Friday, January 22, 2021

အဲဒါမှ ချိုပြုံးအစစ်ဗျ


 

❝ အဲဒါမှ ချိုပြုံးအစစ်ဗျ ❞

“ မချို " ဟု ခေါ်ကြသော ထပ်ဆင့်အကယ်ဒမီ ချိုပြုံးအကြောင်းကို ကျွန်တော် ရေးဖူးတာ မဂ္ဂဇင်းမှာတင် နှစ်ကြိမ်ရှိပါပြီ ။ ခု ဂျာနယ်မှာပါနှင့်ဆို သုံးကြိမ်မြောက်ပေါ့။ " သုမောင် နင်က သင်းအကြောင်း ဘာကြောင့် ခဏခဏ ရေးနေရသတုန်း ။ နင် နဲ့ ချိုပြုံး ဟုတ်မှ ဟုတ်ကြရဲ့လား " ဟု မေးခဲ့သည်ရှိသော် “ ဟုတ်တယ်ဗျို့ " ဟု ဖြေပါမည် ။ ဘာဟုတ်သနည်းဆိုသော် အပြင်လောကတွင် ကျွန်တော်နှင့် မမချိုသည် ရုပ်ရှင်ထဲစပြီး မတွဲခင်ကတည်း က ချစ်ခဲ့ကြသောကြောင့်ပင် ။ မောင်နှမခင်မက သူငယ်ချင်းမကျ ပြောပါသည် ။

ကျွန်တော်သည် မမချိုကို တကယ်ပင် ချစ်ခင်ပါသည် ။ ကျွန်တော်ကစာရေးဆရာတစ်ပိုင်း ဖြစ်သောကြောင့် အရိုးခံဖြင့် ဆက်ဆံသူ ရိုးဂုဏ်ရှိသူများကို ချစ်ခင်တတ်ပါသည် ။

ရှင်းရှင်း ဝန်ခံရလျှင်တော့ ကျွန်တော် လူပျိုပေါက်အရွယ်က အဖေနှင့်အတူ ကျောက်ကုန်းရှိ စန္ဒရားတင်ဝင်းလှိုင် အိမ်သို့ သွားသောအခါ သူတို့ လမ်းထိပ်ထောင့်ချိုး အိမ်တစ်အိမ်၏ ခြံစည်းရိုးနံဘေးတွင် ခြေသလုံးပေါ်လျက် ဆောင့်ကြောင့်ထိုင်ပြီး အဝတ်လျှော်နေသော ထဘီရင်လျားနှင့် မိန်းမပျို တစ်ဦးကို တွေ့ရပါသည် ။ အသားဖြူဖြူ ဘိုဆန်ဆန်ရုပ်နှင့် ချစ်စဖွယ် ၊ ပြစ်မှားစဖွယ် ဖြစ်သောကြောင့် စိတ်ဖြင့် ပြစ်မှားမိပါသည် ။ မနေနိုင်သောကြောင့် ကိုတင်ဝင်းလှိုင်ကို စုံစမ်းသောအခါ “ ဟေ့ကောင် ၊ အဲဒါ အဆိုတော် ချိုပြုံးကွ ကလေးအမေကြီး ” ဟု ပြောသဖြင့် ဆွေးသွားခဲ့ရပါသည် ။ နှလုံးသားနုစဉ် ဆွေးရသဖြင့် အချစ်တစ်စခန်းရပ်ရသလို ဦးနှောက်နုစဉ် မှတ်ရသဖြင့်လည်း  ကာမေသုကို ကြောက်သွားရတော့သည် ။ ဒါသည် နောင်အခါ မမချို့နှင့် ကျွန်တော် သန့်စင်စွာ ချစ်ခဲ့ရပုံအကြောင်းရင်းပင်တည်း ။

°°°°°  °°°°°°  °°°°°  °°°°°

ပထမအကြိမ် သူ့အကြောင်းရေးခဲ့တာ ကြာလှပါပြီ ။ မဂ္ဂဇင်းနာမည်လည်း မေ့ပြီ ။ အကြောင်းအရာကတော့ နယ်သီချင်းဆိုပွဲတစ်ခုသွားစဉ် တစ်နေ့သော နေ့လယ်၌ တည်းခိုအိမ်တွင် သူနှင့် ကျွန်တော် နှစ်ယောက်တည်း ကျန်ရစ်ခဲ့၏ ။ အခြားအဆိုတော်များ ဈေးဝယ်ထွက်သွားကြသည် ။ ထိုစဉ် သူသည် မဆီမဆိုင် ကျွန်တော့်အား စကားတစ်ခွန်းကို မေး၏ ။ “ ဟဲ့ကောင် ဗလ ၊ နင့်ကို ငါ လုံးဝ ပြစ်မှားလို့မရဘူး ” တဲ့ ။ ဘာကြောင့် ဒီစကားပြောသလဲ မသိပေမယ့် ကျွန်တော့်မှာ အူအူကြောင်ကြောင် ဖြစ်ခဲ့ရ၏ ။ ထိုအချိန်က ကျွန်တော်သည် ( နောင်တစ်ချိန် ကျော်ဟိန်းနာမည် ကြီးသွားသော ) အကြွေးဝတ္ထုရှည်လုံးချင်း ရေးနေတုန်း တန်းလန်းဆိုတာတော့ မှတ်မိ၏ ။ ထိုနယ်ပွဲ ညဘက်သီဆို နေ့လယ်ဘက် အားတုန်း ဝတ္ထုရေး ။

ဒုတိယအကြိမ် သူ့အကြောင်းရေးတာကတော့ “ အရက်သမား အမှားတစ်ခါ " ပျော်စရာဆောင်းပါး ( သောကြာမဂ္ဂဇင်း ၊ အမှတ် ၄၅၀ ၊ ဖေဖော်ဝါရီ ၊၂၀၀၁ ) မှာ ဖြစ်၏ ။ “ ဒေါင့်ကြီး " ဆိုသော ရွာကြီးတွင်မင်္ဂလာဆောင်ပွဲ သွားကြရာကျွန်တော် အရက် မူးပြီး မမချို၏ ခြေသလုံးကို ကုန်းကိုက်သည့်အကြောင်းဖြစ်၏ ။ “ အရက်သမား အမှားတစ်ခါ " ပေါင်းချုပ်တွင် ပြန်လည် ဖော်ပြခဲ့ရာ
“ နှစ်ထပ်ရှိတော့ မှတ်မိ " ဆိုသလို ဖြစ်ရသည် ။

ယခု ရေးချင်ပြန်လာတာက ရိုးလွန်းတော့ “ အ ” ဆိုသလို မမချို “ အ ” လွန်းသဖြင့် သူ့အစား ကြားက စိတ်တိုရသောအကြောင်း ဖြစ်ပါသည် ။ သို့မဟုတ်ပါက သူ၏ သန့်ရှင်းသော စေတနာ ၊ ကရုဏာတရားကို အားမလို အားမရ ဖြစ်ရခြင်းဟု ဆိုရပါမည် ။

