❝ အဆင်မတတ်လျင် ဆန်းလျက်နှင့်မလှ ❞
ပြင်ဆင်သည်မှာ လှပရန်အတွက်ဖြစ်၏ ။ သို့သော် အပြင်အဆင် တတ်ရန်လိုသည် ။ ပြင်တတ်လျှင် ရိုးရိုးကလေးနှင့် ယဉ်သည် ။ လွယ်လွယ်ကလေးနှင့် လှသည် ။ အပြင်အဆင် မတတ်လျှင် ငွေကုန်ကြေးကျ များချင်များမည် ။အဆန်းတကြယ်ဖြစ်မည် ။ သို့သော် ဆန်းတိုင်း လှသည်မဟုတ် ။
“ လှစေလိုလို့ သွားေချာင်တိုက် ရေစီးကမ်းပြလိုက် " ဆိုသည်မှာ လှချင်လွန်း၍ ကြိုးစားကာမှ မလှမပ ဖြစ်သည်ကို ပေါ်လွင်စေ၏ ။ ထိုက်သင့်ရုံ အံဝင်ခွင်ကျ စီမံဆောင်ရွက်တတ်မှ လှသည် ။ စေတနာလွန်၍ အကြိမ်ကြိမ် ပြင်လွန်းသောကြောင့် မူလအလှပင် ပျောက်ပျက်သွားတတ်၏ ။ ထို့ကြောင့် ရှေးလူကြီး သူမတို့က ပြင်ဖန်များသော် ဘုရား ရွှေကူ မျောက်နှင့် တူ ” ဟု မလွန်မကျွံအောင် ဆိုဆုံးမခဲ့ကြသည် ။
ထိုထက်ပို၍ ပေါ်လွင်ထင်ရှားအောင် ခပ်ကြမ်းကြမ်း ပြောသည်လည်း ရှိ၏ ။ “ ပြင်လွန်းလျှင် ဖင်ချွန်းသည် ” ဟူ၍ ။
ယခုကာလတွင် မိန်းကလေးများအတွက် အလှပြင်ဆိုင်များ ၊ အလှပြင်ပစ္စည်းကိရိယာများ အလှပြင်နည်း မျိုးစုံလင်လှ၏ ။ ထို့ကြောင့် လှချင်သောမိန်းကလေးကလေးများသည်ငွေကုန်ကြေးကျ ခံနိုင်သည်နှင့်အမျှ လှ သည် ထက် လှအောင် အပြိုင်အဆိုင် ကြိုးပမ်းကြသည် ။ခြေထောက် မှ အစ ခေါင်းအထိ အလှပြင်ကြသည် ။
အချို့ ခပ်ကဲကဲ မိန်းကလေးများဆိုလျှင် လက်သည်းရှည် သာမက ခြေသည်းရှည်ပါ ထားကြသည် ။ သွားရလာရ နှင့် တိုက် မိ ခိုက် မိပြီး ခြေသည်းလန်လျှင်အကျည်းတန်မည် ။ လက်သည်းခြေသည်း ဆိုးဆေးကလည်း အရောင် အမျိုးမျိုးဖြစ်၏ ။ ပန်းရောင် လိမ္မော်ရောင် နှင့် အနီ အညို သာမက အနက် ၊ အစိမ်း ၊ အပြာ အမျိုးမျိုး ဆိုးကြသည် ။ သဘာဝ ကျသည် မကျသည် သတိမပြု ၊ သူ့ ထက် ဆန်းအောင် ပြုကြသည် ။
ခေါင်းပိုင်းကို ကြည့်လျှင်လည်း ဆံပင် ညှပ် ၊ ဆံပင်ကောက် ၊ ဆံပင်ပုံသွင်းခြင်းကိုငွေကုန်ကြေးကျ များ စွာအကုန်ခံ၍ ပြုကြသည် ။ အချို့ ဆံပင်ပုံကလေးများမှာ သူ့အရွယ် ၊ သူ့မျက်နှာကလေးနှင့် လိုက်ဖက်၍ လှပါ၏ ။ ကြည့်၍ကောင်းပါ၏ ။ အချို့မှာတော့ ဆံပင်တစ်ခြား လူတခြားနှင့် စိတ်ပျက်စရာ ဖြစ်နေသည်များကိုလည်း တွေ့ရသည် ။
သတိထားသင့်ဆုံးမှာ မျက်နှာအလှပြင်ခြင်းဖြစ်၏ ။ အလှပြင်သည်မှာ အနုပညာ တစ်ရပ်ဖြစ်သည် ။ မိမိ၏ ပကတိအနေ
အထားမှ အလှရှုထောင့်ကလေးများကို မြင်တတ် ပြင်တတ်ရန် လိုသည် ။ ရွှေဖလားကို အနားကွပ် ဆိုသကဲ့သို့ပင် ကိုယ့် အလှကလေးများ ပေါ်လွင်အောင် ဖော်ဆောင်ပေးနိုင်လျှင် ပို၍ လှသည် ။ ပင်ကိုယ်ရှိနေသည့် အားနည်းချက် ချွတ်ယွင်းချက်ကလေးများကို ဖုံးနိုင် ဖိနိုင်လျှင် ကြည့်၍ ပိုကောင်းသည် ။
ထိုသို့ မဟုတ်ဘဲ လာသမျှ မျက်နှာကို ပုံေသအတတ်ပညာ သက်သက်ဖြင့် မိတ်ကပ်ဖို့ အနီဆိုး ၊ အပြာသုတ် ၊ လိမ္မော်ရောင်ခြယ် ၊ အနက်လိုင်းဆွဲ စသည်စသည် ပြုလျှင် အလှပြင်ဆိုင်က ထွက်လာသမျှမှာ ဆေးဆိုးပန်းရိုက် မျက်နှာများအဖြစ် တစ်ဆင်တည်း တစ်ပုံတည်း တူနေကြပေမည် ။
အချို့ မင်္ဂလာဆောင်များတွင် သတို့ သမီး ဖြစ်သူကို သိကျွမ်းသူများက ကြည့်ပြီး “ ဟယ် ... သူ့မျက်နှာလေးက ဒီလို မဟုတ်ပါဘူး ဖြူဖြူနုနုကလေးပါ ၊ ခုတော့ ဘယ်လိုကြီး ဖြစ်သွားမှန်း မသိဘူး ” “ ဟယ် ... သူ့မျက်နှာကြီး နီလွန်းနေတော့ ကြည့်ရတာ ဆိုးလိုက်တာ ” စသည်ဖြင့် တအံ့တဩ ဖြစ်ကြရသည် ။
မပြင်တာကလေးကမှ ပင်ကိုယ်လှနေသေးသည် ။ ငွေကုန်ကြေးကျခံ၍ ပြင်ကာမှအကျိုးယုတ်ရ၏ ။
ဤအဖြစ်မျိုးကို မြို့ကြီး ပြကြီးများတွင် လူတိုင်းလိုပင် မကြာခဏ တွေ့ကြုံကြရသည် ။ သို့သော် မပြင်လျှင် ခေတ်မမီဟု ထင်လေသည်လား မသိ ။ ပင်ကိုယ်အလှပျက်ခံ၍ ပြင်နေကြသည်မှာ အံ့ဩ စရာ ဖြစ်၏ ။ အချို့မိန်းကလေးများဆိုလျှင်အလွန်အမင်း ပြင်ဆင်ထားသည်မှာ ပုံပျက်ပန်းပျက်ပင် ဖြစ်နေတတ်ကြ၏ ။
“ လူမှာအဝတ် ၊ တောင်းမှာအကွပ် " ဆိုသကဲ့သို့ အဝတ်အဆင်သည် လူကို လှပစေပါ၏ ။ ထို့ ကြောင့် ထိုက်သင့်အားလျော်စွာ ဝတ်ရဆင်ရ ပြင်ရမည် ဖြစ်ပါ၏ ။ စိန် ၊ ရွှေ ၊ ကျောက် မျက် စသည့် လက်ဝတ်ရတနာ စသည်တို့ကိုလည်း လူ၏ အလှအပကို အထောက်အပံ့ကောင်း ဖြစ်စေရန်အတွက် ဝတ်ဆင်သည်သာ ဖြစ်၏ ။ သို့သော် အခါအားလျော်စွာ နေရာဌာနအား လျော်သင့်တန်ရုံ ဆင်ယင်တတ်မှ ကြည့်၍လှပါသည် ။ နေရာတိုင်းဝတ်ဆင်သင့်သည် မဟုတ် ၊ ရှိသမျှ ဆင်ယင်တိုင်း လှသည်မဟုတ် ။
လူနှင့် အဆင်တန်ဆာတွင် လူသည်အ ဓိက ၊ လူသည် ပထမ ဖြစ်ရမည် ။အဆင်တန်ဆာသည် လူ့တန်ဖိုး ၊ လူ အ လှ ကို ပံ့ပိုး ထောက်ကူရန်သာ ဖြစ်သည် ။ အဆင်တန်ဆာက လူ ထက်ပို၍ ကျော်လွန်မနေသင့်ပေ ။အဆင်တန်ဆာက လူထက် ပို၍ စိတ်ဝင်စားစရာအဖြစ်သို့ ရောက်မနေသင့်ပါ ။
အချို့ ရွှေပေါသူများသည် တစ်ကိုယ်လုံး ရွှေများ သီးပြွတ်နေအောင် ဝတ်ဆင်ကြသည် ။ ကြည့်သူက လူကို မမြင် ၊ “ ဟာ ရွှေတွေ ” ဟု အဆင်တန်ဆာကိုသာ မြင်သွားကြသည် ။ လူကို မဟုတ် ၊ ရွှေကို ဖြစ်သည် ။ ထိုနည်းတူပင် စိန်များ သီး
ညွတ်နေအောင် ဝတ်ဆင်ထားလျှင်လည်း လူကိုမမြင် ၊ စိန်ကိုသာ မြင်သွားကြသည် ။ လူနာသည် ။လူသည် အဆင်တန်ဆာ တို့ကို ပေါ်လွင်အောင် ထောက်ပံ့ကူညီရသော ချိတ်စရာ ။ ဆွဲစရာ အဖြစ်သို့ ရောက်သွားရသည် ။ အဆင်မတတ်လျှင် လူအလှ ယုတ်လျော့၍ လူတန်ဖိုး ကျဆင်းရသည် ။
ပန်းချီ အနုပညာရှင်များသည် အလှအပကို မြင်တတ်သူများဖြစ်သလို ၊ လှပအောင် ပြင်ဆင်တတ်သူများလည်းဖြစ်၏ ။ ပန်းချီဆရာတို့ အလှခြယ်ထားသည့် စာအုပ် မျက်နှာဖုံး ၊ မဂ္ဂဇင်းမျက်နှာဖုံးမှ မိန်းကလေးများ၏ ပုံကိုကြည့်ပါ ။ ဝတ်ဆင်ထားသည်မှာ ကွက်တိကျ၍ လိုအပ်ရုံမျှသာ ဖြစ်သည် ။ ထို့ကြောင့် လှသည် ။ ယဉ်သည် ။ ကြည့်၍ ကောင်းသည် ။
လူတိုင်းတွင် အလှကိုယ်စီ ရှိကြသည်သာ ဖြစ်ပါ၏ ။ပိန်သူ ဝသူ ၊ ဖြူသူ မည်းသူ ၊ရှည်သူ ၊ ပုသူ အသီးသီးတွင် သူ့ အလှနှင့်သူ ရှိကြပါ၏ ။ မိမိ၏ အချိုးအစား ၊ အမျိုးစားနှင့် လိုက်ဖက်အောင် ပြင်တတ်ဆင်တတ်ရန်သာ လိုသည် ။ အရွယ်နှင့်ပတ်သက်၍လည်း ငယ်သူမှာ နူပျိုသော အလှရှိသလို ကြီးမားသူမှာ ရင့်ကျက်သော အလှရှိသည် ။ ကိုယ့်အလှနှင့်ကိုယ် လှတတ်ရန် ၊ ကြည်နူး ကျေနပ်တတ်ရန် လိုသည် ။ အသက် ငါးဆယ်နီးကာမှ ( ၁၆ ) နှစ်အရွယ်မိန်းကလေး၏ အလှအပမျိုးကို ပြင်ဆင်မွမ်းမံထားလျှင် မလှရုံမက မြင်သူတိုင်းစိတ်ပျက်စရာ ဖြစ်လိမ့်မည် ။
အလှအပအတွက် ဟန်သည်လည်း အရေးကြီးသော အချက်ဖြစ်၏ ။ သွားဟန် ၊လာဟန် ၊ နေဟန် ၊ ထိုင်ဟန် ၊ စားဟန် ၊ သောက်ဟန် ၊ ရယ်ဟန် ၊ ပြုဟန် လှရန် လိုသည် ။ သွက်လက်သော ဟန် ၊ ရှက်တတ်သော ဟန် ကလေးများသည်လည်း အလှအပကို ဖြစ်စေ၏ ။ သိမ်မွေ့ခြင်းနှင့် ဣန္ဒြေသိက္ခာရှိခြင်းသည် ယဉ်သော အလှကို ဖြစ်စေ၏ ။ ထို့ကြောင့် “ စိန်ရွှေဆင်၍ မယဉ် ၊ ဣန္ဒြေဆင်မှ ယဉ်သည် ” ဟုဆိုကြသည် ။
လှချင်၍ အလှဆင်ကြရာတွင် အရေးကြီးဆုံး အချက် မှာ စိတ်ထားလှရန် ဖြစ်သည် ။ လူတို့သည် အပြင်ပန်း အဆင်
တန်ဆာအလှ၏ နောက်သို့ သာလိုက်နေကြ၍ စိတ်ထားအလှကို မေ့ နေကြသည် ။ စိတ်ထားလှသူ၏ မျက်နှာသည် ကြည်လင်သည် ။ အေးချမ်းသည် ။ နှစ်လိုဖွယ်ရှိသည် ။ ချစ်ခင်ဖွယ်ဖြစ်သည် ။
ဘတ် ( စ် ) ကားပေါ်တွင် အမျိုးသမီးကြီး နှစ်ယောက်ကို ယှဉ်၍ မြင်ရဖူးပါ၏ ။ တစ်ဦးမှာ ဖြူ ဖြူ သန့်သန့် ခန့်ခန့် ချောချော ဖြစ်သည် ။ အဝတ်အဆင် များလည်း အဖိုးထိုက် အဖိုးတန်များ ဖြစ်၍ ထည်ထည်ဝါဝါ ရှိပါ၏ ။ ရွှေဆွဲကြိုး ၊ရွှေလက်ကောက် ၊ ရွှေကိုင်းမျက် မှန်နှင့် ဖြစ်သည် ။ သူနှင့်အတူ အိမ်ဖော်ဖြစ်ဟန်တူသော မိန်းကလေးတစ်ယောက် ပါ၏ ။
ခြင်းတစ်ဖက် ၊ အိတ်တစ်ဖက် မနိုင်မနင်း ဆွဲထားရသည် ။ အဒေါ်ကြီး၏ လက်တွင် ဘာမျှမပါသော်လည်း မိန်းကလေး
ထံမှ ကူ၍ မယူပါ ။ ကားဘရိတ် အုပ်လိုက်သောအခါ လက်နှစ်ဖက်စလုံး မအားသော မိန်းကလေးက အဒေါ်ကြီးကို တိုးမိသည် ။ “ ဟဲ့ ဘယ်လိုဖြစ်တာလဲ ” ဟု မိန်းကလေးကို ေငါက်သည် ။
ထိုင်နေသော ခပ်ပိန်ပိန် အသားမည်းမည်း အဒေါ်ကြီးက “ ကလေး ပေး ပေး “ ဟု မိန်းကလေး၏ လက် မှ ပစ္စည်းများကို ကူယူပေးရန် ပြောသည် ။ မိန်းကလေးက လှမ်းပေးသည် ။
“ ဟဲ့ မပေးနဲ့ ၊ ကိုယ့်ဘာသာကိုင်ထား “
ရွှေကိုင်းမျက် မှန်နှင့် အဒေါ်ကြီး၏ လေသံက မာသည် ။ မိန်းကလေးသည် ပစ္စည်းများကို မနိုင်မနင်း ယူထားရရှာသည် ။
ကလေးချီလျက် သားသည် မိခင် တစ်ယောက် တက် လာသည် ။ စောစောက အသားမည်းမည်းအဒေါ်ကြီးသည်-
“ ဟဲ့ ကလေးမ ၊ လာလာ ဒီမှာထိုင် ” ဟု သူ့ နေရာကို ဖယ်ပေးသည် ။
သို့သော် ရွှေကိုင်းမျက် မှန်နှင့် အဒေါ်ကြီးက အလျင်အမြန် လု၍ ထိုင်လိုက်၏ ။
“ ဪ - ကျွန်မက ဟိုကလေးမလေးကို ဖယ်ပေးတာပါ “
အသားမည်းမည်း အဒေါ်ကြီးက ပြောသည် ။
“ ဪ - ဒါ ကားပေါ်ပဲ ၊ ဘယ်သူပိုင်တဲ့ နေရာမှ မဟုတ်ဘူး ၊ ဖယ်ပေးရင် ထိုင်မှာပဲ ”
တစ်ကားလုံးမှ မျက်လုံးများသည် ထိုအဒေါ်ကြီးကို စက်ဆုပ်ရွံမုန်းစွာ ဝိုင်းကြည့်နေကြသည် ။ အဒေါ်ကြီးကတော့ “ ဘယ်သူ့မှ ဂရုမစိုက်ဘူး ” ဟူသော သဘောဖြင့်မျက်နှာပြောင်တိုက်၍ တင်းမာထားသည် ။
လှအောင်ပအောင် ဝတ်စားပြင်ဆင်ထားသမျှ အားလုံး အလဟသ ဖြစ်ကုန်၏ ။ လောဘ ၊ ဒေါသ ၊ မာန်မာနတို့ဖြင့် ထိုမိန်းမကြီး၏ မျက်နှာမှာ ပူနေသည် ။ လောင် နေ သည် ။ အကျည်းတန်လှသည် ။ အားလုံး၏ အမြင်မှာ မတင့်မတယ် ။ မဖွယ်မရာ ဖြစ်နေသည် ။
ထိုမိန်းမကြီးနှင့် ယှဉ်ပြီး စိတ်ထားလှသော အဒေါ်ကြီး ၏ မျက်နှာကို လှမ်းကြည့်လိုက်သည် ။ ထိုမိန်းမကြီးမှာ ပိန်ပိန်မည်းမည်းနှင့် ရုပ်မလှပါ ။ ဝတ်ဆင်ထားသည်တို့မှာလည်း အဖိုးထိုက်အဖိုးတန်များမဟုတ်ပါ ။ ရိုးရိုးပင် ဖြစ်ပါ၏ ။ သို့သော် သူ့မျက်နှာသည် ကြည်လင်အေးချမ်းသည် ။ နှစ်လိုဖွယ် ချစ်ခင်ဖွယ် ဖြစ်သည် ။ စိတ်ထားလှ၍ လှပခြင်းဖြစ်ပါ၏ ။
လူတိုင်း လှချင်ကြသည် ။ လှအောင်လည်း ကြိုးစားကြပါသည် ။ ထို့ကြောင့် ထိုက် သင့် အားလျော် စွာ ဝတ်ရ ၊ ဆင်ရ ၊ ပြုပြုပြင်ပြင် နေကြရပါသည် ။ သို့သော် ပြင်တိုင်း လှသည်မဟုတ်ပါ ။ အဆန်းထွင်တိုင်း လှသည် မဟုတ်ပါ ။ ငွေကုန်ကြေးကျခံတိုင်း လှသည်မဟုတ်ပါ ။ပြင်တတ်ဆင်တတ်လျှင် ရိုးရိုးကလေးနှင့်ယဉ်ပါသည် ။ ငွေကုန်ကြေးကျ မများ
ဘဲ လှပါသည် ။
အလှဆင်ရာတွင် စိတ်ထားအလှသည် အရေးကြီးဆုံးဖြစ်ပါသည် ။
အဆင်တတ်၍ လှကြပါစေ ။
စိတ်ထားလှ၍ လှကြပါစေ ။
✒️ လယ်တွင်းသား စောချစ်
📖 စကားပုံမှပေးသော အတွေးအမြင်
koaungnaingoo.blogspot.com
.
No comments:
Post a Comment