Thursday, January 21, 2021

အိမ်ထောင်ရေးဟူသည် အဘယ်နည်း


 

❝ အိမ်ထောင်ရေးဟူသည် အဘယ်နည်း ❞

အိမ်ထောင်ရေးဟူသည့် စကားကို တိုတိုနှင့် ဖွင့်ရလျှင် ဖို နှင့် မ နှစ်ဦးတို့ အတူ ပေါင်းသင်းဆက်ဆံ၍ ဘဝတစ်ခု ထူထောင်ကြသည့် အရေးပင် ဖြစ်ပေသည် ။ အိမ်ထောင်တစ်ခုတွင် ဇာတ်လိုက် ( ဝါ ) ကာယကံရှင်မှာ ယောက်ျားတစ်ဦး နှင့် မိန်းမတစ်ဦးတို့ပင် ဖြစ်ပေသည် ။ သူတို့နှစ်ဦး ပြေလည်စွာ အသက်ထက်ဆုံး မခွာ - မကွဲဘဲ တွဲနိုင်ဖို့အရေးသည်အိမ်ထောင်ရေးပင် ဖြစ်လေသည် ။

ဤသို့ဆိုလျှင်အိမ်ထောင်ရေးသည် အလွန် လွယ်ပေလိမ့်မည် ။ယောက်ျားတစ်ဦး နှင့် မိန်းမတစ်ဦးသည် အတူ ပူးတွဲရန် နှစ်ဦးလုံး၏ ဆန္ဒဖြင့်အိမ်ထောင်ဖွဲ့စည်း စိုက်ထူလိုက်ကြပြီးသော်အိမ်ထောင်ရေးတွင် ပြဿနာဟူ၍ ချဲ့ထွင်စရာ လိုပါသေးသ‌ ‌ေလာ ။ သဘောတရား ဆရာများ ၊ သုံးသပ်လေ့လာသော စာရေးဆရာများက မရှိသည်ကို အရှိလုပ်ကာ ပြဿနာ တစ်ခုအဖြစ် စာတစ်စောင် ပေတစ်ဖွဲ့ရေးသားနေကြခြင်းကြောင့်ပင် အိမ်ထောင်ရေးသည် ပြဿနာ ဖြစ်နေရပါသလော ။

အိမ်ထောင်ရေးနှင့် ပြဿနာသည်ကား ဒွန့်တွဲ၍ နေပေသည် ။ အိမ်ထောင်ရေးသည် လူနှစ်ဦး၏ ပေါင်းဖွဲ့ရေးပင် ဖြစ်လေသည် ။ လူနှစ်ဦးဟု ဆိုကတည်းက ထိုနှစ်ဦးတို့၏ တစ်မျိုး တစ်ဘာသာစီ ကွဲပြားသော စိတ်ဆန္ဒမှ ယုံကြည်ချက် , မျှော်မှန်းချက် , အကြိုက် , အလေ့အထ စသည့်အကြောင်းအရာများသည် ပြဿနာပင် ဖြစ်၍လာရ‌ ‌ေပ‌လိမ့်မည် ။ 

ထိုနှစ်ဦးအနက် တစ်ဦးစီ၏ ပါတ်ဝန်ကျင် အသိုင်းအဝိုင်းများကလည်း ရှိပေဦးမည် ။ ထိုမှ တစ်ပါး ထိုနှစ်ဦးသည် သက်ရှိ သတ္တဝါများဖြစ်ကြ၍ စိတ်ရော ရုပ်ပါ တစ်နေ့နှင့် တစ်နေ့ တစ်ပုံစံတည်း ၊ တစ်ထပ်တည်း ညီညာရပ်တည်၍ နေမည်မဟုတ်ဘဲ ပတ်ဝန်းကျင်၏ ဖန်တီးမှုအရ အစဉ် ပြောင်းလဲနေပေဦးမည် ။

ထိုသို့သော အကြောင်းများကြောင့် တစ်မျိုးတစ်မည်စီ ရွေ့လျားနေသော အရာဝတ္ထုနှစ်ခုကို မျဉ်းပြိုင်လမ်းကြောင်းအတွင်းသို့ရောက်အောင် နှစ်ဖက် ညှိသွင်းရသော အရေးအရာသည်မျှ ပြဿနာမဖြစ်ခဲ့လျှင် အဘယ်အရာသည် ပြဿနာ ဖြစ်ပါတော့မည်နည်း ။

အိမ်ထောင်ရေးကို ပေါ့ပါး‌ေတွးလျှင် သို့မဟုတ် အစိတ်အပိုင်း အဖက်ဖက် မှတွေးလျှင် လွယ်၍ ၊ လေးလေးနက်နက် ချိန်ညှိ၍ စဉ်းစားလျှင် ခက်ပေသည် ။ မည်သို့ပင် ခက်စေကာမူလည်း လူ့ဘဝတွင်အရွယ်ရောက်လာလျှင် လောကီမှုကိုသာ မစွန့်ပယ်ပါက ထိုအခက်ပြဿနာကိုပင် ရင်ဆိုင်နေကြရပေသည် ။ ခက်သည်ဟူ၍ နောက်ဆုတ် အရှုံးပေးရန် မလိုဘဲ
အခက်အခဲကိုပင် အောင်မြင်စွာ ကျော်ဖြတ်ကြရပေသည် ။

အိမ်ထောင်ရေးပြဿနာများကို မစဉ်းစားမီ အိမ်ထောင်၏ သဘော သရုပ်ကိုလည်း လေးနက်စွာ စဉ်းစားရပေဦးမည် ။ အိမ်ထောင်ရေးသည် ဖို နှင့် မ , တို့၏ ပေါင်းဖွဲ့ရာ အဖွဲ့အစည်းပင်ဖြစ်သည် ။ သို့သော် မည်သည့် ရည်ရွယ်ချက် ၊ မည်သည့် နည်းစနစ်မျိုးနှင့် ဖွဲ့လေသနည်း ။ မည်ကဲ့သို့ တည်ဆောက်၍ မည်ကဲ့သို့ ထိန်းသိမ်းပေမည်နည်း ။ အိမ်ထောင်တစ်ခုစီ၏ ပြဿနာသည် ထိုအိမ်ထောင်တစ်ခုစီ၏ ဖွဲ့စည်းသည့် ပုံသဏ္ဌာန်ပေါ်တွင်သာတည်ပေသည် ။

ထို့ကြောင့် အိမ်ထောင်ဖွဲ့စည်းပုံနှင့် အိမ်ထောင်၏ မျှော်မှန်းချက် တို့ကိုပင် ခွဲခြမ်းစိတ်ဖြာ၍ စဉ်းစားလေ့လာရန် လိုအပ်ပေသည် ။

  ▪️လှသမိန်

   📖 တူနှစ်ကိုယ် သုခချမ်းသာ

No comments:

Post a Comment