Thursday, January 13, 2022

ဒေဝူးကား


 ❝ ဒေဝူးကား ❞


ကြည်ပြာ ...


မင်းဟာ

လွန်ခဲတဲ့ နှစ် ၂၀၀ မှာ အသက်ရှင်မယ် ဆိုရင်

မိဖုရား ဖြစ်နိုင်တယ် ။


ငါက

မင်းကို စွဲစွဲလမ်းလမ်း ချစ်ရဖို့

အကြိမ်ကြိမ် ကြိုးစားခဲ့ရဖူးတယ် ။


ငါဟာ

ဘာကောင်မှ မဟုတ်ဘူးဆိုတာလည်း

မင်း သိတဲ့ အတိုင်းပဲ ။


“ သိတယ် သိတယ် ။ နင် ဟာ ဘာကောင်မှ မဟုတ်ဘူး ဆိုတာ ငါ သိတယ် ။ နင် က အရူး သိလား ၊ ကဲ ပြောစမ်း အဲဒါ ဘာအဓိပ္ပာယ် နဲ့ ရေးထားတယ် ဆိုတာ ပြောစမ်း ”


ဒေါသ ၊ မာန နှင့် အနိုင်ရလိုမှုများသည် ကြည်ပြာ မျက်နှာပေါ်တွင် ခုန်၍ နေလေသည် ။ လက်ထဲ က Diary စာအုပ် ဖြင့် ကျွန်တော့် ကျော ကို တဗုန်းဗုန်း ထုနှက်လိုက်သေး၏ ။ ပထမ ကျွန်တော် ဒေါသ ထွက်သွားသည် ။ ဒုတိယ အံ့သြသည် ။ တတိယ ဝမ်းနည်းကြေကွဲ သွားခဲ့ရသည် ။


“ ငါ့ ကို မျက်လုံးပြူးပြီး ကြည့် မနေနဲ့ ၊ ပြောလေ ဒါ ငါ့ကို စော်ကားထားတာ မဟုတ်လား ”


“ နင် ကလည်းဟာ ... မဟုတ်ပါဘူး ဟ ”


“ ဘာ ...ကဲ အဲဒါဆိုရင် ဘာလဲ ”


“ အဲဒါ ကဗျာ ပေါ့ ”


ကြည်ပြာ က စိတ်ပျက်ခြင်းကြီးစွာဖြင့် ခေါင်းကို ဘယ်ညာ ရမ်းသည် ။ ဒေါသကြီးစွာဖြင့် နှုတ်ခမ်းများကို တွန့်လိမ်ကောက်ကွေး ပစ်လိုက်သည် ။ ပြီးတော့ ကျွန်တော် အစွဲလမ်းရဆုံးသော လှောင်ပြုံး ကို ပြုံးပစ်လိုက်လေသည် ။


“ အဟား ... အဲဒါ ကဗျာ တဲ့လား ၊ လဲသေလိုက် ”


စကားဆုံးတော့ ဖျတ်ခနဲ မတ်တတ် ရပ်သည် ။ ကျွန်တော့် Diary စာအုပ်ကို ကျွန်တော့်ရင်ခွင်ထဲ ပစ်ပေါက်ချလိုက်ပြီး လှေကားထစ်များ မှ နွဲ့လျစွာ ဆင်းသွားသည် ။ လှေကားအဆုံးကို ရောက်တော့မှ ကျွန်တော့်ကို အပြင်းထန်ဆုံးသော မာနသံဖြင့် ပြောသည် ။


“ ငါ့ အတန်းထဲကို လုံးဝ လိုက်မလာခဲ့နဲ့ ဒါပဲ ”


ကျွန်တော် ကြေကွဲစွာ ကျန်ရစ်ခဲ့ သည် ။


ပထမတော့ ကျွန်တော် သည် ကြည်ပြာ ကို လေရူးသုန်သုန် ထဲက စကားလက်အိုဟာရာ ဟု ထင်ခဲ့ဖူးသည် ။ စစ် နဲ့ ငြိမ်းချမ်းရေးထဲက နာတာလျှာ ၊ ဒဂုန်တာရာ ၏ မေ ၊ မိုးငြိမ်းဧ ၏ နှင်းလဲ့ကြွေ ၊ ဂျူး ၏ ပြင်သစ် လို အနည်းအကျဉ်း တတ်သော ဇာတ်ကောင် တစ်ယောက် ။ တကယ်တော့ ကြည်ပြာ သည် ဝက်ခေါင်းသုပ် တစ်ပွဲထဲက ဝက်နားရွက် တစ်ဖက်လောက် မှ ကဗျာ ကို ကြိုက်နှစ်သက်ခြင်း မရှိ ။ အန်တီမြင့် ၏ ရခိုင်မုန့်တီ တစ်ပွဲလောက်မှ အနုပညာ ကို စိတ်မဝင်စားသည့် လှချင် ပချင်စိတ်ကလေးနှင့် အတင်းပြောတတ်ရုံ သာမန် မိန်းကလေး တစ်ဦးသာ ဖြစ်လေသည် ။


နှစ်ယောက် အတူ ထိုင်ခွင့်ရသော တိတ်ဆိတ်ငြိမ်းချမ်းပြီး ရင်ခုန်ချင်စရာ ကောင်းသော အချိန် မျိုးတွင် ချစ်သူနှစ်ယောက် ဘယ်လို အနုပညာဆန်ဆန် နေရမည် ဆိုတာမျိုးကိုလည်း ကြည်ပြာ က မသိ ။ စကားသာ တွင်တွင် များတတ်သည် ။ မုန့်စိမ်းပေါင်းသည် နှင့် သူ့ အစ်မ ရန်ဖြစ်သည့် အကြောင်းကို အပြန်အလှန် စကားတစ်လုံးမှ မကျန်ရအောင် ပြောချင် ပြောမည် ။ မင်္ဂလာဈေး မှာ အထည် သွားဝယ်စဉ်က စားခဲ့ရသည့် ခေါက်ဆွဲသုပ် အကြောင်းကို ချီးမွမ်းချင် ချီးမွမ်းမည် ။ သူတို့ အိမ်နားက သူ့ သူငယ်ချင်း ညီမ ၏ ရည်းစားအကြောင်းကို ပြောချင်လျှင် ပြောမည် ။


ကြည်ပြာ ပြောသမျှ ကျွန်တော့် အတွေးပုံရိပ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်လျက်ရှိသည် ။ သူ့ သူငယ်ချင်း ကိုမှ မမြင်ခဲ့ဖူးတာ ၊ ထို သူငယ်ချင်း ညီမကလေး ၏ ရည်းစားကို ကျွန်တော် ဘယ်လို ပုံဖော်ကြည့်ရမည်နည်း ။ ဒါပေမဲ့ ကြည်ပြာ စကားလုံးများ အလိုက် ကျွန်တော့်မျက်နှာ ကို ပြောင်းလဲပေးရ၏ ။ ဪ ... ဟာ ဟုတ်လား ။ ဟားဟား ဟီးဟီး လုပ်ပေးရ၏ ။ မိန်းကလေး ဆိုတာ တစ်သက်လုံး အလိမ် ခံနေချင်ကြတာ ဟု ကျွန်တော်တွေးမိသည် ။ “ လူ့ဘဝ၏ အဓိပ္ပာယ်ဟာ ဘာလဲ ” ဆိုသည့် မေးခွန်းမျိုးကို ဗူးပါတိတ် စစ် မစစ်လောက် စိတ်ဝင်စားခြင်း မရှိ ။ အဓိပ္ပာယ် ရှိသည်ဟု မသတ်မှတ် ။ အသက်ရှင်ခြင်း ၏ အပို အလုပ်များဖြင့်သာ သူတို့ဘဝကို သူတို့ မကုန် ကုန်အောင် လုပ်ပစ် နေတတ်သည် ။


ကျွန်တော် က ကြည်ပြာ ကို ထို့ထက် လေးနက် စေချင်သည် ။ မြင် နေရတာတွေ ထက် အဓိပ္ပာယ် ရှိစေချင်သည် ။ လပြည့်ည များ တွင် အိပ်ပစ်ရမှာ ကို နှမြောရကောင်းမှန်း သိသည့် မိန်းကလေး တစ်ယောက် ဖြစ်စေချင်သည် ။ သို့သော် ကြည်ပြာ က မိုးမိုး ကို ပြောခဲ့သည် ။ “ အေးဟာ ငါ ခဏခဏတော့ စိတ်ကောက်ရပါရဲ့ ၊ ဒါပေမဲ့ နင်တို့ အတွဲလို အဓိပ္ပာယ်ရှိရှိ စိတ်ကောက်ရတာမျိုး မဟုတ်ပါဘူးဟာ ၊ ဟိုကောင်က အူကြောင်ကြောင်နဲ့ ဟ ” တဲ့ ။


“ ရဲဝင်း ၊ နင် ပုံမှန်ပဲ နေဟာ ကြည်ပြာ ကို အူကြောင်ကြောင် စကားတွေ သွားသွား မပြောနဲ့ ၊ ငါတို့ လည်း ရှင်းပေးရတာ စိတ်ညစ်တယ် ၊ ကြည်ပြာ နဲ့ တွေ့ရင် နင့် စာအုပ်ထဲက ဟာတွေကို မေ့ထားလိုက် ဟာ ”


ယဉ်ယဉ်သိန်း ကတော့ ကျွန်တော့် ကို တိုးတိုးတိတ်တိတ် သတိပေးဖူးသည် ။ အဲဒီတုန်းကလည်း ပြဿနာ ရှင်းလိုက်ရတာ အမော ။ ထိုနေ့က ကြည်ပြာ နှင့်ကျွန်တော် ကန်ရေရိပ် ကို တတိယအကြိမ် ရောက်ခဲ့စဉ်ကဖြစ်သည် ။ ကြည်ပြာ က ကျွန်တော့် ကိုကာ နူးညံ့စွာ မေးခဲ့သည် ။ “ နင် ငါ့ ကို တကယ် ချစ်ရဲ့လား ”တဲ့ ။ ကျွန်တော့် ရင် သည် ဖျတ်ခနဲ ပွင့်သွားခဲ့သည် ။ ကျွန်တော် ကြက်သီး ဖြန်းခနဲ ထသည် ။ စကားလုံးပေါင်း များစွာသည် ချက်ချင်း ကျွန်တော့်နှုတ်ခမ်းပေါ် တိုးဝှေ့ လာကြသည် ။


“ ချစ်တာပေါ့ ၊ သိပ်ချစ်တာ ၊ ဒါပေမယ့် ဒီလိုဟ သိလား ၊ ငါ နင့် ကို ချစ်တယ်ဆိုတာ တကယ်တော့ နင့် ကို ချစ်တာ မဟုတ်ဘူး ၊ ငါ့ ကိုယ် ငါ ချစ်တာ ဟ ”


“ ဘာ ”


“ ဒီလိုလေဟာ ၊ ငါ က နင် နဲ့ မတွေ့ရရင် မနေတတ်ဘူး ၊ နင့် စကားသံ တတွတ်တွတ် ကို မကြားရရင်လည်း သိပ် စိတ်ဆင်းရဲတာပဲ ။ နင့် မျက်ဝန်းညိုကလေး တွေ နင့် ရဲ့ ရယ်သံပါးပါး . . အို အားလုံးကို ပေါ့ဟာ ။ ငါ့ အနားမှာ မရှိတဲ့အခါ ငါ့ မှာ ဆင်းရဲခြင်း ဆိုတဲ့ ဒုက္ခ ကို ခံစားရရော ။ အဲဒီ ဝဋ်ဆင်းရဲကြီးကို ငါ့ ခန္ဓာကိုယ်ထဲမှာ ခံစားနေရတာကို ငါ မကြည့်ရက်ဘူး ။ အဲဒီ ဝဋ်ဆင်းရဲကြီး က လွတ်အောင် နင့် ကို ငါ့ အနားမှာ ရှိနေစေချင်တာ ။ နင့် ကို ချစ်ချင်တာ ဒါဟာ ငါ့ ကိုယ် ငါ ချစ်တာဟ နင့် ကို ချစ်တာ မဟုတ်ဘူး ”


ကျွန်တော် ၏ လေးနက်သော အဘိဓမ္မာ စကား အဆုံးတွင် ကြည်ပြာ သည် ဝုန်းခနဲ ထရပ်ကာ အကြီးအကျယ် ရန်တွေ့ လာတော့သည် ။ ကျွန်တော် အကြိမ်ကြိမ် ရှင်းပြသော်လည်း ဘယ်လိုမှ မရ ။ ကြည်ပြာ က တောက် ခတ်သည် ။ အံကို တင်းတင်း ကြိတ်သည် ။ နှုတ်ခမ်း တွေ တဆတ်ဆတ် တုန်၍လာသည် ။ ကျွန်တော့် ကို အော်ဟစ်ရန်တွေ့သော စကားသံတွေ က တုန်ရင်ပြာနှမ်းကာနေ၏ ။


သူငယ်ချင်းများ ရောက်လာကြသောအခါ ကြည်ပြာ ထံတွင် စကားက နှစ်ခွန်းသာ ကျန်တော့သည် ။


“ ကြည်ပြာ က သူ့ ကို မေးတယ် ၊ နင် ငါ့ ကို ချစ်သလားလို့ ၊ အဲဒါ သူ က မချစ်ဘူးတဲ့ ၊ ကြည့်စမ်း ဒါ ကြည်ပြာ ကို သက်သက် ချိုးတာ ၊ လူပါးဝတာ ၊ နင် လို ကောင်က မချစ်ရင် ငါ က ဘာဖြစ်သွားမှာတဲ့တုံးဟင် သွား နင့် မျက်နှာ ငါ မကြည့်ချင် ... ”


ကျွန်တော် တုန်ရင်စွာ ရှင်းပြသော်လည်း ကျွန်တော့် စကားသံများသည် ကြည်ပြာ ၏ ကြုံရာ ရန်တွေ့သံများ ထဲတွင် အဆုံးထိ မရောက်နိုင်တော့ ။ အောင်နိုင်စိုး နှင့် လွင်ဦးက ခေါင်းကို ကုတ်ကြသည် ။ တိတ်ဆိတ်သော ကန်ရေရိပ်တွင် လွင့်ထွက်လာသော ရင်ခုန်သံဖြင့် မေးခဲ့သည့် ကြည်နူးဖွယ် “ နင် ငါ့ ကိုချစ်သလား ” ဆိုသည့် စကား သည် ဘာကြောင့် ရန်ပွဲ တစ်ပွဲ နှင့် အဆုံးသတ် သွားခဲ့ရသနည်း ။


“ ချစ်သလား မေးရင် သိပ်ချစ်တယ် ပေါ့ကွာ ၊ စိတ်စေတသိက်တို့ ၊ ရုပ်တို့ ၊ နာမ်တို့ ၊ စိတ်ဖြစ်စဉ်တို့ ၊ လှည်စားမှုတို့ ဘာကြောင့် လုပ်ချင်ရတာလဲ ၊ မင်း ကတော့ ခက်တော့တာပဲကွာ ဒုက္ခပဲ ”


သူငယ်ချင်းများက ညည်းကြသည် ။ နောက်ဆုံး ကြည်ပြာ ကို မျက်နှာငယ်ငယ်ဖြင့် တစ်ပတ်လောက် တောင်းပန်ယူရ၏ ။ နားလည်သွားအောင် ထပ် မရှင်းရဲတော့ ။ နင့် ကို ငါ အရမ်း ချစ်ပါတယ်ဟာ ဆိုသည့် စကားတစ်ခွန်းတည်း ကို အကြိမ် နှစ်သန်း လောက် ပြောယူရ၏ ။ ပင်ပန်းလိုက်တာ မကြည်ပြာ ရယ် ... ။


အခုတော့ ပြေလည်ခါစ အချစ်ကလေး ကို တစ်ညလုံး စဉ်းစားကာ ရေးခဲ့ ရသည့် ကဗျာတစ်ပုဒ် က ဆွဲဆုတ်ပစ်လိုက်ပြန်သည် ။ ကြည်ပြာ သည် အတန်းထဲမှာ မျက်နှာကို တင်းကာ ထိုင်နေခဲ့သည် ။


မိုးမိုး က စိတ်ပျက်လက်ပျက်ဖြင့် ကျွန်တော့် ကို လက်ဝါး လှမ်းထောင်ပြသည် ။ ကျွန်တော့် သောက ၏ ဒီဂရီ သည် ကြည်ပြာ မျက်နှာပေါ်တွင် တရိပ်ရိပ် တက်လျက်ရှိသည် ။ အဓိပ္ပာယ် လေးနက်တဲ့ စကားတွေကို ငါ သဘောကျတဲ့ ကောင်မလေးတစ်ယောက် ရဲ့ အရှေ့မှာ ဖြည်းဖြည်းချင်း ပြောပြချင်နေမိတယ် ။ အဲဒီ ကောင်မလေးဟာ မင်း ပဲ မကြည်ပြာ ။


အတန်းလွှတ်တော့ ကြည်ပြာ က ခြေကိုဆောင့်ကာ သူငယ်ချင်းများ အရှေ့မှ ထွက်သွား၏ ။ ပါးလျသေးသွယ်သော ကြည်ပြာကိုယ်လုံး သည် ကျားသစ်မပေါက်စလေးတစ်ကောင် လို ကြောက်ဖို့ကောင်းနေသည် ။ ကျွန်တော် မိုးမိုး နား အသာ ကပ်ရ၏ ။ မျက်နှာကိုလည်း အတတ်နိုင်ဆုံး ငယ်ထားရ၏ ။


“ တော်ပြီ ရဲဝင်း ၊ ကိုယ့်ကိစ္စ ကိုယ်ရှင်းပေတော့ ၊ နင်တို့ နှစ်ယောက် ကြားထဲ ဝင်ရတာ သိပ် ဦးနှောက်စားတာပဲ ။ ဘာတွေမှန်းလည်း မသိဘူး ။ ကြာရင် ငါတို့ ရူးမယ် သိလား ”


“ ငါက ကဗျာလေး ရေးလာတာဟာ အဲဒါ ”


“ တော်ပြီ တော်ပြီ ၊ နင့် ကဗျာတွေကို နင်ပဲရအောင် ရှင်းပေတော့ ”


သူငယ်ချင်းအတွဲများ က အဆင်ပြေစွာ ရွှေတိဂုံဘုရား သွားမည့် မှတ်တိုင်သို့ ထွက်သွားကြသည် ။ ကြည်ပြာ က အိမ်ပြန်မည့် ကားမှတ်တိုင်ဘက်တွင် ရပ်နေ၏ ။ မိန်းကလေးများ စိတ်ကောက်လျှင် ပထမ မျက်နှာတွေ ကို မာတင်းထားမည် ။ ဒုတိယ လေသံ ပြောင်းမည် ။ တတိယ စီစဉ်ထားသမျှတွေ ကို ပြောင်းပြန် လှန်ပစ်မည် ။ စတုတ္ထ အနားကပ်သွား၍ စကား ပြောလျှင် ချော့လျှင် အော်ကြီးဟစ်ကျယ် လုပ်ချင် လုပ် ၊ ဒါမှမဟုတ် မေးသမျှကို တစ်ခွန်းမှ ပြန် မဖြေဘဲ သစ်ဆွေးတုံး တစ်တုံးလို တုံဏှိဘာဝေ လုပ်နေတတ်သည် ။


အခုတော့ ဘာ မဟုတ်သည့် ကိစ္စကလေး ဖြင့် ရွှေတိဂုံဘုရား သွားမည် ဟူသော အစီအစဉ် ထဲတွင် ကျွန်တော်တို့ ပါဝင်ခွင့် မရတော့ ။ သူငယ်ချင်းများက လေးဆယ့်ခုနစ် ကားလေးပေါ် က လက်ပြ သွားကြသည် ။ ကြည်ပြာ မတုန်မလှုပ် ၊ ကျွန်တော် အနား မကပ်ရဲ ၊ ကားလေးပေါ် တက်ပြီးတော့ ကြည်ပြာ က သူမ အတွက်သာ ကားခ ထုတ်ပေးသည် ။ ကျွန်တော် ပါလာတာကို လုံးဝ ဂရုမစိုက် ၊ အသိအမှတ် မပြု ၊ ကျွန်တော်က ကြည်ပြာ နှင့် မျက်နှာချင်းဆိုင် အတန်းဘက်တွင် ထိုင်ကာ ကြည်ပြာ နှင့် မျက်ဝန်းချင်းများ ဆုံခွင့်ရလျှင် တောင်းပန်ပြုံး ကလေး ပြုံးပြဖို့ ကြိုးစားရသည် ။


ကြည်ပြာ က ကျွန်တော့် ဘက် ကို လုံးဝလှည့်မကြည့် ။ ကျွန်တော် ထိုင်ရသည့်အတန်းဘက်တွင် လူ ခုနစ်ယောက် ပြည့်သွားပြီ ဖြစ်သော်လည်း ကလေးတစ်ယောက် ပါသည့်အပြင် ကျွန်တော် ပါ ထိုင်နေသည့် အတွက် လူခုနှစ်ယောက်အတန်း သည် အတော်ကြီး ချောင်လျက် ရှိသည့်အပြင် တစ်ထွာစာလောက် လွတ်၍ နေသည် ။ သို့သော် ကျွန်တော် ဘာကိုမှ သတိ မထားမိခဲ့ ။ ကျွန်တော့် မျက်ဝန်းများကို ရှောင်လျက် ရှိသော ကြည်ပြာ ၏ မျက်ဝန်းညိုညို ထဲတွင် တောင်းပန်ရိပ် တစ်အုပ်လောက် စိုက်ချရဖို့သာ ( ၃၈ ) ကားလေးထဲမှာ လိုက်လံကြိုးစား နေရသည် ။


မှတ်တိုင်မှာ ရပ်ပြီး ကား ပြန် အထွက်တွင် မိန်းမ တစ်ယောက်က ကျွန်တော့် နံဘေးမှ လွတ်နေသော နေရာမှာ ဝင်ထိုင်သည် ။ “ အစ်မ လူပြည့်နေပြီ ” ဆိုသော နံဘေးမှ လူတစ်ယောက် ၏ စကားသံ ၊ ကျွန်တော့် ဘယ်ဘက်ပေါင် ပေါ်သို့ လေးလံလွန်းလှသော ခံစားမှု တစ်ခု ၊ ကြည်ပြာ ကို အငမ်းမရကြည့် နေသော ကျွန်တော့် မျက်နှာ အရှေ့မှ ပိတ်ကွယ်လိုက်သည့် ကြီးမား အေးစက်လှသော လက်မောင်းသားကြီး တစ်ခု ။


ဒီတော့မှ ကျွန်တော် ကမန်းကတန်း အသိဝင်လာသည် ။ ထို မိန်းမ က ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် နောက် တက်လာသူများက အလယ်တန်းမှ ခုံများ ကို အသီးသီး ယူထိုင်လိုက်ကြသည် ။ “ ခုံပြည့် အတွယ်ငါး မောင်း" ကားက လေးပင်၍ ဦး‌မော့ ကာ တအိအိ မောင်းထွက်သည် ။ ဝင်ထိုင်သော အမျိုးသမီး က အသက် ၂၈ နှစ် လောက် ရှိမည် ထင်သည် ။ အသားဖြူဖြူ ဖွံ့ဖွံ့ထွားထွား ၊ လုံးကြီးပေါက်လှ လူပြည့်နေပြီးသား တစ်ထွာစာ နေရာ အပိုကလေးထဲသို့ သူမ ၏ ပေါင် တစ်ဖက်သာ ဝင်ဆံ့သည် ။ ကျန်သည့် တင်ပါးတစ်ဖက် နှင့် ပေါင်တစ်ဖက်က ခပ်ထွားထွားလူတစ်ယောက်၏ လက်မောင်းအိုး တစ်အိုးစာလောက်သာ ရှိသော ကျွန်တော့် ဘယ်ဘက်ပေါင်ပေါ်မှာ တင်၍ နေလေသည် ။


ကျွန်တော်တို့ ဘက် အတန်း သည် ချက်ချင်းပင် လှုပ် မရနိုင်တော့ လောက်အောင် ကျပ်သွားသည် ။ သူမ ၏ ကိုယ်အလေးချိန် က တစ်စတစ်စ ကျွန်တော့် ပေါင်ပေါ်  ပိကျလာနေသည် ။ သူမ ၏ ကြောအနောက်ဘက် တွင် ကျွန်တော့် ခန္ဓာသည် ပြားကပ်၍ နေ၏ ။ အပေါ်တန်း သို့ လှမ်း ကိုင်ထားသဖြင့် သူမ ၏ အေးစက်ကြီးမားလှသော လက်မောင်းသားများ သည် ကျွန်တော့် မျက်နှာရှေ့မှ ဖြတ်ကာ ကျွန်တော့် ဦးခေါင်း ကို နောက်မှ သံတိုင်များဖြင့် ဖိညှပ်ထားပြန်သည် ။ ကျွန်တော် ရုန်း၍ မရတော့ ။ လှုပ်၍ မရတော့ ။ ကြည်ပြာ ကိုလည်း မမြင်ရတော့ ။


လေးလံလှသော သူမ ၏ ခန္ဓာကိုယ်အလေးချိန် နှင့် အေးစက် နေသော လက်မောင်းသားကြီးများ အောက်တွင် ကျွန်တော် တစ်စထက် တစ်စ မွန်းနစ်၍ လာသည် ။ ကြိုးစား၍ ရုန်းကန်သော်လည်း အချည်းအနှီး ။ ကား က လူပြည့်သွားသဖြင့် မှန်မှန် မောင်းလျက်ရှိသည် ။ ကျွန်တော့် ဘယ်ဘက်ပေါင် သည် ပထမ နာကျင်၍ လာသည် ။ ဒုတိယ ပူခြစ်ထုံထိုင်း လာသည် ။ နောက်ဆုံး တဖြည်းဖြည်း အေးစက်၍ လာလေသည် ။ အသက်ရှူ ရတာလည်း မဝတော့ အပေါ်တန်းကို ကိုင်ထားရသော လက်ဖြင့် သူမလက်မောင်း ကို ဖျစ်ညှစ်တွန်းပင့်ကာ နှာခေါင်း နှင့် အနည်းငယ် ဟ သွားသည့်အချိန်တွင် အသက် ကို ဝအောင် လု လု ရှူနေရ၏ ။


ချက်ချင်း ရောက်လာသော ဒုက္ခ သည် ကျွန်တော် ၏ ခန္ဓာကိုယ် ကို အရှေ့ အနောက် ၊ ဝဲယာ နှစ်ဖက်စလုံး မှ ဖိညှပ်ကာထားသည် ။ သူမ ခန္ဓာကိုယ် အောက်မှ ကျွန်တော့် ပေါင်သည် ခံစားမှု အဆိုးဝါးဆုံး ဖြစ်သည် ။ ခြေထောက် တစ်ဖက်လုံးသည် အေးစက် ထုံကျင် လာရာမှ ခန္ဓာကိုယ် ၏ အင်္ဂါတစ်ခု အဖြစ်မှ ပျောက်ကွယ်သွားသလို ကျွန်တော် ခံစားလာရသည် ။ သွေးကြော ၊ လေကြောတွေ ပိတ်ကုန်ပြီလား ။ ကျွန်တော့် စိတ်ထဲမှာ ကြည်ပြာလည်း မရှိတော့ ၊ ချော့ဖို့ ၊ စိတ်ဆိုးပြေဖို့ ဘာမှ မရှိတော့ ၊ မတန်တဆ လေးပင်မှုကြီးတစ်ခုသာ ထီးတည်း ရှိနေသည် ။


ဒီလိုနှင့် ရုန်းရင်းကန်ရင်း ကြိုးစားအသက်ရှူရင်း ပုဇွန်တောင် မှတ်တိုင် ရောက်တော့ ကားရပ်သည် ။ အလယ်တန်း ထိုင်ခုံကလေးများ မှ လူနှစ်ယောက် ဆင်းသွားသည် ။ ကျွန်တော် လည်း တစ်ကိုယ်လုံး ချွေးတွေရွှဲနေပြီ ။


“ အစ်မ အလယ်ခုံ ကို ပြောင်း ထိုင်ပါဗျာ ။ ကျွန်တော် နာလို့ပါ ။ ဒီအတန်းမှာက ခုနစ်ယောက် ပြည့်နေပြီဗျ ”


“ ဘာ ”


“ ကျွန်တော် နာတယ်ဗျ ။ အလယ်ခုံကို ရွှေ့ လိုက်ပါလို့ ဒီအတန်းမှာက ... ”


“ အောင်မယ် လူပါးဝလို့ နင့် ပေါင်ပေါ်မှာ ငါက ထိုင်ရတာဟဲ့ ၊ နာချင်းနာ ငါက မိန်းကလေး ၊ ငါ နာရမှာ ၊ သူ ကများ နာသလေး ဘာလေး နဲ့ ”


ထိုအမျိုးသမီး က ကျွန်တော့် မျက်နှာနား ကပ် အော်သည် ။ မျှော်လင့်မထားသည့် စကားမို့ ကျွန်တော် အတော် အံ့အားသင့်သွားခဲ့၏ ။


“ နာ မယ့် နာ ငါ က နာ ရမှာဟဲ့ သိလား ”


“ ဘာတွေ အော်နေတာလဲ ၊ ကျုပ် က ပေါင်နာလို့ ပြောတာ ၊ ခင်ဗျား တက်ဖိထားလို့ ပေါင် နာတယ်ပြောတာ ဒီမှာ လူ ပြည့်နေတာ ခင်ဗျား မမြင်ဘူးလား ”


“ ဟေ့ လူပြည့်တာ မပြည့်တာ မသိဘူး ၊ နေရာလွတ်လို့ ဝင်ထိုင်တာ ၊ ငါ က မိန်းကလေး နင် ဘာမှ နာစရာမလိုဘူး ”


“ တော်ပြီ ၊ ခင်ဗျား အဲဒါကြီး ထည့်မပြောနဲ့ ၊ ခင်ဗျား ခန္ဓာကိုယ်အောက်မှာ ကျုပ် ပေါင် ပြားကပ်နေတာ အဲဒါ နာတာ ၊ ခင်ဗျားနေရာ ရွှေ့ ... ဒါပဲ ”


“ အောင်မယ် လူဝါးဝလို့ နင် နာရင် နင် ရွှေ့ပါလား ၊ ငါ က မိန်းကလေး ”


“ ဒီမှာ လူ ပြည့်နေတာကို ရှင် က ဝင်ထိုင်တာလေ ၊ ဟိုမှာ ချောင်ပိတ်ပြီး ဒုက္ခရောက်နေတာ မတွေ့ဘူးလား ။ နေရာလွတ်တာက သူက အကောင် သေးသေးကလေးမို့ လွတ်တာ ၊ ဟဲ့ ရဲဝင်း နင် ကရော အ နေသလား ၊ ကိုယ်ပေါ် ပိ နေကတည်းက ပြောပါလား ၊ မသိမသိနိုင်လွန်းတယ် ။ အောက်လူ က သေတော့မယ် ”


“ ကြည်ပြာ နင့် ဝင် မပြောနဲ့ ”


“ အေး နာတဲ့ လူ ဖယ်ဟေ့ ၊ နာကြတဲ့ လူတွေ ဖယ် ”


“ ဪ ရှင် က လူ လိုမှ နား မလည်တာ ၊ တက်ထိုင်နေတဲ့ လူ နဲ့ အထိုင်ခံရတဲ့ လူ ခန္ဓာကိုယ်ကိုလည်း ကြည့်ဦးမှပေါ့ ”


ကားပေါ်က လူတွေ ပြုံးစစ ဖြစ်လာသည် ။ တချို့က တခွီးခွီး ရယ်ကြသည် ။ ကြည်ပြာ နှင့် ထို မိန်းမ က တစ်ယောက် တစ်ခွန်း စကား များနေကြဆဲ ။ ကျွန်တော် က ခန္ဓာကိုယ် အောက်က ပေါင် ကို မနည်း ဆွဲထုတ်နေရသည် ။ ထွက်လာတော့ ကျွန်တော့် ပေါင်တစ်ခုလုံးသည် ဖျတ်ခနဲ အဆမတန် ကြီးသွားကာ ပုရွက်အုံ ထဲ ထိုးထည့်ထားရသလို ထုံကျဉ်ကာ အပ် နှင့် ဆွသလို နာလွန်းသဖြင့် ပေါင် ကို လက်နှစ်ဖက်ဖြင့် တအား ပွတ်နေရ၏ ။ ကြည်ပြာ နှင့် ထိုမိန်းမ ခဏကြာလျှင် တစ်ယောက် နှင့် တစ်ယောက် ကုတ်ဖဲ့ကြတော့မည် ။ အခြေအနေ မကောင်းတော့ ၊ အောက်က ကားပေါ် တက်မည့် သူများလည်း မတက်နိုင် ။ ရပ်ကာ ကားထဲ က ရန်ပွဲ ကို ကြည့်ကြသည် ။


ကျွန်တော် ကြည်ပြာ ကို အတင်း ကားအောက် ဆွဲချရသည် ။ ကြည်ပြာ က အောက် ရောက်သည်အထိ အော်ဟစ်ရ န်တွေ့နေဆဲ ။


“ အေး နာတယ်ဟေ့ နာတယ် ၊ ငါတို့က အသားနာ ခံပြီး အရသာခံတဲ့ လူ မဟုတ်ဘူး ၊ နင် သာ မနာဘဲ တက်ထိုင်တာ ” 


“ တော်ပါတော့ ဟာ ”


ကျွန်တော် ကြည်ပြာ ကို တားရင်း ထောက် မရသည့် ပေါင် ကို ကုန်းကာ ပွတ်ရသေးသည် ။ ကားမှတ်တိုင် က လူတွေက ဝိုင်းကြည့်ကြသည် ။


ကားလေးပေါ် လူတွေ တိုးဝှေ့တက်ကာ ကား ထွက်သွားသည် ။ ကျွန်တော့် ခြေထောက် မှာ ပုရွက်တွေ အုံနေဆဲ ၊ အပ်တွေ တဆစ်ဆစ် ထိုးဆွနေဆဲ ။


“ တော်ပါတော့ဟာ ၊ လူတွေ ကြည့်နေတယ်ဟ ”


“ သေလိုက် ၊ အဲဒါ နင့် ကြောင့် သိလား ၊ ဘာမှ အသုံးမကျဘူး ၊ တလွဲချည်းပဲ ၊ နင် ပြောပါလား ၊ အော်ပါလား ”


“ အေးပါဟာ ထားလိုက်ပါတော့ ”


“ နင် ပဲ ထား ၊ နင့် မယား က ပြောသွားတာ ကြားရဲ့လား ”


ကြည်ပြာ ပြောရင်းက ကျွန်တော့် ကိုထုသည် ။ လက်မောင်း ကို ဆိတ်သည် ။ ကြည်ပြာ ၏ ပါးလျချွန်ထွက်နေသော နှုတ်ခမ်းများ သည် ထွက်သွားသော ကားလေးနောက် ကို လိုက်သွားတော့မလို ထင်ရ၏ ။ခဏကြာတော့မှ ကျွန်တော့်ခြေထောက် ကောင်းသွားသည် ။ ကြည်ပြာ က မျက်စောင်းထိုး ကောင်းတုန်း ၊ ကျွန်တော့် ကို ဟိန်းလို့ ဟောက်လို့ ကောင်းတုန်း ။


“ ငါ ကတော့ အဲဒီ မိန်းမ ကို ကျေးဇူးတင်ပါတယ် ဟာ ”


“ ဪ နင်က အရသာခံချင်သေးသပေါ့ ၊ ဟုတ်လား ”


“ မဟုတ်ပါဘူးဟာ ၊ နင် နဲ့ ပြန် ပြေလည်သွားလို့ပါ ”


ကြည်ပြာ က “ လဲသေလိုက် ”ဟု အော်သည် ။ ပြန် စိတ် ကောက်ဖို့ ပြင်သည် ။ ကျွန်တော် တတွတ်တွတ် ချော့ ရ၏ ။ ခဏကြာ တော့ ကြည်ပြာ ရယ်ရယ်မောမော ဖြစ်လာသည် ။ မျက်စောင်း ထိုးသော်လည်း ထို မျက်စောင်းများတွင် ဒေါသ မပါတော့ ။ “ အခု ဘယ်လို နေသေးလဲ ၊ အဲဒါ လေဖြတ်တတ်တယ် သိလား ” ဟု စိုးရိမ် စိတ်ဖြင့်  မေးသည် ။ တစ်ခါတစ်လေတော့လည်း မပြေလည်မှုဟာ လိုအပ်ပါကလား ။ ပြန်လည် နားလည်မှု ရသွားသော အချိန်ကလေးကို ကျွန်တော် က မလွတ်တမ်း ဖမ်းဆုပ်ကာ ရွှေတိဂုံဘုရား လိုက်သွားဖို့ ကြည်ပြာ ကို ဆွယ်ရသည် ။


“ လိုက်မသွားချင်ပါဘူး ၊ အခုကတည်းက အဆင်မပြေတဲ့ဟာကို ”


“ ဟာ အဆင်မပြေတာဟာ အဆင်ပြေတာပါဟ ၊ လာပါဟာ နင် နဲ့ ငါ ဘုရား တစ်ခါမှ မသွားရသေးဘူး မဟုတ်လား ၊ ဟိုကောင်တွေ ကို ပြောပြရင် ရယ်ကြမှာသာ သိလား ၊ ဒီကနေ ကားပြန်စီးကြတာပေါ့ ဟာ ”


ခဏကြာတော့ ကြည်ပြာ က သဘောတူသွားသည် ။ ပက်ဆိုဒင့်ဘူးခွံ သာသာ ကျွန်တော့် လက်မောင်းပျော့ပျော့ကလေး ကို ကိုင်ကာ ရွှေတိဂုံဘုရား သွားဖို့ မြို့ထဲကို ကားပြန်စီးမယ့် မှတ်တိုင်ဆီ လျှောက်သည် ။ ဒီတစ်ခါ ဒေဝူးကားကြီး ပေါ် တက်ကြသည် ။ ကားက နေ့လယ် ခင်းမို့ ချောင်သည် ။ ထိုင်ခုံတွေ ပြည့်နေပြီး မတ်တတ်ရပ်သူ လေးငါးဆယ်ယောက် သာ ရှိသည် ။ ကျွန်တော်တို့ အနောက်ပေါက်မှ တက်ခဲ့ကြပြီး ကြည်ပြာ က ကျွန်တော့်ဘယ်ဘက်မှ ရပ်သည် ။ ထိုင်ခုံ နောက်ကြော မှာ တပ်ထားသည့် လက်ကိုင်ကွင်းကလေးကို ကိုင်သည် ။ ကျွန်တော်က ကြည်ပြာ ကို ကာကွယ်သည့် အနေဖြင့် အနောက်မှာ ရပ်ကာ စတီလ်ကိုင်း မှ တွဲလွဲကျနေသော ကော်လက်ကိုင်ကွင်းကို ကိုင်ထားရ၏ ။ ကျွန်တော့် အရပ်က စတီးလ်လက်ကိုင်တန်း ကို ကိုင်လျှင် ခြေဖျား ထောက်ရသည် ။ ခန္ဓာကိုယ် ကို လည်း အတော် မြင်မကောင်းအောင် ဆန့်ထားရ၏ ။ ကော်လက်ကိုင်ကွင်း ကို ကိုင် ရလျှင်တော့ ခပ်တည်တည် ရပ်နေလို့ ရသည် ။ ခန္ဓာကိုယ် ယိမ်းယိုင်မနေရအောင်တော့ ခြေကို ချဲ့ကားထားလေသည် ။


ကား က မှန်မှန် မောင်းသည် ။ ခဏကြာတော့ နောက်ကား တစ်စီး ကပ်လာသဖြင့် တရကြမ်း မောင်းလေတော့သည် ။ သို့သော် ကိစ္စ မရှိ ။ ကျွန်တော် ပြေလည်သည် ။ ကြည်ပြာ က ပြတင်းအပြင် ကို ငေးမောနေကာ တစ်ခါတစ်ရံ ကျွန်တော့် ကို လှည့်ကြည့်ကာ ပြုံးပြ တတ်သည် ။ ကား စီးလျှင် ကြည်ပြာက သူ မအနားကပ်ရပ်တာတို့ ၊ လက်ကိုင် ၊ ပခုံးကိုင်တာတို့ကို မကြိုက် ၊ သူ့ ကို လူ မတိုးအောင်သာ ကာကွယ်ပေးရသည် ။ လူကျပ်လျှင် ကြည်ပြာ့ နောက်နား ကျွန်တော် ဘယ်လိုပင် ကြိုးစား ရပ်သော်လည်း လူအုပ်က ဖိတိုးသည့် အခါ ကျွန်တော် တောင့်မထားနိုင်ဘဲ ချောင် တစ်ချောင် ကပ်သွားရသည်က သာ များလေသည် ။ အခုတော့ လူနည်းနည်းကလေး ဆိုတော့ ကိစ္စ မရှိ ၊ ကြည်ပြာ ကို ကာကွယ်နေဖို့ မလို ။


ကျွန်တော် နောက်နားမှ နေ၍ ကြည်ပြာ ကို ငေးကာ လိုက်လာခဲ့သည် ။ ကားပြတင်း မှ လေတိုးသည့် အခါ ကြည်ပြာ ၏ ပခုံးစွန်းမှ ဆံပင်များ ဝဲလွင့်ခုန်ထသည် ။ ကြည်ပြာ ၏ ဖြောင့်စင်ပါးလျသော နှာတံကလေး ၊ ဘေးစောင်း မြင်နေရသည့် နှုတ်ခမ်း ပါးပါးချွန်ချွန် ။ ကြည်ပြာ သည် ပခုံးမှာ ဖော့ အခု ပါသော အင်္ကျီလေးကို ဝတ်ထားသည် ။ စက်ရုပ် တစ်ရုပ်နှင့် တူသည်ဟု ကျွန်တော်ထင်သည် ။ ထို ရယ်ဒီမိတ် အင်္ကျီ သည် ပြတင်းမှ လေတိုးသည့် အခါတိုင်း ပါးလျသွယ်လှပ်သော သူမ ခန္ဓာကိုယ်ပေါ်မှ တဖျတ်ဖျတ် တလှပ်လှပ် တုန်ရင်နေကြသည် ။


ကြည်ပြာ သည် ပိန် သော်လည်း အရိုးအဆစ်တော့ ကြီးသည် ။ ခြေသလုံးသား တုတ်သည် ။ သူမ ခန္ဓာကိုယ်သည် အနောက်တိုင်းမှာ ဆိုလျှင်တော့ ဖက်ရှင်မယ် တစ်ယောက် ဖြစ်မှာ သေချာသည် ။ ကမ္ဘာကျော် ဖက်ရှင်မယ် စင်ဒီ ကရောဖို့ဒ် ( Cindy Crawford ) တို့ ခရစ္စတီ တာလင်တန် ( Christy Turlinglon ) တို့လို ခန္ဓာကိုယ်မျိုး ။ ဒီလို အချိုးအစား ရဖို့ အနောက်တိုင်း မှာတော့ လေ့ကျင့်ခန်း မှန်မှန် ယူရဦးမည် ။ အစားအသောက် ဆင်ခြင်ရဦးမည် ။ ကြည်ပြာ ကတော့ စားချင်တာ စားပြီး ဒီ ခန္ဓာကိုယ်မျိုး ရှိနေတာ ကျွန်တော် ဂုဏ် မယူသင့်ဘူးလား ။ ကျွန်တော် ကြည်ပြာ ကို ကြင်နာတပ်မက်စွာ ငေးမောလာခဲ့သည် ။


ကျွန်တော် က ဂုဏ်သရေရှိ ချစ်သူတို့ ၏ ထုံးစံအတိုင်း ချစ်သူကို သူ့ ဘာသာ သက်သောင့်သက်သာ နေချိန်တွင် ခိုးကြည့်ကာ ဝေဖန်ဆန်းစစ်နေမိသည် ။ ပြီးတော့ ကြည်ပြာ ၏ ... ထို အချိန်တွင် ကား က မီးပွိုင့် အဝင် တစ်ဝက်တွင် မီးနီ မိသွားသဖြင့် ဘရိတ် ကို တအား နင်းချလိုက်သည် ။ ကျွန်တော့် ခန္ဓာကိုယ်သည် လက်ကိုင်ကွင်း ကို မြဲမြံစွာ ဆုပ်ကိုင် ထားသဖြင့် လေထဲတွင် မြောက်တက်သွားကာ နံဘေးမှ ကြည်ပြာကို ပစ်ကန် ပစ်လိုက်သည် ။ ကြည်ပြာနံစောင်း ကို ကန်မိပြီး ခွေကျ အသွားတွင် ကျွန်တော် ပြန်လည် လွှဲကျလာကာ နောက်ဆုံး ခုံပေါ်တွင် စီတန်း ထိုင်နေသူများထံ လွင့် ထွက်သွားသည် ။


နောက်ဆုံးခုံတွင် ထိုင်နေသူများထဲမှ ကောင်မလေးတစ်ယောက် က အရှိန်ဖြင့် လွင့်ကျလာသူ ကျွန်တော့် ကို လက်နှစ်ဖက် ဆန့်တန်းကာ ပွေ့ ဖမ်းရ၏ ။ ( ထိုသို့ မဖမ်းလျှင် သူမ လက် ကျိုးသွားနိုင်ပါသည် ။ ) ကျွန်တော် ကလည်း သူမ ကို ကမန်းကတန်း ဆီး ဖက်လိုက်ရ၏ ။ ကျွန်တော့် ပခုံးဖြင့် တိုက်ကာ ထို ကောင်မလေး နှုတ်ခမ်း ပေါက် သွားသလို သူမ ပခုံး နှင့်တိုက်ကာ ကျွန်တော့် နှုတ်ခမ်း လည်း ပေါက်သွားသည် ။


ကားဘရိတ် အုပ်သံ ၊ လူတွေ အော်သံ ၊ ကျွန်တော့် အတွေးများနှင့် ကျွန်တော့်ပြတ်သွားစဉ်တဒင်္ဂ ၊ ကျွန်တော် ဝူးဝူးဝါးဝါး ဖြင့် ထရပ်စဉ် ကားက မီးပွိုင့်လွတ်ကာ မောင်းထွက်သည် ။ ကျွန်တော် ဖင်ထိုင်ရက် လဲပြန်သည် ။ ကားစပါယ်ယာ က ပြေးလာကာ ကျွန်တော့် ကိုထူသည် ။ ကြည်ပြာ ကို ထိုင်ခုံနား က အဒေါ်ကြီး တစ်ယောက် က ထူ သည် ။ ကျွန်တော် တိုက်မိသော ကောင်မလေး က မျက်နှာ ကို လက်ဝါး နှင့် အုပ်ကာ အော်သည် ။ သူမ လည်း ထိတ်လန့်သွားပုံ ၊ အတော် နာသွားပုံ ရ၏ ။


ကား က မှတ်တိုင်သို့ ရောက်သောအခါ ကျွန်တော် ရှက်စိတ်ဖြင့် ပူထူနေကာ နံကြားကို လက် နှင့် ပိုက်ပြီး မရှူနိုင်မကယ်နိုင် ဖြစ်နေသော ကြည်ပြာ ကို ဆွဲကာ ကားအောက်သို့ ဆင်းသည် ။ ကျွန်တော့် နှုတ်ခမ်း သည်လည်း ချက်ချင်း ဖူးရောင် လာ၏ ။ ကြည်ပြာ က ကားလမ်းမ ပေါ် ငုတ်တုတ် ။


ကျွန်တော့် မျက်လုံးများ သည် ဘာကိုမှ မမြင်တော့ ၊ ကား မောင်းထွက်သွားသည် ။ ကြည်ပြာ က ကျွန်တော့် ခြေထောက်ကို ဆွဲလိမ်သည် ။ ထုသည် ၊ နှက်သည် ။


“ လုပ်လိုက်ရင် အရမ်းချည်းပဲ ။ ဖြစ်လိုက်ရင် ဒီလိုချည်းပဲ ၊ နင် ဘာ အသုံးကျသလဲ ဟင် ၊ အမလေး နာလိုက်တာ ”


ကြည်ပြာ ကျွန်တော့် ကို အော်ဟစ်ကာ ရန် တွေ့သည် ။ ကားမှတ်တိုင် မှာ ရပ်နေသူများ က နားမလည်နိုင်စွာ ဝိုင်းငေး ကြ၏ ။ ကျွန်တော် မိနစ်အတန်ကြာ ကြောင် ၍ ရပ်နေမိသည် ။ ဘာတွေ ဖြစ်သွားတယ် ဆိုတာ မမှတ်မိနိုင်တော့ ။ သတိပြန်ဝင် ဝင်လာချင်း ကြည်ပြာ ကို တတွတ်တွတ် တောင်းပန်ရသည် ။ ကားလမ်းမပေါ် ငုတ်တုတ် ဖြစ်နေသော ကြည်ပြာ ကို ဆွဲထူဖို့ ကျိုးစားရသည် ။ လွယ်အိတ် ကို ကောက်ပေးရသည် ။ ကြည်ပြာ က မတ်တတ် ရပ်နိုင်သွားတော့ ကျွန်တော့် ကိုကြည့်ကာ မျက်လုံးပြူး မျက်ဆံပြူး နှင့် အော်သည် ။


“ ရဲဝင်း ... ဂွင်း ... ဂွင်းကြီး ၊ နင့် လက်ထဲမှာ လက်ကိုင်ဂွင်းကြီး ”


ဟိုက် ... ။ ကျွန်တော့် လက်ထဲမှာ ကော်လက်ကိုင် ဂွင်းကြီး ကြိုးတန်းလန်းဖြင့် ကျွန်တော် အားရပါးရ ဆုပ်ကိုင်ထားမိသည် ။ မှတ်တိုင်မှ လူများ က ကြည်ပြာအော်သံကြောင့် သဘောပေါက်သွားသလို ဝါးခနဲ ဝိုင်းရယ်လိုက်ကြသည် ။ ကျွန်တော် ရှက်ရွံ့ထိတ်လန့် သွားကာ ကော်ဂွင်းကြီးကို လွယ်အိတ်ထဲ ကမန်းကတန်း ထိုး ထည့်လိုက်ရ၏ ။


“ နင် အမြဲတမ်း ငါ့ ကို အရှက် ခွဲတယ် ၊ ဘယ်တော့မှ အသုံးမကျဘူး သိလား ... သွား သွား ”


ကြည်ပြာ သည် ချက်ချင်း မျက်ရည် ပိုးပိုးပေါက်ပေါက် ကျလာကာ ငိုသံကြီး နှင့် ကျွန်တော့် ကို အော်သည် ။ ကျွန်တော့် ရင် ကို ထုသည် ။ ရိုက်သည် ၊ ကုက်သည် ၊ ဖဲ့သည် ။ ကျွန်တော့် ကို တွန်းထိုးသည် ။ ကျွန်တော် ဘာမှ ပြန်မပြောနိုင် ၊ မျက်လုံးအပြူးသားဖြင့် လေတိုးသည့် သစ်ရွက် တစ်ရွက်လို ကြည်ပြာ လက်ထဲမှာ တုန်ခါ၍ နေခဲ့သည် ။ ထို့နောက် ကြည်ပြာက လမ်းဖြတ်ကူးသွားကာ ဟိုဘက် မှတ်တိုင်မှ တွေ့သည့် ကားပေါ် စွတ် တက်သွားသည် ။ ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည် ။


ကျွန်တော် ကြည်ပြာ ကို လှမ်းမတားတော့ ။ ရှက်လွန်းသဖြင့် နီရဲနေသော ကြည်ပြာ မျက်နှာလေး ကို နားလည်သည် ။ ကြည်ပြာ ကို သနားသည် ။ ဖူးရောင်ကိုင်း တက်လာသော နှုတ်ခမ်း မှ သွေးတဒိတ်ဒိတ် တိုးလျက် ရှိသည် ။ ချစ်သူကို ပိုင်ဆိုင်ခွင့် ရရှိပြီးနောက် ကျွန်တော် ရင်ဆိုင် တိုက်ခိုက်ရသောကံကြမ္မာသည် ဆိုးဝါးပြင်းထန်လှပါကလား ။


ပထမဦးဆုံးအကြိမ် ကျွန်တော့် အရပ်ငါးပေ ကို ကျွန်တော် ကိုယ်တိုင် တူးတူးခါးခါး မုန်းတီးမိသည် ။ ဒေဝူးကားများ ကို မုန်းမိသည် ။ ကျွန်တော် ၏ လှပသော စိတ်ကူးမှန်သမျှကို ရယ်သံများနှင့် ဆွဲဖြဲဖို့ အသင့်ရှိ နေသော နတ်ဒေဝတာများ ကိုလည်း ဒေါသ ထွက်မိသည် ။


မသိမသာ ခိုးကြည့်နေကြသော လူများ အရှေ့မှ ထွက်သွားဖို့ကို ကျွန်တော် ရှက်ရွံ့နေခဲ့သည် ။ ထို့နောက် လွယ်အိတ်ထဲ က လက်ကိုင် ကော်ဂွင်းကြီးကို စမ်းမိတော့မှ ကျွန်တော် ဒေါသတကြီး ထိုနေရာမှ ထွက်လာနိုင်ခဲ့သည် ။


ကျွန်တော့် ဘဝမှာ ဘာမှ မရှိတော့ ။


ထို လက်ကိုင်ကော်ဂွင်းကြီး ကိုတော့ ဘာလုပ်ရမှန်း မသိသဖြင့် အမှတ်တရ သိမ်းထားမိခဲ့သည် ။ ယခု ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုတင်အောင် ထံတွင် သက်သေ အဖြစ် အပ်နှံထားပါသည် ။


ကျွန်တော့် ကို ဒုက္ခပေးခဲ့သော ကား သည် သင် ၏ ကား ဖြစ်သည် ဆိုလျှင် ဟန်သစ် အယ်ဒီတာအဖွဲ့ ဖြင့် ဆက်သွယ်ကာ ပြန်ယူနိုင်ပါသည် ။


◾ နီကိုရဲ


📖 မကြည်ပြာ


ဒီဝတ္ထုရဲ့ ရှေ့ အပိုင်း‌တွေ ဖြစ်တဲ့ 


( ၁ ) ငါးကျပ်တန် တစ်ရွက် ဆိုတဲ့ ဝတ္ထု ကို ဖတ်ချင်ရင် အောက်က လင့်ခ် မှာ ကြည့်နိုင်ပါတယ် ။


https://m.facebook.com/story.php?story_fbid=2944111332523705&id=100007746011567


( ၂ ) ပုရွက်ဆိတ် ငါးကောင် ဆိုတဲ့ ဝတ္ထု ကို ဖတ်ချင်ရင် အောက်က လင့်ခ် မှာ ကြည့်နိုင်ပါတယ် ။


https://m.facebook.com/story.php?story_fbid=2993167370951434&id=100007746011567


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment