Thursday, January 28, 2021

မှော်ဆရာ၏ ဖဲပညာ


 ❝ မှော်ဆရာ၏ ဖဲပညာ ❞


ကျွန်တော်တို့ရွာမှ ကိုလှဆွေမှာ ကုန်သည်ဖြစ်သည် ။ သူလိုချင်သော နွားအမျိုးအစားရှိသည်ဆို၍ ပုသိမ်ကြီးဘက်သို့ သွားသည် ။

မန္တလေးထမင်းဆိုင်မှာ ထမင်းစားပြီး ဆေးပေါ့လိပ်တစ်လိပ်ဖွာ၍ ထွက်လာသည် ။


“ နောင်ကြီး .. မီးတစ်တို့လောက် ”


အသက် လေးဆယ်ခန့် လူတစ်ယောက် ဆေးလိပ်မီးတောင်း၍ မီးပါသောဆေးလိပ်ကို ဦးလှဆွေ လှမ်းပေးသည် ။


လူငယ်က ဆေးလိပ်ချင်မီး တို့နေစဉ် အသက် ( ၅၀ ) ခန့် လူတစ်ဦးရောက်လာသည် ။


“ ဒီမှာ •• လုံမလေးတွေ ရှိလား ”


“ ရှိတာပေါ့ ။ မိန်းကလေးတွေအများကြီး ”


ဆေးလိပ်တောင်းသူက ဖြေသည် ။


“ မဟုတ်ဘူး ပျော်ဖို့လို့ လုံမလေးပြောတာ ”


“ ဟာ အရေးထဲမှ သူ့နေရာနဲ့သူ ရှိမှာပေါ့ဗျာ "


“ နေရာသိရင် လိုက်ပြပါ ၊ သုံးထောင်ပေးမယ် ... လက်ဖက်ခြောက် လာရောင်းတာ .. ပျော်ချင်ပါးချင်လို့ ”


လူကြီးပြောပုံမှာ ရှမ်းသံဝဲဝဲဖြစ်သည် ။ ပုံကလည်း ရှမ်းပုံ ။ လက်ထဲမှာ ငွေအိတ်နှင့်တူသောလွယ်အိတ်ကိုဆွဲလျက် -  


“ သုံးထောင်တော့ နည်းတယ်ဗျာ ။ ရှစ်ထောင်ပေး ။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် လေးထောင်စီပေါ့ ”


ဆေးလိပ်မီးတောင်းသူကပင် ပြောသည် ။


“ သူက မင်းနဲ့ အသိလား "


“ ဟာ ကျွန်တော့် ဦးလေးဗျ "


“ ဟုတ်လား ”


ရှမ်းကြီးက ဦးလှဆွေကို လှမ်းမေးသည် ။


ဦးလှဆွေက ငွေလေးထောင်အချောင်ရချင်၍ -


“ ဟုတ်ပါတယ် ” ဟု ပြောလိုက်သည် ။


“ ဒါဆိုရင် ပေးမယ်ကွာ ရှစ်ထောင် ၊ လိုက်ပို့ပေးပါ "


“ လာ ဦးလေး ... လိုက်ပို့လိုက်ရအောင် "


ဦးလှဆွေ လိုက်သွားသည် ။ ရှမ်းကြီးက နောက်ဘက် ခပ်လှမ်းလှမ်းမှ ပါသည် ။


“ ဦးလေးရေ နေရင်းထိုင်ရင်း ကျွန်တော်တို့ လေးထောင်စီတော့ရဦးမယ် ၊ အဲ့ဒီမိန်းမတွေ ရှိတဲ့အိမ် ကျွန်တော်သိတယ် ၊ သိပ်မဝေးဘူး ၊ ဆေးလိပ်မီးပေးတဲ့ကျေးဇူးနဲ့ ဦးလေးပါရအောင် ငါးထောင်ပိုတောင်းလိုက်တာ ရှမ်းကြီးက ရက်ရောတယ် "


ဦးလှဆွေမှာ သူ့အတွက်ပါ တောင်းပေးသူကို ကျေးဇူးတင်လိုက်မိသည် ။ ကိုယ်က ထိုအိမ်မျိုးကို သိပ် သိတာမဟုတ်ဘဲနဲ့ အဖော်လိုက်ပြီး အချောင်  လေးထောင်ရတော့မည် ။


လမ်းကြိုလမ်းကြား တစ်လမ်းဝင် တစ်လမ်းထွက်နှင့် တော်တော် သွားရသည် ။


ဘယ်ရပ်ကွက် ဘယ်နေရာရောက်နေမှန်းပင် ဦးလှဆွေ မသိ ။


နောက်ဆုံးမှာ အိမ်တစ်အိမ်ရောက်သည် ။ တံခါးပိတ် သော့ခတ်ထားသည် ။


“ ဟာ ဒီကောင်မလေးတွေ ဘယ်များ သွားနေလဲ မသိဘူး ။ ကျွန်တော် သွားရှာလိုက်ဦးမယ် ။ ဒီအိမ်ပဲဗျ ၊ ဒီမှာ စောင့်နေဦး ”


ရှမ်းကြီးက ခေါင်းညိတ်သည် ။ အသက် ( ၄၀ ) ခန့်လူ ထွက်သွားသည် ။


“ လုံမလေး ရှိပါ့မလား "


“ ရှိပါတယ် ”


ဦးလှဆွေက အာမဝန်တာခံနေသည် ။


“ ဖဲကစားတတ်လား ''


ရှမ်းကြီးက ဦးလှဆွေကိုမေးသည် ။


“ နည်းနည်းပါးပါးတော့ ကစားတတ်ပါတယ် ၊ ဒါ‌ေပမဲ့ မကစားပါဘူး "


ဦးလှဆွေက အမှန်အတိုင်းပြောခြင်းဖြစ်သည် ။


“ ဟာ ကျွန်တော်ကတော့ ဝါသနာပါတယ် ကျွဲယှဉ်းလုံး ၊ နွား ယှဉ်းလုံး လောင်းကစားတာပဲ "


ဦးလှဆွေ ရယ်လိုက်သည် ။


“ သူသွားရှာတာ တွေ့ပါ့မလား ”


ရှမ်းကြီးက ဦးလှဆွေကိုပေးသည် ။


“ တွေ့မှာပါ "


ရှမ်းကြီးက သူဖဲကစားသည့် အကြောင်းများ ဆက်ပြောသည် ။


ခဏအကြာတွင် လုံမလေးသွားရှာသူ ပြန်လာသည် ။ လက်ထဲမှာ သော့တစ်ချောင်း ပါလာသည် ။


“ တွေ့ခဲ့တယ် ၊ ရေတိုင်မှာ ရေချိုး အဝတ်လျှော်လုပ်နေတယ် ။ ခဏ ကြာမယ်တဲ့ ၊ အိမ်ထဲကစောင့်ပါတဲ့ "


တံခါးသော့ဖွင့်ပြီး အိမ်လေးထဲမှာ ဝင်ထိုင်ကြသည် ။


“ ဖဲထုတ်ရှိရင် ကောင်းမှာပဲ ၊ လုံမလေးစောင့်ရင်း အပျင်းပြေ ကစားရတာပေါ့ "


“ သူတို့က အပျင်းပြေ ကစားတတ်တာပဲ ရှိချင်ရှိမှာပေါ့ ။ ဘယ်နားထားလဲမှ မသိတာ "


ခေါ်လာသူက ပြောသည် ။


“ အပေါ့သွားချင်တယ် အိမ်သာရှိလား "


“ ဟိုရှေ့ဘက်နား သွားလိုက် "


ရှမ်းကြီး အိမ်လေးထဲမှ ထွက်သွားသည် ။


လမ်းပြသူက ဖဲထုတ်လိုက်ရှာသည် ။


“ ဟော ဒီမှာ ၊ တွေ့ပြီ "


အိမ်တံခါး ပေါင်ပေါ်မှာ ဖဲထုပ်ကိုရှာ၍ ရသည် ။


“ ဖဲထုပ်တော့ တွေ့ပြီ ဦးလေးရေ ၊ ရှမ်းကြီးကတော့ ငွေတော်တော်များများ ပါပုံရတယ် ။ အပေါ့သွားတာတောင် သူ့အိတ်ကို မထားခဲ့ဘူး ။ ဟင်း ... ဟင်း အပျင်းပြေ ကစားရင်းနဲ့ ရှမ်းကြီးဆီကရသလောက် ချူယူရမှာပဲ ဦးလေးရှေ့ကရိုက် ၊ကျွန်တော်နောက်ကနေ လဲပေးမယ် ၊ ရှမ်းကြီးလူအကြီး ဘာမှသိတာမဟုတ်ဘူး ”


ဦးလှဆွေမှာ သွားရင်းလာရင်း လေးထောင်ထက် ပိုရဦးမည်ကို လောဘတက်လာသည် ။


ခဏကြာတော့ ရှမ်းကြီးပြန်ရောက်လာသည် ။


“ ဒီမယ် ဖဲထုတ်တော့တွေ့တယ်.. အပျင်းပြေ ကစားမလား "


လမ်းပြက မေးသည် ။


“ အား ကောင်းတယ် ကစားမယ် "


ရှမ်းကြီးက ထိုင်သည် ။


“ ကျွန်တော့်ဦးလေးနဲ့ ခင်ဗျားနဲ့သက်တူရွယ်တူချင်း ကစားကြ ကျွန်တော် နောက်က ကြည့်မယ် "


“ ကောင်းတယ် ၊ နိုင်အောင်ကစား ၊ ဒီအိတ်ထဲမှာငွေတွေ အများကြီး ပါတယ် ။ ကြိုက်သလောက်ကစားရတယ် "


လမ်းပြက ဦးလှဆွေ၏ ခါးကို နောက် မှ အသာတို့လိုက်သည် ။ ဦးလှဆွေ ရှေ့မှ ထိုင်လိုက်သည် ။


“ ဘာ ကစားမလဲ ” ရှမ်းကြီးကမေးသည် ။


“ သုံးချပ် ကိုးမီးပေါ့ ။ ဟုတ်တယ်မို့လား ဦးလေး "


နောက် မှလူက အဖြေပေးရင်း ဦးလှဆွေကို မေးသည် ။ 


ဦးလှဆွေ ခေါင်းညိတ်ပြသည် ။ သုံးချပ်ကိုးမီးမှာ သူကစားတတ်သောနည်းဖြစ်၍ အဆင်ပြေသည် ။


“ ကျွန်တော် ဒိုင်ကိုင်မယ် ။ ခင်ဗျားကြိုက်သလောက်ထိုး "


ရှမ်းကြီးက ဖဲထုပ်ကိုကုလားဖန်ထိုးပြီး ဦးလှဆွေကို အချိုးခိုင်သည် ။


ဦးလှဆွေ ချိုးပေးလိုက်သည် ။ ရှမ်းကြီးက သုံးချပ်စီဝေသည် ။ ဦးလှဆွေက ငါးရာထိုးသည် ။ နောက် မှလူက တစ်ထောင်ထိုးသည် ။


ဦးလှဆွေက ငါးပေါက် ရှမ်းကြီးက နှစ်ပေါက် ။


ဦးလှဆွေတို့ စားရသည် ။


နောက်တစ်ကြိမ်တွင် ဦးလှဆွေလက်ရဲလာသည် ။ တစ်ထောင် ထိုးသည် ။ နောက် မှလူက နှစ်ထောင်ထိုးသည် ။


ဦးလှဆွေက ခြောက်ပေါက် ရှမ်းကြီးက ဘူကျနေသည် ။ ဦးလှဆွေတို့ ဆက်တိုက် စားရသည် ။


ရှမ်းကြီးမှာ သူ့ဖဲကိုသာ မကျေနပ်ကြည့် ကြည့်နေ၍ နောက် မှလူက ဖဲသုံးချပ်ကို အပုံထဲသို့ မထည့်ဘဲ ခိုးယူထားလိုက်သည် ။


နောက်တစ်ကြိမ် ရှမ်းကြီးက ဝေပြန်သည် ။


ဦးလှဆွေ၏ ဖဲမှာ နှစ်ပေါက်သာရှိသည် ။ သို့သော် နောက် မှလူက ခိုးထားသော ဖဲချပ်များနှင့် အလဲအလှယ်လုပ်၍ ကိုးပေါက်ဖြစ်သွားသည် ။


ဦးလှဆွေကို ပြပြီး ဖဲသုံးချပ်ကို ပြန်မှောက်ထားလိုက်သည် ။ ပိုသောဖဲများကို နောက် မှလူက ဦးလှဆွေ၏ ပေါင်အောက်ကို ထိုးသွင်းပြီး ဝှက်ထားလိုက်သည် ။


ရှမ်းကြီး ဘာမျှမသိ ၊ သူများကိုလည်း မကြည့် ၊ သူ့လက်ထဲမှ ဖဲနှစ်ချပ်ကိုသာ အသေအချာ ပွတ်ကြည့်နေသည် ။ အောက် မှ မကြည့်ရသေးသော ဖဲတစ်ချပ် ကျန်သေးသည် ။


“ ကဲ ထိုးကြလေ ဖဲကြည့်ပြီးပြီလား "


“ မကြည့်ရသေးဘူး ”


နောက် မှ လူကဖြေသည် ။


“ မကြည့်ရသေးရင် ကြိုက်သလောက် ထိုး ။ ကျွန်တော်လည်း တစ်ချပ် မကြည့်ရသေးဘူး ”


“ ငါးထောင် ထိုးမယ် ၊ ရမလား "


နောက်က လူက မေးသည် ။


“ ငါးထောင် မကဘူး ၊ ငါးသောင်းတစ်သိန်း ကြိုက်သလောက်ထိုး ”


ရှမ်းကြီးက သူ့အိတ်ထဲမှ တစ်ထောင်တန် အထပ်လိုက် အထုပ်ကြီးကို ထုတ်ယူလိုက်သည် ။


“ ဟောဒီမှာ ငါးသိန်းရှိတယ် ။ ကြိုက်သလောက်ထိုး ခင်ဗျားတို့ နိုင်ရင် တစ်ခါတည်းနဲ့ အကုန်ယူသွား "


“ ကောင်းပြီ ။ ဒါဆိုရင် ထိုးမယ် "


နောက် မှလူက ငွေတစ်သောင်းနှင့်အတူ သူ့လည်ပင်းမှ ဆွဲကြိုးကိုပါ ဖြုတ်ထိုးသည် ။


" ဒါ သုံးသိန်းတန်တယ် "


ဟုလည်း ပြောပြီး ဦးလှဆွေကို ခါးကုတ်လိုက်သည် ။


“ ဦးလေး ထိုးဗျ ။ ကျွန်တော်တို့ နိုင်ရင် တစ်ဝက်စီ ခွဲယူမယ် "


ဦးလှဆွေ ရင်ခုန်သံတွေ မြန်လာသည် ။


ကိုယ့်ဖဲက ဂဏန်းဖြစ်တာ သေချာနေပြီ ။ သူ့ဖဲမှာ တစ်ချပ်မကြည့်ရသေး ။ ကိုယ်က နိုင်ဖို့ သေချာနေသည် ။ အလွန်ဆုံးကိုး တိုက်ရုံသာ ရှိမည် ။


ရှမ်းကြီးပုံ ကြည့်ရသည်မှာ အူတူတူ အတတဖြစ်၍ ဖဲလဲထားသည်ကို  မသိဘဲ အတင်းထိုးခိုင်းနေသည် ။ နိုင်၍ တစ်ယောက်တစ်ဝက်စီ ခွဲယူလျှင် နှစ်သိန်းငါးသောင်း အချောင် ရမည် ။


နွားတစ်ကောင်သာမက နွားနှစ်ကောင် ဝယ်၍ရမည် ။


ဦးလှဆွေ လောဘတက်လာသည် ။


နွားဝယ်ရန် ယူလာသော အိတ်ထဲမှ ငွေနှစ်သိန်းကို ထုတ်ယူ၍ ထိုးလိုက်သည် ။


“ ဒါပေါ့ ဦးလေးရ ”


နောက် မှလူက အားပေးသည် ။


“ ဘယ်လောက်လဲ "


ရှမ်းကြီးက မေးသည် ။


“ နှစ်သိန်း "


ဦးလှဆွေက ရဲရဲဝံ့ဝံ့ ပြောသည် ။


“ ကောင်းပြီ ၊ သူက သုံးသိန်း ခင်ဗျားက နှစ်သိန်း ၊ ခင်ဗျားတို့ နိုင်ရင် ငါးသိန်းထုပ်ကို ယူသွား….”


ရှမ်းကြီးက သူ့ပိုက်ဆံထုပ်ကို ပုတ်ပြသည် ။


ဦးလှဆွေ မြန်မြန်ကိစ္စပြတ်ပြီး ပိုက်ဆံကို မြန်မြန်ယူ မြန်မြန်ပြန်ချင်လှပြီ ။ ရွာရောက်ရင် ရွာမှလူများကို ဝမ်းသာအားရ ပြန်ပြောပြချင်သည် ။


" ခင်ဗျား သေချာတယ်နော် ”


ရှမ်းကြီးက ဦးလှဆွေကို ထပ်မေးနေသေးသည် ။


“ သေချာပါတယ် "


ဦးလှဆွေက အခိုင်အမာ ဖြေသည် ။


“ ခင်ဗျားရှံုးမှ ဘာဘာညာညာ မပြောနဲ့နော် "


“ မပြောပါဘူး ”


ဦးလှဆွေ ပြုံးလိုက်သည် ။


ကိုယ့်ဖဲက ကိုးဖြစ်နေတာ သူမသိပေမယ့် ကိုယ်က သိနေသည် ။


“ ကဲ ဒါဖြင့် စိမ်ပြီ ၊ ခင်ဗျား ဖဲကို ကြည့်လိုက် ... ”


ဦးလှဆွေက မသိသောဟန်နှင့် ဖဲသုံးချပ်ကို ရိုက်ပြီး လှန်လိုက်သည် ။


“ ဟာ ဦးလေး ကိုးဗျ ပွပြီ "


နောက် မှလူက ဝမ်းသာအားရ အော်လိုက်သည် ။


ဦးလှဆွေက ဖဲသုံးချပ်ကို ရှမ်းကြီးမြင်အောင် ပြသည် ။


ရှမ်းကြီး မျက်နှာပျက်သွားသည် ။


“ခင်ဗျား ဖဲကြည့်လေ ”


နောက် မှလူက ရှမ်းကြီးကိုပြောသည် ။


ရှမ်းကြီးက ကျန်သောသူ့ဖဲ တစ်ချပ်ကို မကြည့်ရဲသေ း ။


“ ကျွန်တော်တို့ နိုင်ရင် ခင်ဗျား ငါးသိန်း ယူမှာနော် "


နောက် မှလူက သေချာအောင် ထပ်မေးသည် ။


“ ယူပေါ့ ၊ သွေးမနည်းပါဘူး ဒီလောက်ငွေများ ကျွဲ ရှင်းလုံး ၊ နွားရှင်းလုံးတောင် ရှုံးဖူးသေးတယ် "


“ ဒါဖြင့် ခင်ဗျားဖဲကို ကြည့် "


ရှမ်းကြီးက ကျန်နေသောတစ်ချပ်ကို ကောက်ယူပြီး လက်ဝါးပေါ်မှာ ရိုက်လှန်လိုက်သည် ။


ကုလားဖဲ ဖြစ်သည် ။


“ နိုင်တယ်ကွ ”


ရှမ်းကြီးက ဘေးဖယ်ထားသော ကြည့်ပြီးသား ဖဲနှစ်ချပ်ကို လှန်ပြလိုက်သည် ။


ကုလားသုံးကောင် ဖြစ်သည် ။


“ ဟာ သွားပါပြီ "


ဦးလှဆွေ မျက်လုံးများ ပြာသွားသည် ။


အမြင့်ဆုံးဖြစ်သည်ဟု စိတ်ချထားသာ ကိုးကို ကုလားသုံးကောင်ဖြင့် အနိုင်ရသွားသည် ။


ရှမ်းကြီးက ဦးလှဆွေ၏ ပိုက်ဆံထုပ်နဲ့တကွ နောက်လူ၏ ရွှေဆွဲကြိုးကိုပါ သိမ်းယူသွားသည် ။


“ ကိစ္စမရှိဘူး ဦးလေး ကျွန်တော်တို့ ပြန်နိုင်မှာပါ "


နောက် မှလူက ကိုးပေါက်ကျသော ဖဲသုံးချပ်ကို အပုံထဲ ပြန်မထည့်ပဲ

ဦးလှဆွေ၏ ပေါင်အောက်သို့ ထိုးသွင်းလိုက်သည် ။ ရှမ်းကြီးမြင်သွားသည် ။


“ ခင်ဗျား ဘာလုပ်တာလဲ ပေါင်အောက် မှာပြစမ်း "


ရှမ်းကြီးက ဦးလှဆွေအား ပေါင်ကို ကြွခိုင်းသည် ။


ဖဲချပ် ခြောက်ချပ် ထွက်လာသည် ။


“ ဟင် ၊ ခင်ဗျားတို့ ဖဲခိုးတယ် ၊ ကျပ်တစ်ယောက်တည်းဆိုပြီး စမ်းသပ်သလား ၊ ဒီမှာကြည့် ”


ဖောင်း .. ဖောင်း … ဖောင်း ... ဖောင်း ...


ရှမ်းကြီးက သူ့လည်ပင်းကို သူ့လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးပြသည် ။


“ ဟာ မလုပ်ပါနဲ့ဆရာကြီး ကျွန်တော်တို့ မှားပါတယ် ။ ကျွန်တော်တို့ တောင်းပန်ပါတယ် "


နောက် မှလူက ကြောက်ကြောက်လန့်လန့် တောင်းပန်နေသည် ။


ဦးလှဆွေမှာ ပိုက်ဆံနှစ်သိန်း ဆုံးရှုံးသွားသည်ကို ပူလောင်နေ၍ ကြောက်ရမှန်းလည်း မသိ ။ တောင်းပန်ရမှန်းလည်းမသိ စိတ်သောကကြီးစွာ ရောက်နေသည် ။


“ ငါက ရှမ်းဆရာကြီးကွ ငါ့မှာ သိုင်းတပည့် ငါးဆယ်လောက် ရှိတယ် ။ ငါ့ကို လာစမ်းရင်သေသွားမယ် ၊တစ်ယောက်တည်းပေမဲ့ ဘယ်သူ့မှ မကြောက်ဘူးကွ "


“ ဆရာကြီးခင်ဗျား ၊ ကျွန်တော်တို့ အမိုက်အမဲတွေ ဗွေမယူပါနဲ့ ။ ခွင့်လွှတ်ပါခင်ဗျာ တောင်းပန်ပါတယ် "


နောက် မှလူက ရှမ်းဆရာကြီးကို ထိုင်ကန်တော့နေသည် ။


“ ဦးလေး ကန်တော့တောင်းပန်လိုက် ” ဟူ၍ ဦးလှဆွေကိုလည်း ခပ်တိုးတိုး ပြောသည် ။


“ ခင်ဗျားက ကျုပ်ကို နိုင်မယ်ထင်လို့လား "


ဖောင်း ဖောင်းဖောင်း ဖောင်း


ရှမ်းကြီးက သူ့လည်ပင်းကို လက်သီးနှင့် ထိုးပြန်သည် ။


“ ခွင့်လွှတ်ပါ ဆရာကြီး ၊ ကျွန်တော် တောင်းပန်ပါတယ် ၊ ဦးလေးက ရှိခိုးတောင်းပန်လိုက်ပါ "


“ ကောင်းပြီ ၊ ဒီတစ်ကြိမ်တစ်ခါတော့ ခင်ဗျားတို့တောင်းပန်းလို့ ခွင့်လွှတ်လိုက် မယ် ၊ နောက်တစ်ခါဆိုရင် ခွင့်မလွှတ်ဘူး ၊ ကျွန်တော်က ဖဲမှာအောင်ထားတဲ့လူဗျ ၊ ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လို ညစ်ညစ် မနိုင်ဘူး ၊ ခင်ဗျားတို့ အခု ရှုံးပေးမယ့် နောက်ကို တစ်သက်လုံးနိုင်အောင် ကျုပ်က ဖဲမှော် လုပ်ပေးလိုက် မယ်၊ မင်းသွား ၊ မီးခြစ်ဘူးခွံ တစ်ခုနဲ့ မီးသွေးခဲ တစ်ခဲရှာချေ "


ရှမ်းကြီးက နောက် မှ လူကိုခိုင်းသည် ။


“ ဟုတ်ကဲ့ပါ ဆရာကြီး "


အသက်လေးဆယ်ခန့် သန်သန်မာမာ လူက ရှမ်းအဘိုးကြီးကို သိပ် ကြောက်နေကြောင်း ဦးလှဆွေသတိထားမိသည် ။ သူပါ ကြောက်လာသည် ။


နောက် မှလူက မီးဖိုဘက်သို့ထွက်သွားပြီး ခဏသာကြာသည် ။ မီးခြစ်ဘူးခွံ တစ်ခုနှင့် မီးသွေးခဲ တစ်ခဲယူလာပြီး ရှမ်းကြီးကိုပေးသည် ။


ရှမ်းကြီးက မီးခြစ်ဘူးခွံကို ဦးလှဆွေ၏ နောက်ကျောဘက် မှာ မီးသွေးခဲနှင့် ဝလုံးတစ်လုံး ရေးလိုက်သည် ။


“ ခင်ဗျားလက်ကို တန်းလိုက် လက်ဖြန့်ထား "


ဦးလှဆွေက ရှမ်းကြီးခိုင်းသည့်အတိုင်း လုပ်သည် ။


ရှမ်းကြီးက မီးခြစ်ဘူးခွံ၏ လက်ဝါးပေါ်မှာ ဝလုံးပါသည့်ဘက်ကို အောက် ထား၍ တင်လိုက်သည် ။


သူ့အင်္ကျီအိတ်ထဲမှ လက်ကိုင်ပဝါအဖြူကိုထုတ်၍ ဦးလှဆွေ၏ လက်ဖျံပေါ်မှာ အုပ်ထားလိုက်သည် ။


ပြီးတော့ ဉုံခံ၍ တတွတ်တွတ်မန်းမှုတ်နေသည် ။


ခဏအကြာတွင် မန်းမှုတ်ပြီးသည်နှင့် လက်ကိုင်ပဝါကို ဖယ်လိုက်သည် ။


ဦးလှဆွေ အံ့ဩ မဆုံးဖြစ်နေသည် ။


သူ့လက်ဖျံပေါ်မှာ မီးသွေးဖြင့်ရေးထားသော ဝလုံးလေး တစ်လုံးတွေ့ရသည် ။


“ ခင်ဗျား ဖဲမှော်အောင်သွားပြီး ကျွဲရှဉ်းလုံး ၊ နွားရှဉ်းလုံး ဖဲရိုက်စားတော့ ၊ ဘယ်သူ ဘယ်လောက်ညစ်ညစ် ခင်ဗျားကို မနိုင်တော့ဘူး ”


ဦးလှဆွေမှာ ငွေနှစ်သိန်းအရှံုးကာမိအောင် ဖဲရိုက်ရတော့ မည်ဟု စဉ်းစားနေမိသည် ။


“ ကျွန်တော့်ကိုလဲ လုပ်ပေးပါဦး ဆရာကြီး "


နောက် မှလူက တောင်းဆိုနေပြန်သည် ။


ဆရာကြီးက သူ့လက်ထဲသို့ မီးခြစ်ဘူးခွံပြောင်းထည့်ပြီး လက်ဖျံမှာ လက်ကိုင်ပဝါအုပ်၍ ဖဲမှော်သွင်းပေးသည် ။ သူလည်း ဖဲမှော်အောင်သွားပြန်သည် ။


“ မင်းသွား ရေတစ်ခွက် ခပ်ချေ "


ရှမ်းဆရာကြီးအမိန့်အရ လမ်းပြလုပ်သူက သောက်ရေအိုးစင်မှ ရေတစ်ခွက် ခပ်ယူလာသည် ။


“ မင်းတို့ နှစ်ယောက် ရေခွက်ကိုင် ငါပြောတဲ့အတိုင်း လိုက်ဆို "


ဦးလှဆွေနှင့် လမ်းပြသူက ရေခွက်ကို အတူကိုင်ရသည် ။


ရှမ်းကြီး ရှေ့က တိုင်ပေးသည်ကို နောက် မှလိုက်ဆိုကြရသည် ။


“ ကျွန်တော်တို့ဟာ ကိုယ်ဆန္ဒနဲ့ကိုယ် ဖဲကစားပြီး ရှုံးတာဖြစ်ပါတယ် ။ ဒီအကြောင်းကို ဘယ်သူ့မှ ပြန်မပြောပါဘူး ပြောတာနဲ့ တစ်ပြိုင်နက် ဒွါရ ကိုးပေါက် မှ အပ်ကိုးစင်း ထွက်ပြီး သေပါစေသား ”


သစ္စာဆိုပြီးသည်နှင့် ဦးလှဆွေနှင့် လမ်းပြလုပ်သူတို့ ရေတစ်ခွက်ကို တစ်ဝက်စီ သောက်ကြသည် ။


“ခင်ဗျားတို့ ကျုပ်ကိုယီးတီးယားတား ထင်မနေနဲ့ ။ ကျုပ်က မှော်ပညာရှင် ၊ အခု ခင်ဗျားတို့ သစ္စာရေသောက်ပြီးပြီ ၊ တစ်ယောက်ယောက်ကို ပြန်ပြောတာနဲ့ ခင်ဗျားတို့ ဒွါရကိုးပေါက်က အပ်ကိုးစင်းထွက်ပြီး အသေဆိုးနဲ့ သေမှာပဲ ၊ သေမှာမကြောက်ရင် ပြောကြ "


“ မပြောရဲပါဘူး ဆရာကြီးကြောက်ပါတယ် ဆရာကြီးကိုလဲ ယုံပါတယ် "


“ ကောင်းပြီ ရော့ ဒါ ခင်ဗျားတို့ကို ကျွန်တော် ပြောထားတဲ့အတိုင်း လုံမလေး အိမ်ခေါ်လာတဲ့အတွက် လေးထောင်စီယူ ၊ ခင်ဗျားတို့ လုံမလေးကလဲ ခုထိ မလာဘူး ၊ ကျုပ်လဲ ဒီနေ့ညနေပြန်ရမှာ ခင်ဗျားတို့ လုံမလေးကို မစောင့်နိုင်တော့ဘူး "


ရှမ်းကြီး အိမ်ကလေးမှ ပြန်ထွက်သွားပါသည် ။


ဦးလှဆွေတို့ တူဝရီးနှစ်ယောက်လည်း အိမ်ကလေးထဲမှ ပြန်ထွက်လာခဲ့ကြသည် ။


ဦးလှဆွေ ရွာရောက်သည်နှင့် အိပ်ရာထဲမှ မထတော့ပါ ။


နွားလည်းမပါ ၊ ငွေလည်း ပြန်မပါ၍ သူ့မိန်းမက သံသယဖြစ်နေသည် ။


မေး၍လည်း မရ ၊ ဦးလှဆွေ ဘာမှပြန်မပြောရဲ ၊ ဒွါရကိုးပေါက် မှ အပ်ကိုးစင်း ထွက်သေမှာကို ကြောက်နေသည် ။


နောက်တော့ သူ့မိန်းမကတစ်ဆင့် ဆွေမျိုးသားချင်းနှင့် ရင်းနှီးသူများ သိကုန်သည် ။ အတင်းအကျပ် မေးကြသည် ။

ဦးလှဆွေက ဘာမျှမပြော ၊ သုံးရက်ကျော်၍ လေးရက်ရောက်မှ ဦးလှဆွေ အတွေးတစ်ခုကို စဉ်းစားမိသည် ။


“ ပြန်ပြောလျှင် ဒွါရကိုးပေါက် မှ အပ်ကိုးစင်းထွက်သေရန် ” သစ္စာ ဆိုခြင်းဖြစ်သည်ကို စာရေးပြလျှင်ရမည်ဟု စဉ်းစားမိခြင်းဖြစ်သည် ။


စာရွက်တစ်ရွက်တွင် စာရေးပြသည် ။


ထိုသို့ စာရေးနေရင်းမှာပင် ခဏရပ်ထားရသေးသည် ။ မျက်စိက ယားလာသလိုလို ၊ ဗိုက်ထဲက နာလာသလိုလို ခံစားရ၍ အပ်ကိုးစင်းထွက်လာမှာကို ကြောက်နေသည် ။


နောက် မှ သေချင်လည်း သေစေတော့ဟု ဆုံးဖြတ်ပြီး စာကိုပြီးအောင် ဆက်ရေး၍ အားလုံးသိအောင် ပြလိုက်သည် ။


“ ဟာ ဒီကောင် လူလိမ်လူညာတွေနဲ့တွေ့ပြီး အလိမ်ခံလိုက်ပြီ "


စာဖတ်ပြီးသည်နှင့် စဉ်းစားဉာဏ်ရှိသူများ နားလည်သွားကြသည် ။


ထိုအခါမှ ဦးလှဆွေခင်ဗျာ အလိမ်အညာခံရသည်ကို သိသွားတော့သည် ။


ဦးလှဆွေ မသိ၍ အလိမ်အညာခံခဲ့ရသည် ။ ငွေနှစ်သိန်းလည်း ဆုံးသည် ။ ရွာထဲမှာလည်းအရှက်တကွဲ ဖြစ်သည် ။


ဦးလှဆွေ အလိမ်ခံရသည့်နည်းကိုသိပြီး သူများ အလိမ်အညာခံခြင်းမှ လွတ်မြောက်ကြပါစေ ။


အကယ်၍ ဤနည်းမျိုးဖြင့် အလိမ်အညာ ခံရလျှင်လည်း ကူညီပါရစေ ၁၉၉ ကို ဖုန်းဆက်၍ မည်သည့်နေရာ မည်သည့်အိမ်မှာဆိုသည်ကို ပြသပြီး အကူအညီတောင်းနိုင်ပါကြောင်းသတင်းစကား လက်ဆောင်ပါး

အပ်ပါသည် ။


( မှတ်ချက် ။ ။ ရှမ်းဆရာကြီးဆိုသူမှာ ရှမ်းတိုင်းရင်းသားအစစ်မဟုတ်ပါ ရှမ်းဆရာကြီး အယောင်ဆောင်ထားသော လူလိမ်လူညာသာဖြစ်ပါ

သည် ။ )


  ◾ လယ်တွင်းသားစောချစ်


  📖 လိမ်ညာဘေးမှ ကင်းဝေးပါစေ




https://koaungnaingoo.blogspot.com


.

No comments:

Post a Comment