Monday, January 24, 2022

ပွင့်သစ်ပန်း


 

❝ ပွင့်သစ်ပန်း ❞

တစ်သက် နှင့် တစ်ကိုယ် ခုလောက် တစ်ခါ မှ ခေါင်း မရှုပ်ဖူးသေးဘူး ဟု ဦးကျော်ဇော ထင်သည် ။ သူ သည် မနေ့ ကမှ ထုတ်လာသော အိုပယ် ကားပေါ် ရောက်နေသည့် အဖြစ် ကိုပင် မေ့နေသည် ။ ဘေး၌ ထိုင်သော သမီး ခင်စောနွယ် ကို မျက်စိစွေစောင်း၍ ကြည့်သော် ကောင်မလေး သည် စကော့ဈေး ကို အထည် ဆန်းပြားတာ တွေ့ရင် ဝင်မည်ရယ်လို့ သွားနေတာလောက်မှ စိတ်လှုပ်ရှားခြင်း မပြ ။ ခင်စောနွယ် ကို သူ သိပ် နားမလည်ခဲ့ ။ သူ က အကြီးမ ခင်စောကြွယ် လို မဟုတ် ။ ဒေါသဖြစ်သည့် အခါများ သိုးဖြူအုပ်ထဲ က သိုးနက်မကလေးရယ်လို့ ဆဲရေးချင်သည် ။ တစ်ခါတစ်ရံတော့လည်း စင်စစ် သမီးငယ် ကို ပိုလို့ ချစ်သည် အမှန်ပါ ။ သူ က ဗွေဆိုးကလေး ပါရှာလို့ မာဂရက်မင်းသမီးကလေး လို ဆိုးချင်တာ ဟု သဘော ကျတတပင် ရှိသေးသည် ။ သို့သော် ယခု တစ်ခါတော့ တကယ့်ကို စိတ်ရှုပ်သည်မှာ အမှန်တည်း ။

“  သမီးတို့ နေမယ့် အိမ်က ရန်ကင်း အတွင်း ဘက် တော်တော် ကျသလား  ” ဟု ဦးကျော်ဇော က စကားစ,လေ၏ ။

“  တော်တော်ကျတယ် ပါပါ  ၊ ဂွတ်တလစ် ဘက် နီးသွားတယ်…  ”

“ ဘတ်စ်ကားဆိပ် တို့ တဲပုတ် တို့ ပွနေတဲ့ ဘက်ဆီပေါ့ … ” ဟု ဦးကျော်ဇော က ဆင်းရဲခြင်း ကို မနှစ်လိုမြဲ လေသံဖြင့် မေး၏ ။

ခင်စောနွယ် က ဘာမျှ ပြန်မဖြေဘဲ နှုတ်ခမ်း ကို ပြန်၍ တင်းတင်းစေ့သည် ။

သူတို့ သားအဖ သည် ခင်ခင်မင်မင် မရှိသည်မှာ အတန်ကြာပြီ ။ ငယ်ရွယ်စဉ် ကတော့ ခင်စောနွယ် ၏ ထူးခြားချက်ကလေးများဟာ ဆွေမျိုးများ စုမိလျှင် ပြောရယ်စရာများ ဖြစ်ခဲ့သော်လည်း ယခုလို အသက် ၂၀ ကျော် ၍ သိပ်များများကြီး အကျော် မခံနိုင်တော့ဘူး ဟု သားအဖ နှစ်ယောက်စလုံး ထင်မှတ်လာသည့် အခါမှာတော့ နှစ်ယောက်သား စိတ် အခန့်မသင့်စရာ ဖြစ်လာသည် ။

“ ငါ မှားတာပဲ  ၊ သူ့ ကို အလုပ် လုပ်ခွင့် ပေးလိုက်တာ မှားတာပဲ ၊ သူ့ ကို ရုံး အပေါင်းအသင်း ဖျက်တာပဲ ” ဟု ဦးကျော်ဇော က တွေးထင်သည် ။

“ ကြည့်စမ်း ရုံးမှာ လုပ်ရကတည်းက သူ့ ရဲ့ ဖြူဖွေးနုထွတ်နေတဲ့ ပါးပြင်တွေဟာ သွေးရောင်သန်းလာတယ် ၊ နဂိုက အသက် မရှိသလို အေးစက်တာဟာ ချက်ချင်း နွေးလာတာပဲ ၊ ငါ က မြေပေါ် ခြေမကျ ထားလျက်နဲ့ တစ်ခါ ကားကြို နောက်ကျလို့ မိုးရေထဲ ခြေဖဝါးတွေ အပေခံလို့ ဆာတယ် ဆိုပြီး အိမ်ပြန်လာတယ်ကော ၊ ပြီးတော့ ဆံပင်စမှာ မိုးပေါက်တင်တာကိုပဲ ပျော်နေလိုက်သေးရဲ့ ၊ တယ် ဆင်းရဲဇာတာ ပါတယ်နဲ့ တူတယ် ၊ ဟုတ်သလေ … တစ်လ ၂၉၇ ကျပ် ကို တစ်လ တစ်လ ထုတ်ယူရမှာများ ရှက်ဖို့တောင် ကောင်းကောင်းပါရဲ့ သမီးရယ် ၊ ပြီးတော့ အလုပ် လုပ်တယ်ဆိုတာ ဂုဏ်သရေရှိ မိန်းမတွေရဲ့ ကိစ္စလို့များ သူ ထင်လေသလားကွယ် ”

“ ရှေ့က တိုက်သစ်တန်းလျားတွေ စီနေတာ ရန်ကင်း မဟုတ်လား ၊ ပါပါတော့ တစ်ခါမှ မဖြတ်ဖူးပါဘူး … ” ဟု ပြောလိုက်ပြန်လျှင် …

“ ဟုတ်တယ် ပါပါ ၊ ခု နွယ့် အတွက် ဖြတ်ဖူးရတော့မှာ ဝမ်းနည်းစရာများ ဖြစ်နေမလား မသိပါဘူး … ”

“ အို … ပါပါ့ အသိတွေလည်း အများကြီး နေကြပါတယ် ၊ မောင်ဘကလေး တို့ မောင်ဘဘွား တို့ … ”

“ ရန်ကင်း မှာ ပါပါ့ တပည့်တွေသာမက ပါပါ နဲ့ တန်းတူ နွယ် အရိုအသေ ပေးထားတဲ့ လူတွေလည်း အများကြီး နေကြပါတယ် ”

ဦးကျော်ဇော သည် ဒေါသ ဖြစ်သွားသော်လည်း ခုလိုအချိန်မှာ ရန်မဖြစ်လိုသဖြင့် “ ကဲ … သမီး က လမ်းပြလေ ၊ ကွေ့စရာ ဝင်စရာ ရှိတော့ ပြောလိုက်ဦး ” ဟု ကားမောင်းသူ သို့ မေးငေါ့ ပြလိုက်သည် ။

ခင်စောနွယ် သည် ပြုံးသွားပြီး ကျေနပ်ဟန်ဖြင့် နေရာ ပြင်၍ ထိုင်လိုက်သည် ။ ပြီးမှ သတိရဟန် ကဲ့သို့ ဟန်ဖြင့် ပြောလိုက်သေးသည်မှာ …

“ ဘတ်စ်ကားတွေ ကတော့ ဖင်ထိုင်ခုံ တယ် မာတာပဲ ပါပါ ၊ ပြီးတော့ ဆင်ဖြူ ဆင်မည်း ကားတွေထဲမှာ ပြည်တော်သာ တစ်စင်း မှ မရှိဘူး … ”

“ ပါပါ့ မှာ ကားနှစ်စီး ပိုင်တာ ပေးနိုင်သားပဲ သမီး ”

“ ပါပါ သဘောကျပြီ ဆိုရင် … ”

“ အေး … ပါပါ သဘောကျ မကျ ခု နာရီပိုင်း အတွင်းမှာ ပြောရမှာပဲ ”

“ ဒါပေမဲ့ ဘတ်စ်ကား မှာ ထိုင်ရတာ တောင့်တောင့်တင်းတင်းလည်း ရှိတယ် ၊ ခရီးသည်ချင်းလည်း စကားပြောလို့ ရတယ် ၊ သမီး အခု တော်တော် မြန်မာဆန်ပြီး နှုတ်သွက်နေတာ ပါပါ ရဲ့ … ”

ဦးကျော်ဇော သည် တံတွေး ထွေးချင်၏ ။ သို့သော် မျိုချလိုက်ပြန်သည် ။ သို့လျှင် နောက်ထပ် စကား မပြောကြဘဲ ခင်စောနွယ် လျှောက်၍ ရထားသော အိမ်ခန်း ရှေ့သို့ ရောက်သည် ။

“ ပါပါ မော နေမလားတော့ မသိဘူး ၊ လေးထပ် အပေါ်ဆုံးမှာပဲ ပါပါ ၊ နွယ် အားနာလိုက်တာ … ” ဟု သည်တစ်ခါတော့ ခင်စောနွယ် က ကောင်းမွန်စွာ ပြောသည် ။

“ တင်းနစ် ရိုက်နေတဲ့ သူပဲကွယ် … ”

ဦးကျော်ဇော သည် အိမ်ခန်းဝ တစ်ပေါက်ကို ဖြတ် ရတိုင်း မျက်နှာ ပျက်သည် ။ ခင်စောနွယ် တို့ နေမည့် အခန်းကို သည်လိုပဲ သူများတွေ ဖြတ်သွားမှာပဲ ၊ သို့ပေမဲ့ အဆုံးထိတော့ ကြည့်ရဦးမည် ။

“ ဟောဒီ အခန်းပဲ ပါပါ ”

ခင်စောနွယ် သည် လက်ပွေ့အိတ် ထဲမှ သော့ ကို နှိုက်ကာ အခန်း ကို ဖွင့်နေသည် ။ သူ ပိုင် ရတနာသေတ္တာ ကို ဖွင့်သလို ကြွားဝါချင်ပုံကလေးလည်း မကင်း ။ သမီး ၏ သူ လှစေချင်သလောက် မလှသော မျက်နှာကို ကြည့်သည် ။ နုထွတ်သော ခြေဖျား လက်ဖျားများကို နှမြော၏ ။ ခင်စောနွယ် ၏ ကြံ့ခိုင်စပြုလာသော ကိုယ်လုံးကိုယ်ထည် ကို သတိပြုနေ၏ ။ တော်တော်ဆန်း တဲ့ သမီး ။

တံခါး ကို ဘွားခနဲ ဖွင့်လိုက်သော် အားလုံး လူ နေ နေသလို အကျအန ပြင်ဆင်ပြီး ဖြစ်သည်ကို တွေ့သည် ။

သားအဖနှစ်ယောက် သည် တစ်ယောက် ကိုတစ်ယောက် မကြည့် ၊ စကား မပြောဘဲ အိမ် ကို လှည့်လည်၍ ကြည့်သည် ။ ခင်စောနွယ် အဖို့ ကြည့်လို့ မဆုံးစရာ ဖြစ်သော်လည်း ဦးကျော်ဇော သည် နှံ့အောင် ခဏပင် ကြည့်ရသည် ။

“ ခု ဝင်ဝင်ချင်း အခန်းကတော့ ဧည့်ခန်းပေါ့ ၊ သူတို့ တည်ထားတဲ့ ကုလားထိုင်ခုံ က ကြိမ်ထိုးကိုး ၊ သစ်သားကတော့ အကွက်လည်း လှပါရဲ့ ၊ အရောင်လည်း မဟော်ဂနီသွေး ကျပါရဲ့ ၊ ပုံကလေးလည်း ဆန်းပါရဲ့ ၊ အဖိုးကတော့ သိပ်တန်မယ် မဟုတ်ဘူး ၊ နှစ်ရာကျော် သုံးရာနဲ့ ရတာမျိုးပဲ ၊ ပြီးတော့ မှီအုံးက ခပ်သေးသေး ခပ်ညံ့ညံ့ကလေးတွေမို့ ဘာမှ သိပ်ပြီး သက်သောင့်သက်သာတော့ ဟုတ်မယ် မရှိဘူး … ”

“ စားပွဲပေါ် ကန့်လန့်ဖြတ်ခင်းတဲ့ စားပွဲခင်းကလေးကလည်း အဖြူရိုးရိုး ၊ ပိတ်ထူမှာ ပန်းနုနု ထိုးရုံပါကလားကွယ် ၊ ပန်းအိုး ကတော့ ပန်းကန်ဆိုင်တွေ က ဝယ်တဲ့ဟာ ဖြစ်ရမယ် ၊ ပန်း ကို ဝယ်လို့ ထိုးရပေလိမ့်မယ် ၊ ခင်စောနွယ် … မင်း မှာ စိုက်စရာ မြေကွက် မရှိ … ”

“ ဟောဒီ ထောင့်ကလေး မှာ မတ်တတ်မီးတိုင်ကြီး ထားရင် အတော်ပဲ ၊ ဟိုဘက်ထောင့် ရွှေငါးဖန်ချိုင့် ထားစရာပေါ့ ၊ ဒီလိုထောင့်တွေမှာ ဟာနေတာ တယ် အရုပ်ဆိုးသကွယ် … ”

“ ဪ … ဟောဟိုဟာက မီးဖိုခန်းနဲ့တူရဲ့ ၊ သစ်သားစင်ကလေးတွေတော့ ရိုက်ထားလို့ပါကလား ၊ အိုးတွေ ခွက်တွေတောင် မှောက် လို့ ၊ မီးဖိုကတော့ နည်းနည်း သန့်ပါလိမ့်မယ် ၊ ခုတလော ပေါ်လာတဲ့ ၅၅ ကျပ်တန် ရေနံထည့် မီးဖိုပဲ ၊ ဒါက လေ မထိုးရဘူး ၊ အလိုလို တောက်တယ် ၊ ဒါထက် ဘယ်သူ က ထမင်းချက် ကျွေးပါ့မယ် ၊ ဪ … မီးဖိုချောင် နဲ့ ကပ်လျက် သည်ဧည့်ခန်းဘက်ထောင့်က စားပွဲ က ထမင်းစားပွဲ နဲ့ တူရဲ့ ၊ အဲဒီမှာ ခင်းတဲ့ ဖယောင်းပုဆိုး နဲ့ ကြမ်းပေါ်က ဖယောင်းပုဆိုးက အဆင်ချင်း ဆင်နေတာ ဟန်မကျဘူး ၊ တကယ်ဆိုတော့ ထမင်းစားပွဲ မှာ စားပွဲခင်း အဖြူခင်းတာပဲ ကောင်းတယ် ၊ အေးလေ … ပေတော့ ဒိုဘီခ တော့ ကုန်တတ်တာပေါ့ ”

“ ဒီပန်းကန်ဗီရို ကို ထမင်းစားပွဲ နဲ့ ဧည့်ခန်း ကုလားထိုင်ခုံ ကြား ကန့်လန့်ကွယ်ကာပြီး ထားတာကတော့ နည်းနည်း ရှုပ်ပေမယ့် သပ်သပ်စီ ဖြစ်သင့်သလောက် ဖြစ်အောင် ထင်ပါရဲ့ ”

“ နံရံ က သိပ်ပြီး ပြောင်လို့ ဝါနေတယ် သမီး … ၊ အောက် က တစ်ထွာလောက်ကို ဟောဟို ပန်းကန်ဗီရိုအောက်နံရံ လို သုတ်တဲ့ ဆေးစိမ်းပြာရောင်ပဲ သုတ်ပေးလိုက်ရင် ကောင်းမယ် … ” ဟု သူက အကြံ ပေး၏ ။

“ ဟုတ်သားပဲ ဖေဖေ … ”

“ ပြီးတော့ ခန်းဆီးတွေက တစ်ကိုက် ၄ ကျပ်ခွဲ တန် မဟုတ်လား ၊ နည်းနည်းပါးတယ် ၊ အဆင်ကလည်း အဝါအနီ များလှတယ် ”

“ အသား သိပ်မကောင်းတဲ့ အစမှာ အရောင်ညို့ညို့ ရွေးလို့မဖြစ်ဘူး ပါပါ ၊ အသွေးမကျတတ်ဘူး… ”

“ ဟုတ်မယ်လေ … ”

သူတို့၌ ထပ်ပြောစရာ မရှိ ။ သို့သော် ဦးကျော်ဇော သည် သူ ၏ နောက်ဆုံး သဘော ကို ပြောရပေဦးမည် ။

“ နေပါဦး ပါပါ … ” ဟု ခင်စောနွယ်က တား၏ ။ “ အိပ်ခန်း ကို ကြည့်ပါဦး … ”

“ ဟုတ်သားပဲ ကြည့်စမ်း … ”

အိပ်ခန်းလည်း ကြာရှည် ကြည့်လောက်စရာတော့ မဟုတ်လှ ။ ဧည့်ခန်း တစ်ဝက်မျှ ရှိပြီး နှစ်ယောက်အိပ် ခုတင်ကို တစ်ထောင့် မှာ ခင်းတာ ၊ တစ်ထောင့် မှာ စာကြည့်စားပွဲ တစ်လုံး ရှိတာ ၊ ကျန် တစ်တောင့် မှာတော့ မှန်တင်ခုံ ရှိတာ ၊ နောက်ဆုံး တစ်ထောင့်၌ တံခါးဖောက်ထားပြီး တစ်ယောက်တည်းသာ လှည့်သာသော ရေချိုးခန်းသို့ ဝင်ရသည်ပဲ ပြောစရာ ရှိပြန်သည် ။

ဦးကျော်ဇော သည် စေ့စေ့စပ်စပ် တစ်ထပ် ကြည့်ရပြန်သည် ။

သည်လိုပဲ နေမှာပဲ ။ မွေ့ရာ ခြင်ထောင်ကအစ သာမန်ထက် မသာနိုင်ဘူးလေ ။ အဲ … မှန်တင်ခုံ ပေါ်မှာပဲ သမီး လိမ်းလေ့ ရှိတဲ့ အဖိုးတန် ပေါင်ဒါ ရေမွှေးများ တွေ့ရသည် ။ ဒါတွေတောင်  ကြာရှည် သည်ပေါ် တင်နိုင်ပါ့မလားကွယ် ။ မှန်တင်ခုံမှာ စိတ်ရှည်လက်ရှည် ထိုင်ပြီး ပြင်ဆင်ချင်စရာတောင် ထိုင်ခုံမှာ အုံး မရှိ ။ ဒါပေမဲ့ နွယ်က ဆံပင်ကအစ ဘယာကြော်ခွေကလေးပဲ လွယ်လွယ်ခွေတာ မြင်ရသည် ။ သမီးကြီး ကြွယ် ကဖြင့် မနေ့တစ်နေ့ကပဲ ဆံပင် ဖြတ်ပြီး ကောက်လာတာ ပွလို့ ရွလို့ ၊ ကလေးနှစ်ယောက် အမေ နဲ့ တောင် မတူအောင် ပျိုရွယ်သည် ။

“ ကဲ … ဒါပဲ မဟုတ်လား ” ဟု မေးကာ ဦးကျော်ဇော သည် သက်ပြင်းချလေသည် ။

“ ဘာလိုသေးလဲ … ပါပါ … ”

“ အို … လိုပြီလား … ” ဟု ဦးကျော်ဇော သည် စိတ်မရှည်စွာ ပြောသည် ။ သူ သည် စကား အရှည်ကြီး ပြောစရာရှိသည့် အမူအရာ ပေါ်ရာ သမီးက အလိုက်တသိ ကုလားထိုင်များကို လက်ညှိုးထိုး ပြရ၏ ။ သို့သော် ဦးကျော်ဇော သည် ဒါတွေကို ပျောက်ကွယ်သွားအောင် ပဉ္စလက်နည်း နှင့် ဖျောက်လိုက်ချင်ဟန်ဖြင့် လက် ကို ကွေ့ဝိုက်သပ်ဝှေ့လိုက်ကာ ထိုင်ဖို့ ငြင်းဆန်လေ၏ ။

“ လိုပြီလား .. သမီး ၊ သမီး နေခဲ့တဲ့ ပါ့ပါ့ အိမ် နဲ့ တယ် ကွာလှပါကလား ”

“ ကွာတယ် … ပါပါ … ”

“ ပါပါဟာ သမီး နှစ်ယောက် ကို အကောင်းဆုံး အိမ်မှာ ထားခဲ့တယ် ”

“ အကောင်းဆုံး မွမ်းမံထားတဲ့ အိမ်မှာ ထားခဲ့တယ် ပါပါ ”

“ ဟုတ်သလေ … ကြမ်းပြင် က အစ သမီး နှစ်ယောက် စကိတ် စီးလို့ ရတဲ့ သစ်သားကွက်ရိုက် ကြမ်းပြင် ၊ လမ်းလျှောက်တော့ အသံမမြည်အောင် တူရကီ ကော်ဇောလည်း ခင်းတယ် ၊ ဧည့်ခန်း မပြောနဲ့ အိပ်ခန်းက ထိုင်စရာဟာတောင် ဆိုဇာ မှီအုံး အထူအထဲ တပ်လို့ ”

“ တစ်လ တစ်ခါတည်း ပိုးစွပ်ဖဲစွပ်တွေ လဲပါတယ် ပါပါ ၊ ဆောင်းတို့ မိုးတို့ကျတော့ ပိုလို့နွေးတဲ့ သက္ကလပ်တုတို့ ၊ လင်နင်မွေးပွတို့ စွပ်လို့ပေါ့ … ”

“ အဲ .. ဟုတ်ပြီ ၊ ပါပါ့ အိမ်ဟာ အင်မတန် နေချင်စရာ ကောင်းတဲ့ အိမ် ၊ ခန်းဆီး ကအစ တစ်ကိုက် ၁၄ ကျပ်တန် တပ်တဲ့ အိမ် ၊ သူများတကာ နိုင်လွန် ကို အင်္ကျီ ချုပ်ဝတ်ပေမဲ့ စပေါ်စ ၄၈ ကျပ်တန် ကို ခန်းဆီး တပ်ခဲ့တယ် ၊ သမီး မွေးနေ့တုန်းကလေ … ”

“ အို … ဆန်းသမျှဟာ ပါပါ့ အိမ် အရင်ဆုံး ရောက်တာပါပဲ ”

“ အေးပေါ့ ၊ ဂီတသေတ္တာ ဆိုတာ သူများ မကြားဖူးခင် ပါပါ့ ဧည့်ခန်းစားပွဲပေါ် တင်ခဲ့တယ် ၊ သမီးတို့ ဖို့ပဲ အိပ်ရင် တေးသံမြည်တဲ့ ဂီတမီးတိုင်ပါ မှာဝယ်ပေးသေးတယ် … ”

“ သမီးတို့ အိပ်တဲ့ အခင်းဟာလည်း အမေရိကန်ဘိုင်စကုပ် ထဲက လိုပါပဲ ပါပါ ၊ ပိုးဖဲမှီအုံးတွေ ၊ ပန်းနုရောင်အပွင့် ခြင်ထောင်တွန့် ၊ ရေချိုးခန်းကအစ မှန်တွေ ပတ်ပတ်လည် ဝိုင်းလို့ ၊ ကြွေဇလုံမှာ ရာဒလေ ဆပ်ပြာမြှုပ် ပြည့်လို့ ၊ ကား နဲ့ ကားရုံ မရှိတဲ့ တင်းနစ် ကုတ် နဲ့ ရေကူးကန် မရှိတဲ့ ၊ ဥယျာဉ် မရှိတဲ့ အိမ် ကို အိမ်လို့ မထင်နိုင်အောင် သမီးတို့ ကို ထားခဲ့တယ် ၊ စန္ဒယား ၊ ရေဒီယိုဂရမ် မရှိတဲ့ ရေခဲသေတ္တာ မရှိတဲ့ အစေခံ အပြည့် မရှိတဲ့ အိမ်ကို အိမ် လို့ မထင်နိုင်အောင် ထားခဲ့တယ် ”

“ ပါပါ ပြောတဲ့အတိုင်း တစ်သက်လုံး နေခဲ့ရတယ် ”

“ သမီးတို့ လက်ထဲမှာလည်း ဘဏ် မှာ လိုသလောက် ထုတ်လို့ရတဲ့ ချက်လက်မှတ် စာအုပ် ကိုယ်စီနဲ့ … ”

ဦးကျော်ဇော သည် ပြောရင်း ပျော်လာ၏ ။

“ မေမေ မဆုံးခင်က ပေးခဲ့တဲ့ လက်ဝတ်လက်စားလည်း အပြည့်နဲ့ … ”

“ ပါပါ ဟာ ဘိလပ်မှာ ၁၃ နှစ် ကြာကြာ စာသင် ကြီးပြင်းခဲ့တာ ၊ အင်္ဂလိပ်လူမျိုး ကို မေတ္တာ မရှိပေမဲ့ သူတို့ ရဲ့ အနေအထိုင် တန်းမြင့်တာတော့ ကြိုက်ခဲ့တာ ”

“ ပါပါ့ အိမ်မျိုးဟာ မြန်မာပြည် မှာ ချမ်းသာ သူတိုင်း မနေရပါဘူး ၊ သမီးတို့ တော့ နေခဲ့ရတယ် ”

“ အနှစ် နှစ်ဆယ်ကျော်ကျော် ဟာ တစ်ခါမှ မခွဲခဲ့ဖူးပါဘူး ပါပါ ”

“ သမီးကြီး ကြွယ် ကတော့ ခုလည်း နေဆဲပဲ နွယ်… ”

“ သူ့ ယောက်ျား အိမ် က ပါပါ့ အိမ်ထက် တစ်ခု သာလို့ ပါပါ တောင် မခံချင် ဖြစ်ရသေးတယ်လေ ၊ ကြွယ့်အိမ် က ဆေးတံသောက်ခန်း သပ်သပ် ရှိတယ် ”

ဦးကျော်ဇော သည် အနည်းငယ် တုံ့သွားဆဲ ခင်စောနွယ် သည် သူ့ဧည့်ခန်းကလေး ၌ ဖုန်တင် မတင်ကို လက်နှင့် စမ်းကြည့်သည် ။

“ သမီး ကို ဒီလို အခန်းမြှောင်ကလေးထဲ လှောင်ထားဖို့ ခေါ်တဲ့ သမက်မျိုး ကို ပါပါ ဘယ်တော့မှ ခွင့် မလွှတ်ဘူး ”

“ အို … သမီး ကတော့ သူ့ ကို ဒီအတွက်ပဲ ကျေးဇူး တင်ပါသေးတယ် ”

ဦးကျော်ဇော သည် ခင်စောနွယ် ၏ အပြစ်ကင်းစွာ ပြုံးရယ်၍ သူ့ အိမ် သူ လှည့်ပတ် ကြည့်နေသော မျက်နှာကလေး ကို အံ့ဩစွာ ကြည့်၏ ။ သူကလေး သည် ခါတိုင်းထက် လှနေသည်  ထင်၏ ။ သူ့ မှာ စိတ်ဝင်စားစရာ ရှိနေသည့် အခါမျိုးမှာ သည်လိုပဲ ဖြစ်တတ်သည် ။ အိမ် မှာတော့ အနှစ် နှစ်ဆယ်အတွင်း ဓာတ်ပြားသစ်များ ဝယ်လာသည့်အခါ ၊ စန္ဒရား၌ သီချင်းဆန်း တီးကွက်ထွင်လို့ ရသည့်အခါများမှာ ၊ သူ သည်လို ဖြစ်တတ်၏ ။ ယခု ခင်စောနွယ် သည် မျက်နှာကလေး နီးမြန်းကာ နှုတ်ခမ်းများ ပွင့်လင်းကာ နှင်းဆီပန်း အစွမ်းကုန် ပွင့်သလို ရှိသည် ။

ဦးကျော်ဇော သည် ဘေးပတ်လည်သို့ ယောင်ယမ်း လှည့်ကြည့်သော် စိတ်ဝင်စားစရာ က မရှိ ။ ရရစားစားသမား တို့ နေတတ်သည့် အိမ်ကျဉ်းကလေးပဲ ၊ သပ်သပ်ရပ်ရပ် နွေးထွေးလျက် ရှိသည် ။

“ သမီး ကို ပါပါ နားမလည်ပါဘူးကွယ် ၊ တကယ့် အခြေအနေကြီး က ဒီလို နေရာကို ဆင်းချင်နေတာ ”

ခင်စောနွယ် သည် ပထမ ပြုံး၏ ။ ပြီးတော့ ယခုတလော တတ်လာသည့် မျက်စကလေး တစ်ဖက် ချီခြင်းကို ပြုသည် ။ ထို့နောက် ချိုးသံအုပ်အုပ်ကလေးဖြင့် -

“ ပါပါ ထားသလို ချမ်းချမ်းသာသာ နေရတာ ရိုးလှပါပြီ ပါပါ ၊ ဟောဒါမျိုးကမှ တစ်ခါမှ မနေဖူးသေးဘူး ၊ အသစ် မွေးလာသလိုပဲ ၊ အားလုံး အဆန်းချည်းပဲ ၊ သူ က အစပေါ့ ၊ သူ က ပါပါ့ လို အလို မလိုက်ဘူး ၊ ထမင်းချက်တာ အဝတ်လျှော်တာတွေ သင်ရဦးမှာ တဲ့ ပါပါ ရဲ့ ၊ ကြည့်စမ်း … ”

◾ကြည်အေး

📖 မြဝတီမဂ္ဂဇင်း
      ၁၉၅၆ ၊ ဇန်နဝါရီလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment