Wednesday, January 12, 2022

နုပန်းဝတ်ငုံ


 

❝ နုပန်းဝတ်ငုံ ❞

မည်သည့် အရပ် ဟူ၍တော့ ငြိမ်းသာ အတိအကျ မသိ ။ ဤကမ္ဘာ ၏ မဖွံ့ဖြိုးသေးသော အရပ်ဒေသ တစ်ခုတွင် အပျိုစင် မိန်းကလေးတို့ သည် သူတို့ ၏ ကိုယ်ပိုင် အလှရတနာတစ်ပါး ဖြစ်သည့် ဖွံ့ဖွံ့နုထွား ရွှေသားဝတ်လွှာ ကို အတားအဆီး ၊ အထိန်းအကွပ် ၊ အဖုံးအဖိ မရှိဘဲ ပကတိ လွတ်လပ်စွာ ထားလေ့ ရှိကြသည် ဟူ၍သာ သိထားခဲ့ပါ၏ ။

ယင်းသို့ သဘာဝအတိုင်း ထားရှိခြင်း ၏ ရည်ရွယ်ချက်ကလည်း တစ်ခုတည်းသာ ရှိသည် ဟူ၍ သိရပါ၏ ။ ထို ရည်ရွယ်ချက် သည်ကား သားကောင်းမိခင် ကြန်အင်လက္ခဏာ နှင့် ပြည့်စုံပါကြောင်း မျက်မြင်တွေ့ရှိစေလို၍ ဖြစ်သည်ဟု ဆိုပါသတည်း ။

°°°°°   °°°°°   °°°°°

ပထမတွင်မူ မြေးကလေး က တအီအီသာ အသံပေး၍ ချေးများသည် ။

သည့်နောက်တော့ ချော့နေဆဲ ၊ မြှူနေဆဲ ကြားမှပင် စီစီညံအောင် အော်ငိုပါတော့၏ ။ ထိုအခါ ဘွားအေဖြစ်သူ ငြိမ်းသာ မှာ ခြေ မကိုင်မိ လက် မကိုင်မိ ။

“ တိတ်ပါ ကလေးရယ် ၊ အိုး အို မြေးကလေး က လိမ္မာပါတယ် ကွယ် ”

လိမ္မာတာ ကိုလည်း မသိ ၊ မိုက်တာ ကိုလည်း နားမလည် သေးသည့် သံလုံး က စူးစူးဝါးဝါး ထပ် အော်နေပြန်သည် ။ ပုရွက်ဆိတ်များ ကိုက်လို့လား ။ ခွေးသန်းများ ဝင် ခဲနေလား ။ အတွေးနောက် လက်ပါ သွား၏ ။ ကလေး ကို မွေ့ရာ ပေါ် ချ ၊ အနှီး ကို ဖြည် ကြည့် ။ ဘာမျှ မတွေတော့ အိုက် လို့ ထင်ပါရဲ့ဟု အတွေး ဝင်လာပြန်ကာ ကိုယ်လိမ်းပေါင်ဒါ လိမ်းပေး ။

သို့တိုင် သံလုံး က လုံးဝ အငိုမတိတ် ၊ ငိုလိုက်သည်မှာ ထွန့်ထွန့် လူး ။ ဘွားအေ ဖြစ်သူ ချွေး ပြန်လာ၏ ။

ကပျာကယာ အနှီးပြန်ပတ် ၊ ရင်ထဲ ပြန်ပွေ့ချီ လှုပ်ယမ်း ၊ ပါးစပ်ထဲ ရောက်လာသည့် အိုအို အေအေ တေးသံချိုချိုဆိုရွတ် ။

ဒါလည်း သံလုံး က ငိုအားမ‌လျော့  ။

“ ဟဲ့ ကလေး ငိုလှချည်လား ”

ပိတ်ထားသည့် အိမ်ခန်းတံခါး ကို ဖွင့်ဖွင့်မေးမေးဖြင့် ငြိမ်းသာ ၏ မိခင် ၊ သံလုံး ၏ ဘွားအေကြီး ဝင်လာသည် ။ အင်း ပြဿနာတော့ တက်တော့မှာပဲ ။

“ ဗိုက်များ နာလိုလားအေ ”

ကလေး ကို ချော့မြှူရန် ကြိုးစားရင်း မေး၏ ။

“ မနေ့က ဝမ်း နှစ်ခါတောင် သွားတယ်ဆို ၊ ဗိုက်နာတယ် ထင်ရင် မုန်ညင်းဆီကလေး လိမ်းပြီး အဝတ်ကလေး နဲ့ ပတ်ထားပေးလိုက် ”

“ မဟုတ်ပါဘူး အမေရဲ့ ၊ ဗိုက်နာတာ မဟုတ်ပါဘူး ။ မနေ့က ဝမ်းသွားတာကလဲ ဝမ်း အကောင်းပါ ၊ လေးဘက် သွားချင်လို့ ၊ အခု ငိုတာက ဆာလို့ နဲ့ တူပါတယ် ”

ကလေး ငိုပုံကြောင့် စိတ်ညစ်နေရသည့် အထဲ အမေ့ ကိုလည်း ကျေနပ်အောင် ရှင်းပြရသေးသည် ။ သို့မဟုတ်က အစိုးရိမ် ကြီးတတ်သော အမေ သူ့ အခန်း သူ တော်တော် နှင့် ပြန်သွားတော့မည် မဟုတ် ။

“ ဒါကြောင့် ငါ အစက မပြော လား ၊ ဒီပွဲ မသွားရတော့ ဘာဖြစ်မှာကျလို့ ၊ ကတည်း သွားချင်တဲ့ လူတွေကလဲ သည်းသည်းလှုပ် ၊ လွှတ်တဲ့ လူတွေကလဲ စိတ်တူ သဘောတူ ၊ ခုတော့ ကြား ထဲက ကလေး အသံ ပြာ နေပြီ ”

အင်း ၊ မြေး ငိုသံထက် အမေ့ ဆူသံက ပို၍ စိတ်ညစ်စေပါကလား ။ နေဦး ၊ အမေ အာရုံ ပြောင်းသွားအောင် လုပ်ဦးမှ ။

“ အမေ ”

“ ဘာတုံး ”

ကြည့် ။ အမေ တို့ စိတ်တိုပြီ ဆိုလျှင် သည် အတိုင်းချည်း ။ ပြန်ထူးပုံကိုက ပြတ်ပြတ်တောက်တောက် ။

“ နို့မှုန့်ကလေး နည်းနည်း ဖျော်ပေးပါလား အမေရာ ”

လေသံ ပျော့ကလေးဖြင့် စကားပြေ ထိုးလိုက်ရ၏ ။

အမေ တဗျစ်တောက်တောက်ဖြင့် ပြန် ထွက်သွား၏ ။

“ ဟော ဂလောက်ဂလောက် တဲ့ ၊ သား သောက်ဖို့ ဘွားဘွားကြီး နို့ဖျော်နေပြီ ကြားလား ၊ တိတ်နော် ၊ သံလုံးကြီး က လိမ္မာတယ် ”

နားလည်သလိုလို ဘာလိုလို နှင့် မျက်လုံးကြီး ပြူးကြည့်ကာ ခေတ္တ ငြိမ်သွား၏ ။ ချက်ချင်းပင် အသံကုန်လွှတ် အော်လိုက်ပြန်၏ ။ ဒုက္ခပါပဲနော် ။

“ အမေ ရေ ၊ မတ်ခွက် နဲ့ တစ်ခါတည်း ရေစိမ် ထားလိုက်ပါဦး ”

မတတ်နိုင်တော့ ။ အမေ့ ကို လှမ်းအော် ပြောလိုက်ရ၏ ။ စူပွစူပွ လုပ်နေမည့် အမေ့ မျက်နှာကို မြင်နေမိ၏ ။

“ ဟုတ်ကဲ့ရှင့် ၊ ကျွန်မ စိမ်နေပါပြီ ”

အရွဲ့တိုက် ဖြေသံ ။

နဂိုကတည်း ကိုက ပြည်ထောင်စုပွဲ ထွက် သွား ကြသည့် သံလုံး ၏ မိဘနှစ်ပါး ကို မကျေနပ်နေရသည့် အထဲ သူ့ ကို လှမ်း ဆရာ လုပ်ရပါ့မလားဟု အမေ ပို စိတ်တိုသွားပုံ ရ၏ ။

“ ရပါပြီရှင့် ၊ ဒီကလေး က နို့မှုန့် သောက်နေကျ မှ မဟုတ်ဘဲ သောက်ပါ့မလား ၊ နို့ဘူးလဲ မရှိ ဘာလဲ မရှိ ”

“  ရပါတယ် အမေ ရ ၊ ရေ တိုက်သလို ဇွန်းကလေး နဲ့တိုက် ရင် သောက်မှာပါ ၊ ကဲ သားလေး ၊  နို့နို့ ၊ ချိုချိုကလေးနော် သား ၊ လိမ္မာလိုက်တာ ”

အသင့် ရှိနေသည့် ဇွန်းငယ်ကလေး ဖြင့် ခပ်ယူပြီး မဟတဟ ပါးစပ်ကလေး နီထွေးထွေး ထဲသို့ အသာ လောင်းထည့်ပေးလိုက်၏ ။

အလွန် ဆာလောင် မွတ်သိပ်စွာဖြင့် မျိုချနေပုံမှာ ကြင်နာစရာ အတိ ။

တစ်ဇွန်းမှ နှစ်ဇွန်း ။
နှစ်ဇွန်းမှ သုံးဇွန်း ။
လေးငါးဇွန်း အထိမူ အဆင် ပြေနေသေး၏ ။ နောက်ပိုင်း ကျသောအခါ သံလုံး လက်မခံတော့ ။ ခေါင်းကို ဖယ်ရမ်းကာ ၊ ဇွန်း ကို တွန်းထုတ်ကာဖြင့် ငြင်းဆန်တော့၏ ။

တဟပ်ဟပ်ဖြင့် သူ အားပါးတရ ပုတ်ခတ်ကစားနေကျ သူ့ မိခင် ၏ သားမြတ် မဟုတ်မှန်း သိသွား၍ပဲလား ။ မိခင်နို့ရည် နှင့် ထပ်တူကျအောင် ၊ စံချိန်မီအောင် စီမံဖန်တီးထားသည် ဆိုသော နို့မှုန့် ၏ အရသာ ကိုပဲ သူ ခွဲခြားသိတတ်နိုင်စွမ်း ရှိသွားလေ၍ ပဲလား ။

သို့တည်းမဟုတ် နို့ချို တိုက်ကျွေးနေစဉ် သူ့ ကို ချစ်မြတ်နိုးစွာ ငုံကြည့် နေတတ်သည့် သူ့ အမေ ၏ မေတ္တာမျက်လုံးများ ကို မတွေ့ရ၍ပဲလား မပြောတတ် ။

ခါးကို ကော့၍ စူးကနဲ ငိုထည့်လိုက်ပြန်၏ ။

“ သွားတဲ့ မိသိန်းသိန်း ကလဲ အချိန်ကလေး အခါကလေး ကြည့် သွားတာ မဟုတ်ဘူး ၊ နို့ တိုက်ရမှန်း သိရက်သားနဲ့ ။ ခု ကြည့် ။ ညနေ လေးနာရီ ကတည်းက သွားကြတာ ၊ ခုနှစ်နာရီ ကျော်နေပြီ ၊ ပြန် မလာကြသေးဘူး ၊ နံ့ နံ့ တက်တွေ ”

အမေ လည်း ကြံရာမရ ဖြစ်ကာ ပြောမိပြောရာတွေ ပြော ကုန်ပြီ ။ ငြိမ်းသာ လည်း ဆင်ပေါက်ကလေးလို ဝတုတ်ပြည့်ဖြိုးလှသည့် မြေးငယ် ကို ပွေ့ချီထားရသည် မှာ လက် အံသေလုပြီ ။ ပြီး သည်ကောင်ကြီးက သံလုံး ဆိုသည့် အမည် နှင့် လိုက်အောင် သန်မာလိုက်သည်မှာ လွန်ပါရော ။ သူ ခါး ကော့ကော့ ငို လိုက်လျှင် လွတ်ကျ မသွားအောင် မနည်း ထိန်း ထိန်းထားရ၏ ။

ခက်ချေပြီကော ။

အမေ သည် မြစ် ကလေး ၏ ငိုသံ ကို မကြားရက်တော့ ထင်၏ ။ အခန်း အပြင် သို့ ပြန် ထွက်သွား၏ ။

အင်း ….. တစ်ခါတစ်လေ သွားကြရှာပါစေလို့ သိန်းသိန်း ကို လွှတ်လိုက်မိတာ မှားသွားပြီပေါ့ ။ အခါတိုင်းဖြင့် နို့ ဝအောင် တိုက်ထားလျှင် သုံးလေးနာရီ အိပ်မောကျနေ တတ်တဲ့ မြေး ကလေးပါ ။ ဒီကနေ့မှပဲ တော် ။

“ မတွေ့ ပေါင် ၊ အရိပ်အရောင်တောင် မမြင်ရသေးပါဘူး ”

အိမ်ရှေ့ လမ်းမှ ထွက်မျှော်ခဲ့ဟန် တူသည် ။ အမေ ၏ စိတ်ပျက်လက်ပျက် ညည်းညူသံ ။

သည်တော့ ငြိမ်းသာ စဉ်းစားရပြီ ။

တစ်ခုခုတော့ လုပ်မှ ။ကလေး ကလည်းတကျည်ကျည် တအီအီ လုပ်ရာမှ တစီစီ တညံညံ ငိုမစဲ ဖြစ်လာသည်မှာ တစ်နာရီခန့် ကြာသွားပြီ ။ ကလေးသည် မောလှပြီ ။ လူကြီးတွေ ကလည်း ပန်းလှပြီ ။

“ အင်း.. ”

“ အမေ ငြိမ်းသာ လမ်းထိပ်အိမ် ခဏ သွားလိုက်ဦးမယ် ၊ အဲဒီက သိန်းသိန်း သူငယ်ချင်း အဝင်း မှာ သံလုံး နဲ့ ရွယ်တူ သမီးကလေး ရှိတယ် ၊ သူ့ ဆီ နို့သွား တိုက်လိုက်မယ် ”

ကတိုက်ကရိုက် ထွက်ခဲ့၏ ။

အမေ က ခြံတံခါး ပြန်ပိတ်ရင်း ကျန်ရစ်၏ ။

လမ်းတစ်လျှောက်လုံး သံလုံး အသံ ကျွက်ကျွက်ညံလျက် ။

“ အဝင်း ပြန် မရောက်သေးဘူး ငြိမ်းသာ ရဲ့ ၊ ဒီနေ့ည အိုဗာတိုင် ရှိလို့ ရှစ်နာရီ လောက်မှ ပြန် ရောက်မှာ ၊ ဒီလို လုပ်ပါလား နို့ဘူး တိုက်ကြည့်ပါလား ၊ ဒေါ်ဒေါ် ဖျော် လိုက်မယ် ”

မောသွားရသည် ။

ဘာမျှ ပြန် ဖြေချင်စိတ် ကို မရှိတော့ ။ မြေးငယ် ကို လှုပ်ယမ်းပွေ့ချီလျက် နို့ဘူး စောင့်နေမိသည် ။ နို့သီးခေါင်းကလေး နဲ့ ဆိုရင်တော့ စို့ ကောင်းပါရဲ့ ။

“ ကဲ ရော့ ၊ ဒီကောင်ကြီး ဒီလောက်နဲ့ ဝမလား ၊ အိမ် က မြေး ကတော့ ဒီ တစ်ပုလင်းတောင် မကုန်ချင်ဘူး ၊ ဒီကောင်ကြီး မဝရင် ထပ် ဖျော်ပေးမယ် ၊ တိုက် သာ တိုက် ”

နို့သီးခေါင်းကလေး ကို မြေးငယ် ၏ ပါးစပ်ထဲ အသာ ထည့် ပေးလိုက်၏ ။ ကြက်ပေါင်ပျော့ ကလေး ဖြင့် ပြုလုပ်ထားသည် မို့ သူ့ မအေ ၏ နို့ ဟု ထင်မှတ်သွားပုံ ရ၏ ။ ငိုသံ တိတ်ကာ တပြွတ်ပြွတ် စို့ စပြု၏ ။ ပြီး လက်ကလေး နှစ်ဘက် အပေါ် မြောက်တက် လာကာ ဟိုယမ်း သည်ယမ်း ။ သူ ဆုပ်ကိုင် ကစားနေကျ သူ့ မိခင် သိန်းသိန်း ၏ ရွှေရင်အုံ မို့မို့ထွားထွား ကို စမ်းကြည့်ဟန် ။ မတွေ့တော့ ပြန်လည် လှုပ်ရှား ရုန်းကန်လာသည် ။ တအီအီ ငိုသံ ပြန်ပြု လာသည် ။ အတော်လည်တဲ့ ခွေးကောင်ကလေး ။

“ အို အို ၊ သားကလေးက လိမ္မာတယ်နော် ”

နို့သီးခေါင်း ကို လျှာကလေး ဖြင့် တွန်းထုတ် ပစ်လိုက်သဖြင့် ချော့ရ ပြန်၏ ။

မည်သို့ပင် ဝိုင်းချော့ချော့ သံလုံး က မလျော့ ။ နို့သီးခေါင်း ကို ခေါင်းယမ်း ခါထုတ်ပြီး ငြင်းဆန်နေတော့၏ ။

“ ဒုက္ခပဲ ဒေါ်ဒေါ် ရေ ၊ ဒီကောင်ကြီး က စို့နေကျ မဟုတ်တော့ ”

ငြိမ်းသာ ပါ ငိုချင် လာသည် ။မြေးငယ် ကတော့ အဘွား ၏ စိတ်ဒုက္ခကို မသိ ၊ သူ့ ဆန္ဒ မပြည့်ဝ သည်ကိုသာ ထွက်ပေါက်ရှာ ဖွင့် ထုတ်နေ၏ ။

အဝင်းတို့ အိမ်ရှေ့ခန်း တွင် မြေးငယ် ၏ ငိုသံ က တဝါးဝါး ။ အိမ်ရှင်တွေ ကို ငြိမ်းသာ အားနာ လာသည် ။ သူ တို့ မြေးငယ်ကလေး နိုး လာလျှင်လည်း တစ်ဒုက္ခ ။

“ မတတ်နိုင်ဘူး ဒေါ်ဒေါ် ရယ် ပြန် မှ ပဲ ”

“ ဟဲ့ ငြိမ်းသာ ဟိုဘက်လမ်း က မခင်ကြည် ချွေးမလေး လေ ၊ သူ လဲ သားကလေး မွေးတာ သုံးလေးလ ရှိဦးမှာ ၊ ခုလောက်ဆို ရုံး က ပြန်ရောက်နေပါပြီ ၊ နေဦး ၊ ဒေါ်ဒေါ် လိုက်ပို့ပေးမယ် ”

မြေးငယ် ကို ပွေ့၍ အဝင်း မိခင် နောက် လိုက်ရပြန်သည် ။ ဪ ဖြစ်ရပုံများနော် ရွာရိုးကိုးပေါက် ကလေးလေး ပိုက်၍ နောက်က တကောက်ကောက် ။ မှောင်စ ပြုလာပြီမို့ ခြေဖဝါး မှ မြေမှုန့်ကလေး ယူ၍ မြေးငယ် နဖူးပေါ် သို့ တို့ပေးလိုက်မိသေး၏ ။ မြေးငယ် ကမူ မည်သူ့မျှ အားမနာ ။ အာပေါင်အာရင်း သန်သန်ဖြင့် ။

“ မခင်ကြည် ရေ စိုးစိုး ရုံးက ရောက်ပြီ မဟုတ်လား ”

အဝင်း မိခင် က အိမ်ပေါ် ရောက်ရောက်ချင်း မေးပေးရှာပါ၏ ။

“ ရောက်ပြီ ရောက်ပြီ ၊ ဘာဖြစ်လိုလဲ မမမြ ”

မခင်ကြည် ဆိုသည့် အမျိုးသမီး က တဝါးဝါးဖြင့် ငိုအား သန်လှသည့် ကလေးငယ် ကို ပွေ့ချီလျက် ဆောက်တည်ရာမရ ဖြစ်နေသည့် ငြိမ်းသာ ကို တစ်ချက် လှမ်းကြည့်ရင်း မေးလိုက်၏ ။

ငြိမ်းသာ ဘာမျှ ဝင်မပြောနိုင် ၊ အဝင်း ၏ အမေက ဖြစ်ပျက်သမျှ ကျိုးကြောင်းစုံ ရှင်းပြသည်ကိုပင်  မကြားရ တစ်ချက် ၊ ကြားရ တစ်ချက် ။

“ ဪ ဖြစ်မှ ဖြစ်ရလေ မမမြ ရယ် ၊ စိုးစိုး ကလဲ နို့ဘူး ပဲ တိုက်ရတာ မမမြ ရဲ့ ၊ ရုံးက တစ်ဘက် ၊ ညနေပိုင်း ပြင်သစ်ဘာသာသင်တန်း က တစ်ဘက် နဲ့ မို့ ”

ဆုံးအောင်ပင် နား မထောင်ချင်တော့ ။

သွားပြီ ။ မျှော်လင့်ချက်တွေ ကုန်ပြီ ။

မြေးကလေး ရယ် ။ သံလုံးကြီး ရယ် ၊ တိတ်ပါ သားလေး ရယ် ၊ သားလေး မေမေ ပြန်ရောက်တော့မှာပါ ၊ မေမေ ပြန်လာမှ ချိုချိုတွေ တဝကြီး စို့ ပါတော့ သား ရယ် ။ မငိုပါနဲ့ ကလေးရယ် ။

“ ဪ တစ်ခုတော့ ရှိတယ် မမမြ ”

လှည့်ထွက် လာကြတော့မည့် ဆဲဆဲ မခင်ကြည် က ကောက်ကာငင်ကာ ပြောလိုက်၏ ။

“ ကျွန်မတို့ ခြေရင်း နှစ်အိမ်ကျော် က ခေါက်မုန့် ရောင်း တဲ့ ကောင်မလေး သိတယ် မဟုတ်လား ၊ မိတုတ် လေ ၊ သူ့ မှာလဲ နို့စို့ကလေး အငယ် ရှိတယ် ၊ အဲဒါ  ”

စကားပြောနေပုံက ခပ်ဆိုင်းဆိုင်း ၊ မျက်နှာထားကလည်း သည် စကား ကို ပြောလိုက်မိသည့်အတွက် အားနာ သွားသလိုလို ။

အို ဘာဖြစ်လဲ ။ ခေါက်မုန့်ရောင်းတဲ့ မိတုတ် သိသားပဲ ။ ဒီကောင်မလေး ရှိလှမှ နှစ်ဆယ် ပေါ့ ။ သို့ပေမယ့် ထွားထွားကျိုင်းကျိုင်း ပြည့်ပြည့်ဖြိုးဖြိုး ၊ သမီး သိန်းသိန်း လိုပဲ ကျန်းမာသန်စွမ်း တဲ့ မိခင်ကလေး ။ သူ့ ကလေး သုံးယောက် စလုံး တုတ်တုတ်ခဲခဲကလေး တွေ ။ သွားမယ် ။ သူ့ ဆီကိုပဲ သွားမယ် ။ အဓိက က ကိုယ့် မြေးကလေး အငိုတိတ်ဖို့ အဆာ ပြေဖို့ ။

မြေးငယ် ကို ပွေ့ချီလျက် မိတုတ် တို့ အိမ်ခန်းကလေး ဆီ ကသုတ်ကရက် သွားရပြန်၏ ။

ထန်းလျက်ရည် ကျိုနေသည့် မိတုတ် ကို အခန့်သင့်၍ ငြိမ်းသာ ဝမ်းသာ မဆုံး ၊ ပြည့်ဖြိုးအိစက်နေသည့် မိတုတ် ရင်ခွင် ထဲသို့ မြေးကလေး ကို ထိုး အပ် ပေးလိုက်မိ၏ ။ အလုံးစုံ ရှင်းပြနေမိချိန်ဝယ် မြေးကလေးသံလုံး က မိတုတ် ၏ ရွှေရင်အုံထွားထွား မှ နို့ချို ကို အားရပါးရ စို့လျက် ရှိပါချေပြီ ၊ သူ့ လက် ကလေး နှစ်ဘက် ကိုလည်း အအား မထား ၊ မိတုတ် ၏ ပန်းဝတ်ငုံ သည် မှီတွယ်စရာ ဖြစ်ရုံမက သဘာဝက ပေးထားသော မြတ်နိုးဖွယ် ကစားစရာ ။

ထို အခါကျမှပင် စိတ်ရော ကိုယ်ပါ အမောကြီး မော ။အပန်းကြီး ပန်း ခဲ့ရသော ငြိမ်းသာ တစ်ယောက် အသက်ကို ဖြောင့်ဖြောင့် ရှူနိုင်ပါတော့၏ ။

ဪ မိတုတ် ကယ်ပေလို့ပါလား ။ ကျေးဇူးတင်လိုက်တာ မိတုတ် ရယ် ။

◾ကြူကြူသင်း

📖 စံပယ်ဖြူမဂ္ဂဇင်း
      ၁၉ဂ၅ ခု ၊ ဧပြီလ

www.facebook.com/aung.naingoo.3726613

No comments:

Post a Comment