Sunday, November 8, 2026

မြုံထားဦးမှ

❝ မြုံထားဦးမှ ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

အိမ်ပေါ်သို့ တစ်စုံတစ်ယောက် တက်လာဟန်ရှိသည်။ သိမ့်ခနဲ ဖြစ်သွားသည်။ သို့လျှင်ဖြစ်ငြား ရီးဆေးရိုး မော့မကြည့်ပါ။ မြေး ကိုကိုကြီး ဖြစ်ကောင်း ဖြစ်မည်။ အခြားသူ ဖြစ်ချင်လည်း ဖြစ်မည်။ မည်သူပင်ဖြစ်စေ သူ့ရှေ့တွင် မျက်နှာချင်းဆိုင် ထိုင်လာလိမ့်မည်။ သို့အတွက် ရီးဆေးရိုးသည် ရေနွေးကို အရသာခံ သောက်သည်။

သို့သော် အိမ်ပေါ်သို့ တက်လာသူသည် မျက်နှာချင်းဆိုင်၌ ဝင်မထိုင်၊ ရပ်နေသည်။ ရီးဆေးရိုး မျက်လုံးကစားလိုက်ရာ အံ့သြစိတ် ဝင်လာသည်။ သူ့ရှေ့တွင် ရပ်နေသူ၏ ပုဆိုးအောက်နားမှာ အနက်ရောင် သစ်သစ်လွင်လွင် ဖြစ်နေသည်။

သို့အတွက် ရီးဆေးရိုးသည် အနက်ရောင်ပုဆိုး အောက်နားမှ အထက်သို့ တရွေ့ရွေ့ မော့ကြည့်သည်။ အပြာရင့်ရောင်၊ ခရမ်းရောင်ပုဆိုးများကို မြင်ဖူးပါ၏။ ကျေးရုပ်ကလေးတွေ၊ စကြာတွေ၊ အစက်အပြောက် တွေပါ၏။ ဤအနက်ရောင်ကား မည်သည့်အစက် အပြောက်မျှ မပါသောကြောင့် မည်ကဲ့သို့သော သူ နည်းဟု ရီးဆေးရိုး တွေးရပြီ။

ရီးဆေးရိုး၏ အကြည့်သည် သူရှေ့တွင် ရပ်နေသူ၏ ပခုံးကို ကျော်ပြီး မေးစေ့ကို မမြင်ရ။ အဝတ်နက်ကြီး စွပ်ထားသည်။ ရီးဆေးရိုးမှာ ဟင်ခနဲ မြည်မိသည်။

“ဘယ်သူတုံး၊ ဘာလာလုပ်တာတုံး”

ရီးဆေးရိုး မျက်မှောင်ကြုတ်နေစဉ်မှာပင် ခြေဆုံး ခေါင်းဆုံး အဝတ်နက် ဆင်မြန်းထားသော သူသည် ခေါင်းစွပ်ကို ဆွဲဖြုတ်လိုက်ရာ ရီးဆေးရိုး မျက်လုံးပြူးသွားသည်။ ဝမ်းခေါင်းသံကြီးဖြင့် ကျုံးအော်သည်။ 

“သား.. လူလေး ဘညိန်း”

“အဘိုးကြီးအို၊ ဘာတွေ အိပ်မက်မက်ပြီး အော်နေတာတုံး”

အရေးကောင်းခိုက်တွင် ရီးကျီးဒန်၏အသံ ခြေရင်းဘက်မှ ထွက်ပေါ်လာသောကြောင့် အရသာပျက်သွားသည်။

လူးလဲထသည်။ အိပ်ရာဘေးရှိ ခေါင်တိုင်ကို လက်ဖြင့်စမ်းသည်။ အတူပူးတွဲထားသော ဓာတ်ငွေ့ မီးခြစ်ကို ခြစ်ပြီး မီးထွန်းသည်။ ဆေးလိပ်မီးညှိသည်။ 

‘ငါ့သား အနက်ရောင်ဝတ်ပြီး အိပ်မက်လာပေးတာဟာ မကျွတ်မလွတ်လို့လား၊ ဟုတ်သေးပါဘူး။ အစိမ်းသရဲဖြစ်နေရင် အနီရောင်ရှာပန်းထည်ကို ခေါင်းမှာပ တ်ထားတယ် ပြောသံ ကြားဖူးပါတယ်’ 

ရေမိန်တောင်ကျောင်းမှ တုံးကြီးခေါက်သံ ပေါ်လာသည်။

‘အင်း.. အခုမှ လေးနာရီပဲ ရှိပါသေးကလား’ 

နောက်ဖေး၌ အဖီဆွယ်ပြီးနေသော မောင်ကိုကြီးတို့ အိမ်မှာလည်း မီးရောင်လက်လာသည်။

“ဘ… ဘာမှာဦးမတုံး၊ လယ်နက်ကို ကနေ့ ‘အကောချ’ မလို့”

အိမ်ရှေ့ကပြင်ထက်မှ မြေးကြီး၏ အသံ။ ရီးဆေးရိုး လည်ဆန့်ကြည့်ငြား မမြင်ရပါ။

“အကောချတာ ကောင်းတာပေါ့ကွာ၊ လယ်မှာ မျက်နှာပြင်ညီတော့ ရေနေလည်း ညီတာပေါ့။ အေး... အလောသုံးဆယ် မလုပ်နဲ့။ တစ်ဖက်တည်း ကြည့်ရင် စောင်းနေတတ်တယ်။ ပင်ပန်းတာ အဖတ်တင်မယ်”

"ဟုတ်ကဲ့.. ဘ” 

“ထမင်းကော ပါရဲ့လား”

“ဟုတ်ကဲ့ ဘ”

“ဘာဟင်းပါသတုံး”

မောင်ကိုကြီး ရယ်မောသည်။

“ဟင်းကတော့ ဘရဲ့မြစ်တွေ စားလို့တောင် မလောက်ဘူး ဘရှေ့၊ ထုံးစံအတိုင်း ငါးပိဖုတ်နဲ့ ငရုတ်သီးထောင်း အကြွင်းအကျန်ပေါ့ ဘရာ”

“ဗယာကြော်နဲ့ ငါးပေါင်းကြော် လာပို့ရဦးမလား”

“ချော်ချော်ချွတ်ချွတ်နဲ့ ဘရာ၊ နေပါစေ။ ထမင်းကြမ်းကို ဆားဖြူးစားရင်တောင် အရသာတွေ့နေတဲ့ ပါးစပ်၊ ငရုတ်သီးထောင်းနဲ့ ငါးပိဖုတ် ပါမှတော့ ကောင်းနေပါပြီ”

“အေး...အေး၊ နေမပူခင် ထွန်နိုင်အောင် သုတ်သုတ်သွား”

ကပြင်နားမှ မောင်ကိုကြီး ခွာသွားလျှင် ရီးဆေးရိုးသည် မီးခွက်မှုတ်ပြီး ပြန်လှဲသည်။ မျက်လုံးကိုပါ မှိတ်ထားသော်ငြား အိပ်မပျော်ပါ။ အဝတ်နက်ကြီး ခြေဆုံးခေါင်းဆုံး ဆင်ထားသော ကိုဘညိန်း ကိုသာ မြင်နေသည်။ မြေမာကို နင်းသော နွားခွာသံများ ပေါ်လာသည်။ တဖြည်းဖြည်း ဝေးသွားလျှင် နွားငေါက်သံများ ကြားရသည်။ တစ်ဆက်တည်း အိပ်တန်းဆင်း ကျီးများ ဆူညံစွာ အော်မြည်ပျံသန်းသွားသံ ကြားရသည်။

“အမယ်ကြီးအိုကို ပြောရကောင်းမလား၊ အို... မပြောတာဘဲ ကောင်းပါတယ်။ မပြီးနိုင်မစီးနိုင် ငိုရတာနဲ့၊ နတ်ကတော် မေးရတာနဲ့ ဇယားက ရှုပ်ဦးမယ်”

••••• ••••• •••••

“ဘ… အိပ်ရာက မထသေးဘူး၊ ဝေးဝေးမှာ သွားက စားဆိုတာ မရဘူးလား။ သည်မှာ တွေ့လား၊ ဓားနဲ့ ပစ်လိုက်မယ်နော်”

ရီးကျီးဒန်ကား သမီးနှင့် သားအား အရိုက်အနှက် နည်းပါးသော်ငြား မြေးများကို လက်သံပြောင်သည်။ ယခုမူ မြစ်များတွင်လည်း လက်သံပြောင်ရုံသာမက အပစ်အခတ်ပါ ပါလာသည်။ မြစ်များကလည်း မြစ်များပင်တည်း။ လင်းသည်နှင့် တစ်ပြိုင်နက်တည်း အဘေးအိမ်သို့ တစ်ပြုံတစ်မကြီး ရောက်လာသည်။ များသောအားဖြင့် မျက်နှာမသစ်ခဲ့သူက များသည်။ သည်အထဲ၌ သေးနံ့တထောင်းထောင်း ထသော အဝတ်နှင့် မြစ်များကလည်း ပါသေးသည်။

“မိန်းမပျင်း ခြေဆင်းတယ်သာ ကြားဖူးပါတယ် တော်၊ အခုတော့ အိပ်ရာထဲမှာ လဲနေတော့တာကလား”

မည်သူ့ကိုမျှ မရည်ညွှန်း။ မြစ်ချွေးမအားလုံး နီးပါးသည် ရီးကျီးဒန်အတွက် ထောင့်မကျိုးသူများချည်း ဖြစ်သည်။ သို့ကြောင့် အားလုံးကို ရည်ညွှန်းကာ မြည်တွန်သည်။ မြည်တွန်ရင်းက မျက်နှာသစ်ပေးသည်။ အဝတ်လျှော်ပေး ရေချိုးပေးသည်။ ထို့နောက် မုန့်ဖြစ်စေ။ ထမင်းကြမ်းဖြစ်စေ ကျွေးသည်။ ထို့နောက် ရိုက်သည်။ ထိုကဲ့သို့သော ရိုက်ခန်း နှက်ခန်းသို့ ရောက်မလာမီ ရီးဆေးရိုး ထ၏။ သူ နိုးပြီဖြစ်ကြောင်း သိစေရန် ချောင်းဟန့်၏။

“ဘ…. နိုးပြီဟေ့၊ ဘ... နိုးပြီ”

မြစ်များသည် အဘေးဟု မခေါ်။

သူတို့၏ မိဘများ ခေါ်သည့်အတိုင်း “ဘ” ဟူ၍သာ ခေါ်ကြသည်။

“ဟဲ့... နွားစာစဉ်းတဲ့စင်ပေါ်ကို မတက်နဲ့။ ဟို ကလေးဟာ မြေကြီးတွေ မတူးနဲ့ ဘယ်နှခါ ပြောရမတုံး၊ လား... လားလေ.. ငါ... အုတ်ခဲနဲ့ ပစ်လိုက်ရရင်”

ရီးဆေးရိုးသည် အိမ်ကပြင်သို့ ထွက်လာသည်။ ကပြင်တွင် မြှောင်ထားသည့် ရေအိုးစင်၌ ရေအိုးများ တန်းစီနေသည်။ သည်ဘေး၌ ရီးဆေးရိုး ထိုင်သည်။

“ရေအိုးတွေကို ဖုံးထားပါဆိုတာ ဟောင်းလောင်းကြီးပါကလား”

ရီးဆေးရိုး ပါးစပ်မှ မပိတ်သေး။ အောင်ကျော်စံဦး ပြေးတက်လာသည်။ ရေအိုးကြားသို့ ရောက်နေသော ရေအိုးအဖုံးကို ရေအိုးတွင် ဖုံးသည်။ ရေမှုတ်ကို အဘေးလက်ထဲသို့ ထည့်သည်။

“ငဟစ်ကြီး... ဒါ ဘယ်သူလုပ်တာတုံး”

အောင်ကျော်စံဦးသည် ကိုထွန်းရ၊ မချောစိန်တို့ ၏သမီး ခင်ခင်ကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ငိုလွန်းသောကြောင့် ငဟစ်ကြီး အမည်ကို အဘေး ရီးဆေးရိုး က မှည့်ထား၏။

“အဒူလုပ်တုံး၊ တား အတိဘူး ဘ၊ အမေကြီးနဲ့ ဘ ရန်ချစ်မှာ ချိုးလို့ တားပြေးလာတာ”

အသံသြကြီးဖြင့် ပြန်ဖြေသည်။ ဖြေပုံကို ရီးဆေးရိုး သဘောကျသဖြင့် ပြုံးနေရသည်။ သည်မြစ်၏ စကားကို ရီးကျီးဒန်လည်း သဘောကျနေသည်။ ဘ နှင့်အမေကြီး ရန်ဖြစ်မည်စိုးသောကြောင့်ဟု ဆိုသည် မဟုတ်လော။

“ကြီးကျယ်လို့တော်၊ လူနဲ့ စကားနဲ့ မလိုက်ဘူး” 

မန်ကျည်းပင်အောက်ရှိ မီးဖိုကျင်းထဲမှ ရီးကျီးဒန်က လှမ်း၍ ကျီစယ်လိုက်သည်။ ဤသည်ကို ငဟစ်ကြီး မတုံ့ပြန်သောအခါ ထပ်မံပြီး စပြန်သည်။

“ဒါကြောင့် သူ့မှာ သွားတွေ မရှိတာ”

“သွားအချိတာက အညက်စားလို့ပါ မေကြီးရ” 

“မဟုတ်ပါဘူး၊ လိမ်ပြောလို့ သွားတွေ ကျိုးကုန်တာပါ”

“ဒါချင့်... ဒါချင့်”

ငဟစ်ကြီးသည် “ဒါဖြင့်...ဒါဖြင့်” ဟု ပြောရင်းက ရှေ့ဆက်ပြီး ပြောလိုသည်ကို ပြောသင့် မပြောသင့် ချိန်ဆနေ၏။

“ဒါဖြင့် ဘာဖြစ်တုံး၊ ပြောလေ”

“မေကြီးနဲ့ ဘယဲ ယိမ်ကြောလို့ တွားအချိတာပေါ့” 

ရီးကျီးဒန်သည် သဘောကျလွန်းသောကြောင့် ပက်လက်လန်အောင် ရယ်မောရ၏။ အမေကြီးနှင့် ဘတို့လည်း လိမ်ပြောသောကြောင့် သွားမရှိခြင်း ဖြစ်သလောဟု ချေပသည့်အတွက် ဖြစ်သည်။

ရီးဆေးရိုးလည်း တပြုံးပြုံးဖြင့် ‘လက်ခံကရား’ ကို ဆွဲလျက် အိမ်ပေါ်မှ ဆင်းလာသည်။ အမေကြီး ရယ်မောသည်ကို မြင်သောအခါ ကလေးတွေ မတွန့် ရွံ့ပြီ။ ချောင်းကမ်းပါးရှိ ပြည်ပန်းညိုပင်ပေါ် တက်သွားသည်။ နွားစာခေါင်းထဲဝင်ပြီး တူပုန်းတမ်း ကစားသည်။

ဥသြတွန်သံ ကြားရသည်။

“ဥသြတွန်သံ မပီတော့ဘူးဟေ့၊ မိုးနီးပြီ ထင်သဟ။ မီးကို ဂရုစိုက်ဟေ့”

“ဒါ့ထက် ဂရုစိုက်ရရင်လည်း ထမင်းမချက်ဘဲ နေဖို့ပဲရှိတော့တယ်”

ရီးဆေးရိုး ဆက်မပြောတော့ပါ။ ရီးကျီးဒန် လှမ်းပေးသော တည်ကရား ရေနွေးအိုးကို လှမ်းယူပြီး ချထားသည်။ မန်ကျည်းပင်ခွကြားရှိ လက်ဖက်ခြောက် ဖန်ပုလင်းကို ထယူသည်။

“ဘထွေး သွားပလား ဘ”

သွားလေသူ ကိုဘညိန်း၏သား နို့ညှာ မောင်မောင်လှနှင့် အငယ်ဆုံး ကျော်သူရတို့ ဖြစ်သည်။ 

“တုံးကြီးခေါက်ပြီး စကတည်းက သွားတာပဲ၊ နို့ .. မင်းတို့ကို ခေါ်ထားလို့လား၊ လာပါဦးကွ၊ မင်းတို့မလည်း...”

ရီးဆေးရိုး ခေါ်မှ မောင်မောင်လှ ဝင်လာသည်။ 

“အမယ်...ဟိုကောင်ကကော၊ ငါ့မျက်နှာ မကြည့်ချင်လို့လား”

“မဟုတ်ပါဘူး ဘရာ၊ အလုပ်က...”

သူ့ဟန် သူ့စရိုက်အတိုင်း စိုစိစိပြောရင်း ကျော်သူရ ဝင်လာသည်။ လှမ်းခေါ်မိပြီးမှ ခေါ်မိသည်မှာ မှားလေပြီလောဟု ရီးဆေးရိုး သံသယဖြစ်သည်။ တစ်ခဏအတွင်း၌ သားကို သတိရသောကြောင့် ဖြစ်သည်။

“မင်းတို့အမေ နေကောင်းရဲ့လား”

ရီးကျီးဒန်က မီးဖိုကျင်းထဲမှ လှမ်းမေးသည်။

“တစ်နေ့ရွှေ တစ်နေ့ငွေပါပဲ အမေကြီးရာ”

“မင်းတို့မှာ သည်အမေပဲ ရှိတော့တာနော်၊ ဂရုစိုက်ကြ”

“ဟုတ်ကဲ့ပါ၊ ဒါထက် ဘ... ကြမ်းပေါင်...”

စကားမဆုံးမီပင် ရီးဆေးရိုးက ကိုယ့်ပေါင်ကို ကိုယ်ပုတ်သည်။

“သည်နေ့ကျမှ ကြမ်းပေါင် ငှားရသလားဟ မောင်မောင်လှ။ မင့်ဘထွေး အကောချမလို့တဲ့။ ကနေ့ မနက်ပဲ ယူသွားပါကော”

အဘေး၏ စကားအဆုံးတွင် မောင်မောင်လှက ထရပ်သည်။

“လိုက်လိုက်ဦးမယ် ဘ”

သို့သော် ကျော်သူရ နေခဲ့သည်။

••••• ••••• •••••

“မင်းက ဘာပြုလို့ နေခဲ့တာတုံး”

ရီးဆေးရိုးက ရေနွေးကြမ်းတစ်ပန်းကန်ကို ကျော်သူရ ရှေ့သို့ ချပေးသည်။

“လာကတည်းက တစ်ယောက်စီ လာတာပါ ဘရဲ့။ အစ်ကိုက လမ်းသွားမြန်လို့ အိမ်ရှေ့မှာ လာဆုံတာပါ”

ကျော်သူရသည် အဘေးကြီးအား မျက်လွှာပင့် ကြည့်သည်။ ထို့နောက် မျက်လွှာချသည်။ တစ်ဖန် မျက်လွှာ ပင့်လာပြီးမှ အသံထွက်၏။

“ဘ... အိပ်မက် မက်တာ ယုံသလား ဘ”

ရီးဆေးရိုး ပါးစပ်ဟ၏။

“ဟေ့ကောင်... သိပ္ပံနည်းတွေဘာတွေ လာမလုပ်နဲ့နော်၊ ဒါဆိုရင်တော့ မင့်ဘထွေး မောင်ကိုကြီးနဲ့ သွားပြော”

ကျော်သူရမှာ အဝေးသင်တက္ကသိုလ် တက်နေသူဖြစ်ရာ ကွန်ပျူတာသင်တန်း တက်လိုကြောင်း သူ့ ဘထွေးထံတွင် ပူဆာနေသံ မကြာခဏ ကြားရ၏။ သူနှင့် တန်းတူရည်တူ ပြောနိုင်သူမှာ သူ့ဘထွေးသာ ရှိ၏။ ထို့ကြောင့် ရီးဆေးရိုးက ကြိုတင်ကာဆီးခြင်းဖြစ်၏။

“အစဉ်အလာ အယူအဆတွေ သိချင်လို့ပါ ဘရဲ့” 

“စိတ်က တမ်းတရင် မက်တယ်လို့ ကြားဖူးတာပဲကွ။ ငါတော့ စိတ်က တမ်းတပေမယ့် မမက်ပေါင်၊ အဲ...အဲ” 

ရီးဆေးရိုးသည် မတမ်းတပါဘဲလျက် ယမန်ညက မက်သည့် အိပ်မက်အကြောင်း ပြောမိတော့မည်သို့ ရှိ၏။ သို့သော် မပြောမိရန် အရှိန်သတ်လိုက်နိုင်သည်။

“ဟဲ့ … ကျော်သူရ၊ ဘာတွေဖြစ်လို့ ဘာတွေလာ မေးနေတာတုံး”

ရီးကျီးဒန်၏ လှမ်းမေးသံ။

“သိချင်လို့ပါ အမေကြီးရ”

“စိုစိစိ မလုပ်နဲ့နော်၊ မီးပြောင်းနဲ့ ပစ်လိုက်မယ်”

မြေးအဘွား စကားအပြတ်တွင် ရီးဆေးရိုး စကား ဆက်၏။

“မင်း ကြားဖူးပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။ ညဉ့်ဦးယံမှာ မက်တာက ပြီးခဲ့တာ၊ သန်းခေါင်မှာ မက်တာက လောလောဆယ်၊ သန်းခေါင်ကျော်မှာ မက်တာကမှ ရှေ့ဖြစ်တဲ့”

“ကာယကံရှင်က အိပ်မက်လာပေးတာကော ရှိသလား ဘ”

“ကြားတော့ ကြားဖူးတာပဲ၊ ငါတို့ရွာဘုရား ဓာတ်ပေါင်းစုဘုရားရဲ့ အရှေ့ဘက်က ပုတီးပင်ဘုရား ဒါယိကာမ ပုတီးပင် မယ်ပွေးရဲ့မိဘများ ဆိုရင် ရုက္ခစိုးပေးတဲ့ အိပ်မက်အရ ချမ်းသာသွားတာတဲ့”

ရီးကျီးဒန်သည် မီးဖိုကျင်းထဲမှ လှမ်းပြောရသည်ကို အားမရသောကြောင့် ထ၏။ မီးဖိုကျင်းထဲမှ တက် လာပြီး ကျော်သူရ ရှေ့တွင် ထိုင်ကာ စေ့စေ့ကြည့်၏။

“လူလေး ဘာဖြစ်တာတုံး၊ အမေကြီးကို ပြောစမ်း၊ မှန်မှန်ပြော”

ကျော်သူရသည် အမေကြီး၏ ရီဝေမှုန်သီသော အကြည့်ကိုပင် မခံနိုင်။ မျက်နှာလွှဲသည်။

“သည်ဘနဲ့ သည်အမေကြီးကိုမှ မပြောရင် ငါ့သား ဘယ်သူ့ကို သွားပြောမှာတုံး”

“ည... ညတုန်းက..” 

“အင်း... ဘာဖြစ်တုံး၊ ပြောစမ်း”

“အဖေ့ကို အိပ်မက် မက်လို့ပါ”

အသံအက်အက်ဖြင့် ပြောအပြီး၌ ကျော်သူရ ခေါင်းငုံ့သွားသည်။

ရီးဆေးရိုးမှာ ‘ဟာ’ ခနဲ ယောင်ယမ်း အော်မိသည်။ ရီးကျီးဒန် ခေါင်းလည်လာသဖြင့် ရေနွေးကြမ်းပန်းကန်ကို တိုက်ချပစ်လိုက်ရသည်။ ဤသို့ မလုပ်ပါမူ အမေးအမြန်း ထူထပ်လာဖွယ်ရှိသည်။

“ငါ့သားက ဖအေကို သတိရလို့ နေမှာပါ” 

“သတိရပေမယ့် အိပ်မက် ဘာကြောင့် မက်သလဲ သိချင်တာ အမေကြီးရဲ့။ သားသမီး သံယောဇဉ်တွေကြောင့် မကျွတ်မလွတ်ဘဲများ ဖြစ်နေသလားလို့”

“သလိုတော့ မဖြစ်နိုင်ဘူးကွ၊ ဘတို့ သက်ပျောက်ဆွမ်း၊ မြေကျဆွမ်းရော၊ ရက်လည်ဆွမ်းရော သွတ်ပြီး အမျှအတန်း ပေးဝေခဲ့တာပဲ”

ပြောသာ ပြောရငြား ရီးဆေးရိုး စိတ်မကောင်း။ သူတို့အမျှအတန်း ပေးဝေချိန်က ကာယကံရှင်သည် အဝေးသို့ ရောက်နေမည်၊ သို့မဟုတ် သာဓု ခေါ်နိုင်သော အခြေမနေ မရှိ။ ယခုမှသာ အမျှအတန်း ပေးဝေစေလိုသောကြောင့် အိပ်မက်ပေးသလော။

ကိုယ်တိုင် သံသယဝင်နေပါလျက်က ရီးဆေးရိုး မြုံထားရခြင်းမှာ ထွန်တုံးပိတ်ရန် ရက်ပိုင်းသာ လိုတော့သဖြင့် ဖြစ်သည်။ ကျော်သူရနည်းတူ သူလည်း အိပ်မက်မက်သည် ဆိုမိပါက ရီးကျီးဒန် သည်းသည်း လှုပ်လာမည်။

ဆွမ်းတစ်ပန်းကန်၊ ဟင်းတစ်ခွက် လှူပြီး အမျှဝေလျှင် ရသည် မထင်သော အမယ်ကြီး။ ယနေ့ ပျိုးပင်တွေက တစ်ရက်အစိုက် နောက်ကျလျှင် တစ်ရက်နှင့် မကာမိအောင် အထွက် လျော့သည်။ သည်တော့ ထွန်တုံးပိတ်ပေစေဦး။

ထွန်တုံးပိတ်မှသာ သူ့အိပ်မက်ကို ဖွင့်ပြောပြီး ရီးကျီးဒန်စိတ်တိုင်းကျ ဒါနပွဲငယ် တစ်ခု စီမံရပေတော့မည်။ လောလောဆယ်မူ ရှိစေဦး။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ကြယ်လေးရဲ့ ကောင်းကင်


❝ ကြယ်လေးရဲ့ ကောင်းကင် ❞ 
        ▢  မိုးကျော်ဇင်

ညရဲ့ ကောင်းကင်ဟာ ရင့်ကျက်တည်ငြိမ်နေလို့။ တိမ်မျှင်တိမ်ဆုပ်တွေကို လှည်းကျင်းထားတဲ့ ညရဲ့ ကောင်းကင်ဟာ အမှုန်အမွှား ကင်းစင်တဲ့ နက်ပြာရောင် အဆုံးအစမဲ့ ရွက်ဖျင်အမိုးကြီးလိုပဲ။ အဲ့ဒီ နက်ပြာရောင် ရွက်ဖျင်အမိုးပေါ်မှာ ကြယ်ပွင့်လေးတွေ ရှင်သန်နေကြပုံက တန်ခိုးရှင်တစ်ယောက်ရဲ့ အနုပညာ စိတ်ကူးစိတ်သန်းနဲ့ စိန်ပွင့်လေးတွေ ဖြန့်ကြဲထားသလိုပေါ့။ ညကောင်းကင်ရဲ့ ကြယ်ပွင့်လေးတွေကို မော့ငေးရင်း ကြယ်ကလေးရဲ့ အလွမ်းက ကမ္ဘာတစ်ဖက်ခြမ်းက အမေ့ဆီ ဖျတ်ခနဲလှမ်းခုန်သွားလေရဲ့။ ဒီအချိန် အမေ ဘာလုပ်နေမလဲ။ နံရံပေါ်က ကြယ်ကလေးရဲ့ ဓာတ်ပုံကို ဖြုတ်ကြည့်ရင်း မျက်မှန်လေး တမမနဲ့ မေတ္တာတရားကို ဆဆပြီး ဓာတ်ပုံပေါ်က ဖုန်မှုန့်လေးတွေကို အလွမ်း တဘက်ကလေးနဲ့ သုတ်သင်နေမလား။ ဒါမှမဟုတ် ဝရန်တာမှာ သော့ခတ်ထောင်ထားတဲ့ ကြယ်ကလေး စီးနေကျ ပြိုင်ဘီးလေးကိုပဲ စိုက်ငေးနေမလား။ ဒါမှမဟုတ် ကျွမ်းသွားတဲ့ မီးချောင်းတစ်ချောင်းကို အသစ်လဲနေမလား။ အလုပ် ကောင်းကောင်းလုပ်ဖို့ ငြင်းဆန်နေတဲ့ ထမင်းပေါင်းအိုးကို တက်စတာလေးတစ်ချောင်းနဲ့ ထိုးဆွနေမလား။

အို ... အမေရယ်၊ အမေ အဲဒီလို ယောက်ျားကြီး တစ်ယောက်လို လျှပ်စစ်ပစ္စည်းတွေကို တနှိုက်နှိုက် တချွတ်ချွတ် လုပ်နေတာ မြင်ရတိုင်း ကြယ်ကလေးရဲ့ အမာရွတ်တွေက သွေးပြန်ပြန်စို့လာတယ် အမေ။ အဲဒီ တုန်းက ကြယ်ကလေးတို့ဆီ အဖေ ပြန်မလာဖြစ်ခဲ့တဲ့ နေ့ရက်ပေါင်း များစွာထဲက နေ့ရက် တချို့မှာပေါ့။ တော မှောက်ခံရတဲ့ လူတစ်ယောက်လို အဖေ့ခြေထောက်တွေ ကျိန်စာသင့်ခဲ့တဲ့ အစောပိုင်း ကာလတွေလေ။ လင်မရှိတာချင်း အတူတူ မုဆိုးမထက် တစ်ခုလပ်မိန်းမက ရပ်တည်ဖို့ ပိုခက်ခဲသတဲ့လား အမေရယ်။ အမေက တစ်ခုလပ်တောင်မှ ပီပီပြင်ပြင် ဖြစ်ခွင့် ရှိသေးတာမှ မဟုတ်တာ။ “ယောက်ျားက မနှစ်သက်တော့လို့ အပစ်ခံထားရတဲ့မိန်းမ” ဆိုပြီး ကွယ်ရာအသံတွေနဲ့ အမေ့နှလုံးသားပေါ် သံပူတံဆိပ်တွေ ဝိုင်းကပ်နေကြချိန်မှာပေါ့။

အမေ့မှာ လျှပ်စစ်ပစ္စည်း တစ်ခုခု ချို့ယွင်းတိုင်း အိမ်နီးချင်း ဦးလေးကြီး တစ်ယောက်ကို မျက်နှာပူပူ၊ အား နာနာနဲ့ အကူအညီတောင်းနေကျပေါ့။ အဲဒီ ဦးလေးကြီးကလည်း ရိုးရိုးသားသား စေတနာနဲ့ ကူညီပေးတာပါ။ ဒါပေမဲ့ အမေရယ်၊ တစ်ခုလပ် ဆိုတဲ့ သံပူတံဆိပ်ကြီးနဲ့ အမေ့ကို အဲဒီ ဦးလေးကြီးရဲ့ ဇနီးသည်က မရှိခိုးနိုး မျက်နှာမျိုးနဲ့ မိုးကြည့်ခဲ့တယ်မို့လား။ မရှိခိုးနိုး မိုးကြည့်ရုံနဲ့ အားမရသေးဘဲ အရပ်ထဲက အတင်းအဖျင်း ခုံရုံးမှာ သားပုပ်လေလွင့် စွဲချက်တွေ တင်ခဲ့သေးတာ။ ဒီအခါမှာတော့ အဖေ့စိတ်နဲ့ ငွေ့ရည်တွေ ပြည့်နေတဲ့ အမေ့မိုးတိမ်တွေ မထစ်မချုန်းဘဲ သဲသဲမဲမဲ ရွာချပစ်ခဲ့တာ ကြယ်ကလေး ဘယ်မေ့ပါ့မလဲ အမေ။ အဲ့ဒီနောက်မှာတော့ အမေဟာ ကြယ်ကလေး လက်ကို ဆွဲပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်က ပြေးထွက်ခဲ့တယ်။ လူနေကျဲပါးလွန်းလှတဲ့ ရပ်ကွက်သစ်လေးထဲက ခြံစည်းရိုး ခတ်မထားတဲ့ ဝါးအိမ်ကလေးကို ငှားရမ်းလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ အကာအရံမဲ့ ခြံဝင်းလေးက အရင် ရပ်ကွက် ဟောင်းထက်တော့ ပိုလုံခြုံခဲ့တာ ငြင်းမရပါဘူး။ ပြီးတော့ ကာလရှည်ကြာ ကျိန်စာမိသလို အိမ်ပြန်လမ်းပျောက်နေတဲ့ အဖေဟာ ကြယ်လေးတို့ရဲ့ ဝါးအိမ်တံခါးလေးကို လာခေါက်ခဲ့တယ်လေ။

အဖေ ပြန်လာတော့ ကြယ်ကလေး ဝမ်းသာလိုက်တာ။ ကြယ်ကလေးထက် ပိုဝမ်းသာခဲ့တာ အမေပေါ့ ။ အမေ့တံခါးတွေဟာ အဖေ့အတွက် ဘယ်တော့မှ သော့ခတ်ထားတာမှ မဟုတ်တာ။ ကြယ်ကလေးတို့မိသားစု ဝါးအိမ်ကလေးမှာ သုညက ပြန် စ,ကြမယ်ပေါ့။ အဖေကလည်း ပြုံးလို့၊ အမေကလည်း ပျော်လို့၊ ကြယ်ကလေးလည်း မြူးလို့ပေါ့။ မှတ်မှတ်ရရ အဲ့ဒီတုန်းက ကြယ်ကလေးက တတိယတန်းပေါ့။

အဖေက တက္ကစီမောင်းတယ်။ အမေက ညနေရုံးဆင်းတာနဲ့ အဖေ့ကားနဲ့ လိုက်တယ်။ အဖေ့ရဲ့ ပိုင်ရှင်အစစ် ဆိုတာ ငါပဲဟေ့လို့ အမေ ကြွေးကြော်ချင်တာလား၊ အဖေ့အနားမှာ အရိပ်တစ်ခုလို ရှင်သန်နေချင်လို့လား၊ အဖေ့ရဲ့ ခြေထောက်တွေ နောက်ထပ်တစ်ဖန် တောမှောက်ခံရပြီး အိမ်ပြန် မရောက်တော့မှာပဲ စိုးရိမ်လို့လား။ အကုန်လုံး ဖြစ်နိုင်တာချည်းပါပဲ။ ကြယ်ကလေးကတော့ ဝါးအိမ်ကလေးထဲက လေးခန်း ဘက်ထရီအိုးလေးနဲ့ ထွန်းထားတဲ့ တစ်ပေမီးချောင်းလေး အလင်းအောက်မှာ အိမ်တံခါးဝကို ငေးရင်းနဲ့ပဲ ညနေခင်းပေါင်းများစွာကို ရေတွက်လို့ပေါ့။ ဘာပဲဖြစ်ဖြစ် ည ၈ နာရီလောက် အဖေနဲ့ အမေ နှစ်ယောက်တွဲ ပြန်လာတာ မြင်လိုက်ရရင် ကြယ်ကလေးရဲ့ ညနေခင်းတွေဟာ မြူးထူး က,ခုန်သွားတာပါပဲ။

တစ်နေ့မှာတော့ တစ်ပေ မီးချောင်းလေး အောက်က ကြယ်ကလေးရဲ့ ညနေလေးတစ်ခု ကျကွဲသွားခဲ့ရပါတယ်။

အဲ့ဒီညနေက ည နာရီအထိ အဖေနဲ့ အမေ ပြန်ရောက်မလာကြသေးဘူး။ အဖေနဲ့ အမေရဲ့ တိုးတိုးတိုးတိုး တွတ်ထိုး လျှောက်လာတဲ့ အရိပ်အသံတွေ မမြင်မကြားရသေးဘူး။ ည ၈ နာရီခွဲပြီးတော့ ကြယ်ကလေးရဲ့ အစာအိမ်က ကြယ်ကလေးကို ပူဆာနေလှပြီ။ မီးဖိုခန်းထဲမှာ ဘာစားစရာမှ မရှိမှန်း ကြယ်ကလေး သိတာပေါ့။ အမေနဲ့ အဖေ ပြန်လာပြီး တန်ခိုးနဲ့ ဖန်ဆင်းမှ ကြယ်ကလေးတို့ ဝါးအိမ်ကလေးက အသက်ပြန်ဝင်ရတာကိုး။ ဒါပေမဲ့ ဆန်အိုးထဲမှာ ဆန် ရှိမှန်းတော့ ကြယ်ကလေး သိထားတယ်။ ည ၉ နာရီ ထိုးတော့ ကြယ်ကလေး မနေနိုင်တော့ဘူး။ မီးဖိုခန်းထဲ ဝင်ပြီး မနက်ကတည်းက သေဆုံးနေခဲ့တဲ့ ထင်းမီးဖိုလေးကို အသက်ပြန်သွင်းဖို့ စက္ကူစတွေ၊ ထင်းချောင်းတွေနဲ့  ကြိုးစားတော့တာပါပဲ။ ဘာကြောင့်ရယ်တော့ မသိဘူး၊ ကြယ်ကလေး လက်တစ်ဖက်မှာ ဇလုံအလွတ်ကြီး တစ်လုံးလည်း ကိုင်ထားမိသေးရဲ့။ ဒါပေမဲ့ မနက်ကတည်းက အမေကိုယ်တိုင် ရေဖျန်းပြီး ငြိမ်းသတ်ထားခဲ့တဲ့ မီးဖိုလေးဟာ ကြယ်ကလေးရဲ့ မကျွမ်းကျင်မှုကြောင့် မီးတောက်လာလိုက်၊ ငြိမ်းသွားလိုက်၊ မီးခိုးတွေ အူလိုက်နဲ့ပေါ့။ အဲ့ဒီအချိန်မှာ အမေ ပြန်ရောက်လာတယ်။ အဖေ ... အဖေတော့ ပြန်ပါမလာဘူး။ အမေ့ မျက်နှာက လည်း ပြိုကျတော့မယ့်ဆဲဆဲ မိုးတိမ်ကြီးပေါ့။ မီးဖိုဘေးမှာ ဇလုံအလွတ်ကြီး လက်တစ်ဖက်က ကိုင်လို့၊ မီးမွှေးဖို့ ကြိုးစားနေတဲ့ ၈ နှစ်သားလေးကို မြင်တော့ အမေ တုန်လှုပ်သွားပုံပဲ။

“ဟင်... သား... မီးတွေ မွှေးပြီး ဘာလုပ်နေတာလဲ....”

အမေ့အသံက အလန့်တကြားနဲ့။ ကြယ်ကလေးက လက်ပူးလက်ကြပ် အမိခံလိုက်တဲ့ အပြစ်သားလေးလို အသံတွေ တုန်လို့။

“သား.... သား ဗိုက်ဆာလို့ ထမင်းအိုးတည်မလို့ အမေ...”

အမေ ဘာမှ ထပ်မပြောတော့ဘဲ တဒင်္ဂ ငြိမ်သက်သွားတယ်။ ကြယ်ကလေးကို စိုက်ကြည့်နေတယ်။ ပြီးတော့ ကြယ်ကလေးကို ဖက်ပြီး အားရပါးရ ငိုတော့တာပါပဲ။

“သားရယ် ... အမေ နောက်နေ့ကစပြီး သင်း (ဒင်း) နောက်ကို လုံးဝ မလိုက်တော့ပါဘူး၊ အမေ လုံးဝ မလိုက်တော့ဘူး သား...၊ ဒင်း ဘာလုပ်လုပ် အမေ ဂရုမစိုက်တော့ဘူး...”

ငိုသံတွေ ကြားက အတင်းရုန်းကန်ထွက်လာတဲ့ အမေ့စကားသံတွေကလည်း တုန်ယင်လို့။ ဒါပေမဲ့ အမေ ကတိတည်တယ်။ နောက်နေ့က စပြီး ဝါးအိမ်ကလေးရဲ့ ညနေခင်းတွေမှာ ကြယ်ကလေး တစ်ယောက်တည်း အထီးကျန် မနေတော့ဘူး။ နောက်မှ သိရတာက အဲ့ဒီ ညနေခင်းက အဖေ့ခြေထောက်တွေကို ပြုစားဖို့ ကျိန်စာဟောင်းတွေ အသက်ပြန်ဝင်လာခဲ့တယ်တဲ့။ ဒီလိုနဲ့ အဖေနဲ့ အမေ ဝါးအိမ်လေးမှာ ပြန်ရေးနေကြတဲ့ သုညလေးဟာ ပီပီပြင်ပြင် မဝိုင်းမိခင်မှာပဲ တွန့်ကွေးပြတ်တောက်သွားခဲ့ရပါတယ်။

••••• ••••• •••••

ဒီ့နောက်တော့ အဖေဟာ ကြယ်ကလေးတို့ ဘဝထဲ ဝင်လိုက်၊ ထွက်လိုက်ပါပဲ။ အဖေ့အတွက် ဘယ်တော့မှ သော့ခတ် မထားတဲ့ အမေ့ရင်ခွင်တံခါးကို အဖေက သူ့စိတ်ကြိုက် ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ်။ အမေကတော့ အဖေ ပြန်လာရင် ပြုံးလိုက်၊ အဖေ ပြန်မလာရင် မျှော်လိုက်ပေါ့။ ဒါပေမဲ့ အမေ့မျက်နှာမှာ အပြုံး ဆိုတာက ရှားပါးပစ္စည်း တစ်ခု ဖြစ်ဖြစ်လာခဲ့တယ်။

အဖေရဲ့ အိမ်ပြန်ချိန်ဆို ကြယ်ကလေးဟာ ခုန်ပေါက် လို့ပေါ့။ ကောင်းကင်က ကြယ်ကလေးတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားလို့ပေါ့။ အဖေပေးတဲ့ မုန့်ဖိုးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့၊ ပြီးတော့ အဖေ့ လက်မောင်းအိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့၊ ကမ္ဘာ ကြီး တစ်ခုလုံးကို အိတ်ကပ်ထဲ ထည့်လို့။ အဖေနဲ့ ပတ် သက်ပြီး ဒဏ်ရာဗရပွ ဖြစ်နေတဲ့ အမေ့ကို မသနားမိဘဲ ငါ့ အဖေက စွံလိုက်တာ ဆိုတဲ့ ရူးပေါပေါ မိုက်မဲအတွေးတွေနဲ့ ဂုဏ်ယူစရာ သိပ်မရှိတဲ့ အဖေ့ ကိုယ်ရေးအကျဉ်းထဲက ကောင်းကွက်ကို ကြံကြံဖန်ဖန် လှည့်ပတ်တွေးခဲ့သေးတာ။ ဒီအတွေးဟာ အမေ့အတွက် ဘယ်လောက် ရက်စက်မယ်မှန်းလည်း မသိခဲ့ဘူးပေါ့။ အဖေ အိမ်ပြန်လာတိုင်း အမေ မပေးနိုင်တဲ့ မုန့်ဖိုးပမာဏကို ကြယ်ကလေး ရနေကျ။ ဒါပေမဲ့ ကြယ်
ကလေး အဖေ့ဆီက တကယ် လိုချင်တာ ကတိတစ်ခုပဲ။

“အဖေ .. အဖေ ဘာပဲဖြစ်ဖြစ် နောက်ထပ် သားသမီး ထပ်မယူရဘူးနော်၊ အဖေ့ဘဝမှာ သားတစ်ယောက်တည်းပဲ ရှိရမယ်၊ သားက အဖေနဲ့ အမေရဲ့ အမြဲတမ်း နံပါတ်တစ်ပဲ ဖြစ်ချင်တာ... အဖေ သားကို ကတိပေး...”

ကြယ်ကလေးက အဖေ့ဆီက ကတိတစ်ခုကို မေတ္တာ သူဖုန်းစားလေးလို တရရ တောင်းနေတော့ အဖေ ရယ် လိုက်တာ။ မီးဖိုခန်းထဲက အမေ့ဆီတောင် ရယ်လက်စ မျက်နှာနဲ့ ဖျတ်ခနဲလှမ်းကြည့်လိုက်သေးတယ်။

“စိတ်ချပါ သားရ၊ အဖေ ကတိပေးပါတယ်၊ ဟုတ်ပြီလား”

အဖေက အလွယ်တကူပဲ ကြယ်ကလေးကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ ကတိကလေးက ကြယ်ကလေး လက်ထဲတောင် မရောက်ရသေးဘူး၊ မြေပြင်ပေါ် တစ်စ စီ ကျကွဲသွားခဲ့တာ ကြယ်ကလေး ဘယ်မေ့ပါ့မလဲ။ ငယ်ကတည်းက သစ္စာထားခဲ့တဲ့ အမေ့ကိုတောင် ကတိ ဖျက်ခဲ့တဲ့ လူတစ်ယောက်ဟာ မူလတန်းအရွယ် မေတ္တာ သူဖုန်းစားလေးရဲ့ ရင်ခွင်ထဲ လက်လွတ်စပယ် ပစ်ချပေး လိုက်တဲ့ ကတိတစ်ခုကို မထိန်းသိမ်းခဲ့တာ အံ့သြစရာ မဟုတ်ပေမဲ့ ကြယ်ကလေး ကြေကွဲခဲ့တာပေါ့။ ကြယ်ကလေးမှ မဟုတ်ပါဘူး၊ အမေ ဆိုတာ ညတိုင်းညတိုင်း ရှိုက်သံတွေနဲ့ မိုးလင်းခဲ့ရတာ မဟုတ်လား။

အဖေ့ရဲ့ ဒုတိယကမ်းခြေမှာ အဖေ့ရဲ့ နောက်ထပ် မျိုးဆက်အသစ်ကလေး ဆိုက်ကပ် နေပြီတဲ့။

ဒီချော်ရည်ပူ သတင်းဆိုးဟာ ကြယ်ကလေးတို့ရဲ့ ဝါးအိမ်ကလေးထဲ မဟာ ဒီလှိုင်းကြီးလို အရှိန်ပြင်းပြင်း ရိုက်ခတ်ခဲ့တာကို ရင်နဲ့ ဆီးခံခဲ့ရတဲ့ အမေနဲ့ ကြယ်ကလေးက လွဲလို့ ဘယ်သူမှ မသိလိုက်ပါဘူး။ အဲ့ဒီကတည်းက ကြယ်ကလေး အဖေ့အိမ်ပြန်ချိန်ကို မမျှော်လင့်တော့ဘူး။ အဖေ့အတွက် သားတစ်ယောက်တည်းနော်ဆိုတဲ့ နှုတ် ကျွံမိခဲ့တာကိုတောင် ရှက်ရွံ့မဆုံးတော့ဘူး။ အဖေလည်း အိမ်ပြန်လာချိန်တွေက ပိုပြီး ကျဲပါးသွားခဲ့တယ်။ အမေ့မျက်နှာကလည်း ရက်စက်လက်သရမ်းတွေနဲ့ အကြိမ်ကြိမ် ထိခတ်ခံထားရတဲ့ ပန်းပွင့်လို နွမ်းကြေလို့ပေါ့။

တစ်ခုတော့ ရှိတယ်။ အဖေက အမေ့ကို တစ်ခါမှ မရိုက်ဖူးဘူး။ အင်း...တကယ်တော့ ရိုက်နှက်တာထက် ပိုနာကျင်အောင် သံသရာအထိ ပါမယ့် ဒဏ်ရာတွေကိုတော့ ပေးနေတာပဲ။ ပြီးတော့ ကြယ်ကလေးကိုလည်း တစ်ခါမှ မရိုက်ဖူးဘူး။ ဒါပေမဲ့... အဲဒီနေ့က အဖေ ကြယ်ကလေးကို ရိုက်ဖြစ်အောင် ရိုက်ခဲ့ပါတယ်။

အဖေနဲ့ အမေက ဝါးအိမ်ကလေးမှာ အပ်ကြောင်းထပ် ပြဿနာနဲ့ ထုံးစံအတိုင်း ရန်ဖြစ်ကြတယ်။ ကြယ်ကလေးက ဝါးအိမ်ကလေးရဲ့ အတက်အဆင်း သစ်တုံးတိုလေးပေါ် ထုံဆေးပေးခံထားတဲ့ ယုန်သူငယ်ကလေးလို ထိုင်လို့ပေါ့။ ရန်ဖြစ်တယ် ဆိုပေမဲ့ အမေက အဖေ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေချည်းပါပဲ။ တကယ်တော့ ဒါဟာ အရှင်လတ်လတ် နှလုံးသားကို မီးလောင်ခံနေရတဲ့ မိန်းမတစ်ယောက်ရဲ့ ထွက်ပေါက်တွေ ဆိုတာ အမေ့ဒဏ်ရာတွေ ကုစား မရအောင် ကျွမ်းလာတော့မှ ကြယ်ကလေး သိခဲ့ရတာပါ။ အမေက နူးညံ့သိမ်မွေ့လွန်းတဲ့ ချစ်မေတ္တာကို အဖေ မြင်အောင် မပြတတ်သလို အဖေ့ဘက်ကလည်း မြင်အောင်ကြည့်ဖို့ စိတ်မဝင်စားခဲ့ဘူး ထင်ပါရဲ့။ ဒီလိုနဲ့ အဖေ့အသိထဲ အမေဟာ ဗီလိန် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ဝါးအိမ်ကလေးထဲမှာ တစ်ချိန်က အမြတ်တနိုး ဆုပ်ကိုင်ခဲ့ကြတဲ့ လက်နှစ်စုံဟာ ကြိုးဝိုင်းအသွင်းခံလိုက်ရသလိုပါပဲ။

တစ်ခါမှာတော့ အဖေက အမေ့လက်နှစ်ဖက်ကို ချုပ်ပြီး ကိုယ်လုံးကို တက်ဖိထားတယ်။ အမေ့ရဲ့ တိုက်စစ်ကို ကာကွယ်ဖို့ပေါ့။ အဲ့ဒီမှာ ရုတ်တရက် ပေါ်လာတဲ့ အကြံမျိုးနဲ့ အမေက ကြယ်ကလေးကို စစ်ကူလှမ်းတောင်းတယ်။

“သားရေ... အမေ့ကို ဓားပေးစမ်း.. ဓားယူပေးစမ်းပါ ...”

ကြယ်ကလေးလည်း ဘာမှ မပြောဘဲ ထရံမှာ ထိုးထားတဲ့ လေးကင်းဓားကြီး ဆွဲနုတ်လိုက်တယ်။ ကြယ် ကလေးလက်ထဲ ဓားကိုင် လိုက်တာလည်း မြင်ရော သတိဝင်သွားပုံရတဲ့ အမေ တစ်ယောက် အထိတ်တလန့် လှမ်းအော်လိုက်တာ။ ကြယ်ကလေးတောင် တုန်ခနဲဖြစ်သွားတယ်။

“ဟဲ့...သား... မလုပ်နဲ့ မလုပ်နဲ့..”

အဖေဆို ကြယ်ကလေး အပေါ် စိတ်တွေ မဆိုးစဖူး ဆိုးလိုက်တာ။ ကြယ်ကလေး လက်ထဲက ဓားကို ဆတ်ခနဲ ဆွဲလုပြီး ကြယ်ကလေး နားရင်းကို ဖြောင်းခနဲတစ်ချက် ရိုက်ချလိုက်တာ မီးတွေပွင့်သွားတာပဲ။ ကြယ်ကလေးလည်း ရှေ့ကို စိုက်ခနဲပေါ့။

“ဘာလဲ.. မင်းက ပထွေးစာ မိချင်လို့လား...”

ဟားဟားဟားဟား။ အမေရယ် အဲ့ဒီတုန်းက ကြယ်ကလေး ခုလို ရယ်ချင်လိုက်တာ။ ဒါပေမဲ့ အဲ့ဒီတုန်းက ကြောက်လန့်နာကျင်စိတ်နဲ့ မရယ်မောဖြစ်ပါဘူး။ အမေရယ်၊ ကြယ်ကလေးအတွက် မိထွေးတစ်ယောက် ပေးထားတဲ့ အဖေက “ပထွေးစာ မိချင်လို့လား” ဆိုတာကတော့ ကြေကွဲဇာတ်ဝင်ခန်းတွေ ပြည့်နှက်နေတဲ့ ကြယ်ကလေးရဲ့ ငယ်ဘဝရုပ်ရှင်မှာ အကောင်းဆုံး၊ အရှားပါးဆုံးနဲ့ အပြောင်မြောက်ဆုံး ပြက်လုံး တစ်ခုပေါ့ အမေ။

နောက်တစ်နေ့ အမေ ရုံးသွားနေတုန်း အဖေ ပြန်ထွက်သွားတယ်။ အဲ့ဒီအချိန်က စပြီး အဖေ အိမ်ပြန်လာတယ် ဆိုတာ အမေနဲ့ ကြယ်ကလေး ဘဝမှာ လုံးဝ မရှိတော့ဘူး။ ပိုပြီး ကြေကွဲဖို့ကောင်းတာက အိမ်မှာ ရှိရှိသမျှ လက်ဝတ်လက်စားလေးတွေ၊ အမေ စုထားတဲ့ပိုက်ဆံတွေ အကုန်လုံး သိမ်းကျုံးယူသွားခဲ့တာပဲ။ အဖေ့ရဲ့ ချစ်မေတ္တာ ငတ်မွတ်ခဲ့တဲ့ အမေနဲ့ ကြယ်ကလေးရဲ့ ဘဝယိုင်ယိုင်လေးကို လုံးဝ လဲပြိုသွားအောင် တိုက်ခိုက်ခဲ့တာများလားလို့ နာနာကျင်ကျင် တွေးမိတတ်ပါရဲ့။ အမေကတော့ ရုံးက ပြန်အရောက် အိမ်မှာတောင် မထိုင်နိုင်သေးဘဲ လည်ပင်းက ဆွဲကြိုးမျှင်မျှင်လေးကို ချွတ်လို့ အပေါင်ဆိုင် တန်းပြေးရတာ ကြယ်ကလေး မြင်ယောင်နေသေးရဲ့။

အဖေ ပြန်မလာတော့ပေမဲ့ အမေက အဖေ ရှိတတ်တဲ့ နေရာတွေကို သွားရှာဖွေတတ်ကြောင်း ကြယ်ကလေး ပြန်ပြန်ကြားရတယ်။ အဖေ့ အပေါင်းအသင်း တချို့ရဲ့ စာနာ ကူညီမှုနဲ့ အဖေ့ကို မျက်နှာချင်းဆိုင်ပြီး ယိုင်နဲ့သွားတဲ့ ဝါးအိမ်ကလေးကို ပြန်ပြုပြင်ဖို့ ကြိုးစားခဲ့တယ်တဲ့။ လွဲချော်နေတဲ့ ခွေးသွားစိပ်ကလေးတွေကို ပြန်လည် ချိတ်ဆက်ဖို့ အလိုက်အစားတွေနဲ့ ပေးလျော်ဖို့ ကမ်းလှမ်းခဲ့တယ်တဲ့။ ဒါပေမဲ့ တစ်ညနေမှာတော့ ဝိညာဉ်မပါတော့တဲ့ လူတစ်ယောက်လို အမေ အိမ်ပြန်လာခဲ့တယ်။ ဝါးအိမ် ဖိနပ်ချွတ် သစ်တုံးလေးပေါ် ထိုင်နေတဲ့ ကြယ်ကလေးကို မြင်တာတောင် အမေ့မျက်နှာမှာ အပြုံးလေး တစ်ပွင့်တောင် ဖူးငုံမလာဘူး။ ကြယ်ကလေးကို စိုက်ကြည့်နေတဲ့ အမေ့မျက်လုံးတွေဟာ ရွာလုလု မိုးတိမ်ကြီးတွေလို ညို့ညွှတ်လို့။ ဒါပေမဲ့ အဲ့ဒီမိုးတိမ်တွေရဲ့ သက်တမ်းက သိပ်မကြာလိုက်ပါဘူး။ ရုံးဆွဲခြင်းလေးကို မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချပြီး ကြယ်ကလေးကို ဖက်မိလိုက်တာနဲ့ အမေ့မိုးတိမ်တွေဟာ မှောက်သွန်ချလိုက်သလို ရွာချလိုက်တော့တာပဲ။

“သားရေ.... အမေ ... အမေ ကြိုးစားပြီးပြီ၊ မရတော့ဘူး၊ အမေ မခံနိုင်တော့ဘူး၊ အမေ ကွဲမှ ရတော့မယ် သား။ အမေ သူနဲ့ ကွဲလိုက်တော့မယ်နော်...သား၊ အမေ သူနဲ့ကွဲလိုက်တော့မယ်နော်”

ကြယ်ကလေး မေးစေ့ကို ပင့်ပင့်တင်ပြီး ငိုသံတွေ ဗလုံးဗထွေးနဲ့ အမေက အမေမွေးထားတဲ့ သားဆီက ခွင့်ပြုချက် ပြန်တောင်းနေခဲ့တာလေ။ အဖေနဲ့ အမေ အပြီးအပြတ် တစ်သက်လုံး ကွဲကြစေဖို့ ကြယ်ကလေး အဆုံးအဖြတ် ပေးရမယ့် အဖြစ်လား အမေ။ ခါးသီးလိုက်တာ အမေရယ်။ ဒါပေမဲ့ ကြယ်ကလေး ခေါင်းညိတ်မိလိုက်တာကိုတော့ ကိုယ့်အသားကို ကိုယ်တိုင် ဓားနဲ့လှီးဖြတ်လိုက်သလို နာကျင်မှုမျိုးနဲ့ မှတ်မိနေသေးပါရဲ့ အမေ။ ဖခင်မဲ့သား ဆိုတဲ့ ဘဝကို ကြယ်ကလေးကို ယ်တိုင် အတည်ပြုခဲ့ရတာပေါ့ အမေ။ တစ်ခုလပ် ဆိုတဲ့ တံဆိပ်မည်းကြီးကို အမေ့အပေါ် ခတ်နှိပ်ဖို့ စီရင်ချက်ကို အတည်ပြုပေးခဲ့ရတာလည်း ကြယ်ကလေး ကိုယ်တိုင်ပါပဲ အမေရယ်။

••••• ••••• •••••

တစ်ခုလပ်ဘဝကို ပီပီပြင်ပြင် ခံယူလိုက်ရချိန်က စပြီး အမေ့ပုံစံက ချက်ချင်း ပြောင်းလဲသွားတယ်။ စစ်မြေပြင်ကို ထွက်တော့မယ့် စစ်သူကြီးတစ်ဦး သံမဏိချပ် ဝတ် လိုက်သလို အမေ့ဟန်ပန်တွေက ဖြုန်းခနဲ မာကျောသွားတော့ ကြယ်ကလေးတောင် အံ့ဩသွားရတာပေါ့။ တကယ်တော့ သားတစ်ယောက်ရဲ့ အနာဂတ်ကို အမေ့ပခုံးပေါ် လုံးလုံးလျားလျား ကောက်တင်လိုက်တာမှန်း နောက်မှ ကြယ်ကလေး နားလည်လာခဲ့တယ်။ အမေဟာ သစ်ပင်ပေါင်း ရာထောင်ချီတဲ့ ဧရာမ ဥယျာဉ်ကြီးရဲ့ ဥယျာဉ်မှူးကြီး တစ်ယောက်လို အားမာန်မျိုးနဲ့ ပန်းပင်ငယ်လေး တစ်ပင်ကို စိုက်ပျိုးခဲ့သူပေါ့။ ဒါပေမဲ့ အလှအပနဲ့ အရွယ်ရှိသေးတဲ့ အမေ့အနားမှာ ပျားပိတုန်းတွေရဲ့ တောင်ပံခတ်သံတွေ တဝီဝီမြည်လာတာကို ကြယ်ကလေး မကြားချင်ဘဲ ကြားခဲ့ရတယ် အမေ။ စောင့်ရှောက်ပါရစေ၊ တစ်ယောက်တည်း ရုန်းကန်နေတာ မကြည့်ရက်လို့ စတဲ့ အကြောင်းပြချက်တွေဟာ ပျားပိတုန်းတွေရဲ့ အကောင်းဆုံး ပိုးကြေးပန်းကြေးပေါ့။ တချို့က တကယ့် မေတ္တာစစ်နဲ့ လက်ကမ်းလာကြသလို တချို့ကတော့ အတောင်ပံ ကျိုးနေတဲ့ ဆက်ရက်မလေးများလား ဆိုပြီး ကျောရရုံ အကြံနဲ့ သွေးတိုးစမ်းလာကြတဲ့ ကြောင်ခံတွင်းပျက်ကြီးတွေပေါ့ အမေ။

အဲ့ဒီအချိန်က ဟင်းလင်းပြင်ထဲ ပြေးလွှားနေရသလို အမေ့ ရှင်သန်မှုကို ကြည့်ပြီး ကြယ်ကလေးလေ ကိုယ့်လက်မောင်းကြွက်သားတွေကိုပဲ နေ့တိုင်းနေ့တိုင်း ညှစ်ညှစ်ကြည့်နေမိခဲ့တာပေါ့။ နိုင်ငံခြား ရုပ်ရှင်ထဲက ရမ်ဘိုကြီးလို လက်မောင်းကြွက်သားကြီးတွေ ကြယ်ကလေး ပိုင်ဆိုင်ချင်လိုက်တာ။ ပြီးတော့ အဲ့ဒီ ရမ်ဘိုကြီး ကိုင်တဲ့ သေနတ်ကြီးလည်း လိုချင်မိခဲ့တာပဲ။ ကျည်ဆန်တွေအတွဲလိုက် ကြယ်ကလေး ကိုယ်မှာ စလွယ်သိုင်းလို့ပေါ့။ ပြီးရင် အမေ သွားလေရာ လိုက် စောင့် ရှောက်ချင်တယ်။ ကြယ်ကလေးကို “သား” ဆိုပြီး မထိတထိ အကျောကြီးနဲ့ ခေါ်ပြီး သွေးတိုးစမ်းစော် ကားတဲ့ အချောင်သမား ကြောင်ဖားကြီး တစ်ကောင်ကို အရင်ဆုံး ပစ်သ,တ်မယ်ပေါ့။

နောက်တော့ ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီး ကြယ်ကလေး ချောင်ထဲ ကုပ်နေရမယ့် နေ့ရက်တွေ ဝင်ရောက်လာခဲ့တယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာက အဘွားပဲပေါ့။

“တံခွန်မရှိတဲ့ ရထား၊ လင်မရှိတဲ့ မယားတဲ့အေ... ခုလိုခေတ်ကာလ မြို့ကြီးပြကြီးမှာ အရွယ်ကောင်း မိန်း ကလေးတစ်ယောက်တည်း ရပ်တည်နေရတာ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာ ညည်း ပိုသိမှာပါအေရယ်...”

အမေက စာကျက်နေတဲ့ ကြယ်ကလေးကို လှမ်းကြည့်တယ်။ ကြယ်ကလေးက စာကျက်ချင်ယောင်ဆောင် ပြီး အမေ့အသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေမိတာပေါ့။

“အမေရယ်... သားကိုလည်း ငဲ့ရဦးမယ်လေ..” 

အမေ့အသံ ကြားတာ ကြယ်ကလေး ပျော်လိုက်တာ။ ဒါပေမဲ့ “ဟဲ့.. အဲ့ဒီ သားကြောင့် ပိုစဉ်းစားသင့်တာပေါ့” ဆိုတဲ့ အဘွားရဲ့ နောက်ဆက်တွဲ အသံက ကြယ်ကလေးရဲ့ စာကျက်သံကို ဆွံ့အ,သွားစေတဲ့ အထိပါပဲ အမေရယ်။ ကြယ်ကလေးလေ အဲ့ဒီတုန်းကဆို အဘွားကို သိပ်မုန်းတီးခဲ့တာပဲ။ အလယ်တန်း ရောက်စ ကြယ် ကလေးဟာ ကြွက်သား မထွက်သေးတဲ့ လက်မောင်းပိန်လေးကို ညှစ်ညှစ်ကြည့်ရတာက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူး အမေ။ အမေ့ဘဝရဲ့ တစ်ဦးတည်းသောသားအဖြစ် ထဲထဲဝင်ဝင် ပတ်သက်နေရသူ အဖြစ်ကနေ အဘွား ဇာတ်ဆရာလုပ်တဲ့ ဇာတ်ခုံပေါ်မှာ အဘွား ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်နေရတဲ့ အမေ့ကို ပွဲကြည့်ပရိသတ်တစ်ယောက် အဆင့်မျိုးနဲ့ ရပ်ကြည့်နေရတာ ရင်အနာဆုံးပါပဲ အမေ။ ဒီလိုနဲ့ အမေတို့ချင်း တေ့တေ့ ဆိုင်ဆိုင် ညှိနှိုင်းကြတဲ့ နေ့ကို ကြယ်ကလေး အလိုမတူဘဲ ဆိုက်ရောက်ခဲ့ပါရောလား အမေ။ ကြယ်ကလေး ဘာတတ်နိုင်မှာလဲ။ အိပ်ခန်းထဲကနေ ဝါးထရံပေါက်လေးကို ဖြဲပြီး တိတ်တိတ်ကလေး ချောင်းကြည့်ရုံပဲ တတ်နိုင်ခဲ့ တာပေါ့။

ဟိုလူကြီး ပုံစံက ရည်ရည်မွန်မွန်ပါပဲ၊ လူကြီးလူကောင်းပုံပါပဲ။ ဒါပေမဲ့ အဖေ တစ်ခါ ပြောခဲ့ဖူးတဲ့ “ပထွေးစာ မိချင်လို့လား...” ဆိုတဲ့ ပြက်လုံးဟာ အခုတော့ သူ့မူရင်း အဓိပ္ပာယ်အတိုင်း ကြယ်ကလေးကို ဘီလူးသဘက်ကြီးတစ်ကောင်လို ခြိမ်းခြောက်နေခဲ့တာ မှတ်မိသေးရဲ့။

“ညီမ ဘာတွေစဉ်းစား နေတာလဲ၊ အစ်ကိုကြီးမှာ ဘာပြစ်ချက်တွေများ ရှိနေလို့လဲ၊ အစ်ကိုကြီး စကားကို မယုံလို့လား”

“အဲ့ဒီလိုလည်း မဟုတ်ပါဘူး အစ်ကိုကြီး၊ ညီမမှာက သားလေးလည်း ရှိနေတော့ သူ့ကို ငဲ့ရသေးတာပေါ့”

ကျားပျိုမလေးလို ခက်ထန်ခဲ့တဲ့ အမေဟာ အခုတော့လည်း သမင်မလေးလိုပါလားလို့ တွေးရင်း အမေ့ကိုပါ ကြယ်ကလေး မုန်းတီးမသွားစေဖို့ စိတ်ကို အနိုင်နိုင်ထိန်းနေရတယ်။

ဟိုလူကြီးက ဒါများကွယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူ့ နှုတ်ခမ်းပေါ်တင်ပြီး ကွေးညွတ်လိုက်လေရဲ့။

“ညီမရယ်... ဒါများ သားလည်း အရွယ်ရောက်လာပြီပဲ၊ နောက် လေး,ငါးနှစ်ဆို လက်လွှတ်ရတော့မှာပါ ...”

“ဘာ..... ဘယ်လို ပြောလိုက်တယ်...”

ဝုန်းခနဲ ထ ရပ်လိုက်တဲ့ အမေ့ကြောင့် အဲ့ဒီလူကြီးလည်း ပျာယာခတ်သွားတာပဲ။ စောစောက သမင်မလေးဟာ ခုတော့ သူ့မူလဇာတိရုပ် ကျားပျိုမလေးအဖြစ် ဝုန်းခနဲ ပြန်ရောက်လာပါလား။ ကြယ်ကလေး အားရလိုက်တာ။

“ဟင်...ဘာ...ဘာဖြစ်လို့..”

“တော်... ဒီမှာတင် တော်တော့ ဦးခင်မောင်တင့်၊ကျွန်မသားကို နောက် လေး,ငါးနှစ် မပြောနဲ့ တစ်သက်လုံး လက်မလွှတ်ဘူး ဆိုတာ မှတ်ထား၊ တော်ပြီ။ နောက်ထပ် ဘာမှ ဆက်ပြောစရာ မရှိဘူး၊ ဦးခင်မောင်တင့် ပြန်တော့”

အမေ ပြောပြောဆိုဆိုနဲ့ အခန်းထဲ ဗြုန်းဗြုန်းဗြင်းဗြင်း ဝင်အလာ၊ ထရံပေါက်က ချောင်းကြည့်နေတဲ့ မျက်ရည်အဝိုင်းသားနဲ့ ကြယ်ကလေးကို တွေ့လိုက်တော့ အမေ ထိုင်ချလိုက်တယ်။ ပြီးတော့ ကြယ်ကလေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး စကားတစ်ခွန်းတည်းကို ဂါထာရွတ်သလို တဖွဖွ ရွတ်လို့ပေါ့။

“အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေသားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး။ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး။ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး”

••••• ••••• •••••

ညရဲ့ ကောင်းကင်ဟာ ရင့်ကျက်တည်ငြိမ်ဆဲပါပဲ။ ကြယ်ကလေးတွေကလည်း စိန်ပွင့်လေးတွေ ဖြန့်ကြဲထား သလို တဖျပ်ဖျပ်လှနေဆဲပါပဲ။

ကြယ်ကလေးဟာ ကြယ်ကလေးတွေကို ကြည့်ရင်း၊ ကြယ်ကလေးဟာ ရင့်ကျက်ည ကောင်းကင်ကို ကြည့်ရင်း အမေ့ရဲ့ စကားလုံး အဟောင်း တစ်ခုကို ပြန်သတိရမိပါရဲ့။ “အမေ သားကို ဘယ်တော့မှ လက်မလွှတ်ဘူး” တဲ့လေ။ အမေရယ် အမေဟာ ကောင်းကင်ကြီးပေါ့။ ကြယ်ကလေးရဲ့ အလင်းရောင်တွေ ဘယ်လောက် အထိ တောက်ပတောက်ပ၊ ကြယ်ကလေးရဲ့ ပြေးနှုန်းတွေ ဘယ်လောက်အထိ မြန်မြန် ကောင်းကင်ကြီးအောက်က လွတ်ထွက် မသွားပါဘူး။ ကြယ်ကလေးရဲ့ တည်နေရာ ဘယ်လောက်အထိ မြင့်မြင့်၊ ကောင်းကင်ကြီး အောက်မှာပဲ အမြဲ ရှိနေမှာပေါ့။

ကြယ်ကလေးက သူ့ရဲ့ ညပြတင်းပေါက်ကို ပြန်ပိတ်ဖို့ ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့၊ ဒါပေမဲ့လေ၊ ကမ္ဘာတစ်ဖက်ခြမ်းကို ခုန်ထွက်သွားတဲ့ အလွမ်းတွေက ကြယ် ကလေးဆီ ပြန်မလာတော့ဘူး လို့ ဖုန်းလှမ်းဆက်ကြတယ်။ ကြယ်ကလေးဟာ ပြုံးလို့။ ကြယ်ကလေးဟာ ပျော်လို့။ ကောင်းကင်ကြီးက ကြယ်ကလေးအပေါ်မှာ အုပ်မိုးလို့။

(ကြယ်ကလေးများစွာ၏ ကောင်းကင်များစွာသို့....)

  ▢  မိုးကျော်ဇင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေ ၊ ၂၀၁၈

Saturday, November 7, 2026

အိပ်၍ မပျော့်တပျော်

❝ အိပ်၍ မပျော့်တပျော် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ဆွေးဆွေးမြည့်မြည့်နိုင်လှသော ဗုံရှည်သံသဲ့သဲ့ကို ကြားရပြီ။ မောင်ကိုကြီးသည် ပုရပိုက်တန်းရွာဘက် လည်ပင်းရှည်ကြည့်၏။

တာလမ်းအတိုင်း တောင်မှ မြောက်သို့ တရွေ့ရွေ့ လာနေသော ဖုန်လုံးကြီး။ သည်ဖုန်လုံး၏ ရှေ့ဆုံး တွင် ဖန်ဝါနီမြန်း မြတ်သင်္ကန်းနှင့် ရဟန်းတော်များ။ သည့်နောက်၌ တငြိမ့်ငြိမ့် ရွေ့နေသော ယာယီခုံ။ ထို့နောက် ဗုံရှည်ဝိုင်း။ နောက်ဆုံးတွင် ကိုဘညိန်း၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူများ။

ပုတီးပင်ဘုရားမှ ငွေဆည်းလည်းသံသည် တွင်း တူးသူများအား တရားဟောနေဘိသို့ ရှိသည်။ အထူး သဖြင့် မောင်ကိုကြီးအား တရားပြနေလေသလော ထင်ရသည်။ သို့သော် မောင်ကိုကြီး တရားသဘော မဆင်ခြင်နိုင်ပါ။ သံဃာတော်များ၏ နောက်ပါးမှကပ်ပါလာသော ယာယီခုံကို စိုးရိမ်တကြီး ကြည့်နေမိ၏။

ဖြောင့်ဖြောင့်တန်းတန်းမှ လာပါ၏လော။ တုံ့ဆိုင်း ခုန်ပေါက်နေသလော။ မောင်ကိုကြီးသည် ဂေါ် ပြားကို မြေမွပေါ်သို့ ထိုးစိုက်လိုက်သည်။

“ရင်ဆို့လောက် နက်ရင် တော်ပြီဟေ့”

လှည့်မကြည့်ဘဲ ပြောသည်။ သူ့အကြည့်က အသုဘယာယီခုံတွင်သာ ရှိသည်။ ယာယီခုံသည် တည့်တည့် မသွား။ ဘေးသို့ ထိုးသွားသည်။ ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်။

ယာယီခုံကို ‘ထမ်းပေါင်’ ကပ်ပေါ်တွင် တည်ဆောက်ထားသည်။ အသုဘခေါင်းကို ထိုထမ်းပေါင်ပေါ်တွင် တင်ထားသည်။ လက်မအရွယ် လေးလွန်းတင် အုန်းဆံကြိုးဖြင့်လည်း တုပ်ထားသေးသည်။ တုပ်ထားငြား မသေချာလျှင် ခက်၏။

“ထမ်းပေါင်ပေါ်က ခေါင်းကြီး လွင့်ကျလာမှဖြင့်၊ လွင့်ကျရုံမက ရုပ်ပျက်ဆင်းပျက် အဖုံးကြီး ပွင့်သွားမှဖြင့်...”

စိုးရိမ်စိတ်သည် မောင်ကိုကြီး၏ ငယ်ထိပ်သို့ ကပ်နေ၏။

သို့ကြောင့် အသုဘချလာရာသို့ ဒလဟောထိုး ပြေးလာသည်။

“လွမ်းပုံကို.. မဖန်တီးနိုင်ဘူး၊ မြိုင်ကြီးရယ်တဲ့... သေလာငူ၊ ဖော်ကွာသူ ဆွေးစေဖို့၊ ငှက်ကျေးသာရကာ ဘာသာနှော”

စည်းဝါးက အနှေး၊ တေးသံက မှိုင်။ မည်သို့မျှ မြူးထူးရွှင်ပျစရာ မရှိ။ သို့ပါလျက်နှင့် အသုဘ အထမ်းသမားများသည် ထန်းရည် အာရုံ၊ အရက် အသိဖြင့် ခုန်ဆွခုန်ဆွ လုပ်၏။ ဘယ်ယိမ်း ညာယိုင် လုပ်၏။ ညာဘက်က ဆွဲလိုက်သောအခါ ဘယ်ဘက်က ကန်ထားလျှင် ကောင်း၏။ ယခု ဤသို့မဟုတ်။ ညာဘက်သို့ ယာယီခုံကြီး ဝေါခနဲ ပါလာလေသည်။ ဤသို့ပါလာစဉ် ညာဘက်က လူတွေ ခွေကျခဲ့သော် ကျော်မကောင်း ကြားမကောင်း၊ မြင်မကောင်း ရှုမကောင်း ဖြစ်ရော့မည်။ ဘယ်ဘက်ရှိ အမူးသမားများက သူတို့ဘက်သို့ ဆွဲ၍ တစ်ပြုံကြီး တစ်အုံကြီးပါလာကာ လဲပြိုကုန်လျှင်လည်း အရုပ်ဆိုးမည်သာ။ ဤသည်ကို မောင်ကိုကြီး အလျင် တွေးပူသူများ ရှိသည်။

“ဟေ့ကောင်တွေ မူးရင် အေးအေးမူး၊ သူများရဲ့ ပူဆွေးသောကကို လာပြီး မလုပ်နဲ့”

ကြိုတင်ငေါက်ငမ်းသူက ငေါက်ငမ်းသည်။ မထမ်း သော်ငြားဘေးက ရံသူရံထားသည်။ မောင်ကိုကြီး သည် ခရီးတစ်ဝက်တွင် အသုဘနှင့် တွေ့၏။ အထမ်းသမား ထက်ဝက်ကျော်မှာ ဒေါင်ချာစိုင်းနေ၏။ အသုဘယာယီခုံသည် တန်းတန်းမတ်မတ် မသွားရသောကြောင့် ခရီးဖင့်နေပြီ။

“ခင်ဗျားတို့ ဒါလောက် ပျော်ချင်ရင် ဗုံရှည်ဝိုင်း ရှေ့မှာ သွားကပါလား။ ကျုပ်ဘထွေးရဲ့ မသာကိုတော့ မလုပ်ကြပါနဲ့ဗျာ”

မူးနေသူကို ဤသို့ ပြောခါမျှဖြင့် အဘယ်မှာရပါမည်နည်း။ သို့ဖြစ်သောကြောင့် ခုန်ဆွခုန်ဆွလုပ် သူတွေ၊ သိုင်းကွက်နင်းသူတွေကို မောင်ကိုကြီး ဆွဲထုတ်ပစ်သည်။ ငမူးများက နပ်သည်။ မောင်ကိုကြီးအား ကလန်ကဆန် လုပ်ပါက အသားနာမည်ဟု သိသည်။ သိသောကြောင့် အသာကလေး ထွက်သွားသည်။

သို့သော် ရှေ့က ဆွဲထုတ်လျှင် ဘေးသို့၊ နောက်သို့ သွားထမ်းသည်။ ဘယ်က ဆွဲထုတ်လျှင် ညာဘက်မှာ သွားထမ်းသည်။ ငမူးများကို မောင်ကိုကြီး မဖြို နိုင်ငြား အသုဘသည် ဖားပြုပ်ပင်သုသာန်သို့ လျင်မြန်စွာ ရောက်လာသည်။

“နောက်လာဦးမလား”

“မလာတော့ပါဘူး၊ သည်တစ်ခါတည်းပါ”

မောင်ကိုကြီးတွင် အသုဘအတွေ့ အကြုံရှိကား ရှိ၏။ သို့သော် အထမ်းသမားမဟုတ်၊ အပို့သမား ဖြစ်သည်။ ယခု ခေါင်းမြှုပ်မည့် တွင်းဘေးရှိ လူများက အော်မေးပုံ၊ ထမ်းလာသူများက ပြန်ဖြေပုံကို ထူးဆန်းနေသည်။ ပို၍ ထူးဆန်းသည်မှာ တွင်းဘေးရှိ လူများက ခဲဖြင့် ဆီးကြိုပစ်ခတ်ခြင်းဖြစ်ပေသည်။ ခဲဖြင့် ပစ်ပေါက်ရာတွင်လည်း ‘စတိ’ သဘောမဟုတ်၊ လူအုပ်ထဲသို့ သဲကြီးမဲကြီး ပစ်သွင်းခြင်းဖြစ်သည်။

“မလာခဲ့နဲ့”

“နောက်ကို မလာပါဘူး၊ သည်တစ်ခါတည်းပါ”

“နောက်လာဦးမလား”

“မလာတော့ပါဘူး”

မေးလိုက် ပစ်လိုက်ဖြင့် ပစ်ခတ်နေရာ သံရောင် ထနေသော တူးရွင်းစာ အခဲတစ်ခဲသည် မောင်ကိုကြီး၏ နဖူးကို ထိတော့သည်။

“ဟေ့လူတွေ သည်မှာ မျက်လုံးမျက်ဆန် မှန်ရင် ကန်းကုန်လိမ့်မယ်”

မောင်ကိုကြီးသည် အော်လည်းအော်၏။ ခဲပစ်သူ များထံသို့လည်း ပြေးသွားကာ တွန်းထိုးပစ်၏။

ခဲပစ် ရပ်တော့မှသာ ယာယီခုံကြီးမှာ မြေညီတွင် ကျကျနန ရပ်နိုင်တော့သည်။ တရားနာ၊ အမျှဝေပြီးနောက် အသုဘရှုလာသူ အများစုက ကိုဘညိန်း၏ အခေါင်းပေါ်သို့ မြေကြီး တစ်ဆုပ်စီ ပစ်ဖို့ပေးခဲ့ကြသည်။

ဒွေးလေးလှမေနှင့် သားသမီး၊ မြေးများ ငိုယိုလျက် ပြန်လာကြသည်။ သစ်ခက်တစ်ခက်ကိုလည်း ချိုးလာကာ လှေကားဘေးထရံတွင် ထိုးစိုက်ထားကြသည်။ မောင်ကိုကြီးကမူ မည်သည့်အရာကိုမျှ သယ်ဆောင်လာခြင်း မရှိဘဲနှင့် ပါလာသည်။ ထိုအရာကား နဖူးပေါ်ရှိ ကွမ်းသီးလုံးအရွယ် အဖုကြီးပေတည်း။ သည်အဖုကြီးကို နဖူးပေါ်တွင် တင်ထားရသည့်အတွက် မောင်ကိုကြီး မကြည်ရွှင်။ ရက်လည်ဆွမ်းသွတ်သည့်နေ့အထိ သူ့မျက်နှာမှာ ရွာတော့မည့် မိုး အသွင်မှ မပြယ်။

‘ဆွမ်းစဉ်’ သို့ တရားချီးမြှင့်ရန် ကြွရောက်တော် မူလာသော သရက်ချင်ရွာကျောင်းဆရာတော်မှာ မောင်ကိုကြီး၏ ဆရာဖြစ်သည်။ ဆရာဖြစ်သော ကြောင့်လည်း မျက်နှာ မကြည်မသာ ဖြစ်နေသည်ကို မသိဟန်ဖြင့် မေးတော်မူ၏။

“ဒကာ မောင်ကိုကြီး၊ နေကောင်းလား”

“တင်ပါ့ဘုရား”

“ဘထွေးကို ပြုစုလိုက်ရတာ တော်တော်ပင်ပန်းမှာပဲ”

“မှန်ပါဘုရား၊ လူပင်ပန်းတာက တော်တော်ရယ် ဘုရာ့၊ စိတ်ကတော့ အတော့်ကို ဆင်းရဲသားဘုရား”

မောင်ကိုကြီးမှာ ပြောစရာစကားစကို ရှာနေသူ ဖြစ်ရာ အလောတော်ကျသွားတော့သည်။

“သက်ရှိသတ္တဝါတိုင်း သေမျိုးတွေမို့ သေကြတယ်။ သေပြီးတဲ့နောက် ရပ်ထဲရွာထဲမှာ ထားရင် မဖြစ်လို့ သုသာန်ပို့ပြီး မြေမြှုပ်ရတာကို နောက် လာဦး မလားဆိုပြီး ခဲနဲ့ဆီးပေါက်တယ်ဘုရား။ ကြည့်ပါဦး ဘုရား၊ တပည့်တော်မှာ ကံကောင်းလို့ မျက်လုံးနဲ့ သီသီကလေးရယ်”

မောင်ကိုကြီးက သူ့နဖူးပေါ်ရှိ အမာရွတ်ကို ပြသည်။ ရယ်မောသူက ရယ်မော၊ ပြုံးသူက ပြုံး။

“အဲသည်လို ခဲနဲ့ ဆီးပေါက်လို့ နောက်မလာတော့ပါဘူး၊ သည်တစ်ခါတည်းပါလို့ ပြောတော့ကော မသေကြတော့ဘူးလားဘုရား”

“သားရေ.. အယူသီးတာတွေ လျှောက်ပြောရင် ဆုံးတော့မှာ မဟုတ်ဘူး”

ဝင်ပြောသူက ရီးဆေးရိုး ဖြစ်သည်။

“သေပါပြီ ဆိုမှတော့ ထင်းတုံး၊ သစ်တုံး ဖြစ်သွားပြီပဲ။ အဲသည် အလောင်းကြီးစားဖို့ ‘စားမြိန်စာထုပ်’ တဲ့။ ခေါင်းပေါ်မှာ တင်ပေးလိုက်ရတဲ့ ထမင်းထုပ်ဟာ တစ်လမယ်ချက်အောက် မလျော့ဘူး။ ငါတို့ အမယ်ကြီး၊ အဘိုးကြီးအို တစ်နပ်စာ ရှိတယ်ကွ။ ဘယ် လောက် နှမြောစရာ ကောင်းသတုံး”

“မြေးအဘိုးကတော့ လိုက်ပါ့ကွာ” ဟု ရီးသာဒွန်းသည် ထောင့်တစ်ထောင့်မှ မြည်တမ်းအပြီး၌ လှမ်း ပြော၏။

“ဆေးရိုးရ.. မီးလောင်ရာ လေမပင့်ပါနဲ့ကွာ”

“မဟုတ်မဟတ်တွေကို ထုံးစံဆိုပြီး လုပ်နေကြတာ အများကြီးရှိတယ်လို့ လူကလေးကို နားချမလို့ပါကွာ။ မင်း စဉ်းစားကြည့်လေ၊ မကြာမီရက်ပိုင်း အတွင်းမှာ အရိုးကျပြီး ပျောက်ပျက်သွားမယ့်အလောင်းကောင်ကြီးသုံးစွဲဖို့ ‘ကူးတို့ခ’ တဲ့၊ ငါးကျပ်တန်ကို အသုဘရဲ့ လက်ထဲ ထည့်ပေးလိုက်ရတာ ဘယ်လောက် နှမြောဖို့ ကောင်းသလဲ”

“ဟုတ်တယ်နော် ဘ”

သူ့အဘိုးက သူ့စိတ်နှင့် တစ်ထပ်တည်းကျနေ သောကြောင့် မောင်ကိုကြီးမှာ ရွှင်လန်းစွာပြောနိုင်ချေပြီ။

“အိမ်မှာ လှေကားရှိသားပဲ၊ အလောင်းကို လှေကားအတိုင်း ချပါတော့လား။ အခုတော့ လူတွေ မပင်ပန်း ပင်ပန်းအောင် ပြတင်းပေါက်က ထုတ်ရသတဲ့။ အမယ်… ဒါနဲ့ မပြီးသေးဘူး၊ ရေအိုးက ခွဲရသေး။ ရေအိုးတစ်လုံးကို မပေးရဘူး ဆိုတာတောင် ဆယ့်လေးငါးကျပ်ကွ”

“မင်းတို့ မြေးအဘိုးကတော့ကွာ” ရီးသာဒွန်း ကြားဝင် မြည်တွန်တောက်တီးရာက “သူများကို သွားမပြောနဲ့၊ ကျီးဒန်ကို သွားပြော” ဟု ခနဲ့သည်။

ဆရာတော်သည် ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးတော်မူရာက ကွမ်းတစ်ယာယာပြီး ဝါးတော်မူ၍ “ဘုန်းကြီးလည်း ကြွဦးမှ” ဆိုကာ ထတော်မူသည်။

စကားဝိုင်းမှာ ခဏမျှသာ တိတ်သွားသည်။ ကျောင်းသား အလုံအလောက် ပါသဖြင့် မောင်ကိုကြီး လည်း လက်အုပ်ချီရုံသာ ချီမိ၏။ ထို့နောက် ချက်ချင်းပင် ရီးသာဒွန်းဘက်သို့ ခေါင်းလှည့်၏။

“ဘကြီးသာဒွန်းက အမေကြီးကို အယူသီးတယ် မှတ်နေလား။ ရွာချတာတို့၊ ခေါ်ပုံတောင်းပစ်တာတို့ကို အမေကြီးက မကြိုက်ဘူးဗျ”

ရီးသာဒွန်း တုံ့ဆိုင်းသွားပြီးမှ “အင်း.. အဲဒါတွေ ကတော့ စုန်းတစ္ဆေ ကိစ္စပေကိုးကွ။ ထုံးစံကတော့ အထူးသဖြင့် အသုဘမှာ လုပ်လေ့လုပ်ထရှိတဲ့ ထုံးစံက ဆိုးတယ်ကွ။ ကိုယ့်ဘာသာကိုယ် အလျင်စလို သွားလို့ ခလုတ်တိုက်တာကို ကူးတို့ခ မထည့်လိုက်လို့ သေသူက မကျွတ်မလွတ်ဘဲ နှောင့်ယှက်သလိုလို၊ အစားမဆင်ခြင်လို့ ဝမ်းလျှောတာကိုပဲ ရေလုံအိုး မခွဲလို့ ခိုက်သလိုလို၊ ထင်ကြမှာစိုးလို့ လုပ်ကြရတာ” ဟု ရှင်းပြသည်။

“ဘကြီး သတင်းစာ ဖတ်ရင် သတိထားမိပါဗျာ၊ ပုံတူ ဆိတ်တဲ့၊ ပုံတူ သိုးတဲ့၊ သိပ္ပံပညာ ဒါလောက် တိုးတက်နေတဲ့ အချိန်၊ ကမ္ဘာ့ ဟိုဘက်ဖျားက သတင်းကို သည်ဘက်ဖျားက မိနစ်ပိုင်းအတွင်း သိနေရချိန်ကြီးမှာဗျာ၊ အဓိပ္ပာယ်မရှိ”

ဆွမ်းစဉ်တရားနာလာသော ပရိသတ်လည်း တဖွဲဖွဲ ထပြန်ကြပြီ။ မောင်ကိုကြီး၏ တူများ၊ တူသမက် များသည် ဘုံပိုင်သင်ဖြူးများ၊ ဖျာများကို သိမ်းဆည်းကြပြီ။ ရီးဆေးရိုးနှင့် ရီးသာဒွန်း၊ မောင်ကိုကြီးတို့ ထိုင်နေသော ဖျာနှစ်ချပ်သာ ကွက်ပြီး ကျန်တော့သည်။

“သားရေ အဓိပ္ပာယ် မရှိတာကတော့ အများကြီးပဲဟ။ ‘ဒေါ်စလိုက် မော်စလိုက်’ ဆိုတာလို အများ လုပ်တာကို လိုက်လုပ်ရတာပဲ”

ရီးဆေးရိုး ဖျန်ဖြေသော်ငြား မောင်ကိုကြီး မပြေ။

“မဟုတ်လွန်းလို့ပါ ဘရာ.. သင်္ချိုင်းက ဆီးပြီး ခဲနဲ့ပေါက်တာနဲ့ပဲ ရွာတွေမှာ လူတွေ မသေတော့ဘူးလား။ အသုဘထမ်းလာတဲ့ လူတွေက နောက်မလာပါဘူး၊ သည်တစ်ခါတည်းပါလို့ ပြောရုံနဲ့ လူတွေ အသေအပျောက် ကင်းသွားရောလား။ သက်သက် ဒဏ်ရာအနာတရ ဖြစ်အောင်”

ရီးဆေးရိုးသည် တွေတွေကြီး စဉ်းစားရင်းက ရီးသာဒွန်းအား လှမ်းကြည့်သည်။

“ဟေ့ သာဒွန်း၊ အသုဘကို ခဲနဲ့ဆီးပစ်တဲ့ သည်ထုံးစံဟာ တို့ရွာမှာ အရင်တုန်းက မရှိပါဘူး”

“အေး ဟုတ်တယ်၊ ဘယ်အရပ်ကဟာကို ဘယ်သူတွေက စပြီး အတုခိုးလာသလဲ မသိပါဘူးကွာ”

“ကဲ လူလေးရာ၊ စိတ်လျှော့ဟ စိတ်လျှော့။ အရပ် ပေါင်းစုံက လူပေါင်းစုံတွေနဲ့ ဆိုတော့ ဟုတ်တာရော မဟုတ်တာရောပေါ့ကွာ”

သူတို့သည် သိမ်းဆည်းမည့် ဖျာပေါ်တွင် ထိုင်နေမိပါကလားဟု ယခုမှ သတိထားမိကာ ထရပ်ကြသည်။ မောင်ကိုကြီးလည်း ထရပ်ရင်း ရွာခရိုးကို ကျော်၍ ကြည့်မိသည်။

မောင်ကိုကြီး ပေါက်စန အရွယ်တွင် လယ်ထွန်စက် တစ်စီးတလေ၊ ကားတစ်စီးနှစ်စီးသာ အသွားအလာရှိခဲ့သော တာလမ်းမကြီးဝယ် မှန်လုံခရီးသည် တင်ကားတွေ၊ ကားငယ်ကလေးတွေ၊ ထရော်လာဂျီတွေ ဖုန်တန်းချင်းဆက်အောင် ပြေးဆွဲနေကြသည်။ ကောက်ပင်စိမ်းစိမ်း၊ နှံစားပြောင်းဝါဝါတို့ ဖုံးလွှမ်းနေကျ လယ်မြေများတွင် စက်မှုလယ်ယာက တစ်ပိုင်း၊ သစ္စာမြိုင်ရပ်ကွက်ဟူသည့် ရမ်းဘိုကုန်းထက် လေးဆမျှ ကြီးသော ရပ်ကွက်ကြီးက တစ်ပိုင်း ရောက်ရှိ ဖြစ်တည်နေချေပြီ။

ကိုဘညိန်း၏ အိမ်ကြီးသည် တိတ်ဆိတ်စွာ ကျန်ခဲ့၏။

ရီးဆေးရိုးတို့ မြေးအဘိုးသည် ရွာလယ်လမ်း အတိုင်း တိတ်ဆိတ်စွာ လျှောက်လာကြသည်။ ဓာတ်ပေါင်းစုဘုရားဘက်မှ လေပြည်တစ်ချက် သုတ်၏။ မောင်ကိုကြီး၏ ရင်ထဲ၌ တစ်ဆို့နောက်ကျိနေမှုများ ပြေစင်မည်သို့ရှိစဉ် သစ်ရွက်ခြောက်များ လွင့်လူးလိမ့်မျောသံကို ကျောဘက်မှ ကြားရသဖြင့် လှည့်ကြည့်၏။

ဆန်ကောဝိုင်းအရွယ် လေပွေတစ်ခု။

မောင်ကိုကြီးသည် ဘကို လမ်းဘေးသို့ ဆွဲခေါ်ကာ လေပွေကို ကျောပေးထားလိုက်မိလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ငါးသောင်းသုံးထောင့်ငါးရာ


❝ ငါးသောင်းသုံးထောင့်ငါးရာ ❞ 
            ▢ မိုးဟန်ဂျွန်

လောကတွင် မြန်မြန်ကုန်လွန်ဖို့ အကြာညောင်းဆုံး အချိန်တွေဟာ စာသင်ချိန်တွေပဲလား မသိ။ ခုလည်း ကြည့်လေ ပါရီမှ ပြန်လာတာ သိပ်မကြာသေးသည့် ဆရာမက စင်မြင့်ပေါ်ကနေ ပြင်သစ်လိုတွေချည်း တောက်လျှောက် ပြောသွား၏။ အသံ အနိမ့်အမြင့် အတက်အကျ မရှိဘဲ ကရားရေလွှတ် ပြောနေသော ဆရာမ၏ ပြင်သစ်စာ အသံထွက်တွေကို ကြိုးစားပြီး အာရုံစိုက်နေစဉ် နေ့လယ်ထမင်းစားချိန်တုန်းက ဝက်သားနှင့် မျှစ်ချဉ်ဟင်းတန်ခိုးက ဤအချိန်တွင် အစွမ်းပြလေပြီ။ အိပ်ချင်သည့် စိတ်ကို မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့။ ဆရာမ ဘာတွေ ပြောနေပါလိမ့်။ Je voudraisetre... အဲဒါပဲ ကြားလိုက်သည်။ ကျန်တာ ဘာတွေ ပြောနေမှန်း မသိ။ ကိုယ့်ရှေ့ တည့်တည့်မှ စာရေးခုံက ကိုယ့်မျက်နှာနှင့် နီးသွားလိုက်၊ ဝေးသွားလိုက်။ တစ်ခါတလေ ဦးခေါင်းက ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ဖြင့် ရှေ့တိုးနောက်ငင် နံဘေးဘယ်ညာ ယိမ်းကာ တစ်ပတ်လည် အိပ်ငိုက်နေသော ကိုယ့်အဖြစ်ကိုယ်လည်း မရှက်မိပါ။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်တဲ့။ ကိုယ်လိုပဲ သူများတွေလည်း မသိမသာ ခိုးငိုက်နေကြတာပဲ။ ဘာပဲဖြစ်ဖြစ် အိပ်ငိုက်တာ အခံရခက်လှပေမဲ့ အရသာတော့ ရှိလှသည်။ စာသင်နေတုန်းလေး ငိုက်ခွင့်ရှိတာ မဟုတ်လား။ ခုနေ ဆရာမက စာသင်ချိန်ပြီးပြီ ငိုက်နေတဲ့သူတွေ အိပ်ကြလို့ ပြောကြည့်ပါလား။ မျက်လုံးတွေက ပိဿာလေးတုံးနှင့် ဖိထားလျှင်တောင် ပိတ်မှာ မဟုတ်တော့ ပြူးကြောင်နေတော့မှာ။ အဲသည်တော့ ခိုးပြီး ငိုက်ခွင့်ရှိတုန်းလေး ငိုက်ဦးမှပဲ။

“ဟေ့... မွန်ဆယာ ညက စာတွေ ကြိုးစားကျက်ခဲ့တယ်နဲ့ တူတယ်”

ဆရာမအသံက နားထဲမှာ ဗုံးတစ်လုံး ပေါက်သလိုပင် ကျယ်လောင်မြည်ဟည်းသွား၏။ ဘာပဲဖြစ်ဖြစ် ခုချိန် မှာ ဆရာမနှုတ်ဖျားမှ မြန်မာသံစစ်စစ်ကို ကြားရပြီ။

“သူအိပ်ငိုက်တာကလည်း တစ်မျိုးပဲ၊ ချာချာလည်ပြီးတော့ကို ငိုက်နေတာ”

အနောက်ဘက်မှ ခပ်ကျယ်ကျယ် ရယ်သံတချို့ကို ကြားလိုက်ရသည်။ ထို့နောက် သူတို့အားလုံး မျှော်လင့်နေကြသော အတန်းပြီးဆုံးချိန်သို့ ရောက်တော့၏။ ကျောင်းဆင်းတော့ ထက်ဝေယံနိုင်က သူ့အနားသို့ ရောက်လာပြီး-

“ဟေ့ကောင် သည်ည မင်းတို့ တိုက်ခန်းမှာ ဝိုင်း ဖြစ်လား”

ကျွတ်... အရေးထဲ ဒီကောင်က တစ်မှောင့်။

“ဟိုနေ့က လှည်းတန်းက ကောင်တွေဆီမှာ ရှုံးထားလို့ အားလုံး ခွေးဖြစ်နေကြတာ ဘာဝိုင်းမှ မရှိဘူး”

ထို့နောက် သူသည် အငှားကား ငှားမည် လုပ်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ လှည်းတန်းမီးပွိုင့်အထိ လမ်းလျှောက်ပြီးမှ YBS ဖြင့် ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်၏။ အိမ်က ပေးထားသည့် တစ်လစာ အငှားကားခလည်း မနေ့က လှည်းတန်းအဆောင် ဖဲဝိုင်းမှာ ပြောင်ခဲ့ပြီလေ။ တစ်လ မုန့်ဖိုး ကြိုတောင်းထားရ ကောင်းမလားဟု စဉ်းစားလိုက်တော့ အမေ့မျက်နှာကြီးကို ထိတ်လန့်တကြား မြင်ယောင်မိပြီး အစီအစဉ်ကို ပယ်ဖျက်လိုက်ရသည်။ အရင်လတုန်းကလည်း ခုလိုပဲ ကြိုတောင်းထားခဲ့သည် မဟုတ်လား။

“နေစမ်းပါဦး ကျေးဇူးရှင်၊ နင်က မုန့်ဖိုးကို ကြိုပြီး ထုတ်ထားရအောင် ဘာတွေ အကုန်အကျ များနေလို့လဲ။ အိမ်က အလုပ်သမားတွေကို လခကြိုပေးထားရတာကမှ အချိန်တန်ရင် သူတို့လုပ်အားခထဲက ပြန်ဖြတ်လို့ ရသေးတယ်။ နင်ကတော့ ငါ ဘာနဲ့ သွားနှိမ်ရမလဲ ပြော”

ထိုနေ့က ခဲရာခဲဆစ် ကြိုတင် မုန့်ဖိုးလေး ရခဲ့ပါသည်။

“နင့်အဖေ သိရင်တော့ အသ,တ်ခံရပြီသာမှတ်၊ သတိထားပြီးနေ၊ ငါလည်း မကယ်နိုင်ဘူး”

သူ့လက်ထဲသို့ ဆတ်ခနဲ ထည့်ပေးသွားသော ထိုပိုက်ဆံကို သူ့မှာ လက်ပူအောင်ပင် မထားလိုက်ရ။ လှည်းတန်းက သူငယ်ချင်းတွေ အဆောင်၌ ဝိုင်းကောင်းသည်ဆို၍ သွားပြီး ကံစမ်းကြည့်လိုက်တာ ကျောက်ခဲကို ရေထဲ ပစ်ချလိုက်တာကမှ “ပလုံ” ဆိုသည့်အသံကို ကြားလိုက်ရဦးမည်။ လှည်းတန်းမှတ်တိုင်သို့ ရောက်တော့ ဘတ်စ်ကားက တော်တော်နှင့် ရောက်မလာသေးသည်ကို စောင့်ရသေး၏။

ထိုစဉ် သူ့မျက်လုံးထဲ သို့ အနီရောင် အရာဝတ္ထုလေး တစ်ခု တိုးဝင်လာ၏။ ကြွပ်ကြွပ်အိတ်အနီရောင်လေးအား ခေါက်တွန့်ချည်ထားပြီးမှ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဟန် ရှိသော ရှည်မျောမျော အထုပ်ကလေးသည် ပလက်ဖောင်း၏ အောက်ခြေမှ တစ်ထွာသာသာ အကွာအဝေး၌ လဲလျောင်းနေ၏။ လူတချို့က သတိမမူမိဟန်ဖြင့် ကျော်သွားသူများရှိသလို တက်နင်းသွားသူများလည်း ရှိ၏။ သူသည် ထိုအနီရောင် အိတ်အထုပ်လေးကို သိလိုစိတ်ဖြင့် ကောက်ယူကြည့်လိုက်၏။ မတော်တဆ ပိုက်ဆံဖြစ်နေလျှင် ဘယ့်နှယ်လုပ်မလဲ။ သူ ထင်သည့်အတိုင်းပါပဲ။ သူ့လက်တွေက ထို ကြွပ်ကြွပ်အိတ်ဆီသို့ မရောက်သေးမီ လက်တစ်ကမ်းအလို မှာပင် ပိုက်ဆံတွေမှန်း သိလိုက်ပြီ။ သူ ကပျာကသီ ပိုက်ဆံတွေကို ရေကြည့်လိုက်တော့ ငါးထောင်တန် ဆယ်ရွက်၊ တစ်ထောင်တန် သုံးရွက်၊ နှစ်ရာတန် နှစ်ရွက်နှင့် ငါးဆယ်တန် နှစ်ရွက် စုစုပေါင်း ငါးသောင်းသုံးထောင့်ငါးရာ။ သူ ပျော်လွန်း၍ ခြေတွေ လက်တွေရော တုန်ယင်နေ၏။ သူ့ကို သည်နေ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ မ,စလိုက်တာပဲ။ ထို့နောက် ပိုက်ဆံတွေကို သေသေချာချာလေး ပြန်ခေါက်ကာ ကျောပိုးအိတ်၏ ကျောကပ် အိတ်လေးထဲသို့ ဇစ်ဆွဲ ဖွင့်ပြီး ထည့်လိုက်ကာ အသင့် ထိုးဆိုက်လာသော YBS ပေါ်သို့ ပေါ့ပါးသွက်လက်စွာဖြင့် လှမ်းတက်လိုက်ပါတော့သည်။ ဘတ်စ်ကားပေါ်တွင် ထိုင်စရာ ခုံတွေ တွေ့ပါလျက် ရုတ်တရက်ဖြစ်ပေါ်လာသည့် အပျော်စိတ်ကြောင့် ဝင်မထိုင် ဖြစ်ဘဲ နောက်မှ တက်လာသူတွေကို လောကွတ်လုပ်လိုက်၏။

သူ့မျက်နှာသည် လပြည့်ဝန်းကြီးပမာ အစွမ်းကုန် ပြုံးရယ်လျက်ရှိနေသည်။ ပိုက်ဆံကောက်ရသည့် အချိန်မှစပြီး သူ့အတွက် လောကကြီးသည် နေရထိုင်ရတာ အဆင်ပြေပြီး သဟဇာတ ဖြစ်လျက်ရှိ၏။ စံပြမှတ်တိုင် ကို မြန်မြန်ရောက်ချင်လှပြီ။ YBS က သည်နေ့မှ ပိုပြီး နှေးနေသလားလို့။ စိန်ဂျွန်း မှတ်တိုင်ကို ရောက်တော့ မကြာခင် စံပြမှတ်တိုင်ကို ရောက်တော့မည်။ စံပြမှတ် တိုင်ရောက်တော့ သူသည် ကားပေါ်မှ ဆင်းလိုက်ပြီး ကျောပိုးအိတ်ထဲမှ ပိုက်ဆံလိပ်လေးအား ပြန်ပြီး ထုတ်ယူလိုက်တော့...။ လောကကြီးနှင့် သူသည် ခေတ္တခဏတော့ အဆက်အသွယ်ပြတ်သွားသလို ဖြစ်သွား၏။ သူ့ကျောပိုးအိတ် နောက်ကပ်အိတ်လေးသည် တစ်စုံတစ်ဦး၏ လက်ချက်ဖြင့် ပေါက်ပြဲလျက်ရှိပြီ။ အတိအကျပြောရလျှင်တော့ အိတ်၏ အောက်ခြေအား ဓားဖြင့် ခွဲသွားသည့် ပုံစံပါပဲ။ သူသည် မျှော်လင့်ချက်ရေးရေးလေးဖြင့် အိတ်ထဲသို့ လက်နှိုက်လိုက်တော့ သူ့ လက်ငါးချောင်းသည် အောက်ခြေအပေါက်မှ ပြန်ထွက်သွား၏။

နှမြောလိုက်တာ။ ခုလေးတင် ကံထူးစွာဖြင့် ကောက်ရထားသည့် ပိုက်ဆံတွေ။ နှမြောလွန်း၍ ခေါင်းမီးတောက်ကာ ရင်တွေ တဒိုင်းဒိုင်းတုန်၏။ ဒူးတွေ ညွတ်ခွေကျမတတ် ဖြစ်ကာ အောက်ခံမြေကြီးနှင့် ခြေထောက်တွေ မထိသလိုမျိုးဖြစ်နေ၏။

“တရားနဲ့သာ ဖြေပါ ငါ့ညီမရယ်၊ ဘယ်တတ်နိုင်ပါ့မလဲ”

ကျွတ်... အရေးထဲ သူတို့ကတစ်မှောင့်၊ စိတ်ညစ်လို့ ကမ်းနားထိုင်နေခါမှ သပွတ်အူ မျောလာသည်ထက် ပိုဆိုးနေ၏။ ကားမှတ်တိုင် အမိုးအောက်၌ အသက်လေးဆယ်ကျော်ခန့် အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်မှာ ငိုနေ၍ ကျန်တစ်ယောက်က နှစ်သိမ့်နေခြင်း ဖြစ်၏။ သူ စိတ်ပျက်စွာ လှည့်ထွက်မည်အလုပ်...။

“ကျွန်မ သေသေချာချာကို ကြွပ်ကြွပ်အိတ်လေးနဲ့ ထည့်လိုက်တာပါ အစ်မရယ်၊ အဲသည်ပိုက်ဆံ ခုနစ်သောင်းမှာ အိမ်က ကလေးတွေအဖေ အတွက် ဆေးရယ်၊ ဓာတ်စာရယ်၊ ကလေးတွေအတွက် မုန့်ပဲသရေစာ ဝယ်လို့ ပိုတာ ငါးသောင်းခွဲတိတိ၊ ထောင့်ငါးရာကို လမ်းစရိတ် ဖယ်ထားပြီး ကျန်တဲ့ ငါးသောင်း သုံးထောင့်ငါးရာကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး သေသေချာချာ ထုပ်ထားခဲ့တာ။ ခုတော့...။ အိမ်ကို ဘယ်လို ပြန်ရမှန်းတောင် မသိတော့ဘူး။ ဟိုဘက်ကမ်းကူးတဲ့ လှေပေါ်ကနေ တစ်ခါတည်းသာ ခုန်ချလိုက်ချင်တော့တာပဲ”

“အို.... မကြံကောင်းမစည်ရာ ညီမရယ်”

ရုတ်တရက် ကြားလိုက်ရသော စကားကြောင့် သူ မြဲမြံစွာ ရပ်တည်နေသော ခြေအစုံတို့သည် ညွှတ်ခွေယိုင်ကျသွားမတတ် ဖြစ်သွား၏။ ဒါ... ဒါဟာ တမင်တကာ လုပ်ကြံဖန်တီးပြီး ပြောဆိုနေတာများလား။ ခု ခေတ်က အလိမ်အညာတွေ များပါဘိနဲ့။

“ကလေးတွေအဖေက နေမကောင်းလို့ အလုပ်မဆင်းနိုင်။ ကလေးတွေရဲ့ ကျူရှင် လခနဲ့ အိမ်စရိတ်အတွက် အရေးတကြီး ငွေလိုနေလို့ အမေ့နားကပ်လေး ပေါင်ပြီး သုံးပေါ့လို့ မနက်ကတင် အမေ ... ချွတ်ပေးခဲ့တာပါ အစ်မရယ်”

ဘဝသရုပ်ဖော် မြန်မာဝတ္ထုတွေထဲက အဖြစ်အပျက် တစ်ခုဟာ ယခု သူ့ရှေ့တွင် သက်ဝင်လှုပ်ရှားနေပြီ။ နေလောင်ဒဏ်ခံထားရသော ပါးပြင်ပေါ်သို့ ဒလဟော သွန်ကျလာသည့် မျက်ရည်တို့ကို သူ မသိမသာ စောင်းငဲ့ကြည့်မိနေ၏။ ထိုအမျိုးသမီး၏ သောကအပူမီးသည် သူ့ထံသို့ ကူးစက်လောင်ကျွမ်းလာ၏။ ထိုပိုက်ဆံကို ကောက်ရထားပြီးခါမှ ပြန်ပျောက်သွား၍ အလွန်တရာမှ နှမြောတသ ဖြစ်နေသေးတာ။ ယခု ကာယကံရှင်အမျိုးသမီးဆိုလျှင် မည်မျှ ဝမ်းနည်းပြီး နှမြောလိုက်လေမလဲ။

နေစမ်းပါဦး၊ ဘာမှ သေသေချာချာ မသိသေးဘဲ ကြိုတင်ပြီး စိတ်သောက မရောက်လိုက်လေနဲ့။ ဒါဟာ သူတစ်ပါးဆီက အကူအညီရလို့ရငြား လုပ်ကြံဇာတ်ခင်း နေတာရော မဖြစ်နိုင်ဘူးလား။ ခုခေတ်ကြီးမှာ သည် လို ဇာတ်လမ်းတွေက ရိုးနေပြီလေ။ သို့သော် ထိုအမျိုးသမီး၏ ဗလာမျက်လုံးတွေ အောက်၌ တသွင်သွင်စီးကျနေသော သောကအပူမျက်ရည်တို့က ဖြစ်ရပ်မှန်ကို ဖော်ပြနေကြ၏။ ပြီးတော့ လုပ်ကြံဇာတ်ခင်းပြီး နံဘေးကလူတွေ မကြားကြားအောင် ပြောနေစေဦး တော့ “ငါးသောင်းသုံးထောင့် ငါးရာ” ဟူသော ပိုက်ဆံအရေအတွက်က အဘယ်သို့ တိုက်ဆိုင်နေမည်နည်း။ ယခု သူ့ လက်ထဲတွင် မပျောက်မပျက်ဘဲ ကျန်ရှိနေပါက သူသည် ထိုကာယကံရှင် အမျိုးသမီးအား အကုန်ပြန်ပေးလိုက်မည် ဖြစ်ကြောင်း ဘုရားအဆူဆူ ရှေ့တွင် ကျိန်တွယ်ပြီး ပြောရဲပါ၏။ ယခုတော့ မိမိ၏ ပေါ့လျော့မှုကြောင့် ကူညီဖို့ အခွင့်အရေး ရလျက်သားနှင့် လွဲချော်ခဲ့ရပြီ။

သူသည် ထိုဝမ်းနည်းကြေကွဲဖွယ် မြင်ကွင်းအား မကြည့်ချင်တော့၍ မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်ကာ လေးကန်သော ခြေလှမ်းတို့ဖြင့် စတင်ထွက်ခွာလာခဲ့၏။ လောကတွင် ပိုက်ဆံ ငါးသောင်းခွဲခန့်ဖြင့် ဘဝပျက်မတတ် ခံစားနေရသူတွေ ရှိကြောင်း သူငယ်ချင်းတွေကို ပြောပြရမည်။ စံပြရုပ်ရှင်ရုံမှ တစ်ဖက်ကားလမ်းသို့ ကူးသည်အထိ အမျိုးသမီး၏ ခံစားချက်မဲ့နေသော ဗလာမျက်လုံးများသည် သူ့အား လွှမ်းမိုးနေ၏။

လူတွေဟာ လောကဓံတရားနှင့် ပတ်သက်၍ ခံစားရဖန် များလာသည့်အခါ နှလုံးသားတွေလည်း ထုံထိုင်းသွားကာ ဗလာနတ္ထိ ဟု ခေါ်သော ခံစားချက်တွေ မဲ့သွားတတ်လေသလား။ မိမိ အိမ်ပြန်အလာကို မျှော်လင့်ချက်များစွာဖြင့် အိမ်ရှေ့ထွက်မျှော်နေမည့် သားသမီးတွေကို သူ မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ ရုပ်ရှင်တွေထဲကအတိုင်း သား သမီးတွေကို ဆွဲယူ ကျုံးပွေ့ လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်လေမလား။ ထို အတွေးဖြင့် သူသည် မိမိကိုယ် မိမိ ခွင့်မလွှတ်နိုင်အောင် ဖြစ်သွားသည်။

ထို့နောက် သူ့မျက်လုံးတွေ ချက်ချင်း ဝေဝါးလာကာ ပါးပြင်ပေါ်သို့ ပူနွေးသောအရာများ စီးဆင်းလာ၏။ အလို သူ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေနှင့်ပါလား။

▢  မိုးဟန်ဂျွန်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၂၀

Friday, November 6, 2026

အလုပ်ပူချိန်ကြီးမှာ

❝ အလုပ်ပူချိန်ကြီးမှာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ရေကြက်မြည်သံသည် ချောင်းစပ်မှ လွင့်ပျံလာ၏။ သနားစဖွယ် ရေကြက်မြည်သံ ဆုံးလျှင် ချောင်းရေစီးသံသည် လွှမ်းမိုးမြဲ လွှမ်းမိုးသွားပြန်လေ၏။ ကိုဘညိန်း၏ အိမ်ထဲတွင်လည်း လူတွေ ငုတ်တုတ်ရှိပါလျက် ချောင်းရေစီးသံကို ဖြိုခွင်းမည့်သူ မရှိလေ။ ရီးဆေးရိုးသည် သား၏ ခေါင်းရင်းပိုင်းတွင် ထိုင်လျက်က သားကို ငုံ့ကြည့်နေ၏။ သားကို ငုံ့ကြည့်နေသော်ငြား ရီးဆေးရိုးသည် အရိုးပေါ်အရေတင်နေသော သားကို မြင်ဟန် မတူ။ မရဏတေးသံကို နားစွင့်နေဟန် တူသည်။

ရီးဆေးရိုး၏ချွေးမ မလှမေကား မီးဖိုခန်းဝတွင် ငေးနေ၏။ သူ ငေးမောရာဘက်တွင် ဆီးပင်ရှိငြား ဆီးပင်ကို မြင်ဟန် မရှိ။ လူမမာကို ရက်ပေါင်းများစွာ ပြုစုရသဖြင့် မျောက်ခေါင်းဖြစ်နေပြီ။ မျက်တွင်း လက်တစ်နှိုက်၊ ပါးရိုးငေါငေါ၊ နားထင်ချိုင့်ချိုင့်။

ကိုဘညိန်း၊ မလှမေတို့တွင် သားသမီးလေးယောက် ရှိသည်။ မေကြည်၊ ခင်မောင်ငြိမ်း၊ မောင်မောင်လှနှင့် ကျော်သူရ ဟူ၍။ သို့ဖြစ်ငြား ဖအေ တစ်ယောက်လုံး သေမင်းနှင့် အသက်လုနေရချိန်ဝယ် ဖအေ့အပါး၌ တစ်ယောက်မျှ မရှိ။ မဆီမဆိုင် ကိုထွန်းရ၊ မချောစိန်တို့၏သား မောင်ကိုကြီးသာ ဘထွေး၏ ခြေရင်းတွင် ငုတ်တုတ်ရှိနေ၏။

မောင်ကိုကြီး မှာလည်း လယ်ထဲ ပြေးလိုက်၊ ဘထွေးကို လာပြီး ပြုစုလိုက်မို့ အတော်ကလေး ချောင်ကျနေသည်။ ငူငူငိုင်ငိုင်ကြီး မဟုတ်ငြား၊ ဖျတ်ဖျတ် လတ်လတ်ကြီး မဟုတ်ပြီ။ သို့သော် သူသည် တိတ် ဆိတ်ခြင်းကို သည်းမခံနိုင်။ ငုတ်တုတ်ကြည့်နေရ သည့် သည်အဖြစ်ကိုလည်း မနှစ်မြို့။

“သည်အတိုင်း ထိုင်ကြည့်နေတော့မှာလား.. ဘ၊ ဆေးရုံလောက်တော့ ပို့ဖို့ ကောင်းပါတယ်”

“လူလေးလည်း အသိသားနဲ့ကွာ၊ ဆေးခန်း ဆရာဝန်ရော၊ တိုင်းရင်းဆေးဆရာတွေကရော မရတော့ဘူး ပြောထားတာပဲ”

“ကျုပ်... ကျုပ် ရင်နာတယ် ဘရာ”

မြေးကြီး၏အသံ တိမ်ဝင်သွားသဖြင့် ရီးဆေးရိုး ခေါင်းထောင်ထလာ၏။

“မင့်ဘထွေးရဲ့အခြေအနေက ရထားဆောင့်တဲ့ ဒဏ်မခံနိုင်ဘူးဟ၊ ဆေးရုံကို သယ်သွားရင် လမ်းမှာတင်...”

ရီးဆေးရိုး မပြောရက်။ အသက်ထွက်သွားလိမ့်မည်ဟူ၍ မဆိုရက်။ သေမည် ဟူသည်ကိုကား သာ၍ပင် မပြောရက်။

“အိုဗျာ... သည်အတိုင်းတော့ ကျုပ် ထိုင်ကြည့်မနေနိုင်ဘူး”

မောင်ကိုကြီးသည် ပြောပြောဆိုဆို အိမ်ပေါ်မှ ဆင်းခဲ့သည်။ လှေကားထစ်များအတိုင်း နင်းပြီးဆင်း လာသည်အထိ မည်သူ့ထံ မည်သူ့ကိုဟု အတွေးမဝင်။

ခွေးကတက်သို့ ရောက်မှ လင်းပင်စုသား လှအောင်ကို သတိရသည်။ လှအောင်အား မြင်းရထားဖြင့် လာ၍ ပင့်ကြသည်။ နွားလှည်းဖြင့် လာပင့် ကြသည်။ ဆရာဟု ခေါ်ကြသည်။ သို့သော် ဆရာဝန် မဟုတ်။ ရိုးရာနည်းကို စနစ်တကျ တတ်မြောက်သော တိုင်းရင်းမြန်မာဆေးဆရာလည်း မဟုတ်ချေ။ လောကဝေါဟာရတွင် ကြက်ကန်းခွပ်၍ ပွဲကျွတ်သည်ဟူ၍ ရှိ၏။ ဗုံမဟုတ် ပတ်မဟုတ်သော လှအောင်နှင့် ကံ တိုက်လျှင် ဘထွေးကို ကယ်ဆယ်နိုင်ရာ၏။ သည် အတွေးဖြင့် မောင်ကိုကြီးသည် ဘိုင်စကယ်ယူရန် အိမ်သို့ ပြန်သည်။

အိမ်သို့ ခြေဦးလှည့်ခဲ့ငြား နားကို စွင့်ထားသည်။ စီခနဲ ညံခနဲ မည်သည့်ချက်တွင် ကြားရပါမည်နည်းဟု နားစွင့်ထားသည်။

နန်းလုံးကြိုင်ပေပင်ကုန်းသို့ အရောက်တွင် သဲ့ခနဲကြားရသည်။ ခြေလှမ်းတုံ့ပြီး နားစွင့်သည်။ အမှန်ပင် ကြားရသည်။ လူကြီးငိုသံ လော၊ ကလေးအော်သံ လော။ ဘထွေး ကိုဘညိန်းတို့ အိမ်ရှေ့နားသို့ မျှော်ကြည့်၏။ ဟိုမှာဘက်မှ လာနေသူ တစ်ဦးတစ်ယောက်မျှ မမြင်ရ။ တစ်ဦးတစ်ယောက်မျှလည်း ပျာပျာသလဲ ပြေးဝင်မသွား။

“ဟဲ့... မောင်ကိုကြီး၊ ငိုသံကြားသလားလို့”

မောင်ကိုကြီး အထိတ်တလန့် လှမ်းကြည့်သည်။ ဘကြီး ရီးသာဒွန်း။ ရီးသာဒွန်းသည် ထန်းရွက်တဲထဲမှ ကုန်းကုန်းကွကွ ထွက်လာ၏။

“မင်းဘထွေး ဘယ့်နှယ်နေသတုံး”

“အခုလား၊ တော်တော်ကြာလားပဲ ဘကြီးရဲ့”

“မပြောကောင်း ပြောကောင်း လှမေ့အသံလားလို့”

ရီးသာဒွန်းသည် မျှော်ကြည့်ရင်းက နားစွင့်၏။ မသဲမကွဲအသံသည်ကား ရပ်စဲ မသွား။ ပိုပြီးသဲကွဲစေရန် ရီးသာဒွန်းသည် လမ်းပေါ်သို့ ထွက်လာ၏။

ကိုဘညိန်းတို့ အိမ်ဘက်သို့ မရဲတရဲ လှမ်းသည်။ မောင်ကိုကြီးလည်း “ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ” ဟု ရေရွတ်လျက် ပါလာ၏။

“ကိုဘညိန်းရေ၊ ဘယ်သူ့ကို ယုံလို့ ပုံခဲ့တာလဲတော့်”

သုံးအိမ်ကျော်အောင် လျှောက်ခါမှသာ သဲကွဲစွာ ကြားရသော မလှမေ့အသံ။

ထိုတစ်ခဏဝယ် မောင်ကိုကြီး၏ ခေါင်းပေါ်မှ မမြင်ရသော ဝန်ထုပ်ကြီး ပြုတ်ကျ၏။ ခဲဆွဲထားဘိသို့ လေးလံနေသော ရင်တွင်းဝေဒနာလည်း ပေါ့ပါးသွား ၏။

“ဟ... ဒွေးလေးလှမေ အသံပဲ”

လာလမ်းအတိုင်း မောင်ကိုကြီး ပြန်ပြေးသည်။ အိမ်ပေါ်က မြင်ကွင်းသည် မပြောင်းလဲ။ ဘ သည် ဘထွေး၏ နှာခေါင်းဝမှ ဂွမ်းစကလေးကို ထွေးခံထဲ ထည့်သည်။

ဒွေးလေးလှမေသည် နေရာပြောင်းကာ ဘထွေး ဘေးနားသို့ ရောက်လာသည်။ မျက်နှာကို ပုဆိုးစုတ်ဖြင့် အုပ်လျက် ဟစ်ငိုနေသည်။ လှေကားထိပ်တွင် ရပ်လျက် မောင်ကိုကြီး ရင်ဆို့နေ၏။

“ဘဒွေးရ… ဘဒွေးရ၊ လူတစ်ယောက်လုံး သေတာတောင် ငိုမယ့်သူ မရှိတဲ့ အဖြစ်ပါကလားဗျ”

အလောင်းခြေရင်းသို့ ပြေးထိုင်ကာ မောင်ကိုကြီးသည် ကြမ်းပြင်ကို လက်သီးဖြင့် ထု၍ ငိုလေ၏။

မောင်ကိုကြီးလုပ်ပုံကြောင့် ရီးဆေးရိုး၏ လက်သည် ထွေးခံပေါ်၌ တန့်သွား၏။ မလှမေသည် နှပ်ညှစ်လျက်က မျက်လုံးပြူးကြည့်နေ၏။

“ကျုပ် မကျေနပ်ဘူး ဘဒွေးရ၊ ဟီး ကျုပ် မကျေနပ်ဘူး။ အသက်ငင်နေတာတောင် မေးမယ့် သားသမီး မရှိဘူးဗျ။ သေတာတောင် ငိုမယ့်လူ မရှိတဲ့ ဇရပ်ပေါ်က အာဂန္တု မသာပါကလား”

ငိုလည်း ငို၊ ပြောလည်း ပြောနှင့် ကြမ်းကိုလည်း လက်သီးဖြင့် ထိုးပြန်သည်။ ရေနွေးကြမ်းပန်းကန်၊ ဆေးပန်းကန်တွေ ထခုန်သည်။ ထို့နောက် ရေနွေးကြမ်းအိုး ပြိုလဲသည်။

“ဟဲ့... လူလေး၊ ဟဲ့...လူလေး သည်လို မလုပ်နဲ့လေ”

ရီးဆေးရိုး လှမ်းအော်စဉ် မလှမေက ပြေးပွေ့ထားသည်။

“မောင်ကိုကြီး၊ သတိထားပါ ငါ့တူရယ်။ တောင်မင်းကို မြောက်မင်း မကယ်နိုင်၊ ပျိုးနုတ်ချိန်ကောက် စိုက်ချိန်ကြီးလေ”

ရီးသာဒွန်းလည်း ဘွားခနဲ လှေကားထိပ်မှာ ပေါ် လာသည်။

“ဆေးရိုးရေ… ခေါင်းမည်းရဲ့အသုဘကို ခေါင်းဖြူက ပို့ရဦးမှာပါကလား”

“သာဒွန်း လာဟေ့.. လာ.. လာ”

ရီးဆေးရိုးသည် နေရာပြင် ထိုင်ခြင်းဖြင့် ရီးသာဒွန်းအား ကြိုဆိုလိုက်၏။ ရီးသာဒွန်းသည် ရီးဆေးရိုး ဘေးတွင် တင်ပျဉ်ခွေထိုင်မိမှ မောင်ကိုကြီးကို လှမ်းကြည့်၏။

“အိမ်ကို ဆူးခက်ဆို့တဲ့ လူက ဆို့၊ ထန်းရွက်နဲ့ ကာတဲ့လူက ကာထားခဲ့ပြီး တစ်ရွာလုံး လယ်ပြင်ထွက် နေကြရတာ၊ တစ်ရွာလုံး တိတ်နေတယ်”

“ဟုတ်တယ်ကွာ” ဟု ရီးဆေးရိုးက ခြောက်ကပ်စွာ ထောက်ခံသည်။

“လူတွေမှာလည်း အလုပ်ရှိတုန်းကလေး လုပ်ကြရတာ။ ထွန်တုံးလည်း ပိတ်ကရော ယောင်လည်လည်နဲ့ မြစ်အရှေ့ဘက် ကူးပြီး ပဲကောက်သူကောက်၊ ထိုင်သူထိုင် မဟုတ်လား”

ရီးသာဒွန်းသည် မောင်ကိုကြီး ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်ငိုယိုသံကို အိမ်အောက်မှ လှမ်းကြားခဲ့ရသောကြောင့် ပြေစရာ ဖြေစရာကို ပြောနေခြင်းဖြစ်၏။

“အေးပေါ့...အေးပေါ့”

ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံရာက ရီးဆေး ရိုးသည် အိမ်ရှေ့လမ်းဘက်သို့ ငုံ့ကြည့်၏။

“ဪ … သည်အမယ်အိုလည်း ဒုက္ခတယ်ကြီးသကိုး”

တောင်ဝှေးထောက်လျက် ရီးကျီးဒန် လာနေသည်။

“သားပေကိုးဟ ဆေးရိုးရ၊ သားသမီးဒုက္ခ တယ်ကြီးတာကလား”

မလှမေသည် တစ်ချက်လှမ်းကြည့်ပြီး အိမ်ပေါ်မှ ဆင်းပြေးသည်။ ရီးကျီးဒန်ကို တွဲတင်လာသည်။

“သား... ငဘညိန်း... လူကလေး”

မသေသေးသူက ကိုယ့်ဒုက္ခကို အသာထားပြီး ရေရွတ်ငိုယိုရင်း အိမ်ပေါ်သို့ တက်လာ၏။ မလှမေက ယောက္ခမအား အလောင်းဘေးတွင် နေရာချထားပေး၏။

“သွားရှာပြီပေါ့ သွားရှာပြီ။ ဟဲ့ လူလေး၊ နင့် ဘထွေး ရေချိုးဖို့ လုပ်ဦးလေ။ မမာတဲ့ တစ်လျှောက်လုံး ရေမှ မချိုးရတာ”

“ဟုတ်ကဲ့ အမေကြီး” ဆိုကာ မောင်ကိုကြီး ထရပ်သည်။

ရပ်သော်ငြား မသာ အတွေ့ အကြုံက ခေါင်းပါးသဖြင့် ယောင်နန၊ အူတူတူ။

“အိုးခပ်ရွယ်ရွယ် ခပ်ညံ့ညံ့နဲ့ ရေထည့်ခဲ့ကွာ၊ အသုဘချရင် ခွဲပစ်ရမှာမို့ ခပ်ညံ့ညံ့လို့ ပြောတာဟေ့”

ရီးသာဒွန်းက ညွှန်ကြားရင်း ရှင်းပြသဖြင့် မောင်ကိုကြီး အပြေးအလွှားလုပ်သည်။

“သွားရှာပြီပေါ့ ဘညိန်းရေ၊ ဘဝဝဋ်ဒုက္ခဒဏ် ခံရတဲ့ တစ်ဘဝ ကျွတ်ပြန်ပြီပေါ့။ အင်း ဘဝကူး ကောင်းမှ ကောင်းပါ့မလား သားရယ်။ ဟဲ့ အိမ်အောက်မှာ စိုစရာတွေ ဘာတွေရှိသလား၊ ကြည့်ဦး”

ရီးကျီးဒန်သည် သံနေသံထားဖြင့် ငိုနေရာက အိမ်အောက်သို့ ငုံ့ကြည့်၏။ ကမ္မဋ္ဌာန်းကောင်ကို ထူပြီး ရေချိုးရန် ပြင်ဆင်နေကြပြီ မဟုတ်ပါလား။

“မောင်လေးရေ…. ဘညိန်းရဲ့၊ အစ်မလာပြီ မောင်လေးရဲ့”

အစ်မ မချောစိန်၏ ငိုသံဖြစ်သည်။

“အလုပ်တွေ လှိုင်တုန်းမှာ သွားရသလား မောင်uလေးရဲ့”

“သေမယ့်လူက နင်တို့ ထွန်တုံးပိတ်အောင် စောင့်နေရမှာလားဟ”

ရီးသာဒွန်းနှင့် ရီးဆေးရိုးက ကမ္မဋ္ဌာန်းကောင်ကို ထူပေးထားသည်။ မောင်ကိုကြီးက ခြေဖျားမှ ခေါင်း၊ ခေါင်းမှ ခြေဖျား တက်ချည် ဆင်းချည် ရေလောင်းပေးသည်။ ရီးသာဒွန်းသည် ကမ္မဋ္ဌာန်းကောင်ကို ချေးတွန်းပေးနေရာက ဆီးငေါက်၏။

မချောစိန်သည် လှေကားတစ်ဝက်တွင် တန့်သွားငြား၊ နံရိုးတစ်ချောင်းစီပေါ်နေသည့် အလောင်းကို မြင်သည့်ခဏ၌ ပြေးဖက်သည်။

“မြင်လို့မှ မကောင်းပါကလား မောင်လေးရဲ့”

သူ့နောက်တွင် ကိုထွန်းရ ကပ်လျက်ပါလာသည်။ ဖြစ်ကတတ်ဆန်း ခြေလက် ဆေးခဲ့ရသဖြင့် ရေစက် လက်ရှိသည်။ မျက်နှာနှင့် ရင်ဘတ်တွင်မူ ရွှံ့စက်ရွှံ့ ပြောက်များ ကပ်နေသည်။

“ထွန်းရ မဝင်နဲ့၊ ဥက္ကဋ္ဌအိမ်သွား၊ သေစာရင်း ပေးခဲ့။ ဘယ်နှရက်ထားမှာတုံး မေးရင် ကနေ့ချမှာလို့ ပြော”

ရေချိုးပေးနေရာသို့ ထွန်းရ ဝင်ကူမည်ဟန်ပြင်သဖြင့် ရီးဆေးရိုးက လှမ်းပြောခြင်းဖြစ်သည်။ ထိုအခါ ရီးကျီးဒန်က မော့ကြည့်၏။

“ကျုပ်သားလေးကို အခုသေ၊ အခုချ မလုပ်ကြပါနဲ့။ ဧယင်လေး ဘာလေး ကျူးလို့ တီးဝိုင်းလေး ဘာလေးနဲ့ ချပါရစေ”

“ဘာဧယင်ကျူး၊ ဘာတီးဝိုင်း...”

ရီးဆေးရိုး ထငေါက်၏။

“ဧယင်ကျူးရအောင် ငိုချင်းသည်ကို ဘာနဲ့ ပေးမှာ တုံး၊ နင့်ခေါင်းမွေးကို နုတ်ပေးမှာလား၊ ကောက်စိုက်ပျိုးနုတ် အလုပ်လှိုင်နေချိန်ကြီး ဘာဝိုင်းမှ ငှားလို့ရမှာ မဟုတ်ဘူး။ အရေးထဲ သူက တစ်မှောင့်”

ရီးဆေးရိုးသည် စောစောက သူထိုင်နေခဲ့သော နေရာသို့ ပြန်ရောက်သွားကာ ဒူးပေါ် လက်တင်လျက် မြည်တွန်တောက်တီးနေ၏။

“အမယ်လေး… ငဘညိန်းရဲ့၊ ဖြစ်သလို သွားရတော့မှာပါကလား သားရဲ့။ အမေ ဖြေလို့ မပြေနိုင်ပါကလားကွယ်”

ရီးကျီးဒန် သံနေသံထားဖြင့် ဆက်လက်ငိုနေစဉ် လမ်းဘက်မှ ငိုသံတွေ ပြိုဆင်းလာသည်။

“အဖေရေ… အဖေရဲ့”

“အမယ်လေး... ယက်မန်းရည်ကလေး တစ်ဇွန်းလောက်မှ မတိုက်လိုက်ရပါကလား အဖေရဲ့”

“ဘထွေးရေ… ဘထွေး”

“အဖေ… အဖေ၊ အမယ်လေး အဖေရဲ့”

“ဘရေ ဘရဲ့”

ကိုဘညိန်း၏ သမီးနှင့် ချွေးမများ၊ တူမများ၊ မြေးများတို့သည် လယ်ပြင်မှ ကြားလျှင်ကြားချင်း ပြေးလာကြသည်။

အရုဏ်တက်ကတည်းက လယ်ပြင်သို့ ထွက်ရ၊ မှောင်ကြီးမှောင်မှ အိပ်ပြန်ရသဖြင့် လူမမာ့ဘေးသို့ ရောက်မလာနိုင်ကြ။ သေပြီ ကြားမှသာ ကတိုက်ကရိုက် ပြေးလာကြရသည်။ ထဘီတိုတို၊ ပုဆိုးဖိုသီဖတ်သီ၊ ရွှံ့အလူးလူး၊ တမန်းပုပ်နံ့ တဟောင်ဟောင်ဖြင့် တစ်ပြုံကြီး တက်လာကြ၏။

ရီးကျီးဒန် သံနေသံထားဖြင့် ငိုခွင့်မရ။ တစ်ယောက်တစ်ပေါက် ငိုသံများဖြင့် တစ်အိမ်လုံး ကျွက် ကျွက်ညံသွားတော့သည်။

“အဖေ… သားမိုက်ကို ထကြည့်ပါဦး အဖေရဲ့၊ ‘ဟဲ့... လူမိုက်၊ ခွေးဖြစ်မယ့်အကောင်’ လို့ ထဆဲပါဦး အဖေရ”

အငယ်ဆုံးလူ ကျော်သူရသည် လှေကားအတိုင်း လေးဖက်ထောက် တက်ရင်း အော်ဟစ်ငိုယိုလာ၏။ မလှမေမှာ ချက်ချင်း မျက်ရည်သုတ်ကာ သားထွေး၏ လက်ကို ပြေးဆွဲသည်။

“လူလေး ကျော်သူရ သတိထားဟဲ့”

မသာအိမ်မှာ ကိုဘညိန်း၏ သားသမီး၊ မြေး၊ တူ၊ တူမများဖြင့် ပြည့်နေသည်။ ရပ်ဆွေရပ်မျိုး တစ်ယောက်စ နှစ်ယောက်စ ရောက်လာလျှင် အိမ်အောက်သို့ ဆင်းပေးကြရသည်။

ငိုသံတွေ ပွက်ပွက်ရိုက်နေချိန်ဝယ် မောင်ကိုကြီး မငိုတော့ပါ။

ငိုသံတွေကို နားထောင်ရသည်မှာ သူ့နားထဲတွင် အရသာ ရှိလှ၏။ သူသည် ငိုသူများထဲတွင် မပါဘဲ ပျောက်သွားသည်။ ခဏအကြာတွင် ခေါင်းပျဉ်ပြားများကို မြင်းရထားတစ်စီးဖြင့် သယ်ယူလာသည်။ လွှတိုက်သံ၊ သံရိုက်သံများနှင့် အချီအချ ငိုသံများ စဲသွားပြီ။ ရွေဘော် ခပ်ကြမ်းကြမ်း ထိုးထားသော အသုဘသေတ္တာလည်း အသင့်ဖြစ်နေပြီ။ ခုတင်ခြေ ထောက်ကို ညှပ်တုပ်ထားသော ထမ်းစင်တစ်ခုလည်း နဖူးစည်းတိုင်ဖုံးများဖြင့် ပြီးစီးနေပြီ။

အသုဘပို့မည့်သူကား သူစိမ်းဟူ၍ ရီးသာဒွန်း တစ်ယောက်သာ ရှိသည်။

“နေအေးပြီ မဟုတ်လားဟေ့၊ ခေါင်းသွင်းကြရအောင်”

ခေါင်းကို အိမ်ပေါ်သို့ သယ်သွားလျှင် ငိုသံများ ပွက်လောရိုက်ပြန်၏။ သို့စဉ်တွင် တောင်တံခါးမှ ဗုံရှည်ဝိုင်းတစ်ဝိုင်း ဝင်လာ၏။

“မောင်သေရင် မြေမဖို့ပါနဲ့၊ မီးမရှို့ပါနဲ့ ။ မြစ်ပင်လယ်ကြော မျှော”

အပူကို ဆွပေးသော တေးသံဖြင့် ဝင်လာသော ဗုံရှည်ဝိုင်းကား ကြက်ဟင်းခါးကျွန်းဗုံဝိုင်း ဖြစ်သည်။ မောင်ကိုကြီးသည် အပြေးအလွှား သွားကြိုရာက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ သည်ဝိုင်းကို သူ မဖိတ်၊ လူတွေကိုလည်း သူ မရင်းနှီးသောကြောင့် ဖြစ်သည်။

“ဘထွေး …. ကျုပ်လူတွေပါ၊ အနည်းအပါး ဧည့်ခံရင် ပြီးပါတယ်”

အပြေးအလွှား ချဉ်းကပ်လာပြီး တီးတိုးပြောလာ သူမှာ တူထဲတွင် အကြီးဆုံးဖြစ်သော ခင်မောင်ငြိမ်း ဖြစ်သည်။ ထိုခဏတွင် ရေအိုးတစ်အိုး ချခွဲသံနှင့် ငိုသံများကို ဥပေက္ခာပြုလျက် ကိုဘညိန်း၏ရုပ် ကလာပ်ပါသော ခေါင်းသည် လှေကားအတိုင်း မဆင်းဘဲ လှေကားမရှိသော တံခါးမှ ခက်ခဲစွာ ဆင်းလာပြီ။

“လွမ်းပုံကို မဖန်တီးနိုင်ဘူး၊ မြိုင်ကြီးရယ်တဲ့ သေလာငူ၊ ဖော်ကွာသူ ဆွေးစေဖို့၊ ငှက်ကျေးသာရကာ...”

မောင်ကိုကြီးသည် တေးသံကို နားဆင်ရင်းက အမေကြီးအား လှမ်းကြည့်၏။ ရီးကျီးဒန်သည် မြစ်တွေ တွဲလျက် လှေကားမှ ဆင်းလာ၏။ သူ့ဆန္ဒ ဖြစ်သော ဧယင်မကျူးနိုင်ပေငြား၊ ဝိုင်းတစ်ဝိုင်းမူ ပါ ဖြစ်အောင် ပါသေးသောကြောင့် ကျေနပ်နေဟန်ရှိ၏။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်

ချိုခါး


❝ ချိုခါး ❞ 
▢ မောင်အေးကို ( ပေါင်းတလည် )

၁။

တစ်ယောက်..

ကြည့်တယ်။

မကြိုက်ဘူး။

နောက်တစ်ယောက်...

ထပ်ကြည့်တယ်၊

မကြိုက်ဘူး။

နောက်တစ်ယောက်...၊

နောက်တစ်ယောက်...၊

နောက်တစ်ယောက်...။

ရှေ့မှာ ရပ်နေတဲ့ ဆယ်ယောက်သာ ကုန်သွားတယ်၊ ကျုပ်တစ်ယောက်မှကို ဘဝင်မကျဘူး။ ကျုပ်ဘေးမှာ ရပ်နေတဲ့ ဇော်ထွန်းကို မေးတစ်ချက် ငေါ့ပြတယ်။ “မင်းကော ကြိုက်ရဲ့လား” ဆိုတဲ့ သဘောနဲ့ပေါ့။ ဒီကောင်ကတော့ ထုံးစံအတိုင်း ပြုံးစိစိနဲ့။ အင်းမလှုပ်၊ အဲမလှုပ်။

“ဟိတ်ကောင် ဇော်ထွန်း၊ မင်း ပြုံးစိစိ လုပ်မနေနဲ့၊ မင်းဟာတွေကိုလည်း ကြည့်ဦး၊ အကုန်လုံး ရွတ်တွနေတာပဲ။ မင်း ပြောတော့ အငုံးလေးတွေ ရှိတယ်ဆို၊ ဒီလို အိုကြီးအိုမတွေကို ငါမကြိုက်ဘူးဆိုတာ မင်းလည်းသိရဲ့ သားနဲ့ကွာ”

ကျုပ် မကျေမနပ် ပြောတော့ ဧည့်ကြိုကောင်လေးက မျက်စိမျက်နှာတွေ ပျက်ပြီး ဟိုဘက် လှည့်သွားတယ်။ ကျုပ်တို့လို လာနေကျ ဖောက်သည်တွေအတွက် မျက်နှာပန်းမလှ ဖြစ်နေတာကြောင့် ဒီကောင်လေးလည်း မျက်နှာပူနေတယ် ထင်ပါရဲ့။

ကျုပ်ကတော့ အဲဒီ ဧည့်ကြိုကောင်လေးကိုရော ဇော်ထွန်းကို ပါ တကယ့်ကို ဒေါသဖြစ်မိတာ။ အထူးသဖြင့် ဇော်ထွန်း။ သူပဲ ဆယ့်ခြောက်၊ ဆယ့်ခုနစ်အရွယ် အငုံးလေးတွေ ရောက်နေပြီလို့ ပြောခဲ့တာ။ အခု တကယ်တမ်း လာကြည့်တော့ ရွတ်တွအိုဟောင်းနေတဲ့ အကျကြီးတွေ။

ဒီကောင် ဇော်ထွန်းကတော့ ကောင်းလည်း လာ၊ ဆိုးလည်း လာ၊ လတ်လည်း လာ၊ ပုပ်လည်း လာ၊ ဘာ လာလာ ဒေါင်းတတ်တဲ့ ကောင်မျိုးလေ၊ အခုလည်းကြည့်၊ ကျုပ် မကြိုက်ပါဘူးဆိုတဲ့ ဟာတွေကိုတောင် သူက ဟိုပုတ်၊ ဒီပွတ်နဲ့ ဆန်ခါတင် လိုက်ရွေးနေသေးတယ်။ ဒါတင်မကဘဲ ကျုပ်ကိုတောင် ချော့သလိုလို မြှူသလိုလိုနဲ့ လာစည်းရုံးနေသေးရဲ့။

“ဦးစိန်ကလည်းဗျာ... အငုံးလေးတွေကတော့ အမြဲ တမ်း ဘယ်ရနိုင်ပါ့မလဲ။ ကျွန်တော်လည်း ဦးစိန် နည်းတူ အကောင်းတော့ ကြိုက်တာပဲပေါ့။ ဒါပေမဲ့လည်း အခုဟာတွေက ဦးစိန့် စိတ်ပျက်လောက်အောင်တော့ ဆိုးရွားနေတာ မဟုတ်ပါဘူး။ အသက်နည်းနည်းကြီးတာက လွဲလို့ ရုပ်ရည်လည်း သင့်ပါတယ်၊ ကိုယ်လုံးကိုယ်ပေါက်လည်း မိုက်ပါတယ်ဗျ၊ လာပါဗျာ၊ ဝင်ရအောင်၊ ဘာမှ မူမနေနဲ့ ...၊ ဦးစိန်အိမ်က ဟာကြီးထက်တော့ အများကြီး သာပါတယ်”

“တော်ပြီ ဇော်ထွန်း၊ ငါ့ကို ဘာမှ လာပြီး စည်းရုံးမနေနဲ့၊ မင်းဟာမင်း ဝင်ချင် ဝင်၊ ငါ စောင့်ပေးမယ်။ ငါ့ကိုတော့ လာမစည်းရုံးနဲ့၊ ငါကတော့ အငုံးလေးတွေမှ မရရင် လုံးဝမလှုပ်ရှားဘူး။ ဒါပဲ”

ပြောတဲ့အတိုင်းပဲ။ ဘာလာလာ ဒေါင်းတဲ့ ဇော်ထွန်း ကတော့ ဆန်ခါတင်တစ်ယောက် ခေါင်းခေါက်ရွေးပြီး အခန်းထဲ ဆွဲသွင်းသွားလေရဲ့။ ကျုပ်ကတော့ ဧည့်ခန်းထဲမှာ ထိုင်စောင့်ရင်း သောက်ဖို့ ဘီယာတစ်လုံး မှာလိုက်တယ်။

ဟုတ်တယ်လေ အငုံးလေးမှ မရရင်တော့ ဘီယာ ထိုင်သောက်နေတာကမှ အရသာရှိသေး။

••••• ••••• •••••

၂။

“ဘယ်အချိန် ရှိနေပြီလဲ ကိုစိန်၊ နာရီကိုလည်း နည်းနည်းလောက် ကြည့်လိုက်ပါဦး”

ဗုဒ္ဓေါ...။

ဘယ်သူမှ မသိအောင် ခြေသံဖွဖွနင်းပြီး အိပ်ရာထဲ တိုးတိုးတိတ်တိတ် ဝင်ပါတယ် ဆိုကာမှ မိန်းမက နိုးဖြစ်အောင် နိုးနေသေးရဲ့။ သူ့အသံက တိုးတိုးလေး ဆိုပေမဲ့ ကျုပ်ကတော့ အထိတ်တလန့် ဖြစ်သွားမိတာ အမှန်ပဲ။

“အဲ... စောပါသေးတယ်ဟ မိညွန့်ရ၊ အခုမှ မနက် သုံးနာရီပဲ ရှိပါသေးတယ်”

“တစ်ညလုံး သွားချင်ရာ သွားပြီး မနက်သုံးနာရီမှ အိမ်ပြန်ရောက်တာကို စောသေးတယ် ဟုတ်လား ကိုစိန်၊ တော့်ကိုယ်တော် လူငယ်လေးများ ထင်နေလား။ တော့်အသက် မငယ်တော့ဘူး၊ လေးဆယ်ကို တော်တော်လေး ကျော်နေပြီ၊ အခုအထိ ညအချိန်မတော် အပြင်ထွက်နေတုန်း။ နေပါဦး၊ အခု ဘယ်သူနဲ့ ပြန်လာတာလဲ၊ ထုံးစံအတိုင်း ဇော်ထွန်းနဲ့ပဲ မဟုတ်လား”

အဲဒီလောက် သိနေမှတော့ ကျုပ်လည်း မငြင်းသာတော့ဘူး။ “အင်း” ပဲ ပြောရတော့တာပေါ့။

မိညွန့်ရဲ့ သက်ပြင်းရှည်မှုတ်ထုတ်သံကို ကြားလိုက်ရတယ်။ ပြီးတော့ သားနဲ့သမီး နိုးသွားမှာစိုးလို့ ထင်ရဲ့။ အခါတိုင်းလို လေသံမာကြီးနဲ့ မဟုတ်ဘဲ လေသံတိုးတိုးလေးနဲ့ ထပ်ပြောတယ်။

“ကျုပ်အရွယ်လည်း မငယ်တော့ပါဘူး ကိုစိန်၊ ဒီ အရွယ်ရောက်မှတော့ တစ်သက်လုံး ပေါင်းလာတဲ့ ယောက်ျားနောက်ကနေ တကောက်ကောက် လိုက်ပြီး ဗျာများနေရတဲ့ ဘဝမျိုးလည်း မဖြစ်ချင်တော့ပါဘူး။ မိန်းမတွေ အရွယ်လွန်လာတဲ့အခါ ယောက်ျားတွေဖြစ်တတ်တဲ့ သဘာဝကိုလည်း ကျုပ်နားလည်ပါတယ်”

“အေးပါဟာ မိညွန့်ရာ၊ နင်ပြောပုံက အခုပဲ ငါက မဟုတ်တာတွေ လုပ်ထားသလိုလို”

ဟန်ကိုယ့်ဖို့ ဆိုတာ ရှိသေးတယ် မဟုတ်လား၊ ကိုယ့်ဟာကိုယ် ဟုတ်တာပဲ လုပ်လုပ်၊ မဟုတ်တာဘဲ လုပ်လုပ်၊ ဒါမျိုးကတော့ ဘယ်ငြိမ်ခံနေလို့ရမလဲ။ အနည်းနဲ့ အများတော့ ပြန်ပက်ရတာပေါ့။

“ကျုပ် ဆက်ပြောဦးမယ် ကိုစိန်၊ အခုနက ပြောသလို ကျုပ်က နားလည်ပေးနိုင်ပါတယ်။ တော်လုပ်ချင်တာ လုပ်နေတယ်ဆိုရင်တောင်မှ ကျုပ်ကတော့ သဝန်တို ကြောင့်ကြနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင့်မှာ သားနဲ့ သမီး ရှိသေးတယ် ဆိုတာကိုတော့ သတိထားစေချင်တယ်”

မိညွန့် ပြောမှ တစ်ဖက် အခန်းထဲ နားစွင့်ကြည့်မိတယ်။ သားနဲ့သမီးကတော့ ကျုပ် ပြန်လာတာ သိပုံမရကြဘူး၊ ပြိုင်တူတောင် ဟောက်နေကြသေးရဲ့။

အင်း.. သားက ဒီနှစ် ဆယ်တန်းဖြေရမှာ။ ကလေးစိတ်မပျောက်သေးပေမဲ့ လူ့သဘောလူ့မနောတော့ ကောင်းကောင်း သိနေပြီပေါ့။ သမီးလေးကတော့ အခုမှ ခြောက်တန်း၊ ငယ်သေးတယ်ဆိုပေမဲ့ သူလည်း လူရိပ်လူကဲတော့ ကောင်းကောင်းခတ်တတ်နေပြီ။ အဲဒီတော့ ကျုပ် လုပ်ရပ်တွေကို သားနဲ့သမီး မရိပ်မိခင်မှာ မိညွန့် ပြောသလို သူတို့ မျက်နှာထောက်ပြီး အနေ အထိုင် ဆင်ခြင်ဦးမှ ဖြစ်မယ် ထင်ပါရဲ့။

“ပြီးတော့ ဇော်ထွန်း၊ ဒီ ဇော်ထွန်းက ရှင့်တူအရွယ် လောက်ပဲ ရှိသေးတာ။ ကိုယ့်တူကိုယ့်သားအရွယ်လေးနဲ့ တွဲပြီး ဟိုသွားဒီသွား လုပ်နေတာကိုလည်း ကျုပ် မကြိုက် ဘူး။ ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ၊ နေတာထိုင်တာ ပုံမကျတော့ မိန်းမနဲ့ကွဲ၊ အရက်ကလေး တမြမြ၊ ဖဲလေး တဆဆ၊ တစ်သက်လုံး မဟုတ်တာ လုပ်လာတဲ့ ကောင်လေးဆိုတာ တော်လည်း မသိတာ မဟုတ်ဘဲနဲ့”

ကျုပ် မိညွန့်မသိအောင် ကျိတ်ပြီး ပြုံးလိုက်မိသေးရဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ဇော်ထွန်း ဆိုတဲ့ ကောင်က တကယ့် လိုင်းစုံကောင်။

ဒီကောင်က ကျုပ် လိုချင်တာ မှန်သမျှ အကုန်ရအောင် လုပ်ပေးတယ်။ အရက် သောက်ချင်ရင် အရက်ရှာပေးတယ်။ ဖဲရိုက်ချင်ရင် ဖဲဝိုင်းထောင်ပေးတယ်။

အထူးသဖြင့် ကျုပ် ကြိုက်တတ်တဲ့ အငုံးလေးတွေ ဆိုရင်လည်း ဒီကောင်ပဲ ရှာပေးနေတဲ့ဟာ။

ဒီကောင် ဇော်ထွန်း ပြောတဲ့ စကားတွေထဲမှာ ကျုပ် နားဝင်အချိုဆုံးကတော့ “ဦးစိန် အငုံးလေးတွေ ရောက်နေပြီနော်” ဆိုတဲ့ စကားပဲ။ ဒီကောင်ကလည်း ကျုပ် နားဝင်ချိုမှန်း သိလို့ ထင်ပါရဲ့၊ မရှိရင်တောင်မှ အရှိလုပ်ပြီး “ဦးစိန် အငုံးလေးတွေ ရောက်နေပြီနော်” လို့ ခဏခဏ စ,တတ်နောက်တတ်သေးရဲ့။

အဲဒီလို လိုင်းစုံပြီး ကျုပ် လိုချင်တာ အမြဲ ဖြည့်ဆည်း ပေးနေတာကြောင့်ပဲ ကျုပ်နဲ့ ဒီကောင် အသက်အရွယ်ကွာပေမဲ့ အမြဲလိုလို တပူးတွဲတွဲ ဖြစ်နေတာ ထင်ပါရဲ့။ ဘာပဲပြောပြော လူကသာ လူစုံဆိုပေမဲ့ ပေါင်းသင်း ဆက်ဆံရေးမှာတော့ မဆိုးလှပါဘူး။ လူကြီး လူကြီးမှန်းလည်း သိတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စစနောက်နောက် ပြောတတ်ဆိုတတ်ပေမဲ့ လူကြားသူကြားဆိုရင် ကျုပ်အပေါ်ကို တလေးတစား ဆက်ဆံတတ်ပါတယ်။

“ငြိမ်လှချည့်လား ကိုစိန်၊ တစ်ခုခုတော့ ပြန်ပြောဦးလေ၊ ရှင်က လုပ်ချင်ရာ လုပ်ပြီးရင် အဲဒီလိုပဲ ရေငုံ နှုတ်ပိတ် လုပ်နေတတ်တာ၊ ပြီးတော့...ဇော်ထွန်း... အိမ်မှာ ဝင်ထွက်သွားလာနေတာကို ကျုပ်မကြိုက်ဘူး။ ဟိုနေ့ကလည်း သားဆီက အရက်နံ့ရတယ်၊ သောက်လာသလား မေးတော့ မဟုတ်ဘူးတဲ့၊ ဇွတ်ငြင်းတယ်၊ နောက်ဆုံး မရမက မေးတော့မှ ကိုဇော်ထွန်း တိုက်လို့ ဘီယာ နည်းနည်းသောက်လာတာပါတဲ့လေ”

“ဟုတ်လို့လား မိညွန့်ရာ၊ သူများကို စွပ်စွပ်စွဲစွဲ လျှောက်ပြောမနေပါနဲ့”

“တော်က ဇော်ထွန်းကို ဘာထင်နေလဲ၊ သိပ်ပြီး လျှော့တွက်မနေနဲ့၊ တော့်ကိုတင် မကဘဲ တော့်သားကိုပါ အရက်သမားဖြစ်အောင် ဖျက်ဆီးသွားဦးမယ်”

“ကဲ.. အေးပါ မိညွန့်ရာ၊ အိပ်ပါတော့၊ ငါလည်း အိပ်ချင်နေပြီ၊ နောက်နေ့တွေ့ရင် ပြောလိုက်မယ်။ သားကို လည်း ဆုံးမလိုက်မယ်၊ ဟုတ်ပြီလား၊ တော်တော့၊ ဆက်မပြောနေနဲ့တော့”

ကျုပ် လေသံမာမာနဲ့ ဟောက်လိုက်မှပဲ မိညွန့် ငြိမ် ကျသွားတော့တယ်။ ဒါတောင်မှ သက်ပြင်းအရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သေးရဲ့။

••••• ••••• •••••

၃။

အဲဒီနေ့ ညက ကျုပ်နဲ့ ဇော်ထွန်း လမ်းထိပ်က ဘီယာဆိုင်မှာ ဘီယာအတူတူ ထိုင်သောက်နေတာ။ တစ်ယောက် သုံးခွက်စီတောင် ကောင်းကောင်း မကုန်သေးဘူး၊ မိညွန့်ဆီက ဖုန်းဝင်လာတယ်။

“ကိုစိန်၊ တော့်ဘီယာက သောက်လို့ မပြီးသေးဘူးလား၊ ကျုပ်က သားတွေ သမီးတွေ မနက် ထမင်းထုပ်ဖို့ ညဈေးမှာ ဝယ်စရာရှိတာလေးတွေ ခဏသွားဝယ်နေ တာ၊ ကျုပ်အိမ်က ထွက်လာတဲ့အထိ သား ကျူရှင်ကနေ ပြန်ရောက်မလာသေးဘူး၊ သမီးပဲ အိမ်မှာ ရှိတယ်၊ ပုံမှန်ဆိုရင် ခြောက်နာရီခွဲ ပြန်ရောက်နေကျလေ၊ ခဏနေရင်တော့ ကျုပ်လည်း ပြန်လာမှာပေါ့။ အဲဒါ သောက်တာ ရပ်ပြီး သား တက်နေတဲ့ ကျူရှင်အိမ်ကို ခဏလိုက်သွားကြည့်ပါဦး”

အဲဒီအချိန်မှာပဲ ...။

“မေ့နေတာ ဦးစိန်ရေ၊ ကျွန်တော်လည်း ရွာကလာတဲ့ အဒေါ်ကို ကားဂိတ်မှာ သွားကြိုရမှာ၊ ခုနစ်နာရီခွဲတဲ့၊ အခု ခုနစ်နာရီဆယ့်ငါးတောင် ရှိနေပြီ၊ သောက်ရင်းသာ စောင့်နေလိုက်တော့၊ အဒေါ် သွားကြိုပြီးတာနဲ့ ဆက်ဆက် ပြန်လာခဲ့မယ်” ဆိုပြီး ဇော်ထွန်း ပျာပျာသလဲနဲ့ ထ,ထွက်သွားတယ်။ ဒါတောင်မှ ခပ်လှမ်းလှမ်းရောက်တော့ “ဦးစိန် အေးအေးဆေးဆေး သောက်နေနော်၊ နည်းနည်းကောင်းလာမှ အငုံးလေးတွေဆီ သွားကြတာပေါ့” လို့ လှမ်းအော်လိုက်သေးရဲ့။

တော်တော်မလွယ်တဲ့ ကောင်၊ အဒေါ် သွားကြိုမယ့် ဟာတောင် ကျုပ် နားဝင်ချိုမယ့်စကားတွေကို ပြောဖြစ် အောင် ပြောခဲ့သေးတယ်။ အဲဒါတွေကြောင့်လည်း ဒီကောင့်ကို ချစ်နေရတာ။

ဇော်ထွန်း ပြောသလိုတော့ အေးအေးဆေးဆေး သောက်မနေနိုင်ပါဘူး။ ဘီယာလက်ကျန်လေးမော့ပြီး သားတက်တဲ့ ကျူရှင်အိမ်ကိုလိုက်သွားလိုက်တယ်။ ဟိုရောက်တော့လည်း မိညွန့် ထင်သလို မဟုတ်ပါဘူး။ စာ လက်ကျန်တွေ ဖြတ်ဖို့ များနေလို့ ဆိုပြီး အချိန်ပိုသင်နေလို့ နောက်ကျနေတာ။ အဲဒီ မိညွန့် ဆိုတဲ့ မိန်းမကို အဲဒါတွေ စိတ်ပျက်တာ။ နေရာတကာ လိုတာထက် ပိုပြီး စိတ်ပူတတ်တာလေ။

ဒီလိုနဲ့ သားကို ကြိုပြန်လာပြီး ခြံဝရောက်တဲ့အချိန်မှာပဲ မိညွန့်ရဲ့ စူးစူးရှရှအသံကို ကြားလိုက်ရတယ်။

“ခွေးကောင်၊ မိုက်ရိုင်းတဲ့အကောင်၊ နင် အဲဒီလောက် စည်းဖောက်ရလားဟဲ့၊ အဲဒီလောက်ပဲ မိုက်ရိုင်းရလားဟဲ့”

ဒါ... မိညွန့်အသံမှ မိညွန့်အသံစစ်စစ်၊ ကျုပ်.. စိုးရိမ်တကြီးနဲ့ အိမ်ထဲ ပြေးဝင်လိုက်တယ်။

မြင်ကွင်းက လုံးဝ မထင်မှတ်ထားတဲ့ မြင်ကွင်း။ မိညွန့်က ဇော်ထွန်းရဲ့ ပါးကို ဘယ်ပြန်ညာပြန် ရိုက်နေတာ။ ဆဲလည်းဆဲ၊ ငိုလည်းငို၊ ရိုက်လည်းရိုက်။

ဇော်ထွန်းကတော့ မိညွန့်ရှေ့မှာ ဒူးထောက်ချထားပြီး မိညွန့်ပြုသမျှ နုနေတာပဲ။ တစ်ချက်ကလေးမှ ပြန်မပြောသလို ဘာမှလည်း မတုံ့ပြန်ဘူး။ ခေါင်းငိုက်စိုက် ချထားပြီး မိညွန့်လက်ဝါးဒဏ်တွေကိုပဲ မရှုမလှ ငြိမ်ခံနေတယ်။

“မိညွန့် ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ။ ဟိတ်ကောင်... ဇော်ထွန်း ဘာဖြစ်တာလဲ၊ ငါ့ကို ပြောစမ်း။ မိညွန့် ငါ့ကို ပြောစမ်း၊ ဘာဖြစ်တာလဲ”

“ဘာဖြစ်တာလဲ ဟုတ်လား၊ တော့်လူလေ၊ တော် ကိုးကွယ်ထားတဲ့ တောင်ပို့လေ၊ ကျုပ်သမီးလေးကို မတော်မတရား ကြံနေတာ၊ ကျုပ်ပြန်ရောက်တာ အချိန်မီလို့ ၊ နည်းနည်းလေး နောက်ကျတာနဲ့ ကျုပ်သမီးလေး ဘဝပျက်ပြီ”

“ဘာ၊ ဘယ်လို၊ ဇော်ထွန်း ဟုတ်လား၊ ဟိတ်ကောင် ဇော်ထွန်း၊ မင်း တကယ်ဟုတ်လား”

ကျုပ် မေးပေမဲ့ ဇော်ထွန်း တစ်ခွန်းမှ ပြန်မပြောဘူး၊ ခေါင်းငိုက်စိုက်ချပြီး မိညွန့်ရဲ့ ရိုက်ချက်တွေကိုပဲ ငြိမ်ခံနေတယ်။ ဒီကြားထဲမှာ သားကပါ ခြေထောက်နဲ့ ပြေးကန်သေး။

သတိရလို့ သမီးလေးကို လှမ်းကြည့်တော့ အိပ်ခန်းထောင့်မှာ ရှိုက်ရှိုက်ငိုနေတာ တွေ့ရတယ်။

သမီးလေး၊ ကျုပ်သမီးလေး။ အခုမှ ခြောက်တန်းပဲ ရှိသေးတာ။ လူလားတောင် ကောင်းကောင်းမမြောက်သေးတဲ့ သမီးလေး။ ဝတ်ထားတဲ့ အရိပ်ပန်းအင်္ကျီလေးက စုတ်ပြဲနေတယ်။ ဂါဝန်လေးပါ တစ်ခြမ်းကွဲနေသေး။ ဆံပင်တွေလည်း ဖွာလန်ကြဲလို့။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး အိပ်ခန်းတံခါးကြားကိုပဲ တိုးတိုးပြီး ဝင်နေတယ်။

သေချာပြီပေါ့။ ဒါဆို သေချာပြီပေါ့။

ကျုပ် ဇော်ထွန်းကို စိတ်ရှိလက်ရှိ ဆောင့်ကန်ပစ်လိုက်တယ်။

“ဟိတ်ကောင် ဇော်ထွန်း ပြောစမ်း၊ မင်း တကယ်လား၊ တကယ် အဲဒီလို ဖြစ်သွားတာလား”

“ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ ဦးစိန်ရာ၊ ကျွန်တော် မှားသွားပါတယ်”

ကျုပ် မကြားချင်ဆုံး စကား၊ ကျုပ် မဖြစ်ချင်ဆုံး အဖြစ်အပျက် ...။

ကျုပ် ရင်ဘတ်တစ်ခုလုံး ကွဲထွက် လွင့်စဉ်သွားပြီလား၊ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးသွားပြီလား၊ ကျုပ်ကမ္ဘာတစ်ခုလုံး ချာချာလည်ထွက်သွားပြီ ထင်ပါရဲ့။

ကျုပ် ဇော်ထွန်းကို ဘယ်နှကြိမ် ကန်ကျောက်ပြီး ဘယ်နှကြိမ် ထိုးကြိတ်နေမိသလဲတောင် မသိတော့ပါဘူး။

“ဒီလို ကောင်မျိုး အတွက်နဲ့တော့ ဘဝပျက်မခံပါနဲ့ ကိုစိန်၊ ထားလိုက်ပါတော့၊ သူ့တရား သူ စီရင်ပါ လိမ့်မယ်” ဆိုပြီး မိညွန့် လာဆွဲတော့မှ ကျုပ် ပစ္စုပ္ပန်ကို ပြန်ရောက်လာခဲ့တာ။

••••• ••••• •••••

၄။

ဖြစ်နိုင်မယ်ဆိုရင် ဖြစ်ခဲ့ပျက်ခဲ့သမျှ အားလုံးကို အိပ်မက်တစ်ခုလိုပဲ သဘောထားလိုက်ချင်တော့တယ်။ ဒါပေမဲ့ ဒါတွေက အိပ်မက်မှ မဟုတ်တာ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တာတွေပဲ။

ကျုပ် တော်တော်လေးကို တုန်လှုပ်ချောက်ချားနေမိတယ်။ တုန်လှုပ်ချောက်ချား တဲ့ စိတ်ကြောင့်ပဲ တစ်ညလုံး တစ်ရေးမှ အိပ်လို့ မရခဲ့ဘူး။ ဒီလိုနဲ့ မနက်လင်းခါနီးအထိ အိပ်မပျော်တဲ့အဆုံး ဗိုက်လည်း ဆာသလိုလိုရှိတာနဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်း ထွက်လာခဲ့မိတယ်။

လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာတော့ ကျုပ်အပြင် တခြားစားပွဲတွေမှာပါ လူတွေ ရောက်နေကြပြီ။

ဝေလီဝေလင်း အချိန်ဆိုတော့ လမ်းပေါ်မှာလည်း အသွားအလာတွေ ဖြိုးဖြိုးဖြောက်ဖြောက် ရှိနေပါပြီ။

“ဟိတ်ကောင်တွေ ဟို မှာကြည့်စမ်း၊ မိုက်တယ်ဟ၊ အလန်းလေးတွေ”

အသံကြားလို့ လှည့်ကြည်မိတော့ စားပွဲတစ်ဝိုင်းကျော်က ပြောနေကြတာ။ လူငယ်လေးတွေလည်း ပါတယ်။ အသက်လေးဆယ်ကျော်လောက် အရွယ်တွေလည်း ပါတယ်။ ထိုင်နေကြတာ။ စုစုပေါင်း ငါးယောက်။ သူတို့က လမ်းပေါ်ကို လှမ်းကြည့်ပြီး ပြောနေကြတာ။ သူတို့ လက်ညှိုးထိုးတဲ့ နေရာကို ကျုပ်ပါ လိုက်ကြည့် မိတော့ ကျောင်းသူလေးတွေ၊ မနက်စောစော ကျူရှင်သွားကြတာ ထင်ပါရဲ့။ ကိုးတန်း၊ ဆယ်တန်းအရွယ်လေးတွေပေါ့။

“မိုက်တယ်ကွ၊ အငုံးလေးတွေ၊ အဲဒီလို အငုံးလေးတွေနဲ့...”

ကျု ပ်မျက်လုံးတွေ ပြာသွားသလိုပဲ၊ ကျုပ်များ နားကြားလွဲလေရော့ သလား၊ ကျုပ် ထပ်ပြီး အာရုံစိုက်လိုက်တယ်။

“အဲဒီလို အငုံးလေးတွေနဲ့ တွေ့လိုက်ရလို့ကတော့...”

ကျုပ် သူတို့ ပြောနေတာတွေကို ဆက်မကြားနိုင်တော့ ဘူး။ ကိုယ့်ကိုယ်ကိုလည်း မထိန်းနိုင်တော့ဘူး။ ခေါင်းကို တွင်တွင်ယမ်းပြီး ကျုပ်ရှေ့က စားပွဲကို တစ်ချက် ဆောင့်ကန်ပစ်လိုက်တယ်။

ရုတ်တရက်ဆိုတော့ ဆိုင်ထဲက လူတွေအားလုံး အလန့်တကြား ဖြစ်သွားတယ် ထင်ပါရဲ့။

ကျုပ်ဆီကို ဝိုင်းကြည့်ကြတယ်။ မတတ်နိုင်ဘူး။ ကျုပ် နောက်ကို လှည့်မကြည့်ဘဲ ဆိုင်ထဲက ထွက်လာခဲ့တယ်။

သူတို့ကတော့ ကျုပ် ဘာကြောင့် ဒီလို လုပ်လိုက်တယ်ဆိုတာ နားလည်ချင်မှ နားလည်ကြမှာပေါ့။

တောက်...။ မိုက်ရိုင်းတဲ့ ကောင်တွေ၊ မနက်စောစောစီးစီးကို မိုက်မိုက်ရိုင်းရိုင်း မဆင်မခြင် ပြောထွက်တဲ့ ကောင်တွေ။ ဘာတဲ့..။

“မိုက်တယ်ကွ၊ အငုံးလေးတွေ၊ အဲဒီလို အငုံးလေးတွေနဲ့ တွေ့လိုက်ရလိုကတော့” တဲ့။

တောက်...။

ကြားရတဲ့စကားတွေက အခုအချိန်အထိ နားထဲမှာ ခါးနေတုန်းပဲ။

▢  မောင်အေးကို ( ပေါင်းတလည် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၈ ၊ စက်တင်ဘာ 

Thursday, November 5, 2026

ဆန်ရေ


❝ ဆန်ရေ ❞ 
( မာလာရုံ )

အိမ်ရှေ့မှ ကားရပ်သံ ကြားရပြီ။ ဂွတ်နိုက်သူငယ်ချင်း ဆီးယူ ... မပီကလာ စကားများဖြင့် ကုမ္ပဏီတစ်ခု၏ ညစောင့် ဦးဘမောင် တစ်ယောက် မိမိတဲအိမ်လေး ရှိရာသို့ ဒယိမ်းဒယိုင် ရောက်ရှိလာ ပါသည်။

ဒီနေ့ ကုမ္ပဏီ သူဌေးက ဝန်ထမ်း အားလုံးကို ဘောနပ်စ်များ ထုတ်ပေးသည်။ ဦးဘမောင်နှင့် ညစောင့်သူငယ်ချင်း ၃ ယောက် ထိုငွေများဖြင့် စင်တင်တေးဂီတ ဆိုင်တစ်ဆိုင်မှာ သောက်စားလာခြင်းပင်။

လေဖြတ်နေသော ဇနီးဖြစ်သူ ဒေါ်ခင်မိမှာ ယောက်ျားဖြစ်သူကို အိပ်ရာပေါ်မှ မသက်မသာ လှမ်းကြည့်ရင်း... ဆိုက်ကား ထွက်နင်းနေသော သားကြီး မိုးသီဟကို မျှော်နေမိသည်။

ထိုစဉ် ... ကလင် ... ကလင် ...

ဆိုက်ကား ဘဲလ်တီးသံနှင့်အတူ သားကြီး၏ ဝမ်းသာအားရ အသံကို ကြားလိုက်ရသည်။

“အမေ ... အမေ ... ဒီမှာ သားဆိုက်ကားပေါ်မှာ ကျန်ခဲ့တဲ့ ခရီးသည်ရဲ့ ပိုက်ဆံအိတ်ကို သားပြန်လိုက်ပေးလို့ ကျေးဇူးတင်ပြီး သားကို မုန့်ဖိုး ၁ဝဝဝဝိ/- ပြန်ပေးလိုက်တယ်... အမေ သိလား။ ဒါက အဖေရယ်၊ အမေရယ်၊ ညီမလေးရယ်အတွက် ခေါက်ဆွဲကြော်၊ ဒါက အမေ့အတွက် ဆေး၊ ဒါက ညီမလေးအတွက် စာအုပ်နဲ့ ဘောပင်၊ အဖေရော ပြန်ရောက်ပြီလား အိပ်နေရင်လည်း ခေါက်ဆွဲကြော်လေး နှိုးပြီး ကျွေးလိုက်ပါဦး ... အမေ... နော်”

“အေးပါ...သားရယ် ... သားရော တစ်ခါတည်း စားလိုက်လေ”

“မစားတော့ဘူးအမေ သား စားလာခဲ့ပြီးပြီ ...”

တကျုတ်ကျုတ် မြည်နေသော အစာအိမ်ကို အသာဖိရင်း ရေကို အဝသောက်နေသည့် သားကြီး ဖိုးသီဟ၏ ရင်ထဲမှာ မိဘကို အစာ အငတ်ခံ ရှာဖွေကျွေးမွေး၍ ရရှိလာသော ပီတိနှင့် ကြည်နူးမှုကိုသာ ရေနှင့် မျှောချလိုက်ပါတော့သည်။

▢  မာလာရုံ
📖 မဟေသီ မဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၅

သည်အပူ

❝ သည်အပူ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

တစ်နေ့လုံး ပြေးဟယ်လွှားဟယ် အော်ဟယ် ဟစ်ဟယ် ငေါက်ငမ်းသံများဖြင့် အသက်ဝင်နေခဲ့သော ရမ်းဘိုကုန်းရွာလေးသည် ယခုမူ ငြိမ်သက်စွာ အိပ်မောကျနေပြီ။ ကြက်တွန်သံ၊ ခွေးဟောင်သံ မဆိုထားဘိ၊ ပုစဉ်းရင်ကွဲအော်သံသော်မျှ မကြားရ။ ပကတိ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရီးဆေးရိုးသည် မျက်လုံးဖွင့်ကြည့်၏။ အမှောင်သားထဲတွင် မန်ကျည်းပင်များကို မြင်ရ၏။ အသက်ကို အောင့်ထားပြီး နားစွင့်သည်။ တင်းကုပ်ထဲရှိ နွားများ၏ အသက်ရှူသံကို ကြားရ၏။ ဘေးတွင် ပုံထားသော ပုဆိုးစုတ်ကို စမ်းယူပြီး သုံးလေးချက်ခတ်လိုက်သည်။ ဤမျှသာ လှုပ်ရှားသည်ကိုပင် အိုက်စပ်လာ၏။ ပုဆိုးဖြင့် ယပ်ခတ်ပြန်သည်။ ချွေးစို့လာသည် ထင်၏။

“မဖြစ်ပါဘူး၊ ကပြင်ထွက်ပြီး နေမှပါ”

လက်နှိပ်ဓာတ်မီးကို လက်ဖြင့်စမ်းသည်။

“ဟဲ့... သား ငဘညိန်း၊ အဲသည် ကြက်သားအုပ်မကို မယူနဲ့လေ”

ခြေရင်းဘက်မှ ထွက်ပေါ်လာသော ရီးကျီးဒန်၏ ယောင်ယမ်းသံဖြစ်သည်။ ရီးဆေးရိုး လန့်သွားရာက သက်ပြင်းချသည်။

“သံယောဇဉ်မီးဟာ တယ်ပူပါကလား”

အသံထွက်အောင် ရီးဆေးရိုး ရေရွတ်မိသည်။

ရေရွတ်ရန် အကြောင်းစုံ ရှိသည်လေ။ သားငယ် ဘညိန်း အိပ်ရာထဲတွင် လဲနေခဲ့သည်က အတန်ကြာပြီ မဟုတ်လား။ သားသံယောဇဉ် အပူမီးကြီးလောင် မြိုက်နေဆဲတွင် မြုံထဲ၌ ဝပ်နေသော ကြက်မသံယောဇဉ်က တစ်မှောင့်။

“သည်သားကိုသာ မမွေးမိခဲ့ရင် သည်အပူ ဘယ် ပူမှာတုံး”

တစ်အောင့်တစ်နား နားစွင့်နေပြီးမှ ရီးဆေးရိုးသည် ကပြင်သို့ နေရာရွှေ့သည်။ ညင်းလေပြည်က တိုးဝှေ့နှုတ်ဆက်သည်။ အသားထဲကပါ ပူသည်ထင်ရသောခံစားမှုလျှောကျသည်။ ရီးကျီးဒန်၏ သံယောဇဉ်ဒုက္ခကို မြည်တမ်းရင်းက သူသည်လည်း နွားတင်းကုပ်ထဲသို့ တုတ်မီးဖြင့် ထိုးကြည့်မိလျက်သား ဖြစ်သွားသည်။

အတိုင်နွားက ခေါင်းချကာ အိပ်မောကျနေငြား၊

အလှည့်နွား၏ မျက်လုံးအစုံမှာ လင်းလက်ထိန်ကြည်နေ၏။ ခေါင်းတထောင်ထောင်ဖြင့်

“ကျီးဒန်ကိုသာ ရှုပြီး ငါ့ကိုယ်ငါတော့ မေ့နေပါ ကလား”

ရီးဆေးရိုး ပြုံးမိသည်။ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလျက် ရုတ်တရက် ငိုသံပေါ်လာ၏။ ရီးဆေးရိုးမှာ ထိတ်ခနဲ ခံစားလိုက်ရသည်။ ပို၍ သေချာစေရန် လည်ပင်းရှည်ပြီး နားစွင့်မိသည်။

“ဟဲ့... ညကြီးသန်းခေါင်မှာ ဘာဖြစ်ကြတာတုံး။ အိမ်နီးနားချင်းတွေကို မရှက်ဘူးလား၊ အားမနာဘူးလားဟင်”

ရီးသာဒွန်းသား၏ ငေါက်ငမ်းသံပေါ်လာမှ ရီးသာဒွန်း၏ မြေးသမက်နှင့် မြေးမတို့ ထရန်ဖြစ်ခြင်းပါ တကားဟု ရင်အေးရသည်။

စင်စစ်အားဖြင့် ရီးဆေးရိုး အဘယ်မျှပင် တရားကို နှလုံးသွင်းနေစေကာမူ ဘညိန်းတို့အိမ်ဘက်မှ အသံများကိုကား နားစွင့်နေမိသည်။ ဘညိန်းတို့ အိမ်မှ ငိုသံ မဟုတ်ကြောင်း ရှင်းလင်းသွားသောကြောင့် တစ်ခဏမျှ ရင်အေးရငြား စိတ်ကမူ အိပ်ရာထဲ၌ပက်လက် ဖြစ်နေသော သားငယ်ထံ ရောက်နေသည်။

လင်းဇင်းမြောင်းသောက် လယ်များ လုပ်ရသော သား။

လင်းဇင်းသောက် လယ်များကို ဘညိန်း ယူစဉ်ကမူ လင်းဇင်းမြောင်းက ရေမိုးမှန်ဆဲဖြစ်သည်။ ထို့ပြင် လင်းဇင်းမြောင်းသောက် လယ်များက မုန်းမြောင်းသောက် လယ်များထက် စပါးအထွက်ပိုသည် ယုံကြည်သောကြောင့် ဖြစ်သည်။ သို့သော် လင်းဇင်း မြောင်းသည် ဆုတ်ယုတ်လာ၏။ ရမ်းဘိုကုန်း အထိ ရေလာရန် ဝေးစွ၊ သရက်ချင် အထိပင် မလာတော့ပေ။ လယ်သမားတွေ စုပြီး ရေတက် ‘ချ’ လည်း တစ်ခဏသာ။

ဘညိန်းက ဇွဲမာန်ကြီးသည်။ လယ်လုပ်ငန်း အဆင်မပြေကြောင်း တစ်ကြိမ်မျှ မညည်းတွား။ ရာသီ ဥတုကို အကဲခတ်ပြီး ကုလားပဲ ဖြစ်စေ၊ ပြောင်း ဖြစ်စေ ကြဲသည်။ အဆင်ပြေချင်သောအခါ ပြောင်းခင်းကို ခင်းလုံးကျွတ် ဝယ်ယူသူပင်ရှိသည်။

ရမ်းဘိုကုန်း တစ်ဝိုက်တွင် ကုလားပဲ မကြဲသော လယ်သမား မရှိ။ စပါးရိတ်နိုင်ရန် ရေထုတ်သည်နှင့် တစ်ပြိုင်နက် ကုလားပဲ ကြဲသည်။ သို့တစေ ဘညိန်း ကုလားပဲ မလုပ်တော့မှ ကုလားပဲက အနှောင့်အယှက် ဖြစ်လာသည်။ ထိုအချိန်နှင့်မရှေးမနှောင်းတွင် ဘညိန်းသည် လယ်တွေ ရောင်းချကာ မြင်းရထားထောင်သည်။ ကိုဝင်းထိန်က လွဲလျှင် သည်ရွာတွင် ကိုဘညိန်းသည် ရှေးဦးကျသော မြင်းလှည်းသမား ဖြစ်လာသည်။

ကိုဘညိန်း၏ လက်ဖျားတွင် ငွေသီးသည်။ စားကြ သောက်ကြ ဝင်ကြထွက်ကြနှင့် သားသမီးတွေ မြေးတွေ တရုန်းရုန်း။ သည်အထဲမှပင် မြင်းတစ်ကောင် ထပ်ဝယ်နိုင်သေးသည်။ ယင်းနှယ် ဟန်ကျ ချိန်တွင်မှ ကိုဘညိန်း ညည်းညူသည်။

“လယ်သမား လယ်လုပ်တာပဲ ကောင်းပါတယ် အဖေရာ”

ဖအေ၊ မအေထံသို့ လက်ဖက်ထုပ်၊ ထန်းလျက် များဖြင့် မကြာခဏ ရောက်လာသည်။ ရောက်လာ တိုင်း မညည်းဘဲ မနေ။

“လယ်လုပ်တာကမှ ကောင်းတာ အဖေရ”

“မင့်မှာ မြင်းလှည်းပေါ် အသွားအပြန် ထိုင်လိုက် ရတာ ဘယ်လောက် သက်သာသတုံး”

ရီးဆေးရိုး၏ အမြင်အရမူ မြင်းလှည်းသမားသည် လယ်သမားထက် ပင်ပန်းဆင်းရဲမှု သက်သာ၏။ ထို အပြောကြောင့် ကိုဘညိန်း ရှုံ့မဲ့သွားသည်။

“အဲသည် ထိုင်လိုက်ရတာဟာ မသက်သာတာပဲ အဖေရ။ လယ်သမားက တဟဲ့ဟဲ့နဲ့ ထွန်ရင် ထွန်၊ မထွန်ရင် မြောင်းရင်း မြောင်းဖျားကို လျှောက်ပြီး ရေယူ၊ မြောင်းတူး၊ ကိုင်းခုတ်၊ ဘယ်မှာ ညောင်းခန်းရှိသတုံး အဖေရ”

သည်နှယ် ရှင်းပြမှ ရီးဆေးရိုးမှာ ရေးရေးမျှသာ သဘောပေါက်သည်။ သို့ကြောင့် ခေါင်းညိတ်သည်။

“အဲသာကြောင့် လယ်သမားဟာ လယ်ပဲလုပ်ချင်သဗျာ”

“အဖေ့လယ်လည်း မင့်တူ လုပ်နေတာ ခွဲပြီး မလုပ် လောက်ဘူး၊ ဝယ်ပြီး လုပ်ရင်လည်း တစ်ဧက ငါး သောင်း အောက်ထစ်၊ ငှားပြီးလုပ်ပြန်တော့ကော၊ ဟာ... မဖြစ်ပါဘူးကွာ၊ ပိုနေမြဲ ကျားနေမြဲပဲ ကောင်းပါတယ်”

ကိုဘညိန်းမှာ ဤသို့လျှင် မပျော်ပိုက်သော ရထားသမားဘဝမှာပင် ကျင်လည်နေရ၏။ မပျော်ပိုက်သော အလုပ်ဖြင့်ပင် စီးပွားရေး အဆင်ပြေနေ၏။

သို့သော် ကျပြီဆိုသောအခါ ကြံဖန်ပြီး ကျ၏။ လူက ဆီးချုပ်ဝမ်းချုပ်လိုက်ကာ မကြာခဏ အိပ်ရာထဲ၌ လဲ၏။ မြင်းနှစ်ကောင်က ပြိုင်တူနာ၏။ မြင်းတစ်ကောင် ရောင်းပစ်လိုက်ပြီးကတည်းက ကိုဘ ညိန်း နာလန်မထူသည်မှာ ယနေ့တိုင်တော့သည်။

ကြက်တွန်သံတွေ ဆူလှယ်ပေါ်လာသည်။

“ဟား... အခုမှ ကြက်ဦးတွန်ပဲ ရှိပါသေးကလား”

ရီးဆေးရိုးသည် အရုဏ်လာလောက်ပြီ ထင်နေခဲ့ရာက စိတ်ပျက်စွာ မြည်တမ်းမိသည်။ မိုးလင်းရန် များစွာ လိုပါသေးတကား။ ဤသို့ဆိုလျှင် သူ့ကိုယ်သူ အိပ်ပျော်သည် ထင်မိခြင်းမှာ မမှန်ပါတကား။ သူသည် ပုဆိုးစုတ်ဖြင့် ယပ်ခတ်ရင်းက ကြက်အိပ် ကြက်နိုးမျှသာ အိပ်လိုက်ရပါသေးတကား။

ရီးဆေးရိုးသည် အိပ်ရာထဲဝင်ပြီး အိပ်ရန် ဆန္ဒ မရှိ။ သည်ကပြင်တွင် လေငြိမ်နေသည့် တိုင်အောင် အပူသက်သာ၏။ ထိုင်နေမည့်အစား ကျောခင်းလိုက် လျှင် တစ်မှေးမျှ မှေးစက်ရဦး၊ မကောင်းလော။ သို့ သော် ရီးဆေးရိုး မလှဲသာ။ ကြမ်းပြင်က ဝါးခြမ်း ပြားကို ခင်းထားသော ကြမ်းပြင်။ ငယ်ရွယ်နုပျိုစဉ်ကမူ အသားစိုင်များဖြင့် ပြည့်ဖြိုးနေသော ကျောပြင်သည် ကြမ်းပြင်၏ ခက်တရော်မှုကို မသိ။ ယခုသော်ကား အရိုးပေါ်အရေတင်နေသော ကိုယ်ကြီးက သိပြီ။

“ထိုင်ပြီး အလဟဿ အချိန်ကုန်မယ့်အစား ဆင်း ပြီး နွားစာစဉ်းရရင်...”

စိတ်ကူးသည် စိတ်ကူးအဖြစ်ဖြင့်သာ ပြီးသွား၏။ အကြောင်းမူ မိုးပေါ်သို့ မော့ကြည့်မိသောကြောင့် ဖြစ်သည်။ ကောင်းကင်တွင် လရောင် မရှိ။ သို့ဖြစ်လျှင် ကြယ်ရောင် ရှိရမည်။ ကြယ်ရောင်လည်း မရှိ။ သည် မှောင်ပိန်းပိန်းကြီးတွင် နွားစာကို မည်သို့ စဉ်းမည်နည်း။ မီးထွန်းပြီး စဉ်းရမည်။ မီးထွန်းလျှင် မီးတောက်က ပူမည်။ ပူပြီဆိုလျှင် မိတ်ဖုတွေက ယားယံလာတော့မည်။

“ဟယ်... မဖြစ်သေးပါဘူး၊ ရေနံဆီ အကုန်ခံပြီး မိတ်ကုတ်ရတာနဲ့ ဘာမှ ထူးမှာ မဟုတ်တဲ့ အတူတူတော့..”

ကျောပြင်မှာ အေးခနဲ ဖြစ်သွား၏။ အင်္ကျီမကပ် သော ကျောပြင်နည်းတူ လက်မောင်းကလည်း အေး သွား၏။ ရီးဆေးရိုး ဝမ်းသာသွားသည်။ မိုးပေါက် ကလေးတွေ ကျလာသောကြောင့် ဖြစ်သည်။

“သမ္မာဒေဝေါ ပဝေဿတု၊ သမ္မာဒေဝေါ ပဝေဿတု၊ ရွာစမ်းပါမိုးရာ၊ ကောင်းကောင်းကြီး ရွာပစ် လိုက်စမ်းပါ”

ရီးဆေးရိုးသည် တတွတ်တွတ် ဆုတောင်းရင်းက တံစက်မြိတ်အောက်သို့ ရွှေ့ထိုင်သည်။ သို့စဉ်တွင် လမ်းဘက်မှ မီးရောင်တစ်ချက် ဝင်း၏။ မည်းမည်း အရိပ်တစ်ခု အိမ်ဝိုင်းထဲသို့ ဝင်လာသည်။ ရီးဆေးရိုး ၏ ရင်ထဲသို့ ကျိုက်ကျိုက်ဆူသောရေတွေ စီးဝင်လာဘိသို့ ခံစားလိုက်ရ၏။

“သားကလေး ဘညိန်း ချမ်းသာပါစေ၊ ချမ်းသာပါစေ”

ကိုဘညိန်းအိမ်မှ မကောင်းသတင်း သယ်ဆောင် လာသူပေလော။ နှလုံးသားသည် မလိုလားစွာဖြင့် တုန်လှုပ်၏။

“ဟဲ့... ဘယ်သူတုံး”

စိုက်စိုက်စိုက်စိုက်ဖြင့် ဝင်လာသူ တန့်သွားသည်။ ကိုကိုကြီး၏အသံ ပေါ်လာသည်။

“ဘ … အစောကြီး နိုးနေပါကလား၊ ဘထွေး အခြေအနေ ဘယ်လိုနေသတုံး ဘ”

ဘထွေး ဦးဘညိန်း၏ သတင်းကို တခုတ်တရ မေးဖော်ရသဖြင့် ရီးဆေးရိုးမှာ မြုံပြီး ဝမ်းသာရ၏။ ကျိတ်ပြီး သာဓုခေါ်ရ၏။

“ဘလည်း တထိတ်ထိတ်နဲ့ နားစွင့်နေရတာပဲ လူလေးရ။ နေပါဦး မှောင်ကြီးမည်းမည်းမှာ ဘာလာလုပ်တာတုံး”

“ထမင်း ပြန်ယူတာပါ၊ ကျုပ် ညစာ မစားရသေးဘူးဘ”

ဟေခနဲ အော်ရင်း ရီးဆေးရိုး ကပြင်အစပ်သို့ ရောက်သွား၏။

“ဖြစ်ရလေ လူလေးရာ၊ ဘ သိရင် လာပို့ပါတယ်ကွာ” 

“ကျုပ်လည်း ကောက်လှိုင်းသူခိုးကို ကြောက်တာနဲ့ပဲ လယ်နီးချင်းတစ်ယောက်ယောက် ရောက်လာနိုး စောင့်ရင်းက ညဉ့်နက်မှန်းမသိ နက်သွားတာပါ”

“အင်း... ကောက်လှိုင်းသူခိုးကလည်း ကျီးခြောက်သလို ခြောက်နေရပါပေါ့လားကွာ”

“ကောက်လှိုင်းကို ပီနံအိတ်ထဲ ထည့်ပြီး ခြေနဲ့နင်းတာ ကြာတယ်ဆိုပြီး ဘီးနဲ့ ခြစ်တယ် ဘရေ့”

ရီးဆေးရိုး မပြောတတ်တော့။ ပြောတတ်လျှင်လည်း မပြောချင်။ ဟင်းခနဲသာ သက်ပြင်းရှိုက်မိသည်။ သားအပူတွင် ရာသီဥတုအပူက ဆင့်၏။ အပူ သက်သာစေရန် မိုးကို တောင့်တပြီးခါမှ မြေးကြီး ရောက်လာ၏။ မြေးကြီး ရောက်လာမှသာ နွေစပါး ကောက်လှိုင်းတွေကို သတိရသည်။

မိုးရွာစေလိုသောဆန္ဒ ငုပ်သွားပြီ။ မိုးဖွဲကလေး တိတ်သွားလျှင် တိတ်သွားချင်း လေပူကြီး တိုက်ခတ်လာသည် ထင်ရ၏။ သို့တစေ ရီးဆေးရိုး ဆုမတောင်းတော့ပါ။ ပုဆိုးစုတ်ကိုသာ ဘယ်ပခုံးပေါ်တစ်လှည့်၊ ညာပခုံးပေါ်တစ်လှည့် ပုတ်ယမ်းနေမိလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ခေါင်းကလေးကို မော့၍ ဟက်ခနဲဆို တစ်ချက် ရယ်လိုက်သည့် အခိုက်အတန့်


❝ ခေါင်းကလေးကို မော့၍ ဟက်ခနဲဆို တစ်ချက် ရယ်လိုက်သည့် အခိုက်အတန့် ❞
▢  ခေတ်ကျော်စွာဝင်း ( ရန်ကုန်စီးပွားရေးတက္ကသိုလ် )

တကယ်ဆို အပေါ်ယံ ရုပ်ဝတ္ထုတွေက စာတစ်ကြောင်းလောက် ရူးသွပ်ဖို့ မကောင်းလောက်ပါဘူး ချစ်သူရယ် ...။

••••• ••••• •••••

၁။

ဆောင်းနံနက်ခင်း စောစောလေးမှာ ကျဆင်းနေသော မြူမှုန်အချို့က မျက်နှာလေးပေါ်သို့ ဖိတ်စဉ်ကျလာ၍ ကလူ ကျီစယ်သွားကြသည်။ အသက်ရှူလိုက်သည့် အခိုက်အတန့်လေးမှာ နှာခေါင်းပေါက်မှ တစ်ဆင့် အဆုတ်ထဲသို့ ခပ်ဖြည်းဖြည်းလေး စီးဆင်းသွားခဲ့ကြသည်။ သည်အခိုက်အတန့်လေးနှင့် သည်အရသာလေးကို အင်မတန်မှ ကြိုက်နှစ်သက်၏။ ဂျင်းဘောင်းဘီ နောက်ကျောဘက်တွင် ရှိသည့် အိတ်ထဲမှာ ထည့်ထားသော မှတ်စုစာအုပ်လေးနှင့် ဘောလ်ပန်လေးကို ထုတ်ယူလိုက်၍ ရင်ထဲက ခံစားချက်အချို့ကို ခပ်မြန်မြန်လေး ချရေးလိုက်သည်။ လက်ရေးကတော့ အကြမ်းထည်ပါပဲ။ သို့သော် သူတစ်ယောက်တည်းပဲ ဖတ်လို့ရသည်ပင်။ ကိုယ့်ကိုယ်ကိုယ် သဘောကျစွာဖြင့် တစ်ချက်တော့ ပြုံးလိုက်မိ၏။

အခန်းထဲသို့ ဝင်လိုက်တော့ ရေးလက်စ စာမူအချို့က ပြောင်ပြနေကြသည်။ ဟင့်အင်း ... အဲဒီစာရေးခုံပေါ်တွင် မထိုင်ချင်သေးဘူး။ မတ်တတ်ရပ်၍ စာမူများကို ကောက်ကိုင် ဖတ်ကြည့်လိုက်သည်။ ဖတ်ရသည်မှာ မချောသေး။ အချို့နေရာလေးများတွင် လိုအပ်သည်လေးများ ရှိနေကြသေးသည်။ ဘေးနားမှာ ချထားသည့် ခဲတံလေးနှင့် ကောက်ဝိုင်းထားလိုက်၏။ အချောရေးသည့်အခါမှ ပြန်ထည့်ရမည်။ စာမူများကို ဖိုင်အပြာလေးနှင့် ညှပ်ထားလိုက်သည်။ ခဲတံလေးနှင့် ဘောလ်ပန်လေးကို စာရေးခုံပေါ်မှာ အသင့်ထောင်ထားသော ယွန်းဘူးလေးထဲသို့ ခပ်ဖွဖွလေးထည့်လိုက်သည်။ သူတို့လေး နာကျင်စိုးထိတ်သွားမှာ မလိုလားဘူး။ စိုးထိတ်သည် ဆိုလည်း မမှားဘူး။ ရေမချိုးခင်တော့ ငါးမိနစ်လောက် စာဖတ်ချင်သေးသည်ပင်။

အခန်းထဲတွင် လူတစ်ရပ်စာ အမြင့်ရှိသည့် စာအုပ်စင်ကြီး ရှိသည်။ သူ အခန်းခွဲအိပ်တော့မည် ဆိုသည်နှင့် နောက်တစ်နေ့မှာပဲ ဖေဖေက လက်သမားများကို ခေါ်၍ စာအုပ်စင် လုပ်တော့သည်။ သည်အတွက် ဖေဖေ့ကို အချိန်တိုင်း ကျေးဇူးတင်မိသည်။ စင်ပေါ်မှာ ဖတ်ချင်သော စာအုပ်များက အပြည့်။ ဖေဖေက စင်ပဲ ဆောက်ပေးသည်။ စာအုပ်များကိုတော့ သူ့ဘာသာသူ ဝယ်ရသည်ပင်။ တစ်ခါတလေ ဖေဖေ့ စင်ပေါ်မှ သွားနှိုက်တတ်သေးသည်။ ယခုလည်း စာအုပ်တစ်အုပ်ကို ယူထားသည်။ ဖတ်လို့ မပြီးသေးဘူး။ ဖေဖေကလည်း စာအုပ်ယူထားသည်ကို မသိလောက်ဘူးလို့ ထင်သည်ပင်။ သို့သော် ဖေဖေသည် အခန်းထဲသို့ ဝင်လာ၍-

“မင်း ငါ့စာအုပ် ယူထားတာ မပေးသေးဘူးလား၊ မင်းမှာလည်း စာအုပ်တွေက အများကြီးကွာ၊ ဒီအပြင် စာအုပ် လိုချင်လည်း သွားဝယ်ပေါ့၊ စည်းကမ်းကို မရှိဘူး။ ငါ့စာအုပ်တွေကို ငါမသိဘဲ ယူဖတ် ကိုင်တာ မကြိုက်ဘူးလို့ မင်းကို ပြောထားတာလည်း များနေပြီ”

စ,ပြီ။ စာဖတ်နေသည့် အနားသို့ ရောက်လာ၍ ပြော တော့သည်။ သူကိုယ်တိုင်က လည်း သူပင်။ ကြိုက်သည့် စာအုပ်လေးကို တွေ့လိုက်ရလျှင် ကောက်ကိုင်၍ မဖတ်လိုက်ရလျှင်ကိုက မနေနိုင်။ ဖေဖေနှင့်လည်း တခြားကိစ္စများတွင် အဆင်ပြေမည်။ စာအုပ်နှင့် ပတ်သက်လာလျှင်တော့ အစေးမကပ်တော့ဘူး။

“အခု လာပေးတော့မှာပါ ဖေဖေ”

“မင်းမှာလည်း စာအုပ်တွေ အများကြီး ရှိနေတာကိုကွာ”

“အခု သား နေရာတကျ ပြန်ထားပေးပါ့မယ် ဖေဖေ၊ ဖေဖေ့ စာအုပ် ဘာမှ မဖြစ်စေရဘူးလို့ သား ကတိပေးတယ်”

အဲဒီလို ပြောလျှင်တောင် ဖေဖေက အစာမကြေချင် သည့်ပုံစံနှင့် တစ်ချက်ကြည့်သွားသေးသည်။ သူတို့ မိသားစု သုံးယောက်စလုံးက သူငယ်ချင်းလို ပေါင်းသင်း ကြသည်ပင်။

••••• ••••• •••••

၂။

မေမေသည် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်၏။ အိမ်မှုကိစ္စများကို နိုင်နင်းနိုင်ရုံမက အတွေးအခေါ်များမှာလည်း အင်မတန်မှ ခေတ်မီသည်။ လူတိုင်းနှင့် ပေါင်း သင်းတတ်၏။ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းများကို ဒုက္ခမပေးတတ်သည့် အပြုအမူများကို လက်ခံနိုင်သည့် စွမ်းရည်ရှိသည်။ သည်ဟာက မေမေ၏ အားသာချက်များပင်။

သည့်အပြင် မေမေသည် ထမင်းချက်နေလျှင်တောင် ရေဒီယိုလိုင်းတစ်လိုင်းလိုင်း ဖွင့်ထားတတ်၍ သတင်းဖြစ်ဖြစ်၊ ဆွေးနွေးပွဲဖြစ်ဖြစ် စသဖြင့် အကျိုးရှိမယ့် အကြောင်းအရာလေးများကို နားထောင်နေတတ်သည်။ ဟင်းလည်း အချက်မပျက်ဘူး။ အချို့သတင်းများက သတင်းစာအချို့မှ ကောက်နုတ်၍ ကြေညာသည်ဆိုတော့ မိသားစုသုံးယောက်ဆုံပြီဆိုလျှင် အဆိုပါ အကြောင်းအရာများကို ဆွေး နွေးကြသည်။ စကားပြောကြသည်။ အိမ်နားက အငြိမ်းစား ညွှန်မှူးကြီး ဦးမြတ်သာလှကတောင် ဟိုတစ်နေ့က မေမေ့ကို ပြောနေသည်ကိုကြားလိုက်ရသည်။ “ညည်းတို့ မိသားစုလေးက Type တူတယ်” တဲ့လေ။

ယခုလည်း မေမေသည် မီးဖိုထဲတွင် ရေနွေးအိုးတည် ထားရင်းတန်းလန်း ချင်းနွှာနေသည်။ ငရုတ်ဆုံထဲသို့ ငရုတ်ကောင်းစေ့ ငါးစေ့ခန့်ထည့်ထားသည်။ ရေခဲသေတ္တာ၏ အပေါ်တွင် ရေဒီယို ဖွင့်ထားသည်။ ရေဒီယိုမှလည်း သတင်းတစ်ပုဒ်ပြီးလျှင် သီချင်းတစ်ပုဒ်လာနေပါသည်။

••••• ••••• •••••

၃။

ကျောင်းတော်ကြီးက သူ့ကို နွေးထွေးစွာဖြင့် ဆီးကြိုခဲ့သည်။ ဘွဲ့နှင်းသဘင် ခန်းမကြီး၏ ကော့ညွတ်စွာဖြင့် ပြုံးပြလိုက်သည့် အပြုံးကို သူ့ဘက်ကလည်း ဂုဏ်ယူဝင့်ထည်စွာဖြင့် ပြန်၍ ပြုံးပြလိုက်၏။ တက္ကသိုလ်ပထမ နှစ် ကျောင်းသားတစ်ယောက် အတွက် ပထမဦးဆုံး ကျောင်းစတက်ရသည့်နေ့က အနည်းငယ်တော့ ရှိုးတိုးရှန့်တန့်ဖြစ်မိပါသည်။ သူက ပျော်ပျော်နေတတ်သည်ဆိုတော့ ခဏနေတော့ နေသားကျသွားသည်။

ကျောင်းထဲတွင် လူတိုင်းက အလှကိုယ်စီဖြင့် လှပနေကြသည်။ မျက်နှာပေါ်မှာလည်း ရည်မှန်းချက်များ ကိုယ်စီဖြင့် သစ်လွင်တောက်ပနေကြသည်။ သူကိုယ်တိုင်လည်း တောက်ပနေလျက်ပင်။ သို့သော် သူ၏ ရည်မှန်းချက်များကို လူတိုင်းကို ထုတ်မပြောချင်ဘူး။ ချပဲ ချပြချင်သည်။ အပြောနှင့် အတောင်ကို ဖြန့်ပြသည်ထက် အလုပ်နှင့်ပဲ အတောင်များကို ဝင့်ဝင့်ထည်ထည် ဖြန့်ပြချင်သည်ပင်။

သူသည် ကျောင်းသို့ လာသောအခါ ဖယ်ရီ၊ လိုင်းကားဖြင့် လာသည်။ အရင်တုန်းက ကိုင်ခဲ့သော အိုင်ဖုန်းဟန်းဆက်ကို မေမေ၏ ဟန်းဆက်နှင့် လဲလိုက်သည်။ မေမေ၏ ဟန်းဆက်က သာမန် အလယ်လတ်တန်းစားမှာရှိသော မော်ဒယ်ခပ်နိမ့်နိမ့် တံဆိပ်ထဲမှ ဖြစ်သည်။ သည့်အပြင် သူသည် အဝတ်အစားများကိုလည်း ပေါ့ပေါ့ပါးပါး သာမန်တံဆိပ်လေးများကိုပဲ ရွေးဝတ်တတ်၏။ မေမေကတော့ ပြောပါသည်။ ဘာတွေ ထွင်ပြန်ပြီလဲတဲ့။ ဖေဖေကတော့ ကုန်ကြမ်းရှာနေတာ ဖြစ်မှာပေါ့လို့ ငေါ့ထေ့ထေ့လေး ပြောလိုက်၏။ ကျောင်း သို့ ကားမောင်း လိုက်မပို့ရသည့်အတွက် စာဖတ်ချိန် ပိုရသည်လို့ ကြွေးကြော်နေသေးသည်။

••••• ••••• •••••

၄။

ဘဝ၏ လေးနက်မှုဖြစ်စေတတ်သော အနာဂတ်၏ ပြယုဂ်ကို ကျောင်း၏ မျက်နှာစာတွင် ပီပီပြင်ပြင် တွေ့လိုက်ရသည်။ ပြယုဂ်လေး၏ အပြုံးတစ်ပွင့်မှာ နှလုံးသား၏ ရင်ခုန်မှု အတိမ်အနက်က နှင်းဆီပွင့်ဖတ် အချပ်လေးများကို တစ်ချပ်ချင်း ကြွေကျသွားခဲ့ရလေသည်။ သူငယ်ချင်းများဆီမှ ကြားရသည်က “နွယ်” တဲ့။ ဟုတ်ပါသည်။ သူ၏ အနာဂတ်တစ်ခုလုံးကို ရစ်သိုင်းနှောင်ဖွဲ့ ယှက်လိုက်သည်ပင်။

“ကျွန်တော် နွယ့်ကို မေတ္တာရှိတယ်၊ ကျွန်တော့် မေတ္တာကို လက်ခံနိုင်မလားနွယ်”

“ဟင် ချစ်တာ မဟုတ်ဘူးလား”

“ချစ်တာဆိုရင် ဘာလို့ ကွဲသွားကြတာလဲ နွယ်၊ ဘာလို့ နှစ်ဦးသဘောတူ ပြတ်စဲသွားရတာလဲ၊ ကွာရှင်းသွားရတာလဲ။ ကျွန်တော်က မေတ္တာကိုပဲ ယုံကြည်သက်ဝင်တယ်လေ”

“တော်တော် စကားတတ်တယ်” လို့ ရှက်ဝံ့စွာဖြင့် ပြော၍ အဖြေပေးခဲ့သည်။ သူသည် နွယ်၏ အပျိုစင် ဘဝလေးနှင့် ကိုယ်ကျင့် သိက္ခာတရားကို စောင့်စည်း ၍သော်လည်းကောင်း၊ သူ့ကိုယ်သူ တန်ဖိုးထားလေးစား၍သော်လည်းကောင်း ဆိုသည့် စည်းဖြင့် ချစ်ခဲ့၏။

••••• ••••• •••••

၅။

နွယ်သည် စာဖတ်ပျင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။ အဆိုးဆုံးက ရုပ်ဝတ္ထုများကို အင်မတန်မှ နှစ်သက်ခုံမင်တတ်သော မိန်းကလေးတစ်ယောက် ဆိုသည်ကို တဖြည်းဖြည်းနှင့် သိလာရ၏။ သူနှင့် ဆန့်ကျင်ဘက်ပင်။ သို့သော် နွယ့်ကို တစ်ဘဝစာလုံးထိ ရည်ရွယ်ခဲ့သည်ပင်။ ဆွဲခေါ်ချင်သည်။

အဲဒီနေ့က စာအုပ်ဆိုင်ကို သွားကြသည်။ ဖြစ်ချင်တော့ စာအုပ်ဆိုင်နှင့် ဟန်းဆက်ဆိုင်က ဘေးချင်းကပ်လျက် အနေအထားပင်။ နွယ်က-

“ကို ဟိုဟန်းဆက် ဝယ်ပေးပါလား ဟမ်”

“နွယ့် ဟန်းဆက်က ဘာဖြစ်လို့လဲ၊ အကောင်းကြီး ရှိသေးတယ်လေ၊ ကိုယ့်ဟန်းဆက်ထက်တောင် ကောင်းနေသေးတယ်”

“သူငယ်ချင်းတွေက သူ့ ဘဲတွေ ဝယ်ပေးထားကြတဲ့ ဟန်းဆက်တွေနဲ့ ချေကြတယ် ကို၊ နွယ်လည်း ချေချင်တယ်”

သူ့စိတ်ထဲမှ ဪ... နွယ်ရယ်လို့ တိုးတိုးလေး ညည်းမိလိုက်၏။ စိတ်မကောင်းလည်း တော်တော်ဖြစ်သွားခဲ့ရသည်။

သူက-

“ကိုယ် နွယ့်ကို စာအုပ် ဝယ်ပေးချင်တာလေ”

“နွယ် စာအုပ်တွေကို စိတ်မဝင်စားဘူး ကို” 

နွယ်သည် စာအုပ်ဆိုင်ရှေ့သို့ မရောက်ခင် နောက် ပြန်လှည့်သွား၏။ သူသည် မေမေ ထမင်းဟင်းချက်သည့်အခါ ရေဒီယိုနားထောင်နေပုံကို မျက်စိထဲမှာ မြင်ယောင်လာ၏။

••••• ••••• •••••

၆။

နွယ့်ဆီက လမ်းခွဲစကား ပြောလာသည့်အခါ သူ့ဘက်ကလည်း ဘာမှ မဖြစ်ခဲ့ပါ။ နားထောင်သူ တစ်ယောက်အနေနှင့်ဖြင့်သာ သေသေချာချာ နားထောင် ပေးခဲ့သည်။ နွယ်က တခြား ကောင်လေးတစ်ယောက်နှင့် ပေါ်ပေါ်ထင်ထင်လေး တွဲနေပြီပင်။ အဲဒီကောင်က နွယ့်ကို ပံ့ပိုးပေးနိုင်သည်ဆိုပဲ။ ဟုတ်မှာပါ။ နွယ် လိုချင်သည့် ဟန်းဆက်က လက်ထဲတောင်ရောက်နေပြီပဲလေ။

နွယ်က-

“အချစ်တစ်ခုတည်းနဲ့ မပြီးဘူးလေ ကို။ နွယ် ချေချင်တယ်၊ နွယ့်ကို ရုပ်ဝတ္ထုတွေနဲ့ ချေသလို သူတို့ကိုလည်း ချေချင်တယ်။ လိုင်းပေါ်မှာ ကြွားချင်တယ်။ ဒါပေမဲ့ ကို မလုပ်ပေးနိုင်ဘူး။ ကြာလာတော့ နွယ်လည်း စိတ်ကုန်လာပြီ ကို”

“ကိုယ် နွယ့်ကို နားလည်ပေးပါတယ်။ ဒါပေမဲ့ နွယ့်ဘဝလေးကို ဒီထက်မက အဆင်ပြေစေချင်တယ်။ အဲဒီ အတွက် တစ်ခုတော့ အကြံပေးချင်တယ်။ အဲဒါလေးကို မှတ်ထားပါ နွယ်။ ရုပ်ဝတ္ထုတွေနဲ့ ချေတာထက်လေ နွယ် စာအုပ်လေးတွေနဲ့ ချေရတာက အင်မတန်မှ အရသာရှိတယ် နွယ်။ အဲဒါလေးကို မှတ်ထားပါ နွယ်။ နွယ့်ဘဝလေးအတွက် ပိုလို့ ချေနိုင်ဖို့ အတွက်ပါ”

သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ် မပြောချင်ဘူး။ ကိုယ်နှင့် ချစ်ခင်ခဲ့ကြသည့် အခိုက်အတန့်လေးမှာ တန်ဖိုးထား၍ ချစ်ခဲ့သည်။ အမှန်အတိုင်း ဝန်ခံရမည်ဆိုလျှင် နွယ့်ကို အင်မတန်မှ မျှော်လင့်မိခဲ့သည်ပင်။ အဲဒါကြောင့်လည်း စာဖတ်ဖို့ တိုက်တွန်းမိခဲ့သည် မဟုတ်လား။

နွယ်က ရုပ်ဝတ္ထုများကို မက်မောတန်ဖိုးထား၍ လမ်း ခွဲစကား ပြောလာမှတော့ သူ့ဘက်ကလည်း ကြိုဆိုရတော့မှာပေါ့လေ။ နှစ်ယောက်သား ကျောင်းဝင်းထဲမှာပဲ ကျောခိုင်း လမ်းခွဲလိုက်ကြသည်။

သူသည် ခပ်ဝေးဝေးသို့ ရောက်သောအခါ ခေါင်းလေးကို မော့၍ “ဟက်”ခနဲဆို တစ်ချက် ရယ်ပစ်လိုက်သည်။ အဲဒီအခိုက်အတန့်လေးမှာ ပင်ယံထက်တွင်နားနေကြသည့် ကျီးကန်းတစ်အုပ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဝုန်းခနဲဆို ထ , ၍ ပျံပြေးသွားခဲ့ကြသည်။

“ကိုမင်းခန့်၊ စာရေးဆရာ ကိုမင်းခန့်လား မသိဘူးရှင့်”

ရယ်နေသည့် အရှိန် မဆုံးသေးဘူး၊ မိန်းကလေး တစ်ယောက်၏ နောက်ကျောဘက်မှ ခေါ်သံကြောင့် ဖျတ်ခနဲဆို အရှိန်ကို တန့်၍ လှည့်ကြည့်မိလိုက်သည်။ သူ မသိသေးသော မိန်းကလေးတစ်ယောက်ပင်။

“ဒီလ မဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာ ရေးတဲ့ ဝတ္ထုတိုလေးကို ဖတ်ရပါတယ်။ ဆရာ အမြဲတမ်း စာရေးဖို့ တိုက်တွန်းချင်လို့ ရှာနေတာ နှစ်ရက်လောက်ရှိပြီ။ ဆရာ အရင် ပါထားတဲ့ ဝတ္ထုတိုလေးတွေကိုလည်း လိုင်းပေါ်မတင်၊ ပေ့စ်ချ်လည်း မထောင်ထားဆိုတော့ တော်တော်လေးကို စုံစမ်းရတယ် ဆရာ”

သူ ဆွံ့အ, ငေးမောနေဆဲပင်။ မိန်းကလေးက သူနှင့် ရွယ်တူပါပဲ။ လက်ထဲမှာ သူ့ဝတ္ထုတိုလေးကို ဖော်ပြထားသော သည်လထုတ် မဂ္ဂဇင်းလေး တယုတယ ကိုင်ထားသေးသည်။

“ကျွန်တော့်ကို ဆရာလို့ မခေါ်ပါနဲ့လား။ ကျွန်တော့်နာမည် မင်းခန့်ပါ၊ ကိုမင်းခန့် ဆိုရင် ရပါပြီခင်ဗျာ။ ပြီးတော့ ကျွန်တော်က ဘာမှမဟုတ်သေးပါဘူး”

သည်တစ်ခါ ကောင်မလေး ရယ်လိုက်၍-

“ကျွန်မက ကိုမင်းခန့်ကို စာရေးဆရာ ဖြစ်စေချင်လို့ ဆရာလို့ ခေါ်လိုက်တာပါရှင်”

သူသည် ဒုတိယအကြိမ်မြောက် ခေါင်းလေးကို မော့၍ “ဟက်” ခနဲဆို တစ်ချက် ရယ်လိုက်၏။ သည်တစ်ကြိမ် အခိုက်အတန့်လေးမှာက ကံ့ကော်ပန်းရနံ့လေးကို ရှူ ရှိုက်လိုက်ရ၏။ တစ်ခါတလေမှာ ကိုယ် ဘာလဲ ဆိုသည်ကို လျှိုထားလိုက်ရသည်ကလည်း စာရေးဖို့အတွက် ကုန်ကြမ်းဖြစ်သွားသည် မဟုတ်လား။

ချစ်ခြင်း၏ မေတ္တာတရားများကို ဦးညွှတ်၍...

▢  ခေတ်ကျော်စွာဝင်း ( ရန်ကုန်စီးပွားရေးတက္ကသိုလ် )
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၉