Sunday, December 5, 2021

လွှမ်းမိုး ပြောပြတဲ့ မင်းသားကြီး ၀င်းဦး အကြောင်း


 

❝  လွှမ်းမိုး ပြောပြတဲ့ မင်းသားကြီး ၀င်းဦး အကြောင်း ❞



      ဟိုးအရင်က ဘာရယ်လို့ မဟုတ် ။ ရည်ရွယ်ချက်မဲ့ “ ဗျူး ” ခဲ့တာတွေကို ကံချွန် ပြန် အမှတ်ရတယ် ခင်ဗျ ။ တေးသံရှင် လွှမ်းမိုး ဟာ မန္တလေးရောက်ရင် ကံချွန် ဆီ ရောက်လာတတ်ပါတယ် ။ လမ်းမှာ မမျှော်လင့်ပဲ တွေ့လို့ လက်ပြ နှုတ်ဆက်တာမျိုး မဟုတ်ပါဘူး ။ ဟိုမေး ၊ ဒီမေးနဲ့ အိမ် ကို လိုက်လာတာပါ ။ ရန်ကုန်မှာ တွေ့လည်း ကံချွန် ကို မြင်တာ နဲ့ “ အစ်ကို ” လို့ ခေါ်တော့တာ ။ ကံချွန်ရုပ်က နု နေတာကိုး ။ ဒီတော့ သူ ဟာ ကံချွန် ထက် ငယ်တယ် ဆိုပြီး ကြေညာလိုက်တာ နဲ့ သူ့ အသက် က ပိုပြီး ငယ်သွားမယ်ပေါ့ ။ ဂိုး ကို ကျောပေးပြိး “ ဘက်ကစ် ” နဲ့ ဂိုးသွင်းတဲ့ သဘောပါပဲ ။


      သူအိမ်လာတုန်း ကံချွန် ဗျူးဖူးတာ ရှိပါတယ် ။ သူ ပြောတာတွေကတော့ အမှန်တွေပါ ။ ဖြီးတယ်လို့ ယူဆမယ်ဆိုရင်တော့ ခေါင်းထဲမှာ မှတ်ထားတာတွေကို ပြန်တွေးရေးနေတဲ့ ကံချွန် သာ ဖြီး ရေးတာဖြစ်ကြောင်း ...


     ဖြီး ...... ။


     °°°°°   °°°°°   °°°°°


     “ ဟေး .... ကိုလွှမ်း ”


      “ ဟာ ... အစ်ကို ဘယ်သွားမလို့လဲ ”

      “ ဈေး  ၊  နင်က ဘယ်တုန်း ”


      “ အစ်ကို့ ဆီ လာတာ ။ ဒီ လမ်းထဲမှာ ဆိုလို့ ၀င်လာတာ ”


      “ ဒါဖြင့် လာလေ ၊ ဟိုရှေ့က အိမ်ပဲ ”


      “ အစ်ကို ဈေးသွားမလို့ ဆို ၊ အားရဲ့လား ”


      “ မအားပေမယ့် ရပါတယ် ။ ဈေးသွားရမယ့် ကိစ္စ နောက်မှ လုပ်လိုက်မယ် ။ နင် နဲ့ က တွေ့ဖြစ်ခဲတယ် ”


      ( ကံချွန် က အင်တာဗျူး မှာ ကိုလွှမ်းမိုး ရဲ့ ငယ်နာမည် စိုးစိုး ကို  မခေါ်ပါ ။ စကားချပ် )


      ကံချွန် နဲ့ လွှမ်းမိုးဟာ အတော်ကြာကြာ စကားတွေ ပြောဖြစ်ပါတယ် ။ ကံချွန့် အိမ်မှာပါ ။ ပြောရင်းကနေ ဘယ်လိုက ဘယ်လို သင်္ကြန်အကြောင်း ရောက်သွားလိုက်မှန်းတော့ မမှတ်မိတော့ပါဘူး ။ မန္တလေး သင်္ကြန်အကြောင်းတွေ ပြောဖြစ်ရော ။ သင်္ကြန်သီချင်းတွေက စသွားတယ် ထင်တာပဲ ။ အဲဒီမှာ ....


      “ မန္တလေးသင်္ကြန်အကြောင်း ပြောရရင် ကျွန်တော် ဦးဝင်းဦး ကို အမှတ်ရမိတယ် ”


     “ မန္တလေး သင်္ကြန် ဟာ ဦးဝင်းဦးသင်္ကြန် ဖြစ်ခဲ့ဖူးတာပဲလေ ”


     “ ကျွန်တော် မန္တလေးသင်္ကြန် မှာ သီချင်း စဆိုတဲ့ ကာလက ကျွန်တော် နာမည်တက်နေချိန်ပေါ့လေ ။ အဲဒီတော့ ဦးဝင်းဦး က မဏ္ဍပ်တွေမှာ ဖိတ်လိုက်ရင် သီချင်းလာဆိုပေးတဲ့ နှစ် ။ မြို့မ လည်း မဖြစ်ဖူး ထင်တယ် ။ အဲဒါတော့ သေသေချာချာ မမှတ်မိတော့ဘူး ။ ဦးဝင်းဦး နဲ့ အတူ ကျော်စွာဝင်း တို့ ပါလာတဲ့ နှစ်ပဲ ”


     “ ဆက်ပါဦး ”


     “ ကျွန်တော်က နန်းရှေ့က မဏ္ဍပ်မှာ ဆိုနေတာ ။ ကျွန်တော် ဆိုနေတုန်းပဲ မင်းသားကြီး ရောက်လာတာ ။ မဏ္ဍပ် က တာဝန်ရှိသူက လာပြောတယ် ။ မင်းသားကြီး ရောက်နေတယ်ပေါ့ ။ ဒီတော့ ကျွန်တော် က ပရိသတ်ကို မင်းသားကြီး ရောက်နေလို့ ကျွန်တော် နားပါ့မယ် ။ နားရမလားလို့ မေးလိုက်တယ် ။ ပရိသတ်က မနားပါနဲ့ ။ ကိုလွှမ်းမိုး ဆက်ဆိုပါ ။ စိုးစိုး ဆိုပါဆိုပြီး ၀ိုင်းအော်ကြတာ ။ ဒီလိုနဲ့ ကျွန်တော် ငါးပုဒ် ၊ခြောက်ပုဒ် ဆိုနေလိုက်သေးတယ် ။ ပြီးမှ မင်းသားကြီး ဆိုပြီးမှ ကျွန်တော် တစ်ခါ ပြန်ဆိုပေးပါ့မယ်လို့ နှုတ်ဆက်ပြီး လှည့်ဝင်ခဲ့တာ ။ အစ်ကို စဉ်းစားကြည့်စမ်းပါ ။ မင်းသားကြီး ဘယ်လို နေမလဲလို့ ။ ကျွန်တော် လုံးဝ မထင်ဘူး အစ်ကိုရာ ။ ငါ တော့ ဂိုးပြီ ဆိုပြီဆိုပြီး ဖြစ်သွားတယ် ။ မင်းသားကြီး က ပြုံးပြုံးကြီး နဲ့ ကျွန်တော့် ကို လက်ဆွဲ နှုတ်ဆက်ပြီး အစ်ကို မင်း ပရိသတ်ပါ ။ မင်း သီချင်းတွေ သိပ်ကြိုက်တာ ပြောရင်း ကျွန်တော့် ပခုံး ကို ဖက်ပြီး စင် ရှေ့ ပြန်ခေါ်တယ် ။ ပြီးတော့ “ ကျွန်တော့် ညီ က နားချင်ပေမယ့် ကျွန်တော် က နားခွင့် မပေးနိုင်ပါဘူး ။ ကျွန်တော် က မောင်လွှမ်းမိုး ရဲ့ ပရိသတ်ပါ ။ ကဲ ... ညီလေး ၊ အစ်ကိုကြီး က ညီလေးသီချင်း ကို ညီလေး နဲ့ အတူ ဆိုမယ် ဆိုပြီး ကျွန်တော့် သီချင်း ကို ကျွန်တော့် ပခုံး ဖက်ထားပြီး ဆိုသွားတာ ပရိသတ် က လက်ခုပ် တဖြောင်းဖြောင်း ပေါ့ ။ ကျွန်တော် အပြတ်လေးစားသွားတယ် အစ်ကိုရာ ။ မင်းသားကြီး ရဲ့ သည်းခံနိုင်မှုရော ၊ အနုပညာဝါရော ၊ ပရိသတ်ကို ထိန်းသွားတဲ့ ပညာရော ၊ ကျွန်တော့် ကို စိတ်ရင်းကောင်းကောင်းထားဖို့ ပညာပေးသွားတာပဲ လို့ ခံစားလိုက်ရတယ် ”


     “ နောက်တော့ လွှမ်းမိုး ဆက်ဆိုသေးလား ”


     “ မင်းသားကြီး က ကျွန်တော့်သီချင်းဆိုပြီးတော့ သူ့ သီချင်း လေး ငါးပုဒ် ဆိုတယ် ။ ပြီးတော့ ကျွန်တော့် ညီလေး ဆက်ဖျော်ဖြေပါလိမ့်မယ် ဆိုပြီး အလှည့်ပေးတယ် ။ ပရိသတ် က မင်းသားကြီး တစ်ပုဒ်လောက် ဆိုပါဦးလို့ တောင်းဆိုတာကိုပဲ  အပြုံးလေး နဲ့ တောင်းပန်ပြီး ကျွန်တော့် ညီလေး ရဲ့ သီချင်းကို ကျွန်တော်ကိုယ်တိုင် က နားထောင်ချင်လို့ပါ ။ သူ့ ကို အလှည့်ပေးပါရစေ ဆိုပြီး နောက်ဆုတ်တာ ၊ ကျွန်တော့် ကို ပညာတွေ အများကြီး ပေးသွားတယ် ဗျာ ။ အရမ်း လေးစားသွားတယ် ”


     °°°°°   °°°°°   °°°°°


     ဒါက လွမ်းမိုး ပြောတဲ့ ဦးဝင်းဦး ရဲ့ အကြောင်းပါ ။ ပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ ဒီ အဓိပ္ပါယ်ပါပဲ ။ သုံးနှုန်းခဲ့တဲ့ စကားလုံးကတော့ ကွဲပြားနိုင်ပါတယ် ။ မင်းသားကြီး ရဲ့ နည်းပညာ ၊ အတတ်ပညာ ၊ စိတ်သဘောထား အားလုံးဟာ ကျွန်တော် တို့ စိတ် နဲ့ တိုက်ဆိုင်တာ ရှိကောင်း မှ ရှိမယ် ။ အကြိုက်ချင်း ကွဲပြားတာ ရှိကောင်း ရှိမယ် ။ ဒါပေမယ့် မင်းသားကြီး တော်တယ် ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ တစ်ညီတစ်ညွတ်တည်း လက်ခံရမှာပါပဲ ။


◾ကံချွန်

    ၂၃ - ၂ - ၉၉


📖အလင်းတန်းဂျာနယ်


koaungnaingoo.blogspot.com


.

No comments:

Post a Comment