ဆုံးနေပြီ ။ ပျော့ခွေနေတဲ့ အိအိဖြိုး ခန္ဓာကိုယ်လေးကို အသာ ပွေ့ထူလိုက်ရတယ် ။

“ အိဖြိုး ထ ၊ အစ်ကိုတို့အိမ် သွားရအောင် ”

“ အိဖြိုးကို ထားခဲ့ပါ အစ်ကိုရယ် ။ အစ်ကို ဒုက္ခ ရောက်နေပါ့မယ် ။ အိဖြိုး အမေတို့ ရှိတဲ့ ရွာကိုပဲ ပြန်ပါတော့မယ် ”

ကျွန်တော် ရင်နင့်သွားတယ် ။ သူ့စကားက ကျွန်တော့် Heart ကို တည့်တည့်ကြီး ထိသွားတာပေါ့ ။ အင်မတန် ရိုးသားဖြူစင်ပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့လှတဲ့ ဒီလို မိန်းကလေးတစ်ယောက်ကို ဒုက္ခ သုက္ခတွေ ကြားထဲမှာ ဘယ်လိုလုပ်ပြီး ဥပေက္ခာပြု ထားခဲ့ရက်နိုင်မလဲဗျာ ။ တကယ်တော့ ကျွန်တော်ဟာ အနီးဆုံးမှာ ရှိတဲ့ လမင်းကြီးကို ကျော်ပြီး အဝေးဆုံးမှာ ရှိတဲ့ ကြယ်တာရာလေးတွေ ဆီ မျှော်ငေးတမ်းတနေမိတဲ့ ငမိုက်သားတစ်ယောက်ပါ ။

••••• ••••• •••••

အိမ်ပြန်ရောက်တော့ ဦးလေး တောင် မနက်စာ စားပြီးနေပြီ ။ ကျွန်တော့် နောက်က မျက်ရည်စက်လက်နဲ့ ကုပ်ကုပ်ကလေး ပါလာတဲ့ အိအိဖြိုး ကို မြင်တော့ သူ ထခုန်တော့မယ့် အတိုင်းပဲ ။

“ ဦးလေး ဆိုင်မဖွင့်ဘူးလား ”

“ ဒီနေ့ မင်းရဲ့ ပြဿနာရှင်းပွဲကြီး အထိမ်းအမှတ်နဲ့ ဆိုင်ပိတ်ထားတယ် ။ ဆေးရုံနဲ့ ရဲစခန်း တစ်နေရာရာ လိုက်သင့်ရင်လည်း လိုက်ရအောင် အသင့် ပြင်ထားရတာပေါ့ ။ မင်း တစ်ခုခု ဖြစ်ရင် မင်းအမေက ငါ့ကို ဆော်မှာ ။ ဘယ့်နှယ် အားလုံး ရှင်းခဲ့ပြီပေါ့ ”

“ ရှင်းပြီပဲ ထားလိုက်ပါတော့ ။ ဟော ဒါ ဦးလေး ပြောတဲ့ ဒေါ်ခင်သီကြီးရဲ့တူမ အိအိဖြိုး ။ တစ်ခါတည်း အပြီး ခေါ်လာခဲ့တာ ။ လာ အိဖြိုး ထိုင် နားလိုက်ဦး ။ အမောပြေတော့ ရေချိုးပြီး ထမင်းစားကြမယ်နော် ”

“ အင်း တစ်ယောက် ပါလာလို့ တော်သေးတာပေါ့ ။ မင်း ရှင်းတဲ့ ပြဿနာကလည်းကွာ တစ်ရပ်ကွက်လုံးကို ပွက်ပွက်ညံနေတာပဲ ။ တကယ် ဟုတ်နေရဲ့သားနဲ့များ လူအပင်ပန်းခံ ၊ ဆိုင်ကယ်ဆီ ကုန်ခံပြီး လိုက်ရှင်းရတယ်လို့ ။ ကလေးမလေး ဣန္ဒြေပျက်အောင် ”

“ မပြောပါနဲ့တော့ ဦးလေးရာ ၊ ကောလာဟလတွေ အတင်းအဖျင်းတွေ ဆိုတာ တော်တော်တော့ ထူးဆန်းတာ အမှန်ပဲ ”

ဟုတ်တယ်လေ ။ ပြဿနာ အစကနေ ပြန်တွက်ကြည့်ရင် နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးဘူးဗျာ ။ ဒီလောက် တိုတောင်းလှတဲ့ အချိန်ပိုင်းကလေး အတွင်းမှာ ဖြူထွေး နဲ့ ကျွန်တော် အဆက်ပြတ်သွားပြီ ။ အကျိုးတော်ဆောင် ကျေးဇူးရှင်မလေးအိအိဖြိုးကို အိမ်ပေါ် ခေါ်တင်ခဲ့ရပြီ ။ ဘာပဲဖြစ်ဖြစ် အိအိဖြိုး ကိုပဲ ကျွန်တော် ဆက်ချစ်နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပဲ မဟုတ်ပါလား ။

▢  ဖူးသစ်မော်
📖 ရွှေအမြုတေ
     ၂၀၁၁ ၊ ဧပြီ

Saturday, February 14, 2026

ဒိုက်ပျက်မှ ထွက်ခွာခြင်း

 

❝ ဒိုက်ပျက်မှ ထွက်ခွာခြင်း ❞
              ( ညိုမိုး )

ကိုဉာဏ်မြင့် အလယ်တန်းကျောင်းထဲမှ ရထားလမ်းပေါ် တက်လိုက်ချိန်တွင် ကျောင်းဆင်းသံချောင်း ခေါက်လိုက်သံကို ကြားလိုက်ရသည် ။ ညနေသုံးနာရီကျော်ကျော်ရှိပေပြီ ။

ရထားလမ်းအတိုင်း ဘူတာရုံဘက်ကို ဆက်လျှောက်ခဲ့သည် ။ ကျနေသည် မျက်နှာချင်းဆိုင်တည့်တည့်မို့ လွယ်အိတ်ဖြင့် နေရောင်ကို အကွယ်ပြုလိုက်သည် ။ ရှေ့ဆီတွင် ဘူတာရုံအဆောက်အဦ သေးသေးကလေးကို လှမ်းမြင်နေရသည် ။ စက်ခေါင်း ရေထည့်သော ပိုက်ကောက်ကြီးနှင့် ရေစင်မှာ မည်းနက်ဟောင်းနွမ်းနေသော်လည်း ဘူတာရုံတစ်ရုံ၏ အင်္ဂါရပ်ကိုတော့ ဖြည့်ဆည်းနိုင်တုန်းပင် ။

ကိုဉာဏ်မြင့် ဤဒိုက်ပျက်ရွာသို့ ရောက်ရှိလာခြင်းမှာ တက္ကသိုလ် တက်စဉ်က ရင်းနှီးခဲ့သော သူငယ်ချင်းတစ်ဦးကို လာရောက်တွေ့ ဆုံခြင်း ဖြစ်သည် ။ သူငယ်ချင်းက ဟင်္သာတ အနီး ပုသိ မ်သွား ရထားလမ်းဘေးမှ ရွာတစ်ရွာတွင် တွဲဖက်ကျောင်းဆရာ လုပ်နေကြောင်းသာ သိရသည် ။ ရွာ ကို အတိအကျ မသိ ။ ဟင်္သာတ မှ ကျောင်းနေဖက်တစ်ဦး၏ ခန့်မှန်းသတင်းပေးချက်အရသာ ရောက်လာခြင်းဖြစ်သည် ။

သူငယ်ချင်းကို တွေ့လျှင်မူ သူ့လိုပင် တွဲဖက်ကျောင်းဆရာ တစ်နေရာ ရှိက ဝင်လုပ်လိုကြောင်း တိုင်ပင်ဆွေးနွေးရန်ဖြစ်သည် ။ ယခုမူ သူ မရှိ ။ ထိုကျောင်းမှာ အလယ်တန်းကျောင်း ဖြစ်သွားသဖြင့် အစိုးရခန့် ဆရာများ သာ ရှိပြီး သူငယ်ချင်းမှာ ငပုတောမြို့နယ် ပင်လယ်ပိုင်းသို့ ပြောင်းသွား ကြောင်း သိရသည် ။

တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့လိုသော သူငယ်ချင်းမဟုတ်သော နာမည်တူ ဆရာဦးသန်းဝင်းကို တွေ့ခဲ့ရသည် ။ သူက ရည်မွန်ပျူငှာစွာ ဆီးကြိုဧည့်ခံခဲ့သည် ။ သူငယ်ချင်း ဦးသန်းဝင်း ကို သူက သိသည် ။ လိပ်စာ အတိအကျ သိလိုလျှင် သူငယ်ချင်း၏ ဇာတိဖြစ်သော နတ်မှော်ရွာ သို့ လိုက်သွားသင့်ကြောင်း အကြံပေးသည် ။ တွဲဖက်ဆရာ ကိစ္စမှာမူ သည်အနီးအနားမှာ တွဲဖက်ကျောင်းများ မရှိကြောင်းကိုပါ သိခဲ့ရသည် ။

သူက ညနေစာ ထမင်းစား ဖိတ်သော်လည်း အားနာသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဘူတာရုံဘက်သို့ ပြန်ခဲ့ခြင်းဖြစ်သည် ။

အလာတုန်းကတော့ ဘူတာရုံ အနားတွင် စားသောက်ဆိုင်တစ်ဆိုင် ရှိမှန်း သတိထားမိခဲ့သည် ။ ညနေစာအတွက် ထိုဆိုင်ကို အားထားနိုင်ပေမည် ။ ဟင်္သာတ သို့ အပြန်ရထားမှာ အတက်နောက်ကျသဖြင့် ညဆယ်နာရီခွဲခန့်မှ ရောက်နိုင်ကြောင်း ရထားပေါ်တွင် စုံစမ်းမေးမြန်းရင်း သိခဲ့ရသည် ။ အသိအကျွမ်း မရှိသဖြင့် ဘူတာရုံတွင်ပင် တည်းခိုစောင့်ဆိုင်းရပေမည် ။

ဘူတာရုံမှာ အတန်ငယ် ဟောင်းနွမ်းနေပြီ ။ အုတ်နံရံတွင် အပွန်းအပဲ့များနှင့် ကွဲနေသော မှန်ပြတင်းများဖြစ်သည် ။ ခရီးသည်များ နားနေရန်မှာ ဘူတာရုံပိုင်၏ ရုံးခန်းဘေးတွင် သစ်သားလက်ရန်းများ ကာထားသည် ။ ကြမ်းပြင်မှာ အင်္ဂတေခင်းဖြစ်သည် ။ ပေါက်ပြဲမှု အနည်းငယ် ရှိသော်လည်း ကျန်မျက်နှာပြင်မှာ ပြောင်ချောနေသည် ။ ထိုအခင်းပေါ်တွင်ပင် ရွာသားများ ဖြစ်ဟန်တူသော လူငါးဦးခန့် ခြင်းဝိုင်းဖွဲ့နေကြသည် ။

ရထားလမ်းမှာ လယ်ကွက်တို့ အလယ် တာရိုးသဖွယ် ဖြစ်နေသည် ။ လယ်တစ်ကွက် အကျော် ဘူတာရုံ၏ တောင်ဘက်အရပ်တွင် အိမ်ခြေများစွာ ရှိသည် ။ အုန်းလက်ထိပ်ဖျား အခက်များ အကြားမှ ခေါင်းတိုင်မည်းမည်း တစ်ခုကို တွေ့နေရသည် ။ မီးခိုးငွေ့တလူလူဖြင့် ။ ရွာအစွန်တွင် ဆန်စက်ရှိဟန် တူပါသည် ။

ဘူတာရုံ၏ အရှေ့ဘက်ဆီမှ စားသောက်ဆိုင်ကလေးသည် လက်ဖက်ရည်ဆိုင်ပင်ဖြစ်သည် ။ ချိုမြင့်လက်ဖက်ရည်ဆိုင် ဟု ဆိုင်းဘုတ်တပ်ထားသည် ။ ဆိုင်ရှေ့တွင် ငှက်ပျောခိုင်များ ချိတ်ဆွဲထားပြီး အတွင်းတွင် စားပွဲသုံးလုံးခန့် ခင်းထားသည် ။ လက်ဖက်ရည် သောက်သူ တစ်ဦးမျှတော့ မတွေ့ပေ ။ ဆိုင်နှင့် ပတ်သက်ဟန်တူသော အပျိုအရွယ်မိန်းကလေးနှစ်ဦးသာ တွေ့ရသည် ။ ဆိုင်ရှေ့တွင် ရပ်လျက် ရှိကြသည် ။ တစ်ယောက်က တစ်ဆယ့်ခြောက်နှစ်ခန့် ၊ တစ်ယောက်က တစ်ဆယ့်ရှစ်နှစ်ခန့် ။ ရုပ်ချင်း ဆင်သဖြင့် ညီအစ်မ ဖြစ်နိုင်သည် ။ နှစ်ယောက်စလုံး ဖြူဖြူသွယ်သွယ်လေးတွေပင် ။

အတန်ကြာအောင် ဘူတာရှေ့တွင် ဟိုငေးသည်ငေး ရပ်နေပြီးမှ အုတ်ခုံတွင် ထိုင်ချလိုက်သည် ။

ဘူတာရုံရှေ့ဘက် မြင်ကွင်းသည် လွတ်လပ်ကျယ်ပြန့်လွန်းလှသည် ။ လယ်ကွင်းပြင်ရှိ မှည့်စပြုနေသော စပါးခင်းတို့မှ ရွှေရောင်အဆင်းသည် ညနေခင်းအလင်းဖြင့် ဘူတာရုံ အနီးအနားတစ်ဝိုက်ထိအောင် ဘောင်ခတ်လာသည် ။

လက်ဖက်ရည်ဆိုင်နောက် ရထားလမ်းအောက်တွင် ရေတွင်းတစ်လုံး ရှိသည် ။ မိန်းမကြီးများနှင့် ကလေးအချို့ ရေချိုးနေကြသည် ။ ကလေးအချို့မှာ ရေတွင်းနံဘေးရှိ ကန်စွန်းခင်းထဲတွင် အဝတ်မပါဘဲ ဆော့ကစားနေ ကြသည် ။ လွတ်လပ်ပျော်ရွှင်မှု၏ အရသာကို အပြည့်အဝ ခံစားနေကြ သည် ။ ကလေးအချို့မှာ ပုရစ်လိုက်တူးနေကြဟန်တူသည် ။ တုတ်ကလေး များ ၊ ရေထည့်ထားသော အုန်းမှုတ်ခွက်ကလေးများ ကိုယ်စီနှင့် ။

ကိုဉာဏ်မြင့် လည်း ပါလာသော အဝတ်အိတ်ငယ်ကို ဆွဲလျက် ရေတွင်းဆီသို့ ဆင်းလာခဲ့သည် ။ ဆိုင်ထဲမှ ကောင်မလေးများက လူစိမ်းအဖြစ် စူးစမ်းသောမျက်လုံးများဖြင့် ကြည့်နေကြသည် ။

“ အရပ်ကြီးကလည်း ရှည်လိုက်တာ ”

ကိုဉာဏ်မြင့် လှည့်ကြည့်မိလိုက်သည် ။ အကြီးမလေးက အငယ်မ၏ လက်မောင်းကို ဆွဲဆိတ်လိုက်သည် ။ ပြီးတော့ ဆိုင်အတွင်း ပြေးဝင်သွား ကြသည် ။ တိုးတိုးညင်သာ ရယ်မောသံအချို့ လွင့်ပျံလာသည် ။

ရေတွင်းနားတွင်ပင် အဝတ်လဲလိုက်သည် ။ ယာယီခရီးမို့ အဝတ်အစား သိပ်များများ မပါလှ ။ ရေတွင်းတွင် လူရှင်းသွားပေပြီ ။ ရေဆွဲနေသော လူကြီးတစ်ယောက်နှင့် ကလေးအချို့သာ ကျန်ရစ်သည် ။ ရေတွင်းပေါင်ကို သစ်သားတန်းဖြင့် ကာရံထားသည် ။ အသုံးပြုနေကြသော ရေပုံးကလေးများမှာ ကြိမ်ဖြင့် ရက်ထားသည် ။ ရေမယိုအောင် သရိုးလည်း ကိုင်ထားသည် ။ အဝကျယ်ပြီး အဖျားပိုင်းတွင် ရှူးသွားသည် ။ သံပုံးကိုသာ တွေ့ဖူးသော ကိုဉာဏ်မြင့် အတွက် အထူးအဆန်းပင် ။

ကလေးများထံမှ ရေပုံးငှား၍ ချိုးလိုက်သည် ။ ဆပ်ပြာတော့ မရှိ ။ ကလေးတို့ကတော့ သဘာဝအတိုင်း ပွင့်လင်းစွာ အကဲခတ်နေကြသည် ။

“ အဲသည် ဦးကြီးက ပိန်ပိန်ရှည်ရှည်နဲ့ ဘယ်ကမှန်းလဲ မသိဘူး ”

ကလေးများကို ရေပုံးပြန်အပ်ပြီး ရေတွင်းမှာပင် အဝတ်အစားလဲလိုက်သည် ။ ရထားလမ်းပေါ် ပြန်တက်လာစဉ်တွင်မူ ဖုန် ၊ သဲပေပြီး ကြေနေသော အဝတ်အစားများ မဟုတ်တော့ ။

ရေ၏ အအေးနှင့် သန့်စင်မှုကြောင့် စိတ်သည် ပြန်လည်လန်းဆန်းလာသည် ။ သည်တော့မှ ထမင်းဆာကြောင်း သတိထားမိသည် ။ အဆာပြေ တစ်ခုခု စားရန် လက်ဖက်ရည်ဆိုင်ရှေ့ ရပ်လိုက်သည် ။ တံခါးတစ်ခြမ်းတော့ ပိတ်နေပေပြီ ။ ဆိုင်တွင်းမှ အငယ်မလေး ရှိနေသည် ။ ပြုံးစိစိနှင့် ။

“ လက်ဖက်ရည် ရဦးမလား ညီမ ”

“ မရတော့ဘူး ”

“ စားစရာ မုန့်တစ်ခုခုကော ”

“ ကုန်နေတယ် ”

ကိုဉာဏ်မြင့် ဒုက္ခရောက်သွားသည် ။ တကယ်ပင် ဆိုင်အတွင်းမှာ ဘာမျှမရှိ ။ အကြံအိုက်စွာပင် ဆိုင်အတွင်း လှည့်ပတ်ကြည့်ရင်းက နံရံတွင် ငှက်ပျောခိုင်တစ်ခိုင် သွားတွေ့သည် ။ ကိုဉာဏ်မြင့်က လက်ညှိုးညွှန်လျက်

“ အဲဒါတော့ စားလို့ရတယ်မဟုတ်လား ”

“ ဟိဟိ ”

လက်ဖက်ရည်ဖျော်ခုံ နောက်ကွယ်မှ ရယ်သံကြားလိုက်ရသည် ။

အကြီးမလေးပင် ။

“ ဘယ်လို ဝယ်ရမလဲဟင် ။ တစ်ခိုင်လုံးတော့ မကုန်ဘူး ”

“ ရပါတယ် ၊ ကြိုက်သလောက်ပဲယူပါ ”

“ တစ်ဖီး ဘယ်လောက်လဲ ”

“ ပြားကိုးဆယ် ”

“ ဟင် ”

ကိုဉာဏ်မြင့်က နောက်နေသည်ဟု ထင်သဖြင့် သေချာအောင် ထပ်မေးလိုက်သည် ။ တကယ့် ဈေးမှန်ပင် ။ ခမောက်စုဘက်မှ ခြံများတွင် ပြားလေးဆယ်နှင့် ရနိုင်ကြောင်း အငယ်မလေးက ပြောပြသည် ။ ရန်ကုန်တွင် အပေါဆုံး တစ်ကျပ်ကို သုံးလုံးဟု ပြောပြလိုက်တော့ ညီမနှစ်ယောက်စလုံး အံ့အားသင့်သွားကြသည် ။

ငှက်ပျောသီး တစ်ဖီးဆွဲ၍ ဆိုင်ထဲမှ ထွက်လာချိန်တွင် နေလုံးသည် မျက်စိတစ်ဆုံးရှိ မည်းမည်းအရိပ်တန်းပေါ်တွင် မေးတင်နေပေပြီ ။ ပုသိမ် ဘက်မှ ရထားလမ်းအတိုင်း စပါးရိတ်အဖွဲ့များ အုပ်စုလိုက် ပြန်လာကြသည် ။ တံစဉ် ၊ ပေါက်ပြား ၊ တူရွင်းနှင့် ထမင်းတောင်းများပါ ထမ်းပိုးလာကြသည် ။ လူကြီးလူငယ် ၊ ယောက်ျားမိန်းမ အစုံပါသည် ။ ကာလသား ၊ ကာလသမီးများအဖို့ အလုပ်လုပ်ရင်း အပျော်ကလေးများ ရှိနေကြမည် ။ ပင်ပန်းနေသော မျက်နှာပြင်တွင် ကြည်နူးခြင်း မျက်ဝန်းများ တွဲရွဲခိုလျက် ရှိတုန်း ။ လယ်တောလိုက် ခွေးတစ်သင်းလည်း တစ်ကောင်နှင့် တစ်ကောင် ကိုက်ရင်း ၊ ပြေးရင်း ၊ ဟောင်ရင်းနှင့် ညနေခင်းဘွဲ့ကို ဖွဲ့နေကြသည် ။

ဘူတာရုံ ရုံးခန်းတံခါးမှာ ပိတ်ထားဆဲဖြစ်သည် ။ ခြင်းခတ်နေသော ရွာသားများလည်း မရှိကြတော့ ။ စပါးစက်ဘက်ဆီမှ လုံချည်ခေါင်းပေါင်း များဖြင့် တောင်းလွတ်များဆွဲလျက် မိန်းမကြီးအချို့ ပြန်လာကြသည် ။ ကိုယ် မှ စပါးခွံ ၊ စပါးမှုန်များကို ခါသူက ခါလျက် ။

ရုံးခန်းရှေ့ အုတ်ခုံလေးတွင် ထိုင်ရင်းက ငှက်ပျောသီးကို တစ်လုံးချင်း ဖြုတ်စားလိုက်သည် ။ သောက်ရေအိုးတော့ မတွေ့ ။ ချိုမြင့်ဆိုင်လည်း တံခါးများ ပိတ်သွားပြီ ။ မီးရောင်လဲ့လဲ့သည် ဆိုင်အကာ ဝါးထရံကြားမှ အလင်းစများ ဟိုတစ်စ သည်တစ်စ ဖြာဝေနေသည် ။

ငှက်ပျောသီးမှာ အတော်ချိုသည် ။ သုံးလုံးထက် ပိုစားလို့ မဝင်ပါ ။ သည်လိုဖြင့် ညနေစာကို ပြီးလိုက်ရသည် ။ အိမ်ကိုတော့ သတိရလိုက်မိသည် ။ သိပ်ဖွယ်ဖွယ်ရာရာ မဟုတ်တောင် အမေက အဆင်ပြေပြေနှင့် ထမင်း တစ်ဝိုင်းဖြစ်အောင် ပြင်ဆင်ပေးသည် ။ ထွက်လာပြီးမှ မထူးတော့ချေ ။ အနေ ၊ အစား ဆင်းရဲခြင်းဒဏ်ကို ခံယူရန် အသင့်ပင်ဖြစ်ရပါတော့မည် ။ တက္ကသိုလ်မှ ဘွဲ့မရမီ ကာလတစ်လျှောက်လုံး မိဘ၏ ပံ့ပိုးမှုများကို အားနာတတ်လာသည် ။ အမေနှင့် အဖေသည် မောင်နှမတွေထဲတွင် တစ်ဦးတည်းသောသား ကိုဉာဏ်မြင့် ကို အချစ်ပိုသည် ၊ ဂရုစိုက်လွန်းသည် ။ ထိုကြောင့်ပင် တင်းကျပ်သည်ဟု ထင်မိသည် ။ မိဘ၏ စေတနာ ၊ မေတ္တာကို နားလည်သော်လည်း ယောက်ျားလေးပီပီ အတောင်စုံချိန်တွင် လောကအ လယ်၌ လွတ်လပ်စွာ ပျံသန်းချင်မိသည် ။ ဘဝရပ်တည်ရေးကို ကိုယ်တိုင် ကြိုးစားကြည့်ချင်သည် ။

အမေနှင့် အဖေက အိုးမကွာ အိမ်မကွာ နေစေလိုသည် ။ သည်အရွယ် ရောက်သည့်တိုင် ကြက်မကြီးက ကြက်ကလေးများ အုပ်ထိန်းထားသလို ရင်အုပ်မကွာ ထိန်းထားလိုသည် ။ ကိုဉာဏ်မြင့် ကတော့ စွန့်စားကြည့်ချင် သည် ။ မအောင်မြင်လျှင် အိမ်မှာ ပြန်နားရုံပင် ။ အမေက ခွင့်မပြု ။ သည်တော့ ဆိုးချင်ပေချင်သောကြောင့် မဟုတ်ဘဲ ခေတ္တအိမ်ပြေး အဖြစ်ကို မဝံ့မရဲ ခံယူလိုက်သည် ။

အဝတ်အစား နှစ်စုံလောက်ကို သားရေအိတ်စုတ်ကလေးထဲ ထည့်၍ အိမ်မှ ဟန်မပျက် ထွက်ခဲ့သည် ။ သွားလေရာ ပါလေ့ရှိသည့် လွယ်အိတ်တစ်လုံးနှင့် ရေးမှတ်စရာ စာအုပ် ၊ ဖောင်တိန်တို့ကိုတော့ မေ့မထားခဲ့ပေ ။ နေ့ လယ်ပိုင်းတွင် မြို့ထဲရှိ သူငယ်ချင်းများထံ လည်ပတ်ခဲ့သေးသည် ။ မကြောင်စမ်းပါနှင့်ဟု တားသူက တားသည် ။ ရဲဝံ့စွာ ရုန်းဖြတ်ကြည့်ဖို့ အားပေးသူက အားပေးသည် ။ အဖေနှင့် အမေ့ ဆီကိုတော့ စိတ်မပူရန် ခရီးလမ်းစဉ်ကို စာရေးထားခဲ့သည် ။ သည်လိုနှင့် ကြည့်မြင်တိုင်ဘူတာတွင် ညအိပ်ပြီး နံနက်စောစော ရထားစီးကာ ဟင်္သာတ သို့ ရောက်ခဲ့သည် ။

နှင်းတို့သည် တစ်စတစ်စ ဝေလာသည် ။ ဒီဇင်ဘာလ ဖြစ်သည် ။ မပြည့်တပြည့် ဖြစ်နေသော လဝန်းကလေး မြင့်တက်လာသည်နှင့်အမျှ အအေးတို့ ပိုကဲလာသည် ။ နှင်းမှုန်ကြားမှ ဘူတာရုံမြင်ကွင်းကို ကြည့်ပြီး ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကားများတွင် ပါဝင်လေ့ရှိသော ဘူတာရုံများကို အမှတ်ရမိသည် ။

မြူနှင်းတို့ ကြားကပင် ကလေးတစ်ယောက် ဘူတာရုံဘက် လမ်းလျှောက်လာသည် ။ စွပ်ကျယ်လက်စကအစုတ်ကလေး ဝတ်ထားပြီး အထုပ် တစ်ထုပ်ကို နောက်ကျောတွင် ပိုးလာသည် ။ ဘောင်းဘီတိုကလေးဝတ်ထား၍ အသက်တစ်ဆယ့်နှစ်နှစ်ခန့် ရှိမည်ထင်ပါသည် ။

ရာသီက ပို၍ ချမ်းအေးလာစေသည် ။ ပါလာသော ပင်နီတိုက်ပုံအနွမ်းကို ထုတ်ဝတ်လိုက်ရသည် ။ ရင်စေ့ကြယ်သီးအစုံ တပ်ပြီး ရုံးခန်းနံရံသို့ မှီလိုက်သည် ။ အုတ်တိုက်သည် ညဘက်တွင် အပူငွေ့ပျံတတ်သည် ။ ကျော ပြင်တွင် နွေးထွေးသွားသည် ။ လက်ကို တင်းတင်းပိုက်ရင်းက ဘူတာရုံ အပြင်ဘက်ကို ငေးကြည့်မိသည် ။

ထိုအခါကျမှ သည်ဝန်းကျင်တွင် မိမိ တစ်ဦးတည်း မဟုတ်ကြောင်း သတိထားမိသည် ။ ရေစင်၏ အုတ်ဖိနပ်ခုံတွင် ကလေးမလေး တစ်ယောက် ထိုင်နေသည် ။ အသက်က တစ်ဆယ့်နှစ်နှစ်ခန့် ။ သူမမှာ တဘက်နွမ်း ကလေး ခြုံထားသည် ။ ညနေက ခြင်းဝိုင်းဖြစ်ခဲ့သော ခရီးသည်များ နားခိုရန် နေရာတွင်လည်း လူကြီးတစ်ယောက် ရှိနေသည် ။ သူသည် ဆေးလိပ်ကို မီးညှိလိုက်သည် ။ မီးခြစ်အလင်းရောင်ဖြင့် သူ့အနားရှိ ခြင်းတောင်းကြီး နှစ်လုံးကိုပါ တွေ့လိုက်ရသည် ။ ခြင်းထဲမှာ ဒန်အိုး ၊ ရေခွက်နှင့် ရေနွေးကရား အချို့ပါသည် ။ စပါးပေး ဖြစ်ဖြစ် ၊ ငွေလက်ငင်းနှင့် ဖြစ်ဖြစ် ရောင်းဟန် တူပါသည် ။

ထိုလူကြီး ဆေးလိပ်သောက်မှ ကိုဉာဏ်မြင့် လည်း ဆေးလိပ်သောက်ချင်သလိုဖြစ်လာသည် ။ ဆေးလိပ်ဝယ်ရန် လက်ဖက်ရည်ဆိုင်လည်း ပိတ်သွားပြီ ။ ဆေးလိပ်၏ အပူငွေ့သည် အအေးဒဏ်ကို အနည်းငယ်တော့ ခုခံနိုင်မည် ထင်ပါသည် ။ စောစောက လမ်းလျှောက်လာသော ကလေးမှာ ကိုဉာဏ်မြင့် အနားတွင်ပင် ရပ်ပြီး ကျောမှ အထုပ်ကို ချထားလိုက်သည် ။ ထို့နောက် အထုပ်ပေါ်တွင်ပင် ထိုင်လိုက်ပါသည် ။ ပလတ်စတစ်ကောက်သည့် ကောင်လေးဖြစ်သည် ။ သူက တုတ်တံအဖျားရှိ သံချောင်းဖြင့် မြေပြင်မှာ ရေးခြစ်နေသည် ။

ကိုဉာဏ်မြင့်လည်း ပျင်းလာသဖြင့် ထိုကလေးကိုပင် စကားပြောဖော် လုပ်မိသည် ။ ကလေးမှာ ဟင်္သာတ တွင် နေပြီး ငါးတန်း အထိ ပညာသင်ဖူးကြောင်း သိလိုက်ရသည် ။

“ အဖေက ဘူတာရုံမှာ ကုန်ထမ်းတယ် ။ တစ်နေ့ကို သုံးကျပ်လောက်ရတယ် ။ တစ်ခါတလေ ခုနစ်ကျပ်လောက်ရတယ် ။ အမေကတော့ အလုပ် မလုပ်ပါဘူး ။ အိမ်မှာပဲ နေတယ် ။ ကျွန်တော့် ညီတွေ ညီမတွေ ကျောင်းနေကြတာနဲ့ ကျွန်တော်လည်း ကျောင်းက ထွက်လိုက်ရတယ် ”

သည်ကလေးလိုပင် ကလေးတစ်စုသည် ဟင်္သာတ ၊ ပုသိမ် ဘူတာစဉ် တစ်လျှောက် ပလတ်စတစ် ကောက်ကြပါသည် ။ တစ်ဘူတာကို တစ်ယောက်ကျ နေခဲ့ကြသည် ။ နားလည်မှုနှင့်ပင် ကလေးချင်း အသိဖွဲ့ ညှိယူကြသည် ။ လု၍ မကောက်ကြ ။ ကလေးတွေ၏ အသိဉာဏ်ကို ကိုဉာဏ်မြင့် အသိအမှတ် ပြုလိုက်သည် ။

“ ဦးလေးရ ၊ နိဗ္ဗာန် မှာဆို တကယ်ရတယ် ။ အများကြီးပဲ ။ သူက ရွာကြီးတယ် မို့လား ။ မနက်ပိုင်းတင် နှစ်ပိဿာလောက် ရတယ် ”

“ ပြန်သွင်းတော့ကောကွာ ”

“ ပြန်သွင်းတော့လား ၊ ဟင်္သာတဘူတာရုံနားမှာပဲ ပြန်သွင်းရတယ် ။ ပြန်သွင်းတော့ တစ်ပိဿာကို ခုနစ်ကျပ်ခွဲ ရတယ် ။ ညနေပိုင်း သိပ်ကောက်ချိန် မရပါဘူး ။ သည်လို ဒိုက်ပျက်ရွာမျိုးမှာ ငါးဆယ်သား ရအောင် အတော်ကို ကောက်ယူရတယ် ”

သူ့ဝင်ငွေမှာ သူ့အဖေ ဝင်ငွေထက် များကြောင်းကိုပါ သိလိုက်ရသည် ။

“ မင်းက ဟင်္သာတမြို့ထဲမှာတော့ မကောက်ဘူးလားကွ ”

ကလေးမှာ ခဏမျှတွေဝေသွားပြီးမှ

“ ဖြစ်မယ် မထင်ဘူး ဦးလေးရဲ့ ။ ပြီးတော့ ကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ချင်တွေ့နေမှာ ။ ဒါပေမဲ့ နောက်ကိုတော့ မပြောတတ်ဘူးလေ ”

ကိုဉာဏ်မြင့် ရင်ထဲ တစ်မျိုးပင် ခံစားလိုက်ရသည် ။ သနားသော်လည်း လက်တွေ့ မကူညီနိုင်ခဲ့ပေ ။ ကောင်လေး၏ အမည်မှာ မောင်မောင်ဦး ဖြစ်သည် ။ အမည်လှလှ ၊ ရုပ်သန့်သန့်နှင့် ဉာဏ်ရည်မြင့်စ အချိန်တွင် စာ သင်ခန်းကို ကျောခိုင်းခဲ့ရသည် ။ သည်ကဲ့သို့ ဘဝကို ရင်ဆိုင်ဖြတ်သန်းရဲသော စိတ်ဓာတ်ကို အားကျမိသည် ။ မိသားစုအတွက် စွန့်လွှတ်ခဲ့ရသော ပညာရေးကိုမူ နှမြောမိသည် ။ သို့သော်လည်း သူ ကိုယ်တိုင်ပင် မည်သို့မျှ မစွမ်းနိုင်သေးပေ ။

ကိုဉာဏ်မြင့်တို့ စကားဝိုင်းကို ရေစင်အောက်မှ ကလေးမလေးက စိတ်ဝင်စားဟန်နှင့် သည်ဘက်လှည့် နားထောင်နေသည် ။

ပတ်ဝန်းကျင်တွင် ပုရစ်တို့ အသံသာ စိုးမိုးနေသည် ။ ငယ်စဉ်က သည်အသံကို မှိတ်တုတ်မှိတ်တုတ် လုပ်နေကြသည့် ကြယ်ကလေးတို့၏ အသံဟု မှတ်ထင်ခဲ့သည် ။ သည်အသံကိုပင် ည၏ တေးသွားသဖွယ် နား ထောင်ရင်း အိပ်စက်ခဲ့ရသည် ။ ကြားနေရသော အသံတွေ ဟိုမှသည် ၊ သည်မှဟို ရွှေ့ပြောင်းပျောက်ကွယ်သွားလျှင်လည်း ခြင်ထောင်အမိုးကိုကြည့်၍ ရွေ့လျားနေသော ကြယ်ကလေးတို့ကို မှန်းဆရင်း အိပ်ပျော်ခဲ့ဖူးသည် ။

လမင်းသည် အရိပ်အမည်းတို့မှ လွတ်မြောက်လာသည် ။ ဝိုင်းစက်လု နီးပါးရှိလာသည် ။ ဘူတာရုံတစ်ဝိုက် ထိန်ထိန်သာနေသည် ။ နှင်းထုတို့ ပို၍ သိပ်သည်းလာသည် ။ ကလေးမလေးလည်း ချမ်းအေးလာသည် ထင် သည် ။ ဘူတာ၏ အမိုးဘက်သို့ ပြောင်းရွှေ့လာသည် ။

ကိုဉာဏ်မြင့်က အနားတွင် ထိုင်စေလိုက်သည် ။ ကလေးနှစ်ယောက် အလယ်တွင် ကိုဉာဏ်မြင့် ရှိနေသည် ။ အဖော် ဆိုသော အသိကြောင့် ပို၍ နွေးထွေးလာသလို ခံစားမိသည် ။ စကားဝိုင်းထဲသို့ ကလေးမလေးပါ ဝင် ရောက်လာသည် ။ ကလေးနှစ်ဦးကို ကျန်သော ငှက်ပျောသီးများ ဝေငှရင်း က သူပါ တစ်လုံး စားလိုက်သည် ။

ကလေးမလေးမှာ သူ့အမေကို လာကြိုခြင်းဖြစ်သည် ။ သူမ၏ အမေမှာ ပုသိမ်မှ ဈေးပေါသော ငါးကို ဝယ်ပြီး ရွာအနီးအနားတွင် ပြန်ရောင်းသည် ။ ဒိုက်ပျက် နှင့် မဝေးသော တရုတ်လှရွာတွင် နေကြသည် ။ သူမမှာ တတိယတန်းကျောင်းသူ ဖြစ်ပြီး ဒိုက်ပျက်အလယ်တန်းကျောင်းတွင် နေသည် ။

“ ညည်းတို့ ရွာမှာ ထန်းလျက် မချက်ဘူးလား ”

လယ်ကွင်းတစ်စပ်တွင် မြင်နေရသော ထန်းပင်တန်းကို ညွှန်ပြပြီး မေးလိုက်သည် ။

“ ဟင့်အင်း မချက်ဘူး ။ သောက်တာနဲ့ ကုန်တာပဲ ။ ခုလို စပါးရိတ်ချိန်ဆို လောက်တောင် မလောက်ဘူး ဦးလေးရဲ့ ။ စပါးရိတ်တဲ့ လူတွေကို တိုက်ရတယ် ။ ကြိုပြီးတော့တောင် မှာထားရတယ် ဦးရဲ့ ”

ထိုစဉ် ဘူတာရုံ နောက်မှ အသံများ ကြားရသည် ။ ရှေ့မှ လူတစ်ယောက် ဦးဆောင်ပြီး လူလေးငါးယောက် လမ်းလျှောက်လာသည် ။ နောက်မှ ပါလာသော လူစုထဲမှ တစ်ယောက်က ရုံးခန်းသော့ကို ဖွင့်၍ အတွင်းသို့ ဝင်သွားသည် ။ ဘူတာရုံနှင့် ပတ်သက်သူများဖြစ်မည် ။ ရွေ့လျားနေသော လက်နှိပ်ဓာတ်မီးရောင်သည် အခန်းပြင်ထိ ထိုးထွက်လာတတ်သည် ။ ခေတ္တကြာလျှင် မှန်အိမ်ငယ်၏ အလင်းကို မြင်လိုက်ရသည် ။ အပြင်ရှိ လူစုသည် အတွင်းသို့ ဝင်သွားကြသည် ။ သူတို့၏ စကားသံများအရ ရှေ့မှ ဦးဆောင်လာသော လူကြီးမှာ ရုံပိုင်ကြီး ဖြစ်ပါသည် ။

ရပ်ရေးရွာရေးနှင့် ဓမ္မရေးတွေပါ စကားကို ဦးတည်သလို ဆွေးနွေးနေကြသည် ။ ကိုဉာဏ်မြင့် လည်း ရုံပိုင်ကြီးကို ရထားရောက်ချိန် ဝင်မေးရင်း လက်မှတ်ကိုပါ ဝယ်လိုက်ပါသည် ။ ရုံးခန်းထဲတွင် နွေးသဖြင့် အခန်းထောင့်က ခုံတန်းရှည်တွင် ထိုင်လိုက်သည် ။ ကလေးများကို အထဲဝင်ခဲ့ရန် ခေါ်သော်လည်း မဝင်ကြ ။ မဝင်ရဲကြလို့ ဖြစ်မည် ။ ရုံပိုင်ကြီးမှာ ပထမ လူစုနှင့် ဆက်လက် စကားပြောနေသည် ။ ဝန်ထမ်းတစ်ဦးက ရေကြည်သို့ ကြေးနန်း အဆက်အသွယ် လုပ်နေသည် ။ ရထားရောက်ချိန်ကို စုံစမ်းနေခြင်းဖြစ်သည် ။

အအေးဓာတ်သည် ဖွင့်ထားသော တံခါးမှတစ်ဆင့် အတွင်းသို့တိုင် တိုးဝင်လာသည် ။ ခရီးပန်းခြင်း ၊ ညဉ့်နက်ခြင်းကြောင့် ကိုဉာဏ်မြင့်လည်း ငိုက်စပြုလာသည် ။ ကလေးနှစ်ယောက်ကို အတွင်းသို့ ဇွတ်အတင်းခေါ်ကာ ထိုင်ခိုင်းရသည် ။ အပြင်ဘက်တွင် နှင်းထုဖြင့် ဖွေးလက်နေသည် ။

မောင်မောင်ဦး လည်း ခုံတန်းရှည်ပေါ်တွင် ကွေးကွေးလေး အိပ်ပျော်သွားသည် ။ သူ့မိဘများမှာ ရထားနောက်ကျသဖြင့် ထမင်းဆာနေသော ၊ ဆောင်းအအေးကြောင့် ချမ်းတုန်နေသော သားကို မျှော်နေကြမည်ဖြစ်သည် ။ ကိုဉာဏ်မြင့် လည်း သူ့ကို အဖေနှင့် အမေတို့ စိတ်ပူနေမှာပဲဟု တွေးမိသည် ။ နွေးထွေးသော အိပ်ရာနှင့် မေတ္တာတို့ကို သတိရနေသည် ။

ကလေးမလေးမှာလည်း အပြန်နောက်ကျသော သူ့အမေကို မျှော်နေသည် ။ တဘက်နွမ်းကလေးကို တင်းတင်းဆွဲခြုံရင်း ပြတင်းပေါက်မှ တစ်ဆင့် ရထားလမ်းကို ငေးလိုက် ၊ ခုံတန်းရှည်ပေါ် ပြန်ထိုင်လိုက်ဖြစ်နေသည် ။

ရုံပိုင်ကြီးတို့ စကားဝိုင်းမှ လူများတွင် ခရီးသည်များ ပါဝင်သည် ။ ကုန်သည်များ ဖြစ်ကြပြီး ရွာထဲမှ မိတ်ဆွေများ အိမ်တွင် ရေချိုး ၊ ထမင်းစား ကြကြောင်း ပြောနေကြသည် ။ ဒန်ခွက်သည် အဘိုးကြီးကိုလည်း စကားဝိုင်းထဲတွင် တွေ့လိုက်ရသည် ။ သူက လေးမိုင်ခန့် ဝေးသော ခမောက်စု တွင် နေကြောင်း ၊ မိုးချုပ်ပြီး လူပြတ်သဖြင့် ရထားကိုပင် စောင့်ရကြောင်း ရှင်းပြသံ ကြားလိုက်ရသည် ။

ကိုဉာဏ်မြင့် လည်း ခွေးခြေခုံပေါ်တွင် ထိုင်ရင်းက အခန်းနံရံတစ်လျှောက် လှည့်ပတ်ကြည့်နေမိသည် ။ ရုံးခန်းတွင်း ဝင်ဝင်ချင်း ထိပ်တည့် တည့်တွင် တိုင်ကပ်နာရီဝိုင်းဝိုင်းကြီး တစ်လုံးရှိသည် ။ စက်သံကိုမူ မကြားရပေ ။ ရုံပိုင်၏ စားပွဲပေါ်တွင် ကြေးနန်းနှင့် တယ်လီဖုန်းခလုတ်ခုံများဖြင့် ပြည့်နေသည် ။ ဝန်ထမ်းတစ်ဦးက မကြာခဏ အခြားဘူတာများသို့ အဆက်အသွယ်လုပ်နေသည် ။

ရုံပိုင်ကြီးမှာ ရွာတွင် အတော်သြဇာညောင်းဟန်တူသည် ။ ရပ်ရွာ အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်ဟန်တူသည် ။ အားလုံးက လေးလေးစားစား ဆက်ဆံကြသည် ။

“ စေတနာနဲ့ တာဝန် ဆိုတာ တော်တော်လေးကို သဟဇာတဖြစ်အောင် လုပ်ရတယ်ဗျာ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မီးရထားဝန်ထမ်းဆိုတာ ခရီးသွားတွေ ၊ ကုန်သည်တွေနဲ့ အမြဲဆက်ဆံနေရတယ်မို့လား ။ ကျွန်တော်တို့က တာဝန်အရ တိတိကျကျ လုပ်ကြမယ် ဆိုရင်လည်း တစ်ဖက်မှာ သိပ် နစ်နာသွားမယ် ။ အဲ စေတနာလွန်သွားပြန်ရင်လည်း ကျွန်တော်တို့မှာက တာဝန်ပိုင်းနဲ့ အရေးယူခံရမယ် ”

စကားဝိုင်းမှာ စကားဆက်နေရင်းက လူစိမ်း ဖြစ်သော ကိုဉာဏ်မြင့် ဘက်သို့ တစ်ချက်တစ်ချက် လှည့်၍ အကဲခတ်လျက်ရှိကြသည် ။ နောက်ထပ် ခရီးသည်များ ဝင်ရောက်လာကြပြီး တိုးတိုးပြောလိုက် ၊ ဝင်လိုက်ထွက်လိုက် ရှိနေကြသည် ။

အပြင်တွင် နွားလှည်းသံများ ကြားနေရသည် ။ လှည်းပေါ်မှ ပစ္စည်းများ ချနေကြသည် ။ ဟင်္သာတသို့ သယ်မည့် ကုန်များဖြစ်မည် ။ ဆက်သွယ် ရေးခလုတ်များဖြင့် အလုပ်များနေသော ဝန်ထမ်းဆီမှ ရထား လာပြီဖြစ်ကြောင်း အသံထွက်လာသည် ။ ရုံပိုင်ကြီးမှာ လက်နှိပ်ဓာတ်မီးဆွဲလျက် အပြင်သို့ ထွက်သွားသည် ။ အပြင်ရှိ လူများကို လက်ပြနှုတ်ဆက်ရင်း အချက်ပြအလံတိုင်ဆီသို့ လျှောက်သွားသည် ။

ကိုဉာဏ်မြင့် လည်း ရထားလမ်းဘက် မျှော်မိသည် ။ ကလေးမလေးက ရထားလမ်း အဆုံးဘက်ဆီမှ မီးရောင်ကို လက်ညှိုးထိုးပြပြီး

“ အဲဒါ ရထားပဲ ဦးလေး ”

ကလေးမလေးလည်း ပျော်နေပုံရသည် ။ မောင်မောင်ဦး ကို နှိုးလိုက်ရသည် ။ အိပ်ရေးဝပုံ မပေါ်ပေမင့် ဖျတ်လတ်စွာပင် အခန်းပြင်ရှိ သူ့အထုပ် ကို သွားယူလိုက်သည် ။ ကိုဉာဏ်မြင့်၏ အိတ်ကိုလည်း ကူသယ်ရန်ပြင်သည် ။

“ ဟာ ရတယ်သား ၊ ရတယ် ။ ဦးဘာသာ ဦး သယ်ပါ့မယ် ”

ပြောပြောဆိုဆို ကိုဉာဏ်မြင့် က လွယ်အိတ်ကို လွယ် ၊ အဝတ်အိတ်ကို ဆွဲပြီး ထွက်လာခဲ့သည် ။ လက်တစ်ဖက်က မောင်မောင်ဦး၏ ပခုံးကို ဖက်လျက် ။

အပြင်ရောက်သည်နှင့် နှင်းတို့သည် ရေမှုန်ကလေးများအဖြစ် ကြိုဆိုကြသည် ။ ရထားမှ မီးရောင်ကို မြင်ရသော်လည်း ခရီးကွာသဖြင့် ရောက်မလာနိုင်သေးပါ ။

“ ရှေ့တွဲက ချောင်တယ် ဦးလေး ”

“ အမေလည်း ရှေ့တွဲကပဲ စီးတယ် ”

ကလေးငယ်တို့ ဦးဆောင်ရာ လိုက်သွားသည် ။ ချိုမြင့်လက်ဖက်ရည်ဆိုင်မှာ တံခါးတစ် ချပ်ပွင့်နေသည် ။ ကောင်မလေး နှစ်ယောက်နှင့် ကလေးငယ် ချီထားသော မိန်းမကြီးတစ်ဦးကိုပါ တွေ့ရသည် ။

ကိုဉာဏ်မြင့်လည်း ပြုံးပြရင်းက လက်ပြနှုတ်ဆက်လိုက်သည် ။

“ ပြန်တော့မလား ”

အငယ်မလေးက ပြန်လည်နှုတ်ဆက်သည် ။

“ အေးကွ ၊ ပြန်တော့မယ် ”

ဘူတာရုံဝန်းကျင်တွင် ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်နေကြသည် ။ နွားလှည်းဖြင့် တင်လာသော ကုန်တွေမှာ ဆန်များဖြစ်သည် ။ ဒန်အိုးရောင်းသည့် လူကြီးမှာလည်း ကိုဉာဏ်မြင့်တို့ ဘက်သို့ လျှောက်လာသည် ။ ရထားလမ်းနှင့် ဘီးကြိတ်သံသည် အဝေးကပင် ကြိုရောက်လာပြီး ရထားလမ်းတစ်လျှောက် ဆက်လက် ပြေးထွက်သွားသည် ။

မကြာမီပင် ရထား၏ စက်ခေါင်းမှ မီးမောင်းကြီးသည် ကိုဉာဏ်မြင့် တို့ အုပ်စုဆီသို့ ဖြာ၍ ဖြတ်ဆင်းလာသည် ။

▢  ညိုမိုး
📖 ချယ်ရီမဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၈၉

[ ညိုမိုး ကလောင်နာမည်ဖြင့် ဖော်ပြခဲ့သော * ညိုဝင်းမောင် ၏ ဝတ္ထုဖြစ်သည် ။ ]

ငွေတစ်သောင်းကျော်

 

❝ ငွေတစ်သောင်းကျော် ❞
           ( ပီမိုးနင်း )

မောင်သစ်သည် ခန့်ညားသော ယောက်ျားကြီး၏ စားပွဲရှေ့၌ လျှောက်လွှာစက္ကူကိုင်ကာ ရပ်၍နေ၏ ။

ယောက်ျားကြီးသည်ကား ခေါင်းငုံ့လျက် စာတစ်စောင်ကို ရေး၍နေလေ၏ ။ သို့ရေးရာမှ တစ်ချက် မော်ကြည့်ပြီး “ ဪ ... ” ဟုပြောကာ နောက်တစ်ဖန် ခေါင်းငုံ့ကာ စာထဲသို့ ၎င်း၏ စိတ်သည် ငုပ်ဝင်၍ သွားပြန်လေ၏ ။ မောင်သစ်သည်ကား သားနားသော အခန်း၏ အခြေအနေကို ကြည့်လျက်နေလေ၏ ။

မကြာမီ ယောက်ျားကြီးသည် စာကို မင်နှိပ်နှိပ်၍ နံဘေးရှိ ခြင်းထဲသို့ထည့်ပြီး မောင်သစ်၏ မျက်နှာကို ကြည့်လေ၏ ။ မောင်သစ်သည် လျှောက်လွှာကို လှမ်း၍ ပေးလေ၏ ။ ထို့နောက် လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ မတ်မတ်ရပ်လျက် နေလေ၏ ။

သူဌေး ဦးမြတ်သင်းသည် လျှောက်လွှာနှင့် လက်မှတ်များကို ကြည့်ပြီး မိနစ်အနည်းငယ် ကြာသောအခါ စက္ကူများကို စားပွဲပေါ်သို့ ပြန်၍ချပြီး “ အသက် ဘယ်လောက်ရှိတယ် ” ဟု ပြောကာ တစ်ဖန် လျှောက်လွှာကို ကြည့်သလို လုပ်လေ၏ ။

“ အခုလာမယ့် ဇန်နဝါရီလ ၁ဝ ရက်မှာ အသက် နှစ်ဆယ်ထဲ ဝင်ပါတယ် ”

“ အင်း ... စာမေးပွဲက ” ဟု ပြောပြီး တစ်ဖန် လျှောက်လွှာကို ကြည့်သလို လုပ်လေ၏ ။

“ ၁၉၂၈ ခုနှစ်မှာ မော်လမြိုင် အစိုးရအထက်တန်းကျောင်းက ဆယ်တန်း အောင်ခဲ့ပြီး သုံးဆယ်ပြည့်နှစ်မှာ ကော်မာရှယ်ကျောင်း စာရင်းကိုင်အလုပ်နဲ့ စာပေးစာယူ အတတ်ကို အောင်မြင်ခဲ့ပါတယ် ”

“ မောင် တော်တော် အလုပ်ဘက်မှာ စိတ်ပါပုံရှိ တယ်ထင်ပါရဲ့ ။ နောက် ဘယ်တိုက် လုပ်ခဲ့တာက ” ဟု ပြောပြီး လက်မှတ်များကို ကြည့်လေ၏ ။

“ အများကြီး စိတ်ပါပါတယ် ။ အရှည်သဖြင့် ကြီးပွားမယ့် နေရာတစ်ခုခုကို ရရင် ကျွန်တော် အစွမ်းရှိသလောက် ပြဖို့ရန် အမြဲကြံနေပါတယ် ။ မြန်မာ လက်မှုပညာ ကုမ္ပဏီမှာ နိုင်ငံခြား တင်ပို့တဲ့ အလုပ်ကို တစ်နှစ် လုပ်ခဲ့ပါတယ် ။ တစ်တိုက်လုံး ကျွန်တော် ကြည့်ပြီး စီမံရပါတယ် ”

“ မောင် တာဝန်ကြီးကြီးကို ခံဝံ့မှာပေါ့ ”

“ ကျွန်တော် နိုင်တဲ့တာဝန် မှန်ရင် ခံနိုင်ပါတယ် ” 

“ အခု ဒီမှာ ဒုတိယမန်နေဂျာ လိုတယ် ။ သို့သော်လည်း ဒီနေရာက ငွေကြေး အတော်များများ ကိုင်ရတဲ့ နေရာမို့ အာမခံ တစ်ထောင် ထားတယ် ။ လူအာမခံ မဟုတ်ဘူး ။ ငွေအာမခံပဲ ။ သို့သော်လည်း အခုအခါ ငွေကြေး ရှားပါးသည့် အတွက် ငွေအာမခံတင်မယ့် လူတော့ သုံးဦး ရှိတာပဲ ။ အလုပ်ကို ကောင်းကောင်း နိုင်ပုံ မပေါ်ဘူး ။ အလုပ်ကို နိုင်ပုံရသူများတော့လည်း အာမခံ ငွေတစ်ထောင်ကို မတင်နိုင်ကြဘူး ။ မောင်ရင်တော့ ဒါရိုက်တာများ သဘောကျမှာပါပဲ ။ သို့သော်လည်း ငွေ တစ်ထောင် တင်နိုင်မယ်ဆိုရင် သာပြီး နေရာကျဖို့ပဲ ။ မကြာပါဘူး ။ နှစ်လ သုံးလလောက် ကြာလို့ သဘောကျရင် ငွေကို ပြန်ပေးမှာပဲ ။ လီမိတက်မှာ တစ်ဦးတည်းပိုင် မဟုတ်လို့ ဒီစည်းကမ်းကို ထားရတာပဲ ။ ဒီတနင်္ဂနွေ တစ်ပတ်အတွင်းမှာ ကြိုးစားပါဦး ။ ရနိုင်ရင် သာပြီး ကောင်းတာပဲ ။ ဒီအတွင်းမှာ ဦးကလည်း မောင့်အတွက် အာမခံလွတ်ဖို့ ဒါရိုက်တာကို ပြောပါဦးမယ် ”

ဦးမြင့်က “ မောင့်အကြောင်းကို အများကြီး ပြောနေပါတယ် ။ ဟုတ်လား ။ စဉ်းစားပါရစေဦးနော် ။ နောက် တနင်္လာနေ့ကို ဆက်ဆက်လာခဲ့ ။ ငွေရှာလို့ ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေဦး တစ်နည်းနည်းနဲ့ ကြည့်ပြီး စီမံရတာပေါ့ ။ ကောင်းပြီ ” ဟု ပြော၍ ခေါင်းညိတ်လိုက်လေ၏ ။

မောင်သစ်လည်း ကြိုးစားပါမည်ဟု စိတ်ပျက်သော အမူအရာနှင့်ပြောပြီး ပြန်လာခဲ့လေ၏ ။ နောက် တနင်္လာနေ့၌ မောင်သစ်သည် အားငယ်စွာနှင့် ဝင်ရောက်၍ သွားလေ၏ ။

“ ဘယ့်နှယ်လဲ အာမခံငွေ ရမလား ”

“ ဦး ပြောလို့ လာတာပဲ ။ အာမခံငွေတော့ မရဘူး ဦးရဲ့ ။ တစ်နည်းနည်းနဲ့ ဦး ကြံနိုင်ရင်လည်း အလုပ်ကို ရမှာပဲ မျှော်လင့်ပြီး လာခဲ့ပါတယ် ”

သူဌေးသည် စဉ်းစား၍ နေလေ၏ ။ အတန်ကြာ သောအခါ “ ကိုင်း ... စမ်းလုပ်သေးတာပေါ့လေ ။ ဦး တာဝန်ခံရင်တော့ ဖြစ်လိမ့်မလား မသိဘူး ။ သို့သော်လည်း စည်းကမ်းတစ်ခုကို မဖျက်ချင်ဘူး ။ မတော်တဆ တစ်ခုခု ဖြစ်ရင် ဦး တာဝန်ဖြစ်မှာမို့ ပြောတာပါ ။ ဦး ကြည့်ပါရစေဦးလေ ” ဟု ပြောပြီး “ ကိုင်း ... ကြည့်ရအောင် ” ဟု ပြော၍ မောင်သစ်နှင့်အတူ အပြင်သို့ ထွက်ခဲ့လေရာ မန်နေဂျာနှင့် တွေ့လေ၏ ။

မန်နေဂျာနှင့် သူဌေးသည် နေရာခမ်းနားကို ပြင်ဆင်ရန် တိုင်ပင်ကြလေ၏ ။ မောင်သစ်မှာကား အလုပ်ကို တကယ်ရမှ ရပါ့မလား ။ ငါ့ကို စမ်းသပ်ပြီး ဒါရိုက်တာ အစည်းအဝေးက ဖယ်၍များ ချမလား ။ မြဲမြဲမှ လုပ်ရပါ့မလား စသည်ဖြင့် တွေးတောကာ ရင်ထဲ၌ လေးလံ၍ နေလေ၏ ။ မိမိအတွက် စပါယ်ရှယ် တာဝန်ခံပါကလည်း သူဌေးကို များစွာ အားနာဖွယ် ဖြစ်မည်ကို တွေးလေ၏ ။ အဘယ်ပုံ မိမိကို စမ်းသပ်မည်နည်း ။ နေရာမကျလျှင် မိမိမှာ များစွာ ခက်ခဲ၍ နေလေ၏ ။ ဤရက်အနည်းငယ် အတွင်း အလုပ်မရလျှင် မိခင် နှင့်တကွ မောင်နှမသားအမိ တစ်စုလုံးမှာ များစွာ ကျပ်တည်းခက်ခဲဖို့ ရှိလေရာ အိမ်ကလည်း ကြွေးရှင်က သိမ်းဖို့ရန် အတန်တန် ခြိမ်းခြောက်၍ နေလေ၏ ။ ထို့အပြင် မအေတွက် စိတ်မချမ်းသာဖွယ်ရာ များစွာ ရှိနေသည်ကား မိထွေး နှင့် နေရခြင်းဖြစ်၍ တစ်လ နှစ်လအတွင်းမှာမှ “ ကိုကို မခေါ်ရင် ကျွန်မ လူ့ဘဝမှာ နေရတော့မှာ မဟုတ်ဘူး ။ ဒီမိထွေးနဲ့တော့ မဖြစ်တော့ပါဘူး ” ဟု မျက်ရည်ကလေး လည်လည်နှင့် ပြောသော စကားများကို နား၌ ကြားလျက် မျက်လုံးထဲမှ ငိုမဲ့မဲ့ မျက်နှာကလေးမှာ မထွက်ဘဲနေလေ၏ ။

အတန်ကြာသောအခါ တစ်ခုသော အခန်းထဲ၌ မိမိ အတွက် နေရာခမ်းနား ပြင်ဆင်ပြီး၍ “ ကိုင်း .. ဒါ မောင့် နေရာပဲ ။ မောင့်အစွမ်းကို အလုပ်နဲ့သာ ပြပေရော့ ။ အာမခံငွေ မရသော်လည်း ဦး နေရာကျအောင် ကြိုးစားပေးမယ် ။ ရလိမ့်မယ်လို့ မျှော်လင့်တာပဲ ။ မောင့် လက်စွမ်းလက်စကို သိကြရရင် ဦး ပြောအားရှိတာပေါ့ ။ ဒိဋ္ဌ ရမယ်လို့တော့ မမျှော်လင့်နဲ့ဦး ။ ရဖို့လမ်းတော့ ရှိတာပဲ ။ သူတို့ သဘောကျသူရော ၊ အာမခံရော စောင့်ရမယ် ဆိုရင် မရသေးမီ အတောအတွင်းကို ကုမ္ပဏီမှာ ငွေ တစ်ထောင်မက ငါးထောင် တစ်သောင်း အကျိုးယုတ်မှာ ။ ဒါတွေကို ရှေးကျတဲ့ ဒါရိုက်တာတွေ သိတာ မဟုတ်ဘူး ။ သူတို့က ငွေကို အင်မတန်ကြည့်တာ ။ ဘာမဆို စိတ်ချရမှ လုပ်ချင်တယ် ။ အကျိုးစီးပွား ဘယ်လောက် ယုတ်မယ်ဆိုတာ မတွေးကြဘူး ” ဟု ပြောပြီး မောင်သစ်ကို အခန်းထဲသို့ ခေါ်သွား၍ နေရာချထားပြီးလျှင် မိမိ အခန်းသို့ ပြန်၍ သွားလေ၏ ။

မောင်သစ်သည် စားပွဲအံဆွဲများကို ဖွင့်၍ ကြည့်ရှု သုတ်သင်ရှင်းလင်း၏ ။ သို့ ရှင်းလင်းခိုက်တွင် အံဆွဲ တစ်ခု၌ ဖုန်တွေ လွှမ်းအုပ်လျက် စာအိတ်ဟောင်းကြီး တစ်ခုကို တွေ့လေ၏ ။ ထိုစာအိတ်ကြီးကို ယူ၍ ဖုန်များကို ခါပြီး ဖွင့်၍ ကြည့်ရာ မောင်သစ်၏ မျက်လုံးများမှာ ဝင်းဝင်းတောက်၍ လာလေ၏ ။ ထို့နောက် ပြုံးလျက် တွေးတောကာ တစ်ကိုယ်တည်း ဦးခေါင်းကို ညိတ်ပြီး ရှုတ်ချသော အမူအရာနှင့် ဒေါသအမျက် ရောစပ်ကာ စိုက်လျက်ကြည့်နေလေ၏ ။ အကြောင်းမူကား တွေ့ရှိရ သော အရာများမှာ သစ်လွင်သော ငွေစက္ကူများ ဖြစ်၍နေ လေ၏ ။

“ ငါ့ကို စမ်းတာပဲ ။ ငါ့လိုလူကို ဒီနည်းမျိုးနဲ့ စမ်းလို့ ဘာရမလဲ ။ ဒီသူဌေးကို မျက်နှာစေ့စေ့ ကြည့်ပြောပြီးမှ ဖိနပ်က ဖုန်ကို တံခါးဝမှစင်အောင် သုတ်ခါပြီးသွားမယ် ။ ဒီလို အသုံးမကျတဲ့ ဉာဏ်တွေကို သုံးတဲ့ တိုက်မျိုးဟာ ငါလို အဖိုးတန်တဲ့ လူရိုးလူကောင်း အလုပ်လုပ်အပ်တဲ့ နေရာ မဟုတ်ဘူး ” ဟု တွေးပြီး ငွေစက္ကူများကို ရေတွက်၍ ကြည့်ရာ ၊ ဆယ်တန် ၊ ရာတန် ၊ စုစုပေါင်း ငွေ တစ်သောင်း သုံးရာတိတိ ဖြစ်သည်ကို တွေ့ရလေ၏ ။

ထိုငွေများသည် မိမိပိုင်လျှင် ယခု တွေ့ကြုံနေသော အခက်အခဲ ဟူသမျှ ရှင်းလင်းဖို့ရှိသည်ကို တွေးမိလေ၏ ။ တံခါးဘက်သို့ ကြည့်ရာ မည်သူ့ကိုမျှ မမြင်ရချေ ။ ထိုအခါ နေ့လယ်စာ စားရန် ထွက်သောအချိန် ဖြစ်လေ၏ ။ စာအိတ်ကို စာရင်းစာအုပ်အောက်၌ ထားပြီး အပြင်ကို ထွက်၍ ကြည့်လေရာ တိုက်ထဲ၌ မည်သူ့ကိုမျှ မတွေ့ရပေ ။ သို့ဖြစ်လေရာ အခန်းထဲကို ပြန်၍ ဝင်ပြီး စဉ်းစား၍နေလေ၏ ။

“ ငါ့ကို သင်းတို့က ထောင်တာပဲ ။ ငါက တကယ် ယူပြီး လျှို့ဝှက်လိုက်ရင် ဒီငွေတစ်သောင်းကျော်ဆုံးမှာပဲ ။ နောင် ငါယူမှန်းကို သိစေကာမူ သင်းတို့ ငါ့ကို ဘယ့်နှယ်လုပ်မလဲ ။ တရားစွဲရင် ဘယ်သူ သက်သေ ရှိမလဲ ။ မဧလည်း သူ့ မိထွေး လက်က လွတ်ပြီး အေးမှာပဲ ” ဟု တွေးပြီးကာ မိမိ အင်္ကျီအိတ်တွင်းသို့ အပိုင်ထည့် လိုက်ချင်သော စိတ်သည် ပြင်းထန်စွာ ပေါ်၍ လာလေ၏ ။

ဤငွေများသည် မိမိ၏ အိတ်ထဲ၌ ပါ၍ လာပြီး တစ်လမ်းကျော်လျှင် မိမိ ပိုင်ဖို့ရှိ၏ ။ အဘယ်ဆိုင်ကို မဆို ဝင်ပြီး ဝယ်ချင်ရာဝယ် ၊ စားချင်ရာစား ၊ သုံးချင်ရာကို သုံးနိုင်သော ဣစ္ဆသယ တန်ခိုးကြီးလှသော လက်နက်ဖြစ်လေ၏ ။ ထိုအကြောင်းများကို ဆင်ခြင်ကာ စိတ်ကို မနိုင်နိုင်အောင် ရှိနေ၏ ။

ထိုငွေများကို ယူရကောင်းမလား ။ ယူအသွားမှာ လမ်း၌ မိ၍ နေမလား ။ လမ်းမှာ မမိလျှင် ငါပိုင်တာပဲ ။ သင်းတို့ ငါ့ကို တစ်စုံတစ်ရာ တတ်နိုင်မှာ မဟုတ်ဘူး ။ သို့သော်လည်း ဤမျှသော ငွေများနဲ့ ငါ့ကို ထောင်သည်မှာ ငွေကို အဆုံးခံဖို့ ထောင်ခြင်းမဟုတ် ၊ ငါ့ကို ဤနေရာမှ ဝေးစွာ မသွားရသေးမီ တစ်ယောက်ယောက် ငါ့ကို ပုလိပ်နှင့် လိုက်ဖမ်းမှာပဲ ။ ငါ အခုချက်ချင်း ပြန်ပေးမှ တော်မည် ။ သို့သော်လည်း ဤမျှလောက် ငွေနှင့် ထောင်သော သူဌေးသည် အတော်မိုက်သောသူဌေး ဖြစ်မှာပဲ ။ ထောင်မှန်းကို ဘယ်သူမဆို သိမည်ကို သင်း မတွေးတောမိတာ အံ့သြစရာကောင်းတာပဲ ။ ဒီလောက်ညံ့တဲ့ သူဌေးမျိုးတိုက်မှာ အလုပ်လုပ်ခြင်းထက် ဒီငွေများကို ယူပြီး လွတ်အောင်ပြေးခြင်းက ပိုမို အကျိုးရှိမှာပဲဟု တွေး တောကာ နပြားပင် ပမာ စိတ်မှာ ယိမ်းယိုင်၍ နေလေ၏ ။

အတန်ငယ် စဉ်းစားပြီးသောအခါ စာအိတ်ပေါ်တွင် စာများကို ရေးလေ၏ ။ စာတစ်ရွက်မှာလည်း စာကို ရေး၍ ငွေစက္ကူများ အထဲတွင် စာရွက်ကို ညှပ်၍ထည့်ပြီး မိမိ၏ အင်္ကျီ အတွင်းအိတ်ထဲသို့ ထည့်လေ၏ ။ ထိုစာများမှာ မိမိကို ဤလိုနည်းမျိုးနှင့် စမ်း၍ မရဟူသော အကြောင်းကို ဖော်ပြကာ သူဌေးကို အပြစ်တင်ကဲ့ရဲ့သောစာ ဖြစ်လေ၏ ။ စာအိတ်၌ ရေးသော လိပ်မှာ အင်ရှူးယား လုပ်၍ သူဌေးထံသို့ ပို့ရန် လိပ်ဖြစ်လေ၏ ။

ညနေ ၅ နာရီထိုး၍ အလုပ်ဆင်းသောအခါ တစ်စုံတစ်ယောက် လိုက်လေမလား ။ လိုက်လျှင် သူဌေးထံ ပို့ရန် လိပ်နှင့်စာ ပါရှိသဖြင့် သဘောရိုးဖြစ်သဖြင့် တစ်စုံတစ်ရာ ဖြစ်ဖို့မရှိဟု စိတ်ချ၍ သွားခြင်းဖြစ်လေ၏ ။ သို့သော်လည်း မောင်သစ်မှာ များစွာ အံ့သြခြင်း ဖြစ်သည်ကား တစ်စုံတစ်ရာမျှ မိမိကို ဂရုမစိုက်ခြင်းကြောင့် ဖြစ်လေ၏ ။ ထိုအခါ မောင်သစ်သည် လျင်မြန်စွာ လန်ချားတစ်စီးနှင့် အိမ်သို့ ရောက်သွားလေ၏ ။ ထိုညဉ့်၌ အိပ်၍ မပျော်ချေ ။ ထိုငွေတစ်သောင်းကျော်သည် မျက်နှာပေါ်တွင် ဝဲ၍ နေလေ၏ ။ နံနက် အလုပ်သွားသောအခါလည်း မည်သူကမျှ တစ်စုံတစ်ရာ မပြောချေ ။ အလုပ်များ လုပ်ပြီးနောက် ထိုနေ့၌ အိမ်သို့ ပြန်သောအခါ မန်နေဂျာနှင့် ခဏရပ်၍ စကားပြောလေ၏ ။ ငွေတစ်သောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ၏ အရိပ်အမြွက်မျှသော အမူအရာကို မတွေ့ရှိရပေ ။ သို့သော်လည်း စိတ်၌ များစွာ မငြိမ်မသက် ဖြစ်လေ၏ ။ မည်သူကမျှ တစ်စုံတစ်ရာ မပြောသော်လည်း စိတ်၌ အလုပ်တိုက်ကို ဝင်သည့် အခါတိုင်း လေးလံခြင်း ဖြစ်လေ၏ ။ ငွေကိုကား ပြန်၍ ပေးရန် မလိုသော အနေသို့ ရောက်၍ နေလေ၏ ။

မည်သူကမျှ ဂရုမစိုက်သော အကြောင်းအရာ အတွက် မိမိ ကိုယ်တိုင်လည်း ဂရုစိုက်ဖို့ မလိုဟု အောက်မေ့ကာ ငွေကို လုံခြုံသောနေရာ၌သာ ထားလေ၏ ။ နောက်ရက်များ မကြာမီ အလုပ်တိုက်သို့ သွားတိုင်း စိတ်လက်လေးလံခြင်းက တစ်ကြောင်း ၊ ငွေတစ်သောင်းကျော်မှာ မိမိအတွက် အားကိုးကြီး တစ်ခု ဖြစ်နေသောကြောင့် တစ်ကြောင်း အလုပ်မှ ထွက်လိုက်လေ၏ ။ နောက်များ မကြာမီ သတင်းစာတစ်စောင်၌ မောင်သစ်ခေါ် အသက်နှစ်ဆယ်ခန့်ရှိ ယောက်ျားပျို တစ်ယောက်သည် ဆိုင်တစ်ဆိုင်၌ ငွေစက္ကူ တစ်ရာတန်ကို ဖျက်၍ ဝယ်ရာ ငွေစက္ကူအတု ဖြစ်နေသဖြင့် ပုလိပ်သို့ တိုင်ရာ ၎င်း၏ ကိုယ်၌ မမှန်ငွေစက္ကူ တစ်သောင်းဖိုးခန့် တွေ့ရှိရကြောင်း ၊ ၎င်းကို ယခုအခါ ဘားလမ်း အချုပ်ထောင်၌ ချုပ်၍ ထားကြောင်းနှင့် ပါရှိသည်ကို အများ တွေ့မြင်ကြရလေသည် ။

နောက် တဖြည်းဖြည်း သိရသည်မှာ ထိုငွေစက္ကူများသည် ငွေစက္ကူလုပ်သောသူများ တိတ်တဆိတ် လျှို့ဝှက်ထားသော ငွေစက္ကူများ ဖြစ်ရာ မတော်တဆ လျှို့ဝှက်သော စားပွဲသည် အိမ်ထောင်ပရိဘောဂဆိုင် တစ်ဆိုင်သို့ ရောက်လာပြီး ထိုဆိုင်မှ တစ်ဆင့် အလုပ်တိုက်သို့ ရောက်ရာ ၊ ကံဆိုးသည့်ခွေး ပြေးရင်းဟပ်မိ သဖြင့် လက်ထိပ်နှင့် အခတ်ခံရကြောင်း သိရလေသည် ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

Friday, February 13, 2026

တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုင်ကယ်


 

❝ တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုင်ကယ် ❞
        ( ဇော်ဇော်အောင် )

အပျက်အစီးများ တစ်မျှော်တစ်ခေါ် ကြဲပြန့်ရှုပ်ပွနေသည့် လွင်ပြင်၏ အဆုံး ၊ မိုးကုတ်စက်ဝိုင်းနှင့် ထိကပ်လျက် ၊ တဖိတ်ဖိတ်လက်နေသော အရာတစ်ခု ရှိနေ၏ ။ ထိုအရာသည် တောင်တစ်လုံး ဖြစ်သည် ။ ထိုတောင်သည် ကျွန်တော်၏ ချစ်လှစွာသော မနှင်းဆီ ကဲ့သို့ပင် ။ ကျွန်တော် ရှိရာ သူ မလာ၍ ၊ သူ ရှိရာသို့ ကျွန်တော် သွားရ၏ ။ တောင်ဝန်းကျင်သည် ညို မှောင်ရီဝေနေသည် ။ တောင်ခိုးနှင့်တိမ် ရောယှက်လိမ်၍ ၊ တိမ်နှင့် တောင်ခိုး တောင်ကိုမိုးသည် ။ မိုးမမြင် ... ခေတ်စမ်းကဗျာကဝိကြီး ကျန်းမာပါစေ ။ မြူခိုးများ ဝေ့ဝဲနေသည် ။ ညိုမှောင်ဝေရီ ဖိတ်ဖိတ်လက် ။ တောင်ခြေမှာ ကျွန်တော်ရှိသည် ။ ဇော်ဇော်အောင် ရှိသည် ။ သူလည်း ရှိနေသည် ။ တောင်ခါးပန်း အဆင့်ဆင့်မှာ ကွေ့ဝိုက်ဝန်းပတ် ဖောက်လုပ်ထားသော လှေကားရှိ၏ ။ လှေကားထစ်များကို ကျောက်ဖြူသားဖြင့် လုပ်ထား၏ ။ လှေကားလက်ရန်းတို့ကို အင်္ဂတေခြူးပန်းခြူးနွယ် အဆန်းတကြယ်လုပ်ထား၏ ။ ရတနာကိုးပါး မြှုပ်သွင်းစီခြယ်ထားသည် ။ ဘယ်သူ ခိုးယူသွားလည်း မသိပါ ။ အနီရောင်နှင့် အစိမ်းရောင်ကျောက် မြှုပ်ထားသော နှစ်နေရာတွင် အင်္ဂတေသား ဟောက်ပက်ဖြစ်နေသည် ။ ပြဿနာက လှေကား ဆိုသော အရာသည် တက်ရသော အရာလား ၊ ဆင်းရသော အရာလား မကွဲပြားခြင်း ဖြစ်၏ ။ ဤလောကတွင် အမြင့်သို့ တက်သော လှေကား အနိမ့်သို့ဆင်းသော လှေကားဟု ကွဲကွဲပြားပြား ဖြစ်အောင် ဆိုင်းဘုတ် ချိတ်ထားသင့်ပါသည် ။ ယခု သူက တက်ချင်သည် ။ ဇော်ဇော်အောင်က ဆင်းချင်သည် ။ ကျွန်တော်က ဝေခွဲမရ ။ ဟိုအဝေးမှ မိုးချုန်းသံ သဲ့သဲ့ ။

ထို့နောက် ကျွန်တော်တို့ တက်ခဲ့ကြသည် ။ တောင်ခါးပန်းက မြူခိုးတွေ ကြားမှာ ဇော်ဇော်အောင် ပထမဆုံး ပျောက်သွား၏ ။ ကျွန်တော် ရှာကြည့်သောအခါ သူ့ကိုသာ တွေ့ရ၍ ကျွန်တော့် ခေါ်သံသာ ကျွန်တော် ပြန်ကြားနေရသည် ။ မှိုင်းများ သိပ်သည်းလွန်းလှ၏ ။ တောင်ထိပ်မှာ အိမ်တစ်လုံးကို သူ ဝမ်းသာအားရ တွေ့လိုက်သည် ။ ထိုအိမ် လေးဘက်လေးတန် နံရံများ အပိတ် ။ အိမ်ခေါင်မိုးမှာ ထူးဆန်းစွာ ဝင်ပေါက်တံခါး တပ်၍ ထား၏ ။ အိမ်ထဲမှာ သူ ထိုင်နေသည် ။ သူ့နောက်က နံရံပေါ်မှာ နှစ်ဆယ့်သုံးသိန်းတန် ဟာလေးဒေးဗစ်ဆင် မော်တော်ဆိုင်ကယ်ကြီးတစ်စင်း ချိတ်ဆွဲထားသည် ။ ထို ဆိုင်ကယ်သည် တောင်ငူဘုရင် နတ်သျှင်နောင် စီးခဲ့သော မော်တော်ဆိုင်ကယ်ကြီး ဖြစ်နေကြောင်း စာရေး မကပ်ထားသော်လည်း ကျွန်တော် အလိုလို သိနေသည် ။ အပြင်ဘက်မှာ မြူတွေပြာ ၊ ကျွန်တော် တောင်ခြေမှာ ရှိနေ၏ ။ ဘယ်တုန်းကလည်း ကျွန်တော် မမှတ်မိ ။ မမှတ်မိခြင်းသည် မေ့နေခြင်းနှင့် အတူတူပဲလား ။ ကျွန်တော် မမှတ်မိ ၊ မေ့နေ၏ ။ လှေကားသည် လှေကားသာ ဖြစ်ကြောင်း ကျွန်တော် မမေ့ ။ တက်သော လှေကား ၊ ဆင်းသော လှေကား ဟူ၍ ဤလောကမှာ မရှိပါ ။ တက်သူနှင့် ဆင်းသူတို့ ပြုမူ ဆောင်ရွက်ချက်များသာ ကွဲပြားပါသည် ။ ခုနေခါ ရွှေမင်းဝံတောင်ပေါ် ရိုးမှာ မြူခိုးတွေ ဝေ့နေရော့မည် ။ ဈေးချိုဟောင်းက လွဲခဲ့ရသော ချစ်သူဟောင်းကို သတိရသည် ။ အမှန်စင်စစ် အချိန်ကသာ ဟောင်းသွားခြင်း ဖြစ်ပါသည် ။ တောင်ပေါ်သို့ တက်သော လှေကားကို အင်္ဂတေပန်းခြူးနွယ်တို့ ဖြင့် တန်ဆာဆင်ထား၏ ။ တန်ဆာဆင်ခြင်းကို အချို့က အလင်္ကာ ဟု ခေါ်ကြသည် ။ အရှေ့အရပ်က မေးရိုးလှ၍ မျက်နက်ဝန်းရွှန်းလဲ့သော ငွေလမင်းကို သီချင်းဆို၍ ကြိုကြပါ ။

••••• ••••• •••••

စိန်မြရံခြယ် အောင်ပင်လယ် တာအနီးက ကြာပင်အိုင်ကြီးကို ကျွန်တော် ချစ်သည် ။ ခင်မောင်ရင် ထံ ပန်းချီကား တစ်ချပ် အပ်နှံရေးဆွဲစေပြီးမှ သူ့ကို မွေးနေ့လက်ဆောင် ပေးမည် ။ သန့်စင်ကြည်လဲ့မှုများ ပျောက်ဆုံးသွားသည်မှာ အတော်ကြာပြီ ။ လီယိုနာဒိုဒါဗင်ချီ ဆီမှာ ဘိုင်စကယ်အစုတ် တစ်စီး ရှိသည်ကို ယုံ ။ မိုနာလီဇာ၏ အပြုံးသည် အသက်မပါ ။ ဂမ္ဘီရ၏ အဓိပ္ပာယ်ကို လူအချို့ နားမလည်ကြ ။ အစ်မရယ် ... ရောင်းကာသာ ဆပ်လိုက်ပါတော့ ရွာရှေ့က ယာတစ်ခင်း ။

မှတ်ချက် ။  ။ ဤ၀တ္ထုမှာ သင်္ကေတနှင့် နိမိတ်ပုံများ လုံးဝ မပါ ။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုတိုရေးသူသည် သင်္ကေတ နှင့် နိမိတ်ပုံကို အလွန်မုန်းသောကြောင့် ဖြစ်ပါသည် ။

▢  ဇော်ဇော်အောင်
📖 သရဖူ မဂ္ဂဇင်း
      အမှတ် ၁၈
      ၁၉၉၆ ခုနှစ်

သ,တ်မယ်လို့

 

❝ သ,တ်မယ်လို့ ❞
      ( ပီမိုးနင်း )

မောင်ထွန်းသည် တစ်လံကျော်ခန့် ရှိသော လှံကို ထမ်းကာ မှောင်ရိပ်၌ ရပ်လျက် မိမိ၏ ရှေ့၌ ရှိသော အိမ်ကလေးကို ကြည့်၍ နေလေ၏ ။ ထိုအိမ်ကလေးမှာ သုံးပင်တိုင် တစ်ဖက်ရပ် တဲသာသာ အိမ်ကလေး ဖြစ်လေ၏ ။ အတွင်း၌ မီးမှိန်မှိန်ကို သက်ငယ်များနှင့် ကျူထရံများ အကြားမှ မြင်ရလေ၏ ။ ထိုအခါ ကြက်ဦးတွန် အချိန်ခန့် ရှိလေ၏ ။

ခွေ း သား ရောက်ပြီထင်တယ် ။ ခွေ းလိုသေအောင် တစ်ချက်တည်း ထိုးသ,တ်မယ်ဟု ပြောကာ လက်နှစ်သစ်ခန့်ကျယ်သော ထက်လှသော လှံသွားကို ကိုင်စမ်းလျက် နေလေ၏ ။

မောင်ထွန်း နှင့် ဘိုးမင်း သည် မသင့်မတင့် ဖြစ်နေကြသည်မှာ လေးငါးရက် ကြာခဲ့လေ၏ ။ ထိုနေ့မှာကား ထန်းတော၌ နှစ်ယောက် တွေ့ကြရာ တစ်ယောက်ကို တစ်ယောက် ကျွဲနွားစောင်သလို စောင်ခဲ့ပြီးနောက် ဓားတပြက် တုတ်တပြက် ဖြစ်ခဲ့ကြလေ၏ ။ အခြားသူများက ဆွဲ၍ မတားလျှင် ထန်းတောတွင် လူသ,တ်မှု ဖြစ်ခဲ့ဖို့ ရှိလေ၏ ။ ၎င်းတို့ နှစ်ယောက်မှာ ကြုံရာ အလုပ်ကို လုပ်ကြရသူများ ဖြစ်ကြလေ၏ ။ လယ်ယာလုပ်ချိန် အခါ၌ စာရင်းငှား လုပ်ကြ၏ ။ နွေအခါ၌ လှည်းတိုက် ၊ ထင်းခုတ် ၊ ဝါးချ ၊ သက်ကယ်ရိတ် စသည့် အလုပ်များကို လုပ်ကြသည့်ပြင် အခိုက်အတန့် မသင့်သည့်အခါ စပါးကျီများကို ဖောက်၍ အောက်မှ ဆာလာအိတ်နှင့် စပါးကို တိတ်တဆိတ် ခံယူသော အလုပ်ကို လုပ်ကြလေ၏ ။ ဘိုးမင်းမှာ ရသမျှကို ထန်းရည်ဆိုင် ၊ ကစော်ဆိုင် ၊ ထန်းတောသို့ ပို့၏ ။

ကလေးသုံးယောက်နှင့် မယားဖြစ်သူမှာ အခါများစွာ ညစာ မစားရဘဲ အိပ်ရာဝင်ကြရာ၌ ကလေးများမှာ မစားရ၍ အိပ်မပျော် ၊ မယားမှာ ဘိုးမင်း မရောက်လာသဖြင့် စိတ်ပူခြင်းကြောင့် အိပ်မပျော်ဘဲ နေရလေ၏ ။

မောင်ထွန်းမှာ သားမယား မရှိ ။ အရာရာ၌လည်း ဘိုးမင်း ထက် သာ၏ ။ အလုပ်ကိုလည်း ဘိုးမင်း ထက် ရ၏ ။ ဘိုးမင်း၏ စိတ်၌ မိမိရဖို့ အလုပ်များကို မောင်ထွန်း ကြောင့်သာ မရဘဲ နေရသည် ။ မောင်ထွန်း များစွာ အနှောင့်အယှက် ပြုသည်ဟု သဘောရသဖြင့် မခံနိုင်ဘဲ ရှိနေရာမှ အရက်မူး ကျွဲခိုးပေါ် ဟူသော စကားကဲ့သို့ တစ်နေ့သ၌ ထန်းရည်မူးခိုက်မှာ ဘိုးမင်းသည် စိတ်ထဲ၌ မြုံ၍ ထားသမျှကို အကုန်ဖွင့်၍ ဒေါသနှင့် ပြောမိရာမှ ခိုက်ရန်အစ ပေါ်ခဲ့ခြင်း ဖြစ်လေ၏ ။

ထိုနေ့၌ကား မောင်ထွန်းမှာ အခါတိုင်းနှင့် မတူ ။ စိတ်ကို ပိုင်းလိုက်ပြီး ဖြစ်လေ၏ ။ ငါ့အကြောင်းကို ပြလိုက်မယ် ။ မောင်ထွန်း မခံချင်အောင် လုပ်ရင် အခုလို ဖြစ်တတ်ပါကလားဟု သိအောင်ပြလိုက်မယ်ဟု စိတ်၌ တင်း၍ လာလေ၏ ။ မည်သူမျှ သက်သေ မရှိ ။ နေ့ခင်းမှာ ရန်ဖြစ်ရုံနှင့် ငါသ,တ်တယ်လို့ ဘယ်ပုံစွဲမလဲ ။ မှောင်ထဲမှာ ငါ့ကို ဘယ်သူမှ မမြင် ။ အပြီးတိုင် စီရင်မည် စသည်ဖြင့် တွေးကာ အိမ်ကလေး အနား ကပ်၍ သွားလေ၏ ။

နားကပ်၍ ထောင်လိုက်ရာ ငိုရှိုက်သံလိုလို ကြားရလေ၏ ။ ထိုအသံမှာ မိန်းမအသံ ဖြစ်လေရာ ထရံအကြားမှ မောင်ထွန်း ချောင်း၍ ကြည့်လေရာ ဘိုးမင်း၏ မိန်းမမှာ ဆောင့်ကြောင့်ထိုက်လျက် ဒူးပေါ်တွင် လက်နှစ်ဖက်နှင့် မျက်နှာကို တင်ကာ ငိုရှိုက်နေသည်ကို လည်းကောင်း ၊ ကလေးကလေးနှစ်ယောက်မှာ ဖျာကြမ်းပေါ်တွင် အဝတ် မရှိ ၊ တစောင်းကလေးတွေ လှဲလျက် နေသည်ကို လည်းကောင်း မြင်ရလေ၏ ။ အငယ်ဆုံးကလေးမှာ တင်ပျဉ်ခွေလျက် ထင်းရှူးသေတ္တာကို မှီကာ အစာ မစားရသဖြင့် စိတ်ဆိုး၍နေပုံ ရှိလေ၏ ။ လှဲ၍နေသော ကလေးနှစ်ယောက်မှာ အမဲခြောက်လိုလို အဝတ်စုတ်လိုလို အရာကလေးများကို ကိုင်လျက်နေကြလေ၏ ။ ဘိုးမင်းမှာမူ ဒူးနှစ်ဖက်ကို တန်း၍ တင်လျက် အင်္ကျီမရှိ ၊ မီးရောင်၌ ပြောင်လက်သော ကျောမည်းမည်းသာ ရှိလေ၏ ။ ရေနံ မီးတိုင်မှာကား လေထဲတွင် ရန်ခံကာ မှေးခနဲ ဝင်းခနဲ လှုပ်ရှားစွာ တောက်လျက်နေလေ၏ ။

မောင်ထွန်း၏ မျက်လုံးများသည် ကျယ်၍လာလေ၏ ။ မြင်ရသော သဏ္ဌာန်မှာ လောကငရဲ၏ သဏ္ဌာန် ဖြစ်သည်ကို တွေးမိလေ၏ ။ ဘိုးမင်းသည် တစ်ခါ တစ်ခါ ဦးခေါင်းကို မော်လျက် မိမိ၏ မယားနှင့် ကလေးများ နေပုံကိုကြည့်လေ၏ ။ ထို့နောက် သက်မကြီး ချကာ တဲထောင့် မီးဖိုအနီး အိုးခွက်များ ရှိရာကို သွား၍ လှန်ကြည့်လေ၏ ။ အိုးများ၏ အသံများမှာ အထဲ၌ တစ်စုံတစ်ရာ မျှမရှိသော ဂလိုင်သံ ဖြစ်သည်ကို မောင်ထွန်း သတိထားမိလေ၏ ။

ဘိုးမင်းသည် ထမင်းအိုး ၊ ဟင်းအိုး ၊ အလွတ် ဗလာ ၊ အစာ မရှိသည်များကို လည်းကောင်း မီးဖို၌ အေး၍ နေသော ပြာများကို လည်းကောင်း ၊ မယားဖြစ်သူနှင့် ကလေးများ နေပုံကို လည်းကောင်း ကြည့်ရှုပြီး အံကြိတ်လျက် သက်မကြီး ချလိုက်လေ၏ ။ ထို့နောက် အကြံ တစ်ခုရသည့် အမူအရာနှင့် ထရံ၌ ထိုး၍ထားသော ဓားမြှောင်ကြီးကို နုတ်ယူပြီး မယားဖြစ်သူ၏ ပခုံးကို ပုတ်ကာ “ မယ်သော့ ၊ ခဏစောင့်ဦးနော် ၊ မအိပ်နဲ့ဦး ၊ ငါ သွားပြီ ” ဟု ပြောလေရာ မိန်းမက ၎င်း၏ လက်ကို ဖယ်၍ ချလိုက်လေ၏ ။ ဘိုးမင်းလည်း တဲထဲမှ ထွက်၍ သွားလေ၏ ။

တဲအထွက်တွင် ၎င်း၏ လက်၌ ဓားမြှောင်ကို မယ်သော့ မြင်သဖြင့် ထိတ်လန့်တကြား မျက်လုံးပြူးလျက် ကြည့်ပြီး ထ၍လိုက်လေ၏ ။ ဘိုးမင်းကို မတွေ့ ရပေ ။ မောင်ထွန်းသည် ဘိုးမင်း ဘယ်ဘက်သို့ သွားသည်ကို ကြည့်ပြီး မှောင်ကို ခိုလျက် လိုက်ရာမှာ “ ကိုဘိုးမင်း ၊ ကိုဘိုးမင်း ရှင် ဘယ်ကို သွားမလို့လဲ ၊ ဘာလုပ်မလို့လဲ ၊ မသွားပါနဲ့ ”

“ ကိစ္စမရှိပါဘူး ။ ကျုပ် အရီးလေးဆီ သွားပြီ ” ဟု ပြောလေ၏ ။ ဘိုးမင်းမှာ ပြန်၍ မပေါ်လာ ၊ ပျောက်ကွယ်၍ သွားလေ၏ ။

ဧကန် .. ဒီအကောင် ခိုးဖို့လား ၊ လုဖို့ကြံသလား ၊ တစ်ခုခုပဲဟု တွေးပြီး မောင်ထွန်းသည် တောလမ်းကြားသို့ ရောက်သောအခါ ဘိုးမင်းသည် သစ်ပင်တစ်ပင်၌ ကပ်၍ နေသည်ကို မောင်ထွန်း မြင်ရလေ၏ ။ မောင်ထွန်းသည် လှံကို ထောင်ကိုင်ရင်း လှံရိုးနှင့် သစ်ကိုင်းခက်ကလေးများကို ဖယ်ပစ်ရင်း ဘိုးမင်း နေရာသို့ ခြေသံ မကြားအောင် ကပ်၍သွားလေ၏ ။

ထိုအခိုက် ကော့ကော့ .... ဖလပ်ဖလပ် ဟု မြည်သော ကြက်သံနှင့် မည်းနက်သော သဏ္ဌာန်တစ်ခုမှာ ၎င်း လမ်းကို လျှောက်၍ လာသည်ကို မောင်ထွန်း မြင်ရလေ၏ ။ ဧကန် ကြက်ဝယ်ရာက ပြန်လာတဲ့ ကု,လား အဒူးပဲဟု တွေးမိလေ၏ ။

ကြက်ကု,လားသည် ဘိုးမင်း စောင့်၍နေသော နေရာကို လွန်၍ သွားလေရာ ဘိုးမင်းသည် ဓားမြှောင်ကို ထိုးတော့မည့်ဟန်နှင့် မြှောက်ကိုင်ကာ ကြက်ကု,လား နောက်သို့ လျင်မြန်စွာ လိုက်၍သွားလေ၏ ။ မောင်ထွန်းသည် လျင်မြန်စွာ ပြေး၍ လိုက်ပြီး လှံနှင့် ချိန်ရွယ်ကာ “ ဟေ့ကောင် ၊ မင်း ဘာလုပ်မလို့လဲ ” ဟု ပြောလိုက်လေ၏ ။ ဘိုးမင်းသည် နောက်သို့ လှည့်လိုက်ရာ လှံဖျားသည် မိမိ၏ ရင်ဝ၌ ကပ်၍ နေသည်ကို မြင်ရသဖြင့် ကြက်သေသေ၍ နေလေ၏ ။ ၎င်းပြင် မိမိ၏ ရန်သူဖြစ်သော မောင်ထွန်းကို ချက်ချင်း သိလျက် ထိတ်လန့်ကာ လက်က ဓားမြှောင်ကို လွှတ်၍ ချလိုက်လေ၏ ။ ဤတောလမ်းတွင် သက်သေ မရှိ ။ ဒီအကောင် ငါ့ကို အပြီးစီရင်တော့မှာပဲဟု တွေးတောကြောက်ရွံ့လေ၏ ။ ကြက်ကု,လားမှာ လမ်းဘေး တောထဲသို့ ဝင်၍ ပုန်းနေလေ၏ ။

မောင်ထွန်းသည် ဘိုးမင်း ဓားကို ပြေး၍ ကောက်ပြီး “ မင်း အင်မတန် မိုက်တဲ့ အကောင်ပါလား ။ ဒီကု,လား သ,တ်လို့ မင်း ဘာရမှာလဲ ။ မင်း ကြိုးကျမှာ ၊ တစ်ကျွန်း ရောက်မှာ မကြောက်ဘူးလား ” ဟု ပြောလေ၏ ။

ဘိုးမင်းသည် စိတ်ပျက်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ကျေးဇူးတင်ခြင်း စိတ်များ ပေါင်းစပ် လွှမ်းမိုးသဖြင့် လှည်းလမ်းပေါ်၌ ထိုင်၍ ချလိုက်ပြီး မျက်နှာကို ပိတ်ကာ ရှိုက်ငင်လျက် ငိုရှာလေ၏ ။

မောင်ထွန်းက အပါးကို ကပ်ကာ “ မငိုပါနဲ့ ဘိုးမင်း ၊ ငါ နေ့ခင်းက ဖြစ်တာနဲ့ မင်းကို ဟောဒီလှံနဲ့ ထိုးသ,တ်ဖို့ မင်းအိမ်ကို ငါ လာချောင်းတာပဲ ။ မင်း သားမယား ၊ ကလေးတွေနဲ့ မင်း ဖြစ်နေပုံကို မြင်ရတော့ သနားပြီး မင်း တစ်ခုခု လုပ်ရင် သာပြီး ဒုက္ခဖြစ်မှာ စိုးလို့ ငါ လိုက်လာတာပဲ ။ အိမ်ကိုပြန် ၊ မင်းကလေးတွေ ထမင်း မစားရသေးဘူး မဟုတ်လား ။ ငါ့အိမ်ကို လိုက်ခဲ့ ” ဟု ပြောလေ၏ ။

ဘိုးမင်း ။  ။ “ တော်ပါပေတယ်ကွယ် ။ မင်း သဘောထား ကြီးပါပေတယ် ။ ငါတော့ ကလေးတွေ ငတ်နေတာနဲ့ ထင်မိထင်ရာ လုပ်မလို့ ထွက်လာတာပဲ ” 

“ လုပ်ရင် မင်း ဒုက္ခပေါ့ ။ လူသ,တ်မှုဆိုတာ တစ်နေ့ ပေါ်တာပဲ ။ ဒီကု,လားမှာကော လက်နက်တစ်ခုခု မပါဘဲ အခုလို အချိန်မတော်မှာ သွားဝံ့မှာတဲ့လား ။ မင်း ရလှ လေးငါးကျပ်ပေါ့ ။ လာ .... လာ ... နောက်ကိုလည်း အကုန် သောက်မပစ်နဲ့ ။ ငါ့လို တစ်ယောက်တည်း ဆိုရင် ကိစ္စမရှိဘူး ။ မင်းမှာ သားမယားနဲ့ သိလား ”

ဘိုးမင်း၏ မယား မယ်သော့သည် ကလေးသုံးယောက်ကို ပွေ့ဖက်လျက် ကလေးများနှင့်အတူ ခေါင်းချင်းဆိုင်ကာ ငို၍နေလေ၏ ။ ထိုအခိုက် “ ဟေ့ ... မယ်သော့ရေ ... လာချဦးကွယ့် ” ဟု မောသံကြီးနဲ့ တောင်းကြီး တစ်လုံးကို ထမ်း၍လာသော လင်ယောက်ျားကို မြင်သောအခါ အံ့သြလျက် ထ၍ ကူညီချလေရာ တင်းတောင်းကြီးထဲမှာ ဆန်တွေ အပြည့်နှင့် ကြက်တစ်ကောင် ၊ ဆီ ၊ ဆား ၊ ကြက်သွန်များကို တွေ့ရလေ၏ ။

မယား ဖြစ်သူက “ ဘယ်က ခိုးလာသလဲ ” ဟု မေးသော ၊ မသင်္ကာသော မျက်နှာထားနဲ့ ဘိုးမင်းကို ကြည့်ရာ ဘိုးမင်းက အကျိုးအကြောင်းကို ပြောပြီး “ ဟောဒီမှာ ငွေငါးမတ်ကွယ့် ။ သူ့မလည်း ဒါပဲ ရှိတယ် ။ ငါက မတောင်းပါဘူး ။ သူက ပေးလိုက်တာပါ ။ နောင်ကိုလည်း သောက်စားဖြုန်းမပစ်ပါနဲ့လို့ တရားချလိုက်ရှာတယ် ။ တော်ပြီကွယ် မယ်သော့ရယ် ၊ မောင်ထွန်း ကြောင့်ပေါ့ကွယ် ။ ငါ မတော်တာ လုပ်မိတော့မလို့ သီသီကလေး လိုတော့တာပဲ ။ ဒီပုံသာ ဆက်လက်ပြီး သောက်စားနေရင် တစ်နေ့နေ့ ဒုက္ခတွေ့ရမှာပဲ ” ဟု မျက်လုံးများ စွတ်စိုလျက် ပြောလေ၏ ။

မယ်သော့ က

“ မောင့်ရန်သူတော်ကြီး မဟုတ်လား ။ သာဓုတော် … သာဓု ၊ ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ ကျေးဇူးရှင် သူတော်ကောင်းကြီး ”

“ ဩော် ... ဒါထက် မယ်သော့ရေ ... သူလည်း ထမင်း မစားရသေးဘူးတဲ့ဟေ့ ... တော်တော်ကြာရင် သူ လာမယ် ပြောတယ် ။ သူ့အရီးအိမ်က ဒါတွေ ယူပေးလိုက်တယ် ။ သူ ပြန်ဆပ်ရမှာကွယ့် ” ဟု ပြောလေ၏ ။

မကြာမီ မှေးမှိန်သော အိမ်ကုတ်ကလေးမှာ မီးဖို၌ လင်းထိန်လျက် မွှေးကြိုင်သော ဟင်းနံ့အခိုးများ ပြည့်လှိုင်လျက် ကလေးအငယ်ကလေးမှာ ကခုန်၍ နေလေသတည်း ။

▢ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

ကြာအေး


 ❝ ကြာအေး ❞

⎕ နော် ၊ ကျောက်တိုင် ၊


မုန့်လုံးစက္ကူကပ်ပါလို့ ကြာကလပ်နှင့် ဆွမ်းတော်တင် ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး

ကြာအေး ။


ကြာအေးကို သူ့အမေ ရိုက်လို့ မှောင်မိုက်မှာငို ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ

တွဲလဲ ။ 


တွဲလဲနေပါဦး မိုးတောင်ကချုန်း 

မုန့်လုံး ။ 


ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက အော်ဆိုခဲ့တဲ့ ကဗျာလေးကို အမှတ်ရနေမိတယ် ။


“ မိုးတောင်ကချုန်း မုန့်လုံး ” ပြီးတော့ “ မုန့်လုံး စက္ကူကပ်ပါလို့ ” ပြန်စ ။ နောက် “ မိုးတောင်ကချုန်း မုန့်လုံး ” ဖြစ် ။ မုန့်လုံးစက္ကူပြန်ကပ်နဲ့ အဆုံးမရှိတဲ့ ကဗျာကို မမောတမ်း အော်ဆိုခဲ့ဖူးတယ် ။ 


တကယ်တော့ ဟောဒီ လောကကြီးထဲက အရာအားလုံးတို့သည်လည်း ကြာအေး ပဲ ထင်ပါရဲ့ ။


 ••••• ••••• •••••


“ ဆရာဆိုတာ ဒုတိယ ဘုန်းကြီးပဲ ။ သာသနာပြု ပုဂ္ဂိုလ်လိုကျင့်ပြီး အားလုံးရဲ့ စံပြဖြစ်ရမယ် ” ဆိုတဲ့ ခံယူချက်နဲ့ အဖြူအစိမ်းကို ယုံယုံကြည်ကြည် ဝတ်ဆင်ခဲ့တာပါ ။


ဘဝတစ်လျှောက် ကိုယ်ပျိုးထောင်ပေးလိုက်တဲ့ ပန်းကလေးတွေ လောကထဲ ဝင့်ကြွား တောက်ပနေခဲ့ရင် လူမသိ သူမသိ ဂုဏ်ယူရသလို ၊ ဘဝခရီးလမ်းမှာ ကိုယ့်ပျိုးပန်းကလေးတွေ ပိုးကိုက် ခြစား နွမ်းလျသွားရင်လည်း တနင့်နင့် ခံစားရတာပါပဲ ။ ဒါကိုက ဆရာ့စိတ် ၊ ဆရာ့နှလုံးသား ဖြစ်မယ်ထင်တယ် ။


ဒီကလေး ကျွန်တော့်ထံ ရောက်လာ ကတည်းက သာမန် မဟုတ်တာကို သတိထားမိခဲ့တယ် ။ “ မအောင်မရှိ ငါ့တပည့် ” နဲ့ “ နေအောင် ပညာရေးစနစ် ” ကြောင့်သာ ပဉ္စမတန်း ရောက်လာတာလေ ။ ကိုယ့်အမည်က လွဲရင် ဘယ် စာမှ မဖတ်တတ်ဘူး ။ အင်္ဂလိပ် ၊ သင်္ချာတွေ အသာထား မြန်မာစာတောင် မဖတ်တတ်တော့ စိတ်မတတ်တဲ့ ဆရာမတွေ အကုသိုလ်ဖြစ်ရုံပေါ့ ။


နေ့စဉ်နဲ့အမျှ ဆို ၊ ပြော ၊ ကြိမ်းမောင်း ၊ ရိုက်နှက် ။ ဘယ်စနစ်ပဲသုံးသုံး သူကတော့ ပုံမှန်ပဲ ။ အဆုံးစွန် စာမရလို့ သ,တ်ရင် သေရုံပဲရှိမယ် ။ ထူး လာစရာ အကြောင်း မရှိဘူး ။ နောက်ဆုံး ဆရာမတွေပဲ လက်လျှော့ သွားကြတယ် ။ ကျွန်တော် တစ်ယောက်က လွဲရင်ပေါ့ ။


ကျွန်တော်က စာတစ်ခုတည်း သင်တာ မဟုတ်တော့ ကလေးတိုင်းကို စိတ်ဝင်စားတယ် ။ ကလေးတိုင်းက ကျွန်တော့် အတွက် စိတ်ဝင်စားစရာ သက်ရှိပန်းကလေးတွေပဲ ။ ရနံ့အမျိုးမျိုး ၊ အဆင်း အသွယ်သွယ် ရှိတယ်လို့ ယုံတယ် ။ 


စာသင်လို့ မရတဲ့သူကို သင်လို့ရတာ မှန်သမျှ ကျွန်တော် သင်ပေးတယ် ။ ပေါင်းသင်းဆက်ဆံရေး ၊ တာဝန်ကျေမှု ၊ တာဝန်ယူတတ်မှု ၊ ယဉ်ကျေးခြင်း ၊ စာရိတ္တ စသဖြင့်ပေါ့ ။ ဒီအရာတွေမှာတော့ ဒီကလေးက တော်တယ် ။ စာတစ်ခုကလွဲရင် အားလုံး တော်တယ်လို့ ပြောရမယ် ။ ဒါပေမဲ့ စိတ်က ပုံမှန် မဟုတ်ဘူး ။ တစ်ခါတစ်ခါ စိတ်ပါလက်ပါ ရှိသလောက် တစ်ခါတစ်ခါ ငူငူငိုင်ငိုင်ကြီး နေတတ်တယ် ။ ခေါ်လည်း ထူးချင်မှ ထူးတယ် ။ ဘာမှ ပြန်မပြောဘဲ ကြောင်တက်တက်ကြီး လုပ်နေတတ်တယ် ။ များသောအားဖြင့်တော့ ကျောင်းလုပ်ငန်း မှန်သမျှ မခိုမကပ် လုပ်တတ်ကြောင်း ကျွန်တော် သတိပြုမိခဲ့တယ် ။


ဒီလိုနဲ့ အတန်းစဉ်တွေ တက်လာပြီး အဋ္ဌမတန်း ပြီးသွားတယ် ။ အရွယ်လေး ရောက်လာတော့ လူကောင်လည်း ထွားလာတယ် ။ သူ့ ကိုယ်သူ သိတာမို့ ကျောင်း ဆက် မနေဘူး ။ မိဘတွေကို ရန်ကုန် သွားချင်တဲ့အကြောင်း ပူဆာတယ်တဲ့ ။ ငယ်ကတည်းက ဖိနှိပ်ခဲ့တဲ့ မိဘတွေ မနိုင်တော့ ခွင့်ပြုကြရတယ် ။ မသွားခင် ကျွန်တော့်ကို လာပြီး ကန်တော့သေးတယ် ။ ဒါကြောင့် လိမ်လိမ်မာမာ နေဖို့ ၊ အပေါင်းအသင်း မမှားဖို့ ၊ အလုပ်ကြိုးစားဖို့ စသဖြင့် မှာဖြစ်တယ် ။


ဒါပေမဲ့ ဘဝဆိုတာ လောကသမုဒ်ပြင်ထဲ ကိုယ့် ကိုယ်ကို ပဲ့ကိုင်ထိန်းကျောင်းရင်း ချီတက်ရတာဆိုတော့ ကျွန်တော့် စကားတွေ လက်တွေ့ မကျင့်သုံးနိုင်တဲ့အခါ သူ့ အတွက် မထိရောက်ဘူးပေါ့ ။


ရန်ကုန်မှာ နှစ်နှစ်လောက် နေပြီး သူ ရွာပြန်ရောက်လာတယ် ။ တိုးတက်မှုအဖြစ် ကားမောင်းတတ်လာတယ် ။ စက်ပစ္စည်း အကြောင်း တီးမိခေါက်မိ ရှိလာတယ် ။ ကွမ်းစားတတ်လာတယ် ။ အရက်သောက်တတ်ပြီး လူတွေနဲ့ တဝေါဝေါ အဖွဲ့ကျတတ်လာတယ် ။


သူ့ကို ဘယ်အချိန် ကြည့်ကြည့် ပါးစပ်ထဲမှာ ကွမ်းအပြည့်ပဲ ။ တစ်ခါတစ်ခါ အရက်နံ့ပင် ရနေတတ်တယ် ။ အလုပ်တော့ အတည် မရှိဘူး ။ ဟိုလူ့ကား တက်မောင်းလိုက် ၊ ဒီလူ့နောက် စပယ်ယာလိုက်လိုက်နဲ့ အချိန်တန် မိဘအိမ်ပေါ် တက်စားတာပဲ ။ ဒီကြားထဲ မိဘတွေကို ရန်လုပ်ချင်သေးတယ် ။ အကြောက်တရား တစ်ခုနဲ့ ထိန်းကျောင်းခဲ့တဲ့ မိဘတွေလည်း ခြေရာချင်း တူလာတော့ မတတ်နိုင်တော့ဘူး ။ လက်လျှော့ပြီး ရှောင်ပေးကြရတယ် ။


ပတ်ဝန်းကျင် ဆိုတာကလည်း လူတစ်ယောက်ကို လမ်းကောင်းပေါ် ဆွဲတင်ဖို့ မစွမ်းနိုင်ပေမဲ့ ဆွဲချဖို့တော့ အသင့်ရှိနေကြတယ် ။ အရက်ကြိုက်သွားတဲ့ သူ့ကို အရက်ပေး ခိုင်းဖို့ အဆင်သင့် ။ အလုပ်လေး ခိုင်းလိုက် ၊ အရက် ပေးလိုက် ။


ဒီလိုနဲ့ သူ့ဘဝ ရေစုန်မျောတာပဲ ။


သူ့မိဘတွေ ဆိုတာ တစ်နေ့မှ စိတ်မချမ်းသာရဘူး ။ တစ်ခါတစ်ခါ ကျွန်တော့်ဆီ လာပြီး ပြောတတ်တယ် ။


“ ဆရာရေ ၊ ဟောဒီ လောကကြီးမှာ အရက်ဆိုင်နဲ့ ကွမ်းဆိုင်တွေ မရှိရင် လူတွေ ဒီလောက် အရက် ၊ ကွမ်း စွဲမယ် မထင်ဘူး ။ အခုတော့ အလွယ်တကူ ဝယ်လို့ရတဲ့ အရက်ဆိုင်ကြီးတွေ ၊ ကွမ်းဆိုင်တွေ မှိုလိုပေါက်နေတော့ အရက်သမား ကွမ်းသမားတွေ များတာပေါ့ ။ ဆရာ့ တပည့်လည်း အရက်သမား ၊ ကွမ်းသမား လုံးလုံး ဖြစ်သွားပြီ ဆရာရေ ” တဲ့ ။


အရက်ဆိုင် ၊ ကွမ်းဆိုင်တွေကို ကြည့်ပြီး သူ့အဖေ ဦးခင်မောင်ထွန်း ကိုယ်တိုင် မသက်မသာ ပြောခဲ့ဖူးတယ် ။ ဟုတ် တော့လည်း ဟုတ်တယ် ။ ကျွန်တော်တို့ နိုင်ငံမှာ အရက်သမား ၊ ကွမ်းသမားတွေ သိပ်များတယ် ။


အရက်ဆိုင် ၊ ကွမ်းဆိုင်တွေလည်း များတယ် ။ အရက်သမား ၊ ကွမ်းသမားတွေ များလို့ အရက်ဆိုင် ၊ ကွမ်းဆိုင်တွေ များတာလား ၊ အရက်ဆိုင် ကွမ်းဆိုင်တွေ များလို့ အရက်သမား ၊ ကွမ်းသမားတွေ များတာလား ။ မစဉ်းစားတတ်ခဲ့ဘူး ။ သေချာတာက လောကကို အကျိုးမပြုတဲ့ ဒီအရာတွေ ဒီနိုင်ငံမှာ မရှိရင် ကောင်းမှာပဲလို့ တွေးဖြစ်ခဲ့တယ် ။


လွယ်လွယ်ဝယ်လို့ ရနေတော့ လွယ်လွယ် သောက်ကြတယ် ။ လွယ်လွယ် သောက်တော့လည်း လွယ်လွယ်ပဲ ဘဝတွေ ပျက်ကြတယ်ပေါ့ ။


တကယ်ဆို အသက် ၂၅ နှစ်ဆိုတာ လောကကြီးထဲ ခြေချစ , အရွယ်လို့တောင် ပြောနိုင်တယ် ။ အခုတော့ ပန်းကောင်းအညွန့်ကျိုး ။ အစ နဲ့ ကြွေခဲ့ရတယ် ။


သူ့ အသုဘမှာ ငိုသူ မရှိဘူး ။ ပန်းခွေ မရှိဘူး ။ တိတ်တဆိတ် ဝင်လာပြီး တိတ်တဆိတ် ထွက်သွားရသူ အတွက် လောကကြီးက ဝမ်းနည်းပုံ မပေါ်ဘူး ။ အဆိုးဆုံးက သူ့ သေဆုံးမှုအတွက် လောကကြီး ဝမ်းသာနေအောင် ရှင်စဉ်က သူပြုခဲ့တဲ့ မကောင်းမှုတွေပဲ ။


သူ့မိဘတွေ လာပြီး ကျွန်တော့်ကို ပြောနေသေးတယ် ။ “ ဆရာရေ ၊ အရက်သမား ဝဋ်ကျွတ်ပြီ ” တဲ့ ။


အဲဒီနောက်တော့ သူ့ အကြောင်းက မေ့မေ့ပျောက် ပျောက် ဖြစ်သွားတယ် ။ မြား မြောင်လှတဲ့ လူ့ဘဝတာဝန် တွေကြားမှာ အသစ်သစ် သော ဖြစ်ရပ်တွေနဲ့ တပည့်အသစ်တွေရဲ့ ကြား အားလုံး ကို မေ့သွားခဲ့ရတယ် ။


အလုပ်တာဝန်နဲ့ တစ်ရပ်တစ်ရွာ ပြောင်းရတယ် ။ အနေကျဖို့ ကြိုးစားရတယ် ။ ဖြစ်ရပ်အသစ် ၊ ဝန်းကျင်အသစ်တွေနဲ့ ဆုံရတယ်ပေါ့ ။ ဒီကြားထဲ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန် ဖြစ်ခဲ့ဘူး ။ ၃ နှစ်ပြည့်လို့ ပြောင်းခွင့်ရမှ ကိုယ့်ရပ်ကိုယ့်ရွာကို ကျွန်တော် ပြန်လာခဲ့ရ တယ် ။


ကျွန်တော် မရှိတဲ့ ကာလ အတွင်း ရွာမှာ ပြောင်းလဲမှု တွေ ရှိခဲ့တယ် ။ လူတချို့သေတယ် ၊ ကျွန်တော် မသိတဲ့ လူ တချို့ ရွာထဲ ထပ်ရောက်နေကြတယ် ။ ရွာလယ်လမ်းတွေ အားလုံး ကျောက်ခင်းလမ်းတွေ ဖြစ်ကုန်တယ် ။ ရွာထိပ်မှာ ကျောင်းဆောင်အသစ် ကြီးက ဟည်းလို့ ။


ကိုယ့်ရပ်ကိုယ့်ရွာ ဆိုပေမဲ့ ရောက်စမို့ အစိမ်းသက်သက်လို ခံစားရတယ် ။ ဒါကြောင့် ကိုယ့်ရွာ ကိုယ့်လမ်းတွေကို လျှောက်ကြည့်နေဖြစ်တယ် ။


ရွာရှေ့ ထနောင်းပင်ရိပ် ရောက်တော့ အံ့သြစရာ မြင်ကွင်းတစ်ခုနဲ့ ကြုံရတယ် ။ တကယ့်ကို သပ်သပ်ရပ်ရပ် ၊ အဆင့်မီမီ ဆိုင်ကြီးတစ်ဆိုင်ပါပဲ ။ ဆိုင်ရှေ့မှာ ပန်းအလှ စိုက်ခင်းလေးတွေနဲ့ မျက်စိပသာဒလည်း တင့်တယ် ။ အနားရောက်တော့ ဦးခင်မောင်ထွန်း ကို တွေ့တယ် ။


“ ဟာ ဆရာ ဘယ်တော့ ပြန်ရောက်လဲ ။ နေကောင်းတယ်နော် ” 


ဝမ်းသာအားရ နှုတ်ဆက်ရှာတယ် ။ ကျွန်တော့်မှာ ဆွံ့အ,လို့ ။


ဆိုင်ထဲ ဝင်ထိုင်ဖို့ ဖိတ်ခေါ်တယ် ။ အတွင်းကို ငဲ့ကြည့်မိတော့ သူ့ဇနီးရဲ့အပြုံးကို မြင်တယ် ။


ဆရာတော်ဆီ ဝင်ဦးမှာမို့ မထိုင်တော့ဘူး ပြောပြီး နှုတ်ဆက်ခဲ့ရတယ် ။ ရင်မှာတော့ ဝေဒနာတွေက အပြည့် ။


••••• ••••• •••••


မုန့်လုံးစက္ကူကပ်ပါလို့ 

ကြာကလပ်နှင့် 

ဆွမ်းတော်တင် 

ပလ္လင်ပေါ်က 

မျောက်ကလေး 

ဆင်းတယ်လို့ပြေး 

ကြာအေး ။ 


ကြာအေးကို 

သူ့အမေ ရိုက်လို့ 

မှောင်မိုက်မှာ ငို ၊ 

ကိုလူပျိုထရံပေါက်က 

ခြေထောက်ကိုဆွဲ 

တွဲလဲ ။ 


တွဲလဲနေပါဦး ၊ 

မိုးတောင်ကချုန်း 

မုန့်လုံး ။


ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက အော်ဆိုခဲ့တဲ့ ကဗျာလေးကို အမှတ်ရနေမိတယ် ။ “ မိုးတောင်ကချုန်း မုန့်လုံး ” ပြီးတော့ မုန့်လုံးစက္ကူ ကပ်ပါလို့ ” ပြန်စ ၊ နောက် “ မိုးတောင်ကချုန်း မုန့်လုံး ” ဖြစ် ။ မုန့်လုံးစက္ကူပြန်ကပ်နဲ့ အဆုံး မရှိတဲ့ ကဗျာကို မမောတမ်း အော်ဆိုခဲ့ဖူးတယ် ။


တကယ်တော့ ဟောဒီ လောကကြီးထဲက အရာအားလုံးတို့သည်လည်း ကြာအေး ပဲ ထင်ပါရဲ့ ။


အရက်သမားတွေ မရှိအောင် အရက်ဆိုင်တွေ မရှိရင် ကောင်းမှာပဲလို့ တောင့်တခဲ့တဲ့ သူက ဧရာမ အရက်ဆိုင်ကြီး တည်လို့ ။ စာတန်းကြီးကလည်း ကြည့်ဦး ။


“ ရေခဲစိမ် ဘီယာ အစုံ ရပြီ ” တဲ့ ။


 ⎕ နော် ၊ ကျောက်တိုင် ၊

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း        

     စက်တင်ဘာ ၂၀၁၇

Thursday, February 12, 2026

ကြုံပလေ

 

❝ ကြုံပလေ ❞
    ( ပီမိုးနင်း )

သန်းနုသည် မိမိ၏ ဆိုင်ကလေးမှာ ထိုင်လျက် လမ်းသွားလမ်းလာတို့ကို လည်းကောင်း ၊ မော်တော်ကား ရထားပိုင်များကို လည်းကောင်း ကြည့်ကာ ကြည်လင်သော ကောင်းကင်တွင် ဆေးမင်ညိုသန်းသလို ဝင်းလျှံ တောက်ပသော မျက်နှာကလေးမှာ မှေးမှိန်၍ သွားလေ၏ ။

ယခု မြင်ရသော ရထားပိုင်မျိုး ၊ မော်တော်ကားမျိုးနှင့် မိမိကိုယ်တိုင် ယုယချစ်ခင်သော မိခင်၏ ပေါင်ပေါ်၌ ထိုင်ကာ သွားလာရသည်များကို ရေးရေး ရိပ်ရိပ်မျှ ထင်မြင်မိလေ၏ ။

အရင်ဘဝကို ပြန်၍ ထင်မြင်ခြင်း မဟုတ်ပေ ။ မိမိ ကိုယ်တိုင်၏ ထူးခြားပုံကို ထောက်သဖြင့်သာ သိသာရလေ၏ ။

ကွယ်လွန်သော မိခင်၏ ရင်ခွင်၌ ထိုကဲ့သို့ မော်တော်ကား ၊ ရထားပိုင်များ စီးနင်းသွားရသည့်အခါ မျက်လုံးကြောင်ကြောင်နှင့် မိမိကိုယ်ကို ကြည့်လျက် မိမိ၏ ပါးကလေးများကို ကိုင်တွယ်ယုယကာ ချစ်ခင်သော အမူအရာနှင့် အများကြီး ဂရုစိုက်သော အင်္ဂလိပ်လူမျိုး တစ်ယောက်၏ ခန့်ညားသော မျက်နှာကိုလည်း မြင်ရလေ၏ ။ ပါပါ ၊ မာမီ ၊ ဒက်ဒီ ၊ ဘေဘီ ဟူသော စကားများကိုလည်း နားထဲ၌ ရောစပ်ကာ ကြားယောင်လေ၏ ။

အခါများစွာနှင့် ၎င်းအင်္ဂလိပ်လူမျိုး၏ ပေါင်ပေါ်၌ မိမိ ရောက်၍ နေသည်ကို လည်းကောင်း ၊ ၎င်းအင်္ဂလိပ် လူမျိုး၏ လက်၌ မြှောက်ကိုင်ကာ ကစားသည်ကို ခံခဲ့ရသည်များကို လည်းကောင်း ၊ မိမိ၏ လှပသော မိခင်ပျို ကလေးနှင့် ၎င်းအင်္ဂလိပ်လူမျိုး ချစ်ခင်စွာ ဖက်လှဲ နမ်းရှုပ်လျက် နေကြပုံများကိုလည်းကောင်း ထင်ရမြင်ရလေ၏ ။

ထိုအခါနှင့် ယခုအခါသည် အဘယ်မျှ ခြားနားပါသနည်း ။ အခါများစွာ မော်တော်ကားနှင့် သားနားသည့် အိမ်ကြီးသို့ ရောက်ကြသည့်အခါ အစေခံတွေ မိမိကို ကားပေါ်မှ လှမ်းယူကာ တစ်လက်မှ တစ်လက် ပြောင်း၍ မြှောက်ချီကြပုံ ၊ ကျယ်ဝန်းသော ပန်းခြံကြီးထဲ၌ လက်တွန်းလှည်းကလေးပေါ်မှ ထိုင်၍ လိုက်ရပုံများကိုလည်း တစ်ပိုင်းတစ်ပြတ် ပြောက်ကျိပြောက်ကျား မြင်ရလေ၏ ။

နောက်ဆုံး၌ မိခင် ဖြစ်သူနှင့် ၎င်း ပါပါ ခေါ်သော အင်္ဂလိပ်သည် မိမိကို တစ်လှည့်စီ ချီ၍ နမ်းကြပုံ ၊ မိခင် ဖြစ်သူမှာ လက်ကိုင်ပဝါနှင့် မျက်ရည်များကို သုတ်လေရာ ၎င်း ပါပါ ခေါ်သည့် အင်္ဂလိပ်က မိခင်ကို ဖက်၍ ချော့မော့ကာ ပြောနေပုံကို ထင်မြင်ပြီးနောက် ရုပ်ရှင် ကားပြတ်သလို ဖြစ်၍ သွားလေ၏ ။

ထိုအဖြစ်အပျက်များသည်ကား ငယ်စဉ်က ထင်မြင်ခဲ့ရသည် အရ အလွန် သာယာစိုပြည်သော တောတောင် အရပ်ဒေသ ဖြစ်လေ၏ ။

ထို့နောက် ဆက်လက် တွေးတောထင်မြင်ရသော အဖြစ်အပျက်များသည်ကား ၎င်းသာယာသော အရပ်မှ အိမ်ကြီးကို စွန့်၍ မန္တလေးမြို့ သို့ ရောက်လာပြီးနောက် မြန်မာလူမျိုးတစ်ယောက် နှင့် အကျွမ်းဝင်ခဲ့ကြသည့် အကြောင်း ၊ ထိုနောက် ရန်ကုန်မြို့၌ မြန်မာလူမျိုးနှင့် ကွဲပြီး ဆင်းရဲသော သားအမိ နှစ်ယောက်မှာ ယခုအထိ အရီးဖြစ်သူ ဒေါ်ရွှေခင် နှင့် နေခဲ့ရာတွင် မိခင်ဖြစ်သူမှာ တစ်ဦးတည်းသော သမီးကလေးကို စွန့်ခွာ၍ ဘဝတစ်ပါး ပြောင်းသွားရသည့် အကြောင်းများ ဖြစ်လေ၏ ။

သန်းနု ငယ်နာမည်မှာ ထရစ်စကီ ဖြစ်ရာ ယခုအခါ ဆင်းရဲသဖြင့် အရီးနှင့်အတူ ဆိုင်ကလေး ဖွင့်၍ နေရသည့်အတွက် ထရစ်စကီ မှာ အခေါ်ရခက်သဖြင့် သန်းနု ဟူသော မြန်မာနာမည်ကို အရီး ဖြစ်သူက ပေးရာ နာမည်ရော ၊ ငယ်စဉ်က တော့တီးတော့အ တတ်ခဲ့သော အင်္ဂလိပ်စကားများပါ ပျောက်ပျက်၍ နေလေတော့သတည်း ။

ရုပ်မှာကား ဖျောက်ဖျက်၍ မရပေ ။ နီသောဆံပင်မှာ ဆေးဆိုးကာ မည်းနက်၍ နေသော်လည်း ပြာသော မျက်လုံး ၊ နီမြန်းသော နှုတ်ခမ်းနှင့် ပန်းဆီနှင့် တူသော ပါးချို့ကလေးများ မှာကား ဆေးခြယ်၍ မရပေ ။ သို့ဖြစ်လေရာ အသားဖြူ  ၊ မျက်လုံးပြာ ၊ နှုတ်ခမ်းနီ ၊ ဆံပင် အနက်မှာ အခြား အင်္ဂလိပ်မများ ၊ မြန်မာမများနှင့် မတူ ။ ထူးထူးခြားခြား လှပသဖြင့် အရီးဖြစ်သူက တူမကလေးကို ရွှေတုံးရွှေခဲ ၊ ရတနာ စိန်ကျောက်ပုလဲပမာ အရိပ် တကြည့်ကြည့်နှင့်သာ နေခဲ့လေ၏ ။

ယခုအခါ သန်းနု မှာ အသက် နှစ်ဆယ်အရွယ် ရှိသော်လည်း အပျိုပေါက်ကလေးပမာ အရီးဖြစ်သူ စိတ်၌ မှတ်ထင်လေ၏ ။ ဆိုင်ကလေးမှာ လက်ဖက် ၊ ချင်းသုပ် ၊ ပဲလှော်ကြော် ၊ ဆေးလိပ် ၊ အခြား မုန့်ပဲသရေစာများကို ရောင်းသော ဆိုင်ကလေးဖြစ်ရာ သန်းနု ကို သနားကြသည့်အတွက် ကာလသား များစွာတို့ ဝင်လာမစဲ တသဲသဲ တဖွဲဖွဲ နေကြသောကြောင့် တူအရီး နှစ်ယောက်မှာ အိမ်လခ ၁၅ ကျပ်ကို မှန်မှန် ပေးနိုင်ရုံမက ရွှေစငွေစကလေးပင် သန်းနုမှာ ဝတ်ဆင်ရလေ၏ ။

သို့သော်လည်း ငယ်စဉ်က နေထိုင်ခဲ့ရပုံ ၊ မိမိကိုယ်တိုင်၏ အသွေးအရောင် ၊ အသွင်ရုပ်ပုံကို မြင်ရတိုင်း ငါ၏ နေရာသည် ဤနေရာမျိုး မဟုတ်ဟု တွေးကာ အခြားသူများ စတိုင်ကျကျ နေထိုင်သွားလာနေကြသည်များကို မြင်ရတိုင်း သက်မကြီး ချမိလေ၏ ။

ပိုးပန်းသော မြန်မာလူမျိုး များစွာတို့အနက် အင်ဂျင်နီယာတစ်ယောက်၏ လက်ထောက်ဖြစ်သော အဆောက်အအုံ အင်ဂျင်နီယာကလေး မောင်ဘရွှေ တစ်ယောက် ကိုကား မိမိနှင့် ထိုက်သင့်လိမ့်မည်ဟု စိတ်ထဲ၌ ကြိတ်ကာ သဘောရရှိလေ၏ ။ အရီး ဖြစ်သူမှာကား ညီမဖြစ်သူ ဘိုကတော်ဖြစ်၍ ကောင်းစားဖူးသည်ကို မမေ့နိုင် ။ ဘို ပြန်သွားပြီးနောက် ဆင်းရဲဒုက္ခ ဖြစ်ပြီး သေရသည့် အကြောင်းကိုကား မေ့လျော့ကာ တူမကလေးကို အင်္ဂလိပ်နှင့် ဂဟေဆော်ဖို့ရန်သာ ကြံ၍ အခြေမျှော်နေလေ၏ ။

သန်းနု သည်ကား မိမိဖခင် အင်္ဂလိပ်လူမျိုး ပြုမူပုံအတွက် အင်္ဂလိပ်လူမျိုး ဟူသမျှ အပေါ်တွင် စိတ်နာလျက် နေလေ၏ ။ သို့စိတ်နာခြင်းမှာလည်း ၎င်း၏ နှလုံးကို ဘရွှေ အား အပ်နှံပြီး ဖြစ်ခြင်းကြောင့်ဟူ၍လည်း ဆိုနိုင်ဖွယ်ရာ ရှိလေ၏ ။ သို့ဖြစ်သောကြောင့် အရီး ဖြစ်သူ စိတ်ကူးမှန်းထားသော အင်္ဂလိပ်ကြီးကို အပင်းအဆိပ် မှတ်ထင်၍ နေလေ၏ ။ သန်းနုသည် ထိုကဲ့သို့ ငေးမောတွေးတော၍ နေသောအခိုက်တွင် သက္ကလတ် ဘောင်းဘီတို ၊ ဒူးကော်လာအလန်နှင့် စွပ်ကျယ်လက်တို အဖြူကို ဝတ်လျက် လျှောက်၍လာသော အင်္ဂလိပ်လူမျိုး တစ်ယောက်သည် ဆိုင်ရှေ့သို့ ရောက်သောအခါ သန်းနု ကို ထုတ်ချင်းခတ် ဖောက်သော မျက်လုံးများနှင့် အမောပြေ ကြည့်ရင်း ခါးထောက်လျက် ရပ်လေ၏ ။

သန်းနုသည်ကား မျက်နှာပျက်လျက် ဦးခေါင်းကို ငုံ့ပြီး တစ်စုံတစ်ရာကို လုပ်ဟန်ဆောင်၍ နေလေ၏ ။ အကြောင်းမူကား ထိုအင်္ဂလိပ်သည် သန်းနု၏ စိတ်၌ အပင်းအဆိပ်ဟု စွဲမှတ်၍ ထားသော အင်္ဂလိပ်ကုန်တိုက် မန်နေဂျာ ဖြစ်လေ၏ ။ တစ်လလျှင် သုံးထောင်ကျော် စားရသည်ဟု သန်းနု ကြားရသော်လည်း တစ်လ ၇၅ ကျပ်မျှ ရသော ဘရွှေ လောက် အဖိုးမတန်ဟု အောက်မေ့လေ၏ ။ အကြောင်းမူကား အင်္ဂလိပ်ကပြား ဖြစ်သော် လည်း မြန်မာထဲမှာ ကြီးရသဖြင့် ကျွန်မတို့ မြန်မာအမျိုးသမီးများဟူသောစကားကို ပြောလေ့ရှိသူ ဖြစ်ရာ အင်္ဂလိပ် စိတ် မရှိ ။ မြန်မာစိတ်သာ သန်းနု မှာ ရှိလေ၏ ။

တခြားအိမ်မှ ကြည့်၍ နေသော အင်ဂျင်နီယာ လက်ထောက် ဘရွှေမှာ လက်ဝှေ့ထိုးချင်စိတ် ပေါက်၍ နေလေ၏ ။ ဘရွှေမှာ လက်ဝှေ့ထိုးကောင်း နာမည်ရ တစ်ယောက် ဖြစ်လေ၏ ။ သို့သော်လည်း လခတစ်ထောင်ကျော်ရသော မန်နေဂျာသည် မိမိအား အလုပ် ပြုတ်အောင် လုပ်နိုင်သူ ဖြစ်သည်မှာ အခြားကြောင့် မဟုတ် ။ မိမိ၏ အထက်လူကြီး ဖြစ်သူမှာ ၎င်းအင်္ဂလိပ် အစိုးရသော ကုမ္ပဏီ၏ အဆောက်အအုံများကို အတော်ပင် များစွာ လုပ်ရလေ၏ ။ သို့ဖြစ်လေရာ ဘရွှေမှာ မချိမဆံ့ဖြစ်လျက်သာ နေရရှာလေ၏ ။

မကြာမီ သန်းနုမှာ အရီး စကားကို ဖီဆန်ခြင်း မပြုနိုင်သည့်အတွက် ဆိုင်မှာ အရီး ကို ထား၍ အိမ်၌ အင်္ဂလိပ်နှင့် နှစ်ယောက်တည်း ဧည့်ခံစကား ပြော၍ နေရလေတော့သတည်း ။

စင်စစ်မှာ ထိုအင်္ဂလိပ်သည် မုန်းစရာအသွင် မဟုတ် ။ အသက်ပင် ကြီးမားသော်လည်း ချောမောခန့်ညား ၊ တင်းမာချောပြေသည့် ကျောက်ဖြူသားနှင့်တူသော လက်မောင်းသား ၊ ပေါင်တံတို့နှင့် ခန့်ညားသော မျက်နှာမှာ သန်းနု၏ နုပျိုသော ရင်အုံကို လှုပ်ရှားစေလျက် နှလုံးသွေးကို ဗလုံးဗထွေး ဖြစ်အောင် ပြုလုပ်သလို ဖြစ်လေ၏ ။

ငါ မယူဘူး ၊ အင်္ဂလိပ်ကို ငါ မယူဘူး ။ ကိုဘရွှေ မှ ငါ၏ အချစ်စစ် ဟု စိတ်ကို တင်းလေ၏ ။ သို့သော်လည်း ဘောင်းဘီအိတ်ထဲမှ သေတ္တာကလေးကို ထုတ်ကာ ကျောက်စီရွှေလက်ပတ်နာရီကလေးကို ပြသောအခါ အလှကို လိုလား၍ နုပျိုသော နှလုံးမှာ စွေ့စွေ့ခုန် ၊ ဆတ်ဆတ်တုန်၍ လာလေ၏ ။

အင်္ဂလိပ်သည် သန်းနု၏ လက်ကို ဆွဲကိုင်၍ ပတ်၍ ပေးလေ၏ ။

သို့ သန်းနုမှာ ကိုင်၍ အပတ်ခံရသောအခါ တစ်ကိုယ်လုံးမှာ တရှိန်းရှိန်းနှင့် မှိန်းလျက်သာ တုံးလုံးပက်လက် လှဲချလိုက်ချင် သကဲ့သို့ ဖြစ်သောကြောင့် ငါ မချစ်ဘူး ၊ ငါ မုန်းတယ် ၊ ငါ့အမေနဲ့ ငါ့ကို ပစ်သွားတဲ့ လူမျိုး ၊ ရွှေပုံပေါ်မှာ စံရပါစေ ၊ ငါ မယူဘူးဟု တင်းကာ ပတ်ပြီးလျှင် ပြီးချင်း လက်ကို ရုန်းလိုက်လေ၏ ။

ဘရွှေသည် ၎င်းတို့ စကားပြော၍ နေသော ပြတင်းပေါက်နှင့် တည့်နေသော နေရာခပ်လှမ်းလှမ်း လမ်းနံဘေး၌ရပ်ကာ နေပူထဲမှာ မောဟိုက်၍ ဖုတ်လှိုက် ဖုတ်လှိုက်နေသော ငါးရံ့ကဲ့သို့ အသည်းအသန် ဖြစ်၍ နေလေရာ လက်ထဲမှာ သေနတ်များ ရှိရင် ပစ်သ,တ်မှာပဲဟု အောက်မေ့မိလေ၏ ။

အင်္ဂလိပ်က “ မထန်းနု ချနုတ်ခိုး မချစ်ဖူးလား ” ဟု မေးလေ၏ ။

သန်းနုက ခေါင်းကို ခါလေ၏ ။

“ မထန်းနု ခေါင်းဂိုးခါးတယ် ။ မထန်းနု မျက်စိက ညိတ်ဒယ် ။ ချနုပ်ခိုး မလိမ်းပါနဲ့ ။ မထန်းနု အဖေလည်း အင်္ဂလိပ်ပဲ ”

“ မဟုတ်ပါဘူး ။ မဂိုလူမျိုးပါ ။ ကျွန်မ ဘာလုပ် လိမ်ပြောရမှာလဲ ”

သန်းနုသည် ဖခင်ကို စိတ်နာသည့်အတွက် မိမိ ကိုယ်ကို မဂိုစပ်လိုလို ပြော၍ ထားလေ၏ ။

“ မဂိုးကု,လား မျက်လုံး ဒီးလိုမလှာဘူး ။ မထန်းနု အင်္ဂလိပ်လား ၊ ဖရန်သစ်လား ၊ ဂျားမန်လား ၊ ယူရောပက အဖေဖြစ်တယ် ၊ ချနုတ်ကို မလိမ်းပါနဲ့ ။ ချနုတ် အင်္ဂလိပ် ၊ မထန်းနုခ အင်္ဂလိပ် ၊ ဒိုးဖြစ်ပါးဒေါကြောင့် ဝန်းထားနု ရက္ခိုထား ဒဘောထရားဂိုး ထောက်ထားဆင်ခြင်ပြီး ဒေါအခါ ချနုတ်ခိုး ချိုက်လိုက်ပါးလော ” ဟု ပြောကာ သန်းနု ကို ပွေ့ယူလိုက်ရာ သန်းနု မှာ ဒေါသဖြစ်လျက် မျက်နှာများ နီ၍ မျက်လုံးများ ချာချာလည်၍ နေလေ၏ ။ အားသန်သော အင်္ဂလိပ်လက်မောင်းများ ထဲမှလည်း ရုန်းထွက်၍ မရ ၊ ရုန်းအားမသန် ၊ အခံရခက်သည်ဟု ဆိုရမှာလည်း ခက်သလိုလို ဖြစ်သောကြောင့် မျက်ရည်များ အဘယ်ကြောင့် ထွက်မှန်းမသိ ထွက်၍ လာလေ၏ ။

အင်္ဂလိပ်သည် မျက်နှာကို သေချာစွာ ကြည့်မိလေ၏ ။ ရှက်ကြောက် လှုပ်ရှားသော မျက်နှာမှာ မိမိ လွန်စွာ အကျွမ်းတဝင် ဖြစ်ဖူးသော အမူအရာ တစ်မျိုး ပေါ်၍ လာသည်ကို သိရသဖြင့် သန်းနုကို လွှတ်ကာ “ မင်း မှန်မှန် ပြော ။ မင်း ... မရွှေဂိုးတိဒလား ” ဟု မေးလေ၏ ။

သန်းနုသည် ၎င်း၏ မျက်နှာကို စိန်းစိန်းကြည့်ပြီး ယီးတီးယားတား ဖြစ်နေပြီးမှ “ ကျွန်မ မရွှေရဲ့ သမီးပါ ” ဟု ပြောလေ၏ ။

အင်္ဂလိပ်သည် သန်းနုကို အံ့အားသင့်သော မျက်လုံးများနှင့် ကြည့်ပြီး မိမိ၏ ဦးခေါင်းဆံပင်များကို လက်နှင့် သပ်ကာ အသက်ကို ပြင်းစွာရှူလျက် မျက်စိမျက်နှာ ပျက်ပြီး မျက်ရည်များ လည်၍ လာလေ၏ ။

တစ်ဖန် သန်းနု၏ ပခုံးနှစ်ဖက်ကို ညင်သာစွာ ကိုင်ယူပြီး မျက်နှာကို ကပ်ကာ မျက်တောင် မခတ်ဘဲ “ ထရစ်စကီး ၊ ထရစ်စကီး ၊ ငါ့သမီးကလေး ” ဟု ပြောကာ ဖက်၍ ငိုရှာလေသတည်း ။

မစ္စတာ ကယ်နယ်ဒီသည် မိမိ၏ မယားနှင့် သမီး ကလေးကို ထားခဲ့ပြီး ခေတ္တ အင်္ဂလန်သို့ ပြန်သွားရာ အင်္ဂလိပ်မနှင့် အကြောင်းပါ၍ ကိုလိုနီနိုင်ငံများ၌ လုပ်ကိုင်နေထိုင်ခဲ့ပြီးနောက် တစ်ဖန် မြန်မာပြည်သို့ အဘယ်ပုံ ရောက်လာရပုံ အကြောင်းများကို အသေအချာ ပြော၍ ပြမှ သားအဖ ဖြစ်ကြောင်း သိရလေသတည်း ။

ထိုအတွင်း ဘရွှေ ရောက်၍ လာရာ သန်းနုက မိမိ နှင့် ချစ်ကြိုက်နေသူ ဖြစ်ကြောင်း ပြောပြရာ ဖခင်က ဝမ်းနည်းအားရ ဖြစ်လျက် နှစ်ယောက်စလုံးကို အခွင့်တောင်းလျက် မိမိ အမှားကို ဝန်ချကာ ဆပ်ဖြေရန် သဘောနှင့် ဘရွှေ ကြီးပွားအောင် ကူညီမစပါမည်ဟု ကတိထားပြီး နှစ်ယောက်စလုံးကို မိမိ၏ အိမ်သို့ ခေါ်၍ သွားလေတော့သတည်း ။

▢  ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

ကံချင်းမတူ


 

❝ ကံချင်းမတူ ❞
   ( ရန်အောင် )

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်နောက် မြန်မာပြည်၏ လွပ်လပ်ရေးအတွက် မြန်မာတွေ အားတိုက်အင်တိုက် အစွမ်းကုန်ဆောင်ရွက် အရေးဆိုနေဆဲ အချိန်ပင် ဖြစ်ပါသည် ။

ကျွန်တော်ကား မီးရထားလမ်း မြို့နယ်ကလေးတစ်မြို့တွင် နေရသူဖြစ်ရာ ၊ ငယ်စဉ်က ရန်ကုန်မြို့သို့ နှစ်ခေါက်သာ ရောက်ခဲ့ဖူးသည် ။ ကြီးလာသောအခါ ရန်ကုန်မြို့ကြီး သို့ သွားရောက်လည်ပတ်ရန် စိတ်ဇောသန်ခဲ့သော်လည်း အကြောင်းမသင့်၍ မရောက်နိုင်ခဲ့ ။ ထိုအတွင်း စစ်ကြီးဖြစ် လာလေရာ ၊ ရန်ကုန်မြို့တွင် ဗုံးဒဏ် ၊ စက်သေနတ်ဒဏ်များ လွန်စွာကြောက်ရသည်ပြောသဖြင့် ၊ ရန်ကုန်မြို့သို့ သွားလိုစိတ်ကို ဖိနှိပ်ချုပ်တည်း၍ ထားခဲ့ရသည် ။

ယခုအခါ စစ်ကြီး ပြီးပြီဖြစ်သဖြင့် ကျွန်တော်၏ အာသာဆန္ဒ ပြည့်ဝတော့မည်ဟု ဝမ်းမြောက်အားတက်ကာ ၊ ရန်ကုန်မြို့ကြီးသို့ လာခဲ့ပါသည် ။ ရန်ကုန်မြို့ကြီးကား ၊ ကျွန်တော် ငယ်စဉ်အခါက ရောက်ဖူးသည်နှင့် လုံးဝ မတူတော့ဘဲ ၊ စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်း အိုမင်းရင့်ရော်ကာ အချို့နေရာများတွင် ရွာဆိုးကုန်းကြီး ၊ မြို့ဟောင်းနေရာကြီးလို ဖြစ်၍နေတော့သည် ။ သို့အတွက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ကျွန်တော် လာရကျိုး ၊ လည်ပတ်ကြည့်ရှုရကျိုး မနပ်တော့ဟု ထင်မိပါသည် ။

သို့သော် ကျွန်တော့်အတွက် အရင်းမဆုံးသော အခါကောင်းနှင့် ကြုံခဲ့ပါသေးသည် ။ အကြောင်းမူကား ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် အမျိုးသားတပ်ပေါင်းစုညီလာခံသဘင်ကြီးကို ရွှေတိဂုံကုန်းတော်တွင် ဆင်ယင် ကျင်းပနေသဖြင့် ၊ ရန်ကုန် ရောက်ရကျိုးနပ်ပြီဟု အယူရှိကာ ထိုညီလာခံကြီးသို့ တက်ရောက်နားထောင်ခဲ့ပါသည် ။

မြန်မာ့လွတ်လပ်ရေးအတွက် ခေါင်းဆောင်ကြီးများ၏ ဟောပြောချက်များကား ၊ အတိုင်းမသိ စိတ်အား တက်ကြွဖြစ်လျက် ၊ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းပြည်လူထုအားလုံး အင်တိုက်အားတိုက် ၊ စိတ်ပါလက်ပါ ဆောင်ရွက်ကြပုံများမှာ ကြက်သီးမွေးညင်းထဖွယ်ပင် ဖြစ်ပါသည် ။

လွပ်လပ်ရေးရန်ပုံငွေ အတွက် လယ်မြေလှူသူ ၊ အိမ်ရာတိုက်တာ အဆောက်အဦလှူသူ ၊ ငွေကြေးလှူသူများ အလျှိုအလျှို ပေါ်ပေါက်ခဲ့ကြရာ ၊ ညီလာခံပရိသတ်၏ ကောင်းချီးသြဘာပေးမှုကို နားကွဲမတတ်ကြားရတွေ့ ရသည်မှာ လွန်စွာ လွန်စွာ စိတ်တက်ကြွဖွယ်ကောင်းပါ တော့သည် ။

ကျွန်တော်လည်း အားကျမခံ ထက်သန်သောစိတ်များ ပေါ်လာကာ ၊ လွပ်လပ်ရေးရန်ပုံငွေအတွက် လှူလိုသောဆန္ဒ ပြင်းထန်လာပါ၏ ။ ကျွန်တော့်တွင် ငွေကြေး အပိုအလျှံ မပါပါ ။ လယ်မြေယာမြေများ လှူဒါန်းရန်မှာလည်း ကျွန်တော်သည် မြေပိုင်ရှင် မဟုတ် လက်လုပ် လက်စားမျှသာ ဖြစ်ရကား ၊ အကျပ်ကျ၍နေပါတော့သည် ။

‘ လွပ်လပ်ရေးရန်ပုံငွေအတွက် ဘာများ လှူဒါန်းရပါမည်နည်း ’ ဟု ကျွန်တော့်ဦးနှောက် ဆူဝေမတတ် ကြံမိပါသည် ။ ငွေလှူသူ ၊ ပစ္စည်းလှူသူ ၊ လက်ဝတ်လက်စား လှူသူများကို ကောင်းချီးသြဘာပေးသည့် အသံသည် နားကွဲမတတ် ဆင့်ကာဆင့်ကာပေါ်လာလေရာ ၊ ထိုအသံများကား ၊ ကျွန်တော့်ကို လှောင်ပြောင်သရော်နေသကဲ့သို့ ထင်မိပါတော့သည် ။

ကျွန်တော်၏ ထက်သန်ပြင်းပြလှသော စိတ်ကား ၊ ဗုံးပေါက်ကွဲသလို ပေါက်ကွဲတော့သည် ။ ကျွန်တော့်အား အပ ပယောဂ မှီကာ တစ်စုံတစ်ခုကို တိုက်တွန်းနေသကဲ့သို့ ဖြစ်တော့သည် ။ ထို့ကြောင့် ကျွန်တော်သည် ထိုင်ရာမှ ငေါက်ခနဲထမိပါသည် ။ ခေါင်းဆောင်ကြီးများ တရားဟောနေရာ စင်မြင့်ဆီသို့ တန်းတန်းမတ်မတ် လာခဲ့သည် ။ စင်မြင့်ပေါ်သို့ ချဉ်းကပ်တက်ရောက်ခဲ့သည် ။

ခေါင်းဆောင်ကြီးများသည် လည်းကောင်း ၊ ညီလာခံ ပရိသတ်ကြီးသည် လည်းကောင်း ၊ ကျွန်တော့်အား အံ့သြ ငေးမောကာ ကြည့်ရင်း ၊ လွပ်လပ်ရေးရန်ပုံငွေအတွက် တစ်စုံတစ်ရာ လှူတော့မည်ဟု မျှော်လင့်ရင်း စောင့်စားနေကြသည် ။

ကျွန်တော်ကား ပရိသတ်ကို လန့်ကာ ၊ မျက်လုံးတွေ ပြာမိုက်၍ သွား၏ ။ ထို့နောက် အရဲစွန့်ကာ ပြောထုတ်လိုက်ပါသည် ။

“ မြန်မာပြည်လွတ်လပ်ရေးရန်ပုံငွေအတွက် လှူစရာ တန်းစရာ ကျွန်တော့်မှာ ငွေကြေးဥစ္စာ မရှိပါ ။ ဒါကြောင့် ကျွန်တော့် ကိုယ်ခန္ဓာနဲ့ အသက်ကို လှူပါတယ် ။ ခေါင်းဆောင်ကြီးများကရော တိုင်းပြည် လူထုကပါ မြန်မာပြည်လွတ်လပ်ရေးအတွက် သုံးလိုရာ သုံးစေ လိုရာစေ သဘောရှိ ပြုလုပ်နိုင်ပါတယ် ”

သြဘာများ နားကွဲမတတ် ဆူပွက်ထွက်ပေါ်လာပါသည် ။ ကျွန်တော်ကား ထူမွှန်၍ သွားသဖြင့် ၊ သတိလစ် သကဲ့သို့ ဖြစ်နေပါသည် ။

ကျွန်တော် စင်မြင့်ပေါ်က ဆင်းခဲ့ပြီးနောက် ပရိသတ် အလယ်သို့ ပြန်ရောက်သောအခါ ကျွန်တော့် ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ကျွန်တော့်ကို အထူးအဆန်းသဖွယ် ငေးမောကြည့်ရှုကြ ၊ မေးစမ်းကြနှင့် တလှုပ်လှုပ် တရွရွဖြစ်နေပါသည် ။

ထိုအခိုက် ကျွန်တော့်ကို ဝိုင်းပတ်နေသည့် လူများ၏ ကြားမှ ထိုးထွက်ကာ ကျွန်တော့် အပါးသို့ ချဉ်းကပ်လာသည့် မိန်းမပျိုကလေးတစ်ဦးကို မြင်ရသည့် အတွက် ကျွန်တော် အံ့သြစွာ ကြည့်နေစဉ် ၊ ထိုမိန်းမပျိုသည် မျက်ရည်တွေဝဲကာ ရင်ကလေး တဖိုဖိုတလှိုက်လှိုက် ဖြစ်နေရှာလျက် ကျွန်တော်၏ လက်ကိုဆွဲပြီး “ ကိုခင်မောင် ကိုခင်မောင် ” ဟု ခေါ်ငင်ရှာလေတော့သည် ။

ကျွန်တော်ကား အံ့အားသင့်၍ သွားပြီး ၊ သူ့ကို ကြောင်စီစီ ကြည့်နေမိပါသည် ။ ကျွန်တော့်ပတ်ဝန်းကျင်ရှိ လူများသည်လည်း ကျွန်တော်တို့ကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်း ကြည့်နေကြရာ မိန်းမပျိုသည် ထိုသူများ၏ ဘက်သို့ လှည့်ပြီး “ ဒါ - ကျွန်မယောက်ျားပါရှင် ၊ မြန်မာ့တပ်မတော်ကဗိုလ်ပါ ၊ ဂျပန်ကို တော်လှန်စဉ် ကျဆုံးခဲ့တယ်လို့ သူ့ တပ်သားတွေက ပြောလို့ ကျွန်မမှာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်ပြီး သူ့အတွက် သပိတ်တောင် သွပ်ရပါသေးတယ် ။ အခုလို မသေမပျောက် တွေ့ရတာ ဝမ်းသာလို့ မဆုံးနိုင်ပါဘူး ” ဟု ကရားရေလွှတ်တတွတ်တွတ် ပြောရှာပါတော့သည် ။

ကျွန်တော်ကား ပြန်၍ ပြောရန် စကားစ ရှာမတွေ့တော့ပါ ။ ကလေးမကား လူမှား၍ နေချေပြီ ၊ ကျွန်တော်က သူ့ခင်ပွန်း ကိုခင်မောင် ဆိုသူ မဟုတ်ရကြောင်း ငြင်းပယ်လိုက်လျှင် ကလေးမမှာ ရင်ကွဲပက်လက် ဖြစ်ရှာမည့်အပြင် ပရိသတ်ဗိုလ်ပုံ အလယ်တွင် အရှက်တကွဲအကျိုးနည်း လည်း ဖြစ်ရှာတော့မည် ။ ထို့ကြောင့် ကျွန်တော် ဘာစကားကို ပြောရမည် မသိသဖြင့် တွေတွေကြီး လုပ်ကာ ကလေးမကို ကြည့်နေမိပါသည် ။ အနီးအနားရှိ လူများကလည်း ကျွန်တော်၏ အမူအရာထူးခြားပုံကို အကဲခတ်ကာ ၊ ကြည့်နေကြပါသည် ။

“ ကိုခင်မောင် ... မြ ကို မမှတ်မိတော့ဘူးလားရှင် ” ဟု ဝမ်းနည်းသံဖြင့် ကျွန်တော့် ကို ပြောပြီး ၊ အနီးရှိ လူများ၏ ဘက်သို့ လှည့်ကာ “ ကျွန်မယောက်ျားဟာ စစ်ထဲမှာ ဒဏ်ရာရပြီး နည်းနည်း စိတ်နောက်နေတယ် ထင်ပါရဲ့ရှင် ၊ ဒါကြောင့် ရန်ကုန် ရောက်ရဲ့ သားနဲ့ ကိုယ့်အိမ်ကိုယ် ပြန် မလာတာပေါ့ ၊ ခုတင်က စင်မြင့်ပေါ် တက်ပြီး ၊ သူလုပ်ပုံတွေကို ကြည့်ပါလားရှင် ၊ လွတ်လပ်ရေးရန်ပုံငွေအတွက် သူ့မှာ လှူစရာ ၊ တန်းစရာငွေဥစ္စာ မရှိတဲ့ အတွက် သူ့ခန္ဓာ နဲ့ အသက်ကို လှူပါသတဲ့ ။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို အသက် မမှတ်ဘဲ ၊ တိုက်ခဲ့ခိုက်ခဲ့တဲ့ စစ်သူရဲကောင်းကြီး လုပ်ခဲ့တဲ့လူ ဖြစ်တော့ ၊ အခုလို ညီလာခံသဘင်ကြီးမှာ သူများတကာတွေ လှူကြ ၊ တန်းကြတာ အားကျပြီး စိတ်လိုက်မာန်ပါ တက်လုပ်လိုက်တာပဲရှင့် ၊ စိတ်ကလည်း နည်းနည်း ... ”

ကလေးမကား ကျွန်တော့်ကို ကရုဏာသက်လှသည့် မျက်နှာထားဖြင့် ကြည့်ကာ ၊ ကျွန်တော် စိတ်နောက်ကြောင်း လုံးစေ့ပတ်စေ့ ဆက်၍ မပြောသည့်သဖွယ် စကားမဆုံးဘဲ ရပ်ထားလိုက်ပါသည် ။

အနီးရှိ လူများသည်လည်း ကျွန်တော့်အား တကယ် စိတ်နောက်နေသူဟု မှတ်ထင်ကာ ၊ ကြင်နာသနားသည့် မျက်နှာထားဖြင့် ၊ ကြည့်ကြပါသည် ။ ‘ မြ ’ ဆိုသည့် ကလေးမကိုလည်း သနားကရုဏာသက်သည့် အမူအရာဖြင့် ကြည့်ကြသည့် အပြင် ၊ ကျွန်တော်တို့ချင်း ထူးခြားစွာ ပြန်လည်ဆုံတွေ့ရသည့်အတွက် ကျေနပ်ဝမ်းမြောက်သည့် မျက်နှာထားမျိုးလည်း ပေါ်နေကြပါသည် ။

“ လာ - ကိုခင်မောင် ..... အိမ်ပြန်ကြစို့ ” ဟု မြ က ကျွန်တော်၏ လက်ကို ယုယစွာ ဆွဲခေါ်လေတော့ရာ ၊ ကျွန်တော့်မှာ တစ်စုံတစ်ရာ ငြင်းပယ်ရုန်းကန်ခြင်း မပြုနိုင်တော့ဘဲ ၊ လိုက်ပါသွားမိပါသည် ။

ရွှေတိဂုံဘုရား၏ တောင်ဘက်စောင်းတန်းမှ နှစ်ယောက်ယှဉ်တွဲကာ ၊ မြက ကျွန်တော့် လက်ကို ကိုင်ဆွဲရင်း ၊ ဆင်းခဲ့ကြပါသည် ။ ခြေတော်ရင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ၊ လူငယ်တစ်ဦး ကျွန်တော်တို့ ထံသို့ ပြေးကပ်လာပြီး “ ဟာ ... အစ်ကိုကြီးပါလား ၊ ဘယ်မှာ တွေ့ခဲ့သလဲ မမ ” ဟု ပျာပျာသလဲမေးပါသည် ။

“ ကုန်းတော်ပေါ်က ညီလာခံသဘင်မှာ တွေ့ခဲ့တယ်ကွဲ့ ၊ သို့ပေမဲ့ မင်းတို့အစ်ကိုကြီး … ” ဟု မြက ပြောပြီး ထိုသူငယ်၏ ဘက်သို့လှည့်ကာ ၊ မျက်ရိပ်မျက်ခြည် ပြလိုက်ပါသည် ။ ကျွန်တော် စိတ်နောက်နေကြောင်း အထိမ်းအမှတ် ပြလိုက်ခြင်းဖြစ်ပါ၏ ။

“ ဪ ” ဟု ထိုသူငယ် ပြောပြီး လမ်းဘေးတွင် ရပ်ထားသည့်မော်တော်ကားပေါ်သို့ တက်ကာ ၊ ကျွန်တော်တို့ အနီးသို့ မော်တော်ကားကို မောင်းနှင်ခဲ့ပြီး ၊ ထိုးရပ်လိုက်ပါသည် ။ ထို့နောက် ထိုသူငယ်ပင် မော်တော်ကား နောက်တံခါးကို ဖွင့်ပေးပါ၏ ။

“ လာ .. ကိုခင်မောင် ၊ မော်တော်ကားပေါ်တက် ၊ အိမ် သွားကြစို့နော် ” ဟု မြက ကျွန်တော့်လက်ကို ဆွဲကာ ၊ မော်တော်ကားပေါ်သို့ တက်စေရာ ၊ ကျွန်တော့်မှာ မငြင်းပယ်သာဘဲ တက်ရပါတော့သည် ။

“ ထွန်းမြတ် .... အိမ်ကိုမ မောင်းနဲ့ဦးဟေ့ ၊ မြို့ကို တစ်ပတ်လောက် ပတ်ပြီး မင့်အစ်ကိုကြီးကို ပြလိုက်စမ်းပါ ဦးကွယ့် ။ လေကောင်းလေသန့်ကလေးများ ရှူရအောင် ” ဟု မြက ဒရိုင်ဘာ ထွန်းမြတ်ကို ပြောရာ ၊ ဒရိုင်ဘာလည်း မြ၏ အမိန့်အတိုင်းပင် ဘုရားလမ်းတစ်လျှောက် သိမ်ကြီးဈေးဆီသို့ မောင်းခဲ့ပါသည် ။

ကျွန်တော်ကား ဘာစကားမှ မပြောနိုင်ပါ ။ ကျွန်တော် ပြောရန်စကားစလည်း ရှာမရပါ ။ ကျွန်တော့်ကို လူမှား၍ နေကြောင်း ဖွင့်၍ ပြောရလျှင် တော်လေမည်လားဟု အကြိမ်ကြိမ် တွေးမိပါသည် ။ သို့သော် ထိုကဲ့သို့ ပြောမည် ကြံတိုင်း ၊ ကျွန်တော့် ပါးစပ်တွင် အာစေးထည့်ထားသကဲ့သို့ မပြောနိုင်အောင် ဖြစ်ရပါ၏ ။

အကြောင်းရင်းကို ရှာသော် ၊ ကျွန်တော့်ကို မြက သူ့ လင် ဟု ထင်ကာ ၊ လင်ပြောသားပြော ပြောနေခြင်းကို လွန်စွာကြည်နူးနှစ်သိမ့်၍ နေမိသည် ။ ယခုကဲ့သို့ မော်တော်ကားကြီး အတူ တွဲစီးရခြင်းမှာလည်း ကျွန်တော့်အတွက် နတ်၏ စည်းစိမ်ကို ခံနေရသကဲ့သို့ပင်ဖြစ်သည် ။ မြ၏ ယောက်ျားစစ်ဗိုလ်မှာ စစ်ပွဲတွင် ဧကန်ပင် ကျဆုံးပြီဖြစ်ဟန် တူ၏ ။ ထို့ကြောင့်သာ ယနေ့ထိ မြ ထံ မရောက်လာခြင်းဖြစ်သည် ။ မြကား သူ့လင် သေပြီ မှတ်ကာ ၊ အပူကြီးပူခဲ့ရှာမည် ။ ယခု သူ့လင်သည် မသေမပျောက် ပြန် ရောက်လာပြီဟု မှတ်ထင်ကာ ၊ အတိုင်းမသိ ဝမ်းမြောက် ရွှင်မြူးနေသည် ။ ကျွန်တော် သူ့လင် မဟုတ်ကြောင်း တပ်တပ်အပ်အပ် ပြောပြလိုက်ပါလျှင် သူ၏ ပျော်ရွှင်ဝမ်းသာမှုတွေ အားလုံး ပျောက်ကာ အနာဟောင်းထသလို အပူကြီး ပြန်၍ ပူရှာတော့မည် ။ ကျွန်တော်ကား ၊ မြ စိတ်မချမ်းမသာ ဖြစ်မည့် ကိစ္စကို မပြုရက် ၊ မပြောရက်အောင် ဖြစ်ချေပြီ တကား ။ ရှင်းရှင်းပြောရလျှင် ကျွန်တော်သည် မြ အပေါ်တွင် မေတ္တာကရုဏာ သံယောဇဉ်ကြိုးတွေ ရစ်ပတ်ဖွဲ့စည်း ချေပြီတကား ။

ကျွန်တော် ထိုကဲ့သို့ တွေးတောရီဝေနေစဉ် “ မောင် ရန်ကုန်ကို ရောက်တာ ဘယ်လောက် ကြာပြီလဲဟင် ” ဟု မြက ကျွန်တော့်ကို ကြည့်ကာ မေးပါသည် ။

“ ဘယ်နှစ်ရက် ကြာနေမှန်းတောင် မသိတော့ပါဘူး မြရယ် ” ဟု ကျွန်တော်က ပြောလိုက်ရာ မြမှာ မျက်ရည်ကလေး လည်၍ နေရှာပါသည် ။

“ မောင် ဘယ်မှာ နေပြီး ဘယ်လို စားသောက်နေသလဲ ”

ကျွန်တော်ကား မြ ထင်နေသည့်အတိုင်းပင် စိတ်နောက်ဟန်ပြုကာ ၊ စိတ်နောက်နေသူများ ပြောသလို ပြောအံ့ဟု ကြံစည်တွေးတောနေစဉ် ၊ “ အို .. .မောင့်ဦးနှောက်တွေ မကောင်းသေးဘူး ထင်ပါရဲ့  ၊ မြက တောမေးတောင်မေး မေးရင် ၊ မောင့် ဦးနှောက် နောက်သထက် နောက်နေပါလိမ့်မယ်လေ ။ မမေးတော့ပါဘူး ။ ဘာမှ ပြန်မပြောနဲ့ မောင် ဟောဒီဟာ သိမ်ကြီးဈေး မောင်ရဲ့ ၊ ဒီရုံနဲ့ စီရုံကို အင်္ဂလိပ်တွေ ပြေးကာနီးမှာ မီးရှို့ပစ်ခဲ့လို့ အတွင်းမှာ ဆိုင်တွေ မရောင်းနိုင်ဘူး ။ အပြင်တန်းမှာဘဲ ရောင်းကြတယ် ” ဟု မြ က မော်တော်ကားပေါ်မှ လက်ညှိုးညွှန်ကာ ပြပါသည် ။

မော်တော်ကားသည် တရုတ်တန်းတစ်လျှောက် ကမ်းနားဘက်သို့ မောင်းခဲ့ပြီး ၊ ကမ်းနားလမ်းအတိုင်း အရှေ့ဘက်သို့ ကွေ့ကာ မောင်းခဲ့ပါသည် ။

“ ဟော ဒီနေရာဟာ ဗိုလ်တထောင် ဘုရားပေါ့ မောင်ရဲ့ ။ ဂျပန်လက်ထက်က အင်္ဂလိပ်တွေရဲ့ ဗုံးဒဏ်ကြောင့် ပျက်စီးရတယ် ”ဟု မြ က ပြောပြပြန်ပါသည် ။

ထို့နောက် ဗိုလ်တထောင်မှကွေ့ကာ ပုဇွန်တောင် မီးရထားခုံးကြီးမှ ကျော်ဖြတ် မောင်းနှင်ခဲ့ရာ ၊ အတန်ကြာလျှင် ကန်တော်ကြီးစောင်းသို့ ရောက်ခဲ့ပါသည် ။

“ ဟေ့ - ထွန်းမြတ် မော်တော်ကားကို ခဏလောက်ရပ်ပါကွယ် ” ဟု မြက ပြောသဖြင့် ၊ ဒရိုင်ဘာသည် ကန်တော်ကြီးစောင်းတွင် ရပ်လိုက်ပါသည် ။

“ မောင် ... ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုတွေ ကြည့်နော် ။ လေကောင်းလေသန့်လည်း ဝအောင်ရှူ ၊ ဟုတ်လား ။ ဒီကနေ ဖူးမှ ရွှေတိဂုံစေတီတော်ကြီးဟာ ၊ ပိုပြီး ကြည်ညိုဖို့ မကောင်းဘူးလားမောင်ရယ် ” ဟု မြ က တီတီတာတာ ပြောကာ လက်ညှိုးကလေးတငေါက်ငေါက်နှင့် ပြရှာပါ တော့သည် ။

ကျွန်တော်၏ စိတ်တွင် မြ နှင့် ကျွန်တော်မှာ တကယ်ပင် လင်မယားဟု ထင်မှတ်မိကာ ၊ ဤကဲ့သို့ တစ်သက်လုံး နေသွားချင်စိတ်ပေါ်လာပါသည် ။ မတော်တဆ သူ့လင် အရင်း ကိုခင်မောင် ဆိုသူ ရောက်လာပါက ၊ ကျွန်တော်တို့ချင်း ကွဲကာ ကွေကွင်းရတော့မည်ဟု တွေးမိကာ ၊

ကိုခင်မောင် ဆိုသူ ရောက်မလာပါစေနှင့်ဟုပင် ဆုတောင်းမိပါသေးသည် ။

“ အိမ်ပြန်ကြစို့လား မောင်ရယ် ” ဟု မြက ပြောသဖြင့် ကျွန်တော်ခေါင်းညိတ်ပြလိုက်ပါသည် ။ မော်တော်ကားသည် ကန်တော်ကြီးကို ပတ်ပြီးနောက် ကိုယ့်မင်းကိုယ့်ချင်း လမ်းပေါ်သို့ ရောက်လာသည် ။ ထို့နောက် ကုက္ကိုင်းလမ်းပေါ်တွင် ပြေးလျက်ရှိသည် ။ အတန်ကလေး ကြာလျှင် ကျယ်ဝန်းသော ဝင်းကြီး တစ်ခု အတွင်းသို့ ဝင်ခဲ့သည် ။ ကျွန်တော်ကား မည်သူနှင့် တွေ့ပြီး ၊ မည်ကဲ့သို့သော အဖြစ်ထူးမျိုးနှင့် ကြုံရလေဦးမည်နည်းဟု တွေးကာ အသည်းတထိတ်ထိတ် ရင်တဖိုဖို ရှိတော့သည် ။

ဝင်းအတွင်းရှိ တိုက်ခံအိမ်ကြီး တလုံး၏ ဆင်ဝင် အောက်တွင် မော်တော်ကား ရပ်လိုက်သည့် တစ်ပြိုင်နက် “ မေမေ … မေမေ ” ဟု မြက ကြည်လင်အောင်မြင်သည့် အသံကလေးနှင့် လှမ်းခေါ်လိုက်ပါသည် ။

အသက် ၅ဝ ကျော်အရွယ် အဒေါ်ကြီး တစ်ယောက် တိုက်တွင်းမှ ထွက်လာကာ ၊ ကျွန်တော်တို့ကို မြင်လျှင်ပင် “ ဟဲ့ - မောင်ခင်မောင် မဟုတ်လား ၊ ဘယ်မှာ တွေ့ခဲ့သလဲ ” ဟု ဝမ်းသာအားရ ပြောပြီး မော်တော်ကား အနီးသို့ ပြေးကပ်လာပါသည် ။

မော်တော်ကားတံခါးကို ဒရိုင်ဘာ ဖွင့်ပေးသဖြင့် ၊ ကျွန်တော်တို့ နှစ်ယောက် ဆင်းကြလေရာ ၊ မြ၏ မိခင်ကြီး မှာ ကျွန်တော့်အား ပွေ့တော့မလို ဖက်တော့မလို ပြုရင်း ၊ “ အမယ်လေး .. ဝမ်းသာလိုက်တာ သားရယ် - မေမေတို့ဖြင့် ၊ မင်း သေပြီကြားလို့ ပူလိုက်ဆွေးလိုက်ရတာ မပြောပါနဲ တော့ ” ဟု ဆိုရှာသည် ။

ကျွန်တော်လည်း အလိုက်သင့်အလျားသင့်လိုက်လျော ပြောဆိုရန် စကား ရှာကြံ၍ မရသဖြင့် ငေးကြောင်ကြောင်ဖြစ်ကာ ၊ မြတို့ အမေကို စိုက်ကြည့်နေစဉ် ၊ မြသည် သူ့မိခင်ကို လက်တို့ပြီး တိုက်အတွင်းသို့ ခေါ်သွားပါသည် ။

ကျွန်တော် ဦးနှောက်ပျက်ကာ စိတ်နောက်တောက်တောက် ဖြစ်နေကြောင်း ၊ တိုးတိုးတိတ်တိတ် ပြောပြခြင်း ဖြစ်မည်ဟု တွေးမိပါသည် ။ ချက်ချင်းလိုပင် မြ ထွက်လာပြီး ...

“ လာ - မောင် ။ တိုက်ထဲကို ဝင်လေ ” ဟု ခေါ်သဖြင့် ဟု တိုက်တွင်းသို့ဝ င်မည့် ဆဲဆဲတွင် ရန်သူတော်တစ်ဦး ပေါ် လာပါတော့သတည်း ။

သင်္ဘောခွေး အမွေးစုတ်ဖွားကလေးသည် ကျွန်တော့် အား စားတော့မတတ် ၊ ဝါးတော့မတတ် ဟောင်ဟိန်းကာ ကိုက်ခဲမည် တကဲကဲ ပြုနေပါတော့သည် ။

“ ဟဲ့ ပါပီ ၊ ဒါ နင့်သခင်လေ ၊ အမယ်လေး သခင်နဲ့ ကွဲနေတာကြာလို့ မေ့နေတယ်ထင်ပါရဲ့ မောင်ရယ် ၊ ဒါမှ မဟုတ်ရင်လည်း မောင် တခြားကို ကြာရှည်လေးမြင့် သွားနေရမလားလို့ စိတ်ဆိုးစိတ်နာပြီး ၊ ရန်တွေ့တာများလား မဆိုနိုင်ဘူး ” ဟု မြ က ပြောသော်လည်း ၊ ကျွန်တော်ကား ကိုယ့် အကြောင်း ကိုယ်သိကာ ၊ ဝမ်းတွင်းက ပြုံးမိပါသည် ။

ခွေးကလေးကို မြက ပွေ့ဖက်ထားသဖြင့် ကျွန်တော် တိုက်တွင်းသို့ ဝင်ကာ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ရာ မြ မှာလည်း ခွေးကလေးကို ပွေ့ချီရင်း ၊ ကျွန်တော်၏ အနီး ကုလားထိုင်တွင် ထိုင်ပါသည် ။ ပါပီကား မြ၏ရင်ခွင်ထဲကပင် ကျွန်တော့်ကို ပြူးတူးပြဲတဲကြည့်ကာ တဟင်းဟင်း ၊ တဟဲဟဲ လုပ်၍နေသဖြင့်  ၊ ကျွန်တော်အတော်ကြီး ထိတ်လန့်တုန်လှုပ်မိပါသည် ။ အကြောင်းမူကား ကျွန်တော် သည် မြ၏ လင် ကိုခင်မောင်မဟုတ်ကြောင်း မြ အစရှိသော လူအပေါင်းတို့က မသိကြသေးသော်လည်း ပါပီ က ကောင်းစွာသိပါသည် ။ ခွေးက ဟိန်းဟောင်တိုင်း ၊ ကျွန်တော်၏ နားတွင် “ နင်ဟာ - ငါ့သခင် မဟုတ်ဘူး ၊ အတုအယောင် လူညာ ၊ နင် ငါတို့အိမ် မလာနဲ  ၊ အခုထွက်သွား ” ဟု အော်ဟစ်မောင်းနှင်နေသကဲ့သို့ မှတ်ထင်ကာ ရှက်စိတ် ကြောက်စိတ်တွေ ပေါ်၍ နေပါတော့သည် ။

ကျွန်တော်ကား စကားထွေထွေလာလာ မပြောဘဲ ၊ ထူးဆန်းစွာ တွေ့ရကြုံရပုံတွေကို အံ့သြ - တွေဝေစွာ တွေးတောနေမိပါသည် ။ ထိုကဲ့သို့ ကျွန်တော် တွေတွေဝေဝေကြီး ဖြစ်နေခြင်းမှာ ၊ ကျွန်တော်၏ ဦးနှောက်မကောင်းဘဲ စိတ်နောက်သည့်ဝေဒနာကြောင့်ဟု မြ က ထင်မှတ်ကာ ကျွန်တော့်အားလည်း စကားအကျယ်အပွား မပြောဘဲ ငြိမ်သက်တိတ်ဆိတ်စွာ ကျွန်တော်၏ အကဲကလေးကို ကြည့်နေပါသည် ။

ကျွန်တော်သည် မြတို့၏ တိုက်အတွင်းရှိ ၊ အိမ်ထောင် ပရိဘောဂများကို ကြည့်ရှုမိပါသည် ။ တစ်ယောက်ထိုင် နှစ်ယောက်ထိုင် ဆိုဖါကြီးများ ၊ တဖိတ်ဖိတ်တောက် ပြောင်သည့် စားပွဲကုလားထိုင် ၊ ဗီရိုကြီးများ ၊ အဖိုးတန် နာရီကြီးများ စသည်တို့ကို တစ်ခုပြီး တစ်ခု ကြည့်ရှုမိစဉ် ၊ တစ်စုံတစ်ခုသောနေရာသို့ မျက်စိစူးစိုက်မိရာ ၊ ကျွန်တော် အတိုင်းမသိ အံ့သြသွားမိပါသည် ။

အလျား ၃ပေခန့်  ၊ အနံ ၂ ပေခန့် ရှိသော ရွှေဘောင်ကြီးအတွင်းတွင် မြန်မာ့တပ်မတော် စစ်ဝတ်တန်ဆာအစုံအလင် နှင့် ရိုက်ထားသည့်ဓာတ်ပုံကား ၊ ကျွန်တော်နှင့် ရွေးမရအောင် တူသောပုံ ဖြစ်နေလေတော့သည် ။ ကျွန်တော် နှင့် ကိုခင်မောင် မှာ တူယောင်ရိုးမှားမျှသာ ဖြစ်လျှက် ၊ မြတို့နှင့် ကွဲကွာနေသည်မှာ ကြာပြီဖြစ်သောကြောင့် ကောင်းကောင်းမမှတ်မိသည့်အတွက် မြတို့က ကျွန်တော့်ကို ကိုခင်မောင်ဟု ထင်ယူစွဲပိုက်ခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်မိခဲ့သော်လည်း ၊ ယခု - ကိုခင်မောင်ပုံ၏ ပုံကို မြင်ရသော အခါတွင်ကား ၊ ကျွန်တော်၏ ထင်မြင်ယူဆချက်အတိုင်းမဟုတ်ဘဲ ကျွန်တော် နှင့် ကိုခင်မောင်မှာ လူအစစ်နှင့် မှန်ထဲက ပုံပမာ ချွတ်စွပ်တူနေကြောင်းကို တွေ့ရလေရာ မြ သာမက ၊ ကိုခင်မောင် ကို သိသူ မှန်သမျှသည် ကျွန်တော့် အား ကိုခင်မောင် ဟုပင် ထင်မှတ်ကြတော့မည်ဟု တွေးမိပါသည် ။သို့သော် ကျွန်တော်ကား ကိုခင်မောင် မဟုတ် ကြောင်းကို သိသူ တစ်ဦးတည်းသာ ရှိပါသည် ။ ထိုတစ်ဦးကား စကားမပြောတတ်သည့် ခွေးကလေး ပါပီပင် ဖြစ်ပါ တော့သည် ။ ပါပီ သာ စကားပြောတတ်သူ ဖြစ်ပါဘိမူကား ၊ ကျွန်တော်၏ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည် အမှန်ပင် ဖြစ်ပါတော့သည် ။

“ မောင် .. ရေချိုးလိုက်ပါဦးလား - မောင့်အဝတ်အစားတွေကလည်း မည်းလှညစ်လှပါပြီ မောင်ရယ် ၊ ရေချိုးပြီးမှ အဝတ်အစား လဲရအောင်နော် ” ဟု မြ က ပြောသဖြင့် ၊ ကျွန်တော် ထိုင်ရာမှ ထပါသည် ။ သို့သော် ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်သဖြင့် ၊ ရေချိုးခန်း မည်သည့်နေရာတွင် ရှိသည်ကို ကျွန်တော် အဘယ်မှာလျှင် သိပါအံ့နည်း ။

ထို့ကြောင့် ကျွန်တော် မတ်တတ်ရပ်ရင်း ယောင်ငေးငေးကြီး ဖြစ်နေသည်ကို မြင်သော မြသည် ကျွန်တော်၏ စိတ်တွေရီဝေနောက်ကျိနေသဖြင့် မသွားတတ်မလာတတ်ဖြစ်သည်ဟု ထင်ကာ ၊ “ ဟေ့ ... မိတုတ်ရေ လာစမ်း ၊ မောင့်ကို ရေချိုးခန်း လိုက်ပြလိုက် ၊ ရေလဲတို့ ဆပ်ပြာခွက်တို့ မျက်နှာသုတ်ပုဝါတို့ အသင့်ထုတ်ပေး ဟေ့ ” ဟု အစေခံမကလေးကို အမိန့်ပေးပါသည် ။

ကျွန်တော်ကား အစေခံမကလေး ရှေ့ဆောင်ညွှန်ပြရာသို့ လိုက်ပါကာ ၊ ရေချိုးခန်းတွင် ရေချိုးရပါ၏ ။ သို့ချိုးရင်း ကိုခင်မောင်၏ ဘဝနှင့် ကျွန်တော့် ဘဝကို နှိုင်းယှဉ် စံထိုး၍ ကြည့်မိပါသည် ။ ကျွန်တော်ကား တောတွင် မွေးသည့် တောသားသာ ဖြစ်ခဲ့ပါသည် ။ ကိုခင်မောင်ကား ၊ မြို့ကြီး ပြကြီးသား ဖြစ်လျက် ၊ စည်းစိမ်ဥစ္စာဘောဂဗလနှင့် ပြည့်ဝကုံလုံသူ ဖြစ်ပါသည် ။ ကျွန်တော်ကား ကံထူးသဖြင့် ရွှေအိမ် ဘုံမြင့်ခုနှစ်ဆင့်သို့ ရောက်လာရသော ကျီးငှက်ပမာ အတန်ကြာလျှင် ပျံသန်းထွက်ခွာသွားရလေမည်လားဟု တွေးမိသောအခါ ကျွန်တော် အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်ရပါတော့သည် ။ ကိုခင်မောင် ပြန်မလာပါစေနှင့်ဟု ကျွန်တော် မတောင့်တထိုက်သော ဆုကိုပင် တောင်းမိပါသည် ။

ထိုအခိုက် “ မောင် ... မောင် ” ဟု ခေါ်သည့် မြ၏ အသံကို ရေချိုးခန်းအပြင်ဘက်မှ ကြားရသဖြင့် အလန့်တကြား ဖြစ်ကာ “ ဘာလဲ - မြ ” ဟု ကျွန်တော်က ထူးလိုက်ပါသည် ။

“ ဪ …. တခြားကြောင့် မဟုတ်ပါဘူး ၊ မောင် ရေချိုးတာ ကြာလွန်းလို့ မူးများလဲနေသလားလို့ စိုးရိမ်ပြီး ခေါ် ကြည့်တာပါ ” ဟု မြ၏ အသံကို ကြားရပါသည် ။

ကျွန်တော်ကား ကြင်နာလှသော မယားကလေးကို ရနေသဖြင့် ဝမ်းမြောက်မိလှပါသည် ။ သို့သော် အမှန်စင်စစ်မှာကား မြမှာ ကျွန်တော်နှင့်မဆိုင် ကျွန်တော်ပိုင် မဟုတ်ကြောင်း တွေးမိသောအခါ စိတ်ပျက်အားငယ်မိပါတော့သည် ။ မတော်တဆ ကိုခင်မောင် မသေမပျောက်ဘဲ ပြန်ရောက်လာမည်လားဟု တွေးကာ ၊ ပူပန်စိုးရိမ်မိပါသေးသည် ။

“ မောင်ရေ ရေချိုးပြီးရင် ပြောနော် ၊ မောင့်လုံချည် အဟောင်းကို ပြန်မဝတ်နဲ့  ၊ ဟောဒီက လုံချည်သစ်ကို ဝတ်ရမယ် ” ဟူသော မြ၏ အသံကို ကြားရသည့်အတွက် ရေချိုးပြီးလျှင် တံခါးဖွင့်လိုက်ရာ လုံချည်သစ်ကိုင်ကာ ၊ စောင့်စားနေသော မြ ကို တွေ့ရပါသည် ။

ကျွန်တော် လုံချည်လဲပြီးလျှင် ၊ မြက “ လာ မောင် အဝတ်အစားလဲရမယ် ” ဟု ပြောကာ ၊ ရှေ့ဆောင်ခေါ်ငင် သွားသဖြင့် အပေါ်ထပ်သို့ တက်လိုက်သွားရပါသည် ။ အဝတ်လဲခန်းတွင် အဝတ်ဗီရိုများ ကို ဖွင့်ပေးပြီး “ ကဲမောင် ဝတ်ချင်တာဝတ် ” ဟု စေတနာရေစီးကမ်းပြို လိုက်ပါ တော့သည် ။

အဝတ်ဗီရိုထဲတွင် အဝတ်အစား အသစ်စက်စက်များက ဗီရိုတစ်လုံး ၊ လျှော်ဖွပ်ပြီး မီးပူတိုက်ပြီးများက တစ်လုံး ဖြစ်ရာ ၊ ထိုအဝတ်များကား ၊ သူတို့၏ အရှင်သခင်ကို မျှော်လင့်စောင့်စားနေကြဟန်တူပါသည် ။ အဝတ်များသည် ပါပီကဲ့သို့ သိတတ်သောဝိညာဉ်သာ ရှိကြပါက ကျွန်တော့်အား လှောင်ပြောင်သရော်ကြပေလိမ့်မည် ။ ကျွန်တော်ကား အဝတ်အစားများကို ကြည့်ရင်း တွေး၍ ရှက်မိပါသေးသည် ။

လျှော်ပြီးဖွပ်ပြီး အဝတ်ဗီရိုထဲမှ ကျွန်တော် နှစ်သက်သည့် အဆင်အသွေးများကို ရွေးယူဝတ်ဆင်ပြီးနောက် အောက်ထပ်သို့ ဆင်းခဲ့ရာ ၊ မြက ဆီးပြီး -

“ အမယ် မောင်က ဒီလုံချည်နဲ့ အင်္ကျီတော့ အားကြီး ကြိုက်တယ်နော် ၊ အရင်တုန်းက ဆိုရင်လည်း ဒီအဝတ်အစားကို အမြဲလိုလို ဝတ်တာပဲ ” ဟု ပြောလိုက်ရာ ကျွန်တော့်မှာ ကိုခင်မောင် နှင့် ရုပ်ချင်းသာ တူသည်မဟုတ် ၊ အကြိုက်ချင်းလည်း တူနေသဖြင့် အံ့သြရပြန်ပါသည် ။

ထိုနေ့ညနေတွင် ညစာ စားကြပါသည် ။ ကျွန်တော် နှင့် မြ အပြင် မြ၏မယ်တော်ကြီး ပါ အတူ စားကြပါသည် ။ ချက်ပြုတ်ကြော်လှော်ထားသော ဟင်းများမှာ ကျွန်တော်၏ အကြိုက်ချည်းပင်ဖြစ်တော့သည် ။ မြ က “ မောင်က ငါးသလောက် ကြိုက်တတ်လွန်းလို့ တမင်ဝယ်ပြီး ကြော်ရတာ မောင်ရဲ့ ၊ အရင်ကလို လိပ်ဥကလေးလည်း စားချင်သေးတယ်မဟုတ်လား ” ဟုပြောပြီး ငါးသလောက်ကြော်များနှင့် လိပ်ဥပြုတ်ကို ကျွန်တော်၏ ပန်းကန်ထဲသို့ ထည့်ပေးရှာပါသည် ။

ထိုညတွင် ကျွန်တော်တို့ နှစ်ယောက် အပေါ်ထပ် ပီယာနိုခန်းတွင် ထိုင်နေကြပါသည် ။ “ မြက ပီယာနို တီးမယ် ၊ မောင်က သီချင်းဆိုနော်  ၊ မောင်မကြာမကြာ ဆိုတတ်တဲ့ သီချင်းဟာ ဘာတဲ့လေ မြ မေ့နေလို့ ”

ဤတစ်ချီတွင် ကျွန်တော် အခက်တွေ့တော့သည် ။ ကျွန်တော် ရသည့်သီချင်းတစ်ပုဒ်ကို ကောက်ကာငင်ကာ ပြောလိုက်လျှင် ကိုခင်မောင် ဆိုနေကျ သီချင်း မဟုတ်ချေ သော် ခက်လိမ့်မည် ။ ကျွန်တော်၏ အလိမ်တွေပေါ်တော့မည် ။ ကျွန်တော်ကား ကိုခင်မောင် မဟုတ်ပါဟု မြ နှင့် တွေ့စက ပြောခဲ့ဖူးသည် ။ သို့သော် မြ မယုံ ၊ ထိုစဉ်အခါက မယုံလျှင် မော်တော်ကားပေါ်တွင် အကျိုးအကြောင်း ရှင်းလင်းပြောပြသင့်သည် ။ မော်တော်ကားပေါ်တွင် မပြောခဲ့ဘူးဘဲ ထားဦးတော့ ၊ အိမ်ရောက်လျှင် မြ ကောင်းကောင်း နားလည်အောင် လုံးစေ့ပတ်စေ့ ပြောပြသင့်သည် ။ သို့သော် ကျွန်တော် မပြော ၊ ကျွန်တော်ကား ရေသာခိုကာ တိတ်ဆိတ်လျှို့ဝှက်လျက် ကိုခင်မောင်ယောင် အကြီးအကျယ် ဆောင်၍ နေမိချေပြီ ။

သို့အယောင်ဆောင်ကြောင်း မြ သိသွားပါလျှင် ကျွန်တော့်အား စိတ်အဆိုးကြီးဆိုးကာ အိမ်မှ နှင်ချပေတော့မည် ။ ကျွန်တော်ကား ကျွန်တော့်အပြစ်အလျောက် နှင်ချခံရမည်ကို မကြောက်လှသော်လည်း ကျွန်တော့်ကို ကိုခင်မောင် ဟု ထင်ကာ ၊ ယုံကြည်ကိုးစားအားရရွှင်မြူးနေသော မြ ခမျာမှာ စိတ်မကောင်း ဖြစ်ရှာပါလိမ့်မည် ။ ကျွန်တော့်အတွက်က ပိုမို၍ အရေးကြီးသည်ဟု ကျွန်တော် အယူရှိကာ ကျွန်တော်၏ လုပ်ဇာတ်မပေါ်အောင် အကြီးအကျယ်ဖုံး ဖိရပါတော့မည် ။

“ ဆိုပါမောင်ရဲ့ မောင် မကြာ မကြာ ဆိုတတ်တဲ့ သီချင်းကိုလေ ” ဟု မြ က ထပ်လောင်း တောင်းပန်ပြန်ပါသည် ။

ကျွန်တော်လည်း အကြံခက်ကာ အကြိုက်ဆုံးသီချင်းကို ဆိုလိုက်လေတော့သည် ။

“ နံ့သာနီတောင် သီချင်းလား မြရဲ့ ”

“ ဟုတ်တယ် ဟုတ်တယ် မြ မေ့နေလို့ ၊ ကဲ ဆိုစမ်းပါ မောင်ရယ် မြက ပီယာနို တီးပါ့မယ် ”

ကျွန်တော်ကား နေ့စဉ်လိုပင် နံ့သာနီတောင်သီချင်းကို ဆိုကာ ပတ္တလား တီးခဲ့ပါသည် ။ ကျွန်တော် နေ့စဉ်ဆိုသော သီချင်းကိုပင် ကိုခင်မောင် အမြဲဆိုလေ့ဆိုထရှိသည်မှာကား အံ့ဩဖွယ်ကြီးတရပ်ပင်ဖြစ်ပါတော့သည် ။

ကျွန်တော်ကား နံ့သာနီတောင်သီချင်းကို အစွမ်းကုန် ကြိုးစား၍ ဆိုလိုက်ပါသည် ။ မြ ကလည်း အားတက်သရော ပီယာနို တီးရှာပါသည် ။ သီချင်းဆုံးလျှင် မြ သည် ကျွန်တော့် အား နှစ်သိမ့်ကြည်နူးသည့် အကြည့်မျိုးဖြင့် ကြည့်ကာ “ မောင် ဦးနှောက် မကောင်းဘူးသာ ဆိုတယ် ၊ ဆိုတဲ့အခါ မှာတော့ အမှားအယွင်း မရှိဘူး ၊ ရှေးကဆိုပုံ ညုပုံ နွဲ့ပုံ အတိုင်းပဲနော် ” ဟု ပြောပါသည် ။

“ ဒီသီချင်းဟာ မောင့်အသည်းစွဲပေါ့ မြရဲ့ ၊ ဘာပြုလို့ရယ် မဆိုနိုင်ဘူး ၊ မောင်ငယ်ငယ်ကလည်း ဒီသီချင်းကို ကြားရရင် စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတနည်း ဖြစ်ဖြစ်သွားတယ် ၊ ဒီသီချင်းကြားရတဲ့အခါ ဘယ်သူ့ကို လွမ်းသလိုလို ဘယ်ဟာကို သတိရသလိုလိုနဲ့ ရင်ထဲမှာ ဆို့ဆို့သွားတာပဲမြရဲ့ ”

“ အမယ်လေး ဒီစကားတွေကို မောင် ပြောတာ ကြားရလွန်းလို့ မြဖြင့် အလွတ်တောင် ရနေပါပေါ့ရှင် ”

ကျွန်တော် အတိုင်းမသိ အံ့သြရပြန်ပါသည် ။ နံ့သာနီတောင် သီချင်းကို ကြားရလျှင် ၊ ကျွန်တော် ဝမ်းနည်း လှိုက်လှဲသလို ၊ ကိုခင်မောင်လည်း ဝမ်းနည်းလှိုက်လှဲခြင်း ဖြစ်သည် ။ ကျွန်တော် ဤသီချင်းကို နေ့စဉ် ဆိုသလို သူလည်း ဆိုတတ်သည် ။ ကျွန်တော်တို့ချင်း အဘယ်ကြောင့် ဤမျှ စိတ်ချင်းသဘောချင်း ၊ လူချင်း တူညီကြပါသနည်း ။

အမြွှာပူးမွေးသည်ပြောရန်မှာလည်း ကျွန်တော်၏ မိဘများတွင် ကျွန်တော် တစ်ယောက်တည်းသာ သား ဟူ၍ ရှိသည် ။ ကျွန်တော်ကား တောရွာတွင် နေရလျက် ကိုခင်မောင် ကား ၊ မြို့ကြီးပြကြီးများတွင် စည်းစိမ်သုခနှင့် နေရသည် ။ သို့ဖြစ်ပါလျက် ကျွန်တော်တို့ချင်း ဘယ်အတွက် အရာရာတွင် တူနေကြောင်းကို ကျွန်တော် မစဉ်းစားတတ်အောင်ပင် ဖြစ်တော့သည် ။

ကျွန်တော် နှင့် မြ ပီယာနိုခန်းက ထွက်ခဲ့ကြပြီးနောက် အိပ်ခန်းတွင်းသို့ ဝင်ကြပါသည် ။ ဤအရေးဤကိစ္စ အတွက်ကား ၊ ကျွန်တော် အသည်းအထိတ်ဆုံးပင် ဖြစ်တော့သည် ။ ကိုခင်မောင်ကား သေသည် ၊ ရှင်သည်မသိရသေး ။ အကယ်၍ ကိုခင်မောင် သေရိုးမှန်ပါက ၊ ကျွန်တော်သည် ကိုခင်မောင်၏ ကိုယ်စားပြုကာ ၊ တစ်သက်လုံး အယောင်ဆောင်၍သွားနိုင်သည် ။ မတော်တဆ ကိုခင်မောင် ပြန်လာပါလျှင် မည်သို့ ဖြစ်မည်နည်း ကျွန်တော်၏ ဇာတ်ထုပ်ပေါ်ကာ ကျွန်တော့်မှာ သူတစ်ပါး၏ သားမယားကို ကြာခိုမှုဖြင့် ၊ မင်းပြစ်မင်းဒဏ် သင့်တော့မည် ။ မြ မှာလည်း အရှက်တကွဲ အကျိုးနည်းဖြစ်ကာ ၊ ကိုခင်မောင်၏ ပြစ်တင် ရှုတ်ချစွန့်ပစ်ခြင်းကို ခံရရှာမည် ။ မြ လည်း တစ်သက်လုံး စိတ်ချမ်းသာတော့မည် မဟုတ် ၊ ကိုခင်မောင်လည်း ရင်ကွဲပက်လက် ဖြစ်ရှာတော့မည် ။ ကျွန်တော့်မှာလည်း ဆိုးညစ်သည့် အမှုအတွက် တစ်သက်လုံး လူတော တိုးဝံ့တော့မည် မဟုတ် ၊ ကျွန်တော်သည် အိပ်ရာထက်တွင် ပက်လက်လှန်ကာ  နဖူးပေါ် လက်တင်ပြီး ဤအရေးတွေကို တွေးလျက် ၊ အဆွေးကြီး ဆွေးမိတော့သည် ။

မြ ကား ၊ ကျွန်တော့် အနီးတွင် ခွေခွေကလေး အိပ်စက် နေချေပြီ ။

ကျွန်တော်၏ စိတ်ရိုင်းကား ထူးဖြတ်၍ လွတ်တော့မည် တကဲကဲ ဖြစ်သည် ။ ကျွန်တော်လည်း ထိန်းနိုင်သမျှ ထိန်း ၊ သိမ်းနိုင်သမျှသိမ်းလျက် ကိုယ့်စိတ်ကိုကိုယ် နိုင်လု မနိုင်လု လွန်ဆွဲနေသကဲ့သို့ ဖြစ်နေပါတော့သည် ။

ထိုအခိုက် အိပ်ရာခုတင်၏ အနီးရှိ စားပွဲငယ်ပေါ်တွင်ထောင်ထားသည့် ကိုခင်မောင်၏ ဓာတ်ပုံကို လှမ်း၍ မြင်မိသည် ။ ကိုခင်မောင်၏ ဓာတ်ပုံဟုသာ ဆိုရသည် ။ အမှန်မှာ ကျွန်တော်၏ ဓာတ်ပုံနှင့်တစ်သဝေမတိမ်း တူနေပေသည် ။ ကျွန်တော်သည် ဓာတ်ပုံကို ကြည့်ရင်း ၊ ကျွန်တော်သည် ကိုခင်မောင် - ကိုခင်မောင်သည် ကျွန်တော် ဟု ပင် ထင်မိသည် ။ ကျွန်တော် နှင့် သူ နှစ်ယောက်မှာ တစ်ယောက်တည်းပင် ဖြစ်သလို စိတ်တွင် အောက်မေ့မိသည် ။

ထို့ကြောင့် ကိုခင်မောင် ပူဆွေးရမည့် ကိစ္စသည် ကျွန်တော် ပူဆွေးရမည်ကဲ့သို့ပင် ထင်မှတ်သည် ။ သူ မနှစ်သက်သော အလုပ်သည် ကျွန်တော် မနှစ်သက်သောအလုပ် ဟု အယူရှိသည် ။ ကျွန်တော်ကား ကျွန်တော်၏ပုံတူကို ကြည့်ကာ ၊ ကိုခင်မောင် အား ကိုယ်နှင့် ထပ်တူ ချစ်ခင်ကြည်ဖြူသနားမိသည် ။

၎င်းအပြင် ကိုခင်မောင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ကိစ္စကို တွေးတောဆင်ခြင်မိပြန်သည် ။ သူသည် အဖ မြန်မာပြည်၏ သားကောင်းရတနာပီပီ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို အသက်မမှတ်ဘဲ စစ်မြေပြင်သို့ ထွက်ခွာသွားသူ ဖြစ်သည် ။ ထိုသူ၏ ချစ်ဇနီးကို ကျွန်တော် ကျူးလွန်စော်ကားခဲ့ချေသော် ၊ ကိုခင်မောင်ကို စော်ကား ရုံသာမက ၊ အဖ - မြန်မာပြည်ကို စော်ကားရာလည်းရောက်သည် ။ မြန်မာတစ်မျိုးလုံးကို စော်ကားခြင်းလည်း မည်ပေသည် ။ ယနေ့ပင်လျှင် ကျွန်တော်သည် တိုင်းပြည်လွတ် လပ်ရေးအတွက် လိုရာသုံးရန် အသက်နှင့်ခန္ဓာကို အပ်နှံခဲ့ သည် မဟုတ်ပါလော ။ ထို့ကြောင့် ကျွန်တော်သည် ဆုံးဖြတ်ချက် တစ်ခုကို ရဲတင်းစွာချလိုက်ပါသည် ။

“ ကိုခင်မောင် သေကြောင်း ၊ မသေကြောင်း မသိရမချင်း ၊ မြကို ကျူးလွန်ခြင်းမပြု ၊ ကိုခင်မောင် သေကြောင်း ဒိဋ္ဌိသိရပါက မြကို အကျိုးအကြောင်းလုံးဝဥဿုံ ပြောပြကာ မြက ကျေနပ်ခွင့်ပြုမှသာ မြကို ယူမည် ။ မြက မကျေနပ်လျှင် မယူ ” ဤကဲ့သို့ ဆုံးဖြတ်ကာ စိတ်ကို နိုင်အောင် ထိန်းရပါတော့သည် ။ ထိုကဲ့သို့ ထိန်း၍ ရသဖြင့် ကျွန်တော့် ကိုယ် ကျွန်တော် အံ့ဩမိပါသည် ။ အဘယ့်ကြောင့် ထိန်းနိုင်သနည်းဟူသော အကြောင်းရင်းကို ရှာဖွေစုံစမ်းကြည့်မိရာ ၊ အကြောင်းရင်း အစစ်အမှန်ကိုလည်း တွေ့ရှိစဉ်းစားမိပါ သည် ။

ကျွန်တော် နှင့် ကိုခင်မောင်မှာ အရာရာတွင် တူလှပေသည် ။ ထို့ကြောင့် ကိုခင်မောင်ကို ကိုယ်နှင့် ထပ်တူချစ်ခင် ကြင်နာမိသည် ။ ထိုကဲ့သို့ ချစ်ခင် ကြင်နာသူ၏ မယားကို ကျူးလွန်စော်ကားခြင်း ၊ မပြုမိအောင် ချုပ်တည်းခြင်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပါ ။ ဥပမာ ကိုယ်၏ ညီအစ်ကို ရင်းချာ၏ သားမယားကို အခွင့်သာ၍ အခါသင့်သော်လည်း ရှောင်ကွင်းနိုင်ကြသည် မဟုတ်ပါလော ။

၎င်းပြင် မြကို ကျွန်တော် တကယ် ချစ်ခင်သနားရိုးလည်း မှန်ပါသည် ။ ကျေးဇူးလည်း တင်ပါသည် ။ ထို ကျေးဇူးရှင်အချစ်မကလေး၏ နောင်ရေးအတွက် စိတ်မအေးဖွယ်ကိစ္စကို ကျွန်တော် မချုပ်တည်းဘဲ နေနိုင်ပါမည်လော ။

သို့ဖြင့် ရက်ပေါင်းအတော်ကြာ ကုန်လွန်ကြာညောင်းခဲ့ပါသည် ။ တောနေ ကျွန်တော်၏ မိဘများမှာ ကျွန်တော့် အတွက် တွေးတောပူပန်ကြလိမ့်မည်ဟု စိုးရိမ်စိတ်မချ ဖြစ်မိပါသည် ။ သူတို့ထံသို့ အကျိုးအကြောင်းစာရေးရမည် ကလည်း မတော်တဆ သူတို့ လိုက်လာပါက ကျွန်တော်၏ ဇာတ်ထုပ်ပေါ်ကာ အစီအစဉ်တွေ ပျက်ကုန်တော့မည် ။ သူတို့ ထံမှ စာပြန်လျှင် ထိုစာကို မြ တွေ့၍ သွားပါကလည်း ခက်လိမ့်မည် ။ ထို့ကြောင့် ကျွန်တော်၏ မိဘများအတွက် ကျွန်တော့်မှာ ဥပေက္ခာပြု၍ ထားရပါတော့သတည်း ။

တစ်နေ့တွင် ကျွန်တော် အိပ်ရာက ထသည်နှင့် တစ်ပြိုင်နက် စိတ်ဓာတ်တွေလေးလှသည် ။ တစ်စုံတစ်ခု ထူးထူးထွေထွေ ဖြစ်တော့မည်ဟု တွေးတောပူပန်မိသည် ။ ထို့ကြောင့် စိတ်လေးလေးနှင့်ပင် အိပ်ရာကထ မျက်နှာသစ်ပြီး အောက်ထပ်သို့ ဆင်းသွားရာ ၊ မြတို့ သားအမိမှာလည်း မျက်နှာပျက်၍ နေသည်ကို တွေ့ ရသဖြင့် ၊ ကျွန်တော် အတော်ကြီး ထိတ်လန့်တုန်လှုပ်သွားမိပါသည် ။ မြအား အကျိုးအကြောင်းမေးမည်ကြံသော်လည်း မမေးဝံ့ ၊ မမေးရက်သဖြင့် ပူပင်စိုးရိမ်စွာနှင့်ပင် နေရတော့သည် ။

မြကား ကျွန်တော့်ကို ရှေးကဲ့သို့ ဖော်ဖော်ရွေရွေ ခေါ်ပြောခြင်း မရှိဘဲ ၊ ခပ်တည်တည် လုပ်နေပါသည် ။ မြ၏ မိခင်ကား ကျွန်တော့်ကို စောင်းမြောင်းရေရွတ်၍ပင် ပြောနေပါတော့သည် ။ ပါပီသည် ကျွန်တော့်ကို ရှေးကထက် ပိုကာ ၊ မာန်မဲဟိန်းဟောင်တော့သည် ။

မြမိခင်က “ ဟေ့ မြ ညည်းဟာလေ ခွေးလောက်မှ မလိမ္မာဘူး ” ဟု ပြောလိုက်ရာ ၊ ကျွန်တော့် ဇာတ်ထုပ်ကို သူတို့ ရိပ်မိသိရှိပြီးဖြစ်ကြောင်း ၊ အကဲခတ်နိုင်ပါသည် ။ ကျွန်တော်ကား မနေတတ် ၊ မထိုင်တတ် ဖြစ်နေကာ ညအခါ ကျမှ ကျွန်တော့် အကြောင်းကို အစအဆုံး ဇာတ်လှန်ပြော ပြတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည် ။ ကျွန်တော်ကား ထိုနေ့တစ်နေ့လုံးပင် တအုံနွေးနွေးနှင့် စိတ်မအေးဘဲ ဖြစ်နေပါသည် ။

ထိုညနေရီဝင်တရော အချိန်တွင် ပါပီသည် ထူးခြားစွာ အော်မြည်လျက် ၊ တိုက်ပေါ်မှ ဆင်းပြေးပါသည် ။ ကျွန်တော်တို့ သုံးယောက်စလုံး လှမ်းမျှော်ကြည့်ရှုလိုက်ရာ လူတစ်ယောက်သည် ခြံတွင်းသို့ ခပ်သုတ်သုတ် ဝင်လာသည်ကို မြင်ရပါသည် ။ ထိုသူသည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ကျွန်တော် အရင်ဆုံး သိပါသည် ။

“ ဟော ကိုခင်မောင် ပြန်လာပြီ မေမေ ” ဟု မြက သူ့ မိခင် ဘက်သို့လှည့်ကာ ၊ ဝမ်းမြောက်ရွှင်ပျစွာ ပြောလိုက်ရာ ကျွန်တော့်မှာ ငယ်ထိပ်ကို မိုးကြိုးထိမှန်သလို ထိတ်လန့်တုန်လှုပ်သွားပြီး ၊ ကြက်သေသေနေမိပါသည် ။

မြတို့ သားအမိက ကျွန်တော့်ကို စိုက်၍ ကြည့်နေကြသည် ။ ကျွန်တော် ဘာလုပ်ရမည်ကို ချက်ချင်းဆုံးဖြတ်လိုက်ပါသည် ။ စကားပြောနေ စဉ်းစားနေရန် အချိန်မရပါ ။ ကျွန်တော် လျင်မြန်စွာ အတွင်းသို့ ပြေးဝင်ကာ နောက်ဖေးပေါက်မှ ထွက်ခဲ့ပါသည် ။ ထို့နောက် သူတို့၏ အဖြစ် သနစ်ကို ကြားချင်သိချင်သေးသဖြင့် တိုက်နံရံ အနီးသို့ ကပ်ကာ ချောင်းမြောင်းကြည့်ရှု နားထောင်မိပါသည် ။

မြ သည် ကိုခင်မောင် ကို ဖက်ကာ ၊ တရှုပ်ရှုပ် ငိုရှာပါသည် ။ ထို့နောက် သားအမိနှစ်ယောက်စလုံး ဝမ်းမြောက် စကားများ ပြောပါသည် ။ ထိုစကားများကား ကျွန်တော်နှင့် စတွေ့စဉ်က ပြောသော စကားများပင် ဖြစ်ပါသည် ။ ကျွန်တော်သည် မှောင်ရိပ်ခိုကာ ကိုခင်မောင် ကို ကြည့်မိသည် ။ ကျွန်တော်မှ ကျွန်တော်အစစ်ပင် ဖြစ်သည် ။ အခြားသူကကို မဆိုထားနှင့် ကျွန်တော်တို့ချင်းပင် လူချင်း မှားလောက်ပေသည် ။

ကျွန်တော်၏ စိတ်ထဲတွင် ကိုခင်မောင် ဆိုသူသည် ကျွန်တော်ပင် ဖြစ်သည် ။ မြတို့ ချစ်ခင်ယုယနေသူမှာလည်း ကျွန်တော်သာ ဖြစ်သည်ဟုပင် ထင်မိပါသေးသည် ။

ကိုခင်မောင်က ကျွန်တော်၏ အသံမျိုးအတိုင်းနှင့် ဝမ်းသာအားရ ပြောရှာပါသည် ။

“ မောင်တို့ တော်လှန်ရေး စလုပ်တော့ မောင်ဟာ ရခိုင်ပြည်နယ်စစ်မြေပြင်မှာ ရောက်နေတယ် မြရဲ့ ၊ တော်လှန်ရေးလည်း ပြီးရော တောကြိုအုံကြားရွာကလေး တရွာမှာ ငှက်ဖျားအကြီးအကျယ် မိပြီး သေမတတ်ခံခဲ့ရတယ် ။ မောင့်ကိုယ်ကို မောင် သေပြီလို့တောင် ထင်မိတယ် ။ သို့ပေမဲ့ သေကံမရောက် သက်မပျောက် ဆိုတာလို သေမင်းခံတွင်းထဲက ထွက်ခဲ့ပြီး ၊ ကျန်းမာချင်း ကျန်းမာချင်း ပြန်လာခဲ့တာ ပဲ ” စသည်ဖြင့် ပြောပါသည် ။ သူ ပြောသည့် အသံ သူပြောသည့် လေယူလေထားတို့မှာ ကျွန်တော်နှင့်တစ်သဝေမတိမ်း ဖြစ်ရာ ကျွန်တော်ပဲ စကားပြောနေမိတော့သလို ထင်မိပါသည် ။

“ မောင် ဒီနေ့ ရောက်မှာမို့ ထင်ပါရဲ့ ၊ နိမိတ်တော့ အပြသား ” ဟု မြကပြောပါသည် ။

“ ဘယ်လို နိမိတ်လဲ မြရဲ့ ”

မြ သည် ဗီရိုတလုံးကို ဖွင့်ကာ ၊ သတင်းစာတစောင်ကို ထုတ်ယူပြီး လှန်လျောလျက် ကိုခင်မောင် ကို ပြပါသည် ။ ကိုခင်မောင်သည် သတင်းစာကို စိတ်ပါဝင်စားစွာ ဖတ်နေပါသည် ။

“ သိပ်ထူးဆန်းတာပဲနော် မောင် ၊ အောက်က ကြော်ငြာ ကိုသာ မတွေ့ရရင် မောင့်ဓာတ်ပုံလို့ ထင်မှာပဲ ၊ လောက မှာ ဒီလောက် ရွေးမရအောင်တူတဲ့ လူများ ရှိသေးတယ်နော် ” ဟု မြ က ပြောပါသည် ။

“ ရန်ကုန် ထွက်သွားတာ ပျောက်ဆုံးနေလို့ သူ့မိဘတွေက ကြော်ငြာတာပဲ ၊ မြတို့နဲ့ မတွေ့တာ တော်ပါသေးရဲ့ကွယ် ၊ မြ နဲ့ သာ တွေ့ရင် မောင်လို့ဆိုပြီး အိမ်ကို အတင်း ခေါ်လာလိမ့်မယ် ထင်တယ် ”

ထိုစကားကို ကြားသောအခါ မြရော သူ့မိခင်ပါ မျက်နှာပျက်၍ သွားကြပါသည် ။

ကိုခင်မောင်သည့် တစ်စုံတစ်ရာကို နက်နဲစွာတွေးတောနေသဖြင့် မြတို့မျက်နှာ ပျက်နေသည်ကို သတိထားမိဟန် မတူပါ ။

“ မောင်တော့ ဒီလို ထင်တယ် ” ဟု ကိုခင်မောင်က ပြောလိုက်ရာ ၊ မြ က “ ဘယ်လို ထင်သလဲ ” ဟု စိတ်အား ထက်သန်စွာ မေးလိုက်ပါသည် ။

“ ဒီလူဟာ မောင်နဲ့ ညီအကို ဖြစ်ရမယ် ”

“ အို မောင်ကလည်း မတော်တရော် ၊ လူချင်း တူတာနဲ့ ညီအစ်ကို ဖြစ်ရမှာလား မောင်ရဲ့ ” ဟု မြက အံ့သြသံဖြင့် မေးပါ၏ ။

“ မောင်တို့ ဖေဖေဟာ ၊ ငယ်ငယ်က မောင့်ရုပ်အတိုင်းပဲ ရှမ်းပြည်နယ်မှာ မေမေနဲ့ စိတ်ဆိုးပြီး ထွက်သွားတုန်းက ရှမ်းပြည်နယ်က ရှမ်းမကလေးနဲ့ သားတစ်ယောက်ရတယ်လို့ ပြောဖူးတယ် ။ ညီအစ်ကိုမှ ရိုးရိုး ညီအစ်ကို မဟုတ်ဘူး ၊ အမြွှာပူးညီအစ်ကို ဖြစ်ရမယ် ”

“ အို .. မောင်ကလည်း စိတ်များ နောက်နေသလား ၊ မဆိုနိုင်ပါဘူး ” ဟု မြက စိုးရိမ်သံဖြင့် ပြောပါသည် ။

“ မောင် စိတ်မနောက်ဘူး ၊ တကယ် ပြောနေတာ ၊ မြကို ဒီအကြောင်းတစ်ခါမှ မောင် ပြောမပြဘူး ထင်ပါရဲ့ ”

“ ဘယ်အကြောင်းလဲ မောင် ” ဟု မြ က စိတ်အားထက်သန်စွာ မေးလိုက်ပါသည် ။

“ ကိုကိုတို့ အမြွှာပူးမွေးတဲ့ အကြောင်းကိုလေ ”

“ ဟင့်အင်း ပြောမပြဘူးဘူး မောင်ရဲ့ ၊ ပြောစမ်းပါဦး ၊ ဘယ်လို အမြွှာပူးမွေးတာလဲ ”

ကျွန်တော်ကား စိတ်အားထက်သန်လွန်းရကား ၊ အသက်ရှူပင် ရပ်တန့်မိကာ လုံးစေ့ - ပတ်စေ့ ကြားပါစေ တော့ဟု နားကို လက်ကာပြီး နားထောင်ရပါသည် ။

“ မောင်တို့ အမြွှာပူး ညီအစ်ကို မွေးသတဲ့ မြရဲ့ ၊ ၃ နှစ်သားလောက် ရှိတော့ ၊ မောင်တို့ မိဘများအိမ်ကို ဓားပြတွေ ဝင်တိုက်တာ ၊ ကလေးတစ်ယောက်ကို ဓားပြတွေ ခေါ်သွားကြသတဲ့ ၊ နောက်တော့ ဒီကလေးကို ရှာလို့ဖွေလို့လည်း မရ ၊ သတင်းအစအနလည်း မကြားရတော့ ၊ သေပြီလို့ မှတ်နေကြတာပေါ့ ။ ဒီဓာတ်ပုံထဲမှာ ပါတဲ့ လူဟာ မောင့်ညီအစ်ကိုတော် ဖြစ်မှာပဲ ၊ ဒါကြောင့် ဒီလောက်ချွတ်စွပ် တူနိုင်တာပေါ့ကွဲ့  ”

“ ဒါဖြင့် ဒီလူကို ဓားပြတွေက ၊ မွေးထားတယ်ထင်ပါရဲ့နော် ” ဟု မြက မေးပါသည် ။

“ ဓားပြတွေက မွေးထားရင်လည်း ဖြစ်ရမယ် ၊ ဒါမှမဟုတ်ရင်လည်း ဓားပြတွေက တခြားလူကို ပေးပြီး အဲဒီလူက မွေးထားတာလည်း ဖြစ်ရမယ် ”

ကျွန်တော်၏ အဖြစ်ဘဝကို ကျွန်တော်ပင် မသိပါ ။ ကိုခင်မောင် ပြောမှပင်သိရပါတော့သည် ။ ကျွန်တော်ကား ချမ်းသာကြွယ်ဝသော မိဘကမွေးပါလျက် ဆင်းရဲအောက်ကျကာ တောရွာတွင် နေထိုင်ကြီးပြင်းရသည့် ဘဝဆိုးကို တွေးတောဆွေးမြည့်မိသဖြင့် မျက်ရည်လည်မိပါတော့သည် ။

ကျွန်တော်၏ ကံတရားကား ၊ ဤကဲ့သို့ပင် စီရင်ချက် ချခဲ့သည် ။ သတ္တဝါမှန်သမျှ ကံပစ်ချရာ နေရသည် ဟူသော ဘုရားဟောတရားတော်ကား ကျွန်တော့် အတွက် မှန်ခြင်းကြီးမက မှန်ပါတော့သည်တကား ။

ကျွန်တော်ကား ခေါင်းငိုက်စိုက်ချကာ ညှိုးလျသော နှလုံးမီးအုံးထားသကဲ့သို့သော ခန္ဓာကိုယ်ဖြင့် ကိုခင်မောင် နှင့် မြတို့၏ တိုက်အနီးမှ ခွာဆုတ်၍ လာခါနီးတွင် နောက်ဆုံး ကြားလိုက်ရသော စကားကား -

“ ဒီလူ့ မိဘတွေနေတဲ့ နေရပ်ဟာ သတင်းစာထဲမှာ အပါသားပဲ မြရဲ့ ၊ မောင်တို့ သူ့ဆီ လိုက်သွားရအောင် ၊ အကျိုးအကြောင်း ပြောပြပြီး ၊ မောင်တို့နဲ့ အတူ ခေါ်ထားမယ်နော် ၊ မောင့်ညီအစ်ကိုတော်ဟာ တောကြိုအုံကြားမှာ ဆင်းရဲနေတာ မကြည့်ရက်ပါဘူးကွယ် ” ဟူသော ကိုခင်မောင်၏ စကားမှာ ကျွန်တော်၏ နားထဲတွင် စွဲဝင် နစ်မြုပ်ခဲ့ပါတော့သတည်း ။

▢  ရန်အောင်
📖 ပဒေသာရုပ်စုံ မဂ္ဂဇင်း
     အတွဲ - ၂ ၊ အမှတ် - ၁၅
     ၁၉၄၉ ၊ မေ