Friday, January 14, 2022

ရက်လည်


 

  ❝ ရက်လည် ❞

ဇော်လွန်းကြီး အခုလို မချိမဆံ့ ဝေဒနာ ခံစားနေရတာကို မြင်ရပြန်တော့လည်း မြင့်သီ မကြည့်ရက် ။ ဖားဖိုလို ပိန်လိုက် ဖောင်းလိုက် နဲ့ မောဟိုက်နေသော ဇော်လွန်း ၊ စကားတစ်ခွန်း ပြောဖို့ရာ ပါးစပ်ဟလိုက်တိုင်း မပီသနိုင်တော့ပြီသော ချွဲခပ်သံနှင့် ထပ်လိုက်လာသည့် ဝူးဝူးဝါးဝါး အသံများ ။ လျှာက လိပ်နေပြီး ဝမ်းတွေက တစ်ခါပြီးတစ်ခါ ပုဆိုးထဲမှာပဲ သွားထည့်ထား၏ ။ ချေး တလူးလူး ၊ သေး တလူးလူး နံနံဟောင်ဟောင် ပေတဲ့လို့ ။ ဒါက မြင့်သီ ရဲ့ လင်သည်ပဲလေ ။ တစ်ချက် တစ်ချက် မျက်ဖြူလန် တက်သွားလေသေး၏ ။ ဇော်လွန်း ကို ကြည့်ပြီး မြင့်သီ ရင်ထဲမှာ မချိ ။ မကောင်းခဲ့တာ က မကောင်းခဲ့တာ တစ်ပိုင်း ဖြစ်သည် ။ အခုဟာက နောက်ဆုံး အချိန် ၊ မြင့်သီ တွေးရင်း ဒင်းကို ကရုဏာဒေါသော ဖြစ်ရပြန်၏ ။

ပြောပါတယ် ။ ပြောတာမှ ပါးစပ် နားရွက် တက်ချိပ် မတတ် ပြောတာ ။ ဟဲ့ ... ဇော်လွန်း နင် ဒီအရည်တွေကို ဖြတ်တော့ ၊ နင့် စိတ် ကို နင် မနိုင်ရင် ဒီတစ်ခါ ဆရာဝန်က နင့် ကို သေမှာပဲလို့ အပြတ် ပြောထားပြီးသား နော် ။ နင့် အသည်း က ခြောက်နေပြီ ။ ငါ ကလည်း နင့် ကို ဆေးခန်း မှန်မှန် မပို့နိုင်ဘူး ငနာ ရဲ့ ၊ ကြားလား ... ဆိုပြီး အကြိမ်တစ်သောင်း လောက် ပြောခဲ့တာတောင်မှ ဒင်း က မရ ။

အခုတော့ ငင်နေပြီလေ ။ အသက် က ဘယ်က ဘယ်လို ထွက်ရမယ်မှန်း မသိလောက်အောင်ကို အော်နေ ဟစ်နေ ရပြီ ။ အစ်မရေ ... အစ်မရေ ... ကယ်ပါဦး .. ပူတယ်ဗျ ... ပူတယ် ... အား အမလေးဗျ နဲ့ တစ်ခါတစ်ခါ ဖျစ်ညှစ် ထွက်လာတဲ့ ရင်ခေါင်းသံကြီး နဲ့ အလန့်တကြား ထ ထ အော်လိုက်တိုင်း မြင့်သီ စိတ်ဆင်းရဲရတာ ။ သက်သက်သာသာ အသက် ထွက်ခွာနိုင်အောင် လို့လည်း မြင့်သီ မှာ လုပ်မပေးနိုင် ။ ဒီလိုနဲ့ သုံးရက် သုံးည လုံးလုံး အော်ဟစ် လူးလိမ့်ပြီးတဲ့နောက် စနေနေ့ အရုဏ် တက်ချိန်လောက်မှာ ဇော်လွန်းကြီး သေရှာတယ်လေ ။ စိတ် မကောင်းဘူး ။ မြင့်သီ ဘယ်လိုမှ စိတ် မကောင်းနိုင်ဘူး ။ မြင့်သီ ထက် ရှစ်နှစ်လောက် ငယ် တဲ့ ဒင်း ကို ယူတုန်းက ပထမ လင် ကြီး သေပြီးလို့ မှ ခြောက်လ မကြာလိုက်သေးဘူး ။ ဒင်း ရုပ်က ဖြူဖြူနွဲ့နွဲ့ နဲ့ လူပုံ ကြည့်ရ ကောင်းသလောက် ခြေကြော လက်ကြော တင်းတဲ့ကောင် မဟုတ်ဘူး ။ ဒါပေမဲ့လည်း သားနှစ်ယောက် ကျန်ခဲ့တဲ့ ဘဝ ရှေ့ရေးကို တောင်မြောက်တွေး တွေးရင်း သူတို့လို ရွာသိမ် ရွာနုပ် မှာ ပွဲစားလိုလို ၊ ဟိုလိုလို ဒီလိုလိုနဲ့ ပိုက်ဆံ ထောနေတဲ့ ဒင်း ကို မြင့်သီ လက်ခံလိုက်မိတယ် ။ ဒင်း ရုပ်ကလေး သနားကမားနဲ့ ဆိုတော့ ဒါလည်း သဘောကျစရာ အချက် တစ်ချက်ပေါ့လေ ။ ဒီတုန်းက ဒင်း က အလုပ် ကောင်းတယ် ။ ဘာမှ ဟုတ်တိပတ်တိ မတတ်ပေတဲ့လို့ ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ပါလေရာ ဆတ်ချေး လုပ်တတ်တော့ ပိုက်ဆံလေး ဘာလေး ရွှင်တယ် ။ ဒင်း အပေါင်းအသင်းတွေ က အလုပ်ဖြစ်ရင် ပေးကြ ကမ်းကြတယ် ။ မြေကွက်လေး ရောင်းရလို့ ၊ အိမ်ဝိုင်းကလေး အလုပ် ဖြစ်သွားလို့ နဲ့ပေါ့ ။ နောက်တော့ ပိုက်ဆံ အိတ်ထဲက မစိုက်ရတိုင်း ဟို လူက တိုက် ၊ ဒီလူ့ ကျန်ပြတ်ရှင်း နဲ့ ဒင်း ပြန်လာရင် အနံ့ တသင်းသင်း စကားကြော တရှည်ရှည် ဖြစ်လာတယ် ။ နောက် ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးလိုက်တာ ။ ဒင်း နဲ့ ရတာ စုစုပေါင်း လေးယောက် ။ သမီး နှစ်ယောက် သား နှစ်ယောက် ။ အခု လက်ရှိ အငယ်ဆုံးမလေး က နို့တောင် မပြတ်သေးဘူး ။ ဒင်း ကတော့ သေ ရှာပြီ ။ ဆိုက်ကား နင်းကျွေးတယ် လို့ နာမည်တော့ ခံသွားသေးပါရဲ့ ၊ ခရီးသည် မတင်ဘဲ တစ်ချိန်လုံး ဂိတ်မှာ ဇယ်ခုံချည်း တောက်နေလို့ ထထသတ်ကြရတာ အမောပါပဲ ။ မြင့်သီ ကတော့ အမဲသားတုတ်ထိုး ရောင်းတယ် ။ သခွားသီးတုတ်ထိုး ၊ ပဲပြားတုတ်ထိုး ၊ အမဲအူသုပ် ၊ အမဲသားရေသုပ် ။ အဲသလို ပေါပေါလောလော နဲ့ ဆိုက်ကားဂိတ်ဝ မှာ ဆိုက်ကားသမားတွေ ထမင်း နဲ့ စားလို့ ရအောင် ၊ တစ်ကျပ်ဖိုး တစ်မတ်ဖိုး အဲသလို စွတ်ကယ် စွတ်ကယ် နဲ့ တစ်နေကုန် အရက်ပုန်းသောက်တဲ့ ကိုယ့် လင် လို ဟာတွေ ဝယ် စားနိုင်အောင်လို့ ကိုယ်လည်း အရင်းများများ မစိုက်နိုင်တော့ မြင့်သီ ရောင်းရပါတယ် ။

သားနှစ်ယောက် ကတော့ ပထွေး နဲ့ ခပ်တန်းတန်း ပါပဲ ။ အကြီးကောင် ကတော့ သိပ် မဆိုးလှပေမယ့် အငယ်ကောင် ပွကြီး က မရဘူး ။ မျက်နှာချင်း ဆိုင်ကြတာနဲ့ အော်ကြဟစ်ကြ တော့တာပါပဲ ။ အကြီးကောင် က တစ်လောက မိန်းမ ယူတယ် ။ ရ လာတာ ဆိုရင် ပို မှန်မယ် ။ အသက် က မိန်းမ ယူရလောက်အောင် အရွယ် ရောက်နေပြီလား မြင့်သီ တောင် သေချာ ဂရုမပြုလိုက်မိပေမယ့် လှကြီး က မိန်းမ ရလာသတဲ့ ။ ကောင်မလေး ကလည်း ကိုယ် လိုပဲ နွမ်းနွမ်းဖတ်ဖတ် စုတ်စုတ်ပြတ်ပြတ် ထဲကပဲ ။ မိသားစုလည်း များတယ် ဆိုတယ် ။ သွား ပြန်လည်း မအပ်နိုင်ဘူး ။ ဒီလိုပဲ နှစ်ဦးနှစ်ဖက် နားလည်မှု ယူပြီး အသာပဲ နေလိုက်တယ် ။ ဘာမှ လုပ်မပေးနိုင်ဘူးလေ ။ လုပ်ပေးဖို့ နေနေသာသာ ဘာ တစ်ခုမှ ကုန်းကောက်စရာ ကို မရှိဘူး ။ ထမင်း တစ်နပ်စာ ၊ ထမင်း တစ်နပ်စာ ၊ ပြီးတော့ နောက်ထပ် ထမင်း တစ်နပ်စာအတွက် မြင့်သီ အကြိတ်အနယ် ရုန်းနေရတာ ။ ကလေးတွေ ကလည်း ဘယ် အငတ်တိုင်းပြည် က ရောက်လာမှန်း မသိဘူး ။ စားလိုက်ကြတာ ဆိုတာ ဘာ နဲ့  ကျွေးကျွေး ထမင်း တစ်ပြည် ချက် ပြိုက်ခနဲပဲ ။ ပွကြီးဆို ထမင်း နှစ်ဇလုံ ၊ သုံးဇလုံ မောက်မောက်က ပြေး မလွတ်ဘူး ။ ဖြစ်သလို နဲ့ စားနေရလို့သာ တစ်ပြည် တော်တော့တယ် ။ လှကြီး နဲ့ ပွကြီး က အလုပ် အတူ လုပ်လို့မရဘူး ။ ပွကြီး စိတ်က လက် တစ်ဆစ် ။ အဆံသာ မရှိတယ် ။ ဒီကောင်က ဝသီ ကိုက ထောင်ထောင် ထောင်ထောင် နေတတ်တာဆိုတော့ လူမုန်း များတယ် ။ ညီအစ်ကို ချင်းလည်း မတည့်ဘူး ။ သူ့ အောက်က မောင်တွေ ၊ နှမတွေ ကိုလည်း မချစ်တတ်ဘူး ။ ကန်လား ၊ ကျောက်လား ၊ အော်လား ဟစ်လား နေတတ်တဲ့ ကောင် ။ အလုပ် ကတော့ မယ်မယ်ရရ မရှိဘူး ၊ ရာသီပေါ် ပေါ့ ။ လက်သမား နေ့စား လိုက်တယ် ။ အိမ်သာကျင်းတူး နေ့စား လိုက်တယ် ။ အုံနာဆီ သွားပြီး ဆိုက်ကားတစ်စီး ရအောင် ရှာလာပေးတော့လည်း အုံနာ နဲ့ စကားပြော အပေါက်အလမ်း မတည့်ဘူး ။ ဆိုက်ကားနင်းရတာ ပင်ပန်းတယ် ဆိုပြီး မအေ မသိအောင် ဆိုက်ကား ပြန်အပ်သတဲ့ ။ အဲသလို ဟာတွေ ။

ထားပါ ။ ဒါက ကိုယ့် ကုသိုလ် ကံ ပေါ့ ။ လင် ကံ သားသမီး ကံ မကောင်းဘူး ။ ဘာမှ အား မကိုးရဘူး ။ အား မကိုးရရုံ နဲ့ မပြီးဘဲ တစ်ခါတစ်ခါ လူ ရိုက်လာတာက ပြဿနာ တစ်ခု ၊ မအေ က တဖားဖား လိုက် ရှင်းတော့ ဟိုအကောင် ဇော်လွန်း က တစ်စခန်း ထပြန်ရော ။ ရှိနေတုန်းက ပထွေး နဲ့ မယားပါ သား တကျက်ကျက် ဖြစ်လိုက်ကြတာ ။

သေ တော့လည်း ဖြုန်းဒိုင်းကြီး ၊ အရက်စွဲပြီး အရက်နာ ကျတာ နှစ်ပေါက်နေပါပြီ ။ ကုလည်း မကုနိုင် ။ သေပြီ ဆိုတော့လည်း စိတ် မကောင်းဘူး ။ ကိုယ့် မျက်စိရှေ့ အော်ဟယ်ဟစ်ဟယ် ၊ ရုန်းဟယ်ကန်ဟယ် နဲ့ ခံရချက် ဆိုးတယ် ဆိုတော့ စိတ် မကောင်းပါဘူး ။ စိတ် မကောင်းတာကတော့ တစ်ပိုင်းပေါ့ ။ မြေကျဖို့ လုပ်ရမယ် ။ လက်ထဲမှာလည်း တစ်ပြားတစ်ချပ် ကို မရှိဘူး ။ မနေ့တစ်နေ့ကမှ လူရိုက်မှု နဲ့ ပွကြီး ထောင် ထဲ ရောက်လို့ တစ်အိမ်လုံးစာ ချမ်းသာတာ ဆိုလို့ ဒီ နားပေါက်ထဲက နားကပ်ကလေး တစ်ရံ ရှိတာ ကုန်ခဲ့ပြီ ။ တစ်ပတ် မကြာဘူး ။ လင် က ခေါက်ခနဲ ။

တစ်ခါတစ်ခါ ဘယ်သူ့ ကို မှန်း မသိဘဲ တ,တပြီး ငိုချင်သည် ။ ဟစ်ကာ ငိုချင်သည် ။ တဲစုတ်ကလေး ကလည်း တစ်ခြမ်း စောင်းကျလို့ ပြိုလု ပြိုခင် ဖြစ်နေပြီ ။ ကိုယ့် လိုပဲ မပြေလည်တဲ့ မောင်နှမတွေ ချည်းပဲ စုနေကြတာ ဆိုတော့ မြင့်သီ ရင်မောသည် ။ နောက်ဆုံး အစ်မကြီး ဆီပဲ ပြေးရသည် ။ မောင်နှမ ဆယ်ယောက် ထဲမှာ အစ်မကြီး တစ်ယောက်ပဲ ပြေလည်သည် ။ သူ့ခမျာလည်း မဗေဒါ တစ်ပင် ဘဲအုပ် က တစ်ရာနှစ်ရာ ဆိုတော့ စူစူဆောင့်ဆောင့် ၊ ငေါက်ငေါက်ငမ်းငမ်း ပေါ့လေ ။ အစ်မကြီး လာမှ ဝါးခုတ် ၊ ခုတင်ငှား ၊ ကနဖျင်ထိုး နဲ့လုပ်ရတာ ။ အစ်မကြီး က ချက်ချင်း ချမယ်ဆိုတော့ မြင့်သီ တင်း ခံနေခဲ့သေးသည် ။

' ဟင် ... ဒီ အပုပ်ရည် တရွဲရွဲ ၊ အပုပ်နံ့ တထောင်းထောင်း ထနေတဲ့ အသုဘကောင်ကြီး ကို နင် ထိုင် ရှုနိုင်တာ အရေးမကြီးဘူး ။ လမ်းထဲက လူတွေ ကို အားနာဦး ၊ ပြီးတော့ နင့် တဲ က လူလေးငါးယောက် ပြုံနင်းရင် တစ်ခါတည်း ပြိုကျမှာ ၊ ဘုန်းကြီးတောင် သရဏဂုံ တင်ပေးဖို့ နေစရာ မရှိဘူး ။ ဘာ အဓိပ္ပါယ်နဲ့ ဆက် ထားမှာတဲ့လဲ ။ ငါ့ ကို ပြောစမ်းပါဦး ၊ ဒီ အရက်သမား ၊ လူ့ငပျင်း လူ့ငနွား အသုဘ ကို နင် က အလှပြ ပြီး ဘာလုပ်မှာလဲ'

အစ်မကြီး ခင်မာနီက ထပြီး အော်ကြီးဟစ်ကျယ် သောင်းကျန်းလိုက်တာ မြင့်သီ ငြိမ်ကုပ်သွား၏ ။ စိတ်ထဲမှာတော့ သိပ် မကောင်းလှဘူး ။ ကိုယ့် လင် ပဲ မဟုတ်လား ။ ဘယ်လောက် ဆိုးဆိုးပေပေ ၊ ဒါက နောက်ဆုံးပဲ ဟုတ်လားလို့ ။ နောင် ကို ဘယ်တော့မှ တစ်ယောက် နဲ့ တစ်ယောက် မြင်ခွင့် ရနိုင်ကြတော့မှာ မဟုတ်ဘဲနဲ့ ။ ဒါတောင် အစ်မကြီး က မတော်သေးဘူး ။ ဆက်ပြောသေးတယ် ။

' လုပ်မနေနဲ့ ၊ ညည်း တစ်လ ခံရင် ကံကောင်း ၊ ယူဦးမယ် ... နောက် တစ်ယောက် ၊ အပူသည်မ ၊ နေရာတကာ စိတ် ကို အလို လိုက်ချင်တယ် ၊ ဟေ့ .. ညနေ လေးနာရီ တိတိမှာ ချမယ် ။ ဘုန်းကြီး ပင့်ကြ ၊ သရဏဂုံ တင်မယ် ၊ ရှိတဲ့ လူနဲ့ ပို့မယ် ။ အလောင်း သင်္ချိုင်း ရောက်သွားဖို့က အဓိက အရေးကြီးတယ် '

' ကျွန်မ ယောက္ခထီး က မလာသေးဘူး '

' သွားခေါ်တာတောင် လိုက်မလာတဲ့လူ ၊ မယားငယ်ဆံပင် ဖြီးပေးနေတာ မပြီးနိုင်သေးဘူး ထင်ရဲ့ ၊ ဟေ့ ... စောင့် မနေနဲ့ ။ ဒီကိစ္စ ငါ ရှင်းမယ် ၊ နေ က ပြင်းသနဲ့ ၊ နံစော်နေပြီ ၊ လူတွေကို ဒုက္ခ ပေးချင်တယ် '

အဲသလို ရုတ်ရုတ်သဲသဲ နဲ့ အလောင်း မြေကျတော့ မြင့်သီ ဟစ်ဟစ်ပြီး ငို လိုက်ရတာ ။ ဘာကိုမှန်း မသိ အားငယ် ဝမ်းနည်းလိုက်တာ ။ လူတွေ က သိပ်ပြီး လွယ်လွယ် ပြောရက်ကြတယ် ။ လက်လွတ်စပယ် လုပ်ရက်ကြတယ် ။ ဒါက သူများလား ။ မြင့်သီ ရဲ့ လင် လေ ။

ကဲ .. ကိစ္စ တစ်ခုတော့ အေးပြီ ညဘက် ကို မောင်ကြည်ခိုင် မင်း ကူ စောင့်ပေးရမယ် ၊ ကျန်တဲ့ မြင့်ဝေ နဲ့ မြင့်အေးမ ကို လည်းပြော ... လာခဲ့ ငါ က ခေါ်နေတယ်လို့ ဒင်း တို့လည်း ရက်လည် မပြီးမချင်း မပြန်ရဘူးလို့ '

' မီးချောင်း ကိစ္စတော့ ...'

' နေဦး ဘေးအိမ်မှာ ငါ သွားပြောပေးမယ် '

` ရှက်စရာကြီး အစ်မရာ ၊ တစ်လောကမှ ရန်ဖြစ်ထားကြတာ'

` အဖြစ် မရှိတဲ့ ကောင်မ ၊ တော်တော်မှ ထမင်းဝနေသလားဟင် လူတကာ နဲ့ ရန် ဖြစ် နေရအောင် '

' သူတို့က သိပ် ပိုးတာ'

` ပိုး ပိုး .. ညည်းဘာသာ အသာနေ .. ငါ့ ဖာသာ လုပ်မယ် '

အဲသလိုနဲ့ မီးချောင်း နှစ်ချောင်း အလကားပဲတင်း ထွန်းပေးမယ် ဆိုတော့ မြင့်သီ မျက်နှာချို သွေးရပြန်သည် ။ ရှေ့မျက်နှာ နောက်ထားလို့ ပေါ့လေ ။ မထားလို့လည်း မရ ၊ ခုနစ်ရက် ခုနှစ်လီကြီး မဟုတ်လား ။ မီး မရှိရင် ဘာ သွားလုပ်မှာလဲ ။ ဘာမှ လုပ်လို့ မရဘူးလေ ။

' နေဦး .. နင်တို့ ဖဲဝိုင်း ဖြစ်မှာလား '

' ဖြစ်ရမှာပေါ့ ... အစ်မကြီးရ '

' မြင့်ဝေ ... ငနာ နင် ဒါပဲ ချောင်းနေ ၊ ဘယ်သူ ထိန်းမှာလဲ '

` ရပါတယ် အစ်မကြီး ရာ ၊ ကျွန်တော်တို့ ရှိတာပဲဟာ '

ဖဲဝိုင်း အကောက်လေး ရမှ ဖြစ်မှာ အစ်မ ရဲ့ ၊ ကျွန်မ လက်ထဲ တစ်ကျပ် မရှိဘူး ၊ ဒါလေးရမှ ရက်လည်ဆွမ်းကျွေး မုန့်ဟင်းခါးဖိုးလေး ကျေမှာ ၊ အစ်မ က စိုက်ပေးထားတယ် ဆိုပေမဲ့လို့ '

' တော်စမ်းပါအေ .. ဆောက်ဖြစ်မှ ကျောင်းဒကာ ၊ ညည်းမောင် မြင့်ဝေ ကို ညည်း နိုင်မလား ၊ ညည်းမောင် သံလုံး ကို ညည်း နိုင်လား ၊ ရသမျှ အကောက် အပြင် အလိုက်ဆောင်း နေရမှ ဟုတ်ပေ့ ဖြစ်နေဦးမယ် '

' ဒါလေးမှ ဒင်းတို့ နားမလည်ရင်လည်း '

' အေး ... ကြပ်ကြပ် ပြောထား ညည်းလည်း ဝင် ချ မနေနဲ့နော် ကောင်မ '

' ကျွန်မ က လုပ်ပါ့မလား အစ်မကြီး ကလည်း '

' ညည်းတို့ အကြောတွေ ငါ သိတယ် ၊ ညည်းတို့ ညီအစ်မတွေ စုမိရင် သိပ်လွယ်တာ မဟုတ်ဘူး '

' ကျွန်မ သိပါတယ် '

' ရော့ .. တစ်သောင်း ယူထား ၊ ညည်း မလည်း မျောက်ခေါင်းရုပ် ဖြစ်နေပြီ ၊ လင်သေ မုဆိုးမ မို့လို့ ဆံပင်စုတ်ဖွားချည်း လုပ်နေလို့ မဖြစ်ဘူးအေ့ ၊ ခေါင်းလေးဘာလေး ဖြီးစမ်း ၊ ဆွေးနေရလောက်အောင် အဖြစ်ရှိခဲ့ တဲ့ ကောင် မဟုတ်ဘူး ၊ နောက် ညည်း မသေမချင်း လင် အပူတွေက လာဦးမှာ ၊ ရှေ့တုန်းကလည်း လာဖူးပြီလေ ၊ ကဲ ... ငါ ပြန်မယ် ၊ အိမ် မှာ အလုပ် ရှိသေးတယ် ၊ မနက်မှ ရောက်တော့မယ် ၊ ဖဲဝိုင်း ကို နိုင်အောင် ထိန်းပစေ့နော် ၊ နောက်မှ ဘာဖြစ်တယ် ၊ ညာဖြစ်တယ် မကြားချင်ဘူး '

' ကျွန်မ မှာ လာပြီး ထည့်ဝင်ထားတဲ့ ပိုက်ဆံတွေ အစ်မကြီး ကို အပ်ထားရမလား'

' ညည်း ဘာသာ ကိုင်ပါ ။ စာရင်းအင်းကလေး နဲ့ လုပ် ၊ ဟိုလူက ကမ်းသွားလိုက် ၊ ဒီလူက ကမ်းသွားလိုက် နဲ့ ပိုက်ဆံ ဖော နေတယ် ဆိုပြီး အရမ်းပတမ်းလည်း လျှောက် ဝယ် မနေနဲ့ ခါတိုင်းလိုပဲ ချက်စားကြ '

ဘာပဲဖြစ်ဖြစ် မြင့်သီ က စာရင်းနိုင်သူ မဟုတ်တော့ မြင့်အေးမ ကို ကိုင်ခိုင်းရသည် ။ ဒီကောင်မ က ညပိုင်းမှာ ဘေးထိုးဖို့ သွေးဆောင် နေလေ၏ ။

' ဟာ.. အစ်မကြီး က ငါ့ ကို တုတ် မှာ မိန်းမ ရဲ့ ၊ မလုပ်ပါဘူးအေ ... ပိုက်ဆံလေး တစ်ပြား ၊ နှစ်ပြား နဲ့ ကို ဘယ်လို လုပ်ရကိုင်ရမှန်း မသိသေးဘူး ၊ ကြွေးတွေ က ဗလပျစ်နဲ့ '

' .. ငါ အဲ့ဒါ ပြောတာ ။ နင့် လင် ခေါ်ရိုက်မယ် '

' သေတဲ့ လူ ကို '

' အေးဟဲ့ ... အဲ့သလို သေတဲ့ လူ ခေါ်ပြီး ဖဲရိုက်ရင် ဖဲနိုင်သတဲ့ဟဲ့ '

ဘာပဲဖြစ်ဖြစ် ... ညဖက် ဖဲဝိုင်းကလေး ဖြစ်နေတော့ မြင့်သီ နည်းနည်း အသက်ရှူပေါက် ရနေမိသည် ။ အကောက်ကလေး ရ ၊ တစ်ခါတစ်ခါ ဘေးထိုးလေး ဘာလေး ရ ဆိုတော့ မြင့်သီ စိတ်ထဲ ဟုတ် တုတ်တုတ်ပေါ့ ။ မြင့်ဝေ ကိုတော့ ခ နေရတာပေါ့ ။ ဒင်း က တစ်ညလုံး အိပ်ရေး အပျက်ခံပြီး ထိုင် စောင့်ပေး ၊ ထိုင် ကောက်ပေးတာ ။ မြင့်ဝေ သူငယ်ချင်းနှစ်ယောက် ၊ သုံးယောက်လည်း ဝိုင်းကြဝန်းကြသေးတာပေါ့ ။ ဆူညံကြရုံနဲ့ ဆိုရင် ပြဿနာ မဟုတ်လှပေါ့ ၊  ရှုံးမဲမဲပြီး ငြင်းကြခုန်ကြ ဖြစ်လာရင်တော့ သိပ် လွယ်တဲ့ ကိစ္စ မဟုတ်တော့ဘူး ။ ပထမည အတွက် အကောက်ကြေးက ရှစ်ထောင် လောက်တော့ မြင့်သီ အတော်လေး စိတ်ဝင်စားလာပြီ ၊ ဒါတောင် ဒီ ရှစ်ထောင် က အသားတင်တာ ၊ မြင့်ဝေ ဘတ်ထားတဲ့ ပိုက်ဆံ မပါသေး ။ သံချောင်း နဲ့ သံလုံး က လစ်ရင် လစ်သလို ဖျောင်ထားပြီး ကိုးမီးတွဲတာ ပါသေး ။ တစ်ခြားလည်း မယ်မယ်ရရ ရစရာ ရှိတာ မဟုတ်တော့ မြင့်သီ ဖဲဝိုင်း ကို အာရုံ ကျသည်ပေါ့ ။

ဒုတိယ ည ။ လူ များသည် ။ ပိုပြီး ဆူညံကျယ်လောင်သည် ။ ငြင်းခုံသံက တစ်လမ်းလုံး ဟိန်းလျှံထွက်လျက်နေ၏ ။ ပတ်ဝန်းကျင် ကိုတော့ မြင့်သီ အားနာပါရဲ့ ၊ ဒါပေမဲ့ မတတ်နိုင် ။ အရင်းအနှီး မစိုက်ဘဲ မျိုးမျိုးမြက်မြက် ရစရာဆိုလို့ ဒီ တစ်နည်း ရှိတာ ။ အလှူရက်လည်နေ့ ကျရင် အစ်မကြီး က သူတို့ စိုက်လှူပေးထားတဲ့ ပိုက်ဆံ ကို ကူငွေ ထဲကနေ အကုန် ပြန်နှုတ် ယူသွားမှာ ။ ပိုရင် ကံကောင်း ၊ မုန့်ဟင်းခါး အချိန် လေးဆယ်လောက် ကုန်ကျထားတဲ့ ကုန်ကျစရိတ်တွေ နဲ့ ပြန်ပြီး ထေမိကာမိ ရင် တော်ပြီ ။ ကြွေးထပ် မတင်ရင် ရပြီ ။ လက်ရှိ ကြွေးမြီတွေအကြောင်းကို မြင့်သီ မစဉ်းစားချင် ၊ ဇော်လွန်းကြီး နင်လား ငါလား ဖြစ်လိုက်တဲ့ လေးငါးရက် အတွင်းမှာ ဈေးအရင်းလေးလည်း ပြုတ်ခဲ့ပြီ ။ ဈေးဘန်းလေး အယောင်ပြပြီး ထည့်ဝင်ထားတဲ့ စုမဲဖိုးတွေလည်း မနည်း ။

တစ်နေ့ကို ငွေနှစ်ရာ စုတဲ့ မဲ ။ ငွေငါးရာ စုတဲ့ မဲ တွေကလည်း ပတ်ချာလည် ရိုက်နေ၏ ။ ဆန်ကြွေးလေး ပြေး ယူလိုက် ၊ တိုလီထွာလီ ကြွေးလေး ပြေးယူလိုက် နဲ့ ပြေးယူထားတာတွေကလည်း မနည်း ။ ပွကြီး ကို အမိန့် မချခင်က ရုံးချိန်း ၊ ရုံးချိန်း နဲ့ မရေမတွက်နိုင်တဲ့ အခေါက်ပေါင်းတွေမှာ နားကပ်တစ်ရံ က ဘယ် အလုပ်ဖြစ်မှာလဲ ။ ချေးထား ငှားထားတာတွေ ရှိသေး၏ ။ ပြီးတော ဈေးအရင်း ပြုတ်ထားတော့ ဈေးမထွက်နိုင်တဲ့ ရက်တွေမှာ ယူစားထားတဲ့ အကြွေး ၊ နေ့စဉ်နေ့တိုင်း မပျက်မကွက် ထည့်ဝင်ရမယ့် မဲကြွေး တွေ ။

ဒါကြောင့်ပဲ လူတွေ က ပေါက်လွှတ်ပဲစား အော်ဟစ်ဆဲဆိုပြီး တဖျောင်းဖျောင်းမြည်အောင် လက်ဝါး ကွဲမတတ်ရိုက်နေတဲ့ ဖဲဝိုင်းဘေးမှာပဲ တစ်ညလုံး သဲကြီးမဲကြီး ထိုင်စောင့်တော့ပြီ ။ ဒီကြားထဲ ဘဲဥပြုတ်လေး ၊ ဆေးလိပ်လေး ရောင်းလိုက်သေးသည် ။ တစ်ချို့က မအိပ်ချင်အောင် ဆိုပြီး လီမွန်တီး ဝယ်သောက်တော့ ငါးဆယ်မြတ် ၊ နှစ်ဆယ်မြတ် နဲ့ မနက် မိုးလင်းတော့ တစ်ထောင်မျိုး ၊ ထောင့်ငါးရာမျိုး မြတ်လိုက်သည် ။ ဘယ် ဆိုးလို့လဲ ။

တတိယည ကျတော့ ပွဲ က ပိုဆူလာသည် ။ ရွာတောင်ပိုင်း လို ရွာမြောက်ပိုင်း လို ရွာတွေ က တကယ့် စီးပွားဖြစ် ဖဲလည် ရိုက်တဲ့ ဖဲဝိဇ္ဇာတွေ ပါလာတော့ မြင့်သီ တော်တော် စိတ်လှုပ်ရှားမိသည် ။ ဒါဆို ဝိုင်းကြီး ပြီ ၊ ငွေများပြီ ။ အကောက် ကောင်းကောင်း ရပြီပေါ့ ။ မြင့်သီ ရေနွေးတည်သည် ။ ဘဲဥ ကို အလုံး အစိတ်လောက် ပြုတ်တယ် ။ ဖွယ်ဖွယ်ရာရာ ရောင်းစရာလေးတွေလည်း ပြင်ထားလို့ ။ ငါ့ အိမ် အသုဘအိမ် ဖြစ်နေတာပါလားဆိုတဲ့ အသိတောင် မြင့်သီ မေ့နေမိတော့တယ် ။ ပြီးတော့ ဒုတိယည မှာ မြင့်ဝေ က ပိုက်ဆံ နှစ်သောင်း အပ်တော့ မြင့်သီ ရင်တုန်ပန်းတုန် ဖြစ်သွားတာပေါ့ ။ ဟုတ်လှချည်လား မြင့်ဝေ ကိုလည်း ကျေနပ်အောင် ပေးတန်ပေး ၊ ကျွေးတန် ကျွေး လုပ်ရသေးတယ် ။ အကောက်ပိုက်ဆံနဲ့ ငါးရာမျိုးတစ်ထောင်မျိုး ကြွေပစ်ရှုံးရင် ၊ ဆယ်တွဲတွဲရင်လည်း မပြောသာဘဲ ပါးစပ်ပိတ် နေရသေးတယ် ၊ သူ က အပင်ပန်းခံပြီး ရှာပေးနေတာလေ ။ မပြောရဲဘူး ။ အိပ်ရေးတွေ ပျက်လိုက်တာလည်း မပြောနဲ့ ။ ခေါင်း က ဆံပင်ကိုတော့ အခုထက်ထိ တစ်ရက်မှ မ ဖီးသေးဘူး ။ ပွပစေ ၊ ရှုပ်ပစေ ။

' မြင့်သီ ... ဆေးလိပ် လုပ်ပါဦးဟ ' မြင့်ဝေလက်ထဲ ဆေးလိပ် ( စီးကရက် )ကို ခပ်ဆောင့်ဆောင့် ထိုးထည့်လိုက်ချိန်မှာ ညဉ့်နက်ပြီ ။ တစ်နာရီထိုး ကျော်ချင်ပြီ ။ မြင့်ဝေ လက်ထဲက ပိုက်ဆံကိုပဲ မြင့်သီ စိတ်ထဲ ရေတွက်နေမိသည် ။ ဖဲဝိုင်း က အရှိန် ကောင်းလာနေပြီး အငြင်းအခုန် က ပိုမို ကျယ်လောင်လာနေသည် ။

' ဘယ်လောက်ရပြီလဲ '

' နှစ်ဖက်ခွဲ ကောက်ထားတာ ၊ ငါ က ဆယ့်ရှစ်လောက် ရနေပြီ ၊ ဟိုကောင်တွေက ခြောက်ထောင်လောက်ရ တယ်တဲ့ '

' သေချာ လုပ်ပေးနော် မောင်လေး ၊ အစ်မ မှာ နင့် အားကိုးနေရတာ ၊ ဘဲဥပြုတ် ယူစားလေဟာ ၊ အိပ်ရေးက ပျက် က ပျက်နဲ့ '

' အေး '

ဒီမှာတင်ပဲ ဝိုင်းကြီးက ထိန်းမနိုင်သိမ်းမရ ဆူညံပေါက်ကွဲသံကြောင့် မောင်နှမ နှစ်ယောက် ထ ရပ်လိုက်ကြသည် ။

' ညစ်ပတ်တဲ့ အကောင်.. ဖဲလိမ် ရိုက်တဲ့ အကောင် .. ချကွာ .. ချ '

' ရိုက်ပစ် ... ငလိမ်တွေကို လက်မခံနဲ့ဟေ့ '

' ပြန်လု ... ပြန်လု '

' ကဲ .. ထိုးတယ်ဟေ့ ... ထိုးတယ် '

ရုတ်ချည်း ရန်ပွဲကနေ ၀ရုန်းသုန်းကား ရိုက်ပွဲ ဖြစ်တော့ပြီ ။ မြင့်သီ ဖျတ်ဆို မြင့်ဝေ လက်ထဲက ပိုက်ဆံကို လုယူလိုက်ပြီး ထဘီ အထက်ဆင်ထဲမှာ ကျစ်နေအောင် လိပ်လိုက်၏ ။ မရဘူး ။ ရိုက်ကုန်ကြပြီ ။ ထင်းပိုင်း ပြေးဆွဲသူ ၊ ခြံစည်းရိုးတိုင် ဖြိုချသူ ၊ သူ တစ်ပြန် ကိုယ် တစ်ပြန် တွေ့ရာ ဝါးလုံးရှည်ပိုင်းတွေနဲ့ ပြေးရိုက် နေကြ၏ ။ မြင့်သီ ဘာလုပ်ရမှန်း မသိ ။ ဒီနေ့ ပြဿနာ ဖြစ်ရင် နောက်နေ့ ဖဲဝိုင်း အပိတ်ခံရတော့မည် ။ ဘယ်လို လုပ်မလဲ ကိုယ့် စိတ်ကို မဆန်းစစ်လိုက်မိချိန်မှာပဲ မြင့်သီ ရိုက်ပွဲရှိရာ ရန်ပွဲကြားထဲ ရောက်သွားပြီ ။ ဟိုဘက်က ဒီဘက်က အားလုံး ရှဲခနဲ ။ မရှဲလို့ မရ ။ အလယ်ကောင်မှာ မိန်းမထိုင် ထိုင်ပြီး ရန်ဖြစ်ထိုးကြိတ် ရိုက်နှက်နေကြသူတွေကို လက်အုပ်ကလေး ချီလို့ မြင့်သီ ရယ်လေ ။

' ကျွန်မ ရှိကြီး ခိုးပါရဲ့ ၊ ရန် မဖြစ်ကြပါနဲ့ ၊ ကျွန်မ ကို သနားပါရှင် ... ကျွန်မ ကို သနားကြပါရှင် '

ဟိုဘက် လှည့်ပြီး ကန်တော့လိုက် ၊ ဒီဘက် လှည့်ပြီး ကန်တော့လိုက် နဲ့ ငိုကြီးချက်မ ရင်ဘတ်စည်တီး လို့ တောင်းပန် ခယနေတဲ့ မြင့်သီ ။

' တော်ကြပါတော့ရှင် ၊ ကျွန်မ ကို သနားကြပါနော် ..'

ကျွန်မတို့ ရန်ပွဲပြီးတော့ မြင့်သီ အဲဒီညက ရုတ်ချည်း ဝိုင်းသိမ်းခိုင်းလိုက်သည် ။ ဆက် မလုပ်နဲ့တော့ ။ ဒီည ဒီလောက်နဲ့တင် ရပ်သွားတာ တော်ပါသေးရဲ့ ။ တစ်ယောက် က သွားနှစ်ချောင်း ကျွတ်ပြီး ၊ တစ်ယောက် က ခေါင်းပေါက်သွားသည် ။ နောက်ရက်တွေ ပွဲ မဖြစ်လို့တော့ မဖြစ်သေး ။ မနက်လင်းတော့ ညအကြောင်း ကို စမြုံ့ပြန် ဖာထေးရင်း မြင့်သီ လာမယ့် ညအတွက် ကြိုပြီး စကား ခေါ်ရသည် ။

' မေ့ ... ဗိုက်ဆာတယ် '

အိပ်မှုံစုန်မွှား ဖျာလိပ်ကြားမှ တိုးထွက်လာတဲ့ ဟိုအကောင် နှပ်ချေးတွဲလောင်း ကိုထွေးလေး က သူ့ ဗိုက်ပူနံကားလေးကို ပုတ်ပုတ်ပြ ပြောရှာတယ် ။

' ရော့ .. နှစ်ရာ ယူသွား မုန့်ဟင်းခါး သွားစားချည် '

' မေ ... သမီးရော ၊ သမီးလည်း ဘာမှ မစားရသေးဘူးနော် '

ကျစ်ဆံမြီး နှစ်ခွကလေးနဲ့ ပါးဖောင်းဖောင်း မျက်နှာဝိုင်းဝိုင်းနဲ့ ဆယ့်တစ်နှစ်အရွယ် သမီး ၊ ဇော်လွန်း အင်မတန် ချစ်တဲ့ သမီး ။ ဒင်း နဲ့ တူတယ်ဆိုပြီး သူ့သမီး ကို အချောအလှကလေး ဆိုပြီး ဖူးဖူးမှုတ်ထားတာ ။

' ရော့ ... သုံးရာ ၊ အငယ်လေးပါ မုန့်ကျွေးလိုက်ဦး ၊ ညည်းတစ်ယောက်တည်းစာ မဟုတ်ဘူးနော် ၊ ဗိုက်ဝတာ ဝယ်စား'

`ဟိုကောင်လေး ... ခေါင်းကြီး ကော '

' ဘဘမြင့်ဝေ ခေါ်သွားတယ် '

မြင့်သီ သက်ပြင်းမောကို ရှည်လျားစွာ ကျိတ်ကျိတ်ရှိုက်ရင်း ဖန်တွတ်ကျိန်းစပ်နေသော မျက်လုံး ကို ပိတ်လိုက်သည် ။ ကြမ်းခုနစ်ချောင်းသာသာ ဝါးတဲအိမ်ကလေး ပေါ် စိတ်ရှိလက်ရှိ ပစ်လှဲချလိုက်ပြီး ကောင်းကင်ပြင်ကြီး ကို ငေးမောကြည့်ရင်းက မသက်မသာ သက်ပြင်းရှိုက်ရင်း ကိုယ့် တစ်ယောက်တည်း ချောက်ချားတုန်လှုပ်စွာ ညည်းညူနေ မိတော့ပြီ ။ သန်ဘက်ခါ ရက်လည် ဆွမ်းသွပ် ။

' ဘုရား .. ဘုရား .... ရက်လည်ပြီးရင် ငါ တော့ ဒုက္ခပဲ '

◾ကြည်မွေ့အိမ်

📖 ချယ်ရီမဂ္ဂဇင်း
     ၂၀၀၉ ၊ မတ်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment