❝ ချမ်းသာခြင်း နှင့် ကြွယ်ဝသောနှလုံးသား ❞
ကြွယ်ဝသော နှလုံးသားမရှိလျှင် ဥစ္စာဓန ချမ်းသာခြင်းသည် အကျည်းတန်သော လောဘဇောဖြစ်၏ ။
ကြွယ်ဝသော နှလုံးသားရှိခြင်းဆိုသည်မှာ စိတ်ကောင်း စေတနာကောင်း ရှိခြင်းဖြစ်သည် ။ ဉာဏ်ပညာရှိခြင်း ၊ ညီညွတ် မျှတသော စိတ်ထားရှိခြင်း ၊ စိတ်သဘောထားကြီးမြတ်ခြင်း ဖြစ်သည် ။
ကြွယ်ဝသော နှလုံးသားရှိသူသည် ပစ္စည်းဥစ္စာတို့ကို ရအောင်ရှာဖွေ၍ ရလာသော ဥစ္စာဓနတို့ကို ဘဝနေထိုင်ရေးမှာ ကောင်းစွာ အသုံးချသည် ။ စားသင့်သည်ကို စားသည် ။ စုသင့်သည်ကို စုသည် ။ ထပ်မံရင်းနှီး မြှုပ်နှံသည် ။ သုံးသင့်သည်ကို သုံးသည် ။ ပေးသင့်သည်ကို ပေးသည် ။ လှူသင့်သည်ကို လှူသည် ။ ဥစ္စာဓနချမ်းသာသည်နှင့်အညီ တင့်တင့်တယ်တယ် ရှိသည် ။ ဂုဏ်ကျက်သရေပြည့်စုံသည် ။
ကြွယ်ဝသော နှလုံးသားမရှိလျှင် မိမိရှာဖွေ၍ ရသော ဥစ္စာဓနကို ကိုယ်တိုင်လည်း မစားရက် ၊ မသုံးရက် ။ ပေးသင့်သည်ကိုလည်း မပေးရက် ၊ လှူသင့်ပါလျက် မလှူရက် ။ ငွေထုပ်ပိုက်ပြီး ငွေထုပ်ကြီးသည်ထက် ကြီးလိုသည် ။ ရသည်ထက် ပိုရလိုသောလောဘဇော ဖြစ်နေသည် ။ ဥစ္စာဓန ချမ်းသာသော်လည်း တင့်တင့်တယ်တယ် မနေနိုင် ။ မပေးနိုင် ။ မလှူရက် မို့ ဂုဏ်ကျက်သရေပြည့်စုံခြင်းလည်း မရှိ ။ ဥစ္စာမာန် ၊ ဥစ္စာဇောနှင့် ဥစ္စာေလာဘတက်ပြီး အကျည်းတန်နေသည် ။
ဘုရားရှင် လက်ထက်တော်က မစ္ဆရိယ ကောသိယ သူဌေးကြီးသည် ကုဋေရှစ်ဆယ် ကြွယ်ဝပါလျက် မပေးရက် ၊ မကမ်းရက် ၊ မိမိကိုယ်တိုင်ပင် မစားရက် ၊ မသောက်ရက် နှမြောတွန့်တိုလျက်ရှိသည် ။
တစ်နေ့တွင် သူဌေးကြီးသည် ဘုရင့်ထံ ခစားရာမှ အပြန်တွင် ကျေးရွာသားတို့ မုန့်အိုးကင်းကပ်လုပ်စားသည်ကို တွေ့မြင်ရ၍ စားချင်သောဆန္ဒ ပြင်းပြစွာဖြစ်ခဲ့ရသည် ။ သို့သော် မိမိက စားချင်သည်ပြော၍ မုန့်လုပ်လျှင် ဇနီးနှင့်တကွ မိသားစုပါစားကြလျှင် အကုန်အကျများမည်ကို စိုးရိမ်သည် ။ ထို့ကြောင့် ဘာမျှမပြောဘဲ မျိုသိပ်သည်းခံနေရသည် ။ သို့သော် စားချင်စိတ်က မေ့၍မရ ။ ဖျောက်၍ မပျောက် ။ မုန့်အိုးကင်းကပ်ကို မြင်ယောင်ပြီး စိတ်ဆင်းရဲစွာ ငေးမောတွေးတောနေရသည် ။
သူဌေးကြီး အမူအရာပျက်ယွင်းနေသည်ကိုမြင်သော သူဌေးကတော်က အကြောင်းကိုမေးမြန်းရာ နောက်ဆုံးတွင် မတတ်သာမှ မုန့်အိုးကင်းကပ်စားလို၍ ဖြစ်ကြောင်း ၊ အများအပြားလုပ်လျှင် အကုန်အကျများမည်စိုး၍ မျိုသိပ်နေရကြောင်း ပြောကြားသည် ။
သူဌေးကြီး၏ အကြောင်းကိုသိသော သူဌေးကတော်က မည်သူ့ကိုမျှ မကျွေးရအောင် သူဌေးကြီးတစ်ယောက်စာအတွက် ဘုံခုနစ်ဆင့်မှာ တက်၍ မုန့်အိုးကင်းကပ်လုပ်ပေးရသည် ။ မည်သူမျှတက် မလာနိုင်အောင် ဘုံခုနစ်ဆင့် တံခါးများကို ပိတ်ထားရသည် ။
ကုဋေရှစ်ဆယ် ချမ်းသာသော်လည်း ကြွယ်ဝသော နှလုံးသားမရှိ၍ ကျေးရွာသား ဆင်းရဲသားတို့လောက် မျှ လွတ်လပ်ပျော်ရွှင်စွာ စားသောက်နိုင်ခွင့်မရဖြစ်သည် ။အကျည်းတန်သော လောဘဇောဖြစ်၏ ။
ကျွန်တော်နှင့် ရပ်ကွက်တစ်ခုတည်းမှာ အတူနေခဲ့ဖူးသော အဒေါ်ကြီးတစ်ယောက်သည် ကုန်စုံဆိုင်ကြီးကို ပိုင်ဆိုင်၍ ချမ်းသာကြွယ်ဝသူဖြစ်၏ ။ သို့သော် အလွန်ကပ်စေးနှဲသည် ။ မည်သူ့ကိုမျှ မပေးရက် ၊ မကျွေးရက် ။ လှူဒါန်းခြင်းလည်းမရှိ ။ ဈေးဝယ်သူများ အပေါ်မှာလည်း အလွန် တွန့်ကိုသည် ။ သူ့ဆိုင်မှာကူရောင်းသော တူ ၊ တူမများကိုလည်း ယူနိုးနိုး ၊ ခိုးနိုးနိုးနှင့် စိတ်မချ ။ သူ့ဝမ်းကိုပင် သူ မသထာ ။ တူ ၊ တူမများကို ကျွေးရသည်လည်း မသထာ ။ တူ ၊ တူမများ သူ့ကို စွန့်ခွာသွားကြသည် ။ အကူအငှားထားလျှင်လည်း မယုံကြည် ၊ စိတ်မချ ။ နောက်ဆုံးမှာ အထီးကျန် အဖြစ်နှင့် သေဆုံးသွားရသည် ။ ရွှေနှင့်ငွေများစွာကျန်ရစ်သည် ။ သူ့ကို ရပ်ကွက်ထဲက ကြွေကန်စေ့သူဌေးမကြီးဟု ခေါ်ကြသည် ။ သူ ချမ်းသာသော ငွေများမှာ ကလေးများကစားရာတွင် ကြွေကန်စေ့ကို ငွေ အဖြစ်အသုံးပြုသည်နှင့် တူသည် ။ သူ့ငွေများသည် သူ့လက်ထဲမှာ အသုံးမဝင် တန်ဖိုးမရှိသော ကြွေကန်စေ့များသာ ဖြစ်ကြသည် ။
သူ ကွယ်လွန်သောအခါ သူ၏ အိမ် ၊ ဆိုင်နှင့်တကွ ရွှေငွေများမှာ သူ မကျွေးချင် ၊ မပေးချင်သော တူ ၊ တူမများလက်သို့ပင် ရောက်သွားသည် ။
ထိုနည်းတူပင် ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ယောက်က သူ၏ အဒေါ်အကြောင်း ပြောပြသည် ။ သူ့အဒေါ်သည် မိဘအစဉ်အဆက်ကပင် ချမ်းသာခဲ့၏ ။ သူ၏ ခင်ပွန်းကလည်း ခရိုင်ရာဇဝတ်တရားသူကြီးဖြစ်သည် ။ များစွာပင် စုမိဆောင်းမိသည် ။ ရွှေမဟုတ် ၊ ငွေမဟုတ် ၊ စိန်ဝါသနာပါသူဖြစ်၍ စိန်များစွာ စုခဲ့သည် ။
အိမ်ကြီး အိုဟောင်းနေသည်ကိုလည်း မပြင် ၊ မော်တော် ကားလည်း ဝယ်မစီး ၊ စိန်များကို မထိရက် ၊ မတို့ရက် မက် မောစွာ သိမ်းဆည်းထားသည် ။ မကျန်းမာ၍ ငွေလိုသည်ပင် စိန်တို့ကို မထုခွဲရက် ။ အသက်ကို အသေခံသည် ။
သူကွယ်လွန်သောအခါကျမှ မီးခံသေတ္တာထဲမှာ စိန် များစွာထွက်လာသည် ။ သူ၏ စိန်များမှာ သူ့အတွက် ဘာမျှ အသုံးတန်ဖိုး မရှိခဲ့ပါ ။ ပုလင်းကွဲများပင် ဖြစ်ပါသည် ။
ထိုစိန်များကို တန်ဖိုးဖြတ်သောအခါ သိန်းပေါင်းထောင်ပေါင်းများစွာ တန်နေပေသည် ။ သို့သော် ကောင်းမွန်ပျော်ရွှင်စွာ တင့်တင့်တယ်တယ် နေထိုင်မသွားနိုင်ခဲ့ပါ ။ သူသည် စိန်ဆိုသောဥစ္စာများကို မ က် မောသော လောဘဇောကြောင့် စိတ်ထားမူမမှန် ဖြစ်သွားလေသလား ဟုပင် သနားစရာ ဖြစ်ရသည် ။
ကြွယ်ဝသော နှလုံးသားရှိမှ ဥစ္စာဓနချမ်းသာခြင်းသည်ကောင်းကျိုး မင်္ဂလာ အဖြာဖြာနှင့် တင့်တယ်၏ ။
ကြွယ်ဝသောနှလုံးသားမရှိလျှင် ဥစ္စာဓန ချမ်းသာသော်လည်း ကောင်းကျိုးချမ်းသာ မခံစားရ ။ တင့်တယ်ခြင်းမရှိ ။ အကျည်းတန်သော လောဘဇောသာ ဖြစ်နေ၏ ။
ဥစ္စာဓန ချမ်းသာအောင် ရှာဖွေရမည် ။ ချမ်းသာလျှင်လည်း ဥစ္စာဓနကို ကောင်းကျိုးရှိစွာ အသုံးချတတ်သည့် ကြွယ်ဝသော နှလုံးသား ရှိရမည် ။
◾ လယ်တွင်းသား စောချစ်
📖 ဘဝလမ်းညွှန် စကားမွန်
https://koaungnaingoo.blogspot.com
.
No comments:
Post a Comment