Saturday, January 15, 2022

ရင် မှာ ပိုက်ပါလို့


 

❝ ရင် မှာ ပိုက်ပါလို့ ❞

မိဆောင်း က တောသူ ဆိုပေမယ့် လည်ပါတယ် တော့ ။ လည်မှာပေါ့ ။ မိဆောင်း တို့ ရွာ က မန္တလေး - မတ္တရာ ရထားလမ်း ဘေးမှာ ရှိတယ် ။ တစ်နေ့ သုံးခေါက်နှုန်း ပြေးဆွဲနေတဲ့ ရထားကြီး ပေါ်မှာ နေ့တိုင်း မိဆောင်း ဈေးလိုက် ဝယ်နေကျ ကိုး ၊ မနက်ရထား နဲ့ မန္တလေး ကို ဈေးလိုက်ဝယ် ၊ နေ့ လယ်ရထား နဲ့ ပြန်လာ ။ ညနေ ရွာ ထဲ ဈေးလည်ရောင်း နဲ့ ၊ အမေ နဲ့ မောင်လေး ကို မိဆောင်း လုပ်ကျွေးနေတာ ။

မိဆောင်း လေးတန်း အောင်တော့ အဖေ ဆုံးသွားလို့ ကျောင်း ဆက် မတက်ရတာ ။ မိဆောင်း က စာ တော်တယ် တော့ ။ အတွက်အချက် လည်း သွက်တယ် ။

ကြည့်လေ ။

မန္တလေး က ဝယ်လာတဲ့ ကုန်စိမ်းကုန်ခြောက်တွေ ကို ရထားကြီးပေါ် မှာ တင် ရောင်းလိုက်သေးတယ် ။ လိုချင်သလောက်သာ ဝယ် ။ မိဆောင်း က ဖျတ်ခနဲ ဖျတ်ခနဲ ချိန်ပေးလိုက် ၊ ထုပ်ပိုးပေးလိုက် အမြတ် တွက်ကြည့်လိုက် နဲ့ အလုပ် ကို ဖြစ်လို့ ။

မိဆောင်း တို့ ရွာ က လယ် စိုက်ကြတော့ ရွယ်တူ မိန်းကလေးတွေ ဆိုရင် ကောက်စိုက် ၊ အမှိုက်ကောက် လိုက်ကြပေမယ့် မိဆောင်း ကတော့ ဈေးပဲ ရောင်းတယ် ။ မိဆောင်း တို့ မှာ တစ်ဧက မရှိ တရှိ လယ်ကွက်လေး တစ်ကွက် တော့ ရှိပါရဲ့ ။ အဲသည် လယ်ကွက်လောက်တော့ အမေ နဲ့ မိဆောင်း လုပ်နိုင်ပါတယ် ။ အမေ့ ရဲ့မောင် ကလည်း နည်းနည်းပါးပါးတော့ ဝိုင်းပေးပါတယ် ။ ဘာပဲဖြစ်ဖြစ် မိဆောင်း တို့ သားအမိ သုံးယောက် တော့ ချောင်ချောင် လည်လည် ရှိတာ အမှန်ပဲ ။

ရွာ ကျောင်းမှာ တက်နေတဲ့ မိဆောင်း ရဲ့မောင်လေး ညိုကြီး အတွက် လိုအပ်သမျှ စာအုပ် ၊ ခဲတံ အားလုံး မိဆောင်း ဝယ်ပေးနိုင်တယ် ။ မိဆောင်း ကိုယ်တိုင် စာတတ်ပေတတ်ကြီး မဖြစ်ပေမယ့် မောင်လေး ကိုတော့ ဘွဲ့ရတဲ့ အထိ ကျောင်းထားပေးဖို့ ရည်ရွယ်ထားတယ် ။ မိဆောင်း တို့ ရွာ ကို စာ လာ သင်ပေးတဲ့ မန္တလေး က ဆရာမလေး ကို မိဆောင်း သိပ် ချစ်တာ ၊ ဆရာမလေး က ရုပ်ချော သဘောကောင်းရုံတင် မကဘူး ၊ တစ်ရွာလုံး နဲ့ လည်း ခင်ခင်မင်မင် ရှိတယ် ။ ဆရာမလေး ကျောင်း လာတဲ့ အချိန် နဲ့ မိဆောင်း ဈေး သွားတဲ့ အချိန် နေ့ တိုင်း လမ်းမှာ ဆုံတွေ့နေကျပါ ။

“ မဆောင်း ၊ ညိုကြီး ညည စာ ကျက်ရဲ့လား ”

“ ဟုတ်ကဲ့ ၊ ကျက်ပါတယ် ဆရာမ ၊ ကျွန်မ က အလီတွေ သင်ပေးတာ ”

“ ဟုတ်လား ၊ မဆောင်း က သိပ် တော်တာပဲ ။ ကျောင်း မှာ လာ လုပ်အား ပေးပါဦး ”

အဲသလို ဆရာမလေး က ပြောလိုက်ရင် မိဆောင်း သိပ် သဘောကျတာ ။ တစ်ခါတလေ မောင်လေး ကို စာချပေးရင်း ကိုယ့်ကိုယ် ကိုယ် ဆရာမ တစ်ယောက်လို စိတ်ကူးယဉ် ကြည့်ရတာလည်း အမောသား ။

ညိုကြီး ကို တင် မကပါဘူး ။ ရွာ ထဲက ကလေးတွေ ကို ညတိုင်း စာ ချပေးတာ ။ ညတိုင်း ဆိုပေမယ့်လည်း မိဆောင်း မှာ ဖယောင်းတိုင် ဖိုး မရှိရင်တော့ မိဆောင်း ရဲ့ ညကျောင်း လေး ပိတ်ထားရတာပေါ့ ။ မိဆောင်း တို့ ရွာမှာသာ မြို့ကြီးတွေ လိုလျှပ်စစ်မီးတွေ ရှိရင် ကောင်းမှာပဲလို့ တွေးမိပေမယ့် မိဆောင်း ဈေးဝယ် သွားတိုင်း မီးမလာလို့ ညည်းညူတတ်တဲ့ မန္တလေး က လူတွေ ရဲ့ အသံကို ကြား ကြားနေရတော့ ။

“ အင်း - မရှိတော့ မညည်းရတော့ဘူး ”

လို့ ထင်မိပြန်ရော ။ ဘာပဲဖြစ်ဖြစ် မိဆောင်းဘဝလေးကို မိဆောင်း ပျော်ရွှင်မိပါတယ် ။

°°°°°   °°°°°   °°°°°

“ အမေ ဘာဖြစ်လို့ လဲ ၊ နေမကောင်းဘူးလား ”

သည်နေ့ မိဆောင်း မန္တလေး က ပြန်လာတော့ ခါတိုင်းလို မဟုတ်ဘဲ အိပ်ရာထဲ ခွေနေတဲ့ အမေ့ ကို တွေ့ရတယ် ။

“ အေး - မိဆောင်း ဒီမှာ ကြည့်စမ်း ၊ ငါ့ ရင်ဘတ်တွေ နာ နေလို့ ”

အမေ က သူ့ ချွေးခံအင်္ကျီလေး ကို လှန်ပြီး မိဆောင်း ကို ပြတယ် ။ မိဆောင်း စမ်းကြည့်လိုက်တော့ အမေ့ ရဲ့ ညာဘက် ရင်မှာ အကျိတ်ကြီး ကို တွေ့ရတယ် ။ အကျိတ် ဘေးက အရေပြားလေးတွေလည်း ခပ်ရှုံ့ရှုံ့ ဖြစ်နေတယ် ။

“ ဟင် - အမေ အကျိတ်ကြီးပါလား တော့ ”

“ အေး - ဟုတ်တယ် ၊ အဲဒီ အကျိတ် က နာနေလို့ ”

“ အမေ ညကျရင် ဆရာလေး ကို သွား ပြကြည့်ရအောင် လေ ”

မိဆောင်း တို့ ရွာ မှာ တိရစ္ဆာန်ဆေးကုနေတဲ့ ဆရာလေး ရှိတယ် ။ မိဆောင်း တို့ မှာ လူ ကုတဲ့ ဆရာဝန် မရှိတော့ ရွာ က လူတွေ ဘာပဲဖြစ်ဖြစ် အဲဒီ ဆရာလေး ကိုပဲ ပြ ကြည့်ရတယ် ။

“ အို - နေပါစေ အေ ၊ ဒီလိုပါပဲ ၊ တစ်ခါတစ်ရံမှပါ ၊ ပြီးတော့ ပျောက်သွားတာပါပဲ ”

အမေ က သည်လိုညပြောတော့ မိဆောင်းလည်း ခပ်ပေါ့ပေါ့ နေလိုက်မိတယ် ။ ရက်တစ်ပတ်လောက် ကြာတော့ အမေ့ ရင်ဘတ် က အနာကြီး လို ကွဲအက်လာတယ် ။ အမေ လည်း အော်နေရတယ် ။ မိဆောင်း လည်း ဈေး မသွားနိုင်တော့ဘူး ၊ အမေ့ ရင်ဘတ်ကို မန်းဆေး ကြိတ် လိမ်းပေးလိုက် ၊ ထမင်း ချက်လိုက် နဲ့ အလုပ်များနေတော့တာပေါ့ ။

“ မဆောင်း ၊ ဒေါ်ဒေါ် နေမကောင်းလို့ ဆို ”

“ ဪ - ဆရာမလေး ပါလား ၊ လာပါရှင့် ”

ဆရာမလေး ထိုင်ဖို့ သင်ဖြူးဖျာ ကို ကတိုက်ကရိုက် ခင်းပေးလိုက်တယ် ။ အမေက အိပ်ရာထဲ လှဲနေရာက ဆရာမလေး ရဲ့အသံကြားလို့ ထ,လာတယ် ။

“ ဘာဖြစ်တာလဲ ဒေါ်ဒေါ် ၊ မဆောင်း ဈေးလာတာ မတွေ့လို့ ညိုကြီး ကို မေးကြည့်တော့မှ ဒေါ်ဒေါ် နေမကောင်းမှန်း သိတာ ”

အမေ က ပါးစပ်က မပြောဘဲ အင်္ကျီ ကို လှန်ပြလိုက်တယ် ။

“ အို အနာကြီးဖြစ်နေတာပါလား ။ ဘာတွေ လိမ်းထားတာလဲ ။ ကျွန်မ ကိုင် ကြည့်မယ် နော် ”

ဆရာမလေး က အမေ့ ရင်ဘတ် ကို နှိပ်ကြည့်ရင်း မျက်နှာ ပျက်သွားတယ် ။

“ ဒီလို ပေါ့ပေါ့နေလို့ မဖြစ်ဘူး ဒေါ်ဒေါ် ၊ ဆေးရုံ ကို သွားပြပါ ”

“ အို - ကျွန်မ က ဒီ မန်းဆေး နဲ့ တည့်ပါတယ် ဆရာမ ရယ် ။ ဆေးရုံ ကို သွား မပြချင်ပါဘူး ”

“ မကြောက်ပါနဲ့ ဒေါ်ဒေါ် ရယ် ၊ ဆေးရုံ မပြရင် အမြစ် တွယ် ပြီး ဒုက္ခရောက်သွားနိုင်တယ် ။ ခုတောင် ခွဲ ထုတ်ရမယ် ထင်တယ် ”

ဆရာမလေး က ခွဲထုတ်ရမယ်လို့ ပြောတော့ အမေ မျက်လုံး ပြူးသွားတယ် ။ မိဆောင်း တို့ ရွာက လူတွေ ဟာ ဆေးရုံ သိပ်ကြောက်ကြတာ ၊ ခွဲစိတ်ခံဖို့ ဆိုတာ ဝေလာ ဝေးရော ။

မိဆောင်း ဆို ဟိုတစ်နေ့ က အနောက်ရွာ ကို ဈေးသွား ရောင်းရင်း လယ်ထဲမှာ ငုတ် ထိုးမိတာ ဆေး ထိုးရမှာ ကြောက်လို့ ကိုယ့်ဘာသာ သွေးဆေးတွေ သိပ်လိုက်တာ ပျောက်ရောပဲ ။

ဆရာမလေး က ပြန်သွားတဲ့ အထိ ဆေးရုံ ကို သွား ပြဖို့ တတွတ်တွတ် မှာသွားတယ် ။

°°°°°   °°°°°   °°°°°

ဆရာမလေး ရဲ့ တိုက်တွန်းချက်နဲ့ ဘဒွေး က ဦးဆောင်ပြီး မိဆောင်း တို့ မန္တလေးဆေးရုံကြီး ကို လာခဲ့ကြတယ် ။ အမေ့ ကို ဆေးရုံ တင်ရမယ် ဆိုလို့ ဆေးရုံ တင်လိုက်ကြတယ်။ မိဆောင်း ပဲ ပင်ပန်းတာပါပဲ ။ နေ့ ရော ညရော ဆေးရုံ မှာပဲ နေရတယ်။

အမေ့ ရောဂါ က ရင်သားကင်ဆာ တဲ့။

ဆရာဝန်ကြီး က စမ်းသပ်ပြီးတော့ အမေ့ ကို ခွဲရမယ်တဲ့ ။ အမေ ငို လိုက်ပုံများ ပြော မပြောချင်တော့ဘူး ။ ဆေးရုံ က ဆရာမ အနီလေးတွေ ငေါက်လိုက်မှပဲ တိတ်သွားတော့တယ် ။ ဒါတောင် ကြောက်ကြောက် နဲ့ ကျိတ် ရှိုက်နေသေးတာ ။

အမေ ကျိတ် ရှိုက်နေသလို မိဆောင်း လည်း ကျိတ် မောနေရတယ် ။ အမေ့ ကို ခွဲစိတ်မယ် ဆိုရင် ငွေ လိုမယ်လေ ။ အဲသည် ငွေ ကို မိဆောင်း ဘယ်မှာ ရှာရပါ့မလဲ ။ တစ်ကွက်တည်းသော လယ် ကို ပေါင် လိုက်ဖို့ ပဲ ရှိတယ်လေ ။လူ မသေ ငွေ မရှား တဲ့ ။ အမေ နေကောင်းလို့ ရှိရင် သည် လယ်ကွက် ရွေးနိုင်ဖို့ မိဆောင်း ရှာရတော့မှာပေါ့ ။ ရွာ ကို ပြန်ပြီး မိဆောင်း တို့ လယ် ကို ပေါင်လိုက်တယ် ။

ဆေးရုံပေါ်မှာ အမေ့ လို ခွဲစိတ်ရမယ့် ရောဂါသည်တွေ အများကြီးပါ ။ ကြောက်ရွံ့ထိတ်လန့်နေ တဲ့ အမေ့ ကို အားပေးရင်း မိဆောင်း အားငယ်လိုက်တာ ။

အမေ့ ကို ခွဲစိတ်တဲ့ နေ့ က ဆရာမလေး ရောက်လာလို့ မိဆောင်း ဝမ်းသာမိတယ် ။ ဆရာမလေး က မိဆောင်းကို အားပေးရင်း အမေ ခွဲစိတ်ခန်း က ထွက်လာတဲ့ အထိ စောင့်ပေး ကူညီတယ် ။ ခွဲစိတ်တယ် လို့ သာ ဆိုတာပါ ။ တကယ်တမ်း ကျတော့ အမေ့ ရဲ့ ညာဘက် ရင်သား တစ်ခုလုံး ဖြုတ်ထုတ် ပစ်လိုက်တာပါပဲ ။

အမေ့ ကို ခွဲစိတ်ပြီး ဓာတ်ရောင်ခြည် ကင်ရဦးမှာ တဲ့ ။ မိဆောင်း တော့ ဘာမှ နား မလည်ပါဘူး ။ မိဆောင်း နားလည်တာက မိဆောင်း တို့ မောင်နှမ စို့ ခဲ့ကြတဲ့ အမေ့ ရဲ့နို့ တစ်ဘက် မရှိတော့ဘူး ဆိုတာပါပဲ ။

အမေ့ အတွက် မိဆောင်း ငွေ ထပ် ရှာရဦးမယ်လေ ။ ဓာတ်ရောင်ခြည် ကင်တာ ဘယ်လောက် ကုန်ကျမယ် မိဆောင်း မသိပါဘူး ။ သည်တော့ ရွာ ကို မိဆောင်း ခဏပြန်ခဲ့တယ် ။ လယ်ကလေး ပေါင်နှံကြေး ထပ်တောင်းဖို့ပေါ့ ။

“ ညည်းတို့ လယ်က အပြတ်ရောင်းတောင် ဒီလောက်မပေးနိုင်ဘူး ။ ဒါပေမဲ့ တစ်ရွာတည်းသားချင်း ကူညီတဲ့အနေနဲ့ ညည်း တောင်းတဲ့ ငွေနဲ့ ငါ့ ကို အပြတ်သာ ရောင်းလိုက်တော့ ”

ဒေါ်သိန်းခင် ရဲ့စကား က မိဆောင်း ရင်ဝ ကို ဆီးတွန်းလိုက်သလိုပါပဲ ။ မိဆောင်း တို့ လယ် က တစ်နှစ် ကို နှစ်သီးစား လယ် ပါ တော့ ။ အဲသလောက်ထက် မကတဲ့ ဈေး ရတောင် မိဆောင်း မရောင်း ပေါင် ၊ သည်လယ်ကလေး က အဖေ့ ရဲ့ အမွေ ။ အမေ သိရင် မိဆောင်း သေအောင် အရိုက် ခံရမှာ ။ မောင်လေး အရွယ် ရောက်တဲ့ အထိ မလှူနိုင်ခဲ့ရင် သည် လယ် ကို ရောင်းပြီး လှူ ဖြစ်အောင်ကို လှူမယ် လို့ ပြောထားတာ ။

မိဆောင်း ဘဒွေး နဲ့ တိုင်ပင်ရတယ် ။ ဘဒွေးတို့ ကလည်း ချောင်လည်ရှာတာ မဟုတ်ဘူး ။ မိသားစု များရတဲ့ အထဲ ကိုယ်ပိုင်လယ် မရှိတော့ ဘဒွေး ကိုယ်တိုင်က သူများ အိမ်မှာ လူငှား နေရတာ ။

“ ဒီလိုလုပ်ဟာ မိဆောင်း တို့ လယ်ရှင် ကိုထွန်းမောင် ကို ပြောင်းပြီး ပေါင်ရအောင်လား ၊ ဒီ မိန်းမကြီး က သိပ် စီးတာဟ ၊ ကိုထွန်းမောင် ကတော့ သဘော ကောင်းပါတယ် ”

တော်သေးတယ် ၊ ဘကြီးထွန်းမောင် က ပြောင်းပြီး အပေါင်ခံလို့  ၊ နောက်ထပ် ငွေ ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အမေ့ ဆီ ကို မိဆောင်း ပြန်ခဲ့တယ် ။

°°°°°   °°°°°   °°°°°

အမေ က မိဆောင်း ကို စိတ်ဆိုးနေတာ ။ သူ့ကိုပစ်ပြီး ရွာပြန်လို့ ပေါ့လေ ။ မိဆောင်း ဘာတွေ လုပ်နေရတယ်ဆိုတာ အမေ မသိရှာဘဲကိုး ။

“ အမေကလည်း ၊ ကျုပ် ဖျားနေလို့ပါ တော့ ”

အဲသလို မိဆောင်း က လိမ် ပြောလိုက်တော့ အမေ စိတ်ပူပြီး

“ ခုတော့ သက်သာသွားပြီလား ”

ဆိုပြီး မိဆောင်း နဖူးကို လက် နဲ့ စမ်းတယ် ။ မိဆောင်း မျက်ရည်တွေတောင် စို့ တက်လာမိတယ် ။

“ သက်သာပါတယ် အမေ ၊ အမေ ရော ဘယ်လို နေလဲဟင် ”

“ နာတော့ နာတာပေါ့ အေ ၊ ငါ့ သားလေးရော မခေါ်ခဲ့ဘူးလား ”

“ စာမေးပွဲ နီးနေလို့ ကျောင်းပျက်မှာ စိုးလို့ အမေ ရဲ့ ”

“ အေး - အေး ၊ ငါ့ သား က စာ သိပ် ကြိုးစားတာ အေ့ ”

သားအမိချင်းတောင် အမေ က သူ့ သားအကြောင်း ကြွားနေသေးတယ် ။ အမေ က ကွယ်ရာမှာ မိဆောင်း အကြောင်းလည်း ကြွားတာပါပဲလေ ။ မိဆောင်း ဈေးရောင်းလည် တဲ့ အကြောင်း ၊ ညည ကလေးတွေကို စာ ပြပေးတဲ့ အကြောင်း ၊ အင်း …ဘာလိုလိုနဲ့ မိဆောင်း လည်း ဈေးရောင်း ပျက်တာ တစ်လ နီးပါး ရှိနေပြီ ။

အမေ့ ခြေထောက်ကလေးတွေ ကို ဆုပ်နယ်ပေးရင်း ပိန်ကျသွားတဲ့ အမေ့ မျက်နှာကို ကြည့်ပြီး မိဆောင်း ငိုချင်လာတယ် ။ အမေ များ သေသွားခဲ့ရင် ဆိုတဲ့ အတွေး နဲ့ အတူ မိဆောင်း ရဲ့ မျက်ရည်တစ်စက် က အမေ့ ပေါ် ကျသွားတော့တယ် ။ အမေ က မျက်လုံး ဖွင့်ကြည့်ပြီး

“ မိဆောင်း ညည်း ဘာလို့ ငိုနေတာတုံး ၊ ငါ သေမှာ မို့လား ”

အမေ က စိတ်တိုတို နဲ့ အော်တော့ မိဆောင်း မျက်ရည်တွေ ကဗျာကယာ သုတ်ရင်း

“ အို အမေ ကလည်း နိမိတ်မရှိ ပြောရော့မယ် ။ ကျုပ် က အမေ နာနေမှာ ကို တွေးပြီး သနားလို့ ပါ တော့ ”

အမေ့ ရင်ဘတ် ကို မကြည့်မိအောင် မျက်နှာလွဲ နေလိုက်ရတယ် ။

“ အစ်မ ငါ့ ဖို့ စာအုပ် ဝယ်ပေးဦး ၊ ရေးစရာ မရှိတော့ဘူး ”

ညိုကြီး အသံကို နားထဲ ကြားလာမိပြန်တယ် ။ ခါတိုင်းဆိုရင် မပူဆာခင်က ဝယ်ပေးချင်နေတဲ့ မိဆောင်း စိတ်မကောင်း ဖြစ်ရတယ် ။ ခုတော့ မိဆောင်း မှာ နားကပ်လေးတောင် မရှိတော့ဘူး ။ ဈေးရင်း ငွေလည်း ပြုတ်ပြီ ။ မိဆောင်း ဘာ ဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး ။

“ မိဆောင်း ရယ် ၊ ငါ့ တင်ပါးတွေလည်း နာလှပြီ ။ ဆေးတွေလည်း မသောက်ချင်တော့ဘူး ၊ ပျို့အန်ထွက်ကုန်ပြီ ။ တော်ပြီအေ ၊ ငါ ရွာပြန်မယ် ။ ရွာ ကျမှ ဆရာလေး နဲ့ ဆေးထိုးတော့မယ် ”

“ ဘယ်ဖြစ်မလဲ အမေရယ် ။ ဆရာဝန်ကြီးက ဆင်းခွင့်မှ မပေးသေးတာ ”

“ အိုအေ - ညည်း မရှည်ပါနဲ့ ၊ ငါ ဒီဆေးရုံကြီးပေါ်မှာ မနေချင်တော့ဘူး ”

ညစဉ်ညတိုင်း ကျိတ်ကျိတ် ငိုနေရှာတဲ့ အမေ့ ကို မိဆောင်း မကြည့်ရက်တော့ဘူး ၊ သားအမိနှစ်ယောက် ဆေးရုံ ကနေ ဆင်းပြေးလာခဲ့ကြတယ် ။

ရွာ ကို ရောက်တော့ အမေ စိတ်ပျော်တယ်ထင်ပါရဲ့  ။ ထမင်းတွေလည်း စားတယ် ၊ ဟိုဘက် အိမ် သည်ဘက် အိမ် တောင် လည်လိုက်သေး ။ သည်တော့လည်း မိဆောင်း စိတ်တွေ ရွှင်လန်းလာမိတယ် ။

“ အမေ နေကောင်းရင် ညည်းနားကပ်လေး အစား ပြန်လုပ်ပေးမှာပါ ”

“ အမေ ကလည်း တော် ၊ အမေ့ ရောဂါသာ သက်သာပါစေ ၊ ကျုပ် ဈေးတောင်း နှစ်ဆ ရွက် ရောင်းလိုက်ရုံပါပဲ တော် ”

ဒါပေမဲ့ မိဆောင်း တို့ ကံ ခေပါတယ် ။ အမေ့ ရင်ဘတ် က ပြန် နာလာလို့ ဆေးရုံ ကို ထပ်ပြရတယ် ။ ဆရာဝန်ကြီး က ဆို ဆူလိုက်တာ အရမ်းပါပဲ ။ မိဆောင်း လေ အမေ့ အတွက် နောက်ဆုံး လက်နက် သုံးရတော့တယ် ။ အမေ ဆူချင်လည်း ဆူပေတော့ ။ လယ်ကွက်လေး ကို အပြတ် ရောင်းပစ်လိုက်တယ် ။

ဆရာဝန်ကြီး က စမ်းသပ်ပြီး အမေ့ ကို အားပြန် ဖြည့်လိုက်ပါဦး ဆိုလို့ မိဆောင်း တို့ ရွာ ကို ပြန်ခဲ့ရတယ် ။ ရွာ ကို ရောက်တော့ အမေ့ ဗိုက်ကြီး တဖြည်းဖြည်း နဲ့ ဖောင်းပြီး ရောင်လာတယ် ။ စဉ်းအိုးကြီး တစ်လုံး လို ဝိုင်းပြီး ပြောင်ဝင်းနေတာပဲ ။

မိဆောင်း လည်း အမေ့ ကို ရွာ က ဆရာလေး နဲ့ ဆေးထိုးတာပေါ့ ။ ဒါပေမဲ့ ဆရာလေး က ထိုး မပေးချင်တော့ဘူး တဲ့ ။ မိဆောင်း က -

“ ဒီမယ် ဆရာလေး ၊ ဆေးဖိုးငွေတွေ အကြွေး မှတ်ထားတာကို ပြန် မဆပ်နိုင်ဘူး ထင်လို့ လား ၊ ကျုပ် ဆရာလေးတို့ အိမ် မှာ ကျွန်ခံ ဆပ်ပါ့မယ် တော် ”

မိဆောင်း က ရန်ထောင်တော့ ဆရာလေး က ဘာမှ မပြောဘဲ ပြန်သွားတယ် ။ မိဆောင်း လည်း သိပ် စိတ်တိုသွားတာပေါ့ ။ ဆရာလေး တင် မကပါဘူး ၊ တောင်ပိုင်း က ကုန်စုံဆိုင်ရှင် ကြီးသန်းမေ ကလည်း မိဆောင်း ကြွေးယူရင် မပေးချင်တော့ဘူး ။ ကိုယ့် ဆွေမျိုးတွေ ကရော ဘာ ထူးသေးလဲ ။

မိဆောင်း ငွေချေးရင် မယုံတာ လိုလို ဘာလိုလို နဲ့ မိဆောင်း မိန်းကလေး ပေမယ့် အဲသည်လောက် ကြွေးတော့ မကြောက်ဘူး ။ ပစ္စည်းဥစ္စာ ဆိုတာ လူ က ရှာတာပါ ။ မိဆောင်း လူ ပါတော့ လူ ပါ ။ ဒေါင်းသန်မောင်းသန် မိဆောင်း ပါ ။ အခု အမေ နေကောင်းကြည့် အခု ငွေရအောင် မိဆောင်း ရှာနိုင်တယ် ။

မိဆောင်း ရင်ထဲ မခံချင် စိတ်တွေဟာ တစ်ကိုယ်လုံး ကို စိမ့် တက်လာတယ် ။ အံ ကို တင်းတင်း ကြိတ် ၊ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘဒွေး တို့ အိမ်ဘက် ပြေးထွက်ခဲ့တယ် ။

°°°°°   °°°°°   °°°°°

ဘဒွေး တို့ အိမ်ဘက် ရောက်တော့ မိဆောင်း အော် အော် ငို ပစ်လိုက်တယ် ။

“ ဒီမှာ … ကျုပ် ကို အထင် မသေးကြပါနဲ့ ၊ အမေ နေကောင်းလာရင် ယူထားသမျှ ကြွေးတွေကို ကျုပ် အကုန် ဆပ်နိုင်ပါတယ် ။ မိဆောင်း တဲ့ ၊ လူသာ အသေခံမယ် နာမည် ကို အသေ မခံဘူးတော့ သိကြရဲ့လား ၊ အီး ..  အီး ”

မိဆောင်း အသံက တစ်ရွာလုံး ကို ပွက်လောရိုက်သွားတယ် ။ ဘဒွေး က ပြောင်းဖူးဖက်လိပ်ကြီး သောက်ရင်းနဲ့ မိဆောင်း ကို လှည့်လှည့် ငေါက်တယ် ။ မိဆောင်း ကလည်း မရပ်ဘူး ။ အတင်း အော်အော် ငိုတယ် ။

“ ကျုပ် မှာ ခြေ နဲ့ လက် နဲ့ သိလား ၊ ကျုပ်ကိုယ် ကျုပ် ခိုင်းစားလို့ ရတယ် ။ ဘယ်သူ့ပစ္စည်း ကိုမှ အလကား မယူပါဘူး တော့ အီး ... အီး ”

ဘဒွေး က စိတ်တိုတို နဲ့ မိဆောင်း ကို

“ ဟဲ့ မိဆောင်း ၊ ဆရာလေး က စေတနာ နဲ့ ဆေး ထိုးမပေးတော့တာ ၊ နင့် အမေ ရောဂါ က ကုလို့ မရတော့ဘူး သိလား ”

အို … ဘုရား ဘုရား ၊ အမေ့ ရောဂါ က ကုလို့ မရတော့ဘူး တဲ့ ။ ဒါကြောင့် ဆရာဝန်ကြီးက ပြန် လွှတ်လိုက်တာ ကိုး ။ ကျွေးချင်ရာ ကျွေးတော့ လို့ ပြောခဲ့တာကိုး ၊ စောစောက မိဆောင်း ရဲ့ မခံချင် စိတ်တွေ ၊ မာနတွေ ဘယ် ရောက်ကုန်မှန်း မသိတော့ပါဘူး ၊ မိဆောင်း လည်း အိမ် ကို အားသွန် ပြေးခဲ့တယ် ။

" အမေ အမေ ”

အိပ်ရာပေါ် မှာ ဗိုက်ကြီး အဖောင်းသား နဲ့အိပ်နေတဲ့ အမေ့ ကို မိဆောင်း လှုပ်လှုပ် ခေါ်လိုက်တော့ အမေ လန့် နိုးလာတယ် ။

“ ဘာလဲ သမီး ၊ ဘာလဲ အမေ လန့်လိုက်တာကွယ် ”

အမေ က မရှိတော့တဲ့ ရင်ဘတ်ကလေးကိုလက် နဲ့ ဖိထားရင်း မိဆောင်း ကို မော့ ကြည့်တယ် ။ အမေ့ ရဲ့မျက်လုံးတွေကလည်း အရောင် မတောက်တော့ဘဲ မွဲပြာ နေတယ် ။ ဆေးရုံပေါ်တုန်း က မိဆောင်း ငိုတော့ အမေ က -

“ မိဆောင်း ၊ ညည်း ဘာလို့ ငိုတာတုံး ငါ သေမှာမို့လား ”

ဆိုတဲ့ စကားကို ပြန် သတိရပြီး မိဆောင်း ပါးစပ် ကို လက်ဝါး နဲ့ အုပ် မျက်ရည် ကို သုတ်ပြီး -

“ ဘာမှ မဖြစ်ပါဘူး အမေ ၊ ဘာ စားဦးမှာလဲလို့ မေး မလို့ပါ ”

မိဆောင်း ရဲ့ အညာ စကား ကို သိသလိုနဲ့ အမေ ပြုံးပြီး လက်ခါပြတယ် ။ ပြီးတော့ မျက်စိ ပြန် မှိတ်သွားတယ် ။ အမေ က လက်ကလေး ကိုတော့ ရင်ဘတ် ပေါ် တင်လျက်သား ။

အမေ ရယ် - အမေ့ ရင်ဘတ်မှာ အကျိတ်ကလေး စ ထွက်ကတည်းက ကင်ဆာ မှန်း သိခဲ့ရင် အကောင်းသား ။ ခုတော့ ကင်ဆာ က အမေ့ ကိုယ်တွင်းမှာ အမြစ် တွယ်နေပြီတဲ့ ။ အမေ့ အသည်းတွေ နှလုံးတွေ ကို  တွယ်ကုပ်ပြီး အမေ့ အသက် ကို ထုတ်ပစ် ကြတော့မယ် ။ လည်ပါတယ် ဆိုတဲ့ တောသူမ မိဆောင်း အမေ့ ရောဂါ အကြောင်းကိုတော့ မသိ နားမလည် ခဲ့ပါဘူး ။

မိဆောင်း နေ့ တိုင်း စီးနေတဲ့ ရထားကြီးပေါ်က လူတွေ က သူတို့ ရဲ့ စားဝတ်နေရေးအကြောင်း ရုန်းကန်လှုပ်ရှားမှုတွေ အကြောင်းသာ ပြောကြတာ  ။

လူတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ရောဂါလက္ခဏာတွေ အကြောင်း ပြောကြတာ မဟုတ်ဘူး ။

မိဆောင်း တို့ ရွာ က လူတွေက စပါးတွေ ပျိုးကြဲဖို့ ပျိုးနုတ် ကောက်စိုက်ဖို့ လောက်သာ သိတာ ။

အမေ့ ရောဂါအကြောင်း သိတာ မဟုတ်ဘူး ၊ ရွာ က ဆရာလေး က နွားတွေ ရဲ့ ရောဂါ ကိုသာ ကု တတ်တာ ။

အမေ့ ရဲ့ ကင်ဆာရောဂါ ကို ကုတတ်တာ မဟုတ်ဘူး ။

မိဆောင်း တို့ ပိုင် လယ်တစ်ကွက် က အဖေ့ ရဲ့အမွေ လို့ လက်ညှိုးထိုး ပြနိုင်ရုံသာ ရှိတာ ။

အမေ့ ရောဂါ ကို လုံလောက် တဲ့ ဆေးဝါး ရှာပေးနိုင်တာ မဟုတ်ဘူး ။

မိဆောင်း နားလည် မိတာ အဲသလောက် ပါပဲ အမေ ရယ် ။ ဒီလောက်ပဲ သိတဲ့ မိဆောင်း မှာ အပြစ် ရှိသလား အမေရယ် ။

အမေ့ ကို ကြည့်ရင်းက အမေ ဆိုနေကျသီချင်းလေး ကို မိဆောင်း သတိရမိတယ် ။

“ ဗောဓိရွှေကျောင်း ” တဲ့ ။

“ ရွှေစာ ကို အမေ ပိုက်ပါလို့ x x x လိုက်ပါရစေကွဲ့ မောင်လှ ရယ် ...  ” တဲ့ ။

အမေ ... အမေ ... ။ အမေ အဲဒီ သီချင်း ဆိုနေသလား ၊ အမေ့ နှုတ်ခမ်းတွေ တလှုပ်လှုပ် နဲ့ သီချင်း ဆိုနေတာလား ။

“ အမေ ရယ် ၊ အမေ မရှိလည်း မောင်လေး ညိုကြီး ကို ကျုပ် လှူ ဖြစ်အောင် လှူမှာပါ တော့ ၊ မောင်လေး နောက်က နေပြီး လိုက်ပါရစေ လို့ ဆိုနေဦးမှာလား ”

မိဆောင်း မျက်စိထဲမှာ မောင်ရှင်‌လောင်း ပစ္စည်းတွေ ရွက်လို့ ၊ သင်္ကန်းပန်း တွေ ပွေ့ထားတဲ့ အလှူ့အစ်မကြီး အမေ့ ကို မြင်ယောင်လာမိတယ် ။

ဒါပေမဲ့ အမေ တကယ် ပိုက်ထားရတာက ကင်ဆာရောဂါ ကိုပါ ။ သေခြင်းတရား က ဆင်းရဲတဲ့ လူတွေ ဆီကို အရင် လာတတ်ထင်ပါရဲ့ တော် ။

◾ ခင်ခင်ထူး

📖 ပန်း‌ဝေသီ မဂ္ဂဇင်း
      ၁၉၉၆ ခုနှစ် ၊ မေလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment