Sunday, February 27, 2022

မင်းကြီးတာ


 

❝ မင်းကြီးတာ ❞

“ ဒီမယ် သူငယ်ချင်း ၊ အိမ်ထောင် ကျ သွားတာ နဲ့ ကိုယ့် ရဲ့လူမှုရေး လွတ်လပ်ခွင့် အချုပ်အနှောင် ဘောင် ခတ်ခံရတာ မျိုး ငါ ကတော့ လုံးဝ လက်မခံဘူး ”

လူပျို တုန်းက လိုပဲ လွတ်လွတ် လပ်လပ် နေတယ် ။ လွတ်လွတ်လပ်လပ် သွားတယ် ။ မိန်းမ ဆိုတာမျိုးက အိမ်ထောင်သည် ဖြစ်လာတာ နဲ့ ယောက်ျား ကို ချုပ်ချယ်ချင်လာတယ် ။ ဘယ် သွားမလို့လဲ ။ ဘယ် အချိန် ပြန်ရောက်မှာလဲ ။ ရုံး သွားတာ ကလည်း အစောကြီး ရှိသေး ။ ရုံး ပြန်တာက လည်း နောက်ကျလိုက်တာ ။ ရုံးပိတ်ရက် အိမ် မနေဘဲနဲ့ ဘယ် သွားဦးမလို့လဲ ။ မေးခွန်းတွေ က အများကြီး ။ ဖြေရှင်းချက် သာ ပေးကြည့် ၊ ပေးလို့ကို မဆုံးတော့ဘူး ။ အဲဒီလိုနဲ့ ချုပ်ချယ်လိုက်တာ နောက်ဆုံး ကျတော့ ယောက်ျား လုပ်သူ အိမ်ထောင် ဆိုတဲ့ ထောင်ထဲ ပိတ်မိနေရော ။

ဘောလုံးပွဲ လည်း မကြည့် ရ ။ သူငယ်ချင်းတွေ နဲ့ ချိန်းဝိုင်းလေး ကောင်းလို့ လည်း မသွားရ ၊ ငယ်ပေါင်းကြီးဖော်တွေ အိမ် လည်း မရောက် ။ ဆွေမျိုးတွေ မိတ်ဆွေတွေ နဲ့လည်း သွား မတွေ့ဖြစ် ။  လူမှုရေး တာဝန်တွေလည်း အကုန် ပျက် ။ ကိုယ် ရဲ့ လွတ်လပ်မှုလည်း ဆုံးရှုံး သွားရော ... သွားရော ...

ငါ ကတော့ ညားခါစ ကတည်းက အလေ့အကျင့် လုပ်ထားတယ် ။ ရုံး ကနေ တမင် နောက်ကျ ပြန်တယ် ။ မေးလေ ၊ သူ့ ဘာသာ .. ငါ ကတော့ ဘာမှ ဖြေရှင်းချက် မပေးဘူး ။ ရုံးပိတ်ရက် အချိန်ပြည့် ထွက်တယ် ။ ဘောလုံးပွဲ ကြည့်စရာ ရှိရင် ကြည့်တယ် ။

သူငယ်ချင်းတွေ နဲ့ ချိန်းဝိုင်း ကောင်း ရင် သွားတယ် ။ ည ပြန် မအိပ်တော့ဘူး ။ တစ်ခါတစ်လေ သုံးလေးရက် လောက် အိမ် မပြန်ဘူး ။ အထူးသဖြင့် သောကြာ နေ့ ညနေ ဆိုရင် အိမ် ပြန် မအိပ်ဘူး ။

မရောက်တာ ကြာတဲ့ သူငယ်ချင်း တွေ အိမ် သွား အိပ်တယ် ဆွေမျိုးတွေ မိတ်ဆွေတွေ ဆီ အလည်သွားရင်း အိပ် လိုက် တယ် ။ တနင်္လာနေ့ ညနေ ရုံးဆင်း မှ အိမ် ပြန်ရောက်တယ် ။ မေးစရာတော့ ရှိတာပေါ့ ။ မင်း မိန်းမ ကို မချစ်လို့လားလို့ ချစ်သားပဲ ။ ခဲရာ ခဲဆစ် ပိုးပြီး လေးနှစ်လောက် ချစ်သူ ဖြစ်ပြီးမှ နှစ်ဦးသဘောတူ ယူထားတဲ့ မိန်းမ ပဲ ။

မချစ် လို့ မဟုတ်ဘူး ။ ကိုယ့် လွတ်လပ်မှု ကို မဆုံးရှုံး မခံနိုင်လို့ ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ။ လွတ်လပ်မှု ဆိုတာလည်း ငါ ယူတာက သန့်ရှင်းတဲ့ လွတ်လပ်မှု ၊ အိမ်ထောင်သည် ဘဝ ရောက်မှ လူပျို လို ရည်းစား ထားတာ ငါ မလုပ်ဘူး ။ လူမှုရေး ဖောက်ပြန်တာ လုံးဝ မရှိဘူး ။

ရတဲ့ လခ အကုန် ပေးတယ် ငါ လို တာ ပြန်တောင်း သုံးတယ် ။ ခရီးစရိတ် လို ၊ အိုဗာတိုင် လို အပို ရတဲ့ ဝင်ငွေ ကတော့ မပေးဘူး ။

ငါ လျှောက်သွားနေတယ် ။ အိပ် တယ် ဆိုတာလည်း သူငယ်ချင်း အိမ် ၊ ငါ့ ဆရာ အိမ် ၊ ငါ့ တပည့် အိမ် ၊ ဆွေမျိုးမိတ်ဆွေတွေ အိမ် ပါပဲ ။ အခုဆို ငါ့ မှာ လူမှုတာဝန် ကျေတယ် ။ တစ်ခါတလေ ငယ်သူငယ်ချင်းတွေ နဲ့ တွေ့ရင် ဘယ်သူ့ အကြောင်း ၊ ဘယ်ဝါ့ အကြောင်း မေးကြတယ် ။ မတွေ့တာ ကြာပြီ လို့ ပြောကြတယ် ။ ငါ က အကုန် ပြောပြနိုင်တယ် ။ ငါ က ရောက်နေတာကိုး ၊ တွေ့နေတာကိုး ။

“ ကဲ ... မင်း ကို ပဲ မေးရဦးမယ် ၊ ဟိုကောင်ကြီး အေးငွေ မင်း တွေ့လား ”

ကျွန်တော် ခေါင်းယမ်း ပြသည် ။

“ မှတ်ရော မှတ်မိရဲ့ လား ၊ သိပ် သဘောကောင်းတယ်ကွာ ၊ ပြုံးလိုက်ရင် အားပါးတရ နဲ့  မျက်နှာကြီး နှစ်ချမ်း ကွဲ သွားမလား ထင်ရတယ် ”

ကျွန်တော် က မှတ်မိကြောင်း ခေါင်းညိတ် ပြသည် ။

“ ဆင်းရဲနေရှာတယ် ။ သင်္ကန်းကျွန်း အိမ်သေးသေးလေး နဲ့ ငါ သူ့ အိမ် ရောက် တယ် ။ အိမ် ကျဉ်းကျဉ်းမှာ ပဲ တစ်ည အိပ် ခဲ့သေးတယ် ”

“ ကဲ ... မင်း ဆရာ ဦးတင်မောင် နဲ့ ရော တွေ့လား ”

ကျွန်တော် ခေါင်း ယမ်း ရပြန်သည် ။

“ ပုံနှိပ်စက် ထောင်ပြီး တောင်ဥက္ကလာ မှာ ကြီးပွားနေတယ် ။ ဆရာ့ အိမ်မှာ လဲ ညအိပ်ညနေ ငါရောက်တယ် ။ ဪ ... မင်း ကို ကြို ပြောထား ရဦးမယ် ၊ ဒီနေ့ ညစာ မင်း အိမ် မှာ စားမှာ နော် ၊ ငါ မင်း အိမ် မှာ အိပ် မှာ ”

“ သဘော ပေါက်ပြီးသားပါကွာ ၊ ငါ့ မိန်းမ နဲ့ အမေကြီး ချက် တောင် နေကြပြီ ”

“ အခုတော့ ငါ့ မိန်းမ ငါ့ ကို နားလည် သွားပြီလေ ။ ရုံး နောက်ကျလို့လည်း ဘာမှ မမေးတော့ဘူး ။ အိမ်ပြန် မအိပ်တဲ့ ရက်တွေလည်း ဘာမှ မပြောတော့ဘူး ။ အံမာ .. ဒါတောင် ပြီးခဲ့တဲ့ လ ထဲက ဘယ်မှ သွားချင်စိတ် မရှိတာနဲ့ နှစ် ၂ ပတ်လောက် ရုံး ကို အချိန်မှန် ထွက် ရုံး က အချိန်မှန် ပြန် လုပ်လိုက်တာ မိန်းမ အကျင့် ပျက်သွားတယ် ။

နောက်တစ်နေ့ ဘောလုံးပွဲ ဝင်ကြည့် လို့ အိမ် ကို ခုနှစ်နာရီ လောက်မှ ရောက်တော့ နောက်ကျလိုက်တာ ၊ ဘယ် ဝင်နေ လို့လဲ တဲ့ ၊ မေးခွန်း တစ်ခု ထွက်လာတယ် ။

ငါ ... အံ့သြသွားတယ် ။ အချိန်မှန် ပြန်တော့ မျှော်တဲ့ အကျင့် ရသွားတယ် ။ ဒါနဲ့ နောက် တစ်နေ့က စပြီး တစ်ပတ်လုံး အိမ် ပြန် မအိပ်ဘဲနဲ့ သူငယ်ချင်းတွေ အိမ် လှည့် အိပ် ပစ်လိုက်တယ် ။ မမေးတော့ဘူး ။ မှတ်ကရော ။

အခုတော့ အချိန်မှန် ပြန်တဲ့ အလုပ် ကို မလုပ်မိအောင် သတိထား နေရ တယ် ။ အကျင့် ပြန် ဖြစ်မှာစိုးလို့  ”

မြင့်အောင် က သူ့ အိမ်ထောင် နှင့် ပတ်သက်၍ သူ့ ခံယူချက် နှင့် သူ့လုပ်ထုံး လုပ်နည်းများ ကို ဂုဏ်ယူအားရ ပြောပြ နေ၍ ကျွန်တော့် မှာ ခေါင်းညိတ် ခေါင်းခါ နှင့်သာ နားထောင်နေရသည် ။

“ မင်း နဲ့ ထွန်းရွှေ ကတော့ ရုံးချင်း နီးတော့ အမြဲတမ်း တွေ့မှာပေါ့ ”

ကျွန်တော်တို့ နှစ်ယောက် နှင့် ကျောင်းနေဘက် သူငယ်ချင်း ထွန်းရွှေ ကို သတိရ၍ ကျွန်တော် မေးကြည့်သည် ။

“ နေ့ခင်း လက်ဖက်ရည် သောက် ရင် တွေ့ပါတယ် ၊ လက်ဖက်ရည်ဆိုင် က ငါတို့ ရုံး နဲ့ သူတို့ ရုံး ကြား မှာလေ ”

“ ဒါပေမယ့် ဒီကောင် နဲ့ တွဲ လို့ မရ ပါဘူး ၊ အဲဒီကောင် က တကယ် အိမ်ထောင် ကျနေတာ ၊ ဟင်း ဟင်း မင်း လိုပါပဲ ၊ အိမ် က ရုံး ၊ ရုံး က အိမ် ဒါပဲ ။ ရုံးချင်း နီးလို့ ဘောလုံးပွဲ ကောင်းတဲ့ အခါ အဖော် ရအောင် သွား ခေါ်ပါတယ် ၊ လုံးဝ မလိုက်ဘူး ၊ မိန်းမ ကို ဆေးခန်း လိုက် ပြ စရာ ရှိလို့ သမီး ကို ကျောင်း ကြိုစရာ ရှိလို့ နဲ့ အလုပ် ကို ရှုပ်နေတာပဲ ၊ သူငယ်ချင်းတွေ နဲ့ ချိန်းဝိုင်း ကောင်းလို့ သွား ခေါ်လည်း မရပါဘူး ၊ မရနေပေါ့ ၊ ငါ ကတော့ လွတ် လပ်တယ် ၊ တစ်ယောက်တည်း လည်း သွားတာပဲ ”

ကျွန်တော့် စိတ် ထဲမှာ မြင့်အောင် ၏ လွတ်လပ်မှု ကို အားကျသလို ဖြစ်ပြီးမှ သမီးငယ် ကျူရှင် ကြိုရန် သတိရ လာ၍ အိမ် နံရံမှ နာရီ ကို လှမ်း ကြည့်လိုက်သည် ။ ငါးနာရီ ထိုးပြီ အမြန် သွားမှ ဖြစ်မည် ။

“ ကဲ သူငယ်ချင်း ၊ မင်း ရေချိုး လိုက်ဦး ၊ မင်း ရေချိုးနေကျပဲကွာ ရေချိုး ခန်းထဲမှာ အားလုံး အသင့် ရှိပါတယ် ၊ ငါ သမီးငယ် ကျူရှင် ကြို လိုက်ဦးမယ် ”

“ ဘယ်နှစ်တန်းလဲ”

“ ကိုးတန်း ”

“ သိပ်ဝေးလို့လား ”

“ ဝေးတော့ မဝေးပါဘူး ၊ ဟိုဘက် နှစ်လမ်းကျော် လောက်ပါ ။ ဒါပေမဲ့ကွာ အရွယ်လေး ရောက်လာတော့ အဖေ သွား မကြိုရင် သူ့ အရွယ် ကောင်လေးတွေ က အပျော် စချင်တဲ့ ကောင် တွေ ရှိသလို အတည် လိုက် စကား ပြောချင်တာလည်း ရှိတယ် ၊ သမီး က ငယ်သေးတဲ့ အရွယ် ဆိုတော့ ဘာမှ မစဉ်းစားနိုင်သေးဘူး ၊ စိတ် ဝင်စားသွားရင် ပညာရေး ထိခိုက်မှာ စိုးလို့ ”

“ တာဝန် ယူသလောက် တာဝန် များ တဲ့ အိမ်ထောင်ရေး တာဝန်တွေ ပေါ့ကွာ ”

မြင့်အောင် က မှတ်ချက် ပေးလိုက် သေးသည် ။

“ မမြင့် ရေ ငါ သမီးငယ် သွားကြို ဦးမယ်ဟေ့ ”

ကျွန်တော် က နောက်ဘက် မှာ ချက်ပြုတ်နေသော ဇနီး ကို လှမ်း အော် ပြောလိုက်သည် ။

“ ဟုတ်ကဲ့ .. သားအဖနှစ်ယောက် မြန်မြန် ပြန်ခဲ့ကြနော် ၊ လမ်း မှာ ဟိုဟာ ဝယ်စား ၊ ဒီဟာဝယ်စား လုပ် မနေကြနဲ့ ဦး ၊ ကိုမြင့်အောင်ကြီး လဲ ရောက်နေလို့ အိမ် မှာ ဟင်းကောင်း ချက်ထားတယ် ။ အစ်ကိုတို့ ပြန် ရောက်ရင် ထမင်း စားကြ မယ် ”

မြင့်အောင် က ကျွန်တော့် ကို လှမ်း ကြည့်ပြီး ပြုံးသည် ။

“ တွေ့တယ် မဟုတ်လား ၊ လှမ်း ချုပ်ထားလိုက်တာ ” ဟူသော အဓိပ္ပာယ်နှင့်

နောက် သုံးလခန့်တွင် ကိစ္စတစ်ခု နှင့် လမ်းကြုံ၍ မြင့်အောင် ရုံးသို့ ဝင်သည် ။ မရှိ ၊ ခွင့်ယူထားတာ သုံးရက် ရှိပြီဟု သူ့ စားပွဲဘေး မှာ တွေ့သော စာရေးမလေး က ပြောသည် ။ 

သူ့ ရုံး က ဆင်းလာပြီးမှ ထွန်းရွှေ ကို သတိရသည် ။ ထွန်းရွှေ နှင့် မတွေ့တာ လည်း ကြာပြီ ၊ ရုံးချင်းမှာ ဘေးချင်း ကပ်ဖြစ်၍ ထွန်းရွှေရုံး ကို ဝင် လိုက်သည် ။ တွေ့သည် ။ 

“ ဟာ ... သူငယ်ချင်း ၊ လာ ဝမ်းသာလိုက်တာကွာ ”

ထွန်းရွှေ က သူ့ စားပွဲ မှ ထ လာပြီး ဖက်လဲတကင်း ကြို ဆိုသည် ။

သူ ရုံး ဘေး မှ ဆိုင် တွင် လက်ဖက်ရည် တိုက်သည် ။ 

“ ငါ မြင့်အောင်ကြီး ဆီ လည်း ဝင် သေးတယ် ရုံး မလာဘူး ၊ ခွင့်ယူထားတာ သုံးရက် ရှိပြီလို့ ပြောတယ် ”

“ မင်း မသိသေးဘူး ထင်တယ် ”

ထွန်းရွှေ ဘာ ဆိုလိုသည်ကို နား မလည်၍ ကျွန်တော် က သူ့ ကို သာ ပြန် ကြည့်နေလိုက်သည် ။

“ မြင့်အောင် သမီးလေး ကျူရှင် က အပြန်မှာ ကောင်လေး တစ်ယောက် နဲ့ လိုက်သွားတာ အိမ် ပြန်မလာလို့ ”

“ ဟင် . . . ဖြစ်မှ ဖြစ်ရလေကွာ”

သမီးချင်း စာနာ၍ စိတ် မကောင်း ဖြစ်မိသည် ။

ဖြစ်နေတာ ကြာပြီလို့ ပြောတာပဲ ။ သူတို့ က ဂရု မစိုက်တော့ သိမှ မသိဘဲ လိုက်သွားတဲ့ နေ့က မြင့်အောင် အိမ် ပြန် မအိပ်တဲ့ နေ့တဲ့ သူ့ မိန်းမ ဆိုတာ ဘယ် သွား လို့ ဘယ် လိုက် မေးရမှန်းလည်း မသိဘူး ပေါ့ ၊ ငါ များ ရုံးချင်း နီး လို့ သိမလား ဆိုပြီး ငါ့ အိမ် လာမေးတယ် ၊ ငါ လည်း မသိဘူး ၊ ပို ဆိုးတာက သောကြာနေ့ ညနေ လိုက် သွားတာ ဆိုတော့ မြင့်အောင် က သူ့ ထုံးစံအတိုင်း စနေ ၊ တနင်္ဂနွေ လည်း အိမ် မပြန်ဘူး ၊ တနင်္လာနေ့ ကျမှ သူ့ မိန်းမ ရုံး လိုက်လာပြီး ပြောရတာ ၊ အဲဒီကျတော့မှ သူ့ သမီး ကို တွေ့အောင် ရှာမယ် ၊ တွေ့ရင် အသေ သတ်မယ် ဆိုပြီး ဒေါသတကြီး ဖြစ်နေတယ်တဲ့ ... ” 

“ အဲဒီနေ့ ကတည်းက ခွင့် တင်သွား တာ ၊ မနက် က ငါ သူ့ ရုံး ရောက်ပါတယ် ။ သူ ရုံး တက်ရင် အကျိုးအကြောင်း သိချင် လို့ ဖြစ်ပြီးမှတော့ ဒေါသ ကြီး မနေဖို့ ဖျောင်းဖျချင်လို့ ဒါပေမဲ့ သူ ရုံး မလာဘူး ၊ မတွေ့သေးဘူး ထင်ပါရဲ့ကွာ ”

မြင့်အောင်ကြီး အတွက် မိဘချင်း စာနာ၍ စိတ် မကောင်း ဖြစ်ရပြန်သည် ။

သူ့ သား အကြီးကလည်း ဆယ်တန်း မှာ နှစ်ခါ ကျထား ကြောင်း ၊ သမီးလတ် က လည်း ကိုးတန်း မှာ ကျ ကြောင်း ၊ သမီးငယ် ကတော့ စာ တော်ကြောင်း မြင့်အောင်ကြီး အိမ် လာစဉ်က သားသမီး အကြောင်း မေးကြ ပြောကြ ရင်း သိထားရသည် ။

ဤ သမီးငယ်လေး ကို မြင့်အောင် မျှော်လင့်ထားဟန် တူပါသည် ။

“ ဒီကောင်ကြီး ၊ သားသမီး ကံ မကောင်းဘူးနော် ”

ကျွန်တော် က မှတ်ချက် တစ်ခု အဆိုပြုလိုက်သည် ။

“ သူ က သူ့ လွတ်လပ်မှု ကိုပဲ တန်ဖိုး ထားတော့ ကလေးတွေ ကလဲ လွတ်လွတ်လပ်လပ် ဖြစ်ချင်ရာ ဖြစ် ကုန်တာ ပေါ့ကွာ ” 

ကျွန်တော် ထွန်းရွှေ ကို လှမ်း ကြည့် လိုက်သည် ။

မသိမသာ ခေါင်းညိတ်မိလျက်သား ဖြစ်သွားသည် ကို ကိုယ် ဘာသာ သတိ ထားလိုက်မိပါ၏ ။

◾  လယ်တွင်းသားစောချစ်

📖  လေအန်ကုန်း အမှတ် ( ၂ )

www.facebook.com/aung.naingoo.3726613

.

Saturday, February 26, 2022

ကောက်ရိတ်ချိန်


 

❝ ကောက်ရိတ်ချိန် ❞

စိန်အု သည် တံစဉ် ကို လွှဲကာ လွှဲကာ လျှင် မိမိ ငန်းအတွင်း ရှိ စပါးပင် ဝါဝါဝင်းများ ကို ရိတ်လျက် ရှိနေ၏ ။ ကောက်လှိုင်း ကိုး ပုံ ရရှိပြီ ။ အခြားသော ငန်းများ တွင် စပါးရိတ်ရင်း စိတ်ရှိတိုင်း အော်ဟစ်လျက် “ စိန်ရောင်ခြည် ” “ အောင်ပင်လယ် ” “ ဗိုက်ပေါ် အလံကြီးထူ ” စသော ကာလပေါ် ဖြစ်ကတတ်ဆန်း သီချင်းများ ကို မမောမပန်း သီဆိုနေကြသည့် ရာရှိန် ၊ လှညို ၊ မယ်ရှိ ၊ မယ်မေ ၊ မငွေဆော့ တို့ကား ပျော်ရွှင်ကြပါပေသည် ။ စိန်အု ကား သီချင်း လည်း မဆို ၊ သီချင်းသံများ ကိုလည်း မကြားနိုင်ဘဲ မိမိ အလုပ် တွင်သာ စိတ်ဝင်စားနေဟန် ရှိတော့၏ ။

“ ဟေ့ .. ရှင်စိန်အု ရဲ့ ၊ အခုလို သီချင်း မဆိုနိုင်ရအောင် ညည်း မှာတော့ ဆယ်လင် ပေါ်လေသလား ”

ဟု မငွေသော့ က အော်ကာ နောက်၏ ။

သို့သော် စိန်အု ကား ဂရုမစိုက် ။ စိန်အု ၏ စိတ် သည် ယမန်နှစ် က ကောက်ရိတ်ချိန် ကိုသာ သတိရလျက် နေလေသည် ။ ကံဆိုးသူ မိမိ ၏ ငယ်ချစ် မောင်ကံထွန်း ကို သာ သတိရလျက် နေလေသည် ။ မောင်ကံထွန်း ကား သေ လေပြီ ။ ယမန်နှစ် က ယခုလို ကောက်ရိတ်ချိန်တွင် မောင်ကံထွန်း မှာ မြွေဟောက် အကိုက် ခံရသည် ။ ဆေး မမီ ၊ ဗိန္ဒောဆရာ ကိုစံကြူး အလာ နှောင်း၍ လား မသိ ၊ မောင်ကံထွန်း ကား သုံးနာရီ အတွင်း ဇီဝိန် ချုပ်သည် ။ 

ယနေ့နံနက် စိန်အု လယ်တော သို့ ဆင်းလာရာ လမ်းတွင် ဘုရား ငုတ်တိုကလေး ကို ဖြတ်၍ လာရ၏ ။ ထိုကြောင့် စိန်အု သည် ကံထွန်း ကို မလွမ်းဘဲ ၊ သတိမရဘဲ မနေနိုင်တော့ပြီ ။ ဤ ဘုရားငုတ်တိုကလေး ၏ ညာဘက် ရှိ နဘူးချုံပုတ်ကလေး သည်ကား ခါတိုင်း ကဲ့သို့ပင် လန်းလျက် ရှိပေ၏ ။ ဤ ချုံပုတ်ကလေး ကား ကံထွန်း နှင့် စိန်အု တို့ ၏ ပျော်စံရာ နတ်ဘုံနတ်နန်း ပေ တည်း ။ ဤ နဘူးချုံပုတ်ကလေး အတွင်းဝယ် ကံထွန်း သည် စိန်အု အား ချစ် လေ၏ ။ စိန်အု သည် လည်း ကံထွန်း ကို ပြန် ချစ်၏ ။ အနာဂတ် နောင်ရေး ကို နှစ်ဦး လည်ယှက်ကာ ဆွေးနွေးလေ့ ရှိကြ၏ ။

ကိုကံထွန်း ကား လေးလေးဆေးဆေး စကား ပြောတတ် ရှာ၏ ။ စံရွှင်း နှင့် သာဗြေ့ တို့လို မြောက်ဘက် ရွှေဘို သို့ သွား၍ ဝင်ငွေများများ ရမည့် အလုပ် အကိုင် ကို ရှာဖွေကာ ကြိုးစား လိုလေသည် ။ တစ်လ လျှင် လေးကျပ် သာ ရသော စာရင်းငှား အလုပ် ကို အလို မရှိချေ ။ မိမိ သည် အနုညာတ လူစား မဟုတ်ကြောင်းကို စိန်အု ၏ ဆွေမျိုးတို့အား ကောင်းကောင်းကြီး သိစေချင်သော သမာဓိ စိတ်နှလုံး ရှိ၏ ။ အောက်မေ့သည် ၊ သတိရသည် ၊ တလည်လည် စိန်အု လွမ်းလှသည် ။ “ အို ... စိန်အု ရယ် ... မွေးရင်လည်း ငါ့ ကလေး ပေါ့ ကွ ၊ မင်း ရဲ့ ကလေး ပေါ့ကွ ၊ ဘယ်သူ့ ကို ဂရုစိုက်ရမှာလဲ ၊ လာပါ ” စိန်အု ကြား ယောင်ယောင် ။ 

ထိုအခိုက်တွင် ခပ်လှမ်းလှမ်း မှ လှညို သည် သီချင်းတစ်ပုဒ် ကို ဖွဲ့ ဖွဲ့ နွဲ့နွဲ့ ဆွဲကာ ဆိုလိုက်၏ ။ ထို သီချင်းမှာ ဇာတ်ဆရာကြီး ဦးစိန်ကတုံး ကွယ်လွန် ချိန် က သူ၏ ဇာတ်အဖွဲ့ဝင်များ သီဆိုသော ဧယင်ကျူးသံ ဖြစ်၏ ။ လှညို က စိန်အု အား စောင်းချိတ်ခြင်း ကား မဟုတ် ။ ဆို၍ ကောင်းသဖြင့် သူ့ ဟာ သူ အမှတ်မဲ့ သီဆိုလိုက်ခြင်း ဖြစ်၏ ။

“ တပည့်များနဲ့ ရွက်ထည်ရုံကို
ဘယ့်နှယ်ပုံ ထားခဲ့လေတယ် ၊ ထားခဲ့လေတယ် ။
အို ... ရှင်သေမင်းရယ်က
ကိုယ်ချင်းလေ .. ချင်းလေ .. စာဘူးကွယ် .. ”

စိန်အု မချုပ်တည်းနိုင်ရှာတော့ ။ စိန်အု ဣန္ဒြေ မဆည်နိုင်တော့ရှာ ။ ငုံ့ ၍ ကောက်ရိတ်ရင်းလျှင် စိန်အု ၏ မျက်ရည်ပူ တို့ သည် နဖူးမှ ချွေးလုံးများ နှင့် ရောယှက်ကာ နွားခြေရာခွက် နှင့် ပပ်ကြားအက် ရွှံ့မြေများ ပေါ် သို့ တ ပေါက်ပေါက် တစက်စက် ကျဆင်းကုန်လေသတည်း ။

◾   ညိုမြ

📖   ဂန္ထလောက
        ဇန်နဝါရီ  ၊ ၁၉၃၆

www.facebook.com/aung.naingoo.3726613

.

Wednesday, February 23, 2022

လွမ်းဆွတ်ခြင်း နှင့် အတူ


 

❝ လွမ်းဆွတ်ခြင်း နှင့် အတူ ❞

ကတ္တရာစေးလမ်းမကြီး သည် အရောင် တလျှပ်လျှပ် ထ လျက် ။ အပူရှိန်တို့ တငွေ့ငွေ့ ပျံတက် လျက် ။ နဖူး ပေါ်မှ စီးကျလာသော ချွေးစက်များ ကို အလိုအလျောက် သုတ်ပစ်မိရင်း ကတ္တရာစေး လမ်းမကြီး ကို ခပ်သုတ်သုတ် ဖြတ် ကူးလိုက်၏ ။

စိတ် ကလည်း ကြည်နူးနေသည် ။

လူ ကလည်း သွက်လက်နေသည် ။

“ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ ရွှေရတုသဘင် ”

ဆိုသည့် နဖူးစည်းကြီး က ငြိမ်းသာ ကို ခန့်ညားစွာ ကြိုဆိုနေသည် ။ လာလှည့်ပါ ။ နားလှည့်ပါ ၊ အေးရိပ်မှာ ချွေးသိပ်လှည့်ပါ ဟု လှိုက်လှဲကြင်နာစွာ ဖိတ်ခေါ်နေ သယောင်ယောင် ။

ဘတ်စ်ကား နှစ်တန် စီး၍ နေပူကြီး ထဲ လျှောက် လာခဲ့ရသည် ကို မေ့သွား၏ ။ စိတ်တွင်းဝယ် ချက်ချင်း အေးမြချမ်းသာ သွား သည် ။ အပြင် လောက ၏ ပူလောင်ပြင်းပြမှု အားလုံး ကို လျစ်လျူ ထားလိုက်နိုင်သည် ။

မိန်းကလေး နှစ်ဦး ငြိမ်းသာ ကို ကျော်ဖြတ် သွားကြသည် ။ “ ဟေ့ တူးတူး” ဟု လှမ်း ခေါ်မည် ပြုပြီးမှ ပြန် ထိန်းလိုက်ရ၏ ။ တူးတူး မှ မဟုတ်ဘဲ ။ သို့ပေမယ့် တစ်ယောက်က တူးတူး နှင့် အတော် ဆင်သည် ။ ဆံထုံးပုံ့ပုံ့ ကလေး ထုံးထားပုံ ရော ၊ အင်္ကျီ လက်ရှည် ကလေး ဝတ်ထားပုံ ရော ၊ ပြီး ဘေးတိုက် မြင်လိုက် ရသည့် မျက်နှာကျပုံ ရော ၊ လက်မောင်းကွေး ပေါ်တွင် ဇာပဝါ ရှည်ကလေးတွေ တွဲလဲ ခိုလို ။ သည် တက္ကသိုလ် က ဆရာမလေးတွေ ပဲ ဖြစ်မည် ထင်သည် ။ သေချာ ကြည့်မိမှ ကောင်မလေးတွေ အတော် အသက် ငယ်သေးကြောင်း သတိထားမိ၏ ။ ရှိလှမှ အစိတ် ကျော်ကျော် ပေါ့ ။ ကျက်သရေ ရှိ လိုက်တာ ။ ကျေနပ်စွာ တွေးမိ လာသည် ။

ဝတ်ကောင်းစားလှ နှင့် လူ အတော်များများသည် ဓမ္မာရုံကြီး ဆီသို့သာ လျှောက်လှမ်းလျက် ရှိကြသည် ။ ဝင်ပေါက် ၏ ညာဘက် ကွင်းပြင်ကြီးထဲ တွင် ဇာတ်ခုံကြီး တစ်ခု ရှိသည် ။ စားသောက် ဖွယ်ရာ အမျိုးစုံ ကို နိဗ္ဗာန်ဈေး တည်ခင်း ရောင်းချသော ဆိုင်ခန်း များလည်း ရှိသည် ။ ကျောင်းသားကျောင်းသူ အတော်များများ အုံခဲ ကျပ်ညပ်လျက် ။ လူငယ်တို့ ဘာဝ လွတ်လပ်မှု အရှိဆုံး ကာလ ကို သန့်ရှင်းပျော်ရွှင် အသုံးချ နေကြသည် ။ နောက်ကာ ပြောင်ကာ ပြုံးကာ ရယ်ကာ ရောင်း သူ က ရောင်း ၊ ဝယ် သူ က ဝယ် ၊ ပကတိ သောက ကင်းသော ဘဝများ ။

ငြိမ်းသာ လည်း ငြိမ်းသာ တို့ တက္ကသိုလ် တက်ခဲ့ စဉ် က ကျောင်းသားပွဲတော် ကို ပြန်လည် လွမ်းဆွတ်မိ၏ ။ အို ဘယ်လောက် ပျော်စရာ ကောင်းခဲ့ပါသလဲ ။ လွတ်လပ်ခဲ့ကြပါသလဲ လွတ်လပ်ပျော်ရွှင်ခဲ့ကြလွန်း၍ပင် ငြိမ်းသာ တို့ အုပ်စု တစ်အုပ်စုလုံး စာမေးပွဲ တဗုန်းဗုန်း ကျခဲ့ကြသည် မဟုတ်ပါ လော ။ ကျသည် မှ တစ်ယောက် နှစ်ယောက် ကွက်၍ ကျသည် မဟုတ် ။ငါးယောက် တစ်အုပ်စုလုံး ၊ အမှန်တော့ ငါးယောက်လုံး တက္ကသိုလ်ဝင်တန်း ကို တစ်ချီတည်း နှင့်အောင်မြင်ခဲ့ကြသူများ ပင် ။ ရှစ်တန်း အောင်ပြီး ကိုးတန်း နှင့် တက္ကသိုလ်ဝင်တန်း အဆင့်များ ကို တစ်နှစ် တည်း ရော ဖြေပြီး တက္ကသိုလ် ရောက်ခဲ့ကြသူများ ပင် ။ ထို့ကြောင့် စာ ဖျင်းသောကြောင့် ကျကြသည် ဟု လုံးဝ မဆိုနိုင် ။ အပျော် လွန်၍ လွတ်လပ်မှု ကို အသုံး လွန်၍ ဟု မှတ်ချက် ချလျှင် ရာခိုင်နှုန်းပြည့် မှန် နိုင်ပေသည် ။ ဪ လွမ်းဆွတ် ဖွယ်ရာ အတိတ်ကာလများ ။

   •••   •••   •••   •••

“ ဟိတ် ၊ ဟိုကောင် ၊ တို ဒီမှာကွ ”

အသံ လာရာ မော့် ကြည့်လိုက်တော့ ထင်သည့်အတိုင်း မရွှေ တူးတူး ။ သားသားနားနား ၊ လှလှပပ ။

“ ငြိမ်း လေ ခုနက ဆရာမလေး တစ်ယောက် ကို တူးတူး မှတ်လို့ လှမ်း ခေါ်မလို ၊ သေချာကြည့်မှ ဆရာမလေး က ငယ်ငယ် ကလေး ရှိသေးတာ ”

“ တို့ ဒီလောက်ပဲ နု နေသလား ”

ခေါင်းညိတ်ပြရင်း

“ အပျိုကြီးမို့ ထင်ပါရဲ့ ၊ ပိုတောင် လှ နေသေးတယ် ”

“ အံမာ ငြိမ်း လဲ လှ တုန်းပါပဲနော် ”

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ရယ်မောလိုက်မိ ကြသည် ။ 

“ ရော့ တို့ ခြံ ထဲက ခူး လာတာ ၊ တို့ ဖြင့် မျှော်သာ မျှော်နေ ရတယ် ၊ ခရီး က ဝေးလို့ မိငြိမ်း လာမှ လာနိုင်ပါ့မလား လို့ ”

“ ကြိုးစား လာရတာပေါ့ ဟယ် ၊ ကြုံတောင့် ကြုံခဲ ဆရာ ကန်တော့ပွဲကြီး မဟုတ်လား ၊ ဒါနဲ့ ဟိုကောင်တွေကော ”

ပလတ်စတစ် အိတ်ကြီး ထဲ မှ စံပယ်ပန်းတစ်ကုံး ကို အသာ အယာ ထုတ်ယူ ပန်ဆင်လိုက်၏ ။ ကျန် သုံးကုံး ကိုတော့ အိတ် ထဲ ပြန် ထည့်ထားလိုက်သည် ။ သူတို့ ပတ်ဝန်းကျင်ဝယ် ထုံသင်းမွှေးပျံ့ သွားသည် ။

“ သူတို့လဲ လာမှာပါ ၊ နှင်းအေး နဲ့ မေခင် ကို တို့ အိမ်တိုင် ရာရောက် သွား ဖိတ်တာပဲ ၊ သန်းသန်း ဆီ ကိုတော့ စာတိုက် က စာ ထည့်ထားတာ ဆက်ဆက်လာကြဖို့ မှာထားတာပဲ ” 

ဓမ္မာရုံကြီး ထဲ သို့ ပရိသတ်များ တဖွဲ့ဖွဲ့ ဝင်ရောက်လာသည် ။ ကျောင်းတုန်းက မိတ်ဆွေ နှစ်ယောက် သုံးယောက် ကိုလည်း တေွ့ရသည် ။ ရင်းနှီးစွာ စကား ဆိုဖြစ်ကြသည် ။

“ လာဟယ် ဘုရား ကန်တော့ရအောင် ”

ခန်းမကြီး ထဲတွင် အခမ်းအနားပြင်ဆင်ရေး တာဝန်ခံ ဆရာ  ၊ ဆရာမများ အလုပ် ရှုပ်နေကြသည် ။ အလှူခံစားပွဲ မှ ဆရာမ နှစ်ယေက်လည်း လက် မလည်အောင် ရေးရ မှတ်ရ ။

ငြိမ်းသာ လည်း တတ်နိုင်သလောက် ကို စေတနာအပြည့် နှင့် ပါဝင် လှူဒါန်းခဲ့ပြီး အပေါက်ဝ ပြန် ထွက်လာတော့ နေကာ မျက်မှန် တပ်ထားသည့် အမျိုးသား ဝဝ တစ်ဦး သူတို့ ရှေ့မှာ ကာဆီး ရပ် လာ၏ ။

“ ငါပါဟ ”

အသံသြကြီး နှင့် ပြောပြီး နေကာမျက်မှန် ချွတ်လိုက်တော့ မှ မှတ်မိ၏ ။

“ ဟယ် ... ခင်မောင်သိန်းထွန်းဝင်း ”

နှစ်ယောက်သား ပြိုင်တူ ပြောပြီးမှ အားနာ သွား သလိုလို ။ သည် နာမည် က သူ့ နာမည်ရင်း မှ မဟုတ်ဘဲ ။ နာမည် ပြောင် ဖြစ်နေသည် ကိုး ။ သို့ပေမယ့် တစ်ဘက်လူ က အပြုံး မပျက် ။

“ နင်တို့ နှစ်ယောက်တည်းလား ၊ သန်းသန်း တို့ကော ”

“ လာပြီ ၊ လာပြီ ၊ ရောဂါ က ခုထိ အမြစ် မပြတ်သေးဘူး ”

“ သဘောရိုး နဲ့ မေးတာပါကွ ”

“ အံမာ ၊ သဘော မရိုးလို့ကော ရလား ၊ နင် က ကလေး သုံး ယောက် အဖေ ဖြစ်နေပြီပဲ ”

“ နင်တို့ အပျိုကြီးတွေ ကတော့ ဒီလိုပဲ ၊ အချစ် အကြောင်း နားမလည် ပါးမလည် နဲ့ ”
 
“ ကောင်စုတ် ” ဟု တူးတူး က ခပ်တိုးတိုး ကြိမ်းပြီး ရယ်နေ သည် ။ တူးတူး သည် ငြိမ်းသာ တို့ အုပ်စုထဲတွင် အချောဆုံး ဖြစ်သော်လည်း ယခုထက်တိုင် မစွဲ သေး သူမို့ ခဏခဏ ခလုတ် တိုက် ခံနေရသည် ။ သုံးယောက်သား ဟန်ဆောင်မှု ကင်းမဲ့စွာ ရယ်မောနေမိကြသည် ။ 

“ ဟေ့ ဟေ့ ဘယ်လိုလဲ ၊ ဂိတ်ဝ က စောင့်ကြိုနေမယ် ဆို မရွှေတူး ၊ ခုတော့ ငါ လာတာတောင် မမြင်ဘူး အံ့ ရော ”

မည်သူမှန်း စဉ်းစားနေစရာ မလို ၊ ခြောက်နှစ်တိတိ တပူး တွဲတွဲ နား စွဲ အကျွမ်းဝင်ခဲ့သည့် အသံ ၊ နာမည် အေးသလောက် လူ က ဆူတတ်သည့် မနှင်းအေး ။ သူ့ ဘေးနားတွင် သန်းသန်း ။ သူ့ ပင်ကို ဟန်အတိုင်း တည်တည်ငြိမ်ငြိမ်ကလေး ။

“ ဝမ်းသာလိုက်တာ သန်းသန်းရယ် ၊ နင် မှ လာမလားလို့ ”

သန်းသန်း က အေးချမ်းသော အပြုံးကလေး နှင့် မော့ ကြည့်လိုက်၏ ။

“ အဟဲ ၊ အားလုံး နေကောင်းကြတယ်နော် ”

သန်းသန်း မော့ အကြည့် နှုတ်ဆက်လိုက်သူ က ခင်မောင်သိန်းထွန်းဝင်း ၊ သည်တော့မှ မှတ်မိသွားကြဟန် တူသည် ။ မနှင်းအေး က လှမ်း ရိုက်လိုက်ပြီး -

“ ကြည့်စမ်း ၊ ဝ လာလိုက်တာ တအားပဲ ၊ နင် လဲ နယ်မှာပဲ ဆို ”

အပြန်အလှန် မေးကြ ၊ လိပ်စာ လဲလှယ်ကြနှင့် အလုပ် ရှုပ်နေကြဆဲ ။ ငြိမ်းသာ က သန်းသန်း ကို စံပယ်ကုံးလေး နှစ်လုံး ထုတ်ပေးလိုက်၏ ။

“ တူတူး တို့ ခြံထဲ က တဲ့ ”

“ မွှေးလိုက်တာဟယ် ၊ လှလဲ သိပ်လှတာပဲ ”

ပန်း ကြိုက်သူ သန်းသန်း က အသာအယာ မွှေးကြူရင်း ပြောသည် ။ တစ်ကုံး ကို မနှင်းအေး ကို ပန် ပေးလိုက်ပြီး ကျန် တစ်ကုံး ကို သူ့ ဆံထုံးအက်အက်ကြီး တွင် ရစ်ခွေ ပန်ဆင်လိုက်၏ ။

“ နင်တို့ ဒီလို ပေါတောတော အလုပ်တွေ နဲ့ ရှုပ်တတ်ကြတာလဲ အရင်က အတိုင်းပဲ ”

“ အံမာ ခင်မောင်သိန်းထွန်းဝင်း နော် ၊ ဘာလဲ မေ့သွားပြီလား ၊ ကောင်မလေး တစ်ယောက် ပေးချင်တာ နဲ့ မနက် လေးနာရီ လောက်ကြီး ကံ့ကော်ပင် ပေါ် တက် ခူးတာ ပဆုပ်ပနီတွေ တွယ်လွှတ်လို့ ဖျားယူရတာ ဘယ်သူလဲ ”

“ ဟုတ်ပါတော် ၊ ဒါကျတော့ မေ့ထားလိုက်ပြီ ထင်တယ် ”

ခင်မောင်သိန်းထွန်းဝင်း တစ်ယောက် မနှင်းအေး နှင့် တူးတူး တို့ စကား အောက်ဝယ် ပြားပြား ဝပ် သွား၏ ။ ငြိမ်းသာ က မျက် နှာကလေးနီ ကာ တစ်ဘက် သို့ လှည့်နေသည့် သန်းသန်း ကို အားနာသဖြင့် မျက်စောင်းထိုး ဟန့် လိုက်သော်လည်း မမီ လိုက်တော့ ။ သည် မိန်းမတွေ ကတော့ ကာယကံရှင်တွေ ရှေ့ထားပြီး စကြ နောက်ကြပါပြီ တော် ။ ကလေးတွေ ကျနေတာပဲ ။ သိပ်ဆိုးတဲ့ မိန်းမတွေ ။ တော်ပါသေးသည် ။ ခင်မောင်သိန်းထွန်းဝင်း က “ အဟဲ ” ဟု အရှက်ပြေ ရယ်နေ၍ - ။

“ နင်တို့ နောက်ကျ လိုက်တာ မနှင်းအေး ရယ် ၊ ငြိမ်း ရောက် နေတာ နာရီဝက်လောက် ရှိနေပြီ ”

အားနာသဖြင့် စကားဝင် ဖာလိုက်၏ ။

“ ငါ့ ရုံး က မလွယ်ဘူးဟ ၊ ခုတောင် သန်းသန်း ရောက်လာမှ ခွင့် နေ့တစ်ဝက် တင်ပြီး ထွက် ခဲ့ရတာ ၊ အကန်တော့ ခံမယ့် ဆရာကြီးတွေကော ရောက်ပလား ”

“ မရောက်သေးဘူးလေ ၊ ကားတွေ နဲ့ အကြို သွားကြတုန်း ၊ တို့ က အမိတို့ ကြိုချင်တာနဲ့ နေခဲ့တာ ”

“ ကဲ ဒါဖြင့် ခု ရောက်လာပြီလေ ၊ ကန်တော့ကြပေတော့ ”

ထုံးစံအတိုင်း ရွှတ်နောက်နေသော မနှင်းအေး ကို မြင်ရသည် မှာ ရွှင်မြူးစရာ ကောင်းလှသည် ။ ဘာမျှ ပြောင်းလဲမသွား ပါလား ။

“ ကိုယ်ပိုင်ကားနဲ့လာမယ့် လူတစ်ယောက်ပဲ လိုတော့တယ် ဟေ့ ”

“ ဘယ်သူလဲ ”

“ မေခင့် ကို ပြောတာလား ”

ခင်မောင်သိန်းထွန်းဝင်း နှင့် ငြိမ်းသာ တို့ ရှေ့ဆင့်နောက်ဆင့် မေးလိုက်မိကြ၏ ။

“ အဲ ဟုတ်သား ၊ ဒီကောင်တွေမသိသေးဘူး မနှင်းအေး ရ ၊ သူတို့က  နယ် ရောက်နေတော့ တို့ကောင် ကောင်းစားနေတာ သူတို့ မသိသေးဘူး ” 

“ ဘာလဲ တူးတူး ၊ မေခင် ယောက်ျား ရသွားပြီလား .. ”

မိန်းကလေး ဝိုင်းထဲတွင် ယောက်ျားလေး တစ်ယောက် တည်း ပါနေ၍ ကြောင်တောင်တောင် ဖြစ်နေလိမ့်မည် မထင် နှင့် ။ သူ ကလည်း မိန်းကလေးတွေ လိုပင် စပ်စုတတ်သည် ။ ဒါကလည်း  ဟိုစဉ်ကတည်း က သူ့ အကျင့် ။ ဒါကြောင့်လည်း ငြိမ်းသာ တို့ အုပ်စုကြီးထဲတွင် သူ တစ်ခါတစ်ခါ ဝင် ရောနိုင်ခြင်းပင် ဖြစ် သည် ။

“ ဒီလိုဟ ” ဟု အစ ချီကာ မေခင့် သတင်း ဖောက်သည် ချသည် ။ သူတို့ အားလုံး မေခင် အသက် သုံးဆယ် ကျော်သည် ထိ အဖော် မရှာခဲ့သည် ကို သိပြီးသား ၊ “ အငယ်လေးတွေ ကို ပြန်ကြည့်ရမယ့် တာဝန် က မသေးဘူး ဟ ၊ ငါ အိမ်ထောင်ရေး ကို မစဉ်းစားပါဘူး ၊ ဒါကြောင့် ရည်းစား မထားတာ ” ဟု ပွင့်လင်းစွာပြေတတ်ခဲ့သော မေခင် ။ ဝိဇ္ဇာ နောက်ဆုံးနှစ်တွင် အုပ်စု လိုက် ထပ် ကျပြန်တော့ စီးပွားရေး အဆင်မပြေသော မေခင် တစ်ယောက် အပြင် ဖြေ ဖြစ်သည် ။ ရုံး တစ်ရုံးတွင် အောက်တန်းစာရေး အဖြစ် အလုပ် ဝင် လုပ်လိုက်တော့ ငြိမ်းသာ တို့ အုပ်စုကြီး နှင့် အနေ ဝေးသွားသည် ။ သို့တိုင် တစ်ခါတစ်ရံ စနေ နေ့တစ်ဝက် ရုံးဆင်းချိန်များတွင် အဆောင်သို့ ရောက်ရောက်လာ ကာ ငြိမ်းသာ တို့  လက်ဖက်ဝိုင်း ထဲ ထမင်းကြမ်း ခဲ ရင်း ရယ်ပွဲ ဝင် ဖွဲ့လေ့ ရှိသေးသည် ။ မေခင် က စိတ်ညစ်ခံတတ်သူ မဟုတ် ။

ထို့နောက်တွင်မူ ဘွဲ့ကိုယ်စီ နှင့် ကိုယ့်လမ်း ကိုယ်လျှောက် ကာ ဘဝ ကို  ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရသည် ။ တစ်ယောက် နှင့် တစ်ယောက် သတိရ လွမ်းဆွတ်ကြသည် မှန်သော်လည်း တစ်ခါ တစ်ရံ အကြောင်းထူး ရှိမှ စာ ရေးဖြစ်ကြသည် ။ သိပ် မဆုံဖြစ် ခဲ့ကြ ။

“ သူ့ ယောက္ခမ က ဘော့စ် သိလား ၊ သားသမီး နှစ်ယောက် တည်း ရှိတာ ၊ သူ့ ယောက်ျားက အကြီး ၊ အငယ် က တို့ကျောင်း မှာ ၊ စက္ကင်းရီးယား ”

“ နေပါဦး ၊ သူ့ ယောက်ျား က ဘာတုံး ၊ အဓိက ကို အရင် ပြောပါ  ”

“ အရင်ကတော့ သင်္ဘောသား တဲ့ ၊ ခုတော့ ကားပွဲစား ဆိုလား ”

“ အို့ ဟိုး ၊ ဒါကြောင့်ကိုး ”

“ တွေ့ရင် သိပ် အံ့ဩသွားမယ် ၊ တို့ ကောင် အပြတ်သားနား နေတာ ၊ မေခင် စီးတဲ့ ကားကလေ လင်ဆာ သိလား ”

“ အမယ်လေး ဟယ် ၊ နာမည် ကလဲ ”

ငြိမ်းသာ က ပခုံးတွန့်ကာ ရယ်တော့  သူငယ်ချင်းတွေ ကပါ တခွိခွိ ၊ ငယ်သူငယ်ချင်း တွေ ဆုံမိကြတိုင်း မိမိတို့ ရောက်ရှိသည့် နေရာ ၊ ရရှိထားသည့် ရာထူး ၊ ကြီးပြင်းခဲ့သည့် အသက်အရွယ် အားလုံး လွင့်ပျောက်ကာ ငယ်ဘဝကို ပြန်လည်ရောက်ရှိသွား တတ်ကြသည် ။

“ အံမာ ၊ အဲဒီ ကားက ခုလို ပွဲကြီးလမ်းကြီးမှာ စီးတာ ၊ ဈေး ဝယ် ထွက် ရင် စီးတာက ပေါ်တာကက်ပ်ကလေး သိရဲ့လား ၊ တလောက သိမ်ကြီးဈေး မှာ တွေ့ လိုက်တယ် ၊ ငါ လှမ်းအော်တာ သူ က မကြားဘူး ”

မနှင်းအေး က အားရပါးရ ဆက်ပြောလိုက်၏ ။

သတင်းကောင်းမို့ သူတို့ အားလုံး ကျေနပ် ဝမ်းသာသွားကြ လေသည် ။

ထိုစဉ် မှန်ကားကြီး နှစ်စင်း ပြိုင်တူ လိုလို ဆိုက်ရောက်လာ ကြ၏ ။ ကြိုဆိုဧည့်ခံသည့် ဆရာမများ လှုပ်ရှားသွားကြ၏ ။ ကား တံခါး ကို ဖွင့်ပေး ၊ ခါးကလေးများ ညွှတ်ကာ ပြုံးရွှင်စွာ ကြိုဆို ကြနှင့် ။ ဘယ်ဆရာကြီးတွေများပါလိမ့် ။

“ ဟယ် ဆရာကြီး ဦးလှရွှေ ”

“ ဟာ ၊ မစ္စအီးကံကြီးတော့  ၊ ဆရာမကြီးက လှတုန်းပဲ ဟယ် ”

ဟုတ်သည် ။ ဆရာကြီးဦးလှရွှေ က လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် တုန်း ကလို ပြုံးချိုသော မျက်နှာပေး နှင့် ကျက်သရေ ရှိဆဲ ဖြစ်သလို ၊ဆရာမကြီး မစ္စအီးကံကြီး ကလည်း ပန်းနုရောင် ဝတ်စုံ ၊ ဇာပဝါပန်းနုသွေးကလေး ခြုံလွှမ်းလျက် အလွန် လှပတင့်တယ် နေဆဲပင် ။

ဆရာကြီး နှင့် ဆရာမကြီး တို့ နောက်ပါးတွင် ငြိမ်းသာ တို့ပါ ကပ်ပါသွားသည် ။

“ ငါ က သူများထက် ပိုပြီး အကြွေး ဆပ်စရာရှိလို့ ၊ ခဏနော် ”

ခင်မောင်သိန်းထွန်းဝင်း စကား ကို ရုတ်တရက် နားမလည် မိကြ ။ သူ က ဆရာကြီး နှင့် ဆရာမကြီး တို့ ထိုင်နေရာ သို့ သွားကာ ဆရာမြတ် တို့ ၏ ခြေအစုံ ကို ထိကပ် ဦးခိုက် ရှိခိုး လိုက်လေသည် ။ ပါးစပ် မှ လည်း တတွတ်တွတ် ။ ဆရာကြီးတို့ က ခေါင်းတညိတ်ညိတ် နှင့် ပြုံးလို့ ။

“ နေပါဦး ၊ ဒါက ဘာ ထွင်တာလဲ ”

အနား ပြန်ရောက်လာလာချင်း ငြိမ်းသာ မေးမိ၏ ။

“ ထွင်တာ မဟုတ်ဘူး သူငယ်ချင်း ရဲ့ ၊ ကျောင်းတုန်းက ဆရာ ကြီးတို့ အတန်းကို ငါ အမြဲ လစ်ခဲ့တာ မဟုတ်လား ၊ အဲဒါ ဆရာတို့ ရဲ့ စေတနာ ကို စော်ကားသလို ဖြစ်ခဲ့လို့ ၊ အခုမှ တောင်းပန်ပြီး ကန်တော့ရတာ ၊ တကယ်ပြောတာ ၊ ငါ မိုက် လို့ ငါ နစ်နာတာ အလုပ်အတွက် စာမေးပွဲ ဖြေ မှ သိရတော့တာ ”

အမြဲတမ်း ရွှတ်နောက်နောက် ပြောဆိုတတ်သူ တစ်ဦး က တည်ငြိမ်လေးနက်စွာ ပြောနေသဖြင့် သူတို့ အားလုံး နားစိုက်ထောင်နေမိကြသည် ။

“ အလုပ် အတွက် စာမေးပွဲ ဖြေတော့ ငါ နှစ်ခါတောင် ပြန် ဖြေရတယ် ၊ ဘာဖြစ်လို့လဲ သိလား ၊ မြန်မာစာ နဲ့ အင်္ဂလိပ်စာ ကျလို့ ”

“ ကောင်းတယ် ၊ ကောင်းတယ် ၊ ငန်းတော်ကျား လုပ်ပြီး သူများ အတန်း လိုက် တက်နေတာကိုး ”

ပြောလိုက်သူ တူးတူး ကို သန်းသန်း က ဆိတ် ဆွဲ လိုက်သည် ။ သူတို့ အားလုံး ကလေးတွေ လို ရုံးစုရုံးစုဖြင့် ခန်းမ အပြင် ပြန်ရောက်ခဲ့ကြပြန်သည် ၊ ရောင်းရင်းတစ်ယောက် ကို မျှော်ကြရ ဦးမည်လေ ။ ဝင်းထဲ သို့ ကား အဝင်အထွက် ပိုရှုပ်လာသည် ။ ဧည့်ပရိသတ် တွေ ပို၍စ ည်ကားလာသည် ။ ဪ -  နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးမှ ကြုံကြိုက် ကြရသည့် ကြုံတောင့်ကြုံခဲ ပွဲတော်ကြီး မဟုတ်ပါလား ။ အားခဲ၍ လာကြမည်ပင် ။ ကြည်နူးစွာ ဆင်နွှဲ ကြမည်ပင် ။

“ ဟေ့ ဟေ့ ဟိုမှာ ”

တူးတူး က ဖြတ်ဆို ညွှန်ပြလိုက်၏ ။

   •••   •••   •••   •••

သည်မှာတင် အနှစ် နှစ်ဆယ်နီးပါး ကွဲကွာခဲ့ရသော မေခင့် ကို ငြိမ်းသာ ပြန်လည် တွေ့ရှိရခြင်း ဖြစ်ပါသည် ။

အလွန် ပုံစံလှ သာ အစိမ်းနုရောင် ကားကလေး ပေါ်မှ ဆင်းလာသည့် မိန်းကလေး ။ ဟုတ်ပါသည် ။ မေခင် ဖြစ်သည် ဟု တူးတူး ကသာ မပြောပါက မိန်းမငယ်လေး ဟု ငြိမ်းသာ ထင်မိမည်မှာ အမှန် ။ ကြည့်ပါ ။ ရေညှိစိမ်းရောင် ပျော့အိသောအစ ကို အင်္ကျီလက်ပြတ် နှင့် ထဘီ ဆင်တူ ဝတ်ဆင်ထားပုံ ၊ ကားတံခါး ကို သော့ ပိတ်ပြီး ငွေရောင်လက်ပွေ့အိတ် ထဲသို့ ပြန် ထည့်လိုက်ပုံ ၊ မေခင့် ပုံစံသည် အသက် လေးဆယ် ကျော် မိန်းမကြီး တစ်ဦး ၏ ပုံသွင် မဟုတ် ။

“ ဟုတ်တယ်ဟေ့  ၊ တို့ ကောင် သိပ်သားနား နေတာပဲ ၊ သူ တို့ ကို တွေ့ရဲ့လား ”

“ မပြောတတ်ဘူး ၊ သူ့ မျက်လုံး ကိုမှ မမြင် ရဘဲ ”

မနှင်းအေး ဖြေပုံကြောင့် သူ တို့ အသံ ထွက် ရယ်မိကြပြန် သည် ။ မှန်ပါသည် ။ ညိုမှောင်နေသော နေကာမျက်မှန် ဝိုင်းဝိုင်း ကြီး ကို မေခင် က တပ်ဆင်ထားသည် ကိုး ။

မျက်နှာထား တည်တည် နှင့် သွယ်နွဲ့လှပစွာ လျှောက်လာ သော မေခင့် ကို လှမ်း ကြည့်ရင်း ကျောင်းတုန်း က မေခင့် ကို ပြန် မြင်ယောင်လာ၏ ။ ထိုစဉ်က မြို့ထဲ ထွက် ရုပ်ရှင် ကြည့်ကြလျှင် ကားခ မပြည့်၍ “ အဟဲ ၊ ငါးမူးဖိုး ခြောက်ယောက် ထားနော် ” ဟု စပယ်ယာ ကို အမြဲ မျက်နှာချိုသွေး ပြောတတ်ခဲ့သည့် မေခင် ။ အတန်း တက်ကြလျှင် ထွက်ပေါက် နှင့် နီးသော ခုံတန်းကို အပြေးအလွှား အလုအယက် ယူပေးတတ်သည့် မေခင် ။

“ မေခင် ရေ ၊ တို့ ဒီမှာ ”

အိမ်ရှင် တူးတူး က လှမ်း အသံပြုရင်း လှေကားထစ် ထိပ် မှ ရပ် ကြိုလိုက်၏ ။ မေခင် သူတို့ ကို မော်ကြည့် လိုက်၏ ။ မေခင် သူတို့ ကို ပြုံးပြလိုက်လေသလား ။ ငြိမ်းသာ ကောင်းကောင်း သတိ မထားလိုက်မိပါ ။

“ နောက်ကျလိုက်တာ မေခင်ရယ် ”

“ ကွယ် ကန်တော့ပွဲ က နှစ်နာရီ မှ မဟုတ်လား ”

မေခင့် ဖြေပုံကြောင့် စံပယ်ကုံးလေး ထုတ် ယူ နေ မိ သော ငြိမ်းသာ ဟန့်သွား၏ ။ အမှတ်မထင် မေခင့် ခေါင်းပေါ်သို့ စောင်းငဲ့ ကြည့်လိုက်မိ၏ ။ ဆံပင် ကို ဖွ၍ လှပစွာ ပုံသွင်းထား သည့် အလိပ်အခွေကလေးများ ကြားမှ အဖိုးတန် ဗင်ဒါသစ်ခွကြီးများ က ငြိမ်းသာ ကိုလှောင်နေ သလိုလို ။ သူတို့အားလုံး နှုတ်ဆိတ်စွာ နှင့် ခန်းမကြီးထဲ ပြန် ဝင်ခဲ့ကြသည် ။

“ ဟော ဒေါ်မေခင်ကျော် ၊ အလှူ့ ရှင် ကို မျှော်နေကြတာ နော် “

အလှူခံ စားပွဲမှ ဆရာမ တစ်ယောက် လှမ်း နှုတ်ဆက်လိုက်ရာ မေခင် ထို စားပွဲသို့ လျှောက်သွားသည် ။

“ ဘယ်လိုလဲ ဟ ၊ ဘယ်တုန်းက မေခင်ကျော် ဖြစ်သွားရပြန်တာလဲ ”

“ သူ့ ယောက်ျား နာမည်က စိုးမြင့်ကျော် ဆိုလား ၊ အဲဒါနဲ့ ကျော် တစ်လုံး တိုးသွားတာ နေမှာပေါ့ ”

“ နို့ သိ မှ သိ ပဲ ”

အစိတ်တန်များ ရေတွက်နေသည့် မေခင့် ကိုလှမ်း ကြည့်ရင်း ခင်မောင်သိန်းထွန်းဝင်း က ရေရွတ်နေ၏ ။ မေခင် အတော်များများ လှူနိုင်ဟန် တူသည် ။ မေခင် ရက်ရောစွာ လှူနိုင်ပုံကို သတိ ပြုမိသည် ။ ကျောင်းသူ ဘဝ က ကျောင်းလခ ပေးချိန် ရောက် တိုင်း စိတ်ညစ်ရရှာသည့် မေခင့် အဖြစ်ကို ပြန် သတိရမိပြန်သည် ။

“ တော်ပြီကွာ ၊ လက်ပတ်နာရီ မရှိလဲ ကျောင်း တက်လို့ ရတာပဲ ၊ ရောင်းပစ်မယ် ” ဟု ခပ်ပြတ်ပြတ် လုပ်တတ်ပုံတွေ ။ တစ်ခါတစ်ရံ နား က ပတ္တမြားနားကပ်လေး ကိုပင် ဖြုတ် ပေါင်လိုက်  ၊ စတိုင်ပင် ထောက်ပံ့ကြေး ရတော့ ပြန် ရွေးလိုက်နှင့် ဒုက္ခ ရောက်ခဲ့ရရှာသည့် သူငယ်ချင်း ။ သူ့တွင် ငွေတစ်ဆယ် ရှိပါက သူများ ကို ငါးကျပ် ခွဲပေးရန် ဝန်မလေးသည့် သူငယ်ချင်း ။ ယခုတော့ ထို ဒုက္ခ အပေါင်းမှ လွတ်မြောက်ခဲ့ပြီ ။ သည်လိုလည်း ရှိဦးမှပေါ့ ၊ ဘဝ ဆိုတာ နိမ့်တစ်လှည့် မြင့်တစ်ချီ ။

မေခင် သူတို့ဆီ ပြန် ရောက် မလာမီမှာပင် ဆရာကန်တော့ပွဲ အခမ်းအနား စလေသည်  ။

ပြုံးရွှင် ကြည်နူး နေကြသည့် ဆရာမြတ် တို့၏ ပုံသွင်မှာ အေးချမ်းလှသည် ။ တပည့်များ က လက်ဆယ်ဖြာစုံမိုး၍ ရိုကျိုး ဝပ်ဝပ် ဦးနှိမ်ညွှတ်၍ ရှိခိုးကန်တော့ကြသည် ။

မေတ္တာအရိပ် ။

ပီတိအရောင် ။

ခန်းမကြီး တစ်ခုလုံး မင်္ဂလာကျက်သရေ ထုံမွှမ်းလျက် ။

ကန်တော့ပွဲ အခမ်းအနား ပြီးဆုံးသွားသည့် တိုင်အောင် ရုတ်တရက် လူစု မကွဲကြသေး ။ တပည့်များက ဆရာကြီးများ ကို တစ်ဦးစီ လိုက် နှုတ်ဆက်ကြ ။ ထပ် ကန်တော့ကြ ။ မျက်ရည် ရစ်ဝဲ ၊ ရင်ထဲဖိုလှိုက် ၊ ကြည်နူးစရာ မြင်ကွင်းပင် ။

မေခင် သူတို့ အနား သို့ ပြန် ရောက်လာသည် ။ ဝင် ထိုင်လိမ့်မည် ထင်သော်လည်း မထိုင် ။

“ ဟင် ၊ မေခင် ပြန်တော့ မလို့လား ”

လက်ပွေ့အိတ် အတွင်းမှ ကားသော့ ထုတ် လိုက် သ ဖြင့် ငြိမ်းသာ မေးလိုက်မိခြင်းပင် ။ သူက မတ်တတ်မှပင် ဖြေ၏ ။

“ အင်းလေ ၊ မင်းတို့ လဲ ပြန်မှာပဲ မဟုတ်လား ၊ ဘာ ရှိသေး လို့လဲ ”

“ ဘာမှတော့ မရှိဘူးလေ ။ ဒါပေမယ့် တို့တတွေ မတွေ့ ရတာ ကြာပြီ မဟုတ်လား ၊ အေးအေး ဆေးဆေးပေါ့ ဟယ် ”

“ ကိုယ်တော့ ပြန်ဦးမယ် ၊ ခေါင်းနည်းနည်း နောက် လာလို့ သွား မယ်နော် ၊ အားလုံးပဲ နောက် တွေ့ကြသေးတာပေါ့ "

နေကာမျက်မှန်ကြီး ကို ပြန် တပ်ပြီး ထွက်ခွာသွားသူ ကို အားလုံး တအံ့တဩ ငေးမောလျက် ။

မပေးဖြစ်လိုက်သည့် စံပယ်ကုံး ကလေး က မျက်နှာငယ် ကလေးဖြင့် ။

   •••   •••   •••   •••

“ ဘယ်လိုကြီးမှန်းလဲ မသိဘူး ၊ တစ်မျိုးကြီးပဲ ”

“ ငါက ငါတို့ကို အပြန်ကျ သူ လိုက်ပို့မယ် မှတ်နေတာ ”

“ ပို့တာ မပို့တာက အကြောင်း မဟုတ်ပါဘူး ၊ ပုံစံ ကို က ကြီးကျယ် သွားလိုက်တာ ၊ မုန့်ဟင်းခါး တစ်ပွဲ ကို နှစ်ယောက် စပ်တူ ဝယ် စားခဲ့ကြရတာတွေ ကို  သူ မေ့သွားပြီ ထင်တယ် ”

သူငယ်ချင်းတို့ ၏ မကျေနပ်သံများ လျှံ တက်လာသည် ။

“ မေခင် က ငယ်ငယ်တုန်းက မေခင် မဟုတ်တော့ဘူး ”

နှုတ် နည်းလွန်းသူ သန်းသန်း က ရုတ်တရက် မှတ်ချက် ချ လိုက်၏ ။ သန်းသန်း စကား ကြားမှ ငြိမ်းသာ လည်း ကိုယ့် ရင်ထဲ က ပြောချင်သည့် စကားလုံးကို ရှာဖွေ တွေ့ရှိလိုက်ပါ၏ ။

“ ဟုတ်တယ် ၊ မေခင် က ကျောင်းတုန်းက မေခင် မဟုတ် တော့ဘူး ၊  ငါ သိပ် နှမြောတာပဲ ”

“ ဘာကိုလဲ ”

တူးတူး က မျက်မှောင်ကြီး ကုပ်ကာ မေးလိုက်၏ ။

“ စံပယ်ပန်း ကိုလား ”

ခင်မောင်သိန်းထွန်းဝင်း အယူအဆ လွဲသွားသည် ။မေးလိုက် ပုံက ရယ်စရာ ။

“ ကြံကြံဖန်ဖန် ဟယ် ၊ ငါ နှမြောတာက ဟိုတုန်းက မေခင် ကလေး ကို နှမြောတာ ၊ အဲဒီ မေခင် က ရိုးသား ပွင့်လင်းတယ် ။ ရဲဘော်ရဲဘက် စိတ် ရှိတယ် ၊ ညီအစ်မ အရင်း လို ရင်းနှီးတယ် ၊ အဲဒီ မေခင့် ကို ငါ နှမြောတာ ၊ ငါလေ မေခင့် ကို ဒေါသ ထွက် တာလဲ မဟုတ်ဘူး ၊ မကျေနပ်တာလဲ မဟုတ်ဘူး ၊ နှမြောတာ သိလား ၊ နှမြောတာ ”

“ အံမာ ၊ ကြီးကျယ်လိုက်တာ ”

“ ဟုတ်တော် ၊ ခံရတာချင်း အတူတူ ၊ သူ က အတွေးအခေါ် တစ်မျိုး နဲ့ ပြောတတ်ပါပေ ရဲ့ ”

“ ဟဲ့  အဲဒါကြောင့် သူ စာရေးဆရာ ဖြစ်သွားတာ နေမှာ သိလား ”

အားလုံးက ဝိုင်းဝန်းကာ ချီးမွမ်းခြေကျောက် ပြောကြ ရင်း ရယ်သံများ နှင့် အတူ စကားဝိုင်းကလေး ပြန်လည် စိုပြည် လာပါတော့သည် ။

◾   ကြူကြူသင်း

📖   ရှုမဝမဂ္ဂဇင်း
        ၁၉၈၄ ခုနှစ် ၊  အောက်တို ဘာလ

www.facebook.com/aung.naingoo.3726613

.

Tuesday, February 22, 2022

ရယ်သံများ


 

❝ ရယ်သံများ ❞

ကြည်ပြာ သည် ကျွန်တော့် ဘဝ ၏ ဟန်သစ် ၊ ရင်ခုန်သံ ၊ အိပ် မက်ဖူး ၊ ရင်ခုန်ပွင့် ၊ ပုံရိပ် ၊ ကော်လံ ၊ သရဖူ ၊ အပျိုမ ၊ ဖက်ရှင် ဖြစ်သည် ။ သို့မဟုတ် ကျွန်တော် ၏ ဒုတိယဝိညာဉ် ၊ ပန်းပွင့်များ ကို အပိုင်စား ရသည့် ဖလော်ရာ နတ်သမီး ၏ ဥယျာဉ်တော် ထဲ မှ ပထမဦးဆုံး ပန်း ပွင့် ။ ဒါမှမဟုတ်လျှင် ကြည်ပြာ သည် ကျွန်တော် ၏ နံရိုးတစ်ချောင်း ၊ ဧဝ ၏ ပြောင်းထားသော နာမ ၊ ဘယ်တော့မှ ရေးဖွဲ့ ဆုံးတော့မည့် မ ဟုတ်သည့် ခေတ်ပေါ် မဟာမော်ကွန်း ကဗျာရှည် တစ်ပုဒ် သာလျှင် ဖြစ်လေသည် ။

ကြည်ပြာ သည် မီးတောက်ငယ်လေး တစ်ခု လို ပါးလှပ်နွဲ့လျ သည် ။ လမင်းနံဘေးမှာ မျောလွင့်နေသည့် ညတိမ်တိုက် တစ်ခုလို  ၊ အပြောင်းအလဲ မြန်သည် ။ မြွေတစ်ကောင် လို ကြောက်မက်ဖွယ်ရာ အဆိပ်နှင့် မဝနိုင်သော နွဲ့ ပြောင်းမှု ရှိသည် ။ ညမိုး လို ဒေါသကြီး တတ်ပြီး တစ်ခါတစ်ရံ ဆောင်ဦးနံနက် နှင်းမှုန်ကလေး လို နူးညံ့နေ တတ်ပြန်သည် ။ 

ခုဆိုလျှင် ကြည်ပြာ နှင့် ကျွန်တော် သည် စိတ်ဆိုးစိတ်ကောက်ပွဲ များစွာ ၊ ထင်မှတ်မထားသော ရုတ်တရက်ပေါင်း များစွာ နားလည် ခွင့်လွှတ်ရပေါင်း များစွာ ကို ဖြတ်သန်းခဲ့ရဖူးပြီ ။ ဟိုတုန်းကတော့ ကြည်ပြာ ထံမှ ချစ်ခြင်းမေတ္တာ ကို ရလျှင် ကျွန်တော့် ဘဝ ပြီးပြည့်စုံပြီ ဟု ထင်ခဲ့ဖူး၏ ။ ခု ဒီလို မဟုတ်တော့ “ ချစ်သည် ” ဆိုသည့် စကား အသိ ကလေး နှင့် ကျွန်တော် မကျေနပ်နိုင် ။ သံယောဇဉ် ရှိပါသည်ဆိုသည့် သတ်မှတ်ချက်ကလေး နှင့် ကျွန်တော် မတင်းတိမ်နိုင် ။ ခွင့်လွှတ်နား လည်ခြင်း ဆိုသည့် ဖြစ်ရပ်ကလေးများ နှင့် ကျွန်တော့်မှာ မလုံလောက် နိုင် ။ တစ်စတစ်စ ကျွန်တော် လောဘ ကြီးလာသည် ။ သို့မဟုတ် သဘာဝ ကျချင်လာသည် ။

ကြည်ပြာ မျက်ဝန်းညိုညိုများ သည် ကျွန်တော့် ကို တွေ့သည့် အခါ ပလွေသံ မှာ မြွေ ကို က ခိုင်းတတ်သည့် အလမ္မာယ်ဆရာ ၏ မျက်ဝန်းမျိုး ၊ ဆပ်ကပ် ထဲ က ကျားတွေ ကို မီးကွင်းထဲ ခုန်ဝင်ခိုင်းသည့် ကြာပွတ်ကိုင် မိန်းမပျိုကလေး ၏ မျက်ဝန်းမျိုး ၊ ကလေး ဆွဲသည့် အရုပ် ကို ကြည့်သည့် လူကြီး တစ်ယောက် ၏ မျက်ဝန်းမျိုး သာလျှင် ဖြစ်သည် ။

ထိုအချက် ကို ကျွန်တော် မကျေနပ်နိုင် ။ ထိုအချက်များ ၏ နောက်ကွယ်မှ ခံစားချက်သည် ကြည်ပြာ က ကျွန်တော့် ကို မချစ်လို့ ဆိုသည့် အချစ် ကြီးတတ်သူ တို့၏ ခြောက်လှန့် ခံနေရမြဲ တစ္ဆေ က ကျွန်တော့် ကို အမြဲ ခြောက်လှန့်လျက်ရှိ၏ ။

ကျွန်တော် က ကြည်ပြာ ကို မတွေ့ရလျှင် မနေနိုင် ၊ ကြည်ပြာ နှင့် မတွေ့ရသော တွေ့ခွင့် မရသော ရက်များ သည် နေဝင်ဖို့ အတော် ခဲယဉ်း လွန်းသည် ။ ကျွန်တော့် ရင် သည် ဟာလျက် ရှိကာ ကျွန်တော့် သွေးများ သည် ဟိုဟိုဒီဒီ ဘယ်လို စီးဆင်းရမယ်ဆိုတာ မသိ ဖြစ်နေသလို တုံ့ဆိုင်း နေတတ်၏ ။ သို့သော် ကြည်ပြာ ကတော့ ထိုနေ့ရက်များ အတွက် ဘယ်လိုမှ ဖြစ်ပုံ မပေါ် ။ ဘာမှ ခံစားရပုံ မပေါ် ။ သက်သောင့် ဆတ်သာ အေးအေးလူလူ ပင် ရှိသည် ။ 

တွေ့ရသည့် ရက်များ ကျတော့လည်း ကျွန်တော် က တစိမ့်စိမ့် ငေး မောကာ ကြည်နူးရင်ခုန် ကျေနပ်ရသလောက် ကြည်ပြာ က မသိ ကျိုးကျွန် ရှိလွန်းသည်ဟု ကျွန်တော် ထင်သည် ။ ဒီလိုနှင့်ပင် ကြည်ပြာ သည် ကျွန်တော် ချစ်ရသလောက် ကျွန်တော့် ကို မချစ် ဟု စိတ်ထဲတွင်နေမိသည် ။ ကြည်ပြာ သည် ကျွန်တော် နှင့် ပတ်သက်လျှင် အရာရာ ဆွေးအေးလွန်းသည် ။ ဥပေက္ခာ ထားလွန်းသည် ။

ကြည်ပြာ ဟာ ငါ ချစ်သလို မှ ငါ့ ကို ချစ်ရဲ့လား ။

ကျွန်တော် လေးဆယ့်ခုနစ် အမြန်ကားလေး ကို တွယ်စီးရင်းက ကြည်ပြာ အကြောင်းကို စဉ်းစားနေခြင်း ဖြစ်၏ ။ ဗိုလ်တထောင်တက္ကသိုလ် ကျောင်းသားများ ၏ ဒုက္ခအတိုင်း ကျွန်တော် လေးဆယ့် ခုနှစ် ကားလေးကို တာမွေ မှ ပြောင်းကာ တွယ်စီးရသည် ။ အမေ က လက်ကြော မတင်းဘူး ဟု မကြာခဏ အပြောခံရသော ကျွန်တော့် လက်ကြောများသည် တင်းရလွန်း သဖြင့် ပြတ်ထွက်တော့မလား ထင် ရ၏ ။ ဒီကြားထဲ ကျွန်တော့် ခြေထောက် ကို တွယ်သူ တစ်ယောက် က နင်းထားသေးသည် ။

ကျောက်မြောင်းဈေး ရောက်တော့ တွယ်စီးသူ က ခြောက်ယောက် ဖြစ်လာသဖြင့် ကျွန်တော့် အတွေး ကို ရပ်ကာ အဆင်ပြေဖို့ ခန္ဓာ ကိုယ် ကို အထဲ ထိုးသွင်းရသည် ။ ကျွန်တော့် ခန္ဓာကိုယ် ကို တွယ်စီးသူ များ ထံတွင် ဖေးမ ထားရ၏ ။ မနက် က မိုးရွာ ထားသဖြင့် ကား မှတ်တိုင်တွင် ထီးထုတ်ဆောင်းထားသောကြောင့် ကျွန်တော့် ချိုင်း ကြားတွင် ထီးတစ်လက် လွယ်အိတ်တစ်လုံးဖြင့် ရှုပ်ယှက်ခတ်ကာ နေ သည် ။ သီတာလမ်း မှတ်တိုင် တွင် ညာဘက်နံဘေး မှ ထိုင်လာသူကျောင်းသူတစ်ဦး က ဗရုတ်သုတ်ခ ဖြစ်နေသော ကျွန်တော့် ကို “ ထီးပေး ထားပါလား ” ဟု ပြောကာ ကူညီရှာသည် ။ သို့ဖြင့် ကျွန်တော့် လက်နှစ် ဖက်စလုံးသည် အတွင်း သံတန်းများ ကို ကိုင်နိုင်ကာ အသက်ရှူ ချောင် သွားခဲ့သည် ။ ကားလေး က မှတ်တိုင်တွေမှာ မရပ်တော့ဘဲ မှန်မှန် ပြေး နေသည် ။

စိန်ပေါလ်မှတ်တိုင် ရောက်တော့ ဗိုလ်တထောင် သမီးပျိုများ သည် လေးဆယ့်ခုနှစ် နောက် တဖုတ်ဖုတ် ပြေး လိုက်ကာ အလုအယက် တက်ကြ ရှာ၏ ။ ဆင်း သူ နှစ်ယောက် ဖြစ်ကာ တက် သူ က သုံးယောက် ဖြစ်သည် ။ ကားလေး က အရှိန်ဖြင့် မောင်းထွက်တော့ ထိုင်ခုံမှာ မထိုင် ရသေးသည့် မိန်းကလေးများ အလေးချိန် က တွယ်စီးသူများထံ ရောက် လာသည် ။ တွယ်စီးသည့် ကျောင်းသားများ က “ ဟေး ” ဟု ကျား ညာသံ ပေးကာ တောင့်ခံရ၏ ။

ဒီလိုနှင့် နောက်ဆုံးခုံ မှာ ကောင်မလေး နှစ်ယောက် ထပ်ထိုင် ရသည် ။ အတွင်းသို့ တိုးဝင်ကာ တွယ်ထားသော ကျွန်တော့် အောက် ပုဆိုးစသည် မပြေမလည် ထပ် ထိုင်ရသော ကောင်မလေး နှစ်ယောက် ၏ ဖိနပ် အောက် ရောက်နေသည် ဆိုတာကို ကျွန်တော် မသိခဲ့ ။

ဗဟိုရုံး မရောက်ခင် ကား ကွေ့သောအခါ တွယ်စီးသူ အားလုံး ယိမ်းနွဲ့ ကာ ဟန်ချက် ကို ထိန်း ရသည် ။ ထိုစဉ်မှာပင် ကောင်မလေး ခြေထောက် အောက် ရောက် နေသော ကျွန်တော့် ပုဆိုး ကို ဆွဲ ချွတ်လိုက် သလို ဖြစ်သွားကာ ... ။

ခပ်တင်းတင်း ထိုးထည့်ထားခဲ့သော ခါးပုံစ သည် အတွင်းမှ ရုန်းကန်ထွက်လာသည် ကို ကျွန်တော် ခံစား သိရှိလိုက်ရသည် ။ ကံကောင်းသည် မှာ ကား က ပြန်လည် တည့်မတ်သွားသဖြင့် ခါးပုံစံ က အား နှင့် ဆက် မထွက်လာတော့သော်လည်း တဖြည်းဖြည်း ပြေ ကာ လာနေ၏ ။ 

“ ကျွတ်ပြီ ... ကျွတ်နေပြီ ၊ ကျွန်တော့် ပုဆိုး ကျွတ် နေပြီဗျ ”

လက်များ ကို ကျွန်တော် ချွတ်၍ မရ ၊ လက် ချွတ်၍ ပုဆိုး ကိုင် လျှင် အားလုံး ပြုတ်ကျတော့မည် ။ ပြီးတော့ ကျွန်တော် က အောက်ခံ ဘောင်းဘီလည်း ဝတ်တတ်သူ မဟုတ် ၊ ကျွန်တော် အသည်းထိတ်စွာ ကျုံး အော်ရသည် ။

“ ပုဆိုး .... ပုဆိုး ကျွတ်နေပြီ ၊ ပုဆိုး ကျွတ် ... ”

တစ်ယောက် နှင့် တစ်ယောက် ပေါင်ပေါ် ထပ် ထိုင်နေသည့် ကျောင်းသူ နှစ်ယောက် ရှေ့တွင် ကျွန်တော့် ပုဆိုးခါးပုံစ က ရုပ်ရှင် အနေှး ရိုက်ချက်အတိုင်း ဖြည်းဖြည်းချင်း ပြေကျလာနေသည်ကို ထို မိန်းကလေးက ငေးကြောင်ကာ ကြည့်နေခဲ့သည် ။ ဘာလုပ်ရမှန်း မသိ ဖြစ်နေ သည် ။ 

“ ပုဆိုး ... ပုဆိုး ခင်ဗျား ရှေ့က ကျွန်တော့် ပုဆိုး ကျွတ်နေပြီ လုပ်ပါဦးဗျ ၊ ခင်ဗျား ရှေ့ က ”

ကျွန်တော် ၏ ငယ်သံ ပါအောင် အော်သံ ကြောင့် ကောင်မလေး က အသိ ဝင်လာကာ သူမ ပေါင်ပေါ် တင်ထားသည့် Arrow File အနက်ကြီး ကို ကောက် ကိုင်ပြီး ကျွန်တော့် ခါးစပ် ကို ကမန်းကတန်း လှမ်း ထိုးလိုက်လေသည် ။ တစ်စတစ်စ ပြေကျနေသော ခါးပုံစသည် သူမ File နှင့် ကျွန်တော့် ခါး အကြားတွင် ညပ် ကာ ရပ်သွားသည် ။

“ ထိုးထားနော် ဖိထား မလွတ်စေနဲ့ ”

ကျွန်တော် ညာသံ ပေးကာ အော် ရပြန်သည် ။ ကောင်မလေး က လက်နှစ်ဖက် နှင့် ဖိုင် ကို အား ရှိသမျှ ထိုးထားကာ မျက်နှာ ကို ဘေး သို့ လွှဲထား၏ ။ ကျွန်တော် ကလည်း ခါး ကို အတင်း ကော့ကာ Arrow File နှင့် ခါးပုံစ ကို ညှပ် ထားရလေသည် ။ မိုးတွေ အုံ့ ကာ အေးစိမ့်နေ သည့် မနက်ခင်းတွင် ကျွန်တော့် တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေ၏ ။ ဖြတ်ထိုးဉာဏ် ကောင်းသော ထိုမိန်းကလေး ကိုလည်း ကျေးဇူး တင်ရ၏ ။

“ ထိုးထားတယ် ၊ ရှင် မခွာနဲ့နော် ... ဖိထား ဖိထား ”

သူမ က ထိတ်လန့်တကြား ပြန် အော်သည် ။ ကားထဲ မှ ဝါးခနဲ ရယ်သံတွေ ထွက်လာ၏ ။ ဗိုလ်တထောင်ဘုရားမှတ်တိုင် ရောက်တော့ တွယ်စီးသူတွေ တဖြုတ်ဖြုတ် ခုန်ချသည် အထိ Arow File နှင့် ကျွန်တော့် ခါး က တန်းလန်း ၊ ကောင်မလေး က တစ်ဖက်ကို မျက်နှာလွှဲ လျက် နှုတ်ခမ်းများ ကို ကိုက်ထား၏ ။

ကား ရပ်တော့ ရယ်သံတွေ ဝါးခနဲ ထွက်လာပြန်သည် ။ File အောက်မှ ပြေထွက်နေပြီ ဖြစ်သော ပုဆိုး ကို ကမန်းကတန်း ဆုပ်ကိုင် ကာ ကျွန်တော် ရှက်စိတ်ဖြင့် ထွက် လာခဲ့သည် ။ ကောင်မလေး ကို လည်း “ ကျေးဇူး ” မပြော မိတော့ ။ ရှက်စိတ်သည် တစ်ကိုယ်လုံး မွှန်ထူလျက် ရှိ၏ ။

ကျောင်းဝ ရောက်မှ သတိရသည် “ ထီး ” သွားပြီ ကျွန်တော့် ထီး ကို ပြန် မယူခဲ့ရ ။ ဘယ်သူ့ကို ပေးခဲ့သည် ဆိုတာလည်း မမှတ်မိတော့ ။ ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားခဲ့သည် ။ ရှိစေတော့ ။ အမေ ၏ ဆူပူခြင်း ကို ခံရတော့မည် ။ ထို ထီး သည် သုံးချောင်း မြောက် ပျောက်သော ထီး ဖြစ်သည် ။ သို့သော် ဘာ တတ်နိုင်ဦးမည်လဲ ။

လက်တွေ့ ဆင်းပြီးချိန် ရောက်တော့ ကြည်ပြာ အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းများ ငြိမ်းချမ်းရိပ်မွန်ကင်တင်း ထဲ တွင် ထိုင် လျက်ရှိ ကြသည် ။ ပုဆိုးကျွတ်ခြင်း ၏ အခြား တစ်ဖက်မှာ ကြေမွသွား သော ထီး တစ်စင်း ၏ အကြောင်းကို ကြည်ပြာ တို့ ကို ပြောပြ မနေတော့ ၊ ပြောရင်လည်း သူငယ်ချင်းများ က ရယ်ကြဦးမယ် ။ ကြည်ပြာ က မျက်စောင်း ထိုးကာ ဟိန်းဦးဟောက်ဦးမည် ။ ရှိစေတော့ ။ ဒီလို အဆင် မပြေ ကြုံတွေ့ရသည့် ရယ်စရာများကြောင့် ကြည်ပြာ သည် ကျွန်တော့် ကို အထင်သေးပြီး မချစ်တာ ဟု ကျွန်တော် သိသည် ။ 

ကျွန်တော်က ဘယ်တော့ ငေးငေး ငေး၍ မဝနိုင်သော ကြည်ပြာ မျက်နှာပေါ်မှ အရေးအကြောင်းကလေးတွေ ကို လေ့လာ နေခဲ့သည် ။ ကြည်ပြာ က လွင်မာ နှင့် ဗေဒင်ဆရာ အကြောင်း စကား ကောင်းနေ ၏ ။ ကျွန်တော့်ကို လုံးဝ ဂရုမစိုက် ။ ချိုကျ လက်ဖက်ရည် အရသာ ၊ ကြည်ပြာ ၏ စကားသံ မှန်မှန် နှင့် မျက်ဝန်းညိုညို တို့ဖြင့် ကျွန်တော် က အဆင်ပြေလျက် ရှိသည် ။

“ ဟေ့ကောင် ၊ ရဲကြီး ဟိုမှာ မင်း ကို ကောင်မလေး သုံးယောက် ခေါ် နေတယ် ” 

လွင်ဦး စကား ဆုံးတော့ တစ်ဝိုင်းလုံး လှည့်ကာ ကြည့် ကြသည် ။ ငွေသွင်းဌာနရှေ့ လှေကားသုံးထစ် မှာ ကောင်မလေး သုံးယောက် က

စပ်ဖြီးဖြီး မျက်နှာများနှင့် ကျွန်တော့်ကို လှည့်ကြည့်ပြီး လက်ယပ် ခေါ်သည် ။ပထမ ကျွန်တော် ကြောင်နေသည် ။ ကောင်မလေး တစ်ယောက် က ထီး ကို မြှောက်ကာ ပြသည် ။

အနားရောက်တော့ ကောင်မလေး က ထီး ကို ကမ်းပေးကာ တခွီးခွီး ရယ်သည် ။ 

“ နောက်ကို ပုဆိုးခိုင်ခိုင် ဝတ်နော် သိလား ”

ကျွန်တော် ဘာ ပြောရမှန်း မသိတော့ ၊ အဖော် ပါလာသည့် ကောင်မလေးတွေ ကလည်း ဇာတ်လမ်း ကို သိပြီးပုံရသည် ။ တစ်ယောက် နှင့် တစ်ယောက် ကြည့်ကာ ရယ် ကြပြန်၏ ။

“ အေးဗျာ ၊ ကျွန်တော် လည်း ရှက်ရှက် နဲ့ ထွက်လာခဲ့တာ ဘာ ကိုမှ သတိ မရနိုင်တော့ဘူး ၊ ကျေးဇူးတင်ပါတယ်ဗျာ ”

“ ရပါတယ် ၊ မီးငယ် က လှမ်းခေါ်သေးတယ် ၊ ဒါပေမဲ့ သိလား မျိုးရဲ့  ၊ ဟား ... ဟား ... ဟား ”

ကောင်မလေး သုံးယောက် က တစ်ယောက် နှင့် တစ်ယောက် ရိုက် ကာ ရယ် ကြပြန်သည် ။ ကျွန်တော် လည်း ထီး ကို ကိုင်ကာ အရှက် ပြေ လိုက်ရယ်ရ၏ ။

“ တကယ်ပါဗျာ ၊ ခင်ဗျား ကို ကျွန်တော် က မမှတ်မိတော့ဘူးဗျ ။ ပျောက်ပြီပဲ တွက်ထားတာ ”

“ မီးငယ် တို့ က ရှင့် ကို သိပါတယ် ၊ မကြည်ပြာ ရည်းစား မဟုတ်လား ၊ ခဏခဏ ရယ်စရာ ဖြစ်တယ်လေ ... ”

“ ဪ ဟုတ်ကဲ့ ဟုတ်ပါတယ် ၊ ကျေးဇူးတင်ပါတယ် ဗျာ ၊ လက်ဖက်ရည် သောက်ပါဦးလား ”

“ ကျေးဇူးတင်ရင် နောင် ပုဆိုးခိုင်ခိုင် ဝတ် သိလား သွားမယ် ”

ကောင်မလေးတွေ က ရယ်ရယ်မောမောထွက်သွားကြသည် ။ ဝိုင်း ကို ပြန်ရောက်တော့ စကားသံသည် တိတ်ဆိတ်လျက် ရှိ၏ ။ ကြည်ပြာ့  မျက်နှာ က ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မာထန် လျက်ရှိ၏ ။ ရုတ်တရက် ကျွန်တော် နားမလည် ။ မနက်က အကြောင်း ကို ပြန်တွေးကာ မျက်နှာက ပြုံးစစ ဖြစ်ချင်နေ၏ ။ လွင်ဦး က ပေါင် ကို ကုတ် သည် ။ မိုးမိုး က နှုတ်ခမ်းကို ကိုက်ကာ ကြည့်ပြာ ကို မေးဆတ် ပြသည် ။ ကျွန်တော် လှမ်းကြည့်တော့ ကြည်ပြာ က တည်ထားသော မျက်နှာကို မဲ့ရွဲ့ကာ ဆတ်ခနဲ တစ်ဖက်သို့ လွှဲသွားသည် ။ ကြည်ပြာ အထင် လွဲသွားပြီ ထင်သည် ။ 

“ မဟုတ်ပါဘူး ၊ မနက်က ဟာ ငါ ကားစီး လာတုန်း ”

ကျွန်တော့် စကားက မဆုံးသေး ၊ ကြည်ပြာ က ဖျတ်ခန်လွယ် အိတ် ကို လွယ်ကာ ဝိုင်း မှ ထသွားသည် ။ ကျွန်တော် အံ့သြကာ ကြောင် နေ၏ ။ လွင်မာ က “ ကြည်ပြာ စိတ်ဆိုးသွားပြီ ” ဟု အလန့်တကြား အော်သည် ။

“ ကားစီးလာတုန်းဟာ ငါ က တွယ်စီးရတာ ဟ ၊ အဲဒါ ”

“ သွား ... သွား ငါတို့ ကို ရှင်းပြ မနေနဲ့ ၊ ကြည်ပြာ နောက်ကို မြန်မြန် လိုက် ၊ ဟိုကလည်း ဒေါသ ကြီးကြီးနဲ့ နင် ကလည်း နင် ပဲ ”

ကြည်ပြာ သည် ရှေ့မှ လှေကားထစ်များ ကို အတင်းခုန်ကျော်ကာ တက်သွားသည် ။ ကျွန်တော်လည်း “ ကြည်ပြာ ” “ ကြည်ပြာ ” ခေါ်သံများ နှင့် တရကြမ်းလိုက်ရ၏ ။

“ နင် ငါ့နောက် မလိုက်နဲ့နော် ရဲဝင်း ”

“ ဟာ မဟုတ်ပါဘူး ဟ ၊ ငါ ရှင်းပြတာ နားထောင်ပါဦး ၊ သူ က ငါ့ ကျေးဇူးရှင်တွေပါ ၊ ငါ့ ထီး ကို ... ”

“ အို ဘာမှ လာ မပြောနဲ့ ၊ ကျေးဇူးရှင် ဆို တစ်ခါတည်း လိုက် , သွား ၊ သိလား ”

“ ဒေါသ မကြီးစမ်းပါနဲ့ ကြည်ပြာ ရယ် ၊ ငါ့ စကား ကိုသာ ဆုံး အောင် နားထောင်ပေးစမ်းပါ ၊ ပြီးရင် နင် ပြောချင်တာ ပြော ဟာ ”

“ သွား ၊ နင် သွားနော် ရဲဝင်း ၊ ငါ ဘာမှ မကြားချင်ဘူး ၊ ငါ့ ရှေ့တောင် ဒီလောက် ဖြစ်နေတာ ၊ နင် ဘာ အသုံးကျသလဲ ၊ ဘာသစ္စာ ရှိသလဲ ”

အော်ရင်းဟစ်ရင်း နှင့်ပင် ကြည်ပြာ က အတန်းထဲ ဝင်ထိုင် သည် ။ သူ့ ခုံတန်းထဲ ကျွန်တော့်  ကို ဝင် ထိုင်ခွင့်မပေး ။

“ နင် ပြန်နော် ရဲဝင်း ၊ ငါ သိပ် ဒေါသ ထွက်နေတယ် ။ ဘာစကား သံမှလည်း မကြားချင်ဘူး ”

နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ပြီး မျက်ရည် ချက်ချင်း ဝိုင်း တက်လာသော ကြည်ပြာ ကို ငေး ကာ ကျွန်တော် အံ့သြထိတ်လန့်သွား မိသည် ။ ဘယ်လို ဖြစ်သွားရတာလဲ ။ ကြည်ပြာ ဘာကြောင့် ဒီလောက် ဝမ်းနည်းတကြီး ဖြစ်သွားရတာလဲ ။ နင် သွားတော့နော် ငါ့ ရှေ့က သွား ဟု ထပ် အော်ပြောသော စကားသံတွင် ငိုသံ က ရောယှက်ချင်နေ၏ ။ ကြည်ပြာ့ နှုတ်ခမ်း နှင့် နှာခေါင်းများ နီ လာကာ မျက်ရည် မကျအောင်  ၊ မျက်တောင် ကို ခတ်ရင်း မျက်နှာ ကို တခြားဖက် လှည့်သည် ။ 

“ ကြည်ပြာ ရယ် ငါ့ ကို ရှင်းပြခွင့်လေးတော့ ပေးပါဟာ ၊ နင် ဘာကြောင့် ဒီလောက် စိတ်ဆိုးနေရတာလဲ ၊ ဟိုလေ ငါ က ”

“ နင် သွားဆို သွားနော် ၊ ငါ ဒေါသ ဖြစ်လာပြီ ”

ကြည်ပြာ့ ခုံအစွန်းတွင် ကျွန်တော် တွေတွေကြီး ရပ် နေမိသည် ။ ဘာတွေ ဘယ်လို ဖြစ်သွားသည်ကို မစဉ်းစားတတ်တော့ ။ စကတည်းက ပြောပြ မထားလိုက်မိတာ မှားတာပဲ ။ ဒီကောင်မတွေ ထီး ပြန်လာမ ပေးရင်လည်း ကောင်း မှာပဲ ။ ခုတော့ ဘယ်လို လုပ်ရမလဲ ။ ကြည်ပြာ ကို ဘယ်လို ချော့ရမယ် ဆိုတာ ကျွန်တော် မစဉ်းစားတတ်တော့ ။ 

သူငယ်ချင်းများ က အတန်းထဲ လိုက် ဝင်လာပြီး ငြိမ်ငြိမ်တောင့်တောင့်ကြီး ဖြစ်နေသော ကျွန်တော်တို့ နှစ်ယောက် ကို ကြည့်ကာ စကား တိုးတိုး ပြောနေကြသည် ။ အတန်းထဲက အခြားသူငယ်ချင်းတွေ က လည်း ပြဿနာ နှင့် အော်ဟစ်နေကြသော ၊ ငြိမ်ကျသွားသော ကျွန် တော်တို့ ကို စူးစမ်းသလို ကြည့် နေကြလေသည် ။ 

“ ကဲ ကြည်ပြာ ၊ ရဲဝင်း ကို ပြောခွင့် ပေးလိုက် ၊ နင် မှန်မှန် ပြော နော် ၊ အဲဒီ ကောင်မလေးတွေကို ငါ သိတယ် ။ Chemistry က မီးငယ်ငယ် တဲ့ ၊ နင် လိမ်ဖို့တော့ လုံးဝ မစဉ်းစားနဲ့ ၊ ငါတို့ ပြန်မေးမှာ ၊ ကြည်ပြာ ကလည်း နားထောင်ပေးလိုက် ဟုတ်လား ”

လွင်မာ့ စကား ဆုံးတော့ အတန်း ငြိမ်ကျသွားသည်ဟု ကျွန်တော် ထင်သည် ။ ကြည်ပြာ ကလည်း ငြိမ်နေ၏ ။ ကျွန်တော့် ကို တော့ လုံးဝ မကြည့် ။

“ ဒီလိုဟာ ...ငါ က မနက်က မိုးရွာတော့ ထီး ထုတ်ဆောင်းတယ် ၊ တာမွေ ရောက်တော့ လေးဆယ့်ခုနှစ် ပြောင်း စီးတယ်ဟာ နေရာ မရဘူး ။ တွယ် စီးရတာ ၊ အဲဒါ ထီး နဲ့ကိုးရိုးကားရား ၊ ဖြစ်နေတော့ ငါ့ ထီး ကို ... အဲဒါ ကားလည်း ကွေ့ရော ငါ က သိသိချင်း ကျွတ်ပြီ လုံချည် ကျွတ်ပြီလို့ အော်တာပေါ့ ”

နံဘေးမှာ နားထောင်သည့် အတန်းထဲ ပရိသတ် က ဝါးခနဲ ရယ်လိုက်ကြသည် ။ မိုးမိုး ၊ လွင်မာ တို့ က တစ်ဖက် လှည့်ကာ ခိုး ရယ် သည် ။

“ ကံကောင်းတာ က လုံချည် ခါးပုံစ က slow motion ကျွတ် တာဟာ ၊ ဟို ကောင်မလေးကလည်း ကြောင်ပြီး ကြည့်နေတာ ၊ ခါးပုံစ က တော်တော် ပြေလာနေပြီ ၊ ငါ က လက် လည်း လွှတ်မရ ကုန်း အော်ရ တာပေါ့ ၊ ကျွတ်နေပြီ ၊ ပုဆိုး ကျွတ်နေပြီလို့ ”

ဝါးခနဲ ရယ်သံတွေ ထွက်လာပြန်သည် ။ လွင်ဦး နှင့် အောင်နိုင်စိုး ကလည်း တဟားဟား အော် ရယ်ကြသည် ။ ရှက်လွန်းသဖြင့် ကျွန်တော် သေချင်သည် ။ သို့သော် ရပ်ထားလို့လည်း မရ ၊ ရှင်းအောင်တော့ ပြောရတော့မည် ။ ကြည်ပြာ က နှုတ်ခမ်း ကို ကိုက်ထားရင်းက ကျွန်တော့် ကို လှစ်ခနဲ ခိုး ကြည့်သည် ။ ရယ်လိုက်ပါတော့ ကြည်ပြာ ရယ် ၊ ငါ့ ကို နားလည်တယ် ဆိုရင် စိတ်ဆိုး ပြေပြီ ဆိုရင် ရယ်လိုက်ပါ တော့ ။

“ အဲဒီတော့ ဘာ ဖြစ်သလဲ ၊ ဆက် ပြောလေဟာ ”

နောက် က ပွဲတောင်းလျက် ရှိသည် ။ ဪ ... သနားညှာ တာမှုလည်း မရှိပါလား ။ ကျွန်တော် ခေါင်းငိုက်စိုက် ချကာ ဆက်ရ သည် ။ ရှက်ရွံ့အားငယ်မှုသည် ရင်ထဲမှာ တုန်ခါ၍ နေ၏ ။

“ အဲဒီကောင်မလေး က ဖြတ်ထိုးဉာဏ် ကောင်းပါတယ် ။ သူ့ Arow File နဲ့ ငါ့ ခါးစပ် ကို ... ”

ဝါးခနဲ ရယ်သံတွေ ထွက်လာပြန်သည် ။ ကြည်ပြာ က လှစ်ခနဲ ပြုံးသည် ။ ကျွန်တော့် ကို မျက်စောင်း ဒိုင်းခနဲ လှမ်း ထိုးသည် ။ ကျွန် တော် ရင်တွေဘာတွေ ပြန် ခုန်လာသည် ။ 

“ ပုဆိုး က တော်တော် ကျွတ်နေပြီလား ”

ဘယ်သူ့ အသံမှန်းတော့ မသိ နှိပ်စက်လှချည်လား ။

“ ဟုတ်တယ် ၊ သူ့ ဖိုင်ပေါ် မှာ ပုံနေပြီ ”

ရယ်သံမျိုးစုံ ဝေါခနဲ ထွက်လာပြန်သည် ။

“ အဲဒီ ဖိုင်ကြီး မပါရင် ဘယ်နှယ့် လုပ်မလဲ ”

“ မသိဘူး ၊ သူ ရော ကျွန်တော် ပါ ဒုက္ခ ရောက်မှာပဲ ။ သူ လည်း စားသာမယ် မထင်ဘူး ”

ရယ်သံတွေ တဟားဟား ထွက်လာသည် ။ တော်တော် နဲ့ မရပ် တော့ ။ ရှိပါစေတော့လေ ။ ရယ်သံများ သည် ပျော့ကျ သွားလိုက် ပြန်လည် မြင့်တက်လာလိုက် နှင့် ကျွန်တော့် ပတ်ဝန်းကျင်တွင် တုန်ခါလျက် ရှိ၏ ။ လွင်ဦး ရယ်သံ တဟားဟား မိုးမိုး ရယ်သံ တခစ်ခစ် ၊ သုံးခါရယ် ခဏရပ် သုံးခါ ပြန် ရယ်လေ့ ရှိသော ကေသီ ၏ ရယ်သံ ၊ မမထွေး ၊ ခင်မေဦး ၊ သက်သက်ကျော် ၊ နန္ဒာမြင့် ၊ ဥမ္မာလှ နောက် ကျွန်တော် မသိသူများ ၏ ရယ်သံများ ။ မျိုးစုံသော ရယ်သံများကြားတွင် အသံ ပါးပါးနွဲ့လျ၍ အဖျားတွင် ရှိုက်သံနုနုကလေးများ ဖြင့် ရယ်သံ တစ်တွဲ နှစ်တွဲ ကို လှမ်း ချိတ်ထားတတ်သော ကြည်ပြာ ၏ ရယ်သံ ပါ မလာ သေး ။ ရယ် လိုက်ပါတော့ ကြည်ပြာ ရယ် ၊ ရယ် ချလိုက်ပါတော့ ။

ဝမ်းနည်းမှုသည် ကျွန်တော့်လ ည်မြို့တွင် တင်းတောင့်၍လာ နေသည် ။ ကျွန်တော် ခေါင်း ကို ငုံ့ချထားသော ကြည်ပြာ ရယ်သံတွေကို စောင့် နေမိ၏ ။ မော့ ၍လည်း မကြည့်ရဲ ရယ် လိုက်ပါတော့ ကြည်ပြာရယ် ၊ ငါ့ ရဲ့ ကံဆိုးမှုကို အား မနာဘဲ လှောင် ရယ်သာ ရယ် ချလိုက် ဝါတော့ ။

ဗိုက်ကြော ကပ်သူတွေကလည်း ကပ် ၊ ပါးစောင် ညောင်းသဖြင့် ပါး ကို ဖိသူတွေ ဖိ ၊ အရယ် သန်လှသော ဥမ္မာလှ ဆိုလျှင် မျက်ရည်တွေ ဘာတွေပါ ထွက်လာသည် ။ ကြည်ပြာ ရယ်သံ ကို လုံးဝ မကြားရ ၊ ကျွန်တော် ကြေကွဲသွားသည် ။ ကြည်ပြာ ဟာ ဘာကိုမှ မကြေနိုင်တော့ဘူးလား ၊ ဝမ်းနည်းတကြီး မော့ကြည့် မိသောအခါ ညှိုးငယ်စိတ် မကောင်းသော မျက်ဝန်းဝေဝေများဖြင့် ကျွန်တော့် ကို စိုက်ကြည့် နေသော ကြည်ပြာ ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည် ။ ကျွန်တော်တို့ မျက်ဝန်းချင်း ပြန် မခွာကြ ၊ စူးစိုက်ကြည့်နေမိကြသည် ။ ကျွန်တော့် မျက်ဝန်းများ ၏ တောင်းပန်တိုးလျှိုမှု ကို ကြည်ပြာ သိပါစေတော့ ။

ထိုစဉ် အေးစက်ကာ ချွေးစေးတွေပျံနေသော စာရေးစားပွဲခုံ ပေါ်က ကျွန်တော့် လက် ကို ကြည်ပြာက ဆုပ်ကိုင်ကာ ဖျစ်ညှစ်လိုက် သည် ။ အုံခဲ မွန်းကျပ်နေသော ကျွန်တော့် ခံစားမှုသည် ရင် အစပ်မှ ဖျတ်ခနဲ ဆွဲ ဖွင့်ခံလိုက်ရသလို ဖြစ်သွားကာ နှလုံးသား တစ်ခုလုံး အေးစက်သွားလေသည် ။ 

“ ကြည်ပြာ နင် ... နင် ... ”

ကြည်ပြာ ကျွန်တော့် လက်များ ကို အားထပ်ထည့် ဖျစ်ညှစ် လိုက်ကာ ခေါင်းကို ငုံ့ ချသွားသည် ။ ကျွန်တော် လည်း ဝမ်းသာအားရ ပြန်လည် ဖျစ်ညှစ် ထားမိ၏ ။ နွေးထွေးသည့် အရသာ သည် လက် ချောင်းများမှ တစ်ဆင့် ကျွန်တော့် နှလုံးသားထံ အရှိန်ဖြင့် စီးဆင်းကာ လာနေသည် ။ တစ်ကောင် နှင့် တစ်ကောင် မျို ချနေကြသည့် မြွေနှစ်ကောင် နှယ် စားပွဲပေါ်မှာ ကျွန်တော် တို့ လက် နှစ်ချောင်း သည် တင်းကျပ်စေးထန်းကာ လာလေသည် ။

“ ဖြစ်ရလေ ရဲဝင်း ရယ် ၊ နင့် မှာ ရယ်စရာတွေ မကုန်သေးဘူး လား ၊ ဖြစ်လိုက်ရင်လည်း အံဝင်ခွင်ကျ ချည်းပဲ ။ ဟုတ်မှာပါ ၊ သွား မမေးတော့ပါဘူး ။ ဒါကြောင့် ဟိုကောင်မလေးတွေ ကလည်း ရယ်နေ ကြတာနေမှာပေါ့  ။ ဟေ့ ကြည်ပြာ ခွင့်လွှတ်လိုက် ၊ ရဲဝင်း ကို ရယ်သံ တွေနဲ့ ပတ်သက်ရင် ခွင့်လွှတ်လိုက်စမ်းပါ ဟာ ”

ခေါင်းငုံ့ချကာ ငြိမ်သက်နေသော ကြည်ပြာ ပခုံး ကို ကိုင်ကာ လွင်မာ က ပြောသည် ။ ကြည်ပြာ က ခေါင်းကို မော့ကာ ကျွန်တော့် ကို နားလည် ကြည့် ကြည့်သည် ။ သူမ ကျွန်တော့် ကို နားလည်သွားပြီ ဆို တာ ကျွန်တော် သိလောက်သည် နှင့် တစ်ပြိုင်နက် ကြည်ပြာ သည် သူ့ မျက်နှာ ကို ပြောင်းလိုက်သည် ။ ဪ ... မိန်းကလေးတွေ ဟာ နားလည်သွားသည့် တိုင်အောင် အနိုင် ရမှုကိုလည်း ယူတတ်ပါသေး ကလား ။

“ အိုး ... ဘာလို့ သွား မမေးရမှာလဲ ၊ လွင်မာ သွား မေးပေး ၊ | ရဲဝင်း နင် ငါ့ အကြောင်း သိတယ်နော် ၊ နင့် ကို ငါ ဘယ်လို ချစ်ရသလဲ ဆိုတာ နင် သိတယ် ၊ နင် သစ္စာများ ဖောက်လို့ကတော့လား ၊ နင် က သိပ် ပျော်နေတယ်ပေါ့ ဟုတ်လား ၊ လုံးဝ ကြည့်လို့ကို မရဘူး ။ နင့် ကို ငါ လုံးဝ မယုံဘူး သိလား ။ ငါ့ ကို မချစ်တော့ရင် ကြို ပြော ၊ ငါ့ ရင်ကွဲ ရင် ကွဲသွားပစေ ၊ ဒါပေမဲ့ နင် ရှုပ်ဖို့တော့ လုံးဝမစဉ်းစားနဲ့ ၊ ငါ ဘယ်သူ့ ကိုမှ အားနာ မှာ မဟုတ်ဘူး ”

မနာလို ဝန်တိုခြင်း ခံရသူတို့ ရလေ့ ရှိကြသော ကြည်နူးပီတိ ဖြစ်မှု သည် ကျွန်တော့် သွေးကြောသေးသေးကလေးတွေအထဲ တိုးဝှေ့လျက် ရှိကြသည် ။ ကြည့်စမ်း ကြည်ပြာ ကလည်း ကျွန်တော့် ကို ချစ်တာပါပဲ ။ သူ့ရင် ကွဲရင် ကွဲပေ့စေ ... တဲ့ ။ 

“ ကြည်ပြာ ရယ် ငါ နင့် ကို အရမ်း ချစ်တာပါ ဟာ ။ ငါ ပြောမပြ တတ်တော့ဘူး ဟ ၊ အားလုံးပဲ ၊ အားလုံးပဲ ၊ အခုရော နောင်ရောပဲ ”

“ လဲသေလိုက် ”

ထို “ လဲသေလိုက် ” ၏ နောက်တွင် ကြည်ပြာ ၏ နှလုံးသား သည် ရင်ခုန်ကောင်းတုန်း ပူပူနွေးနွေးကြီး ဆိုတာကို ကျွန်တော် သိခဲ့ရသည် ။ ထိုနေ့မှ စ၍ ကျွန်တော် နှင့် ကြည်ပြာ ကြုံခဲ့ရသော ရယ်စရာ ( သို့ ) ကံဆိုးမှုများ သည် အတန်းထဲတွင် ပျံ့နှံ့သွား၏ ။ အတန်းထဲ မှ တစ်ဆင့် အခြား မေဂျာများ ထံ ရောက်သွား၏ ။ ကြည်ပြာ ကိုယ်တိုင် လည်း ထို ရယ်စရာကိစ္စများ ကို အတည်ပြုပေးရ ၊ ပြန်လည် ပြောပြရ သဖြင့် လက်မလည်အောင် ရှိသည်ဟု ကျွန်တော့် ကို ပြောပြသည် ။ ကျွန်တော် နှင့် ကြည်ပြာ ကို တွေ့ချင်လို့ ခေါ် မိတ်ဆက်ကြသည့် လူ တွေ များလာသည် ။ ဧရိယာ ကျဉ်းသော ဗိုလ်တထောင်တက္ကသိုလ် တွင် ကျွန်တော်တို့ နှစ်ယောက် အကြောင်းသည် တစ်ပတ်အတွင်း ပျံ့နှံ့သွား တာ ကျွန်တော်တို့ နှစ်ယောက် တွဲ လာလျှင် ဇာတ်လမ်း သိပြီးသွား သည့် ကောင်မလေးများက ကြည့်ကာ တခွီးခွီး ရယ်တတ်ကြသည် ။ “ ဘာတွေ ထပ်ဖြစ်သေးသလဲ ” ဟု မေးတတ်ကြသည် ။

နောက်ဆုံး မြန်မာစာဆရာမ ဒေါ်သိဂီထက် ၊ ဒေါ်မြင့်မြင့်လဘ် တို့ ထိပင် ကျွန်တော်တို့ ဇာတ်လမ်းတွေ ရောက်သွား၏ ။ ဆရာမ များ နားနေခန်းမှာ တဝါးဝါး တဟားဟား ဆိုပဲ ။

အခုတော့ ကျွန်တော် နှင့် ပတ်သက်၍ ပတ်ဝန်းကျင် မှ ကြည်ပြာ့ အပေါ် အာရုံစိုက်လာရခြင်း ဆိုသည့် အရေးပါမှု ကို ကြည်ပြာ ရရှိ သွားပြီ ဖြစ်လေသည် ။ ထိုအချက် သည် ချစ်သူများ အတွက် တော်တော်ကို အရေးပါသည် ဟု ကျွန်တော် ထင်သည် ။ ထိုအချက်သည် အချစ် ကို ပိုမို စေးထန်းနိုင်စေသည် ။ ပိုမို ယုံကြည်လာစေနိုင်သည် ။

အခုတော့ ကြည်ပြာ သည် ကျွန်တော့် ကို မနာလိုလိုက်ရတာ အမော ၊ စိတ် မချလိုက်ရတာ ခဏခဏ ဖြစ်၍ လာသည် ။

ရယ်သံများ သည် ကျွန်တော့် ကို သနားကရုဏာ ကို ပေးသည် ။ ရယ်သံများ သည် ကျွန်တော် က ကြည်ပြာ ကို ဘယ်လောက် ချစ်ပါသည် ဆိုတာကို ပြပေးခဲ့သည် ။

ကျွန်တော် ၏ အရပ် ငါးပေ နောက်တွင် ကံဆိုးမှုများ သည် တသီတတန်းကြီး လိုက်ပါနေကြသည် ။ သို့သော် ထို ကံဆိုးမှု ၏ အဖျားစွန်းတွင် ရယ်သံများက တိတ်တဆိတ် ခြေရာဖျောက်ကာ ကျွန် တော့်ကို ကူညီဖို့ အဆင်သင့် ဖြစ်နေတတ်ပြန်သည် ။ 

အရပ် ငါးပေ သာသာ ရှိသော ကျွန်တော် ၏ နှလုံးသားပေါ် သို့ ကံဆိုးမှုများ သည် တည့်တည့် စိုက်ကျလာကာ ဖောက်ထွက်သွား ခဲ့သော်လည်း ထိုနေရာတွင် ရယ်သံများ က ဝင်ရောက် ဖြည့်သိပ်ပေးခဲ့ ၏ ။ ကံဆိုးမှုများ ဖြင့် ကျွန်တော့် နှလုံးသား သည် ဆန်ခါပေါက် ဖြစ်သွား စေဦးတော့ ရယ်သံများ နှင့် ကျွန်တော့် နှလုံးသား သည် ကျန်းမာစွာ ခုန် နေပေလိမ့်မည် ။ ချစ်ရပါသော ... မကြည်ပြာ ။

ဒီလိုနှင့် ကျွန်တော့် ဘဝ သည် အရပ် ငါးပေ ၊ ကံဆိုးမှု ၊ ရယ်သံ များ နှင့် မကြည်ပြာ ဖြစ်လာခဲ့လေသည် ။ 

◾    နီကိုရဲ

📖   မကြည်ပြာ

ဒီ ဝတ္ထု ရဲ့ ရှေ့ အပိုင်း‌တွေ ဖြစ်တဲ့

( ၁ ) ငါးကျပ်တန် တစ်ရွက် ဆိုတဲ့ ဝတ္ထု ကို ဖတ်ချင်ရင် အောက်က လင့်ခ် မှာ ကြည့်နိုင်ပါတယ် ။

https://m.facebook.com/story.php?story_fbid=2944111332523705&id=100007746011567

( ၂ ) ပုရွက်ဆိတ် ငါးကောင် ဆိုတဲ့ ဝတ္ထု ကို ဖတ်ချင်ရင် အောက်က လင့်ခ် မှာ ကြည့်နိုင်ပါတယ် ။

https://m.facebook.com/story.php?story_fbid=2993167370951434&id=100007746011567

( ၃ ) ဒေဝူးကား ဆိုတဲ့ ဝတ္ထု ကို ဖတ်ချင်ရင် အောက်က လင့်ခ် မှာ ကြည့်နိုင်ပါတယ် ။

https://m.facebook.com/story.php?story_fbid=3044054399196064&id=100007746011567

( ၄ ) စာရေးနည်း ဆိုတဲ့ ဝတ္ထု ကို ဖတ်ချင်ရင် အောက်က လင့်ခ် မှာ ကြည့်နိုင်ပါတယ် ။

https://m.facebook.com/story.php?story_fbid=3055520008049503&id=100007746011567

www.facebook.com/aung.naingoo.3726613

.

Saturday, February 19, 2022

ပြဇာတ်မယ်


 

❝ ပြဇာတ်မယ် ❞

ရန်ကုန်မြို့ ၊ လူကြိတ်ကြိတ်တိုး စည်ကားလှသော ပြဇာတ်ကြီး သည် ဇာတ်သိမ်းခန်း ပြီးသည်နှင့် တစ်ပြိုင်နက် ကတ္တီပါကားကြီး ချလိုက်၏ ။ ဇာတ်လိုက်မင်းသမီး ကြည်ကြည်ဝင်း နှင့် ဇာတ်ရံမင်းသမီး မတင်နု တို့သည် တစ်ယောက် လက် တစ်ယောက် ဆွဲ ကြကာ ဇာတ်ခုံနောက်ဖေး အဝတ် လဲသော အခန်း သို့ ပြေးခဲ့ကြ၏ ။ တီးဝိုင်း မှ ဒါတို့ပြည် ၊ ဒါတို့မြေ အလိုက် ၊ အမျိုးသားသီချင်း အလိုက် တီးမှုတ် သံကား ၎င်းတို့ နှစ်ဦး၏ နားထဲသို့ တိုး ဝင်နေလေသည် ။

“ အလွမ်း သိပ်မိတာပဲ ကြည်ကြည် ရာ ၊ ပွဲကြည့်ပရိသတ် မဆိုထားနဲ့ ၊ ကိုယ်တောင် မျက်ရည် ကျမိတယ် ။ ရုံပိုင်ကတော့ လခကောင်းကောင်း ပေးပြီး ကန်ထရိုက် စာချုပ်မှာပဲ“

“ စာချုပ်ရင်တော့ ဇာတ်ထုပ် တစ်ထုပ်ချင်း ချုပ် မှာပဲ မတင်နု ၊ လခစား နဲ့ တော့ မချုပ်ဘူး”

ကြည်ကြည်ဝင်း သည် ခါး က ပိုးလုံချည် တပတ်နွမ်း ဘန်ကောက်လုံချည် နှင့် လဲဝတ်ရင်း ပြန်ပြောလိုက်၏ ။ တဖန် နောက်ဆုံး အမူအရာ လုပ်ခဲ့ရသော မျက်ရည်ကြောင်းများ ကို မှန်ဝိုင်းကြီး ရှေ့တွင် ကြည့် ကောင်းအောင် ပြုပြင်နေလေသည် ။

“ ကြည်ကြည် ပထမ ဇာတ်ထုပ် မှာ ဒီလောက် ကောင်းရင် နာမည်ကြီးသည်ထက် ကြီးမှာပဲ ”

“ ကျွန်မ ပြဇာတ် ထဲ ဝင်တာ ၅ နှစ် ကျော်ပါပြီ ၊ ဒီစတြိတ်မြို့ ဆိုတော့ ရန်ကုန် လောက် မထင်ပေါ်ဘူးပေါ့ ”

“  ဪ ဒီလိုလား ”

“  ပြီးတော့ ဒီ အလွမ်းကလည်း ကျွန်မ ကိုယ်တွေ့ အဖြစ်အပျက် နဲ့ တူတော့ သာပြီး အမူအရာ ကောင်း ၊ မျက်ရည် ကျလို့ ကောင်းတာပေါ့ ရှင် ”

ကြည်ကြည်ဝင်း သည် မိတ်ကပ် ဖျက်ပြီးလျှင် ဟေဇလင်စနိုး နှင့် သူ ၏ မျက်နှာ ၊ လည်ပင်း တို့ ကို ပွတ် လိမ်းနေလေသည် ။

“ ဪ မှတ်မိပြီး ကြည်ကြည် ရဲ့ အရင် ယောက်ျား နဲ့ ဖြစ်ပျက်ပုံလား ”

“ ဟုတ်တာပေါ့ ။ သူ့ မိဘ က သဘော မတူတော့ မိဘကျေနပ်ရုံ ကွာပါရစေ ဆိုပြီး ပြန် မပေါင်းဘူး ၊ ကြည်ကြည် က ဆင်းရဲတဲ့ ပြဇာတ်မင်းသမီး ၊ အခု ကနေတဲ့ ဇာတ်လမ်း ကလည်း ဆင်းရဲသူ ရုပ်ရှင်မင်းသမီး နဲ့ သူဌေးသား ပဲ ကိုး ၊ ဒါပေမဲ့ ခုတော့ ကျွန်မ မပူတော့ဘူး ၊ မလွမ်းတော့ဘူး ၊ ချစ်သူ လည်း တွေ့ပြီ သူ့ ကို ယူရမှာပဲ ”

“ ဘယ်သူလဲ ၊ ကျွန်မ ရိပ်မိပြီ ဟို အရပ် ထောင်ထောင်မောင်းမောင်း အသား လတ်လတ် ရုပ်ခပ်ချောချော ၊ ကနေ့ တောင် ၅ - ကျပ် တန်း ဒုတိယ ကုလားထိုင်တန်း မှာ မြင်မိတယ် ”

“ ဪ မတင်နု လည်း မျက်စိ အလျင်သား ၊ သူ ပေါ့ ရှင့် ကိုသောင်းတန် တဲ့ ၊ သူ့ မိဘ က သူဌေးပဲ ”

“ မိန်းမများ ဟာ ပထမ အကြိမ် လက်ထပ်ရင် အချစ် အတွက် ၊ ဒုတိယ အကြိမ် လက်ထပ်ရင် ငွေ အတွက် ဆိုတာမျိုးလိုပေါ့ ”

“ မဟုတ်ဘူး ၊ ရှင် ထင်တာ မှားတယ် ၊ ဒုတိယအကြိမ် လက်ထပ်တယ် ဆိုတာ ချစ် ကိစ္စ ကို ပိုပြီး နားလည်လာလို့ပေါ့ ရှင့် ”

ထိုအတွင်း ဇာတ်အဖွဲ့ဝင်များ လိုက်ပို့သော ကားဟွန်းသံ ကြားကြသဖြင့် အဝတ်အထည် ထည့်သော လက်ဆွဲသားရေအိတ်ငယ် ကို ကိုယ်စီဆွဲကာ ဘတ်စ်ကား ရှိရာသို့ လာခဲ့ကြ၏ ။ ကားပေါ် ရောက်နှင့်နေသော ဇာတ်အဖွဲ့ဝင်များ လည်း ကြည်ကြည်ဝင်း အား ဝိုင်းဝန်း ချီးမွမ်း ပြောဆိုကြလေသည် ။ ဘတ်စ်ကား လည်း စက်နှိုးထားရာ လူစုံသည် နှင့် တစ်ပြိုင်နက် ဆောင့်ကြီးအောင့်ကြီး နှင့် ထွက်ခွာသွား၏ ။

ဘတ်စ်ကား ပေါ် ၌ သီချင်း ဆို သူ ဆို ၊ တစ်ယောက် တစ်ယောက် စကား ပြော သူ ပြော ဖြင့် ၊ ကျောက်မြောင်းရပ်ကွက် ၊ တစ်ခုသော လမ်းထဲ သို့ ချိုးဝင်ကာ တစ်ထပ်အိမ် တစ်အိမ် ၏ ရှေ့တွင် ရပ်လိုက်ရာ ကြည်ကြည်ဝင်း ဆင်း၍ နေရလေသည် ။

အိမ်ပေါ် ရောက်၍ အဝတ်မျှ မလဲရသေးခင် အစိမ်းပုပ်ရောင် ဆလွန်းကားတစ်စီး ထိုး၍ ရပ်သံကို ကြားရသဖြင့် အပေါ် မှ လှမ်းကြည့်၏ ။ ကား ပေါ် မှ ထောင်ထောင်မောင်းမောင်း လူထွား လူချော တစ်ယောက် ဆင်း၍ လာရာ ...

“ ဪ ကိုကိုသောင်း ချက်ချင်း လိုက်လာသကိုး ”

“ ရုံပေါက်စောင့်ပြီး ကား နဲ့ တင် ခေါ်ဦးမလို့ ၊ ကြည်ကြည့် ဂုဏ် ငဲ့ လို့ မခေါ်တာ ”

“ ကြည်ကြည့် ဂုဏ် မဟုတ်ပါဘူး ။ ကိုကို့ ဂုဏ် ပါ ”

“ သူများ က ကြည်ကြည့် ကို ပိုးမဲ့ အကောင် တစ်ကောင် က ကြည်ကြည့် ကို ခေါ်သွားတယ် ထင်ကြရင် ကြည်ကြည့် ဂုဏ် ထိခိုက်တာပေါ့ ”

ကြည်ကြည်ဝင်း သည် ဖြူဖွေးညီညာသော သွားကလေးများ ပေါ်အောင် ပြုံးလိုက်ပြီးလျှင် သောင်းတန် ၏ လက်မောင်း ကို ဆွဲကိုင်ခဲ့ကာ ပက်လက်ကုလားထိုင် တစ်လုံးတွင် အထိုင် ခိုင်းလေသည် ။

“ ကဲ မယ်လှ ထမင်း ပြင်ဟေ့ ၊ ဒေါ်ဒေါ်ကော ”

“ ရှိတယ် မမ ၊ မီးဖိုချောင် ထဲမှာ ”

“ ကိုကို ခဏနော် ” ဟု စားပွဲပေါ် ရှိ မဂ္ဂဇင်း တစ်အုပ် ကို ဆွဲယူ ပေးထားခဲ့ကာ အဝတ်များ လဲ ပြီးလျှင် မီးဖို ထဲ သို့ သွားရောက် ထမင်း စားသောက်နေ၏ ။ နာရီဝက် အတွင်း အဒေါ် ဆို သူ နှင့် အသက် ၁၅ - နှစ် ခန့် ကလေးမ မှာ အဝတ်အထည် လဲကာ ရုပ်ရှင် ၆ နာရီ ပွဲ သို့ ထွက်ခွာ သွားကြလေသည် ။

“ ကနေ့ ညတော့ ဒေါ်ဒေါ် တို့ ပြန်လာအောင် စောင့် ရမယ်နော် ၊ ကြည် တစ်ယောက်တည်း ဆိုရင် ဒီပြင် လူ တက် ဂေါ် သွားမှာ စိုးရတယ် ”

ကြည်ကြည်ဝင်း သည် အခြား ပက်လက်ကုလားထိုင် တစ်ခု ကို ဆွဲယူခဲ့ကာ သောင်းတန် နှင့် ယှဉ်၍ ထိုင်ရင်း ပြောလိုက်၏ ။

“ အို သူတို့ ကို ၆ - နာရီပွဲ တစ်ပွဲ ထဲလား ၊ ဒီပြင် ရုံ တစ်ရုံ မှာ ၉ - နာရီပွဲ ဆက်  ကြည့်ဖို့ မမှာလိုက်ဘူးလား ”

“ ဒါတော့ ကဲပြီ ” ဟု ရင်ဘတ် ကို လှမ်း၍ ပုတ်လိုက်လေသည် ။

“ ကိုကို တော့ နေ့ခင်း က ကြည် ရဲ့ အိုက်တင် ကြည့်ပြီး မျက်ရည် ကျမိတယ် ၊ သိပ် ကောင်းတာပဲ ။ အရင် လူ ဆိုတဲ့ အကောင် သတ်ပစ်ချင်စိတ် ပေါ်လာတာပဲ ”

“ အရင် လူ အကြောင်း စိတ်ကူး ရလို့ မဟုတ်ပါဘူး ၊ သူ့ အကြောင်း မေ့ပျောက်ပစ်လိုက်ပါပြီ ။ ကိုကိုသောင်း နဲ့ များ ဒီလို ကွဲရရင် ဆိုတဲ့ စိတ်ကူး ဝင်လာတော့ မျက်ရည် ထွက်ဖို့ လွယ်တာပေါ့ ”

သောင်းတန် သည် ချစ်သူ ၏ မျက်နှာ ကို ကြည့်၏ ။ ကြည်လင်သော မျက်လုံးအိမ် ထဲမှ မျက်ရည်စက်များ ထွက်ပေါ်လာသည် ကို မြင်ရရာ ...

“ ဟော လုပ်ပြန်ပြီ ကြည်ကလည်း ချစ်ခင်ကြတာ ၂ - လ ကျော်ပြီ ၊ ကိုကိုသောင်း ကို မယုံသေးဘူးလား ၊ လူကဲ ခပ် ဒီလောက် ညံ့ရသလား ”

“ ယုံတော့ ယုံပါတယ် ၊ ဒါပေမဲ့ ခဲမှန်ဖူး တဲ့ စာကလေး လို ဒီတစ်ခါ ဒီလို ဖြစ်ကြရင်တော့ လူ့ပြည် နေဖို့ မကောင်းတော့ဘူး ”

“ စိတ်ချပါ အချစ်ရယ်”

“ ခမည်းတော်ဘုရား တီးခေါက်ကြည့်တော့ ဘယ်လိုတဲ့ လဲ ”

“ ကိုကိုသောင်း ဟာ ကြည့် ကို ယူပြီး ဇာတ် မကရဘူး ၊ တင့်တောင့်တင့်တယ် ထားမယ်လို့ စိတ်ကူးတာ ၊ ကြည့် ကို ယူရင် အမွေပြတ် တဲ့ ”

“ ဒီစကား ကြားရတာ ဝမ်းသာလိုက်တာ ကိုကိုသောင်း ရယ် ၊ ကြည် ဟာ ငွေ မက်လို့ ယူတာ မဟုတ်ဘူး ဆိုတာ လက်တွေ့ ပြလိုက်မယ် ၊ အို နက်ဖြန် သတင်းစာတွေ ကြည့် ၊ ကြည့် ရဲ့ ဓာတ်ပုံတွေ နဲ့ ချီးကျူးကြမှာတွေ ၊ ပြဇာတ်ပိုင်ရှင်တွေ က ဖိုးလိုချင် ဖြစ် ၊ ကြည် ဝင်ငွေကောင်းတော့ လင်မယား နှစ်ယောက် စားရေး ၊ ဝတ်ရေး ဘာ ပူစရာ ရှိသလဲ ”

ကြည်ကြည်ဝင်း သည် အားပါးတရ ပြောလိုက်ရာ ၊ သောင်းတန် သည် ချစ်ကျေနပ်သော အမူအရာ နှင့် ချစ်သူအား ရွှန်းရွှန်းစားစား ကြည့်ရာက ကိုယ်တစ်ပိုင်း ကိုင်း လာကာ ကြည်ကြည်ဝင်း ၏ ပါးပြင် ကို တအား ဝင်၍ မွှေး နေလေသည် ။ တဖန် ပြန်ခွာကာ ....

“ ဒီလိုများ ဆိုတော့ အတိုင်းထက် အလွန်ပေါ့ ၊ ဒါပေမဲ့ မိန်းမထဘီနား ခိုကပ်စားတယ် ဆိုတာတော့ မခံချင်ဘူး ”

“ ဒီအတွက်လည်း ကြည် စဉ်းစားထားပါတယ် ၊ မန်နေဂျာ ကို ငွေရေးကြေးရေး နဲ့ ရုံပိုင် က တယ်ပြီး သဘောမကျဘူး ၊ ဒီတော့ အဲဒီနေရာမှာ ကိုကို ထိုင်ရအောင် လုပ်မှာပေါ့ ။ ၅၀၀ ကျပ် ဆိုလည်း နည်းတာမှ မဟုတ်ဘဲ ”

“ အစီအစဉ် က ဒီလို အချစ် ရဲ့ ၊ နက်ဖြန် ၁၁ - နာရီမှာ ကိုကို ကား နဲ့ လာ ခေါ်မယ် ၊ ၁၁ -နာရီ ခွဲ မှာ တရားသူကြီး ဦးလှကျော် ရုံး မှာ လက်ထပ် ၊ ပြပွဲ ကို တစ်ဆက်တည်း သွားပေါ့ ။ ပြပွဲ ပြီးရင် ကိုကို လာခေါ်မယ် ၊ ခမည်းတော် တို့ ကို ချွေးမ ပြ သွားမယ် ”

“ လုပ်လေ ၊ ပေါင်းသင်းတော့ ကိုကို နဲ့ ပေါင်းသင်းရမှာမို့ မိဘ အမွေ ဖြတ်တာတွေ ၊ မုန်းတာတွေ ၊ ချစ်တာတွေ နည်းနည်းကလေး မှ ထည့် မစဉ်းစားပါဘူး ၊ ဟောဒီ အချစ် က ပစ်ပစ်ခါခါ လုပ်သွားမှာ ကိုသာ ကြည် စိုးရိမ်တာပါပဲ ”

“ ကိုကို့ အတွက်တော့ စိတ်ချပါ အချစ် ရယ် ၊ ကြည် နဲ့ တစ်နာရီ တစ်မိနစ် မခွဲချင်ဘူး ”

နှစ်ယောက်သား ချစ်ကိစ္စ ၊ ချစ်အကြောင်း သောင်းပြောင်းထွေရာ ပြောဆိုကြရင်း အချိန် ကုန်မှန်းမသိ ကုန်ခဲ့၏ ။ အဒေါ်ကြီး နှင့် ကလေးမ ၉ နာရီ သာသာ တွင် ပြန် ရောက်လာကြရာ သောင်းတန် လည်း နှုတ်ဆက်ကာ ကားပေါ် တက်ရောက် စက်နှိုးထွက်ခွာသွားလေသည် ။

   •••   •••   •••   •••

နောက်တစ်နေ့ နံနက် ၁၁ - နာရီ ထိုးကာနီး တွင် အစိမ်းပုပ်ရောင် ဆလွန်းကားတစ်စီး သည် ကျောက်မြောင်းရပ်ကွက် တစ်ထပ်အိမ် တစ်လုံးရှေ့တွင် ထိုး ရပ်လိုက်၏ ။ ကားပေါ်မှ အသက် ၃၀ - နီးပါး လူရွယ်တစ်ယောက် ဆင်းလာ၏ ။ ရွှေဖလားရောင် ဗန်ကောက်လုံချည် ၊ အသစ်စက်စက် စတစ်ကော်လာရှပ် ၊ ကျစ်ပိုးအပေါ်ဝတ်အင်္ကျီဖြင့် ၊ နှာတံပေါ် နားရွက်ကား ကြည်လင်သော မျက်လုံးဖြင့် တက်ရောက်လာသည် ကို ကြည်ကြည်ဝင်း သည် ရွှန်းရွှန်းစားစား ကြည့်ကာ ...

“ သိပ်ကျက်သရေ ရှိတာပဲ ”

“ မြှောက်မနေပါနဲ့ ၊ အခုပဲ လက်ထပ်ကြတော့မှာ ”

ကြည်ကြည်ဝင်း မှာ လည်း အဝါရင့်တွင် ငွေခြည်ပန်းပြောက်ထိုး လုံချည် ၊ အဝါနုရောင် ကျစ်ပိုးရင်ဖုံးအကျီ ၊ စိန်ကြယ်သီးတပ် ရွှေလက်ပတ် ၊ စိန်လက်ကောက် ဝတ်ဆင်ထား၏ ။ မျက်ခုံးမွေး သေးသေးမျှင်မျှင် ၊ ကြည်လင်လှပသော မျက်လုံး ၊ နှာတံပေါ် ၊ စိန်နားပွင့်ကလေးဖြင့် ကြည့်မဝအောင် ဖြစ်၍နေလေသည် ။

“ ကဲ သွားကြစို့ အချစ်ရေ ၊ လူကြီးတွေ အရင် ကိုယ်တို့က ရောက်နှင့်မှ ကောင်းမယ် ”

“ ဟုတ်ကဲ့ ကိုကို ၊ ခဏကလေး ” ဟုဆိုကာ အိပ်ခန်းထဲ သို့ ဝင်သွား၏ ။ သောင်းတန် က ထက်ကြပ်လိုက်သွားကာ ကြည်ကြည်ဝင်း အား ဖက်၍ မွှေးပြန်ရာ ..

“ အို ကွာ ၊ သွားကာနီး ပေါင်ဒါတွေ ပျက်ကုန်ပြီ ” ဟု နှုတ်သီးကလေး စူ ကာ မှန်ရှေ့တွင် ပြုပြင်နေလေသည် ။

“ ကဲ ထွက်ကြစို့ ၊ သိပ် ကဲတာပဲ ” ဟု သူ့ လက် ကို လက်ကိုင်ပုဝါငယ်ကလေး နှင့် သောင်းတန် ၏ နှာခေါင်း ကို သုတ် ပေးလိုက်၏ ။ နှစ်ယောက်သား အိမ် အောက် သို့ ဆင်းလာကြကာ ကားပေါ်တွင် ယှဉ် ထိုင်လျက် စက်နှိုး ထွက်ခွာလာကြ၏ ။

ထိုကားနှင့်ပင် အရေးကြီးသော သက်သေလူကြီး နှစ်ယောက် ကို ဝင်ရောက် တင်ဆောင်ခဲ့ကြ၏ ။ အချို့ လူကြီးများလည်း ကိုယ့် ကား နှင့် ကိုယ် လာကြလေသည် ။

တရားသူကြီးရုံး ၌ လူ စုံလျှင် မိဘ ၊ အသက် ၊ သဘောတူချက် စသည်တို့ကို ထုံးစံအတိုင်း မေးမြန်းနေရာ ...

“ မကြည်ကြည်ဝင်း အသက် ၁၈ - နှစ် ပြည့်ပြီလား ”

“ ၂၅ - နှစ် ရှိပြီ ရှင့် ”

“ ဟင် ကျုပ် စိတ်ထဲ ၁၆ - နှစ် လောက်ပဲ ထင်တယ် ”

တရားသူကြီး ဦးလှကျော် သည် ရွှတ်နောက်နေခြင်း မဟုတ် ။ တကယ် မေးမြန်းနေခြင်း ဖြစ်ရာ သောင်းတန် မှာ မိမိ ဇနီး မျက်နှာ နုပျိုပုံ ကို အထူး ကျေနပ်သွားလေသည် ။

တရားရုံး လက်ထပ်ရေး ထုံးစံအတိုင်း ပြုလုပ်ပြီးသော် ၁၂ - နာရီခန့် တွင် ရုံးမှ လူစုခွဲမည်အပြု သောင်းတန် က တရားသူကြီး နှင့်တကွ လူကြီးများ အား ကျေးဇူးတင် စကား ပြောလေသည် ။

   •••   •••   •••   •••

အချိန်ကား ညနေ ၅ - နာရီခွဲ ခန့် အစိမ်းပုပ်ရောင် ကား သည် ရန်ကုန်မြို့ လမ်းရှည်ကြီးဘေး ရှိ တစ်ခုသော ဝင်းခြံ ထဲ သို့ ဝင်ပေါက် က ဝင်ရောက်သွားရာ နှစ်ထပ်တိုက်ကြီး တစ်လုံး ၏ ဆင်ဝင် အောက် သို့ ထိုး ရပ်လိုက်၏ ။

ရွှေဖလားရောင် ဗန်ကောက်လုံချည် နှင့် အရပ်ထောင်ထောင်မောင်းမောင်း လူရွယ် သည် ကားတံခါး ဖွင့် ဆင်း နှင့် ကာ သူ ၏ ဘေးမှ ထိုင် လိုက်ပါလာသော အသက် ၂၀ - အတွင်း ဟု ထင်ရသည့် မိန်းမချော အား လက်ကမ်းကာ ကား ပေါ် မှ ဆင်းစေသည် ။

“ လာ အချစ် ၊ အဘိုးကြီး က လူရွဲ့ကြီး ၊ သည်းခံ နားထောင်ပါနော် ၊ ကိုကို တို့ ဝတ္တရားတော့ ကျေပွန်ရမှာပေါ့ ”

နှစ်ယောက်သား တိုက် အောက်ထပ်သို့ ဝင်လာကြ၏ ။ အသက် ၅၀ - ကျော်ခန့် ဘူတားကြီး ဗိုလ်ကေ နှင့် အရပ် ထောင်ထောင်မောင်းမောင်း သောင်းတန် ၏ မျက်နှာ နှင့် တူသော အဘိုးကြီး တစ်ယောက် ဆင်း လာ၏ ။ မရှေးမနှောင်း ပင် ဖြူဖြူတုတ်တုတ် မွန်မွန်ရည်ရည် မိန်းမကြီး တစ်ယောက် လည်း အပေါ်ထပ် မှ ဆင်း ၍ လာလေသည် ။

“ ဖေဖေ ဒါဟာ ကျွန်တော် ပြောတဲ့ ဖေဖေ့ ချွေးမ ကြည်ကြည်ဝင်း ဆိုတာပဲ ၊ ကျွန်တော် တို့ ဝတ္တရားအတိုင်း မိဘ ကို လာ ကန်တော့တာပဲ ၊ ကဲ ကြည် ရေ ကန်တော့ကြစို့ ”

နှစ်ယောက်သား ဆိုဖာပေါ်မှ တူရကီကော်ဇော ပေါ် သို့ ဆင်းကာ ကန်တော့ကြလေသည် ။ ဆုပေးမလား ဟု လက်ယှက်စောင့်ဆိုင်း နေကြ၏ ။ အဘိုးကြီး သည် ကြည်ကြည်ဝင်း အား ခြေဆုံးခေါင်းဆုံး ကြည့် နေ၏ ။ ဘာ ဆုမျှ မပေး ။ အမယ်ကြီး လည်း ချွေးမ ကို ကြည့်နေလေသည် ။

ကြည်ကြည်ဝင်း မှာ မနေတတ်အောင် ဖြစ်ပြီးလျှင် ခေါင်း ငုံ့ နေရှာ၏ ။ သောင်းတန် က လက် ဆွဲကာ ဆိုဖာပေါ် အထိုင် ခိုင်းလေသည် ။ အလွန်သားနား ခန့်ညားသော တိုက်အိမ်ကြီး နှင့် စားပွဲ ၊ ကုလားထိုင် ၊ ဗီရို ၊ ရေဒီယို စသည်တို့ကို ကြည်ကြည်ဝင်း မသိမသာ အကဲခတ် ကြည့်ရာ က ချစ်သူ ၏ မျက်နှာကို ကြည့်ပြန်လေသည် ။

“ အဟင်း ... ” ဟု အဘိုးကြီး ချောင်း တစ်ချက် ဟန့် လိုက်ပြီးလျှင်

“ သောင်းတန် မင်း ဟာ ငါ့ ကို အသိ မပေးဘဲ ဒီ ကလေးမ နဲ့ ဆင်ကန်းတောတိုး လက်ထပ် လာကြတယ် မဟုတ်လား ” 

သောင်းတန် သည် မျက်လုံးပြူးကြီး နှင့် ပြန် ကြည့်ကာ

“ ဖေဖေ့ ကို ပြောဖူးသားပဲ ၊ ဖေဖေ ဘယ်နည်းနဲ့ မှ သဘော မတူဘူး ဆိုတော့ ဖြစ်တဲ့နည်းနဲ့ လက်ထပ်ရတာပဲ ”  

“ အေး လက်ထပ်တာတော့ ဟုတ်ပါပြီ ။ မင်းတို့ ဘယ်လိုနည်းနဲ့ စားသောက်နေထိုင်ကြမလဲ ”

“ ဒါတော့ မပူနဲ့ ဦးကြီး ၊ ကျွန်မ ပြဇာတ်နာမည်ကြီး တစ်ယောက် ပဲ ၊ ကိုကိုသောင်း အတွက် တောင် လခ ၅၀၀ ကျပ် နဲ့ အလုပ် ရဦးမယ် ။ ကျွန်မ ဟာ ဦးကြီး သား လူ ကို ချစ်တာ ၊ ပစ္စည်း တို့ ဂုဏ် တို့ မက်လို့ မဟုတ်ပါဘူး ”

ကြည်ကြည်ဝင်း သည် စကားလေလျှောက် သွက်လက်ဖျတ်လတ်စွာ ပြန်၍ ပြောလိုက်၏ ။ သောင်းတန် က ...

“ မဟုတ်ဘူး ကြည်ကြည် ၊ မင်း ပြဇာတ် မတက်ရဘူး ၊ လူကြီးလူကောင်း မယားပီပီ နေရမယ် ၊ ဖေဖေ ဒလ က စက်ကြီး ကျွန်တော့် ကို ပေးမယ် ဆို ”

အဘိုးကြီး သည် ပြုံးရယ်လိုက်ကာ ...

“ အေး တစ်ခါက ပေးမယ်လို့ အိပ်မက် မက်ခဲ့ဘူးတယ် ၊ ဒါပေမဲ့ မင့် ပြဇာတ်မယ် နဲ့ ဆိုတော့ အိပ်မက်ဟာ ပျက်သွားတယ် ၊ တကယ်လို့ သူ နဲ့ ကွာရှင်းပြီး ဖေဖေ့ ဆီ ပြန်လာခဲ့ ၊ အိပ်မက်အတိုင်း မင့် ကို ပေးဖို့ အသင့်ပဲ ”

“ ဖေဖေ ပြောတာ မတရားပါဘူး ၊ ကြည်ကြည့် ကို ကြည့်စမ်းပါ ။ ရုပ် ကို ပြောမလား ၊ အလိမ္မာ ကို ပြောမလား ၊ ကွန်ဗင့်ကျောင်း မှာ ၁၀ - တန်း အထိ သင်တဲ့ ပညာ ကို ပြောမလား ”

“ ဒါကတော့ မင်း ကျေနပ်နေတာကိုးကွ ၊ ဒီ တိုက်မှာ ဒီလောက် ကြာကြာ စကားပြောခွင့် ရတာဟာ သား ကြောင့် သားကြောင့် ”

ကြည်ကြည်ဝင်း မှာ စကားတစ်ခွန်းမျှ မပြောဘဲ မျက်ရည် ဝိုင်းကာ သားအဖ နှစ်ယောက် ကို ကြည့်ရှုနေရှာသည် ။

“ ဖေဖေ ရယ် မယား ဆို တာ လင် ရဲ့ ဂုဏ် ပေါ်မှာ တည်နေတာပါ ။ မဟာဝင် ကြည့် ဒုဌဂါရဏိမင်း ဟာ သူတောင်းစား ကို မိဖုရား မြှောက်တယ် မဟုတ်လား ၊ ရာဇဝင် ကြည့် ကျန်စစ်သားမင်း ဟာ မထီး တူမ သမ္ဗူလ ဆိုတဲ့ ကျောင်း ကပ်နေရတဲ့ ဟာကလေး ကို မိဖုရား မြှောက်ခဲ့တယ် ၊ လင်းယင်ဘောက်သောက် သူ သား သည် အမေ လည်း ရှင်ဘုရင် က မိဖုရား မြှောက်ခဲ့တယ် မဟုတ်လား ၊ ဖေဖေ လည်း စာ အတတ်သား နဲ့ ”

“ ဟားဟား ငါ့ သား က ဖေဖေ့ ကို ရေကင်းပြပြီး စာ ချနေတာကိုး ၊ ဖေဖေ ရှင်းရှင်း ပြောမယ် ၊ မင်း မှာ အားကိုးစရာ ပြဇာတ်မယ် တစ်ယောက်လုံး ရှိနေ မင့် ဟာ ၊ ဖေဖေ့ ဆီ ဘာလို့ အမွေ တောင်းချင်ရသလဲ ၊ မင်း က ဖေဖေ တို့ ကို ဂရု မစိုက်လို့ မင်း လိုချင်တဲ့ မယား ယူတယ် ၊ ဖေဖေတို့ ကလည်း နား မထောင်တဲ့ သား အလကား အမွေ ပေးနိုင်ပါ့မလား”

“ လာ ကိုကို ပြန်ကြမယ် ၊ ဘာလို့ အမွေ တောင်းနေရတာလဲ ၊ မတောင်းပါနဲ့ ၊ ကြည် ရှာကျွေးပါ့မယ် ”

ကြည်ကြည်ဝင်း သည် သောင်းတန် ၏ လက်မောင်း ကို ဆွဲကာ မတ်တတ် ရပ်၏ ။ သောင်းတန် လည်း နေရာမှ ရပ် ရင်း ..

“ ဖေဖေတို့ ဟာ မတရားဘူး ၊ အခု ဖေဖေ တို့ ချမ်းသာတာ ကျွန်တော့် ကုသိုလ် မပါဘူးလို့ ပြောနိုင်မလား ၊ ဖေဖေ ပေးမယ် လို့ ပြောပြီးပြီ ၊ ကျွန်တော် ပေါင်းမဲ့ မယား ကို ကျွန်တော် ရှာ ယူရမှာပေါ့ ”

“ အေးလေ  ၊ ဘယ်သူ က ကန့်ကွက်သလဲ“ 

“ စက်ကြီး ဦးစီးလုပ်ကိုင်ဖို့ ပေးမယ် ဆို ”

“ လာပါ ကိုကို ရယ် ၊ သွားကြပါစို့ ”

ကြည်ကြည်ဝင်း သည် သောင်းတန် ၏ လက်မောင်း ကို ဆွဲကာ တိုက်အောက် သို့ ထွက်ခွာလာလေသည် ။

“ ဟေး သောင်းတန် ၊ အဲဒီ မော်တော်ကား ကို မင်း သုံးပိုင်ခွင့် မရှိဘူးဆိုတာ နားလည်ရမယ် ”

“ အို သုံးပိုင်ခွင့် ရှိတယ် ၊ ကားခိုးမှု နဲ့ တရား စွဲ ချင် စွဲ ”

သောင်းတန် သည် ကားပေါ် အတင်း တက်မည်အလုပ် ကြည်ကြည်ဝင်း က အတင်း ဆွဲခေါ်ကာ ခြေလျင် အထွက် အဘိုးကြီး ၏ ဟားတိုက် ရယ်သံ ကို ကြား ကြလေသည် ။

နှစ်ယောက်သား မှာ ဘတ်စ်ကား ကို စောင့်၍ သိမ်ကြီးဈေး သို့ လိုက်ပါလာကြ၏ ။ သိမ်ကြီးဈေး မှ တဖန် တာမွေ ဘတ်စ်ကား ဖြင့် ကျောက်မြောင်း သို့ ပြန်ခဲ့ကြလေသည် ။

အချိန်မှာ ည ၇ - နာရီ ခန့် ဖြစ်ရာ သောင်းတန် မှာ ပက်လက်ကုလားထိုင် ပေါ်တွင် ခြေပစ်လက်ပစ် နှင့် ထိုင် ချလိုက်လေသည် ။

“ ကြည်ကြည် အခုမှ ပြန် ရောက်သလား ၊ သူဌေး ဦးလူမောင် တိုက် က ဆိုပြီး ဒီ သားရေအိတ်ကြီး လာ ပေးသွားတယ်”  ။

သောင်းတန် သည် ထိုအခါကျမှ လှမ်း၍ ကြည့်မိရာ မိမိ သားအိတ်ကြီး ဖြစ်သည်ကို တွေ့ရ၏ ။ ထ၍ ဖွင့်ကြည့်သောအခါ သူ ဝတ်နေကျ အဝတ်အဟောင်း အသစ်အချို့ အဝက် နှင့် စာ တစ်စောင် တွေ့ရလေသည် ။

သောင်းတန်

      ပိုက်ဆံ တစ်ပြား မျှ မကပ်သော ဘိုင်သမား သား ဖြစ်သူအား သနားသဖြင့် အဝတ်အထည်အချို့ ကို အပို့ ခိုင်းလိုက်ခြင်း ဖြစ်သည် ။ ငွေကြေး ကိုကား တစ်ပြားတစ်ချပ်မျှ မမျှော်လင့်နှင့် ၊ မင်း နှင့် မဆက်ဆံရန် သန်ဘက်ခါ ထုတ် သတင်းစာများတွင် တွေ့လိမ့်မည် ။

          လူမောင်

ကြည်ကြည်ဝင်း မှာ အဝတ်အထည် လဲလှယ်နေ၏ ။ ပြန် ထွက်လာသောအခါ သောင်းတန် အထက်ပါ စာ ဖတ်ရှုနေသည်ကို မြင်ရရာ ...

“ မပူပါနဲ့ ကိုကို ရာ ၊ ကြည် လုပ်ကိုင် ကျွေးမှာပေါ့ ”

“ စိတ် မကောင်းဘူးကွာ ၊ နည်းနည်းမှ စိတ် မကောင်းဘူး ၊ ဒီ အဘိုးကြီး မတရားဘူး ၊ ကြည့် ... တစ်နေ့ စက်ရုံကြီး  ၊ မီးတိုက်ပစ်လိုက်မယ် ”

“ ဒီလိုလည်း မကြံကောင်းပါဘူး”

“ မမ ထမင်း ပြင်ပြီးပြီ ”

ကလေးမကလေး လာ ပြောသဖြင့် စားပွဲဝိုင်း နှင့် ပြင်ထားသော ထမင်းပွဲ သို့ နှစ်ယောက်သား လာခဲ့ကြကာ စားသောက်နေကြလေသည် ။ ကြည်ကြည်ဝင်း မှာ ငါးဟင်း အရိုး ထွင် ပေးခြင်း ၊ ဝက်သားဟင်း ခပ်ထည့်ပေးခြင်းဖြင့် အလုပ် ရှုပ်နေရှာသည် ။

ကြည်ကြည်ဝင်း မှာ ပြဇာတ် တွင် ဆက်လက် ကပြနေရာ သောင်းတန် မှာလည်း ရုံမန်နေဂျာ အလုပ် ရရှိသဖြင့် လင်မယား နှစ်ယောက် မပူမပင်ရ ၊ အချိန် တစ်လ ခန့်ပင် ကြာရှိခဲ့၍ နောက်ထပ် ဇာတ်ထုပ် အတွက်ပင် စာ ချုပ်ရပြန်လေသည် ။

တစ်နေ့သ၌ လင်မယားနှစ်ယောက် ကျောက်မြောင်း အိမ်ကလေး သို့ ပြန် လာကြရာ အိမ်စောင့် အဒေါ်ကြီး က စာ တစ်အိတ် ထုတ်ပေးသဖြင့် ဖွင့်ဖောက်ဖတ်ရှု ရာ ...

သောင်းတန်

       သမီး ကြည်ကြည်ဝင်း ၊ တစ်နေ့တခြား နာမည်ကြီးလာသည့်အတွက် ဝမ်းမြောက်သည် ။ ဖေဖေ ကိုယ်တိုင်လည်း ပြဇာတ် ကို လာရောက် ကြည့်ရှုသည် ။ အကယ်၍ မင့် အား ကြည်ကြည်ဝင်း နှင့် သဘောတူသည် ဆိုကာ အမွေ ပေးလိုက်က ကြည်ကြည်ဝင်း အား စင်ပေါ် မတင်ဘဲ ထားမှာ ကို ဖေဖေ မြင်၍ တမင် အရွဲ့တိုက်ခြင်း ဖြစ်သည် ။ ဖေဖေ တို့ မြန်မာပြည် ၌ ပြဇာတ် နှင့် ရုပ်ရှင် ၊ သဘင်သည် တို့အား အထင်သေးလျက် ရှိကြသည် ။ အိန္ဒိယပြည် တွင် ဇာတ်လိုက်မင်းသမီးများ မှာ ဘီအေ - အမ်အေ ဒီဂရီ ရများ ၊ မဟာရာဇာ ၏ သမီးများပင် ပါဝင် က ပြ ကြသည် ။ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထွက်ပေါ်နေသည် ။ မြန်မာပြည် ကလည်း ဘာကြောင့် ဤသို့ မလုပ်နိုင်ရမလဲ ၊ ကြည်ကြည်ဝင်း ကလည်း ဇာတ်ရည်ဝသော မင်းသမီးကောင်း တစ်ယောက် ၊ သား လည်း ရုံတစ်ရုံ ကို ဦးစီးနိုင်သူ ဖြစ်၍ သား နှင့် သမီးတို့ ကိုယ်တိုင် ဦးစီးကာ ပြဇာတ်ရုပ်ရှင် တို့ ထောင်နိုင်ရန် ငွေ အရင်း ဖေဖေ ထုတ်ပေးမည် ။ နက်ဖြန် ၁၀ - နာရီ ကား လွှတ်လိုက်မည် ။

          လူမောင်

“ ဒီလိုတော့ ကိုယ့် ဖေဖေ လိမ္မာသားပဲ ”

နှစ်ယောက်သား သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးပြုံးရွှင်ရွှင် ဖြစ်၍ နေကြလေသတည်း ။

◾ မဟာဆွေ

📖  သွေးသောက်မဂ္ဂဇင်း
       ၁၉၄၇ - ခု ။

www.facebook.com/aung.naingoo.3726613

.

Thursday, February 17, 2022

ဂျေအိုဝိုင် ဂျိုင်း


 

❝ ဂျေအိုဝိုင် ဂျိုင်း ❞

“ ဝယ်မပေးဘူး ” လို့လည်း ဦးမြင့်အောင် က သူ့ သမီး မေအောင် ကို ပြတ်ပြတ်သားသား မပြောရက်ဘူး ။

သူ့ စိတ်ထဲမှာတော့ ပုံမကျ ပန်းမကျနဲ့ ဒီလောက် တန်ဖိုးကြီးကြီး ပေးရမှာကို မနှစ်မြို့တာကတော့ အမှန် ။

“ တစ်ထောင် လောက်ကြီး ပေးရပြီးတော့ သမီး ရယ် ၊ ခါး မှာ လည်း မလုံဘူး ၊ မြောက်ကြွကြွ နဲ့ ”

မေအောင် က ဦးမြင့်အောင် စကား ဆုံးအောင်ပင် နား မထောင်တော့ ။ ခြေ ကို ခပ်ဆောင့်ဆောင့် နင်းပြီး အခန်းတွင်း သို့ ဝင်သွားသည် ။ ဒေါ်မေမြင့် မှာသာ ခင်ပွန်းသည် နှင့် သမီး ကို ကြည့်ပြီး သက်ပြင်း မသိမသာ ခိုးချလိုက်သည် ။

ဦးမြင့်အောင် ကတော့ ဖတ်လက်စ သတင်းစာ ကိုသာ ဆက် ဖတ်နေသည် ။ 

အမေသိန်း ဆီမှ မီးခိုး တထောင်းထောင်း ထအောင် ဆေးလိပ် ဖွာရင်း သမက် ဖြစ်သူ ဦးမြင့်အောင် ထံသို့ မျက် စောင်း ကျလာပါတော့သည် ။ မြေး ခြေ တစ်ချက် ဆောင့် လိုက်လျှင် အသက်ရှူ အောင့်သွားတာ လောက် ဘွားအေ က ပျာသည် ။ 

“ သူ့ ခေတ် နဲ့ သူ ဝတ်ထိုက် လို့ ဝတ် ရတာများကွယ် ။ မင်းတို့ နှယ် ” 

ပြောလက်စ စကား ကို ရပ်ကာ ဆေးလိပ် ကို သာ အငမ်းမရ ဆက် ဖွာနေသည် ။

“ တို့ တုန်းကများ ရွှေဒင်္ဂါး တစ်ပြား ခြောက်ဆယ့်ငါးကျပ် ရတုန်း ကတောင် အင်္ဂလန်နိုင်လွန် တစ်ကိုက် ကို ရှစ်ဆယ် ပေး ဝတ်ရတယ် ။ ဒါလည်း ရှိတော့ ကြိုက်တဲ့ အရောင်တွေ ကို ဝယ် ဝတ်ခဲ့တာပဲ ”

လို့ မြိန်ရည်ရှက်ရေ ပြောကာ ကုလားထိုင် တစ်လုံး ဆွဲကာ ဝင် ထိုင်လိုက်သည် ။

ဦးမြင့်အောင် စိတ်ထဲမှာတော့ ...

“ အင်း ... ဒါမျိုးတွေကြောင့် အဘိုးကြီး ရှာခဲ့တဲ့ ပစ္စည်း တွေ အဘိုးကြီး နောက် ပါ ကုန်တာ ဖြစ်မှာ ။ တိုက် နဲ့ ခြံ နဲ့ ပါ ရောင်းခဲ့ရတာ ကြည့်တော့ ”

လို့ မကျေမနပ် တွေးနေမိသည် ။ ဒေါ်မေမြင့် ကတော့ သူ့ အမေ သေတ္တာ ထဲ မှ အထည် တွေ ကိုသာ မြင်နေမိသည် ။ ဒီအဝတ်အထည်တွေ ကို တန်ဖိုး ဘယ်လောက်များများ ပေးရပါတယ် ဆိုပေမယ့် မေအောင် က ဆို ဝေးလှ ၊ ဒေါ်မေမြင့် ကိုယ်တိုင်ပင် မဝတ်ချင် ။ အ မေသိန်း ကလည်း မဝတ်တော့ ။ မကြာခဏ ရှင်းပြီး ပရုတ် လုံးသာ ဖြည့် ထည့်ပေးနေရသည် ။

ooooo   ooooo   ooooo

“ ငါ သာ မေမြင့် နဲ့ စောစော အိမ်ထောင် ကျခဲ့ရင် မန္တ လေး က တိုက်ကြီး ရောင်း ဖြစ်မှာ မဟုတ်ဘူး ”

လို့ ဦးမြင့်အောင် မချင့်မရဲ တွေးမိပြန်သည် ။ တကယ် တော့လည်း ယောက္ခမကြီး ကို ဦးမြင့်အောင် လွန်ဆန်နိုင်သူ မဟုတ် ။ ဒေါ်မေမြင့် တို့ ရန်ကုန် ရောက်လို့ ဦးမြင့်အောင် နဲ့ လက်ထပ်ပြီး စကပင် လက်ဝတ်လက်စား အတော်အတန် ရှိသေးသည် ။ အမေသိန်း မှာ ရှေး စတီးပွဲစားကတော်ကြီး ဖြစ်၍ ငွေ ကို ရေ လို သုံးတတ်သည် ။ အသုံးအစွဲလည်း လုံးဝ မလျှော့  ။ မြေးဦး ရလာချိန်၌ တန်ဖိုး ကြီးသည့် ပစ္စည်း ဆို၍ ဆွဲသီး ၊ လက်စွပ် နှင့် နားကပ် သာ ကျန်တော့သည် ။

“ တောက် ”

မြေ ဝယ်လို စိတ် ပြင်းထန်ပြီး အောင်မြင်မှု မရတိုင်း တောက် ခေါက်သံ ဖြင့်သာ ဦးမြင့်အောင် ဖြေသိမ့်ခဲ့သည် ။ ဦးမြင့်အောင် မှာ ရန်ကုန်မြို့ပေါ်မှာ ပင် မွေးဖွားခဲ့သူ ဖြစ်ရာ အိမ်ငှား အခန်းငှား နှင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည် ။ မြေ လက် တစ်ဝါးစာ မှ မပိုင်ဆိုင်ခဲ့ဖူးချေ ။

သမီးလေး မေအောင် ကို မွေးပြီးကာမှ အိမ်ပိုင် ဝိုင်းပိုင်လေး နှင့် သစ်ပင်ပန်းပင်လေးများ စိုက်ကာ နေလိုသည့် စိတ် က နေ့တိုင်း ပေါ်ပေါက်လာခဲ့သည် ။ သမီး အတွက် အနည်းဆုံး ခြံလေး တစ်ခြံ နှင့် တိုက်ပုလေး တစ်လုံးတော့ ရှိစေချင်သည် ။ 

ရတဲ့ လစာ ကို လောက်ငအောင် စားတတ် စေချင် သည် ။ လေးဘီး ပြေးရတဲ့ ငွေ ကို စု ၊ မေအောင့် လက်ဝတ် လက်စားလေးတွေ အတန်အသင့် ရောင်းလိုက်ပြီး ကိုယ်ပိုင် မြေလေး နှင့် နေ လိုသည် ။ မေအောင့် နောင်ရေး အတွက်ဆို လျှင် အဘွားကြီး က သူ့ ပစ္စည်းလေးတွေ ရောင်းသော် လည်း ကန့်ကွက်မည် မဟုတ်ဟု ဦးမြင့်အောင် ထင်သည် ။ တစ်နေ့နေ့မှာဖြင့် ကိုယ်ပိုင် ဝင်းခြံကလေး ဖြစ်အောင် လုပ်မည်ဟု ဦးမြင့်အောင် အားခဲလျက် ထားသည် ။

ooooo   ooooo   ooooo

“ အမေ့ သေတ္တာ ထဲက အဝတ်အစားတွေ သာ ရွှေ ဒင်္ဂါးပြား တွေ ဖြစ်လိုက်ရင်တော့ လား .. မေအောင့် အတွက် လက်ဝတ်လက်စားတွေ ကို အမျိုးမျိုး လုပ်ပေးဖြစ်မှာ ” လို့ ဒေါ်မေမြင့် က တွေးသည် ။ 

နေရာစရာ ၊ စားစရာ မပူရဘဲ မေအောင့် အတွက် အလှူမင်္ဂလာ သွားစရာ လာစရာ ပေါ်ပေါက်လာတိုင်း လက်ဝတ်ရတနာ အတွက် ပူရသည် ။ ဒေါ်မေမြင့် က ငယ်ငယ် က လက်ဝတ်လက်စား အရောင်အသွေး အမျိုးမျိုး ကို အကြီး အငယ် အလတ် ကြိုက်နှစ်သက်ရာ ကို ရွေး ဝတ်ခဲ့ရသူ ဖြစ်ရာ မေအောင့် ကျကာမှ စိတ်တိုင်းကျ မဆင်ခဲ့ရ၍ များ စွာ စိတ်မကောင်း ဖြစ်မိသည် ။ ကိုယ်ပိုင်ပစ္စည်းများ ကို အမျိုးမျိုး ထည်လဲ ဝတ်ရသူမို့ မည်သူ့ ထံမှလည်း အောက်ကျို့ ၍ မငှားချင် ။ ငွေလေး စု မိလျှင်တော့ မေအောင့် အတွက် တစ် ဆင်စာ ပြည့်အောင် ဖြည့်ဝယ်ထားမှ ဖြစ်မှာ ဆိုသည့် စိတ် က ဒေါ်မေမြင့် ခေါင်း ထဲမှာ အမြဲ ရှိနေသည် ။

အစ်ကိုအရင်း မဟုတ်ဟု ဆိုရသော်လည်း ပြည်ကြီး မှ ဘောင်းဘီတိုလေး ဖြင့် ရောက် လာစကပင် ဒေါ်မေမြင့် တို့ အဖေ က သားတပည့် အဖြစ် ခေါ်ယူ မွေးစားခဲ့သည် ။

ဒေါ်မေမြင့် တို့ စီးပွားရေး အခြေ ယိုင်လာပြန်တော့ လည်း ရန်ကုန် သို့ ခေါ်ယူကာ အလုပ်စက်ရုံ အတွင်းမှာ တိုက် တစ်လုံး ပေးကာ နေစေသည် ။ ဦးမြင့်အောင် ကိုပင် ၎င်း စက်ရုံ ထဲမှာ မန်နေဂျာ ခန့်ထားသည် ။ ငယ်စဉ်ကပင် အတူ နေကြသူများမို့ ဒေါ်မေမြင့် တို့မှာ ကိုယ့်အိမ် ကိုယ့်ခြံ လို သဘောထားကာ နေတတ်ကြသည် ။ 

အလုပ်ရှင် ဖြစ်သော်လည်း အမေသိန်း ဩဇာ ကို လွန်ဆန်ရဲသူ မဟုတ်သောကြောင့် နေမှုထိုင်မှု အတွက် ဒေါ်မေမြင့် လုံးဝ သောက မဖြစ် ။ မေအောင့် ရဲ့ ဖြူဝင်းကြော့ရှင်းနေ တဲ့ ကိုယ် ပေါ်မှာသာ ဖျိုးဖျိုး ဖျတ်ဖျတ် နဲ့ အရောင် တောက်ပ နေစေဖို့ စိတ် သောက ရောက်နေသည် ။

ဒေါ်မေမြင့် စုရန် စိတ်ကူးထားသော ငွေများ မှာလည်း အကောင်အထည် မပေါ် ။ ခေါင်းမြီး ခြုံကာ ထွက် ကုန်တတ် ကြသည် ။ တစ်ခါတစ်ရံ အပိုဝင်ငွေ ရှာပေးနေသည့် ကား လေးကိုပင် ရောင်းကာ မေအောင့် အတွက် လက်ဝတ်ရတနာ ဝယ် ပေးချင်စိတ် ပေါက်ခဲ့သည် ။

ooooo   ooooo   ooooo

အမေသိန်း ကတော့ ခေတ် မီသည် ။ မေအောင့် အလို ကိုလည်း အလိုက်နိုင်ဆုံး ဖြစ်သည် ။ ဦးမြင့်အောင် နဲ့ ဒေါ်မေမြင့် တို့ က မေအောင့် အတွက် အကုန်အကျ များလွန်းသည် ဆိုသည် ကို အမေသိန်း လက် မခံနိုင် ။

အတော်ဆုံး ၊ အတတ်ဆုံး ၊ အလှဆုံး ၊ အကောင်းတကာ့ အကောင်းဆုံး မှန်သမျှ မေအောင့် မှာချည်း စုနေစေချင် သည် ။

ကျူရှင် ဆိုလည်း ဆရာ ကို အိမ် မှာ တင် အပို့အကြို လုပ်ကာ စားစရာ ၊ သောက်စရာ အပြည့်အစုံနှင့် အမေသိန်း ကိုယ်တိုင် ထိုင် စောင့်ကာ သင်စေသည် ။  ။

အေရိုးဗစ် ဆိုလည်း တက် ၊ ရေကူး ဆိုလည်း သွား ၊ ဆန်း ဆိုသမျှ အားလုံး လိုက်လျောနှင့် မေအောင့် အကြိုက် အားလုံး လိုက်နိုင်သူ ဖြစ်သည်  ။ အမေသိန်း အယူအဆ က မယ် တစ်ရွက် ရှိနေလျှင် မောင် တစ်ထမ်း ပါ သူ ကို ရှာရန် မခဲယဉ်း ဟု ထင်သည် ။ ဒါကြောင့် လည်း မေအောင့် ကို အဖက် ဖက် မှ အောက်တန်း မကျအောင် စီမံပေးခဲ့သည် ။

ooooo   ooooo   ooooo

ဧည့်ခန်းအတွင်း မှာ သုံးယောက်စလုံး စကား မပြော ဖြစ်ကြ ။ အတွေးကိုယ်စီ နှင့် တိတ်ဆိတ် ငြိမ်သက်နေသည် ။

တံခါးဝ မှ “ မေအောင် ရေ .. မေအောင် ရေ ” ဟု ခေါ်သံ ကြား မှ မျက်လုံး အားလုံး တံခါးဝဆီ ရောက်သွားကြသည် ။

တစ်ဖက်ခြံ မှ မေအောင့် သူငယ်ချင်း မီမီ ဖြစ်သည် ။

“ ရိုစီ တို့ ဘုရားကိုးဆူ သွား ရအောင်လို့ မေအောင့် ကို လာ ပြောတာပါ ။ ပြင်ထားနှင့်တော့ လို့ ”

“ သမီး ပြီးတော့ လာခေါ် လှည့်မယ် ။ သွားမယ်နော် အန်တီ ”

ဟု နှုတ်ဆက်ကာ ထွက်သွားသည် ။

အားလုံး မှင်တက်မိနေသည် ။ မီမီ ရဲ့ လှုပ်ရှားမှု ကြောင့် ရင်ဘတ် ဆီမှ ပျိုးပျိုးဖျတ်ဖျတ် လက်လာသည့် အရောင် ကို ဒေါ်မေမြင့် မျက်တောင် ခတ်ကာ ကာကွယ်လိုက် သည် ။

ဦးမြင့်အောင် ပြောသည့် မေအောင် လိုချင်သော တို နန့်နန့် အင်္ကျီလည်း ဝတ် ထားလိုက်သေးသည် ။

အခန်းတွင်းမှ မေအောင့် ရှိုက်သံ သဲ့သဲ့ ထွက်ပေါ်လာ သည် ။

အမေသိန်း မှာ ပျာပျောသလဲဖြင့် မတ်တတ်ရပ်ကာ ...

“ အို .. မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ ငါ့ မြေး လိုချင်တဲ့ ဂျိုင်း အင်္ကျီ ဝယ်ပေးမှ ဖြစ်မယ် ။ ညည်းတို့ ဝယ် မပေးရင် ငါ့ ရှိတဲ့ ပစ္စည်း ရောင်းပြီး ဝယ်မယ် ”

◾   မြို့သာမရာထို

📖  ရနံ့သစ် မဂ္ဂဇင်း
       ၁၉၉၀ ခုနှစ်  ၊ မတ်လ

www.facebook.com/aung.naingoo.3726613

.

Wednesday, February 16, 2022

ဆင်းရဲခြင်း သည် တရားခံ


 

❝ ဆင်းရဲခြင်း သည် တရားခံ ❞

( ၁ )

“ မိုးမခ ” ဘက် ဆီ သို့ ကိုလှဆောင် တစ်ယောက် ထွက်ခွာသွားသည်မှာ နှစ်လ နီးပါးမျှ ကြာခဲ့ပြီ ဖြစ်သည် ။ ကိုလှဆောင် သည် မိုးမခ ဘက်တွင် ရှိသော အင်း လုပ်နေသည့် ဆွေမျိုးသားချင်းများ ထံ ၌ သူရင်းငှား အလုပ် လုပ်ရန် ထွက်ခွာသွားခြင်း မျှ သာ ဖြစ်ပေသည် ။

လင်သား ဖြစ်သော ကိုလှဆောင် မရှိစဉ် ကာလအတွင်း မအေးငြိမ်း သည် မိမိ ကိုယ် မိမိ အပြစ် တင်၍ မဆုံးနိုင်အောင် ၊ ဝမ်းနည်း၍ မပြီးနိုင်အောင် ဖြစ်ခဲ့ရလေသည် ။ ရန်ကုန် ကဲ့သို့သော မြို့ကြီးပြကြီး ၌ ကလေးသုံးယောက် ၏ တာဝန် ကို ထမ်းဆောင်ရင်း ကျန်ရစ်ခဲ့သည့် မအေးငြိမ်း ၏ ဘဝမှာ အေးခြင်း ၊ ငြိမ်းချမ်းခြင်း မရှိသော ဘဝ သာ ဖြစ်ပေသည် ။

အဘယ့်ကြောင့် ဆိုသော် မအေးငြိမ်း သည် ကလေးသုံးယောက် နှင့် သူ ၏ တစ်ဝမ်းတခါး အတွက် ဖြစ်သလို ရှာကြံ အသက်မွေး နေရခြင်းကြောင့် ဖြစ်သည် ။ လွန်ခဲ့သည့် ၁၀ နှစ် ကျော်ကျော် လောက်က ရန်ကုန်မြို့ကြီး သို့ ပြောင်းရွှေ့ခိုလှုံ လာ စက စ၍ ကျရာ အလုပ် ၊ ရရာ အလုပ် ကို သိမ်းကျုံးလုပ်ကိုင်ခဲ့သည် သာ ဖြစ်ပေသည် ။ သို့ရာတွင် သူတို့ ၏ ဘဝမှာ ပိုလို့သာ ကြမ်းတမ်းခက်ထန်လာသည် ။ ပိုလို့သာ အခက်အခဲ တွေ ဝန်းရံ လာသည် ။

ယခုမူ ရန်ကုန်မြို့အစွန်ရှိ ငမိုးရိပ်ချောင်း ကမ်းပါး၌ နေထိုင်၍ မဖြစ်နိုင်တော့လောက်အောင် အခြေအနေ ကျပ်တည်း ဆိုးဝါးလာသည် ။ ထို့ကြောင့်လည်း ကိုလှဆောင် သည် မိုးမခ ဘက် တွင် အတန်ငယ် ချောင်ချောင်လည်လည် ရှိနေသည် ဆိုသော သားချင်းများ ဆီ သို့ အလုပ်အကိုင်ကလေးများ ရလို ရငြား ထွက်ခွာသွားခြင်း ဖြစ်လေသည် ။

ကိုလှဆောင် ထွက်ခွာသွားသည် မှာ နှစ်လ နီးပါး ကြာလာသည့် အတွက် မအေးငြိမ်း နှင့် သား ယောက်ျားကလေး သုံးယောက် တို့၏ နေရေး ၊ စားရေး မှာ ပိုလို့သာ ကျပ်တည်း လာတော့သည် ။ သို့မို့ကြောင့်လည်း မအေးငြိမ်း သည် တစ်သက် နှင့် တစ်ကိုယ် မပြုဘူးသော အမှု ကို ပြုမူမိခဲ့၏ ။ ယခု အသက်အရွယ် ထိ မကြံစည်ဘူး သော အပြစ် ကို ကျူးလွန်မိခဲ့၏ ။ ယင်းသည်ကား မိန်းကလေး တစ်ဦး ၏ နားဆွဲ ကို အတင်း အဓမ္မ ဖြုတ် မိခြင်း ပေတည်း ။

ညောင်တန်း သင်္ဘောဆိပ် ၏ လူစည်ကားသော ကမ်းနဖူးတွင် ၈ နှစ် အရွယ် မရှိ တရှိ မိန်းကလေး တစ်ဦး ၏ နားဆွဲကလေး ကို မအေးငြိမ်း က အဓမ္မ ဖြုတ်ယူဖို့ ကြိုးစားခဲ့သည် ။ သို့ရာတွင် ဤ အလုပ်မျိုး ၊ ဤ အသက်မွေးဝမ်းကျောင်း ပညာမျိုး ၌ ကျင့်သား မရှိသော မအေးငြိမ်း ကို အနီးအပါးမှ လူများ က လက်ပူးလက်ကြပ် ဝိုင်းအုံဖမ်းဆီး ရမိလိုက်ကြ၏ ။

အမှန်စင်စစ်အားဖြင့် ထမင်း နှင့် အစာရေစာ ကို တမ်းတနေကြပြီ ဖြစ်သော သားကလေးများ နှင့် မိမိ ၏ ဟာနေသော ဝမ်းဗိုက် တို့ ကို ဖြည့်တင်းရန် အတွက် မအေးငြိမ်း သည် ကြံရာမရသည့် အဆုံး၌ ဤ မကောင်းမှု ကို ကျူးလွန်လိုက်ခြင်း မျှသာ ဖြစ်လေသည် ။

သူ သည် ရူးသွပ်နေသူ တစ်ဦး မဟုတ်သည့် အတွက် မိမိ ဘာ လုပ်မိသည် ကို ကောင်းစွာ သဘောပေါက် နားလည်သော မိန်းမသား တစ်ဦး ဖြစ်၏ ။ ရိုးသားသော အလုပ် ကို လုပ်ရသလောက် လူမွေးလူတောင် မပြောင်စေကာမူ ထာဝစဉ် မညည်းမညူ လုပ်လေ့ ရှိသော လင်သား ဖြစ်သူ ကိုလှဆောင် သာ သိသွားပါက အသည်းကွဲမတတ် ရင်ကွဲပက်လက် ဖြစ်လိမ့်မည်ဟုလည်း ခန့်မှန်းမိသူဖြစ်၏ ။ အသက်အရွယ် အားဖြင့် ၈ နှစ် မျှပင် မရှိသေးသော မိမိ ရင်သွေး နှင့် ရွယ်တူ တန်းတူလောက် ရှိသည့် မိန်းကလေး တစ်ဦး ထံ မှ သူ ပိုင်သည့် ပစ္စည်းဥစ္စာ ကို မတရားသော နည်းဖြင့် လုယက်ယူငင်ရန် ကြိုးပမ်းခြင်းမှာ တရား မဲ့လွန်းလှသည် ။ ရှက်ကြောက်စရာ ကောင်းလွန်းလှသည် ဟု တွေးတတ်သော အသိကလေးတော့ ရှိပေသေးသည့် မအေးငြိမ်း လည်း ဖြစ်၏ ။

ဤ အလုပ်မျိုးမှာ တရားဥပဒေ က တားမြစ်ထားသော အလုပ်မျိုး ဖြစ်ကြောင်း ကို ယေဘုယျ သဘောအားဖြင့် လည်း သိပေ၏ ။ ထို့ထက် ပို၍ လက်ပူးလက်ကြပ် ဖမ်းဆီးရမိသည့် အခါမျိုး၌ အမျက်ဒေါသ ထွက်နေသူတို့ ၏ ဝိုင်းဝန်းရိုက်ပုတ်ခြင်းစသော တရားမဝင် သည့် အပြစ်ဒဏ် နှင့် ဘေးအန္တရာယ်များ ခံရနိုင်သည် ကို ပါ စဉ်းစားထားမိသူ ဖြစ်ပေ၏ ။ အချုပ် ဆိုရသော် ငယ်စဉ်တောင်ကျေး ကလေးဘဝ က စ၍ ကိုယ့်ဒူးကိုယ်ချွန် လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်ကာ တစ်ဝမ်းတခါး အတွက် အသက်မွေး ခဲ့သည့် မိမိ ၏ ဘဝကို မသန့်ရှင်းသော အသွင် သို့ ပြောင်း ပစ်ရတော့မှာပါကလား ဟု လည်း ဝမ်းပမ်းတစ်နဲ တွေးမိသူ ဖြစ်ချေသည် ။

သို့သော် ထွေပြားမြားမြောင်လှသည့် အတွေးများ ၊ သံသယ နှင့် စိုးရိမ်မှုများ အကြားမှပင် မအေးငြိမ်း သည် ယင်း မကောင်းမှု ကို ကျူးလွန်မိခဲ့သည် သာတည်း ။

( ၂ )

ရုံးခန်း မှာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည် ။ တရားသူကြီး ထိုင်မည့် ကုလားထိုင် နှင့် စားပွဲ ရှေ့မှ နေ၍ အနီရောင် ပိတ်ဖြင့် ကာထားလေရာ မှိုင်းသော ရုံးခန်း ၏ အရောင် နှ င့် အနီရောင် တို့ ပေါင်းစပ်လျက် ရုံးခန်း မှာ ပို၍ ဟိတ်ဟန်ကြီးမား နေသလား ဟု ထင်ရလေ၏ ။

ရုံးခန်း ၏ တစ်ခုသော နံရံထောင့် ၌ ကား အရောင်အဆင်း ဟူ၍ လုံးလုံး မရှိသည့် သစ်သားဘီရို တစ်လုံး ကို ချထားလေ၏ ။ ထို ဘေးတွင် ဖုန်မှုန့်များ ပေရေနေသည့် ဖိုင်တွဲ အချို့ တင်ထားသော စင်ကလေး တစ်ခု ကိုလည်း တွေ့ရသည် ။ ဝက်ခြံကလေး အတွင်း၌ ချထားသော ခုံတန်းလျား အပြင် ရုံးခန်း ၏ နောက်ဘက် နံရံနား၌လည်း ခုံတန်းရှည် တစ်ခုကို ချထားပေရာ လာရောက် နားထောင်သူများ နှင့် တရားခံများ အတွက် ထိုင်စရာ နေရာများပင် ဖြစ်ပေသည် ။

တရားသူကြီး ထိုင်ရာ စင်မြင့်ကလေး ၏ ရှေ့တွင် ကပ်လျက်သား စားပွဲကြီး တစ်ခု နှင့် ကုလားထိုင် ၄ လုံး ကို ချထားပေး၏ ။ ဤနေရာမှာ ဝတ်လုံတော်များ နှင့် ရှေ့နေများ အတွက် ဖြစ်သည် ။ ကျွန်တော် သည် ထိုနေရာရှိ ကုလားထိုင် တစ်လုံးတွင် ဝင် ထိုင်နေမိလိုက်ပါသည် ။ မအေးငြိမ်း ၏ ခင်ပွန်းသည် ကိုလှဆောင် မှာ သူ့ ဇနီး ၏ သတင်း ကို ကြားရသည့် အတွက် “ မိုးမခ ” ဘက် မှ ကမန်းကတန်း ပြန်လာခဲ့ပြီးနောက် ယခင် က သိဖူးကျွမ်းဖူး ဖြစ်သော ကျွန်တော့် အား အကူအညီပေးပါရန် မေတ္တာရပ်ခံ ခဲ့လေ၏ ။

လွန်ခဲ့သော တစ်နှစ်ခန့် က ကိုလှဆောင် သည် သူ့ မိတ်ဆွေ တစ်ဦး ၏ မြေမှု အတွက် ကျွန်တော့် အား လာရောက် ငှားရမ်းရာတွင် ပါဝင်ခဲ့ပြီး ထို မြေမှု ကို ကျွန်တော် လိုက်ပါဆောင်ရွက်သဖြင့် အနိုင် ရရှိခဲ့ဖူးပေ၏ ။ ထိုအချိန်က စ၍ ကိုလှဆောင် က ကျွန်တော့် အား သိသလို ကျွန်တော် ကလည်း ကိုလှဆောင် အား မှတ်မိနေခြင်း ဖြစ်ပေသည် ။

ယခုတစ်ခေါက် ကိုလှဆောင် က ကျွန်တော့် အား လာရောက်၍ အကူအညီ တောင်းခံရာတွင်မူ အလွန်တရာ ညှိုးနွမ်းချုံးကျနေသော သူ့ အဖြစ် ကို ကျွန်တော် သတိ ထားမိပါသည် ။ သူ ၏ မိန်းမ ဖြစ်သူ မအေးငြိမ်း ကျူးလွန်ခဲ့သော အမှု ကို လုံးစေ့ပတ်စေ့ ၎င်း က ပြောပြသည် ။ လျှို့ဝှက်ထိန်ချန်ခြင်း ဟူ၍ လုံးဝ မရှိဘဲ “ ကျွန်တော် ရှက်လည်း ရှက်ပါရဲ့ ခင်ဗျာ ” ဟု အစချီကာ ဖြစ်ပုံကို ပြောပြသွားလေ၏ ။

ယနေ့တော့ မအေးငြိမ်း အား ရုံးထုတ်လာကြပေပြီ ။ သူတို့ လင်မယား နှစ်ယောက် သည် အနောက်ဘက် နံရံနားတွင် ကျနေသော ခုံတန်းလျားပေါ်၌ ညှိုးညှိုးငယ်ငယ် နှင့် ထိုင်နေကြပေ၏ ။ တရားလို ဖြစ်သူများနှင့် သက်ဆိုင်ရာ အမှုလိုက် ရဲအရာရှိ ပင် ရောက်ရှိလာလေပြီ ။

တရားသူကြီး မရောက်လာမီ အချိန်ပိုင်းကလေး၌ ကျွန်တော် သည် မအေးငြိမ်း နှင့် ပတ်သသက်နေသော အမှု တစ်ခုလုံးကို ခြုံ၍ စဉ်းစားနေမိပါသည် ။ အမှန်စင်စစ်အားဖြင့် အမှုသွား အမှုလာ ကို လေ့လာရုံမျှဖြင့် မအေးငြိမ်း မှာ ဤ ပြစ်မှုမှ ပြေးမလွတ်အောင် ပေါ်လွင်ထင်ရှားလျက် ရှိနေပြီ ဟု ကျွန်တော် တွေးမိပါသည် ။

ကလေးမကလေး ၏ နားဆွဲ ကို ဖြုတ်ယူရန် ကြိုးပမ်းသည်မှာ မှန်ပေ၏ ။ ဘေးနား က လူများ ဝိုင်းဖမ်းကြသည်မှာလည်း မှန်ပေ၏ ။ ကာယကံရှင် ကလေးမကလေး နှင့် သက်သေများ ကလည်း မအေးငြိမ်း ပါ ဟု အတပ် လူ ဆွဲပြထားသည် သာမက မအေးငြိမ်း ကိုယ်တိုင် က သက်ဆိုင်ရာ ရဲဌာန တွင် ဖြောင့်ချက် ပေးပြီး ဖြစ်၏ ။

ဤသို့ဆိုလျှင် အမှု မှာ ရှင်းနေပေပြီ ။ ကျွန်တော် ကဲ့သို့သော သာမန် ရှေ့နေ ရှေ့ရပ်တစ်ဦး ကို ငှားရမ်းလောက်အောင် အရေးပါလှသော အမှု မဟုတ်စေကာမူ ကိုလှဆောင် သည် စိုးရိမ်သောက ကြီးစွာဖြင့် ကျွန်တော့် အား အကူအညီ တောင်းခံခဲ့သည့် အတွက် ရုံး သို့ လိုက်လာခဲ့ခြင်း မျှသာ ဖြစ်ပေရာ အမှု စစ်ပုံကို ထိုင်၍ ကြည့်ရန်သာ ရှိပါတော့သည် ။

အတွေး ကောင်းနေခိုက်မှာပင် တရားသူကြီး သည် စင်မြင့်ပေါ်သို့ တက်လာကာ ၎င်း ၏ ကုလားထိုင်မြင့်ကြီး ၌ ထိုင်ချလိုက်လေ၏ ။ သူ ၏ ရုပ်လက္ခဏာ မှာ နှုတ်ခမ်းထူထူ ၊ အသားညိုညို နှင့် အညာအရပ် မှ လာသူ အညာသားကြီး တစ်ဦး နှင့် တူလှပေသည် ။ တရားခံ ၏ အမည်ကို ခေါ်သော တရားသူကြီး ၏ အသံမှာ အခန်း အတွင်း ဟိန်းလျက် ရှိလေ၏ ။

“ မအေးငြိမ်း ... ဟုတ်လား ”

“ ဟုတ် .. ဟုတ်ကဲ့ ”

မအေးငြိမ်း ၏ အသံမှာ ယဲ့ယဲ့မျှသာ ပေါ်ထွက်လာသည် ။ နံဘေးမှ ဝိုင်းကြည့်နေသူများ ကို သာမက တရားသူကြီး နှင့် ကျွန်တော့် အပြင် သက်ဆိုင်ရာ ရုံးအမှုထမ်းများ ကို ပါ ရှက်နေဟန် တူပေသည် ။

ကိုလှဆောင် ကား ခုံတန်းလျား ပေါ် ၌ အသက် ကင်းမဲ့နေသူ ပမာ မလှုပ်မယှက် ထိုင်နေဆဲပင်တည်း ။

“ ဖအေ နာမည် ဦးဘိုးခ ၊ အမေ ဒေါ်ငွေဆင် ဟုတ်ရဲ့လား ”

“ ဟုတ်ကဲ့ ”

တရားသူကြီး သည် ထုံးစံအတိုင်း အမှုတွဲ ၌ ဖော်ပြထားသော တရားခံ ၏ အမည်နာမ မိဘအမည်နာမ နှင့် နေရပ်လိပ်စာ တို့ ကို မှန် မမှန် စစ်ဆေးနေလေ၏ ။

“ ကဲ ... အဲဒီတော့ မအေးငြိမ်း က ကလေးမကလေး ရဲ့ နားဆွဲ ကို အတင်းအဓမ္မ ဖြုတ်ဖို့ ကြံစည်တယ် လို့ ဆိုတယ် တိုတိုပေါ့ ဟုတ်ရင် ဟုတ်တယ် လို့ သာ ပြော ”

အမှန်စင်စစ် အားဖြင့် မအေးငြိမ်း အား တရားသူကြီး က စစ်မေးသည့် အခါ၌ အဘယ်ပုံ ဖြေကြားရမည် ကို ကျွန်တော် က ပြောပြပြီး ဖြစ်သည် ။ ရာဇသတ်ကြီးပုဒ်မ ( ၃၇၉ ) ကို မအေးငြိမ်း ကျူးလွန်မိပြီးဖြစ်သည် ဟု ကျွန်တော် ကိုယ်တိုင် ကလည်း ယူဆလျက် ရှိသည့် အတွက် တရားသူကြီး ၏ ထောက်ထားညှာတာမှု အပေါ်၌သာ မအေးငြိမ်း ၏ ကံကြမ္မာ တည်နေလေပြီ ဟုလည်း တွက်ဆ ထားခဲ့သည် ။

မအေးငြိမ်း သည် တရားသူကြီး ၏ အမေးများ ကို မဖြေသေးဘဲ ကျွန်တော် ၏ မျက်နှာ ဆီသို့ လည်းကောင်း ၊ တရားသူကြီး ဆီသို့ လည်းကောင်း မျက်စိသူငယ် နှင့်သာ ကြည့်နေလေ၏ ။

“ ဟုတ်ကဲ့ ”

တရားသူကြီး က မအေးငြိမ်း ၏ အဖြေ ကို ရပြီး နောက် ကျွန်တော့် အား တစ်ချက်မျှ လှမ်းကြည့်ကာ ကျူးလွန်သော ပုဒ်မ နှင့် အပြစ်ပေး ပုဒ်မများ ကို ထုံးစံအတိုင်း လျှောက် ဖတ်နေလေသည် ။

ထို့နောက် မောပန်းသွားဟန် နှင့် ဥပဒေစာအုပ်တွေ ကို ပိတ်ကာ ခေတ္တမျှ ငေးငိုင် နေပြန်သည် ။ ကျွန်တော် ကား အမှုသည် မအေးငြိမ်း အတွက် တရားဝင် ငှားထားခြင်း ခံရသော ကိုယ်စားလှယ် လွှဲ ခန့်အပ်ထားခြင်းခံရသော ရှေ့နေ တစ်ဦး မဟုတ်ပါ ။ ကိုလှဆောင် ၏ တောင်းပန်မှု အရ သိကျွမ်းဖူးသူ တစ်ဦးတစ်ယောက် အားရှိစေရန် အတွက် နှင့် အကြံဉာဏ် ပေးနိုင်ရန် အတွက် လောက်သာ ဤ ရုံးပေါ်သို့ ပါလာသူ တစ်ဦး ဖြစ်သည့် အတိုင်း ထိုင်ကြည့်ကာသာ နေရပေသည် ။

“ သိပ်မိုက်တဲ့ သူငယ်မ ပဲ ” ဟု တရားသူကြီး က ကြိမ်းမောင်း ဆူပူလေသည် ။ တရားသူကြီး ၏ အသံမှာ တိတ်ဆိတ်နေသော အခန်း အပြင်ဘက် အထိ လျှံထွက် သွားလောက်အောင် “ ဟိန်း ” သွားလေရာ မအေးငြိမ်း မှာ ရှက်လွန်း ၍ ထင်ပါသည် ။ မျက်နှာ ကို အောက် ငုံ့လျက် ညိုမှိုင်းသော ကြမ်းပြင် ကိုသာ စူးစိုက်၍ ကြည့်နေ၏ ။

“ တခြား မင်း လို ကလေးများတဲ့ မိန်းမတွေ အများကြီးပဲ ၊ သူတို့ ဒီလိုပဲ လုပ်ကြသလား ဟင် ”

မအေးငြိမ်း က ဘာမျှ ပြန် မပြောချေ ။

“ အဲဒါ မင်း ယောက်ျား နဲ့ အပေါင်းအသင်း မိတ်ဆွေတွေ မျက်နှာ ထောက်လို့ ငါ ညှာညှာတာတာ အမိန့် ချမယ် ကြားလား ၊ နို့မို့ရင် မင်း ကို အများကြီး နောင် ကြဉ်အောင် အပြစ် ပေးဖို့ကောင်းတယ် ”

တရားသူကြီး ၏ အသံကြောင့် အပေါက်ဝဘက်တွင် လူများ စုပြုလာကြ သည် ။ သူတို့ သည် ဝက်ခြံအတွင်း ရောက်နေသော မအေငြိမ်း အား ဖမ်းမိလာသည့် တိရစ္ဆာန် တစ်ကောင် ကို တွေ့ရသလို ဝိုင်းကြည့်နေကြလေ၏ ။

မအေးငြိမ်း ကို ကျွန်တော် မသိမသာ လှမ်းကြည့်မိသည် ။ အသက် ရှူပုံ မမှန်သဖြင့် ရင်မှာ နိမ့်ချည် မြင့်ချည် ဖြစ်နေသည် ။ နွမ်းကြေနေသော အဝတ်အစားများ နှင့် မျက်နှာမှာ ပိုလို့သာ ဖျော့တော့ နွမ်းလျ လာသည် ဟု ကျွန်တော် ထင်ပါသည် ။

“ တစ်ထောင်တန် အာမခံ နှစ်ယောက် နဲ့ တစ်နှစ် အတွင်း ကောင်းစွာ နေ ”

တရားသူကြီး ၏ စီရင်ချက် မှာ ဤမျှသာ ဖြစ်လေသည် ။ မအေးငြိမ်း ကား မလှုပ်မယှက် ရှိနေဆဲပင်တည်း ။

ကျွန်တော် သည် တရားသူကြီး ၏ စီရင်ချက် အပြစ်ပေးချက် နှင့် ပတ်သက်၍ မည်သို့မျှ ပြောရန် ဆန္ဒ မရှိ ၊ ပြောပိုင်ခွင့်လည်း ကျွန်တော့် တွင် မရှိ ၊ သင့်တင့်မျှတသော သက်ညှာမှု ဖြင့် မအေးငြိမ်းအပေါ် အပြစ်ပေးခြင်း ဖြစ်သည် ဟု လည်း ယူဆပေသည် ။ သို့ရာတွင် တရားခံ အပေါ် သတ်မှတ်ချက် နှင့် ပတ်သက်၍ကား တရားသူကြီး နှင့် ကျွန်တော့် သဘောထားမှာ ကွဲလွဲ ခြားနားကြပေသည် ။ တရားသူကြီး က မအေးငြိမ်း ကို တရားခံ ဟု ခေါ်ကာ အပြစ် ပေးလိုက်လေသည် ။ တရားခံ သည် မအေးငြိမ်း မဟုတ် ၊ ဆင်းရဲခြင်း ပတ်ဝန်းကျင်သာ ဖြစ်သည် ဟု ကျွန်တော် က ယူဆပေသည် ။

မအေးငြိမ်း သာ တရားခံ လော ၊ ဆင်းရဲခြင်း သာ တရားခံလော ဟု မေးခွန်းပုစ္ဆာ ထုတ်ကာ အဖြေ ရှာနေခိုက် မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းနေသော မအေးငြိမ်း သည် အသက် ကင်းမဲ့နေသလို ဖြစ်နေသော သူ့ ယောက်ျား ၏ နံဘေးတွင် သံပတ် မကုန်သေးသည့် စက်ရုပ် ပမာ တိတ်ဆိတ်စွာ သွား၍ ထိုင် ချလိုက်သည်ကိုသာ တွေ့မြင်နေရပေ သတည်း ။

◾မောင်နေဝင်း

📖 ငွေတာရီ မဂ္ဂဇင်း
      မေလ  ၊ ၁၉၉၆ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Monday, February 14, 2022

ဆိုးပေ


 

❝ ဆိုးပေ ❞

အခန်း ( ၁ )

“ ပညတ် မှာ ဓာတ်သက် ပါတယ် ဆိုတာ အင်မတန် မှန်တဲ့ စကားပါပဲနော်" ဟု မဥ သည် အိမ်နောက်ဖေး ခြံစောင့်ရင်း၌ ယောက်ျားပျို တစ်ယောက် နှင့် စကား ပြောစဉ် ထုတ်ဖော်၍ ပြောလိုက်လေ၏ ။ ထိုအခါသည် ည ( ၁၀ ) နာရီခန့် အချိန် ဖြစ်၍ မိုးဦးကျ အခါမို့ ပထဝီမြေကြီး ကို ရင်ဆိုင်ပြုကာ ကြီးလှစွာ သော မျက်မာန် နှင့် ရန်စဖို့ကြံစည်၍ နေဟန်ရှိသော ကောင်းကင် မှာ ဒေါသ နှင့် ညှိပြီး တအိုအို နေသောကြောင့် ဆန်းတက်စ လ ကလေးမှာ တိမ်လှိုင်းများ အထဲတွင် ငုတ်ချည်ပေါ်ချည် ဖြစ်၍ နေသဖြင့် ကောင်းစွာမှ မသာနိုင်ဘဲ တစ်ချက်တစ်ချက် မျှသာ မီးယပ်သည် ၏ မျက်နှာ လို ဖြူရော်ရော် ဖြစ်ကာ ပေါ်လာပြီးလျှင် တွန့်တိုငြိုငြင် ၊ မကြည်မရွှင်သောအရောင် ကို လွှတ်ရှာလေ၏ ။

အနောက်တောင်ထောင့် ဘက် မှ ရက်ရက်ရောရော မမြင်နိုင်သော ဒီရေကြောပမာ စီးတက်၍ လာသော လေသည်ကား မဥ နှင့် ယောက်ျားပျိုကလေး မှီ၍ နေသော ခရေပင် ကို ဝင်ရောက် တိုးဝှေ့လျက် ။ မမြင်နိုင်သော လက်မောင်းများ နှင့် ဖက်ရမ်းလိုက်လေရာ အကိုင်းများ သွက်သွက်ခါပြီးလျှင် ရေမှုန်များ သည် ခရေပန်းများ နှင့် အတူ ရောယှက်ကာ လွင့်စဉ် ကျလာကြလေ၏ ။ ၄င်း ခရေပန်း တို့ သည် ကား နှစ်ယောက်သော မိန်းမပျို နှင့် ယောက်ျားပျို ၏ အပေါ်၌ ငြိမ်သက်စွာ နားကြပြီးလျှင် အချစ် ၏ စကားများ ကို ငြိမ်သက်စွာ နားထောင်၍ နေကြဟန် ရှိလေ၏ ။

“ မဥ ရဲ့ နက်နက်နဲနဲ ခက်ခဲတဲ့ အဘိဓမ္မာတွေ ကို မသုံးပါနဲ့ ၊ ကျုပ် နား မလည်လို့ပါ ၊ ကျုပ် နားလည်တဲ့ မွန် ၊ မြန်မာ စကား ကို အသားပါပါ ပြောစမ်းပါ ။ ပညတ် မှာ ဓာတ်သက်ပါတယ် ဆိုတာ ဓာတ်စာ ကို ပြောတာလား ၊ ဓာတ်စာ ဖြစ်ရင် မီးယပ် အတွက် လား ၊ ဒူလာ အတွက် လား " ဟု ဆိုးပေ က ပြန်၍ ပြောရင်း ခရေပင် ကို ဓားမြှောင်ဦး နှင့် ထိုးစိုက်ကာ ကလိ၍ နေလေ၏ ။

ဥ ။  ။ “ ယောက်ျားများ ကို ဘယ်သူက ရှာရှာဖွေဖွေ ဒီ မြေကြီးပေါ်ကို ပို့လိုက်ပါလိမ့်မလဲ ။ လက်မနေနိုင် ခြေနေနိုင် နဲ့ ၊ ဘယ်တော့မှ ဂနာမငြိမ်ဘူး ၊ ဒီ သစ်ပင် က ရှင့် ကို ဘယ်လိုများ နာနာကြည်းကြည်း လုပ်လို့ ဓားမြှောင် နဲ့ ကလိရ နေရတာလဲ ၊ ကျွန်မ ပြောတာကို သေသေချာချာ ရှင် မစဉ်းစားလို့ နားမလည် တာပေါ့ ၊ ရှင့် နာမည် နဲ့  ရှင့် အကျင့် နဲ့ မလိုက်ဘူးလား ”

ဆိုးပေ ။  ။ “ အော်အော် ဒီလိုလား နားလည်ပါပြီ ခင်ဗျား ၊ နားလည်ပါပြီ ၊ ကျုပ် ဘာဆိုးလို့လဲ ”

ဥ ။  ။ “ ဘာဆိုးသလဲ ၊ ဆိုးတာ ကျွန်မ မှ ဘာပြောတတ်မလဲ မကြာခဏ အမှု ဖြစ်တယ် ၊ ရိုက်သမျှ နှက်သမျှ ပွဲထဲမှာ ဆူသမျှတွေဟာ ရှင့် လက်ချက်တွေ ဆိုတာ တစ်ရပ်လုံး သိနေတာပဲ ”

ဆိုးပေ ။  ။ “ ဒီလောက်တောင်လဲ မဟုတ်ပါဘူး မဥ ရယ် ၊ ကျုပ် ဟာ နာမည်ကြီးသလောက် ဆိုးတာလဲ မဟုတ်ပါ ။ ပုစွန်ဆိတ် ခေါင်း လို ဖြစ်နေတာပါ ၊ ဒီသတင်း တွေကို မဥ ယုံသလား ၊ မြင်ရတာနဲ့ကြားရတာ ဘယ်ဟာကို သာပြီး ယုံသလဲ"

ဥ ။  ။ “ မြင်ရတာကို သာပြီး ယုံတာပေါ့  ”

ဆိုးပေ ။  ။"ဒီလိုဖြင့် တကယ့် လူဆိုး နဲ့ တူသလား ”

ဆိုးပေ ။  ။ “ မတူပါဘူး ရှင့် ၊ သူတော်ကောင်း ကလေးပါ ၊ အင်မတန် သိမ်မွေ့တဲ့ ယောက်ျားကလေး ပါပဲ ”

ဆိုးပေ သည် ဓားမြှောင် ကို ခါးထဲသို့ ပြန်၍ စိုက်ပြီးလျှင် မဥ ၏ လက်နှစ်ဖက်ကို ကိုင်ဆွဲကာ ...

"ကိုင်း ... မဥ တောင်တောင်မြောက်မြောက် နဲ့ စကားတွေ များ မနေနဲ့တော့ ၊ မကြာမီ မိုးများတောင် ရွာလာပါတော့မယ် ၊ ကျုပ် ခေါ်ရာကို တကယ် လိုက်မယ် မဟုတ်လား ”

ဥ ။  ။ “ ဘယ်တော့လဲ ”

ပေ ။   ။  “ မြန်မြန်လိုက်ရင် မြန်မြန်ပေါင်းရတာပေါ့ ။ နှေးနှေးလိုက်ရင် နှေးနှေးပေါင်းရတာပေါ့ ၊ အခုည လိုက်ရင် အခုည ပေါင်းရမှာပဲ ၊ မင်း နဲ့ ကျုပ် နဲ့ နှစ်ယောက် ၊ သာဘိုးတို့ တဲ ကိုရောက်ရင် ဘယ်လောက်ပင် မိုးတွေ သဲပေမယ့် ကိစ္စမရှိပါ ။ ဘယ်လောက်ပင် လေတွေတိုက်ပေမယ့် မကြောက်ပါ ၊ မိုးမမြင် လေမမြင် ဆိုတာ ၊ မင်း နဲ့ ကျုပ် နဲ့ ညားကြပြီး ၊ အားရမယ့် နိမိတ် ကို ဆောင်တဲ့ စကားပေါ့ မဥ ရဲ့ ။ မင်း အခုည မလိုက်ရင် ကျုပ် ဟာ မိုးတွေ ၊ လေတွေ ထဲမှာ တစ်ယောက်တည်း ပြန်သွားရပါတော့မယ် ။ မင်း အတွက် ဘယ်လောက် ကြိုးစားပြီး လာရတယ် ဆိုတာ စဉ်းစားပါ ၊ မင်း မပါဘဲ မိုးစိုစို နဲ့ ပြန်ရမှာ ဖြစ်ရင် ၊ အိမ်ကို ရောက်ရင် တစ်ယောက်တည်း စိတ်ရော ကိုယ်ရော ခိုက်ခိုက် တုန်အောင် ချမ်းပြီး နေတော့မှာပါပဲ မဥ ရဲ့ ၊ ဒီအတွက် မင်း ကို ဖြင့် ယနေ့ည အမိအရ ကြံတော့မယ် လို့ စိတ် ကို တင်းပြီး လာခဲ့တာပါ ၊ ကျုပ် စောင့်ရတာလဲ ကြာလှပါပြီ ၊ အခုတော့ မင်း မိဘများ က ကျုပ် ကို လူဆိုးရယ် လို့ မပေးစားချင်ကြောင်း အတိအလင်း ဖွင့်ပြောမှုဖြင့် ကျုပ် လဲ မင်းကို ရအောင် အတိအလင်း အတင်း ကြံရတော့မှာပဲ ၊ လိုက်မယ် မလိုက်ဘူး ဆိုတာကိုသာ ပြောပါတော့ မဥ ”

ဟုပြောကာ သိမ်းပွေ့ယူပိုက် ၊ အသည်းခိုက်အောင် ကတိုက်ကရိုက် ဖျစ်ညှစ်၍ ထားလေ၏ ။

ဥ ။  ။ “ အံမယ်လေး တော် ၊ တကယ်ဘဲ နာ လိုက် တာ ၊ ကျွန်မ နံရိုးတွေ ကျိုးကုန်ပါပြီ ၊ အားသန်တိုင်း ဒီလို ဖျစ်ညှစ်ရသလား ၊ သေရောပေါ့ ကိုဆိုးပေ ရဲ့ လွှတ်ပါဦး ”

ဆိုး ။  ။ “ လိုက်မယ် မလိုက်ဘူး ဆိုတာကိုသာ ပြောပါ ။ မလိုက်ဘူးလား ”

ဥ ။   ။ “ ကျွန်မ စဉ်းစားပါရစေဦး ကိုဆိုးပေ ရဲ့ ၊ ဒီလောက်တောင် မြန်လို့ မတော်ပါဘူး ”

ဆိုး ။  ။ “ လင်မယား ယူတဲ့ နေရာမှာ နှေးသည် ၊ မြန်သည် မရှိပါဘူး ၊ အရွယ်ရောက်လာတာ မူလပါ ၊ မင်း ကျုပ် ကို အမှန် ချစ်တယ် ဆိုတာ မငြင်းနိုင်ပါဘူး ၊ မင်း နဲ့ ကျုပ် ချစ်တာသာ မူလပါ ၊ ကြာကြာဆိုင်း ရင် ကြာရုံပဲ ရှိပါလိမ့်မယ် ၊ ပဒုမ္မာ ကြာငုံဟာ အာ တာ နဲ့ တစ်ပြိုင်တည်း ၊ ရနံ့ ကို လေမှာလွှဲပြီး အချိန် ကို မဆွဲဘဲ ပန်းဝတ် ကို ကြဲပါတယ် ၊ ဟောဒီ မင်း ရင်ခွင်မှာ ရှိတဲ့ အချစ် လို့ ခေါ်ရတဲ့ ၊ ပန်းတကာ့ ထိပ်တင်ဟာ ရနံ့တွေ ဖြာတာလို ၊ ကျုပ် အမှန် သိပါရက်ပါနဲ့ တမင်သက်သက် အပျက်ပျက်နဲ့ ရက် ကြာအောင်နေရမှာ ဖြစ်ရင် ၊ ပန်းပွင့် ကြက်သရေ ကို
ထိန်ဝှက်ရာ ရောက်ပါလိမ့်မယ် ၊ ပွင့်ချိန်တန်လို့ မပွင့်ရတဲ့ နှင်းပန်းငုံ စွင့်စွင့်ဟာ အတွင်းမှာ ပိုးစားပြီး ပန်းဆီပန်းဝတ်တွေ ဟာ ခမ်းခြောက်ယိုယွင်း ပျက်စီးခြင်းကို ရောက်တတ်ပါတယ် ။ ဟောဒီ ကျုပ် ရင်ခွင်မှာ ရှိတဲ့ ရတနာနှင်းပန်း ပန်းပွင့်ကလေးဟာ ခု ပွင့်ချိန် တန်ပါပြီ ၊ ဘယ်အတွက် တမင်ငုံပြီး လုံးလုံးကြီးဖူးရန် နေပါသလဲ မဥရဲ့ ” ဟုပြောကာ သိမ်မွေ့သော လက်ဖြင့် ယုယရှာလေရာ မဥ သည် စကား ပြန်၍ မပြောနိုင်ဘဲ ပျော့ပျောင်းသော လည်တိုင် သည် ခွေယိုင်ကာ အသာ စောင်းလျက် ၊ ဆိုးပေ ၏ ပခုံး ထက်တွင် ငြိမ်သက်စွာ တင်၍ နေလေ၏ ။

ထိုအခါ နှစ်ယောက်စလုံး ဆိတ်ငြိမ်စွာ စကားကို မပြောကြဘဲ အတန်ကြာစွာ နေကြလေ၏ ။ ထိုနောက် မဥ က  “ မတော်ပါဘူး ကိုဆိုးပေ ၊ အခုည ရှင် နဲ့ လိုက်ပြီး ပြေးမှဖြင့် နက်ဖြန်ခါ ကျရင် တစ်ရပ်လုံး မေးငေါ့ကာ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ပြောကြတော့မှာ တွေး၍ ကျွန်မ ကြောက်လှပါတယ် ။ ကျွန်မ ဟာ ဒီ ရွာမှာ ထင်ရှားတဲ့ သူကြီးသမီး ပါ ၊ အမျိုးဂုဏ် အဆွေဂုဏ် ကို မငဲ့ရာ ရောက်ပါလိမ့်မယ် ၊ ဒီအတွက် သည်းခံပြီး တဖြည်းဖြည်း မှ နေရာကျအောင် ကြံစေချင်တာပါပဲ ”

ဆိုး ။  ။ “ တဖြည်းဖြည်း .. တဖြည်းဖြည်း နဲ့ အေးတယ်လို့ မရှိဘဲ မျက်နှာမွဲ နဲ့ စောင့်ဆိုင်းရတာ ၊ ရက်လတွေ ကြာလှပြီ ၊ မဥ အခုသာ လိုက်ရင်လိုက်ပါ ၊ မလိုက်ရင် မင်း ကို ဒီဘဝ မှာ မခေါ်ဘဲ ဟိုဘဝ ကို ရောက်အောင် ခေါ်ရပါလိမ့် မယ် ” ဟု ပြောကာ ခါး မှ ဓားမြှောင် ကို ပြန်၍ နှုတ်ကာ မဥ ကို သာ၍ တင်းစွာပွေ့ယူပြီး လက်တစ်ဖက်နှင့် ဓားမြှောင် ကို မဥ ၏ မျက်နှာအနီး တွင် ကပ်ကာ ကိုင်ဆောင်၍ ပြလေ၏ ။ ထိုအခါ မဥ သည် ကြောက်အား နှင့် ရုန်းလေရာ အားခြင်းမမျှရုံးပြန်၍ မရဘဲနေလေ၏ ။

ထိုအခါ ဆိုးပေ က ..  “ မရုန်းနဲ့ မဥ ၊ ရုန်းပေမယ့် အလကားပဲ ၊ မင်း မလိုက်ဘူး လိုက်မယ် ကို သာ ပြောပါ ၊ ဟောဒီ ဓားမြှောင် ဟာ မင်းမိဘများ မလိုက်နိုင်တဲ့ ဘဝ ကို မြန်မြန်ကြီး ရောက်အောင် နိုင်တဲ့ ဓားစကြာဖြစ်ပါတယ် ” ဟု မဥ ၏ မျက်နှာကို သေချာစွာ ကပ်၍ ကြည့်ပြီး မီးရောင်တောက်သော မျက်လုံးများမှာ မျက်တောင် မခပ်ဘဲနေလေရာ မဥ သည် ဆိုးပေ တကယ် ပြောကြောင်း ကို ကောင်းစွာသိလျက်  “ သေခြင်းသည် ကွေကွင်း ခြင်းဖြစ်၏ ၊ ရှင်ခြင်းသည် ပေါင်းသင်းခြင်းဖြစ်၏ ၊ သေပြီးနောက် မြေ အောက်သို့ ရောက်ရမည် ၊ မသေလျှင် လင် အောက်သာ ရောက်ဖို့ရှိသည် ၊ တုံးအောက် ကို ဝင်လျှင် တုံးပိလို့ သေမည် ။ လင်သား အောက်ကို ကြို့လျှင် လင်သားပိ၍ မသေ ၊ ချီးမွမ်းရင် ခုနစ်ရက် ၊ ကဲ့ရဲ့ရင် ခုနစ်ရက် ၊ မသေမီ ပေါင်းကြရတာ ၊ မပေါင်းဘဲ နေသောကြောင့် သေမင်း က ရက် ပိုပေးမည် မဟုတ် ၊ ရက်တွက် လိုလဲ ဖြည့်မည် မဟုတ် ၊ ဘယ်လိုပဲဖြစ်ဖြစ် လိုက်ပါတော့မည် ” ဟု သဘောပိုက်ကာ မောင်ဆိုးပေ ၏ မျက်နှာကို စိုက်ကာ ကြည့်ပြီး ခေါင်း ညိတ်လိုက်လေ၏ ။

အခန်း( ၂ )

နက်ဖြန် မိုးသောက်သောအခါ ရွာတစ်ရွာလုံး ၌ တီးတိုး စကား ပြောကြလေ၏ ။ မုဆိုးမ တစ်ခုလပ် တို့ သည် အမယ်ကြီးများ နှင့် ဝိုင်းတွဲကာ မဥ နှင့် ဆိုးပေ အကြောင်းကို ပြောကြလေ၏ ။ အပျိုကလေးများ သည် တစ်အိမ်တက်ဆင်း ကိုဆိုးပေကြီး နဲ့ မဥ ထွက်ပြေးသည့်အကြောင်း ကိုပင် ပြောကြလေ၏ ။ မဥ ၏ မိခင် သည်ကား ဆန့်ငင်ဆန့်ငင် နှင့် တက်၍ နေလေ၏ ။ အိမ်နီးပါးချင်းတို့ သည် ကွမ်းရွက်များ နှင့် နှာနှပ်ကြလေရာ သတိရ လတ်သော် ကြမ်းခင်း၍ ထားသည့်ပမာ ။ ရင်ပတ်၌ ကျိုးတိုးကျဲတဲ ရှိသော နံရိုးများကို ပိန်ကြုံသောလက်ချောင်းများ နှင့် တဖျောင်းဖျောင်း တီးခတ်လေ၏ ။ ထိုအကြောင်း ကို ဆိုးပေ ၏ မိဘ စပါးကုန်သည် လင်မယားတို့ ကြားကြသောအခါ မိခင် က  “ သယ် ငါ့သား ကို သူတို့က မရာမတန် ထင် ရတန်သလား ” ဟု ဒေါသ အမျက် ချောင်းချောင်း ထွက်ပြီးလျှင် သားဂုဏ် ရောက်ကာ ထဘီ ကို စွန်တောင် ဆွဲပြီး ဝဲပျံ၍ သွားလေ၏ ။ သူကြီး အိမ်ရှေ့သို့ ရောက်သောအခါ သားဂုဏ် ကို ဖော်ကာ ရန် တွေ့လေရာ နှစ်ဖက်စလုံး ဆူပွက်၍ ထကြလေ၏ ။ ရွာတစ်ရွာလုံး မှာလည်း ဆပ်ကပ်ပွဲ ရောက်သည် ထက် ပျော်စရာ ကောင်းသော ရန်ပွဲ ကို ကြည့်ကြရသောကြောင့် စိုစိုပြည်ပြည် ဖြစ်ကာ တပျော်တပါးကြီး နေကြလေ၏ ။

၄င်းနောက် ကလေးနှစ်ယောက် ကို လိုက်လံရှာဖွေ၍ စုံစမ်းမေးမြန်းကြလေရာ တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ သာဘိုး ၏ တဲ ၌ တွေ့ကြရလေ၏ ။ ထိုအခါ တစ်ဖန် မိန်းမကလေး မှာ ဆံပင်ဖားလျားချလျက် ကပိုကရိုလိုက်ပါ၍ လာရလေ၏ ။ ယောက်ျားကလေး မှာ သျှောင်ကို တစောင်းထုံး လျက် လူစုထဲတွင် ရော၍ လိုက်ပါလေ၏ ။ အကြောင်းမူကား လိုက်လံ ရှာဖွေသူတို့သည် အတော်ပင် များကြလေ၏ ။ ဆံပင်ဖားလျား နှင့် မိန်းမကလေး မှာ သန်းခေါင်ထက် ညဉ့်မနက် ဟု သဘောပိုက်
ကာ ရဲတင်းသော မျက်နှာနှင့် ခပ်စူစုခပ်ဆောင့်ဆောင့် လူစု ရှေ့တွင် မည်သူနှင့်မျှ စကားမပြောဘဲ လိုက်ပါ၍ လာလေရာ ယောက်ျားပျို မောင်ဆိုးပေ မှာ မူ ပြုံးကာရယ်ကာ ပြောဆိုကာ နှင့် ဆေးပေါ့လိပ်ကို တခါခါ ဖွာလျက်ပါလာလေ၏ ။ ရွာ သို့ ရောက် ကြပြီးနောက် လူကြီးချင်း နှီးနှောစေ့စပ်ကြရာ သဘောချင်း မမျှ ကြသဖြင့်
ယောက်ျားကလေး နှင့် မိန်းမကလေး သည် အသီး အသီး မိမိတို့ ၏ အိမ်သို့ ပြန်၍ နေကြလေ၏ ။

မောင်ဆိုးပေ သည်ကား အတင်း ပြန်၍ ခိုးမည် ။ သူကြီးအိမ် ကို အနုကြမ်း စီးမည် ။ အိမ်နောက်ဖေး က ကောက်ရိုးပုံ ကို မီး နှင့် ရှို့မည် ။ သူကြီး မွေးထားသော မြင်း ကို ပြန်ပေး လုပ်မည် ။ မဥ ကို အတင်း ဆွဲ၍ ခေါ်ပြီး လှည်းပေါ်မှာ တင်၍ မောင်းမည် စသည်ဖြင့် ကြိမ်းမောင်းကာ ဓားမြှောင်တစ်လက် နှင့် ရွာရိုး ကို နေ့ရောညရောလျှောက်လျက် ။ ကာလသားအပေါင်းအဖော် တို့ နှင့်
ညအခါများတွင် တေးသံကလေး ပစ်ခါ နေလေ၏ ။ နေ့အခါများ၌ သူကြီး အိမ် နှင့် မျက်စောင်းထိုး အိမ် တစ် အိမ် ၌ ထိုင်ကာ မဥ ကိုသာ စောင့်မျှော်ကာ ကြည့်၍ နေသောကြောင့် မဥ ၏ မိဘ များသည် များစွာ စိတ်လက်မချနိုင်ဘဲ တထိတ်ထိတ် နှင့် နေကြရ လေ၏ ။ သို့သော်လည်း သူကြီး သည် စိတ်အား မငယ်ဘဲ သည်
အကောင် ကို ငါ အဘယ်ပုံ ကြံပြီး ထောင် ကို ချရပါမလဲ ဟူသော အကြံ ကိုသာ ကြံစည်ကာ နေလေ၏ ။

ည တစ်ည၌ ဆိုးပေ သည် အဖော်များနှင့် လည်ပတ်ပြီး နောက် အဖော် အသီးအသီးတို့ မိမိတို့ အိမ်များကို ဝင်ကြသော အခါ မိမိ မှာ တစ်ကိုယ်တည်း အိမ် ကို ပြန်ရလေ၏ ။ ထိုကဲ့သို့ ပြန်ရာ လမ်းသည် အတော် မှောင်သောကြောင့် အချိန်လည်း ညဉ့်နက်သည် နှင့် မဥ ၏ အိမ်ရှေ့သို့ ရောက်သောအခါ ဖော်ကွာဝေး သီချင်း ကို စ၍ ဆိုလေ၏ ။ တေးအဆုံး ၌ နောက် က ခြေသံ လိုလို ကြားရသောကြောင့် ထိတ်ခနဲ ဖြစ်ပြီးလျှင် ဓားမြှောင် ကို ခါးမှ ထုတ်ကာ တွေဝေ၍ ရပ်ပြီးလျှင် နောက်သို့ လှည့်၍ ကြည့်နေ လေ၏ ။ ယင်းကဲ့သို့ ကြည့်လေရာ တစ်စုံတစ်ရာ ကိုမျှ မမြင်ရသောကြောင့် အကာလ ညအခါ နာနာဘာဝ တစ္ဆေများ ခြောက်လှန့်ကစားလေသလား ဟု တွေးထင်လျက် လေ ထဲသို့ ဓား နှင့် တစ်ချက် ၊ နှစ်ချက် ဝင့်ပြီးလျှင် ဣတိပိသော စသည် တို့ကို ရွတ် ဆိုလျက် လျှောက်သွားလေ၏ ။

သို့ လျှောက်သွားရာ၌ပင် ကြက်သီးတွေ ဖျန်းခနဲထပြီး မိမိနောက်နား၌ အသံလိုလို ကြားရပြန်သောကြောင့် တစ်ဖန် ထိတ်လန့်ကာ ဓား ကို ကိုင်လျက် နောက်သို့ ချာခနဲလှည့်ပြီး ကြည့်နေလေ၏ ။ ထိုကဲ့သို့ ကြည့်နေခိုက်တွင် မနီးမဝေး အိမ် တစ်အိမ် မှ  “  “ ဗြန်းဗြန်းဒိုင်းဒိုင်း ” လှုပ်ရှားသော အသံနှင့်  “ သူခိုး သူခိုး ” ဟူသော အသံ ကို ကြားရလေရာ ဆိုးပေ သည် တွေဝေငေးမော ကာ သူခိုး ပြေးလွှားလာသည် ကို မြင်လေမလားဟု ကြည့်ရှုနေလေ၏ ။ ထိုခဏခြင်းတွင် မှောင်ရိပ်ထဲမှ တုတ်များကို ကိုင်၍ ထွက်လာသော လူ တစ်စုသည်  “ ဖမ်းဟဲ့... ဖမ်းဟဲ့ ” မပြေးနဲ့ သူခိုး ၊ အသေပစ်လိုက်မယ် ၊ နှစ်ဖက်ချွန် နဲ့ ပေါက်လိုက်မယ် ” စသည်ဖြင့် ပြေးရင်း ဆိုးပေ ရှိရာသို့ အတင်း ပြေးလာကြပြီးလျှင် ဆိုးပေ ၏ ခေါင်းကို တုတ် နှင့် ရိုက်လေရာ ဆိုးပေ သည် မြေပေါ်သို့ ထိုး၍ လဲသွားလေ၏ ။ သတိရသော အခါ ခိုးရာပါ ပစ္စည်းများ နှင့်တကွ ဆိုးပေ သည် တစ်ခုသော အိမ်သို့ ရောက်၍ နေလေ၏ ။ ဆိုးပေ သည် ဤ ခိုးဝှက်မှု နှင့် မိမိ တစ်စုံတစ်ရာ မပတ်သက်သော်လည်း မိမိမှာ တစ်ယောက်တည်း ဖြစ်၍ သူခိုး. . .သူခိုး ဟု အော်သံကြားပြီးနောက် ပစ္စည်း နှင့်
တကွ လမ်း မှာ မိသည်ဟု ထွက်ဆိုသော သက်သေတွေ အတော်များ သဖြင့် ငြင်းဆန်ခုခံခြင်းငှာ မစွမ်းနိုင်ဖြစ်လေသတည်း ။ သို့သော်လည်း အကြံ သည် သူကြီး နှင့်တကွ မိမိ ကို မုန်းထား သော သူတို့၏ အကြံဖြစ်ကြောင်းကို ကောင်းစွာ သိလေ၏ ။

ထိုနောက် လက်ပြန်ကြိုး ၊ ခါးကြိုးများ နှင့် သူကြီးအိမ် သို့ ပို့ဆောင်ကြလေရာ သူကြီးအိမ် သို့ ရောက်သောအခါ အိမ်ရှေ့၌
တုတ် ၊ ဓားလက်နက် ၊ မီးတုတ် ၊ မီးတိုင် လေး ၊ လှံ ၊ ပေါက်တူး တို့ကို ကိုင်ကာ ဓားပြ ကို လက်ရဖမ်းခဲ့ကြရသော ဟန်ပန်မျိုး နှင့် စုရုံးဆူညံ၍ နေကြသော သူတို့၏ ရှေ့တွင် မြေပေါ်၌ ထိုင်၍
နေရလေ၏ ။ မဥ သည် သူခိုးတစ်ကောင် မိလာသည်ဟု ကြားရသောအခါ အိပ် ရာမှ ပျောသီးဖျာယာ ထ၍ ကြည့်လေရာ မီးရောင်
အောက်၌ အထင်းသားပေါ်၍နေသူ ရှေ့ကြိုး ၊ နောက်ကြိုးများ နှင့် တရားခံ ကို မြင်ရသဖြင့် မူးမိုက်ကာ မတ်တတ်က လဲတော့ မလို ဖြစ်သွားပြီးနောက်  “ အမယ်လေး ကိုဆိုးပေရဲ့ ” ဟု
အော်ကာ အိမ်အောက်ဆင့် မှ ခုန်၍ ချပြီး အတင်း ပြေးကာ ဆိုးပေ ကို ဝင်၍ ဖက်လေ၏ ။ “ ကိုဆိုးပေ ရှင် သူခိုးမဟုတ်ဘူး ဆိုတာကို
ကျွန်မ သိပါတယ် ၊ ရှင့် ကို မတရား ကြံကြတာပါ ပဲ ” ဟု ငိုရှိုက်ကာ ပြောလေ၏ ။ ဆိုးပေ သည်ကား တစ်စုံ တစ်ရာကိုမျှ ပြန်၍ မပြောဘဲ လက်ပြန်ကြိုးများ တုပ်ထား သောကြောင့် ပွေ့ဖက်ခြင်းကိုလည်း မပြုနိုင်သဖြင့် ခံ့ညားရဲရင့် သော မျက်လုံးများ နှင့် မဥ ကိုကြည့်ကာ  “ မဥ တစ်ကမ္ဘာလုံး က ကျုပ်ကို အဘယ်လိုပင် စွပ်စွဲစေကာမူ ကိစ္စမရှိပါ ၊ မင်း စွပ်စွဲမှာကိုသာ စိုးပါတယ် ၊ ကျုပ်ကို မတရား ကြံစည်ကြကြောင်း ကို မဥ သိရင်တော်ပါပြီ ၊ မဥ တကယ် ကျုပ် သူခိုး မဟုတ်ဘူး ဆိုတာကို ယုံကြည်ရဲ့လား ” ဟု မေးလေ၏ ။

ဥ ။  ။ ယုံကြည်ပါတယ် ကိုဆိုးပေ ရဲ့ ၊ ရှင် ဆိုးတဲ့နေရာမှာ ဆိုးပေမယ့် သူခိုး မဟုတ်ကြောင်းကို ကျွန်မ ကောင်းကောင်း ယုံကြည်ပါတယ် ” ဟု ပြောခိုက် သူကြီးကတော် သည် ထဘီကို စွန်ထောင်ဆွဲကာ ရွှေလင်းတမင်း ပျံဝဲသည့် ပမာ အိမ်
အောက်ထပ်မှ မြေပေါ်သို့ လွှားခုန်ကာချပြီး မဥ ၏ ဆံပင် ကို ကိုင်ကာ မြေ၌ တရွတ်တိုက်၍ ဆွဲခေါ်လေ၏ ။ ထိုနောက် ဆိုးပေ ကို ချက်ချင်း ဂါတ်သို့ပို့ဖို့ရန် သူကြီးက အမိန့်ပေးလေရာ ဂါတ်သို့ ယူဆောင်ကြလေရာ မဥ သည် အိမ်ပေါ်က ခုန်၍ ဆင်းမည် ဟု တကဲကဲ ရုန်းရင်းဆန်ခတ် ပြု၍နေသောကြောင့် အိမ်နီးပါးချင်း မိန်းမများ နှင့် အတူ မိခင် သည် အတင်း ဆွဲကိုင်၍ ထားရ လေ၏ ။ မဥ မှာမူ ( ၃၇ ) မင်း နတ်ဝင်၍ ပူးသလို တစ်ကိုယ်လုံး ဆတ်ဆတ်တုန်၍ နေလေ၏ ။ မောင်ဆိုးပေ သည်ကား အဖြစ်အပျက်ကို လှည့်ပြန်ကာကြည့်ရင်း ဝေး၍ သွားပြီလျှင် ကွင်းထဲ၌ ပျောက်သွားလေရာ မီးရောင်များနှင့် မထင်မရှားသော အခြားလူတို့ ၏ သဏ္ဌာန်များကိုသာ တွေ့ရလေ၏ ။ ဂါတ် မှ တစ်ဆင့် ရုံးသို့ ရောက်သောအခါ ရက်ပေါင်း များမကြာမီ ထောင်ဒဏ် သုံးနှစ် အပြစ် ပေးခြင်းကို ခံရလေ၏ ။

အခန်း ( ၃ )

“ မေမေ့သားကြီး မသောက်မစားနဲ့နော် ၊ မင်းနားခစား
ကမ်းနားသစ်ပင် တဲ့ ၊ ရာဇဝတ်ဘက်မှာ အမှုထမ်းရတဲ့ လူများဟာ အင်မတန်ကြီး ရှောင်ကြဉ်နိုင်မှ တော်တယ် မေမေ့သား ရဲ့ ၊ မင်း မှာ ဖခင် လဲ အားကိုးစရာ မရှိ ၊ ဘိုးဘွား လဲ မရှိ ၊ သေဆုံးကုန်ကြပြီ ၊ အခု ကိုယ်ဒူးကိုယ်ချွန် ဆိုသလို ကြိုးစားလာလိုက်တာ မေမေ့ သား အသက် ( ၂၀ ) မျှရှိသော်လဲ ဆပ်အင်စပက်တော် ဖြစ်နေ
ပြီ ၊ နောင် ကြီးမြင့်ဖို့ လမ်းအခွင့်တွေ အင်မတန် ရှိပါသေးတယ် ၊ လူပေါင်းသူပေါင်း ကို သတိထားပါ ၊ ဒီ ပုသိမ်မြို့ ဟာ သူတစ်ပါး မြို့လဲ ဖြစ်တယ် ၊ မေမေ ဟာ သား လုပ်စာကို စားချင်လို့ မင်း နောက်ကို လိုက်နေတာ မဟုတ်ပါဘူး ၊ မေမေ စိတ် မချနိုင်လွန်းလို့ လိုက်နေရတာပါ ၊ မေမေ့ မှာ သား မှ တစ်ပါး ဘယ်သူ့ကိုမှ အားကိုးဖို့ မရှိပါဘူး ” ဟု ယူနီဖောင်း ၊ ခေါင်းပေါင်းနီ ၊ ရဲစင်းပုဆိုး ကို ဝတ်ဆင်ကာ ထိုင်၍နေသော ယောက်ျားပျိုကလေး ၏ ဦးခေါင်း ကို ကိုင်ကာ ဒေါ်ဥ သည် ပြောဆိုရင်းနှင့် ယောက်ျားပျို ၏ မျက်နှာကို ကြည့်ရင်း ကွေကွင်းသူ လင်သည် ဦးဆိုးပေ ကို သတိရပြီး ဦးဆိုးပေ နှင့် နဖူးရေဒူးရေ လွန်စွာ တူသော သားကို ကြည့်ရှု၍ မဝနိုင်အောင် ရှိလေ၏ ။

၄င်း သားအမိ တို့ သည် တစ်ရပ်တစ်ရွာ မှ ပုသိမ်မြို့သို့ ပြောင်းရွှေ့၍ လာသူများ ဖြစ်ကြလေ၏ ။

ဆပ်အင်စပက်တော်မောင်ကွန်း ။   ။ “ စိတ်သာချပါ မေမေ ရယ် ၊ ကျွန်တော် သည်လောက် မမိုက်ပါဘူး ၊ ကျွန်တော့် အစွမ်းနဲ့ ကျွန်တော် အခုလို ဖြစ်လာနိုင်ရင် နောင် သည်ထက် ကြီးမြင့်ဖို့ရာ ရှိပါတယ် ၊ အခုတစ်လော ပုသိမ်နယ် ထဲမှာ မကြာခဏ တိုက်ခိုက်နေတဲ့ ဓားပြများ ကို မိမယ် ဆိုရင် ကျွန်တော် ငယ်ပေမယ့် အင်စပက်တော်ကြီး တစ်ယောက် ဖြစ်နိုင်ပါတယ် မေမေ ရဲ့ ၊ ကျွန်တော့် အတွက် မပူပါနဲ့ ၊ နက်ဖြန်ကာ ကျွန်တော် ပတ္တရောင်တပ် တစ်တပ် နဲ့ လိုက်ရပါလိမ့်မယ် ” ဟု ပြောလေ၏ ။

ဥ ။  ။ “ လိုက်မှပေါ့ သား ရဲ့ ၊ သူ့ ဆန်စား ရဲမှတဲ့ ၊ ကြောက်ရင်လွဲ ၊ ရဲ ရင် မင်း ဖြစ်သတဲ့ ။ မေမေ သူများ မိခင်လို စိတ်ပျော့တဲ့ မိန်းမ မဟုတ်ပါဘူး ၊ သို့သော်လဲ သတိတမာန် ဉာဏ်မြေကတုတ် တဲ့ သားရဲ့ ၊ မောင် လဲ အလိမ္မာသားကပဲ ၊ မေမေ အထူး ပြောစရာ မရှိပါဘူး ” ဟု ပူပန်သော စိတ် ကို အရိပ်အမြွက်မျှ မပေါ်ရအောင် ချုပ်တည်းကာ ပြောရှာလေ၏ ။

ထိုနောက် ခဏကလေး ဆက်လက် စကားပြောကြပြီး လျှင် မောင်ကွန်း သည် မိမိ ၏ အလုပ်တာဝန် ရှိရာသို့ သွားလေ၏ ။ နောက်တစ်နေ့ ၌ မောင်ကွန်း သည် မိခင် ကို နှုတ်ဆက်ပြီးလျှင် ပုသိမ်မြို့ နှင့် အတန်ကလေး ဝေးသော ချောင်းကြို မြောင်းကြား ကျေးရွာတစ်ရွာ သို့ ဓားပြများ လာရောက် တိုက်ခိုက်မည် သတင်း ရသောကြောင့် နောက်ပါ ပန်ချာပီများ ၊ ပုလိပ်များနှင့် ထွက်သွားလေ၏ ။

ထိုအခါသည် နတ်တော် ၊ ပြာသိုလ အခါဖြစ်၍ ဓားပြများ ထ၍ ကောင်းသောအခါ ဖြစ်လေ၏ ။ ဆပ်အင်စပက်တော် မောင်ကွန်း သည် မိမိတို့ မှန်းထား၍ လာသော ရွာအနီးသို့ မွန်းလွဲ အချိန် ဆိုက်ရောက်၍ လာသောအခါ ရွာအဝင် ၌ တစ်ဦးတည်း လွတ်လပ်စွာ တည်ရှိသော အိမ် တစ်အိမ် ကို မြင်ကြရသဖြင့် ရွာထဲသို့ မဝင်ဘဲ စစ်ဘာရီ ကုလားများ ကို တောတစ်ခု၌ ပုန်းအောင်း၍ နေစေပြီးနောက် မိမိ နှင့် အတူ ပုလိပ်သားများ မှာ ခရီးသွားဧည့်သည် ဟန်ဆောင်၍ ထို အိမ် သို့ ဝင်ရောက်ကြ လေ၏ ။

အိမ် သို့ ဝင်ရောက်သောအခါ အသက် ( ၁၈ ) နှစ်ခန့် ရှိသော အလွန်တရာ လှသော မိန်းမပျိုကလေး တစ်ယောက်ကို တွေ့ရလေ၏ ။ ၄င်း မိန်းမပျိုကလေးသည် ဧည့်သည်များကို မြင်ရသောအခါ ရှက်ကြောက်သော အမူအရာနှင့်  “ ဘာအလို ရှိပါသလဲ ရှင် ” ဟု သာယာသောအသံ နှင့် မေးလေ၏ ။ မောင်ကွန်း သည် အလွန်တရာ မြို့ ဆန်၍ ယဉ်ကျေးသိမ်မွေ့ လှပ ဖြူစင် ရှုတိုင်းယဉ်သော အိမ်သူမကလေး ၏ မျက်နှာကို စိုက်ကာ ကြည့်ရင်း ရုတ်တရက် စကားပြန်၍ မပြောနိုင်အောင် ရှိနေပြီးမှ

“ ကျုပ်တို့ ပုသိမ်မြို့ ကပါ ၊ စပါးပွဲစားများ ဖြစ်ပါတယ် ။ ယနေ့တော့ လုပ်ငန်းကိစ္စလဲ ပြီးတာနဲ့ တခြားအဖော်တစ်ယောက် ၊နှစ်ယောက်တို့ ကို စောင့်ရင်းဆိုတာလို ခေတ္တ တည်းခိုဖို့ ဝင်လာတာပဲ ၊ မင်း ဒီအိမ် ရှင် သမီး ပဲလား ”

မိန်းမပျို ။  ။ “ မှန်ပါတယ် ၊ ကျွန်မ အရီး ကို ခေါ်လိုက် ပါရစေဦး ” ဟု ပြောပြီး နောက်ဘေးသို့ ထွက်သွားလေ၏ ။

၄င်း ထွက်သွားသည် အခိုက်တွင် အိမ် ၏ အခြေအနေကို ကြည့်လိုက်သောအခါ ကြက်သံ ၊ ဘဲသံတွေ ကို ကြားသဖြင့် “ ဒီအိမ်မှာ ထားပုံ ၊ သိုပုံကတော့ မြန်မာအိမ်နဲ့ တူပါရဲ့ ၊ ဒီကြက်တွေ ၊ ဘဲတွေကတော့ ကရင်အိမ် ၊ တရုတ်အိမ် လို မှတ်ထင်လောက်အောင် ဖြစ်၍နေတာပဲ ” ဟု စိတ်ထဲ၌ တွေးတောကာ မောင်ကွန်း နှင့် အဖော်များ တစ်ယောက် နှင့် တစ်ယောက် စကား ပြောနေကြရာ တစ်ယောက်သော ပုလိပ်သားက  “  “ ဝမ်းဘဲမွှေးတွေ ၊ ကြက်မွှေးတွေ အနှံ့အပြား ငှက်ပျောဖူးပုလင်းကြီးတွေကလဲ တောင်ပစ်ထား မြောက်ပစ်ထားနဲ့  ၊ ဒီ အိမ်ရှင်ဟာ မြန်မာ ဖြစ်ပေ
မယ့် တော်တော် တေပေပြီး သောက်သောက်စားစား နေတဲ့ လူ နဲ့ တူတယ် ၊ သူငယ်မကလေး မျက်နှာကတော့ အင်မတန်ဝမ်းနည်းပုံ ရတာပဲ ၊ ဘယ်လို လူလဲ ဆိုတာကို တွေ့ရရင် သိရမှာပဲ ” ဟု ပြောလေ၏ ။

ထိုအခိုက်တွင် အသက် ( ၅၀ ) ကျော်ကျော်ခန့် ရှိသော မိန်းမကြီး တစ်ယောက် နှင့် မိန်းမပျိုကလေး သည် ၄င်းတို့ထံ သို့ ရောက်လာပြီးလျှင် နှစ်ယောက်စလုံး ဝမ်းမြောက်ဝမ်းသာ ဧည့်ခံစကား ပြောဆိုရာ မိန်းမကြီး နှင့် မိန်းမပျို မှာ အထူးစိတ်လက်ရွှင်လန်းကြသကဲ့သို့ မှတ်ထင်ရလေ၏ ။ မောင်ကွန်း သည် ဟောင်းနွမ်းသော အိမ် ၊ သွေးခြောက်သော နေရာ ၊ မသာမယာသော အခြေ
အနေ တို့ကို ကြည့်ရှုကာ ဤလှပသော မိန်းမပျိုကလေး သည် ဤနေရာနှင့် အနည်းငယ်မျှ မအပ်စပ်ပါ တကား ။ အဘယ်ပုံနေရှာ
ပါလိမ့် မလဲ စသည်ဖြင့် တွေးတောကာ သနားလေ၏ ။ အလွန်တရာ စိတ်လက်ဆင်းရဲရှာမှာ တကား ၊ သနားရာက ချစ်စ ပြုလေရာ
မျက်လုံးချင်း မကြာခဏ ဆိုင်မိကြလျက် အပြက်အပြက် နှင့် အချစ်သွေး တက်ပြီးလျှင် နှစ်ယောက်စလုံး တို့ ၏ ရင်ဝမှာ လှိုင်းဂယက်ဖြာ၍ လာလေ၏ ။ ထိုနောက် ဆက်လက်၍ စကား
ပြောကြရာ သူငယ်မကလေး ၏ အမည် မှာ မချစ် ဖြစ်ကြောင်း ၊ ၄င်း ၏ အရီးမှာ မချစ် မိခင် ၏ အစ်မ ဖြစ်ကြောင်း ၊ မချစ် မှာ
ဖခင် အရင်း မရှိ ၊ ပထွေး သာ ရှိ၍ ယခုမှာ ပထွေး နှင့် အတူ နေရကြောင်း ၊ သည်အတွက် စိတ်ချရအောင် အရီး က လာ၍ စောင့်ရှောက်နေရကြောင်း ၊ ပထွေး မှာ မူ အလွန်တရာ ခရီးလမ်း များ၍ အိမ်ကို တစ်ခါတစ်ခါသာ လာကြောင်း စသည် အကြောင်းများကို သိရသောအခါ မချစ် ၏ အခြေအနေ သည် မိမိ ထင်မြင်သည်ထက် ပိုမို၍ပင် သနားစရာ ဖြစ်ကြောင်းကို သိရသောအခါ ဤ သူငယ်မ
ကလေး ကို မူလ သနားသည်ထက် ပိုမို သနားရှာလာလေ၏ ။

ထိုနောက် စကားလက်ဆုံကျကြသောကြောင့် အဖော်
ပုလိပ်သား နောက်ပါတို့သည် မိမိတို့ ဆရာ၏ အကဲကို သိကြလျက် တစ်ယောက် ကို တစ်ယောက် လက်ကုတ်ပြီး တော်ရာသို့ ရှောင်ရှား၍ အနီးအနားရှိ ချောင်းကမ်းပါးသို့ ရှောင်သွားကြလေ၏ ။ မောင်ကွန်း မှာမူ စကား ပြောရန် အတန်ကြာသောအခါ
ဤ ပျင်းရိဖွယ်သော နေရာကို မိမိ ၏ စိတ်၌ နတ်ဘုံနန်းကဲ့သို့ မှတ်ထင်မိလေ၏ ။ မချစ် ၏ ရူပါရုံသည် မြင်ရသမျှသော အရာဟူသမျှတို့ကို ထူးခြားသော အဆင်းဖြင့် ချက်သကဲ့သို့ မှတ်ထင်
လေရာ အချိန်သည် လွန်မှန်း မသိ လွန်သွားလေလျှင် မနည်းကြီး နေစောင်း၍ သွားလေ၏ ။

ထိုအခါ ပုလိပ်သားများလည်း ပြန်၍ ရောက်ကြလေရာ နေချို သဖြင့်  “ အေးအေး လျှောက်ကြစို့ရဲ့ ” ဟု ပြောကြသောကြောင့် မောင်ကွန်း သည် စကားပြော၍ မှ မဝသေးမီ နှုတ်ဆက်၍ ထွက်ခဲ့ရလေ၏ ။ သို့ထွက်ခဲ့ရာ၌ နောက်သို့ တစ်ချက် နှစ်
ချက်လှည့်ပြန်ကာ ကြည့်မိလေရာ မိမိ ကို မျှော်ကာကြည့်ရင်း တိုင်ကို မှီ၍ နေရစ်ရှာသော မချစ် ကို မြင်ရသောကြောင့် ပြုံးလျက်  “ သွားတော့မည်”  ဟု လက်ပြလေရာ မချစ် က ဝမ်းနည်း
သော မျက်နှာနှင့် ခေါင်းညိတ်လိုက်လေ၏ ။

မောင်ကွန်းသည် ထို အိမ်မှ ထွက်လာပြီးနောက် တောထဲ
၌ ချောင်း၍ နေပြီးလျှင် ရွာသို့ တိုက်ရန် လာမည်ဟု သတင်းရရှိသော နေရာမှ စောင့်နေရာ ည ( ၁၀ ) နာရီ အချိန် ကျသောအခါ
တီးတိုးစကား ပြောကြသော လူသံ ၊ ခြေသံများ ကို ကြားရလေ၏ ။ တစ်ခါတည်း ဆီး၍ ပစ်ခတ်လေလျှင် ဓားပြများ အနက် နှစ်ယောက် ၊ သုံးယောက် သာ ကျန်ရစ်၍ ကြွင်းသော ဓားပြ တို့သည် ပြေးကြလေရာ လိုက်လံ ပစ်ခတ်ကြလေ၏ ။ ထိုနောက် လဲ၍ နေသော ဓားပြများကို ကြည့်ကြလေရာ အချို့မှာ ခြေလက် ကို ထိမှန်၍ နေကြလေ၏ ။ အချို့မှာ ပခုံး ကို ထိမှန်သည်ကို
သိရှိရလေ၏ ။ မောင်ကွန်း သည် ၄င်းတို့ကို ဖမ်းဆီးပြီးလျှင်  ၊ စခန်းတစ်ခုသော နေရာ၌ ၄င်းတို့ကို သေချာစွာ ကြည့်ရှုစစ်ဆေး မေးမြန်းလေရာ ရွှေဆိုး ဟု ခေါ်သော ဓားပြကြီး ကို မြင်ရလေလျှင်
အခြားသော ဓားပြများ ထက် ပိုမို သနားသကဲ့သို့ ဖြစ်သော မိမိ ၏ ရှေ့၌ ပတ်ကာ ရှိခိုး၍ နေသည်ကိုပင် မကြည့်နိုင်ဘဲ  “ ဆရာကြီး ရှိမခိုးပါနဲ့ ၊ ခင်ဗျား ချမ်းသာသလို နေထိုင်ပါ ” ဟု ပြောမိလေ၏ ။

ထိုနောက် ၄င်းတို့ကို ယူဆောင်ပြီးလျှင် ညတွင်းချင်း ပုသိမ် သို့ သွားလေရာ ဂါတ်တဲသို့ မရောက်မီ မောင်ကွန်း သည် မိမိ
ချမ်းချမ်းသာသာ ဓားပြများကို မိ၍လာကြောင်း မိခင် အား ပြလိုသဖြင့် ဂါတ်တဲသို့ သွားရာ လမ်း နှင့် ကြုံ၍နေသော မိခင် ၏ အိမ် ကို ခေတ္တဝင်ပြီး တံခါးကို တီးခေါက်ကာ နှိုးလေ၏ ။ မိခင်
သည် တံခါးကို ဖွင့်၍ ကြည့်လေရာ မိမိ ၏ သား ဖြစ်သူကို တွေ့ရှိ ရသဖြင့်  “ ဪ ... မေ့မေ့သား ချမ်းချမ်းသာသာ ပြန်လာ မှ ကို ” ဟု ပြောကာ သား ၏ မျက်နှာကို ဝမ်းမြောက်ဝမ်းသာ ကြည့်လေ၏ ။ မောင်ကွန်း က  “ ဓားပြများလဲ ပါလာတယ် ” ဟု ပြောလေရာ မိခင် သည် မိမိ ၏ သား ဖမ်း၍လာသော ဓားပြများကို ကြည့်လိုသဖြင့်  “ ဪ ... ဓားပြများလဲ ပါလာသလား ” ဟု ပြောကာ အိမ်ရှေ့၌ စု၍ ရပ်နေသူ ၊ ပုလိပ်သားများ ရှိရာသို့ ဆင်း၍ သွားလေ၏ ။ မောင်ကွန်း သည်ကား လက်နှိပ်ဓာတ်မီး နှင့် ဓားပြများ ၏ မျက်နှာကို ဒေါ်ဥ သည် သေချာစွာကြည့်လျက် “ ဓားပြရုပ်ရည်ကတော့ သူလို ငါလိုပါပဲကလားကွယ် ” ဟု ပြောလေ၏ ။ နောက်ဆုံး ဓားပြကြီး တစ်ယောက် မျက်နှာ ကို ဓာတ်မီး နှင့် ထိုး၍ ကြည့်လေရာ မဥ သည် တွေဝေငေးမော၍
နေလေ၏ ။ ဓားပြကြီး ရွှေဆိုး သည်ကား ပေါင်၌ ထိသော ဒဏ်ရာမှ သွေးတွေ လွန်စွာကျသဖြင့် ရှုံ့မဲ့ကာ နေသော်လည်း ဒေါ်ဥ သည် ငယ်ငယ်က သိဖူးသော သဏ္ဌာန်ကို မမေ့နိုင်ဘဲ မြင်လျှင်
မြင်ခြင်း သိရှိ ရိပ်မိလေ၏ ။ ရွှေဆိုး သည်ကား မဥ ၏ မျက်နှာကို မကြည့်ဘဲ နေလေ၏ ။ မောင်ကွန်း သည် ဓာတ်မီး ကို ရုပ်သိမ်းကာ တခြားတစ်ယောက် ၏ မျက်နှာကို ထိုး၍ ကြည့်မည်ပြုလေရာ ဒေါ်ဥ က မောင်ကွန်း လက်ကို ကိုင်ကာ ရွှေဆိုး ၏ မျက်နှာဘက်သို့ ဓာတ်မီးကို တည့်၍ ပေးပြီး မောင်ကွန်း ၏ လက်မောင်း
ကို လက်နှစ်ဖက် ကိုင်ကာ  “ အမယ်လေး သားရဲ့ ၊ မင်း ဘာကို လုပ်ခဲ့သလဲ ” ဟု များစွာ လှုပ်ရှားသော အသံ နှင့် ပြောလေရာ မောင်ကွန်း သည် ထိတ်လန့်ခြင်းဖြစ်ကာ မိခင် ၏ မျက်နှာ ကို ဓာတ်မီး နှင့် ထိုး၍ ကြည့်လေ၏ ။ ထိုအခါ ရွှေဆိုး သည် မဥ ၏
မျက်နှာ ကို စိုက်၍ကြည့်ပြီး မျက်လုံးများပြူးကာ ဝေဒနာ ကို မေ့ပြီး “ အမယ်လေး မဥ ရဲ့ ၊ မဥ ရဲ့ ကျုပ် ဖြစ်ပုံကို မြင်ဝံ့သေးရဲ့လားကွယ့် ” ဟုပြောကာ လက်နှစ်ဖက်ကို ဆန့်ပြီး မတ်တတ်မှ လဲ၍ သွားတော့မလို ဖြစ်လေရာ မဥ သည် ပြေး၍ ပွေ့ဖက်ကာ
“ ကိုဆိုးပေ ၊ ကိုဆိုးပေ ” ဟု နှစ်ခွန်းမျှသာ ခေါ်နိုင်ရှာလေ၏ ။

မဥ သည် မြေပေါ်၌ အခွေသားမှီ၍ နေလေ၏ ။ ထိုအခါ မောင်ကွန်း သည် အံ့အားသင့်လျက် ဓာတ်မီး နှင့် ထိုးကာ ငုံ့၍ကြည့်လေ
ရာ ဓားပြရွှေဆိုး ၏ မျက်နှာကို သိမ်မွေ့သော လက်ဖြင့်ကိုင်ကာ ပွတ်သပ်ယုယလျက် မျက်ရည်စက်လက် နှင့် နေသော မိခင် ကို လည်းကောင်း ၊ စကား မပြောနိုင်ဘဲ ဖုတ်လှိုက်ဖုတ်လှိုက်နှင့်
အသက်ရှူကာ မဥ ၏ မျက်နှာကို ကြည့်၍နေသော ဖခင် ကို လည်းကောင်း မြင်ရလျက် ဓာတ်မီး ကို ကိုင်၍ ထားသော လက်များ သည်
လျှောပြီးလျှင် ဓာတ်မီးသည် အောက်သို့ ကျသွားလေ၏ ။ ထိုနောက် “ အမယ်လေး မေမေ ရဲ့ ၊ ကျွန်တော် မှားပါပေပကော ” ဟု ပြောကာ ဖခင် နှင့် မိခင် ကို သိမ်း၍ ဖက်လေ၏ ။

အနီးရှိ ဓားပြများ နှင့် ပုလိပ်သားများလည်း အံ့အားသင့်
လျက် ဝိုင်းအုံ၍သာ ကြည့်၍ နေကြရလေ၏ ။ အတန်ကြာသောအခါ မောင်ကွန်း က  “ ကိုင်း မေမေ လွန်ကုန်ကြပြီ ၊ ဘယ်နည်းနဲ့မှ တတ်နိုင်တဲ့နည်းလမ်း ရှိတော့မှာ မဟုတ်ဘူး ၊ ကျွန်တော် တာဝန်ကုန်အောင် ဆောင်ရွက်ရတော့မယ် ၊ မေမေ အိမ် ကိုသာ
ပြန်ပါတော့ ” ဟု ပြောကာ မိခင် ကို တွဲ ထူလေ၏ ။ ဓားပြဆိုးပေ လည်း အားယူကာ မြေပေါ်မှ ထလေ၏ ။ မောင်ကွန်း သည် မိခင် ကို အိမ်သို့ တွဲ၍ပို့ရင်း ထပ်မံတွေ့ရဖို့ရန် စီမံ အားထုတ်ပါမည်ဟု ကတိထားလေ၏ ။ မိခင် သည် ကား မလိုက်
ချင် လိုက်ချင် နှင့် မိမိ ၏ ယောက်ျား ကို ပြန်ကာကြည့်ရင်း “ ကိုဆိုးပေ သွားပေဦးတော့ ၊ ကံဆိုးမ သားကြီး ရဲ့ ၊ ကျွန်မ တွေ့အောင်ကြံပါမယ် ၊ ဘာကိုမှ အားမငယ်ပါနဲ့ ၊ ကျွန်မတို့ ကြံနိုင်သမျှ ကြံစည်ပါ့ မယ် ၊ အခု ရှင့် ကို သေနတ်နဲ့ ပစ်ပြီး ဖမ်းလာတာဟာ ရှင့် သား အရင်းပါပဲ ” ဟု ပြောပြီး အိမ်သို့ ပြန်လာခဲ့လေ၏ ။ မောင်ကွန်း သည် ဓားပြများ ထံ ပြန်ပြီးလျှင် ခိုင်လုံသည် ။ မခိုင်လုံ ကို စစ်ဆေးစေ၏ ။ ဖခင်၏ ရှေ့သို့ရောက်သောအခါ မိမိ ကို စိုက်ကာကြည့်လျက် မတ်မတ်ရပ်၍ နေကာ သား ကို ရိုသေသော်လည်း ချည်နှောင်ထားသော လက်ထိတ်များ ကို မခတ်ဘဲ မနေမူ၍ သေချာစွာ စစ်ဆေးလေ၏ ။ ဖခင် သည်ကား
စစ်ဆေးခြင်း ကို ခံလိုက် ၊ မျက်ရည်ပြည့်သော မျက်လုံးများမှာ သား ၏ မျက်နှာပေါ်၌သာ စိုက်ကာကြည့်နေလေ၏ ။ ၄င်းနောက် ဂါတ် သို့ သွားကြလေ၏ ။

နောက် နှစ်ရက် ကြာသောအခါ နံနက်ခင်းအချိန် မောင်ကွန်း သည် မိခင် ထံသို့ ပြေး၍လာပြီးလျှင်  “ ဖေဖေ ကို ဝင်ပြီး ကြည့်ရတော့မယ် မေမေ ၊ အခွင့် ရပြီ ၊ သို့သော်လဲ ဖေဖေ ဒဏ်ရာ မသက်သာဘူးလို့ ကြားရတယ် ၊ ဘယ်လို နေသလဲ မသိဘူး ” ဟု ညှိုးငယ်စွာ ပြောလာပြီးနောက် သားအမိ နှစ်ယောက် ထောင် သွားကြလေ၏ ။ ထောင်ထဲ သို့ ရောက်သောအခါ ဆေးရုံ ၌ ခုတင်ပေါ်တွင် သွေး မရှိသောမျက်နှာ နှင့် ပက်လက်လဲနေသော သူ ကို မြင်ရသောအခါ မဥ  မှာ ရင်ထဲကို မီးစကြီး ထိုး၍ သွင်းလိုက်သလို ဖြစ်သွားလေ၏ ။ မကြာမီ
အပါးသို့ ရောက်သွားသောအခါ မဥ သည် ခုတင်ကို မှီ၍ ထိုင်လေ၏ ။ လူမမာ အကျဉ်းသမားသည် ကား မဥ နှင့် မောင်ကွန်း ကို တစ်လှည့်စီ ကြည့်မိ၏ ။ 

“ ကျုပ် အဖေ ကွယ့်နော် ၊ သို့သော်လဲ မသေမီ ကျုပ် သား ကိုတွေ့ရတာ ၊ အားရပါပြီ ၊ သား နှင့် မယား ကို ကြည့်ပြီး သေရတာဟာ သေခြင်း ၏ ဒုက္ခကို များများကြီး
သက်သာရာရစေဖို့ ဖြစ်တာပါပဲ ၊ ကျုပ် အပြစ်တွေကို အခွင့်လွှတ်ပါ ၊ ကျုပ် ဖြင့် မင်း နဲ့ ဒီလောက်ပဲ ရေစက် ဆုံခဲ့တာကိုး ၊ ကျုပ် သွားရတော့မယ် ၊ ကျုပ် ကိုယ်ထဲမှာ သွေး မရှိဘူး ၊ ခြေ လက်တွေ
လေး ကုန်ပြီ ၊ မဥ ... မဥ ” ဟု ညည်းပြီး အပါး၌ ရပ်နေ သော မောင်ကွန်း ကို စိုက်ကာကြည့်လေရာ မောင်ကွန်း သည် အနီး၌ မှီ၍ထိုင်ပြီး နား အနားကို ကပ်ကာ  “ ဖေဖေ ၊ ကျွန်တော် မသိလို့ ယခုလို ဖြစ်ရတာပါပဲ ” ဟု ပြောလေ၏ ။ ထိုအခါ အရောင်အဆင်း မရှိသော မျက်လုံးမှာ ခိုးမှင်တွေ ဆင်၍ လာသလို သာ၍ မှေးမှိန်လျက် ။ ပါးစပ် က လှုပ်ကာ  “ ဖေဖေ က မကောင်းဘဲကိုး ။ မင်း အမေ ကိုသာ ဖေဖေ့ အစား ပြုစုရစ်ခါနေတော့ ” ဟု
ပြောခိုက်တွင် လက်တစ်ဖက် ကို မောင်ကွန်း သည် အုပ်ကိုင်လေ၏ ။ လက်တစ်ဖက်ကို မဥ အုပ်ကိုင်လေ၏ ။ ထိုနောက် လူနာ ၏ မျက်လုံးများ သည် လည်ပြီးလျှင် တစ်ချက်နှစ်ချက်မျှ မေးပြီး
နောက် ကိုယ်လက်များပြီး ငြိမ်သက်ခြင်း အဖြစ်သို့ ရောက်သွားလေ၏ ။ သားအမိနှစ်ယောက် တို့လည်း အလောင်း ကို ဖက်ကာ မနားနိုင်အောင် ရှိနေကြလေ၏ ။

အခန်း ( ၄ )

နောက် တစ်လလောက် ကြာသောအခါ မောင်ကွန်း သည်
ရွာတစ်ရွာ မှ အပြန် မချစ် ၏ အိမ်သို့ ဝင်လေ၏ ။ သွေ့ခြောက်ငြီးငွေ့ဖွယ်သော အိမ် ကို အဝေးမှမြင်ရုံမျှနှင့် အားတက်ကာ သာယာလှစွာသော ဘုံဗိမာန်သို့ ချဉ်းကပ်၍ လာသကဲ့သို့ ဘယ်အခါမျှ မပျောက်ပျက်သော ဝမ်းနည်းသူ မချစ် ၏ မျက်နှာကလေးကို မြင်ရတော့မှာပဲဟု စိတ်ထဲတွင် မျှော်လင့်ကာ အိမ်အပါးသို့ ရောက်လာလေရာ အိမ် ၌ တစ်စုံတစ်ရာမျှသော အသံ
ကိုမျှ မကြားရသဖြင့် အားငယ်၍ သွားလေ၏ ။ အိမ်ရှေ့သို့ ရောက်သောအခါ သွေ့ခြောက်သော အိမ်မှာ သုသာန်ဇရပ် ကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရလေ၏ ။ အကြောင်းမူကား မည်သူ
တစ်ယောက်မျှ မရှိ ။ ဟောင်းလောင်းကြီး ဖြစ်၍နေလေ၏ ။ ထိုအခါ
မောင်ကွန်း မှာ အားရှိသမျှ ဆုတ်ယုတ်ပြီး မောပန်း၍
လာသောကြောင့် အိမ်ရှေ့၌ ထိုင်ကာ မချစ် ဘယ်ကိုများ ရောက်ရှာပါလိမ့်မလဲ ။ စသည်ဖြင့် တွေးတော၍ နေလေရာ အိမ်ပေါ်၌ လျှောက်၍ နေသော ဆက်ရက်နှစ်ကောင် တို့သည် အချင်းချင်း မာဂဓ ဘာသာဖြင့် ပြောဆိုနေသော စကားများကို ရပ်ကြပြီးလျှင် မိမိ ကို ကြည့်ကာ  “ ဒီ ဧည့်သည် ဘာလုပ်လာပါလိမ့်မလဲ ” ဟု တွေးသကဲ့သို့ ကြည့်၍ နေကြလေ၏ ။ မောင်ကွန်း
သည် အိမ်ပေါ်သို့ တက်၍ ကြည့်လေရာ တစ်ခုသော ထရံအကြား၌ ညှပ်၍ထားသော သိုးမွေးစကလေး နှင့်  ဖော့ပန်းကလေး တစ်ခု ၊ ဆံညှပ်ကလေးတစ်ချောင်း ၊ ဇာလက်ကိုင်ပဝါ တစ်ပိုင်းစုတ်ကလေး ကို တွေ့မြင်ရလေရာ ၄င်းတို့ကို ယူရန်
ကြည့်လေ၏ ။ ပန်း နှင့် ပဝါ ၄င်းပြင် သိုးမွေး ကို နမ်း၍ ကြည့်လိုက်သောအခါ သင်းပျံ့မွှေးကြိုင်သော ကညာတို့ ၏ ရနံ့ကို ရှိသဖြင့်
သည်ဟာ ချစ်ချစ် ၏ အနံ့အသက် ပဲ ဟု စိတ်ထဲမှာ စွဲပိုက်ကာ လှိုက်ဖို၍ သွားလေ၏ ။  “ အရင်တစ်ခေါက် ရောက်လာတုန်းက ငါ ဒီနေရာမှာ ထိုင်တယ် ၊ ချစ်ချစ် က ဟောဒီနေရာမှာ ထိုင်တာ
ကပ် ၊ တကယ်တည်းဗျာ ၊ ဘယ်ကိုများ ရောက်သွားကြရှာပါလိမ့်မလဲ ” ဟု တွေးရင်း ဝမ်းနည်းကာ အိမ်ပေါ် မှ တဖြည်းဖြည်းဆင်း၍ အချိန် မရှိသောကြောင့် နောက်တစ်ခါမှ လာပြီး သေသေချာချာစုံစမ်းမေးမြန်း ရှာဖွေမည်ဟု စိတ် အကြံပြုကာ ပြန်၍ လာခဲ့လေ၏ ။

နောက်တစ်နေ့၌ ရန်ကုန် ကို သွားရမည်ဟူသော အမိန့်
ကို ရရှိလေရာ မောင်ကွန်း သည် ချစ်ချစ် ကို ထပ်မံ၍ ရှာခွင့် မရဘဲ မိခင် ကို ပုသိမ် မှာ ထားခဲ့၍ ရန်ကုန် သို့ ထွက်လာခဲ့လေ၏ ။ ရန်ကုန်မြို့ သို့ ရောက်ပြီးနောက် မိမိ လုပ်ကိုင်ရန် တာဝန်များ ပြီးစီးသောအခါ ညနေချမ်းအချိန် ဘုရားကြီး သို့ တောင်
ဘက်စောင်းတန်းမှ တက်သွားပြီးလျှင် ပန်းဖရောင်းတိုင်များ ကို ဝယ်ပြီးနောက် အရှေ့ဘက် သို့ လှည့်သွားလေရာ မြောက်ဘက် လှည့်၍ လာသူ မိန်းမပျို တစ်ယောက်နှင့် မျက်နှာချင်း
ဆိုင်မိလေလျှင် နှစ်ယောက်စလုံး အံ့အားသင့်၍ နေကြလေ၏ ။ မိနစ်အနည်းငယ် ကြာသောအခါ မိန်းမပျို ၏ မျက်နှာသည် ညိုလျက် ။ မောင်ကွန်း ၏ မျက်နှာကို ကြည့်ရာမှ လွှဲဖယ်ပြီး အရှေ့
စောင်းတန်းဘက် သို့ ကွေ့၍ ဆင်းလေရာ မောင်ကွန်း က
“ ချစ်ချစ် ... ချစ်ချစ် ” ဟု လိုက်၍ခေါ်သော်လည်း ပြန်၍မျှ မကြည့်ဘဲ အောက်သို့သာ ဆင်း၍သွားလေ၏ ။ ထိုအခါ မောင်ကွန်း သည် လွန်စွာအံ့အားသင့်လျက် ဘယ်အတွက် သင်း ငါ့ ကိုမှ
စကားမျှ မပြောပါတကား ။ ငါ စကား ပြောခွင့် ရအောင် လိုက်မည် ။ ဘယ်နည်းဘယ်ပုံ သင်း ရောက်၍ လာပါသလဲ စသည်ဖြင့် တွေးပြီး
အတင်း လိုက်လေရာ ဘုရားခြေရင်း သို့ ရောက်သောအခါ ချစ်ချစ် သည် နောက်သို့ လှည့်ပြီး  “ ရှင် ဘာပြုလို့ ကျွန်မ နောက်ကို လိုက်ရသလဲ ” ဟု မျက်နှာထား၍ ပြောလေ၏ ။

ကွန်း ။  ။ “ အရင်က တစ်ခါ တွေ့ဖူးပြီး စကားပြောလို့မှ မဝသေးမီ ကိစ္စရှိလို့ ထွက်ပြီး လာခဲ့ရပါတယ် ၊ ဒီကတည်းက မင်း မျက်နှာကို ချည်း အမြဲ မြင်ပြီးနေလွန်းလို့ ၊ တစ်နေ့က ငါ ထပ်ပြီး မင်းတို့ ရွာကို သွားပါသေးတယ် ၊ မင်း ကို မတွေ့ရတာနဲ့
အင်မတန် စိတ် မကောင်း ဖြစ်ပြီးလာရာမှာ အခု သူတော်ကောင်းနတ်များ မလို့ မင်း ကို ကြံကြံစီစီ လာပြီး တွေ့ရတာပါပဲ ၊ မင်း ဘာပြုလို့ အသိ မလုပ် နှုတ် မဆက်ဘဲ အခုလို မျက်နှာလွှဲရတာလဲ ချစ်ချစ်ရဲ့ ”

ချစ်ချစ် သည် ဣန္ဒြေကြီးလှစွာသော မျက်နှာနှင့် သစ်
ပင် တစ်ပင် အနီးသို့ ကပ်မှီကာ နီမြန်းသော နှုတ်ခမ်းကလေးများကိုစူလျက် ပျော့ပျောင်းသော မိမိ၏ လက်ချောင်း ကလေးများကို ချိုးဖဲ့ရန်ကြံစည်သကဲ့သို့ လက်များသည် မငြိမ်မသက်ပဲနေပြီးမှ  “ ကျွန်မသွားတော့မယ် ၊ ရှင့် ကို ကျွန်မ မသိဘူး ” ဟု ပြောလေ၏ ။

ကွန်း ။   ။ “ ချစ်ချစ် ရဲ့ မင်း က မသိဟန် အခုမှ မဆောင်ပါနဲ့ ၊ မင်း နဲ့ ကျုပ် နဲ့ ဟာ အမှတ်တရ သိခဲ့ပါတယ် ၊ ကျုပ် နှလုံးမှာ ထင်ပြီနေတဲ့ ၊ မင်း ဓာတ်ပုံဟာ ဘယ်တော့မှ မပျောက်နိုင်ပါဘူး ၊ ကျုပ် မှာ ဘာများ အပြစ်ရှိလို့ သိပြီးမှ မုန်းရတာလဲ ”

ချစ်ချစ် သည် စကား မပြောချင်သော အမူအရာနှင့် တစ်ချက်တစ်ချက် မောင်ကွန်း ၏ မျက်နှာကို မောက်မာစွာ မော်၍ ကြည့်ပြီး  “ ရှင် ကျွန်မ ပထွေး ကို သတ်တဲ့လူ ၊ ရှင့် ကို ကျွန်မ ဘယ်နှယ် လုပ်ပြီး စကား ပြောရမလဲ ၊ ကျွန်မ ပထွေး ဟာ ကျွန်မ ကို သမီး အရင်းလို ကြည့်ရှုထားပါတယ် ၊ ကျွန်မ ပထွေး ကို ရှင် သတ်ပြီး ကတည်းက ကျွန်မတို့ တူအရီးမှာ အားကိုးရာ မရဘဲ ရန်ကုန် ကို လာပြီး ဆင်းဆင်းရဲရဲ ဆေးလိပ် လိပ်ပြီး စားနေရတယ် ၊ ရှင် ကျွန်မ ပထွေး ကို လဲ သတ်တယ် ၊ ကျွန်မ အိမ်မှာ လာ တည်းပြီး အရိပ်ခိုခို အခက်ချိုးချိုး လုပ်သွားတာကို ကျွန်မ မေ့နိုင်ပါမလား ၊ ဒီအတွက် ရှင့် ကို ကျွန်မ စကား မပြောချင်ဘူး ” ဟု ပြောကာ သွားတော့မည်ပြုလေရာ မောင်ကွန်း က ၄င်း ၏ ရှေ့၌ တည့်မတ်စွာသွား၍ရပ်ပြီး  “ ချစ်ချစ် မင်း ဘာကို ပြောနေတာလဲ ၊ ကျုပ် နားမလည်ပါလား ”  ဟု ပြောလေ၍ ချစ်ချစ် သည် သာ၍ သေချာစွာ ပြောပြလေရာ ကိုဆိုးပေ သည် ချစ်ချစ် ပထွေး ဖြစ်ကြောင်းကို သိရလျက် မောင်ကွန်း သည် လွန်စွာ အံ့အားသင့်ပြီးလျှင်  “ မိုးကြိုးကို ပြစ်ရပါစေရဲ့ ၊ ချစ်ချစ် ရယ် ၊ ကျုပ် ဘာကိုမှ မသိပါဘူး ၊ တာဝန်အတိုင်း လုပ်လာပါ ၊ မင်း ပထွေး မှန်းကိုလဲ ကျုပ် မသိပါဘူး ၊ ကျုပ် အတွက် ယခုလို ဆင်းရဲဒုက္ခ ဖြစ်ရတယ် ဆိုတာ အတိုင်းထက် အလွန် ဝမ်းနည်းတာပါပဲ ” ဟု ပြောပြီး ချစ်ချစ် ၏ အပါးသို့ တိုး၍ ကပ်ကာ  “ ချစ်ချစ် ကျုပ် ပြောမယ့် စကားကို သေချာစွာနားထောင်စမ်းပါ ၊ အင်မတန် ထူးဆန်းတဲ့ အကြောင်း တစ်ခု ရှိပါတယ် ” ဟု ပြောလေရာ ချစ်ချစ် သည် မျက်တောင်မခတ်ဘဲ မောင်ကွန်း ၏ မျက်နှာ ကြည့်၍ နေလေ၏ ။ ထိုအခါ မောင်ကွန်း က  “ မင်း မှာ ပထွေး မျှသာ ဆုံး ပါတယ် ၊ ကျုပ် မှာ ဖအေ အရင်း ဆုံး ပါတယ် ” ဟု ပြော လေ၏ ။

ချစ်ချစ် ။  ။ “ ရှင့် ဖအေ ၊ သူ့ ဘာသာ သေတာ ၊ ကျွန်မ နဲ့ ဘာ ဆိုင်သလဲ ၊ ကျွန်မ ပထွေး မှာ ရှင် သတ် လို့ သေတာပါ ”

ကွန်း ။  ။ “ မဟုတ်ပါဘူး ချစ်ချစ် ရဲ့ ၊ မင်း ပထွေး ဟာ ကျုပ် အဖေ အရင်းပါပဲ ” ဟု ပြောလေရာ ချစ်ချစ် မှာ မျက်လုံး ပြူးလျက် ပါးစပ် ဟ၍ နေလေ၏ ။ ထိုအခါ မောင်ကွန်း က အကျိုးအကြောင်း ကို အကုန်အစင် ပြောပြလေရာ ချစ်ချစ် သည် အံ့သြ၍ မကုန်နိုင်ဘဲ စိတ်ပြေရုံမျှမက မောင်ကွန်း နှင့် တွေ့ရခြင်း၌ သဘောကျပြီး မောင်ကွန်း က သွားတော့မည် ပြုလေရာ ချစ်ချစ် သည် လက်ညှိုး ကို ကိုက်ကာ မောင်ကွန်း ကို မျက်စောင်း ထိုးကြည့်ပြီး  “ ရှင် ကျွန်မတို့ အိမ်ကို မလိုက်တော့ဘူးပေါ့လေ ” ဟု ငေါ့ ၍ ပြောလေ၏ ။

ကွန်း ။  ။ “ မင်း ကမှ မခေါ်ဘဲကိုး ကွယ့် ”

ချစ် ။   ။ “ တယ်ပြီး စည်းကမ်းကြီး နေတာပေါ့ လေ ။ အခေါ်ကို စောင့်နေတာလား ၊ ကောင်းပါပြီ အင်စပက်တော်မင်း ရဲ့ ၊ အိမ် ကို ကြွပါဦး ”

ကွန်း ။  ။ “ အမိန့် ကို အမြဲ နာခံရမယ့် လူ ပါ ချစ်ချစ် ရဲ့ ” ဟု ပြောပြီး နှစ်ယောက်သား ဗဟန်း သို့ သွားကြလေ၏ ။

နောက် တစ်လလောက် ကြာသောအခါ မောင်ကွန်း သည် အလုပ် မှ ခွင့်ခံပြီးလျှင် မိခင် နှင့် အတူ ရန်ကုန် သို့လ ာရောက်ပြီး ချစ်ချစ် ကို တောင်းရမ်းကာ ခမ်းနားသော မင်္ဂလာပွဲ ကို ကျင်းပရလေ၏ ။

◾  ပီမိုးနင်း

ဒဂုံမဂ္ဂဇင်း ၊ အတွဲ ၁ ၊ အမှတ် ၄ ၊ ( ဒီဇင်ဘာ ၁၉၂၀ ) တွင် ဖော်ပြခဲ့သည် ။ တွေ့ရှိသမျှ ပီမိုးနင်း ၏ ဝတ္ထုတိုများ တွင် အစောဆုံး တွေ့ ရ ၍ ပထမဆုံး လက်ရာ ဖြစ်ဟန် တူသည် ။ ပီမိုးနင်းဝတ္ထုတိုများ ( ၃ ) ၊ မူဝံစာအုပ်တိုက် ( စက်တင်ဘာ ၊ ၂၀၀၇ ) တွင် ဖော်ပြပြီး ဖြစ်သော်လည်း ပထမဆုံးလက်ရာ ဖြစ်သဖြင့် ပြန်လည် ဖော်ပြလိုက်ရပါသည် ။

📖 ဝတ္ထုတို ၁၀၀

www.facebook.com/aung.naingoo.3726613

.