တစ်နေ့သောအခါ သူ့အိမ်သို့ ကျွန်တော်နှင့် အေးဘုံအလည်ရောက်၏ ။

သူကား ထုံးစံအတိုင်းပျာယာခတ်နေ၏ ။ကျွန်တော်တို့ရောက်လို့ ဧည့်ခန်းမှာ ထိုင်နေစဉ် တယ်လီဖုန်းက မြည်နေ၏ ။ အိမ်ရှေ့မှာလည်း ဘုန်းကြီးတစ်ပါးက ဆွမ်းခံရပ်နေ၏ ။ မမချိုသည် အိပ်ခန်းထဲမှ ပြေးထွက်လာပြီးတယ်လီဖုန်းကို အရင်မကိုင်ဘဲ ဆွမ်းရပ်ကိုယ်တော်ထံ ပြေးလေ၏ ။ လက်အုပ်ကလေးချီတဲ့ ပြီး ပါးစပ်ကမူ ဘုန်းကြီးကို “ ဟဲလို " တဲ့ ။ မှတ်ကရောပါပဲ ။ ဆွမ်းကပ်ပြီးတော့မှ တယ်လီဖုန်းကိုင်ပြီး ရေးကြီးသုတ်ပျာ စကားတွေ ပြောလေ၏ ။တယ်လီဖုန်း ချပြီးသည် နှင့် “ ဟဲ့ ... ဗလ ၊ အေးဘုံ နင်တို့ အလည်လာတာ မဟုတ်လား "

“ ဟုတ်ကဲ့ "

“ ဒါဆို ငါ့မှာ အရေးတကြီးကိစ္စရှိလို့ ကားကလည်း သားယူသွားတယ် နင်တို့ကားနဲ့  ငါ့ကို ဒဂုံရဲစခန်း လိုက်ပို့ကြစမ်းပါ "

သူ ဘာပြဿနာတက်နေပြီကို မသိသော်လည်း ရဲမှုရဲခင်းပင်ဖြစ်မှာ သေချာသောကြောင့် ချက်ချင်း လိုက်ပို့ရ‌ ‌ေလ‌ သည် ။ လမ်းမှာ သူက ဇာတ်စုံခင်း၏ ။

“ ညက ငါ့အိမ် သူခိုးဖောက်တယ် ”

“ ဟင် ... ဘာတွေပါသွားသလဲ ”

" ရေစုပ်စက် မော်တာ "
“ ပြန်ရပြီ မနက်အစောကြီးကတည်းက ပြန်ရတာ ။ ဒါပေမဲ့ သူခိုးခမျာ ခုတော့ ရီမန်နဲ့ အချုပ်ထဲ ရောက်နေလေရဲ့။ အဲဒါ ခု ငါသွားပြီး အမှုပြန်ပိတ်မလို့ "

“ ဟာ ... မမကလည်း အမှုဖွင့်ပြီးပြီပဲ ။ ရဲမှုဆိုတော့ ပြန်ပိတ်လို့ ဘယ်ရတော့မလဲ ၊ ဒါ ရာဇဝတ်မှုဗျ ”

“ မတတ်နိုင်ဘူးကွာ ကြိုးစားကြည့်ရမှာပါ ။ သူ့ခမျာ ဒီတစ်ခါတည်း မတတ်သာလို့ ခိုးမိတာပါတဲ့ ။ အိမ်က မိန်းမကလည်း ကလေးမွေးပြီးစ သွေးနုနု သားနုနုနဲ့တဲ့ ”

သူ၏ ရိုးအပုံ ၊ သနားပုံကို သိရသဖြင့် ကျွန်တော် ဘာမှ ဆက် မပြောတော့ပေ ။ လိုရာခရီးသို့ လိုက်ပို့ရတော့၏ ။ စခန်းသို့ ရောက်လေသော် “ နင်တို့ ပြန်ကြတော့ ဘေးကလူမြင်ရင် မကောင်းဘူး ” ဟု ပြောရင်း စခန်းတွင်း ပြေးဝင်သွား‌ေလ‌တော့သည် ။ သူ့မျက်နှာတော့ သူ အားမနာ ။

နောင်သောအခါ စုံစမ်းသိရှိရသည်မှာ ချိုပြုံး၏ ငဲ့ညှာမှုကြောင့် လည်းကောင်း ၊ ဥပဒေသဘောအရ လူမှုရေးရှုထောင့်အရ လည်းကောင်း ထိုသူခိုးမှာ ထောင်ဒဏ် သက်သက်သာသာ ကျသွားလေသည်တဲ့ ။ အဲ.. သူခိုးအတွက် ရှေ့နေကိုပင် ချိုပြုံးက ငှားပေးသတဲ့ဗျာ ။ သူကိုယ်တိုင်တော့ မဟုတ်ဘူးပေါ့လေ ။ အဲ့ဒီသူခိုးရဲ့ဆွေမျိုးသားချင်းတွေကို တစ်ဖက်လက်လှည့် ငှားခိုင်းပြီး သူက ရှေ့နေခပေးသည့် သဘောပါ ။ ဒါ့ထက် ဆန်းကျယ်တာက သူခိုးထောင်ကျစဉ် ကာလမှာ ကျန်ရစ်သူမိသားစုကို လစဉ်ထောက်ပံ့ကြေးနှင့် ကလေးနို့မှုန့်ဖိုးအစ အနှီးဖိုးအစ ပေးပါသတဲ့ ။ သူခိုး၏ ထောင်ဝင်စာကိုလည်း ချိုပြုံး၏ အခြား တပည့်တစ်ယောက်က မှန်မှန်ကြီး သွားတွေ့ပြီး ငါးပိကြော်လေးအစဘီစကွတ်လေးအစ ပေးပါသတဲ့ ။ ကိုင်း .…. ယုံရမခက်ပေဘူးလား ။

နောက် များမကြာမီမှာပင် ချိုပြုံးအိမ် သူခိုးဖောက်တာ ကြားရပြန်ပါသည် ။ သည်တစ်ခါတော့ သူခိုးက သူ့အိပ်ခန်းခေါင်းရင်းပြတင်းပေါက်ကို ဖွင့်ပြီး ခိုးတာဟု ဆိုပါသည် ။ ခုတင်ခေါင်းရင်းနှင့် ကပ်လျက် မှာက သူ့ မှန်တင်ခုံ ရှိသတဲ့ ။ သူခိုးက လူတစ်ကိုယ်လုံးမဝင်ဘဲ လက်ချည်းတစ်ဆန့်ဝင်လျက် မှန်တင်ခုံပေါ်က လက်ပတ်နာရီကို လှမ်းဆွဲတာပါ ။ မအိပ်သေးဘဲ မျက်စိမှေးပြီး တရားမှတ်နေဆဲမို့ ချိုပြုံးက သိလိုက်ပါသတဲ့ ။ သည်မှာပင် ချိုပြုံးသည် သူခိုးလက်ကိုဆွဲပြီး “ ဟဲ့ ... မအော်နဲ့ ” ဟု သူကပင် ပြောင်းပြန် ပြန်ပြီးတားသတဲ့ ။ သူကိုယ်တိုင်လည်း မအော်ပါတဲ့ ။ အကြောင်းမှာတစ်ဖက်ခန်းတွင် သူ့သားငယ်အိပ်နေသဖြင့် လူသံသူသံကြားလျှင် သူခိုးကို ရိုက် မှာစိုးလို့ပါတဲ့ ။

ဤသို့ဖြင့် ချိုပြုံးသည် “ သူခိုးလက်ပတ်နာရီကမ်း " လုပ်လိုက်ပါတော့သည်တဲ့ ။

“ တဲ့ ” တွေ ထပ်ခါသုံးနေရသည်မှာ ထိုအကြောင်းကို သူက ပြန်ပြောပြသောကြောင့် ဖြစ်ပါသည် ။ သို့သော် ကျွန်တော့်အတွေ့အကြုံအရဆိုလျှင် မမချိုသည် သည်လို ဒါနပြုမှာပဲဟု ယုံကြည်ပါသည် ။ တကယ့်ဖြစ်ရပ်မှန်ကိုတော့ သူသာ သိပါလိမ့်မည် ။

မမချိုက တစ်ခါတလေ နည်းနည်းပိုသည် ။

◾သုမောင်

ရွှေအမြုတေမဂ္ဂဇင်း ၊ ၂၀၀၄ ခုနှစ်


No comments:

Post a Comment