❝ အကယ်ဒမီ ❞
စာအိတ် ဖောက်နေသည် က စိတ် လှုပ်ရှားစရာ ကောင်းသည် ။ ဂျပိန် တစ်ယောက်တည်း မဟုတ် ။ ခန်းမ တွင်း ရှိ ထင်ထားကြသော သရုပ်ဆောင် အားလုံး လိုလို ။ သတင်းမုဆိုး တို့ ကလည်း ကင်မရာ ကိုယ်စီ ကိုင်လျက် သူ့ ထက် ငါ လက်ဦးမှု ရအောင် ချောင်းနေကြသည် ။ ဆု ကြေညာမည့် ဝါရင့်အကယ်ဒမီကြီး သည် တစ်ချက် ပြုံးလိုက်သည် ။
“ ထူးခြားတယ်ဗျာ ”
ထို စကားသာ ပြောပြီး ခေတ္တ ငြိမ် နေလိုက်သည် ။ ပရိသတ်များ ရော ၊ သရုပ်ဆောင်များရော တစ်ယောက် တစ်ပေါက် ထင်ကြေး ပေးလိုက်ကြသည် ။
“ ဂျပိန် ”
“ အေး ”
“ ဖြောင်း ဖြောင်း ”
လက်ခုပ်ဩဘာသံများ ခန်းမကြီး တစ်ခုလုံး ပွင့်ထွက် မတတ် ။ ဂျပိန့် မျက်နှာပေါ် တွင် မီး တဖျတ်ဖျတ် ။ လက် နှစ်ဖက် စလုံး အချိန် အနည်းငယ် အတွင်း နားရသည် မရှိ ။ ဂျပိန် စင်မြင့်ပေါ်သို့ တက်လျှင် ကျေးဇူးတင် စကား ပြောရတော့မည် ။ ဘယ်က စ ပြောရမလဲဟု စဉ်းစားနေလိုက်သည် ။ ဂျပိန့် ဘေးမှ ဟာသသရုပ်ဆောင် ငှက်ပျောကြော် မှ ...
“ စင်ပေါ်မှာ ပြောမယ့် စကားရော စဉ်းစားထား ပြီးပြီလား ”
“ မစဉ်းစားရသေးဘူး ”
“ အဲဒီနေရာ အရေးကြီးတာ ... ကျေးဇူးတင်တဲ့ အထဲမှာ မိန်းမ ကို ထည့်ပြောဖို့ မမေ့နဲ့ဦး ”
“ အရေးထဲ .. နောက်နေပြန်ပြီ ”
အိုင်ဒီယာဂျပိန် တို့ အကယ်ဒမီဆုများ ရှင်များ စင်ပေါ်၌ အသီးသီး နေရာယူလိုက်ကြသည် ။ အသီးသီး ကျေးဇူးတင် စကား ပြောသွားကြသည် ။
ဂျပိန် အလှည့် ။
ဂျပိန် စဉ်းစားသည် ။ သူများ နှင့် မတူအောင် ကျေးဇူးတင် စကား ကို စတန့် ထွင်ကြည့်လိုက် သည် ။ တုန်နေသော အသံကို တည်ငြိမ်အောင် ကြိုးစားလိုက်သည် ။
“ ကိုယ့် ပေါင်ကို ကိုယ့် လက် နဲ့ ဆိတ်လိုက်တဲ့ အခါမှာ နာကျင်သွားပါတယ် ... အိပ်မက် မဟုတ် ဘူးဆိုတာ သိလိုက်ရပါတယ် ”
“ ဝေါ ” ( ရယ်သံများ )
“ ကျေးဇူး တင်ထိုက်သူ အားလုံး ကို ကျေးဇူးတင်ပါတယ် ”
“ ဖြောင်း ဖြောင်း ”
“ ဟာ ... စကား ကလည်း တိုလိုက်တာ ”
“ လိုတိုရှင်းပဲ ကြိုက်တယ် ”
တစ်ယောက် တစ်ပေါက် နှင့် ဝိုင်း ပြောကြသည် ။
ဟုတ်သည် ။ ဂျပိန့် စကား က အရမ်း ကို တိုလွန်းနေသည် ။
အားလုံးက ပြီးသွားပြီ ဟု ထင်နေသော အချိန်ကျမှ သူများ လက်ထဲက မိုက်ကို အတင်း လု၍ ...
“ ကျွန်တော့် မိန်းမ ... ကျွန်တော့် မိန်းမ ကို ကျေးဇူး တင်ပါတယ် ”
“ ဝေါ ” ( ရယ်သံများ )
“ ဂျပိန်တို့ များ လုပ်လိုက်ရင် ဒီအတိုင်းကြီးပဲ ... ဟား ဟား ”
မိတ်ဆွေများ ၏ အသံ ။
အကယ်ဒမီပွဲ ပြီး၍ အကယ်ဒမီရွှေစင်ရုပ်ကြီး ကို ကိုင်လာသော ဂျပိန် အား
“ ဂျပိန် ... ဒီည ဘယ်ဆိုင်မှာလဲ ”
အရင်းနှီးဆုံး မိတ်ဆွေများ ၏ သောက်စားမျှော်လင့်နေသော အသံ ။
“ ဒီ အကယ်ဒမီကြီး ကို အိမ် မှာ ပြန် ထားလိုက်ဦးမယ်လေ ”
“ ဟာ ... ထားမနေစမ်းပါနဲ့ ... လာ ... ကားပေါ်တက် ”
၃ နာရီ ခန့် ကြာသော် အိမ်ပေါ်သို့ အကယ်ဒမီများရှင် ဂျပိန် ခြေလှမ်း မညီမညာ နှင့် ပြန်တက် လာသည် ။
“ မိန်းမ ... အသည်းလေး ... မင်း ယောက်ျား အကယ်ဒမီ ပိုင်ရှင်ကြီး ကို တံခါးဖွင့်ပေးပါဦး ”
“ ဂျိမ်း ”
ဂျပိန် အနည်းငယ် လန့်သွားသည် ။ သောက်ထားသည့် အရှိန်လေးများ က အနည်းငယ် လွင့်ပျံ သွားသည် ။
“ ကိုယ့် မိန်းမ ကို ကျေးဇူး .. ကျေးဇူး တင်တာကို ဘာဖြစ်လို့ ရှေ့မှာ အစောကြီးကတည်းက ထည့် မ ပြောတာလဲ ”
“ ငါ ထည့်ပြောပါတယ်ကွာ ”
“ အစောကြီး ကတည်းက ပြောပါလား ... ဒီ အရက်တွေ သောက်လာပြန်ပြီ ... ရှင့် ရောဂါ ရှင် သိတယ်နော် ... ပတ်ဝန်းကျင် က ကျွန်မ အသံပဲ ကြားတာ .. ရှင် ဖြစ်လာရင် ဘယ်သူက ချေးသေးက အစ ဂရုစိုက်လဲ ... ကျွန်မ ပဲ မဟုတ် လား ... အကယ်ဒမီ ကို အယောင်ပြပြီး ရှေ့လျှောက် ရှင် သောက်ရဲ သောက်ကြည့် ... ”
“ ဟာ ... မိန်းမ ကလည်းကွာ အကယ်ဒမီဧည့်ခံပွဲ လုပ်ရဦးမယ်လေ ”
“ ဘာဧည့်ခံပွဲမှ မလုပ်ရဘူး ”
“ မင်းသမီး မင်းသားတွေ ဆို ဟိုတယ်တွေမှာ အကြီးအကျယ် လုပ်ကြတာ "
“ သူတို့ က ပိုက်ဆံ ရှိတယ် ... ရှင့် မှာ ဘယ်နှပြား ရှိလို့ လဲ .. အလကား အပို လုပ်တွေ .. ရပြီး ရင် တော်ရောပေါ့ ”
“ မလုပ်လို့ မရဘူးကွ ... မရှိ ရှိတာ ရောင်းပြီး လုပ်ရမှာ ပဲ ”
“ လုပ်ရဲ လုပ်ကြည့်ပါ ”
“ လုပ်မယ် ... လုပ်မယ်ကွာ ”
“ ဝုန်း ”
ဂျပိန် တော်တော် ရှက်သွားသည် ။ အိပ်မက် ကလည်း မတန်မရာ ။ ဇနီးသည် က အံ့ဩသည့် လေသံဖြင့် ...
“ ရှင် ဘာတွေ ကယောင်ချောက်ချား ဖြစ်နေတာလဲ ”
“ ဘာမှ မဟုတ်ပါဘူးကွာ "
အိပ်မက် ကို ဖွင့် မပြောရဲ ။ ဖွင့်ပြောလိုက်လျှင် ဇနီး ဖြစ်သူက ဟက်ဟက်ပက်ပက် ရယ်လိမ့် မည် ။
“ ရှင့်နှယ် ... မိုးဒီ တို့ စိတ်ကူး ယဉ်မယ် ဆိုရင် ယဉ်နိုင်သေးတယ် ... ရှင် က ရုပ်ရှင်လောက နဲ့ ဘယ်လိုမှ မပတ်သက်ဘဲ နဲ့ များ လှမ်းပြီး စိတ်ကူးယဉ် အိပ်မက်မက်ရသေးတယ် ”
ဟု ပြောမည်မှာ မလွဲမသွေ ။
အိပ်မက် ထဲက အရက်ဆိုင် မှာ ငွေ ဘယ်လောက် ရှင်းခဲ့သလဲ ဆိုတာ သိပ် မသဲကွဲ ။
“ ဘာပဲ ဖြစ်ဖြစ် ဂုဏ်ယူ လိုက်စမ်းပါ မိန်းမ ရာ ... မင်း ယောက်ျား အိပ်မက် ထဲမှာ အကယ်ဒမီ စင်မြင့်ပေါ် ကို တက်ပြီး အကယ်ဒမီ ရုပ် ကို ကိုင်ခဲ့ဖူးတယ်ကွ .. မှတ်ထား ”
◾ ဗေလုဝ
📖 ဟဒယမဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၀၇
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment