❝ သမီး မိန်းကလေးဖို့ အလုပ် ❞
အမေတို့ ငယ်ငယ်က သမီးမိန်းကလေးကို အင်္ဂလိပ်ကျောင်းထားဖို့ မိဘတိုင်းက စိတ်အားထက်သန်မှု မရှိကြဘူး ။ အထက်တန်းလွှာလို့ခေါ်တဲ့ အရာရှိသားသမီးများသာ အင်္ဂလိပ်စာ သင်ရတယ် ။ ရိုးရိုးအရပ်သား ၊ ကုန်သည်သားသမီးများဆိုရင် မြန်မာစာအသင့်အတင့် တတ်ရင် ကျောင်းနုတ်ကြပြီး မန္တလေးက လူလတ်တန်းစားက သမီးမိန်းကလေးကို ဈေးသင်တယ် ။
ဈေးသင်တယ်ဆိုတာ မန္တလေးဈေးချိုတော်ကြီးထဲက အသိမိတ်ဆွေ ဆိုင်တစ်ဆိုင်မှာ ဈေးရောင်းတတ်အောင် နေ့တိုင်း ဈေးလိုက်ထွက်ရပြီး ဈေးအရောင်း သင်ရတာကို ခေါ်တာ ။ တကယ်လို့ အင်္ဂလိပ်စာသင်ရင်လည်း အင်္ဂလိပ်စာတတ်တဲ့ မိန်းကလေးကိုခေါ်တဲ့အလုပ်က စာရေးစာချီမ ၊ ကျောင်းဆရာမနဲ့ သူနာပြုဆရာမဆိုတဲ့ အလုပ်မျိုးလောက် လုပ်ကြရတာကိုး ။
ဈေးသင်တဲ့ မိန်းကလေးတွေကတော့ မိုးလင်းရင် အဝတ်လဲ ထမင်းချိုင့်ကလေးဆွဲပြီး ကိုယ်အရောင်းသင်တဲ့ ဆိုင်ကိုဖြစ်စေ ၊ ဆိုင်ရှင့်အိမ်ကိုဖြစ်စေ လာခဲ့တာပဲ ။ ဈေးကိုရောက်ကြတော့ ဆိုင်ကူဖွင့်ပြီး ဆိုင်ကူ ရောင်းကြတာပေါ့ ။ အဲဒီလို တစ်နှစ် ၊ ဒါမှမဟုတ် နှစ်နှစ် ဆိုင်ရှင်နဲ့ အတူ ဈေးရောင်းရတယ်လေ ။ ဆိုင်ရှင်က ရောင်းရင်းနဲ့ ဈေးသည်ကောင်းတစ်ယောက်ဖြစ်ရေးကို လက်တွေ့နဲ့တွဲပြီး သင်သွားတာပဲ ။
ပထမသင်တာကတော့ ချိန်တွယ်ရောင်းရတဲ့ ပစ္စည်းဆိုရင် အချိန်အတွယ်သွက်လက် လည်ပတ်ဖို့ပေါ့ ။ ခြင်တွယ်ရောင်းရတာမျိုးဖြစ်ရင်လည်း အခြင်အတွယ် လည်ပတ်ဖို့ပေါ့ ။ ဒါတွေက လက်တွေ့လုပ်ရင်းနဲ့ ကျွမ်းကျင်သွားရတဲ့ကိစ္စ ။
ပြီးတော့ ဈေးသည်တစ်ယောက်အနေနဲ့ အပြောအဆို ၊ ချေငံယဉ်ကျေးဖို့ သင်ပါတယ် ။ မန္တ လေးဟာ ရှင်ဘုရင်ရှိခဲ့တဲ့ မင်းနေပြည်မြို့ဟောင်းဆိုတော့ မန္တလေးမှာ စကားက အဆင့်ဆင့်ရှိပါတယ် ။ ပဒေသရာဇ်မင်းများနဲ့ ပြောတဲ့အသုံးအနှုန်းတွေ ၊ လူကြီးသူမနဲ့ လူငယ်နဲ့ပြောတဲ့အသုံးအနှုန်းတွေ ၊ တန်းတူရည်တူ ရွယ်တူ ရွယ်တန်ချင်း ပြောတဲ့ အသုံးအနှုန်းတွေ ၊ လက်အောက်ငယ်သားနဲ့အထက်ကလူနဲ့ပြောတဲ့ အသုံးအနှုန်းတွေ စသဖြင့် အဆင့်ဆင့်ရှိတာကို အမေတို့ငယ်ငယ်က ကြားခဲ့ သိခဲ့ရပါတယ် ။ အဲဒီတော့ စကားကို တစ်ဘက်သားနဲ့ ပြောဆိုဆက်ဆံရာမှာ သူက ဘယ်အတန်းအစားထဲကမှန်း ကိုယ်က မသိပေမယ့် ကိုယ်က အောက်ကနေပြီး ကြို့ ပြောဖို့ ဆိုင်ရှင်ဈေးသည်က သင်ပါတယ် ။ “ လူ့အောက်ကြို့ရင် လူပိ မသေဘူး ” လို့လည်း ဆုံးမပါတယ် ။ ပြီးတော့ “ နှုတ်ချိုရင် လျှိုတစ်ပါး ” တဲ့ ဆိုတာမျိုး ၊ “ ချစ်စေလို ခံတွင်းလက်လေးသစ် ၊ မုန်းစေလို ခံတွင်းလက်လေးသစ် " ဆိုတာမျိုးတွေကိုရှင်းလင်းပြောပြပြီး တစ်ဘက်သားနဲ့ ချိုချိုသာသာ ဆက်ဆံရမယ်ဆိုတာကို တစ်ထစ်ချ လိုက်နာရမယ့်အနေနဲ့ သင်ကြားပါတယ် ။
ဈေးသည်နဲ့ ဈေးဝယ် တစ်ချို့ဈေးဝယ်က မောက် မာတယ် ။ တစ်ချို့က ရိုင်းစိုင်းတယ် ။ ဒါမျိုးနဲ့ တွေ့ရင်တောင်မှ ကိုယ်က မတုန့်ပြန်ဘဲသည်းခံလိုက်ပါလို့ပဲ မှာကြားပါတယ် ။ မှားစရာရှိရင် ဈေးဝယ်ကပဲ မှားသွားပါစေ ၊ ကိုယ်က မမှားစေနဲ့တဲ့ ။
ပြီးတော့ ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို ကိုယ်က နားလည်ထားဖို့ ကိုယ့်ကုန် ဘယ်လို ကောင်းတယ်ဆိုတာမျိုး ၊ ကိုယ်က ဈေးဝယ်သူကို ပြောပြတတ်ဖို့လည်း သင်ကြားပေးတယ် ။
ဈေးသည်မှာ အရေးကြီးဆုံးတစ်ချက်က ကိုယ်ရောင်းမယ့်ကုန်ကို ကိုယ်က တကယ် နားလည်ပြီး ပြန်ရောင်းစားဖို့ ဝယ်တဲ့အခါ ဝယ်တတ်ဖို့ပဲ ဖြစ်သတဲ့ ။ အဝယ်တော်မှ အရောင်းတော်တယ် ။ ဝယ်ရာက ဈေးချောင်မှ ဈေးသက်သာမှ ကိုယ်က ပြန်ရောင်းတဲ့အခါ မြတ်လည်းမြတ်စွန်းနိုင်တယ် ။ ဝယ်သူ ကိုယ့်ဖောက်သည် ဖြစ်သွားရအောင် လျှော့ပေါ့ပေး ၊ လက်ဆောင်ပေးတာ ဆိုတာမျိုးလည်း လုပ်နိုင်တယ် ။ ဝယ်ကတည်းက ဈေးကြီးနေတဲ့ကုန်ကို မြတ်အောင် ပြန်ရောင်းဖို့ မလွယ်ဘူးဆိုပြီး ကုန်ရဲ့ သဘော ၊ ဈေးတက် ဈေးကျသဘော ၊ အချိန်ကာလသဘော ဆိုတာတွေကိုလည်း သင်ပေးတယ် ။
ပြီးတော့ ဈေးသည်အဖို့ လိုအပ်လှတဲ့ လူကဲခတ်ပညာကိုလည်း သမ္ဘာရင့် ဈေးသည်ကြီးများက လူငယ်တွေကို သင်ပေးသေးတယ် ။ လူတစ်ယောက် ကိုယ့်ဆိုင်ရှေ့ဖြတ်လျှောက်လာရင် ဒီလူကို အကဲခတ်ပါ ။ ဝယ်မယ့်လူ ဟုတ်မဟုတ် ၊ ဝယ်ပြန်ရင် နည်းနည်း ဝယ်မှာလား ၊ များများဝယ်မှာလား အကဲခတ်တတ်ဖို့ စကားတစ်ခွန်းနှစ်ခွန်း ပြောကြည့်ပြီး ကိုယ့်ပစ္စည်းအပေါ် ဘယ်လိုစိတ်ဝင်စားမှု ရှိတယ် မရှိဘူး
စတာတွေကို အကဲခတ်တတ်ရမယ် ။
ဈေးရောင်းတဲ့ပညာထဲမှာ ဈေးသည်က အစစ စဉ်းစားပြီး ဈေးဝယ်ရဲ့ အကဲကို ကိုယ်က သိထား နားလည်ထားရင် အလွန်နေရာကျတယ် ။ ဈေးသည်လုပ်နေပြီး မ အ ရဘူး ၊ အရာရာ ရိပ်စားမိအောင် ကြိုးစား ၊ မျက်စိကလည်း လျင်ပါ ။ ဈေးဝယ်ဆိုတာ လူမျိုးစုံ ၊ တချို့က ဝယ်ဟန်ဆောင်ပြီး ပစ္စည်းကို လစ်တတ်သူလည်း လာတဲ့အခါ လာတတ်တယ် ။ အဲဒီလိုလူမျိုးလက် ပစ္စည်း ပါမသွားအောင်လည်း လျင်ပါ ၊ မြင်ပါ ဆိုတာမျိုးတွေ ဈေးသည်တို့တတ်အပ်တဲ့ တစ်ဆယ့်ရှစ်ရပ်ကို လက်တွေ့နဲ့တွဲပြီး ရောင်းရင်း ဝယ်ရင်း သင်ပေးသွားတာပဲ ။
ဈေးဝါး တော်တော်ဝပြီ ၊ လူကိုလည်း မကြောက်တော့ဘူး ၊ ရောင်းတတ် ဝယ်တတ်ရှိပြီလို့ထင်တဲ့အခါ မိဘက တတ်နိုင်တဲ့ အရင်းအနှီးထုတ်ပေး ၊ ဆိုင်လွတ် တစ်နေရာ ရှာဝယ်ပြီး ဈေးဆိုင်တစ်ဆိုင် ဖွင့်စေတာပါပဲ ။
အဲဒါ အမေတို့ ငယ်ငယ်တုန်းက မန္တ လေးက မိန်းကလေးတွေ ဈေးသည်ဖြစ်ဖို့အတွက် သင်ကြားလေ့ကျင့်ခဲ့ရတဲ့ အဖြစ်ပဲ ။ မန္တ လေး ဈေးချိုတော်ကြီးထဲမှာ ဒီလိုနဲ့ပဲ ဈေးသည်လက်ဟောင်းကြီးတွေလို ဈေးသည်မျိုးဆက်သစ်တွေက ဆက်လက်ပြီးတော့ ရောင်းဝယ်သွားကြတာပဲ ။ ဈေးချိုတော်ဟာ မန္တ လေးရဲ့ စီးပွားရေးအသက်သွေးကြော ၊ ဈေးချိုသူဟာ မန္တ လေးရဲ့ လည်ဆွဲပါ ။
မန္တလေး ဈေးချိုတော်ကြီးက အဆင့်မြင့်တိုက်ဈေးကြီး ဖြစ်သွားတဲ့နောက် အမေ့မြေးအရွယ် မိန်းကလေးတွေ ဈေးရောင်းကြတဲ့ပုံစံတစ်မျိုး အမေမြင်တွေ့လာရတယ် ။
မိန်းကလေးတွေ လှကလှနဲ့ ၊ လိမ်းခြယ်သထားတာကလည်း ပွဲထိုင်သွားတော့မယ့် ပုံမျိုး ၊ ခါးပေါ်မှာလည်း ထဘီမပါဘူး ၊ စကတ်ကလေးတွေဝတ်လို့ ၊ခြေထောက် မှာလည်း ဗမာဖိနပ်မရှိဘူး လေဒီရှူးလေးတွေနဲ့ ။ ဒါနဲ့ အမေက ကျောင်းကပွဲ သွားကြရမှာထင်ရဲ့ လို့ အောက် မေ့တာ ။ ခဏနေတော့ ကားတစ်စီးက သူတို့ကို လာခေါ်သွားတယ် ။ အမေလည်း တည်းခိုခန်းကြီးတစ်ခုပေါ်က အဲဒီလို ဝတ်စားဖြီးလိမ်းပြီး ညနေ ၄ နာရီလောက် မိန်းကလေးတွေ ထွက်သွားကြတော့ ဘယ်ကျောင်းကပွဲပါလိမ့်လို့ စဉ်းစားနေတုန်း “ အမေ အဲဒါ မိန်းကလေးတွေ စီးကရက်ရောင်းဖို့ ၊ ဘီယာရောင်းဖို့ သွားကြတာ ” တဲ့ ။
“ ဒီလို ဝတ်စားဆင်ပြင်ပြီး ဘယ်လို ရောင်းကြရတာလဲကွယ် ” လို့ အမေကမေးတော့ စီးကရက်ရောင်းရတဲ့မိန်းကလေးက စီးကရက်ဘူးတွေ ဗန်းထဲထည့်ပြီး ရက်စတောရင့်ကြီးတွေ ၊ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်နေကြသူတွေ ၊
ကာရာအိုကေ ကြည့်နေကြသူတွေကို စီးကရက် လိုက်တည်တာ ရောင်းတာတဲ့ ။ သောက် မယ့်လူကို မီးခြစ်ပြီး မီးညှိပေးတယ် ။ ဘီယာရောင်းတဲ့ ကလေးမလေးတွေကလည်း ဒီလိုပဲ ။ ဘီယာဘူး ဖွင့်ပေး ၊ တိုက်ပေါ့တဲ့ ။
အနို့ကွယ် ဒီကလေးမတွေက ဘယ်လို အခကြေးငွေရတာလဲလို့မေးတော့ တချို့က လုပ်ခွင် ယူနီဖောင်း ရတယ်။ လခက တစ်လ ငါးထောင်ကျပ် ၊ ခြောက်ထောင်ကျပ် ရတယ် ။ ပြီးတော့ ဘောက်ဆူးလည်း ရသေးတယ်တဲ့ ။
“ ဟဲ့ ဘောက်ဆူးက ဘာလို့ရရတာလဲ ” လို့ မေးတော့ “ သူတို့စီးကရက် ၊ သူတို့ဘီယာကို သောက်တဲ့ ဖောက်သည်တွေက သူတို့မီးညှိပေး ၊ သူတို့ဘီယာငှဲ့ပေးတဲ့ အပြုအစုကို ကျေနပ်လို့ ကျေနပ်ဆု ပေးတာပေါ့ အမေရဲ့” တဲ့ ။
ပြီးတော့ ဒီအလုပ်ခွင်က ဘယ်အချိန်ပြန်ရတာလဲလို့မေးတော့ ညဆယ့်တစ်နာရီမှာ တည်းခိုခန်း ပြန်ပို့ပေးသတဲ့ ။
အလုပ်ကတော့ တကယ်တမ်းပြောရရင် ခေါင်းရွက်ဗျပ်ထိုး အလုပ်ပါပဲ ။ ဒါပေမယ့် ကုန်ပစ္စည်းရောင်းရတဲ့ အခြေအနေချင်းက ကွာလှပါကလား ။ ရတဲ့ အခကြေးငွေကလည်း ကွာလှပါကလားလို့ အမေက ကြက်သီးထမိတယ် ။
အမေက မေးကြည့်တယ် ။ ဒီကလေးမလေးတွေ သဘောကကော ဘယ်လိုလဲဆိုတော့ သူတို့ကလည်း သူတို့လုပ်ခ သူတို့လုပ်ခွင်ကို ကျေနပ်လို့ ပျော်လို့ပါပဲတဲ့ ။
အမေတို့ဆီမှာ စီးကရက်ကြော်ငြာ ပိုစတာကြီးတွေ ၊ ဘီယာနဲ့ အရက်ကြော်ငြာ ပိုစတာကြီးတွေ ကြည့်မလွဲ တွေ့မြင်နေရတဲ့ကြားထဲက ကုန်ပစ္စည်းနှစ်မျိုးကို ဒီလို ပုံစံတွေနဲ့ ကြော်ငြာပြီးလည်း ရောင်းနေသေးတယ်ဆိုတော့ ဆေးလိပ်ကိုအကြောင်းပြုပြီးရလိုက် မယ့်ရောဂါဝေဒနာတွေ ၊ အရက်ကိုအကြောင်းပြုပြီး ရလိုက် မယ့် ရောဂါဝေဒနာတွေ အမေဖြင့် တွေးတောင်မတွေးဝံ့ဘူး ။
အမေတို့အရင်က ကြားဖူးတာက အနောက်နိုင်ငံတွေမှာ ရေ မသောက်ဘူး ၊ ဘီယာ သောက်ကြတာပဲတဲ့ ။ သူတို့ဆီက ပူတဲ့နိုင်ငံမျိုးမှ မဟုတ်ဘဲ ။ ရေငတ်စရာ အကြောင်းမရှိတော့ ဘီယာကိုသောက်တယ်ဆိုတာ မဆန်းပါဘူး ။ အဲဒါဟာအနောက်က ယဉ်ကျေးမှုလို့ ထင်မှတ်ပြီး အမေတို့နိုင်ငံလို ပူတဲ့ အိုက်တဲ့နိုင်ငံ တစ်နေ့ကို ရေအေးလေးငါးခွက်ထက် မနည်း မသောက်ရရင်မနေနိုင်တဲ့ နိုင်ငံတွေက သူတို့စတိုင် ရေအစား ဘီယာသောက်ကြမယ်ဆိုရင်တော့ အစောကြီး သေကုန်ကြမှာ ဧကန်ပဲ ။ ဘီယာထဲမှာလည်း အရက်ပါတယ်လေ ။
မိန်းကလေးတွေတောင် အရက်တို့ ဘီယာတို့ သောက်နေတယ်ဆိုတာမျိုးကြားရတော့ တစ်မျိုးသားလုံး အသက်တိုကြမယ့်လမ်းပါ ကလားလို့ အမေ ရင်လေးမိတယ် ။
အမေတို့ လူ့အဖွဲ့အစည်းက မတော်ရင် မတော်ဘူးလို့ ပြောဆိုဆုံးမ တားမြစ်မှုနဲ့ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက်တဲ့ လူ့အဖွဲ့ အစည်းပါ ။ မတော်တာကိုတော့ မတော်ဘူးလို့ အရင်ကလိုပဲ လူကြီးသူမ ဆရာသမား သက်ကြီးရွယ်အိုနဲ့ ဆရာတော် သံဃာတော်များကပါ ဆုံးမတားမြစ်ကြပါဦးလို့ အမေ မေတ္တာရပ်ခံချင်လှတယ် ။
◾လူထုဒေါ်အမာ
ကလျာမဂ္ဂဇင်း
အမှတ် ၁၂၇
၁၉၉၅ ၊ စက်တင်ဘာလ
https://koaungnaingoo.blogspot.com
.