❝ ဘုတ်ဆုံမ ရဲ့ မုန့်ဟင်းခါး ဆိုင် ❞
ဒေါ်ကြီး ဘုတ်ဆုံ ကတော့ မကြာတော့ဘူး ၊ ကောင်းကောင်း အတုတ်ခံရတော့မယ် ။ သူ့ ကွယ်ရာမှာ သူ့ ကို လက်ထိုးလို့ မှ ကိုက်ရကောင်းမှန်း မသိတဲ့ ဦးမောင်တာကြီး ကတောင် ပြောနေပြီလေ ။ ဘုတ်ဆုံမ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ ၊ သိပ်ပရမ်းပတာ လုပ်လွန်းတယ် … ဆိုပြီးတော့ပေါ့ ။ တကတဲ … အကြွေး ရောင်းပေးရတာပဲ ဆိုပြီး စေတနာပါပါ ကို မလုပ်တော့ဘူး ။
ဒီ စက်မှုလယ်ယာ ရုံးဝင်းထဲမှာလည်း လက်ဖက်ရည် ၊ မုန့်ဟင်းခါး ၊ အသုပ် ၊ ဆေးလိပ် ၊ ချိုချဉ် စသည်ဖြင့် အမျိုးအမည် စုံလင်ပြီး အကြွေးရောင်းတာ ဆိုလို့ သူ့ တစ်ဆိုင်တည်းလည်း ရှိတာကိုး ။ ဒေါ်ကြီး ဘုတ်ဆုံမ ရဲ့ ယောက်ျားက စက်မှုလယ်ယာရုံး မှာ စာရေးကြီးအဆင့်လောက် ရာထူး ရှိတယ်ဆိုတော့ အစိုးရ အိမ်ခန်းကလေးတစ်ခန်း ရထားသမို့ ဟန်ကျပန်ကျ မပူမပင်
နေနိုင်တာပေါ့ ။ ဝင်းထဲမှာလည်း ရေ မီး အစုံ ရှိတာ ဆိုတော့ ရေခ ၊ မီးခလည်း ဟုတ်ဟုတ်လောက်လောက် ပွန်းပဲ့သိသာသွားအောင် ပေးနေရတာမျိုးလည်း မရှိဘူး ဆိုတော့ ရေ အကြိုက်သုံး ၊ မီး အကြိုက်သုံးနဲ့ တော်တော်လေးကို ဟန်ကျပန်ကျ အလုပ် ဖြစ်တော့ပလေ ။
သူ့ ဆိုင် မှာက အချက်အပြုတ် အရသာ က ဒီလောက်ကြီး ကောင်းလှတာ မဟုတ်ပေမဲ့ အကြွေး စားရတာရယ် ၊ လက်ဖွာပြီး ပေါပေါများများ တန်အောင် စားရတာရယ်ဆိုတော့ စားတဲ့ သူတွေကလည်း တယ်ပြီး ကြေး မထူကြလှဘူး ။ ကြေးထူနေလို့လည်းမှ မရတာလေ ။ ပြီးတော့ ဒီ စက်ရုံဝင်းထဲမှာ က ဧည့်သည် စောင်သည် လာလို့မှ ပြေးပြေးလွှားလွှား အချိန်မရွေး လာဆွဲယူရတဲ့ ဆိုင် ဆိုလို့လည်း ဒေါ်ကြီးဘုတ်ဆုံမ ဆိုင် တစ်ဆိုင် တည်း ရှိတာကိုး ။ သူ့ ဟာက လပေးလောက်နီးနီး ဖြစ်နေတာ ဆိုတော့လည်း စက်ရုံဝန်ထမ်း ခမျာမယ် နောင်ခါလာ နောင်ခါဈေး ကြည့်ရှင်းစတမ်း ဆိုပြီး မိုး မလင်းလိုက် နဲ့ ၊ သူ့ ဆိုင်မှာ ကလေး လူကြီး ကြိတ်ကြိတ်တိုး နေတော့တာပါပဲ ။
“ ဘုတ်ဆုံမ ရေ … ကနေ့တော့ နှစ်ပွဲစားမှာနော် ၊ အကြော်ပါ ထည့်ဟေ့ ”
“ မရဘူး ၊ အကြော် နဲ့ နှစ်ပွဲ များတယ် ။ နောက်ပြီး ဦးဖိုးလူ သားသမီးတွေ လာ စားကြဦးမှာ ။ တစ်ယောက် တစ်ပွဲ ပဲ ရမယ် ။ ကြွေးတွေက သိပ် များနေပြီ ။ လကုန်ရင် ဘယ်လို ရှင်းပေးမလဲ ဆိုတာ စဉ်းစားထား ”
“ ညည်းကလည်း ဟာ ၊ စားခါနီး သောက်ခါနီး သိပ်ပြီး စားရသောက်ရ ခက်အောင် လုပ်တာပဲ ။ လကုန်တော့လည်း ဒီလိုပဲ ဖြစ်သွားတာပဲဟာကို ။ နှစ်ပွဲ မရရင်လည်း တစ်ပွဲပေါ့ဟာ ။ အကြော်လေးတော့ ပါပစေဟေ့ ၊ ငါတို့က နေ့ခင်း ထမင်းစားချိန်က တစ်နာရီခွဲလောက် မှ ဝင်ရမှာ ။ ဒီ မုန့်ဟင်းခါး အကြော်လေး တစ်ပွဲတည်း နဲ့ နေရမှာ ”
“ ပြီးရော ပြီးရော … တော်ပြီ ၊ ဦးဖိုးလူရဲ့ မနက်စာဒုက္ခ ဒီမှာတင်ရပ် ။ ဟေ့… မုန့်ဟင်းခါး ဘူးသီးကြော်နဲ့ တစ်ပွဲ ၊ အရည်များများ ဆမ်းပေးလိုက် ”
“ ဒေါ်ကြီးဘုတ်ဆုံ … ထမင်းကြမ်းခဲလေးပါ နည်းနည်း ထည့်ပေးလိုက်တဲ့ အမေ က … ”
“ အောင်မယ် … ထမင်းကြမ်းခဲ က အဆစ်ပါသေး ။ မထည့်ပေးနိုင်ဘူးဟေ့ ၊ ဆန်တစ်ပြည် ကို တစ်ထောင်ကျော်နေပြီ ။ မရဘူး ”
“ မမဆုံ အသုပ်ကလည်း ဆီချက် နည်းလှချည်လားဗျာ ။ လပေး စားကြတာပဲ ဆိုပြီးတော့ စေတနာ မပါ မလုပ်နဲ့ဗျာ ။ ဆီလေး ပြားလေး ထည့်ဦးမှပေါ့ ”
“ ဟဲ့ … ငပျင်းမောင်တင့် ရဲ့ ၊ နင့်ပထွေး မြေပဲဆီ က လေးထောင့်နှစ်ရာ ။ စားအုန်းဆီ က နှစ်ထောင့်လေးရာ ။ ဒါတောင် ခွက်ချိန်ပြည့် ရတာ မဟုတ်ဘူး ။ တစ်လ လုံးလုံး အကြွေး ရောင်းနေတာကိုပဲ ကျေးဇူးတင်ဦး ”
“ ခင်ဗျားကလည်း အကြွေးပေးရတာသာ ပြောနေ မမဆုံ ရာ ၊ မုန့်ဟင်းခါး က အပြင်မှာဆို အကြော် နဲ့မှ တစ်ပွဲ နှစ်ရာ ရယ် ၊ ဟင်းရည် က ကြိုက်သလောက် တောင်းစမ်း ”
“ သွားစားပါလားဟဲ့ အပြင် မှာ … ငါလည်း နှစ်ရာ နဲ့ ရောင်းပေးထားတာပဲ ”
“ ဖွတ် … ငါး မပါ ဘာ မပါနဲ့ ”
“ ဟင် … ကြီးကြီးကျယ်ကျယ် ၊ သွား … ဒီလကုန်ပြီးရင် နင် ငါ့ဆိုင်မှာ လာ မစားနဲ့ ၊ နင့် ဘာသာ ငါး ၁ဝ ပိဿာလောက် နဲ့ ချက်တဲ့ အပြင်ဆိုင်မှာပဲ သွားပြီး မျိုဆို့သွတ်ပေါ့ ၊ ကြားလား ”
“ အန်တီဆုံ ၊ အမေ ကလေ ခေါက်ဆွဲသုတ် သက်သက်လွတ် နှစ်ပွဲ သုပ်ပေးလိုက်ပါ တဲ့ ”
“ အောင်မယ်လေး … ကိုယ်ကျိုးနည်းတော် ၊ ကျုပ် ဆိုင်မှာ တစ်သက်လုံး သက်သက်လွတ် မရဘူး မှတ် ”
“ အန်တီဆုံ ကလည်း ငံပြာရည် မထည့်ရင် ပြီးတာကို ”
“ ဆေးလိပ် ပေးဦးဟေ့ ”
“ ဟ… လက်ဖက်ရည် ကို မောင်ထွန်းကို ဖျော်ခိုင်းပါ ဟ ဘုတ်ဆုံ ရ ။ ညည်းကိုယ်တိုင် ဝင် မဖျော်စမ်းပါနဲ့ ။ ချက်နို့ဆီ ပျစ်ချွဲကြီး နဲ့ သောက်လို့ မရဘူးဟာ ။ အချိုခြောက် ကို နာနာနှပ်ချည်လို့ဆို ၊ ဖွီ … ရေနွေး ကို နို့ဆီ သကြား နဲ့ သူငယ်နာ မစင်တဲ့ ဖျော်နည်း နဲ့ ဖျော်ထားတာကွ … ဟေ ”
“ ဘကြီးမောင်ပါ တစ်ယောက်ဟာလေ လက်ဖက်ရည် သောက်ပြီဆို အမြဲတမ်း ပါးစပ် က ပွစိပွစိ နဲ့ ။ ပြီးတော့ တစ်နေ့ သုံးခွက် သောက်တာ သူ့ အပြင် တခြားလူ မပါဘူး ”
“ မနေနိုင်လို့ ဟေ့ ၊ မသောက်ရ မနေနိုင်လို့ ဟေ့ ”
“ ငှက်ပျောပင်ကလည်း ရင့်ထော်နေတာပဲ ။ အခွံလေး ဘာလေး ပြောင်နေအောင် သင်ပါဦး ဘုတ်ဆုံရဲ့ ။ ဟင်းရည် က ကောင်းချင်ပါရဲ့နဲ့ ဒီ ငှက်ပျောဖတ် အရင့်ကြီးတွေက ဖျက်နေတာ ”
“ မတတ်နိုင်ဘူး ကြီးကြီး မအေးငွေရေ … ကြိုက်ရင်လည်း စားသွား ၊ မကြိုက်ရင်လည်း မစားနဲ့ ။ ကျွန်မလည်း တစ်ယောက်တည်း ထောင့်စေ့အောင် လုပ်နေရတာ မတတ်နိုင်တော့ဘူး ”
“ ညည်း ဟိုဟာမလေး ခိုင်းပေါ့အေ့ ”
ဟော … ပြောကြရင်း ဆိုကြရင်း ဝက်ထော် ဘက် ကို လှည့်လာကြပြီ တွေ့လား ။ ညည်း တူမလေး ခိုင်းပေါ့အေ လို့ မပြောဘဲ ဝက်ထော် ကိုများ ဟိုဟာမလေး တဲ့ ။ အဲဒါကြောင့် အဲဒီ အဘွားကြီး ကို ဝက်ထော် အကြော မတည့်တာ ။ စကား ပြောရင် သိပ် စီးပိုးတာပဲ ။ ဝက်ထော် ကပဲ ဘာမှ မလုပ်ပေး မကိုင်ပေးတဲ့ ရေသာခို အချောင်လိုက်နေတဲ့ ပုံစံလိုလို ပြောနေလိုက်တာ ။ ဒါ … ဒေါ်ကြီးဘုတ်ဆုံမ ကို ဝက်ထော် နဲ့ တိုက်ပေးတာပဲ ။
“ သူ ရှိနေလို့သာ တော်သေးတာပေါ့ ကြီးကြီး မအေးငွေ ရဲ့ ၊ နို့မဟုတ်ရင် ဒီဆိုင် ကို ပိတ်ပစ်ရကရောပေါ့ ။ အိမ် က မျောက်ထီး သုံးကောင် က ဘာ ခိုင်းလို့ ရမှာတုံး ”
“ အကြီးကောင်က ၁၀ - တန်း မို့လားအေ့ ”
“ ဖြေထားပြီလေ ။ သင်း အတွက် ကုန်လိုက်ရတဲ့ ကျူရှင်စရိတ် ၊ ကျောင်းစရိတ် ၊ လမ်းစရိတ် ၊ အို စုံလိုက်တဲ့ စရိတ် ။ အောင်မယ် ၊ မအောင်မယ် တော့ မသိဘူး ”
“ ညည်းသား ကို လျှော့မတွက်နဲ့ ဘုတ်ဆုံ ။ ဒီကောင့်ရုပ် က တော်ရုံမဟုတ်ဘူး ၊ သိပ်ဥပဓိရုပ်ကောင်းတာ ။ သင်း က ကောင်းစားမယ့် ကောင်အေ့ ”
“ ကောင်းစားမယ် မကောင်းစားဘူးတော့ မဆိုတတ်ဘူး ။ အခု လောလောဆယ် ကျွန်မမှာ မြင်တဲ့အတိုင်း ချွေးတလုံးလုံး ၊ ပြာတလူးလူးနဲ့ လုပ်ကိုင်နေရတာပဲ ”
“ ဟင်းရည်လေး ပိုထည့်ပါဦးဟဲ့ ၊ ထမင်းလေး နဲ့ နယ်စားရမှာ ”
“ တစ်အိုးလုံး အကုန် သွန်ထည့်ရမယ့်ပုံ ”
“ ဟဲ့ … ဂန်းမလေး လူကြီး ကို ၊ ဒါကြောင့် သင်း ငါ ကြည့်မရတာ ”
“ ဝက်ထော် ၊ လူကြီး ကို နော် … ညည်း ကြည့်လုပ် ”
“ ဟယ် … အေးမင်းသန်း ၊ နင့် ဟယ် နောက်ကျလှချည်လား ၊ ကိုးနာရီတောင် ထိုးတော့မယ် ”
“ အိပ်ရာထ နောက်ကျလို့ မကြီးဘုတ်ဆုံ ရေ ”
ကြည့် … ဒေါ်ကြီးဘုတ်ဆုံမ ကတော့ ကိုကြီးအေးမင်းသန်း များဆို သိပ် အရေးပေးတယ် ။ ခိုင်ဦး တို့ ၊ ယုဝ တို့ နဲ့တောင် မတူဘူး ။ ကိုကြီးအေးမင်းသန်း က စကားလည်း ယဉ်ယဉ်ကျေးကျေး ပီယဝါစာ ပြောတတ်တယ် ။ ပိုက်ဆံ နဲ့ စားတာ ။ အကြွေး မစားဘူး မဟုတ်လား ။ ပြီးတော့ ဒေါ်ကြီးဘုတ်ဆုံ ငွေ လိုရင် ကိုကြီးအေးမင်းသန်း ဆီက အမြဲချေးနေကျ ။ အတိုးတော့ မယူပါဘူး ။
ဒါပေမဲ့ ဆိုင်မှာ သူ လာစားရင် ရှယ်တော့ ကျွေးရတာပေါ့လေ ။ တစ်ခါတလေ ဆေးလိပ်တောင် အလကား တိုက်တတ်သေးတာ ။ ချေးရ ငှားရ လွယ်အောင် ဆိုပြီး အစား နဲ့ မက်လုံးပေးထားတာ ။ နောက်ပြီး ဝက်ထော် လည်း ရှိနေတယ် မဟုတ်လား ။
ကိုကြီးအေးမင်းသန်း က လူပျိုကြီး ဆိုတယ် ။ သူ့ ဘာသာ လူပျိုလိုင်းခန်းမှာ တစ်ယောက်တည်း နေတာ ။ စာအပြလည်း သိပ်ကောင်းတယ် ဆိုပဲ ။ သူ့ အလုပ်ပြီးရင် ညဘက် ဝိုင်းသဘောမျိုး သူ့ အခန်းမှာ ပြပေးသတဲ့ ။ အပိုဝင်ငွေလေး ဘာလေး ရအောင်ပေါ့ ။ ပြီးတော့ တိုးတိုးသဲ့သဲ့ ကြားထားသေးတာက ဝင်းထဲက မပြေလည်တဲ့ သူတွေ ကို ကိုကြီးအေးမင်းသန်း က ငွေတိုး ချေးထားသေးတယ် ပြောတာပဲ ။ ဝက်ထော်ကတော့ မသိပါဘူး ။ ဒေါ်ကြီးဘုတ်ဆုံမ က ပြောပြတာ ။ ဝက်ထော် ထက်တော့ ဆယ့်သုံး လေးနှစ်လောက် ပိုကြီးမယ် ထင်တယ် ။
ဝက်ထော် ကတော့ ကိုကြီးအေးမင်းသန်း အပေါ် ဘယ်လိုမှ မနေပါဘူး ။ ကိုယ့် ဦးလေး လို ၊ ကိုယ့် အစ်ကိုကြီး လို ပဲ သဘောထားတာပါ ။ သူ က ဆိုင်လာရင် ဝက်ထော် ကို ဘယ်တော့မှ ‘ ဝက်ထော် ’ လို့ ခေါ်လေ့မရှိဘူး ။ ‘ ချိုချို ’ တဲ့ ။ ဝက်ထော် နာမည်က ချိုချိုဝင်း မဟုတ်လား ။
ဝက်ထော် ကတော့ ခိုင်ဦး ကို နည်းနည်းသဘောကျတယ် ။
ခိုင်ဦး က ရှိရင် ရှိသလို လက်ဖွာတတ်တယ် ။ အပေါင်းအသင်းတွေနဲ့လည်း တည့်တယ် ။ သူ့ အပေါင်းအသင်းတွေ ကလည်း သူ့ကို ခင်တယ် ။ သူတို့ စက်ရုံအောက်ခြေ ဝန်ထမ်းတွေထဲမှာ ခိုင်ဦး က အတော်ဆုံးပဲ ။ သူ့ ကို အလုပ်သေချာလို့ အရာရှိတွေကတောင် စိတ်ချကြတယ် ။ ပြီးတော့ ခိုင်ဦး က မဟုတ်ရင် မခံတတ်ဘူး ။
ဘာကြာသေးလို့လဲ ၊ ပြောင်းသွားတဲ့ ဒုစက်ရုံမှူး နဲ့ လက်သီး ထိုးကြတာ ။ ကံကောင်း လို့ အလုပ် မပြုတ်တယ် ။ ပြင်းပြင်းထန်ထန် သတိပေးစာ ထုတ်ခံရတယ် ပြောတာပဲ ။ ဒုစက်ရုံမှူးကလည်း ဒီစက်ရုံကနေ ပြောင်းရတာပဲ ။ ခိုင်ဦး က အဲသလို သတ္တိ ရှိတာ ။ သူ ပြောတော့ အဲဒီ ဒုစက်ရုံမှူးကြီးက အခြောက်ကြီး တဲ့ ။ ထဘီ ဝတ်ထားတာကမှ တော်သေးတယ်ဆိုပြီး ဒေါပွနေလေရဲ့ ။ အဖြစ်မှန်က ဘာလဲလို့ သေချာ မသိပေမဲ့ ဒေါ်ကြီးဘုတ်ဆုံမ ယောက်ျား ဦးမောင်ဝင်း ပြောပြတာကတော့ ( သူ့မိန်းမ ကို ပြောပြတာကို ဝက်ထော် ကြားရတာပါ ) ခိုင်ဦး ရဲ့အစ်မ အပျိုကြီး ကို ရိသဲ့သဲ့ လုပ်လို့ ဆိုလား ။ ရေနွေး တည်ခိုင်း ၊ ထမင်းစားပွဲ ပြင်ခိုင်းတယ် ဆိုလား ။ ဒုစက်ရုံမှူး က အိမ်ထောင် ရှိတယ်လေ ။ အဲဒါနဲ့ ဖြစ်ကြတာပဲတဲ့ ။
ပြီးတော့ ခိုင်ဦး က ဖင်ပေါ့တယ် ။ ဆိုင်လာရင် ဝက်ထော် တစ်ယောက်တည်း မနိုင်ဘူးမြင်ရင် အကုန် ဝိုင်းကူ လုပ်ပေးတာပဲ ။ ရေ ကုန်နေရင်လည်း ဆွဲဖြည့်ပေး ၊ တစ်ခါတစ်ခါ ပန်းကန်တွေ ဘာတွေတောင် ဝိုင်း ဆေးပေးတတ်သေးတယ် ။ ဒေါ်ကြီးဘုတ်ဆုံမ ကတော့ ခိုင်ဦး ကို သိပ် သဘောမကျဘူး ။ ဘုဘောက် ကျလို့ တဲ့ ။ စိတ်ဆတ်တာ မကောင်းဘူး တဲ့ ။
ကိုကြီးအေးမင်းသန်း ကတော့ ဝက်ထော် ကို “ ချိုချို က တစ်နေ့တခြား လှ လှလာတယ် ” လို့ပဲ စောင်းချိတ် ပြောပေမဲ့ ခိုင်ဦးကတော့ မရဘူး ဆရာ ၊ ဗြောင်ပဲ ။
‘ ဝက်ထော် ၊ နင့် ကို ငါ ကြိုက်တယ် ’ တဲ့ ၊ ‘ ငါ အဆင်ပြေရင် နင့်ကို တောင်းယူမယ် ’ တဲ့ ၊ အဲသလို ပြောတာ… ကောင်းရော ။
ယုဝ လား … ယုဝ က ခြေကြော လက်ကြော တင်းတဲ့ကောင် မဟုတ်ဘူး ။ သူ့ ယူရင် ဝက်ထော် က လုပ်ကျွေးရမှာ ။ သူ့ လုပ်စာတော့ စားရမှာ မဟုတ်ဘူး ။ အချိန် ရသမျှ သူ့ ရုပ် ကိုပဲ လှအောင် ပြင်နေတာ ။ ဆိုင်လာရင်လည်း တစ်ချိန်လုံး မှန် ပဲ ကြည့်ပြီး ခေါင်း က ဆံပင်မွေးတွေကိုပဲ ခဏခဏ သပ်နေတာ ။ တစ်ခါကလည်း ဝက်ထော် ကို စောင်းချိတ်နေရင်း မှန် ကို ခဏခဏ ခိုး ကြည့် ကြည့်နေလို့ အမြင် ကတ်တာနဲ့ သူ့ ရှေ့ကနေ ဇောက်ခနဲ ထ ထွက်လာလိုက်တယ် ။
မှတ်စမ်း ။ ဒီလို လူမျိုးက ဇာတ်မင်းသား လုပ်စားဖို့ပဲ ကောင်းတယ် ။ ရုပ်ကလေးက သနားကမားလေးပါ ။ ထားပါ ။ ဝက်ထော် က ရုပ် မက်လို့ ရတဲ့ ဘဝမျိုး မဟုတ်ဘူး ဆိုတာ ကိုယ့် ကိုယ် ကိုယ် သိတယ် ။ ညစာ မခက်ချင်ရင် လှတာကို မမက်ရဘူး မဟုတ်လား ။
“ ဟဲ့ … ဝက်ထော် ဘာ စိတ်ကူးယဉ်နေပြန်တုံး ၊ ညည်း တော့လေ … ”
“ ဘာလဲ ဒေါ်ကြီးဘုတ်ဆုံ ရဲ့ ၊ ကြားပါတယ် ။ ပြောစရာရှိ ပြောပါလား ။ တစ်ခေါ်တည်း ခေါ်နေတာ ။ ခေါ်တိုင်း ထူးနေရရင်လည်း အာခေါင်ကွဲပြီး သေရရုံပဲ ရှိမယ် ကဲ ”
“ ခစ် ခစ် … ကောင်မလေး ဟိုမှာ ချဉ်စုတ်စုတ်အကောင် လာပြီ ၊ သွား ကောင်တာမှာ သွားထိုင်… ”
“ ဘာလို့လဲ ”
“ ငါ ကြည့်မရဘူး ၊ မျက်နှာထားကိုက မာရေကျောရေ နဲ့ ။ သွားအေ … မဟုတ်ရင်လည်း အခန်းကို ပြန် ၊ ညည်းတူတွေ ကို ပြန်သွားခေါ်ချေ ”
“ ဟာ … သူတို့ ခြေထောက်နဲ့ သူတို့ဘာသာ လျှောက်လာနေကျဟာ ။ တကူးတက လုပ်ပြီး သွားခေါ်နေရမှာလား ။ ဒီမှာ အလုပ်တွေ ပစ်ပြီး … လူလည်း ကျနေတာကို ”
“ ငါ သင်း ကို ကြည့်မရပါဘူး ဆိုမှ ။ ကြည့်နေ ၊ ဆိုင်ကို မလာစေရဘူး ”
“ ဒေါ်ကြီးဘုတ်ဆုံ ကလည်းလေ … သူ က ဒေါ်ကြီး ကို ဘာလုပ်လို့လဲ ။ သူ့ ဘာသာ သူ့ပိုက်ဆံနဲ့ မုန့်လာစားတာပဲ ။ အကြွေး စားတာလည်း မဟုတ်ဘဲနဲ့ ။ ကိုကြီးအေးမင်းသန်းကျ မျက်နှာသာပေးပြီး ”
“ ဟင်း ညည်း ဘာသိလို့လဲ ၊ အဲဒီအကောင်က ငါ့ စီးပွားရေးကို ဖျက်မယ့် ကောင် အေ့ ”
“ ဘာဆိုင်လို့လဲ ”
“ ဆိုင်တာပေါ့ ။ ညည်း အမေတို့ ဆီ ပြန်သွားတဲ့ နေ့ကလေ ၊ သင်း ဒုစက်ရုံမှူးနဲ့ လုံးထွေးသတ်ပုတ်ပြီး ငါ့ဆိုင် ရောက်လာတာ ။ ငါ က နားချတာပါအေ ၊ ကိုယ့် အထက်လူကြီး နဲ့ ခံဖြစ်ရင် ကိုယ် ပဲ ခံရမှာပေါ့ ။ ဒါကို သင်း က ငါ့ ကို သူခိုးဓားရိုးကမ်း မလုပ်ပါနဲ့ ဒေါ်ကြီးဘုတ်ဆုံ ရာ တဲ့ ။ အဲဒီလို လူစားမျိုးကို ဒီလို ခံသတ်တာတောင် နည်းသေးတယ် ဆိုပြီး အာကျယ်နေရော့ ဟေ့ ။ ဒါနဲ့ ငါလည်း အာကျယ်ချင်ရင် နင့် အိမ်ကို ပြန် ၊ ငါ့ ဆိုင် မှာ လာပြီး လေကျယ်မနေနဲ့ ။ ဒုစက်ရုံမှူး ကြားသွားရင် မကောင်းဘူး ။ ငါတို့ မလည်း အလိုတူ အလိုပါ ဖြစ်တယ် ဆိုပြီး ပြောမိလို့ဟေ့ ။ မဆီမဆိုင် ဟိုတစ်နေ့ဆီက ငါ့ မုန့်ဟင်းခါးအိုးထဲ ဖားပြုပ် ပြုတ် ကျတဲ့ ကိစ္စကို ဆိုင်ထဲမှာ အော်ကြီးဟစ်ကျယ် ပြောတာလေ ”
“ ဟယ် … ဘယ်လိုကြီး ဖြစ်ကြတာတုံး ခစ် ခစ် … ”
“ တယ် … ပိတ်ကန်လိုက်ရ ၊ ညည်း မျက်နှာပိုးကို သတ်စမ်း ။ ငါတို့ မဆယ်ရဲလို့ သူ ပဲ ဆယ်တုန်းက မျက်နှာလို မျက်နှာရ ဆယ်ပေးထားပြီး ။ ငါ့ ကို လူကြားထဲ အရှက် ခွဲရုံ မဟုတ်ဘူး ၊ ငါ့ ဆိုင်ကို လူတွေ လာမစားအောင် လုပ်တာ ။ ဖားပြုပ်ကြီးက အိုးထဲ ကို ဘယ်ကတည်းက ရောက်နေမှန်း မသိတဲ့ အကြောင်း ၊ သူ ပဲ မီးညှပ်ကြီး နဲ့ ဆယ်ပြီး ပစ်လိုက်ရတဲ့ အကြောင်း ၊ ဖားပြုပ်ကြီး က မီးအပူကြောင့် အရှင်လတ်လတ် ကားပြီး သေရတာမို့ ဘယ်လို ကားယားနေတဲ့အကြောင်း ဟယ် ၊ ဖွီ … စားနေတဲ့ သူတွေက အကုန် အော့အန်တာပေါ့ ။ ပြီးတော့ အဲဒီ မုန့်ဟင်းခါးအိုးကို ဆက် ရောင်းသင့် မရောင်းသင့် ငါ က စဉ်းစားနေလို့ သင်း ကပဲ သွန်ပစ်လိုက်ဖို့ အကြံပေးခဲ့တယ်ဆိုတဲ့အကြောင်း ၊ သင်း သိမယ် ၊ ငါ က အစကတည်းက မရောင်းပါဘူးလို့ ငါ့ ဘာသာ ကတိခံထားပြီးသားဟာကို ။ ညည်း လည်း သိပါတယ် ဝက်ထော် ရဲ့ ၊ ဟိုတစ်လောလေးက ငှက်ပျောပင်တွေ လေ ။ ရခိုင်ပင်ကြီး မှား ခုတ်မိလို့ ဟင်းတစ်အိုးလုံး ခါးတူးပြီး စားမရ ဖြစ်လို့တောင်မှ ငါ ဘယ် မှာ ရောင်းလို့လဲ ။ တန်းလျားထဲ အကုန် လိုက်ဝေပစ်တာပဲ ။ မအေပေး … အခုတော့ ငါ့မှာ မနက်တိုင်း အဲဒီ ဖားပြုပ်ကြီးကိစ္စပဲ ဖြေရှင်းနေရတယ် ဟေ့ ”
“ ဟစ် … ဟစ် … ဟား ဟား … ”
“ ကောင်မ ၊ ညည်း က အဒေါ် ကို ဒါ ပြောင်တာပေါ့လေ ။ ညည်း က ဘာလဲ လင့် ဘက်က ပါ သလား ”
“ အို … ဒေါ်ကြီးဘုတ်ဆုံ ကလည်း ဝက် က အပျိုပါ ။ ဘယ် လင်မှ မရှိဘဲ ၊ ဘယ့်နှယ် လင့် ဘက်က နာရမှာတုံး ”
“ အေး … အဲဒါပဲ ၊ ညည်း ငါ့ အစား နာစမ်း အေ ၊ အဲဒီ အကောင်ကို အရော မဝင်နဲ့ ။ ပညာ ပြလိုက် ၊ ကြားလား ”
“ အင်းပါ ”
ဒေါ်ကြီးဘုတ်ဆုံ ကတော့ ခိုင်ဦးကို အတော် နာသွားပြီ ။ ဘယ်လိုလုပ်မတုံး ။ ကိုယ် က သူ နဲ့ ကပ်နေရတာ ။ ဒီ အဒေါ် က မကြည်ရင် လစ်ရမှာ ။ လစ်လို့ မဖြစ်သေး ၊ ကိုယ့် မှာက မအေ ကို လုပ်ကျွေးနေရတာ ။ ထမင်းကျွေး အဝတ်ဆင်ရုံ အပြင် လခပါ ပေးထားတော့ ဒီ အဒေါ် ကို အာခံလို့ မဖြစ်သေးဘူး ။ ဟုတ်တယ် ၊ မရခင် ကတည်းက ဒီအကောင် ဒီလောက် မောက်ကြွနေရင် ငါ့ ကို
ရပြီးတော့ကော သင်း က အရေးလုပ်မှာလား ။ ငါ့အဆွေ ၊ ငါ့အမျိုးကို လူပုံ အလယ်မှာ မလေးမစား ထီမထင် လုပ်တာ ငါ လည်း မကြိုက်ဘူး ။ ဘာလဲ လူကြီးသူမ ကောင်းစေချင်လို့ ပြောတဲ့ဟာကို ။
ဟုတ်တယ် ။ ငါ့ အဒေါ် ကို လူညစ်ပတ်ကြီး ဖြစ်အောင် ၊ သူများတကာ ထင်အောင် ဒီ အကောင် ပြောတာ ။ ငါ့ မျက်နှာတောင် မထောက်ဘူး ။ တကယ်ဆို ဒေါ်ကြီးဘုတ်ဆုံ ဆိုတာ ဝက်ထော် ရဲ့ ကျေးဇူးရှင် လေ ။
ဒေါ်ကြီးဘုတ်ဆုံ က ကောင်တာ မှာ ထိုင်ပြီး ဟိုတစ်ဖက်ကို ဆတ်ခနဲ လှည့်လိုက်တယ် ။ ဝက်ထော် ကလည်း မျက်နှာကို ချီထားတာပေါ့ ။ အဲ … ကောင်းရော ။ ကိုကြီးအေးမင်းသန်း က လည်း ဒီကနေ့မှ ဘာစိတ်ရူးပေါက်တယ် မသိဘူး ။ ခိုင်ဦး လာတာတောင် ထ ကို မပြန်ဘူး ။ သတင်းစာကို ဟန်ကြီးပန်ကြီး ဖတ်နေလိုက်တာ ။ ဒါတွေကို ခြုံငုံသုံးသပ်မြင်လိုက်တော့ ခိုင်ဦး ရဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားတယ် ။
“ မုန့်ဟင်းခါး ပဲကြော် နဲ့ တစ်ပွဲ ”
သွားပြီ ၊ ခိုင်ဦး မှားပြီ ။
ဒေါ်ကြီးဘုတ်ဆုံမက ဖျတ်ခနဲ မျက်နှာထားနဲ့ လှည့်လာတဲ့ပြီးတော့ -
“ ဟေ့ … ဒီဆိုင်က မုန့်ဟင်းခါးကို ငါး နဲ့ မချက်ဘူး ၊ ဖားပြုပ် နဲ့ ချက်တာ ။ ဖားပြုပ် မုန့်ဟင်းခါး ပဲ ရောင်းတယ် ။ ကြိုက်ရင် ပက်လက်လန်တစ်ပွဲ ထည့်ပေးလိုက်ဟေ့ ”
“ ဖားပြုပ်မုန့်ဟင်းခါး ပဲ ကြိုက်လို့ တစ်သက်လုံး စားနေတာဗျ ။ ထည့်မှာသာ ထည့် ”
အောင်မာ … မလျှော့သေးဘူး သင်းက ။ မျက်နှာကလည်း တင်းနေလိုက်တာ ။ လူ ပဲ ထသတ်တော့မလိုလို ။ သင်း ပဲ အပြစ်လုပ်ထားသေးတယ် ။ လာ လာချည်သေး ။ အေးလေ … သိရမပေါ့ ။
“ ချိုချို… ခဏ ”
ကိုကြီးအေးမင်းသန်း က သတင်းစာကို ချပြီး ဝက်ထော် ကို အဲသလိုလည်း ခေါ်လိုက်ရော ဘာပြောကောင်းမလဲ ။ ဟိုအကောင် ပခုံးကြီး ကားခနဲ ဖြစ်သွားတာလေ ။ တိုတို သေအောင် တို ။ မာန ကြီးချင်တဲ့ အကောင် ။
“ ဘာလဲ ချိုချို ၊ လူကြားလို့မှ မကောင်းဘူး ။ ဖားပြုပ် နဲ့ ချက်တဲ့ မုန့်ဟင်းခါး ဘာတွေ ပြောနေကြတာလဲ ”
“ အလကားပါ ကိုကြီး ရာ ”
“ ရော့ … ပိုက်ဆံရှင်းဦး ၊ ကိုကြီး သွားတော့မယ် ။ မကြီးဘုတ် ၊ ကျွန်တော် သွားဦးမယ် ”
“ အေး အေး … မောင်အေးမင်း ရေ ၊ နေ့ခင်းဘက် အအေး လာသောက်လှည့်ချည် ၊ ပူတဲ့အချိန် ဆိုတော့ အိမ် မှာ သခွားမွှေး ဝယ်ထားတယ် ။ နေ့ခင်းကျမှ ရေခဲလေး ၊ သကြားလေး ၊ နို့ဆီလေး နဲ့ ဝက်ထော် ကို အဖျော်ခိုင်းလိုက်ဦးမယ် သိလား ”
“ ဟုတ်လား ၊ ကျွန်တော် သခွားမွှေး သိပ်ကြိုက်တာ ”
“ ဒုန်း … ဒုန်း … ”
“ ဟေ့ ... ငရုတ်သီးမှုန့် တောင်းနေတာကွ ငရုတ်သီးမှုန့် ၊ ဒီကလည်း ပိုက်ဆံနဲ့ စားနေတာနော့ ။ ဘယ်မလဲ ငရုတ်သီးမှုန့်ပန်းကန် ”
ဒေါ်ကြီးဘုတ်ဆုံ က မျက်စောင်း ထိုးပြီး ဟိုဘက် လှည့်သွားတယ် ။ ဝက်ထော် က ရင်တောင် တုန်သွားတယ် ။ အမလေးလေး … ဘယ်လိုဟာကြီးပါလိမ့် ။ အော်လိုက်တာ ၊ အသံကို ပြာနေတာပဲ ။ ဒါနဲ့ ပိုက်ဆံအမ်းပေးပြီး ဝက်ထော်လည်း ဆောင့်ကြီးအောင့်ကြီးနဲ့ ငရုတ်သီးမှုန့်ပန်းကန်သွားချပေးလိုက်ရတယ် ။ ဒေါသတကြီး မော့ကြည့်ပြီးတော့ -
“ ဘာဖြစ်နေတာလဲ ” တဲ့ သူ က ။
“ နင် ဖြစ်တာလေ ”
ဝက် က အေးဆေး ပြောလိုက်တာပါ ။
“ ဒေါ်ကြီးဘုတ်ဆုံ က လူကြီးဖြစ်ပြီး သွေးထိုးတာ ကောင်းသလား ”
“ ဟဲ့ … နင် သေသွားမယ်နော် ၊ ငါ့အဒေါ် ကို မထိနဲ့ ။ နင့် ဘာသာ နင် အသုံး မကျတာ နဲ့ ငါ့ အဒေါ် ကို ဘာပြဿနာ ရှာတာလဲ ”
“ နင် ဘုမသိ ဘမသိ တစ်ဖက်သတ် မပြောနဲ့ ”
“ ဘာ တစ်ဖက်သတ်လဲ ”
“ သူ က ငါ့ ကို မုန်းနေတာ ”
“ မုန်းအောင် နေတာကိုး ”
“ သူ က အေးမင်းသန်း ကို ဘုရားလောက် ထင်နေတာ ”
“ အထင် ခံချင်ရင် နင် လည်း ရအောင် လုပ်ပေါ့ ”
“ ရအောင် လုပ်ရင် နင် ကိုးကွယ်မှာလား ”
“ ဝက်ထော် ရေ … စားတဲ့လူ က တစ်ယောက်တည်း မဟုတ်ဘူး ။ ငရုတ်သီးမှုန့်တွေ တစ်ဆိုင်လုံး ဖိသတ် မကုန်အောင် ရှိတယ် ။ ယူထည့်စားကြပါစေ ။ ဒါ ဟိုတယ်မဟုတ်ဘူး ၊ လမ်းဘေး ဈေးဆိုင် ။ ကိုယ် လိုချင်တာ ထိုင်ရာမထရတဲ့ဆိုင် မဟုတ်ဘူး ။ နောက်ဖေးမှာ ပန်းကန်တွေ ပုံနေပြီ ။ ရေလည်း ဖြည့်ရဦးမယ် ။ နေ့ခင်းဘက် ကျရင် အအေး ရောင်းဖို့ ရေခဲ သွားဝယ်ရဦးမယ် ။ ပြီးရင် ကြက်သွန်အဖြူ ၊ အနီ ခွာရဦးမယ် ။ ငါး ပြုတ်ရဦးမယ် ”
“ ဗျို့ … ဒေါ်ကြီးဘုတ်ဆုံ ၊ ခင်ဗျား အသံကို ခဏကလေး တိတ်ထားဗျာ ။ ဒီမှာ မျို မကျတော့ဘူး ။ အဲဒီအလုပ်တွေ နေ့တိုင်း ကျုပ် လုပ်နေကျ ။ ရေခဲလည်း ကျုပ် စက်ဘီးနဲ့ သွားမှ ရလာမယ့် ကိစ္စ ။ ခင်ဗျား အာပြဲ မနေနဲ့ ။ ခင်ဗျား ပဲ ငါး မရောင်းဘူး ၊ ဖားပြုပ် နဲ့ ချက်မှာ ဆို ။ မပူနဲ့ ၊ အား… အမယ်လေးဗျာ …. ”
အိုး … ဝက်ထော် မျက်လုံးပြူးသွားတယ် ။ ရင်တုန်ပန်းတုန်နဲ့ ခိုင်ဦး ဆီ အပြေးအလွှား ရောက်သွားတယ် ။ ဒေါ်ကြီးဘုတ်ဆုံမ ကတော့ လုပ်ချလိုက်ပြန်ပြီ ။ ခိုင်ဦး မျက်ခွက် ကို ရေနွေးပန်းကန်လုံး နဲ့ ကောက်ပေါက်တာ ၊ တကယ် နဖူးတည့်တည့် ကို မှန်တော့တာပဲ ဗျို့ ။ ဈေးခြင်းတောင်း ချပြီး အူယားဖားယား ပြေးလာတဲ့ ဦးမောင်ဝင်း ရယ် ၊ စားနေလက်စ လူ လေး ငါးယောက်ရယ် က ဖုထွက်လာတဲ့ ခိုင်ဦး ရဲ့ ဘုကြီး ကို ဝိုင်းပြီး လက်ပူတိုက်နေကြလေရဲ့ ၊ အေးရော… ။
မကြာပါဘူး ၊ မိနစ် ၂ဝ လောက် ရောက်တော့ ခိုင်ဦး နဲ့ ဦးမောင်ဝင်း ရယ်ရယ်မောမော ပြန် ဖြစ်သွားတယ် ။ ဝက်ထော် လည်း မျက်နှာအချိုး ပြောင်းပြီး ပျာပျာသလဲ ဖြစ်သွားတာလည်း ပါမှာပေါ့လေ ။ ဒေါ်ကြီးဘုတ်ဆုံ လည်း လန့်သွားမှာပါ ။ ဒါပေမဲ့ မျက်နှာထားကိုတော့ မပြင်ဘူး ။
ခဏနေတော့ ခိုင်ဦး က ဦးမောင်ဝင်း ဝယ်လာတဲ့ ဈေးခြင်းတောင်းကို စားပွဲပေါ် တင်ပြီး ကြက်သွန်တွေထုတ် အခွံနွှာ ၊ ငါးကိုင် လုပ်နေတယ် ။ ဦးမောင်ဝင်း က ခိုင်ဦး ကို ဆေးလိပ် မီးညှိပေးနေတယ် ။ ဝက်ထော် က ချင်း နဲ့ စပါးလင် ကို ခိုင်ဦး ဘေးမှာ တဟီးဟီး ဖြစ်ရင်း ထောင်းထုနေတယ် ။ ဒေါ်ကြီးဘုတ်ဆုံမ ကတော့ ကောင်တာမှာ အိပ်ငိုက်နေလို့ပေါ့ ။ ဒီအချိန်မှာပဲ …
“ ဟေး … သားသားတို့ ဖို့ မုန့်ညင်းခါး ဥဥနဲ့ ထည့်ပေး ၊ များများကြီး များများကြီး ”
ဝက်ထော် ရဲ့ လက်ကလေး ကို အလစ်မှာ ခိုးကိုင်မလို့ ရည်ရွယ်ထားတဲ့ ခိုင်ဦး က ဟောသလို မချိတင်ကဲ ထအော်တယ် ။
“ ဟော့ဒီမှာနော် ၊ ဘုတ်ဆုံမ ရဲ့ တစ်မူထူးတဲ့ ဖားပြုပ်မုန့်ဟင်းခါးဆိုင် ၊ လာကြနော် ၊ လာကြနော် ”
မရည်ရွယ်ပါဘဲ နဲ့ ဝက်ထော် ရဲ့ လက် က ခိုင်ဦး ခေါင်း ကို ဒေါက်ခနဲ ခေါက်မိပြီး ဖြစ်သွားလေရော ။ ဒေါ်ကြီးဘုတ်ဆုံမ ကတော့ -
“ ဘဲဥ မထည့်ပေးနဲ့ ၊ ကြက်သွန်ဥပဲ ရှာထည့်ပေးလိုက် ။ အင်း … စာရင်းချုပ်ရတော့မယ် ၊ မနက်ဖြန် သန်ဘက်ခါဆို လကုန်ပြီ ”
အစရှိသဖြင့် ကရားရေလွှတ် … ။
လူတွေ က ကျဲပါးလျက် ရှိပေပြီ ။
ဦးမောင်ဝင်း ကတော့ ရုံးအမီ ဆိုပြီး ဆိုင်နောက်ဘက်က ပီပါထဲမှ ရေကို တဝုန်းဝုန်း လောင်းချိုးနေလေ၏ ။ အချိန်ကား နံနက် ၁ဝ နာရီ ခွဲ ပြီးနေလေပြီ ။
◾ကြည်မွေ့အိမ်
📖မဟောသဓာ သုတ ရသစုံ မဂ္ဂဇင်း
၂၀၀၇ ၊ ဩဂုတ်လ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment