❝ အကြင် ❞
“ ငါ့ အဝတ်အစားတွေ ကို လျှော်ရင် သေသေချာချာ လျှော် နော အကြင် ၊ ဘရပ်ရှ်ကြီး နဲ့ ဖိတိုက် မပစ်နဲ့ ။ လက် နဲ့ သာသာလေး ဖွပ်လျှော် ”
“ ဟုတ်ကဲ့ပါ ”
အကြင် က ခေါင်းကို ညင်သာစွာ ညိတ်ဆိုသော်ငြားလည်း ခေါင်း က ညွတ်ကျ မသွားဘဲ မျက်လုံး အစုံက “ မမ ” ထံမှာ ဝဲ၍ နေသည် ။
မမ က အိမ်ထောင်သည် သာ ဖြစ်သည် ။ ကလေး တစ်ယောက် အမေ သာ ဖြစ်သည် ။ အကြင့် ထက် ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ် က လှပလေသည် ။
ထို လှပသော ကိုယ်လုံးထက်မှာ ဝတ်ဆင်သော အဝတ်အစားဖိုး ကလည်း တစ်ထောင် နား ကပ်နေသည် ဆိုတော့ အကြင့် မျက်လုံးလေး ဝိုင်းဝိုင်းလည် သွားလေသည် ။
“ ဒီ ဇာ က ငါးရာ့ငါးဆယ် တောင် ပေးရတာနော် အကြင် ၊ လျှော်လည်း ဂရုစိုက် ၊ လှန်းလည်း ဂရုစိုက် ၊ အဝတ်လှန်း ထားတုန်း ရုပ်သွားမှ ဟုတ်ပေ့ ဖြစ်နေမယ် ။ ခု တစ်လော ပလတ်စတစ် ကောက် တဲ့ ကောင်လေးတွေ ဒီနားမှာ ပို များလာတယ် ”
ဆိုတော့ ပိုပိုသာသာ ပြောတာ ဖြစ်မှာပါဟု အကြင် ထင်မှတ်ကာ မဲ့မဲ့လေးပင် ပြုံး မိသေးတော့ ။
ဟုတ်တယ်လေ ...
အကြင် ဝတ်ထားတဲ့ ဝိုင် စ လေးဆို ဘာပေးရလို့တုန်း ။ အင်္ကျီ တစ်ထည် ဖြစ်ဖို့ ငါးရာတစ်ထောင် ပေးမှဆိုတာ ဒီ အိမ် ရောက်မှ အကြင် ကြားဖူးတာပါ ။
မမ က ဂရုစိုက် ဆိုကာမှ အကြင် က အင်္ကျီအထည်ဆန်းကလေး အပေါ် အာရုံ ပိုရောက်သွား၏ ။
လက်ထဲ မှာ ဆုပ်ကိုင်မိသော ဇာ အစက နူးနူးညံ့ညံ့လေး ရှိ၏ ။ မမ ဝတ်သော အဝတ်အထည်များ က အကြင် တို့ ဝတ်သည့် ပုံရိုးများ မဟုတ်ဘဲ ခေတ်မီပုံဆန်းဖြစ်ခြင်းကြောင့် မမ ဝတ် လိုက်လျှင် ဘာဝတ်ဝတ် လှ၍ နေသည် ။
မမ ကိုယ်တိုင် ကိုကလည်း လှတာပဲလေ ဟု ဖြည့်စွက် တွေးမိသောအခါ မျက်စိ ကညိုမည်းသော လက်မောင်းသား ကို ဖျတ်ခနဲ ကြည့်မိလေသည် ။
ကြည့် ...
ဘဝ ကုသိုလ်ကံ ကို က ဒီလောက်ထိ ဆိုးတာ ။
ဆင်းရဲတာ ၊ ချမ်းသာတာ ကံ ကံ၏ အကြောင်းတရားမို့ ထားပါတော့ ။
အကြင် ၏ ရုပ် က မမ ၏ ရုပ် နှင့် တစ်ခြားစီ ။
မမ လှသလောက် အကြင် အရုပ် ဆိုးတာကရော ကံတရားပဲတဲ့လား ။
ကံတရားနဲ့နော် မျက်နှာ လိုက် လိုက်တာ ။
ဟို တစ်ယောက်က ချမ်းသာနေပြီပဲ ။ တိုက်နဲ့ ကား နဲ့ ဗီဒီယိုစက်တွေ နဲ့ ။
ဒီကြားထဲက မျက်နှာကျကလေး လှပနေတာ ၊ အသားအရေ ဝင်းစိုအိညက်နေတာ ကျတော့ မျက်နှာ လိုက်လွန်း အားကြီးပြီ ထင်ပါရဲ့ ။ ကုသိုလ်ကံ ဆိုတာ စုပြုံ ကောင်း မနေဘူး ၊ တစ်ဖက် ဖက်မှာတော့ ချွတ်ယွင်းချက် ၊ အားနည်းချက် ဆိုတာ ရှိတယ်တဲ့ ။
မမ ကျတော့ ကောင်းလိုက်တဲ့ ကံ ။
ယူထားတာက ဆရာဝန် လှလှလေး ။
မမ ကို ခေါ်တာက "ခိုင် ” တဲ့ ။ တစ်လုံးတည်း ။ ခေါ်တဲ့ “ ခိုင် ” ဆိုတာက တောင့်တောင့်ကြီး ဖြစ်မနေဘူး ၊ နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်းကလေး ။
ဒါပေမဲ့ အကြင် တို့ ကို ခေါ်တာ ကျတော့ အဲဒီနုညက် ပျော့ပျောင်းမှုတွေ တစ်စလောက်တောင် မရှိဘူး ။
“ အကြင် ... ခေါ်နေတာ မကြားဘူးလား ” ဆိုပြီး ကုန်း အော်လိုက်သံက ဟို ... ဘာလဲ တီဗီ မိုးလေဝသထဲမှာ ကြေညာတဲ့ ဆိုင်ကလုံးမုန်တိုင်းဆိုတာထက် ပြင်းထန်မယ် ထင်တယ် ။
အကြင် လန့်ဖျပ်သွားခဲ့တာ နေစရာ မရှိအောင် ဖြစ်သွားခဲ့တာတွေက ယခုတော့ နေသားထိုင်သား ကျနေပါပြီ ။
အင်းလေ... ဒီ အိမ်မှာ နေတာ သုံးလနီးနီး ရှိလာပြီ ဆိုတော့လည်း ဘာကိုပဲ ဖြစ်ဖြစ် ထုသားပေသား ကျရပေမပေါ့ ။
အဝတ်လျှော် နေရာမှ နံရံမှာ မှတ်ထားသော အမှတ်အသား ထံ အကြင် ၏ မျက်လုံးက ရောက်သွား၏ ။
နှစ်လ နှင့် ဆယ်ရက် ...
အကြင် က ပင့်သက်မျှဉ်းမျှဉ်း ကို ချမိ၏ ။ စိတ် က အမေ မျှော်နေတော့မှာပဲ ဟု တွေးမိရာမှ ကိုအောင်ဘ က နှလုံးအိမ်မှ ဖျတ်ခနဲ ထင်လာလေသည် ။
°°°°° °°°°° °°°°°
“ မြကြည် ပြန်ရောက်လာပြီ အစ်မရေ ”
“ ဟေ... ”
ငတိုး အသံ အဆုံး အကြင် ၏ “ ဟေ ” သံ မှာ တစ်ထပ်တည်း လိုက်၏ ။
မှုတ်လက်စ မီးပြောင်းကို ဖျတ်ခနဲ ချကာ နံဘေးမှာ လာထိုင်လေသည် ။ ဆံပင်ပေါ်မှ ပြာမှုန့်ပြာစ ကို တစ်ချက် နှစ်ချက် ခါချလိုက်ပြီး ငတိုး ထံမှ သတင်းဆန်း တစ်ခုကို
ကြားရတော့မလို နားစွင့်မိလေသည် ။
“ သူ ဘာပြောသေးသလဲဟ ငတိုး ”
“ အစ်မ ကို မေးနေတယ် ၊ အမလေးဗျာ ၊ အစ်မမြကြည် ကို မြင်ရင် အစ်မ အရမ်း အံ့သြသွားမှာ ”
“ ဟင် ... ဘာဖြစ်လို့လဲ ”
“ လှ လာတာဗျ ၊ ချောလို့ လှလို့ ။ ပြင်ဆင်ထားတာ ဟိုဒင်း ... မင်းသမီး အတိုင်း ၊ ဟင်းဘတ်စ်အိတ် လွယ်ထားတော့ ကျွန်တော်က ဖြုန်းခနဲ ဘယ်မှတ်မိမလဲ ”
“ ဟဲ့ ဒီလောက်တောင်ပဲလား ”
“ အင်း အဲဒီလောက်တောင်ပဲ ၊ အဟွန်း ကိုအောင်ဘကြီး ကတောင် ဟဲ့ - မြကြည် နင့် ကို ငါ တောင် မှ လူတွေ ဘာတွေ မှားလို့တဲ့ ဗျ ”
“ ဟင် "
အကြင် ၏ အပြုံးက ချက်ချင်းတန့်သွား၏ ။ ကိုအောင်ဘကြီး ကတောင် ပြောရတယ် ဆိုသောစကားကြောင့် ရင်မှာ တင်းခနဲ ဖြစ်သွားသည် ။
မြကြည် လှသလို အကြင် လှရင် အကြင့် ကိုလည်း ဒီလိုပဲ ပြောမှာ ထင်ပါရဲ့ ဟု မြကြည် လှသလို ချက်ချင်း လှချင် လာလေသည် ။
မြကြည် နှင့် တွေ့တော့ ငတိုး ပြောတဲ့အတိုင်း မြကြည် လှလှပပ ဖြစ်နေတာ မြင်ရသဖြင့် အံ့သြစိတ် ဖြစ်ထွန်း၏ ။
“ နင့် အဝတ်အစားတွေက ခေတ်မီပြီး လှတယ်နော် မြကြည် ။ အဲဒါ နှင် ရန်ကုန် မှာ ချုပ်တာလား ”
“ ဒါပေါ့ ”
မြကြည်က မျက်တောင်လေးမှေးစင်းပြီး အိုက်တင် နှင့် စကားပြောတတ်လာ၏ ။
မြကြည် အမူအရာတွေက ဆန်းသစ်လာသလို လူ ကလည်း ကြွကြွရွရွကလေး ဖြစ်လာသည်ဆိုတော့ မြကြည် ၏ အလုပ်ကို အကြင် လည်း စိတ်ဝင်စားလာခဲ့သည် ။
“ နင်တို့ ဆီမှာ ငါ ရော အလုပ် လုပ်လို့မရဘူးလား ဟင် မြကြည် ”
မြကြည် ၏ ဖျတ်ခနဲ လှည့်ကြည့်ပုံက မြန်လှသည် ။
“ နင် တကယ် လုပ်မှာလား ”
“ လုပ်မှာပေါ့ ”
“ ဒါဆိုရင်တော့ အတော်ပဲ ။ ငါ အိမ်ကောင်းကောင်း တွေ့ထားတယ် ။ အဲဒီ အိမ်မှာ နင် ဝင်လုပ်လေ ။ နင့် အတွက် လခ က ထမင်းစရိတ်ငြိမ်း နှစ်ရာ ရမှာ ”
“ ဟင် တကယ် ပြောတာလား မြကြည် ၊ ငါဘာ လုပ်ရမှာလဲ ”
“ ထမင်းဟင်းချက် အဝတ်လျှော် ၊ မီးပူတိုက်ပေါ့ဟာ ၊ ဒါ တို့မိန်းမတွေ အမြဲ လုပ်နေကျအလုပ်ပဲ ၊ ဟိုမှာက သက်သာပါတယ် ။ ချက်တာပြုတ်တာလည်း လျှပ်စစ် နဲ့ ဟ ၊
ထမင်းအိုး ဆိုတာ ဆန်းဆေးပြီး ရေထည့်တည်ရင် သူ့ ဟာ သူ အလိုလို ကျက်တာ ”
“ ဟင် အဟုတ် ၊ ထမင်းရည် မငှဲ့ရဘူးလား ”
“ ဟင့်အင်း မငှဲ့ရဘူး ၊ ထမင်း က ခလုတ်နှိပ်ထားလိုက်ရင် ကျက်တော့ သူ့ ဟာ သူ မီးခလုတ် က ထောက်ခနဲ ပြန် တက်သွားတာ ”
“ ဟာ တယ်ဟုတ်ပါလား ”
“ ရန်ကုန် မှာဆိုတော့ အစားအသောက် အနေအထိုင် အားလုံး ဒီမှာထက် သာတယ်ပေါ့ အကြင်ရာ ၊ ငါလည်း အစက တအံ့တသြ ဖြစ်ရတာပဲ ၊ ရေခဲသေတ္တာ လည်း မသုံးတတ် ၊ ပေါင်းအိုး နဲ့ မတည်တတ် နဲ့ ဓာတ်လိုက်မှာ စိုးလို့ ရင်တွေကို ခုန်လို့ နောက်တော့လည်း ဖြစ်သွားတာပဲ ”
“ အေးဟယ် ငါလည်း လုပ်ချင်တယ်"
“ နင့် အမေ က ထည့်ပါ့မလား ”
“ ထည့်ပါတယ် မြကြည် ရ ၊ ပြန်လာရင် ဟိုကရတဲ့ လခ စုပြီး ပေးမှာပေါ့ ။ ပြီးတော့ ... ”
မြကြည် လို လှလှပပ ဝတ်စားလာရင် ကိုအောင်ဘ စိတ်ကြိုက် ဖြစ်မလား ဆိုသော စကားကို မျိုချလိုက်၏ ။
“ ငါ လည်း မမြင်ဖူးတာတွေ မြင် ရတာပေါ့ ”
“ ဒါဖြင့် အတော်ပဲ အကြင် ။ ငါ တစ်ပတ် ခွင့်ယူပြီး ပြန်လာတာ ။ နင့် အမေကို ပြောထားလေ ၊ ငါ ပြန်ရင် နင် လိုက်ခဲ့ပေါ့ ”
ယခုတော့ အကြင် ရန်ကုန် ရောက်နေခဲ့ပြီလေ ။
မမြင်ဖူးသော သစ်ဆန်းမှုတွေ ကို မြင်ရသည် ။ မစားဖူးတာတွေ စားရသည် ။
အိမ်မှာ ပဲဟင်း နှင့် ငါးပိရည် သာ လှိုင်လှိုင်စားခဲ့ရသလောက် ဤအိမ်မှာတော့ လေးမည် ချက်လည်း လေးမည်လုံး အကြင် စားရသည် ။ သုံးမည် ချက်လည်း သုံးမည် စား
ရသည် ။
တစ်ခါတစ်ရံ နောက်နေ့စာ ဟု ဝယ်လာသည့် အထဲမှ ယူငင် စားလိုက်တာက ရှိသေး ။
“ ဟဲ့ ... အကြင် ကြည့်စမ်းပါဦး ၊ ငါ ဖြင့် နင်မှ ဟုတ်ရဲ့လား လို့ ကြည့် နေမိတာ ”
မြကြည် ပြောစကားကြောင့် ပီတိ တစ်ကိုယ်လုံး ခြုံသွား၏ ။
ကြည့်စမ်း ၊ မြကြည် လိုပဲ ငါ လှလာပြီ ထင်ပါရဲ့ ဟု ကိုယ့် ဘက် ကိုယ် ယက်ကာ တွက်လိုက်သည် ။
“ တကတဲ တစ်ကိုယ်စာ က နှစ်ကိုယ်စာ ဖြစ်လို့ ကြီးမယ်တင် သာ မြင်ရင် သူ့ သမီး သူ မှတ်မိပါ့မလား ”
“ အို ”
အကြင် က ကိုယ့် ကိုယ် ကို ယခုမှ ငုံ့ကြည့်မိ၏ ။
ဟုတ်ပါရဲ့ ငါ ဝနေလိုက်တာ ။
“ အမယ် ဘလောက်စ်တွေ ဘာတွေ ဝတ်လို့ ”
“ အေးဟယ် ငါ က ဝနေတော့ မမ အဟောင်းချပေးထားတာတွေတော့ ရှိပါရဲ့ ၊ မတော်ဘူး ၊ အဲဒါနဲ့ ဒီ ဘလောက်စ် မမ ဝယ်ပေးထားတာ ”
“ နင်ပျော်နေပြီလား ”
“ ပျော်တော့ ပျော်ပါတယ် ”
“ နင် မပျော်ရင် ပြောလေ ၊ ငါ တစ်အိမ်ပြောင်းပေးမယ် ”
“ အမယ်လေး မြကြည် ရယ် ၊ နင် ငါ့ ကို ဒီအိမ်မှာ ထားတာ ပွဲခ လပြည့် နှစ်ရာ ယူထာ ငါ မမ ကို မေးကြည့် ပြီးပြီပဲ ။ နောက်တစ်အိမ် ပြောင်း ထားရင် နင် ပွဲခ ရမှာ ငါ မသိတာ မှတ်လို့ ”
ဆိုသော စကားက ရင်ဝမှာ ပလုံစီ ထွက်သော်ငြားလည်း အကြင် မပြောဖြစ်ချေ ။
“ ဟင် ... အကြင် ”
“ ငါ ပျော်တော့ ပျော်တယ် ။ ဒါပေမဲ့ မောင်လေး ငတိုး နဲ့ အမေ့ ကို သတိရတယ် မြကြည် ၊ ငါ ပြန်ချင်တယ် ”
“ အေးလေ ၊ ဒါတော့ နင့် သဘောပေါ့ ၊ ဈေးသွားရင် နင် ကြိုက်တာ ဝယ်ထား ၊ ဒီ လကုန် ငါ လာခေါ်မယ် ဟုတ်လား ၊ ငါ ပြန်ပြီး လူ ရှာဦးမလို့ ၊ ဒီမှာ လူ လိုတဲ့ နှစ်အိမ် သုံးအိမ် ရှိနေတယ် ”
မြကြည် လည်း မိမိ လိုပင် သူများ အိမ် မှာ လုပ်ပေမဲ့ မြကြည် လည်ပုံက အချင်းချင်းပေါ်မှာပင် ခေါင်းပုံဖြတ် လည်ခြင်း ဖြစ်နေလေသည် ။
°°°°° °°°°° °°°°°
နံရံမှာ မှတ်ထားသော စာတန်းလေးတွေ တိုးလာ၏ ။
“ သုံးလ ပြည့်ရန် သုံးရက် အလို ”
ဟု ရေးရာမှ ဘာ ပျော် မှန်း မသိ ပျော်လေသည် ။
“ လဆန်းရက် မှာ ငါ လာခေါ်မယ် ၊ နင် ဣန္ဒြေ မပျက် နေ ၊ ငါ လာခေါ်ရင် တအံ့တဩ ပုံစံတော့ လုပ်နော် မိန်းမ ”
အကြင် က မြကြည် စီမံသမျှ ခေါင်းညိတ်လိုက်၏ ။
ပြီးတော့ မြကြည် လာခေါ်လျှင် အဆင်သင့်ဖြစ်စေရန် ကိုယ့် အဝတ်အစား ကိုယ် ကနုနု
လျှော်ဖွပ် မီးပူတိုက် ဖို့ ပြင်၏ ။
အိမ် မှာ မီးပူတိုက် ဝတ်လေ့ဝတ်ထ မရှိသော အကြင် သည် ဤ အိမ်မှာတော့ မမ လိုပင် ထဘီ က အစ မီးပူတိုက်ဝတ်၏ ။
မမ ပြင်သလို လိုက် ပြင်ကြည့်ရတာလည်း အမော ။
မမ အဝတ်အစား မှန်သမျှ မလျှော်ခင် ဝတ်ကြည့်တာ ရှိသလို ၊ လျှော်ပြီးမှ ဝတ် ကြည့်ရတာလည်း ရှိ၏ ။
မမ ၏ ကိုယ်မှာ အချိုးကျ လှပလှသော အဝတ်အထည် အရောင်အသွေးများ က အစ အကြင့် ဘက်မှ ဖေးကူခြင်း မရှိဘဲ အကြင့် ကိုယ်ပေါ်မှာ အသွေးအရောင် ပြောင်း
သွားသည် များလည်း ရှိ၏ ။
ကောက်ညှင်းထုပ် စည်းထားသလို ဖြစ်နေတော့လည်း ဘယ် လှတော့မှာလဲ လေ ။
မြကြည် လို မြို့ အပြန် နယ် အပြန် လူတကာ ဝိုင်းကြည့်စေချင် စိတ်က ကိုယ့် ပုံကိုယ် မှန်ထဲ ကြည့်ကာ စိတ်ဓာတ် ကျ ကျသွားရလေသည် ။
ဒါတော့ ဘယ် တတ်နိုင်မလဲလေ ၊ စားကောင်းသမျှ ဖိဖိတွယ်ကာ အဆီဖြစ်အသားဖြစ် သွားရသည်ကိုး ။
“ အကြင် ... အမယ်လေး ဟဲ့ ၊ အကြင် ရယ် ခေါ်လိုက်ရတာ ၊ ဘာတွေ တွေးနေတာတုန်း ”
နောက်မှ အသံ က ဖြုန်းခနဲ ပေါ်လာသဖြင့် အကြင် လန့်ဖျပ်သွား၏ ။
“ ငုတ်တုတ်ထိုင် ငိုင်နေတာကြာလှပြီ ၊ ပြောစမ်း နင် နေမကောင်းဘူးလား ”
“ ကောင်းပါတယ် မမ ”
“ ကောင်းတယ်သာဆိုတယ် ခုတလော နင့်ပုံစံ တစ်မျိုးပဲ အကြင် ၊ လှန်းထားတဲ့ အဝတ်တွေရော ခြောက်ပြီလား ”
“ ဟုတ် ... ဟုတ်ကဲ့ ခြောက်လောက်ပြီ ”
“ ခြောက်ရင် သွားရုပ် ၊ အဝတ်အစား ဆိုတာ နေပူထဲ သိပ်လှန်းထားရတာ မဟုတ်ဘူးဆိုတာ ပြောပေါင်းလည်း များလှပြီ ၊ ဟောဒီအကြင် တစ်ယောက်ကလေ အမှတ်ကို မရှိဘူး ”
ဆူဆူ ၊ ရှင် တို့ ဆူရလှ တစ်ရက် နှစ်ရက် ပဲပေါ့ ။ သုံးလစာ ငွေ ခြောက်ရာ မှာ အဝတ်အစားလှလှ ဝယ်ချုပ်တာက နှစ်ရာ ကုန်တော့ လေးရာ အသားတင်ပိုက်ပြန် ၊ အင်းလေ ငတိုး ဖို့ ပုဆိုး ၊ အမေ့ ဖို့ ထဘီလေးပါ ဝယ် ။
ဟော တော့
မျက်လုံးတွေ ပြာသွား၏ ။
တန်းမှ အဝတ်တွေ မရှိတော့ပြီ ။
ဟင် ...
ငါ့ အဝတ်အစားသစ်တွေ လျှော်ဖွပ်လှန်းထားတာရော ...
လှစ်ဟာနေသော ကြိုးတန်းမှ အဝတ်အစားများ မှာ အကြင့် အဝတ်အစားများပါ မရှိတော့ပြီ ။
“ ကုန်ပြီ မမ ရေ … ကုန်ပြီ ၊ အဝတ်တွေ ... အဝတ်တွေ ”
အကြင့် အသံက တုန်နေသည် ။ ထိတ်လန့်စွာ ပြေးဝင်လာပြီး ခေါ်သံကြောင့် “ ခိုင် ” ပါ ပြေးဆင်းလာခဲ့၏ ။
“ ဟောတော့ ကုန်ပါပြီ အကြင် ရယ် ၊ နင် လုပ်လိုက်မှဖြင့် ဒီ အတိုင်းပဲ ။ အဝတ် လှန်းထားရင် ကြည့်ပါ ဆိုတာ ပြောထားရက်နဲ့ ”
“ ကြည့်တာပဲ မမ ရဲ့ ။ စောစောကတောင် ထွက် ကြည့်တော့ ရှိသေး ”
“ ခုတော့ ကြည့်စမ်း ၊ ငါ့ အင်္ကျီ ပါ ပါသွားပြီ ၊ ပြီးတော့ ငါ့ ထဘီ အင်ဒိုနီးရှားပါတိတ်တွေရော ၊ မောင့်တစ်လစာထဘီရော ဆို နည်းသလား ”
“ မမ မောင့်တစ်လစာ ထက် ကျွန်မတစ်လစာ ပြုတ်ပြီ မမ ရဲ့ ။ ကျွန်မ ဟိုနေ့ကမှ ဝယ်ချုပ်ထားတဲ့ အင်္ကျီတွေ ကော် တောင့်နေလို့ ပြန် လျှော်ထားတာ ခုတော့ .. ခုတော့
အကြင် နေရာမှာ ထိုင်ငိုချလိုက်ခြင်းကြောင့် ခိုင် ပါးစပ် အဟောင်းသားလေး ပွင့်၍ သွား၏ ။
“ မမ မောင့်တစ်လစာ ထက် ကျွန်မ တစ်လစာ ပြုတ်ပြီ မမ ရဲ့ ”
ဆိုစကားက နှမြောလှစွာ ဆူလို စိတ် ကို ပိတ်သွားရပြီ ဖြစ်ပါလေသည် ။
°°°°° °°°°° °°°°°
လူ ဆိုသည်ကား သူတစ်ပါး အရေးထက် ကိုယ့် အရေးကိုသာ ဦးစားပေး စဉ်းစားတတ်ကြသူများသာ တကား ။
◾ မအေးလေး
📖 စွယ်တော် မဂ္ဂဇင်း
၁၉၈၉ ၊ မတ်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment