Monday, January 25, 2021

ဒိုင်ပြေး ဘုန်းကြီး


 ❝ ဒိုင်‌ေပြး ဘုန်းကြီး ❞


၂၀၀၁ ခုနှစ် ၊ အောက်တိုဘာလ ၊ တနင်္လာနေ့ နံနက်ကိုးနာရီ အချိန်တွင် ကျွန်တော်တို့ ရန်ကုန်မှ ထွက်ခွာလာခဲ့ကြသည် ။ မိုးကုန်တော့မည်ဖြစ်ပြီး ရာသီဥတုက သာယာနေသည် ။ ကျွန်တော်တို့ ကားပေါ် တွင် လူလေးဦး လိုက်ပါလာသည် ။ မအေးကတော့ ချဲထီကို စွဲနေခဲ့သည်မှာ နှစ် နှစ်ခန့် ရှိပြီ ဖြစ်သည် ။ သူကကျွန်တော်တို့ကို လမ်းပြအဖြစ် ဦးဆောင်ခေါ်လာခြင်း ဖြစ်သည် ။ သူက အစိုးရဝန်ထမ်းများနှင့် ပြည်သူများကြားတွင် တခါတစ်ရံ ပွဲစားအဖြစ်လည်း လုပ်ကိုင်ပေးသူ ဖြစ်သည် ။ လစာနှင့် မလောက်သည့် ဝန်ထမ်းများနှင့် ဆက်ဆံရေး မပြေပြစ်သည့် ဝန်ဆောင်မှုများကြောင့် မအေးက အားလုံးအဆင်ပြေစေရန် ပွဲစားအဖြစ်လည်းအကျိုးဆောင်ပေးသည့် အလုပ်ကို လုပ်ကိုင်ခြင်းဖြစ်သည်။


ကိုကျော်ကျော်ကတော့ စက်ပြင်ဆရာတစ်ယောက် ဖြစ်သည် ။ သူကတော့ ကျွန်တော်တို့ ခရီးစဉ်ကို စိတ်ပါဝင်စားသောကြောင့် သူ့ကား  အလုပ်ရုံကိုပစ်ပြီး ကျွန်တော်တို့နှင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည် ။ နောက် နှစ်ယောက်ကတော့ ကျွန်တော်နှင့် ကားဒရိုင်ဘာတို့ဖြစ်သည် ။


မြန်မာစံတော်ချိန် နောက်တစ်နေ့ ညနေ ၃ နာရီခွဲခန့် ၊ လတစ်လ၏ ၁၆ ရက် မြောက်နေ့တွင် ထိုင်းထီ ( ချဲထီ ) ဖွင့်တော့မည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ထိုင်းချဲထီ၏ နောက်ဆုံးဂဏန်းသုံးလုံးကို တရားမဝင် လောင်းကစားနေကြခြင်း ဖြစ်သည် ။ထိုအချိန်ကို မြန်မာတို့ စောင့်စားနေခဲ့ကြသည် ။


ကျွန်တော်တို့ ထွက်လာချိန်က စောသေးသည် ။ ရန်ကုန်နှင့် သိပ်မဝေးသည့် ထန်းတပင်မြို့ အနီးတွင် နာမည်ကြီးသည့် ဒိုင်ပြေးဘုန်းကြီး တစ်ပါး ရှိသည် ။ ထိုအမည်ကိုလည်း ဒကာဒကာမများက ပေးထားခြင်းဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် ဘုန်းကြီးက ချဲထီနံပါတ်များကို အတိအကျပြောနိုင်သောကြောင့် ဖြစ်သည် ။ သို့ဖြစ် ရွာဒိုင်တိုင်းက အလွန်ကြောက်ကြသဖြင့် ထိုအမည်ရခဲ့ခြင်းလည်း ဖြစ်သည် ။ ဘုန်းကြီးပြောသည့် နံပါတ် မှန်ကန်ခြင်းကြောင့်ငွေရှင်ကြေးရှင် ရင်းနှီးမြှုပ်နှံသည့်သူများလည်း မွဲပြာကျခဲ့ရသည်ဟု ဆိုကြသည် ။


ကျွန်တော်တို့ ထန်းတပင်သို့ မရောက် မီ မင်္ဂလာဒုံရှိ ရွှေစေတီဘုရားကို ဝင်ခဲ့ကြသေးသည် ။ ရွှေစေတီဘုရားသို့ ဝင်လိုက်ခြင်းသည် အကျိုးမယုတ် ။ ဘုရားတွင် ရေးထားသည့် စာတစ်ကြောင်းကို မအေးက သူ့မှတ်စုစာအုပ်တွင် ရေးမှတ်လာခဲ့သည် ။


နေဘုရား နှင့် လဘုရား ၊ သောကြာသားဆိုသည့် စာတန်းအား ကိုကျော်ကျော်က အဓိပ္ပာယ်ဖော်သည် ။ သူက ဤနေရာတွင် ဆရာကြီး ဖြစ်သည် ။ မြန်မာစာတွင် အက္ခရာ ၂၈ လုံးရှိသည် ။ ထို့ပြင် နေ့နံတိုင်းတွင်လည်း သက်ဆိုင်ရာ နံပါတ်များ ရှိသည် ။ ဘုရားဟု ဆိုထားသဖြင့် ဘကုန်းနှင့် စသည် ။ ဘကုန်းသည် မြန်မာ့နေ့နံအရယူလျှင် ကြာသပတေး ဖြစ်သည် ။ ကြာသပတေးနေ့၏ နံပါတ်မှာ ၅ ဖြစ်သည် ။ သူတို့က ထိုနည်းအတိုင်း ကောက်ယူပြီး လက်ခတ်တောင် ( ရွှေစေတီ ) ဆရာတော် ရေးထား  သည့် စာသားကို အဓိပ္ပာယ်ဖော်ကြသည် ။ ကိုကျော်ကျော်က နံပါတ်များကို အုပ်စု နှစ်စု ခွဲလိုက်သည် ။


နေလဘုရားကို သူက ၇၄၅၄ ဟု နေ့နံအရ ကောက်လိုက်သည် ။ သောကြာသားကိုတော့ သူက ၆၂၆ ဟု ကောက်ထားသည် ။အဓိပ္ပာယ်ဖော်ခြင်းကို နိဂုံးကောက်ရန်သာ လိုတော့သည် ။ ဤသည်ကလည်း နည်းရှိသေးသည် ။ ချရေးထားသည့် အက္ခရာနှင့် နံပါတ်များသည် ဆက်နွယ်မှု ရှိနေသည် ။ ဥပမာ အချို့သော မြန်မာအက္ခရာများသည် အင်္ဂလိပ်ဂဏန်းနှင့် ဆင်တူမှုများရှိပြီး ထိုအတိုင်း အဓိပ္ပာယ်ကောက်ယူရမှုများ ရှိသည် ။ မြန်မာအက္ခရာ ထဆင်ထူး ကို ဒေါင်လိုက် ထောင်ကြည့်လျှင် အင်္ဂလိပ်ဂဏန်း 8 နှင့် ဆင်တူသည် ။ မြန်မာအက္ခရာ ရ သည် ၇ နှင့် ဆင်တူနေခြင်းဖြစ်သည် ။ ချဲနံပါတ် ဖော်ရာတွင် နည်းစနစ်ပေါင်းများစွာကို သုံးနိုင်မှ နီးစပ်မှုရှိနိုင်သည် ။


ရွှေစေတီဘုရားမှ ထွက်လာပြီး ထန်းတပင်သို့ ၁၂ နာရီခွဲမှ ရောက်သည် ။ လမ်းတွင် ကားခေတ္တရပ်ပြီး ထမင်းစားကြသေးသည် ။ ကျွန်တော်တို့ သွားရမည့်ဘုန်းကြီးကျောင်းကို တောကျောင်းဟု ခေါ်ကြသည် ။ မြို့နှင့်နီးသော်လည်း မြို့ပြင်တွင် ဘုန်းကြီးကျောင်းက ရှိနေသည် ။ လမ်းမကြီးမှဘေးသို့ခွဲဆင်းသွားပြီး ဖုန်ထူသောလမ်းအတိုင်း ကျောင်းသို့သွားရသည် ။ ကျွန်တော်တို့သည် ဒိုင်ပြေးဘုန်းကြီးကို သုံးနာရီ သို့မဟုတ်လေနာရီခန့်မှသာ တွေ့ခွင့်ရကြမည် ဖြစ်သည် ။


ထန်းတပင်မြို့ထဲမှ ထွက်ပြီး ဘယ်ဘက်သို့ ကားကို ချိုးကွေ့လိုက်သည် ။ လမ်းမကြီးမှ နှစ်ကီလိုမီတာခန့် ကွာဝေးသည့် နေရာတွင် ကျောင်းကရှိသဖြင့် ကားနှင့် မလာနိုင်သူများ ဆိုက်ကားဖြင့် သွားနိုင်ရန် ဆိုက်ကားတွေက တန်းစီပြီး စောင့်နေကြသည် ။ ဘုန်းကြီးကျောင်းကို အခိုင်အခန့် ဆောက်ထားသည် ။ ပင်မအဆောင် နှစ်ဆောင်ရှိပြီး ဘုရားတစ်ဆူလည်း ရှိသည် ။ ဆရာတော်က အနားယူနေသည်။ ညနေသုံးနာရီ မထိုးမချင်း ထွက်ပြီး တရားဟောမည် မဟုတ် ။ အသက်လေးဆယ်ခန့်ရှိသည့်  လက်ထောက် ဆရာတော်က ရောက်ရှိလာသော ဧည့်သည်များကို ကြိုဆိုဧည့်ခံ နေရာချပေးသည် ။ အခန်းထဲတွင် လူဆယ့်ငါးယောက်ခန့် ရှိသည် ။ လူတွေက ဝင်လာလိုက် ထွက်သွားလိုက်နှင့် အလုပ်များနေကြသည် ။ အချို့ကလည်း အပြင်တွင် ဆရာတော်ကို စိတ်ရှည်စွာ စောင့်စားနေကြသည် ။ မအေးက သူ့မှတ်စုစာအုပ်တွင် စာကြောင်းသုံးကြောင်း ရေးချလိုက်ပြီး နံပါတ်များကိုလည်း ရေးလိုက်သည် ။ထိုစာတန်းများနှင့် နံပါတ်များကို ဆရာတော်၏ အိပ်မ က် ဆိုပြီး ဘောတစ်ချပ်ပေါ်တွင် ရေးထားသည် ။ လူတွေက ဆရာတော်နှုတ်မှ မိန့်ကြားချက်ကို နားထောင်ချင်ကြသည် ။ဘောပေါ်တွင် ရေးထားသည့် စာတန်းက -


ပျားရည်သောက်

ဗုဒ္ဓ ဂယာ

သီလရှိသူများသူတွေ ၊ အကုန်ဖျက်သွားနိုင်တယ်


ဟူ၍ ဖြစ်သည် ။


ထိုစာတန်းကို အနက်ကောက်ပြီး ဖော်ထားသော နံပါတ်များမှာ ၀၃၁ ၊ ၀၃၆ ၊ ၆၆၂ ၊ ၇၇၀ ၊ ၄၇၉ ၊ ၄၅၃ ၊ ၉၅၇ ၊ ၆၄၁ ၊ ၆၃၁ တို့ဖြစ်ပြီး ၊ အတွဲလိုက်ယူပြီး ထိုးရန် ပေးထားသော နံပါတ်များမှာ ၁ဝ ၊ ၂၆ ၊ ၅၃ ၊ ၄၂ ၊ ၆၈ တို့ဖြစ်သည် ။


နေ့လယ်နှစ်နာရီ ထိုးပြီဖြစ်သည် ။ ဒိုင်ပြေးဘုန်းကြီးကျောင်းသို့ ကျွန်တော်တို့ ရောက်နေကြခြင်း ဖြစ်သည် ။ ကျောင်းဝင်းက အတော်လေး ကျယ်ဝန်းသည် ။ ဘုရားကလည်း ကြီးကျယ်ခမ်းနားလှပြီး ကျောင်းကလည်း နှစ်ထပ်ကျောင်းဆောင် ဖြစ်သည် ။ ကျောင်းဝင်းထဲတွင်နောက်ထပ် ခြံစည်းရိုးတစ်ထပ် ခတ်ထားသည့် ဆရာတော်နေသော တဲကျောင်းလေး တစ်ကျောင်းလည်း ရှိသေးသည် ။ ခြံအပြင်ဘက်တွင် ဆရာတော်ပိုင် ကားနှစ်စီးကို ရပ်ထားသည် ။ ကားတစ်စီးက အတော်လေးကြီးသည် ။ ရှစ်ဘီးတပ်ကားကြီး ဖြစ်သည် ။ဘုန်းကြီးကျောင်းဘေးတွင် မကြာမီကမှ ဖွင့်လှစ်ထားပုံရသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိသည် ။ ထိုဆိုင်တွင် ချဲထီ  လောင်းကစားသူများ ရှိကြသည် ။ သူတို့သည် နံနက်စောစောတည်းက ရောက်နေကြခြင်း ဖြစ်သည် ။ ဆရာတော်က မည်သည့်အချိန်တွင် ကြွလာမည်ကို မခန့်မှန်းနိုင်သောကြောင့် သူတို့အစောကြီးကတည်းက လာစောင့်နေကြသည် ။ ရန်ကုန် နှင့် ထန်းတပင်မြို့ ပတ်ဝန်းကျင်တွင် နေထိုင်သူများက သူ့အုပ်စုနှင့်သူ လက်ဖက်ရည်မှာသောက်လိုက်ကြ ၊ ချဲထီအကြောင်း ပြောလိုက်ကြနှင့် လုပ်နေကြသည် ။


မအေးက သူ့အသိတစ်ယောက်နှင့် စကားပြောနေသည် ။ ထိုအမျိုးသမီးသည် အသက် ၄၅ နှစ်ခန့်ရှိပြီး ယောက်ျားဖြစ်သူက မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်နေသောကြောင့် ဘာအလုပ်မှမလုပ်ဘဲ နေထိုင်နိုင်သူ ဖြစ်သည် ။ ထိုအမျိုးသမီးက ကျွန်တော်တို့ကို ဘုန်းကြီးကျောင်းနှင့် မိုင်ဝက်ခန့်ဝေးသည့် အခြားဘုန်းကြီးကျောင်းသို့ ခေါ်သွားသည် ။ ထိုကျောင်း ဆရာတော်က ထီနံပါတ်ပေးတာ မကြာသေးဟု သိရသည် ။ ကျောင်းတိုက်အနီးသို့ ရောက်ခါနီးတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် များ ရောင်းနေသော ပျံကျဈေးသည်များကို တွေ့လိုက်ရသည် ။


ရုတ်တရက် ကျယ်လောင်သည့် ရယ်မောသံများ ကြားလိုက်ရသည် ။ ကျွန်တော်တို့ကို လမ်းပြခေါ်ဆောင်လာသူက ဆရာတော်သည် ဟာသတွေပြောရာတွင် နာမည်ကျော်ကြောင်း ရှင်းပြသည် ။ ယခု အသက် လေးဆယ်ခန့် ရှိပြီဖြစ်သော ဆရာတော်သည် မကြာသေးမီကမှ ဘုန်းကြီးဝတ်ထားသူဖြစ်ပြီး ဝါတော်သုံးပါခန့်သာ ရှိသေးသည် ။ ကျောင်းဝင်းထဲတွင် ရှိသော ကျောင်းတွင် လူတွေမဆန့်သဖြင့် အပြင်ဘက်တွင် လူတွေ ထိုင်နေကြသည် ။ သို့သော် စပီကာကို ကျောင်းပြင်သို့ ထုတ်ထားသောကြောင့် ပြင်ပလူတွေလည်း ကောင်းစွာ ကြားရသည် ။ ဤဆရာတော်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့် ကတည်းက ချဲထီနံပါတ် ပြောဆိုရာတွင် မှန်ကန်သဖြင့် နာမည်ကျော်လာရခြင်း ဖြစ်သည် ။


ကျောင်းဝင်းအတွင်း လူနှစ်ရာကျော် သုံးရာခန့် ရှိမည်ထင်သည် ။ အများစုမှာ အမျိုးသမီးများ ဖြစ်သည် ။ သူတို့က ဆရာတော်ပြောသမျှကို  မှတ်စုစာအုပ်လေးတွေနှင့် လိုက်မှတ်နေကြသည် ။များသောအားဖြင့် နံပါတ်တွေကို တိုက်ရိုက်ချရေးနေကြသည်က များသည် ။ ဗုဒ္ဓနှင့်သက်ဆိုင်သည့် အခေါ်အဝေါ်များကိုလည်း သူတို့က ကျွမ်းကျင်ကြသည် ။ ဥပမာ - သစ္စာလေးပါး ၊ ဆယ်ပါးသီလ ၊ ငါးပါးသီလဆိုသည့် ဟောပြောချက် များကို သူတို့က အဓိပ္ပာယ်ကောက်တတ်ကြသည် ။ တစ်ခါတစ်ရံ ဆရာတော်က နံပါတ်များကို အကြံပေးသလိုပြောပြီး ၊ တစ်ခါတစ်ရံလည်း တိုက်ရိုက်ပြောသည် ။ စာကြောင်းတစ်ကြောင်းကို ရှင်းအောင် ၊ ပရိသတ် နားလည်အောင် ထပ်ကာထပ်ကာ ပြောပြနေသည်ကိုလည်း တွေ့ရသည် ။


ဆရာတော်က တရားဟောရင်း စီးကရက်သောက်လိုက်သည် ။ တစ်ခါတစ်ရံ မထင်မှတ်သည့် အပြုအမူတွေ လုပ်ပြသည် ။ ဥပမာ - တုန်လှုပ်သွားသည့် ပုံစံမျိုးဖြစ်သည် ။ ရှေးရိုးဗုဒ္ဓဘာသာ အယူအဆအရ စီးကရက် သောက်ခြင်းကို ရဟန်းများနှင့် မအပ်စပ်ဟု ယူဆထားကြသည် ။ သို့သော် ယခု ဆရာတော် သောက်နေသည်ကို သူတို့က ဆေးလိပ်ဟုမမြင် ။ နံပါတ်ပေးနေသည်ဟု မြင်ကြသည် ။ စီးကရက်က မည့်သည့်စီးကရက် ဖြစ်သနည်း ။ နိုင်ငံခြားဖြစ် နာမည်ကျော် ငါးသုံးလုံး စီးကရက်ကအစ သူတို့တွင် အဓိပ္ပာယ်ကောက်စရာတွေ ဖြစ်နေသည် ။


ကျွန်တော်က စီစဉ်ကြီးကြပ်နေသည့် ဆရာတော်ထံ ဓာတ်ပုံရိုက်ရန် ခွင့်တောင်းလိုက်ရာ ခွင့်မပြုဟုဆိုသည် ။ နောက်နေ့တွေမှ ရိုက်ပါ ။ ယနေ့တော့ မရိုက်ပါနှင့်ဟု ပြောသည် ။ ဆရာတော် တရားပေးနေသည်မှာ လေးဆယ့်ငါးမိနစ်ခန့် ကြာသွားသည် ။တရားဆုံးသော် ဆရာတော်က ဝှိုက်ဘုတ်ပေါ်တွင် အောက်ပါအတိုင်း ချရေးလိုက်သည် ။


၁၈၃၁၆ ။ ဒါကို ထိုးပါ ။


ထိုနံပါတ်များကို ချရေးပြီးလျှင် စပီကာမှ ဆရာတော်သို့ လှူဒါန်းငွေများကို ကြေညာလိုက်သည် ။ ထိုကြေညာသည့် အလှူငွေပမာဏသည် ဆရာတော် ချရေးလိုက်သည် နံပါတ်နှင့်အတူတူပင် ဖြစ်သည် ။ ဒီစာ ဆိုသည့် စာလုံးကို ပိုပြီးထင်ရှားစေရန် အောက်တွင် မျဉ်းနှစ်ကြောင်းတား ထားလိုက်သေးသည် ။ ဝှိုက်ဘုတ်ဘေးတွင် မြေပန်းအိုးလေးတစ်လုံး ချိတ်ဆွဲထားသည် ။ ထိုပန်းအိုးလေးထဲတွင် အပင်ပေါက်လေးတစ်ခုကို တွေ့ရသည် ။ ယင်းသည်လည်း နံပါတ်ပေးထားခြင်း ဖြစ်သည်ဟုဆိုသည် ။ လူတွေက

လည်း ထိုပန်းအိုးကိုကြည့်ပြီး မိမိတို့ထင်ကြေးများကို ဆူညံစွာ အော်ဟစ်ပြောဆိုနေကြသည် ။


ကျွန်တော်တို့အဖွဲ့ ဒိုင်ပြေးဘုန်းကြီးကျောင်းသို့ ပြန်လာကြသည် ။ လက်ဖက်ရည်ဆိုင် သုံးဆိုင်စလုံးတွင် လူတွေပြည့်နေကြပြီ ။ ဆရာတော်၏ အခန်းအတွင်း၌လည်း လူတွေရောက်နေကြသည် ။ ကျွန်တော်သည် ဆရာတော်နှင့် သီးသန့် အင်တာဗျူးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ ။ မအေးက ဆရာတော်ကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက သိကျွမ်းခဲ့သောကြောင့် ကျွန်တော့်ကို ဆရာတော်အကြောင်း ပြန်ပြောပြနေသည် ။ ဆရာတော်သည် သက်တော်လေးဆယ်ခန့် ရှိပြီဖြစ်သည် ။ ယခင်က အင်ဂျင်နီယာ တစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျခဲ့သည် ။ ကလေးနှစ်ယောက် ရှိခဲ့သည် ။ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက အသက် မွေးဝမ်းကျောင်း အလုပ်ဖြစ်သည့် အင်ဂျင်နီယာ အလုပ်ကိုစွန့်ပြီး ရန်ကုန် ဆင်ခြေဖုံးရှိ ဘုရားတစ်ဆူတွင် ဗေဒင်သွားဟောသည် ။ ထိုအလုပ်တွင် အတော်လေး အောင်မြှင်ခဲ့သည်ဟု ဆိုရမည် ။ ၁၉၉၅ ခုနှစ်တွင် သူက ဇနီးဖြစ်သူကို နောက်အိမ်ထောင် ထူထောင်ချင်လျှင် ထူထောင်နိုင်သည်ဟု ပြောပြီး လူ့ဘောင်ကို စွန့်ခွာကာ ရဟန်းဝတ်ခဲ့ခြင်း ဖြစ်သည် ။ သူက ဇနီးသည်အတွက် လုံလောက်သည့် ငွေကြေးပမာဏကို ထားပေးခဲ့သည့် အပြင် ထိုင်းချဲထီ နံပါတ်ကိုပါ ပေးခဲ့သေးသည်ဟုဆိုသည် ။ သူသည် ရဟန်းဘဝသို့ မကူပြောင်းမီ ရသေ့ဘဝဖြင့် နေထိုင်ခဲ့သေးသည် ။ ပြတ်သားစွာ ဆုံးဖြတ်နိုင်ရန်ဟု ဆိုသည် ။ တစ်နှစ်ခန့် ရသေ့ဘဝနှင့် နေထိုင်ပြီးမှ ရဟန်းဘဝသို့ ကူးပြောင်းခဲ့ခြင်း ဖြစ်သည် ။


ဗေဒင်ဟောစဉ်အချိန်က သူ့တွင် ငွေကြေးအတော်လေး စုဆောင်းခဲ့သည် ။ ၁၉၉၆ ခုနှစ်တွင် သူသည် ထန်းတပင်မြို့အနီး ယခု ကျောင်း  ဆောက်ထားသည့် နေရာကို လာဝယ်ထားခဲ့သည် ။ နောက်သုံးလေးနှစ်အတွင်း ဆရာတော် ဟောပြောသည့် ချဲနံပါတ်များသည် အလွန်မှန်သောကြောင့် နာမည်ကြီးလာသည် ။ ဆရာတော်သည် ရရှိသည့် အလှူငွေများဖြင့် ဧရာဝတီတိုင်းတွင် ဉာဏ်တော် ၁၀၈ ပေအမြင့်ရှိသည့် စေတီကြီးတစ်ဆူကို သွားတည်ခဲ့သည် ။ ဗုဒ္ဓဆံတော်ကို ထည့်သွင်းဌာပနာထားသည်ဟု ဆိုကြသည် ။ ထိုဆံတော်ကို ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားသည့် စေတီတစ်ဆူထံမှ ရခဲ့ခြင်းဖြစ်သည် ။ ယနေ့ ဤကျောင်းဝင်းထဲရှိ စေတီသည် ထိုစေတီတော်၏ ပုံတူရုပ်ပွားဖြစ်သည်ဟု ဆိုသည် ။


ဆရာတော်သည် လူမြင်ကွင်းသို့ ၄ နာရီ ၄၅ မိနစ်မှ ကြွလာသည် ။ တဲအတွင်းမှ လှမ်းထွက်လာပြီး အလှူရှင်များထံ ဦးတည်လျှောက်လာသည် ။ ထိုအချိန်တွင် မောင်းတွေကို ပုံမှန်တီးခတ်နေကြသည် ။ လူပေါင်း သုံးလေးရာခန့် ကျောင်းဝင်းထဲတွင် စောင့်စားနေကြသည်။ ခန်းမကြီးထဲတွင် လူတွေ ပြည့်ကျပ်နေသောကြောင့် အပြင်တွင်ထွက်ပြီး ထိုင်နေကြရသည် ။ ဆရာတော်သည် စင်မြင့်ပေါ်ရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည် ။ စင်ဆိုသော်လည်း မြေပြင်ထက် အနည်းငယ်ခန့်သာ မြင့်သည် ။ မအေးက ကျွန်တော့်ကို ရှေ့ဆုံးတန်းတွင် နေရာယူရန် ခေါ်သွားသည် ။ ကျွန်တော့်ညာဘက်တွင် ထိုင်နေသူများက လက်ထဲတွင် ကက်ဆက်လေးတွေ ကိုင်ထားကြသည် ။ ဆရာတော် ဟောပြောသမျှ သူတို့ အသံဖမ်းထားကြမည် ဖြစ်သည် ။ အများစုသည် အမျိုးသမီးများသာ ဖြစ်ကြသည် ။ သူတို့ အဝတ်အစားတွေကလည်း ခမ်းနားလှပြီး စိန်ရွှေတွေလည်း ညွှတ်နေအောင် ဝတ်ဆင်ထားကြသည် ။ မအေးက ကျွန်တော့်နားအနီးသို့ ကပ်ပြီး ဆရာတော်က သူ့ကို ယုံကြည်သူတွေကို ပြန်ပြီးချီးမြှောက်တတ်တယ်ဟု တိုးတိုးလေးပြောသည် ။ သူတို့ တစ်ခါတစ်ရံ သိန်းချီပြီး ချဲထိုးကြသည် ။ ထိုငွေပမာဏသည် အဆင့်မြင့်ဝန်ထမ်းတစ်ယောက် တစ်လရသည့် လစာ၏ အဆနှစ်ဆယ်ခန့်ပမာဏ ဖြစ်သည် ။ နံပါတ်တစ်လုံးတည်းကို တစ်သိန်းဖိုး ပုံအောလောင်းကြသူများပင် ရှိကြသည်။


ဆရာတော်က သူတည်ထားကိုးကွယ်သည့် ဘုရားအကြောင်းပြောသည် ။ ဝိပသနာတရားအကြောင်း ပြောသည် ။ နိဗ္ဗာန်ရောက်ကြောင်း တရားဟောသည် ။ ကိုကျော်ကျော်နှင့် ဒရိုင်ဘာတို့က ဆရာတော် ဟောပြောမှုများကို ရိုးရှင်းလှသည်ဟုဆိုသည် ။ ပရိသတ်ကတော့ ဆရာတော်ကို သေချာစွာ ကြည့်နေကြသည် ။ ဆရာတော်လက်တွင် ပတ်ထားသည့် စိတ်ပုတီး ၊ ဆရာတော် ဝတ်ဆင်ထားသည့် သင်္ကန်းအရောင်တွေ အားလုံးကို လိုက်မှတ်သူတွေက လိုက် မှတ်နေကြသည် ။ ဆရာတော်သည် တရားဟောပြီး တဲဆီသို့ ပြန်ကြွရန် ပြင်လိုက်သည် ။ ပြီးမှ မအေးထံသို့ စာအုပ်ကို လှမ်းတောင်းလိုက်ပြီး စာအုပ်ထဲတွင် -


ဝိပသနာ ရှုကြည့်ပါ

ရသေ့

လက်ဆောင် ၇၆၁၇၅၁


ထိုသို့ ချရေးပေးလိုက်သည့်အပြင် ဝိပသနာဆိုသည့် စာလုံးကို မျဉ်းနှစ်ကြောင်း တားပေးလိုက်သေးသည် ။ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည် ။ ကျွန်တော်တို့ ကားဆီသို့ ရောက်အောင် မနည်း ပြန်တိုးထွက်လာရသည် ။ မအေးကို ဆရာတော်က ဘာတွေပေးသွားသည်ကို အားလုံးက စိတ်ဝင်စားစွာ သိချင်နေကြသည် ။ လူအုပ်ကြီးက အော်ဟစ်ပြီး မအေးထံ ဝိုင်းလာကြသည် ။ သူ့ကို ဆရာတော် မည်သည့် နံပါတ် ပေးသွားသည်ကို သူတို့ ကိုလည်းပြရန် တောင်းဆိုနေကြသည် ။


ကျွန်တော်တို့ ရန်ကုန်သို့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ပြန်ရောက်လာကြသည် ။ မအေးစာအုပ်ပေါ်တွင် ဆရာတော် ရေးပေးလိုက်သည့် စာမျက်နှာကို မိတ္တူတွေကူးပြီး ပွားလိုက်ကြသည် ။ တစ်ညနေလုံး ဆရာတော်ထံက ရလာသည့် အတိတ်နှင့်နံပါတ်များကို လိုက်ဖြန့်ပြီး အလုပ်များသွားကြသည် ။ အင်္ဂလိပ်စကားကို မြန်မာတွေ တိုက်ရိုက်အသံ ဖလှယ်ကာ သုံးသည့်စကားလုံးတစ်လုံး ရှိသည် ။ ဘရိတ် ဆိုသည့် စကားဖြစ်သည် ။ သူတို့က နံပါတ် သုံးလုံးပေါင်းခြင်း ရလဒ်ကို ၁၅ ပဲ  ဖြစ်ရမည်ဟု ဘရိတ်လုပ်ထားကြသည် ။


တစ်ညလုံး ဂဏန်းသမား ၊ ဗေဒင်သမားနှင့် အခြားပညာရှင် ဆရာကြီးတွေ အနက်ဖော်ကြသည် ။အချို့ကလည်း ပေါက်ပြီးသား ဂဏန်းတွဲများကို ပုံနှိပ်ထားသည့် ကလင်ဒါ ( calender ) ကို ရှေ့တွင်ချပြီး ကြည့်နေကြသည် ။ ထို ကလင်ဒါခေါ် ဂဏန်းပေါင်းချုပ်စာရင်းကို ၁၉၆၉ ခုနှစ် ကတည်းကအထိ ဆောင်ထားသူများပင် ရှိကြသည် ။ တစ်ညလုံး ဟိုဘက်က လှည့်တွက် ၊ သည်ဘက်က ယူဆချက်တွေထုတ်ကာ ပျာယာခတ်နေကြသည် ။ သည်ကြားထဲ မီးက ပျက်လိုက်သဖြင့် ဖယောင်းတိုင်လေးတွေ ထွန်းကာ ဆက်ပြီး ရှာဖွေလေ့လာကြသည် ။ အချို့ကလည်း သူတို့ မွေးရက်ကိုပဲ ထိုးမည်ဟု ပြောသူတွေရှိသည် ။ အချို့ ကလည်း မွေးဂဏန်းကို ထိုးကြသည် ။ အချို့မှာ အိပ်မ က် ဂဏန်းကို ထိုးကြသည် ။


နောက်တစ်နေ့သည် အင်္ဂါနေ့ဖြစ်ပြီး ချဲ့ထွက် မည့်နေ့ ဖြစ်သည် ။ ရန်ကုန်မြို့တွင်း၌ ကျွန်တော်ရှိနေပြီး နံနက် ၁၁ နာရီအချိန်ခန့် ဖြစ်သည် ။ ကျွန်တော်ထိုင်နေသည့် အခန်းအတွင်း လူခြောက်ယောက် ရှိသည် ။ ဧည့်ခန်းအတွင်း အားလုံးရောက်နေကြပြီး အနီးတွင် တယ်လီဖုန်းတွေ ရှိကြသည် ။ သူတို့က ဆိုဖာများပေါ်တွင် ထိုင်နေကြပြီး ရှေ့ရှိစားပွဲပေါ်တွင် မှတ်စုစာအုပ်များ ပုံထားကြသည် ။


ပထမဦးဆုံးသူမှာ တိုက်ခန်းပိုင်ရှင် ဦးစောလွင်ဖြစ်သည် ။ သူသည် အသက် ၆ဝ ခန့်ရှိပြီဖြစ်ပြီး ချဲဒိုင်ကိုင်သူ တစ်ဦးလည်း ဖြစ်သည် ။ ငွေကြေး ပြဿနာရှိသောကြောင့် တရားမဝင် လောင်းကစားဖြစ်သည့် ချဲဒိုင်လုပ်နေခြင်း ဖြစ်သည် ။ ချဲဒိုင်လုပ်သူသည် အကယ်၍ ထိုးသားက ချဲပေါက်သွားလျှင် ချက်ချင်း အလျော်အစား လုပ်နိုင်သည့် ငွေကြေးနှင့် ပြည့်စုံသူ ဖြစ်ရမည် ။ သူသည် ငွေရေးကြေးရေး အခက်အခဲများ ရှိခဲ့သော်လည်း ချဲဒိုင်ကိုင်ပြီးမှ ချမ်းသာလာသည်ဟု ဆိုရမည် ။ ချဲဒိုင်က ချဲလောင်းကြေး၏ ၇၅ ရာခိုင်နှုန်း

ခန့်ကို ရလေ့ရှိသောကြောင့် ဖြစ်သည် ။ ငွေထုတ်ပေးသူကို ဒိုင်တစ်ဦးသည် ချဲရောင်းရငွေမှ မည်မျှအထိ ပြန်လည်ငွေဖော်ပေးနိုင်သည်ဆိုသည့်အပေါ်  မူတည်ပြီး အကျိုးအမြတ်ကို သတ်မှတ်ပေးလေ့ ရှိသည်ဟု ဆိုသည် ။ နံပါတ်အပေါ်မူတည်ပြီး လောင်းကြေးပေါ်တွင် ဒိုင်က အကျိုးအမြတ် အများဆုံး ရနိုင်သည် ။ ဦးစောလွင်သည် အတွေ့အကြုံများသည့် ဒိုင်တစ်ဦး ဖြစ်သောကြောင့် ရာခိုင်နှုန်းများများ ခံစားရလေ့ရှိသည် ။ သူက ဂဏန်းတစ်ကွက်ကို ၂၃၀၀ ကျပ်အထိထိုးရန် ခွင့်ပြုလေ့ ရှိသည် ။ အကယ်၍ ထိုးသားက နံပါတ်ကို ဒဲ့ ပေါက်သွားလျှင် ၁,၂၆၅,၀၀၀ ကျပ် ( ၁၂ သိန်းကျော် ) လျှော်ရမည် ဖြစ်သည် ။ အဘယ်ကြောင့် ဆိုသော် သုံးလုံးတွဲ ဂဏန်းကို တိုက်ဆိုင်သွားလျှင် အဆ ၅၅ဝ အလျှော်ပေးသောကြောင့် ဖြစ်သည် ။


ဦးစောလွင်သည် မော်လမြိုင်တွင် သူ့ဘဝတစ်လျှောက်လုံး နေထိုင်ခဲ့ရာက မကြာမီကမှ ရန်ကုန်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည် ။ မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ အရှေ့တောင်ပိုင်းတွင်ရှိသော မြို့တစ်မြို့ဖြစ်သည် ။ တရားမဝင် ထီလောင်းကစားရာတွင် အဓိကကျသည့် မြို့တော်ကြီးဟုလည်း ဆိုနိုင်သည် ။ ချဲထီလောင်းကစားခြင်းနှင့် ပတ်သက်ပြီး ပထမဦးဆုံး စတင်လုပ်ဆောင်ခဲ့သော မြို့တစ်မြို့ဟုလည်း ဆိုနိုင်သည် ။ချဲထီနှင့် ပတ်သက်ပြီး ဒိုင်ကိုင်ခြင်း ၊ ရောင်းချခြင်းများအပြင် အခြားသဘောတရားများ

အလုံးစုံနှင့် အတွေ့အကြုံများကို စတင်ဖြန့်ဖြူးခဲ့သည့် မြို့ဟုလည်း ဆိုနိုင်သည် ။ တစ်ချိန်က ချဲထီထိုးချင်လျှင် တစ်နိုင်ငံလုံးက မော်လမြိုင်သို့လှမ်းပြီး ထိုးရသည် ။ နောက်ပိုင်းမှ ချဲထီလောင်းကစားခြင်းဓလေ့သည့် မြို့ကြီးများက တစ်ဆင့် အခြားမြို့ငယ်လေးများ ၊ ထိုမှတစ်ဆင့် ကျေးလက်တောရွာများအထိ ပျံ့နှံ့ခဲ့သည် ။


ထိုင်းချဲထီစနစ်မှ နောက်ဆုံးဂဏန်းသုံးလုံးကိုယူပြီး လောင်းကစားကြခြင်း ဖြစ်သည် ။ ၁၉၇၄ - ၇၅ ခုနှစ်လောက်က မော်လမြိုင်မှ စတင်ခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်လောက်တွင် မြန်မာနိုင်ငံမြို့ကြီးများတွင် အတော်လေး ပျံ့နှံ့နေပြီဟုဆိုရမည် ဖြစ်သည် ။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး ထိုခေတ်များက မှောင်ခိုကုန်များ ကူးသန်းရောင်းဝယ်ရာတွင်လည်း များစွာခေတ်စားခဲ့သည် ။ မြန်မာနိုင်ငံတွင် တရားမဝင်  လုပ်ကိုင်နေကြသည့် ချဲထီသည် ထိုင်းနိုင်ငံတွင်တော့ တရားဝင် လုပ်ကိုင်နေကြသည့်လုပ်ငန်း ဖြစ်သည် ။


ထိုင်းမှ တရားဝင်ဖွင့်သော ထီနံပါတ်များထဲမှ နောက်ဆုံး သုံးလုံးကို မြန်မာချဲဒိုင်သည် မြန်မာပြည်သူများ ခံစားနေကြရသည့် ငွေကြေးဆိုင်ရာ အခက်အခဲများကို တာဝန်ယူ ဖြေရှင်းပေးနေကြသူများဟုပင် ဆိုနိုင်သည် ။ သူတို့သည် ဤချဲလုပ်ငန်းတွင် ကဏ္ဍတိုင်း၌ ပါဝင်နေကြသူများ မဟုတ်ပေ ။ အချို့ဆိုလျှင် ဤလုပ်ငန်းကို လုပ်နေသည်ဟုပင် လူသိကြသည် မဟုတ် ။ သူတို့က လက်ခွဲဒိုင်အဖြစ် ငါးဦးလောက် ပွားထားလိုက်ကြသည် ။ လက်ခွဲဒိုင်လေးတွေက ၂၅ ရာခိုင်နှုန်း ကော်မရှင်ကြသည် ။ လက်ခွဲဒိုင်လေးတွေက သူတို့အိမ်များတွင်လည်း ချဲနံပါတ်ရောင်းကြသလို ၊ လက်ဖက်ရည်ဆိုင်များတွင်လည်း သွားရောင်းကြသည် ။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လမ်းဆုံလမ်းထောင့်တိုင်းတွင် တွေ့မြင်နိုင်သည့် ဆေးလိပ်နှင့်ကွမ်းယာရောင်းသည့် ဆိုင်များတွင်လည်း ထီနံပါတ်များကို ဝယ်ယူရရှိနိုင်သည် ။


ချဲရောင်းသည့်သူများသည် စာအုပ်သုံးအုပ်ခန့် ခွဲကိုင်ထားကြသည် ။ စာအုပ်တိုင်းတွင် နံပါတ် ဝ၀၁ မှ ၉၉၉ အထိပါပြီး နံပါတ်တစ်ခုကို မျဉ်းတစ်ကြောင်းထားပြီး ခြားထားလေ့ရှိသည် ။ နံပါတ်တည့်တည့် လိုင်းကြောင်းထဲတွင် လောင်းသည့်ငွေပမာဏကို ရေးမှတ်ထားကြသည် ။ ထိုနံပါတ်များကို လှန်ကြည့်လိုက်သည်နှင့် မည်သည့်နံပါတ်ကို လောင်းကြေးမည်မျှ အလောင်းအစားလုပ်ပြီးကြောင်း အလွယ်တကူသိနိုင်သည် ။ သူတို့ သတ်မှတ်ထားသည့် လောင်းကြေးပမာဏသည် နံပါတ်တစ်ခုတွင် ပြည့်သွားလျှင် ထပ်လက်ခံလေ့မရှိတော့ပဲ ထိုနံပါတ်ကို ပိတ်လိုက်သည် ။ အကယ်၍ ချဲထီဖွင့်ချိန်၌ လောင်းထားသည့် နံပါတ်အကွက် ပေါက်သွားလျှင် ထိုးထားသည့် ပမာဏအတိုင်း ဒိုင်က လျှော်ရသည် ။ ဒုတိယတစ်အုပ်က နံပါတ်နှစ်လုံးလောင်းသူများ အတွက်သာဖြစ်ပြီး ဝ၁ မှ ၉၉ အထိ နံပါတ်များ ထည့်သွင်းထားသည် ။ တတိယတစ်အုပ်ကတော့ ထိုးသူများ၏ အမည်များကို သူထိုးသည့် နံပါတ်နေရာတွင် ရေးပေးထားခြင်း ဖြစ်သည် ။ ထိုနေရာတွင် လိပ်စာလည်း  ရေးချင် ရေးထားတတ်သည် ။


ရဲများက ထိုစာအုပ်များနှင့်အတူ ရောင်းချသူကို မိသွားလျှင်သက်သေခံအဖြစ်သိမ်းဆည်းကာ ဖမ်းဆီးအရေးယူလေ့ရှိသည် ။ သို့သော် ဒိုင်ကြီးများတွင်မူ မည်သည့်သက်သေခံပစ္စည်းမှ မရှိသဖြင့် တို့ထိမရနိုင်သူများ ဖြစ်နေကြသည် ။ ငွေထုတ်ထားသည့် ဒိုင်ကြီးများသည် လက်ခွဲဒိုင်များနှင့် မည်သည့် အခါမျှအဆက်အသွယ်မလုပ် ။ အတွေ့ခံခြင်းမရှိ ။ သူတို့ တင်ပေးလိုက်သည့် စာရင်းကိုသာ လက်ခံလေ့ရှိသည် ။ ချဲရောင်းသူများက ငွေကောက်ပေးပြီး ထိုးထားသည့်နံပါတ်နှင့် ရောင်းချထားသည့် ငွေပမာဏကို ဒိုင်သို့ ချဲမထွက် မီ လာတင်ကြရသည် ။ ချဲရောင်းသူများသည် ဒိုင်များထံမှ ရသည့် ကော်မရှင်အပြင် ထီပေါက်သွားသူများထံကလည်း ကော်မရှင်အဖြစ် ဆုကြေးများထဲမှ ထပ်မံဖြတ်လေ့ရှိကြသည် ။


ဒိုင်ကြီးများတွင် သက်‌ေသ‌ အထောက်အထားများကို ဖျောက်ဖျက်သိမ်းဆည်းထားလေ့ ရှိသောကြောင့် ရဲလည်း တော်ရုံနှင့် ရှာဖွေမတွေ့နိုင်ပေ ။ ချဲဖမ်းသည်ဆိုလျှင်လည်း ဒိုင်ကြီး‌ေတွ‌ ကတော့ လွတ်နေတတ်သည် ။ ဒေသဆိုင်ရာ ရဲများကလည်း ချဲထီအရောင်း အဝယ်လုပ်နေသူများနှင့် မကင်းရာ မကင်းကြောင်း ပတ်သက်နေမှုများ ရှိကြသည် ။ လိုင်းကြေးဆိုပြီး ပေးထားမှုများ ရှိသည် ။ လိုင်းကြေးပေးပြီး လာဘ်ထိုးကာ လုပ်နေကြသူတွေက များသည် ။ တရားမဝင် ချဲထီရောင်းချခြင်းကို ဖမ်းဆီးမှုမှာ အောက်ခြေလောက်နှင့် မလုပ်ဆောင်နိုင် ။ တစ်ခါတစ်ရံ အရာရှိကြီးများကိုယ်တိုင် စစ်ဆင်ရေးအသွင် ဆင်းပြီး ဖမ်းမှသာ မိနိုင်သည် ။


ရန်ကုန်ရဲတပ်ဖွဲ့သည် လွန်ခဲ့သည့် နှစ်လလောက်က ရှောင်တစ်ခင် စစ်ဆင်ရေး လုပ်ဆောင်ခဲ့စဉ် ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည် ။ စစ်တပ်၏ အရေးပါသော စစ်ခေါင်းဆောင်တစ်ဦး၏ အသက်နှစ်ဆယ် အရွယ်သားတစ်ယောက်သည် တစ်ညတွင် နိုက်ကလပ်မှ ပြန်လာစဉ်ကားကို မြို့တော်အတွင်း အမြန်မောင်းခဲ့သည် ။နိုက်ကလပ်တွင် သူသည် ထီပေါက်ပြီး ကျပ်ငွေ ၈ သန်းခန့် ရရှိခဲ့သောကြောင့် ပွဲကြီးတစ်ပွဲ ပေး  ခဲ့သည် ။ သူမောင်းလာသော ကားသည် လမ်းတစ်ခုတွင် တက္ကစီတစ်စီးကို အရှိန်ဖြင့် ဝင်တိုက် မိသည် ။ မောင်းသူနှစ်ယောက်စလုံး သေသွားသည် ။ ထိုသတင်းကို မည်သူမျှ ထုတ်ပြန်ခြင်းမရှိ ။ သို့သော် ရန်ကုန်မြို့ အနှံ့ နောက်တစ်နေ့တွင် လက်ဖက်ရည်ဆိုင်များ၌ ပြောစရာသတင်းတစ်ခု ဖြစ်သွားခဲ့ရသည် ။


ထိုမတော်တဆမှုနှင့် ဆက်စပ်ပြီး တရားမဝင် ချဲထီရောင်းချသူများကို နှိပ်ကွပ်မှုများ စတင်ခဲ့သည် ။ ဦးစောလွင်နှင့် သူ့ဒိုင်များသည် ထိုအချိန်တွင် အိမ်တွင်းအောင်းနေကြသည်က များသည် ။ တစ်ဦးက အိမ်တစ်အိမ်တွင် ခိုနေလျှင် ကျန်လူများက ရန်ကုန်အနှံ့လှည့်ပြီး ငွေသိမ်းကြသည် ။ ရဲတပ်ဖွဲ့က ချဲရောင်းသူတစ်ဦး၏ အိမ်ကို သတင်းအရ ဝင်ရောက်စီးနင်းသည် ။ ထိုအရောင်းသည် ချဲ အမျိုးသမီးသည် ရေချိုးခန်းအတွင်းဝင်ပြီး စာအုပ်ကို ပြေးဝှက်သည် ။ သို့သော် နောက်ကျသွားပြီး ဖမ်းမိသွားသည် ။ သို့သော် သူမသည် ငွေကျပ်နှစ်သိန်း လာဘ်ထိုးလိုက်သောကြောင့် လွတ်သွားသည် ။ ချဲထီထွက်သည့်နေ့တွင် ဒိုင်နှင့်အတူ အခြားသူများသည် ရဲတွေ မထင်မှတ်သည့် တိုက်ခန်းတစ်ခန်းတွင် စုဝေးကြပြီး သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေကြသည်သာ ဖြစ်သည် ။


လူတွေက ထိတ်လန့်တကြား ဖြစ်နေသော်လည်း အလောင်းအစားကိုတော့ ဆက်လုပ်နေကြသည် ။ ချဲထီနံပါတ်လောင်းခြင်းကို ဖုန်းများနှင့် လုပ်ကိုင်ကြသည် ။ ဒိုင်တွေက တိုက်ခန်းတံခါးကို အပြင်က သော့တွေခတ်ပြီး အတွင်းတွင် လုပ်ကြသည် ။ ဝင်ရောက်စီးနင်းပြီဆိုလျှင်လည်း စာအုပ်တွေကို မီးရှို့ဖျက်ဆီးချိန် ရနိုင်သည် ။ တိုက်ခန်းထဲတွင် ရောက်နေကြသော လက်ခွဲအရောင်းဒိုင် အမျိုးသမီးနှစ်ဦးသည် မော်လမြိုင်က ဖြစ်သည် ။ သူတို့သည် အသက်လေးဆယ်ဝန်းကျင်များဖြစ်ကြပြီး လွန်ခဲ့သည့် နှစ်နှစ်လောက်ကတည်းက ချဲရောင်းလာခဲ့ကြသူများ ဖြစ်သည် ။ တစ်ဦးသည် ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ဟင်းသီးဟင်းရွက်ရောင်းသူ ဖြစ်သည် ။ သူတို့တွင် အရောင်းစာရေးသုံးဦး ရှိသေး သည်ဟု ဆိုသည် ။ သူတို့က အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးကို လွန်ခဲ့သည့် နှစ်လလောက်ကတည်းက စည်းရုံးပြီး ကျောင်းအားချိန်တွင် ချဲရောင်းခိုင်းထားသည် ။ ထိုအလုပ်သည် အန္တရာယ်များသော်လည်း အားမစိုက်ရဘဲ အကျိုးအမြတ်များသဖြင့် ရောင်းပေးသူတွေကလည်း စိတ်ဝင်စားကြသည် ။ တိုက်ခန်းသို့ ရောက်လာသောသူများသည် မော်လမြိုင် တွင် နေသည် ဆိုသော်လည်း ရန်ကုန် သို့ သာ အရောက်အပေါက် များကြသည် ။ လတစ်လ၏ ၂၉ ရက်တွင် ရောက်လာကြပြီး ၁၇ ရက်နေ့မှ ပြန်လေ့ရှိကြသည် ။ ထိုင်းချဲထီက တစ်လလျှင် နှစ်ကြိမ်ဖွင့်သည် ။ လတစ်လ၏ ၁ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် ဖြစ်သည် ။ မြန်မာနိုင်ငံတွင် တရားဝင်လောင်းကစားကြသော အစိုးရထီလည်းရှိသည် ။ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက ခေတ်စားလာသည့် ချဲထီစနစ်သည် ထိုင်းနိုင်ငံထက်ပင် မြန်မာနိုင်ငံတွင် ပိုပြီးအောင်မြင်သည်ဟုဆိုရမည် ။


မြန်မာနိုင်ငံတော်အစိုးရထီကို ၁၉၃၈ ခုနှစ် ကိုလိုနီခေတ်ကုန်ပိုင်းလောက်ကတည်းက ထီတစ်စောင်လျှင် နှစ်ကျပ်နှုန်းဖြင့် မပြောင်းလဲဘဲ ရောင်းချခဲ့ရာ နှစ်ပေါင်း ၅၀ ခန့် တည်မြဲခဲ့သည်ဟု ဆိုရမည် ။ ၁၉၈၈ နှစ် နောက်ပိုင်းမြန့်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်လည်း ကွယ်ပျောက်သွားပြီး စစ်တပ်က အာဏာသိမ်းလိုက်ကာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ကြသည် ။ ထီတစ်စောင်နှုန်းကိုလည်း ၂ ကျပ်မှ ၅ ကျပ်သို့ မြှင့်လိုက်ကြသည် ။ ထီကို လစဉ်တစ်လတစ်ကြိမ်ဖွင့်ပြီး ဆုကြေးကို ငါးသိန်းခန့် အထိ တိုးမြှင့်ခဲ့သည် ။ နောက်ပိုင်း ထီလက် မှတ်ရောင်းကြေးလည်းမြင့် ၊ ဆုကြေးကိုလည်း အဆင့်ဆင့် မြှင်တင်သွားခဲ့သည် ။ ၁၉၉၆ ခုနှစ်တွင် မြန်မာ့ထီစနစ်သည် အသွင်ပြောင်းလာသည်ဟု ဆိုရမည် ။ နှစ်လုံးထီ ဆိုပြီး ဖြစ်လာပြန်သည် ။ သိန်းဆုကြီးပေါက်ဂဏန်း၏ နောက်ဆုံး နှစ်လုံးကို ပေါက် မဲအဖြစ် သတ်မှတ်ပြီး ဆုပေးသည့်စနစ်ဖြစ်သည် ။ အစိုးရကိုယ်တိုင် နှစ်

လုံးထီကို လုပ်ဆောင်လာသည်ဟု ဆိုရမည် ။ အပုံတစ်ရာပုံ တစ်ပုံခန့်သာ  မျှော်လင့်ချက် ရှိနိုင်မည့်အခွင့်အရေးလည်း ဖြစ်သည် ။ ထိုနောက်ဆုံး နှစ်လုံးတိုက်သူသည် အဆ ၈၀ ရမည်ဖြစ်သည် ။


ထိုခေတ်က အစိုးရနှစ်လုံးထီသည် ခေတ်စားသွားသဖြင့် ဦးစောလွင်တို့ ခုနှစ်လခန့် အလုပ်မဖြစ်သည့်ဘဝသို့ ရောက်သွားခဲ့ရသေးသည် ။ တရားမဝင် ထိတ်လန့်စွာ လောင်းကစားနေရာမှ တရားဝင် ဗြောင်ကျကျ စိတ် ကြိုက်နှစ်လုံးကို လောင်းကစားခွင့်ရလာကြသည်ဟု ဆိုရမည် ။


နေ့လယ် ၂ နာရီ ထိုးပြီဖြစ်သည် ။ ချဲထီဖွင့်ချိန်လည်း နီးကပ်လာပြီ ။ ချဲအရောင်းသမားများသည် အရောင်းကို ပိတ်လိုက်ရန် ဆုံးဖြတ်လိုက်သည် ။ သူတို့ ကြိုတင်မျှော်မှန်းထားသည်ထက် လောင်းကြေးပမာဏ ပိုရခဲ့သည် ။ အချို့သော နံပါတ်များကို ဦးစောလွင် လက်ခံခိုင်းထားသည့် ပမာဏထက် ပိုရောင်းချထားခဲ့သည် ။ မော်လမြိုင်မှ သူ့သူငယ်ချင်းတစ်ဦးက ငွေပိုထိုးသည့်အတွက် လက်ခံရန် ဖုန်းဖြင့်သဘောတူထားသည် ။


နေ့လယ် ၂ နာရီခွဲတွင် အားလုံးအဆင်သင့် ဖြစ်နေကြပြီး စာအုပ်များကိုလည်း နံပါတ်အစဉ်အတိုင်း ချထားကြသည် ။ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန် ဖြစ်သည် ။ နောက်ဆုံးနံပါတ်ထွက်သွားမှ အရှိန်များ လျှော့သွားပေလိမ့်မည် ။ ချဲအရောင်းသမားအုပ်စုသည် တစ်ခုခု စားသောက်ရန်အတွက် တိုက်ခန်းအတွင်းမှ ထွက်သွားကြသည် ။ သူတို့ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်ရောက်လာကြသည် ။ ဆိုဖာများပေါ်တွင် လှဲလျောင်းရင်း ချဲအထွက်ကို စောင့်နေခြင်း ဖြစ်သည်။ နောက် ၁၅ မိနစ်အကြာတွင် ဖုန်းလာသည် ။ ထွက်သွားသည့် နံပါတ်မှာ ၀၀၅ ဖြစ်သည် ။ ဒိုင်စားဂဏန်းဖြစ်သည် ။ သူတို့အားလုံး စာအုပ်များ လှန်လှောပြီး ထိုနံပါတ်ကို ထိုးထားမထား ရှာကြသည် ။


၀၀၅ နံပါတ်နှင့် ပတ်သက်ပြီး ဝ၀၅ နံပါတ်ကို တည့်ထိုးထားလျှင် အဆ ၅၅၀ လျော်ရမည်ဖြစ်သည် ။ ထိုနံပါတ်ကို ထိုးထားသည့် ငွေပမာဏမှာ ၅၀ ကျပ်သာဖြစ်သည် ။ ထိုနံပါတ်နှင့် ဆက်စပ်ပြီး ဝ၅၀ သို့မဟုတ် ၅ဝဝ ပတ်ထားလျှင် အဆ ၁ဝဝ လျှော်ပေးရမည် ။ ထိုနံပါတ်များကို ထိုးထား  သူမရှိ ။ ၀၀၄ သို့မဟုတ် ဝဝ၆ နံပါတ်ထိုးထားသူများသည် ဘေးတိုက်အဖြစ် ၁ဝ ဆလျှော်ကြေး ငွေရမည်ဖြစ်ပြီး ထိုနံပါတ်များကို ထိုးထားသူ ၅ ဦး ရှိကာ ၇၀ဝ ကျပ်ဖိုး ထိုးထားသည် ။ နှစ်လုံးထီအဖြစ် ၀၅ ဟု ထိုးထားသူများကို ၁၅ ဆလျှော်ရမည်ဖြစ်ပြီး ၁၀ဝ ကျပ်ဖိုး လောင်းထားသည် ။


လူတိုင်း စိတ်ဝင်စားစွာ စောင့်စားနေသည့် အမြင့်ဆုံး အာရုံများသည် နံပါတ်ထွက်သွားပြီး နောက်လျှောကျပျောက်ကွယ်သွားကာ ရယ်ရွှင်ဖွယ်ရာများ ဖြစ်သွားခဲ့ရသည် ။ သူတို့ ရရှိလိုက်သည့်အကျိုးအမြတ်ကား အလွန်များပေလိမ့်မည် ။ အုပ်စုလိုက်ချက်ချင်း တွက်ချက် မှုများ ပြုလုပ်ကြသည် ။ လောင်းကြေးစုစုပေါင်း သုံးသိန်းကျော်ကျော် ရလိုက်သည် ။ သူတို့အားလုံး ဒိုင်အိမ်မှာပင် လုပ်ငန်းများ လက်စသတ်လိုက်ကြပြီးနောက် အလုပ်သမား သုံးယောက်သည် တယ်လီဖုန်းဖြင့် လောင်းထားသည့် လောင်းကြေးများကို ကောက်ခံရန် ထွက်သွားကြသည် ။ ထို့ပြင် ချဲပေါက်သော သူများကိုလည်း သူတို့ပဲလိုက်ပြီးအလျော်အစား လုပ်ပေးကြမည်ဖြစ်သည် ။ ဒိုင်ပြေးပြီဆိုသည့် ကောလာဟလတွေလည်း ထွက်လာသည် ။ ၀၀၅ နံပါတ်လောင်းကြေးများများအလျော်အစား လုပ်ရမည့် ဒိုင်များအနေဖြင့် ပြေးကောင်း ပြေးနိုင်ပေသည် ။


ချဲ့ဖွင့်ပြီး နှစ်ရက်အကြာတွင် မအေးကို ကျွန်တော် ပြန်တွေ့သည် ။ ချဲမဖွင့်မီက သူတို့အတိတ်တွေ နိမိတ်တွေကောက်ပြီး နံပါတ်တွေကို ဖော်ခဲ့သည် ။ သူထိုးသည့် နံပါတ်မှာ နှစ်ပေါက်တည်း ဖြစ်သည် ။ ၇၅၁ နှင့် ၇၆၁ တို့ဖြစ်သည် ။ ထိုနံပါတ်များသည် ဒိုင်ပြေးဘုန်းကြီးက သူ့မှတ်စုစာအုပ်တွင် ရေးပေးလိုက်သည့် နံပါတ်များဖြစ်သည် ။ မအေးက သူတို့ကို ဆရာတော်က ပေးသည့် နံပါတ်သည် ပေါက်ဂဏန်းဖြစ်ကြောင်း ။ သူ့ အ ‌ေနဖြင့် မဖော်ထုတ်နိုင်ခဲ့သောကြောင့် မပေါက်ခြင်းသာဖြစ်ကြောင်း ပြောသည် ။ ဆရာတော်က ပထမဂဏန်းနှစ်လုံးကို မျဉ်းသားပေးလိုက်ပြီးသားသည် ။ ဆရာတော် ရေးပေးလိုက်သည့် ဝိပသနာဆိုသည့်  စာလုံးမှာပင် ဝဝ၅ ဆိုသည့် အဖြေပါပြီးသွားကြောင်း ပြောကြသည် ။ ဝိ ဆိုသည့်စာလုံးကို သုညနှစ်လုံးဟု ကောက်နိုင်ကြောင်း ပဆိုသည်မှာ နေ့နံအရ ကောက်လျှင် ကြာသပတေးနံ ၅ ဖြစ်သည် ။  



  ◾ တင်ညွန့်


  📖  ဦးသန်းရွှေ၏ ယတြာများ


   


koaungnaingoo.blogspot.com


.

No comments:

Post a Comment