Saturday, January 23, 2021

သူတို့အလွမ်း ကျွန်တော်တို့အလှ


 

❝ သူတို့အလွမ်း ကျွန်တော်တို့အလှ ❞

“ နှုတ်ချို သျှိုတပါး ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ရေးခဲ့ဖူးပါသည် ။ အသံရော အနက်ပါ ချိုမြသည့် ကဗျာများကို ဖတ်ရသည့်အခါ ချိုမြလှသောကြောင့် နှုတ်တွင်စွဲလွယ်ပါသည် ။ ထိုကဲ့သို့ နှုတ်တွင် စွဲလာသောကဗျာတို့ကို မကြာခဏ အမှတ်မထင် ရွတ်ဆိုမြည်တမ်းမိသောကြောင့် စာဆိုနှင့် ပို၍
ရင်းနှီးလာသကဲ့သို့ ရှိရတတ်ပါသည် ။ ဤသို့ဖြင့် ယခင်က မရခဲ့သော အတွေး ၊ယခင်က မပေါ်ခဲ့ဖူးသော ခံစားမှုများကို ရလာတတ်သည် ။ စာဆို၏ ဝေဒနာကို ပိုမိုဝေမျှ၍ ခံစားမိလာတတ်သည် ။ ထို့ကြောင့် အသံချိုမြခြင်းသည် ကဗျာကောင်းတို့၏  ဂုဏ်တစ်ပါးဟူသော အဓိပ္ပာယ်ဖြင့် ထိုဆောင်းပါးကို ရေးခဲ့ပါသည် ။

ကျွန်တော်တို့ ဥပစာတန်းအောင်ပြီး၍ ဝိဇ္ဇာ ပထမနှစ် ( ယခု ဝိဇ္ဇာ တတိယနှစ် ) သို့ တက်ရသောအခါ ရှင်မဟာရဋ္ဌသာရ၏ ကဗျာများလေ့လာခဲ့ရပါသည် ။ ထိုစဉ်ကတည်းကပင် “ ပုရေနိသင် " ချီ ကဗျာကို နှစ်သက်စွဲလမ်းခဲ့မိပါသည် ။ ထိုကဗျာ၏ အပိုင်းအစတို့မှာလည်း ကျွန်တော့်နှုတ်တွင် စွဲခဲ့ပါသည် ။

ယခုတဖန် တက္ကသိုလ် ဒုတိယနှစ်တွင် ပြဋ္ဌာန်းသောကြောင့် ထိုကဗျာကိုတွေ့ပြန်၍ ဖတ်မိရွတ်မိပြန်ပါသည် ။ ထိုသို့ ရွတ်ရင်း ဖတ်ရင်း ရလာသောကျွန်တော်၏ အသစ်အသစ်သော ခံစားမှုလေးများကို တင်ပြလို၍ ဤဆောင်းပါးကို ရေးမိပါသည် ။

➲  ဆရာမိဘ ၊ ကွပ်ဆုံးမလည်း

ပုရေနိသင် ၊ ဆက်တိုင်းကြင်၍ ၊အိမ်ရှင်အစစ် ၊ ငယ်ကျွမ်းချစ်နှင့် ၊ထပ်ရစ်လက်သင် ၊ ထုံးစတွင်၌ ၊
သွေးငင်ကြမ္မာ ၊ ဝါသနာကြောင့် ၊ ဆရာမိဘ ၊ကွပ်ဆုံးမလည်း ၊ ချစ်စထုံးနှောင် ၊ ပျော်ရအောင်ဟု ၊
သန်းခေါင်မဟူ ၊ အတူယှဉ်နွှဲ ၊ သန်းလွဲမခန့် ၊ အသက်စွန့်၍ ၊ ဝေးဓွန့်ခရီး ၊ ချုံကြီးတောစုံ ၊ ဝါးရုံဝါးထွေး ၊ သစ်ကျားဘေးကို ၊ မတွေးဆံဖျား ၊ မလေးစားတည့် ။

ဤအပိုင်းတွင် ' ဆရာမိဘ ၊ ကွပ်ဆုံးမလည်း ' ဟူသော စကားကို ကျွန်တော်စိတ်ဝင်စားမိပါသည် ။ ဆရာမိဘတို့၏ ဆုံးမခြင်းမှာ သာမန်အားဖြင့် နှစ်မျိုးရှိနိုင်ပါသည် ။ မပြုသင့် မပြုထိုက်သည့် သဘောကို သိသာအောင် ယေဘုယျဆုံးမနည်းမျိုး နှင့်တစ်စုံတစ်ခုဖြစ်သော အပြစ်ကို ပြုမူနေ၍ တားမြစ်ဆုံးမနည်းမျိုး ဖြစ်ပါသည် ။ ရှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက် မှာ အသက် ၁၆ - ၁၇ သို့တိုင်အောင်လူဝတ်ကြောင်ဘဝဖြင့်သာ
နေခဲ့သည် ။ ငယ်စဉ်ကပင် “ ဝဏ္ဏပဘာ " ဟု သူ ခေါ် တမ်းခဲ့သော လုံမငယ်နှင့် ရင်းနှီးချစ်ကြင်ခဲ့သည် ။ ဆံထုံးကလေးကို “ လက်သင်ထုံး " စကပင် ချစ်ခင်ခဲ့ရသောကြောင့် တွယ်တာမှုလည်း ကြီးမားခဲ့သည် ။

စာတော်သော ဉာဏ်ထက်သော တပည့်ဖြစ်၍ ဆရာတော်ကလည်း ရဟန်းဘောင်သို့ ဝင်စေချင်လိမ့်မည် ။ မိဘများကလည်း ထိုအဖြစ်ကို လိုလားလိမ့်မည် ။ မောင်မောက်ကလည်းရဟန်းဘောင်သို့ ဝင်ရန် စိတ်ကူးမရှိသောကြောင့် သာမဏေပင် မပြုဘဲ လူဝတ်ကြောင်နှင့်နေသည် ။ ထို့ကြောင့် ဆရာများ ၊ မိဘများက လုံမငယ်နှင့် ချစ်ရေးအတွက် ဆုံးမတားမြစ်ကြသည် ။

သို့သော် မောင်မောက်ကမူကား ချစ်သူရှိရာသို့အန္တရာယ်ကိုမှ ဂရုမပြုဘဲ သွားမြဲ သွားနေပါလိမ့်မည် ။

ချစ်ရဲသည် ၊ စွန့်ရဲသည် ၊

ဤသို့လျှင် သဘောထားခဲ့သည် ။

➲  ကြေးရွှေဂဟေ ၊ မစပ်ချေသို့

ယခုသော်ကား ပဉ္စင်းဘဝသို့ ရောက်ခဲ့ပြီ ။ ဘုရားမြတ်ရှင်၏ အဆုံးအမဖြစ်သော ကျမ်းဓမ္မက္ခန်ကိုလည်း သင်ယူတတ်ပွန်ရပေပြီ ။ ပြန်၍စဉ်းစားလိုက်သောအခါ မိမိ၏ ငယ်မူငယ်ရာတို့ကို သံဝေဂပင် ယူမိသည် ။

တရားသံဝေ ၊ အောက် မေ့ချေသော် ၊ ကြေးရွှေဂဟေ ၊ မစပ်ချေသို့ ၊ စာပေတတ်ပွန် ၊ ဓမ္မက္ခန်နှင့် ၊ ကျမ်းဂန်သိမြောက် ၊ ပဉ္စင်းရောက်က ၊ ထပ်လှောက်ခြင်ဘွယ် ၊ ရှေးသောနှယ်ကိုး ၊ အဘယ်ကြိုးရှာပေတော့မည် ။

ပဉ္စင်းပျို ရှင်မဟာရဋ္ဌသာရ၏ ဘဝအသိဘဝအမြင် ပြောင်းခဲ့ပါလေပြီ ။ ဝဏ္ဏပဘာနှင့် သူ၏ဘဝသည် ကြေးနှင့်ရွှေ ကဲ့သို့ ကွာခြားခဲ့လေပြီ ။ ဂဟေစပ်၍ မရစကောင်းပြီ ။ ထို့ကြောင့် ရှေးကကဲ့သို့ ချစ်ခင်ကြင်နာကြရန် မဖြစ်နိုင်ကြလေပြီ ။

➲ မူလသိက္ခာ ၊ ဆုံးမစာနှင့်

လူ့မြေတိတွင် ၊ ဘက် မမြင်သား ၊ သန့်စင်ငယ်က ၊ လက်တော်လှနှင့် ၊ ချိန်းချစေ့ရေ ၊ မှာစာခွေကို ၊ စသေလိပ်ပြီး ၊ ခင်နှီးကွက်ကျယ် ၊ ပြောက် မျိုးခြယ်၍ ၊ ဆင်စွယ်ဝန်းယှက် ၊ မွေးမယ်ရက်သည် ၊ အသက်တို့က ၊ ဆက်လာရသား ၊ မူလသိက္ခာ ၊ ဆုံးမစာနှင့် ၊ ငါးဖြာဝိနည်း ၊စောင့်စည်းပညတ် ၊ အပ်တိတသွား ၊ တဆံဖျားမျှ ၊ မမှားအာရုံ

ရှေးခေတ်က စာကို ထန်းဖူး ၊ ပေဖူးတို့တွင် ရေးကြရသည် ။ ထို ထန်းရွက် ၊ ပေရွက်ကို လိပ်ခွေပြီး ပေးကြရသည် ။ ချစ်သူက မည်သည့်အချိန် လာပါမည့်အကြောင်း စေ့စပ်တိကျစွာ ရေးပြီး မှာစာပါးခဲ့ဖူးသည် ။ ထိုသို့ ငယ်စဉ်က ပေးခဲ့သည့် သေသပ်ကျနစွာ လိပ်ခွေထားသော ပေရွက်ငယ်ကို ပြန်လည် ကြည့်ရှုမိဟန်လည်း ရှိပါမည် ။

ထိုမျှမက ချစ်သူကိုယ်တိုင်ရက်လုပ်၍ ပေးခဲ့သော ခင်းနှီး ( ယခုအခေါ်နေရာထိုင် ) ကလေးကိုလည်း မြင်မိရှာပါလိမ့်မည် ။ ပြန်လည်သတိရမိပါ၏ ။ တမ်းတမိပါ၏ ။

ဝဏ္ဏပဘာအပေါ် သစ္စာရှိပါ၏ ။ သို့သော် ဘုရားရှင်၏ ဝိနည်းတော်ကို ပို၍ သစ္စာကြီးရပါတော့မည် ။

ရဟန်းတော်တို့အဖို့ ဝိနည်းသင်အံလေ့ကျင့်မှုအစဉ်မှာ ဤသို့ဖြစ်ပါသည် ။

ပထမဦးစွာ ဘိက္ခုပါတိမောက် ( ရဟန်း ယောက်ျား ကျင့်ဝတ် ) ဘိက္ခုနီပါတိမောက် ( ရဟန်း မိန်းမ ကျင့်ဝတ် ) တို့ကို သင်အံရပါသည် ။ ယင်း ကျမ်းနှစ်ဆူမှာ ဝိနည်းနှစ်ကျမ်းလာ ဥပဒေသက်သက် များကိုသာ ထုတ်နှုတ်စီရင်သောကြောင့် ဒွေးမာတိကာ ဟုလည်း ခေါ်ကြသည် ။ ( ယခုခေတ်တွင် ပါတိမောက် အဖြူ အနီ ဟုလည်း ခေါ်ကြပါသည် ။ )

ပါတိမောက်ပြီးလျှင် ခုဒ္ဒသိက္ခာနှ င့် မူလသိက္ခာကို တဆင့်တက်ပြီး လေ့ကျင့်ရသည် ။ ပြီးလျှင် ကင်္ခါကို တက်ကြရသည် ။ ထိုခုဒ္ဒသိက္ခာ ၊ မူလသိက္ခာ နှင့် ကင်္ခါတို့ကို “ ခါ ၊ သုံးခါ ” ဟု ရဟန်းတော်များ ပြောလေ့ရှိကြပါသည် ။

ပါတိမောက်တွင်ပါသော ဥပဒေတော်အကျဉ်းကို ခုဒ္ဓသိက္ခာတွင် ထပ်ပြီးအသေးစိတ် ရှင်းပြပါသည် ။ တဖန် မူလသိက္ခာတွင် တဆင့်တိုး၍ အချို့အပိုင်းများကို အသေးစိတ်ရှင်းဖွင့် ပြန်ပါသည် ။

ထို့နောက်တွင်ကား ပါရာဇိကဏ် ၊ ပါစိတ် ၊ မဟာဝါ ၊ စူဠဝါ ၊ ပရိဝ ဟူသော ဝိနည်းကျမ်း ငါးကျမ်းကို သင်ယူရသည် ။

ထိုကျမ်းများတွင်ကား ဝိနည်းဥပဒေတို့ကိုသမိုင်းကြောင်းပါ အသေးစိတ် လေ့လာကြရသည် ။

ရှင်ရဋ္ဌသာရအဖို့ ပါတိမောက်လည်း ပြီးခဲ့ပြီ ။ မူလသိက္ခာလည်း ပေါက်ခဲ့ပြီ ။ ဝိနည်းငါးကျမ်းသို့လည်း ရောက်ခဲ့ပြီ ။

➲ အသက်တို့က ၊ ဆက်လှာရသား

အထက်တွင်ဆိုခဲ့သော ဘိက္ခုပါတိမောက် ၊ ဘိက္ခုနီပါတိမောက် ၊ ခုဒ္ဒသိက္ခာနှင့် မူလသိက္ခာတို့ကို ဝိနည်းငယ်လေးစောင် ခေါ်လေ့ရှိကြပါသည် ။ ထိုဝိနည်းငယ်တို့ကို ယခုခေတ်တွင်အလွယ်တကူ ဝယ်ယူ၍ ကိုယ်ပိုင် ရနိုင်သော်လည်း ပေရွက်တွင် စာမူကူးရသည့် ထိုခေတ်ကမူကား မလွယ်ကူလှပါ ။

ထို့ကြောင့် ဓမ္မဒါနပြုလိုသူများက ကျောင်းစာရေးများထံ ငွေစကြေးစ ပေး၍ အကူးခိုင်းကြရပါသည် ။ ပြီးမှ ထိုပေစာထုပ်ကို ရေစက်ချ လှူဒါန်းကြပါသည် ။

ကျွန်တော် စိတ်ဝင်စားမိသည်မှာ “ အသက်တို့က ဆက်လှာရသား ” ဟု စကားပင် ဖြစ်ပါသည် ။ “ အသက်တို့က ဆိုသည်မှာ အသက်ကို ငါတို့က ဆက်ရသည် ။ တနည်းအားဖြင့် အသက်ကို ပေးဆက် ဝိနည်းတော်ကို လိုက်နာရသည်ဟု ဆိုလိုသလော ၊ ဤသို့ဆိုလျှင် “ လှာ ” ဟူသော စကားသည် သင့်လှမည်  မဟုတ်ဟု ထင်ပါသည် ။ တပါးသူက ဆက်မှသာ ‘' လှာ " သုံးသင့်လေ သလောဟု ထင်ပါသည် ။ သို့မဟုတ် မြင့်မြတ်သော ရဟန်းစဉ် ဆက်တွင် အသက်ကိုပေးဆက် စောင့်စည်းခဲ့ရသော ဝိနည်းတော်ဟု ဆိုလိုသလောဟုလည်း စဉ်းစားဖွယ်ရှိပါသည် ။

သို့သော် ...

အသက်သဖွယ်မြတ်နိုးစွာသော ဝဏ္ဏပဘာက ပေးဆက်လှူဒါန်းခဲ့သော ဓမ္မဒါနကော မဖြစ်နိုင်ပြီလော ။

ဖြစ်နိုင်ပါသည် ။ ပဉ္စင်းဘဝတွင် ကြိုးစားကျက် မှတ်ရမည့် လက်စွဲကျမ်းကို ဝဏ္ဏပဘာကလည်း လှူချင်ရှာလိမ့်မည် ။ လှူပေလိမ့်မည် ။

ဤသို့ တွေးမိလိုက်သော အခါတွင်ကား ကျွန်တော့်ရင်ထဲတွင် နင့်ကနဲ ဖြစ်သွားပါသည် ။ ချစ်ရလွန်းသော ချစ်သူအား မူလသိက္ခာအပါအဝင် ဝိနည်းကျမ်းကို လှူလိုက်သည် ။ ချစ်သူ ပဉ္စင်းပျိုကလည်း ရိုသေစွာ ဖတ်မှတ်လေ့ကျက်သည် ။ ထို့နောက် လိုက်နာလေ့ကျင့်သည် ။ သာမန်မျှမဟုတ် ‘ အပ်တိ တသွား ၊ တဆံဖျားမျှ ' မမှားမယွင်းရအောင် လိုက်နာသည် ။

ချစ်ရလွန်းသူအား ချစ်စေချင်လွန်း၍ ချစ်လက်ဆောင် ပေးခဲ့မိသဖြင့် မထင်မှတ်ပဲ ဝေးခဲ့ရသည့် ဝဏ္ဏပဘာကို ကျွန်တော် သနားမိပါသည် ။

➲ ကာမဂုဏ်ကို ၊ မမြုံရချေ ၊ ဖြတ်ငယ်သေစွ

ကာမဂုဏ်ကို ၊ မမြုံရချေ ၊
ဖြတ်ငယ်သေစွ ၊ ကမ္ပလွေရင်ပိုက် ၊ တကိုက် မချွတ် ၊ စာလက်လွတ်၍ ၊ ဖြစ်တတ်ဘိသည် ၊ သံသာရှည်ခဲ့ ၊
စက်လည်ရဟတ် ၊ တပတ်ပတ်လျှင် ၊ အနတ်ဒုက္ခ ၊ အနိစ္စလည်းဟူ ၊ နှလုံးမူစွ ၊ ပေးလှူစွန့်ကြ ၊ ဤဘဝတွင် ၊ နှမလက်လျှော့ ၊ နေလေတော့ဟု ၊ ချစ်‌ေပါ့မကြုံ ၊
ညှိုးငယ်ပုံမျှ ၊ ရှက်ဟုကျွေးကြုတ် ၊ ချမင်းတုပ်သို့ ၊ စိတ်ချုပ်မပွင့် ၊ ပျံ့လွင့်မေတ္တာ ၊ ကရုဏာနှင့် ၊
တဏှာလောဘ ၊ ဒေါသမြေှးထူ ၊ ရမ္မက် မြူကို ၊ ဘယ်သူနိုးရှာ ပေတော့မည် ။

ပဉ္စင်းပျို ရှင်မဟာရဋ္ဌသာရ သည် ဝဏ္ဏပဘာအား မေတ္တာထားပါ၏ ။ သနားပါ၏ ။ သို့သော် ထိုမေတ္တာ ၊ ထို ကရုဏာကား လောကတဏှာ ၊ ဒေါသတဏှာ ၊ မောဟတဏှာတို့မှ ပေါ်ပေါက်လာသော မေတ္တာနှင့် ကရုဏာတို့သာတည်း ။

ဤသို့ မသန့်စင်သော မေတ္တာကို မထားလိုတော့ပြီ ။ထို့ကြောင့် နှလုံးသားတို့ကို မင်းတုပ်ချည်ပိတ်သကဲ့သို့ ပိတ်ရတော့မည် ။ ကျွေးကြုတ်တွင်ထည့်၍ လုံလှအောင် ပိတ်ရတော့မည် ။ ရှေးခတ်ကမူကား အထက် မြန်မာပြည်တွင် ဆန်ကိုသာ မဟုတ် ၊ ပြောင်းဆန်ကို လည်းကောင်း ၊ကျွေး ( ကျွေးဥ ) ကိုလည်းကောင်း ထမင်းအဖြစ် စားကြမြဲ ဖြစ်သည် ။ ထို့ကြောင့် ဟင်းကျွေး ဟု တွဲခေါ်ကြသည် ။ ထမင်းထည့်သော ကြုတ်ကိုလည်း ထမင်း
ကြုတ် ၊ ကျွေးကြုတ်ဟုခေါ်သည် ။ အငွေ့အနံ့ပျံ့လွင့်ထွက် မလာစေရန် ကျွေးကြုတ်လုံလှအောင် အဖုံးယှက်၍ ပိတ်လိုက်သကဲ့သို့ ဆရာတော်လည်း နှလုံးသားကို ပိတ်ဖုံးရလေပြီ ။

သံသရာ တလျှောက်လုံးတွင် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တတရားတို့ နှိပ်စက်ကြမြဲ ဖြစ်သည် ။ ထိုတရားတို့ကို ရှေးရှုနှလုံးမူ၍ ပေးကမ်းကြရသည် ။ လှူဒါန်းကြရသည် ။အလောင်းတော်များသည် ထီးနန်းစည်းစိမ်တို့ကို စွန့်လွှတ်ခဲ့ကြသည် ။ ထို့အတူ ပဉ္စင်းပျိုလည်း ဝဏ္ဏပဘာ ကို စွန့်ရပေတော့မည် ။

“ ဖြတ်ငယ်သေ " ဟူသော စကားကို ရှင်ရဋ္ဌသာရ သေချာစွာ ရွေး၍ သုံးခဲ့ပေသည် ။ ပဉ္စင်းပျို သည် ကာမဂုဏ်ကို ဖြတ်ပါ၏ ။
သေလည်းသေပါ၏ ။ သို့သော် အဖြတ်ငယ် အသေငယ်မျှသာတည်း ။ အာသဝေါ မကုန်သမျှ ရဟန်းကိစ္စမပြီးသမျှ အဖြတ်ငယ် အသေငယ်မျှသာ ဖြစ်လိမ့်မည် ။

“ အသေငယ် " ဟူသည်ကားအိပ်မောကျနေခြင်းနှင့်သာ ပမာတူသည် ။

ရှင်ရဋ္ဌသာရသည် မင်းတုပ်ချပိတ် ၊ ကျွေးကြုတ်တွင် သိပ်ခြင်းကြောင့် ချစ်စိတ်မှာလည်း အိပ်မောကျနေလေပြီ ။

အသေငယ် သေ၍ အိပ်မောကျနေသော ချစ်စိတ်ကို မနှိုးလိုတော့ပါပြီ ။ အိပ်ပါစေတော့ ။ အသေငယ် သေပါစေတော့ ။

➲ ငယ်မည်မြွက်ဟ ၊ နှုတ်သံမြနှင့်

ဆုဝေဘိချင် ၊ ငယ်ကျွမ်းစင်နှင့် ၊ သို့ပင်တာရှည် ၊ ပျော်ရမည်ဟု ၊ ညောင်စည်သားများ ၊ မြို့ရှေ့ပါးဝယ် ၊
ထင်ရှားကျော်ဟိုး ၊ ရုက္ခစိုး၌ ၊ ပုဆိုးကြာညွန့် ၊ ပိတ်လျှပ်တွန့်ကို ၊ ဖြန့်၍တထည် ၊ ရစ်ဖွဲ့ချည်မှ ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက် မတထောင် ၊ ပညောင်စောင့်တက် ၊
ရှင်နတ်မြတ်ကို ၊ တိုင်မှတ်တက်သေ ၊ ပြုဖူးပေရှင့် .…

သူတို့နှစ်ဦး ငယ်စဉ်ကသော် မြို့အရှေ့ဘက်ရှိ ညောင်စည်သားများပင်ကြီးရှိ ရုက္ခစိုးနတ်မင်းအား ဝတ်လဲတော်တစ်ထည်ဆက်၍ သက်သေအဖြစ်ထားကာ သစ္စာတိုင်ဖူးသည် ။ ရာသက်ပန် ပေါင်းရစေကြောင်းကိုလည်း ဆုတောင်းခဲ့ဖူးသည် ။

ထိုစဉ်ကသော် သူ၏ အမည်ကလည်း ရှင်ရဋ္ဌသာရ မဟုတ်သေး ။ ထို့ကြောင့် မိမိတို့၏ ငယ်မည်ကလေးများကို ဖွင့်ရွတ်၍ “ ကျွန်တော် မောင်မောက်နှင့်ကျွန်တော်၏ ချစ်သူ မည်သူမည်ဝါမှတပါး " စသည်ဖြင့်ဖြစ်စေ သစ္စာပြုခဲ့သည် ။

➲ မျှော်လင့်ခိုးရှာလေတော့မည်

မကွေသစ္စာ ၊ ဝါသနာကြောင့် ၊ ရုပ်ဝါပျိုရွယ် ၊ သနားဘွယ်တည့် ၊ ရှေးနှယ်ကြိုးကုပ် ၊ ချမင်းတုပ်နှင့် ၊ ခွက် မြုပ်ခါညီ ၊ နာရီမောင်းချ ၊ ဒေသနိမိတ် ၊ သက်ကြီးဆိတ်လည်း ၊ မမှိတ်မျက်တောင် ၊ သည်းခေါင်ဆူလည် ၊ ရှိလိမ့်မည်ဟု ၊ လွမ်းသည်ထပ်ဆင့် ၊ ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာလေတော့မည် ။

လုံမငယ်ကတော့ ထိုသစ္စာကို လုံးဝဖောက်ဖျက်ခြင်းမရှိ ။ သစ္စာနှင့် ကွေကွင်းခြင်းမရှိ ။ ကိုမောက် လူထွက်လာမည့်နေ့ကို စောင့်မြဲစောင့်နေဘိသည် ။ လူထွက်လာခြင်းမှာလည်း အဆန်းမဟုတ် ၊ ရှေးခတ်က ဤသို့ပင်ရှင်သာမဏေအဖြစ် ပဉ္စင်းအဖြစ် ခံယူ၍ ပညာသင်ကြရသည် ။ ရဟန်းဘဝတွင် အမြဲနေရန် ရည်ရွယ်ချင်မှ ရည်ရွယ်သည် ။ ထို့ကြောင့် လုံမငယ်က စောင့်မျှော်နေသည် ။

ရှင်ရဋ္ဌသာရမူကား စွန့်လိုက်ပြီ ။အိမ်ထောင်ပြုလိုလျှင် ပြုနိုင်ပါစေတော့ဟုလက်လျှော့ရန် ပြောသည် ။ ယခုအချိန် ပျိုနုစဉ်အရွယ်တွင် မိမိနှစ်သက်ရာ တပါးသူကို ရွေးချယ်စေချင်သည် ။ သို့ သော် သနားဖွယ်ရာ ကောင်းလှသည်ကား မောင်မောက်ကို မျှော်လင့်နေဆဲ ။

လုံမငယ်မှာ နန်းတွင်းသူ ဟုတ်ဟန်မရှိ ။ ဗဟိုသံ ဝေးသော မောင်းသံ မကြားရသော တောရွာ၌ နေဟန်ရှိသည် ။ နန်းတွင်းသူ ဖြစ်လျှင်လည်း ချစ်သူရှိရာ နန်းတွင်းသို့ သန်းခေါင်သန်းလွဲတိုင် နေရန်မဆိုထားဘိ ။

နန်းသူတို့အဆောင်ကို နေ့အခါ၌ပင် မောင်မောက် ခြေချခွင့် မရှိနိုင် ။

ထို့ကြောင့် ကြက်သံ ဗဟိုပြုရသော သူမ၏ ဒေသတွင် ကြက်တွေဆူလည် တွန်သည့်အချိန်ကိုသာ မှတ်၍ နာရီကို
မှန်းဆရပေတော့မည် ။

သူငယ်အိပ်ဆိတ် ကြက်တွန်ပြီးခဲ့ပြီ ။ သက်ကြီးခေါင်းချ ( ဝါ ) သက်ကြီးအိပ်ဆိတ်လည်း တွန်ပြီ ။ ကိုမောက် လာတော့မည် မဟုတ် ။ ထို့ကြောင့် တံခါးကို မင်းတုပ်ချလေပြီ ။

ကြက်တွေ ဆူလည်တွန်သည် ဟူသောစကားကို ကျေးလက်တောရွာများသို့ ရောက်ဖူးမှသာ သိနိုင်ပေသည် ။တစ်ကောင်တလေက တွန်သည့် ကြက်တွန်နည်းမျိုး မဟုတ် ။ အချိန်ကျ၍ တွန်ပြီဆိုလျှင် ဆူနေအောင် တွန်နေ သည် ။တစ်အိမ်ကစပြီး တွန်လိုက်သော ကြက်သံဆုံးသည်နှင့် နောက်တအိမ် နောက်တအိမ် ဆက်ကာဆက်ကာ တွန်သွားလိုက်သည်မှာ ရွာဟိုဘက်စွန်က ကြက်တွန်သံကို ခပ်ဝေးဝေးကြားရသည် ။ ထို့နောက် ပြန်လည်လာပြန်သည် ။ ကြက်တွန်သံတို့ ဝေးသွားလိုက် နီးလာလိုက်နှင့် တရွာလုံးလည်သွားအောင် တွန်သည် ။

ရှင်ရဋ္ဌသာရက လုံမငယ်မှာ တံခါးမင်းတုပ် ချပြီးပါလျက် အိပ်မပျော်ပဲဖြစ်နေပုံ ၊ လွမ်းတပူဆွေးနေပုံကို “ သည်းခေါင်ဆူလည် ” ဟု သုံးခဲ့သည် ။ “ သန်းခေါင်ဆူလည် " ကို သတိရမိစေသော အသုံး ဖြစ်သည် ။ သန်းခေါင်ကြက်တွေ ဆူလည်တွန်ချိန်အထိ အိပ်မပျော်ပဲ တိတ်တခိုး မျှော်လင့်နေဆဲ ဖြစ်ယောင်တကားဟု သနားမိဟန်ရှိပါသည် ။

°°°°°  °°°°°°°  °°°°°°  °°°°

ရှင်ရဌသာရ “ ကာမဂုဏ်ကို ၊ မမြံုရချေ ၊ ဖြတ်ငယ်သေ ” အောင် အားထုတ်ပါသည် ။ “ နှမလက်လျှော့ ၊ နေလေတော့ ” ဟုလည်း စွန့်ခဲ့ပါသည် ။ သို့သော်သံယောဇဉ်ကား မပြတ်နိုင်ရှာ ။ ချစ်စွာသော ဝဏ္ဏပဘာ ပူရှာမည့်အရေးကို တွေး၍ ပူနေမိသေးသည် ။

ချစ်ရလွန်းသော ချစ်သူအား ချစ်စေချင်လွန်း၍ ဝိနည်းကျမ်းကို ချစ်လက်ဆောင်သဖွယ် လှူခဲ့မိသဖြင့် ချစ်သူနှင့် ဝေးရသော ၊ ချစ်သူက လက်လျှော့ပါလေတော့ဟု ဖွင့်ပြောလျက်  ပျိုနုသောအရွယ်ကို ဟိုင်းချင်ဟိုင်းစေတော့ဟု ထားလျက်
စောင့်နေရှာသော လုံမငယ်ကို ကျွန်တော့်အဖို့ သနားခြင်းအသစ် ဖြစ်မိပါသည် ။

ထို့အတူ ချစ်ပါလျက်နှင့် ဘုရားသခင်ကို ခန့်ညားရိုသေလှသောကြောင့် ချစ်သူစွန့်ကာ မေတ္တာကိုအိပ်မောကျစေပြီး
တဖန်မနှိုးတော့လိုသော ရှင်ရဋ္ဌသာရကိုလည်း သနားခြင်း ကြည်ညိုခြင်းအသစ် ဖြစ်ရပြန်ပါသည် ။

ကျွန်တော့်စာကိုချန်ပြီး ရတုကို သီးသန့်ဖတ်လိုလျှင် ဖတ်နိုင်အောင်စီစဉ်ထားပါသည် ။ ရတုသက်သက်ကို စာဖတ်သူဖြည်းညင်းစွာ ဖတ်ကြည့်စေချင်ပါသည် ။ ကျွန်တော်ကဲ့သို့ပင် ခံစားရလေမည်လား ၊ သို့မဟုတ်ကျွန်တော်မတွေ့၊ မရလိုက်
သည့် အသစ်အသစ်သော ခံစားမှုမျိုးကိုပဲ တိုးပြီးရနေလေမည်လား မသိနိုင်ပါ ။

အကြောင်းသော်ကား...

အောင်မြင်သော အနုပညာပစ္စည်းတို့မည်သည် အသစ်အသစ်သော ခံစားမှုတို့ကို ထပ်မနားပေးခြင်းဖြင့် မရပ်စဲသော အလှတို့ကို ဆောင်နေတတ်သောကြောင့်ပါတည်း ။

◾ အောင်သင်း

📖 သူတို့အလွမ်း ကျွန်တော်တို့အလှ

༻ ༺  ༻ ༺  ༻ ༺  ༻ ༺

ပုရေနိသင် ၊ ဆက်တိုင်းကြင်၍ ၊ အိမ်ရှင်အစစ် ၊ ငယ်ကျွမ်းချစ်နှင့် ၊ ထပ်ရစ် လက်သင် ၊ ထုံးစတွင်နှိုက် ၊ သွေးငင်ကြမ္မာ ၊ ဝါသနာကြောင့် ၊ ဆရာမိဘ ၊ ကွပ်ဆုံးမ လည်း ၊ ချစ်စထုံးနှောင် ၊ ပျော်ရအောင်ဟု ၊ သန်ကောင်မဟူ ၊ အတူယှဉ်နွှဲ ၊ သန်လွဲမခန့် ၊ အသက်စွန့်၍ ၊ ဝေးဓွန့်ခရီး ၊ ချုံကြီးတောအုံ ၊ ဝါးရုံဝါးထွေး ၊ သစ်ကျားဘေးကို ၊ မတွေးဆံဖျား ၊ မလေးစားတည့် ၊ တရားသံဝေ ၊ အောက် မေ့ချေသော် ၊ ကြေးရွှေ ဂဟေ ၊ မစပ်လေသို့ ၊ စာပေတတ်ပွန် ၊ ဓမ္မခန်နှင့် ၊ ကျန်းဂန်သိမြောက် ၊ ပဉ္စင်ရောက်က ၊ ထပ်လှောက်ကြင်ဘွယ် ၊ ရှေးသောနှယ်ကို ၊ အဘယ်ကြိုးရှာ လေတော့မည် ။

လူ့မြေတိတွင် ၊ ဘက် မမြင်သား ၊ သန့်စင်ငယ်က ၊ လက်တော်လှနှင့် ၊ ချိန်းချ စေ့ရေ ၊ မှာစာခွေကို ၊ စသေလိပ်ပြီး ၊ ခင်းနှီးကွက်ကျယ် ၊ ပြောက်မျိုးခြယ်၍ ၊ ဆင်စွယ်ဝန်းရှက် ၊ မွေးမယ်ရက်သည် ၊ အသက်တို့က ၊ ဆက်လှာရသား ၊ မူလသိက္ခာ ၊ ဆုံးမစာနှင့် ၊ ငါးဖြာဝိနည်း ၊ စောင့်စည်းပညတ် ၊ အပ်တိတသွား ၊ တဆံဖျားမျှ ၊ မမှားအာရုံ ၊ ကာမဂုဏ်ကို ၊ မမြုံရချေ ၊ ဖြတ်ငယ်သေစွ ၊ ကမ္ပလွေရင်ပိုက် ၊ တကိုက်မချွတ် ၊ စာလက်လွတ်၍ ၊ ဖြစ်တတ်ဘိသည် ၊ သံသာရှည်ခဲ့ ၊ စက်လည်ရဟတ် ၊ တပတ်ပတ်လျှင် ၊ အနတ်ဒုက္ခ ၊ အနိစ္စဟူ ၊ နှလုံးမူစွ ၊ ပေးလှူစွန့်ကြ ၊ ဤဘဝတွင် ၊ နှမလက်လျှော့ ၊ နေလေတော့ဟု ၊ ချစ်ပေါ့မကြုံ ၊ ညှိုးငယ်ပုံမျှ ၊ ရွက်ဟုံကြွေကြုပ် ၊ ချမင်းတုပ်သို့ ၊ စိတ်ချုပ်မပွင့် ၊ ပျံ့လွင့်မေတ္တာ ၊ ကရုဏာနှင့် ၊ တဏှာလောဘ ၊ ဒေါသ မြှေးထူ ၊ ရံမ က် မြူကို ၊ ဘယ်သူနှိုးရှာ လေတော့မည် ။

ဆုဝေဘိချင် ၊ ငယ်ကျွမ်းဝင်နှင့် ၊ သို့ပင်တာရှည် ၊ ပျော်ရမည်ဟု ၊ ညောင်စည် သများ ၊ မြို့ရှေ့ပါးဝယ် ၊ ထင်ရှားကျော်ဟိုး ၊ ရုက္ခစိုးနှိုက် ၊ ပုဆိုးကြာညွန့် ၊ ပိတ်လှပ် တွန့်ကို ၊ ဖြန့်၍တတည် ၊ ရစ်ဖွဲ့ချည်မျှ ၊ ငယ်မည်မြွက်ဟ ၊ နှုတ်သံမျှနှင့် ၊ ခက် မ တထောင် ၊ ပညောင်စောင့်တတ် ၊ ရှင်နတ်မြတ်ကို ၊ တိုင်မှတ်သက်သေ ၊ ပြုဘူးပေရှင့် ၊ မကွေသစ္စာ ၊ ဝါသနာကြောင့် ၊ ရုပ်ဝါပျိုရွယ် ၊ သနားဘွယ်တိ ၊ ရှေးနှယ် ကျိုးကုပ် ၊ ချမင်းတုပ်နှင့်၊  ခွက် မြုပ်ခါညီ ၊ နာရီမောင်းချ ၊ ဒေသနိမိတ် ၊ သက်ကြီး ဆိတ်လည်း ၊ မမှိတ်မျက်တောင် ၊ သည်းခေါင်ဆူလည် ၊ ရှိလိမ့်မည်ဟု ၊ လွမ်းသည် ထပ်ဆင့် ၊ ဖူးချိန်သင့်ကို ၊ မျှော်လင့် ခိုးရှာလေတော့သည် ။

No comments:

Post a Comment